Goli and Miya (Vol. 1 Part. 1)

 

Disclaimer:ဤဝတ္ထုတွင်ပါဝင်သော ဇာတ်ကောင်၊အဖြစ်အပျက်နှင့် ဇာတ်လမ်းအားလုံးသည် ဝတ္ထုရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းတစ်ခုကိုမဆို ထိခိုက်စေလိုသော ရည်ရွယ်ချက်မပါရှိပါ၊


Genre:Dark Fantasy,Supernatural,Romance,Drama.


ပထမတွဲ(Volume. 1)


ပထမပိုင်း(Part-1)


အခန်း(၁)


“ကျွန်တော့်ကိုမသတ်ပါနဲ့။”

“ကျွန်တော့်မှာ အိမ်ပြန်လာမှာစောင့်နေတဲ့ မိသားစုတွေ ရှိလို့ပါ။”

“ကျွန်တော်သေသွားရင် သူတို့ ဒုက္ခရောက်ကုန်လိမ့်မယ်...ဗျ။”

အော်ဟစ်တောင်းပန်နေသံမှာ မည်မျှပင်ကျယ်စေကာမှု မြစ်၏အလယ်၊ကမ်းမမြင်ရသည့်အနေအထား၊လေများတဟူးဟူးတိုးဝှေ့နေခြင်းတို့ကြောင့် မည်သူကမျှ ကြားနိုင်လိမ့်မည်မဟုတ်ပါချေ။

“ဒီနေ့ ဘယ်လိုအခြေအနေရှိလဲဗျို့။”

တံငါသည်များ တစ်နေကုန်ငါးဖမ်းထွက်ပြီး မမှောင်ခင်အချိန်တွင် ကမ်းကပ်နေကြပြီ။


"ဒီနေ့တော့ ငါးသိပ်မရလိုက်ဘူးဗျာ။ကံသိပ်မကောင်းသေးဘူးပြောရမယ်။"


လှေကပ်ရာ ကမ်းဘက်၌ လက်ပိုက်ရင်း လေတဟူးဟူးတိုက်နေသော အအေးဒဏ်ကို တုန်တုန်ယင်ယင်ဖြင့် အန်တုရင်း စောင့်နေသူမှာ မိန်းမငယ်တစ်ယောက်ဖြစ်သည်ကိုတွေ့ရ၏။


"ကောင်မလေး။နင်ဒီမှာ ဘယ်သူ့စောင့်နေတာလဲ။"

တံငါသည်တစ်ဦးက ထိုမိန်းကလေးကို ကြည့်နေရင်း စပ်စုလိုစိတ်ဖြင့် မေးကြည့်လေသည်။


"ကျွန်မယောင်္ကျားကိုစောင့်နေတာပါ။"


"ဟေ။ညနေတောင်စောင်းနေပြီ။ခဏ‌နေဆို မုန်တိုင်းလည်းတိုက်တော့မယ်။‌လှေငှားတဲ့ရုံထဲဝင်မေးကြည့်ပြီးပြီလား။"

“မေးကြည့်ပြီးပြီ လှေအပ်ချိန်ကျော်နေပြီတဲ့ မရောက်လာသေးတာတဲ့ရှင့်။”

“ရေပိုင်နက်ရဲ့ အစွန်အထိများသွားလားမသိ။”

ဤသို့ဖြင့် တံငါသည်တချို့က ထင်မြင်ချက်များဝိုင်း ပေးနေကြစဉ် ကမ်းဘက်သို့ လှေတစ်စီးကပ်လာလေသည်။ထိုလှေထဲ၌ အရောင်အဝါများတောက်ပနေသော ငါးအများအပြားပါလာသဖြင့် အခြားတံငါသည်များတအံတဩဖြင့် လှေအနားကပ်ကာ ဝိုင်းကြည့်ကုန်ကြလေသည်။ထိုဝိုင်းနေကြသော တ့ငါသည်များထဲမှ တိုးဝှေ့ရင်း ထိုမိန်းမငယ်လည်း လှေထံသို့ သွားလေသည်။

လှေဆီသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကြောက်လန့်စွာဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ရင်း ထိုင်ချလိုက်ကာ ချုံးပွဲချငိုလေတော့သည်။

ထိုလှေပေါ်မှ ပြည့်လျှံနေပြီး တောက်ပနေသော ငါးများကြားထဲ၌မူ မျက်ပြူးစံပြူးဖြင့် တံငါသည်တစ်ယောက် သေနေခြင်းဖြစ်လေသည်။

နောက်တစ်ရက်တွင် အရပ်ထဲ၌ ထိုတံငါသည်သေဆုံးမှုမှာ ဟိုးလေးတကျော်ဖြစ်သွားလေသည်။ထိုကမ်းစပ်မှရွာဖြစ်သော တံငါသည်အများအပြားနေထိုင်ကြသော ထိုရွာကိုစောင့်သောနတ်တစ်ပါးရှိ၏။ထိုနတ်လည်း ထိုတံငါသည်သေဆုံးမှုကို အံ့ဩမှင်သက်နေမိလေရာ မြစ်စပ်သို့ ထွက်လာခဲ့လေသည်။ထို့နောက် ပါးစပ်မှ အစီအမံတစ်ခုကို ရွတ်ဆိုလိုက်​လေသည်။မြစ်စောင့်နတ်ကိုပင့်သော အစီအမံဖြစ်လေရာ တစ်ခဏအကြာတွင် လေတဟူးဟူးတိုက်လာပြီး မြစ်ရေ၏ အထက်သို့တက်လာသော ထုထည်မှာကြီးမားလာလေသည်။ထို့နောက် ထိုရေပြင်ကြီးမှ မြစ်စောင့်နတ်သားဖြစ်သူထွက်ပေါ်လာလေသည်။

“အရေးကြီးကိစ္စရှိလို့ ကျွန်ုပ်ကို ပင့်ခြင်းပေလော အသင်ရွှာစောင့်နတ်။”

“မြစ်စောင့်နတ်သား။အသင်နှင့် အကျွန်ုပ်ကြား သဘောတူညီမှုရယူထားသည်မဟုတ်လော။အဘယ်ကြောင့် အသင်ဤသို့ လုပ်ရပါသနည်း။”

“အလို။အသင် မည်သည်ကိုဆိုလိုသနည်း။ကျွန်ုပ်နားမလည်ပါ။”

“အသင် မနေ့က ကျွန်ုပ်ရွာမှ တံငါသည်တစ်ဦးကို သတ်ဖြတ်ခဲ့သည်။အဘယ်ကြောင့်နည်း။”

“အလို။အသင်နှင့် အကျွန်ုပ်တို့ သဘောတူထားသည်မဟုတ်လော။ကျွန်ုပ် ခွင့်ပြုရာနယ်မြေအတွင်းသာ ငါးဖမ်းရမည်။ထိုနယ်မြေထက် ကျော်လွန်ပြီး ငါးဖမ်းခြင်းပြုပါက မည်သူကိုမဆို အသက်ကိုနှုတ်ယူပစ်မည်ဟု ကျွန်ုပ်ပြောထားသည် မဟုတ်လော။”

“အသင် မြစ်စောင့်နတ်။သူသည် နယ်နိမိတ်မျဉ်းကြောင်းပေါ်၌သာ ရှိသည်ဖြစ်ပါသည်။ကျော်လွန်မသွားပါ။နယ်နိမိတ်မျဉ်းကြောင်းပေါ်တည့်တည့်ကနေသာ သူပြန်လှည့်ခဲ့ခြင်းဖြစ်ပါသည်၊”

“အဆွေတော် ရွာစောင့်နတ်။မြစ်ရေဆိုသည်မှာ အစဉ်အမြဲလှုပ်ရှားနေသည်သာဖြစ်ပါသည်။ထိုကဲ့သို့ အတိုင်းအတာ တိကျစွာလှည့်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။အကယ်၍ သူသာနယ်နိမိတ်မျဉ်းအထိ မကပ်ခဲ့လျှင် ကျွန်ုပ်အစောင့်ချထားသော မြစ်တစ္ဆေမှာ သူ့အားခြောက်လန့်လိမ့်မည်မဟုတ်ပါ။ထို လောဘကြီးသော လူသား၏အပြစ်သာဖြစ်ပါသည်။”

ရွာစောင့်နတ်ကား ရုတ်တရက် ဘာမှမပြောတော့ချေ။တစ်ခဏအကြာမှ
“သူသည် မနက်နေထွက်သည်နှင့် ကျွန်ုပ်နှင့် သင်အပါအဝင် နတ်အပေါင်းကို ရှိခိုးဆုတောင်းပြီးမှသာ ငါးဖမ်းထွက်ပါသည်။အသင်အနေဖြင့် သူ့အား အနည်းငယ်မျှ သနားညှာတာကောင်းပါသည်၊သို့သော် ကိစ္စမရှိပါ၊ကျွန်ုပ် စောင့်ရှောက်ရာ ရွာသားတစ်ဦး အထူးသဖြင့် ကျွန်ုပ်ကို အစဉ်အမြဲရှိခိုး ပူဇော်သူ တစ်ဦးသေဆုံးခြင်းကို လျစ်လျူမရှု့နိုင်။”

ပြောပြောဆိုဆိုဖြင့် မြေကြီးထဲမှ တစ်စုံတစ်ခုကို ထွက်လာအောင် လက်ဖြင့်ဆွဲတင်နေသည့် ဟန်လုပ်လေသည်။ထို့နောက် မြေအောက်ထဲမှ အရုပ်ပျက်အဆင်းပျက် ကြောက်မက်ဖွယ် တစ္ဆေ၊သရဲများ ကျတ်ကောင်များတိုးထွက်လာကြလေသည်။

မြစ်စောင့်နတ်သားလည်း သက်ပြင်းတစ်ချက်ချလိုက်ကာ အစီအမံတစ်ခုကို ရွတ်လိုက်လေသည်။ထို့နောက် မြစ်ထဲမှ နဂါးကဲ့သို့ ရှည်မျောမျော သတ္တဝါတစ်ကောင်ထွက်လာကာ ဟိန်းဟောက်လေတော့သည်။

မကြာခင်မှာပင် ထို သရဲ၊တစ္ဆေ၊ကျတ်ကောင်များနှင့် ရေနဂါးတို့ တိုက်ခိုက်ကြလေသည်။နဂါးများမှာ တန်ခိုးအရှိန်အဝါမြင့် နတ်သား၏အိမ်မွေးတိရစ္ဆာန်ကဲ့သို့ဖြစ်လေရာ တန်ခိုးအရှိန်အဝါမြင့်သည့်အလျောက် ထိုသရဲများမှာ ရေနဂါးနှင့်ထိမိသည်နှင့် အခိုးအငွေ့များသဖွယ်ပျောက်ကွယ်သွားလေသည်။ရေနဂါးမှာလည်း ကွေ့ဝိုက်ပတ်ပြေးနေရင်း ကျတ်ကောင်များကို ဝါးမျိုချလေသည်။အဆုံး၌ ထိုနေရာဝန်းကျင်တစ်ခုလုံးမှ သရဲများမကောင်းဆိုးဝါးအားလုံးမှာ ကျွတ်လွတ်ကုန်ကြ၏။

“မနိုင်နိုင်တာကို သိသိနဲ့ ဘာလို့တိုက်ခိုက်ဖို့ရွေးချယ်ခဲ့ရတာလဲ။”
နဂါး၏ ပတ်လည်ဝိုင်းထားခြင်းခံရသောထို ရွာစောင့်နတ်ကို မြစ်စောင့်နတ်သားက မေး၏။ရွာစောင့်နတ်ကမူ ဂုဏ်ယူစွာပင် ကျရှုံးတော့မည့် နတ်စစ်သည်တော်တို့၏ မျက်နှာထားဖြင့်

“ကျွန်ုပ်တို့၏ ကိစ္စသည် မည်သူမှန်သည်၊မှားသည်ကို မခွဲနိုင်သော ကိစ္စတစ်ခုပင်ဖြစ်သည်မဟုတ်လော။သို့ဖြစ်လေရာ တိုက်ခိုက်ခြင်းဖြင့်သာ အမှန်၊အမှားခွဲဖို့ရှိသည်။ကျွန်ုပ်ကား ကိုယ်ယုံကြည်ရာအတွက်၊ကိုယ့်ကို ယုံကြည်သူများအတွက် တိုက်ခိုက်ခဲ့သည်။ယခုရှုံးလေသောအခါ၌လည်း နောင်တရစရာမရှိပါ။”
ရွာစောင့်နတ်ကိုမြစ်စောင့်နတ်သားကမူ စိတ်ပျက်သော မျက်နှာထားဖြင့် ရွံရှာဖွယ်ကြည့်ရင်း

“အသင်ရွာစောင့်နတ်ကား နတ်စစ်သည်တော်ဟောင်းဖြစ်ပုံရ၏။ကျွန်ုပ်ကား သင်အားချမ်းသာပေးရန်စဉ်းစားနေပါသေးသည်။သို့သော် သင်သည် နတ်စစ်သည်တော်ဟောင်းဖြစ်သည်ကို သိရသောအခါ၌ ချမ်းသာပေးရန်စိတ်ကူးမရှိတော့ပါ။သင်ကား ကျွန်ုပ် အရွံမုန်းဆုံးသော နတ်အမျိုးအစားထဲကဖြစ်၏။သို့ကြောင့် သင်နတ်သက်ကြွေဖို့ ပြင်ဆင်ပေရော့။” စကားအဆုံးတွင် နဂါးကြီးမှာ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ထိုရွှာစောင့်နတ်၏ ခန္တာကိုယ်ထဲသို့ဖောက်ဝင်ကာ ဖြတ်ပြေးလေ၏။ရွှာစောင့်နတ်၏ ကိုယ်ကိုဖောက်ဝင်သွားလေသည်နှင့်တစ်ပြိုင်နက် ရွာစောင့်နတ်၏ ကိုယ်ရှိန်ကိုယ်ဝါများမှာ မှေးမှိန်လာရင်း တစ်ဖြည်းဖြည်း ပန်းပွင့်ကလေးများကြွေသွားသည့်နှယ် ပျောက်ကွယ်သွားလေ၏။

ထို့နောက်တွင်မူ မုန်တိုင်းမှာ မြစ်စောင့်နတ်သား၏လောင်ကျွမ်းနေသော ဒေါသအလျောက် ကြီးမားလာကာ အဆုံး၌ ရွာတစ်ခုလုံး ရေမြုပ်သွားလေသည်။ရွာလုံးကျွတ် အသက်ရှင်ကျန်သူမရှိခဲ့ချေ။

ထိုရွာလုံးကျွတ်သေဆုံးမှုမှာ နတ်များအကြားအတော် သတင်းမွှေးသွား၏။အကြောင်းများ တစ်ရွှာလုံးမှာ နတ်ကိုးကွယ်သူများလည်း ဖြစ်ကြသဖြင့် နတ်တော်တော်များများမှာ တစ်ခါတစ်ရံ ထိုရွာထံသွားကာ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ကံကောင်းစေရန်၊ကြီးပွားစေရန် ချီးမြှောက်ကြခြင်းများပြုတတ်ကြ၏။

“သမုဒ္ဓရာကို ပိုင်စိုးသော အရှင်သခင်ကြီးခင်ဗျား။ယခုဆိုလျှင် တံငါသည်ရွာသားအားလုံး သေဆုံးကုန်ကြခြင်းနှင့်ပတ်သက်၍ များစွာသော နတ်ကြီး၊နတ်ငယ်အပေါင်းတို့မှာ စိတ်မကောင်းဖြစ်ကြပြီး မြစ်စောင့်နတ်သားကိုလည်း မကျေမနပ်ဖြစ်နေကြပါသည်။မြစ်စောင့်နတ်သားကိုဆုံးမပေးရန်လည်း တောင်းဆိုနေကြပါသည်။”

“ကမ္ဘာဂြိုလ်စောင့်နတ်မင်းကော ဤအခြင်းအရာကို သိပါသလော။”

“မသိသေးပါ။သို့သော် မကြာခင်ပင် ထိုသတင်းမှာ အထက်သို့ပြန့်နှံ့သွားပါတော့မည်။အမြန်ဆုံးဖြေရှင်းဖို့လိုပါသည်အရှင်။

“အင်း။ဒါကတော့ သူရဲ့ကံပဲ။ငါလည်း ဘာမှလုပ်လို့မရပေဘူး။”
သမုဒ္ဓရာ၏အရှင်ဟုခေါ်ဆိုခံရသော ထိုနတ်မင်းကား ရွာစောင့်နတ်သေဆုံးမှု၊ရွှာလုံးကျွတ်ကို ရေမြုပ်ဖျက်ဆီးကာ ရွှာသားများကို သတ်ဖြတ်မှုဖြင့် သတင်းမွှေးနေသည်ကို ဖြေရှင်းရန် တာဝန်ကျလာလေသည်။

မြစ်စောင့်နတ်သားမှာ အခြားနတ်များနှင့် ဆက်သွယ်ခြင်းသိပ်မရှိ။သူပိုင်ရာ မြစ်ထဲ၌သာ အနေများသည် သူအားအခြားနတ်များကလည်း ကြောက်ရွံပြီး ရိုသေမှုမရှိသောနတ်တစ်ပါးဖြစ်သည်ဟူကာ ဖယ်ကျဉ်ထားလေ့ရှိလေသည်။

“ဒီတစ်ခါမှာကော မည်သို့မည်ပုံ ဖြေရှင်းမည်ဟု အသင်ကြံစည်ထားပါသနည်း။”
ဤအမေးကိုမေးသူမှာ ပင်လယ်စောင့်နတ်မင်းဖြစ်၏။

“ကောင်းကင်အထက်သို့ သတင်းများပျံနှံ့မသွားစေရန် ဤမြေပြင်၌ပင် ပြီးပြတ်အောင်ရှင်းရမည်ပေါ့။နတ်များသည်လည်းပဲ လူသားများကဲ့သို့ပဲစီရင်ကြရသည်မဟုတ်လော။နတ်တစ်ပါးကိုသတ်လျှင် မည်သို့ ပြစ်ဒဏ်ပေးရသနည်း။ပြောစမ်းပါဦးအထိန်းတော်ကြီး။”

“အကျဉ်းချခြင်း ရာထူးချခြင်းနှင့် နှစ်ရာချီနယ်နှင်ဒဏ်ပေးခြင်းတို့ပြုလုပ်ခြင်းဖြင့် အပြစ်ဒဏ်ချမှတ်ခွင့်ရှိပါသည် အရှင်။”

သမုဒ္ဓရာ၏အရှင်သခင်ဟု အမည်တပ်ခံရသော နတ်မင်းဟူသည့်အတိုင်း လူအများနတ်အများ ဆည်းကပ်ခြင်းခံရလေကာ အခြွေအရံပေါလေသည်။သစွာရှိလှသော ထိုအထိန်းတော်ကြီးက နှုတ်တိုက်ကျက်ထားလေသည့်အတိုင်း အထစ်အငေါ့မရှိ ရွတ်ဆိုပြသွားလေသည်။

သမုဒ္ဓရာအရှင်သခင် နတ်မင်းကြီးကား ရေထဲနေရသူဖြစ်သော်ငြား ကုန်းပေါ်ကသူများကဲ့သို့ လက်ဖက်ရည်နွေးနွေးသောက်ရသည်ကို နှစ်ခြိုက်သူဖြစ်ရာ ထိုအကောင်းစားလက်ဖက်ခြောက်များကို အထူးမှာယူကာ ကိုယ်တိုင် စိတ်တိုင်းကျ စီရင်သောက်သုံးလေ့ရှိ၏။

“ပင်လယ်စောင့်နတ်မင်းလည်းပဲ ဤဂိုလီဟူသော မြစ်စောင့်နတ်ကို သဘောမကျဖြစ်နေသည်မဟုတ်လော။”

“ဘယ်လိုများ သဘောကျနိုင်မည်နည်း ဤမျှလောက်အထိ လူမလေးခွေးမခန့်သည့် အမူအရာဖြင့် ရိုင်းစိုင်းသောလူသားများသဖွယ်ပြုတတ်သူကို။ကျွန်ုပ်စိတ်ရှိတိုင်းပြုရလျှင် ယခုပဲသူ့ထံ လက်နက်စွဲကိုင်ကာ နတ်သက်ခြွေပစ်ချင်လှပါသည်။”
ထိုအခါ သမုဒ္ဓရာအရှင်သခင်က ခန့်ခန့်ကြီးရယ်လေ၏။ထို့နောက် လက်ဖက်ရည်တစ်ခွက်ကို ပင်လယ်စောင့်နတ်မင်းကို ကမ်းပေးကာ

“သုံးဆောင်ပါ။ဤလက်ဖက်ရည်သည် မြေစောင့်နတ်မင်းကြီး ပေးသော အကောင်းဆုံးလက်ဖက်ခြောက်ဆိုသည်ကို ကျွန်ုပ်က မူရင်းအရသာအတိုင်း နွေးထွေးစွာသောက်သုံး၍ရစေရန် စီမံထားခြင်းဖြစ်ပါသည်။”

“ကျေးဇူးကြီးမားလှပါသည်။”
ဤသို့ဖြင့် ပထမတစ်ကြိမ် သောက်ကြည့်လိုက်ပြီးနောက်

“ကမ္ဘာ​ဂြိုလ်စောင့်နတ်မင်းသည် ယခုအခါတွင် အနားယူလုဆဲဆဲဖြစ်သော အရှင်နေမင်းနေရာတွင် ဆက်ခံနိုင်ရင် ပြိုင်ဆိုင်နေသူတစ်ယောက်ဖြစ်လေရာ အလွန်ပင် အလုပ်ရှုပ်နေလေသည်။သို့ဖြစ်ရာ ကျွန်ုပ်တို့လည်းပဲ သူအမြင့်တက်ဖို့လုပ်လျှင် လှေကားထိုးပေးဖို့လိုလိမ့်မည်။သို့မှသာ ကျုပ်တို့လည်း ဤထက်ကောင်းသောနေရာရဖို့ အကြောင်းရှိလေသည်။”
လေးလေးနက်နက်ဆိုနေသော အရှင်သခင်၏စကားကြောင့် ပင်လယ်စောင့်နတ်မင်းလည်း အားတက်လာသယောင်ရှိလာကာ

“ဘယ်လိုလှေကားမျိုးထိုးပေးမည်နည်း။အကြံကြီးအစည်ကြီးများ ဤရွှေဉာဏ်တော်တွင် ရထားမိပါသလော။”

“မင်းနဲ့ငါ နှစ်ကိုယ်ကြားကတော့ သိပ်ပြီး အမြှောက်အပင့်တွေ ပြောစရာမလိုပါဘူးကွ။အေး...။ငါ့အကြံကတော့ ဒီဂိုလီပဲ။”

“ရှင်းပြပါအရှင်။”

“ဂိုလီသည် နတ်သူငယ်ဘဝကတည်းက မိဘမဲ့ဖြစ်ခဲ့သည်။အသင် ဤသည်ကို သိပါသလော။”

“သိပါသည်အရှင်။သူ၏မိဘများမှာ အဖိုးဖြစ်သူ၏ မင်းမျက်ထိုက်သော အပြစ်ဒဏ်ကိုခံယူရာတွင် အသတ်ခံရသောသားသမီးများ ဖြစ်ပါသည်။”

“အဲ့အချိန်တုန်းက သူ၏မိဘများကို မည်သူလာသတ်ခဲ့သည်ကို အသင်မှတ်မိသလော။”

“စေတန်ဘုရင်မဟုတ်လား အရှင်။”

“မှန်တယ်။ဒါကြောင့် ဂိုလီ့မှာ စနေဂြိုလ်မင်းဖြစ်တဲ့ စေတန်ဘုရင်ကို အငြိုးအတေးထားထား‌တယ်။အဲ့အငြိုးဟာ ငါတို့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းကြီးအတွက် အကောင်းဆုံးလက်နက်ဖြစ်လာပေလိမ့်မည်။”

“ဖြစ်နိုင်ပါ့မလား။ဂိုလီသည် မည်သို့ပင်ဆိုစေကာမူ မြစ်စောင့်နတ်သားသာသာ သာရှိသည်။စေတန်ဘုရင်၏အစွမ်းကို နိုင်ပါမည်ကော။”

“ဒါကတော့ ငါတို့မြင်ရမယ့် စိတ်လှုပ်ရှားစရာအကောင်းဆုံးအရာဖြစ်လာမှာပဲ။”

ထို့နောက်တွင်မူ ဂိုလီသည် နတ်စစ်သည်တော်များ၏ ဖမ်းဆီးမှုနှင့်အတူ သမုဒ္ဓရာအရှင်သခင် ရှေ့မှောက်ကို ရောက်လာလေသည်။

“သူ့ကို ချုပ်ထားတာဖြေလိုက်ပါ။ငါတို့စကားပြောကြတာပေါ့။ဂိုလီ။”
အကြမ်းအရမ်း ဆွဲခေါ်လာရရုံမက တိုက်ခိုက်လာခဲ့ရသေးသဖြင့် နတ်စစ်သည်တော်များကော ဂိုလီပါ ပွန်းပဲ့စုတ်ပြတ်လို့နေ၏။ချုပ်ထားသော အစီအရင်ပြေလေသည့်အခါမှ ထနိုင်တော့သည်။

“ထိုင်ပါ။မင်းနဲ့ငါနဲ့ကြား ပြောစရာလေးတွေရှိနေတယ်။အဆင့်တူတူလိုပဲ သဘောထားပြောကြတာပေါ့။မင်းလည်းပဲ ငါ့ကိုရိုရိုသေသေပြောချင်မှာ မဟုတ်လောက်ဘူး။လွတ်လွတ်လပ်လပ်ပြောကွာ။”

“ကျွန်တော် ဒီကိစ္စမှာ မှားတယ်လို့ တကယ်ပဲခင်ဗျားထင်သလား။”

“ဘာကိစ္စကိုပြောတာပါလိမ့်။ဪ...။ငါသိပြီ။အမှန်တော့ မင်းဘက်က သိပ်မှားနေတာတော့မဟုတ်ဘူးကွာ။သို့ပေမယ့် မင်းသွားရေမြုပ်လိုက်တာက နတ်ကိုးကွယ်တဲ့ရွာဖြစ်နေတာကိုးကွ။မင်းသိတဲ့အတိုင်းပဲ နတ်တွေလည်းပဲ လူတွေလိုပဲ သူတို့ယုံချင်တာကိုယုံနေတာပါပဲ။ဘာလို့ဆို အသိဉာဏ်ပညာမှာ လူတွေထက်မြင့်မြတ်တယ်ဆိုတာက လူတွေကသာထင်လို့ ကိုးကွယ်တာကိုးကွ တကယ်တော့ ဟုတ်မှမဟုတ်ပဲကို။”

“ဒီတော့ ကျုပ်ကို ဘာလုပ်မှာလဲ။အပြစ်ဒဏ်ချမှာလား။”

“အေးပေါ့။ငါကလည်း အုပ်ချုပ်သူအနေနဲ့ သူတို့ဆန္ဒကို ကျေနပ်အောင် မလုပ်ချင်လည်း လုပ်ရမှာပဲလေ။မှားတာမှန်တာနဲ့ မဆိုင်ဘူးနော်။အင်အားနဲ့ သူတို့ယုံတာအပေါ်ပဲ သက်ဆိုင်တာ။”
ထို့နောက် ဂိုလီ့အရှေ့ကို "ဝုန်း"ကနဲ မြည်သွားအောင် ရုတ်တရက် ထရပ်ပြီး အနားကပ်လိုက်ကာ

“သို့ပေမယ့် မင်းအတွက် ငါ့မှာ အကြံကောင်းတစ်ခုရှိတယ်။မင်း ငါပြောတဲ့ အစီအစဉ်ကို လက်ခံရင် မင်းကိုငါက အပြစ်ဒဏ်တကယ်မချဘူး။လူတွေရှေ့ဟန်ပြချပေးပြီး လွတ်လပ်သွားအောင် လုပ်ပေးမယ်။”

“ဘာအစီအစဉ်လဲ။”

“ရှင်းပါတယ်။မင်းလည်းကြားမှာပေါ့။အရှင်နေမင်းက မကြာခင်အနားယူတော့မှာ ဒီတော့ သူ့နေရာမှာ ဆက်ခံမယ့်သူကို ရွေးချယ်ဖို့ အချိန်လည်း မကြာခင် ရောက်လာတော့မှာ။ငါတို့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းလည်းပဲ ပြိုင်ဆိုင်ရတော့မှာ။”

“သိပါတယ်။ဒါကတော့ နတ်တွေအားလုံးကြားမှာ သတင်းထွက်နေတာပါပဲ။”

“ဟုတ်တယ်။အဲ့တော့ အဲ့မှာ ပြဿနာတစ်ခုရှိတယ်။အဲ့ပြဿနာကိုဖြေရှင်းဖို့က မင်းနဲ့သာဆို ဖြစ်နိုင်မယ်လို့ထင်တယ်။”
လက်ချောင်းကို လှုပ်ခါရင်း စိတ်လှုပ်ရှားအောင် တစ်ခုခြင်းပြောနေလသည်။

“ပြဿနာကဘာလဲဆိုတော့ စေတန်ဘုရင်က အရှင်နေမင်းဖြစ်ဖို့ အလားအလာရှိနေတာပဲ။”
ဤတွင် ဂိုလီတစ်ယောက် မျက်စိပြူးသွားသည်။ဒေါသကြောင့် ခန္တာကိုယ်မှာ တုန်ယင်လာပြီး အခိုးအငွေ့များထွက်လာလေသည်။”

“မင်းလည်း လက်မခံနိုင်ဘူးလေ။ဟုတ်တယ်ဟုတ်။သို့ပေမယ့် အရှင်နေမင်းက သူ့ကိုသိပ်အရေးပေးထားနေတယ်။ဒီတော့ သူတို့တွေ နဂါးငွေ့တန်းအရှင် နဂါးမင်းဆီကို သွားရောက်အရွေးခံတဲ့အခါ အရှင်နေမင်းက စေတန်ဘုရင်ကို ထောက်ခံလိုက်လို့ကတော့ ငါတို့ ဂြိုလ်ရှစ်လုံးနဲ့ ပလူတိုက နတ်တွေအားလုံး ဒုက္ခရောက်ပြီပဲ။”

ဂိုလီတစ်ယောက် တွေဝေသွားလေသည်။သူက ထိုကိစ္စကို လုပ်ချင်သည်ဆိုပါလေ့ မည်သို့မည်ပုံ သူလုပ်နိုင်မည်နည်း။သူ့၌ ထိုမျှလောက်အထိ အစွမ်းရှိမနေပါ။

“ကျုပ်..ကျုပ်က ဘယ်လိုလုပ်နိုင်မှာလဲဗျ။”

“ရိုးရှင်းပါတယ်။မင်းက ကမ္ဘာဂြိုလ်စောင့်နတ်မင်း အပါးမှာ ချဉ်းကပ်ခွင့်ရအောင်လုပ်ရလိမ့်မယ်။ပြီးရင် သူ့အပါးမှာနေရင်း မင်းစေတန်ဘုရင်ရဲ့ ဆိုးယုတ်တဲ့ သမိုင်းကြောင်းကို ဖော်ထုတ်ပြီး သူ့ကို အရှင်နေမင်းဖြစ်မလာအောင် တားဆီးရမယ်။”
ထို့နောက် ဂိုလီ၏ ကျောကိုပင်ပုတ်လိုက်ကာ

“ဒါ မင်းနဲ့မင်းမိသားစုတွေ မတရားခံခဲ့ရတာအတွက် ကလဲ့စားချေခွင့်ရတာဖြစ်ရုံတင်မကဘူးနော်။ဂြိုလ်ရှစ်လုံး၊ပလူတိုက နတ်တွေရယ်ရဲ့ ကံကြမ္မာလို့တောင် ဆိုနိုင်တယ်။”
ထို့နောက် ရယ်မောရင်း ဂိုလီ့ကို စိုက်ကြည့်ကာ

“ဘယ်လိုလဲ။အပြစ်ဒဏ်ဆိုတာထက် အခွင့်အရေးတစ်ခုရတာနဲ့တူတယ်မဟုတ်လား။မင်းဆုံးဖြတ်ချက်ချပြီးပြီလား။”
ဂိုလီလည်း တည်ကြည်သောမျက်နှာထားဖြင့် ခေါင်းငုံ့ထားရမှာ မော့ကြည့်လိုက်ပြီး

“ကျွန်တော် လုပ်မယ်။”

“ဟားဟားဟား။ငါသိသားပဲ၊မင်းလက်ခံလိမ့်မယ်ဆိုတာ ကျန်တာဘာမှစိတ်မပူနဲ့တော့။ငါအကုန်ရှင်းလိုက်မယ်။မင်းက...။”
ထို့နောက် ထလိုက်ကာ လက်ဖြင့် ဂိုလီ၏မျက်နှာနားကို မထိရုံတမယ် ကပ်လိုက်ကာ အစီအမံတစ်ခုကို ရေရွတ်လိုက်လေသည်။

“မင်းကအခုကစပြီး မင်းဟာဂိုလီလုံးဝမဟုတ်တော့ဘူး။မင်းက အသက်နည်းနည်းကြီးပြီဖြစ်တဲ့နတ်သားကြီးအီဂျီဖြစ်သွားပြီ။ဒီအကန့်အသတ်မဲ့တဲ့အစွမ်းက မင်းကို နဂိုမျက်နှာမျိုးမပေါ်အောင် ဖုံးထားပေးလိမ့်မယ်။ကဲမင်းသွားပေရော့။ဂိုလီဟာ နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ ငါကြေညာလိုက်မယ်။ရှင်းရဲ့လား။”

“ရှင်းပါတယ်။”

“အင်း...ဟုတ်ပြီ။ကောင်းတယ်။ကိုင်းအခု ဒီဂြိုလ်ရှစ်လုံးနဲ့ ပလူတိုရဲ့ကံကြမ္မာအပြင် မင်းမိသားစုအတွက် လက်စားချေနိုင်ရေး၊သွေးကြွေးဆပ်နိုင်ရေးက မင်းအပေါ်မူတည်သွားပြီ။”

နောက်နေ့တွင် အများအပြာအစုအဝေးလျက်ရှိသော နတ်များရှေ့၌ ဂိုလီကို စွန့်ပစ်နယ်မြေထံသို့ နယ်နှင်ဒဏ်ပေးလိုက်ကြောင်းကြေညာခဲ့လေတော့သည်။သို့သော်နတ်အချို့ကမူ သူတို့ရှေ့၌ ဂိုလီပုံဖန်ဆင်းကာ စွန့်ပစ်နယ်မြေသို့ ပို့ဆောင်ပြသည့် နတ်ကို ဂိုလီဟု မယုံကြည်ကြချေ။အကြောင်းမှာ ဂိုလီသည်ထိုကဲ့သို့အခြေအနေ၌ မည်သည့်အကြောင်းနှင့်မျှ ငြိမ်ခံမည်မဟုတ်ဟု မှတ်ယူကြရာ ဆူဆူပူပူများလုပ်ကြသေး၏။သို့သော် ထိုအမှုအခင်းများကတော့ စီရင်ချက်ချပြီး အနှေး နှင့် အမြန်ငြိမ်သက်ကာ အခြားအကြောင်းအရာများဖြင့် ဖုံးလွှမ်းသွားလေပြီဖြစ်သည်။

“တစ်ဆိတ်လောက်ပါ။ဒါက သက်ကြီးနတ်စွမ်းအင်သင်တန်းကျောင်းလားခင်ဗျ။”

“ဟုတ်ပါတယ်။ဘာကူညီပေးရမလဲ။”

“ကျွန်တော် ဒီမှာ စာရင်းသွင်းချင်လို့ပါ။”

ဂိုလီရောက်နေသည်မှာ ကမ္ဘာပေါ်မှ စွမ်းအားမျိုးစုံကို သက်ကြီးနတ်တွေကို သင်ကြားပေးရာ နာမည်ကျော်ကျောင်းတော်ကြီးဖြစ်၏။

“ဟေ။မင်းက ဓါတ်ကြီးလေးပါး။စွမ်းအင်စုံကိုသင်ကြားချင်တာဟုတ်လား။”
ကျောင်းအုပ်ကြီးကား အတော်အသက်ကြီးပြီဖြစ်သော နတ်တစ်ပါးဖြစ်၏။ဂိုလီ၏ ပုံသွင်ပြင်ကို ကြည့်ရင်းအံ့ဩနေပုံလည်းရလေသည်။

“မင်းကြည့်ရတာ ရေစွမ်းအားကို ပိုင်ပြီးသားမဟုတ်လား။တခြားစွမ်းအားကို သင်ယူချင်သေးတာလား။ဘာဖြစ်လို့လဲ။”

“ဪ။ဟိုလေ။နတ်စစ်သည်တော်တွေအတွက် ကျင်းပတဲ့ ဝင်ခွင့် စစ်ဆေးရေးကို ဝင်ပြီးယှဉ်ပြိုင်ချင်လို့ပါ။”

“ဪဪ။ဟုတ်ပါပြီ။မင်းနာမည်က ဘာများလဲ။”

“အယ်...အီ...အီဂျီပါ။”

“မင်းကြည့်ရတာ အသက်ကြီးမှ ကျောင်းပြန်လာတက်တာထင်တယ်။ဒါကြောင့်သာ ငါတို့လို သက်ကြီးကျောင်းကိုရောက်လာတာမဟုတ်လား။”

“ဟုတ်...ဟုတ်ပါတယ်ခင်ဗျ။”
ဤသို့ဖြင့် ကျောင်းဝင်ခွင့်ရလာပြီးနောက် ပထမဆုံးနှစ်မှာ ရေစွမ်းအင်ကို သုံးနည်းသင်ရ၏။နာမည်တု အီဂျီကိုသုံပြီးရောက်လာသော ဂိုလီမှာ ထိုတစ်နှစ်ကိုတော့ ချောချောမောမော အောင်မြင်ခဲ့သည်။အခြားကျောင်းသားများက အားကျ၍ နည်းစနစ်လေးမျှဝေရန်ပြောသော်ငြား ဂိုလီမှာ သူ့အကျင့်အတိုင်း တစ်ကိုယ်ထဲသာ နေနေ၏။အချို့ကမူ မသင်္ကာခြင်းဖြစ်ကြသည်။

“ငါတော့မယုံပါဘူးကွာ။”
ဤစကားကိုဆိုသူမှာ ထိုသက်ကြီးကျောင်းမှ နတ်တစ်ပါးဖြစ်ပြီး အခြားနတ်များဖြင့် အတင်းတုပ်နေခြင်းဖြစ်လေ၏။

“ဘာကိုလဲကွ။”

“ဟိုအီဂျီဆိုတဲ့နတ်လေကွာ။မင်းသူ့ကိုကြည့် အသက်က ငါတို့ထပ်တောင်ကြီးမယ့်ပုံ။အဲ့တာကို နတ်စစ်သည်တော်အဖြစ် အရွေးခံဦးမယ်တဲ့။”

“စဉ်းစားမနေပါနဲ့ကွ။ပထမအဆင့်မှာတင် သေမယ့်အခြေအနေပါ။”

“ဒါပေမယ့် ရေစွမ်းအင်ကတော့ အတော်ကျွမ်းတယ်နော်။”

“ရေနတ်သားဖြစ်မှာပေါ့ ဝတ်စုံကိုကြည့်ရင် သိသာနေတာပဲကို။”

“အဲ့တာများ ဘာလို့ဒုက္ခခံပြီး လာတက်နေသေးလဲမသိ။သူ့ဘာသူအေးဆေးနေလို့ရနေတဲ့ဘဝကို။”
လူများနည်းတူ တစ်ပါးသူ၏ဘဝကို မသိပဲ ကိုယ်ထင်သလို ဝေဖန်တတ်ခြင်းမှာလည်း ဤစကြာဝဠာ၌နေသူများ၏ ဆိုရွားသော အကျင့်တစ်ခုဖြစ်သည်သာပင်။

ဒုတိယနှစ်၌ လေစွမ်းအင်ကိုသင်ရ၏။ဂိုလီမှာ မုန်တိုင်းတော့ခေါ်တတ်သူဖြစ်ရာ အခြားစွမ်းအင်များကိုကြိုပင် သင်နိုင်ခဲ့လေသည်။နတ်သူငယ်ဘဝကို ကျော်လွန်ပြီးမှ အစွမ်းတစ်ခုခုကို သင်လျှင် ခက်ခဲတတ်သည်ဖြစ်ရာ ထိုတစ်နှစ်လုံး ပင်ပန်းခဲ့ရ၏။ဂိုလီကား အတော်ဆုံးမဟုတ်တော့ပြန်သည့်အခါတွင်မူ စိန်ခေါ်မှုများမှာ ကြုံရစမြဲပင်။

“အီဂျီ။”
ခေါ်လိုက်သူမှာ အတန်းထဲမှ လေစွမ်းအင်ကိုသင်ရာတွင် အတော်ဆုံးဖြစ်သူ နတ်တစ်ပါးဖြစ်၏။အကြောင်းမှာ သူကား ကောင်ကင်ပိုင်းတွင်နေသော နတ်မိသားစုမှာလာသူဖြစ်ရာ လေစွမ်းအင်၌တော်ခြင်းမှာ မထူးဆန်းလှချေ။

“ရေစွမ်းအင်တုန်းကတော့ မင်းအရမ်းတော်ခဲ့တာပဲ ရေနတ်သားလေး။အခုလေစွမ်းအင်ကော ဘယ်လိုနေလဲသိရအောင် မင်းနဲ့ငါ တစ်ပွဲလောက် တိုက်ကြည့်ရအောင်။”

“ငါတိုက်ဖို့ စိတ်မပါဘူး။”


“ဟဟ။ကြောက်တာလား။လေစွမ်းအင်ဆိုတော့ သိပ်ယုံကြည်ချက်မရှိလို့လား။ကြားလိုက်ကြလားဟေး စိတ်မပါဘူးတဲ့ လူသားမိန်းမတွေ သူတို့ယောင်္ကျားကို မြူနေချိန်မှာ ယောင်္ကျားတွေက စိတ်မပါတဲ့လေသံနဲ့ပြောသလိုပါလား နတ်သားလေးရဲ့။”
ထို့စဉ် အနားတွင် အခြားနတ်များပတ်လည်ဝိုင်းလာကာ အားပေးရန် စိတ်လှုပ်ရှားစွာစောင့်ကုန်ကြ၏။သူတို့ တိုက်ခိုက်မည့်နေရာမှာ ကွင်းပြင်ကျယ်ကြီးတွင်ဖြစ်ပြီး မတော်တဆ ဂိုလီမှာ ရေစွမ်းအင်ထုတ်သုံးလျှင် အထမမြောက်အောင် ခြောက်သွေ့နေသော နေရာကို ယူထားခြင်းဖြစ်၏။ဂိုလီကား ‌ရွေးစရာမရှိတော့ချေ။တိုက်ရုံသာရှိလေသည်။

“ကဲ။အချိန်မဆွဲဘူးကွာ။စကြရအောင်။”

အခန်း(၂)

ပြောပြောဆိုဆိုဖြင့် လေအလျှင် အစီအမံဖြင့် ဂိုလီ့ထံသို့ ပြေးလာလေသည်။အလွန်လျှင်မြန်လှသောကြောင့် ဂိုလီမှာ ထိုနတ် သူ့အနား မရောက်လာခင် လေအဝိုက်ဖြင့် တားလေ၏။လေအဝိုက်ဆိုသည်မှာ မိမိအနားမှ လေများကို မိမိကိုယ်အား ပတ်လည်ဝိုက်ထားပြီး အပြင်မှ ထိုးနှက်တိုက်ခိုက်ချက်များကို မထိနိုင်အောင် တားဆီးထားစေခြင်းဖြစ်၏။

သို့ဖြစ်လေရာ လေအရှိန်ဖြင့် ပြေးကပ်လာကာ ထိုးသော လက်သီးချက်မှာ သူ့အားထိအောင် ထိုးမဝင်နိုင်ချေ။ထိုစဉ် ဂိုလီက တောင်ပြန်လေအစီအမံကို သုံးလေ၏။သူ့ထံလာသမျှ လေအရှိန်တိုင်းကို ပြန်လှည့်သွားအောင် သုံးခြင်းဖြစ်၏။ထို့နောက် ထိုတောင်ပြန်လေကို သုံးကာ ပြိုင်ဘက်ဖြစ်သူနတ်ကို ထိုးနှက်ချလိုက်၏၊

အတော်လေးလွှင့်ထွက်သွားကာ မြေကြီးထဲပင် ကျွံဝင်သွားသဖြင့် အားလုံးမှာ အံ့ဩရင်း အားပေးကုန်ကြလေသည်။

သို့သော် တစ်ဖက်ကလည်း မခေပါ။မုန်တိုင်းကိုခေါ်လေ၏။ထို့နောက် မုန်တိုင်းထဲမှ ဖြစ်လာသော မိုးကြိုးသွားကို စွဲကိုင်လေသည်။ထို့နောက် တစ်ဖန် လေအလျှင်ကို ပို၍ ပြင်းထန်စွာ သုံးရင် ကပ်ကာ တစ်လက်လက်ထနေသော မိုးကြိုးသွားဖြင့် ထုချလေသည်။ဂိုလီမှာ မိုးကြိုးသွားမရောက်လာခင်ကတည်းက လေမုန်တိုင်းကို အပြင်းအထန် တိုက်ပေးထားလေရာ ပြိုင်ဘက်၏အရှိန်ကို ကျဆင်းအောင်လုပ်ထား၏။ထို့နောက် သူက အပေါ်သို့ လေပင့်အားဖြင့် ခုန်တက်ကာ ရှောင်လိုက်၏။

ကပ်သီကလေးလွတ်ကာ မိုးကြိုးသွားမှာပေါက်ကွဲထွက်သွား၏။အဆင့်နိမ့်သေးသည်ဖြစ်ရာ လျှပ်စီးစက်ကွင်းမှာ မကျယ်လှချေ။သို့ဖြစ်ရာ လွတ်မြောက်သွားလေသည့်အခိုက်အတန့်တွင် မိုးကြိုးသွားကို ကိုင်စွဲကာ လေအလျှင်ဖြင့် ဒိုင်ပင်ထိုးချရင်း ထုချလိုက်လေတော့သည်။ထို့ကြောင့် မိုးကြိုးပစ်ချသည့်နှယ် အပြင်းအထန်ပေါ်က်ကွဲမှုဖြစ်သွားကာ ပြိုင်ဘက်နတ်သားလည်း စုတ်ပြတ်သတ်သွားလေတော့သည်။ထို့နောက်ဂိုလီကား ပွဲပြီးပြီဆိုတော့ သဘောဖြင့် တစ်ဖက်သို့ထွက်သွား‌‌လေသည်။သို့‌‌သော်ပြိုင်ဘက်မှာ လက်မလျှော့သေးသည့်ဟန်ဖြင့် လေတမန်တော် အစီအမံကို အားထုတ်ကာ ရွတ်ဆိုနေလေသည်။


ရွတ်ဆိုမှုအထမြောက်သွားလေရာ လေပွေတစ်ခု‌‌ပေါ်လာပြီး နတ်တစ်ပါးကိုယ်ဟန်ပေါ်နေလေသည်။ထိုလေပွေမှာ အတင်းပြေးကပ်လာကာ ဂိုလီ့ကို ပင့်လက်သီးဖြင့် ထိုးချလိုက်လေသည်။အငိုက်မိသွားလေသော ဂိုလီမှာ ပင့်လက်သီးကြောင့် လေထဲမြှောက်တက်သွားလေသည်။ထို့နောက် ထိုလေပွေကပင် ခုန်ကာ မြှောက်တက်သွားသော ဂိုလီ့ကို အောက်သို့ ဖိထိုးချလိုက်ပြန်လေသည်။ဂိုလီလည်း အောက်သို့အကျတွင် မြေကြီးထဲကျွံဝင်သွားလေသည်။


ထိုလေပွေက အောက်သို့ဒိုင်ပင်ပါထိုးဆင်းလာသဖြင့် ကြည့်ရှု့သူများမှာ ဂိုလီရှုံးပြီဟု အောက်မေ့သွားကြသည်။သို့သော် ဂိုလီမှာ ထိုမြေကြီးထဲကျွံဝင်ကာ ဖုန်မှုန့်များထနေသော ကြားမှ မိုးကြိုးသွားကိုကိုင်ကာ အားပြင်းစွာ ပြန်ထကာ ခုန်တက်လာလေသည်။ထိုလေပွေကို မိုးကြိုးသွားဖြင့် စိုက်ချလိုက်ရာ ထိုလေပွေလည်း အဘက်ဘက်သို့ အော်ဟစ်ရင်း အပိုင်းပိုင်းပြတ်ထွက်သွား၏။ဤတွင် ပြိုင်ဘက်ဖြစ်သူလည်း မနိုင်နိုင်တော့ဟု မှတ်ယူလိုက်ကာ အရှုံးပေးလိုက်ရလေတော့သည်။


ဂိုလီ၏ ထိုတိုက်ပွဲအနိုင်ရရှိမှုမှာ ဂိုလီ့ကို လူသိများကျော်ကြား‌လာစေလေတော့သည်။အားလုံးက ဂိုလီ့ကို နတ်စစ်သည်တော် တကယ်ပဲဖြစ်လာနိုင်မည်ဟု ပြတ်သားစွာယုံကြည်မိကုန်ကြသည်ဖြစ်ရာ ဂိုလီ့အား ယခင်လောက် မထီမဲ့မြင် မပြုရဲကြတော့ချေ။

“ဟေး...။”
လှမ်းခေါ်လိုက်သူမှာ ထိုနေ့ကဂိုလီ အနိုင်ယူခဲ့သော လေနတ်သားဖြစ်၏။သူတို့ အနားယူဆောင်သို့ပြန်ရာ လျှောက်လမ်းပေါ်မှခေါ်ခြင်းဖြစ်၏။လေနတ်သား၏အနောက်၌ မီးနတ်သမီးတစ်ယောက်နှင့် နတ်သားဝဝကြီးတစ်ယောက်ပါလေသည်၊

“မင်းငါ့ကို အနိုင်ယူလိုက်ပုံကို ငါအရမ်းသဘောကျတယ်ကွာ။”
တစ်ဖက်က မြှောက်ပင့်ပြောနေသမျှ ဂိုလီကတော့ သိပ်အရေးစိုက်မိပုံမရချေ။

“မင်းနဲ့ငါနဲ့လည်း ဒီဝင်ခွင့်စစ်ဆေးရေးအောင်သွားရင် တပ်တစ်စုထဲကျရင်ကောင်းမှာပဲ။”

“မမျှော်လင့်ပါနဲ့ကွာ။”
တလျှောက်လုံးတိတ်နေသော်လည်း ထိုစကားကျမှ ဂိုလီပြန်ဖြေမိသည်။

“ငါကတွဲဖက် တာဝန်ထမ်းဆောင်လို့ကောင်းမယ့်သူ မဖြစ်နိုင်ပါဘူးကွာ။”

“ဟဟ။အေးပါကွာ။ဝင်ခွင့်စစ်ဆေးရေးကျရင် ပြန်တွေ့ကြရဦးမှာပါကွ။မင်းကို အားလုံးက မျှော်လင့်သလိုပဲ ငါတို့လည်း မျှော်လင့်ထားတယ်ကွာ။”

“စကားမစပ် ငါက ဂျီတပါ။ဒီမီးနတ်သမီးကတော့ ဂျုဒီပေါ့။ဟို ဝဝနဲ့ နတ်သားကတော့ မြေစောင့်နတ် ဖိုဘေပေါ့။”
ထိုအခါ ထိုနတ်ဝဝကြီးက
“မြေစောင့်နတ်တော့မဟုတ်ပါဘူးကွာ။တောင်တစ်လုံးပဲ ငါပိုင်တာပါဟ။”

“ဘယ်လိုပဲဖြစ်ဖြစ်လေကွာ။အားလုံးကိုတော့ ဒီလိုမျိုးပဲ ခြုံငုံခေါ်တာပဲလေ။မင်းပိုင်တဲ့တောင်နာမည်လည်း ငါမေ့နေလို့။”

ဂိုလီမှာ စကားပြောရသည်ကို မနှစ်သက်သော်ငြား တစ်ဖက်သားကနာမည်ပြောပြပြီး မိတ်ဆက်လျှင် ကိုယ့်နာမည်ပြန်ပြောပြရသော ယဉ်ကျေးမှုအရ “နာမည်က အီဂျီပါ ပြီးတော့ရေနတ်သားပါ”ဟုခပ်ပြတ်ပြတ်ဖြေပြီး လှည့်ထွက်လာခဲ့လေသည်။အနောက်မှ တစ်ခုခုလှမ်းပြောသေးသော်ငြား သူမကြားလိုက်မိတော့ချေ။

သို့သော် ဂိုလီမှာ တစ်ကိုယ်ထဲနေစမြဲသာ။တဖြည်းဖြည်းဖြင့် နောက်ဆုံးနှစ်သို့ရောက်လာခဲ့ပြီ။မကြာခင်တွင် နာမည်ကျော် နတ်စစ်သည်တော်များအားရွေးချယ်သည့် စစ်ဆေးပွဲအတွက် ပြင်ဆင်ချိန်တန်လာခဲ့ပြီ။

ထိုနေ့ညရောက်သည့်အခါ မြစ်ရေ၏ တက်လာသော ဒီရေပေါ်မှ လ‌ကို လှမ်းမျှော်ကြည့်ရခြင်းကိုတော့ သူလုပ်ရသည်ကို နှစ်သက်သည်ဖြစ်၌ စိတ်ပြေလက်ပျောက် ဤညတွင် သူပိုင်ဆိုင်ရာ တယောလေးကို စွဲကိုင်ရင်း ကျောင်းသားများနေရာ အဆောင်မှ ကိုယ်ဖျောက်အစီအမံဖြင့် တိတ်တိတ်ကလေးထွက်လာခဲ့လေသည်။


မြစ်အစပ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ကိုယ်ဖျောက်အစီအမံကို ‌ပြန်လည်ဖြေလိုက်ပြီးနောက် ရေထဲသို့ စီးမျောက နစ်မြုပ်လိုက်လေတော့သည်။ထို့နောက် လ၏ဆွဲငင်ရာ ‌ဒီရေမျက်နှာပြင်သို့ အသာအယာ ကူးခတ်သွားလေသည်။


ဒီရေပေါ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် လမင်းကြီး၏ သဘာဝအလှဂုဏ်ဖွဲ့ တေးသီချင်းကို စတင်တီးခတ်လေတော့သည်။


သံစဉ်ဖြင့် နစ်မျောနေရင်း အတိတ်က များစွာသော နာကျင်ဖွယ်ရာများကို သိမ်းဆည်းထားခဲ့ရသမျှ ဖြေလျှော့ပစ်လိုက်ရသည့်နှယ် ခံစားမိလေတော့သည်။

“သာယာလိုက်တာ ဒီညလေးက။”

“ကယ်ကြပါဦး...။”

ဘေးဘက်သို့ကြည့်လေသောအခါဝယ် တောအုပ်ကြီးများရှိနေ၏။ထိုညက လသာပါပေသည်။တိတ်ဆိတ်နေသော ထိုညလေးကို ဖျက်ဆီးလိုက်သည်မှာ စူးစူးဝါးဝါး အော်ဟစ်အကူအညီတောင်းသံပင်ဖြစ်လေသည်။

ဂိုလီလည်း အသံကြားရာ ဘေးဘက်ဝန်းကျင်ကို ကြည့်သည်။တောအုပ်ကြီးမှာ လရောင်မကျသည်အထိ အုံ့မှိုင်းနေသည်ဖြစ်ရာ အထဲကိုမမြင်ရနိုင်ချေ။ဂိုလီလည်း သူ၏အစီအမံတစ်ခုကိုသုံးကာ အသံလာရာပတ်ဝန်းကျင်ကို အာရုံခံကြည့်လေသည်။

တော်တော်ဝေးဝေးတွင် ကိုယ်ရောင်ကိုယ်ဝါအတော်တောက်ပသည့် နတ်သမီးတစ်ပါးနှင့်ထိုနတ်သမီးကို ဖမ်းရန်ကြိုးစားနေသော မိစ္ဆာတစ်ကောင်ရှိနေသည်ကိုတွေ့ရလေသည်။ထို့ကြောင့် ဂိုလီလည်း လျှပ်စီးအလျှင်ဖြင့် တောအုပ်ထဲ ပြေးလိုက်သွားလေသည်။

နတ်သမီးကား ကြောက်ကြောက်ဖြင့် ပြေးမိပြေးရာပြေးနေပါသော်ငြား တောကျွမ်းသူမဟုတ်လေသဖြင့် အနောက်က မိစ္ဆာခုန်အုပ်ဖမ်းခြင်းခံလိုက်ရလေတော့သည်။

“ဟီးဟီးဟီးဟီး။ကြည့်ပါဦး နတ်သမီးလေးပဲ။လှလိုက်တာများ။ဒီလို နတ်သမီးတွေနဲ့ မတွေ့ရတာ တော်တော်ကြာပြီပဲ။ငါတို့တောထဲက သရဲတွေတစ္ဆေတွေရော ဘီလူးတွေပါ တော်တော်ကြိုက်ကြမှာပဲဟီးဟီးဟီး...။အယ် ကျတ်ကောင်တွေလည်း ပါချင်ပါမှာပေါ့။သူတို့ကတော့ လူသားကို ပိုကြိုက်တယ်ကွ။ဟီးဟီးဟီးဟီး။”

သရေတမြားမြားဖြင့် နတ်သမီး၏ မျက်နှာပေါ်ကိုပင် စီးကျလာသေးသည်။အရုပ်ဆိုးမိစ္ဆာကား နတ်သမီး၏ ဝတ်ရုံကိုဆွဲဖြဲ၍နေ၏။ထိုနတ်သမီးငယ်မှာလည်း အဓ္ဓမပြုကျင့်ခံရတော့မည်ကို သိနေရင်း ကြောက်ရွံတုန်လှုပ်ခြင်းတို့ဖြင့် မျက်ရည်များစီးကျလာက အော်ဟစ်အကူအညီတောင်းနေလေတော့သည်။
“စောက်ကောင်မ။အော်မနေနဲ့၊ဘာလဲ တခြားသရဲတွေနဲ့ပါ လုပ်လို့ရအောင် အော်ခေါ်နေတာလား။ဟီးဟီးဟီး နတ်သမီးပေမယ့် မထင်ရဘူးပဲ။ဟီးဟီးဟီးဟီး။

လျှပ်စီးတစ်ချက်လက်သွားသည်ကိုသူမြင်လိုက်ရပြီး ကြောက်ကြောက်ဖြင့် အသံပင်မထွက်နိုင်ပဲ သူမလဲနေခဲ့လေသည်။ဆွဲဖြဲခံရသော ဝတ်လစ်စလစ်ဖြင့် အဆင်မပြေဖြစ်နေသော်လည်း ကြောက်နေသည့်အရေးက ပိုဆိုးနေသဖြင့် သတိမထားအားပဲ ကြောင်နေလေသည်။

ထိုအရုပ်ဆိုးမိစ္ဆာကား မိမိကိုယ်ပေါ်တည့်တည့် မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် နာကျင်မှုကြောင့် အော်ဟစ်နေလေတော့သည်။ထိုအခိုက်တွင် ဘေးနားသို့ အမျိုးစုံသော မကောင်းဆိုးဝါးမိစ္ဆာတို့မှာ ဝိုင်းလာကာ မာန်ဖီကုန်ကြလေသည်။
“ဘေးဖယ်နေလိုက်ကွာ။ဒီည ငါတို့တွေ ဒီနတ်သမီးလေးနဲ့ ပျော်ကြမလို့ပါကွ၊မင်းနောင်တမရချင်ရင် တောထဲကနေထွက်လိုက်တော့ကွာ။ဒါနောက်ဆုံးအခွင့်အရေးပဲ။”

ဂိုလီက လက်ထဲတွင် မီးကိုတစ်လှည့်၊လေပွေကိုတစ်လှည့်၊ရေကိုတစ်လှည့်ဖန်ဆင်းပြရင်း ထိုမကောင်းဆိုဝါးကို ဖိန့်သွားအောင် ခြောက်ပြနေလေသည်။

“ဘာလဲကွ။ဒီနတ်သမီးက မင်းရဲ့သူငယ်ချင်းလား ဘာလား။စိတ်တော့မကောင်းဘူးကွာ နတ်သားလေး။ဒီတောထဲမှာကတော့ အားလုံးက ငါတို့ပိုင်တယ်။”

ဂိုလီက သက်ပြင်းကိုတစ်ချက်ချကာ
“မင်းအသက်ရှင်ချင်လား။”

နတ်သမီးကား အားကိုတကြီး အကြည့်ဖြင့် ငိုရှိုက်ရင်း ခေါင်းငြိမ့်၏။

“မီးနတ်သားအက။”
ပါးစပ်မှရွှတ်ဆိုလိုက်သောအစီအမံအဆုံးတွင် ဂိုလီ၏ တစ်ကိုယ်လုံးမှာမီးတောက်များဖြင့် လောင်ကျွမ်းသွားလေသည်။

“ငါ့လက်ကိုကိုင်ထား ပြီးတော့ မျက်လုံးကိုမှိတ်ထား။မင်းလုပ်ဖို့လိုတာ ဘယ်လိုပဲအခြေအနေဆိုးဆိုး လက်ကိုတင်းတင်းဆွဲထားပြီး မလွှတ်လိုက်နဲ့။”

နတ်သမီးကား လက်ပူမည်ကိုပင် စိုးရိမ်ဟန်မရပဲ ဂိုလီ၏လက်ကို တင်းတင်းဆုပ်ထားလိုက်လေသည်။သို့သော် ဂိုလီ၏လက်မှာ ပူလောင်နေဖို့ဝေးစွ အေးပင်အေးစက်နေလေသည်။အကြောက်တရားကင်းမဲ့ပြီး လုပ်စရာရှိသည်ကိုရဲရဲလုပ်မည့် သွေးအေးသောလက်များကဲ့သို့ဖြစ်လေသည်။


ဘယ်လက်ဖြင့် ဆုပ်ကိုင်ထားပြီးနောက် ညာလက်ဖြင့် ပတ်ပတ်လည်ကိုမီးရှို့ပစ်လိုက်သည်။ထို့နောက် မီးတောက်များကို ပြင်းထန်တောက်လောင်နေအောင် လေမုန်တိုင်းကို ပြင်းပြင်းထန်ထန်တိုက်ထားစေလေသည်။ဤသို့ဖြင့် လျှပ်စီး အစီအမံကိုဖွင့်လိုက်ပြန်ကာ လျှပ်စီးအရှိန်ဖြင့် ထွက်ပြေးလေတော့သည်။

ပါးနပ်လှသော ထိုမကောင်းဆိုးဝါးများမှာ ကျန်ရစ်ခဲ့သော လျှပ်စီးစက်ကွင်းငယ်များမှတစ်ဆင့် အပြင်းအထန်လိုက်လေတော့သည်။

သစ်ပင်များကို ကန်ကျောက်ကာ လေပေါ်ဝဲနေသည့်နှယ် လျှပ်စီးစွမ်းအင်ဖြင့် တစ်ရှိန်ထိုးပြေးရင်း ရှေ့မှ ကာလေသမျှ မကောင်းဆိုးဝါးတိုင်းကို မိုးကြိုးသွားများဖြင့် ထိုးကာ မိုးကြိုးပစ်ချခံရအောင် စီမံပစ်ခဲ့လေသည်။
ရာသီဥတုဆိုးနေသည့်နှယ် မိုးကြိုးများပစ်၊မီးများတောက်လောင်နေစေရင်း လေများလည်း အပြင်းအထန်တိုက်နေလေရော့ရာ ထိုမကောင်းဆိုးဝါးများ ခိုလှုံရာ တောအုပ်မှာ ရုတ်ရင်းဆန်ခတ်လျက် ရှိနေလေတော့သည်။

တော်တော်ကြာအောင်ပြေးလာပြီးနောက် ဘီလူးတစ်ကောင်မှာ လက်ဖြင့်ဖမ်းရိုက်လိုက်ရာ ဂိုလီနှင့်ထိုနတ်သမီးငယ်လေးလည်း မြေကြီးပေါ် ပြုတ်ကျကာ အရှိန်ပျက်ပြီး ထိုဧရာမ ဘီလူးရှေ့တွင် ပိတ်မိသွားလေတော့သည်။

ဂိုလီလည်း အားယူကာထလိုက်ရင်း ထိုနတ်သမီးကို လေအဝိုက်ဖြင့် ပတ်ပတ်လည်တွင် ဖုံးလွှမ်းကာ အကာအကွယ်ပေးထားလေသည်။ထို့နောက်

“မင်းဒီမှာ ငြိမ်ငြိမ်လေးနေနော်။မင်းကို အကာအကွယ်ပေးထားတယ်။ဘယ်တိုက်ခိုက်မှုကမှ မင်းကိုထိမိမှာမဟုတ်ဘူး။စိတ်အေးအေးထားနော်သိလား။”
ဂိုလီက အလျှင်အမြန်ပြောရင်း ဘီလူး၏လက်ထဲသို့ပါသွားလေရာ ထိုနတ်သမီးမှာကြောက်လန့်အားဖြင့် စူးစူးဝါးဝါးအော်ဟစ်လေတော့သည်။

လက်ထဲတွင်ဖမ်းဆုပ်ခံလိုက်ရပြီးမကြာပေ။ဂိုလီမှာ မီးတောက်များကိုတစ်ကိုယ်လုံးကိုဖွင့်ထုတ်လိုက်ပြန်ရာ ဘီလူး၏လက်ကိုလောင်ကျွမ်းသွားစေ၏။ဤသို့ဖြင့် လက်ပေါ်မှ လွတ်အကျတွင် မိုးကြိုးသွားကို လှံရှည်ရှည်ဖြစ်သွားအောင်ဖန်ဆင်းလိုက်ရင်း ဘီလူး၏ ဦးခေါင်းခွဲံတည့်တည့်ကိုပစ်လိုက်ရာ မိုးကြိုးပစ်ချလိုက်ပြန်သကဲ့သို့ ဘီလူးခေါင်းမှာ ပွင့်ထွက်သွားပြီး သွေးများမှာ နေရာအနှံ့သို့ မိုးရွာသကဲ့သို့ ရွှာသွားလေသည်။ထို့အပြင် ထိုသွေးများမှာ မြစ်များသဖွယ် အများအပြားစီးဆင်းသွားလေသေးသဖြင့် ထိုမြင်ကွင်းကို နတ်သမီးခမျာ ကြောက်ရွံလှ၍ မျက်စိကိုပင်မဖွင့်ရဲပဲ ပိတ်ထားလျက် ငိုလေတော့သည်။မြေပေါ်သို့”ဘုတ်”ခနဲကျလာလေသော ဂိုလီမှာ အလျင်စလို ကုန်းရုန်းထလာရင်း

“ငါတို့ ဒီကနေ မြန်မြန်ထွက်မှဖြစ်မယ်။တခြားမကောင်းဆိုးဝါးတွေမှီမလာခင် ပြေးကြစို့။”
ငိုနေလေသော နတ်သမီးကိုကြည့်ရင်း သက်ပြင်းချကာ

“မျက်စိမှိတ်ထားဖို့ ငါပြောခဲ့တယ်မလား။အခုလည်းမဖွင့်နဲ့ အပြင်ရောက်တဲ့အထိ မှိတ်သာထားပေတော့။”
ဤသို့ဖြင့် ကျောပေါ် ထိုနတ်သမီးငယ်လေးကိုတင်ကာ လျှပ်စီးအလျှင် အစီအမံကိုဖွင့်ထုတ်လိုက်ပြီး တောထဲမှ အမြန်ဆုံးလွတ်နိုင်သမျှ လွတ်အောင်ပြေးကြရလေသည်။

သို့သော် တော်တော်နေရာသို့အရောက်တွင် အရိပ်များမှာ ပတ်လည်ဝိုင်းထားပြီး မျက်စိနီနီများမှာ ကြောက်မက်ဖွယ် ဝိုင်းကြည့်နေကြသည်ကိုတွေ့ရလေသည်။ဂိုလီလည်း နတ်သမီးလေးကို အသာအယာချကာ
“မျက်စိမှိတ်ထားဦးနော်။ငါအကာအကွယ်ပေးထားမယ်။”

ဤသို့ဖြင့် အရိပ်များကိုပျောက်ကွယ်သွားအောင်မူ မီးကိုအပြင်းဆုံးအနေအထားထိဖွင့်ကာ အလင်းရောင်ဖြစ်စေခြင်းဖြင့် အနားမကပ်နိုင်အောင် တားဆီးရလေသည်။ထို့နောက် ထိုအရိပ်၏ရင်းမြစ်ကို ရှာကာ မီးလုံးဖြင့် ပစ်ရလေသည်။

ထိုအခိုက်တွင် အရိပ်တစ်ခုမှာ နတ်သမီးကို ဝါးမျိုတော့မည်ပြုလေ၏။နတ်သမီးကို ဆွဲမလိုက်ပြီး အရိပ်ကြီးမှာ သွားချွန်များအစွယ်ပုံများဖြင့် ပါးစပ်ပုံစံအရိပ်ပေါ်လာကာ ဝါးမျိုတော့မည်ပြုလေသည်။ဂိုလီလည်း အလျင်စလိုဖြင့် ထိုနတ်သမီးကို ကိုယ်တွင် မီးတောက်များဖြင့်ဖုံးလွှမ်းထားစေလိုက်လေရာ ထိုအရိပ်မှာ အလင်းရောင်ကြောင့် ပျောက်ပျက်သွားပြီး မဝါးမျိုလိုက်ရပေ။သို့သော်ချက်ကောင်းစောင့်နေသော ထိုအရိပ်များထဲမှ တစ်ခုမှာ ဂိုလီ၏ ဗိုက်ကိုအချွန်ပုံအရိပ်ဖြင့် ထိုးဖောက်လိုက်၏။

ဗိုက်မှကျလာလေသော သွေးများနှင့်အတူ အခြားအရိပ်များမှာ တစ်ကိုယ်လုံးကိုချုပ်ထားခြင်းခံရလျက် ဗိုက်၏အခြားနေရာများ ရင်ဘတ်များကိုပင် ထိုးဖောက်လေတော့သည်။သွေးများမှာ အဆက်မပြတ်စီးကျလာပြီး နာကျင်မှုနှင့်အတူ ကျယ်လောင်စွာ အော်ဟစ်မိလေတော့သည်။ထိုအခါ နတ်သမီးလေးမှာ မျက်စိဖွင့်ကြည့်လိုက်မိပြီးနောက် ဂိုလီသေလုစဲစဲပင်

ဖြစ်နေသည်ကို သတိထားမိပုံရလေသည်။ဂိုလီမှာ သေတော့မည်ဟုသာထင်လျက် သတိလစ်တော့မည့်ဆဲဆဲဖြစ်လေသည်။

သတိမလစ်ခင်တွင်မူ ဆုတောင်းစကားသံတိုးတိုးလေသာ ကြားလိုက်ရလေတော့သည်။

“တိုင်တည်ပါသည်။စောင့်ရှောက်တော်မူပါ။”

ဤသည်ကား သတိမလစ်ခင်တွင် သူကြားလိုက်ရသမျှ နောက်ဆုံးစကားလုံးများဖြစ်ပေ၏။

“ငါ...ဘာများဖြစ်နေပါလိမ့်။”

“ဪအေး။ငါနတ်သမီးငယ်တစ်ပါးကို မကောင်းဆိုဝါးတွေရဲ့တောထဲကနေ ထုတ်ဖို့ကြိုးစားခဲ့တာပဲ။”

“ငါတို့အပြင်ကောရောက်လိုက်ရဲ့လားမသိ။”

“ဒါမှမဟုတ် ဒီမှာပဲသေသွားလေသလား။”

“ငါသေရင်တောင် သူတော့ လွတ်သွားရင်ကောင်းမှာပဲ။”

“ဟေ။နေဦးဟ။သေ...သေလို့မဖြစ်သေးဘူးဟ။”

“ငါ့မိဘတွေ...သူတို့တွေကို...မတရားခံခဲ့ရတာကို...ငါ...ငါက...ဒီတိုင်းကြီးသေသွားလို့မဖြစ်သေးဘူး။”

“ငါ အခုလို အတွေးတော့ တွေးနိုင်သေးရင်...သေတော့မသေလောက်သေးဘူး။ဘယ်လိုထနိုင်အောင်လုပ်ရမလဲ။”

ထိုစဉ်ဂိုလီ၏မြင်ကွင်းထဲ အရိပ်မည်းများပေါ်လာပြန်လေသည်။ထိုအရိပ်မည်းများမှာ ချွန်ထက်ထက်အရာများဖြင့် ထပ်မံထိုးဖောက်သတ်ဖြတ်ပြန်ဦးမည့်ပုံရလေသည်။သို့သော် ဂိုလီမှာဤတစ်ခါ၌ ဘာမှလုပ်မရသဖြင့် ကြောက်လန့်လာလေသည်။ထိုအချွန်များ ထိုးဖောက်ရန်ပြင်နေကြချိန်မှာပင် ဂိုလီနားထဲကြားလိုက်ရသည်မှာ

“အိပ်မက်ဆိုးမက်နေတာလား။အိပ်မက်ဆိုးတွေ ပျောက်ကွယ်သွားအောင်လုပ်လိုက်မယ်နော်။”

ထိုအသံကိုနောက်ဆုံးကြားပြီး သူပြန်နိုးလား၏။ဘေးဘီဘင်၌ ဘာမှမရှိ။အခန်းလွတ်သက်သက်သာဖြစ်ပြီး သူအိပ်ပျော်နေရာနေရာ၌မူ အခင်းတစ်ခုခင်းထားလေ၏။သူ၏ဘေးတွင်ကား သူ့လက်ကိုကိုင်ရင်း အိပ်ပျော်နေဟန်ရသော နတ်သမီးငယ်လေးကိုသာတွေ့ရလေသည်။


“ငါတို့ ဘယ်ရောက်နေပါလိမ့်။”

ဂိုလီက ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်ချိန်တွင် နတ်သမီးကနိုးလာပုံရကာ


“နိုးလာပြီလား။ကောင်းကောင်းတော့အိပ်မပျော်လိုက်ဘူးထင်တယ်။အိပ်မက်ဆိုးကို ရှင်းလင်းပေးတဲ့အစီအမံသုံးတာ နောက်ကျသွားတယ်။ကျွန်မက အဲ့လိုအစီအမံတွေ သိပ်အလွတ်မရဘူးလေ။အလောတကြီး ရွတ်တော့ ထစ်နေတာပေါ့။တောင်းပန်ပါတယ်နော်။”


“မ...မဟုတ်တာ ရပါတယ်။ဒါနဲ့အခုက ဘယ်ရောက်နေကြတာလဲဟင်။ဘယ်လိုများလွတ်လာတာများလည်း မမှတ်မိတော့လို့။”

နတ်သမီးက အားတက်သရောဖြင့်


“ဟုတ်သားပဲ ရှင့်တစ်ကိုယ်လုံးကို အဲ့အရိပ်ကြီးတွေက အချွန်နဲ့ထိုးပြီး သတ်နေတာကို မှတ်မိတယ်မလား။”


"ငင့်။”

ဂိုလီမှာ စနားထောင်ကတည်းက အဖြစ်ဆိုးကနေ စနားထောင်လိုက်ရလေသဖြင့် အနည်းငယ် ညစ်သွားလေတော့သည်။


“ရှင့်ကိုလေ ထိုးစိုက်ထားလိုက်တာ တစ်ကိုယ်လုံးအပြည့်ပဲ ရင်ဘတ်တွေရော၊နှလုံးတွေရော ဗိုက်ကိုရောပဲ။ဗိုက်က ဖောက်ခံလိုက်ရတာကို ဖယ်လိုက်တုန်းကဆို ရှင့်ရဲ့ပြတ်ထွက်သွားတဲ့အူတွေက အပြင်ကိုထွက်ကျလာတာလေ ကြည့်ရတာ အသည်းယားစရာကြီး။ကျွန်မ‌မူးလဲမသွားခဲ့တာ ကံကောင်းတယ်။”


ဂိုလီကား နားထောင်ရင်း အူတွေပင် ပြောင်းပြန်လှန်သွားသလားမှတ်ရသည်။စိတ်ညစ်ညစ်ဖြင့်သာ


“လွတ်လာပုံသာပြောပါတော့ဟာ။စောက်ကျိုးနည်းထဲမှ။”


“ကျွန်မ‌လည်းကြောက်ကြောက်နဲ့ စိတ်ထဲမှတ်မိရာ အစီအမံတွေ၊ဂါထာတွေ အကုန်လျှောက်ရွတ်လိုက်တာ အရိပ်တွေ ထွက်ပြေးသွားတော့တယ် ကံကောင်းလို့ပေါ့။အရိပ်တွေက ရှင့်ကို ဒီအတိုင်းထားခဲ့ချိန်ကြီးမှာလေ ရှင့်အူတွေလည်း အပြင်ကိုထွက်လိုထွက် နှလုံးကလည်း လှိုဏ်ခေါင်းပေါက်ဖြစ်လိုဖြစ်နဲ့ မှတ်မိသမျှ ကုသရေးအစီအမံတွေတော့ သုံးလိုက်တာပဲ ရှင်အခုအခြေအနေကော ကောင်းရဲ့လား။”

ဂိုလီက ရင်ခံသွားသကဲ့သို့ သူမအမေးအား


"အူတွေတောင်ထွက်ကျတဲ့အကြောင်းကိုပြောပြီး အခြေအနေကောင်းလားဆိုတော့။အေး...နတ်သက်ကြွေမသွားတာပဲ တော်သေးလှပြီဟဲ့။”


ဟူ၍ ဘောက်ဆတ်ဆတ်ဖြင့်သာ တုံ့ပြန်လိုက်ရသည်။ထို့နောက်သက်ပြင်းတစ်ချက်ချကာ


”ငါတော့ ဝင်ခွင့်စစ်ဆေးရေးဖြေဖို့တော့ နောက်ကျတော့မှာပဲ။”


ဟု တီးတိုးညည်းညူလေသည်။နတ်သမီးမှာ အနည်းငယ်ကြားလိုက်ပုံရကာ


“ဘာစစ်ဆေးရေးလဲဟင်။”


“မင်းကိစ္စမဟုတ်ပါဘူး။အခုမင်းပြန်တော့။ငါလည်းကျောင်းကိုပြန်ရတော့မယ်။”


“ကျွန်မပြန်လို့မရဘူးရှင့်။ဒီမှာလည်းကြည့်ဦး။”


သူ‌မပြသည်မှာကျောပေါ်မှ ပြဲဆုတ်နေသောတောင်ပံတစ်ဖက်နှင့် ပြတ်ထွက်နေဟန်တူပြီး ကျန်ခဲ့သောတောင်ပံ၏ အရင်းပိုင်းတစ်ဖက်ဖြစ်လေသည်။


“ကျွန်မတောင်ပံတစ်ဖက်ကိုရှာရဦးမယ်။အဲ့တစ်ဖက်ကိုဆက်ပြီးရင်တောင် ပြန်ကောင်းဖို့စောင့်ရဦးမယ်။အဲ့တာတွေပြီးမှ ပျံသွားလို့ရမှာ။”


“ဟမ်။ပြန်...ကိုပြောတာလား ပျံ…လို့ပြောလိုက်တာလား နားထဲမသဲကွဲလို့။”


“နှစ်မျိုးလုံးမှန်တယ်လေ။တောင်ပံနဲ့ ပျံသွားမှ အိမ်ပြန်ရောက်မှာကိုး။”


“မင်းကဘာလဲ။ကောင်းကင်ထက်ပိုင်းနေတဲ့ နတ်အသိုင်းအဝိုင်းကလား။အဲ့လိုသာဆို မင်းကို လိုက်ရှာနေကြမှာပဲ မင်းသာ ဆွေကြီးမျိုးကြီးနတ်မင်းကြီးအသိုင်းအဝိုင်းကဆိုရင်ပေါ့။တစ်ရက်၊နှစ်ရက်လောက်ဆို မင်းပြန်ရလောက်ပါပြီ။ဒီတော့ မင်းကိုလိုက်ရှာတဲ့အချိန်ကျရင် ငါ့ကို ပြဿနာမရှာစေချင်လို့ ငါသွားတော့မယ်။”


“နေပါဦးရှင့်။ပထမဆုံးအနေနဲ့ ကျွန်မက ကောင်းကင်ပိုင်းမှာ နေတဲ့နတ်မဟုတ်ဘူး။ဒုတိယတစ်ခုက ကျွန်မကို လိုက်ရှာရင်တောင် မသိအောင်လို့ တခြားတစ်ယောက်အဖြစ်ရုပ်ဖျက်ထားတယ်။ဟီးဟီး။”


ဖြစ်နိုင်ပါသည်။သို့ကြောင့်လည်း စကားပြောပုံမှာ နတ်သမီးနှင့်တူသော်လည်း အရွယ်မှာ နတ်သူငယ်လေးသာသာ ထင်ရသောကြောင့် ရုပ်‌ဖျက်ထားသည်ဟု ထင်မိပြီးသား ဖြစ်လေသည်။


“ဒါဆို မင်းက ဘယ်သူလဲ အစစ်အမှန်က။ဒီကို ဘာကိစ္စ ရုပ်ဖျက်ပြီးဆင်းလာတာလဲ။”


“မပြောပါဘူး။လျှို့ဝှက်ချက်‌‌လေ။”


ကောင်းပါပေသည်။လျှို့ဝှက်ချက်ဖြင့် ရုပ်ဖျက်ပြီး နေနေသောနတ်တစ်ပါးက အခြားလျှို့ဝှက်ချက်ဖြင့် နတ်သူငယ်‌လေး ပုံစံရုပ်ဖျက်ထားသော နတ်သမီးနှင့် လာဆုံနေရသည်။ထူးလိုက်သည့် တွေ့ဆုံမှုပင်။


သူတို့တွေ့ဆုံခြင်းကား အကောင်းကိုဖြစ်စေမည်လား။


အဆိုးတွေပဲ ဖြစ်လာနိုင်လေမလား။


နှစ်ခုစလုံးရောယှက်လျက်ပဲဖြစ်စေလေမလား။


သူတို့ကိုယ်တိုင်ပင် မသိနိုင်ပါပေ။

“ကျွန်မကျတော့မေးတယ်။ရှင်ကကော ဘယ်သူလဲဆိုတာပြောပြဦးလေ။”

“မင်းတောင်မပြောတာ ငါလည်းမပြောနိုင်ပါဘူး။”
ထိုအခါ ထိုနတ်သမီးက ကလေးသဖွယ် မျက်နှာစူပုပ်ပုပ်ထားရင်း ကြည့်နေ၏။ထို့နောက်

“ကဲပါပြောပြရမယ်ဆိုလည်း ပြောပါ့မယ်။ဒီအဆောင်နားမှာ စားသောက်ဆိုင်ရှိတယ်ကြားတယ်။ရှင်လည်းလိုက်ခဲ့ပါ စားသောက်ရင်း မိတ်ဖွဲ့တာ အကောင်းဆုံးနည်းပဲလေ။”

“မင်းက ပေးစရာရှိလို့လား အစားအသောက်ဝယ်စားဖို့။”

“အယ်...။အဲ့တာကတော့...။ရှိဘူးလေ...ဟီးဟီး။”
ဂိုလီလည်းသက်ပြင်းချကာ

“မင်းခဏတော့စောင့် ငါကျောင်းတော်မှာ ငွေဒင်္ဂါးထည့်ထားတဲ့အိတ်သွားယူလိုက်ဦးမယ်။”

“ဟ...ရှင် အဲ့လိုဆိုပြီး ထားခဲ့မှာတော့ မဟုတ်ပါဘူးနော်။ကျွန်မတို့ အဆောင်ငှားခတောင် မပေးရသေးဘူး။”

“မင်းကို ကယ်လာတဲ့သူတောင် မင်းမယုံနိုင်ဘူးလား။”
ထိုအခါ ပါးလေးစူစူလေးထားလျက်

“ဟုတ်ပါပြီ။မြန်မြန်ပြန်လာနော်။မဟုတ်ရင် ရှင့်ကို ဒီမှာ မတရားကျင့်ပြီး ထားခဲ့တယ်ဆိုပြီး အရပ်တကာမှာ လိုက်အော်မှာ။ရှင့်မျက်နှာကိုလည်း ကျွန်မက ပုံဖော်ပြနိုင်တယ်သိလား။”
ဂိုလီလည်း ခေါင်းတခါခါဖြင့်သာ

“လုပ်ချင်တာသာလုပ်ဟာ။”
ဤသို့ဖြင့်နေရာရွေ့ပြောင်းအစွမ်းဖြင့် သူ၏အခန်းသို့တိတ်တိတ်လေး ပြန်လာကာ ငွေဒင်္ဂါးထုပ်တစ်ထုပ်ယူရင်း မူလနေရာသို့ပြန်လာခဲ့ရလေတော့သည်။


အခန်း(၃)

“အား...နင် စားပြီးသောက်ပြီးရင်လည်း ငါ့နားကနေမသွားနိုင်သေးဘူးလားဟာ။”
စားသောက်ဆိုင်ထဲတွင် စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူနေသော ဂိုလီကိုကြည့်ရင်း ထိုနတ်သမီးမှာလည်း

“ရှင်ကလည်း ကျွန်မကိုကယ်တုန်းကဖြင့် ကယ်ပြီးတော့ အခုလို ကျွန်မကိုယ့်အိမ်ကိုယ်မပြန်နိုင်ချိန်မှာ ရှင်က ဒီလိုကြီး ထားခဲ့မယ်ဆို ကျွန်မက ဘယ်လိုလုပ်ရမှာတုန်း။”

“မင်းကိုငါက မကောင်းဆိုးဝါးတောကနေပဲ ကယ်ဖို့ဆန္ဒရှိတာ မကောင်းဆိုးဝါးတောကနေလွတ်လာပြီး ကိုယ့်ဘာသာအိမ်ပြန်ဖို့က ငါ့ကိစ္စမဟုတ်တော့ဘူးဟ။”

“ရှင်ကလည်း ကူညီလက်စနဲ့တော့ အဆုံးထိကူညီပေးပါ။ရှင်နောင်တမရစေရဘူး ကျွန်မသေချာပေါက်ပြောရဲတယ်။”
ဂိုလီက မယုံကြည်စွာဖြင့်သာ တစ်ချက်ရယ်သလိုလိုပြုလိုက်ပြီးနောက်

“မင်းကဘယ်သူလဲတောင် ငါမသိတာ ငါကဆက်ကူညီလို့ အဆင်ပြေမပြေဆိုတာကို ဘယ်လိုနည်းနဲ့ သိနိုင်မှာလဲကွ။”

“အဲ့တာဆိုလည်း ကျွန်မကရှင့်ကို ပြန်အကူအညီပေးမယ်ရှင်။ရှင့်အတွက် အသုံးဝင်မယ့်အရာတစ်ခုခုကို ပြန်ပေးမယ်။အဆင်ပြေလား။”

“နေစမ်းပါ။ဘာပဲပြောပြောမင်းငါ့ကိုအကောင်းတိုင်းပြန်ဖြစ်အောင် ကုသပေးခဲ့တာပဲလေ။နှစ်ဖက်လုံးကျေပြီ။မင်း ဒိုးလိုက်တော့။”

“ဟာ...ရှင်ကလည်း ဇွတ်ပါလား။အပေးအယူထပ်လုပ်မယ်ဒါဆိုလည်း။”
ပြောလိုက်ရင်း ရှေ့မှရေခွက်ကိုမော့သောက်လိုက်ကာ စိတ်ဝင်စားရစရာကောင်းအောင် လေသံကိုပြောင်းလိုက်ရင်း

“ရှင်က နတ်စစ်သည်တော် စစ်ဆေးရွေးချယ်ပွဲကိုဝင်ဖြေမှာမဟုတ်လား။ကျွန်မရှင့်ကို အနိုင်ရနိုင်မယ့် နည်းလမ်းပြောပြမယ်။ရှင်က ကျွန်မကို တောင်ပံတွေ ပြန်ရအောင်ပဲလုပ်ပေး။”
ဂိုလီလည်း အနည်းငယ်စဉ်းစားလိုက်၏။ထို့နောက် မျက်စိကိုမှိတ်ကာ အေးအေးလူလူသာ

“မင်းငါ့ကိုအရင်ပြောပြရမယ်နော်။ငါ ကျော်ဖြတ်နိုင်သွားပြီဆိုမှ မင်းကိုကူညီမှာ။”

“ကောင်းပါပြီ။အပေးအယူဖြစ်ပြီနော်။စကားမစပ် ရှင့်နာမည်ကကော။”

“ဪ...နာမည်လား။အီဂျီပါ။​ဗိုလ်လောင်းအီဂျီပေါ့။”

“နာမည်က လှသားပဲ။ကျွန်မက စီရီပါ။”

စစ်ဆေးရွေးချယ်ရန် ပြိုင်မည့်နေ့၌ ကျောင်းတော်ကြီးမှ နတ်စစ်သည်တော်အဖြစ်အရွေးခံရဖို့ ပြိုင်ဆိုင်ကြမည့် ဗိုလ်လောင်းများမှာ စိတ်လှုပ်ရှားလှစွာဖြင့် အချင်းချင်းစကားပြောသူကပြော၊တစ်ကိုယ်ထဲ စိတ်လှုပ်ရှားလျက် တည်ငြိမ်အောင် တောင်လျှောက်မြောက်လျှောက် လျှောက်ရင်း ထိန်းနေသူတွေပင်ရှိကြသေး၏။

တစ်ဦးချင်းဝင်ကာ နာရီနှင့်ချီ ကျော်ဖြတ်နိုင်ရန်ကြိုးစားရသည့်အတွက် နတ်များမှာ ထိုပြိုင်ပွဲနေရာဝင်ပေါက်တွင် တစ်ပတ်လောက်အထိနေရပြီး ပြိုင်ပွဲမှာကြာလျှင် တစ်လလောက်အထိ ထိုနေရာ၌နေကြရ၏။

ပြန်ထွက်လာကြသော နတ်အများစုမှာ ကျရှုံးပြီး စုတ်ပြတ်သတ်လျက်ရှိသည့်အပြင် အချို့ဆို နတ်သက်ပင်ကြွေကုန်၏။ထိုမြင်ကွင်းများကိုမြင်ရလေလေ အခြားနတ်များမှာ ပို၍ ကြောက်ရွံကာပြိုင်ရမည်ကို စိုးရိမ်မိကြလေဖြစ်သည်။

ဂိုလီလည်း အများနည်းတူ ထိန့်လန့်မိ၏။သူ့တွင်နတ်သမီးက မှာကြားခဲ့သော အစီအစဉ်ရှိသော်ငြား တကယ်ပင် အဆင်ပြေမည်လောဟု အပြည့်အဝမယုံနိုင်သေးသည်ဖြစ်ရာ အနည်းငယ်တော့ စိတ်ပူနေမိသည်ဆိုနိုင်လေသည်။
“ဗိုလ်လောင်းအမှတ် ၂၃၈၉၅ အီဂျီ။”

“ရှိ...။”

“ကြိုပြင်ထားပါ မကြာခင်မင်းအလှည့်ကိုရောက်တော့မယ်။”
အနားရှိ နတ်များက ဂိုလီ့ကိုဝိုင်းအားပေးကြရလေသည်။

“မင်းက ငါတို့တစ်ကျောင်းလုံးတောင် လုပ်ချင်ရင် အသာလေးပြာချနိုင်တဲ့ အထိကျွမ်းကျင်တာပဲကို။မင်းအောင်မြင်မှာပါ။”
အမျိုးမျိုးသောစကားသံများအကြားတွင် ဖိအားများမိလေသည်။သို့သော် ဂိုလီဝင်ရသည့်အခိုက်တွင် နတ်သမီးငယ်၏စကားသံမှာ နည်းနည်းချင်းကြာယောင်မိလာလေသည်။

“ပထမဆုံးဖြတ်ရတာက တံတားတစ်ခုပဲ တံတားအောက်မှာချောက်နက်ကြီးရှိတယ်။ကျသွားပြီဆိုရင် အစောင့်နတ်တွေက လာပြီး ဆွဲထုတ်ကြရတယ်။အဲ့တာဆိုရှုံးပြီပဲ။ဒီတော့ နိုင်ချင်ရင်…”
ထိုအခိုက်တွင် တံတားကိုတကယ်ပင်တွေ့ရလေပြီ။

“တံတားကိုရအောင်ဖြတ်ရမယ်။သို့ပေမယ့် တံတားမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိတယ်။သူက ဖြတ်သွားတဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ ဆွဲချဖို့ကြိုးစားတယ်။အများစုက မကောင်းဆိုးဝါးကိုမမြင်ရတော့ ဒီအတိုင်းဖြတ်လိုက်မိချိန်မှာ ဆွဲချခံလိုက်ရတတ်တယ်။ဒီတော့ ရှင်အနေနဲ့ လုပ်ဖို့လိုတာက…လေမုန်တိုင်းလိုမျိုးအရာကိုဆင့်ခေါ်ဖို့ပဲ လေတိုက်လွန်းတဲ့အရှိန်ကြောင့် တံတားကလှုပ်ခတ်သွားရင် မကောင်းဆိုးဝါးက စိတ်ဆိုးလက်ဆိုးနဲ့ တံတားကိုဖြတ်လာပြီး ရှင့်ဆီလာလိမ့်မယ်။သူ တံတားကိုကျော်လိုက်မိတာနဲ့ သူ့ကိုမြင်ရပြီပဲ။”
သူမပြောသည့်အတိုင်း လေမုန်တိုင်းကိုပြင်းပြင်းထန်ထန်တိုက်စေလိုက်လေရာ မကြာခင်ပင် မကောင်းဆိုးဝါးအရိပ်မည်းတစ်ခုမှာ ဂိုလီ့ကို ဒေါသတကြီးဖြင့် လည်ပင်းကိုဖမ်းညစ်ရန် ထွက်လာလေတော့သည်။ဖြစ်ချင်တော့ ထိုမကောင်းဆိုဝါးမှာ အလွန်လျင်မြန်လွန်းသည့်အတွက် လည်ပင်းကိုဖမ်းညစ်ခြင်းခံလိုက်ရလေရာ ဂိုလီမှာအလန့်တကြားဖြင့် လေပေါ်တွင်လည်ပင်းအစ်လျက်ကြီး မိုးကြိုးသွားကို မရမကဆွဲထုတ်ကာ ထိုမကောင်းဆိုးဝါးအားထိုးစိုက်လိုက်လေသည်။များမကြာခင်ပင် ထိုမကောင်းဆိုးဝါးကို မိုးကြိုးတစ်ချက်ပစ်လိုက်ရာ ထိုမကောင်းဆိုးဝါးလည်း အမှုန့်များသဖွယ်ပျောက်ကွယ်သွားလေတော့သည်။

“တစ်ခုရှိသေးတယ်။မကောင်းဆိုးဝါးသေသွားလည်း တံတားကို ခြေမချလိုက်နဲ့နော် လေပေါ်ကနေပဲ ခုန်ပြီးကျော်သွားလိုက်။မဟုတ်ရင် တံတားပေါ်နင်းတာနဲ့ သူ့အပေါင်းအပါတွေက ရှင့်ကိုဖမ်းစားဖို့လုပ်ကြလိမ့်မယ်။လုံးဝကိုမနင်းလိုက်နဲ့ ရှင်ပြန်ခုခံချိန်တောင်မရပဲ ဒုက္ခရောက်သွားနိုင်တယ်။”
ထိုစကားတိုင်း လေအရှိန်ဖြင့် ခုန်ကျော်သွားလိုက်ရာ အောက်သို့ငုံ့အကြည့်တွင် များစွာသော မကောင်းဆိုးဝါးမိစ္ဆာများ၏မျက်လုံးများမှာ ဒေါသတကြီးဖြင့် ဂိုလီ့ကို ကြည့်နေကြသည်ကို ကျောချမ်းဖွယ်မြင်တွေ့ရလေသည်။သူတို့အကြည့်မှာ ဂိုလီ့အား ကျိန်ဆဲနေကြသကဲ့သို့လည်း ထင်ရလေသည်။

တော်တော်ကြာအောင်ဖြတ်သန်းသွားပြီးနောက် လူသားများသေလျှင် ကျန်ခဲ့သောအလောင်းကိုမြုပ်နှံသည့် သင်္ချိုင်းသို့ရောက်လာလေသည်။
“ဒုတိယတစ်ဆင့်ကိုရောက်ပြီဆိုရင် ရှင်ကကျတ်ကောင်တွေနဲ့တွေ့ရလိမ့်မယ်။ကျတ်ကောင်တွေက ဘာလုပ်တတ်လဲဆိုတာသိတယ်မလား။ရှင့်ရဲ့ အာရုံကိုလည့်စားပြီး ဖြည်းဖြည်းချင်းရုးသွားအောင်လုပ်ပြီးမှ ရှင့်ကိုသတ်မှာ။အဲ့တော့ ရှင်အနေနဲ့ ရှင့်စိတ်ကို မာကျောနေအောင် လုပ်ထားရမယ်။သူတို့လှည့်စားနေတာကိုသိနိုင်တဲ့နည်းတစ်ခုရှိတယ်။အဲ့တာကဘာလဲဆိုတော့ ရှင်ဖြစ်ချင်တဲ့ဘဝ ရှင်လိုချင်တဲ့ပျော်ရွင်မှုတွေ ကြည်နူးမှုတွေကို တကယ်ရနေတယ်လို့ရှင်ထင်နေရင် ရှင်အလှည့်စားခံနေရပြီဆိုတာပဲ။”
ဂိုလီလည်း ထိုတိတ်ဆိတ်နေသော သင်္ချိုင်းကိုဖြတ်သန်းသွားလေရာ တော်တော်ကြာအောင်လျှောက်သွားသည်အထိ ထွက်ပေါက်ကဲ့သို့နေရာမျိုးမမြင်ရသေးချေ။သင်္ချိုင်းမြေပုံအနား၌ တဝဲဝဲလည်နေလေသည်။ထိုအခိုက်တွင် ရုတ်တရက် ဂိုလီ၏ဗိုက်မှ အူများမှာ အောက်သို့လျှောကျလာသည်ဟု မြင်လိုက်ရလေသည်။သွေးများမှာလည်း ဆက်တိုက်ကျလာကာ အိုင်လာလေသည်။

“ဘာ...ဘာကြီးတွေလဲ။ဘာတွေဖြစ်ကုန်ပြီလဲ။ငါ့အလှည့်စားခံနေရတာလား။အ...အား...။”
နာကျင်လာသည်ကိုခံစားရရင်း သူ၏မျက်လုံးများ၊နှာခေါင်းများမှသာမက နားရွက်များကပါ သွေးများစီးလာကာ ပါးစပ်မှလည်း သွေးများလျှံကျလာလျက် နာကျင်မှုမှာ ဆိုးသထက်ဆိုးလာလေသည်။

“ဘာလား။ငါ ဒီအတိုင်းကြီးသေတော့မှာလား။”

“ရှင်က မကောင်းဆိုးဝါးတောက အရိပ်မည်းတွေသတ်ဖြတ်တာကိုခံလိုက်ရဖူးတဲ့အတွက် ရှင့်ရဲ့အတွင်းဝိဉာဉ်က အရိပ်မည်းတွေကို ကြောက်လန့်ပြီး နာကျင်နေတယ်။အဲ့တာကြောင့် သူတို့ကရှင့်ကို အဲ့အရိပ်မည်းတွေအနေနဲ့ ခြောက်လန့်လိမ့်မယ် စစချင်းမှာပေါ့။ရှင်အနေနဲ့ ဘာဖြစ်နေဖြစ်နေ သတိကိုလွတ်မသွားစေနဲ့။”

“ဟုတ်တယ်။ဒါ ငါတကယ်ဖြစ်နေတာမဟုတ်ဘူး။ခြောက်လန့်ခံနေရတာ။စိတ်ဝိဉာဉ် သန့်စင်ခြင်း အစီအမံ။”
ပါးစပ်မှရွတ်ဆိုလိုက်သော အစီအမံအဆုံးတွင် ရုတ်တရက် ညို့မှိုင်းမှိုင်းဖြင့်ကြောက်မက်ဖွယ် ပတ်ဝန်းကျင်မှာ လုံးဝပျောက်ကွယ်သွားသည်
ထင်ရလေသည်။နာကျင်မှုတွေလည်းရပ်တန့်သွား၏။မျက်စိကိုဖွင့်လိုက်သောအခါ ဂိုလီကားအိပ်ရာပေါ်တွင်လှဲလျက် အနား၌သူမြင်နေရသည်မှာ သူကိုယ်တိုင်ပင် မယုံနိုင်လောက်အောင်ပင်ဖြစ်လေသည်။

သူ၏ဖခင်နှင့်မိခင်တို့မှာ သူ့အားစိုးရိမ်တကြီးဖြင့် အနား၌ရှိနေကြခြင်းဖြစ်၏။
“သား။ဂိုလီ သတိရလာပြီလား ဂိုလီ။”

မိခင်မှာပြောပြောဆိုဆိုဖြင့် ပွေ့ဖက်လိုက်လေသည်။ဤပွေ့ဖက်ခြင်း၊ဤနွေးထွေးမှုတို့မှာ တကယ်ပင်ဖြစ်နေသည်လော။

“သားမှတ်မိလား။သားဘာဖြစ်ခဲ့တယ်ဆိုတာ။”
ဂိုလီကားခေါင်းခါပြ၏။ထို့ကြောင့် ဖခင်က

“မင်းက သင်္ချိုင်းထဲကို ရောက်သွားတာ အဲ့မှာကျတ်တွေက ဖမ်းစားခံလိုက်ရတော့ မင်းအဲ့မှာ အမြင်တွေမှားပြီး ရုးသွားသလိုလိုပဲ။ငါတို့တွေမင်းအတွင်းဝိဉာဉ်ကို သန့်စင်တဲ့အစီအမံကို သုံးလိုက်တော့ မင်းလည်း သတိမေ့သွားလိုက်တာ ၃ရက်လောက်ရှိတယ်။အခုမှနိုးလာတာပဲ။”

“ဟင်။ဒါ...ဒါဆို...အဖေတို့ အမေတို့က...မ...မ‌‌သေဘူးမလားဟင်။ဟုတ်တယ်မလား။”

“မသေပါဘူးသားလေးရယ်။အမေတို့ရှိတယ်နော်။”
ပြောရင်း ဂိုလီ့ကိုပွေ့ဖက်ထားကြ၏။ဂိုလီလည်း သက်ပြင်းချကာ

“ဒါအိပ်မက်တွေပဲမဟုတ်လား။တော်ပါသေးတယ်။”

သိူ့သော် ထိုအခိုက်တွင် နားထဲမှ တစ်ခုခုကိုကြားယောင်လာလေသည်။

“ရှင်ဖြစ်ချင်တဲ့ဘဝ ရှင်လိုချင်တဲ့ပျော်ရွင်မှုတွေ ကြည်နူးမှုတွေကို တကယ်ရနေတယ်လို့ရှင်ထင်နေရင် ရှင်အလှည့်စားခံနေရပြီဆိုတာပဲ။”
ဂိုလီကား စိတ်ထဲမှ

“မဖြစ်နိုင်တာ ငါ့မိဘတွေ မသေသွားပါဘူး။ဟုတ်တယ်မလား။ငါနတ်စစ်သည်တော်ဖြစ်ဖို့ကြိုးစားနေတာတွေ၊ရွာစောင့်နတ်ကိုသတ်ခဲ့တာတွေ၊အရိပ်မည်းတွေ သတ်ဖြတ်တာခံခဲ့ရတာတွေ...ဒါတွေက အိပ်မက်တွေမဟုတ်လား။ကျတ်ကောင်တွေလှည့်စားခံရတာလေ။ဟုတ်တယ်မလား။”
ထိုအခိုက်တွင် ဂိုလီ၏မိခင်က

“သား...သားကြိုက်တဲ့ပန်းသီးလေးတွေ အမေတို့ရဲ့ ဥယျာဉ်ထဲမှာ အများကြီးသီးနေပြီသွားခူးကြမလား။”
ဂိုလီလည်း ကလေးလေးသဖွယ်ပျော်ရွင်စွာဖြင့်

“ဟာ...သွားမယ်အမေ။အဖေလည်းလာလေ။အတူတူသွားကြရအောင်။”
ဤသို့ဖြင့် မိသားစုလိုက် ဥယျာဉ်ထဲဆင်းလားသောအခါ ဂိုလီကား သူအလွန်သဘောကျရာ ပန်းသီးပင်ကြီး၌ ပန်းများ အပြည့်သီး၍နေသည်ကို စိတ်လှုပ်ရှားစွာမြင်ရလေသည်။

အတော်ကြာသည်အထိ ပန်းသီးများကို ခူးကာ ခြင်းတောင်းထဲထည့်ကြရင်း ဂိုလီတစ်ယောက် အပျော်ကြီးပျော်နေလေပြီ။သူ၏မိခင်က ပန်းသီးများကိုဓါးဖြင့် အခွံခွာကာ အစိတ်ကလေးများ ပြုလုပ်ပေးနေလေသည်။ထိုဓါးကိုမြင်လိုက်သည့် အခိုက်တွင် အသံမှာ ထပ်မံထွက်ပေါ်လာပြန်လေသည်။

“ရှင်အနေနဲ့ အဲ့ကနေလွတ်ဖို့ဆိုရင် ရှင့်စိတ်ထဲက ရှင်တန်ဖိုးအထားဆုံးသူတွေကို အဲ့ထဲမှာ သတ်ပစ်ရတယ်။ဘာကြောင့်ဆို သူတို့က ရှင့်ကိုညို့ယူထားတဲ့ ကျတ်ကောင်တွေမလို့ပဲ။တော်တော်များများက အဲ့တာကို မကျော်ဖြတ်နိုင်တဲ့အတွက် အတွင်းဝိဉာဉ်တွေဖျက်ဆီးခံလိုက်ရပြီး ရုးသွားရင်း ဖြေးဖြေချင်း သေကုန်ကြတယ်။ရှင်ကတော့ စိတ်မာမှဖြစ်မယ်။သူတို့တွေသေပြီဆိုတာကို ရှင်မှတ်မိနေမှဖြစ်မယ်။”

“မဟုတ်ဘူး။မဟုတ်ဘူး အဲ့တာတွေတစ်ခုမှမဟုတ်ဘူး။အဲ့တာကျတ်တွေလှည့်စားထားတာ။”

“သား။ပန်းသီးစားလေ။”

မိခင်ကပြောရင်း ဂိုလီ့ကိုကြည့်နေ၏။ထို့နောက် ဂိုလီ့ပုံစံကိုကြည့်ရင်း စိတ်ပူလာသလိုဖြစ်လာကာ

“သားအဆင်ပြေရဲ့လား။နေလို့မကောင်းဘူးလား။အိပ်ရာထဲပြန်သွားလှဲနေလိုက်မလား။”
ဂိုလီက ကြောင်အမ်းအမ်းဖြင့်

“ဟင်...ဪ။အဆင်ပြေပါတယ်အမေ။”

“ရှင်ဒီအစီအမံကိုထည့်ထားတဲ့လည်ဆွဲလေးကိုဆွဲသွားရင် ကျွန်မရဲ့သတိပေးစကားကိုရှင်ကြားလိမ့်မယ်။ရှင် အလှည့်စားခံရချိန်မှာ ရှင် လည်ဆွဲကိုမြင်ရမှာမဟုတ်ဘူး။ဒါပေမယ့် လက်နဲ့စမ်းကြည့်လိုက်ရင် ရှင်ခံစားမိလိမ့်မယ်။”
ဂိုလီလည်း ဖြည်းဖြည်းချင်း ဂုတ်နားကိုထိလိုက်ရာ ပတ်ထားသော ကြိုးတစ်ချောင်းကိုခံစားမိလိုက်၏။ထို့နောက် ဆက်တိုက်စမ်းကြည့်သွားရင်း အရှေ့လောက်အထိစမ်းမိသောအခါ ရုတ်တရက် သူတို့အိမ်၊ဥယျာဉ်ကြီးတို့မှာ ကြွေလွှင့်သွားသလိုဖြစ်သွားသည်။ထို့နောက် သူ၏မိဘများအဖြစ်ထိုနေရာတွင်ထိုင်နေသူများမှာ အရုပ်ဆိုးအကျည်းတန်လှသည့် ကျတ်ကောင်နှစ်ကောင်ဖြစ်နေသည်ကိုတွေ့ရလေသည်။ထို့နောက် ကျတ်တစ်ကောင်က ဂိုလီ့အား
“သားလေး။ဒီမှာစားလေ။ပန်းသီး။”

ထိုကျတ်ကောင်ထိုးပေးသော အစောကပန်းသီးဟုထင်ရသည့်အရာမှာ လူသားအလောင်းမှ ပုတ်သိုးနေသောအသားစများနှင့် သွေးများဖြစ်နေသည်ကိုတွေ့ရလေသည်။ထိုအခါ ဂိုလီလည်း သတိဝင်လာကာ အစောက ပန်းသီးခွဲနေသော ဓါးကိုကောက်ကိုင်လိုက်၏။ထို့နောက် ထိုကျတ်နှစ်ကောင်ကို ထိုးရန် ချိန်ရွယ်ထားလေသည်။မျက်စိထဲ၌မူ ကျတ်ကောင်များကိုမြင်လိုက် မိဘနှစ်ပါးကိုမြင်လိုက်ဖြင့် ချာချာတွေလည်နေလေသည်။

“သားလေး။ဘာဖြစ်တာလဲသား။”
ကျတ်တစ်ကောင်ကမူ သူ၏မိခင်လေသံဖြင့်ပြောနေစဲ။

“သား။ဓါးကြီးကိုချလိုက်ပါ။စိတ်လျှော့ပါ။မင်းကျတ်တွေလွှမ်းမိုးတာခံနေရတယ်။”

“မဟုတ်ဘူး။အဲ့တာ ကျတ်တွေ။ငါသိပြီးသား။သူတို့က သေပြီးပြီ။ငါ့ဘဝထဲမှာမရှိတော့ဘူး။”

“မဟုတ်ဘူးသား။စိတ်အေးအေးထား။”

“တိတ်လိုက်။ငါ့မိဘတွေက စေတန်ဘုရင်သတ်လို့သေသွားကြပြီ။ဒါ ငါလက်မခံနိုင်ပေမယ့် လက်ခံထားရတဲ့ အမှန်တရားပဲ။”
ပြောရင်း အသက်ရှုသံများမှာ မြန်လာလေသည်။သူ့စိတ်ထဲသူလုပ်နေသည်မှာ မှန်သလား။မှားသလား။မသိတော့ချေ။မျက်ရည်များမှာဆက်တိုက်စီးကျလာခဲ့လေသည်။

ထို့နောက် ထိုကျတ်နှစ်ကောင်ကို ဓါးဖြင့်တစ်ချက်ပြီးတစ်ချက်ထိုးစိုက်လိုက်ရာ သူ၏မိဘများ သွေးများစီးကျလျက် လဲကျသွားသည်ဟု ဂိုလီကား မြင်နေရဆဲဖြစ်လေသည်။ဂိုလီလည်း မျက်ရည်များစီးကျလျက် အော်ဟစ်ငိုကြွေးရင်း ရုးသွားသည်ဟု သူခံစားရသည်။သွေးများအိုင်လျက်လဲကျနေသော မိဘများဘေးတွင် ဘယ်ကပေါ်လာသည်မသိ စေတန်ဘုရင်က ရပ်နေလေသည်။ထို့နောက်

“ဂိုလီ...မင်းက ငါနဲ့ဘာမှမကွာဘူးပဲ မင်းကမိစ္ဆာတစ်ကောင်ပဲကွ။မင်းအသွေးအသားထဲမှာ မကောင်းဆိုးဝါးအနွယ်ဝင်တွေရဲ့ သွေးတွေ စီးနေတယ်။ဟ...ဟဟ။ဟား...ဟားဟား...ဟားဟားဟားဟား။”
ကျောချမ်းဖွယ်ကောင်းသော ရယ်မောသံအဆုံးတွင် သူသတ်ခဲ့သော ရွှာစောင့်နတ်သားလည်း ပြန်ပေါ်လာပြီး သူ့အား ကျိန်ဆဲနေသည့်နှယ်ခံစားရလေသည်။ဂိုလီလည်း သတိလွတ်ပြီး မေ့လဲတော့မတတ်ဖြစ်လာလေသည်။သို့သော် သူသာ သတိလွတ်သွားလျှင် ဘယ်တော့မှ သတိပြန်ရတော့မည် မဟုတ်ချေ။ဤသို့ဖြင့် လှောင်ရယ်သံ ကျိန်ဆဲသံများကို အာရုံမစိုက်ပဲ လက်ထဲတွင် ဆုပ်ကိုင်ထားသော လည်ဆွဲလေးကို အာရုံပြုကာ စိတ်ဝိဉာဉ်သန့်စင်ခြင်း အစီအမံကို ထပ်မံအာရုံပြုလိုက်လေသည်။

အရာအားလုံးမည်းမှောင်သွားသကဲ့သို့ဖြစ်သွားလေသည်။တစ်ခဏအကြာတွင် သတိရလာကာ သူ၏ပထမမူလနေရာဖြစ်သော သင်္ချိုင်းမြေပုံ၌ မိုးကြိုးသွားကိုကိုင်လျက် ရပ်နေမိသည်ကို သတိထားမိလေသည်။
“ငါ...ငါလွတ်လာပြီပဲ။”

တစ်ကိုယ်ထဲရေရွတ်ရင်း သူ၏အရှေ့မှ အုတ်ဂူလေးနှစ်ခုကိုကြည့်မိလိုက်လေသည်။ထိုအုတ်ဂူထဲမှ လူသားနှစ်ဦးမှာ နတ်မဖြစ်ခင်ဘဝကလည်းပေါင်းဖက်ခဲ့ရသူများဖြစ်ပြီး နတ်ဖြစ်လာသောဘဝတွင်သူ၏မိဘနှစ်ပါးဖြစ်ခဲ့သည့်သူများဖြစ်သည်ကို မြင်လိုက်ရလေသည်။

ဂိုလီလည်း ထိုအုတ်ဂူလေးနှစ်ခုအနားကိုကပ်ရင်း လက်အုပ်ချီကာ အစီအမံတစ်ခုကိုရွတ်ဆိုလိုက်လေသည်။တစ်ခဏအကြာတွင် ထိုအုပ်ဂူထဲမှ ဝိဉာဉ်နှစ်ခုကားထွက်ာကာ တစ်ယောက်လက်တစ်ယောက်ဆွဲကိုင်ထားရင်း မြူမှုန်များထဲသို့ အတူတူလျှောက်လှမ်းသွားသည်ကိုမြင်လိုက်ရလေသည်။သူတို့ကား နတ်သက်ကြွေခဲ့ရပြီးနောက်တွင် ထိုအုတ်ဂူထဲ၌ ပြန်လည်ပိတ်မိနေကြလေသော ဂိုလီ၏မိဘနှစ်ပါးဖြစ်လေရာ ယခုဂိုလီ၏ အစွဲချွတ်ခြင်း အစီအမံကြောင့် ကျွတ်လွတ်သွားခဲ့ပြီး နောက်တစ်ဘဝသို့ ကူးပြောင်းသွားခဲ့ကြပြီဖြစ်လေသည်။

“အဖေနဲ့အမေ။သားနောက်ဘဝကျရင်လည်း အဖေနဲ့အမေရဲ့သားပဲ ထပ်ဖြစ်ပါရစေဗျာ။အဲ့အခါကျမှ အဖေနဲ့အမေရဲ့ကျေးဇူးကို သေချာလေးဆပ်ပေးပါရစေနော်။”
တစ်ကိုယ်ထဲရေရွတ်ကာ ပြုံးလိုက်ရင်းမျက်ရည်များစီးကျလာခဲ့လေသည်။ထိုအခိုက်တွင် မြူမှုန်များထဲသို့ပျောက်ကွယ်မသွားသေးခင်တွင် ထိုဝိဉာဉ်နှစ်ခုမှာ ဂိုလီ့အားလှည့်ကြည့်ကား ပြုံးပြနေရင်း လက်ပြနှုတ်ဆက်သွားကြလေတော့သည်။

ဂိုလီလည်းထိုမြင်ကွင်းကြောင့် ဖြေမဆည်နိုင်ပဲ အော်ဟစ်ကာငိုကြွေးမိလေတော့သည်။

အတန်ကြာမှ ဂိုလီလည်းထကာ ထွက်ပေါက်ကိုရှာရလေတော့သည်။မြူများအတော်အတန်ရှင်းသွားပြီဖြစ်သဖြင့် သစ်ပင်ပေါ်မှ ဇီးကွက်ကြီးက “ဟူးဟူး”ဟူ၍ အော်မြည်နေသည်ကို တွေ့ရလေသည်။

ထွက်ပေါက်ကိုရှာတွေ့၍ ထွက်လာခဲ့လိုက်သောအခါဝယ် နောက်ဆုံးအဆင့်ကိုရောက်ပြီဆိုသည်ကို သူသိလိုက်ပြီဖြစ်လေသည်။ထိုအဆင့်ကား အလွန်ပင် နာမည်ကြီးသော အဆင့်ဖြစ်ပြီး အနည်းငယ်သော ထူးချွန်သည့် နတ်စစ်သည်တော်များသာကျော်ဖြတ်နိုင်ခဲ့ကြသောနေရာဖြစ်လေသည်။

သူ၏ရှေ့တွင် ကျောက်ပြားကွက်များခင်းထားသော လေးထောင့်ကျကွင်းပြင်ကြီးကိုတွေ့ရ၏။ထိုကွင်းပြင်ကြီး၏ ထောင့်လေးထောင့်တိုင်းတွင် ကျောက်ရုပ်ကြီးတစ်ရုပ်စီ ရှိနေကြ၏။ထိုကျောက်ရုပ်ကြီးများမှာ ရေ၊လေ၊မြေ နှင့် မီးဟူသော ဓါတ်ကြီးလေးပါး၏ အရှင်သခင် များဖြစ်ကြလေရာ ၎င်းတို့ဖြင့်ယှဉ်ပြိုင်ရသောပွဲစဉ်ကြီးဖြစ်လေသည်။ဤအပိုင်းသို့ရောက်သည့်နှင့် အခြားပြိုင်ပွဲဝင်နတ်များမြင်ရအောင် မှန်ချပ်ကြီးပေါ်တွင် တိုက်ခိုက်မှုကို ဖော်ပြတတ်၏.

“ဟေ့...ဟိုမှာကြည့်ဦး။ဂိုလီ နောက်ဆုံးအဆင့်ကိုရောက်သွားပြီ။”

“ဟာ...တကယ်ကြီးလား။ဒီကောင် ဘယ်လိုများကျော်ဖြတ်သွားတာလားကွ။”

ဂိုလီက ကွင်းပြင်၏အလက်သို့ရောက်လေသည်နှင့် ကျောက်ရုပ်ကြီးများမှာ လှုပ်ခတ်လာပြီး

“အသင့်ဖြစ်ပြီလား။အသင်နတ်စစ်သည်တော် ဗိုလ်လောင်းလေး။”

ဂိုလီက အသက်ကိုဖြေးဖြေးချင်းရှုလိုက်ရင်း စိတ်ထဲမှ နတ်သမီးပြောခဲ့သမျှစကားတွေကို ပြန်အမှတ်ရနေလိုက်လေသည်။

“အရှင်သခင်လေးပါးနဲ့တိုက်ပွဲကိုရောက်သွားရင်တော့ ရှင်မှတ်ထားရမှာ တစ်ခုပဲ။ဘာလဲဆိုတော့ စတိုက်ပြီဆိုတာနဲ့ မီးတောက်တွေကနေ အရင်စတယ်။ပြီးရင် မြေကြီးတွေလာတယ်။ပြီးတာနဲ့ရေတွေလာတယ်။ပြီးတော့မှ လေတွေတိုက်တာ။အဲ့တစ်ဆင့်ကိုကျော်ပြီးရင် မီးနဲ့လေကပေါင်းတိုက်တယ်။ရေနဲ့မြေကပေါင်းတိုက်တယ်။ဒုတိယတစ်ဆင့်ပြီးရင် အဲ့ဓါတ်ကြီးလေးပါးကနေ တမန်တော်တွေဆင်းလာပြီးတိုက်လိမ့်မယ်။တမန်တော်တွေကိုနိုင်ပြီးရင် နောက်ဆုံးအဆင့်ကတော့ ဓါတ်ကြီးလေးပါးက တစ်ပြိုင်ထဲနင့်ကို ပစ်ခတ်တိုက်ခိုက်လိမ့်မယ်။ဒါကိုသာသိရင် နင်ဘယ်လိုပြန်တိုက်ရမလဲဆိုတာကိုသိလိမ့်မယ်။”

ဂိုလီလည်း အသက်ကိုဖြေးဖြေးချင်းပြန်ရှုထုတ်လိုက်သည်။ထို့နောက်

“အဆင့်သင့်ပဲ။”
မှန်ချပ်ပေါ်မှမြင်ရသေူအားလုံးလည်း ဂိုလီ၏ ယုံကြည်ချက်ပြည့်ဝလျက်ရှိသည့်အသံကိုနားထောင်လိုက်ရင်း အားတက်လာကာ အော်ဟစ်အားပေးကုန်ကြလေတော့သည်။ဂိုလီလည်း ဘာမှမလုပ်သေးပဲ ကွင်းအလယ်၌သာတိတ်ဆိတ်စွာ မျက်စိကိုမှိတ်ထားလျက်ရှိနေလေတော့သည်။

နတ်သမီးပြောသကဲ့သို့ပင် ရှေးဦးစွာ ဂိုလီ့ထံပစ်လွှတ်လိုက်သည်မှာ မီးတောက်ကြီးများဖြစ်၏။ထိမိလိုက်သည်နှင့်အကုန်ပြာကျသွားနိုင်သည့်မီးတောက်များဖြစ်ပေသည်။အားလုံးက ဂိုလီသည်သူကျွမ်းကျင်ရာ ရေစွမ်းအင်ဖြင့်ထိုမီးတောက်ကို တိုက်ခိုက်မည် ထင်မှတ်ထားကြ၏။သို့သော် ဂိုလီကား သူ၏အောက်မှကျောက်သားမြေကြီးများကို ပင့်တင်လိုက်ကာ မီးတောက်ကို ဘေးဘက်သို့ပြန့်ထွက်သွားအောင် ကာချလိုက်လေသည်။

ထို့နောက် မီးတောက်များရပ်တန့်သွားပြီးချက်ခြင်းပင် ဂိုလီရပ်နေရာ မြေကြီအောက်မှ ကျောက်အချွန်များမှာ ရုတ်တရက်ဆိုသလို ထိုးထွက်လာလေသည်။ထိုအခါ ဂိုလီက အထက်ကိုခုန်ရှောင်ရင်း လေပင့်အားဖြင့် ဘယ်ကတည်းကခေါ်လိုက်သည်မသိလိုက်သော မုန်တိုင်းအရှိန်ကိုသုံးကာ ထိုကျောက်သားထိပ်ဖျားများကို ဘေးသို့ပြန်လွင့်သွားအောင် တွန်းထုတ်လိုက်သဖြင့် အားလုံးကအံ့ဩသွားလေသည်။အကြောင်းမှာ တောင်တွေပင် လေတိုက်လျှင် လဲပြိုသွားခြင်းမရှိလေရာ ယခုကဲ့သို့ကျောက်ချွန်ကြီးများကို အပိုင်းပိုင်းပြတ်သည်အထိ တွန်းထိုးလိုက်နိုင်သော သူ၏လေစွမ်အင်မည်မျှကြီးမားသည်ဆိုသည်မှာ အံ့ဖွယ်ပင်ဖြစ်လေသည်။

မကြာပါချက်ခြင်းပင် မြေကြီးထဲမှရေများထွက်လာပြီး ဂိုလီကို လိုက်ဖမ်းကာ မြေကြီးထဲဆွဲချမည်လုပ်နေသည့်အလား အောက်မေ့ရလေသည်။သို့သော် ဂိုလီကား မိုးကြိုးသွားကိုထုတ်လိုက်ကာ ထိုရေကိုတည့်တည်ချိန်ကာပစ်လိုက်လေသည်။ထိုအခါရေရှိရာသို့ မိုးကြိုးအပြင်းအထန်ပစ်ချလိုက်သည့်နှယ်ထင်ရကာ ထိုရေများမှာ လျှပ်စီးများတလက်လက်ထရင်း မြေကြီးထဲပြန်စိမ့်ဝင်သွားလေတော့သည်။

နောက်ဆုံးတစ်ခုဖြစ်သော လေအလှည့်တွင် အစောက ဂိုလီအသုံးပြုနေသမျှ လေမုန်တိုင်းနှင့်မိုးကြိုးတို့မှာ ဂိုလီ့ကို တရစပ်တိုက်ခိုက်လေတော့သည်။ကြောင်းမှာ အရှင်သခင်တစ်ပါးက သူ၏အစွမ်းကိုသုံးလျှင် ထိုပြိုင်ပွဲံဝင်နတ်မှာ တူညီသော အစွမ်းကို သုံး၍မရသောကြောင့်ပင်ဖြစ်လေသည်။

ဂိုလီကား မီးနတ်သားအက အစီအမံကိုရွတ်ဆိုလိုက်ရင်း တစ်ကိုယ်လုံးကို မီးတောက်များဖြင့် ဖုံးလွှမ်းထားစေလေသည်။ထိုမီးတောက်များမှာ လေပြင်းပြင်းတိုက်လေ တောက်လောင်လေဖြစ်ရာ ဂိုလီမှာအစွမ်းပိုကြီးလာလေလေဖြစ်လာလေသည်။ထို့နောက် မိုးကြိုးချက်များကိုရှောင်တိမ်းရင်း အလွန်ရှည်လျားသော အစီအမံကို ဖြေးဖြေးချင်းရွတ်ဆိုလေတော့သည်။

“သူဘာတွေလုပ်နေတာလဲ။ဒီလိုပဲ ရှောင်နေရင် တစ်ချက်ချက်မှာ မိုးကြိုးထိသွားနိုင်တယ်လေ။”
ကြည့်နေသည့်နတ်တစ်ပါးမှာ သိချင်စိတ်ဖြင့်မေးလေသည်။

“ငါတို့လို မီးနတ်သားတွေမှတတ်မြောက်လေ့ရှိတဲ့ ရှားပါးအစီအမံကို သုံးဖို့ကြိုးစားနေတာပဲ။”
တစ်ယောက်က မျက်နှာထားတည်လှစွာဖြင့် ဖြေ၏။

“မဖြစ်နိုင်တာ ဒါမီးနတ်သားကြီးရဲ့ မိုးကိုမီးနဲ့ရှို့တဲ့ အစီအမံကိုပြောတာလား။”

“ဟုတ်တယ်။တိမ်တွေကိုမီးလောင်စေမယ်။ကမ္ဘာလေထုကို ပြာချပစ်မယ့် အစီအမံပဲ ဒီလိုလုပ်ခြင်းအားဖြင့် နောက်အဆင့်တွေမှာ လေဓါတ်ရဲ့အရှင်သခင်ကို သိပ်အစွမ်းမရှိတော့အောင်လုပ်လိုက်တာပဲ။အဆိုးဘက်ကကြည့်ရင် သူလည်းပဲမုန်းတိုင်းခေါ်လို့မရနိုင်တော့ဘူး။”

“အဲ့လိုဆို ဒါအလောင်းအစားကြီးတဲ့တိုက်ပွဲပဲကွ။”

“အမှန်ပဲ။”

မကြာခင်ပင် အံ့ဖွယ်တိုက်ကွက်ကြီးတစ်ခုဖြစ်သည့် မိုးကိုမီးနှင့်ရှို့သည်မည်သော အစီအမံ အထမြောက်သွားလေရာ ကောင်းကင်ပေါ်မှ ဝဲလည်နေသောတိမ်များ မုန်တိုင်းဖြစ်၍နေသော ရာသီဥတုအခြေအနေများမှာ ရုတ်တရက် မီးတောက်များဖြင့် ဖုံးလွှမ်းသွားလေတော့သည်။တဝုန်းဝုန်းတဒိူင်းဒိုင်းဖြင့်တောက်လောက်သွားလေပြီးနောက် ဂိုလီလည်း မောမောပန်းပန်းဖြင့် ဒူးထောက်ချလိုက်လေသည်။ကောင်းကင်ကြီးမှာ နီရဲလျက် မီးတောက်များဖြင့် ပြည့်နှက်ကာ ကမ္ဘာပျက်မြင်ကွင်းကြီးအလားကြောက်မက်ဖွယ်ကောင်း၍နေတော့သည်။

“အင်း...။ဗိုလ်လောင်းလေး။တော်ပါပေတယ်။နောက်တစ်ဆင့်ကို စဖို့အဆင့်သင့်ဖြစ်လေပြီလား။”
အရှင်သခင်များ၏အသံမှာ တစ်ပြိုင်ထဲထွက်လာလေရာ ခမ်းနားသည်ဟုလည်းထင်ရသလို ခြောက်ခြားဖွယ်ရာကောင်းလှသည်ဟုလည်းထင်ရလေသည်။

“အဆင်သင့်ဖြစ်ပါပြီ။”
ပြောလိုက်သည့်အသံ၏အဆုံးတွင်ပင် မီးတောက်များ “ဝုန်’”ခနဲ ထွက်လာကာ ဂိုလီ့ကို ဝါးမျိုတော့မည့်အလား ဒေါသတကြီး တောက်လောင်လာလေတော့သည်။သို့သော် ဂိုလီက ကြိုသိထားမိသည့်အတိုင်း သူ၏ရေစွမ်းအင်ကို ပြင်ဆင်ထားလေရာ ထိုမီးတောက်ဘက်သို့လှည့်၍ ရေလှိုင်းများရိုက်ခတ်စေလိုက်လေသည်။ရေလှိုင်းများမှာ မီးတောက်အနားသို့ပင်မကပ်နိုင်ပဲ အငွေ့ပျံကုန်ကြသည်မှာများလေသည်။သို့သော် ရေလှိုင်းထုထည်များ ကြီးမားလာသည်နှင့်အမျှ မီးတောက်များကို ဖုံးလွှမ်းနိုင်လာလေသည်။မီးတောက်များမှာ အနောက်မှ လေပင့်အားမပါလေသည့်အတွက် အထူးတလည်ကြီးမားနိုင်စွမ်းမရှိလေရာ အဆုံး၌ရေလှိုင်းများက ငြိမ်းသတ်လိုက်နိုင်လေတော့သည်။

သို့သော် အချိန် တစ်စက္ကန့်ကလေးတောင်မှ အလွတ်မပေးချေ။မီးများငြိမ်သွားလိုက်စဉ်မှာပင် ဂိုလီ၏အနောက်မှ ကျောက်သားများမှာ ထိုးထွက်လာပြီးထိုကျောက်သားချွန်များမှာ ဂိုလီ၏ရင်ဘတ်ကိုထိုးဖောက်သွားလေတော့သည်။ဂိုလီလည်း အံ့ဩထိတ်လန့်မှူများကြောင့် ရုတ်တရက် ရုန်းမထွက်နိုင်ပဲ အသက်ရှုရခက်ဖြစ်လာပြီး သူရင်ဘတ်ကိုထိုးဖောက်သွားလေသော ကျောက်ချွန်မှလွတ်နိုင်ရန် ကြိုးစားရလေတော့သည်။ထိုအခိုက်တွင် ရေများမှာ သူ၏ခြေထောက်မှသည် ခေါင်းရောက်လာသည်အထိ တစ်ရှိန်ထိုးမြင့်တက်လာလေသည်။အမှန်ဆိုရလျှင် ဂိုလီ့အား အသက်ရှုရခက်နေချိန်တွင် ရေထဲမြှုပ်ကာ သတ်မည်ပြုခြင်းဖြစ်၏။၊သို့သော် မြစ်စောင့်နတ်သားတစ်ပါးဖြစ်သူကား ရေထဲတွင် သေမည်မဟုတ်လေရာ ရေများကျေးဇူးကြောင့် လွတ်သွားသည့်အပြင် ရင်ဘတ်မှပေါက်သွားသောနေရာမှာ အမြန်ဆုံးကျက်သွားလေတော့သည်။

“ဒီပွဲက ဘာလဲကွ။သူ့အတွက်လွယ်နေပါလားကွ။”
ကြည့်နေသောနတ်တစ်ပါးက မယုံနိုင်သလိုလိုပြောလေ၏။

“ဒီပွဲမှာ အခက်ဆုံးက မီးတောက်ကို လေပင့်ထားတာပဲ သို့ပေမယ့် မိုးမီးရှို့ခံထားရတော့ လေပင့်လို့မရဘူးလေ။ပြောရရင် သူက ရေမှာနေတဲ့နတ်လည်းဖြစ်ပြန်တော့ အားသာချက်ရသွားတာပဲ။”
ရေထဲတွင် အားသာချက်ရနေလေသည့် ဂိုလီမှာ သူတပြန်အလှဲထိုးလှည့်ဖြစ်လာသောအခါဝယ် ရေထဲ၌ အထိုင်ချလိုက်ရင်း ရေနဂါးကို ပင့်သည့်အစီအမံကို ရွတ်ဆိုလေသည်။ရွတ်ဆိုနေစဉ်အတွင်း ရေများဖုံးလွှမ်းခံလိုက်ရသော မူလကျောက်သားမြေလွှာမှာ ကျောက်ချွန်ကြီးများထိုးထွက်လာပြန်ပြီး ဂိုလီ့ထံတည့်တည့်မတ်မတ်ကြီး ထိုးတက်လာလေသည်။သို့သော် ဂိုလီ့ကိုထိုးဖောက်တော့မည့်ဆဲဆဲတွင် ဂိုလီက အခြားတဖက်သို့ရှောင်လိုက်၏။တစ်ဖြည်းဖြည်းဖြင့်နေရာအနှံ့မှ ကျောက်ချွန်များဆက်တိုက် ထိုးထွက်လာရာ တစ်ဖြည်းဖြည်းရှောင်စရာနေရာကျဉ်းလာလေသည်။

“ထိတော့မှာပဲ။ရေနဂါးကလည်း ဘာလို့ထွက်မလာသေးတာလဲကွာ။”
နတ်တစ်ပါးက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပြောမိ၏။အစောကတည်းက ဖြေရှင်းချက်များ၊သီအိုရီများဖြင့် တိုက်ပွဲအကြောင်းကို ဆရာကြီးတစ်ပါးသဖွယ် ရှင်းပြနေသော နတ်တစ်ပါးမှာမူ ထုံးစ့အတိုင်း

“ရေနတ်သားတွေက သူတို့ရဲ့ရေစွမ်းအင်ကို အသုံချတတ်အောင်သင်ကြပြီဆိုရင် အများစုက နောက်ဆုံးအဆင့်ကိုမတက်လှမ်းနိုင်ကြဘူး။ဒါကြောင့်နောက်ဆုံးအဆင့်ကိုတက်လှမ်းသူတွေထဲက အနည်းငယ်ကသာ သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လိုကောင်မျိုးတွေကို ဖန်တီးနိုင်ကြတယ်။ပြောရရင် အီဂျီက ဆရာကြီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်လာတာပဲ။နေသက္ကရာဇ်တစ်လျှောက်မှာ ရေစွမ်းအင်မှာ အထင်ရှားဆုံး နတ်သား ဆရာကြီးတွေထဲမှာ နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မြစ်စောင့်နတ်သား ဂိုလီ၊ဖိုဘီတာလို့ခေါ်တဲ့ ပင်လယ်စောင့်နတ်မင်းကြီးနဲ့ ဘီဒေလို့ခေါ်တဲ့ သမုဒ္ဓရာအရှင်သခင်တို့ သုံးယောက်ပဲရှိသေးတယ်။ပြောရရင် အီဂျီက လေးယောက်မြောက်ဆရာကြီးဖြစ်လာမယ့် နတ်စစ်သည်တော်လောင်းလျာပဲ။”
ထိုကဲ့သို့ပြောနေသည့်အခိုက်မှာပင် အလွန်ကျယ်လောင်သော နဂါးတစ်ကောင်၏ဟိန်းသံမှာ ပြိုင်ပွဲနယ်မြေကိုကျော်၍ ဝင်ပေါက်တွင်စောင့်နေသော ဗိုလ်လောင်းနတ်များပင်ကြားရသည်အထိ ပေါ်ထွက်လာလေသည်။

ထိုရေနဂါးမှာ ကျောက်ချွန်များကို ဖြိုခွဲပစ်ကာနောက်ဆုံးတွင် မြေအောက်ကျောက်သားတွင်တည်နေသော ထုထည်ကြီးလှသည့် ကျောက်ချွန်အရင်းများကိုပင် တစ်ခဏအတွင်းထိုးခွဲဖျက်ဆီးပစ်လိုက်လေတော့သည်။ထို့နောက်ရေထုထည်များမှာ ရုတ်တရက်ကျဆင်းလာလေသည်။ထိုရေများကား ဂိုလီ၏အစီအမံကြောင့် နဂါး၏စုပ်ယူသိမ်းဆည်းခြင်းကိုခံနေရခြင်းဖြစ်လေသည်။ရေမျက်နှာပြင်မှာကျဆင်းလာသည်ရင်းနောက်ဆုံးတွင်ရေအားလုံး ခန်းခြောက်သွားလေတော့သည်။ထိုအခါထိုရေနဂါးလည်း ကွေ့ဝိုက်သွားရင်းနီရဲလောင်ကျွမ်းနေသောကောင်းကင်ကြီးဆီပြေးဝင်သွားရာ ထိုနီရဲနေသောကောင်းကင်ကြီးမှာ တစ်ခဏအကြာတွင် တိမ်များအုံ့မှိုင်းနေသော မိုးကောင်းကင်ကြီးအဖြစ်သို့ပြန်လည်ရောက်ရှိသွားလေသည်။ထို့နောက်ထိုတိမ်များမှာမိုးများရွာချလာကာ ကြည့်နေသူအားလုံးကိုအံ့ဩမှင်သက်စေလျက် လက်ခုပ်တီးကာအားပေးကုန်ကြလေတော့သည်။

အခန်း(၄)

“တကယ်ကိုအံ့ဩစေလောက်ပါတယ်။”
အရှင်သခင်လေးပါးမှာ ထုံးစံအတိုင်းတစ်ပြိုင်ထဲချီးကျုးကြပြန်လေသည်။ထိုအခိုက်တွင်ပဲ နောက်တစ်ဆင့်ကိုအောင်မြင်သွားသည်ဖြစ်ပြန်သောကြောင့်

‘အဆင့်သင့်ဖြစ်ပြီလား။ဗိုလ်လောင်းလေး။”
နောက်တစ်ကြိမ်၌မူ တမန်တော်များဖြင့်တိုက်ခိုက်ရမည့်အဆင့်ဖြစ်လေတော့သည်။

“ဖြစ်ပါပြီ။”
မကြာပါ ထုံးစံအတိုင်းမီးတောက်များပေါ်လာပြန်သည် ဤတစ်ခါတွင်မူ မီးတောက်များထဲမှ လူခန္တာကိုယ်ပုံဖြင့် မီးပွားတစ်ခုထွက်ာ၏။သူကားမီးတမန်တော်ဆိုသည်ကို သတိထားလိုက်မိပါသည်။မြေတမန်တော်မှာမူ ကျောက်စိုင်ကျောက်ခဲကြီးများဖြင့် လေးဘက်ထောက်လျက် မိစ္ဆာတစ်ကောင်ပုံပေါ်လျက် ထွက်လာလေသည်။ထို့အပြင် လေမှာမူ တိမ်တိုက်ကြီးတစ်ခုအတွင် ဂိုလီ့ကိုစီးမိုးလျက်ပေါ်လာလေသည်။နောက်ဆုံးထွက်လာသည်မှာ ရေတမန်တော်ဖြစ်၏။သူကား ရေပွက်လေးတစ်ခုအဖြစ် မြေပေါ်၌ပေါ်နေလေရာ ထိုရေပွက်လေးထဲသို့ခြေချလိုက်ပါက အဆုံးမဲ့ချောက်တွင်းထဲကျသွားနိုင်သည်ဟု ဆိုရိုးစကားရှိလေသည်။

ဦးဆုံးတိုက်ခိုက်သည်မှာ အပေါ်မှစီးမိုးထားသော တိမ်တိုက်ဖြစ်ပြီး မိုးကြိုးများတရစပ်ပစ်ချလေသည်။ရှောင်နေစဉ်အခိုက်မှာပင် မီးတမန်တော်က မီးလုံးများကိုပစ်ခတ်၏။အောက်၌လည်း ခြေချသည့်အခါတိုင်းတွင် ရေပွက်များက ခြေချမိရန် လိုက်နေလေ၏။အပေါ်သို့ခုန်လိုက်သည့်အခိုက်တွင်လည်း မြေတမန်တော်က ရိုက်ချရန်ကြိုးစားနေလေ၏။အတော်ပင်လျှင်မြန်သောထိုတိုက်ခိုက်မှုများကြားမှ ပြန်တိုက်ချိန်မရလေတော့ ဂိုလီမှာ အတော်ပင်အကျပ်တွေ့လာလေသည်။ရှောင်နေစဉ်အတွင်းမှာပင် မီးတောက်တစ်ခုမှာ ကိုယ်ကိုလောင်ကျွမ်းသွားလေရာ တစ်ဆက်ထဲတွင် မိုးကြိုးကပါမှန်သွားသေး၏။

စုတ်ပြတ်မည်းသည်းသွားသောထိုအခိုက်တွင်ပင် မြေတမန်တော်က သူ၏ကျောက်တုံးကြီးဖြင့် ဖိချလိုက်လေသဖြင့် အပြင်မှကြည့်နေကြသူအားလုံးမှာ တစ်ပြိုင်ထဲ “အား”ခနဲံအော်ဟစ်ကာ ထိတ်လန့်ကုန်ကြလေတော့သည်။

“ဟေ့ကောင်ရေ သေ...သေပြီလားဟ။”

“အီဂျီလို ဆရာကြီးတောင် မနိုင်တော့ဘူးလား။”
အားလုံးအံ့ဩမှင်သက်ကုန်ကြပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်မိကြလေရာ ထင်မြင်ချက်တွေလည်းတစ်ယောက်တစ်မျိုးပေးကြ၏။

“ဗိုလ်လောင်းလေး။အရှုံးပေးပြီလား။”
ဖိချလိုက်လေသော ထိုကျောက်တုံးကိုဖယ်ပြီးနောက် သွေးများဖြင့်အိုင်နေသော ဂိုလီ့ကိုနတ်မင်းကြီးလေးပါးက တစ်ပြိုင်ထဲမေးလေ၏။ဂိုလီကမူ အပြင်းအထန်ထိခိုက်သွားသော်ငြားပြန်ထလာကာ

“ဒီအထိတောင်...ရောက်လာပြီးမှ...အရှုံးပေးစရာလား။ကျုပ်...ကျုပ်က...ကျုပ်မိဘတွေအတွက်လည်း...လုပ်စရာရှိသေးတယ်။ပြီးတော့...အပြင်မှာလည်း...ကျုပ်ဖြတ်ကျော်လာနိုင်မှာကိုစောင့်နေတဲ့သူရှိတယ်ဗျ။”
ထိုအခိုက်တွင် ဂိုလီက ပြိုင်ပွဲမဝင်ခင်က အဖြစ်အပျက်တစ်ခုကို တွေးလိုက်မိလေသည်။

“ရှင်...ရအောင်တော့ ကျော်ဖြတ်လာမယ်မလား။ရှင်လည်းသိတဲ့အတိုင်း...ကျွန်မမှာက ကူညီနိုင်မယ့်သူက ရှင်တစ်ယောက်ထဲပဲရှိတာလေ။”
ထို့နောက် ဂိုလီကားတစ်ကိုယ်ထဲရေရွတ်လိုက်လေသည်။

“ဟက်။တုံးလိုက်တာ။နင်ကလည်း ငါဘယ်သူဆိုတာသိတာမဟုတ်ဘူး။ငါကလည်း နင်တကယ်ဘယ်သူလဲဆိုတာကိုတောင် သေချာမသိဘူးလေ။
အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ရင်း

“သို့ပေမယ့် ငါက ကတိပေးထားပြီးတာပဲ ငါ့ကတိငါရအောင်တည်မယ်။”
ထိုစကားကိုပြောပြီးနောက် တစ်ကိုယ်လုံးမှာမိုးရေများ၏အထောက်အပံဖြင့် မတည်ငြိမ်သောရေမျက်နှာပြင်တစ်ခုကဲ့သို့ပြောင်းလဲသွားလေသည်။”

အပြင်မှကြည့်နေသူများက တစ်ပြိုင်ထဲအော်ဟစ်ရေရွတ်လိုက်ကြသည်မှာ
“ရေနတ်သားအဆင့်မြှင့်တင်ခြင်းကွ။”

သူတို့အားလုံးကြားမှ မှန်ချပ်ကိုကြည့်နေသူတစ်ယောက်မှာလည်း သူမ၏တစ်ကိုယ်ထဲအဓိပ္ပာယ်ဖြင့်သာ ပြုံးလိုက်ပြန်၏။
“ရှင်စိတ်ထဲကနေ ကျွန်မကိုပြောနေတာ ကျွန်မသိသားပဲ။”

မီးတမန်တော်ကြီးက အနားကိုကပ်လာပြီးထိုးမည်ပြုလေသည်။သို့သော်သူ၏ထိုးချက်မှာ ဂိုလီ့ရေမျက်နှာပြင်ကိုဖြတ်သွားသကဲ့သို့ တစ်ဖက်ကိုဖြတ်သွားပုံရသော်လည်း ဂိုလီမှာ ဘာမှဖြစ်ပုံမရချေ။အကြောင်းမှာ ရေကိုလက်သီးနှင့်ထိုးထိုး ဓါးဖြင့်ခုတ်ခုတ် ထိခိုက်ရိုးထုံးမရှိပေ။နောက်ဆုံးထိုလက်သီးမှ မီးများငြိမ်းသွားက လက်သီးမှာ ပျောက်ကွယ်သွားလေတော့သည်။

မီးတမန်တော်လည်းနောက်ကိုဆုတ်လိုက်ရင်း လက်သီးကိုပြန်လည်ဖန်တီးနေလေသည်။မိုးလည်းရွာနေသဖြင့် မီးတောက်များမှာ အနည်းငယ်အားမကောင်းချေ။ထိုအခိုက်တွင် ဂိုလီ၏ရေမျက်နှာပြင်ကဲ့သို့လှုပ်ရှားနေသည်ထင်ရသော မျက်လုံးများမှာ လျှပ်စီးများဖြင့်တောက်ပလာပြီး တစ်ကိုယ်လုံးအနှံ့တွင် လျှပ်စစ်စွမ်းအင်များ ဝိုင်းလာလေသည်။လျှပ်စီးဆိုသည်ကား ရေထဲတွင် လျှပ်ကူးသည်ဖြစ်ရာ ဂိုလီမှာ တဖြည်းဖြည်းခွန်အားကြီးမားလာလေတော့သည်။ထို့နောက် ပင်လယ်လှိုင်းများသဖွယ်ရေအများအပြားကို မြေတမန်တော်ဆီပစ်လွှတ်လိုက်လေရာ ထိုလှိုင်း၏တိုက်စားမှုဖြင့် ကျောက်သားများမှာယိုယွင်းလာရင်း တဖြည်းဖြည်း အမှုန့်ကျေသွားလေတော့သည်။ထို့နောက် ရေပွက်ကလေးကိုမူ လျှပ်စီးအရှိန်ဖြင့်ရှောင်တိမ်းရင်း မိုးကြိုသွားဖြင့် ပင်မဖြစ်မည့်နေရာလောက်ကို ပစ်ချလိုက်လေတော့သည်။ထိုရေပွက်လေးလည်း လျှပ်စီးများဖြင့် တလက်လက်ဓါတ်လိုက်သွားရင်း အဆုံး၌ ပေါက်ကွဲသွားသလိုဖြစ်ကာပျောက်ကွယ်သွားပြန်လေသည်။

မီးတမန်တော်ကိုမူကား မြေတမန်တော်ကဲ့သို့ပင် ရေလှိုင်းများဖြင့် ဝါးမျိုကာ မီးငြိမ်းပစ်လိုက်လေတော့သည်။

အဆုံး၌နောက်ဆုံးကျန်လေသော တိမ်တိုက်ကြီးကိုမူ ဂိုလီက သူ့ကိုယ်သူမီးတောက်များဖြင့် ဖုံးလွှမ်းသွားစေလေကော ထိုတိမ်တိုက်ထံသို့ ခုန်တက်လိုက်လေတော့သည်။မိုးကြိုးများပစ်ခတ်ခြင်းကိုမရှောင်သောငြား အဘယ်ကြောင့်လည်းမဆိုနိုင် မီးတောက်များဟုန်းဟုန်းထလျက် ခုန်တက်လာခြင်းကို မရပ်တန့်နိုင်တော့ပေ။အဆုံး၌ ထိုရေငွေ့များစုနေသော တိမ်တိုက်ကြီးမှာ မီးများတောက်လောင်လျက် ခဏအကြာတွံင်ပင် ပျောက်ကွယ်သွားလေတော့သည်။

“ဟေး……….။ဒါပဲကွ။လုပ်ထား အီဂျီရေ မင်းနောက်ဆုံးတစ်ဆင့်ပဲကျန်တော့တယ်ကွ။”
အပြင်မှကြည့်နေသည့်ပရိတ်သတ်များမှာ တခဲနက်အော်ဟစ်အားပေးကုန်ကြလေတော့သည်။မိုးလည်းမရွာတော့ချေ။ရပ်တန့်သွား၏အချိန်အားဖြင့် နှစ်ရက်ကျော်လွန်သွားပြီဖြစ်ပြီး သုံးရက်မြောက် အရုဏ်တက်နံနက်ခင်းကိုရောက်ရှိလာပြီဖြစ်သည်။

‘မင်းဟာ နေသက္ကရာဇ်တစ်လျှောက်မှာတွေ့ရခဲတဲ့ သူရဲကောင်းတစ်ယောက်ပဲ။မင်းအနေနဲ့ ဒီအဆင့်ကိုကျော်ဖြတ်လိုသလား။မလိုသလားရွေးပိုင်ခွင့်ရှိတယ်၊။ဘာကြောင့်ဆို မင်းဟာဒီအဆင့်ကိုမကျော်ဖြတ်လည်း နတ်စစ်သည်တော်ဖြစ်ပြီမလို့ပဲ။ဒီအဆင့်ကိုကျော်နိုင်ရင်တော့ တစ်နှစ်အတွင်း စစ်သူကြီးဖြစ်နိုင်လိမ့်မယ်။မကျော်နိုင်တာပဲဖြစ်စေ မကျော်ဖြတ်တော့တာပဲဖြစ်စေ ရာထူးတိုးရာမှာ ကြန့်ကြာကောင်းကြာလိမ့်မယ်။မင်းသိရမှာက ဟော့ဒီနေသက္ကရာဇ်တစ်လျှောက်လုံးမှာ ဒီနောက်ဆုံးအဆင့်ကိုကျော်ဖြတ်နိုင်တဲ့ နတ်ဟာ ၅ယောက်တောင်မပြည့်ခဲ့ဘူး။အရှင်နေမင်းကြီး ကမ္လာဂြိုလ်စောင့်နတ်မင်းကြီးနဲ့ စေတန်ဘုရင်တို့သာရှိခဲ့တယ်။အခြားနတ်များက မယှဉ်ပြိုင်ဝံ့ခဲ့သလို ယှဉ်လည်းပဲမယှဉ်ပြိုင်နိုင်ခဲ့ကြဘူး။မင်းဘယ်လိုသဘောရပါသလဲ။သူရဲကောင်းလေး။”

“စေတန်ဘုရင်တောင် ဖြတ်ကျော်နိုင်ရင် ငါလည်းဖြတ်ကျော်နိုင်ရမှာပေါ့ကွာ။”
နတ်မင်းလေးပါး၏စကားကိုကြားပြီးနောက် စေတန်ဘုရင်အမည်ကိုကြားလိုက်ရသည်ဖြစ်ရာ ဒေါသများဖြင့်ကိုယ်မှာတောက်လောင်သွားလေတော့သည်။

‘ကျွန်တော် နောက်ဆုံးအဆင့်ကို ဆက်သွားပါမယ်။”
အားလုံးမှာ “ဟာ”ခနဲ “ဟင်”ခနဲတွေဖြစ်ကုန်လေသည်။အတော်များများက သူရှုံးလိမ့်မည်ဟုသာ မှတ်ယူကြသည်။အချို့ကတော့ သူနိုင်ပါစေဟု မေတ္တာမျှဝေခြင်း အစီအမံဖြင့် ပြုလုပ်ပေးကြသည်။အနည်းအကျဉ်းမျှသော်ရှိသော်လည်း သူတို့က အီဂျီကို အလွန်အထင်ကြီးပြီး၊သဘောကျကြသည်သာဖြစ်သည်။

“အသင်ကား သူရဲကောင်းဖြစ်သည့်အတိုင်း သတ္တိနှင့်ရဲရင့်ခြင်းတို့ပြည့်စုံပါပေသည်။”

အရှင်သခင်လေးပါး၏ စကားသံအဆုံးတွင် ထောင့်လေးထောင့်မှ ဓါတ်ကြီးလေးပါးမှာ တစ်ပြိုင်ထဲ ထွက်လာလေသည်။ထို့နောက် ဂိုလီ့ထံ တညီထဲ ဝုန်းဒိုင်းကြဲကာရောက်လေတော့သည်။

မီးတောက်များမှာလည်း တငွေ့ငွေ့တောက်လောင်လျက်၊

ရေလှိုင်းများမှာလည်း တဝုန်းဝုန်းရိုက်ခတ်လျက်၊

တိမ်တွေနှင့်တကွရောက်လာသော လေမုန်တိုင်းကလည်း လျှပ်စီးများတလက်လက် မိုးကြိုးဟိန်းသံမှာလည်း တစ်ချက်တစ်ချက် အဆက်မပြတ်၊

ဆက်တိုက်အက်ကွဲကာ ထွက်လာသော ကျောက်သားချွန်များမှာလည်း ဆူညံပွတ်လောရိုက်လျက်ပင်။

ဂိုလီကား အလယ်၌သာထိုင်ပြီး မျက်စိများကိုမှိတ်ထားလေတော့သည်။အားလုံးလည်း အီဂျီအဖြစ်သိထားလေသော ထိုဂိုလီဘာဖြစ်မည်ကို ရင်တမမဖြင့်သာ ကြည့်နေကြရလေတော့သည်။

ထိုဓါတ်လေးပါးလုံး ဂိုလီရှိရာအလယ်တည့်တည့်သို့ တစ်ပြိုင်နက်ထဲတိုက်သွားသောအခါဝယ် ထူးခြားပြီးလှပသယောင်လည်းရှိသလို ကမ္ဘာကြီးအဆုံးသတ်သွားပြီဟု ထင်ရသည့်အလားမြင်ကွင်းမျိုးကိုမြင်လိုက်ရလေသည်။ဂိုလီဘာဖြစ်သွားပြီကိုကားမမြင်ရသေးချေ။ထိုဓါတ်လေးမျိုးကြားထဲတွင် အစအနမကျန်လောက်အောင်ပျောက်သွားပြီလော။သို့မဟုတ် အထဲတွင် တစ်ခုခုနှင့်ခုခံနေသည်လော။

တော်တော်ကြာသည်အထိ ထိုဓါတ်လေးပါးလုံးမှာ အချင်းချင်း ထိခတ်လျက်သာ ရှိသေးသည်။ရပ်တန့်မသွားသေးလေသည့်အလျောက် ဂိုလီ့ကိုလည်းမမြင်ရသေးချေ၊အားလုံးကား သေပြီလော သေပြီလော ဟူ၍သာ ထိတ်လန့်နေကြရလေသည်။

ထို့နောက် အလည်ဗဟိုတတွင် အရိပ်တစ်ခုပေါ်လာလေသည်။ထိုအရိပ်ကား နတ်တစ်ပါးနှင့်မတူချေ၊သမန်းဝံပုလွေတစ်ကောင်နှင့်တူလှချေသည် သူကား ဂိုလီပေလော။မျက်စိပဲမှားလေသလော။အားလုံးမဝေခွဲနိုင်ကြချေ။ထို့နောက် ထိုသမန်းဝံပုလွေနှင့်တူလှသော သတ္တဝါ၏ မာန်ဖီဟိန်းဟောက်သံကို ကျယ်လောင်စွာ ကြားလိုက်ရလေသည်။ထိုဟိန်းဟောက်သံလှိုင်းမှတဆင့် ကျောက်ချွန်များ တစစီကျိုးပဲ့ကုန်လေသည်။ရေလှိုင်းများမှာ သူ့အားဆန့်ကျင်ကာ နောက်ပြန်သွားကုန်လေသည်။လေလှိုင်းလည်း ထို့အတူဖြစ်လေ၏။မီးတောက်များမှာမူ ထိုသတ္တဝါ၏အသားကို မဟပ်နိုင်သည့်အလား လောင်ကျွမ်းသွားခြင်းမရှိချေ။သို့သော် ထိုတစ်ခဏ၌ပင် ထိုသမန်းဝံပုလွေမှပျောက်ကွယ်သွားလေ၏။ထို့နောက် သွေးများတစ်ကိုယ်လုံး ရွှဲရွှဲစိုနေလျက် အကြောအမျှင်များမှာ အဝေးမှပင် မြင်နိုင်လောက်အောင် ထောက်တက်လျက် ဂိုလီတစ်ယောက် ရေနဂါးအမှတ်တံဆိပ် ဓါးသွားကြီးဖြင့် “ယား”ခနဲ ကြွေးကျော်လျက် ပေါ်ထွက်လာလေသည်။ထို့နောက် မီးတောက်များဆီ ဓါးသွားကိုယမ်းလိုက်ရာ မီးတောက်များထံရေလှိုင်းများ လွှမ်းခြုံကာ ငြိမ်းသက်သွားပြန်လေတော့သည်။

“မဖြစ်နိုင်တာ။ဟိုဘက်မှာ ရေစွမ်းအင်က ရှုံးမှမသွားသေးပဲ သူဘယ်လိုသုံးနိုင်မှာလဲ။”
တစ်ယောက်က မယုံနိုင်စွာဖြင့် မေးလေသည်။

“သူသုံးတာ မြစ်ရေစွမ်းအင်ကွ။ဟိုဟာက သမုဒ္ဓရာက ဆားငန်ရေလေ။မတူဘူးလို့ သတ်မှတ်တော့ အစွမ်းပွင့်လာတာပေါ့။”

“မဖြစ်နိုင်တာ။တော်တော်များများက သမုဒ္ဓရာရေစွမ်းအင်ပဲသုံးတာလေ။မြစ်ရေက ဒီလောက်ကြီးတဲ့လှိုင်းကိုဖြစ်ဖို့က စွမ်းအင်အများကြီးသုံးရလွန်းတယ်လေ။”

“မင်းမေ့နေပြီလား။ဒီကောင်က နောက်ထပ်ဆရာကြီးဖြစ်လာမယ့် အလောင်းအလျာလေကွာ။”
အားလုံးက ထိုအခိုက်တွင် ဂိုလီကို အကြီးအကျယ်လေးစားသွားလေတော့သည်၊။သူတို့နားမလည်သည်မှာ အစောကမြင်လိုက်ရသော သတ္တဝါမှာ မည်သူနည်း။ဂိုလီကပင်ဆင့်ခေါ်လေသလောဟူသည်ပင်ဖြစ်သည်။

ဂိုလီကားမီးငြိမ်းသွားသည်နှင့်တစ်ပြိုင်နက် ပြန်လည်ထိုးထွက်လာသော ကျန်ဓါတ်သုံးပါးကို ထပ်ခုခံရန် အလျှင်အမြန်ပင် မီးတောက်များကို ကိုယ်တွင်လွှမ်းခြုံလိုက်ကာ လက်တွင်ကိုင်ထားသော ရေနဂါးဓါးကို သိမ်းငှက်ခေါင်းအမှတ်တံဆိပ်ပါဝင်သော လေးအသွင်ပြောင်းလဲလိုက်လေသည်။မီးတောက်များဖြင့်လွှမ်းခြုံထားသော ထိုလေးဖြင့် မြှားတင်ကာ ဂိုလီ့ထံပြန်ကပ်လာသော ရေလှိုင်းများကိုပစ်ခတ်လိုက်လေသည်။ထွက်လာသောမြှားကား မီးသိမ်းငှက်ကြီးအဖြစ်ထွက်ပေါ်လာကာ ဟစ်ကြွေးရင် ထိုရေလှိုင်းများကို ဝါးမျိုးလောင်ကျွမ်းစေလေတော့သည်။

“ဒါကတော့ နေသက္ကရာဇ်မှာအရှားပါးဆုံးပဲ။မိုးကိုမီးနဲ့ရှို့တဲ့နတ်သားရဲ့ ဆင့်ပွားတိုက်ကွက်ပေါ့။သမုဒ္ဓရာကို ခန်းခြောက်ပစ်တဲ့ တိုက်ကွက်ပဲ။သေချာပါတယ်။အီဂျီဟာမကြာခင်မှာ အရဲရင့်ဆုံး သမိုင်းဝင် စစ်သူကြီးဖြစ်လာမယ်ဆိုတာပဲ။”

ထိုရေများခန်းခြောက်သွားသည်နှင့်တစ်ပြိုင်နက် ဂိုလီကား ထိုးထွက်လာသောကျောက်ချွန်များကို ဖျက်ဆီးရန် ရေနဂါးဓါးသွားကို ထုတ်လိုက်ပြန်ကာ ဓါးကို ခုတ်ချက်တစ်ချက်ယမ်းလိုက်ပြန်လေသည်။ထိုယမ်းချက်တွင် ရေနဂါးကြီးပြန်ထွက်လာကာ ကျောက်ချွန်များကို နောက်တစ်ကြိမ် တစ်စစီချိုးဖဲ့ပစ်လိုက်လေတော့သည်။

ထိုအခိုက်တွင် လေမုန်တိုင်းမှ မိုးကြိုးသွားမှာ ဂိုလီ့ကို တစ်ချက်ပစ်လွှတ်လိုက်ရာ မရှောင်လိုက်နိုင်ပဲ ရေများနှင့်အတူ ဓါတ်လိုက်ရင်း မေ့မျောကာ အောက်သို့ ပြုတ်ကျသွားလေတော့သည်။

ကြည့်ရှုသူများလည်း ရုတ်တရက် ဂိုလီက အားသာနေရင်း ယခုလို ခံလိုက်ရသည်ကိုမြင်သဖြင့် အလန့်တကြားပင် အော်ဟစ်ကုန်ကြလေတော့သည်။

အခြားဓါတ်သုံးပါးမှာ ပြန်မထလာတော့သည့်အလျောက် လေစွမ်းအင်မှာ တရစပ်တိုက်ခိုက်လာသည်။မိုးကြိုးသွားများကို ဂိုလီ့ထံ တစ်ချောင်းပြီးတစ်ချောင်းပစ်ချရာ “ဒုန်း ဒုန်း ဝုန်း ဝုန်း”ဖြင့် မိုးကြိုးပစ်သံများမှာ မရပ်မနားကြားနေရလေတော့သည်။

‘မဖြစ်ဘူးလေ။အီဂျီ။မင်းနိုင်တော့မှာလေကွာ။”
အားပေးသူတစ်ယောက်က အော်ဟစ်နေလေပြီ။အာလုံးမှာ မှန်ချပ်ကနေ မျက်နှာမလွှဲနိုင်ကြချေ၊မိုးကြိုးပစ်သံများ ရပ်တန့်သွားလေမှ အငွေ့ငွေ့တထောင်းထောင်းထနေသော ထိုနေရာတွင် မည်းသလဲထနေသော ဂိုလီကိုတွေ့ရလေသည်။ဂိုလီကား အသက်ပင်ရှုနေသည်မထင်ရတော့ချေ။အားလုံးကား ဂိုလီသေပြီဟုပင် မှတ်ယူကုန်ကြလေသည်။

ကြည့်နေသူများထဲရောက်နေသော ဂိုလီကူညီခြင်းခံခဲ့ရသည့်စီရီမှာမူ စိတ်ထဲမှပင် တိတ်တခိုးသာ
“ရှင်လေ...။”

“နတ်သက်တော့မကြွေသွားလိုက်ပါနဲ့။”
လူသားများအားပေးလေ့ရှိကြသော ဘောလုံးပွဲ၊လက်ဝှေ့ပွဲ အစရှိသောပြိုင်ပွဲမျိုးများတွင် လူသားများသည် ပွဲမပြီးမချင်း ၎င်းတို့အားပေးရာဘက်ကို မျှော်လင့်ချက်ထားချင်တတ်ကြသည်။ထို့အတူပင် ယခုတွင် အလွန်ပင်အံ့ဩဖို့ကောင်းလောက်အောင် တိုက်ကွက်များ အစီအမံများကို မနားတမ်းသုံးကာ တိုက်ခိုက်သွားသော ဂိုလီကို မည်သူကမှ မရှုံးစေချင်ကြပေ။အကြောင်းမှာ သူကား ကမ္ဘာဂြိုလ်စောင့်နတ်မင်း၏ စစ်သူကြီးဖြစ်ခဲ့ပါက ကမ္ဘာကို မကောင်းဆိုးဝါးမိစ္ဆာများ ရန်မှကြောက်ရတော့မည် မဟုတ်ဟု ယုံကြည်မိကြလေသောကြောင့်ဖြစ်လေသည်။

ထိုဂိုလီ မလှုပ်ရှားလေတော့သည့် အခိုက်အတန့်မှာ ခဏလေးပင်ဖြစ်သော်ငြား အလွန်ကြားလွန်းလှသည်ထင်ရလေသည်။ထို့နောက် ဂိုလီကား လက်ချောင်းလေးအနည်းငယ်လှုပ်ခတ်သွားလေသည်။ဤတစ်ခါလည်း မိုးကြိုးက ပစ်ချဦးမည်ပြုလေသည်။သို့သော် ဂိုလီလှဲလျောင်းနေရာထိုမြေကြီးမှာ ဂိုလီပါးစပ်မှတစ်ခုခုကိုတီးတိုးလေး ရွတ်လိုက်ပြီး ရုတ်တရက် မြင့်တက်လာလေရာ ထိုတိမ်တိုက်မည်းကြီးနှင့် နီးကပ်သွားလေတော့သည်။ထို့နောက် လှဲလျောင်းလျက်သာ ပါးစပ်မှ တစ်ခုခုကို ထပ်မံရွတ်လိုက်ပြန်လေသည်။

ထိုအစီအမံအပြီးတွင် ဘာမှမဖြစ်တော့ဟုထင်ရလေသည်။မိုးကြိုးလည်းမပစ်သလို မိုးတိမ်မည်းကြီးမှာ ပျောက်ကွယ်မသွားသေးချေ။အားလုံးကား ဘာဖြစ်သွားသည်ကို မသိလေတော့ပဲ မိုးကြိုးထပ်ပစ်လိုက်မည်ကိုသာ စိုးရိမ်လျက် ရင်တမမဖြင့် ကြည့်နေကြတော့သည်။

ထို့နောက် ထိုတိမ်မည်းများပျောက်ကွယ်သွားသည်။ထို့နောက် လမင်းကြီးမှာ တောက်ပစွာထွက်ပေါ်လာလေသည်။ဂိုလီကား သုံးရက်မြောက် ညသန်းခေါင်တွင် နောက်ဆုံးအဆင့်ကို အနိုင်ရရှိခဲ့လေတော့သည်။

အခြားပြိုင်ပွဲနတ်များ၊ကျရှုံးကာ ဒဏ်ရာရခဲ့သော ဗိုလ်လောင်းများပင် အော်ဟစ်ကာ ၎င်းတို့ကိုယ်တိုင်အောင်မြင်သွားသည့်အတိုင်း ဝမ်းသာပျော်ရွင်ကုန်ကြလေတော့သည်။


ဂိုလီ၏အဆုံးသတ်ရွတ်ဆိုသော အရာမှာ အစီအမံတစ်ခုမဟုတ်ချေ။လမင်း၏ အလှဂုဏ်ကို သီကျုးသော တေးသီချင်းဖြစ်လေသည်။ထိုတေးသီချင်းကြောင့် လမင်းကြီးကို အများသူငှာ ကြည့်ရှုခံစားစိမ့်သောငှာ တိမ်များမှာ ကင်းရှင်းပေး‌ရခြင်းကြောင့်ဖြစ်ပေသည်။

စီရီမှာမူ ပျော်ရွှင်ခြင်းကြောင့် ပြုံးနေရုံမက မျက်နှာမှာလည်း နီမြန်းနေလေသည်။အကြောင်းမှာ ဝမ်းသာခြင်းကိုပင် ခံစားနေရရုံမက ၎င်း၏နှလုံးသားမှလှုပ်ခတ်နေခြင်းကိုပင် ခံစားနေရခြင်းကြောင့်ဖြစ်ပေသည်။

“ရှင့်ကိုတော့ မကြာခင် အမှန်တိုင်းပြောရတော့မယ့်ပုံပဲ။ “

လေးလေးနက်နက်ပြောနေသော ထိုစကားကိုမည်သူကများ အဓိပ္ပာယ်ကို သိနိုင်ပေလိမ့်မည်နည်း။

ဝင်ခွင့်စစ်ဆေးခြင်းအောင်မြင်ပြီးဖြစ်သောကြောင့် တစ်ခဏအကြာတွင် ဓါတ်ကြီးလေးပါးကျောက်ရုပ်ကြီးများထံမှ စွမ်းအင်ဓါတ်လုံးလေးတစ်လုံးဆီထွက်လာကာလေပေါ်၌ ဝဲနေလေသည်။ထို့နောက် ဂိုလီ့ထံ ထိုစွမ်းအင်လုံးလေးများမှ အလင်းတန်းလေးတချို့ဖြန့်ကျက်ပေးလိုက်ကာ ဂိုလီကား နဂိုလမူလ ပကတိအတိုင်းကောင်းသားကာ ဒဏ်ရာများ သွေးများအားလုံးကင်းရှင်းသွားလေတော့သည်။ထို့နောက် ဂိုလီလည်းပြန်ထလာကာ ထိုအရှင်သခင်လေးပါးကို လက်အုပ်ချီကာ အလှည့်ကျကန်တော့၏။ထို့နောက် ထွက်ပေါက်ရှိရာသို့ လျှောက်လာခဲ့လေသည်။

ဂိုလီအပြင်သို့ရောက်သောအခါ နဂိုဝင်ပေါက်ပင်လျှင်ဖြစ်နေသည်ကိုတွေ့ရ၏။သူ့အားအရှေ့မှဦးဆုံး အော်ဟစ်ကာ လာရောက် ဂုဏ်ပြုကြသည်မှာ ကျောင်းတော်မှ ဂျီတတို့ သုံးယောက်ဖြစ်ကြ၏။အားလုံး၏ အုပ်အော်သောင်းတင်း အော်ဟစ်အားပေးနေကြမူမှာ အထက်ကောင်းကင်ကပင်ကြားနိုင်လောက်သည်အထိ ကျယ်လောင်လျက်ရှိလေတော့သည်။

“မင်းက ဒီသက်ကြီးကျောင်းကနေ အသက်ကြီးမှ အောင်မြင်တဲ့ ပထမဆုံး ဆရာကြီးပဲ အီဂျီရေ။”
ဂျီတ အားတက်သရောဖြင့် အော်ဟစ်ပြောလေ၏။ထိုအခိုက် ဂျီတတို့ကိုကြည်ရင်း ဂိုလီတွေးမိသည်မှာ

“ငါက သူတို့အပေါ် စိမ်းစိမ်းကားကားထားနေမိတာ။သူတို့ကတော့ ငါ့ကို အတော်ခင်ကြပါလားဟ။ငါပဲသတိမထားမိတာပဲလား။”

ထိုအခိုက် လူအုပ်ကြားထဲမှ တိုးဝှေ့ရင်းရောက်လာသည်မှာ စီရီဖြစ်၏။

“ကဲ...ကဲ။ကျွန်မကတော့ ဆရာကြီးတစ်ယောက်ကို ကူညီလိုက်မိပြီထင်တယ်။”
ဂိုလီက ပြုံးလိုက်ရင်းသာ

“မင်းကျေးဇူးတွေပါပဲကွာ။”
ဟူ၍ ဖြေလိုက်၏။ထိုအခိုက်တွင် အစောက သုံးယောက်က အတူတူဒူးထောက်ချလိုက်ကာ

“ဆရာကြီး အီဂျီ။ဆရာကြီးက တပ်ထဲမှာ ရာထူးအတိုးမြန်မှာဖြစ်တာမလို့၊တပ်စု ရွေးရမှာပါ။အဲ့အခါကျရင် ကျွန်တော်တို့ သုံးယောက်စုကိုသာရွေးပါ။တောင်းဆိုပါတယ်ဗျာ။”

“တောင်းဆိုပါတယ်ဗျာ့/ရှင့်။”
သုံးယောက်လုံးက တစ်ညီတစ်ညာထဲပြောနေသဖြင့် ဂိုလီလည်း မျက်နှာပူ

“မဟုတ်တာ။မင်းတို့တွေ ငါ့လက်အောက်မှာ နေသာချင်မှ နေမှာပါ။မင်းတို့ဘာသာအဲ့ကျမှ ရွေးကြပါကွာ။”

“မဟုတ်တာပဲဆရာကြီး။”
ဂျီတက သွက်သွက်ပြန်ဖြေ၏။ထိုနောက် လူအုပ်ကြားထဲသို့

“ဟေ့ကောင်တွေ။အားလုံးနားထောင်စမ်း။ငါက ဒီဆရာကြီးရဲ့ ပြိုင်ဘက်ဖြစ်ဖူးတယ်နော်။မင်းတို့သိတယ်မလား။”
အားလုံးက ခေါင်းတွေငြိမ့်ကြရင်း အချင်းချင်းပြောနေကြ၏။

“အခုငါဟာ သူတပည့်ရင်းဖြစ်သွားပြီ၊”
“ဟေး”ခနဲ အော်ဟစ်လိုက်ကြသံများကြားတွင် ဂိုလီလည်းဘာတွေ ဘယ်လိုမှန်းမသိတော့လောက်အောင်ဖြစ်မိပါလေတော့သည်။

“ဂျီတရေ။”

“အမိန့်ရှိပါဆရာကြီး။”

“ငါဒီထဲ ညပ်နေရတာ စိတ်မသက်သာတော့ဘူး။ငါတို့အပြင်ထွက်ရအောင်။ပြီးတော့ မင်းငါ့ကို ဆရာလို့မခေါ်ပါနဲ့။အချင်းချင်း မိတ်ဆွေတွေလိုပဲပြောပါ။”
ဂျီတက တစ်ချက်ပြုံးလိုက်ကာ

“ဖိုဘေရေ ငါတို့ ဒီကနေထွက်ရအောင်။”
ဤတွင် ဖိုဘေက ခေါင်းငြိမ့်ကာ အစီအမံတစ်ခုကိုရွတ်ဆိုလိုက်ရင်း ကိုယ်ကိုလိမ့်လိုက်ရာ ကျောက်လုံးကြီးသဖွယ် ဖြစ်လာလေသည်။ဤတွင် ဂျုဒီနှင့် ဂျီတက ထိုကျောက်လုံး၏အလယ်က နေရာလွတ်ထဲဝင်လိုက်ကာ

“ဝင်ခဲ့လေ အီဂျီ။”

“သူ့ကိုပါခေါ်ခဲ့လို့ရလား။”

ပြောရင်း စီရီကိုလက်ညိုးထိုးပြလေ၏။

“သိပ်ရတာပေါ့ဗျာ။နတ်သမီးလေးကိုပါခေါ်ခဲ့ပေါ့။”
ဤသို့ဖြင့် ကျောက်လုံးထဲဝင်ပြီးနောက် လူအုပ်ကြီးကျမှ လှိမ့်ကာ အပြင်ထွက်သို့ထွက်သွားခဲ့ကြလေတော့သည်။

နတ်သမီးက တစ်ခါမှဤကဲ့သို့အရာမျိုးမစီးဖူးလေသောကြောင့် အလန့်တကြားဖြင့်

“အီဂျီ။ကျွန်မ ကြောက်တယ်။ဖြစ်ပါ့မလား။”
ဤတွင် ဂျီတက

“နတ်သမီးလေး။ဘာမှစိတ်မပူနဲ့။နောက်ကျရင် သဘောကျလို့ ခဏခဏစီးချင်သွားမယ်။ဒါနဲ့ မင်းကဘာလဲ။အီဂျီရဲံ ချစ်သူလား။ညီမတော့ မဟုတ်လောက်ဘူး။မင်းတို့ကြည့်ရတာ နတ်အမျိုးအစားချင်းမတူလောက်ဘူးဆိုတော့။မင်းနာမည်က ဘာလဲ။”

“ကျွန်မက စီရီပါ။ချစ်သူတော့မဟုတ်ပါဘူးရှင့်။”

“ဪ။ဟုတ်ပြီကွ။နေဦးနေဦး။အီဂျီ၊ဂျီတ၊ဂျုဒီ၊ဖိုဘေနဲ့ စီရီ။ဟုတ်ပြီ။နတ်ငါးပါးရဲ့ စွန့်စားခန်းကွ။ဟားဟားဟား။”
ဂျီတကား အတော်လေး အူမြူးနေပုံရလေရာ

“စိတ်မရှိပါနဲ့နော်။သူကအဲ့လိုပဲ အရမ်းသောင်းကျန်းတတ်တာ။”
စီရီကတော့ ရယ်မောရင်းသာ

“ရပါတယ်ရှင့်။”

“တို့ကတော့ ဂျုဒီပါနော်။မီးနတ်သမီးပေါ့။”

“ဟုတ်ကဲ့။ကျွန်မကတော့ စီရီပါ။နတ်သမီးပေမယ့် အစွမ်းဘာညာတော့ သိပ်မရှိပါဘူး။”
ဤတွင် ဂိုလီက ကြားဖောက်ကာ
“ငါသိပြီ။မင်းက အိပ်မက်နတ်သမီးဖြစ်ရမယ်။”
ဤတွင် ဂျီတရော ဂျုဒီကပါ ပြုံးလိုက်ကြပြီး

“အိပ်မက်နတ်သမီးလား။ဟူးဟူး...မိုက်လိုက်တာ နောက်ကိုအိပ်မက်ဆိုးတွေ မမက်အောင် စောင်ရှောက်ပေးနော်သိလား။”
ထုံးစံအတိုင်း တလမ်းလုံး အူတွေမြူးလျက် ပါးစပ်မှလည်း အမျိုးစုံအော်ဟစ်နေပေသေးသည်။

“မီးနတ်သမီး၊ရေနတ်သား၊လေနတ်သား၊မြေနတ်သားနဲ့ အိပ်မက်နတ်သမီးစွန့်စားခန်းတွေလာပြီဟေ့။ဟေးဟေးဟေးဟေး...။”
ဂိုလီကတော့ စီရီကိုကြည့်ရင်း

“ငါမှန်းတာ မှန်တယ်မလား။”

“ဟယ်။နည်းနည်းလိုသေးတယ်ရှင့် ကျွန်မက အိပ်မက်တင် လုပ်တတ်တာမဟုတ်ဘူးရှင့်။သိလား။”

“အင်း။စဉ်းစားရဦးမယ်ပေါ့။ဟုတ်သားပဲ။မင်းငါ့ကို အဲ့ညက အစီအမံတစ်ခုနဲ့ ကယ်ခဲ့တယ်မလား။အဲ့အစီအမံကိုသိရင် ငါ မင်းဘာနတ်သမီးလည်းဆိုတာသိနိုင်ပြီပေါ့လေ။”

“အင်ဟင်။စဉ်းစားလိုက်ပါဦး ကိုဉာဏ်ကောင်းကြီး။”

အခန်း(၅)

“သားရေ...သားလေး...။”

“သားလေး ဘယ်မှာလဲ။”

“ပြန်လာခဲ့ပါသားလေးရယ်...အမေတောင်းပန်ပါတယ်။အားလုံးက အမေ့အမှားတွေပါ။”
နားထဲ သဲ့သဲ့ကလေးကြားယောင်နေသော ထိုစကားသံနှင့်အတူ

“အမေဘာတွေပြောနေတာလဲ။အမေ ဘယ်တုန်းကမှ မမှားခဲ့ပါဘူး။အမေဘယ်မှာလဲ။အမေကဘယ်ကနေပြောနေတာလဲ။”
အနီးရှိပတ်ဝန်းကျင်မှာ အရာအားလုံးက  ညို့မှိုင်းမှိုင်းနှင့် ဘာတွေဘယ်လိုဖြစ်နေသည်ဆိုသည်မှာ မသေချာပါပေ။ပတ်ပတ်လည်ကိုကြည့်သောအခါ ဘာကိုမှမမြင်ရသေးချေ။တော်တော်ဝေးဝေးမှ အသံသဲ့သဲ့လေးမှာ ထွက်ပေါ်လာပြန်သည်။ဂိုလီလည်း အရုးလို ထိုအသံကြားမိရာ နေရာကိုပြေးသွားခဲ့သည်။ရှေ့ခပ်လှမ်းလှမ်း၌ သူမြင်နေရသည်မှာ အရင်လို နုပျိုဆဲ လှပဆဲ မိခင်ဖြစ်သူနတ်သမီး။

“အမေ...။”
ဂိုလီအသံကုန်အော်ဟစ်လေသောအခါ မိခင်ကလှည့်ကြည့်ရင်း

“သားလေး။”
ထို့နောက် ဂိုလီ့ထံ မျက်နှာမူနေရင်း မျက်ရည်များဖြင့် ပြုံးနေလေသည်။

“သားလေး။ပြန်လာခဲ့နော်။”

“သေချာတာပေါ့။ကျွန်တော်လာနေပြီအမေ။”
ပြောပြောဆိုဆိုဖြင့် ဂိုလီလည်း မိခင်ဆီ ကလေးလေးလို အပြေးသွားလေသည်။သူ၏မိခင်ဆီအရောက် မိခင်၏နွေးထွေးသောအပွေ့...။

ကြာကြာမခံလိုက်သော ထိုနွေးထွေးမှုမှာ သွေးရောင်များလွှမ်းသွားလေသည်။ဂိုလီလည်း အလန့်တကြားကြည့်လိုက်တော့ အမေမှာ ထိုနေ့...စေတန်ဘုရင်အသတ်ခံရသော ထိုနေ့တုန်းကကဲ့သို့ သွေးများဖြင့်တစ်ကိုယ်လုံးဖုံးလွှမ်းလျက် အသက်မဲ့သွားသောမျက်လုံးများမှာ မျက်ရည်များလည်းစို့နေလေသည်။ဂိုလီ၏လက်၌ကား မိခင်ဆီမှစီးကျလာလေသော သွေးတွေ။

“အမေ...အမေ…။”
ဂိုလီလည်း နာကျင်စွာအော်ချလိုက်သည်။ထိုအခိုက်၌ပင် မျက်စိနီများနှင့် အရိပ်များကထွက်ပေါ်လာခဲ့လေသည်။ထိုအရိပ်များကြား၌မူ သွေးများတရဲရဲဖြင့် သံဆူးကြိုးကြီးကို ဆူးများဖြင့် ပလဲနံသင့်စွာ နာနာကျည်းကျည်းကိုင်ထားသော စေတန်ဘုရင်ကြီး။

“ခင်...ခင်ဗျားကြီး...။”
ထိုအခိုက်၌ပင် စေတန်ဘုရင်က သံဆူးကြိုးကိုလွှဲရမ်းလိုက်ရာ သံဆူးကြိုးထိပ်၌ရှိလေသော ဓါးသွားတိုလေးမှာ ဂိုလီ၏ဗိုက်ကိုထိုးဖောက်သွားသည်။ထို့အပြင် သံဆူးကြိုးများမှာ ဗိုက်ကိုဖြတ်သန်းသွားသည်သာမက တစ်ကိုယ်လုံးကိုပင် အထပ်ထပ်ပတ်သွားကာ အစိတ်စိတ်အမွှာမွှာ ညစ်ချေပစ်လိုက်လေတော့သည်။
“အား”ခနဲ အော်ဟစ်ကာ ချွေးတရွဲရွဲဖြင့်ထလာမှ အစောကအရာအားလုံးမှာ အိပ်မက်တွေဖြစ်နေသည်ကိုသတိထားမိလိုက်လေတော့သည်။ဂိုလီလည်း သူ၏ဗိုက်ကိုစမ်းကြည့်လိုက်မိသည်။အရိပ်မည်းများထိုးဖောက်ခံလိုက်ရသော နေရာက နာကျင်သည့်ခံစားချက်ကိုကား မှတ်မိနေပေသေးသည်။အိပ်မက်ပင်ဖြစ်သော်လည်း ဂိုလီစိတ်ထဲ၌မူ သိပ်မကောင်းချေ။အကြောင်းမှာ နတ်များမှာ လူများနှင့်မတူချေ။နတ်များမှာ အိပ်မက်မက်ခဲပြီး အများအားဖြင့် မက်သမျှအိပ်မက်များမှာ အကောင်းသော်အဆိုးသော် တစ်ခုခုဖြစ်မည်ကိုဆိုလိုနေတတ်သောကြောင့်ဖြစ်လေသည်။ထို့ကြောင့်လည်း နတ်များက အိပ်မက်ဆိုးများကို ဖယ်ရှားနိုင်သော အစီအမံများကို ရှာဖွေဖော်ထုတ်ကာ အသုံးပြုခြင်းဖြင့် အိပ်မက်ဆိုးကဲ့သို့အရာများမှ ကာကွယ်ထားကြခြင်းဖြစ်လေသည်။

“ဒီနေ့ ဘာနေ့ရောက်သွားပြီလဲဟ။”
ဘေးပတ်ဝန်းကျင်ကိုပြန်ကြည့်ရင်း နည်းနည်းစဉ်းစားကြည့်မှ သတိရလေတော့သည်။

“ဟုတ်သား။ငါတပ်ထဲတောင်ရောက်နေပြီပဲ။”
ဂိုလီနှင့်တကွ ဝင်ခွင့်စစ်ဆေးရေးအောင်မြင်သူမှာ နတ်ဗိုလ်လောင်းများအားလုံး၏ သုံးဆယ်ရာခိုင်နှုန်းသာရှိလေသည်။ထိုသုံးဆယ်ရာခိုင်နှုန်းထဲတွင် ဂျီတတို့ ၃ယောက်အုပ်စုလည်းပါပေသည်။သို့သော် နောက်ဆုံးအဆင့်ကို ဖြတ်သန်းနိုင်သူမှာမူဂိုလီတစ်ယောက်သာရှိပေ၏။သို့ဖြစ်ရာ သူကား တပ်ထဲ၌ တပ်ခွဲမှူးအဖြစ်ပင် စရောက်သည်ဖြစ်သည်။အခြားသူများမှာ ဒုတပ်ခွဲမှူးလောက်ဖြစ်ဖို့တောင် အတော်ကြာသေးသည်။တစ်နှစ်ခွဲလောက်ဆိုလျှင် လက်ရွေးစင်တပ်ထဲပါသွားနိုင်ပြီး ထို့နောက် ကမ္ဘာဂြိုလ်စောင့်နတ်မင်း၏ ကိုယ်ရံတော် တပ်မှူးသော်လည်းကောင်း၊လက်ရွေးစင်တပ်၏ စစ်သူကြီးသော်လည်ကောင်း ဖြစ်ဖို့ရှိလေရာ ရှေ့တက်လမ်းကား ဖြောင့်ဖြူးလျက်သာရှိလေတော့သည်။သို့သော် စိတ်ပူစရာကောင်းသည်တစ်ခုမှာလည်း သူဂိုလီဆိုသည်ကို ဖုံးထားရင်း ဆက်လုပ်ရဦးမည်ဖြစ်ရာ မည်သူမျှ မသိအောင် ဂရုစိုက်ရပြန်ဦးမည်။

သို့သော် တပ်တွင်း၌ အများအားဖြင့် အရာရှိအငယ်များသာရှိတတ်ပြီး ၎င်းတို့မှာ ကိုယ့်အလုပ်နှင့်ကိုယ်သာရှိနေတတ်သည်ဖြစ်ရာ မည်သူနှင့်မျှ အထူးတလည် ဆက်ဆံမနေရ၍ တော်သေးပေတော့သည်။

ဤနေ့ကား တပ်မကြီးမှ အရာခံဗိုလ်များ၊ဗိုလ်ကလေးများအတွက် ဂျုနီယာတပ်သားများ ရွေးပေးခွင့်ပေးမည့်နေ့ ဖြစ်လေသည်။

“ကဲ အားလုံး သတိ။”
ဗိုလ်ကြီး၏ ဩဇာညောင်းလှသော တပ်သားများကား ၎င်းတို့၏ အစုအလိုက် ညီညာစွာရပ်နေကြ၏။

“အရာခံတွေထဲက အကြီးဆုံးဖြစ်တဲ့သူအရင်ရွေးရမယ်။ဗိုလ်က​လေး အီဂျီ။စရွေးပေတော့။”

အီဂျီကား ထိုညီညာနေသော နတ်စစ်သည်တော်လေးများကြားထဲ ပတ်သွားကြည့်ရင်း ဂျီတတို့ သုံးယောက်အစုကို တွေ့၏။ဂျီတတို့အစုမှာ အခြားနတ်စစ်သည်တော်တွေထက် နည်းသော အစုလေးဖြစ်လေသော်ငြား ဂိုလီက ကတိထားသည့်အတိုင်း သူတို့အစုကိုသာရွေးလိုက်ရတော့သည်။

အကြောင်းမှာ သူတို့အစုက စီရီ၏ပြတ်နေသော တောင်ပံကို သတိထားမိသွားကြလေရာ ထိုတောင်ပံရှာဖို့အတွက် သူတို့ကူညီမည်ဟု ကတိခံကြသဖြင့် ဂိုလီမှာ သူတို့ကို သူ့လက်အောက်ထားဖို့ သဘောတူခဲ့ရခြင်းဖြစ်လေသည်။

“ဒီအစုကိုရွေးပါမယ်။ဗိုလ်ကြီး။”
ဂိုလီတို့မှာ တပ်မကြီး၏ တပ်ခွဲအမှတ်(၁)တပ်ခွဲမှူး၊ဂျီတမှာ ဒုတပ်ခွဲမှူးဖြစ်လာ၏။ဤသို့ဖြင့် တပ်စုကြီးငယ် အသီးသီးဖွဲ့လိုက်ပြီးနောက် တပ်မှူးက ကြေညာချက်တစ်ခုထုတ်၏။

“အခုတပ်စုတွေ စုပြီးပြီဆိုတော့ ချက်ခြင်းတော့ တာဝန်မရှိသေးတဲ့အတွက် တစ်လနှစ်လတော့ မင်းတို့ အားနေလိမ့်မယ်။ပြီးတာနဲ့ မင်းတို့တပ်စုတွေကို အသီးသီး တာဝန်ချပေးတဲ့ အမိန့်စာတွေ ပို့လာလိမ့်မယ်။အားလုံးပဲ ကံကောင်းကြပါစေ။”
ထိုနေ့ည၌ စားသောက်ဆိုင်တွင် သူတို့တပ်စုတွေ အတူတူစားသောက်ကြသည်၊စီရီလည်း ပါလေ၏။

“ဟားဟားဟား။တကယ်ပါဗျာ။ရွေးမယ်လို့ သဘောတူထားပေမယ့် လူအနည်းဆုံးတပ်စုဖြစ်နေတော့ ရွေးမှရွေးမှတော့မလားတွေးနေတာဗျာ တကယ်ပါ တပ်မှူးရာ။”
ဂျီတကား ထုံးစံအတိုင်း စကားရွှင်လှသည်။သူတို့ကား နတ်များဖြစ်၍ လူတွေကဲ့သို့ အရက်တော့မသောက်ကြချေ။သို့သော် ဂျီတမှာ တစ်ခါတစ်ရံ အရက်သောက်ထားသော လူများကဲ့သို့ စကားများနေတတ်လေသည်။

“တပ်မှူးသိလား။ကျွန်တော်တို့ အဲ့ဗိုလ်ကြီးက အင်မတန် အတိုက်အခိုက်တော်လို့ အထက်ကောင်းကင်နန်းတွင်းမှာတောင် တော်တော်နာမည်ကြီးတဲ့ ဗိုလ်ကြီးတဲ့ဗျ။သူနှိမ်နှင်းခဲ့တဲ့ မကောင်းဆိုးဝါးတွေ မနည်းဘူးဆိုပဲ။”

“အင်း။ဖြစ်နိုင်ပါတယ်။အနေအထိုင်သိပ်သည်းတယ်။စည်းကမ်းတင်းကြပ်တယ်။ဒါပေမယ့် အရာရှိကောင်းကြီးပါ။”

“အခုငါတို့လုပ်ဖို့ရှိတာပြောကြရအောင်။ငါတို့တွေ တစ်လနှစ်လတော့ အားနေမှာဆိုတော့ အဲ့အတောအတွင် စီရီ့အတွက် တောင်ပံတစ်ဖက်ကိုပြန်ရှာဖို့ အချိန်ရတယ်။မနက်ဖြန်မနက်ဆိုတာနဲ့ စီရီ့ကို တွေ့ခဲ့တဲ့ မကောင်းဆိုးဝါးတောအုပ်ဝန်းကျင်တစ်ဝိုက်ကို သွားရှာကြည့်ကြမယ်။အနည်းဆုံး သတင်းအချက်အလက်တွေစုဆောင်းလို့ရတာပေါ့။”

“ဟုတ်ကဲ့ တပ်မှူး။ကျွန်တော်တို့ အရပ်လေးမျက်နှာခွဲသွားကြမလား။”

“အင်းအဲ့လိုသွားတာကောင်းမယ်။ငါမြစ်နဲ့ကပ်တဲ့ ဘက်ခြမ်းမှာရှိမယ်။မင်းတို့ရဲ့ ရွေးပြောင်းအစီအမံအမှတ်အသားကို ငါ့ဘက်မှာ ချထားလိုက် တစ်ခုခုထူးရင် ငါ့ကိုသတင်းပို့ပါ။”

“ကောင်းပါပြီ တပ်မှူး။ကျွန်တော်က အရှေ့ဘက်၊ဖိုဘေက တောင်ဘက်က တောင်ကုန်းတွေဘက်သွားလိုက်ပြီးတော့ ဂျုဒီကတော့ မြောက်ဘက်ကိုသွားလိုက်မယ် တပ်မှူး။”

“ကောင်းတယ်။စီရီနဲ့ငါနဲ့တော့ အတူတူရှိနေမယ်။မင်းတို့တွေ သတိထားနေပါ။အဲ့ဝန်းကျင်မှာက မကောင်းဆိုးဝါးတွေ အတော်များတယ်။”

“စိတ်ချပါတပ်မှူး။”
ထိုညအပြီး၌ ဂျီတ၊ဖိုဘေနှင့် ဂိုလီတို့ သုံးယောက်ကတော့ တပ်စခန်းက အဆောင်ကိုပြန်ခဲ့ကြလေသည်။စီရီမှာ တစ်ယောက်ထဲနေလို့ အဆင်မပြေတတ်သောကြောင့် ဂျုဒီက သူမနှင့်အတူ နေမည်ဖြစ်ရာ မိန်းကလေးနှစ်ဦးကိုသာ ထားခဲ့ပြီး သူတို့ယောင်္ကျားလေးသုံးယောက်ကတော့ တပ်စခန်းကိုသာပြန်လာခဲ့ကြရလေတော့သည်။သူတို့ပြန်ရာလမ်း၌ မြစ်တစ်ခုကိုဖြတ်ရသည်ဖြစ်ရာ ဂျီတက တစ်စုံတစ်ခုကို သတိရဟန်ဖြင့်

“လွန်ခဲ့တဲ့ လေးနှစ်လောက်ကထင်တယ်။ဒီမြစ်တွေကိုစောင့်ရှောက်တဲ့ ဂိုလီဆိုတဲ့ မြစ်စောင့်နတ်သားကို နယ်နှင်ဒဏ်ပေးခဲ့တာ။ကျွန်တော်တို့ကိုယ်တိုင် သူမြုပ်ပစ်ခဲ့တဲ့ ရွှာကိုမြင်ခဲ့ရတာဗျ။”
ဂျီတက ပြောနေသော်ငြား ဂိုလီကတော့ ဘာမှမဆိုနိုင်ချေ၊တိတ်တိတ်သာနားထောင်နေရသည်သာပင်။

“သူသတ်ခဲ့တဲ့ ရွှာစောင့်နတ်က ကျွန်တော့်ရဲ့ သူငယ်ချင်းဗျ။သူက လူတွေကို သိပ်ကာကွယ်စောင့်ရှောက်ချင်ခဲ့တာလေ။ကျွန်တော် အဲ့တာကြောင့် ဒီမြစ်စောင့်နတ်သားကို အရမ်းမကျေမနပ်အရမ်းဖြစ်မိတယ်၊”
ထို့နောက် ဂိုလီ့အနားကိုကပ်လိုက်ရင်း

“တပ်မှူး ကျွန်တော့်ကို တပ်မှူးလို သန်မာပြီး အစွမ်းအရမ်းရှိတဲ့ နတ်တစ်ပါးဖြစ်အောင် သင်ပေးပါ။ဒါမှ တပ်မှူးလောက်နီးနီးဆရာကြီးဖြစ်တဲ့ ဂိုလီ့ကို ကျွန်တော့်လက်နဲ့ လက်စားချေနိုင်မှာ။”
ဂိုလီကတော့ ဘာမှမပြောနိုင်ပါချေ။သူလုပ်ခဲ့သည့် ဤကိစ္စက မှန်သည်ဟု သူစွဲစွဲမြဲမြဲယုံကြည်ခဲ့သည်။သို့သော် ထိုညကတော့ ဂျီတကို ဘာမှမပြောဖြစ်ခဲ့ပေ။သူတို့တွေ တပ်စခန်းကိုပြန်သည့်လမ်းမှာ အနည်းငယ်တိတ်ဆိတ်လှပြီး ထိုညက လ ကောင်းကောင်းမသာပါ။ကြယ်တွေလည်း အများကြီးမြင်ရခြင်းမရှိပါပေ။

နောက်တစ်နေ့၌ ဂိုလီတို့ အပြင်ထွက်ရန်ပြင်ဆင်နေကြသည် ထိုအခိုက်တွင် သတိပေးခေါင်းလောင်းသံမြည်လာခဲ့လေသည်။ကြေညာချက်တစ်ခုထွက်လာရာ သူတို့တပ်မကြီးထံ စေတန်ဘုရင် လာရောက်သည်ဟူသော ကြေညာချက်ပင်ဖြစ်လေသည်။ဂိုလီတို့လည်း အနည်းငယ်အကြပ်ရိုက်သွားလေသည် အကြောင်းမှာ သူတို့တပ်စုတွင် ဂျုဒီရှိမနေသည့်အပြင် စီရီကလည်း ဂျုဒီနှင့်အတူ သူတို့ဆုံရန် သတ်မှတ်ထားသော ဆုံမှတ်၌ ရှိနေမည်ဖြစ်သောကြောင့်ဖြစ်ပေသည်။စီရီက ပြဿနာမရှိလျှင်ပင် တပ်စုထဲမှ တပ်သားတစ်ယောက်လစ်လှပ်နေခြင်းမှာ သိပ်အဆင်ပြေသည့် အခြေအနေမဟုတ်ချေ။

“ဗိုလ်ကြီးကတော့ နတ်စစ်သည်တော်တွေ အင်မတန်လေးစားအားကျတဲ့ ခေါင်းဆောင်ကောင်းလို့ကျော်ကြားလွန်းလို့ ငါကိုယ်တော်မြတ်အင်မတန် လူချင်းတွေ့ချင်နေခဲ့တာ ဗိုလ်ကြီးရ။မကောင်းဆိုးဝါးတွေကို မရေမတွက်နိုင်အောင် နှိမ်နှင်းနိုင်ခဲ့လို့ သူရဲကောင်းအရာထားရတယ်တဲ့ကိုး ဗိုလ်ကြီးရ။”

“ချီးကျုးလွန်းနေပါပြီ အရှင်။”
ဗိုလ်မှူးက စေတန်ဘုရင်အနောက်မှလိုက်ကာ တပ်မစခန်းကြီးကို လှည့်လည်ပြသနေ၏။ထိုအခိုက် အခြားနတ်စစ်သည်တော်များက အဆင်သင့်တန်းစီကုန်ကြပြီ။ဂိုလီတို့အုပ်စုက အလာနောက်ကျတော့မည်။ဂိုလီလည်း

“မင်းတို့သွားကြတော့ ငါ ရွေ့ပြောင်းအစီအမံနဲ့ဖြစ်ဖြစ် အမြန်လာခဲ့မယ်။အကယ်၍ မမှီနိုင်ရင်တော့ ကိုယ်ပွားတစ်ခုလွှတ်လိုက်မယ်။ဟုတ်ပြီလား။”

“ဟုတ်ကဲ့တပ်မှူး။”
ဤသို့ဖြင့် ဂျီတနှင့် ဖိုဘေတို့လည်း အခြားတပ်သားများနှင့်အတူ တန်းစီရ၏။ပြဿနာမှာ သူတို့သည် တပ်ခွဲအမှတ်(၁)ဖြစ်လေရာ သူတို့ကိုဦးဆုံးတွေ့ရမည်ဖြစ်သဖြင့် အကြပ်တော့ရိုက်လေပြီဖြစ်သည်။ဗိုလ်ကြီးမှာ ထိုအခြင်းအရာကိုလှမ်းမြင်၏။သို့ဖြစ်ရာ စေတန်ဘုရင်ကို တပ်သားများ ရှိရာနေရာကို မခေါ်သွားသေးပဲ အခြားသို့ပတ်သွားလေ၏။တော်တော်ကြာမှ ဂိုလီနှင့်တကွ ဂျုဒီရောက်လာကာ အရှေ့မှ တန်းစီကုန်ကြလေသည်။

“ဗိုလ်ကြီးက တခြားကိုလှည့်ခေါ်သွားပေးလို့သာပဲ ပြဿနာတက်တော့မလို့။”
ဂျီတက ခပ်တိုးတိုးလှမ်းပြော၏။သို့သော် ထိုနှစ်ယောက်မှာ ဘာမှပြန်မပြောချေ။သူတို့အခြင်းအရာကိုကြည့်ရာ ကိုယ်ပွားများဖြစ်နေသည်ကိုတွေ့ရ၏။တစ်ခဏအတွင်းမှာ စေတန်ဘုရင်ရောက်လာကာ ညီညာစွာတန်းစီနေသော တပ်ခွဲများကို ရှု့စားလေ၏။

“ဒီမှာ အင်မတန်နာမည်ကြီးနေတဲ့ နတ်စစ်သည်တော် အီဂျီဆိုတာ ဘယ်သူများလဲကွဲ့။”

“တပ်ခွဲအမှတ်(၁)ရဲ့တပ်ခွဲမှူးပါ အရှင်။”
ထိုကဲ့သို့ ဗိုလ်ကြီးက ညွှန်ပြသည်နှင့် ဂိုလီမှာ တစ်ဆက်ထဲ နတ်စစ်သည်တော်တို့၏ အလေးပြုပုံစံအတိုင်း ဘယ်ခြေကို ညာခြေအနောက်သို့ပို့လိုက်ပြီးနောက် ထိုင်ချလိုက်သည်။ထို့နောက် ညာလက်ကို နှလုံးရှိရာ ရင်ဘတ်၏ ဘယ်ဘက်ခြမ်းသို့ လက်သီးဖြင့် ကပ်လိုက်ကာ အလေးပြုလေတော့သည်။

စေတန်ဘုရင်က စိတ်ဝင်စားဖွယ်သတ္တဝါဆန်းတစ်ကောင်ကို ကြည့်သကဲ့သို့ ဂိုလီကိုကြည့်လိုက်လေသည်။ထို့နောက်

“အိမ်း...။အင်မတန် တန်ခိုးစွမ်းအင်ကြီးတဲ့သူကို မင်းလက်အောက်မှာရထားတာ တယ်ကံထူးပေတာကိုး ဗိုလ်ကြီးရ။”

“မှန်ပါ့အရှင်။ဂုဏ်ယူဖွယ်ရာအတိဖြစ်ပါသည်။”
ဤသို့ဖြင့် အခြားတပ်ခွဲများဘက် ဆက်လျှောက်သွားရင်း စေတန်ဘုရင်မှာ သူ၏အစေအပါးကို တစ်ခုခုပြောနေဟန်ကိုသာမြင်ရလေတော့သည်။ဤသို့ဖြင့် တပ်များ၏ စစ်ရေးပြသည့်အလှည့်တွင်မူ ဂျီတနှင့် ဖိုဘေတို့ လစ်ထွက်လာခဲ့ရလေရာ ထိုအခိုက်တွင်ဂိုလီနှင့် ဂျုဒီပေါ်လာလေသည်။အစောက ကိုယ်ပွားများကဲ့သို့ အရမ်းတင်းကြပ်ထားပုံမရှိတော့သည်ကိုကြည့်ခြင်းအားဖြင့် ဤသည်မှာ ဂိုလီအစစ်ဖြစ်သည်ကို သိလိုက်မိလေသည်။

“တပ်မှူး။ဘာတွေဖြစ်နေတာလဲတပ်မှူး အားလုံးအဆင်ပြေရဲ့လား။”
အကြောင်းမှာ ဂိုလီနှင့် ဂျုဒီက အတော်စိုးရိမ်နေပုံပေါက်သောကြောင့်ဖြစ်လေသည်။ဂျီတ၏အမေးနောက်တွင် ဂိုလီက

“ငါတို့ရဲ့ ကိုယ်ပွားတွေက အဆင်ပြေခဲ့ရဲ့လား။”

“အဆင်ပြေခဲ့ပါတယ်။တပ်မှူး။”

“ကောင်းတယ်။ငါတို့တိုင်ပင်ရမယ့်ကိစ္စရှိတယ်။”
ဤသို့ဖြင့် သူတို့တပ်ခွဲအမှတ်(၁)နေရာအဆောင်တွင် သူတို့လေးယောက်တိုင်ပင်ကြ၏။

“ဂျုဒီ။မနေ့ညက စီရီနဲ့အတူအိပ်ချိန်မှာ ဘာတွေ့လာလဲပြောပြပါ။”
ဂျုဒီက အနည်းငယ်သက်ပြင်းချကာ

“သူက ဘာအနွယ်ဝင်နတ်သမီးဆိုတာတော့ သေချာ မပြောတတ်ဘူး။သို့ပေမယ့် ဒီကမ္ဘာမှာရှိတဲ့ နတ်တွေထဲကတော့ မဟုတ်နိုင်ဘူး။အတော်အဆင့်မြင့်တဲ့ နတ်အနွယ်ဝင်ဆိုတာတော့ အသေအချာပဲ။ဘာကြောင့်ဆို ကျွန်မတို့ကြားခဲ့ရသမျှ စီရီ ဒီကမ္ဘာကိုရောက်တဲ့နေ့က လနတ်သမီးလေးဖြစ်တဲ့ မီရာပျောက်တဲ့နေ့လည်း ဖြစ်နေတယ်။တစ်ချက်က သူ့လက်မှာလည်း ကြယ်အမှတ်အသားလေးရှိနေတယ်။”
ထိုအခါမှ ဂိုလီနှင့် အခြားသူများ သတိရမိသည်မှာ စီရီသည် လက်ကို ပိုက်၍ဖြစ်စေ၊နောက်ပစ်ထား၍ ဖြစ်စေ သူတို့ကြားတွေ အမြဲတစေ နေတတ်ကြခြင်းကြောင့်မမြင်မိခဲ့ခြင်းဖြစ်လေသည်။

“ဒါဖြင့်...သူက လနတ်သမီးပေါ့ဟုတ်လား။လနတ်သမီးမှာ ကြယ်အမှတ်အသားတွေရှိတယ်လို့ ငါကြားဖူးတယ်။”

“မပြောတတ်ဘူး။ဒါပေမယ့် လနတ်သမီးက ရုပ်ဖျက်ဖို့မလွယ်ဘူးတဲ့။သူ့ကိုယ်ရောင်ကိုယ်ဝါကြောင့် ရုပ်ဖျက်လည်း သိသာလွန်းတယ်။စီရီက လနတ်သမီးလို့ထင်ဖို့အတွက် ကိုယ်​ရောင်ကိုယ်ဝါနည်းလွန်းတယ်။ကျွန်မတို့ခန့်မှန်းနိုင်တာကတော့ သူကလနတ်သမီးနဲ့ ဆက်နွယ်နေသလားဆိုတာပဲ။”

“ဒါနဲ့ လနတ်သမီးက ဘာလို့ပျောက်သွားရတာတဲ့လဲ။”

“လနတ်သမီးက စေတန်ဘုရင်နဲ့ စေ့စပ်ခြင်းခံရတော့မှာမလို့လို့ သတင်းထွက်ခဲ့တယ်။”
ဤတွင် အားလုံး အံ့အားသင့်သွားကြ၏။

“အမှန်ပဲ။လနတ်သမီးကို စေတန်ဘုရင်နဲ့ စေ့စပ်ပေးချင်တာက စေတန်ဘုရင်ကိုပဲ အရှင်နေမင်းနေရာအတွက် အရွေးခံစေချင်တာဆိုတဲ့ အဓိပ္ပာယ်နဲ့လည်းတူနေတယ်။ဒီတော့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းကြီးဘက်က ထောက်ခံသူတွေက လနတ်သမီးရဲ့ ပျောက်ဆုံးသွားခြင်းကို သတင်းဖုံးပြီး လွှတ်ထားခဲ့ကြတယ်။ပြောချင်တာက စေတန်ဘုရင့်လက်ထဲမပါစေချင်လို့ပေါ့။ဒါပေမယ့် စေတန်ဘုရင်က မခေဘူး။လနတ်သမီး ဘယ်မှာရှိတယ်ဆိုတာ ထောက်လှမ်းမိပုံပဲ။”

“အဲ့တာကြောင့် ဒီကမ္ဘာကို ဆင်းလာတာပေါ့လေ။”

“အမှန်ပဲ။ဒါကြောင့် ငါတို့စီရီ့ကို ထုတ်ပြောအောင်လုပ်မှဖြစ်မယ်။စီရီသာ ဖုံးထားတာဖြစ်ဖြစ် စေတန်ဘုရင်ရဲ့ လက်ထဲရောက်သွားတာဖြစ်ဖြစ် ဖြစ်သွားခဲ့ရင် ငါတို့ကမ္ဘာအပါအဝင် ဂြိုလ်တွေအားလုံး ဒုက္ခရောက်ကြလိမ့်မယ်။”
သူတို့အားလုံးမှာ ကမ္ဘာဂြိုလ်ပေါ်မှ နတ်များဖြစ်ကြသည့်နည်းတူ စေတန်ဘုရင်ကို အနိုင်မရစေချင်သည်မှာအမှန်ပင်။သို့ကြောင့်လည်း နတ်စစ်သည်တော်များဖြစ်လာကြခြင်းဖြစ်လေသည်။

ထိုအခိုက်တွင် ဂိုလီက

“ငါမင်းတို့ကိုပြောဖူးသလိုပဲ ငါတို့က ကမ္ဘာဂြိုလ်စောင့်နတ်မင်းလက်အောက်ခံဖြစ်တဲ့အတွက် ကမ္ဘာဂြိုလ်စောင့်နတ်မင်းကို သစွာစောင့်ရမှာတော့ အမှန်ပဲ။သို့ပေမယ့် စီရီနဲ့ပတ်သက်တဲ့ ကိစ္စမှာ မင်းတို့ဝင်မပါချင်ဘူးဆိုရင်တော့ ငါအပြစ်မပြောဘူး။မင်းတို့ ခေါင်းရှောင်လိုက်လို့ရတယ်။”
တစ်လျှောက်လုံး အလွန်စကားနည်းသော ဖိုဘေက ရုတ်တရက်

“တပ်မှူး။ကျွန်တော်ကတော့ အဲ့ကိစ္စတွေမလုပ်ရင်တောင် တောင်ပံရှာပေးရမယ့် ကတိကိုတော့ တည်သင့်တယ်ထင်တယ်။ကျွန်တော်တို့အားလုံး အတူတူကတိပေးထားတာပဲလေ။”

“ဟုတ်တယ်တပ်မှူး။တောင်ပံရှာပေးပြီးရင် လနတ်သမီးကိစ္စကတော့ စီရီ့ဘာသာလုပ်ပါစေ။”
ဤသို့ဖြင့် အဆုံးသတ်မှာ တောင်ပံရှာပေးရမည့် ကိစ္စနောက်ကွယ်မှာ လျှို့ဝှက်မှုများကို မြင်လာရလေသည်။ထိုလျှို့ဝှက်မှုမှာ မည်မျှနက်နဲနေမည်ကိုတော့ သူတို့မသိနိုင်ပါချေ။

“အခု ကျွန်တော်တို့ သတိထားမိတာ စီရီသိသွားလား။”

“မပြောတတ်ဘူး။”
ဂျီတက အားမရစွာဖြင့်

“ကိုင်းဗျာ ဒါဖြင့် ကျွန်တော်တို့ တာဝန်အတွက်သွားကြမယ်။စီရီ့ကို သွားခေါ်ရအောင်။”

ထိုညသူတို့မထွက်ခင်တွင် ဂိုလီ့ကို ဗိုလ်ကြီးက အခေါ်ရှိခဲ့၏။

“မင်းတို့နေ့လည်က မရှိကြဘူးမဟုတ်လား။”
ဂိုလီကတော့ အားနာစွာဖြင့်သာ

“ဟုတ်ပါတယ်ဆရာ။”

ဗိုလ်ကြီးက ခေတ္တတိတ်ဆိတ်နေ၏။ထို့နောက်

“ဘာပဲပြောပြောပါ။အဲ့ဒီအမြင်ကပ်စရာ စေတန်ဘုရင့်ကို မင်းမတွေ့လိုက်ရဘူးဆိုတော့ မင်းအတွက်တော့ ကောင်းသွားတာပေါ့။”

“နောက်ဒါမျိုးမဖြစ်စေရပါဘူးဆရာ။”

“အေး။စေတန်ဘုရင်က ငါတို့အရှင်နဲ့ ပြိုင်ဆိုင်နေတာဆိုတော့ ဒီကမ္ဘာလာပြီး အပြစ်ရှာစရာကြည့်သွားတာနေမှာ ပြီးရင် စကားရည်လုပွဲကျ ထောက်ပြစရာယူမလို့ရှိမှာပေါ့လေ။ဒါကြောင့် သူဒီကမ္ဘာမှာ စံမြန်းစဉ်အခိုက်တော့ ငါတို့လည်း သတိထားနေသင့်တယ်။မင်းသိတဲ့အတိုင်း အပြင်မှာ ဂြိုလ်တွေအရေးက တော်တော်ရှုပ်ထွေးနေတယ်။”

“ကောင်းပါပြီဆရာ။”
ထိုည သူတို့ထွက်လာချိန်မှာ နေအလင်းရောင်မရှိပဲ တစ္ဆေတွေမြူးသည့် လကွယ်ညဖြစ်လေသည်။သူတို့အားလုံး အစီအစဉ်တကျ ထွက်လာခဲ့သည့်အတိုင်း ဂိုလီရှိရာဘက်တွင် အမှတ်အသားချခဲ့လေသည်။ထို့နောက် အနားပတ်ဝန်းကျင်ကို လျှောက်ကြည့်ကြည့်ကြသည်။အလွန်မှောင်နေသော ညဘက်ကြီးဖြစ်သဖြင့် တောင်ပံမှာ သိသိသာသာလင်းနေမည်ဖြစ်ရာ သူတို့တွေ ရှာတွေ့လောက်မည်ဟု မျှော်လင့်ကာ အားတက်သရောရှာကုန်ကြ၏။ထို့နောက် မီးနတ်သမီးက အမှတ်အသားထံပြန်ရောက်လာကာ ဂိုလီ့ထံ ပြေးလာကာ သတင်းပေး၏။သူ၏သတင်းပေးချက်အရ ထိုနေ့က စီရီ့ကို ကယ်ထုတ်ခဲ့သော တောအနားက ဘီလူးတစ်ကောင်က ထိုတောာင်ပံကိုကောက်ကာ သူ၏ကျောက်ဂူထဲ ထည့်ထားကြောင်း သိရလေသည်။ဤသို့ဖြင့် ဂျီတနှင့် ဖိုဘေတို့ကို ဆင့်ခေါ်ကာ ထိုကျောက်ဂူထဲကို ဝင်ရန် အကြံထုတ်ကြ၏။ဂိုလီက

“ကျောက်ဂူဆိုတော့ ဖိုဘေကို ဦးဆောင်ခိုင်းမယ်။သူက ကျောက်သားတွေကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်မလား။”
ဖိုဘေက လက်ညိုးဖြင့် ပါးကိုကုပ်ရင်း

“ကျောက်သားတွေကိုခွဲလိုက်တာဖြစ်ဖြစ်တော့ လုပ်လို့ရနိုင်တယ်။အဲ့ဘီလူးကို အထဲမှာ သတ်ရင် တောင်ပံပျက်စီးသွားနိုင်တယ်။အပြင်ထွက်လာအောင်ပဲ လုပ်လို့ရမယ်ထင်တယ်။”
ဂိုလီက ခေါင်းငြိမ့်လိုက်ကာ

“ကောင်းပြီ။မင်းကျောက်သားတွေကို ထိန်းပြီး အပြင်ထုတ်လိုက် ငါတို့သုံးယောက်က သူ့ကို မျှားထားမယ်။မင်းက အဲ့အချိန်မှာ တောင်ပံကို ဂူထဲဝင်ရှာလိုက်။အားလုံး ရတယ်နော်။”

“ကောင်းပါပြီတပ်မှူး။”
ဤသို့ဖြင့် ဖိုဘေက အရှေ့မှ ဦးဆုံး အစီအမံတစ်ခုကိုရွတ်ဆိုရင်း လက်ကို မြေကြီးကိုရိုက်ချလိုက်လေသည်။ ကျောက်သားများ၏လှုပ်ခတ်ခြင်းကြောင့် ဘီလူးမှာ ဒေါသတကြီးဖြင့် အပြင်သို့ထွက်လာလေသည်။ဤတွင် ဂိုလီတို့က မျှားလိုက်သည့်အခိုက် ဖိုဘေက ဂူထဲဝင်ပြေးလေတော့သည်။ထိုအခါမှ သတိထားမိသည်မှာ ဂူသည် အတော်လေး နက်သော ဂူတစ်ခုဖြစ်သည်ကိုတွေ့ရ၏။ထိုအခါ သူလည်း မြေသားကို ထိလိုက်ရင်း အာရုံခံကြည့်၏။ထို့နောက် တော်တော်နက်နက်တွင် တောင်ပံရှိနေသည်ကိုတွေ့ရ၏။တောင်ပံအဝိုက်တွင် ပင့်ကူများဝိုင်းနေသည်ကို တွေ့ရလေသည်။ဖိုဘေက မကြောက်မလန့်ဖြင့်သာ ဆက်သွားလေတော့သည်။

အပြင်၌မူ ဘီလူးကို ဂိုလီတို့ သုံးယောက်ကဝိုင်းတိုက်ခိုက်ကြ၏။

“ဂျုဒီ...သူ့ကို မီးတောက်နဲ့ ပတ်လည်ဝိုင်းထားပေးလိုက်။”

“ဟုတ်ကဲ့ တပ်မှူး။”
အမိန့်အတိုင်း မီးတောက်ဖြင့် ပတ်လည်ဝိုင်းရာ ဘီလူးမှာ သူ့ကိုယ်သူကာရင်း မီးမဟပ်အောင် ရှောင်နေလေသည်။

“ဂျီတ။သူ့ကို လေနဲ့ပင့်ပြီး မီးစွဲအောင် လုပ်ထား။”

“နားလည်ပြီ။ယား...။”
ပါးစပ်မှ ကြုံးဝါးသည့်အတိုင်း လေပြင်းများတိုက်လိုက်ရာ ဘီလူး၏ကာထားသော လက်ကို မီးစွဲသွား၏။ပူလွန်းလှသောကြောင့် ဘီလူးမှာ အော်ဟစ်ရင်း သူ၏ခါးမှ မိုးကြိုးသွားကြီးကိုထုတ်လေတော့သည်။သူ၏မိုးကြိုးသွားမှာ နတ်တွေသုံးတော့ မိုးကြိုးသွားနှင့် အတော်တူသော်ငြား အလုပ်လုပ်ပုံ မတူပေ။သူကားမိုးကြိုးသွားကို စိုက်ပစ်စရာမလိုပဲ မိုးကြိုးသွားဖြင့် ညွှန်ကာ အစီအမံရွတ်ဖတ်ရုံဖြင့် မိုးကြိုးပစ်ချအောင် လုပ်ိန်ုင်လေသည်။ဤသို့ဖြင့် မိုးကြိုးမမှန်အောင် ရှောင်တိမ်းကြရရင်း ဘီလူးကို တောက်လျှောက် တိုက်ခိုက်ကြရလေတော့သည်။


ဂူထဲ၌လည်း ဖိုဘေတစ်ယောက် ဝင်္ကပါသဖွယ်ဖြစ်နေသော လမ်းကြောင်းများကနေ တောင်ပံကိုလိုက်ရှာနေရာ နောက်ဆုံး၌ ပင့်ကူများ ပတ်လည်ဝိုင်းနေသော တောင်ပံလင်းလင်းလက်လက်ကလေးကို တွေ့ရ၏။ဖိုဘေရောက်သည်နှင့် ပင့်ကူများမှာ ပါးစပ်မှ အဆိပ်များကိုထွေးကာ လှမ်းပစ်လေတော့သည်။ဖိုဘေလည်​ရှောင်တိမ်းရင်းကျောက်ချွန်များကို မြေကြီးအောက်မှ ထုတ်ကာ ထိုပင့်ကူများကပ်နေရာ မျက်နှာကျက်သို့ ထိုးစိုက်ပစ်လေသည်။ပင့်ကူများကိုထိုးမိသည်နှင့် ရွံဖွယ်အသွေးအသားများမှာ နေရာအနှံကိုစင်လေသည်။ဖိုဘေမှာ လက်မောင်းကို စင်သွားသေးသဖြင့် လက်မောင်းကို အဆိပ်ဖြင့် လောင်သွားစေလေတော့သည်။ဖိုဘေမှာ သူတို့ကို မြေကြီးနှင့်မျက်နှာကျက်ကို ညှပ်ကာသတ်၍ရသော်ငြား ထိုသို့လုပ်လျှင် တောင်ပံပျက်ဆီးသွားနိုင်လေသည်။သို့ဖြစ်ရာ အတော်ကြံစည်ရပေသည်။

အပြင်၌လည်း မိုးကြိုးများ ပစ်ခတ်ပြီး ကျန်ခဲ့သောလျှပ်စစ်စက်ကွင်းများမှာ အတော်တစ်ချက်တစ်ချက် ဓါတ်လိုက်သွားစေလေသဖြင့် ဂိုလီတို့လည်း အနည်းငယ်အားလျော့လာလေသည်။

“ဂျီတနဲ့ ဂျုဒီ။”

“ဟုတ်ကဲ့တပ်မှူး။”

“ဘီလူးကိုတည့်တည်း မီးမြိုက်ဖို့ ကြိုးစားလိုက် သူမလောင်အောင် ကာလိမ့်မယ်။ခွန်အားရှိသမျှအစွမ်းကုန် မြိုက်ချလိုက်တော့။ငါ အဲ့အချိန်မှာ မိုးကြိုးသွားနဲ့ ဘီလူးခေါင်းကို တည့်တည့်စိုက်လိုက်မယ်။ဂျီတက နောက်နေ မီးကိုလေပင့်ပေးလိုက်။”

“တပ်မှူးကိုလောင်သွားရင်ရော။”

“ကိစ္စလုံးဝမရှိဘူး။ရှို့သာရှို့။”

“ဟုတ်ကဲ့တပ်မှူး။”
ဤသို့ဖြင့် ဂျီတက ဂျုဒီ၏အနောက်မှ လေမုန်တိုင်းကိုဆင့်ခေါ်ကာ လေလှိုင်းကို အတိအကျ ပင့်လွှတ်ရန်ပြင်ဆင်လေသည်။ဂျုဒီလည်း မီးကို တစ်ကိုယ်လုံးလောင်မြိုက်စေလိုက်ရင်း မီးတောက်များကို ပစ်လွှတ်ရန်ပြင်ဆင်လေသည်။ထို့နောက် ဂိုလီလည်း မိုးကြိုးသွားကို လျှပ်စီးများ တလက်လက်ဖြင့် ကိုင်စွဲထားလေတော့သည်။

မီးတောက်များကို စတင်ပစ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက်ဘီလူးမှာ အော်ဟစ်ရင်း လက်နှစ်ဖက်ဖြင့် သူ့ကိုယ်သူကာထား၏။ထိုအခိုက်တွင် ဂိုလီက အထက်သို့ ခုန်ကာ လျှပ်စီးများဖြင့် တလက်လက်ထနေသော မိုးကြိုးသွားဖြင့် ခေါင်းကို စိုက်ချလိုက်လေသည်။ထို့နောက်သူလည်း မီးတောက်များဖြင့် ညိကာ မီးစွဲလျက် အောက်သို့ပြုတ်ကျသွား၏။ထိုအခါဂျုဒီနှင့် ဂျီတလည်း ရပ်တန့်လိုက်ရာ တစ်ခဏတွင်ပင် မိုးကြိုးတစ်ချက်ပစ်ချလိုက်ပြီးနောက် ဘီလူး၏ဦးခေါင်းခွံပွင့်ထွက်သွားကာ ဦးနှောက်အစများနေရာအနှံ့ကို လွှင့်စင်ကုန်လေတော့သည်။အောက်သို့အကျတွင် မီးငြိမ်းသွားသော ဂိုလီ့ထံ သူတို့နှစ်ယောက်ပြေးသွားကြလေတော့သည်။

“တပ်မှူး။အဆင်ပြေရဲ့လား။”

“ငါအဆင်ပြေတယ်။ဂျုဒီ မင်းက ဂူထဲလိုက်သွား။ဂျီတက စီရီ့ကို သွားခေါ်လာခဲ့။ဖိုဘေအဆိပ်သင့်သွားတာ ငါဒီကနေ အာရုံရလိုက်တယ်။စီရီကုပေးမှဖြစ်မယ်။”
“ဟုတ်ကဲ့တပ်မှူး။နှစ်ယောက်စလုံး သံပြိုင်ဖြေကာ အသီးသီးထွက်သွားကြလေတော့သည်။

ဂူထဲ၌ ဖိုဘေမှာ ကျောက်သားများဖြင့် လှေကားထစ်များလုပ်ရန် အကြံရလေရာ လှေကားထစ်များလုပ်ကာ တောင်ပံဆီပြေးတက်လေတော့သည်။လမ်းတွင် ပင့်ကူများက ရက်ရက်စက်စက်ဝိုင်းကိုက်ကြလေရော အဆိပ်မှာ ကိုယ်တွင် အတော်သင့်လာ၏။သို့သော် ကျောက်သားများဖြင့် ကိုယ်ကို ပင့်ကူမကိုက်အောင်ကာလိုက်ရင်း တောင်ပံကိုသွားယူ၏။တော်တော်မြင့်မြင့်ရောက်နေသာ တောင်ပံကိုယူအပြီး၌ ကျောက်လုံးအသွင်ပြောင်းကာ အမြန်လှိမ့်ဆင်းလေတော့သည်။ပင့်ကူများကလည်း တရစပ်လိုက်ရာ တဖြည်းဖြည်းလိမ့်သွားရင်း ဂျုဒီအရောက်တွင် ဂျုဒီက မီးတောက်များဖြင့် ပင့်ကူတွေကို ရှို့လိုက်ပြီး မီးတောက်များဖြင့် ရှေ့ဆက်မတိုးအောင် ကာလိုက်လေသည်။ဤတွင် ကျောက်လုံးအသွင်မှ ပြန်ထလာကာ အစီအမံကိုရွတ်လိုက်၏။အစီအမံအဆုံးတွင် မျက်နှာကြက်နှင့် မြေကြီးကို လက်ခုပ်တီးသကဲ့သို့ ကပ်လိုက်ရာ “ဗျောင်း”ခနဲ မြည်သွားကာ ပင့်ကူအကုန်ပြားသေကုန်လေတော့သည်။ထို့နောက် အဆိပ်၏ ဒဏ်ကြောင့်ဖိုဘေလည်း ဂူအပြင်သို့ထွက်အလာတွင် သတိလစ်သွားလေတော့သည်။

“စီရီ...သူ့အဆိပ်တွေကို ဖယ်ပေးလို့ရလား။”

“ကျွန်မလုပ်ကြည့်မယ်။”
ပြောလိုက်ရင်း ပါးစပ်မှ အစီအမံတစ်ခုကို ရွှတ်ဆိုသည်။သူရွှတ်ဆိုသော ဘာသာစကားမှာ ကမ္ဘာဘာသာစကားမဟုတ်သည်ကို တွေ့ရသဖြင့် သူတို့ထင်သည်မှာ အမှန်ဖြစ်သည်ကိုတွေ့ရလေသည်။ဤတွင် ဂျီတက ပါးစပ်မှ လွှတ်ကနဲ

“တကယ်ပဲ ကြယ်ပွင့်နတ်သမီးလား။”
အကြောင်းမှာ ဆုတောင်းသကဲ့သို့ရွှတ်ဆိုသံအဆုံးတွင် လက်မှ ကြယ်အမှတ်အသားမှာ လင်းလက်လာသောကြောင့်ဖြစ်လေသည်။

ထို့နောက် ဖိုဘေမှာ အဆိပ်သင့်ဝေဒနာများ ရပ်တန့်သွားလေသည်။ထိုနောက် တစ်ဖက်လှည့်ကာ အဆိပ်များကို အန်ထုတ်မိလေတော့သည်။အတော်ကြာသော အဆိပ်များ အကွက်လိုက် အန်ထုတ်ထားလိုက်မိပြီးနောက် အသက်ကို အလုအယက်ရှူကာ လှဲချလိုက်မိလေတော့သည်။

“မင်းတော်တယ်။ဖိုဘေ။မင်းတကယ်ပဲ တောင်ပံကိုရအောင် ယူနိုင်ခဲ့တယ်။အားလုံးပဲ တာဝန်ကျေကြပါတယ်။”

“ကျွန်မရှင်တို့ကို ပြောစရာတစ်ခုရှိတယ်။ရှင်တို့တောင် သတိထားမိနေလောက်ပြီဆိုတော့။”
စီရီက ရုတ်တရက်မျက်စိကို မှိတ်ထားရင်းပြောလိုက်၏။

“ကျွန်မက ဒီကို တာဝန်တစ်ခုကြောင့်ရောက်လာတာပဲ။”

အခန်း(၆)

“ဒါနည်းနည်းမှ အဓိပ္ပာယ်မရှိတာပဲ။”
ဂျီတက ဒေါသဖြစ်လာဟန်ဖြင့် စီရီ့ကို ကြည့်ရင်း ခပ်ဆတ်ဆတ်ပြောလိုက်၏။

“ကျွန်မသိပါတယ်။ကျွန်မကို ဒီနေ့အထိ ကျွန်မကို ကူညီစောင့်ရှောက်လာပေးခဲ့ကြတဲ့ နတ်စစ်သည်တော်ကြီးတို့ ကျေးဇူးကို မမေ့ပါဘူး။သို့ပေမယ့် ရှင်တို့ သိချင်နေတဲ့ အကြောင်းအရာကိုတော့ ပြောပြလို့မရနိုင်ဘူးရှင့်။”
စီရီကား လနတ်သမီးနှင့် ဆက်နွယ်သည်မဆက်နွယ်သည်။ဤကမ္ဘာကို ဘာအတွက်လာသည်မလာသည်ကို တစ်ခွန်းတစ်လေမှ မဟချေ။ဒီကို တာဝန်တစ်ခုအတွက် လာသည်ဟုသာ ပြောလေသည်။

“အချိန်တန်ရင်တော့ ပြောသင့်မပြောသင့်ကို ချင့်ချိန်ကြည့်ပြီး ပြောမှာပါ။ရှင်တို့အနေနဲ့ ကမ္ဘာကမဟုတ်တဲ့သူတစ်ယောက်က ကမ္ဘာကို ဘာကြောင့်လာတယ်ဆိုတာကို သိချင်မှာပါ။သိလည်းသိသင့်ပါတယ် ရှင်တို့ နတ်စစ်သည်တော်ဖြစ်နေတာ ကမ္ဘာကို ကာကွယ်ဖို့ပဲလေ။”
ဤတွင် ဂိုလီသည် သမုဒ္ဓရာစောင့်နတ်ဖြင့် ပြောခဲ့သည်ကို ပြန်အမှတ်ရမိသည်။သူကတော့ စေတန်ကို လက်ရသတ်နိုင်ဖို့ အစွမ်းရှိနတ်စစ်သည်တော်ဖြစ်အောင်ကြိုးစားခဲ့သည်ဖြစ်လေရာ တစ်ခါတစ်ရံ အထင်အမြင်မတည့်ပဲ တစ်ဖက်က ထင်ချင်ရာထင်ခံရသော အခါ တော်တော်များများ ပြန်တွေးကြည့်မိတတ်သကဲ့သို့ ထိုအကြောင်းများကို သတိရမိပေသည်။

“ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွှတ်ပေးကြပါ။”
ပြောရင်း စီရီလည်း တောင်ပံများကို ဖြန့်လိုက်သည်။သူမ၏မျက်စိများမှာ အရောင်များတလက်လက်ထလာသည်။ဤသို့ဖြင့် ဖြေးဖြေးချင်း ပျောက်ကွယ်သွားလေတော့သည်။မသွားခင်ပြောသွားသည်မှာ တစ်ခွန်းထဲသာဖြစ်သည်။

“ကျွန်မရှင့်ကို သတိရနေမှာပါ အီဂျီ။”
သူမပျောက်ကွယ်သွားပြီးနောက် ဂျီတက စိတ်မကြည်လင်သည့်ပုံစံဖြင့်

“ကျွန်တော်တို့ကဖြင့် သူ့တောင်ပံလေးပြန်ရဖို့ အသက်တောင်စွန့်ရမတတ်ပဲ တပ်မှူးဆို သေမလိုတောင်ဖြစ်တယ်မဟုတ်လား။အခုက သူ့ကို ဖမ်းတာဘာညာလုပ်မှာလဲမဟုတ်ပဲနဲ့ အဲ့လိုကြီး တောင်ပံရလိုက်တာနဲ့ထွက်သွားတာ သိပ်တော့အဓိပ္ပာယ်မရှိဘူး။”
ဂိုလီကမူ သက်ပြင်းချလိုက်ကာ

“ဘာပဲပြောပြော သူနဲ့အတူပါလာနိုင်တဲ့ ပြဿနာတွေ ငါတို့မကြုံရတော့ဘူးပေါ့ကွာ။သူလည်းပဲ တစ်ခုခုဖြစ်ချိန်မှာ ငါတို့ကျေးဇူးကို ငဲ့သောအားဖြင့် ငါတို့ကို ဆွဲမထည့်ဘူးလို့ မျှော်လင့်ရတာပဲ။ငါတို့တွေ တပ်စခန်းပဲပြန်ကြတာပေါ့။”
ရက်အတော်ကြာသောအခါဝယ် သူတို့တွေ စီရီ့အကြောင်းမေ့ပျောက်လုလုဖြစ်သွားလေပြီ။ကမ္ဘာဂြိုလ်စောင့်နတ်မင်း နှင့် စေတန်ဘုရင်တို့၏ အရှင်နေမင်းနေရာဆက်ခံရေး ထီးနန်းလုပွဲ သတင်းက နတ်များအကြား အတော်ရေပန်းစားလျက်ရှိ၏။

အကြမ်းအားဖြင့်ဆိုလျှင် ကမ္ဘာဂြိုလ်စောင့်နတ်မင်းမှာ ဂြိုလ်များတွင် ခိုလှုံနေထိုင်နေကြသောဂြိုလ်သူဂြိုလ်သားနတ်အများကြားတွင် အတော်နာမည်ကောင်းရသော နတ်မင်းတစ်ပါးဖြစ်၏။သို့သော် အရှင်နေမင်းနှင့်တကွ နတ်မင်းများပါဝင်ရာ အရှင်နေမင်း၏နန်းတွင်း၌မူ မကြည်ညိုမရှု့စိမ့်ကြချေ။ထိုနန်းတွင်း၌မူ စနေဂြိုလ်မင်းဖြစ်သူ စေတန်ဘုရင်က လွှမ်းမိုးထားနိုင်၏။ထို့အပြင် စနေဂြိုလ်မင်းဘက်တွင် ဗုဒ္ဓဟူးဂြိုလ်မင်းနှင့် သောကြာဂြိုလ်မင်း နှစ်ပါးမှာ အခိုင်အမာရပ်တည်လေသဖြင့် နန်းတွင်းတစ်ခုလုံးမှာ စေတန်ဘုရင်လက်ခုပ်ထဲမှ ရေသာသာဖြစ်နေလေသည်။
*(နေနှင့်နီးကပ်လေ ထိုနီးကပ်သောဂြိုလ်မှ နတ်မင်းများမှာ အရှင်နေမင်း၏နန်းတွင်းတွင် အရာပိုရောက်သော နတ်မင်းဖြစ်လေဖြစ်သည်။ထိုထုံးစံကို နေသက္ကရာဇ် ၁၀၀ကတည်းက စကျင့်သုံးခဲ့ကြသည်ဖြစ်၏။)
သို့သော် အရှင်နေမင်းနှင့်တကွ နတ်မင်းများမှာ သူတို့လက်ထဲ၌ အာဏာရှိဟန်ဆောင်ပါများ၍ အာဏာတကယ်မရှိတော့သည်ကို မေ့လျော့သွားကြပုံရကြသည့်အတိုင်း ထိုကဲ့သို့ဖြစ်နေသည်ကို သတိမမူနိုင်ပဲ စေတန်ဘုရင်ပေးတာယူ၊ကျွေးတာစားနေကြရစဲဖြစ်လေသည်။အထူးသဖြင့် စေတန်ဘုရင် ဦးဆောင်သော ပလူတိုကျွန်းဆွယ်ကို ဂြိုလ်အဖြစ်မသတ်မှတ်တော့ရန် လှုပ်ရှားမှုမှာ အာဏာမည်သူ့လက်ထဲ သာလွန်နေသည်ကို သက်သေပြလျက်ရှိ၏။ကမ္ဘာဂြိုလ်စောင့်နတ်မင်း၏ ခုခံလျှောက်လဲမှုကြောင့်သာမဟုတ်လျှင် ပလူတိုဘုရင်မှာ နန်းတွင်းပင် မဝင်နိုင်တော့ပဲ အရေးပါအရာရောက်မှု ဆုံးရှုံးသွားလုဆဲဆဲဖြစ်လေသည်။

စေတန်ဘုရင်၏ အာဏာကြီးမားမှုကို မကျေနပ်သော်လည်း စေတန်ဘုရင့်ကို မတော်လှန်နိုင်သော အခြားဂြိုလ်မင်းများဖြစ်ကြသော မား(စ်)ဘုရင်၊ကြာသပတေးဂြိုလ်မင်း၊*ယူရေးနပ်(စ်)သခင်မ၊နက်ပကျွန်းဘုရင်မ နှင့်**ပလူတိုဘုရင်ခံတို့မှာ ကမ္ဘာဂြိုလ်မင်းဘက်မှ ရပ်တည်ကြလေသည်။သူတို့
*(ယူရေးနပ်(စ်)သခင်မသည် အရှင်နေမင်း၏ ညီမတော်သည့်အလျောက် နတ်သမီးငယ်တစ်ပါးမှ ဘုရင်မဖြစ်သောကြောင့် နုပျိုငယ်ရွယ်မှုကြောင့် သခင်မလေးဟု ခေါ်ဆိုရသည်။)

**(ပလူတိုဂြိုလ်မင်းမှာ စေတန်ဘုရင်ကြောင့် ကျွန်းဆွယ်ပိုင်သော ဘုရင်ခံအဖြစ် အရေးပါမှုကန့်သတ်ခံခဲ့ရသောကြောင့် အချို့သော အရေးကိစ္စကြီးများတွင်ပါဝင်ခွင့်မရှိခဲ့ပေ။)
အားလုံးပေါင်းမှာ နန်းတွင်းအပေါ်အာဏာသက်ရောက်မှုမှာ စေတန်ဘုရင်တို့အုပ်စုနှင့် အတူတူလောက်ဖြစ်နေရာ ထိုနန်းတွင်း အားပြိုင်မှုကြီးမှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး အားလုံးသော နတ်များ၏ ကံကြမ္မာနှင့် သက်ဆိုင်နေလေရာ နတ်များမှာ အထူးတလည် စိတ်ဝင်စားနေကြလေသည်။

“ကျွန်တော်ကတော့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းပဲ နိုင်မယ်လို့ထင်တယ်။ဘာပဲပြောပြော နဂါးငွေ့တန်းအရှင် နဂါးမင်းက ဂြိုလ်သူဂြိုလ်သားနတ်တွေရဲ့ ဆန္ဒကိုပဲ အလေးထားမှာမဟုတ်လား။”
ဂျီတက သူ၏လေပွေကို ပုံစံမျိုးစုံဖော်ကာ လေ့ကျင့်နေရင်း ဂိုလီ့ကို ပြောလိုက်၏။

“ဂြိုလ်သူဂြိုလ်သူတွေက ကိုယ့်အရှင်သခင်ပဲ ကိုယ်ထောက်ခံပေးလို့ရမှာကွ။ကျန်တာက နန်းတွင်းကသူတွေရဲ့ ထောက်ခံမှုပဲ။”

“စိတ်ပျက်စရာပဲဗျ။စေတန်ဘုရင်က မကောင်းဆိုးဝါးနဲ့ဆက်သွယ်သူဖြစ်နေတာတောင် ဒီနန်းတွင်းက စေတန်ဘုရင်ပဲထောက်ခံနေတာပဲ။သူရဲ့ အာဏာချုပ်ကိုင်ထားနိုင်မှုက တော်တော်ကြောက်စရာကောင်းတာပဲ။”

“စေတန်ဘုရင်သာ အာဏာရရင် ဗုဒ္ဓဟူးဂြိုလ်မင်းတို့ သောကြာဂြိုလ်မင်းတို့က သူတို့ပိုင်တဲ့ ပူပူလောင်လောင် ဂြိုလ်အစား ကမ္ဘာဂြိုလ်လို သာယာဝပြောတဲ့ ဂြိုလ်မျိုးပေးမယ်ဆိုပြီး ဆွယ်ထားတယ်ရှိမှာပေါ့။ဒါ့အပြင် ဗုဒ္ဓဟူးဂြိုလ်ဆိုတာသိတယ်မလား။မကောင်းဆိုးဝါးအင်မတန်ပေါတဲ့ ငရဲပြည်တစ်ခုပဲလေ။သူ့ရဲ့ တိတ်တိတ်လေး စေတန်ဘုရင့်ကိုထောက်ပံ့မှုလည်းရှိနေတယ်။ပြောရရင် သူတို့က အခြေအနေကြည့်နေလို့သာ ဘာမှမဖြစ်သေးတာ။သူတို့သာလုပ်ချင်ရင် ကမ္ဘာကို တိုက်လို့တောင်ရတဲ့အခြေအနေဖြစ်နေတယ်ကွ။”

“ဒါကြောင့် လနတ်သမီးက စေတန်ဘုရင့်ယူရမှာ ကြောက်လို့ ထွက်ပြေးသွားတာနေမှာ။အရှင်နေမင်းဆိုတဲ့သူကလည်း ဘယ်လိုလဲနော် ဒီလိုလူမျိုးလက်ထဲ ကိုယ့်သမီးပေးစားရဲတယ်၊”

“သူတို့အခြေအနေကလည်းကြည့်လေကွာ။စေတန်ဘုရင်တပ့်မှာ နတ်စစ်သည်တော်ကြီးပဲ သန်းချီထားရှိတယ်။ဒါ့အပြင် မင်းပြောသလိုပဲ ဗုဒ္ဓဟူးဂြိုလ်နဲ့ သောကြာဂြိုလ်က ခိုးပြီး ရယူထားတဲ့ မကောင်းဆိုးဝါးကို ထည့်မတွက်ရသေးဘူး။သူတို့သာမကျေနပ်လို့ ထီးနန်းလုမယ်ဆို အကုန်ပြာကျသွားနိုင်တာပဲကွ။ဒါကြောင့် သူတို့မှာ ရှိခိုးကိုးကွယ်နေကြရတာပေါ့ကွာ။”

“တပ်မှူးပြောသလိုဆို အခြေအနေက ကြောက်စရာကြီးပဲ ကျုပ်တို့ နတ်မင်းကြီး ဘယ်နှယ့်များရင်ဆိုင်နေရမလဲမသိ။”

“အခုလနတ်သမီးပျောက်ဆုံးမှုမှာ တို့နတ်မင်းကြီးက အစွပ်စွဲခံထားရတယ်။စွပ်စွဲချက်ကိုဖြေရှင်းဖို့ ဒီကို စေတန်ဘုရင်ကို ဖိတ်ခဲ့တာပေါ့ကွာ။”

“တပ်မှူး အကယ်၍ တပ်မှူးပြောသလို ထီးနန်းလုခံရမယ်ဆို ဘယ်လိုလုပ်မလဲ။”

“ဘယ်လိုလုပ်လို့ရပါ့မလဲ။ငါတို့က တပ်မလေးတစ်ခုခုသာပဲလေ။ပြောရရင် တပ်စုဆိုတာတောင် ငါ့လက်အောက်မှာ မင်းတို့သုံးယောက်ပဲရှိတာကိုးကွ။”

“အင်းနော်။ဟုတ်တာပဲ။”

ဂိုလီတို့တပ်စုမှာ တစ်လကျော်ကြာပြီးနောက် ကမ္ဘာမြောက်ခြမ်းသို့ မကောင်းဆိုးဝါးအနည်းငယ်သောင်းကျန်းနေသည်ကို စုံစမ်းနှိမ်နှင်းရန် တာဝန်ချစာရောက်လာခဲ့၏။

ပျင်းစရာနေ့ရက်တွေကျော်ဖြတ်နေရသော သူတို့တပ်ခွဲ(၁)မှာ ချက်ခြင်းပင် တက်ကြွစွာ တာဝန်ကျရာသို့ ခရီးနှင်ခဲ့၏။သူတို့ရောက်သွားရာအရပ်တွင် *စေတန်ကိုးကွယ်သည်ဟူသော ဃဇ်ပူဇော်သူလူသားများ၊စုန်းကဝေများပေါလာ၏။ထိုလူများ၏စိတ်များကို မြူဆွယ်ဖြားယောင်း မကောင်းဆိုးဝါးကို ရှာဖွေကာ နှိမ်နှင်းရန် တာဝန်ဖြစ်လေသည်။
(ထိုလူသားများက စေတန်ဟုတင်စားကိုးကွယ်သောအရာမှာ အမှန်တွင် မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်ပြီး စေတန်ဘုရင်မှာမူ စနေဂြိုလ်စောင့်သောနတ်ဖြစ်၍ စေတန်ဘုရင်ဟူသော အမည်ကိုသာသမုတ်ခြင်းဖြစ်လေသည်။)

“အတော်ဆိုးတယ် တပ်မှူး။ဃဇ်ပူဇော်တယ်ဆိုပြီး လူတွေ၊ကျွဲ၊နွား၊တိရစ္ဆာန်တွေ သတ်တာအထိ ဖြစ်ကုန်ပြီ။ထူးခြားချက်က ဃဇ်ပူဇော်မှု တော်တော်များမှာ သေသွားတဲ့ ဝိဉာဉ်တွေက မကျွတ်ပဲပျောက်နေတယ်။အချို့ပဲ ကျွတ်လွတ်သွားကြတယ်။”
အထက်ပါအကြောင်းအရာများမှာ ဂျီတမှာ အစီရင်ခံခြင်းဖြစ်ပေသည်။

“ဒီအတ္တလန်တာအရပ်ကို ကူးလာတဲ့ မကောင်းဆိုးဝါးတွေစာရင်းရှိလား။”

“အချို့ကတော့ ဒီအတိုင်း နေစရာမရှိတဲ့ သရဲတွေပဲ။အနက်ရောင် အရိပ်တွေပုံနဲ့ ဝင်လာတဲ့ မကောင်းဆိုးဝါးတချို့တော့ရှိတယ် တပ်မှူး။”

“သူတို့အားလုံးကို စစ်မေးပြီးပြီလား။”

“တချို့က ဘယ်မှာပုန်းနေကြတယ်မသိရသေးပါဘူး။တချို့ကိုတော့ စစ်ဆေးပြီးပါပြီ။အဲ့ကိစ္စတွေကို ဘယ်မကောင်းဆိုးဝါးကလုပ်တယ်ဆိုတာတောင် ဘယ်သူမှမသိဘူးလို့ပဲပြောတယ်။”

“နှောက်ယှက်တာအားနာပါတယ် တပ်မှူး။”
ဤသည်ကိုပြောလျက် ရောက်လာသည်မှာ ဖိုဘေ။

“မြေပြင်ကို အာရုံခံကြည့်တာ မကောင်းဆိုးဝါးလွှမ်းမိုးခံထားရတဲ့ လူတစ်ယောက် သူ့အမေကို သူပြန်သတ်ဖို့လုပ်နေတာကို အာရုံခံမိထားပါတယ် တပ်မှူး။”
ဂိုလီလည်း

“သူသာသတ်လိုက်ရင် သူ့ဝိဉာဉ်က ငရဲကိုဆွဲချခံရမှာပဲ။သူ့ရဲ့ ကိုယ်စောင့်နတ်ကကော။”

“ကိုယ်စောင့်နတ်က ဘယ်လိုမှသူ့စိတ်ကို သန့်စင်ပေးလို့မရတော့ပုံပဲ တပ်မှူး။”

“ဒါဆို မဖြစ်ဘူး သွားကြမယ်။
တဂျစ်ဂျစ်ဖြင့် မြည်နေသော ကတ်ဆက်သံမှာ နားထဲမခံသာလောက်အောင် ဆိုးရွားနေသည်။ထိုတဂျစ်ဂျစ်မြည်နေသံထဲမှ တစ်ချက်ချက်ထွက်လာသည်မှာ စေတန်၏ကျွန်ဟူသော အကြမ်းဖက်သီချင်းများဖြစ်နေလေ၏။

အသက်လေးဆယ်လောက်ဖြစ်နေပြီဖြစ်နေသော မိန်းမကြီးမှာ သူမ၏ သားအရင်းအပြုအမူကြောင့် မယုံနိုင်သလို ထိတ်လည်းထိတ်လန့်နေပုံရလေသည်။လှေကားကော်ရစ်ဒါတွင် လဲလျက် ကြောက်ကြောက်ဖြင့် အနောက်သို့ဆုတ်နေလေသည်။အောက်မှလည်း တစ်စုံတစ်ယောက်မှာ တစ်လှမ်းချင်းတက်လာသံကို ဂိုလီတို့ကြားနေရလေသည်။

“သားရေ။သတိထားပါဦး။မူးယစ်ဆေးတွေကြောင့် စိတ်လွတ်သွားတာလား။”
သူကိုယ်တိုင် ကိုယ်ဝန်လွယ်ကာမွေးခဲ့ရသည့် ဤသားမှာ ယခုသူ့အားသတ်ပြီး စေတန်ကိုဃဇ်ပူဇော်ရန် လက်ထဲမှ ဓါးကြီးကိုင်ကာ သူမထံလျှောက်လှမ်းလာနေလေသည်။အမေဖြစ်သူမှာလည်း ဝမ်းနည်းကြေကွဲခြင်းများ၊ကြောက်လန့်ခြင်းများ၊တစ်ပြိုင်ထဲခံစားနေရလေသောကြောင့် မျက်ရည်များစီးကျလာလေသည်။

“သားလေးရယ်..အမေသားအပေါ်မှားခဲ့တာရှိရင် တောင်းပန်ပါတယ်နော်။”
ဤစကားတွင် ဂိုလီအနည်းငယ် ရင်ထဲနာကျင်သွားကာ အတိတ်က တစ်စုံတစ်ခုကို သတိရသွားလေသည်။သူအမြဲ ပြန်မမှတ်မိချင်သော အရာတစ်ခုဖြစ်၏။

သူအလွန်ငယ်သေးသော နတ်သူငယ်လေးဘဝတုန်းက သူ၏မိဘများကို စေတန်ဘုရင်နှင့်အတူ သူ၏နတ်စစ်သည်တော်များက လာရောက်သတ်ဖြတ်ခဲ့စဉ်အချိန်တုန်းက မိခင်ဖြစ်သူက ဂိုလီ့ကိုပြောခဲ့သောစကားမှာ

“တောင်းပန်ပါတယ်သားလေးရယ်။”
ဟူ၍ဖြစ်၏။သို့ဖြစ်ရာ ယခုထိုစကားမျိုးကြားရသဖြင့် စိတ်ထိခိုက်လာကာ ထိုသတ်တော့မည်ပြုနေသည့် လူသားကို တားလိုက်မည်ပြုလေသည်။

ဂိုလီလည်း လက်က ထိုလူကိုချိန်ရွယ်ကာ ပစ်တော့မည်ပြုကာမှ ကြက်သီးထဖွယ်ကောင်းသော ရယ်မောသံတစ်ခုကိုလည်းကြားလိုက်သည်။ထိုအခိုက်တွင် ထိုလူသားမှာလည်းရပ်သွားလေ၏။

“တပ်မှူး။သတ်တောင်သတ်တော့မလားပဲ။ဘာလို့မဝင်သေးတာလဲဗျ။”

‘နေဦးကွ။သူ့ကိုယ်စောင့်နတ်က စိတ်ကို သန့်စင်ပေးရင်း ကိုယ့်အမေကိုပြန်သတ်တာ မဖြစ်သင့်ကြောင်း သတိပေးနေတယ်။သူ ချက်ခြင်းသတ်နိုင်မှာမဟုတ်ဘူး။ပြီးတော့ အသံကြားလိုက်လား ဟိုမကောင်းဆိုးဝါးလာပြီထင်တယ်။”

“ဟီးဟီးဟီး။ဟုတ်တယ်ဟုတ်တယ်။သတ်ပစ်လိုက် သူတို့ရဲ့သွေးတွေနဲ့ငါ့ကို ပူဇော်ပသလိုက်စမ်းပါ။မင်းကစေတန်ရဲ့ ကျွန်ပဲ။ဟီးဟီးဟီး။မင်းအဆုံးမဲ့တဲ့ခွန်အားတွေရစေရမယ်။လုပ်လိုက်တော့။သတ်လိုက်။ဗိုက်တွေကို ထိုးစိုက်ပြီး ဖောက်ပစ်လိုက်။ပြီးမှ...။”
ထိုမကောင်းဆိုးဝါးမှာ သတ်တော့မည်ပြုနေသော လူသား၏နားအနားကပ်ကာ

“နှလုံးကိုဖောက်ထုတ်ပြီး ငါ့ကိုပူဇော်လိုက်စမ်းပါ။”

“သူပြောတာနားမထောင်လိုက်နဲ့။မင်းမှတ်မိလား။သူက မင်းကိုမွေးခဲ့တဲ့ တစ်လောကလုံးမှာ မင်းကိုအချစ်ဆုံး မိခင်လေကွာ။”
ကိုယ်စောင့်နတ်၏ စိတ်ကိုသန့်စင်ပေးရင်း သတိပေးစကားမှာ အနည်းငယ်အရာရောက်လာပုံရလေသည်။ဤတွင် ဂိုလီက

“အခုတားလိုက်တော့။မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။”
အမိန့်ပေးလိုက်သည့်အခိုက်တွင်ပင် ဂျီတမှာ လေလှိုင်းများကို ပင့်တင်လိုက်ရာ ထိုဓါးကိုကိုင်မြှောက်ထားသော သားဖြစ်သူ လူသားမှာ ဘေးဘက်သို့လဲကျကာ သတိမေ့သွားလေတော့သည်။ထိုအခိုက်တွင် မကောင်းဆိုးဝါးက အငိုက်မိသွားသဖြင့် လေဖြင့်လွင့်သွားရာ အိမ်ထဲမှဖောက်ကာ အပြင်သို့ လွင့်သွား၏။လူနေအရပ်ဖြင့် တော်တော်ဝေးသောနေရာသို့ရောက်သည်အထိ ထိုမကောင်းဆိုးဝါးမှာ လွှင့်စင်သွားလေရာ ထိုအခါ ဖိုဘေက မြေပေါ်သို့ သူကျလာသည်နှင့် ထိုမကောင်းဆိုးဝါးကို ကျောက်သားများဖြင့်အုပ်ကာ ချုပ်ထားလိုက်လေတော့သည်။


သို့သော် ထိုမကောင်းဆိုးဝါးမှာ သူ့အားချုပ်ထား၍မရနိုင်ဟု ပြသကဲ့သို့ ထိုချုပ်ထားလိုက်သည့်ကျောက်သားများမှ အရိပ်သဖွယ်ပြန်ထလာလေသည်။အချိန်ကား ညနက်သန်းခေါင်ထဲရောက်နေသည်။

“ဪ။နတ်စစ်သည်တော်တွေပါလား။တွေ့ချင်နေတာ။”

“ကမ္ဘာကိုခိုးဝင်လာတဲ့မကောင်းဆိုးဝါးတစ်ကောင်အနေနဲ့ မင်းကို အကျဉ်းချပြီး မင်းလာရာ ငရဲပြည်ကို ငါတို့ပြန်အပ်ရမယ့် ထုံးစံရှိတယ်။သို့ပေမယ့် မင်းပြစ်မှုကျုးလွန်ခဲ့တဲ့ မင်းကို ငါတို့ဥပဒေနဲ့ အရေးယူလို့ရသွားပြီ။”
ဂိုလီက ထိုမကောင်းဆိုးဝါးကိုစေ့စေ့ကြည့်ရင်း အငိုက်ဖမ်းရန် အသင့်ပြင်ထားလေသည်။

“မင်းပတ်ပတ်လည်ကိုကြည့်ပါဦး ဒီမှာရှိတဲ့များစွာတဲ့လူတွေက သူတို့ဘဝရဲ့ နာကျင်မှုတွေ၊ခက်ခဲမှုတွေကိုဖြတ်သန်းဖို့ ခွန်အားကို လိုလားတောင့်တနေကြတယ်။မင်းတို့နတ်တွေ သူတို့ဆုတောင်းသံတွေ အကူအညီကို ငိုကြွေးရင်းတောင်းနေကြတာကို မကြားကြတာလား။မကြားချင်ယောင်ဆောင်နေကြတာလားကွ။”
ထိုမကောင်းဆိုးဝါးက မကျေမနပ်ပုံစံဖြင့် ပြောနေလေရာ ဂိုလီက

“အဲ့တာ ခွန်အားမှ မဟုတ်တာ။မင်းက သူ့ကိုငရဲကို ဆွဲချနေတာပဲလေ။”

“ဪ...။ခင်ဗျားတို့ကျ သူတို့ကို နတ်ပြည်ကိုဆွဲတင်ပေးနေကြလို့လား။ပြောပါဦး အင်မတန် ကြီးမြတ်တဲ့နတ်ကြီးတွေရဲံ။ခင်ဗျားတို့က ကိုယ်အစွမ်းရှိဖို့တစ်ခုပဲ ကြည့်နေကြတာမဟုတ်လား။”
ဤတွင် ထိုအရိပ်၏အရပ်မှာ ဖြေးဖြေးချင်းမြင့်တက်လာလေသည်။

“ကျုပ်ကျိန်ရဲတယ်။ခင်ဗျားတို့နတ်တွေကို လူတွေ အချိန်ကြာလာတာနဲ့အမျှ ကိုးကွယ်ကြတော့မှာမဟုတ်ဘူး။သူတို့အတွက် ကိုးကွယ်ရာ၊အားကိုးရာအသစ်ကို သူတို့ရှာကြလိမ့်မယ်။အဲ့အခါကျရင်

“ကျုပ်တို့ စေတန်နတ်ဆိုးဘုရင်ကြီးက ဒီလူသားတွေနဲ့ အခြားသော စကြာဝဠာထဲက သက်ရှိတွေရဲ့ ကိုးကွယ်ဆည်းကပ်ရာ အဖဘုရားသခင်ဖြစ်လာလိမ့်မယ်။”
ဤတွင် ဂိုလီတို့အားလုံး မယုံနိုင်ဖြစ်သွားကြလေသည်။

“ဒါကြောင့် စေတန်ဘုရင်က ကမ္ဘာကိုလာတာပေါ့လေ။”
ဂိုလီက စိတ်တိုလာရင်း မေးလိုက်လေသည်။ထိုမကောင်းဆိုးဝါးက ကြက်သီးထဖွယ် ရယ်သံမျိုးဖြင့် အော်ဟစ်ရယ်မောလိုက်၏။

“ဒါပေါ့။ခင်ဗျားတို့ဂြိုလ်က နောက်ဆုံးကျန်နေတဲ့ဂြိုလ်တွေပဲလေ။”

“ဘာ...ဘာဖြစ်တယ်။”

“ဟ...ဒီနတ်တွေ ဘာမှမသိပုံပဲ။အခြားဂြိုလ်တွေအကုန် စေတန်ဘုရင့်လက်အောက်ထဲရောက်သွားပြီ။ခင်ဗျားတို့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းက ဒီကိစ္စကို နှစ်ဦးနှစ်ဖက် အထိအခိုက်နည်းပြီး ညှိနှိုင်းဖို့ဖိတ်ခဲ့တာလေ။”
ဤတွင် ဂျီတက

“မဖြစ်နိုင်တာ ပြီးခဲ့တဲ့ရက်တွေကတင် ထီးနန်းဆက်ခံမယ့် အလောင်းအလျာအကြောင်းလွှင့်တုန်းလေ။”

“အင်းကြည့်ရတာ။မင်းတို့တွေ ကမ္ဘာဂြိုလ်စောင့်နတ်မင်း အရုးလုပ်တာခံလိုက်ရပြီထင်တယ်။”
ထိုအခိုက်တွင် ထိုမကောင်းဆိုးဝါး၏ဗိုက်လောက်ဖြစ်မည့်နေရာမှာ ရုတ်တရက် နီရဲသွားလေသည်။ထို့နောက် လက်တစ်ဖက်ထွက်လာကာ

“မင်းနှုတ်မလုံဘူး။မင်းကို အပြစ်ပေးရလိမ့်မယ်။”
ထိုအသံထွက်လာပြီးနောက် အစောက အသံကောင်းဟစ်နေသူ မကောင်းဆိုးဝါးမှာ ထိုလက်မှ ခေါင်းကိုဖမ်းကိုင် ခြေမွှပစ်ကာ သွေးများ အဘက်ဘက်သို့ ပန်းထွက်သွားသည်ကိုမြင်လိုက်ရလေတော့သည်။ဂိုလီလည်း ခေါင်းနပန်းကြီးသွားကာ

“စောက်ပြဿနာပဲ။ဒီလိုသာဆို အစကတည်းက လနတ်သမီးရဲ့ထွက်ပြေးသွားမှုက သူ့အဖေအရှင်နေမင်းထီးနန်းအလုခံလိုက်ပြီဖြစ်နေလို့ပဲ။”
ဂျီတက မျက်စိများပြူးကာ

“ဘယ်လိုလုပ်ကြမလဲ။ဟို...စီ...စီရီက အစကတည်းက သိတယ်ဆို ဘာလို့များမပြောခဲ့လဲ။ဒို့...ဒို့ဗိုလ်ကြီးကကော ဘာလို့ဘာမှမပြောခဲ့တာလဲ။အဲ့တာကြောင့် စေတန်ဘုရင်ကို သူရိုကျိုးပြနေခဲ့ရတာလား။ငါ...ငါတို့ကို ဒီတာဝန်ပေးတာ ဘာရည်ရွယ်ချက်လဲ။”
ဂိုလီက အနည်းငယ် စဉ်းစားရင်း

“ငါ့အထင်တော့ ငါတို့ကို စီရီက မယုံလောက်ဘူးဆိုတာသိလို့ မပြောခဲ့တာဖြစ်လိမ့်မယ်။အခုဘာလုပ်ရမလဲ။သူပြောသလိုဆို ငါတို့နတ်တွေကို အမြန်သတိပေးသင့်တယ်ထင်တယ်။ကြည့်ရတာ ဘယ်သူမှမသိကြသေးပုံပဲ။”

“တပ်မှူး။ဗိုလ်ကြီးက အာရုံခံအစီအမံနဲ့ ဆက်သွယ်နေပါတယ်။”

“ကောင်းပြီ။ငါ ပြန်ပြီး ဖြေကြားလိုက်မယ်။”
ဤသို့ဖြင့် ချိတ်ဆက်လာသော အာရုံခံအစီမံကို လက်ခံကာ

“ဟုတ်ကဲ့။ဗိုလ်ကြီ။”

“မင်းတိုတွေ ဒီတာဝန်ကို ဘာကြောင့်လွှတ်လိုက်တယ်ဆိုတာ နည်းနည်းသိပြီထင်တယ်။”

“ဟုတ်ကဲ့ဆရာ မကောင်းဆိုးဝါးဆီကနေ တော်တော်သိပြီးပါပြီ။ဒါတွေက တကယ်ပဲလား ဗိုလ်ကြီး။”

“အမှန်ပဲ။တပ်မှူးအီဂျီ။ငါအခုပြောတာကို သေချာမှတ်ထားပါ။”

“အမိန့်ရှိပါ။ဗိုလ်ကြီး။”

“အခုကိစ္စကို ငါတို့အထက်ပိုင်း နတ်စစ်သည်တော်တွေနဲ့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းရဲ့ နန်းတွင်းကတော့ သိပြီးပြီ။အခုအခြေအနေအရ ဒီကမ္ဘာက စေတန်ဘုရင့်လက်အောက်ရောက်မှာတော့ အသေအချာပဲ။သာမန် နတ်သား၊နတ်သမီးတွေကတော့ မသိကြသေးဘူး။မကြာခင်မှာ စေတန်ဘုရင်က သူထီးနန်းရယူလိုက်ကြောင်းကြေညာလာမှာပဲ။”

“ခွင့်လွှတ်ပါဆရာ။ဒါပေမယ့် ကမ္ဘာဂြိုလ်စောင့်နတ်မင်းက သိသိနဲ့ ဘာမှမလုပ်ခဲ့ဘူးလားဆရာ။”

“အီဂျီ။မင်းအမေးအတွက် ငါလည်းအဖြေမရှိဘူး။ငါသိတာတော့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းကြီးကအခု သူတို့လက်ထဲမှာရောက်နေပြီ။သူ့အာဏာလည်း ဆုံးရှုံးသွားပြီ။”

“စေတန်ဘုရင်က  ကမ္ဘာကိုသိမ်းပိုက်တော့မယ်ဆိုကတည်းက ငါတို့ရဲ့ စိတ်ပျက်စရာ နတ်စစ်သည်တော်အကြီးအကဲတွေက ချက်ခြင်း စေတန်ဘုရင်ကို သစွာခံကုန်ကြတယ်။ဒီတော့ ငါတို့မှာကျန်တာဆိုလို့ ဒီတပ်မတစ်ခုပဲရှိတော့တယ်။”

“ခင်ဗျာ။”
ဂိုလီကား သူကြားရသည်ကိုပင်သူမယုံချင်ပေ။”

“ငါတပ်မထဲက တပ်ခွဲတွေအားလုံးကို ကမ္ဘာဂြိုလ်ရဲ့ အနယ်နယ်အရပ်ရပ်ကိုခွဲပြီး ဖြန့်ကျက်ထားတယ်။မင်းတို့တွေ တခြားတပ်ခွဲတွေနဲ့ ပေါင်းပြီး ရောက်ရာအရပ်ကနေ သူတို့ကိုဆန့်ကျင်မှပဲရမယ်။မင်းမှတ်မိမှာပါ။မင်းတို့က တပ်ခွဲအမှတ်(၁) နောက်ထပ် တပ်ခွဲကြီး သုံးခုရှိသေးတယ်။သူတို့တွေ ကျန်တဲ့အရပ်သုံးမျက်နှာစီမှာ အသီးသီး ဆန့်ကျင် တော်လှန်ကြလိမ့်မယ်။”

ဂိုလီကာ’ ဤကြောက်စရာအခြေအနေထဲက မည်သို့မည်ပုံ ကျော်ဖြတ်သွားရမည်ကို မသိနိုင်လောက်အောင် အခြေအနေဆိုးနေလေတော့သည်။

“ဗိုလ်ကြီးကိုယ်တိုင်ကရော...။”

“ငါကလား။မပူပါနဲ့။ငါနတ်သက်မကြွေခင်မှာ လုပ်နိုင်တာအကုန်လုပ်သွားမယ်။မင်းတို့လည်း ကမ္ဘာကိုစောင့်ရှောက်ဖို့ သစွာခံထားတဲ့ နတ်စစ်သည်တော်တွေဖြစ်ကြတာမလို့ မင်းတို့တွေလည်း မင်းတိုလုပ်နိုင်တာကို အဆုံးထိလုပ်သွားဖို့ ငါနောက်ဆုံးအမိန့်ကိုချတယ်။”
ဂိုလီလည်း စိတ်မကောင်းဖြစ်လှစွာပင်

“အမိန့်ကို သေတပန်သက်တဆုံး လိုက်နာပါ့မယ် ဗိုလ်ကြီး။”
အချိတ်အဆက်ကို ဖြုတ်လိုက်ပြီးနောက် ဂိုလီလည်း ဂျီတတို့ဘက်လှည့်ကြည့်ရာ သူတို့လည်း စိုးရိမ်မှုတွေအပြည့်ဖြစ်နေသည်ကိုတွေ့ရလေသည်။

“အားလုံးကို အမိန့်ပေးဖို့ရှိတယ်။ဒါပေမယ့် ငါတစ်ခုပြောပြချင်တာရှိတယ်။”
ဂိုလီကား အတတ်နိုင်ဆုံး အသံကို အားအင်အပြည့်ဖြင့် ပြောလိုက်၏။

“ငါ ဝင်ခွင့်စစ်ဆေးရေးကို နတ်သက်တမ်းတော်တော်ကြီးမှဖြေရခြင်းအကြောင်းက ဘာဆိုတာ မင်းတို့ကိုမပြောပြဖူးဘူး။အခုငါပြောပြမယ်။”
ပြောလိုက်ရင်း ဂိုလီမှာ ဤနှစ်တွေအတွင်း ဖုံးထားလေသော သူ၏ဂိုလီပုံစံကို ဖွင့်ထုတ်လိုက်လေသည်။ထိုအခါ ဂျီတတို့ သုံးယောက်လုံး မယုံနိုင်လောက်သော အခြေအနေဖြစ်မိသွားလေတော့သည်။

“တပ်မှူးက...အီဂျီမဟုတ်ပဲနဲ့ဟို နယ်နှင်ဒဏ်ပေးခံရတဲ့...။”

“အမှန်ပဲ။အခုက အကြပ်အတည်းထဲရောက်လာပြီမလို့ ငါအကုန်ပြောပြတာပါ။ဂျီတ။မင်းရဲ့ မိတ်ဆွေရွှာစောင့်နတ်ကိစ္စကြောင့် ဂိုလီကို မကျေနပ်ဆိုတာကို ငါသိတဲ့နောက်မှာ ငါပုံစံကိုထုတ်ပြဖို့ ငါနည်းနည်းမှ မရဲခဲ့ဘူး။သို့ပေမယ့် မင်းတိုတွေ အခုလိုဖုံးကွယ်ခံထားရတာကို မကျေမနပ်ဖြစ်မယ်ဆိုတာသေချာတယ် ငါအပြစ်မတင်ဘူး။”
ဖိုဘေက

“တပ်မှူး။အခုက အဲ့တာပြောရမယ့်အချိန်လားဗျာ။ကမ္ဘာကြီး ဒုက္ခရောက်နေပြီလေဗျာ။”
ဂိုလီက ဖိုဘေကိုကြည့်ရင်း

“ငါဟာ ရွှာစောင့်နတ်ကို သတ်ခဲ့တာနဲ့ အဲ့ဒီနတ်ကိုးကွယ်တဲ့ရွှာကိုရေမြုပ်ခဲ့တဲ့ အပြစ်ဒဏ်ကို ပေးဆပ်နေတယ်။”

“ဘယ်လိုပေးဆပ်နေတာလဲ။”
ဂျီတက အနည်းငယ်နာကျည်းဟန်ပေါက်နေသော မျက်နှာဖြင့်စေ့စေ့ကြည့်ရင်း မေးလိုက်၏။

“စေတန်ဘုရင်ကို သတ်ဖို့တာဝန်ကိုလက်ခံခြင်းဖြင့်ပေါ့။ငါဒီအပြစ်ကို ကျေကျေနပ်နပ်လက်ခံခဲ့တယ်။ငါအရမ်းမုန်းတဲ့ နတ်စစ်သည်တော်အဖြစ် ဖြစ်လာရပေမယ့်ပေါ့။ဘာလို့ဆို စေတန်ဘုရင်က ငါ့မိဘတွေကို သူ့လူနတ်စစ်သည်တော်တွေနဲ့ သတ်ခိုင်းခဲ့တာကြောင့် ငါလက်စားချေခွင့်ရလိုက်တာနဲ့တူလို့ပဲ။”

“အဲ့တော့ ခင်ဗျားအခု တပ်မှူးဖြစ်လာတာ။ကမ္ဘာကို ကာကွယ်ဖို့ထက် စေတန်ဘုရင်ကို သတ်ချင်ရုံသက်သက်ပေါ့။”

‘အမှန်ပဲ။စေတန်ဘုရင်ကို သတ်နိုင်ပြီးရင်တော့ ငါနတ်စစ်သည်တော်ဘဝက နှုတ်ထွက်မှာ။ငါ့အပြစ်လည်းကျေပြီ ငါ့နာကျည်းမှုတွေလည်း ကျေပြီလေ။”

“ဟက်။အံ့ဩလိုက်တာ သန်းပေါင်းများစွာသော နတ်တွေက ခင်ဗျားကို သူရဲကောင်းလို့တောင် ထင်နေတာ အတော် အ တာပဲ။”

“ဒါကြောင့် မင်းတို့တွေ တခြားတပ်စုမှာပူးပေါင်းချင်တယ်။ငါ့လက်အောက်မှာ မနေချင်ဘူးဆို ငါအပြစ်မပြောဘူး။လုံးဝလက်ခံတယ်။မင်းတို့က ငါ့ရဲ့လက်အောက်ကပေမယ့် ငါ့မိတ်ဆွေပါပဲ။ဒါကြောင့် ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်အတွက် မင်းတို့ကို အမိန့်မပေးနိုင်ဘူး။”
ဂျုဒီက စိတ်မရှည်စွာဖြင့် ထိုတောက်တခေါက်ခေါက်လုပ်နေသော ဂျီတကို နရင်းပြေးအုပ်လိုက်လေသည်။

“နင်ဘာတွေစဉ်းစားနေတာလဲဂျီတ။အခုချိန်မှာ တပ်မှူးက အီဂျီဖြစ်ဖြစ် ဂိုလီဖြစ်ဖြစ် ဘာစောက်ရေးလဲ။သူက ဓါတ်ကြီးလေးပါးအရှင်သခင်တွေကိုအနိုင်ယူနိုင်တဲ့ နတ်နော်။တခြား အနိုင်ယူနိုင်တဲ့သူတွေမှာ တစ်ယောက်က ငါတို့ရန်သူဖြစ်နေပြီ။တစ်ယောက်ကလည်း ရန်သူ့လက်ထဲမှာ ဘာလို့မခုခံလည်းတော့မသိပေမယ့် အရှုံးပေးသွားပြီဟ။”
ဂျီတက နရင်းအုပ်ခံလိုက်ရခြင်းကြောင့် ပစ်လဲသွားလေရာ ကုပ်ကတ်ပြန်ထလာရင်း

“နင်တကယ်ကြီးပြောနေတာလား။ဒီ ဂီုလီဆိုတဲ့ကောင်ပြောသွားတာ နင်မကြားဘူးလား။”

“သူဘာပြောပြော ဘာစောက်ရေးလဲ။တပ်မှူး ကျွန်မတို့ကတော့ အတူတူဆက်တိုက်သွားမှာပဲ။ဖိုဘေ...နင်လည်းအတူတူပဲမလား။”
ဖိုဘေက ခေါင်းငြိမ့်လိုက်၏။ထို့နောက်

“တစ်ကိုယ်ကောင်းဆန်တဲ့ သူဖြစ်နေပါစေဦး။တစ်လှေထဲစီးခွင့်ရရင်တော့ လက်လွှတ်ခံရလောက်အောင် ငါမ အ ဘူးဂျီတ။”
ဂျီတ လှောင်ရယ်သံဖြင့် ရယ်မောနေ၏။ဂျုဒီက စိတ်တိုလာကာ အော်ဟစ်လေတော့သည်။

“နင်က ဂိုလီ့ကို မကျေနပ်တာနဲ့ သူ့လက်အောက်မှာမလုပ်ဖူးဆိုတော့ နင်က ကမ္ဘာအရေးထက် နင့်ခံစားချက်ဦးစားပေးနေတာပဲလေ။တကယ်တစ်ကိုယ်ကောင်းဆန်နေတာ ဘယ်သူလဲပြောလေ။”

“အား...။ကောင်းပြီကောင်းပြီ။စေတန်ဘုရင်ကို သတ်ပြီးတဲ့အထိပဲ ခင်ဗျားလုပ်မယ်မဟုတ်လား။ရတယ်။ကျုပ်လည်း အဲ့အထိပဲ ပြီးရင် ဒီတပ်ခွဲကနေ ပြောင်းမယ်။”

ဂိုလီက သက်ပြင်းချလိုက်ကာ
“ဒါဆိုကောင်းပြီ။ငါတို့တွေအခု စေတန်ဘုရင်ကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးကို စကြရလိမ့်မယ်။မင်းတို့တွေ အသက်ပေးရကောင်းပေးရနိုင်တယ်။တကယ်ပဲ အဆင်သင့်ဖြစ်ပြီလား။

“အမိန့်ကို သေတပန်သက်တဆုံး လိုက်နာသွားပါမယ် တပ်မှူး။”
ပြောလိုက်ရင်း ဂျုဒီနှင့်ဖိုဘေက နတ်စစ်သည်တော်တို့၏ ပုံစံအတိုင်း အလေးပြု၏။ဂျီတက ရပ်ကြည့်နေသေးပေရာ ဂျုဒီက မျက်စောင်းထိုး၏။ဂျီတလည်း ခေါင်းခါရင်း သက်ပြင်းတစ်ချက်ချကာ

“အမိန့်ကို သေတပန်သက်တဆုံး လိုက်နာပါ့မယ် တပ်မှူး။”

အခန်း(၇)


“နောက်ဘဝကျရင် မင်းဒီထက်ကောင်းတဲ့ ဘဝတစ်ခုရပါစေကွာ။”
သူတို့ရောက်နေသော အရပ်မှ သေဆုံးသွားသော လူသားဝိဉာဉ်များကို ကျွတ်လွတ်ခွင့်ပေးရန် ဆုတောင်းပေးခြင်းပြုကြ၏။အစောက မကောင်းဆိုးဝါးသေဆုံးပြီးနောက်တွင် ထိုဃဇ်ပူဇော်မှုများ အနည်းငယ်ရပ်တန့်သွားကာ အတော်အတန်ငြိမ်းချမ်းမှုရသွားလေသည်။ထိုတစ်ဝိုက်၌ နေထိုင်ကြသော နတ်အပေါင်းတို့လည်း ဂိုလီတို့အုပ်စုကို ကျေးဇူးတင်စကားပြောကြ၏။

“တပ်မှူး။ဘယ်လိုလုပ်ကြမလဲ။သူတို့ကြည့်ရတာ ထီးနန်းအလုခံထားရတာကိုလည်း သိပုံမပေါ်ကြဘူး။”
ဂျုဒီက ဂိုလီ့ကို ပြော၏။ဂိုလီလည်း ထိုနတ်အုပ်စုကိုကြည့်ရင်း ဘာပြောရမည်မသိချေ။

“အင်း။ထီးနန်းလုပြီဆိုတာနဲ့ ထုံးစံက တိုင်းပြည်အနှံ့ကို နတ်စစ်သည်တော်တွေစေလွှတ်ပြီးတော့ ထီးနန်းကိုလွှဲယူလိုက်ပြီဖြစ်ကြောင်းကြေညာတယ်။မကျေနပ်ကြောင်း ပြောရင် ပြောသူကို အပြီးလက်စဖျောက်ပစ်တယ်။ဒီနည်းနဲ့ အကြောက်တရားဖိစီးလာအောင်လုပ်ပြီး အာဏာကို သက်ရောက်နေစေလိုက်တာပေါ့။”

“ငါတို့လုပ်ရမှာက သူတို့ကို တော်လှန်ရဲအောင် လှုံဆော်ဖို့ပဲ ဒီလိုလှုံ့ဆော်ဖို့ဆို သူတို့ကို ငါတို့က အနိုင်တိုက်နိုင်ကြောင်း သက်သေပြပြီး သူတို့ရဲ့သတ္တိကို နှိုးဆွပေးဖို့ပဲ။”

“ငါတို့လုပ်ငန်းစဉ်အရတော့ ဒီကိုရောက်လာမယ့် နတ်စစ်သည်တော်တွေကို တိုက်ခိုက်ပြီးရင် ဒီအတ္တလန်တာဒေသကို အခြေတည်ပြီး တော်လှန်ရေးအစပျိုးပေးဖို့ပဲ ငါတို့လိုပဲ တခြားအရပ်မျက်နှာ သုံးခုလုံးက တပ်ခွဲတွေလည်း စီစဉ်နေမှာသေချာတယ်။”

“အဲ့မတိုင်ခင်တော့ ဒီနတ်တွေအားလုံးကို ဘာမှပြောမနေနဲ့ ပြောလို့လည်း သူတို့မယုံနိုင်ဘူး။အဲ့တော့ ငါတို့က အသင့်ပြင်ဖို့ပဲလိုတယ်။အားလုံး နားလည်ကြလား။”

“ကောင်းပါပြီ တပ်မှူး။”

ထိုအတ္တလန်တာနယ်မြေကြီး၏ အရပ်လေးမျက်နှာဘက်တွင် သူတို့လေးယောက်လုံး စောင့်ကြပ်နေကြ၏။မကြာပါ ထိုနေ့ နံနက် အရုဏ်တက်လာချိန်ကတည်းက နတ်စစ်သည်တော်တပ်များ ချီတက်လာခြင်းကို တွေ့နေရလေပြီ။နတ်အများလည်း စူးစမ်းသောသဘောဖြင့် ကြည့်နေကြ၏။

အရပ်လေးမျက်နှာလုံးမှာ ချီတက်လာသော တပ်အင်အားစုများမှာ ခရာကြီးကိုမှုတ်ရင်း အမိန့်စာကိုဖတ်လေသည်။

“ယနေ့ နေသက္ကရာဇ် ၇၈၂ခုနစ်တွင် ဤကမ္ဘာဂြိုလ်၏အရှင်သခင်သည် စေတန်ဘုရင်မည်သော နေမင်းအရှင်က အခြားဂြိုလ်များ၏ ထီးနန်းကို လွှဲပြောင်းယူခဲ့သည့်နည်းတူ ယခုကမ္ဘာဂြိုလ်ပေါ်မှ အရေးပေါ်ပြဿနာများကို အလျင်မြန်ဆုံးဖြေရှင်းပေးရန် ထီးနန်းကို လွှဲပြောင်းယူကာ အရေးပေါ်အခြေအနေကို ကြေညာပါသည်။ကမ္ဘာဂြိုလ်နေ နတ်သား၊နတ်သမီးများအားလုံး အမိန့်တော်နာခံစေ။”

အားလုံးက အံ့ဩခြင်းဖြစ်လျက် တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းပြောဆိုကုန်ကြသည်။

“စေတန်ဘုရင်က စနေဂြိုလ်မင်းမဟုတ်လား။သူက ဘယ်တုန်းက နေမင်းအရှင်ဖြစ်သွားတာလဲ။”

“နေမင်းအရှင်ဆိုရင်တောင် သူ့မှာ ကမ္ဘာကိုသိမ်းပိုင်ခွင့်မရှိဘူး။ဒါနတ်တွေအားလုံးသိတယ် ကမ္ဘာဂြိုလ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တည်ဆောက်ထားတဲ့ကမ္ဘာ၊”
စသဖြင့် အမျိုးမျိုးသော အော်ဟစ်သံများထွက်လာလေသောအခါဝယ် ထိုနတ်စစ်သည်တော်အုပ်စု ရှေ့ဆုံးမှ ခေါင်းဆောင်ဖြစ်ပုံရသူက မိုးကြိုးသွားကိုဆွဲထုတ်ကာ
“ကျွန်တော်တို့က အမိန့်အတိုင်းလုပ်ရတဲ့သူတွေပါ အမိန့်ကိုမနာခံသူရှိလျှင် ချက်ခြင်းသတ်စေ အမိန့်ပါပါတယ်။နောက်ဆုံးအကြိမ်သတိပေးတာပါ။”

“မင်းတစ်ယောက်ထဲ အစွမ်းရှိတာမဟုတ်ဘူးကွ။ငါတို့နတ်တွေအကုန် ကိုယ်စီအစွမ်းရှိတယ်။ငါတို့ဒါကိုလက်မခံနိုင်ဘူးကွ။”
ဤတွင် ထို ရဲရဲထပြောလေသော နတ်သားကို မိုးကြိုးသွားဖြင့် လှမ်းပစ်လေတော့သည်။ဤတွင် မိုးကြိုးသွားမှာ နတ်သားကို မမှန်ခင် လမ်းတွင် လွင့်လာသော ကျောက်တုံးဖြင့် ထိကာ “အုန်”ခနဲမြည်သွားပြီး နတ်များမှာ လန့်ဖျတ်သွားကြ၏။ဤတွင် ဖိုဘေက  နတ်အုပ်ကြားထဲမှ ပေါ်လာကာ

“အာဏာကို တန်ခိုးပါဝါနဲ့ ရယူလို့ရတယ်ဆိုတဲ့ သဘောကိုပြောတာပေါ့။မင်းတို့ဘုရင်က ဟုတ်လား။”

မင်းတို့ဘုရင် ဟူသော အသုံးမှာ စနေဂြိုလ်အမှတ်အသားနှင့် လာသော နတ်စစ်သည်တော်များဖြစ်သောကြောင့် ဖြစ်ပေသည်။

“မင်းတို့သတ္တိသိပ်ရှိရင် တကယ်အစွမ်းရှိတဲ့ သူနဲ့တိုက်ကြည့်ပါလား။”

“မင်းက...ဘယ်သူလဲ။”

“ကျုပ်ကလား...ကမ္ဘာစောင့်နတ်စစ်သည်တော် တပ်မကြီးရဲ့ တပ်ခွဲအမှတ်(၁)ကျောက်တောင်စောင့်နတ်သား ဖိုဘေပဲ။”

“ကမ္ဘာစောင့်နတ်စစ်သည်တော်တပ်မကြီးက နတ်စစ်သည်တော်သည် ကိုယ့်ထက် ရာထူးကြီးသူကို ဤလိုပြုမူရဲတယ်လား။မင်းဘယ်က အာဏာနဲ့ ဒီလိုအာခံရဲတာလဲ။”

“ကျုပ်တို့ တပ်မရဲ့ ဗိုလ်ကြီးအမိန့်နဲ့ ကျုပ်ခင်ဗျားတို့ကို စိန်ခေါ်တယ်။ကျုပ်နဲ့ ယှဉ်ပြိုင်ချရဲလား။”

“မင်းတို့ တပ်မတစ်ခုလုံးကကို ဆန့်ကျင်နေတာလား။စိတ်မကောင်းစရာပဲ တခြားနယ်ပယ်တွေကို လွှတ်ထားတဲ့ တခြားတပ်ခွဲတွေတောင် လက်နက်ချပြီး သစွာခံကုန်ပြီ။မင်းတို့တပ်ခွဲက အခုသေချင်နေတာလား။”

“ဟက်ဟက်။ကျုပ်တို့တပ်မှူးက ခင်ဗျားတိုဒီလို ပရိဃာယ်စကားဆင်မှာကို သိနေကြောင်းပြောခဲ့တာ မှန်သားပဲ။”
ဤတွင် အရပ်လေးဖက်လေးတန်လုံးမှ နတ်များစုဝေးလာကာ နတ်စစ်သည်တော်များက ဦးဆောင်၍ စိန်ခေါ်ကွင်းတစ်ကွင်းကို အလယ်တွင် ဖန်တီး၏။ထို့နောက် နတ်စစ်သည်တော်ထဲမှ လူကောင်အတော်ကြီးသော နတ်သားကြီးတစ်ပါးက စည်းထဲဝင်လာလေသည်။ဤတွင် ဖိုဘေက စည်းထဲဝင်မည်ပြုစဉ်တွင် ဂျီတက ဖိုဘေ၏ရင်ဘတ်ကို လက်ဖြင့်ကာကာ ဖမ်းတားလိုက်လေသည်။

“ဟေ့ကောင်ရ။မင်းက ပင့်ကူဂူတုန်းက အစွမ်းပြထားပြီးပြီ။အခုက ငါ့အလှည့်ပဲ။ကျုပ်ဝင်မယ်။”
ဤသို့ဖြင့် ဂျီတက စိန်ခေါ်ကွင်းထဲသို့ဝင်လာရာ အစောကတည်းက မကျေနပ်မှုများကြောင့် တက်ကြွလျက်ရှိလေသော နတ်များမှာ သူတို့ဘက်မှ ရပ်တည်သူများရှိသည်ကိုတွေ့ရ၍ ပိုမိုအားတက်လာကာ ဂျီတကို ဝိုင်းဝန်းအားပေးကုန်ကြ၏။

“စိန်ခေါ်ပွဲရဲ့ အလောင်းအစားကတော့ ဒီနယ်မြေကို စေတန်ဘုရင်လက်အောက်မှာထားခြင်း၊ဒီနတ်စစ်သည်တော်တွေ လက်အောက်မှာထားခြင်းအတွက် အဆုံးအဖြတ်ပွဲပဲ။မင်းတို့တွေ အရှင်စေတန်မင်းကြီးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်မယ်လို့ ငါယုံကြည်တယ်။”
ဂျီတက ခပ်ပြုံးပြုံးဖြင့် ကြိတ်ရယ်နေလေရာ နောက်ဆုံးတွင် မနေနိုင်တော့ပဲ အသံထွက်ရယ်မိသွားလေ၏။

‘ငါ့နှယ်ကွာ။အရှင်စေတန်ဆိုပဲ။မိစ္ဆာတွေအုပ်ချုပ်တာကို နတ်တွေက ရိုကျိုးနေရတာကြီးက ငါတို့ကိုကိုးကွယ်တဲ့ လူတွေသာ သိသွားရင် သိပ်ကို စိတ်ညစ်သွားမှာသေချာတယ်။”
ဤတွင် နတ်စစ်သည်တော်အုပ်များဘက်က မကျေနပ်ဟန်များ ပေါ်လာ၏။ထို့နောက် တစ်ခဏအတွင်းပင် စိန်ခေါ်ပွဲကို စတင်လေ၏။

တစ်ဖက်မှ နတ်စစ်သည်တော်မှာ လှံအရှည်ကြီးကို သူ၏နောက်တွင်လွယ်ထားရာ ထိုလှံကို လက်ဖြင့်ကိုင်လိုက်ပြီး

“ငါတို့တွေ လက်နက်ချင်းတိုက်မလား။အစီအမံမလိုဘူး။”
ဂျီတက မျက်စိကိုမှိတ်လိုက်ကာ

“ကောင်းပြီ။လက်နက်ချင်းပေါ့။”
ဟုပြောလိုက်ရင်း ဘာလက်နက်မှမထုတ်လိုက်ချေ။လက်သီးလက်မောင်းတန်းလိုက်ရင်းသာ

“ငါ့လက်သီးက ငါရဲ့လက်နက်ပဲ။မင်းချနိုင်ရင် ချကြည့်လိုက်။”
တစ်ဖက်ကနတ်က ဂျီတကို အထင်သေးဟန်ဖြင့်

“စောစော နတ်သက်ကြွေချင်နေတယ်ထင်တယ်။ကောင်းပြီလေ။သေမင်းဆီ အရောက်ပို့ပေးမယ်။”
ပြောလိုက်ရင်း “ဖျတ်”ကနဲပြေးလာကာ လှံသွားဖြင့် ထိုးမည်ပြု၏။ဂျီတကမူ စိုးရိမ်ဟန်ပင်မရပဲဘေးသို့ တစ်လှမ်းတိုးလိုက်ရင်း လက်ကိုလည်းနောက်ပစ်ထားပေသေးသည်။

“မင်းက မြန်သားပဲ။”
တစ်ဖက်က လှံဖြင့် တစ်စောင့်ခုတ်ပြန်လေသောအခါ နောက်သို့တစ်လှမ်းထပ်ဆုတ်လိုက်ရင်း

“ဒါပေမယ့် လေအလျင်လောက်တောင် မရှိဘူးကွ။”
ပြောရင်း လက်သီးဖြင့် နံရိုးနေရာကို ရှေ့တလှမ်းထပ်တိုးကာ ထိုးလိုက်လေသည်။ထိုလက်သီးရဲ့ ပြင်းထန်မှုမှာ လေအရှိန်ဖြင့် ပင့်လိုက်သည့်အလား ပြင်းထန်လှသဖြင့် အစီအမံသုံးသည်ဟုပင် သံသယဝင်ကုန်ကြလေသည်။

“ငါက လေနတ်သား။အထက်ကောင်းကင် နန်းတွင်းအနီးမှာမွေးတယ်။မင်းစိုးရာဇာတွေကြားမှာနေခဲ့ပေမယ့် လက်သီးထိုးတော့ အတော်ပြင်းတယ်ကွ။”

“ငါ့အဖေက ကမ္ဘာဂြိုလ်စောင့်နတ်မင်းရဲ့ မင်းတိုင်ပင်အမတ်ကြီး။အင်မတန် ဉာဏ်ကောင်းတယ်။”
ပြောလိုက်ရင်း ထိုလွှင့်ထွက်သွားသော နတ်၏အနားကိုပြေးသွားကာ တစ်ချက်ဖိထိုးလိုက်၏။အထိုးခံရသော နတ်မှာ မြေကြီးထဲံပင် ကျွံဝင်သွာလေမလား မှတ်ရသည်အထိ မြေကြီးများပင်အက်ကာ ဝမ်းဗိုက်ပိုင်းမှာ အနည်းငယ်ကျွံဝင်သွားလေသည်။

“သူငါ့ကိုသင်ပေးခဲ့တာပေါ့။လက်သီးကို ဘယ်လိုအားအပြည့်နဲ့ထိုးကြိတ်ရမလဲဆိုတာကို အစီအမံမလိုပဲနဲ့ပေါ့။”
ထိုအခိုက်တွင် ပြိုင်ဘက်မှာ လက်မှစွဲမြဲစွာကိုင်ထားသော လှံဖြင့် ဂျီတ၏ခြေထောက်ကို လှဲလျက်အနေအထားမှာပင် လှမ်းခုတ်၏။ဂျီတကမူ ခုန်လိုက်ကာ လက်သီးဖြင့် ထိုနတ်၏ကျွံဝင်နေသော ဝမ်းဗိုက်ကို ဒိုင်ပင်အနေအထားဖြင့် ထပ်မံထိုးချလိုက်ပြန်လေသည်။ဤတစ်ခါတွင် ခံနိုင်စွမ်းမရှိတော့ပဲ ပါးစပ်မှသွေးများအန်ထုတ်မိလေတော့သည်။

“မင်းတို့စနေဂြိုလ်က သာမန်နတ်တွေ အသက်ရှင်ဖို့တောင်ခက်ခဲတယ်ပြောတယ်။အဲ့မှာတောင် မင်းအသက်ရှင်သားနော်။ဒါပေမယ့် စိတ်မကောင်းစရာက ဒီမှာလည်း အသက်ရှင်ဖို့ခက်တယ်ကွ။”
ထို့နောက် လက်သီးကိုဆုပ်လျက်သားဖြင့် ထိုပြိုင်ဘက်ကိုပြရင်း

“ဒီမှာက သားကောင်နဲ့မုဆိုးပဲရှိတယ်။မင်းသားကောင်ဖြစ်ရင် မင်းသေမှာပဲ။”
ထိုအခိုက်တွင် နတ်သား၊နတ်သမီးများအားလုံးမှာ အီဂျီ၏အနိုင်ရရှိမှုကို တခဲနက် အားပေးကုန်ကြ၏။လက်သီးသုံးချက်ထဲသာ လိုလိုက်သည့် ထိုပွဲမှာ စေတန်ဘုရင့်လက်အောက်ခံနတ်စစ်သည်တော်များအတွက် အလွန်အရှက်ရဖွယ်ကောင်းနေလေတော့သည်။

“တစ်ယောက်မှမလှုပ်နဲ့။”
ဤသည်မှာ သူတို့နတ်စစ်သည်တော်တွေထဲမှ ခေါင်းဆောင်ဖြစ်ပုံရသောသူ၏ အော်ဟစ်လိုက်သံပင်။အားလုံးလှည့်ကြည့်သောအခါ နတ်စစ်သည်တော်များမှာ လေးတင်ထားကာ မြှားများဖြင့် အလယ်တွင်စုနေသော နတ်သမီ၊နတ်သားအုပ်စုကြီးကို ချိန်ထားလေသည်။

“မင်းတို့အားလုံးစေတန်ဘုရင်ဆီမှာ သစွာခံရမယ် မခံရင် မခံတဲ့သူတွေ အကုန်လုံးကိုသတ်ပစ်မယ်။”

“ဟ...ဒို့ကမ္ဘာက လူသားတွေလိုပဲ နိမ့်ကျတဲ့အကျင့်တွေပါလားကွ။”
ဂျီတက လှမ်းပြောလိုက်၏။ထိုစိတ်တိုနေပုံရသော နတ်စစ်သည်တော်ခေါင်းဆောင်ကြီးမှာ

“ဒီမြှားတွေထဲမှာ ကျိန်စာခတ်ထားတယ်။ထိတာနဲ့ အကုန်လုံး ဝေဒနာခံစားရရင်း သေလိမ့်မယ်။အသက်မသေချင်ရင် အမိန့်နာခံကြစမ်း။”

“အင်းဘာပဲပြောပြော တပ်မှူးဂိုလီပြောတာမှန်သားပဲကွ။”
ထိုအခါ ခေါင်းဆောင်ဖြစ်သူ လန့်သွား၏။

‘ဟေ့ကောင်။မဖြစ်နိုင်တာမပြောနဲ့ ဘယ်ကဂိုလီလဲ။သူက..သူက...နယ်နှင်ဒဏ်ခံထားရတယ်မဟုတ်လား။”

“ဪ။ဂိုလီကိုတော့ ကြောက်ကြပုံပဲ။”
ထိုအခိုက်တွင် အနီးအနားမှ မြစ်ရေများမှာ အပေါ်ကိုလျှံတက်လာ၏။နတ်စစ်သည်တော်များနှင့်တကွ အခြားသော နတ်သားများပင် လန့်ကုန်ကြ၏။ထို့နောက် ရေများမှာ လှိုင်းလုံးသဖွယ် ရိုက်ခတ်တော့မည်ထင်ရသည်။သို့သော် ထိုလှိုင်းလုံးများမှာ ရပ်တန့်နေ၏။လှိုင်းလုံးပေါ်၌ရပ်နေသူမှာ ဂိုလီဖြစ်သည်ကိုတွေ့ရသောအခါ နတ်သား၊နတ်သမီးအုပ်ကြီး၏ အံ့ဩခြင်းများ နတ်စစ်သည်တော်များ၏ကြောက်ရွံခြင်းများ ပြည့်နှက်သွားလေတော့သည်။

ထို့နောက်တွင်မူ သတိပေးခြင်းအလျှင်းမရှိပဲ နတ်စစ်သည်တော်များထံ လှိုင်းလုံးမှာ ရိုက်ခတ်ကာဝါးမျိုပစ်လိုက်သကဲ့သို့ရှိလေတော့သည်။အလယ်၌ရှိသော နတ်များမှာမူ ရေပင်မစိုလိုက်ချေ။ဂိုလီ၏ အစီအမံကို အားလုံး အံ့ဩကြရ၏။နတ်စစ်သည်တော်များအားလုံးရှင်းသွားသည့်အခါဝယ် နတ်သား၊နတ်သမီးအုပ်ကြီးမှာ ဂိုလီ့ထံ

“ခင်ဗျားက တကယ်ပဲ ဂိုလီလား။ဒါဆို တပ်မှူးအီဂျီဆိုတာ ခင်ဗျားပဲပေါ့။”

“ခင်ဗျား ဒီကိစ္စတွေကို သိနေခဲ့တာလား။”
ဂိုလီကား ထိုနတ်များဘက်သို့ ကြည့်ရင်း

“ကျွန်တော်ပြောမှာလေးကို ခဏလောက် သည်းခံနားထောင်ပေးကြပါ။အခုဆို အားလုံးလည်း စေတန်ဘုရင်ရဲ့ လုပ်ရပ်တွေကို ကိုယ်တွေ့သိလိုက်ရတော့ မယုံနိုင်ဖြစ်ခဲ့ကြရမှာပါ။ကျွန်တော်တို့ ကမ္ဘာစောင့် တပ်မဟာလည်းပဲ ဒီကိစ္စကို သိပ်မကြာခင်ကမှ သိခဲ့ရပါတယ်။ဒါပေမယ့် ကံဆိုးစွာပဲ ကျွန်တော်တို့သိလိုက်တဲ့အချိန်မှာ ကမ္ဘာဂြိုလ်စောင့်နတ်မင်းကြီးနဲ့ နန်းတွင်းက သူတွေဟာ သူ့လက်ထဲရောက်ကုန်ခဲ့ပါပြီ။ပိုပြီး ဆိုးရွားအံ့ဩရတာကတော့ အခြားဂြိုလ်က နတ်မင်းတွေတောင် သူ့ကိုသစွာခံခဲ့ပြီးပြီဆိုတာပါပဲ။ကျွန်တော်တို့ဟာ ကမ္ဘာဂြိုလ်စောင့်နတ်မင်းရဲ့ အညာထဲမိရင်း အခြေအနေအမှန်ကို မသိခဲ့ကြရပါဘူး။အားလုံး ကြားမိနေတဲ့ လနတ်သမီးရဲ့ပျောက်ဆုံးမှုဟာ ဒီစေတန်ဘုရင် နေမင်းအရှင်သခင် နေရာကိုရယူပြီးတဲ့အချိန်မှာ ဖြစ်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ပြောရရင် ကျွန်တော်တို့အခြေအနေက တော်တော်နောက်ကျလွန်းပါတယ်။

“မင်းတို့စစ်တပ်တွေက ပေါင်းလိမ်နေတာဆိုရင်ရော။”

“ဟုတ်တယ်။မင်းက ရွာစောင့်နတ်နဲ့ သူရွှာဖျက်ဆီးသတ်ဖြတ်ခဲ့တဲ့ နတ်မလား။မင်းကို ငါတို့က ဘာလို့ယုံရမလဲ။”
ဂိုလီက မျက်နှာကိုတည်ထားလျက်သာ

“ကျွန်တော်ဒီအတွက်လည်း ပြင်ဆင်ထားပါတယ်။ချက်ခြင်းယုံကြမှာမဟုတ်ဘူးဆိုတာသိလို့ပါ။ဒါကြောင့် ကျွန်တော် ဒီမှာ အမှန်စကားဆိုခြင်း အစီအရင်ကိုဖွင့်ထုတ်ပြပါမယ်။”
အမှန်စကားဆိုခြင်း အစီအရင်ဆိုသည်မှာ နတ်တစ်ပါးက လိမ်သည်မလိမ်သည်ကို ကိုယ်ရောက်ကိုယ်ဝါအနေအထားနှင့် အတွင်းဝိဉာဉ်ကို စစ်ဆေးကာ အတည်ပြုသောအစီအရင်ဖြစ်ပြီး ပြစ်ဒဏ်စီရင်ရာ တရားရုံးတော်များ၌ အသုံးပြုလေ့ရှိ၏။

ဤတွင် နတ်များက သူတို့ကိုယ်တိုင် ပူးပေါင်းကာ စီရင်သော အစီအရင်တွင် ဂိုလီက အစစ်အဆေးခံလေ၏။ဂိုလီ၏ အတွင်းဝိဉာဉ်နှင့် ကိုယ်ရောင်ကိုယ်ဝါကို စစ်ဆေးပြီးနောက် အစီအရင်က အဖြေထွက်လာသည်မှာ ဂိုလီပြောသမျှမှာ လုံးဝအလိမ်အညာမပါဟူ၍ပင်။ထိုအခါမှ နတ်များက ယုံကြည်ရုံသာရှိသည်ဟု ဆုံးဖြတ်ကြကာ

“ခင်ဗျားကို ယုံလို့ရတာတော့ဟုတ်ပါပြီ။ကျုပ်တို့အရှင်က ဘာမှမလုပ်ခဲ့ဘူးဆိုတာကကောတကယ်ကြီးလား။”

“ကျွန်တော်လည်း မပြောပြတတ်ပါဘူး။သို့ပေမယ့် အရင်ကတည်း တခြားဂြိုလ်တွေကို စေတန်ဘုရင်က နယ်ချဲ့သိမ်းပိုက်နေတယ်ဆိုရင် သူအနေနဲ့ ကျွန်တော်တပ်စုတွေကို ကြိုတင်ပြင်ဆင်ဖို့ပြောခဲ့ပြီး သူကမ္ဘာပေါ်ကိုဝင်လာလို့မရအောင်အမိန့်ခရင်တောင် တားဖို့အခွင့်အရေးရချင်ရမှာပါ။သို့ပေမယ့် အခုတော့ နန်းတွင်းမှာ စေတန်ဘုရင်က ဝင်ထိုင်နေပြီဖြစ်ကြောင်း သိရတော့ နောက်တော့ကျသွားပြီဆိုရပါတော့မယ်။”

“ဒါဆို ခင်ဗျားကရော နယ်နှင်ဒဏ်ချခံရတယ်ဆိုရင် ဘာလို့အီဂျီအဖြစ်ယောင်ဆောင်ခဲ့ရတာလဲ။”

“အမှန်တိုင်းပြောရရင် သမုဒ္ဓရာစောင့်နတ်မင်းကြီးက ကျွန်တော့်ကို အပြစ်ဒဏ်ကို တာဝန်ထမ်းခြင်းပေးဆပ်ဖို့ အမိန့်ချခဲ့ပါတယ်။သူချတဲ့အမိန့်ကတော့ နတ်စစ်သည်တော်ဖြစ်လာအောင်လုပ်ပြီး ကမ္ဘာဂြိုလ်စောင့်နတ်မင်းရဲ့ သက်တော်စောင့်ဖြစ်လာအောင်လုပ်ပါ။ပြီးရင် အခွင့်အရေးရတာနဲ့ စေတန်ဘုရင်ကို လုပ်ကြံစေဖို့ပါပဲ။ဒါဟာ ကမ္ဘာဂြိုလ်စောင့်နတ်မင်းနဲ့ စေတန်ဘုရင်တို့ရဲ့ ထီးနန်းဆက်ခံခွင့်အတွက် ပြိုင်ဆိုင်နေစဲဆိုပြီး သိခဲ့တဲ့အချိန်မှာ ရခဲ့တဲ့အမိန့်ပါ။ကျွန်တော် အဲ့တာဝန်ကို လက်ခံခဲ့ပါတယ်။ဘာကြောင့်ဆို အားလုံးကြားဖူးကြသလိုပါပဲ။ကျွန်တော့်အဖိုးဟာ အရှင်နေမင်းကို ဆန့်ကျင်တဲ့အပြစ်ကြောင့် ကျွန်တော့်မိဘတွေပါ အသတ်ခံဖို့အမိန့်ချခံခဲ့ရပါတယ်။စေတန်ဘုရင်နဲ့ သူလူတွေ ကျွန်တော့်မိဘတွေကို လာသတ်သွားတာကို ကျွန်တော်ကိုယ်တိိုင်မြင်ခဲ့ရတာပါ။ဒါကြောင့် စေတန်ဘုရင်အပေါ် ကျွန်တော်ရန်ငြိုးထားထားခဲ့ပါတယ်။”

“ဒါဖြင့် တည့်တည့်ပြောရရင် ငါတို့ကို ကာကွယ်ဖို့ဆိုတာထက် စေတန်ဘုရင်ကိုသတ်ချင်လို့ နတ်စစ်သည်တော်ဖြစ်လာခဲ့တာပေါ့လေ။”

“အဲ့လိုပြောနိုင်ပါတယ်။ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်အတွက် မလေးစားနိုင်တော့ရင်လည်း အဆင်ပြေပါတယ်။သို့ပေမယ့် ဒီစေတန်ဘုရင်ကို သတ်ဖို့တော့ ကျွန်တော်အစွမ်းကုန်ကူညီသွားမှာပါ။”

ဤတွင် နတ်အများက စုဝေးကာ တိုင်ပင်ကြရင်း ဂိုလီတို့တပ်ခွဲနှင့် ညှိနှိုင်းကြလေသည်။အဆုံးသတ်ရလာဒ်မှာ အတ္တလန်တာနယ်မြေအုပ်ချုပ်ရေးကိုသီးသန့်ထားစေပြီး ဂိုလီတို့မှာ ကာကွယ်စောင့်ရှောက်ရေးအဖြစ်သာ သီးသန့်နေကာ အုပ်ချုပ်ရေးကို လုံးဝမစွက်ဖက်ကြောင်း ကတိပြုခဲ့လေသည်။

“ကြီးမြတ်လှပါတဲ့အရှင်စေတန်ဘုရင်မင်းမြတ်။အတ္တလန်ကိုသွားခဲ့တဲ့ နတ်စစ်သည်တော်တွေပြန်ရောက်ကြပါပြီ။”

“ကောင်းပြီလေ။ငါကိုယ်တော်​ရှေ့ အခစားဝင်ခိုင်းလိုက်။”
အထိန်းတော်ကြီးကို မှာကြားလိုက်ပြီးနောက် ညီလာခံတွင် အမတ်တချို့နှင့်အတူ ပလ္လင်ပေါ်တွင် စေတန်ဘုရင်ကြီးစောင့်နေလေသည်။စေတန်ဘုရင်မှာ နတ်အနွယ်ဝင်ဖြစ်သော်လည်း မိစ္ဆာတစ်ကောင်ထက်ပင် ကြောက်ဖို့ကောင်းသောအနေအထားရှိလေရာ သူ့လက်အောက်နေသူများမှာ နေစဉ်သေမင်းနှင့် ရင်ဆိုင်ရသည့်နှယ် အမြဲတုန်လှုပ်လျက်ရှိကြရ၏။

“တပ်မှူး။မင်းဘယ်နှယ့်အခြေအနေရှိလဲ။”

“စိုးရွံမိပါတယ် ဘုရား။အတ္တလန်တာမှာ ဆန့်ကျင်အာခံတဲ့နတ်စစ်သည်တော်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျွန်တော်တို့ ကျရှုံးခဲ့ပါတယ် ဘုရား။”
ရေများစိုရွဲလျက် အသက်ရှင်ကျန်ပြီး ပြန်လာသော နတ်စစ်သည်တော်များမှာ ဝပ်တွားလျက် ကြောက်ရွံစွာခစားကုန်ကြလေသည်။

“ဟက်။မင်းတို့က ငါလက်အောက်မှာ စနေဂြိုလ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေပါကွ။ဒီလောက်ညံ့ကြမယ် ငါမထင်ခဲ့ဘူး။အခြားနယ်မြေတွေတောင် အညံ့ခံကုန်ပြီး သူတို့တစ်နယ်ထဲ မင်းတို့အနိုင်မယူနိုင်ကြဘူးလား။”

“မှန်လှပါဘုရား။အဲ့မှာ အင်မတန်တန်ခိုးကြီးပြီး ဓါတ်ကြီးလေးပါးအရှင်သခင်တွေကို အနိုင်ယူပြခဲ့တဲ့ နတ်တစ်ပါးရှိပါတယ်ဘုရား။ချမ်းသာပေးပါဘုရား။”

“ဪဟောဟော။ကောင်းပြီလေ။မင်းတို့က ငါ့အတွက် အသုံးမဝင်တော့ရင် ငါ့လက်ထဲထားမနေတော့ဘူး။”
ပြောရင်း လက်ဖျောက်တစ်ချက်တီးလိုက်လေသည်။တစ်ခဏတွင် ထိုတပ်မှူး၏မျက်နှာမှာ အမ်းလာရင်း သွေးများမှာ မျက်စိ၊နှာခေါင်း၊နားနှင့် ပါးစပ်တို့မှ လျှံကျလာကာ “အား”ခနဲ ကြောက်လန့်စွာ အော်ဟစ်ရင်း တစ်ကိုယ်လုံးမှာ လက်ထဲထည့်အညှစ်ခံလိုက်ရသကဲ့သို့ တွန့်လိမ်ကြေခေါက်ကာ နတ်သက်ကြွေသွားလေတော့သည်။”
စေတန်ဘုရင်မှာ နတ်များစွာအသက်ကို ခြွေပစ်လာသူဖြစ်သည့်အလျောက် ထမင်းစားရေသောက်လောက်အထာဖြင့်

“ကဲကဲ နောက်တစ်ယောက်။လျှောက်တင်စမ်း။အဲ့တန်ခိုးကြီးတဲ့နတ်က ဘယ်သူလဲ။”

‘မှန်ပါ့ဘုရား။ဂိုလီတဲ့ပါဘုရား။”
ဤတွင် စေတန်ဘုရင်မှာ အနည်းငယ်အံ့ဩသွားလေသည့်အတူ ဒေါသလည်းဖြစ်သွားပုံရလေသည်။ထို့နောက် စေတန်ဘုရင်က သူ၏လက်ကိုမြှောက်လိုက်ရာ ထိုနတ်စစ်သည်တော်မှာ လေပေါ်မြှောက်တက်သွားပြီး မျက်နှာကျက်အမြင့်ကြီးပေါ်တွင်ရှိသော အချွန်ဖြင့် ထိုးစိုက်ခံလိုက်ရလေသည်။အောက်သို့ အပွက်လိုက် စီးကျလာသော သွေးများကို အနားရှိ အမတ်များမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေရလေသည်။

“ဂို...ဂိုလီတဲ့လား။ဂိုလီတဲ့လား။”
ထိုဂိုလီနာမည်ကို အရုးသဖွယ်အော်ဟစ်ရင်း စေတန်ဘုရင်ထလာလေရာ အမတ်များအားလုံး ကြောက်ကြောက်ဖြင့် မြေပေါ်ဝပ်တွားကုန်လေသည်။၎င်းတို့အခြေအနေမှာ ယခုပင် အသတ်ခံရတော့မည်ဟု ထင်ကြသဖြင့် ကြောက်ရွံခြင်းကြောင့် တုန်ယင်နေကြလေသည်။

“ဂိုလီတဲ့လား။ဒီ...ဒီကောင်..ဂို...ဂိုလီဆိုတဲ့ကောင်လား။”
ပြောရင်း စူးစူးဝါးဝါးအော်ဟစ်လိုက်ကာ သူ၏ဝတ်ရုံတော်နောက်မှ သံဆူးကြိုးခွေကြီးကိုထုတ်ကာ ဖြေချလိုက်လေသည်။”ဘုတ်”ကနဲကျလာသော ထိုသံဆူးကြိုးရှည်ကြီး၏ထိပ်တွင် ဓါးသွားတိုလေရှိပြီး ထိုဓါးသွားတိုလေးမှာ သူစိုက်လိုက်သော သတ္တဝါတိုင်းကိုသွေးစုပ်သော သွေးသောက်ဓါးဖြစ်လေသည်။ထိုနောက် ရှေ့တွင်ဝပ်တွားနေသော နတ်စစ်သည်တော်များကို တစ်ယောက်ပြီးတစ်ယောက် သံဆူးကြိုးဖြင့်လွှဲကာ သတ်ပစ်လေသည်။သံဆူးကြိုးဖြင့် အထပ်ထပ်ပတ်မိစေကာ ထိုသံဆူးများက သွေးစုပ်ခြင်းကိုခံရလျက် အစိပ်စိပ်အမွှာမွှာကြေမွှသွားခြင်း၊သံဆူးကြိုး၏ထိပ်ဆုံးက ဓါးဖြင့် ဗိုက်ကိုဖောက်ပစ်ကာ အူများကိုပင် အတွဲလိုက်ဆွဲထုတ်ပစ်ခြင်းစသဖြင့် အဆိုးဆုံးသောသတ်ဖြတ်နည်းများဖြင့် ဆက်တိုက်သတ်လေတော့သည်။နတ်စစ်သည်တော်များ အကုန်သေသွားချိန်တွင် ညီလာခံကြီးမှာ သွေးချောင်းစီးလျက် နီရဲကာ အနားရှိအမတ်များမှာလည်းသွေးများစင်လျက် ရွဲရွဲနစ်နေလေပြီ။စေတန်ဘုရင်က အစောကထက် ပို၍မိစ္ဆာဖြင့်တူလှကာ အကြောများမှာ တစ်ကိုယ်လုံးထောင်လျက် မျက်နှာများတွင်ပင်မြင်နေရလေသည်။မျက်စိများမှာလည်းနီလျက် သွေးများစီးကျနေသည်။အသတ်ခံရသူများထံမှ သွေးများဖြင့်လည်းရွဲလျက်ရှိနေလေတော့သည်။

“ကိုင်းကိုင်း။အမတ်ကြီးတို့ ဒီလောက် အချိန်ပေးထားရရင် ဒီဂိုလီဆိုတဲ့ကောင်ကို ဘယ်လိုရှင်းရမလဲအကြံရလောက်ရောပေါ့။”
စေတန်ဘုရင်က အမတ်များဘက်လှည့်ပြီး မိစ္ဆာလေသံဖြင့်ပြောလိုက်ရာ အမတ်တစ်ယောက်က ရှေ့သို့ပြေးထွက်လာပြီး

“မှန်လှပါဘုရား။သူတို့ကို လေးဘက်လေးတန်ကနေတိုက်လျှင် သူတို့တပ်ခွဲသာသာလေးတစ်ခုစာက မခံနိုင်ပါဘူး ဘုရား။အခြားတပ်ခွဲတွေလိုပဲ သစွာခံလာကြရမှာပါ။”

“ငါသစွာခံတာ မလိုချင်ဘူး။ဒီအကောင်သေသွားတာပဲလိုချင်တယ်။”
စေတန်ဘုရင်က အသက်ကိုပြင်းပြင်းရှုရင်း အော်ဟစ်လိုက်၏။သူ၏ရဲရဲနီနေသော မျက်လုံးများမှာ ဒေါသတို့ဖြင့်လည်းလောင်ကျွမ်းနေ၏။

“ဒီကောင်က သာမန်မဟုတ်ဘူး။အဲ့တုန်းက အဲ့တုန်းက သူငါ့ကိုကြည့်ခဲ့တဲ့မျက်လုံးတွေ။ဒီကောင် ငါ့ကို စကြာဝဠာတစ်ခွင် မြေလှန်ရှာပြီး သတ်မယ့် ဒီဇိုင်းနဲ့မျက်လုံးတွေ ဒါဟာ ငါလိုဆိုးယုတ်ခြင်းတွေရဲ့ ပြယုဂ်ဖြစ်တဲ့ စေတန်ဘုရင်ကိုတောင် အံတုနိုင်တယ်။ကြာကြာထားရင် ကိုယ့်သေတွင်းကိုယ်တူးတာပဲကွ။”

“စိုးရွံ့မိပါတယ်အရှင်။ကျွန်တော်တို့မှာ တန်ခိုးအထက်ဆုံး သစွာခံတွေအများကြီးရှိတာပါပဲ။ဒီ ဂိုလီဆိုတဲ့ ပါးမွှားလောက်ကို မရှုံးနိုင်ပါဘူး ဘုရား။”
ထိုအခိုက်တွင် အစေခံမလေးတစ်ယောက်က ညီလာခံထဲဝင်လာကာ

“အရှင်မင်းကြီ။ဗုဒ္ဓဟူးဂြိုလ်မင်းနဲ့ သောကြာဂြိုလ်မင်းတို့ ကြွရောက်လာပါတယ်ဘုရား။”

“မြန်မြန်ဝင်ခွင့်ပေးလိုက်ကြ။”
ထိုအစေခံထွက်သွားပြီးနောက်တွင် စေတန်ဘုရင်က အစောက လျှောက်တင်နေသော အမတ်ထံလျှောက်သွားကာ

“ကောင်းပြီလေ။မင်းကို ငါအကောင်းဆုံး နတ်စစ်သည်တော်တွေ၊မကောင်းဆိုးဝါးတွေကို အပြည့်ပေးလိုက်မယ်။ဒါပေမယ့် မင်းမနိုင်ခဲ့ရင်တော့ ဒီကောင်တွေလို ဇာတ်သိမ်းသွားမယ်ဆိုတာကိုတော့ မမေ့လိုက်နဲ့။နားလည်လား။”

“အမိန့်တော်အတိုင်းအပါ ဘုရား။”

ညီလာခံအပြီး၌ လျှို့ဝှက်ဆွေးနွေးတိုင်ပင်ခန်းတွင် စေတန်ဘုရင့်ကို ဂြိုလ်မင်းနှစ်ပါးကစောင့်နေလေသည်။

“မင်းကြီးတို့။စောင့်နေတာ သိပ်များကြာသွားလား။”

“အရေးမကြီးပါဘူး။နောင်တော်စေတန်။အခုအရေးကြီးတာကိုပဲ ဆွေးနွေးကြရအောင်။”
ဗုဒ္ဓဟူးဂြိုလ်မင်းက စပြော၏။ထို့နောက် သောကြာဂြိုလ်မင်းက

“ကမ္ဘာကိုသိမ်းတာအခြေအနေကောင်းရဲ့လား။”

“ဂြိုလ်မင်းတို့ရဲ့ အကူအညီကြောင့် လွယ်လွယ်ကူကူရလိုက်ပါတယ်။နည်းနည်းခေါင်းမာတဲ့ ပါးမွှားလေးတစ်ကောင်နှစ်ကောင်ရှိပေမယ့် မကြာခင်မှာ အားလုံးရှင်းလင်းပြီးသားဖြစ်သွားမှာပါ။”

“ကောင်းပြီ။အားရတယ်။မင်းအနေနဲ့ ကမ္ဘာကိုလုံးဝသိမ်းပြီးရင် ကတိအတိုင်းပဲ။မင်းက အရှင်နေမင်းလုပ်ပြီးရင် ငါနဲ့ သောကြာဂြိုလ်မင်းက ကမ္ဘာနဲ့ အခြားဂြိုလ်တွေအားလုံးကို စံစားခွင့်ရရမယ်။ကတိတော့ တည်စေရဲ့။”

“စိတ်ပူစရာမလိုပါဘူး။မင်းကြီးတို့။ကျုပ်တို့ ဒီအခြေအနေတောင်ရောက်လာပြီးပြီ။နည်းနည်းလောက် ဆက်သွားလိုက်ရင် အောင်မြင်မှုဆီရောက်နေပါပြီ မင်းကြီးတို့။သို့ပေမယ့်လေ။”
စေတန်ဘုရင်က ပြောရင်းရပ်လိုက်လေရာ ဗုဒ္ဓဟူးဂြိုလ်မင်းက

“ဘာလဲကွ။ဆက်ပြောလေ။”

“ကျုပ်အခုရင်ဆိုင်နေရတဲ့ ပါးမွှားလေးတွေက နည်းနည်းတော့ သင်ခန်းစာပေးဖို့လိုနေတယ်ဗျ။ဒီတော့ ဒီပါးမွှားတွေကို မင်းကြီးတိုလူတွေ နည်းနည်းလောက်တောင်းပြီး ဆုံးမလို့ရမလား။”
ဤတွင် သောကြာဂြိုလ်မင်းက

“တို့လူတွေ မင်းကိုထပ်ပေးမှာပါ။အပြန်အလှန်အနေနဲ့ မင်းငါတို့ကို တစ်ခုထပ်ပေးရမယ်။”

“ဆိုလိုက်စမ်းပါ။မင်းကြီးတို့ရ ကျုပ်မပေးနိုင်တာ ဘာမှမရှိဘူး။”

“အရင် အရှင်နေမင်းရဲ့ ညီမတော်ဖြစ်တဲ့ ယူရေး(စ်)နပ် သခင်မနဲ့ လနတ်သမီးတို့ပျောက်နေတာ မင်းသိတယ်ဟုတ်။”
ဤတွင် သောကြာဂြိုလ်မင်းက ဆက်ကာပြောလေသည်။

“သူတို့ အဒေါ်တူမနှစ်ယောက်ဟာ ကမ္ဘာမှာပုန်းနေတယ်လို့ ငါတို့သံသယရှိတယ်။ဘာကြောင့်ဆို အခြားဂြိုလ်တွေမှာ ပိုက်စိပ်တိုက်ရှာခဲ့ပေမယ့် လုံးဝမတွေ့ခဲ့ဘူး။ဒီကမ္ဘာမှာသာ မရှာရသေးတာဆိုတော့ ဒီမှာရှိနေဖို့ လုံးဝသေချာတယ်။”

“နားလည်ပါပြီ။အရှင်လိုချင်တာပါလား။မင်းကြီးတို့။”

“အေး။ဟုတ်တယ်။မင်းရှာတွေ့ဖို့ ငါတို့မျှော်လင့်နေမယ်။မင်းလိုတဲ့ စစ်သည်တွေ၊မကောင်းဆိုးဝါးတွေ ငါတို့အတိအကျ လွှဲပြောင်းပေးလိုက်မယ်။ငါတို့သွားပြီကွာ။

“ကောင်းပါပြီ။ကျန်းခန့်သာလို့ မာပါစေမင်းကြီးများ...ဟားဟားဟားဟား။”

အခန်း(၈)

“သခင်မလေး ဒီဘက်မှာရှင်းပါတယ်။”

“ကောင်းပြီ။ဆက်သွားကြမယ်။ငါတို့တွေ နီးလာလောက်ပြီမလား။”

“ဟုတ်ပါတယ်သခင်မ။ကျွန်မတို့တွေ နေရာပြောင်းအစီအမံနယ်မြေထဲရောက်တော့မှာပါ သခင်မ။”
စေတန်ဘုရင် ထီးးနန်းလုပြီးနောက်တွင် ကမ္ဘာဂြိုလ်နေ နတ်သား၊နတ်သမီးအားလုံးမှာ အရာရာဆုတ်ယုတ်ခဲ့ရသည်သာဖြစ်လေသည်။ဆန့်ကျင်ထကြွမှုမပြုအောင် သာမန်နတ်များအားဖြန့်ဝေထားလေ့ရှိသော *သဘာဝစွမ်းအင်များကို ပိတ်ပင်ခဲ့လေရာ အရင်က လူသားများကို ကောင်းချီးပေးနေကြ ကိုယ်စောင့်နတ်များပင်လျှင် အစွမ်းကင်းမဲ့လျက် နေ့စဉ် လုပ်ဆောင်နေကြ အလုပ်များကိုပင် လုပ်ဆောင်ခွင့်မရတော့ချေ။
*(နတ်များတွင် နတ်စစ်သည်တော်တို့မှအပ အခြားသာမန်နတ်သားနတ်သမီးများမှာ ပတ်ဝန်းကျင်မှဖြန့်ဝေထားသော အစွမ်းကိုသာ ယူသုံးနိုင်ကြသည်။နတ်စစ်သည်တော်များကမူ ကိုယ်တွင်းက ဓါတ်စွမ်းအင်ကို အသုံးပြုခြင်းနည်းဖြင့် တိုက်ခိုက်တတ်အောင်သင်ယူရသည်ဖြစ်သည်။စေတန်ဘုရင်မှာ ပတ်ဝန်းကျင်မှ စွမ်းအင်များကိုရုတ်သိမ်းလိုက်သဖြင့် နတ်အားလုံးမှာ လေပေါ်၌ပင် ပျံ၍မရတော့ပဲ လမ်းဆင်းလျှောက်ခဲ့ရသည်အထိဖြစ်စေခဲံသည်။)
ယခင် နတ်များကို ၎င်းတို့သွားလိုရာ အလွယ်တကူ ပို့ဆောင်သော လူတွေသုံးသည့် ခရီးသွားယဉ်များကဲ့သို့ အစီအမံကို နယ်မြေတိုင်း၌ ဖွင့်ထားရာမှ ပိတ်သိမ်းကာ နယ်မြေတစ်ခုထဲ၌သာထားပြီး ထိုနယ်မြေကို အစောင့်အကြပ်များချကာ မည်သူမှထွက်ပြေးသွား၍မရစေရန် ပိတ်လှောင်ထားခဲ့လေသည်။

“သခင်မလေး။ကျွန်မတို့မြင်နေရပါပြီ။သို့ပေမယ့် ဒီမှာ အစောင့်အကြပ်တွေ အများကြီးဖြစ်နေတယ်။”

“ငါဖြေရှင်းလိုက်မယ်။”

“ဟင်...နေ...နေပါဦး။သခင်မတစ်ယောက်ထဲ မဖြစ်...။”
သခင်မလေးဟူ၍ စီရီတစ်လျှောက်လုံးခေါ်နေသူဖြစ်သည့် ခေါင်းမြှီးခြုံလျက်ရှိသော နတ်သမီးမှာ ထိုနယ်မြေကိုပိတ်ထားသော ဂိတ်နံရံကြီးနှင့် ဂိတ်ပေါက်ဝတွင် စောင့်နေသော အစောင့်အကြပ်များထံ တည့်တည့်ကြီးလျှောက်သွားလေသည်။ထို့နောက် ထိုအစောင့်များက ခပ်လှမ်းလှမ်းမှ မြင်စပြုလေသောအခါ

“ဒီနေရာကို ဘယ်သူမှမဖြတ်ရဘူး။ပြန်လှည့်ပါ။နတ်သမီး။”
အစောင့်တစ်ယောက်ကလှမ်းအော်၏။သို့သော် သူမကား မရပ်တန်း ဆက်လျှောက်သွားလေသည်။

“ဟေ့...ပြောနေတာမကြာဘူးလားကွ။သေချင်လို့လား။”
အစောင့်က ဒေါသတစ်ကြီးအော်ဟစ်လိုက်၏။ထိုအခါ သူမက လျှောက်လာရင်း

“အစကတည်းက နင်တို့ပိုင်တာမလို့။”

တစ်ဖက်က သူကြားလိုက်သည်ကို သူမဝေခွဲနိုင်ချေ။

“မင်းဘာပြောလိုက်တာလဲ။”

“အစကတည်းက...။”
ပြောလိုက်ရင်း ခြေလှမ်းများတွင် ရေခဲပွင့်များပေါ်လာကာ ပတ်ဝန်းကျင်မှာဖြေးဖြေးချင်းရေခဲဒေသအသွင်ပြောင်းလာ၏။

“နင်တို့ပိုင်တဲ့ဟာတွေမလို့လား။ဖာခေါင်းလိုကောင်တွေရဲ့။”
ပြောလိုက်ရင်း ရေခဲချွန်များတစ်ရှိန်ထိုးထွက်လာကာ အစောင့်တချို့၏ခေါင်း၊ရင်ဘတ်နှင့် ဗိုက်တို့ကိုထိုးဖောက်ချသွား၏။တခြားအစောင့်များလည်း လန့်ဖျတ်သွားကာ

“ဟေ့...အဲ့ဒီ တိရစ္ဆာန်မကို ဖမ်းကြစမ်း။”
သို့သော် ထိုအမိန့်မှာကြာကြာမခံချေ။အကြောင်းမှာ အစောင့်များအားလုံးရေခဲရိုက်သွားသောကြောင့်ဖြစ်လေသည်။ထို့နောက် ထိုရေခဲများမှာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားရာ အထဲရှိအစောင့်များလည်း အစိတ်စိတ်အမွှာမွှာကြေသွားသည့်နှယ် သွေးများ”ဖြန်း”ကနဲ ပန်းထွက်ကာ အားလုံးသေသွားပြီး ပတ်ဝန်းကျင်၌ ရေခဲများသာကျန်ခဲ့တော့သည်။

စီရီလည်း အပြေးကလေးလိုက်လာကာ

“သခင်မလေး။နောက်ဆို အဲ့လိုတစ်ယောက်ထဲမရင်ဆိုင်ပါနဲ့။အသက်အန္တရာယ်ရှိပါတယ်သခင်မလေး။”

“ဟိဟိ။အေးပါကွယ်။အမယ်မင်းရဲ့ လနတ်သမီးကိုလည်း အတော်စိတ်ပူခဲ့ရမှာပဲ။”

“သေချာတာပေါ့သခင်မလေး။အခုဆိုပျောက်နေတာအတော်တော်ကြာသွားပြီ။လပေါ်ကနေပြေးလာကတည်းက အတူတူသွားပါမယ်ဆိုတာကို အခုတော့ လမ်းလွှဲသွားပြီ။”
ထိုအခိုက်တွင် အော်ဟစ်သံများကြားလိုက်ရသည်။ထို့နောက် ခပ်လှမ်းလှမ်းလောက်တွင် နတ်စစ်သည်တော်များပေါ်လာလေရာ စီရီတို့လည်း လန့်ဖြတ်သွားရင်း

“သခင်မလေး မြန်မြန်ဝင်ရအောင်။”
ဤသို့ဖြင့် နှစ်ယောက် ထိုကာရံထားသော နယ်မြေထဲဝင်လိုက်ရာ မည်သူမှမရှိသော လွင်ပြင်ကျယ်ထဲရောက်လာ၏။

“စီီရီ။မြန်မြန်လုပ် အစီအမံကိုရွတ်တော့။”

ထိုအခိုက်တွင် နတ်စစ်သည်တော်များမှာလည်း အုပ်စုလိုက် အော်ဟစ်လျက် အထဲသို့ဝင်သွားလေသည်။

“သခင်မလေး။အစီအမံမမြောက်ဘူးဖြစ်နေတယ်။”

“ဟင်။မဖြစ်နိုင်တာ ငါတို့တွေ စွမ်းအင်ဖွင့်ထားတဲ့နယ်မြေထဲရောက်နေပြီလေ။”

ခေါင်းနပန်းကြီးလျက် ဘေးဘက်သို့ကြည့်လိုက်ရာ အလယ်တည့်တည့်လောက်ဖြစ်နိုင်သည့်နေရာတွင် ညို့မှိုင်းမှိုင်းအရောင်များ ပတ်ဝန်းကျင်နှင့်မတူပဲ အကွက်လေးတစ်ကွက်ကဲ့သို့ ကွက်ပြီးပေါ်နေလေသည်။

“စီရီ။ဟိုအကွက်ထဲဝင်မယ်။မြန်မြန်သွား ငါကာထားပေမယ်၊”
ထိုအခိုက်တွင် နတ်စစ်သည်တော်ထဲမှ အချို့မှာ လေးမြှားများဖြင့် ပစ်ခတ်နေပြီ။ရေခဲဖြင့် အစောကကဲ့သို့ နတ်သမီးလည်း မြှားချက်များကို ကာကွယ်ရင်း အကွက်ထဲဝင်သွားလေတော့သည်။ထို့နောက် အစီအမံကိုရွတ်နေခိုက်တွင် ပတ်ပတ်လည်ကိုရေခဲများဖြင့် ကာထားလိုက်လေသည်။ထိုရေခဲများကို နတ်စစ်သည်တော်များက လှံဖြင့် အစွမ်းဖွင့်ထုတ်ကာ ခွဲချလိုက်ချိန်တွင် သူတို့ကားလွတ်မြောက်သွားပြီဖြစ်လေသည်။

“အမတ်မင်း။သတင်းဆိုးရှိပါတယ်။”
အစောက စေတန်ဘုရင်က အမိန့်ပေးစေလွှတ်ခြင်းခံရသည့် အမတ်ထံ နတ်စစ်သည်တော်အုပ်စုများက လာရောက်လျှောက်ထားကြလေသည်။

“ဒီလိုသာဆို ငါတို့က ပထမအစီအစဉ်နဲ့တိုက်လို့မဖြစ်ဘူးပဲ။လျှို့ဝှက်အစီအစဉ်တွေ ထပ်လုပ်ထားမှဖြစ်မှာပဲ။”

ထိုအခိုက်တွင် အတ္တလန်တာနယ်မြေထဲ၌မူ အနည်းငယ်ဆူပူလျက်ရှိလေသည်။ယာယီအုပ်ချုပ်သူဖြစ်နေသော နတ်သားထံ နတ်သားအုပ်စုတစ်စုက လာရောက်တိုင်ကြားနေခြင်းဖြစ်လေသည်။

“ဘာလဲဗျာ နတ်မင်းရ။ကျုပ်တို့နတ်သားတွေက နတ်သမီးတွေကိုယ်လက်သန့်စင်နေတာကို ချောင်းကြည့်တာ မကောင်းဘူးဆိုပြီး စည်းမျဉ်းတောင် ထုတ်တယ်မဟုတ်လား။နတ်သမီးတွေအလှည့်ကျ ကျုပ်တို့နတ်သားတွေ ကိုယ်လက်သန့်စင်တဲ့နေရာအထိ ခိုးဝင်လာတာကျ အရေးမယူရဘူးလား။အဖိုအမမျှတခြင်းဆိုတာ နတ်သမီးတွေကိုပဲအခွင့်အရေးပေးရမှာမဟုတ်ဘူးလေ။လူသားတွေတောင် ဒါမျိုးသုံးနေပြီ။သူတို့ဘာသာစကားနဲ့ဆို ဘာပါလိမ့်...။”
ဤတွင် တစ်ယောက်က “Gender Equality”ဟုဝင်ထောက်ပေး၏။

“ဟုတ်တယ်အဲ့တာပဲ ဒါကြောင့်မျှမျှတတဖြေရှင်းပေးပါ။

ယာယီအုပ်ချုပ်သူဖြစ်နေသော ထိုနတ်သားခများလည်း အတော်ဖျောင်းဖြရ၏။

“အခုကတော့လေ အပြင်မှာအင်မတန်အခြေအနေဆိုးနေတာဆိုတော့ ဒီလိုကိစ္စတွေကိုခဏလောက် စိတ်လျှော့ပေးလို့မရဘူးလားဟင်။”
သို့သော်ထိုနတ်သားများမှာ အစောကကဲ့သို့ ထပ်တလဲလဲပြောနေကြသဖြင့် နောက်ဆုံးတွင် မတတ်သာတော့ပဲ။

“ကဲ နတ်သမီးတို့ ခင်ဗျားတို့ရဲ့ အမှတ်အသားတွေထုတ်ပြကြပါ။”
သို့သော် သူကြည့်လိုက်သည့်အခါ ထိုနတ်သမီးနှစ်ယောက်လုံးမှာ အတ္တလန်တာနယ်မြေကသူများ မဟုတ်ကြသည်ကို တွေ့ရလေသည်။ဤတွင် ဂိုလီတို့ကို အရေးပေါ်ခေါ်ယူကာ ထိုအခြင်းအရာကို ပြောပြလေသည်။

“အဲ့တာပဲ တပ်မှူး။သူတို့တွေ ဘယ်လိုခိုးဝင်လာကြတာလဲမသိဘူး။”
ဤတွင် ဂျီတက

“သူတို့က စေတန်လွှတ်လိုက်တဲ့ ထောက်လှမ်းရေးတွေဖြစ်မယ်။သူတို့ကို အရှင်ထားလို့မဖြစ်လောက်ဘူး။”
ဂိုလီက

“သူတို့ကို အမှန်စကားဆိုခြင်း အစီအရင်နဲ့ အကုန်စစ်မေးမယ်။ငါတို့သိချင်တာသိရမှ ရှင်းပစ်ဖို့ စဉ်းစားကြရမှာပေါ့။”
ဤသို့ဖြင့် စစ်မေးရန်ပြင်ဆင်ပြီး ထိုနတ်သမီးနှစ်ပါးကိုချုပ်နှောင်ရာနေရာသို့ သွားကြည့်လေသောအခါ ဂိုလီအံ့ဩမိသွားလေသည်။နတ်သမီးတစ်ယောက်မှာ စီရီဖြစ်နေသောကြောင့်ပင်။

“စီရီ။တကယ်ပဲ မင်းလား။စီရီ။”
စီရီကလည်း မျက်ရည်ဝဲရင်း ဂိုလီတို့ကို ပြုံးပြရင်းကြည့်၏။ဂိုလီကဝင်မည်ပြုစဉ် ဂျီတက တား၏။

“ခဏလေး တပ်မှူး။သူက စီရီအစစ်ဟုတ်မဟုတ် စစ်ဆေးရအောင်ပါ။”

ဂိုလီလည်း ထိုအခါမှ အနည်းငယ်ပြန်စဉ်းစားပြီးနောက် စစ်ဆေးရန် သဘောတူလိုက်ကာ အစီအမံကိုစတင်ရွတ်ဆိုစေလေတော့သည်။ဦးဆုံး စစ်ဆေးစေလေသည်မှာ စီရီကိုဖြစ်လေသည်။စစ်မေးကြပုံများမှာ ဂိုလီ့တုန်းကကဲ့သို့ အတွင်းဝိဉာဉ်နှင့် ကိုယ်ရောင်ကိုယ်ဝါကိုစစ်ဆေးသည်သာဖြစ်လေသည်။ဤတွင် ဂိုလီတို့တစ်ခုသိလိုက်သည်မှာ စီရီသည် အယောင်ဆောင်ထားသူမဟုတ်သည့်အပြင် လနတ်သမီး၏ အစေအပါး ကြယ်တစ်ခုဖြစ်ပြီး။အပျိုတော်များထဲမှ တစ်ယောက်ဖြစ်သည်ကိုတွေ့ရလေသည်။

“မင်းငါတို့ကို အစကတည်းကမပြောခဲ့တာလဲ။”


“ကျွန်မပြောတယ်မဟုတ်လား။အချိန်တန်မှပြောမှာပါလို့။”

“အခုတော့ ပြောသင့်ပြီလို့ငါထင်တယ်။”
ဂိုလီက ခပ်ဆတ်ဆတ်ဖြင့် စီရီ့ကိုပြော၏။

“ထားလိုက်ပါတော့။မင်းက လနတ်သမီးရဲ့ အစေအပါးကြယ်ဆိုတော့ လနတ်သမီးနဲ့အတူ ရှိရမှာမဟုတ်ဘူးလား။”

“ရှင်ကတော့နောက်ပြီ။လနတ်သမီးနဲ့ ကျွန်မနဲ့က ကမ္ဘာပေါ်ကိုပြေးလာချိန်မှာ လမ်းလွဲသွားခဲ့လို့ ရှင်ကျွန်မကိုကယ်ခဲ့ရတဲ့ တောထဲမှာ ကျွန်မတစ်နေခဲ့တာပေါ့။”

“ဒါဆို လနတ်သမီးကို မင်းအခုထိမတွေ့သေးဘူးပေါ့။”

“ဟုတ်တယ်။ကျွန်မလည်း ဒီအတောအတွင်း ကြိုးစားရှာခဲ့တာပဲ။ဒါပေမယ့် ဘယ်လိုမှ ရှာမရခဲ့ဘူး။လနတ်သမီး ပုန်းနေတဲ့နေရာကို မသိတော့ အခုထိသဲလွန်စတောင် ရှာမတွေ့ခဲ့ဘူး။”

“ဒါနဲ့ အဲ့တာဆို မင်းနဲ့ အတူဒီရောက်လာတဲ့သူက ဘယ်သူလဲ။”

“ဪ...အဲ့တာ ယူရေး(စ်)နပ် သခင်မလေးပါ။”

“ဘာ...။ဟို...အရှင်နေမင်းရဲ့ ညီမတော်ဆိုတာလား။”

“ဟုတ်တယ်၊သူလည်း ယူရေး(စ်)နပ်ဂြိုလ် ထီးနန်းကိုအလုခံလိုက်ရကတည်းက ထွက်ပြေးခဲ့ရတာပဲ။ကမ္ဘာဂြိုလ်မှာ လာနေတဲ့အချိန်တွေများခဲ့လို့သာ ကမ္ဘာကိုသူရင်းနှီးနေခဲ့တာ တော်သေးတယ်။”
ဂိုလီလည်း ဂျီတဘက်လှည့်ကာ

“စီရီ အစစ်ဆိုတော့ သူပြောတာမမှားနိုင်ဘူး။ပြီးတော့ သူပြောတဲ့ ယူရေး(စ်)နပ် သခင်မရဲ့ ကိုယ်ရောင်ကိုယ်ဝါကလည်း ငါတို့မကြုံဖူးတဲ့ အရာမျိုးဆိုတော့ ဖြစ်နိုင်မယ်လို့ထင်တယ်။”

“ဒါဖြင့် သူ့ကိုကော မစစ်ဆေးပဲထားမှာလား။”

“မင်းဘယ်လိုထင်လဲ။စစ်ဆေးချင်လား။”

“ကျွန်တော်ကတော့ မစစ်ဆေးရပဲ မယုံချင်ဘူး။ယူရေး(စ်)နပ်သခင်မဖြစ်ပါစေဦး။စေတန်ကိုသစွာခံထားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”

“ဒါဖြင့် စစ်ဆေးကြမယ်ကွာ။”
ဤသို့ဖြင့် ယူရေး(စ်)နပ် သခင်မအလှည့်သို့ရောက်သောအခါဝယ်

“ရိုင်းပြမှုအတွက် သည်းခံပါ။သခင်မ သို့ပေမယ့် ဒီအစီအရင်နဲ့ စစ်ဆေးခံပေးပါ။”
ဂိုလီက စစ်ဆေးရင်း ပါးစပ်မှမေးသည်မှာ

“ခင်ဗျား စေတန်ဘုရင်ကို သစွာခံထားတာလား။”
ဤတွင် ယူရေး(စ်)နပ် သခင်မက လက်သီးများကိုတင်းတင်းဆုပ်လျက်

“ကျွန်မ အကိုတော်ကို သတ်ခဲ့တဲ့သူကို ကျွန်မ သစွာခံနိုင်မှာမဟုတ်ဘူး။”
ဤတွင် ဂိုလီသိလိုက်သည်မှာ အရှင်နေမင်းကား စေတန်သတ်ဖြတ်ခြင်းခံလိုက်ရပြီးဖြစ်ကြောင်းပင်ဖြစ်သည်။ပြောရလျှင် စေတန်ဘုရင် အာဏာရယူထားခဲ့ပြီးသည်မှာ အတော်ကိုကြာမြင့်လွန်းနေပြီဟူသောအချက်ပင်။

“ဒီတော့ အခုဒီကိုပြေးလာတာ စေတန်ဘုရင်က ခင်ဗျားတို့ကို လိုက်ဖမ်းနေလို့ဆိုတဲ့သဘောပေါ့။”

“အမှန်ပဲ ကျွန်မတို့နှစ်ယောက်က လနတ်သမီးကို စေတန်ဘုရင်ဖမ်းမိသွားတာများလားလို့တွေးကြတော့။လနတ်သမီးကိုတော့ ဖမ်းထားလည်း သတ်လောက်မှာမဟုတ်တဲ့အတွက် အကယ်၍များဆိုရင် ကယ်လို့ရအောင် နန်းတွင်းထဲအစေခံယောင်ဆောင်ပြီး ဝင်ရှာခဲ့ကြတယ်။သို့ပေမယ့် စေတန်ဘုရင်နဲ့ ဗုဒ္ဓဟူးဂြိုလ်၊သောကြာဂြိုလ်မင်းတို့ ဆွေးနွေးကြချိန်မှာ လနတ်သမီးကို လိုက်ရှာဖို့ ဆွေးနွေးကြတာ ကြားလိုက်ရတယ်။တစ်ဆက်ထဲ ကျွန်မကိုပါဖမ်းမယ်ဆိုတဲ့အတွက် ကျွန်မတို့ သတိမထားမိခင် ပြေးလာတာပဲ။ဒီအတ္တလန်တာ နယ်မြေက ရှင်တို့တပ်ခွဲရဲ့ ဆန့်ကျင်နေမှုကြောင့် စေတန်လက်အောက်မရောက်သေးဘူးလို့ကြားခဲ့ရတော့ ဒီကို လာရှောင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။”

“ဒါဖြင့် လနတ်သမီးက စေတန်လက်အောက်ခံနယ်မြေတစ်နေရာရာမှာ ပုန်းနေဆဲပဲပေါ့။”

“အဲ့လိုပြောနိုင်တယ်။ငါ့တူမတော်က ပုန်းတာအရမ်းတော်တယ်။စီရီပြောပြချက်အရ ဒီကမ္ဘာမှာ နေရာတစ်ခုရှာပြီး ပုန်းနေမယ်လို့လည်း ပြောထားပြီးသားပဲ။”
ထို့နောက် ယူရေး(စ်)နပ် သခင်မက ဂိုလီကိုကြည့်ရင်း

“ငါဒီမှာ ဘာမှသိပ်ကူညီနိုင်မှာတော့မဟုတ်ပေမယ့်လည်း ငါနဲ့စီရီကို ခိုလှုံခွင့်ပြုနိုင်မလား တပ်မှူးဂိုလီ။”
ဂိုလီကမူ ခေါင်းခါလိုက်၏။

“ကျုပ်တို့က ရှိတဲ့သူတွေကိုတောင် မနည်းထိန်းသိမ်းနေရတာ။ခင်ဗျားတို့ကို နတ်တွေကကော အပြင်ကလာတာဆိုပြီး ကြည်ကြည်ဖြူဖြူ အထားခံမယ်ထင်လို့လား။”

“ငါ...ငါသိတာကို အလဲအလှယ်အနေနဲ့ပြောပါ့မယ်။”

“ဘာသိထားတာလဲ။”

“ဒီနယ်မြေကို အပြီးတိုင်သိမ်းပိုက်ဖို့အတွက် စေတန်က သူရဲ့အမတ်မင်းတစ်ပါးကို စေလွှတ်ထားပြီးပြီ။အဲ့အမတ်မင်းက စစ်ရေးပရိဃာယ်သိပ်ကြွယ်တယ်။ငါတို့ကို နေခွင့်ပေးရင် သူရဲ့ဗျူဟာကို ပြောပြမယ်။”

စီရီတို့ အတ္တလန်တာနယ်မြေထဲနေသည့်တစ်လျှောက်မှာ အဆင်ပြေလှသည်မဟုတ်ချေ။နတ်များကလည်း ဂိုလီတို့ပြောသကဲ့သို့ပင် ကြည်ကြည်ဖြူဖြူရှိသည်မဟုတ်ချေ။သို့သော် ယူရေး(စ်)နပ် သခင်မကတော့ အသက်မသေပဲလွတ်လာသည်တွင်ပင် တော်သေးလှပြီဟုသာ ဖြေသိမ့်၏။

“ယူရေး(စ်)နပ် သခင်မပြောသလိုသာဆိုရင်တော့ သူတို့တွေ လေးဘက်လေးတန်ညှပ်တိုက်ပြီးတော့ လေကြောင်းမှာလည်း ထိုးစစ်ဆင်နေမှာပဲဆိုတော့ ဓါတ်ကြီးလေးပါး အရှင်သခင်နဲ့တိုက်တုန်းကလိုဖြစ်နေမှာပဲ။”
ဂိုလီက စတင်ရှင်းပြသည်တွင် ဂျီတက

“အရှင်သခင်တွေနဲ့တုန်းက စိတ်ကြိုက်တိုက်နိုင်ပေမယ့် အခုက အတ္တလန်တာထဲမှာတိုက်ရင် နတ်သား၊နတ်သမီးတွေကို ထိခိုက်သွားနိုင်တယ်။ဒီတော့ ကျွန်တော်တို့လေးယောက် လေးဘက်ခွဲပြီးကာပေးရရင် ကောင်းမလား။”

“မဟုတ်သေးဘူး။လေကြောင်းကနေလည်းလာဦးမှာဆိုတော့ ဘက်စုံကာဖို့ ဘာလုပ်ကြရရင် ကောင်းမလဲ။”

“နှောက်ယှက်ရတာ အားနာပါတယ်။ဒါပေမယ့် ကျွန်မလည်း ပါဝင်တိုက်ခိုက်ပါရစေ။”
ဤတွင် ဂိုလီက အံ့ဩကာ

“သခင်မက တိုက်ပွဲဝင်ဖူးလို့လား။”

“အံ့မယ်။အဲ့လောက အထင်မသေးပါနဲ့။ဒီကိုလာတဲ့လမ်းမှာတောင် နတ်စစ်သည်တော်တွေကို ရေခဲပြီး သတ်ပစ်လာခဲ့တာ။ကျွန်မ ဘက်တစ်ဘက်ကနေ ကာတိုက်နိုင်ပါတယ်။”
အားလုံးက အချင်းချင်းကြည့်နေကြလေသည်။၎င်းတို့အကြည့်မှာ ဘယ်လိုငြင်းကြမလဲဟု အချင်းချင်း တီးတိုးမေးနေသည့်အလားပင်။”

“ကျွန်မ ဒီမှာနေရင် ဒီနေရာအတွက် ကူညီတာဝန်ထမ်းဆောင်ပေးမှ အကြွေးမတင်မှာပေါ့။ကျွန်မက သခင်မဆိုတာ နာမည်ပဲရှိတော့တာ။နာမည်နဲ့တန်တဲ့ လေးစားမှုလည်းဆုံးရှုံးသွားပြီ။ဂြိုလ်ကိုလည်း ဆုံးရှံးခဲ့ရပြီ။အကိုတော်ကိုရောပဲ။သို့ပေမယ့် ကျွန်မရဲ့ တူမတော်ကိုတော့ မသေခင် ပြန်တွေ့ချင်တယ်။ဒါကြောင့် ကူညီပါရစေလား။ကျွန်မက သခင်မတစ်ပါးဆိုတဲ့အမိန့်နဲ့တောင်းနေတာမဟုတ်ပါဘူး။ရေခဲစွမ်းအင်ရှိတဲ့ နတ်သမီးတစ်ပါးအနေနဲ့ပဲ တောင်းဆိုနေတာပါ။”
ဤတွင် ဂိုလီက စေ့စေ့ကြည့်လိုက်ကာ

“ဘက်တစ်ဘက်ကို တစ်ယောက်ထဲကာပေးနိုင်မှာ။ခင်ဗျား တစ်ဘက်ထဲကနေ ဝင်လာမယ့် နတ်စစ်သည်တော်အများကြီးကို ခံတိုက်နိုင်မှာလား။”

“ကျွန်မ အာမမခံရဲပါ ဘာလို့ဆို စစ်ပွဲတစ်ပွဲဆိုတာ နိုင်ဖို့၅၀ရာခိုင်းနှုန်း ရှုံးဖို့၅၀ရာခိုင်နှုန်းရှိတယ်။နိုင်ချင်နိုင်မယ် ရှုံးချင်ရှုံးမယ်။ဒါပေမယ့်။
ပြောလိုက်ရင်း မတ်တပ်ရပ်လိုက်ကာ

“မတိုက်ပဲရှောင်ရင်တော့ ရှုံးဖို့၁၀၀ရာခိုင်နှုန်းပဲလေ။”
ဂိုလီက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ရင်း

“ကိုယ့်ဂြိုလ်တောင် ကိုယ်မကာကွယ်နိုင်ခဲ့သူရဲ့ လက်ထဲ ဒီအတ္တလန်တာ နယ်မြေရဲ့ ကံကြမ္မာကို အပ်လိုက်မယ်လို့ တကယ်များထင်သလား။”

“ဒါဖြင့်ရင်ကျွန်မကို တစ်ပွဲလောက် စိန်ခေါ်ကြည့်ပါလား။ရှင်က ဓါတ်ကြီးလေးပါးအရှင်ကိုတောင် အနိုင်ရလာတာ။ကျွန်မရှင်နဲ့တိုက်ရတာ ဓါတ်ကြီးလေးပါးနဲ့တိုက်ရသလိုပဲနေမှာပဲလေ။ဟုတ်တယ်မလား။စမ်းသပ်ချက်ကောင်းပဲ။”
ဂိုလီ၏ မျက်နှာကို တည့်တည့်မော်ကြည့်ရင်း နှစ်ယောက်ကြားတွင် မီးများတောက်လာသည်တောင် ထင်ရသည်။ဤတွင် ဂျီတက ဝင်တားမြစ်သည်။

“တပ်မှူး အရုဏ်တက်ရင် သူတို့ရောက်လာတော့မှာနော်။ကျွန်တော်တို့တွေ အချိန်မရှိတော့ဘူး။အခုညသန်းခေါင်ရောက်တော့မယ်။”
“ဂျီတ။မင်းတို့တွေ မင်းတို့တွေခဏစောင့်နေကြ။”

ဤသို့ဖြင့် အပြင်တွင် ကွင်းလွတ်တစ်ခု၌ နှစ်ယောက်သာ စိန်ခေါ်ပွဲစတင်ရန် ပြင်ဆင်နေကြပြီ။ဂိုလီက ဦးဆုံးစတင်ကာ မီးတောက်များကိုဖွင့်ထုတ်လိုက်သည်။ထိုအခါ ယူရေး(စ်)နပ် သခင်မကလည်း ရေခဲငွေ့များကိုလက်တွေ တငွေ့ငွေ့ထွက်လာစေရာ အသင့်ပြင်လိုက်တော့၏။ထိုပွဲကို အသည်းတယားယားကြည့်နေရသည်မှာ ဂျီတ၊ဂျုဒီနှင့် ဖိုဘေတို့ဖြစ်၏။

“မီးနတ်သားအက အစီအမံ။”

ပါးစပ်မှရွတ်ဆိုလိုက်သဖြင့် ကြည့်နေသူများ အံ့အားသင့်သွားလေသည်။ဂိုလီကား အစကတည်းက အသေသတ်ချင်နေပုံရနေလေတော့သည်။ထို့နောက် ဂိုလီက မီးတောက်များလင်းထိန်လျက် “ဝုန်း”ခနဲပြေးသွားကာ လက်ထဲမှ ဆွဲကိုင်ထားသော မီးပွားကြီးဖြင့် ထုချလေသည်။ယူရေးနပ်(စ်)သခင်မကမူ အထူးတလည် ရှောင်လိုက်ပုံတောင်မရ အနောက်ကိုသာခြေတစ်လှမ်းဆုတ်လိုက်ပြီး သူမထံရောက်လာသမျှ မီးတောက်များကို ငြိမ်းသွားအောင် အအေးဓါတ်များဖြင့် တားထားလေသည်။ဂိုလီကလည်း မီးတောက်များကို လက်များမှအပြင် ပါးစပ်မှပင် မှုတ်ထုတ်လျက် သူမကိုလောင်ကျွမ်းသွားစေရန် အသားကုန်ရှို့လေတော့သည်။ထို့နောက် မီးတောက်များရပ်တန့်သွားသောအခါဝယ် ရေခဲချွန်ကြီးများ ပစ်လွှတ်ခံရသဖြင့် အနောက်သို့ဆုတ်ကာရှောင်လိုက်ရင်းကျောက်သားမြေကြီးများကို ပင့်တင်ကာ ကာလိုက်၏။သို့သော် အံ့ဩဖွယ်ရာမှ ထိုကျောက်သားများမှာ ရေခဲများအသွင်ပြောင်းက အစိတ်စိတ်အမွှာမွှာကွဲသွားပြီးနောက် ထိုအကွဲစများကြားမှ ယူရေး(စ်)နပ် သခင်မက ပေါ်လာကာ လက်ထဲမှ ရေခဲဓါးဖြင့် ခုတ်လေ၏။ဂိုလီက အနောက်သို့ရှောင်လိုက်ရင်း လေကိုပင့်ထုတ်လိုက်ရာ ယူရေး(စ်)နပ် သခင်မ နောက်ပြန်လွှင့်သွားလေ၏။ထို့နောက် မိုးကြိုးသွားကိုထုတ်ကာ တစ်ကိုယ်လုံးကိုမီးတောက်များမှ လျှပ်စီးများအဖြစ်ကိုဖုံးလွှမ်းသွားစေပြန်ကာ လျှပ်စီးအလျှင်ဖြင့် အနားကပ်သွားရင်း ထုချပစ်လိုက်၏။ထို့နောက် အငွေ့များတထောင်းထောင်းထသွားလေရာ ဘာလှုပ်ရှားမှုမှမတွေ့ရချေ။တစ်ခဏအကြာ အငွေ့များရှင်းသွားသောအခါ ရေခဲအကွဲစများသာတွေ့ရလေသည်။ထိုအခါ အနောက်မှ ရေခဲဓါးဖြင့် ယူရေး(စ်)နပ် သခင်မက ထောက်ထားသည်ကို တွေ့လိုက်ရလေတော့သည်။

“ရှင်က တကယ်တော်တဲ့ စစ်သည်တော်ပဲ သို့ပေမယ့် ပရိဃာယ်သိပ်မရှိဘူး။စေတန်ဘုရင်ကို ရှင်အနိုင်ရဖို့ဆို ပရိဃာယ်ကောင်းမှဖြစ်မယ်။”

“ဒီလိုတိုက်နိုင်ရဲ့သားနဲ့။ဘာလို့ ယူရေး(စ်)နပ်ဂြိုလ်ကို မကာကွယ်ခဲ့လဲ။”
ဤတွင် ယူရေး(စ်)နပ် သခင်မက ဓါးကိုပြန်ရုတ်သိမ်းလိုက်ရင်း

“ကျွန်မလည်း ပရိဃာယ် သိပ်မရှိခဲ့ဘူးလေ။အဲ့တုန်းက။”
ထို့နောက် တစ်ဖက်သို့လှည့်ရင်း

“ကျွန်မအကိုနဲ့တကွ အားလုံးက စေတန့်လက်အောက်ထဲရောက်နေပြီ။ကျွန်မသာ အေးဆေးအဖမ်းခံမယ်ဆိုရင် သူတို့အားလုံကိုချမ်းသာပေးမယ်။ဂြိုလ်နေနတ်သားနတ်သမီးတိုင်းကိုလည်း ဒုက္ခမပေးပါဘူးဆိုပြီး သူပြောခဲ့တယ်။ကျွန်မလည်း လက်မခံနိုင်ပေမယ့် သူတို့အသက်ကိုစာနာသောအားဖြင့် ကျွန်မ အဖမ်းခံခဲ့တယ်။သို့ပေမယ့် ကျွန်မ အလိမ်ခံခဲ့ရတယ်။အဲ့မှာ ကျွန်မသင်ခန်းစာရခဲ့တာပဲ။”
ဂိုလီက ဂျီတတို့ဘက်လျှောက်သွားရင်း

“မြောက်ဘက်ကလာတဲ့သူတွေကို ခံတိုက်ရမယ်။ကျန်တဲ့ဘက်တွေကို ငါတို့ဆက်တိုက်မယ်။”
ယူရေး(စ်)နပ်သခင်မလည်း ပြုံးလိုက်ကာ

“အမိန့်အတိုင်းပါ တပ်မှူး။”

“ငါ့ကို တပ်မှူးလို့ခေါ်စရာမလိုဘူး။ငါ့ရဲ့တပ်ခွဲဝင်လည်း မဟုတ်တာမလို့။မင်းပြင်စရာရှိတာကိုသာပြင်ထားပါ၊အရုဏ်တက်တာနဲ့ တိုက်ရလိမ့်မယ်။”

ထို့နောက် ဂျီတဘက်လှည့်ကာ

“ယာယီအုပ်ချုပ်သူဖြစ်တဲ့ နတ်မင်းကို အကြောင်းကြားပေးပါ။အတ္တလန်တာနယ်မြေနေသူတွေ လုံခြုံဖို့ ငါတို့ တိုင်ပင်ရလိမ့်မယ်။”

ထို့နောက် မနက်တစ်နာရီလောက်တွင် ဂိုလီနှင့် ယာယီစောင့်နတ်မင်းတို့ တိုင်ပင်ကြရ၏။

“တပ်မှူး။ခင်ဗျားနောက်နေတာလားဗျာ။”

“ကျွန်တော်ပြောတာလက်ခံနိုင်စရာမရှိတာသိပါတယ်။သို့ပေမယ့် ဒီလိုမလုပ်ရင် အကုန်သေကုန်လိမ့်မယ်ဗျ။”

“ဟာဗျာ။ကျုပ်က သူတို့ကိုလက်ခံအောင် ဘယ့်နှယ့်ပြောရမှာတုန်း။ကျုပ်ကိုယ်တိုင်တောင် လက်ခံနိုင်တဲ့အနေအထားမဟုတ်ဘူးလေ။”

“ဒါဖြင့်ရင် ကျုပ်တို့ရဲ့အစွမ်းတွေကနေလာတဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အကုန်လုံးထိခိုက်မှာပဲ။ဘယ်လမ်းရွေးရွေး အကုန်လုံးက ထိခိုက်မယ့် လမ်းတွေကြီးပဲ။”
အဆုံး၌ ထိုယာယီနတ်မင်ခမျာ နတ်အပေါင်းကို ညဘက်ကြီး စုဝေးစေကာ ကြေညာရလေတော့သည်။

“ကျွန်တော်တို့တွေ အခုတပ်မှူးဂိုလီဆီက ကြားခဲ့ရတဲ့ သတင်းဆိုးတစ်ခုကြေညာစရာရှိပါတယ်။”
အားလုံးလည်း မျက်နှာပျက်ကာ ထိတ်လန့်လျက် နားထောင်နေရလေသည်။

“ကျွန်တော်တို့ဆီကို အရပ်လေးမျက်နှာကရော လေကြောင်းကပါ အပြီးသတ်တိုက်ခိုက် ထိုးစစ်ဆင်ဖို့ စေတန်ဘုရင်က သူ့တပ်တွေကို စေလွှတ်လိုက်ပြီမလို့ မနက်ကျရင် တိုက်ပွဲဖြစ်ပွားဖို့အခြေအနေရှိနေပါပြီ။”
အားလုံးလည်း “ဟာ”ခနဲ “ဟင်”ခနဲ အော်ဟစ်ကာ ထိတ်လန့်ကုန်ကြလေသည်။

“ဒါပေမယ့် တပ်မှူးတို့တပ်ခွဲဟာ ကျွန်တော်တို့ကို အစွမ်းကုန်ခုခံတိုက်ခိုက်သွားမှာပါ။တစ်ခုပဲလုပ်ပေးဖို့ရှိပါတယ်။ဒီနယ်မြေကို ရေထဲမြုပ်ပစ်လိုက်ဖို့ပါ။”
ဤတွင် နတ်များအားလုံး ရုတ်တရက် တိတ်ဆိတ်သွားကာ ကြောင်ကြည့်ကုန်ကြလေသည်။တော်တော်လေးကြာမှ ဝိုင်းအော်ဟစ်ကုန်ကြလေတော့သည်။

“ရုးနေလားကွ။အကုန်သေကုန်မှာပေါ့။”

“လူသားတွေ သတ္တဝါတွေရှိနေတယ်လေ။ရုးနေလားဟ။”
ဤတွင် တပ်မှူး ဂိုလီက ထွက်လာကာ

“အားလုံးခဏလောက်ငြိမ်ပေးပါ။ကျွန်တော်တို့ပြောတာလေးနားထောင်ပေးပါ။”

“တပ်မှူး။ခင်ဗျားဟိုတစ်ခါ ရွှာကိုရေမြုပ်သလို အခုတစ်နယ်မြေလုံးကို ရေမြုပ်ပစ်မလို့လားဗျ။”
စသဖြင့် ဝိုင်းဝန်းဆဲဆိုပြစ်တင်ပြောဆိုသံများ ကျယ်လောင်စွာထွက်ပေါ်လာကုန်ကြလေသည်။

“ကျွန်တော်ပြောတာ နားထောင်ပေးပါ။အခုချိန်မှာ စစ်ပွဲဖြစ်ဖို့ကို တစ်စက္ကန့်ချင်း နီးနေပါပြီ.သူတို့သာလာတိုက်မယ်ဆိုရင် သူတို့ရဲ့ အရှိန်အဝါကြောင့် လူတွေကပ်ဘေးသင့်မှာအသေအချာပါပဲ။သူတို့ကို အတ္တလန်တာမရောက်လာခင် တားနိုင်အောင် လမ်းကြောင်းလွှဲဖို့ကလည်း မမှီတော့ပါဘူး။ကျွန်တော်တို့လုပ်နိုင်တာ ဒီနယ်မြေကို ရေထဲမြုပ်ပစ်ပြီး သူတို့ကို လမ်းလွှဲပစ်ဖို့ပါ ပြီးတာနဲ့ အလစ်ဖမ်းတိုက်ရင် သူတို့ ဘယ်နည်းနဲ့မှ မနိုင်နိုင်ပါဘူး။”

“ဟ...။ငါတို့အကုန်လုံးကရေထဲမှ အသက်မရှုနိုင်တာ ပြီးတော့ လူသားတွေနဲ့ သတ္တဝါတွေအတွက်ရော မင်းသူတို့ကို ဒီအတိုင်းရေထဲမြုပ်ပစ်လိုက်ရင် အကုန်သေသွားမှာပေါ့။”
“ဒါဆို ကျွန်တော်ရှင်းပြပါမယ်။နည်းလမ်းနှစ်ခုရှိပါတယ်။နတ်သားနတ်သမီးတို့ကြိုက်ရာကို မဲခွဲရွေးလို့ရပါတယ်။

ပထမနည်းကတော့ ဒီနယ်မြေကိုရေထဲတော့ မမြုပ်ပစ်ဘူး။ဒီအတိုင်းထားမယ်။ကျွန်တော်တို့တပ်ခွဲက တစ်ဖက်တစ်ချက်ဆီစောင့်ရင်း လာသမျှကို ခံတိုက်မယ်။သူတို့ပစ်လွှတ်တဲ့အစွမ်းတွေကနေ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမယ်။ခင်ဗျားတို့အပါအဝင် လူသားတွေ သတ္တဝါတွေအကုန် ထိခိုက်ပြီး အများကြီးသေဆုံးနိုင်တယ်။

ဒုတိယနည်းကတော့ ဒီနယ်မြေကို ရေထဲမြုပ်လိုက်မယ်။ခင်ဗျားတို့ကို ရေထဲအသက်ရှင်အောင် အစီအမံတွေဖြန့်ဝေပေးမယ်။ပြီးတော့ လူသားတွေနဲ့ သတ္တဝါတွေအတွက်ကတော့ ကျွန်တော့်မှာ အစီအမံတစ်ခုပဲ လုပ်လို့ရနိုင်မယ်။

အဲ့တာဘာလဲဆိုတော့ ကျောက်ရုပ်တွေဖြစ်အောင်လုပ်လိုက်ဖို့ပဲ။”
အားလုံး လန့်ဖျတ်သွားသည်။တစ်ယောက်ကိုတစ်ယောက်ကြည့်ကြရင်း ဘာပြောမည်ကိုမသိတာ့လောက်အောင်ဖြစ်ကုန်ကြလေသည်။

“လူတွေရဲ့ စိတ်ဝိဉာဉ်ပိုင်း(လိပ်ပြာ)တွေကို ခင်ဗျားတို့ကိုယ်စောင့်နတ်တွေအားလုံးချွတ်ယူလိုက်ပါ။သတ္တဝါတွေအကုန်လုံးပေါ့။ချွတ်ယူပြီးတာနဲ့ ကိုယ်စီကိုယ်စီ ကာကွယ်သိမ်းဆည်းပေးထားကြပါ။အတ္တလန်တာကို ရေပေါ်ပြန်တင်နိုင်တဲ့အခါကျရင် နဂိုအတိုင်းပြန်ဖြစ်သွားမှာပါ။အဲ့ကျရင် အားလုံးအသေအပျောက်ကင်းမဲ့စွာနဲ့ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
အဆုံး၌မဲခွဲကြရာ နတ်သား၊နတ်သမီးပေါင်း ၅သိန်းကျော်က မဲထည့်ကြသည်။ဒုတိယအကြံကို ထောက်ခံသူမှာ ၃သိန်းနီးပါးရှိသဖြင့် အားလုံးက လူသားများနှင့် သတ္တဝါများ၏ ဝိဉာဉ်တို့ကို ချွတ်ယူခဲ့ကြရလေတော့သည်။အဆုံး၌ အရုဏ်တက်မနက်ရောက်လုဆဲဆဲတွင် လူသားအားလုံးမှာ ကျောက်ရုပ်များအဖြစ် ၎င်းတို့အိပ်နေစဉ်အတွင် ပြောင်းလဲသွားလေတော့သည်။ကျောက်ရုပ်များကို လဲမကျအောင်အတတ်နိုင်ဆုံးဂရုစိုက်ကြရင်း ရေမြှုပ်တော့မည့် အချိန်ကို အားလုံးဝမ်းနည်းစွာစောင့်နေကြလေသည်။

“အသက်ကိုရင်း၍ အဆုံးတိုင်ကာကွယ်စောင့်ရှောက်သွားပါမည်။”
သစွာစကားအဆုံးတွင် ဂိုလီကအစီအမံကိုရွတ်ဆိုလိုက်ရင်း ရေလှိုင်းများဖြင့် အတ္တလန်တာနယ်မြေကိုဖုံးလွှမ်းလိုက်၏။ထိုနောက် ဖိုဘေက အောက်ခံကျောက်သားများကို နိမ့်ချလိုက်ရန် အစီအမံကိုရွတ်လိုက်လေသည်။နေထွက်လာချိန်တွင် ထိုအတ္တလန်တာနယ်မြေမှာ ရေပြင်ကြီးသာကျန်လေတော့သည်။

“တပ်မှူး။အကယ်၍ အတ္တလန်တာကိုသာ ပြန်ဖော်မယ်ဆိုရင် နဂိုနေရာကိုရောက်ပါ့တော့မလား။”

“ဘယ်ရောက်ပါ့မလဲ။သမုဒ္ဓရာက သူ့ကို နေရာပြောင်းပစ်လိုက်မှာအသေအချာပဲ။ကောင်းတဲ့ဘက်ကတွေးရင် ဒီကောင်တွေ အတ္တလန်တာနယ်မြေကို ဘယ်တော့မှ ရှာတွေ့တော့မှာမဟုတ်ဘူး။ဆိုးတာကတော့ စီရီတို့လို ထွက်ပြေးမယ့်သူတွေအတွက် တစ်ခုထဲသော လွတ်မြောက်နယ်မြေကိုဆုံးရှုံးလိုက်ရတာပဲ။”

“ဒါကြောင့်ရေထဲမြုပ်လိုက်တာပေါ့လေ။အကယ်၍ စစ်ရှုံးခဲ့ရင်တောင် သူတို့ကိုဘယ်တော့မှ ဒုက္ခပေးနိုင်တော့မှာ မဟုတ်လို့ပေါ့။”

“အမှန်ပဲ။သူတို့တွေ နောက်ကျရင် ငါတို့ကို​ကျေးဇူးတင်မိမှာသေချာပါတယ်။ဘာပဲပြောပြော ဒါသူတို့ကိုယ်တိုင်ပဲ မဲပေးလက်ခံခဲ့တာပဲလေ။”

“တပ်မှူး။သူတို့လာနေပြီထင်တယ်။”
ဂိုလီလည်း ခေါင်းငြိမ့်လိုက်ကာ အားလုံးကို လူခွဲကာ အဆင်သင့်ပြင်လျက် စောင့်နေစေလေတော့သည်။အတ္တလန်တာနယ်မြေကြီးကား နက်ရှိုင်းလှသော သမုဒ္ဓရာ၏အောက်ဆုံးတွင် ရှာမတွေ့နိုင်လောက်အောင် ပျောက်ဆုံးသွားလေခဲ့တော့သည်။

အခန်း(၉)

“အရှေ့မှာ အခြေအနေဘယ်လိုရှိလဲကွ။”

“အမတ်မင်း။ကျွန်တော်တို့ တစ်ခုခုလွဲနေပြီထင်တယ်။”

“ဘာဖြစ်လို့လဲ။”

“ရှေ့မှာ ရေပြင်တွေပဲရှိပါတယ် အမတ်မင်း။”
နတ်စစ်သည်တော်များကား ရေပေါ်လမ်းလျှောက်နိုင်ရန်သုံးသော အစီအမံများဖြင့် အုပ်စုလိုက်ကြီး ချီတက်လာကြလေသည်။အမတ်ကြီးမှာ မြောက်ဘက်အုပ်စုနှင့်အတူလိုက်လာခဲ့၏။

“မဖြစ်နိုင်တာ အတ္တလန်တာနယ်မြေကိုရောက်ရတော့မှာလေ။ဘယ်လိုဖြစ်တာလဲကွ။”

ပြောလိုက်ရင်း ပထဝီအနေအထားတွက်ချက်သူကို လှမ်းကြည့်လိုက်၏။ထိုသူလည်း အလန့်တကြား

“ကျိန်ရဲပါတယ်အမတ်မင်း။ကျွန်တော်မျိုး အကြိမ်ပေါင်းမြောက်မြားစွာ စစ်ဆေးပြီးမှ အတိုင်းအတာကိုတင်ပြတာပါ။”

“အနီးအနားကိုကြည့်ပါဦးဟ။လေကြောင်းက ရှေ့တော်ပြေးတွေရော။”

“အမတ်မင်း။အဲ့ဒီနေရာတစ်ခုလုံး ပျောက်သွားပါပြီတဲ့။”

“အစီအမံနဲ့ဖျောက်ထားတာလားမသိဘူး။မင်းတို့တွေ သတိမလွတ်စေနဲ့။”
ပြောရင်းပတ်ဝန်းကျင်ကို ကြည့်၏။တစ်ခဏအကြာမြူများဆိုင်းလာ၏။

“တစ်ခြားမျက်နှာစာကလာတဲ့ တပ်စုတွေရော ဘာအကြောင်းပြန်သေးလဲ။”

“အဆက်အသွယ်မရသေးပါဘူးအမတ်မင်း။”

“ပြဿနာပဲ။စီစဉ်ထားသလိုကနေ လွဲကုန်တော့မှာပဲ။”
တစ်နေရာအရောက်တွင် အလင်းရောင်တစ်ခုကိုမြင်လိုက်ရလေရာ

“အားလုံး လက်နက်တွေ အစီအမံတွေ အသင့်ပြင်ထား ရှေ့မှာရန်သူလို့ထင်ရတာရှိတယ်။”
အားလုံးလည်း သတိအနေအထားဖြင့် ထိုအလင်းတန်းလာနေရာသို့ တိုးကပ်သွား၏။ထို့နောက် အသံတစ်သံထွက်ပေါ်လာလေသည်။

“အမတ်မင်းက မြောက်ဘက်ကနေလာတာအတော်ကံဆိုးတာပဲကိုးရှင့်။”
ပြောလိုက်သည့်စကားအဆုံးတွင် သူတို့လျှောက်နေရာ ရေပြင်မှ ခဲသွားကာ ထိုရေခဲများက နတ်စစ်သည်တော်များ၏ ခြေထောက်များကို လိုက်ကာ တချို့မှခဲသွားလေသည်။

‘အရပ်လေးမျက်နှာကလုံးက စစ်သည်တော်တွေတိုက်ကြတော့ဟ။”
သို့သော်အမိန့်သံမှာ သိပ်အရာရောက်ပုံမရလိုက်ချေ။အကြောင်းမှာ အရပ်လေးမျက်နှာလုံးမှနတ်စစ်သည်တော်များမှာ ကိုယ်စီကိုယ်စီ အကြပ်တွေ့ကုန်ကြပြီဖြစ်သောကြောင့်ပင်။

လေပေါ်မှ စစ်ကြောင်းမှာ ဂျီတနှင့် ရင်ဆိုင်နေရပြီ။တောင်ဘက်က ဂျုဒီ၊အနောက်ဘက်က ဖိုဘေ၊အရှေ့ဘက်က ဂိုလီနှင့် ယခုမြောက်ဘက်မှာ ယူရေး(စ်)နပ်သခင်မတို့အသီးသီးအခွင့်အရေးကို ချောင်းကာတိုက်နေကြခြင်းပင်ဖြစ်လေသည်။

လေကြောင်းမှ နတ်စစ်သည်တော်များနှင့် အတူရောလာသည်မှာ ငှက်မိစ္ဆာကောင်များဖြစ်၏။ဂျီတက

“ပြန်တွေ့ရပြန်ပြီပေါ့လေ မိတ်ဆွေဟောင်းကြီး။”

ဟု ရေရွတ်ကာ မုန်တိုင်းခေါ်လိုက်လေတော့သည်။၎င်း၏မျက်လုံးမှာလည်း ပြာရောင်တောက်ပလာကာ တစ်ကိုယ်လုံး၌လည်း လျှပ်စီးများလက်ထလာလေတော့သည်။

သူ၏မုန်တိုင်းကြောင့် ရေပြင်မှာ မငြိမ်မသက်ဖြစ်လာကာ ရေပေါ်လမ်းလျှောက်နေကြသူများမှာ ဒုက္ခအကြီးအကျယ်ရောက်နေလေတော့သည်။သူတို့မှာ ရေပေါ်၌တိုက်ရမည်ဟု မမျှော်လင့်ထားရာ အခြေအနေမှာ ဂိုလီတို့ဘက်က တစ်ပန်းသာနေလေတော့သည်။

ဂျီတက ထိုငှက်မိစ္ဆာများကို ၎င်း၏ မိုကြိုးသွားဓါးဖြင့် လိုက်လံတိုက်လေတော့သည်။ဤသို့ဖြင့် မိုးကြိုးသွားများမှာ တစ်ချက်ပြီးတစ်ချက်ထိုးစိုက်လိုက်လေတိုင်း မိုးကြိုးတွေ ပစ်ခတ်နေလေတော့သည်။ငှက်မိစ္ဆာများမှာ ၎င်းတို့ခြေသည်းများဖြင့် စုတ်ဖြဲတိုက်ခိုက်သည့်သတ္တဝါများဖြစ်လေသည်။

“မင်းတို့တွေ အဲ့တုန်းက ယူသွားခဲသမျှ ငါပြန်ယူပစ်မယ်ကွ။”
ငှက်မိစ္ဆာများကလည်း တ “ဟီး” “ဟီး”ဖြင့် မြည်တွန်လျက် စုတ်ဖြဲရန်ကြိုးစားကြသည်။ဂျီတကလည်း ရှောင်လိုက် တိုက်လိုက်ဖြင့် ဆက်တိုက် တိုက်ခိုက်နေလေတော့သည်။မိုးကြိုသံများမှာလည်း တ”ဒုန်း” “ဒုန်း”ဖြင့် ဆက်တိုက်ပစ်လာခဲ့ရာ ရာသီဥတုဆိုးရွားလွန်း၍ ထိုသမုဒ္ဓရာတွင်းမှ သင်္ဘောများမှာ မှောက်ကုန်သည်အထိ အခြေအနေဆိုးကုန်လေသည်။

ငှက်မိစ္ဆာများနှင့်အတူ မြှားဖြင့်ပစ်ခတ်တိုက်ခိုက်နေလေသော နတ်စစ်သည်တော်များမှာလည်း ပစ်ဖို့ကြိုးစားနေသော်ငြား လျှပ်စီးအလျှင်ဖြင့် လှုပ်ရှားနေသော ဂျီတကို မထိနိုင်ချေ။သို့သော်တချို့သော ငှက်၏ခြေသည်းများမှာ အစွန်းထွက် ထိသွား၏။သို့သော် ဂျီတမှာ ဂရုမစိုက်အား ဒေါသတကြီးလိုက်သတ်နေလေတော့ရာ လေကြောင်းတပ်စုများမှာ အများနဲ့ တစ်ယောက်ထဲဖြစ်နေသော်ငြား ဂျီတကိုတိုက်ရမည်ကိုပင် တွန့်လာကြလေသည်။

ဖိုဘေလည်း အတော်ပြင်းထန်၏၎င်းတို့ရပ်နေရာ ရေမျက်နှာပြင်အောက်မှ ပွက်ကနဲထွက်လာသော ကျောက်သားများမှာ ၎င်းတို့ဂွကြားများမှ ဖောက်ကာ ဦးခေါင်းခွံများအထိ ထိုးဖောက်သွားလေ၏။သို့ဖြစ်ရာ နဂိုထဲမှ ကောင်းကောင်းမွန်မွန်ခြေမလှမ်းနိုင်ဖြစ်နေကြသူများမှာ ဖိုဘေကို တိုက်ဖို့မဖြစ်နိုင်သလောက်ဖြစ်လာလေသည်။

ဂိုလီကမူ အသာစီးရမည်မှာ ပြောဖို့ပင် မလိုလောက်ချေ။ရေပွက်များဖြင့် ဆွဲချခြင်း၊ရေနဂါးဓါးဖြင့် ရိုက်ချခြင်းတို့ဖြင့် အသာအယာတိုက်ခိုက်နေနိုင်လေတော့သည်။

အားလုံးထဲတွင်ခက်ခဲနေသည်မှာ ဂျုဒီပင်ဖြစ်သည်။ယူရေး(စ်)နပ် သခင်မကသာ ရေခဲအစွမ်းဖြစ်၍ အတော်အဆင်ပြေလှသေးသည်။မီးနတ်သမီးဖြစ်သူ ဂျုဒီကသာ လေပင့်အားအထောက်အပံကြောင့် မဟုတ်လျှင် မီးတောက်ပြင်းပြင်းထန်ထန် လောင်ကျွမ်းနိုင်ဖို့ မလွယ်ကူလှပေ။ပတ်ဝန်းကျင်မျာ ရေပြင်ကြီးသက်သက်သာရှိသည်ဖြစ်ရာ မီးတောက်မှာ ကိုယ်တွင်းမှတောက်လောင်ရန် ကြိုးစားရခြင်းကြောင့်ပင်ဖြစ်လေသည်။

“တပ်မှူး။အခြေအနေကောင်းတယ်။”
ဖိုဘေက အာရုံခံအစီအမံဖြင့် သတင်းပေး၏။ဂျီတကမူ ဒေါသတကြီးဖြင့် ချနေလေသောကြောင့် သတင်းပေးဖို့ သတိပင်မေ့နေလေတော့သည်။

“ဂျီတ။အခြေအနေကောင်းလား။”

“တပ်မှူး။သူအခု စိတ်လွတ်နေလောက်ပြီ။”

ဖိုဘေက လှမ်းပြော၏။

“ဘာဖြစ်လို့လဲ။”

“သူ့ရဲ့ ငယ်ရန်သူတွေနဲ့ တွေ့နေတာမလို့ပါ။”

“ကဲကွာဘာနေနေ အစွမ်းကုန်တိုက်ကြပေရော့။”
ထိုအခိုက်တွင် “အုန်း”ခနဲ တောက်လောင်သံတစ်ခုကိုကျယ်ကျယ်လောင်လောင်ကြားလိုက်ရလေရာ ဂျုဒီဖြစ်မည်ကို အားလုံးက ခန့်မှန်းမိကြ၏။

“ဟာ...ပြဿနာပဲ ဂျုဒီပဲဖြစ်မယ်ထင်တယ်။”

“ကျွန်တော်သွားလိုက်မယ်။”

ပြန်ဖြေလိုက်သူမှာ ဂျီတဖြစ်နေ၏။အံ့ဩဖို့ကောင်းသည်မှာ များစွာသော နတ်စစ်သည်များ ငှက်မိစ္ဆာများကို ဦးဆုံးရှင်းပစ်လိုက်နိုင်သည်မှာ ဂျီတဖြစ်နေလေ၏။

“အေးကောင်းပြီ။”
ထိုအခိုက်တွင် ဂျုဒီကား လှိုင်းတစ်လုံး၏ အုပ်မိုးခြင်းတွင် မြုပ်ပါတော့မတတ် ဖြစ်သွားလေရာ ဂျီတက အပြေးအလွှားဖမ်းဆွဲထားလိုက်ရ၏။ထိုအခါမှ ကြည့်မိသည်မှာဂျုဒီ၏ ဗိုက်၌လည်း မြားမှန်နေသည်ကိုတွေ့ရလေ၏။

“ဂျုဒီ...သတိထားဦးဟ။”
ထို့နောက် ရန်သူများဘက်သို့ လက်ကိုဆန့်တန်းလိုက်ရာ လေပင့်အားများတက်လာပြီး ထိုရန်သူများဘက်သို့ ရေလှိုင်းကြီးများတက်လာကာ နောက်ဆုံး၌ အားလုံးကိုဖုံးလွှမ်းကာ နတ်စစ်သည်တော်အတော်များများ ကျရှုံးသွားလေတော့သည်။ဂျုဒီက မျက်စိဖွင့်ကြည့်လိုက်သောအခါ ဂျီတကိုတွေ့ရလေ၏။

“နင်...နင်လား ဂျီတ...။”

“ဒါပေါ့။နင့်ရဲ့ငယ်ပေါင်းကြီး ဂျီတပေါ့။”

“အရင်လို နင်ငါ့ကို ကယ်နေရတုန်းပဲလား။”

“အံ့မယ်။ဒါတော့သိသားပဲ။နင်စိတ်မပူနဲ့ငါ...။”

“ဂျီတ...ခဏ...ခဏလေး...ပြောတာနားထောင်ပါ။”

“ဟမ်ဟမ်။ဘာ...ဘာပြောမလို့တုန်း။”

“ငါ...ငါ့ကိုနင်..နင်ဖွင့်ပြောခဲ့တဲ့အချိန်ကို နင်မှတ်မိလား။”

“ဟယ်။စစ်ပွဲထဲရောက်နေတာနော် အမ...။ဘေးမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူးဗျ။ဟိုလူတွေ သရုပ်ဆောင်တဲ့အခါ သေခါနီးလုပ်ပြသလိုတွေ လုပ်နေပါနဲ့ နင်မသေပါဘူး။”

“အဲ့တုန်းက ငါငြင်းလို့ နင်စိတ်နာသွားတာလား။”
“ဘာတွေပြောနေတာလဲ။”

“အခုငါ့ကို နင်အရင်လို မချစ်တော့ဘူးမလား။”

“နောက်မှပြောရအောင်ဟာ...အခုနင့်မြားကို ငါဆွဲထုတ်ပြီးတော့ ကုသရေးအစီအမံသုံးမယ်။နင် နည်းနည်းတော့ နာနိုင်တယ်။တောင့်ခံပေးထား။”

မြားကို ဆတ်ကနဲဆွဲထုတ်ပစ်လိုက်ပြီးနောက် ကုသရေးအစီအမံဖြင့် ကုစားလိုက်ရာ မကြာခင်ပင် နဂိုအကောင်းပတိအတိုင်းဖြစ်သွားလေ၏။

“ကဲကဲ။နင်ရဲ့ မီးတောက်တွေကို အားပြင်းအောင် ငါကူညီဖို့လိုပြီထင်တယ်။ကြည့်ရအောင်...ဟ...ဒီငနဲတွေရေထဲမြုပ်ကုန်ပြီလား။တစ်ကောင်မှကို မကျန်တော့ဘူး။ဒါဖြင့် ဖိုဘေတို့ တပ်မှူးတို့ဘက်ကိုသွားရအောင်။”
ဤသို့ဖြင့် ပတ်ကြည့်လိုက်သောအခါ ရေပေါ် ပေါလောပေါ်အလောင်းများစွာကို ဖြတ်သန်းလိုက်ရပြီး တစ်ခဏအကြာ ယူရေးနပ်(စ်)သခင်မထံရောက်သွား၏သူရှိရာတစ်ဝိုက်၌ ရေခဲကျွန်းဆွယ်ကြီးဖြစ်၍နေလေပြီ။

“မထင်မှတ်ထားတဲ့နေရာမျိုးမှာ ရေခဲကျွန်းဆွယ်ပေါ်နေတယ်ဆိုရင် မလိုအပ်ပဲ လူသားတွေ သင်္ဘောမတိုက်မိနိုင်ဘူးလား။”

“ဖြစ်နိုင်ပါတယ်။ခက်တာက ငါတို့နတ်တွေက တစ်ခုခုဆို ဖြစ်လည်းထားခဲ့တာပဲ ပြန်မရှင်းလင်းချင်တတ်ဘူးလေ။”
သူတို့ရောက်သွားသောအခါဝယ် နတ်စစ်သည်တော်များများ အတော်များများသေဆုံးကုန်ပြီးနောက် အချို့မှာ ထွက်ပြေးကုန်ကြပြီ။ထိုသူများမှာ မကြာခင် စေတန်ဘုရင်ခတ်နှိပ်ထားသော တံဆိပ်ကြောင့် သူတို့မြင်ဖူးခဲ့သော အလျင်မကောင်းဆိုးဝါးသေဆုံးခဲ့သလို သေမည်ကို သိနေမိလေသည်။အမတ်ကြီးကမူ မျှော်လင့်ချက်မဲ့လှသော မျက်နှာဖြင့်

“ဘာကြောင့်လဲ။”

“ငါ့တို့က တပ်စုလိုက်ကြီးနဲ့ သူတို့က လူနည်းနည်းလေးနဲ့။ဘာကြောင့်လဲ။”
ဤတွင် ဂျီတက

“ဒီကမ္ဘာမှာ တန်ခိုးခွန်အားရှိရင် နတ်တစ်ပါးက နတ်သားတစ်သန်းလောက်အထိ အနိုင်ယူနိုင်တယ်။ခင်ဗျားတို့ စနေဂြိုလ်က မိစ္ဆာကောင်တွေလို အုပ်စုလိုက်ကိုက်တတ်တဲ့ခွေးမျိုးတွေမဟုတ်ဘူး။တစ်ကောင်ထဲ သို့ပေမယ့် ခြင်္သေ့ဆိုတဲ့ ဘုရင်လိုကောင်တွေကွ။”

“ဟက်ဟက်။ဟက်ဟက်ဟက်ဟက်။ဟီးဟီးဟီးဟီး။မယုံနိုင်ဘူးကွာ။”

“ဘာလား။ဒီကောင် ရုးသွားတာလား။”
ထိုအမတ်မှာ အတော်ကြာအောင် အော်ဟစ်ပြီးနောက်

“အရုးတွေ မင်းတို့သေပြီပဲ။”
ထိုသို့ပြောပြီးနောက် ထိုအမတ်မှာ အကြွေစများ ထွက်ကျသကဲ့သို့ အပြောက်ပြောက်လေးများဖြစ်သွားလေတော့သည်။ထို့နောက် ဂိုလီတို့ရပ်နေရာ ရေခဲကျွန်းဆွယ်ထဲများစွာသော မိုးကြိုးသွားများ ဆက်တိုက်ပစ်ခတ်လေတော့သည်။ရေခဲကျွန်းဆွယ်ကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားကာ အားလုံးမှာ အမြင်များဝေဝါးသွားလျက် ကိုယ်ထဲ အဆက်မပြတ် နာကျင်စွာဖြတ်သန်း စီးဆင်းသွားလေသော လျှပ်စီးများကြောင့် သတိများလွတ်ကုန်ကြလေတော့သည်။

“ဂိုလီ။”
ဤနာမည်ကိုရွတ်လိုက်သူမှာ စေတန်ဘုရင်စေလွှတ်လိုက်သော အမတ်မင်းဖြစ်လေသည်။

“ကျွတ်ကျွတ်။မင်းတို့တွေက ငါ့ကို ဒီလောက်လွယ်လွယ်အနိုင်ရလိမ့်မယ်ထင်တာလား။သမိုင်းကြောင်းတွေကိုသာ ပြန်လှန်သင်ကြရင် ငါ့ကိုတော့ နတ်သူငယ်လေးတွေက ငပေါကြီးထင်နေမှာပဲ။ဒါပေမယ့် အခုက ဒီသမိုင်းဝင်တိုက်ပွဲကြီးရဲ့ ဇာတ်ရှိန် အတက်ခန်းကွ။ဟဟ။ကြည့်ပါဦး။ဒီအမတ်ကြီးက ဉာဏ်ကောင်းလိုက်တာဆိုပြီး ချီးကျုးလိမ့်မယ်။မှတ်ထား သမိုင်းဆိုတာ အနိုင်ရတဲ့သူရေးတာကွ။ဒါကြောင့်လည်း သမိုင်းတွေက အမြဲမမှန်တာ။”
ထို့နောက် ရေခဲတုံးပေါ်၌တင်ကျန်လေသော ဂျုဒီမှာ အမတ်ကြီး၏အသံကို ခပ်သဲ့သဲ့ ကြားစပြုလာပြီးနောက် ကိုယ်ကိုလှုပ်ကြည့်ရန် ကြိုးစားလေသည်။သူမ၏ ဘေးပတ်ဝန်းကျင်၌ တလှုပ်လှုပ်ချီတက်လာသော အရာငယ်လေးများကို မြင်နေရသည်။ကြည့်ရသည်မှာ ပင်လယ်တစ္ဆေများဖြစ်ပြီး အချိန်ဆွဲလျှင် သူတို့သေသွားနိုင်သည်ကို ဂျုဒီသိနေသည်။

အနီးအနား၌ကြည့်လိုက်သောအခါဝယ် ရေခဲတုံးအစလေးများမှာ မျောသွားလျက် ကြည့်ရသည်မှာ ကမ္ဘာကြီးမှာ ကိုလာတစ်ခွက်ဆိုလျှင် မိမိတို့မှာ ထိုကိုလာခွက်ထဲမှ ရေခဲတုံးလေးများပေါ်၌ရောက်နေသကဲ့သို့ပင်။ဝေဝါးနေသော အမြင်အာရုံကြောင့် အာရုံခံစနစ်ကို သုံးရန် စိတ်ကို မနည်းစုစည်းရသည်။နှစ်ကြိမ်မြောက်လောက်လုပ်ကြည့်မှသာ အာရုံခံလိုက်နိုင်ရာ အနီးဆုံး၌ လဲနေသော ဂျီတရှိသည်ကိုသတိထားမိလေသည်။ထို့ကြောင့် ဂျီတထံ တရွတ်ဆွဲရင်းသွားလေသည်။

“ဂျီတ...။”
ဂျုဒီလည်း အားတင်းကာ သတိလစ်နေသော ဂျီတကို အားတင်းကာ ခေါ်ကြည့်ရလေသည်။သို့သော် ဂျီတကား ပြန်ထူးသံမကြားရချေ။

“ဂျီတ...။ပြန်ဖြေပါဦးဟာ။”
ဂျုဒီလည်း ငိုတော့မည့်အလား အားတင်းရင်း

“ဂျီတ…..။”

တော်တော်ကျယ်ကျယ် အော်ခေါ်လိုက်သောအခါဝယ် လှမ်းကြည့်နေသောအမတ်မင်းက ကြားလိုက်ပုံဖြင့်

“ဟ...မသေသေးပါလား။အသက်ပြင်းကြပုံပဲ။ဟေ့ကောင်တွေ...သွား...အူတွေအကုန်ခွဲပြီးဆွဲထုတ်လာခဲ့။အရှင်စေတန်က ဒီလို သွေးတရဲရဲတွေဖြစ်နေမှ ကြိုက်တာ။”
ထိုအခိုက်တွင် ဂျုဒီကမူ ဝမ်းနည်းပက်လက်ဖြစ်လျက် ဂျီတကို ထပ်ခါထပ်ခါခေါ်နေလေသည်။

“နင်ဟာ...ငါပြောသားပဲ။အစောတုန်းက နင့်ကိုပြောချင်တာရှိတယ်လို့ နားထောင်ပါဆိုနေ။အခုတော့ နင်ငါ့ကိုပြောခွင့်တောင်မပေးပဲထားခဲ့တာလား...။”
မျက်ရည်များ လှိမ့်ဆင်းလာရင်း

“နင်...နင်မှတ်မိမှာပါ။အဲ့ဒီ နေဝင်ချိန်လေးလေ။နင်နဲ့ငါနဲ့ဖိုဘေနဲ့ အရင်လို သုံးယောက်လျှောက်ဆော့နေကြချိန်မှာ...တောင်စောင်းပေါ်ကနေ နေဝင်ချိန်ကိုကြည့်ရင်း နင်ပြောတယ်လေ။

“နင့်မျက်လုံးထဲက မီးတောက်ပုံမျက်ဝန်းက ဒီနေဝင်ချိန်မှာ အရမ်းလှတယ်”တဲ့

နင်...နောက်တော့ ငါ့ကိုရုတ်တရက်ကြီး ဖွင့်ပြောတယ်။ငါတို့က နတ်သူငယ်လေးတွေပဲရှိသေးတာလေဟာ။

ငါငြင်းမိခဲ့ပေမယ့် နင်ထွက်မသွားခဲ့ဘူး။ငါ့ကိုအချိန်တိုင်း နင်ကာကွယ်ပေးတယ်။အမြဲရပ်တည်ပေးတယ်။


ငါနားလည်ခဲ့တယ်။နင့်မှာ အမေမရှိခဲ့လို့ ချစ်မြတ်နိုးပေးနိုင်မယ့် နတ်သမီးတစ်ယောက်ကိုတော့ နင်လိုအပ်ခဲ့တာဆိုတာ။
ငါမသေချာခဲ့ဘူး။နင့်ကို လိုအပ်နေမယ့် အချစ်မျိုး ငါပေးနိုင်မယ်ဆိုတာ။

အခုတော့ နင့်ကို ငါအဆုံးရှုံးမခံဘူး။နင်အသက်သာရှင်နေလိုက်ပါ။ငါနင့်ကို ရအောင်ကာကွယ်ပေးသွားမယ်။နင်အမြဲလုပ်ပေးခဲ့သလို။နင့် အမြဲလိုနေခဲ့တဲ့ အချစ်မျိုးလည်း ငါပေးမယ်။နင်အခုထိ မပြောင်းလဲပဲ ငါ့ကိုပေးခဲ့တဲ့ အချစ်တွေလိုပဲ။

ငါတို့နတ်တွေက နှစ်နဲ့ချီစွာ အထီးကျန်စွာနေရတတ်တဲ့အတွက် လွယ်လွယ်ကူကူချစ်မိတတ်ကြတယ်။သို့ပေမယ့် ငါတို့အချစ်တွေက တန်ဖိုးမရှိတာတွေ မဟုတ်ပါဘူး။”
ထိုအခိုက်တွင် ဂျုဒီ၏နှလုံးသားမီးပွားမှာ ပြင်းပြင်းထန်ထန်လောင်လာကာ ဂျုဒီ၏မျက်ဝန်းများမှာလည်း မီးရောင်တောက်ပလာခဲ့သည်။တစ်ကိုယ်လုံးမှာလည်း မီးတောက်များဖြင့် ဖုံးလွှမ်းသွားလေသည်။ထိုအခိုက်၌ အခြားသူများဖြစ်သော ဂိုလီ၊ဖိုဘေနှင့် ယူရေး(စ်)နပ်သခင်မတို့မှာ မီးစွမ်းအင်၏ ပြင်းထန်တောက်လောင်လွန်းလှသော ခံစားမှုတွေရလာလေရာ သတိရလာကြာပြီး ဝေဝေဝါးဝါးထဲ မြင်နေရသော မီးတောက်များကိုကြည့်ရင် ဂျုဒီဆိုသည်ကို သူတို့သတိထားမိကြ၏။သူတို့ကား ရေထဲမျောနေကြလေရာ အားတင်းရင်း ရေခဲတုံးတစ်ခုခုထံဖက်တွယ်ထားရန် ကူးခတ်သွားကြ၏။အချိန်ကား နေ့လည်မွန်းတည့်သို့ရောက်လုဆဲဆဲ အပူချိန်တက်လာပြီဖြစ်ရာ ဂျုဒီ၏ မီးတောက်မှာ ပိုမိုအားကောင်းလှသည်ထင်ရလေသည်။

“ကျွန်မကျိန်ဆိုတယ်။”

“ရှင်တို့ရဲ့ အသွေးအသားတွေအထိ လောင်မြိုက်ပြာချပစ်မယ်။ဒီသမုဒ္ဓရာကိုရော ဒီကောင်းကင်ကိုရော မိုးမီးလောင်တဲ့အထိ လောင်မြိုက်ပစ်မယ်။”
ဤတွင် ဂိုလီအံ့ဩသွား၏။သူ သုံးခဲ့ဖူးသော အစွမ်းကိုသုံးတော့မည်ကို ဆိုလိုသည်မှန်း သူသိလိုက်၏။ထိုအခါ ဖိုဘေကို

“ဖိုဘေ။ဂျီတကို မြန်မြန်သွားပြီး သတိရအောင် လုပ်လိုက် ဂျုဒီတကယ်မီးမမြိုက်ပစ်ခင်ပေါ့။ငါနဲ့ ယူရေး(စ်)သခင်မက ဒီမှာရသမျှ အချိန်ဆွဲထားပေးမယ်။”

ဤသို့ဖြင့် အမတ်မင်းစေလွှတ်လိုက်သော ပင်လယ်တစ္ဆေကောင်များကို မီးတောက်များဖြင့် လောင်မြိုက်ဖျက်ဆီးပစ်လိုက်ကာ ထိုအမတ်မင်းရှိရာဘက်သို့ အားဖြင့် ခုန်တက်လာလိုက်သည်။သူမ၏အနောက်တွင် မီးတောက်များမှာ အတောင်ပံများသဖွယ် ကပ်ငြိလိုက်ပါလာကြရင်း အနားရှိသမျှအရာတိုင်းကို မီးလောင်ပြာချပစ်နေလေတော့သည်။အောက်မှ ရေပြင်မှာ ပြင်းစွာသော မီးကြောင့် အငွေ့ပြန်လာသည်။သို့သော် ထိုရေငွေ့များစု၍ တိမ်ဖြစ်ကာ မိုးများရွာစေဖို့ဆို ဂျီတက စီမံမှ ချက်ခြင်းဖြစ်နိုင်မည်ဖြစ်လေသည်။

အမတ်မင်းအနားက နတ်စစ်သည်တော်များမှာ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ပစ်လွှတ်ရန် ကြိုးစားသမျှတိုင်းမှာ အရည်ပျော်ကျကုန်သည့်အပြင် နတ်စစ်သည်တော်များကိုပင် အတွင်းဝိဉာဉ်အထိ လောင်မြိုက်ပစ်နိုင်စေလေသည်။

အမတ်မင်းလည်း ကိုယ်သို့ဟပ်လာသော အပူများ မီးတောက်များဖြင့် ညိတွယ်နေရင်း

“ငါ့ကို သတ်လိုက်ပါ။ငါစေတန်ဘုရင့်လက်ထဲမှာတော့ မသေချင်ဘူး။”

“သေချာပေါက်ပဲပေါ့။သတ်ပေးမှာ။”
ပြောလိုက်ရင်း ဂျုဒီသည် ထိုအမတ်မင်း၏မျက်နှာကို ဆွဲကာ မလိုက်ရင်း မီးတောက်များဖြင့် တစ်စစီပျော်ကျသွားအောင် အရည်ဖျော်ချပစ်လိုက်လေသည်။အနားရှိရန်သူများ အားလုံးရှင်းသွားပြီးနောက်တွင် သမုဒ္ဓရာရေပြင်ကိုကော မိုးပေါ်သို့ပါ မီးတောက်များပစ်လွှတ်လေတော့သည်။ဤတွင် ဂိုလီက ရေလှိုင်းများ၊ ယူရေး(စ်)နပ် သခင်မမှာ ရေခဲများဖြင့် ပစ်လွှတ်ရင်း မီးတောက်များဝါးမြိုခြင်းကို တားဆီးနေလေသည်။တစ်ဆက်ထဲတွင်လည်း ဂိုလီက

“ဂျုဒီ...စိတ်ထိန်းစမ်း။မင်းကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်မလို့လား။”

“ကျွန်မ...ကျွန်မ...။”
ဂျုဒီက နှလုံးအိမ်မှ ပူလောင်ခြင်းဖြင့် ရေရွတ်လျက်ရှိနေလေသည်။

“ဖိုဘေ...။ဂျီတ သတိမရသေးဘူးလားဟ။”

“တပ်မှူး...ဘယ်လိုလုပ်မလဲ။ဂျီတက အသက်တောင် တကယ်မရှုတော့ဘူးလားမသိဘူး။”
ဂိုလီလည်း အကြံအမြန်ထုတ်ရလေသည်။

“ကျွန်မချစ်ရတဲ့သူမရှိတော့တဲ့ ကမ္ဘာကြီးမှာရော၊စကြာဝဠာကြီးမှာရော မနေချင်တော့ဘူး။”
ထိုအခိုက်တွင် ကံကောင်းထောက်မစွာ မိုးများသည်းသည်းထန်ထန်ရွာလာပြီး မီရာကိုယ်ပေါ်မှ မီးတောက်များကို ဖြေးဖြေးချင်းငြိမ်းသွားလေသည်။ထို့နောက် လျှောက်လာခဲ့သူမှာ ဂျီတဖြစ်၏။သတိရလာသည်မှာ အခြားကြောင့်မဟုတ်ချေ။ဂိုလီက ဂျီတ၏ သတိလစ်ကာမျောနေသော အိပ်မက်ထဲဝင်လိုက်ကာ နိုးလိုက်ရခြင်းကြောင့်ဖြစ်လေသည်။

“ဒီကောင် ဘာတွေမက်နေတာလဲကွ။”
အိပ်မက်ထဲအဝင်၌ မြင်ရသည်မှာ တိမ်တိုက်ကလေးများဖြစ်၏။အနီးပတ်ဝန်းကျင်၌ ဘာမှမရှိ တဟူးဟူးတိုက်နေသော လေပြင်းများသာရှိသည်။အနည်းငယ်လျှောက်ကြည့်လိုက်သောအခါ နတ်သူငယ်လေးတစ်ယောက် ရယ်မောရင်း ပြေးလွှားနေသည်ကိုတွေ့ရလေသည်။

“ဒါ ဂျီတ နတ်သူငယ်ဘဝတုန်းကပေါ့လေ။”
ထို့နောက် သူ၏နောက်မှ ပြေးလိုက်လာသည်မှာ နတ်သမီးတစ်ပါးဖြစ်၏။

“သားလေး။ဂျီတ။ဖြေးဖြေးသွားပါသားရဲ့။”
ဂျီတလေးကမူ သဘောကျနေဟန်ဖြင့် ပြေးသွားရင်း တစ်နေရာအရောက်တွင်

“မေမေ။မေမေ။အရှေ့မှာ ညောင်ပင်ကြီးမေမေ။”
ဤသို့ဖြင့် ညောင်ပင်ကြီးသို့ရောက်သောအခါ သားအမိနှစ်ယောက် ထိုင်ကြလေသည်။ဂျီတကား သူ၏မိခင်နတ်သမီး၏ ပေါင်ပေါ်သို့ခေါင်းအုံးကာအိပ်နေရင်း

“မေမေ။မေမေ။သားသီချင်းဆိုပြမယ်နော်။ဒီနေ့ နတ်သားကြီးတစ်ယောက်ဆီကနေ သီချင်းတစ်ပုဒ်ကိုကြားလာရတယ်။”

“ကောင်းတာပေါ့သားရဲ့။အမေလည်း သားကိုဆိုပြမယ်။သားအရင်ဆိုပြ။”

“ယေး...မေမေဆိုတာကို သာအကြိုက်ဆုံးပဲ။”
ဤသို့ဖြင့် ဂျီတလေးက သီချင်းစဆိုလေသည်။

“နေ့အခါ နေကြီးမှာ သာလျက်ပါ။

ညအခါ လမင်းလည်း သာဆဲပါ

နွေအခါ မြေကြီးတွေခြောက်လျက်ပါ။

မိုးအခါ အပင်လေးတွေ စိုဆဲပါ။


ဆောင်းအခါ နှင်းတွေ ဖြူလျက်ပါ။

အချိန်တွေလည်း တရွေ့ရွေ့ကုန်ဆဲပါ။”
ဂျီတလေး၏ သီချင်းဆိုသံအဆုံးတွင် အမေဖြစ်သူက လက်ခုပ်လေးတီးကာ

“သားလေးဆိုတာ နားထောင်ကောင်းလိုက်တာ။”

“ကြိုက်လားမေမေ။ကြိုက်ရင် သားအမြဲဆိုပြမယ်နော်။မေမေသာပြန်ကျန်းမာလာမယ်ဆိုရင်ပေါ့။”

“ဒါပေါ့။မေမေအခု အများကြီးသက်သာသွားပြီ။”

“ရေး။ဒါဆို သားကိုသီချင်းဆိုပြပါ။”

“ဒါပေါ့သားရဲ့ ဆိုပြမှာပေါ့။”
ဤသို့ဖြင့် အမေဖြစ်သူနတ်သမီးမှာ ဂျီတကို သီချင်းစဆိုပြလေသည်။

“အိုအိုး…..ဟိုးအဝေးက...အချစ်တွေပေးခဲ့တဲ့ ကျွန်မမောင်ရယ်။

ပြန်လာမယ့်...နေ့ကို...စောင့်လို့နေတယ်။

ဂန္ဓမာပန်းခင်းထဲ...အချင်းချင်းတီးတိုး...ချစ်စကားတွေ။

အရင်လိုကြားချင်သေးလို့...ပြန်လာ...ကွယ်။


ဘယ်တော့မှခွဲမသွားဖူးလို့….အရုးလိုကတိပေးခဲ့တာတွေ...။

ယုံကြည်ရင်းနဲ့ပဲ...စောင့်နေပါမယ်လေ…..။”

“မေမေ။ဆိုတာ အရမ်းကောင်းတာပဲ။မေမေ...မေမေပြောဖူးတယ်နော်။ဒီသီချင်းက မေမေဖေ့ဖေ့ကို လွမ်းတိုင်းဆိုတဲ့ သီချင်းဆို အခုလည်းဖေဖေ့ကို လွမ်းလို့လားဟင်။”

“ဒါပေါ့သားရဲ့ သားဖေဖေအခုဆို စစ်တိုက်ထွက်သွားတာ တော်တော်ကြာပြီလေ။”
ပြောရင်း အမေဖြစ်သူမှာ မျက်ရည်လေးစို့စို့လာသဖြင့် ဂျီတက သူ၏မိခင်ကိုဖက်ကာ

“သားလိမ္မာပါမယ်မေမေ။မငိုပါနဲ့နော်။”
မိခင်ဖြစ်သူလည်း ခေါင်းလေးငြိမ့်ကာ ဂျီတကို ဖက်ထားရင်း

“အမေသိပါတယ်ကွယ်။သားက မေမေ့ရဲ့ အဖိုးတန်ရတနာလေးတစ်ခုပါ။”
ထို့အနောက် အရာအားလုံးမှာ ဝေဝါးလာလေသည်။ဂိုလီလည်း ဂျီတနာမည်ကိုအော်ခေါ်လေရာ ဂျီတမှာ သတိရပုံရလာလေသည်။ထို့နောက် 


“ဘာတေဖြစ်ကုန်ပြီလဲ။”

ပြောလိုက်ရင်း ဘေးဘက်ကိုကြည့်လိုက်ရာ ဂျုဒီက ပြင်းပြင်းထန်ထန်လောင်ကျွမ်းနေပြီဖြစ်လေသည်။ဂျီတလည်း သူဘာလုပ်ရမည်ကို သူသဘောပေါက်လိုက်ကာ ယခုကဲ့သို့ ပြန်ထလာခဲ့ခြင်းဖြစ်လေတော့သည်။

“မင်းချစ်ရတဲ့သူက ရှိပါသေးတယ်။”
ဤတွင် ဂျုဒီက မျက်ရည်များကျဆင်းလာလေတော့သည်။ထို့နောက်

“ဂျီ...ဂျီတ...မဖြစ်နိုင်တာ...နင်...နင်သေသွားပြီမဟုတ်လား။”
မယုံနိုင်စွာ ရေရွတ်နေသည့် သူမကို ဂျီတက ဖက်လိုက်ကာ

“ငါဒီတစ်ခါ တကယ်အကြာကြီး သတိလစ်သွားတယ်။မင်းကို ဒီလောက်အထိဖြစ်သွားစေခဲ့တယ်။ငါတောင်းပန်ပါတယ်။”
ဂျုဒီလည်း ဂျီတကိုဖက်ရင်း အော်ကာ ကလေးသဖွယ်ငိုနေလေတော့သည်။

“မင်းကိုယ့်ကိုမေးခဲ့တယ်နော်။ကိုယ်က မင်းကို မချစ်လို့စိတ်နာသွားခဲ့တာလားဆိုတာ။အမှန်ပဲ အရမ်းစိတ်နာတယ်။စိတ်နာလို့ မင်းအနားမှာ အမြဲစိတ်ပျက်လောက်အောင်ကပ်တွယ်နေခဲ့တာ။စိတ်အနှောက်အယှက်ဖြစ်လောက်အောင် ကာကွယ်ပေးခဲ့တာ။စိတ်နာလွန်းလို့….စိတ်နာလွန်းလို့...လက်မလွှတ်နိုင်လောက်အောင်ချစ်ခဲ့တာပါ။”
ဂိုလီတို့တစ်သိုက်လည်း ရေထဲမှ ထိုနှစ်ယောက်ကိုကြည့်ရင်း သက်ပြင်းများချကြလေတော့သည်။

“ငါတို့ဒီကနေပြေးကြမယ်။မကြာခင် နတ်စစ်သည်တော်တွေထပ်ရောက်လာရင် ငါတို့သေသွားနိုင်တယ်။”
အမှန်ပင် သူတို့ရောက်လာချိန်တွင် ဂိုလီတို့ကို အစအနမျှ မတွေ့ရနိုင်တော့ချေ။ဂိုလီတို့မှာ သမုဒ္ဓရာလယ်ကြီး၌ ရောက်နေသည်ဖြစ်သဖြင့် ဘယ်ဘက်သို့ပြေးသွားသည်ကို ရှာဖို့ လုံးလုံးမျှမဖြစ်နိုင်ပါချေ။

ထိုအကြောင်းမှာ အခြားနယ်မြေများမှ နတ်သား၊နတ်သမီးအားလုံးကို တစ်ဆင့်စကားဖြင့် ပြန့်နှံသွားစေခဲ့ပြီး ဂိုလီတို့ တပ်ခွဲမှ စတင်ခဲ့သော ဆန့်ကျင်တော်လှန်မှုများမှာ အရပ်ရပ်သို့ ပြန့်နှံ့သွားလေတော့သည်။

စေတန်ဘုရင်ကား သူ၏နဂိုစရိုက်အတိုင်း အကြောင်းပြန်လာသူတိုင်းကို သတ်ချင်တိုင်း သတ်လျက် ဒေါသဖြစ်နေရစဲသာဖြစ်လေသည်။

“ဒီအမတ်မင်းက သူ့ကိုငါပေးလိုက်တဲ့ မိစ္ဆာတွေကိုတောင် မသုံပဲသွားတိုက်တယ်ဟုတ်လား။စောက်ဒီအမတ်က ဘာလားပဲကွ။”

“စိုးရွံမိပါတယ်အရှင်။သူက ထိုမကောင်းဆိုးဝါးတွေနဲ့ မဆက်ဆံလိုဘူးဆိုပြီး သာမန်နတ်စစ်သည်တော်တွေပဲခေါ်သွားပြီးတိုက်ခဲ့တာဖြစ်ကြောင်းပါ။”

“အဲ့တာ ထားဦး။ဘာကိစ္စ စောက်အတ္တလန်တာ နယ်မြေက ဘာကြောင့်ရှာမရတော့တာလဲ။”

“စိုးရွံမိပါတယ် အရှင်။ရေအဆုံး ကုန်းတစ်ဝက်ပါ။နက်ရှိုင်းလှတဲ့ သမုဒ္ဓရာထဲမှာ ပျောက်ဆုံးသွားရင် ဘယ်လိုမှ ပြန်မရနိုင်တော့ကြောင်းပါဘုရား။”


‘တောက်။ဒီစောက် ဂိုလီတို့ တပ်ခွဲက တော်တော်ဉာဏ်ကောင်းနေကြပုံရတယ်။သူတို့ ဗိုလ်ကြီးဆိုတဲ့ကောင်ကို ဖမ်းထားတယ်မလား။ခေါ်ထုတ်လာခဲ့စမ်း။”
တစ်ခဏအကြာ တစ်ကိုယ်လုံး အကွဲအပြဲနှင့် စုတ်ပြတ်လျက် မျော့မျော့လေးသာကျန်တော့သည့် တစ်ချိန်က ဗိုလ်ကြီးဖြစ်ခဲ့သူမှာ စေတန်ဘုရင်ရှေ့မှောက် ရောက်လာခဲ့လေသည်။

“အားဟားဟား။ကြည့်ပါဦး။ဗိုလ်ကြီးကြည့်ရတာ စုတ်ပြတ်နေတာပဲ။နောက်ဆုံးအကြိမ်တပ်ထဲမှာ လှည့်တုန်းကထက် တော်တော်လည်း ပိန်သွားတယ်နော် ဗိုလ်ကြီး။”
ဗိုလ်ကြီးကမူ ဘာမှမပြော။စေတန်ဘုရင်ကပင် ဆက်လက်၍

“ဗိုလ်ကြီးရဲ့ တပ်ခွဲတစ်ခုက အခုထိအညံ့မခံသေးဘူးဗျ။ဒီတော့ သူတို့ကို သစွာခံခိုင်းဖို့လိုတဲ့အတွက် ဗိုလ်ကြီးသာ ကူညီမယ်ဆိုရင် ဗိုလ်ကြီးကို ကျွန်တော်ရဲ့ စစ်သူကြီးအရာလည်းထားဖို့ရှိတယ် သူတို့သာသစွာခံတာနဲ့ ဘယ်သူမှထိခိုက်မှုမရှိစေရဘူး။ဘယ်လိုလဲ။”
ဗိုလ်ကြီးကမူ ကြည့်လိုက်ရင်း ရယ်လိုက်၏။

“ပလ္လင်ပေါ်ခွေးကထိုင်နေလိုက်တာနဲ့ ခွေးက မင်းမဖြစ်သွားဘူးဗျ။ကျုပ်တပ်ခွဲကလည်း ဘယ်တော့မှရှုံးမှာကို မဟုတ်တာ။ဒီတော့ဗျာ ပြောချင်တာက သိပ်စဉ်းစားမနေနဲ့ ကျုပ်ကို မြန်မြန်သာသတ်လိုက်တော့။”

“ဒီမယ်။ဗိုလ်ကြီး။ကျုပ်က ကောင်းကောင်းမွန်မွန်ပြောနေတာ။ကောင်းကောင်းမွန်မွန်ပြောနေတာဗျ။”
ပြောရင်း ဒေါသထွက်လာဟန်ဖြင့် သံဆူးကြိုးကြီးကို ထုတ်ကာထိုဗိုလ်ကြီးကို လွှဲရိုက်လိုက်လေသည်။ဗိုလ်ကြီးက ဘေးဘက်သို့လွှင့်သွားကာ မကြာခင်ပင် သွေးများအန်ထွက်လာလေသည်။ထို့နောက် ပြန်ထရန် အားယူကာထောက်ထားသောလက်များမှာ အားပြတ်ပြီး “ဘုတ်”ခနဲပစ်လဲကာ သေသွားလေ၏။

“ဟ...သေ...သေပြီလားဟ။ငါက...နည်းနည်းကစားဦးမလို့လေ။”
ထို့နောက် ထိုဗိုလ်ကြီးထံ လျှောက်သွားကာ ခြေထောက်ဖြင့် ထိကြည့်၏။ဗိုလ်ကြီးကား လုံးဝမလှုပ်တော့ချေ။

“အား...ထားလိုက်တော့ကွာ။”

“အရှင်စေတန်။ဗုဒ္ဓဟူးဂြိုလ်မင်းနဲ့ သောကြာဂြိုလ်မင်းတို့ကြွရောက်လာပါတယ်။”

“မြန်မြန်ဝင်ခိုင်းလိုက်စမ်းဟေ့။”

သူတို့လျှို့ဝှက်တွေ့ဆုံရာ အခန်း၌သာ ယခင်ကအတိုင်းထိုင်စောင့်နေကြ၏။

“စေတန်။မင်းရဲ့လက်အောက်ငယ်သား သစွာခံတွေအပေါ် ထိန်းသိမ်းထားနိုင်မှုကို ငါတို့သံသယရှိမိတယ်။”
ဗုဒ္ဓဟူးဂြိုလ်မင်းက စတွေ့လိုက်သည်နှင့် ပြစ်တင်စကားကိုစပြောလေသည်။

“မင်းရဲ့အမတ်က ငါတို့ပေးတဲ့စစ်သည်တော်တွေကို အသုံးမပြုပဲ သာမန်စစ်သည်တော်တွေနဲ့ပဲ တိုက်ခိုက်တယ်။အခုစစ်ရှုံးသွားပြီးတော့ နေရာတိုင်းမှာ ဆူပူထကြွမှုတွေဖြစ်လာပြီ။မင်းဒါကိုဘယ်လိုစီမံမလဲ စေတန်ဘုရင်။”
စေတန်ဘုရင်က လက်သီးဖြင့် စားပွဲဝိုင်းကိုထုလိုက်ကာ

“အဲ့တာ အခုထိဖြန့်ကျက်ထားသမျှတွေက ဒီကမ္ဘာက နတ်စစ်သည်တော်တွေဖြစ်နေလို့ပဲ။ကျုပ်ရဲ့ စေတန်ဂြိုလ်က ကောင်တွေကအနည်းအကျဉ်းပဲရှိနေသေးတယ်။ဒီလိုသာဆို ထိန်းနိုင်မှာမဟုတ်ဘူး။ဒီကောင်တွေက သူတို့ချင်းချင်းဆို လက်ရဲဇက်ရဲ မတိုက်ရဲဘူး။ကျုပ်ကောင်တွေကိုပဲ လွှတ်လိုက်တော့မယ်။စိတ်မပူပါနဲ့။ကျုပ်က အစမလို့ ညှာလိုက်တာ အခုသူတို့တွေ တစ်ချက်ထဲ ငြိမ်သွားစေရမယ်၊”

“ကောင်းပြီ။အလုပ်နဲ့သက်သေပြနိုင်ဖို့ ငါတို့မျှော်လင့်တယ်။

နောက်ရက်များတွင် အဆိုးဆုံးသော ရက်စက်သတ်ဖြတ်မှုများဖြစ်ပေါ်လာခဲ့လေသည်။ဆူပူထကြွသူများကို ဖမ်းဆီးခြင်း၊၎င်းနှင့် ဆက်နွယ်ရာ မိသားစုတို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို အကြီးအကျယ်ပြုမှုခဲ့ကြသည်။တချို့ဆိုလျှင် တွေ့သောနေ့ရာ၌ ချက်ခြင်းမဆိုင်းမတွသတ်ဖို့ အမိန့်ချခံရလေရာ နတ်သူငယ်အရွယ်သာသာကလေးများရှေ့၌ ၎င်းတို့ ဖခင်ကို သတ်ဖြတ်ပြီး ၎င်းတို့မိခင်များ အခြားမိသားစုဝင် နတ်သမီးများကို မုဒိန်းကျင့် သတ်ဖြတ်ခြင်းများ ဖြစ်ပွားခဲ့လေတော့သည်။

မည်သို့ပဲ ထီးနန်းလုသူများကို လက်မခံနိုင်ကြစေကာမှု ကိုယ့်အသက်နှင့်ကိုယ် အိုးစားကွဲရမည်တော့ အားလုံးကြောက်တတ်ကြမည်သာဖြစ်သည်။သို့ဖြစ်လေရာ နတ်သားနတ်သမီးအယောက်ပေါင်း ၈၀၀ကျော်မှာ တစ်လကျော်လောက်အတွင်း အဆိုးဆုံးသတ်ဖြတ်မှုများဖြင့် နတ်သက်ကြွေသွားကြရလေတော့သည်။

“အမြင်မတော် ပလ္လင်ပေါ်ခွေးတက်ထိုင်လေတော့။

ဪ...အဓမ္မ ဓမ္မက မနိုင်လေတော့ဘူးလား။

ဘုရား နဂါးများကယ်တော်မူပါ။


အသံလာရာအရပ်က ဖြေသံကြားရခက်ပါသကား။”
စသည်ကဲ့သို့သော် ကဗျာများမှာ နတ်များထဲမှ ဖျော်ဖြေသူနတ်အနွယ်ဝင်များ ရေးစပ်ကာ

သူတို့ကိုကယ်လောက်မည်ဟု ယုံယုံကြည်ကြည်ဖြင့် နဂါးငွေ့တန်းအရှင်သခင်ကို အားကိုးတကြီး ဆုတောင်းကြလေသော်ငြား။

အလင်းနှစ်တစ်ရာအကွာ၊ကြယ်ပေါင်းကဋေကဋာဖြင့် အလုပ်ရှုပ်နေသည့် ထိုနဂါးငွေ့တန်းအရှင်ကား အဖက်မလုပ်ခဲ့ခြင်းကို ရင်နာစွာသူတို့ကြုံတွေ့ခဲ့လိုက်ရလေတော့သည်။လက်ရှိ၌ အစွမ်းရှိသူကား စံမြန်းရစမြဲဖြစ်သည်ကိုသာ ရင်နာနာဖြင့် လက်မခံနိုင်ဖြစ်ကြရရင်း အားလုံးလည်း အချိန်တန်သောအခါဝယ် လက်မြှောက်သူက မြှောက်သွားခဲ့လိုက်ရလေတော့သည်။မခံနိုင်သူကမူ တိတ်တခိုးစိတ်တွင်းသော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း လျှို့ဝှက်၍သော်လည်းကောင်း ဆန့်ကျင်လျက်သာ ရှိနေဦးမည်သာဖြစ်ပေသတည်း။

ကမ္ဘာစောင့်တပ်မ၏ တပ်ခွဲအမှတ်(၁)အောင်နိုင်ကာ အတ္တလန်တာနယ်မြေကို ကာကွယ်နိုင်ခဲ့သည့် ဂုဏ်သတင်းမှာမူ အားလုံးကြားထဲတွင် တိတ်တခိုးပြောမဆုံးလောက်အောင် ကျန်ခဲ့လေသည်။

ထိုသူတို့ ပြန်ပေါ်လာကာ စေတန်ဘုရင်ကို ချေမှုန်းနိုင်မည်ကိုလည်း အားလုံးက စောင့်မျှော်နေကြသည်သာဖြစ်လေသည်။

သို့သော် တစ်ရက်၌ ကမ္ဘာအနှံ့မှ နတ်သားနတ်သမီးအပေါင်းတို့၏ အာရုံခံစွမ်းအင်ထဲ ထူးဆန်းစွာ အသိပေးစကားများရောက်လို့လာခဲ့လေသည်။၎င်းအသိပေးစကားမျာမှာ အောက်ပါအတိုင်းဖြစ်၏။

“ထီးဖြူဆောင်းမင်းကို နှင်ကာ ခွေးတက်ထိုင်လည်း ခွေးသည်မင်းဖြစ်ရိုးမရှိ။

တန်ခိုးခွန်အားကို မှီတည်ပြီး နတ်ပါးဝသောသူကို တန်ခိုးခွန်အားဖြင့်သာ မောင်းချရမည်။

နတ်သားနတ်သမီးတိုင်း၏ စိတ်နှလုံးဝိဉာဉ်မှလာသော သစွာတရားသည် နတ်သားနတ်သမီးတို့၏ တန်ခိုးစွမ်းအင်များဖြစ်ကြသည်။


တန်ခိုးစွမ်းအင်တို့ကို အားလုံးစုပေါင်းနိုင်က စကြာဝဠာကိုဟိန်းဟောက်နိုင်သည်အထိ ခွန်အားကြီးလှသည်ကို ယုံကြည်ကြကုန်လော့။”

ပထမပိုင်းပြီး ဒုတိယပိုင်းမျှော်

#Tommy







Comments

Post a Comment