Who Wrote It?

 (Start writing in 31 October 2021)


Disclaimer:ဤဝတ္ထုတွင် မူးယစ်ဆေး၊အကြမ်းဖက်မှု၊လိင်ဆိုင်ရာ၊စိတ်အနှောက်အယှက်ဖြစ်ဖွယ်ရာ အရေးအသားများပါဝင်သောကြောင့် ၁၈နှစ်အောက် ကလေးများ ဖတ်ရှု့ရန် မသင့်တော်ပါ။

Genre:Psychological Horror,Psychological Thriller.

ဟုတ်တယ်…။အတွေးကလေးတစ်ချက်ပဲ။
အဲ့အတွေးနဲ့တင် ရုးသွပ်မှုတွေဖြစ်လာနိုင်တယ်။

ဟုတ်တယ်…။အိပ်မက်တစ်ခုပဲ။
နိုးလာချိန်မှာ လက်တွေ့ကို ပြန်မြင်ရလိမ့်မယ်။

ဟုတ်တယ်။အတ္တတစ်ခုပဲ။
မရနိုင်တော့တဲ့အခါမှာ လက်မလွှတ်နိုင်ခြင်းတွေဖြစ်လာနိုင်တယ်။

Prologue

“မေ...အခုကစပြီးကိုယ်ဟာ မင်းအတွက်ပါပဲနော်။”
လွန်ခဲ့သော ၁၀နှစ်ကစကား...။အခုတော့ ဘယ်များထားခဲ့သည်မသိ။မေ့အနားမှာသူလည်းရှိမနေခဲ့တော့ပါပေ။

မေဇင်ထွေးကား အသက်၃၀ပြည့်တင်းပြီ။အိမ်ထောင်မပြုဖြစ်ခဲ့။သူမဘဝမှာ ချစ်သူဆို၍လည်း တစ်ယောက်နှစ်ယောက်ထပ်ပိုမရှိခဲ့။နောက်ဆုံးအချစ်...သူဟာလည်း လေပြေတွေလို ပါးကိုထိစပ်သွားပြီး တစ်ခဏမှာတင် ပျောက်ကွယ်သွားခဲ့ပြီ။

အရာရာဟာ အရောင်အသွေးကင်းမဲ့နေသလိုလိုပင်။ချစ်တဲ့သူမရှိရင် လူတိုင်းအတွက်လည်း ဤကဲ့သို့ခံစားချက်မျိုးပဲ ဖြစ်နေမည်ဟုထင်သည်။

“သူ့နာမည်မှာ ကိုလင်းဆွေ။သူကား စိတ်ကူးယဉ်ဆန်သည်။စာတွေကဗျာတွေရေးတဲ့သူဖြစ်တဲ့အလျောက် စကားလည်း အရမ်းတတ်သည်။အခုတော့ သူ့စကားတွေက အတည်ပြောခဲ့ခြင်းပင် ဟုတ်ရဲ့လားတောင် မဝေခွဲတတ်ခဲ့တော့ပေ ဆယ်နှစ်လုံးလုံး ချစ်ပါတယ်ဆိုသော ဤမိန်းမသားရှေ့မှာတောင် မပေါ်လာနိုင်တာ ဘာတွေများဖြစ်နေခဲ့လို့လဲ။အသက်ရောရှိသေးရဲ့လား သူမတောင် မသိလိုက်ပဲ တိတ်တဆိတ် သေသွားပြီလား။

အချိန်ကြာလာတာနဲ့အမျှ သူ့အပေါ်လွမ်းနေသေးတာ ဖြစ်သင့်ရဲ့လားတောင် မရေရာပါ။သူ့နဲ့ပတ်သက်လို့ သိသမျှတွေကနေ စုံစမ်းသည်။ဘာမျှရှာမရခဲ့ပါ။သိပ်ထူးဆန်းလွန်းသည်။”

မေဇင်ထွေးကား စိတ်ထဲအမှတ်မဲ့ပေါ်လာတိုင်း ထိုအကြောင်းများကို တွေးမိတတ်ပါ၏။

ကိုလင်းဆွေက မိဘမဲ့။မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့သည်ဆိုသည်။အဲ့ကနေ ကျောင်းတက် တက္ကသိုလ်တွေဘာတွေပင်တက်ပြီး ဘွဲ့လည်းရခဲ့သည်။စာလည်းတော်သောကြောင့် Scholarship တွေပါရခဲ့သည်။ထိုမိဘမဲ့ဂေဟာမှာပဲ ကလေးတွေကို စာသင်ပေးသည်။အားသည့်အချိန်တိုင်း စာတွေကဗျာတွေရေးသည်။သူ့စာလေးကဗျာလေးတွေကလည်း တော်တော်ဖတ်လို့ကောင်းလွန်းလို့ စာအုပ်ထုတ်ဖို့တောင် သူမကတိုက်တွန်းဖူးသည်။သူကလည်း ထုတ်ဖို့ အစီအစဉ်ရှိတဲ့အကြောင်းတွေ ပြောဖူးပါသည်။

အမျိုးမျိုးစဉ်းစားခဲ့ပါသည်။သူသာပေါ်လာခဲ့မည်ဆိုလျှင် သူယခုကဲ့သို့ပျောက်သွားရခြင်းအကြောင်းအရင်းမှာ ဘာဖြစ်နေနေ လက်ခံမိလိမ့်မည်ဟုတောင်ထင်မိသည်။သူ့အား လွမ်းပါ၏။အခြား အချစ်သစ်တွေ့ပြီဆိုလျှင်လည်း ကျွန်မအား သိသိသာသာဖြတ်ထားခဲ့သင့်သည်။ယခုတော့ အဆက်အသွယ်မလုပ်ဘာမလုပ်နှင့် ပျောက်သွားသည်မှာ စိတ်တိုဖို့ကောင်းပါ၏။

“ထွေးရေ…။မန်နေဂျာက ရုံးခန်းကို လာခဲ့ပါတဲ့။”

သူမကား ရုံးအလုပ်၌ ထွေးဟုအများကခေါ်ခံရဖူးပြီး သူမတစ်သက်တာ ခင်မင်ပေါင်းသင်းလာသူတိုင်းလည်း ထိုသို့ပဲခေါ်ကြပါ၏။သို့သော် ကိုလင်းဆွေကမူ မေ ဟုခေါ်လို့ရမလားဟု မေးဖူး၏။တစ်ကြိမ်တစ်ခါမှ ထိုသို့ခေါ်မခံရဖူးသဖြင့် အစပိုင်းတော့ ကျင့်သားမရချေ။ကိုယ့်ခေါ်လို့ခေါ်မှန်းမသိဖြစ်ဖူးသည်။အချိန်ကြာပြီးနောက်တွင်ကား သူထိုသို့ခေါ်သည်ကိုပင် သဘောကျလာမိခဲ့သည်။

မန်နေဂျာကား စည်းကမ်းတင်းကြပ်သည်။အလုပ်နှင့်ပတ်သက်လျှင် စည်းစနစ်ကျမှ ကြိုက်သည်။အလုပ်ပျက်ရက်များခဲ့ပြီမလို့ ယခုလိုခေါ်ခြင်းဖြစ်လိမ့်မည်။ပြီးခဲ့သောရက်များက စိတ်ကျန်းမာရေးဆရာဝန်ဖြင့် တွေ့ခဲ့ရ၏။အပြန်၌ စိတ်ပင်ပန်းလှသဖြင့် ဖျားသည်။ခွင့်တိုင်သော်လည်း ခွင့်မပေးချေ။သို့သော ကျွန်မကား မတ်တပ်ထရပ်လျှင်ပင် လဲကျတော့မည့် အနေအထားရှိခဲ့လေရာ နောက်ဖြစ်တာ နောင်မှရှင်းမည်ဟုသာ တွေးရင်း အိပ်ပျော်သွားခဲ့၏။

ထိုနေ့ ရုံးမှ အိမ်အပြန်တွင် စိတ်များမှာ အရပ်ဆယ်မျက်နှာလုံးကို လွှင့်မျောသွားသည့်နှယ် ထင်မိသည်။လျှောက်လိုက်တိုင်း လှမ်းလိုက်တိုင်းမှာ စိတ်ဖိစီးမှု၊ပင်ပန်းခြင်းများ ပြည့်နှက်လေးလံနေသည်။ပုံမှန်ထက် အားယူပြီး လမ်းလျှောက်နေရသလိုပါပင်။

လမ်းချိုးကွေ့တစ်ခုသို့ရောက်သောအခိုက်တွင် အမှတ်တရလက်ဆောင်ပစ္စည်းရောင်းသော ဆိုင်ကိုမြင်သောအခါဝယ် လျင်မြန်သော စိတ်မှာ အတိတ်သို့ ချက်ခြင်းရောက်သွားသည်။

“မေ…ဒီပုံလေးဆို မေကြိုက်လောက်လား။”

လင်းဆွေပြသည်မှာ မှတ်စုစာအုပ်လေးဖြစ်၏။မှတ်စုစာအုပ်ပေါ်တွင် ကြယ်စတစ်ကာလေးများ လခြမ်းကွေးပုံများပါပြီး ပုံများမှာ အသက်ဝင်လှ၏။

“ဒီထဲမှာ မေ့အတွက် စာလေးတွေ ကဗျာလေးတွေ ထည့်ရေးပေးထားမယ်လေ။”
စာအုပ်အကြောင်းစဉ်းစားလိုက်မှ တစ်ခုသတိရလေသည်။သူကား စာအုပ်ကို မပေးလိုက်ရပေ။အကြောင်းမှာ အရင်ရေးဦးမယ်ဆိုပြီးယူသွားခဲ့သည်။သူပျောက်သွားသည်နှင့်အတူ စာအုပ်ကိုလည်း အရိပ်အယောင်မမြင်ရတော့ချေ။

သို့သော် ဘာကြောင့်ရယ်မသိ စာအုပ်ကို ခေါင်းထဲမှ မထွက်တော့ချေ။ထိုဆိုင်ရှေ့ရပ်နေရင်း ထူးဆန်းသော ခံစားချက်တစ်ခုခုကို စတင်ရလာလေသည်။

ဆိုင်ထဲဝင်ကြည့်လိုက်သည်။သူတို့လာဝယ်တုန်းကနှင့် များများစားစား မပြောင်းလဲသွားသေး။ယခုတော့ သူတို့တွင် ရောင်းသော ပစ္စည်းပိုမိုများပြားလာသည့်အလျောက် ပစ္စည်းစင်တွေ ပိုများလာသည်ထင်သည်။

ဆိုင်ရှင်ကတော့ ဦးလေးကြီးဖြစ်၏။လွန်ခဲ့သည့် ငါးနှစ်ကနှင့်ယှဉ်လျှင် နည်းနည်းတော့ အိုစာကျစပြုပြီ။

“ဦးလေး…။”

“ကြွပါခင်ဗျ။ဪ သမီးကိုး…။”
အံ့ဩစရာပင်။ကျွန်မတို့မှာ တစ်ကြိမ်ပဲလာဝယ်ဖူးတာဖြစ်ပြီး ငါးနှစ်ကျော်ကြာမှ ပြန်ရောက်လာခြင်းဖြစ်ရာ မှတ်မိနိုင်ဖွယ်ရာမရှိချေ။

“ဦးလေး သမီးကို မှတ်မိသေးတာလား။”
ဒါပေါ့။သမီးက ဒီကိုခဏခဏလာနေကြပဲလေ။

“အမ်…။”
ငါးနှစ်ကြာမှပြန်ရောက်သောသူက ဤကို ရောက်နေကြဟု ဆိုခံရသောအခါ မဟုတ်ပါဘူးဟုလည်းငြင်းချင်၏။သို့သော် ဘာကြောင့်ရယ်မသိ ဦးလေးကြီးကို ကြည့်ရသည်မှာ တကယ်ကြီး သိနေသည့်သူတစ်ယောက်လို ကြည့်နေသဖြင့် ဘာပြောရမှန်းမသိချေ။

“ကြယ်ပုံစတစ်ကာလေးတွေရယ် လခြမ်းကွေးပုံလေးတွေပါတဲ့ မှတ်စုစာအုပ်လေးရှိသေးလား။”
ဦးလေးကြီးက စိတ်မကောင်းသော အကြည့်ဖြင့် ကြည့်နေကာ ခေါင်းကိုဖြေးညှင်းစွာခါပြလေ၏။သူ့အပြုအမူကို ဘာကြောင့်ရယ်မသိ ထူးဆန်းသည်ဟု ခံစားမိလာလေသည်။

မေဇင်ထွေးလည်း အနည်းငယ် ထိတ်လန့်သလိုလိုဖြစ်လာသဖြင့် ဘာမှပြောမနေတော့ပဲ ဆိုင်ထဲကနေ ထွက်လာခဲ့၏။ဆိုင်ထဲ နောက်ပြန်လှမ်းကြည့်မိ​သောအခါဝယ် ဦးလေးကြီးမှာ သူမကို ဆိုင်ပြတင်းပေါက်ကနေ ကြည့်နေတုန်းဖြစ်၏။

ခြေဖျားလက်ဖျားများပင် အေးလာသလိုလိုဖြစ်လာ၏။တကယ်ထူးဆန်းသော ခံစားချက်တစ်ခုပင်။နောက်တစ်ခေါက်မသွားတော့ရန် ဆုံးဖြတ်လိုက်လေသည်။

မေဇင်ထွေးကား တစ်ကိုယ်ထဲနေသူဖြစ်သည်။အစဉ်အမြဲ အိမ်ကို သန့်သန့်ရှင်းရှင်းထားတတ်သော်ငြား ပြီးခဲ့သော ရက်များက နေထိုင်မကောင်းသဖြင့် အိမ်မှာ အနည်းငယ်ပွရှုပ်နေပြီး မရှင်းလင်းရသေးချေ။

ဤနေ စိတ်အနေအထားလည်း မကောင်းချေ။၊သို့သော် အစောက ကိစ္စကို တွေးမိမည်ကို ကြောက်သဖြင့် အိမ်သန့်ရှင်းလေးလုပ်လိုက်မည်ဟု ဖြေတွေးကာ ရေမိုးချိုး အဝတ်အစားလဲ၏။ထို့နောက် ဖုန်စုပ်စက်ဖြင့် အိမ်ကြမ်းပြင်က ခြေယားဖွယ်ရာ ဖုန်များအား စတင်ရှင်းလင်းဖြစ်လေသည်။

“ဒင်း…ဒေါင်။”
တံခါးဘဲလ်မြည်သံမှာ ရုတ်တရက် စိတ်ထဲက ကြားမိသည်လားဟုပင်ထင်မိသည်။ကြောက်ရွံ့နေသော အရှိန်က မပြေသေးသဖြင့် ရုတ်တရက်သွားမကြည့်ရဲပေ။နောက်ကျလှပြီဖြစ်သော အချိန်ကြီးမှာ ဧည့်သည်လည်း လာစရာမရှိပေ။

မီးဖိုချောင်ထဲ အမြန်ပြေးသွားကာ အိမ်သုံးဓါးတစ်ချောင်းဆွဲထုတ်ကာ လက်က ကိုင်ထားရင်း တံခါးဆီ အားတင်းကာ ပြန်လာရ၏။ဘာကြောင့်ရယ်မသိ မလုံခြုံသော ခံစားချက်မှာ တိုးသထက်တိုးလာသဖြင့် မေဇင်ထွေးမှာ ဓါးကို တစ်ဖက်က ကိုင်ထားရင်း တံခါးကိုဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်လေသည်။

တိုက်လှေကားမှာ မီးများလင်းလျက်ရှိ၏။မည်သူမှရှိမနေချေ။သို့သော် ကြမ်းပြင်၌မူ မထင်မှတ်ထားရသော အရာတစ်ခုချထားလေသည်။

ကြယ်ပုံစတစ်ကာများနှင့် လခြမ်းကွေးပုံများပါသော မှတ်စုစာအုပ်လေးဖြစ်ပါလေ၏။

“မဖြစ်နိုင်ဘူး ငါအတွေးလွန်နေတာ။”
ကိုယ့်ဘာသာ ရေရွတ်ရင်း မေဇင်ထွေး တံခါးကို ပြန်ပိတ်လိုက်ကာ ဓါးကိုပစ်ချရင်း ခေါင်းကိုလည်း တွင်တွင်ခါနေ၏။

“ငါ သူ့ကိုသတိရတဲ့စိတ်ကြောင့် မြင်ယောင်နေတာဖြစ်မယ်။”
အသက်ကို ပြင်းပြင်းရှုကာ ဝင်လေထွက်လေသဘောမျိုးမှတ်ရင်း စိတ်တည်ငြိမ်စေရန် ကြိုးစားကြည့်သည်။ထို့နောက် ထလာကာ ဆေးဗီရိုကို ဖွင့်သည်။စိတ်ကျန်းမာရေးဆရာဝန်ပေးသော စိတ်ငြိမ်ဆေးနှစ်ပြားလောက်ထုတ်ကာ မျိုချလိုက်လေသည်။

၁၅မိနစ်သော်လည်းကောင်း မိနစ်၃၀လောက်သော်လည်းကောင်း ကြာပေလိမ့်မည်။‌‌မေဇင်‌ထွေး တံခါးကို နောက်တစ်ကြိမ် ပြန်ဖွင့်သော အခါတွင်လည်း မှတ်စုစာအုပ်က ရှိနေဆဲပင်။


စိတ်ကို ပြင်ဆင်ရင်း စာအုပ်ကို ကောက်ယူလိုက်သည်။စာအုပ်ကား အနည်းငယ် နွမ်းဖတ်စပြုနေပြီ။ဝယ်ထားတာကြာပြီဖြစ်သလို အထဲတွင် စာတွေတော်တော်ရေးထားကြောင်းလည်း သိသာစေလေသည်။သို့ကြောင့် သံသယမှာ ပိုမိုကြီးလာမိစေလေသည်။

စာအုပ်ကိုကောက်၊တံခါးကိုပိတ်ရင်း ဆိုဖာပေါ်တွင် ထိုင်ကာ အသက်ကိုပြင်းပြင်ရှုလိုက်လေသည်။ထို့နောက် စာအုပ်ကို ပထမအကြိမ် စလှန်လိုက်သည်။

ပထမစာမျက်နှာ၌ဤသို့ရေးထားလေသည်။လက်ရေးမှာလည်း လင်းဆွေလက်ရေးမှန်း လုံးဝသိသာလေသည်။ရုးချင်စရာပင်။

ချစ်သော…မေ…ဆီသို့။

လျှို့ဝှက်ချက် နံပါတ်(၁)=ကိုယ်ဟာ မင်းသိထားတဲ့ လူလုံးဝမဟုတ်ဘူး။
လျှို့ဝှက်ချက် နံပါတ်(၂)=ကိုယ်ကဘယ်သူလဲ? ကိုယ်လည်းလုံးဝမသိဘူး။
လျှို့ဝှက်ချက် နံပါတ်(၃)=ဒီစာကို ကိုယ်မရေးသလို ဘယ်သူရေးသလဲ မင်းဆီကို ဘယ်သူပို့လိုက်လဲ။ဘယ်လိုပို့လိုက်လဲ ကိုယ်လုံးဝမသိဘူး။

ဘယ်သူရေးသလဲ။
Who wrote it?

အခန်း(၁)

“နင် ဆရာဝန်ဘာညာနဲ့ တွေ့သင့်ပြီထင်တယ်နော်။”
သူမနားကပ်မှာ ထူးထူးခြားခြား အရောင်တောက်နေ၏။အတော်လေးသေးသော ကြောင်မျက်နှာပုံစံလေးဖြစ်ပြီ။အရောင်တစ်လက်လက်နှင့် ကြောင်မျက်လုံးလေးတွေလိုဖြစ်နေလေသည်။ချစ်ဖို့ကောင်းသော မျက်နှာမျိုးပိုင်ဆိုင်ထားလေသော သင်ဇာနွယ်ဖြင့် လိုက်ဖက်ပါသည်။အရောက်တောက်လေသောကြောင့်လားမသိ ထိုနားကပ်ကို အထူးတလည် သတိထားမိနေလေသည်။

အမှန်တော့ မေဇင်ထွေးတစ်ယောက် အာရုံစူးစိုက်မရချေ။သူမ နားကပ်ကိုသာ ကြည့်နေမိပြီး စိတ်ကလည်း ရောက်တတ်ရာရာကိုတွေးနေမိသေးသည်။

“ဟဲ့…ကြားကောကြားလား ငါပြောတာကို။”
ဟိုက လက်ကိုပုတ်လိုက်ကာမှ ယောင်ယောင်တမ်းတမ်းဖြင့်

“ဟင်…ဘာလဲ။”

“နင်တော်တော်ကို အခြေအနေဆိုးနေတာပဲ။နင်အနားယူဖို့တော့ လိုနေပြီ။”
မေဇင်ထွေး သက်ပြင်းချလိုက်၏။

“အေးဟာ…ခွင့်ကလည်းယူလို့မဖြစ်သေးတော့ နေပါဦးလေ။နှစ်ကူးပိတ်ရက်ကျမှ နားပစ်လိုက်မယ်။စိတ်လွတ်ကိုယ်လွတ်။အဲ့နေ့တော့ ပိတ်ရက်ရပါစေ ဆုတောင်းရမှာပဲ။”

မေဇင်ထွေးအိမ်သို့ပြန်လျှောက်လာချိန်၌မူ အိမ်မှာရှုပ်ပွနေ၏။သူအိမ်မရှင်းတာကြာပြီ။ဒီနေ့တော့ အိမ်ရှင်းဖို့လိုပြီ။ကိုယ်နေရာအိမ်သန့်သန့်ရှင်းရှင်းထားမှ ကိုယ့်စိတ်လည်း ရှင်းရှင်းလင်းလင်းရှိနိုင်ပေမည်။

တီဗွီရှေ့ရောက်သောအခါဝယ် သတင်းလာမည့်အချိန်ဖြစ်သည်ကို သတိရလိုက်သဖြင့် သတင်းဖွင့်ကြည့်လေသည်။သတင်းမှာ ထောင်ဖောက်ပြေးလာသော ဝရမ်းပြေးတစ်ယောက်ရှိသည်ဖြစ်ရာ အများပြည်သူအနေဖြင့် ညဘက်တွင် အပြင်၌ ဂရုစိုက်ကာသွားလာသင့်ကြောင့် သတင်းဖြစ်လေသည်။

“သတင်းကလည်း ထိတ်လန့်စရာဖြစ်နေပြန်ပါလား။တော်ပြီဟာ စိတ်က ရှုပ်နေရတဲ့အထဲ။”
တီးတိုးလေး တစ်ကိုယ်ထဲပြောလိုက်ရင်း တီဗွီကို ပြန်ပိတ်လိုက်လေသည်။အိပ်ခန်းကို ရှင်းလင်းရတော့မည့်အလှည့်တွင်မူ လုံးဝစိတ်မသက်သာချေ။အကြောင်းမှာ ထိုအခန်းထဲတွင် စာအုပ်ရှိနေပြီ။ပထမစာမျက်နှာမှာတင် သူကြောက်လာသဖြင့် ဆက်မဖတ်ရဲပဲ သိမ်းထားလိုက်လေသည်။သူဖတ်လည်းမဖတ်ရဲ ဖတ်လည်းဖတ်ချင်နေသော စိတ်နှစ်ခွဖြစ်နေပြီး စာအုပ်ကို မမြင်မိအောင် သိမ်းလိုက်ရင်း ထိုနေ့က အိပ်၍ပင်မရချေ။စာအုပ်ကို မမြင်နိုင်ပြီးနေရာလောက်အထိ ထိုးထည့်သိမ်းဆည်းထားလိုက်သည်။သို့သော်ငြား စာအုပ်ရှိနေသည်ကို သိနေခြင်းကပင် ထိတ်လန့်စိတ်ကိုဖြစ်လာစေလေသည်။

အခန်းရှင်းဖို့ကို အာရုံထားနေရင်း သူလုပ်စရာရှိသည်ကို သူလုပ်သည်။သို့သော် သူလုံးဝ အာရုံစိုက်မရခဲ့ချေ။နောက်ဆုံး သူမအခန်းထဲမှ တန်းထွက်လာခဲ့လိုက်သည်။သူမကိုယ်ထဲကနေ တရိပ်ရိပ်နှင့် တက်လာသော ကြောက်စိတ်များကိုလည်း ဆက်လက် မခံစားနိုင်တော့ပေ။

ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့ အရာအားလုံးက မှောင်မည်းတိတ်ဆိတ်လျက် နာရီကိုလှမ်းကြည့်လိုက်ပြန်တော့ ၇နာရီခွဲရှိပြီ။သတင်းကြေညာထားသည့်အရ အပြင်လည်းပြန်ထွက်ဖို့မကောင်းချေ။

“ဒင်း…ဒေါင်။”

ရုတ်တရက်ထွက်လာသော တံခါးဘဲလ်မြည်သံမှာ ကြိုးစား၍ထိန်းထားသော စိတ်ကို ပိုမိုမတည်မငြိမ်ဖြစ်လာစေလေသည်။သူတံခါးတောင်သွားဖွင့်သင့်ရဲ့လား မသိတော့ချေ။သို့သော်လည်း တံခါးသွားဖွင့်ဖို့ ဆုံးဖြတ်လိုက်ရသည်။

ချိန်းကြိုးလေးချိတ်ထားသည့်အလျောက် အသာလေးအရင်ဖွင့်ကြည်လိုက်လေသည်။

“မေဇင်ထွေး…။”
အပြင်၌ရပ်စောင့်နေသူမှာ သင်ဇာနွယ်ဖြစ်လေ၏။လက်ထဲ၌လည်း ဖော့ဘူးများနှင့်စားစရာထုပ်များဖြစ်ပုံရလေသည်။

“နင်ညစာမစားရသေးဘူးမလား။ငါဒီမှာ နည်းနည်းဝယ်လာတယ်။”

မည်သို့ပင်ဆိုစေကာမူ တစ်ယောက်ထဲနေသည်ထက် ယခုလို အဖော်တစ်ယောက်အနားရှိနေသည်က ပိုမိုအားရှိရပေသည်။

“နင်…ဒီလိုညတွေတစ်ယောက်ထဲနေရင်ဘာတွေလုပ်လဲ။”

“အထူးတလည်မရှိပါဘူး တီဗွီကနေလာတဲ့ ကိုရီးယားကားကြည့်တယ်။ပြီးရင် အိပ်တယ်။မနက်ငါတို့အလုပ်က အစောကြီးလာရတာ အဲ့တာနင်လည်းသိသားပဲ။”

“အေးဆေးပဲပေါ့လေ။မိန်းမသားပေမယ့် ကိုယ့်ဘာကိုယ်ရပ်တည်နိုင်တယ်။ပိုက်ဆံရှိတယ်။အဆင်ပြေတာပေါ့။နင် အိမ်ထောင်မပြုတော့ဘူးပေါ့ ဒါဆို။”

“ဟာ…ငါ့အသက်အရွယ်ကြီးနဲံ။”

“ဘာနင့်အသက်အရွယ်ကြီးရမှာတုန်း အမကနောက်ပြီ။အခုမှ ၃၀ပြည့်တုန်းပါ ဟုတ်တယ်မလား။”

“အဲ့တာ ကြီးပြီပေါ့ဟဲ့။အဲ့လောက်အရွယ်ကြီးနဲ့ မလွယ်တော့ဘူးဟ။ငါ့ထပ်ငယ်ရွယ်တဲ့ ၂၀ကျော်လေးတွေအတွက် လမ်းဖယ်ပေးရတော့မယ့် အချိန်ဖြစ်သွားပြီ။”

“နင်အရင်ရည်းစားရော…။ကိုလင်းလေ။”

“မသိဘူးဟာ အဲ့တစ်ယောက်လည်း ပျောက်ခြင်းမလှပျောက်နေတာကြာလှပြီ။အခုလောက်ရှိ သူနောက်တစ်ယောက်နဲ့ တစ်အိုးတစ်အိမ်တောင်ထူထောင်ပြီးရောပေါ့ဟယ်။ဆယ်နှစ်ကြီးတောင် တကယ်ဆို ငါ့ဘက်က သူ့ကို သတိရဖို့တောင်မကောင်းတော့ဘူး။”

“အေးနော် အဲ့တာလည်းဟုတ်တာပဲ။နင် လူပျောက်ဘာညာတောင်တိုင်ခဲ့သေးတယ်နော်။”

“တကယ်တော့ အဲ့ရဲတွေလည်း ဘာမှဟုတ်တိပတ်တိရှာပေးခဲ့တာမဟုတ်ပါဘူးဟယ်။အကြောင်းပြန်ပါ့မယ်ဆိုပြီး အင်တင်တင်ပဲလုပ်နေကြတာ။ငါလည်း ရှာနိုင်သမျှ ရှာပါတယ်။မတွေ့တော့လို့သာ လက်လျှော့လိုက်တော့တာ။”

“အေးဟယ်။ကိုလင်းက လူကောင်းပါ။ကြည့်ရင်သိသာပါတယ်။သူဘာလို့ အဲ့လိုဖြစ်သွားတယ်တော့ မပြောတတ်။”
မေဇင်ထွေးလည်း ပြောရင်း သူ၏ရုးကြောင်ကြောင် အတွေ့အကြုံများကို ပြောသင့်မပြောသင့်ကို ဝေခွဲမရဖြစ်မိသည်။သူကြုံနေရသောအရာများမှာ သူ့ဘာသူတောင် မယုံနိုင်ချင်စရာ ကြောင်တောင်တောင်ကိစ္စဖြစ်နေလေသည်။

သို့သော် သူစာအုပ်ကို အားတင်းကာ စာအုပ်ကိုထုတ်ပြရန်အခန်းထဲ ထသွားလေသည်။

သူဖွက်ထားသော နေရာမှာ ငြိမ်သက်စွာပဲရှိနေသော စာအုပ်၊အပြင်ပိုင်းတွင်လှသလောက် အတွင်းတွင် အိပ်မက်ဆိုးများပါနေသော စာအုပ်။

“သူငယ်ချင်း။နင့်စာအုပ်ကြီးက ရုးကြောင်ကြောင်ကြီးနော်။”
သင်ဇာနွယ်က ဖတ်ကြည့်ရင်း ခေါင်းတစ်ခါခါနှင့် မှတ်ချက်ချ၏။သူတို့နှစ်ယောက် အတူတူဖတ်ကြည့်၏။အတွင်းတွင် ထူးဆန်းသော ပုံများကို ဆွဲခြစ်ထားပြီး ကြောက်စရာကောင်းသော စာစုများလည်းရေးထားလေသည်။

“သဘာဝလွန်ကိစ္စလို့လည်း တွေးကြည့်လို့မရဘူး။ဒီအတိုင်း ရုးကြောင်ကြောင်စာတွေလို့ပဲပြောရမှာ။နင် စိတ်ရှုပ်ခံမနေပါနဲ့။ဒီစာအုပ်ကြီးကို လွှတ်ပစ်လိုက်ပါ။”
ဤတွင် မေဇင်ထွေးက အမှတ်တရပစ္စည်းရောင်းဆိုင်က ထူးထူးဆန်းဆန်းများပြောသော ဦးလေးအကြောင်းကို ထပ်ပြောပြလိုက်သည်။

“အဲ့ဦးလေးကြီးနဲ့ ဒီစာအုပ်တစ်ခုခုပတ်သက်နေမှာပဲ နင်ပြောသလိုသာဆို။မနက်ဖြန်ကျ ငါတို့အတူတူ အဲ့ဆိုင်ကိုသွားရအောင်။”
သင်ဇာနွယ်က အားပေးရင်းပြောနေသည်။မေဇင်ထွေးကား ကြောက်နေသေးသော်လည်း အနည်းငယ်စိတ်သက်သာသွားသည်တော့ အမှန်ပင်။”
သင်ဇာနွယ်ကတော့ စာမျက်နှာတော်တော်များများဖတ်လိုက်သည်။သို့သော် မေဇင်ထွေးက ဘာမှန်းမသိလိုသေးချေ။နောက်မှပဲမေးတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

ထိုညက သင်ဇာနွယ်က တော်တော်လေး တုန်လှုပ်ခြောက်ချားနေရှာသည်ကို သိလေသဖြင့် သူလည်း မနေသာတော့ပဲ။ထိုညအတူအိပ်မည်ဟု ဆိုလေသည်။

ညဆယ်နာရီလောက်အထိ နှစ်ယောက်သား ကိုရီးယားဇာတ်လမ်းတွဲကြည့်ရင်း စကားပြောကြသည်။ထိုနောက် အိပ်ကြသောအခါဝယ် မေဇင်ထွေး စိတ်ချလက်ချအိပ်နိုင်ပြီဟု ခံစားရလေရာ ချက်ခြင်းပင် အိပ်ပျော်သွားလေသည်။

“တောက်”
တော်တော်ကျယ်သော တောက်ခေါက်သံတစ်ချက်ကိုကြားလိုက်ရပြီး ရုတ်တရက်လန့်သွားလေရာ မေဇင်ထွေးမျက်စိပြန်ပွင့်လာလေသည်။သူ့ဘေးမှာကြည့်လိုက်တော့ သင်ဇာနွယ်က အေးဆေးအိပ်ပျော်နေတုန်းပင်။

စိတ်ထင်တာဖြစ်လိမ့်မည်ဟု တစ်ကိုယ်ထဲယူဆရင်း မျက်စိမှိတ်ကာ ပြန်အိပ်ရန်ကြိုးစားလေသည်။

“ဂျလောက်။”
တံခါးကလာသောအသံဖြစ်ပြီး မေဇင်ထွေး ဤတစ်ခါတွင်တော့ သူကြားတာသေချာကြောင်းသိလိုက်လေပြီ။ဤသို့ဖြင့် သင်ဇာနွယ်ကိုနိုးလေသည်။

“ဟဲ့သင်ဇာရေ…ငါအသံတွေကြားလိုက်တယ်။”
သင်ဇာနွယ်က အိပ်စုံမှုန်မွှားဖြင့်

“ဟင်…ဟုတ်လား။ဘာအသံလဲ။”

“တံခါးဖွင့်လိုက်သလိုပဲ ဂျောက်ကနည်းထွက်လာတာ အသံက။”

“သူခိုးများလား။နင်အနားမှာ ဘာရှိလဲ။”

“အခန်းထဲမှာ တုတ်တော့ဆောင်ထားတယ်။”

“အေးဟုတ်ပြီ။ဖြေးဖြေးယူပြီး ထွက်ကြည့်ရအောင်။”
ဤသို့ဖြင့် မိန်းမသားနှစ်ယောက် တုတ်ကိုယ်စီနှင့် အခန်းထဲကနေ အသာအယာထွက်ခဲ့သည်။အခန်းအပြင် လျှောက်လမ်းမှာတော့ ဘာမှအထူးတလည်မရှိချေ။မီးတွေလည်းပိတ်ထားသဖြင့် ခြေဖော့နင်းရင်း အသာအယာထွက်ခဲ့လေသည်။

အမှောင်ထဲ၌ ဘာမှရေရေရာရာမမြင်ရချေ။နောက်ဆုံးအရဲစွန့်ပြီး မီးဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

မီးဖွင့်သောအခါတွင် စာအုပ်မှာ ဧည့်ခန်းတွင်ရှိနေသည်ကို တွေ့ရလေသည်။မေဇင်ထွေး သူစာအုပ်ကို မကိုင်ချင်သဖြင့် ထိုဧည့်ခန်း၌သာ ဒီအတိုင်း ပစ်ချခဲ့သည်ဖြစ်သည်။

သို့သော် ယခုသူတို့ရှေ့တွင်မြင်နေရသည်မှာ စာအုပ်တစ်ခုထဲမဟုတ်ချေ။ထိုစာအုပ်ရှေ့၌ရပ်နေသော အရာတစ်ခုဖြစ်လေသည်။သူ၏အသားမှာ နီရဲနေသည်။မျက်နှာမရှိချေ။သူ့မျက်နှာတွင် အစင်းအကြောင်းလေးများမှာ သွေးကြောများသဖွယ် ပြည့်နှက်နေလေသည်။မျက်စိ နှာခေါင်းအစရှိသည်တို့ကို မတွေ့ရသော်လည်း ဆံပင်တွေတော့ရှိသဖြင့် လူနှင့်နီးစပ်သည်။သို့သော် လူမဟုတ်သည်တော့ သေချာသည်။မေဇင်ထွေးက ကြောက်ကြောက်နဲ့ သွားသတိထားမိသည်မှာ ဤပုံသည် သူတို့စာအုပ်ထဲတွင်ပါသော ကြောက်စရာပုံများထဲက တစ်ခုဖြစ်လေသည်။

သင်ဇာနွယ်ကိုလှည့်ကြည့်လိုက်တော့ သူမလှုပ်တော့ချေ။ရုတ်တရက် ခံစားမှုလည်းမရှိတော့သည့်ပုံစံမျိုးဖြစ်လေသည်။ထို ဘာမှန်းရေရေရာရာမသိသော သူဆီသို့ပြန်ကြည့်လိုက်သောအခါတွင်လည်း မျက်စိတို့မရှိနေလင့်ကစား သူတို့ကိုကြည့်နေသည်တော့ သေချာလေသည်။


ကြည့်နေရင်းတွင် မျက်နှာမှ အမျှင်တန်းများမှာ အတန်းလိုက်ထွက်လာလေရာ ကြောက်လန့်အားဖြင့် ထွက်ပြေးချင်လေသည်။သို့သော် လှုပ်မရချေ။အောက်ကိုကြည့်လိုက်တော့ သူ့ခြေထောက်ကို နီရဲနေသော အမျှင်တန်းများက ရစ်နွယ်ထားလေသည်။

အမျှင်များမှာ လက်များသဖွယ် ကိုယ့်ဆီပြေးလာနေသည့်အလျောက်တွင် ထိုသူမှာလည်း ဝုန်းဒိုင်းကြဲပြေးချလာလေတော့သည်။

ကြောက်လန့်သောကြောင့် အသားကုန်အော်ဟစ်ပစ်ရန်ကြိုးစားရင်း အတင်းရုန်းကန်လေတော့သည်။

မျက်နှာသို့ စပ်ကနည်း လာထိသော အမျှင်တန်းများကိုခံစားမိလိုက်သည်။ထိုအမျှင်တန်းများကို ခံစားမိသော ခံစားချက်နှင့်အတူ ကြောက်လန့်အားဖြင့် သတိမေ့လျော့သွားခဲ့လေတော့သည်။

သတိပြန်ရချိန်မှာ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်လောမသိ။သူမ ဘာသံကြားမိသလဲ။နားစိုက်ကြည့်ရန် ကြိုးစားလေသည်။သို့သော် ဘာသံမှမကြားရ။လေးလံနေသော မျက်ခွံကို ဖွင့်ရန်ကြိုးစားကြည့်လေသည်။

ဖြေးဖြေးချင်း ဖွင့်လိုက်တော့ အလင်းတန်းတစ်ခုက မျက်စိထဲ စူးကနည်းရှိနေ၏။တစ်ဖက်သို့ ခေါင်းကိုအသာအယာငဲ့လိုက်ရင်း မျက်စိကိုဖွင့်ကြည့်လိုက်၏။

သူကား အိပ်ခန်းထဲ၌သာပြန်ရှိနေ၏။ထပ်၍ သတိထားမိသည်မှာ စောင်ခြုံထားသည့်အနေအထားပင် မပျက်လေရာ ညက မြင်ခဲ့ရသည်မှာ အိပ်မက်ပေလော။သူမပြောတတ်ချေ။သင်ဇာနွယ်ကို နှိုးလိုက်ပြီး ညကကိစ္စကိုပြောပြလေရာ သင်ဇာနွယ်က သူလည်း ထိုအိပ်မက်မက်သည့်အကြောင်း ပြောလေသည်။သူတို့နှစ်ယောက် နားမလည်ခြင်းတွေ အပြည့်ဖြင့်သာ အိပ်ရာပေါ်၌ ထိုင်နေမိလေသည်။

ဤနေ့ကား ခရစ္စမတ်နေ့ဖြစ်လေသည်။

“မေဇင်ထွေး…လာ။ဒီနေ့ခရစ္စမတ်နေ့ပဲလေ ငါတို့နှစ်ယောက် အလုပ်လည်းပိတ်တယ်။စိတ်ပြေလက်ပျောက် အပြင်ထွက်ရအောင်။”
ပြောရင်း အိပ်ရာပေါ်ထိုင်နေရာမှ ထလိုက်လေသည်။မေဇင်ထွေးက လက်ကိုဖမ်းဆွဲလိုက်ရင်း

“နင် ထူးဆန်းတယ်လို့ မခံစားရဘူးလား။”

“မေဇင်ထွေး…စိတ်သိပ်မပူနဲ့ ငါတို့တွေ အတွေးများသွားလို့ စိတ်စွဲနေတာပါ။အားလုံးအဆင်ပြေပါတယ်။အဲ့စာအုပ်ကို လွှင့်ပစ်လိုက်ကြရအောင်။”
ဤသို့ဖြင့် စာအုပ်ကိုယူကာ တိုက်ကနေဆင်းပြီး လမ်းထိပ်က အမှိုက်ပုံထဲပစ်ထည့်လိုက်လေတော့သည်။ထို့နောက် သက်ပြင်းချလိုက်ရင်း နှစ်ယောက်သား အပြန်အလှန်ဖက်လိုက်ကာ တိုက်ပေါ်သို့ပြန်လာခဲ့ရလေသည်။

သူတို့နောက်၌ ရပ်ကြည့်နေသောသူရှိသည်ကိုတော့မူ သူတို့နှစ်ယောက်လုံး သတိထားမိလိုက်ကြဟန်မတူချေ။

“ဒီစာအုပ်ကို သေချာပေးထားတာတောင် လွှင့်ပစ်ရဲတယ်ပေါ့။စောက်ကောင်မတွေ နင်တို့သင်ခန်းစာကောင်းကောင်းရစေရမယ်။”

ကြုံဝါးသံအဆုံးတွင် ထိုရပ်ကြည့်နေသောသူလည်း လှည့်ပြန်သွားခဲ့လေတော့သည်။

မနက်ခင်းတွင် ငှက်များမြည်တွန်သံမှာ ခါတိုင်းကဲ့သို့ မသာယာလှပါပေ။


Author - Tommy

Comments

Post a Comment