AVA 1740s (S2) အခန်း ၁၄
AVA 1740s (Season 2)
အခန်း(၁၄)
...............................................
“စုတ်တံက သေး ဒင်က လေးနဲ့ ဖြည်းဖြည်းချဲ့ပါ..ကိုယ့်ဆရာ၊ စုတ်တံကိုနုတ်...လက်အရုတ်မှာ...မလေးခင် ပြာတဘက်နဲ့ သွေးသုတ်လှည့်လေး”
မလွန်ခံတပ်အောက်ဘက်ရှိ ယာယီထိုးထားသော မင်သေ့ရုံအတွင်းမှ ညီညီညာညာ သီဆိုလိုက်သံများ။
ဗညားကျန်းတော၏ မလွန်တပ်တွင် မင့်သေ့ထိုးကွင်းဆရာတစ်ဉီး က စစ်မှုထမ်းအဖြစ် ပါလာခဲ့သည်။
မလွန်အနီးအပါးရှိ ရွာများမှ ကာလသားများက နေပြည်တော်မှ မင့်သေ့ထိုးဆရာထံ မင့်သေ့ထိုးရန် ကန်တောပွဲများဖြင့် တောင်းပန်လာသဖြင့် တပ်တွင်းတွင်ပင် မင်သေ့ထိုးပွဲပြင်ဆင်နေကြခြင်းဖြစ်သည်။
“မင်ကြောင်မထိုး၊ ပန်းပုဆိုးနှင့် ငယ်နိုးမောင့်ကို ထင်သလားတော်.”
“နင်တို့မောင်..မငယ်ပေါင်ပဲ..လက်မောင်းမက..ကြီးနေပြီ..ကြီးနေပြီဟေ့"
ထိုကာလက ခေတ်စားသည့် ကောက်စိုက်တေးတပုဒ်ကို အမျိုးသမီးများက အော်ဟစ်ဆိုနေစဉ် မလွန်တပ်မှ တပ်သားများက လိုက်လံနောက်ပြောင်နေကြခြင်းဖြစ်သည်။
ထိုးကွင်းထိုးရာတွင် မြေစိုက်၊ နံထောင်၊ ခါးကျ၊ ခါးကြောင်၊ ပေါင်တို(မြင်းစီး)၊ ကောင်စပ်၊ နံတို(ခါးပတ်)၊ ဒူးစွပ်၊ ကော်ရစ်ဟု ထိုးကွက်အမျိုးမျိုးရှိသည်။
ကာလသားငယ် သုံးဉီးမှာ ယခုမှ ပထမဆုံးမင့်သေစတင်ထိုးမည်ဖြစ်သဖြင့် ခါးကျခေါ် ချက်အထက်မှ ဒူးအထိ ထိုးသော ထိုးကွင်းကို ထိုးမည်ဖြစ်သည်။
ကာလသားလေးများ ထိုးမည်ဖြစ်သဖြင့် ရွာမှ အမျိုးသမီးကြီးငယ်များလည်း တစ်စုတစ်ဝေးတည်းလိုက်ပါလာကြသည်။
အမျိုးသမီးတချို့၏ လက်ထဲတွင် လူငယ်များ မင်သေ့ထိုးရာတွင် ဝတ်ဆင်ကြမည့် “မင်ခံပုဆိုး” ကိုယ်စီ ကိုင်လာကြ၏။
ဖျင်ဖြူဖြင့် ဖြန့်မိုးထားပြီး တင်းတိမ်များကာထားသည့် မင်သေ့ရုံအရှေ့သို့ ပထမဆုံးထိုးမည့် လူငယ်က မတ်တပ်ရပ်လိုက်သည်။
မင်သေ့ရုံအတွင်းဘက်တွင် သစ်မင်းဖြင့်ဆောက်ထားသည့် စင်ကလေးပေါ်မှ ဆေးဘုရားဆင်းတုများ၊ ဟင်္သာပြဒါး၊မင်အိုးများ၊ ဆေးခွက်များ၊ ဆယ့်ငါးကျပ်သားခန့်လေးသည့် ဆယ့်ခြောက်ခွ၊ ရှစ်ခွ စသော စုတ်ကြီးများကို ရင်ခုန်စဖွယ်မြင်နေရ၏။
အမျိုးသမီးအချို့က လုံမငယ်တစ်ဉီးကို ရှေ့သို့ အတင်းတွန်းလွှတ်နေကြသည်။
မင်ခံပုဆိုးနှင့် ပုဆိုးတန်းရန် ကျစ်ကြိုး ကို ကိုင်လာသော လုံမငယ်မှာ ရှက်စနိုးဖြင့် လူငယ်ထံသို့ ရောက်သွား၏။
“ထောင်ပုဆိုးလား..ရာပုဆိုးလားဟေ့..ငါ့လူရေ...”
ဝိုင်းရံနေသည့် တပ်သားများ၊ ရွာသားများက လူငယ်ကို အော်ဟစ်မေးမြန်းကြသည်။
“ထောင်ပုဆိုးဗျ..ထောင်ပုဆိုး”
လူငယ်က အရယ်တဝက်ဖြင့် အော်ပြောလိုက်သဖြင့် လူအုပ်ကြီးမှာ ဟေးခနဲ အော်လိုက်ကြသည်။
လုံမငယ်မှာမူ ရှက်ရှက်နှင့် ခေါင်းကိုငုံ့ကာ ရယ်နေတော့၏။
မင်သေ့ထိုးရာတွင် မင်ခံပုဆိုးတင်မည့် ကျစ်ကြိုးမှာ ကျေးရွာတွင် အပျိုစင်ခုနှစ်ဉီး ထံမှ တောင်းယူကာ ကျစ်ရခြင်းဖြစ်သည်။
မင်သေ့ထိုးမည့်သူ ဝတ်ဆင်မည့် မင်ခံပုဆိုးကိုမူ ထောင်ပုဆိုး နှင့် ရာပုဆိုး ဟု ခွဲခြားထားသည်။
အမေ၊အမနှင့် နှမဖြစ်စေ၊ မိကြီး ဒေါ်ကြီးတို့ကဖြစ်စေ ရက်လုပ်ပေးသော ပုဆိုးကို မင်ခံလုပ်လျှင် ရာပုဆိုးဟု ခေါ်သည်။
၅၂၈ သွယ်သောမေတ္တာ ကို ဉီးစားပေးခြင်းကြောင့်ဖြစ်သည်။ ချစ်သူရည်းစားမရှိသူ တကိုယ်တည်းသမားများက ရာပုဆိုးကိုသာ မင်ခံလုပ်ကြရသည်။
မိမိ၏ ချစ်သူ သို့မဟုတ် ရည်ရွယ်ထားသူ မိန်းမပျိုက ရက်လုပ်ပေးသည့် ပုဆိုးကို မင်ခံလုပ်လျှင် ထောင်ပုဆိုးဟု ခေါ်သည်။
၁၅၀၀ အချစ်မေတ္တာကို ဉီးစားပေးသောကြောင့်ဖြစ်၏။
ထောင်ပုဆိုးနှင့် မင်ခံလုပ်သူသည် ချစ်သူရှိပြီးသူ ၊ လက်ထပ်ရန်ရည်ရွယ်ထားသူ ရှိပြီး ဖြစ်သည်။
ထိုသူကို အချစ်သူရဲကောင်းကြီးအဖြစ် လူငယ်အများက အားကျလေ့ရှိသည်။
သို့သော် ထောင်ပုဆိုး ကား အန္တရာယ်များလှ၏။ အကြောင်းကြောင်းကြောင့် ထောင်ပုဆိုး ရက်လုပ်ပေးသည့် အပျိုနှင့် မပေါင်းစပ်ရပါကလည်း ထိုယောက်ျားလေးသည် တစ်သက်လုံး ထိုအမျိုးသမီး၏ “မောင်ကျွန်”အဖြစ် ရောက်ရှိသွားသောကြောင့်ဖြစ်သည်။
“မောင်ကျွန်” ဆိုသည်မှာ အမျိုးသမီး၏ မောင်အရင်း ၊ ကျွန်အရင်းသဖွယ် စောင့်ရှောက်ဖြည့်စီးပေးရခြင်းဖြစ်သည်။
အခါချိန်ကျပြီဖြစ်သဖြင့် လူငယ်သည် မင့်သေ့ရုံ ဝင်ပေါက်နှစ်ပေါက်အလယ်တွင် ရပ်နေသည်။
လူအများက သူ မည်သည့်အပေါက်မှ ဝင်မည်ကို စိတ်ဝင်တစားကြည့်နေကြသည်။
မင့်သေ့ရုံတွင် ဝဲမှောင့်နှင့် ယာမှောင့် ဟူ၍ ဝင်ပေါက်နှစ်ပေါက်ရှိသည်။
ယာမှောင့်မှ ဝင်လိုက်လျှင် အလှအပထိုးမည့်သူသာဖြစ်သည်။ အလှအပထိုးသူများကို မင်သေ့ဆရာက နာကြင်မှုနည်းအောင် စုတ်ပေါ့၊ ဆေးပေါ့ဖြင့်သာ ထိုးပေးသည်။ ဂါထာကိုလည်း မှန်တမ်းသာ ရွတ်သည်။
ဝဲမှောင့်မှာ ဝင်လာသူကား အကျအနထိုးမည်သူဖြစ်သည်။ ဝဲမှောင့်သမားကိုမူ စုတ်လေး၊ ဆေးလေးဖြင့် ထိုးသည်။
ဂါထာစုတ်ရာတွင်လည်း ဆေးစီးသည်ဟု ဆိုရလောက်အောင် ဌာန်မာန်နှင့် ရွတ်ကာ ထိုးပေးကြသည်။
လူငယ်ကား ဝဲမှောင့်မှ ဝင်သွားသဖြင့် လူစုကြီးက လက်ခုပ်လက်ဝါးတီး အားပေးကြသည်။
မင်သေ့ရုံအတွင်း ရောက်သည်နှင့် ဆေးဘုရားရှေ့တွင် ငါးပါးသီလခံယူသည်။ မင်သေ့ဆရာ နှင့် လက်ထောက်များကို ရှိခိုးရသည်။
ပါလာသော ကျစ်ကြိုးကို သွယ်တန်းလိုက်ပြီး မင်ခံပုဆိုးကို ကြိုးပေါ်တွင် လွှားတင်လိုက်၏။
ထို့နောက် ငှက်ပျောရွက်ပေါ်တွင် ခင်းထားသော အဝတ်ဖြူပေါ်တွင် လှဲလျောင်းလိုက်သည်။
မကြာမီ မင်သေ့ရုံအတွင်းမှ မင်သေ့ဆရာ၏ ဂါထာရွတ်ဖတ်သံ ထွက်ပေါ်လာသည်။
တပြိုင်နက်အပြင်ဘက်ရှိ အားပေးနေသော အဖွဲ့များထံမှ အတီးအမှုတ်သံများဖြင့် စိတ်တက်ကြွအောင် ဗိန်းဗောင်းတီးတော့သည်။
မင်သေ့ရုံနှင့် ခပ်လှမ်းလှမ်း ဝါးကွပ်ပြင်တွင် ထိုင်ကာ ထန်းရည်ခါးသောက်နေကြသည့် ငတွန်နှင့် ဗညားကျန်းတော တို့ကိုလည်း အပျော်များက ကူးစက်လာနေ၏။
“ငယ်ဘဝကိုတောင် သတိရသွားတယ်ဗျာ”
ဗညားကျန်းတောက ထန်းရည်ကို တမော့မော့ပြီး ပြောလိုက်သည်။
“ခင်ဗျား က မင်သေ့ကို ဟံသာဝတီမှာ ထိုးတာလား”
ငတွန်က ဗညားကျန်းတောကို မေးလိုက်သည်။
“ဘယ်ကသာ..အင်းဝရွှေမြို့တော်မှာ လာထိုးတာပေါ့ဗျ...ကျုပ်က အဖေက ဟံသာဝတီသားမို့ ဟံသာဝတီမှာကြီးခဲ့ပေမယ့်..အဖေက စစ်ထဲပါသွားချိန်မှာ အမေနဲ့အတူ အင်းဝမှာ သုံးလေးနှစ် လာနေကြရတာ..ဒီလိုလူပျိုပေါက်အရွယ်ပေါ့ဗျာ”
“ဘယ်ဆရာဆီမှာ ထိုးတာတုန်းဗျ”
“မီးသွေးဆိပ်က ဆရာပေါကြီး ဆီမှာ”
“ရော်....ကျုပ်ရဲ့ ဟော့ဒီနံထောင်က ဝက်ကုန်းတွေ ထိုးတုန်းက ဆရာပေါကြီးနဲ့ပဲပေါ့..ပြစမ်းပါဉီး..ဗညားရဲ့..ဒါကြောင့် ခင်ဗျားမင်သေ့တွေ နဲ့ ကျုပ်မင်သေ့တွေ လက်ရာတူလောက်တယ်”
ဗညားကျန်းတောက သူ့လက်ကုပ်နှင့် ခါးလယ်၊ ပေါင်ရင်းမှ အရုပ်များကို ပြလိုက်သည်။
“ဘယ့်နှယ့်...မင်ခံကရော..ကိုယ့်လူ”
“ထောင်ပုဆိုးပေါ့ဗျာ....”
“အံမယ်...ထောင်ပုဆိုးလား..ဟုတ်လှချည်လား”
“ကျုပ်မှာ ရည်းစားရှိတယ်ဗျ....အဲ့ဒီကတည်းက ချစ်ကြတဲ့ ငယ်ချစ်ဆိုပါတော့...သူ့ကြောင့်ပဲ..ကျုပ်နဲ့ အမေ ဟံသာဝတီကို ပြန်ပြောင်းပြေးခဲ့ရတာ”
မင်သေ့ရုံဘက်ဆီမှ တီးလုံးသံများမှာ ဗိန်းဗောင်းသံမှ ရယ်စရာမျောက်မင်းအူသံတီးလုံးများသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
အတွင်းမှ မင်သေ့အထိုးခံသည့် လူငယ်၏ ညည်းညူသံများကို အပြင်မှ အုပ်စုများက သတ္တိနည်းသည်ကောဟု လှော်ပြောင်နေကြသည့်သဘော။
ဗညားနှင့် ငတွန် အကြာကြီး တိတ်ဆိတ်နေကြသည်။
သူတို့တွင် ရှိသည့်အတိတ်ကိုယ်စီသည် သူတို့ကို ပစ္စုပ္ပန်မှ ခေတ္တ ရပ်တံ့နေစေသည်လား။
“ကျုပ်..ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ မပြောပြဖူးဘူး..ခင်ဗျားကိုတော့ ပြောပြချင်တယ်..ဗိုလ်တွန်..ခင်ဗျားက ကျုပ်အကိုလို လေးစားရတဲ့သူမို့ပါ..ခင်ဗျား နားထောင်ချင်ပါ့မလား”
“ခင်ဗျား စိတ်ပေါ့သွားအောင်...ကျုပ်နားထောင်ပေးပါ့မယ်..ပြောပါ”
............................................................................................................
အခုမင်းတရားကြီးရဲ့ ခမည်းတော်လက်ထက် ဇင်းမယ်က ခုံနမ်း ပုန်ကန်လို့ စစ်ထွက်ကြတာ ခင်ဗျား မှတ်မိမှာပေါ့။ အဲ့ဒီစစ်ပွဲမှာ ကျုပ်အဖေက ရာမညတပ်နဲ့အတူ စစ်ထွက်ရတယ်။
ကျုပ်ကလည်း အဲ့ဒီအချိန်မှာ အသက် ဆယ့်သုံးနှစ်သား။ အဖေ့က မွန်လူမျိုး၊ ရာမညမြင်းအစုက အကြပ်တစ်ယောက်။
ဒီတော့..စစ်ပွဲရှိလို့ အင်းဝက ဆင့်ဆိုတိုင်း စစ်ထွက်ရတယ်။
အမေက ကျုပ်ကို သိပ်ချစ်တာ။ ကျုပ်အလှည်ကျရင်လည်း အဖေ့လို မကြာခဏ စစ်မှုထမ်းဆင့်ဆိုတိုင်း လိုက်နေရမှာကို အမေက ကြောက်တယ်။
အစုအဖွဲ့ဉပဒေအရ အဖေက မွေးတဲ့ ကျုပ်ကလည်း ရာမညမြင်းစုမှာ စစ်မှုထမ်းရမှာမဟုတ်လား။
အမေက ကျုပ်ကို ရှေ့တန်းကနေ စစ်တိုက်နေရတဲ့ဘဝဖြစ်မှာကို မလိုလားဘူး။
ဒါနဲ့ပဲ..အမေ့အဖေ ကျုပ်အဘိုးရှိတဲ့ အင်းဝကို ကျုပ်တို့ ထွက်လာခဲ့တယ်။ အဘိုးဟာ အင်းဝနေပြည်တော်က နိုင်ငံတော်လှည်းတွေ၊ မြင်းရထားတွေမှာ ကနုတ်ပန်းဆွဲတွေ ထုလုပ်ရတဲ့ ပန်းပုအစုကပဲ။
အဘိုးတို့ဟာ ဘုရင့်အနုပညာသည်အစုဖြစ်တဲ့အတွက် စစ်သည်ဆင့်ဆိုရာမှာ ကင်းလွတ်ခွင့်ရှိတယ်။
အမေနဲ့ ကျုပ် အင်းဝက အဘိုးဆီ ရောက်လာကြရောပေါ့ဗျာ။
အမေက ကျုပ်ဟာ အဘိုးရဲ့ သားအဖြစ် အစုဆက်ခံခွင့်ရအောင် ရည်ရွယ်ချက်နဲ့ ခေါ်လာခဲ့တာ။
ဒီတော့ အဘိုးရဲ့ ပန်းပုအစုမှာ ကျုပ်က ပညာသင်အနေနဲ့ ကူပေးရတယ်။
ကျုပ်က ပန်းပုပညာကို ဝါသနာမပါပါဘူး။ ကျုုပ်ဝါသနာပါတာက တိုက်တာခိုက်တာပဲ။
ဆောက်တစ်လက်၊ တူတစ်လက်နဲ့ တကုပ်ကုပ်လုပ်နေရတာ ဝါသနာမပါဘူး။
ဒါပေမယ့်...ကျုပ်က အဘိုးနဲ့ လိုက်ရတာကိုပျော်တယ်။
ဘာကြောင့်လဲဆိုတော့...အဲ့ဒီတုန်းက နန်းတော်ကြီးက မီးလောင်ပြီးခါစ။ အပျိုတော်ကြီးမကျီးကန်ကတော်ခင်ဘုတ် အဆောင်ကနေ စွဲလိုက်တဲ့မီးက နန်းမတော်ကြီးတစ်ခုလုံး ပြာကျဆိုပဲ။
ဆင်နှစ်ကောင်စွဲတဲ့ တော်ဝင်လှည်းကြီးပါ လောင်သွားတာကိုး။
ဒါကြီးကို ပြန်ဆောက်တော့ ကျုပ်အဖိုးက ကနုတ်ပန်းစွဲတွေ၊ ပန်းပုရုပ်တွေ လှည်းပတ်လည်မှာ သွားထုလုပ်ပေးရတယ်။
နန်းတော်ထဲဝင်ခွင့်ဆိုတာ ကျုပ်တို့လို သာမန်လူတွေအတွက်တော့ မဟာအခွင့်အရေးအိပ်မက်ကြီးပဲ မဟုတ်လား။
လူကလည်း လူပျိုပေါက်လေး။ နန်းတွင်းသူ ဆိုတာတွေကလည်း တယ်ချော တယ်လှ ဆိုတာမျိုး ကြားဖူးတော့ မြင်ချင်တာပေါ့ဗျာ။
တရက်တော့ တော်ဝင်လှည်းတွေထားတဲ့နေရာမှာ အဘိုးနဲ့ သူ့တပည့်တွေ အလုပ်များနေချိန် ကျုပ်တစ်ယောက်တည်း စပ်စပ်စုစုနဲ့ လစ်ထွက်ခဲ့တယ်။
ကပ်လျက်က ဉယျာဉ်တော်ကိုဗျ။ ဉယျာဉ်တော် ကျော်ရင် အနောက်ဆောင်ပဲ။ အနောက်ဆောင် ဆိုတာ အခွင့်မရပဲ ကျူးရင် ခြေကျူး ခြေဖြတ်၊ လက်ကျူး လက်ဖြတ် မဟုတ်လား။
ဒါပေမယ့်လည်း ကျုပ်မှာ ကြောက်စိတ်မရှိပါဘူး။
အနောက်ဆောင်က မိဖုရားတွေ ဘာတွေ မြင်ရနိုး ဉယျာဉ်တော်ထဲကနေ ဟိုချောင်း ဒီချောင်းပေါ့ဗျာ။ ဒီဘက်မှာလည်း လှည်းတွေကို ပန်းပုဆင်နေတော့ အလုပ်သမားတွေနဲ့ ရှုပ်ယှက်နေလို့ တော်ရုံ နန်းတွင်းအမှုထမ်းတွေက သိပ်မလာကြဘူး။
ဘုရင်ကြီးတောင် ဉယျာဉ်တော်ဘက် မကြွဘူး။
အဲ့ဒီမှာ သူ့ကို စတွေ့တာပဲ။
နန်းတွင်းသူ ဆိုတာ ကျုပ်နဲ့ ရွယ်တူ ရှိလိမ့်မယ်လို့ ကျုပ်ဘယ်ထင်လိမ့်မတုန်း။
ကျုပ်တွေ့ဖူးတဲ့ ထမီရင်လျား အရပ်သူတွေနဲ့တော့ လားလားမတူပေါင်ဗျာ။
ဉယျာဉ်တော်ထဲက စမ်းချောင်းထဲမှာ တရုတ်ရွှေငါးလေးတွေရှိတယ်။ သူက အဲဒီရွှေငါးလေးတွေ ကို စကားပြောနေတာ။
တစ်ယောက်တည်း ဘာတွေပြောနေမှန်းမသိဘူး။ သူ့အသားလေးကလည်း အင်းဝသူတွေထဲ အတော်လေးကို နုဖွေးနေတာမှ ပါးက အကြောစိမ်းလေးတွေတောင် ခပ်လှမ်းလှမ်းက မြင်နေရတဲ့အထိပဲ။
ကျုပ် သူ့ကို ခြုံကွယ်ကနေ ကြည့်နေရင်း စိတ်ထဲတမျိုးကြီးပဲ။ စချင် နောက်ချင်လာတယ်။
ဒါနဲ့ အနားက ခဲလုံးကြီးကြီးတစ်လုံး ရေထဲကို ပစ်ချလိုက်တာ သူ့တကိုယ်လုံး ရွှဲရောပဲ။
သူက လန့်ပြီး အော်ငိုတော့...အနောက်ဆောင်ထဲက မိန်းမစိုးတွေ ပြေးလာကြတယ်။ ကျုပ် လည်း ထွက်ပြေးဖို့လုပ်ပေမယ့်..မိန်းမစိုးတစ်ယောက်က တွေ့ပြီး ဝိုင်းဖမ်းကြတောပေါ့။
ပြဿနာက မထင်မှတ်ပဲ အတော်ကြီးကျယ်သွားတယ်။
သူက မြောက်နန်းမိဖုရားအဆောင်က အပျိုတော် မြတ်ထားသီရိတဲ့ ။ သူတို့ က ကျိုင်းရုံးကြီးစော်ဘွားအဆက်အနွယ်တွေတဲ့ ။ သူနဲ့ သူ့အကို နန္ဒဝေ တို့ကို ငယ်ကတည်းက အင်းဝနန်းတော်ကို ပို့ထားခံရတာ။
ဓါးစာခံသဘောမျိုးပေါ့လေ။
မြောက်နန်းမိဖုရားကြီးဓမ္မဒေဝီက သားသမီးတစ်ယောက်မှ မထွန်းကားတော့ ခုနှစ်နှစ်အရွယ်ကတည်းက နန်းတွင်းရောက်နေတဲ့ နန္ဒဝေနဲ့ မြတ်ထားသီရိ တို့ကို သိပ်ချစ်တာပဲတဲ့။
ပြောရရင်တော့ဗျာ..မြောက်နန်းမိဖုရားရဲ့ မွေးစားသားနဲ့ သမီးပေါ့။
မိန်းမစိုးတွေက ကျုပ်ကို လူပျိုတော်သားတွေလက်အပ်ပြီး ခုံရုံးတင်ဖို့ လုပ်ကြတယ်။
ကျုပ်ကလည်း အဲ့ဒီတုန်းက အသက်ကသာ ၁၄ နှစ်သား။ လူကောင်က အခုလောက်ကို ထွားနေပြီကိုး။
နောက်တော့ အဘိုး ကလိုက်လာတယ်။ မြောက်နန်းမိဖုရားရဲ့ လှည်းတွေ၊ ဝေါတွေကိုလည်း အဖိုးကပဲ လုပ်ပေးနေတာဆိုတော့ မိဖုရားကြီးနဲ့လည်း သိနေတာပေါ့ဗျာ။
အရွယ်ကလည်း ကလေးမက လူကြီးမကျအရွယ်၊ အနောက်ဆောင် ဧရိယာထဲ ဝင်တာလည်းမဟုတ်တော့...အနောက်ဆောင်မှာတင် ကြိမ်ဒဏ်နဲ့ပဲ ပြီးသွားတယ်။
ကြိမ်ဒဏ်ကို မိန်းမစိုးတွေက ပေးတာဗျ။ လိပ်ကျောက်မြီးနဲ့ချည်း ရိုက်ကြတာ။
ဟင်အင်း..ပထမတစ်ချက်လောက်ပဲ...နာတာ..နောက်ပိုင်း နာလားမနာလားတောင် မသိပါဘူးဗျာ။ ဘယ်သိမလဲ...နန်းမြတ်ထားက ကျွန်တော့်ရှေ့တည့်တည့်မှာ ထိုင်ပြီး လက်ကလေးနဲ့ မျက်နှာကို အုပ်ပြီး ကြည့်နေတာကိုး။
သူ့အငွေ့အသက်လေးမြင်နေရရင်ကို ကျုပ်မှာ မနာကြင်နိုင်ခဲ့တာ..အဲ့ဒီကတည်းက စတာပါပဲဗျာ။
နောက်တစ်ကြိမ် သူနဲ့ ကျုပ် ပြန်စုံကြတာ...အတာတော်သဘင်မှာပဲဗျ။
အဲ့ဒီတုန်းက သင်္ကြန်ကို အခုလို မြစ်ဆိပ်မှာ တဲနန်းထိုးကျတာမျိုးမဟုတ်ဘူး။ နန်းတော်ထဲပဲ ကျကြတာ။ ဒါပေမယ့်..ဘုရင့် မိဖုရားလေးပါး အဆောင်တော်က အပျိုတွေက လက်ဝဲဝင်း၊ လက်ျာဝင်းတွေနဲ့ ခင်းပြီး မြစ်ဆိပ်ကို ရေတော်ခပ်ဆင်းကြရတယ်။
နန်းတော်ထဲမှာ ရေကစားကြဖို့ လုပ်ပေးထားတဲ့ စဉ့်အိုးတွေမှာ ရေဖြည့်ဖို့ပေါ့။
မိဖုရားအဆောင်သုံးခုနဲ့ ကိုယ်လုပ်တော်(၁၆)ယောက်ဆီက အမှုထမ်း နန်းတွင်းအပျိုတော်တွေ ရေဆင်းခပ်ကြတာလေဗျာ။
ကျုပ်တို့ ကာလသားလောင်းတွေမှာ ရာဇမတ်ကွက်တွေ ကာထားတဲ့ မြစ်ဆိပ်ဆီ အလုအယက်ပေါ့။
သူတို့ကို စောင့်ကြပ်ကြတဲ့ မြင်းစီးတပ်သားက (၂၀)လောက်ပါတယ်။
ဒါပေမယ့် ဒီလောက်ရာချီနေတဲ့အပျိုတော်တွေကို သူတို့က ဘယ်လို ထိန်းအုပ်နိုင်ပါ့မလဲဗျာ။
ကျုပ်က အဲ့ဒီအချိန် စိမ်ရည်လေး၊ ထန်းရည်လေးလည်း သောက်တတ်နေပြီ။ အင်းဝမြို့ထဲ အပေါင်းအသင်းကလည်း များနေပြီ။
နောက် ပွဲကျောင်းမှာ သိုင်းတောင်သင်နေပြီ။
ထန်းရည်လေးကမူးမူးနဲ့ ကျုပ်တို့ အပေါင်းအသင်းတသိုက် ရာဇမတ်ကွက်တွေကြားကနေ ရေခပ်သွားအပျိုတွေကို မေးတင်ပြီး ငေးကြတာပေါ့။
ပါးစပ်ကလည်း ဟေးလားဝါးလား စလိုက် နောက်လိုက်ကြပေါ့။
အဲ့ဒီအချိန်မှာ ကျုပ် နားကို ရောက်လာတဲ့ အပျိုတော်မလေးတစ်ယောက်က သူ့ရေအိုးတစ်ခုလုံးနဲ့ ကျုပ်ခေါင်းပေါ်ကို လောင်းချသွားတာဗျာ။
ဘေးနားကအကောင်တွေကလည်း အံဩပေါ့။ ဘယ့်နှယ့် နန်းတွင်းသူတစ်ယောက်က ရေလာလောင်းတာမျိုးလေ။
“တို့ကို ရေတွေရွှဲသွားအောင်လုပ်ခဲ့တာ..ကြေပြီနော်..ဟေ့လူ”
မြတ်ထားသီရိပေါ့ဗျာ။
ကျုပ်ဘာကိုမှ မသိတော့ဘူး။
မြတ်ထားသီရိက အိုးအလွတ်နဲ့ နန်းတော်ဆီ ပြန်သွားတဲ့လမ်းတစ်လျှောက် ရာဇမတ်ကွက်တွေဘေးက ကျုပ်လိုက်သွားနေမိတော့တာပဲ။
သူ့မျက်နှာလေးက အရင်ထက် ပိုလှလာတယ်။ ကျုပ်သူငယ်ချင်းတစ်စုကလည်း ကျုပ်ကို မှီပြီး နန်းတွင်းသူတွေနဲ့ ရင်းနှီးရမလားဆိုပြီး နောက်က တကောက်ကောက်လိုက်လာတာပဲ။
အတွင်းမြို့ရိုးဆီ ရောက်ခါနီးတော့ မြတ်ထားသီရိက ရာဇမတ်ကာထားတဲ့ဘေး ကို ကပ်လာတယ်။
“ဟိတ်..အထဲအထိ လိုက်လို့မရဘူးနော်..တို့မောင်ကြီး...တမြန်နှစ်က ကြိမ်ဒဏ်မျိုး မမှတ်သေးဘူးလား”
မြတ်ထားက ကျုပ်ကို ပြုံးပြီး စတာ။
“အံမယ်မင်း...အမိကောင်းမှုနဲ့.ကျောကို ကော့နေတာပါပဲဗျာ..တလလောက် ကျောခင်းမအိပ်နိုင်ဘူး..နာချက်”
မြတ်ထား မျက်နှာလေး အိုသွားတယ်။
“သူကလည်း ဒီဘက်ကို လန့်အောင် လုပ်လိုက်တာကိုး...လန့်အော်မိတော့ မိန်းမစိုးကြီးများက ကြားတာပေါ့...မြတ်ထား စိတ်မကောင်းပါဘူး”
“ရပါတယ်ဗျာ..ကျုပ်မှာ မနာတဲ့ဆေးရှိတယ်ဗျ”
“ဟင်..ခုနကပြောတော့..ကျောခင်းပြီးတောင် အိပ်မရဘူးဆို”
“အင်းပေါ့..ဘေးတစ်စောင်းလှဲပြီး မျက်လုံးမှိတ်ထားပြီး မနာဆေးလေးကို အာရုံပြုထားလိုက်ရင်...မနာတော့ဘူးလေ”
“မနာဆေး..ဟုတ်လား”
“ဟုတ်တယ်လေ..မနာဆေးဆိုတာ မြတ်ထား မျက်နှာပဲပေါ့..ကျုပ်မျက်လုံးထဲ စွဲနေတဲ့ ဒီက မျက်နှာလေးကို မြင်ယောင်လိုက်ရင် မနာတော့ဘူးပေါ့”
မြတ်ထားသီရိ ရယ်တယ်ဗျ။ ခေါင်းကလေးမော့ပြီးကို ရယ်တာ။
ကဆုန်ညောင်ရေပွဲကျရင် ပတ္တမြားစေတီဘုရားမှာ သူတို့အပျိုတော်စုတွေ ညောင်ရေသွန်းထွက်မှာမို့ ကျုပ်ကို လာခဲ့ဖို့ မှာသွားသေးတယ်။
ဘယ်ပြောကောင်းမလဲ..ငါ့လူရေ။ ကျုပ်မှာ တန်ခူးလတစ်လလုံးကို မြန်မြန်ပြီးစေချင်တော့တာပဲ။
ကဆုန်ညောင်ရေသွန်းပွဲမှာ သူနဲ့ ကျုပ် နှစ်ယောက်တည်း ဘုရားအနောက်ဖက်မှာ တွေ့ဖြစ်ခဲ့ကြတယ်။
စကားတောင် မပြောဖြစ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြီး အကြာကြီး စိုက်ကြည့်နေကြတာ။
သူ့အတွက် ကျုပ်ကုံးလာတဲ့ စံပယ်ပန်းကလေးပေးဖြစ်တယ်။ သူကလည်း သူကိုယ်တိုင် လိပ်လာတဲ့ ဆေးလိပ် ကျုပ်ကို ပြန်ပေးတယ်။
ဒီလောက်ပါပဲ။
နောက်ပိုင်းကျ...သူ့ခမြာလည်း နန်းတွင်းကနေ ကျုပ်ကို တွေ့ရဖို့အရေး ကြံဖန်ထွက်လာရတာ မလွယ်လှပါဘူး။
ကျုပ် ရဟန်းခံတော့..ရွှေရေးကျောင်းဆရာတော်ဆီမှာ ခံဖြစ်တယ်။ ကျုပ်က ရွှေရေးကျောင်းမှာပဲလုပ်မှာဆိုလို့ အဘိုးက စုဆောင်းထားသမျှ ကုန်ခံပြီးလုပ်ပေးရတာ။
ရွှေရေးကျောင်းဆိုတာ တော်ရုံလူ ကပ်ဖို့မလွယ်ဘူး။ ဘုရင်ကိုးကွယ်တဲ့ကျောင်းကိုဗျ။
ကျုပ်ကလည်း အကြံနဲ့။
ရွှေရေးကျောင်းဆိုတာ မြောက်နန်းမိဖုရားကြီးဆောင်တော် ဆီ ဆွမ်းခံရတဲ့ကျောင်းကို။
အဲ့ဒီမှာ နေ့တိုင်းဆွမ်းခံကြွကြရင်း မြတ်ထားသီရိနဲ့ ကျုပ်..မသိမသာလေး မျက်လုံးနဲ့ ဆက်သွယ်ကြ၊ ဆွမ်းလောင်းရင်း စကားလေးတီးတိုးပြောကြ၊ သပိတ်ထဲ စာပေးစာယူလေးတွေထည့်ရင်း ဆက်သွယ်ခဲ့တာပေါ့ဗျာ။
နောက်တော့ ကျုပ် လူထွက်လိုက်တယ်။ လူထွက်လိုက်တယ်ဆိုပေမယ့်..ရွှေရေးကျောင်းမှာ ရဟန်းဝတ်နေသေးတဲ့ ကျုပ်သူငယ်ချင်း ကိုတော့ ပိုင်အောင် ပေါင်းရတယ်။
ဘာကြောင့်လဲဆိုတော့ မြတ်ထားနဲ့ ကျုပ်နဲ့ကြားမှာ သူက ဆွမ်းခံကြွရင်း စကားပေးစကားယူ၊ စာပေးစာယူလေး လုပ်ပေးနေတယ်မဟုတ်လား။
ကျုပ် ဆရာပေါကြီး ဆီမှာ မင်သေ့ထိုးမယ်ဆိုတော့..သူ့ဆီ ဒီအကြောင်း မရောက်ရောက်အောင် ပေလိပ်စာရေးပြီး ပို့တယ်။
အဲ့ဒီနေ့မှာ သူ့ဆီကနေ လူကြုံနဲ့...မင်ခံပုဆိုးလေး ပို့ပေးလိုက်တယ်။
ကျုပ်ပျော်လိုက်တာ။
ထောင်ပုဆိုး ပို့ပေးတယ်ဆိုတာ သူ့ဘဝအတွက် အားကိုးရာလို့ ကျုပ်ကို အသိအမှတ်ပြုလိုက်တာပဲမဟုတ်လား။
ဒါတွေကြောင့် ကျုပ်ဘဝမှာ မြတ်ထားသီရိ ဟာ အကြီးဆုံးတာဝန်ကြီးတစ်ခု ဖြစ်လာခဲ့တယ်ပေါ့ဗျာ။
ကျုပ်လိုလိုချင်ချင်ထမ်းဆောင်ရမယ့် တာဝန်တစ်ခုပါပဲ။ သူ့အတွက်နဲ့ ဘာမဆို ကျုပ် စိန်ခေါ်ရဲပြီပေါ့။
...................................................................................................
မင်သေ့ ထိုးပြီး ထွက်လာသည့် လူငယ်ထံမှ လက်ခမောင်း ထီးထီးခတ်သံ တဖျောင်းဖျောင်းကို ကြားလိုက်ရသည်။
စုတ်ချက်ကို မခံနိုင်သူအချို့မှာ ကပ်ဖြင့်တင်ပြီး ထုတ်ယူလာသူ၊ လူတွဲထုတ်လာသူ အမျိုးမျိုးရှိကြသည်။
ယခုလူငယ်ကား ထောင်ပုဆိုးခံ လူငယ်ဖြစ်ပြီး ချစ်သူကလည်း မင်သေ့ရုံရှေ့တွင် ရှိနေသဖြင့် လူတွဲ ကပ်တင် မပါပဲ အားတင်းလျက် ထွက်လာခဲ့ခြင်း။
ဟင်္ဿာပြဒါးဆေးနှင့် သွေးများက ခါးတဝိုက်တွေ ရဲရဲထလျက်။
ကပ်ဖြင့် ထမ်းလာရပြီး ကပ်ပေါ်မှ လက်ခမောင်းခတ်သည်ကို အဝါခတ်ဟုခေါ်သည်။
လူတွဲဖြင့်ထွက်လာပြီး လက်ခမောင်းခပ်ရသူကို အမြှောင်ခတ်ဟုခေါ်သည်။
လူတွဲမပါ၊ မားမားမတ်မတ်ဖြင့် လက်ခမောင်းခတ်နိုင်သည်ကို ထီးထီးခတ်ဟု ခေါ်သည်။
ထီးထီးခတ်နိုင်သည့် ယောက်ျားမျိုးသည်သာ မိန်းမပျိုများအတွက် ဘဝတသက်တာလုံး လေးစားအားကိုးရသည့် ကြင်ဖော်အဖြစ် အထူးဂုဏ်ယူတတ်ကြသည်။
ယခုလူငယ်ကား ချစ်သူ ကိုယ်တိုင် ပုဆိုးယက်ပြီး လိုက်အားပေးသောကြာင့် လက်ခမောင်းကို ထီးထီးခတ်ကာ ဝံ့ကြွားနေတော့၏။
ဗညားက ပြောလက်စ စကားကိုရပ်ပြီး လက်ခမောင်းခပ်နေသည့် လူငယ်ကို ငေးနေသည်။
“ခင်ဗျားတုန်းကလည်း ဒီသူငယ်လိုပဲ..နေမှာပေါ့..ဗညားး”
ဗညားက ပြုံးလိုက်၏။
“ခင်ဗျာလည်း မင့်သေထိုးဖူးတာပဲ...နာတာကတော့ သေလောက်အောင် နာတာပေါ့ဗျာ..ဒါပေမယ့်လည်း...ကျုပ် လက်ခမောင်း ထီးထီးခတ်သံကို နန်းတော်ကြီးထဲက မြတ်ထားသီရိ ကြားလို ကြားငြား တဖြောင်းဖြောင်းနေအောင် ခပ်တော့တာပေါ့..ဟားဟား”
ဗိန်းဗောင်းသံများဖြင့် နောက်တစ်ဉီး မင်သေ့ထိုးရန် ဝင်ပြီဖြစ်သည်။
“ဒါနဲ့..ခင်ဗျားက ဘယ်လိုလုပ် ဟံသာဝတီကို ပြန်သွားရတာလဲ..ဆက်ပါဉီး”
...............................................................................................................
သူ့အကို နန္ဒဝေ က ကျုပ်တို့အကြောင်းကို သိသွားခဲ့တယ်။ ဒီကောင်က စောက်အရူးဗျ။ တော်ဝင်သွေး ရူး ရူးနေတာ။ သူ့ညီမကို သူက အိမ်ရှေ့မင်းသား မောင်ဖြူလောက်ထိ တက်မှန်းထားတာ။
အဲ့ဒါကို မြောက်နန်းမိဖုရားကလည်း ထောက်ခံတယ်တဲ့။
သားသမီးမရှိတဲ့ မြောက်နန်းမိဖုရား က နောက်တက်လာမယ့် ရှင်ဘုရင်လောင်းလေးကို သူ့မွေးစားသမီးနဲ့ စုံဖက်ပြီး သူရဲ့ ရှိရင်းစွဲဩဇာအာဏာကို ကာကွယ်မယ့်သဘောလို့တော့ မြတ်ထားသီရိ က စာတွေထဲ ရေးပါတယ်။
ဟိုကောင်ကလည်း အိမ်ရှေ့မင်းယောက်ဖဖြစ်လာချင်တာ။
ကျုပ်နဲ့ မြတ်ထားသီရိ ရည်ငံ့နေတာကို သူတို့ သိသွားကြတယ်။ ဘယ်လိုသိလဲဆိုတော့ ဆွမ်းခံကြွနေတဲ့ ကိုယ်တော်နဲ့ စာအဆက်အသွယ်လုပ်ပေးနေတုန်း သိသွားကြတာပေါ့။
အဲ့ဒီကိုယ်တော်လည်း ဘုန်းကြီးဆီအတိုင်ခံရပြီး ကျောင်းကပါ နှင်ခံလိုက်ရတယ်။
မြောက်နန်းမိဖုရားလေဗျာ။ နန်းတွင်းမှာ မိဖုရားခေါင်ကြီးပြီးရင် ဩဇာအရှိဆုံးသူ။ ပြီးတော့ နန္ဒဝေကလည်း အဲ့ဒီအချိန်မှာ အိမ်ရှေ့မင်းအိမ်တော်သားဖြစ်နေပြီ။
ကျုပ်တို့လား။
အဘိုးကို မြောက်နန်းမိဖုရားက ခေါ်တွေ့တယ်။ ဒီကိစ္စကို သူရော နန္ဒဝေ ကပါ လက်မခံကြောင်းနဲ့..ကျုပ်တို့ဘက်က ရှေ့ဆက်တိုးမယ်ဆို..အဘိုးကိုရော..ကျုပ်တို့ ဆွေမျိုးတစ်စုလုံးကိုပါ ပန်းပုအစုထဲက ထုတ်ပြီး..ဘုရားကျွန်၊ ကျောင်းကျွန်အစုထဲထည့်ပစ်မယ်လို့ခြိမ်းခြောက်တယ်။
ပြီးတော့..ငွေနှစ်ပိဿာပေးလိုက်တယ်။ ဟံသာဝတီကို ပြန်ပြီး ကျုပ်ကို မွန်မိန်းကလေးတစ်ယောက် ယောက်နဲ့ ပေးစားဖို့ လက်ဖွဲ့တဲ့လေ။
အဘိုးရော..ဆွေမျိုးတွေကပါ..ဒီကိစ္စမှာ အတော်လေးကို တုန်လှုပ်သွားကြတယ်။
ကျုပ်တို့ အသားအမိကြောင့် သူတို့ အားလုံး ဒုက္ခရောက်ကြရမှာလေ။
ဒီလိုနဲ့..ပဲ။
...............................................................................
“ဒါဆို ခင်ဗျား အခု ဟံသာဝတီက အင်းဝကို ပုန်ကန်ချိန်မှာ ဟံသာဝတီကို မပြန်ပဲ..အင်းဝမှာပဲ နေရစ်တာက မြတ်ထားသီရိကြောင့်ပေါ့..ဟုတ်လား”
“ဟုတ်တယ်..ကျုပ်ဘဝမှာ သူ့ကို တခေါက်လောက်ဖြစ်ဖြစ် ပြန်တွေ့ချင်တယ်...သူ့ကို တွေ့ဖို့ကလည်း နန်းတွင်းထဲကို ရောက်မှဖြစ်မှာ..ဒါကြောင့် အင်းဝအရက်ဆိုင်မှာတုန်းက ခင်ဗျားကို ချစ်ညိုကြီးတို့ လာခေါ်တော့ ကျုပ်က အတင်းလိုက်ပြီး ကိုးသိန်းသခင်ဆီ အမှုထမ်းဖို့ ပြောရတာပေါ့ဗျာ”
“ဪ..ဒါ့ကြောင့်ကိုဗျ..ဒါနဲ့..အဲ့ဒီတုန်းက ခင်ဗျား ဟိုဒင်းမှာ ခေါင်းလောင်းဆွဲပြီးခါစနော်..ကျုပ် အပြင်ကနေ ခင်ဗျားတို့ ပြောနေဆိုနေတာတွေ အတိုင်းသားကြားနေရတယ်...အဲ့ဒါလည်း မြတ်ထားသီရိအတွက်ပဲလား”
“ဟာဗျာ..ဒါကတော့ မူးမူးနဲ့ လျှောက်လုပ်တာပါ...ဗိုလ်တွန်ရာ...ဒုက္ခပါပဲ..ခင်ဗျားကလည်း”
“အလကားစတာပါဗျာ..ဒါနဲ့ နန္ဒဝေတို့ မြတ်ထားသီရိတို့က အခု အင်းဝနန်းတော်ထဲမှာပဲလား..ကျုပ်လည်း ကိုးသိန်းသခင်အိမ်တော်မှာတုန်းက နန်းတော်ထဲ ဝင်ထွက်ဖူးတော့ သိများသိနေမလားလို့”
“နန္ဒဝေ ကတော့..အခု လင်ဇင်းမိဖုရားအစုထဲ လက်ရုံးစစ်ကဲဖြစ်နေတယ်... မြတ်ထားသီရိကတော့...”
ဗညားကျန်းတောက စကားကို ဆက်မပြောပဲ ရပ်လိုက်သည်။
“ဆက်ပြောလေဗျာ...မြတ်ထားသီရိ က အခုဘယ်မှာလဲ”
“အခု...မဟာဓမ္မရာဇာဓိပတိရဲ့ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခံထားရတယ်”
“ဟာ...”
ငတွန်ထံမှ အာမေဋိတ်သံထွက်လာသည်။
“ကျုပ် အတွက်တော့ မြတ်ထားရာ ဘုရင်မပဲ..ဒါပေမယ့်ဗျာ...ဘုရင့်အတွက်တော့ ကိုယ်လုပ်တော်အဆင့်တဲ့....ဘာပဲဖြစ်ဖြစ် မြတ်ထားသီရိဟာ ကျုပ်အတွက် မင်ခံထောင်ပုဆိုး ပေးခဲ့တဲ့ သူပဲ..သူတခြားသူမယားဖြစ်နေလည်း..ကျုပ်က သူ့မောင်ကျွန် အဖြစ်နဲ့ သူ့ကို ဘယ်နေရာရောက်ရောက် စောင့်ရှောက်ပေးနေချင်တာ..ဒါကြောင့် ကျုပ် အခုလို အင်းဝစစ်တပ်မှာ အမှုထမ်းနေတာပဲ..ဗိုလ်တွန်”
“အေးဗျာ...”
ငတွန်က စကားကို ဆက်မပြောတော့ပဲ....မင်သေ့ထိုးရုံရှေ့မှ လူအုပ်ကြီးကိုသာ ငေးနေတော့သည်။
“ကဲ..စကားတွေ အများကြီးပြောနေတာနဲ့..မွန်းတည့်တော့မယ်..ခင်ဗျား ဘယ်နေ့ပြန်မလဲ ဗိုလ်တွန်”
“မနက်လောက် ပြန်ထွက်မယ် စိတ်ကူးတယ်”
“မနက်ဖြန် တညတော့ တပ်မှာ နေပေးသွားပါဉီးလား..ကျုပ် မနက်ဖြန်မနက် ပဌနဂိုရ်ကို သွားရမယ်..ကိုးသိန်းသခင်နဲ့ သွားတွေ့ရမယ်ဗျ..သူနဲ့တွေ့ရင် အရက်ကောင်းလေးတွေ လက်ဆောင်ပါတတ်တော့..ညဘက် သောက်ကြရအောင်လား”
“သူရောက်နေတာလား”
“ဟုတ်တယ်ဗျိုး..ဟိုတခါ ရိက္ခာလုတဲ့ အမှု ရှင်းရမယ်လို့ ဆိုတယ်”
“ကိုင်း..အရက်ကောင်းမရပဲ...အပြစ်ဒဏ်ရနေမှဖြင့်”
“အိုဗျာ..ကိုယ့်တပ်သားတွေဆီ ရိက္ခာမရောက်လို့ ငတ်လို့ လုတာပဲ...ပြည်သူတွေဆီက လုတာလည်းမဟုတ်ဘူး..ဟိုဘက်တပ်ကို အမြဲပို့နေတဲ့ ရိက္ခာလှေကိုလုတာမဟုတ်လား....သေချာအောင် ရှင်းပြရင် သူလည်း နားလည်မှာပါ”
“အေးဗျာ..ဂရုတော့စိုက်ပါ...ကိုယ့်လူရေ..ကိုးသိန်းသခင် ကတော့ အရမ်းကာရောလုပ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး...”
မင်သေ့ရုံဆီမှ ဗိန်းဗောင်းတီးသံများ ထပ်မံ ထွက်ပေါ်လာပြန်၏။
ခက်ဇော်
အခန်း(၁၅) သဘက်ခါ
(ထောင်ပုဆိုးလား ၊ ရာပုဆိုးလား၊ စိုးရွံရွံမေးမိပါ့၊ ချစ်စိတ်ဖြင့် နာသလေတော်။
ပြုရက်လေသာ၊ မောင်ကိုယ့်မှာ ထောင်ပုဆိုးနဲ့ ဝဲမှောင်က ထိုးသလေ့တော်၊ ကယ်လေးရဲ့ မင်ကြောင်၊ ဘယ်မှောင်မှာ ထိုး၊ တော့်မင်ခံ ထောင်ပုဆိုးကြောင့် ၊ မယ့်ရင်ဘတ်ကျိုး)
(Zawgyi)
AVA 1740s (Season 2)
အခန္း(၁၄)
...............................................
“စုတ္တံက ေသး ဒင္က ေလးနဲ႔ ျဖည္းျဖည္းခ်ဲ႕ပါ..ကိုယ့္ဆရာ၊ စုတ္တံကိုႏုတ္...လက္အ႐ုတ္မွာ...မေလးခင္ ျပာတဘက္နဲ႔ ေသြးသုတ္လွည့္ေလး”
မလြန္ခံတပ္ေအာက္ဘက္ရွိ ယာယီထိုးထားေသာ မင္ေသ့႐ုံအတြင္းမွ ညီညီညာညာ သီဆိုလိုက္သံမ်ား။
ဗညားက်န္းေတာ၏ မလြန္တပ္တြင္ မင့္ေသ့ထိုးကြင္းဆရာတစ္ဉီး က စစ္မႈထမ္းအျဖစ္ ပါလာခဲ့သည္။
မလြန္အနီးအပါးရွိ ႐ြာမ်ားမွ ကာလသားမ်ားက ေနျပည္ေတာ္မွ မင့္ေသ့ထိုးဆရာထံ မင့္ေသ့ထိုးရန္ ကန္ေတာပြဲမ်ားျဖင့္ ေတာင္းပန္လာသျဖင့္ တပ္တြင္းတြင္ပင္ မင္ေသ့ထိုးပြဲျပင္ဆင္ေနၾကျခင္းျဖစ္သည္။
“မင္ေၾကာင္မထိုး၊ ပန္းပုဆိုးႏွင့္ ငယ္ႏိုးေမာင့္ကို ထင္သလားေတာ္.”
“နင္တို႔ေမာင္..မငယ္ေပါင္ပဲ..လက္ေမာင္းမက..ႀကီးေနၿပီ..ႀကီးေနၿပီေဟ့"
ထိုကာလက ေခတ္စားသည့္ ေကာက္စိုက္ေတးတပုဒ္ကို အမ်ိဳးသမီးမ်ားက ေအာ္ဟစ္ဆိုေနစဥ္ မလြန္တပ္မွ တပ္သားမ်ားက လိုက္လံေနာက္ေျပာင္ေနၾကျခင္းျဖစ္သည္။
ထိုးကြင္းထိုးရာတြင္ ေျမစိုက္၊ နံေထာင္၊ ခါးက်၊ ခါးေၾကာင္၊ ေပါင္တို(ျမင္းစီး)၊ ေကာင္စပ္၊ နံတို(ခါးပတ္)၊ ဒူးစြပ္၊ ေကာ္ရစ္ဟု ထိုးကြက္အမ်ိဳးမ်ိဳးရွိသည္။
ကာလသားငယ္ သုံးဉီးမွာ ယခုမွ ပထမဆုံးမင့္ေသစတင္ထိုးမည္ျဖစ္သျဖင့္ ခါးက်ေခၚ ခ်က္အထက္မွ ဒူးအထိ ထိုးေသာ ထိုးကြင္းကို ထိုးမည္ျဖစ္သည္။
ကာလသားေလးမ်ား ထိုးမည္ျဖစ္သျဖင့္ ႐ြာမွ အမ်ိဳးသမီးႀကီးငယ္မ်ားလည္း တစ္စုတစ္ေဝးတည္းလိုက္ပါလာၾကသည္။
အမ်ိဳးသမီးတခ်ိဳ႕၏ လက္ထဲတြင္ လူငယ္မ်ား မင္ေသ့ထိုးရာတြင္ ဝတ္ဆင္ၾကမည့္ “မင္ခံပုဆိုး” ကိုယ္စီ ကိုင္လာၾက၏။
ဖ်င္ျဖဴျဖင့္ ျဖန႔္မိုးထားၿပီး တင္းတိမ္မ်ားကာထားသည့္ မင္ေသ့႐ုံအေရွ႕သို႔ ပထမဆုံးထိုးမည့္ လူငယ္က မတ္တပ္ရပ္လိုက္သည္။
မင္ေသ့႐ုံအတြင္းဘက္တြင္ သစ္မင္းျဖင့္ေဆာက္ထားသည့္ စင္ကေလးေပၚမွ ေဆးဘုရားဆင္းတုမ်ား၊ ဟသၤာျပဒါး၊မင္အိုးမ်ား၊ ေဆးခြက္မ်ား၊ ဆယ့္ငါးက်ပ္သားခန႔္ေလးသည့္ ဆယ့္ေျခာက္ခြ၊ ရွစ္ခြ စေသာ စုတ္ႀကီးမ်ားကို ရင္ခုန္စဖြယ္ျမင္ေနရ၏။
အမ်ိဳးသမီးအခ်ိဳ႕က လုံမငယ္တစ္ဉီးကို ေရွ႕သို႔ အတင္းတြန္းလႊတ္ေနၾကသည္။
မင္ခံပုဆိုးႏွင့္ ပုဆိုးတန္းရန္ က်စ္ႀကိဳး ကို ကိုင္လာေသာ လုံမငယ္မွာ ရွက္စႏိုးျဖင့္ လူငယ္ထံသို႔ ေရာက္သြား၏။
“ေထာင္ပုဆိုးလား..ရာပုဆိုးလားေဟ့..ငါ့လူေရ...”
ဝိုင္းရံေနသည့္ တပ္သားမ်ား၊ ႐ြာသားမ်ားက လူငယ္ကို ေအာ္ဟစ္ေမးျမန္းၾကသည္။
“ေထာင္ပုဆိုးဗ်..ေထာင္ပုဆိုး”
လူငယ္က အရယ္တဝက္ျဖင့္ ေအာ္ေျပာလိုက္သျဖင့္ လူအုပ္ႀကီးမွာ ေဟးခနဲ ေအာ္လိုက္ၾကသည္။
လုံမငယ္မွာမူ ရွက္ရွက္ႏွင့္ ေခါင္းကိုငုံ႔ကာ ရယ္ေနေတာ့၏။
မင္ေသ့ထိုးရာတြင္ မင္ခံပုဆိုးတင္မည့္ က်စ္ႀကိဳးမွာ ေက်း႐ြာတြင္ အပ်ိဳစင္ခုႏွစ္ဉီး ထံမွ ေတာင္းယူကာ က်စ္ရျခင္းျဖစ္သည္။
မင္ေသ့ထိုးမည့္သူ ဝတ္ဆင္မည့္ မင္ခံပုဆိုးကိုမူ ေထာင္ပုဆိုး ႏွင့္ ရာပုဆိုး ဟု ခြဲျခားထားသည္။
အေမ၊အမႏွင့္ ႏွမျဖစ္ေစ၊ မိႀကီး ေဒၚႀကီးတို႔ကျဖစ္ေစ ရက္လုပ္ေပးေသာ ပုဆိုးကို မင္ခံလုပ္လွ်င္ ရာပုဆိုးဟု ေခၚသည္။
၅၂၈ သြယ္ေသာေမတၱာ ကို ဉီးစားေပးျခင္းေၾကာင့္ျဖစ္သည္။ ခ်စ္သူရည္းစားမရွိသူ တကိုယ္တည္းသမားမ်ားက ရာပုဆိုးကိုသာ မင္ခံလုပ္ၾကရသည္။
မိမိ၏ ခ်စ္သူ သို႔မဟုတ္ ရည္႐ြယ္ထားသူ မိန္းမပ်ိဳက ရက္လုပ္ေပးသည့္ ပုဆိုးကို မင္ခံလုပ္လွ်င္ ေထာင္ပုဆိုးဟု ေခၚသည္။
၁၅၀၀ အခ်စ္ေမတၱာကို ဉီးစားေပးေသာေၾကာင့္ျဖစ္၏။
ေထာင္ပုဆိုးႏွင့္ မင္ခံလုပ္သူသည္ ခ်စ္သူရွိၿပီးသူ ၊ လက္ထပ္ရန္ရည္႐ြယ္ထားသူ ရွိၿပီး ျဖစ္သည္။
ထိုသူကို အခ်စ္သူရဲေကာင္းႀကီးအျဖစ္ လူငယ္အမ်ားက အားက်ေလ့ရွိသည္။
သို႔ေသာ္ ေထာင္ပုဆိုး ကား အႏၲရာယ္မ်ားလွ၏။ အေၾကာင္းေၾကာင္းေၾကာင့္ ေထာင္ပုဆိုး ရက္လုပ္ေပးသည့္ အပ်ိဳႏွင့္ မေပါင္းစပ္ရပါကလည္း ထိုေယာက္်ားေလးသည္ တစ္သက္လုံး ထိုအမ်ိဳးသမီး၏ “ေမာင္ကြၽန္”အျဖစ္ ေရာက္ရွိသြားေသာေၾကာင့္ျဖစ္သည္။
“ေမာင္ကြၽန္” ဆိုသည္မွာ အမ်ိဳးသမီး၏ ေမာင္အရင္း ၊ ကြၽန္အရင္းသဖြယ္ ေစာင့္ေရွာက္ျဖည့္စီးေပးရျခင္းျဖစ္သည္။
အခါခ်ိန္က်ၿပီျဖစ္သျဖင့္ လူငယ္သည္ မင့္ေသ့႐ုံ ဝင္ေပါက္ႏွစ္ေပါက္အလယ္တြင္ ရပ္ေနသည္။
လူအမ်ားက သူ မည္သည့္အေပါက္မွ ဝင္မည္ကို စိတ္ဝင္တစားၾကည့္ေနၾကသည္။
မင့္ေသ့႐ုံတြင္ ဝဲေမွာင့္ႏွင့္ ယာေမွာင့္ ဟူ၍ ဝင္ေပါက္ႏွစ္ေပါက္ရွိသည္။
ယာေမွာင့္မွ ဝင္လိုက္လွ်င္ အလွအပထိုးမည့္သူသာျဖစ္သည္။ အလွအပထိုးသူမ်ားကို မင္ေသ့ဆရာက နာၾကင္မႈနည္းေအာင္ စုတ္ေပါ့၊ ေဆးေပါ့ျဖင့္သာ ထိုးေပးသည္။ ဂါထာကိုလည္း မွန္တမ္းသာ ႐ြတ္သည္။
ဝဲေမွာင့္မွာ ဝင္လာသူကား အက်အနထိုးမည္သူျဖစ္သည္။ ဝဲေမွာင့္သမားကိုမူ စုတ္ေလး၊ ေဆးေလးျဖင့္ ထိုးသည္။
ဂါထာစုတ္ရာတြင္လည္း ေဆးစီးသည္ဟု ဆိုရေလာက္ေအာင္ ဌာန္မာန္ႏွင့္ ႐ြတ္ကာ ထိုးေပးၾကသည္။
လူငယ္ကား ဝဲေမွာင့္မွ ဝင္သြားသျဖင့္ လူစုႀကီးက လက္ခုပ္လက္ဝါးတီး အားေပးၾကသည္။
မင္ေသ့႐ုံအတြင္း ေရာက္သည္ႏွင့္ ေဆးဘုရားေရွ႕တြင္ ငါးပါးသီလခံယူသည္။ မင္ေသ့ဆရာ ႏွင့္ လက္ေထာက္မ်ားကို ရွိခိုးရသည္။
ပါလာေသာ က်စ္ႀကိဳးကို သြယ္တန္းလိုက္ၿပီး မင္ခံပုဆိုးကို ႀကိဳးေပၚတြင္ လႊားတင္လိုက္၏။
ထို႔ေနာက္ ငွက္ေပ်ာ႐ြက္ေပၚတြင္ ခင္းထားေသာ အဝတ္ျဖဴေပၚတြင္ လွဲေလ်ာင္းလိုက္သည္။
မၾကာမီ မင္ေသ့႐ုံအတြင္းမွ မင္ေသ့ဆရာ၏ ဂါထာ႐ြတ္ဖတ္သံ ထြက္ေပၚလာသည္။
တၿပိဳင္နက္အျပင္ဘက္ရွိ အားေပးေနေသာ အဖြဲ႕မ်ားထံမွ အတီးအမႈတ္သံမ်ားျဖင့္ စိတ္တက္ႂကြေအာင္ ဗိန္းေဗာင္းတီးေတာ့သည္။
မင္ေသ့႐ုံႏွင့္ ခပ္လွမ္းလွမ္း ဝါးကြပ္ျပင္တြင္ ထိုင္ကာ ထန္းရည္ခါးေသာက္ေနၾကသည့္ ငတြန္ႏွင့္ ဗညားက်န္းေတာ တို႔ကိုလည္း အေပ်ာ္မ်ားက ကူးစက္လာေန၏။
“ငယ္ဘဝကိုေတာင္ သတိရသြားတယ္ဗ်ာ”
ဗညားက်န္းေတာက ထန္းရည္ကို တေမာ့ေမာ့ၿပီး ေျပာလိုက္သည္။
“ခင္ဗ်ား က မင္ေသ့ကို ဟံသာဝတီမွာ ထိုးတာလား”
ငတြန္က ဗညားက်န္းေတာကို ေမးလိုက္သည္။
“ဘယ္ကသာ..အင္းဝေ႐ႊၿမိဳ႕ေတာ္မွာ လာထိုးတာေပါ့ဗ်...က်ဳပ္က အေဖက ဟံသာဝတီသားမို႔ ဟံသာဝတီမွာႀကီးခဲ့ေပမယ့္..အေဖက စစ္ထဲပါသြားခ်ိန္မွာ အေမနဲ႔အတူ အင္းဝမွာ သုံးေလးႏွစ္ လာေနၾကရတာ..ဒီလိုလူပ်ိဳေပါက္အ႐ြယ္ေပါ့ဗ်ာ”
“ဘယ္ဆရာဆီမွာ ထိုးတာတုန္းဗ်”
“မီးေသြးဆိပ္က ဆရာေပါႀကီး ဆီမွာ”
“ေရာ္....က်ဳပ္ရဲ႕ ေဟာ့ဒီနံေထာင္က ဝက္ကုန္းေတြ ထိုးတုန္းက ဆရာေပါႀကီးနဲ႔ပဲေပါ့..ျပစမ္းပါဉီး..ဗညားရဲ႕..ဒါေၾကာင့္ ခင္ဗ်ားမင္ေသ့ေတြ နဲ႔ က်ဳပ္မင္ေသ့ေတြ လက္ရာတူေလာက္တယ္”
ဗညားက်န္းေတာက သူ႔လက္ကုပ္ႏွင့္ ခါးလယ္၊ ေပါင္ရင္းမွ အ႐ုပ္မ်ားကို ျပလိုက္သည္။
“ဘယ့္ႏွယ့္...မင္ခံကေရာ..ကိုယ့္လူ”
“ေထာင္ပုဆိုးေပါ့ဗ်ာ....”
“အံမယ္...ေထာင္ပုဆိုးလား..ဟုတ္လွခ်ည္လား”
“က်ဳပ္မွာ ရည္းစားရွိတယ္ဗ်....အဲ့ဒီကတည္းက ခ်စ္ၾကတဲ့ ငယ္ခ်စ္ဆိုပါေတာ့...သူ႔ေၾကာင့္ပဲ..က်ဳပ္နဲ႔ အေမ ဟံသာဝတီကို ျပန္ေျပာင္းေျပးခဲ့ရတာ”
မင္ေသ့႐ုံဘက္ဆီမွ တီးလုံးသံမ်ားမွာ ဗိန္းေဗာင္းသံမွ ရယ္စရာေမ်ာက္မင္းအူသံတီးလုံးမ်ားသို႔ ေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။
အတြင္းမွ မင္ေသ့အထိုးခံသည့္ လူငယ္၏ ညည္းညဴသံမ်ားကို အျပင္မွ အုပ္စုမ်ားက သတၱိနည္းသည္ေကာဟု ေလွာ္ေျပာင္ေနၾကသည့္သေဘာ။
ဗညားႏွင့္ ငတြန္ အၾကာႀကီး တိတ္ဆိတ္ေနၾကသည္။
သူတို႔တြင္ ရွိသည့္အတိတ္ကိုယ္စီသည္ သူတို႔ကို ပစၥဳပၸန္မွ ေခတၱ ရပ္တံ့ေနေစသည္လား။
“က်ဳပ္..ဒီအေၾကာင္းေတြ ဘယ္သူ႔ကိုမွ မေျပာျပဖူးဘူး..ခင္ဗ်ားကိုေတာ့ ေျပာျပခ်င္တယ္..ဗိုလ္တြန္..ခင္ဗ်ားက က်ဳပ္အကိုလို ေလးစားရတဲ့သူမို႔ပါ..ခင္ဗ်ား နားေထာင္ခ်င္ပါ့မလား”
“ခင္ဗ်ား စိတ္ေပါ့သြားေအာင္...က်ဳပ္နားေထာင္ေပးပါ့မယ္..ေျပာပါ”
............................................................................................................
အခုမင္းတရားႀကီးရဲ႕ ခမည္းေတာ္လက္ထက္ ဇင္းမယ္က ခုံနမ္း ပုန္ကန္လို႔ စစ္ထြက္ၾကတာ ခင္ဗ်ား မွတ္မိမွာေပါ့။ အဲ့ဒီစစ္ပြဲမွာ က်ဳပ္အေဖက ရာမညတပ္နဲ႔အတူ စစ္ထြက္ရတယ္။
က်ဳပ္ကလည္း အဲ့ဒီအခ်ိန္မွာ အသက္ ဆယ့္သုံးႏွစ္သား။ အေဖ့က မြန္လူမ်ိဳး၊ ရာမညျမင္းအစုက အၾကပ္တစ္ေယာက္။
ဒီေတာ့..စစ္ပြဲရွိလို႔ အင္းဝက ဆင့္ဆိုတိုင္း စစ္ထြက္ရတယ္။
အေမက က်ဳပ္ကို သိပ္ခ်စ္တာ။ က်ဳပ္အလွည္က်ရင္လည္း အေဖ့လို မၾကာခဏ စစ္မႈထမ္းဆင့္ဆိုတိုင္း လိုက္ေနရမွာကို အေမက ေၾကာက္တယ္။
အစုအဖြဲ႕ဉပေဒအရ အေဖက ေမြးတဲ့ က်ဳပ္ကလည္း ရာမညျမင္းစုမွာ စစ္မႈထမ္းရမွာမဟုတ္လား။
အေမက က်ဳပ္ကို ေရွ႕တန္းကေန စစ္တိုက္ေနရတဲ့ဘဝျဖစ္မွာကို မလိုလားဘူး။
ဒါနဲ႔ပဲ..အေမ့အေဖ က်ဳပ္အဘိုးရွိတဲ့ အင္းဝကို က်ဳပ္တို႔ ထြက္လာခဲ့တယ္။ အဘိုးဟာ အင္းဝေနျပည္ေတာ္က ႏိုင္ငံေတာ္လွည္းေတြ၊ ျမင္းရထားေတြမွာ ကႏုတ္ပန္းဆြဲေတြ ထုလုပ္ရတဲ့ ပန္းပုအစုကပဲ။
အဘိုးတို႔ဟာ ဘုရင့္အႏုပညာသည္အစုျဖစ္တဲ့အတြက္ စစ္သည္ဆင့္ဆိုရာမွာ ကင္းလြတ္ခြင့္ရွိတယ္။
အေမနဲ႔ က်ဳပ္ အင္းဝက အဘိုးဆီ ေရာက္လာၾကေရာေပါ့ဗ်ာ။
အေမက က်ဳပ္ဟာ အဘိုးရဲ႕ သားအျဖစ္ အစုဆက္ခံခြင့္ရေအာင္ ရည္႐ြယ္ခ်က္နဲ႔ ေခၚလာခဲ့တာ။
ဒီေတာ့ အဘိုးရဲ႕ ပန္းပုအစုမွာ က်ဳပ္က ပညာသင္အေနနဲ႔ ကူေပးရတယ္။
က်ဳပ္က ပန္းပုပညာကို ဝါသနာမပါပါဘူး။ က်ဳုပ္ဝါသနာပါတာက တိုက္တာခိုက္တာပဲ။
ေဆာက္တစ္လက္၊ တူတစ္လက္နဲ႔ တကုပ္ကုပ္လုပ္ေနရတာ ဝါသနာမပါဘူး။
ဒါေပမယ့္...က်ဳပ္က အဘိုးနဲ႔ လိုက္ရတာကိုေပ်ာ္တယ္။
ဘာေၾကာင့္လဲဆိုေတာ့...အဲ့ဒီတုန္းက နန္းေတာ္ႀကီးက မီးေလာင္ၿပီးခါစ။ အပ်ိဳေတာ္ႀကီးမက်ီးကန္ကေတာ္ခင္ဘုတ္ အေဆာင္ကေန စြဲလိုက္တဲ့မီးက နန္းမေတာ္ႀကီးတစ္ခုလုံး ျပာက်ဆိုပဲ။
ဆင္ႏွစ္ေကာင္စြဲတဲ့ ေတာ္ဝင္လွည္းႀကီးပါ ေလာင္သြားတာကိုး။
ဒါႀကီးကို ျပန္ေဆာက္ေတာ့ က်ဳပ္အဖိုးက ကႏုတ္ပန္းစြဲေတြ၊ ပန္းပု႐ုပ္ေတြ လွည္းပတ္လည္မွာ သြားထုလုပ္ေပးရတယ္။
နန္းေတာ္ထဲဝင္ခြင့္ဆိုတာ က်ဳပ္တို႔လို သာမန္လူေတြအတြက္ေတာ့ မဟာအခြင့္အေရးအိပ္မက္ႀကီးပဲ မဟုတ္လား။
လူကလည္း လူပ်ိဳေပါက္ေလး။ နန္းတြင္းသူ ဆိုတာေတြကလည္း တယ္ေခ်ာ တယ္လွ ဆိုတာမ်ိဳး ၾကားဖူးေတာ့ ျမင္ခ်င္တာေပါ့ဗ်ာ။
တရက္ေတာ့ ေတာ္ဝင္လွည္းေတြထားတဲ့ေနရာမွာ အဘိုးနဲ႔ သူ႔တပည့္ေတြ အလုပ္မ်ားေနခ်ိန္ က်ဳပ္တစ္ေယာက္တည္း စပ္စပ္စုစုနဲ႔ လစ္ထြက္ခဲ့တယ္။
ကပ္လ်က္က ဉယ်ာဥ္ေတာ္ကိုဗ်။ ဉယ်ာဥ္ေတာ္ ေက်ာ္ရင္ အေနာက္ေဆာင္ပဲ။ အေနာက္ေဆာင္ ဆိုတာ အခြင့္မရပဲ က်ဴးရင္ ေျခက်ဴး ေျချဖတ္၊ လက္က်ဴး လက္ျဖတ္ မဟုတ္လား။
ဒါေပမယ့္လည္း က်ဳပ္မွာ ေၾကာက္စိတ္မရွိပါဘူး။
အေနာက္ေဆာင္က မိဖုရားေတြ ဘာေတြ ျမင္ရႏိုး ဉယ်ာဥ္ေတာ္ထဲကေန ဟိုေခ်ာင္း ဒီေခ်ာင္းေပါ့ဗ်ာ။ ဒီဘက္မွာလည္း လွည္းေတြကို ပန္းပုဆင္ေနေတာ့ အလုပ္သမားေတြနဲ႔ ရႈပ္ယွက္ေနလို႔ ေတာ္႐ုံ နန္းတြင္းအမႈထမ္းေတြက သိပ္မလာၾကဘူး။
ဘုရင္ႀကီးေတာင္ ဉယ်ာဥ္ေတာ္ဘက္ မႂကြဘူး။
အဲ့ဒီမွာ သူ႔ကို စေတြ႕တာပဲ။
နန္းတြင္းသူ ဆိုတာ က်ဳပ္နဲ႔ ႐ြယ္တူ ရွိလိမ့္မယ္လို႔ က်ဳပ္ဘယ္ထင္လိမ့္မတုန္း။
က်ဳပ္ေတြ႕ဖူးတဲ့ ထမီရင္လ်ား အရပ္သူေတြနဲ႔ေတာ့ လားလားမတူေပါင္ဗ်ာ။
ဉယ်ာဥ္ေတာ္ထဲက စမ္းေခ်ာင္းထဲမွာ တ႐ုတ္ေ႐ႊငါးေလးေတြရွိတယ္။ သူက အဲဒီေ႐ႊငါးေလးေတြ ကို စကားေျပာေနတာ။
တစ္ေယာက္တည္း ဘာေတြေျပာေနမွန္းမသိဘူး။ သူ႔အသားေလးကလည္း အင္းဝသူေတြထဲ အေတာ္ေလးကို ႏုေဖြးေနတာမွ ပါးက အေၾကာစိမ္းေလးေတြေတာင္ ခပ္လွမ္းလွမ္းက ျမင္ေနရတဲ့အထိပဲ။
က်ဳပ္ သူ႔ကို ၿခဳံကြယ္ကေန ၾကည့္ေနရင္း စိတ္ထဲတမ်ိဳးႀကီးပဲ။ စခ်င္ ေနာက္ခ်င္လာတယ္။
ဒါနဲ႔ အနားက ခဲလုံးႀကီးႀကီးတစ္လုံး ေရထဲကို ပစ္ခ်လိုက္တာ သူ႔တကိုယ္လုံး ႐ႊဲေရာပဲ။
သူက လန႔္ၿပီး ေအာ္ငိုေတာ့...အေနာက္ေဆာင္ထဲက မိန္းမစိုးေတြ ေျပးလာၾကတယ္။ က်ဳပ္ လည္း ထြက္ေျပးဖို႔လုပ္ေပမယ့္..မိန္းမစိုးတစ္ေယာက္က ေတြ႕ၿပီး ဝိုင္းဖမ္းၾကေတာေပါ့။
ျပႆနာက မထင္မွတ္ပဲ အေတာ္ႀကီးက်ယ္သြားတယ္။
သူက ေျမာက္နန္းမိဖုရားအေဆာင္က အပ်ိဳေတာ္ ျမတ္ထားသီရိတဲ့ ။ သူတို႔ က က်ိဳင္း႐ုံးႀကီးေစာ္ဘြားအဆက္အႏြယ္ေတြတဲ့ ။ သူနဲ႔ သူ႔အကို နႏၵေဝ တို႔ကို ငယ္ကတည္းက အင္းဝနန္းေတာ္ကို ပို႔ထားခံရတာ။
ဓါးစာခံသေဘာမ်ိဳးေပါ့ေလ။
ေျမာက္နန္းမိဖုရားႀကီးဓမၼေဒဝီက သားသမီးတစ္ေယာက္မွ မထြန္းကားေတာ့ ခုႏွစ္ႏွစ္အ႐ြယ္ကတည္းက နန္းတြင္းေရာက္ေနတဲ့ နႏၵေဝနဲ႔ ျမတ္ထားသီရိ တို႔ကို သိပ္ခ်စ္တာပဲတဲ့။
ေျပာရရင္ေတာ့ဗ်ာ..ေျမာက္နန္းမိဖုရားရဲ႕ ေမြးစားသားနဲ႔ သမီးေပါ့။
မိန္းမစိုးေတြက က်ဳပ္ကို လူပ်ိဳေတာ္သားေတြလက္အပ္ၿပီး ခုံ႐ုံးတင္ဖို႔ လုပ္ၾကတယ္။
က်ဳပ္ကလည္း အဲ့ဒီတုန္းက အသက္ကသာ ၁၄ ႏွစ္သား။ လူေကာင္က အခုေလာက္ကို ထြားေနၿပီကိုး။
ေနာက္ေတာ့ အဘိုး ကလိုက္လာတယ္။ ေျမာက္နန္းမိဖုရားရဲ႕ လွည္းေတြ၊ ေဝါေတြကိုလည္း အဖိုးကပဲ လုပ္ေပးေနတာဆိုေတာ့ မိဖုရားႀကီးနဲ႔လည္း သိေနတာေပါ့ဗ်ာ။
အ႐ြယ္ကလည္း ကေလးမက လူႀကီးမက်အ႐ြယ္၊ အေနာက္ေဆာင္ ဧရိယာထဲ ဝင္တာလည္းမဟုတ္ေတာ့...အေနာက္ေဆာင္မွာတင္ ႀကိမ္ဒဏ္နဲ႔ပဲ ၿပီးသြားတယ္။
ႀကိမ္ဒဏ္ကို မိန္းမစိုးေတြက ေပးတာဗ်။ လိပ္ေက်ာက္ၿမီးနဲ႔ခ်ည္း ႐ိုက္ၾကတာ။
ဟင္အင္း..ပထမတစ္ခ်က္ေလာက္ပဲ...နာတာ..ေနာက္ပိုင္း နာလားမနာလားေတာင္ မသိပါဘူးဗ်ာ။ ဘယ္သိမလဲ...နန္းျမတ္ထားက ကြၽန္ေတာ့္ေရွ႕တည့္တည့္မွာ ထိုင္ၿပီး လက္ကေလးနဲ႔ မ်က္ႏွာကို အုပ္ၿပီး ၾကည့္ေနတာကိုး။
သူ႔အေငြ႕အသက္ေလးျမင္ေနရရင္ကို က်ဳပ္မွာ မနာၾကင္ႏိုင္ခဲ့တာ..အဲ့ဒီကတည္းက စတာပါပဲဗ်ာ။
ေနာက္တစ္ႀကိမ္ သူနဲ႔ က်ဳပ္ ျပန္စုံၾကတာ...အတာေတာ္သဘင္မွာပဲဗ်။
အဲ့ဒီတုန္းက သၾကၤန္ကို အခုလို ျမစ္ဆိပ္မွာ တဲနန္းထိုးက်တာမ်ိဳးမဟုတ္ဘူး။ နန္းေတာ္ထဲပဲ က်ၾကတာ။ ဒါေပမယ့္..ဘုရင့္ မိဖုရားေလးပါး အေဆာင္ေတာ္က အပ်ိဳေတြက လက္ဝဲဝင္း၊ လက္်ာဝင္းေတြနဲ႔ ခင္းၿပီး ျမစ္ဆိပ္ကို ေရေတာ္ခပ္ဆင္းၾကရတယ္။
နန္းေတာ္ထဲမွာ ေရကစားၾကဖို႔ လုပ္ေပးထားတဲ့ စဥ့္အိုးေတြမွာ ေရျဖည့္ဖို႔ေပါ့။
မိဖုရားအေဆာင္သုံးခုနဲ႔ ကိုယ္လုပ္ေတာ္(၁၆)ေယာက္ဆီက အမႈထမ္း နန္းတြင္းအပ်ိဳေတာ္ေတြ ေရဆင္းခပ္ၾကတာေလဗ်ာ။
က်ဳပ္တို႔ ကာလသားေလာင္းေတြမွာ ရာဇမတ္ကြက္ေတြ ကာထားတဲ့ ျမစ္ဆိပ္ဆီ အလုအယက္ေပါ့။
သူတို႔ကို ေစာင့္ၾကပ္ၾကတဲ့ ျမင္းစီးတပ္သားက (၂၀)ေလာက္ပါတယ္။
ဒါေပမယ့္ ဒီေလာက္ရာခ်ီေနတဲ့အပ်ိဳေတာ္ေတြကို သူတို႔က ဘယ္လို ထိန္းအုပ္ႏိုင္ပါ့မလဲဗ်ာ။
က်ဳပ္က အဲ့ဒီအခ်ိန္ စိမ္ရည္ေလး၊ ထန္းရည္ေလးလည္း ေသာက္တတ္ေနၿပီ။ အင္းဝၿမိဳ႕ထဲ အေပါင္းအသင္းကလည္း မ်ားေနၿပီ။
ေနာက္ ပြဲေက်ာင္းမွာ သိုင္းေတာင္သင္ေနၿပီ။
ထန္းရည္ေလးကမူးမူးနဲ႔ က်ဳပ္တို႔ အေပါင္းအသင္းတသိုက္ ရာဇမတ္ကြက္ေတြၾကားကေန ေရခပ္သြားအပ်ိဳေတြကို ေမးတင္ၿပီး ေငးၾကတာေပါ့။
ပါးစပ္ကလည္း ေဟးလားဝါးလား စလိုက္ ေနာက္လိုက္ၾကေပါ့။
အဲ့ဒီအခ်ိန္မွာ က်ဳပ္ နားကို ေရာက္လာတဲ့ အပ်ိဳေတာ္မေလးတစ္ေယာက္က သူ႔ေရအိုးတစ္ခုလုံးနဲ႔ က်ဳပ္ေခါင္းေပၚကို ေလာင္းခ်သြားတာဗ်ာ။
ေဘးနားကအေကာင္ေတြကလည္း အံဩေပါ့။ ဘယ့္ႏွယ့္ နန္းတြင္းသူတစ္ေယာက္က ေရလာေလာင္းတာမ်ိဳးေလ။
“တို႔ကို ေရေတြ႐ႊဲသြားေအာင္လုပ္ခဲ့တာ..ေၾကၿပီေနာ္..ေဟ့လူ”
ျမတ္ထားသီရိေပါ့ဗ်ာ။
က်ဳပ္ဘာကိုမွ မသိေတာ့ဘူး။
ျမတ္ထားသီရိက အိုးအလြတ္နဲ႔ နန္းေတာ္ဆီ ျပန္သြားတဲ့လမ္းတစ္ေလွ်ာက္ ရာဇမတ္ကြက္ေတြေဘးက က်ဳပ္လိုက္သြားေနမိေတာ့တာပဲ။
သူ႔မ်က္ႏွာေလးက အရင္ထက္ ပိုလွလာတယ္။ က်ဳပ္သူငယ္ခ်င္းတစ္စုကလည္း က်ဳပ္ကို မွီၿပီး နန္းတြင္းသူေတြနဲ႔ ရင္းႏွီးရမလားဆိုၿပီး ေနာက္က တေကာက္ေကာက္လိုက္လာတာပဲ။
အတြင္းၿမိဳ႕႐ိုးဆီ ေရာက္ခါနီးေတာ့ ျမတ္ထားသီရိက ရာဇမတ္ကာထားတဲ့ေဘး ကို ကပ္လာတယ္။
“ဟိတ္..အထဲအထိ လိုက္လို႔မရဘူးေနာ္..တို႔ေမာင္ႀကီး...တျမန္ႏွစ္က ႀကိမ္ဒဏ္မ်ိဳး မမွတ္ေသးဘူးလား”
ျမတ္ထားက က်ဳပ္ကို ၿပဳံးၿပီး စတာ။
“အံမယ္မင္း...အမိေကာင္းမႈနဲ႔.ေက်ာကို ေကာ့ေနတာပါပဲဗ်ာ..တလေလာက္ ေက်ာခင္းမအိပ္ႏိုင္ဘူး..နာခ်က္”
ျမတ္ထား မ်က္ႏွာေလး အိုသြားတယ္။
“သူကလည္း ဒီဘက္ကို လန႔္ေအာင္ လုပ္လိုက္တာကိုး...လန႔္ေအာ္မိေတာ့ မိန္းမစိုးႀကီးမ်ားက ၾကားတာေပါ့...ျမတ္ထား စိတ္မေကာင္းပါဘူး”
“ရပါတယ္ဗ်ာ..က်ဳပ္မွာ မနာတဲ့ေဆးရွိတယ္ဗ်”
“ဟင္..ခုနကေျပာေတာ့..ေက်ာခင္းၿပီးေတာင္ အိပ္မရဘူးဆို”
“အင္းေပါ့..ေဘးတစ္ေစာင္းလွဲၿပီး မ်က္လုံးမွိတ္ထားၿပီး မနာေဆးေလးကို အာ႐ုံျပဳထားလိုက္ရင္...မနာေတာ့ဘူးေလ”
“မနာေဆး..ဟုတ္လား”
“ဟုတ္တယ္ေလ..မနာေဆးဆိုတာ ျမတ္ထား မ်က္ႏွာပဲေပါ့..က်ဳပ္မ်က္လုံးထဲ စြဲေနတဲ့ ဒီက မ်က္ႏွာေလးကို ျမင္ေယာင္လိုက္ရင္ မနာေတာ့ဘူးေပါ့”
ျမတ္ထားသီရိ ရယ္တယ္ဗ်။ ေခါင္းကေလးေမာ့ၿပီးကို ရယ္တာ။
ကဆုန္ေညာင္ေရပြဲက်ရင္ ပတၱျမားေစတီဘုရားမွာ သူတို႔အပ်ိဳေတာ္စုေတြ ေညာင္ေရသြန္းထြက္မွာမို႔ က်ဳပ္ကို လာခဲ့ဖို႔ မွာသြားေသးတယ္။
ဘယ္ေျပာေကာင္းမလဲ..ငါ့လူေရ။ က်ဳပ္မွာ တန္ခူးလတစ္လလုံးကို ျမန္ျမန္ၿပီးေစခ်င္ေတာ့တာပဲ။
ကဆုန္ေညာင္ေရသြန္းပြဲမွာ သူနဲ႔ က်ဳပ္ ႏွစ္ေယာက္တည္း ဘုရားအေနာက္ဖက္မွာ ေတြ႕ျဖစ္ခဲ့ၾကတယ္။
စကားေတာင္ မေျပာျဖစ္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ ၿပဳံးၿပီး အၾကာႀကီး စိုက္ၾကည့္ေနၾကတာ။
သူ႔အတြက္ က်ဳပ္ကုံးလာတဲ့ စံပယ္ပန္းကေလးေပးျဖစ္တယ္။ သူကလည္း သူကိုယ္တိုင္ လိပ္လာတဲ့ ေဆးလိပ္ က်ဳပ္ကို ျပန္ေပးတယ္။
ဒီေလာက္ပါပဲ။
ေနာက္ပိုင္းက်...သူ႔ချမာလည္း နန္းတြင္းကေန က်ဳပ္ကို ေတြ႕ရဖို႔အေရး ႀကံဖန္ထြက္လာရတာ မလြယ္လွပါဘူး။
က်ဳပ္ ရဟန္းခံေတာ့..ေ႐ႊေရးေက်ာင္းဆရာေတာ္ဆီမွာ ခံျဖစ္တယ္။ က်ဳပ္က ေ႐ႊေရးေက်ာင္းမွာပဲလုပ္မွာဆိုလို႔ အဘိုးက စုေဆာင္းထားသမွ် ကုန္ခံၿပီးလုပ္ေပးရတာ။
ေ႐ႊေရးေက်ာင္းဆိုတာ ေတာ္႐ုံလူ ကပ္ဖို႔မလြယ္ဘူး။ ဘုရင္ကိုးကြယ္တဲ့ေက်ာင္းကိုဗ်။
က်ဳပ္ကလည္း အႀကံနဲ႔။
ေ႐ႊေရးေက်ာင္းဆိုတာ ေျမာက္နန္းမိဖုရားႀကီးေဆာင္ေတာ္ ဆီ ဆြမ္းခံရတဲ့ေက်ာင္းကို။
အဲ့ဒီမွာ ေန႔တိုင္းဆြမ္းခံႂကြၾကရင္း ျမတ္ထားသီရိနဲ႔ က်ဳပ္..မသိမသာေလး မ်က္လုံးနဲ႔ ဆက္သြယ္ၾက၊ ဆြမ္းေလာင္းရင္း စကားေလးတီးတိုးေျပာၾက၊ သပိတ္ထဲ စာေပးစာယူေလးေတြထည့္ရင္း ဆက္သြယ္ခဲ့တာေပါ့ဗ်ာ။
ေနာက္ေတာ့ က်ဳပ္ လူထြက္လိုက္တယ္။ လူထြက္လိုက္တယ္ဆိုေပမယ့္..ေ႐ႊေရးေက်ာင္းမွာ ရဟန္းဝတ္ေနေသးတဲ့ က်ဳပ္သူငယ္ခ်င္း ကိုေတာ့ ပိုင္ေအာင္ ေပါင္းရတယ္။
ဘာေၾကာင့္လဲဆိုေတာ့ ျမတ္ထားနဲ႔ က်ဳပ္နဲ႔ၾကားမွာ သူက ဆြမ္းခံႂကြရင္း စကားေပးစကားယူ၊ စာေပးစာယူေလး လုပ္ေပးေနတယ္မဟုတ္လား။
က်ဳပ္ ဆရာေပါႀကီး ဆီမွာ မင္ေသ့ထိုးမယ္ဆိုေတာ့..သူ႔ဆီ ဒီအေၾကာင္း မေရာက္ေရာက္ေအာင္ ေပလိပ္စာေရးၿပီး ပို႔တယ္။
အဲ့ဒီေန႔မွာ သူ႔ဆီကေန လူႀကဳံနဲ႔...မင္ခံပုဆိုးေလး ပို႔ေပးလိုက္တယ္။
က်ဳပ္ေပ်ာ္လိုက္တာ။
ေထာင္ပုဆိုး ပို႔ေပးတယ္ဆိုတာ သူ႔ဘဝအတြက္ အားကိုးရာလို႔ က်ဳပ္ကို အသိအမွတ္ျပဳလိုက္တာပဲမဟုတ္လား။
ဒါေတြေၾကာင့္ က်ဳပ္ဘဝမွာ ျမတ္ထားသီရိ ဟာ အႀကီးဆုံးတာဝန္ႀကီးတစ္ခု ျဖစ္လာခဲ့တယ္ေပါ့ဗ်ာ။
က်ဳပ္လိုလိုခ်င္ခ်င္ထမ္းေဆာင္ရမယ့္ တာဝန္တစ္ခုပါပဲ။ သူ႔အတြက္နဲ႔ ဘာမဆို က်ဳပ္ စိန္ေခၚရဲၿပီေပါ့။
...................................................................................................
မင္ေသ့ ထိုးၿပီး ထြက္လာသည့္ လူငယ္ထံမွ လက္ခေမာင္း ထီးထီးခတ္သံ တေဖ်ာင္းေဖ်ာင္းကို ၾကားလိုက္ရသည္။
စုတ္ခ်က္ကို မခံႏိုင္သူအခ်ိဳ႕မွာ ကပ္ျဖင့္တင္ၿပီး ထုတ္ယူလာသူ၊ လူတြဲထုတ္လာသူ အမ်ိဳးမ်ိဳးရွိၾကသည္။
ယခုလူငယ္ကား ေထာင္ပုဆိုးခံ လူငယ္ျဖစ္ၿပီး ခ်စ္သူကလည္း မင္ေသ့႐ုံေရွ႕တြင္ ရွိေနသျဖင့္ လူတြဲ ကပ္တင္ မပါပဲ အားတင္းလ်က္ ထြက္လာခဲ့ျခင္း။
ဟၤႆာျပဒါးေဆးႏွင့္ ေသြးမ်ားက ခါးတဝိုက္ေတြ ရဲရဲထလ်က္။
ကပ္ျဖင့္ ထမ္းလာရၿပီး ကပ္ေပၚမွ လက္ခေမာင္းခတ္သည္ကို အဝါခတ္ဟုေခၚသည္။
လူတြဲျဖင့္ထြက္လာၿပီး လက္ခေမာင္းခပ္ရသူကို အေျမႇာင္ခတ္ဟုေခၚသည္။
လူတြဲမပါ၊ မားမားမတ္မတ္ျဖင့္ လက္ခေမာင္းခတ္ႏိုင္သည္ကို ထီးထီးခတ္ဟု ေခၚသည္။
ထီးထီးခတ္ႏိုင္သည့္ ေယာက္်ားမ်ိဳးသည္သာ မိန္းမပ်ိဳမ်ားအတြက္ ဘဝတသက္တာလုံး ေလးစားအားကိုးရသည့္ ၾကင္ေဖာ္အျဖစ္ အထူးဂုဏ္ယူတတ္ၾကသည္။
ယခုလူငယ္ကား ခ်စ္သူ ကိုယ္တိုင္ ပုဆိုးယက္ၿပီး လိုက္အားေပးေသာၾကာင့္ လက္ခေမာင္းကို ထီးထီးခတ္ကာ ဝံ့ႂကြားေနေတာ့၏။
ဗညားက ေျပာလက္စ စကားကိုရပ္ၿပီး လက္ခေမာင္းခပ္ေနသည့္ လူငယ္ကို ေငးေနသည္။
“ခင္ဗ်ားတုန္းကလည္း ဒီသူငယ္လိုပဲ..ေနမွာေပါ့..ဗညားး”
ဗညားက ၿပဳံးလိုက္၏။
“ခင္ဗ်ာလည္း မင့္ေသထိုးဖူးတာပဲ...နာတာကေတာ့ ေသေလာက္ေအာင္ နာတာေပါ့ဗ်ာ..ဒါေပမယ့္လည္း...က်ဳပ္ လက္ခေမာင္း ထီးထီးခတ္သံကို နန္းေတာ္ႀကီးထဲက ျမတ္ထားသီရိ ၾကားလို ၾကားျငား တေျဖာင္းေျဖာင္းေနေအာင္ ခပ္ေတာ့တာေပါ့..ဟားဟား”
ဗိန္းေဗာင္းသံမ်ားျဖင့္ ေနာက္တစ္ဉီး မင္ေသ့ထိုးရန္ ဝင္ၿပီျဖစ္သည္။
“ဒါနဲ႔..ခင္ဗ်ားက ဘယ္လိုလုပ္ ဟံသာဝတီကို ျပန္သြားရတာလဲ..ဆက္ပါဉီး”
...............................................................................................................
သူ႔အကို နႏၵေဝ က က်ဳပ္တို႔အေၾကာင္းကို သိသြားခဲ့တယ္။ ဒီေကာင္က ေစာက္အ႐ူးဗ်။ ေတာ္ဝင္ေသြး ႐ူး ႐ူးေနတာ။ သူ႔ညီမကို သူက အိမ္ေရွ႕မင္းသား ေမာင္ျဖဴေလာက္ထိ တက္မွန္းထားတာ။
အဲ့ဒါကို ေျမာက္နန္းမိဖုရားကလည္း ေထာက္ခံတယ္တဲ့။
သားသမီးမရွိတဲ့ ေျမာက္နန္းမိဖုရား က ေနာက္တက္လာမယ့္ ရွင္ဘုရင္ေလာင္းေလးကို သူ႔ေမြးစားသမီးနဲ႔ စုံဖက္ၿပီး သူရဲ႕ ရွိရင္းစြဲဩဇာအာဏာကို ကာကြယ္မယ့္သေဘာလို႔ေတာ့ ျမတ္ထားသီရိ က စာေတြထဲ ေရးပါတယ္။
ဟိုေကာင္ကလည္း အိမ္ေရွ႕မင္းေယာက္ဖျဖစ္လာခ်င္တာ။
က်ဳပ္နဲ႔ ျမတ္ထားသီရိ ရည္ငံ့ေနတာကို သူတို႔ သိသြားၾကတယ္။ ဘယ္လိုသိလဲဆိုေတာ့ ဆြမ္းခံႂကြေနတဲ့ ကိုယ္ေတာ္နဲ႔ စာအဆက္အသြယ္လုပ္ေပးေနတုန္း သိသြားၾကတာေပါ့။
အဲ့ဒီကိုယ္ေတာ္လည္း ဘုန္းႀကီးဆီအတိုင္ခံရၿပီး ေက်ာင္းကပါ ႏွင္ခံလိုက္ရတယ္။
ေျမာက္နန္းမိဖုရားေလဗ်ာ။ နန္းတြင္းမွာ မိဖုရားေခါင္ႀကီးၿပီးရင္ ဩဇာအရွိဆုံးသူ။ ၿပီးေတာ့ နႏၵေဝကလည္း အဲ့ဒီအခ်ိန္မွာ အိမ္ေရွ႕မင္းအိမ္ေတာ္သားျဖစ္ေနၿပီ။
က်ဳပ္တို႔လား။
အဘိုးကို ေျမာက္နန္းမိဖုရားက ေခၚေတြ႕တယ္။ ဒီကိစၥကို သူေရာ နႏၵေဝ ကပါ လက္မခံေၾကာင္းနဲ႔..က်ဳပ္တို႔ဘက္က ေရွ႕ဆက္တိုးမယ္ဆို..အဘိုးကိုေရာ..က်ဳပ္တို႔ ေဆြမ်ိဳးတစ္စုလုံးကိုပါ ပန္းပုအစုထဲက ထုတ္ၿပီး..ဘုရားကြၽန္၊ ေက်ာင္းကြၽန္အစုထဲထည့္ပစ္မယ္လို႔ၿခိမ္းေျခာက္တယ္။
ၿပီးေတာ့..ေငြႏွစ္ပိႆာေပးလိုက္တယ္။ ဟံသာဝတီကို ျပန္ၿပီး က်ဳပ္ကို မြန္မိန္းကေလးတစ္ေယာက္ ေယာက္နဲ႔ ေပးစားဖို႔ လက္ဖြဲ႕တဲ့ေလ။
အဘိုးေရာ..ေဆြမ်ိဳးေတြကပါ..ဒီကိစၥမွာ အေတာ္ေလးကို တုန္လႈပ္သြားၾကတယ္။
က်ဳပ္တို႔ အသားအမိေၾကာင့္ သူတို႔ အားလုံး ဒုကၡေရာက္ၾကရမွာေလ။
ဒီလိုနဲ႔..ပဲ။
...............................................................................
“ဒါဆို ခင္ဗ်ား အခု ဟံသာဝတီက အင္းဝကို ပုန္ကန္ခ်ိန္မွာ ဟံသာဝတီကို မျပန္ပဲ..အင္းဝမွာပဲ ေနရစ္တာက ျမတ္ထားသီရိေၾကာင့္ေပါ့..ဟုတ္လား”
“ဟုတ္တယ္..က်ဳပ္ဘဝမွာ သူ႔ကို တေခါက္ေလာက္ျဖစ္ျဖစ္ ျပန္ေတြ႕ခ်င္တယ္...သူ႔ကို ေတြ႕ဖို႔ကလည္း နန္းတြင္းထဲကို ေရာက္မွျဖစ္မွာ..ဒါေၾကာင့္ အင္းဝအရက္ဆိုင္မွာတုန္းက ခင္ဗ်ားကို ခ်စ္ညိဳႀကီးတို႔ လာေခၚေတာ့ က်ဳပ္က အတင္းလိုက္ၿပီး ကိုးသိန္းသခင္ဆီ အမႈထမ္းဖို႔ ေျပာရတာေပါ့ဗ်ာ”
“ဪ..ဒါ့ေၾကာင့္ကိုဗ်..ဒါနဲ႔..အဲ့ဒီတုန္းက ခင္ဗ်ား ဟိုဒင္းမွာ ေခါင္းေလာင္းဆြဲၿပီးခါစေနာ္..က်ဳပ္ အျပင္ကေန ခင္ဗ်ားတို႔ ေျပာေနဆိုေနတာေတြ အတိုင္းသားၾကားေနရတယ္...အဲ့ဒါလည္း ျမတ္ထားသီရိအတြက္ပဲလား”
“ဟာဗ်ာ..ဒါကေတာ့ မူးမူးနဲ႔ ေလွ်ာက္လုပ္တာပါ...ဗိုလ္တြန္ရာ...ဒုကၡပါပဲ..ခင္ဗ်ားကလည္း”
“အလကားစတာပါဗ်ာ..ဒါနဲ႔ နႏၵေဝတို႔ ျမတ္ထားသီရိတို႔က အခု အင္းဝနန္းေတာ္ထဲမွာပဲလား..က်ဳပ္လည္း ကိုးသိန္းသခင္အိမ္ေတာ္မွာတုန္းက နန္းေတာ္ထဲ ဝင္ထြက္ဖူးေတာ့ သိမ်ားသိေနမလားလို႔”
“နႏၵေဝ ကေတာ့..အခု လင္ဇင္းမိဖုရားအစုထဲ လက္႐ုံးစစ္ကဲျဖစ္ေနတယ္... ျမတ္ထားသီရိကေတာ့...”
ဗညားက်န္းေတာက စကားကို ဆက္မေျပာပဲ ရပ္လိုက္သည္။
“ဆက္ေျပာေလဗ်ာ...ျမတ္ထားသီရိ က အခုဘယ္မွာလဲ”
“အခု...မဟာဓမၼရာဇာဓိပတိရဲ႕ ကိုယ္လုပ္ေတာ္အျဖစ္ သိမ္းပိုက္ခံထားရတယ္”
“ဟာ...”
ငတြန္ထံမွ အာေမဋိတ္သံထြက္လာသည္။
“က်ဳပ္ အတြက္ေတာ့ ျမတ္ထားရာ ဘုရင္မပဲ..ဒါေပမယ့္ဗ်ာ...ဘုရင့္အတြက္ေတာ့ ကိုယ္လုပ္ေတာ္အဆင့္တဲ့....ဘာပဲျဖစ္ျဖစ္ ျမတ္ထားသီရိဟာ က်ဳပ္အတြက္ မင္ခံေထာင္ပုဆိုး ေပးခဲ့တဲ့ သူပဲ..သူတျခားသူမယားျဖစ္ေနလည္း..က်ဳပ္က သူ႔ေမာင္ကြၽန္ အျဖစ္နဲ႔ သူ႔ကို ဘယ္ေနရာေရာက္ေရာက္ ေစာင့္ေရွာက္ေပးေနခ်င္တာ..ဒါေၾကာင့္ က်ဳပ္ အခုလို အင္းဝစစ္တပ္မွာ အမႈထမ္းေနတာပဲ..ဗိုလ္တြန္”
“ေအးဗ်ာ...”
ငတြန္က စကားကို ဆက္မေျပာေတာ့ပဲ....မင္ေသ့ထိုး႐ုံေရွ႕မွ လူအုပ္ႀကီးကိုသာ ေငးေနေတာ့သည္။
“ကဲ..စကားေတြ အမ်ားႀကီးေျပာေနတာနဲ႔..မြန္းတည့္ေတာ့မယ္..ခင္ဗ်ား ဘယ္ေန႔ျပန္မလဲ ဗိုလ္တြန္”
“မနက္ေလာက္ ျပန္ထြက္မယ္ စိတ္ကူးတယ္”
“မနက္ျဖန္ တညေတာ့ တပ္မွာ ေနေပးသြားပါဉီးလား..က်ဳပ္ မနက္ျဖန္မနက္ ပဌနဂိုရ္ကို သြားရမယ္..ကိုးသိန္းသခင္နဲ႔ သြားေတြ႕ရမယ္ဗ်..သူနဲ႔ေတြ႕ရင္ အရက္ေကာင္းေလးေတြ လက္ေဆာင္ပါတတ္ေတာ့..ညဘက္ ေသာက္ၾကရေအာင္လား”
“သူေရာက္ေနတာလား”
“ဟုတ္တယ္ဗ်ိဳး..ဟိုတခါ ရိကၡာလုတဲ့ အမႈ ရွင္းရမယ္လို႔ ဆိုတယ္”
“ကိုင္း..အရက္ေကာင္းမရပဲ...အျပစ္ဒဏ္ရေနမွျဖင့္”
“အိုဗ်ာ..ကိုယ့္တပ္သားေတြဆီ ရိကၡာမေရာက္လို႔ ငတ္လို႔ လုတာပဲ...ျပည္သူေတြဆီက လုတာလည္းမဟုတ္ဘူး..ဟိုဘက္တပ္ကို အၿမဲပို႔ေနတဲ့ ရိကၡာေလွကိုလုတာမဟုတ္လား....ေသခ်ာေအာင္ ရွင္းျပရင္ သူလည္း နားလည္မွာပါ”
“ေအးဗ်ာ..ဂ႐ုေတာ့စိုက္ပါ...ကိုယ့္လူေရ..ကိုးသိန္းသခင္ ကေတာ့ အရမ္းကာေရာလုပ္တတ္တဲ့သူမ်ိဳး မဟုတ္ပါဘူး...”
မင္ေသ့႐ုံဆီမွ ဗိန္းေဗာင္းတီးသံမ်ား ထပ္မံ ထြက္ေပၚလာျပန္၏။
ခက္ေဇာ္
အခန္း(၁၅) သဘက္ခါ
(ေထာင္ပုဆိုးလား ၊ ရာပုဆိုးလား၊ စိုး႐ြံ႐ြံေမးမိပါ့၊ ခ်စ္စိတ္ျဖင့္ နာသေလေတာ္။
ျပဳရက္ေလသာ၊ ေမာင္ကိုယ့္မွာ ေထာင္ပုဆိုးနဲ႔ ဝဲေမွာင္က ထိုးသေလ့ေတာ္၊ ကယ္ေလးရဲ႕ မင္ေၾကာင္၊ ဘယ္ေမွာင္မွာ ထိုး၊ ေတာ့္မင္ခံ ေထာင္ပုဆိုးေၾကာင့္ ၊ မယ့္ရင္ဘတ္က်ိဳး)
done
ReplyDeleteDone🐬🐬🐬🐬
ReplyDeleteI do hate MyatHtarrThiri😪🐬
DeleteDone ✅
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDelete