AVA 1740s (S2) (အခန်း ၁၆)
AVA 1740s (Season 2)
အခန်း(၁၆)
...............................................
“ဖောင်း”
ကလေးကို ကျောပိုးထားသော နားလဲက ဆန်ဂျေး၏ လည်မြိုကို လက်သီးဖြင့် ပင့်ထိုးချလိုက်သည်။
အားပါသော လက်သီးချက်ကြောင့် ဆန်ဂျေး မှာ လည်ပင်းကို ဆုပ်ကိုင်လျက် လဲကျသွား၏။
“နာ..လဲ”
ဆန်ဂျေးက အသက်ကို အငမ်းမရရှုရင်း..လှမ်းအော်သည်။
ကျောကုန်းတွင် ပိုးထားသော ကလေးငယ်ကို တွေ့သွားသဖြင့် ဆန်ဂျေး စိတ်များ ပိုမိုလှုပ်ရှားသွားသည်။
ရှေ့တွင် စောင့်နေသော နွားလှည်းဆီသို့ နားလဲက ပြေးသည်။
“အထက်မြစ်ဆိပ်ကို ရောက်အောင်မောင်းပေးပါ....ဟိုလူက ကျွန်မကို အန္တရာယ်ပေးလိမ့်မယ်”
ငကောင်းက ပုဆိုးကို ခါးတောင်းကျိုက်လိုက်ပြီး ကြိမ်ကို ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။
“ဘယ်သူလဲ..ခင်ဗျားကို အန္တရာယ်ပေးမှာ”
“ဘာမှ မလုပ်နဲ့..ကျွန်မကို သာ အထက်မြစ်ဆိပ်ကို ပို့ပေးပါ..မြန်မြန်မောင်းပေးပါ”
ငကောင်းက နွားများကို ကြိမ်ဖြင့် ခပ်ပြင်းပြင်းတို့လိုက်သည်။
မုဆိုးဖိုတကြော လှည်းပြိုင်ပွဲများနွှဲလာသည့် နွားများသည် အရှိန်ဖြင့် ပြေးထွက်သွားကြ၏။
ဆန်ဂျေးကို သူ၏ ကိုယ်ရံတော်တပ်သားများက ပြေးလာပြီး ထူလိုက်ကြသည်။
“မြင်းတွေ သွားထုတ်..သွားထုတ်..သူတို့နောက်လိုက်ရမယ်”
ကသည်းတပ်သားများက သံတဲအနောက်ဖက် မြင်းဇောင်းမှ မြင်းများကို အပြေးအလွှားသွားထုတ်ကြသည်။
“ရပြီ...ရပြီ..ဒီနားပဲရပ်တော့”
ငကောင်းက နဖားကြိုးနှစ်ချောင်းကို ကြပ်နေအောင် ဆွဲလိုက်သဖြင့် နွားများမှာ အရှိန်သတ်သွားကြ၏။
“ဖြည်းဖြည်းဆင်း...ငါ့အမ”
နားလဲက ကလေးကို ကျောပိုးလျက် သွက်သွက်လက်လက်ပင် ခုန်ဆင်းလိုက်သည်။
ထိုအချိန်တွင် အနောက်ဖက်မှ ဆန်ဂျေးနှင့် ကသည်းစစ်သည်များက မြင်းများကို ဒုန်းစိုင်းကာ လိုက်လာကြသည်။
ငကောင်းက လှည်းပေါ်တွင် တင်ထားသော တင်ကျီးတုတ်ကို ကိုင်ကာ ခုန်ဆင်းလိုက်သည်။
“နင်..သွားတော့...မြစ်ဆိပ်မှာ ငါတို့လှေရှိတယ်...အဲ့ဒီမှာ ငါ့လူတွေရှိတယ်...သူတို့ကို ခံတိုက်မနေနဲ့..သူက ကသည်းမင်းသား ခူရာလက်ပပဲ..နင့်အတွက် အန္တရာယ်ရှိတယ်”
နာလဲက ခပ်ကျယ်ကျယ်အော်ပြောပြီး မြစ်ဆိပ်သို့ ဆင်းသွားသည်။
သောင်ပြင်ဆီသို့ နားလဲက ခပ်သွက်သွက်ပြေးသွား၏။
ငကောင်းက တင်ကျီးတုတ်ကို ကိုင်လျက် အခြေအနေကို စောင့်ကြည့်နေသည်။
မြင်းသမားများက သောင်ပြင်ဆီသို့ တိုက်ရိုက်ပြေးသွားနေကြသည်။
နာလဲ နောက်သို့ မြင်းစီးသမားများ လိုက်နေသည်ကို လှေပေါ်တွင် စောင့်ကျန်ရစ်သော သူရိန်စောကမြင်လိုက်ရသည်။
သူရိန်စော၏ စိတ်ထဲတွင် နာလဲ အား အင်းဝစစ်သည်များက လိုက်ဖမ်းနေသည်ဟု ထင်မှတ်လိုက်၏။
ထို့ကြောင့်...လှေပေါ်မှ သူရိန်စော ၊ ငကက် နှင့် ကွေ့လူငယ်တစ်ဉီးက လှံရှည်များ၊ ဝါးချွန်များဖြင့် ပြေးဆင်းလာကြသည်။
နားလဲကို ကာကွယ်ရန် ပြေးဆင်းလာသူများကိုတွေ့မှ ငကောင်းက နွားလှည်းကို မောင်းထွက်သွားတော့သည်။
“နာလဲ..နေပါဉီး..အဲ့ဒါ အမောင့်သားလေး..မဟုတ်လား...နာလဲ”
ဆန်ဂျေး၏ မြင်းက နားလဲ ရှေ့တည့်တည့်တွင် ပိတ်ရပ်လိုက်သည်။
“မဟုတ်ဘူး...အဲ့ဒါ နင့်သားမဟုတ်ဘူး..နင့်သားကို နင့်အဖေသတ်လို့သေပြီ.သွား..နင့်မျက်နှာ ငါမမြင်ချင်ဘူး..နင်မလိုက်လာနဲ့...ဖယ်စမ်း”
“နားလဲ.အမောင် တောင်းပန်ပါတယ်..အမောင် နာလဲကို လိုက်ရှာချင်လို့ အင်းဝကို ပြန်လာခဲ့တာပါ”
ဆန်ဂျေးက မြင်းပေါ်မှ ခုန်ဆင်းရန် ပြင်လိုက်သည်။
သူရိန်စော လှမ်းပစ်လိုက်သည့် လှံရှည်က ဆန်ဂျေး၏ မြင်းကျောကုန်းကို ဖောက်ထွက်သွား၏။
မြင်းကြီးမှာ အလန့်တကြားဖြင့် သောင်ပြင်ဆီသို့ ထွက်ပြေးတော့သည်။
နောက်ထပ် ကသည်းမြင်းစစ်သည် ငါးဉီးမှလည်း ဆန်ဂျေးရှိရာသို့ မှီလာပြီဖြစ်၏။
“နာလဲ..လှေဆီကို ပြေး”
သူရိန်စောက ဆန်ဂျေးကို ခုန်အုပ်ပြီး ဝင်လုံးလိုက်သည်။
ထို့နောက် မျက်နှာပေါ်သို့ လက်သီးဖြင့် အဆက်မပြတ်ထိုးလိုက်၏။
ငကက် နှင့် ကွေ့လူငယ်က ဝါးချွန်ရှည်ကြီးများဖြင့် ကသည်းမြင်းသည် ငါးဉီးကို တိုက်ခိုက်တော့သည်။
ဆန်ဂျေးနှင့် သူရိန်စောတို့မှာ ဘတပြန် ကျားတပြန် လုံးထွေးနေကြ၏။
လှေဆီသို့ ပြေးနေသော နားလဲမှာ ခြေခေါက်လဲကျသွားသည်ကို သူရိန်စော လှမ်းမြင်လိုက်ရသည်။
“ငကက်...နာလဲကို ခေါ်ပြီး လှေပေါ်ပြေးတော့...ပြေးတော့”
သူရိန်စော၏ အသံက မြင်းသမားများနှင့် တိုက်ခိုက်နေသော ငကက်နားထဲသို့ ဝင်လာသည်။
ငကက်က သောင်ပြင်သို့ ကြည့်လိုက်ချိန်တွင် လဲကျနေသော နာလဲကို လှမ်းမြင်လိုက်ရ၏။
ငကက်က အားကုန်ပြေးသွားပြီး နာလဲကို တွဲထူကာ လှေဆီသို့ ပြေးသည်။
သူရိန်စောက ဆန်ဂျေးနှင့် လူချင်းပူးနေရာမှ ခွာလိုက်သည်။ ထို့နောက် နံရိုးကြားသို့ တချက် ဖြတ်ကန်လိုက်သည်။
“ဇွတ်”
အနောက်မှ ဝင်လာသည့် မြင်းသမားတစ်ဉီး၏ ဓါးရှည်က သူရိန်စော၏ ကျောကုန်း ညှပ်ရိုးကြားသို့ ဖောက်ဝင်သွား၏။
ထိုအချိန်တွင် နားလဲ နှင့် ငကက်တို့မှာ လှေပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
“အကိုသူရိန်”
နားလဲ အသံက မြစ်ကမ်းတလျှောက် ပဲ့တင်ထွက်သွားသည်။
ကွေ့လူငယ်မှာလည်း မြင်းသမားများ ဓါးချက်အောက်တွင် သွေးအလိမ်းလိမ်းဖြင့် လဲကျနေပြီဖြစ်သည်။
သူရိန်စောက ဒူးထောက်ကျသွားရာမှ လှေကို မောင်းထွက်ရန် လှမ်းအော်သည်။
နောက်ထပ် ဓားတချက်က သူရိန်စော လည်ပင်းပေါ်သို့ တိတိကျကျ။
သံတမန်ဖြစ်သော မဏိပူရမင်းသားနှင့် ကသည်းစစ်သည်တို့ မြို့တွင် မြင်းများ ဒုန်းစိုင်းစီးသွားကြသည်ဆိုသဖြင့် စစ်ကိုင်းဘုရင်ခံ ဉီးရွှေဖြိုး၏ တပ်များကလည်း နောက်မှ လိုက်လာကြပြီဖြစ်သည်။
ငကက်က အမိန့်ပေးလိုက်သည်နှင့် လှေလှော်သားများက လှေကို အားကုန်လှော်ကြသည်။
နားလဲက ကျောပိုးထားသော ကလေးကို လှေဝမ်းတွင်း ချထားလိုက်သည်။
ထို့နောက် လှေဉီးတွင်တင်ထားသော ပလိုင်းမှ ဒူးလေးနှင့် မြှားတံများကို ယူကာ မြစ်ကမ်းဆီသို့ လှမ်းပစ်၏။
ကသည်းမြင်းစီးစစ်သည်တစ်ဉီးမှ ဒူးလေးချက်ဖြင့် မြင်းပေါ်မှ ပြုတ်ကျသွားသည်။
“နာ..လဲ”
ဆန်ဂျေးကလည်း နာလဲ၏ အမည်ကို ခေါ်လျက် ရေထဲသို့ ပြေးဆင်းလာ၏။
“ဒုတ်”
နာလဲ ပစ်လိုက်သည့် ဒူးလေးမြှားတံက ဆန်ဂျေး၏ လက်မောင်းကို ဖောက်ဝင်သွားသည်။
လှေကား မြစ်ကြောင်းအတိုင်း တရွေ့ရွေ့ထွက်ခွာသွားခဲ့ပြီ။
“အရှင်မင်းသား ဘာဖြစ်သွားသေးလဲ”
ကိုယ်ရံတော်တပ်ဖွဲ့မှူး၏ အမေးကို ဆန်ဂျေးမဖြေနိုင်။
သွေးစက်များတတောက်တောက်ကျနေသည့် လက်မောင်းကို ဆုပ်ကိုင်လျက်...အဝေးမှ လှေကြီးကိုသာ ငေးကျန်ရစ်သည်။
နာလဲကတော့ လှေပေါ်မှ ဒူးလေးမြှားများကို တစင်းပြီး တစ်စင်းလှမ်းပစ်နေဆဲ။
“နာလဲ..တော်ပြီလေ...ဒီလောက်ဆို ငါတို့ လွတ်ပါပြီ”
ငကက်က နားလဲ၏ လက်ထဲမှ ဒူးလေးကို ဖိထားပြီး ပြောလိုက်သည်။
“ကိုသူရိန်ကို ..ငါတို့ ဒီတိုင်း ထားခဲ့ရပြီလား..ငကက်”
နားလဲက ဒူးလေးကို လွှင့်ပစ်ကာ လှေဝမ်းအတွင်း ခွေခွေလေး လှဲချလိုက်ပြီး ရှိုက်ကြီးတငင်ငင် ငိုချလိုက်သည်။
ငကက် ၏ တောက် ခေါက်သံက မြစ်ပြင်ပေါ် တိုက်ခတ်လာသည့် လေနှင့်အတူ။
.........................................................................................................................
၁၇၄၅ ၊ ဇန်နဝါရီလ။
အင်းဝမြို့၊ ပေါ်တူဂီရပ်ကွက်ရှိ ဗရင်ဂျီဘုရားရှိခိုးကျောင်း။
ဝေါယာဉ်တစ်စီးက ဘုရားရှိခိုးကျောင်း ရှေ့တွင် ထိုးရပ်လိုက်သည်။
ဝေါပေါ်မှ လူတစ်ဉီးဆင်းလာပြီ ဘုရားရှိခိုးကျောင်းအတွင်းသို့ ခပ်သုတ်သုတ်ဝင်သွား၏။
ဘုရားကျောင်းမှ ကိုရင်ကြီးတစ်ပါးဖြစ်သော ဘရာသာဆေးဗား က တံခါးကို ခပ်ဟဟ ဖွင့်ပေးလိုက်သည်။
ရှေ့ဆုံးခုံတန်းတွင် ထိုင်နေသော မွန်အဝတ်အစားဖြင့် လူတစ်ဉီးထိုင်နေသည်။
ဝေါပေါ်မှဆင်းလာသူက ထိုသူ၏ နဘေးတွင် ဝင်ထိုင်လိုက်၏။
ဘရာသာဆေးဗား က သူတို့ နောက်ဖက်မှ ခုံတွင် ဝင်ထိုက်လိုက်သည်။
“ဒါကတော့ သန်လျင်မြို့၊ ဘာနာဗိုက်အသင်းတော်က ဖာသာအလက်ဇဒရိုမွန်ဒယ်လီပါ၊ သူက မုတ္တမအိုးကုန်သည်တွေနဲ့အတူ မွန်ကုန်သည်အယောင်ဆောင်ပြီး အင်းဝဆိပ်ကမ်းအထိ လိုက်ပါလာတာပါ..ကိုးသိန်းသခင်”
“သူ လာရင်းကိစ္စ ကို မေးပေးပါ”
ဘရာသာဆေးဗား က ဖာသာမွန်ဒယ်လီအား လက်တင်ဘာသာဖြင့် မေးလိုက်သည်။
ဖာသာမွန်ဒယ်လီက ပြန်ဖြေပေး၏။
“ဖာသာ က ဟံသာဝတီနန်းတော်ရဲ့ အခြေအနေကို ပြောပါတယ်။ ဟံသာဝတီမှာ တကယ်တမ်းအာဏာ ရှိတာက ဘုရင်သမိန်ထော မဟုတ်တော့ပဲ...အမတ်ချုပ်ကြီးဖြစ်လာတဲ့ ဆင်ဝန်ဉီးအောင်လှပါတဲ့”
ကိုးသိန်းသခင်က ခေါင်းညိတ်လိုက်သည်။
“ဖာသာ လာရင်းကိစ္စက ဟံသာဝတီဘုရင်ဟာ အရင်က အော်စတင် အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီနှင့် ကုန်တိုက်ဆောက်လုပ်ရေးသဘောတူညီခဲ့ပေမယ့်..အခုတော့ ကုန်တိုက်ဆက်လက်ဆောက်လုပ်ခွင့်ကို တားဆီးခဲ့ပြီး ကုမ္ပဏီကိုယ်စားလှယ်ရုံးကိုလည်း ဟိုင်းကြီးကျွန်းဆီ ပြောင်းဖို့ ဖိအားပေးနေပါတယ်တဲ့”
“အဲ့ဒီတော့ ကျုပ်တို့ က ဘာလုပ်ပေးရမှာတုန်း”
“ဉီးအောင်လှ ဟာ ပြင်သစ်ဘက်ကို ယိမ်းနေသူပါ..မကြာခင်မှာပဲ ပြင်သစ်သံအမတ်အဖြစ် ဘရူနို ကို ဟံသာဝတီမှာ သေချာပေါက်လက်ခံဖို့ရှိနေပါတယ်..အဲ့ဒီအခါ ပြင်သစ်က ဟံသာဝတီအတွက် လက်နက်များ၊ စစ်သည်များ ကူညီပေးဖို့ဖြစ်လာပါလိမ့်မယ်တဲ့..ဒီလိုဆို အင်းဝအတွက်လည်း အန္တရာယ်ရှိလာနိုင်ပါတယ်”
ဘရာသာဆေးဗား၏ ဘာသာပြန်ပေးမှုအဆုံးတွင် ကိုးသိန်းသခင်၏ မျက်ခုံးများက တွန့်ကွေးသွားသည်။
“ဒါကို ဘယ်လိုတားဆီးနိုင်မှာလဲ...အင်္ဂလိပ်တွေဘက်က ဘာဖြစ်စေချင်တာလဲ”
“အခု ဖာသာမွန်ဒယ်လီလာတာက ကုမ္ပဏီတာဝန်ခံ မစ္စတာဂျွန်နသန်စမစ် ကိုယ်စား အင်းဝကို ညှိနှိုင်းဖို့လာတာပါ...အင်းဝ နဲ့ ဟံသာဝတီစစ်ပွဲမှာ ကုမ္ပဏီအနေနဲ့ အင်းဝဘက်က လျှို့ဝှက်ရပ်တည်ပေးပါ့မယ်...အင်းဝအနေနဲ့လည်း ဟံသာဝတီကို ပြန်လည်သိမ်းဆည်းနိုင်ပါက...သန်လျင်မြို့မှာ ကုမ္ပဏီရုံးခန်း၊ ကုန်တိုက် နဲ့အတူ ပုသိမ်မှာ ခံတပ်တစ်ခု ဆောက်ခွင့်ပေးဖို့ပါ”
“သူတို့ဟာက ဘာလုပ်ပေးမယ်ဆိုတာ အရင်မပြောပဲ..တောင်းတာက အရင်ပါလား”
“ဒီအတွက် ကုမ္ပဏီက အသေးစိတ် အစီအစဉ်တစ်ခု ဆွဲထားပါတယ်..နောက်နှစ်လအတွင်း သန်လျင်ဆိပ်ကမ်းကို ဒတ်ချ်ကုန်စည်အလုပ်ရုံက သင်္ဘောအုပ်စုတစ်စု ဆိုက်ကပ်ဖို့ရှိပါတယ်.. သမိန်ထောဘုရင်ဆီကလည်း ခွင့်ပြုချက်ရထားပြီးသားပါ..အဲ့ဒီသင်္ဘောအုပ်စုမှာ တကယ်တမ်း လျှို့ဝှက်ပါလာမှာက လက်နက်အပြည့်အစုံတပ်ဆင်ထားမယ့် ကုမ္ပဏီကြေးစားစစ်သားတပ်တွေပါ... ဆိပ်ကမ်းမှာ သင်္ဘောတွေဆိုက်ကပ်ထားပေးတဲ့အချိန်မှာ အင်းဝတပ်များကလည်း ပြည်၊ တောင်ငူဘက်ကနေ စစ်ချီပါ.. ဟံသာဝတီတပ်တွေ အင်းဝကို ခုခံဖို့ စစ်ထွက်ပြီဆိုတာနဲ့ သင်္ဘောအုပ်စုက သန်လျင်ကို စီးနင်းပြီး ဟံသာဝတီကို နှစ်ဖက်ညှပ်လုပ်ကြံကြမယ်လို့ မစ္စတာစမစ် က သူ့ စစ်ဆင်ရေးကို ပြောကြားလိုက်ပါတယ်..အဲ့ဒါကို ကိုးသိန်းသခင် သဘောတူမတူ သိချင်ပါတယ်”
ကိုးသိန်းသခင်က အရှေ့တည့်တည့်မှ ခရစ်တော်နှင့် မယ်တော်မာရီ ရုပ်ထုများကို ငေးလျက် စဉ်းစားနေသည်။
“အစီအစဉ်ကတော့ ကောင်းပါတယ်..အင်္ဂလိပ်ကုမ္ပဏီအနေနဲ့..ဒီကိစ္စကို ခိုင်မာတဲ့ အာမခံမျိုးတော့ ပေးမှ ဖြစ်မယ်...နိုင်ငံနဲ့ချီတဲ့ ကိစ္စမို့ အပေးအယူတွေကို သေသေချာချာစိစစ်ပြီးမှ လုပ်ရပါမယ်..ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေကို ကျုပ်တစ်ယောက်တည်းဆုံဖြတ်လို့ ရတာမဟုတ်ဘူး..လွှတ်တော်၊ ဗြဲတိုက်နဲ့ ရွှေနန်းရှင်ဆီက သဘောတူညီချက်တွေကလည်း လိုသေးတယ်”
ဖာသာမွန်ဒယ်လီက လက်ထဲမှ စာချွန်လိပ်တစ်ခုကို ကိုးသိန်းသခင်ထံ ကမ်းပေးလိုက်သည်။
“ဒါက ကုမ္ပဏီဘက်က စီစဉ်လာတဲ့ မြန်မာဘာသာပြန်ပြီးသား စာချုပ်ပါ....ဒီစာချုပ်ကို ဖတ်ပြီး အင်းဝဘက်က ညှိနှိုင်းကြပါ..သဘောတူတယ်ဆိုရင်...ဖာသာမွန်ဒယ်လီက ကုမ္ပဏီကိုယ်စားလှယ်အနေနဲ့ လက်မှတ်ထိုးဖို့ ဒီ အင်းဝမှာ တပတ်တိတိစောင့်နေပေးပါ့မယ်တဲ့”
ကိုးသိန်းသခင် က စာချွန်လိပ်ကို ခေတ္တမျှ ဖြန့်ကြည့်လိုက်သည်။
“ခင်ကြီးက ဒီကျောင်းမှာပဲ တည်းနေမယ်မဟုတ်လား....နန်းတော်ရဲ့ သဘောတူညီမှုရပြီဆိုရင်...ကျုပ် ဝေါယာဉ်လွှတ်ပြီး ခေါ်ခိုင်းလိုက်ပါ့မယ်”
ကိုးသိန်းသခင်က စာချွန်ကို ကိုင်လျက် ဘုရားကျောင်းအတွင်းမှ ခပ်သွက်သွက်ပြန်ထွက်သွားတော့၏။
.......................................................................................................................................................
၁၇၄၅ ၊ မတ်လ (၇)ရက်နေ့။
ဟံသာဝတီဆိပ်ကမ်းသို့ သန်လျင်မှ သင်္ဘောနှစ်စီး ဆိုက်ကပ်လာသည်။
လွန်ခဲ့သည့် လေးရက်ခန့်က အိန္ဒိယဒတ်ချ်ကုန်စည်အလုပ်ရုံမှ ကပ္ပတိန်ချေဗားလီးယားဒီစကွန်နေဗီလေ(Chevalier de Schonenvila) ဉီးစီးသည့် သင်္ဘောရှစ်စီး အုပ်စုသည် သန်လျင်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာကြ၏။
ဟံသာဝတီဘုရင် သမိန်ထောက ထိုသင်္ဘောအုပ်စုခေါင်းဆောင် ကပ္ပတိန်ချေဗားလီးယား နှင့် အရာရှိများအား ညစာဖြင့် တည့်ခင်းဧည့်ခံလိုကြောင်း ဖိတ်ကြားချက်အရ သင်္ဘောအရာရှိများမှာ ပဲခူးဆိပ်ကမ်းသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။
သူတို့ကို သွားရောက်ဖိတ်ကြားသည့် ဖာသာဂါလစ်ဇီယာ၊ ဖာသာမွန်ဒယ်လီ၊ ဖာသာဒယ်လ်ကွန်တေ တို့ လည်း နောက်ထပ်သင်္ဘောတစ်စင်းဖြင့် ပါလာကြ၏။
မြစ်ဆိပ်ဘောတံတားပေါ်သို့ ဆင်းဆင်းချင်းပင် ကပ္ပတိန်ချေဗားလီးယား က အခြေအနေကို အကဲခတ်လိုက်သည်။
စစ်သည်ထောင်ပေါင်းများစွာက မြစ်ဆိပ်တစ်ခုလုံးကို ဝိုင်းရံထား၏။
“ဖာသာ..ပဲခူးဘုရင်က ကျုပ်တို့လာမှာကို ဘာလို့ ဒီလောက် လူအင်အားတွေ ချထားတာလဲ”
ကပ္ပတိန်က ဖာသာဂါလစ်ဇီယာထံ လျှောက်သွားပြီး မေးလိုက်သည်။
“ဘုရင်ကိုယ်တိုင် လာကြိုမှာမို့လို့...လုံခြုံရေးအရ ထင်ပါတယ်..စိတ်မပူပါနဲ့”
“ဘုရင်က မလာသေးဘူးလား”
“လာတော့ လာမှာပါ..ခဏစောင့်ကြတာပေါ့”
ခဏအကြာတွင် ရွှေနားကွပ်ထီးဆောင်းပြီး မြင်းစီးလာသူ တစ်ဉီး ဉီးဆောင်လာသည့် တပ်စိတ်တစ်စိတ်က ဟင်္သာအလံများတလူလူဖြင့် သူတို့ဆီသို့ ဆင်းလာ၏။
“ဘုရင် က ဘယ်တစ်ယောက်လဲ..ဖာသာ”
ဖာသာဂါလစ်ဇီယာက မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။
“ရွှေနားကွပ်ထီးဆိုတော့...အမတ်ကြီးအဆင့်ပဲ လာတာထင်ပါရဲ့..အမတ်ချုပ်ကြီး ဗညားဒလဖြစ်လောက်တယ်”
အနီးသို့ ရောက်သောအခါ ဖာသာဂါလစ်ဇီယာက ဉီးအောင်လှကို ပြုံးပြလိုက်သည်။
ဉီးအောင်လှက ဖာသာဂါလစ်ဇီယာနှင့် ကပ္ပတိန်တို့ကို ခေါင်းညိတ်ကာ ပြန်ပြုံးပြ၏။
“ဖာသာမွန်ဒယ်လီအတွက် လက်ဆောင်တစ်ခု အရင်ပေးလိုက်ပါတယ်”
ဉီးအောင်လှ စကားကြောင့် အားလုံး ကြောင်သွားကြသည်။
ဖာသာဂါလစ်ဇီယာနောက်တွင် ရပ်နေသော ဖာသာ မွန်ဒယ်လီက ရှေ့သို့ ထွက်လာသည်။
ဟံသာဝတီစစ်သားတစ်ဉီးက အဝတ်နီဖြင့် ထုတ်လာသော အရာတစ်ခုကို ဖာသာမွန်ဒယ်လီထံ ပေးလိုက်၏။
ထို့နောက် ဉီးအောင်လှက မြင်းကို နောက်ပြန်လှည့်ကာ ကမ်းပေါ်သို့ ပြန်တက်သွားတော့သည်။
ဖာသာမွန်ဒယ်လီက သူ့လက်ထဲမှ အဝတ်နီကို ဖြည်လိုက်သည်။
“အား”
အဝတ်နီအတွင်းမှ အရာတစ်ခုကို ဖာသာမွန်ဒယ်လီ အလန့်တကြား လွှင့်ပစ်လိုက်၏။
ခေါင်းပြတ်ကြီးတစ်ခု။ ဖာသာမွန်ဒယ်လီအား အင်းဝသို့ ရုပ်ဖျက်ခေါ်ဆောင်ပေးသွားခဲ့သူ မုတ္တမအိုးကုန်သည် လှေသူကြီး၏ ခေါင်း။
အခြေအနေကို သဘောပေါက်သွားသော ဖာသာမွန်ဒယ်လီသည် သင်္ဘောပေါ်သို့ ပြန်တက်ပြေးသည်။
“ဖောင်း”
ကမ်းပေါ်မှ သေနတ်သံတချက် ထွက်ပေါ်လာပြီး ဖာသာမွန်ဒယ်လီမှာ ရေထဲသို့ ပြုတ်ကျသွား၏။
ကပ္ပတိန်ချေဗားလီးယားက ပစ္စတိုသေနတ်ကို ထုတ်လိုက်သည်။
နောက်ကျသွားချေပြီ။
ရာပေါင်းများစွာသော သေနတ်သံများ ကမ်းပေါ်မှ အဆက်မပြတ်ထွက်ပေါ်လာသည်။
အချို့ သင်္ဘောအရာရှိများသည် သင်္ဘောပေါ်သို့ တက်ပြေးကာ လက်နက်များ ယူပြီး ပစ်ခတ်ခုခံကြ၏။
သို့သော်...စနစ်တကျပြင်ဆင်ထားပြီးဖြစ်သော ဟံသာဝတီတပ်က သေနတ်၊ မြတပူများဖြင့် အပြင်းအထန်တိုက်ခိုက်ကြရာ သင်္ဘောများ မီးစွဲလောင်ကာ ပျက်စီးသွားကြသည်။
နောက်ဆုံးတွင် သင်္ဘောအရာရှိများမှာ ဟံသာဝတီတပ်များထံ လက်နက်ချအဖမ်းခံကြရသည်။
သင်္ဘောဆိပ်ပတ်ချာလည်တွင်တော့ သွေးများ မြင်မကောင်းအောင် ရဲတွတ်နေသည်။
ဖာသာမွန်ဒယ်လီ၊ ဖာသာဂါလစ်ဇီယာ၊ ကပ္ပတိန်ချေဗားလီးယား တို့၏ အလောင်းများမှာ သွေးအိုင်ထဲတွင် သဲများ ပေကျံလျက်။
.......................................................................................
သန်လျင်မြို့၊ ဘာနာဗိုက်ခရစ်ယာန်ကျောင်းတော်သို့ ညဉီးပိုင်းတွင် လက်ျာဗိုလ်နှင့် တပ်အချို့ ရုတ်တရတ်ရောက်လာကြသည်။
ဖာသာနာရေနီက ရုတ်တရက် လက်ျာဗိုလ်ကို မြင်လိုက်ရသဖြင့် အံဩဝမ်းသာသွား၏။
လက်ျာဗိုလ်သည် မြတ်ဝါ ကိုတွေ့ရှိပြီးသည့်နောက် သူ့အပေါ် အေးစက်စက် ဆက်ဆံရေးသာ ရှိခဲ့သည်မှာ ကြာခဲ့ပြီမဟုတ်လား။
“ဗိုလ်မင်း..ကျွန်တော့်ဆီ လာသေးတယ်နော်”
လက်ျာဗိုလ်က ဖာသာနာရေနီ၏ လက်ကို ဆွဲလိုက်ပြီး ဘုရားကျောင်းအနောက်ဘက် ထောင့် မှောင်ရိပ်ထဲသို့ ခေါ်သွားသည်။
“ရာနီ...ခင်ဗျားတို့ အခုပဲ သန်လျင်က ထွက်ကြရမယ်”
“ဟင်..ဘာဖြစ်လို့လဲ..ဗိုလ်မင်း”
“ဒီမှာဆက်နေရင် အသက်အန္တရာယ်ရှိတယ်....ခင်ဗျားတို့အတွက် ဆိပ်ကမ်းမှာ သင်္ဘောအသင့် စီစဉ်ပေးထားပြီးပြီ”
“ဘာဖြစ်လို့လဲ..ဘာတွေဖြစ်ကုန်တာလဲ..ပြောပါဉီး..ဟံသာဝတီက..ဖာသာဂါလစ်ဇီယာတို့ရော”
“အခုလောက်ဆို ဉီးအောင်လှက သူတို့ကို ကွပ်မျက်ပြီးပြီ....ရာနီ”
“ဘာလို့လဲ..ဘာလို့လဲ”
ဖာသာနာရေနီအသံက တုန်ယင်နေသည်။
လက်ျာဗိုလ်က ဖာသာနာရေနီ၏ ပုခုံးကို ကိုင်လိုက်သည်။ ထို့နောက် နဖူးကို နမ်းလိုက်၏။
“စိတ်ကို အေးအေးထား ရာနီ....ဖာသာမွန်ဒယ်လီဟာ အင်းဝနဲ့ အဆက်အသွယ်လုပ်ခဲ့တယ်...အဲ့ဒီသတင်းက ပေါက်ကြားသွားခဲ့ပြီ..ခင်ဗျားတို့ကက်သလစ်ဘုန်းတော်ကြီးအားလုံးကို သတ်ဖို့ အမိန့်ချထားတယ်....ခင်ဗျား ဒီက ထွက်မှဖြစ်တော့မှာ..လုပ် အဝတ်အစားတွေသိမ်း...လွီဇာပေးတဲ့ စာချွန်လည်း သေချာသယ်ခဲ့ပါ.....ဘရာသာကာပယ်လို..ခင်ဗျားလည်း ယူစရာရှိတာယူတော့”
ဖာသာနာရေနီက သူ၏ အခန်းတွင်းသို့ ခပ်သွက်သွက်ဝင်သွားသည်။
ခဏအကြာတွင် ဖာသာနာရေနီ၊ ဘရာသာအင်ဂျလိုကာပယ်လို တို့ အထုတ်အပိုးများဖြင့် အသင့်ဖြစ်ပြီဖြစ်သည်။
“အထုတ်တွေ မြင်းပေါ်တင်ကြ..ဖာသာတို့အတွက်လည်း မြင်းတွေ ပါတယ်”
ထို့နောက် မြင်းကိုယ်စီဖြင့် သန်လျင်ဆိပ်ကမ်းဆီသို့ သူတို့ ဆင်းခဲ့ကြသည်။
ဆိပ်ကမ်းမှောင်ရိပ်တွင် သင်္ဘောတစ်စီး ရပ်ထား၏။
လက်ျာဗိုလ်က လက်ဝါးနှစ်ဖက်ကို ပူးလိုက်ပြီး ဉဩသံတစ်ခု ပြုလုပ်လိုက်သည်။
သင်္ဘောဆီမှ မီးရောင်တစ ပေါ်လာ၏။
လက်ျာဗိုလ်က မြင်းပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ဖာသာနာရေနီ ကို မြင်းပေါ်မှ ဆင်းနိုင်ရန် ကူပေးလိုက်၏။
ဖာသာနာရေနီက လက်ျာဗိုလ်၏ လက်ဖဝါးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
“ကျွန်တော် တို့ အပြီး ခွဲကြရတော့မှာလား...ဗိုလ်မင်း”
“ရာနီ..ကျုပ် ခင်ဗျားအပေါ် သံယောဇဉ်ရှိပါတယ်..ဒါပေမယ့်”
“ဒါပေမယ့်..ဘာဖြစ်လဲ...မြတ်ဝါ ဆိုတဲ့ ကလေးမကြောင့်လား..ဗိုလ်မင်း”
လက်ျာဗိုလ်က ခေါင်းခါလိုက်သည်။
“ကျုပ်က ဟံသာဝတီရဲ့ စစ်သူကြီးတစ်ယောက်ပါ...ဒီလို သဘာဝမဟုတ်တဲ့ ကိစ္စမျိုး၊ နိုင်ငံခြားသား နပုန်းပုဏ္ဍက်တစ်ယောက် နဲ့ အကျွမ်းတဝင် ဖြစ်ကြတယ်ဆိုတဲ့ကိစ္စက ဘယ်လိုမှ”
“ရပါပြီ...ဗိုလ်မင်း...ကျွန်တော်သိပါပြီ....သန်လျင်မှာရှိခဲ့တဲ့အချိန်တွေအတွက်ရော အခုထိ ကျွန်တော့်ကို စောင့်ရှောက်ပေးတဲ့အတွက်ပါ ဗိုလ်မင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်...နောက်ထပ် ဗိုလ်မင်းအတွက် ကျွန်တော်လုပ်ပေးနိုင်တာရှိရင်လည်း ပြောပါ”
“လွီဇာဆီက စာ....အဲ့ဒီစာကို ပွန်ဒီချယ်ရီက ရေတပ်ဗိုလ်မီလပ် ဆီ ရောက်အောင်ပို့ပေးပါ..သူကတဆင့် မွန်စီယာဘရူနို နဲ့ ဘုရင်ခံဒူပလေ ဆီ ရောက်အောင်ဆက်ပို့လိမ့်မယ်..ဟံသာဝတီအတွက် အဲ့ဒီ တစ်ခုတော့ ကူညီပေးပါ..ဖာသာ”
“ကျွန်တော် ရအောင်သွားပါ့မယ်..ဗိုလ်မင်း”
“နောက်တစ်ခုက...အဲ့ဒီစာရောက်သွားပြီးတဲ့အခါ...ရာနိတ် ဟော့ဒီသန်လျင်မြေကို ပြန်လာခွင့်ရအောင် ကျုပ် အာမခံတယ်”
“ကျွန်တော်က ဒီမြေကို ပြန်လာရဉီးမှာလား”
“ရာနီ..ကျုပ်.နဲ့ ခင်ဗျား...ပေါင်းစပ်လို့ မရပေမယ့်.ခင်ဗျားကို ကျုပ်မျက်စိအောက်မှာတော့ အမြဲရှိနေစေချင်တယ်လေဗျာ”
နာရေနီ၏ ဝေ့သီလာသော မျက်ရည်များကို သုတ်လိုက်သည်။
“မြတ်ဝါကို ဂရုစိုက်ပေးပါ...ဗိုလ်မင်း”
ဖာသာနာရေနီ နှင့် ဘရာသာကာပယ်လို တို့ သည် သင်္ဘောသားတစ်ဉီး၏ လမ်းပြမှုဖြင့် သင်္ဘောပေါ်တက်သွားကြသည်။
သင်္ဘောက ကျောက်ဆူးကို နုတ်ကာ သန်လျင်ဆိပ်ကမ်းမှ မြစ်ဝဆီသို့ တရွေ့ရွှေ့ထွက်ခွာသွား၏။
သင်္ဘောခပ်ဝေးဝေးရောက်သည်နှင့် လက်ျာဗိုလ်က သူ့တပ်များထံ တစ်စုံတစ်ရာအော်ပြောလိုက်သည်။
မီးရှူးတစ်ခုက ကောင်းကင်သို့ ဖြာခနဲ တက်သွား၏။
မကြာမီ စစ်စည်တီးသံများ၊ ညာသံပေးသံများ ထွက်ပေါ်လာပြီး သန်လျင်ဆိပ်ကမ်းတွင် ကျန်ရစ်သည့် အိန္ဒိယဒတ်ချ်ကုန်စည်အလုပ်ရုံ သင်္ဘောများမှာ လျှို့ဝှက်ရောက်ရှိနေသည့် ဟံသာဝတီစစ်သည်များ၊ သန်လျင်မြို့စောင့်တပ်များ၏ ရုတ်တရတ်တိုက်ခိုက်ခြင်းကို ခံကြရတော့သည်။
သန်လျင်ဆိပ်ကမ်းရှိ အောစတင်အရှေ့အိန္ဒိယကုမ္ပဏီရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းပြီး မီးရှို့လိုက်ကြသည်။
ကုမ္ပဏီတာဝန်ခံ ဂျွန်နသန်စမစ်မှာမူ...ဟံသာဝတီတပ်များ မရောက်လာခင်..လက်မလေးတင်ပင်..သင်္ဘောငယ်တစ်စီးဖြင့် ဟိုင်းကြီးကျွန်းသို့ ထွက်ခွာသွားနိုင်ခဲ့သည်။
မြစ်ဝဆီမှ သင်္ဘောတစ်စင်းပေါ်တွင်တော့ ဖာသာနာရေနီ နှင့် ဘရာသာကာပယ်လိုတို့ သည် မီးတောက် မီးလျှံများ တညွန့်ညွန့်တက်နေသော သန်လျင်ဆိပ်ကမ်းဘက်သို့ ကြည့်ကာ ဘုရားသခင်ထံ ဆုတောင်းပတ္တနာပြုနေကြသည်။
ခက်ဇော်
အခန်း(၁၇) သဘက်ခါ
(ယူသယ်သောက်စို့၊ ပျားလပို့နှင့်၊ ပျားတို့စုပုံ၊ တောဖြစ်ခြုံတွင်၊ ပျားအုံရှိနေ၊ ထိခိုက်ချေသော်၊ ပျားတွေအရှုပ်၊ ဝန်း၍တုပ်သို့၊ စိုးချုပ်ပန်ခြံ၊ သူ့နိုင်ငံအား၊ စိတ်ကြံပါးယား၊ ယူမပွားတည့်၊ တိုင်းကားချက်ချာ၊ ကိုယ့်မြို့ရွာကို၊ ရန်ရှာဒေါသ၊ အလျင် စ မူ၊ ပြင်းပြမညောင်း၊ ညီညာပြောင်း၍ ၊ တိုက်လံပြု၏။ မဓုဗျူဟာ၊ စစ်ဆင်ရာ ။ ။ ဗျူဟစက္ကိပျို့)
တပါးသူအား မိမိက စမတိုက်သော်လည်း တပါးသူမှ မိမိမြို့ရွာ ကို ထိပါးလာလျှင် ပျားအုံကို ထိပါးလာသူကို ပျားများက ဝိုင်းဝန်းစုပြုံတိုက်ခိုက်ကြသကဲ့သို့ ညီညီညာညာ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်ကြလျှင် ရန်သူစစ်ကို အောင်နိုင်ရာကြောင်း။
AVA 1740s (Season 2)
အခန္း(၁၆)
...............................................
“ေဖာင္း”
ကေလးကို ေက်ာပိုးထားေသာ နားလဲက ဆန္ေဂ်း၏ လည္ၿမိဳကို လက္သီးျဖင့္ ပင့္ထိုးခ်လိုက္သည္။
အားပါေသာ လက္သီးခ်က္ေၾကာင့္ ဆန္ေဂ်း မွာ လည္ပင္းကို ဆုပ္ကိုင္လ်က္ လဲက်သြား၏။
“နာ..လဲ”
ဆန္ေဂ်းက အသက္ကို အငမ္းမရရႈရင္း..လွမ္းေအာ္သည္။
ေက်ာကုန္းတြင္ ပိုးထားေသာ ကေလးငယ္ကို ေတြ႕သြားသျဖင့္ ဆန္ေဂ်း စိတ္မ်ား ပိုမိုလႈပ္ရွားသြားသည္။
ေရွ႕တြင္ ေစာင့္ေနေသာ ႏြားလွည္းဆီသို႔ နားလဲက ေျပးသည္။
“အထက္ျမစ္ဆိပ္ကို ေရာက္ေအာင္ေမာင္းေပးပါ....ဟိုလူက ကြၽန္မကို အႏၲရာယ္ေပးလိမ့္မယ္”
ငေကာင္းက ပုဆိုးကို ခါးေတာင္းက်ိဳက္လိုက္ၿပီး ႀကိမ္ကို ကိုင္ကာ မတ္တပ္ရပ္လိုက္သည္။
“ဘယ္သူလဲ..ခင္ဗ်ားကို အႏၲရာယ္ေပးမွာ”
“ဘာမွ မလုပ္နဲ႔..ကြၽန္မကို သာ အထက္ျမစ္ဆိပ္ကို ပို႔ေပးပါ..ျမန္ျမန္ေမာင္းေပးပါ”
ငေကာင္းက ႏြားမ်ားကို ႀကိမ္ျဖင့္ ခပ္ျပင္းျပင္းတို႔လိုက္သည္။
မုဆိုးဖိုတေၾကာ လွည္းၿပိဳင္ပြဲမ်ားႏႊဲလာသည့္ ႏြားမ်ားသည္ အရွိန္ျဖင့္ ေျပးထြက္သြားၾက၏။
ဆန္ေဂ်းကို သူ၏ ကိုယ္ရံေတာ္တပ္သားမ်ားက ေျပးလာၿပီး ထူလိုက္ၾကသည္။
“ျမင္းေတြ သြားထုတ္..သြားထုတ္..သူတို႔ေနာက္လိုက္ရမယ္”
ကသည္းတပ္သားမ်ားက သံတဲအေနာက္ဖက္ ျမင္းေဇာင္းမွ ျမင္းမ်ားကို အေျပးအလႊားသြားထုတ္ၾကသည္။
“ရၿပီ...ရၿပီ..ဒီနားပဲရပ္ေတာ့”
ငေကာင္းက နဖားႀကိဳးႏွစ္ေခ်ာင္းကို ၾကပ္ေနေအာင္ ဆြဲလိုက္သျဖင့္ ႏြားမ်ားမွာ အရွိန္သတ္သြားၾက၏။
“ျဖည္းျဖည္းဆင္း...ငါ့အမ”
နားလဲက ကေလးကို ေက်ာပိုးလ်က္ သြက္သြက္လက္လက္ပင္ ခုန္ဆင္းလိုက္သည္။
ထိုအခ်ိန္တြင္ အေနာက္ဖက္မွ ဆန္ေဂ်းႏွင့္ ကသည္းစစ္သည္မ်ားက ျမင္းမ်ားကို ဒုန္းစိုင္းကာ လိုက္လာၾကသည္။
ငေကာင္းက လွည္းေပၚတြင္ တင္ထားေသာ တင္က်ီးတုတ္ကို ကိုင္ကာ ခုန္ဆင္းလိုက္သည္။
“နင္..သြားေတာ့...ျမစ္ဆိပ္မွာ ငါတို႔ေလွရွိတယ္...အဲ့ဒီမွာ ငါ့လူေတြရွိတယ္...သူတို႔ကို ခံတိုက္မေနနဲ႔..သူက ကသည္းမင္းသား ခူရာလက္ပပဲ..နင့္အတြက္ အႏၲရာယ္ရွိတယ္”
နာလဲက ခပ္က်ယ္က်ယ္ေအာ္ေျပာၿပီး ျမစ္ဆိပ္သို႔ ဆင္းသြားသည္။
ေသာင္ျပင္ဆီသို႔ နားလဲက ခပ္သြက္သြက္ေျပးသြား၏။
ငေကာင္းက တင္က်ီးတုတ္ကို ကိုင္လ်က္ အေျခအေနကို ေစာင့္ၾကည့္ေနသည္။
ျမင္းသမားမ်ားက ေသာင္ျပင္ဆီသို႔ တိုက္႐ိုက္ေျပးသြားေနၾကသည္။
နာလဲ ေနာက္သို႔ ျမင္းစီးသမားမ်ား လိုက္ေနသည္ကို ေလွေပၚတြင္ ေစာင့္က်န္ရစ္ေသာ သူရိန္ေစာကျမင္လိုက္ရသည္။
သူရိန္ေစာ၏ စိတ္ထဲတြင္ နာလဲ အား အင္းဝစစ္သည္မ်ားက လိုက္ဖမ္းေနသည္ဟု ထင္မွတ္လိုက္၏။
ထို႔ေၾကာင့္...ေလွေပၚမွ သူရိန္ေစာ ၊ ငကက္ ႏွင့္ ေကြ႕လူငယ္တစ္ဉီးက လွံရွည္မ်ား၊ ဝါးခြၽန္မ်ားျဖင့္ ေျပးဆင္းလာၾကသည္။
နားလဲကို ကာကြယ္ရန္ ေျပးဆင္းလာသူမ်ားကိုေတြ႕မွ ငေကာင္းက ႏြားလွည္းကို ေမာင္းထြက္သြားေတာ့သည္။
“နာလဲ..ေနပါဉီး..အဲ့ဒါ အေမာင့္သားေလး..မဟုတ္လား...နာလဲ”
ဆန္ေဂ်း၏ ျမင္းက နားလဲ ေရွ႕တည့္တည့္တြင္ ပိတ္ရပ္လိုက္သည္။
“မဟုတ္ဘူး...အဲ့ဒါ နင့္သားမဟုတ္ဘူး..နင့္သားကို နင့္အေဖသတ္လို႔ေသၿပီ.သြား..နင့္မ်က္ႏွာ ငါမျမင္ခ်င္ဘူး..နင္မလိုက္လာနဲ႔...ဖယ္စမ္း”
“နားလဲ.အေမာင္ ေတာင္းပန္ပါတယ္..အေမာင္ နာလဲကို လိုက္ရွာခ်င္လို႔ အင္းဝကို ျပန္လာခဲ့တာပါ”
ဆန္ေဂ်းက ျမင္းေပၚမွ ခုန္ဆင္းရန္ ျပင္လိုက္သည္။
သူရိန္ေစာ လွမ္းပစ္လိုက္သည့္ လွံရွည္က ဆန္ေဂ်း၏ ျမင္းေက်ာကုန္းကို ေဖာက္ထြက္သြား၏။
ျမင္းႀကီးမွာ အလန႔္တၾကားျဖင့္ ေသာင္ျပင္ဆီသို႔ ထြက္ေျပးေတာ့သည္။
ေနာက္ထပ္ ကသည္းျမင္းစစ္သည္ ငါးဉီးမွလည္း ဆန္ေဂ်းရွိရာသို႔ မွီလာၿပီျဖစ္၏။
“နာလဲ..ေလွဆီကို ေျပး”
သူရိန္ေစာက ဆန္ေဂ်းကို ခုန္အုပ္ၿပီး ဝင္လုံးလိုက္သည္။
ထို႔ေနာက္ မ်က္ႏွာေပၚသို႔ လက္သီးျဖင့္ အဆက္မျပတ္ထိုးလိုက္၏။
ငကက္ ႏွင့္ ေကြ႕လူငယ္က ဝါးခြၽန္ရွည္ႀကီးမ်ားျဖင့္ ကသည္းျမင္းသည္ ငါးဉီးကို တိုက္ခိုက္ေတာ့သည္။
ဆန္ေဂ်းႏွင့္ သူရိန္ေစာတို႔မွာ ဘတျပန္ က်ားတျပန္ လုံးေထြးေနၾက၏။
ေလွဆီသို႔ ေျပးေနေသာ နားလဲမွာ ေျခေခါက္လဲက်သြားသည္ကို သူရိန္ေစာ လွမ္းျမင္လိုက္ရသည္။
“ငကက္...နာလဲကို ေခၚၿပီး ေလွေပၚေျပးေတာ့...ေျပးေတာ့”
သူရိန္ေစာ၏ အသံက ျမင္းသမားမ်ားႏွင့္ တိုက္ခိုက္ေနေသာ ငကက္နားထဲသို႔ ဝင္လာသည္။
ငကက္က ေသာင္ျပင္သို႔ ၾကည့္လိုက္ခ်ိန္တြင္ လဲက်ေနေသာ နာလဲကို လွမ္းျမင္လိုက္ရ၏။
ငကက္က အားကုန္ေျပးသြားၿပီး နာလဲကို တြဲထူကာ ေလွဆီသို႔ ေျပးသည္။
သူရိန္ေစာက ဆန္ေဂ်းႏွင့္ လူခ်င္းပူးေနရာမွ ခြာလိုက္သည္။ ထို႔ေနာက္ နံ႐ိုးၾကားသို႔ တခ်က္ ျဖတ္ကန္လိုက္သည္။
“ဇြတ္”
အေနာက္မွ ဝင္လာသည့္ ျမင္းသမားတစ္ဉီး၏ ဓါးရွည္က သူရိန္ေစာ၏ ေက်ာကုန္း ညႇပ္႐ိုးၾကားသို႔ ေဖာက္ဝင္သြား၏။
ထိုအခ်ိန္တြင္ နားလဲ ႏွင့္ ငကက္တို႔မွာ ေလွေပၚသို႔ ေရာက္ရွိေနၿပီျဖစ္သည္။
“အကိုသူရိန္”
နားလဲ အသံက ျမစ္ကမ္းတေလွ်ာက္ ပဲ့တင္ထြက္သြားသည္။
ေကြ႕လူငယ္မွာလည္း ျမင္းသမားမ်ား ဓါးခ်က္ေအာက္တြင္ ေသြးအလိမ္းလိမ္းျဖင့္ လဲက်ေနၿပီျဖစ္သည္။
သူရိန္ေစာက ဒူးေထာက္က်သြားရာမွ ေလွကို ေမာင္းထြက္ရန္ လွမ္းေအာ္သည္။
ေနာက္ထပ္ ဓားတခ်က္က သူရိန္ေစာ လည္ပင္းေပၚသို႔ တိတိက်က်။
သံတမန္ျဖစ္ေသာ မဏိပူရမင္းသားႏွင့္ ကသည္းစစ္သည္တို႔ ၿမိဳ႕တြင္ ျမင္းမ်ား ဒုန္းစိုင္းစီးသြားၾကသည္ဆိုသျဖင့္ စစ္ကိုင္းဘုရင္ခံ ဉီးေ႐ႊၿဖိဳး၏ တပ္မ်ားကလည္း ေနာက္မွ လိုက္လာၾကၿပီျဖစ္သည္။
ငကက္က အမိန႔္ေပးလိုက္သည္ႏွင့္ ေလွေလွာ္သားမ်ားက ေလွကို အားကုန္ေလွာ္ၾကသည္။
နားလဲက ေက်ာပိုးထားေသာ ကေလးကို ေလွဝမ္းတြင္း ခ်ထားလိုက္သည္။
ထို႔ေနာက္ ေလွဉီးတြင္တင္ထားေသာ ပလိုင္းမွ ဒူးေလးႏွင့္ ျမႇားတံမ်ားကို ယူကာ ျမစ္ကမ္းဆီသို႔ လွမ္းပစ္၏။
ကသည္းျမင္းစီးစစ္သည္တစ္ဉီးမွ ဒူးေလးခ်က္ျဖင့္ ျမင္းေပၚမွ ျပဳတ္က်သြားသည္။
“နာ..လဲ”
ဆန္ေဂ်းကလည္း နာလဲ၏ အမည္ကို ေခၚလ်က္ ေရထဲသို႔ ေျပးဆင္းလာ၏။
“ဒုတ္”
နာလဲ ပစ္လိုက္သည့္ ဒူးေလးျမႇားတံက ဆန္ေဂ်း၏ လက္ေမာင္းကို ေဖာက္ဝင္သြားသည္။
ေလွကား ျမစ္ေၾကာင္းအတိုင္း တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားခဲ့ၿပီ။
“အရွင္မင္းသား ဘာျဖစ္သြားေသးလဲ”
ကိုယ္ရံေတာ္တပ္ဖြဲ႕မႉး၏ အေမးကို ဆန္ေဂ်းမေျဖႏိုင္။
ေသြးစက္မ်ားတေတာက္ေတာက္က်ေနသည့္ လက္ေမာင္းကို ဆုပ္ကိုင္လ်က္...အေဝးမွ ေလွႀကီးကိုသာ ေငးက်န္ရစ္သည္။
နာလဲကေတာ့ ေလွေပၚမွ ဒူးေလးျမႇားမ်ားကို တစင္းၿပီး တစ္စင္းလွမ္းပစ္ေနဆဲ။
“နာလဲ..ေတာ္ၿပီေလ...ဒီေလာက္ဆို ငါတို႔ လြတ္ပါၿပီ”
ငကက္က နားလဲ၏ လက္ထဲမွ ဒူးေလးကို ဖိထားၿပီး ေျပာလိုက္သည္။
“ကိုသူရိန္ကို ..ငါတို႔ ဒီတိုင္း ထားခဲ့ရၿပီလား..ငကက္”
နားလဲက ဒူးေလးကို လႊင့္ပစ္ကာ ေလွဝမ္းအတြင္း ေခြေခြေလး လွဲခ်လိုက္ၿပီး ရႈိက္ႀကီးတငင္ငင္ ငိုခ်လိုက္သည္။
ငကက္ ၏ ေတာက္ ေခါက္သံက ျမစ္ျပင္ေပၚ တိုက္ခတ္လာသည့္ ေလႏွင့္အတူ။
.........................................................................................................................
၁၇၄၅ ၊ ဇန္နဝါရီလ။
အင္းဝၿမိဳ႕၊ ေပၚတူဂီရပ္ကြက္ရွိ ဗရင္ဂ်ီဘုရားရွိခိုးေက်ာင္း။
ေဝါယာဥ္တစ္စီးက ဘုရားရွိခိုးေက်ာင္း ေရွ႕တြင္ ထိုးရပ္လိုက္သည္။
ေဝါေပၚမွ လူတစ္ဉီးဆင္းလာၿပီ ဘုရားရွိခိုးေက်ာင္းအတြင္းသို႔ ခပ္သုတ္သုတ္ဝင္သြား၏။
ဘုရားေက်ာင္းမွ ကိုရင္ႀကီးတစ္ပါးျဖစ္ေသာ ဘရာသာေဆးဗား က တံခါးကို ခပ္ဟဟ ဖြင့္ေပးလိုက္သည္။
ေရွ႕ဆုံးခုံတန္းတြင္ ထိုင္ေနေသာ မြန္အဝတ္အစားျဖင့္ လူတစ္ဉီးထိုင္ေနသည္။
ေဝါေပၚမွဆင္းလာသူက ထိုသူ၏ နေဘးတြင္ ဝင္ထိုင္လိုက္၏။
ဘရာသာေဆးဗား က သူတို႔ ေနာက္ဖက္မွ ခုံတြင္ ဝင္ထိုက္လိုက္သည္။
“ဒါကေတာ့ သန္လ်င္ၿမိဳ႕၊ ဘာနာဗိုက္အသင္းေတာ္က ဖာသာအလက္ဇဒ႐ိုမြန္ဒယ္လီပါ၊ သူက မုတၱမအိုးကုန္သည္ေတြနဲ႔အတူ မြန္ကုန္သည္အေယာင္ေဆာင္ၿပီး အင္းဝဆိပ္ကမ္းအထိ လိုက္ပါလာတာပါ..ကိုးသိန္းသခင္”
“သူ လာရင္းကိစၥ ကို ေမးေပးပါ”
ဘရာသာေဆးဗား က ဖာသာမြန္ဒယ္လီအား လက္တင္ဘာသာျဖင့္ ေမးလိုက္သည္။
ဖာသာမြန္ဒယ္လီက ျပန္ေျဖေပး၏။
“ဖာသာ က ဟံသာဝတီနန္းေတာ္ရဲ႕ အေျခအေနကို ေျပာပါတယ္။ ဟံသာဝတီမွာ တကယ္တမ္းအာဏာ ရွိတာက ဘုရင္သမိန္ေထာ မဟုတ္ေတာ့ပဲ...အမတ္ခ်ဳပ္ႀကီးျဖစ္လာတဲ့ ဆင္ဝန္ဉီးေအာင္လွပါတဲ့”
ကိုးသိန္းသခင္က ေခါင္းညိတ္လိုက္သည္။
“ဖာသာ လာရင္းကိစၥက ဟံသာဝတီဘုရင္ဟာ အရင္က ေအာ္စတင္ အဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီႏွင့္ ကုန္တိုက္ေဆာက္လုပ္ေရးသေဘာတူညီခဲ့ေပမယ့္..အခုေတာ့ ကုန္တိုက္ဆက္လက္ေဆာက္လုပ္ခြင့္ကို တားဆီးခဲ့ၿပီး ကုမၸဏီကိုယ္စားလွယ္႐ုံးကိုလည္း ဟိုင္းႀကီးကြၽန္းဆီ ေျပာင္းဖို႔ ဖိအားေပးေနပါတယ္တဲ့”
“အဲ့ဒီေတာ့ က်ဳပ္တို႔ က ဘာလုပ္ေပးရမွာတုန္း”
“ဉီးေအာင္လွ ဟာ ျပင္သစ္ဘက္ကို ယိမ္းေနသူပါ..မၾကာခင္မွာပဲ ျပင္သစ္သံအမတ္အျဖစ္ ဘ႐ူႏို ကို ဟံသာဝတီမွာ ေသခ်ာေပါက္လက္ခံဖို႔ရွိေနပါတယ္..အဲ့ဒီအခါ ျပင္သစ္က ဟံသာဝတီအတြက္ လက္နက္မ်ား၊ စစ္သည္မ်ား ကူညီေပးဖို႔ျဖစ္လာပါလိမ့္မယ္တဲ့..ဒီလိုဆို အင္းဝအတြက္လည္း အႏၲရာယ္ရွိလာႏိုင္ပါတယ္”
ဘရာသာေဆးဗား၏ ဘာသာျပန္ေပးမႈအဆုံးတြင္ ကိုးသိန္းသခင္၏ မ်က္ခုံးမ်ားက တြန႔္ေကြးသြားသည္။
“ဒါကို ဘယ္လိုတားဆီးႏိုင္မွာလဲ...အဂၤလိပ္ေတြဘက္က ဘာျဖစ္ေစခ်င္တာလဲ”
“အခု ဖာသာမြန္ဒယ္လီလာတာက ကုမၸဏီတာဝန္ခံ မစၥတာဂြၽန္နသန္စမစ္ ကိုယ္စား အင္းဝကို ညႇိႏႈိင္းဖို႔လာတာပါ...အင္းဝ နဲ႔ ဟံသာဝတီစစ္ပြဲမွာ ကုမၸဏီအေနနဲ႔ အင္းဝဘက္က လွ်ိဳ႕ဝွက္ရပ္တည္ေပးပါ့မယ္...အင္းဝအေနနဲ႔လည္း ဟံသာဝတီကို ျပန္လည္သိမ္းဆည္းႏိုင္ပါက...သန္လ်င္ၿမိဳ႕မွာ ကုမၸဏီ႐ုံးခန္း၊ ကုန္တိုက္ နဲ႔အတူ ပုသိမ္မွာ ခံတပ္တစ္ခု ေဆာက္ခြင့္ေပးဖို႔ပါ”
“သူတို႔ဟာက ဘာလုပ္ေပးမယ္ဆိုတာ အရင္မေျပာပဲ..ေတာင္းတာက အရင္ပါလား”
“ဒီအတြက္ ကုမၸဏီက အေသးစိတ္ အစီအစဥ္တစ္ခု ဆြဲထားပါတယ္..ေနာက္ႏွစ္လအတြင္း သန္လ်င္ဆိပ္ကမ္းကို ဒတ္ခ်္ကုန္စည္အလုပ္႐ုံက သေဘၤာအုပ္စုတစ္စု ဆိုက္ကပ္ဖို႔ရွိပါတယ္.. သမိန္ေထာဘုရင္ဆီကလည္း ခြင့္ျပဳခ်က္ရထားၿပီးသားပါ..အဲ့ဒီသေဘၤာအုပ္စုမွာ တကယ္တမ္း လွ်ိဳ႕ဝွက္ပါလာမွာက လက္နက္အျပည့္အစုံတပ္ဆင္ထားမယ့္ ကုမၸဏီေၾကးစားစစ္သားတပ္ေတြပါ... ဆိပ္ကမ္းမွာ သေဘၤာေတြဆိုက္ကပ္ထားေပးတဲ့အခ်ိန္မွာ အင္းဝတပ္မ်ားကလည္း ျပည္၊ ေတာင္ငူဘက္ကေန စစ္ခ်ီပါ.. ဟံသာဝတီတပ္ေတြ အင္းဝကို ခုခံဖို႔ စစ္ထြက္ၿပီဆိုတာနဲ႔ သေဘၤာအုပ္စုက သန္လ်င္ကို စီးနင္းၿပီး ဟံသာဝတီကို ႏွစ္ဖက္ညႇပ္လုပ္ႀကံၾကမယ္လို႔ မစၥတာစမစ္ က သူ႔ စစ္ဆင္ေရးကို ေျပာၾကားလိုက္ပါတယ္..အဲ့ဒါကို ကိုးသိန္းသခင္ သေဘာတူမတူ သိခ်င္ပါတယ္”
ကိုးသိန္းသခင္က အေရွ႕တည့္တည့္မွ ခရစ္ေတာ္ႏွင့္ မယ္ေတာ္မာရီ ႐ုပ္ထုမ်ားကို ေငးလ်က္ စဥ္းစားေနသည္။
“အစီအစဥ္ကေတာ့ ေကာင္းပါတယ္..အဂၤလိပ္ကုမၸဏီအေနနဲ႔..ဒီကိစၥကို ခိုင္မာတဲ့ အာမခံမ်ိဳးေတာ့ ေပးမွ ျဖစ္မယ္...ႏိုင္ငံနဲ႔ခ်ီတဲ့ ကိစၥမို႔ အေပးအယူေတြကို ေသေသခ်ာခ်ာစိစစ္ၿပီးမွ လုပ္ရပါမယ္..ဘာေၾကာင့္လဲဆိုေတာ့ ဒီကိစၥေတြကို က်ဳပ္တစ္ေယာက္တည္းဆုံျဖတ္လို႔ ရတာမဟုတ္ဘူး..လႊတ္ေတာ္၊ ၿဗဲတိုက္နဲ႔ ေ႐ႊနန္းရွင္ဆီက သေဘာတူညီခ်က္ေတြကလည္း လိုေသးတယ္”
ဖာသာမြန္ဒယ္လီက လက္ထဲမွ စာခြၽန္လိပ္တစ္ခုကို ကိုးသိန္းသခင္ထံ ကမ္းေပးလိုက္သည္။
“ဒါက ကုမၸဏီဘက္က စီစဥ္လာတဲ့ ျမန္မာဘာသာျပန္ၿပီးသား စာခ်ဳပ္ပါ....ဒီစာခ်ဳပ္ကို ဖတ္ၿပီး အင္းဝဘက္က ညႇိႏႈိင္းၾကပါ..သေဘာတူတယ္ဆိုရင္...ဖာသာမြန္ဒယ္လီက ကုမၸဏီကိုယ္စားလွယ္အေနနဲ႔ လက္မွတ္ထိုးဖို႔ ဒီ အင္းဝမွာ တပတ္တိတိေစာင့္ေနေပးပါ့မယ္တဲ့”
ကိုးသိန္းသခင္ က စာခြၽန္လိပ္ကို ေခတၱမွ် ျဖန႔္ၾကည့္လိုက္သည္။
“ခင္ႀကီးက ဒီေက်ာင္းမွာပဲ တည္းေနမယ္မဟုတ္လား....နန္းေတာ္ရဲ႕ သေဘာတူညီမႈရၿပီဆိုရင္...က်ဳပ္ ေဝါယာဥ္လႊတ္ၿပီး ေခၚခိုင္းလိုက္ပါ့မယ္”
ကိုးသိန္းသခင္က စာခြၽန္ကို ကိုင္လ်က္ ဘုရားေက်ာင္းအတြင္းမွ ခပ္သြက္သြက္ျပန္ထြက္သြားေတာ့၏။
.......................................................................................................................................................
၁၇၄၅ ၊ မတ္လ (၇)ရက္ေန႔။
ဟံသာဝတီဆိပ္ကမ္းသို႔ သန္လ်င္မွ သေဘၤာႏွစ္စီး ဆိုက္ကပ္လာသည္။
လြန္ခဲ့သည့္ ေလးရက္ခန႔္က အိႏၵိယဒတ္ခ်္ကုန္စည္အလုပ္႐ုံမွ ကပၸတိန္ေခ်ဗားလီးယားဒီစကြန္ေနဗီေလ(Chevalier de Schonenvila) ဉီးစီးသည့္ သေဘၤာရွစ္စီး အုပ္စုသည္ သန္လ်င္ဆိပ္ကမ္းသို႔ ဆိုက္ကပ္လာၾက၏။
ဟံသာဝတီဘုရင္ သမိန္ေထာက ထိုသေဘၤာအုပ္စုေခါင္းေဆာင္ ကပၸတိန္ေခ်ဗားလီးယား ႏွင့္ အရာရွိမ်ားအား ညစာျဖင့္ တည့္ခင္းဧည့္ခံလိုေၾကာင္း ဖိတ္ၾကားခ်က္အရ သေဘၤာအရာရွိမ်ားမွာ ပဲခူးဆိပ္ကမ္းသို႔ ေရာက္ရွိလာၾကျခင္းျဖစ္သည္။
သူတို႔ကို သြားေရာက္ဖိတ္ၾကားသည့္ ဖာသာဂါလစ္ဇီယာ၊ ဖာသာမြန္ဒယ္လီ၊ ဖာသာဒယ္လ္ကြန္ေတ တို႔ လည္း ေနာက္ထပ္သေဘၤာတစ္စင္းျဖင့္ ပါလာၾက၏။
ျမစ္ဆိပ္ေဘာတံတားေပၚသို႔ ဆင္းဆင္းခ်င္းပင္ ကပၸတိန္ေခ်ဗားလီးယား က အေျခအေနကို အကဲခတ္လိုက္သည္။
စစ္သည္ေထာင္ေပါင္းမ်ားစြာက ျမစ္ဆိပ္တစ္ခုလုံးကို ဝိုင္းရံထား၏။
“ဖာသာ..ပဲခူးဘုရင္က က်ဳပ္တို႔လာမွာကို ဘာလို႔ ဒီေလာက္ လူအင္အားေတြ ခ်ထားတာလဲ”
ကပၸတိန္က ဖာသာဂါလစ္ဇီယာထံ ေလွ်ာက္သြားၿပီး ေမးလိုက္သည္။
“ဘုရင္ကိုယ္တိုင္ လာႀကိဳမွာမို႔လို႔...လုံၿခဳံေရးအရ ထင္ပါတယ္..စိတ္မပူပါနဲ႔”
“ဘုရင္က မလာေသးဘူးလား”
“လာေတာ့ လာမွာပါ..ခဏေစာင့္ၾကတာေပါ့”
ခဏအၾကာတြင္ ေ႐ႊနားကြပ္ထီးေဆာင္းၿပီး ျမင္းစီးလာသူ တစ္ဉီး ဉီးေဆာင္လာသည့္ တပ္စိတ္တစ္စိတ္က ဟသၤာအလံမ်ားတလူလူျဖင့္ သူတို႔ဆီသို႔ ဆင္းလာ၏။
“ဘုရင္ က ဘယ္တစ္ေယာက္လဲ..ဖာသာ”
ဖာသာဂါလစ္ဇီယာက မ်က္ေမွာင္ႀကဳံ႕ကာ ၾကည့္လိုက္သည္။
“ေ႐ႊနားကြပ္ထီးဆိုေတာ့...အမတ္ႀကီးအဆင့္ပဲ လာတာထင္ပါရဲ႕..အမတ္ခ်ဳပ္ႀကီး ဗညားဒလျဖစ္ေလာက္တယ္”
အနီးသို႔ ေရာက္ေသာအခါ ဖာသာဂါလစ္ဇီယာက ဉီးေအာင္လွကို ၿပဳံးျပလိုက္သည္။
ဉီးေအာင္လွက ဖာသာဂါလစ္ဇီယာႏွင့္ ကပၸတိန္တို႔ကို ေခါင္းညိတ္ကာ ျပန္ၿပဳံးျပ၏။
“ဖာသာမြန္ဒယ္လီအတြက္ လက္ေဆာင္တစ္ခု အရင္ေပးလိုက္ပါတယ္”
ဉီးေအာင္လွ စကားေၾကာင့္ အားလုံး ေၾကာင္သြားၾကသည္။
ဖာသာဂါလစ္ဇီယာေနာက္တြင္ ရပ္ေနေသာ ဖာသာ မြန္ဒယ္လီက ေရွ႕သို႔ ထြက္လာသည္။
ဟံသာဝတီစစ္သားတစ္ဉီးက အဝတ္နီျဖင့္ ထုတ္လာေသာ အရာတစ္ခုကို ဖာသာမြန္ဒယ္လီထံ ေပးလိုက္၏။
ထို႔ေနာက္ ဉီးေအာင္လွက ျမင္းကို ေနာက္ျပန္လွည့္ကာ ကမ္းေပၚသို႔ ျပန္တက္သြားေတာ့သည္။
ဖာသာမြန္ဒယ္လီက သူ႔လက္ထဲမွ အဝတ္နီကို ျဖည္လိုက္သည္။
“အား”
အဝတ္နီအတြင္းမွ အရာတစ္ခုကို ဖာသာမြန္ဒယ္လီ အလန႔္တၾကား လႊင့္ပစ္လိုက္၏။
ေခါင္းျပတ္ႀကီးတစ္ခု။ ဖာသာမြန္ဒယ္လီအား အင္းဝသို႔ ႐ုပ္ဖ်က္ေခၚေဆာင္ေပးသြားခဲ့သူ မုတၱမအိုးကုန္သည္ ေလွသူႀကီး၏ ေခါင္း။
အေျခအေနကို သေဘာေပါက္သြားေသာ ဖာသာမြန္ဒယ္လီသည္ သေဘၤာေပၚသို႔ ျပန္တက္ေျပးသည္။
“ေဖာင္း”
ကမ္းေပၚမွ ေသနတ္သံတခ်က္ ထြက္ေပၚလာၿပီး ဖာသာမြန္ဒယ္လီမွာ ေရထဲသို႔ ျပဳတ္က်သြား၏။
ကပၸတိန္ေခ်ဗားလီးယားက ပစၥတိုေသနတ္ကို ထုတ္လိုက္သည္။
ေနာက္က်သြားေခ်ၿပီ။
ရာေပါင္းမ်ားစြာေသာ ေသနတ္သံမ်ား ကမ္းေပၚမွ အဆက္မျပတ္ထြက္ေပၚလာသည္။
အခ်ိဳ႕ သေဘၤာအရာရွိမ်ားသည္ သေဘၤာေပၚသို႔ တက္ေျပးကာ လက္နက္မ်ား ယူၿပီး ပစ္ခတ္ခုခံၾက၏။
သို႔ေသာ္...စနစ္တက်ျပင္ဆင္ထားၿပီးျဖစ္ေသာ ဟံသာဝတီတပ္က ေသနတ္၊ ျမတပူမ်ားျဖင့္ အျပင္းအထန္တိုက္ခိုက္ၾကရာ သေဘၤာမ်ား မီးစြဲေလာင္ကာ ပ်က္စီးသြားၾကသည္။
ေနာက္ဆုံးတြင္ သေဘၤာအရာရွိမ်ားမွာ ဟံသာဝတီတပ္မ်ားထံ လက္နက္ခ်အဖမ္းခံၾကရသည္။
သေဘၤာဆိပ္ပတ္ခ်ာလည္တြင္ေတာ့ ေသြးမ်ား ျမင္မေကာင္းေအာင္ ရဲတြတ္ေနသည္။
ဖာသာမြန္ဒယ္လီ၊ ဖာသာဂါလစ္ဇီယာ၊ ကပၸတိန္ေခ်ဗားလီးယား တို႔၏ အေလာင္းမ်ားမွာ ေသြးအိုင္ထဲတြင္ သဲမ်ား ေပက်ံလ်က္။
.......................................................................................
သန္လ်င္ၿမိဳ႕၊ ဘာနာဗိုက္ခရစ္ယာန္ေက်ာင္းေတာ္သို႔ ညဉီးပိုင္းတြင္ လက္်ာဗိုလ္ႏွင့္ တပ္အခ်ိဳ႕ ႐ုတ္တရတ္ေရာက္လာၾကသည္။
ဖာသာနာေရနီက ႐ုတ္တရက္ လက္်ာဗိုလ္ကို ျမင္လိုက္ရသျဖင့္ အံဩဝမ္းသာသြား၏။
လက္်ာဗိုလ္သည္ ျမတ္ဝါ ကိုေတြ႕ရွိၿပီးသည့္ေနာက္ သူ႔အေပၚ ေအးစက္စက္ ဆက္ဆံေရးသာ ရွိခဲ့သည္မွာ ၾကာခဲ့ၿပီမဟုတ္လား။
“ဗိုလ္မင္း..ကြၽန္ေတာ့္ဆီ လာေသးတယ္ေနာ္”
လက္်ာဗိုလ္က ဖာသာနာေရနီ၏ လက္ကို ဆြဲလိုက္ၿပီး ဘုရားေက်ာင္းအေနာက္ဘက္ ေထာင့္ ေမွာင္ရိပ္ထဲသို႔ ေခၚသြားသည္။
“ရာနီ...ခင္ဗ်ားတို႔ အခုပဲ သန္လ်င္က ထြက္ၾကရမယ္”
“ဟင္..ဘာျဖစ္လို႔လဲ..ဗိုလ္မင္း”
“ဒီမွာဆက္ေနရင္ အသက္အႏၲရာယ္ရွိတယ္....ခင္ဗ်ားတို႔အတြက္ ဆိပ္ကမ္းမွာ သေဘၤာအသင့္ စီစဥ္ေပးထားၿပီးၿပီ”
“ဘာျဖစ္လို႔လဲ..ဘာေတြျဖစ္ကုန္တာလဲ..ေျပာပါဉီး..ဟံသာဝတီက..ဖာသာဂါလစ္ဇီယာတို႔ေရာ”
“အခုေလာက္ဆို ဉီးေအာင္လွက သူတို႔ကို ကြပ္မ်က္ၿပီးၿပီ....ရာနီ”
“ဘာလို႔လဲ..ဘာလို႔လဲ”
ဖာသာနာေရနီအသံက တုန္ယင္ေနသည္။
လက္်ာဗိုလ္က ဖာသာနာေရနီ၏ ပုခုံးကို ကိုင္လိုက္သည္။ ထို႔ေနာက္ နဖူးကို နမ္းလိုက္၏။
“စိတ္ကို ေအးေအးထား ရာနီ....ဖာသာမြန္ဒယ္လီဟာ အင္းဝနဲ႔ အဆက္အသြယ္လုပ္ခဲ့တယ္...အဲ့ဒီသတင္းက ေပါက္ၾကားသြားခဲ့ၿပီ..ခင္ဗ်ားတို႔ကက္သလစ္ဘုန္းေတာ္ႀကီးအားလုံးကို သတ္ဖို႔ အမိန႔္ခ်ထားတယ္....ခင္ဗ်ား ဒီက ထြက္မွျဖစ္ေတာ့မွာ..လုပ္ အဝတ္အစားေတြသိမ္း...လြီဇာေပးတဲ့ စာခြၽန္လည္း ေသခ်ာသယ္ခဲ့ပါ.....ဘရာသာကာပယ္လို..ခင္ဗ်ားလည္း ယူစရာရွိတာယူေတာ့”
ဖာသာနာေရနီက သူ၏ အခန္းတြင္းသို႔ ခပ္သြက္သြက္ဝင္သြားသည္။
ခဏအၾကာတြင္ ဖာသာနာေရနီ၊ ဘရာသာအင္ဂ်လိုကာပယ္လို တို႔ အထုတ္အပိုးမ်ားျဖင့္ အသင့္ျဖစ္ၿပီျဖစ္သည္။
“အထုတ္ေတြ ျမင္းေပၚတင္ၾက..ဖာသာတို႔အတြက္လည္း ျမင္းေတြ ပါတယ္”
ထို႔ေနာက္ ျမင္းကိုယ္စီျဖင့္ သန္လ်င္ဆိပ္ကမ္းဆီသို႔ သူတို႔ ဆင္းခဲ့ၾကသည္။
ဆိပ္ကမ္းေမွာင္ရိပ္တြင္ သေဘၤာတစ္စီး ရပ္ထား၏။
လက္်ာဗိုလ္က လက္ဝါးႏွစ္ဖက္ကို ပူးလိုက္ၿပီး ဉဩသံတစ္ခု ျပဳလုပ္လိုက္သည္။
သေဘၤာဆီမွ မီးေရာင္တစ ေပၚလာ၏။
လက္်ာဗိုလ္က ျမင္းေပၚမွ ဆင္းလိုက္သည္။ ထို႔ေနာက္ ဖာသာနာေရနီ ကို ျမင္းေပၚမွ ဆင္းႏိုင္ရန္ ကူေပးလိုက္၏။
ဖာသာနာေရနီက လက္်ာဗိုလ္၏ လက္ဖဝါးကို ခပ္တင္းတင္း ဆုပ္ကိုင္လိုက္သည္။
“ကြၽန္ေတာ္ တို႔ အၿပီး ခြဲၾကရေတာ့မွာလား...ဗိုလ္မင္း”
“ရာနီ..က်ဳပ္ ခင္ဗ်ားအေပၚ သံေယာဇဥ္ရွိပါတယ္..ဒါေပမယ့္”
“ဒါေပမယ့္..ဘာျဖစ္လဲ...ျမတ္ဝါ ဆိုတဲ့ ကေလးမေၾကာင့္လား..ဗိုလ္မင္း”
လက္်ာဗိုလ္က ေခါင္းခါလိုက္သည္။
“က်ဳပ္က ဟံသာဝတီရဲ႕ စစ္သူႀကီးတစ္ေယာက္ပါ...ဒီလို သဘာဝမဟုတ္တဲ့ ကိစၥမ်ိဳး၊ ႏိုင္ငံျခားသား နပုန္းပု႑က္တစ္ေယာက္ နဲ႔ အကြၽမ္းတဝင္ ျဖစ္ၾကတယ္ဆိုတဲ့ကိစၥက ဘယ္လိုမွ”
“ရပါၿပီ...ဗိုလ္မင္း...ကြၽန္ေတာ္သိပါၿပီ....သန္လ်င္မွာရွိခဲ့တဲ့အခ်ိန္ေတြအတြက္ေရာ အခုထိ ကြၽန္ေတာ့္ကို ေစာင့္ေရွာက္ေပးတဲ့အတြက္ပါ ဗိုလ္မင္းကို ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္...ေနာက္ထပ္ ဗိုလ္မင္းအတြက္ ကြၽန္ေတာ္လုပ္ေပးႏိုင္တာရွိရင္လည္း ေျပာပါ”
“လြီဇာဆီက စာ....အဲ့ဒီစာကို ပြန္ဒီခ်ယ္ရီက ေရတပ္ဗိုလ္မီလပ္ ဆီ ေရာက္ေအာင္ပို႔ေပးပါ..သူကတဆင့္ မြန္စီယာဘ႐ူႏို နဲ႔ ဘုရင္ခံဒူပေလ ဆီ ေရာက္ေအာင္ဆက္ပို႔လိမ့္မယ္..ဟံသာဝတီအတြက္ အဲ့ဒီ တစ္ခုေတာ့ ကူညီေပးပါ..ဖာသာ”
“ကြၽန္ေတာ္ ရေအာင္သြားပါ့မယ္..ဗိုလ္မင္း”
“ေနာက္တစ္ခုက...အဲ့ဒီစာေရာက္သြားၿပီးတဲ့အခါ...ရာနိတ္ ေဟာ့ဒီသန္လ်င္ေျမကို ျပန္လာခြင့္ရေအာင္ က်ဳပ္ အာမခံတယ္”
“ကြၽန္ေတာ္က ဒီေျမကို ျပန္လာရဉီးမွာလား”
“ရာနီ..က်ဳပ္.နဲ႔ ခင္ဗ်ား...ေပါင္းစပ္လို႔ မရေပမယ့္.ခင္ဗ်ားကို က်ဳပ္မ်က္စိေအာက္မွာေတာ့ အၿမဲရွိေနေစခ်င္တယ္ေလဗ်ာ”
နာေရနီ၏ ေဝ့သီလာေသာ မ်က္ရည္မ်ားကို သုတ္လိုက္သည္။
“ျမတ္ဝါကို ဂ႐ုစိုက္ေပးပါ...ဗိုလ္မင္း”
ဖာသာနာေရနီ ႏွင့္ ဘရာသာကာပယ္လို တို႔ သည္ သေဘၤာသားတစ္ဉီး၏ လမ္းျပမႈျဖင့္ သေဘၤာေပၚတက္သြားၾကသည္။
သေဘၤာက ေက်ာက္ဆူးကို ႏုတ္ကာ သန္လ်င္ဆိပ္ကမ္းမွ ျမစ္ဝဆီသို႔ တေ႐ြ႕ေ႐ႊ႕ထြက္ခြာသြား၏။
သေဘၤာခပ္ေဝးေဝးေရာက္သည္ႏွင့္ လက္်ာဗိုလ္က သူ႔တပ္မ်ားထံ တစ္စုံတစ္ရာေအာ္ေျပာလိုက္သည္။
မီးရႉးတစ္ခုက ေကာင္းကင္သို႔ ျဖာခနဲ တက္သြား၏။
မၾကာမီ စစ္စည္တီးသံမ်ား၊ ညာသံေပးသံမ်ား ထြက္ေပၚလာၿပီး သန္လ်င္ဆိပ္ကမ္းတြင္ က်န္ရစ္သည့္ အိႏၵိယဒတ္ခ်္ကုန္စည္အလုပ္႐ုံ သေဘၤာမ်ားမွာ လွ်ိဳ႕ဝွက္ေရာက္ရွိေနသည့္ ဟံသာဝတီစစ္သည္မ်ား၊ သန္လ်င္ၿမိဳ႕ေစာင့္တပ္မ်ား၏ ႐ုတ္တရတ္တိုက္ခိုက္ျခင္းကို ခံၾကရေတာ့သည္။
သန္လ်င္ဆိပ္ကမ္းရွိ ေအာစတင္အေရွ႕အိႏၵိယကုမၸဏီ႐ုံးခန္းကိုလည္း ဝင္ေရာက္စီးနင္းၿပီး မီးရႈိ႕လိုက္ၾကသည္။
ကုမၸဏီတာဝန္ခံ ဂြၽန္နသန္စမစ္မွာမူ...ဟံသာဝတီတပ္မ်ား မေရာက္လာခင္..လက္မေလးတင္ပင္..သေဘၤာငယ္တစ္စီးျဖင့္ ဟိုင္းႀကီးကြၽန္းသို႔ ထြက္ခြာသြားႏိုင္ခဲ့သည္။
ျမစ္ဝဆီမွ သေဘၤာတစ္စင္းေပၚတြင္ေတာ့ ဖာသာနာေရနီ ႏွင့္ ဘရာသာကာပယ္လိုတို႔ သည္ မီးေတာက္ မီးလွ်ံမ်ား တၫြန႔္ၫြန႔္တက္ေနေသာ သန္လ်င္ဆိပ္ကမ္းဘက္သို႔ ၾကည့္ကာ ဘုရားသခင္ထံ ဆုေတာင္းပတၱနာျပဳေနၾကသည္။
ခက္ေဇာ္
အခန္း(၁၇) သဘက္ခါ
(ယူသယ္ေသာက္စို႔၊ ပ်ားလပို႔ႏွင့္၊ ပ်ားတို႔စုပုံ၊ ေတာျဖစ္ၿခဳံတြင္၊ ပ်ားအုံရွိေန၊ ထိခိုက္ေခ်ေသာ္၊ ပ်ားေတြအရႈပ္၊ ဝန္း၍တုပ္သို႔၊ စိုးခ်ဳပ္ပန္ၿခံ၊ သူ႔ႏိုင္ငံအား၊ စိတ္ႀကံပါးယား၊ ယူမပြားတည့္၊ တိုင္းကားခ်က္ခ်ာ၊ ကိုယ့္ၿမိဳ႕႐ြာကို၊ ရန္ရွာေဒါသ၊ အလ်င္ စ မူ၊ ျပင္းျပမေညာင္း၊ ညီညာေျပာင္း၍ ၊ တိုက္လံျပဳ၏။ မဓုဗ်ဴဟာ၊ စစ္ဆင္ရာ ။ ။ ဗ်ဴဟစကၠိပ်ိဳ႕)
တပါးသူအား မိမိက စမတိုက္ေသာ္လည္း တပါးသူမွ မိမိၿမိဳ႕႐ြာ ကို ထိပါးလာလွ်င္ ပ်ားအုံကို ထိပါးလာသူကို ပ်ားမ်ားက ဝိုင္းဝန္းစုၿပဳံတိုက္ခိုက္ၾကသကဲ့သို႔ ညီညီညာညာ အဖက္ဖက္မွ ဝိုင္းဝန္းတိုက္ခိုက္ၾကလွ်င္ ရန္သူစစ္ကို ေအာင္ႏိုင္ရာေၾကာင္း။
Done🐬🐬
ReplyDelete2022
Deletedone
ReplyDeleteကလိပီး
ReplyDeleteDone 🤍
ReplyDelete👍
ReplyDeleteDone 💪
ReplyDelete💪💪💪
ReplyDeleteပီး.
ReplyDelete