AVA 1740s (S2) (အခန်း၁၇)

AVA 1740s (Season 2)

                                                                       အခန်း(၁၇)

                                                             ...............................................

ဟံသာဝတီဆိပ်ကမ်းဆီမှ သေနတ်သံ၊ အမြှောက်သံများ ကြောင့် သမိန်ထော သည် ကုတင်ပေါ်မှထပြီး နန်းဆောင်ပြတင်းတံခါးဆီသို့ လျှောက်သွားသည်။

သေနတ်သံများတိတ်ဆိတ်သွားသည့်တိုင် သမိန်ထော၏ အသက်ရှုသံများမှာမြန်နေ၏။

“မောင်ကြီးသာလှ”

သမိန်ထောက အလန့်တကြား လှည့်ကြည့်လိုက်သည်။

သူ့နောက်တွင် မတ်တပ်ရပ်နေသည့် ဂမုန်း။

“မောင်ကြီး ဘာဖြစ်နေတာလဲ”

“သူတို့..သူတို့ ငါ့ကိုရော.သတ်ကြတော့မှာလား..ဂမုန်း..သတ်ကြတော့မှာလား”

“မောင်ကြီးကို ဘာလို့ သတ်ရမှာလဲ..မောင်ကြီးက ဟံသာဝတီရဲ့ ရှင်ဘုရင်လေ”

သမိန်ထောက ဂမုန်း၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

“ငါ့ကိုယ်ငါ သိပါတယ်..ငါက ဘုရင်မဟုတ်ပါဘူး..ဂမုန်း...မင်းအဖေ က ငါ့ကို တချိန်ချိန်ကျ သတ်မှာပါပဲ.. ငါက သေမယ့်နေ့ကို စောင့်နေရတာပါ”

ဂမုန်းက သမိန်ထော၏ ပါးကို သူမ၏ လက်ဝါးဖြင့် ပွတ်သပ်လိုက်သည်။

“စိတ်အေးအေးထားပါ..မောင်ကြီးရယ်..အဖက မောင်ကြီးကို မသတ်ပါဘူး..ဂမုန်းရှိနေသ၍ မောင်ကြီးကို သူမသတ်ပါဘူး”

သမိန်ထောက နဘေးမှ သလွန်ပေါ် အရုပ်ကြိုးပျက်ထိုင်ချလိုက်သည်။

ထို့နောက် မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ရှိုက်ကြီးတငင်ငင် ငိုတော့၏။

“ငါ့မိတ်ဆွေတွေ..ငါ့ဘေးနားကလူတွေကို သူအကုန်သတ်ပစ်နေပြီလေ..အခုပဲ သေနတ်သံတွေ ကြားတယ်..မဟုတ်လား..သူတို့ ခင်ကြီးဂါလီဇီ တို့ကို .သတ်ပစ်နေကြတာ”

ဂမုန်းက ပွင့်နေသော ပြတင်းတံခါးများကို ပိတ်လိုက်သည်။

ထို့နောက် သမိန်ထော၏ နဘေးတွင် ဝင်ထိုင်လိုက်၏။

“သူတို့က သစ္စာဖောက်တွေလေ..မောင်ကြီးရဲ့..မောင်ကြီးက သစ္စာဖောက်မှ မဟုတ်တာ..မဟုတ်ရင် မကြောက်ပါနဲ့”

“ဂမုန်း..ငါ့နှမ..ငါတောင်းပန်ပါတယ်...ငါ..နှင်းသီရိ ကိစ္စမှာ မင်းကို သစ္စာဖောက်တာမဟုတ်ပါဘူး..ငါ ဒီလို ပြောလို့ မင်းအဖေကို ပြောပြီး ငါ့ကို သတ်ချင်လည်း သတ်ပစ်ပါ..ငါ အခု နှင်းသီရိ ကို စိတ်ပူတယ်..မင်းတို့ သူ့ကို ဘယ်မှာထားကြလဲ”

“သူ ဒီနန်းတော်ထဲမှာပဲ ရှိပါတယ်..မောင်ကြီး...သူ့ မိဖုရားအဆောင်အယောင်တွေကိုလည်း မရုတ်သိမ်းပါဘူး..ဒီတိုင်းပါပဲ”

“ဂမုန်း....ငါ...သူ့ကို ချစ်တယ်...သူ့ကိုပဲ ချစ်တယ်..ငါမရှိရင် ဒီနန်းတော်ထဲမှာ သူ အရမ်းစိတ်အားငယ်နေမှာ..ငါ့ကို သူနဲ့တွေ့ခွင့်ပေးပါ”

“ခလွမ်း”

ဂမုန်းက အနားတွင်ရှိသော တရုတ်ပြည်ဖြစ် ကြွေရေတကောင်းကို ကိုင်ကာ နန်းတော်နံရံကို ပစ်ပေါက်ခွဲပစ်လိုက်သည်။

“တော်တော့..ရှင် ဆက်မပြောနဲ့တော့...လာ..ကျွန်မကိုယ်တိုင် သူ့ဆီ လိုက်ပို့မယ်...ရှင် အဲ့ဒီမှာပဲနေတော့”

ဂမုန်းက သမိန်ထော၏ လက်ကိုဆွဲလိုက်ပြီး အဆောင်တံခါးကို ဆွဲဖွင့်လိုက်သည်။

အပြင်ဘက်တွင် ဗိုလ်မှူးတလပန်း နှင့် ရဲမက်များက ဓါးလှံများဖြင့် အသင့်အနေအထား ရောက်နေ၏။

သမိန်ထောမှာ ကြောက်လန့်ပြီး ဂမုန်း၏ အနောက်ဘက်သို့ အသာတိုးလိုက်သည်။

“နင်တို့က ဘာလဲ..အနောက်အဆောင်ထဲ ညဘက် ဝင်ရင် သေဒဏ်ဆိုတာ မသိကြရော့လား”

ဂမုန်း ၏ မျက်လုံးများက ဒေါသကြောင့် အမှောင်ထဲတွင် လက်လက်တောက်နေသည်။

နှုတ်ခမ်းကို ကိတ်ထားပြီး ရင်အစုံက နိမ့်ချီ မြင့်ချီ။

“မေးနေတယ်လေ...ရှင်တို့ အနောက်ဆောင်ကို ဝင်လာပြီး ဘာလုပ်နေကြတာလဲလို့”

“ကျွန်တော်မျိုး တလပန်းပါ..မိဖုရားကြီး..မိဖုရားကြီးရဲ့ ခမည်းတော်က ဒီည နန်းတော်ထဲ သေချာစောင့်ကြပ်စစ်ဆေးရမယ်လို့ အမိန့်ချထားပါတယ်..အထူးသဖြင့် ဘုရင်ကြီး ရှိတဲ့ အဆောင်တော်ကို ဂရုစိုက်ရမယ်ဆိုလို့ပါ..အထဲကလည်း အသံတွေကြားတော့ အရှင်နှစ်ပါးအတွက် စိုးရိမ်လို့ အသင့်စောင့်နေပေးခြင်းပါ”

“အရှင်မင်းကြီးက...ဇင်းမယ်မိဖုရားရဲ့ အဆောင်တော်ကို ကူးမှာ..အဲ့ဒါ လိုက်ပို့ပေးလိုက်ကြ”

တလပန်းက လက်အုပ်ချီလက် အချက်ပြလိုက်သည်။

သမိန်ထောက ရဲမက်များနှင့်အတူ ဇင်းမယ်မိဖုရားနှင်းသီရိစိတ္တာ ရှိရာ အဆောင်သို့ လိုက်ပါသွား၏။

“တလပန်း နေဉီး”

“မိန့်တော်မူပါ..မိဖုရားခေါင်ကြီး”

“ခေါင်ခေါင်.က.. ကုန်သည်တော်ကြီး လွီဇာ ဆီကို သွားချင်တယ်...ဝေါပြင်ထားဖို့ မိန်းမစိုးတွေကို ပြောလိုက်”

“ညဉ့်နက်နေပါပြီ..မိဖုရားခေါင်ကြီး..နန်းတော်တံခါးတွေလည်း ပိတ်ထားလိုက်ပါပြီ..နောက်ပြီး ဆိပ်ကမ်းဘက်မှာလည်း ပစ်ခတ်မှုတွေရှိနေလို့ မြို့ထဲကို..သွားဖို့ မသင့်တော်ပါ”

“တလပန်း...မောင်မင်းမှာ မိဖုရားခေါင်ကြီးတစ်ပါးကို ဒီလို တားပိုင်ခွင့်ရှိသလား”

“မရှိပါ...အရှင်မ”

“ဒါဆို ငါ့အမိန့်အတိုင်းလုပ်”

“မိဖုရားခေါင်ကြီး တစ်ပါးအနေနဲ့ ဒီအချိန် မြို့ထဲထွက်တယ်ဆိုတာ..တံခါးစောင့် တံခါးမှူးများ မြင် ကြား ကြရင်လည်း ပြောစရာတွေဖြစ်ကုန်ပါ့မယ်..ဒီအချိန် နန်းတော်ကိစ္စဟာ ကျွန်တော်မျိုးမှာ အပြည့်အဝ တာဝန်ရှိနေတာမို့..သည်းခံပေးစေချင်ပါတယ်..ဘုရား”

“ရှင်တို့ က ကျွန်မကိုပါ အကျဉ်းချချင်နေကြတာလား..ကျွန်မက ဂမုန်းပါ..အသက် (၂၀)ကျော်ပဲရှိသေးတဲ့ မိန်းကလေးတစ်ယောက်ပါ... ကျွန်မမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတော့ဘူးလား... ကျွန်မမှာ ကျွန်မယုံကြည်ရတဲ့ သူဆီ....ရင်ဖွင့်ခွင့်..ငိုခွင့်လေးတောင် မရှိတော့ဘူးလား”

ဂမုန်း၏ အသံမှာ တိမ်ဝင်သွား၏။ မျက်ရည်ပေါက်တစ်ပေါက်က ပါးပြင်ပေါ်လှိမ့်ဆင်းလာသည်။

တလပန်း က ဂမုန်း၏ မျက်နှာကို အံဩမှင်တက်စွာ ကြည့်လိုက်သည်။

“အရှင်မ..သွားချင်တယ်ဆို..တိုးတိုးတိတ်တိတ်သွားဖို့ ကျွန်တော်မျိုး စီစဉ်ပေးပါ့မယ်..ဒါပေမယ့် ကျွန်တော်မျိုးကိုယ်တိုင် လိုက်ပို့ပေးပါရစေ”

ခဏအကြာတွင် ဟံသာဝတီနန်းတော်အတွင်းမြို့တံခါး ပွင့်သွားသည်။

 လရောင်အောက်တွင် လှည်းယာဉ်တစ်စီးက ဟံသာဝတီ အပြင်မြို့ ရပ်ကွက်များဆီသို့ ဉီးတည်ထွက်သွား၏။

“မိဖုရားကြီး..စောင်ကိုဖယ်လိုက်လို့ ရပါပြီ”

ဂမုန်းက ခေါင်းမြီးခြုံလာသော စောင်ကို ဖယ်လိုက်သည်။

အစောပိုင်းက မြစ်ကမ်းဘက်ဆီမှ သေနတ်သံ၊ အမြောက်သံများကြောင့် ဟံသာဝတီမြို့သည့် လရောင်အောက်တွင် တိတ်ဆိတ်နေ၏။

“လ ကလည်း သာလိုက်တာနော်”

“ဟုတ်တယ်..မိဖုရားကြီး...ဒီလို လသာတဲ့ညတွေဆို ဟံသာဝတီမြို့ကြီးကို အပေါ်စီးက နေကြည့်ရင် သိပ်လှတာပဲ...လရောင်အောက်မှာ တလက်လက်ထနေတဲ့ ပဲခူးမြစ်ကြီးရယ်... အိမ်တွေ၊လမ်းတွေတွေရယ်..မြစ်ဟိုးဘက်တခြမ်း ဥဿာမြို့ဟောင်းက စေတီပုထိုးတွေရယ်နဲ့...သိပ် ကြည်နူးစရာကောင်းတဲ့မြင်ကွင်းမျိုးပေါ့ဗျာ....”

“ဟံသာဝတီကို ဘယ့်နှယ့်ဘယ်နေရာက အပေါ်စီး ကြည့်ရတာတာလဲ”

“ကျွန်တော်မျိုး အင်းဝက ဆင့်ခေါ်လို့ စစ်ထွက်ပြီးအပြန်...မိဖုရားကြီးရဲ့ ခမည်းတော် တို့တွေက မောဓောဘုရားခြေရင်းမှာ တပ်တွေကို နေရာချပေးကြတယ်လေ...အဲ့ဒီတုန်းက ညညဆို ကျွန်တော်မျိုးလည်း တပ်ကင်းတွေလိုက်စစ်ရင်း အိပ်မပျော်တာနဲ့ ဟိုဟိုဒီဒီလျှောက်သွားရင်း မောဓောဘုရားအရှေ့ဘက်က တောင်ကုန်းလေးပေါ် ရောက်ရောက်သွားတယ်..ဟင်္သာကုန်းလို့ ခေါ်တဲ့ စေတီကုန်းလေးပေါ့..အဲ့ဒီပေါ်ကနေ ဟံသာဝတီမြို့ကြီးကို သွားသွားငေးမိတာပ”

“ဪ..ဟုတ်ပါပြီ..ဒါနဲ့ အဲ့ဒီတုန်းက ဖြင့် ခေါင်ခေါင်တို့ မမလွီဇာတို့ စစ်သည်အများကို ကျွေးမွေးကြတာပေါ့...ရှင့်ကိုဖြင့်... သေချာတောင် သတိမထားမိပါဘူး

“အဲ့ဒီတုန်းကတည်းက လွီဇာနဲ့အတူ မိဖုရားကြီးဖြစ်လာမယ့် မိဖုရားကြီးကို ကျွန်တော်မျိုးတွေ့ဖူးခဲ့ပြီးသားပါ”

“အင်း..ဒါနဲ့..အဲ့ဒီ ကုန်းပေါ်ကနေ ဟံသာဝတီမြို့ကို ကြည့်ရင် သိပ်လှတာပဲလား”

“ရာဇဌာနီ..ပြည်ကြီးပီ၍..တုသီတာမှ..ဘုံလျှင်ကျသို့..လမ်းမဆက်သွယ်..လမ်းလျှင်ရံပိုက်..မြှောင်သွယ်ဝိုက်လျက်”

တလပန်း က နဝဒေးကြီး၏ ဟံသာဝတီဘွဲ့တိုင်ရတုကို လှည်းမောင်းနေရင်းမှ အသံဝါကြီးဖြင့် ရွတ်လိုက်သည်။

“အဲ့ဒီ ရတုထဲက အတိုင်းပါပဲဗျာ”

“အံမယ်..ရှင့်ကို ကျွန်မက စစ်တိုက်ဖို့ပဲသိတဲ့ လူကြမ်းကြီးထင်နေတာ..ဒီလို ကဗျာတွေစာတွေလည်း ရတာလား”

“ဒီလိုပါပဲ..ငယ်ငယ်က မုတ္တမဘက်ဆီကို ဟံသာဝတီကပြေးလာတဲ့ ရဟန်းတစ်ပါး ဆီက ရတုလေးဘာလေး လိုက်သင်ဖူးလို့ပါ..မိဖုရားကြီးရဲ့”

သူတို့ ခေတ္တမျှ တိတ်ဆိတ်သွားတော့သည်။

ရှေ့တွင် လွီဇာ၏ အိမ်ခြံဝန်းကို မြင်နေရပြီဖြစ်၏။

“ခဏနေဉီး...တလပန်း”

“ဘာများဖြစ်လို့ပါလဲ..မိဖုရားကြီး”

“မသွားနဲ့တော့..လွီဇာ အိမ်နဲ့ မလှမ်းမကမ်းမှာ ကျွန်မတို့ အိမ်တော်လေ...တော်ကြာ ခမည်းတော် ပြန်ရောက်လာလို့ တိုးနေရင်..ကျွန်မ နန်းတော်ထဲမှာဘာဖြစ်ခဲ့လို့လဲ မေးနေပါ့မယ်..ဒီအချိန် ကျွန်မ ဘာမှ မဖြေချင်ဘူး”

“ဒါဆို ..ကျွန်တော်မျိုး နန်းတော်ဆီ ပြန်မောင်းရမလား...မိဖုရားကြီး”

“ဟင်အင်း..ကျွန်မကို ရှင်ခုန ပြောတဲ့ ဟင်္သာကုန်းပေါ် လိုက်ပို့ပေး”

“ဗျာ”

“လိုက်ပို့ပေးပါ..တလပန်း...ကျွန်မ ဒီလို လွတ်လပ်မှုမျိုး မခံစားရတာကြာပြီ...ဒီမြို့ကြီးကို အပေါ်စီးက ကြည့်ပြီး ကျွန်မ ခံစားနေရသမျှတွေကို လွတ်လွတ်လပ်လပ်ဖြေသိမ့်ချင်လို့ပါ..ကျွန်မ ရှင့်ကို အမိန့်ပေးတာမဟုတ်ပါဘူး..တောင်းဆိုတာပါ”

တလပန်းက လှည်းကို ဟင်္သာကုန်းဘက်ဆီသို့ ဉီးတည်လိုက်တော့သည်။

ဟင်္ဿာကုန်းခြေရင်းတွင် တလပန်းက လှည်းကို ရပ်ကာ နွားများကို သစ်ပင်တစ်ခုတွင် ချည်လိုက်သည်။

ထို့နောက် လက်ဆွဲတော်ဓါးကို စလွယ်သိုင်းလွယ်လိုက်၏။

ပါလာသော မီးခတ်၊ လဲ့မှိုတို့ဖြင့် လှည်းပေါ်မှ မီးတုတ်တစ်ခုကို မီးထွန်းညှိ့လိုက်သည်။

“မြွေ ၊ ကင်းတွေကိုတော့ သတိထားပြီး တက်ပါ..မိဖုရားကြီး”

ဟင်္သာကုန်းစေတီလေး ပေါ်သို့ သူတို့ ရောက်လာကြသည်။

တလပန်းပြောသည့်အတိုင်း လရောင်အောက်တွင် လှပနေသည့် ဟံသာဝတီမြို့ကြီးကို မြင်ကြရ၏။

ဂမုန်းက သူ၏ အောက်ဖက်တွင်ရှိနေသော ဟံသာဝတီမြို့ကြီးကို တိတ်ဆိတ်စွာငေးနေသည်။

တလပန်းက မီးတုတ်ကို မြေတွင် စိုက်ထောင်ထားလိုက်ပြီး ဘေးနားရှိ အုတ်ခုံတွင် ထိုင်ချလိုက်သည်။

“ကြည့်စမ်းပါဉီး..ဒီလောက်လှပတဲ့ မြို့ကြီးထဲမှာ ရှုပ်ထွေးပွေလီတဲ့ အဖြစ်တွေ၊ ရက်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ နာကြင်စရာကိစ္စတွေ ရှိနေလိမ့်မယ်လို့..ဘယ်သူမှများ တွေးမိမှာတဲ့လဲ”

“မှန်ပါ့...မိဖုရားကြီး”

“ဒီနေရာမှာ ရှင်နဲ့ ကျွန်မ နှစ်ယောက်တည်းရှိတယ်..ကျွန်မကို ဂမုန်းလို့ပဲခေါ်ပါ...ကျွန်မ ဒီလိုအချိန်မှာ မိဖုရားကြီးမဖြစ်ချင်ဘူး..လွတ်လပ်တဲ့ ဂမုန်း ပဲ ဖြစ်ချင်တယ်”

“မသင့်တော်လို့ပါ..မိဖုရားကြီး”

“ဒါ အမိန့်မဟုတ်ဘူး..တလပန်း..ကျွန်မ ရှင့်ကို တောင်းဆိုနေတာ”

“ဂမုန်း”

“အင်း...ဒီလိုမှ ရှင့်ကို ကျွန်မ စကားပြောလို့ရမှာ...ကျွန်မ မှာ ဒီလိုမျိုး ရင်းရင်းနှီးနှီး စကားပြောဖော်၊ ရင်ဖွင့်ရမယ့်သူ ဆိုလို့ မမလွီဇာ တစ်ယောက်ပဲရှိခဲ့တာပါ...အခုတော့ ရှင်တစ်ယောက်တိုးပြီ လို့ ကျွန်မသတ်မှတ်လိုက်တော့မယ်”

“မှန်ပါ..မိဖုရား..အင်း...ဂမုန်း”

“ကျွန်မ.. မပျော်ဘူး..တလပန်းရယ်..အရင်က ကျွန်မလေ... ဘုရင်ကြီးရဲ့ မိဖုရားဖြစ်ရတော့မယ်ဆိုတော့ သိပ်ပျော်စရာကောင်းမယ်ထင်ခဲ့တာ..ကျွန်မ သူ့ကို ချစ်တယ်လေ...သူကျွန်မကို မချစ်လည်း..ကျွန်မသူ့ကို ပိုင်ဆိုင်နေနေသမျှ ပျော်ရမယ်လို့ ထင်နေခဲ့တာ...အခု သူ့ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်မဆီမှာ မဟုတ်ဘူး....အခြေအနေတွေကို ရှင်လည်း ရိပ်မိမှာပါ..အဖကြောင့်သာ သူ ကျွန်မ ကို မိဖုရားခေါင်ကြီးဆိုပြီး သဘောထားတာ..ကျွန်မနဲ့အတူ နေနေတာ..သူ့စိတ်ကတော့ တခြားတစ်ယောက်ဆီမှာပါ..ဒီညတောင်မှ ရှင်တို့ရှေ့မှာ သူ..အဲ့ဒီကို သွားတယ်မဟုတ်လား”

တလပန်း ထံမှ သက်ပြင်းချသံမှလွဲပြီး မည်သည့်တုန့်ပြန်မှုမှမလာ။

“ကဲ...ရှင့်မှာ ဘာမှ ပြောစရာမရှိလည်း...ကျွန်မကို ခုန ရွတ်ပြတဲ့ ရတုလေးပဲ ဆက်ရွတ်ပြပါလား..ရှင်”

တလပန်းက ဂမုန်း၏ ဘေးနားသို့ လာရပ်သည်။

“ကျွန်တော်မျိုး..အဘိုးက လင်းစင်းဘက်ကို စစ်ချီတဲ့အခါမှာ ပါသွားခဲ့ဖူးတယ်..အဘိုးက ကျွန်တော်မျိုးတို့ကို လင်းစင်းစစ်သည်တို့ရဲ့ ရှေးစကားပုံတစ်ခု ပြောပြီး အမြဲဆုံးမဖူးတယ်.... တိုက်ပွဲမပြီးခင် အလောင်းမရေတွက် နဲ့ တဲ့......တိုက်နေခိုက်နေကြချိန် ကိုယ့်ဘက်က ကျဆုံးတဲ့ အလောင်းတွေရေမိရင် စိတ်ဓာတ်ကျသွားပြီး တိုက်ပွဲကို ရှုံးလိမ့်မယ်တဲ့...ကျွန်တော်တော့ ဘဝတစ်ခုလုံးဟာ တိုက်ပွဲလို့ ခံယူထားတယ်..တခါတလေ..ကိုယ့်ကို စိတ်ဓာတ်ကျစေမယ့် ကျဆုံးမှုအလောင်းတွေကို မရေတွက်ပဲနေတာလည်း ဘဝအတွက် ကောင်းပါတယ်...ဒါပေမယ့်..အခြေအနေမှန်ကိုတော့ သုံးသပ်ကြည့်ပြီး လုပ်သင့်တာ ဖြစ်သင့်တာကို တော့ လုပ်ရမှာပေါ့....ဒီတော့ နာကြင်စရာတွေကို ရှိတာကို လက်ခံလိုက်..ဒါပေမယ့်..ဒါတွေကို တွေးပြီး အကြာကြီး ထိခိုက်ခံစားမနေချင်ဘူး..ဂမုန်း...ဂမုန်းလိုမျိုး အသက်အရွယ် ၊ ရာထူး၊ စည်းစိမ်၊ အာဏာတွေ ရှိနေတဲ့ မိန်းမတစ်ယောက်ဟာ ဒီလိုမျိုးကြီး တသက်လုံး သောကတွေ၊ ခံစားချက်တွေနဲ့ ဖြစ်နေတာကို ကျွန်တော်မျိုး ဘေးကနေ မကြည့်ရက်ပါဘူး”

အသားညိုညို၊ မေးရိုးခိုင်ခိုင်၊  မျက်လုံးခပ်နက်နက်တို့ ဖြင့် မွန်အနွယ်ပီပြင်သည့် တလပန်း၏ မျက်နှာကို မီးအလင်းရောင်ဖြင့် ဂမုန်း အကဲခတ်လိုက်သည်။

တလပန်း သည် အသက်အရွယ်အားဖြင့် သမိန်ထော ခေါ် သာလှ နှင့် မတိမ်းမယိမ်းရှိသော်လည်း သူ၏ စကားများ၊ အမြင်များက သမိန်ထောနှင့် မတူ။

ရင့်ကျက်တည်ငြိမ်လှသည်။ နူးညံ့ကြင်နာတတ်သည့် လက္ခဏာနှင့် ပြတ်သားခြင်းများ ပေါင်းစပ်နေသည်ဟု ဂမုန်းခံစားလိုက်ရသည်။

“ကဲ...ကျွန်တော် ရတုတစ်ပုဒ်ရွတ်ပြမယ်..နဝဒေးကြီးလား..နတ်သျှင်နောင်လား..ကြိုက်တာပြော..ဂမုန်း”

ယခုမှ ဂမုန်းမျက်နှာကလေး ပြုံးယောင်သမ်းသွားတော့၏။

........................................................................................................

၁၇၄၅ မတ်လ ၁၁ ရက်။

မုဆိုးဖိုရှာ။

နံနက်ခင်းပင်ရှိသေးသော်လည်း နေက ခြစ်ခြစ်တောက်ပူနေသည်။

အဝေးကွင်းပြင်တွင် တံလျပ်များဖြင့် ထနေ၏။

ဖုန်လုံးကြီးတစ်လုံးက မုဆိုးဖိုရွာဆီသို့ ဉီးတည်လာနေသဖြင့် ထန်းလုံးခံတပ်တွင်ရှိနေသော ငသာ က လင်းလေးတပ်များကို အသင့်ပြင်ခိုင်းလိုက်သည်။

ဖုန်လုံးကြီးက နီးကပ်လာသည့်အခါ လှည်းတစ်စီး၊ မြင်းနှစ်စီး နှင့် အလံတစ်ခုကို တွေ့လိုက်ကြ၏။

“ဘထွေးအောင်ဇေယျ တို့ပဲ....ဟေ့...ရွာတံခါးဖွင့်ကြ”

ခင်ယွန်းစံ၏ တူမ မယ်တလိုင်းနှင့် ထိမ်းမြားပြီးခါက ဖြစ်သော ငသာ က အောက်ဖက်ရှိ ကင်းစောင့်ရွာသားများကို အမိန့်ပေးလိုက်သည်။

ငသာ သည် အင်းဝမြို့တော်သားဖြစ်ပြီး စည်ပုတ္တရာသူ မယ်တလိုင်းနှင့် အကြောင်းပါခဲ့သည်။

အောင်ဇေယျသည် မုဆိုးဖိုမှ စိတ်ကောင်ပြီးဆင်းသွားသည့် ခင်ယွန်းစံကို လာပြန်ခေါ်သည်ခရီးတွင် ချစ်ညို တို့ ညီနောင်နှင့် ရန်ဖြစ်သတ်ပုတ်ခဲ့သည်။

အပြန်ခရီးတွင် အောင်ဇေယျနှင့်အတူ လိုက်ပါပြီး ငသာ နှင့် မယ်တလိုင်းတို့မှာ မုဆိုးဖိုတွင်ပင် အခြေချနေထိုင်ခဲ့သည်။

“ဟေ့..ရွှေနန်းတော်က ဘွဲ့ထူးခံ မုဆိုးဖို မြင်းခေါင်းသူကြီးမင်း ပြန်လာပဟ...ဘယ့်နှယ့်..နန်းတော်ထဲ ရှင်ဘုရင်ကျွေးတာတွေ ကောင်းကောင်းမှ စားခဲ့ရဲ့လား”

အောင်ဇေယျ၏ ယောက်ဖ ဉီးအို က ရှေ့ဆုံးမှ မြင်းစီးလာသည့် အောင်ဇေယျကို လှမ်းအော်သည်။

“ဘယ့်နှယ့်..မောင်ရာ....ဘွဲ့ပေးတယ်ဆိုတာအလကားမဟုတ်...အင်းဝမြို့ကြီး ရန်သူတွေ ဝိုင်းတိုက်ချိန်မှာ ငါတို့များကို ရှေ့က အသေခံခိုင်းမလို့ဟ..ခိုင်းကောင်းအောင်..ပေးလိုက်တာသာမှတ်”

“ကဲ..ဘယ်မတုန်း..နဖူးစည်းဘွဲ့..ဒါမျိုး မြင်ဖူးတယ်ရှိအောင်...တို့ကိုလည်း ပြပါဉီးဟ”

အောင်ဇေယျက အနောက်ဖက်လှည်းတွင်ပါလာသည့် ရှင်မိငယ်ကို ခေါင်းညိတ်ပြလိုက်သည်။

ရှင်မိငယ်က ရွှေရောင်ယွန်းဗူးကို ဖွင့်လိုက်ပြီး ပိုးသားနီရွှေစာလုံးဖြင့် ဘွဲ့နဖူးစည်းကို ဖြန့်ပြလိုက်၏။

“မုဆိုးဖိုမြို့စား ဗလနန္ဒကျော်စွာ”

လူငယ်များက လှည်းနားသို့ အလုအယက်ကပ်လာပြီး အောင်ဇေယျအား အင်းဝဘုရင်မှ ချီးမြှင့်လိုက်သည့် နဖူးစည်းဘွဲ့ကို သေချာကြည့်ရှုကြသည်။

မိခင်ဖြစ်သူလက်ထဲမှ နဖူးစည်းဘွဲ့ကို ရှင်ညိုမြ လေးက လုယူကာ ဆော့ကစားလိုက်သဖြင့် လူငယ်တသိုက်မှာ သဘောတကျရယ်နေကြ၏။

ထိုအချိန်တွင် မုဆိုးဖိုရွာတွင်းဘက်ဆီမှ အောင်ဇေယျ၏ ကို ဉီးအောင်ဖြိုး၏ သား မောင်စံမှတ်က အမောတကောပြေးလာ၏။

“ဉီးရီအောင်ဇေယျ...ရေ...မြန်မြန်လာဗျ..အရီးလေးခင်ယွန်းမီးဖွားပြီ..မီးဖွားပြီ”

“ဟေ့.ဟုတ်လား”

အောင်ဇေယျက မြင်းပေါ်မှ ခုန်ချကာ သူ၏ အိမ်ဝိုင်းရှိရာသို့ ပြေးသွားသည်။

အိမ်ဝိုင်းအတွင်းတွင်တော့ မီးဖွားပြီးခါစ ခင်ယွန်းစံအတွက် အိမ်အစေခံများက အလုပ်များလျက်ရှိကြ၏။

ဖခင်ဖြစ်သူ ဉီးညိုစံ နှင့် ယောက်ခမဖြစ်သူ ဉီးဖြိုးမြ တို့မှာ ကျောက်သင်ပုန်းတစ်ချပ် ချကာ ကလေး၏ ဇာတာကို အကြမ်းတွက်ကြည့်နေကြသည်။

“ဟေ့..အောင်ဇေယျ..ရောက်ပြီလားကွဲ့”

“ရောက်ပြီ...အဖေ...ခင်ယွန်းရော..နေကောင်းရဲ့လား”

“အေး..ကောင်းတယ်ပြောတာပဲ..အထဲမှာ မင်းအမေ နဲ့ မယ်ညက်တို့ ရှိတယ်..သွားလေကွယ်”

“ဝင်လို့ရပြီလား..အမေရေ”

“အောင်ဇေယျလားဟေ့..လာလေ..ဝင်လို့ရပြီ”

အောင်ဇေယျက အခန်းထဲသို့ ဝင်လိုက်သည်။

ခင်ယွန်းစံက နံနွင်းမှိုင်းကို ရှုလျက် စောင်ကို ခြုံကာ ထိုင်နေ၏။

နဘေးတွင် အဝတ်ဖြင့် ရစ်ပတ်ထားသည့် ကလေးငယ်။

“ဘာလေးလဲ...ခင်ယွန်း”

“ယောက်ျားလေး”

“အင်းဝမြို့ကြီးကို ရန်သူတွေ ပတ်လည်ဝိုင်းနေချိန်မှာ ရောက်လာတဲ့ ကလေးပဲ”

အောင်ဇေယျက ကလေး၏ မျက်နှာကို စေ့စေ့ကြည့်ကာ ပြုံးပြီးပြောလိုက်၏။

“တော်..ကျွန်မ ကလေးမွေးတာတောင် ဒီနိုင်ငံရေးတွေနဲ့...လိုက်ဆက်စပ်တွေးနေတာပဲလား”

အောင်ဇေယျက ခင်ယွန်းစံကို သွားဖြဲပြလိုက်သည်။

“မောင်ဝိုင်းကွ...မင်းနာမည်..မောင်ဝိုင်း”

“ဟေ့..ဟံသာဝတီသားတွေ...လာပြီဟေ့....မီးပေါက်သေနတ်တွေနဲ့ ထုတ်ပစ်ကြ”

ခြံဝန်းအတွင်းသို့ ဝင်လာသော ငကောင်း၏ မြင်းနှင့် ရှင်မိငယ်တို့ စီးလာသော လှည်းများကို အိမ်ခြံဝန်းအတွင်း ဆော့ကစားနေသည့် မောင်ရွ က တင်ကျီးတုတ်ငယ်ကို သေနတ်လုပ်ကာ ချိန်လိုက်ခြင်းဖြစ်သည်။

နွားလှည်းပေါ်မှ ရှင်ညိုမြလေးက သူ့အကိုများကို ကြည့်ကာ တခစ်ခစ်နှင့် ရယ်နေ၏။

“ရှင်..အင်းဝမှာ အဆင်ပြေခဲ့ရဲ့လား”

ခင်ယွန်းစံက အောင်ဇေယျကို မေးလိုက်သည်။

“ပြေပါတယ်...စစ်ကိုင်းကို ဝင်ပြီး မိငယ်တို့သားအမိကိုပါ ဝင်ခေါ်ခဲ့တယ်...မင်းက ကလေးမီးငယ်နဲ့ဆိုတော့ မိငယ်လည်း လိုတာကူပေးဖို့ပေါ့”

“အင်း...ရှင်ဘုရင်နဲ့ တွေ့ခဲ့ရလား”

“တွေ့ခဲ့ရတယ်”

“ဘာတွေ ဖြစ်လာမှာလဲ”

“မောင်ကြီးတို့...မကြာခင်..ကိုယ့်မြို့ ကိုယ့်ရွာကို ကိုယ့်ဟာကိုယ် ကာကွယ်ကြရမယ့်သဘောပဲ....သူ့မှာ မောင်ကြီးတို့တွေအတွက် ပေးစရာ ဒီဘွဲ့တွေကလွဲပြီး ဘာမှ မရှိတော့ဘူး..ဟံသာဝတီက လာလာတိုက်နေလို့ အောက်ဖက်ရွာတွေမှာလည်း စပါးမစိုက်နိုင်ကြတော့ဘူး..တချို့လည်း ဟံသာဝတီဘက်ကို ပြေးဝင်ကုန်ကြပြီ..အင်းဝ မြို့မှာလည်း ဆန်တပြည်ကို တစ်ကျပ်ဖြစ်နေပြီ...ဓါးပြတွေ လုယက်သူတွေရန်ကလည်း အတော်ဆိုးဆိုးဖြစ်နေပြီ...ခင်ယွန်း”

“အင်းဝမှာ ဘာဖြစ်ဖြစ် ကျွန်မတို့ ရှေ့မှာ ရှင်ရှိနေဖို့ လိုတယ်..ကိုအောင်ဇေယျ...ရှင်ဟာ အင်းဝအတွက် မဖြစ်ရဘူး...မုဆိုးဖိုအတွက်ပဲ ဖြစ်ရမယ်...သိလား”

“မောင်ကြီး..သိပါတယ်..ခင်ယွန်း”

အောင်ဇေယျက နနွင်းများဖြင့် ဝါထိန်နေသော ခင်ယွန်းစံ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။

“မမခင်ယွန်း..နေသာရဲ့လား”

အခန်းဝတွင် ဘွဲ့ခေါင်းစည်းကြိုးကို ကိုင်လျက် မတ်တပ်ရပ်နေသော မိငယ်၏ အသံကြောင့် အောင်ဇေယျက ရုတ်တရတ်လက်ကို ရုတ်ရန်ပြင်လိုက်သည်။

သို့သော်...ခင်ယွန်းစံက အောင်ဇေယျ၏ လက်ကို အမိအရ ပြန်လည်ဆုပ်ကိုင်ထားလိုက်၏။

ခက်ဇော်

(တိုက်ပွဲမပြီးခင် အလောင်းမရေတွက်နှင့်၊ လာအိုစကားပုံ)

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၁၇)

                                                             ...............................................

ဟံသာဝတီဆိပ္ကမ္းဆီမွ ေသနတ္သံ၊ အေျမႇာက္သံမ်ား ေၾကာင့္ သမိန္ေထာ သည္ ကုတင္ေပၚမွထၿပီး နန္းေဆာင္ျပတင္းတံခါးဆီသို႔ ေလွ်ာက္သြားသည္။

ေသနတ္သံမ်ားတိတ္ဆိတ္သြားသည့္တိုင္ သမိန္ေထာ၏ အသက္ရႈသံမ်ားမွာျမန္ေန၏။

“ေမာင္ႀကီးသာလွ”

သမိန္ေထာက အလန႔္တၾကား လွည့္ၾကည့္လိုက္သည္။

သူ႔ေနာက္တြင္ မတ္တပ္ရပ္ေနသည့္ ဂမုန္း။

“ေမာင္ႀကီး ဘာျဖစ္ေနတာလဲ”

“သူတို႔..သူတို႔ ငါ့ကိုေရာ.သတ္ၾကေတာ့မွာလား..ဂမုန္း..သတ္ၾကေတာ့မွာလား”

“ေမာင္ႀကီးကို ဘာလို႔ သတ္ရမွာလဲ..ေမာင္ႀကီးက ဟံသာဝတီရဲ႕ ရွင္ဘုရင္ေလ”

သမိန္ေထာက ဂမုန္း၏ ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။

“ငါ့ကိုယ္ငါ သိပါတယ္..ငါက ဘုရင္မဟုတ္ပါဘူး..ဂမုန္း...မင္းအေဖ က ငါ့ကို တခ်ိန္ခ်ိန္က် သတ္မွာပါပဲ.. ငါက ေသမယ့္ေန႔ကို ေစာင့္ေနရတာပါ”

ဂမုန္းက သမိန္ေထာ၏ ပါးကို သူမ၏ လက္ဝါးျဖင့္ ပြတ္သပ္လိုက္သည္။

“စိတ္ေအးေအးထားပါ..ေမာင္ႀကီးရယ္..အဖက ေမာင္ႀကီးကို မသတ္ပါဘူး..ဂမုန္းရွိေနသ၍ ေမာင္ႀကီးကို သူမသတ္ပါဘူး”

သမိန္ေထာက နေဘးမွ သလြန္ေပၚ အ႐ုပ္ႀကိဳးပ်က္ထိုင္ခ်လိုက္သည္။

ထို႔ေနာက္ မ်က္ႏွာကို လက္ဝါးျဖင့္ အုပ္ကာ ရႈိက္ႀကီးတငင္ငင္ ငိုေတာ့၏။

“ငါ့မိတ္ေဆြေတြ..ငါ့ေဘးနားကလူေတြကို သူအကုန္သတ္ပစ္ေနၿပီေလ..အခုပဲ ေသနတ္သံေတြ ၾကားတယ္..မဟုတ္လား..သူတို႔ ခင္ႀကီးဂါလီဇီ တို႔ကို .သတ္ပစ္ေနၾကတာ”

ဂမုန္းက ပြင့္ေနေသာ ျပတင္းတံခါးမ်ားကို ပိတ္လိုက္သည္။

ထို႔ေနာက္ သမိန္ေထာ၏ နေဘးတြင္ ဝင္ထိုင္လိုက္၏။

“သူတို႔က သစၥာေဖာက္ေတြေလ..ေမာင္ႀကီးရဲ႕..ေမာင္ႀကီးက သစၥာေဖာက္မွ မဟုတ္တာ..မဟုတ္ရင္ မေၾကာက္ပါနဲ႔”

“ဂမုန္း..ငါ့ႏွမ..ငါေတာင္းပန္ပါတယ္...ငါ..ႏွင္းသီရိ ကိစၥမွာ မင္းကို သစၥာေဖာက္တာမဟုတ္ပါဘူး..ငါ ဒီလို ေျပာလို႔ မင္းအေဖကို ေျပာၿပီး ငါ့ကို သတ္ခ်င္လည္း သတ္ပစ္ပါ..ငါ အခု ႏွင္းသီရိ ကို စိတ္ပူတယ္..မင္းတို႔ သူ႔ကို ဘယ္မွာထားၾကလဲ”

“သူ ဒီနန္းေတာ္ထဲမွာပဲ ရွိပါတယ္..ေမာင္ႀကီး...သူ႔ မိဖုရားအေဆာင္အေယာင္ေတြကိုလည္း မ႐ုတ္သိမ္းပါဘူး..ဒီတိုင္းပါပဲ”

“ဂမုန္း....ငါ...သူ႔ကို ခ်စ္တယ္...သူ႔ကိုပဲ ခ်စ္တယ္..ငါမရွိရင္ ဒီနန္းေတာ္ထဲမွာ သူ အရမ္းစိတ္အားငယ္ေနမွာ..ငါ့ကို သူနဲ႔ေတြ႕ခြင့္ေပးပါ”

“ခလြမ္း”

ဂမုန္းက အနားတြင္ရွိေသာ တ႐ုတ္ျပည္ျဖစ္ ေႂကြေရတေကာင္းကို ကိုင္ကာ နန္းေတာ္နံရံကို ပစ္ေပါက္ခြဲပစ္လိုက္သည္။

“ေတာ္ေတာ့..ရွင္ ဆက္မေျပာနဲ႔ေတာ့...လာ..ကြၽန္မကိုယ္တိုင္ သူ႔ဆီ လိုက္ပို႔မယ္...ရွင္ အဲ့ဒီမွာပဲေနေတာ့”

ဂမုန္းက သမိန္ေထာ၏ လက္ကိုဆြဲလိုက္ၿပီး အေဆာင္တံခါးကို ဆြဲဖြင့္လိုက္သည္။

အျပင္ဘက္တြင္ ဗိုလ္မႉးတလပန္း ႏွင့္ ရဲမက္မ်ားက ဓါးလွံမ်ားျဖင့္ အသင့္အေနအထား ေရာက္ေန၏။

သမိန္ေထာမွာ ေၾကာက္လန႔္ၿပီး ဂမုန္း၏ အေနာက္ဘက္သို႔ အသာတိုးလိုက္သည္။

“နင္တို႔က ဘာလဲ..အေနာက္အေဆာင္ထဲ ညဘက္ ဝင္ရင္ ေသဒဏ္ဆိုတာ မသိၾကေရာ့လား”

ဂမုန္း ၏ မ်က္လုံးမ်ားက ေဒါသေၾကာင့္ အေမွာင္ထဲတြင္ လက္လက္ေတာက္ေနသည္။

ႏႈတ္ခမ္းကို ကိတ္ထားၿပီး ရင္အစုံက နိမ့္ခ်ီ ျမင့္ခ်ီ။

“ေမးေနတယ္ေလ...ရွင္တို႔ အေနာက္ေဆာင္ကို ဝင္လာၿပီး ဘာလုပ္ေနၾကတာလဲလို႔”

“ကြၽန္ေတာ္မ်ိဳး တလပန္းပါ..မိဖုရားႀကီး..မိဖုရားႀကီးရဲ႕ ခမည္းေတာ္က ဒီည နန္းေတာ္ထဲ ေသခ်ာေစာင့္ၾကပ္စစ္ေဆးရမယ္လို႔ အမိန႔္ခ်ထားပါတယ္..အထူးသျဖင့္ ဘုရင္ႀကီး ရွိတဲ့ အေဆာင္ေတာ္ကို ဂ႐ုစိုက္ရမယ္ဆိုလို႔ပါ..အထဲကလည္း အသံေတြၾကားေတာ့ အရွင္ႏွစ္ပါးအတြက္ စိုးရိမ္လို႔ အသင့္ေစာင့္ေနေပးျခင္းပါ”

“အရွင္မင္းႀကီးက...ဇင္းမယ္မိဖုရားရဲ႕ အေဆာင္ေတာ္ကို ကူးမွာ..အဲ့ဒါ လိုက္ပို႔ေပးလိုက္ၾက”

တလပန္းက လက္အုပ္ခ်ီလက္ အခ်က္ျပလိုက္သည္။

သမိန္ေထာက ရဲမက္မ်ားႏွင့္အတူ ဇင္းမယ္မိဖုရားႏွင္းသီရိစိတၱာ ရွိရာ အေဆာင္သို႔ လိုက္ပါသြား၏။

“တလပန္း ေနဉီး”

“မိန႔္ေတာ္မူပါ..မိဖုရားေခါင္ႀကီး”

“ေခါင္ေခါင္.က.. ကုန္သည္ေတာ္ႀကီး လြီဇာ ဆီကို သြားခ်င္တယ္...ေဝါျပင္ထားဖို႔ မိန္းမစိုးေတြကို ေျပာလိုက္”

“ညဥ့္နက္ေနပါၿပီ..မိဖုရားေခါင္ႀကီး..နန္းေတာ္တံခါးေတြလည္း ပိတ္ထားလိုက္ပါၿပီ..ေနာက္ၿပီး ဆိပ္ကမ္းဘက္မွာလည္း ပစ္ခတ္မႈေတြရွိေနလို႔ ၿမိဳ႕ထဲကို..သြားဖို႔ မသင့္ေတာ္ပါ”

“တလပန္း...ေမာင္မင္းမွာ မိဖုရားေခါင္ႀကီးတစ္ပါးကို ဒီလို တားပိုင္ခြင့္ရွိသလား”

“မရွိပါ...အရွင္မ”

“ဒါဆို ငါ့အမိန႔္အတိုင္းလုပ္”

“မိဖုရားေခါင္ႀကီး တစ္ပါးအေနနဲ႔ ဒီအခ်ိန္ ၿမိဳ႕ထဲထြက္တယ္ဆိုတာ..တံခါးေစာင့္ တံခါးမႉးမ်ား ျမင္ ၾကား ၾကရင္လည္း ေျပာစရာေတြျဖစ္ကုန္ပါ့မယ္..ဒီအခ်ိန္ နန္းေတာ္ကိစၥဟာ ကြၽန္ေတာ္မ်ိဳးမွာ အျပည့္အဝ တာဝန္ရွိေနတာမို႔..သည္းခံေပးေစခ်င္ပါတယ္..ဘုရား”

“ရွင္တို႔ က ကြၽန္မကိုပါ အက်ဥ္းခ်ခ်င္ေနၾကတာလား..ကြၽန္မက ဂမုန္းပါ..အသက္ (၂၀)ေက်ာ္ပဲရွိေသးတဲ့ မိန္းကေလးတစ္ေယာက္ပါ... ကြၽန္မမွာ ကိုယ္ပိုင္လြတ္လပ္ခြင့္မရွိေတာ့ဘူးလား... ကြၽန္မမွာ ကြၽန္မယုံၾကည္ရတဲ့ သူဆီ....ရင္ဖြင့္ခြင့္..ငိုခြင့္ေလးေတာင္ မရွိေတာ့ဘူးလား”

ဂမုန္း၏ အသံမွာ တိမ္ဝင္သြား၏။ မ်က္ရည္ေပါက္တစ္ေပါက္က ပါးျပင္ေပၚလွိမ့္ဆင္းလာသည္။

တလပန္း က ဂမုန္း၏ မ်က္ႏွာကို အံဩမွင္တက္စြာ ၾကည့္လိုက္သည္။

“အရွင္မ..သြားခ်င္တယ္ဆို..တိုးတိုးတိတ္တိတ္သြားဖို႔ ကြၽန္ေတာ္မ်ိဳး စီစဥ္ေပးပါ့မယ္..ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳးကိုယ္တိုင္ လိုက္ပို႔ေပးပါရေစ”

ခဏအၾကာတြင္ ဟံသာဝတီနန္းေတာ္အတြင္းၿမိဳ႕တံခါး ပြင့္သြားသည္။

 လေရာင္ေအာက္တြင္ လွည္းယာဥ္တစ္စီးက ဟံသာဝတီ အျပင္ၿမိဳ႕ ရပ္ကြက္မ်ားဆီသို႔ ဉီးတည္ထြက္သြား၏။

“မိဖုရားႀကီး..ေစာင္ကိုဖယ္လိုက္လို႔ ရပါၿပီ”

ဂမုန္းက ေခါင္းၿမီးၿခဳံလာေသာ ေစာင္ကို ဖယ္လိုက္သည္။

အေစာပိုင္းက ျမစ္ကမ္းဘက္ဆီမွ ေသနတ္သံ၊ အေျမာက္သံမ်ားေၾကာင့္ ဟံသာဝတီၿမိဳ႕သည့္ လေရာင္ေအာက္တြင္ တိတ္ဆိတ္ေန၏။

“လ ကလည္း သာလိုက္တာေနာ္”

“ဟုတ္တယ္..မိဖုရားႀကီး...ဒီလို လသာတဲ့ညေတြဆို ဟံသာဝတီၿမိဳ႕ႀကီးကို အေပၚစီးက ေနၾကည့္ရင္ သိပ္လွတာပဲ...လေရာင္ေအာက္မွာ တလက္လက္ထေနတဲ့ ပဲခူးျမစ္ႀကီးရယ္... အိမ္ေတြ၊လမ္းေတြေတြရယ္..ျမစ္ဟိုးဘက္တျခမ္း ဥႆာၿမိဳ႕ေဟာင္းက ေစတီပုထိုးေတြရယ္နဲ႔...သိပ္ ၾကည္ႏူးစရာေကာင္းတဲ့ျမင္ကြင္းမ်ိဳးေပါ့ဗ်ာ....”

“ဟံသာဝတီကို ဘယ့္ႏွယ့္ဘယ္ေနရာက အေပၚစီး ၾကည့္ရတာတာလဲ”

“ကြၽန္ေတာ္မ်ိဳး အင္းဝက ဆင့္ေခၚလို႔ စစ္ထြက္ၿပီးအျပန္...မိဖုရားႀကီးရဲ႕ ခမည္းေတာ္ တို႔ေတြက ေမာေဓာဘုရားေျခရင္းမွာ တပ္ေတြကို ေနရာခ်ေပးၾကတယ္ေလ...အဲ့ဒီတုန္းက ညညဆို ကြၽန္ေတာ္မ်ိဳးလည္း တပ္ကင္းေတြလိုက္စစ္ရင္း အိပ္မေပ်ာ္တာနဲ႔ ဟိုဟိုဒီဒီေလွ်ာက္သြားရင္း ေမာေဓာဘုရားအေရွ႕ဘက္က ေတာင္ကုန္းေလးေပၚ ေရာက္ေရာက္သြားတယ္..ဟသၤာကုန္းလို႔ ေခၚတဲ့ ေစတီကုန္းေလးေပါ့..အဲ့ဒီေပၚကေန ဟံသာဝတီၿမိဳ႕ႀကီးကို သြားသြားေငးမိတာပ”

“ဪ..ဟုတ္ပါၿပီ..ဒါနဲ႔ အဲ့ဒီတုန္းက ျဖင့္ ေခါင္ေခါင္တို႔ မမလြီဇာတို႔ စစ္သည္အမ်ားကို ေကြၽးေမြးၾကတာေပါ့...ရွင့္ကိုျဖင့္... ေသခ်ာေတာင္ သတိမထားမိပါဘူး

“အဲ့ဒီတုန္းကတည္းက လြီဇာနဲ႔အတူ မိဖုရားႀကီးျဖစ္လာမယ့္ မိဖုရားႀကီးကို ကြၽန္ေတာ္မ်ိဳးေတြ႕ဖူးခဲ့ၿပီးသားပါ”

“အင္း..ဒါနဲ႔..အဲ့ဒီ ကုန္းေပၚကေန ဟံသာဝတီၿမိဳ႕ကို ၾကည့္ရင္ သိပ္လွတာပဲလား”

“ရာဇဌာနီ..ျပည္ႀကီးပီ၍..တုသီတာမွ..ဘုံလွ်င္က်သို႔..လမ္းမဆက္သြယ္..လမ္းလွ်င္ရံပိုက္..ေျမႇာင္သြယ္ဝိုက္လ်က္”

တလပန္း က နဝေဒးႀကီး၏ ဟံသာဝတီဘြဲ႕တိုင္ရတုကို လွည္းေမာင္းေနရင္းမွ အသံဝါႀကီးျဖင့္ ႐ြတ္လိုက္သည္။

“အဲ့ဒီ ရတုထဲက အတိုင္းပါပဲဗ်ာ”

“အံမယ္..ရွင့္ကို ကြၽန္မက စစ္တိုက္ဖို႔ပဲသိတဲ့ လူၾကမ္းႀကီးထင္ေနတာ..ဒီလို ကဗ်ာေတြစာေတြလည္း ရတာလား”

“ဒီလိုပါပဲ..ငယ္ငယ္က မုတၱမဘက္ဆီကို ဟံသာဝတီကေျပးလာတဲ့ ရဟန္းတစ္ပါး ဆီက ရတုေလးဘာေလး လိုက္သင္ဖူးလို႔ပါ..မိဖုရားႀကီးရဲ႕”

သူတို႔ ေခတၱမွ် တိတ္ဆိတ္သြားေတာ့သည္။

ေရွ႕တြင္ လြီဇာ၏ အိမ္ၿခံဝန္းကို ျမင္ေနရၿပီျဖစ္၏။

“ခဏေနဉီး...တလပန္း”

“ဘာမ်ားျဖစ္လို႔ပါလဲ..မိဖုရားႀကီး”

“မသြားနဲ႔ေတာ့..လြီဇာ အိမ္နဲ႔ မလွမ္းမကမ္းမွာ ကြၽန္မတို႔ အိမ္ေတာ္ေလ...ေတာ္ၾကာ ခမည္းေတာ္ ျပန္ေရာက္လာလို႔ တိုးေနရင္..ကြၽန္မ နန္းေတာ္ထဲမွာဘာျဖစ္ခဲ့လို႔လဲ ေမးေနပါ့မယ္..ဒီအခ်ိန္ ကြၽန္မ ဘာမွ မေျဖခ်င္ဘူး”

“ဒါဆို ..ကြၽန္ေတာ္မ်ိဳး နန္းေတာ္ဆီ ျပန္ေမာင္းရမလား...မိဖုရားႀကီး”

“ဟင္အင္း..ကြၽန္မကို ရွင္ခုန ေျပာတဲ့ ဟသၤာကုန္းေပၚ လိုက္ပို႔ေပး”

“ဗ်ာ”

“လိုက္ပို႔ေပးပါ..တလပန္း...ကြၽန္မ ဒီလို လြတ္လပ္မႈမ်ိဳး မခံစားရတာၾကာၿပီ...ဒီၿမိဳ႕ႀကီးကို အေပၚစီးက ၾကည့္ၿပီး ကြၽန္မ ခံစားေနရသမွ်ေတြကို လြတ္လြတ္လပ္လပ္ေျဖသိမ့္ခ်င္လို႔ပါ..ကြၽန္မ ရွင့္ကို အမိန႔္ေပးတာမဟုတ္ပါဘူး..ေတာင္းဆိုတာပါ”

တလပန္းက လွည္းကို ဟသၤာကုန္းဘက္ဆီသို႔ ဉီးတည္လိုက္ေတာ့သည္။

ဟၤႆာကုန္းေျခရင္းတြင္ တလပန္းက လွည္းကို ရပ္ကာ ႏြားမ်ားကို သစ္ပင္တစ္ခုတြင္ ခ်ည္လိုက္သည္။

ထို႔ေနာက္ လက္ဆြဲေတာ္ဓါးကို စလြယ္သိုင္းလြယ္လိုက္၏။

ပါလာေသာ မီးခတ္၊ လဲ့မႈိတို႔ျဖင့္ လွည္းေပၚမွ မီးတုတ္တစ္ခုကို မီးထြန္းညႇိ႔လိုက္သည္။

“ေႁမြ ၊ ကင္းေတြကိုေတာ့ သတိထားၿပီး တက္ပါ..မိဖုရားႀကီး”

ဟသၤာကုန္းေစတီေလး ေပၚသို႔ သူတို႔ ေရာက္လာၾကသည္။

တလပန္းေျပာသည့္အတိုင္း လေရာင္ေအာက္တြင္ လွပေနသည့္ ဟံသာဝတီၿမိဳ႕ႀကီးကို ျမင္ၾကရ၏။

ဂမုန္းက သူ၏ ေအာက္ဖက္တြင္ရွိေနေသာ ဟံသာဝတီၿမိဳ႕ႀကီးကို တိတ္ဆိတ္စြာေငးေနသည္။

တလပန္းက မီးတုတ္ကို ေျမတြင္ စိုက္ေထာင္ထားလိုက္ၿပီး ေဘးနားရွိ အုတ္ခုံတြင္ ထိုင္ခ်လိုက္သည္။

“ၾကည့္စမ္းပါဉီး..ဒီေလာက္လွပတဲ့ ၿမိဳ႕ႀကီးထဲမွာ ရႈပ္ေထြးေပြလီတဲ့ အျဖစ္ေတြ၊ ရက္စက္မႈေတြ၊ သတ္ျဖတ္မႈေတြ၊ နာၾကင္စရာကိစၥေတြ ရွိေနလိမ့္မယ္လို႔..ဘယ္သူမွမ်ား ေတြးမိမွာတဲ့လဲ”

“မွန္ပါ့...မိဖုရားႀကီး”

“ဒီေနရာမွာ ရွင္နဲ႔ ကြၽန္မ ႏွစ္ေယာက္တည္းရွိတယ္..ကြၽန္မကို ဂမုန္းလို႔ပဲေခၚပါ...ကြၽန္မ ဒီလိုအခ်ိန္မွာ မိဖုရားႀကီးမျဖစ္ခ်င္ဘူး..လြတ္လပ္တဲ့ ဂမုန္း ပဲ ျဖစ္ခ်င္တယ္”

“မသင့္ေတာ္လို႔ပါ..မိဖုရားႀကီး”

“ဒါ အမိန႔္မဟုတ္ဘူး..တလပန္း..ကြၽန္မ ရွင့္ကို ေတာင္းဆိုေနတာ”

“ဂမုန္း”

“အင္း...ဒီလိုမွ ရွင့္ကို ကြၽန္မ စကားေျပာလို႔ရမွာ...ကြၽန္မ မွာ ဒီလိုမ်ိဳး ရင္းရင္းႏွီးႏွီး စကားေျပာေဖာ္၊ ရင္ဖြင့္ရမယ့္သူ ဆိုလို႔ မမလြီဇာ တစ္ေယာက္ပဲရွိခဲ့တာပါ...အခုေတာ့ ရွင္တစ္ေယာက္တိုးၿပီ လို႔ ကြၽန္မသတ္မွတ္လိုက္ေတာ့မယ္”

“မွန္ပါ..မိဖုရား..အင္း...ဂမုန္း”

“ကြၽန္မ.. မေပ်ာ္ဘူး..တလပန္းရယ္..အရင္က ကြၽန္မေလ... ဘုရင္ႀကီးရဲ႕ မိဖုရားျဖစ္ရေတာ့မယ္ဆိုေတာ့ သိပ္ေပ်ာ္စရာေကာင္းမယ္ထင္ခဲ့တာ..ကြၽန္မ သူ႔ကို ခ်စ္တယ္ေလ...သူကြၽန္မကို မခ်စ္လည္း..ကြၽန္မသူ႔ကို ပိုင္ဆိုင္ေနေနသမွ် ေပ်ာ္ရမယ္လို႔ ထင္ေနခဲ့တာ...အခု သူ႔ရဲ႕ ခ်စ္ျခင္းေမတၱာက ကြၽန္မဆီမွာ မဟုတ္ဘူး....အေျခအေနေတြကို ရွင္လည္း ရိပ္မိမွာပါ..အဖေၾကာင့္သာ သူ ကြၽန္မ ကို မိဖုရားေခါင္ႀကီးဆိုၿပီး သေဘာထားတာ..ကြၽန္မနဲ႔အတူ ေနေနတာ..သူ႔စိတ္ကေတာ့ တျခားတစ္ေယာက္ဆီမွာပါ..ဒီညေတာင္မွ ရွင္တို႔ေရွ႕မွာ သူ..အဲ့ဒီကို သြားတယ္မဟုတ္လား”

တလပန္း ထံမွ သက္ျပင္းခ်သံမွလြဲၿပီး မည္သည့္တုန႔္ျပန္မႈမွမလာ။

“ကဲ...ရွင့္မွာ ဘာမွ ေျပာစရာမရွိလည္း...ကြၽန္မကို ခုန ႐ြတ္ျပတဲ့ ရတုေလးပဲ ဆက္႐ြတ္ျပပါလား..ရွင္”

တလပန္းက ဂမုန္း၏ ေဘးနားသို႔ လာရပ္သည္။

“ကြၽန္ေတာ္မ်ိဳး..အဘိုးက လင္းစင္းဘက္ကို စစ္ခ်ီတဲ့အခါမွာ ပါသြားခဲ့ဖူးတယ္..အဘိုးက ကြၽန္ေတာ္မ်ိဳးတို႔ကို လင္းစင္းစစ္သည္တို႔ရဲ႕ ေရွးစကားပုံတစ္ခု ေျပာၿပီး အၿမဲဆုံးမဖူးတယ္.... တိုက္ပြဲမၿပီးခင္ အေလာင္းမေရတြက္ နဲ႔ တဲ့......တိုက္ေနခိုက္ေနၾကခ်ိန္ ကိုယ့္ဘက္က က်ဆုံးတဲ့ အေလာင္းေတြေရမိရင္ စိတ္ဓာတ္က်သြားၿပီး တိုက္ပြဲကို ရႈံးလိမ့္မယ္တဲ့...ကြၽန္ေတာ္ေတာ့ ဘဝတစ္ခုလုံးဟာ တိုက္ပြဲလို႔ ခံယူထားတယ္..တခါတေလ..ကိုယ့္ကို စိတ္ဓာတ္က်ေစမယ့္ က်ဆုံးမႈအေလာင္းေတြကို မေရတြက္ပဲေနတာလည္း ဘဝအတြက္ ေကာင္းပါတယ္...ဒါေပမယ့္..အေျခအေနမွန္ကိုေတာ့ သုံးသပ္ၾကည့္ၿပီး လုပ္သင့္တာ ျဖစ္သင့္တာကို ေတာ့ လုပ္ရမွာေပါ့....ဒီေတာ့ နာၾကင္စရာေတြကို ရွိတာကို လက္ခံလိုက္..ဒါေပမယ့္..ဒါေတြကို ေတြးၿပီး အၾကာႀကီး ထိခိုက္ခံစားမေနခ်င္ဘူး..ဂမုန္း...ဂမုန္းလိုမ်ိဳး အသက္အ႐ြယ္ ၊ ရာထူး၊ စည္းစိမ္၊ အာဏာေတြ ရွိေနတဲ့ မိန္းမတစ္ေယာက္ဟာ ဒီလိုမ်ိဳးႀကီး တသက္လုံး ေသာကေတြ၊ ခံစားခ်က္ေတြနဲ႔ ျဖစ္ေနတာကို ကြၽန္ေတာ္မ်ိဳး ေဘးကေန မၾကည့္ရက္ပါဘူး”

အသားညိဳညိဳ၊ ေမး႐ိုးခိုင္ခိုင္၊  မ်က္လုံးခပ္နက္နက္တို႔ ျဖင့္ မြန္အႏြယ္ပီျပင္သည့္ တလပန္း၏ မ်က္ႏွာကို မီးအလင္းေရာင္ျဖင့္ ဂမုန္း အကဲခတ္လိုက္သည္။

တလပန္း သည္ အသက္အ႐ြယ္အားျဖင့္ သမိန္ေထာ ေခၚ သာလွ ႏွင့္ မတိမ္းမယိမ္းရွိေသာ္လည္း သူ၏ စကားမ်ား၊ အျမင္မ်ားက သမိန္ေထာႏွင့္ မတူ။

ရင့္က်က္တည္ၿငိမ္လွသည္။ ႏူးညံ့ၾကင္နာတတ္သည့္ လကၡဏာႏွင့္ ျပတ္သားျခင္းမ်ား ေပါင္းစပ္ေနသည္ဟု ဂမုန္းခံစားလိုက္ရသည္။

“ကဲ...ကြၽန္ေတာ္ ရတုတစ္ပုဒ္႐ြတ္ျပမယ္..နဝေဒးႀကီးလား..နတ္သွ်င္ေနာင္လား..ႀကိဳက္တာေျပာ..ဂမုန္း”

ယခုမွ ဂမုန္းမ်က္ႏွာကေလး ၿပဳံးေယာင္သမ္းသြားေတာ့၏။

........................................................................................................

၁၇၄၅ မတ္လ ၁၁ ရက္။

မုဆိုးဖိုရွာ။

နံနက္ခင္းပင္ရွိေသးေသာ္လည္း ေနက ျခစ္ျခစ္ေတာက္ပူေနသည္။

အေဝးကြင္းျပင္တြင္ တံလ်ပ္မ်ားျဖင့္ ထေန၏။

ဖုန္လုံးႀကီးတစ္လုံးက မုဆိုးဖို႐ြာဆီသို႔ ဉီးတည္လာေနသျဖင့္ ထန္းလုံးခံတပ္တြင္ရွိေနေသာ ငသာ က လင္းေလးတပ္မ်ားကို အသင့္ျပင္ခိုင္းလိုက္သည္။

ဖုန္လုံးႀကီးက နီးကပ္လာသည့္အခါ လွည္းတစ္စီး၊ ျမင္းႏွစ္စီး ႏွင့္ အလံတစ္ခုကို ေတြ႕လိုက္ၾက၏။

“ဘေထြးေအာင္ေဇယ် တို႔ပဲ....ေဟ့...႐ြာတံခါးဖြင့္ၾက”

ခင္ယြန္းစံ၏ တူမ မယ္တလိုင္းႏွင့္ ထိမ္းျမားၿပီးခါက ျဖစ္ေသာ ငသာ က ေအာက္ဖက္ရွိ ကင္းေစာင့္႐ြာသားမ်ားကို အမိန႔္ေပးလိုက္သည္။

ငသာ သည္ အင္းဝၿမိဳ႕ေတာ္သားျဖစ္ၿပီး စည္ပုတၱရာသူ မယ္တလိုင္းႏွင့္ အေၾကာင္းပါခဲ့သည္။

ေအာင္ေဇယ်သည္ မုဆိုးဖိုမွ စိတ္ေကာင္ၿပီးဆင္းသြားသည့္ ခင္ယြန္းစံကို လာျပန္ေခၚသည္ခရီးတြင္ ခ်စ္ညိဳ တို႔ ညီေနာင္ႏွင့္ ရန္ျဖစ္သတ္ပုတ္ခဲ့သည္။

အျပန္ခရီးတြင္ ေအာင္ေဇယ်ႏွင့္အတူ လိုက္ပါၿပီး ငသာ ႏွင့္ မယ္တလိုင္းတို႔မွာ မုဆိုးဖိုတြင္ပင္ အေျခခ်ေနထိုင္ခဲ့သည္။

“ေဟ့..ေ႐ႊနန္းေတာ္က ဘြဲ႕ထူးခံ မုဆိုးဖို ျမင္းေခါင္းသူႀကီးမင္း ျပန္လာပဟ...ဘယ့္ႏွယ့္..နန္းေတာ္ထဲ ရွင္ဘုရင္ေကြၽးတာေတြ ေကာင္းေကာင္းမွ စားခဲ့ရဲ႕လား”

ေအာင္ေဇယ်၏ ေယာက္ဖ ဉီးအို က ေရွ႕ဆုံးမွ ျမင္းစီးလာသည့္ ေအာင္ေဇယ်ကို လွမ္းေအာ္သည္။

“ဘယ့္ႏွယ့္..ေမာင္ရာ....ဘြဲ႕ေပးတယ္ဆိုတာအလကားမဟုတ္...အင္းဝၿမိဳ႕ႀကီး ရန္သူေတြ ဝိုင္းတိုက္ခ်ိန္မွာ ငါတို႔မ်ားကို ေရွ႕က အေသခံခိုင္းမလို႔ဟ..ခိုင္းေကာင္းေအာင္..ေပးလိုက္တာသာမွတ္”

“ကဲ..ဘယ္မတုန္း..နဖူးစည္းဘြဲ႕..ဒါမ်ိဳး ျမင္ဖူးတယ္ရွိေအာင္...တို႔ကိုလည္း ျပပါဉီးဟ”

ေအာင္ေဇယ်က အေနာက္ဖက္လွည္းတြင္ပါလာသည့္ ရွင္မိငယ္ကို ေခါင္းညိတ္ျပလိုက္သည္။

ရွင္မိငယ္က ေ႐ႊေရာင္ယြန္းဗူးကို ဖြင့္လိုက္ၿပီး ပိုးသားနီေ႐ႊစာလုံးျဖင့္ ဘြဲ႕နဖူးစည္းကို ျဖန႔္ျပလိုက္၏။

“မုဆိုးဖိုၿမိဳ႕စား ဗလနႏၵေက်ာ္စြာ”

လူငယ္မ်ားက လွည္းနားသို႔ အလုအယက္ကပ္လာၿပီး ေအာင္ေဇယ်အား အင္းဝဘုရင္မွ ခ်ီးျမႇင့္လိုက္သည့္ နဖူးစည္းဘြဲ႕ကို ေသခ်ာၾကည့္ရႈၾကသည္။

မိခင္ျဖစ္သူလက္ထဲမွ နဖူးစည္းဘြဲ႕ကို ရွင္ညိဳျမ ေလးက လုယူကာ ေဆာ့ကစားလိုက္သျဖင့္ လူငယ္တသိုက္မွာ သေဘာတက်ရယ္ေနၾက၏။

ထိုအခ်ိန္တြင္ မုဆိုးဖို႐ြာတြင္းဘက္ဆီမွ ေအာင္ေဇယ်၏ ကို ဉီးေအာင္ၿဖိဳး၏ သား ေမာင္စံမွတ္က အေမာတေကာေျပးလာ၏။

“ဉီးရီေအာင္ေဇယ်...ေရ...ျမန္ျမန္လာဗ်..အရီးေလးခင္ယြန္းမီးဖြားၿပီ..မီးဖြားၿပီ”

“ေဟ့.ဟုတ္လား”

ေအာင္ေဇယ်က ျမင္းေပၚမွ ခုန္ခ်ကာ သူ၏ အိမ္ဝိုင္းရွိရာသို႔ ေျပးသြားသည္။

အိမ္ဝိုင္းအတြင္းတြင္ေတာ့ မီးဖြားၿပီးခါစ ခင္ယြန္းစံအတြက္ အိမ္အေစခံမ်ားက အလုပ္မ်ားလ်က္ရွိၾက၏။

ဖခင္ျဖစ္သူ ဉီးညိဳစံ ႏွင့္ ေယာက္ခမျဖစ္သူ ဉီးၿဖိဳးျမ တို႔မွာ ေက်ာက္သင္ပုန္းတစ္ခ်ပ္ ခ်ကာ ကေလး၏ ဇာတာကို အၾကမ္းတြက္ၾကည့္ေနၾကသည္။

“ေဟ့..ေအာင္ေဇယ်..ေရာက္ၿပီလားကြဲ႕”

“ေရာက္ၿပီ...အေဖ...ခင္ယြန္းေရာ..ေနေကာင္းရဲ႕လား”

“ေအး..ေကာင္းတယ္ေျပာတာပဲ..အထဲမွာ မင္းအေမ နဲ႔ မယ္ညက္တို႔ ရွိတယ္..သြားေလကြယ္”

“ဝင္လို႔ရၿပီလား..အေမေရ”

“ေအာင္ေဇယ်လားေဟ့..လာေလ..ဝင္လို႔ရၿပီ”

ေအာင္ေဇယ်က အခန္းထဲသို႔ ဝင္လိုက္သည္။

ခင္ယြန္းစံက နံႏြင္းမႈိင္းကို ရႈလ်က္ ေစာင္ကို ၿခဳံကာ ထိုင္ေန၏။

နေဘးတြင္ အဝတ္ျဖင့္ ရစ္ပတ္ထားသည့္ ကေလးငယ္။

“ဘာေလးလဲ...ခင္ယြန္း”

“ေယာက္်ားေလး”

“အင္းဝၿမိဳ႕ႀကီးကို ရန္သူေတြ ပတ္လည္ဝိုင္းေနခ်ိန္မွာ ေရာက္လာတဲ့ ကေလးပဲ”

ေအာင္ေဇယ်က ကေလး၏ မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ ၿပဳံးၿပီးေျပာလိုက္၏။

“ေတာ္..ကြၽန္မ ကေလးေမြးတာေတာင္ ဒီႏိုင္ငံေရးေတြနဲ႔...လိုက္ဆက္စပ္ေတြးေနတာပဲလား”

ေအာင္ေဇယ်က ခင္ယြန္းစံကို သြားၿဖဲျပလိုက္သည္။

“ေမာင္ဝိုင္းကြ...မင္းနာမည္..ေမာင္ဝိုင္း”

“ေဟ့..ဟံသာဝတီသားေတြ...လာၿပီေဟ့....မီးေပါက္ေသနတ္ေတြနဲ႔ ထုတ္ပစ္ၾက”

ၿခံဝန္းအတြင္းသို႔ ဝင္လာေသာ ငေကာင္း၏ ျမင္းႏွင့္ ရွင္မိငယ္တို႔ စီးလာေသာ လွည္းမ်ားကို အိမ္ၿခံဝန္းအတြင္း ေဆာ့ကစားေနသည့္ ေမာင္႐ြ က တင္က်ီးတုတ္ငယ္ကို ေသနတ္လုပ္ကာ ခ်ိန္လိုက္ျခင္းျဖစ္သည္။

ႏြားလွည္းေပၚမွ ရွင္ညိဳျမေလးက သူ႔အကိုမ်ားကို ၾကည့္ကာ တခစ္ခစ္ႏွင့္ ရယ္ေန၏။

“ရွင္..အင္းဝမွာ အဆင္ေျပခဲ့ရဲ႕လား”

ခင္ယြန္းစံက ေအာင္ေဇယ်ကို ေမးလိုက္သည္။

“ေျပပါတယ္...စစ္ကိုင္းကို ဝင္ၿပီး မိငယ္တို႔သားအမိကိုပါ ဝင္ေခၚခဲ့တယ္...မင္းက ကေလးမီးငယ္နဲ႔ဆိုေတာ့ မိငယ္လည္း လိုတာကူေပးဖို႔ေပါ့”

“အင္း...ရွင္ဘုရင္နဲ႔ ေတြ႕ခဲ့ရလား”

“ေတြ႕ခဲ့ရတယ္”

“ဘာေတြ ျဖစ္လာမွာလဲ”

“ေမာင္ႀကီးတို႔...မၾကာခင္..ကိုယ့္ၿမိဳ႕ ကိုယ့္႐ြာကို ကိုယ့္ဟာကိုယ္ ကာကြယ္ၾကရမယ့္သေဘာပဲ....သူ႔မွာ ေမာင္ႀကီးတို႔ေတြအတြက္ ေပးစရာ ဒီဘြဲ႕ေတြကလြဲၿပီး ဘာမွ မရွိေတာ့ဘူး..ဟံသာဝတီက လာလာတိုက္ေနလို႔ ေအာက္ဖက္႐ြာေတြမွာလည္း စပါးမစိုက္ႏိုင္ၾကေတာ့ဘူး..တခ်ိဳ႕လည္း ဟံသာဝတီဘက္ကို ေျပးဝင္ကုန္ၾကၿပီ..အင္းဝ ၿမိဳ႕မွာလည္း ဆန္တျပည္ကို တစ္က်ပ္ျဖစ္ေနၿပီ...ဓါးျပေတြ လုယက္သူေတြရန္ကလည္း အေတာ္ဆိုးဆိုးျဖစ္ေနၿပီ...ခင္ယြန္း”

“အင္းဝမွာ ဘာျဖစ္ျဖစ္ ကြၽန္မတို႔ ေရွ႕မွာ ရွင္ရွိေနဖို႔ လိုတယ္..ကိုေအာင္ေဇယ်...ရွင္ဟာ အင္းဝအတြက္ မျဖစ္ရဘူး...မုဆိုးဖိုအတြက္ပဲ ျဖစ္ရမယ္...သိလား”

“ေမာင္ႀကီး..သိပါတယ္..ခင္ယြန္း”

ေအာင္ေဇယ်က နႏြင္းမ်ားျဖင့္ ဝါထိန္ေနေသာ ခင္ယြန္းစံ၏ လက္ဖဝါးကို ဆုပ္ကိုင္လိုက္သည္။

“မမခင္ယြန္း..ေနသာရဲ႕လား”

အခန္းဝတြင္ ဘြဲ႕ေခါင္းစည္းႀကိဳးကို ကိုင္လ်က္ မတ္တပ္ရပ္ေနေသာ မိငယ္၏ အသံေၾကာင့္ ေအာင္ေဇယ်က ႐ုတ္တရတ္လက္ကို ႐ုတ္ရန္ျပင္လိုက္သည္။

သို႔ေသာ္...ခင္ယြန္းစံက ေအာင္ေဇယ်၏ လက္ကို အမိအရ ျပန္လည္ဆုပ္ကိုင္ထားလိုက္၏။

 

ခက္ေဇာ္

အခန္း(၁၈)

သဘက္ခါ

(တိုက္ပြဲမၿပီးခင္ အေလာင္းမေရတြက္ႏွင့္၊ လာအိုစကားပုံ)

Comments

Post a Comment