AVA 1740s (Season 2) အခန်း(၃၀)

 AVA 1740s (Season 2)

                                                                       အခန်း(၃၀)

                                                             ......................................................

ဂါရစ်နာဝဇ်၏ ကသည်းတပ်ကြီးသည် မဏိပူရသို့ ပြန်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ခရီးပန်းလာသော တပ်ကြီးမှာ အရေပေါ်အခြေအနေကြောင့် အင်းဝ တွင် တစ်လခန့် နားပြီး ရိက္ခာ၊ လက်နက်များ အသင့်ဖြည့်တင်းကြသည်။

ကသည်းတပ်များမှာ မဏိပူရသို့ ရောက်သည်နှင့် ထီးနန်းအာဏာကိုသိမ်းယူထားသော မင်းသားသျှန်သျှား၏ တပ်များကို တိုက်ခိုက်ရဉီးမည်ဖြစ်သည်။

ဂါရစ်နာဝဇ်သည် သျှန်သီကို အင်းဝသို့ ဆောင်ယူလာချိန်တွင် အကိုတော်သျှန်သျှားမှာ အိမ်နီးချင်း တြိပူရပြည်နှင့် စစ်ဆိုင်နေချိန်ဖြစ်သည်။

သို့သော် တြိပူရပြည်တွင်လည်း ထီးနန်းကိုနောက်ကွယ်မှ ချုပ်ကိုင်ထားသော ဘင်္ဂါလီသူဌေး ရှန်ရှားဂါသီ မှာ အမြောက်ထိမှန်ကျဆုံးခဲ့ပြီးနောက် လက်ရှ်မန်မဏိကျဘုရင်မှာလည်း ထီးနန်းစွန့်ခဲ့ရသည်။

တြိပူရထီးနန်းအပြောင်းအလဲကြောင့်မဏိပူရနှင့် ဖြစ်လာမည့်စစ်ပွဲသည်လည်း အလိုလိုပြီးဆုံးသွားခဲ့သည်။

အိမ်ရှေ့စံသျှန်သျှားမှာ တပ်များနှင့်အတူ ကန်ကလာနန်းတော်သို့ ပြန်ရောက်သည့်အခါ သူ၏ နှမတော်အား အင်းဝမင်းထံ ဆက်သရန် ဖခင်ဖြစ်သူ ခေါ်ဆောင်သွားသည်ကို သိလိုက်ရ၏။

ဂါရစ်နာဝဇ်သည် ပထမအကြိမ်အင်းဝသို့ စစ်ချီစဉ် အရှုံးနှင့် ပြန်လာရသည့်ကိစ္စ၊ မဏိပူရတော်ဝင်သမီးတော်အား အင်းဝမင်းထံသို့ ဆက်သသည့်ကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်ကြသည့် နန်းတွင်းအမတ်များက သျှန်သျှားကို ထောက်ခံကြသည်။

အမျိုးသားရေးစိတ်ဓာတ်တက်ကြွနေသော ပြည်သူများ၏ ထောက်ခံမှုကိုလည်း ရနေသည့် သျှန်သျှားက ဖခင်ဂါရစ်နာဝဇ် နှင့် အကိုဖြစ်သူ ဆန်ဂျေးခူရာလက်ပတို့ကို မဏိပူရ၏ သစ္စာဖောက်များအဖြစ် ကြေညာကာ ထီးနန်းကို သိမ်းယူလိုက်ခြင်းဖြစ်သည်။

ဂါရစ်နာဝဇ်မှာ ထီးနန်းသိမ်းယူခံရသည့်အတွက် သမက်တော်ဖြစ်သည့် အင်းဝဘုရင်ထံ အကူအညီတောင်းခံသည်။

သို့သော် အင်းဝတပ်များသည်လည်း ဟံသာဝတီအရေး ၊ ကွေ့အရေးတို့တွင် ခံစစ်အနေအထား ရင်ဆိုင်နေကြရသည်။

မကြာမီ တရုတ်သံတမန်များလာမည်ဖြစ်သဖြင့် တရုတ်ပြည်နှင့် မဟာမိတ်ဆက်ဆံရေးရပြီး..တရုတ်၏ အကူအညီရပြီးပါက မဏိပူရကို အင်းဝမှ ကူမည်ဖြစ်ကြောင်းစကားကတိသာ ရရှိလိုက်၏။

ဆန်ဂျေးခူရာလက်ပ ကိုလည်း မင်းရဲစည်သူဘွဲ့၊ သမီးတော် သျှတ္တရမာလာကို မဟာဒေဝီမိဖုရားဘွဲ့ပေးခဲ့သည်။

မဏိပူရသို့ ပြန်သည့်အခါ ဂါရစ်နာဝဇ်နှင့်အတူ သားတော် ဆန်ဂျေးခူရာလက်ပ လည်း လိုက်ပါလာမည်ဖြစ်သည်။

၁၇၅၀ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကသည်းတပ်ကြီးသည် အင်းဝမှ မဏိပူရသို့ စတင်ထွက်ခွာလာတော့၏။

ဖေဖော်ဝါရီ ၁၉ ရက်နေ့။

ခရီးထောက်ဖြစ်သော မြေဒူးမြို့သို့ ရောက်တော့မည်ဖြစ်သဖြင့် ကသည်းတပ်များမှာ အနားယူရန် စိတ်အားတက်ကြွနေကြသည်။

အင်းဝဘုရင်လက်ဆောင်ပါးလိုက်သည့် ဆင်ပြောင်ကြီးပေါ်တွင် လိုက်ပါသည့် ဂါရစ်နာဝဇ်က ရှေ့မှ မြင်းဖြင့် သွားနေသည့် သားတော်ဆန်ဂျေးကို အကဲခတ်လိုက်သည်။

ဆန်ဂျေးကား အရက်နာကျနေသော မျက်လုံးနီရဲရဲများ၊ ဆံပင်စုတ်ဖွာဖွာဖြင့် ငေးငိုင်နေ၏။

“ခဏရပ်ကြဉီး”

တံပိုးမှုတ်သံများ ထွက်လာပြီး စစ်ကြောင်းတစ်ခုလုံး ရပ်တံ့သွားသည်။

ဂါရစ်နာဝဇ်က ဆင်ပေါ်မှ ဆင်းလာ၏။

“ဆန်ဂျေး.....မင်း ကျန်းမာရေးရော ကောင်းရဲ့လား”

“ကောင်းပါတယ်..ခမည်းတော်”

“အင်းဝမှာ ရှိနေတဲ့အချိန်..အရက်တွေ ဘာလို့ ဒီလောက်သောက်ပစ်ရတာလဲကွာ”

ဆန်ဂျေးက ဘာမှမဖြေ။

“မင်း မြင်းကို ထားခဲ့..ငါနဲ့ ဆင်ပေါ်မှာ အတူလိုက်စီး..မင်းကို ငါပြောစရာတွေရှိတယ်”

“ရတယ်..ခမည်းတော်..သားတော်...မြင်းနဲ့ပဲ သွားပါ့မယ်”

“အေး..အဲ့ဒါဆို ငါမေးတာဖြေ..ဘာဖြစ်လို့..မင်း အရက်နွံထဲ နစ်သွားရတာလဲ”

ဆန်ဂျေးက ခေါင်းကို ခါရမ်းလိုက်သည်။

“ကျွန်တော် သူ့ကို စစ်ကိုင်းမှာ တွေ့ခဲ့ရတယ်”

“ဘယ်သူလဲ”

“နားလဲ”

“မင်းက..သူ့ကို မမေ့သေးပဲကိုး”

“သူချည်းပဲ မဟုတ်ဘူး..ခမည်းတော်...သူနဲ့အတူ ကလေးလေးတစ်ယောက်လည်းပါတယ်.. အဲ့ဒီကလေးက ကျွန်တော့်ကလေး..အဖေ့ရဲ့ မြေး..”

“မဟုတ်တာတွေမပြောနဲ့...ဆန်ဂျေး...အဲ့ဒီ ကွေ့မ ကလေးပျက်ကျသွားတာ..ငါတို့အားလုံးသိတယ်..ဟိုရှေး စစ်ကြောင်းက အမတ်ကြီး မဟာသျှန်သီလည်း သိတယ်...အဲ့ဒါ မင်းကလေးမဟုတ်ဘူး”

“ကျွန်တော် မယုံဘူး..ခမည်းတော်”

“ဒါနဲ့ပဲ..မင်းက အရက်တွေ အလွန်အကျွံသောက်ပစ်တယ်ပေါ့..တောက်...မင်းကွာ...ကန်ကလာရဲ့ ပလ္လင်ဟာ မင်းအတွက်ပါလို့ ငါရည်ရွယ်ထားခဲ့တာ...မင်းဒီလိုပုံစံနဲ့..ဘယ်လိုလုပ်..ငါက ထီးနန်းကို အပ်ရတော့မှာလဲ”

“ဟား..ဟား.အဖေ့လက်ထဲမှာရော..အဲ့ဒီထီးနန်းက အခုရှိသေးလို့လား..အဖေရဲ့”

“ငါ..”

ဂါရစ်နာဝဇ်က ခါးကြားမှာ ဓါးပေါ်သို့ လက်တင်လိုက်သည်။

“ဗုန်း”

ထိုအချိန်တွင် ဆင်ပေါ်မှ ဆင်ဉီးစီးက မထင်မှတ်ပဲ သူတို့ နှစ်ဉီးရှေ့သို့ ပြုတ်ကျလာသည်။

လည်ပင်းတွင် မြားတံ တန်းလန်းနှင့်။

စက္ကန့်ပိုင်းအကြာတွင်ပင် ကန်းပုလွေသံများက တောအနှံ့ ထွက်ပေါ်လာ၏။

ဂါရစ်နာဝဇ်၏ ကိုယ်ရံတော်တပ်က ဒိုင်းလွှားများဖြင့် ဝိုင်းရံလိုက်ကြသည်။

ဒူးလေးမြားတံ အစင်းပေါင်းများစွာသည် ကသည်းတပ်ဖွဲ့များ ဆီသို့ ကျရောက်လာ၏။

ညာသံပေးသံများနှင့်အတူ အရှေ့ဘက်တပ်များဆီမှ တိုက်ခိုက်သံများ ကြားကြရသည်။

ရှေ့ပြေးတပ်ဆီမှ အလံကိုင်တစ်ဉီး က မြင်းကို အပြင်းနှင်လာ၏။

‘ရှေ့မှာ ဘယ်ကမှန်းမသိတဲ့ တပ်တစ်ခု ဝင်တိုက်လို့ တိုက်ပွဲဖြစ်နေပါတယ်..အရှင်မင်းကြီး..ခေတ္တသင့်တော်ရာမှာ ခိုနေဖို့ အမတ်ကြီးမဟာသျှန်သီက ပြောလိုက်ပါတယ်”

“ဘယ်သူတွေလဲ..အင်းဝတပ်တွေလား”

“မဟုတ်ဘူး..ခမည်းတော်..အဲ့ဒါ ကွေ့တပ်တွေပဲ..ခမည်းတော်ကို လုံခြုံရောပို့ထားကြ...မြင်းသည်တပ် တဝက် ငါနဲ့ လိုက်ခဲ့ဟေ့”

ဆန်ဂျေးက ခါးကြားမှ ဓါးကို ထုတ်ကာ မြင်းကို ဒုံးစိုင်းထွက်သွားသည်။

....................................................................................

တောင်အောက်မှ တိုက်ပွဲမြင်ကွင်းကို နားလဲက မမှိတ်မသုံ ကြည့်နေ၏။

လက်ထဲတွင် မြားတံ ထည့်ထားသော ဒူးလေး က အသင့်အနေအထား။

ငကက် က အနီးသို့ လျှောက်လာသည်။

“ပွဲညက်မီးလုံးတွေ အသင့်ဖြစ်ပြီလား..ငကက်”

“ဖြစ်ပါပြီ”

“ပစ် ဖို့ ပြင်တော့”

မကြာမီ ပွဲညက်ဖြင့် လောင်ကျွမ်းနေသော မီးလုံးများက မောင်းတံကြီးများမှတဆင့် ကသည်းများဆုတ်ခွာရာ လမ်းဆီသို့ လိမ့်ဆင်းသွားကြသည်။

ကသည်းတပ်များမှာ ရန်သူ၏ အင်အားကို မခန့်မှန်းနိုင်သဖြင့် အလဲလဲ အပြိုပြိုဖြင့် ပြန်လည်ခုခံကြသည်။

“တို့လူတွေကို ဆုတ်ခိုင်းလိုက်တော့”

“ငါတို့ အသာရနေတာ မဟုတ်လား..နားလဲ”

“သူတို့အင်အားက ငါတို့ထက် လေးဆလောက်များတယ်..တိုက်ပွဲထဲမှာ သူတို့ကို ပိတ်ထားလိုက်ရင် သူတို့က သေမှာကြောက်လို့ မထူးဇာတ်ခင်းတိုက်ကြမှာပဲ..အဲ့ဒီကျ ရေရှည်မှာ..ငါတို့...အထိနာလာမှာ..အခုက လောလောဆယ် စစ်မြူရုံလောက်ပဲ..သူတို့ကို ပြေးပေါက်ဖွင့်ပေးလိုက်ပါ”

“အနောက်မှာ မင်းကြီးဂုဏ္ဏအိမ် နဲ့ ထော်ကန်တို့ တပ်တွေလည်း စစ်ကူလာနေပြီ...သင်းတို့ အားလုံးကို အပြတ်ရှင်းပစ်လိုက်လို့ရတယ်.လေ..နားလဲ”

“ငါပြောတာ...နားထောင်..ငကက်..သူတို့ကို တပ်ပေးဆုတ်လိုက်...ငါလိုချင်တာ...သူတို့ အသက်တွေ မဟုတ်သေးဘူး..သူတို့ရဲ့ ဘုရင် ဂါရစ်နာဝဇ်ရယ်၊ မင်းသားဆန်ဂျေးရယ်..နောက်ပြီးတော့ မဟာသျှန်သီဆိုတဲ့ အမတ်ရယ်ပဲ...သူတို့သုံးယောက်ဟာ ငါ့ဗိုက်ထဲက ကလေးကို သတ်ခဲ့တယ်..ပြီးတော့ ငါ့ကိုပါ သေအောင် စစ်မြေပြင်မှာ ထားခဲ့ကြတယ်..အဲ့ဒါတင်မကဘူး...ငါနဲ့ ကိုသူရိန် ရဲ့ မိသားစုဘဝကိုလည်း သူတို့ ဖျက်ဆီးခဲ့ကြတယ်..ငါ့ကလေးဟာ သူတို့ကြောင့် အဖမဲ့ ထပ်ဖြစ်ရပြန်တယ်..သူတို့ သေရမယ်...ကွေ့တွေအပေါ် ကျေးဇူးကြီးတဲ့ ဗိုလ်မင်းသူရိန်စော ရဲ့ အသက်အတွက် သူတို့ အားလုံး ပြန်ပေးဆပ်ရမယ်...ငါ့စကားကို နားထောင်ပါ..ငကက်...လောလောဆယ်..သူတို့ကို လမ်းကြောင်းဖွင့်ပေးလိုက်ပါ”

နားလဲ၏ စကားဆုံးသည်နှင့် ငကက်က ကန်းပုလွေကြီးကို မှုတ်ရန် အချက်ပြလိုက်သည်။

ပုလွေသံများ အဆင့်ဆင့် ထွက်ပေါ်လာပြီးနောက် လူအင်အား ၅၀၀ ခန့်ရှိသည့် ကွေ့တပ်များမှ တောတွင်းမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြ၏။

တောင်ကြားတောတန်းတစ်လျှောက်တွင် အထိတ်ထိတ်အလန့်လန့်ဖြစ်နေသော ကသည်းတပ်ကြီးသာ ကျန်ရစ်ခဲ့၏။

ကိုယ်ရံတော်တပ်များဖြင့် ရှိနေသော ဂါရစ်နာဝဇ် ထံသို့ ဆန်ဂျေး ပြန်ရောက်လာသည်။

“ရန်သူတွေ ဆုတ်သွားကြပါပြီ..ခမည်းတော်”

“အခြေအနေဘယ်လိုရှိလဲ..ဆန်ဂျေး”

“သားတော်တို့ဘက်က လူတစ်ရာလောက်ကျသွားပါတယ်..ဒဏ်ရာရတာ သုံးရာလောက်ရှိပါတယ်..သူတို့ဘက်ကတော့ အလောင်းကောင် ငါးဆယ်ကျော်ကျန်ခဲ့ပါတယ်”

“အင်း..ရှေ့ဆက်သွားလို့တော့ မသင့်သေးဘူး..လောလောဆယ်..အင်းဝကို ပြန်ဆုတ်ကြမယ်...အင်းဝဘုရင်ဆီ ဒီကိစ္စအသိပေးပြီးမှ ဘာလုပ်ရမလဲ..ငါဆုံးဖြတ်မယ်”

.............................................................................................................................

ဟံသာဝတီနှင့် အင်းဝ နယ်ခြား ၊ ညောင်ဉီးခံတပ်ဆီသို့ အလံဖြူလွှင့်ထားသော မြင်းတစ်စီး ကဆုန်ပေါက်လာနေ၏။

ခံတပ်ထိပ်တွင် မတ်တပ်ရပ်နေသော ဗိုလ်မှူးရဲခေါင်ကျော်စံက အချက်ပြလိုက်သည်။

ခံတပ်တံခါးခပ်ဟဟဖြစ်သွားပြီး မြင်းငါးစီးက အရှိန်ဖြင့် ထွက်သွားပြီး အလံဖြူမြင်းကို ဝိုင်းရံလိုက်ကြ၏။

ထို့နောက် အလံဖြူမြင်းကို ခံတပ်အတွင်းသို့ ခေါ်လာကြသည်။

မြင်းပေါ်တွင်ပါလာသူက ဗိုလ်မှူးရဲခေါင်ကျော်စံ ထံသို့ ဒူးထောက်ကာ စာချွန်တစ်ခုကို‌ပေးလိုက်၏။

“ကိုးသိန်းသခင်မင်းခေါင်ထံ ဟံသာဝတီပြည်၊ ကျီဝန်ဉီးမောင်က ပါးလိုက်တဲ့ သဝဏ်လွှာပါ..ဘုရား”

“ဟံသာဝတီက ဆက်သား...မောလာရောမယ်...မြင်းနဲ့ လူကို အနားယူဖို့ စီစဉ်ပေးလိုက်ကြဟေ့”

ဆက်သားထွက်ခွာသွားပြီးသည့်နောက် ရဲခေါင်ကျော်စံ က ယာယီတဲနန်းပေါ်သို့ တက်လိုက်သည်။

တဲနန်းတံခါးများကို လုံခြုံအောင် ပိတ်ပြီး ထန်းဖူးစာချွန်ကို ဖွင့်ဖတ်လိုက်၏။

“အင်းဝပြည့်ရှင်မင်းတရား၏ ခြေဖဝါးတော်အောက် ကျွန်တော်မျိုး ဟံသာဝတီ ကျီဝန်ငမောင် လျှောက်ထားပါသည်..ဘုရား။

ငအောင်လှ သည် အရှင့်ကျေးဇူးကို မသိ၊ မတတ်၊ မထောက်၊ ငဲ့ ပဲ သူပုန်အမှုပြုကာ ဟံသာဝတီကို မင်းပြုနေသည်ကို အင်းဝရွှေနန်းရှင် အသိဖြစ်ပါသည်။

ယခုအခါ ဟံသာဝတီနန်းတွင်းနှင့် တလိုင်းသုံးရပ်တလွှားတွင် သူ၏ ညီတော်၊သမက်တော်၊ ဆွေတော်မျိုးတော်တစ်စုသာ မင်းမူလျက် အရာထမ်း၊ အမှုထမ်းများနှင့် ပြည်သူအပေါ်ထင်ရာစိုင်းလျက်ရှိပါသည်။

ဟံသာဝတီနေပြည်တော်အတွင်းတွင်လည်း ငအောင်လှ အား ပုန်ကန်ကာ အင်းဝနန်းရှင်၏ ထီးရိပ်သို့ ခိုလှုံလိုသူအများအပြားရှိပါသည်။

ကျွန်တော်မျိုး မှ လည်း ထိုသူတို့အား အလုံးအရင်းဖြင့် လျှို့ဝှက်စွာ စုဆောင်းထားရှိထားပြီးဖြစ်ပါသည်။

ဘုရားအလိုတော်ရှိပါက..ကျွန်တော်မျိုးရောက်ရှိနေသော ပြည်မြို့ကို ကိုးသိန်းသခင်မင်းခေါင်အား စေလွှတ်ချီတက်စေတော်မူပါ။ ကျွန်တော်မျိုးမှ ဉပါယ်တံမျဉ်ဖြင့် မြို့တံခါးကို ပွင့်စေပါမည်။

ပြည်မြို့ကို ရသည်နှင့် အောက်တခွင်ပြင်ကို သိမ်းယူပြီး ဟံသာဝတီကို ဝိုင်းရံတော်မူပါ။ ဟံသာဝတီမြို့တွင်းတွင်လည်း ဘုရားကျွန်တော်မျိုးစုရုံးထားသူ အခိုင်အဖီးဖြင့် ရှိနေပါပြီ..ဘုရား။

နိုင်ငံတော်တဝှမ်းသည် အင်းဝထီးစက်အောက် ရောက်ရှိပါက..ဘုရားကျွန်တော်မျိုး ငမောင် သည် အင်းဝ ထီးဘုရား ၏ သစ္စာတော်ခံကျွန်အဖြစ် အသက်ဆုံးသည်အထိ အမှုထမ်းရန် အသင့်ရှိကြောင်း ရှိခိုးတင်လျှောက်ပါသည်..ဘုရား”

ရဲခေါင်စံကျော်က အောက်ဘက်တွင်ပါသော ကျီဝန်ဉီးမောင်၏ စည်းတံဆိပ်ကို သေချာကြည့်လိုက်သည်။

ထို့နောက် စာကို ချက်ချင်း ပြန်လိပ်ကာ ဘူးအတွင်းထည့်လိုက်၏။

“လက်ရွေးငယ်တပ်အသင့်ပြင်ဟေ့...အင်းဝကို ချက်ချင်းတက်ကြရမယ်”

............................................................................................................

“လောလောဆယ်တော့....ကွေ့သူပုန်အရေးကို အဆွေတော်မဏိပူရမင်းကပဲ တာဝန်ယူတိုက်ပေးစေချင်ပါတယ်”

မဟာဓမ္မရာဇာဓိပတိ စကားကြောင့် ဂါရစ်နာဝဇ် နှင့် ဆန်ဂျေးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

“ကသည်းမြင်းတပ်တွေနဲ့ ကိုးသိန်းသခင်မင်းခေါင်ရဲ့ တပ်တွေ ညှပ်ပူးညှပ်ပိတ် တိုက်မယ်ဆိုရင် ကွေ့များ ကို အချိန်တိုအတွင်း အမြစ်ဖြုတ်နိုင်မှာပါ..ဘုရင်မင်းမြတ်”

“လောလောဆယ်တော့..ကွေ့အရေးတစ်ခုတည်းအတွက် ကိုးသိန်းသခင်ရဲ့ တပ်တွေ ကို စေလွှတ်တိုက်ခိုင်းဖို့ မဖြစ်နိုင်သေးပါဘူး....မကြာခင်မှာ တရုတ်ပြည်က သံကြီးတမန်ကြီးတွေ လာမှာမို့..အင်းဝရွှေနန်းတော်နဲ့ မြို့တော်လုံခြုံရေးအတွက် တပ်ကြီးတပ်မတွေ အားလုံးကို အင်းဝပတ်ဝန်းကျင်မှာပဲ စုစည်းထားမှာပါ”

“အဆွေတော်ဘုရင်မင်းမြတ်တို့ အခက်အခဲကို နားလည်ပါတယ်..ကျွန်တော်မျိုးတို့ကလည်း မဏိပူရနန်းတွင်း အရေးကြောင့် ဒီလမ်းကနေ အမြန်ဆုံး ဖြတ်ပြန်ကြရမှာပေါ့..ဒီတော့ မဖြစ်မနေ ကွေ့တွေကို တိုက်ပြီးဖြတ်ရမှာပါပဲ..ဒီတော့..အဆွေတော် ဘုရင်မင်းမြတ်ဆီက တစ်ခုတော့ တောင်းဆိုချင်ပါတယ်..မဏိပူရတပ်များအနေနဲ့ အပြန်ခရီးမှာ ကွေ့တပ်များကို အပြီးတိုင်ချေမှုန်းပေးပါ့မယ်..အဲ့ဒီအတွက် အင်းဝ မှ လူအင်အားမပေးနိုင်သော်ငြား..မြင်းကောင်း (၅၀၀) ၊ အမြောက်ကြီးအလက်(၆)လက်၊ မြတံပူ အလက်(၂၀)၊ သေနတ် (၁၀၀) ပေးဖို့ တောင်းဆိုပါတယ်”

မဟာဓမ္မရာဇာဓိပတိက နဘေးတွင် ခစားနေသော ကိုးသိန်းသခင်၏ အရိပ်အကဲကိုလှမ်းကြည့်လိုက်၏။

“ဘထွေးတော်...အဲ့ဒီလိုဆိုရင်ရော...သူတို့ကို ပေးဖို့ လက်နက်လုံလောက်ရဲ့လား”

“မှန်ပါ...ဟံသာဝတီစစ်အခြေအနေ ငြိမ်နေသေးရင်တော့ ပေးလို့ရပါတယ်..ဘုရား”

“အိမ်း..ဒီလိုဆို မဏိပူရမင်းအနေနဲ့ ဘထွေးတော်နဲ့ ဆက်လက်တိုင်ပင်လုပ်ဆောင်ပေးစေ”

မဟာဓမ္မရာဇာဓိပတိ က ညီလာခံဆောင်မှ ထွက်ခွာသွားသည်။

ထိုအချိန်တွင် ကိုးသိန်းသခင်၏ အိမ်တော်အမှုထမ်း စာတော်ဖတ် မောင်မြတ်စံ ဝင်လာ၏။

“မောင်မြတ်စံ..ငါထွက်အလာတောင်မစောင့်နိုင်အောင်..ဘာအရေးရှိလို့လဲ”

“မှန်ပါ..ညောင်ဉီးတပ်က တပ်မှူးရဲခေါင်စံကျော် အရေးပေါ် ရောက်ရှိနေကြောင်းပါ”

ကိုးသိန်းသခင်က မျက်မှောင်ကြုံ့လိုက်သည်။

ထို့နောက် ဂါရစ်နာဝဇ်ဆို့ သားအဖဘက်သို့ လှည့်လိုက်၏။

“ဒီည စစ်ကိုင်းသံတဲဆီ ပြန်ကြမှာထင်ရဲ့”

“ဟုတ်ပါတယ်”

“ကျုပ်..မနက်ဖြန်မနက်ကို စစ်ကိုင်းသံတဲဆီလာပြီး...မြင်းနဲ့ လက်နက်တွေ ကိစ္စ ဆွေးနွေးပါဉီးမယ်..အခုတော့ အရေးတကြီးကိစ္စရှိနေသေးလိုပါ”

ဂါရစ်နာဝဇ် နှင့် ဆန်ဂျေးတို့က အလိုက်သိစွာဖြင့် အဆောင်အတွင်းမှ ထွက်သွားကြ၏။

“ရဲခေါင်စံကျော်ကို အခုသွင်းစမ်း”

ရဲခေါင်စံကျော်က အဆောင်အတွင်းသို့ ဝင်လာသည်။

လက်ထဲမှ စာချွန်တော်ကို ကိုးသိန်းသခင်က ယူကာ ဖြန့်ဖတ်လိုက်၏။

“မြတ်စံ...သူ့ကို ငါ့အိမ်တော်က သွားစောင့်ခိုင်းချေ..ဗိုလ်မှူးဂဇကျော်နဲ့ အာကာဗိုလ်မှူးတို့ကိုပါ အသင့်ခေါ်ထား..ငါအတွင်းတော်ဝင်ပြီးရင် အိမ်တော်ကို လိုက်လာခဲ့မယ်..သွားကြချေ”

ကိုသိန်းသခင်က မဟာဓမ္မရာဇာဓိပတိ ရှိမည့် ဉယျာဉ်တော် ၊ သုခုမဆောင်ဆီသို့ ခပ်သွက်သွက်လိုက်ဝင်သွားသည်။

မဟာဓမ္မရာဇာဓိပတိက ပတ္တလားတစ်လုံးရှေ့တွင် ထိုင်လျက်။ သူ၏ နဘေးတွင် ဝန်ကြီးပဒေသရာဇာ က တျာချင်းတစ်ပုဒ်ကို နှုတ်တိုက်ချပေးနေသည်။

သူ့ရှေ့တွင် လာရောက်ဒူးတုပ်လိုက်သော ကိုးသိန်းသခင်ကို မဟာဓမ္မရာဇာဓိပတိက မသိယောင်ပြုနေ၏။

“အကြီးတော်...ဆက်ဆိုပြလေ..ဒီမှာ တီးလုံးက နရီမိနေမင့်ဟာ”

“ဘထွေးတော်ဆီမှာ အရေးပေါ် ကိစ္စ ရှိနေပြန်ပြီထင်ပါတယ်..ဘုရင်မင်းမြတ်”

“နေပါစေ..ဒီအချိန်က ကျုပ် သီချင်းတက်ချိန်လေ..ခုနက ညီလာခံတစ်လျှောက် ပြဿနာတွေ ရှင်းပေးပြီးပြီ..အခုက ကျုပ်အချိန်”

“မှန်ပါ..အခုက အရေးအတော်ကြီးတဲ့ ကိစ္စမို့ပါ..ဘုရား”

ကိုးသိန်းသခင်က ဝင်ရောက်လျှောက်တင်လိုက်သဖြင့် မဟာဓမ္မရာဇာဓိပတိက ပတ္တလားတီးတံကို ပစ်ချလိုက်သည်။

“ကဲ..ဘထွေးတော်.....ခုနပဲ ကျုပ် ရှင်းစရာရှိတာ ရှင်းပေးပြီးပြီလေ..ဘာအရေးပေါ်ပြန်တာလဲ”

“ဟံသာဝတီမြို့ က ကျီဝန်ငမောင် ထံမှ စာရောက်ပါတယ်..ဘုရား”

“ကျီဝန်အဆင့်က ဘာရေးလို့..ဒီလောက်အရေးကြီးနေတာတုန်း..ဘထွေးတော်”

ကိုးသိန်းသခင်က စာချွန်ကို လက်နှစ်ဖက်ဖြင့် ပေးလိုက်၏။

မဟာဓမ္မရာဇာဓိပတိ က စာကို ဖတ်လိုက်သည်။

“ပြည်ကို အခုချက်ချင်း ကျုပ်တို့က လာသိမ်းရမယ်ပေါ့”

“မှန်ပါ”

“ပြီးရင်..ဟံသာဝတီ..အံမယ်လေး..စစ်တိုက်တာ ဒီလောက်လွယ်လား..ဘထွေးတော်”

“စစ်တို့ မည်သည့် လူသူအင်အား၊ လက်နက်အင်အား၊ ရာသီဉတုအပြင်..အချိန်အခါဆိုသည်ကိုလည်း ထည့်တွက်ရပါတယ်..ဘုရား..ဒီအချိန်ဟာ...တဖက်ရန်သူအင်အားစုထဲမှာ ကိုယ့်ဘက်ကို ပါမယ့်သူတွေ ရှိနေချိန်လည်းဖြစ်တော့...ဒီအချက်ကို အခွင့်ကောင်းယူနိုင်ရင် ဟံသာဝတီကို ရကောင်းရနိုင်ပါရဲ့..ဘုရင်မင်းမြတ်”

“ရကောင်းရနိုင်ပါရဲ့...ဟုတ်လား..ဘထွေးတော်..ခင်ဗျား..စစ်သားပဲ ပြတ်ပြတ်သားသားပြောပါ..ရမှာလား..မရဘူးလား”

“အင်းဝနေပြည်တော်မှာ စုစည်းရောက်ရှိနေတဲ့ တပ်များကို ကျွန်တော်မျိုးကိုယ်တိုင် ဉီးဆောင်ပြီး...ချီတက်ကြရင်ဖြင့်”

မဟာဓမ္မရာဇာဓိပတိက ကိုးသိန်းသခင်ကို လာကာပြလိုက်သည်။

“မကြာခင်မှာ တရုတ်ပြည် ၊ ပီကင်းနန်းတော်က သံတမန်ကြီးတွေ ရောက်လာတော့မယ်..ဘထွေးတော်..အဲ့ဒီလိုအချိန်မျိုးမှာ ကျုပ်တို့ အင်အားကို သူတို့ အထင်မသေးစေဖို့အတွက် အင်းဝနဲ့ပတ်ဝန်းကျင်မှာ တပ်အင်အားကြီးကြီးမားမား ခင်းကျင်းထားဖို့လိုလိမ့်မယ်...ပြီးတော့...ဘထွေးတော်ကိုလည်း အင်းဝကနေ ဘယ်ကိုမှ သွားခွင့်မပြုနိုင်သေးဘူး...သံခင်းတမန်ခင်းနဲ့အတူ စစ်ရေးကိစ္စတွေကိုပါ ထည့်သွင်းပြောကြားမှာမို့..ဘထွေးတော် ကျုပ်နဲ့အတူ ရှိနေမှ ဖြစ်မှာပါ”

“စဉ်းစားပါဉီး..ဘုရာ..ဟံသာဝတီသားတွေကြားထဲ ဒီလိုအခြေအနေမျိုးဆိုတာ နောင်တချိန် ပြန်ရဖို့တောင် ခက်ပါတယ်...ကျွန်တော်မျိုးအနေနဲ့”

“ဘထွေးတော်..က ပြည့်ရှင်မင်းရဲ့ အမိန့်ကိုတောင် မနာခံနိုင်ဘူးလား...ဘာလဲ..အင်းဝဘုရင် ဟာ ဘထွေးတော်ကလွဲပြီး စစ်ရေးစစ်ရာမှာ အားကိုးရာလူမရှိတော့ဘူးဆိုပြီး...ဘုရင့်အမိန့်ကို မနာခံပဲ..တပ်အင်အားစုနဲ့ ဟံသာဝတီစစ်အရေးအကြောင်းပြ..အင်းဝကို ပုန်စားမလို့လား..ဘထွေးတော်မှာ ဒီအကြံရှိတယ်ဆိုရင်လည်း ကျုုပ် ဒီပလ္လင်ပေါ်က ခုပဲ ဆင်းပေးလိုက်မယ်”

မဟာဓမ္မရာဇာဓိပတိ၏ စကားကြောင့် ဝန်ကြီးပဒေသရာဇာက တုန်လှုပ်စွာကြည့်လိုက်သည်။

ကိုးသိန်းသခင်ကလည်း မျက်စိမျက်နှာပျက်လျက်။

“မှန်ပါ...ကိုယ်တော်ရဲ့ ခမည်းတော်မယ်တော်တို့ဟာ ကျွန်တော်မျိုးအပေါ် မိဘသဖွယ်ကျေးဇူးကြီးမားကြပါတယ်...ကိုယ်တော်ရဲ့ခမည်းတော်နဲ့ ကျွန်တော်မျိုးဟာလည်း တစ်ဖတည်းသားညီရင်းအကိုတွေပါ..ကျွန်တော်မျိုးဟာ အင်းဝထီးဆောင်းမင်းများရဲ့ စစ်သူကြီးအဖြစ်သာ ဘဝတလျှောက်ပျော်မွေ့ပါတယ်..စစ်သူကြီးဖြစ်ရုံနဲ့..ပြည့်ရှင်မင်းတို့ရဲ့ ပလ္လင်ကို မျက်စောင်းထိုးမယ့် သစ္စာဖောက်တိရိစ္ဆာန်အကြံမျိုး မရှိရိုးပါ..အရှင်မင်းဘုရား..အရှင်မင်းဘုရား.အမိန့်အတိုင်း နာခံပါမယ်..ဘုရား”

မဟာဓမ္မရာဇာဓိပတိက မည်သည့်စကားမျှ မဆို။ ပတ္တလားတံကို ကိုင်ကာ တီးလက်စ တီးလုံးကို ဆက်တီးလိုက်သည်။

.............................................................................................................................

“ဟံသာဝတီဟာ ထိုးမယ့်ဆင့် တလှမ်းဆုတ်နေတာပါ..ဘုရား...ဒီတော့ သူတလှမ်းဆုတ်နေချိန်..သူ့အင်အားနည်းနေချိန် တိုက်ဆိုင်တဲ့အချက်ဟာ အခွင့်ကောင်းပဲမို့...လက်လွတ်ခံမယ်ဆိုတာကတော့ဖြင့်”

“ဟဲ့..ရဲခေါင်ကျော်စံငယ်..နင့်လေသံ မာလှချည်လား...နင်ပြောနေတာ..ဘယ်သူလည်းရော နင်မှတ်သေးရဲ့လား”

ကိုးသိန်းသခင်အား လေသံမာမာဖြင့် ပြောနေသည့် ရဲခေါင်ကျော်စံကို ဗိုလ်မှူးဂဇကျော်က ငေါက်ငမ်းလိုက်သည်။

ကိုးသိန်းသခင်က လက်ကာပြလိုက်၏။

“အင်း..ပြောပါစေ..တပ်မှူးငယ်တွေရဲ့ အမြင်ကို ငါ သဘောပေါက်ပါတယ်..ဒါပေမယ့်..ရွှေနန်းရှင်အနေနဲ့ကလည်း တရုတ်သံတွေရှိနေချိန်မှာ အင်းဝကို အလုံခြုံဆုံးဖြစ်မယ့် စစ်အင်အားရှိနေစေချင်တယ်..ငါလည်း အတန်တန်လျှောက်တာပဲ..ဒါပေမယ့်.. သူက ရှင်ဘုရင်မဟုတ်လား..ရာဇပလ္လင်ပေါ်မှာရှိနေသူ ရဲ့ အမိန့်ကို ငါတို့ လွန်ဆန်လို့မရဘူး..ကွဲ့”

“ဒီအတိုင်းဆို...ဟံသာဝတီက အင်အားစုစည်းပြီး တိုက်မယ့်အချိန်ကို ကျွန်တော်မျိုးတို့က စောင့်နေရမှာလား..ဘုရား”

“ကဲ..ရဲခေါင်ကျော်စံငယ်..မောင်မင်း က ဗညားကျန်းတောလက်အောက်မှာ အတော်လေးကို လက်စွမ်းလက်စပြခဲ့ကြောင်းလည်း ငါကိုယ်တော်သိထားပြီ..ဒီတော့ အာကာဗိုလ်မှူးတပ်တွေ ကို အင်းဝနေပြည်တော်ကို ပြန်ခေါ်ထားချိန် မလွန်တပ်ကိုပါ ကွပ်ကဲဖို့ ငါအကြံရှိတယ်”

“ကျွန်တော်မျိုးမှာ သားမယားများနဲ့ မတွေ့ရတာ နှစ်ချီကြာနေပါပြီ..ဘုရား..ပြီးတော့ မလွန်တပ်နဲ့ ညောင်ဉီးတပ်ကို ကျွန်တော်မျိုးမှာ ရှိသမျှ အင်အားနဲ့ မျှဖြန့်ရမယ်ဆိုရင်ဖြင့် ခံတပ်နှစ်ခုလုံး အားနည်းသွားဖို့သာရှိပါတယ်...နောက်ပြီး..ရိက္ခာခွဲတမ်းကိစ္စကလည်း”

“ကဲ...ရဲခေါင်ကျော်စံ...လူကြီးကို နားညည်းအောင် ခိုလို လျှောက်ညည်းမနေစမ်းနဲ့....မင်းကိစ္စ ငါတို့ရှင်းပေးမယ်..ဟုတ်ပြီလား”

ရဲခေါင်ကျော်စံ၏ စကားကို ဗိုလ်မှူးဂဇကျော်က ဖြတ်ပြောလိုက်သည်။

“ဗိုလ်မှူးတို့ ရှင်းပေးမယ်..ရှင်းပေးမယ်ဆိုပြီး..ရိက္ခာကိစ္စ က ဗိုလ်မှူးဗညားရှိကတည်းက”

“အဲ့ဒီကတည်းက ဒီကိစ္စမရှင်းရသေးဘူးလားဟဲ့..ဂဇကျော်တို့၊ အာကာတို့”

“မှန်ပါ..တခြားတပ်စခန်းတွေဆီက ဗညားကျန်းတောဖြတ်လုခဲ့တဲ့ ရိက္ခာများကို ပြန်မျှနေရလို့..ရိက္ခာအထောက်အပံ့နည်းနေရကြောင်းပါ..ကျွန်တော်မျိုးတို့ ရှင်းလင်းအောင် လုပ်ပေးပါ့မယ်...ရဲခေါင်ကျော်စံ လည်း ကျေနပ်အောင် လုပ်ပေးပါ့မယ်..ဘုရား”

“အေးကွယ်..တပ်ကိစ္စမှာ အရာရာ ငါက လိုက်ကြည့်မနိုင်ဘူး...မင်းတို့တပ်မှူးကြီးတွေကပဲ တပ်မှူးငယ်တွေကြား အဆင်ပြေအောင် လုပ်ပေးလိုက်ကြ..ကဲ..ငါ ကိုယ်တော်လည်း တရုတ်သံတွေလာမယ့်ကိစ္စ ညနေ ညီလာခံတခါပြန်ဝင်ရမှာမို့....ပြန်ကြပေရော့”

ရဲခေါင်ကျော်စံက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ကိုးသိန်းသခင်က မသိယောင်ပြုကာ ထထွက်သွား၏။

နယ်ခြားတပ်စခန်းများဆီသို့ ရိက္ခာစီးဆင်းမှုသည် ဗညားကျန်းတောရှိစဉ်ကတည်းက ပြဿနာတစ်ခုဖြစ်ခဲ့သည်။

အင်းဝ သည် ဟံသာဝတီနှင့်အောက်ပိုင်းဒေသကို စွန့်လွှတ်ပြီးသည့်နောက် စီးပွားရေးကြပ်တည်းလာသည်။

ကျောက်ဆည်လွင်ပြင်ဒေသသည်လည်း ရာသီဉတုဖောက်ပြန်မှု၊ စစ်မက်ထူပြောမှု၊ သူခိုးဓါးပြပေါများလာမှုကြောင့် စိုက်ပျိုးရေးများ ကောင်းကောင်းဖြစ်ထွန်းခြင်းမရှိတော့။

ဆန်တပြည်လျှင် ငွေတကျပ်အထိ ခုန်တက်သွားသောကြောင့် စစ်မှုထမ်းရိက္ခာများအပေါ် စီမံခန့်ခွဲသူများဖြစ်သည့် ဗိုလ်မှူးဂဇကျော်နှင့် အာကာဗိုလ်မှူးတို့က အဆင့်ဆင့်ဖြတ်ယူရောင်းစားကြသည်။

ထို့ကြောင့် အင်းဝနှင့်ဝေးသော နယ်ခြားစခန်းများမှာ ရိက္ခာမလုံလောက်မှုကို ကြုံနေကြရ၏။

ကိုးသိန်းသခင်၏ အိမ်တော်မှ အထွက်တွင် အာကာဗိုလ်မှူး က ရဲခေါင်ကျော်စံအား တားလိုက်သည်။

“အခုမင်း...ညောင်ဉီးကို တန်းပြန်မှာလား..ရဲခေါင်ကျော်စံ”

“မှန်ပါ..ဗိုလ်မင်း”

“မင်းကို ငါပြောစရာရှိတယ်”

“ပြောပါ..ဗိုလ်မင်း”

“မင်းဆရာ ဗညားကျန်းတော ဟာ အင်မတန်စစ်တိုက်တော်သလောက်..လျှာရှည်ခဲ့တယ်...ငါတို့တွေ ရှိရဲ့သားနဲ့..ကိုးသိန်းသခင်အထိကို တက်ပြီး တိုင်လားတောလားတွေလုပ်ခဲ့တယ်..အဲ့ဒီအတွက် သူ့ခမြာ ဘုန်းကြီးရှာပေမယ့် အသက်တော့ မရှည်သွားရဘူး..အဲ့ဒါ မင်း သဘောပေါက်လား”

ရဲခေါင်ကျော်စံကို အာကာဗိုလ်မှူးက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

ရဲခေါင်ကျော်စံကလည်း ခေါင်းမငုံ့ပဲ..ပြန်ကြည့်နေ၏။

အာကာဗိုလ်မှူး၏ အနောက်ဖက်တွင် ဗိုလ်မှူးဂဇကျော်က ဝေါယာဉ်ပေါ်မတက်သေးပဲ ရဲခေါင်ကျော်စံကို စူးစူးစိုက်စိုက်ကြည့်နေပြန်သည်။

“မင်း..သားမယားတွေကို အင်းဝမှာ ထားခဲ့ရတာ မဟုတ်လား..ရဲခေါင်ကျော်စံ...သူတို့တွေကို ငဲ့ပြီး...ပေးတဲ့တာဝန်ကို ကောင်းကောင်းမွန်မွန်ထမ်းဆောင်ပါ..အဆင့်တွေ မကျော်ချင်နဲ့..ဟုတ်ပြီလား”

အာကာဗိုလ်မှူးက ရဲခေါင်ကျော်စံ ၏ ပုခုံးကို ပုတ်ကာ ပြန်လှည့်ထွက်သွားတော့၏။

ခက်ဇော်

(zawgyi)

AVA 1740s (Season 2)

                                                                       အခန္း(၃၀)

                                                             ......................................................

ဂါရစ္နာဝဇ္၏ ကသည္းတပ္ႀကီးသည္ မဏိပူရသို႔ ျပန္ရန္ အသင့္ျဖစ္ေနၿပီျဖစ္သည္။

ခရီးပန္းလာေသာ တပ္ႀကီးမွာ အေရေပၚအေျခအေနေၾကာင့္ အင္းဝ တြင္ တစ္လခန႔္ နားၿပီး ရိကၡာ၊ လက္နက္မ်ား အသင့္ျဖည့္တင္းၾကသည္။

ကသည္းတပ္မ်ားမွာ မဏိပူရသို႔ ေရာက္သည္ႏွင့္ ထီးနန္းအာဏာကိုသိမ္းယူထားေသာ မင္းသားသွ်န္သွ်ား၏ တပ္မ်ားကို တိုက္ခိုက္ရဉီးမည္ျဖစ္သည္။

ဂါရစ္နာဝဇ္သည္ သွ်န္သီကို အင္းဝသို႔ ေဆာင္ယူလာခ်ိန္တြင္ အကိုေတာ္သွ်န္သွ်ားမွာ အိမ္နီးခ်င္း ႀတိပူရျပည္ႏွင့္ စစ္ဆိုင္ေနခ်ိန္ျဖစ္သည္။

သို႔ေသာ္ ႀတိပူရျပည္တြင္လည္း ထီးနန္းကိုေနာက္ကြယ္မွ ခ်ဳပ္ကိုင္ထားေသာ ဘဂၤါလီသူေဌး ရွန္ရွားဂါသီ မွာ အေျမာက္ထိမွန္က်ဆုံးခဲ့ၿပီးေနာက္ လက္ရွ္မန္မဏိက်ဘုရင္မွာလည္း ထီးနန္းစြန႔္ခဲ့ရသည္။

ႀတိပူရထီးနန္းအေျပာင္းအလဲေၾကာင့္မဏိပူရႏွင့္ ျဖစ္လာမည့္စစ္ပြဲသည္လည္း အလိုလိုၿပီးဆုံးသြားခဲ့သည္။

အိမ္ေရွ႕စံသွ်န္သွ်ားမွာ တပ္မ်ားႏွင့္အတူ ကန္ကလာနန္းေတာ္သို႔ ျပန္ေရာက္သည့္အခါ သူ၏ ႏွမေတာ္အား အင္းဝမင္းထံ ဆက္သရန္ ဖခင္ျဖစ္သူ ေခၚေဆာင္သြားသည္ကို သိလိုက္ရ၏။

ဂါရစ္နာဝဇ္သည္ ပထမအႀကိမ္အင္းဝသို႔ စစ္ခ်ီစဥ္ အရႈံးႏွင့္ ျပန္လာရသည့္ကိစၥ၊ မဏိပူရေတာ္ဝင္သမီးေတာ္အား အင္းဝမင္းထံသို႔ ဆက္သသည့္ကိစၥႏွင့္ ပတ္သက္ၿပီး မေက်နပ္ၾကသည့္ နန္းတြင္းအမတ္မ်ားက သွ်န္သွ်ားကို ေထာက္ခံၾကသည္။

အမ်ိဳးသားေရးစိတ္ဓာတ္တက္ႂကြေနေသာ ျပည္သူမ်ား၏ ေထာက္ခံမႈကိုလည္း ရေနသည့္ သွ်န္သွ်ားက ဖခင္ဂါရစ္နာဝဇ္ ႏွင့္ အကိုျဖစ္သူ ဆန္ေဂ်းခူရာလက္ပတို႔ကို မဏိပူရ၏ သစၥာေဖာက္မ်ားအျဖစ္ ေၾကညာကာ ထီးနန္းကို သိမ္းယူလိုက္ျခင္းျဖစ္သည္။

ဂါရစ္နာဝဇ္မွာ ထီးနန္းသိမ္းယူခံရသည့္အတြက္ သမက္ေတာ္ျဖစ္သည့္ အင္းဝဘုရင္ထံ အကူအညီေတာင္းခံသည္။

သို႔ေသာ္ အင္းဝတပ္မ်ားသည္လည္း ဟံသာဝတီအေရး ၊ ေကြ႕အေရးတို႔တြင္ ခံစစ္အေနအထား ရင္ဆိုင္ေနၾကရသည္။

မၾကာမီ တ႐ုတ္သံတမန္မ်ားလာမည္ျဖစ္သျဖင့္ တ႐ုတ္ျပည္ႏွင့္ မဟာမိတ္ဆက္ဆံေရးရၿပီး..တ႐ုတ္၏ အကူအညီရၿပီးပါက မဏိပူရကို အင္းဝမွ ကူမည္ျဖစ္ေၾကာင္းစကားကတိသာ ရရွိလိုက္၏။

ဆန္ေဂ်းခူရာလက္ပ ကိုလည္း မင္းရဲစည္သူဘြဲ႕၊ သမီးေတာ္ သွ်တၱရမာလာကို မဟာေဒဝီမိဖုရားဘြဲ႕ေပးခဲ့သည္။

မဏိပူရသို႔ ျပန္သည့္အခါ ဂါရစ္နာဝဇ္ႏွင့္အတူ သားေတာ္ ဆန္ေဂ်းခူရာလက္ပ လည္း လိုက္ပါလာမည္ျဖစ္သည္။

၁၇၅၀ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ ကသည္းတပ္ႀကီးသည္ အင္းဝမွ မဏိပူရသို႔ စတင္ထြက္ခြာလာေတာ့၏။

ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔။

ခရီးေထာက္ျဖစ္ေသာ ေျမဒူးၿမိဳ႕သို႔ ေရာက္ေတာ့မည္ျဖစ္သျဖင့္ ကသည္းတပ္မ်ားမွာ အနားယူရန္ စိတ္အားတက္ႂကြေနၾကသည္။

အင္းဝဘုရင္လက္ေဆာင္ပါးလိုက္သည့္ ဆင္ေျပာင္ႀကီးေပၚတြင္ လိုက္ပါသည့္ ဂါရစ္နာဝဇ္က ေရွ႕မွ ျမင္းျဖင့္ သြားေနသည့္ သားေတာ္ဆန္ေဂ်းကို အကဲခတ္လိုက္သည္။

ဆန္ေဂ်းကား အရက္နာက်ေနေသာ မ်က္လုံးနီရဲရဲမ်ား၊ ဆံပင္စုတ္ဖြာဖြာျဖင့္ ေငးငိုင္ေန၏။

“ခဏရပ္ၾကဉီး”

တံပိုးမႈတ္သံမ်ား ထြက္လာၿပီး စစ္ေၾကာင္းတစ္ခုလုံး ရပ္တံ့သြားသည္။

ဂါရစ္နာဝဇ္က ဆင္ေပၚမွ ဆင္းလာ၏။

“ဆန္ေဂ်း.....မင္း က်န္းမာေရးေရာ ေကာင္းရဲ႕လား”

“ေကာင္းပါတယ္..ခမည္းေတာ္”

“အင္းဝမွာ ရွိေနတဲ့အခ်ိန္..အရက္ေတြ ဘာလို႔ ဒီေလာက္ေသာက္ပစ္ရတာလဲကြာ”

ဆန္ေဂ်းက ဘာမွမေျဖ။

“မင္း ျမင္းကို ထားခဲ့..ငါနဲ႔ ဆင္ေပၚမွာ အတူလိုက္စီး..မင္းကို ငါေျပာစရာေတြရွိတယ္”

“ရတယ္..ခမည္းေတာ္..သားေတာ္...ျမင္းနဲ႔ပဲ သြားပါ့မယ္”

“ေအး..အဲ့ဒါဆို ငါေမးတာေျဖ..ဘာျဖစ္လို႔..မင္း အရက္ႏြံထဲ နစ္သြားရတာလဲ”

ဆန္ေဂ်းက ေခါင္းကို ခါရမ္းလိုက္သည္။

“ကြၽန္ေတာ္ သူ႔ကို စစ္ကိုင္းမွာ ေတြ႕ခဲ့ရတယ္”

“ဘယ္သူလဲ”

“နားလဲ”

“မင္းက..သူ႔ကို မေမ့ေသးပဲကိုး”

“သူခ်ည္းပဲ မဟုတ္ဘူး..ခမည္းေတာ္...သူနဲ႔အတူ ကေလးေလးတစ္ေယာက္လည္းပါတယ္.. အဲ့ဒီကေလးက ကြၽန္ေတာ့္ကေလး..အေဖ့ရဲ႕ ေျမး..”

“မဟုတ္တာေတြမေျပာနဲ႔...ဆန္ေဂ်း...အဲ့ဒီ ေကြ႕မ ကေလးပ်က္က်သြားတာ..ငါတို႔အားလုံးသိတယ္..ဟိုေရွး စစ္ေၾကာင္းက အမတ္ႀကီး မဟာသွ်န္သီလည္း သိတယ္...အဲ့ဒါ မင္းကေလးမဟုတ္ဘူး”

“ကြၽန္ေတာ္ မယုံဘူး..ခမည္းေတာ္”

“ဒါနဲ႔ပဲ..မင္းက အရက္ေတြ အလြန္အကြၽံေသာက္ပစ္တယ္ေပါ့..ေတာက္...မင္းကြာ...ကန္ကလာရဲ႕ ပလႅင္ဟာ မင္းအတြက္ပါလို႔ ငါရည္႐ြယ္ထားခဲ့တာ...မင္းဒီလိုပုံစံနဲ႔..ဘယ္လိုလုပ္..ငါက ထီးနန္းကို အပ္ရေတာ့မွာလဲ”

“ဟား..ဟား.အေဖ့လက္ထဲမွာေရာ..အဲ့ဒီထီးနန္းက အခုရွိေသးလို႔လား..အေဖရဲ႕”

“ငါ..”

ဂါရစ္နာဝဇ္က ခါးၾကားမွာ ဓါးေပၚသို႔ လက္တင္လိုက္သည္။

“ဗုန္း”

ထိုအခ်ိန္တြင္ ဆင္ေပၚမွ ဆင္ဉီးစီးက မထင္မွတ္ပဲ သူတို႔ ႏွစ္ဉီးေရွ႕သို႔ ျပဳတ္က်လာသည္။

လည္ပင္းတြင္ ျမားတံ တန္းလန္းႏွင့္။

စကၠန႔္ပိုင္းအၾကာတြင္ပင္ ကန္းပုေလြသံမ်ားက ေတာအႏွံ႔ ထြက္ေပၚလာ၏။

ဂါရစ္နာဝဇ္၏ ကိုယ္ရံေတာ္တပ္က ဒိုင္းလႊားမ်ားျဖင့္ ဝိုင္းရံလိုက္ၾကသည္။

ဒူးေလးျမားတံ အစင္းေပါင္းမ်ားစြာသည္ ကသည္းတပ္ဖြဲ႕မ်ား ဆီသို႔ က်ေရာက္လာ၏။

ညာသံေပးသံမ်ားႏွင့္အတူ အေရွ႕ဘက္တပ္မ်ားဆီမွ တိုက္ခိုက္သံမ်ား ၾကားၾကရသည္။

ေရွ႕ေျပးတပ္ဆီမွ အလံကိုင္တစ္ဉီး က ျမင္းကို အျပင္းႏွင္လာ၏။

‘ေရွ႕မွာ ဘယ္ကမွန္းမသိတဲ့ တပ္တစ္ခု ဝင္တိုက္လို႔ တိုက္ပြဲျဖစ္ေနပါတယ္..အရွင္မင္းႀကီး..ေခတၱသင့္ေတာ္ရာမွာ ခိုေနဖို႔ အမတ္ႀကီးမဟာသွ်န္သီက ေျပာလိုက္ပါတယ္”

“ဘယ္သူေတြလဲ..အင္းဝတပ္ေတြလား”

“မဟုတ္ဘူး..ခမည္းေတာ္..အဲ့ဒါ ေကြ႕တပ္ေတြပဲ..ခမည္းေတာ္ကို လုံၿခဳံေရာပို႔ထားၾက...ျမင္းသည္တပ္ တဝက္ ငါနဲ႔ လိုက္ခဲ့ေဟ့”

ဆန္ေဂ်းက ခါးၾကားမွ ဓါးကို ထုတ္ကာ ျမင္းကို ဒုံးစိုင္းထြက္သြားသည္။

....................................................................................

ေတာင္ေအာက္မွ တိုက္ပြဲျမင္ကြင္းကို နားလဲက မမွိတ္မသုံ ၾကည့္ေန၏။

လက္ထဲတြင္ ျမားတံ ထည့္ထားေသာ ဒူးေလး က အသင့္အေနအထား။

ငကက္ က အနီးသို႔ ေလွ်ာက္လာသည္။

“ပြဲညက္မီးလုံးေတြ အသင့္ျဖစ္ၿပီလား..ငကက္”

“ျဖစ္ပါၿပီ”

“ပစ္ ဖို႔ ျပင္ေတာ့”

မၾကာမီ ပြဲညက္ျဖင့္ ေလာင္ကြၽမ္းေနေသာ မီးလုံးမ်ားက ေမာင္းတံႀကီးမ်ားမွတဆင့္ ကသည္းမ်ားဆုတ္ခြာရာ လမ္းဆီသို႔ လိမ့္ဆင္းသြားၾကသည္။

ကသည္းတပ္မ်ားမွာ ရန္သူ၏ အင္အားကို မခန႔္မွန္းႏိုင္သျဖင့္ အလဲလဲ အၿပိဳၿပိဳျဖင့္ ျပန္လည္ခုခံၾကသည္။

“တို႔လူေတြကို ဆုတ္ခိုင္းလိုက္ေတာ့”

“ငါတို႔ အသာရေနတာ မဟုတ္လား..နားလဲ”

“သူတို႔အင္အားက ငါတို႔ထက္ ေလးဆေလာက္မ်ားတယ္..တိုက္ပြဲထဲမွာ သူတို႔ကို ပိတ္ထားလိုက္ရင္ သူတို႔က ေသမွာေၾကာက္လို႔ မထူးဇာတ္ခင္းတိုက္ၾကမွာပဲ..အဲ့ဒီက် ေရရွည္မွာ..ငါတို႔...အထိနာလာမွာ..အခုက ေလာေလာဆယ္ စစ္ျမဴ႐ုံေလာက္ပဲ..သူတို႔ကို ေျပးေပါက္ဖြင့္ေပးလိုက္ပါ”

“အေနာက္မွာ မင္းႀကီးဂုဏၰအိမ္ နဲ႔ ေထာ္ကန္တို႔ တပ္ေတြလည္း စစ္ကူလာေနၿပီ...သင္းတို႔ အားလုံးကို အျပတ္ရွင္းပစ္လိုက္လို႔ရတယ္.ေလ..နားလဲ”

“ငါေျပာတာ...နားေထာင္..ငကက္..သူတို႔ကို တပ္ေပးဆုတ္လိုက္...ငါလိုခ်င္တာ...သူတို႔ အသက္ေတြ မဟုတ္ေသးဘူး..သူတို႔ရဲ႕ ဘုရင္ ဂါရစ္နာဝဇ္ရယ္၊ မင္းသားဆန္ေဂ်းရယ္..ေနာက္ၿပီးေတာ့ မဟာသွ်န္သီဆိုတဲ့ အမတ္ရယ္ပဲ...သူတို႔သုံးေယာက္ဟာ ငါ့ဗိုက္ထဲက ကေလးကို သတ္ခဲ့တယ္..ၿပီးေတာ့ ငါ့ကိုပါ ေသေအာင္ စစ္ေျမျပင္မွာ ထားခဲ့ၾကတယ္..အဲ့ဒါတင္မကဘူး...ငါနဲ႔ ကိုသူရိန္ ရဲ႕ မိသားစုဘဝကိုလည္း သူတို႔ ဖ်က္ဆီးခဲ့ၾကတယ္..ငါ့ကေလးဟာ သူတို႔ေၾကာင့္ အဖမဲ့ ထပ္ျဖစ္ရျပန္တယ္..သူတို႔ ေသရမယ္...ေကြ႕ေတြအေပၚ ေက်းဇူးႀကီးတဲ့ ဗိုလ္မင္းသူရိန္ေစာ ရဲ႕ အသက္အတြက္ သူတို႔ အားလုံး ျပန္ေပးဆပ္ရမယ္...ငါ့စကားကို နားေထာင္ပါ..ငကက္...ေလာေလာဆယ္..သူတို႔ကို လမ္းေၾကာင္းဖြင့္ေပးလိုက္ပါ”

နားလဲ၏ စကားဆုံးသည္ႏွင့္ ငကက္က ကန္းပုေလြႀကီးကို မႈတ္ရန္ အခ်က္ျပလိုက္သည္။

ပုေလြသံမ်ား အဆင့္ဆင့္ ထြက္ေပၚလာၿပီးေနာက္ လူအင္အား ၅၀၀ ခန႔္ရွိသည့္ ေကြ႕တပ္မ်ားမွ ေတာတြင္းမွ ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္သြားၾက၏။

ေတာင္ၾကားေတာတန္းတစ္ေလွ်ာက္တြင္ အထိတ္ထိတ္အလန႔္လန႔္ျဖစ္ေနေသာ ကသည္းတပ္ႀကီးသာ က်န္ရစ္ခဲ့၏။

ကိုယ္ရံေတာ္တပ္မ်ားျဖင့္ ရွိေနေသာ ဂါရစ္နာဝဇ္ ထံသို႔ ဆန္ေဂ်း ျပန္ေရာက္လာသည္။

“ရန္သူေတြ ဆုတ္သြားၾကပါၿပီ..ခမည္းေတာ္”

“အေျခအေနဘယ္လိုရွိလဲ..ဆန္ေဂ်း”

“သားေတာ္တို႔ဘက္က လူတစ္ရာေလာက္က်သြားပါတယ္..ဒဏ္ရာရတာ သုံးရာေလာက္ရွိပါတယ္..သူတို႔ဘက္ကေတာ့ အေလာင္းေကာင္ ငါးဆယ္ေက်ာ္က်န္ခဲ့ပါတယ္”

“အင္း..ေရွ႕ဆက္သြားလို႔ေတာ့ မသင့္ေသးဘူး..ေလာေလာဆယ္..အင္းဝကို ျပန္ဆုတ္ၾကမယ္...အင္းဝဘုရင္ဆီ ဒီကိစၥအသိေပးၿပီးမွ ဘာလုပ္ရမလဲ..ငါဆုံးျဖတ္မယ္”

.............................................................................................................................

ဟံသာဝတီႏွင့္ အင္းဝ နယ္ျခား ၊ ေညာင္ဉီးခံတပ္ဆီသို႔ အလံျဖဴလႊင့္ထားေသာ ျမင္းတစ္စီး ကဆုန္ေပါက္လာေန၏။

ခံတပ္ထိပ္တြင္ မတ္တပ္ရပ္ေနေသာ ဗိုလ္မႉးရဲေခါင္ေက်ာ္စံက အခ်က္ျပလိုက္သည္။

ခံတပ္တံခါးခပ္ဟဟျဖစ္သြားၿပီး ျမင္းငါးစီးက အရွိန္ျဖင့္ ထြက္သြားၿပီး အလံျဖဴျမင္းကို ဝိုင္းရံလိုက္ၾက၏။

ထို႔ေနာက္ အလံျဖဴျမင္းကို ခံတပ္အတြင္းသို႔ ေခၚလာၾကသည္။

ျမင္းေပၚတြင္ပါလာသူက ဗိုလ္မႉးရဲေခါင္ေက်ာ္စံ ထံသို႔ ဒူးေထာက္ကာ စာခြၽန္တစ္ခုကို‌ေပးလိုက္၏။

“ကိုးသိန္းသခင္မင္းေခါင္ထံ ဟံသာဝတီျပည္၊ က်ီဝန္ဉီးေမာင္က ပါးလိုက္တဲ့ သဝဏ္လႊာပါ..ဘုရား”

“ဟံသာဝတီက ဆက္သား...ေမာလာေရာမယ္...ျမင္းနဲ႔ လူကို အနားယူဖို႔ စီစဥ္ေပးလိုက္ၾကေဟ့”

ဆက္သားထြက္ခြာသြားၿပီးသည့္ေနာက္ ရဲေခါင္ေက်ာ္စံ က ယာယီတဲနန္းေပၚသို႔ တက္လိုက္သည္။

တဲနန္းတံခါးမ်ားကို လုံၿခဳံေအာင္ ပိတ္ၿပီး ထန္းဖူးစာခြၽန္ကို ဖြင့္ဖတ္လိုက္၏။

“အင္းဝျပည့္ရွင္မင္းတရား၏ ေျခဖဝါးေတာ္ေအာက္ ကြၽန္ေတာ္မ်ိဳး ဟံသာဝတီ က်ီဝန္ငေမာင္ ေလွ်ာက္ထားပါသည္..ဘုရား။

ငေအာင္လွ သည္ အရွင့္ေက်းဇူးကို မသိ၊ မတတ္၊ မေထာက္၊ ငဲ့ ပဲ သူပုန္အမႈျပဳကာ ဟံသာဝတီကို မင္းျပဳေနသည္ကို အင္းဝေ႐ႊနန္းရွင္ အသိျဖစ္ပါသည္။

ယခုအခါ ဟံသာဝတီနန္းတြင္းႏွင့္ တလိုင္းသုံးရပ္တလႊားတြင္ သူ၏ ညီေတာ္၊သမက္ေတာ္၊ ေဆြေတာ္မ်ိဳးေတာ္တစ္စုသာ မင္းမူလ်က္ အရာထမ္း၊ အမႈထမ္းမ်ားႏွင့္ ျပည္သူအေပၚထင္ရာစိုင္းလ်က္ရွိပါသည္။

ဟံသာဝတီေနျပည္ေတာ္အတြင္းတြင္လည္း ငေအာင္လွ အား ပုန္ကန္ကာ အင္းဝနန္းရွင္၏ ထီးရိပ္သို႔ ခိုလႈံလိုသူအမ်ားအျပားရွိပါသည္။

ကြၽန္ေတာ္မ်ိဳး မွ လည္း ထိုသူတို႔အား အလုံးအရင္းျဖင့္ လွ်ိဳ႕ဝွက္စြာ စုေဆာင္းထားရွိထားၿပီးျဖစ္ပါသည္။

ဘုရားအလိုေတာ္ရွိပါက..ကြၽန္ေတာ္မ်ိဳးေရာက္ရွိေနေသာ ျပည္ၿမိဳ႕ကို ကိုးသိန္းသခင္မင္းေခါင္အား ေစလႊတ္ခ်ီတက္ေစေတာ္မူပါ။ ကြၽန္ေတာ္မ်ိဳးမွ ဉပါယ္တံမ်ဥ္ျဖင့္ ၿမိဳ႕တံခါးကို ပြင့္ေစပါမည္။

ျပည္ၿမိဳ႕ကို ရသည္ႏွင့္ ေအာက္တခြင္ျပင္ကို သိမ္းယူၿပီး ဟံသာဝတီကို ဝိုင္းရံေတာ္မူပါ။ ဟံသာဝတီၿမိဳ႕တြင္းတြင္လည္း ဘုရားကြၽန္ေတာ္မ်ိဳးစု႐ုံးထားသူ အခိုင္အဖီးျဖင့္ ရွိေနပါၿပီ..ဘုရား။

ႏိုင္ငံေတာ္တဝွမ္းသည္ အင္းဝထီးစက္ေအာက္ ေရာက္ရွိပါက..ဘုရားကြၽန္ေတာ္မ်ိဳး ငေမာင္ သည္ အင္းဝ ထီးဘုရား ၏ သစၥာေတာ္ခံကြၽန္အျဖစ္ အသက္ဆုံးသည္အထိ အမႈထမ္းရန္ အသင့္ရွိေၾကာင္း ရွိခိုးတင္ေလွ်ာက္ပါသည္..ဘုရား”

ရဲေခါင္စံေက်ာ္က ေအာက္ဘက္တြင္ပါေသာ က်ီဝန္ဉီးေမာင္၏ စည္းတံဆိပ္ကို ေသခ်ာၾကည့္လိုက္သည္။

ထို႔ေနာက္ စာကို ခ်က္ခ်င္း ျပန္လိပ္ကာ ဘူးအတြင္းထည့္လိုက္၏။

“လက္ေ႐ြးငယ္တပ္အသင့္ျပင္ေဟ့...အင္းဝကို ခ်က္ခ်င္းတက္ၾကရမယ္”

............................................................................................................

“ေလာေလာဆယ္ေတာ့....ေကြ႕သူပုန္အေရးကို အေဆြေတာ္မဏိပူရမင္းကပဲ တာဝန္ယူတိုက္ေပးေစခ်င္ပါတယ္”

မဟာဓမၼရာဇာဓိပတိ စကားေၾကာင့္ ဂါရစ္နာဝဇ္ ႏွင့္ ဆန္ေဂ်းတို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။

“ကသည္းျမင္းတပ္ေတြနဲ႔ ကိုးသိန္းသခင္မင္းေခါင္ရဲ႕ တပ္ေတြ ညႇပ္ပူးညႇပ္ပိတ္ တိုက္မယ္ဆိုရင္ ေကြ႕မ်ား ကို အခ်ိန္တိုအတြင္း အျမစ္ျဖဳတ္ႏိုင္မွာပါ..ဘုရင္မင္းျမတ္”

“ေလာေလာဆယ္ေတာ့..ေကြ႕အေရးတစ္ခုတည္းအတြက္ ကိုးသိန္းသခင္ရဲ႕ တပ္ေတြ ကို ေစလႊတ္တိုက္ခိုင္းဖို႔ မျဖစ္ႏိုင္ေသးပါဘူး....မၾကာခင္မွာ တ႐ုတ္ျပည္က သံႀကီးတမန္ႀကီးေတြ လာမွာမို႔..အင္းဝေ႐ႊနန္းေတာ္နဲ႔ ၿမိဳ႕ေတာ္လုံၿခဳံေရးအတြက္ တပ္ႀကီးတပ္မေတြ အားလုံးကို အင္းဝပတ္ဝန္းက်င္မွာပဲ စုစည္းထားမွာပါ”

“အေဆြေတာ္ဘုရင္မင္းျမတ္တို႔ အခက္အခဲကို နားလည္ပါတယ္..ကြၽန္ေတာ္မ်ိဳးတို႔ကလည္း မဏိပူရနန္းတြင္း အေရးေၾကာင့္ ဒီလမ္းကေန အျမန္ဆုံး ျဖတ္ျပန္ၾကရမွာေပါ့..ဒီေတာ့ မျဖစ္မေန ေကြ႕ေတြကို တိုက္ၿပီးျဖတ္ရမွာပါပဲ..ဒီေတာ့..အေဆြေတာ္ ဘုရင္မင္းျမတ္ဆီက တစ္ခုေတာ့ ေတာင္းဆိုခ်င္ပါတယ္..မဏိပူရတပ္မ်ားအေနနဲ႔ အျပန္ခရီးမွာ ေကြ႕တပ္မ်ားကို အၿပီးတိုင္ေခ်မႈန္းေပးပါ့မယ္..အဲ့ဒီအတြက္ အင္းဝ မွ လူအင္အားမေပးႏိုင္ေသာ္ျငား..ျမင္းေကာင္း (၅၀၀) ၊ အေျမာက္ႀကီးအလက္(၆)လက္၊ ျမတံပူ အလက္(၂၀)၊ ေသနတ္ (၁၀၀) ေပးဖို႔ ေတာင္းဆိုပါတယ္”

မဟာဓမၼရာဇာဓိပတိက နေဘးတြင္ ခစားေနေသာ ကိုးသိန္းသခင္၏ အရိပ္အကဲကိုလွမ္းၾကည့္လိုက္၏။

“ဘေထြးေတာ္...အဲ့ဒီလိုဆိုရင္ေရာ...သူတို႔ကို ေပးဖို႔ လက္နက္လုံေလာက္ရဲ႕လား”

“မွန္ပါ...ဟံသာဝတီစစ္အေျခအေန ၿငိမ္ေနေသးရင္ေတာ့ ေပးလို႔ရပါတယ္..ဘုရား”

“အိမ္း..ဒီလိုဆို မဏိပူရမင္းအေနနဲ႔ ဘေထြးေတာ္နဲ႔ ဆက္လက္တိုင္ပင္လုပ္ေဆာင္ေပးေစ”

မဟာဓမၼရာဇာဓိပတိ က ညီလာခံေဆာင္မွ ထြက္ခြာသြားသည္။

ထိုအခ်ိန္တြင္ ကိုးသိန္းသခင္၏ အိမ္ေတာ္အမႈထမ္း စာေတာ္ဖတ္ ေမာင္ျမတ္စံ ဝင္လာ၏။

“ေမာင္ျမတ္စံ..ငါထြက္အလာေတာင္မေစာင့္ႏိုင္ေအာင္..ဘာအေရးရွိလို႔လဲ”

“မွန္ပါ..ေညာင္ဉီးတပ္က တပ္မႉးရဲေခါင္စံေက်ာ္ အေရးေပၚ ေရာက္ရွိေနေၾကာင္းပါ”

ကိုးသိန္းသခင္က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။

ထို႔ေနာက္ ဂါရစ္နာဝဇ္ဆို႔ သားအဖဘက္သို႔ လွည့္လိုက္၏။

“ဒီည စစ္ကိုင္းသံတဲဆီ ျပန္ၾကမွာထင္ရဲ႕”

“ဟုတ္ပါတယ္”

“က်ဳပ္..မနက္ျဖန္မနက္ကို စစ္ကိုင္းသံတဲဆီလာၿပီး...ျမင္းနဲ႔ လက္နက္ေတြ ကိစၥ ေဆြးေႏြးပါဉီးမယ္..အခုေတာ့ အေရးတႀကီးကိစၥရွိေနေသးလိုပါ”

ဂါရစ္နာဝဇ္ ႏွင့္ ဆန္ေဂ်းတို႔က အလိုက္သိစြာျဖင့္ အေဆာင္အတြင္းမွ ထြက္သြားၾက၏။

“ရဲေခါင္စံေက်ာ္ကို အခုသြင္းစမ္း”

ရဲေခါင္စံေက်ာ္က အေဆာင္အတြင္းသို႔ ဝင္လာသည္။

လက္ထဲမွ စာခြၽန္ေတာ္ကို ကိုးသိန္းသခင္က ယူကာ ျဖန႔္ဖတ္လိုက္၏။

“ျမတ္စံ...သူ႔ကို ငါ့အိမ္ေတာ္က သြားေစာင့္ခိုင္းေခ်..ဗိုလ္မႉးဂဇေက်ာ္နဲ႔ အာကာဗိုလ္မႉးတို႔ကိုပါ အသင့္ေခၚထား..ငါအတြင္းေတာ္ဝင္ၿပီးရင္ အိမ္ေတာ္ကို လိုက္လာခဲ့မယ္..သြားၾကေခ်”

ကိုသိန္းသခင္က မဟာဓမၼရာဇာဓိပတိ ရွိမည့္ ဉယ်ာဥ္ေတာ္ ၊ သုခုမေဆာင္ဆီသို႔ ခပ္သြက္သြက္လိုက္ဝင္သြားသည္။

မဟာဓမၼရာဇာဓိပတိက ပတၱလားတစ္လုံးေရွ႕တြင္ ထိုင္လ်က္။ သူ၏ နေဘးတြင္ ဝန္ႀကီးပေဒသရာဇာ က တ်ာခ်င္းတစ္ပုဒ္ကို ႏႈတ္တိုက္ခ်ေပးေနသည္။

သူ႔ေရွ႕တြင္ လာေရာက္ဒူးတုပ္လိုက္ေသာ ကိုးသိန္းသခင္ကို မဟာဓမၼရာဇာဓိပတိက မသိေယာင္ျပဳေန၏။

“အႀကီးေတာ္...ဆက္ဆိုျပေလ..ဒီမွာ တီးလုံးက နရီမိေနမင့္ဟာ”

“ဘေထြးေတာ္ဆီမွာ အေရးေပၚ ကိစၥ ရွိေနျပန္ၿပီထင္ပါတယ္..ဘုရင္မင္းျမတ္”

“ေနပါေစ..ဒီအခ်ိန္က က်ဳပ္ သီခ်င္းတက္ခ်ိန္ေလ..ခုနက ညီလာခံတစ္ေလွ်ာက္ ျပႆနာေတြ ရွင္းေပးၿပီးၿပီ..အခုက က်ဳပ္အခ်ိန္”

“မွန္ပါ..အခုက အေရးအေတာ္ႀကီးတဲ့ ကိစၥမို႔ပါ..ဘုရား”

ကိုးသိန္းသခင္က ဝင္ေရာက္ေလွ်ာက္တင္လိုက္သျဖင့္ မဟာဓမၼရာဇာဓိပတိက ပတၱလားတီးတံကို ပစ္ခ်လိုက္သည္။

“ကဲ..ဘေထြးေတာ္.....ခုနပဲ က်ဳပ္ ရွင္းစရာရွိတာ ရွင္းေပးၿပီးၿပီေလ..ဘာအေရးေပၚျပန္တာလဲ”

“ဟံသာဝတီၿမိဳ႕ က က်ီဝန္ငေမာင္ ထံမွ စာေရာက္ပါတယ္..ဘုရား”

“က်ီဝန္အဆင့္က ဘာေရးလို႔..ဒီေလာက္အေရးႀကီးေနတာတုန္း..ဘေထြးေတာ္”

ကိုးသိန္းသခင္က စာခြၽန္ကို လက္ႏွစ္ဖက္ျဖင့္ ေပးလိုက္၏။

မဟာဓမၼရာဇာဓိပတိ က စာကို ဖတ္လိုက္သည္။

“ျပည္ကို အခုခ်က္ခ်င္း က်ဳပ္တို႔က လာသိမ္းရမယ္ေပါ့”

“မွန္ပါ”

“ၿပီးရင္..ဟံသာဝတီ..အံမယ္ေလး..စစ္တိုက္တာ ဒီေလာက္လြယ္လား..ဘေထြးေတာ္”

“စစ္တို႔ မည္သည့္ လူသူအင္အား၊ လက္နက္အင္အား၊ ရာသီဉတုအျပင္..အခ်ိန္အခါဆိုသည္ကိုလည္း ထည့္တြက္ရပါတယ္..ဘုရား..ဒီအခ်ိန္ဟာ...တဖက္ရန္သူအင္အားစုထဲမွာ ကိုယ့္ဘက္ကို ပါမယ့္သူေတြ ရွိေနခ်ိန္လည္းျဖစ္ေတာ့...ဒီအခ်က္ကို အခြင့္ေကာင္းယူႏိုင္ရင္ ဟံသာဝတီကို ရေကာင္းရႏိုင္ပါရဲ႕..ဘုရင္မင္းျမတ္”

“ရေကာင္းရႏိုင္ပါရဲ႕...ဟုတ္လား..ဘေထြးေတာ္..ခင္ဗ်ား..စစ္သားပဲ ျပတ္ျပတ္သားသားေျပာပါ..ရမွာလား..မရဘူးလား”

“အင္းဝေနျပည္ေတာ္မွာ စုစည္းေရာက္ရွိေနတဲ့ တပ္မ်ားကို ကြၽန္ေတာ္မ်ိဳးကိုယ္တိုင္ ဉီးေဆာင္ၿပီး...ခ်ီတက္ၾကရင္ျဖင့္”

မဟာဓမၼရာဇာဓိပတိက ကိုးသိန္းသခင္ကို လာကာျပလိုက္သည္။

“မၾကာခင္မွာ တ႐ုတ္ျပည္ ၊ ပီကင္းနန္းေတာ္က သံတမန္ႀကီးေတြ ေရာက္လာေတာ့မယ္..ဘေထြးေတာ္..အဲ့ဒီလိုအခ်ိန္မ်ိဳးမွာ က်ဳပ္တို႔ အင္အားကို သူတို႔ အထင္မေသးေစဖို႔အတြက္ အင္းဝနဲ႔ပတ္ဝန္းက်င္မွာ တပ္အင္အားႀကီးႀကီးမားမား ခင္းက်င္းထားဖို႔လိုလိမ့္မယ္...ၿပီးေတာ့...ဘေထြးေတာ္ကိုလည္း အင္းဝကေန ဘယ္ကိုမွ သြားခြင့္မျပဳႏိုင္ေသးဘူး...သံခင္းတမန္ခင္းနဲ႔အတူ စစ္ေရးကိစၥေတြကိုပါ ထည့္သြင္းေျပာၾကားမွာမို႔..ဘေထြးေတာ္ က်ဳပ္နဲ႔အတူ ရွိေနမွ ျဖစ္မွာပါ”

“စဥ္းစားပါဉီး..ဘုရာ..ဟံသာဝတီသားေတြၾကားထဲ ဒီလိုအေျခအေနမ်ိဳးဆိုတာ ေနာင္တခ်ိန္ ျပန္ရဖို႔ေတာင္ ခက္ပါတယ္...ကြၽန္ေတာ္မ်ိဳးအေနနဲ႔”

“ဘေထြးေတာ္..က ျပည့္ရွင္မင္းရဲ႕ အမိန႔္ကိုေတာင္ မနာခံႏိုင္ဘူးလား...ဘာလဲ..အင္းဝဘုရင္ ဟာ ဘေထြးေတာ္ကလြဲၿပီး စစ္ေရးစစ္ရာမွာ အားကိုးရာလူမရွိေတာ့ဘူးဆိုၿပီး...ဘုရင့္အမိန႔္ကို မနာခံပဲ..တပ္အင္အားစုနဲ႔ ဟံသာဝတီစစ္အေရးအေၾကာင္းျပ..အင္းဝကို ပုန္စားမလို႔လား..ဘေထြးေတာ္မွာ ဒီအႀကံရွိတယ္ဆိုရင္လည္း က်ဳုပ္ ဒီပလႅင္ေပၚက ခုပဲ ဆင္းေပးလိုက္မယ္”

မဟာဓမၼရာဇာဓိပတိ၏ စကားေၾကာင့္ ဝန္ႀကီးပေဒသရာဇာက တုန္လႈပ္စြာၾကည့္လိုက္သည္။

ကိုးသိန္းသခင္ကလည္း မ်က္စိမ်က္ႏွာပ်က္လ်က္။

“မွန္ပါ...ကိုယ္ေတာ္ရဲ႕ ခမည္းေတာ္မယ္ေတာ္တို႔ဟာ ကြၽန္ေတာ္မ်ိဳးအေပၚ မိဘသဖြယ္ေက်းဇူးႀကီးမားၾကပါတယ္...ကိုယ္ေတာ္ရဲ႕ခမည္းေတာ္နဲ႔ ကြၽန္ေတာ္မ်ိဳးဟာလည္း တစ္ဖတည္းသားညီရင္းအကိုေတြပါ..ကြၽန္ေတာ္မ်ိဳးဟာ အင္းဝထီးေဆာင္းမင္းမ်ားရဲ႕ စစ္သူႀကီးအျဖစ္သာ ဘဝတေလွ်ာက္ေပ်ာ္ေမြ႕ပါတယ္..စစ္သူႀကီးျဖစ္႐ုံနဲ႔..ျပည့္ရွင္မင္းတို႔ရဲ႕ ပလႅင္ကို မ်က္ေစာင္းထိုးမယ့္ သစၥာေဖာက္တိရိစာၦန္အႀကံမ်ိဳး မရွိ႐ိုးပါ..အရွင္မင္းဘုရား..အရွင္မင္းဘုရား.အမိန႔္အတိုင္း နာခံပါမယ္..ဘုရား”

မဟာဓမၼရာဇာဓိပတိက မည္သည့္စကားမွ် မဆို။ ပတၱလားတံကို ကိုင္ကာ တီးလက္စ တီးလုံးကို ဆက္တီးလိုက္သည္။

.............................................................................................................................

“ဟံသာဝတီဟာ ထိုးမယ့္ဆင့္ တလွမ္းဆုတ္ေနတာပါ..ဘုရား...ဒီေတာ့ သူတလွမ္းဆုတ္ေနခ်ိန္..သူ႔အင္အားနည္းေနခ်ိန္ တိုက္ဆိုင္တဲ့အခ်က္ဟာ အခြင့္ေကာင္းပဲမို႔...လက္လြတ္ခံမယ္ဆိုတာကေတာ့ျဖင့္”

“ဟဲ့..ရဲေခါင္ေက်ာ္စံငယ္..နင့္ေလသံ မာလွခ်ည္လား...နင္ေျပာေနတာ..ဘယ္သူလည္းေရာ နင္မွတ္ေသးရဲ႕လား”

ကိုးသိန္းသခင္အား ေလသံမာမာျဖင့္ ေျပာေနသည့္ ရဲေခါင္ေက်ာ္စံကို ဗိုလ္မႉးဂဇေက်ာ္က ေငါက္ငမ္းလိုက္သည္။

ကိုးသိန္းသခင္က လက္ကာျပလိုက္၏။

“အင္း..ေျပာပါေစ..တပ္မႉးငယ္ေတြရဲ႕ အျမင္ကို ငါ သေဘာေပါက္ပါတယ္..ဒါေပမယ့္..ေ႐ႊနန္းရွင္အေနနဲ႔ကလည္း တ႐ုတ္သံေတြရွိေနခ်ိန္မွာ အင္းဝကို အလုံၿခဳံဆုံးျဖစ္မယ့္ စစ္အင္အားရွိေနေစခ်င္တယ္..ငါလည္း အတန္တန္ေလွ်ာက္တာပဲ..ဒါေပမယ့္.. သူက ရွင္ဘုရင္မဟုတ္လား..ရာဇပလႅင္ေပၚမွာရွိေနသူ ရဲ႕ အမိန႔္ကို ငါတို႔ လြန္ဆန္လို႔မရဘူး..ကြဲ႕”

“ဒီအတိုင္းဆို...ဟံသာဝတီက အင္အားစုစည္းၿပီး တိုက္မယ့္အခ်ိန္ကို ကြၽန္ေတာ္မ်ိဳးတို႔က ေစာင့္ေနရမွာလား..ဘုရား”

“ကဲ..ရဲေခါင္ေက်ာ္စံငယ္..ေမာင္မင္း က ဗညားက်န္းေတာလက္ေအာက္မွာ အေတာ္ေလးကို လက္စြမ္းလက္စျပခဲ့ေၾကာင္းလည္း ငါကိုယ္ေတာ္သိထားၿပီ..ဒီေတာ့ အာကာဗိုလ္မႉးတပ္ေတြ ကို အင္းဝေနျပည္ေတာ္ကို ျပန္ေခၚထားခ်ိန္ မလြန္တပ္ကိုပါ ကြပ္ကဲဖို႔ ငါအႀကံရွိတယ္”

“ကြၽန္ေတာ္မ်ိဳးမွာ သားမယားမ်ားနဲ႔ မေတြ႕ရတာ ႏွစ္ခ်ီၾကာေနပါၿပီ..ဘုရား..ၿပီးေတာ့ မလြန္တပ္နဲ႔ ေညာင္ဉီးတပ္ကို ကြၽန္ေတာ္မ်ိဳးမွာ ရွိသမွ် အင္အားနဲ႔ မွ်ျဖန႔္ရမယ္ဆိုရင္ျဖင့္ ခံတပ္ႏွစ္ခုလုံး အားနည္းသြားဖို႔သာရွိပါတယ္...ေနာက္ၿပီး..ရိကၡာခြဲတမ္းကိစၥကလည္း”

“ကဲ...ရဲေခါင္ေက်ာ္စံ...လူႀကီးကို နားညည္းေအာင္ ခိုလို ေလွ်ာက္ညည္းမေနစမ္းနဲ႔....မင္းကိစၥ ငါတို႔ရွင္းေပးမယ္..ဟုတ္ၿပီလား”

ရဲေခါင္ေက်ာ္စံ၏ စကားကို ဗိုလ္မႉးဂဇေက်ာ္က ျဖတ္ေျပာလိုက္သည္။

“ဗိုလ္မႉးတို႔ ရွင္းေပးမယ္..ရွင္းေပးမယ္ဆိုၿပီး..ရိကၡာကိစၥ က ဗိုလ္မႉးဗညားရွိကတည္းက”

“အဲ့ဒီကတည္းက ဒီကိစၥမရွင္းရေသးဘူးလားဟဲ့..ဂဇေက်ာ္တို႔၊ အာကာတို႔”

“မွန္ပါ..တျခားတပ္စခန္းေတြဆီက ဗညားက်န္းေတာျဖတ္လုခဲ့တဲ့ ရိကၡာမ်ားကို ျပန္မွ်ေနရလို႔..ရိကၡာအေထာက္အပံ့နည္းေနရေၾကာင္းပါ..ကြၽန္ေတာ္မ်ိဳးတို႔ ရွင္းလင္းေအာင္ လုပ္ေပးပါ့မယ္...ရဲေခါင္ေက်ာ္စံ လည္း ေက်နပ္ေအာင္ လုပ္ေပးပါ့မယ္..ဘုရား”

“ေအးကြယ္..တပ္ကိစၥမွာ အရာရာ ငါက လိုက္ၾကည့္မႏိုင္ဘူး...မင္းတို႔တပ္မႉးႀကီးေတြကပဲ တပ္မႉးငယ္ေတြၾကား အဆင္ေျပေအာင္ လုပ္ေပးလိုက္ၾက..ကဲ..ငါ ကိုယ္ေတာ္လည္း တ႐ုတ္သံေတြလာမယ့္ကိစၥ ညေန ညီလာခံတခါျပန္ဝင္ရမွာမို႔....ျပန္ၾကေပေရာ့”

ရဲေခါင္ေက်ာ္စံက တစ္စုံတစ္ခု ေျပာရန္ ျပင္လိုက္ေသာ္လည္း ကိုးသိန္းသခင္က မသိေယာင္ျပဳကာ ထထြက္သြား၏။

နယ္ျခားတပ္စခန္းမ်ားဆီသို႔ ရိကၡာစီးဆင္းမႈသည္ ဗညားက်န္းေတာရွိစဥ္ကတည္းက ျပႆနာတစ္ခုျဖစ္ခဲ့သည္။

အင္းဝ သည္ ဟံသာဝတီႏွင့္ေအာက္ပိုင္းေဒသကို စြန႔္လႊတ္ၿပီးသည့္ေနာက္ စီးပြားေရးၾကပ္တည္းလာသည္။

ေက်ာက္ဆည္လြင္ျပင္ေဒသသည္လည္း ရာသီဉတုေဖာက္ျပန္မႈ၊ စစ္မက္ထူေျပာမႈ၊ သူခိုးဓါးျပေပါမ်ားလာမႈေၾကာင့္ စိုက္ပ်ိဳးေရးမ်ား ေကာင္းေကာင္းျဖစ္ထြန္းျခင္းမရွိေတာ့။

ဆန္တျပည္လွ်င္ ေငြတက်ပ္အထိ ခုန္တက္သြားေသာေၾကာင့္ စစ္မႈထမ္းရိကၡာမ်ားအေပၚ စီမံခန႔္ခြဲသူမ်ားျဖစ္သည့္ ဗိုလ္မႉးဂဇေက်ာ္ႏွင့္ အာကာဗိုလ္မႉးတို႔က အဆင့္ဆင့္ျဖတ္ယူေရာင္းစားၾကသည္။

ထို႔ေၾကာင့္ အင္းဝႏွင့္ေဝးေသာ နယ္ျခားစခန္းမ်ားမွာ ရိကၡာမလုံေလာက္မႈကို ႀကဳံေနၾကရ၏။

ကိုးသိန္းသခင္၏ အိမ္ေတာ္မွ အထြက္တြင္ အာကာဗိုလ္မႉး က ရဲေခါင္ေက်ာ္စံအား တားလိုက္သည္။

“အခုမင္း...ေညာင္ဉီးကို တန္းျပန္မွာလား..ရဲေခါင္ေက်ာ္စံ”

“မွန္ပါ..ဗိုလ္မင္း”

“မင္းကို ငါေျပာစရာရွိတယ္”

“ေျပာပါ..ဗိုလ္မင္း”

“မင္းဆရာ ဗညားက်န္းေတာ ဟာ အင္မတန္စစ္တိုက္ေတာ္သေလာက္..လွ်ာရွည္ခဲ့တယ္...ငါတို႔ေတြ ရွိရဲ႕သားနဲ႔..ကိုးသိန္းသခင္အထိကို တက္ၿပီး တိုင္လားေတာလားေတြလုပ္ခဲ့တယ္..အဲ့ဒီအတြက္ သူ႔ချမာ ဘုန္းႀကီးရွာေပမယ့္ အသက္ေတာ့ မရွည္သြားရဘူး..အဲ့ဒါ မင္း သေဘာေပါက္လား”

ရဲေခါင္ေက်ာ္စံကို အာကာဗိုလ္မႉးက ခပ္ၿပဳံးၿပဳံးျဖင့္ ေျပာလိုက္သည္။

ရဲေခါင္ေက်ာ္စံကလည္း ေခါင္းမငုံ႔ပဲ..ျပန္ၾကည့္ေန၏။

အာကာဗိုလ္မႉး၏ အေနာက္ဖက္တြင္ ဗိုလ္မႉးဂဇေက်ာ္က ေဝါယာဥ္ေပၚမတက္ေသးပဲ ရဲေခါင္ေက်ာ္စံကို စူးစူးစိုက္စိုက္ၾကည့္ေနျပန္သည္။

“မင္း..သားမယားေတြကို အင္းဝမွာ ထားခဲ့ရတာ မဟုတ္လား..ရဲေခါင္ေက်ာ္စံ...သူတို႔ေတြကို ငဲ့ၿပီး...ေပးတဲ့တာဝန္ကို ေကာင္းေကာင္းမြန္မြန္ထမ္းေဆာင္ပါ..အဆင့္ေတြ မေက်ာ္ခ်င္နဲ႔..ဟုတ္ၿပီလား”

အာကာဗိုလ္မႉးက ရဲေခါင္ေက်ာ္စံ ၏ ပုခုံးကို ပုတ္ကာ ျပန္လွည့္ထြက္သြားေတာ့၏။

ခက္ေဇာ္

Comments

Post a Comment