ဇွတ်ကျား
ဇွတ်ကျား
(ဒေးဗစ်မောင်မောင်)
ခုည ကျွန်တော့်စိတ်တွေ ဝေ၀ါးပျံ့လွင့်နေတယ်။ ဦးနှောက်ထဲလည်း ရှုပ်ထွေးနောက်ကျိနေတယ်။ အိပ်မပျော်ဘူး။ ကုန်ကုန်ပြောရရင် နောင်တရခြင်းတွေ၊ စိတ်ညစ်ခြင်းတွေ ကြီးစိုးနေလို့ပေါ့။
ဟုတ်တယ်။ ကျွန်တော်သိပ်ကို မိုက်မဲခဲ့တယ်။ ကျွန်တော်လူမိုက်တစ်ယောက်ပဲ။ မိုက်လိုက်သမှ အဇာတသတ်တောင်ရှုံးတယ်။ အင်္ဂုလိမာလထက်လည်း မိုက်ခဲ့တယ်။ အစွယ်လိုသူမိဖုရား စူဠသုဘဒ္ဒါထက်လည်း မိုက်မဲခဲ့တယ်။ ဒါတင်မက ဒေ၀ဒတ်ထက်လည်း မိုက်ခဲ့သေးတာပဲ။
ကျွန်တော်ဆက်ပြီး အိပ်ပျော်မှာမဟုတ်မှန်း သိနေတယ်ဗျာ။ မိုက်မဲခဲ့မိတာတွေကိုတွေးရင်း မျက်ရည်တွေက အလိုလို စီးကျလာတယ်။ ကျွန်တော့်ခံစားချက်တွေ ဘယ်သူ့ကို ရင်ဖွင့်ပြောရပါ့မလဲ။ သူငယ်ချင်းလား။ ဝေးစွ။ ကျွန်တော့်အနားမှာ သူငယ်ချင်း တစ်ယောက်တလေတောင် မရှိပါဘူးဗျာ။ သြော် ဒါနဲ့ ကျွန်တော်အခင်မင်ခဲ့ရဆုံး၊ သူကလည်း ကျွန်တော့်ကို သိပ်ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိခဲ့ဖူးတယ်။ သူ့နာမည်က မြမောင်တဲ့။ သူ့ကို ကျွန်တော့်လက်နဲ့ ပုတ်ချခဲ့တာ။ ခင်မင်မှုတွေကို ခဝါချခဲ့တာ။ ကျွန်တော့်ရဲ့ မိုက်မဲမှုတွေလေ။
ဖေ့ဘုတ်လား။ အင်း ဖေ့ဘုတ်မှာ ရင်ဖွင့်လို့တော့ ရပါရဲ့။ ကျွန်တော့်ရဲ့ စိတ်အခြေအနေနဲ့ ပတ်သက်ပြီး အကြံတွေ တောင်းကြရင် လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း တစ်ယောက်တစ်ပေါက်အကြံတွေ ပေးကြတော့ ဘယ်သူ့ရဲ့ အကြံကို လိုက်နာရမယ်ဆိုတာ ကျွန်တော် မဝေခွဲတတ်ဘူးဗျာ။ မတော်လို့ မကောင်းတဲ့ အကြံတစ်ခုကို လက်ခံလိုက်မယ်ဆိုရင် ကျွန်တော့်ဘ၀က စုံလုံးကန်းပြီပေါ့။ အိုး ပြောသာပြောရတယ်။ ကျွန်တော့်မှာ ဖေ့ဘုတ်သုံးဖို့ အချိန်ကို မရှိတာ။ ကျွန်တော့်ဇနီးသိသွားမှာ စိုးလို့လေ။ ကျွန်တော့်ရဲ့ ဖေ့ဘုတ်ကိုက သာမန်ဖေ့ဘုတ်မှ မဟုတ်တာ။ ထားတဲ့ Friend အားလုံးလိုလိုက လိင်တူကိုသာ ချစ်တတ်ကြတဲ့ ဂေးတွေပေပဲကိုး။ ပုံတွေကလဲ ယောက်ျားချင်းစုံတွဲပုံ။ ဗီဒီယိုတွေကလဲ ယောက်ျားချင်း ချစ်ရည်လူးတဲ့ ပုံတွေချည်း။ အဲ့ဒီအရာတွေရှိတဲ့ ကျွန်တော့်ဖေ့ဘုတ်ကို ကျွန်တော့်မိန်းမသာ မြင်သွားရင် ကျွန်တော့်ကို အသေသတ်မှာ။ ဒါ့ကြောင့် ဖေ့ဘုတ်ကိုလည်း မိန်းမ မသိအောင် ခိုးခိုးသုံးရတယ်။
ဒါ့ကြောင့် ကျွန်တော့်မှာ ရင်ဖွင့်ဖော် သိပ်ရှားတယ်ဗျာ။ ရင်ထဲက ခံစားချက်တွေ ပြည့်သိပ်ကျပ်ညပ်နေလို့ အနည်းငယ်မျှလောက် ပွင့်ထွက်သွားလို သွားငြားဆိုပြီး ဘေးက မိန်းမမသိအောင် အသာလေး ထလိုက်တယ်။ ဘေးအခန်းက သားလေးနိုးမသွားအောင်လည်း ခြေသံဖော့ဖော့လေးလျှောက်ပြီး ဧည့်ခန်းဆီ လှမ်းလိုက်တယ်။ စာကြည့်မီးအိမ် မှိန်မှိန်လေးထွန်းပြီး စားပွဲအံဆွဲထဲက စာရွက်လေးတစ်ရွက်၊ ဘော့ပင်လ်လေးတစ်ချောင်းကို အသာအယာလေးဆွဲပြီး ထုတ်ယူလိုက်တယ်။ ကျွန်တော့်ခံစားချက်တွေကို ဖွင့်ချမလို့လေ။
ကျွန်တော့်အကြောင်းက ဒီလိုလေဗျာ။ ကျွန်တော်က နယ်မြို့လေးတစ်မြို့နယ်က ရွာလေးတစ်ရွာမှာ မွေးတယ်။ အခုလည်း အဲဒီရွာလေးမှာပါပဲ။ ကျွန်တော့်မှာ ငါးနှစ်သားလေးတစ်ယောက်ရှိတယ်။ ကျွန်တော့်နာမည်က အောင်မင်းမြိုင်တဲ့။ အသက်လေးဆယ်စွန်းပြီ။ ကျွန်တော့်မိန်းမနာမည်က စန်းမြတဲ့။ ရွက်ကြမ်းရေကျို ရုပ်ရည်နဲ့ပေါ့။ ပြောသာပြောရတယ်။ ကျွန်တော်လည်း ရွက်ကြမ်းရေကျို ရုပ်ရည်ပါပဲ။ လူက ပိန်ကပ်နေတာ။ အရပ်ကလည်း ရှည်ရှည်ကြီးဆိုတော့ ဖိုးပိန်ရှည်ပေါ့။ သွားတွေကလဲ ကျဲလိုက်သမှ။ သွားလှလှပိုင်ရှင်တွေကို မြင်တိုင်း စိတ်ဓာတ်ကျနေရသူပါ။ ဒီလိုရုပ်ပိုင်ရှင်ကိုမှ လက်ထပ်ပေါင်းသင်းယူခဲ့တဲ့ မိန်းမကို ကျေးဇူးတောင် တင်ရမလိုပါပဲ။
တကယ်တော့ ကျွန်တော်က အခြောက်တစ်ယောက်ပါ။ မိန်းကလေးလို ပြောင်းလဲ၀တ်ဆင်နေထိုင်တဲ့ အခြောက်တော့မဟုတ်ဘူး။ ယောက်ျားလေးလိုပဲ ၀တ်တယ်။ နေတယ်။ ခေတ်အမြင်နဲ့ ပြောရရင် Gay ပေါ့။ အဲဒီလိုလူစား ကျွန်တော်က ယောက်ျားတွေကိုပဲ ချစ်တတ်တယ်လေ။ ဂေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကလေ ကျွန်တော့်စိတ်အခြေအနေကို ကျွန်တော်ကိုယ်တိုင် လက်မခံနိုင်ခဲ့ဘူး။ လက်မခံချင်ဘူး။ ချောမောတဲ့ ယောကျာ်းလေးတွေကို မြင်တိုင်း ကျွန်တော့်စိတ်က သာယာနေခဲ့မိတယ်။ အဲလိုသာယာမိတိုင်း ကျွန်တော့်ကို ကျွန်တော်မုန်းမိတယ်။ ငါ ဘာကြောင့် ဒီလိုခံစားနေရတာလဲပေါ့။ ငါ အခြောက်တစ်ယောက်တော့ အဖြစ်မခံနိုင်ဘူးဆိုပြီးတော့ပေါ့။ အဲဒါ့ကြောင့် ကျွန်တော့်စိတ်ကို ကျွန်တော် ပြုပြင်နေထိုင်ခဲ့တယ်။ ဂေးစိတ်မရှိတော့အောင်ပေါ့လေ။ ဒါပေမယ့် မွေးကတည်းက ပါလာတဲ့ စိတ်ကို ဘယ်သူတွေကများ ပျောက်အောင် ဖျောက်နိုင်လို့လဲ။ စာရေးဝါသနာပါသူတွေတောင် ဝါသနာကို သေမှ ပျောက်ကြတာ။ မွေးကတည်းက ပါလာတဲ့ ကျွန်တော့်စိတ်က ဘယ်လိုလုပ် ပျောက်နိုင်ပါ့မလဲ။ ဒါပေမယ့် ကျွန်တော် လက်မလျှော့ခဲ့မိဘူး။ ကျွန်တော့်မိုက်မဲမှုတွေလေ။
ဂေးစိတ်ရှိသူတစ်ယောက်လို့ ဆိုတဲ့အတိုင်း ကျွန်တော့်ကို ငယ်ငယ်က သူငယ်ချင်းတွေက “အခြောက်” လို့ စကြ နောက်ကြ ပြောင်ကြတယ်။ ဒါနဲ့ အဲ့ဒီလူတွေထဲမှာ မြမောင်တော့ မပါဘူး။ မြမောင်က ကျွန်တော့်ကို ခင်တယ်။ အသက်တူတယ်။ ကျောင်းနေဖက်လည်း ဟုတ်တယ်။ တခြားသူတွေ နောက်ပြောင်မယ် ဆိုရင်လဲ နောက်ပြောင်ချင်စရာပဲလေ။ ကျွန်တော်ငယ်ငယ်က သိပ်ကို ကနွဲ့ကလျနိုင်ခဲ့တာဗျ။ ယောက်ျားလေးဖြစ်ပြီး မိန်းကလေးအမူအယာတွေ ရှိနေခဲ့လို့လေ။ လမ်းလျှောက်လိုက်တိုင်း တင်ကလေးက ကောက်ကောက် ကောက်ကောက်နဲ့။ ကစားရင်လဲ မိန်းကလေးတွေနဲ့ ဖန်ခုန်တမ်း၊ ထုပ်ဆီးတိုးတမ်း၊ ဇယ်ခတ်တမ်းတွေချည်းပဲ။ ရီလိုက်ရင်လည်း ခစ်ခစ် ခစ်ခစ်နဲ့။ အသံတွေကတောင် မိန်းမသံနဲ့ တူနေသေးတာ။ ပုဆိုးလေး၀တ်တာ၊ ယောက်ျားအင်္က ျီဝတ်တာလေးတစ်ခုသာ ယောက်ျားနဲ့တူတာ။ ဒါ့ကြောင့် လူတွေက ကျွန်တော့်ကို အခြောက်လို့ စကြ နောက်ကြ ပြောင်ကြတာ ဆန်းသလား။
အဲဒီလိုနောက်ပြောင်ခံရတိုင်း ကျွန်တော် ခံပြင်းမိပေမယ့် ငယ်ရွယ်သေးတော့ ပြန်မလုပ်ရဲခဲ့ဘူးလေ။ ကြောက်တတ်တာလည်း ပါတာပေါ့။ အခြောက်လို့ အခေါ်ခံရတာကို ခံသာ ခံပြင်းတာ ဗီဇက ရှိတော့ ပွဲလမ်းသဘင်တွေရှိရင် အိုးစည်ဝိုင်းနဲ့ မိန်းကလေးလုပ်ပြီး ကတတ်ခဲ့မိသေးတယ်။ မိန်းကလေးလိုဝတ်ပြီး ကရတာကို အရမ်းပျော်တာပဲ။ ကလို့ကို မဝဘူး ဖြစ်နေတတ်တယ်။ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ်လောက်တုန်းကပေါ့။
ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်လောက်ရောက်တော့ ကျွန်တော်ရှက်တတ်လာခဲ့တယ်။ လူတွေက အခြောက်လို့ ခေါ်ရင် အရမ်းခံပြင်းမိတယ်။ ခံပြင်းမိတော့ ကျွန်တော် မာနကြီးလာခဲ့မိတယ်။ ကျွန်တော့်ရဲ့ မာနက လွဲသောမာနလေ။ ပညာမတတ် မစဉ်းစားမဆင်ခြင်တတ်သူရဲ့ လွဲသောမာန။ အဲဒါ့ကြောင့် ယောက်ျားဆန်အောင် ပြောင်းလဲနေထိုင်တယ်။ လမ်းလျှောက်ပုံတွေ အမူအယာတွေ စကားပြောပုံတွေကို ယောက်ျားနဲ့ တူလာအောင်နေတယ်။ မိန်းမသံမထွက်အောင် ယောက်ျားသံဖြစ်အောင် ထိန်းပြီးပြောတယ်။ ကုန်ကုန်ပြောရရင် ဇွတ်ကျားကြီးပေါ့ဗျာ။ မိန်းကလေးအမူအယာတွေကနေ ယောက်ျားလေးအမူအယာ ဖြစ်သွားပြီလို့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး မှတ်နေတဲ့ ဇွတ်ကျားကြီးပေါ့ဗျာ။ အဲဒီလို အရှက်မရှိ ဇွတ်ကျားပြရုံမက ''ငါအခြောက် ဟုတ်မဟုတ် သိရအောင် တစ်နေ့ မင်းတို့ရှေ့မှာ မိန်းမယူပြမယ်'' လို့ ကြိမ်းဝါးခဲ့မိတယ်။ ကြိမ်းဝါးခဲ့တဲ့အတိုင်း ကျွန်တော် တကယ်ကြိုးစားခဲ့တယ်ဗျ။ မိန်းမယူဖို့ ပိုက်ဆံမရှိတော့ မလေးရှားနိုင်ငံကို ပိုက်ဆံရှာ ထွက်ခဲ့တယ်။ ကျွန်တော်နဲ့ ကျောင်းနေဖက် ယောက်ျားလေးတွေအားလုံး မလေးရှား ရောက်နေကြပြီဗျ။ သူတို့လို ငါလည်း လုပ်နိုင်တယ်ဆိုပြီး မခံချင်စိတ်နဲ့ရော ထွက်ခဲ့တာ။ အဲ ဒါနဲ့ တစ်ယောက်တော့ ရွာမှာ ကျန်ခဲ့တယ်ဗျ။ သူက မြမောင်လေ။ ကျန်မှာပေါ့။ ရွာမှာ မြမောင်တစ်ယောက်သာ ဆယ်တန်းအောင်လို့ တက္ကသိုလ်ဆက်တက်နေတာလေ။ ကျွန်တော်ကတော့ လေးတန်းထွက်။
မလေးရှားရောက်တော့ ကျွန်တော် အတော်လေး ဒုက္ခရောက်တယ်ဗျ။ ခံရမှာပေါ့။ လွဲသောမာနတွေ မိုးထိတက်နေခဲ့တာကိုး။ တစ်ရွာတည်းသားတွေက ကျွန်တော့်ကို အခြောက်မို့ ခွဲခြားကြတယ်။ မပေါင်းချင်ဘူး။ အတူမအိပ်ချင်ကြဘူး။ ရုပ်ဆိုးတာလည်း ပါတာပေါ့။ ကျွန်တော် စိတ်ညစ်ဝမ်းနည်းရတယ်။ သူတို့တွေ ခွဲခြားလေ ငါအခြောက်မဟုတ်ကြောင်း သက်သေပြချင်လာလေပါပဲ။ အဲဒါကြောင့် ရွာထဲက ဘယ်မိန်းကလေးကို ယူရင်ကောင်းမလဲ ဆိုပြီး စဉ်းစားနေမိတယ်။ မျက်ဝန်းထဲပေါ်လာသူက စန်းမြ။ စန်းမြကလဲ ကျွန်တော်လိုပဲ ပိန်ကပ်နေတာ။ ရုပ်ဆိုးတယ်။ ရွာထဲကလူတွေက တစ်ယောက်ယောက်ကို အမြင်ကတ်လို့ စချင်ရင် ''စန်းမြကို ကြိုက်ပါ့လား'' လို့ ထုတ်ပြောခံရသူလေး။ ဘယ်သူကမှ မကြိုက်လို့ ပစ်ပယ်ခံရသူလေး။ ဖြစ်ချင်တော့ သူနဲ့ကျွန်တော်က နေနဲ့လ ရွှေနဲ့မြ လို့ ပြောလို့ ရတယ်လေ။ ကျွန်တော်သာ စန်းမြကို ချစ်စကားပြောလိုက်ရင် လက်ခံနိုင်တန်ကောင်းရဲ့။ သူလည်း သူ့ကိုယူမဲ့သူရှားတော့ မူမနေဘဲ အခွင့်အရေး ပေးလာသူကိုသာ ခေါင်းညိတ်ရမှာပဲလေ။ ကျွန်တော်လည်း အမေ့ဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး အမေ့ကို အပူကပ်တယ်။ စန်းမြကို အမေ့ချွေးမ ဖြစ်စေချင်တယ်လို့ပေါ့။ အမေ့ခင်ဗျာ လူတိုင်းက အမေ့သား ကျွန်တော့်ကို အခြောက် အခြောက်လို့ လှောင်ပြောင်ခံခဲ့ရသူက မိန်းမယူချင်တယ် ပြောလာတော့ အံ့လည်း အံ့သြ၊ ဝမ်းသာလုံးတွေတောင် ဆို့နေတာ ဖုန်းထဲကနေတောင် သိနေရတယ်ဗျ။ အမေလည်း အများရှေ့မှာ ငါ့သားက အခြောက်မဟုတ်ဘူးဆိုပြီး ကြွားချင်ရှာမှာပဲ။ စန်းမြကလည်း အမေ့စကားကို ချက်ချင်း ခေါင်းညိတ်ခဲ့ပါသတဲ့လေ။ အင်းလေ ပစ်ပယ်ခံရသူအချင်းချင်း နဖူးစာရွာလယ်တာပေါ့။ ကျွန်တော်လည်း စန်းမြလေးနဲ့ ခဏခဏဖုန်းပြောဖြစ်တယ်။ ပြန်လာရင် မင်္ဂလာဆောင်မယ်။ ဝက်သားကျွေးမယ်ပေါ့။ အဲ့လိုနေရင်းက ကျွန်တော် စန်းမြကို ချစ်နေမိသလိုပါပဲ။ အဲလိုခံစားရတော့ ငါ ဂေးစိတ်ပျောက်ပြီး ယောက်ျားစိတ်စစ်စစ် ဖြစ်နေပြီဆိုပြီး အရမ်းတက်ကြွနေခဲ့မိသေးတာ။
အဲ့အချိန်က ဖေ့ဘုတ်အသုံး သိပ်မတွင်ကျယ်သေးဘူး။ G talk တွေ တွင်ကျယ်တုန်းကပေါ့။ သူများတွေ အင်တာနက်သုံး ဂျီတော့နဲ့ အပြန်အလှန် ချက်တင်စကားပြောကြတာမြင်တော့ ကျွန်တော်လည်း ဂျီတော့သုံးချင်လာတယ်။ အကောင့်တော့မဖွင့်တတ်ဘူး။ တစ်ရွာတည်းသားတွေကို ဖွင့်ခိုင်းချင်ပေမယ့် သူတို့က ကျွန်တော့်ကို အဖက်မလုပ်လို့ မဖွင့်ခိုင်းချင်ဘူး။ အင်ဒိုနီးရှားက လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်ကို ခိုင်းကြည့်တော့ ကြည်ကြည်ဖြူဖြူဖွင့်ပေးတယ်။ ချစ်သူလေးစန်းမြနဲ့ ချက်တင်စကားပြောချင်ပေမယ့် စန်းမြတ်ို့က ဖုန်းတောင် မဝယ်နိုင်သေးပါဘူးတဲ့။ အဲ့မှာ ကျွန်တော် ရွာက မြမောင်နဲ့ ဂျီတော့မှာ အဆက်အသွယ်ရတယ်။ မြမောင်က ပညာတတ်တော့ ဖေ့ဘုတ်တောင် သုံးတတ်နေပြီတဲ့။ ကျွန်တော်လည်း မြမောင်နဲ့ အဆက်အသွယ်ရတော့ အရမ်းပျော်မိတယ်။ ဘာလို့ဆို မြမောင်က ရွာမှာ ကျွန်တော့်ကို မခွဲခြားဘူးလေ။ တန်းတူဆက်ခံတယ်။ အခြောက်လို့လည်း တစ်ခါမှ မခေါ်ဖူးဘူး။ မနောက်ပြောင်ဖူးဘူး။ တစ်ချို့က မြမောင်ကို ကျွန်တော်နဲ့ မပေါင်းနဲ့ သူကအခြောက်ကြီးလို့ တားမြစ်ကြပေမယ့် မြမောင်က ပြုံးပြုံးလေးပဲ တုံ့ပြန်ခဲ့သတဲ့။ ကျွန်တော် မလေးရှားမသွားခင်က မြမောင်ဆီကို ခဏခဏသွားလည်တတ်တယ်။ မြမောင်ကလည်း ဖော်ဖော်ရွေရွေကြိုဆိုတယ်။ မြမောင်ဆီလာတိုင်း စာအုပ်တစ်အုပ်ဖတ်ရတယ်။ မြမောင်က စာဖတ် သိပ်ဝါသနာပါတာကိုး။ ဒါ့ကြောင့်လည်း ပညာတတ် ဘွဲ့ရကြီးဖြစ်နေတာ။ အခု ရွာရဲ့တောင်ဘက် စံပြရွာက အစိုးရုံးတစ်ရုံးမှာ ဝန်ထမ်းတောင်ဖြစ်နေပြီ။ မြမောင်နဲ့ စကားပြောတိုင်း ကျွန်တော်က မြမောင်ကို အရမ်းခင်တဲ့အကြောင်း သူများတွေက ငါ့ကို မခင်ဘူး။ မင်းတစ်ယောက်ပဲ ငါ့ကို ခင်တဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြတယ်။ အဲ့ဒီတော့ မြမောင်က ''ငါ ဘာလို့ မင်းကို ခင်တာလဲဆိုရင်'' ဆိုပြီး စကားစတွေ ဖြတ်ဖြတ်သွားတာ ခဏခဏပဲ။ မြမောင် ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ကျွန်တော့်ကို ဘာပြောချင်နေတာလဲ။ ကျွန်တော်ဘယ်လိုမှ စဉ်းစားလို့မရဘူး။ တစ်နေ့ကျမှ မြမောင်က ကျွန်တော့်ကို မေးလာတယ်။
''မင်း Homosexual ကို သိလား'' တဲ့။ ကျွန်တော်ကလည်း
''မင်းက ငါ့ကို မင်းလို ပညာတတ်ကြီး မှတ်နေလား''
လို့ ပြန်မေးလိုက်တယ်။ အဲ့ဒီအခါကျမှ မြမောင်က
''Homosexual ဆိုတာ လိင်တူချစ်ခြင်း လို့ ခေါ်တယ်''
လို့ ဒဲ့ရှင်းပြလိုက်တော့ ကျွန်တော် မြမောင့်ကို စိတ်ကွက်သွားတယ်။ ခင်မင်ခဲ့တဲ့ သံယောဇဉ်တွေတောင် ပျောက်ဆုံးသွားတယ်။ ဒါဘာအဓိပ္ပါယ်များလဲ။ ဘာအဓိပ္ပါယ်နဲ့ ဒီလိုလာရှင်းပြနေရတာလဲ။ ကျွန်တော့်အထင်မမှားပါဘူး။ ကျွန်တော့်ကို အခြောက်လို့ သဘောထားလိုက်တာ။ မြမောင်လည်း တစ်ခြားလူတွေလို ဘာထူးလဲ။ ဒီပုတ်ထဲက ဒီပဲပဲ။ ကျွန်တော့်ကို အခြောက်လို ဆက်ဆံနေပြီ။
''စိတ်ဆိုးသွားရင် ဆောရီးကွာ။ ငါက ဘာကြောင့် မင်းကို ခင်ရသလဲဆိုရင် ငါလည်း မင်းလိုလူစားမျိုး တစ်ယောက်မို့ပဲ။ ငါလည်း လိင်တူချစ်တဲ့ ဂေးတစ်ယောက်ပါကွာ။ ဘဝတူအချင်းချင်းမို့ မင်းကို စာနာပြီး ခင်တာ။ မင်းလည်း ဂေးတစ်ယောက်ပဲ မဟုတ်လား'' တဲ့။ မြမောင်ဆက်ပြောလာတယ်။ ကျွန်တော်လေ အံ့သြလို့ မဆုံးဘူး။ မြမောင်လို လူချောလူလှတစ်ယောက်က၊ ပညာတတ်တစ်ယောက်က ဂေးတဲ့။ ဂေးအမူအယာတွေ တစ်စက်မှ မရှိတဲ့သူက ဂေးဖြစ်ကြောင်း ဝန်ခံနေတော့ ကျွန်တော်အံ့သြမိတာပေါ့။ ဂေးအမူအယာမရှိတဲ့သူက ဂေးပါလို့ ဝန်ခံလာပြီး ဂေးအမူအယာတွေရှိတဲ့သူက ဂေးမဟုတ်ပါဘူးလို့ ပစ်ပစ်ခါခါငြင်းနေတာကို သေချာစဉ်းစားကြည့်လိုက်ရင် ရီချင်စရာကြီးနော်။ အံ့သြမှုနဲ့အတူ ခံပြင်းစိတ်တွေလည်း ကျွန်တော့်ရင်ထဲ ကိန်းအောင်းလာတယ်။ ဒါ့ကြောင့်ပဲ
''ဘာကွ ငါက ဘာလို့ ဂေးဖြစ်ရမှာလဲ။ ငါယောက်ျားစစ်စစ်ကွ''
လို့ ဂေးအကြောင်း ဂဃနဏသိထားတဲ့ မြမောင်ရှေ့မှာ အရှက်မရှိ ပြောလိုက်မိတယ်။
''ငါ ငါ့အကြောင်း မင်းကို ပြောချင်နေတာကြာပြီ။ မင်း မလေးရှား မသွားခင် ကတည်းက ပြောချင်နေတာ။ မင်းရှက်နေမှာစိုးလို့ မပြောရဲတာ။ မူမနေပါနဲ့ကွာ။ ငါက မင့်အကြောင်း ကောင်းကောင်းသိတယ်။ မင်းပြန်လာရင် ငါတို့နှစ်ယောက်တည်း ပွင့်ပွင့်လင်းလင်း စကားပြောကြမယ်လေနော် မကောင်းဘူးလား''
မြမောင်ဆက်ပြောလာတော့ ကျွန်တော့ဒေါသ ငယ်ထိပ်တက်လာတာမို့ ''တောက်'' ကနဲ့ တက်ကို ခေါက်လိုက်မိတယ်။
''ငါဂေးမဟုတ်ပါဘူးဆိုကွာ''
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာတောင် ငြင်းနေတဲ့ ကျွန်တော့်အဖြစ်ကို မြမောင်ကတော့ လှောင်ရယ်နေမှာ သိပ်သေချာတာပေါ့။ ဒါပေမယ့် မြမောင်က ကျွန်တော့်ကို နားလည်ပေးပြီးသားဆိုတာ သိသာတယ်။ ကျွန်တော့်မှာလည်း ချက်ချင်းကြီးဆိုတော့ လက်မခံနိုင်တာနေမှာပေါ့ ဆိုပြီးတော့လေ။
နောက်နေ့တွေလည်း မြမောင့်ဘက်ကပဲ လှမ်းစကားပြောတယ်။ ကျွန်တော်ကတော့ မြမောင်နဲ့ စကားပြောရတာကို ဒေါသလည်းထွက် ရှက်လည်းရှက်တော့ မြမောင်နဲ့ မပြောချင်ဘူး။ မြမောင်ကလေ ကျွန်တော့်ကို ဘဝအစစ်အမှန်ကို ဝန်ခံရဲအောင် လက်ခံရဲလာအောင် Homosexual အကြောင်းတွေ စုံစေ့နေအောင် ရှင်းပြတယ်။ ပညာတတ်ပီပီ ကျွန်တော်နားမလည်တဲ့ စကားတွေနဲ့ပေါ့။ Gay တဲ့။ Lesbian တဲ့။ Bisexual တဲ့။ Transgender တဲ့။ Gay တွေမှာ လိင်ခံစားမှုနဲ့ပတ်သက်ပြီး အမျိုးအစားတွေ အမျိုးမျိုးရှိတဲ့အကြောင်း မနေမနား ဇွတ်အတင်းရှင်းပြနေတယ်။ ကျွန်တော် နားမလည်သလို စိတ်လည်း မဝင်စားဘူး။ မဝင်စားဆို ကျွန်တော့်ကို ဂေးတစ်ယောက်လို သဘောထားနေတာကို နည်းနည်းမှမခံချင်တာ။ ဒါ့ကြောင့်ပဲ နောက် ဒါမျိုးတွေ လာမပြောအောင်
''ငါပြန်လာရင် မိန်းမယူတော့မှာ မယုံမရှိနဲ့။ ရွာထဲက စန်းမြကိုယူမှာ။ မိဘတွေချင်းလည်း သဘောတူပြီးပြီ။ ဒါ့ကြောင့် ငါ့ကို မင်းလိုလူစားအဖြစ် သတ်မှတ်နေတာကို ရပ်တန်းကရပ်'' ဆိုပြီး အမိန့်ဆန်ဆန် ပြန်ပြောလွှတ်လိုက်တယ်။ ဒါပေမယ့်လည်း မြမောင်က ကျွန်တော့်ကို စိတ်နာမသွားပါဘူး။ သနားစိတ်နဲ့ပဲ ဆက်ရှင်းပြနေခဲ့တယ်။
'' မင်း သေသေချာချာစဉ်းစားပါ။ မင်းအမူအယာမျိုးနဲ့ ကလေးအဖေမဖြစ်ပါစေနဲ့။ မင်းအတွက် ပြဿနာမရှိနိုင်ဘူးဆိုလဲထား။ မင်းသားသမီးတွေက ယောက်ျားမကျ မိန်းမမကျတဲ့ မင့်အမူအယာကိုကြည့်ပြီး သူတို့အဖေဖြစ်ရတာကို ရှက်နေလိမ့်မယ်။ တကယ်လို့ မင်းသာ မိန်းမယူခဲ့မယ်ဆိုရင် မင့်မင်္ဂလာဆောင်ကို ငါ လုံးဝမလာဘူးလို့ သိထားလိုက်''
ကရုဏာစိတ်နဲ့ ရှင်းပြခဲ့တာကိုလည်း ကျွန်တော်က စေတနာကို နားမလည်ဘဲ ဒေါသတွေသာ ပိုပိုပြီး ထွက်နေခဲ့မိတယ်။
''ဘာ ငါက ယောက်ျားမကျ မိန်းမမကျ အမူအရာ ဟုတ်လား တောက်''
ကျွန်တော် ဆက်မပြောတော့ဘဲ မြမောင့်ကို ဘလော့ပစ်လိုက်တယ်။
မြမောင်ကို စိတ်နာနာနဲ့ အဆက်ဖြတ်ထားခဲ့တာ နှစ်နှစ်တောင် ရှိသွားခဲ့ပါပေါ့။ အဲ့အချိန် ကျွန်တော် ရွာပြန်ရောက်နေပြီလေ။ ကြိမ်းဝါးခဲ့တဲ့အတိုင်း မလေးရှားမှာ စုဆောင်းထားတဲ့ ငွေလေးနဲ့ စန်းမြကို တင်တောင်းပြီး ဝက်သားကျွေး မင်္ဂလာပွဲကြီးကို ကျင်းပခဲ့တယ်။ မြမောင်က ပြောထားတဲ့အတိုင်း ကျွန်တော့်မင်္ဂလာပွဲကို တကယ်မလာခဲ့ပါဘူး။ ရှိစေတော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို အခြောက်လို့ သဘောထားခဲ့တဲ့လူတွေရှေ့မှာ မိန်းမယူပြနိုင်ခဲ့ပြီ။ အခြောက်မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပြီမို့လို့ ကျွန်တော်ဇွတ်ကျားကြီး စိတ်ကြီးဝင်နေခဲ့ပါတယ်။
မြမောင်နဲ့ လမ်းမှာ အမှတ်မထင်တွေ့ရင်တော့ မြမောင်ကပဲ ခေါင်းလေးငုံ့ပြီး ရှောင်ရှောင်ထွက်သွားတယ်။ ကျွန်တော်ကတော့ နှာခေါင်း ရှုံ့ပြလျှက် ကျန်ခဲ့ရတာပဲပေါ့။ မြမောင်က ဂေးပီပီ မိန်းမမယူဘဲ တစ်ကိုယ်တည်းပဲနေတယ်။ အထီးကျန်ကျန်နေရတဲ့ သူ့ကိုသနားပြီး မိန်းမယူလိုက်ပါ့လားလို့တောင် တိုက်တွန်းချင်မိသေးတယ်။ ဂေးဘဝမှာ တကယ်ပျော်ရဲ့လားသိချင်မိတော့ မြမောင့်အမူအယာကို မသိမသာ အကဲခတ်ကြည့်မိတယ်။ မြမောင့်အမူအယာကတော့ ပကတိတည်ငြိမ်အေးစက်လျှက်ပါပဲ။ ဒါနဲ့ မြမောင် ရန်ကုန်ကို ခဏခဏထွက်သွားတယ်လို့တော့ ခဏခဏ ကြားမိတယ်။ ဘာလို့များပါလိမ့်။ ချစ်သူကောင်လေးများ ရနေသလားမသိဘူး။
ဒီလိုနဲ့ ကျွန်တော့်မှာ ငါးနှစ်သားလေးတောင် ပိုင်ဆိုင်လာခဲ့ရပါပြီ။ အိမ်ထောင်သက်လေး ကြာလာတော့ မိန်းမနဲ့ အထိအတွေ့တွေမှာ ငြီးငွေ့လာသလို ခံစားရတယ်။ မိန်းမနဲ့အတူနေရတာ မပျော်သလို ခံစားရတယ်။ စိတ်ထဲမှာလဲ တစ်ခုခုလစ်ဟာနေသလိုကြီး။ အလိုမကျသလိုကြီး။ ငါဘာကို အလိုရှိနေမိတယ်ဆိုတာ ဘယ်လိုမှ အဖြေရှာလို့ မရဘူး။
တစ်နေ့တော့ ကျွန်တော်ပျင်းပျင်းနဲ့ ဖေ့ဘုတ်အကောင့်အသစ်တစ်ခု ဖွင့်ကြည့်လိုက်တယ်။ People You May Know မှာ အကောင့်တွေ တစ်ခုပြီးတစ်ခု ဝင်မွှေကြည့်လိုက်တော့ မမျှော်လင့်ဘဲ မြမောင့်အကောင့်ကို တွေ့လိုက်ရတယ်။ အားပါးပါး မြမောင်က စာရေးဆရာကြီးတောင် ဖြစ်နေလို့ပါလား။ အိုး မြမောင်ရေးထားတဲ့စာတွေက ကြည့်လေကြည့်လေ အဆုံးမရှိပါလား။ မြမောင်တကယ်ဂေးပီသသားပဲ။ စာတွေက ဂေးစာတွေချည်း။ ဂေးစုံတွဲပုံတွေနဲ့ တွဲတွဲတင်တာတွေ့ရတော့ ထိုပုံတွေကို ကျွန်တော် စိတ်ဝင်တစား လိုက်ငေးကြည့်နေမိတယ်။ သိပ်ချစ်ကြတဲ့ ယောက်ျားတွေပါလား။ ကျွန်တော်ပင် အားကျချင်သလို ဖြစ်သွားမိတယ်။ ပြီးတော့ မြမောင်ရဲ့ Friend တွေကို လိုက်ကြည့်မိတယ်။ အဲ့အကောင့်တွေရဲ့ တိုင်းလန်းထဲ ဝင်မွှေတော့ ယောက်ျားချင်း ချစ်ရည်လူးတဲ့ ဗီဒီယိုတွေ တွေ့တယ်။ ကျွနိတော်ကြည့်လိုက်မိတယ်။ ကျွန်တော်စိတ်ပါနေသလိုပဲ။ တံတွေးတွေတောင်င် ဂလု ဂလုနဲ့ မျိုချနေမိတာ။ အဲဒီအခါကျမှ ကျွန်တော် ဂေးလုံးလုံး ဖြစ်သွားခဲ့ရပါပကော။ အဲဒီလို အထိအတွေ့မျိုးကို လိုချင်တပ်မက်လာမိတယ်။ အခုမှပဲ ကျွန်တော် ဘာကိုလိုအပ်နေရတယ်ဆိုတာ နားလည်လိုက်ရမိတော့တယ်။ မိန်းမနဲ့ ဆက်ပေါင်းသင်းချင်စိတ်ကို လုံးဝကိုမရှိတော့ဘူး။ မိန်းမနေရာမှာ ယောက်ျားတစ်ယောက်ကို အစားထိုးချင်လာမိတယ်။ ဒါပေမယ့် ဘယ်ဖြစ်နိုင်ပါတော့မလဲ။ ကျွန်တော့်မှာက သားလေးတစ်ယောက်တောင် ရှိနေခဲ့ပြီကိုး။ မိန်းမရှိလျှက်နဲ့ အခုလို ခံစားချက်တွေ ရှိနေရတာက မကောင်းမှန်းသိပေမယ့် မိန်းမမသိအောင် ဖေ့ဘုတ်လေးကို ခိုးခိုးဖွင့်ပြီး ဗီဒီယိုတွေကြည့်ရင်း တစ်ကိုယ်တည်း ကိစ္စပြီးတတ်လာခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဘေးနားမှာ ယောက်ျားတစ်ယောက် မရှိသေးသရွေ့တော့ ဘယ်တော့မှ ကျွန်တော့် ဆန္ဒက ပြည့်ဝမှာ မဟုတ်ဘူးဆိုတာလည်းသိနေတယ်။ ဖေ့ဘုတ်ထဲမှာ ကောင်လေးတွေနဲ့ စကားပြောရတာ ပျော်လာတယ်။ သူတို့နဲ့ အပြင်မှာတွေ့ပြီး ဒိတ်ချင်လာတယ်။ သူတို့က ဖိတ်ခေါ်ပေမယ့် မိန်းမရှိတဲ့ ကျွန်တော် ကိုယ့်လိပ်ပြာမလုံဘူး။ အဝေးက တစ်ယောက်ကကျတော့ အတည်လားဘာလားမသိဘူး။ ကျွန်တော်နဲ့ တစ်သက်လုံးအတူနေနိုင်တယ်တဲ့။ မိန်းမနဲ့ ကလေးကိုပစ်ပြီး သူ့ဆီလာနေပါတဲ့။ ကျွန်တော်လည်း သူ့ကို ချစ်မိတယ်။ သူ့ရဲ့အထိအတွေ့တွေကိုလည်း လိုချင်မိတယ်။ ခက်တာက သူက လူလိမ်လူညာဖြစ်နေရင် တစ်ရှက်ကနေ နှစ်ရှက်ကွဲရုံမက ဒုက္ခပါအကြီးအကျယ်ရောက်မှာ။ ဒါ့ကြောင့် ကျွန်တော့်မှာ ဆုံးဖြတ်ရခက်နေလို့ စိတ်တွေအရမ်းညစ်ရတာ။ ညညဆို အိပ်လို့ကို မပျော်တတ်ဘူး။
တစ်နေ့မှာ သားက ကျွန်တော့်ကို ပြောလာတယ်။
''အဖေရီတာကြီးက ကောင်မကြီးနဲ့တူတယ်''တဲ့။ မိန်းမရှေ့မှာပါ ပြောလာတော့ ကျွန်တော်ဖြင့် ရှက်လွန်းလို့ ခေါင်းငုံ့နေခဲ့ရတယ်။ ဇွတ်ကျားကြီးကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယောက်ျားပီသတယ် ထင်မှတ်နေခဲ့တာ သားကလေးကတောင် ရိပ်မိနေမှတော့ ကျွန်တော် မိန်းမနဲ့ တစ်လောကလုံးရှေ့မှာ ဘယ်လောက် ဇွတ်ကျားပြပြီး အရှက်မဲ့ခဲ့တယ်ဆိုတာ တွေးပြီး ခေါင်းမဖော်ရဲလောက်အောက် ရှက်မိတယ်။ မြမောင်ပြောခဲ့ဖူးတဲ့ စကားတွေက အမှန်ဘက်ကို အစပျိုးလာပြီ။
''မင်း သေသေချာချာစဉ်းစားပါ။ မင်းအမူအယာမျိုးနဲ့ ကလေးအဖေမဖြစ်ပါစေနဲ့။ မင်းအတွက် ပြဿနာမရှိနိုင်ဘူးဆိုလည်းထား။ မင်းသားသမီးတွေက ယောက်ျားမကျ မိန်းမမကျတဲ့ မင့်အမူအယာကိုကြည့်ပြီး သူတို့အဖေဖြစ်ရတာကို ရှက်နေလိမ့်မယ်။''
သားလေးသာ ကြီးလာခဲ့ရင် အဖေဖြစ်တဲ့ ကျွန်တော့်အမူအယာတွေကြောင့် ရှက်ပြီး ခြေစုံကန်သွားလေမလား။ တွေးရင်းနဲ့ ကြောက်တယ်ဗျာ။ ဒါပေမယ့်လည်း သားလေးကိုတော့ အပြစ်မဆိုသာပါဘူးလေ။ အားလုံးက ကျွန်တော့်အမှားတွေချည်းပဲ။ မြမောင်က တစ်ချိန်ကပြောဖူးတယ်။
''ငါတို့နှစ်ယောက် ဘဝတူအချင်းချင်း ပွင့်ပွင့်လင်းလင်း နေကြရအောင်နော်''
တဲ့။ မြမောင်ရယ်။ ငါတကယ် အခု မင်းနဲ့ ပွင့်ပွင့်လင်းလင်းနေချင်လှပြီ။ ငါ့ခံစားချက်တွေ မင်းကို ရင်ဖွင့်ပြောပြချင်လိုက်တာ။ ငါ့မှာ မင်းတစ်ယောက်ပဲ ရှိပါတော့တယ်မြမောင်။ မြမောင် မင်းကတော့ ငါ့ကို ခွင့်လွှတ်လိမ့်မယ်လို့ ထင်ပါတယ်။ မင်းက ငါ့ကို အားလုံး နားလည်ပေးပြီးသားပဲမဟုတ်လား။နောင်တတွေ တပွေ့တစ်ပိုက်နဲ့ အရင်လို ခင်ခင်မင်မင်ကြိုဆိုနိုင်သေးတယ်မဟုတ်လား။ မင်းက စာရေးဆရာတစ်ယောက်။ ပညာတတ်။ ထက်မြတ်သူတစ်ယောက်ပဲကွာ။ ဒါပေမယ့်လေ ငါ့ခံစားချက်နဲ့ပတ်သက်ပြီး ငါရှေ့ဆက် ဘာတွေလုပ်သင့်တယ်ဆိုတာကိုတော့ မင်း အကြံဥာဏ်ပေးနိုင်ပါ့မလား။ ဘာလို့ဆို ငါ့အဖြစ်တွေက နှောင်းခဲ့ပြီလေမြမောင်ရာ။
*****
ဒေးဗစ်မောင်မောင်
The Corner of 26 & 66 street Magazine
Volume 13 (2017)
Done ✅
ReplyDeleteDone
ReplyDeleteကိုယ့်ဖြစ်တည်မှုကိုယ် လက်ခံနိုင်တာက အကောင်းဆုံးပါပဲ၊ကိုယ်,ကိုယ်တိုင်ကတောင်မှ ကိုယ့်ဖြစ်တည်မှုကို လက်မခံပေးနိုင်လျှင် ဘယ်သူကလာပြီး လက်ခံပေးမှာလဲ၊ရှက်စရာမဟုတ်ပါဘူး
ReplyDeleteGreat content!
ReplyDeleteDone🐬🐬🐬
ReplyDeleteClicked ✅
ReplyDeleteDone
ReplyDeleteကလိပီး
ReplyDeleteDone 💪
ReplyDeletedone
ReplyDeletedone bro
ReplyDeleteအိုကေ
ReplyDeletedone done
ReplyDeleteLGBTတစ်ယောက်မှမဟုတ်ပါဘူး
ReplyDeleteလူတိုင်းလူတိုင်းကိုယ့်ဖြစ်တည်မှုကိုလက်ခံနိုင်ပြီးကိုယ့်ရဲ့ပုံစံအစစ်ကိုတန်ဖိုးထားဖို့လိုပါတယ်
ကိုယ့်ခံယူချက်၊လုပ်ရက်ကသူတစ်ပါးကိုထိခိုက်အောင်လုပ်မနေဘူးဆိုရင်ဘယ်သူ့မှကြောက်စရာမလိုပါဘူး
ခင်ဗျားလေးတို့ကဖြူစင်ပြီးသားပါလိင်တူချင်းချစ်ကြိုက်နေလည်းလူကလူပါပဲအချစ်ကအချစ်ပါပဲ
ကိုယ်ဖြစ်တည်မှုကိုလက်ခံပြီးတန်ဖိုးထားပေးပါဗျ💝
ဖတ်လို့ကောင်းပါတယ်
ReplyDelete