သူရဲကောင်းဝတ်ရုံကို ကောက်ခြုံလာခဲ့ကြသောအညတရများ (အပိုင်း ၁)
သူရဲကောင်းဝတ်ရုံကို ကောက်ခြုံလာခဲ့ကြသောအညတရများ
လွန်ခဲ့သောဆယ့်ငါးနှစ်က ကျွန်တော်သည် “အရှေ့တစ်ခွင်လုံးနီ" ဟူသောအမည်ဖြင့် ဝတ္ထုရှည်ကြီးတစ်ပုဒ် ထုတ်ဝေရန် ပုဂံစာအုပ်တိုက်မှ ကြော်ငြာခဲ့ဖူးသည်။ သို့ရာတွင် ယခုထက်တိုင် ထိုဝတ္ထုကို မရေးဖြစ်သေး။ နောင်တွင် ဘယ်ခါမျှရေးဖြစ်မည်ကိုလည်း မပြောနိုင်သေးပါ။ ထိုဝတ္ထုအတွက် ဇာတ်လမ်းဇာတ်ကွက်နှင့် အရေးကြီးသော ဇာတ်ဆောင်တို့ကို ပုံဖော်ပြီးဖြစ်သည့်တိုင် အချက်အလက်များရှာချိန် မရသေးသဖြင့် ယခု ထက်တိုင် မရေးနိုင်သေးခြင်းဖြစ်ပါသည်။
ကျွန်တော်ဝတ္ထုကို ၁၈၈၅ ခု သီပေါမင်းနန်းကျခါနီး သပြေတန်းနှင့် အင်းဝ ခံတပ်များမှ မြန်မာတပ်များ ဆုတ်ခွာချိန်တွင် အစပြုပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရချိန်တွင် အဆုံးသတ်မည်ဟု စိတ်ကူးထားပါသည်။ ဗြိတိသျှတို့သိမ်းပိုက်ချိန်မှ ဗြိတိသျှ တို့ ဆုတ်ခွာချိန်ကာလအထိ မျိုးဆက်သုံးဆက်တို့၏ဇာတ်လမ်း ဖြစ်ပါသည်။ တစ်နည်းပြောရလျှင် မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးချိန်မှ မြန်မာ့လွတ်လပ်ရေး ပြန်ရချိန်အထိ ဇာတ်လမ်းဖြစ်ပါသည်။
ကျွန်တော်ဝတ္ထုထဲမှ ဇာတ်လိုက်သည် အင်္ဂလိပ်တို့ထံ လက်နက်ချရန် ညွှန်ကြား သော သီပေါဘုရင်၏လွှတ်တော်မှ အမိန့်နှင့် နောက်ထပ်ထုတ်ပြန်သော သီပေါဘုရင်၏ အမိန့်ကို မကျေနပ်၍ ရရာလက်နက်တို့ဖြင့် တောတောင်များဆီသို့ ဆုတ်ခွာသွားသော တပ်မှူးကြီးတစ်ဦး၏ ကိုယ်ရံတော်ဗိုလ်လေးတစ်ဦး ဖြစ်ပါသည်။ ထိုကိုယ်ရံတော်ဗိုလ်လေး ၏နောက် မျိုးဆက်သုံးဆက်တွင် တွေ့ကြုံရသောဇာတ်လမ်းများ ဖြစ်ပါသည်။
ထိုဝတ္ထုဇာတ်လမ်းနှင့် ရည်ရွယ်ချက်ကို စိတ်ကူးရသည့်နောက်မှစ၍ ကျွန်တော် သည် မန္တလေးသို့ရောက်၍ အခါအခွင့်ကြုံတိုင်း သပြေတန်းခံတပ်နှင့် အင်းဝခံတပ်တို့ကို သွား၍ ကြည့်တတ်ပါသည်။ ထိုသို့သွား၍ ကြည့်တိုင်းလည်း ထိုစဉ်က ရှုခင်းကို ကျွန်တော် မြင်ယောင်တတ်ပါသည်။
၁၈၈၅ ခု နိုဝင်ဘာလ ၂၇ ရက်နေ့က အင်းဝခံတပ်အနီးရှိ မြစ်ကမ်းစပ်တွင် ကျင်းပသော မြန်မာတို့၏ လက်နက်ချအခမ်းအနားကို မြင်ယောင်နေသည်။ ခံတပ်နောက်ကျောရှိ သစ်ပင်တို့က ဆောင်းနေခြည်အောက်တွင် စိမ်းစိုလျက်။ အဝေးတွင် မြင်ရသော ထန်းပင်တစ်ပင်နှစ်ပင်တို့သည် ပြန့်ကားသော ယပ်တောင်ကို မဖွင့်နိုင်ကြတော့။ အရွက်အလက်များသည် စုတ်ပြတ်ကျိုးပဲ့နေကြလေပြီ။ အင်္ဂလိပ်နှင့် အိန္ဒိယ စစ်ဗာရီများက နောက်တွင် ဝိုင်းအုံရပ်နေကြသည်။ ရှေ့တွင်မူ ကာနယ်စလေဒင်သည် ကာကီရောင်စစ်ဝတ်စုံ၊ တော်ပီဦးထုပ်တို့ကို ဝတ်ဆင်ကာ လက်တစ်ဖက်က ခါးထောက်ပြီး တစ်ဖက်က ဓားကို မြေကြီးတွင်ထောက်၍ ရပ်နေသည်။ သူ့ဘေးတွင် ပုဆိုးတောင်ရှည် ကွက်တုံး၊ တိုက်ပုံအင်္ကျီအဖြူနှင့် ခေါင်းတွင် ပဝါကိုဘိုသီပတ်သီရစ်ထားသည့် ကျောက် မြောင်းမြို့စား အတွင်းဝန်သည် ညှိုးငယ်သောမျက်နှာဖြင့် ရပ်နေသည်။ သူ့ခေါင်းပေါ်တွင် ရွှေထီးတစ်လက်ကိုမိုးလျက်။ လက်နက်များက မြေကြီးပေါ်တွင် ပြန့်ကျဲလျက်။ ။
မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အတွင်းဝန် ကျောက်မြောင်းမြို့စား မင်းကြီး မဟာသီရိဇေယျနန္တကျော်ထင် (ဦးရွှေအိုး) သည် မြန်မာပြည်မှ ပြင်သစ်ပြည်သို့ သွားရောက်ခဲ့သော အစောဆုံးသော ပညာတော်သင်တစ်ဦးဖြစ်ပြီး မြို့ပြအင်ဂျင်နီယာ ဘွဲ့ကို ပြင်သစ်တက္ကသိုလ်တစ်ခုမှ ရခဲ့သူဖြစ်သည်။ ၁၈၇၂ ခုနှစ်တွင် ကင်းဝန်မင်းကြီး၏ ဥရောပသွားသံအဖွဲ့၌ လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါခဲ့ဖူးသည်။ ၁၈၈၂ ခုနှစ်တွင် သံအဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်၍ ဆင်းမလားသို့ သွားရောက်ခဲ့ဖူးသည်။ အတွင်းဝန်ကျောက်မြောင်းမြို့စားသည် ယမန်နေ့က အင်္ဂလိပ်ကိုယ်စားလှယ်တို့နှင့် ဆွေးနွေးစဉ် ဗိုလ်ချုပ်ပရင်ဒါဂတ်စ်က သူတို့တိုက်သင်္ဘောများမှ စက်အမြောက်များ ပစ်ခတ်ပြသည်ကို မြင်ခဲ့ရသည်။ ဥရောပသို့ ရောက်စဉ်ကလည်း လက်နက်နိုင်ငံ ကြီးများ၏အင်အားကို မြင်ခဲ့ရသည်။ သူ့ဆရာ ကင်းဝန်မင်းကြီးကဲ့သို့ပင် ပဒေသရာဇ် လှည်းလမ်းကြောင်းပေါ်တွင် အရှိန်အဟုန်ပြင်းစွာ ချီတက်လာသော ခေတ်သစ်စက်မှု ဝါဒကို သူမြင်နေရပြီ။ အဆိုးထဲမှအကောင်းကို ရှာရတော့မည်ဟု သူသဘောပေါက်ဟန် တူသည်။
လှေသင်းအတွင်းဝန်၏တပ်များ မြင်းခြံမှ အတွင်းဘက်ရှိ ကျောက်ရံသို့ ဆုတ် ခွာလာပြီးနောက်တွင် သီပေါဘုရင်သည် အရေးပေါ်ညီလာခံတစ်ရပ်ကို ကျင်းပခဲ့သည်။ ထိုညီလာခံသည် 'သာသနာရေး၊ တိုင်းရေးပြည်ရေးနှင့် စပ်လျဉ်းသော အရေးကိစ္စကြီး ဖြစ်သည်ဟု သီပေါဘုရင် ယူဆသည်။ ထို့ကြောင့် ထိုအရေးပေါ်ညီလာခံကို ကျင်းပ ရခြင်းဖြစ်သည်။ ထိုညီလာခံသို့ ဝန်ရှင်တော် သေနတ်ဝန် လယ်ကိုင်းမြို့စား (ကင်းဝန် မင်းကြီး)၊ အတွင်းဝန် ရွှေတိုက်ဝန် ပေါက်မြိုင်မြို့စား၊ ဝန်ထောက် ဝက်မစွက်မြို့စား စသည်တို့ စုံညီတက်ရောက်ကြသည်။ ထိုညီလာခံတွင် ကင်းဝန်မင်းကြီးက သီပေါ မင်းအား မန္တလေးမှ “ထွက်သင့်ရာဌာနသို့ထွက်၍ ကျယ်ကျယ်လွန့်လွန့်၊ ကြုံကြိုက် တော်မူရာ ကြံစည်တော်မူလျှင် သင့်မြတ်ကြောင်း”ဖြင့် လျှောက်သည်။ ။
ဤတွင် သီပေါဘုရင်က မယ်တော်ဆင်ဖြူရှင်မှာ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်ကြောင်း၊ မိဖုရားခေါင်ကြီးဖြစ်သည့် စုဖုရားကြီးမှာလည်း ကျန်းမာတော်မူခြင်းမရှိ ကြောင်း၊ သူတို့ကိုထားခဲ့ပြီး ထွက်တော်မူရမည့်အရေးသည် မသင့်လျော်ကြောင်းဖြင့်မိန့်သည်။ ဤတွင် ကင်းဝန်မင်းကြီးက ရွှေမြို့တော်တွင်ရှိသည့် ပြင်သစ်ကောင်စစ်ဝန် “မစ်ရှိပရိတ်ဒရစ်အက်စ် (မွန်စီရာဖရက်ဒရစ်အားစ်)က လက်နက်အပြည့်အစုံ တပ် ထားသော အင်္ဂလိပ်သင်္ဘောများသည် ရွှေမြို့တော်သို့ ရောက်လာကြတော့မည်ဖြစ်ကြောင်း၊ သူတို့တောင်းဆိုသော အရေးအခွင့်ကိုပေးပါမှ သင့်မည်ဟု မိမိထံ လာရောက် အကြံပေးကြောင်းဖြင့် ကင်းဝန်မင်းကြီးက လျှောက်သည်။ ဤတွင် သီပေါဘုရင်သည် မဟာမိတ်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ယူရန် ကျောက်မြောင်းမြို့စားမင်းကြီး မဟာသီရိဇေယျနန္ဒာကျော်ထင်နှင့် ဝန်ထောက် ဝက်မစွတ်မြို့စား မင်းကြီးမင်းထင် မဟာစည်သူတို့ကို စေ့စပ်ဆွေးနွေးရန် လွှတ်လိုက် ခြင်းဖြစ်သည်။
ဗိုလ်ချုပ် ပရင်ဒါဂတ်စ်က အပစ်အခတ်ရပ်စဲရေးကို လက်မခံဘဲ မိမိတာဝန်မှာ မန္တလေးမြို့ကို သိမ်းယူကာ သီပေါကို နန်းမှကျရန်ဖြစ်ကြောင်း၊ ကျန်သည့်နိုင်ငံရေး ကိစ္စများကို သက်ဆိုင်ရာ အိန္ဒိယအစိုးရနှင့် ဆွေးနွေးစေလိုကြောင်း အကြောင်းပြန်သည်။ နောက်တစ်နေ့တွင် အင်္ဂလိပ်တို့၏ တောင်းဆိုချက်ကို ခြွင်းချက်မရှိ လက်ခံကြောင်း၊ တပ်များအားလုံး လက်နက်ချရမည်ဖြစ်ကြောင်းဖြင့် လွှတ်တော်မှ ညွန်ကြားချက်ကြေးနန်း ရောက်လာသည်။ ဤတွင် ကင်းအတွင်းဝန် စသည့်တပ်မှူးများက လွှတ်တော်၏ အမိန့်ကို နာခံခြင်းမပြုနိုင်။ ဘုရင်၏ အမိန့်ကို နာခံမည်ဟု ငြင်းဆန်နေကြသဖြင့် နှစ်ဖက်အခြေအနေ တင်းမာနေကြသည်။ လူငယ်အင်္ဂလိပ်တပ်မှူးများမှာ သူတို့ပေးထားသော အချိန်စေ့ပြီဖြစ်သဖြင့် အင်းဝ၊ သပြေတန်းနှင့် စစ်ကိုင်းခံတပ်များကို ဝင်တိုက် ချင်နေကြပြီ။ စိတ်တိုနေကြပြီ။ ထို့ကြောင့် အတင်းဝင်တိုက်ရန် ဗိုလ်ချုပ် ပရင်ဒါဂတ်စ်ကို တောင်းဆိုနေကြသည်။
ထိုစဉ် မြန်မာတပ်များအားလုံး လက်နက်ချရန် သီပေါဘုရင်ထံမှ အမိန့်ရောက် လာသည်။ ဤတွင် မြန်မာတပ်များသည် လက်နက်များကိုချအပ်ကာ ခံတပ်များက ထွက်ခွာသွားကြသည်ဟု ဆိုသည်။ အထူးသဖြင့် အင်းဝခံတပ်ထဲမှ ကင်းအတွင်းဝန်၏ တပ်များသည် လက်နက်များကို ကိုင်ဆောင်ကာ ခံတပ်ကို စွန့်ခွာသွားခဲ့ကြသည်ဟု ဆိုသည်။ အင်းဝခံတပ်မှ မြန်မာတို့သည် ခံတပ်ကို စွန့်ခွာသွားခဲ့ရာတွင် လွှင့်ထူထားသည့် မြန်မာစစ်အလံဖြစ်သော သူရဲကြီးအောင်လံကိုပင် ဖြုတ်ချခြင်းမပြုခဲ့ကြဘဲ ထိုအတိုင်း လွှင့်တင်ထားခဲ့ကြသည်။
ကျွန်တော်ဝတ္ထုထဲမှ ဇာတ်လိုက်တပ်ဗိုလ်ကလေးသည် ထိုအထဲမှ အညတရ တပ်ဗိုလ်ကလေးတစ်ယောက် ဖြစ်လေသည်။ ။
ဗိုလ်ချုပ် ပရင်ဒါဂတ်စ်သည် ဘုရင်ခံချုပ် ဒပ်ဖရင် ညွှန်ကြားသည့်အတိုင်း မန္တလေးကို အင်အားမသုံးဘဲ အင်အားပြရုံမျှဖြင့် သိမ်းပိုက်ဖို့သာ စိတ်စောနေသည်။ ထို့ကြောင့် သပြေတန်း၊ စစ်ကိုင်းနှင့် အင်းဝခံတပ်များမှ မြန်မာစစ်သည်တို့အကြောင်းကို သူဘာမျှ ထည့်သွင်းစဉ်းစားခြင်းပြုဟန်မတူ။ ထိုအချိန်က သီပေါဘုရင်၏တပ်မတော်သည် အင်အား ၂၄၀၀၀ နှင့် ၂၅၀၀၀ ကြားတွင် ရှိနေသည်။ အောက်မြစ်စဉ်စစ်ကြောင်းတွင်တပ်သား ၉၂၀၀ ခန့်၊ တောင်ငူစစ်ကြောင်းတွင် တပ်သား ၃၃၇ဝ၊ တောင်တွင်းကြီး စစ်ကြောင်းတွင် တပ်သား ၂၃၇၆၊ သပြေတန်း၊ စစ်ကိုင်းနှင့် အင်းဝခံတပ်တို့တွင် တပ်သား ၇၈၈၁ ယောက်၊ နန်းတော်စောင့်တပ်အဖြစ် ကျန်ရစ်ခဲ့သည့်တပ် ၃၀၀၀ တို့ ဖြစ်ကြသည်။ ဥပမာအားဖြင့် ရွှေလှံဗိုလ်ကောလင်းမြို့စား ကွပ်ကဲသည့်တပ်သား၊တောင်ငူကြောင်းချီ တပ်သားပေါင်း ၈ဝဝဝ ရှိသည့်အနက် ရွှေလှံဗိုလ် လက်နက်ချအပ် သည့်အခါတွင် တစ်ယောက်မျှ ပါမလာကြဘဲ လက်နက်များကို ကိုင်ဆောင်ကာ ဒေသ အသီးသီးသို့ ထွက်သွားခဲ့ကြသည်။
ဗြိတိသျှသိမ်းပိုက်ရေးတပ်များသည် မန္တလေးကို သိမ်းပိုက်ပြီးနောက် ယာယီ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ကာနယ်စလေဒင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မြန်မာဝန်ကြီး အချို့ပါသည့် လွတ်တော်ကို ဖွဲ့စည်းလိုက်သည်။ လွှတ်တော်က ဒီဇင်ဘာလ ၃ ရက်နေ့တွင် မန္တလေးတောင်ဘက်ဒေသများရှိ မင်းလှ၊ ပုဂံ၊ မြင်းခြံ၊ နင်းကြမ်းဒေသ များတွင် ရောက်ရှိနေသော မြန်မာတပ်များအား လက်နက်ချရန် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ သီပေါဘုရင်ရှိစဉ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် လက်နက်ချရန်အမိန့်မှာ သီပေါဘုရင်၏ လွှတ်တော်မှ ထုတ်ပြန်ခြင်းဖြစ်သဖြင့် ဘုရင့် အာဏာစက် ပါနေသောကြောင့် အချို့က လက်ခံကြသည့်တိုင် ဒီဇင်ဘာလ ၃ ရက် နေ့တွင် ထုတ်ပြန်သည့် ဗြိတိသျှသိမ်းပိုက်ရေးတပ်များအောက်မှ လွှတ်တော်အမိန့်ကိုမူ တပ်သားအများစုက လိုက်နာခြင်းမပြုခဲ့ကြ။
ဤသို့ဖြင့် မြန်မာတို့၏ နယ်ချဲ့ကျူးကျော်မှုဆန့်ကျင်ရေးစစ်ပွဲသည် မြန်မာပြည် အနှံ့အပြားတွင် တောမီးပမာ ပျံ့နှံ့လာခဲ့သည်။ မြန်မာပြည်တွင် ထိုသို့ခုခံရေးစစ်ပွဲများ ပေါ်ပေါက်လာရခြင်းသည် ဗိုလ်ချုပ်ပရင်ဒါဂတ်စ် ပေါ့လျော့မှုကြောင့် ဖြစ်ရသည်ဟုပြောဆိုသံများ ပေါ်ပေါက်လာခဲ့သည်။ ဤတွင် အုပ်စိုးသူများကြားထဲတွင် တစ်ယောက် နှင့်တစ်ယောက် အပြစ်ဖို့သံတွေ ပေါ်လာခဲ့သည်။ အချို့က ဤသို့ ခုခံရေးစစ်ပွဲများ ပေါ်ပေါက်လာရခြင်းမှာ ဗိုလ်ချုပ်ပရင်ဒါဂတ်စ်က မြန်မာတပ်များကို လက်နက်ဖြုတ်ရာ တွင် ပေါ့လျော့သောကြောင့်ဖြစ်သည်ဟု ဆိုသူက ဆိုကြသည်။ အိန္ဒိယပြည်တွင် တပ်ထောက်ချုပ် လုပ်သွားခဲ့သည့် ဗိုလ်ချုပ်ချက်ပမင်းက မန္တလေးသို့ ဗြိတိသျှတပ်များ မဝင်မီတွင် မြန်မာစစ်သည်တို့သည် ဘုရင့်လက်နက်တိုက်ကို ဖောက်ထွင်းကာ လက်နက် များကိုယူ၍ နယ်မြေအနှံ့သို့ ထွက်ခွာသွားကြောင်း၊ ထို့ကြောင့် မြန်မာပြည်တွင် ခုခံမှုများ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်းဖြင့် စွပ်စွဲသည်။ ဗိုလ်ချုပ် ပရင်ဒါဂတ်စ်က သူ့ စွပ်စွဲချက်နှင့်ပတ်သက်၍ တပ်ထောက်ချုပ် ဗိုလ်ချုပ် ချက်ပမင်းထံ”ဖြေရှင်းချက် တစ်စောင်ပို့ခဲ့သည်။ ထိုဖြေရှင်းချက်၌'အထက်မြန်မာပြည်တွင် မငြိမ်မသက် ခုခံတိုက်ခိုက်နေကြခြင်းသည် မြန်မာ တပ်သားတို့က လက်နက်တိုက်ကို ဖောက်ယူသွားသောကြောင့်ဖြစ်သည်ဟု ဗိုလ်ချုပ် ချက်ပမင်းက ဆိုသည်။ 'ယင်းသို့ ခုခံတိုက်ခိုက်နေကြခြင်းသည် အင်းဝခံတပ်မှ လက်နက်မချဘဲထွက်ခွာသွားကြသော မြန်မာစစ်သားဟောင်းများကြောင့်ဖြစ်သည်ဟု အစိုးရဆိုင်ရာ မှတ်တမ်းများက ဆိုသည်။ ကျွန်ုပ်၏သဘောတွင်မူ မြန်မာပြည်တွင်ဖြစ်စေ၊ အာဖဂန်တွင် ဖြစ်စေ၊ လူမျိုးခြားအုပ်စိုးမှုကို တွန်းလှန်ကြရာ၌ အတူတူပင်ဖြစ်ပါသည်။ အုပ်စိုးသူ အသစ်အဖို့မှာမူ တပ်သားဟောင်းသည်လည်းကောင်း၊ အရပ်သားသည်လည်းကောင်း မေသူချည်းဖြစ်ပါသည်”ဟု ရေးခဲ့သည်။ ။
ဗိုလ်ချုပ် ပရင်ဒါဂတ်စ်သည် တပ်သားဟောင်းများကို လက်နက်မဖြုတ်ခဲ့မိသည့် အတွက် အပြစ်ဆိုကြသဖြင့် သူ့ကိုယ်သူ ကာကွယ်နေခြင်းဖြစ်သော်လည်း အမှန်တရားကို ပြောနေခြင်းဖြစ်သည်။
ဤသည်ကို သမိုင်းအတွေ့အကြုံများက ပြသခဲ့ပြီးဖြစ်ပါသည်။ ပါရီဘုံအဖွဲ့ကို ထူထောင်ခဲ့သူများသည် လက်နက်ကိုင်ထားသောလူထုများသာ ဖြစ်ပါသည်။ နပိုလီယန်၏ကျော်မှုကို တစ်ဖက်တစ်လမ်းမှ တိုက်ခဲ့သူများသည် ရုရှားမူးဇစ် လယ်သမားများနှင့် ကော့ဆက် မြင်းကျောင်းသားများ ဖြစ်ပါသည်။ တတိယမြန်မာနိုင်ငံတော်ကို တည် ဆောင်ခဲ့သည့် ဦးအောင်ဇေယျ၏တပ်သားများသည် မုဆိုးဘိုမှ လက်နက်ကိုင် လယ်သမား ပြောက်ကျားများ ဖြစ်ပါသည်။ အမျိုးသားခုခံရေးစစ်ပွဲတစ်ခုတွင် ပါဝင်တိုက်ခိုက်သူ များသည် သာမန်အညတရများသာ ဖြစ်ပါသည်။ ပါရီဘုံအဖွဲ့ အရေးတော်ပုံ၌ ဖိနပ်ချုပ် သမားသည် ရရာလက်နက်ကို ကောက်ကိုင်ကာ တိုက်ပွဲဝင်သူရဲကောင်း ဖြစ်လာခဲ့သည်။ • ပိုလီယန် ကျူးကျော်မှု ဆန့်ကျင်ရေးစစ်ပွဲ၌ အိုက်ကွန်ဘုရားကားများရှေ့တွင် ဒူးထောက် ဧပ်တွားနေသော ရုရှားလယ်သမားသည် သူရဲကောင်းဖြစ်လာခဲ့သည်။ တတိယမြန်မာနိုင်ငံဘော်ကြီးကို ထူထောင်ခဲ့သည့်အခါ၌ မုဆိုးဘိုတစ်ဝိုက်မှ ထန်းတောများထဲတွင် ထန်း တက်နေသော ထန်းသမားသည် မြင်းရည်တက်ခြောက်ကျိပ်ဝင် သွေးသောက်သူရဲကောင်း ဖြစ်လာခဲ့ပါသည်။ သမိုင်းကို သူတို့တစ်တွေ ဖန်တီးခဲ့ကြခြင်းဖြစ်ပါသည်။
အမျိုးသားစစ်ပွဲတိုင်း၌ (အင်္ဂလိပ်ကဗျာဆရာ တီ၊ အက်စ်၊ အဲလိယော့က 'အပြောကျယ်သော တသီးပုဂ္ဂလမဟုတ်သည့် အင်အားစုများ'ဟုခေါ်ခဲ့သော) အညတရ များသည် သူရဲကောင်းဝတ်ရုံကို”ကောက်ခြုံလာခဲ့ကြသော အာဇာနည်များ ဖြစ်လာခဲ့ ကြပါသည်။ ဤသည်မှာ သမိုင်းသက်သေဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်ပရင်ဒါ တ်စ်၏စကားသည် သူ့ကိုယ်သူ ကာကွယ်ပြောဆိုနေခြင်းဖြစ်သော်လည်း ပြောင်းပြန် ဘက်မှကြည့်လျှင် အမှန်တရားကို ပြောနေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
အမျိုးသားရေးလက္ခဏာဆောင်သော ပြောက်ကျားစစ်ပွဲတိုင်းတွင် တပ်သားနှင့် လူထုသည် ခွဲ၍ရကောင်းသည်မဟုတ်။ ဗိုလ်ချုပ်ပရင်ဒါဂတ်စ်သည် အမျိုးသားရေး လက္ခဏာဆောင်သော ပြောက်ကျားစစ်၏သဘောကို သူ့အဓိပ္ပာယ်ဖြင့်သူ ပြောနေခြင်း ဖြစ်လေသည်။
ထိုသို့ရှိနေစဉ် ဘိလပ်ပါလီမန်သည် မြန်မာပြည်ပြဿနာနှင့်ပတ်သက်၍ နိုင်ငံ ရေးအရ ဖြေရှင်းခြင်းမပြုနိုင်ဘဲဖြစ်နေသည်။ မြန်မာပြည်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းမှာ ဘလ်စ်ဘာရီခေါင်းဆောင်သော ကွန်ဆာဗေးတစ်အစိုးရ ဖြစ်သည်။ နိုဝင်ဘာကုန်လွှတ်တော်ရွေးကောက်ပွဲများ ပြီးသည့်နောက်တွင်မူ လစ်ဘရယ်တို့က လွှတ်တော်ထဲတွင် မဲအများစုရလာရာ ဖေဖော်ဝါရီလထဲတွင် လစ်ဘရယ်အစိုးရအဖွဲ့ ဖွဲ့နိုင်သည်။ ဤတွင် ဘိလပ်၌ မြန်မာပြည်နောင်ရေးကို ယတိပြတ် မဆုံးဖြတ်နိုင်ဘဲဖြစ်နေသည်။ မြန်မာပြည်၏နောင်ရေးနှင့်ပတ်သက်၍ ဘာမျှဆုံးဖြတ်ချက် မချနိုင်ဘဲဖြစ်နေသည်။ မြန်မာပြည်ကို အစောင့်အရှောက်ခံနယ်မြေအဖြစ် ထားမည်လော၊ သို့တည်းမဟုတ် လုံးဝအပြီးအပိုင် သိမ်းပိုက်ကာ ဗြိတိသျှကိုလိုနီအဖြစ် သွတ်သွင်းမည်လောဆိုသည့် ပြဿနာနှင့်ပတ်သက်၍ ဘာကိုမျှ မဆုံးဖြတ်နိုင်သေး။ မြန်မာပြည်အား တိုက်ခိုက်သိမ်းပိုက်ကာ အင်ပါယာထဲသို့ သွတ်သွင်းရေးကို ဆန့်ကျင်နေသူများမှာ အောက်မြန်မာနိုင်ငံ ဝန်ရှင်တော်မင်းကြီးဘားနဒ်၊ ဖယ်ယာ၊ သာကယ်ဝှိုက် စသည့် အင်္ဂလိပ်အရာရှိများဖြစ်သည်။ သူတို့အမြင် အရ အထက်မြန်မာနိုင်ငံသည် ဆန်စပါးစိုက်ပျိုး၍ရနိုင်သောနေရာမဟုတ်။ အထက် မြန်မာပြည်လူဦးရေကို ကျွေးမွေးရန် ဆန်စပါး အမြဲတမ်းလိုနေမည်။ အခွန်တော်ငွေ အရနည်းမည်။ အထက်မြန်မာပြည်ကို ထိန်းသိမ်းထားရသည့် စစ်တပ်စရိတ်များနှင့် အုပ်ချုပ်ရေးစရိတ်များ ပိုမိုကုန်ကျလာမည်။ ထို့ကြောင့် သူတို့အများအစုက မြန်မာ ဘုရင်တစ်ပါးအား နန်းတင်၍ အထက်မြန်မာပြည်ကို အစောင့်ရှောက်ခံနယ်မြေအဖြစ် ထားလိုသည်။ အာဖဂန်တွင်လည်း အင်္ဂလိပ်တို့သည် အာဖဂန်စော်ဘွားကိုပြန်၍ နန်း တင်ကာ အစောင့်ရှောက်ခံနယ်မြေအဖြစ် လုပ်ထားနိုင်ခဲ့သည်မဟုတ်လော။ ။
မြန်မာတို့ဘက်ကလည်း ထိုနည်းလမ်းကို တစ်ခုတည်းသော ဖြေရှင်းနည်းအဖြစ် အရိပ်အမြွက်ပြနေသည်။
အပိုင်း ၂ ဖတ်ရန်- https://ouo.io/E8C75v
Done🐬🐬
ReplyDeleteDone
ReplyDeleteDone 🤍
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteကလိပီး
ReplyDeleteDone
ReplyDelete👌
ReplyDeleteMite
ReplyDelete