The Diary of a Young Girl (Part II)


 သူ့မှတ်တမ်းတွင် ထိတ်စရာ၊ လန့်စရာများနှင့်အတူ ထိုမိသားစု ရှစ် ယောက်အား အိမ်ထောင်ချင်း ဆက်ဆံရေး ပြဿနာကလေးများ၊ တစ်မိသားတွင်း မိဘက တစ်မျိုး၊ သားသမီးက တစ်မျိုး၊ ညီအစ်မ အချင်းချင်း အစ်မနှင့် ညီမ ဆက်ဆံရေး၊ သူတစိမ်း ဒူဆဲက မစ္စက်ဖန်ဒန်းကို ရိသဲ့သဲ့လုပ်ပုံ၊ မစ္စက်ဖန်ဒန်းက မစ္စတာဖရန့်များ သူ့ကို ဂရုပြုမလား အထင်နှင့် ဂါဝန်စ အောက်ခြေလွတ်နေပုံ   စသည်ဖြင့် ဖြစ်ရပ်စုံ၏ မောစရာ၊ မျက်စရာ၊ ရယ်စရာကလေးတွေကိုလည်း မှတ်တမ်းတင်၏။ သတင်းစာများမှတစ်ဆင့် သိရသော စစ်တွင်းကာလ ကုန်ဈေး နှုန်း ကြီးမြင့်မှု၊ သူခိုး ဓားပြတွေ များလာပုံ၊ မိန်းမပျိုကလေးတွေ ပျက်စီးကြ ရပုံတွေကိုလည်း သူ့မှတ်တမ်းတွင် ဖော်ပြ၏။

ရေဒီယိုက စစ်သတင်းကို နားထောင်ရင်း အားတက်လိုက်ရ၊ စိတ်ပျက် လိုက်ရ၊ ပုန်းအောင်းနေသူ အချင်းချင်း နိုင်ငံရေး ဝေဖန်ကြပုံ စသည့် နိုင်ငံရေး အကွက်ကလေးတွေကိုလည်း သူ ရေးမှတ်ခဲ့၏။

သူ့အရွယ် ဆယ့်သုံးနှစ်မှ ဆယ့်လေးနှစ်၊ ဆယ့်လေးနှစ်မှ ဆယ့်ငါးနှစ်သို့ ပြောင်းလာခဲ့၍ ကိုယ်ထည် အသွင်ပြောင်းလာပုံ၊ အပျိုဖော်ဝင်လာပုံ၊ သွေးစုန်း တောက်လာပုံ ကလေးတွေကိုလည်း မှတ်တမ်းတွင် ပွင့်ပွင့်လင်းလင်း ရေးပြ၏။

ထိုသို့ ခန္ဓာကိုယ် အပျိုဖော်ဝင်လာသည်နှင့်အမျှ စိတ်ဓာတ်ကလည်း လှုပ်ရှားလာသည်။ သူ့ပတ်ဝန်းကျင်မှာ ယောက်ျားကလေး လူပျိုဟူ၍ ဆယ့် ခြောက်နှစ်အရွယ် ပီတာသာလျှင် ရှိသည်။ စင်စစ် ပီတာကို သူ အားမရလှပါ။ ပီတာသည် ပျော့သည်၊ ထုံထိုင်းသည်၊ လေးကုန်သည်။ သို့ပေမယ့် ပီတာ သူ့ကို စိတ်ဝင်စားပါမည်လား တွေးသည်။ သူ့အစ်မ အားလော့ကို ပိုပြီး စိတ်ဝင်စား နေသလားဟုလည်း တွေးသည်။ သူ့အလှသည် စိတ်ဝင်စားစရာမှ ဟုတ်ပါ လေစ ဟုလည်း တွေးသည်။ သည်အတွေးတွေနောက်မှာ သူ ပီတာ့ပခုံးမှာ မှေးမှီ ချင်စိတ် ပေါက်လာသည်။ ပီတာ့ရင်ခွင်မှာ ခိုဝင်ချင်စိတ် ပေါက်လာသည်။ ထိုဆန္ဒကိုလည်း သူ တွေးပါသည်။ သူ့အမေကသူ့ကို စိမ်းကားသည်ဟု ထင်၏။ သူ့အစ်မက ကင်းကွာသည်ဟုလည်း မှတ်လာ၏။ အဖေနှင့်လည်း မပျော်ရ။ နေ့စဉ် ခံစားနေရသည်မှာလည်း စိတ်ဒုက္ခတွေချည်း။ ထို့ကြောင့် ပီတာနှင့် အတူ နေရသော ပျော်မှုကလေးကို သူ လိုချင်သည်။ ထို့ကြောင့် ပီတာနှင့် နှစ်ယောက် တည်း အပေါ်ခန်းကလေးမှာ နေသည်။ ဒါကို ပျော်သည်။ ပီတာကို ချစ်သူဟု လည်း မထင်သေး။ ပီတာက ချစ်သည်ဟုလည်း မပြောလာ။ သည့်အတူ မိမိက ပြောရမည်လားဟုလည်း တွေးဖြစ်သည်။ ပီတာ နမ်းသောအခါ ကြည်နူးသည်။ ပီတာနှင့် အတူနေသော အဖြစ်ကို အဖေ့ကို ဖွင့်ပြောလိုက်သေး၏။ အဖေက တား၏။ သို့ပေမယ့် ပီတာနှင့် ခွဲမနေနိုင်။ တစ်နေ့တွင် ပီတာနှင့် လက်ထပ်မည်ဟု လည်း မတွေးရဲသေး။ ပီတာကို သည်အနေအထားမျိုးနှင့် သဘောမတွေ့သေး။ သို့သော် တစ်နေ့တွင် ပီတာ ပြုပြင်လာမည်ဟု ထင်သည်။ ထို့ကြောင့် ပီတာနှင့် နှစ်ယောက်တည်း တစ်ယောက်ကိုတစ်ယောက် ဖက်နေရသည်ကို ဖရန့် ပျော် သည်။ ပီတာ့ အနမ်းကို ဖရန့် ကြည်နူးသည်။

  ဤသို့လျှင် အန်ဖရန့်သည် အပျိုဖော်ဝင် စိတ်လှုပ်ရှားမှုများကိုလည်း သူ့မှတ်တမ်းတွင် ပွင့်ပွင့်လင်းလင်း ရေးမှတ်ခဲ့လေ၏။

Annie တို့ပုန်းခိုခဲ့ရာနေရာ

အန်ဖရန့်သည် လျှို့ဝှက်ခန်းဆောင်တွင် ပုန်းအောင်းနေရစဉ် ပြင်သစ် စာကိုလည်း သင်သည်။ အင်္ဂလိပ်စာကိုလည်း သင်သည်။ သမိုင်းကိုလည်း ဖတ် သည်။ လူငယ်ဆိုင်ရာ စာအုပ်တွေကိုလည်း ဖတ်သည်။ လူငယ်လူကြီး ပြဿနာ ကိုလည်း စဉ်းစားသည်။ စစ်မုန်းတီးစိတ်လည်း ပွားလာ၏။ ဂျူးပြဿနာသည် လည်း တွေးစရာ ဖြစ်၏။ နာဇီ ဟစ်တလာ၏ ရက်စက်မှုကိုလည်း နာကြည်းလာ ၏။ သူ စာရေးဆရာ၊ သတင်းစာဆရာ လုပ်ချင်သော ဆန္ဒသည်လည်း ပေါ်လာ ၏။ တစ်နေ့တွင် ဤမှတ်တမ်းကို အခြေခံ၍ “လျှို့ဝှက်ခန်းဆောင်” အကြောင်း စာရေးမည်ဟုလည်း စိတ်ကူး၏။ သည်ကြားကပင် ဝတ္ထုတိုကလေးတွေလည်း ရေးစမ်းကြည့်၏။ သည်အကြောင်းတွေကိုလည်း သူ့မှတ်တမ်းမှာ အစုံအစေ့ ဖော်ပြခဲ့လေသည်။

အန်ဖရန့်သည် ငယ်ရွယ်သေးသူ၊ လူလားမမြောက်သေးသူ ဖြစ်သည်ကား မှန်၏။ သို့သော် သူ့မျက်စိသည် လျင်၏။ စေ့စပ်၏။ သူ့နှလုံးသားသည် အကဲပါ၏။ အမှတ်သည်းခြေ ကြီး၏။ သူ့ အရေးအသားသည် ရိုးရိုးကလေးနှင့် ထိမိ၏။ စာရေးဆရာ ဖြစ်ချင်သူပီပီ အရေးအသား ကြိုးစားထား၏။

သူ၏ ၁၉၄၂ ဇွန် ၁၄ သူ့ဆယ့်သုံးနှစ် မွေးနေ့အလွန်မှ စ၍ ရေးမှတ်ခဲ့သော ထိုမှတ်တမ်းသည် ၁၉၄၄ သြဂုတ် ၁ သူ ဆယ့်ငါးနှစ်မွေးနေ့ အလွန်တွင် အဆုံး သတ်လေ၏။ ထို့နောက် သြဂုတ် ၄ တွင် သူတို့အားလုံး နာဇီတို့ အဖမ်းခံရသည်။ သူတို့အားလုံးကို အော့ဇဝစ် အကျဉ်းစခန်းသို့ ပို့လိုက်သည်။ ဓာတ်ငွေ့ခန်းအတွင်း သွင်း၍ အသတ်ခံကြရတော့မည် ဖြစ်သည်။ ထိုအခြေအနေ အတွင်းမှာပင် အန်ဖရန့်၏ဖခင်မှာ လွတ်မြောက်လာ၏။ အန်ဖရန့်တို့ ညီအစ်မမှာလည်း မဟာမိတ်တပ်များက အကျဉ်းစခန်းကို အချိန်မီ လာရောက်သိမ်းပိုက်နိုင်သဖြင့် ဓာတ်ငွေ့ခန်းသို့ မရောက်ခဲ့ရ။ သို့သော် ထိုညီအစ်မသည် အခြားများနှင့်အတူ အိုဒက်ဆာသို့ အလာတွင် လမ်း၌ အူရောင်ငန်းဖျား ရောဂါဝေဒနာကို ခံစားကြ ရ၏။ သို့ဖြင့် ၁၉၄၅ ဖေဖော်ဝါရီတွင် အစ်မ အားလော့သည် သင်္ဘောပေါ်၌ပင် ကွယ်လွန်ခဲ့ရ၏။ ထို့နောက် မတ်လတွင် အန်ဖရန့်လည်း ကွယ်လွန်ခဲ့လေ၏။ အချို့ကမူ အန်ဖရန့်သည် ၁၉၄၄ အတွင်းကပင် ဗာဂင် ဗယ်လဆင် အကျဉ်း စခန်း၌ သေဆုံးခဲ့သည်ဟု ဆိုကြ၏။

အန်ဖရန့်တို့ကို ဖမ်းသွားစဉ်က နာဇီတို့သည် “လျှို့ဝှက်ခန်းဆောင်”ကို မွှေနှောက်ရှာဖွေခဲ့ကြ၏။ သို့သော် အန်ဖရန့်၏ မှတ်တမ်းစာအုပ်ကိုကား တွေ့   မသွားခဲ့ပေ။ ထိုနောက် ရက်အတန်ကြာမှ ရုံးအလုပ်သမားတစ်ဦးက “လျှို့ဝှက် ခန်းဆောင်” အတွင်းရှိ သတင်းစာများအကြားမှ ယခုမှတ်တမ်းစာအုပ်ကို တွေ့ခဲ့ ခြင်း ဖြစ်၏။ ရုံးအလုပ်သမားသည် ထိုမှတ်တမ်းစာအုပ်ကို အန်ဖရန့်၏ဖခင်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များလက်သို့ ပေးခဲ့၏။ အန်ဖရန့်၏ဖခင်သည် အသက်မသေ၊ ပြန်ရောက်လာသောအခါ ထိုမှတ်တမ်းကို လက်ခံရရှိခြင်း ဖြစ်သည်။

သို့ဖြင့် ၁၉၄၇ တွင် ထိုမှတ်တမ်းကို ဒတ်ချ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေ နိုင်ခဲ့ရာမှ ကျော်ကြားထင်ရှားလာသဖြင့် ၁၉၅၂ တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့လေသည်။


ထိုစဉ်က စာအုပ်အမည်မှာ မိန်းကလေးတစ်ယောက်၏ နေ့စဉ်မှတ်တမ်း ဟူ၍ ဖြစ်၏။ နောင်တွင် ယင်းကို အန်ဖရန့်၏ နေ့စဉ်မှတ်တမ်း အမည်ဖြင့် ပြဇာတ်အဖြစ် ကပြခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်းဖြင့် ကမ္ဘာအနှံ့ပြန့်ပွားသွားရာမှ အစပြုကာ စာအုပ်အမည်သည်လည်း အန်ဖရန့်၏ နေ့စဉ်မှတ်တမ်း ဟူ၍ ဖြစ်လာ ခဲ့ပေသည်။

နွယ်သစ်- ကမ္ဘာကျော်စာအုပ် ၁၀၀ မှ

(ကျွန်တော်တို့နိုင်ငံမှာလည်း အာဏာရူးတွေကြောင့် အန်ဖရန့်လေးတွေ ဘယ်လောက်တောင်ရှိနေပြီလဲ။ ထောက်ပို့ကူညီရင်း တော်လှန်ထားကြပါခင်ဗျာ။ အရေးတော်ပုံအောင်ရမည်။

Comments

  1. စောစောဆုံးပါးသွားပေမဲ့ သူ့ရဲ့လက်ရာမြောက် ဒိုင်ယာရီလေးကတော့ အောက်မေ့ဖွယ်ကျန်ရစ်ခဲ့တာပေါ့။

    ReplyDelete
  2. အန်ဖရန့်လိုဘဲနော် ကျွန်တော်တို့ဘဝတွေလဲ
    မြန်မြန်လွတ်မြောက်ချင်ပီ

    ReplyDelete
  3. အရေးတော်ပုံအောင်ကိုအောင်ရမည်

    ReplyDelete
  4. အာ့ကြောင့် ရုပ်ရှင်ကြည့်ဖူးသလိုဘဲလို့

    ReplyDelete
  5. ဒီlinkကို ခဏခဏဖတ်မိတော့မယ်🥺

    ReplyDelete
  6. The Diary of a Young Girl👍👍

    ReplyDelete

Post a Comment