ကျောင်းဖွင့်ချိန် (ရွှေဘုန်းလူ)

ကျောင်းဖွင့်ချိန် (ရွှေဘုန်းလူ)
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစု ထုဆစ်နေကြတယ်။
သူတို့ဟာ ---
ရုပ်ထုရှေ့မှာ
ကျိန်စာတွေရွတ်ဖက်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်ကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ---
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
'ကျောင်းဖွင့်ပြီ' ဆိုတဲ့စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါး ဆယ်လောက် ပြန်ငယ်ရွယ်သွားတယ်။
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ --- 'အောင်ဆန်း'တို့၊ 'ကျော်ငြိမ်း'တို့၊ 'သိန်းဖေ' တို့၊ 'ညိုမြ' တို့ရဲ့
ဝိဥာဉ်တွေပဲ ---
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခြဲ့့ကတယ်။
ခု --- သူတို့ရဲ့ ဝိဥာဏ်တွေဟာ
'ကမ္ဘာကြေဘူး --- --- ---
ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတေး ---'
သီချင်းလေး နားဆင်ရင်း
ရာဇဝင်ရဲ့ တကျော့ပြန်စိန်ခေါ်ပွဲကို
မျက်ရည်တဝဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖက်နေကြတယ်။
တချို့ဖတ်တာ --- ကဗျာစာအုပ်
တချို့ဖတ်တာ --- သမိုင်းစာအုပ်
တချို့ဖတ်တာ --- နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
'ဗမာပြည်ကို ကယ်တင်ရတော့မယ်'
နောက်ထပ်အဖြူရိပ်တခု စာအုပ်ပိတ်
'ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးခတ်ပေးရမယ်'
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိတ်လွယ်သံများ
ဖိနပ်စီးသံများအဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ---
--- နောက်ထပ် --- ---
--- နောက်ထပ် --- ---
(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ---ထိုင်ရာမှ ဖြည်းညှင်းစွာထ
'ကျနော်တို့တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ'
စသည်ဖြင့်ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခေတ်
ပတ်ကြားအက်နေတဲ့ ရန်သူမျက်နှာတွေ
အဲဒီမှာ --- အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
'တောက အဖေနဲ့အမေ တော့
ကျနော့်ကိုမျှော်နေကြတော့မယ်ဗျာ ---'
ကြေကွဲစွာ သူ့မျက်လုံးပေါက်ထဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။
(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရဝဏ် အဝင်အထွက်လမ်းမတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်း နှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
'ကမ္ဘာမကြေ၊ ဗမာပြည် --- ဒါ တို့ပြေ
ဒါတို့မြေ --- တို့ပိုင်တဲ့မြေ' ဆိုတဲ့
တေးသံသာသာ
ညီညာစွာ ပဲတင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့တံဆိပ် --- တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍာန်သာဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမဲ့အစား
'သားရေ --- အမေ လိုက်ရှာနေတယ်လေ --- သားရေ'
ဆိုတဲ့ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇဝင်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။
(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး လမ်းငယ်များမှာ
ဒေါင်းအလံ တလူလူလွင့်လို့
ကျောင်းသားတွေချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံးကနေ အလံကိုင်ပြီးသွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်ကချီတက်လိုက်ပါလာတယ်။
'ဒီမိုကရေစီရရှိရေး --- ဒို့အရေး' တဲ့
ကိုယ့်ကိုကိုယ်တစ်ခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့တော်လှန်ရေး
ဘယ်တော့မှ --- အရှုံးမပေးဘူးဟေ့ ---
သေနပ်သံတချက်ဖောက်ရင်
ရာဇာပလ္လင် မီးဟုန်းဟုန်းတောက်သွားမယ် ---
နောက်ဆုံးနေ့အထိ ---
(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်
ရုက်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ချင်းပဲရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေချိန်း --- ---- ---
ဒိန်းဒုံး ဆူညံသွားတယ် ---
အဲဒီအခါ --- ကျောင်းတော်မှာ ---
ပန်းတွေ ဖျက်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေတလက်လက် တောက်ပကြ
ခုံတန်းလျားတွေ အုပ်ဂူအဖြစ် ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး --- တို့အရေး --- တို့အရေး --- တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တဝုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲအခါ
ငါတို့ကျောင်းတော်ကြီးဟာ --- ---
တလဲ့လဲ့ တဝင်းဝင်း
သွေးနီရောင် တောက်ပခါ ---
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာ တည်ရှိနေပါတော့တယ် --- ။
(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု --- သွေးပင်လယ်ကြီး ခြားနေပါပြီ ---
'ကျောင်းဖွင့်ပြီ' ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျောခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ---
အဲဒီထဲက တချို့ဟာ ---
'အကြောင်းကြောင်းကြောင့်ပါ' လို့
စိတ်မကောင်းစွာပြောရင်း ---
ထုံးတံတားကိုလျှောက်နင်း ---
ကျောင်းခန်းအတွင်း ဝတ္တရားအရထိုင်
ငါတို့ --- နားလည်ခွင့်လွှတ်နိုင်ပါတယ်
တချို့ကတော့ ---
'ဂုဏ်တု ဂုဏ်ပြိုင်' ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ---
ရည်စားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို --- လူစားတွေကိုတော့---
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇဝင်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ --- သမိုင်းမှာ ---
'သစ္စာဖောက်' များသာဖြစ်တယ်။
(၉)
ကျောင်းသားနဲ့ ကျောင်း
တနေ့တော့ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင်မှန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တဝုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်လက်ဖဝါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မှန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ် --- ။
(၁ဝ)
နောက်ဆုံးမှာ ---
ဒေါင်းအလံကို --- ဖြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို --- သူရဲကောင်းတို့
အို --- ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ---
သူရဲကောင်းတို့
ထာဝစဉ် မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ---
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ---
ထက်အောက်ဝန်းကျင်၌
ပျံနှံတည်ရှိကြကုန်တော့၏။
ထိုသော ---
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံအပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ---သူရဲကောင်းတို့
အို --- ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူးအံ့
မိုးလုံးပြည့်ကောင်းချီးသြဘာပေးသံကြားမှာ
ငါတို့၏အရေးတော်ပုံ အောင်မြင်ပါစေသတည်း။
ရွှေဘုန်းလူ

Comments

  1. အို ---သူရဲကောင်းတို့
    အို --- ကျဆုံးလေသော
    ဒီမိုကရေစီတိုက်ပွဲဝင်
    သူငယ်ချင်းဟောင်း သူရဲကောင်းတို့
    ဗမာပြည်ကို ရှိခိုးကာ
    ဤသွေးပင်လယ်အား
    ငါတို့ ဖြတ်ကူးအံ့
    မိုးလုံးပြည့်ကောင်းချီးသြဘာပေးသံကြားမှာ
    ငါတို့၏အရေးတော်ပုံ အောင်မြင်ပါစေသတည်း။...…..

    ReplyDelete
    Replies
    1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

      *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

      … There are no unsuccessful things which are done with strong desire and effort …

      Delete

    2. ခေတ်အဆက်ဆက်မှာ

      လူငယ်တွေဟာ
      တာဝန်ကျေခဲ့တယ်

      အတိတ်က
      သွေးစက်တွေမခြောက်သေးဘူး

      အနာဂတ်လမ်းကိုလည်းသွေးနှင့်ခင်းနေရဆဲ

      လိုချင်တာ #တရားမျှတမှု

      မပြီးဆုံးသေးတဲ့
      လက်ဆင့်ကမ်း
      တာဝန်တွေကို

      နိုင်ရာကူရင်း အာဏာရှင်စနစ်ကို အဆုံးသတ်ကြစို့!!

      တရားတဲ့သူသာနိုင်ကြေး!!

      ပြည်သူ့အရေးတော်ပုံအောင်ကိုအောင်ရမည်!!

      ၈.၈.၈၈
      ၈.၈.၂၂

      Delete
  2. အရေးတော်ပုံအောင်မြင်ပါစေ🐬🐬

    ReplyDelete
  3. အရေးတော်ပုံမုချ အောင်ရမည်။✊✊💪🚩

    ReplyDelete
  4. အ​ရေး​တော်ပုံ​အောင်ရမည်

    ReplyDelete
  5. ကဗျာလေးရင်ထဲ အရမ်းထိတယ်။ တကယ့်ကဗျာကောင်းလေး။

    ReplyDelete
  6. LCတုန်းက Ko WPဖတ်ပြတာကို နားထဲပြန်ကြားယောင်နေမိတယိ

    ReplyDelete

  7. ကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?
    အရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့

    ReplyDelete

Post a Comment