ဟော့ဒီ စက်တင်ဘာ မှာ မင်းဘယ်တွေ သွားနေလဲ ညီမလေး ဝိုင်း
ဟော့ဒီ စက်တင်ဘာ မှာ မင်းဘယ်တွေ သွားနေလဲ ညီမလေး ဝိုင်း
………………………………………………………………………….
(၁)
စက်တင်ဘာရဲ့ မိုးကောင်းကင်က တစ်ခုခုကို အလိုမကျသလိုမျိုး…မှိုင်းမှိုင်းညိုလို့။
ခရစ်သက္ကရာဇ်၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သွေးတွေပေနေတဲ့ ကတ္တရာလမ်းတစ်ချို့ရဲ့ ကြေကွဲဖွယ်ရာပုံပြင်တစ်ပုဒ်အကြောင်းကို ညီမလေး ဝိုင်း နဲ့ အတူ ကျွန်တော်တို့ သူငယ်ချင်တွေအားလုံး ဘယ်လို တွေးထင်မိခဲ့မှာတဲ့လဲ။
ထိုနေ့မတိုင်ခင်(၁)ရက်ကဖြစ်သည်။
" ဟိတ်ကောင်တွေ…ငါတော့ မနက်ဖြန် ဝိုင်း မွေးနေ့ မှာ မြို့ထဲက ဘုရားတွေ မသွားစေချင်ဘူးကွာ..မြို့ထဲမှာ ဘုန်းကြီးတွေ ဆန္ဒပြနေတယ်…ခပ်လှုပ်လှုပ်ပဲကွ"
ပန်းဆိုးတန်း ပတ်စ်ပို့ပွဲစားတန်းကပြန်လာတဲ့ ခိုင်ကျော် က သူ့ဘေးလွယ်အိတ်ကို အိပ်ရာပေါ် ပစ်တင်ရင်းပြောလိုက်သည်…
တကယ်တော့ ဒီကိစ္စကို ကျွန်တော်သိပြီးသား..ပခုက္ကူမှာ သံဃာတော်တွေကို ကြိုးတုပ်ရိုက်သည့်ကိစ္စက ကြီးထွားလာသည့် ဂယက်…..။
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သံဃာတွေ အစိုးရကို ပတ္တိနိကုဇန ကံဆောင်နေသည်။
တကယ်အဖြစ်က ခိုင်ကျော် ပြောသလို လှုပ်ရုံမဟုတ် ရှုပ်ပါ ရှုပ်နေပြီ..။
" မခိုင်ရာ မင်းကလည်း…ဘုန်းကြီးတွေဆန္ဒပြတာလည်းပြတာပေါ့ကွာ..ဒါပေမယ့် ငါတို့ ဝိုင်း ကိုကတိပေးခဲ့ပြီးပြီကွ..ပြီးတော့ တို့ သူ့ကို စုဝယ်ပေးထားတဲ့ မွေးနေ့လက်ဆောင်ဖိနပ်လေးစီးပြီး သွားမယ် ဆိုပြီး ညနေကတောင် အမေ့ ဆိုင်မှာ ဝိုင်းက ငါ့တို့ကို ပြောလိုက်သေးတယ်..သူ့ဆန္ဒလေးကို ငါတို့ ဖြည့်ပေးလိုက်ကြမယ်ကွာ…"
ဖျာပုံသား ဟိန်းစိုး က ဆေးပေါလိပ်ကို မီးညှိရင်း ပြောလိုက်သည် ။
မခိုင် လို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ အသားဖြူဖြူ အကောင်သေးသေး ခိုင်ကျော် က တော့ ဘာမှမတုံ့ပြန်ပဲ ကျွန်တော်တို့ (၃)ယောက်ကို ပခုံးတွန့်ပြပြီး ရေချိုးဖို့ဆင်းသွားသည် ။
တကယ်တော့ ကျွန်တော်တို့ (၄)ယောက်က ဝိုင်း အပေါ် မတူညီတဲ့ ခံစားချက် ကိုယ်စီနဲ့ ဖြူစင်စွာ ချစ်ခဲ့ ကြ သလို ညီမလေး ဝိုင်း ကလည်း ကျွန်တော်တို့ (၄)ယောက်လုံးအပေါ် တူညီတဲ့ ခံစားချက်တစ်ခုတည်းနဲ့ ဖြူစင်စွာခင်မင်တွယ်တာခဲ့ကြ၏။
ကျွန်တော်တို့ (၄)ယောက်ဆိုတာက ကျွန်တော်ရယ်..စိုးကျော်ရယ်..ခိုင်ကျော်ရယ်..ဟိန်းစိုး ရယ်.
အဲ့ဒီ တုန်းက ကျွန်တော်တို့ (၄)ယောက်က ရန်ကုန် ရှစ်မိုင် ရဲဘော်ဟောင်းမှတ်တိုင်နားက ရပ်ကွက်လေး တစ်ခုမှာ အိမ်ခန်းစုငှားနေကြတဲ့ သူငယ်ချင်းတွေ….
မတူညီတဲ့ ဘဝပေးအခြေအနေတွေကနေ မတူညီတဲ့ အလုပ်အကိုင်.. မတူညီတဲ့ ရည်ရွယ်ချက်တွေကြားထဲက ညီအစ်ကိုအရင်းတွေလိုနေထိုင်… မြို့ပြရဲ့ မိုးခါးရေကို အလျဉ်းသင့်သလို သောက်သုံးနေကြရတဲ့..ခေတ်ဆိုးအိပ်ထောင်ထဲက လူငယ်တစ်စုပေါ့..။
အဲ့ဒီ ကျွန်တော်တို့(၄)ယောက်ရဲ့ ဘဝခပ်ခြောက်ခြောက်ထဲမှာ ….မိုးခါးရေကို…ကျောက်စက်ရေဖြစ်စေခဲ့တဲ့ ဖန်ဆင်းရှင်မလေးကတော့………….ဝိုင်းပြည့်စုံ..လို့ ခေါ်တဲ့ ဝိုင်း..။
ဝိုင်းက ဧရာဝတီတိုင်းမြို့လေးတစ်မြို့ကနေ..ရန်ကုန်ကိုတက်ပြီး အဝေးသင်တက်ရင်း အရောင်းပြခန်း တစ်ခုမှာ အလုပ်လုပ်တဲ့ကောင်မလေး…။
ဝိုင်း နှင့် ကျွန်တော်တို့ (၄)ယောက် ပတ်သက်ခဲ့ပုံကို တိုတိုပြောရလျှင် ဝိုင်း နေတာက ကျိုက်ဝိုင်းနားက ထမင်းဆိုင်ဖွင့်ထားတဲ့အိမ် ။
ဝိုင်း တို့မြို့ ရပ်ဆွေရပ်မျိုး အဒေါ်ကြီးတစ်ယောက် ဖွင့်ထားတာ။
အဲ့ဒီထမင်းဆိုင်လေးမှာ ကျွန်တော်တို့ (၄)ယောက်က ထမင်းလခပေးစား သည်။
.. တစ်ခါတစ်လေ ငွေစလေးရွှင်လာလျှင် အဲ့ဒီဆိုင်မှာတင် ပုလင်းဖွင့်ပြီး အမြည်းလုပ်ခိုင်းကာ သောက် တတ်ကြသည်…
ဝိုင်း က အိမ်လခမပေးဘဲ နေခွင့်ရတဲ့အတွက် အဲ့ဒီဆိုင်မှာ ညနေခင်းဆို စားပွဲထိုး ဝိုင်းကူလုပ်ပေးခဲ့သည်။
ဒီတော့ ဖောက်သည်ဖြစ်တဲ့ ကျွန်တော်တို့နဲ့ ခင်မင်လာပြီး ကျွန်တော်တို့ (၄)ယောက်ရဲ့ ဘ၀ ထဲကို ဝိုင်း ရဲ့ချစ်စရာအမူအရာလေးတွေနှင့် ရိုးသားဖြူစင်မှုတွေက တဖြည်းဖြည်း သိမ်းပိုက်နယ်ချဲ့လာခဲ့ခြင်းပင် ။
မကြာခင်က ကျရောက်ခဲ့သော ဝိုင်း မွေးနေ့အတွက် ကျွန်တော်တို့ သူငယ်ချင်း(၄)ယောက်၏ လစာလေးများစုပြီး အကောင်းစား ဒေါက်မြင့်ဖိနပ်လေးတစ်ရံ ဝယ်ပေးခဲ့သည်။
အဲ့ဒီနေ့က ဝိုင်းက သူ့ခြေထောက်အတိုင်းနှင့် ကွက်တိဖြစ်နေသော ဖိနပ်လေးကိုကြည့်ရင်း အံသြ သဘောတွေကျလို့..ပြီးတော့
"ဝိုင်း မွေးနေ့ကျရင် ကိုကြီးတို့ ဘုရားလိုက်ပို့ရမယ်နော်..ဒီဖိနပ်လေးစီးသွားမှာသိလား"…
မောင်နှမ မရှိဘဲ တစ်ဦးတည်းသောသမီးအဖြစ်မွေးဖွားလာသည့် ဝိုင်း..အတွက် ကျွန်တော်တို့တွင် အကို တစ်ယောက် ၏ ချစ်ခြင်းမေတ္တာထက် ပိုမိုလာနိုင်သည့် အခြေခံခံစားချက်များကိုယ်စီ ရှိနေသည်ကိုတော့ ဝိုင်းတစ်ယောက် သိချင်မှ သိပါလိမ့်မည်………။
ခိုင်ကျော်ထွန်း ဘာပြောပြော ကျွန်တော်တို့ (၄)ယောက် တိုင်ပင်ရင်း ဝိုင်းကို မနက်ဖြန် ရွှေတိဂုံလိုက် မပို့နိုင်တောင် အရှုပ်အထွေးကင်းမည့် ငါးထပ်ကြီး..ခြောက်ထပ်ကြီးဘုရား တစ်ခုခုသို့ လိုက်ပို့ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်………………….။
(၂)
ရှစ်မိုင် ကားမှတ်တိုင်ကို ရောက်ကတည်းက ဝိုင်း တစ်ယောက် ပျော်မြူးနေသည်
ကျွန်တော့် ကျောပိုးအိတ်ထဲကို သူ့ပီကေခွံတွေထည့်လိုက်.. ခိုင်ကျော် ၏ မျက်မှန်ကို ဆွဲလုလိုက်.. စိုးကျော် ပိုက်ဆံအိတ်ကို နှိုက်လိုက်..ယောင်တတ်သော ဟိန်းစိုး ကို ခါးသွားတို့လိုက်လုပ်ရင်း ကလေးလေးတစ်ယောက်လို အူမြူးနေသည်။
ပီဘိကလေးတစ်ယောက်နှယ် ပျော်ရွှင်နေသည့် ဝိုင်း ကိုကြည့်ရင်း ကျွန်တော်တို့ (၄)ယောက်လုံး ရဲ့ ရင်ထဲမှာ သက်ပြင်းကိုယ်စီရှိနေကြသည်ဆိုတာကိုတော့ ကျွန်တော်တို့အချင်းချင်းမှလွဲပြီး ဘယ်သူမှ မသိနိုင်တာ သေချာသည် ။
ဘတ်စ်ကားစောင့်ရင်း မြို့ထဲဘက်သို့ တက်သွားသည့် ကားအချို့တွင် သံဃာတော် နှစ်ပါး တစ်တွဲ..သုံးပါးတစ်တွဲ နှင့် တော်တော်များများ အသုတ်လိုက်ပါသွားသည်ကို တွေ့လိုက်ရတော့..ကျွန်တော် စိတ်က မြို့ထဲသို့ တစ်ချက်ချက်ရောက်သွားသေးသည်။
မနေ့က လူရွှင်တော် ဉီးဇာဂနာတို့ ဉီးကျော်သူတို့တွေ ရွှေတိဂုံမှာ ဆန္ဒပြသံဃာများကို ဆွမ်းကပ်သည်။
.ဒီနေ့တော့ ဝိုင်း မွေးနေ့ ပြီးမှ ကျွန်တော်မြို့ထဲဘက်လှည့်နိုင်တော့မည်ဖြစ်သည်..။
ဘတ်စ်ကားပေါ် ကျွန်တော်တို့ရောက်သွားတော့ ဝိုင်းက ပြတင်းပေါက်နားမှာ နေရာရသည်။
ဝိုင်းဘေး မှာ က စိုးကျော်။
ခိုင်ကျော်ထွန်းနှင့် ဟိန်းစိုးက မတ်တပ်။
ကျွန်တော်ကတော့ လမ်းဘေးအခြေအနေ မြင်ရ အောင် အထဲထိလိုက်မဝင်ပဲ အတက်ဆင်းပေါက်နား ကပ်နေလိုက်သည်။
ချော်တွင်းကုန်းလမ်းစုံအရောက်တွင် မိုးဖွဲဖွဲလေးများကျလာသည်။
စက်တင်ဘာ၏ မိုးဖွဲဖွဲလေးများအကြားမှ ဟိုးရှေ့ပျပျတွင် သံဃာတော်များ ဂွတ္တလစ်ဘက်ဆီ တန်းစီကြွချီနေသည်ကို မြင်နေရပြီ။
ဒီနေ့ ဘုရား သွားလို့ဖြစ်ပါ့မလား..
ဒါက ကျွန်တော်…ဝိုင်းအတွက် ပထမဆုံးအကြိမ်စိုးရိမ်လိုက်မိခြင်း ။
ကားက သံဃာတော်အတန်းကိုကျော်ပြီး ဂွတ္တလစ်လမ်းစုံတွင် မီးပွိုင့်မိနေသည်။
သံဃာတော် များက မေတ္တာသုတ်ကို ရွတ်ဖတ်ရင်း မိုးဖွဲဖွဲကြားမှ ကားကိုကျော်ကာ မျဉ်းကြားအတိုင်း ကြွချီသွားကြ၏ ။
ကျွန်တော့် ရင်တွေ နင့်ခနဲ..လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်……ကျွန်တော့်ရှေ့က ဘတ်စ်ကား စပါယ်ရာကလည်း ရီဝေသောမျက်လုံးအစုံဖြင့် မိုးထဲရေထဲမှ သံဃာတော်များကို ကြည့်ရင်း ကွမ်းယာကိုသာ အံကြိတ်ဝါးနေသည်။
ထိုစဉ် လှစ်ခနဲ လူရိပ်တစ်ခုကျွန်တော့်ရှေ့ကနေ ဖြတ်ပြီး ကားပေါ်ကဆင်းသည်ကို တွေ့လိုက်ရ၏ ။ အနောက် စိုးကျော်က အော်သံကြားရသည်။
"ဟာ……ဝိုင်း..ဘယ်သွားမလိုလဲ.ဟ "
.ဝိုင်းက ကားပေါ်က ခုန်ဆင်းပြီး သံဃာတော်တွေ အားရပ်ကြည့်နေသည့် လူတန်းကြီးဘေး ရောက်သွားပြီဖြစ်သည်။
ကျွန်တော်လည်း ကမန်းကတန်းခုန်ဆင်းလိုက်သည်…..
" ဝိုင်း နင် ဘာလုပ်တာလဲ" ကျွန်တော်က ဝိုင်းလက်မောင်းကို လှမ်းစွဲပြီးမေးလိုက်သည်။
'အာ ကိုဇော်ကလဲ ဒီနေ့ ဝိုင်းမွေးနေ့လေ..ဘုန်းကြီးတွေကို တစ်ခုခုလှူချင်လို့"
" ဟဲ့ မိဝိုင်း နင်မပြောမဆို ဘာလုပ်တာလဲ" နောက်မှပါလာသော ဟို(၃)ယောက်လည်း ဝိုင်း ကို ဆူကြတော့သည်…။
ဝိုင်းက လမ်းဘေး အအေးဆိုင်တစ်ခုထဲဝင်သွားပြီး အအေးဗူးတွေရသမျှ ဝယ်နေသည်…နောက်ပြီး ကျွန်တော်တို့ကိုလည်း အအေးဗူးတွေအိတ်နှင့်ထည့်ပြီးသံဃာတော်တွေရဲ့ ထိပ်ဆုံးကို အမှီပြေးသွားသည်။
ဝိုင်းနှင့် ကျွန်တော်တို့ သံဃာတန်းထိပ်ဆုံးရောက်ချိန် ဝိုင်း ကိုလူကြီးတစ်ယောက်က လှမ်းပြောလိုက် သည်..
"ဟဲ့ ကလေးမ စွတ်မသွားနဲ့..ဟိုနောက်မှာကြည့်စမ်း..တွေ့လား"
လူကြီးညွန်ပြတာက သံဃာတော်တွေ နောက်ကနေ ဖြည်းဖြည်းချင်း ဘီးလှိမ့်လိုက်လာတဲ့ မှန်အမဲ ချထားသော ဆူပါကာစတမ်လို ကားတစ်စီး…. ဓာတ်ပုံမှတ်တမ်းလိုက်ယူနေသည့် ထောက်လှမ်းရေး ကား ဖြစ်မည်..ဟု ကျွန်တော်တွက်လိုက်သည်။
ဝိုင်း နည်းနည်းတုံ့ဆိုင်းသွားသည်..စိုးကျော်က အအေးဗူးတစ်ဗူးကို ရှေ့ဆုံးမှ ဒုတိယမြောက်ကိုယ်တော် ဆီ လှမ်းကပ်လိုက်တော့ မှ ဝိုင်းလည်း လိုက်ကပ်သည်။
နောက်တော့ ကျွန်တော်နှင့် ဟိန်းစိုးပါ သံဃာတော်တွေကို အအေးဗူးဝိုင်းကပ်ပေးမိသည် ။
တစစနှင့် ဘေးကရပ်ကြည့်သည့်လူတွေပါ ရဲတင်းလာပြီး ဝိုင်းကူတော့သည်။
ဒီလိုနဲ့ ကျွန်တော်က ဘာစကားမှမပြောဘဲ ဝိုင်းလက်ကို ဆွဲလိုက်ပြီး သံဃာတော်တွေဘေးမှာ ကာရံလိုက်သွားသည်။
စိုးကျော်..ဟိန်းစိုး..နှင့် ခိုင်ကျော်ထွန်းတို့ပါ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ဘေးကရံလိုက်ကြ၏ ။
တာမွေမင်းလမ်းနားရောက်တော့ ကျွန်တော်တို့လူတန်းတွင် လူငယ်လူကြီးများ တော်တော်များများရှိလာပြီ။
တာမွေအဝိုင်းအကျော်တွင် နောက်လူအုပ်ကြီးပါဖြစ်လာတော့သည်။
မိုးဖွဲဖွဲကြားတွင် ဝိုင်းလက်ကလေးတွေက နွေးထွေးနေသည်ကို ကျွန်တော်ခံစားလို့ရနေသေးသည် ။
ကျွန်တော်က ရှေ့ကိုကြည့်သွားနေရာမှ ဝိုင်းကို လှမ်းကြည့်လိုက်မိသည် ။
"ကျေးဇူးတင်တယ်နော်..အကိုဇော်..ဒီနေ့ ဝိုင်းမွေးနေ့လေးက အဓိပ္ပါယ်သိပ်ရှိသွားပြီ "…သံဃာတော်တွေရဲ့ မေတ္တာသုတ်ရွတ်သံအကြားမှာ ဝိုင်းကတိုးတိုးလေးပြောရင်း သွားတက်လေးပေါ်အောင်ရယ်နေသေးသည်။
.နောက်က ဝိုင်း လက်ကို တွဲထားသည့် ခိုင်ကျော်ထွန်းက တော့ ဝိုင်းရဲ့ ရေစိုနေတဲ့ ဆံပင်လေးတွေကိုငေးရင်း သူ့ထုံးစံတိုင်း ကျွန်တော့်ကို ပခုံးတွန့်ပြသည်….။
"လူ အချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ…….
တို့ မေတ္တာစွမ်းကမ္ဘာလွှမ်း အေးချမ်းကြပါစေ…"
ဘုန်းဘုန်းတို့၏ မေတ္တာဓာတ်က စက်တင်ဘာ၏ အေးစက်စက်မိုးပွင့်များကို နွေးထွေးစေခဲ့သည်…။
................................................................
ဗဟန်း (၃)လမ်း။
(၁၆၈) ဒိုင်နာကား(၄)စီးက လမ်းမပေါ်တွင် ပိတ်ရပ်ထားသည်ကို တွေ့ရသည်။ကားပေါ်နှင့် ရှေ့တွင် ဝါးရင်းတုတ်များကိုင်ထားသည့် လူ(၃၀)ခန့်က မျက်နှာထားတင်းတင်းဖြင့်…။
(၁၆၈) အမြဲတမ်းကျွန်တော်စီးလေ့ရှိပြီး ရင်းနှီးနေသည့် လိုင်းကားနံပတ် ။ အခုတော့ သူတို့က ကျွန်တော်တို့ကို အသေသတ်မယ့် လိုင်းကားနံပတ်တွေတဲ့လား ။
သူတို့ရှေ့မှာက လည်ပတ် အပြာရောင်စီးထားသည့် လုံထိန်းအဖွဲ့တွေ။
ဘုန်းတော်ကြီးတစ်ချို့က….ရပ်တံ့ရန်ပြောပြီး ရှေ့ဆုံးက အသက်ကြီးကြီးကိုယ်တော်က ရဲတပ်ဖွဲ့ထံ ကြွသွားသည်ကို တွေ့ရသည်။
ဘေးကလိုက်လာသော လူတန်းကြီးက ဟိုတစ်စု ဒီတစ်စုဖြင့် ပျက်သွားလေပြီ ။
ဘုန်းတော်ကြီးအချို့က လူတွေကို ထိုင်ခိုင်းနေသည် ။
လူတန်းကြီးပျက်သွားသော်လည်း…. ဝိုင်းလက်တွေက အနီးဆုံးဖြစ်သည့် ကျွန်တော့်လက်မောင်းတွေကို ဆုပ်ကိုင်ထားဆဲ။
ဝိုင်း……..ကြောက်နေပြီလား…………။
ကျွန်တော် ဝိုင်း ကို လှမ်းကြည့်တော့………..ဝိုင်း က ရဲတွေရှိရာ အံံ့ကြိတ်ပြီးကြည့်နေသည်… ပြီးတော့ မိုးရေ နှင့်ရောနှောနေသော ဝိုင်း ၏ ပါးပြင်ပေါ်မှာ မျက်ရည်စများ………………..။
နောက်က ကားစက်သံကြားလိုက်ရသည်………..လူတွေ ဝရုန်းသုန်းကားထွက်ပြေးသည်။
ထို့နောက်......
ထို့နောက်.....
စစ်ကားနှစ်စင်းက လူအုပ်ကိုပိတ်ရပ်ပြီး အတင်းဆင်းကာ တွေ့သမျှလူ တုတ်နှင့်ရိုက်တော့သည်။
လူတွေ ဖရိုဖရဲ..တစ်ချို့က ဘေးပတ်လည်က ဘုန်းကြီးကျောင်းနံရံတွေဆီတွယ်တတ်ကြသည်…
ရဲတပ်ဖွဲ့ကာဗာယူထားသော အရပ်ဝတ်စွမ်းအားရှင် တွေက ဝါးရင်းတုတ်တွေနှင့် အရှေ့ဘက်က ဝင်လာပြီး ရိုက်သည်။
အနောက်က လည်ပင်းအနီစည်းစစ်သားတွေ ကလည်း ညှပ်ရိုက်သည်………ရိုက်ပြီးလဲကျသွားသူတစ်ချို့ကို ကားပေါ်ဆွဲတင် သည်။
လူခန္ဒာကိုယ် နှင့် ဝါးစိမ်းတုတ်တို့ မိတ်ဆက်ပွဲက တစ်ခွပ်ခွပ် တစ်ဘုတ်ဘုတ်နှင့်..
အော်သူအော် ဟစ်သူဟစ်..ပြေးသူပြေး………… အုတ်နံရံဟိုဘက်ရောက်သွားသော သံဃာအချို့က ဝါးရင်းတုတ်ကိုင် ငရဲခွေးများကို ကုန်းသီးနှင့်ပစ်ကြနှင့် …..။
ကျွန်တော့် နားထင် တစ်ဖက်ပူခနဲဖြစ်သွားသည် ။
ဒီတော့မှ မြင်ကွင်းကို မင်သက်နေမိသည့် ကျွန်တော်သတိဝင်လာပြီး ဝိုင်း လက်ကိုဆွဲကာ နံဘေးနားက မကျည်းပင်ကြီးနောက်သို့ ဝင်ပြေးပုန်းနေလိုက်သည်။
သင်းပိုင်အားဆွဲပြီးရိုက်ခံနေရသော ကိုယ်တော်တစ်ပါး ခွေခနဲ လဲကျသွားသည်ကိုတွေ့ရသည်။
ခိုင်ကျော်ထွန်းက ထိုကိုယ်တော်ကို သွားပြေးထူစဉ် အပြာစည်းရဲတစ်ယောက် က ခြေထောက်နှင့်ပြေးကန်သည်….
ကျွန်တော်တို့ မကျည်းပင်သည်လည်း မလုံခြုံပါ။
သံခမောက် စောင်းထားသော အနီစည်း စစ်သားတစ်ယောက်နှင့် အင်္ကျီတီရှပ်အစိမ်းဝတ်ထားသည့် ဝါးရင်းတုတ်ကိုင် စွမ်းအားရှင်တစ်ဦးပြေးလာသည်။
.ကျွန်တော်က ဝိုင်းကို ဘေးက အုတ်နံရံအမြင့်ကြီးဆီ တွန်းတင်ပေးသည်။
. စွမ်းအားရှင်က ကျွန်တော့်ကို ဆွဲထုတ်သည်..နံရံပေါ်တက်ပြေးရန်ကြိုးစားနေသော ဝိုင်းကို စစ်သားက ပြန်ဆွဲချပြီး ဆံပင်မှ ဆွဲကာ ကားပေါ်အတင်းဆွဲတင်နေသည်။
တီရှပ်အစိမ်းကောင်က ကျွန်တော့်ကုပ်ကိုဆွဲကိုင်ပြီး ဒိုင်နာကားဆီခေါ်သွားသည်။
ကျွန်တော် ကုတ်ကို အသာနှိမ့်လျက် တီရှပ်အစိမ်းစွမ်းအားရှင် ၏ ဝမ်းဗိုက်ကို ထိုးပြီး ထွက်ပြေးရန်ကြိုးစားသည်..မအောင်မြင်ပါ…
ကျွန်တော်၏ မဏိမည်သော ဦးခေါင်းသည်သာ မိတ်အင်မြန်မာ ဝါးရင်းတုတ် နှင့် မာကျောခြင်း ဂုဏ်သတ္တိချင်း ပြိုင်လိုက်ရသည် အဖတ်တင်လေသည်။
ကားပေါ်ဆွဲတင်ခံရပြီး ရီဝေေ၀ဖြင့် ခေါင်းကိုခါရမ်းပြီး ဘေးဘီကြည့်လိုက်မိ၏ ။
မြင်ကွင်းထဲ ဝင်လာသည်က ဝိုင်း….
ဝိုင်းက ဒိုင်နာကား သံတိုင်ကိုကိုင်လျက် ကျွန်တော့်ကို စိုးရိမ်တကြီးလှမ်းကြည့်နေသည်။
ကျွန်တော့်ခြေထောက်ရှေ့ ကားကြမ်းခင်းပေါ် တစ်စုံတစ်ယောက်က ခွေခနဲ ကျလာသည်….ပြီးတော့ ကျွန်တော့်ကို ခေါင်းမော့ပြုံးပြသည်..
ခွေခနဲကျလာသည့်ငနဲ့သားက ဘယ်သူမှတ်တုံး ။ ဟိုမှန်ကြောင် ခိုင်ကျော်………….။
"ကဲ..ဘယ်လိုလဲ..ဟေ့ကောင်..သွားချင်အုံးဟ ဘုရား"
ခိုင်ကျော် က သူ့မှန်တစ်ချပ်မရှိတော့သည့် သူ့မျက်မှန်ကို ပင့်တင်ကာ ကျွန်တော့်ကို ရယ်ကျဲကျဲဖြင့် ရိလိုက်သေးသည် ။
ကျဉ်းထဲ ကြပ်ထဲ မျက်ခွက်ပြောင်နိုင်သေးတဲ့အကောင်လေ ။
ကျွန်တော့်ဘေးက နေရာလွတ်ခုံမှာ ခိုင်ကျော်က ဝင်ထိုင်လိုက်သည် ။
ထို့နောက် ဝိုင်း ဘက်ကို ကြည့်ကာ "ဟက်ပီဘတ်ဒေးမှ ဝိုင်းလေး" ဟု ပြောပြီး သူ့ထုံးစံအတိုင် ပခုံးတွန့်ပြလိုက်သေးသည်.
တော်တော်ဟုတ်သည့် မှန်ကြောင်..။
ကျွန်တော့်ဘေးတွင် ခိုင်ကျော် ထိုင်ပြီး စက္ကန့်ပိုင်းအတွင်းပင်ဖြစ်သည် ။
ဒိုင်နာကား သံတိုင်ကို မှီလျက် ကျွန်တော်နှင့် ခိုင်ကျော်ကို ကြည့်နေသော ဝိုင်း က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
ထို့နောက် ကားပေါ်မှလွှားခနဲ ပြေးဆင်းသည်။
ကျွန်တော့်အရင် ခိုင်ကျော်က လိုက်ဆွဲဖို့ကြိုးစားသည်။
ကျွန်တော်လည်း ဝုန်းကနဲထသည်…
ဒိုင်နားကားအတက်အဆင်းမှာ ရပ်နေသည့် ဝါးရင်းတုတ်လက်မရွံ့လည်း ရုတ်တရက်ဆိုတော့ သူတို့နှစ်ယောက်ကို မတားလိုက်နိုင်။
ဝိုင်း ပြေးသွားသည့်ဆီ ကျွန်တော်လှမ်းကြည့်တော့ ကားနှင့် ခပ်လှမ်းလှမ်း ကတ္တရာလမ်းသွေးကွက်တွေကြား မှောက်ခုံဖြစ်နေတဲ့ အနက်ရောင် ဒေါက်ဖိနပ်လေးတစ်ရံဆီ။
ကျွန်တော်တို့ (၄)ယောက်စုပြီး ဝိုင်း ရဲ့ မွေးနေ့လက်ဆောင်အဖြစ်ပေးထားခဲ့သည့် ဖိနပ်လေး..။
ဝိုင်းက ဒေါက်ဖိနပ်လေးအား ကုန်းအကောက်….ကားတွင်အစောင့်ကျနေသည့် ဝါးရင်းတုတ်ပါးကွက်သားက လမ်းမပေါ်မှ စစ်သားများထံ လှမ်းအော်ပြောလိုက်၏။
ခွပ်………
…အား…………………
……….ဝိုင်း………
……ဝိုင်း
ဖိနပ်ကလေးကိုကျောပေးနေသော အနီစည်းစစ်သားက ဖိနပ်အား ကုန်းကောက်နေသည့် ဝိုင်း၏ နောက်စေ့အား သေနတ်ဒင်နဲ့ ထုချလိုက်သည်။
စစ်သားဆီ ခိုင်ကျော်က ဆဲဆိုပြီးပြေးသွားသည်။
စစ်သားဆီမရောက်ပဲ လမ်းတစ်ဝက်တွင်ပင် ဝါးရင်းတုတ် လေးငါးချောင်းလောက် ခိုင်ကျော်ထွန်း ကို ဝိုင်းအုံသွားသည်။
ဝိုင်းကို ကြည့်လိုက်တော့ စစ်သားက ညစ်ညမ်းစွာဆဲဆိုရင်း နောက်တစ်ချက် သေနတ်ဒင်နှင့် ထုလိုက်သည်ကို တွေ့ရသည်။
ကျွန်တော် စိတ်တွေ ပြာဝေဆူပွက်သွားသည်….ငါ့ရဲ့……….ဝိုင်း…။
ဝိုင်း……………ကို………….မလုပ်ပါနဲ့။မလုပ်ကြပါနဲ့ဗျာ ။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး ။
ကျွန်တော့်ကို ကာထားသည့် လက်မရွံစွမ်းအားရှင်၏ လက်အား ကုန်းကိုက်ပြီး ကားပေါ်မှ ခုန်ချလိုက်သည်။
သို့သော်…….ကျွန်တော်ခန္ဒာကိုယ် အောက်ဘက်သို့ရောက်သည်နှင့် ။
ရင်ဘတ် ကျော နှင့် ဦးခေါင်းတို့တွင် စစ်ဖိနပ်ခွာနှင့် ဝါးရင်းတုတ် တို့က ဆက်တိုက်။
နာကြင်မှုနှင့်အတူ ကျွန်တော် အမှောင်အတိကျသွား၏။။
(၃)
ထို့နောက် ကျွန်တော်နှင့် ခိုင်ကျော်တို့ ကျိုက္ကဆံခေတ္တစစ်ကြောရေးစခန်းကို ရောက်သွားကြ သည်.။
စာသင်ခန်းတစ်ခန်းသာသာရှိသော အခန်းအတွင်း လူ(၁၀၀)ခန့်စုပြုံထည့်ထားပြီး အပြင်ထွက် အိမ်သာတက်ခွင့် ပင်မပေးခဲ့..။
ဒီမှာစား ဒီမှာ ပါ ဒီမှာပေါက်..။ အဆိုပါ ဒီစားဒီပါဒီပေါက်စခန်းသည်…………..ဒီမိုကရေစီ နဲ့ တော့ ဘာမှမဆိုင်..။
ဒုတိယကမ္ဘာစစ်တုန်းက ဂျူးတွေကို ကြပ်ညပ်အောင် ပိတ်လှောင်ပြီး သုတ်သင်ရေး အကျဉ်းစခန်းများ ဆီပို့သည့် ကုန်ရထားတွဲတစ်တွဲမှ ခံစားမှုမျိုး..။
၂၁ ရာစု မြန်မာပြည်တွင်း တွင် ခံစားလိုက်ရသည့် အတွေ့အကြုံမျိုး က ဟို လွှတ်တော်ဥက္ကဌကြီးပြောသလိုမျိုး တော်တော်များသည့် အကုသိုလ်နှင့်မှ ကြုံတောင်ကြုံခဲ ရလိုက်ခြင်းပင်…ကံကောင်းလေစွ..။
စစ်ကျောရေးစခန်းတွင်နေရသည့်ကာလအတွင်း ခိုင်ကျော် နှင့်ကျွန်တော်တို့ နေ့စဉ် လုပ်ရသော အလုပ်က အခြားစစ်ကြောခံအဖမ်းခံလူတွေတန်းစီကြတိုင်း ဝိုင်း ကို တွေ့ရနိုး လိုက်ရှာမိကြခြင်းဖြစ်သည်။
အက်စ်ဘီက စစ်ကြောရေးလုပ်ပြီး A B C D ကလပ်တွေခွဲတော့လည်း ရှာကြည့်မိကြသည်..မတွေ့…။
စိုးကျော် နှင့် ဟိန်းစိုးကတော့ ဗဟန်း(၃)လမ်းရိုက်ပွဲအတွင်းကပင် လွတ်မြောက်သွားသည်မှာ သေချာ သလောက်ရှိသည်………….
ကျွန်တော်တို့၏………………ဝိုင်း..ကရော…………….
နောက်စေ့ကို သေနတ်ဒင်နှင့် (၂)ချက်တိတိထုခံခဲ့ရသော အသက်(၂၀)နှစ်အရွယ်မိန်းကလေးငယ် တစ်ယောက် ကတော့ ဘယ်လိုမှ ဒီငရဲခွေးများလက်မှ ထပြေးနိုင်မည်မဟုတ် ဟု ကျွန်တော်တို့ ယူဆခဲ့သည်။
စစ်ကြောရေးကာလ………
ဝိုင်း ဘယ်ရောက်သွားပြီလဲ..ဟုသာ ကျွန်တော်နှင့် ခိုင်ကျော် တို့ ဆုံတိုင်း တွေးဖြစ် ပြောဖြစ်ကြသည်။
ဝိုင်း ဘာဖြစ်သွားပြီလဲ..ဆိုတာကတော့………….တွေးမိရုံဖြင့်ပင် နာကျင်ရသောကြောင့်မပြောဖြစ်အောင် ဂရုတစိုက်နေခဲ့ကြသည်။
ထို့နောက် ကျွန်တော်တို့ဖမ်းခံခဲ့ရသူများကို အဆင့်အတန်း ကလပ်တွေခွဲထုတ်ကြသည် ။
ခိုင်ကျော် က D အဆင့်ဖြင့် စစ်ကြောရေးမှ ခံဝန်ထိုးပြီး ပြန်လွတ်သွားသည်..။
ကျွန်တော်ကတော့…ထောင်ကြီးအချုပ်မှာ ခဏနေရသေးသည်။…….
"ဝိုင်း ကို တွေ့သေးလား."
သူတို့(၃)ယောက်လုံး၏အဖြေက……..
"အေးကွာ…ငါတို့လည်း ရှာတာပါပဲ.မိန်းမထောင်ဘက်မှာ မင်းအသိရှိရင်လည်း မေးကြည့်ပေါ့တဲ့"
မိန်းမထောင်ဘက်မှာ ဝိုင်း မရှိတာတော့ ကျွန်တော်အသိဆုံးဖြစ်ပါသည်။
အဲ့ဒီလိုနှင့် အရေးတော်ပုံတွင် ဘာမှ မဟုတ်သော ငစနူကျွန်တော်သည် ဘာမှ အရေးမပါသည်ကောင်ဖြစ်သည့်အတွက် ထောင်ကလွတ်ခဲ့သည် ။
ကျွန်တော်အပြင်ရောက်ပြီး နှစ်အနည်းငယ်အတွင်းမှာပင် ဝိုင်း နှင့် ပတ်သက်ခဲ့ဖူးသည့် ကျွန်တော်တို့ (၄)ယောက်က တစ်လွှာချင်းစီ အခြားနားကြီး ခြားနားသွားခဲ့ပြီ..။
ခိုင်ကျော်ထွန်းက ပတ်စ်ပို့ပွဲစားလုပ်ရာမှ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ကုမ္မဏီတစ်ခု၏ အဓိကရှယ်ယာရှင် မန်နေဂျာ ဖြစ်ပြီး အဆင်ပြေနေသည်။
ကချင်သွေး တစ်ဝက်ပါတဲ့ မြစ်ကြီးနားသား စိုးကျော်က ကျောင်းသားတပ်မတော်မြောက်ပိုင်းလိုလို KIA ထဲရောက်သွားသလိုလို သတင်းရပြီး ပျောက်သွားခဲ့သည်။
ဟိန်းစိုး က……..ရန်ကုန်မြို့ရဲ့ နာမည်ကြီးကေတီဗွီတစ်ခုရဲ့ အတွင်းခန်းမှာ ဘိန်းဖြူထိုးရင်း Over Dos ဖြင့် လောကကြီးကို မိုက်မဲစွာကျောခိုင်းသွားခဲ့ပြီ….။
ကျွန်တော်ထောင်ကျနေချိန် ခိုင်ကျော်နှင့် ဟိန်းစိုး တို့ ဝိုင်း နေခဲ့ဖူးသော ထမင်းဆိုင်လေးသို့ သွားခဲ့ကြသည်ဟု သိရသည် ။
အမေ ဟု ကျွန်တော်တို့ခေါ်သော ဆိုင်ရှင်အဒေါ်ကြီးနှင့်တွေ့တော့…၂၀၀၇ စက်တင်ဘာ သူ့မွေးနေ့မှာ ကျွန်တော်တို့ နှင့် ထွက်သွားကတည်းက ပြန်မပေါ်လာသည့်အတွက် ကျွန်တော်တို့အထဲက တစ်ယောက်ယောက်နှင့် လိုက်ပြေးသွားသည်ဟု သူက မှတ်ယူထားသည်တဲ့…………။
ထမင်းဆိုင် အဒေါ်ကြီးဆီကလိပ်စာတောင်းပြီးခိုင်ကျော် ၏ ကားဖြင့် ကျွန်တော်တို့ နှစ်ယောက် ဝိုင်း တို့ဇာတိရွာငယ်လေးသို့ ရောက်ခဲ့ကြသည် ။
ပင်လယ်နှင့်နီးသော မြစ်ဝကျွန်းပေါ်မြို့ငယ်လေး၏ နာဂစ်အိပ်မက်ဆိုးကြီးအတွင်း… ဝိုင်း ၏ မိဘနှစ်ပါးလုံး မုန်တိုင်းက ဝါးမြိုသွားခဲ့ပြီ..။
.ဝိုင်း ၏ နေခဲ့ဘူးသောအိမ်ကလေးကတော့ ရှိနေသေသးသည် ။
ကျွန်တော်တို့ စဉ်းစားကြည့်မိသည်..ဝိုင်းသည် ရွာကလေးသို့ ပြန်လာခဲ့ပြီး နာဂစ်အတွင်းမှာမှ ပျောက်သွားခဲ့သလား………………….
မဟုတ်ပါ………ထိုရွာလေးရှိ ဝိုင်း ၏ အိမ်နီးနားချင်းများ၏ ပြောကြားချက်အရ ၂၀၀၇ နောက်ပိုင်း ဝိုင်း လုံးဝပြန်မလာပါတဲ့။
အပြန်ခရီးတွင်……….ခိုင်ကျော်က ကားမောင်းနေရင်းမှ စကားတစ်ခွန်းပြောသည်….
"အဲ့ဒီတုန်းက..ငါသာ…ဟက်ပီဘက်ဒေးလို့ မပြောခဲ့ရင် ဝိုင်း လည်း ဖိနပ်လေးကို သတိရမှာ မဟုတ်ဘူးကွာ"
မျက်မှန်လုံးဝမတပ်တော့ဘဲ မျက်ကပ်မှန်သာတပ်တော့တဲ့ ခိုင်ကျော်ရဲ့ မျက်လုံးမှာ မျက်ရည်တွေ ဝဲနေမယ်ဆိုတာ မကြည့်ပဲလည်း ကျွန်တော်သိနေပါသည်။
ကျွန်တော်ကတော့………………ပါဝါမျက်မှန်အောက်ကနေ အဝေးက အုန်းပင်စိမ်းစိမ်းတွေကို ငေးရင်း ဝိုင်း ကို သတိရနေမိပြန်သည် ။
စစ်အာဏာရှင်စနစ်တည်းဟူသော……ကျိန်စာဆိုးကြီးသည်…
.နိုင်ငံရေးဆိုသည်ကို နားမလည်သော..
ဒီမိုကရေစီဆိုသည်ကို စိတ်မဝင်စားသော……….
ဘာသာတရားကိုင်းရှိုင်းသည့် ဖြူစင်သော ဗုဒ္ဒဘာသာမိန်းမငယ်လေးတစ်ဦးအား….
ဘုန်းတော်ကြီးများအား ကာကွယ်ပေးခဲ့သည့်အတွက်…နှင့်
သူခင်မင်တွယ်တာရသော အကိုကြီးများ၏ မွေးနေ့လက်ဆောင်ဖိနပ်ကလေးတစ်ရံအား မက်မောမိခဲ့သည့် အပြစ်အတွက်................
ကမ္ဘာမြေပေါ်မှာ မျက်လှည့်ဆန်စွာ ဖျောက်ဖျက်ပစ်လိုက်လေတော့သည်။
ဗြိတိသျှကိုကိုမောင်
❤️
ReplyDelete😢
ReplyDelete👍❤
Hrrr
ReplyDeleteSpeechless 💔
ReplyDeleteSadဆိုရင်မဖတ်တော့ဘူး အခုဖြစ်နေတာတွေကိုတောင်မခံစားနိုင်ဘူး
ReplyDeleteခေတ်အဆက်ဆက် ယုတ်မာလာတဲ့ စစ်ခွေးတွေ ကျွန်မတို့လက်ထက်မှာဘဲ အဆုံးသတ်ရမယ် စတေးခံမျိုးဆက်က ကျွန်မတို့ဖြစ်နေရင်တောင် နောက်လူတွေအတွက် ဒီဒုက္ခကိုခါးစည်းခံပီးတွန်းလှန်ကြမယ်🐬
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDeleteကိုယ်မျက်မြင်တွေ့ခဲ့ရတဲ့
ReplyDelete၂၀၀၇ ရွှေဝါရောင် အရေးအခင်း
သံဃာတော်တွေရဲ့ မေတ္တာပို့သံဟာ ခုထိနားထဲစွဲနေတုန်း၊ အာဏာရှင်အောက်ဆွဲခွေးတွေရဲ့ဆဲဆိုသံတွေလည်း ခုထိနားထဲကြားနေရတုန်းပဲ....
အာဏာရှင်စနစ်ဆိုးဟူသည် ခုဆောင်းပါးလေးထဲကလို အပြစ်မရှိတဲ့အသက်တွေကို တန်းဖိုးမဲ့စွာရက်ရက်စက်စက် ဖျက်ဆီးခဲ့ကြပြီး၊ ငါတို့ဟာလည်း ခေတ်ဆိုး စနစ်ဆိုးရဲ့သားကောင်တွေဖြစ်ခဲ့ရပေါ့...
ခေတ်စနစ်ဆိုးရဲ့ သားကောင်းချင်းတူတူ တကောင်နဲ့တကောင် ချနင်းပီးလမ်းခင်းလျောက်နေကြတဲ့ ခေတ်ကြီး😥😥
Delete🤧
ReplyDeleteDone 💪
ReplyDelete🍂🍂🍂
ReplyDelete😪
ReplyDelete😭
ReplyDelete🌚🌚
ReplyDeleteအဲ့တာတွေဖြစ်တုန်းက ကလေးပဲရှိသေးတယ် အခုတော့ ဒါမျိုးတွေပြန်တွေ့ရပြန်ပြီပေါ့
ReplyDeleteမင်မင်ရာ😭💔💔
ReplyDeleteGood story
ReplyDelete