အာဏာရှင်သဘောသဘာဝနှင့် ပေါင်းစပ်ထားသော အမူအကျင့် များ



မြန်မာတို့၏ နေ့စဉ်ဘဝ အတွေးအခေါ် သဘောထားတို့တွင် အာဏာရှင်ဆန် သော အငွေ့အသက်များ ရှိနေသည်ကို လေ့လာခဲ့ပြီးနောက် ယခု မြန်မာနိုင်ငံရေး ဓလေ့ (သို့ လူမှုအဖွဲ့အစည်းဆိုင်ရာ စိတ်သဘာဝတွင်လည်း အဆိုပါ အရိပ်အငွေ့များ အထင်အရှား ရှိနေသေးသည်ကို လေ့လာကြည့်ပါမည်။

| အတီတေ ရှေးရှေးကာလကတည်းက မျိုးရိုးလိုက်လာသော ဗမာတို့၏ တွေးပုံ ခေါ်ပုံမှာ လွတ်လပ်ရေးလှုပ်ရှားမှုကာလအတွင်း ပြန်လည်သက်ဝင်လှုပ်ရှားလာသည်ဟု ဆိုနိုင်သည်။ ဗမာပြည်လွတ်လပ်ရေးရပြီးသည့်အခါ တိုင်းပြည်အုပ်ချုပ်ရေးနှင့် ပတ် သက်သော မူကြမ်းတစ်ခုတွင် ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ရေးသားခဲ့သည်။

“ဗမာပြည်သူတို့အနေနှင့် ခေါင်းဆောင်မှု မှန်လျှင် အားလုံးကောင်းမွန်ပြီး ခေါင်းဆောင် မကောင်းလျှင် အခြေအနေအားလုံး ဝရုန်းသုန်းကား ဖြစ်တတ်သည်ဟု မြန်မာတို့ ယုံကြည်ကြသည့်အလျောက် ခေါင်းဆောင်သည် ပြယုဂ်မဟုတ်ဘဲ ခိုင်မာသော ခေါင်းဆောင်မှု အရည်အချင်းရှိဖို့ မြန်မာတို့က အမြဲတောင်းဆိုခဲ့ရာ ဗမာနိုင်ငံတွင် တစ်သွေး၊ တစ်သံ၊ တစ်မိန့် တစ်ပါတီသာ ရှိရမည်ဖြစ်ပြီး နိုင်ငံသားအားလုံး အမြင့်ဆုံး နိုင်ငံတော်အာဏာကို လိုက်နာရမှာဖြစ်ကြောင်း ....”

အဆိုပါလွတ်လပ်ရေး စီမံကိန်းစာတမ်းရေးသားချိန်မှာ ဂျပန်တို့ထံမှ စစ်ရေး အကူအညီယူဖို့ ဂျပန်တွင် သခင်အောင်ဆန်း ရောက်နေချိန်ဖြစ်၍ သခင်အောင်ဆန်း အနေနှင့် ရောမ-ဘောလင်-တိုကျို ဝင်ရိုးစွန်းနိုင်ငံတို့၏ စစ်နိုင်ပွဲတို့ကို ထင်ဟပ်၍ ရေးသားခဲ့သည့်လား၊ အာဏာရှင်နိုင်ငံတော် စနစ်ကို တကယ်ယုံကြည်၍ ရေးသားခဲ့ သည်လား တတ်အပ်မပြောနိုင်သော်လည်း တစ်ပါတီ တစ်အာဏာ ရှင်စနစ်ဖြင့် စခန်းသွားမည့် ဗိုလ်ချုပ်နေဝင်းအတွက်မှု ရေကန်အသင့် ကြာအဆင့်ဖြစ် လာခဲ့သည်ဟု အမေရိကန် စာရေးဆရာတစ်ဦးက ရေးသားခဲ့သည်။ အကယ်တန္တလည်း ကမ္ဘာစစ်ကြီး မဖြစ်မီ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုများ စတင်အားယူနေချိန်တွင် ဗမာ့ခေါင်းဆောင်တို့ အပေါ် ဖက်ဆစ်နှင့် နာဇီအယူအဆများ အမှန်ပင် လွှမ်းမိုးခဲ့ရာ နာဇီတို့ အလေးပြုပုံကို အတုခိုးခဲ့ကြသည်။ ဟစ်တလာရေးသားသော “ကျွန်ုပ်၏ ကြိုးပန်းချက်များ” စာအုပ်ဆို လျှင် နိုင်ငံရေးကမ္မဝါလို ဖြစ်နေခဲ့သည်။ ဒေါက်တာဘမော်က သူ့ကိုယ်သူ အာဏာရှင် အဖြစ် ကြေညာသည်ကို ထောက်ခံခဲ့ကြသည်။ အလားတူ ဂျပန်တို့ပေးသော လွတ်လပ်ရေးနှင့်အတူ ဒေါက်တာဘမော် အဓိပတိဖြစ်လာပြီး ကျမ်းကျိန်ပွဲ အခမ်းအနား တွင် သခင်ကိုယ်တော်မှိုင်းက ဒေါက်တာဘမော်ကို ရှင်ဘုရင် ဘိသိက်ခံသလို ဘုန်းတော်ဘွဲ့များနှင့်ပင် ချီးမြှင့်လိုက်သေးသည်။

ဗမာတို့ ရရှိနေသော အစိုးရပုံစံမှာ (ဒေါက်တာဘမော်အစိုးရကို ဆိုလိုသည်) ဗြိတိသျှအုပ်ချုပ်ရေးပုံစံထက် ဗမာတို့၏ စိတ်ကိုင်းညွတ်မှုနှင့် ပို၍ ကိုက်ညီနေသည် ဖြစ်၍ နောင်ဖြစ်ပေါ်လာမည့် အခြေအနေအရပ်ရပ်အတွက် အစပျိုးလိုက်သော အရှိန် အဟုန်ဖြစ်ကြောင်း ဗမာပြည်အရေးနှင့် ပတ်သက်သော လန်ဒန်ဆွေးနွေးပွဲတစ်ခုတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခတစ်ဦးက ဟောပြောခဲ့ရာ အဆိုပါပွဲတွင် တက်ရောက်နေ ကြသော ဗမာကျောင်းသားတို့က မခံမရပ်နိုင်နှင့် ဗမာတို့၏ 'ဗီဇကိုယ်တိုင်က ဒီမို ကရက်တစ်ဆန်သည်၊ ယခုလို အကဲဖြတ်သည်ကို လုံးဝဆန့်ကျင်ကြောင်း ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ ဗမာတို့တွင် အာဏာရှင်ဆန်သော အမူအကျင့် အတွေးအခေါ်များ ရှိနေပါသေးသည်။ သို့ဖြစ်လျှင်လည်း ဒီမိုကရေစီ ဆိုသည်မှာ ပေးအပ်ထားသော အခွင့်ထူး၊ အရေးထူးများ မဟုတ်ဘဲ လေ့ကျင့်ယူရမည့် အမူအကျင့်တစ်ခုသာဖြစ်ကြောင်း၊ အဆိုပါ ပါမောက္ခကပင် အသိပေးခဲ့ရသည်။ အာဏာကို အလွဲသုံးစားလုပ်ဖို့ စေ့ဆော်သည်မှာ ဗမာတို့၏ မင်းစိတ်၊ စိုးစိတ်၊ အာဏာရှင်စိတ်အခံကြောင့် မဟုတ်ဘဲ အာဏာကဖျက်၍ လူပျက်ရခြင်းသာ ဖြစ် ကြောင်း၊ ဖဆပလ ခေါင်းဆောင်တို့က ယုံကြည်ဟန်ရှိပါ၏။ သို့တိုင် အာဏာရှိ သည်ဖြစ်စေ မရှိသည်ဖြစ်စေ ဗမာတို့ အရိုးစွဲနေသော အထက်အောက်ဆက်ဆံရေး ပုံစံကပင် အာဏာကို အလွဲသုံးစားလုပ်ဖို့ တိုက်တွန်းနေသည်ကိုမူ ဗမာတို့ မကြာခဏ မျက်စိလျှံခဲ့ကြသည်။ ဆိုပါစို့ အင်္ဂလန်တွင် မတော်မတရားလုပ်သည့် အမှုထမ်းအရာ ထမ်းတို့ကို ပြည်သူတို့က မဟုတ်မခံ ဆန့်ကျင်တတ်သည့်အတွက်၊ အာဏာအလွဲသုံး နိုင်သည့် အခွင့်အရေးနည်းလှသည်။ အာဏာရှိစဉ်က ထောင်ထောင်လွှားလွှားနှင့် မထင်လျှင် မထင်သလို ဗိုလ်ကျချင်တိုင်း ဗိုလ်ကျလာခဲ့ရာမှ အာဏာလက်လွှတ် လိုက်ရသည့်အခါမှ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ထိတ်ထိတ်ပျာပျားနှင့် ရိုးရိုးကုပ်ကုပ် ပြန်ဖြစ်သွားတတ်သလို အာဏာရှိသူကို မြှောက်ပင့်၊ အာဏာမရှိသူကို သဟောက် သဟန်းနှင့် မထေမဲ့မြင် လုပ်တတ်သည်မှာလည်း ဗမာတို့အကျင့်ဖြစ်ကြောင်း ဗြိတိသျှ အရာရှိတစ်ဦးက ၁၉၀၁ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သည်။

အာဏာရှင်ဆန်သော အလေ့အထ၊ အမူအကျင့်များနှင့် ပတ်သက်လာလျှင် ဥပဒေစိုးမိုးရေး နယ်ပယ်တွင် ပို၍ သိသာလှသည်။ ဗြိတိသျှအုပ်ချုပ်ရေးကာလက ဒေသဆိုင်ရာ အုပ်ချုပ်ရေးတို့ကို ဒီမိုကရေစီအသွင် ကူးပြောင်းရာ အစီရင်ခံစာတစ်ခုတွင် ယခုလို ဖော်ပြထားသည်။ ဗမာ့အုပ်ချုပ်ရေး အစဉ်အလာအရ ဘုန်းကြီး၊ သူကြီးနှင့် ရပ်မိရပ်ဖများမှာ ဗမာလူ့အဖွဲ့အစည်းတွင် အခြေခံကျကျ ထိန်းချုပ်ထားသော သြဇာ အာဏာရရှိသူများဖြစ်ပြီး ရပ်ရွာက အသိအမှတ်ပြုထားသော ခေါင်းဆောင်များလည်း ဖြစ်ရာ ဗြိတိသျှတို့ ကျူးကျော်မှုကြောင့် ၎င်းတို့ သြဇာအာဏာများ မှေးမှိန်ခဲ့ရသည်။ ၎င်းတို့ သုံးဦးသုံးဖလှယ်အနေနှင့် ရပ်ရွာ၏ တောင်းဆိုမှုနှင့် လိုအပ်ချက်များအတွက် ဆောင်ရွက်ကြရသည်ဆိုသော်လည်း တာဝန်အနေနှင့် သတ်သတ်မှတ်မှတ် ကားမရှိ၊ တစ်နည်းအားဖြင့် တရားဝင်စည်းမျဉ်းစည်းကမ်းများဖြင့် စီမံခန့်ခွဲ အုပ်ချုပ်နေကြသည် မဟုတ်ဘဲ ဒေသအစဉ်အလာ၊ ဘာသာရေးသင်ကြားချက်များဖြင့် လက်သင့်သလို ထိန်းချုပ်နေခြင်းဖြစ်သည်။ သြဇာအာဏာရှိသူတစ်ဦးကို ပြင်ပဥပဒေ စည်းမျဉ်းတို့ဖြင့် အကွပ်အညှပ်လုပ်ခြင်းသည် မတော်မနှမ်း မအပ်စပ်သော ကိစ္စဟူ၍ ဗမာတို့က ယူဆထားပုံရသည်။ ခေါင်းဆောင်လုပ်သူအနေနှင့် ထကြွလုံ့လ၊ သနားသည်းခံ ပဲ့ပြင်ဆုံးမ၊ ဝေဖန်ထောက်ရှု ခြောက်ခုသော အင်္ဂါရပ်တို့နှင့် ပြည့်စုံလျှင် ပြီးရောဟုသာ ဆုံးဖြတ်တတ်ကြသည်။ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူတို့မှာလည်း တစ်ရပ်တည်း တစ်ရွာတည်းက တင်မြှောက်လိုက်သူများ ဖြစ်သည့်အတွက် ကျေးရွာအဖွဲ့အစည်း အတော်များများတွင် သြဇာအာဏာရှိသူနှင့် ကျေးရွာလူထုတို့ လက်ရည်တပြင်တည်း ရှိကောင်းရှိနိုင်သလို ဗမာလူအဖွဲ့အစည်းတွင် ဇာတ်ခွဲခြား စနစ်မရှိဘဲ လူတစ်တန်းစားနှင့် တစ်တန်းစား အလွယ်တကူ စီးမျောနိုင်ပြီး အမျိုးသမီးအခွင့်အရေးများလည်း အထိုက် အလျောက် ရှိသည့်အတွက် ဒီမိုကရက်တစ် အသွင်အပြင်များ ရှိခဲ့သည်တိုင် တရား ဥပဒေစိုးမိုးရေးအနေနှင့်မူ အံချော်နေသည်။ နိုင်ငံရေးအသွင်အပြင်မဟုတ်သော လူမှု ဆက်ဆံရေးနယ်ပယ် အနေနှင့် ပြောရလျှင် ဗမာတို့မှာ အာရှလူ့အဖွဲ့အစည်းများထက် လည်းကောင်း၊ အချို့သော အနောက်တိုင်း လူ့အဖွဲ့အစည်းများထက်လည်းကောင်း ရှေ့ရောက်သည်ဟု ဆိုနိုင်သော်လည်း တရားဥပဒေစိုးမိုးရေးကဲ့သို့ နိုင်ငံရေးနယ်ပယ် တွင်မူ ဗမာဘုရင် အုပ်ချုပ်ရေးအောက်တွင် ဖြတ်သန်းလာခဲ့ရသော ဗမာတို့အနေနှင့် အဟပ်ကွာနေရာ အုပ်ချုပ်သူတို့ကို သြဇာအာဏာရှိ သူများဟူ၍သာ ထင်မြင်နေသေး သည်။ အာဏာရှိသူ (သို့) အထက်လူကြီးနှင့် ဆက်ဆံရာတွင် လိမ်ညာပြောဆိုခြင်း သို့တည်းမဟုတ် အမှန်ကို လျော့လျော့ပါးပါး ပြောဆိုတတ်သည်ကိုလည်း အာဏာရှင် ဘုရင်အုပ်ချုပ်ရေးက အမွေးပေးခဲ့သော လက္ခဏာအဖြစ် ယနေ့တိုင် တွေ့မြင်နေသေး သည်။ အာဏာရှိသူသည် စိတ်မထင်လျှင် မထင်သလို ဗိုလ်ကျတတ်ကြောင်း ရှေး အတိတ်ကပင် ဗမာတို့ သဘောပေါက်လာသည့်အတွက် အထူးသဖြင့် မိမိကို တိုက်ရိုက်ဒုက္ခပေးနိုင်သူကို အမြဲကြောက်ရွံ့နေကြရာ အာဏာပါဝါရှိသူ မောင်မင်းကြီး သားတို့ ဘဝင်မကျစရာ စကားတို့ကို သတိကြီးကြီးနှင့် လှီးလွဲပြောဆိုတတ်ကြသည်။ အဖြစ်မှန်ကို ဖုံးကွယ်ကာ မောင်မင်းကြီးသားတို့ကို ခခယယ ကညဝတ္တတောလုပ်ရင်း လိမ်ညာပြောကြသည် သို့တည်းမဟုတ် အမှန်ကို လျော့ပေါ့ ပြောတတ်ကြသည်မှာ ဗမာနန်းတွင်း ဝန်ကြီး ဝန်လေးတို့၏ အလေ့အထလို ဖြစ်လာသည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်မြန်မာ စစ်ပွဲတွင် ဗမာဘက်က အကျအရှုံးများခဲ့သည်ကို အမှန်အတိုင်း မလျှောက်တင်ဝံ့ဘဲ ဘုရင်ကို လိမ်ညာမြှောက်ပင့်ခဲ့သော သာဓကမှာ ထင်ရှားသည်။

(၁၉) ရာစုအစောပိုင်း ဗမာပြည်တွင် ကြာရှည် ကြာမိုးနေထိုင်ခဲ့သော အီတလီ ဘုန်းတော်ကြီးတစ်ပါး၏ မှတ်ချက်မှာလည်း ယခုလို ဗမာတို့ စောင့်ထိန်းရမည့် သီလကျင့်ဝတ်များအနက် မုသာဝါဒမှာ တစ်ခုပါဝင်သော်လည်း အဆိုပါသီလကို အချိုးဖောက်ဆုံးဖြစ်ရာ ဗမာတို့အဖို့ အမှန်အတိုင်း ပြောဖို့ ဆိုသည်မှာ မဖြစ်နိုင်သလို ထင်ရသည်။ အရဲကိုး၍ အမှန်အတိုင်း ပြောဆိုသူဆိုလျှင်လည်း အရူးဟု သမုတ်ကြ သည်။ ထိုသူကို လူကောင်းအဖြစ် ယူဆကြသည့်တိုင် အောင်မြင်မည့်သူ မဟုတ်ဟု သတ်မှတ်ကြသည်။ ပရိယာယ်နှင့် ဟန်ဆောင်လှည့်ဖျားသည့်နေရာတွင် ဗမာတို့ ကျွမ်းကျင်ကြသည်။ တစ်ပါးသူကို ပျက်စီးရာပျက်စီးကြောင်း မကောင်းစိတ်ရှိ သည့်တိုင် စကားအရာတွင် လည်းကောင်း၊ မျက်နှာအရိပ်အယောင်တွင်လည်းကောင်း တစိုးတစိမျှ မပေါ်ရအောင် ဖုံးကွယ်ထားကြ သည်။ လိုချင်ပါလျက် မလိုချင်သယောင် ဟန်ဆောင် တတ်ကြသည်။

အီတလီဘုန်းတော်ကြီး၏ မှတ်တမ်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ခရိုးဖတ်(ဒ်)၏ မှတ်တမ်းမှတ်ရာမှာလည်း မှန်ကန်နေသည်ကို တွေ့ရသည်။ ခရိုးဖတ်(ဒ်) မှာ ၁၈၂၅ ခုနှစ်အတွင်း အင်းဝနေပြည်တော်သို့ သံအမှုထမ်းအဖြစ် ရောက်လာသူဖြစ်ပြီး ဤသို့ မှတ်တမ်းရေးသားခဲ့သည်။

ကျွန်ုပ်တို့၏ မှန်မှန်ကန်ကန် ဆောင်ရွက်တတ်သော စရိုက်လက္ခဏာကို ဗမာတို့က ချီးကျူးသော်လည်း ကျွန်ုပ်တို့ကို နိုင်ငံရေးသမားများအနေနှင့် အနိမ့်ဆုံးထား၍ လေးစားခြင်း ရှိ မရှိကိုကား အသေအချာ မပြောနိုင်ပါ။ အမှန်အတိုင်း ပြောဆိုရမည်မှာ ဗမာတို့၏ ဘာသာရေးသတ်မှတ်ချက်တစ်ခု ဖြစ်သော်လည်း ၎င်းအချက်ကို အလျှင်းဂရုစိုက်ကြသည် မဟုတ်ပါ။ အမှားကို ဝန်ခံသည်ထက် ဥပါယ်တံမျဉ်နှင့် ကျော်လွှားနိုင်သည်ကို ၎င်းတို့အနေနှင့် တန်ဖိုးထားတတ်ကြသည်။ အင်္ဂလိပ်မြန်မာပထမစစ်ပွဲကာလအတွင်း အင်းဝ နေပြည်တော်တွင် အကျဉ်းကျခံခဲ့ရသူ အမေရိကန်သာသနာပြု မစ္စတာ ဂျွန်ဆင်က ကျွန်ုပ်ကို စကားအမှာပါးခဲ့သည်မှာ သူနှင့်အတူ အကျဉ်းကျနေသူ မြန်မာမင်းမှုထမ်းနှစ်ဦး ပြောဆိုနေသော စကားတို့ကို ကြားမိရာ မှန်ကန် ဖြောင့်မတ်သူဆိုတာ ဘာလဲဟု အသက်ကြီးသူ မင်းမှုထမ်းက မေးသည်ကို အငယ်ဖြစ်သူက မသိကြောင်းဖြေသည်။ ဤတွင် အသက်ကြီး မင်းမှုထမ်းက ပြောလိုက်ပုံမှာ တော်တည့်ဖြောင့်မတ်သူဆိုသည်မှာ လူတုံးလူအဟူသတတ်။

အထက်လူကြီး ငြိုငြင်မည့် အကြောင်းကိစ္စတို့ကို လျှော့ပေါ့ပြောဆိုခြင်း မျက်နှာလို မျက်နှာရလုပ်၍ ချဲ့ကားပြောဆိုခြင်း၊ လိမ်ညာခြင်း စသည့်အမူအကျင့်တို့မှာ ဗမာတို့အတွက် အပန်းမကြီးသလို ကျင့်ဝတ်သိက္ခာတို့ကို ချိုးဖောက်သည်ဟုလည်း မယူဆကြ၊ မုသားမပါ လင်္ကာမချောဆိုသော စကားပုံနှင့်အညီ ရာထူးတက်ဖို့ နေရာမြဲဖို့ စကားအရာ တန်ဆာဆင်၍ လှည့်ပတ်ပြောဖို့သာ ရည်ရွယ်ချက်ဖြစ်သည်။ ဆိုခဲ့သလို ၎င်အမူအဂင့်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အထက်လူကြီးအကြိုက်လိုက်၍ ပြောဆို လုပ်ကိုင်နေရသော အလေ့အထမှ ထွက်ပေါ်လာသည်ဖြစ်၍ မည်သို့လိမ်ညာရသည် ဖြစ်စေ၊ ရည်ရွယ်ချက်သည်သာ အဓိကဖြစ်သည်ဟု ယူဆခဲ့ကြသည်။ “စိတ်ထား တတ်ရင် မြတ်သည်၊ စိတ်သာရှင်စောဘုရားဟော ́ဆိုသော နေ့စဉ်သုံးစကားများ ကလည်း အမှားတစ်ခုခုကျူးလွန်မိတိုင်း ဗမာတို့အတွက် ဖြေဆေးတစ်ခုလို ဖြစ်နေရာ၊ တစ်ပါးသူ စိတ်မချမ်းမသာ ဖြစ်မည်စိုး၍ဖြစ်စေ၊ ထိခိုက်နစ်နာမည်စိုး၍ဖြစ်စေ၊ အားနည်း ချက်ကို ဖုံးကွယ်လို၍ဖြစ်စေ၊ ဖုံးဖုံးဖိဖိ၊ လိမ်ညာလှည့်ပတ် ပြောဆိုလိုက်ရသည့်အတွက် ဗမာတို့ စိတ်တွင် စလုံးစခုဖြစ်စရာ အကြောင်းမရှိပါပေ။

- သံသယနှင့်ကြည့်ခြင်း၊ အခြားသူတစ်ယောက်၏ မျက်ရိပ်မျက်ကဲကို ဖတ်ရှု မှတ်သားခြင်း၊ အမူအကျင့်တို့မှာလည်း ဗမာမင်းမှုထမ်း အရာရှိလောကတွင် ထင်ထင် ရှားရှား တွေ့ရသော ယေဘုယျလက္ခဏာများဖြစ်ပြီး ဗမာနန်းတွင်း ခြေပုန်းခုတ်ပွဲ၊ အာဏာလုပွဲများမှ ရရှိလာသော အမူအကျင့်များ ဖြစ်နိုင်စရာ ရှိပါသည်။ အာဏာပါဝါ မြင့်သထက်မြင့်ဖို့၊ သူကောင်းပြုခံရဖို့၊ နန်းရင်ပြင်အတွင်း တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန် မျက်စိဒေါက်ထောက်ကြည့်ရင်း လျှို့ဝှက်ကြံစည်နေကြသည်ဖြစ်၍ တစ်ယောက် နှင့်တစ်ယောက် စကားကို အကုန်မပြောရဲ၊ သံသယနှင့် အရိပ်အခြေကို အကဲခတ် နေကြရာ အဆိုပါအမူအကျင့်များ ရင့်ကျက်လာဟန်ရှိပါသည်။

တစ်ဖက်သားအပေါ် သံသယနှင့် မယုံမကြည်ရှိတတ်သူများပီပီ အင်္ဂလိပ်ဗမာ ပထမစစ်ပွဲအပြီး အင်္ဂလိပ်တို့ ရည်ရွယ်ချက်ကို သံသယရှိနေသော ဗမာဘုရင်နှင့် အရာရှိကြီးများက ပထမအရစ်ပေးရမည့် စစ်လျော်ကြေးကို မပေးဘဲထားရာက ပေးလိုက်သည်နှင့် အင်္ဂလိပ်စစ်တပ်များ ချက်ချင်းဆုတ်ခွာသွားကြသည်တွင် ဗမာတို့ ၂ အတွက် မကြုံဖူး၊ မတွေ့ဖူးဖြစ်ကြရသည်ကို အင်္ဂလိပ်သံတမန်တစ်ဦးက ယခုလို မှတ်တမ်းတင်ခဲ့သည်။ “စည်းကမ်းသတ်မှတ်ချက်နှင့် ပတ်သက်၍ ဗြိတိသျှအစိုးရ၏ ကတိကဝက် တည်ကြည်မှုကို ဗမာတို့ တအံ့တဩ ဖြစ်ကြရသည်။ ဘယ်လိုဘယ် အကြောင်းဆိုသည်ကို ဗမာတို့ မသိသော်လည်း ဗမာအချို့က တလေးတစား ရှိကြပြီး ကုလားဖြူဆိုတဲ့ လူတွေက အရက်သောက်၊ နွားသတ်၊ ဝက်သတ်နဲ့ လောဘကြီးကြပေမဲ့ ကတိတော့တည်သား၊ ငါတို့ ဗမာတွေနဲ့ကွာပါ့ ဟူ၍ ထုတ်ဖော်ပြောဆိုကြောင်း ကျွန်ုပ်ကြားသိခဲ့ရသည်။”

ဗမာအမှုထမ်းလောကတွင် သင်္ကာမကင်းနှင့် သံသယစိတ် ကြီးစိုးနေသည်ကို လေ့လာမိသော ဗြိတိသျှအုပ်ချုပ်ရေး အရာရှိများက သံသယစိတ်ကို ဖျောက်ဖျက်ကြဖို့ ၁၉၂၅ ခုနှစ်က မိတ္ထီလာမြို့ အရာရှိငယ်သင်တန်းတွင် ဘုရင်ခံက မိန့်ခွန်းပြောကြားခဲ့ သည်။ အလားတူ ၁၉၂၄ တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် လည်း အဆိုပါ ဘုရင်ခံကပင် ဖြစ်ရပ်မှန်နှင့် အဓိကအချက်အလက်တို့ကိုသာ အဓိက ထား စဉ်းစားဖို့နှင့် ပုဂ္ဂိုလ်ရေး ထင်မြင်ယူဆချက်တို့ကို ရှေ့တန်းမတင်ဘဲ သိပ္ပံနည်းကျ လေ့လာကြဖို့ တက္ကသိုလ်ကျောင်းသားတို့ကို တိုက်တွန်းခဲ့သည်။

အလားတူ ဗမာပြည်အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲဖို့ ၁၉၃၁ လန်ဒန်တွင် ဆွေးနွေးကြရာ ရှမ်းစော်ဘွားတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာမည့် လုပ်ရပ်တို့ကို ပါတီအချို့က လုပ်ကိုင်နေကြောင်း ဗမာအဖွဲ့ဝင်တစ်ဦးက စွပ်စွဲလိုက်ရာ အကြောင်း အချက် မခိုင်လုံဘဲ ယခုလို စွပ်စွဲပြောဆိုမှုမျိုးကို လုံးဝလက်မခံနိုင်ကြောင်း ဗြိတိသျှ အရာရှိ လှေဝင်တာတန်က ကြားဝင်ဖြေခဲ့ရသည်။ အကြောင်းခြင်းရာတစ်ခုကို ကိုယ်နှင့် ခွာ၍ ဓမ္မဓိဋ္ဌာန်ကျကျ တန်ဖိုးဖြတ်နိုင်သော အရည်အသွေးများ ဗမာတို့အနေနှင့် မရတတ်သေးသည်ဖြစ်၍လည်း သံသယနှင့် သင်္ကာမကင်း စိတ်များ ကြီးထွားနေရပြီ ပုဂ္ဂိုလ်ရေးအပေါ် အလွန်အကျွံ အားပြုကာ အာဏာရှင် ဗမာဘုရင် အုပ်ချုပ်ရေး၏ ထုတ်ကုန်များဖြစ်သော အဆိုပါစိတ်နေသဘာဝများမှာ နှစ်ဆယ်ရာစု နှစ်ဝက်အထိ အမှန်ပင် ကြွင်းကျန်လျက်ရှိနေပါသည်။

အတိတ်တစ်ချိန်က ဗမာတို့ကို အကြောင့်အကြမဲ့ ပျော်ပျော်နေတတ်သူများ အဖြစ် အကဲဖြတ်ခဲ့ကြသည်မှာ ယနေ့တိုင် မှန်ကန်မှုရှိပါသည်။ စည်းလွတ်ဝါးလွတ် အပြောင်အပြက်သန်သော သို့မဟုတ် လေးနက်မှုမရှိသော ဗမာတို့ စိတ်အခံကို အကြောင်းအမျိုးမျိုးက ပုံသွင်းပေးခဲ့သည်ဆိုရာတွင် လောကဓံရှစ်ပါးကို ကြံ့ကြံ့ခံနိုင် ဖို့ သင်ကြားပေးခဲ့သော ဗုဒ္ဓဝါဒမှာ ဘဝနှင့် ပတ်သက်သော ဗမာတို့၏ အရပ်ရပ် အတွေးအမြင်တို့အပေါ် စူးစူးနစ်နစ် လွှမ်းမိုးခဲ့သည်ကိုမူ သံသယရှိစရာမလိုပါ။ သို့တိုင် နိုင်ငံရေး အသိစိတ်နှင့် ပတ်သက်၍ လေးနက်မှုမရှိခြင်းမှာ တရားဥပဒေစိုးမိုးရေးနှင့် ဘဝလုံခြုံမှု မရှိရာမှ ဖြစ်ပေါ်လာဖွယ် ရှိပါသည်။ ဘဝလုံခြုံစိတ်ချမှုမရှိလျှင် တရားဥပဒေ အပေါ်လည်း လေးနက်စွာ ယုံကြည်နိုင်မည် မဟုတ်ပါ။ မကောင်းဆိုးဝါးတို့ကို နှိမ်နင်း ရသည်ထက် သူပုန်နှင့် အကျင့်ပျက်အရာရှိကြီးငယ်တို့ကို အရေးယူရသည်က ပို၍ ခက်ခဲသည်ဆိုသော ဖဆပလအစိုးရ၏ ကြေညာချက်မှာ အမှန်ဖြစ်ပါသည်။ နယ်မြေ ဒေသတို့ကို မည်သူက ထိန်းချုပ်ထားသည်ဖြစ်စေ အစိုးရနှင့် သူပုန်နှစ်ဖက်လုံးကို ခခယယ လုပ်နေရသည်မှာ ကိုယ်အရေးကိုယ့်ကိစ္စမှ ဖြစ်ပေါ်လာသော အမူအကျင့် ဖြစ်ရာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လုံခြုံမှုမရှိသမျှ ပြည်သူတို့အနေနှင့်လည်း တရား ဥပဒေစိုးမိုးမှုကို ယုံကြည်မှုမရှိဘဲ ဆူလွယ်နပ်လွယ်ကိစ္စများကိုသာ စဉ်းစားကြမည် ဖြစ်ပါသည်။ ဗမာတို့ အတိတ်ကို ပြန်ကြည့်လိုက်မည်ဆိုလျှင်လည်း အဆိုပါအခြေအနေ မျိုး တွေ့ရမည်ဖြစ်ပါသည်။

နန်းတွင်း အာဏာလုပွဲများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ပုန်ကန်မှုများနှင့် သွက်သွက်ခါနေသည့်တိုင် ဗမာမင်းများ လက်ထက်တွင် တစ်တိုင်းပြည်လုံး အေးချမ်း စွာဖြင့် ပြည်သူတို့ ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြကုန်သည်ဟု မျိုးချစ်စာဆိုတို့က တစ်ဖွဲ့တစ်ဖွဲ့ ရေးသားဖော်ပြတတ်ကြပါသည်။ သို့တိုင် လူသား၏ အသိပညာမှာ ချည့်နဲ့လှသလို အမျိုးသားဝါဒမျက်ကာစွပ်ထားသည်ဖြစ်၍ မိမိတို့သမိုင်း၏ ရွှေအိုရောင် အခြမ်းကိုသာ မြင်ရပြီး ဆိုးယုတ်သိမ်ဖျင်းသော အခြမ်းကိုကား “ကွယ်” နေကြရာ ဗမာမင်းအုပ်ချုပ်ရေးကာလ တိုင်းဒေသအလိုက် ပုန်ကန်ထကြွမှုများ ရှိခဲ့သလို နောက် ဆုံးမင်းလက်ထပ်တွင်လည်း ရွှေဘိုနှင့် မုံရွာဒေသတစ်ဝိုက် ဓားပြဂိုဏ်းများ ခြေချင်း လိမ်နေသည်မှာ အချက်အလက်ဖြစ်ပြီး မင်းတုန်းမင်းလက်ထက်၌သာ ရှားတော ရှားခဲ တည်ငြိမ်အေးချမ်းမှု ရှိခဲ့ရာ အစိုးရနှင့် သူပုန်သူကန်တို့ကြားတွင် ပြည်သူတို့အနေနှင့် မသက်မသာ နေထိုင်ခဲ့ရသည်ချည်း ဖြစ်ပါသည်။ အရွှန်းအပတ် ရယ်မောသံများက ဗမာလူ့အဖွဲ့အစည်းတွင် မည်သည့်အခါမျှ အသံတိတ်ခဲ့သည် မဟုတ်ပါ။ ကျောချမ်း အောင် ကြောက်စရာကောင်းသည့် ဂျပန်ကင်ပေတိုင် အုပ်ချုပ်ရေးအောက်၌ပင် ရယ်မောသံတို့ စည်စည်ဝေဝေရှိခဲ့ပါသည်။


ဗမာတို့အဖို့ သောင်သောင်သာသာ နေရသည်ဖြစ်စေ၊ ဒုက္ခပင်လယ်ဝေနေ သည်ဖြစ်စေ၊ ပျော်ပျော်နေသေခဲဟု လက်ခံထားသူများဖြစ်ရာ စည်းလွတ်ဝါးလွတ် အပြောက်အပျက်သန်သော ဗမာတို့စိတ်သဘောကပင် ထူးဆန်းရှုပ်ပွေသော နိုင်ငံ ရေးအချိုးအကွေ့တို့ကို ဖန်တီးပေးပါသည်။ ၁၉၅၀ ခုနှစ် ဗမာ့နိုင်ငံရေး အခြေအနေ တစ်ခုလုံးကို ရိုးရိုးရှင်းရှင်း စကားလုံး အနည်းငယ်ဖြင့် ပြင်သစ်ဝန်ကြီးတစ်ဦး သုံးသပ် သွားပုံမှာ ဤသို့ဖြစ်သည်။

“ကျုပ်တို့ နိုင်ငံမှာ နိုင်ငံရေးအခြေအနေဟာ အမြဲလိုလို စိုးရိမ်စရာ ဖြစ်နေ တယ်။ ဒါပေမဲ့ ဘယ်တော့မှ ရုပ်ပျက်ဆင်းပျက် ဒုက္ခရောက်တာ မရှိဘူး၊ ဒါပေမဲ့ ဗမာပြည်မှာက ပြောင်းပြန်၊ နိုင်ငံရေးအခြေအနေတစ်ခုလုံး ရုပ်ပျက်ဆင်း ပျက် ကမောက်ကမ ဖြစ်နေပေမဲ့ ဘယ်တော့မှ မစိုးရိမ်ကြဘူး”

ငြိမ်းချမ်းမှုနှင့် ဘဝလုံခြုံမှုဆိုင်ရာ တန်ဖိုးတို့ကို သင်ကြားပေးခြင်းဖြင့်သာ ပြည်သူတို့အနေနှင့် လေးနက်စွာ တွေးတောဆင်ခြင်တတ်လာသည်နှင့်အမျှ အစိုးရအပေါ် လူထု၏ ယုံကြည်မှုကိုလည်း အပြည့်အဝ ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ အစိုးရအပေါ် ယုံကြည်မှုဖြစ်စေ၊ မိမိကိုယ်ကို ယုံကြည်မှုဖြစ်စေ၊ ငြိမ်းချမ်းတည်ငြိမ်သော အုပ်ချုပ်ရေးအောက်တွင်သာ တည်ဆောက်ရနိုင်သည်ဖြစ်ရာ ဖမ်းချင်လျှင်ဖမ်း၊ လွှတ်ချင်လျှင် လွှတ်၊ ဗိုလ်ကျစိုးမိုးမှုများ ကင်းဝေး၍ ဥပဒေနှင့်အညီ စီရင်အုပ်ချုပ်ရေးသည်သာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းအတွက် အသက်ဝိညာဉ် ဖြစ်ပါသည်။ ပြည်သူတို့အသက်အိုးအိမ်တို့ကို အပြည့်အဝ ကာကွယ်နိုင်သလို ဥပဒေနှင့် အညီ အစီအမံ၊ အဆောင်အရွက်ရှိကြသည်ဆိုလျှင် ပြည်သူတို့အနေနှင့် ကိုယ်အလုပ်၊ ကိုယ့်တာဝန်၊ ကိုယ့်ဘဝတို့အပေါ် အားတက်သရောနှင့် အလေးအနက်ထား တည် ဆောက်လာကြမည် ဖြစ်ပါသည်။ အမှန်အားဖြင့် အတွေးအခေါ် အယူအဆအမျိုးမျိုး ရှိသော်လည်း ကျင့်ဝတ်စည်းကမ်းများ အခိုင်အမာရှိသော လူ့အဖွဲ့အစည်းတစ်ခုတွင် လုံခြုံမှု သေချာရေရာမှုမရှိခြင်းကပင် လွတ်လပ်မှုနှင့် ဖန်တီးမှုဆိုင်ရာ အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသော်လည်း ကမ္မနိယာမနှင့် ဗုဒ္ဓဘာသာတန်ဖိုးတို့ကို အဓိကထား သော ဗမာ့လူ့အဖွဲ့အစည်းအနေနှင့်မူ ကံတရားကိုသာ ဇွတ်မှိတ်လက်ခံထားရပုံရ လေရာ ဗမာတို့အနေနှင့် လှုပ်လှုပ်ရှားရှား စွန့်စားရသည်ထက် ကိုယ်ဘဝနှင့်ကိုယ် ရောင့်ရဲရသည်ကို ပို၍ နှစ်သက်ဟန်တူနေပြီး လေးနက်မှုမရှိခြင်းမှာ ဗမာအများစု၏ ယေဘုယျ သဘောထားလို ဖြစ်လာသည်။

အနောက်နိုင်ငံသားများလက်သို့ လစ်ဘရယ်ဒီမိုကရေစီတန်ဖိုးများ ရောက်လာ ခဲ့သည်မှာ နေ့ချင်းညချင်းမဟုတ်မူဘဲ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသည်။ အပြို အပျက်၊ အဆုတ်အတက်သမိုင်းဖြစ်ရပ်များစွာကို ကျော်ဖြတ်ခဲ့ရသည် နိုင်ငံရေးနှင့် လူမှုရေး အဆောက်အအုံများကြားတွင် သွေးသံတရဲရဲနှင့် အားပြိုင်ခဲ့ရသည်။ နောက်ဆုံး မှသာ ဗျူရိုကရက်တစ် (သို့) အော်တိုခရက်တစ်အဆောက်အအုံတို့ကို ဖယ်ရှားပြီး ပြည်သူ့ကိုယ်စားပြု အဆောက်အအုံတို့က နေရာယူလာနိုင်သည်။ ပြည်သူ့ ကိုယ်စား လှယ်များမှာလည်း ကိုယ့်အယူ ကိုယ့်အတွေး အမျိုးမျိုးရှိသည်ဖြစ်ရာ မတူသည်တို့ကို မတူသလို တူသည်တို့ကို တူသလို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အပျက်အစီးအထိ အခိုက်မခံဘဲ လစ်ဘရယ်ဒီမိုကရေစီ တန်ဖိုးများနှင့် ယဉ်ပါးအောင် လေ့ကျင့်ယူခဲ့ကြရသည်။ ဆိုရလျှင် လစ်ဘရယ်ဒီမိုကရေစီယန္တရားကြီး ကို ထိထိရောက်ရောက် မောင်းနှင်နိုင်ဖို့အတွက် လိုအပ်သော အမူအကျင့်၊ အတွေ့ အကြုံများ ဗမာတို့ မရတတ်သေးသည်ဖြစ်၍ ထိရောက်သန်စွမ်းသော နိုင်ငံရေး အဆောက်အအုံများဆိုသည်မှာ သံမဏိရှည်လျား သော သမိုင်းရေးအတွေ့အကြုံတို့၏ ထုတ်ကုန်များသာဖြစ်ကြောင်း ဗမာတို့ ဆင်ခြင်ဖို့လိုပါသည်။

Comments

  1. အမှန်တွေပဲ
    မသိခြင်းတွေများပြီး နေ နေရတဲ့ဘဝတွေ၊ ဒါဖတ်ပြီး ဝမ်းနည်းသွားပြီ

    ReplyDelete
  2. ဒီမျိုးစေ့တွေ ဒီခေတ်မှာတင် ကုန်ပါ‌စေတော့🐬

    ReplyDelete
  3. The writer pointed out real truth and also predicted what will happen in future.

    ReplyDelete
  4. အစအဆုံး အမှန်တွေချည်းပဲ၊
    အာဏာရှင်စိတ် ကိန်းအောင်းနေကြတာလဲမှန်တယ်၊
    စစ်အာဏာရှင်ကိုတော်လှန်ပြီးရင်
    အရပ်သားအာဏာရှင်တွေကိုလဲတော်လှန်ရမယ်....
    လွှတ်ထားလိုက်ရင် မြန်မာ့လူအဖွဲ့အစည်းကြီးဟာ Shitတွေ ပြန်ဖြစ်မှာ၊
    တော်လောက်ပြီ 21ရာစုမှာအဆုံးသတ်သင့်ပြီ အဲစိတ်ဓာတ်တွေ

    ReplyDelete
  5. အာဏာရူးတွေ အမြန်ကျဆုံးပါစေ

    ReplyDelete
  6. ကောင်းဖို့ တဆင့်ပြီးတဆင့် ပြုပြုင်ပြောင်းလဲရတာပါ့။
    အခုလက်တွေ့ရင်ဆိုင်နေရတဲ့ ဘုံရန်သူကို အရင်ဆုံးတွန်းလှန်ကြစို့။

    ReplyDelete

Post a Comment