Abhorring
Unicode
Abhorring
-------------
(၁)
တဆယ့်နှစ်နှစ်သား
အရွယ်နဲ့ မလိုက်ဖက်အောင် သန်မာလွန်းတဲ့ တပည့်ကို ကြည့်ပြီး နည်းပြဒွန်တယောက် ပီတိဖြစ်နေခဲ့တယ်။သူ ရှင်သန်လာခဲ့တဲ့ လက်ဝှေ့သက်တမ်း နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလတွေအထိ
ရန်အောင်မြင်မြို့
တခွင်ကော တနိုင်ငံလုံးမှာပါ ခုလိုအသက်အရွယ်နဲ့ သုံးဆယ်ကျော်လက်ဝှေ့သမားကြီးတွေလို
ခွန်အားပြည့်ဝတဲ့
လက်သီးထိုးချက်တွေ
မမြင်ဖူးခဲ့၊မတွေ့ဖူးခဲ့ဘူးဆိုတာ
အမှန်။ကိုယ်ခန္ဓာယိမ်းနွဲ့ပုံ၊တန်ပြန်လက်သီးချက်တွေရဲ့
အညှာအတာကင်းမဲ့ပုံ၊ပြိုင်ဘက်ကို
မကြောက်မရွံ့ရင်ဆိုင်ရဲပုံတွေက
သွားလေသူ ဖခင်ကြီး ဆလျန်ထန်း နဲ့ တထေရာတည်း။ကွာခြားတာကတော့
ဖခင်ကြီးဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့
ပြိုင်ဘက်ကို ရင်ဆိုင်ထိုးသတ်တတ်တဲ့
သူ။သူ့တပည့် ငဝမ်းကတော့ သူ့စကားတခွန်း။သူရပ်ဆိုရင်
ရပ်တယ်။သူထိုး ဆို နာရီပေါင်းများစွာ၊ရက်ပေါင်းများစွာတွေအထိ
ထိုးသတ်မယ့် ကလေး။သူသေဆိုသေ၊ရှင်ဆို
ရှင် ဆိုတဲ့ သူ့စကားတခွန်းကိုသာ ရှင်သန်ရာလို့ သတ်မှတ်သူ။မိဘမဲ့ တကောင်ကြွက် တပည့်က သူ့လက်ဝှေ့သင်တန်းအတွက်
အကြီးမားဆုံးလက်ဆောင်အဖြစ်
ဘုရားက ပေးခဲ့တာလို့ ယူဆနေမိတာတော့ မလွဲဧကန်။
ကြိုးဝိုင်းထဲမှာ
မမောနိုင်မပမ်းနိုင်
လှုပ်ရှားနေတဲ့ ငဝမ်းကိုငေးကြည့်ရင်း လွန်ခဲ့တဲ့ တဆယ့်တနှစ်ဝန်းကျင် မိုးမှုန်ဖွဲဖွဲကျနေတဲ့
ညနေခင်း
တခုဆီကို
နည်းပြဒွန်တယောက်
ပြန်ပြီး အမှတ်ရနေခဲ့တယ်။
အဲ့ဒီနေ့က
ဇွန်လရဲ့ တခုသောကြာဿပတေးနေ့။အိမ်ထောက်သက်
ခုနှစ် နှစ်အတွင်း အပျော်ရွှင်ရဆုံးသော ကာလအခိုက်အတန့်။ဒွန့် အိမ်သူသက်ထား နွေရီရာရဲ့ သားဦးမီးဖွားဖို့ စက္ကန့်ပိုင်းအလို။ရန်အောင်မြင်မြို့
သားဖွားမီးယပ်ဆေးရုံကနေ
လိုအပ်တဲ့ ငွေကြေးပြန်လာယူတဲ့ ဒွန်တယောက် သားဇော၊မယားဇောနဲ့ ဘယ်အရာကိုမှ သတိမမူမိလောက်အောင် ပူထူနေခဲ့တယ်။နားထင်စပ်ကနေ
စီးကျလာတဲ့ ချွေးစေးတွေဟာ မှုန်ဖွဲဖွဲကျနေတဲ့ မိုးရေတချို့နဲ့ ရောနှောပေါင်းစပ်ပြီး သူ့ဂျာကင်အောက်ထဲကနေ အောက်သိုးသိုးချွေးနံ့က
စိုထိုင်းထိုင်း
ပျံံ့နှံလာတယ်။မှောင်မဲ
တိတ်ဆိတ်နေတဲ့ လက်ဝှေ့အားကစားရုံ သံတံခါးဖွင့်သံဟာ တစ္ဆေတကောင်ရဲ့ အရိုးအကြောတခုခုကို ကိုက်ဖြတ်ဝါးနေသလိုမျိုး
ကျယ်ကျယ်လောင်လောင်ပဲ
ထွက်ပေါ်လာခဲ့တယ်။ကပျာကယာနဲ့
ငွေထည့်ထားတဲ့ အံဆွဲကို ဖွင့်၊စုဆောင်းထားသမျှတွေကို
ရေးကြီးသုတ်ဖြာနဲ့
ဂျာကင်အင်္ကျီအိတ်ထောင်ထဲ
အတင်းထိုးထည့်တယ်။အားကစားသမားတွေရဲ့
ချွေးနံ့၊ခြေအိတ်
လက်အိတ်တို့ရဲ့ အကြွင်းအကျန်သော ချဥ်စုတ်စုတ်ရနံ့တွေ ကြီးစိုးရာ အားကစားရုံဆီကနေ အထွက်မှာပဲ ဒွန်ရဲ့အပြုအမူတွေဟာ ရပ်တန့်သွားတယ်။သူ့ရှေ့တည့်တည့်မှာတော့
တစတစနဲ့ သွန်းဖြိုးလာပြီဖြစ်တဲ့
မိုးရေတွေကြားထဲ
ငါးလသားအရွယ်ကလေး
တယောက်ဟာ စုတ်ပြတ်ညစ်ထေးနေတဲ့ ခြုံစောင်တွေ ကြားထဲ ပုဇွန်တုပ်ကွေး ကွေး…လို့။အတွေးဟောင်းတွေပဲ ကြီးစိုးရာ ရန်အောင်မြင်ကမ္ဘာကတော့
ညနေစောင်းကတည်းက
လူခြေတိတ် ဆူညံသံတွေ ဆိတ်သုဥ်းနေခဲ့ပြီ မဟုတ်လား။တခါတခါမှ ထွက်ပေါ်လာတတ်တဲ့ အရက်သမားအိုကြီးတယောက်ရဲ့
လေပျို့သံ၊အော့အန်သံ၊လောကကြီးကို
မကျေမနပ်ဖြစ်လို့
ဆဲသံဆိုသံကလွဲရင်
မိုးရေတွေကြားထဲ
မြို့ဟာ ပြားပြားဝပ်နေဆဲပါပဲ။
သူ
ကလေးကို တချက်ကြည့်တယ်။နှာတံစင်းစင်း
ဖြူနုဝင်းဝင်း ကလေးငယ်လေးက ချစ်စရာ။ဘယ်လိုလူကများ
ကလေးကို သူ့အားကစားရုံနား လာပစ်သွားပါလိမ့်။ဘောပဲ။သူ
ဆေးရုံဆီသွားဖို့
ခြေဦးလှည့်လိုက်တယ်။ခြေလှမ်း
ဆယ်လှမ်းအရောက်မှာပဲ
ရပ်တန့်သွားစေတဲ့
အခိုက်အတန့် ဖြစ်သွားခဲ့တယ်။ဝိုးတဝါးမိုးမှုန်တွေကြားထဲ
စူးရှရှကလေးငိုသံက
စီခနဲ……။ဆက်သွားရမလား၊ပြန်လှည့်ရမလား ဒွိဟဖြစ်နေတဲ့ ဒွန်တယောက် ဆောက်တည်ရာမရနဲ့ အတန်ကြာ ဝီရောဓိဖြစ်နေခဲ့တယ်။
"ချီးပဲကွာ…"
တမာရနံ့တွေ
သင်းပျံ့မွှေးထုံကြိုင်တတ်ပြီး
ပူစပ်ပူလောင် ဒေသတခုရဲ့ ဖုန်လုံးကြီးတွေ ဖွဲဖွဲညင်းညင်း ထသွားစေတဲ့ နွေရာသီမှာ ဒွန်နဲ့နွေရီရာတို့ တဦးပေါ်တဦး နင့်နင့်သီးသီးချစ်ခဲ့ကြတဲ့
ချစ်သူဘဝကို ရောက်ရှိခဲ့ကြတယ်။မိုးကြိုးလျှပ်စီးတွေ
အဆက်မပြတ်လျှပ်နေချိန်၊ကမ္ဘာပျက်မတတ်
မိုးချိမ်းသံတွေ
ကြား၊အသက်လုနေရဆဲ
မီးဖွားနေချိန်မှာတောင်
ရီရာ့ခမျာ ယောကျ်ားဖြစ်တဲ့ ဒွန့်ကို သတိရနေခဲ့တယ်။ဒွန့်ကို
သတိရတိုင်း တမာပင်ရနံ့ဟာ ဆွတ်ဆွတ်ပျံ့ပျံ့နဲ့ မွှေးမြနေတတ်စမြဲ။လူခြေတိတ်
ဆေးရုံအပြင်ဘက်ဆီက
အားကစားဖိနပ်သံကြောင့်
သူ့ယောကျ်ား ရောက်ရှိလာခဲ့ပြီဆိုတာ
သိလိုက်တယ်။သားဦးသားဖျားမို့
မွေးရခက်နေချိန်
ဒွန်ရဲ့ လက်ဖဝါးကြမ်းကြမ်းကို ဆုပ်ကိုင်ထားချင်စိတ်က
တားမရဆီးမရ။ရီရာအတွက်တော့
ဒွန်ရှိနေချိန်ဟာ
သေမင်းနဲ့ရင်ဆိုင်ချိန်မှာတောင်
လုံခြုံနွေးထွေးမှုအပြည့်ရှိနေတယ်လို့
ခံစားမိစေတဲ့ ယောကျ်ားမျိုး မဟုတ်လား။
သူနာပြုတွေရဲ့
အော်သံဟစ်သံ၊ဆရာဝန်ကြီးရဲ့
ချွေးသီးချွေးပေါက်တွေကြား
စူးရှရှကလေးငိုသံဟာ
မိုးထက်ညံသွားတယ်။မီးဖွားခန်းအပေါက်ဝရောက်နေပြီဖြစ်တဲ့
ဒွန်ဟာ သူ့ကလေးငိုသံကြောင့် တကိုယ်လုံး ကျင်စက်နဲ့ တို့ခံရသူလို တုန်တက်သွားတယ်။အသားတွေ
တဆက်ဆက်တုန်နေဆဲ
ရီရာကတော့ အပေါက်ဝမှာ ရပ်ကြည့်နေဆဲ သူ့ယောကျ်ား ဒွန်ကို ဖျော့တော့တဲ့မျက်ဝန်တွေနဲ့
ကြည့်လိုက်တယ်။ကမ္ဘာကြီး
တုန်ခါသွားလောက်စေတဲ့
မိုးချုန်းသံနဲ့အတူတူ
နွေရီရာရဲ့ အကြည့်တွေဟာ နွေးထွေးဖြူရော်ဖျော့တော့နေရာကနေ
ဒေါသကြီးနဂါးတကောင်
မှုတ်ထုတ်လိုက်တဲ့
မီးလုံးကြီးတွေလို
ဝင်းဝင်းတောက်အသွင်ကို
ပြောင်းလဲသွားခဲ့တယ်။
မိုးစက်မိုးပေါက်တွေ
တဖြုန်းဖြုန်းရိုက်ခတ်နေဆဲ
ဆေးရုံဝန်းတံခါးပေါက်ကနေ
ကလေးနှစ်ယောက်ရဲ့
ငိုသံဟာ စူးခနဲ ပေါ်ထွက်လာတယ်။တဦးက သူနာပြုလက်ထဲမှာ ရုန်းကန်နေခဲ့ပြီး နောက်တဦးကတော့ လက်ဝှေ့သမား ဒွန်ရဲ့ လက်ထဲမှာ…။
.
(၂)
"မိုက်တယ်နော်
… ဒွန်" ဆိုတဲ့ အသံကြောင့် အတိတ်ကာလတွေဆီကနေ ပစ္စက္ခအခြေအနေဆီ စိတ်က ပြန်ရောက်လာခဲ့တယ်။လှည့်ကြည့်လိုက်တော့
သူနဲ့အတူတူ အားကစားလောကကို ဖြတ်သန်းခဲ့ဖူးတဲ့ မိတ်ဆွေကြီး ရန်ကြီးနောင်။သူကတော့ မိုက်ခ် လို့ပဲ ခေါ်တယ်။
"ဒီကလေးကို
ဘယ်လို လုပ်ဖို့ စဥ်းစားထားလဲ"
ဒွန်က
သူ့ပုံစံအတိုင်း
နှုတ်ခမ်းတွန့်ရုံ
ပြုံးပြလိုက်ပြီး
လေ့ကျင့်ရေးကြိုးဝိုင်းဆီကိုပဲ
အာရုံလွှဲထားလိုက်တယ်။ကြိုးဝိုင်းပေါ်က
တပည့်ကို လေ့ကျင့်ပေးနေတဲ့ လက်ထောက်နည်းပြဆီ လှမ်းအော်တယ်။
"ကိုမိုး… သူ့ကို ဒူးအရမ်းမညွှတ်စေနဲ့၊ပြီးတော့
အစောက ထိုးသွားတဲ့ ပွဲသိမ်းလက်သီးကို ဘယ်တော့မှ အသုံးမပြုစေနဲ့ဗျာ… တဖက်လူအတွက် အသက်အန္တရာယ် ရှိနိုင်တယ်၊ပြိုင်ဘက်ကို မထနိုင်ဖို့ ထိုးတာချင်းအတူတူ သေဖို့လောက်အထိ မလိုဘူးမဟုတ်လား… ဟေ့ ငဝမ်း၊ငါ
လက်သီးဆုပ် နှစ်ဖက် မဆုပ်မပြမချင်း မင်းအဲ့တိုက်ကွက်ကို ဘယ်တော့မှ မသုံးနဲ့ကွ…"
ငဝမ်းက
ခေါင်းညိတ်ပြတယ်။နောက်။ရန်ကြီးနောင်ဘက်
လှည့်ပြီး…
"လာဗျာ… မိုက်ခ်…တခုခု သွားသောက်ရအောင်"
လို့ ပြောလိုက်တယ်။
သူတို့
အားကစားရုံရဲ့ သုံးလမ်းကျော်က ဘားတခုထဲမှာ ထိုင်ကြတယ်။
ဒွန်က
ဘီယာတလုံးမှာတယ်။ရန်ကြီးနောင်ကတော့
ဝီစကီ တခွက်။
"ကျုပ်
ခုထိတော့ သူ့အတွက် မစဥ်းစားရသေးဘူး"
ရန်ကြီးနောင်က
ဒွန်ရဲ့ အသက်ကြီးမှဆုံတဲ့ သူငယ်ချင်းဖြစ်သလို ရန်အောင်မြင်တမြို့လုံးမှာရှိတဲ့
တဦးတည်းသော မိတ်ဆွေ။ရန်ကြီးနောင်က
မြေအောက်လက်ဝှေ့ပွဲတွေကို
စီစဥ်တဲ့အလုပ်ကို
လုပ်တယ်။ဒီမြို့ကို
စပြီးပြောင်းလာကတည်းက
ရန်ကြီးနောင်ရဲ့
အဆက်အသွယ်နဲ့ သူ မြေအောက်လက်ဝှေ့လောကကို
ရောက်ခဲ့တယ်။လက်လွတ်ခွက်ချွတ်
ရောက်လာခဲ့တဲ့ သူတို့လင်မယားအတွက် မြေအောက်လက်ဝှေ့လောကဟာ
ရတနာသိုက်တခုလို
ဖြစ်ခဲ့တာမဟုတ်လား။ဒါပေမယ့်
ဒွန်ဟာ မြေအောက်လက်ဝှေ့လောကကို
ဘယ်တုန်းကမှ မနှစ်မြို့ခဲ့။သူအမုန်းတီးဆုံးက
ဝါသနာကို ခိုးဆိုးလုနှိုက်လူရမ်းကားတွေ
ဆီမှာ ရောင်းစားရတဲ့ အဖြစ်ကိုလေ။အခုလည်း ရန်ကြီးနောင်က သူ့မွေးစားသားခေါ် တပည့် ငဝမ်းအတွက် မြေအောက်ပွဲတပွဲ စီစဥ်ဖို့ ပြောနေခဲ့ပြန်ပြီကော။
"လမ်းပျောက်နေပြန်ပြီလား
ဒွန်"
ဒွန်က
သူ့ကို မကြည့်ဘဲ ဘီယာကိုသာ ဆက်ပြီး မြုံ့နေခဲ့တယ်။
"တဆယ့်
တနှစ်တောင် ကြာသွားခဲ့ပြီလေကွာ…အခု ထိ
မင်းမိန်းမက စိတ်မပြေသေးဘူးလား"
"မင်း
သာ ငါ့နေရာမှာဆို ဘယ်လိုလုပ်မလဲ မိုက်ခ်"
ပုခုံးတွန့်ပြရုံထက်
မပိုတဲ့ တုံ့ပြန်မှုနဲ့ ရန်ကြီးနောင်က ဝီစကီကို မော့လိုက်တယ်။သူ့ကိုယ်သူ
အမှားတွေလှူတဲ့ အလှူရှင်ပုံစံမျိုး ဖြစ်သွားမှာကိုတော့ လိုလားပုံ မရ။ရန်ကြီးနောင်က-
"မင်းတို့
လင်မယားကြားထဲ ငါမသိတဲ့ ကိစ္စတွေ ရှိချင်ရှိနေဦးမှာပေါ့… ငါလည်း မပြောတတ်ဘူး"
ဒွန်က
ဘီယာ နောက်တလုံးမှာလိုက်တယ်။
"ငါ
ဒီကောင့်အတွက် စဥ်းစားလိုက်ဦးမယ်ကွာ…"
လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့
ရန်ကြီးနောင်က-
"အဲ့ဒါဆိုလည်း
မြန်မြန်စဥ်းစားကွာ… ဘိုးတော်တွေက ပွဲတောင်းနေပြီဟ၊မင်းလူက ပွဲသွင်းဖို့အထိ တိုးတက်နေပြီ… ဟုတ်တယ် ဟုတ်"
ဗလာမျက်ဝန်းတွေနဲ့
ဒွန်က ဘားဆိုင်ရဲ့ ကြောင်တိကြောင်ကန်းကြော်ငြာအစီအစဥ်တွေကို
အဓိပ္ပါယ်မဲ့ငေးနေရင်း…
"မရသေးဘူးကွ၊မြေအောက်ပွဲ
ထိုးဖို့ သူ့ကို နောက်ဆုံးစမ်းသပ်မယ့် ပွဲတခုခု၊လက်ရည်စမ်းတဲ့
သဘောပေါ့၊အဲ့ဒါ လုပ်ပေးရဦးမယ်…ဒါမှ အစဥ်သင့်ဖြစ်မဖြစ်
သိရမှာ…"
(၃)
ကျောင်းကြိုပြီး
အိမ်ပြန်လာတဲ့ လမ်းတလျှောက် သူ့စိတ်တွေ လေးလံနေခဲ့တယ်။ဆရာဝန်ဆီက
ဆေးစစ်ချက် အဖြေမှာတော့ သူ့သားရဲ့ နှလုံးဟာ ပုံမှန်ထက်ပို အားနည်းနေတယ်ဆိုပဲ။မွေးရာပါ
အားနည်းတာမို့ အထူးဂရုစိုက်ဖို့ ဆရာဝန်က မှာကြားပေမယ့် အက်ကွဲကြောင်း ထင်းနေပြီဖြစ်တဲ့ သူနဲ့ဒွန်တို့ ဆက်ဆံရေးမှာ ကလေးကို အထိအခိုက် မဖြစ်စေလိုတာတော့အမှန်။သူ့အတွက်
အချစ်ဆုံးသော ယောကျ်ားအဖြစ်ကနေ အမုန်းဆုံး ယောကျ်ားအဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက်ပိုင်း
သူတို့ အိမ်ထောင်ရေးဟာ ချစ်ခြင်းမေတ္တာအပေါ်အခြေခံထားတယ်
ဆိုတာထက် တာဝန်တခုအပေါ် ပြောင်းလဲအခြေတည်သွားတယ်ဆိုရင်
ပိုမှန်မှာပါ။အိမ်ထောင်သက်
ခုနှစ်နှစ်အတွင်း
အိမ်ရဲ့ နေရာအနှံ့အပြားမှာ ချစ်ခြင်းမေတ္တာအငွေ့အသက်တွေ၊ချစ်ခြင်းရနံ့တွေ၊နားလည်မှု
ယုံကြည်မှု မြူခိုးတွေ အတိုင်းအဆမရှိ ပြည့်နှက်နေခဲ့ပေမယ့် မီးဖွားပြီး နောက်နေ့မနက် ဆေးရုံကဆင်းကတည်းက အဆိုပါအရာတွေဟာ နေလာနှင်းပျောက်သလို ကွယ်ပျောက်သွားခဲ့ကြတယ်။အိမ်ထောင်သည်
ဟန်ဆောင်ထားတဲ့ မိန်းမတယောက်လိုမျိုး ဒွန့်အပေါ်သူ ပြောင်းလဲသွားခဲ့တယ်။ကလေး
သိတတ်စအရွယ်မှာတော့
သူတို့ နှစ်ဦးသား သဘောတူညီမှု တခု ပြုလုပ်ခဲ့ကြတယ်။အဲ့ဒါကတော့
ကလေးအရှေ့မှာ တဦးကို တဦး ဂရုစိုက်သလိုလိုနဲ့ ဟန်မပျက် အတူတူနေသွားကြဖို့ပါပဲ။ဒွန်ဟာ
မနက် ရှစ်နာရီကနေ ညနေမှောင်ချိန်အထိ အားကစားရုံသွားတယ်။မှောင်ရီပျိုးမှ
အိမ်ပြန်လာတယ်။နွေရီရာကတော့
အိမ်မှုကိစ္စတွေနဲ့အတူတူ
အစိုင်း ဝေယျာဝစ္စတွေအတွက် အမြဲတစေ လုံးပမ်းနေခဲ့တယ်။အိမ်ထောင်ဘဝတို့ရဲ့
ပြဿနာဟာ နိစ္စဓူဝဘဝရဲ့ ထှိုင်းမှိုင်းငြီးငွေ့ခြင်းတွေကို
ဘယ်လိုကျော်လွှားရမလဲဆိုတဲ့
အဖြေကို ရှာဖွေရင်းနဲ့ပေါ့။
လွန်ခဲ့တဲ့
ဆယ်နှစ်ကျော် ကာလတွေကတည်းက အေးစက်သွားခဲ့တဲ့ သူတို့အိမ်ထောင်ရေးဆက်ဆံမှုဟာ
သူ့သား အစိုင်း ကြောင့်သာ နောက်ဆုံးအမျှင်တခု အနေနဲ့ တင်ကျန်နေခဲ့တာလို့ ရီရာ တွေးတယ်။သနားစရာ သားလေး။မျက်နှာမြင်ရပြီဆိုကတည်းက
ဖခင်ရဲ့ လျစ်လျူရှုတာကို ခံရရှာတဲ့ ကလေးလေး။အသက်အန္တရာယ်ကြားက
ခဲရာခဲဆစ် မွေးချိန်မှာတောင် ဘယ်က ဘယ်လို ကောက်ရခဲ့မှန်းမသိတဲ့ ကလေးကို ပိုက်ပြီး မျက်နှာပြောင်တိုက်နိုင်လွန်းတဲ့
ဖခင်နဲ့မှ ဆုံခဲ့ရရှာတဲ့ ကလေး။
"ဖေကြီးမွေးနေ့
မှာ ဘာလက်ဆောင်ပေးမှာလဲ… မေကြီး"
အိမ်ရောက်ရောက်ချင်း
တံခါး ပြန်ပိတ်နေတဲ့ သူ့ကို အစိုင်းက မေးလိုက်တယ်။တဆက်တည်းမှာပဲ-
"ပြီးခဲ့တဲ့
နှစ်တုန်းကလည်း ဖေကြီးမွေးနေ့ကို မေကြီးမေ့နေခဲ့တာနော်"
တကယ်တော့
သူ့သားရဲ့ နေ့စဥ်ကိစ္စဝိစ္စတွေကလွဲရင်
ဘယ်လိုအရာမျိုးကိုမှ
သူ အမှတ်မထားခဲ့မိတော့တာ ကြာပြီ။ပြီးတော့ တချိန်ချိန်မှာ သူနဲ့သူ့သားအနာဂတ်အတွက်
ပြင်ဆင်စရာရှိတာ
ပြင်ဆင်ရဦးမှာ မဟုတ်လား။
"သားက
ဘာစဥ်းစားထားလို့လဲ"
နွေရီရာ
တယောက် ကော်ဖီဖျော်ဖို့ စိုင်းပြင်းရင်းက သူ့သားကို မေးခွန်းထုတ်လိုက်တယ်။မနက်ကတည်းက
ကျိုခဲ့ပြီးသား နွားနို့ကို ပြန်နွှေးတယ်။တလက်စတည်း
ညနေစာအတွက်ပါ ပြင်ဆင်ဖို့ လုပ်တယ်။သူ့သား ဆေးစစ်ချက်စာရွက်ကိုတော့
သူ့အခန်းထဲက ဗီရိုထဲမှာသိမ်းထားလိုက်တယ်။
"သားကတော့ ဖေကြီးကိုပဲ ပြန်မေးတော့မယ်၊နှစ်တိုင်း
အားကစားအင်္ကျီတွေချည်း
ပေးနေရတာ ပျင်းလာပြီ…"
ညနေ
နေရောင်ချည်ဟာ အချိန်အနည်းငယ်အကြာမှာတော့
ပုဇွန်ဆီရောင်သမ်းလာခဲ့ပြီ။
"သား… ထမင်းစားပြီးရင် အခန်းထဲသွားနှင့်တော့နော်… မေကြီး နောက်က
လိုက်ခဲ့မယ် ဟုတ်ပြီလား"
အစိုင်းက
ဟုတ်လို့ပြောပြီး
ထမင်းဆက်စားနေတယ်။အဲ့အချိန်
အိမ်အပြင်ဘက်ကနေ
အမြဲတစေ ကြားနေကြ ဆိုင်ကယ်စက်သံ ကြားလိုက်ရတယ်။တမာရနံ့တွေနဲ့အတူတူပေါ့။
အဆိုပါ
အချိန်ရောက်တိုင်း
နွေရီရာရဲ့ စိတ်အခြေအနေဟာ ဆောက်တည်ရာမရအောင် လှုပ်ရှားစမြဲ။ဒါပေမယ့်
အဆုံးမဲ့နွံအိုင်ကြီးအလယ်ကနေ
ရုန်းကန်ဖူးပွင့်လာတဲ့
ကြာပန်းပွင့်လို
မာနမျိုးနဲ့ သူ့ ချစ်ခြင်းမေတ္တာကို ရိုက်ချိုးပစ်နိုင်မြဲ။
"ဟာ… သားက ထမင်းတောင်
စားနေပြီလားကွ"
"ဟုတ်တယ်
ဖေကြီး၊မေကြီးက ထမင်းစောစောစားခိုင်းပြီး
အစောကြီး အိပ်ခိုင်းလို့"
ကလေးစကားကို
အတည်ပြုဖို့အတွက်
နွေရီရာဘက်ကို သူ လှမ်းကြည့်လိုက်တယ်။စာရေးစားပွဲမှာ
ထိုင်ရင်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့
ရီရာကတော့ လှည့်တောင် မကြည့်။
"ဘာတွေ
ရေးနေတာလဲ"လို့ ဒွန်က ရီရာ့ကို မေးလိုက်တယ်။
ဒွန်နဲ့ပတ်သက်တိုင်း
သူ့ အသင်္ခါရိက စိတ်ဟာ အမြဲတစေ ထိန်းချုပ်ရခက်နေတုန်း။အခုလည်း
ချက်ချင်းဆိုသလို…
"အလုပ်
လျှောက်လွှာ"
အသံက
ခပ်ဆတ်ဆတ်ဖြစ်သွားပေမယ့်
မျက်နှာကတော့ ရေခဲရိုက်ထားသလို အေးစက်စက်။သူ့အဖြေကြောင့်
ဒွန့်မျက်ပေါ်မှာ
ဘဝင်မကျတဲ့ အရိပ်တခု ပြုတ်ကျသွားတယ်။အစိုင်းတယောက်
အခန်းထဲ ဝင်သွားပြီးနောက်မှာတော့
သူတို့ အိမ်ကလေးဟာ ကမ္ဘာ့အပြင်က တိတ်ဆိတ်မှုလိုမျိုး ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။နှစ်ဦးသား
နာရီပေါင်းများစွာကြာအောင်
တဦးအသက်ရှုသံ တဦး နားစွင့်နေခဲ့တယ်။ဒီလိုအခြေအနေမျိုးနဲ့
နှစ်ပေါင်းများစွာ
ဖြတ်သန်းခဲ့ဖူးလို့ထင့်။အခုလို
အပြုအမူတွေဟာ တယောက်ဆီကတယောက် မရမနေရ ရပိုင်ခွင့်တခုခုလို ဖြစ်တည်လာခဲ့ကြပြီကော။
"သားက
မွေးနေ့လက်ဆောင်ပေးဖို့
ပြောနေတယ်"
ဒွန်က
သူ့အဝတ်ဗီရိုကို
ဖွင့်ပြီး သူ့သားမမြင်ဖူးသေးတဲ့ အားကစားဝတ်စုံကို ယူလိုက်တယ်။
"ခါတိုင်းလိုပေါ့…"လို့ ပြောရင်း နွေရီရာနားမှာ ထားလိုက်တယ်။
"မနက်ဖြန်
သားကို ကျောင်းပို့ပေးလိုက်ဦး၊ကျွန်မ
သွားစရာ ရှိလို့"
သူတို့
နှစ်ဦးစလုံးဟာ ပထမခြေလှမ်း စတင်ဖို့ ကြောက်ရွံ့နေကြတဲ့ အထီးကျန် ဝေဒနာကို ထွေးပိုက်ထားကြရင်း… ပြည့်နှက်လာတဲ့ သံယောဇဥ်ထုထည်တွေကို ဖယ်ခွာချနေကြတယ်။
ဒွန်က
သူ့အိပ်ခန်းတံခါးဝနားကနေ
နွေရီရာကို နူးညံ့နွေးထွေးတဲ့ အကြည့်နဲ့ ကြည့်ပြီး "ဂွတ်နိုက်…"လို့ ပြောလိုက်တယ်။ရီရာကလည်း
"ဂွတ်နိုက်"လို့ ပြန်ပြောခဲ့သလား၊မပြောခဲ့ဘူးလား
… ဆိုတာ ဒွန် မသိမိလိုက်တော့ဘူး။
(၄)
မနက်
အရုဏ်တက်ခါစ မှာပဲ ရနေကြ ရေမွှေးရနံ့ကြောင့် ဒွန် အိပ်ရာကနိုးလာခဲ့တယ်။အိပ်ရာက
မထသေးဘဲ ညက အိပ်မက်အကြောင်း ပြန်စဥ်းစားတယ်။မှုန်မှုန်ဖွဲဖွဲအရိပ်မည်းတွေဟာ
ပင်လယ်ကမ်းစပ်နားမှာ
ကခုန်ပျော်မြူးနေကြတယ်။ဖမ်းဆုပ်လို့မရတဲ့
နာမ်အရိပ်မည်းတွေဆီကနေ
သူ့မိန်းမနွေရီရာ့ဆီက
ရနေကြ ရနံ့တမျိုး ထွက်နေကြတယ်။ပြန်စာမလာတဲ့
လူတယောက်ဆီ စာတိုက်အိုကလေးကနေ တဆင့် စာပေါင်းများစွာ ပေးပို့တဲ့ အခြေအနေမျိုးနဲ့။ပြီးတော့
သူကိုယ်တိုင် အတိုင်းအဆမဲ့ နေရာမဲ့ သုမုဒ္ဒရာကြမ်းပြင်အောက်ဆီ
တဖွဲဖွဲနဲ့ ပြုတ်ကျသွားတယ်။
တံခါးဖွင့်သံ၊ခြေသံဖွဖွနဲ့
ထွက်ခွာသွားသံ၊ဘရာဇီးနှင်းဆီရနံ့
တွေ ပြန့်ကျဲ မွှေးမြသွားပြီး တစတစ ပျက်ပြယ်သွားချိန်တွေမှာတော့
နွေရီရာတယောက် အပြင်ကို ထွက်သွားခဲ့ပြီဆိုတာ သူသိလိုက်တယ်။
"ဖေကြီးမွေးနေ့မှာ
သား ဘာလုပ်ပေးရမလဲ"
ကျောင်းပို့သွားရာ
လမ်းတလျှောက် နိုဝင်ဘာရဲ့ လေပြေက ရန်အောင်မြင်တခွင် စိုဆွတ်အေးမြနေတယ်။ချင်းနင်းဝင်ရောက်နေပြီဖြစ်တဲ့
အေးမြတဲ့ဆောင်းလေကြောင့်
လူတိုင်းဟာ အနွေးထည်ထူထူထဲထဲကြားထဲ
ထာဝရရှင်သန်ခြင်းကို
ရှာဖွေနေကြပုံနဲ့။အစိုင်းရဲ့
မေးခွန်းကို သူ ပြန်မဖြေပေးခဲ့ပါဘူး။သူ့သားကို
ကျောင်းပေါက်ဝအထိ
ပို့တယ်။
"စာကြိုးစားနော်
…သား"လို့ ပြောပြီး ကျောင်းဝန်းထဲ ဝင်သွားတဲ့ အစိုင်းကျောပြင်ကို ငေးနေခဲ့တယ်။စိတ်ထဲမှာတော့
ပင်လယ်ကြမ်းပြင်အောက်မှာ
လှုပ်တဲ့ငလျင်လိုမျိုး
'မပေးလည်းရပါတယ်…ပေးမှ ဖြစ်မယ်ဆိုရင်တော့
… တခုခုပေါ့ သားရယ်'လို့ တိုးဖွဖွ မြည်ဟိန်းနေခဲ့တယ်။
အားကစားရုံဆီသွားတယ်။လွန်ခဲ့တဲ့
နှစ်ပေါင်းများစွာက
ဒဏ္ဍာရီလိုလို၊ပုံပြင်လိုလိုနဲ့
လူတွေ ပြောခဲ့ဖူးတဲ့ သဲသောင်ပြင်ကျယ်ကြီးနားကနေ
ဖြတ်လျှောက်တယ်။
အစကနဦးရန်အောင်မြင်ရဲ့
အေးချမ်းတဲ့ ကာလတွေတုန်းက အဆိုပါသဲသောင်ပြင်ကျယ်ကြီးဟာ
အေးမြတဲ့ ရေကန်ကြီးတကန်ဖြစ်ခဲ့တယ်။ရန်အောင်မြင်ရဲ့
အချစ်တတ်ဆုံး စိတ်ကူးယဥ်လူသားလို့ လူတွေ ဆိုတတ်ကြတဲ့ လူတယောက်ဟာ သူချစ်တဲ့ မိန်းမ မီးဖွားပြီး သေဆုံးသွားချိန် ကစလို့ အရူးတယောက်လို ဖြစ်သွားခဲ့တယ်။တခြားသူတွေရဲ့
ဖြစ်ချင်သမျှ စိတ်ကူးတွေကို သူက ကိုယ်စားစိတ်ကူးယဥ်ပေးတဲ့
အလုပ်ကို လုပ်တယ်။အခကြေးငွေအဖြစ်
သူတို့စိတ်ကူးယဥ်ဆန္ဒထဲက
အနည်းငယ်ကိုပဲ ဖဲ့ပေးရတယ်။ကပ်ရောဂါ ကာလကြီးရဲ့ အဆိုးရွားဆုံးကာလတွေမှာတော့
သူဟာ သူ့သမီးရက်သားလေးကိုရင်ခွင်ပိုက်၊ကန်ရေပြင်ကျယ်ကြီးထဲ
ခုန်ဆင်းပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်။သူတို့
သားအဖခုန်ဆင်းပြီးနောက်
ကန်ရေပြင်ကြီးဟာ
တမဟုတ်ချင်း ခြောက်သွေ့သွားခဲ့ပြီး
ဖုန်တွေ သဲတွေ အက်ကွဲကြောင်းတွေ အတိပြီးတဲ့ ဖုန်းဆိုးမြေပြင်ကြီးအဖြစ်
ပြောင်းလဲသွားခဲ့တယ်လို့
မြို့ခံလူကြီးတွေက
ဆိုခဲ့ကြတယ်။
အားကစားရုံရောက်တော့
ရန်ကြီးနောင် ရောက်နေတာ တွေ့လိုက်ရတယ်။မြေအောက်
ပွဲတခုအတွက် နေရာတနေရာ ရှာတွေ့လို့ သွားကြည့်ချင်တယ်၊လိုက်ခဲ့ဦး
လို့ သူကဆိုတယ်။"မနက်စာကောလား"လို့ ဒွန်က ပြန်ပြောရင်း နှစ်ဦးသား လမ်းလျှောက်ပြီး ထွက်လာခဲ့လိုက်တယ်။
"ဘယ်နေရာလဲ
မိုက်ခ်"
"ရတနာ
နတ်မိမယ် စံအိမ်လို့တော့ ပြောတယ်"
ခေတ်အဆက်ဆက်မှာ
ပုံစံအမျိုးမျိုးနဲ့
အသုံးတော်ခံခဲ့တဲ့
ရန်အောင်မြင်မြို့
ယဥ်ကျေးမှုအကြွင်းအကျန်နေရာကြီးလို့
ရန်ကြီးနောင်က ဆိုတယ်။အုတ်ဆွေးအပဲ့အရွဲ့တွေကြားထဲ
ကမ္ဘာဦးကတည်းက ရှင်သန်ခဲ့ကြတဲ့ ပိုးဟပ်တွေ ကြီးစိုးရာ နေရာ၊ပြည့်တန်ဆာတွေ၊ ဆိတ်ကွယ်ရာ ကိုယ်လက်နှီးနှောလိုကြသူတွေရဲ့
ပျော်ရာနေရာကြီးပါကွာ လို့လည်း
စီးကရက်မီးညှိရင်း
ပြောနေခဲ့တယ်။
"ထူးဆန်းတာ
တခုက အဲ့တိုက်အိုကြီးရဲ့ ရတနာနတ်မိမယ် စံအိမ်ဆိုတဲ့ စာလုံးကြီးတွေပဲကွ၊ဘယ်သူတွေ
ဘယ်လိုပဲ ဖျက်ပစ်ဖို့ကြိုးစားခဲ့
ကြိုးစားခဲ့ အဲ့ဒီစာလုံးတွေက အရာတောင် မယွင်းခဲ့ဖူးဘူးတဲ့မောင်"
ရာဇသင်္ဂဟ
လမ်းထောင့်ရောက်တော့
ဒွန်က မနက်စာအရင်ဝင်စားကြမယ်လို့
ပြောရင်း ယုချောင်ယွန်း ခေါက်ဆွဲဆိုင်ထဲ ဝင်ထိုင်လိုက်ကြတယ်။ခေါက်ဆွဲတပွဲစီကို
ဘီယာတလုံးစီနဲ့ မျောချပြီးချိန်အထိ နှစ်ယောက်စလုံး ခေါင်းမဖော်ခဲ့ကြဘူး။အကြော်နံ့၊ဆီမွှေးရနံ့နဲ့
အတိတ်ရဲ့ အနွမ်းဆုံးသော ရနံ့တွေ ပြည့်သိပ်နေတဲ့ ဆိုင်ထဲ ရုတ်တရက် ဘရာဇီးနှင်းဆီရနံ့တခုက
ဒွန့်နှာသီးဝဆီ လာပွတ်တိုက်တယ်။သူ ဘေးဘီဝဲယာ လိုက်ကြည့်တယ်။ရနံဟာ ဆိုင်ထဲမှာ ဝေ့ဝဲနေတာမဟုတ်။အပြင်ဘက်ကို
လိုက်ကြည့်တယ်။မုဆိုးတယောက်
သားကောင်ပြေးရာလမ်းကြောင်းကို
အနံ့ခံပုံမျိုးနဲ့။ဟော…တွေ့ပြီ။
နှစ်ပေါင်းများစွာ
ရင်းနှီးခဲ့ဖူးတဲ့
အရေပြား၊အနွေးထွေးဆုံးသော
ရနံ့တွေ သင်းပျံ့ရာ ခန္ဓာ နွေရီရာ…။သူ့မိန်းမ ဒီလမ်းဘက် ဘာလာလုပ်ပါလိမ့်။နွေရီရာဟာ
ကြပ်ခိုးတွေ ပြည့်သိပ်နေတဲ့ ခေါက်ဆွဲဆိုင်ထဲက ဒွန်တို့ကို မမြင်ပါဘူး။မြို့မ လက်ဖက်ရည်ဆိုင်ထဲကနေ ထွက်လာတဲ့ အမျိုးသားတဦးနဲ့ ရာဇသင်္ဂဟလမ်းအတိုင်း လျှောက်သွားတာကို တွေ့လိုက်ရတယ်။ဆီရွှဲနေတဲ့
ဆံပင်ခပ်တိုတိုကို
သေသေသပ်သပ် ဖီးလိမ်းပြင်ဆင်ထားပြီး
ရှပ်အဖြူဝတ်ထားတဲ့
အမျိုးသားရဲ့ မျက်နှာကို ရိပ်ခနဲ
မြင်တော့
ဒွန့်ရင်ခွင်ထဲ အပြင်းထန်ဆုံးသော မုန်တိုင်းဟာ တိုက်ခတ်စပြုနေခဲ့ပြီ။ဒီလူ့ကို
သူမြင်ဖူးတယ်။ဘယ်မှာမြင်ဖူးပါလိမ့်…။ခေါင်းထဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့
ဒွိဟစိတ်နဲ့ သူက ရန်ကြီးနောင်ကို-
"လာ…မိုက်ခ်…
ဟိုမှာ ငါ့မိန်းမ…သူတို့ နောက်
လိုက်ကြည့်ကြရအောင်"
သူတို့
နွေရီရာနဲ့ လူစိမ်းတို့ရဲ့ နောက်ကို ထပ်ကြပ်မကွာလိုက်ကြည့်ကြတယ်။သူ့ခြေထောက်တွေဟာ
လုံလောက်တဲ့ တိတ်ဆိတ်မှုမျိုးနဲ့ လျှောက်လှမ်းနေပေမယ့်လို့
ရီရာနဲ့လူစိမ်းကျောပြင်ကို
ကြည့်ရင်း ခပ်ချွန်ချွန်သစ်သားချောင်းကြီးတချောင်းဟာ
သူ့ ဘယ်ဘက်ရင်အုံထဲ တဆစ်ပြီးတဆစ် ထိုးသွင်းနေတဲ့ ဝေဒနာမျိုး သိသိသာသာကြီး ခံစားနေခဲ့ရတယ်။မနက်ခင်းနေရောင်ခြည်နွေးနွေးအောက်မှာ
တဆယ့်သုံးနှစ်သားအရွယ်တုန်းက
မက်ခဲ့ဖူးတဲ့ အိပ်မက်ကို ပြန်တမ်းနေသူတယောက်က စီးကရက်အပိုင်းအစတွေကို
ဝါးစားနေတဲ့ လမ်းကိုဖြတ်တယ်။နှစ်သုံးလီခြောက်လို့
ကလေးစာအံသံစူးစူးထွက်ပေါ်ရာ
လမ်းဘေးက အိမ်တွေနားကနေ ချိုးကွေ့။ဘယ်တော့မှ ရောက်မလာတော့မယ့် စာအိတ်တခုကို မျှော်ရင်း အကြမ်းမဖက်အာဏာဖီဆန်ခြင်း
သပိတ်မှာ ပါဝင်လှုပ်ရှားခဲ့ဖူးသူ
ဝန်ထမ်းအိုကြီးရဲ့
ဓနိမိုးတဲကို ကျောခိုင်း။အတိတ်ကာလတုန်းက
လူသတ်ပွဲကြီးတွေကြောင့်
သွေးချောင်းစီးသွားတာကို
မျက်မြင်တွေ့ခဲ့ရသူ
လူအိုကြီးရဲ့ ရှေးဘာသာစကားတတွတ်တွတ်နဲ့
ရွတ်ဆိုတဲ့ ကျူးကျော်တဲရှိရာ လမ်းမကို ဖြတ်ကျော်ပြီးချိန်မှာတော့
နွေရီရာနဲ့ လူစိမ်းတို့ဟာ ကြယ်တွေကိုသာ ရေတွက်ဖို့လောက်ပဲ အသုံးကျတော့တဲ့ အုတ်ကျွတ်မိုးတွေ မိုးထားရာ တိုက်အိုကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
ရန်ကြီးနောင်က
ပြူးတူတူးပြဲတဲတဲနဲ့-
"ရတနာ
နတ်မိမယ် စံအိမ်ဆိုတာ အဲ့ဒီတိုက်ကြီးပေါ့ကွာ"
(၅)
ညနေ
ကျောင်းဆင်းချိန်… ဘယ်တော့မှ နောက်ကျပြီး
လာမကြိုတတ်တဲ့ ဖခင်ဟာ ဒီနေ့မှာတော့ အစိုင်းကျောင်းဆင်းပြီးလို့
နာရီဝက်ကြာချိန်အထိ
ရောက်မလာနိုင်သေးပါဘူး။ကျောင်းကြိုလာတဲ့
ဘက်စ်ကားတွေ၊ကျောင်းသားမိဘတွေ၊ဆရာ
ဆရာမတွေ တစ တစနဲ့ နည်းပါးသွားချိန်အထိ အစိုင်းတယောက် သူ့အဖေကို စောင့်နေခဲ့တယ်။
လူမှန်းသိတတ်စကတည်းက
ဖခင်ရဲ့ အသိအမှတ်ပြုမှု တခုခုရဖို့ အမြဲတစေအားထုတ်ခဲ့ရတဲ့
အစိုင်းဟာ အလယ်တန်းကျောင်းသားတဦးဖြစ်နေချိန်တွေအထိ
ကြိုးစားအားထုတ်မှု
လျော့မသွားခဲ့သေးပါဘူး။အတန်းထဲမှာ
အဆင့် အေ ရရှိချိန်တိုင်း ကျောင်းအဖြေလွှာစာရွက်အပြာရောင်လေးကို
ဖခင်ဆီသာ အပြေးအလွှားယူသွားတတ်စမြဲ။ကျောင်းရဲ့
အပျော်တမ်းလက်ဝှေ့ပွဲတွေမှာလည်း
သူအဖေတယောက် လာရောက်အားပေးမလားဆိုတဲ့
မျှော်လင့်ချက်နဲ့
ဝင်ရောက်ယှဥ်ပြိုင်တတ်တယ်။ဒါပေမယ့်
သူအဖေဟာ သူ့အားကစားရုံထဲကနေ ခြေတဖွားဝါးမှ မခွာခဲ့သလို ကော်ဖီမွှေပေးတာကအစ၊ခဲတံချွန်ပေးတာအဆုံး
ဘယ်လိုအသေးအဖွဲအယုအယမျိုးကိုမှ
သူ့ဆီ ကမ်းမပေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။အစိုင်းရဲ့ စိတ်ကူးထဲ သူ့ဖခင်တယောက် သူ့လက်ကိုတွဲပြီး တော်လိုက်တဲ့ ငါ့သားလို့ အသိအမှတ်ပြုခံရဖို့ဟာ အလိုချင်ဆုံးနဲ့ အဖြစ်ချင်ဆုံးဆန္ဒလို့
သူကိုယ်တိုင်မသိမိလိုက်ချိန်မှာပဲ
အမြစ်တခုလို ဝင်ရောက်ခိုင်မြဲနေခဲ့ပြီလေ။
ကျောင်းစောင့်အဘိုးကြီးရဲ့
ကျောင်းတံခါးပိတ်သံ
ခပ်သဲ့သဲ့ ထွက်ပေါ်လာချိန်ရောက်တော့မှ
လမ်းတဆစ်ချိုးကနေ
ဖခင်ဖြစ်သူရဲ့ ယိုင်နဲ့နဲ့ ကိုယ်ခန္ဓာဟာ သူ့ဆီ တလိမ့်ကောက်ကွေး ပြုတ်ကျလာသလို လာနေတာကို တွေ့လိုက်ရတယ်။အနားရောက်တော့
ဖခင်ဆီက ရနေကြ ချွေးနံ့မျိုး မရဘဲ ချဥ်စုတ်စုတ် ရနံ့တမျိုးက အစိုင်းနှာသီးဝထဲ ဗလုံးဗထွေး ရနေခဲ့တယ်။
"စောင့်နေတာ
ကြာသွားပြီလား ငါ့သား"
သူ
ပြောပုံက ခုမှတွေ့ဖူးတဲ့ သူစိမ်းတယောက်ကို နှုတ်ဆက်သလိုမျိုး။
အစိုင်း
အဖြေမပေးခင် ဒွန်ကပဲ ဆက်ပြီးတော့-
"သား
အဖေ့အတွက် မွေးနေ့လက်ဆောင် ပေးဖို့အသင့်ပဲလား"
ဒီစကားကြောင့်
မှိုင်တွေနေတဲ့ အစိုင်းဟာ ပြန်ပြီး ရွှင်မြူးတက်ကြွသွားတယ်။"ဒါပေါ့ဖေကြီးရဲ့"လို့ ပြောပြီး ဖခင်လက်ကို တွဲလိုက်တယ်။လက်ဖဝါးဟာ
သူအမြဲထိတွေ့နေကြ
မာကျောကြမ်းတဲ့ လက်ဖဝါး။
"ဒါဆိုလည်း
မွေးနေ့လက်ဆောင်ပေးမယ့်
နေရာကို သွားကြရအောင်…"
ရွှင်မြူးနေတဲ့
သားကိုကြည့်ရင်း
ပြီးခဲ့တဲ့ နာရီအနည်းငယ်က စိတ်အခြေအနေကို ဒွန်က ပြန်စမ်းကြည့်နေခဲ့တယ်။
ရတနာနတ်မိမယ်
စံအိမ်အိုကြီးရဲ့
ခြံဝ ရောက်တော့ အံအားသင့်စရာကောင်းလောက်အောင်
သူ့စိတ်အခြေအနေဟာ
မသိစိတ်နဲ့အတူတူ
ရှင်သန်နေခဲ့တယ်ဆိုတာ
သိလိုက်ရတယ်။အဆောက်အဦရဲ့
အမှောင်ရိပ်ကြောင့်
တိတိကျကျပြတ်ပြတ်သားသား
မမြင်ရပေမယ့် လူစိမ်းရဲ့ မျက်နှာဟာ သူ တနေရာရာမှာ အမြဲတစေတွေ့ခဲ့ဖူးတဲ့ မျက်နှာဆိုတာ ယုံမှားစရာမရှိ။ဦးနှောက်ထဲက
သွေးတွေ ပေါက်ထွက်မတတ်စဥ်းစားတယ်။ရင်ဘတ်ထဲကနေ
ဆစ်ခနဲနာကျင်သွားတဲ့
ဝေဒနာနဲ့အတူတူ သူသိလိုက်ပါပြီ။အဆိုပါ
လူစိမ်းဟာ သူ့မိန်းမ နွေရီရာ့ရဲ့ ပထမအိမ်ထောင်သည်။ပြတ်ပြတ်ထင်ထင်
သိမိလိုက်တဲ့အချိန်
ဒတင်္ဂလေးမှာပဲ ကမ္ဘာကြီးတခုလုံးဟာ ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။ကြွေလက်စ
သစ်ရွက်ခြောက်တွေဟာ
လေပေါ်မှာရပ်တန့်၊ဝင်သက်ထွက်သက်တွေ
နှေးကွေး၊ဝင်ရိုးစွန်းရဲ့ထောင့်တနေရာက
ရယ်သံခပ်သဲ့သဲ့ဟာ
ပြာမှုန်တွေလို လိမ့်လိမ့်လှဲလှဲ မွှေးမွှေးမြမြနဲ့ တစတစဝေးကွာသွားသလို သူ စူးစူးနစ်နစ် ခံစားနေခဲ့ရပြီ။အသက်ရှုရခက်လောက်အောင်
မွန်းကြပ်လာတဲ့ စိတ်အပိုင်းအစတွေကို သူ ပြန်ကောက်ယူဖို့ကြိုးစားတယ်။ဟီရိုရှီးမားမြို့အပေါ်
ဗုံးကြဲလိုက်တဲ့မြင်ကွင်းကို
ကိုယ်တွေ့မြင်တွေ့ရသူ
တယောက်လို၊မျိုးနွယ်တူ
စစ်ဘေးရှောင် ကလေးငယ်တွေနဲ့လူအိုတွေအပေါ်
ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်တဲ့
မြင်ကွင်းကို မြင်တွေ့လိုက်သူ တယောက်လို၊နာလိုခံခက် စိတ်ရနံ့တွေဟာ ဆံဖြားကနေ ခြေသည်းကြားအထိ အပြည့်အနှက် ပြွတ်သိပ်နေရာယူသွားကြတယ်။အချစ်ရယ်………။
ဘာတွေပြောသွားမှန်း
မသိ၊မကြားလိုက်ရပေမယ့်
နွေရီရာနဲ့လူစိမ်းတို့ရဲ့
အပြုအမူဟာ ကြောက်စရာကောင်းလောက်အောင်
အိန္ဒြေမဲ့နေတာကို
သူ တွေ့လိုက်ရတယ်။
"လာဗျာ
မိုက်ခ်၊တခုခုသွားသောက်ရအောင်"
ရန်ကြီးနောင်က
အလိုက်တသင့်ပဲ သွားကြတာပေါ့ ဆိုပြီး သူတို့ စံအိမ်ကြီးကနေ ထွက်လာခဲ့ကြတယ်။ဒွန့်ခေါင်းထဲမှာတော့
မေးခွန်းပေါင်းမြောက်များစွာဟာ
ပဟေဠိတခုလို အစုလိုက်အပြုံလိုက်နေရာယူထားဆဲ။သူတို့
ဘယ်အချိန်ကတည်းက
ဆက်သွယ်နေခဲ့တာလဲ။သူ့မိန်းမ
သူ့အပေါ် နှစ်ပေါင်းများစွာစိမ်းကားနေခဲ့တဲ့
အကြောင်းအရင်းက ဒါကြောင့်လား။ဘာလဲကွာ…။ငါ ဘာကောင်လဲ။ဒီလောက်
ရိုးရှင်းတဲ့ အခြေခံအကြောင်းတရားလောက်ကိုတောင်
မသိမမြင်ရလောက်အောင်
ဘယလို့ မိုက်မဲခဲ့တာလဲ။မဟုတ်ဘူး။ဘာလို့
ယုံယုံကြည်ကြည်နဲ့
ချစ်ခဲ့တာလဲ…။ဘာလဲ…။ဘာလဲ……။
သူတို့
သက်ကြီးဘားထဲ ဝင်ထိုင်ကြတယ်။ခါတိုင်း
ဘီယာကိုသာ အရသာခံပြီး တမြုံ့မြုံ့ သောက်တတ်တဲ့ ဒွန်ဟာ ခုချိန်မှာတော့ အပြင်းဆုံးဝီစကီတွေကို
တခွက်ပြီးတခွက်မော့နေခဲ့တယ်။ရန်ကြီးနောင်ကလည်း
ယောကျ်ားချင်း အလိုက်တသိဘဲ တိတ်တဆိတ် ဝီစကီကို နည်းနည်းချင်းမျှင်းသောက်ပေးနေခဲ့တယ်။
"ခင်ဗျားသိလား
မိုက်ခ်…"
ရန်ကြီးနောင်က
ဘာတုံးဆိုတဲ့ သဘောနဲ့ မျက်ခုံးပင့်ပြလိုက်တယ်။
"ကျုပ်မိန်းမ
နွေရီရာ့ဆီမှာ အရင်က ယောကျ်ား တယောက်ရှိခဲ့ဖူးတယ်ဗျ"
ရန်ကြီးနောင်
မျက်လုံးပြူးသွားတယ်။သောက်နေတဲ့
ဝီစကီချိုတမြမြဟာ
ဆော့ခရေးတီးစ်သောက်တဲ့
အဆိပ်ခွက်လို အရသာမျိုး ပြောင်းလဲသွားသယောင်ယောင်။
"သူတို့က
တရားဝင်ကွာရှင်းထားတာ
မဟုတ်ဘူး၊ဒါကြောင့်
မြို့တော်ကနေ ကျုပ်တို့ ခြေရာဖျောက်ပြီး ဒီမြို့ကို ပြောင်းခဲ့ကြတာပဲ"
ဒွန်က
နောက်ထပ် နှစ်ခွက်ဆင့် မော့ပြီးချိန်အထိ နှုတ်ဆိတ်သွားပြန်တယ်။မျက်နှာတခုလုံးဟာ
ခရမ်းချဥ်သီးမှည့်သလိုမျိုး
ရဲပတောင်းခတ်နေခဲ့ပြီ။
"အစောက
ကျုပ်မိန်းမနဲ့ အတူတူတွေ့လိုက်တဲ့ ဘဲက သူ့အရင်ယောကျ်ားပေါ့ဗျာ…"
"…………"
"ရည်းစားဖြစ်ပြီး… ပူလောင်တဲ့ နွေတခုမှာ သူ့ပုံကို
ကျုပ်မြင်ဖူးခဲ့တာ…"
စီးကရက်
တဘူးကုန်သွားချိန်အထိ
သူတို့ တိတ်ဆိတ်သွားကြပြန်တယ်။ဒီနေ့မှ
စီးကရက်အရသာဟာ နတ်သျှင်နောင်ရဲ့ ရတုအရသာမျိုး ရနေခဲ့တယ်။
"ငဝမ်းအတွက်
လက်ရည်စမ်းဖို့ ပွဲတခု စီစဥ်လိုက်ဗျာ"
"ဟေ…"
ဝမ်းသာရမလား၊ဝမ်းနည်းရမလား
ဝေခွဲမရတဲ့ ခံစားမှုမျိုးနဲ့ ရန်ကြီးနောင်က …"မင်း တကယ်လား"
"နေရာကို
အစောက ရတနာနတ်မိမယ် တိုက်ကြီးထဲ စီစဥ်လိုက်"
ညနေစောင်းရောက်ချိန်တိုင်း
တနေကုန်ခြောက်သွေ့ခဲ့တဲ့
အဆိုပါ ရတနာနတ်မိမယ်စံအိမ်ကြီးဟာ
သူခိုး၊ဂျပိုး၊ကလေကဝတို့
စတင်ပျော်မြူးဖို့ရာ
တာစူနေကြချိန်မဟုတ်လား။ရန်ကြီးနောင်အတွက်တော့
ပွဲတပွဲမှ မထိုးသတ်ခဲ့ဖူးသူ မြို့ရဲ့နာမည်ကျော် တက်သစ်စငဝမ်းကြောင့် ဗိုက်ခွေးနမ်းမယ့် အခွင့်အရေး ရရှိနေခဲ့ပြီ။
"ခင်ဗျား
အခုသွားလိုက်တော့
… ကိုမိုးဆီ ဝင်ပြောခဲ့၊ငဝမ်းကိုပါ
ခေါ်လာခဲ့ … သူ့ပြိုင်ဘက်ကို ကျုပ်ခေါ်လာမယ်"
ငွေရှင်းပြီးနောက်
ဘယ်လိုပွဲမျိုး ဖြစ်ဖြစ် နာမည်တခုတပ်ပြီး ကြေးခေါ်တတ်တဲ့ ရန်ကြီးနောင်က ဘားဆိုင်တံခါးဝနားရောက်မှ
လှည့်ကြည့်ပြီး ဘယ်လိုနာမည်နဲ့ ကြေးခေါ်လိုက်ရမလဲ ဒွန်လို့ ပြောလိုက်တယ်။စူးရှတောက်ပပြီး
ဝေဝါးမှုန်ရီနေတဲ့
အကြည့်တွေနဲ့ ဒွန်ရဲ့ ဝမ်းခေါင်းထဲက လှိုက်ခနဲ တက်လာတဲ့ အသံက သက်ကြီးဘားတခုလုံးထဲ ပြည့်သိပ်သွားခဲ့တယ်။
"abhorring match"
(၆)
နောက်ထပ်
ရက်အနည်းငယ်အတွင်း
သူတက်ကျွမ်းတဲ့ အင်ဂျင်နီယာအလုပ်ကို ပြန်လုပ်ရတော့မှာမို့ နွေရီရာတယောက် မြူးတူးနေခဲ့တယ်။မဝေးတော့တဲ့
အနာဂတ်ကာလတခုမှာ
သူနဲ့သူ့သားတို့
အေးချမ်းတဲ့ တောင်ပေါ်မြို့လေး တမြို့မှာ အိမ်လေးတလုံးဝယ်ပြီး အေးအေးလူလူ ရှင်သန်သွားဖို့ လုံလောက်တဲ့ အလုပ်တခု ရတော့မယ်ဆိုတဲ့ အသိက ရီရာ့တကိုယ်လုံး လှည့်ပတ်စီးဆင်းနေတဲ့ သွေးကြောတွေထဲ ကဆုန်ပေါက်ကခုန်လို့။မပျော်ရွှင်နိုင်တဲ့
အိမ်ထောင်ရေး၊ဟန်ဆောင်လိမ်ညာဖုံးကွယ်ထားတဲ့
ဘဝအသေတခုကို နောက်ဆုံးတော့ သူ အနားသတ်နိုင်ခဲ့ပြီ။အဆင်မပြေတဲ့
ကန့်လန့်ဝါကျတကြောင်းကို
ပုဒ်မ ချနိုင်ခဲ့ပြီ။ကမ္ဘာကြီးဟာ
ထူးဆန်းပါဘိ။လွန်ခဲ့တဲ့
ရက်အနည်းငယ်က အလုပ်အေဂျင်စီ တခုရဲ့ အဆက်အသွယ်နဲ့ သန်းကြွယ်တယောက်ရဲ့ အဆောက်အဦးတခု ပြန်ပြုပြင်ချင်တယ်ဆိုတဲ့
အလုပ် လုပ်ဖို့ ကမ်းလှမ်းခံရတယ်။အလုပ်ရှင်သူဌေးဟာ
မြို့တော်ရဲ့ လမ်းမတွေမှာ အတူတကွ လက်တွဲခဲ့ဖူးသူ၊အိပ်ရာတခုတည်း
အိပ်စက်ရင်း ကိုယ်စီအသက်ရှုသံတွေကို
နားထောင်ခဲ့ဖူးတဲ့
သူ့ယောကျ်ားဟောင်းနဲ့
မျက်နှာချင်းထပ်တူနီးပါးကျတဲ့အထိ
တူနေတဲ့ သူ ဖြစ်နေပါရောလား။မေးရိုးအကျ၊နှာတံဖောင်းဖောင်း၊ပုခုံးဆစ်ခုံးခုံးနဲ့
သူဌေးကို မြင်မိတော့ သူ အတော်တောင် အံ့အားသင့်သွားခဲ့ရသေး။ဒါပေမယ့်
အလုပ်အကိုင်၊အနေအထိုင်၊စကားပြောသံ၊အပြုအမူတွေကတော့
ဆီနဲ့ရေ၊နံ့သာဆီနဲ့
အီးလို ကွာခြားပါဘိတောင်း။ဘယ်လိုပဲ
ဆိုဆို အလုပ်ရှင်ရဲ့ အသစ်ပြုပြင်မယ့် တိုက်ခန်းနေရာကို သွားကြည့်ကတည်းက သူ့အနာဂတ်အတွက် စိတ်တွေ လှုပ်ရှားနေခဲ့တယ်။
ရတနာနတ်မိမယ်
စံအိမ်ဆိုတဲ့ မြို့ရဲ့ အိုမင်းဟောင်းနွမ်းဆုံးသော
အဆောက်အဦကိုမှ ဘာလို့ ရွေးချယ်ခဲ့တာလဲ ဆိုတာကိုတော့ ရီရာ နားမလည်ခဲ့။ခေတ်အဆက်ဆက်
ဘယ်သူတည်ဆောက်ခဲ့မှန်းမသိ၊လက်ရှိ
ဘယ်သူပိုင်ဆိုင်မှန်းမသိတဲ့
အုတ်ပုံသာသာ နေရာမှာ စီးပွားရေးလုပ်မယ်ဆိုတာ
ဧရာမစွန့်စားခန်းကြီး
သဖွယ်မဟုတ်လား။
လွန်ခဲ့တဲ့
နှစ်ပေါင်းများစွာတုန်းကတော့
ရန်အောင်မြင်ရဲ့
ဒဏ္ဍာရီလာတော်လှန်ရေးခေါင်းဆောင်ကြီး
စိုင်းမိုးရဲ့ စံအိမ်လို့ လူတွေရဲ့ တဆင့်စကား၊တဆင့်နားကနေ
ကြားဖူးပေမယ့် ဒီစံအိမ်ဟာ ဘယ်သူပိုင်တယ်ဆိုတာ ရေရေရာရာသိတဲ့ လူ မရှိ။ခုလောလောဆယ်မှာတော့
ဆံပင်ဖြူတွေ အဖွေးသား၊အရစ်ရစ်သော အဆီဖိုင့်ဖိုင့်ကြီးတွေ
ဗိုက်ပတ်လည်မှာ ခွေထားသလိုမျိုး ဖြစ်နေတဲ့ မြို့အုပ်ရဲ့ အပိုင်လို့တော့ မြို့လူထုက သိထားကြတယ်လေ။မြို့မလက်ဖက်ရည်ဆိုင်မှာ
မြို့အုပ်နဲ့ စာချုပ်ကိစ္စ ညှိပြီး နွေရီရာနဲ့သူဌေးတို့ စံအိမ်ကြီးကို သွားကြည့်ကြတယ်။ပြင်ဆင်စရာ
ရှိတာ ပြင်ဆင်ဖို့၊လိုအပ်တဲ့ငွေကြေးအတွက်
မပူဖို့နဲ့ အကောင်းဆုံးနဲ့ အမြန်ဆုံး၊အလှပဆုံး ဒီဇိုင်းဖြစ်လာဖို့ နောက် သူစဥ်စားထားတဲ့ စီးပွာရေးအစီအစဥ် အကောင်အထည်ပေါ်လာဖို့ အစရှိတာတွေအတွက် သူတို့ ပြောဆိုကြပြီး စံအိမ်ထဲနေပဲ လမ်းခွဲထွက်လာခဲ့ကြတယ်။
ရာဇသင်္ဂဟ
လမ်းဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့
ညက တစတစ မှောင်ရီပျိုးလာခဲ့ပြီ။အသက်ရှူရုံနဲ့
ငရဲကျသွားစေလောက်တဲ့
ရန်အောင်မြင်မြို့ဟာ
နောက်ဆုံးတော့ သူ့အတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေးခဲ့ပြီ။စိတ်ကူးနဲ့
အိမ်အပြန်လမ်းဟာ
နွေးထွေးနေတုန်း… ရုတ်တရက် ချိုအီမွှေးမြတဲ့
ရနံ့တခုက သူ့နှာသီးဝဆီ အတင်းထိုးဆောင့်တယ်။ရုတ်ချည်း
ပိုးစုန်းကြူးအလင်းတန်းတွေနဲ့အတူတူ
သူ့အာရုံဟာ အနက်ရောင်ပင်လယ်ပြင်ထဲ
မိုက်ခနဲ ထိုးနစ်စူးစိုက်ဝင်သွားခဲ့တယ်။သူ
နောက်ဆုံးမြင်လိုက်ရတဲ့
မြင်ကွင်းက လူစိမ်းတဦးရဲ့ မျက်နှာ။ဓားခုတ်ရာ အမာရွတ်ကြီး ကန့်လန့်ဖြတ် အထင်းသားနဲ့ ရှေးဟောင်းရိုင်ဖယ်သေနတ်ကို
လွယ်၊ညစ်ထေးစုတ်ပြတ်နေတဲ့
ခြုံစောင်ကြီး လွှမ်းထားသူရဲ့ တစ္ဆေတကောင်လို အေးစက်စက်မျက်နှာ။
အဆိုပါ
တစ္ဆေမျက်နှာနဲ့
လူက ဖုန်အလိမ်းလိမ်းတက်နေတဲ့
သူ့ ဆံပင်ရှည်ကြီးတွေကို ဖြန့်ခင်းပြီး နှုတ်က တစုံတခုကို တတွတ်တွတ်နဲ့ ရွတ်နေခဲ့တယ်။
"ကြေးညို၊ကြေးညိုလေး… နောက်ဆုံးတော့ မင်းကိုတွေ့ရပြီပေါ့ ကြေးညိုလေးရယ်…"
အသံဟာ
ဝေးသွားလိုက်၊နီးလာလိုက်နဲ့
လှိုင်းတခုလို တုန်ခါနေခဲ့တယ်။ဖြည်းဖြည်းမှန်မှန်နဲ့
နီးသထက် နီးလာတဲ့နောက်မှာတော့ သင်္ဘောဥသြဆွဲသံလို ကျယ်လောင်လာခဲ့တယ်။
အသိစိတ်ဟာ
ခန္ဓာကိုယ်ဆီ ကပ်တာနဲ့တပြိုင်နက် ခေါင်းဟာ တဆစ်ဆစ်ကိုက်ခဲနေခဲ့တာကို
နွေရီရာ ခံစားလိုက်မိတယ်။မျက်လုံး
ဖွင့်ကြည့်တော့ အာရုံတွေက ဝေဝေဝါးဝါး…။ဆဲသံဆိုသံ အော်ဟစ်ဆူညံသံတွေဟာ နားနဲ့မဆံ့အောင် စူးရှကျယ်လောင်လွန်းနေခဲ့တယ်။သူ
လှုပ်ရှားကြည့်လိုက်မိချိန်မှာတော့
ပကတိ အခြေအနေတခုလုံးကို သုံးသပ်နိုင်တဲ့ အနေအထားအထိ အသိစိတ်ဟာ သိသိသာသာ တိုးတက်ကောင်းမွန်နေခဲ့ပြီ။
ကုလားထိုင်တလုံးပေါ်မှာ
သူ့လက်တွေကို ကျပ်ကျပ်တည်းတည်း ချည်နှောင်ထားပြီး စေးကပ်စေးထန်းတဲ့ တိတ်တခုနဲ့ သူ့ ပါးစပ်ကို ပိတ်ထားတယ်ဆိုတဲ့အကြောင်း၊ကြပ်ခိုးတွေ
အလိမ်းလိမ်း အုတ်ပဲ့အုတ်ရွဲ့တွေ တင်းကြမ်းပြည့်နှက်နေတဲ့
လရောင်ပျပျသာ အလင်းရောက်တဲ့ အခန်းငယ်အတွင်းမှာ သူရောက်ရှိနေကြောင်း၊ရှေ့က
ဧရာမထင်းမီးဖိုကြီးနား
လူတွေပတ်လည်ဝိုင်းပြီး
ဆူဆူညံညံနဲ့ အော်ဟစ်နေခဲ့တဲ့ အကြောင်း အစရှိတာတွေကို နွေရီရာ သိရှိခဲ့မိပြီ။
(၇)
ဘယ်လိုဖြစ်ပြီး
ဒီလိုအခြေအနေမျိုး
ရောက်လာခဲ့သလဲ ဆိုတာ ရီရာတယောက် စဥ်းစားရကြပ်နေခဲ့တယ်။သိစိတ်ဟာ
တစတစ ပီပြင်လာတယ်ဆိုရင်ပဲ ကြောက်စိတ်ဟာ ဖြည်းဖြည်းချင်း ကြီးစိုးလာခဲ့ပြီ။သူ အားကုန်ရုန်းကန်ကြည့်တယ်။အနည်းငယ်
ယိုင်နဲ့နဲ့ လှုပ်ရှားသွားတာလွဲရင်
အရာမရောက်။
"ရုန်းမနေနဲ့
ရီရာ…"
အသံကြောင့်
အခန်းထဲမှာ သူတယောက်တည်းမဟုတ်ဘဲ နောက်ထပ် လူတယောက် ရှိနေခဲ့တာကို သတိထားမိလိုက်တယ်။စီးကရက်မီးညှိနေတဲ့
သူ့ဆီကနေ တမာရနံ့ဟာ ထုံထုံကြိုင်ကြိုင်နဲ့
ဆွတ်ပျံ့လာတယ်။အသံကို
ရင်းနှီးနေခဲ့ရာက
စီးကရက်ကို ညှိလိုက်တဲ့ မီးရောင်ကြောင့် အသံရှင်ရဲ့မျက်နှာကို ရီရာသိရှိခဲ့ပြီ။
'ဒွန်…'လို့ စိတ်ထဲကနေ
တိုးဖွဖွရေရွတ်နေမိတယ်။
"ဘဝတလျှောက်လုံး
မင်းအတွက်ပဲ ရှင်သန်ဖို့ ဆုံးဖြတ်ထားခဲ့တာ ရီရာရဲ့…"
ဒွန်က
အပြင်ဘက်က လူအုပ်ကို ဆွေးဆွေးရီရီငေးရင်း စကားလုံးတွေကို အေးအေးဆေးဆေး ပြောနေခဲ့တယ်။လရောင်ပျပျဟာ
သူ့မျက်နှာပေါ်မှာ
တင်ကျန်နေတယ်။ဒေသတခု၊လွင်ပြင်ကျယ်တခု၊လှပတဲ့
ရှုခင်းတခုကို ငေးနေသလိုမျိုး အဝေးတနေရာကို ကြည့်ရင်း…
"ငါ
မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ နောက်ထပ် ဘယ်လိုများ သက်သေပြရဦးမှာလဲ ရီရာ…"
အဆုံးမဲ့ကြေကွဲခြင်း
နွံအိုင်ထဲ တစတစနစ်မြုပ်နေသူတယောက်လို
ဒွန့်စကားသံတွေထဲမှာ
ဝေဒနာတွေ ပြည့်သိပ်မို့မောက်နေခဲ့တယ်။ရီရာက
ရုန်းတယ်။ခေါင်းရမ်းတယ်။သူ့ယောကျာ်းရဲ့
စကားတွေကို သူ တလုံးမှ နားမလည်။ဘာတွေပြောနေတာလဲ။ဘာဖြစ်လို့
သူ့ယောကျ်ားက သူ့ကို ချုပ်ထားရတာလဲ။ရီရာတယောက်
ဘယ်လိုမှ ဝေခွဲလို့မရ။
"မင်းကို
ရူးရူးမူးမူး တိမ်းညွှတ်မိချိန်က စပြီး ငါ ဟာ နွယ်ပင်တပင်လို ပြောင်းလဲသွားခဲ့တယ်…ငါရှင်သန်မှီတွယ်ရာကလည်း မင်းလို့ တရားသေမှတ်ယူခဲ့တယ်"
နူးညံ့တဲ့
စကားလုံးတွေဟာ ရီရာနဲ့ဒွန်တို့ရဲ့ အတိတ်ကို စူးစူးစိုက်စိုက် ဖော်ပြနေသလိုမျိုး။ရီရာ့ရဲ့
မျက်ဝန်းတွေထဲမှာလည်း
နင့်နင့်သီးသီးချစ်ခဲ့တဲ့
အတိတ်ကာလက တဖြည်းဖြည်း နေရာယူလာခဲ့တယ်။တကယ်ပဲ
ကမ္ဘာကြီးရဲ့ ကြည်နူးဆွတ်ပျံ့စရာ အခြေအနေသန်းပေါင်းများစွာထဲမှာမှ
သူတို့ချစ်ခြင်းမေတ္တာဟာ
အုပ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်ခဲ့တာမဟုတ်လား။
"မင်းကို
ကိုယ် အရမ်းတန်ဘိုးထားခဲ့တာ ရီရာရဲ့…တယောက်ရဲ့ တန်ဘိုးထားတဲ့အတိုင်းအဆကို
ဒီ့ပြင်လူတယောက်ယောက်က
အတိအကျကြီး ဝင်ရောက်တွက်ချက် ခန့်မှန်းလို့မရတာ သဘာဝတရားပဲလေ…"
အပြင်က
လူအုပ်ကြီးရဲ့ 'ဟေး…'ခနဲ အော်သံကြောင့်
သူ အတန်ကြာ နှုတ်ဆိတ်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့
ဒွန့်စကားလုံးတွေဟာ
ဒေါသအသွင် တစတစပြောင်းလဲလာခဲ့တယ်။ခြောက်ခြားစရာကောင်းတဲ့
ဝါကျတွေ အစီအရီထွက်ပေါ်လာခဲ့တယ်။
"ငါ
က လင်ရှိမယားကိုမှ ပစ်မှားမိတဲ့ ဒိဌိတကောင်လား ရီရာ… မင်းရော ငါရော
အတူတူချစ်ခဲ့ကြတာ
မဟုတ်လား"
ရီရာက
လျင်လျင်မြန်မြန်ပဲ
ခေါင်းညိတ်တယ်။စကားကတော့
တိတ်ကပ်ထားလို့ ပြောလို့မရ။
"ငရဲဆိုတာတွေ၊အဖန်ဖန်ဝဋ်ဆင်းရဲခြင်းဆိုတာတွေ၊သံသရာကိုတောင်
ဆန့်ကျင်တိုက်ခိုက်ပြီး
ချစ်ခဲ့တာတောင်မှ
မင်းက လုပ်ရက်တယ် ရီရာရယ်…"
သြော်…ဒွန်က မွေးခန်းက
ထွက်ကတည်းက သူစိတ်မပြေသေးတာကို ဆိုလိုနေပုံရတယ်။ကျွန်မ
စိတ်မဆိုးတော့ပါဘူး။နှစ်တွေအကြာကြီး
ပစ်ထားမိလို့ မောင့်ကိုတောင်းပန်ပါတယ်။မွေးစားကလေးအတွက်လည်း
ဒေါသပြေပါပြီ…ဆိုတဲ့ ကယောင်ကတမ်း
စကားလုံးတွေ ပြောချင်ပေမယ့် နှုတ်က ပြောလို့မရ။ချွေးအိုင်ထဲ
နစ်နေတဲ့ ရီရာဟာ ခေါင်းတတွင်တွင် ညိတ်ပြ၊ခါယမ်းပြရုံကလွဲရင်
ကျန်တာဘာမှလုပ်မရခဲ့။
"မင်းရဲ့
ဒီနေ့အပြုအမူကွာ… အဲ့အပြုအမူက ငါ့ကို ရူးမတတ်ပဲ…ရူးမတတ်ပဲ…"
ရီရာ
မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျရင်းက
အကြီးအကျယ်အံ့အားသင့်သွားခဲ့ပြီ။ဒွန်တယောက်
အလုပ်ရှင်သူဌေးနဲ့
…သူနဲ့ကို…။သူသိလိုက်ပြီ…။သူ့ယောကျ်ား
ဘာကိုဆိုလိုတယ်ဆိုတာ
သူ ပြတ်ပြတ်ထင်ထင် သိလိုက်ပြီ။ပိုဆိုးတာက
သူ့ယောကျာ်းညွှန်ပြရာကို
ကြည့်လိုက်တော့ လူအုပ်ကြား၊လက်ဝှေ့ကြိုးဝိုင်းထဲမှာ
သူတို့သား အစိုင်း…။ဝတ်စုံပြည့်နဲ့ ချွေးသံရွှဲရွှဲ။သူနဲ့ ယှဥ်ထိုးနေသူက ဒွန့်ရဲ့ မွေးစားသား၊တပည့် ငဝမ်း။
ဒွန်က
ခြောက်ခြားစရာကောင်းတဲ့
အသံအက်ကွဲကြောင်းကြီးနဲ့
ရီရာ့ဘက်လှည့်၊တစ္ဆေတကောင်လို
အေးစက်စက် ပြုံးရင်း-
"သားက
မွေးနေ့လက်ဆောင်ပေးမလို့
ဆိုလို့လေ…"
နွေရီရာ့
တကိုယ်လုံး လေဖြတ်သူတယောက်လို အေးစက်ထုံကျင်သွားတယ်။မယုံကြည်နိုင်လောက်အောင်
သွေးအေးလွန်းတဲ့
ဒွန့်ကိုကြည့်ပြီး
ဘယ်အရာကိုမှ မမှတ်မိတော့တဲ့ လူတယောက်လို လက်ရှိပစ္စုပ္ပန်၊အတိတ်၊အနာဂတ်
ကာလအပိုင်းအခြားတွေအကုန်လုံးကို
မေ့သွားတယ်။ဖော်ပြစရာ
စကားလုံး တလုံးမှ ရှာမတွေ့တော့တဲ့ အခါ လူရဲ့ နောက်ဆုံး တုန့်ပြန်မှုက ဘာလဲ။သတိပြန်ဝင်လာတဲ့အခါ
ရီရာ တယောက် အတင်းရုန်းတယ်။ကန်တယ်။ကြိုးတုပ်ထားတဲ့
နေရာကနေ သွေးစိမ်းရှင်ရှင် ပန်းထွက်တဲ့အထိ ရုန်းတယ်။'ဟေး…'ခနဲ လူအုပ်ကြီးဆီက
အသံတခုထွက်လာတိုင်း
ငဝမ်းရဲ့ လက်သီးတလုံးက အစိုင်းမျက်နှာပေါ် ဆီ ကျတယ်။အစိုင်းမျက်နှာပေါ်
လက်သီးထိုးချက် တလုံးကျလာတိုင်း လည်ပင်းသွေးကြောတွေ တင်းရင်းပေါက်ထွက်မတတ်
ရီရာရုန်းတယ်။မျက်လုံးအိမ်ထဲ
သွေးရောင်လွှမ်းလာချိန်အထိ
ရီရာရုန်းတယ်။ဖားပေါင်စင်းလို
လည်ပင်းကြောတွေ ထောင်မတ်လာချိန်အထိ ရီရာ ရုန်းတယ်။
"ကဲ… နောက်ဆုံး အချီ… ကြေးလေးတွေ လာထား"
ရန်ကြီးနောင်ရဲ့
စစ်အောင်လာတဲ့ ဘင်ခရာတီးသံလို အသံသြကြီးက ပြန့်ထွက်လာတယ်။တွန်းထိုးရုန်းကန်နေဆဲ
ရီရာ့ရဲ့ ချွေးသံချွဲချွဲ ဆံနွယ်တွေကို ဒွန်က ဆုပ်ကိုင်ပြီး-
"ငါ့ဘဝရဲ့
အလိုအပ်ဆုံး အရာဟာ မင်းပဲ ရီရာ… မင်းပဲ၊ဒီနေ့တော့ ငါ့ရဲ့အလိုအပ်ဆုံးကို ဆုံးရှုံးလိုက်ရပြီ…သွားပြီ၊မင်းသိလား နွေရီရာ…မင်းသိလား…
"လို့ ခပ်ဖွဖွလေး ပြောလိုက်တယ်။
"ရွှီး…" ဆိုပြီး တစုံတယောက်ရဲ့ လက်ခေါက်မှုတ်သံနောက်မှာတော့
လက်ဝှေ့ပွဲဟာ နောက်ဆုံးအချီစတင်ပြီဖြစ်ကြောင်း
ဒွန် သိလိုက်တယ်။ရီရာ့ဘေးကနေ
ဖြည်းဖြည်းချင်းထတယ်။သောက်လက်စ
စီးကရက်ကို ထိုးချေလိုက်တယ်။လည်ပြန်လှည့်ကြည့်ရင်း… နာကျည်းမှုတွေ ပြည့်နှက်နေတဲ့ စကားလုံးတလုံးကို ရေခိုးရေငွေ့တွေလို ရီရာ့ဘက်လှည့်ပြီး ပြောလိုက်တယ်။
"အတူတူ
ဆုံးရှုံးကြတာပေါ့
အချစ်ရယ်…"
မျက်ရည်ဥတွေ
အဆက်မပြတ် ကျနေတဲ့ ရီရာက သူ့ယောကျာ်းအပြုအမူကို
တသဝေမတိမ်း လိုက်ကြည့်တယ်။အေးဆေးတဲ့
ခြေလှမ်းတွေနဲ့ ဒွန်က ကြိုးဝိုင်းဆီသွားတယ်။သူ့ပုံစံဟာ
လုံခြုံစိတ်ချတဲ့
ရပ်ဝန်းတခုမှာ အနုပညာတခု၊ကဗျာတပုဒ်၊ပန်းချီကားချပ်
တချပ်ကို စိတ်ချလက်ချ ဖန်းတီးနေသူတယောက် သက်သောင့်သက်သာ ဖြစ်နေသလိုမျိုး…။သူ့မိန်းမကို ချုပ်ထားရာ မှောင်မည်းနေတဲ့ အခန်းဆီလှည့်ကြည့်တယ်။နောက် သူ့သားအစိုင်းရဲ့ နိမ့်ချည်မြင့်ချည် ရင်ဖိုဖိုကို ငေးတယ်။မျက်ဝန်းတွေကို
ကြည့်တယ်။အစိုင်းက
သူ့အဖေကို ပြန်ပြုံးပြတယ်။ဘဝမှာ ဂုဏ်အယူဆုံး အခိုက်အတန့်ကို ဖြတ်သန်းနေသူတယောက် အောင်နိုင်သူ အပြုံးနဲ့။လူအုပ်ကြီးက
တယောက်တပေါက်နဲ့
ဆူညံပွက်လောရိုက်…လို့…။
"ငဝမ်း…"
ဒွန်က
ငဝမ်းကို လက်သီးဆုပ် နှစ်ဖက် ဆုပ်ပြလိုက်တယ်။ငဝမ်းက
ခေါင်းပြန်ညိတ်ပြတယ်။မျက်ရည်တစက်က
သူ့ လက်သီးဆုပ်ပေါ် စွေ့ခနဲ……။
*******************
မိုဃ်းသွန်း
Zawgyi
Abhorring
-------------
(၁)
တဆယ့္ႏွစ္ႏွစ္သား အရြယ္နဲ႔ မလိုက္ဖက္ေအာင္ သန္မာလြန္းတဲ့ တပည့္ကို ၾကည့္ၿပီး နည္းျပဒြန္တေယာက္ ပီတိျဖစ္ေနခဲ့တယ္။သူ ရွင္သန္လာခဲ့တဲ့ လက္ေဝွ႕သက္တမ္း ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ကာလေတြအထိ ရန္ေအာင္ျမင္ၿမိဳ႕ တခြင္ေကာ တနိုင္ငံလုံးမွာပါ ခုလိုအသက္အရြယ္နဲ႔ သုံးဆယ္ေက်ာ္လက္ေဝွ႕သမားႀကီးေတြလို ခြန္အားျပည့္ဝတဲ့ လက္သီးထိုးခ်က္ေတြ မျမင္ဖူးခဲ့၊မေတြ႕ဖူးခဲ့ဘူးဆိုတာ အမွန္။ကိုယ္ခႏၶာယိမ္းႏြဲ႕ပုံ၊တန္ျပန္လက္သီးခ်က္ေတြရဲ့ အညႇာအတာကင္းမဲ့ပုံ၊ၿပိဳင္ဘက္ကို မေၾကာက္မရြံ့ရင္ဆိုင္ရဲပုံေတြက သြားေလသူ ဖခင္ႀကီး ဆလ်န္ထန္း နဲ႔ တေထရာတည္း။ကြာျခားတာကေတာ့ ဖခင္ႀကီးဟာ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြနဲ႔ ၿပိဳင္ဘက္ကို ရင္ဆိုင္ထိုးသတ္တတ္တဲ့ သူ။သူ႔တပည့္ ငဝမ္းကေတာ့ သူ႔စကားတခြန္း။သူရပ္ဆိုရင္ ရပ္တယ္။သူထိုး ဆို နာရီေပါင္းမ်ားစြာ၊ရက္ေပါင္းမ်ားစြာေတြအထိ ထိုးသတ္မယ့္ ကေလး။သူေသဆိုေသ၊ရွင္ဆို ရွင္ ဆိုတဲ့ သူ႔စကားတခြန္းကိုသာ ရွင္သန္ရာလို႔ သတ္မွတ္သူ။မိဘမဲ့ တေကာင္ႂကြက္ တပည့္က သူ႔လက္ေဝွ႕သင္တန္းအတြက္ အႀကီးမားဆုံးလက္ေဆာင္အျဖစ္ ဘုရားက ေပးခဲ့တာလို႔ ယူဆေနမိတာေတာ့ မလြဲဧကန္။
ႀကိဳးဝိုင္းထဲမွာ မေမာနိုင္မပမ္းနိုင္ လႈပ္ရွားေနတဲ့ ငဝမ္းကိုေငးၾကည့္ရင္း လြန္ခဲ့တဲ့ တဆယ့္တႏွစ္ဝန္းက်င္ မိုးမႈန္ဖြဲဖြဲက်ေနတဲ့ ညေနခင္း
တခုဆီကို နည္းျပဒြန္တေယာက္ ျပန္ၿပီး အမွတ္ရေနခဲ့တယ္။
အဲ့ဒီေန႔က ဇြန္လရဲ့ တခုေသာၾကာႆပေတးေန႔။အိမ္ေထာက္သက္ ခုႏွစ္ ႏွစ္အတြင္း အေပ်ာ္ရႊင္ရဆုံးေသာ ကာလအခိုက္အတန္႔။ဒြန္႔ အိမ္သူသက္ထား ေႏြရီရာရဲ့ သားဦးမီးဖြားဖို႔ စကၠန္႔ပိုင္းအလို။ရန္ေအာင္ျမင္ၿမိဳ႕ သားဖြားမီးယပ္ေဆး႐ုံကေန လိုအပ္တဲ့ ေငြေၾကးျပန္လာယူတဲ့ ဒြန္တေယာက္ သားေဇာ၊မယားေဇာနဲ႔ ဘယ္အရာကိုမွ သတိမမူမိေလာက္ေအာင္ ပူထူေနခဲ့တယ္။နားထင္စပ္ကေန စီးက်လာတဲ့ ေခၽြးေစးေတြဟာ မႈန္ဖြဲဖြဲက်ေနတဲ့ မိုးေရတခ်ိဳ႕နဲ႔ ေရာေႏွာေပါင္းစပ္ၿပီး သူ႔ဂ်ာကင္ေအာက္ထဲကေန ေအာက္သိုးသိုးေခၽြးနံ့က စိုထိုင္းထိုင္း ပ်ံံ့ႏွံလာတယ္။ေမွာင္မဲ တိတ္ဆိတ္ေနတဲ့ လက္ေဝွ႕အားကစား႐ုံ သံတံခါးဖြင့္သံဟာ တေစၧတေကာင္ရဲ့ အရိုးအေၾကာတခုခုကို ကိုက္ျဖတ္ဝါးေနသလိုမ်ိဳး က်ယ္က်ယ္ေလာင္ေလာင္ပဲ ထြက္ေပၚလာခဲ့တယ္။ကပ်ာကယာနဲ႔ ေငြထည့္ထားတဲ့ အံဆြဲကို ဖြင့္၊စုေဆာင္းထားသမၽွေတြကို ေရးႀကီးသုတ္ျဖာနဲ႔ ဂ်ာကင္အကၤ်ီအိတ္ေထာင္ထဲ အတင္းထိုးထည့္တယ္။အားကစားသမားေတြရဲ့ ေခၽြးနံ့၊ေျခအိတ္ လက္အိတ္တို႔ရဲ့ အႂကြင္းအက်န္ေသာ ခ်ဥ္စုတ္စုတ္ရနံ့ေတြ ႀကီးစိုးရာ အားကစား႐ုံဆီကေန အထြက္မွာပဲ ဒြန္ရဲ့အျပဳအမူေတြဟာ ရပ္တန္႔သြားတယ္။သူ႔ေရွ႕တည့္တည့္မွာေတာ့ တစတစနဲ႔ သြန္းၿဖိဳးလာၿပီျဖစ္တဲ့ မိုးေရေတြၾကားထဲ ငါးလသားအရြယ္ကေလး တေယာက္ဟာ စုတ္ျပတ္ညစ္ေထးေနတဲ့ ျခဳံေစာင္ေတြ ၾကားထဲ ပုဇြန္တုပ္ေကြး ေကြး…လို႔။အေတြးေဟာင္းေတြပဲ ႀကီးစိုးရာ ရန္ေအာင္ျမင္ကမၻာကေတာ့ ညေနေစာင္းကတည္းက လူေျခတိတ္ ဆူညံသံေတြ ဆိတ္သုဥ္းေနခဲ့ၿပီ မဟုတ္လား။တခါတခါမွ ထြက္ေပၚလာတတ္တဲ့ အရက္သမားအိုႀကီးတေယာက္ရဲ့ ေလပ်ိဳ႕သံ၊ေအာ့အန္သံ၊ေလာကႀကီးကို မေက်မနပ္ျဖစ္လို႔ ဆဲသံဆိုသံကလြဲရင္ မိုးေရေတြၾကားထဲ ၿမိဳ႕ဟာ ျပားျပားဝပ္ေနဆဲပါပဲ။
သူ ကေလးကို တခ်က္ၾကည့္တယ္။ႏွာတံစင္းစင္း ျဖဴႏုဝင္းဝင္း ကေလးငယ္ေလးက ခ်စ္စရာ။ဘယ္လိုလူကမ်ား ကေလးကို သူ႔အားကစား႐ုံနား လာပစ္သြားပါလိမ့္။ေဘာပဲ။သူ ေဆး႐ုံဆီသြားဖို႔ ေျခဦးလွည့္လိုက္တယ္။ေျခလွမ္း ဆယ္လွမ္းအေရာက္မွာပဲ ရပ္တန္႔သြားေစတဲ့ အခိုက္အတန္႔ ျဖစ္သြားခဲ့တယ္။ဝိုးတဝါးမိုးမႈန္ေတြၾကားထဲ စူးရွရွကေလးငိုသံက စီခနဲ……။ဆက္သြားရမလား၊ျပန္လွည့္ရမလား ဒြိဟျဖစ္ေနတဲ့ ဒြန္တေယာက္ ေဆာက္တည္ရာမရနဲ႔ အတန္ၾကာ ဝီေရာဓိျဖစ္ေနခဲ့တယ္။
"ခ်ီးပဲကြာ…"
တမာရနံ့ေတြ သင္းပ်ံ႕ေမႊးထုံႀကိဳင္တတ္ၿပီး ပူစပ္ပူေလာင္ ေဒသတခုရဲ့ ဖုန္လုံးႀကီးေတြ ဖြဲဖြဲညင္းညင္း ထသြားေစတဲ့ ေႏြရာသီမွာ ဒြန္နဲ႔ေႏြရီရာတို႔ တဦးေပၚတဦး နင့္နင့္သီးသီးခ်စ္ခဲ့ၾကတဲ့ ခ်စ္သူဘဝကို ေရာက္ရွိခဲ့ၾကတယ္။မိုးႀကိဳးလၽွပ္စီးေတြ အဆက္မျပတ္လၽွပ္ေနခ်ိန္၊ကမၻာပ်က္မတတ္ မိုးခ်ိမ္းသံေတြ ၾကား၊အသက္လုေနရဆဲ မီးဖြားေနခ်ိန္မွာေတာင္ ရီရာ့ခမ်ာ ေယာက်္ားျဖစ္တဲ့ ဒြန္႔ကို သတိရေနခဲ့တယ္။ဒြန္႔ကို သတိရတိုင္း တမာပင္ရနံ့ဟာ ဆြတ္ဆြတ္ပ်ံ႕ပ်ံ႕နဲ႔ ေမႊးျမေနတတ္စျမဲ။လူေျခတိတ္ ေဆး႐ုံအျပင္ဘက္ဆီက အားကစားဖိနပ္သံေၾကာင့္ သူ႔ေယာက်္ား ေရာက္ရွိလာခဲ့ၿပီဆိုတာ သိလိုက္တယ္။သားဦးသားဖ်ားမို႔ ေမြးရခက္ေနခ်ိန္ ဒြန္ရဲ့ လက္ဖဝါးၾကမ္းၾကမ္းကို ဆုပ္ကိုင္ထားခ်င္စိတ္က တားမရဆီးမရ။ရီရာအတြက္ေတာ့ ဒြန္ရွိေနခ်ိန္ဟာ ေသမင္းနဲ႔ရင္ဆိုင္ခ်ိန္မွာေတာင္ လုံျခဳံေႏြးေထြးမႈအျပည့္ရွိေနတယ္လို႔ ခံစားမိေစတဲ့ ေယာက်္ားမ်ိဳး မဟုတ္လား။
သူနာျပဳေတြရဲ့ ေအာ္သံဟစ္သံ၊ဆရာဝန္ႀကီးရဲ့ ေခၽြးသီးေခၽြးေပါက္ေတြၾကား စူးရွရွကေလးငိုသံဟာ မိုးထက္ညံသြားတယ္။မီးဖြားခန္းအေပါက္ဝေရာက္ေနၿပီျဖစ္တဲ့ ဒြန္ဟာ သူ႔ကေလးငိုသံေၾကာင့္ တကိုယ္လုံး က်င္စက္နဲ႔ တို႔ခံရသူလို တုန္တက္သြားတယ္။အသားေတြ တဆက္ဆက္တုန္ေနဆဲ ရီရာကေတာ့ အေပါက္ဝမွာ ရပ္ၾကည့္ေနဆဲ သူ႔ေယာက်္ား ဒြန္ကို ေဖ်ာ့ေတာ့တဲ့မ်က္ဝန္ေတြနဲ႔ ၾကည့္လိုက္တယ္။ကမၻာႀကီး တုန္ခါသြားေလာက္ေစတဲ့ မိုးခ်ဳန္းသံနဲ႔အတူတူ ေႏြရီရာရဲ့ အၾကည့္ေတြဟာ ေႏြးေထြးျဖဴေရာ္ေဖ်ာ့ေတာ့ေနရာကေန ေဒါသႀကီးနဂါးတေကာင္ မႈတ္ထုတ္လိုက္တဲ့ မီးလုံးႀကီးေတြလို ဝင္းဝင္းေတာက္အသြင္ကို ေျပာင္းလဲသြားခဲ့တယ္။
မိုးစက္မိုးေပါက္ေတြ တျဖဳန္းျဖဳန္းရိုက္ခတ္ေနဆဲ ေဆး႐ုံဝန္းတံခါးေပါက္ကေန ကေလးႏွစ္ေယာက္ရဲ့ ငိုသံဟာ စူးခနဲ ေပၚထြက္လာတယ္။တဦးက သူနာျပဳလက္ထဲမွာ ႐ုန္းကန္ေနခဲ့ၿပီး ေနာက္တဦးကေတာ့ လက္ေဝွ႕သမား ဒြန္ရဲ့ လက္ထဲမွာ…။
.
(၂)
"မိုက္တယ္ေနာ္ … ဒြန္" ဆိုတဲ့ အသံေၾကာင့္ အတိတ္ကာလေတြဆီကေန ပစၥကၡအေျခအေနဆီ စိတ္က ျပန္ေရာက္လာခဲ့တယ္။လွည့္ၾကည့္လိုက္ေတာ့ သူနဲ႔အတူတူ အားကစားေလာကကို ျဖတ္သန္းခဲ့ဖူးတဲ့ မိတ္ေဆြႀကီး ရန္ႀကီးေနာင္။သူကေတာ့ မိုက္ခ္ လို႔ပဲ ေခၚတယ္။
"ဒီကေလးကို ဘယ္လို လုပ္ဖို႔ စဥ္းစားထားလဲ"
ဒြန္က သူ႔ပုံစံအတိုင္း ႏႈတ္ခမ္းတြန္႔႐ုံ ျပဳံးျပလိုက္ၿပီး ေလ့က်င့္ေရးႀကိဳးဝိုင္းဆီကိုပဲ အာ႐ုံလႊဲထားလိုက္တယ္။ႀကိဳးဝိုင္းေပၚက တပည့္ကို ေလ့က်င့္ေပးေနတဲ့ လက္ေထာက္နည္းျပဆီ လွမ္းေအာ္တယ္။
"ကိုမိုး… သူ႔ကို ဒူးအရမ္းမညႊတ္ေစနဲ႔၊ၿပီးေတာ့ အေစာက ထိုးသြားတဲ့ ပြဲသိမ္းလက္သီးကို ဘယ္ေတာ့မွ အသုံးမျပဳေစနဲ႔ဗ်ာ… တဖက္လူအတြက္ အသက္အႏၲရာယ္ ရွိနိုင္တယ္၊ၿပိဳင္ဘက္ကို မထနိုင္ဖို႔ ထိုးတာခ်င္းအတူတူ ေသဖို႔ေလာက္အထိ မလိုဘူးမဟုတ္လား… ေဟ့ ငဝမ္း၊ငါ လက္သီးဆုပ္ ႏွစ္ဖက္ မဆုပ္မျပမခ်င္း မင္းအဲ့တိုက္ကြက္ကို ဘယ္ေတာ့မွ မသုံးနဲ႔ကြ…"
ငဝမ္းက ေခါင္းညိတ္ျပတယ္။ေနာက္။ရန္ႀကီးေနာင္ဘက္ လွည့္ၿပီး…
"လာဗ်ာ… မိုက္ခ္…တခုခု သြားေသာက္ရေအာင္" လို႔ ေျပာလိုက္တယ္။
သူတို႔ အားကစား႐ုံရဲ့ သုံးလမ္းေက်ာ္က ဘားတခုထဲမွာ ထိုင္ၾကတယ္။
ဒြန္က ဘီယာတလုံးမွာတယ္။ရန္ႀကီးေနာင္ကေတာ့ ဝီစကီ တခြက္။
"က်ဳပ္ ခုထိေတာ့ သူ႔အတြက္ မစဥ္းစားရေသးဘူး"
ရန္ႀကီးေနာင္က ဒြန္ရဲ့ အသက္ႀကီးမွဆုံတဲ့ သူငယ္ခ်င္းျဖစ္သလို ရန္ေအာင္ျမင္တၿမိဳ႕လုံးမွာရွိတဲ့ တဦးတည္းေသာ မိတ္ေဆြ။ရန္ႀကီးေနာင္က ေျမေအာက္လက္ေဝွ႕ပြဲေတြကို စီစဥ္တဲ့အလုပ္ကို လုပ္တယ္။ဒီၿမိဳ႕ကို စၿပီးေျပာင္းလာကတည္းက ရန္ႀကီးေနာင္ရဲ့ အဆက္အသြယ္နဲ႔ သူ ေျမေအာက္လက္ေဝွ႕ေလာကကို ေရာက္ခဲ့တယ္။လက္လြတ္ခြက္ခၽြတ္ ေရာက္လာခဲ့တဲ့ သူတို႔လင္မယားအတြက္ ေျမေအာက္လက္ေဝွ႕ေလာကဟာ ရတနာသိုက္တခုလို ျဖစ္ခဲ့တာမဟုတ္လား။ဒါေပမယ့္ ဒြန္ဟာ ေျမေအာက္လက္ေဝွ႕ေလာကကို ဘယ္တုန္းကမွ မႏွစ္ၿမိဳ႕ခဲ့။သူအမုန္းတီးဆုံးက ဝါသနာကို ခိုးဆိုးလုႏွိုက္လူရမ္းကားေတြ ဆီမွာ ေရာင္းစားရတဲ့ အျဖစ္ကိုေလ။အခုလည္း ရန္ႀကီးေနာင္က သူ႔ေမြးစားသားေခၚ တပည့္ ငဝမ္းအတြက္ ေျမေအာက္ပြဲတပြဲ စီစဥ္ဖို႔ ေျပာေနခဲ့ျပန္ၿပီေကာ။
"လမ္းေပ်ာက္ေနျပန္ၿပီလား ဒြန္"
ဒြန္က သူ႔ကို မၾကည့္ဘဲ ဘီယာကိုသာ ဆက္ၿပီး ျမဳံ႕ေနခဲ့တယ္။
"တဆယ့္ တႏွစ္ေတာင္ ၾကာသြားခဲ့ၿပီေလကြာ…အခု ထိ မင္းမိန္းမက စိတ္မေျပေသးဘူးလား"
"မင္း သာ ငါ့ေနရာမွာဆို ဘယ္လိုလုပ္မလဲ မိုက္ခ္"
ပုခုံးတြန္႔ျပ႐ုံထက္ မပိုတဲ့ တုံ႔ျပန္မႈနဲ႔ ရန္ႀကီးေနာင္က ဝီစကီကို ေမာ့လိုက္တယ္။သူ႔ကိုယ္သူ အမွားေတြလႉတဲ့ အလႉရွင္ပုံစံမ်ိဳး ျဖစ္သြားမွာကိုေတာ့ လိုလားပုံ မရ။ရန္ႀကီးေနာင္က-
"မင္းတို႔ လင္မယားၾကားထဲ ငါမသိတဲ့ ကိစၥေတြ ရွိခ်င္ရွိေနဦးမွာေပါ့… ငါလည္း မေျပာတတ္ဘူး"
ဒြန္က ဘီယာ ေနာက္တလုံးမွာလိုက္တယ္။
"ငါ ဒီေကာင့္အတြက္ စဥ္းစားလိုက္ဦးမယ္ကြာ…"
လႈပ္လႈပ္ရွားရွားျဖစ္သြားတဲ့ ရန္ႀကီးေနာင္က-
"အဲ့ဒါဆိုလည္း ျမန္ျမန္စဥ္းစားကြာ… ဘိုးေတာ္ေတြက ပြဲေတာင္းေနၿပီဟ၊မင္းလူက ပြဲသြင္းဖို႔အထိ တိုးတက္ေနၿပီ… ဟုတ္တယ္ ဟုတ္"
ဗလာမ်က္ဝန္းေတြနဲ႔ ဒြန္က ဘားဆိုင္ရဲ့ ေၾကာင္တိေၾကာင္ကန္းေၾကာ္ျငာအစီအစဥ္ေတြကို အဓိပၸါယ္မဲ့ေငးေနရင္း…
"မရေသးဘူးကြ၊ေျမေအာက္ပြဲ ထိုးဖို႔ သူ႔ကို ေနာက္ဆုံးစမ္းသပ္မယ့္ ပြဲတခုခု၊လက္ရည္စမ္းတဲ့ သေဘာေပါ့၊အဲ့ဒါ လုပ္ေပးရဦးမယ္…ဒါမွ အစဥ္သင့္ျဖစ္မျဖစ္ သိရမွာ…"
(၃)
ေက်ာင္းႀကိဳၿပီး အိမ္ျပန္လာတဲ့ လမ္းတေလၽွာက္ သူ႔စိတ္ေတြ ေလးလံေနခဲ့တယ္။ဆရာဝန္ဆီက ေဆးစစ္ခ်က္ အေျဖမွာေတာ့ သူ႔သားရဲ့ ႏွလုံးဟာ ပုံမွန္ထက္ပို အားနည္းေနတယ္ဆိုပဲ။ေမြးရာပါ အားနည္းတာမို႔ အထူးဂ႐ုစိုက္ဖို႔ ဆရာဝန္က မွာၾကားေပမယ့္ အက္ကြဲေၾကာင္း ထင္းေနၿပီျဖစ္တဲ့ သူနဲ႔ဒြန္တို႔ ဆက္ဆံေရးမွာ ကေလးကို အထိအခိုက္ မျဖစ္ေစလိုတာေတာ့အမွန္။သူ႔အတြက္ အခ်စ္ဆုံးေသာ ေယာက်္ားအျဖစ္ကေန အမုန္းဆုံး ေယာက်္ားအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီးေနာက္ပိုင္း သူတို႔ အိမ္ေထာင္ေရးဟာ ခ်စ္ျခင္းေမတၱာအေပၚအေျခခံထားတယ္ ဆိုတာထက္ တာဝန္တခုအေပၚ ေျပာင္းလဲအေျခတည္သြားတယ္ဆိုရင္ ပိုမွန္မွာပါ။အိမ္ေထာင္သက္ ခုႏွစ္ႏွစ္အတြင္း အိမ္ရဲ့ ေနရာအႏွံ့အျပားမွာ ခ်စ္ျခင္းေမတၱာအေငြ႕အသက္ေတြ၊ခ်စ္ျခင္းရနံ့ေတြ၊နားလည္မႈ ယုံၾကည္မႈ ျမဴခိုးေတြ အတိုင္းအဆမရွိ ျပည့္ႏွက္ေနခဲ့ေပမယ့္ မီးဖြားၿပီး ေနာက္ေန႔မနက္ ေဆး႐ုံကဆင္းကတည္းက အဆိုပါအရာေတြဟာ ေနလာႏွင္းေပ်ာက္သလို ကြယ္ေပ်ာက္သြားခဲ့ၾကတယ္။အိမ္ေထာင္သည္ ဟန္ေဆာင္ထားတဲ့ မိန္းမတေယာက္လိုမ်ိဳး ဒြန္႔အေပၚသူ ေျပာင္းလဲသြားခဲ့တယ္။ကေလး သိတတ္စအရြယ္မွာေတာ့ သူတို႔ ႏွစ္ဦးသား သေဘာတူညီမႈ တခု ျပဳလုပ္ခဲ့ၾကတယ္။အဲ့ဒါကေတာ့ ကေလးအေရွ႕မွာ တဦးကို တဦး ဂ႐ုစိုက္သလိုလိုနဲ႔ ဟန္မပ်က္ အတူတူေနသြားၾကဖို႔ပါပဲ။ဒြန္ဟာ မနက္ ရွစ္နာရီကေန ညေနေမွာင္ခ်ိန္အထိ အားကစား႐ုံသြားတယ္။ေမွာင္ရီပ်ိဳးမွ အိမ္ျပန္လာတယ္။ေႏြရီရာကေတာ့ အိမ္မႈကိစၥေတြနဲ႔အတူတူ အစိုင္း ေဝယ်ာဝစၥေတြအတြက္ အျမဲတေစ လုံးပမ္းေနခဲ့တယ္။အိမ္ေထာင္ဘဝတို႔ရဲ့ ျပႆနာဟာ နိစၥဓူဝဘဝရဲ့ ထွိုင္းမွိုင္းၿငီးေငြ႕ျခင္းေတြကို ဘယ္လိုေက်ာ္လႊားရမလဲဆိုတဲ့ အေျဖကို ရွာေဖြရင္းနဲ႔ေပါ့။
လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ ကာလေတြကတည္းက ေအးစက္သြားခဲ့တဲ့ သူတို႔အိမ္ေထာင္ေရးဆက္ဆံမႈဟာ သူ႔သား အစိုင္း ေၾကာင့္သာ ေနာက္ဆုံးအမၽွင္တခု အေနနဲ႔ တင္က်န္ေနခဲ့တာလို႔ ရီရာ ေတြးတယ္။သနားစရာ သားေလး။မ်က္ႏွာျမင္ရၿပီဆိုကတည္းက ဖခင္ရဲ့ လ်စ္လ်ဴရႈတာကို ခံရရွာတဲ့ ကေလးေလး။အသက္အႏၲရာယ္ၾကားက ခဲရာခဲဆစ္ ေမြးခ်ိန္မွာေတာင္ ဘယ္က ဘယ္လို ေကာက္ရခဲ့မွန္းမသိတဲ့ ကေလးကို ပိုက္ၿပီး မ်က္ႏွာေျပာင္တိုက္နိုင္လြန္းတဲ့ ဖခင္နဲ႔မွ ဆုံခဲ့ရရွာတဲ့ ကေလး။
"ေဖႀကီးေမြးေန႔ မွာ ဘာလက္ေဆာင္ေပးမွာလဲ… ေမႀကီး"
အိမ္ေရာက္ေရာက္ခ်င္း တံခါး ျပန္ပိတ္ေနတဲ့ သူ႔ကို အစိုင္းက ေမးလိုက္တယ္။တဆက္တည္းမွာပဲ-
"ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း ေဖႀကီးေမြးေန႔ကို ေမႀကီးေမ့ေနခဲ့တာေနာ္"
တကယ္ေတာ့ သူ႔သားရဲ့ ေန႔စဥ္ကိစၥဝိစၥေတြကလြဲရင္ ဘယ္လိုအရာမ်ိဳးကိုမွ သူ အမွတ္မထားခဲ့မိေတာ့တာ ၾကာၿပီ။ၿပီးေတာ့ တခ်ိန္ခ်ိန္မွာ သူနဲ႔သူ႔သားအနာဂတ္အတြက္ ျပင္ဆင္စရာရွိတာ ျပင္ဆင္ရဦးမွာ မဟုတ္လား။
"သားက ဘာစဥ္းစားထားလို႔လဲ"
ေႏြရီရာ တေယာက္ ေကာ္ဖီေဖ်ာ္ဖို႔ စိုင္းျပင္းရင္းက သူ႔သားကို ေမးခြန္းထုတ္လိုက္တယ္။မနက္ကတည္းက က်ိဳခဲ့ၿပီးသား ႏြားနို႔ကို ျပန္ေႏႊးတယ္။တလက္စတည္း ညေနစာအတြက္ပါ ျပင္ဆင္ဖို႔ လုပ္တယ္။သူ႔သား ေဆးစစ္ခ်က္စာရြက္ကိုေတာ့ သူ႔အခန္းထဲက ဗီရိုထဲမွာသိမ္းထားလိုက္တယ္။
"သားကေတာ့ ေဖႀကီးကိုပဲ ျပန္ေမးေတာ့မယ္၊ႏွစ္တိုင္း အားကစားအကၤ်ီေတြခ်ည္း ေပးေနရတာ ပ်င္းလာၿပီ…"
ညေန ေနေရာင္ခ်ည္ဟာ အခ်ိန္အနည္းငယ္အၾကာမွာေတာ့ ပုဇြန္ဆီေရာင္သမ္းလာခဲ့ၿပီ။
"သား… ထမင္းစားၿပီးရင္ အခန္းထဲသြားႏွင့္ေတာ့ေနာ္… ေမႀကီး ေနာက္က လိုက္ခဲ့မယ္ ဟုတ္ၿပီလား"
အစိုင္းက ဟုတ္လို႔ေျပာၿပီး ထမင္းဆက္စားေနတယ္။အဲ့အခ်ိန္ အိမ္အျပင္ဘက္ကေန အျမဲတေစ ၾကားေနၾက ဆိုင္ကယ္စက္သံ ၾကားလိုက္ရတယ္။တမာရနံ့ေတြနဲ႔အတူတူေပါ့။
အဆိုပါ အခ်ိန္ေရာက္တိုင္း ေႏြရီရာရဲ့ စိတ္အေျခအေနဟာ ေဆာက္တည္ရာမရေအာင္ လႈပ္ရွားစျမဲ။ဒါေပမယ့္ အဆုံးမဲ့ႏြံအိုင္ႀကီးအလယ္ကေန ႐ုန္းကန္ဖူးပြင့္လာတဲ့ ၾကာပန္းပြင့္လို မာနမ်ိဳးနဲ႔ သူ႔ ခ်စ္ျခင္းေမတၱာကို ရိုက္ခ်ိဳးပစ္နိုင္ျမဲ။
"ဟာ… သားက ထမင္းေတာင္ စားေနၿပီလားကြ"
"ဟုတ္တယ္ ေဖႀကီး၊ေမႀကီးက ထမင္းေစာေစာစားခိုင္းၿပီး အေစာႀကီး အိပ္ခိုင္းလို႔"
ကေလးစကားကို အတည္ျပဳဖို႔အတြက္ ေႏြရီရာဘက္ကို သူ လွမ္းၾကည့္လိုက္တယ္။စာေရးစားပြဲမွာ ထိုင္ရင္း အလုပ္ရႈပ္ခ်င္ေယာင္ေဆာင္ေနတဲ့ ရီရာကေတာ့ လွည့္ေတာင္ မၾကည့္။
"ဘာေတြ ေရးေနတာလဲ"လို႔ ဒြန္က ရီရာ့ကို ေမးလိုက္တယ္။
ဒြန္နဲ႔ပတ္သက္တိုင္း သူ႔ အသခၤါရိက စိတ္ဟာ အျမဲတေစ ထိန္းခ်ဳပ္ရခက္ေနတုန္း။အခုလည္း ခ်က္ခ်င္းဆိုသလို…
"အလုပ္ ေလၽွာက္လႊာ"
အသံက ခပ္ဆတ္ဆတ္ျဖစ္သြားေပမယ့္ မ်က္ႏွာကေတာ့ ေရခဲရိုက္ထားသလို ေအးစက္စက္။သူ႔အေျဖေၾကာင့္ ဒြန္႔မ်က္ေပၚမွာ ဘဝင္မက်တဲ့ အရိပ္တခု ျပဳတ္က်သြားတယ္။အစိုင္းတေယာက္ အခန္းထဲ ဝင္သြားၿပီးေနာက္မွာေတာ့ သူတို႔ အိမ္ကေလးဟာ ကမၻာ့အျပင္က တိတ္ဆိတ္မႈလိုမ်ိဳး ႐ုတ္ခ်ည္း တိတ္ဆိတ္ၿငိမ္သက္သြားခဲ့တယ္။ႏွစ္ဦးသား နာရီေပါင္းမ်ားစြာၾကာေအာင္ တဦးအသက္ရႈသံ တဦး နားစြင့္ေနခဲ့တယ္။ဒီလိုအေျခအေနမ်ိဳးနဲ႔ ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းခဲ့ဖူးလို႔ထင့္။အခုလို အျပဳအမူေတြဟာ တေယာက္ဆီကတေယာက္ မရမေနရ ရပိုင္ခြင့္တခုခုလို ျဖစ္တည္လာခဲ့ၾကၿပီေကာ။
"သားက ေမြးေန႔လက္ေဆာင္ေပးဖို႔ ေျပာေနတယ္"
ဒြန္က သူ႔အဝတ္ဗီရိုကို ဖြင့္ၿပီး သူ႔သားမျမင္ဖူးေသးတဲ့ အားကစားဝတ္စုံကို ယူလိုက္တယ္။
"ခါတိုင္းလိုေပါ့…"လို႔ ေျပာရင္း ေႏြရီရာနားမွာ ထားလိုက္တယ္။
"မနက္ျဖန္ သားကို ေက်ာင္းပို႔ေပးလိုက္ဦး၊ကၽြန္မ သြားစရာ ရွိလို႔"
သူတို႔ ႏွစ္ဦးစလုံးဟာ ပထမေျခလွမ္း စတင္ဖို႔ ေၾကာက္ရြံ့ေနၾကတဲ့ အထီးက်န္ ေဝဒနာကို ေထြးပိုက္ထားၾကရင္း… ျပည့္ႏွက္လာတဲ့ သံေယာဇဥ္ထုထည္ေတြကို ဖယ္ခြာခ်ေနၾကတယ္။
ဒြန္က သူ႔အိပ္ခန္းတံခါးဝနားကေန ေႏြရီရာကို ႏူးညံ့ေႏြးေထြးတဲ့ အၾကည့္နဲ႔ ၾကည့္ၿပီး "ဂြတ္နိုက္…"လို႔ ေျပာလိုက္တယ္။ရီရာကလည္း "ဂြတ္နိုက္"လို႔ ျပန္ေျပာခဲ့သလား၊မေျပာခဲ့ဘူးလား … ဆိုတာ ဒြန္ မသိမိလိုက္ေတာ့ဘူး။
(၄)
မနက္ အ႐ုဏ္တက္ခါစ မွာပဲ ရေနၾက ေရေမႊးရနံ့ေၾကာင့္ ဒြန္ အိပ္ရာကနိုးလာခဲ့တယ္။အိပ္ရာက မထေသးဘဲ ညက အိပ္မက္အေၾကာင္း ျပန္စဥ္းစားတယ္။မႈန္မႈန္ဖြဲဖြဲအရိပ္မည္းေတြဟာ ပင္လယ္ကမ္းစပ္နားမွာ ကခုန္ေပ်ာ္ျမဴးေနၾကတယ္။ဖမ္းဆုပ္လို႔မရတဲ့ နာမ္အရိပ္မည္းေတြဆီကေန သူ႔မိန္းမေႏြရီရာ့ဆီက ရေနၾက ရနံ့တမ်ိဳး ထြက္ေနၾကတယ္။ျပန္စာမလာတဲ့ လူတေယာက္ဆီ စာတိုက္အိုကေလးကေန တဆင့္ စာေပါင္းမ်ားစြာ ေပးပို႔တဲ့ အေျခအေနမ်ိဳးနဲ႔။ၿပီးေတာ့ သူကိုယ္တိုင္ အတိုင္းအဆမဲ့ ေနရာမဲ့ သုမုဒၵရာၾကမ္းျပင္ေအာက္ဆီ တဖြဲဖြဲနဲ႔ ျပဳတ္က်သြားတယ္။
တံခါးဖြင့္သံ၊ေျခသံဖြဖြနဲ႔ ထြက္ခြာသြားသံ၊ဘရာဇီးႏွင္းဆီရနံ့ ေတြ ျပန္႔က်ဲ ေမႊးျမသြားၿပီး တစတစ ပ်က္ျပယ္သြားခ်ိန္ေတြမွာေတာ့ ေႏြရီရာတေယာက္ အျပင္ကို ထြက္သြားခဲ့ၿပီဆိုတာ သူသိလိုက္တယ္။
"ေဖႀကီးေမြးေန႔မွာ သား ဘာလုပ္ေပးရမလဲ"
ေက်ာင္းပို႔သြားရာ လမ္းတေလၽွာက္ နိုဝင္ဘာရဲ့ ေလေျပက ရန္ေအာင္ျမင္တခြင္ စိုဆြတ္ေအးျမေနတယ္။ခ်င္းနင္းဝင္ေရာက္ေနၿပီျဖစ္တဲ့ ေအးျမတဲ့ေဆာင္းေလေၾကာင့္ လူတိုင္းဟာ အေႏြးထည္ထူထူထဲထဲၾကားထဲ ထာဝရရွင္သန္ျခင္းကို ရွာေဖြေနၾကပုံနဲ႔။အစိုင္းရဲ့ ေမးခြန္းကို သူ ျပန္မေျဖေပးခဲ့ပါဘူး။သူ႔သားကို ေက်ာင္းေပါက္ဝအထိ ပို႔တယ္။
"စာႀကိဳးစားေနာ္ …သား"လို႔ ေျပာၿပီး ေက်ာင္းဝန္းထဲ ဝင္သြားတဲ့ အစိုင္းေက်ာျပင္ကို ေငးေနခဲ့တယ္။စိတ္ထဲမွာေတာ့ ပင္လယ္ၾကမ္းျပင္ေအာက္မွာ လႈပ္တဲ့ငလ်င္လိုမ်ိဳး 'မေပးလည္းရပါတယ္…ေပးမွ ျဖစ္မယ္ဆိုရင္ေတာ့ … တခုခုေပါ့ သားရယ္'လို႔ တိုးဖြဖြ ျမည္ဟိန္းေနခဲ့တယ္။
အားကစား႐ုံဆီသြားတယ္။လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ဒ႑ာရီလိုလို၊ပုံျပင္လိုလိုနဲ႔ လူေတြ ေျပာခဲ့ဖူးတဲ့ သဲေသာင္ျပင္က်ယ္ႀကီးနားကေန ျဖတ္ေလၽွာက္တယ္။
အစကနဦးရန္ေအာင္ျမင္ရဲ့ ေအးခ်မ္းတဲ့ ကာလေတြတုန္းက အဆိုပါသဲေသာင္ျပင္က်ယ္ႀကီးဟာ ေအးျမတဲ့ ေရကန္ႀကီးတကန္ျဖစ္ခဲ့တယ္။ရန္ေအာင္ျမင္ရဲ့ အခ်စ္တတ္ဆုံး စိတ္ကူးယဥ္လူသားလို႔ လူေတြ ဆိုတတ္ၾကတဲ့ လူတေယာက္ဟာ သူခ်စ္တဲ့ မိန္းမ မီးဖြားၿပီး ေသဆုံးသြားခ်ိန္ ကစလို႔ အ႐ူးတေယာက္လို ျဖစ္သြားခဲ့တယ္။တျခားသူေတြရဲ့ ျဖစ္ခ်င္သမၽွ စိတ္ကူးေတြကို သူက ကိုယ္စားစိတ္ကူးယဥ္ေပးတဲ့ အလုပ္ကို လုပ္တယ္။အခေၾကးေငြအျဖစ္ သူတို႔စိတ္ကူးယဥ္ဆႏၵထဲက အနည္းငယ္ကိုပဲ ဖဲ့ေပးရတယ္။ကပ္ေရာဂါ ကာလႀကီးရဲ့ အဆိုးရြားဆုံးကာလေတြမွာေတာ့ သူဟာ သူ႔သမီးရက္သားေလးကိုရင္ခြင္ပိုက္၊ကန္ေရျပင္က်ယ္ႀကီးထဲ ခုန္ဆင္းၿပီး ကိုယ့္ကိုယ္ကို အဆုံးစီရင္ခဲ့တယ္။သူတို႔ သားအဖခုန္ဆင္းၿပီးေနာက္ ကန္ေရျပင္ႀကီးဟာ တမဟုတ္ခ်င္း ေျခာက္ေသြ႕သြားခဲ့ၿပီး ဖုန္ေတြ သဲေတြ အက္ကြဲေၾကာင္းေတြ အတိၿပီးတဲ့ ဖုန္းဆိုးေျမျပင္ႀကီးအျဖစ္ ေျပာင္းလဲသြားခဲ့တယ္လို႔ ၿမိဳ႕ခံလူႀကီးေတြက ဆိုခဲ့ၾကတယ္။
အားကစား႐ုံေရာက္ေတာ့ ရန္ႀကီးေနာင္ ေရာက္ေနတာ ေတြ႕လိုက္ရတယ္။ေျမေအာက္ ပြဲတခုအတြက္ ေနရာတေနရာ ရွာေတြ႕လို႔ သြားၾကည့္ခ်င္တယ္၊လိုက္ခဲ့ဦး လို႔ သူကဆိုတယ္။"မနက္စာေကာလား"လို႔ ဒြန္က ျပန္ေျပာရင္း ႏွစ္ဦးသား လမ္းေလၽွာက္ၿပီး ထြက္လာခဲ့လိုက္တယ္။
"ဘယ္ေနရာလဲ မိုက္ခ္"
"ရတနာ နတ္မိမယ္ စံအိမ္လို႔ေတာ့ ေျပာတယ္"
ေခတ္အဆက္ဆက္မွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ အသုံးေတာ္ခံခဲ့တဲ့ ရန္ေအာင္ျမင္ၿမိဳ႕ ယဥ္ေက်းမႈအႂကြင္းအက်န္ေနရာႀကီးလို႔ ရန္ႀကီးေနာင္က ဆိုတယ္။အုတ္ေဆြးအပဲ့အရြဲ႕ေတြၾကားထဲ ကမၻာဦးကတည္းက ရွင္သန္ခဲ့ၾကတဲ့ ပိုးဟပ္ေတြ ႀကီးစိုးရာ ေနရာ၊ျပည့္တန္ဆာေတြ၊ ဆိတ္ကြယ္ရာ ကိုယ္လက္ႏွီးေႏွာလိုၾကသူေတြရဲ့ ေပ်ာ္ရာေနရာႀကီးပါကြာ လို႔လည္း စီးကရက္မီးညႇိရင္း ေျပာေနခဲ့တယ္။
"ထူးဆန္းတာ တခုက အဲ့တိုက္အိုႀကီးရဲ့ ရတနာနတ္မိမယ္ စံအိမ္ဆိုတဲ့ စာလုံးႀကီးေတြပဲကြ၊ဘယ္သူေတြ ဘယ္လိုပဲ ဖ်က္ပစ္ဖို႔ႀကိဳးစားခဲ့ ႀကိဳးစားခဲ့ အဲ့ဒီစာလုံးေတြက အရာေတာင္ မယြင္းခဲ့ဖူးဘူးတဲ့ေမာင္"
ရာဇသဂၤဟ လမ္းေထာင့္ေရာက္ေတာ့ ဒြန္က မနက္စာအရင္ဝင္စားၾကမယ္လို႔ ေျပာရင္း ယုေခ်ာင္ယြန္း ေခါက္ဆြဲဆိုင္ထဲ ဝင္ထိုင္လိုက္ၾကတယ္။ေခါက္ဆြဲတပြဲစီကို ဘီယာတလုံးစီနဲ႔ ေမ်ာခ်ၿပီးခ်ိန္အထိ ႏွစ္ေယာက္စလုံး ေခါင္းမေဖာ္ခဲ့ၾကဘူး။အေၾကာ္နံ့၊ဆီေမႊးရနံ့နဲ႔ အတိတ္ရဲ့ အႏြမ္းဆုံးေသာ ရနံ့ေတြ ျပည့္သိပ္ေနတဲ့ ဆိုင္ထဲ ႐ုတ္တရက္ ဘရာဇီးႏွင္းဆီရနံ့တခုက ဒြန္႔ႏွာသီးဝဆီ လာပြတ္တိုက္တယ္။သူ ေဘးဘီဝဲယာ လိုက္ၾကည့္တယ္။ရနံဟာ ဆိုင္ထဲမွာ ေဝ့ဝဲေနတာမဟုတ္။အျပင္ဘက္ကို လိုက္ၾကည့္တယ္။မုဆိုးတေယာက္ သားေကာင္ေျပးရာလမ္းေၾကာင္းကို အနံ့ခံပုံမ်ိဳးနဲ႔။ေဟာ…ေတြ႕ၿပီ။
ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးခဲ့ဖူးတဲ့ အေရျပား၊အေႏြးေထြးဆုံးေသာ ရနံ့ေတြ သင္းပ်ံ႕ရာ ခႏၶာ ေႏြရီရာ…။သူ႔မိန္းမ ဒီလမ္းဘက္ ဘာလာလုပ္ပါလိမ့္။ေႏြရီရာဟာ ၾကပ္ခိုးေတြ ျပည့္သိပ္ေနတဲ့ ေခါက္ဆြဲဆိုင္ထဲက ဒြန္တို႔ကို မျမင္ပါဘူး။ၿမိဳ႕မ လက္ဖက္ရည္ဆိုင္ထဲကေန ထြက္လာတဲ့ အမ်ိဳးသားတဦးနဲ႔ ရာဇသဂၤဟလမ္းအတိုင္း ေလၽွာက္သြားတာကို ေတြ႕လိုက္ရတယ္။ဆီရႊဲေနတဲ့ ဆံပင္ခပ္တိုတိုကို ေသေသသပ္သပ္ ဖီးလိမ္းျပင္ဆင္ထားၿပီး ရွပ္အျဖဴဝတ္ထားတဲ့ အမ်ိဳးသားရဲ့ မ်က္ႏွာကို ရိပ္ခနဲ
ျမင္ေတာ့ ဒြန္႔ရင္ခြင္ထဲ အျပင္းထန္ဆုံးေသာ မုန္တိုင္းဟာ တိုက္ခတ္စျပဳေနခဲ့ၿပီ။ဒီလူ႔ကို သူျမင္ဖူးတယ္။ဘယ္မွာျမင္ဖူးပါလိမ့္…။ေခါင္းထဲ ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနတဲ့ ဒြိဟစိတ္နဲ႔ သူက ရန္ႀကီးေနာင္ကို-
"လာ…မိုက္ခ္… ဟိုမွာ ငါ့မိန္းမ…သူတို႔ ေနာက္ လိုက္ၾကည့္ၾကရေအာင္"
သူတို႔ ေႏြရီရာနဲ႔ လူစိမ္းတို႔ရဲ့ ေနာက္ကို ထပ္ၾကပ္မကြာလိုက္ၾကည့္ၾကတယ္။သူ႔ေျခေထာက္ေတြဟာ လုံေလာက္တဲ့ တိတ္ဆိတ္မႈမ်ိဳးနဲ႔ ေလၽွာက္လွမ္းေနေပမယ့္လို႔ ရီရာနဲ႔လူစိမ္းေက်ာျပင္ကို ၾကည့္ရင္း ခပ္ခၽြန္ခၽြန္သစ္သားေခ်ာင္းႀကီးတေခ်ာင္းဟာ သူ႔ ဘယ္ဘက္ရင္အုံထဲ တဆစ္ၿပီးတဆစ္ ထိုးသြင္းေနတဲ့ ေဝဒနာမ်ိဳး သိသိသာသာႀကီး ခံစားေနခဲ့ရတယ္။မနက္ခင္းေနေရာင္ျခည္ေႏြးေႏြးေအာက္မွာ တဆယ့္သုံးႏွစ္သားအရြယ္တုန္းက မက္ခဲ့ဖူးတဲ့ အိပ္မက္ကို ျပန္တမ္းေနသူတေယာက္က စီးကရက္အပိုင္းအစေတြကို ဝါးစားေနတဲ့ လမ္းကိုျဖတ္တယ္။ႏွစ္သုံးလီေျခာက္လို႔ ကေလးစာအံသံစူးစူးထြက္ေပၚရာ လမ္းေဘးက အိမ္ေတြနားကေန ခ်ိဳးေကြ႕။ဘယ္ေတာ့မွ ေရာက္မလာေတာ့မယ့္ စာအိတ္တခုကို ေမၽွာ္ရင္း အၾကမ္းမဖက္အာဏာဖီဆန္ျခင္း သပိတ္မွာ ပါဝင္လႈပ္ရွားခဲ့ဖူးသူ ဝန္ထမ္းအိုႀကီးရဲ့ ဓနိမိုးတဲကို ေက်ာခိုင္း။အတိတ္ကာလတုန္းက လူသတ္ပြဲႀကီးေတြေၾကာင့္ ေသြးေခ်ာင္းစီးသြားတာကို မ်က္ျမင္ေတြ႕ခဲ့ရသူ လူအိုႀကီးရဲ့ ေရွးဘာသာစကားတတြတ္တြတ္နဲ႔ ရြတ္ဆိုတဲ့ က်ဴးေက်ာ္တဲရွိရာ လမ္းမကို ျဖတ္ေက်ာ္ၿပီးခ်ိန္မွာေတာ့ ေႏြရီရာနဲ႔ လူစိမ္းတို႔ဟာ ၾကယ္ေတြကိုသာ ေရတြက္ဖို႔ေလာက္ပဲ အသုံးက်ေတာ့တဲ့ အုတ္ကၽြတ္မိုးေတြ မိုးထားရာ တိုက္အိုႀကီးထဲ ဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။
ရန္ႀကီးေနာင္က ျပဴးတူတူးျပဲတဲတဲနဲ႔-
"ရတနာ နတ္မိမယ္ စံအိမ္ဆိုတာ အဲ့ဒီတိုက္ႀကီးေပါ့ကြာ"
(၅)
ညေန ေက်ာင္းဆင္းခ်ိန္… ဘယ္ေတာ့မွ ေနာက္က်ၿပီး လာမႀကိဳတတ္တဲ့ ဖခင္ဟာ ဒီေန႔မွာေတာ့ အစိုင္းေက်ာင္းဆင္းၿပီးလို႔ နာရီဝက္ၾကာခ်ိန္အထိ ေရာက္မလာနိုင္ေသးပါဘူး။ေက်ာင္းႀကိဳလာတဲ့ ဘက္စ္ကားေတြ၊ေက်ာင္းသားမိဘေတြ၊ဆရာ ဆရာမေတြ တစ တစနဲ႔ နည္းပါးသြားခ်ိန္အထိ အစိုင္းတေယာက္ သူ႔အေဖကို ေစာင့္ေနခဲ့တယ္။
လူမွန္းသိတတ္စကတည္းက ဖခင္ရဲ့ အသိအမွတ္ျပဳမႈ တခုခုရဖို႔ အျမဲတေစအားထုတ္ခဲ့ရတဲ့ အစိုင္းဟာ အလယ္တန္းေက်ာင္းသားတဦးျဖစ္ေနခ်ိန္ေတြအထိ ႀကိဳးစားအားထုတ္မႈ ေလ်ာ့မသြားခဲ့ေသးပါဘူး။အတန္းထဲမွာ အဆင့္ ေအ ရရွိခ်ိန္တိုင္း ေက်ာင္းအေျဖလႊာစာရြက္အျပာေရာင္ေလးကို ဖခင္ဆီသာ အေျပးအလႊားယူသြားတတ္စျမဲ။ေက်ာင္းရဲ့ အေပ်ာ္တမ္းလက္ေဝွ႕ပြဲေတြမွာလည္း သူအေဖတေယာက္ လာေရာက္အားေပးမလားဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္တတ္တယ္။ဒါေပမယ့္ သူအေဖဟာ သူ႔အားကစား႐ုံထဲကေန ေျခတဖြားဝါးမွ မခြာခဲ့သလို ေကာ္ဖီေမႊေပးတာကအစ၊ခဲတံခၽြန္ေပးတာအဆုံး ဘယ္လိုအေသးအဖြဲအယုအယမ်ိဳးကိုမွ သူ႔ဆီ ကမ္းမေပးခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီ။အစိုင္းရဲ့ စိတ္ကူးထဲ သူ႔ဖခင္တေယာက္ သူ႔လက္ကိုတြဲၿပီး ေတာ္လိုက္တဲ့ ငါ့သားလို႔ အသိအမွတ္ျပဳခံရဖို႔ဟာ အလိုခ်င္ဆုံးနဲ႔ အျဖစ္ခ်င္ဆုံးဆႏၵလို႔ သူကိုယ္တိုင္မသိမိလိုက္ခ်ိန္မွာပဲ အျမစ္တခုလို ဝင္ေရာက္ခိုင္ျမဲေနခဲ့ၿပီေလ။
ေက်ာင္းေစာင့္အဘိုးႀကီးရဲ့ ေက်ာင္းတံခါးပိတ္သံ ခပ္သဲ့သဲ့ ထြက္ေပၚလာခ်ိန္ေရာက္ေတာ့မွ လမ္းတဆစ္ခ်ိဳးကေန ဖခင္ျဖစ္သူရဲ့ ယိုင္နဲ႔နဲ႔ ကိုယ္ခႏၶာဟာ သူ႔ဆီ တလိမ့္ေကာက္ေကြး ျပဳတ္က်လာသလို လာေနတာကို ေတြ႕လိုက္ရတယ္။အနားေရာက္ေတာ့ ဖခင္ဆီက ရေနၾက ေခၽြးနံ့မ်ိဳး မရဘဲ ခ်ဥ္စုတ္စုတ္ ရနံ့တမ်ိဳးက အစိုင္းႏွာသီးဝထဲ ဗလုံးဗေထြး ရေနခဲ့တယ္။
"ေစာင့္ေနတာ ၾကာသြားၿပီလား ငါ့သား"
သူ ေျပာပုံက ခုမွေတြ႕ဖူးတဲ့ သူစိမ္းတေယာက္ကို ႏႈတ္ဆက္သလိုမ်ိဳး။
အစိုင္း အေျဖမေပးခင္ ဒြန္ကပဲ ဆက္ၿပီးေတာ့-
"သား အေဖ့အတြက္ ေမြးေန႔လက္ေဆာင္ ေပးဖို႔အသင့္ပဲလား"
ဒီစကားေၾကာင့္ မွိုင္ေတြေနတဲ့ အစိုင္းဟာ ျပန္ၿပီး ရႊင္ျမဴးတက္ႂကြသြားတယ္။"ဒါေပါ့ေဖႀကီးရဲ့"လို႔ ေျပာၿပီး ဖခင္လက္ကို တြဲလိုက္တယ္။လက္ဖဝါးဟာ သူအျမဲထိေတြ႕ေနၾက မာေက်ာၾကမ္းတဲ့ လက္ဖဝါး။
"ဒါဆိုလည္း ေမြးေန႔လက္ေဆာင္ေပးမယ့္ ေနရာကို သြားၾကရေအာင္…"
ရႊင္ျမဴးေနတဲ့ သားကိုၾကည့္ရင္း ၿပီးခဲ့တဲ့ နာရီအနည္းငယ္က စိတ္အေျခအေနကို ဒြန္က ျပန္စမ္းၾကည့္ေနခဲ့တယ္။
ရတနာနတ္မိမယ္ စံအိမ္အိုႀကီးရဲ့ ၿခံဝ ေရာက္ေတာ့ အံအားသင့္စရာေကာင္းေလာက္ေအာင္ သူ႔စိတ္အေျခအေနဟာ မသိစိတ္နဲ႔အတူတူ ရွင္သန္ေနခဲ့တယ္ဆိုတာ သိလိုက္ရတယ္။အေဆာက္အဦရဲ့ အေမွာင္ရိပ္ေၾကာင့္ တိတိက်က်ျပတ္ျပတ္သားသား မျမင္ရေပမယ့္ လူစိမ္းရဲ့ မ်က္ႏွာဟာ သူ တေနရာရာမွာ အျမဲတေစေတြ႕ခဲ့ဖူးတဲ့ မ်က္ႏွာဆိုတာ ယုံမွားစရာမရွိ။ဦးေႏွာက္ထဲက ေသြးေတြ ေပါက္ထြက္မတတ္စဥ္းစားတယ္။ရင္ဘတ္ထဲကေန ဆစ္ခနဲနာက်င္သြားတဲ့ ေဝဒနာနဲ႔အတူတူ သူသိလိုက္ပါၿပီ။အဆိုပါ လူစိမ္းဟာ သူ႔မိန္းမ ေႏြရီရာ့ရဲ့ ပထမအိမ္ေထာင္သည္။ျပတ္ျပတ္ထင္ထင္ သိမိလိုက္တဲ့အခ်ိန္ ဒတဂၤေလးမွာပဲ ကမၻာႀကီးတခုလုံးဟာ ရပ္တန္႔သြားသလို ခံစားလိုက္ရတယ္။ေႂကြလက္စ သစ္ရြက္ေျခာက္ေတြဟာ ေလေပၚမွာရပ္တန္႔၊ဝင္သက္ထြက္သက္ေတြ ေႏွးေကြး၊ဝင္ရိုးစြန္းရဲ့ေထာင့္တေနရာက ရယ္သံခပ္သဲ့သဲ့ဟာ ျပာမႈန္ေတြလို လိမ့္လိမ့္လွဲလွဲ ေမႊးေမႊးျမျမနဲ႔ တစတစေဝးကြာသြားသလို သူ စူးစူးနစ္နစ္ ခံစားေနခဲ့ရၿပီ။အသက္ရႈရခက္ေလာက္ေအာင္ မြန္းၾကပ္လာတဲ့ စိတ္အပိုင္းအစေတြကို သူ ျပန္ေကာက္ယူဖို႔ႀကိဳးစားတယ္။ဟီရိုရွီးမားၿမိဳ႕အေပၚ ဗုံးၾကဲလိုက္တဲ့ျမင္ကြင္းကို ကိုယ္ေတြ႕ျမင္ေတြ႕ရသူ တေယာက္လို၊မ်ိဳးႏြယ္တူ စစ္ေဘးေရွာင္ ကေလးငယ္ေတြနဲ႔လူအိုေတြအေပၚ ရက္ရက္စက္စက္ပစ္ခတ္သတ္ျဖတ္တဲ့ ျမင္ကြင္းကို ျမင္ေတြ႕လိုက္သူ တေယာက္လို၊နာလိုခံခက္ စိတ္ရနံ့ေတြဟာ ဆံျဖားကေန ေျခသည္းၾကားအထိ အျပည့္အႏွက္ ႁပြတ္သိပ္ေနရာယူသြားၾကတယ္။အခ်စ္ရယ္………။
ဘာေတြေျပာသြားမွန္း မသိ၊မၾကားလိုက္ရေပမယ့္ ေႏြရီရာနဲ႔လူစိမ္းတို႔ရဲ့ အျပဳအမူဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္ အိေျႏၵမဲ့ေနတာကို သူ ေတြ႕လိုက္ရတယ္။
"လာဗ်ာ မိုက္ခ္၊တခုခုသြားေသာက္ရေအာင္"
ရန္ႀကီးေနာင္က အလိုက္တသင့္ပဲ သြားၾကတာေပါ့ ဆိုၿပီး သူတို႔ စံအိမ္ႀကီးကေန ထြက္လာခဲ့ၾကတယ္။ဒြန္႔ေခါင္းထဲမွာေတာ့ ေမးခြန္းေပါင္းေျမာက္မ်ားစြာဟာ ပေဟဠိတခုလို အစုလိုက္အျပဳံလိုက္ေနရာယူထားဆဲ။သူတို႔ ဘယ္အခ်ိန္ကတည္းက ဆက္သြယ္ေနခဲ့တာလဲ။သူ႔မိန္းမ သူ႔အေပၚ ႏွစ္ေပါင္းမ်ားစြာစိမ္းကားေနခဲ့တဲ့ အေၾကာင္းအရင္းက ဒါေၾကာင့္လား။ဘာလဲကြာ…။ငါ ဘာေကာင္လဲ။ဒီေလာက္ ရိုးရွင္းတဲ့ အေျခခံအေၾကာင္းတရားေလာက္ကိုေတာင္ မသိမျမင္ရေလာက္ေအာင္ ဘယလို႔ မိုက္မဲခဲ့တာလဲ။မဟုတ္ဘူး။ဘာလို႔ ယုံယုံၾကည္ၾကည္နဲ႔ ခ်စ္ခဲ့တာလဲ…။ဘာလဲ…။ဘာလဲ……။
သူတို႔ သက္ႀကီးဘားထဲ ဝင္ထိုင္ၾကတယ္။ခါတိုင္း ဘီယာကိုသာ အရသာခံၿပီး တျမဳံ႕ျမဳံ႕ ေသာက္တတ္တဲ့ ဒြန္ဟာ ခုခ်ိန္မွာေတာ့ အျပင္းဆုံးဝီစကီေတြကို တခြက္ၿပီးတခြက္ေမာ့ေနခဲ့တယ္။ရန္ႀကီးေနာင္ကလည္း ေယာက်္ားခ်င္း အလိုက္တသိဘဲ တိတ္တဆိတ္ ဝီစကီကို နည္းနည္းခ်င္းမၽွင္းေသာက္ေပးေနခဲ့တယ္။
"ခင္ဗ်ားသိလား မိုက္ခ္…"
ရန္ႀကီးေနာင္က ဘာတုံးဆိုတဲ့ သေဘာနဲ႔ မ်က္ခုံးပင့္ျပလိုက္တယ္။
"က်ဳပ္မိန္းမ ေႏြရီရာ့ဆီမွာ အရင္က ေယာက်္ား တေယာက္ရွိခဲ့ဖူးတယ္ဗ်"
ရန္ႀကီးေနာင္ မ်က္လုံးျပဴးသြားတယ္။ေသာက္ေနတဲ့ ဝီစကီခ်ိဳတျမျမဟာ ေဆာ့ခေရးတီးစ္ေသာက္တဲ့ အဆိပ္ခြက္လို အရသာမ်ိဳး ေျပာင္းလဲသြားသေယာင္ေယာင္။
"သူတို႔က တရားဝင္ကြာရွင္းထားတာ မဟုတ္ဘူး၊ဒါေၾကာင့္ ၿမိဳ႕ေတာ္ကေန က်ဳပ္တို႔ ေျခရာေဖ်ာက္ၿပီး ဒီၿမိဳ႕ကို ေျပာင္းခဲ့ၾကတာပဲ"
ဒြန္က ေနာက္ထပ္ ႏွစ္ခြက္ဆင့္ ေမာ့ၿပီးခ်ိန္အထိ ႏႈတ္ဆိတ္သြားျပန္တယ္။မ်က္ႏွာတခုလုံးဟာ ခရမ္းခ်ဥ္သီးမွည့္သလိုမ်ိဳး ရဲပေတာင္းခတ္ေနခဲ့ၿပီ။
"အေစာက က်ဳပ္မိန္းမနဲ႔ အတူတူေတြ႕လိုက္တဲ့ ဘဲက သူ႔အရင္ေယာက်္ားေပါ့ဗ်ာ…"
"…………"
"ရည္းစားျဖစ္ၿပီး… ပူေလာင္တဲ့ ေႏြတခုမွာ သူ႔ပုံကို က်ဳပ္ျမင္ဖူးခဲ့တာ…"
စီးကရက္ တဘူးကုန္သြားခ်ိန္အထိ သူတို႔ တိတ္ဆိတ္သြားၾကျပန္တယ္။ဒီေန႔မွ စီးကရက္အရသာဟာ နတ္သၽွင္ေနာင္ရဲ့ ရတုအရသာမ်ိဳး ရေနခဲ့တယ္။
"ငဝမ္းအတြက္ လက္ရည္စမ္းဖို႔ ပြဲတခု စီစဥ္လိုက္ဗ်ာ"
"ေဟ…"
ဝမ္းသာရမလား၊ဝမ္းနည္းရမလား ေဝခြဲမရတဲ့ ခံစားမႈမ်ိဳးနဲ႔ ရန္ႀကီးေနာင္က …"မင္း တကယ္လား"
"ေနရာကို အေစာက ရတနာနတ္မိမယ္ တိုက္ႀကီးထဲ စီစဥ္လိုက္"
ညေနေစာင္းေရာက္ခ်ိန္တိုင္း တေနကုန္ေျခာက္ေသြ႕ခဲ့တဲ့ အဆိုပါ ရတနာနတ္မိမယ္စံအိမ္ႀကီးဟာ သူခိုး၊ဂ်ပိုး၊ကေလကဝတို႔ စတင္ေပ်ာ္ျမဴးဖို႔ရာ တာစူေနၾကခ်ိန္မဟုတ္လား။ရန္ႀကီးေနာင္အတြက္ေတာ့ ပြဲတပြဲမွ မထိုးသတ္ခဲ့ဖူးသူ ၿမိဳ႕ရဲ့နာမည္ေက်ာ္ တက္သစ္စငဝမ္းေၾကာင့္ ဗိုက္ေခြးနမ္းမယ့္ အခြင့္အေရး ရရွိေနခဲ့ၿပီ။
"ခင္ဗ်ား အခုသြားလိုက္ေတာ့ … ကိုမိုးဆီ ဝင္ေျပာခဲ့၊ငဝမ္းကိုပါ ေခၚလာခဲ့ … သူ႔ၿပိဳင္ဘက္ကို က်ဳပ္ေခၚလာမယ္"
ေငြရွင္းၿပီးေနာက္ ဘယ္လိုပြဲမ်ိဳး ျဖစ္ျဖစ္ နာမည္တခုတပ္ၿပီး ေၾကးေခၚတတ္တဲ့ ရန္ႀကီးေနာင္က ဘားဆိုင္တံခါးဝနားေရာက္မွ လွည့္ၾကည့္ၿပီး ဘယ္လိုနာမည္နဲ႔ ေၾကးေခၚလိုက္ရမလဲ ဒြန္လို႔ ေျပာလိုက္တယ္။စူးရွေတာက္ပၿပီး ေဝဝါးမႈန္ရီေနတဲ့ အၾကည့္ေတြနဲ႔ ဒြန္ရဲ့ ဝမ္းေခါင္းထဲက လွိုက္ခနဲ တက္လာတဲ့ အသံက သက္ႀကီးဘားတခုလုံးထဲ ျပည့္သိပ္သြားခဲ့တယ္။
"abhorring match"
(၆)
ေနာက္ထပ္ ရက္အနည္းငယ္အတြင္း သူတက္ကၽြမ္းတဲ့ အင္ဂ်င္နီယာအလုပ္ကို ျပန္လုပ္ရေတာ့မွာမို႔ ေႏြရီရာတေယာက္ ျမဴးတူးေနခဲ့တယ္။မေဝးေတာ့တဲ့ အနာဂတ္ကာလတခုမွာ သူနဲ႔သူ႔သားတို႔ ေအးခ်မ္းတဲ့ ေတာင္ေပၚၿမိဳ႕ေလး တၿမိဳ႕မွာ အိမ္ေလးတလုံးဝယ္ၿပီး ေအးေအးလူလူ ရွင္သန္သြားဖို႔ လုံေလာက္တဲ့ အလုပ္တခု ရေတာ့မယ္ဆိုတဲ့ အသိက ရီရာ့တကိုယ္လုံး လွည့္ပတ္စီးဆင္းေနတဲ့ ေသြးေၾကာေတြထဲ ကဆုန္ေပါက္ကခုန္လို႔။မေပ်ာ္ရႊင္နိုင္တဲ့ အိမ္ေထာင္ေရး၊ဟန္ေဆာင္လိမ္ညာဖုံးကြယ္ထားတဲ့ ဘဝအေသတခုကို ေနာက္ဆုံးေတာ့ သူ အနားသတ္နိုင္ခဲ့ၿပီ။အဆင္မေျပတဲ့ ကန္႔လန္႔ဝါက်တေၾကာင္းကို ပုဒ္မ ခ်နိုင္ခဲ့ၿပီ။ကမၻာႀကီးဟာ ထူးဆန္းပါဘိ။လြန္ခဲ့တဲ့ ရက္အနည္းငယ္က အလုပ္ေအဂ်င္စီ တခုရဲ့ အဆက္အသြယ္နဲ႔ သန္းႂကြယ္တေယာက္ရဲ့ အေဆာက္အဦးတခု ျပန္ျပဳျပင္ခ်င္တယ္ဆိုတဲ့ အလုပ္ လုပ္ဖို႔ ကမ္းလွမ္းခံရတယ္။အလုပ္ရွင္သူေဌးဟာ ၿမိဳ႕ေတာ္ရဲ့ လမ္းမေတြမွာ အတူတကြ လက္တြဲခဲ့ဖူးသူ၊အိပ္ရာတခုတည္း အိပ္စက္ရင္း ကိုယ္စီအသက္ရႈသံေတြကို နားေထာင္ခဲ့ဖူးတဲ့ သူ႔ေယာက်္ားေဟာင္းနဲ႔ မ်က္ႏွာခ်င္းထပ္တူနီးပါးက်တဲ့အထိ တူေနတဲ့ သူ ျဖစ္ေနပါေရာလား။ေမးရိုးအက်၊ႏွာတံေဖာင္းေဖာင္း၊ပုခုံးဆစ္ခုံးခုံးနဲ႔ သူေဌးကို ျမင္မိေတာ့ သူ အေတာ္ေတာင္ အံ့အားသင့္သြားခဲ့ရေသး။ဒါေပမယ့္ အလုပ္အကိုင္၊အေနအထိုင္၊စကားေျပာသံ၊အျပဳအမူေတြကေတာ့ ဆီနဲ႔ေရ၊နံ့သာဆီနဲ႔ အီးလို ကြာျခားပါဘိေတာင္း။ဘယ္လိုပဲ ဆိုဆို အလုပ္ရွင္ရဲ့ အသစ္ျပဳျပင္မယ့္ တိုက္ခန္းေနရာကို သြားၾကည့္ကတည္းက သူ႔အနာဂတ္အတြက္ စိတ္ေတြ လႈပ္ရွားေနခဲ့တယ္။
ရတနာနတ္မိမယ္ စံအိမ္ဆိုတဲ့ ၿမိဳ႕ရဲ့ အိုမင္းေဟာင္းႏြမ္းဆုံးေသာ အေဆာက္အဦကိုမွ ဘာလို႔ ေရြးခ်ယ္ခဲ့တာလဲ ဆိုတာကိုေတာ့ ရီရာ နားမလည္ခဲ့။ေခတ္အဆက္ဆက္ ဘယ္သူတည္ေဆာက္ခဲ့မွန္းမသိ၊လက္ရွိ ဘယ္သူပိုင္ဆိုင္မွန္းမသိတဲ့ အုတ္ပုံသာသာ ေနရာမွာ စီးပြားေရးလုပ္မယ္ဆိုတာ ဧရာမစြန္႔စားခန္းႀကီး သဖြယ္မဟုတ္လား။
လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတုန္းကေတာ့ ရန္ေအာင္ျမင္ရဲ့ ဒ႑ာရီလာေတာ္လွန္ေရးေခါင္းေဆာင္ႀကီး စိုင္းမိုးရဲ့ စံအိမ္လို႔ လူေတြရဲ့ တဆင့္စကား၊တဆင့္နားကေန ၾကားဖူးေပမယ့္ ဒီစံအိမ္ဟာ ဘယ္သူပိုင္တယ္ဆိုတာ ေရေရရာရာသိတဲ့ လူ မရွိ။ခုေလာေလာဆယ္မွာေတာ့ ဆံပင္ျဖဴေတြ အေဖြးသား၊အရစ္ရစ္ေသာ အဆီဖိုင့္ဖိုင့္ႀကီးေတြ ဗိုက္ပတ္လည္မွာ ေခြထားသလိုမ်ိဳး ျဖစ္ေနတဲ့ ၿမိဳ႕အုပ္ရဲ့ အပိုင္လို႔ေတာ့ ၿမိဳ႕လူထုက သိထားၾကတယ္ေလ။ၿမိဳ႕မလက္ဖက္ရည္ဆိုင္မွာ ၿမိဳ႕အုပ္နဲ႔ စာခ်ဳပ္ကိစၥ ညႇိၿပီး ေႏြရီရာနဲ႔သူေဌးတို႔ စံအိမ္ႀကီးကို သြားၾကည့္ၾကတယ္။ျပင္ဆင္စရာ ရွိတာ ျပင္ဆင္ဖို႔၊လိုအပ္တဲ့ေငြေၾကးအတြက္ မပူဖို႔နဲ႔ အေကာင္းဆုံးနဲ႔ အျမန္ဆုံး၊အလွပဆုံး ဒီဇိုင္းျဖစ္လာဖို႔ ေနာက္ သူစဥ္စားထားတဲ့ စီးပြာေရးအစီအစဥ္ အေကာင္အထည္ေပၚလာဖို႔ အစရွိတာေတြအတြက္ သူတို႔ ေျပာဆိုၾကၿပီး စံအိမ္ထဲေနပဲ လမ္းခြဲထြက္လာခဲ့ၾကတယ္။
ရာဇသဂၤဟ လမ္းဆိုတဲ့ ဆိုင္းဘုတ္နားေရာက္ေတာ့ ညက တစတစ ေမွာင္ရီပ်ိဳးလာခဲ့ၿပီ။အသက္ရႉ႐ုံနဲ႔ ငရဲက်သြားေစေလာက္တဲ့ ရန္ေအာင္ျမင္ၿမိဳ႕ဟာ ေနာက္ဆုံးေတာ့ သူ႔အတြက္ ကံေကာင္းျခင္းေတြ ယူေဆာင္ေပးခဲ့ၿပီ။စိတ္ကူးနဲ႔ အိမ္အျပန္လမ္းဟာ ေႏြးေထြးေနတုန္း… ႐ုတ္တရက္ ခ်ိဳအီေမႊးျမတဲ့ ရနံ့တခုက သူ႔ႏွာသီးဝဆီ အတင္းထိုးေဆာင့္တယ္။႐ုတ္ခ်ည္း ပိုးစုန္းၾကဴးအလင္းတန္းေတြနဲ႔အတူတူ သူ႔အာ႐ုံဟာ အနက္ေရာင္ပင္လယ္ျပင္ထဲ မိုက္ခနဲ ထိုးနစ္စူးစိုက္ဝင္သြားခဲ့တယ္။သူ ေနာက္ဆုံးျမင္လိုက္ရတဲ့ ျမင္ကြင္းက လူစိမ္းတဦးရဲ့ မ်က္ႏွာ။ဓားခုတ္ရာ အမာရြတ္ႀကီး ကန္႔လန္႔ျဖတ္ အထင္းသားနဲ႔ ေရွးေဟာင္းရိုင္ဖယ္ေသနတ္ကို လြယ္၊ညစ္ေထးစုတ္ျပတ္ေနတဲ့ ျခဳံေစာင္ႀကီး လႊမ္းထားသူရဲ့ တေစၧတေကာင္လို ေအးစက္စက္မ်က္ႏွာ။
အဆိုပါ တေစၧမ်က္ႏွာနဲ႔ လူက ဖုန္အလိမ္းလိမ္းတက္ေနတဲ့ သူ႔ ဆံပင္ရွည္ႀကီးေတြကို ျဖန္႔ခင္းၿပီး ႏႈတ္က တစုံတခုကို တတြတ္တြတ္နဲ႔ ရြတ္ေနခဲ့တယ္။
"ေၾကးညိဳ၊ေၾကးညိဳေလး… ေနာက္ဆုံးေတာ့ မင္းကိုေတြ႕ရၿပီေပါ့ ေၾကးညိဳေလးရယ္…"
အသံဟာ ေဝးသြားလိုက္၊နီးလာလိုက္နဲ႔ လွိုင္းတခုလို တုန္ခါေနခဲ့တယ္။ျဖည္းျဖည္းမွန္မွန္နဲ႔ နီးသထက္ နီးလာတဲ့ေနာက္မွာေတာ့ သေဘၤာဥၾသဆြဲသံလို က်ယ္ေလာင္လာခဲ့တယ္။
အသိစိတ္ဟာ ခႏၶာကိုယ္ဆီ ကပ္တာနဲ႔တၿပိဳင္နက္ ေခါင္းဟာ တဆစ္ဆစ္ကိုက္ခဲေနခဲ့တာကို ေႏြရီရာ ခံစားလိုက္မိတယ္။မ်က္လုံး ဖြင့္ၾကည့္ေတာ့ အာ႐ုံေတြက ေဝေဝဝါးဝါး…။ဆဲသံဆိုသံ ေအာ္ဟစ္ဆူညံသံေတြဟာ နားနဲ႔မဆံ့ေအာင္ စူးရွက်ယ္ေလာင္လြန္းေနခဲ့တယ္။သူ လႈပ္ရွားၾကည့္လိုက္မိခ်ိန္မွာေတာ့ ပကတိ အေျခအေနတခုလုံးကို သုံးသပ္နိုင္တဲ့ အေနအထားအထိ အသိစိတ္ဟာ သိသိသာသာ တိုးတက္ေကာင္းမြန္ေနခဲ့ၿပီ။
ကုလားထိုင္တလုံးေပၚမွာ သူ႔လက္ေတြကို က်ပ္က်ပ္တည္းတည္း ခ်ည္ေႏွာင္ထားၿပီး ေစးကပ္ေစးထန္းတဲ့ တိတ္တခုနဲ႔ သူ႔ ပါးစပ္ကို ပိတ္ထားတယ္ဆိုတဲ့အေၾကာင္း၊ၾကပ္ခိုးေတြ အလိမ္းလိမ္း အုတ္ပဲ့အုတ္ရြဲ႕ေတြ တင္းၾကမ္းျပည့္ႏွက္ေနတဲ့ လေရာင္ပ်ပ်သာ အလင္းေရာက္တဲ့ အခန္းငယ္အတြင္းမွာ သူေရာက္ရွိေနေၾကာင္း၊ေရွ႕က ဧရာမထင္းမီးဖိုႀကီးနား လူေတြပတ္လည္ဝိုင္းၿပီး ဆူဆူညံညံနဲ႔ ေအာ္ဟစ္ေနခဲ့တဲ့ အေၾကာင္း အစရွိတာေတြကို ေႏြရီရာ သိရွိခဲ့မိၿပီ။
(၇)
ဘယ္လိုျဖစ္ၿပီး ဒီလိုအေျခအေနမ်ိဳး ေရာက္လာခဲ့သလဲ ဆိုတာ ရီရာတေယာက္ စဥ္းစားရၾကပ္ေနခဲ့တယ္။သိစိတ္ဟာ တစတစ ပီျပင္လာတယ္ဆိုရင္ပဲ ေၾကာက္စိတ္ဟာ ျဖည္းျဖည္းခ်င္း ႀကီးစိုးလာခဲ့ၿပီ။သူ အားကုန္႐ုန္းကန္ၾကည့္တယ္။အနည္းငယ္ ယိုင္နဲ႔နဲ႔ လႈပ္ရွားသြားတာလြဲရင္ အရာမေရာက္။
"႐ုန္းမေနနဲ႔ ရီရာ…"
အသံေၾကာင့္ အခန္းထဲမွာ သူတေယာက္တည္းမဟုတ္ဘဲ ေနာက္ထပ္ လူတေယာက္ ရွိေနခဲ့တာကို သတိထားမိလိုက္တယ္။စီးကရက္မီးညႇိေနတဲ့ သူ႔ဆီကေန တမာရနံ့ဟာ ထုံထုံႀကိဳင္ႀကိဳင္နဲ႔ ဆြတ္ပ်ံ႕လာတယ္။အသံကို ရင္းႏွီးေနခဲ့ရာက စီးကရက္ကို ညႇိလိုက္တဲ့ မီးေရာင္ေၾကာင့္ အသံရွင္ရဲ့မ်က္ႏွာကို ရီရာသိရွိခဲ့ၿပီ။
'ဒြန္…'လို႔ စိတ္ထဲကေန တိုးဖြဖြေရရြတ္ေနမိတယ္။
"ဘဝတေလၽွာက္လုံး မင္းအတြက္ပဲ ရွင္သန္ဖို႔ ဆုံးျဖတ္ထားခဲ့တာ ရီရာရဲ့…"
ဒြန္က အျပင္ဘက္က လူအုပ္ကို ေဆြးေဆြးရီရီေငးရင္း စကားလုံးေတြကို ေအးေအးေဆးေဆး ေျပာေနခဲ့တယ္။လေရာင္ပ်ပ်ဟာ သူ႔မ်က္ႏွာေပၚမွာ တင္က်န္ေနတယ္။ေဒသတခု၊လြင္ျပင္က်ယ္တခု၊လွပတဲ့ ရႈခင္းတခုကို ေငးေနသလိုမ်ိဳး အေဝးတေနရာကို ၾကည့္ရင္း…
"ငါ မင္းကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ေနာက္ထပ္ ဘယ္လိုမ်ား သက္ေသျပရဦးမွာလဲ ရီရာ…"
အဆုံးမဲ့ေၾကကြဲျခင္း ႏြံအိုင္ထဲ တစတစနစ္ျမဳပ္ေနသူတေယာက္လို ဒြန္႔စကားသံေတြထဲမွာ ေဝဒနာေတြ ျပည့္သိပ္မို႔ေမာက္ေနခဲ့တယ္။ရီရာက ႐ုန္းတယ္။ေခါင္းရမ္းတယ္။သူ႔ေယာက်ာ္းရဲ့ စကားေတြကို သူ တလုံးမွ နားမလည္။ဘာေတြေျပာေနတာလဲ။ဘာျဖစ္လို႔ သူ႔ေယာက်္ားက သူ႔ကို ခ်ဳပ္ထားရတာလဲ။ရီရာတေယာက္ ဘယ္လိုမွ ေဝခြဲလို႔မရ။
"မင္းကို ႐ူး႐ူးမူးမူး တိမ္းညႊတ္မိခ်ိန္က စၿပီး ငါ ဟာ ႏြယ္ပင္တပင္လို ေျပာင္းလဲသြားခဲ့တယ္…ငါရွင္သန္မွီတြယ္ရာကလည္း မင္းလို႔ တရားေသမွတ္ယူခဲ့တယ္"
ႏူးညံ့တဲ့ စကားလုံးေတြဟာ ရီရာနဲ႔ဒြန္တို႔ရဲ့ အတိတ္ကို စူးစူးစိုက္စိုက္ ေဖာ္ျပေနသလိုမ်ိဳး။ရီရာ့ရဲ့ မ်က္ဝန္းေတြထဲမွာလည္း နင့္နင့္သီးသီးခ်စ္ခဲ့တဲ့ အတိတ္ကာလက တျဖည္းျဖည္း ေနရာယူလာခဲ့တယ္။တကယ္ပဲ ကမၻာႀကီးရဲ့ ၾကည္ႏူးဆြတ္ပ်ံ႕စရာ အေျခအေနသန္းေပါင္းမ်ားစြာထဲမွာမွ သူတို႔ခ်စ္ျခင္းေမတၱာဟာ အုပ္တခ်ပ္ သဲတပြင့္အေနနဲ႔ ပါဝင္ခဲ့တာမဟုတ္လား။
"မင္းကို ကိုယ္ အရမ္းတန္ဘိုးထားခဲ့တာ ရီရာရဲ့…တေယာက္ရဲ့ တန္ဘိုးထားတဲ့အတိုင္းအဆကို ဒီ့ျပင္လူတေယာက္ေယာက္က အတိအက်ႀကီး ဝင္ေရာက္တြက္ခ်က္ ခန္႔မွန္းလို႔မရတာ သဘာဝတရားပဲေလ…"
အျပင္က လူအုပ္ႀကီးရဲ့ 'ေဟး…'ခနဲ ေအာ္သံေၾကာင့္ သူ အတန္ၾကာ ႏႈတ္ဆိတ္သြားခဲ့တယ္။အဲ့ဒီေနာက္မွာေတာ့ ဒြန္႔စကားလုံးေတြဟာ ေဒါသအသြင္ တစတစေျပာင္းလဲလာခဲ့တယ္။ေျခာက္ျခားစရာေကာင္းတဲ့ ဝါက်ေတြ အစီအရီထြက္ေပၚလာခဲ့တယ္။
"ငါ က လင္ရွိမယားကိုမွ ပစ္မွားမိတဲ့ ဒိဌိတေကာင္လား ရီရာ… မင္းေရာ ငါေရာ အတူတူခ်စ္ခဲ့ၾကတာ မဟုတ္လား"
ရီရာက လ်င္လ်င္ျမန္ျမန္ပဲ ေခါင္းညိတ္တယ္။စကားကေတာ့ တိတ္ကပ္ထားလို႔ ေျပာလို႔မရ။
"ငရဲဆိုတာေတြ၊အဖန္ဖန္ဝဋ္ဆင္းရဲျခင္းဆိုတာေတြ၊သံသရာကိုေတာင္ ဆန္႔က်င္တိုက္ခိုက္ၿပီး ခ်စ္ခဲ့တာေတာင္မွ မင္းက လုပ္ရက္တယ္ ရီရာရယ္…"
ေၾသာ္…ဒြန္က ေမြးခန္းက ထြက္ကတည္းက သူစိတ္မေျပေသးတာကို ဆိုလိုေနပုံရတယ္။ကၽြန္မ စိတ္မဆိုးေတာ့ပါဘူး။ႏွစ္ေတြအၾကာႀကီး ပစ္ထားမိလို႔ ေမာင့္ကိုေတာင္းပန္ပါတယ္။ေမြးစားကေလးအတြက္လည္း ေဒါသေျပပါၿပီ…ဆိုတဲ့ ကေယာင္ကတမ္း စကားလုံးေတြ ေျပာခ်င္ေပမယ့္ ႏႈတ္က ေျပာလို႔မရ။ေခၽြးအိုင္ထဲ နစ္ေနတဲ့ ရီရာဟာ ေခါင္းတတြင္တြင္ ညိတ္ျပ၊ခါယမ္းျပ႐ုံကလြဲရင္ က်န္တာဘာမွလုပ္မရခဲ့။
"မင္းရဲ့ ဒီေန႔အျပဳအမူကြာ… အဲ့အျပဳအမူက ငါ့ကို ႐ူးမတတ္ပဲ…႐ူးမတတ္ပဲ…"
ရီရာ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်ရင္းက အႀကီးအက်ယ္အံ့အားသင့္သြားခဲ့ၿပီ။ဒြန္တေယာက္ အလုပ္ရွင္သူေဌးနဲ႔ …သူနဲ႔ကို…။သူသိလိုက္ၿပီ…။သူ႔ေယာက်္ား ဘာကိုဆိုလိုတယ္ဆိုတာ သူ ျပတ္ျပတ္ထင္ထင္ သိလိုက္ၿပီ။ပိုဆိုးတာက သူ႔ေယာက်ာ္းညႊန္ျပရာကို ၾကည့္လိုက္ေတာ့ လူအုပ္ၾကား၊လက္ေဝွ႕ႀကိဳးဝိုင္းထဲမွာ သူတို႔သား အစိုင္း…။ဝတ္စုံျပည့္နဲ႔ ေခၽြးသံရႊဲရႊဲ။သူနဲ႔ ယွဥ္ထိုးေနသူက ဒြန္႔ရဲ့ ေမြးစားသား၊တပည့္ ငဝမ္း။
ဒြန္က ေျခာက္ျခားစရာေကာင္းတဲ့ အသံအက္ကြဲေၾကာင္းႀကီးနဲ႔ ရီရာ့ဘက္လွည့္၊တေစၧတေကာင္လို ေအးစက္စက္ ျပဳံးရင္း-
"သားက ေမြးေန႔လက္ေဆာင္ေပးမလို႔ ဆိုလို႔ေလ…"
ေႏြရီရာ့ တကိုယ္လုံး ေလျဖတ္သူတေယာက္လို ေအးစက္ထုံက်င္သြားတယ္။မယုံၾကည္နိုင္ေလာက္ေအာင္ ေသြးေအးလြန္းတဲ့ ဒြန္႔ကိုၾကည့္ၿပီး ဘယ္အရာကိုမွ မမွတ္မိေတာ့တဲ့ လူတေယာက္လို လက္ရွိပစၥဳပၸန္၊အတိတ္၊အနာဂတ္ ကာလအပိုင္းအျခားေတြအကုန္လုံးကို ေမ့သြားတယ္။ေဖာ္ျပစရာ စကားလုံး တလုံးမွ ရွာမေတြ႕ေတာ့တဲ့ အခါ လူရဲ့ ေနာက္ဆုံး တုန္႔ျပန္မႈက ဘာလဲ။သတိျပန္ဝင္လာတဲ့အခါ ရီရာ တေယာက္ အတင္း႐ုန္းတယ္။ကန္တယ္။ႀကိဳးတုပ္ထားတဲ့ ေနရာကေန ေသြးစိမ္းရွင္ရွင္ ပန္းထြက္တဲ့အထိ ႐ုန္းတယ္။'ေဟး…'ခနဲ လူအုပ္ႀကီးဆီက အသံတခုထြက္လာတိုင္း ငဝမ္းရဲ့ လက္သီးတလုံးက အစိုင္းမ်က္ႏွာေပၚ ဆီ က်တယ္။အစိုင္းမ်က္ႏွာေပၚ လက္သီးထိုးခ်က္ တလုံးက်လာတိုင္း လည္ပင္းေသြးေၾကာေတြ တင္းရင္းေပါက္ထြက္မတတ္ ရီရာ႐ုန္းတယ္။မ်က္လုံးအိမ္ထဲ ေသြးေရာင္လႊမ္းလာခ်ိန္အထိ ရီရာ႐ုန္းတယ္။ဖားေပါင္စင္းလို လည္ပင္းေၾကာေတြ ေထာင္မတ္လာခ်ိန္အထိ ရီရာ ႐ုန္းတယ္။
"ကဲ… ေနာက္ဆုံး အခ်ီ… ေၾကးေလးေတြ လာထား"
ရန္ႀကီးေနာင္ရဲ့ စစ္ေအာင္လာတဲ့ ဘင္ခရာတီးသံလို အသံၾသႀကီးက ျပန္႔ထြက္လာတယ္။တြန္းထိုး႐ုန္းကန္ေနဆဲ ရီရာ့ရဲ့ ေခၽြးသံခၽြဲခၽြဲ ဆံႏြယ္ေတြကို ဒြန္က ဆုပ္ကိုင္ၿပီး-
"ငါ့ဘဝရဲ့ အလိုအပ္ဆုံး အရာဟာ မင္းပဲ ရီရာ… မင္းပဲ၊ဒီေန႔ေတာ့ ငါ့ရဲ့အလိုအပ္ဆုံးကို ဆုံးရႈံးလိုက္ရၿပီ…သြားၿပီ၊မင္းသိလား ေႏြရီရာ…မင္းသိလား… "လို႔ ခပ္ဖြဖြေလး ေျပာလိုက္တယ္။
"ရႊီး…" ဆိုၿပီး တစုံတေယာက္ရဲ့ လက္ေခါက္မႈတ္သံေနာက္မွာေတာ့ လက္ေဝွ႕ပြဲဟာ ေနာက္ဆုံးအခ်ီစတင္ၿပီျဖစ္ေၾကာင္း ဒြန္ သိလိုက္တယ္။ရီရာ့ေဘးကေန ျဖည္းျဖည္းခ်င္းထတယ္။ေသာက္လက္စ စီးကရက္ကို ထိုးေခ်လိုက္တယ္။လည္ျပန္လွည့္ၾကည့္ရင္း… နာက်ည္းမႈေတြ ျပည့္ႏွက္ေနတဲ့ စကားလုံးတလုံးကို ေရခိုးေရေငြ႕ေတြလို ရီရာ့ဘက္လွည့္ၿပီး ေျပာလိုက္တယ္။
"အတူတူ ဆုံးရႈံးၾကတာေပါ့ အခ်စ္ရယ္…"
မ်က္ရည္ဥေတြ အဆက္မျပတ္ က်ေနတဲ့ ရီရာက သူ႔ေယာက်ာ္းအျပဳအမူကို တသေဝမတိမ္း လိုက္ၾကည့္တယ္။ေအးေဆးတဲ့ ေျခလွမ္းေတြနဲ႔ ဒြန္က ႀကိဳးဝိုင္းဆီသြားတယ္။သူ႔ပုံစံဟာ လုံျခဳံစိတ္ခ်တဲ့ ရပ္ဝန္းတခုမွာ အႏုပညာတခု၊ကဗ်ာတပုဒ္၊ပန္းခ်ီကားခ်ပ္ တခ်ပ္ကို စိတ္ခ်လက္ခ် ဖန္းတီးေနသူတေယာက္ သက္ေသာင့္သက္သာ ျဖစ္ေနသလိုမ်ိဳး…။သူ႔မိန္းမကို ခ်ဳပ္ထားရာ ေမွာင္မည္းေနတဲ့ အခန္းဆီလွည့္ၾကည့္တယ္။ေနာက္ သူ႔သားအစိုင္းရဲ့ နိမ့္ခ်ည္ျမင့္ခ်ည္ ရင္ဖိုဖိုကို ေငးတယ္။မ်က္ဝန္းေတြကို ၾကည့္တယ္။အစိုင္းက သူ႔အေဖကို ျပန္ျပဳံးျပတယ္။ဘဝမွာ ဂုဏ္အယူဆုံး အခိုက္အတန္႔ကို ျဖတ္သန္းေနသူတေယာက္ ေအာင္နိုင္သူ အျပဳံးနဲ႔။လူအုပ္ႀကီးက တေယာက္တေပါက္နဲ႔ ဆူညံပြက္ေလာရိုက္…လို႔…။
"ငဝမ္း…"
ဒြန္က ငဝမ္းကို လက္သီးဆုပ္ ႏွစ္ဖက္ ဆုပ္ျပလိုက္တယ္။ငဝမ္းက ေခါင္းျပန္ညိတ္ျပတယ္။မ်က္ရည္တစက္က သူ႔ လက္သီးဆုပ္ေပၚ ေစြ႕ခနဲ……။
*******************
မိုဃ္းသြန္း
Done 🍀
ReplyDelete🍁🌸Done✅
ReplyDeleteOh....no! ဒွန်ရယ်လုပ်ရက်လိုက်တာ အစိုင်းက သူ့အဖေဆီက အသိအမှတ်ပြုမှုတွေ အချစ်တွေကို ဘယ်လောက်တောင်မျှော်လင့်ခဲ့ရလဲ? နောက်ဆုံးတော့ ဒွန်က ငဝမ်းကို လက်သီးဆုပ်နှစ်ဖက် ဆုပ်ပြခဲ့ပြီပေါ့။ ဇာတ်လမ်းလေး တအားကောင်း။ ဝတ္ထုတိုပြိုင်ပွဲက စာမူတွေက တအားလက်ရာမြောက်တာပဲ။ အပုဒ်တိုင်းကြိုက်တယ်။
ReplyDeleteDone
ReplyDeleteDone 💪
ReplyDeleteရက်စက်လိုက်တာ ဒွန်...
ReplyDeleteဖြေရှင်းခွင့်တော့ပေးသင့်ပါတယ်
အစိုင်းကိုသနားမိတယ်...
👊✊
ReplyDeleteDone
ReplyDelete