Betty in my Cardigan in that August Night
Unicode
ဘတ်(စ်)ကားကြီးတစ်စင်းလုံးပေါ်တွင် လူရှင်းနေသည်။ ဟိုးအနောက်ဆုံးမှ ခရီးသည်ခုံတန်းတွင် တန်းစီထိုင်နေကြသော August တို့ သူငယ်ချင်းမလေး, လေးယောက်အပြင် အရှေ့ခပ်လှမ်းလှမ်းမှာကား အခြားခရီးသည် ငါးယောက်ခြောက်ယောက်မျှသာ စီးနင်းလိုက်ပါလာသည်။ လတ်တလောတွင် မိုးသက်မုန်တိုင်းများ ကျရောက်နိုင်သည်ဟု ကြေညာထား၍ ကားပေါ်တွင် လူပါးနေခြင်းဖြစ်မည်ဟု August ထင်လိုက်မိ၏။
ပိတ်ထားသည့် ကားပြတင်းမှန်တို့ပေါ်တွင် လေတစ်ပွေ့နှင့် ရောမွှေ့လာသည့် ဖုန်မှုန် နှင့် မိုးပေါက်တို့က တစက်စက်တတောက်တောက် ရောယှက်စီးကျလာနေ၏။ ရေငွေ့များကလည်း တဝေ့ဝေ့ ရိုက်ခတ်ပတ်ဆင်းလျက်။ တဖွဲဖွဲဖြင့် နေ့ညဆက်လက် မပြတ်စဲသောမိုးကြောင့် August တို့ မြို့ငယ်လေးမှာ ညို့မှိုင်းထိုင်းတိုင်းလာလျက် ရှိနေချိန်။ အထူးသဖြင့် တစ်ခုသောဈာပနမှ အတူတူပြန်လာကြသည့် August တို့ သူငယ်ချင်းတစ်စုဆီတွင် ထိုမိုးစက်တို့၏ လွှမ်းမိုးသက်ရောက်မှုက ခါတိုင်းထက် ပို၍ပင် နစ်ရှိုင်းနေလေသည်။
ဆုံးပါးသွားသူကား Betty ၏ အဖေ Joe ဆိုသူ ဖြစ်သည်။ Betty တို့ မိသားစုတွင် သူမအဖေ Joe ၊ ဒုတိယဇနီးသည် Julie နှင့် Betty တို့ သုံးယောက်က အကုန်ပင်။ သူတို့တွင် တခြားဆွေမျိုးနီးစပ်လည်း ရှိပုံမရ။ August ကို Betty တစ်ခါ ပြောဖူးသည်ကတော့ သူမတို့ဆွေမျိုးများမှာ နိုင်ငံရပ်ခြားတွင် အခြေကျနေသူများဟူ၍ ဖြစ်သည်။ အဲ့ဒီအပြင် Betty ၏ မိထွေး Julie မှာ အသက်အတော်ရပြီဖြစ်၍ ကျန်းမာရေးက သိပ်ပြီးမကောင်းချင်ပေ။ ထို့ကြောင့်ပင် ယခုကဲ့သို့ ဈာပနဖြစ်သည့်အခါ August က သူမ၏ နီးစပ်ရာ သူငယ်ချင်းများအား ခေါ်လာရင်း Betty နှင့် Julie ကို ဝိုင်း၀န်းကူညီပေးခြင်းဖြစ်လေသည်။
ဘတ်(စ်)ကားပေါ်မှ August တို့ လေးယောက်၏ ဆိတ်ငြိမ်နေမှုက သူတို့၏ ခြေကုန်လက်ပန်းကျလာမှုနှင့် အချိုးညီနေ၏။ ပုံမှန်အတိုင်းဆိုလျှင် သူတို့လေးယောက်သား ရောက်တတ်ရာရာ ပေါက်ကရလေးဆယ်ကို မရပ်မနားပြောရင်း ရယ်မောနေကြမည် ဖြစ်ပါသည်။ သို့သော်လည်း ဒီနေ့တော့ ခါတိုင်းနှင့်မတူပဲ တိတ်ဆိတ်မှုက အထင်းသား နေရာယူနေ၏။
“ဟူး…ဖူး…ဟူးဟူး…”
အထက်ပါအသံကား August တစ်ယောက်ရယ် ရေငွေ့တို့ဖြင့် ကြပ်ခိုးရိုက်နေသော ကားပြတင်းမှန်ပေါ်တွင် သူမရေးဆွဲထားသည့် အသည်းပုံတစ်ပုံထဲ အက်ကွဲကြောင်းတစ်ခြစ်ထည့်ရန် လုံးပန်းနေသော အသံဖြစ်ပါ၏။ အသည်းပုံက မလှဘူးတွေးရင်း ပြန်ဖျက်လိုက် ၊ အက်ကွဲကြောင်းက အလယ်မကျဘူးဆိုရင်း ပြန်ဖျက်လိုက်ဖြင့် ထိုပျင်းစရာ အိမ်ပြန်လမ်းတစ်လျှောက်လုံး အချိန်ဖြုန်းနေခဲ့သည်။
လက်ထဲမှ အတော်တန်ပင် ညစ်ပေနေပြီဖြစ်သော တစ်သျှူးစနှင့် ကားပြတင်းကို ပွတ်ရင်း နှုတ်ခမ်းဖျားများကလည်း လေများ တဟူးဟူး မှုတ်ထုတ်ရင်းဖြင့် အလုပ်ရှုပ်နေလေ၏။ သူမဘေးတွင် ကပ်လျက် ထိုင်နေသည့် Shay ကတော့ တွေဝေစရာတစ်ခုခုရှိသလို ငူငိုင်ပြီးထိုင်နေသည်။ Ronanက ပြတင်းပေါက်ကိုမီရင်း နားကြပ်တပ် သီချင်းနားထောင်နေသည့် Mary ပခုံးပေါ်တွင် ခေါင်းအပ်ရင်း အိပ်ပျော်သွားလေပြီ။
အတန်ကြာတော့ Shay က August ဘက်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုကို စိတ်ဆုံးဖြတ်လိုက်သည့်ဟန်ဖြင့်-
Shay : “…August??…”
August : “ ဟင်…?”
ကားပြတင်းမှန်ပေါ် အာရုံစိုက်နေရင်းမှ Shay ခေါ်သံကြားသဖြင့် ထူးလိုက်သော August ၏ အသံဖြစ်သည်။ Shayက သက်ပြင်းတစ်ချက်ချလိုက်ရင်း-
“ August…အာ…တကယ်တော့လေ…ငါ မနေ့က…Betty…သူ့ရဲ့ လက်ဖျံပေါ်မှာ…”
August ခဏတာတုံ့ဆိုင်းသွား၏။ ဘာမှပြန်မပြောနိုင်သေးပဲ ခေါင်းငိုက်စိုက်ကျသွားသည်။ အတန်ကြာပြီးမှ ဖြည်းညင်းသောလေသံဖြင့်-
“ ဖြတ်…?…ဖြတ်ရာတွေလား? “ဟု တွန့်ဆုတ်ရင်း မေးသည်။ မသိရင် ကြားလာရမယ့် အဖြေကိုပဲ ကြောက်နေသလိုလို။ Shayလည်း August ၏ အမေးအား ခေါင်းသာညိတ်ပြလိုက်သည်။ August…သူမ၏ကျောပြင်ကို ထိုင်ခုံနှင့်တစ်သားတည်းဖြစ်သွားလောက်သည်အထိ မီချလိုက်ရင်း-
“ နင်မြင်သွားတာ…သူသိလား? “ လို့ အနည်းငယ်တုန်ရင်နေသော အသံဖြင့်မေး၏။
Shay : “ မသိသွားဘူးလို့ ထင်တာပဲ…ငါက သူမနေ့ညက မီးဖိုခန်းထဲမှာ ဘေစင်မှာ…သွေး…သူ့လက်က သူ့လက်က သွေးတွေဆေးနေတာကို ငါတွေ့လိုက်တာ “
August က ဘာမှပြန်မပြောပဲ ငြိမ်ပြီးသာ နားထောင်နေ၏။ Shay က စကားဆက်သည်။
Shay : “ ငါ Betty ဒီလိုလုပ်တတ်တယ်ဆိုတဲ့ အကြောင်းတွေ ကြားဖူးပါတယ်…ဒါပေမယ့် အရင်တစ်ခါက ? “
Augustက ထိုအကြောင်းနဲ့ပတ်သက်ပြီး ထုတ်မပြောချင်သော အရိပ်အခြည်ရှိသဖြင့် သူမလည်း ဆက်မမေးတော့ချေ။ ထို့နောက် ကျန်ခရီးတစ်လျှောက်လုံး သူမတို့ ဘာစကားမှ ဆက်မပြောကြပဲ အသီးသီးမှတ်တိုင်တွင် ဆင်းခဲ့ကြပြီးနောက် ကိုယ်စီအိမ်သို့ လမ်းလျှောက်ရင်း ပြန်လာခဲ့ကြလေသည်။
……………………………………………………………………………………………………………………………………………………
ဈာပနပြီးသွားပြီးနောက်တွင် Betty တစ်ယောက် သူမအဖေ အခန်းထဲ လှည့်ပတ်ကြည့်နေ၏။ မိထွေးဖြစ်သူ Julie ကတော့ အောက်ထပ်တွင် Joe နှင့် သူမ၏ မိတ်ဆွေများကို ဧည့်ခံနေလေသည်။ မြန်ဆန်လွန်းလှသည့် ဖြစ်ရပ်ကြောင့် ထိတ်လန့်မှုမှတစ်ပါး Betty တွင် သူမအဖေ သေဆုံးသွားခြင်းနှင့်ပတ်သက်၍ ပူဆွေးခြင်းကား အလျဉ်းမရှိနေ။ သူမ အရင်အိမ်တွင် နေခဲ့တုန်းက သူမတို့ လမ်းထဲမှ အိမ်နီးနားချင်းရဲ့ ခွေးလေးတစ်ကောင် ဆုံးသွားတုန်းကတောင် သူမ ဒီထက်၀မ်းနည်းခဲ့သေးသည်ဟု ထင်ရ၏။
သူမ အဖေနှင့်ပတ်သက်သည့် အမှတ်တရဟူသည်ကလည်း Betty ပြန်သတိရချင်ရင်တောင် ရှားပါးလွန်းလှသည်။ ရှိသည့် အမှတ်တရများမှာလည်း Betty သူမ တစ်ဘ၀လုံးစာအတွက် မေ့ဖျောက်ပစ်ချင်သည့် ဖြစ်ရပ်များသာ ဖြစ်ခဲ့၏။ Betty မှာ သူမ အဖေကို မမုန်းသည့်တိုင်အောင် ချစ်ဖို့အထိတော့ မတတ်နိုင်ခဲ့ပါချေ။ တစ်ခါတစ်လေတော့လည်း သူ့အဖေအပေါ် အမုန်းတရားပင် မရှိတော့သောကြောင့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး ပိုဆိုးသည်လားတောင် Betty သိချင်မိသည်။ အကယ်၍ သူမ အဖေနှင့် ပတ်သကပြီး အမုန်းတရားမှတစ်ပါး အခြားမရှိခဲ့လျှင်တောင် အနည်းဆုံးတော့…သူတို့နှစ်ယောက်ကြားတွင် ခံစားချက်တစ်စုံတစ်ရာဖြင့် ချည်နှောင်ထားမိဦးမည်။ ယခုတော့ ထိုအမုန်းတရားကပင် Betty ဘယ်နေရာရှာလို့ ရှာပေးရမှန်း မသိအောင် အာရုံခံမရပဲ ပျောက်ဆုံးနေလေသည်။
အဖေဆိုသော တည်ရှိမှုကြီးတစ်ခုလုံးက ကော်မစွဲတော့သည့် ကပ်ခွာစတစ်ကာတစ်ခုလို သူမအရေပြားပေါ်မှ ကြမ်းပြင်သို့ အတားအဆီးမရှိ ကွာကျသွားသကဲ့သို့ Betty ခံစားလိုက်ရသည်။ ထိုစတစ်ကာကို ကောက်ပြီး ပြန်ကပ်ထားဖို့ကား Betty တွင် စိတ်ကူးလည်းမရှိ ၊ ဆန္ဒလည်းမရှိသလို ၊ သူမ စိတ်၀င်စားလောက်သော အကြောင်းအရင်းလည်း မရှိခဲ့ပါချေ။
“တကယ်ပဲ အမုန်းတရားထက် ပိုအင်အားကြီးတာ ဥပေက္ခာပဲ မဟုတ်လား? “ ဟု Betty တိုးညင်းစွာ ရေရွတ်မိ၏။ ပတ်၀န်းကျင်က သူမအဖေ Joe အား “သိုက်တူးသမား”အဖြစ် သမုတ်ကြသည်ကို Betty သိသည်။ Joe မှာ သူ၏ကုမ္ပဏီ ဒေဝါလီခံလိုက်ရပြီး သူတို့မိသားစု စီးပွားပျက်သွားသည့်နှစ် ၊ ထိုနှစ်အတွင်းမှာပင် Bettyရဲ့ အမေ Diane နှင့် ကွာရှင်းလိုက်လေသည်။ Bettyမှာ နှစ်နှစ်သမီးမျှပင် ရှိသေး၏။ ထိုသို့ ကွာရှင်းပြီး သိပ်မကြာခင်မှာပင် Joeမှာ Julie ဆိုသော အသက်ကြီးကြီး လူကုံထံအမျိုးသမီးကြီးတစ်ယောက်နှင့် နောက်အိမ်ထောင်ပြု လက်ထပ်လိုက်လေသည်။ ထိုနောက်ပိုင်းမှစ၍ Betty ကလေးဘ၀တစ်လျှောက်လုံး သူမအဖေ Joe နှင့် ဆုံခဲ့ရသည့် အကြိမ်အရေတွက်မှာ သူမလက်နှစ်ဖက်ရှိ လက်ချောင်းအရေအတွက်ပေါင်းထက်ပင် နည်း၏။ ကွာရှင်းပြတ်စဲပြီးနောက် Joe မှာ Diane နှင့် Betty တို့ သားအမိအိမ်ဘက်သို့ ခြေဦးတောင်ယောင်လို့ မလှည့်ခဲ့တာ ၁၅ နှစ်ကျော် ကြာခဲ့သည်။ သို့ရာတွင် လွန်ခဲ့သော ၃ နှစ် ၊ Betty အမေ Diane ရဲ့ ဈာပနတွင်မှ သူ၏နောက်အိမ်ထောင် Julie နှင့် အတူတူ ပြန်ပေါ်လာခဲ့လေသည်။
ဤသို့ဖြင့် သူမအမေ Diane ဆုံးပါးသွားချိန်မှစ၍ Betty မှာ Joe နှင့် Julie တို့ အိမ်ပေါ်သို့ ရောက်လာရခြင်းဖြစ်သည်။ ဒီအိမ်ပေါ်သို့ စ,စရောက်လာသည့် အချိန်မှစ၍ Betty အိပ်မက်ကား ဒီနေရာကနေ အမြန်ဆုံး လွတ်မြောက်သွားဖို့ရန်သာ ဖြစ်၏။ Joe မှာ Betty ကို အိမ်ပေါ်တင်ကျွေးထားသည်မှတစ်ပါး Betty အပေါ် မေတ္တာ ၊ ဂရုစိုက်မှု ၊ ဒါမှမဟုတ် အားနာမှုတစ်စုံတစ်ရာ မပြခဲ့ပါချေ။ သူ၏ပျက်ကွက်မှုအားလုံးက ဘယ်တော့မှ မရှိခဲ့သယောင်ယောင်။ Betty ကို အိမ်ပေါ်ခေါ်တင်ထားလိုက်သည်နှင့်ပဲ သူဘယ်တော့မှအနားမှာ မရှိခဲ့သည့် အဲ့ဒီနှစ်တွေအားလုံးကပဲ အရေးမပါတော့သယောင်ယောင် ပြုမူတတ်၏။ ထို့ကြောင့်ပင် Betty သည် သူမအဖေအား သံယောဇဉ်ခေါင်းပါးသော သွေးအေးအေး တစ်ကိုယ်ကောင်းသမားဟု မြင်လေသည်။ သိုသော် Julie ကြောင့်သာ Betty လည်း ဒီအိမ်တွင် နေသာခြင်းဖြစ်၏။ Julie မှာကား Joe နှင့် မတူလောက်အောင်ပင် နွေးထွေးသည်။ Betty ကိုလည်း သမီးရင်းချာမဟုတ်ရင်တောင် သူမအဖေ Joe ထက်တော့ တန်ဖိုးထားပြီး ချစ်လေသည်။ Julie က Betty ကို မကြာခဏပြောတတ်သည်က-
“ သမီးအဖေက သမီး ချစ်ပါတယ်ကွယ်…ဒါပေမယ့် သူ့အမှားကြောင့် သမီး ပြန်လက်မခံမှာကို ကြောက်နေရုံပါ “ဟူ၍ ဖြစ်သည်။ ထိုသို့ ပြောတိုင်းလည်း Betty က အမြဲတမ်းလိုလို ဘာမှပြန်မပြောပေ။ သူမခေါင်းထဲတွင်တော့-
“ ထုတ်မပြရင် အချစ်ဆိုတာ ရှိတောင်ရှိရဲ့လား? “ ဟုသာ တိတ်တဆိတ် မေးခွန်းထုတ်နေမိ လေသည်။ Betty အမေရင်းဖြစ်သူ Diane ကတော့ Joe ကို နာမည်မကြားချင်လောက်အောင် ၊ စကားထဲထည့်မပြောချင်လောက်အောင်ပင် မုန်း၏။ သူငယ်ငယ်တုန်းက သူမအဖေ Joe အကြောင်း သူမအမေ Diane ဆီ မေးမိတာကို Betty အမှတ်ရမိ၏။ Diane ၏ အဖြေကား ဒေါသနှင့်မျက်ရည်တို့ ရောစွက်နေသော ခါးသီးသီးစာပိုဒ်တစ်ခုသာ ဖြစ်လေသည်။
“ နင့်အဖေ Joe ဆိုတာ…ငွေနဲ့စည်းစိမ်မရှိပဲ မနေနိုင်တဲ့ လူစားမျိုးပဲ…ဘာလို့လဲသိလား?…သူက ငယ်ငယ်က ကုန်းကောက်စရာမရှိအောင် ဆင်းရဲတယ်လေ…အဲ့ဒါကြောင့် သူတစ်ဘ၀လုံး အလုပ်နဲ့ငွေအပြင် မမြင်နိုင်ခဲ့ဘူး… အခုတော့ နင်ရောငါရောကိုပါ သူ မမြင်နိုင်တော့ဘူးလေ…အဲ့ဒါကြောင့်…အဲ့ဒါကြောင့်…ဒီလို တစ်ချက်လေးတောင် လှည့်မကြည့်ပဲ…ထွက်သွားရက်တာပေါ့…”
Diane မှာ ပြောရင်းဆိုရင်း မျက်ရည်များစီးကျလာကာ တရှုပ်ရှုပ် ငိုနေတော့၏။ ထိုမြင်ကွင်းကား Betty ၏ မျက်လုံးအိမ်နှင့် နားများထဲမှ ထွက်သွားရန် လမ်းကြောင်းကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ပါချေ။ Joe အကြောင်း ပြောသည်ပဲဖြစ်ဖြစ် ၊ ကြားသည်ပဲဖြစ်ဖြစ် ၊ မေးကြသည်ပဲဖြစ်ဖြစ် သူမအမေ၏ ပျက်သွားတတ်သော မျက်နှာကြောင့် Betty လည်း Joe အကြောင်းကို ဘယ်သောအခါမှ ထပ်မမေးတော့ပေ။ သူမအဖေ ဘာကြောင့်သူတို့ကို ထားသွားခဲ့လည်း ဆိုသည်ကိုကား Betty ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ပါ။ အခုတော့ သူမတွင် သိချင်စိတ်ပင် မရှိတော့။ ပထမတော့ သူမအဖေ ပေးလာမည့် ဖြေရှင်းချက်က Betty ခေါင်းထဲမှ ရှုပ်ထွေးမှုအလုံးကြီးကို ဖြေဆည်ပေးနိုင်လိမ့်မည်ဟု သူမ ယုံကြည်ခဲ့သည်။ မည်သည့်ဖြေရှင်းချက်ပဲဖြစ်ဖြစ် ကြားလိုက်ရပါက လက်ဖြောက်တစ်ချက် တီးလိုက်သလို ဖြောက်ခနဲအသံမြည်ပြီးလျှင် သူမဘ၀၏ အရာအားလုံးကို လွယ်ကူသွားစေလိမ့်မည်ဟု Betty ယုဲကြည်ခဲ့၏။ သို့သော် ကာလကြာလာလေလေ ထိုယုံကြည်ချက်မှာ မှားယွက်းနေမှန်း Betty တဖြည်းဖြည်း သိလာရသည်။ အရင်ကတော့ သူမအဖေ ပေးလာမည့် မည်သည့်အကြောင်းအရင်း ၊ မည်သည့် အကြောင်းပြချက်ကိုမဆို နားထောင်ပေးချင်ခဲ့၏။ နားလည်ပေးချင်ခဲ့၏။ သို့သော် သူမအမေ Diane ဆုံးပါးသွားပြီးနောက်ပိုင်းတွင် Betty ဘယ်လို ဖြေရှင်းချက်ကိုမှ နားမလည်ပေးချင်တော့ပေ။
နားလည်ပေးလိုက်၍လည်း သူမအမေနှင့်သူမတို့ ချန်ရစ်ထားခံခဲ့ရသော ငရဲမှာ သူ့အဖေ အရင်းခေါက်ခေါက်၏ ရွေးချယ်မှုတစ်ခုသာဆိုသည့် အမှန်တရားက တစ်ပြားသားမှ လျော့သွားမည် မဟုတ်ဟု Betty ခံယူလိုက်လေသည်။
“ အဖေ့ကို သမီး ဘယ်တော့မှနားလည်နိုင်မှာ မဟုတ်သလို သမီးကိုလည်း အဖေဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး ထင်ပါတယ်…ဒီအတိုင်း ကွဲပြားတဲ့သူတွေမို့ပဲ ဖြစ်မှာပါပဲ “
အခန်းထဲက သူမအဖေ၏ ဓာတ်ပုံကို စိုက်ကြည့်ရင်း Betty.လေသံခပ်အေးအေးဖြင့် ပြောလိုက်သည်။
ထိုအချိန်၌-
“ သမီးလေး…? “
ရုတ်တရက်ဖြစ်၍ Betty အနည်းငယ်လန့်သွားပြီး နောက်လှည့်ကြည့်လိုက်လေ၏။ Julie က ပြုံးပြီး-
“…မလန့်ပါနဲ့ကွယ်…သမီး သူငယ်ချင်းတစ်ယောက်ရဲ့ အနွေးထည်လေး ကျန်ခဲ့လို့ လာပေးရုံပါ…”
Betty : “ ဪ…ဟုတ်ကဲ့ “
Julie : “ သမီး…ဒီရက်ပိုင်း ပင်ပန်းခဲ့မှာပေါ့…နားတော့လေ…”
Betty : “ အန်တီရောပဲ “
Julie : “ အဲ့ဒါဆိုရင် အန်တီ သွားနားတော့မယ်နော်…ဗိုက်ဆာရင် အောက်က ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ် “
Betty : “ သမီး ကြည့်ပြီး လုပ်လိုက်ပါ့မယ် “
Julie လည်း Betty ကို ပြုံးပြရင်း အခန်းထဲမှ ထွက်သွားလေ၏။ Julie အခန်းပေါက်၀အရောက်တွင် Betty က လှမ်းခေါ်လိုက်သည်။
“ အန်တီ…ဟိုဟာပါ…တကယ်လို့…သမီးကို ဆက်ပြီးရှိမနေစေချင်ရင်…သမီး အရင်အိမ်ကိုပဲ ပြန်ပါတော့မယ် “
Julie က တစ်ချက်ရယ်လိုက်ပြီး-
“ မင်း ဘယ်ကိုမှ မသွားရပါဘူး ကလေးရယ်…ဒီမှာပဲ အန်တီနဲ့အတူ နေရမှာ…အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ ဟုတ်ပြီလား? “ ဟုဆိုရင်း အခန်းပြင်သို့ ထွက်သွားတော့သည်။ Betty က ခေါင်းညိတ်ရုံသာ ညိတ်ပြီး ပြုံးပြလိုက်သည်။
Julie ထွက်သွားတဲ့အခါ Betty လည်း သူမလက်ထဲမှ အနွေးထည်ကိုကြည့်ရင်း ပြုံးကာ နမ်းရှိုက်လိုက်သည်။
“ နင့် အနွေးထည်ကလည်း နင့်အတိုင်းပါပဲလား…ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ? “
……………………………….…………….……………………………………………………………………….……………………………
” August!…August!!… ဟဲ့ August!!!… “
“ ဘာလဲ?!… ”
“နင့် ဖုန်းလာနေတယ်”
ဖုန်းလာနေသဖြင့် အောက်ထပ်မှ အော်ခေါ်နေသော August အမေ Claire ၏ အသံဖြစ်ပါ၏။ August မှာကား ရေချိုးဇလုံထဲလှဲကာ ဘတ်(စ်)ကားပေါ်၌ Shay ပြောလိုက်သော Betty အကြောင်းကို ပြန်တွေးမိပြီး ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း မေ့မောနေချိန်ဖြစ်သည်။
August : " လာပြီ!!…လာပြီ!!"
အ၀တ်တန်းပေါ်မှ ၀တ်မိ၀တ်ရာ တီရှပ်တစ်ထည် နှင့် ဘောင်းဘီရှည်ပွတစ်ထည်ကို ရေတောင်မသုတ်အားပဲ ဆွဲယူ၀တ်လိုက်ရင်း အောက်ထပ်သို့ပြေးဆင်းလာခဲ့လေသည်။
Claire : " ဟဲ့…နင့်ဟာက ရေချိုးလာတာလား?…မိုးရေထဲက ပြန်လာတာလား?…အ၀တ်တွေက စိုရွှဲနေတာပဲ… ဆံပင်တွေမှာလည်း ရေစက်လက်နဲ့…ဒီကောင်မလေးတော့…အအေးမိတော့မှာပဲ…"
August : " ဘာအအေးမှ မမိပါဘူး မားသားရယ်…နောက်တော့…ခြောက်သွားမှာပေါ့ "
ထိုအချိန်တွင် လာနေသောဖုန်းကော(လ်)မှာ ကျသွားပြီ ဖြစ်၏။
“ ဒါနဲ့ ခြောက်သွားမှာက အ၀တ်တွေလား?…နင်လား? “
ဤသည်ကား Betty ဆီမှလာသော ဖုန်းမှန်းသိသဖြင့် August မောင်ဖြစ်သူ Vincentမှ စနောက်နေသံ။ August က ဘာမှပြန်မပြောပဲ မျက်စောင်းတစ်ချက်နှင့်သာ ပြန်ဖြေလေသည်။
ထို့နောက်… ဖုန်းကိုယူကာ အိမ်ပေါ်သို့ ပြန်တက်လာခဲ့ရင်း လှေကားတစ်၀က်ရောက်မှ တစ်ခုခု ပြောစရာရှိဟန် ပြင်လိုက်၏။
August : " ဒါနဲ့…အမေ့သားလေ…သိလား?…"
ထိုသို့ပြောရင်း Vincent ကို ကြည့်ကာ ဆေးလိပ်ဖွာနေသည့်ဟန် လုပ်ပြလေသည်။ Vincent က ခေါင်းကို ပြုတ်ထွက်လောက်အောင် ဘယ်ညာယမ်းလျက် လက်ကာပြသည်။
ပြီးတော့ နှုတ်မှလည်း-
“ဟဲ့…ဟဲ့…ငါက…နောက်လိုက်တာကို နင်ကလည်း ဘာဖြစ်တာလဲလို့…နော် “ ဟု အသံတိတ် ပြောနေသေး၏။
August အမေကား လှေကားဘက်သို့ ကျောပေးထားသည့် ခုံပေါ်တွင် ထိုင်ရင်း TV ကြည့်နေခြင်း ဖြစ်လေသည်။ ထို့ကြောင့် August ကို မမြင်ချေ။
Claire : " ဘာလဲ?…အဲ့ဒီအကောင်…ဘာဖြစ်ရပြန်ပြီလဲ? "
ဖန်သားပြင်ပေါ်မှ အကြည့်မခွာပဲ မေးနေသော အသံဖြစ်၏။ Vincent က လှေကားပေါ်သို့ အလျင်အမြန် ပြေးတက်လာပြီး August လက်ကိုဆွဲရင်း-
"လာပါဟာ…လာပါ…လှေကားကြီးပေါ်မှာ ရပ်နေတာ… ပြုတ်ကျသွားတော့မှာပဲ… တစ်ကိုယ်လုံးလည်း ကြည့်ဦး … ရေတွေစိုရွှဲနေတာ…ငါ နင့်အ၀တ်တွေ မီးပူတိုက်ပေးမယ်လေ…လာ…လာ” ဟုဆိုကာ ဘေးလွတ်ရာသို့ တိမ်းရှောင်သွား၏။
Claire : “ ဟုတ်ပ…Augustရေ…နင် အဲ့လိုကြီးနေမနေနဲ့…အင်္ကျီလဲဦး"
အခုထိလည်း ဖန်သားပြင်ပေါ်မှ မခွာသေးသော မျက်လုံးတစ်စုံနှင့် အောက်ထပ်မှ ဩဇာသီး လှမ်းချွေနေသော August အမေ၏အသံ ဖြစ်ပါသည်။
August : " ဟုတ်ကဲ့…ဟုတ်ကဲ့ "
ထိုစဉ် ဖုန်းထပ်လာလေသည်။ Betty ဆီမှ ဖုန်းပင်ဖြစ်၏။ August လည်း မျက်နှာပိုးမသတ်နိုင်ဖြစ်နေသော Vincent ကိုကြည့်ပြီးရယ်ရင်း-
“ နင် စကားတစ်လုံးပဲ ထပ်ပြောကြည့်နော်… ငါ့လက်ထဲက ဆေးလိပ်ဗုံးကို လွှတ်ချလိုက်ရင်… နင့်ရဲ့အဆုံးသတ်က နင် မလှည်းရသေးတဲ့ ဒီကြမ်းပြင်က သဲတွေလိုပဲ တစ်စဆီ တစ်မှုန့်ဆီ…” ဟု ပြောဆိုပြီး ရယ်ရမ်းသွေးကာ ဟောက်လိုက်လေသည်။ Vincent လည်း သူ့ပါးစပ်သူ တိပ်နှင့်ကပ်သည့်ပုံလုပ်ပြပြီး ရယ်ရင်း သူ့အခန်းထဲသို့ ၀င်သွားတော့၏။ အဲ့ဒီမှပဲ August လည်း Betty ဖုန်းကို ကိုင်နိုင်တော့သည်။
Betty : " ဟေး… "
August : “ ဟယ်လို…? “
Betty : " နင် အခု ဘာမှမ၀တ်ထားဘူး မဟုတ်လား?! "
August : " ဟမ်…?!"
Betty : “ နင့်မှာ ၀တ်စရာအင်္ကျီမရှိလောက်တော့ဘူးလေ…အဲ့ဒါကြောင့်…”
August : " …အမ်…အင်း…၀တ်စရာတော့ သိပ်မရှိဘူး… မိုးရွာနေတော့ အင်္ကျီတွေက မခြောက်ဘူးလေ… ၀တ်ထားတဲ့တစ်စုံတောင် စိုထိုင်းထိုင်းကြီး… "
Betty : " နင် ဘာတွေပြောနေတာလဲ? "
August : " နင်ကရော ဘာတွေပြောနေတာလဲ? "
Betty : " ငါပြောနေတာက…နင့် အနွေးထည် ငါ့ဆီမှာ ကျန်ခဲ့လို့ နင့်မှာ ၀တ်စရာမရှိတော့ဘူးမလားလို့…"
August က ရယ်ရင်း-
" အာ…ဟုတ်သားပဲ…အဲ့ဒါကြောင့် တစ်ခုခုကျန်ခဲ့ပါတယ် ထင်နေတာ…"
Betty : “ အဲ့ဒါ…နင် လာယူမလား?…ငါ လာပေးရမလား?…”
August : “လာပေးရင်တော့ကောင်း…”
August စကားပင် မဆုံးသေးခင် Betty က-
“ ဒီအတိုင်း ငါ ယူထားလိုက်လို့ရော ရလား?…”
August : " ဘာလုပ်ဖို့လဲ?…အဟောင်းကြီးကို "
Betty : " နင် အငွေ့အသက်ရလို့လေ…ပြီးတော့ နွေးနေတာပဲ"
August ရဲ့ ပါးပြင်နှစ်ဖက်လုံး နီရဲသွားလေ၏။ တစ်ကိုယ်လုံး စိုရွှဲပြီး ပါးပြင်နှစ်ဖက်ပဲ ကွက်ပူနေသော ရောဂါရှိပါကအဲ့ရောဂါကို ဘယ်လိုနာမည်ဖြင့် ခေါ်ကြမလဲဟုပင် August တွေးမိလိုက်သေးသည်။
ထိုအခါမှပဲ သူမရယ် Betty ကို မေးစရာရှိတာ သတိရသွား၍ မျက်နှာတည်သွားလေ၏။
August : " Betty… ငါ နင့်ကို တစ်ခု မေးစရာရှိတယ် "
Betty : " အင်း…ပြောလေ "
August သူမ အခန်းတံခါးကို ပိတ်လိုက်ရင်း…ခဏကြာမှ အသံခပ်တိုးတိုးဖြင့်…
“ Betty…နင်…ကိုယ့်ကိုကိုယ် လှီးဖြတ်တာတွေ ပြန်လုပ်နေပြန်ပြီလား? "
တကယ်တော့ ထိုအချိန်တွင် Betty မှာ သန့်စင်ခန်းထဲတွင် သူမ ဘလိတ်ဓားကို လိုက်ရှာနေခြင်း ဖြစ်၏။ August ၏ ရုတ်တရက် စကားကြောင့် Betty အထိတ်တလန့်ဖြစ်သွားရင်း ခဏတာ ဆွံ့အသွားလေသည်။ ထိုတိတ်ဆိတ်သွားမှုက ဘာကိုဆိုလိုတယ်ဆိုတာ August သိလိုက်ပါပြီ။
August : " Betty!!…နင် ငါ့ကို ကတိပေးထားတယ်လေ…"
Betty : " ဘာလဲ?!…ငါ အဲ့ဒါတွေ မလုပ်တော့ပါဘူး…"
August : "…Betty ရေ…နင် ငါ့ကို လိမ်နေလို့လည်း… ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူးလေဟာ…"
Betty ဘက်က ဘာသံမှမကြားရသော်လည်း ဖုန်းတော့ မကျသွားပေ။ Betty နားထောင်နေသေးသည်ကို August သိပါသည်။ ဒီညကတော့ August ရဲ့ အကြီးအကျယ် ကြားနာရဦးမှာပဲဟု Betty တွေးလိုက်၏။
August : " ဘာလို့လဲ?…ဘာလို့ အဲ့လိုတွေ ပြန်လုပ်နေရတာလဲ?! "
Betty : "ငါ မသိဘူး…ငါ သိတာက အဲ့လိုလုပ်လိုက်တိုင်း နည်းနည်းစိတ်သက်သာရာ ရသွားတယ် ဆိုတာပဲ…ရင်ဘတ်ထဲက ဘောလုံးကြီးတစ်လုံးကို ဓားနဲ့ထိုးခွဲလိုက်သလိုမျိုးလေ…ဖောက်ခနဲ အသံမြည်ပြီး…”
August လည်း ပြောရင်းဖြင့် ဒေါသထွက်လာ၍ “ Betty!!! “ ဟု အကျယ်ကြီး အော်လိုက်တော့သည်။ ဓားရှာမတွေ့ရသည့် ကြားထဲမှ August အော်သံကြောင့် Bettyလည်း စိတ်ရှုပ်လာလေသည်။
Betty : " ဘာဖြစ်ရတာလဲ?!…အဲ့ဒီလိုလုပ်တတ်အောင်…ငါ နင့်ဆီကပဲ စသင်ခဲ့တာ မဟုတ်ဘူးလား?…"
August : "………"
August လည်း ဘာမှဆက်မပြောနိုင်ပဲ ဖုန်းချသွားတော့သည်။ သူမ စိတ်ဆိုးသွားပြီမှန်း Betty သိလိုက်၏။
အခုမှပဲ တစ်ညနေလုံး ရှာနေသော ဘလိတ်ဓားက ဘေစင်အောက်မှာ ကျနေမှန်း Betty တွေ့လေသည်။
စိတ်ညစ်ညစ်ဖြင့် ဓားကို ကောက်ကိုင်ကာ ၊ လက်ဖျံပေါ် တင်ရန်ပြင်လိုက်ပြီး…အနွေးထည်လက်ကို မ,တင်လိုက်ခါမှ
သူမ၀တ်ထားမိတာ August ရဲ့ အနွေးထည်မှန်း သတိရပြီး ပြန်ငုံ့ကြည့်မိ၏။
သန့်စင်ခန်းထဲမှ မှန်ထဲမှ သူ့ပုံရိပ်ကို ငေးကြည့်နေရင်း-
“အနည်းဆုံး…ဒီအနွေးထည်ဖြူဖြူလေးပေါ်တော့သွေးစက်တွေစွန်းအောင်မလုပ်ရအောင်လား…Betty ရာ…”
သူမကိုယ်သူမ တီးတိုးပြောမိလေသည်။ ထို့နောက် သန့်စင်ခန်းထဲမှ ပြတင်းပေါက်ကိုဖွင့်ပြီး ဘလိတ်ဓားကို အပြင်သို့ လွှင့်ပစ်လိုက်တော့သည်။

August : " …Betty!!…ငါ တောင်းပန်ပါတယ်… နင့်လက်ထဲက အဲ့ဒီ ဓားကြီးကို ချထားလိုက်ပါဟာ…
ငါ တောင်းပန်ပါတယ်…"
Betty မှာ ချောက်ကမ်းပါးအဆုံးပေါ်တွင် မလှုပ်မယှက် ရပ်နေလေသည်။ သူမ၀တ်ထားသော August ၏ အနွေးထည် အဖြူပေါ်မှာလည်း သွေးတွေ ရွှဲစိုနေ၏။ မျက်နှာတစ်ပြင်လုံးပေါ်တွင် မမျက်ရည်များအပြည့်ဖြင့်…
ခေါင်းကို ဘယ်ညာယမ်းခါနေလျက် လက်ထဲတွင်လည်း ဘလိတ်ဓားတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
Betty နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြန်၏။ August တစ်ကိုယ်လုံးတွင်လည်း ချွေးစီးများ စီးကျနေရင်း… ချောက်ကမ်းပါးပေါ်မှ လေတစ်ဝှေ့ခွေ့လိုက်တိုင်း အရိုးများခိုက်အောင် ကြက်သီးများ တဖြန်းဖြန်းထသွားလေသည်။
August : "…Betty…Betty…ဒီဘက်ကို…ငါ့နားကို ပြန်လျှောက်လာခဲ့ပါဟာ…နော်…
ငါ တောင်းပန်ပါတယ်… အားလုံးက ငါ့အပြစ်တွေပါ…အရာတိုင်းအတွက်
ငါ တောင်းပန်ပါတယ်”
Betty က ခေါင်းကိုယမ်းမြဲ ယမ်းနေဆဲ။ နောက်ဆုံးတွင်တော့ သူမ မျက်လုံးများကို စုံမှိတ်လိုက်ကာ လက်က ဘလိတ်ဓားကို လည်ပင်းပေါ်တင်၍ လှီးဖြတ်လိုက်လေသည်။ သွေးစက်များက လေတစ်ဝေ့ဝေ့ကြောင့် လှုပ်ယမ်းနေသော မြက်ပင်များပေါ် ပြန့်ကြဲသွားပြီးလျှင်…Betty မှာ နောက်သို့လှဲချလိုက်ရင်း ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားတော့၏။
August ရယ် “…Betty!!…Betty!!…” ဟု အော်ခေါ်ရင်း ပြေးလာသော်လည်း မမီလိုက်ပါချေ။ ဒီ အိပ်မက်ကို မက်လိုက်တိုင်း August အမြဲတမ်း အားကုန်ပြေးလာသော်လည်း သူမ Betty ကို ဆွဲထားဖို့ ဘယ်တော့မှ မမီလိုက်ပါချေ။ August တစ်ကိုယ်လုံးတွင် ချွေးများစိုရွှဲပြီး အသက်ရှူသံများ အသားကုန် မြန်ဆန်နေလေသည်။ နှလုံးခုန်သံတဒုန်းဒုန်းကပင် သူမနားထဲတွင် သံယောင်ထပ်နေ၏။ နဖူးမှကျလာသော ချွေးစီးများက မျက်နှာပေါ်မှ မျက်ရည်စတို့နှင့် ရောထွေးနေရင်း…အိပ်မက်နှင့်လက်တွေ့တို့ကလည်း ရောထွေးလို့…
မျက်ရည်တစ်ပွင့်နှစ်ပွင့်ကလည်း မျက်တောင်အစွန်းနှစ်ဖက်တွင် တွဲလွဲခိုလျက်။ အိပ်ရာဘေးမှ ရေဘူးကို ဖြည်းဖြည်းချင်း ကောက်ကိုင်ပြီးလျှင် တုန်ရင်နေသော လက်များဖြင့် အဖုံးကိုလှည့်ဖွင့်နေသည်။ August တစ်ကိုယ်လုံး ကြောက်လန့်မှုကြောင့် တုန်ရင်နေလေသည်။ သူမ ဒီအိပ်မက်ကို မက်တာ နှစ်ကြိမ် ၊ သုံးကြိမ် မကတော့သော်ငြား ထိတ်လန့်မှုက ဘယ်တော့မှ အသားမကျသွားခဲ့ပါချေ။ ရေဘူးထဲမှ ရေလက်ကျန်တစ်၀က်ကို အားတင်းမော့ချလိုက်ရင်း…၀မ်းနည်းမှု နှင့် ကြောက်ရွံ့မှုတို့ကိုပါ လည်ချောင်းထဲ ပြန်မျှောချရန် ကြိုးစားသော်လည်း အလုပ်မဖြစ်ပါဘဲ… မျက်ရည်များကသာ အတိုင်းသား စီးကျလာ တော့သည်။ သို့သော် အိပ်မက်ထဲတွင် တစ်ခုခု ပြောင်းသွားသည်ကို August သတိထားမိ၏။ Betty ၀တ်ထားသော အ၀တ်ဖြစ်သည်။ အရင် အိပ်မက်တွေထဲက Betty ၀တ်စုံမှာကား ဒီအတိုင်းသာမန်၀တ်ရုံဖြူလွှာလေး ဖြစ်သည်။ အခုတော့ Betty ၀တ်ထားသည်က ဒီနေ့ညကပင် သူ Betty ကို ဖုန်းထဲမှတစ်ဆင့် ပေးလိုက်မိသော August ရဲ့ အဖြူရောင်ချည်အနွေးထည် ဖြစ်နေ၏။
“ မဟုတ်…မဟုတ်လောက်ပါဘူးလေ…အိပ်မက်ဆိုတာ ပြောင်းပြန်ကောက်ရတယ် ပြောကြတာပဲ မဟုတ်လား “ ဟု
Augustသူ့ကိုယ်သူ ကြိုးစားဖြေသိမ့်လိုက်၏။ ထိုအချိန်တွင်- August အိပ်ခန်းထဲက ပြတင်းပေါက်မှာ လေပြင်းကြောင့် ရုတ်တရက် ဒိုင်းခနဲမြည်ကာ ပိတ်သွားလေသည်။ ဖုန်းမှ နာရီအား ဖွင့်ကြည့်တော့လည်း
အချိန်က မနက် ၃ နာရီပင် ရှိသေး၏။ ပြန်အိပ်ဖို့ တတ်လည်းမတတ်နိုင်၊ကြိုးလည်း မကြိုးစားချင် တော့သောကြောင့်…
August အိပ်ရာထဲမှ ထလာကာ သူမ အိပ်ခန်းထဲမှ ပြတင်းပေါက်နားသို့ လျှောက်လာပြီး တံခါးများကို အားပါးတရ တွန်းဖွင့်ကာ ညဉ့်ဦးယံ လေပြေကို တ၀ကြီး ရှူရှိုက်လိုက်သည်။
လေပြေတစ်ချိုးကြောင့် မျက်နှာပြင်ပေါ်မှ မျက်ရည်တစ်ချို့ကတော့ ခြောက်သွားသည်။ တစ်လောကလုံး အိပ်မောကျပြီး တိတ်ဆိတ်နေပုံရသည်။ ဘာသံမှ မကြားရပဲ ဆိတ်ငြိမ်မှုအတိပြီးနေလေသည်။ တိတ်ဆိတ်မှုတွေရဲ့ နောက်တိုင်းမှာ Betty အကြောင်း အတွေးတွေပဲ ကပ်ကပ်ပါလာတတ်တာ ဘယ်အချိန်ကစပြီးလဲ သတိမရတော့အောင်ပင် ကြာနေပြီဟု August ခံစားလိုက်ရသည်။
လမ်းတစ်ဖက် မျက်နှာချင်းဆိုင်တွင်ကား နေမည့်သူမရှိပဲ သော့ခတ်ထားသည့် အိမ်ကြီးတစ်လုံးကို လှမ်းမြင်ရသည်။
ထိုအိမ်မှာ Betty ကို သူမအဖေ လာမခေါ်သွားခဲ့ခင်က သူမနှင့်သူမအမေနှစ်ဦးတည်း နေထိုင်ခဲ့သော အိမ်ဖြစ်၏။ August ရယ် Betty အကြောင်း တွေးလိုက်တိုင်း လွမ်းမောမှုဖြင့် စတင်ပြီး ၀မ်းနည်းမှု နှင့် အပြစ်တင်စိတ်တို့ဖြင့် အဆုံးသတ်၏။
“ ဒါတွေ အားလုံးက ငါ စခဲ့တဲ့ ငါ့အပြစ်တွေပဲ “ မျက်ရည်စတို့က အထိန်းအတားမရှိပဲ ထပ်ပြီး ကျလာပြန်၏။
ခပ်ပြင်းပြင်း လေပြေနောက်တစ်ချက်က August ကို သူမနှင့်Betty စတွေ့သည့် အချိန်ကာလထဲသို့ ပွေ့ပိုက်ပြီး ပြန်ခေါ်သွားလေသည်။
August မှတ်မိပါသေးသည်။ သူမ နှင့် Betty တို့ စသိကြသိမှာ အလယ်တန်းလောက်ကပင် ဖြစ်မည်။ Betty ရဲ့ မိဘနှစ်ပါးဖြစ်သည့် Joe နှင့် Diane တို့ ကွာရှင်းပြီး နှစ်အနည်းငယ်အကြာတွင် Betty မှာ August တို့ အိမ်နားသို့ ပြောင်းလာခြင်းဖြစ်သည်။ Betty မှာ တစ်ဦးတည်းသော သမီးဖြစ်ပြီး သူမအမေ Diane မှာလည်း အပြင်ထွက် အလုပ်လုပ်ရသောကြောင့် Betty မှာ အမြဲတမ်းလိုလို August တို့ အိမ်တွင်သာ ရှိနေတတ်၏။ Diane က သူအလုပ်ကိစ္စကြောင့် အိမ်ပြန်မလာနိုင်တိုင်း August အမေ Claire ဆီတွင် Betty ကို အပ်ထားခဲ့ရလေသည်။
ထိုသို့ဖြင့် Betty မှာ Augustနှင့်သာ နေ့တိုင်း ရက်တိုင်း အချိန်တိုင်းလိုလို အမြဲတမ်း အတူသွား၊ အတူလာ၊
အတူတူစား၊ အတူရှိနေ ၊ အတူတူ အချိန်ဖြုန်းနေရာက မခွဲနိုင်မခွာရက် တပူးပူးတတွဲတွဲ ဖြစ်လာကြခြင်း ဖြစ်၏။
Betty က August ကို
“ နင်က ငါ့ဘ၀ထဲကို ရောက်လာဖူးတဲ့ အကောင်းဆုံးအရာပဲ “ဟု မကြာခဏ ပြောတတ်သည်။
…တစ်ခြားသူတွေအားလုံးကတော့ ငါ့ကို ဂရုစိုက်ဖို့ နေနေသာသာ ဂရုတောင်ပြုမိကြတယ် မထင်ဘူး…"
August : " တစ်ခြားသူတွေဆိုတာက ဘယ်သူတွေလဲ? "
Betty : " ငါ့အမေ?…ပြီးတော့ ငါ့ အဖေ… ပြီးတော့ ငါ တွေ့ခဲ့သမျှ… နောက်ပြီး ငါ တွေ့နေရသမျှ လူတိုင်းပဲလေ…ဒါမှမဟုတ်လည်း နင်ကလွဲပြီး ငါ အားလုံးကို မုန်းနေတာဖြစ်ချင်ဖြစ်မှာပေါ့…"
August : " ငါကရော သူတို့နဲ့ ဘာများကွာနေလို့လဲ?…”
သူမသောက်လက်စ အအေးဘူးကို မြက်ခင်းပြင်ပေါ် ချထားလိုက်ပြီး August ရဲ့ မျက်၀န်းစိမ်းတွေထဲကို Betty ခဏတာ စိုက်ကြည့်လိုက်၏။ " ဘယ်လိုကွာလဲတော့ တစ်ချက်ချင်းစီ ငါ သေချာမသိဘူးဟ… သေချာတာက နင်က ငါသိဖူးတဲ့ ဘယ်သူနဲ့မှ မတူဘူးဆိုတာပဲ"
August : " အဲ့ဒီ မတူဘူးဆိုတဲ့အရာက ကောင်းတာလား ဆိုးတာလားတောင် မသိတော့ပါဘူးဟာ "
August က ပြောရင်းဆိုရင်း မြက်ခင်းပြင်ပေါ်သို့ လှဲချကာ သူ့ကျောပိုးအိတ်ကို ခေါင်းအုံးလုပ်လိုက်လေ၏။ Betty က စိတ်ပျက်လက်ပျက် လှဲချလိုက်သော August ကို ကြည့်ရင်း တစ်ချက်ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
Betty : " နင့်မလဲ…ဘာလို့ အမြဲတမ်း အဲ့လောက်တောင် ၀မ်းနည်းပက်လက် ဖြစ်နေရတာလဲ?… သင်္ချာမရလို့လား?! "
Betty က ပြောရင်းဆိုရင်း ထပ် ရယ်နေပြန်၏။
August : " ဟဲ့…လာနောက်မနေနဲ့ "
Betty : " နင် ဒီနေ့တောင်…အခန်းထဲ သင်္ချာစာမေးပွဲဖြေရမှာမို့ ငါ့ကို ဒီပန်းခြံထဲထိ ကျောင်းလစ်ပြီးလာဖို့ သွေးဆောင်ဖြားယောင်းလာတာ မဟုတ်ဘူးလား?! "
August : " ဖြစ်ရတယ်…မလိုက်ပါနဲ့ဆိုတာကို ကိုယ့်ဘာသာ အတင်းလိုက်လာပြီးတော့…"
Betty ကတော့ ရယ်မြဲရယ်နေဆဲ။
" နားငြီးတယ်…နင့်လက်မောင်း ဖြန့်ပေးဦး…ခေါင်းအုံးမလို့… "
August က Betty ကို ကြည့်၍ ပြုံးရင်း လက်မောင်းတစ်ဖက်ကို မြက်ခင်းပေါ် ဖြန့်ချပေးလိုက်၏။ Betty လည်း ပြန်ပြုံးပြရင်း သူလွယ်ထားသော လွယ်အိတ်ကို ဘေးချကာ August လက်မောင်းပေါ်သို့ လှဲချလိုက်လေသည်။
အဲ့ဒီနေ့က သူတို့နှစ်ယောက်လုံး ပန်းခြံထဲက မနက်ခင်းရောင်ခြည်ထဲ ဘာစကားမှမပြောပဲ အချိန်အတော်ကြာ လဲလျောင်းနေခဲ့ကြ၏။ အတန်ကြာမှ August က လေသံ ခပ်အေးအေး ခပ်တိုးတိုးဖြင့်…
“…သိလား?…Betty…အမုန်းတရားဆိုတာက လောင်ကျွမ်းနေတဲ့ ပန်းချီကားချပ်ကြီး တစ်ချပ်လိုပဲ…”
ဟု ကောင်းကင်သို့ ငေးကြည့်နေရင်း ဖြည်းညင်းစွာ ပြောလေသည်။ Betty မှာ မျက်လုံးနှစ်ဖက် စုံမှိတ်ထားရာမှ August ရဲ့ အသံကြောင့် မျက်လုံးပြန်ဖွင့်လိုက်ရင်း မနက်ခင်းနေရောင်ခြည်များ တရိပ်ရိပ် ထင်ဟပ်နေသော August ရဲ့ နီမြန်းမြန်း ပါးပြင်များကိုသာ ငေးစိုက်ကြည့်နေ၏။ August ကတော့ ဘာကိုမှဂရုမပြုပဲ သူ့လက်စ, စကားကိုသာ ဆက်ပြောသည်။
"…ဒါပေမယ့် ကားချပ်တစ်ချပ်လုံးထဲမှာ နင့်ရဲ့ အနာကျင်ရဆုံး အတိတ်တွေကပဲ ပုံရိပ်အဖြစ်ပါနေတယ်…
ပြီးတော့ အဲ့ဒီ ကားချပ်ကြီးက မီးတောက်တွေအပြည့်နဲ့ ဘယ်တော့မှမရပ်စတမ်း တလိမ်းလိမ်းနဲ့ လောင်ကျွမ်းနေလိမ့်မယ်…
ဒါပေမယ့် အဲ့ဒီပန်းချီကားထဲမှာ နင်ငါနဲ့ အတူတူရှိနေတဲ့ ဒီလိုလက်ရှိ အခိုက်အတန့်တွေရဲ့ ပုံရိပ်တွေ…
ပိုပြီးကောင်းလာမယ့် အနာဂတ်တွေရဲ့ ပုံရိပ်တွေ…ဘာတစ်ခုမှ…ဘယ်တော့မှ…ပါမနေဘူး…
ဘာလို့လဲဆိုရင် အမုန်းတရားဆိုတာက သူ့ဆီမှာ နင့်ကို ချုပ်နှောင်ထားချင်ရုံသက်သက်ပဲလေ…
သူက နင့်အပေါ်ရော…နင့်ရဲ့ ပျော်ရွှင်မှုအပေါ်ရော တကယ်ဂရုမစိုက်ပါဘူး…
နင်ရယ် အဲ့ဒီ လောင်ကျွမ်းနေတဲ့ ကားချပ်ကိုပဲ ဆက်ပြီး ရပ်ကြည့်နေရင်… ဆက်ပြီး ဖက်တွယ်ထားရင်…
တစ်ချိန်ကျ အဲ့ဒီ ပန်းချီကားချပ်ဆီက မီးတောက်တွေထဲ နင်ကိုယ်တိုင်တောင် မသိလိုက်ပဲ တမြေ့မြေ့ လောင်ကျွမ်းသွားရင်းနဲ့… နောက်ဆုံးတော့ အဲ့ဒီပန်းချီကားချပ်ထဲက လောင်ကျွမ်းနေတဲ့ အတိတ်တွေဆီထဲကို
နင် ဝါးမြိုခံလိုက်ရလိမ့်မယ်…”
Betty က August ကိုငေးကြည့်ရင်း ဘာမှမပြောပဲ ငြိမ်ပြီးနားထောင်နေလေသည်။ August ရယ် ကောင်းကင်ပြာပေါ်ရှိ သူမ၏အကြည့်များကို Betty မျက်နှာအပေါ် ဝေ့တင်လိုက်၏။
“…ငါကတော့ နင်ရယ်… နင့် အဖေကြောင့်ပဲဖြစ်ဖြစ်…နင့် အမေကြောင့်ပဲဖြစ်ဖြစ်…မဟုတ်ရင်လည်း တစ်ခြား ဘယ်သူကြောင့်ပဲဖြစ်ဖြစ်…အဲ့ဒီ ပန်းချီကားကြီးကို ဆက်ပြီး ရပ်မကြည့်နေရင် ကောင်းမှာပဲ…” လို့
Betty မျက်နှာပေါ် ဝဲကျနေသော ရွှေအိုရောင်ဆံပင်များကို နဖူးပေါ် သပ်တင်ပေးရင်း ပြောနေ၏။
Betty က August ကိုသာ ပြုံးပြီးကြည့်ရင်း-
“ …အဲ့ဒါဆိုရင်…အဲ့ဒီပန်းချီကားကို မကြည့်ရင်…ငါ ဘာကို ကြည့်ရမလဲ?…” ဟု ရယ်ပြီး ပြောလေသည်။
August :” ငါ့ကို ကြည့်လေ…ဒါမှမဟုတ်လည်း…နင့် အနောက်မှာ ငါတို့ကို စိုက်ကြည့်နေတဲ့ ဦးလေးကြီးကိုကြည့်ပေါ့ “
Betty : ” ဟမ်?!…ဘာရယ်?
August ရဲ့ အစမရှိ အဆုံးမရှိ ဟာသကြောင့် Betty လည်း ကြောင်ပြီး ရယ်လိုက်လေသည်။ Augustက ဆက်ရယ်နေရင်း-
“ ထ…ထ…ငါ ပြမယ်လာ “
နှစ်ယောက်သား လဲလျောင်းနေရာမှ ထထိုင်လိုက်ကြ၏။
Betty : " ဘယ်မှာလဲဟ?…နင်ပြောတဲ့ ဦးလေးကြီး “
August က Betty ပခုံးပေါ် မျက်နှာအပ်ပြီး ရယ်နေရင်း-
“ ဟိုးမှာ…ထိုင်နေတဲ့ အင်္ကျီအညိုနဲ့ လူကြီးပဲ…”
Betty : " ဟိုခုံပေါ်မှာ သတင်းစာဖတ်နေတဲ့တစ်ယောက်လား? " ဟု လက်ညှိုးထိုးရင်း မေးနေ၏။
August : “ ဟဲ့ လက်ညှိုးသွားမထိုးနဲ့လေ “
Betty : “ ……… “
August : " …တွေ့လား?…နင် လက်ညှိုးထိုးလိုက်တော့ ထသွားပြီ “
ရုတ်တရက်လိုလို… Betty က ရယ်နေတာကို ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး တစ်ခုခုအတည်ပြောစရာရှိဟန်ဖြင့် မျက်နှာပိုးသတ်လိုက်လေသည်။
“ နင် ဘာလို့…ငါ ဒီနေ့ ကျောင်းပျက်ခံပြီး…နင်နဲ့ ဘာလို့ ဒီကို အတင်းလိုက်ဖို့ လုပ်တာလဲ သိလား? “
August က ရယ်တောမသတ်နိုင်သေးဘဲ-
“ မသိဘူးလေ… နင်လည်း သင်္ချာမရလို့လား? “ဟု နောက်၏။
Betty က August လက်မောင်းကို ရိုက်၍ ရယ်နေရင်း-
” ကဲ…တော်ပြီ…မနောက်နဲ့ဟာ…ငါ အတည်ပြောစရာ ရှိပါတယ်ဆို ”
August က ရယ်နေတာကို ရပ်လိုက်ပြီး
“ ပြောလေ…ပြော…ငါ နားထောင်နေတာပဲ” ဟုဆိုကာ မြက်ခင်းပေါ်က အအေးဘူးကိုယူကာ သောက်နေတော့သည်။
ချက်ချင်းဆိုသလို Betty မျက်နှာ ပြန်တည်သွားပြန်၏။ ခဏမျှ ငြိမ်သက်သွားပြီးလျှင်-
“နင့်ရဲ့ ဘယ်ဘက်လက် ငါ့ကို ခဏပေး” ဟု ပြောလိုက်သည်။
August မှာ အအေးသောက်နေရာက သီးပင်သီးသွားလျက်-
“ဘာ…ဘာ…ဘာလုပ်ဖို့လဲ?” ဟု အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြော၏။
Betty : " နင့်လက်မှာ ဖြတ်ရာတွေ ရှိနေတာ ငါသိတယ်… "
August : “………”
Betty ရယ် August လက်ကို အသာအယာ ဆွဲယူလိုက်လေသည်။ August ၏ အပြာရောင် အင်္ကျီရှည်လက်ကို ခေါက်တင်လိုက်သောအခါ လက်ဖျံတစ်ခုလုံးတွင် အမာရွတ်များဖြင့် ပြည့်နေပြီး ပလတ်စတာတစ်ချို့ကပ်ထားသော
လတ်လတ်ဆတ်ဆတ် ဒဏ်ရာများကိုပင် Betty မြင်လိုက်ရ၏။
Betty : “ နင်…ဒါကြောင့်…အမြဲတမ်း…
အင်္ကျီလက်ရှည်တွေ…အနွေးထည်တွေ ထပ်ထပ်၀တ်ထားတာလား?”
August : “………”
Betty : " ဘာလဲ?…အခုတော့ ငါ့ကိုတောင် စကားမပြောတော့မှာလား? "
August က ခေါင်းငုံ့ ၊ မျက်နှာလွှဲရင်းဘာမှပြန်မပြောချေ။ Betty က August လွယ်အိတ်ကို လှမ်းယူလိုက်ရင်း တစ်စုံတစ်ခုကို ရှာဖွေနေလေသည်။ ခဏအကြာတွင် August ရယ် သူမအိတ်ထဲတွင် ဝှက်ထားသော ဘလိတ်ဓားတစ်ချောင်းကို Betty ရှာတွေ့သွားလေ၏။ August ကား Betty ကို မျက်နှာလွှဲထားသဖြင့် မမြင်လိုက်ချေ။ Betty က ဘလိတ်ဓားကို ထုတ်လိုက်ရင်း သူမလက်ဖျံပေါ်တွင် ဖြတ်ရာတစ်ချက် ခြစ်ချလိုက်လေသည်။
" အား…သေစမ်း…နာလိုက်တာ "
ထိုအခါမှပဲ Betty အော်သံကြောင့် August လည်း အထိတ်တလန့်ဖြင့် သူ့ကို လှည့်ကြည့်မိ၏။ လှည့်ကြည့်လိုက်တော့ Betty လက်တစ်ဖက်တွင် သွေးစက်လက်ကျနေသည့် ဖြတ်ရာတစ်ခုနှင့် နောက်လက်တစ်ဖက်တွင် ကိုင်ထားသော သူမလွယ်အိတ်ထဲက ဓားကိုတွေ့လိုက်ရလေ၏။
August လည်း အလန့်တကြားဖြင့်-
“ နင်…ရူးနေတာလား?…အဲ့ဓား ငါ့ကိုပြန်ပေး…” ဟု အော်လိုက်သည်။ ထို့နောက် Betty လက်ထဲက ဓားကိုယူပြီး ပန်းခြံတစ်နေရာထဲသို့ လွှင့်ပစ်လိုက်လေသည်။ Betty ကတော့ August ကို ဘာမှမပြောပဲ စိုက်သာကြည့်နေသည်။
August က သူ့အိတ်ထဲက တစ်သျှူးထုပ်ကို အလျင်စလိုထုတ်ပြီး Betty အနာပေါ် ဖိထားပေးရင်း-
“ နင်ကတော့…တကယ်ပါပဲဟာ…လုပ်လိုက်ရင် ဇွတ်အတင်းပဲ…ဘာလို့ ဒီလိုလုပ်ရတာလဲ?!”
Betty : “ နင် ဘာလို့ အဲ့ဒီလုပ်တာလဲ သိချင်လို့လေ…”
August : "………"
Betty : " မဆိုးပါဘူး…ဖြတ်လိုက်ရတဲ့ အရသာတော့ ရှိသားပဲဟ…တစ်ခုခု ပေါ့ပါးသွားသလိုမျိုးလေ…နင် ဘာကြောင့် အဲ့လိုလုပ်လဲ သိပြီထင်တယ်…ငါလည်း ခုနက နင် လွှင့်ပစ်လိုက်တဲ့ ဓားမျိုးတစ်ချောင်းလောက် ၀ယ်ပြီး… "
August : " Betty!!!… "
Betty : " ဖြည်းဖြည်းအော်ပါဟ…နာသွားတာက နင်လား?…ငါလား? "
August : “ Betty…နင် ငါ့ကို ဒေါသထွက်လာအောင် မလုပ်နဲ့ဟာ “
Betty : " အခု နင့်ကိုနင် မြင်လား?…"
August : " ဘာကိုလဲ?! "
Betty : " ငါလည်း နင့်လက်က အဲ့ဒီဖြတ်ရာတွေကို မြင်လိုက်တိုင်း အဲ့ဒီအတိုင်းပဲ… နင်ကတော့ ဘာမှမဟုတ်သလို လုပ်လိုက်ရင်းနဲ့ အဲ့လိုလုပ်လိုက်လို့ ပေါ့ပါးသွားပါတယ်လို့ ပြောနေလည်း…မြင်ရတဲ့သူကတော့ ရင်နာပြီး ဒေါသထွက်လို့ ရူးတော့မယ်!!… နင်က ငါ့ကိုကျ ဘယ်သူ့ကိုမှ မမုန်းဖို့ပြောနေပြီး…နင်ကကျ နင့်ကိုနင် မုန်းနေတယ်တဲ့လား?…"
August : “………”
Betty : " နင့် အမေ သိသွားရင်ရော?! နင့် အမေ သိသွားတဲ့အခါ… နင် ဘယ်လိုလုပ်မလို့လဲ?…ဟမ်?!… နင် အဲ့ဒီလောက် ချစ်လှပါချည်ရဲ့ဆိုတဲ့ နင့် အမေလေ…”
August : “ Betty…နင်…ဒီအကြောင်းကို…ငါ့ အမေကို…လုံး၀…ပြောလို့မဖြစ်ဘူးနော်…”
Betty : " နင် ဒီလိုတွေ ဆက်မလုပ်ဘူးလို့ ကတိပေးရင် မပြောဘူး "
August : " မလုပ်ဘူး "
Betty : " သေချာလား?…ငါ့ ရှေ့မှာရော… ငါ့ နောက်ကွယ်မှာရောနော် "
August က သူ့လွယ်အိတ်ထဲတွင် Betty လက်ကို ကပ်ပေးဖို့ ပလတ်စတာကိုရှာနေရင်း ခေါင်းသာညိတ်ပြ၏။
Betty က August မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ရင်း-
" August…ငါ့ကိုကြည့်စမ်း…နင် ဒီလိုဖြတ်တာကို နောက်တစ်ခါ…နောက်တစ်ခါလေးပဲ ထပ်လုပ်ရင်…ငါ နင်နဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး…သူတို့ကိုယ်သူတို့ ဖြတ်တောက်နေတဲ့ သူတွေအနားမှာ ငါ မနေချင်ဘူး…"
August က ဘာမှပြန်မပြောပဲ Betty လက်များကို ဖယ်ထုတ်လိုက်၏။ ထို့နောက် သူ့အိတ်ထဲက
ပလတ်စတာကို ထုတ်ရင်း Betty လက်ကို ကပ်ပေးသည်။ ထို့နောက် August မှာ သူ့လွယ်အိတ်သူ စိတ်ဆိုးမာန်ဆိုးဖြင့် ဆွဲယူပြီး ထို ပန်းခြံထဲမှ ထထွက်လာခဲ့တော့သည်။ Betty ကိုတော့ တစ်ယောက်တည်း ချန်ရစ်ခဲ့၏။ Betty မှာ August ရယ်တော့ သူ့ကိုစိတ်ဆိုးကာ ထားရစ်ခဲ့ပြီထင်ရင်း တစ်ယောက်တည်း မြက်ခင်းပေါ်လှဲချရန် အလုပ်တွင်-
“ ပြန်မလိုက်ဘူးလား? “ ဟူသော ခပ်လှမ်းလှမ်းမှ August ရဲ့ အော်ခေါ်သံကိုကြားရ၍ Betty လည်း ပြုံးရင်း လှည့်ကြည့်လိုက်လေသည်။ ထို အခိုက်အတန့်လေးထဲက Betty မျက်နှာပေါ်က အပြုံးမှာ
မျက်လုံးမှိတ်လိုက်တိုင်း ရောက်လာတဲ့ အချိန်ဆိုတဲ့ အနက်ရောင်ထုကြီးကို ဖြတ်သန်းပြီးတာတောင် ပျက်ပြယ်မသွားဘဲ အခုချိန်အထိလည်း August မျက်၀န်းတွေထဲ တဝိုးဝိုး တဝါးဝါး ပုံရိပ်အဖြစ် စွဲထင်ကျန်ရစ်နေဆဲပါပဲ။
ယခုတော့ ကံကြမ္မာကောက်ကြောင်းက ပြောင်းပြန်လည်ပြီး ကိုယ့်ကိုကိုယ် အနာတရရအောင် လုပ်နေသူမှာ Betty ဖြစ်လာပြီး August က သူ့ကို လိုက်ထိန်းနေရသူဖြစ်လာသည်။
" သူ ဘယ်အချိန်ကစပြီး ဒီလိုတွေ လုပ်လာတာပါလိမ့်? " ဟု August ပြတင်းပေါက်တွင် ရပ်နေရင်း ဆက်တွေး နေမိလေသည်။
အထက်ပါ ပန်းခြံထဲက နေ့မှစ၍ August မှာ မတတ်သာပဲ သူ့လက်ကိုယ်သူ ဖြတ်ရာများ ခြစ်ချတတ်သည့်
အကျင့်ကို စွန့်လွှတ်လိုက်ရလေသည်။ အဓိကကတော့ သူ့အမေသိသွားမှာကို ကြောက်၍ဖြစ်သည်။ August က သူ့အမေကို သိပ်ချစ်၏။ သူမ အဖေနှင့် အစ်မ နှစ်ယောက်လုံးမှာ သူမ အသက် ၁၀ နှစ်ခန့်တွင်
ကားတိုက်မှုဖြင့် ဆုံးပါးသွားခဲ့သည်။ ကံမကောင်းလှစွာပဲ နှစ်ဦးစလုံး ကားတိုက်မှုတစ်ခုထဲတွင် ပွဲချင်းပြီး ဆုံးခြင်းဖြစ်လေသည်။ ယာဉ်တိုက်မှုမှာလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် August အား ကျောင်းကြိုဖို့အလာတွင် ကားမှောက်ခြင်းဖြစ်သည်။ ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းတွင် သူမအမေမှာ တစ်နှစ်ကျော်ကြာကြာ အရူးတစ်ပိုင်း ဖြစ်သွားသည်ကို August ကိုယ်တိုင်မြင်ဖူးခဲ့၏။ သူမမောင်လေး Vincent မှာ ထိုအချိန်က သုံးနှစ်မျှသာရှိသေး၏။ ထိုကာလများအတွင်း August ကပဲ Vincent နှင့် သူ့ကိုယ်သူ နှစ်ယောက်လုံးကိုဘတစ်ယောက်တည်း စောင့်ရှောက်ခဲ့ရလေသည်။ အတော်အတန် ငွေကြေးပြည့်စုံလေသော August ရဲ့ အဖွားက ကုနိင်လွန်း၍သာ Claire မှာ ပုံမှန်ပြန်ဖြစ်လာခြင်း ဖြစ်လေသည်။
Claire သူမကိုယ်သူမ ဖြေသိမ့်တတ်သည့် စကားကား-
" တကယ်လို့ ကျောင်းကြိုပြီး ပြန်အလာမှာသာ ကားမှောက်ခဲ့ရင်-ငါ့သမီးလေး…August လေးပါ………
သူမ မပါသွားတာပဲ ဘုရားကို ကျေးဇူးတင်ရမယ့် ငါ့အဖြစ်ပါလေ…" ဟူ၍ ဖြစ်သည်။
သူမအဖေ နှင့် သူမအစ်မအပေါ်တွင် ရှိနေသော အပြစ်တင်စိတ် ၊သူမအမေအပေါ်
အားနာစိတ် ၊ သနားစိတ်…သူမအမေ စိတ်လွတ်သွားလိမ့်မည်ဆိုသော
ကြောက်စိတ်ကြောင့်… August က သူမအမေ စိတ်ပျက်စေမည့် ၀မ်းနည်းစေမည့်
ကိစ္စမှန်သမျှကို ဝေးဝေးကရှောင်သည်။ ထို့ကြောင့် ဒီကိစ္စကို သူ့အမေသိမှာ သူမ သေမတတ်ကြောက်ခြင်း ဖြစ်လေသည်။
August မှာလည်း သူ့ဘ၀ထဲကသူတစ်ဦး တစ်စုံတစ်ယောက်တစ်ခုခုဖြစ်တိုင်း သူမကြောင့်ဆိုသည့် စိတ်ဒဏ်ရာနှင့် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်က ဝေဒနာတစ်ခုလို စွဲကပ်နေတော့၏။
" အဲ့ဒါကြောင့်ပင် သူမကိုယ်သူမ ရွံရှာမုန်းတီးသလို ခံစားချက်က အမြစ်တွယ်လာပြီး သူမကိုယ်သူမ
အနာတရ ရအောင် လုပ်ခြင်းကို စတင်ခဲ့ခြင်း ဖြစ်ရာသည်" August တစ်ယောက်
ထို ပြတင်းနားတွင် ရပ်နေရင်း အများစုမှာ ပျောက်သွားခဲ့သော်လည်း တရေးရေးထင်နေသေးသည့် အရင်က အမာရွတ်များကို ပွတ်သပ်ကြည့်ရင်း တွေးနေမိသည်။
ထို့အပြင် August က ကျောင်းတက်ရတာကို မုန်းတီးခဲ့သည်။ နဂိုကတည်းက ရှက်တတ်ကြောက်တတ်သောကြောင့် သူ့ဘေးတွင် လူ့တွေစုအုံနေသော ခံစားချက်ကို August မုန်း၏။ ဤသို့နှင့် ဘယ်သူ့ကိုမှလည်း မသိ၊ ဘယ်သူ့ကိုမှလည်း မသိချင်၊ ဘာကိုမှလည်း ထုတ်မပြော၊ ဘယ်သူ့ကိုမှလည်း ဘာမှမပြောချင် ၊ ဘယ်သူနှင့်မှလည်း အပေါင်းအသင်းမလုပ်သော August မှာ အထက်တန်းကျောင်းကဲ့သို့ နေရာမျိုးတွင်ကား များမကြာမီ ကိုယ်ပျောက်လူသားတစ်ယောက်လို ဖြစ်လာလေသည်။
လူအပြည့်နှင့် ဆူညံနေသော စာသင်ခန်းထဲရောက်တိုင်း နှလုံးခုန်မြန်ပြီး အသက်ရှူကြပ်သလို သူ ခံစားရသည်။
ထို့ကြောင့် August မှာ အမြဲတမ်းလိုလို အခန်းပြတင်းပေါက်ထောင့်နားတွင် ထိုင်ပြီး နားကြပ်တပ်၍ စာအုပ်တစ်အုပ်ကိုသာ အာရုံစိုက်ပြီး ဖတ်နေလိုက်၏။ အဲ့ဒီလိုလုပ်မှပဲ ခဏကြာလျှင် တဖြည်းဖြည်း…တဖြည်းဖြည်း နှလုံးခုန်သံများပုံမှန်ပြန်ဖြစ်လာသလို…အသက်ရှူသံများ ပြန်မှန်လာသလိုဖြင့် နေရထိုင်ရ အဆင်ပြေသွားတတ်သည်။
Betty သူတို့ အိမ်နားသို့ ပြောင်းမလာခင် နှစ်အတော်ကြာအထိ August တွင် သူမကိုယ်သူမ လှီးဖြတ်တတ်သည့် အကျင့်ဆိုးက စွဲကပ်ခဲ့၏။ အဲ့ဒီလိုလုပ်တာက အမြဲတမ်းလိုလို တုန်ရင်နေတတ်သော သူမ၏ စိတ်အစုံကို ငြိမ်ကျသွားစေသည်ဟု ခံစားရသောကြောင့် ဖြစ်လေသည်။
သို့သော် Betty ရယ် သူတို့ အိမ်နားသို့ ပြောင်းလာပြီး သူမတို့ ကျောင်းသို့စရောက်လာကတည်းက August မှာ ကျောင်းတက်ရတာကို အရင်ကလောက် သိပ်မမုန်းတော့ပါချေ။
Betty ကြောင့် သူ့ဘ၀ရဲ့အစိတ်အပိုင်း တော်တော်များများအပေါ်မှာ သူထားတဲ့ အမြင်တွေ တဖြည်းဖြည်း
ရှင်းလင်းလာတယ်လို့ August ထင်သည်။ ရှင်းရှင်းလင်းလင်းဖြစ်လာရုံတင် မဟုတ်ပဲ တနည်းနည်းနဲ့ နေ့ရက်တွေက ပိုပြီးတောက်ပလာသလိုလို အထိ။
Betty နဲ့ အတူတူရှိနေတဲ့ အချိန်တိုင်း ဒါမှမဟုတ် Betty အကြောင်းတွေးမိတဲ့ အချိန်တိုင်း… သိပ်ပြီး နာကျင်ခဲ့ရတဲ့ အတိတ်တစ်စုံတစ်ရာဆီက လွတ်မြောက်သွားသလို…
အနာဂတ်အတွက် တွေးပြီးပူပန်ခဲ့တာ ဘယ်နေ့က နောက်ဆုံးလဲဆိုတာကို မေ့လျော့မမှတ်မိတော့လောက်ပင်
ကြာရှည်ခဲ့ပြီဟု ထင်ရ၏။
ဘာကြောင့်များ လက်ရှိရဲ့ အခိုက်အတန့်တွေကို ပျော်စရာအဖြစ် မပြောင်းလဲကြည့်ဘဲ
မပြောင်းလဲနိုင်တော့တဲ့ အတိတ်ရဲ့ ၀မ်းနည်းနာကျင်စရာတွေထဲမှာပဲ ကိုယ့်ကိုကိုယ် အမြဲတမ်း ရစ်နှောင်ထားခဲ့သလဲ နားမလည်နိုင်တော့လောက်အောင်…
မျှော်လင့်ချက်တစ်စုံတစ်ရာက ရွှေရောင်တွေတလက်လက်တောက်ပနေတဲ့ ကျော့ကွင်းတစ်ကြိုးနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုရစ်ပတ်ပြီး အတိတ်ထဲက ဆွဲထုတ်နေသလိုပါပဲ။
အရင်က တကယ်ပဲ ပျော်ရွှင်ဖူးခဲ့ရဲ့လားလို့ သံသယဖြစ်မိလောက်အောင်…တကယ်တမ်း ကိုယ့်အတွက်ကိုယ် စဉ်းစားပေးချင်လာတဲ့အထိ…
ပျော်ရွှင်မှုဆိုတာ တကယ်ပဲ ရှိနိုင်တယ်လို့ မျှော်လင့်ချင်လာတဲ့အထိ…
အဲ့ဒီလိုဖြစ်လာတဲ့အထိ Betty အပေါ် ယစ်မူးလာမိ၏။ သို့သော် ထို ယစ်မူးမှုထဲတွင်
ဘယ်ကမှန်းမသိ ကပ်ပါလာသော ငြိမ်းချမ်းမှုတစ်ပိုင်းတစ်စက မျောပါနေသေးသည်။
ထို ငြိမ်းချမ်းမှုတစ်ပိုင်းတစ်စက August တစ်ကိုယ်လုံးကို ရွှေရောင်တွေတစ်လက်လက် ခြယ်သပေးလိုက်သလိုမျိုး…
August ရယ် Betty နဲ့ အတူတူ ရှိနေတိုင်း အဲ့ဒီလို ခံစားရသည်။
ပြတင်းမှ ၀င်လာသော လေရူးတစ်ချက်က နားကို ပွတ်သပ်သွားတိုင်း “ ဘာတွေပဲဖြစ်ဖြစ် အမြဲတမ်း အခိုက်အတန့်ထဲမှာပဲ နေဖို့ “ ပြောတတ်တဲ့ Betty ရဲ့ အသံက August ရဲ့ နားထဲပြန်ကြားနေရ၏။
Betty တစ်ယောက်သူ့ကိုယ်သူဖြတ်တောက်ခြင်းမှာကား သူမ အမေ Diane ကင်ဆာကြောင့် အိပ်ရာထဲလဲနေချိန်တွင် စတင်ခဲ့၏။ သို့သော် Betty ကား လျှို့ဝှက်လွန်းပြီး Augustမသိအောင် ကြိုးစားဖုံးသဖ်ြင့် သူမလည်း အရိပ်အခြည်မြန်သော August ပင် မရိပ်မိလောက်အောင် ဖြစ်ခဲ့ရသည်။ August ရယ် Betty သူ့ကိုယ်သူ ဖြတ်တောက်နေခြင်းကို သိလိုက်ရပုံမှာ ဤသို့ဖြစ်၏။
Betty အမေ Jane၏ ဈာပနနေ့ဖြစ်သည်။ Betty အား Julie နှင့် သူမအဖေ Joe တို့က သူတို့အိမ်ဆီ ခေါ်သွားရန် ရောက်လာကြသောနေ့လည်း ဖြစ်၏။ ထိုနေ့သည်ပဲ Betty ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားသည့် ထိုအိပ်မက်ကို August ပထမဆုံးအကြိမ် စတင်မက်သောနေ့ဖြစ်လေသည်။
ယနေ့ညလိုပါပဲ…ထိုနေ့ညတွင် အိပ်မက်ဆိုးကြောင့် August ရယ် အိပ်ရာပေါ်တွင် ချွေးအလိမ်းလိမ်းနှင့်
ငိုင်ပြီးထိုင်နေစဉ် မနက် ၃ နာရီခန့်ကြီးတွင် August အမေ Claire က တံခါးခေါက်ရင်း ၀င်လာသည်။
“ ဟင်…August?!…နိုးနေတာလား? “
August ပင် အချိန်အခါမဟုတ် သူ့အမေ အခန်းထဲ၀င်လာသဖြင့် လန့်သွားသေး၏။
Claire :“ သမီး…ဟို ဘက်အိမ်က…အသံတွေ…ကြား…ကြားပြီးသွားတာလား?! “
August : “ ဘာအသံလဲ အမေ? “
Claire က August အနားကို တဖြည်းဖြည်းကပ်လာရင်း အိပ်ရာပေါ်ထိုင်ချလိုက်သည်။ ထို့နောက် သူ့သမီး၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်၏။ ပြီးလျှင် သူမ၀တ်ထားသော တီရှပ်အဖြူကို မတင်ပြီး
Augustနဖူးမှ ချွေးများကို သုတ်ပေးလေသည်။ August ကတော့ သူ့ရဲ့အိပ်မက်ဆိုးအရှိန်ကြောင့် တစ်ကြောင်း ၊ သူမအမေ၏ ထူးဆန်းနေမှုကြောင့် တစ်ကြောင်း မျက်လုံးအဝိုင်းသားနှင့် ကြည့်နေလေသည်။
August : “ ဟိုဘက်အိမ်က အသံဆိုတာ ဘာကို…?’
Claire လည်း သူမသမီး၏ တုံ့ပြန်မှုအား မကြည့်ရက်သဖြင့် တိတ်ဆိတ်မှုထဲ ခဏတာ အရှိန်ယူပြီးမှ ပြောစရာရှိတာကို ဆက်ပြောနိုင်၏။
“ Betty လေ…ကလေးမလေး…သူ့လက်ကောက်၀တ်ကို သူလှီးလိုက်လို့တဲ့… ဆေးရုံကားက လာခေါ်သွားပြီ “
August : “……………”
ထိတ်လန့်မှုကြောင့် August ရယ် အာရုံကြောတစ်ခု ထိခိုက်ခံရသလို စက္ကန့်အနည်းငယ်ကြာ ဆွံ့အသွားလေသည်။
သူမငယ်ငယ်တုန်းက ဓာတ်လိုက်ခံရဖူးတာကို August အမှတ်ရမိ၏။ ဓာတ်လိုက်ခံရပြီး အနောက်သို့ လွင့်စင်ထွက်သွားသည့် သုံးစက္ကန့်အတွင်း ကမ္ဘာကြီးလည်နေတာ ရပ်တန့်သွားရင်း သူမ အတွေးများအားလုံးလည်း ရပ်တန့်သွားလေသည်။ ထိုသတင်းကို ကြားလိုက်ရသည့် ခံစားချက်က အဲ့ဒီတုန်းက ဓာတ်လိုက်ခံရတဲ့ ခံစားချက်နဲ့ တစ်ထပ်တည်းပါလားဟု August တွေးလိုက်မိသည်။
တစ်ခုပဲ ကွာခြားတာရှိခဲ့ရင်…Betty သတင်းက ပို၀မ်းနည်းစရာကောင်းခဲ့တာ…?

August…Betty ကို တွေ့ရမှာ ကြောက်နေ၏။ သူရဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကြောင့် Betty ကို မတွေ့ချင်ပါချေ။
“ Betty အဲ့လိုဖြစ်ရတာ သူ့ကြောင့် “ ဆိုတဲ့စကားကို တစ်ဦးတစ်ယောက်ဆီကများ သူမကြားရလျှင် ထိုနေရာမှာပင် လဲကျသွားပြီး ဘယ်တော့မှ ပြန်နိုးလာမှာမဟုတ်ဘူးဟု ခံစားရလေသည်။ ထို့ကြောင့် သူ့အမေ Claire က ဆေးရုံသွားရန် ခဏခဏခေါ်သော်လည်း မလိုက်သွားပဲ Betty ကို တတ်နိုင်သမျှ ရှောင်နေတော့သည်။ သူမအမေကိုပဲ
“ Betty နေကောင်းရဲ့လား? “ဟု နေ့စဉ်နေ့တိုင်း တဖွဖွ မေးတတ်၏။ နောက်ဆုံးတွင်ကား Claire မှာ စိတ်မရှည်တော့ဘဲ…
“ ကဲ…ဒီလောက်တောင် စိတ်ပူရင်လည်း ဆေးရုံကို သွားကြည့်လေ…ဘာလို့ ဆေးရုံကိုကျ မသွားတာလဲ?!…
ဟိုကလည်း နင့်ပဲ နေ့တိုင်းမေးနေတာပဲ”
သို့သော် Betty ဆေးရုံတွင် ရှိနေတုန်းကတော့ နောက်ဆုံးတစ်ခါဟု သူ့ကိုယ်သူ အယုံသွင်းရင်း သွားတွေ့လိုက်ပါသေးသည်။
Betty မှာ ခုတင်ပေါ်တွင် စာအုပ်ဖတ်ရင်း ထိုင်နေလေ၏။ August အခန်းထဲ၀င်လာတော့ ထို ပန်းခြံထဲတွင် တစ်ခါတွေ့ခဲ့ရာက မေ့ဖျောက်မရခဲ့သော Betty ရဲ့ ဝိုးတဝါး အပြုံးက သူမမျက်နှာပေါ်တွင်
နေရာတကျ ပြန်ရောက်နေပြန်သည်။
“ ဟေး…နင် ပေါ်လာသေးသားပဲ…”
August က တစ်ခွန်းမှပြန်မပြောဘဲ ဖြည်းဖြည်းချင်း လျှောက်လာရင်း အခန်းထဲမှ ခုံတစ်လုံးအား Betty ရဲ့ ခုတင်ဘေးသို့ ဆွဲယူလာပြီး ထိုင်လိုက်လေသည်။ Betty က August စိတ်ဆိုးနေမှန်း ရိပ်မိတာကြောင့်-
“ …နင် သိလား?… ငါ နိုးလာရင် အရင်ဆုံး မြင်ရမှာက နင့်မျက်နှာလေးပဲလို့ ထင်နေတာ…ဒါပေမယ့် မြင်လိုက်ရတာက ငါ မမြင်ချင်ဆုံး ငါ့အဖေမျက်နှာကြီး ဖြစ်နေပါလေရော…”
August က ဘာမှပြန်မပြောပဲ တိတ်ဆိတ်မှုထဲမှာပဲ မလှုပ်မယှက် ထိုင်နေဆဲ။
ပြီးတော့…အဓိပ္ပာယ်များစွာပါသော်လည်း တစ်ခုကိုမှ ဖော်မရနိုင်သော အကြည့်တစ်မျိူးနှင့် Betty ကို ငေးစိုက်ကြည့်နေ၏။
Betty : “ …အဲ့လိုကြီးပဲ ကြည့်မနေပါနဲ့ဟာ…တစ်ခုခုတော့ ပြောဦးမှပေါ့…”
August : “………”
အကြည့်တော့ လွှဲလိုက်သော်လည်း ဘာမှတော့ ပြန်မပြောသေးချေ။ Betty က အတတ်နိုင်ဆုံးဖြင့် သူ့အသံကို
ရွှင်ပျအောင် ထားရင်း ကြိုးစားပြောနေ၏။
“…ဒါနဲ့ …နင်လည်း တော်တော်လုပ်ရက်တာပဲ…ငါ ဆေးရုံရောက်သွားမှန်း သိရက်သားနဲ့တောင် ချက်ချင်းမလာဘဲ အခုမှ ရောက်လာရတယ်လို့…ငါကဖြင့် မနက်ဖြန်ဆို ဆေးရုံတောင် ဆင်းရတော့မှာလေ…”
နောက်ဆုံးတော့ August ရဲ့ အကျင့်အတိုင်းပါပဲ။ သူပြောချင်သည့် စကားလုံးများ ပြည့်နှက်လာသည့်အခါ ဘာကိုမှမပြောတော့ပေ။ အရာအားလုံးကို မျိုချလိုက်ရင်း August ရယ် သက်ပြင်းတစ်ချက်သာ ချလိုက်၏။
ထို့နောက်-
“ နင် ဘာမှမဖြစ်ရင်ပဲ တော်ပါပြီ…ငါ သွားတော့မယ်…” ဟု တိုးညင်းစွာပြောလေသည်။
Betty က လှည့်ထွက်သွားသော August လက်ကို ဖမ်းဆွဲရင်း-
“…ဒေါသထွက်ရင်လည်း ထွက်လိုက်ပါဟာ… အဲ့ဒီလို လှည့်ထွက်သွားတာက ပိုဆိုးတယ်…”
August က လှမ်းဆွဲထားသည့် Betty လက်ကို ဆတ်ခနဲ ခါထုတ်လိုက်လေသည်။
ထို့နောက် သူထိုင်ဖို့ ဆွဲယူလာသော ခုံကို စားပွဲနားတွင် ပြန်ထားနေရင်းက-
“…မှတ်မိသေးလား?… အရင်တစ်ခါက နင်ငါ့ကို ပန်းခြံထဲမှာ ပြောခဲ့တဲ့ စကား?…အဲ့ဒါ…အမှန်ပဲထင်တယ်”
ဟု Betty ကို မကြည့်ဘဲ ခေါင်းငုံ့လျက် ပြောနေ၏။
August ၏ ခပ်စိမ်းစိမ်း အပြုအမူများကြောင့် Betty လုပ်ယူထားရသည့် ရွှင်ပျသော အသံသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
Betty က သူ့မျက်လုံးထောင့်တွင် မျက်ရည်များ စိုစွတ်လာသော်လည်း ငိုသံမပါအောင် ထိန်းပြောလေ၏။
“ …ဘာကလဲ?…”
August :“ ငါလည်း သူတို့ကိုယ်သူတို့ ဖြတ်တောက်နေတဲ့သူတွေ အနားမှာ မနေချင်တော့ဘူး “
ထိုနေ့ ထိုပန်းခြံထဲက မြင်ကွင်းအတိုင်းပဲ August ထွက်ခွာသွားပြန်၏။ Betty မှာ သူ့နောက်ကျောကို ငေးကြည့်ရင်း ကျန်ခဲ့လေ၏။ ဒီတစ်ခါတော့ တစ်အောင့်ကြာသွားလည်း သူမ ပြန်မလာခဲ့ပါချေ။
Betty နေပြန်ကောင်းသွားသောအခါ သူမအဖေ Joe က သူ့အိမ်သို့ ပြန်ခေါ်သွားလေသည်။ ထိုအချိန်မှစ၍ August လည်း Betty နှင့် အနေဝေး၍ မကြာမကြာ မတွေ့ရတော့ပါချေ။ Betty က အိမ်လာဖို့ခေါ်လျှင်လည်း မသွား ၊ သူ့အိမ်လာလည်ရင်လည်း အပြင်သွားစရာရှိတယ်ဟုဆိုကာ ရှောင်ထွက်သွားတတ်၏။ မကြာမကြာ ဖုန်းလည်းမကိုင် ၊ စာလည်းမပြန်ပဲ စည်းခြားပြီး ခပ်ဝေးဝေးတွင် နေရစ်လိုက်တော့သည်။ ရှောင်လွှဲမရသည့်အဆုံး
တွေ့ရသည့်အခါ၌လည်း August ကား သူစိမ်းတစ်ယောက်လိုသာ ပြုမူနေတတ်သည်။ အရင်လို စကားလည်း
ကောင်းကောင်းပြန်မပြောတော့ပါချေ။ Bettyရယ် ဘယ်လိုပင် တောင်းပန်ပန် ၊ ဘယ်လိုပင် ကတိတွေပေးပေး
အသုံးမ၀င်တော့သလို August မှာ Betty နှင့် ခပ်လှမ်းလှမ်းမှာသာ ရှိနေချင်တော့သည်။
ဤကဲ့သို့သာ August တစ်ယောက် Betty ကို သစ်စိမ်းချိုး ချိုးနေခဲ့သည်မှာ နှစ်နှစ်ကျော်၍ သုံးနှစ်ခန့်ပင် ပြည့်လောက်ပါပြီ။ သို့သော်…လွန်ခဲ့သော တစ်လကမှ သူမအဖေ အသည်းအသန်ဖြစ်သည့်အခါ…
August မှာ Betty ရယ် သူမအမေ ဈာပနတုန်းက ကိစ္စလို ထပ်ဖြစ်မှာစိုးရိမ်ပြီး သူမနားသို့ ပြန်ရောက်လာခြင်း ဖြစ်လေသည်။ Betty လည်း သူ့နားကို August ဘာလို့ ပြန်ရောက်လာလဲဆိုတာ ကောင်းကောင်းသိပါ၏။ သို့သော် သူ့အတွက်ကား August ဘာကြောင့် ပြန်ရောက်လာလာ အရေးမကြီးခဲ့ပါ။
“ ဒီအတိုင်း ပြန်ပြီးအတူတူရှိနေရရင် လုံလောက်ပြီ “ဟု သူတွေးထား၏။
………………………………………………………………………………………………………
နောက်နေ့မနက်ခင်းရောက်သောအခါ August ခေါင်းအနည်းငယ်ကိုက်ရင်း အအေးမိချင်သလိုဖြစ်နေ၏။
ညက အိပ်မက်ဆိုးမက်ပြီး နိုးလာရင်းနဲ့ ပြန်မအိပ်သောကြောင့် အိပ်ရေးမ၀ခြင်း ဖြစ်ပေမည်။ ပြီးတော့ မိုးလေအေးတွေ တိုးဝှေ့နေသည့် ပြတင်းပေါက်နားတွင် ရပ်ရင်း Betty အကြောင်း အချိန်တော်တော်ကြာ
တွေးနေမိရာက အခုတော့ နှာစေးချင်သလိုလို ၊ ချောင်းဆိုးချင်သလိုလို ဖြစ်နေလေသည်။သို့သော် သင်တန်းပျက်ရင် သူမအမေ စိတ်ပူနေဦးမည်တွေးပြီး အတန်းကိုတော့ ရောက်အောင်လာခဲ့လေ၏။
အတန်းထဲရောက်တော့ Shay , Mary နှင့် Ronan တို့က နောက်ဆုံးခုံတွင်ထိုင်နေရင်း သူတို့ထုံးစံအတိုင်း အရေးမပါသော တစ်စုံတစ်ရာအပေါ် အချင်းများနေကြသည်။
August ခုံတွင် ၀င်ထိုင်လိုက်လျှင်ချင်း-
Mary : “ August…နင် ဒါကိုကြည့်ကြည့်…”
August လည်း “ဇာတ်လမ်းကတော့ စပြီ” ဟုတွေးရင်း-“ ဘာလဲ?…ပြလေ “ ဟုသာ
ပြုံးကာ ပြောလိုက်၏။
Ronan : “ ငါ ပြမယ်…ဒီမှာ… “
Mary ၏ နှေးတုံ့နှေးတုံ့ လုပ်နေပုံကို စိတ်မရှည်သဖြင့် သူ့လက်ထဲမှ tablet ကို ဆွဲယူရင်း ပြောနေသော Ronan ၏ အသံဖြစ်သည်။ Shay က ပုံမှန်ဆိုလျှင် အသံအကျယ်ဆုံးဖြင့် စကားဝိုင်းထဲမှာပါ၀င် ငြင်းနေတတ်သော်လည်း ဒီနေ့တော့ သူ့မှာအိမ်စာမပြီးသေး၍ ဘာမှ၀င်မပြောအားပေ။ Ronan ပြသောပုံမှာ August တစ်ခါမှမမြင်ဖူးသော မင်းသားတစ်ယောက်ပုံဖြစ်သည်။ သူတို့ ငြင်းနေကြသည်မှာ ထိုမင်းသား ( Plastic Surgery )ပလတ်စတစ် ဆာဂျရီ လုပ်ထားမထား ငြင်းနေကြခြင်း ဖြစ်လေ၏။
Ronan :“ August…နင် သူ့ကို ကြည့်လိုက်ရင် ဆာဂျရီလုပ်ထားတဲ့သူနဲ့ တူနေလား? “
August : “ မသိဘူးလေ…အဲ့ဒါကို ငါက ဘယ်လိုလုပ်…”
Ronan က zoom တစ်ချက်ဆွဲလိုက်ပြီး-“ သိသာပါတယ်ဟာ…နင်ကလည်း သေချာကြည့်ပါဟ “ ဟုထပ်ပြောသည်။ August က ဘာပြောရမှန်းမသိပဲ ဖြစ်နေ၏။
Mary : “ နင်ပဲ သိသာနေတာ…မှော်မျက်လုံးနဲ့များ ကြည့်နေတာလား?! “
Shay : “ သူ့ပိုက်ဆံနဲ့သူ ဆာဂျရီပဲလုပ်လုပ် ၊ မာကျူရီရည်ပဲ ၀ယ်သောက်သောက် ၊ဘရိုမင်းရည်ပဲ ၀ယ်လိမ်းလိမ်း နင်တို့နဲ့ ဘာဆိုင်လို့လဲ?! နားငြီးလာပြီ…စာမပြီးသေးရတဲ့ကြားတဲ့!!”
သူအိမ်စာမပြီးသေးသဖြင့် အဆုံးတွင် ရပ်ကွက်ပတ်ရမ်းနေသော Shay ၏ အသံဖြစ်လေသည်။ အဲ့ဒီအချိန်တွင် အခြားဆရာတစ်ယောက်က အခန်းထဲ၀င်လာသဖြင့် တစ်ခန်းလုံး ဆူညံနေရာက ရုတ်တရက် တိတ်ဆိတ်သွားတော့၏။
“ မင်းတို့ ဆရာက နေမကောင်းလို့ ဒီနေ့မလာနိုင်ဘူးတဲ့…အတန်းမရှိတော့ဘူး…ပြန်လို့ရပြီ “
တစ်တန်းလုံး ထအော်ကြရာ…ဘေးအခန်းက ကျောင်းသားများပင် လှည့်ကြည့်ကြလေ၏။
အခြားဆရာက-
“ ဟဲ့…ဆရာ နေမကောင်းတာကို…ဘာကိစ္စပျော်နေတာလဲ?! “ဟု အော်ငေါက်ရင်း အတန်းထဲမှ ပြန်ထွက်သွားလေသည်။ Shay လည်း သူကြည့်ကူးနေသော အိမ်စာစာအုပ်ကို ဝုန်းကနဲပိတ်လိုက်ရင်း-
“ ဒါပေါ့…ငါလည်း ရေးပြီးရော မလာတော့ဘူး “
Mary : “ကဲ…ဘယ်ကိုသွားကြမလဲ ချစ်သူငယ်ချင်းတို့?!”
Ronan : “ နင် ၀ယ်ကျွေးမယ့် ဘယ်ဆိုင်ကိုပဲဖြစ်ဖြစ် သွားမယ်လေ “
Mary :“ အင်း…ငါ့ကို အပေါင်ထားခဲ့ရင်တော့ နင်တို့ တစ်နပ်စာ ရနိုင်မှာပါ…စာနာစိတ်မရှိရင်တော့လုပ်ကြပေါ့…”
Mary နှင့် Ronan က သူတို့နှစ်ယောက်သား ပြောရင်း ရယ်နေကြလေသည်။
Shay : “ August…ဘယ်ကို သွားကြမလဲ?…”
August :“ ငါ သိပ်နေလို့မကောင်းဘူးဟ…အိမ်ပဲပြန်တော့မယ်…နင်တို့ပဲ သွားလိုက်ကြပါ “
Shay : “ နင်ကလည်း လာစမ်းပါဟ…”
August :“ တကယ် နေမကောင်းလို့ပါ…နောက်နေ့ကျမှပဲဟာ…နော်…”
ဤသို့ဖြင့် August လည်းအိမ်သို့ ပြန်ရောက်လာခဲ့၏။အိမ်ရှေ့တံခါးတွင် ရှေ့တွင်ကျနေသည့်
သတင်းစာကို ကောက်ယူရင်း အိမ်ထဲသို့ ၀င်လာခဲ့သည်။ တံခါးဖွင့်ပြီး အိမ်ထဲသို့ ၀င်လျှင်၀င်ချင်း-
ဧည့်ခန်းထဲတွင် သူမအမေ Claire ရယ် ၊ သူမမောင် Vincentနှင့် မျက်နှာချင်းဆိုင်ထိုင် စကားပြောနေသော Betty ကို တွေ့လိုက်ရသည်။ Betty မှာကား အ၀င်ပေါက်ကို ကျောပေးထိုင်ထားသဖြင့် August ကို မမြင်ချေ။
August ၀င်လာတော့ Claire က တအံ့တဩဖြင့်-
“ August…ပြန်လာတာ စောလှချည်လား?! “ ဟု မေးလိုက်၏။
Claire စကားကြားမှပဲ Betty လည်း August ရောက်နေမှန်းသိပြီး တစ်ချက်နောက်လှည့်ကြည့်၏။
August : “ အင်း…ဆရာက နေမကောင်းဘူး …”
Claire : “ ဪ…အင်း…ဒီမှာ…Betty လည်း ရောက်နေတယ်လေ…”
August က “ အင်း “ ဟုသာ ဆိုရင်း ခေါင်းညိမ့်ပြ၏။ Claire မှာ ကော်ဖီလက်ကျန်ကို ပြီးပြတ်အောင်သောက်ရင်း “…ခဏနော်…မင်းတို့စားဖို့ အန်တီမုန့်တစ်ခုခု သွားလုပ်ပေးမယ် “ ဟုပြောကာ မီးဖိုခန်းထဲသို့ ၀င်သွားတော့သည်။
Vincent ကတော့ Betty နှင့် စကားဆက်ပြောနေလေသည်။
Vincent : “ ဒါဆို နင်က အခု Julie တို့ အိမ်မှာပဲ ဆက်နေမှာပေါ့?
ကော်ဖီတစ်ငုံကို သောက်လိုက်ကာ“ အင်း…” ဟု Betty ဖြေလိုက်သည်။
August က သူ့လွယ်အိတ်ကို Betty အရှေ့က စားပွဲပေါ် တမင် ဒုန်းခနဲ ပစ်ချရင်း သူ့ဘေးရှိခုံတွင် ၀င်ထိုင်လိုက်လေသည်။ ထိုအသံကြောင့် Betty လည်း လန့်သွားပြီး ကော်ဖီသောက်နေရာမှ သီးမလိုပင် ဖြစ်သွား၏။
Betty က သူ့စကတ်အပေါ် ဖိတ်ကျသွားတဲ့ ကော်ဖီစက်အချို့ကို တစ်သျှူးဖြင့် သုတ်ရင်း-
“ August!!…နင် တော်လိုက်နော် “ ဟု ခပ်ဆတ်ဆတ် အော်လိုက်၏။
August : “ ……… “
Vincent လည်း ရာသီဥတုမသာယာသဖြင့် ဘာမှဆက်မမေးတော့ဘဲ ထိုင်ရာမှ ထသွားလေတော့သည်။
August : “ နင် ဒီမှာ ဘာလာလုပ်နေတာလဲ? “
Betty : “ နင် ငါ့ကို စကားကောင်းကောင်း မပြောတော့တာ ဘယ်လောက်တောင်ကြာနေပြီလဲ နင်သိလား?!”
August : “ နင် ဆေးရုံရောက်ပြီး သေမလိုဖြစ်ခဲ့တဲ့ နေ့ကနေ စတွက်ရင်လား?!…သုံးနှစ်လောက်တော့ ရှိပြီပေါ့?”
Betty : " August!!! "
August : " တိုးတိုးပြော…ဒီမှာ လာအော်မနေနဲ့!!…"
Betty လည်း August စကားကြောင့် အနည်းငယ် ငြိမ်သက်သွား၏။ သူတို့နှစ်ယောက် အတန်ကြာ ဘာစကားမှမပြောပဲ ငြိမ်နေကြလေ၏။ တအောင့်မျှကြာမှ August က " လာ…ထ " ဟုဆိုရင်း Betty လက်ကို
ဆွဲကိုင်လိုက်လေသည်။
Betty : " ဘယ်ကိုလဲ? "
August : " ရေကန်ပြာဆီက တံတားပေါ်ကို…ခဏလောက် လမ်းလျှောက်လိုက်ခဲ့ "
………………………………………………………………………………………………………
ရွှေအိုရောင် ရောင်ခြည်များကြောင့် August ၏ မျက်လုံးစိမ်းများမှာ ခါတိုင်းထက်ပင် အရောင်လက်နေသည်ဟု ထင်ရလေသည်။ သူမ၏ လည်ပင်း နှင့် နားနှစ်ဖက်ပေါ်တွင် ဝဲကျလျက်ရှိသော အနက်ရောင်နက်နက် ပျော့ပြောင်းပြောင်း ဆံချောင်းများနှင့် တစ်ချို့သော ဆံလိပ်ခွေများမှာ လွင့်ချင်တိုင်းလွင့်နေသော်ငြား လေငြိမ်သွားလျှင် သူတို့၏ပုံမှန်နေရာများဆီသို့ သဘာ၀ကျကျ ပြန်လဲကျသွားတတ်၏။
Betty မှာတော့ သူမရဲ့ ရွှေအိုရောင်ဆံပင်ရှည်များကို ဖြစ်သလို ရစ်ပတ်ထုံးဖွဲ့ထားလေသည်။ ထို့ကြောင့် လွတ်ထွက်ကျနေသော ဆံစတစ်ချို့မှာ မနက်ခင်း လေပြေ၏ ကျီစယ်မှုကြောင့် သူမ၏ မိုးပြာရောင် မျက်လုံးတွေပေါ်နှင့် နှင်းဆီရောင် ပါးပြင်နှစ်ဖက်ပေါ်တွင် သဘောရှိ ပြေးလွှားနေတော့သည်။
ထိုနေ့က Betty မှာ အညိုညစ်ရောင် ကုတ်အင်္ကျီရှည်နှင့် အောက်ခံအဖြူရောင်တီရှပ်တစ်ထည် နှင့် ဂျင်းပြာစကတ်တိုကို ၀တ်ဆင်ထားခဲ့ပြီး August ကား စိမ်းပြာကျားဆွယ်တာ ၊အနက်ရောင်ဂျင်းများကို ၀တ်ဆင်လျက် မာဖလာ အနီထည်အား သူမလည်ပင်းတွင် ပတ်ထားခဲ့၏။ စိုစွတ်စွတ် သစ်သားတံတားပေါ်တွင်ကား ငှက်တချို့မှလွဲ၍ သူမတို့နှစ်ယောက်အပြင် ဘယ်သူမှမရှိခဲ့ပါချေ။ Betty ရဲ့ ခေါင်းစခြေအဆုံးကို သူ အလွတ်ပြောနိုင်သလိုမျိုး ထိုနေ့၏ အရာအားလုံးကို August အစအဆုံး မှတ်မိနေသေးပါသည်။ တဖြည်းဖြည်း အသက်ရှူကြပ်စရာ ကောင်းလာသော တိတ်ဆိတ်မှုကို Betty က ဖြိုခွင်းလိုက်၏။
“…August…ငါ နင်နဲ့ရန်မဖြစ်ချင်တော့ဘူး… နင် ဒီလိုကြီး စိမ်းကား နေတာကိုလည်း ငါ မကြိုက်ဘူး…ဒီအတိုင်း အားလုံးကို မေ့ပြီး…ငါတို့ အဲ့ဒီ…အဲ့ဒီ ရှုပ်ထွေးတဲ့ပြဿနာတွေ ဘာမှမရှိခဲ့တဲ့ အချိန်ကိုပဲ ပြန်သွားလို့ မရဘူးလား?”
ချစ်သူတွေက လမ်းခွဲတဲ့နေ့မှာ ပိုလှနေတတ်ကြတာလားတော့ မသိပေမယ့် သူတို့နှစ်ယောက်ကြားထဲမှ ကသိုးကအောက်ဖြစ်စရာ တိတ်ဆိတ်မှုကြီးကတော့ မုန်တိုင်းတွေကို လက်ယပ်ခေါ်နေသယောင်ယောင်။
August က Betty ပါးပြင်များကို ကိုင်တွယ်ရင်း တိုးညင်းစွာ ပြောနေ၏။
August :“…ပြဿနာတွေက ရှိခဲ့တယ်လေ…Betty…နင်လည်း ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ လုပ်ခဲ့တယ်…”
Betty : “ ဒါပေမယ့် ငါ အခု ဒီမှာ ရှိနေတယ်လေ…အဲ့ဒါကရော နင့်အတွက် အရေးမပါဘူးလား? “
August က Betty ပါးပြင်ပေါ်မှ သူ့လက်များကို ပြန်ရုတ်သိမ်းလိုက်၏။ ဘာမှတော့ ပြန်မပြော။
Betty : “ August…နင် မကြိုက်တဲ့ အဲ့ဒီဖြတ်တောက်တာတွေလည်း ငါ မလုပ်တော့ပါဘူး…ငါ ကတိပေးပါတယ်…ဒီအတိုင်း ဒီလောက်နဲ့ပဲ ငါ့ဆီကို ပြန်လာခဲ့ပါတော့”
August : “ ငါ နင့်ကို မယုံဘူး Betty…နင့်ရဲ့ အဲ့ဒီလို မတည်မယ့် ကတိတွေကိုလည်း ဆက်ပြီး မယုံချင်ဘူး”
Betty : “ …ငါတော့ နင်ငါ့ကို ဒီလောက်ထိ မသိတော့တာကိုပဲ မယုံနိုင်ဘူး…”
August : “ မသိဘူး…Betty…ငါ မသိတော့ဘူး…နင် အခုအချိန်ထိ သေချင်နေတုန်းပဲလားဆိုတာလည်း ငါ မသိဘူး… ဘယ်အချိန် သေချင်မယ်ဆိုတာကိုလည်း ရင်တထိတ်ထိတ်နဲ့ လိုက်ပြီး ခန့်မှန်းမနေနိုင်တော့ဘူး…နင်သေချင်တဲ့ အချိန်တိုင်းလည်း ငါ ထပ်ပြီး ပြေးလာပေးဖို့ ယုံကြည်ချက် မရှိဘူး… ကုန်ကုန်ပြောရရင် အခုအချိန်မှာတောင် နင် အရှေ့က ရေကန်ကြီးထဲပြေးပြီး ခုန်ချချင်နေတာလား ငါမပြောတတ်ဘူး…နင့်ကို ဘယ်လိုကယ်ရမှန်းလည်း ငါမသိတော့ဘူး…”
Betty : “ ……… “
August : “………အဲ့ဒါတွေ…အားလုံး…ဘယ်လိုများ အဲ့ဒါတွေ အားလုံးကို မေ့ပြီး… ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရမလဲ?! “
Betty : “………”
August : “ ……နင် အခုထိလည်း နားမလည်သေးဘူးလား?…Betty? ငါက နင့် အနားမှာ အမြဲတမ်းရှိနေနိုင်မှာ မဟုတ်ဘူးလေ…နင် ဒီလိုတွေ ဆက်လုပ်နေရင် ငါ မရှိတော့……”
August က သူစကားပြောမှားသွားမှန်း သူ သိလိုက်၏။
……ငါ…တကယ်လို့ မရှိတော့တဲ့အခါကျ နင် ဘယ်လိုလုပ်မှာလဲ?…”
Betty : “ နင် ဘာကိုပြောချင်နေတာလဲ?! “
August က သူ Betty ကို လိမ်ဖို့ကြိုးစားလည်း အသုံးမ၀င်မှာကို သိပါ၏။ ဒီကမ္ဘာပေါ်မှာ သူ့ကို Betty ထပ်ပိုပြီးသိတဲ့သူ မရှိသလို Betty ကိုလည်း သူ့ထပ်ပိုပြီးတော့ ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး။ ဆက်ပြီးလည်း ဖုံးကွယ်မထားချင်ထားကြောင့် August လည်း အမှန်တိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
August : “……ငါ……”
Betty : “ August…ငါ့မျက်နှာကို ကြည့်ပြီး…မေးနေတာကို ဖြေပါဟာ”
August : “……ငါ………”
Betty : “ နင် … ဘာလို့ တစ်နေရာရာကို ထွက်သွားမယ့်လူလိုမျိုး စကားကို ပြောနေတာလဲလို့…?!”
August မှာ Betty ဘက်သို့လှည့်ကာသူမ မျက်လုံးများထဲသို့ နက်နက်ရှိုင်းရှိုင်းကြည့်လိုက်၏။
“ Betty…ငါ ပြင်သစ်ကို သွားရတော့မယ် “
August ရဲ့ အသံမှာ ကြေကွဲဖို့ကောင်းသော်လည်း သူပြောလိုက်သော စကားလုံးများက ပို၍ပင် ကြေကွဲစရာ ကောင်းနေသည်ဟု Betty တွေးမိလိုက်သေးသည်။ Betty က အတန်ကြာ ဘာမှ ပြန်မပြောပါချေ။
“…………………”
Betty ၏ တိတ်ဆိတ်သွားမှုနှင့်အတူ တစ်လောကလုံး ရပ်တန့်သွားသလို August ခံစားလိုက်ရ၏။ Betty ဆိုသည်မှာ August အတွက်တော့ အမြဲတမ်း ကမ္ဘာကြီးတစ်ခုလို ဖြစ်ခဲ့သည် မဟုတ်ပါလား။ ထိုစဉ်August ဆွဲထားသောလက်ကို Betty က ဖြုတ်ချလိုက်လေသည်။ ထို့နောက် Bettyဆီမှ ခပ်တိုးတိုး ခနဲ့တဲ့တဲ့ ရယ်သံတစ်ခုကို August ကြားလိုက်ရ၏။
Betty : “ …အခုမှပဲ ငါ အားလုံးကို သဘောပေါက်သွားတော့တယ် “
August က Betty ကို နားမလည်နိုင်သလို ကြည့်နေ၏။
Betty : “ နောက်ဆုံးတော့…နင်က…နင် ထွက်သွားရတာ စိတ်ဖြောင့်အောင် ငါ့ကို ဘေးကင်းကင်းနဲ့ ထားခဲ့ချင်နေတာပဲ…”
August : “…ဘာပြောလိုက်တယ်?!…’
Betty : “…ဘာလဲ…၀န်ခံလိုက်စမ်းပါ…နင်ထွက်သွားဖို့ အကြောင်းပေါ်လာတော့ နင့်အတွက် ငါက ၀န်ပိုတစ်ခုလို ခေါင်းရှုပ်နေရတယ်မလား?!…ဒါပေမယ့် အဲ့ဒီ ငါ့လက်ကောက်၀တ်ကို ဖြတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နင်က အခုချိန်ထိလည်း မဆီမဆိုင်၀င်ပြီး အပြစ်ရှိသလို ခံစားနေရတုန်းလေ… အဲ့ဒါကြောင့် နင် ထွက်သွားချင်တာတောင် မထွက်သွားနိုင်ပဲ တစ်ချိန်လုံး ငါ့အနားမှာ တဝဲလည်လည်ရှိနေပေးရတာ မဟုတ်လား? နင် သိထားရမှာက ငါ့ဘာသာ သေကြောင်းကြံစည်ရုံမကလို့ ဘာပဲလုပ်လုပ် ငါ့ အကြောင်းနဲ့ ငါပဲ…အဲ့ဒီဖြတ်တာကို နင့်ဆီက ပထမဆုံးပဲ မြင်ခဲ့မြင်ခဲ့ နောက်ဆုံး ငါ့လက်ကောက်၀တ်ကို ငါဖြတ်တာက ငါ့ရွေးချယ်မှုနဲ့ ငါပဲလို့ ပြောနေတာ…အရာရာတိုင်းက နင့်အကြောင်း မဟုတ်ဘူး…”
August မျက်နှာပြင်တစ်ခုလုံးတွင် မျက်ရည်များ ရွှဲနစ်နေတော့၏။ သူမဘယ်တုန်းက မျက်ရည်တွေ အဲ့လောက်ကျသွားသလဲပင် သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေသည်။ Betty လည်း သူ့ခေါင်းထဲတွင် ထိုအချိန်က ဘာနတ်ဆိုး ၀င်သွားလည်းတော့ သူ မသိလိုက်။ ထိုအခိုက်အတန့်မှာ သူမသိသည်က August အရိုးထဲထိ နာကျင်သွားအောင် ပြောလိုက်ရရန်သာ ဖြစ်၏။ ထို့ကြောင့် သူမ ပြောနေလက်စ စကားကို မရပ်လိုက်ပါချေ။
“…နင်က လတ်စသတ်တော့ ငါသေသွားမှာကို ကြောက်နေတာမဟုတ်ပဲ…ငါသေသွားရင်
နင့်အပြစ်ဖြစ်မှာကို ကြောက်နေတာပဲ!!…”
August မှာ Betty ကို မျက်လုံးအိမ်တွေထဲ မျက်ရည်များပြည့်လျက် စူးစိုက်ကြည့်နေလေသည်။ Betty ကလည်း စိတ်ကိုမလျှော့ပဲ August ရဲ့ မျက်၀န်းတွေထဲကို စေ့စေ့ကြည့်ရင်း သူမအား အနာကျင်ဆုံး ဖြစ်စေမည့် စကားလုံးများကို ရှာနေ၏။
“ နင်သိလား?…လက်စနဲ့ ဒီလိုဖြစ်သွားတာ ကောင်းတာပေါ့…ငါ့အတွက် ဘာမှ မခံစားပဲနဲ့ နင် သွားချင်တဲ့နေရာကို နင် သွားချင်တဲ့အချိန် စိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါ…နင်နဲ့ငါနဲ့က ဘာမှလည်း မဟုတ်တာပဲ…”
August ရဲ့ မျက်နှာတစ်ပြင်လုံးပေါ်တွင် မျက်ရည်များ ရွှဲစိုလျက် ကျောက်ရုပ်တရုပ်လို ရပ်နေ၏။ ထိုအခိုက်အတန့်တွင် Betty မှာ ဒေါသကြောင့် ဘာမှမမြင်နိုင်တော့ပဲ သူ့စိတ်ထဲရှိသမျှကို တစ်ခုမှမချွင်းချန်ဘဲ ထုတ်ပြောလိုက်မိလေတော့သည်။
Betty : “…ဘာလို့ လှည့်ထွက်မသွားသေးတာလဲ?…အဲ့ဒါ နင်အတော်ဆုံး အရာမဟုတ်ဘူးလား?… အရာရာတိုင်းဆီက ထွက်ပြေးရတာလေ”
August က သူ့မျက်ရည်များကို လက်ဖမိုးဖြင့် တစ်ချက်သုတ်လိုက်လေသည်။
August : “ နင် သေသေရှင်ရှင် ငါ နင့်ကို ဘယ်တော့မှပြန်မတွေ့ရပါစေနဲ့လို့ ဆုတောင်းတယ် “ ဟု ပြောရင်း
နောက်ထပ်… Betty ဆီမှ ထပ်ကြားရမည့် ဘယ်လိုစကားကိုမှ သူနားမထောင်နိုင်တော့သောကြောင့် August မှာ Betty ကို ကျောခိုင်းကာ လှည့်ထွက်သွားခဲ့တော့၏။

ထိုနေ့ကား Betty ရယ် August ကို နောက်ဆုံးတွေ့လိုက်ရသည့် နေ့ဖြစ်၏။ ထိုနေ့မှစ၍ August နှင့် Betty မှာ တစ်ခါမှမသိခဲ့ဖူးကြသည့် သူစိမ်းကဲ့သို့ ဖြစ်သွားလေသည်။ သို့သော် August က Betty အား နောက်တစ်ကြိမ်တွေ့လိုက်ပါသေး၏။ Betty ကတော့ သူမကို မမြင်လိုက်ချေ။ Betty ပြောစကားများကြောင့် နာကျင်ရသည်ဆိုသော်လည်း သူပြောတာတစ်ချို့မှာ အမှန်ဖြစ်နေ သောကြောင့် ပိုနာကျင်ရခြင်း ဖြစ်ပါ၏။ သို့သော် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ Betty ကို သိပ်ချစ်ခဲ့ပြီး အမြဲတမ်းလည်း ဆက်ချစ်နေဦးမယ်ဆိုတာကို သူမလည်းသိသလို Betty လည်း သိပါလိမ့်မညိ။
အချိန်ကတော့ ဘယ်သူတွေ ဘယ်လောက်ပဲ နာကျင်နေနေ ရပ်တန့်မသွားပဲ ဆက်လက်ရှေ့ဆက်နေဆဲ။ ကမ္ဘာကြီးမှာလည်း ယင်းအတိုင်းပင် ။ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ဆက်လက်လည်ပတ်နေမြဲ။
ဘာလိုလိုနှင့် နောက်ထပ်နှစ်လ ကုန်သွားပြီး ဩဂုတ်လပင် ရောက်လာ၏။
August ပြင်သစ်သို့ ကျောင်းသွားတက်ရန် ထွက်သွားရတော့မည့် လပင်ဖြစ်လေသည်။ August က သူမအမေနှင့် Vincent ကို လေဆိပ်ထိ လိုက်မပို့ရန် အတင်းတောင်းဆိုထား၏။ အကြောင်းမှာ သူမအမေနှင့်မောင်လေးနှစ်ယောက်တည်း လေဆိပ်ထဲ လက်ပြကျန်နေပြီး သူမမှာကား လှည့်ထွက်သွားသော…မြင်ကွင်းမျိုး… ထိုမြင်ကွင်းမျိုးကို August မမြင်ချင်ခဲ့သောကြောင့် ဖြစ်လေသည်။
Claire မှာ သဘောမကျ၍ အင်တင်တင်လုပ်ရင်းက နောက်ဆုံးမှာတော့ August သဘောကျအတိုင်း Taxi နှင့်သာ August ကို လေဆိပ်သို့ လွှတ်ပေးလိုက်ရလေသည်။ လေယာဉ်ထွက်ချိန်က နီးနေပြီး ပိတ်ရက်ညဖြစ်သဖြင့် ညဘက်ကားလမ်းများ ပိတ်နေလေသည်။ နောက်ဆုံးတွင် Taxi driver က
“ ဖြတ်လမ်းကပဲ သွားလိုက်တော့မယ် “ ဟု ပြောရင်း တစ်ခုသော လမ်းချိုးထဲသို့ ကွေ့၀င်လာခဲ့လေသည်။ August မှာ ထိုလမ်းအား ရင်းနှီးနေပါသည်ဟု ကားပြတင်းမှန်အပြင်ဘက်သို့ တစ်လမ်းလုံးတစ်လျှောက်လိုက်ကြည့်နေခဲ့ရာက သို့ နောက်ဆုံးတွင် Betty တို့လမ်း ဖြစ်နေမှန်း အမှတ်ရသွား၏။
တစ်အိမ်ပြီးတစ်အိမ် ဖြတ်ကျော်မောင်းနှင်လာရင်းက Betty အိမ်နားသို့ နီးကပ်လာလေလေ August နှလုံးခုန်သံများ ကျယ်လောင်လာလေလေ ဖြစ်နေ၏။ နောက်ဆုံးတွင်တော့ Taxi မှာ Betty တို့ အိမ်ရှေ့ရောက်လာလေတော့သည်။
Betty မှာ အိမ်ရှေ့ဆင်၀င် မီးဝါရောင်အောက် စားပွဲ၀ိုင်းတွင်ထိုင်လျက် August ရဲ့ အနွေးထည်ကို ၀တ်ထားရင်း စာအုပ်ထိုင်ဖတ်နေလေသည်။ လျှပ်တပြက်သာတွေ့လိုက်ရသော်လည်း နောက်ဆုံးအကြိမ်မို့ ပိုပြီးဆို့နင့်လာသလိုမျိုး…Bettyကို မမုန်းနိုင်သည်ကား အံ့ဩစရာလည်းကောင်းသလို လူတစ်ယောက်အပေါ် အဲ့ဒီလောက်စွဲလမ်းမိတာလည်း ကြောက်စရာလည်းကောင်းသည်ဟု August တွေးနေမိ၏။
August ၏ မျက်၀န်းများကား Betty ဆီတွင် နေရစ်သော်လည်း August၏ ခန္ဓာကိုယ်မှာတော့ Taxi ထဲ ပါသွားရင်း လေဆိပ်ဆီ အချိန်မီရောက်အောင် ရောက်သွားခဲ့ပါ၏။
ထိုညကား Augustရယ် Betty ကို သူမအနွေးထည်ထဲတွင် နောက်ဆုံးမြင်တွေ့လိုက်ရသော ဩဂုတ်ညပင် ဖြစ်ချေတော့၏။
𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦.
𝐿𝑎𝑑𝑜𝑛
~~~𝓣𝓗𝓔 𝓔𝓝𝓓~~~

Zawgyi
ဘတ္(စ္)ကားႀကီးတစ္စင္းလုံးေပၚတြင္ လူရွင္းေနသည္။ ဟိုးအေနာက္ဆုံးမွ ခရီးသည္ခုံတန္းတြင္ တန္းစီထိုင္ေနၾကေသာ August တို႔ သူငယ္ခ်င္းမေလး, ေလးေယာက္အျပင္ အေရွ႕ခပ္လွမ္းလွမ္းမွာကား အျခားခရီးသည္ ငါးေယာက္ေျခာက္ေယာက္မွ်သာ စီးနင္းလိုက္ပါလာသည္။ လတ္တေလာတြင္ မိုးသက္မုန္တိုင္းမ်ား က်ေရာက္ႏိုင္သည္ဟု ေၾကညာထား၍ ကားေပၚတြင္ လူပါးေနျခင္းျဖစ္မည္ဟု August ထင္လိုက္မိ၏။
ပိတ္ထားသည့္ ကားျပတင္းမွန္တို႔ေပၚတြင္ ေလတစ္ေပြ႕ႏွင့္ ေရာေမႊ႕လာသည့္ ဖုန္မႈန္ ႏွင့္ မိုးေပါက္တို႔က တစက္စက္တေတာက္ေတာက္ ေရာယွက္စီးက်လာေန၏။ ေရေငြ႕မ်ားကလည္း တေဝ့ေဝ့ ႐ိုက္ခတ္ပတ္ဆင္းလ်က္။ တဖြဲဖြဲျဖင့္ ေန႔ညဆက္လက္ မျပတ္စဲေသာမိုးေၾကာင့္ August တို႔ ၿမိဳ႕ငယ္ေလးမွာ ညိဳ႕မႈိင္းထိုင္းတိုင္းလာလ်က္ ရွိေနခ်ိန္။ အထူးသျဖင့္ တစ္ခုေသာဈာပနမွ အတူတူျပန္လာၾကသည့္ August တို႔ သူငယ္ခ်င္းတစ္စုဆီတြင္ ထိုမိုးစက္တို႔၏ လႊမ္းမိုးသက္ေရာက္မႈက ခါတိုင္းထက္ ပို၍ပင္ နစ္ရႈိင္းေနေလသည္။
ဆုံးပါးသြားသူကား Betty ၏ အေဖ Joe ဆိုသူ ျဖစ္သည္။ Betty တို႔ မိသားစုတြင္ သူမအေဖ Joe ၊ ဒုတိယဇနီးသည္ Julie ႏွင့္ Betty တို႔ သုံးေယာက္က အကုန္ပင္။ သူတို႔တြင္ တျခားေဆြမ်ိဳးနီးစပ္လည္း ရွိပုံမရ။ August ကို Betty တစ္ခါ ေျပာဖူးသည္ကေတာ့ သူမတို႔ေဆြမ်ိဳးမ်ားမွာ ႏိုင္ငံရပ္ျခားတြင္ အေျခက်ေနသူမ်ားဟူ၍ ျဖစ္သည္။ အဲ့ဒီအျပင္ Betty ၏ မိေထြး Julie မွာ အသက္အေတာ္ရၿပီျဖစ္၍ က်န္းမာေရးက သိပ္ၿပီးမေကာင္းခ်င္ေပ။ ထို႔ေၾကာင့္ပင္ ယခုကဲ့သို႔ ဈာပနျဖစ္သည့္အခါ August က သူမ၏ နီးစပ္ရာ သူငယ္ခ်င္းမ်ားအား ေခၚလာရင္း Betty ႏွင့္ Julie ကို ဝိုင္း၀န္းကူညီေပးျခင္းျဖစ္ေလသည္။
ဘတ္(စ္)ကားေပၚမွ August တို႔ ေလးေယာက္၏ ဆိတ္ၿငိမ္ေနမႈက သူတို႔၏ ေျခကုန္လက္ပန္းက်လာမႈႏွင့္ အခ်ိဳးညီေန၏။ ပုံမွန္အတိုင္းဆိုလွ်င္ သူတို႔ေလးေယာက္သား ေရာက္တတ္ရာရာ ေပါက္ကရေလးဆယ္ကို မရပ္မနားေျပာရင္း ရယ္ေမာေနၾကမည္ ျဖစ္ပါသည္။ သို႔ေသာ္လည္း ဒီေန႔ေတာ့ ခါတိုင္းႏွင့္မတူပဲ တိတ္ဆိတ္မႈက အထင္းသား ေနရာယူေန၏။
“ဟူး…ဖူး…ဟူးဟူး…”
အထက္ပါအသံကား August တစ္ေယာက္ရယ္ ေရေငြ႕တို႔ျဖင့္ ၾကပ္ခိုး႐ိုက္ေနေသာ ကားျပတင္းမွန္ေပၚတြင္ သူမေရးဆြဲထားသည့္ အသည္းပုံတစ္ပုံထဲ အက္ကြဲေၾကာင္းတစ္ျခစ္ထည့္ရန္ လုံးပန္းေနေသာ အသံျဖစ္ပါ၏။ အသည္းပုံက မလွဘူးေတြးရင္း ျပန္ဖ်က္လိုက္ ၊ အက္ကြဲေၾကာင္းက အလယ္မက်ဘူးဆိုရင္း ျပန္ဖ်က္လိုက္ျဖင့္ ထိုပ်င္းစရာ အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံး အခ်ိန္ျဖဳန္းေနခဲ့သည္။
လက္ထဲမွ အေတာ္တန္ပင္ ညစ္ေပေနၿပီျဖစ္ေသာ တစ္သွ်ဴးစႏွင့္ ကားျပတင္းကို ပြတ္ရင္း ႏႈတ္ခမ္းဖ်ားမ်ားကလည္း ေလမ်ား တဟူးဟူး မႈတ္ထုတ္ရင္းျဖင့္ အလုပ္ရႈပ္ေနေလ၏။ သူမေဘးတြင္ ကပ္လ်က္ ထိုင္ေနသည့္ Shay ကေတာ့ ေတြေဝစရာတစ္ခုခုရွိသလို ငူငိုင္ၿပီးထိုင္ေနသည္။ Ronanက ျပတင္းေပါက္ကိုမီရင္း နားၾကပ္တပ္ သီခ်င္းနားေထာင္ေနသည့္ Mary ပခုံးေပၚတြင္ ေခါင္းအပ္ရင္း အိပ္ေပ်ာ္သြားေလၿပီ။
အတန္ၾကာေတာ့ Shay က August ဘက္ကို တစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္သည္။ ထို႔ေနာက္ တစ္ခုခုကို စိတ္ဆုံးျဖတ္လိုက္သည့္ဟန္ျဖင့္-
Shay : “…August??…”
August : “ ဟင္…?”
ကားျပတင္းမွန္ေပၚ အာ႐ုံစိုက္ေနရင္းမွ Shay ေခၚသံၾကားသျဖင့္ ထူးလိုက္ေသာ August ၏ အသံျဖစ္သည္။ Shayက သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း-
“ August…အာ…တကယ္ေတာ့ေလ…ငါ မေန႔က…Betty…သူ႔ရဲ႕ လက္ဖ်ံေပၚမွာ…”
August ခဏတာတုံ႔ဆိုင္းသြား၏။ ဘာမွျပန္မေျပာႏိုင္ေသးပဲ ေခါင္းငိုက္စိုက္က်သြားသည္။ အတန္ၾကာၿပီးမွ ျဖည္းညင္းေသာေလသံျဖင့္-
“ ျဖတ္…?…ျဖတ္ရာေတြလား? “ဟု တြန႔္ဆုတ္ရင္း ေမးသည္။ မသိရင္ ၾကားလာရမယ့္ အေျဖကိုပဲ ေၾကာက္ေနသလိုလို။ Shayလည္း August ၏ အေမးအား ေခါင္းသာညိတ္ျပလိုက္သည္။ August…သူမ၏ေက်ာျပင္ကို ထိုင္ခုံႏွင့္တစ္သားတည္းျဖစ္သြားေလာက္သည္အထိ မီခ်လိုက္ရင္း-
“ နင္ျမင္သြားတာ…သူသိလား? “ လို႔ အနည္းငယ္တုန္ရင္ေနေသာ အသံျဖင့္ေမး၏။
Shay : “ မသိသြားဘူးလို႔ ထင္တာပဲ…ငါက သူမေန႔ညက မီးဖိုခန္းထဲမွာ ေဘစင္မွာ…ေသြး…သူ႔လက္က သူ႔လက္က ေသြးေတြေဆးေနတာကို ငါေတြ႕လိုက္တာ “
August က ဘာမွျပန္မေျပာပဲ ၿငိမ္ၿပီးသာ နားေထာင္ေန၏။ Shay က စကားဆက္သည္။
Shay : “ ငါ Betty ဒီလိုလုပ္တတ္တယ္ဆိုတဲ့ အေၾကာင္းေတြ ၾကားဖူးပါတယ္…ဒါေပမယ့္ အရင္တစ္ခါက ? “
Augustက ထိုအေၾကာင္းနဲ႔ပတ္သက္ၿပီး ထုတ္မေျပာခ်င္ေသာ အရိပ္အျခည္ရွိသျဖင့္ သူမလည္း ဆက္မေမးေတာ့ေခ်။ ထို႔ေနာက္ က်န္ခရီးတစ္ေလွ်ာက္လုံး သူမတို႔ ဘာစကားမွ ဆက္မေျပာၾကပဲ အသီးသီးမွတ္တိုင္တြင္ ဆင္းခဲ့ၾကၿပီးေနာက္ ကိုယ္စီအိမ္သို႔ လမ္းေလွ်ာက္ရင္း ျပန္လာခဲ့ၾကေလသည္။
……………………………………………………………………………………………………………………………………………………
ဈာပနၿပီးသြားၿပီးေနာက္တြင္ Betty တစ္ေယာက္ သူမအေဖ အခန္းထဲ လွည့္ပတ္ၾကည့္ေန၏။ မိေထြးျဖစ္သူ Julie ကေတာ့ ေအာက္ထပ္တြင္ Joe ႏွင့္ သူမ၏ မိတ္ေဆြမ်ားကို ဧည့္ခံေနေလသည္။ ျမန္ဆန္လြန္းလွသည့္ ျဖစ္ရပ္ေၾကာင့္ ထိတ္လန႔္မႈမွတစ္ပါး Betty တြင္ သူမအေဖ ေသဆုံးသြားျခင္းႏွင့္ပတ္သက္၍ ပူေဆြးျခင္းကား အလ်ဥ္းမရွိေန။ သူမ အရင္အိမ္တြင္ ေနခဲ့တုန္းက သူမတို႔ လမ္းထဲမွ အိမ္နီးနားခ်င္းရဲ႕ ေခြးေလးတစ္ေကာင္ ဆုံးသြားတုန္းကေတာင္ သူမ ဒီထက္၀မ္းနည္းခဲ့ေသးသည္ဟု ထင္ရ၏။
သူမ အေဖႏွင့္ပတ္သက္သည့္ အမွတ္တရဟူသည္ကလည္း Betty ျပန္သတိရခ်င္ရင္ေတာင္ ရွားပါးလြန္းလွသည္။ ရွိသည့္ အမွတ္တရမ်ားမွာလည္း Betty သူမ တစ္ဘ၀လုံးစာအတြက္ ေမ့ေဖ်ာက္ပစ္ခ်င္သည့္ ျဖစ္ရပ္မ်ားသာ ျဖစ္ခဲ့၏။ Betty မွာ သူမ အေဖကို မမုန္းသည့္တိုင္ေအာင္ ခ်စ္ဖို႔အထိေတာ့ မတတ္ႏိုင္ခဲ့ပါေခ်။ တစ္ခါတစ္ေလေတာ့လည္း သူ႔အေဖအေပၚ အမုန္းတရားပင္ မရွိေတာ့ေသာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရး ပိုဆိုးသည္လားေတာင္ Betty သိခ်င္မိသည္။ အကယ္၍ သူမ အေဖႏွင့္ ပတ္သကၿပီး အမုန္းတရားမွတစ္ပါး အျခားမရွိခဲ့လွ်င္ေတာင္ အနည္းဆုံးေတာ့…သူတို႔ႏွစ္ေယာက္ၾကားတြင္ ခံစားခ်က္တစ္စုံတစ္ရာျဖင့္ ခ်ည္ေႏွာင္ထားမိဦးမည္။ ယခုေတာ့ ထိုအမုန္းတရားကပင္ Betty ဘယ္ေနရာရွာလို႔ ရွာေပးရမွန္း မသိေအာင္ အာ႐ုံခံမရပဲ ေပ်ာက္ဆုံးေနေလသည္။
အေဖဆိုေသာ တည္ရွိမႈႀကီးတစ္ခုလုံးက ေကာ္မစြဲေတာ့သည့္ ကပ္ခြာစတစ္ကာတစ္ခုလို သူမအေရျပားေပၚမွ ၾကမ္းျပင္သို႔ အတားအဆီးမရွိ ကြာက်သြားသကဲ့သို႔ Betty ခံစားလိုက္ရသည္။ ထိုစတစ္ကာကို ေကာက္ၿပီး ျပန္ကပ္ထားဖို႔ကား Betty တြင္ စိတ္ကူးလည္းမရွိ ၊ ဆႏၵလည္းမရွိသလို ၊ သူမ စိတ္၀င္စားေလာက္ေသာ အေၾကာင္းအရင္းလည္း မရွိခဲ့ပါေခ်။
“တကယ္ပဲ အမုန္းတရားထက္ ပိုအင္အားႀကီးတာ ဥေပကၡာပဲ မဟုတ္လား? “ ဟု Betty တိုးညင္းစြာ ေရ႐ြတ္မိ၏။ ပတ္၀န္းက်င္က သူမအေဖ Joe အား “သိုက္တူးသမား”အျဖစ္ သမုတ္ၾကသည္ကို Betty သိသည္။ Joe မွာ သူ၏ကုမၸဏီ ေဒဝါလီခံလိုက္ရၿပီး သူတို႔မိသားစု စီးပြားပ်က္သြားသည့္ႏွစ္ ၊ ထိုႏွစ္အတြင္းမွာပင္ Bettyရဲ႕ အေမ Diane ႏွင့္ ကြာရွင္းလိုက္ေလသည္။ Bettyမွာ ႏွစ္ႏွစ္သမီးမွ်ပင္ ရွိေသး၏။ ထိုသို႔ ကြာရွင္းၿပီး သိပ္မၾကာခင္မွာပင္ Joeမွာ Julie ဆိုေသာ အသက္ႀကီးႀကီး လူကုံထံအမ်ိဳးသမီးႀကီးတစ္ေယာက္ႏွင့္ ေနာက္အိမ္ေထာင္ျပဳ လက္ထပ္လိုက္ေလသည္။ ထိုေနာက္ပိုင္းမွစ၍ Betty ကေလးဘ၀တစ္ေလွ်ာက္လုံး သူမအေဖ Joe ႏွင့္ ဆုံခဲ့ရသည့္ အႀကိမ္အေရတြက္မွာ သူမလက္ႏွစ္ဖက္ရွိ လက္ေခ်ာင္းအေရအတြက္ေပါင္းထက္ပင္ နည္း၏။ ကြာရွင္းျပတ္စဲၿပီးေနာက္ Joe မွာ Diane ႏွင့္ Betty တို႔ သားအမိအိမ္ဘက္သို႔ ေျခဦးေတာင္ေယာင္လို႔ မလွည့္ခဲ့တာ ၁၅ ႏွစ္ေက်ာ္ ၾကာခဲ့သည္။ သို႔ရာတြင္ လြန္ခဲ့ေသာ ၃ ႏွစ္ ၊ Betty အေမ Diane ရဲ႕ ဈာပနတြင္မွ သူ၏ေနာက္အိမ္ေထာင္ Julie ႏွင့္ အတူတူ ျပန္ေပၚလာခဲ့ေလသည္။
ဤသို႔ျဖင့္ သူမအေမ Diane ဆုံးပါးသြားခ်ိန္မွစ၍ Betty မွာ Joe ႏွင့္ Julie တို႔ အိမ္ေပၚသို႔ ေရာက္လာရျခင္းျဖစ္သည္။ ဒီအိမ္ေပၚသို႔ စ,စေရာက္လာသည့္ အခ်ိန္မွစ၍ Betty အိပ္မက္ကား ဒီေနရာကေန အျမန္ဆုံး လြတ္ေျမာက္သြားဖို႔ရန္သာ ျဖစ္၏။ Joe မွာ Betty ကို အိမ္ေပၚတင္ေကြၽးထားသည္မွတစ္ပါး Betty အေပၚ ေမတၱာ ၊ ဂ႐ုစိုက္မႈ ၊ ဒါမွမဟုတ္ အားနာမႈတစ္စုံတစ္ရာ မျပခဲ့ပါေခ်။ သူ၏ပ်က္ကြက္မႈအားလုံးက ဘယ္ေတာ့မွ မရွိခဲ့သေယာင္ေယာင္။ Betty ကို အိမ္ေပၚေခၚတင္ထားလိုက္သည္ႏွင့္ပဲ သူဘယ္ေတာ့မွအနားမွာ မရွိခဲ့သည့္ အဲ့ဒီႏွစ္ေတြအားလုံးကပဲ အေရးမပါေတာ့သေယာင္ေယာင္ ျပဳမူတတ္၏။ ထို႔ေၾကာင့္ပင္ Betty သည္ သူမအေဖအား သံေယာဇဥ္ေခါင္းပါးေသာ ေသြးေအးေအး တစ္ကိုယ္ေကာင္းသမားဟု ျမင္ေလသည္။ သိုေသာ္ Julie ေၾကာင့္သာ Betty လည္း ဒီအိမ္တြင္ ေနသာျခင္းျဖစ္၏။ Julie မွာကား Joe ႏွင့္ မတူေလာက္ေအာင္ပင္ ေႏြးေထြးသည္။ Betty ကိုလည္း သမီးရင္းခ်ာမဟုတ္ရင္ေတာင္ သူမအေဖ Joe ထက္ေတာ့ တန္ဖိုးထားၿပီး ခ်စ္ေလသည္။ Julie က Betty ကို မၾကာခဏေျပာတတ္သည္က-
“ သမီးအေဖက သမီး ခ်စ္ပါတယ္ကြယ္…ဒါေပမယ့္ သူ႔အမွားေၾကာင့္ သမီး ျပန္လက္မခံမွာကို ေၾကာက္ေန႐ုံပါ “ဟူ၍ ျဖစ္သည္။ ထိုသို႔ ေျပာတိုင္းလည္း Betty က အၿမဲတမ္းလိုလို ဘာမွျပန္မေျပာေပ။ သူမေခါင္းထဲတြင္ေတာ့-
“ ထုတ္မျပရင္ အခ်စ္ဆိုတာ ရွိေတာင္ရွိရဲ႕လား? “ ဟုသာ တိတ္တဆိတ္ ေမးခြန္းထုတ္ေနမိ ေလသည္။ Betty အေမရင္းျဖစ္သူ Diane ကေတာ့ Joe ကို နာမည္မၾကားခ်င္ေလာက္ေအာင္ ၊ စကားထဲထည့္မေျပာခ်င္ေလာက္ေအာင္ပင္ မုန္း၏။ သူငယ္ငယ္တုန္းက သူမအေဖ Joe အေၾကာင္း သူမအေမ Diane ဆီ ေမးမိတာကို Betty အမွတ္ရမိ၏။ Diane ၏ အေျဖကား ေဒါသႏွင့္မ်က္ရည္တို႔ ေရာစြက္ေနေသာ ခါးသီးသီးစာပိုဒ္တစ္ခုသာ ျဖစ္ေလသည္။
“ နင့္အေဖ Joe ဆိုတာ…ေငြနဲ႔စည္းစိမ္မရွိပဲ မေနႏိုင္တဲ့ လူစားမ်ိဳးပဲ…ဘာလို႔လဲသိလား?…သူက ငယ္ငယ္က ကုန္းေကာက္စရာမရွိေအာင္ ဆင္းရဲတယ္ေလ…အဲ့ဒါေၾကာင့္ သူတစ္ဘ၀လုံး အလုပ္နဲ႔ေငြအျပင္ မျမင္ႏိုင္ခဲ့ဘူး… အခုေတာ့ နင္ေရာငါေရာကိုပါ သူ မျမင္ႏိုင္ေတာ့ဘူးေလ…အဲ့ဒါေၾကာင့္…အဲ့ဒါေၾကာင့္…ဒီလို တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ပဲ…ထြက္သြားရက္တာေပါ့…”
Diane မွာ ေျပာရင္းဆိုရင္း မ်က္ရည္မ်ားစီးက်လာကာ တရႈပ္ရႈပ္ ငိုေနေတာ့၏။ ထိုျမင္ကြင္းကား Betty ၏ မ်က္လုံးအိမ္ႏွင့္ နားမ်ားထဲမွ ထြက္သြားရန္ လမ္းေၾကာင္းကို ဘယ္တုန္းကမွ ရွာမေတြ႕ခဲ့ပါေခ်။ Joe အေၾကာင္း ေျပာသည္ပဲျဖစ္ျဖစ္ ၊ ၾကားသည္ပဲျဖစ္ျဖစ္ ၊ ေမးၾကသည္ပဲျဖစ္ျဖစ္ သူမအေမ၏ ပ်က္သြားတတ္ေသာ မ်က္ႏွာေၾကာင့္ Betty လည္း Joe အေၾကာင္းကို ဘယ္ေသာအခါမွ ထပ္မေမးေတာ့ေပ။ သူမအေဖ ဘာေၾကာင့္သူတို႔ကို ထားသြားခဲ့လည္း ဆိုသည္ကိုကား Betty ဘယ္တုန္းကမွ နားမလည္ႏိုင္ခဲ့ပါ။ အခုေတာ့ သူမတြင္ သိခ်င္စိတ္ပင္ မရွိေတာ့။ ပထမေတာ့ သူမအေဖ ေပးလာမည့္ ေျဖရွင္းခ်က္က Betty ေခါင္းထဲမွ ရႈပ္ေထြးမႈအလုံးႀကီးကို ေျဖဆည္ေပးႏိုင္လိမ့္မည္ဟု သူမ ယုံၾကည္ခဲ့သည္။ မည္သည့္ေျဖရွင္းခ်က္ပဲျဖစ္ျဖစ္ ၾကားလိုက္ရပါက လက္ေျဖာက္တစ္ခ်က္ တီးလိုက္သလို ေျဖာက္ခနဲအသံျမည္ၿပီးလွ်င္ သူမဘ၀၏ အရာအားလုံးကို လြယ္ကူသြားေစလိမ့္မည္ဟု Betty ယုဲၾကည္ခဲ့၏။ သို႔ေသာ္ ကာလၾကာလာေလေလ ထိုယုံၾကည္ခ်က္မွာ မွားယြက္းေနမွန္း Betty တျဖည္းျဖည္း သိလာရသည္။ အရင္ကေတာ့ သူမအေဖ ေပးလာမည့္ မည္သည့္အေၾကာင္းအရင္း ၊ မည္သည့္ အေၾကာင္းျပခ်က္ကိုမဆို နားေထာင္ေပးခ်င္ခဲ့၏။ နားလည္ေပးခ်င္ခဲ့၏။ သို႔ေသာ္ သူမအေမ Diane ဆုံးပါးသြားၿပီးေနာက္ပိုင္းတြင္ Betty ဘယ္လို ေျဖရွင္းခ်က္ကိုမွ နားမလည္ေပးခ်င္ေတာ့ေပ။
နားလည္ေပးလိုက္၍လည္း သူမအေမႏွင့္သူမတို႔ ခ်န္ရစ္ထားခံခဲ့ရေသာ ငရဲမွာ သူ႔အေဖ အရင္းေခါက္ေခါက္၏ ေ႐ြးခ်ယ္မႈတစ္ခုသာဆိုသည့္ အမွန္တရားက တစ္ျပားသားမွ ေလ်ာ့သြားမည္ မဟုတ္ဟု Betty ခံယူလိုက္ေလသည္။
“ အေဖ့ကို သမီး ဘယ္ေတာ့မွနားလည္ႏိုင္မွာ မဟုတ္သလို သမီးကိုလည္း အေဖဘယ္ေတာ့မွ နားလည္ႏိုင္မွာ မဟုတ္ဘူး ထင္ပါတယ္…ဒီအတိုင္း ကြဲျပားတဲ့သူေတြမို႔ပဲ ျဖစ္မွာပါပဲ “
အခန္းထဲက သူမအေဖ၏ ဓာတ္ပုံကို စိုက္ၾကည့္ရင္း Betty.ေလသံခပ္ေအးေအးျဖင့္ ေျပာလိုက္သည္။
ထိုအခ်ိန္၌-
“ သမီးေလး…? “
႐ုတ္တရက္ျဖစ္၍ Betty အနည္းငယ္လန႔္သြားၿပီး ေနာက္လွည့္ၾကည့္လိုက္ေလ၏။ Julie က ၿပဳံးၿပီး-
“…မလန္႔ပါနဲ႔ကြယ္…သမီး သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အေႏြးထည္ေလး က်န္ခဲ့လို႔ လာေပး႐ုံပါ…”
Betty : “ ဪ…ဟုတ္ကဲ့ “
Julie : “ သမီး…ဒီရက္ပိုင္း ပင္ပန္းခဲ့မွာေပါ့…နားေတာ့ေလ…”
Betty : “ အန္တီေရာပဲ “
Julie : “ အဲ့ဒါဆိုရင္ အန္တီ သြားနားေတာ့မယ္ေနာ္…ဗိုက္ဆာရင္ ေအာက္က ေရခဲေသတၱာထဲမွာ စားစရာေတြရွိတယ္ “
Betty : “ သမီး ၾကည့္ၿပီး လုပ္လိုက္ပါ့မယ္ “
Julie လည္း Betty ကို ၿပဳံးျပရင္း အခန္းထဲမွ ထြက္သြားေလ၏။ Julie အခန္းေပါက္၀အေရာက္တြင္ Betty က လွမ္းေခၚလိုက္သည္။
“ အန္တီ…ဟိုဟာပါ…တကယ္လို႔…သမီးကို ဆက္ၿပီးရွိမေနေစခ်င္ရင္…သမီး အရင္အိမ္ကိုပဲ ျပန္ပါေတာ့မယ္ “
Julie က တစ္ခ်က္ရယ္လိုက္ၿပီး-
“ မင္း ဘယ္ကိုမွ မသြားရပါဘူး ကေလးရယ္…ဒီမွာပဲ အန္တီနဲ႔အတူ ေနရမွာ…အဓိပၸာယ္မရွိတာေတြ မေျပာပါနဲ႔ ဟုတ္ၿပီလား? “ ဟုဆိုရင္း အခန္းျပင္သို႔ ထြက္သြားေတာ့သည္။ Betty က ေခါင္းညိတ္႐ုံသာ ညိတ္ၿပီး ၿပဳံးျပလိုက္သည္။
Julie ထြက္သြားတဲ့အခါ Betty လည္း သူမလက္ထဲမွ အေႏြးထည္ကိုၾကည့္ရင္း ၿပဳံးကာ နမ္းရႈိက္လိုက္သည္။
“ နင့္ အေႏြးထည္ကလည္း နင့္အတိုင္းပါပဲလား…ဘာလို႔ ဒီေလာက္ေတာင္ ေမႊးေနရတာလဲ? “
……………………………….…………….……………………………………………………………………….……………………………
” August!…August!!… ဟဲ့ August!!!… “
“ ဘာလဲ?!… ”
“နင့္ ဖုန္းလာေနတယ္”
ဖုန္းလာေနသျဖင့္ ေအာက္ထပ္မွ ေအာ္ေခၚေနေသာ August အေမ Claire ၏ အသံျဖစ္ပါ၏။ August မွာကား ေရခ်ိဳးဇလုံထဲလွဲကာ ဘတ္(စ္)ကားေပၚ၌ Shay ေျပာလိုက္ေသာ Betty အေၾကာင္းကို ျပန္ေတြးမိၿပီး ဘယ္လိုလုပ္ရမလဲ စဥ္းစားရင္း ေမ့ေမာေနခ်ိန္ျဖစ္သည္။
August : " လာၿပီ!!…လာၿပီ!!"
အ၀တ္တန္းေပၚမွ ၀တ္မိ၀တ္ရာ တီရွပ္တစ္ထည္ ႏွင့္ ေဘာင္းဘီရွည္ပြတစ္ထည္ကို ေရေတာင္မသုတ္အားပဲ ဆြဲယူ၀တ္လိုက္ရင္း ေအာက္ထပ္သို႔ေျပးဆင္းလာခဲ့ေလသည္။
Claire : " ဟဲ့…နင့္ဟာက ေရခ်ိဳးလာတာလား?…မိုးေရထဲက ျပန္လာတာလား?…အ၀တ္ေတြက စို႐ႊဲေနတာပဲ… ဆံပင္ေတြမွာလည္း ေရစက္လက္နဲ႔…ဒီေကာင္မေလးေတာ့…အေအးမိေတာ့မွာပဲ…"
August : " ဘာအေအးမွ မမိပါဘူး မားသားရယ္…ေနာက္ေတာ့…ေျခာက္သြားမွာေပါ့ "
ထိုအခ်ိန္တြင္ လာေနေသာဖုန္းေကာ(လ္)မွာ က်သြားၿပီ ျဖစ္၏။
“ ဒါနဲ႔ ေျခာက္သြားမွာက အ၀တ္ေတြလား?…နင္လား? “
ဤသည္ကား Betty ဆီမွလာေသာ ဖုန္းမွန္းသိသျဖင့္ August ေမာင္ျဖစ္သူ Vincentမွ စေနာက္ေနသံ။ August က ဘာမွျပန္မေျပာပဲ မ်က္ေစာင္းတစ္ခ်က္ႏွင့္သာ ျပန္ေျဖေလသည္။
ထို႔ေနာက္… ဖုန္းကိုယူကာ အိမ္ေပၚသို႔ ျပန္တက္လာခဲ့ရင္း ေလွကားတစ္၀က္ေရာက္မွ တစ္ခုခု ေျပာစရာရွိဟန္ ျပင္လိုက္၏။
August : " ဒါနဲ႔…အေမ့သားေလ…သိလား?…"
ထိုသို႔ေျပာရင္း Vincent ကို ၾကည့္ကာ ေဆးလိပ္ဖြာေနသည့္ဟန္ လုပ္ျပေလသည္။ Vincent က ေခါင္းကို ျပဳတ္ထြက္ေလာက္ေအာင္ ဘယ္ညာယမ္းလ်က္ လက္ကာျပသည္။
ၿပီးေတာ့ ႏႈတ္မွလည္း-
“ဟဲ့…ဟဲ့…ငါက…ေနာက္လိုက္တာကို နင္ကလည္း ဘာျဖစ္တာလဲလို႔…ေနာ္ “ ဟု အသံတိတ္ ေျပာေနေသး၏။
August အေမကား ေလွကားဘက္သို႔ ေက်ာေပးထားသည့္ ခုံေပၚတြင္ ထိုင္ရင္း TV ၾကည့္ေနျခင္း ျဖစ္ေလသည္။ ထို႔ေၾကာင့္ August ကို မျမင္ေခ်။
Claire : " ဘာလဲ?…အဲ့ဒီအေကာင္…ဘာျဖစ္ရျပန္ၿပီလဲ? "
ဖန္သားျပင္ေပၚမွ အၾကည့္မခြာပဲ ေမးေနေသာ အသံျဖစ္၏။ Vincent က ေလွကားေပၚသို႔ အလ်င္အျမန္ ေျပးတက္လာၿပီး August လက္ကိုဆြဲရင္း-
"လာပါဟာ…လာပါ…ေလွကားႀကီးေပၚမွာ ရပ္ေနတာ… ျပဳတ္က်သြားေတာ့မွာပဲ… တစ္ကိုယ္လုံးလည္း ၾကည့္ဦး … ေရေတြစို႐ႊဲေနတာ…ငါ နင့္အ၀တ္ေတြ မီးပူတိုက္ေပးမယ္ေလ…လာ…လာ” ဟုဆိုကာ ေဘးလြတ္ရာသို႔ တိမ္းေရွာင္သြား၏။
Claire : “ ဟုတ္ပ…Augustေရ…နင္ အဲ့လိုႀကီးေနမေနနဲ႔…အက်ႌလဲဦး"
အခုထိလည္း ဖန္သားျပင္ေပၚမွ မခြာေသးေသာ မ်က္လုံးတစ္စုံႏွင့္ ေအာက္ထပ္မွ ဩဇာသီး လွမ္းေခြၽေနေသာ August အေမ၏အသံ ျဖစ္ပါသည္။
August : " ဟုတ္ကဲ့…ဟုတ္ကဲ့ "
ထိုစဥ္ ဖုန္းထပ္လာေလသည္။ Betty ဆီမွ ဖုန္းပင္ျဖစ္၏။ August လည္း မ်က္ႏွာပိုးမသတ္ႏိုင္ျဖစ္ေနေသာ Vincent ကိုၾကည့္ၿပီးရယ္ရင္း-
“ နင္ စကားတစ္လုံးပဲ ထပ္ေျပာၾကည့္ေနာ္… ငါ့လက္ထဲက ေဆးလိပ္ဗုံးကို လႊတ္ခ်လိုက္ရင္… နင့္ရဲ႕အဆုံးသတ္က နင္ မလွည္းရေသးတဲ့ ဒီၾကမ္းျပင္က သဲေတြလိုပဲ တစ္စဆီ တစ္မႈန္႔ဆီ…” ဟု ေျပာဆိုၿပီး ရယ္ရမ္းေသြးကာ ေဟာက္လိုက္ေလသည္။ Vincent လည္း သူ႔ပါးစပ္သူ တိပ္ႏွင့္ကပ္သည့္ပုံလုပ္ျပၿပီး ရယ္ရင္း သူ႔အခန္းထဲသို႔ ၀င္သြားေတာ့၏။ အဲ့ဒီမွပဲ August လည္း Betty ဖုန္းကို ကိုင္ႏိုင္ေတာ့သည္။
Betty : " ေဟး… "
August : “ ဟယ္လို…? “
Betty : " နင္ အခု ဘာမွမ၀တ္ထားဘူး မဟုတ္လား?! "
August : " ဟမ္…?!"
Betty : “ နင့္မွာ ၀တ္စရာအက်ႌမရွိေလာက္ေတာ့ဘူးေလ…အဲ့ဒါေၾကာင့္…”
August : " …အမ္…အင္း…၀တ္စရာေတာ့ သိပ္မရွိဘူး… မိုး႐ြာေနေတာ့ အက်ႌေတြက မေျခာက္ဘူးေလ… ၀တ္ထားတဲ့တစ္စုံေတာင္ စိုထိုင္းထိုင္းႀကီး… "
Betty : " နင္ ဘာေတြေျပာေနတာလဲ? "
August : " နင္ကေရာ ဘာေတြေျပာေနတာလဲ? "
Betty : " ငါေျပာေနတာက…နင့္ အေႏြးထည္ ငါ့ဆီမွာ က်န္ခဲ့လို႔ နင့္မွာ ၀တ္စရာမရွိေတာ့ဘူးမလားလို႔…"
August က ရယ္ရင္း-
" အာ…ဟုတ္သားပဲ…အဲ့ဒါေၾကာင့္ တစ္ခုခုက်န္ခဲ့ပါတယ္ ထင္ေနတာ…"
Betty : “ အဲ့ဒါ…နင္ လာယူမလား?…ငါ လာေပးရမလား?…”
August : “လာေပးရင္ေတာ့ေကာင္း…”
August စကားပင္ မဆုံးေသးခင္ Betty က-
“ ဒီအတိုင္း ငါ ယူထားလိုက္လို႔ေရာ ရလား?…”
August : " ဘာလုပ္ဖို႔လဲ?…အေဟာင္းႀကီးကို "
Betty : " နင္ အေငြ႕အသက္ရလို႔ေလ…ၿပီးေတာ့ ေႏြးေနတာပဲ"
August ရဲ႕ ပါးျပင္ႏွစ္ဖက္လုံး နီရဲသြားေလ၏။ တစ္ကိုယ္လုံး စို႐ႊဲၿပီး ပါးျပင္ႏွစ္ဖက္ပဲ ကြက္ပူေနေသာ ေရာဂါရွိပါကအဲ့ေရာဂါကို ဘယ္လိုနာမည္ျဖင့္ ေခၚၾကမလဲဟုပင္ August ေတြးမိလိုက္ေသးသည္။
ထိုအခါမွပဲ သူမရယ္ Betty ကို ေမးစရာရွိတာ သတိရသြား၍ မ်က္ႏွာတည္သြားေလ၏။
August : " Betty… ငါ နင့္ကို တစ္ခု ေမးစရာရွိတယ္ "
Betty : " အင္း…ေျပာေလ "
August သူမ အခန္းတံခါးကို ပိတ္လိုက္ရင္း…ခဏၾကာမွ အသံခပ္တိုးတိုးျဖင့္…
“ Betty…နင္…ကိုယ့္ကိုကိုယ္ လွီးျဖတ္တာေတြ ျပန္လုပ္ေနျပန္ၿပီလား? "
တကယ္ေတာ့ ထိုအခ်ိန္တြင္ Betty မွာ သန႔္စင္ခန္းထဲတြင္ သူမ ဘလိတ္ဓားကို လိုက္ရွာေနျခင္း ျဖစ္၏။ August ၏ ႐ုတ္တရက္ စကားေၾကာင့္ Betty အထိတ္တလန႔္ျဖစ္သြားရင္း ခဏတာ ဆြံ႕အသြားေလသည္။ ထိုတိတ္ဆိတ္သြားမႈက ဘာကိုဆိုလိုတယ္ဆိုတာ August သိလိုက္ပါၿပီ။
August : " Betty!!…နင္ ငါ့ကို ကတိေပးထားတယ္ေလ…"
Betty : " ဘာလဲ?!…ငါ အဲ့ဒါေတြ မလုပ္ေတာ့ပါဘူး…"
August : "…Betty ေရ…နင္ ငါ့ကို လိမ္ေနလို႔လည္း… ဘာမွ ထူးျခားသြားမွာ မဟုတ္ဘူးေလဟာ…"
Betty ဘက္က ဘာသံမွမၾကားရေသာ္လည္း ဖုန္းေတာ့ မက်သြားေပ။ Betty နားေထာင္ေနေသးသည္ကို August သိပါသည္။ ဒီညကေတာ့ August ရဲ႕ အႀကီးအက်ယ္ ၾကားနာရဦးမွာပဲဟု Betty ေတြးလိုက္၏။
August : " ဘာလို႔လဲ?…ဘာလို႔ အဲ့လိုေတြ ျပန္လုပ္ေနရတာလဲ?! "
Betty : "ငါ မသိဘူး…ငါ သိတာက အဲ့လိုလုပ္လိုက္တိုင္း နည္းနည္းစိတ္သက္သာရာ ရသြားတယ္ ဆိုတာပဲ…ရင္ဘတ္ထဲက ေဘာလုံးႀကီးတစ္လုံးကို ဓားနဲ႔ထိုးခြဲလိုက္သလိုမ်ိဳးေလ…ေဖာက္ခနဲ အသံျမည္ၿပီး…”
August လည္း ေျပာရင္းျဖင့္ ေဒါသထြက္လာ၍ “ Betty!!! “ ဟု အက်ယ္ႀကီး ေအာ္လိုက္ေတာ့သည္။ ဓားရွာမေတြ႕ရသည့္ ၾကားထဲမွ August ေအာ္သံေၾကာင့္ Bettyလည္း စိတ္ရႈပ္လာေလသည္။
Betty : " ဘာျဖစ္ရတာလဲ?!…အဲ့ဒီလိုလုပ္တတ္ေအာင္…ငါ နင့္ဆီကပဲ စသင္ခဲ့တာ မဟုတ္ဘူးလား?…"
August : "………"
August လည္း ဘာမွဆက္မေျပာႏိုင္ပဲ ဖုန္းခ်သြားေတာ့သည္။ သူမ စိတ္ဆိုးသြားၿပီမွန္း Betty သိလိုက္၏။
အခုမွပဲ တစ္ညေနလုံး ရွာေနေသာ ဘလိတ္ဓားက ေဘစင္ေအာက္မွာ က်ေနမွန္း Betty ေတြ႕ေလသည္။
စိတ္ညစ္ညစ္ျဖင့္ ဓားကို ေကာက္ကိုင္ကာ ၊ လက္ဖ်ံေပၚ တင္ရန္ျပင္လိုက္ၿပီး…အေႏြးထည္လက္ကို မ,တင္လိုက္ခါမွ
သူမ၀တ္ထားမိတာ August ရဲ႕ အေႏြးထည္မွန္း သတိရၿပီး ျပန္ငုံ႔ၾကည့္မိ၏။
သန႔္စင္ခန္းထဲမွ မွန္ထဲမွ သူ႔ပုံရိပ္ကို ေငးၾကည့္ေနရင္း-
“အနည္းဆုံး…ဒီအေႏြးထည္ျဖဴျဖဴေလးေပၚေတာ့ေသြးစက္ေတြစြန္းေအာင္မလုပ္ရေအာင္လား…Betty ရာ…”
သူမကိုယ္သူမ တီးတိုးေျပာမိေလသည္။ ထို႔ေနာက္ သန႔္စင္ခန္းထဲမွ ျပတင္းေပါက္ကိုဖြင့္ၿပီး ဘလိတ္ဓားကို အျပင္သို႔ လႊင့္ပစ္လိုက္ေတာ့သည္။
……………………………….…………….……………………………………………………………………….……………………………
August : " …Betty!!…ငါ ေတာင္းပန္ပါတယ္… နင့္လက္ထဲက အဲ့ဒီ ဓားႀကီးကို ခ်ထားလိုက္ပါဟာ…
ငါ ေတာင္းပန္ပါတယ္…"
Betty မွာ ေခ်ာက္ကမ္းပါးအဆုံးေပၚတြင္ မလႈပ္မယွက္ ရပ္ေနေလသည္။ သူမ၀တ္ထားေသာ August ၏ အေႏြးထည္ အျဖဴေပၚမွာလည္း ေသြးေတြ ႐ႊဲစိုေန၏။ မ်က္ႏွာတစ္ျပင္လုံးေပၚတြင္ မမ်က္ရည္မ်ားအျပည့္ျဖင့္…
ေခါင္းကို ဘယ္ညာယမ္းခါေနလ်က္ လက္ထဲတြင္လည္း ဘလိတ္ဓားတစ္ေခ်ာင္းကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္။
Betty ေနာက္သို႔ ေျခတစ္လွမ္းဆုတ္လိုက္ျပန္၏။ August တစ္ကိုယ္လုံးတြင္လည္း ေခြၽးစီးမ်ား စီးက်ေနရင္း… ေခ်ာက္ကမ္းပါးေပၚမွ ေလတစ္ေဝွ႔ေခြ႕လိုက္တိုင္း အ႐ိုးမ်ားခိုက္ေအာင္ ၾကက္သီးမ်ား တျဖန္းျဖန္းထသြားေလသည္။
August : "…Betty…Betty…ဒီဘက္ကို…ငါ့နားကို ျပန္ေလွ်ာက္လာခဲ့ပါဟာ…ေနာ္…
ငါ ေတာင္းပန္ပါတယ္… အားလုံးက ငါ့အျပစ္ေတြပါ…အရာတိုင္းအတြက္
ငါ ေတာင္းပန္ပါတယ္”
Betty က ေခါင္းကိုယမ္းၿမဲ ယမ္းေနဆဲ။ ေနာက္ဆုံးတြင္ေတာ့ သူမ မ်က္လုံးမ်ားကို စုံမွိတ္လိုက္ကာ လက္က ဘလိတ္ဓားကို လည္ပင္းေပၚတင္၍ လွီးျဖတ္လိုက္ေလသည္။ ေသြးစက္မ်ားက ေလတစ္ေဝ့ေဝ့ေၾကာင့္ လႈပ္ယမ္းေနေသာ ျမက္ပင္မ်ားေပၚ ျပန္႔ႀကဲသြားၿပီးလွ်င္…Betty မွာ ေနာက္သို႔လွဲခ်လိုက္ရင္း ေခ်ာက္ကမ္းပါးထဲသို႔ ျပဳတ္က်သြားေတာ့၏။
August ရယ္ “…Betty!!…Betty!!…” ဟု ေအာ္ေခၚရင္း ေျပးလာေသာ္လည္း မမီလိုက္ပါေခ်။ ဒီ အိပ္မက္ကို မက္လိုက္တိုင္း August အၿမဲတမ္း အားကုန္ေျပးလာေသာ္လည္း သူမ Betty ကို ဆြဲထားဖို႔ ဘယ္ေတာ့မွ မမီလိုက္ပါေခ်။ August တစ္ကိုယ္လုံးတြင္ ေခြၽးမ်ားစို႐ႊဲၿပီး အသက္ရႉသံမ်ား အသားကုန္ ျမန္ဆန္ေနေလသည္။ ႏွလုံးခုန္သံတဒုန္းဒုန္းကပင္ သူမနားထဲတြင္ သံေယာင္ထပ္ေန၏။ နဖူးမွက်လာေသာ ေခြၽးစီးမ်ားက မ်က္ႏွာေပၚမွ မ်က္ရည္စတို႔ႏွင့္ ေရာေထြးေနရင္း…အိပ္မက္ႏွင့္လက္ေတြ႕တို႔ကလည္း ေရာေထြးလို႔…
မ်က္ရည္တစ္ပြင့္ႏွစ္ပြင့္ကလည္း မ်က္ေတာင္အစြန္းႏွစ္ဖက္တြင္ တြဲလြဲခိုလ်က္။ အိပ္ရာေဘးမွ ေရဘူးကို ျဖည္းျဖည္းခ်င္း ေကာက္ကိုင္ၿပီးလွ်င္ တုန္ရင္ေနေသာ လက္မ်ားျဖင့္ အဖုံးကိုလွည့္ဖြင့္ေနသည္။ August တစ္ကိုယ္လုံး ေၾကာက္လန႔္မႈေၾကာင့္ တုန္ရင္ေနေလသည္။ သူမ ဒီအိပ္မက္ကို မက္တာ ႏွစ္ႀကိမ္ ၊ သုံးႀကိမ္ မကေတာ့ေသာ္ျငား ထိတ္လန္႔မႈက ဘယ္ေတာ့မွ အသားမက်သြားခဲ့ပါေခ်။ ေရဘူးထဲမွ ေရလက္က်န္တစ္၀က္ကို အားတင္းေမာ့ခ်လိုက္ရင္း…၀မ္းနည္းမႈ ႏွင့္ ေၾကာက္႐ြံ႕မႈတို႔ကိုပါ လည္ေခ်ာင္းထဲ ျပန္ေမွ်ာခ်ရန္ ႀကိဳးစားေသာ္လည္း အလုပ္မျဖစ္ပါဘဲ… မ်က္ရည္မ်ားကသာ အတိုင္းသား စီးက်လာ ေတာ့သည္။ သို႔ေသာ္ အိပ္မက္ထဲတြင္ တစ္ခုခု ေျပာင္းသြားသည္ကို August သတိထားမိ၏။ Betty ၀တ္ထားေသာ အ၀တ္ျဖစ္သည္။ အရင္ အိပ္မက္ေတြထဲက Betty ၀တ္စုံမွာကား ဒီအတိုင္းသာမန္၀တ္႐ုံျဖဴလႊာေလး ျဖစ္သည္။ အခုေတာ့ Betty ၀တ္ထားသည္က ဒီေန႔ညကပင္ သူ Betty ကို ဖုန္းထဲမွတစ္ဆင့္ ေပးလိုက္မိေသာ August ရဲ႕ အျဖဴေရာင္ခ်ည္အေႏြးထည္ ျဖစ္ေန၏။
“ မဟုတ္…မဟုတ္ေလာက္ပါဘူးေလ…အိပ္မက္ဆိုတာ ေျပာင္းျပန္ေကာက္ရတယ္ ေျပာၾကတာပဲ မဟုတ္လား “ ဟု
Augustသူ႔ကိုယ္သူ ႀကိဳးစားေျဖသိမ့္လိုက္၏။ ထိုအခ်ိန္တြင္- August အိပ္ခန္းထဲက ျပတင္းေပါက္မွာ ေလျပင္းေၾကာင့္ ႐ုတ္တရက္ ဒိုင္းခနဲျမည္ကာ ပိတ္သြားေလသည္။ ဖုန္းမွ နာရီအား ဖြင့္ၾကည့္ေတာ့လည္း
အခ်ိန္က မနက္ ၃ နာရီပင္ ရွိေသး၏။ ျပန္အိပ္ဖို႔ တတ္လည္းမတတ္ႏိုင္၊ႀကိဳးလည္း မႀကိဳးစားခ်င္ ေတာ့ေသာေၾကာင့္…
August အိပ္ရာထဲမွ ထလာကာ သူမ အိပ္ခန္းထဲမွ ျပတင္းေပါက္နားသို႔ ေလွ်ာက္လာၿပီး တံခါးမ်ားကို အားပါးတရ တြန္းဖြင့္ကာ ညဥ့္ဦးယံ ေလေျပကို တ၀ႀကီး ရႉရႈိက္လိုက္သည္။
ေလေျပတစ္ခ်ိဳးေၾကာင့္ မ်က္ႏွာျပင္ေပၚမွ မ်က္ရည္တစ္ခ်ိဳ႕ကေတာ့ ေျခာက္သြားသည္။ တစ္ေလာကလုံး အိပ္ေမာက်ၿပီး တိတ္ဆိတ္ေနပုံရသည္။ ဘာသံမွ မၾကားရပဲ ဆိတ္ၿငိမ္မႈအတိၿပီးေနေလသည္။ တိတ္ဆိတ္မႈေတြရဲ႕ ေနာက္တိုင္းမွာ Betty အေၾကာင္း အေတြးေတြပဲ ကပ္ကပ္ပါလာတတ္တာ ဘယ္အခ်ိန္ကစၿပီးလဲ သတိမရေတာ့ေအာင္ပင္ ၾကာေနၿပီဟု August ခံစားလိုက္ရသည္။
လမ္းတစ္ဖက္ မ်က္ႏွာခ်င္းဆိုင္တြင္ကား ေနမည့္သူမရွိပဲ ေသာ့ခတ္ထားသည့္ အိမ္ႀကီးတစ္လုံးကို လွမ္းျမင္ရသည္။
ထိုအိမ္မွာ Betty ကို သူမအေဖ လာမေခၚသြားခဲ့ခင္က သူမႏွင့္သူမအေမႏွစ္ဦးတည္း ေနထိုင္ခဲ့ေသာ အိမ္ျဖစ္၏။ August ရယ္ Betty အေၾကာင္း ေတြးလိုက္တိုင္း လြမ္းေမာမႈျဖင့္ စတင္ၿပီး ၀မ္းနည္းမႈ ႏွင့္ အျပစ္တင္စိတ္တို႔ျဖင့္ အဆုံးသတ္၏။
“ ဒါေတြ အားလုံးက ငါ စခဲ့တဲ့ ငါ့အျပစ္ေတြပဲ “ မ်က္ရည္စတို႔က အထိန္းအတားမရွိပဲ ထပ္ၿပီး က်လာျပန္၏။
ခပ္ျပင္းျပင္း ေလေျပေနာက္တစ္ခ်က္က August ကို သူမႏွင့္Betty စေတြ႕သည့္ အခ်ိန္ကာလထဲသို႔ ေပြ႕ပိုက္ၿပီး ျပန္ေခၚသြားေလသည္။
August မွတ္မိပါေသးသည္။ သူမ ႏွင့္ Betty တို႔ စသိၾကသိမွာ အလယ္တန္းေလာက္ကပင္ ျဖစ္မည္။ Betty ရဲ႕ မိဘႏွစ္ပါးျဖစ္သည့္ Joe ႏွင့္ Diane တို႔ ကြာရွင္းၿပီး ႏွစ္အနည္းငယ္အၾကာတြင္ Betty မွာ August တို႔ အိမ္နားသို႔ ေျပာင္းလာျခင္းျဖစ္သည္။ Betty မွာ တစ္ဦးတည္းေသာ သမီးျဖစ္ၿပီး သူမအေမ Diane မွာလည္း အျပင္ထြက္ အလုပ္လုပ္ရေသာေၾကာင့္ Betty မွာ အၿမဲတမ္းလိုလို August တို႔ အိမ္တြင္သာ ရွိေနတတ္၏။ Diane က သူအလုပ္ကိစၥေၾကာင့္ အိမ္ျပန္မလာႏိုင္တိုင္း August အေမ Claire ဆီတြင္ Betty ကို အပ္ထားခဲ့ရေလသည္။
ထိုသို႔ျဖင့္ Betty မွာ Augustႏွင့္သာ ေန႔တိုင္း ရက္တိုင္း အခ်ိန္တိုင္းလိုလို အၿမဲတမ္း အတူသြား၊ အတူလာ၊
အတူတူစား၊ အတူရွိေန ၊ အတူတူ အခ်ိန္ျဖဳန္းေနရာက မခြဲႏိုင္မခြာရက္ တပူးပူးတတြဲတြဲ ျဖစ္လာၾကျခင္း ျဖစ္၏။
Betty က August ကို
“ နင္က ငါ့ဘ၀ထဲကို ေရာက္လာဖူးတဲ့ အေကာင္းဆုံးအရာပဲ “ဟု မၾကာခဏ ေျပာတတ္သည္။
…တစ္ျခားသူေတြအားလုံးကေတာ့ ငါ့ကို ဂ႐ုစိုက္ဖို႔ ေနေနသာသာ ဂ႐ုေတာင္ျပဳမိၾကတယ္ မထင္ဘူး…"
August : " တစ္ျခားသူေတြဆိုတာက ဘယ္သူေတြလဲ? "
Betty : " ငါ့အေမ?…ၿပီးေတာ့ ငါ့ အေဖ… ၿပီးေတာ့ ငါ ေတြ႕ခဲ့သမွ်… ေနာက္ၿပီး ငါ ေတြ႕ေနရသမွ် လူတိုင္းပဲေလ…ဒါမွမဟုတ္လည္း နင္ကလြဲၿပီး ငါ အားလုံးကို မုန္းေနတာျဖစ္ခ်င္ျဖစ္မွာေပါ့…"
August : " ငါကေရာ သူတို႔နဲ႔ ဘာမ်ားကြာေနလို႔လဲ?…”
သူမေသာက္လက္စ အေအးဘူးကို ျမက္ခင္းျပင္ေပၚ ခ်ထားလိုက္ၿပီး August ရဲ႕ မ်က္၀န္းစိမ္းေတြထဲကို Betty ခဏတာ စိုက္ၾကည့္လိုက္၏။ " ဘယ္လိုကြာလဲေတာ့ တစ္ခ်က္ခ်င္းစီ ငါ ေသခ်ာမသိဘူးဟ… ေသခ်ာတာက နင္က ငါသိဖူးတဲ့ ဘယ္သူနဲ႔မွ မတူဘူးဆိုတာပဲ"
August : " အဲ့ဒီ မတူဘူးဆိုတဲ့အရာက ေကာင္းတာလား ဆိုးတာလားေတာင္ မသိေတာ့ပါဘူးဟာ "
August က ေျပာရင္းဆိုရင္း ျမက္ခင္းျပင္ေပၚသို႔ လွဲခ်ကာ သူ႔ေက်ာပိုးအိတ္ကို ေခါင္းအုံးလုပ္လိုက္ေလ၏။ Betty က စိတ္ပ်က္လက္ပ်က္ လွဲခ်လိုက္ေသာ August ကို ၾကည့္ရင္း တစ္ခ်က္ဟက္ဟက္ပက္ပက္ ရယ္လိုက္သည္။
Betty : " နင့္မလဲ…ဘာလို႔ အၿမဲတမ္း အဲ့ေလာက္ေတာင္ ၀မ္းနည္းပက္လက္ ျဖစ္ေနရတာလဲ?… သခ်ၤာမရလို႔လား?! "
Betty က ေျပာရင္းဆိုရင္း ထပ္ ရယ္ေနျပန္၏။
August : " ဟဲ့…လာေနာက္မေနနဲ႔ "
Betty : " နင္ ဒီေန႔ေတာင္…အခန္းထဲ သခ်ၤာစာေမးပြဲေျဖရမွာမို႔ ငါ့ကို ဒီပန္းၿခံထဲထိ ေက်ာင္းလစ္ၿပီးလာဖို႔ ေသြးေဆာင္ျဖားေယာင္းလာတာ မဟုတ္ဘူးလား?! "
August : " ျဖစ္ရတယ္…မလိုက္ပါနဲ႔ဆိုတာကို ကိုယ့္ဘာသာ အတင္းလိုက္လာၿပီးေတာ့…"
Betty ကေတာ့ ရယ္ၿမဲရယ္ေနဆဲ။
" နားၿငီးတယ္…နင့္လက္ေမာင္း ျဖန႔္ေပးဦး…ေခါင္းအုံးမလို႔… "
August က Betty ကို ၾကည့္၍ ၿပဳံးရင္း လက္ေမာင္းတစ္ဖက္ကို ျမက္ခင္းေပၚ ျဖန႔္ခ်ေပးလိုက္၏။ Betty လည္း ျပန္ၿပဳံးျပရင္း သူလြယ္ထားေသာ လြယ္အိတ္ကို ေဘးခ်ကာ August လက္ေမာင္းေပၚသို႔ လွဲခ်လိုက္ေလသည္။
အဲ့ဒီေန႔က သူတို႔ႏွစ္ေယာက္လုံး ပန္းၿခံထဲက မနက္ခင္းေရာင္ျခည္ထဲ ဘာစကားမွမေျပာပဲ အခ်ိန္အေတာ္ၾကာ လဲေလ်ာင္းေနခဲ့ၾက၏။ အတန္ၾကာမွ August က ေလသံ ခပ္ေအးေအး ခပ္တိုးတိုးျဖင့္…
“…သိလား?…Betty…အမုန္းတရားဆိုတာက ေလာင္ကြၽမ္းေနတဲ့ ပန္းခ်ီကားခ်ပ္ႀကီး တစ္ခ်ပ္လိုပဲ…”
ဟု ေကာင္းကင္သို႔ ေငးၾကည့္ေနရင္း ျဖည္းညင္းစြာ ေျပာေလသည္။ Betty မွာ မ်က္လုံးႏွစ္ဖက္ စုံမွိတ္ထားရာမွ August ရဲ႕ အသံေၾကာင့္ မ်က္လုံးျပန္ဖြင့္လိုက္ရင္း မနက္ခင္းေနေရာင္ျခည္မ်ား တရိပ္ရိပ္ ထင္ဟပ္ေနေသာ August ရဲ႕ နီျမန္းျမန္း ပါးျပင္မ်ားကိုသာ ေငးစိုက္ၾကည့္ေန၏။ August ကေတာ့ ဘာကိုမွဂ႐ုမျပဳပဲ သူ႔လက္စ, စကားကိုသာ ဆက္ေျပာသည္။
"…ဒါေပမယ့္ ကားခ်ပ္တစ္ခ်ပ္လုံးထဲမွာ နင့္ရဲ႕ အနာက်င္ရဆုံး အတိတ္ေတြကပဲ ပုံရိပ္အျဖစ္ပါေနတယ္…
ၿပီးေတာ့ အဲ့ဒီ ကားခ်ပ္ႀကီးက မီးေတာက္ေတြအျပည့္နဲ႔ ဘယ္ေတာ့မွမရပ္စတမ္း တလိမ္းလိမ္းနဲ႔ ေလာင္ကြၽမ္းေနလိမ့္မယ္…
ဒါေပမယ့္ အဲ့ဒီပန္းခ်ီကားထဲမွာ နင္ငါနဲ႔ အတူတူရွိေနတဲ့ ဒီလိုလက္ရွိ အခိုက္အတန႔္ေတြရဲ႕ ပုံရိပ္ေတြ…
ပိုၿပီးေကာင္းလာမယ့္ အနာဂတ္ေတြရဲ႕ ပုံရိပ္ေတြ…ဘာတစ္ခုမွ…ဘယ္ေတာ့မွ…ပါမေနဘူး…
ဘာလို႔လဲဆိုရင္ အမုန္းတရားဆိုတာက သူ႔ဆီမွာ နင့္ကို ခ်ဳပ္ေႏွာင္ထားခ်င္႐ုံသက္သက္ပဲေလ…
သူက နင့္အေပၚေရာ…နင့္ရဲ႕ ေပ်ာ္႐ႊင္မႈအေပၚေရာ တကယ္ဂ႐ုမစိုက္ပါဘူး…
နင္ရယ္ အဲ့ဒီ ေလာင္ကြၽမ္းေနတဲ့ ကားခ်ပ္ကိုပဲ ဆက္ၿပီး ရပ္ၾကည့္ေနရင္… ဆက္ၿပီး ဖက္တြယ္ထားရင္…
တစ္ခ်ိန္က် အဲ့ဒီ ပန္းခ်ီကားခ်ပ္ဆီက မီးေတာက္ေတြထဲ နင္ကိုယ္တိုင္ေတာင္ မသိလိုက္ပဲ တေျမ့ေျမ့ ေလာင္ကြၽမ္းသြားရင္းနဲ႔… ေနာက္ဆုံးေတာ့ အဲ့ဒီပန္းခ်ီကားခ်ပ္ထဲက ေလာင္ကြၽမ္းေနတဲ့ အတိတ္ေတြဆီထဲကို
နင္ ဝါးၿမိဳခံလိုက္ရလိမ့္မယ္…”
Betty က August ကိုေငးၾကည့္ရင္း ဘာမွမေျပာပဲ ၿငိမ္ၿပီးနားေထာင္ေနေလသည္။ August ရယ္ ေကာင္းကင္ျပာေပၚရွိ သူမ၏အၾကည့္မ်ားကို Betty မ်က္ႏွာအေပၚ ေဝ့တင္လိုက္၏။
“…ငါကေတာ့ နင္ရယ္… နင့္ အေဖေၾကာင့္ပဲျဖစ္ျဖစ္…နင့္ အေမေၾကာင့္ပဲျဖစ္ျဖစ္…မဟုတ္ရင္လည္း တစ္ျခား ဘယ္သူေၾကာင့္ပဲျဖစ္ျဖစ္…အဲ့ဒီ ပန္းခ်ီကားႀကီးကို ဆက္ၿပီး ရပ္မၾကည့္ေနရင္ ေကာင္းမွာပဲ…” လို႔
Betty မ်က္ႏွာေပၚ ဝဲက်ေနေသာ ေ႐ႊအိုေရာင္ဆံပင္မ်ားကို နဖူးေပၚ သပ္တင္ေပးရင္း ေျပာေန၏။
Betty က August ကိုသာ ၿပဳံးၿပီးၾကည့္ရင္း-
“ …အဲ့ဒါဆိုရင္…အဲ့ဒီပန္းခ်ီကားကို မၾကည့္ရင္…ငါ ဘာကို ၾကည့္ရမလဲ?…” ဟု ရယ္ၿပီး ေျပာေလသည္။
August :” ငါ့ကို ၾကည့္ေလ…ဒါမွမဟုတ္လည္း…နင့္ အေနာက္မွာ ငါတို႔ကို စိုက္ၾကည့္ေနတဲ့ ဦးေလးႀကီးကိုၾကည့္ေပါ့ “
Betty : ” ဟမ္?!…ဘာရယ္?
August ရဲ႕ အစမရွိ အဆုံးမရွိ ဟာသေၾကာင့္ Betty လည္း ေၾကာင္ၿပီး ရယ္လိုက္ေလသည္။ Augustက ဆက္ရယ္ေနရင္း-
“ ထ…ထ…ငါ ျပမယ္လာ “
ႏွစ္ေယာက္သား လဲေလ်ာင္းေနရာမွ ထထိုင္လိုက္ၾက၏။
Betty : " ဘယ္မွာလဲဟ?…နင္ေျပာတဲ့ ဦးေလးႀကီး “
August က Betty ပခုံးေပၚ မ်က္ႏွာအပ္ၿပီး ရယ္ေနရင္း-
“ ဟိုးမွာ…ထိုင္ေနတဲ့ အက်ႌအညိဳနဲ႔ လူႀကီးပဲ…”
Betty : " ဟိုခုံေပၚမွာ သတင္းစာဖတ္ေနတဲ့တစ္ေယာက္လား? " ဟု လက္ညႇိဳးထိုးရင္း ေမးေန၏။
August : “ ဟဲ့ လက္ညႇိဳးသြားမထိုးနဲ႔ေလ “
Betty : “ ……… “
August : " …ေတြ႕လား?…နင္ လက္ညႇိဳးထိုးလိုက္ေတာ့ ထသြားၿပီ “
႐ုတ္တရက္လိုလို… Betty က ရယ္ေနတာကို ျဖည္းျဖည္းခ်င္း ရပ္လိုက္ၿပီး တစ္ခုခုအတည္ေျပာစရာရွိဟန္ျဖင့္ မ်က္ႏွာပိုးသတ္လိုက္ေလသည္။
“ နင္ ဘာလို႔…ငါ ဒီေန႔ ေက်ာင္းပ်က္ခံၿပီး…နင္နဲ႔ ဘာလို႔ ဒီကို အတင္းလိုက္ဖို႔ လုပ္တာလဲ သိလား? “
August က ရယ္ေတာမသတ္ႏိုင္ေသးဘဲ-
“ မသိဘူးေလ… နင္လည္း သခ်ၤာမရလို႔လား? “ဟု ေနာက္၏။
Betty က August လက္ေမာင္းကို ႐ိုက္၍ ရယ္ေနရင္း-
” ကဲ…ေတာ္ၿပီ…မေနာက္နဲ႔ဟာ…ငါ အတည္ေျပာစရာ ရွိပါတယ္ဆို ”
August က ရယ္ေနတာကို ရပ္လိုက္ၿပီး
“ ေျပာေလ…ေျပာ…ငါ နားေထာင္ေနတာပဲ” ဟုဆိုကာ ျမက္ခင္းေပၚက အေအးဘူးကိုယူကာ ေသာက္ေနေတာ့သည္။
ခ်က္ခ်င္းဆိုသလို Betty မ်က္ႏွာ ျပန္တည္သြားျပန္၏။ ခဏမွ် ၿငိမ္သက္သြားၿပီးလွ်င္-
“နင့္ရဲ႕ ဘယ္ဘက္လက္ ငါ့ကို ခဏေပး” ဟု ေျပာလိုက္သည္။
August မွာ အေအးေသာက္ေနရာက သီးပင္သီးသြားလ်က္-
“ဘာ…ဘာ…ဘာလုပ္ဖို႔လဲ?” ဟု အထစ္ထစ္အေငါ့ေငါ့ျဖင့္ ေျပာ၏။
Betty : " နင့္လက္မွာ ျဖတ္ရာေတြ ရွိေနတာ ငါသိတယ္… "
August : “………”
Betty ရယ္ August လက္ကို အသာအယာ ဆြဲယူလိုက္ေလသည္။ August ၏ အျပာေရာင္ အက်ႌရွည္လက္ကို ေခါက္တင္လိုက္ေသာအခါ လက္ဖ်ံတစ္ခုလုံးတြင္ အမာ႐ြတ္မ်ားျဖင့္ ျပည့္ေနၿပီး ပလတ္စတာတစ္ခ်ိဳ႕ကပ္ထားေသာ
လတ္လတ္ဆတ္ဆတ္ ဒဏ္ရာမ်ားကိုပင္ Betty ျမင္လိုက္ရ၏။
Betty : “ နင္…ဒါေၾကာင့္…အၿမဲတမ္း…
အက်ႌလက္ရွည္ေတြ…အေႏြးထည္ေတြ ထပ္ထပ္၀တ္ထားတာလား?”
August : “………”
Betty : " ဘာလဲ?…အခုေတာ့ ငါ့ကိုေတာင္ စကားမေျပာေတာ့မွာလား? "
August က ေခါင္းငုံ႔ ၊ မ်က္ႏွာလႊဲရင္းဘာမွျပန္မေျပာေခ်။ Betty က August လြယ္အိတ္ကို လွမ္းယူလိုက္ရင္း တစ္စုံတစ္ခုကို ရွာေဖြေနေလသည္။ ခဏအၾကာတြင္ August ရယ္ သူမအိတ္ထဲတြင္ ဝွက္ထားေသာ ဘလိတ္ဓားတစ္ေခ်ာင္းကို Betty ရွာေတြ႕သြားေလ၏။ August ကား Betty ကို မ်က္ႏွာလႊဲထားသျဖင့္ မျမင္လိုက္ေခ်။ Betty က ဘလိတ္ဓားကို ထုတ္လိုက္ရင္း သူမလက္ဖ်ံေပၚတြင္ ျဖတ္ရာတစ္ခ်က္ ျခစ္ခ်လိုက္ေလသည္။
" အား…ေသစမ္း…နာလိုက္တာ "
ထိုအခါမွပဲ Betty ေအာ္သံေၾကာင့္ August လည္း အထိတ္တလန႔္ျဖင့္ သူ႔ကို လွည့္ၾကည့္မိ၏။ လွည့္ၾကည့္လိုက္ေတာ့ Betty လက္တစ္ဖက္တြင္ ေသြးစက္လက္က်ေနသည့္ ျဖတ္ရာတစ္ခုႏွင့္ ေနာက္လက္တစ္ဖက္တြင္ ကိုင္ထားေသာ သူမလြယ္အိတ္ထဲက ဓားကိုေတြ႕လိုက္ရေလ၏။
August လည္း အလန႔္တၾကားျဖင့္-
“ နင္…႐ူးေနတာလား?…အဲ့ဓား ငါ့ကိုျပန္ေပး…” ဟု ေအာ္လိုက္သည္။ ထို႔ေနာက္ Betty လက္ထဲက ဓားကိုယူၿပီး ပန္းၿခံတစ္ေနရာထဲသို႔ လႊင့္ပစ္လိုက္ေလသည္။ Betty ကေတာ့ August ကို ဘာမွမေျပာပဲ စိုက္သာၾကည့္ေနသည္။
August က သူ႔အိတ္ထဲက တစ္သွ်ဴးထုပ္ကို အလ်င္စလိုထုတ္ၿပီး Betty အနာေပၚ ဖိထားေပးရင္း-
“ နင္ကေတာ့…တကယ္ပါပဲဟာ…လုပ္လိုက္ရင္ ဇြတ္အတင္းပဲ…ဘာလို႔ ဒီလိုလုပ္ရတာလဲ?!”
Betty : “ နင္ ဘာလို႔ အဲ့ဒီလုပ္တာလဲ သိခ်င္လို႔ေလ…”
August : "………"
Betty : " မဆိုးပါဘူး…ျဖတ္လိုက္ရတဲ့ အရသာေတာ့ ရွိသားပဲဟ…တစ္ခုခု ေပါ့ပါးသြားသလိုမ်ိဳးေလ…နင္ ဘာေၾကာင့္ အဲ့လိုလုပ္လဲ သိၿပီထင္တယ္…ငါလည္း ခုနက နင္ လႊင့္ပစ္လိုက္တဲ့ ဓားမ်ိဳးတစ္ေခ်ာင္းေလာက္ ၀ယ္ၿပီး… "
August : " Betty!!!… "
Betty : " ျဖည္းျဖည္းေအာ္ပါဟ…နာသြားတာက နင္လား?…ငါလား? "
August : “ Betty…နင္ ငါ့ကို ေဒါသထြက္လာေအာင္ မလုပ္နဲ႔ဟာ “
Betty : " အခု နင့္ကိုနင္ ျမင္လား?…"
August : " ဘာကိုလဲ?! "
Betty : " ငါလည္း နင့္လက္က အဲ့ဒီျဖတ္ရာေတြကို ျမင္လိုက္တိုင္း အဲ့ဒီအတိုင္းပဲ… နင္ကေတာ့ ဘာမွမဟုတ္သလို လုပ္လိုက္ရင္းနဲ႔ အဲ့လိုလုပ္လိုက္လို႔ ေပါ့ပါးသြားပါတယ္လို႔ ေျပာေနလည္း…ျမင္ရတဲ့သူကေတာ့ ရင္နာၿပီး ေဒါသထြက္လို႔ ႐ူးေတာ့မယ္!!… နင္က ငါ့ကိုက် ဘယ္သူ႔ကိုမွ မမုန္းဖို႔ေျပာေနၿပီး…နင္ကက် နင့္ကိုနင္ မုန္းေနတယ္တဲ့လား?…"
August : “………”
Betty : " နင့္ အေမ သိသြားရင္ေရာ?! နင့္ အေမ သိသြားတဲ့အခါ… နင္ ဘယ္လိုလုပ္မလို႔လဲ?…ဟမ္?!… နင္ အဲ့ဒီေလာက္ ခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ့ နင့္ အေမေလ…”
August : “ Betty…နင္…ဒီအေၾကာင္းကို…ငါ့ အေမကို…လုံး၀…ေျပာလို႔မျဖစ္ဘူးေနာ္…”
Betty : " နင္ ဒီလိုေတြ ဆက္မလုပ္ဘူးလို႔ ကတိေပးရင္ မေျပာဘူး "
August : " မလုပ္ဘူး "
Betty : " ေသခ်ာလား?…ငါ့ ေရွ႕မွာေရာ… ငါ့ ေနာက္ကြယ္မွာေရာေနာ္ "
August က သူ႔လြယ္အိတ္ထဲတြင္ Betty လက္ကို ကပ္ေပးဖို႔ ပလတ္စတာကိုရွာေနရင္း ေခါင္းသာညိတ္ျပ၏။
Betty က August မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ဆြဲကိုင္ရင္း-
" August…ငါ့ကိုၾကည့္စမ္း…နင္ ဒီလိုျဖတ္တာကို ေနာက္တစ္ခါ…ေနာက္တစ္ခါေလးပဲ ထပ္လုပ္ရင္…ငါ နင္နဲ႔ ဘယ္ေတာ့မွ စကားမေျပာေတာ့ဘူး…သူတို႔ကိုယ္သူတို႔ ျဖတ္ေတာက္ေနတဲ့ သူေတြအနားမွာ ငါ မေနခ်င္ဘူး…"
August က ဘာမွျပန္မေျပာပဲ Betty လက္မ်ားကို ဖယ္ထုတ္လိုက္၏။ ထို႔ေနာက္ သူ႔အိတ္ထဲက
ပလတ္စတာကို ထုတ္ရင္း Betty လက္ကို ကပ္ေပးသည္။ ထို႔ေနာက္ August မွာ သူ႔လြယ္အိတ္သူ စိတ္ဆိုးမာန္ဆိုးျဖင့္ ဆြဲယူၿပီး ထို ပန္းၿခံထဲမွ ထထြက္လာခဲ့ေတာ့သည္။ Betty ကိုေတာ့ တစ္ေယာက္တည္း ခ်န္ရစ္ခဲ့၏။ Betty မွာ August ရယ္ေတာ့ သူ႔ကိုစိတ္ဆိုးကာ ထားရစ္ခဲ့ၿပီထင္ရင္း တစ္ေယာက္တည္း ျမက္ခင္းေပၚလွဲခ်ရန္ အလုပ္တြင္-
“ ျပန္မလိုက္ဘူးလား? “ ဟူေသာ ခပ္လွမ္းလွမ္းမွ August ရဲ႕ ေအာ္ေခၚသံကိုၾကားရ၍ Betty လည္း ၿပဳံးရင္း လွည့္ၾကည့္လိုက္ေလသည္။ ထို အခိုက္အတန႔္ေလးထဲက Betty မ်က္ႏွာေပၚက အၿပဳံးမွာ
မ်က္လုံးမွိတ္လိုက္တိုင္း ေရာက္လာတဲ့ အခ်ိန္ဆိုတဲ့ အနက္ေရာင္ထုႀကီးကို ျဖတ္သန္းၿပီးတာေတာင္ ပ်က္ျပယ္မသြားဘဲ အခုခ်ိန္အထိလည္း August မ်က္၀န္းေတြထဲ တဝိုးဝိုး တဝါးဝါး ပုံရိပ္အျဖစ္ စြဲထင္က်န္ရစ္ေနဆဲပါပဲ။
ယခုေတာ့ ကံၾကမၼာေကာက္ေၾကာင္းက ေျပာင္းျပန္လည္ၿပီး ကိုယ့္ကိုကိုယ္ အနာတရရေအာင္ လုပ္ေနသူမွာ Betty ျဖစ္လာၿပီး August က သူ႔ကို လိုက္ထိန္းေနရသူျဖစ္လာသည္။
" သူ ဘယ္အခ်ိန္ကစၿပီး ဒီလိုေတြ လုပ္လာတာပါလိမ့္? " ဟု August ျပတင္းေပါက္တြင္ ရပ္ေနရင္း ဆက္ေတြး ေနမိေလသည္။
အထက္ပါ ပန္းၿခံထဲက ေန႔မွစ၍ August မွာ မတတ္သာပဲ သူ႔လက္ကိုယ္သူ ျဖတ္ရာမ်ား ျခစ္ခ်တတ္သည့္
အက်င့္ကို စြန႔္လႊတ္လိုက္ရေလသည္။ အဓိကကေတာ့ သူ႔အေမသိသြားမွာကို ေၾကာက္၍ျဖစ္သည္။ August က သူ႔အေမကို သိပ္ခ်စ္၏။ သူမ အေဖႏွင့္ အစ္မ ႏွစ္ေယာက္လုံးမွာ သူမ အသက္ ၁၀ ႏွစ္ခန႔္တြင္
ကားတိုက္မႈျဖင့္ ဆုံးပါးသြားခဲ့သည္။ ကံမေကာင္းလွစြာပဲ ႏွစ္ဦးစလုံး ကားတိုက္မႈတစ္ခုထဲတြင္ ပြဲခ်င္းၿပီး ဆုံးျခင္းျဖစ္ေလသည္။ ယာဥ္တိုက္မႈမွာလည္း တိုက္တိုက္ဆိုင္ဆိုင္ပင္ August အား ေက်ာင္းႀကိဳဖို႔အလာတြင္ ကားေမွာက္ျခင္းျဖစ္သည္။ ထိုကိစၥျဖစ္ၿပီးေနာက္ပိုင္းတြင္ သူမအေမမွာ တစ္ႏွစ္ေက်ာ္ၾကာၾကာ အ႐ူးတစ္ပိုင္း ျဖစ္သြားသည္ကို August ကိုယ္တိုင္ျမင္ဖူးခဲ့၏။ သူမေမာင္ေလး Vincent မွာ ထိုအခ်ိန္က သုံးႏွစ္မွ်သာရွိေသး၏။ ထိုကာလမ်ားအတြင္း August ကပဲ Vincent ႏွင့္ သူ႔ကိုယ္သူ ႏွစ္ေယာက္လုံးကိုဘတစ္ေယာက္တည္း ေစာင့္ေရွာက္ခဲ့ရေလသည္။ အေတာ္အတန္ ေငြေၾကးျပည့္စုံေလေသာ August ရဲ႕ အဖြားက ကုနိင္လြန္း၍သာ Claire မွာ ပုံမွန္ျပန္ျဖစ္လာျခင္း ျဖစ္ေလသည္။
Claire သူမကိုယ္သူမ ေျဖသိမ့္တတ္သည့္ စကားကား-
" တကယ္လို႔ ေက်ာင္းႀကိဳၿပီး ျပန္အလာမွာသာ ကားေမွာက္ခဲ့ရင္-ငါ့သမီးေလး…August ေလးပါ………
သူမ မပါသြားတာပဲ ဘုရားကို ေက်းဇူးတင္ရမယ့္ ငါ့အျဖစ္ပါေလ…" ဟူ၍ ျဖစ္သည္။
သူမအေဖ ႏွင့္ သူမအစ္မအေပၚတြင္ ရွိေနေသာ အျပစ္တင္စိတ္ ၊သူမအေမအေပၚ
အားနာစိတ္ ၊ သနားစိတ္…သူမအေမ စိတ္လြတ္သြားလိမ့္မည္ဆိုေသာ
ေၾကာက္စိတ္ေၾကာင့္… August က သူမအေမ စိတ္ပ်က္ေစမည့္ ၀မ္းနည္းေစမည့္
ကိစၥမွန္သမွ်ကို ေဝးေဝးကေရွာင္သည္။ ထို႔ေၾကာင့္ ဒီကိစၥကို သူ႔အေမသိမွာ သူမ ေသမတတ္ေၾကာက္ျခင္း ျဖစ္ေလသည္။
August မွာလည္း သူ႔ဘ၀ထဲကသူတစ္ဦး တစ္စုံတစ္ေယာက္တစ္ခုခုျဖစ္တိုင္း သူမေၾကာင့္ဆိုသည့္ စိတ္ဒဏ္ရာႏွင့္ ကိုယ့္ကိုကိုယ္ အျပစ္တင္စိတ္က ေဝဒနာတစ္ခုလို စြဲကပ္ေနေတာ့၏။
" အဲ့ဒါေၾကာင့္ပင္ သူမကိုယ္သူမ ႐ြံရွာမုန္းတီးသလို ခံစားခ်က္က အျမစ္တြယ္လာၿပီး သူမကိုယ္သူမ
အနာတရ ရေအာင္ လုပ္ျခင္းကို စတင္ခဲ့ျခင္း ျဖစ္ရာသည္" August တစ္ေယာက္
ထို ျပတင္းနားတြင္ ရပ္ေနရင္း အမ်ားစုမွာ ေပ်ာက္သြားခဲ့ေသာ္လည္း တေရးေရးထင္ေနေသးသည့္ အရင္က အမာ႐ြတ္မ်ားကို ပြတ္သပ္ၾကည့္ရင္း ေတြးေနမိသည္။
ထို႔အျပင္ August က ေက်ာင္းတက္ရတာကို မုန္းတီးခဲ့သည္။ နဂိုကတည္းက ရွက္တတ္ေၾကာက္တတ္ေသာေၾကာင့္ သူ႔ေဘးတြင္ လူ႔ေတြစုအုံေနေသာ ခံစားခ်က္ကို August မုန္း၏။ ဤသို႔ႏွင့္ ဘယ္သူ႔ကိုမွလည္း မသိ၊ ဘယ္သူ႔ကိုမွလည္း မသိခ်င္၊ ဘာကိုမွလည္း ထုတ္မေျပာ၊ ဘယ္သူ႔ကိုမွလည္း ဘာမွမေျပာခ်င္ ၊ ဘယ္သူႏွင့္မွလည္း အေပါင္းအသင္းမလုပ္ေသာ August မွာ အထက္တန္းေက်ာင္းကဲ့သို႔ ေနရာမ်ိဳးတြင္ကား မ်ားမၾကာမီ ကိုယ္ေပ်ာက္လူသားတစ္ေယာက္လို ျဖစ္လာေလသည္။
လူအျပည့္ႏွင့္ ဆူညံေနေသာ စာသင္ခန္းထဲေရာက္တိုင္း ႏွလုံးခုန္ျမန္ၿပီး အသက္ရႉၾကပ္သလို သူ ခံစားရသည္။
ထို႔ေၾကာင့္ August မွာ အၿမဲတမ္းလိုလို အခန္းျပတင္းေပါက္ေထာင့္နားတြင္ ထိုင္ၿပီး နားၾကပ္တပ္၍ စာအုပ္တစ္အုပ္ကိုသာ အာ႐ုံစိုက္ၿပီး ဖတ္ေနလိုက္၏။ အဲ့ဒီလိုလုပ္မွပဲ ခဏၾကာလွ်င္ တျဖည္းျဖည္း…တျဖည္းျဖည္း ႏွလုံးခုန္သံမ်ားပုံမွန္ျပန္ျဖစ္လာသလို…အသက္ရႉသံမ်ား ျပန္မွန္လာသလိုျဖင့္ ေနရထိုင္ရ အဆင္ေျပသြားတတ္သည္။
Betty သူတို႔ အိမ္နားသို႔ ေျပာင္းမလာခင္ ႏွစ္အေတာ္ၾကာအထိ August တြင္ သူမကိုယ္သူမ လွီးျဖတ္တတ္သည့္ အက်င့္ဆိုးက စြဲကပ္ခဲ့၏။ အဲ့ဒီလိုလုပ္တာက အၿမဲတမ္းလိုလို တုန္ရင္ေနတတ္ေသာ သူမ၏ စိတ္အစုံကို ၿငိမ္က်သြားေစသည္ဟု ခံစားရေသာေၾကာင့္ ျဖစ္ေလသည္။
သို႔ေသာ္ Betty ရယ္ သူတို႔ အိမ္နားသို႔ ေျပာင္းလာၿပီး သူမတို႔ ေက်ာင္းသို႔စေရာက္လာကတည္းက August မွာ ေက်ာင္းတက္ရတာကို အရင္ကေလာက္ သိပ္မမုန္းေတာ့ပါေခ်။
Betty ေၾကာင့္ သူ႔ဘ၀ရဲ႕အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားအေပၚမွာ သူထားတဲ့ အျမင္ေတြ တျဖည္းျဖည္း
ရွင္းလင္းလာတယ္လို႔ August ထင္သည္။ ရွင္းရွင္းလင္းလင္းျဖစ္လာ႐ုံတင္ မဟုတ္ပဲ တနည္းနည္းနဲ႔ ေန႔ရက္ေတြက ပိုၿပီးေတာက္ပလာသလိုလို အထိ။
Betty နဲ႔ အတူတူရွိေနတဲ့ အခ်ိန္တိုင္း ဒါမွမဟုတ္ Betty အေၾကာင္းေတြးမိတဲ့ အခ်ိန္တိုင္း… သိပ္ၿပီး နာက်င္ခဲ့ရတဲ့ အတိတ္တစ္စုံတစ္ရာဆီက လြတ္ေျမာက္သြားသလို…
အနာဂတ္အတြက္ ေတြးၿပီးပူပန္ခဲ့တာ ဘယ္ေန႔က ေနာက္ဆုံးလဲဆိုတာကို ေမ့ေလ်ာ့မမွတ္မိေတာ့ေလာက္ပင္
ၾကာရွည္ခဲ့ၿပီဟု ထင္ရ၏။
ဘာေၾကာင့္မ်ား လက္ရွိရဲ႕ အခိုက္အတန႔္ေတြကို ေပ်ာ္စရာအျဖစ္ မေျပာင္းလဲၾကည့္ဘဲ
မေျပာင္းလဲႏိုင္ေတာ့တဲ့ အတိတ္ရဲ႕ ၀မ္းနည္းနာက်င္စရာေတြထဲမွာပဲ ကိုယ့္ကိုကိုယ္ အၿမဲတမ္း ရစ္ေႏွာင္ထားခဲ့သလဲ နားမလည္ႏိုင္ေတာ့ေလာက္ေအာင္…
ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာက ေ႐ႊေရာင္ေတြတလက္လက္ေတာက္ပေနတဲ့ ေက်ာ့ကြင္းတစ္ႀကိဳးနဲ႔ ကိုယ့္ရဲ႕ ခႏၶာကိုယ္ကိုရစ္ပတ္ၿပီး အတိတ္ထဲက ဆြဲထုတ္ေနသလိုပါပဲ။
အရင္က တကယ္ပဲ ေပ်ာ္႐ႊင္ဖူးခဲ့ရဲ႕လားလို႔ သံသယျဖစ္မိေလာက္ေအာင္…တကယ္တမ္း ကိုယ့္အတြက္ကိုယ္ စဥ္းစားေပးခ်င္လာတဲ့အထိ…
ေပ်ာ္႐ႊင္မႈဆိုတာ တကယ္ပဲ ရွိႏိုင္တယ္လို႔ ေမွ်ာ္လင့္ခ်င္လာတဲ့အထိ…
အဲ့ဒီလိုျဖစ္လာတဲ့အထိ Betty အေပၚ ယစ္မူးလာမိ၏။ သို႔ေသာ္ ထို ယစ္မူးမႈထဲတြင္
ဘယ္ကမွန္းမသိ ကပ္ပါလာေသာ ၿငိမ္းခ်မ္းမႈတစ္ပိုင္းတစ္စက ေမ်ာပါေနေသးသည္။
ထို ၿငိမ္းခ်မ္းမႈတစ္ပိုင္းတစ္စက August တစ္ကိုယ္လုံးကို ေ႐ႊေရာင္ေတြတစ္လက္လက္ ျခယ္သေပးလိုက္သလိုမ်ိဳး…
August ရယ္ Betty နဲ႔ အတူတူ ရွိေနတိုင္း အဲ့ဒီလို ခံစားရသည္။
ျပတင္းမွ ၀င္လာေသာ ေလ႐ူးတစ္ခ်က္က နားကို ပြတ္သပ္သြားတိုင္း “ ဘာေတြပဲျဖစ္ျဖစ္ အၿမဲတမ္း အခိုက္အတန႔္ထဲမွာပဲ ေနဖို႔ “ ေျပာတတ္တဲ့ Betty ရဲ႕ အသံက August ရဲ႕ နားထဲျပန္ၾကားေနရ၏။
Betty တစ္ေယာက္သူ႔ကိုယ္သူျဖတ္ေတာက္ျခင္းမွာကား သူမ အေမ Diane ကင္ဆာေၾကာင့္ အိပ္ရာထဲလဲေနခ်ိန္တြင္ စတင္ခဲ့၏။ သို႔ေသာ္ Betty ကား လွ်ိဳ႕ဝွက္လြန္းၿပီး Augustမသိေအာင္ ႀကိဳးစားဖုံးသဖ္ျင့္ သူမလည္း အရိပ္အျခည္ျမန္ေသာ August ပင္ မရိပ္မိေလာက္ေအာင္ ျဖစ္ခဲ့ရသည္။ August ရယ္ Betty သူ႔ကိုယ္သူ ျဖတ္ေတာက္ေနျခင္းကို သိလိုက္ရပုံမွာ ဤသို႔ျဖစ္၏။
Betty အေမ Jane၏ ဈာပနေန႔ျဖစ္သည္။ Betty အား Julie ႏွင့္ သူမအေဖ Joe တို႔က သူတို႔အိမ္ဆီ ေခၚသြားရန္ ေရာက္လာၾကေသာေန႔လည္း ျဖစ္၏။ ထိုေန႔သည္ပဲ Betty ကိုယ့္ကိုကိုယ္ အဆုံးစီရင္သြားသည့္ ထိုအိပ္မက္ကို August ပထမဆုံးအႀကိမ္ စတင္မက္ေသာေန႔ျဖစ္ေလသည္။
ယေန႔ညလိုပါပဲ…ထိုေန႔ညတြင္ အိပ္မက္ဆိုးေၾကာင့္ August ရယ္ အိပ္ရာေပၚတြင္ ေခြၽးအလိမ္းလိမ္းႏွင့္
ငိုင္ၿပီးထိုင္ေနစဥ္ မနက္ ၃ နာရီခန႔္ႀကီးတြင္ August အေမ Claire က တံခါးေခါက္ရင္း ၀င္လာသည္။
“ ဟင္…August?!…ႏိုးေနတာလား? “
August ပင္ အခ်ိန္အခါမဟုတ္ သူ႔အေမ အခန္းထဲ၀င္လာသျဖင့္ လန႔္သြားေသး၏။
Claire :“ သမီး…ဟို ဘက္အိမ္က…အသံေတြ…ၾကား…ၾကားၿပီးသြားတာလား?! “
August : “ ဘာအသံလဲ အေမ? “
Claire က August အနားကို တျဖည္းျဖည္းကပ္လာရင္း အိပ္ရာေပၚထိုင္ခ်လိုက္သည္။ ထို႔ေနာက္ သူ႔သမီး၏ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ထားလိုက္၏။ ၿပီးလွ်င္ သူမ၀တ္ထားေသာ တီရွပ္အျဖဴကို မတင္ၿပီး
Augustနဖူးမွ ေခြၽးမ်ားကို သုတ္ေပးေလသည္။ August ကေတာ့ သူ႔ရဲ႕အိပ္မက္ဆိုးအရွိန္ေၾကာင့္ တစ္ေၾကာင္း ၊ သူမအေမ၏ ထူးဆန္းေနမႈေၾကာင့္ တစ္ေၾကာင္း မ်က္လုံးအဝိုင္းသားႏွင့္ ၾကည့္ေနေလသည္။
August : “ ဟိုဘက္အိမ္က အသံဆိုတာ ဘာကို…?’
Claire လည္း သူမသမီး၏ တုံ႔ျပန္မႈအား မၾကည့္ရက္သျဖင့္ တိတ္ဆိတ္မႈထဲ ခဏတာ အရွိန္ယူၿပီးမွ ေျပာစရာရွိတာကို ဆက္ေျပာႏိုင္၏။
“ Betty ေလ…ကေလးမေလး…သူ႔လက္ေကာက္၀တ္ကို သူလွီးလိုက္လို႔တဲ့… ေဆး႐ုံကားက လာေခၚသြားၿပီ “
August : “……………”
ထိတ္လန႔္မႈေၾကာင့္ August ရယ္ အာ႐ုံေၾကာတစ္ခု ထိခိုက္ခံရသလို စကၠန႔္အနည္းငယ္ၾကာ ဆြံ႕အသြားေလသည္။
သူမငယ္ငယ္တုန္းက ဓာတ္လိုက္ခံရဖူးတာကို August အမွတ္ရမိ၏။ ဓာတ္လိုက္ခံရၿပီး အေနာက္သို႔ လြင့္စင္ထြက္သြားသည့္ သုံးစကၠန႔္အတြင္း ကမာၻႀကီးလည္ေနတာ ရပ္တန႔္သြားရင္း သူမ အေတြးမ်ားအားလုံးလည္း ရပ္တန႔္သြားေလသည္။ ထိုသတင္းကို ၾကားလိုက္ရသည့္ ခံစားခ်က္က အဲ့ဒီတုန္းက ဓာတ္လိုက္ခံရတဲ့ ခံစားခ်က္နဲ႔ တစ္ထပ္တည္းပါလားဟု August ေတြးလိုက္မိသည္။
တစ္ခုပဲ ကြာျခားတာရွိခဲ့ရင္…Betty သတင္းက ပို၀မ္းနည္းစရာေကာင္းခဲ့တာ…?
……………………………….…………….……………………………………………………………………….……………………………
August…Betty ကို ေတြ႕ရမွာ ေၾကာက္ေန၏။ သူရဲ႕ ကိုယ့္ကိုကိုယ္အျပစ္တင္စိတ္ေၾကာင့္ Betty ကို မေတြ႕ခ်င္ပါေခ်။
“ Betty အဲ့လိုျဖစ္ရတာ သူ႔ေၾကာင့္ “ ဆိုတဲ့စကားကို တစ္ဦးတစ္ေယာက္ဆီကမ်ား သူမၾကားရလွ်င္ ထိုေနရာမွာပင္ လဲက်သြားၿပီး ဘယ္ေတာ့မွ ျပန္ႏိုးလာမွာမဟုတ္ဘူးဟု ခံစားရေလသည္။ ထို႔ေၾကာင့္ သူ႔အေမ Claire က ေဆး႐ုံသြားရန္ ခဏခဏေခၚေသာ္လည္း မလိုက္သြားပဲ Betty ကို တတ္ႏိုင္သမွ် ေရွာင္ေနေတာ့သည္။ သူမအေမကိုပဲ
“ Betty ေနေကာင္းရဲ႕လား? “ဟု ေန႔စဥ္ေန႔တိုင္း တဖြဖြ ေမးတတ္၏။ ေနာက္ဆုံးတြင္ကား Claire မွာ စိတ္မရွည္ေတာ့ဘဲ…
“ ကဲ…ဒီေလာက္ေတာင္ စိတ္ပူရင္လည္း ေဆး႐ုံကို သြားၾကည့္ေလ…ဘာလို႔ ေဆး႐ုံကိုက် မသြားတာလဲ?!…
ဟိုကလည္း နင့္ပဲ ေန႔တိုင္းေမးေနတာပဲ”
သို႔ေသာ္ Betty ေဆး႐ုံတြင္ ရွိေနတုန္းကေတာ့ ေနာက္ဆုံးတစ္ခါဟု သူ႔ကိုယ္သူ အယုံသြင္းရင္း သြားေတြ႕လိုက္ပါေသးသည္။
Betty မွာ ခုတင္ေပၚတြင္ စာအုပ္ဖတ္ရင္း ထိုင္ေနေလ၏။ August အခန္းထဲ၀င္လာေတာ့ ထို ပန္းၿခံထဲတြင္ တစ္ခါေတြ႕ခဲ့ရာက ေမ့ေဖ်ာက္မရခဲ့ေသာ Betty ရဲ႕ ဝိုးတဝါး အၿပဳံးက သူမမ်က္ႏွာေပၚတြင္
ေနရာတက် ျပန္ေရာက္ေနျပန္သည္။
“ ေဟး…နင္ ေပၚလာေသးသားပဲ…”
August က တစ္ခြန္းမွျပန္မေျပာဘဲ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာရင္း အခန္းထဲမွ ခုံတစ္လုံးအား Betty ရဲ႕ ခုတင္ေဘးသို႔ ဆြဲယူလာၿပီး ထိုင္လိုက္ေလသည္။ Betty က August စိတ္ဆိုးေနမွန္း ရိပ္မိတာေၾကာင့္-
“ …နင္ သိလား?… ငါ ႏိုးလာရင္ အရင္ဆုံး ျမင္ရမွာက နင့္မ်က္ႏွာေလးပဲလို႔ ထင္ေနတာ…ဒါေပမယ့္ ျမင္လိုက္ရတာက ငါ မျမင္ခ်င္ဆုံး ငါ့အေဖမ်က္ႏွာႀကီး ျဖစ္ေနပါေလေရာ…”
August က ဘာမွျပန္မေျပာပဲ တိတ္ဆိတ္မႈထဲမွာပဲ မလႈပ္မယွက္ ထိုင္ေနဆဲ။
ၿပီးေတာ့…အဓိပၸာယ္မ်ားစြာပါေသာ္လည္း တစ္ခုကိုမွ ေဖာ္မရႏိုင္ေသာ အၾကည့္တစ္မ်ိဴးႏွင့္ Betty ကို ေငးစိုက္ၾကည့္ေန၏။
Betty : “ …အဲ့လိုႀကီးပဲ ၾကည့္မေနပါနဲ႔ဟာ…တစ္ခုခုေတာ့ ေျပာဦးမွေပါ့…”
August : “………”
အၾကည့္ေတာ့ လႊဲလိုက္ေသာ္လည္း ဘာမွေတာ့ ျပန္မေျပာေသးေခ်။ Betty က အတတ္ႏိုင္ဆုံးျဖင့္ သူ႔အသံကို
႐ႊင္ပ်ေအာင္ ထားရင္း ႀကိဳးစားေျပာေန၏။
“…ဒါနဲ႔ …နင္လည္း ေတာ္ေတာ္လုပ္ရက္တာပဲ…ငါ ေဆး႐ုံေရာက္သြားမွန္း သိရက္သားနဲ႔ေတာင္ ခ်က္ခ်င္းမလာဘဲ အခုမွ ေရာက္လာရတယ္လို႔…ငါကျဖင့္ မနက္ျဖန္ဆို ေဆး႐ုံေတာင္ ဆင္းရေတာ့မွာေလ…”
ေနာက္ဆုံးေတာ့ August ရဲ႕ အက်င့္အတိုင္းပါပဲ။ သူေျပာခ်င္သည့္ စကားလုံးမ်ား ျပည့္ႏွက္လာသည့္အခါ ဘာကိုမွမေျပာေတာ့ေပ။ အရာအားလုံးကို မ်ိဳခ်လိုက္ရင္း August ရယ္ သက္ျပင္းတစ္ခ်က္သာ ခ်လိုက္၏။
ထို႔ေနာက္-
“ နင္ ဘာမွမျဖစ္ရင္ပဲ ေတာ္ပါၿပီ…ငါ သြားေတာ့မယ္…” ဟု တိုးညင္းစြာေျပာေလသည္။
Betty က လွည့္ထြက္သြားေသာ August လက္ကို ဖမ္းဆြဲရင္း-
“…ေဒါသထြက္ရင္လည္း ထြက္လိုက္ပါဟာ… အဲ့ဒီလို လွည့္ထြက္သြားတာက ပိုဆိုးတယ္…”
August က လွမ္းဆြဲထားသည့္ Betty လက္ကို ဆတ္ခနဲ ခါထုတ္လိုက္ေလသည္။
ထို႔ေနာက္ သူထိုင္ဖို႔ ဆြဲယူလာေသာ ခုံကို စားပြဲနားတြင္ ျပန္ထားေနရင္းက-
“…မွတ္မိေသးလား?… အရင္တစ္ခါက နင္ငါ့ကို ပန္းၿခံထဲမွာ ေျပာခဲ့တဲ့ စကား?…အဲ့ဒါ…အမွန္ပဲထင္တယ္”
ဟု Betty ကို မၾကည့္ဘဲ ေခါင္းငုံ႔လ်က္ ေျပာေန၏။
August ၏ ခပ္စိမ္းစိမ္း အျပဳအမူမ်ားေၾကာင့္ Betty လုပ္ယူထားရသည့္ ႐ႊင္ပ်ေသာ အသံသည္လည္း ျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားေတာ့သည္။
Betty က သူ႔မ်က္လုံးေထာင့္တြင္ မ်က္ရည္မ်ား စိုစြတ္လာေသာ္လည္း ငိုသံမပါေအာင္ ထိန္းေျပာေလ၏။
“ …ဘာကလဲ?…”
August :“ ငါလည္း သူတို႔ကိုယ္သူတို႔ ျဖတ္ေတာက္ေနတဲ့သူေတြ အနားမွာ မေနခ်င္ေတာ့ဘူး “
ထိုေန႔ ထိုပန္းၿခံထဲက ျမင္ကြင္းအတိုင္းပဲ August ထြက္ခြာသြားျပန္၏။ Betty မွာ သူ႔ေနာက္ေက်ာကို ေငးၾကည့္ရင္း က်န္ခဲ့ေလ၏။ ဒီတစ္ခါေတာ့ တစ္ေအာင့္ၾကာသြားလည္း သူမ ျပန္မလာခဲ့ပါေခ်။
Betty ေနျပန္ေကာင္းသြားေသာအခါ သူမအေဖ Joe က သူ႔အိမ္သို႔ ျပန္ေခၚသြားေလသည္။ ထိုအခ်ိန္မွစ၍ August လည္း Betty ႏွင့္ အေနေဝး၍ မၾကာမၾကာ မေတြ႕ရေတာ့ပါေခ်။ Betty က အိမ္လာဖို႔ေခၚလွ်င္လည္း မသြား ၊ သူ႔အိမ္လာလည္ရင္လည္း အျပင္သြားစရာရွိတယ္ဟုဆိုကာ ေရွာင္ထြက္သြားတတ္၏။ မၾကာမၾကာ ဖုန္းလည္းမကိုင္ ၊ စာလည္းမျပန္ပဲ စည္းျခားၿပီး ခပ္ေဝးေဝးတြင္ ေနရစ္လိုက္ေတာ့သည္။ ေရွာင္လႊဲမရသည့္အဆုံး
ေတြ႕ရသည့္အခါ၌လည္း August ကား သူစိမ္းတစ္ေယာက္လိုသာ ျပဳမူေနတတ္သည္။ အရင္လို စကားလည္း
ေကာင္းေကာင္းျပန္မေျပာေတာ့ပါေခ်။ Bettyရယ္ ဘယ္လိုပင္ ေတာင္းပန္ပန္ ၊ ဘယ္လိုပင္ ကတိေတြေပးေပး
အသုံးမ၀င္ေတာ့သလို August မွာ Betty ႏွင့္ ခပ္လွမ္းလွမ္းမွာသာ ရွိေနခ်င္ေတာ့သည္။
ဤကဲ့သို႔သာ August တစ္ေယာက္ Betty ကို သစ္စိမ္းခ်ိဳး ခ်ိဳးေနခဲ့သည္မွာ ႏွစ္ႏွစ္ေက်ာ္၍ သုံးႏွစ္ခန႔္ပင္ ျပည့္ေလာက္ပါၿပီ။ သို႔ေသာ္…လြန္ခဲ့ေသာ တစ္လကမွ သူမအေဖ အသည္းအသန္ျဖစ္သည့္အခါ…
August မွာ Betty ရယ္ သူမအေမ ဈာပနတုန္းက ကိစၥလို ထပ္ျဖစ္မွာစိုးရိမ္ၿပီး သူမနားသို႔ ျပန္ေရာက္လာျခင္း ျဖစ္ေလသည္။ Betty လည္း သူ႔နားကို August ဘာလို႔ ျပန္ေရာက္လာလဲဆိုတာ ေကာင္းေကာင္းသိပါ၏။ သို႔ေသာ္ သူ႔အတြက္ကား August ဘာေၾကာင့္ ျပန္ေရာက္လာလာ အေရးမႀကီးခဲ့ပါ။
“ ဒီအတိုင္း ျပန္ၿပီးအတူတူရွိေနရရင္ လုံေလာက္ၿပီ “ဟု သူေတြးထား၏။
………………………………………………………………………………………………………
ေနာက္ေန႔မနက္ခင္းေရာက္ေသာအခါ August ေခါင္းအနည္းငယ္ကိုက္ရင္း အေအးမိခ်င္သလိုျဖစ္ေန၏။
ညက အိပ္မက္ဆိုးမက္ၿပီး ႏိုးလာရင္းနဲ႔ ျပန္မအိပ္ေသာေၾကာင့္ အိပ္ေရးမ၀ျခင္း ျဖစ္ေပမည္။ ၿပီးေတာ့ မိုးေလေအးေတြ တိုးေဝွ႔ေနသည့္ ျပတင္းေပါက္နားတြင္ ရပ္ရင္း Betty အေၾကာင္း အခ်ိန္ေတာ္ေတာ္ၾကာ
ေတြးေနမိရာက အခုေတာ့ ႏွာေစးခ်င္သလိုလို ၊ ေခ်ာင္းဆိုးခ်င္သလိုလို ျဖစ္ေနေလသည္။သို႔ေသာ္ သင္တန္းပ်က္ရင္ သူမအေမ စိတ္ပူေနဦးမည္ေတြးၿပီး အတန္းကိုေတာ့ ေရာက္ေအာင္လာခဲ့ေလ၏။
အတန္းထဲေရာက္ေတာ့ Shay , Mary ႏွင့္ Ronan တို႔က ေနာက္ဆုံးခုံတြင္ထိုင္ေနရင္း သူတို႔ထုံးစံအတိုင္း အေရးမပါေသာ တစ္စုံတစ္ရာအေပၚ အခ်င္းမ်ားေနၾကသည္။
August ခုံတြင္ ၀င္ထိုင္လိုက္လွ်င္ခ်င္း-
Mary : “ August…နင္ ဒါကိုၾကည့္ၾကည့္…”
August လည္း “ဇာတ္လမ္းကေတာ့ စၿပီ” ဟုေတြးရင္း-“ ဘာလဲ?…ျပေလ “ ဟုသာ
ၿပဳံးကာ ေျပာလိုက္၏။
Ronan : “ ငါ ျပမယ္…ဒီမွာ… “
Mary ၏ ေႏွးတုံ႔ေႏွးတုံ႔ လုပ္ေနပုံကို စိတ္မရွည္သျဖင့္ သူ႔လက္ထဲမွ tablet ကို ဆြဲယူရင္း ေျပာေနေသာ Ronan ၏ အသံျဖစ္သည္။ Shay က ပုံမွန္ဆိုလွ်င္ အသံအက်ယ္ဆုံးျဖင့္ စကားဝိုင္းထဲမွာပါ၀င္ ျငင္းေနတတ္ေသာ္လည္း ဒီေန႔ေတာ့ သူ႔မွာအိမ္စာမၿပီးေသး၍ ဘာမွ၀င္မေျပာအားေပ။ Ronan ျပေသာပုံမွာ August တစ္ခါမွမျမင္ဖူးေသာ မင္းသားတစ္ေယာက္ပုံျဖစ္သည္။ သူတို႔ ျငင္းေနၾကသည္မွာ ထိုမင္းသား ( Plastic Surgery )ပလတ္စတစ္ ဆာဂ်ရီ လုပ္ထားမထား ျငင္းေနၾကျခင္း ျဖစ္ေလ၏။
Ronan :“ August…နင္ သူ႔ကို ၾကည့္လိုက္ရင္ ဆာဂ်ရီလုပ္ထားတဲ့သူနဲ႔ တူေနလား? “
August : “ မသိဘူးေလ…အဲ့ဒါကို ငါက ဘယ္လိုလုပ္…”
Ronan က zoom တစ္ခ်က္ဆြဲလိုက္ၿပီး-“ သိသာပါတယ္ဟာ…နင္ကလည္း ေသခ်ာၾကည့္ပါဟ “ ဟုထပ္ေျပာသည္။ August က ဘာေျပာရမွန္းမသိပဲ ျဖစ္ေန၏။
Mary : “ နင္ပဲ သိသာေနတာ…ေမွာ္မ်က္လုံးနဲ႔မ်ား ၾကည့္ေနတာလား?! “
Shay : “ သူ႔ပိုက္ဆံနဲ႔သူ ဆာဂ်ရီပဲလုပ္လုပ္ ၊ မာက်ဴရီရည္ပဲ ၀ယ္ေသာက္ေသာက္ ၊ဘ႐ိုမင္းရည္ပဲ ၀ယ္လိမ္းလိမ္း နင္တို႔နဲ႔ ဘာဆိုင္လို႔လဲ?! နားၿငီးလာၿပီ…စာမၿပီးေသးရတဲ့ၾကားတဲ့!!”
သူအိမ္စာမၿပီးေသးသျဖင့္ အဆုံးတြင္ ရပ္ကြက္ပတ္ရမ္းေနေသာ Shay ၏ အသံျဖစ္ေလသည္။ အဲ့ဒီအခ်ိန္တြင္ အျခားဆရာတစ္ေယာက္က အခန္းထဲ၀င္လာသျဖင့္ တစ္ခန္းလုံး ဆူညံေနရာက ႐ုတ္တရက္ တိတ္ဆိတ္သြားေတာ့၏။
“ မင္းတို႔ ဆရာက ေနမေကာင္းလို႔ ဒီေန႔မလာႏိုင္ဘူးတဲ့…အတန္းမရွိေတာ့ဘူး…ျပန္လို႔ရၿပီ “
တစ္တန္းလုံး ထေအာ္ၾကရာ…ေဘးအခန္းက ေက်ာင္းသားမ်ားပင္ လွည့္ၾကည့္ၾကေလ၏။
အျခားဆရာက-
“ ဟဲ့…ဆရာ ေနမေကာင္းတာကို…ဘာကိစၥေပ်ာ္ေနတာလဲ?! “ဟု ေအာ္ေငါက္ရင္း အတန္းထဲမွ ျပန္ထြက္သြားေလသည္။ Shay လည္း သူၾကည့္ကူးေနေသာ အိမ္စာစာအုပ္ကို ဝုန္းကနဲပိတ္လိုက္ရင္း-
“ ဒါေပါ့…ငါလည္း ေရးၿပီးေရာ မလာေတာ့ဘူး “
Mary : “ကဲ…ဘယ္ကိုသြားၾကမလဲ ခ်စ္သူငယ္ခ်င္းတို႔?!”
Ronan : “ နင္ ၀ယ္ေကြၽးမယ့္ ဘယ္ဆိုင္ကိုပဲျဖစ္ျဖစ္ သြားမယ္ေလ “
Mary :“ အင္း…ငါ့ကို အေပါင္ထားခဲ့ရင္ေတာ့ နင္တို႔ တစ္နပ္စာ ရႏိုင္မွာပါ…စာနာစိတ္မရွိရင္ေတာ့လုပ္ၾကေပါ့…”
Mary ႏွင့္ Ronan က သူတို႔ႏွစ္ေယာက္သား ေျပာရင္း ရယ္ေနၾကေလသည္။
Shay : “ August…ဘယ္ကို သြားၾကမလဲ?…”
August :“ ငါ သိပ္ေနလို႔မေကာင္းဘူးဟ…အိမ္ပဲျပန္ေတာ့မယ္…နင္တို႔ပဲ သြားလိုက္ၾကပါ “
Shay : “ နင္ကလည္း လာစမ္းပါဟ…”
August :“ တကယ္ ေနမေကာင္းလို႔ပါ…ေနာက္ေန႔က်မွပဲဟာ…ေနာ္…”
ဤသို႔ျဖင့္ August လည္းအိမ္သို႔ ျပန္ေရာက္လာခဲ့၏။အိမ္ေရွ႕တံခါးတြင္ ေရွ႕တြင္က်ေနသည့္
သတင္းစာကို ေကာက္ယူရင္း အိမ္ထဲသို႔ ၀င္လာခဲ့သည္။ တံခါးဖြင့္ၿပီး အိမ္ထဲသို႔ ၀င္လွ်င္၀င္ခ်င္း-
ဧည့္ခန္းထဲတြင္ သူမအေမ Claire ရယ္ ၊ သူမေမာင္ Vincentႏွင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ စကားေျပာေနေသာ Betty ကို ေတြ႕လိုက္ရသည္။ Betty မွာကား အ၀င္ေပါက္ကို ေက်ာေပးထိုင္ထားသျဖင့္ August ကို မျမင္ေခ်။
August ၀င္လာေတာ့ Claire က တအံ့တဩျဖင့္-
“ August…ျပန္လာတာ ေစာလွခ်ည္လား?! “ ဟု ေမးလိုက္၏။
Claire စကားၾကားမွပဲ Betty လည္း August ေရာက္ေနမွန္းသိၿပီး တစ္ခ်က္ေနာက္လွည့္ၾကည့္၏။
August : “ အင္း…ဆရာက ေနမေကာင္းဘူး …”
Claire : “ ဪ…အင္း…ဒီမွာ…Betty လည္း ေရာက္ေနတယ္ေလ…”
August က “ အင္း “ ဟုသာ ဆိုရင္း ေခါင္းညိမ့္ျပ၏။ Claire မွာ ေကာ္ဖီလက္က်န္ကို ၿပီးျပတ္ေအာင္ေသာက္ရင္း “…ခဏေနာ္…မင္းတို႔စားဖို႔ အန္တီမုန္႔တစ္ခုခု သြားလုပ္ေပးမယ္ “ ဟုေျပာကာ မီးဖိုခန္းထဲသို႔ ၀င္သြားေတာ့သည္။
Vincent ကေတာ့ Betty ႏွင့္ စကားဆက္ေျပာေနေလသည္။
Vincent : “ ဒါဆို နင္က အခု Julie တို႔ အိမ္မွာပဲ ဆက္ေနမွာေပါ့?
ေကာ္ဖီတစ္ငုံကို ေသာက္လိုက္ကာ“ အင္း…” ဟု Betty ေျဖလိုက္သည္။
August က သူ႔လြယ္အိတ္ကို Betty အေရွ႕က စားပြဲေပၚ တမင္ ဒုန္းခနဲ ပစ္ခ်ရင္း သူ႔ေဘးရွိခုံတြင္ ၀င္ထိုင္လိုက္ေလသည္။ ထိုအသံေၾကာင့္ Betty လည္း လန႔္သြားၿပီး ေကာ္ဖီေသာက္ေနရာမွ သီးမလိုပင္ ျဖစ္သြား၏။
Betty က သူ႔စကတ္အေပၚ ဖိတ္က်သြားတဲ့ ေကာ္ဖီစက္အခ်ိဳ႕ကို တစ္သွ်ဴးျဖင့္ သုတ္ရင္း-
“ August!!…နင္ ေတာ္လိုက္ေနာ္ “ ဟု ခပ္ဆတ္ဆတ္ ေအာ္လိုက္၏။
August : “ ……… “
Vincent လည္း ရာသီဥတုမသာယာသျဖင့္ ဘာမွဆက္မေမးေတာ့ဘဲ ထိုင္ရာမွ ထသြားေလေတာ့သည္။
August : “ နင္ ဒီမွာ ဘာလာလုပ္ေနတာလဲ? “
Betty : “ နင္ ငါ့ကို စကားေကာင္းေကာင္း မေျပာေတာ့တာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ နင္သိလား?!”
August : “ နင္ ေဆး႐ုံေရာက္ၿပီး ေသမလိုျဖစ္ခဲ့တဲ့ ေန႔ကေန စတြက္ရင္လား?!…သုံးႏွစ္ေလာက္ေတာ့ ရွိၿပီေပါ့?”
Betty : " August!!! "
August : " တိုးတိုးေျပာ…ဒီမွာ လာေအာ္မေနနဲ႔!!…"
Betty လည္း August စကားေၾကာင့္ အနည္းငယ္ ၿငိမ္သက္သြား၏။ သူတို႔ႏွစ္ေယာက္ အတန္ၾကာ ဘာစကားမွမေျပာပဲ ၿငိမ္ေနၾကေလ၏။ တေအာင့္မွ်ၾကာမွ August က " လာ…ထ " ဟုဆိုရင္း Betty လက္ကို
ဆြဲကိုင္လိုက္ေလသည္။
Betty : " ဘယ္ကိုလဲ? "
August : " ေရကန္ျပာဆီက တံတားေပၚကို…ခဏေလာက္ လမ္းေလွ်ာက္လိုက္ခဲ့ "
………………………………………………………………………………………………………
ေ႐ႊအိုေရာင္ ေရာင္ျခည္မ်ားေၾကာင့္ August ၏ မ်က္လုံးစိမ္းမ်ားမွာ ခါတိုင္းထက္ပင္ အေရာင္လက္ေနသည္ဟု ထင္ရေလသည္။ သူမ၏ လည္ပင္း ႏွင့္ နားႏွစ္ဖက္ေပၚတြင္ ဝဲက်လ်က္ရွိေသာ အနက္ေရာင္နက္နက္ ေပ်ာ့ေျပာင္းေျပာင္း ဆံေခ်ာင္းမ်ားႏွင့္ တစ္ခ်ိဳ႕ေသာ ဆံလိပ္ေခြမ်ားမွာ လြင့္ခ်င္တိုင္းလြင့္ေနေသာ္ျငား ေလၿငိမ္သြားလွ်င္ သူတို႔၏ပုံမွန္ေနရာမ်ားဆီသို႔ သဘာ၀က်က် ျပန္လဲက်သြားတတ္၏။
Betty မွာေတာ့ သူမရဲ႕ ေ႐ႊအိုေရာင္ဆံပင္ရွည္မ်ားကို ျဖစ္သလို ရစ္ပတ္ထုံးဖြဲ႕ထားေလသည္။ ထို႔ေၾကာင့္ လြတ္ထြက္က်ေနေသာ ဆံစတစ္ခ်ိဳ႕မွာ မနက္ခင္း ေလေျပ၏ က်ီစယ္မႈေၾကာင့္ သူမ၏ မိုးျပာေရာင္ မ်က္လုံးေတြေပၚႏွင့္ ႏွင္းဆီေရာင္ ပါးျပင္ႏွစ္ဖက္ေပၚတြင္ သေဘာရွိ ေျပးလႊားေနေတာ့သည္။
ထိုေန႔က Betty မွာ အညိဳညစ္ေရာင္ ကုတ္အက်ႌရွည္ႏွင့္ ေအာက္ခံအျဖဴေရာင္တီရွပ္တစ္ထည္ ႏွင့္ ဂ်င္းျပာစကတ္တိုကို ၀တ္ဆင္ထားခဲ့ၿပီး August ကား စိမ္းျပာက်ားဆြယ္တာ ၊အနက္ေရာင္ဂ်င္းမ်ားကို ၀တ္ဆင္လ်က္ မာဖလာ အနီထည္အား သူမလည္ပင္းတြင္ ပတ္ထားခဲ့၏။ စိုစြတ္စြတ္ သစ္သားတံတားေပၚတြင္ကား ငွက္တခ်ိဳ႕မွလြဲ၍ သူမတို႔ႏွစ္ေယာက္အျပင္ ဘယ္သူမွမရွိခဲ့ပါေခ်။ Betty ရဲ႕ ေခါင္းစေျခအဆုံးကို သူ အလြတ္ေျပာႏိုင္သလိုမ်ိဳး ထိုေန႔၏ အရာအားလုံးကို August အစအဆုံး မွတ္မိေနေသးပါသည္။ တျဖည္းျဖည္း အသက္ရႉၾကပ္စရာ ေကာင္းလာေသာ တိတ္ဆိတ္မႈကို Betty က ၿဖိဳခြင္းလိုက္၏။
“…August…ငါ နင္နဲ႔ရန္မျဖစ္ခ်င္ေတာ့ဘူး… နင္ ဒီလိုႀကီး စိမ္းကား ေနတာကိုလည္း ငါ မႀကိဳက္ဘူး…ဒီအတိုင္း အားလုံးကို ေမ့ၿပီး…ငါတို႔ အဲ့ဒီ…အဲ့ဒီ ရႈပ္ေထြးတဲ့ျပႆနာေတြ ဘာမွမရွိခဲ့တဲ့ အခ်ိန္ကိုပဲ ျပန္သြားလို႔ မရဘူးလား?”
ခ်စ္သူေတြက လမ္းခြဲတဲ့ေန႔မွာ ပိုလွေနတတ္ၾကတာလားေတာ့ မသိေပမယ့္ သူတို႔ႏွစ္ေယာက္ၾကားထဲမွ ကသိုးကေအာက္ျဖစ္စရာ တိတ္ဆိတ္မႈႀကီးကေတာ့ မုန္တိုင္းေတြကို လက္ယပ္ေခၚေနသေယာင္ေယာင္။
August က Betty ပါးျပင္မ်ားကို ကိုင္တြယ္ရင္း တိုးညင္းစြာ ေျပာေန၏။
August :“…ျပႆနာေတြက ရွိခဲ့တယ္ေလ…Betty…နင္လည္း ကိုယ့္ကိုကိုယ္ အဆုံးစီရင္ဖို႔ လုပ္ခဲ့တယ္…”
Betty : “ ဒါေပမယ့္ ငါ အခု ဒီမွာ ရွိေနတယ္ေလ…အဲ့ဒါကေရာ နင့္အတြက္ အေရးမပါဘူးလား? “
August က Betty ပါးျပင္ေပၚမွ သူ႔လက္မ်ားကို ျပန္႐ုတ္သိမ္းလိုက္၏။ ဘာမွေတာ့ ျပန္မေျပာ။
Betty : “ August…နင္ မႀကိဳက္တဲ့ အဲ့ဒီျဖတ္ေတာက္တာေတြလည္း ငါ မလုပ္ေတာ့ပါဘူး…ငါ ကတိေပးပါတယ္…ဒီအတိုင္း ဒီေလာက္နဲ႔ပဲ ငါ့ဆီကို ျပန္လာခဲ့ပါေတာ့”
August : “ ငါ နင့္ကို မယုံဘူး Betty…နင့္ရဲ႕ အဲ့ဒီလို မတည္မယ့္ ကတိေတြကိုလည္း ဆက္ၿပီး မယုံခ်င္ဘူး”
Betty : “ …ငါေတာ့ နင္ငါ့ကို ဒီေလာက္ထိ မသိေတာ့တာကိုပဲ မယုံႏိုင္ဘူး…”
August : “ မသိဘူး…Betty…ငါ မသိေတာ့ဘူး…နင္ အခုအခ်ိန္ထိ ေသခ်င္ေနတုန္းပဲလားဆိုတာလည္း ငါ မသိဘူး… ဘယ္အခ်ိန္ ေသခ်င္မယ္ဆိုတာကိုလည္း ရင္တထိတ္ထိတ္နဲ႔ လိုက္ၿပီး ခန္႔မွန္းမေနႏိုင္ေတာ့ဘူး…နင္ေသခ်င္တဲ့ အခ်ိန္တိုင္းလည္း ငါ ထပ္ၿပီး ေျပးလာေပးဖို႔ ယုံၾကည္ခ်က္ မရွိဘူး… ကုန္ကုန္ေျပာရရင္ အခုအခ်ိန္မွာေတာင္ နင္ အေရွ႕က ေရကန္ႀကီးထဲေျပးၿပီး ခုန္ခ်ခ်င္ေနတာလား ငါမေျပာတတ္ဘူး…နင့္ကို ဘယ္လိုကယ္ရမွန္းလည္း ငါမသိေတာ့ဘူး…”
Betty : “ ……… “
August : “………အဲ့ဒါေတြ…အားလုံး…ဘယ္လိုမ်ား အဲ့ဒါေတြ အားလုံးကို ေမ့ၿပီး… ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ရမလဲ?! “
Betty : “………”
August : “ ……နင္ အခုထိလည္း နားမလည္ေသးဘူးလား?…Betty? ငါက နင့္ အနားမွာ အၿမဲတမ္းရွိေနႏိုင္မွာ မဟုတ္ဘူးေလ…နင္ ဒီလိုေတြ ဆက္လုပ္ေနရင္ ငါ မရွိေတာ့……”
August က သူစကားေျပာမွားသြားမွန္း သူ သိလိုက္၏။
……ငါ…တကယ္လို႔ မရွိေတာ့တဲ့အခါက် နင္ ဘယ္လိုလုပ္မွာလဲ?…”
Betty : “ နင္ ဘာကိုေျပာခ်င္ေနတာလဲ?! “
August က သူ Betty ကို လိမ္ဖို႔ႀကိဳးစားလည္း အသုံးမ၀င္မွာကို သိပါ၏။ ဒီကမာၻေပၚမွာ သူ႔ကို Betty ထပ္ပိုၿပီးသိတဲ့သူ မရွိသလို Betty ကိုလည္း သူ႔ထပ္ပိုၿပီးေတာ့ ဘယ္သူမွသိႏိုင္မွာ မဟုတ္ပါဘူး။ ဆက္ၿပီးလည္း ဖုံးကြယ္မထားခ်င္ထားေၾကာင့္ August လည္း အမွန္တိုင္း ေျပာျပဖို႔ ဆုံးျဖတ္လိုက္သည္။
August : “……ငါ……”
Betty : “ August…ငါ့မ်က္ႏွာကို ၾကည့္ၿပီး…ေမးေနတာကို ေျဖပါဟာ”
August : “……ငါ………”
Betty : “ နင္ … ဘာလို႔ တစ္ေနရာရာကို ထြက္သြားမယ့္လူလိုမ်ိဳး စကားကို ေျပာေနတာလဲလို႔…?!”
August မွာ Betty ဘက္သို႔လွည့္ကာသူမ မ်က္လုံးမ်ားထဲသို႔ နက္နက္ရႈိင္းရႈိင္းၾကည့္လိုက္၏။
“ Betty…ငါ ျပင္သစ္ကို သြားရေတာ့မယ္ “
August ရဲ႕ အသံမွာ ေၾကကြဲဖို႔ေကာင္းေသာ္လည္း သူေျပာလိုက္ေသာ စကားလုံးမ်ားက ပို၍ပင္ ေၾကကြဲစရာ ေကာင္းေနသည္ဟု Betty ေတြးမိလိုက္ေသးသည္။ Betty က အတန္ၾကာ ဘာမွ ျပန္မေျပာပါေခ်။
“…………………”
Betty ၏ တိတ္ဆိတ္သြားမႈႏွင့္အတူ တစ္ေလာကလုံး ရပ္တန႔္သြားသလို August ခံစားလိုက္ရ၏။ Betty ဆိုသည္မွာ August အတြက္ေတာ့ အၿမဲတမ္း ကမာၻႀကီးတစ္ခုလို ျဖစ္ခဲ့သည္ မဟုတ္ပါလား။ ထိုစဥ္August ဆြဲထားေသာလက္ကို Betty က ျဖဳတ္ခ်လိုက္ေလသည္။ ထို႔ေနာက္ Bettyဆီမွ ခပ္တိုးတိုး ခနဲ႔တဲ့တဲ့ ရယ္သံတစ္ခုကို August ၾကားလိုက္ရ၏။
Betty : “ …အခုမွပဲ ငါ အားလုံးကို သေဘာေပါက္သြားေတာ့တယ္ “
August က Betty ကို နားမလည္ႏိုင္သလို ၾကည့္ေန၏။
Betty : “ ေနာက္ဆုံးေတာ့…နင္က…နင္ ထြက္သြားရတာ စိတ္ေျဖာင့္ေအာင္ ငါ့ကို ေဘးကင္းကင္းနဲ႔ ထားခဲ့ခ်င္ေနတာပဲ…”
August : “…ဘာေျပာလိုက္တယ္?!…’
Betty : “…ဘာလဲ…၀န္ခံလိုက္စမ္းပါ…နင္ထြက္သြားဖို႔ အေၾကာင္းေပၚလာေတာ့ နင့္အတြက္ ငါက ၀န္ပိုတစ္ခုလို ေခါင္းရႈပ္ေနရတယ္မလား?!…ဒါေပမယ့္ အဲ့ဒီ ငါ့လက္ေကာက္၀တ္ကို ျဖတ္ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး နင္က အခုခ်ိန္ထိလည္း မဆီမဆိုင္၀င္ၿပီး အျပစ္ရွိသလို ခံစားေနရတုန္းေလ… အဲ့ဒါေၾကာင့္ နင္ ထြက္သြားခ်င္တာေတာင္ မထြက္သြားႏိုင္ပဲ တစ္ခ်ိန္လုံး ငါ့အနားမွာ တဝဲလည္လည္ရွိေနေပးရတာ မဟုတ္လား? နင္ သိထားရမွာက ငါ့ဘာသာ ေသေၾကာင္းႀကံစည္႐ုံမကလို႔ ဘာပဲလုပ္လုပ္ ငါ့ အေၾကာင္းနဲ႔ ငါပဲ…အဲ့ဒီျဖတ္တာကို နင့္ဆီက ပထမဆုံးပဲ ျမင္ခဲ့ျမင္ခဲ့ ေနာက္ဆုံး ငါ့လက္ေကာက္၀တ္ကို ငါျဖတ္တာက ငါ့ေ႐ြးခ်ယ္မႈနဲ႔ ငါပဲလို႔ ေျပာေနတာ…အရာရာတိုင္းက နင့္အေၾကာင္း မဟုတ္ဘူး…”
August မ်က္ႏွာျပင္တစ္ခုလုံးတြင္ မ်က္ရည္မ်ား ႐ႊဲနစ္ေနေတာ့၏။ သူမဘယ္တုန္းက မ်က္ရည္ေတြ အဲ့ေလာက္က်သြားသလဲပင္ သူ႔ကိုယ္သူ မယုံႏိုင္ေအာင္ ျဖစ္ေနသည္။ Betty လည္း သူ႔ေခါင္းထဲတြင္ ထိုအခ်ိန္က ဘာနတ္ဆိုး ၀င္သြားလည္းေတာ့ သူ မသိလိုက္။ ထိုအခိုက္အတန္႔မွာ သူမသိသည္က August အ႐ိုးထဲထိ နာက်င္သြားေအာင္ ေျပာလိုက္ရရန္သာ ျဖစ္၏။ ထို႔ေၾကာင့္ သူမ ေျပာေနလက္စ စကားကို မရပ္လိုက္ပါေခ်။
“…နင္က လတ္စသတ္ေတာ့ ငါေသသြားမွာကို ေၾကာက္ေနတာမဟုတ္ပဲ…ငါေသသြားရင္
နင့္အျပစ္ျဖစ္မွာကို ေၾကာက္ေနတာပဲ!!…”
August မွာ Betty ကို မ်က္လုံးအိမ္ေတြထဲ မ်က္ရည္မ်ားျပည့္လ်က္ စူးစိုက္ၾကည့္ေနေလသည္။ Betty ကလည္း စိတ္ကိုမေလွ်ာ့ပဲ August ရဲ႕ မ်က္၀န္းေတြထဲကို ေစ့ေစ့ၾကည့္ရင္း သူမအား အနာက်င္ဆုံး ျဖစ္ေစမည့္ စကားလုံးမ်ားကို ရွာေန၏။
“ နင္သိလား?…လက္စနဲ႔ ဒီလိုျဖစ္သြားတာ ေကာင္းတာေပါ့…ငါ့အတြက္ ဘာမွ မခံစားပဲနဲ႔ နင္ သြားခ်င္တဲ့ေနရာကို နင္ သြားခ်င္တဲ့အခ်ိန္ စိတ္ေျဖာင့္ေျဖာင့္နဲ႔သာသြားပါ…နင္နဲ႔ငါနဲ႔က ဘာမွလည္း မဟုတ္တာပဲ…”
August ရဲ႕ မ်က္ႏွာတစ္ျပင္လုံးေပၚတြင္ မ်က္ရည္မ်ား ႐ႊဲစိုလ်က္ ေက်ာက္႐ုပ္တ႐ုပ္လို ရပ္ေန၏။ ထိုအခိုက္အတန္႔တြင္ Betty မွာ ေဒါသေၾကာင့္ ဘာမွမျမင္ႏိုင္ေတာ့ပဲ သူ႔စိတ္ထဲရွိသမွ်ကို တစ္ခုမွမခြၽင္းခ်န္ဘဲ ထုတ္ေျပာလိုက္မိေလေတာ့သည္။
Betty : “…ဘာလို႔ လွည့္ထြက္မသြားေသးတာလဲ?…အဲ့ဒါ နင္အေတာ္ဆုံး အရာမဟုတ္ဘူးလား?… အရာရာတိုင္းဆီက ထြက္ေျပးရတာေလ”
August က သူ႔မ်က္ရည္မ်ားကို လက္ဖမိုးျဖင့္ တစ္ခ်က္သုတ္လိုက္ေလသည္။
August : “ နင္ ေသေသရွင္ရွင္ ငါ နင့္ကို ဘယ္ေတာ့မွျပန္မေတြ႕ရပါေစနဲ႔လို႔ ဆုေတာင္းတယ္ “ ဟု ေျပာရင္း
ေနာက္ထပ္… Betty ဆီမွ ထပ္ၾကားရမည့္ ဘယ္လိုစကားကိုမွ သူနားမေထာင္ႏိုင္ေတာ့ေသာေၾကာင့္ August မွာ Betty ကို ေက်ာခိုင္းကာ လွည့္ထြက္သြားခဲ့ေတာ့၏။
……………………………….…………….……………………………………………………………………….……………………………
ထိုေန႔ကား Betty ရယ္ August ကို ေနာက္ဆုံးေတြ႕လိုက္ရသည့္ ေန႔ျဖစ္၏။ ထိုေန႔မွစ၍ August ႏွင့္ Betty မွာ တစ္ခါမွမသိခဲ့ဖူးၾကသည့္ သူစိမ္းကဲ့သို႔ ျဖစ္သြားေလသည္။ သို႔ေသာ္ August က Betty အား ေနာက္တစ္ႀကိမ္ေတြ႕လိုက္ပါေသး၏။ Betty ကေတာ့ သူမကို မျမင္လိုက္ေခ်။ Betty ေျပာစကားမ်ားေၾကာင့္ နာက်င္ရသည္ဆိုေသာ္လည္း သူေျပာတာတစ္ခ်ိဳ႕မွာ အမွန္ျဖစ္ေန ေသာေၾကာင့္ ပိုနာက်င္ရျခင္း ျဖစ္ပါ၏။ သို႔ေသာ္ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ သူ Betty ကို သိပ္ခ်စ္ခဲ့ၿပီး အၿမဲတမ္းလည္း ဆက္ခ်စ္ေနဦးမယ္ဆိုတာကို သူမလည္းသိသလို Betty လည္း သိပါလိမ့္မညိ။
အခ်ိန္ကေတာ့ ဘယ္သူေတြ ဘယ္ေလာက္ပဲ နာက်င္ေနေန ရပ္တန႔္မသြားပဲ ဆက္လက္ေရွ႕ဆက္ေနဆဲ။ ကမာၻႀကီးမွာလည္း ယင္းအတိုင္းပင္ ။ ဘယ္သူေတြ ဘာပဲျဖစ္ျဖစ္ ဆက္လက္လည္ပတ္ေနၿမဲ။
ဘာလိုလိုႏွင့္ ေနာက္ထပ္ႏွစ္လ ကုန္သြားၿပီး ဩဂုတ္လပင္ ေရာက္လာ၏။
August ျပင္သစ္သို႔ ေက်ာင္းသြားတက္ရန္ ထြက္သြားရေတာ့မည့္ လပင္ျဖစ္ေလသည္။ August က သူမအေမႏွင့္ Vincent ကို ေလဆိပ္ထိ လိုက္မပို႔ရန္ အတင္းေတာင္းဆိုထား၏။ အေၾကာင္းမွာ သူမအေမႏွင့္ေမာင္ေလးႏွစ္ေယာက္တည္း ေလဆိပ္ထဲ လက္ျပက်န္ေနၿပီး သူမမွာကား လွည့္ထြက္သြားေသာ…ျမင္ကြင္းမ်ိဳး… ထိုျမင္ကြင္းမ်ိဳးကို August မျမင္ခ်င္ခဲ့ေသာေၾကာင့္ ျဖစ္ေလသည္။
Claire မွာ သေဘာမက်၍ အင္တင္တင္လုပ္ရင္းက ေနာက္ဆုံးမွာေတာ့ August သေဘာက်အတိုင္း Taxi ႏွင့္သာ August ကို ေလဆိပ္သို႔ လႊတ္ေပးလိုက္ရေလသည္။ ေလယာဥ္ထြက္ခ်ိန္က နီးေနၿပီး ပိတ္ရက္ညျဖစ္သျဖင့္ ညဘက္ကားလမ္းမ်ား ပိတ္ေနေလသည္။ ေနာက္ဆုံးတြင္ Taxi driver က
“ ျဖတ္လမ္းကပဲ သြားလိုက္ေတာ့မယ္ “ ဟု ေျပာရင္း တစ္ခုေသာ လမ္းခ်ိဳးထဲသို႔ ေကြ႕၀င္လာခဲ့ေလသည္။ August မွာ ထိုလမ္းအား ရင္းႏွီးေနပါသည္ဟု ကားျပတင္းမွန္အျပင္ဘက္သို႔ တစ္လမ္းလုံးတစ္ေလွ်ာက္လိုက္ၾကည့္ေနခဲ့ရာက သို႔ ေနာက္ဆုံးတြင္ Betty တို႔လမ္း ျဖစ္ေနမွန္း အမွတ္ရသြား၏။
တစ္အိမ္ၿပီးတစ္အိမ္ ျဖတ္ေက်ာ္ေမာင္းႏွင္လာရင္းက Betty အိမ္နားသို႔ နီးကပ္လာေလေလ August ႏွလုံးခုန္သံမ်ား က်ယ္ေလာင္လာေလေလ ျဖစ္ေန၏။ ေနာက္ဆုံးတြင္ေတာ့ Taxi မွာ Betty တို႔ အိမ္ေရွ႕ေရာက္လာေလေတာ့သည္။
Betty မွာ အိမ္ေရွ႕ဆင္၀င္ မီးဝါေရာင္ေအာက္ စားပြဲ၀ိုင္းတြင္ထိုင္လ်က္ August ရဲ႕ အေႏြးထည္ကို ၀တ္ထားရင္း စာအုပ္ထိုင္ဖတ္ေနေလသည္။ လွ်ပ္တျပက္သာေတြ႕လိုက္ရေသာ္လည္း ေနာက္ဆုံးအႀကိမ္မို႔ ပိုၿပီးဆို႔နင့္လာသလိုမ်ိဳး…Bettyကို မမုန္းႏိုင္သည္ကား အံ့ဩစရာလည္းေကာင္းသလို လူတစ္ေယာက္အေပၚ အဲ့ဒီေလာက္စြဲလမ္းမိတာလည္း ေၾကာက္စရာလည္းေကာင္းသည္ဟု August ေတြးေနမိ၏။
August ၏ မ်က္၀န္းမ်ားကား Betty ဆီတြင္ ေနရစ္ေသာ္လည္း August၏ ခႏၶာကိုယ္မွာေတာ့ Taxi ထဲ ပါသြားရင္း ေလဆိပ္ဆီ အခ်ိန္မီေရာက္ေအာင္ ေရာက္သြားခဲ့ပါ၏။
ထိုညကား Augustရယ္ Betty ကို သူမအေႏြးထည္ထဲတြင္ ေနာက္ဆုံးျမင္ေတြ႕လိုက္ရေသာ ဩဂုတ္ညပင္ ျဖစ္ေခ်ေတာ့၏။
𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦.
𝐿𝑎𝑑𝑜𝑛
~~~𝓣𝓗𝓔 𝓔𝓝𝓓~~~
August , Betty
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDeleteClicked💫
ReplyDeleteDone
ReplyDelete✿ ♡
ReplyDeletedone
ReplyDelete