BIRD
Unicode
(၁)
ငှက်တစ်ကောင်အကြောင်း ကျွန်တော်ပြောပြမယ်။
ဒါပေမဲ့ အစီအစဉ်မကျတဲ့ မှတ်ဉာဏ်အပိုင်းအစတွေမို့ နိဒါန်း၊ စာကိုယ်၊ နိဂုံး ဆိုပြီး အစိတ်အပိုင်းသုံးခုနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ စာစီစာကုံးတစ်ပုဒ်လိုမျိုး ဖတ်ရတာ ပြေပြစ်ညက်ညောမယ်လို့တော့ ကျွန်တော် အာမမခံနိုင်ဘူး။
အဲဒါက အစအဆုံးပြီးစီးပြီးသား ရုပ်ပုံဆက်ပဟေဠိကားချပ်တစ်ခုကို
စကောဝိုင်းထဲ ပစ်ထည့်၊ ရောမွှေ့လိုက်တဲ့ ဖြစ်ရပ်မျိုး၊ ဒါမှမဟုတ် ဦးခေါင်းခွံကိုခွဲ၊ ဦးနှောက်ကို ထုတ်ပြီး ကြိတ်စက်ထဲ ထည့်လို့ အရှိန်အပြင်းဆုံး မွှေကြိတ်ပစ်လိုက်တဲ့ အဖြစ်အပျက်မျိုးနဲ့ အလားသဏ္ဌာန်ဆင်တူတယ်။ ဒါကြောင့် ဒီအကြောင်းကို ပြောဖို့အတွက် ကျွန်တော် မနည်းပြန်စဉ်းစားခဲ့ရတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော် အခုပြောပြမှာက ငှက်ကလေးတစ်ကောင်ရဲ့ အကြောင်းပါ။
×
(၂)
ကျွန်တော် သူ့ကို ပထမဆုံးစတွေ့ခဲ့တာက မိသားစုထဲ ကျွန်တော်အချစ်ရဆုံး ဘွားဘွားဆုံးသွားတဲ့အချိန်မှာပါ။
အဲဒီအချိန်တုန်းက ကျွန်တော့်အသက် ၁၂နှစ်။ ကလေးသေးသေးလေးလည်း မဟုတ်တော့သလို
လူကြီးတစ်ယောက်လည်း မဖြစ်သေးဘဲ
ဆယ်ကျော်သက်လှေကားထစ်တွေကို
စတင်နင်းလျှောက်နေချိန်ပေါ့။
ကွယ်လွန်သွားတဲ့အဘွားအကြောင်း
ပြောရမယ်ဆိုရင် ဖေဖေ့ရဲ့ အမေဖြစ်တဲ့ ဘွားဘွားက ဒီမိသားစုထဲမှာ ကျွန်တော့်ကို ချစ်ပေးတဲ့တစ်ဦးတည်းသောသူပဲ။
ကျွန်တော် အဲ့လိုပဲ ခံစားရတယ်။
ဖေဖေနဲ့ မေမေက ကျွန်တော့်ထက် ပိုစာတော်ပြီး ပိုထူးချွန်တဲ့ မမကြီးနဲ့ ကိုကို့ကိုပဲ ချစ်ကြတယ်။ မမကြီးက စာကျက်အားကောင်းတယ်။ ကိုကိုက အတွက်အချက်စွမ်းရည်ရှိတယ်။ ကျွန်တော့်ကိုတော့ စာရွက်ပေါ် ပုံတွေလျှောက်ခြစ်ဆွဲဖို့ပဲ
သိတဲ့ကလေးလို့ ပတ်ဝန်းကျင်က သတ်မှတ်ကြတယ်။ ဖေဖေနဲ့ မေမေလည်း ကျွန်တော့်ကို အဲ့လိုပဲ ထင်ကြမှာ ကျိန်းသေပါတယ်။ ဘာလို့ဆို ဖေဖေရော မေမေရောက ကျွန်တော် ပုံဆွဲတာကို သဘောမကျသလို အားလည်းအားမပေးခဲ့ဘူးလေ။
ဘွားဘွားကတော့ ကျွန်တော့်ပုံဆွဲစာအုပ်ကို ကြည့်ပြီး နှစ်လိုဖွယ်ပြုံးရင်း ချီးကျူးတတ်တဲ့ တစ်ဦးတည်းသော ဘက်တော်သားပေါ့။ ကျွန်တော် စာမရလို့ မေမေဆူတဲ့အချိန်တိုင်းလည်း ကျွန်တော့်ရှေ့က
ဝင်ကာပေးတတ်သေးတယ်။
"နင့်ခေါင်းထဲမှာ ချီးပဲ ရှိတာလား၊ စားထားတာတွေ ဘယ်ရောက်ကုန်တာလဲ၊ ဒီလိုပုစ္ဆာသေးသေးလေးတောင် မှန်အောင် မတွက်နိုင်ဘူးလား"
ကျွန်တော် အားအနည်းဆုံးက သင်္ချာပုစ္ဆာတွေပဲ။ ဂဏန်းသင်္ချာက ကျွန်တော်နဲ့တကယ်ကီးမကိုက်တာ။
သင်္ချာအမှတ်ထွက်လာချိန်ဆို
ကျွန်တော် အိမ်မပြန်ချင်ဘူး။
"နင့်အစ်ကိုအစ်မတွေနဲ့များ တခြားစီပဲ၊ ခြေဖျားတောင် မမီဘူး"
မေမေဟာ အမြဲတမ်းပဲ။ ကျွန်တော့်ကို ကျွန်တော်မဟုတ်တဲ့တခြားလူတွေနဲ့ နှိုင်းယှဉ်ပြောတတ်တယ်။ ကျွန်တော်လည်း မမကြီးလို တော်ချင်တာပေါ့။ ကိုကို့လို ထူးချွန်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်ဦးနှောက်က သူတို့လိုမှ မကောင်းတာ ဘယ်လိုလုပ်ရမလဲ။
မေမေကတော့ ယုံတယ်။ ကျွန်တော့်ထက် သာလွန်တဲ့တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်ပြောလိုက်ခြင်းဟာ
ကျွန်တော့်ကို
ဒီထက်ပိုပြီး မခံချင်စိတ်နဲ့ ကြိုးစားချင်စိတ်ဖြစ်လာအောင်
တွန်းအားပေးရာရောက်မယ်ဆိုပြီး။
ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အဲ့လိုအပြောခံရတိုင်း ရှိရင်းစွဲစိတ်ခွန်အားတောင်
ရေငွေ့ပျံပျက်ပြယ်သွားသလိုပဲ။
"ကလေးကို ဘယ်လိုဖြစ်လို့ ဒီလောက်ဆူနေတာလဲ၊ ညည်းငယ်ငယ်တုန်းကတောင် သူ့လောက် တော်ခဲ့လို့လား"
"အမေ ဝင်မပါပါနဲ့၊ သမီးကလေးကို သမီးဘာသာ ဆုံးမနေတာ၊ သူ့ကို တော်အောင် တတ်အောင် လုပ်ပေးနေတာ"
"ကလေးကို သူ့လမ်းသူလျှောက်စမ်းပါစေအေ။
လာ မြေး၊ အဘွား ပုံပြောပြမယ်"
အဲ့လိုညတွေဆို ဘွားဘွားက ကျွန်တော့်ကို ခေါ်အိပ်တယ်။ ဘွားဘွားအနားရှိနေရင် ကျွန်တော် စိတ်သက်သာသလို ခံစားရတယ်။ အသံနေအသံထားနဲ့ ပုံပြင်ပြောပြတဲ့ ဘွားဘွားအသံကလည်း ကျွန်တော့်ကို ကောင်းကောင်းအိပ်ပျော်စေတယ်။
ဘွားဘွားက အသက်ကြီးပြီ။ ဆံပင်တွေ တစ်ခေါင်းလုံးဖြူပြီး သွားတချို့လည်း ကျိုးကုန်ပြီ။
ဒါပေမဲ့ ကျွန်တော့်ကို ထားခဲ့ပြီး အစောကြီးထွက်သွားလိမ့်မယ်လို့တော့ အဲဒီအချိန်တုန်းက ကျွန်တော် လုံးဝမထင်ထားခဲ့ဘူး။
ဘွားဘွားရဲ့ သေဆုံးခြင်းက ရုတ်တရက်ဆန်လွန်းတယ်။ ပြီးတော့ တိတ်ဆိတ်ငြိမ်သက်လွန်းတယ်။ ငြိမ်သက်လွန်းလို့ အိပ်နေတယ်အထင်နဲ့ ကျွန်တော် နံနက်သွားနှိုးတဲ့အခါမှ ဘွားဘွားမှာ အသက်မရှိတော့မှန်းသိရတယ်။
ဘွားဘွားဆုံးသွားတဲ့အခါ ကျွန်တော့်ဘဝက ချက်ချင်းအမှောင်ကျသွားသလိုပဲ။
မေမေ ဆူရင် ကျွန်တော့်ရှေ့ကနေ ကာပေးမဲ့လူမရှိတော့ဘူး။ ကျွန်တော် အိပ်ပျော်အောင် ပုံပြောပြီး ချော့သိပ်မဲ့လူမရှိတော့ဘူး။
ဒီမိသားစုထဲမှာ ကျွန်တော့်ကို ချစ်တဲ့လူမရှိတော့ဘူး။
အားပြင်းပြင်း တောက်လောင်နေတဲ့ ဝါဝင်းဝင်းမီးတောက်တွေကို ကြည့်ရင်း မီးသင်္ဂြိုဟ်စက်ထဲ ဘွားဘွားနဲ့အတူ လိုက်သွားချင်စိတ်ပေါ်လာတဲ့အချိန်မှာ
သူ့ကို ကျွန်တော် တွေ့လိုက်ရတယ်။
သူက နံရံထောင့်ကွယ်ကနေ ငိုနေတဲ့ကျွန်တော့်ကို လှမ်းကြည့်နေခဲ့တာ။ မျက်ရည်စက်တွေ ဝေဝါးနေတဲ့ကြားက မသဲမကွဲတွေ့လိုက်ရတဲ့သူ့ကို
ကျွန်တော့်စိတ်ထဲ အမှုမဲ့အမှတ်မဲ့ပဲ။ ဘွားဘွားအသိမိတ်ဆွေထဲက တစ်စုံတစ်ယောက်ရဲ့ ဆွေနီးမျိုးစပ်ဖြစ်လောက်တယ်လို့ပဲ
တွေးခဲ့မိတာ။
သူ့ကို သုဿန်က ဝိညာဉ်တစ်ခု ဒါမှမဟုတ် လေလွင့်နေတဲ့ တစ္ဆေတစ်ကောင်ဖြစ်မယ်လို့တော့
ကျွန်တော် ရေးရေးလေးတောင် မထင်ထားမိဘူး။ အဲဒီညက ကျွန်တော် မျက်ရည်လည်ရွှဲနဲ့ အိပ်ရာဝင်ပြီး နောက်တစ်နေ့ နံနက်နိုးလာတဲ့အခါ ကျွန်တော့်ဘေးမှာ လဲလျောင်းလျက်သားရှိနေတဲ့သူ့ကို
မတွေ့ရခင်အချိန်ထိပေါ့။
"မင်း ဘယ်သူလဲ၊ ဘာလို့ ငါ့အိပ်ရာပေါ် ရောက်နေရတာလဲ"
ကျွန်တော် အလန့်တကြား ထထိုင်ရင်း မေးမိတယ်။ သူကတော့ ကျွန်တော်နဲ့အတူ လိုက်ထလာပြီး ဘာခံစားချက်မှမရှိတဲ့မျက်နှာထားနဲ့။
သူ့အသားက သွေးမရှိသလို ဖြူဖျော့လွန်းနေပြီး မျက်လုံးတွေက အသက်မဲ့နေသလိုမျိုး တော်တော်သေတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ ကြောက်စိတ်နည်းနည်းလေးတောင်
ရှိမနေခဲ့ဘူး။ မသိရင် သူက ကျွန်တော့်ရဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလို
၊ အရင်းနှီးဆုံးမိတ်ဆွေလိုမျိုးပဲ။
"အငယ်ကောင် မထသေးဘူးလား"
ရုတ်တရက်ဆိုသလို မေမေက
တံခါးမခေါက်ဘဲနဲ့ ကျွန်တော့်အခန်းထဲ ဝင်ချလာတယ်။
မေမေက အမြဲအဲ့လိုပဲ။ မေမေမှမဟုတ်ဘူး၊ ဖေဖေရောပဲ။ ကိုယ်ပိုင်အခန်းပေးထားပေမဲ့
တံခါးမရှိသလိုမျိုး ဝင်ထွက်သွားလာနေကျ။ သူတို့စိတ်ထဲ နောက်ကွယ်မှာ ကျွန်တော်တို့မဟုတ်တာ တစ်ခုခုလုပ်နေမှာကို စိုးရိမ်တယ်။ အဲဒါကြောင့် အမြဲတမ်း လျှပ်တပြက် စစ်ဆေးရေးဝင်တယ်။ ဒါက မိဘတွေရဲ့ လုပ်ပိုင်ခွင့်လို့ သူတို့ယူဆကြတယ်။
ဆိုတော့ မေမေ့ရဲ့ ရုတ်တရက် တံခါးဖွင့် ဝင်ရောက်လာခြင်းမှာ သူက ကျွန်တော့်အိပ်ရာပေါ် အခန့်သားထိုင်လျက်သား အနေအထားနဲ့ ရှိနေခဲ့တာ။ ဒါပေမဲ့ မေမေက သူ့ကို မမြင်ဘဲ ခုတင်ပေါ် ငုတ်တုတ်ထိုင်နေတဲ့ ကျွန်တော့်ကိုပဲ မျက်မှောင်ကြုတ်ပြီး ကြည့်လာတယ်။
"နိုးနေရင်လည်း ထတော့လေ၊ ဘာထိုင်လုပ်နေတာလဲ"
"ဟုတ်"
"ကျောင်းမသွားခင် တစ်နာရီလောက် အချိန်ရသေးတယ်၊ စာတစ်ပုဒ်လောက် ပြီးအောင် ကျက်သွား"
"ဟုတ်ကဲ့"
ကျွန်တော် ခုတင်ပေါ်ကနေ အမြန်အသွက်ဆင်းပြီး စာကြည့်စားပွဲမှာ အယောင်ပြဝင်ထိုင်ပြီးတဲ့အခါမှ မေမေက အခန်းထဲကနေ ထွက်သွားတယ်။
သူကတော့ အခုချိန်ထိ ကျွန်တော့်အိပ်ရာပေါ်မှာ အကောင်လိုက်ကြီး ရှိနေတုန်းပဲ။ အဲဒီတော့ ကျွန်တော့်အခန်းထဲ ခိုးဝင်လာသူဟာ သူခိုးမဟုတ်ဘူးဆိုတဲ့အချက်နဲ့တင်ပဲ သက်ပြင်းချရတယ်။
ဘွားဘွားပြောဖူးတယ်။ လောကကြီးမှာ လူသားတွေထက် ကြောက်ဖို့ကောင်းတယ်ဆိုတဲ့အရာမရှိဘူးတဲ့။ ဒါကြောင့် မလွှဲသာမရှောင်သာ ထိပ်တိုက်ကြုံရကြေးဆို သူခိုးဓားပြထက်စာရင် တစ္ဆေသရဲတစ်ကောင်နဲ့ တွေ့ရဖို့ပဲ ကျွန်တော် မျှော်လင့်မိတယ်။
"သရဲလား"
သူ ခေါင်းခါတယ်။
"မြောနေတဲ့ ဝိညာဉ်လား"
ထပ်ပြီး ခေါင်းယမ်းပြန်တယ်။
သရဲလည်းမဟုတ်၊ ဝိညာဉ်လည်းမဟုတ် ဒီထူးဆန်းတဲ့ ကောင်လေးက ဘယ်လိုဖြစ်တည်မှုမျိုးပါလိမ့်လို့ ကျွန်တော် အတွေးများသွားရတယ်။ သူ့မျက်နှာက ကျွန်တော့်မှတ်ဉာဏ်ထဲ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အစိမ်းသက်သက်ပဲ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ သူ့ကို ရင်းနှီးနေသလိုလည်း ခံစားရတယ်။ ဒါကြောင့်လည်း အခု ကျွန်တော် သူနဲ့စကားပြောကြည့်ဖို့ ဆန္ဒရှိနေတာ။ မဟုတ်ရင် ခုနက မေမေလာကတည်းက ဒီအခန်းထဲက ထွက်နိုင်မဲ့အခွင့်အရေးကို ကျွန်တော်ဖမ်းဆုပ်ပြီးလောက်ပြီလေ။
"ဒါဆို ဘာလဲ"
ကျွန်တော် မေးလိုက်တော့ သူက အရယ်အပြုံးမရှိတဲ့ မျက်နှာသေနဲ့ပဲ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်တယ်။
"ဘာလဲ.. အပြင်ကနေ လာတာလား"
"..."
ကျွန်တော့်အမေးကို သူပြန်မဖြေဘူး။ အဲဒီအစား သူက အိပ်ရာပေါ်က ထလာပြီး ပြတင်းပေါက်အနား လျှောက်သွားတယ်။
အခုမှ ကျွန်တော် သတိထားမိတာ သူ့လက်ထဲမှာ ဘလိတ်ဓားတစ်ချောင်းရှိနေတယ်။ အတုလို့ မထင်ရလောက်အောင် စစ်မှန်တဲ့ဓားစစ်စစ်ကြီး။
"မင်း ဓားနဲ့ ဘာလုပ်မလို့လဲ"
ကျွန်တော် မေးလိုက်မှပဲ သူက သတိရသွားဟန်နဲ့ လက်ထဲကိုင်ထားတဲ့ဓားကို မျက်စိရှေ့ သေချာမြှောက်ကြည့်တယ်။ ပြီးတော့ ဓားကိုလက်ကောက်ဝတ်ပေါ် နေရာချပြီး တုံ့ဆိုင်းမှုမရှိဘဲ သွေးအေးအေးနဲ့ လှီးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဘာအသားမှ ပဲ့မသွားသလို ဘာသွေးမှလည်း ထွက်မလာဘူး။ သူက တကယ်ကြီးကို လူမဟုတ်ဘူးပဲ။
"ငါက ငှက်ကလေး"
ကြည့်။ သူ ကျွန်တော့်ကို ပေါ်တင်ကြီး လိမ်နေတာပဲ။ သူ့မှာ ငှက်နဲ့တူတာဆိုလို့ အမွေးတစ်မျှင်၊ အမြီးတစ်ချောင်းတောင် ရှိမနေဘဲနဲ့လေ။
"မင်းမှာ အတောင်လည်း မရှိဘဲနဲ့"
"ဒါပေမဲ့ ငါက ငှက်တစ်ကောင်လိုမျိုး ဘယ်နေရာမဆို ခဏအတွင်း ပျံသန်းသွားနိုင်တယ်လေ"
"..."
"မင်း လိုအပ်တဲ့အချိန်တိုင်း ငါ့ကို ခေါ်လိုက်၊ ငါ လာခဲ့မယ်"
သူ့ပါးစပ်က ဒီစကားထွက်လာတယ်ဆိုတာ မယုံနိုင်စရာကောင်းလောက်အောင်ပဲ သူ့မျက်နှာက သိပ်တည်လွန်းတယ်။ ဘယ်လောက်တောင် မကိုက်ညီလိုက်သလဲဆိုရင် ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းထဲမှာ သရုပ်ဆောင်ရဲ့ ပါးစပ်လှုပ်ပုံက တခြား၊ ထွက်လာတဲ့အသံက တခြား ဖြစ်နေသလိုမျိုးပဲ။
အဲ့သလိုမျိုး လျော်ကန်မှုမရှိတဲ့ သူ့ရုပ်နဲ့ သူ့စကားကြောင့် ကျွန်တော်ကြောင်အမ်းနေတုန်းမှာပဲ သူက ပြတင်းပေါက်ဘောင်ကို လက်တစ်ဖက်နဲ့ အားပြုထောက်လို့ အပြင်ဘက်ကို လွှားခနဲ ခုန်ချသွားတယ်။
ကျွန်တော် ချက်ချင်းပဲ ပြတင်းပေါက်အနားသွားပြီး အပြင်ကို စူးစမ်းမိတယ်။ သူက လူတစ်ယောက်မဟုတ်လို့ တတိယထပ်အမြင့်က ခုန်ချသွားခြင်းဟာ သေနိုင်စရာမဟုတ်တာ ကျွန်တော် သိတယ်။ ဒါပေမဲ့ သူဟာ ဘယ်လိုဘယ်ပုံစံနဲ့များ အပြင်မှာ ရှိနေမလဲဆိုတာ ကျွန်တော် သိချင်တယ်။ သူ ချက်ချင်းပဲ ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားမလား၊ ဒါမှမဟုတ် နောက်ကျောမှာ အတောင်နှစ်ဖက်ပေါက်ပြီး လေပေါ်မှာပဲ ဝဲနေမလား၊ ဒါမှမဟုတ်လည်း မျက်လှည့်ပြကွက်လိုမျိုး ရုတ်ချည်းပျောက်ကွယ်သွားလေမလား။
မရေမရာတဲ့ အတွေးကုဋေကုဋာနဲ့အတူ ကျွန်တော့်မျက်လုံးအကြည့်တွေက ပတ်ဝန်းကျင်ဆီ ဒရောသောပါး သက်ဆင်းကြတယ်။
ကျွန်တော့်အခန်းက အိမ်ရဲ့အနောက်ခြမ်းမှာဆိုတော့ ငုံ့ကြည့်လိုက်ရင် လူတစ်ယောက်စာ သွားလို့ရတဲ့ နောက်ဖေးလမ်းကြားကို တွေ့ရမယ်။ အဲဒီကနေ အထက်တက်ရင် တစ်ဖက်လမ်းက အိမ်ရဲ့ အနောက်ဘက်ခြမ်းကို မြင်ရတယ်။ ဒါပေမဲ့ နောက်ဖေးလမ်းကြားမှာ တစ်စုံတစ်ခုရဲ့ အရိပ်အယောင် ရှင်းလင်းနေသလို အနောက်ဘက်ကအိမ်မှာလည်း လူရိပ်သူရိပ်ကင်းလို့ ဆိတ်ငြိမ်မှုအတိ။
တကယ်ကြီး တောင်ပံတွေတဖျပ်ဖျပ်ခတ်ရင်း လေပေါ်မှာ ပျံနေမလားဆိုပြီး ကောင်းကင်ဆီ မော့ကြည့်မိတော့လည်း ဝေလီဝေလင်းကောင်းကင်မှာ အစာရှာထွက်တဲ့ ငှက်တစ်အုပ်နဲ့ပဲ တိုးတယ်။ အဲဒီအခါ သူက အဲ့ငှက်အုပ်ထဲမှာ ရောနှောပြီး ခြေရာဖျောက်သွားတာများလားဆိုတဲ့ ကပေါက်တိကပေါက်ချာအတွေးလည်း ကျွန်တော့်ခေါင်းထဲ ဝင်လာသေးရဲ့။
ဘယ်လိုပဲဆိုဆို သက်ရှိလူသားတစ်ယောက်မဟုတ်တဲ့ တည်ရှိမှုမျိုးနဲ့ သူ့ကိုယ်သူ ငှက်တစ်ကောင်ပါလို့ ပြောသွားတဲ့ ကောင်လေးတစ်ယောက်ကတော့ ကျွန်တော်ရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာပြီး မပြောမဆို ထွက်ပြေးသွားပြန်တယ်။
×
(၃)
ဘွားဘွားကွယ်လွန်ပြီးတစ်ပတ်အကြာမှာ ဖြေရတဲ့စာမေးပွဲက ကျွန်တော့်အမှတ်တွေကို ပုံမှန်ထက် ပိုနည်းစေတာ မထူးဆန်းဘူး။
အဲဒီတစ်ပတ်အတွင်းမှာ ကျွန်တော့်ရင်ဘတ်ထဲက တွင်းပေါက်ကြီးက နေရာတော်တော်ကျယ်လာတယ်။ ဘွားဘွားမရှိတော့မှ ကျွန်တော့်ဘဝထဲ ဘွားဘွားရဲ့ ပါဝင်ပျော်ဝင်မှုနှုန်းက ထင်ထားတာထက် အချိုးအဆပိုများတယ်ဆိုတာ နားလည်လာရတယ်။
ဒါက စာမေးပွဲမှာ အရင်ကထက် ကျွန်တော် အမှတ်ပိုနည်းရတာ ဘွားဘွား ဆုံးသွားလို့ဆိုပြီး ဆင်ခြေပေးတာ မဟုတ်ရပါဘူး။ ဒီတစ်ပတ်အတွင်းမှာ ကျွန်တော် ဘယ်စာကိုမှ အာရုံမစိုက်နိုင်သလို ဘယ်အရာပေါ်မှလည်း စိတ်ဝင်စားမှုမရှိခဲ့တာတော့ တကယ်အတည်ပါ။
ဒါပေမဲ့ ဘွားဘွားရဲ့ နေရာလွတ်က ကျွန်တော် တစ်ယောက်တည်းကိုပဲ ပြင်းပြင်းထန်ထန် ရိုက်ခတ်ပြီး ကျန်မိသားစုဝင်တွေအပေါ်တော့ နည်းနည်းလေးတောင် သက်ရောက်မှုမရှိသလိုပါပဲ။
ဒီမိသားစုထဲမှာ ကျွန်တော်ကလွဲ ကျန်လူတွေအားလုံးက 'သေတဲ့လူက သေပြီ၊ ရှင်တဲ့လူတွေကတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့' ဆိုတဲ့ ဆောင်ပုဒ်ကို စွဲစွဲမြဲမြဲလက်ကိုင်ထားတယ်။ သူတို့ပဲ သွေးအေးလွန်းတာလား၊ ကျွန်တော်ပဲ စိတ်နုလွန်းတာလားတော့ မသိဘူး။ အင်း .. ကျွန်တော်ကပဲ ဘွားဘွားနဲ့ ပတ်သက်ရင် ထိလွယ်ရှလွယ်လို့ နေမှာပါ။ ဒီမိသားစုထဲမှာ ကျွန်တော်နဲ့ အနေအနီးဆုံးလူက ဘွားဘွားဖြစ်ခဲ့တာလေ။
"ဒီလိုအစမ်းစာမေးပွဲလေးမှာတောင် အမှတ်ပြည့်ရအောင် မယူနိုင်တာ စာမေးပွဲကြီးဆိုရင် ဘယ်နှယ့်လုပ်မလဲ၊ အငယ်ကောင် နင့်အပြစ် နင်သိတယ်မလား"
အမှတ်စာရင်းစာရွက်ကို ကြည့်နေရာကနေ ကျွန်တော့်ဆီ ရောက်လာတဲ့ မေမေ့အကြည့်တစ်ချက်က စူးစူးရဲရဲ။
"ဟုတ်"
ဖေဖေ၊ မေမေ၊ မမကြီးနဲ့ ကိုကိုထိုင်နေတဲ့ ညစာစားပွဲဝိုင်းရဲ့ အပြင်ဘက်မှာ ကျွန်တော်က အပြင်လူတစ်ယောက်လို၊ လက်ကလေးနှစ်ဖက်ကို အရှေ့မှာယှက်လို့ ရိုရိုကျိုးကျိုးခေါင်းငုံ့ထားရင်း မတ်တပ်ရပ်လျက် အနေအထားနဲ့။
"အပြစ်လုပ်ထားတဲ့လူက ဒဏ်ပေးခံရမယ်ဆိုတာလည်း သိတယ်မလား"
"ဟုတ်"
မေမေက တခြားအမေတွေနဲ့ ကွာခြားတယ်။
ကြိမ်လုံးတွေ ဖွာလန်ကြဲအောင် ရိုက်တတ်တဲ့ အမေမျိုးမဟုတ်ဘူး၊ ဘေးအိမ်တွေပါ ကြားရတဲ့အထိ အော်ဟစ်ဆူပူတတ်တဲ့ အမေမျိုးမဟုတ်ဘူး။ မေမေက အော်ဟစ်သောင်းကျန်းဆူပူတာထက်စာရင် လေပြေအေးနဲ့ အနုနည်းနှိပ်စက်တတ်တဲ့ မိခင်ပါ။
ဒါကြောင့် မေမေက ကျွန်တော့်ကိုဆို ဘယ်တော့မှ မရိုက်ဘူး။ အမှတ်လျော့လာရင် မှောင်မည်းမည်းထပ်ခိုးထပ်မှာ တစ်ညအိပ်ခိုင်းတယ်။ စာမရရင် အလင်းမရှိတဲ့ရေချိုးခန်းထဲ ပိတ်ထားတတ်တယ်။ မေမေ့ရဲ့အပြစ်ပေးပုံက အဲ့သလိုမျိုးပဲ။
အဲဒီတော့ အမေက သိပ်ဆိုးတဲ့မိခင်တော့လည်း မဟုတ်ပါဘူး။ ကျွန်တော့်ကို ဘယ်တော့မှ အနာတရဖြစ်အောင် မလုပ်ဘူးလေ။ ကျွန်တော့်ခန္ဓာကိုယ်ကိုပေါ့။
"သွား.. ထပ်ခိုးမှာ သွားနေ၊ ညစာလည်း မစားနဲ့"
ပြစ်ဒဏ်ကို ကျွန်တော် မျှော်လင့်ပြီးသားဆိုပေမဲ့ 'ညစာမစားနဲ့'ဆိုတဲ့စကားကို ကြားတော့ ဝမ်းနည်းသွားရတယ်။
ဒီနေ့က အပြင်မှာ သက်သက်ခွဲနေတဲ့ မမကြီးတစ်ယောက် အိမ်ပြန်လာတဲ့နေ့မို့ ကျွန်တော်လည်း မိသားစုစုံလင်တဲ့စားပွဲဝိုင်းမှာ ညစာအတူစားချင်ခဲ့တာ။
အခုတော့ ကျွန်တော့်စာမေးပွဲရလဒ်နဲ့အတူ မမကြီးက လစာကောင်းတဲ့ နာမည်ကြီးဆေးရုံတစ်ခုမှာ အင်တာဗျူးအောင်တဲ့သတင်းရယ်၊ နိုင်ငံရပ်ခြားက အဆင့်မြင့်တက္ကသိုလ်တစ်ခုရဲ့ ပညာသင်ဆုရတဲ့ ကိုကို့အကြောင်းရယ် တစ်ခါတည်းပေါင်းစုံသွားတဲ့အခါ အစမ်းစာမေးပွဲလေးမှာတောင် အမှတ်များများရအောင် မဖြေနိုင်ခဲ့တဲ့ ကျွန်တော်ဟာ ထမင်းစားပွဲမှာတောင် မဝင်ဆံ့နိုင်တဲ့အထိ သိမ်ငယ်သေးနုပ်စရာပဲ။ ဒါကြောင့်လည်း မေမေက ကျွန်တော့်ကို ညစာစားခွင့်ပါ တားမြစ်လိုက်တာနေမယ်။
စားပွဲမှာထိုင်နေတဲ့မမကြီးတို့ဆီ မဝံ့မရဲ လှမ်းကြည့်မိတော့ ကျွန်တော့်ဆီ ပြန်ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ အထင်သေးစိတ်ပျက်မှုတွေအပြည့်နဲ့။ ဟုတ်ပါတယ်။ ကျွန်တော်ကိုက အသုံးမကျတာ။ မမကြီးနဲ့ ကိုကိုက ထူးချွန်သလောက် ကျွန်တော်ကတော့ မိသားစုမျက်နှာကို အိုးမည်းသုတ်နေတဲ့ကောင်ပဲ။
ကျွန်တော် လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ ထပ်ခိုးထပ်ကို တက်လာခဲ့တယ်။ ကျွန်တော်မပါတဲ့ ညစာစားပွဲဝိုင်းမှာ အကုန်လုံးရဲ့ ရယ်မောပျော်ရွှင်နေသံတွေကိုတော့ နောက်ကျောဘက်မှာ အတိုင်းသား ကြားနေရတယ်။
ကျွန်တော့်မိသားစုက ကျွန်တော့်ကို သိပ်မချစ်ဘူးဆိုတာ သိပေမဲ့ ကျွန်တော်ကတော့ သူတို့ကို ချစ်ပါတယ်။ ဘယ်လိုပဲနေနေ ကျွန်တော်တို့က သွေးသားတော်စပ်တဲ့မိသားစုပဲလေ။
ထပ်ခိုးမှာ တစ်ယောက်အိပ်မွေ့ရာအပါးလေးနဲ့ စောင်တစ်ထည်ရှိတယ်။ အခန်းမီးမရတော့ မီးအိမ်ငယ်ရဲ့ အလင်းမှိန်မှိန်လေးကိုပဲ အားပြုရတယ်။ ဒီထပ်ခိုးကလည်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်အခန်းလိုပါပဲ။
မမကြီးနဲ့ ကိုကိုကတော့ ထပ်ခိုးမှာ တစ်ခါမှ နေခဲ့ရဖူးပုံတောင် မပေါ်ပါဘူး။ နေရင်လည်း နေခဲ့ရဖူးမှာပေါ့။ ဒါပေမဲ့ ကျွန်တော် သိတတ်စအရွယ်ကတည်းက ဒီထပ်ခိုးမှာ အခြေချရသူဟာ ကျွန်တော်တစ်ယောက်တည်းပဲဖြစ်ခဲ့ရတယ်။
ကျွန်တော် ခြေပစ်လက်ပစ်ထိုင်ချပြီး လွယ်အိတ်ထဲက စာအုပ်တွေကို ထုတ်လိုက်တယ်။ ညစာမစားရသေးလို့ ဗိုက်ထဲတဂွီဂွီမြည်နေပေမဲ့ စာကျက်ဖို့က ပိုအရေးကြီးတယ်။ ဒါမှ မေမေက ကျွန်တော့်အတွက် ပန်းကန်လေးတစ်ချပ်လောက်ပဲဖြစ်ဖြစ် လာပို့လိမ့်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့။ ဒါပေမဲ့ တစ်ခါမှတော့လည်း လာမပေးခဲ့ပါဘူး။ ဒါက ကျွန်တော့်ရဲ့ မြူမှုန်သာသာ စိတ်ကူးယဉ်မှု အသေးစားလေးပါပဲ။
"ဟေ့"
စာကျက်နေတုန်း အနောက်ဘက်ကနေ အသံတစ်သံကြားလိုက်ရတယ်။ နောက်လှည့်ကြည့်တော့ ပြတင်းပေါက်တစ်ပေါက်ကလွဲပြီး ဘာမှမရှိ။ ပတ်ဝန်းကျင်က အသံကို နားကြားမှားတာများလား။
"ဟိတ်"
နားကြားမှားတယ်အထင်နဲ့ လျစ်လျူရှုဖို့ ကြိုးစားမှုဟာ ဒုတိယမ္ပိခေါ်သံကြောင့် အကြားမှားခြင်းမဟုတ်တာ ပိုသေချာသွားတယ်။
"ဘယ်သူလဲ"
မတ်တပ်ထရပ်လိုက်တော့ ထပ်ခိုးအမိုးကို ကျွန်တော့်ခေါင်းနဲ့ ထိလုနီးပါး။ ကျွန်တော် ဖြည်းဖြည်းချင်းပဲ အသံကြားရာနေရာဆီ တိုးသွားမိတယ်။
"ငါက ငှက်ကလေးလေ"
ဗြုန်းစားကြီး ပြတင်းပေါက်အပြင်ဘက်ကနေ လွှားခနဲ ခုန်ဝင်လာပြီး ကျွန်တော့်အနီး ရောက်လာတဲ့သူ။
ပြီးခဲ့တဲ့တစ်ပတ်က ငှက်ကလေးပါဆိုပြီး ပြတင်းပေါက်အပြင် ခုန်ဆင်းပျောက်ကွယ်သွားခဲ့တဲ့သူက အခုလည်း ပြတင်းပေါက်ကို ဖြတ်ကျော်ဝင်ရောက်လာပြန်တယ်။
"မင်း ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ"
"မင်း ငါ့ကို လိုအပ်နေလို့လေ"
သူသာ အဲ့စကားကို အနည်းငယ်လောက် ခံစားချက်ပါတဲ့ မျက်နှာအမူအရာမျိုးနဲ့ ပြောလာရင် ကျွန်တော် ချက်ချင်းယုံမိမှာ။ အခုကျ သူ့ရုပ်က အရင်အပတ်ကအတိုင်း အသက်မဲ့နေပြီး သံပတ်ပေးထားတဲ့ အရုပ်က စကားပြောလာသလိုမျိုး ခံစားသက်ဝင်မှုမရှိ။ ဆိုတော့ ကျွန်တော် သူ့ကို မယုံတာ မဆန်းဘူးမဟုတ်လား။
"ငါ မင်းကို မခေါ်လိုက်ပါဘူး"
"ဒါပေမဲ့ မင်း လိုအပ်တဲ့အချိန်တိုင်း ငါ လာခဲ့မယ်လို့ ပြောခဲ့တယ်လေ"
ကျွန်တော်က သူ့ကို လိုအပ်နေတယ်တဲ့။ ဟင့်အင်း ဘယ်တုန်းက လိုအပ်နေလို့လဲ။ ကျွန်တော့်စိတ်ထဲမှာ သူ့ကို လိုအပ်နေပါတယ်လို့တောင် တစ်ခါမှ မတွေးခဲ့ဖူးဘဲနဲ့။
"တစ်ယောက်တည်းမလား၊ ငါ အဖော်လုပ်ပေးမယ်"
သူက ပြောပြောဆိုဆိုပဲ ကျွန်တော်ထုတ်ထားတဲ့ စာအုပ်ပုံအနား သွားထိုင်တယ်။ ကျွန်တော့်မှာတော့ ယောင်တောင်တောင်နဲ့ သူ့ဘေးနားပဲ ထိုင်ချလိုက်ရတယ်။
"မင်းက ငှက်ဆိုပြီးတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာလို့ရတာလား"
"အင်း"
"ဒါတွေ မင်းသိလား"
စာအုပ်တွေကို အစူးအစမ်းလိုက်ကြည့်နေတဲ့သူ့ကို ကျွန်တော် မေးလိုက်တယ်။
"မသိပါဘူး၊ ဒီတိုင်းကြည့်နေတာ"
"ဒါဆို မင်းက အရင်ကတည်းက လူဖြစ်ခဲ့ဖူးတာမဟုတ်ဘူးပဲ"
သေလွန်ပြီးတဲ့သရဲတစ်ကောင်ဆိုရင်တောင် စာဖတ်ဖို့တော့ တတ်စွမ်းဦးမယ်လို့ ထင်မိတဲ့ ကျွန်တော့်အတွေးကပဲ ရူးနှမ်းနေသလား။
"မင်းကိုရော ငါက လူပါဆိုပြီး ပြောခဲ့လို့လား"
သူ့မျက်နှာအမူအရာက တကယ်အပြောင်းအလဲမရှိဘူး။ သွေးအရောင်မရှိသလို ဖြူဖပ်ဖြူရော်ဖြစ် နေပေမဲ့ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ လူတစ်ယောက်ရဲ့ အဆင်းသဏ္ဌာန်တွေတော့ စုံစုံလင်လင်ပဲ။ ဒါကြောင့်လည်း ကျွန်တော့်စိတ်ထဲ ထူးဆန်းနေတာ။
"ထိကြည့်လို့ရလား"
မရဲတရဲအမေးအဆုံးမှာ သူ့မျက်နှာက ကျွန်တော့်အနား စက္ကန့်မခြားဘဲ ရောက်လာတယ်။
အဲဒီအခါ စတင်တောင်းဆိုခဲ့သူဟာ ကျွန်တော်ပဲ ဖြစ်ပေမဲ့လို့ ရုတ်တရက်ဆန်လွန်းတဲ့ နီးကပ်မှုမှာ အယောင်ယောင်အမှားမှားဖြစ်ရသူကလည်း ကျွန်တော်ပဲဖြစ်တယ်။
"အဟွတ် အဟွတ်"
ကျွန်တော် ကိုယ့်တံထွေးနဲ့ ကိုယ်ပြန်သီးတယ်။
"ရရဲ့လား"
သူ့လက်တစ်ဖက်က ကျွန်တော့်ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးလာတယ်။ အဲ့လိုဆိုတော့ သူ့လက်ကို ကျွန်တော့်ကျောမှာ ခံစားလို့ရနေတယ်။ အေးစက်တဲ့အထိအတွေ့မဟုတ်သလို ပူနွေးတဲ့ခံစားချက်လည်း မဟုတ်ဘဲ ပုံမှန်ဆန်တဲ့လူသားတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ သူ့စကားအရတော့ သူက ငှက်ကလေးတဲ့။
ကျွန်တော့်ကျောကို ပုတ်ပေးနေတဲ့ သူ့လက်လှုပ်ရှားမှုက ဖြည်းညင်းညင်သာစွာရယ်။ အဲဒီခဏမှာ ကျွန်တော်ဟာ ဘွားဘွားကို ချက်ချင်းကြီး လွမ်းသွားရတယ်။ ဘွားဘွားကလည်း ကျွန်တော် အိပ်မပျော်ရင် ကျွန်တော့်ခေါင်းနဲ့ ကျောကို အသာဖွဖွ ပုတ်သိပ်နေကျလေ။
အမြင်အာရုံက တဖြည်းဖြည်းဝေဝါးလာတယ်။ ကျွန်တော် ငိုခဲ့တာ ဘွားဘွားဈာပနတုန်းက နောက်ဆုံးပဲထင်တယ်။
သူက "ငါ ရှိတယ်" လို့ ပြောတယ်။ ပြီးတော့ ကျွန်တော့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလို့ ထွေးဖက်လိုက်တဲ့အခါ ကျွန်တော် ချုပ်ထိန်းထားသမျှ အပြိုပြိုအလဲလဲဖြစ်ရတယ်။ ဝမ်းနည်းအားပျက်နေတဲ့ ကျွန်တော့်ကို အခုချိန်ထိ ဘယ်သူကမှ သူ့လိုမျိုး မပွေ့ဖက်ပေးခဲ့ဖူးဘူး။ ကျွန်တော့်ကို ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့ မေမေကိုယ်တိုင်တောင်မှပေါ့။
အဲဒီခဏမှာ ကျွန်တော် သူ့ကို လိုအပ်တယ်လို့ မပြောခဲ့ပေမဲ့ ကျွန်တော် လိုအပ်လို့ သူရောက်လာရတယ် ဆိုတဲ့ စကားကိုတော့ အပြေးလေး လက်ခံချင်သွားတယ်။
အဲဒီညမှာ ဘွားဘွားကြောင့် လစ်ဟင်းသွားတဲ့ ကျွန်တော့်ရင်ဘတ်ထဲက ဗလာအပေါက်ကြီးက မမြင်နိုင်တဲ့ တစ်စုံတစ်ခုကြောင့် ပြည့်တင်းသွားတယ်လို့ ပထမဆုံးအကြိမ် ခံစားရတယ်။ အဲဒီတစ်စုံတစ်ခုက လူမဟုတ်၊ သရဲမဟုတ် ဘာမှန်းမသိတဲ့ ဖြစ်တည်မှုတစ်ခုကြောင့်လို့ ကျွန်တော် လက်ခံရမှာတောင် အင်တင်တင်ရယ်။
ဒါပေမဲ့ ကျွန်တော် ယုံကြည်ပါတယ်။ သူက ကျွန်တော် လိုအပ်တိုင်း ရောက်လာမဲ့ ငှက်ကလေးတစ်ကောင်ဆိုတာကိုပေါ့။
×
(၄)
ကျွန်တော့်ပတ်ဝန်းကျင်မှာ ကျွန်တော့်အကြောင်းကို စိတ်ဝင်စားတဲ့သူငယ်ချင်းတွေထက် ကျွန်တော့်အမှတ်ကို ပိုစိတ်ဝင်စားတဲ့ သူငယ်ချင်းအမေတွေ အများကြီးရှိတယ်။
အဲဒီအန်တီတွေဟာ “အဲ့တစ်ယောက်က ဒီတစ်ခေါက် အမှတ်အများကြီးလျော့ထားတာမလား၊ သူနဲ့ထပ်မပေါင်းနဲ့တော့၊ သားပါ သူနဲ့အတူတူ ညံ့သွားလိမ့်မယ်”လို့ ကွယ်ရာမှာ မကြားတကြားပြောတတ်သလို ..
အရှေ့မှာဆိုရင်လည်း “ဟယ်.. ဒီတစ်ခေါက် သားရဲ့ အင်္ဂလိပ်စာအမှတ်က အရင်ကထက် ၅မှတ်တောင် ပိုနည်းသွားတယ်နော်၊ သင်္ချာမှာလည်း ၁၂မှတ်တောင် လျော့သွားတာမလား။ စိတ်မကောင်းစရာပဲ”ဆိုပြီး ကျွန်တော်ကိုယ်တိုင်တောင် အတိအကျမရေတွက်မိတဲ့ အမှတ်ကွာဟချက်တွေကို ကိုယ်စားတွက်ချက်ပြသေးတယ်။
အဲ့လိုစကားတွေက စာမေးပွဲအမှတ်ထွက်တိုင်း ကျွန်တော့်ဆီသာမက မေမေ့နားအထိပါ ရောက်တယ်။ အဲ့သလိုနေ့တွေဆို မေမေက ကျွန်တော့်ကို ပိုမဲရော။
“နင့်ကြောင့် ငါ သူများတွေရှေ့မှာ ဘယ်လောက်တောင် အရှက်ကွဲရလဲဆိုတာ သိလား”
မေမေက ကျွန်တော့်ကို စိတ်ရှိလက်ရှိပဲ လေသံအေးအေးလေးနဲ့ ဆူနေတယ်။ ဘေးမှာထိုင်နေတဲ့ ဖေဖေကလည်း သူဖတ်နေတဲ့သတင်းစာလောက်တောင် ကျွန်တော့်အပေါ် အာရုံမရှိဘူး။ စိတ်ထဲမှာတော့ တွေးနေမှာပေါ့။ ကျွန်တော်ဟာ ဘယ်သူ့ဆီက မျိုးရိုးဗီဇကို ဆက်ခံခဲ့လို့များ ဘာကြောင့် ဒီလောက်ထိ တုံးအနေရတာလဲလို့လေ။
“နင့်လိုကလေးက ဘာလို့များ ငါ့သားဖြစ်နေရတာလဲ”
အဲဒီနေ့မှာ မေမေက ကျွန်တော့်ကို ရေချိုးခန်းထဲ ထည့်ပိတ်ထားပြီး အပြင်ကနေ မီးပိတ်ခဲ့တယ်။
ရေချိုးခန်းက ပိတ်ပိန်းအောင် မှောင်လွန်းတယ်။ ကျွန်တော် အမှောင်ထဲမှာ တဖြည်းဖြည်းခြောက်ခြားလာတယ်။ ခြေဖျားလက်ဖျားတွေ အေးစက်တုန်ရီလာတယ်။
အဲဒီအချိန်မှာ “ငါရှိတယ်” ဆိုတဲ့ စကားသံက ကျွန်တော့်ညာဘက်နားအနား တိုးဖျော့ဖွလျစွာနဲ့ ။
ကျွန်တော့်ရဲ့ ငှက်ကလေး။ သူရောက်လာပြီ။
အမှောင်ထဲမှာမို့လို့ အကောင်အထည်မမြင်ရပေမဲ့ တည်ရှိမှုကိုတော့ ကျွန်တော် ခံစားရတယ်။
သူ့ရဲ့ထွေးဖက်ထားမှု ၊ သူ့ရဲ့ နွေးထွေးမှု ၊ နှစ်သိမ့်မှု။
သူဟာ ကျွန်တော် တစ်ဦးတည်းမြင်ရတဲ့ ပုံရိပ်ယောင်သက်သက်ဆိုရင်တောင် အစစ်အမှန်လူသားတွေထက်တော့ ကျွန်တော့်ကို နွေးထွေးစေပါသေးတယ်။
×
(၅)
ကျွန်တော့်ရဲ့ နေ့စဉ်ဘဝထဲမှာ လူမဟုတ်တဲ့တစ်စုံတစ်ယောက်နဲ့အတူ
ယှဉ်တွဲနေထိုင်ရလိမ့်မယ်လို့
ကျွန်တော် တစ်ခါမှ မထင်ခဲ့မိဘူး။
အရင်ကတော့ သူက ကျွန်တော် ထပ်ခိုးမှာ အပြစ်ပေးခံရချိန်၊ ရေချိုးခန်းထဲ အပိတ်ခံထားရချိန်တွေမှာမှ ပေါ်လာတတ်တာဆိုတော့ ငှက်ကလေးရဲ့ အလည်ရောက်ရှိခြင်းဟာ ကွက်ကြားမိုးလို
ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ရက်စွဲတွေ ခပ်ခြားခြားရယ်။
အခုနောက်ပိုင်းတော့ မေမေလည်း ကျွန်တော့်ကို
သိပ်မဆူပါဘဲ၊ ကျွန်တော်လည်း အပြစ်ပေးမခံရပါဘဲ
သူကျွန်တော့်ဆီ ရောက်ရောက်လာတတ်တယ်။
သူ့ကို ကျောင်းမှာ ပထမဆုံးမြင်လိုက်ရတုန်းက ကျွန်တော် ကိုယ့်မျက်လုံးတောင်ကိုယ်မယုံနိုင်ဘူး။ ဘေးလူတွေဆီက
အတည်ပြုချက်ယူရအောင်လည်း သူက ကျွန်တော်တစ်ယောက်တည်းသာ
မြင်ရတဲ့ ဖြစ်တည်မှုဆိုတော့။
ကျွန်တော့်မှာ အတန်းရှေ့ထွက်၊ လက်ပိုက်ပြီး ဆရာမဆီက မှိုချိုးမျှစ်ချိုး အပြောခံနေရတာတောင်မှ သူ့မြင်ပြီး ပြုံးမိတော့မလိုဖြစ်သေးတယ်။
သူကတော့ အဆူခံရပြီး နေရာမှာ ပြန်လာထိုင်တဲ့ ကျွန်တော့်ခေါင်းကို အစဉ်အလာမပြတ် ဖွဖွပုတ်ပေးရင်း "ဘာမှမဖြစ်ပါဘူး၊ ငါရှိတယ်" ဆိုပြီး နှစ်သိမ့်တယ်။ နောက်တော့ သူက ဆက်ပြောသေးတယ်။
"မင်းတို့ရဲ့ ဒုတိယအိမ်ပါဆိုတဲ့ကျောင်းက လောကကြီးထဲ ဘယ်လို ကောင်းကောင်းမွန်မွန် နေထိုင်ရမလဲဆိုတာထက် အချင်းချင်းပြိုင်ဆိုင်ဖို့ပဲ
အသားပေး သင်နေတယ်မထင်ဘူးလား၊ တချို့ဆရာမတွေကလည်း ပညာထက်
စိတ်ဒဏ်ရာပဲ ပေးနေကြတာလေ၊ အခု မင်းကို တစ်တန်းလုံးရှေ့ ခေါ်ဆူတဲ့ဆရာမလိုပေါ့၊ စာအုပ်လေးမေ့ကျန်ခဲ့တာနဲ့ပဲ
မင်းက တကယ်ကြီး လမ်းဘေးရောက်တော့မလို ပျက်စီးနေတဲ့ကျောင်းသားလို့
အဲ့ဆရာမက သတ်မှတ်နေခဲ့တာလေ"
သူ့စကားတွေက ကျွန်တော့်နားထဲကတစ်ဆင့် ဦးနှောက်အတွင်းသားအထိ တဖြည်းဖြည်း စိမ့်ဝင်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဘာလို့များ ဒီကျောင်းဆိုတာကြီးကို တက်နေရတာလဲ ဆိုတဲ့မေးခွန်းကို ပထမဆုံးစဉ်းစားမိခဲ့တယ်။
အဲဒီနောက်ပိုင်း သူ ကျွန်တော့်အနား ရှိနေတတ်တာ
အမြဲလိုလိုပဲ။ ကျောင်းမှာ၊ ကျူရှင်မှာ၊ အိမ်မှာ၊ ကျွန်တော့်အခန်းထဲ ဂိုက်ဆရာနဲ့အတူ စာကျက်နေချိန်မှာ။ နေရာတိုင်း သူ ရှိတယ်။ မသိရင်
သူက ကျွန်တော့်ကိုယ်ရံတော်လိုမျိုးပဲ။
သူက တခြားဘာမှတော့မလုပ်ဘူး။ ဒီတိုင်းပဲ ကျွန်တော့်ကို ကြည့်နေတာ။ အရုပ်တစ်ရုပ်လို ခံစားချက်ကင်းမဲ့တဲ့ မျက်နှာထားမျိုးနဲ့။ ကျွန်တော့်အတွက်တော့ ခံစားချက်ပေါင်းစုံဖော်ပြနိုင်တဲ့
တခြားလူတွေထက်စာရင် သူ့ကို မြင်တွေ့နေရတာ ပိုပြီးစိတ်အေးချမ်းရတယ်။
ပြီးတော့ သူနဲ့ ကျွန်တော်က ခပ်ဆင်ဆင်တူတယ်လို့လည်း ခံစားရတယ်။
ဒါပေမဲ့ ကျွန်တော်က သူ့လောက် မဆိုးသေးပါဘူးလို့လည်း ထင်တယ်။
ဘာလို့လဲဆိုရင် ကျွန်တော့်မှာ သူ့လိုမျိုး လက်ကို ဓားတစ်ချောင်းနဲ့ လှီးဖြတ်ချင်စိတ်တော့ မရှိဘူးလေ။
သူကတော့ အားအားရှိ
သူ့လက်ကောက်ဝတ်ကို ဘလိတ်ဓားနဲ့ ဖြတ်ဖြတ်နေတာ၊ ပြီးရင် ဘာမှဖြစ်တာလဲမဟုတ်ဘူး။
"မင်း ဘာလို့ ခဏခဏ ဓားနဲ့ ဖြတ်နေတာလဲ၊ တကယ်သေတာလည်း မဟုတ်ဘဲနဲ့"
ကျွန်တော် ပြောလိုက်တော့ သူက ဓားကို ကျွန်တော့်ဆီ ကမ်းပေးတယ်။
"ငါ မလုပ်ရဲဘူး"
ဟုတ်တယ်။ ကျွန်တော် မလုပ်ရဲဘူး။
ဓားဆိုတာ ချွန်မြထက်ရှလွန်းလို့ ကျွန်တော့်အသားကို နာကျင်စေတယ်ဆိုတာ ငယ်ငယ်တုန်းက ဓားနဲ့တစ်ခါဆော့အပြီးမှာ ကျွန်တော် နားလည်သွားတယ်။ ဒါကြောင့် လက်ကောက်ဝတ်ကို ဓားနဲ့ လှီးဖြတ်တာက အန္တရာယ်များတယ်ဆိုတာ ကျွန်တော်သိတယ်။
ကျွန်တော့်အသားနာသွားမှာ၊ သွေးနီရဲရဲတွေ ပန်းထွက်လာမှာ၊ ပြီးတော့ တစ်ခါဖြတ်ပြီးရင် မရပ်တန့်နိုင်တော့မှာ ကြောက်တယ်။ သွေးအရသာကို သိသွားပြီးတဲ့နောက်မှာ ထပ်ခါထပ်ခါ သွေးကို တောင့်တမိသလိုမျိုး အငမ်းမရဖြစ်လာမှာလည်း ကျွန်တော်
ကြောက်တယ်။
"မင်းပဲ ပြန်သိမ်းထားလိုက်"
ကျွန်တော် သူ့လက်ကို အသာတွန်းဖယ်တော့ သူက နာခံစွာနဲ့ပဲ ဓားကိုင်ထားတဲ့လက်ကို ပြန်ရုတ်လိုက်ပြီး ကျွန်တော့်ကို စူးစိုက်ကြည့်တယ်။
"မင်းက ရယ်ရတယ်"
ရယ်ရတယ်ပြောတဲ့ သူ့မျက်နှာက တစ်စက်လေးမှတောင် ရယ်နေဟန်မတူပါဘူး။ မျက်ခုံးတွေက မျဉ်းဖြောင့်တစ်ကြောင်းလို ဖြောင့်တန်းလို့၊ မျက်လုံးတွေကလည်း သက်မဲ့အရုပ်လိုမျိုး၊
ပြီးတော့ သူ့နှုတ်ခမ်းကလည်း အပြုံးတုတစ်ခု
ဖန်တီးဖို့တောင် စိတ်မပါသလိုနဲ့။ အဲ့လိုပုံစံဖြစ်နေတဲ့သူကများ
ကျွန်တော့်ကို ပြောရတယ်ရှိသေးတယ်။
"ငါပြောတာ ဘယ်နားက ရယ်ရလို့လဲ"
"ဒီတိုင်းပဲ ရယ်ရတယ်"
"ရယ်ရတယ်ဆိုလည်း ရယ်လေ၊
မင်းနှုတ်ခမ်းတွေကဖြင့်
နည်းနည်းလေးတောင် ပြုံးမနေဘဲနဲ့များ"
"မပြုံးနိုင်ဘူး"
သူပြုံးဖို့က ကျိန်စာများ သင့်နေလို့လား၊ ဒါမှမဟုတ် သူ့နှုတ်ခမ်းတွေကို မပြုံးနိုင်အောင် အပ်နဲ့များ ချုပ်ထားလေသလား တွေးမိပေမဲ့ အဲ့လိုအရိပ်အယောင်တော့လည်း နည်းနည်းလေးမှ
မပေါ်ပါဘူး။
"ဘာလို့ မပြုံးနိုင်ရတာလဲ"
"ပြုံးနိုင်တဲ့အချိန်ရောက်ရင်တော့ ပြုံးမှာပေါ့"
သူက တကယ် လျှို့ဝှက်ဆန်းကြယ်တယ်လို့ ကျွန်တော် ကောက်ချက်ချမိတယ်။
သရဲလိုလို ဝိညာဉ်လိုလို အနက်ဖွင့်မရတဲ့ တည်ရှိမှုမျိုးနဲ့တင် ဆန်းကြယ်နေပြီးသားကို သူလုပ်သမျှအပြုအမူတွေနဲ့ ပြောတဲ့စကားတွေကပါ ထူးထွေဆန်းပြားနေတာလေ။
ထားပါတော့။ ကျွန်တော့်မှာ သူနဲ့ ငြင်းနေဖို့အချိန်မရှိဘူး။ မေမေလစ်တုန်းလေး ကျွန်တော် ပုံတစ်ပုံလောက် ကောက်ခြစ်ဆွဲချင်သေးတာ။
စားပွဲအောက်မှာ ဖွက်ထားတဲ့ ပုံဆွဲစာအုပ်လေးကို ကျွန်တော် ဆွဲထုတ်လိုက်တယ်။ ဘွားဘွားရှိတုန်းကတော့ ဘွားဘွားအခန်းထဲ ဖွက်ထားပြီး သွားဆွဲရတာပေါ့။ အခုကျ ဘွားဘွားလည်း မရှိတော့
ကိုယ့်အခန်းထဲပဲ ကိုယ်ဖွက်ဆွဲရတော့တယ်။
မေမေသိရင်တော့ ဆူမှာသေချာတယ်။ မေမေက ကျွန်တော် ပုံဆွဲတာကို လုံးဝမကြိုက်ဘူးလေ။ ငယ်ငယ်တုန်းက ကျွန်တော် ပန်းချီသင်ချင်တယ်ပြောတော့
"ပန်းချီဆွဲရင် သားရဲ့စာကျက်ချိန်တွေ လျော့ကုန်မယ်လေ၊ နောက်မှဆွဲနော်" ဆိုပြီး ခပ်အေးအေး ဖျောင်းဖျခဲ့တာ။ အခု ကျွန်တော့်အသက် ၁၅ နှစ်အထိလည်း မေမေက
ခွင့်မပြုပေးပါဘူး။ အဲဒီတော့ နောက်ကွယ်မှာ ခိုးကြောင်ခိုးဝှက်လုပ်ခြင်းဆိုတဲ့
အကျင့်စရိုက်က ကျွန်တော့်ဆီ စွဲကပ်လာရော။
"မင်းက မှုန်ကုပ်ကုပ်မျက်နှာနဲ့ စာကျက်နေတဲ့အချိန်ထက် ပန်းချီခိုးဆွဲနေတဲ့အချိန်မှာ
ပိုကြည့်ကောင်းတယ်ဆိုတာ သိလား"
"ငါ့ကို အဲ့လိုပြောတာ မင်းပထမဆုံးပဲ၊ မေမေကတော့ ပုံဆွဲပြီး ဘာလုပ်စားမှာလဲတဲ့၊ အဲဒါက ဘာအရေးပါလို့လဲတဲ့၊ ပုံဆွဲတဲ့အချိန် ငါ ပျော်နေတာကျတော့ မေမေမမြင်ဘဲနဲ့"
မေမေ့အမြင်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေဆိုတဲ့ ခန့်ခန့်ထည်ထည် အသက်မွေးဝမ်းကျောင်းတွေကပဲ မိသားစုကို ပိုဂုဏ်တက်စေပြီး မျက်နှာပွင့်စေတယ်လို့ ဟိုးအရင်ကတည်းက မပြောင်းမလဲ စွဲထင်နေခဲ့တာ။ ဒါကြောင့်လည်း မမကြီးနဲ့ ကိုကိုဟာ မေမေခင်းထားတဲ့လမ်းအတိုင်း လျှောက်ခဲ့ရတယ်။
"ငါမြင်ပါတယ်၊ ပုံဆွဲနေတဲ့အချိန်ဆို မင်းမျက်လုံးတွေက အရောင်ပိုတောက်ပြီး မင်းနှုတ်ခမ်းက အလိုလိုပြုံးနေတတ်တာ၊ အဲဒါတွေအကုန် ငါမြင်နေရတယ်လေ"
သူက ဒီစကားတွေကို အပြုံးနုနုလေးနဲ့ ပြောမနေတာတောင်မှ၊ အသက်ပါတဲ့မျက်ဝန်းတွေနဲ့ ငေးစိုက်ကြည့်မနေတာတောင်မှ သူ့ဆီက နွေးထွေးမှုကို ကျွန်တော် ခံစားရတယ်။
သူ အမြဲပြောတယ်။ သူက
ငှက်ကလေးပါတဲ့။ တကယ်တမ်းတော့ ကျွန်တော်ကသာ သူဆိုတဲ့အသိုက်အမြုံလေးမှာ ခိုလှုံနားခိုရတဲ့ဒုက္ခသည်လိုပဲ။
"ငါ့ဘက်မှာ မင်းရှိနေလို့ တော်သေးတယ်"
ကျွန်တော် သူ့ကို ပြုံးပြလိုက်တယ်။ သူကတော့ ပကတိ အသက်မဲ့မျက်ဝန်းတွေနဲ့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားမြဲ။ ဒါပေမဲ့ သူ့ရဲ့ မရယ်မပြုံးနှုတ်ခမ်းတွေဟာ တခြားသူတွေရဲ့ အပြုံးတုအပြုံးယောင်တွေထက်
ပိုပြီးစစ်မှန်တယ်ဆိုတာ
ကျွန်တော် အတပ်သိတယ်။
×
(၆)
အဲဒီနောက်ပိုင်း မှတ်ဉာဏ်တွေဟာ ကျွန်တော်
စကားပလ္လင်ခံထားခဲ့သလိုပဲ
သိပ်အစီအစဉ်မကျဘူး။ ပြီးတော့ စိတ်ဝင်စားစရာလည်း မကောင်းဘူး။
အဲဒီတော့ မတည်းဖြတ်ရသေးလို့ ရှေ့နောက်နေရာလွဲမှားနေမလားမသိနိုင်တဲ့
ရုပ်ရှင်ပြကွက်တွေကို
၂ဆအမြန်နှုန်းနဲ့ ကြည့်ရသလိုမျိုးပဲ ကျွန်တော်ပြောပြတော့မယ်။
သေချာခြင်းတစ်ခုကတော့ နေ့ရက်တွေတိုင်းမှာ သူဟာ ကျွန်တော်အနား အမြဲရှိနေခဲ့တယ်။
မေမေက ကျွန်တော်ဖွက်ထားတဲ့ပုံဆွဲစာအုပ်ကို ရှာတွေ့သွားပြီး မီးရှို့ပစ်လိုက်တဲ့အချိန်မှာ သူ ကျွန်တော့်ဘေးနားရှိနေခဲ့တယ်။
တမြေ့မြေ့လောင်ကျွမ်းသွားတဲ့
စက္ကူစတွေကို ကျွန်တော် ဒီတိုင်းပဲ ရပ်ကြည့်နေခဲ့တယ်။ ကျွန်တော် အနှစ်နှစ်အလလ တန်ဖိုးထားရတဲ့အရာတွေဟာ မိနစ်ပိုင်းအတွင်းမှာတင် ပြာမှုန်တွေအဖြစ် အသွင်ပြောင်းသွားတယ်။ ဒါပေမဲ့ ရင်ဘတ်ထဲမှာ
ဗလာဖြစ်နေတယ်။ စိတ်ထဲမှာလည်း ဘာမှမရှိတော့ဘဲ
ဟင်းလင်းပြင်လိုမျိုး။
ဝမ်းနည်းခြင်းမရှိ၊ ဒေါသထွက်ခြင်းမရှိ ။
ကျွန်တော့်စိတ်ထဲ “သွားပြီ”ဆိုတဲ့စကားတစ်ခွန်းကိုပဲ အကြိမ်ပေါင်းများစွာ ရေရွတ်နေမိတယ်။
"မင်းဝါသနာကို မပံ့ပိုးပေးတဲ့မိသားစုထဲ နေထိုင်ရတာ သိပ်ပင်ပန်းမှာပဲ"
သူက ကျွန်တော့်လက်ကို တင်းတင်းဆုပ်လာတယ်။
သေချာတယ်၊ ကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ခံစားချက်တွေကို သူ့ဆီမှာပဲ ပြန်ရှာတွေ့ခဲ့တယ်။
"နင်
ဆံပင်တွေ အရှည်ထားပြီး လူကြီးဖြစ်ချင်နေလို့ တဖြည်းဖြည်း စာညံ့လာတာနေမယ်"လို့ ပြောရင်း ဆရာမက ကျွန်တော့်ဆံပင်တွေကို ကတ်ကြေးနဲ့ မညီမညာ ထိုးညှပ်ပစ်တယ်။ အတန်းဖော်တွေက ကျွန်တော့်ကို လှောင်သလို ကြည့်နေကြတယ်။ တချို့က ခိုးရယ်ကြတယ်။
သူတစ်ယောက်ပဲ .. သူတစ်ယောက်တည်းပဲ ကျွန်တော့်အတွက် ငိုပေးခဲ့တာ။ သူ့လိုလူက ငိုတာလားဆိုပြီး ခင်ဗျားတို့ မေးခွန်းထုတ်ချင်ကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒီအချိန်မှာ သူက တကယ်ကို အမူအရာအပြောင်းအလဲမရှိတဲ့ တည်တင်းတင်းမျက်နှာထားနဲ့ပဲ ရပ်နေခဲ့တာပါ။ ဒါပေမဲ့ အသက်မဲ့နေတဲ့သူ့မျက်လုံးတွေကို ကြည့်ရုံနဲ့တင် အတွင်းမှာ သူငိုနေတယ်ဆိုတာ ကျွန်တော်သိတယ်။
ကျွန်တော့်မှာ သူကလွဲပြီး
ဘယ်သူမှမရှိဘူးဆိုတာ ပိုသေချာလာတယ်။
ကိုကိုက ပြောတယ်။ "ငါ့တုန်းကလည်း အဲ့လိုပဲ
ဖြတ်သန်းလာရတာ၊ မင်းအလှည့်ကျမှ မျက်ရည်ချူပြီး ဒရမ်မာခင်းမနေနဲ့"တဲ့။
သင်္ချာနဲ့ ရူပဗေဒပညာရပ်မှာ ထူးချွန်တဲ့ကိုကိုက အတိမ်အနက်မတူတဲ့ ဒဏ်ရာတွေအကြောင်းတော့ နားလည်ပုံမရဘူး။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ တစ်စုံတစ်ခုကို တုံ့ပြန်တဲ့ ဒါမှမဟုတ် လက်ခံနိုင်တဲ့ ခံနိုင်ရည်မှတ်မတူကြဘူးဆိုတာ
ကိုကိုမသိဘူး။
ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဆိုတာလည်း
dolorimeter နဲ့ လက်တွေ့ကျကျ တိုင်းတာရသလောက် လွယ်ကူနေတာမျိုး မဟုတ်တော့ လူတိုင်းဟာ 'ငါ'ဆိုတဲ့ ပြယုဂ်တစ်ခုကို
ပုံသေထားပြီး တိုင်းထွာကြတယ်။ 'ငါ့တုန်းကလည်း'၊ 'ငါတို့တုန်းကလည်း'၊ 'ငါတို့ခေတ်မှာလည်း' ဆိုတဲ့
တစ်ကိုယ်ရည် ဥပဒေသတွေနဲ့ ခိုင်းနှိုင်းတတ်ကြတယ်။ ပြီးတော့ ‘ငါတို့တုန်းကလည်း’
လို့ အစချီတဲ့ မမျှတခြင်းတွေကို ကျွန်တော်တို့ဆီ ဆက်ပြီးလက်ဆင့်ကမ်းကြတယ်။
"မင်း နာကျင်နေရတာ ငါသိပါတယ်"တဲ့။ အဲဒီစကားကို ပထမဆုံးကြားဖူးခဲ့တာ ကျွန်တော့်ရဲ့ ငှက်ကလေးဆီက။ သူကလွဲပြီး ဘယ်သူမှ ကျွန်တော့်ဒဏ်ရာတွေကို မမြင်ကြဘူး၊ အနာတရတွေကို မတွေ့ကြဘူး။
သူက ကျွန်တော် ထုတ်မပြနိုင်တဲ့ နာကျင်မှုတွေ၊ မဖော်ပြနိုင်တဲ့ ခံစားချက်တွေကို သိမ်းဆည်းပေးထားတဲ့ သေတ္တာငယ်လေးလိုပဲ။ ကျွန်တော်ဟာ စိတ်တည်ငြိမ်ခြင်းကို သူ့ဆီမှာပဲ ပြန်ရှာရတယ်။
ဖြစ်နိုင်မယ်ဆို အဲဒီနေ့က ကျွန်တော် မေမေတို့အခန်းရှေ့က ဖြတ်မလျှောက်ခဲ့သင့်ဘူး။
"သူ့ကုန်ကျစရိတ်တွေက နည်းတာမဟုတ်ဘူး"
ဂဏန်းတွက်စက်သံ တချောက်ချောက်နဲ့အတူ မေမေ့စကားသံကို အိပ်ခန်းရှေ့ကအဖြတ် ကျွန်တော် အမှတ်မထင် ကြားလိုက်ရတယ်။
မေမေဟာ စာရင်းကိုင်ပညာရပ်နဲ့ ဘွဲ့ရထားသူမဟုတ်ပေမဲ့ အတွက်အချက် သိပ်ဝါသနာပါတယ်။ ကျွန်တော့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုတွေကို စာရင်းမှတ်၊တွက်ချက်ပြီး မိဘတွေအပေါ် ကျွန်တော်တင်နေတဲ့အကြွေးက ဘယ်လောက်ပမာဏရှိပြီဆိုတာကို
မှတ်ထားတတ်တယ်။ တခြားမိဘတွေလည်း အဲ့လိုပဲလားတော့
မသိပေမဲ့ ကျွန်တော့်အတွက်တော့ ငယ်ငယ်ကတည်းက မိဘကျေးဇူးကို မဖြစ်မနေပြန်ဆပ်ရမယ်ဆိုတဲ့စကားကို
အမြဲကြားနေခဲ့ရတာပဲ။
"သူ့အတွက် ကုန်ထားတဲ့ ပိုက်ဆံတွေပဲ နှမြောဖို့ကောင်းတယ်၊ အငယ်ကောင်က အကြီးနှစ်ယောက်လို ဖြစ်ထွန်းမှာမဟုတ်ဘူး"
မေမေတို့အမြင်မှာ သားသမီးဆိုတာ ရင်းနှီးမြုပ်နှံမှုအကြီးကြီးတစ်ခုပြုလုပ်သလိုပဲ။
အချိန်နဲ့ငွေတွေ များများရင်းထားသလောက် အကျိုးအမြတ်များများပြန်ရဖို့
မျှော်လင့်နေတာ။
"သူ့လိုအဖြစ်မရှိတဲ့ကလေးကို
ဘာလို့များ မွေးခဲ့မိတာလဲ"
ဘယ်သူကရော မွေးပေးပါလို့ ခယခဲ့လို့လဲ။ ဒီမိသားစုထဲ မွေးဖွားလာဖို့ ကျွန်တော်လည်း မတောင်းဆိုခဲ့ဘဲနဲ့၊
သေချာပေါက် အောင်မြင်စေရပါမယ်လို့ တစ်ကြိမ်တစ်ခါမှတောင် ကတိမပေးခဲ့ဖူးဘဲနဲ့ ဘာလို့များ တစ်ဖက်သတ်ယုံကြည်ချက်တွေနဲ့
တာဝန်ဝတ္တရားတွေကို ကျွန်တော့်ပခုံးပေါ် ပစ်ချရတာလဲ။
"နာကျင်ရတယ်မလား"
သူက ကျွန်တော့်နားအနား ကပ်ပြောတယ်။
"ပင်ပန်းတယ်မလား"
သူ့လက်တွေဟာ ကျွန်တော့်ပခုံးပေါ်ကတစ်ဆင့်
တစ်ကိုယ်လုံးအနှံ့ တရွေ့ရွေ့ နယ်ချဲ့လာတယ်။
"ငါနဲ့အတူထွက်သွားရအောင်"
ကျွန်တော့်ခန္ဓာကိုယ်က တုံ့ပြန်မှုကင်းမဲ့လို့ သူ့လက်ထဲမှာပဲ နေသားတကျ။ သူ့ရဲ့တစ်စိတ်တစ်ဒေသဟာ ကျွန်တော့်ကိုယ်ထဲ တစ်စတစ်စ ရောနှောနစ်ဝင်လာသလိုမျိုးပဲ။
×
(၇)
အဲဒီရက်စွဲတွေမှာ ကျွန်တော့်စိတ်အာရုံက ဆိုးဆိုးဝါးဝါး ပျံ့လွင့်နေပြီး ဘာကိုမှလည်း အာရုံစိုက်မရဘူး။ ကျွန်တော် အာရုံလာတာ တစ်ခုပဲရှိတယ်။ အဲဒါက ကျွန်တော့်ရဲ့ ငှက်ကလေးပဲ။
ပြီးတော့ ညဘက်တွေလည်း မအိပ်မိဘဲ အိပ်ရာထက်မှာ
ကျွန်တော်နဲ့သူ ဘေးချင်းယှဉ်လှဲလို့ ညလုံးပေါက် စကားဖောင်ဖွဲ့နေမိတော့တယ်။ ပြောဖြစ်တဲ့စကားတွေကတော့ ရောက်တတ်ရာရာပဲ။ တစ်ခါတလေ သူပြောတဲ့စကားတွေကို ကျွန်တော် သေချာတောင် နားမလည်ပါဘူး။
"ငှက်တစ်ကောင်မှာ အရေးကြီးဆုံးအစိတ်အပိုင်းက ဘာလဲသိလား"
"အတောင်လား"
"အင်း မှန်တယ်၊ အတောင်ကျိုးသွားတဲ့ငှက် ဒါမှမဟုတ် အတောင်အချိုးခံလိုက်ရတဲ့ငှက်ဟာ
အသက်ရှင်နေလည်း ဘာမှမထူးဘူး၊
သူ့ဘဝက သေသွားပြီ၊ ဘာလို့လဲဆို သူ့အသက်က ငှက်တစ်ကောင်ရဲ့ ဂုဏ်သတ္တိဖြစ်တဲ့ ပျံသန်းခြင်းကို ထောက်ပံ့ပေးတဲ့ တောင်ပံပေါ် မူတည်နေတာမို့လို့လေ"
သူ့စကားကို ကျွန်တော် နားလည်သလိုလို မလည်သလိုလိုနဲ့။
"မင်းရော တစ်ခါလောက် မပျံသန်းကြည့်ချင်ဘူးလား"
"ဘယ်ကို ပျံသန်းမှာလဲ၊ ဘယ်နေရာကိုလဲ"
"ဒီနေရာကနေ လွတ်မြောက်ဖို့ပေါ့"
"လွတ်မြောက်သွားရင်.."
"မင်းနဲ့ငါနဲ့အမြဲတမ်းအတူတူရှိနိုင်ပြီလေ"
ကျွန်တော် ငေးငိုင်နေတုန်းမှာပဲ သူ့လက်ချောင်းလေးတွေက ကျွန်တော့်လက်ချောင်းတွေကြား
ဝင်ရောက်ယှက်နွယ်လာတာများ
ညင်သာနူးညံ့လွန်းလို့ ကိုယ်တိုင်တောင် သတိမထားမိအောင်ပဲ။ အဲဒီအချိန် ကျွန်တော့်နှလုံးခုန်သံတွေက
အမှန်တကယ် ထိန်းမနိုင်သိမ်းမရဖြစ်ရတယ်။
ပျံသန်းမယ်။
လွတ်မြောက်ဖို့အတွက်။
နောက်ပြီး ကျွန်တော့်ရဲ့ငှက်ကလေးနဲ့ အမြဲအတူတူရှိနိုင်မှာ။
×
(၈)
"တက္ကသိုလ်ရောက်ရင် အကုန်အဆင်ပြေသွားမှာ၊ အသက်ကြီးလာရင် အားလုံးအဆင်ပြေသွားမှာ၊ အဲဒါမို့ ငယ်တုန်း အများကြီးကြိုးစားရမယ်"ဆိုတဲ့ မေမေ့စကားက ငယ်ငယ်ကတည်းက ကျွန်တော့်နားမှာ ယဉ်ပြီးသား။ ဒါပေမဲ့ အဲဒီစကားက ဧကန်မမှန်ဘူးဆိုတာ အိမ်ရှေ့အိမ်က နာရေးက သက်သေပြလိုက်သလိုပဲ။
အသက် ၃၂နှစ်အရွယ် ယောက်ျားတစ်ယောက်။
ရုပ်ရည်ရူပကာ သန့်စင်တည်ကြည်လို့။
မင်္ဂလာဖိတ်စာမှာ အများသူငါ အားကျရလောက်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ တသီတသန်းနဲ့။
နိုင်ငံခြားကုမ္ပဏီခွဲတစ်ခုမှာ
ခပ်မြင့်မြင့်ရာထူး။
အိမ်ကြီးအိမ်ကောင်းက သိပ်လှတဲ့ အမျိုးသမီးလေးနဲ့ စေ့စပ်ပြီးသား။
အိမ်ပိုင်၊ ကားပိုင်။
အဲဒီသေသွားတဲ့ယောက်ျားရဲ့ အခြေအနေက မေမေတို့ မျှော်မှန်းထားတဲ့ သားတစ်ယောက်ရဲ့ စံချိန်စံညွှန်းတွေအပြည့်နဲ့။
ဒါက အဲဒီယောက်ျားနဲ့ပတ်သက်လို့ ကျွန်တော့်မှတ်ဉာဏ်ထဲ ရှိသလောက် အချက်အလက်တွေပါ။
"အဲ့လို အစစအရာရာ ပြီးပြည့်စုံပြီလို့ ထင်ရတဲ့ လူတစ်ယောက်က ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ မင်းထင်လဲ"
ထပ်ခိုးရဲ့ ပြတင်းပေါက်ကနေ အိမ်ရှေ့အိမ်ကို လှမ်းကြည့်ရင်း သူက မေးလာတယ်။
"မေမေတို့ ပြောတာတော့ ဆေးကြောင်လို့တဲ့"
"မင်းရော တကယ်ပဲ အဲ့လိုထင်တာလား"
ကျွန်တော်ချက်ချင်းပဲ ခေါင်းခါမိတယ်။
"ဟင့်အင်း.. သူ ဘာဖြစ်လို့ လွတ်မြောက်ဖို့
ရွေးချယ်သွားလဲဆိုတာ ငါသိပါတယ်"
ပြီးတော့ မေမေပြောနေကျ 'အသက်ကြီးလာရင် အကုန်လုံးအဆင်ပြေသွားမှာပါ'ဆိုတဲ့ စကားကလည်း
အလိမ်အညာဆိုတာ
ကျွန်တော် သိတယ်။
အိမ်ရှေ့အိမ်မှာ ကားတွေ တစ်စီးပြီးတစ်စီး ဝင်ထွက်ရင်း အလုပ်ရှုပ်နေကြတယ်။ ရှိုက်ကြီးတငင် ငိုကြွေးနေသံတွေလည်း ကြားနေရတယ်။
အဲဒီလူက ပါရာစီတမော အလုံးပေါင်းများစွာ သောက်ပြီး သတ်သေသွားတယ်ဆိုပေမဲ့ သူ့အတွက် ငိုပေးတဲ့လူတွေကတော့ အမြောက်အမြားပဲ။
"ငါ သေသွားရင်ရော ဘယ်သူတွေ
ငိုကြမလဲ မသိဘူး"
"စဉ်းစားကြည့်လေ၊ တစ်နေ့မှာ မင်းသာ ရုတ်တရက် ပျောက်ကွယ်သွားမယ်ဆိုရင် ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို"
"ငါ ပျောက်သွားရင်လား"
ကျွန်တော် သံယောင်လိုက်ပြောမိတယ်။ ဒါပေမဲ့ ခေါင်းထဲမှာတော့ စဉ်းစားမရဘူး။ ဘယ်ကနေ ဘယ်လို အစပြုတွေးတောရမလဲဆိုတာ အစဖော်မရဘူး။
အဲဒီအချိန် ကျွန်တော် မျက်စိကျသွားတာက ဓာတ်ပုံအယ်လ်ဘမ်တွေ ထည့်ထားတဲ့ သေတ္တာကို။ သေတ္တာထဲမှာ အယ်လ်ဘမ်တွေ သိပ်မရှိပါဘူး။ မဖြစ်မနေရိုက်ထားတဲ့ မိသားစုဓာတ်ပုံလောက်ပဲရှိတာ။
ကြည့်ကောင်းတဲ့ပုံတစ်ပုံကို
အကြီးကြီးတစ်ခုထုတ်လို့
ဧည့်ခန်းထဲ လူမြင်ကောင်းအောင် ချိတ်ထားပြီး ကျန်တဲ့ဓာတ်ပုံတွေကတော့ ထပ်ခိုးထပ်မှာ ဖုန်အလိပ်လိပ်နဲ့။
ထုတ်ယူလိုက်တဲ့ မိသားစုဓာတ်ပုံထဲမှာ ကျွန်တော်အပါအဝင် လူ ၆ ယောက်။
ကျွန်တော့်လက်ထဲကိုင်ထားတဲ့
ဓာတ်ပုံလေးကို သူကလည်း ဘေးကနေ
အထူးတဆန်းလာကြည့်နေတယ်။
"ဘွားဘွားသာ အခုချိန်ထိ အသက်ရှင်လျက် ရှိနေသေးရင်တော့ ငါ့ကို စိုးရိမ်တကြီး လိုက်ရှာနေမဲ့ ပထမဆုံးလူက ဘွားဘွားပဲဖြစ်မယ်။ မေမေကလည်း ငါ့ကို
အသည်းအသန်လိုက်ရှာနေမှာပဲ၊
ဘာလို့လဲဆိုတော့ သူ ငါ့ကို အခုချိန်ထိ
ကျွေးမွေးစောင့်ရှောက်ထားတဲ့
ပိုက်ဆံတွေက နည်းတာမှမဟုတ်တာ၊ မေမေတစ်ခါပြောဖူးတယ် မူလတန်းကတည်းကနေ အထက်တန်းအထိ ငါ့အတွက် ကုန်ကျထားတဲ့ ကျောင်းစရိတ် ကျူရှင်စရိတ်တွေအကုန်ပေါင်းလိုက်ရင်
လူချမ်းသာရပ်ကွက်မှာ အိမ်အကြီးကြီးတစ်လုံး အေးဆေးပိုင်တယ်တဲ့။ အဲဒါကြောင့် ငါသာ ပျောက်သွားရင် သူက အိမ်တစ်လုံးစာပမာဏကို ဓားပြတိုက်ခံရသလို ခံစားနေရမှာ။
ဖေဖေကတော့ ငါ့ကို စိတ်ထဲသိပ်မရှိပါဘူး။ သူက မမကြီးကိုပဲ ဂရုစိုက်တာလေ၊ အဖေတွေက သမီးတွေကို ပိုချစ်တယ်ဆိုတာ တကယ်မှန်တယ်၊ ငယ်ငယ်က ကစားကွင်းမှာ မမကြီးပျောက်သွားတုန်းက ဖေဖေက သူဆွဲထားတဲ့ငါ့လက်ကို လွှတ်ချပြီး မမကြီးကို အပူတပြင်းလိုက်ရှာခဲ့တာလေ၊ ငါ့ကိုတော့ လူအုပ်ကြားထဲ ထားခဲ့လို့ထားခဲ့မိမှန်းတောင်
မသိဘူး၊ အဲဒီတော့ အခု ငါပျောက်သွားရင်လည်း သူ
သိပ်စိတ်ပူမှာမဟုတ်ဘူး။
ပြီးတော့ မမကြီးနဲ့ ကိုကိုကလည်း ငါ့ကို
သိပ်အာရုံရှိတာမဟုတ်ပါဘူးလေ၊
သူတို့စိတ်ထဲ အလုပ်နဲ့ စာပဲ ရှိတာ၊ ငါ မရှိလည်း သူတို့အကုန်အဆင်ပြေကြမှာ"
ဓာတ်ပုံထဲမှာ လူတွေစုံသွားပြီ။ ကျွန်တော့်ကို လိုက်ရှာမဲ့ဘွားဘွားလည်း ကွယ်လွန်ခဲ့တာကြာပြီဆိုတော့
ကျွန်တော့်ရဲ့ ပျောက်ကွယ်ခြင်းက ကျန်မိသားစုဝင်တွေကို မျက်ရည်ကျစေမှာမဟုတ်ဘူး။
"သူငယ်ချင်းတွေကလည်း ငါမရှိတော့ရင် ပျော်ကြမှာ သေချာတယ်၊ အတန်းထဲမှာ ပြိုင်စရာလူတစ်ယောက် လျော့သွားမှာဆိုတော့။"
ဒီလောက်ဆို ကျွန်တော် ပျောက်ကွယ်သွားလည်း ဘာမှနောက်ဆံတင်းစရာမရှိဘူး။
ကျွန်တော့်အတွက် ငိုနေမဲ့လူမရှိဘူး။
ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တယ်။ သူက ကျွန်တော်နဲ့အနီးကပ်ဆုံးအနေအထားမှာ
ရှိနေတယ်။ ပြီးတော့ ဓာတ်ပုံကို သေသေချာချာ စိုက်ကြည့်နေတယ်။
"ဒီပုံထဲမှာ ဘာလို့ မင်းတစ်ယောက်တည်း အများကြီးပြုံးနေခဲ့တာလဲ"
သူပြောတာ တကယ်အဟုတ်ပဲ။ မိသားစုဓာတ်ပုံထဲ ကျွန်တော်တစ်ယောက်ပဲ သွားအချောင်းတော်တော်များများပေါ်တဲ့အထိ ပြုံးဖြီးနေခဲ့တာလေ။
ဘွားဘွားက သွားကျိုးနေတာမပေါ်စေဖို့ နှုတ်ခမ်းတွေကို ပြုံးတယ်ဆိုရုံလေး။ ဖေဖေက နှုတ်ခမ်းသားတို့ တွန့်ကွေးရုံ အပြုံးခန့်ခန့်နဲ့ မေမေကတော့ ကျက်သရေရှိတဲ့ အပြုံးနုနုတစ်ခု ဆင်မြန်းထားတယ်။ မမကြီးကလည်း ပညာဂုဏ်ကြီးသူပီပီ
မာန်ပါတဲ့အပြုံးတစ်ပွင့်နဲ့။
ကိုကိုကလည်း ညာဘက်နှုတ်ခမ်းစွန်းကို
မသိမသာတွန့်ထားတတ်တဲ့
မူပိုင်အပြုံးနဲ့။ ပုံကို ခြုံကြည့်ရင် ကျွန်တော်တစ်ယောက်တည်းကသာ ထင်းထင်းလင်းလင်းကြီး ပြုံးဖြီးနေခဲ့တာ သိသိသာသာပဲ။
"အင်းနော် ငါ ဘာလို့ အဲ့တုန်းက
အများကြီးပြုံးခဲ့မိတာလဲ"
ကြည့်နေရင်းနဲ့ မိသားစုဓာတ်ပုံမှာ ကျွန်တော် တစ်ယောက်တည်း ကွဲထွက်နေသလို ခံစားရတယ်။ ကျွန်တော်က ဒီမိသားစုနဲ့ နည်းနည်းလေးတောင် မသက်ဆိုင်သလိုပဲ။
ရည်ရွယ်ချက်မရှိတဲ့ ဖြစ်တည်မှုတစ်ခုက အလကားပဲလို့ တီဗွီအစီအစဉ်တစ်ခုမှာ ကျွန်တော် ကြားဖူးတယ်။ မမကြီးက ဖေဖေ့ရဲ့ အချစ်ဆုံးသမီး၊ ကိုကိုက မေမေ့ရဲ့ အချစ်ဆုံးသား။ ဒါဆို ကျွန်တော်ကရော။ ကျွန်တော်ကရော ဒီမိသားစုထဲမှာ ဘယ်သူနဲ့ သက်ဆိုင်နေတာလဲ။ ဘယ်သူ့အတွက် ရှင်သန်နေတာလဲ။
ဒီမိသားစုထဲမှာ ကျွန်တော့်ရဲ့ ဖြစ်တည်မှုက ဘာရည်ရွယ်ချက်နဲ့များလဲ။
×
(၉)
ကျွန်တော့်ဘဝဟာ ကျွန်တော် ဘယ်တုန်းကမှ မပိုင်ခဲ့တဲ့အရာပါ။
×
(၁၀)
ကျွန်တော်ဟာ ထွက်သွားဖို့အတွက် နေ့ကောင်းရက်သာ ရက်ရာဇာတစ်နေ့ကို ရွေးချယ်ခဲ့တယ်။
အဲဒီနေ့မှာ ကောင်းကင်ကြီးက ပြာလွင်ကြည်သာပြီး အဆုပ်လိုက်ပြန့်ကျဲနေတဲ့ တိမ်စိုင်လေးတွေကလည်း ဝါဂွမ်းစလေးတွေလို
နူးအိဖြူလွနေခဲ့တယ်။
"မင်း ငါနဲ့အတူတူ ပျံသန်းမယ်မလား"
သူက လက်စွဲတော် ဘလိတ်ဓားလေးကို ကျွန်တော့်ဆီ ကမ်းပေးတယ်။ ဓားသွားက လင်းရောင်ခြည်အောက်မှာ အရောင်လက်ခနဲ။
အရင်က သူ ကျွန်တော့်ကို
'အတူတူထွက်သွားကြမလား'
ဆိုပြီး မေးလာတဲ့အချိန်တိုင်း ကျွန်တော် တုံ့ဆိုင်းနေခဲ့တာ။ အခုတော့ ကျွန်တော်သေချာသွားပြီ။
"အင်း၊ ငါ အားလုံးကို အဆုံးသတ်ချင်ပြီ"
ဒီစကားကို ပါးစပ်ကနေ ပြောထွက်သွားချိန်မှာ ကျွန်တော့်တစ်ကိုယ်လုံး ငှက်မွေးလေးတစ်စလို ပေါ့ပါးလွတ်လပ်သွားခဲ့တယ်။ မသိရင် ကျွန်တော်က ဒီစကားတစ်ခွန်းတည်းအတွက် အခုချိန်ထိ အသက်ရှင်နေခဲ့ရသလိုပဲ။
ကျွန်တော့်လက်ကောက်ဝတ်ကနေ သွေးစက်တွေ တတောက်တောက်စီးကျလာတယ်။ ဒါပေမဲ့ နာကျင်ခြင်းဟာ ဗလာနတ္ထိ။
"ဒါဆို ငါနဲ့အတူတူ ထွက်သွားကြရအောင်"
သူ ကမ်းပေးလာတဲ့လက်ကို ကျွန်တော် မဆိုင်းမတွ
ဆုပ်ကိုင်လိုက်တဲ့အခါ
သူ့နှုတ်ခမ်းစွန်းတွေ
တဖြည်းဖြည်းကော့တက်သွားတယ်။
နောက်ဆုံးတော့ သူပြုံးခဲ့ပြီ။ ဘယ်တုန်းကမှ အရယ်အပြုံးမရှိခဲ့တဲ့၊ ခံစားချက်မဲ့တဲ့ မျက်နှာထားနဲ့သူက ပထမဆုံးအကြိမ်အဖြစ် ပြုံးနေခဲ့တယ်။
"မင်းအပြုံးက သိပ်လှတာပဲ"
"မင်း ငိုနေတာလည်း သိပ်လှတယ်"
သူက ကျွန်တော့်မျက်လုံးအိမ်ထဲ ပြည့်အိုင်နေရာကနေ အပြင်လိမ့်ဆင်းချင်နေတဲ့ မျက်လုံးထောင့်က မျက်ရည်စလေးကို လက်မလေးနဲ့ ပွတ်ဆွဲဖိသုတ်လိုက်တယ်။
သူဟာ လူတစ်ယောက်မဟုတ်ဘူးဆိုတာ ယုံနိုင်စရာမရှိဘူး။ သူ့အထိအတွေ့တိုင်းက လူသားတစ်ယောက်လို နူးညံ့စစ်မှန်နေလျက်သားနဲ့။
"မင်းက တကယ်ပဲ ငှက်ကလေးလား"
"မဟုတ်ဘူး၊ ငါက..."
နောက်ဆက်တွဲစကားကို ကျွန်တော် သေချာမကြားရတော့ဘူး။
သူနဲ့ ကျွန်တော်ဟာ တစ်ယောက်လက်ကို တစ်ယောက် ဘယ်သောအခါမှ မလွှတ်တော့မလို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ပြတင်းပေါက်ကနေ ခုန်ချပြီးနှင့်ခဲ့ပြီ။
လေအေးတွေက ကျွန်တော့်မျက်နှာဆီ လာတိုးတယ်။ အေးစိမ့်တဲ့ခံစားချက်က ကျွန်တော့်ကိုယ်ထဲ
ပြည့်နှက်လို့နေတယ်။ ကမ္ဘာမြေပြင်ရဲ့ ဆွဲအားက ကျွန်တော်တို့နဲ့တစ်သားတည်း။
ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်တွေဟာ ထာဝရမခွဲတမ်း ပူးကပ်နေကြတယ်။ ကျွန်တော်က သူ့ကို ပြုံးပြီး ကြည့်နေခဲ့သလို သူကလည်း ကျွန်တော့်ကို
ကြည့်ရင်း ပြုံးနေခဲ့တယ်။ အဲဒီအခိုက်အတန့်ဟာ ကျွန်တော့်တစ်ဘဝလုံးမှာ အပျော်ရွှင်ရဆုံးဖြစ်တယ်။
×
(၁၁)
ပြောစမှတ်တွင်ရလောက်တဲ့ အကြောင်းအရာတစ်ခုမဟုတ်ပါဘူး။ ဒီတိုင်းပဲ အသိပတ်ဝန်းကျင်အကြား၊ အင်တာနက်စာမျက်နှာပေါ် နာရီပိုင်းလောက် နေရာယူသွားတာမျိုးပေါ့။
တွေ့လိုက်တယ်၊ သိလိုက်တယ်။ စုတ်ကလေးတစ်ချက်နှစ်ချက်သပ်လိုက်တယ်။
ပြီးတော့လည်း မှတ်မှတ်ရရ
မရှိကြဘဲ ချောင်ထိုးလျစ်လျူရှုလိုက်ကြတယ်။
ဒီလိုဖြစ်ရပ်တွေက ကြားဖူးနားဝ ယုံတမ်းပုံပြင်တွေထက် ပိုစစ်မှန်ပေမဲ့ ဒဏ္ဍာရီပုံပြင်တွေလောက်လည်း ဘယ်သူမှ
စိတ်ဝင်တစား အလေးမပေးကြတာမျိုးလေ။
နှုတ်ဖျားက တဖွဖွပြောရလောက်အောင် တသသကောင်းတဲ့ ဇာတ်လမ်းမျိုးလည်း မဟုတ်ဘူး။
ထူးခြားဆန်းကြယ်တဲ့ သဘာဝလွန် သိပ္ပံဇာတ်လမ်းတွေလို အံ့ဩစရာလည်း မကောင်းဘူး။
ခမ်းနားကြီးကျယ်တဲ့ အချစ်ဇာတ်လမ်းတွေလို ဆွတ်ပျံ့ကြည်နူးစရာလည်း မကောင်းဘူး။ ကြောက်မက်ဖွယ်
တစ္ဆေသရဲဝတ္ထုတွေလို ခြောက်ခြားစရာလည်း မကောင်းဘူး။
အဲဒီတော့ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း မေ့ပျောက်တိမ်းပါးသွားတာပါပဲ။
ကောင်းကင်မှာလည်း ငှက်ကလေးတွေ
တစ်နေ့ထက်တစ်နေ့ ပိုများလာတာပေါ့။
×
(၁၂)
အဆုံးသတ်မှာတော့ ကျွန်တော်ဟာ ငှက်ကလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူနဲ့အတူတူ ပျံသန်းသွားခဲ့တယ်။
×
rainey
Zawgyi
(၁)
ငွက္တစ္ေကာင္အေၾကာင္း ကြၽန္ေတာ္ေျပာျပမယ္။
ဒါေပမဲ့ အစီအစဥ္မက်တဲ့ မွတ္ဉာဏ္အပိုင္းအစေတြမို႔ နိဒါန္း၊ စာကိုယ္၊ နိဂုံး ဆိုၿပီး အစိတ္အပိုင္းသုံးခုနဲ႔ စနစ္တက်ဖြဲ႕စည္းထားတဲ့ စာစီစာကုံးတစ္ပုဒ္လိုမ်ိဳး ဖတ္ရတာ ေျပျပစ္ညက္ေညာမယ္လို႔ေတာ့ ကြၽန္ေတာ္ အာမမခံႏိုင္ဘူး။
အဲဒါက အစအဆုံးၿပီးစီးၿပီးသား ႐ုပ္ပုံဆက္ပေဟဠိကားခ်ပ္တစ္ခုကို စေကာဝိုင္းထဲ ပစ္ထည့္၊ ေရာေမႊ႕လိုက္တဲ့ ျဖစ္ရပ္မ်ိဳး၊ ဒါမွမဟုတ္ ဦးေခါင္းခြံကိုခြဲ၊ ဦးေႏွာက္ကို ထုတ္ၿပီး ႀကိတ္စက္ထဲ ထည့္လို႔ အရွိန္အျပင္းဆုံး ေမႊႀကိတ္ပစ္လိုက္တဲ့ အျဖစ္အပ်က္မ်ိဳးနဲ႔ အလားသဏၭာန္ဆင္တူတယ္။ ဒါေၾကာင့္ ဒီအေၾကာင္းကို ေျပာဖို႔အတြက္ ကြၽန္ေတာ္ မနည္းျပန္စဥ္းစားခဲ့ရတယ္။
ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ အခုေျပာျပမွာက ငွက္ကေလးတစ္ေကာင္ရဲ႕ အေၾကာင္းပါ။
×
(၂)
ကြၽန္ေတာ္ သူ႔ကို ပထမဆုံးစေတြ႕ခဲ့တာက မိသားစုထဲ ကြၽန္ေတာ္အခ်စ္ရဆုံး ဘြားဘြားဆုံးသြားတဲ့အခ်ိန္မွာပါ။
အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ့္အသက္ ၁၂ႏွစ္။ ကေလးေသးေသးေလးလည္း မဟုတ္ေတာ့သလို လူႀကီးတစ္ေယာက္လည္း မျဖစ္ေသးဘဲ ဆယ္ေက်ာ္သက္ေလွကားထစ္ေတြကို စတင္နင္းေလွ်ာက္ေနခ်ိန္ေပါ့။
ကြယ္လြန္သြားတဲ့အဘြားအေၾကာင္း ေျပာရမယ္ဆိုရင္ ေဖေဖ့ရဲ႕ အေမျဖစ္တဲ့ ဘြားဘြားက ဒီမိသားစုထဲမွာ ကြၽန္ေတာ့္ကို ခ်စ္ေပးတဲ့တစ္ဦးတည္းေသာသူပဲ။ ကြၽန္ေတာ္ အဲ့လိုပဲ ခံစားရတယ္။
ေဖေဖနဲ႔ ေမေမက ကြၽန္ေတာ့္ထက္ ပိုစာေတာ္ၿပီး ပိုထူးခြၽန္တဲ့ မမႀကီးနဲ႔ ကိုကို႔ကိုပဲ ခ်စ္ၾကတယ္။ မမႀကီးက စာက်က္အားေကာင္းတယ္။ ကိုကိုက အတြက္အခ်က္စြမ္းရည္ရွိတယ္။ ကြၽန္ေတာ့္ကိုေတာ့ စာ႐ြက္ေပၚ ပုံေတြေလွ်ာက္ျခစ္ဆြဲဖို႔ပဲ သိတဲ့ကေလးလို႔ ပတ္ဝန္းက်င္က သတ္မွတ္ၾကတယ္။ ေဖေဖနဲ႔ ေမေမလည္း ကြၽန္ေတာ့္ကို အဲ့လိုပဲ ထင္ၾကမွာ က်ိန္းေသပါတယ္။ ဘာလို႔ဆို ေဖေဖေရာ ေမေမေရာက ကြၽန္ေတာ္ ပုံဆြဲတာကို သေဘာမက်သလို အားလည္းအားမေပးခဲ့ဘူးေလ။
ဘြားဘြားကေတာ့ ကြၽန္ေတာ့္ပုံဆြဲစာအုပ္ကို ၾကည့္ၿပီး ႏွစ္လိုဖြယ္ၿပဳံးရင္း ခ်ီးက်ဴးတတ္တဲ့ တစ္ဦးတည္းေသာ ဘက္ေတာ္သားေပါ့။ ကြၽန္ေတာ္ စာမရလို႔ ေမေမဆူတဲ့အခ်ိန္တိုင္းလည္း ကြၽန္ေတာ့္ေရွ႕က ဝင္ကာေပးတတ္ေသးတယ္။
"နင့္ေခါင္းထဲမွာ ခ်ီးပဲ ရွိတာလား၊ စားထားတာေတြ ဘယ္ေရာက္ကုန္တာလဲ၊ ဒီလိုပုစာၦေသးေသးေလးေတာင္ မွန္ေအာင္ မတြက္ႏိုင္ဘူးလား"
ကြၽန္ေတာ္ အားအနည္းဆုံးက သခ်ၤာပုစာၦေတြပဲ။ ဂဏန္းသခ်ၤာက ကြၽန္ေတာ္နဲ႔တကယ္ကီးမကိုက္တာ။ သခ်ၤာအမွတ္ထြက္လာခ်ိန္ဆို ကြၽန္ေတာ္ အိမ္မျပန္ခ်င္ဘူး။
"နင့္အစ္ကိုအစ္မေတြနဲ႔မ်ား တျခားစီပဲ၊ ေျခဖ်ားေတာင္ မမီဘူး"
ေမေမဟာ အၿမဲတမ္းပဲ။ ကြၽန္ေတာ့္ကို ကြၽန္ေတာ္မဟုတ္တဲ့တျခားလူေတြနဲ႔ ႏႈိင္းယွဥ္ေျပာတတ္တယ္။ ကြၽန္ေတာ္လည္း မမႀကီးလို ေတာ္ခ်င္တာေပါ့။ ကိုကို႔လို ထူးခြၽန္ခ်င္တာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ့္ဦးေႏွာက္က သူတို႔လိုမွ မေကာင္းတာ ဘယ္လိုလုပ္ရမလဲ။
ေမေမကေတာ့ ယုံတယ္။ ကြၽန္ေတာ့္ထက္ သာလြန္တဲ့တစ္စုံတစ္ေယာက္နဲ႔ ႏႈိင္းယွဥ္ေျပာလိုက္ျခင္းဟာ ကြၽန္ေတာ့္ကို ဒီထက္ပိုၿပီး မခံခ်င္စိတ္နဲ႔ ႀကိဳးစားခ်င္စိတ္ျဖစ္လာေအာင္ တြန္းအားေပးရာေရာက္မယ္ဆိုၿပီး။
ဒါေပမဲ့ ကြၽန္ေတာ့္အတြက္ေတာ့ အဲ့လိုအေျပာခံရတိုင္း ရွိရင္းစြဲစိတ္ခြန္အားေတာင္ ေရေငြ႕ပ်ံပ်က္ျပယ္သြားသလိုပဲ။
"ကေလးကို ဘယ္လိုျဖစ္လို႔ ဒီေလာက္ဆူေနတာလဲ၊ ညည္းငယ္ငယ္တုန္းကေတာင္ သူ႔ေလာက္ ေတာ္ခဲ့လို႔လား"
"အေမ ဝင္မပါပါနဲ႔၊ သမီးကေလးကို သမီးဘာသာ ဆုံးမေနတာ၊ သူ႔ကို ေတာ္ေအာင္ တတ္ေအာင္ လုပ္ေပးေနတာ"
"ကေလးကို သူ႔လမ္းသူေလွ်ာက္စမ္းပါေစေအ။ လာ ေျမး၊ အဘြား ပုံေျပာျပမယ္"
အဲ့လိုညေတြဆို ဘြားဘြားက ကြၽန္ေတာ့္ကို ေခၚအိပ္တယ္။ ဘြားဘြားအနားရွိေနရင္ ကြၽန္ေတာ္ စိတ္သက္သာသလို ခံစားရတယ္။ အသံေနအသံထားနဲ႔ ပုံျပင္ေျပာျပတဲ့ ဘြားဘြားအသံကလည္း ကြၽန္ေတာ့္ကို ေကာင္းေကာင္းအိပ္ေပ်ာ္ေစတယ္။
ဘြားဘြားက အသက္ႀကီးၿပီ။ ဆံပင္ေတြ တစ္ေခါင္းလုံးျဖဴၿပီး သြားတခ်ိဳ႕လည္း က်ိဳးကုန္ၿပီ။ ဒါေပမဲ့ ကြၽန္ေတာ့္ကို ထားခဲ့ၿပီး အေစာႀကီးထြက္သြားလိမ့္မယ္လို႔ေတာ့ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္ လုံးဝမထင္ထားခဲ့ဘူး။
ဘြားဘြားရဲ႕ ေသဆုံးျခင္းက ႐ုတ္တရက္ဆန္လြန္းတယ္။ ၿပီးေတာ့ တိတ္ဆိတ္ၿငိမ္သက္လြန္းတယ္။ ၿငိမ္သက္လြန္းလို႔ အိပ္ေနတယ္အထင္နဲ႔ ကြၽန္ေတာ္ နံနက္သြားႏႈိးတဲ့အခါမွ ဘြားဘြားမွာ အသက္မရွိေတာ့မွန္းသိရတယ္။
ဘြားဘြားဆုံးသြားတဲ့အခါ ကြၽန္ေတာ့္ဘဝက ခ်က္ခ်င္းအေမွာင္က်သြားသလိုပဲ။ ေမေမ ဆူရင္ ကြၽန္ေတာ့္ေရွ႕ကေန ကာေပးမဲ့လူမရွိေတာ့ဘူး။ ကြၽန္ေတာ္ အိပ္ေပ်ာ္ေအာင္ ပုံေျပာၿပီး ေခ်ာ့သိပ္မဲ့လူမရွိေတာ့ဘူး။ ဒီမိသားစုထဲမွာ ကြၽန္ေတာ့္ကို ခ်စ္တဲ့လူမရွိေတာ့ဘူး။
အားျပင္းျပင္း ေတာက္ေလာင္ေနတဲ့ ဝါဝင္းဝင္းမီးေတာက္ေတြကို ၾကည့္ရင္း မီးသၿဂႋဳဟ္စက္ထဲ ဘြားဘြားနဲ႔အတူ လိုက္သြားခ်င္စိတ္ေပၚလာတဲ့အခ်ိန္မွာ သူ႔ကို ကြၽန္ေတာ္ ေတြ႕လိုက္ရတယ္။
သူက နံရံေထာင့္ကြယ္ကေန ငိုေနတဲ့ကြၽန္ေတာ့္ကို လွမ္းၾကည့္ေနခဲ့တာ။ မ်က္ရည္စက္ေတြ ေဝဝါးေနတဲ့ၾကားက မသဲမကြဲေတြ႕လိုက္ရတဲ့သူ႔ကို ကြၽန္ေတာ့္စိတ္ထဲ အမႈမဲ့အမွတ္မဲ့ပဲ။ ဘြားဘြားအသိမိတ္ေဆြထဲက တစ္စုံတစ္ေယာက္ရဲ႕ ေဆြနီးမ်ိဳးစပ္ျဖစ္ေလာက္တယ္လို႔ပဲ ေတြးခဲ့မိတာ။
သူ႔ကို သုႆန္က ဝိညာဥ္တစ္ခု ဒါမွမဟုတ္ ေလလြင့္ေနတဲ့ တေစၦတစ္ေကာင္ျဖစ္မယ္လို႔ေတာ့ ကြၽန္ေတာ္ ေရးေရးေလးေတာင္ မထင္ထားမိဘူး။ အဲဒီညက ကြၽန္ေတာ္ မ်က္ရည္လည္႐ႊဲနဲ႔ အိပ္ရာဝင္ၿပီး ေနာက္တစ္ေန႔ နံနက္ႏိုးလာတဲ့အခါ ကြၽန္ေတာ့္ေဘးမွာ လဲေလ်ာင္းလ်က္သားရွိေနတဲ့သူ႔ကို မေတြ႕ရခင္အခ်ိန္ထိေပါ့။
"မင္း ဘယ္သူလဲ၊ ဘာလို႔ ငါ့အိပ္ရာေပၚ ေရာက္ေနရတာလဲ"
ကြၽန္ေတာ္ အလန႔္တၾကား ထထိုင္ရင္း ေမးမိတယ္။ သူကေတာ့ ကြၽန္ေတာ္နဲ႔အတူ လိုက္ထလာၿပီး ဘာခံစားခ်က္မွမရွိတဲ့မ်က္ႏွာထားနဲ႔။ သူ႔အသားက ေသြးမရွိသလို ျဖဴေဖ်ာ့လြန္းေနၿပီး မ်က္လုံးေတြက အသက္မဲ့ေနသလိုမ်ိဳး ေတာ္ေတာ္ေသတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္စိတ္ထဲ ေၾကာက္စိတ္နည္းနည္းေလးေတာင္ ရွိမေနခဲ့ဘူး။ မသိရင္ သူက ကြၽန္ေတာ့္ရဲ႕ ငယ္ေပါင္းႀကီးေဖာ္သူငယ္ခ်င္းလို ၊ အရင္းႏွီးဆုံးမိတ္ေဆြလိုမ်ိဳးပဲ။
"အငယ္ေကာင္ မထေသးဘူးလား"
႐ုတ္တရက္ဆိုသလို ေမေမက တံခါးမေခါက္ဘဲနဲ႔ ကြၽန္ေတာ့္အခန္းထဲ ဝင္ခ်လာတယ္။
ေမေမက အၿမဲအဲ့လိုပဲ။ ေမေမမွမဟုတ္ဘူး၊ ေဖေဖေရာပဲ။ ကိုယ္ပိုင္အခန္းေပးထားေပမဲ့ တံခါးမရွိသလိုမ်ိဳး ဝင္ထြက္သြားလာေနက်။ သူတို႔စိတ္ထဲ ေနာက္ကြယ္မွာ ကြၽန္ေတာ္တို႔မဟုတ္တာ တစ္ခုခုလုပ္ေနမွာကို စိုးရိမ္တယ္။ အဲဒါေၾကာင့္ အၿမဲတမ္း လွ်ပ္တျပက္ စစ္ေဆးေရးဝင္တယ္။ ဒါက မိဘေတြရဲ႕ လုပ္ပိုင္ခြင့္လို႔ သူတို႔ယူဆၾကတယ္။
ဆိုေတာ့ ေမေမ့ရဲ႕ ႐ုတ္တရက္ တံခါးဖြင့္ ဝင္ေရာက္လာျခင္းမွာ သူက ကြၽန္ေတာ့္အိပ္ရာေပၚ အခန႔္သားထိုင္လ်က္သား အေနအထားနဲ႔ ရွိေနခဲ့တာ။ ဒါေပမဲ့ ေမေမက သူ႔ကို မျမင္ဘဲ ခုတင္ေပၚ ငုတ္တုတ္ထိုင္ေနတဲ့ ကြၽန္ေတာ့္ကိုပဲ မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္လာတယ္။
"ႏိုးေနရင္လည္း ထေတာ့ေလ၊ ဘာထိုင္လုပ္ေနတာလဲ"
"ဟုတ္"
"ေက်ာင္းမသြားခင္ တစ္နာရီေလာက္ အခ်ိန္ရေသးတယ္၊ စာတစ္ပုဒ္ေလာက္ ၿပီးေအာင္ က်က္သြား"
"ဟုတ္ကဲ့"
ကြၽန္ေတာ္ ခုတင္ေပၚကေန အျမန္အသြက္ဆင္းၿပီး စာၾကည့္စားပြဲမွာ အေယာင္ျပဝင္ထိုင္ၿပီးတဲ့အခါမွ ေမေမက အခန္းထဲကေန ထြက္သြားတယ္။
သူကေတာ့ အခုခ်ိန္ထိ ကြၽန္ေတာ့္အိပ္ရာေပၚမွာ အေကာင္လိုက္ႀကီး ရွိေနတုန္းပဲ။ အဲဒီေတာ့ ကြၽန္ေတာ့္အခန္းထဲ ခိုးဝင္လာသူဟာ သူခိုးမဟုတ္ဘူးဆိုတဲ့အခ်က္နဲ႔တင္ပဲ သက္ျပင္းခ်ရတယ္။
ဘြားဘြားေျပာဖူးတယ္။ ေလာကႀကီးမွာ လူသားေတြထက္ ေၾကာက္ဖို႔ေကာင္းတယ္ဆိုတဲ့အရာမရွိဘူးတဲ့။ ဒါေၾကာင့္ မလႊဲသာမေရွာင္သာ ထိပ္တိုက္ႀကဳံရေၾကးဆို သူခိုးဓားျပထက္စာရင္ တေစၦသရဲတစ္ေကာင္နဲ႔ ေတြ႕ရဖို႔ပဲ ကြၽန္ေတာ္ ေမွ်ာ္လင့္မိတယ္။
"သရဲလား"
သူ ေခါင္းခါတယ္။
"ေျမာေနတဲ့ ဝိညာဥ္လား"
ထပ္ၿပီး ေခါင္းယမ္းျပန္တယ္။
သရဲလည္းမဟုတ္၊ ဝိညာဥ္လည္းမဟုတ္ ဒီထူးဆန္းတဲ့ ေကာင္ေလးက ဘယ္လိုျဖစ္တည္မႈမ်ိဳးပါလိမ့္လို႔ ကြၽန္ေတာ္ အေတြးမ်ားသြားရတယ္။ သူ႔မ်က္ႏွာက ကြၽန္ေတာ့္မွတ္ဉာဏ္ထဲ ဘယ္တုန္းကမွ မရွိခဲ့ဖူးတဲ့ အစိမ္းသက္သက္ပဲ။ ဒါေပမဲ့ ကြၽန္ေတာ့္စိတ္ထဲ သူ႔ကို ရင္းႏွီးေနသလိုလည္း ခံစားရတယ္။ ဒါေၾကာင့္လည္း အခု ကြၽန္ေတာ္ သူနဲ႔စကားေျပာၾကည့္ဖို႔ ဆႏၵရွိေနတာ။ မဟုတ္ရင္ ခုနက ေမေမလာကတည္းက ဒီအခန္းထဲက ထြက္ႏိုင္မဲ့အခြင့္အေရးကို ကြၽန္ေတာ္ဖမ္းဆုပ္ၿပီးေလာက္ၿပီေလ။
"ဒါဆို ဘာလဲ"
ကြၽန္ေတာ္ ေမးလိုက္ေတာ့ သူက အရယ္အၿပဳံးမရွိတဲ့ မ်က္ႏွာေသနဲ႔ပဲ ျပတင္းေပါက္အျပင္ဘက္ကို လွမ္းၾကည့္တယ္။
"ဘာလဲ.. အျပင္ကေန လာတာလား"
"..."
ကြၽန္ေတာ့္အေမးကို သူျပန္မေျဖဘူး။ အဲဒီအစား သူက အိပ္ရာေပၚက ထလာၿပီး ျပတင္းေပါက္အနား ေလွ်ာက္သြားတယ္။
အခုမွ ကြၽန္ေတာ္ သတိထားမိတာ သူ႔လက္ထဲမွာ ဘလိတ္ဓားတစ္ေခ်ာင္းရွိေနတယ္။ အတုလို႔ မထင္ရေလာက္ေအာင္ စစ္မွန္တဲ့ဓားစစ္စစ္ႀကီး။
"မင္း ဓားနဲ႔ ဘာလုပ္မလို႔လဲ"
ကြၽန္ေတာ္ ေမးလိုက္မွပဲ သူက သတိရသြားဟန္နဲ႔ လက္ထဲကိုင္ထားတဲ့ဓားကို မ်က္စိေရွ႕ ေသခ်ာေျမႇာက္ၾကည့္တယ္။ ၿပီးေတာ့ ဓားကိုလက္ေကာက္ဝတ္ေပၚ ေနရာခ်ၿပီး တုံ႔ဆိုင္းမႈမရွိဘဲ ေသြးေအးေအးနဲ႔ လွီးျဖတ္လိုက္တယ္။ ဒါေပမဲ့ ဘာအသားမွ ပဲ့မသြားသလို ဘာေသြးမွလည္း ထြက္မလာဘူး။ သူက တကယ္ႀကီးကို လူမဟုတ္ဘူးပဲ။
"ငါက ငွက္ကေလး"
ၾကည့္။ သူ ကြၽန္ေတာ့္ကို ေပၚတင္ႀကီး လိမ္ေနတာပဲ။ သူ႔မွာ ငွက္နဲ႔တူတာဆိုလို႔ အေမြးတစ္မွ်င္၊ အၿမီးတစ္ေခ်ာင္းေတာင္ ရွိမေနဘဲနဲ႔ေလ။
"မင္းမွာ အေတာင္လည္း မရွိဘဲနဲ႔"
"ဒါေပမဲ့ ငါက ငွက္တစ္ေကာင္လိုမ်ိဳး ဘယ္ေနရာမဆို ခဏအတြင္း ပ်ံသန္းသြားႏိုင္တယ္ေလ"
"..."
"မင္း လိုအပ္တဲ့အခ်ိန္တိုင္း ငါ့ကို ေခၚလိုက္၊ ငါ လာခဲ့မယ္"
သူ႔ပါးစပ္က ဒီစကားထြက္လာတယ္ဆိုတာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပဲ သူ႔မ်က္ႏွာက သိပ္တည္လြန္းတယ္။ ဘယ္ေလာက္ေတာင္ မကိုက္ညီလိုက္သလဲဆိုရင္ ၾကည့္ေနတဲ့ ႐ုပ္ရွင္ဇာတ္လမ္းထဲမွာ သ႐ုပ္ေဆာင္ရဲ႕ ပါးစပ္လႈပ္ပုံက တျခား၊ ထြက္လာတဲ့အသံက တျခား ျဖစ္ေနသလိုမ်ိဳးပဲ။
အဲ့သလိုမ်ိဳး ေလ်ာ္ကန္မႈမရွိတဲ့ သူ႔႐ုပ္နဲ႔ သူ႔စကားေၾကာင့္ ကြၽန္ေတာ္ေၾကာင္အမ္းေနတုန္းမွာပဲ သူက ျပတင္းေပါက္ေဘာင္ကို လက္တစ္ဖက္နဲ႔ အားျပဳေထာက္လို႔ အျပင္ဘက္ကို လႊားခနဲ ခုန္ခ်သြားတယ္။
ကြၽန္ေတာ္ ခ်က္ခ်င္းပဲ ျပတင္းေပါက္အနားသြားၿပီး အျပင္ကို စူးစမ္းမိတယ္။ သူက လူတစ္ေယာက္မဟုတ္လို႔ တတိယထပ္အျမင့္က ခုန္ခ်သြားျခင္းဟာ ေသႏိုင္စရာမဟုတ္တာ ကြၽန္ေတာ္ သိတယ္။ ဒါေပမဲ့ သူဟာ ဘယ္လိုဘယ္ပုံစံနဲ႔မ်ား အျပင္မွာ ရွိေနမလဲဆိုတာ ကြၽန္ေတာ္ သိခ်င္တယ္။ သူ ခ်က္ခ်င္းပဲ ငွက္တစ္ေကာင္အျဖစ္ အသြင္ေျပာင္းသြားမလား၊ ဒါမွမဟုတ္ ေနာက္ေက်ာမွာ အေတာင္ႏွစ္ဖက္ေပါက္ၿပီး ေလေပၚမွာပဲ ဝဲေနမလား၊ ဒါမွမဟုတ္လည္း မ်က္လွည့္ျပကြက္လိုမ်ိဳး ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားေလမလား။
မေရမရာတဲ့ အေတြးကုေဋကုဋာနဲ႔အတူ ကြၽန္ေတာ့္မ်က္လုံးအၾကည့္ေတြက ပတ္ဝန္းက်င္ဆီ ဒေရာေသာပါး သက္ဆင္းၾကတယ္။
ကြၽန္ေတာ့္အခန္းက အိမ္ရဲ႕အေနာက္ျခမ္းမွာဆိုေတာ့ ငုံ႔ၾကည့္လိုက္ရင္ လူတစ္ေယာက္စာ သြားလို႔ရတဲ့ ေနာက္ေဖးလမ္းၾကားကို ေတြ႕ရမယ္။ အဲဒီကေန အထက္တက္ရင္ တစ္ဖက္လမ္းက အိမ္ရဲ႕ အေနာက္ဘက္ျခမ္းကို ျမင္ရတယ္။ ဒါေပမဲ့ ေနာက္ေဖးလမ္းၾကားမွာ တစ္စုံတစ္ခုရဲ႕ အရိပ္အေယာင္ ရွင္းလင္းေနသလို အေနာက္ဘက္ကအိမ္မွာလည္း လူရိပ္သူရိပ္ကင္းလို႔ ဆိတ္ၿငိမ္မႈအတိ။
တကယ္ႀကီး ေတာင္ပံေတြတဖ်ပ္ဖ်ပ္ခတ္ရင္း ေလေပၚမွာ ပ်ံေနမလားဆိုၿပီး ေကာင္းကင္ဆီ ေမာ့ၾကည့္မိေတာ့လည္း ေဝလီေဝလင္းေကာင္းကင္မွာ အစာရွာထြက္တဲ့ ငွက္တစ္အုပ္နဲ႔ပဲ တိုးတယ္။ အဲဒီအခါ သူက အဲ့ငွက္အုပ္ထဲမွာ ေရာေႏွာၿပီး ေျခရာေဖ်ာက္သြားတာမ်ားလားဆိုတဲ့ ကေပါက္တိကေပါက္ခ်ာအေတြးလည္း ကြၽန္ေတာ့္ေခါင္းထဲ ဝင္လာေသးရဲ႕။
ဘယ္လိုပဲဆိုဆို သက္ရွိလူသားတစ္ေယာက္မဟုတ္တဲ့ တည္ရွိမႈမ်ိဳးနဲ႔ သူ႔ကိုယ္သူ ငွက္တစ္ေကာင္ပါလို႔ ေျပာသြားတဲ့ ေကာင္ေလးတစ္ေယာက္ကေတာ့ ကြၽန္ေတာ္ေရွ႕မွာ ႐ုတ္တရက္ႀကီး ေပၚလာၿပီး မေျပာမဆို ထြက္ေျပးသြားျပန္တယ္။
×
(၃)
ဘြားဘြားကြယ္လြန္ၿပီးတစ္ပတ္အၾကာမွာ ေျဖရတဲ့စာေမးပြဲက ကြၽန္ေတာ့္အမွတ္ေတြကို ပုံမွန္ထက္ ပိုနည္းေစတာ မထူးဆန္းဘူး။
အဲဒီတစ္ပတ္အတြင္းမွာ ကြၽန္ေတာ့္ရင္ဘတ္ထဲက တြင္းေပါက္ႀကီးက ေနရာေတာ္ေတာ္က်ယ္လာတယ္။ ဘြားဘြားမရွိေတာ့မွ ကြၽန္ေတာ့္ဘဝထဲ ဘြားဘြားရဲ႕ ပါဝင္ေပ်ာ္ဝင္မႈႏႈန္းက ထင္ထားတာထက္ အခ်ိဳးအဆပိုမ်ားတယ္ဆိုတာ နားလည္လာရတယ္။
ဒါက စာေမးပြဲမွာ အရင္ကထက္ ကြၽန္ေတာ္ အမွတ္ပိုနည္းရတာ ဘြားဘြား ဆုံးသြားလို႔ဆိုၿပီး ဆင္ေျခေပးတာ မဟုတ္ရပါဘူး။ ဒီတစ္ပတ္အတြင္းမွာ ကြၽန္ေတာ္ ဘယ္စာကိုမွ အာ႐ုံမစိုက္ႏိုင္သလို ဘယ္အရာေပၚမွလည္း စိတ္ဝင္စားမႈမရွိခဲ့တာေတာ့ တကယ္အတည္ပါ။
ဒါေပမဲ့ ဘြားဘြားရဲ႕ ေနရာလြတ္က ကြၽန္ေတာ္ တစ္ေယာက္တည္းကိုပဲ ျပင္းျပင္းထန္ထန္ ႐ိုက္ခတ္ၿပီး က်န္မိသားစုဝင္ေတြအေပၚေတာ့ နည္းနည္းေလးေတာင္ သက္ေရာက္မႈမရွိသလိုပါပဲ။
ဒီမိသားစုထဲမွာ ကြၽန္ေတာ္ကလြဲ က်န္လူေတြအားလုံးက 'ေသတဲ့လူက ေသၿပီ၊ ရွင္တဲ့လူေတြကေတာ့ လုပ္စရာရွိတာ ဆက္လုပ္ရမွာေပါ့' ဆိုတဲ့ ေဆာင္ပုဒ္ကို စြဲစြဲၿမဲၿမဲလက္ကိုင္ထားတယ္။ သူတို႔ပဲ ေသြးေအးလြန္းတာလား၊ ကြၽန္ေတာ္ပဲ စိတ္ႏုလြန္းတာလားေတာ့ မသိဘူး။ အင္း .. ကြၽန္ေတာ္ကပဲ ဘြားဘြားနဲ႔ ပတ္သက္ရင္ ထိလြယ္ရွလြယ္လို႔ ေနမွာပါ။ ဒီမိသားစုထဲမွာ ကြၽန္ေတာ္နဲ႔ အေနအနီးဆုံးလူက ဘြားဘြားျဖစ္ခဲ့တာေလ။
"ဒီလိုအစမ္းစာေမးပြဲေလးမွာေတာင္ အမွတ္ျပည့္ရေအာင္ မယူႏိုင္တာ စာေမးပြဲႀကီးဆိုရင္ ဘယ္ႏွယ့္လုပ္မလဲ၊ အငယ္ေကာင္ နင့္အျပစ္ နင္သိတယ္မလား"
အမွတ္စာရင္းစာ႐ြက္ကို ၾကည့္ေနရာကေန ကြၽန္ေတာ့္ဆီ ေရာက္လာတဲ့ ေမေမ့အၾကည့္တစ္ခ်က္က စူးစူးရဲရဲ။
"ဟုတ္"
ေဖေဖ၊ ေမေမ၊ မမႀကီးနဲ႔ ကိုကိုထိုင္ေနတဲ့ ညစာစားပြဲဝိုင္းရဲ႕ အျပင္ဘက္မွာ ကြၽန္ေတာ္က အျပင္လူတစ္ေယာက္လို၊ လက္ကေလးႏွစ္ဖက္ကို အေရွ႕မွာယွက္လို႔ ႐ို႐ိုက်ိဳးက်ိဳးေခါင္းငုံ႔ထားရင္း မတ္တပ္ရပ္လ်က္ အေနအထားနဲ႔။
"အျပစ္လုပ္ထားတဲ့လူက ဒဏ္ေပးခံရမယ္ဆိုတာလည္း သိတယ္မလား"
"ဟုတ္"
ေမေမက တျခားအေမေတြနဲ႔ ကြာျခားတယ္။
ႀကိမ္လုံးေတြ ဖြာလန္ႀကဲေအာင္ ႐ိုက္တတ္တဲ့ အေမမ်ိဳးမဟုတ္ဘူး၊ ေဘးအိမ္ေတြပါ ၾကားရတဲ့အထိ ေအာ္ဟစ္ဆူပူတတ္တဲ့ အေမမ်ိဳးမဟုတ္ဘူး။ ေမေမက ေအာ္ဟစ္ေသာင္းက်န္းဆူပူတာထက္စာရင္ ေလေျပေအးနဲ႔ အႏုနည္းႏွိပ္စက္တတ္တဲ့ မိခင္ပါ။
ဒါေၾကာင့္ ေမေမက ကြၽန္ေတာ့္ကိုဆို ဘယ္ေတာ့မွ မ႐ိုက္ဘူး။ အမွတ္ေလ်ာ့လာရင္ ေမွာင္မည္းမည္းထပ္ခိုးထပ္မွာ တစ္ညအိပ္ခိုင္းတယ္။ စာမရရင္ အလင္းမရွိတဲ့ေရခ်ိဳးခန္းထဲ ပိတ္ထားတတ္တယ္။ ေမေမ့ရဲ႕အျပစ္ေပးပုံက အဲ့သလိုမ်ိဳးပဲ။
အဲဒီေတာ့ အေမက သိပ္ဆိုးတဲ့မိခင္ေတာ့လည္း မဟုတ္ပါဘူး။ ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ အနာတရျဖစ္ေအာင္ မလုပ္ဘူးေလ။ ကြၽန္ေတာ့္ခႏၶာကိုယ္ကိုေပါ့။
"သြား.. ထပ္ခိုးမွာ သြားေန၊ ညစာလည္း မစားနဲ႔"
ျပစ္ဒဏ္ကို ကြၽန္ေတာ္ ေမွ်ာ္လင့္ၿပီးသားဆိုေပမဲ့ 'ညစာမစားနဲ႔'ဆိုတဲ့စကားကို ၾကားေတာ့ ဝမ္းနည္းသြားရတယ္။
ဒီေန႔က အျပင္မွာ သက္သက္ခြဲေနတဲ့ မမႀကီးတစ္ေယာက္ အိမ္ျပန္လာတဲ့ေန႔မို႔ ကြၽန္ေတာ္လည္း မိသားစုစုံလင္တဲ့စားပြဲဝိုင္းမွာ ညစာအတူစားခ်င္ခဲ့တာ။
အခုေတာ့ ကြၽန္ေတာ့္စာေမးပြဲရလဒ္နဲ႔အတူ မမႀကီးက လစာေကာင္းတဲ့ နာမည္ႀကီးေဆး႐ုံတစ္ခုမွာ အင္တာဗ်ဴးေအာင္တဲ့သတင္းရယ္၊ ႏိုင္ငံရပ္ျခားက အဆင့္ျမင့္တကၠသိုလ္တစ္ခုရဲ႕ ပညာသင္ဆုရတဲ့ ကိုကို႔အေၾကာင္းရယ္ တစ္ခါတည္းေပါင္းစုံသြားတဲ့အခါ အစမ္းစာေမးပြဲေလးမွာေတာင္ အမွတ္မ်ားမ်ားရေအာင္ မေျဖႏိုင္ခဲ့တဲ့ ကြၽန္ေတာ္ဟာ ထမင္းစားပြဲမွာေတာင္ မဝင္ဆံ့ႏိုင္တဲ့အထိ သိမ္ငယ္ေသးႏုပ္စရာပဲ။ ဒါေၾကာင့္လည္း ေမေမက ကြၽန္ေတာ့္ကို ညစာစားခြင့္ပါ တားျမစ္လိုက္တာေနမယ္။
စားပြဲမွာထိုင္ေနတဲ့မမႀကီးတို႔ဆီ မဝံ့မရဲ လွမ္းၾကည့္မိေတာ့ ကြၽန္ေတာ့္ဆီ ျပန္ၾကည့္ေနတဲ့ မ်က္လုံးေတြထဲမွာ အထင္ေသးစိတ္ပ်က္မႈေတြအျပည့္နဲ႔။ ဟုတ္ပါတယ္။ ကြၽန္ေတာ္ကိုက အသုံးမက်တာ။ မမႀကီးနဲ႔ ကိုကိုက ထူးခြၽန္သေလာက္ ကြၽန္ေတာ္ကေတာ့ မိသားစုမ်က္ႏွာကို အိုးမည္းသုတ္ေနတဲ့ေကာင္ပဲ။
ကြၽန္ေတာ္ ေလးလံေနတဲ့ ေျခလွမ္းေတြနဲ႔ ထပ္ခိုးထပ္ကို တက္လာခဲ့တယ္။ ကြၽန္ေတာ္မပါတဲ့ ညစာစားပြဲဝိုင္းမွာ အကုန္လုံးရဲ႕ ရယ္ေမာေပ်ာ္႐ႊင္ေနသံေတြကိုေတာ့ ေနာက္ေက်ာဘက္မွာ အတိုင္းသား ၾကားေနရတယ္။
ကြၽန္ေတာ့္မိသားစုက ကြၽန္ေတာ့္ကို သိပ္မခ်စ္ဘူးဆိုတာ သိေပမဲ့ ကြၽန္ေတာ္ကေတာ့ သူတို႔ကို ခ်စ္ပါတယ္။ ဘယ္လိုပဲေနေန ကြၽန္ေတာ္တို႔က ေသြးသားေတာ္စပ္တဲ့မိသားစုပဲေလ။
ထပ္ခိုးမွာ တစ္ေယာက္အိပ္ေမြ႕ရာအပါးေလးနဲ႔ ေစာင္တစ္ထည္ရွိတယ္။ အခန္းမီးမရေတာ့ မီးအိမ္ငယ္ရဲ႕ အလင္းမွိန္မွိန္ေလးကိုပဲ အားျပဳရတယ္။ ဒီထပ္ခိုးကလည္း ကြၽန္ေတာ့္ရဲ႕ ကိုယ္ပိုင္အခန္းလိုပါပဲ။
မမႀကီးနဲ႔ ကိုကိုကေတာ့ ထပ္ခိုးမွာ တစ္ခါမွ ေနခဲ့ရဖူးပုံေတာင္ မေပၚပါဘူး။ ေနရင္လည္း ေနခဲ့ရဖူးမွာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္ သိတတ္စအ႐ြယ္ကတည္းက ဒီထပ္ခိုးမွာ အေျခခ်ရသူဟာ ကြၽန္ေတာ္တစ္ေယာက္တည္းပဲျဖစ္ခဲ့ရတယ္။
ကြၽန္ေတာ္ ေျခပစ္လက္ပစ္ထိုင္ခ်ၿပီး လြယ္အိတ္ထဲက စာအုပ္ေတြကို ထုတ္လိုက္တယ္။ ညစာမစားရေသးလို႔ ဗိုက္ထဲတဂြီဂြီျမည္ေနေပမဲ့ စာက်က္ဖို႔က ပိုအေရးႀကီးတယ္။ ဒါမွ ေမေမက ကြၽန္ေတာ့္အတြက္ ပန္းကန္ေလးတစ္ခ်ပ္ေလာက္ပဲျဖစ္ျဖစ္ လာပို႔လိမ့္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔။ ဒါေပမဲ့ တစ္ခါမွေတာ့လည္း လာမေပးခဲ့ပါဘူး။ ဒါက ကြၽန္ေတာ့္ရဲ႕ ျမဴမႈန္သာသာ စိတ္ကူးယဥ္မႈ အေသးစားေလးပါပဲ။
"ေဟ့"
စာက်က္ေနတုန္း အေနာက္ဘက္ကေန အသံတစ္သံၾကားလိုက္ရတယ္။ ေနာက္လွည့္ၾကည့္ေတာ့ ျပတင္းေပါက္တစ္ေပါက္ကလြဲၿပီး ဘာမွမရွိ။ ပတ္ဝန္းက်င္က အသံကို နားၾကားမွားတာမ်ားလား။
"ဟိတ္"
နားၾကားမွားတယ္အထင္နဲ႔ လ်စ္လ်ဴရႈဖို႔ ႀကိဳးစားမႈဟာ ဒုတိယမၸိေခၚသံေၾကာင့္ အၾကားမွားျခင္းမဟုတ္တာ ပိုေသခ်ာသြားတယ္။
"ဘယ္သူလဲ"
မတ္တပ္ထရပ္လိုက္ေတာ့ ထပ္ခိုးအမိုးကို ကြၽန္ေတာ့္ေခါင္းနဲ႔ ထိလုနီးပါး။ ကြၽန္ေတာ္ ျဖည္းျဖည္းခ်င္းပဲ အသံၾကားရာေနရာဆီ တိုးသြားမိတယ္။
"ငါက ငွက္ကေလးေလ"
ျဗဳန္းစားႀကီး ျပတင္းေပါက္အျပင္ဘက္ကေန လႊားခနဲ ခုန္ဝင္လာၿပီး ကြၽန္ေတာ့္အနီး ေရာက္လာတဲ့သူ။
ၿပီးခဲ့တဲ့တစ္ပတ္က ငွက္ကေလးပါဆိုၿပီး ျပတင္းေပါက္အျပင္ ခုန္ဆင္းေပ်ာက္ကြယ္သြားခဲ့တဲ့သူက အခုလည္း ျပတင္းေပါက္ကို ျဖတ္ေက်ာ္ဝင္ေရာက္လာျပန္တယ္။
"မင္း ဘယ္ကေန ဘယ္လိုေရာက္လာတာလဲ"
"မင္း ငါ့ကို လိုအပ္ေနလို႔ေလ"
သူသာ အဲ့စကားကို အနည္းငယ္ေလာက္ ခံစားခ်က္ပါတဲ့ မ်က္ႏွာအမူအရာမ်ိဳးနဲ႔ ေျပာလာရင္ ကြၽန္ေတာ္ ခ်က္ခ်င္းယုံမိမွာ။ အခုက် သူ႔႐ုပ္က အရင္အပတ္ကအတိုင္း အသက္မဲ့ေနၿပီး သံပတ္ေပးထားတဲ့ အ႐ုပ္က စကားေျပာလာသလိုမ်ိဳး ခံစားသက္ဝင္မႈမရွိ။ ဆိုေတာ့ ကြၽန္ေတာ္ သူ႔ကို မယုံတာ မဆန္းဘူးမဟုတ္လား။
"ငါ မင္းကို မေခၚလိုက္ပါဘူး"
"ဒါေပမဲ့ မင္း လိုအပ္တဲ့အခ်ိန္တိုင္း ငါ လာခဲ့မယ္လို႔ ေျပာခဲ့တယ္ေလ"
ကြၽန္ေတာ္က သူ႔ကို လိုအပ္ေနတယ္တဲ့။ ဟင့္အင္း ဘယ္တုန္းက လိုအပ္ေနလို႔လဲ။ ကြၽန္ေတာ့္စိတ္ထဲမွာ သူ႔ကို လိုအပ္ေနပါတယ္လို႔ေတာင္ တစ္ခါမွ မေတြးခဲ့ဖူးဘဲနဲ႔။
"တစ္ေယာက္တည္းမလား၊ ငါ အေဖာ္လုပ္ေပးမယ္"
သူက ေျပာေျပာဆိုဆိုပဲ ကြၽန္ေတာ္ထုတ္ထားတဲ့ စာအုပ္ပုံအနား သြားထိုင္တယ္။ ကြၽန္ေတာ့္မွာေတာ့ ေယာင္ေတာင္ေတာင္နဲ႔ သူ႔ေဘးနားပဲ ထိုင္ခ်လိုက္ရတယ္။
"မင္းက ငွက္ဆိုၿပီးေတာ့ သြားခ်င္တိုင္းသြား၊ လာခ်င္တိုင္းလာလို႔ရတာလား"
"အင္း"
"ဒါေတြ မင္းသိလား"
စာအုပ္ေတြကို အစူးအစမ္းလိုက္ၾကည့္ေနတဲ့သူ႔ကို ကြၽန္ေတာ္ ေမးလိုက္တယ္။
"မသိပါဘူး၊ ဒီတိုင္းၾကည့္ေနတာ"
"ဒါဆို မင္းက အရင္ကတည္းက လူျဖစ္ခဲ့ဖူးတာမဟုတ္ဘူးပဲ"
ေသလြန္ၿပီးတဲ့သရဲတစ္ေကာင္ဆိုရင္ေတာင္ စာဖတ္ဖို႔ေတာ့ တတ္စြမ္းဦးမယ္လို႔ ထင္မိတဲ့ ကြၽန္ေတာ့္အေတြးကပဲ ႐ူးႏွမ္းေနသလား။
"မင္းကိုေရာ ငါက လူပါဆိုၿပီး ေျပာခဲ့လို႔လား"
သူ႔မ်က္ႏွာအမူအရာက တကယ္အေျပာင္းအလဲမရွိဘူး။ ေသြးအေရာင္မရွိသလို ျဖဴဖပ္ျဖဴေရာ္ျဖစ္ ေနေပမဲ့ ပခုံးႏွစ္ဖက္ၾကား ေခါင္းေပါက္တဲ့ လူတစ္ေယာက္ရဲ႕ အဆင္းသဏၭာန္ေတြေတာ့ စုံစုံလင္လင္ပဲ။ ဒါေၾကာင့္လည္း ကြၽန္ေတာ့္စိတ္ထဲ ထူးဆန္းေနတာ။
"ထိၾကည့္လို႔ရလား"
မရဲတရဲအေမးအဆုံးမွာ သူ႔မ်က္ႏွာက ကြၽန္ေတာ့္အနား စကၠန႔္မျခားဘဲ ေရာက္လာတယ္။
အဲဒီအခါ စတင္ေတာင္းဆိုခဲ့သူဟာ ကြၽန္ေတာ္ပဲ ျဖစ္ေပမဲ့လို႔ ႐ုတ္တရက္ဆန္လြန္းတဲ့ နီးကပ္မႈမွာ အေယာင္ေယာင္အမွားမွားျဖစ္ရသူကလည္း ကြၽန္ေတာ္ပဲျဖစ္တယ္။
"အဟြတ္ အဟြတ္"
ကြၽန္ေတာ္ ကိုယ့္တံေထြးနဲ႔ ကိုယ္ျပန္သီးတယ္။
"ရရဲ႕လား"
သူ႔လက္တစ္ဖက္က ကြၽန္ေတာ့္ေက်ာျပင္ကို ခပ္ဖြဖြပုတ္ေပးလာတယ္။ အဲ့လိုဆိုေတာ့ သူ႔လက္ကို ကြၽန္ေတာ့္ေက်ာမွာ ခံစားလို႔ရေနတယ္။ ေအးစက္တဲ့အထိအေတြ႕မဟုတ္သလို ပူေႏြးတဲ့ခံစားခ်က္လည္း မဟုတ္ဘဲ ပုံမွန္ဆန္တဲ့လူသားတစ္ေယာက္လိုပါပဲ။ ဒါေပမဲ့ သူ႔စကားအရေတာ့ သူက ငွက္ကေလးတဲ့။
ကြၽန္ေတာ့္ေက်ာကို ပုတ္ေပးေနတဲ့ သူ႔လက္လႈပ္ရွားမႈက ျဖည္းညင္းညင္သာစြာရယ္။ အဲဒီခဏမွာ ကြၽန္ေတာ္ဟာ ဘြားဘြားကို ခ်က္ခ်င္းႀကီး လြမ္းသြားရတယ္။ ဘြားဘြားကလည္း ကြၽန္ေတာ္ အိပ္မေပ်ာ္ရင္ ကြၽန္ေတာ့္ေခါင္းနဲ႔ ေက်ာကို အသာဖြဖြ ပုတ္သိပ္ေနက်ေလ။
အျမင္အာ႐ုံက တျဖည္းျဖည္းေဝဝါးလာတယ္။ ကြၽန္ေတာ္ ငိုခဲ့တာ ဘြားဘြားဈာပနတုန္းက ေနာက္ဆုံးပဲထင္တယ္။
သူက "ငါ ရွိတယ္" လို႔ ေျပာတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကို သူ႔ရင္ခြင္ထဲ ဆြဲသြင္းလို႔ ေထြးဖက္လိုက္တဲ့အခါ ကြၽန္ေတာ္ ခ်ဳပ္ထိန္းထားသမွ် အၿပိဳၿပိဳအလဲလဲျဖစ္ရတယ္။ ဝမ္းနည္းအားပ်က္ေနတဲ့ ကြၽန္ေတာ့္ကို အခုခ်ိန္ထိ ဘယ္သူကမွ သူ႔လိုမ်ိဳး မေပြ႕ဖက္ေပးခဲ့ဖူးဘူး။ ကြၽန္ေတာ့္ကို ဝမ္းနဲ႔လြယ္ၿပီး ေမြးခဲ့တဲ့ ေမေမကိုယ္တိုင္ေတာင္မွေပါ့။
အဲဒီခဏမွာ ကြၽန္ေတာ္ သူ႔ကို လိုအပ္တယ္လို႔ မေျပာခဲ့ေပမဲ့ ကြၽန္ေတာ္ လိုအပ္လို႔ သူေရာက္လာရတယ္ ဆိုတဲ့ စကားကိုေတာ့ အေျပးေလး လက္ခံခ်င္သြားတယ္။
အဲဒီညမွာ ဘြားဘြားေၾကာင့္ လစ္ဟင္းသြားတဲ့ ကြၽန္ေတာ့္ရင္ဘတ္ထဲက ဗလာအေပါက္ႀကီးက မျမင္ႏိုင္တဲ့ တစ္စုံတစ္ခုေၾကာင့္ ျပည့္တင္းသြားတယ္လို႔ ပထမဆုံးအႀကိမ္ ခံစားရတယ္။ အဲဒီတစ္စုံတစ္ခုက လူမဟုတ္၊ သရဲမဟုတ္ ဘာမွန္းမသိတဲ့ ျဖစ္တည္မႈတစ္ခုေၾကာင့္လို႔ ကြၽန္ေတာ္ လက္ခံရမွာေတာင္ အင္တင္တင္ရယ္။
ဒါေပမဲ့ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ သူက ကြၽန္ေတာ္ လိုအပ္တိုင္း ေရာက္လာမဲ့ ငွက္ကေလးတစ္ေကာင္ဆိုတာကိုေပါ့။
×
(၄)
ကြၽန္ေတာ့္ပတ္ဝန္းက်င္မွာ ကြၽန္ေတာ့္အေၾကာင္းကို စိတ္ဝင္စားတဲ့သူငယ္ခ်င္းေတြထက္ ကြၽန္ေတာ့္အမွတ္ကို ပိုစိတ္ဝင္စားတဲ့ သူငယ္ခ်င္းအေမေတြ အမ်ားႀကီးရွိတယ္။
အဲဒီအန္တီေတြဟာ “အဲ့တစ္ေယာက္က ဒီတစ္ေခါက္ အမွတ္အမ်ားႀကီးေလ်ာ့ထားတာမလား၊ သူနဲ႔ထပ္မေပါင္းနဲ႔ေတာ့၊ သားပါ သူနဲ႔အတူတူ ညံ့သြားလိမ့္မယ္”လို႔ ကြယ္ရာမွာ မၾကားတၾကားေျပာတတ္သလို ..
အေရွ႕မွာဆိုရင္လည္း “ဟယ္.. ဒီတစ္ေခါက္ သားရဲ႕ အဂၤလိပ္စာအမွတ္က အရင္ကထက္ ၅မွတ္ေတာင္ ပိုနည္းသြားတယ္ေနာ္၊ သခ်ၤာမွာလည္း ၁၂မွတ္ေတာင္ ေလ်ာ့သြားတာမလား။ စိတ္မေကာင္းစရာပဲ”ဆိုၿပီး ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ အတိအက်မေရတြက္မိတဲ့ အမွတ္ကြာဟခ်က္ေတြကို ကိုယ္စားတြက္ခ်က္ျပေသးတယ္။
အဲ့လိုစကားေတြက စာေမးပြဲအမွတ္ထြက္တိုင္း ကြၽန္ေတာ့္ဆီသာမက ေမေမ့နားအထိပါ ေရာက္တယ္။ အဲ့သလိုေန႔ေတြဆို ေမေမက ကြၽန္ေတာ့္ကို ပိုမဲေရာ။
“နင့္ေၾကာင့္ ငါ သူမ်ားေတြေရွ႕မွာ ဘယ္ေလာက္ေတာင္ အရွက္ကြဲရလဲဆိုတာ သိလား”
ေမေမက ကြၽန္ေတာ့္ကို စိတ္ရွိလက္ရွိပဲ ေလသံေအးေအးေလးနဲ႔ ဆူေနတယ္။ ေဘးမွာထိုင္ေနတဲ့ ေဖေဖကလည္း သူဖတ္ေနတဲ့သတင္းစာေလာက္ေတာင္ ကြၽန္ေတာ့္အေပၚ အာ႐ုံမရွိဘူး။ စိတ္ထဲမွာေတာ့ ေတြးေနမွာေပါ့။ ကြၽန္ေတာ္ဟာ ဘယ္သူ႔ဆီက မ်ိဳး႐ိုးဗီဇကို ဆက္ခံခဲ့လို႔မ်ား ဘာေၾကာင့္ ဒီေလာက္ထိ တုံးအေနရတာလဲလို႔ေလ။
“နင့္လိုကေလးက ဘာလို႔မ်ား ငါ့သားျဖစ္ေနရတာလဲ”
အဲဒီေန႔မွာ ေမေမက ကြၽန္ေတာ့္ကို ေရခ်ိဳးခန္းထဲ ထည့္ပိတ္ထားၿပီး အျပင္ကေန မီးပိတ္ခဲ့တယ္။
ေရခ်ိဳးခန္းက ပိတ္ပိန္းေအာင္ ေမွာင္လြန္းတယ္။ ကြၽန္ေတာ္ အေမွာင္ထဲမွာ တျဖည္းျဖည္းေျခာက္ျခားလာတယ္။ ေျခဖ်ားလက္ဖ်ားေတြ ေအးစက္တုန္ရီလာတယ္။
အဲဒီအခ်ိန္မွာ “ငါရွိတယ္” ဆိုတဲ့ စကားသံက ကြၽန္ေတာ့္ညာဘက္နားအနား တိုးေဖ်ာ့ဖြလ်စြာနဲ႔ ။
ကြၽန္ေတာ့္ရဲ႕ ငွက္ကေလး။ သူေရာက္လာၿပီ။
အေမွာင္ထဲမွာမို႔လို႔ အေကာင္အထည္မျမင္ရေပမဲ့ တည္ရွိမႈကိုေတာ့ ကြၽန္ေတာ္ ခံစားရတယ္။
သူ႔ရဲ႕ေထြးဖက္ထားမႈ ၊ သူ႔ရဲ႕ ေႏြးေထြးမႈ ၊ ႏွစ္သိမ့္မႈ။
သူဟာ ကြၽန္ေတာ္ တစ္ဦးတည္းျမင္ရတဲ့ ပုံရိပ္ေယာင္သက္သက္ဆိုရင္ေတာင္ အစစ္အမွန္လူသားေတြထက္ေတာ့ ကြၽန္ေတာ့္ကို ေႏြးေထြးေစပါေသးတယ္။
×
(၅)
ကြၽန္ေတာ့္ရဲ႕ ေန႔စဥ္ဘဝထဲမွာ လူမဟုတ္တဲ့တစ္စုံတစ္ေယာက္နဲ႔အတူ ယွဥ္တြဲေနထိုင္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ တစ္ခါမွ မထင္ခဲ့မိဘူး။
အရင္ကေတာ့ သူက ကြၽန္ေတာ္ ထပ္ခိုးမွာ အျပစ္ေပးခံရခ်ိန္၊ ေရခ်ိဳးခန္းထဲ အပိတ္ခံထားရခ်ိန္ေတြမွာမွ ေပၚလာတတ္တာဆိုေတာ့ ငွက္ကေလးရဲ႕ အလည္ေရာက္ရွိျခင္းဟာ ကြက္ၾကားမိုးလို ဟိုတစ္ကြက္ ဒီတစ္ကြက္နဲ႔ ရက္စြဲေတြ ခပ္ျခားျခားရယ္။
အခုေနာက္ပိုင္းေတာ့ ေမေမလည္း ကြၽန္ေတာ့္ကို သိပ္မဆူပါဘဲ၊ ကြၽန္ေတာ္လည္း အျပစ္ေပးမခံရပါဘဲ သူကြၽန္ေတာ့္ဆီ ေရာက္ေရာက္လာတတ္တယ္။
သူ႔ကို ေက်ာင္းမွာ ပထမဆုံးျမင္လိုက္ရတုန္းက ကြၽန္ေတာ္ ကိုယ့္မ်က္လုံးေတာင္ကိုယ္မယုံႏိုင္ဘူး။ ေဘးလူေတြဆီက အတည္ျပဳခ်က္ယူရေအာင္လည္း သူက ကြၽန္ေတာ္တစ္ေယာက္တည္းသာ ျမင္ရတဲ့ ျဖစ္တည္မႈဆိုေတာ့။
ကြၽန္ေတာ့္မွာ အတန္းေရွ႕ထြက္၊ လက္ပိုက္ၿပီး ဆရာမဆီက မႈိခ်ိဳးမွ်စ္ခ်ိဳး အေျပာခံေနရတာေတာင္မွ သူ႔ျမင္ၿပီး ၿပဳံးမိေတာ့မလိုျဖစ္ေသးတယ္။
သူကေတာ့ အဆူခံရၿပီး ေနရာမွာ ျပန္လာထိုင္တဲ့ ကြၽန္ေတာ့္ေခါင္းကို အစဥ္အလာမျပတ္ ဖြဖြပုတ္ေပးရင္း "ဘာမွမျဖစ္ပါဘူး၊ ငါရွိတယ္" ဆိုၿပီး ႏွစ္သိမ့္တယ္။ ေနာက္ေတာ့ သူက ဆက္ေျပာေသးတယ္။
"မင္းတို႔ရဲ႕ ဒုတိယအိမ္ပါဆိုတဲ့ေက်ာင္းက ေလာကႀကီးထဲ ဘယ္လို ေကာင္းေကာင္းမြန္မြန္ ေနထိုင္ရမလဲဆိုတာထက္ အခ်င္းခ်င္းၿပိဳင္ဆိုင္ဖို႔ပဲ အသားေပး သင္ေနတယ္မထင္ဘူးလား၊ တခ်ိဳ႕ဆရာမေတြကလည္း ပညာထက္ စိတ္ဒဏ္ရာပဲ ေပးေနၾကတာေလ၊ အခု မင္းကို တစ္တန္းလုံးေရွ႕ ေခၚဆူတဲ့ဆရာမလိုေပါ့၊ စာအုပ္ေလးေမ့က်န္ခဲ့တာနဲ႔ပဲ မင္းက တကယ္ႀကီး လမ္းေဘးေရာက္ေတာ့မလို ပ်က္စီးေနတဲ့ေက်ာင္းသားလို႔ အဲ့ဆရာမက သတ္မွတ္ေနခဲ့တာေလ"
သူ႔စကားေတြက ကြၽန္ေတာ့္နားထဲကတစ္ဆင့္ ဦးေႏွာက္အတြင္းသားအထိ တျဖည္းျဖည္း စိမ့္ဝင္လာတယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္ ဘာလို႔မ်ား ဒီေက်ာင္းဆိုတာႀကီးကို တက္ေနရတာလဲ ဆိုတဲ့ေမးခြန္းကို ပထမဆုံးစဥ္းစားမိခဲ့တယ္။
အဲဒီေနာက္ပိုင္း သူ ကြၽန္ေတာ့္အနား ရွိေနတတ္တာ အၿမဲလိုလိုပဲ။ ေက်ာင္းမွာ၊ က်ဴရွင္မွာ၊ အိမ္မွာ၊ ကြၽန္ေတာ့္အခန္းထဲ ဂိုက္ဆရာနဲ႔အတူ စာက်က္ေနခ်ိန္မွာ။ ေနရာတိုင္း သူ ရွိတယ္။ မသိရင္ သူက ကြၽန္ေတာ့္ကိုယ္ရံေတာ္လိုမ်ိဳးပဲ။
သူက တျခားဘာမွေတာ့မလုပ္ဘူး။ ဒီတိုင္းပဲ ကြၽန္ေတာ့္ကို ၾကည့္ေနတာ။ အ႐ုပ္တစ္႐ုပ္လို ခံစားခ်က္ကင္းမဲ့တဲ့ မ်က္ႏွာထားမ်ိဳးနဲ႔။ ကြၽန္ေတာ့္အတြက္ေတာ့ ခံစားခ်က္ေပါင္းစုံေဖာ္ျပႏိုင္တဲ့ တျခားလူေတြထက္စာရင္ သူ႔ကို ျမင္ေတြ႕ေနရတာ ပိုၿပီးစိတ္ေအးခ်မ္းရတယ္။
ၿပီးေတာ့ သူနဲ႔ ကြၽန္ေတာ္က ခပ္ဆင္ဆင္တူတယ္လို႔လည္း ခံစားရတယ္။ ဒါေပမဲ့ ကြၽန္ေတာ္က သူ႔ေလာက္ မဆိုးေသးပါဘူးလို႔လည္း ထင္တယ္။ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ့္မွာ သူ႔လိုမ်ိဳး လက္ကို ဓားတစ္ေခ်ာင္းနဲ႔ လွီးျဖတ္ခ်င္စိတ္ေတာ့ မရွိဘူးေလ။
သူကေတာ့ အားအားရွိ သူ႔လက္ေကာက္ဝတ္ကို ဘလိတ္ဓားနဲ႔ ျဖတ္ျဖတ္ေနတာ၊ ၿပီးရင္ ဘာမွျဖစ္တာလဲမဟုတ္ဘူး။
"မင္း ဘာလို႔ ခဏခဏ ဓားနဲ႔ ျဖတ္ေနတာလဲ၊ တကယ္ေသတာလည္း မဟုတ္ဘဲနဲ႔"
ကြၽန္ေတာ္ ေျပာလိုက္ေတာ့ သူက ဓားကို ကြၽန္ေတာ့္ဆီ ကမ္းေပးတယ္။
"ငါ မလုပ္ရဲဘူး"
ဟုတ္တယ္။ ကြၽန္ေတာ္ မလုပ္ရဲဘူး။
ဓားဆိုတာ ခြၽန္ျမထက္ရွလြန္းလို႔ ကြၽန္ေတာ့္အသားကို နာက်င္ေစတယ္ဆိုတာ ငယ္ငယ္တုန္းက ဓားနဲ႔တစ္ခါေဆာ့အၿပီးမွာ ကြၽန္ေတာ္ နားလည္သြားတယ္။ ဒါေၾကာင့္ လက္ေကာက္ဝတ္ကို ဓားနဲ႔ လွီးျဖတ္တာက အႏၲရာယ္မ်ားတယ္ဆိုတာ ကြၽန္ေတာ္သိတယ္။
ကြၽန္ေတာ့္အသားနာသြားမွာ၊ ေသြးနီရဲရဲေတြ ပန္းထြက္လာမွာ၊ ၿပီးေတာ့ တစ္ခါျဖတ္ၿပီးရင္ မရပ္တန႔္ႏိုင္ေတာ့မွာ ေၾကာက္တယ္။ ေသြးအရသာကို သိသြားၿပီးတဲ့ေနာက္မွာ ထပ္ခါထပ္ခါ ေသြးကို ေတာင့္တမိသလိုမ်ိဳး အငမ္းမရျဖစ္လာမွာလည္း ကြၽန္ေတာ္ ေၾကာက္တယ္။
"မင္းပဲ ျပန္သိမ္းထားလိုက္"
ကြၽန္ေတာ္ သူ႔လက္ကို အသာတြန္းဖယ္ေတာ့ သူက နာခံစြာနဲ႔ပဲ ဓားကိုင္ထားတဲ့လက္ကို ျပန္႐ုတ္လိုက္ၿပီး ကြၽန္ေတာ့္ကို စူးစိုက္ၾကည့္တယ္။
"မင္းက ရယ္ရတယ္"
ရယ္ရတယ္ေျပာတဲ့ သူ႔မ်က္ႏွာက တစ္စက္ေလးမွေတာင္ ရယ္ေနဟန္မတူပါဘူး။ မ်က္ခုံးေတြက မ်ဥ္းေျဖာင့္တစ္ေၾကာင္းလို ေျဖာင့္တန္းလို႔၊ မ်က္လုံးေတြကလည္း သက္မဲ့အ႐ုပ္လိုမ်ိဳး၊ ၿပီးေတာ့ သူ႔ႏႈတ္ခမ္းကလည္း အၿပဳံးတုတစ္ခု ဖန္တီးဖို႔ေတာင္ စိတ္မပါသလိုနဲ႔။ အဲ့လိုပုံစံျဖစ္ေနတဲ့သူကမ်ား ကြၽန္ေတာ့္ကို ေျပာရတယ္ရွိေသးတယ္။
"ငါေျပာတာ ဘယ္နားက ရယ္ရလို႔လဲ"
"ဒီတိုင္းပဲ ရယ္ရတယ္"
"ရယ္ရတယ္ဆိုလည္း ရယ္ေလ၊ မင္းႏႈတ္ခမ္းေတြကျဖင့္ နည္းနည္းေလးေတာင္ ၿပဳံးမေနဘဲနဲ႔မ်ား"
"မၿပဳံးႏိုင္ဘူး"
သူၿပဳံးဖို႔က က်ိန္စာမ်ား သင့္ေနလို႔လား၊ ဒါမွမဟုတ္ သူ႔ႏႈတ္ခမ္းေတြကို မၿပဳံးႏိုင္ေအာင္ အပ္နဲ႔မ်ား ခ်ဳပ္ထားေလသလား ေတြးမိေပမဲ့ အဲ့လိုအရိပ္အေယာင္ေတာ့လည္း နည္းနည္းေလးမွ မေပၚပါဘူး။
"ဘာလို႔ မၿပဳံးႏိုင္ရတာလဲ"
"ၿပဳံးႏိုင္တဲ့အခ်ိန္ေရာက္ရင္ေတာ့ ၿပဳံးမွာေပါ့"
သူက တကယ္ လွ်ိဳ႕ဝွက္ဆန္းၾကယ္တယ္လို႔ ကြၽန္ေတာ္ ေကာက္ခ်က္ခ်မိတယ္။
သရဲလိုလို ဝိညာဥ္လိုလို အနက္ဖြင့္မရတဲ့ တည္ရွိမႈမ်ိဳးနဲ႔တင္ ဆန္းၾကယ္ေနၿပီးသားကို သူလုပ္သမွ်အျပဳအမူေတြနဲ႔ ေျပာတဲ့စကားေတြကပါ ထူးေထြဆန္းျပားေနတာေလ။
ထားပါေတာ့။ ကြၽန္ေတာ့္မွာ သူနဲ႔ ျငင္းေနဖို႔အခ်ိန္မရွိဘူး။ ေမေမလစ္တုန္းေလး ကြၽန္ေတာ္ ပုံတစ္ပုံေလာက္ ေကာက္ျခစ္ဆြဲခ်င္ေသးတာ။
စားပြဲေအာက္မွာ ဖြက္ထားတဲ့ ပုံဆြဲစာအုပ္ေလးကို ကြၽန္ေတာ္ ဆြဲထုတ္လိုက္တယ္။ ဘြားဘြားရွိတုန္းကေတာ့ ဘြားဘြားအခန္းထဲ ဖြက္ထားၿပီး သြားဆြဲရတာေပါ့။ အခုက် ဘြားဘြားလည္း မရွိေတာ့ ကိုယ့္အခန္းထဲပဲ ကိုယ္ဖြက္ဆြဲရေတာ့တယ္။
ေမေမသိရင္ေတာ့ ဆူမွာေသခ်ာတယ္။ ေမေမက ကြၽန္ေတာ္ ပုံဆြဲတာကို လုံးဝမႀကိဳက္ဘူးေလ။ ငယ္ငယ္တုန္းက ကြၽန္ေတာ္ ပန္းခ်ီသင္ခ်င္တယ္ေျပာေတာ့ "ပန္းခ်ီဆြဲရင္ သားရဲ႕စာက်က္ခ်ိန္ေတြ ေလ်ာ့ကုန္မယ္ေလ၊ ေနာက္မွဆြဲေနာ္" ဆိုၿပီး ခပ္ေအးေအး ေဖ်ာင္းဖ်ခဲ့တာ။ အခု ကြၽန္ေတာ့္အသက္ ၁၅ ႏွစ္အထိလည္း ေမေမက ခြင့္မျပဳေပးပါဘူး။ အဲဒီေတာ့ ေနာက္ကြယ္မွာ ခိုးေၾကာင္ခိုးဝွက္လုပ္ျခင္းဆိုတဲ့ အက်င့္စ႐ိုက္က ကြၽန္ေတာ့္ဆီ စြဲကပ္လာေရာ။
"မင္းက မႈန္ကုပ္ကုပ္မ်က္ႏွာနဲ႔ စာက်က္ေနတဲ့အခ်ိန္ထက္ ပန္းခ်ီခိုးဆြဲေနတဲ့အခ်ိန္မွာ ပိုၾကည့္ေကာင္းတယ္ဆိုတာ သိလား"
"ငါ့ကို အဲ့လိုေျပာတာ မင္းပထမဆုံးပဲ၊ ေမေမကေတာ့ ပုံဆြဲၿပီး ဘာလုပ္စားမွာလဲတဲ့၊ အဲဒါက ဘာအေရးပါလို႔လဲတဲ့၊ ပုံဆြဲတဲ့အခ်ိန္ ငါ ေပ်ာ္ေနတာက်ေတာ့ ေမေမမျမင္ဘဲနဲ႔"
ေမေမ့အျမင္မွာ ဆရာဝန္၊ အင္ဂ်င္နီယာ၊ ေရွ႕ေနဆိုတဲ့ ခန႔္ခန႔္ထည္ထည္ အသက္ေမြးဝမ္းေက်ာင္းေတြကပဲ မိသားစုကို ပိုဂုဏ္တက္ေစၿပီး မ်က္ႏွာပြင့္ေစတယ္လို႔ ဟိုးအရင္ကတည္းက မေျပာင္းမလဲ စြဲထင္ေနခဲ့တာ။ ဒါေၾကာင့္လည္း မမႀကီးနဲ႔ ကိုကိုဟာ ေမေမခင္းထားတဲ့လမ္းအတိုင္း ေလွ်ာက္ခဲ့ရတယ္။
"ငါျမင္ပါတယ္၊ ပုံဆြဲေနတဲ့အခ်ိန္ဆို မင္းမ်က္လုံးေတြက အေရာင္ပိုေတာက္ၿပီး မင္းႏႈတ္ခမ္းက အလိုလိုၿပဳံးေနတတ္တာ၊ အဲဒါေတြအကုန္ ငါျမင္ေနရတယ္ေလ"
သူက ဒီစကားေတြကို အၿပဳံးႏုႏုေလးနဲ႔ ေျပာမေနတာေတာင္မွ၊ အသက္ပါတဲ့မ်က္ဝန္းေတြနဲ႔ ေငးစိုက္ၾကည့္မေနတာေတာင္မွ သူ႔ဆီက ေႏြးေထြးမႈကို ကြၽန္ေတာ္ ခံစားရတယ္။
သူ အၿမဲေျပာတယ္။ သူက ငွက္ကေလးပါတဲ့။ တကယ္တမ္းေတာ့ ကြၽန္ေတာ္ကသာ သူဆိုတဲ့အသိုက္အၿမဳံေလးမွာ ခိုလႈံနားခိုရတဲ့ဒုကၡသည္လိုပဲ။
"ငါ့ဘက္မွာ မင္းရွိေနလို႔ ေတာ္ေသးတယ္"
ကြၽန္ေတာ္ သူ႔ကို ၿပဳံးျပလိုက္တယ္။ သူကေတာ့ ပကတိ အသက္မဲ့မ်က္ဝန္းေတြနဲ႔ ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားၿမဲ။ ဒါေပမဲ့ သူ႔ရဲ႕ မရယ္မၿပဳံးႏႈတ္ခမ္းေတြဟာ တျခားသူေတြရဲ႕ အၿပဳံးတုအၿပဳံးေယာင္ေတြထက္ ပိုၿပီးစစ္မွန္တယ္ဆိုတာ ကြၽန္ေတာ္ အတပ္သိတယ္။
×
(၆)
အဲဒီေနာက္ပိုင္း မွတ္ဉာဏ္ေတြဟာ ကြၽန္ေတာ္ စကားပလႅင္ခံထားခဲ့သလိုပဲ သိပ္အစီအစဥ္မက်ဘူး။ ၿပီးေတာ့ စိတ္ဝင္စားစရာလည္း မေကာင္းဘူး။ အဲဒီေတာ့ မတည္းျဖတ္ရေသးလို႔ ေရွ႕ေနာက္ေနရာလြဲမွားေနမလားမသိႏိုင္တဲ့ ႐ုပ္ရွင္ျပကြက္ေတြကို ၂ဆအျမန္ႏႈန္းနဲ႔ ၾကည့္ရသလိုမ်ိဳးပဲ ကြၽန္ေတာ္ေျပာျပေတာ့မယ္။
ေသခ်ာျခင္းတစ္ခုကေတာ့ ေန႔ရက္ေတြတိုင္းမွာ သူဟာ ကြၽန္ေတာ္အနား အၿမဲရွိေနခဲ့တယ္။
ေမေမက ကြၽန္ေတာ္ဖြက္ထားတဲ့ပုံဆြဲစာအုပ္ကို ရွာေတြ႕သြားၿပီး မီးရႈိ႕ပစ္လိုက္တဲ့အခ်ိန္မွာ သူ ကြၽန္ေတာ့္ေဘးနားရွိေနခဲ့တယ္။
တေျမ့ေျမ့ေလာင္ကြၽမ္းသြားတဲ့ စကၠဴစေတြကို ကြၽန္ေတာ္ ဒီတိုင္းပဲ ရပ္ၾကည့္ေနခဲ့တယ္။ ကြၽန္ေတာ္ အႏွစ္ႏွစ္အလလ တန္ဖိုးထားရတဲ့အရာေတြဟာ မိနစ္ပိုင္းအတြင္းမွာတင္ ျပာမႈန္ေတြအျဖစ္ အသြင္ေျပာင္းသြားတယ္။ ဒါေပမဲ့ ရင္ဘတ္ထဲမွာ ဗလာျဖစ္ေနတယ္။ စိတ္ထဲမွာလည္း ဘာမွမရွိေတာ့ဘဲ ဟင္းလင္းျပင္လိုမ်ိဳး။ ဝမ္းနည္းျခင္းမရွိ၊ ေဒါသထြက္ျခင္းမရွိ ။
ကြၽန္ေတာ့္စိတ္ထဲ “သြားၿပီ”ဆိုတဲ့စကားတစ္ခြန္းကိုပဲ အႀကိမ္ေပါင္းမ်ားစြာ ေရ႐ြတ္ေနမိတယ္။
"မင္းဝါသနာကို မပံ့ပိုးေပးတဲ့မိသားစုထဲ ေနထိုင္ရတာ သိပ္ပင္ပန္းမွာပဲ"
သူက ကြၽန္ေတာ့္လက္ကို တင္းတင္းဆုပ္လာတယ္။ ေသခ်ာတယ္၊ ကြၽန္ေတာ့္ရဲ႕ ေပ်ာက္ဆုံးေနတဲ့ခံစားခ်က္ေတြကို သူ႔ဆီမွာပဲ ျပန္ရွာေတြ႕ခဲ့တယ္။
"နင္ ဆံပင္ေတြ အရွည္ထားၿပီး လူႀကီးျဖစ္ခ်င္ေနလို႔ တျဖည္းျဖည္း စာညံ့လာတာေနမယ္"လို႔ ေျပာရင္း ဆရာမက ကြၽန္ေတာ့္ဆံပင္ေတြကို ကတ္ေၾကးနဲ႔ မညီမညာ ထိုးညႇပ္ပစ္တယ္။ အတန္းေဖာ္ေတြက ကြၽန္ေတာ့္ကို ေလွာင္သလို ၾကည့္ေနၾကတယ္။ တခ်ိဳ႕က ခိုးရယ္ၾကတယ္။
သူတစ္ေယာက္ပဲ .. သူတစ္ေယာက္တည္းပဲ ကြၽန္ေတာ့္အတြက္ ငိုေပးခဲ့တာ။ သူ႔လိုလူက ငိုတာလားဆိုၿပီး ခင္ဗ်ားတို႔ ေမးခြန္းထုတ္ခ်င္ၾကမယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ အဲဒီအခ်ိန္မွာ သူက တကယ္ကို အမူအရာအေျပာင္းအလဲမရွိတဲ့ တည္တင္းတင္းမ်က္ႏွာထားနဲ႔ပဲ ရပ္ေနခဲ့တာပါ။ ဒါေပမဲ့ အသက္မဲ့ေနတဲ့သူ႔မ်က္လုံးေတြကို ၾကည့္႐ုံနဲ႔တင္ အတြင္းမွာ သူငိုေနတယ္ဆိုတာ ကြၽန္ေတာ္သိတယ္။
ကြၽန္ေတာ့္မွာ သူကလြဲၿပီး ဘယ္သူမွမရွိဘူးဆိုတာ ပိုေသခ်ာလာတယ္။
ကိုကိုက ေျပာတယ္။ "ငါ့တုန္းကလည္း အဲ့လိုပဲ ျဖတ္သန္းလာရတာ၊ မင္းအလွည့္က်မွ မ်က္ရည္ခ်ဴၿပီး ဒရမ္မာခင္းမေနနဲ႔"တဲ့။
သခ်ၤာနဲ႔ ႐ူပေဗဒပညာရပ္မွာ ထူးခြၽန္တဲ့ကိုကိုက အတိမ္အနက္မတူတဲ့ ဒဏ္ရာေတြအေၾကာင္းေတာ့ နားလည္ပုံမရဘူး။ လူတစ္ေယာက္နဲ႔တစ္ေယာက္ဟာ တစ္စုံတစ္ခုကို တုံ႔ျပန္တဲ့ ဒါမွမဟုတ္ လက္ခံႏိုင္တဲ့ ခံႏိုင္ရည္မွတ္မတူၾကဘူးဆိုတာ ကိုကိုမသိဘူး။
ဒါေပမဲ့ စိတ္ပိုင္းဆိုင္ရာ နာက်င္မႈဆိုတာလည္း dolorimeter နဲ႔ လက္ေတြ႕က်က် တိုင္းတာရသေလာက္ လြယ္ကူေနတာမ်ိဳး မဟုတ္ေတာ့ လူတိုင္းဟာ 'ငါ'ဆိုတဲ့ ျပယုဂ္တစ္ခုကို ပုံေသထားၿပီး တိုင္းထြာၾကတယ္။ 'ငါ့တုန္းကလည္း'၊ 'ငါတို႔တုန္းကလည္း'၊ 'ငါတို႔ေခတ္မွာလည္း' ဆိုတဲ့ တစ္ကိုယ္ရည္ ဥပေဒသေတြနဲ႔ ခိုင္းႏႈိင္းတတ္ၾကတယ္။ ၿပီးေတာ့ ‘ငါတို႔တုန္းကလည္း’ လို႔ အစခ်ီတဲ့ မမွ်တျခင္းေတြကို ကြၽန္ေတာ္တို႔ဆီ ဆက္ၿပီးလက္ဆင့္ကမ္းၾကတယ္။
"မင္း နာက်င္ေနရတာ ငါသိပါတယ္"တဲ့။ အဲဒီစကားကို ပထမဆုံးၾကားဖူးခဲ့တာ ကြၽန္ေတာ့္ရဲ႕ ငွက္ကေလးဆီက။ သူကလြဲၿပီး ဘယ္သူမွ ကြၽန္ေတာ့္ဒဏ္ရာေတြကို မျမင္ၾကဘူး၊ အနာတရေတြကို မေတြ႕ၾကဘူး။
သူက ကြၽန္ေတာ္ ထုတ္မျပႏိုင္တဲ့ နာက်င္မႈေတြ၊ မေဖာ္ျပႏိုင္တဲ့ ခံစားခ်က္ေတြကို သိမ္းဆည္းေပးထားတဲ့ ေသတၱာငယ္ေလးလိုပဲ။ ကြၽန္ေတာ္ဟာ စိတ္တည္ၿငိမ္ျခင္းကို သူ႔ဆီမွာပဲ ျပန္ရွာရတယ္။
ျဖစ္ႏိုင္မယ္ဆို အဲဒီေန႔က ကြၽန္ေတာ္ ေမေမတို႔အခန္းေရွ႕က ျဖတ္မေလွ်ာက္ခဲ့သင့္ဘူး။
"သူ႔ကုန္က်စရိတ္ေတြက နည္းတာမဟုတ္ဘူး"
ဂဏန္းတြက္စက္သံ တေခ်ာက္ေခ်ာက္နဲ႔အတူ ေမေမ့စကားသံကို အိပ္ခန္းေရွ႕ကအျဖတ္ ကြၽန္ေတာ္ အမွတ္မထင္ ၾကားလိုက္ရတယ္။
ေမေမဟာ စာရင္းကိုင္ပညာရပ္နဲ႔ ဘြဲ႕ရထားသူမဟုတ္ေပမဲ့ အတြက္အခ်က္ သိပ္ဝါသနာပါတယ္။ ကြၽန္ေတာ့္ရဲ႕ တစ္ေန႔တာ ေနထိုင္စားေသာက္မႈေတြကို စာရင္းမွတ္၊တြက္ခ်က္ၿပီး မိဘေတြအေပၚ ကြၽန္ေတာ္တင္ေနတဲ့အေႂကြးက ဘယ္ေလာက္ပမာဏရွိၿပီဆိုတာကို မွတ္ထားတတ္တယ္။ တျခားမိဘေတြလည္း အဲ့လိုပဲလားေတာ့ မသိေပမဲ့ ကြၽန္ေတာ့္အတြက္ေတာ့ ငယ္ငယ္ကတည္းက မိဘေက်းဇူးကို မျဖစ္မေနျပန္ဆပ္ရမယ္ဆိုတဲ့စကားကို အၿမဲၾကားေနခဲ့ရတာပဲ။
"သူ႔အတြက္ ကုန္ထားတဲ့ ပိုက္ဆံေတြပဲ ႏွေျမာဖို႔ေကာင္းတယ္၊ အငယ္ေကာင္က အႀကီးႏွစ္ေယာက္လို ျဖစ္ထြန္းမွာမဟုတ္ဘူး"
ေမေမတို႔အျမင္မွာ သားသမီးဆိုတာ ရင္းႏွီးျမဳပ္ႏွံမႈအႀကီးႀကီးတစ္ခုျပဳလုပ္သလိုပဲ။ အခ်ိန္နဲ႔ေငြေတြ မ်ားမ်ားရင္းထားသေလာက္ အက်ိဳးအျမတ္မ်ားမ်ားျပန္ရဖို႔ ေမွ်ာ္လင့္ေနတာ။
"သူ႔လိုအျဖစ္မရွိတဲ့ကေလးကို ဘာလို႔မ်ား ေမြးခဲ့မိတာလဲ"
ဘယ္သူကေရာ ေမြးေပးပါလို႔ ခယခဲ့လို႔လဲ။ ဒီမိသားစုထဲ ေမြးဖြားလာဖို႔ ကြၽန္ေတာ္လည္း မေတာင္းဆိုခဲ့ဘဲနဲ႔၊ ေသခ်ာေပါက္ ေအာင္ျမင္ေစရပါမယ္လို႔ တစ္ႀကိမ္တစ္ခါမွေတာင္ ကတိမေပးခဲ့ဖူးဘဲနဲ႔ ဘာလို႔မ်ား တစ္ဖက္သတ္ယုံၾကည္ခ်က္ေတြနဲ႔ တာဝန္ဝတၱရားေတြကို ကြၽန္ေတာ့္ပခုံးေပၚ ပစ္ခ်ရတာလဲ။
"နာက်င္ရတယ္မလား"
သူက ကြၽန္ေတာ့္နားအနား ကပ္ေျပာတယ္။
"ပင္ပန္းတယ္မလား"
သူ႔လက္ေတြဟာ ကြၽန္ေတာ့္ပခုံးေပၚကတစ္ဆင့္ တစ္ကိုယ္လုံးအႏွံ႔ တေ႐ြ႕ေ႐ြ႕ နယ္ခ်ဲ႕လာတယ္။
"ငါနဲ႔အတူထြက္သြားရေအာင္"
ကြၽန္ေတာ့္ခႏၶာကိုယ္က တုံ႔ျပန္မႈကင္းမဲ့လို႔ သူ႔လက္ထဲမွာပဲ ေနသားတက်။ သူ႔ရဲ႕တစ္စိတ္တစ္ေဒသဟာ ကြၽန္ေတာ့္ကိုယ္ထဲ တစ္စတစ္စ ေရာေႏွာနစ္ဝင္လာသလိုမ်ိဳးပဲ။
×
(၇)
အဲဒီရက္စြဲေတြမွာ ကြၽန္ေတာ့္စိတ္အာ႐ုံက ဆိုးဆိုးဝါးဝါး ပ်ံ႕လြင့္ေနၿပီး ဘာကိုမွလည္း အာ႐ုံစိုက္မရဘူး။ ကြၽန္ေတာ္ အာ႐ုံလာတာ တစ္ခုပဲရွိတယ္။ အဲဒါက ကြၽန္ေတာ့္ရဲ႕ ငွက္ကေလးပဲ။
ၿပီးေတာ့ ညဘက္ေတြလည္း မအိပ္မိဘဲ အိပ္ရာထက္မွာ ကြၽန္ေတာ္နဲ႔သူ ေဘးခ်င္းယွဥ္လွဲလို႔ ညလုံးေပါက္ စကားေဖာင္ဖြဲ႕ေနမိေတာ့တယ္။ ေျပာျဖစ္တဲ့စကားေတြကေတာ့ ေရာက္တတ္ရာရာပဲ။ တစ္ခါတေလ သူေျပာတဲ့စကားေတြကို ကြၽန္ေတာ္ ေသခ်ာေတာင္ နားမလည္ပါဘူး။
"ငွက္တစ္ေကာင္မွာ အေရးႀကီးဆုံးအစိတ္အပိုင္းက ဘာလဲသိလား"
"အေတာင္လား"
"အင္း မွန္တယ္၊ အေတာင္က်ိဳးသြားတဲ့ငွက္ ဒါမွမဟုတ္ အေတာင္အခ်ိဳးခံလိုက္ရတဲ့ငွက္ဟာ အသက္ရွင္ေနလည္း ဘာမွမထူးဘူး၊ သူ႔ဘဝက ေသသြားၿပီ၊ ဘာလို႔လဲဆို သူ႔အသက္က ငွက္တစ္ေကာင္ရဲ႕ ဂုဏ္သတၱိျဖစ္တဲ့ ပ်ံသန္းျခင္းကို ေထာက္ပံ့ေပးတဲ့ ေတာင္ပံေပၚ မူတည္ေနတာမို႔လို႔ေလ"
သူ႔စကားကို ကြၽန္ေတာ္ နားလည္သလိုလို မလည္သလိုလိုနဲ႔။
"မင္းေရာ တစ္ခါေလာက္ မပ်ံသန္းၾကည့္ခ်င္ဘူးလား"
"ဘယ္ကို ပ်ံသန္းမွာလဲ၊ ဘယ္ေနရာကိုလဲ"
"ဒီေနရာကေန လြတ္ေျမာက္ဖို႔ေပါ့"
"လြတ္ေျမာက္သြားရင္.."
"မင္းနဲ႔ငါနဲ႔အၿမဲတမ္းအတူတူရွိႏိုင္ၿပီေလ"
ကြၽန္ေတာ္ ေငးငိုင္ေနတုန္းမွာပဲ သူ႔လက္ေခ်ာင္းေလးေတြက ကြၽန္ေတာ့္လက္ေခ်ာင္းေတြၾကား ဝင္ေရာက္ယွက္ႏြယ္လာတာမ်ား ညင္သာႏူးညံ့လြန္းလို႔ ကိုယ္တိုင္ေတာင္ သတိမထားမိေအာင္ပဲ။ အဲဒီအခ်ိန္ ကြၽန္ေတာ့္ႏွလုံးခုန္သံေတြက အမွန္တကယ္ ထိန္းမႏိုင္သိမ္းမရျဖစ္ရတယ္။
ပ်ံသန္းမယ္။
လြတ္ေျမာက္ဖို႔အတြက္။
ေနာက္ၿပီး ကြၽန္ေတာ့္ရဲ႕ငွက္ကေလးနဲ႔ အၿမဲအတူတူရွိႏိုင္မွာ။
×
(၈)
"တကၠသိုလ္ေရာက္ရင္ အကုန္အဆင္ေျပသြားမွာ၊ အသက္ႀကီးလာရင္ အားလုံးအဆင္ေျပသြားမွာ၊ အဲဒါမို႔ ငယ္တုန္း အမ်ားႀကီးႀကိဳးစားရမယ္"ဆိုတဲ့ ေမေမ့စကားက ငယ္ငယ္ကတည္းက ကြၽန္ေတာ့္နားမွာ ယဥ္ၿပီးသား။ ဒါေပမဲ့ အဲဒီစကားက ဧကန္မမွန္ဘူးဆိုတာ အိမ္ေရွ႕အိမ္က နာေရးက သက္ေသျပလိုက္သလိုပဲ။
အသက္ ၃၂ႏွစ္အ႐ြယ္ ေယာက္်ားတစ္ေယာက္။
႐ုပ္ရည္႐ူပကာ သန႔္စင္တည္ၾကည္လို႔။
မဂၤလာဖိတ္စာမွာ အမ်ားသူငါ အားက်ရေလာက္တဲ့ ဘြဲ႕ထူးဂုဏ္ထူးေတြ တသီတသန္းနဲ႔။
ႏိုင္ငံျခားကုမၸဏီခြဲတစ္ခုမွာ ခပ္ျမင့္ျမင့္ရာထူး။
အိမ္ႀကီးအိမ္ေကာင္းက သိပ္လွတဲ့ အမ်ိဳးသမီးေလးနဲ႔ ေစ့စပ္ၿပီးသား။
အိမ္ပိုင္၊ ကားပိုင္။
အဲဒီေသသြားတဲ့ေယာက္်ားရဲ႕ အေျခအေနက ေမေမတို႔ ေမွ်ာ္မွန္းထားတဲ့ သားတစ္ေယာက္ရဲ႕ စံခ်ိန္စံၫႊန္းေတြအျပည့္နဲ႔။
ဒါက အဲဒီေယာက္်ားနဲ႔ပတ္သက္လို႔ ကြၽန္ေတာ့္မွတ္ဉာဏ္ထဲ ရွိသေလာက္ အခ်က္အလက္ေတြပါ။
"အဲ့လို အစစအရာရာ ၿပီးျပည့္စုံၿပီလို႔ ထင္ရတဲ့ လူတစ္ေယာက္က ဘာလို႔ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားတယ္လို႔ မင္းထင္လဲ"
ထပ္ခိုးရဲ႕ ျပတင္းေပါက္ကေန အိမ္ေရွ႕အိမ္ကို လွမ္းၾကည့္ရင္း သူက ေမးလာတယ္။
"ေမေမတို႔ ေျပာတာေတာ့ ေဆးေၾကာင္လို႔တဲ့"
"မင္းေရာ တကယ္ပဲ အဲ့လိုထင္တာလား"
ကြၽန္ေတာ္ခ်က္ခ်င္းပဲ ေခါင္းခါမိတယ္။
"ဟင့္အင္း.. သူ ဘာျဖစ္လို႔ လြတ္ေျမာက္ဖို႔ ေ႐ြးခ်ယ္သြားလဲဆိုတာ ငါသိပါတယ္"
ၿပီးေတာ့ ေမေမေျပာေနက် 'အသက္ႀကီးလာရင္ အကုန္လုံးအဆင္ေျပသြားမွာပါ'ဆိုတဲ့ စကားကလည္း အလိမ္အညာဆိုတာ ကြၽန္ေတာ္ သိတယ္။
အိမ္ေရွ႕အိမ္မွာ ကားေတြ တစ္စီးၿပီးတစ္စီး ဝင္ထြက္ရင္း အလုပ္ရႈပ္ေနၾကတယ္။ ရႈိက္ႀကီးတငင္ ငိုေႂကြးေနသံေတြလည္း ၾကားေနရတယ္။ အဲဒီလူက ပါရာစီတေမာ အလုံးေပါင္းမ်ားစြာ ေသာက္ၿပီး သတ္ေသသြားတယ္ဆိုေပမဲ့ သူ႔အတြက္ ငိုေပးတဲ့လူေတြကေတာ့ အေျမာက္အျမားပဲ။
"ငါ ေသသြားရင္ေရာ ဘယ္သူေတြ ငိုၾကမလဲ မသိဘူး"
"စဥ္းစားၾကည့္ေလ၊ တစ္ေန႔မွာ မင္းသာ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားမယ္ဆိုရင္ ဘယ္သူေတြက ဘယ္လိုတုံ႔ျပန္ၾကမလဲဆိုတာကို"
"ငါ ေပ်ာက္သြားရင္လား"
ကြၽန္ေတာ္ သံေယာင္လိုက္ေျပာမိတယ္။ ဒါေပမဲ့ ေခါင္းထဲမွာေတာ့ စဥ္းစားမရဘူး။ ဘယ္ကေန ဘယ္လို အစျပဳေတြးေတာရမလဲဆိုတာ အစေဖာ္မရဘူး။
အဲဒီအခ်ိန္ ကြၽန္ေတာ္ မ်က္စိက်သြားတာက ဓာတ္ပုံအယ္လ္ဘမ္ေတြ ထည့္ထားတဲ့ ေသတၱာကို။ ေသတၱာထဲမွာ အယ္လ္ဘမ္ေတြ သိပ္မရွိပါဘူး။ မျဖစ္မေန႐ိုက္ထားတဲ့ မိသားစုဓာတ္ပုံေလာက္ပဲရွိတာ။ ၾကည့္ေကာင္းတဲ့ပုံတစ္ပုံကို အႀကီးႀကီးတစ္ခုထုတ္လို႔ ဧည့္ခန္းထဲ လူျမင္ေကာင္းေအာင္ ခ်ိတ္ထားၿပီး က်န္တဲ့ဓာတ္ပုံေတြကေတာ့ ထပ္ခိုးထပ္မွာ ဖုန္အလိပ္လိပ္နဲ႔။
ထုတ္ယူလိုက္တဲ့ မိသားစုဓာတ္ပုံထဲမွာ ကြၽန္ေတာ္အပါအဝင္ လူ ၆ ေယာက္။
ကြၽန္ေတာ့္လက္ထဲကိုင္ထားတဲ့ ဓာတ္ပုံေလးကို သူကလည္း ေဘးကေန အထူးတဆန္းလာၾကည့္ေနတယ္။
"ဘြားဘြားသာ အခုခ်ိန္ထိ အသက္ရွင္လ်က္ ရွိေနေသးရင္ေတာ့ ငါ့ကို စိုးရိမ္တႀကီး လိုက္ရွာေနမဲ့ ပထမဆုံးလူက ဘြားဘြားပဲျဖစ္မယ္။ ေမေမကလည္း ငါ့ကို အသည္းအသန္လိုက္ရွာေနမွာပဲ၊ ဘာလို႔လဲဆိုေတာ့ သူ ငါ့ကို အခုခ်ိန္ထိ ေကြၽးေမြးေစာင့္ေရွာက္ထားတဲ့ ပိုက္ဆံေတြက နည္းတာမွမဟုတ္တာ၊ ေမေမတစ္ခါေျပာဖူးတယ္ မူလတန္းကတည္းကေန အထက္တန္းအထိ ငါ့အတြက္ ကုန္က်ထားတဲ့ ေက်ာင္းစရိတ္ က်ဴရွင္စရိတ္ေတြအကုန္ေပါင္းလိုက္ရင္ လူခ်မ္းသာရပ္ကြက္မွာ အိမ္အႀကီးႀကီးတစ္လုံး ေအးေဆးပိုင္တယ္တဲ့။ အဲဒါေၾကာင့္ ငါသာ ေပ်ာက္သြားရင္ သူက အိမ္တစ္လုံးစာပမာဏကို ဓားျပတိုက္ခံရသလို ခံစားေနရမွာ။
ေဖေဖကေတာ့ ငါ့ကို စိတ္ထဲသိပ္မရွိပါဘူး။ သူက မမႀကီးကိုပဲ ဂ႐ုစိုက္တာေလ၊ အေဖေတြက သမီးေတြကို ပိုခ်စ္တယ္ဆိုတာ တကယ္မွန္တယ္၊ ငယ္ငယ္က ကစားကြင္းမွာ မမႀကီးေပ်ာက္သြားတုန္းက ေဖေဖက သူဆြဲထားတဲ့ငါ့လက္ကို လႊတ္ခ်ၿပီး မမႀကီးကို အပူတျပင္းလိုက္ရွာခဲ့တာေလ၊ ငါ့ကိုေတာ့ လူအုပ္ၾကားထဲ ထားခဲ့လို႔ထားခဲ့မိမွန္းေတာင္ မသိဘူး၊ အဲဒီေတာ့ အခု ငါေပ်ာက္သြားရင္လည္း သူ သိပ္စိတ္ပူမွာမဟုတ္ဘူး။ ၿပီးေတာ့ မမႀကီးနဲ႔ ကိုကိုကလည္း ငါ့ကို သိပ္အာ႐ုံရွိတာမဟုတ္ပါဘူးေလ၊ သူတို႔စိတ္ထဲ အလုပ္နဲ႔ စာပဲ ရွိတာ၊ ငါ မရွိလည္း သူတို႔အကုန္အဆင္ေျပၾကမွာ"
ဓာတ္ပုံထဲမွာ လူေတြစုံသြားၿပီ။ ကြၽန္ေတာ့္ကို လိုက္ရွာမဲ့ဘြားဘြားလည္း ကြယ္လြန္ခဲ့တာၾကာၿပီဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ ေပ်ာက္ကြယ္ျခင္းက က်န္မိသားစုဝင္ေတြကို မ်က္ရည္က်ေစမွာမဟုတ္ဘူး။
"သူငယ္ခ်င္းေတြကလည္း ငါမရွိေတာ့ရင္ ေပ်ာ္ၾကမွာ ေသခ်ာတယ္၊ အတန္းထဲမွာ ၿပိဳင္စရာလူတစ္ေယာက္ ေလ်ာ့သြားမွာဆိုေတာ့။"
ဒီေလာက္ဆို ကြၽန္ေတာ္ ေပ်ာက္ကြယ္သြားလည္း ဘာမွေနာက္ဆံတင္းစရာမရွိဘူး။ ကြၽန္ေတာ့္အတြက္ ငိုေနမဲ့လူမရွိဘူး။
ကြၽန္ေတာ္ သူ႔ကို လွည့္ၾကည့္လိုက္တယ္။ သူက ကြၽန္ေတာ္နဲ႔အနီးကပ္ဆုံးအေနအထားမွာ ရွိေနတယ္။ ၿပီးေတာ့ ဓာတ္ပုံကို ေသေသခ်ာခ်ာ စိုက္ၾကည့္ေနတယ္။
"ဒီပုံထဲမွာ ဘာလို႔ မင္းတစ္ေယာက္တည္း အမ်ားႀကီးၿပဳံးေနခဲ့တာလဲ"
သူေျပာတာ တကယ္အဟုတ္ပဲ။ မိသားစုဓာတ္ပုံထဲ ကြၽန္ေတာ္တစ္ေယာက္ပဲ သြားအေခ်ာင္းေတာ္ေတာ္မ်ားမ်ားေပၚတဲ့အထိ ၿပဳံးၿဖီးေနခဲ့တာေလ။
ဘြားဘြားက သြားက်ိဳးေနတာမေပၚေစဖို႔ ႏႈတ္ခမ္းေတြကို ၿပဳံးတယ္ဆို႐ုံေလး။ ေဖေဖက ႏႈတ္ခမ္းသားတို႔ တြန႔္ေကြး႐ုံ အၿပဳံးခန႔္ခန႔္နဲ႔ ေမေမကေတာ့ က်က္သေရရွိတဲ့ အၿပဳံးႏုႏုတစ္ခု ဆင္ျမန္းထားတယ္။ မမႀကီးကလည္း ပညာဂုဏ္ႀကီးသူပီပီ မာန္ပါတဲ့အၿပဳံးတစ္ပြင့္နဲ႔။ ကိုကိုကလည္း ညာဘက္ႏႈတ္ခမ္းစြန္းကို မသိမသာတြန႔္ထားတတ္တဲ့ မူပိုင္အၿပဳံးနဲ႔။ ပုံကို ၿခဳံၾကည့္ရင္ ကြၽန္ေတာ္တစ္ေယာက္တည္းကသာ ထင္းထင္းလင္းလင္းႀကီး ၿပဳံးၿဖီးေနခဲ့တာ သိသိသာသာပဲ။
"အင္းေနာ္ ငါ ဘာလို႔ အဲ့တုန္းက အမ်ားႀကီးၿပဳံးခဲ့မိတာလဲ"
ၾကည့္ေနရင္းနဲ႔ မိသားစုဓာတ္ပုံမွာ ကြၽန္ေတာ္ တစ္ေယာက္တည္း ကြဲထြက္ေနသလို ခံစားရတယ္။ ကြၽန္ေတာ္က ဒီမိသားစုနဲ႔ နည္းနည္းေလးေတာင္ မသက္ဆိုင္သလိုပဲ။
ရည္႐ြယ္ခ်က္မရွိတဲ့ ျဖစ္တည္မႈတစ္ခုက အလကားပဲလို႔ တီဗြီအစီအစဥ္တစ္ခုမွာ ကြၽန္ေတာ္ ၾကားဖူးတယ္။ မမႀကီးက ေဖေဖ့ရဲ႕ အခ်စ္ဆုံးသမီး၊ ကိုကိုက ေမေမ့ရဲ႕ အခ်စ္ဆုံးသား။ ဒါဆို ကြၽန္ေတာ္ကေရာ။ ကြၽန္ေတာ္ကေရာ ဒီမိသားစုထဲမွာ ဘယ္သူနဲ႔ သက္ဆိုင္ေနတာလဲ။ ဘယ္သူ႔အတြက္ ရွင္သန္ေနတာလဲ။
ဒီမိသားစုထဲမွာ ကြၽန္ေတာ့္ရဲ႕ ျဖစ္တည္မႈက ဘာရည္႐ြယ္ခ်က္နဲ႔မ်ားလဲ။
×
(၉)
ကြၽန္ေတာ့္ဘဝဟာ ကြၽန္ေတာ္ ဘယ္တုန္းကမွ မပိုင္ခဲ့တဲ့အရာပါ။
×
(၁၀)
ကြၽန္ေတာ္ဟာ ထြက္သြားဖို႔အတြက္ ေန႔ေကာင္းရက္သာ ရက္ရာဇာတစ္ေန႔ကို ေ႐ြးခ်ယ္ခဲ့တယ္။
အဲဒီေန႔မွာ ေကာင္းကင္ႀကီးက ျပာလြင္ၾကည္သာၿပီး အဆုပ္လိုက္ျပန႔္က်ဲေနတဲ့ တိမ္စိုင္ေလးေတြကလည္း ဝါဂြမ္းစေလးေတြလို ႏူးအိျဖဴလြေနခဲ့တယ္။
"မင္း ငါနဲ႔အတူတူ ပ်ံသန္းမယ္မလား"
သူက လက္စြဲေတာ္ ဘလိတ္ဓားေလးကို ကြၽန္ေတာ့္ဆီ ကမ္းေပးတယ္။ ဓားသြားက လင္းေရာင္ျခည္ေအာက္မွာ အေရာင္လက္ခနဲ။
အရင္က သူ ကြၽန္ေတာ့္ကို 'အတူတူထြက္သြားၾကမလား' ဆိုၿပီး ေမးလာတဲ့အခ်ိန္တိုင္း ကြၽန္ေတာ္ တုံ႔ဆိုင္းေနခဲ့တာ။ အခုေတာ့ ကြၽန္ေတာ္ေသခ်ာသြားၿပီ။
"အင္း၊ ငါ အားလုံးကို အဆုံးသတ္ခ်င္ၿပီ"
ဒီစကားကို ပါးစပ္ကေန ေျပာထြက္သြားခ်ိန္မွာ ကြၽန္ေတာ့္တစ္ကိုယ္လုံး ငွက္ေမြးေလးတစ္စလို ေပါ့ပါးလြတ္လပ္သြားခဲ့တယ္။ မသိရင္ ကြၽန္ေတာ္က ဒီစကားတစ္ခြန္းတည္းအတြက္ အခုခ်ိန္ထိ အသက္ရွင္ေနခဲ့ရသလိုပဲ။
ကြၽန္ေတာ့္လက္ေကာက္ဝတ္ကေန ေသြးစက္ေတြ တေတာက္ေတာက္စီးက်လာတယ္။ ဒါေပမဲ့ နာက်င္ျခင္းဟာ ဗလာနတၳိ။
"ဒါဆို ငါနဲ႔အတူတူ ထြက္သြားၾကရေအာင္"
သူ ကမ္းေပးလာတဲ့လက္ကို ကြၽန္ေတာ္ မဆိုင္းမတြ ဆုပ္ကိုင္လိုက္တဲ့အခါ သူ႔ႏႈတ္ခမ္းစြန္းေတြ တျဖည္းျဖည္းေကာ့တက္သြားတယ္။ ေနာက္ဆုံးေတာ့ သူၿပဳံးခဲ့ၿပီ။ ဘယ္တုန္းကမွ အရယ္အၿပဳံးမရွိခဲ့တဲ့၊ ခံစားခ်က္မဲ့တဲ့ မ်က္ႏွာထားနဲ႔သူက ပထမဆုံးအႀကိမ္အျဖစ္ ၿပဳံးေနခဲ့တယ္။
"မင္းအၿပဳံးက သိပ္လွတာပဲ"
"မင္း ငိုေနတာလည္း သိပ္လွတယ္"
သူက ကြၽန္ေတာ့္မ်က္လုံးအိမ္ထဲ ျပည့္အိုင္ေနရာကေန အျပင္လိမ့္ဆင္းခ်င္ေနတဲ့ မ်က္လုံးေထာင့္က မ်က္ရည္စေလးကို လက္မေလးနဲ႔ ပြတ္ဆြဲဖိသုတ္လိုက္တယ္။
သူဟာ လူတစ္ေယာက္မဟုတ္ဘူးဆိုတာ ယုံႏိုင္စရာမရွိဘူး။ သူ႔အထိအေတြ႕တိုင္းက လူသားတစ္ေယာက္လို ႏူးညံ့စစ္မွန္ေနလ်က္သားနဲ႔။
"မင္းက တကယ္ပဲ ငွက္ကေလးလား"
"မဟုတ္ဘူး၊ ငါက..."
ေနာက္ဆက္တြဲစကားကို ကြၽန္ေတာ္ ေသခ်ာမၾကားရေတာ့ဘူး။
သူနဲ႔ ကြၽန္ေတာ္ဟာ တစ္ေယာက္လက္ကို တစ္ေယာက္ ဘယ္ေသာအခါမွ မလႊတ္ေတာ့မလို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ရင္း ျပတင္းေပါက္ကေန ခုန္ခ်ၿပီးႏွင့္ခဲ့ၿပီ။
ေလေအးေတြက ကြၽန္ေတာ့္မ်က္ႏွာဆီ လာတိုးတယ္။ ေအးစိမ့္တဲ့ခံစားခ်က္က ကြၽန္ေတာ့္ကိုယ္ထဲ ျပည့္ႏွက္လို႔ေနတယ္။ ကမာၻေျမျပင္ရဲ႕ ဆြဲအားက ကြၽန္ေတာ္တို႔နဲ႔တစ္သားတည္း။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ လက္ေတြဟာ ထာဝရမခြဲတမ္း ပူးကပ္ေနၾကတယ္။ ကြၽန္ေတာ္က သူ႔ကို ၿပဳံးၿပီး ၾကည့္ေနခဲ့သလို သူကလည္း ကြၽန္ေတာ့္ကို ၾကည့္ရင္း ၿပဳံးေနခဲ့တယ္။ အဲဒီအခိုက္အတန႔္ဟာ ကြၽန္ေတာ့္တစ္ဘဝလုံးမွာ အေပ်ာ္႐ႊင္ရဆုံးျဖစ္တယ္။
×
(၁၁)
ေျပာစမွတ္တြင္ရေလာက္တဲ့ အေၾကာင္းအရာတစ္ခုမဟုတ္ပါဘူး။ ဒီတိုင္းပဲ အသိပတ္ဝန္းက်င္အၾကား၊ အင္တာနက္စာမ်က္ႏွာေပၚ နာရီပိုင္းေလာက္ ေနရာယူသြားတာမ်ိဳးေပါ့။
ေတြ႕လိုက္တယ္၊ သိလိုက္တယ္။ စုတ္ကေလးတစ္ခ်က္ႏွစ္ခ်က္သပ္လိုက္တယ္။ ၿပီးေတာ့လည္း မွတ္မွတ္ရရ မရွိၾကဘဲ ေခ်ာင္ထိုးလ်စ္လ်ဴရႈလိုက္ၾကတယ္။
ဒီလိုျဖစ္ရပ္ေတြက ၾကားဖူးနားဝ ယုံတမ္းပုံျပင္ေတြထက္ ပိုစစ္မွန္ေပမဲ့ ဒ႑ာရီပုံျပင္ေတြေလာက္လည္း ဘယ္သူမွ စိတ္ဝင္တစား အေလးမေပးၾကတာမ်ိဳးေလ။
ႏႈတ္ဖ်ားက တဖြဖြေျပာရေလာက္ေအာင္ တသသေကာင္းတဲ့ ဇာတ္လမ္းမ်ိဳးလည္း မဟုတ္ဘူး။ ထူးျခားဆန္းၾကယ္တဲ့ သဘာဝလြန္ သိပၸံဇာတ္လမ္းေတြလို အံ့ဩစရာလည္း မေကာင္းဘူး။ ခမ္းနားႀကီးက်ယ္တဲ့ အခ်စ္ဇာတ္လမ္းေတြလို ဆြတ္ပ်ံ႕ၾကည္ႏူးစရာလည္း မေကာင္းဘူး။ ေၾကာက္မက္ဖြယ္ တေစၦသရဲဝတၳဳေတြလို ေျခာက္ျခားစရာလည္း မေကာင္းဘူး။
အဲဒီေတာ့ အခ်ိန္ၾကာလာတာနဲ႔အမွ် တျဖည္းျဖည္း ေမ့ေပ်ာက္တိမ္းပါးသြားတာပါပဲ။
ေကာင္းကင္မွာလည္း ငွက္ကေလးေတြ တစ္ေန႔ထက္တစ္ေန႔ ပိုမ်ားလာတာေပါ့။
×
(၁၂)
အဆုံးသတ္မွာေတာ့ ကြၽန္ေတာ္ဟာ ငွက္ကေလးတစ္ေကာင္အျဖစ္ ေျပာင္းလဲသြားၿပီး သူနဲ႔အတူတူ ပ်ံသန္းသြားခဲ့တယ္။
×
rainey
Done 🍀
ReplyDelete🐝
Delete🐦🐦🐦
ReplyDeleteClicked🦅💫
ReplyDeleteDone 💪
ReplyDeleteClicked
ReplyDelete🕒
ReplyDeleteDone
ReplyDeletedone
ReplyDelete