မြူနှင်းဝေချိန်

Unicode





မြစ်ပြင်သည် ငွေမင်ရောင်တောက်နေ၏။ လှိုင်းကြက်ခွပ်‌ လေးများက တအိအိ….။ ညနေဆည်းဆာက လွှမ်းခြုံထား၍ လှိုင်းကြက်ခွပ်လေးများသည် မူအေး အညာရောက်မှသောက်ဖူးသော လိမ္မော်ရည်များကဲ့သလို့ အရောင်ထနေလေသည်။စက်လှေတစ်ချို့ကိုလည်း မြင်နေရ၏။ဖြူလွှလွှသဲသောင်ပြင်ကြီးကလည်း ပြေးဆော့ချင်စရာ ကောင်းလှသည်။‌ ဆော့နေသူများမှာ မနည်းလှ။ထိုသဲသောင်ပြင်ကြီး၏အနီးတွင်တော့ ငါးဖမ်းသူအချို့ကို တွေ့ရသည်။မူအေးအဒေါ်ဖြစ်သူကတော့ ပိုက်ချသည်ဆိုပြီး ရှင်းပြဖူးသည်။မူအေးကတော့ ငါးမစား‌ တော့ပါ။ငါးမှမဟုတ် ဘယ်အသားကိုမှ မူအေးမစား‌တော့။အသားဖြစ်လာသော အကောင်လေးတွေကို မူအေးသနားသည်။သူတို့မှာလည်း မိသားစုရှိကြပေလိမ့်မည်။ငါးဖေဖေကြီး၊ငါးမေမေနှင့် သားသားမီးမီးလေးများရှိကြပေလိမ့်မည်။ငါးဖေဖေကြီးက မူအေးဖခင် မူအေးကိုချစ်သလို သူ့ကလေးလေးများကို ချစ်ရှာပေလိမ့်မည်။ထိုငါးလေးများ ပိုက်ကွန်ထဲရောက်သောအခါ ငိုရှာလိမ့်မည်။သူလည်း အသက်ဆက်ရှင်ချင်မှာပေါ့၊သူလည်း သူ့မိသားစုနဲ့နေချင်မှာပေါ့။မူအေးအတွေးကို မူအေးအဒေါ်က အရူးမ ဟု သမုတ်သည်။ညည်းအဲဒါကြောင့် အဟာရမပြည့်ဘဲ ပိန်လိန်နေတာဟု ဆူသည်။ဆူချင်ဆူပါစေ၊အသားကိုတော့ မူအေးမစား၊မိသားစုနှင့်ကွေကွဲရသောခံစားချက်ကို မူအေးအသိဆုံးပါ…..


မူအေးမြင်နေရသော မြစ်ပြင်ကျယ်ကြီးကို ဧရာဝတီဟု ခေါ်သည်တဲ့။ အညာကိုမရောက်ခင်က မြစ်ပြင်ကို မူအေးမမြင်ဖူး၊မသိဖူး၊မကြားခဲ့ဖူးပါ။မြစ်ပြင်မှမဟုတ်၊အညာကလူတွေ ပြောကြ၊သုံးကြ၊သုံးစွဲ‌ကြသော အသုံးအနှုန်း၊အသုံးအဆောင်များကို မူအေးမသိခဲ့ဖူးပါ။မူအေးဇာတိရွာ‌လေး၊အရင်မူအေး နေခဲ့သော ကမ္ဘာလေးတွင် ယခုလို ငွေမင်ရောင်ဖိတ်ဖိတ်တောက်နေသော ဧရာဝတီမရှိ၊မြစိမ်းရောင်တောက်နေသော ချောင်းရိုးလေးသာ ရှိသည်။မူအေးနေခဲ့သော အိမ်လေးက ထိုချောင်းရိုး၏ ကမ်းနဖူးတွင် ရှိသည်။အိမ်လေး၏ မျက်နှာမူရာဘက်တွင် မူအေးအချစ်ရဆုံး လွိုင်နန်ဖ တောင်တန်းကြီးရှိသည်။ယခုလို ညနေဆည်းဆာချိန်တွင် မူအေးအိမ်လေးမှာ မြူခိုးလေးများနှင့် ဝေဝေ့မှုန်မှုန် ရှိတတ်ပါ၏။


ထိုကဲ့သို့သော အချိန်များတွင် မူအေးမှာ အဖေနှင့်အမေတို့နှင့်အတူ တောင်ယာမှ ပြန်လာပြီဖြစ်သည်။မူအေးအိမ်ဂေဟာလေးတွင် တို့ဟူးကျိုသောအနံ့၊ပဲပုပ်နံ့နှင့်အမေ့ထမင်းနံ့တို့ သင်းသင်းလှိုင်လေပြီ။အိမ်အပြင်တွင်တော့ ချောင်းရိုးမှ ရေငွေ့နှင့်‌ တောင်တန်းမှ မြူငွေ့တို့ သူငယ်ချင်းဖြစ်ကြ၍ ဝေ့ဝေ့သီလှပြီ။ထိုအချိန်များတွင် အမေ့သီချင်းသံ တလွင်လွင်ကို ကြားရတတ်သည်။ချောင်းရေစီးသံ တသွင်သွင်ကလည်း စည်းချက်လိုက်နေသယောင်။အေးချမ်းလှသော၊ဆိတ်ငြိမ်လှ‌သော ထိုညနေခင်းများကို မူအေးလွမ်းလှပါသည်။မနက်ခင်းများတွင်တော့ တောင်ယာများမှ မြေဩဇာအတွက် မီးရှို့လိုက်သော ရိုးပြတ်နံ့တို့ လှိုင်ဝေနေတတ်သည်။မူအေးအိမ်တွင်လည်း မီးခိုးတအူအူ…..။အဖေ‌အမေတို့နှင့်အတူ မနက်စာစားသည်၊ပြီးလျှင်တောင်ယာသို့ မူအေးသွားသည်။သူငယ်ချင်းများနှင့်အတူ လက်ဖက်ခူးသည်၊လိမ္မော်သီးခူးသည်၊ချောင်းတစ်လျှောက် လှေစီးသည်၊ငါးဖမ်းသည်။အမေက မူအေးငါးဖမ်းသည်ကို မကြိုက်လှပါ။သူများအသက် မသတ်ရဘူးတဲ့။‌ယခုအညာတွင်တော့ မနက်စာစားပြီးလျှင် ကျောင်းသို့သွားရ၏။စာသင်ရ၏။မူအေးချစ်သောရွာလေးတွင်တော့ ကျောင်းလည်းမသွားရ၊စာလည်းမသင်ရ၊သွားစရာ ကျောင်းလည်းမရှိ၊စာသင်ပေးမည့် ဆရာများလည်းမရှိပါ။


တညနေ…..

ထိုညနေလေး….မဟုတ်…..ထိုညနေကြီးကို မူအေးမမေ့ပါ။မေ့လိုက်ချင်သော်လည်း မေ့လို့မရပါ။ထိုနေ့က အဲဒိုပေါ်မီ(ဒီးကူ)ပွဲတော်မတိုင်ခင်ရက်က ဖြစ်၏။မူအေးတို့ တစ်ရွာလုံး ပွဲတော်အတွက် ရုန်းစုရုန်းစု ဖြစ်နေကြသည်။ကြက်ရိုးလည်းထိုးပြီးသွားပြီ။ပွဲတော်ရက်လည်း သတ်မှတ်ပြီးချေပြီ။ခေါင်ရည်အိုးများလည်း အဆင်သင့်။မူအေးတို့သူငယ်ချင်းတစ်သိုက်လည်း ‌ပျော်ပျော်ကြီးဖက်ခူးထွက်ခဲ့ကြသည်။အမေတို့က မူအေးတို့တစ်သိုက်ခူးထားသော ဖက်ရွက်များနှင့် သုံးထောင့်ချွန်ကောက်ညှင်းထုတ်လေးများ ထုတ်ကြလိမ့်မည်။တစ်အိမ်တက်ဆင်း လျှောက်လည်ရင်း စကားတွေဖောင်ဖွဲ့ကြလိမ့်မည်။မူအေးအတွက် ဝတ်စုံအသစ်လေးတစ်စုံလည်း ရလိမ့်မည်။အတွေးနှင့်ပင် မူအေးတစ်ယောက် အပျော်ကြီး ပျော်ခဲ့ရပါ၏။သို့သော်….သို့သော် မူအေးတွေးထားသလို ဖြစ်မလာခဲ့ပါ။မနက်အစောကြီးကတည်းက တဒုန်းဒုန်းတဒိုင်းဒိုင်းနှင့်ဆူညံလှသည်။မူ‌‌ အေးတို့ ကလေးတစ်သိုက်မှာ ကြောက်လွန်း၍ အိမ်ထဲတွင် ဝပ်နေရသည်။မည်သူမှ အိမ်အပြင်သို့ မထွက်ရဲ။အဖေတို့ လူကြီးတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြသည်။ထိုအချိန်တွင် အင်္ကျီနှင့်ဘောင်းဘီရှည် အစိမ်းရောင် ဝတ်ထားသော လူကြီးများက မူအေးတို့မဖိတ်ဘဲ ပွဲတော်သို့ရောက်လာခဲ့ကြသည်။ရွာလူကြီးအဘကိုလည်း သူတို့၏အသံထွက်သောအရာကြီးနှင့် ထုလည်းထုသည်၊ပစ်လည်းပစ်လိုက်ကြသည်။အဘသည် သွေးအိုင်ထဲမှ ပြန်ထမလာတော့…..။အဘတို့လူကြီးများကိုထိုသို့ ပြုပြီး အဖေတို့လူကြီးများကို လက်မြှောက်ခိုင်းသည်၊ထို့နောက်ကြိုးနှင့်တုတ်ကြသည်။ထွက်ပြေးသောသူများကို အဘတို့ကိုပစ်သကဲ့သို့ ပစ်လိုက်ကြသည်။မူအေးကတော့ အမေ့ရင်ခွင်ထဲမှာ တုန်ယင်နေခဲ့သည်။မူအေးကို ဖက်ထားသော အမေ့လက်များကလည်း တုန်တုန်ယင်ယင်….။သူတို့….သူတို့အဖေ့ကိုခေါ်သွားကြသည်။အဖေမှမဟုတ်ပါ၊တစ်ရွာလုံးက အဖေများနှင့်အစ်ကိုများကိုလည်း ခေါ်သွားကြသည်။ ပွဲတော်အတွက်ပြင်ဆင်ထားသော ခေါင်ရည်များ၊ကောက်ညှင်းထုတ်များ၊အသားများကိုလည်း သူတို့ယူသွားကြသည်။မူအေး ငိုသည်၊အမေလည်း ငိုသည်။သူငယ်ချင်းများလည်း ငိုကြသည်။မူအေးတို့တစ်ရွာလုံး ငိုသည်။ရွာနီးချင်းတွေ ပြောတာကြားဖူးတာကတော့ အဲလိုခေါ်သွားပြီးရင် ပြန်မလာကြတော့ဘူးတဲ့။မူအေးအဖေ့ကို ပြန်မမြင်ရတော့ဘူးလား….၊အဖေက သေသွားတာလား….၊သူတို့ အဖေ့ကို အဘလိုမျိုး တဒိုင်းဒိုင်းအသံထွက်သောအရာကြီးနှင့် ပစ်မှာလား….၊အဲဒါဆိုရင် အဖေပြန်မလာနိုင်တော့ဘူးလား……။မူအေးအမေးကို အမေလည်းမဖြေနိုင်၊သူငယ်ချင်းတွေလည်း မသိ၊ရွာရှိလူကုန် မည်သူမှမသိ။အဖေတို့သွားပြီးနောက်မကြာခင် မူအေးတို့ရွာလေး မီးလောင်သည်။မူအေးတို့ ပြေးလိုက်ရသည်မှာ အမောတကော၊ခြေဦးတည့်ရာ ပြေးရသည်။ဘယ်က မီးစလောင်သည်လည်း မူအေးမတွေးတတ်ပါ။မီးငြှိမ်းရန် ချောင်းရေသည်လည်း ခါတိုင်းကဲ့သို့ မြစိမ်းရောင်မတောက်ဘဲ ရဲရဲနီစွေးနေလေသည်။လွိုင်နန်ဖတောင်တန်းကြီးသည်လည်း မြူခိုးမဝေ….ယမ်းငွေ့၊မီးခိုးငွေ့တို့သာ အူအူထနေခဲ့သည်။ထိုနေ့က မူအေး ကမ္ဘာလေးပျက်ခဲ့ရပါ၏။


ထို့နောက် မူအေးတို့ခိုနေသော ဘုရားကျောင်းမှ ဆရာတော်အစီအစဉ်နှင့် အညာသို့ မူအေးရောက်လာခဲ့ရသည်။ဘု ရားကျောင်းမရောက်မီ တောထဲတွင် နေခဲ့ရသည်မှာ ဘယ်နှရက်လည်း မူအေးမသိ၊မမှတ်မိ။ပင်ပန်းရသည်သာ သိသည်။ အညာတွင်တော့ မူအေးတို့နေထိုင်ရာ ကမ္ဘာလေးနှင့် ခြားနားစွာ စည်ကားလှသည် ။အရောင်စုံလှသည်။ သူတို့ကို ကြည့်ရသည်မှာ မူအေးတို့လို အရာရာကို ကြောက်မနေ၊ရဲရင့်လှသည်။မူအေးတို့ ကမ္ဘာမှာတော့

မှောင်ပိန်းလှသည်လေ…..

ကြောက်ရလှသည်လေ….

သွေးပျက်ရသည်လေ……

ကြေကွဲရသည်လေ…….


သို့သော် ထိုကမ္ဘာလေးဆီသို့ မူအေးပြန်ရမည်။ဘုရားကျောင်းလေး‌တွင် အမေကျန်ခဲ့သည်။မူအေးနှင့် လက်ဖက်ခူးဖော်၊ဖက်ရွက်ခူးဖော် သူငယ်ချင်းများ ကျန်ခဲ့သည်။မူအေး ကမ္ဘာလေးကို လွမ်းလှသည်။ချောင်းရိုးလေးဆီမှ မူအေးအိမ်လေး…….၊

မြူခိုး၊နှင်းခိုးများနှင့် ငွေ့ငွေ့မှုန်တတ်သော မူအေးနေရာ ရွာလေး…….၊

ပါးအို့ရဲရဲ‌‌လေးနှင့် ချစ်စရာကောင်းသော မူအေးသူငယ်ချင်းများ။

မူ‌အေး၏ ထိုကမ္ဘာလေးကို အရောင်ခြယ်ပေးချင်လှသည်။

လှပစေချင်လှသည်။

အေးချမ်းစေချင်လှသည်။

ငြိမ်းချမ်းစေချင်လှသည်။

မျက်ရည်တွေ တိတ်စေချင်လှသည်။


တစ်နေ့….

ထိုတစ်နေ့တွင်တော့ မူအေးပြန်ရမည်။

မူအေးအသက်(၁၆)နှစ်ပြည့်ပြီ။ရွာမှာဆိုလျှင်တော့ မူအေးတစ်ယောက် ကြေးကွင်း‌ ပြောင်းနိုင်ပြီ။အပြီးသတ်ကြေးကွင်း စွပ်ရတော့မည်။အခု‌တော့ ကြေးကွင်းစွပ်ပေးမည့်အမေက အနားမှာမရှိ။မူအေးအမေသည် ကြေးကွင်းများနှင့် သိပ်လှသောအမျိုးသမီးတစ်ယောက်ဖြစ်သည်။အမေ့လို လှချင်လှပါ၏။အညာတွင် ကြေးကွင်းမရှိ၊အဲဒိုပေါ်မီ(ဒီးကူပွဲတော်)လည်း မရှိ။ လွိုင်နန်ဖလည်း မရှိ။ဘီလူးချောင်းလည်း မရှိ။ထို့ကြောင့် မူအေးအိမ်ပြန်ရမည်။အမေမျှော်နေတော့မည်။

သမီးအပျိုကို အမေတော့ ကြေးကွင်းစွပ်ပေးဖို့ စောင့်နေလောက်ပြီ။


လွိုင်နန်ဖတွင် ယမ်းခိုးများမရှိတော့ချိန်၊ မြူခိုးများဝေချိန် ရောက်ခါနီးပြီ‌လား။မူအေးစိတ်ကူးထဲမှာတော့လေ အမေက မူအေးလည်ပင်းမှာ ကြေးကွင်းတွေ စွပ်ပေးလို့၊မူအေးလေ အမေ့လို သိပ်လှနေတာ…….




Zawgyi


ျမစ္ျပင္သည္ ေငြမင္ေရာင္ေတာက္ေန၏။ လႈိင္းၾကက္ခြပ္‌ ေလးမ်ားက တအိအိ….။ ညေနဆည္းဆာက လႊမ္းၿခဳံထား၍ လႈိင္းၾကက္ခြပ္ေလးမ်ားသည္ မူေအး အညာေရာက္မွေသာက္ဖူးေသာ လိေမၼာ္ရည္မ်ားကဲ့သလို႔ အေရာင္ထေနေလသည္။စက္ေလွတစ္ခ်ိဳ႕ကိုလည္း ျမင္ေနရ၏။ျဖဴလႊလႊသဲေသာင္ျပင္ႀကီးကလည္း ေျပးေဆာ့ခ်င္စရာ ေကာင္းလွသည္။‌ ေဆာ့ေနသူမ်ားမွာ မနည္းလွ။ထိုသဲေသာင္ျပင္ႀကီး၏အနီးတြင္ေတာ့ ငါးဖမ္းသူအခ်ိဳ႕ကို ေတြ႕ရသည္။မူေအးအေဒၚျဖစ္သူကေတာ့ ပိုက္ခ်သည္ဆိုၿပီး ရွင္းျပဖူးသည္။မူေအးကေတာ့ ငါးမစား‌ ေတာ့ပါ။ငါးမွမဟုတ္ ဘယ္အသားကိုမွ မူေအးမစား‌ေတာ့။အသားျဖစ္လာေသာ အေကာင္ေလးေတြကို မူေအးသနားသည္။သူတို႔မွာလည္း မိသားစုရွိၾကေပလိမ့္မည္။ငါးေဖေဖႀကီး၊ငါးေမေမႏွင့္ သားသားမီးမီးေလးမ်ားရွိၾကေပလိမ့္မည္။ငါးေဖေဖႀကီးက မူေအးဖခင္ မူေအးကိုခ်စ္သလို သူ႔ကေလးေလးမ်ားကို ခ်စ္ရွာေပလိမ့္မည္။ထိုငါးေလးမ်ား ပိုက္ကြန္ထဲေရာက္ေသာအခါ ငိုရွာလိမ့္မည္။သူလည္း အသက္ဆက္ရွင္ခ်င္မွာေပါ့၊သူလည္း သူ႔မိသားစုနဲ႔ေနခ်င္မွာေပါ့။မူေအးအေတြးကို မူေအးအေဒၚက အ႐ူးမ ဟု သမုတ္သည္။ညည္းအဲဒါေၾကာင့္ အဟာရမျပည့္ဘဲ ပိန္လိန္ေနတာဟု ဆူသည္။ဆူခ်င္ဆူပါေစ၊အသားကိုေတာ့ မူေအးမစား၊မိသားစုႏွင့္ေကြကြဲရေသာခံစားခ်က္ကို မူေအးအသိဆုံးပါ…..


မူေအးျမင္ေနရေသာ ျမစ္ျပင္က်ယ္ႀကီးကို ဧရာဝတီဟု ေခၚသည္တဲ့။ အညာကိုမေရာက္ခင္က ျမစ္ျပင္ကို မူေအးမျမင္ဖူး၊မသိဖူး၊မၾကားခဲ့ဖူးပါ။ျမစ္ျပင္မွမဟုတ္၊အညာကလူေတြ ေျပာၾက၊သုံးၾက၊သုံးစြဲ‌ၾကေသာ အသုံးအႏႈန္း၊အသုံးအေဆာင္မ်ားကို မူေအးမသိခဲ့ဖူးပါ။မူေအးဇာတိ႐ြာ‌ေလး၊အရင္မူေအး ေနခဲ့ေသာ ကမာၻေလးတြင္ ယခုလို ေငြမင္ေရာင္ဖိတ္ဖိတ္ေတာက္ေနေသာ ဧရာဝတီမရွိ၊ျမစိမ္းေရာင္ေတာက္ေနေသာ ေခ်ာင္း႐ိုးေလးသာ ရွိသည္။မူေအးေနခဲ့ေသာ အိမ္ေလးက ထိုေခ်ာင္း႐ိုး၏ ကမ္းနဖူးတြင္ ရွိသည္။အိမ္ေလး၏ မ်က္ႏွာမူရာဘက္တြင္ မူေအးအခ်စ္ရဆုံး လြိဳင္နန္ဖ ေတာင္တန္းႀကီးရွိသည္။ယခုလို ညေနဆည္းဆာခ်ိန္တြင္ မူေအးအိမ္ေလးမွာ ျမဴခိုးေလးမ်ားႏွင့္ ေဝေဝ့မႈန္မႈန္ ရွိတတ္ပါ၏။


ထိုကဲ့သို႔ေသာ အခ်ိန္မ်ားတြင္ မူေအးမွာ အေဖႏွင့္အေမတို႔ႏွင့္အတူ ေတာင္ယာမွ ျပန္လာၿပီျဖစ္သည္။မူေအးအိမ္ေဂဟာေလးတြင္ တို႔ဟူးက်ိဳေသာအနံ႔၊ပဲပုပ္နံ႔ႏွင့္အေမ့ထမင္းနံ႔တို႔ သင္းသင္းလႈိင္ေလၿပီ။အိမ္အျပင္တြင္ေတာ့ ေခ်ာင္း႐ိုးမွ ေရေငြ႕ႏွင့္‌ ေတာင္တန္းမွ ျမဴေငြ႕တို႔ သူငယ္ခ်င္းျဖစ္ၾက၍ ေဝ့ေဝ့သီလွၿပီ။ထိုအခ်ိန္မ်ားတြင္ အေမ့သီခ်င္းသံ တလြင္လြင္ကို ၾကားရတတ္သည္။ေခ်ာင္းေရစီးသံ တသြင္သြင္ကလည္း စည္းခ်က္လိုက္ေနသေယာင္။ေအးခ်မ္းလွေသာ၊ဆိတ္ၿငိမ္လွ‌ေသာ ထိုညေနခင္းမ်ားကို မူေအးလြမ္းလွပါသည္။မနက္ခင္းမ်ားတြင္ေတာ့ ေတာင္ယာမ်ားမွ ေျမဩဇာအတြက္ မီးရႈိ႕လိုက္ေသာ ႐ိုးျပတ္နံ႔တို႔ လႈိင္ေဝေနတတ္သည္။မူေအးအိမ္တြင္လည္း မီးခိုးတအူအူ…..။အေဖ‌အေမတို႔ႏွင့္အတူ မနက္စာစားသည္၊ၿပီးလွ်င္ေတာင္ယာသို႔ မူေအးသြားသည္။သူငယ္ခ်င္းမ်ားႏွင့္အတူ လက္ဖက္ခူးသည္၊လိေမၼာ္သီးခူးသည္၊ေခ်ာင္းတစ္ေလွ်ာက္ ေလွစီးသည္၊ငါးဖမ္းသည္။အေမက မူေအးငါးဖမ္းသည္ကို မႀကိဳက္လွပါ။သူမ်ားအသက္ မသတ္ရဘူးတဲ့။‌ယခုအညာတြင္ေတာ့ မနက္စာစားၿပီးလွ်င္ ေက်ာင္းသို႔သြားရ၏။စာသင္ရ၏။မူေအးခ်စ္ေသာ႐ြာေလးတြင္ေတာ့ ေက်ာင္းလည္းမသြားရ၊စာလည္းမသင္ရ၊သြားစရာ ေက်ာင္းလည္းမရွိ၊စာသင္ေပးမည့္ ဆရာမ်ားလည္းမရွိပါ။


တညေန…..

ထိုညေနေလး….မဟုတ္…..ထိုညေနႀကီးကို မူေအးမေမ့ပါ။ေမ့လိုက္ခ်င္ေသာ္လည္း ေမ့လို႔မရပါ။ထိုေန႔က အဲဒိုေပၚမီ(ဒီးကူ)ပြဲေတာ္မတိုင္ခင္ရက္က ျဖစ္၏။မူေအးတို႔ တစ္႐ြာလုံး ပြဲေတာ္အတြက္ ႐ုန္းစု႐ုန္းစု ျဖစ္ေနၾကသည္။ၾကက္႐ိုးလည္းထိုးၿပီးသြားၿပီ။ပြဲေတာ္ရက္လည္း သတ္မွတ္ၿပီးေခ်ၿပီ။ေခါင္ရည္အိုးမ်ားလည္း အဆင္သင့္။မူေအးတို႔သူငယ္ခ်င္းတစ္သိုက္လည္း ‌ေပ်ာ္ေပ်ာ္ႀကီးဖက္ခူးထြက္ခဲ့ၾကသည္။အေမတို႔က မူေအးတို႔တစ္သိုက္ခူးထားေသာ ဖက္႐ြက္မ်ားႏွင့္ သုံးေထာင့္ခြၽန္ေကာက္ညႇင္းထုတ္ေလးမ်ား ထုတ္ၾကလိမ့္မည္။တစ္အိမ္တက္ဆင္း ေလွ်ာက္လည္ရင္း စကားေတြေဖာင္ဖြဲ႕ၾကလိမ့္မည္။မူေအးအတြက္ ဝတ္စုံအသစ္ေလးတစ္စုံလည္း ရလိမ့္မည္။အေတြးႏွင့္ပင္ မူေအးတစ္ေယာက္ အေပ်ာ္ႀကီး ေပ်ာ္ခဲ့ရပါ၏။သို႔ေသာ္….သို႔ေသာ္ မူေအးေတြးထားသလို ျဖစ္မလာခဲ့ပါ။မနက္အေစာႀကီးကတည္းက တဒုန္းဒုန္းတဒိုင္းဒိုင္းႏွင့္ဆူညံလွသည္။မူ‌‌ ေအးတို႔ ကေလးတစ္သိုက္မွာ ေၾကာက္လြန္း၍ အိမ္ထဲတြင္ ဝပ္ေနရသည္။မည္သူမွ အိမ္အျပင္သို႔ မထြက္ရဲ။အေဖတို႔ လူႀကီးေတြကေတာ့ အေျခအေနကို ေစာင့္ၾကည့္ေနၾကသည္။ထိုအခ်ိန္တြင္ အက်ႌႏွင့္ေဘာင္းဘီရွည္ အစိမ္းေရာင္ ဝတ္ထားေသာ လူႀကီးမ်ားက မူေအးတို႔မဖိတ္ဘဲ ပြဲေတာ္သို႔ေရာက္လာခဲ့ၾကသည္။႐ြာလူႀကီးအဘကိုလည္း သူတို႔၏အသံထြက္ေသာအရာႀကီးႏွင့္ ထုလည္းထုသည္၊ပစ္လည္းပစ္လိုက္ၾကသည္။အဘသည္ ေသြးအိုင္ထဲမွ ျပန္ထမလာေတာ့…..။အဘတို႔လူႀကီးမ်ားကိုထိုသို႔ ျပဳၿပီး အေဖတို႔လူႀကီးမ်ားကို လက္ေျမႇာက္ခိုင္းသည္၊ထို႔ေနာက္ႀကိဳးႏွင့္တုတ္ၾကသည္။ထြက္ေျပးေသာသူမ်ားကို အဘတို႔ကိုပစ္သကဲ့သို႔ ပစ္လိုက္ၾကသည္။မူေအးကေတာ့ အေမ့ရင္ခြင္ထဲမွာ တုန္ယင္ေနခဲ့သည္။မူေအးကို ဖက္ထားေသာ အေမ့လက္မ်ားကလည္း တုန္တုန္ယင္ယင္….။သူတို႔….သူတို႔အေဖ့ကိုေခၚသြားၾကသည္။အေဖမွမဟုတ္ပါ၊တစ္႐ြာလုံးက အေဖမ်ားႏွင့္အစ္ကိုမ်ားကိုလည္း ေခၚသြားၾကသည္။ ပြဲေတာ္အတြက္ျပင္ဆင္ထားေသာ ေခါင္ရည္မ်ား၊ေကာက္ညႇင္းထုတ္မ်ား၊အသားမ်ားကိုလည္း သူတို႔ယူသြားၾကသည္။မူေအး ငိုသည္၊အေမလည္း ငိုသည္။သူငယ္ခ်င္းမ်ားလည္း ငိုၾကသည္။မူေအးတို႔တစ္႐ြာလုံး ငိုသည္။႐ြာနီးခ်င္းေတြ ေျပာတာၾကားဖူးတာကေတာ့ အဲလိုေခၚသြားၿပီးရင္ ျပန္မလာၾကေတာ့ဘူးတဲ့။မူေအးအေဖ့ကို ျပန္မျမင္ရေတာ့ဘူးလား….၊အေဖက ေသသြားတာလား….၊သူတို႔ အေဖ့ကို အဘလိုမ်ိဳး တဒိုင္းဒိုင္းအသံထြက္ေသာအရာႀကီးႏွင့္ ပစ္မွာလား….၊အဲဒါဆိုရင္ အေဖျပန္မလာႏိုင္ေတာ့ဘူးလား……။မူေအးအေမးကို အေမလည္းမေျဖႏိုင္၊သူငယ္ခ်င္းေတြလည္း မသိ၊႐ြာရွိလူကုန္ မည္သူမွမသိ။အေဖတို႔သြားၿပီးေနာက္မၾကာခင္ မူေအးတို႔႐ြာေလး မီးေလာင္သည္။မူေအးတို႔ ေျပးလိုက္ရသည္မွာ အေမာတေကာ၊ေျခဦးတည့္ရာ ေျပးရသည္။ဘယ္က မီးစေလာင္သည္လည္း မူေအးမေတြးတတ္ပါ။မီးျငႇိမ္းရန္ ေခ်ာင္းေရသည္လည္း ခါတိုင္းကဲ့သို႔ ျမစိမ္းေရာင္မေတာက္ဘဲ ရဲရဲနီေစြးေနေလသည္။လြိဳင္နန္ဖေတာင္တန္းႀကီးသည္လည္း ျမဴခိုးမေဝ….ယမ္းေငြ႕၊မီးခိုးေငြ႕တို႔သာ အူအူထေနခဲ့သည္။ထိုေန႔က မူေအး ကမာၻေလးပ်က္ခဲ့ရပါ၏။


ထို႔ေနာက္ မူေအးတို႔ခိုေနေသာ ဘုရားေက်ာင္းမွ ဆရာေတာ္အစီအစဥ္ႏွင့္ အညာသို႔ မူေအးေရာက္လာခဲ့ရသည္။ဘု ရားေက်ာင္းမေရာက္မီ ေတာထဲတြင္ ေနခဲ့ရသည္မွာ ဘယ္ႏွရက္လည္း မူေအးမသိ၊မမွတ္မိ။ပင္ပန္းရသည္သာ သိသည္။ အညာတြင္ေတာ့ မူေအးတို႔ေနထိုင္ရာ ကမာၻေလးႏွင့္ ျခားနားစြာ စည္ကားလွသည္ ။အေရာင္စုံလွသည္။ သူတို႔ကို ၾကည့္ရသည္မွာ မူေအးတို႔လို အရာရာကို ေၾကာက္မေန၊ရဲရင့္လွသည္။မူေအးတို႔ ကမာၻမွာေတာ့

ေမွာင္ပိန္းလွသည္ေလ…..

ေၾကာက္ရလွသည္ေလ….

ေသြးပ်က္ရသည္ေလ……

ေၾကကြဲရသည္ေလ…….


သို႔ေသာ္ ထိုကမာၻေလးဆီသို႔ မူေအးျပန္ရမည္။ဘုရားေက်ာင္းေလး‌တြင္ အေမက်န္ခဲ့သည္။မူေအးႏွင့္ လက္ဖက္ခူးေဖာ္၊ဖက္႐ြက္ခူးေဖာ္ သူငယ္ခ်င္းမ်ား က်န္ခဲ့သည္။မူေအး ကမာၻေလးကို လြမ္းလွသည္။ေခ်ာင္း႐ိုးေလးဆီမွ မူေအးအိမ္ေလး…….၊

ျမဴခိုး၊ႏွင္းခိုးမ်ားႏွင့္ ေငြ႕ေငြ႕မႈန္တတ္ေသာ မူေအးေနရာ ႐ြာေလး…….၊

ပါးအို႔ရဲရဲ‌‌ေလးႏွင့္ ခ်စ္စရာေကာင္းေသာ မူေအးသူငယ္ခ်င္းမ်ား။

မူ‌ေအး၏ ထိုကမာၻေလးကို အေရာင္ျခယ္ေပးခ်င္လွသည္။

လွပေစခ်င္လွသည္။

ေအးခ်မ္းေစခ်င္လွသည္။

ၿငိမ္းခ်မ္းေစခ်င္လွသည္။

မ်က္ရည္ေတြ တိတ္ေစခ်င္လွသည္။


တစ္ေန႔….

ထိုတစ္ေန႔တြင္ေတာ့ မူေအးျပန္ရမည္။

မူေအးအသက္(၁၆)ႏွစ္ျပည့္ၿပီ။႐ြာမွာဆိုလွ်င္ေတာ့ မူေအးတစ္ေယာက္ ေၾကးကြင္း‌ ေျပာင္းႏိုင္ၿပီ။အၿပီးသတ္ေၾကးကြင္း စြပ္ရေတာ့မည္။အခု‌ေတာ့ ေၾကးကြင္းစြပ္ေပးမည့္အေမက အနားမွာမရွိ။မူေအးအေမသည္ ေၾကးကြင္းမ်ားႏွင့္ သိပ္လွေသာအမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။အေမ့လို လွခ်င္လွပါ၏။အညာတြင္ ေၾကးကြင္းမရွိ၊အဲဒိုေပၚမီ(ဒီးကူပြဲေတာ္)လည္း မရွိ။ လြိဳင္နန္ဖလည္း မရွိ။ဘီလူးေခ်ာင္းလည္း မရွိ။ထို႔ေၾကာင့္ မူေအးအိမ္ျပန္ရမည္။အေမေမွ်ာ္ေနေတာ့မည္။

သမီးအပ်ိဳကို အေမေတာ့ ေၾကးကြင္းစြပ္ေပးဖို႔ ေစာင့္ေနေလာက္ၿပီ။


လြိဳင္နန္ဖတြင္ ယမ္းခိုးမ်ားမရွိေတာ့ခ်ိန္၊ ျမဴခိုးမ်ားေဝခ်ိန္ ေရာက္ခါနီးၿပီ‌လား။မူေအးစိတ္ကူးထဲမွာေတာ့ေလ အေမက မူေအးလည္ပင္းမွာ ေၾကးကြင္းေတြ စြပ္ေပးလို႔၊မူေအးေလ အေမ့လို သိပ္လွေနတာ…….

Comments

Post a Comment