ကိုယ်ပိုင်ထောင်၏ အကျဉ်းသား
Unicode
ညဦးပိုင်းတွင် မိုးစရွာသည်။ သည်းထန်သော မိုးဖြစ်သည်။ လျှပ်စီးများ လက်ပြီး မိုးချိန်းသံမှာလည်း ဆူညံပွတ်လောရိုက်နေ၏။ အချို့အချိန်များတွင် မြေပြင်သို့ အညှာအတာမရှိ ပစ်ချလိုက်သော မိုးကြိုးများကြောင့် ငလျင်လှုပ်သည့်အလား မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်အောင် တုန်ခါသွားတတ်သည်။
ဘုရားကျောင်း၏ အနီးတွင် ခန်းနားမှုအပြည့်နှင့် အိမ်ကြီးတစ်အိမ် တည်ရှိသည်။ ထိုအိမ်ကြီးသည် အစိုးရဝန်ထမ်းများ နေထိုင်ရန်အတွက် သီးသန့်တည်ဆောက်ထားသော အိမ်ကြီးဖြစ်သည်။
အိမ်ကြီး၏ အပေါ်ထပ်တွင် အေးစက်နေပြီဖြစ်သည့် လက်ဖက်ရည်ခွက်ကို လက်မှာကိုင်ထားရင်း သူသည် ပြတင်းပေါက်၏ အပြင်ဘက် မိုးရေထဲသို့ အကြောင်းပြချက်မရှိ ငေးမောနေ၏။
သူ၏အမည်မှာ နော်မန်ဖိုစတာဖြစ်သည်။ နော်မန်သည် မီးရထားလမ်း ဖောက်လုပ်ရေး တာဝန်ခံဖြစ်သည်။ အရာရှိနော်မန်ဟုပင် လူအများက သူ့ကို ခေါ်ဆိုကြသည်။ နော်မန်သည် အပေါ်ယံကျောများ တင်းမာနေပြီဖြစ်သည့် လက်ဖက်ရည်ခွက်ကို လက်ထဲတွင် ကိုင်ထားသည်။ နော်မန်၏ အလုပ်စားပွဲပေါ်တွင် ရှုပ်ပွနေသော စာရွက်စာတန်းများ၊ ရထားလမ်းပုံစံငယ် အရုပ်များ တင်ထားသည်။ ထို့နောက် ရေနံဆီ မီးအိမ်တစ်ခု။ အထီးကျန်ခြင်းနှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းများက နော်မန်၏ ပတ်ပတ်လည်တွင် သိပ်သည်းထူထပ်စွာ ရစ်ပတ်ဝန်းရံနေ၏။
အရာရှိနော်မန်၏ ညာဘက်မျက်နာတစ်ခြမ်းသည် မီးအိမ်၏ အလင်းရောင်ကြောင့် နီရဲဝင်းပနေပြီး ကျန်မျက်နှာတစ်ခြမ်းကမူ အပြင်ဘက်ကဝင်လာသည့် လျပ်စီးများကြောင့် အရောင်မျိုးစုံ ကူးပြောင်းထင်ဟပ်လျက် ရှိနေ၏။
မိုးရေနှင့်အတူ အပြင်းအထန် တိုက်ခတ်နေသော လေကြမ်းများမှာ မသိလျင် အိမ်ကြီးတစ်ခုလုံး အခြေခံအုတ်မြစ်မှစပြီး လွင့်စင်ထွက်သွားလေမလား အောက်မေ့ရသည်။ ပြတင်းပေါက် ဘောင်မှတစ်ဆင့် မရမက တိုးဝင်လာသည့် မိုးရေမိုးစက်များမှာလည်း နော်မန်၏ ခြေထောက်အနီးတွင် ရေအိုင်ငယ်လေးတစ်ခုသဖွယ် စုပြုံအိုင်ထွန်းလျက် ရှိနေပြန်၏။
နော်မန်သည် နာရီနှင့်ချီအောင် အကြောင်းပြချက်မရှိ ပြတင်းပေါက်အပြင်ဘက်ကို ငေးမောနေတုန်း သူ၏ မျက်စိထဲတွင် တစ်စုံတစ်ခုကို စတင် သတိထားမိသွားသည်။ အစပိုင်းတွင် အဝေးတစ်နေရာမှ ဖြစ်၏။ သို့သော် တဖြေးဖြေးနှင့် အိမ်ကြီးအနီးသို့ တိုးကပ်လာသည်။
ဘုရားကျောင်းကို ကျော်ပြီး အိမ်ကြီးရှိရာသို့ ဦးတည်၍ လမ်းလျောက်လာသည့် လူနှစ်ယောက်။ နော်မန်သည် အစပိုင်းတွင် လမ်းသွားလမ်းလာများ ဖြစ်မည်ဟု ထင်မိသည်။ သို့သော် ထိုလူနှစ်ယောက်သည် နော်မန်နေထိုင်ရာ အိမ်ကြီးရှိရာသို့ ဦးတည်လာနေကြခြင်း ဖြစ်သည်။
မိုးရေများထဲတွင် ထိုလူနှစ်ယောက်၏ ဝိုးတဝါး ပုံသဏ္ဍာန်ကိုသာ အစပိုင်း မြင်တွေ့ရသည်။ သို့သော် အချိန်ကြာလာသည်နှင့် အမျှ လူပုံသဏ္ဍာန်များသည် သဲကွဲလာကြသည်။ အမျိုးသားနှစ်ဦးဖြစ်သည်။ တစ်ဦးသည် အမည်းဝမ်းဆက် အပေါ်ဝတ်ရုံနှင့်ဖြစ်ပြီး ကျန်တစ်ဦးကတော့ သာမာန်လယ်သမားများ ဝတ်လေ့ဝတ်ထ ရှိသည့် အပေါ်ပိုင်း အဖြူရောင်လက်တို၊ အောက်ပိုင်း အညိုရောင် ဘောင်းဘီပွပွကို ဝတ်ဆင်ထားသည်။ ထိုလူနှစ်ဦးသည် ထီးတစ်လတ်ကို မျှ၍ စောင်းလာကြပြီး အဆမတန် သည်းထန်နေသော မိုးကြောင့် နှစ်ဦးစလုံး ရွဲရွဲစိုနေကြသည်။ လယ်သမားဝတ်စုံနှင့်လူသည် ထီးကိုကိုင်ထားသည်။ ထီး၏ အရောင်မှာ အမည်းရောင်ဖြစ်သည်။
အရာရှိနော်မန်သည် အစပိုင်းတွင် ချီတုံချတုံ ဖြစ်နေ၏။ အချိန်မှာ (၁၁)နာရီ ဝန်းကျင်ဖြစ်သည်။ ညကြီးမင်းကြီး မိုးထဲလေထဲ မည်သည့်ဧည့်သည်က လာရသနည်း။ ဆွေးနွေးတိုင်ပင်စရာ ရှိလျင် လင်းလင်းရှင်းရှင်း အချိန်မှာ လာသင့်သည် မဟုတ်လား။ ယခုတော့ မုန်တိုင်းကြားထဲ သန်းခေါင်ယံအချိန်ကြီး ပေါက်ချလာသည့် ထိုလူနှစ်ဦးကြောင့် နော်မန်၏စိတ်ထဲ အနည်းငယ် ကသိကအောင့် ဖြစ်သွားသည်မှာ အမှန်ပင်။
ထိုလူနှစ်ဦးသည် အိမ်ပေါက်ဝသို့ ရောက်နေကြပြီ။ တံခါးခေါက်သံ သဲ့သဲ့ကြားလိုက်ရသည်။ တံခါးစောင့်အဖိုးကြီးမှာ ယခုအချိန်ဆိုလျင် မိုးအေးအေးနှင့် ကွေးနေအောင် အိပ်စက်နေလောက်ပြီ ဖြစ်သည်။ နော်မန်သည် ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ချလျက် ရေနံဆီမီးအိမ်ကို လက်မှာဆွဲပြီး အိမ်အောက်သို့ ကပျာကသီ ဆင်းလာခဲ့သည်။
ဤအိမ်ကြီးသည် အရာရှိနော်မန်နှင့် အိမ်အမှုထမ်းအနည်းငယ်အတွက် အင်မတန် ကြီးမားလွန်းနေသည်ဟု သတ်မှတ်လို့ရသည်။ နော်မန်သည် လှေကားထစ်များကို နှစ်ဆင့်သုံးဆင့် ကျော်၍ ဆင်းလိုက်သည်။ အိမ်အောက်ထပ် ရောက်လျင် ဧည့်ခန်းနှင့် ထမင်းစားခန်းကို ကျော်ပြီး အိမ်တံခါးမကြီးရှိရာကို သူရောက်သွားသည်။ တံခါးလက်ကိုင်ဘုကို ကိုင်ထားရင်း ဖွင့်ပေးသင့်၊ မပေးသင့် နော်မန်သည် တုံ့ဆိုင်းဆိုင်းဖြစ်နေသေးသည်။
ထို့နောက် ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ အိမ်တံခါးမကြီးကို ဆွဲဖွင့်လိုက်သည်။ လူနှစ်ယောက်သည် တံခါးရှေ့တွင် ဘေးခြင်းယှဉ်၍ ရပ်နေကြသည်။ နော်မန်သည် လက်ထဲရှိ မီးအိမ်ကို မြောက်၍ ကိုင်လိုက်ပြီး လူနှစ်ဦးကို သေချာကြည့်လိုက်သည်။ အမည်းဝမ်းဆက်နှင့်လူမှာ သက်လတ်ပိုင်းဖြစ်ပြီး လယ်သမားဝတ်စုံနှင့် လူကတော့ လူငယ်လူရွယ်တစ်ယောက်ဖြစ်သည်။ အမည်းဝမ်းဆက်နှင့်လူသည် အနက်ရောင်ဦးထုပ်အဝိုင်းတစ်ခုကို စောင်းထားသေးသည်။
“ညကြီး အချိန်မတော် ဘယ်သူတွေများလဲကွ” နော်မန်သည် မိုးသံလေသံများကို ဖုံးအောင် ကျယ်လောင်သော အသံဖြင့် အော်၍မေးလိုက်သည်။
“ဆရာကြီး.... ကျွန်တော့်ကို မမှတ်မိဘူးလား” အမည်းဝမ်းဆက်နှင့်လူက အရာရှိနော်မန်ကြားအောင် အော်ဟစ်ပြီး ပြန်ပြောသည်။
“ဟေး... ဘယ်မှတ်မိမတုန်းကွ..၊ မှောင်မည်းနေတာကို”
“ကျွန်တော်လေ... တိုနီကတ်ဆီလေ၊ လွန်ခဲ့တဲ့ နှစ်လတုန်းက၊ ဆရာကြီး မြို့လည်ခေါင်မှာ ဟောပြောပွဲလုပ်တုန်းက ကျွန်တော် စင်ပေါ်တက်ပြီး စကားပြောပေးဖူးတယ်လေ” အမည်းဝမ်းဆက်နှင့် တိုနီကတ်ဆီဆိုသူက ပြောသည်။
သူတို့သုံးဦးသည် မျက်နှာချင်းဆိုင်ရှိနေကြသော်လည်း တစ်မိုင်လောက် ခြားနေသည့်အလား အော်ဟစ်ပြောဆိုနေကြရ၏။
နော်မန်သည် တိုနီကတ်ဆီဆိုသူအား မှတ်မိသွားသည်။ ကတ်ဆီသည် ဤမြို့တစ်ခုလုံးတွင် နာမည်ကြီးသည့် ခင်ကြီးဘွဲ့ရ တရားဟောဆရာတစ်ယောက် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လခန့်က ရထားလမ်းဖောက်လုပ်ရေးအတွက် မြို့ထဲမှာ ဟောပြောပွဲလုပ်ခဲ့စဉ်က ကတ်ဆီက အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တက်ရောက် ဟောပြောခဲ့ဖူးသည်။
ညကြီးအချိန်မတော် တံခါးလာခေါက်သည့်အတွက် ဒေါသဖြစ်နေသော နော်မန်သည် တရားဟောဆရာမှန်း သိသွားသောအခါ ချက်ချင်း လေသံပြောင်းသွားသည်။
“ကတ်ဆီရယ်...၊ ညဘက်ကြီးဆိုတော့ ခင်ဗျားပုံစံကလည်း ကြွက်စုတ်တစ်ကောင်လိုဖြစ်နေတော့ ကျုပ်က ဘယ်မှတ်မိပါ့မလဲ၊ လာစမ်းပါဦး၊ အိမ်ထဲအရင် ဝင်ကြပါဦး။ ဒီကလူငယ်လေးကကော ဘယ်သူများလဲ။ အို.. အိမ်ထဲရောက်မှပဲ မိတ်ဆက်ကြတာပေါ့။ ခင်ဗျားတို့နှစ်ယောက်လုံး စိုရွဲနေတာ အအေးတွေ ဘာတွေ မိကုန်ဦးမယ်။ ဝင်ကြ၊ ဝင်ကြ” နော်မန်သည် အိမ်တံခါးကို အဆုံးထိ ဖွင့်ပေးလိုက်ပြီး အိမ်ထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
တရားဟောဆရာ ကတ်ဆီနှင့် သူနဲ့အတူပါလာသော လူငယ်သည် အလွန်ရိုသေသော အမူအယာဖြင့် အိမ်ထဲသို့ ဝင်လာကြသည်။ နော်မန်သည် အိမ်တံခါးကို ပြန်ပိတ်လိုက်သည်။ တံခါးပိတ်သံနှင့်အတူ တုန်ဟီးနေသော မိုးကြိုးပစ်သံတစ်ချက်မှာ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာသည်။
“ကဲ.... အရင်ဆုံး ဧည့်ခန်းထဲမှာ ဝင်ထိုင်ကြပါဦး” နော်မန်ကပြောသည်။ “ကျုပ် ခင်ဗျားတို့နှစ်ယောက်အတွက် လက်ဖက်ရည်နဲ့ အဝတ်ခြောက်တွေ ယူလာပေးမယ်။ နွေးနွေးထွေးထွေး ဖြစ်သွားအောင်။ လာရင်းကိစ္စကို နောက်မှပြောကြတာပါ့”
တရားဟောဆရာသည် ဦးထုပ်ကို ပေါင်ပေါ်သို့ တင်၍ ထိုင်ခုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ အတူပါလာသော လူငယ်သည်လည်း တရားဟောဆရာ၏ ဘေးတွင် ကုပ်ကုပ်ကလေး ဝင်ထိုင်သည်။ အရာရှိနော်မန်သည် နေရာထိုင်ခင်း ပြပြီးပြီ ဖြစ်တာကြောင့် မီးဖိုခန်းအတွင်းသို့ ဝင်ပြီး လက်ဖက်ရည်ပန်းကန်လုံးများနှင့် အဝတ်အဖြူများ ယူလာပေးသည်။
“လက်ဖက်ရည်ပူလေး အရင်သောက်လိုက်” နော်မန်ကပြောသည်။ “ ရေကိုပြောင်အောင်သုတ်။ ဒါဆို နွေးသွားလိမ့်မယ်။ ခင်ဗျားတို့နှစ်ယောက်ကလည်း ညဘက်ကြီး မုန်တိုင်းတိုက်နေတာကို ထီးတစ်လတ်တည်းနဲ့ မိုးကာမပါ ဘာမပါ လာကြတယ်လို့။ ဘယ်လောက်များအရေးကြီးတဲ့ ကိစ္စရှိလို့များလဲဗျာ။”
တရားဟောဆရာ ကတ်ဆီနှင့် လူငယ်သည် တစ်ယောက်မျက်နှာ တစ်ယောက် အပြန်အလှန်ကြည့်ပြီး အားနာသယောင် ချီတုံချတုံ ဖြစ်နေကြသည်။
“အရင်ဆုံး ရာသီဥတု ဆိုးရွားနေချိန် ညကြီးမင်းကြီး တံခါးခေါက်မိတဲ့အတွက် တောင်းပန်ပါရစေ မစ္စတာဖိုစတာ” တရားဟောဆရာ ကတ်ဆီက ပြောသည်။
“ကျုပ်ကို ရင်းရင်းနှီးနှီး နော်မန်လို့ပဲ ခေါ်စမ်းပါ” နော်မန်က ပြုံး၍ ပြန်ဖြေသည်။
“ဟုတ်ပါပြီ...ဟို..နော်မန်။ ညကြီးမင်းကြီး လာမိတဲ့အတွက် တောင်းပန်ပါတယ်” ကတ်ဆီက ဆက်၍ပြောသည်။ “လွန်ခဲ့တဲ့ (၂)လ ဟောပြောပွဲမှာတုန်းက ခင်ဗျားပြောခဲ့တာ မှတ်မိသလား။ ရထားလမ်းဖောက်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်စရာရှိရင် အချိန်မရွေး ဒီအိမ်ကို တံခါးလာခေါက်ဖို့ပြောခဲ့တာလေ”
“ဟုတ်ပါတယ်ဗျာ... ဟုတ်ပါတယ်၊ ကျုပ်စကားကို ကျုပ်မှတ်မိပါတယ်။” နော်မန်က ခေါင်းငြိမ့်ထောက်ခံသည်။
တကယ်လည်း ရထားလမ်းနှင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်စရာရှိလျင် အချိန်မရွေး လာခဲ့ရန် သူပြောခဲ့ဖူးပါသည်။
“အစကတော့... မနက်မိုးလင်းမှပဲ လာမလို့ပါပဲ နော်မန်ရာ၊ ဒါပေမဲ့ ဒီကမက်သရူးက အလျင်လိုနေလို့ ညကြီးမင်းကြီး လာခဲ့တာပါ၊ မိုးကလည်း ကျွန်တော်တို့ထွက်လာပြီးမှ ရွာတာပဲ၊ မြင်းလှည်းလည်း ငှားလို့မရတော့ ထီးတစ်ချောင်းကို နှစ်ယောက် မျှဆောင်းပြီး လမ်းလျောက်လာခဲ့ရတာပဲဗျာ...၊ အစက ခင်ဗျားအိပ်နေပြီထင်ပြီး လှည့်ပြန်တော့မလို့၊ ဒါပေမဲ့ ပြတင်းပေါက်မှာ ရပ်နေတာမြင်တော့ ရောက်လက်စနဲ့ တစ်ခါတည်း ဝင်လိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာဗျာ”
တရားဟောဆရာ ကတ်ဆီသည် မက်သရူးဆိုသည့် လယ်သမားဝတ်စုံနှင့် လူငယ်ကို တစ်ချက်လှမ်းကြည့်ရင်း ပြောသည်။ မက်သရူးသည် ပိန်ပိန်ပါးပါး ဖြူဖြူသန့်သန့် လူငယ်တစ်ဦးဖြစ်၏။ သူ့ရဲ့ ဆံပင်သည် အနည်းငယ်ကောက်ကွေးပြီး ကြီးမားသော လက်ဖဝါးများကြောင့် လယ်သမားမျိုးရိုးဖြစ်မည်ဆိုတာ သိသာနေသည်။ နော်မန်သည် မက်သရူးဆိုသည့် လူငယ်ကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်သည်။
“ဆိုတော့... ဒီကလူငယ်လေးရဲ့ နာမည်က မက်သရူးပေါ့” နော်မန်က မေးလိုက်သည်။
“ဟုတ်ပါတယ်..ဆရာ၊ ကျွန်တော့်နာမည် မက်သရူးဘိတ်ကာပါ” မက်သရူးက ခေါင်းအကြိမ်ကြိမ် ငြိမ့်ပြီး ပြန်ဖြေသည်။
“ငါဟောပြောပွဲ လုပ်တုန်းက မင်းရှိနေခဲ့လား”
“ဟုတ်...၊ ကျွန်တော် အဲ့နေ့က စင်အောက်မှာ ရှိနေခဲ့ပါတယ်”
“အေးကွာ... ငါလည်း အဲဒီနေ့ ဟောပြောပွဲတုန်းက မင်းတို့လို့ လူငယ်တွေကို အဓိက ရှိစေချင်ခဲ့တာ။” နော်မန်ကပြောသည်။ “ ဘာလို့ဆိုတော့ ဒီရထားလမ်းဖောက်လုပ်ပြီးရင် မင်းတို့မြို့က အများကြီး ပြောင်းလဲသွားမှာ။ လမ်းပန်းဆက်သွယ်ရေး ဆိုတာ ဒေသတစ်ခုမှာ အရေးကြီးဆုံးပဲကွ။ အခုရထားလမ်းက မြို့ပေါင်းများစွာကို ဖြတ်သန်းလာတာ။ အရင်က လှည်းနဲ့ ရက်ချီအောင်သွားရမဲ့ မြို့တွေကို ရထားနဲ့ဆိုရင် နာရီပိုင်းအတွင်း သွားလို့ရလိမ့်မယ်။ အရင်လို ဒီနွားခြေရာခွက်ထဲမှာပဲ မိဘလုပ်တာ လိုက်လုပ်ရင်း တိုးတက်မှုလမ်း ပျောက်နေတော့မှာ မဟုတ်ဘူးကွ။ အဲ့နေ့တုန်းက ငါအဓိကပြောချင်တာ လူငယ်တွေဆီကို။ ဒါပေမဲ့ တစ်အိမ်တစ်ယောက်လာရမယ်ဆိုတော့ အများစုက လုပ်ငန်းခွင် မဝင်နိုင်တဲ့ သက်ကြီးရွယ်အိုကြီးတွေချည်း လွတ်လိုက်ကြတော့ ငါ့မှာ ဖီးငုပ်သွားတာပေါ့ကွာ။ ဒါပေမဲ့ မင်းတို့လို လူငယ်အချို့ ပါဝင်နေသေးတော့ ဖြေသာပါသေးတယ်။ ဆိုတော့... မက်သရူး။ မင်းကော ဒီရထားလမ်းဖောက်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုမြင်သလဲ။”
မက်သရူးသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။ သူသည် ဘေးနားတွင် ထိုင်နေသော တရားဟောဆရာ ကတ်ဆီ့ထံကို တစ်ချက်လှန်းကြည့်သည်။ ကတ်ဆီက တစ်ခုခုပြောလိုက်လေဟု မျက်နှာရိပ် မျက်နှာကဲ အမူအယာဖြင့် လုပ်ပြသည်။
“ကျွန်တော်သဘောကျပါတယ်...ဆရာ.. အဲ.. အရာရှိနော်မန်။ ဆရာပြောသလို လမ်းပန်းဆက်သွယ်ရေးမှာ ဒီဒေသက အခြားဒေသတွေနဲ့ ယှဉ်ရင် အရမ်းနှိမ့်နေသေးတာ ကျွန်တော်သိပါတယ်။ နွားခြေရာခွက်နဲ့ တူတဲ့ ဒီဇနပုဒ်မြို့လေးကို ထွက်လမ်းတစ်ခုအနေနဲ့ ဒီရထားသံလမ်းကြီးကို ဘုရားသခင်က ဆုလာဘ်တစ်ခုအနေနဲ့ ပို့ပေးလိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရထားသံလမ်းသာ ဖောက်လုပ်ပြီးလို့ ဒီမြို့မှာ ဘူတာရုံတစ်ခု တည်နိုင်ရင် အရာရာ သိသိသာသာ ပြောင်းလဲသွားမယ်ဆိုတာ ကျွန်တော်ယုံကြည်ထားပါတယ်။” မက်သရူးက စကားဆုံးတော့ လက်ဖက်ရည်ခွက်ကို ငုံ့ပြီး သောက်လိုက်သည်။
မက်သရူး၏ လေသံက အားနာပါးနာ ချီးကျူးတဲ့ လေသံဆိုသော်လည်း အရာရှိနော်မန်ကတော့ သူ့ရဲ့ လုပ်ငန်းကို အကောင်းပြောတဲ့အတွက် မျက်နှာတစ်ခုလုံး ဝင်းပသွားပြီး ရင်ဘတ်တစ်ခုလုံး အတန်ငယ် မြင့်တက်သွား၏။
“အခုလို ကြားရတာ ဝမ်းသာတယ်ကွာ” နော်မန်ကပြောသည်။ “မင်းတို့ အရွယ်ဆိုတာ အများကြီးဖြတ်သန်းရဦးမှာ။ ဒီဇနပုဒ်မှာပဲ အသက်ကြီး၊ အရိုးဆွေး မသွားစေချင်ဘူး။ တစ်နှစ်တစ်ခါလောက် ပိုက်ဆံလေးစုပြီး မြို့ကြီးပြကြီးတွေဆီ တက်လည်တာမျိူးလောက်နဲ့ မင်းတို့ဘဝကို မဆုံးသွားစေချင်ဘူး။ အခုရထားလမ်းသာဖောက်ပြီးရင် မင်းသိလား မက်သရူး။ စိန့်ကာတားမြို့ကို နေ့ချင်းပြန် ခရီးထွက်လို့ရတယ်ဗျာ။ ဘယ်လောက်ကောင်းသလဲ။ အစိုးရက ငါ့ကို ဒီတာဝန်ပေးတော့ ငါ့မှာဝမ်းသာလိုက်ရတာ။ အခြားလူတစ်ယောက်ကောင်းစားဖို့ တာဝန်ထမ်းရတာ အင်မတန် ဂုဏ်ယူစရာကောင်းတယ်မဟုတ်လား မက်သရူးရယ်...ဟဲဟဲ။”
အထက်စီးနင်းနိုင်သယောင်ရှိသည့် လေသံဖြင့် ကိုယ့်ဂုဏ်ကိုယ်ဖော်နေသော နော်မန်ကြောင့် တရားဟောဆရာ ကတ်ဆီနှင့် မက်သရူးသည် မအီမလည် ယောင်တိယောင်ကန်း ဖြစ်နေကြသည်။
မိုးရေသည် စက်ခလုပ်ပိတ်လိုက်သကဲ့သို့ ရပ်တန့်သွားသည်။ ကောင်းကင်သည် ကွက်တိကွက်ကျား တိမ်အချို့မှလွဲ၍ အနည်းငယ် ကြည်လင်လာပြီး လျပ်စီးများမှာ ရပ်တန့်သွားသည်။ တစ်ချက်တစ်ချက် မိုးချိန်းသံအချို့မှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ အဝေးတစ်နေရာက ဖားအချို့၏ အော်မြည်သံများလည်း ထွက်ပေါ်လာသည်။
“ထားပါတော့လေ... မိုးလည်းတိတ်သွားပြီ။ ညလည်း အရမ်းနက်နေပြီဆိုတော့ ခင်ဗျားတို့နှစ်ယောက် လာရင်းကိစ္စကိုသာ ပြောပါတော့..။ ကျုပ်စကားများနေတာနဲ့ပဲ မိုးလင်းတော့မယ်” နော်မန်က အဓိကအကြောင်းအရင်းကို မေးလိုက်သည်။
တရားဟောဆရာ ကတ်ဆီနှင့် မက်သရူးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အားနာနေဟန်လည်းပေါ်သည်။ တရားဟောဆရာက သူ၏အောက်နှုတ်ခမ်းကို အပေါ်သွားနှင့် ခြစ်နေသည်။ လူငယ်ကတော့ ကုန်သွားပြီဖြစ်တဲ့ လက်ဖက်ရည်ခွက်ကို ခပ်တွေတွေ ငေးကြည့်နေ၏။အရာရှိနော်မန်မှာ စိတ်မရှည်တော့။ ဘယ်အရာကို ရေးကြီးခွင်ကျယ် လုပ်နေကြသနည်းဟု တွေးလိုက်မိသည်။
“ဘာတွေ အားနာနေကြတာလဲ။ ညကြီး အချိန်မတော် ရောက်လာတုန်းက တစ်ခါအားနာပြီးပြီ မဟုတ်လား။ အခုဘာအတွက် အားနာနေကြပြန်ပြီလဲ။” မနေနိုင်တော့တဲ့ အဆုံး နော်မန်ကပင် လေသံခပ်မာမာဖြင့် ပြောလိုက်ရ၏။
“ကောင်းပြီ...မက်သရူး။ မင်းကိစ္စကို မင်းပဲရှင်းပြလိုက်တော့။ ငါပြောရင် ကြားခံလိုဖြစ်နေလိမ့်မယ်။” တရားဟောဆရာက မက်သရူးဘက်ကို လှည့်ပြီးပြောသည်။
မက်သရူးသည် တရားဟောဆရာ ကတ်ဆီကိုတစ်ချက် နော်မန့်ကိုတစ်ချက် ကြည့်သည်။ မက်သရူး၏ ပုဇွန်တစ်ကောင်ကဲ့သို့ ပြူးကျယ်သော မျက်လုံးများက မဝဲ့မရဲ စိုးထိပ်မှုကြောင့် ပို၍ ပြူးကျယ်လာသယောင် ထင်မှတ်ရသည်။
“ရထားလမ်းနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်လား” နော်မန်က မေးလိုက်သည်။
မက်သရူးက ခေါင်းငြိမ့်ပြသည်။
“အင်မတန် အရေးကြီးလွန်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး ဆရာရယ်”
“ဟာ.... မက်သရူးရယ်၊ အရေးကိစ္စတိုင်းမှာ ကြီးတယ်၊ ငယ်တယ်ဆိုပြီး မရှိပါဘူးကွာ။ ကိစ္စတိုင်းက ကိစ္စတွေပဲမဟုတ်လား။ ပြဿနာတွေက ပြဿနာတွေပဲမဟုတ်လား။ ပြဿနာသေးသေးလေးကို မပြုပြင်ပဲ ထားလိုက်ရင် တစ်ချိန်ကျရင် ပြဿနာအကြီးကြီး ဖြစ်သွားနိုင်တယ်လေ။ လုပ်စမ်းပါ။ လာရင်းကိစ္စကို ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ။ ” နော်မန်က အားမလို အားမရ လေသံဖြင့် ထပ်မေးပြန်သည်။
မိုးချိန်းသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ မိုးသည် နောက်တစ်ကြိမ် ရွာသွန်းလာသည်။ ကောင်းကင်မှ ပြုတ်ကျလာသည့် မိုးစက်မိုးပေါက်များ၏ မညှာမတာ ရိုက်ခတ်မှုကြောင့် မြေပြင်သည် ခပ်တိုးတိုး အော်ဟစ်ညည်းညူလျက် ရှိသည်။
“ကျွန်တော် ငယ်စဉ်တောင်ကျေးကလေးဘဝတုန်းက အဘိုး၊ အဘွားတွေ ကြားမှာ ကြီးပြင်းလာခဲ့ရတာပါ” မက်သရူးက စကားလမ်းကြောင်းကို စတင်လိုက်သည်။
“အတူတူပဲ၊ ငါလည်း ငါ့အဖေက သေနတ်ပစ်လောင်းကစားပွဲမှာ သေသွားတော့ ငါ့အဘိုးကပဲ အရွယ်ရောက်တဲ့အထိ ပျိုးထောင်ခဲ့တာပဲ။ ထားပါတော့ စကားကိုဆက်ပါဦး” အရာရှိနော်မန်က မက်သရူး နှုတ်သွက်သွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စကားဝင်ထောက်လိုက်သည်။
“ငယ်ငယ်တုန်းက ဒီမြို့က အခုထက်တောင် ပိုပြီး ဆင်းရဲချို့တဲ့ပါတယ်။ အခုထက်အများကြီးပိုဆိုးတယ်။ လမ်းတွေဆိုတာ ညစ်ပတ်နေတာပဲ။ တကယ့်ရွာသာသာ အဆင့်ပဲရှိတဲ့ မြို့ကလေးပေါ့ဗျာ” မက်သရူးက နှုတ်သွက်လျှာသွက် ဖြစ်လာသည်။
“ကျွန်တော့်အဖေက စစ်ထဲမှာ ကျဆုံးသွားတယ်” မက်သရူးက ဆက်၍ပြောသည်။ “အဖေသေတော့ အမေ့ဘက်က အဖိုးနဲ့ အဘွားက ကျွန်တော့်ကိုမွေးစားတယ်။ တကယ်တမ်း ကျွန်တော့်ဘဝမှာ အဖိုးနဲ့ အဘွားကသာ ကျွန်တော့်ရဲ့ မိဘအရင်းတွေလိုပဲ။ အဖိုးက ကျွန်တော့်ကို မျက်စိအောက်ကတောင် အပျောက်မခံဘူး။ ဆင်းရဲတဲ့ လယ်သမားတွေဆိုပေမဲ့ အဖိုးနဲ့ အဘွားက ကျွန်တော့်ကို အမြဲ ဝဝလင်လင် ကျွေးမွေးခဲ့တယ်။”
စကားကို ခဏရပ်ပြီး မက်သရူးသည် တရားဟောဆရာနှင့် အရာရှိနော်မန်ကို စေ့စေ့စပ်စပ် ကြည့်သည်။ အရာရှိနော််မန်က အင်မတန် စိတ်လိုလက်ရ လိုလိုချင်ချင် ရှိနေဟန်ဖြင့် နားထောင်လျက်ရှိ၏။ မက်သရူးသည် စကားကိုဆက်သည်။
“အဲ့တာနဲ့ ကျွန်တော့် ငယ်ဘဝက ဆရာပြောသလိုပဲ ဒီနွားခြေရာခွက်ထဲက ဖားတစ်ပိုင်း ငါးတစ်ပိုင်းလို ကြီးပြင်းခဲ့ရတာပေါ့။ ဒီမြို့အကြောင်းကို အဖိုးနဲ့ အဘွားရဲ့ ပြောပြမှုတွေကြောင့် မြို့တစ်ခုလုံးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ အားလုံးနီးပါ ကျွန်တော်သိထားခဲ့တယ်”
အရာရှိနော်မန်သည် အနည်းငယ် ပျင်းရိလာသလို အညောင်းဆန့်လိုက်သည်။ ထို့ကြောင့် မက်သရူး၏ မျက်နှာမှာ သိသိသာသာ ပျက်သွားသည်။
“အို... ဆော်တီး မက်သရူးရယ်။ ဒီကလူအိုကြီးက တစ်နေရာရာမှာ အကြာကြီးထိုင်လိုက်ရင် အညောင်းအညာ ဆန့်ရလို့ပါကွာ။ မင်းပြောတာကို ငါစိတ်ဝင်တစား နားထောင်နေပါတယ်။ ရထားသံလမ်းနဲ့ ပတ်သတ်လာမဲ့ နေရာကို အဓိကထားပြီးပြောစမ်းပါ” နော်မန်က တောင်းဆိုသည်။
“တောင်းပန်ပါတယ်ဆရာ... ကျွန်တော် စကားရှည်သွားတယ်”
“ဟာ... မဟုတ်တာ။ တစ်ညလုံး ထိုင်ပြောလည်းရတယ်။ အဓိကက ရထားသံလမ်းဖောက်မဲ့ ကိစ္စနဲ့ သက်ဆိုင်နေရင် ပြီးရော…”
အရာရှိနော်မန်နှင့် မက်သရူးသည် အပြန်အလှန် အားနာလျက်ရှိကြ၏။ စကားမှာ အရှေ့ကို မရောက်တော့။ တရားဟောဆရာ ကတ်ဆီသည် ထိုင်နေရာမှ ထ၍ ပြတင်းပေါက်ရှိရာကို လျောက်သွားပြီး အပြင်ဘက်ကို ငေးမောကြည့်နေလိုက်သည်။
“ဒါဆို ကျွန်တော်တို့ လိုရင်းကိုပဲ သွားလိုက်ရအောင်...ဆရာ”
“အကောင်းဆုံးပေါ့ကွာ။ လိုရင်းကိုပဲ အသေးစိတ် ဆွေးနွေးကြတာပေါ့။”
မက်သရူးသည် တစ်ချက်ခေါင်းငြိမ့်ပြပြီး သူ၏ အင်္ကျီရင်ဘတ်ထဲသို့ လက်နှိုက်လိုက်သည်။ အရာရှိနော်မန်သည် အင်္ကျီထဲ လက်နှိုက်နေသော မက်သရူးအား နားမလည်သလို မျက်မှောင်ကျုံ့၍ ကြည့်နေသည်။
မက်သရူး၏ လက် အင်္ကျီအတွင်းမှ ပြန်ထွက်လာချိန်တွင် လက်ထဲတွင် စက္ကူအပိုင်းအစ တစ်ခု ပါလာသည်။ စက္ကူပိုင်းကလေးမှာ ခေါက်ရိုးများကျိုးပြီး ဝါထိန်နေသည့် မြေပုံငယ်တစ်ခုဖြစ်သည်။
“ဟာ... သွားပါပြီဗျာ။ မိုးရေထဲလာခဲ့ရတော့ မြေပုံကပြဲစုတ်နေပြီ” မက်သရူးသည် စိတ်ရှုပ်သွားဟန်ဖြင့် ညည်းညူသည်။
“ဟေ့ကောင်... အဲ့တာ ဒီမြို့ရဲ့ မြေပုံမဟုတ်လားကွ” နော်မန်က ပြဲစုတ်နေသော မြေပုံလေးကို ဂရုတစိုက်ကြည့်ပြီး ပြောသည်။ “အဲ့တာဆို ငါ့ဆီမှာလည်း ရှိတယ်လေ။ မင်းကလည်းကွာ။ ငါကဒီမြို့မှာ ရထားလမ်းလာဖောက်တဲ့ကောင်ပါကွ။ ငါ့အိမ်မှာလည်း မြေပုံရှိပါတယ်။ ခဏစောင့် ငါသွားယူလိုက်ဦးမယ်။”
အရာရှိနော်မန်သည် ထိုင်နေရာမှ အလျင်တစော ထပြီး အိမ်အပေါ်ထပ်သို့ တက်သွားလေသည်။ ထိုအချိန်တွင် မက်သရူးနှင့် တရားဟောဆရာ ကတ်ဆီတို့ နှစ်ယောက်တည်း ဧည့်ခန်းထဲမှာ ကျန်နေခဲ့သည်။
“ညဘက်ကြီး လာမိတာ မှားပြီထင်တယ်ဗျာ” မက်သရူးက မသဲမကွဲ ခပ်တိုးတိုး ရေရွတ်သည်။
တရားဟောဆရာ ကတ်ဆီကတော့ ဘာမှမကြားသလို အပြင်ဘက်မိုးရေထဲကိုသာ ငေးမောနေသည်။
ခဏအကြာတွင် နော်မန်ပြန်ဆင်းလာသည်။ သူ့လက်ထဲတွင် အင်မတန် ကြီးမားသော စားပွဲတင်မြေပုံကြီးတစ်ခု ကိုင်ထားသည်။
“ကဲ... မက်သရူး။ ဒီမှာ မြေပုံရပြီ” နော်မန်သည် မြေပုံကြီးကို မက်သရူးထံ လှမ်းပေးရင်း ပြောသည်။
မက်သရူးသည် မြေပုံကို စားပွဲပေါ်ဖြန့်ခင်းပြီး ရေနံဆီမီးအိမ်ဖြင့် သေချာကြည့်ရှု ရှာဖွေသည်။
“ဒီမှာ ဆရာ” မက်သရူးကပြောသည်။ “ ဒီနားလေးကို ဆရာသိသလား။ အခု ရထားလမ်းက ဒီနေရာကိုဖြတ်ပြီး ဖောက်သွားမှာမဟုတ်လား။”
အရာရှိနော်မန်သည် မက်သရူး ထောက်ပြသော မြေပုံနေရာကို သေချာကြည့်သည်။ မြေကွက်လပ်တစ်ခု အဖြစ် ဖော်ပြထားသည်။ မြို့၏ အလယ်ပိုင်းသို့ ကျသည်။ ရထားလမ်းသည် ထိုနေရာနှင့် (၂)မိုင်ခန့် အကွာအထိ ဆောက်လုပ်ထားပြီးဖြစ်သည်။
“အေးလေကွာ...။ မြို့လယ်ခေါင်ဘက် အရမ်းမရောက်အောင်နဲ့ ပြီးတော့ လူနေအိမ်တွေ နည်းတဲ့ဘက်မှာ ဖောက်တာဆိုတဲ့ မြေကွက်လပ်များတဲ့နေရာတွေကို တိုင်းပြီး ဖောက်ခဲ့တာပဲ။ ဟုတ်တယ်။ မကြာခင်ရက်ပိုင်းဆို ဒီနေရာကို ရောက်တော့မှာ။ ဘာဖြစ်လို့လဲကွ။ အဲဒီ့နေရာက” နော်မန်က မျက်မှောင်ကျုံ့လျက် မြေပုံကို ဖြဲသဲကြည့်ရင်း မေးသည်။
“မြေပုံထဲမှာ မြေကွက်လပ်လိုမျိုး ပြထားပေမဲ့ တကယ်တန်း အဲဒီ့နေရာက တောအုပ်တစ်ခုပါဆရာ”
“ဘာ… တောအုပ် ဟုတ်သလား။ ဒီလို မြို့လည်ကျတဲ့ နေရာကြီးမှာ ဘယ်က တောအုပ်က ရှိရမှာလဲကွာ။ မင်းဟာက ဖြစ်နိုင်လို့လား။ နေစမ်းပါဦး။ တောအုပ်ဖြစ်တော့ကော ဘာထူးသလဲ။ ငါတို့ရထားလမ်းအတွက် ရှင်းလင်းခဲ့တဲ့ တောတွေမှ အများကြီး။ ရထားလမ်းအတွက်ဆိုရင် တောင်တန်းတွေကိုတောင် ဟိုဘက်သည်ဘက် ပေါက်အောင် တူးခဲ့တာပဲကွာ။ ဒီတောအုပ်ကိုလည်း ရှင်းပစ်လိုက်မှာပေါ့” နော််မန်က စိတ်ရှုပ်သွားဟန်ဖြင့် ပြောသည်။
မက်သရူးသည် စစ်ကူတောင်းဟန်ဖြင့် တရားဟောဆရာ ကတ်ဆီထံသို့ လှမ်းကြည့်သည်။ ကတ်ဆီသည် သက်မတစ်ခု ပင့်ရှိုက်လိုက်ပြီး မြေပုံရှိရာသို့ လျောက်လာသည်။ မိုးကြိုးတစ်ချက် ပစ်လိုက်သည်။ အင်မတန် ပြင်းထန်သည့် မိုးကြိုးဖြစ်တာကြောင့် မျက်နှာကြပ်မှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းများ ဟိုဟိုသည်သည် လှုပ်ရမ်းသွားသည်။
“မက်သရူးပြောတာ မှန်ပါတယ်။” ကတ်ဆီကပြောသည်။“ ဒီနေရာဟာ မြို့လည်ပိုင်းမှာ ထူးထူးခြားခြား တည်ရှိနေတဲ့ တောအုပ်တစ်ခုပဲ။ မြို့တစ်ခုလုံး မွေးမြူရေးခြံတွေ လူနေအိမ်တွေနဲ့ ပြည့်နေပေမဲ့ ဒီတောအုပ်နေရာကိုတော့ လူတွေက ယောင်လိုတောင် ရှင်းလင်းပြီး နေထိုင်ဖို့ မကြိုးစားခဲ့ကြပါဘူး။ အဲ့တာကြောင့် ဒီနေရာဟာ တောအုပ်ငယ်တစ်ခုလိုဖြစ်ပြီး လူသူအရောက်အပေါက် မရှိဖြစ်နေတာပါ”
“အေး…ဟုတ်ပါပြီ။ ဘာလို့ ဒီနေရာကို မြို့ခံလူတွေက မရှင်းလင်းကြတာလဲ။ ဒီတောအုပ်အကျယ်ဆိုရင် ခြံဝန်းကြီးတစ်ခုစာလောက်ရှိတယ်မဟုတ်လား။ ဘာလို့ မရှင်းလင်းပဲထားကြတာလဲဆိုတာ ပြောပြပါဦး။ ဒီတောအုပ်ကို မရှင်းရတဲ့ အကြောင်းပြချက်က ခင်ဗျားတို့နှစ်ယောက် ဒီလိုလာရတဲ့ အကြောင်းပြချက်ဖြစ်မယ် မဟုတ်လား။ ကဲ… ပြောပြပါဦး။ ဒီနေရာက ဘာလို့တောအုပ်ကြီးဖြစ်နေရတာလဲ” အရာရှိနော်မန်သည် သိလိုစိတ်ပြင်းပြမှု အနည်းငယ် ပါဝင်သော လေသံဖြင့်ပြော၏။
“ကျွန်တော်ငယ်စဉ်က အဖိုးဖြစ်သူနဲ့အတူ ဘုရားကျောင်းကို တနင်္ဂနွေနေ့တိုင်း သွားရပါတယ်။ အဲ့လို ဘုရားကျောင်းသွားတဲ့နေ့ဆိုရင် အဲဒီ့တောအုပ်ရဲ့ ဘေးက ဖြတ်ပြီးသွားရတာ။ အခုအချိန်ဆိုရင်တော့ အဖိုးနဲ့ အတူလျာက်ခဲ့တဲ့ လမ်းတစ်ခုလုံး တောအုပ်ရဲ့ ဝါးမြိုတာကို ခံလိုက်ရပါပြီ။”
“ဟုတ်ပြီ…မက်သရူး။ မင်းအဘိုးအကြောင်း ပြန်ရောက်သွားပြီလား။ ဆက်စမ်းပါဦး”
“ဟုတ်ကဲ့...။ ကျွန်တော်နဲ့ အဖိုး အဲဒီ့တောအုပ်ဘေးက ဖြတ်သွားရတဲ့ အခါတိုင်း အဖိုးက တောအုပ်ထဲကို ယောင်လို့တောင်မကြည့်ဖို့ တားမြစ်တယ်။ ကျွန်တော်လည်း အဖိုးပြောသလို တောအုပ်ဘေးက ဖြတ်ရတဲ့အခါတိုင်း မျက်နှာကို အခြားတစ်ဖက်ကို လွဲပြီးသွားရတယ်။ ” မက်သရူးကပြော၏။
“အော်.... အဲဒီ့တော့ ဒီတောအုပ်က သရဲတစ္ဆေဘာညာတွေနဲ့ ပတ်သတ်နေတာပေါ့..ဟုတ်စ” နော်မန်၏ လေသံက လှောင်သံသဲ့သဲ့ ပါဝင်နေသည်။
“တောအုပ်ဖြစ်တည်လာရတဲ့ အကြောင်းကို သမိုင်းနဲ့ချီပြီး ကျွန်တော်ရှင်းပြပါရစေ” တရားဟောဆရာ ကတ်ဆီက ဝင်ပြောသည်။ “အရာအားလုံးကို စရရင် (၁၆)ရာစုဝန်းကျင်ကပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀)လောက်ကပေါ့။ ဥရောပတစ်လျောက်မှာ ဘာသာရေးလွှမ်းမိုးမှု အရမ်းကြီးမားပြီး ဖိုဝါဒကလည်း အင်မတန် ကြီးစိုးတယ်။ မြို့တွေ ရွာတွေရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာဆိုရင် အမြဲအမျိုးသားတွေချည်းပဲ။ အဲ့ခေတ်မှာ တရားစီရင်မှုတွေကိုလုပ်ရင် လူလည်ခေါင် စည်းကားတဲ့နေရာမှာ လုပ်လေ့ရှိတယ်။ သေဒဏ်ပေး ကွက်မျက်တဲ့အခါမှာလည်း လူလည်ခေါင်မှာ လူအများရဲ့အရှေ့မှာ လုပ်လေ့ရှိတယ်။ အခုချိန်ထိ အချို့အရပ်တွေမှာ လုပ်နေကြတုန်းပါပဲ။ ဒါပေမဲ့ အခုချိန်မှာ ပျောက်ကွယ်သွားတဲ့ စနစ်တစ်ခုက....”
တရားဟောဆရာက တိုတိုနှင့်လိုရင်းကို စီကာပတ်ကုံး ရှင်းပြနေရင်း စကားကိုရပ်လိုက်သည်။ ထို့နောက် အရာရှိနော်မန်၏ သိချင်စိတ် ပြင်းပြနေသယောင်ရှိသည့် မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ထို့နောက် တရားဟောဆရာ ကတ်ဆီ၏ ပါးစပ်မှ လေသံခပ်တိုးတိုးဖြင့် စကားသံတစ်ခု ထွက်ပေါ်လာသည်။
“မီးရှို့ကွက်မျက်နဲ့ စနစ်ပဲ...”
တရားဟောဆရာ၏ စကားသံဆုံးသည်နှင့် ဇာတ်တိုက်ထားသည့်အလား မိုးကြိုးသံ တစ်ချက်မှာ အချိန်ကိုက် ထွက်ပေါ်လာသည်။
“ဟုတ်တယ်....။ မီးရှို့သတ်ဖြတ်တဲ့ စနစ်။ မြို့တွေရွာတွေမှာ အမှောင့်ပရောဂနဲ့ ပတ်သတ်တဲ့လူတွေ၊ စုန်းကဝေပညာ တတ်ကျွမ်းတဲ့မိန်းမတွေကို ဘုရားကျောင်းနဲ့ မြို့ရွာအာဏာပိုင်တွေက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လူလည်ခေါင်မှာ အရှင်လတ်လတ် မီးရှို့ကွက်မျက်တဲ့ စနစ်။” တရားဟောဆရာက စကားကို ရပ်ပြီး နော်မန့်ထံသို့ အကဲခတ်လိုက်သည်။
“မီးရှို့ကွက်မျက်ပြီး သေဒဏ်ပေးတဲ့ စနစ်ကိုတော့ ကျုပ်လည်း ကြားဖူးပါတယ်..ကတ်ဆီရဲ့။ ဒါပေမဲ့ တောအုပ်နဲ့ အဲဒီ့ စနစ်နဲ့က ဘယ်နားမှာ ပတ်သတ်သွားတာလဲ” နော်မန်သည် စိတ်ရှုပ်နေသည့် အားမလိုအားမရ လေသံဖြင့် မေးပြန်သည်။
“အင်း... အဓိကပြဿနာက အဲ့တာပဲဗျ။” တရားဟောဆရာက စကားကိုဆက်သည်။ “အခုတောအုပ်ကြီးက ယခင်တုန်းက ကွပ်မျက်တဲ့အခါ အသုံးပြုခဲ့တဲ့ ကွပ်မျက်စင်ကြီးရှိခဲ့တဲ့ နေရာပဲဗျ။ အဲဒီတောအုပ်နေရာက အရင်တုန်းက မီးရှို့စီရင်တဲ့ ရင်ပြင်ကြီးရှိခဲ့တဲ့နေရာလို့ သက်ကြီးပိုင်းတွေက တဆင့်စကား တဆင့်ပြောခဲ့ကြတယ်။ နောက်ပိုင်း (၁၇)ရာစုလောက်ကိုရောက်တော့ စုန်းကဝေတွေကို မီးရှို့သတ်တဲ့ စနစ်ဆိုးက ချုပ်ငြိမ်းသွားပါတယ်။ ဒါပေမဲ့ အဲ့ရင်ပြင်နေရာနဲ့ ကွပ်မျက်တဲ့စင်ကြီးကတော့ ကျန်ခဲ့တာပေါ့။ လူပေါင်းများစွာကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ နေရာကြီးမဟုတ်လား။ ပြီးတော့ အသတ်ခံရတဲ့ မိန်းမတွေကလည်း စုန်းမလို့ စွပ်စွဲခံရတဲ့ မိန်းမတွေလေ။ နောက်မျိုးဆက်တွေရောက်တော့ အဲဒီ့နေရာကြီးကို ရွံစရာ၊ ကြောက်စရာ ဖုန်းဆိုးမြေလို သတ်မှတ်ပြီး ရှောင်ကွင်း နေထိုင်ခဲ့ကြတာ။ အခုဆို မြို့လည်ပိုင်းမှာ တောကြီးတစ်ခု လာဖြစ်နေတဲ့အထိပဲ။ လူကြီးတွေက ပုံပြင်လိုလို ဘာလိုလိုတွေနဲ့ ခြောက်လန့်ထားတော့ မြို့ထဲက လူတွေကလည်း သစ်ပင်တစ်ပင်တောင် မခုတ်ရဲ၊ မရှင်းလင်ရဲဘူးပေါ့ဗျာ”
“လူကြီးတွေ ပြောခဲ့တဲ့ ပုံပြင်တွေဆိုတာ ဘယ်လိုတွေများလဲ... ကတ်ဆီရဲ့” အရာရှိနော်မန်က မနေနိုင် မထိုင်နိုင် ဝင်မေးပြန်၏။
“ကျွန်တော့်အဖိုး ပြောပြသလောက်ဆိုရင် အဲဒီ ရင်ပြင်နဲ့ ကွက်မျက်စင်ကြီးမှာ အစီရင်ခံခဲ့ရတဲ့ စုန်းမျိုးနွယ်တွေကို ပိတ်လှောင်ထားတယ်တဲ့။ တစ်ခါကျတော့ နောက်ဆုံးအကြိမ် မီးရှို့ခဲ့တဲ့ စုန်းမကြီးက ကျိန်စာအကြီးအကျယ် တိုက်ခဲ့လို့ အဲဒီကွပ်မျက်စင်ကြီးကို လူတွေ ထပ်အသုံးမပြုကြတော့တာတဲ့။ ပြီးတော့ အဲဒီစင်ကြီးနားသွားတဲ့ လူတွေ၊ ဒါမှမဟုတ် စင်ကြီးကို နေရာရွှေဖို့လုပ်တဲ့ လူတွေဆိုရင် ကျိန်စာသင့်သလို၊ ခြောက်လန့်ခံရတာတွေ ရှိတယ်တဲ့ဗျာ” မက်သရူးက ဝင်ဖြေသည်။
မိုးက ပိုမို သည်းထန်လာသည်။ ပြင်းထန်သော လေကြောင့် အိမ်ကြီးခမျှာ ပထဝီမြေကြီးကို အစွမ်းကုန်ခြစ်ကုပ်ပြီး လေနဲ့အတူ လွင့်စင်မသွားအောင် ကြိုးစားနေရရှာသည်။ မျက်နှာကျပ်ရှိ မီးသိုင်းများနှင့် ပေါ့ပါးသည့် ပရိဘောဂပစ္စည်းများသည် ဘယ်မှညာ ညာမှဘယ်သို့ အဆက်မပြတ် လှုပ်ရမ်းနေကြ၏။
“ဟူး... ခင်ဗျားတို့ မြို့ကလူတွေက သက်သက်မဲ့ အယူသီးနေတာပဲဗျာ။” နော်မန်က အားမနာလျှာမကျိုး ပြောသည်။ “ဒါနဲ့ မြို့ထဲကို ရထားလမ်း ဝင်လာတာ (၂)လကျော်တောင် ရှိပြီ။ ခင်ဗျားတို့မြို့ကလူတွေက ဒီတောအုပ်ကြီးရဲ့ ရာဇဝင်ကို ကျုပ်ကို ဘာလို့ လာမပြောကြတာလဲ”
“ဘယ်သူမှမသိလို့ပါ” ကတ်ဆီက ဖြေ၏။ “မသိဘူးဆိုတာ ရထားလမ်းက အဲ့တောအုပ်ကို ဖြတ်မယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြလို့ပါ။ ဂရုမစိုက်မိဘူးလို့ ဆိုရင် ပိုမှန်မယ်။ ပြီးတော့ အစိုးရက စေခိုင်းတဲ့ အလုပ်ဆိုတော့ မြို့ကလူတွေက အထွန့်မတက်ရဲကြဘူးပေါ့။ ဒါပေမဲ့ အခု ကျွန်တော်နဲ့ မက်သရူး အတူတူ လာအသိပေးပြီမဟုတ်လား နော်မန်ရဲ့”
“ဒါသက်သက်မဲ့ အယူသီးတာပါဗျာ။ နှစ်ပေါင်းကလည်း ရာနဲ့ချီအောင် ကြာပြီးနေပြီ။ ခင်ဗျားတို့ဘာသာ စိတ်ထင်ပြီး ကြောက်လန့်လို့ အဲ့တောအုပ်ကို မရှင်းလင်းကြတာပါ။ ကျုပ်ကတော့ ရထားလမ်းကြီးတစ်ခုလုံးကို ဒီပုံပြင်တစ်ပုဒ်သာသာ ကိစ္စအတွက်နဲ့ အစီအစဉ်တွေ မပြောင်းချင်ဘူးဗျာ” နော််မန်က လေသံမာမာဖြင့် ပွင့်လင်းစွာ ဆို၏။
“ဒါပေမဲ့...ဆရာ။ ဒီအဖြစ်အပျက်က ဇာတ်လမ်းပုံပြင်တစ်ခုမှ မဟုတ်ဘဲ။ တောအုပ်ထဲမှာ ကွပ်မျက်စင်နဲ့ ရင်ပြင်ကြီး တစ်ခုလုံး ရှိနေတာမဟုတ်လား။ အစိုင်အခဲ တစ်ခုအနေနဲ့ လက်ဆုတ်လက်ကိုင် ပြနိုင်တဲ့အရာတွေကို ပုံပြင်ဆိုပြီး ကျွန်တော်တို့ သတ်မှတ်လို့မရဘူး။ အဲ့တာ သမိုင်းရာဇဝင်တစ်ခုဗျ..ဆရာရဲ့။တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို အချိန်ကြာသွားတာနဲ့ ပုံပြင်တွေပါဆိုပြီး မျက်ကွယ်ပြုထားလို့မရဘူးဗျ။” မက်သရူး၏ လေသံက နော်မန့်အပေါ် မကျေမနပ် ဖြစ်နေသည့်လေသံ ပေါက်နေ၏။
အရာရှိနော်မန်ကတော့ စိတ်မပါ လက်မပါနှင့် မြေပုံကိုသာ ပေါ့ပေါ့တန်တန် သဘောထားပြီး ကြည့်နေသည်။ တရားဟောဆရာ ကတ်ဆီသည် မျက်နှာပျက်ချင်နေပြီ။ မက်သရူးသည်လည်း အံတကျိတ်ကျိတ်နှင့်။ သူတို့သုံးယောက်သည် မြေပုံဘေးတွင် တြိဂံပုံစံ ရပ်နေကြပြီး စကားမပြောပဲ အချိန်အတန်ကြာ တိတ်ဆိတ်နေကြ၏။
“ကျုပ် သဘောပေါက်ပါပြီ။” အရာရှိနော်မန်က ပြောသည်။“ မက်သရူးပြောတာကိုလည်း ကျုပ်သဘောတူတယ်။ ဒီတောအုပ်ကိစ္စကို မျက်ကွယ်ပြုထားလို့မရဘူး”
အရာရှိနော်မန်၏ စကားကြောင့် တရားဟောဆရာကော မက်သရူးပါ အနည်းငယ် တက်ကြွလာကြသည်။ နော်မန်သည် သူတို့နှစ်ယောက်စလုံးအား တလှည့်စီ စိုက်ကြည့်ရင်း တောအုပ်ကိစ္စအတွက် အကြံဉာဏ်ထုတ်နေသည်။
“ဒီလိုမျိုး ပါးစပ်ရာဇဝင် ကိစ္စတစ်ခုအတွက်နဲ့တော့ အစိုးရဆီ စာတင်လို့မရဘူးဗျ။ ဒီကိစ္စကို ကျုပ်လက် ကျုပ်ခြေနဲ့ ဖြေရှင်းရမှာ” နော်မန်က ပြော၏။
“ကျွန်တော်တို့ နှစ်ယောက်ကလည်း ရထားလမ်းကြီးတစ်ခုလုံးကို ဖျက်ဆီးပြီး လမ်းကြောင်းပြောင်းစေချင်တာ မဟုတ်ပါဘူး...နော်မန်ရာ။ ကျွန်တော်တို့က ဒီတောအုပ်ကြီးက သာမာန်မဟုတ်ဘူးဆိုတာကိုသာ လာအသိပေးတာပါ။ ပြီးတော့ မတော်တဆ အရင်လူတွေ ပြောခဲ့တဲ့ ဒဏ္ဍာရီတွေကသာ အစစ်အမှန်တွေဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ တစ်စီတစ်တန်းကြီး ထွက်လာမှာကိုလည်း ကြောက်ရသေးတယ်မဟုတ်လား” တရားဟောဆရာက လေချိုသွေး၍ ပြော၏။
အရာရှိနော်မန်သည် ခေါင်းတဆတ်ဆတ် ငြိမ့်သည်။
“ကွပ်မျက်စင် ဆိုတာကြီးက တောအုပ်ရဲ့ အလယ်ပိုင်းမှာ ရှိနိုင်မယ်ထင်တယ်” မက်သရူးက ပြော၏။
“ဖြစ်နိုင်တယ်။ တောအုပ်က ကွပ်မျက်စင် ရှိတဲ့နေရာကနေ တဖြေးဖြေး ဘေးဘက်ကို ပြန့်ကားသွားဖို့ဆိုတာ အဓိပ္ပာယ်ရှိတယ်။ ဟုတ်ချင်ဟုတ်နိုင်တယ်။” တရားဟောဆရာ ကတ်ဆီက မက်သရူး၏ စကားကို အချင်းချင်း ပြန်ထောက်ခံလိုက်၏။
“ကွပ်မျက်စင်ဆိုတာကြီးက ဘယ်လိုပုံစံ ရှိလောက်မယ်ထင်သလဲ။” နော်မန်ကမေး၏။ “ဒီမြို့က လူတွေ မြင်ဖူးကြသလား။ ခင်ဗျားတို့ ပြောသလောက်ဆိုရင် လက်ရှိမျိုးဆက်က တောအုပ်ထဲ လုံးဝ မသွားဖူးကြတဲ့လူတွေဆို။ အဲ့တော့ ကွပ်မျက်စင်ဆိုတာကြီးက အကောင်းအတိုင်း ရှိတော့မှာမဟုတ်ဘူး။ အို.... နှစ်တွေရာနဲ့ချီနေပြီဆိုတော့ ကွပ်မျက်စင်ဆိုပြီး လက်ညိုးထိုး ပြစရာတောင် ရှိနိုင်ပါဦးမလား”
“ရှိနေနိုင်သေးတယ်...နော်မန်ရ” တရားဟောဆရာ ကတ်ဆီက ဆို၏။ “ဘာလို့ဆို တောအုပ်ကြီးတစ်ခုလုံးက ဘာအကြောင်းကြောင့်လဲတော့မသိဘူး။ မာမာကျောကျော သစ်ပင်ကြီးတွေနဲ့ ပြည့်နေတာ။ အဲ့တော့ လေဒဏ်မိုးဒဏ်ကို သစ်ပင်တွေနဲ့ ကာကွယ်ထားသလိုဖြစ်နေနိုင်တော့... ကျွန်တော် ထင်တာမမှားဘူးဆိုရင် ကွပ်မျက်စင်က တကယ်အကောင်းတိုင်း နီးပါး ရှိနေနိုင်သေးတယ်”
“ဘယ်လို ပုံသဏ္ဍာန်ဖြစ်မယ်ထင်သလဲ”
“အာ... ကျွန်တော့်စိတ်ထင် စာအုပ်အဟောင်းတွေထဲမှာ ဖတ်ရသလောက် မီးရှို့ဖို့အတွက် လူကို ကြိုးနဲ့ချည်ထားဖို့ တိုင်လုံးတစ်ခုရှ်ိမယ်။ ပြီးရင် အောက်မှာ လောင်စာထားဖို့ သစ်သားမီးဖိုတစ်ခုရှ်ိနိုင်မယ်။ ပြီးတော့ ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ ရင်ပြင်ငယ်တစ်ခု ရှ်ိနိုင်မယ်”
“အံ့ဩတယ်ဗျာ... လူတစ်ယောက်ကို ကြိုးပေးသတ်တာတောင် ဝိုင်းကြည့်တဲ့အထိ ကျွန်တော်အပြစ်မပြောဘူး။ အခုက အရှင်လတ်လတ် ဖြေးဖြေးချင်း မီးရှို့သတ်တာကို ဘယ်လိုလူမျိုးကများ ဝိုင်းကြည့်သလဲမသိဘူး” နော်မန်က စုတ်တသတ်သတ်ဖြင့် ပြော၏။ “ကဲပါ...ထားပါတော့။ ခင်ဗျားတို့နှစ်ယောက် အခုသန်းခေါင်ယံကြီး ရောက်လာတာ ဒီတောအုပ်ကိစ္စမဟုတ်လား။ အခုပြောပြီးပြီ။ ကျုပ်လည်း တောအုပ်အကြောင်းနဲ့ အဲ့တောအုပ်ထဲမှာ ရှိသေးလား၊ မရှိတော့ဘူးလား မသေချာတဲ့ ကွပ်မျက်စင်ဆိုတာကြီး အကြောင်းလည်းသိပြီးပြီ။ ကျုပ်မယုံကြည်ဘူးဆိုပေမဲ့ ခင်ဗျားတို့မြို့ခံတွေရဲ့ ခံစားချက်ကိုလည်း ကျုပ်က မျက်ကွယ်ပြုထားလို့ မရပြန်ဘူး။ အဲ့တော့ အခု ကျုပ်ကို အဲ့တောအုပ်နဲ့ ပတ်သတ်ပြီး ဘာများ ဆောင်ရွက်ခိုင်းစေချင်သလဲ” အရာရှိနော်မန်က တိုတိုပြတ်ပြတ် မေး၏။ နော်မန်၏ မျက်လုံးများက အနည်းငယ် ငိုက်မျဉ်းချင်သလို ဖြစ်နေ၏။
တရားဟောဆရာ ကတ်ဆီနှင့် မက်သရူးသည် ဘယ်နှကြိမ်မြောက်မှန်းမသိ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြပြန်သည်။ ထို့နောက် တရားဟောဆရာက ပြောသည်။
“ကျွန်တော်တို့ အဓိကဖြစ်စေချင်တာက ရထားလမ်းဖောက်ရင်း တောရှင်းတဲ့ပုံစံမျိုးနဲ့ သစ်ပင်တွေလှဲ မီးတွေရှို့ပြီး သာမာန်တောအုပ်တစ်ခုလို မလုပ်စေချင်ဘူး။ တောအုပ်ထဲက ကွက်မျက်စင်ကို သေချာလေ့လာပြီး ဘာသာရေးသမားတွေနဲ့ တိုင်ပင်လို့ မလိုအပ်တဲ့ အန္တရာယ်တွေမဖြစ်အောင် စီရင်ပြီးမှ ကွပ်မျက်စင်ကို နေရာသေချာရွေ့ပြီး တောအုပ်ကို ရှင်းလင်းစေချင်တယ်”
မိုးရွာတာ ရပ်တန့်သွားပြန်၏။ အချိန်မှာ နံနက်(၁)နာရီခန့် ရှိပြီ။ အရာရှိနော်မန်သည် ထိန်းချုပ်ထားသည့်ကြားမှ တဝါးဝါး သမ်းဝေနေမိ၏။
“ရထားလမ်းက အခု ဒီနေရာကို ရောက်နေပြီ။” နော််မန်က မြေပုံကို လက်ညိုးဖြင့် ထောက်ပြရင်း ပြောသည်။ “တောအုပ်ဆီကိုရောက်ဖို့ လနဲ့ချီပြီး လိုသေးတယ်ဆိုပေမဲ့ တောအုပ်ကြီးတစ်ခုလုံးကို ရှင်းလင်းရဖို့ အချိန်ကလည်း ရှိသေးတယ်။ ရထားလမ်း တောအုပ်နားကိုရောက်ရင် တောအုပ်က ရှင်းလင်းပြီးသား ဖြစ်နေရမှာ။ တောအုပ်ရဲ့ ရာဇဝင်ကို သတိရရချင်း ညဘက်ကြီး လာအသိပေးတဲ့အတွက် ခင်ဗျားတို့နှစ်ဦးစလုံးကို ကျေးဇူးတင်ပါတယ်။ အခုနှစ်ယောက်လုံး အိမ်ပြန်အိပ်ကြတော့။ အချိန်စွဲမနေတော့ဘဲ မနက်ဖြန်မိုးလင်းတာနဲ့ တောအုပ်ထဲကို လူအင်အားသုံးပြီး ဝင်ကြတာပေါ့။ ဒါမှ စီစဉ်စရာရှိရင် စောစောစီးစီး စီစဉ်ရမှာမဟုတ်လား”
“ကျွန်တော်တို့ သဘောပေါက်ပါပြီ..ဆရာ။ အခုလို ညကြီးမင်းကြီး ရောက်လာမိတဲ့အတွက် ထပ်ပြီး တောင်းပန်ပါတယ်။ ကျွန်တော်တို့ ပြောတဲ့ကိစ္စကို အလေးထား ဆောင်ရွက်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်ဗျာ” မက်သရူးက ယဉ်ကျေးစွာဆို၏။
အရာရှိနော်မန်သည် မက်သရူးကို ခပ်ပြုံးပြုံးကြည့်သည်။ လှောင်ပြုံးမဟုတ်သော်လည်း ကလေးငယ်တစ်ယောက်ကို သရော်သည့် အပြုံးမျိုး ဖြစ်၏။
“ဘယ်လိုလဲ... မက်သရူး။ မင်းအဖိုးပြောခဲ့တဲ့ ပုံပြင်တွေကြောင့် မင်းတောအုပ်ထဲကို လိုက်ဖို့ သတ္တိကောရှိရဲ့လား။ တောအုပ်ထဲက စုန်းမတွေရဲ့ ဝိဉာဏ်တွေက မင်းကိုနှစ်ပိုင်းစွဲဖြဲနေဦးမယ်နော်... ဟားဟားဟား” နော်မန်သည် အသံပင်ထွက်၍ ရယ်လိုက်သေးသည်။
တရားဟောဆရာကတော့ အလိုက်သင့်ပြုံးသော်လည်း မက်သရူးကတော့ သုန်သုန်မှုန်မှုန်နှင့် မျက်နှာပျက်သွားသည်။
“ကဲ.... အချိန်ကလည်း နောက်ကျတယ်ဆိုတာထပ်ကို ပိုနေပြီ။ နော်မန် အနားယူပါဦး။ မနက်ဖြန်ကျရင်လည်း ကျွန်တော်တို့ကိစ္စကို ဖြေရှင်းပေးရဦးမယ် မဟုတ်လား” ကတ်ဆီသည် ပြောနေရင်းပင် ထရပ်လိုက်ပြီး ဦးထုပ်ကို ဆောင်းလိုက်သည်။
“ကောင်းပါပြီ ခင်ဗျာ။ ကောင်းပါပြီ...။မနက်ဖြန် ကျုပ်တို့ အတူ ဘယ်နေရာမှာ စုံကြမလဲဆိုတဲ့ အကြောင်းလေး ပြောပြခဲ့ကြပါဦး” နော််မန်က တံခါးဝ ရှိရာသို့ လျောက်နေရင်း မေးသည်။
“အာ... အခုလက်ရှိ ဆောက်လက်စ ဘူတာရုံမှာ တွေ့ကြမလား။ မြို့လည်ပိုင်းရောက်တယ်လေ။ နော်မန့်ဘက်ကဖြစ်ဖြစ် ကျွန်တော်တို့ဘက်ကဖြစ်ဖြစ် အဲ့ဘူတာရုံက အလယ်ပိုင်းကိုရောက်နေတော့ စုံမှတ်လိုဖြစ်နေတာ။ ခင်ဗျားနဲ့ ကျွန်တော်တို့ ဘူတာရုံမှာ အရင်စုံမယ်။ ပြီးရင် မြင်းလှည်းနဲ့ဖြစ်ဖြစ် တောအုပ်ရှိတဲ့နေရာကို တစ်ဆင့်ထပ်သွားမယ်။ ခင်ဗျားဘက်ကကော အလုပ်သမားတွေ အဖော်တွေ ခေါ်လာဦးမယ်မဟုတ်လား။ လူအင်အားများများနဲ့ ဝင်ကြမယ်လေ”
“ဒါပေါ့ ကတ်ဆီရယ်...။ ကျုပ်လူတွေထဲက အားကောင်းမောင်းသန် သတ္တိခဲတွေ ခေါ်လာခဲ့ပါ့မယ်။ မဟုတ်ရင် ဒီကမက်သရူးလေးကို စုန်းမသရဲတွေ ဝိုင်းဆွဲရင် ကူညီလို့ မရပဲဖြစ်နေဦးမယ်ဗျာ... ဟဲဟဲဟဲ” နော်မန်သည် မက်သရူးကို ကလေးငယ်တစ်ယောက်လို လှန်းစလိုက်ပြန်သည်။
တရားဟောဆရာ ကတ်ဆီကတော့ နော်မန့်နည်းတူ လိုက်ရယ်ပေးသော်လည်း မက်သရူးကတော့ ပြုံးရုံသာ ပြုံးသည်။
“ကျွန်တော်တို့ သွားမယ်..နော်မန်။ မနက်ဖြန်ကျမှ တွေ့ကြတာပေါ့။ ကောင်းသောညပါ”
“ကောင်းသောညပါ ဆရာ..။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး”
တရားဟောဆရာ ကတ်ဆီနှင့် မက်သရူးသည် နှုတ်ဆက်စကား အသီးသီးဆိုပြီး လာရာလမ်းအတိုင်း ဘုရားကျောင်းဘက်သို့ လှည့်ပြန်သွားသည်။ အရာရှိနော်မန်သည် တရားဟောဆရာကတ်ဆီနှင့် မက်သရူးတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ တံခါးဝတွင် ရပ်၍ ကြည့်နေလိုက်သေးသည်။ ထို့နောက် နော်မန်သည် အိမ်တံခါးကို ပြန်ပိတ်လိုက်သည်။
အိမ်အပေါ်ထက်သို့ ပြန်တက်ရန် ပြင်လိုက်သည်။ လှေကားရှိရာသို့ သွားနေစဉ် နော်မန်၏ မျက်လုံးများက ဧည့်ခန်းအတွင်းသို့ ရောက်ရှိသွားသည်။ ဧည့်ခန်းတွင်းရှိ မက်သရူးထိုင်သွားသော ထိုင်ခုံ၏ ဘေးတွင် ရေခြောက်နေပြီဖြစ်သော ထီးအမည်းရောင်တစ်လတ်ကို ထောင်လျက်ထား တွေ့လိုက်ရသည်။ မက်သရူးသည် ထီးကို မေ့သွားခဲ့ဟန် ရှိသည်။ နော်မန်သည် ဧည့်ခန်း ပြတင်းပေါက်မှတဆင့် မက်သရူးတို့ ထွက်သွားသည့်ဘက်ကို လှန်းမျှော်ကြည့်လိုက်သည်။ မက်သရူးနှင့် တရားဟောဆရာ ကတ်ဆီ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့။
မနက်ဖြန်လည်း တွေ့ရဦးမည်ဖြစ်တာကြောင့် နော်မန်သည် မနက်ဖြန်ကျမှ သူနဲ့အတူတူ ထီးကိုယူသွားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် နော်မန်သည် အိမ်အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။
အိမ်အပေါ်ထပ်သို့ ရောက်ချိန်တွင် နော်မန်သည် အနည်းငယ် မောဟိုက်နေသကဲ့သို့ ခံစားနေရသည်။ ဘာကြောင့်မှန်းမသိ။ နော်မန်သည် ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ပြီး ဟောဟဲ လိုက်လျက် ရှိ၏။ အသက်ရွယ် ကြီးရင့်လာခြင်းကြောင့် ဖြစ်နိုင်သည်။
နော်မန်၏ အိပ်ခန်းသည် ရုံးခန်းနှင့် တစ်တွဲတည်းဖြစ်သည်။ အလုပ်ကြိုးစားသည်ဟု ပိုမိုထင်ရှားစေရန် နော်မန်သည် ရုံးခန်းအတွင်းသို့ ကုတင်တစ်လုံးထည့်ပြီး ထိုရုံးခန်းကိုပင် အိပ်ခန်းအနေနှင့် အသုံးပြုသူဖြစ်သည်။ သူသည် ကုတင်ပေါ်တွင် လှဲလှောင်းနေရင်း မနက်ဖြန် တောအုပ်ထဲ ဝင်ပြီး ကွပ်မျက်စင်ဆိုတာကြီးကို လေ့လာရန် ကြိုတင်တွေးတော စိတ်ကူးနေမိသည်။
ကုတင်ပေါ်မှတဆင့် သူ၏ အလုပ်စားပွဲပေါ်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ အလုပ်စားပွဲပေါ်တွင် သောက်လက်စ လက်ဖက်ရည်ခွက်တစ်ခွက် ရှိနေသည်။ လက်ဖက်ခွက်သည် နာရီပေါင်းများစွာ ကြာနေပြီဖြစ်တာကြောင့် အေးစက်ပြီး အပေါ်ယံကြောများ တင်းမာနေလောက်ပြီဖြစ်သည်။
ဘာကြောင့်မှန်းမသိ။ နော်မန်သည် ဒီကနေ့ ထူးထူးခြားခြား ပင်ပန်းနေသည်။ အိပ်ယာဝင်နောက်ကျနေခြင်းကြောင့် ဖြစ်နိုင်သော်လည်း သူ၏ မျက်စိများက အင်မတန် အိပ်ငိုက်နေခြင်းတော့မဟုတ်သေး။ သူသည် ရိုးရိုးရှင်းရှင်း မောပန်းနေခြင်းသာဖြစ်သည်။
သို့သော် ရှည်ရှည်ဝေးဝေး အတွေးလွန်နေ၍မရ။ ညသည် အင်မတန် နက်နေပြီ။ မနက်ဖြန်ဆိုလျင် အနည်းငယ် တာဝန်ကြီးသည့် ကိစ္စတစ်ခု ဆောင်ရွက်ရဦးမည်။ နော်မန်သည် ထိုသို့တွေးလိုက်ပြီး သူ၏ ကိုက်ခဲနေသော ခြေထောက်များကို ဆန့်တန်းလိုက်သည်။ ပက်လက်အနေအထားဖြင့် သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်ပြီး အသက်ရှုသွင်း ရှုထုတ် လေ့ကျင့်ခန်းကို အခေါက်ရေအနည်းငယ်ခန့် လုပ်ပြီးချိန်တွင် နော်မန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။
နော််မန်၏ အလုပ်စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်သည် လေမတိုက်၊ မိုးကြိုးမပစ်ပါဘဲနဲ့ ပင်လယ်ငယ်တစ်ခုသဖွယ် ကယက်များထနေသည်။ လက်ဖက်ရည်ခွက်သည် လက်ဖြင့် ကိုင်၍ လှုပ်နေသည့်အလား တဆတ်ဆတ် တုန်နေသည်။ ထိုအဖြစ်အပျက်ကိုတော့ နော်မန်တစ်ယောက် သတိမထားလိုက်နိုင်ရှာ။ နော်မန်သည် နှစ်ခြိုက်စွာ အိပ်စက် အနားယူနေပြီးဖြစ်သည်။
……………………………………………….
တစ်ဝက်တစ်ပျက်သာ ပြီးစီးသေးသော ဆောက်လုပ်ဆဲ ရထားဘူတာရုံရှေ့သို့ မြင်းလှည်းနှစ်စီး ထိုးရပ်လာသည်။ အရှေ့ဘက် မြင်းလှည်းပေါ်တွင် အရာရှိနော်မန်သည် အခန့်သား စီးနင်းလိုက်ပါလာသည်။ ဒုတိယမြင်းလှည်းပေါ်တွင်တော့ နော်မန်ခေါ်ဆောင်လာသော အလုပ်သမား (၅)ဦးခန့် ငြိမ်ငြိမ်ကုပ်ကုပ် လိုက်ပါလာသည်။ အလုပ်သမားများသည် ရထားလမ်းဖောက်ရသည့် လူများဖြစ်သည့်အတွက် ကြံ့ခိုင်သန်မာသူများဖြစ်သည်။ (၅)ဦးစလုံးပင် စွပ်ကျဲအဖြူ၊ စစ်တပ်သုံးဘောင်းဘီအမည်းတို့ကို ဆင်တူဝတ်ဆင်ထားကြသည်။
ဆောက်လုပ်ဆဲ ရထားဘူတာရုံထဲတွင် တရားဟောဆရာ ကတ်ဆီနှင့် မက်သရူးတို့ နှစ်ယောက် ထိုင်နေကြသည်။ သူတို့နှစ်ယောက်သည် မြင်းလှည်းများကို မြင်လျင် ထိုင်နေရာမှ ထလာကြသည်။ ကတ်ဆီနှင့် မက်သရူးသည် ရထားဘူတာရုံထဲတွင် တစ်နာရီနည်းပါး ထိုင်စောင့်ခဲ့ရပြီး ဖြစ်၏။
ရာသီဥတုမှာ မိုးရွာမနေသော်လည်း မှိုင်းပျပျနှင့် စိုထိုင်းထိုင်းဖြစ်နေ၏။ နေလုံးကို မမြင်ရ။ နေရောင်ခြည်မှာ မိုးခိုးရောင် တိမ်တိုက်များကို ထိုးဖောက်နိုင်စွမ်း မရှိဟန်တူသည်။
“လှည်းပေါ်တက်ကြ... ကိုယ့်လူတို့။” နော်မန်က ပြုံး၍ လောကွပ်ပြုသည်။ “နည်းနည်းနောက်ကျသွားလို့ အပြစ်မမြင်ကြပါနဲ့ဦး။ မနေ့ညက အိပ်ရာဝင်နောက်ကျတယ်မဟုတ်လား။ အဲ့တာကြောင့် ဒီနေ့မနက် သာမန်ထက် နောက်ကျပြီးမှ အိပ်ရာနိုးတယ်ဗျာ။ နိုးနိုးချင်း မနက်စာကို ကသုတ်ကရိုက် စားပြီး ထွက်လာခဲ့ရတာပဲ။ ပြီးတော့ ခင်ဗျားတို့ဆီကို တိုက်ရိုက်လာလို့ရတာ မဟုတ်ဘူး။ အနောက်က ရဲဘော်တွေကို သူတို့နေတဲ့ အလုပ်သမားတန်းယားအထိ သွားပြီး ခေါ်ရသေးတယ်။ လှည်းကလည်း ငှားရသေးတယ်။”
နော်မန်၏ နောက်ကျရသည့် အကြောင်းအရင်း ရှင်းလင်းချက်များကို ကတ်ဆီနှင့် မက်သရူးက မမေးမိသည့်ဟန်နှင့် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ လှည်းပေါ်သို့ တက်လာကြသည်။ အနောက်ဘက်လှည်းပေါ်တွင် လှည်းမောင်းသမားနှင့်အတူ အလုပ်သမား(၅)ယောက် ပါဝင်ပြီး အရှေ့ဘက်လှည်းတွင်မူ နော်မန်၊ တရားဟောဆရာ ကတ်ဆီ၊ မက်သရူးနှင့် လှည်းမောင်းသမားတို့ ပါဝင်ကြ၏။
သူတို့ လှည်းနှစ်စီးသည် ဆောက်လုပ်ဆဲ ရထားဘူတာရုံကို ကျောခိုင်းပြီး တောအုပ်ကြီး တည်ရှိရာသို့ မောင်းနှင်လာခဲ့ကြ၏။
“ကျွန်တော်မသိလို့ တစ်ခုမေးမယ်နော်..နော်မန်” တရားဟောဆရာ ကတ်ဆီက စကားစသည်။ “ခင်ဗျား မနေ့ညက ပြောတော့ တောအုပ်ထဲကို လူအင်အားအပြည့်နဲ့ ဝင်ကြမယ်ဆို။ အခုကျတော့ ခင်ဗျားခေါ်လာတဲ့လူက (၅)ယောက်တည်းပါလားဗျ”
တရားဟောဆရာ ကတ်ဆီသည် အနောက်ဘက် လှည်းပေါ်က နော်မန်ခေါ်ဆောင်လာသည့် လူ(၅)ယောက်ကို စေ့စေ့စပ်စပ် ကြည့်နေသည်။ အားကောင်းမောင်းသန်များဖြစ်၏။ (၅)ယောက်စလုံးသည် ဝတ်စုံဆင်တူ ဝတ်ထားကြပြီး မျက်နှာထားနဲ့ လူပုံဟန်များမှာလည်း ဆင်တူများသာဖြစ်ကြသည်။
“အိမ်း... လူအင်အား အများအပြားခေါ်ဖို့ ဆိုတာ ပြောသလောက် မလွယ်ဘူးဗျ။ ကျုပ်တို့ ရထားလမ်းက မိုးရွာရွာ၊နေပူပူ အစဉ်မပြတ် ဖောက်နေရတာ။ အကယ်၍ အလုပ်သမားတွေ အများကြီးခေါ်လာမယ်ဆိုရင် ရထားလမ်းဖောက်တဲ့ ကိစ္စကို နာရီပိုင်းဖြစ်စေ၊ နေ့တစ်ဝက်ဖြစ်စေ ရပ်တန့်ထားမှရမယ်။ အဲ့လို ရပ်တန့်ထားဖို့ဆိုရင် ရပ်တန့်ရမဲ့ အကြောင်းအရင်းကို အစိုးရထံကို စာတင်မှရမယ်ဗျ။ ကျွန်တော့်ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့မရဘူး။ ခင်ဗျားတို့မြို့က မြို့ခံလုပ်အားပေးတွေ ခေါ်ချင်ပေမဲ့ သူတို့ကလည်း ဒီတောအုပ်ကို ကြောက်လန့်နေကြတော့ လိုက်ရဲမယ်မထင်လို့ဗျာ။ ဘာဖြစ်လို့လဲ..ကတ်ဆီရယ်။ အခုကလည်း ကျုပ်တို့အပါအဝင် (၈)ယောက်တောင်မဟုတ်ဘူးလား။ လှည်းသမားနှစ်ယောက်ကို တောအုပ်အပြင်မှာ စောင့်ခိုင်းပြီး ကျုပ်တို့ (၈)ယောက် ဝင်ကြမယ်လေ။ ပြီးတော့ ကျုပ်ခေါ်လာတဲ့ ရဲဘော်တွေက စစ်ထဲကပြန်လာတဲ့ လူတွေပါဗျ။ ခင်ဗျား သူတို့ကိုကြည့်တာနဲ့ သိမှာပါ။ သူတို့တစ်ယောက်ချင်းစီတိုင်းက ကျားတစ်ကောင်နဲ့ ယှဉ်ပြီး တိုက်ခိုက်နိုင်မဲ့ လူတွေချည်းပါပဲ” နော်မန်က ဒုတိယအကြိမ် စီကာပတ်ကုံး ရှင်းပြပြန်၏။
တရားဟောဆရာ ကတ်ဆီလည်း စိတ်ထဲ စနိုးစနောင့် ဖြစ်နေပေမဲ့ နော်မန်ရှင်းပြသည်မှာ အဓိပ္ပာယ်ရှိသည့်အတွက် ခေါင်းငြိမ့် လက်ခံလိုက်ရသည်။ မက်သရူးကတော့ အရှေ့ဘက်လမ်းမကိုသာ ငေးမောပြီး ရင်လေးနေသယောင် ခံစားနေရရှာသည်။ မက်သရူးသည် မိနစ်ခြားတစ်ခါ တောအုပ်ရှိရာနှင့် နီးလာသည်နှင့် အမျှ သက်ပြင်းရှည်ကြီးများကိုသာ မှန်မှန် မှုတ်ထုတ်နေမိ၏။
“အော်... ပြီးတော့ နောက်တစ်ခု ကျန်သေးတယ်။” နော်မန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူထိုင်နေသော လှည်းထိုင်ခုံ၏ အောက်ဘက်သို့ လက်ကိုနှိုက်လိုက်သည်။
လှည်းခုံအောက်မှာ အိတ်ရှည်တစ်လုံးရှိနေသည်။ နော်မန်သည် အိတ်ရှည်အတွင်းက သူတရားဝင် ကိုင်ဆောင်ခွင့်ရထားသော စပရင်းဖီးလ် ရိုင်ဖယ်ခြောက်လုံးပြူးသေနတ်ကို ထုတ်ယူပြီး ကတ်ဆီနှင့် မက်သရူးကို မြင်အောင်ပြလိုက်သည်။
“ဒီလောက်ဆို ရပြီမဟုတ်လား...” နော်မန်က ဝင့်ဝင့်ကြွားကြွားပြော၏။ “လူရှစ်ယောက်၊ သေနတ်တစ်လတ်။ ပြီးတော့ ကျုပ်ခေါ်လာတဲ့ ရဲဘော်တွေဆီမှာ တောရှင်းလင်းရေး လက်နက်တွေ ပါသေးတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ တော်တန်ရုံ အန္တရာယ်ကို ကာကွယ်လို့ ရလောက်ပါပြီနော်...”
တရားဟောဆရာ ကတ်ဆီသည် သူ၏ ထုံးစံအတိုင်း ခေါင်းငြိမ့်၍သာ ပြုံးပြပြန်သည်။ ထိုအခါ အရာရှိနော်မန်သည် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် မက်သရူးထံကို လှမ်းပြောလိုက်ပြန်သည်။
“ဘယ်လိုလဲ...မက်သရူး။ ဒီလောက် အနေအထားနဲ့ လက်နက်အပြည့်အစုံနဲ့ဆိုရင် မင်းကို စုန်းမသရဲတွေ ဝိုင်းမကိုက်လောက်တော့ပါဘူးနော်..ဟုတ်တယ်မဟုတ်လား”
ဒီတစ်ခါတွင်တော့ မက်သရူးသည် ဟန်တောင်မဆောင်နိုင်တော့ပဲ မျက်နှာတစ်ခုလုံး မည်းပြီး ခေါင်းကိုတွင်တွင် ခါလို့ အခြားတစ်ဖက်ကို လှည့်သွားသည်။ နော်မန်ကတော့ သူ့ပျက်လုံးနှင့်သူ တဟဲဟဲ ရယ်မောနေသည်။
လမ်းသည် တဖြေးဖြေး ကြမ်းတမ်းလာသည်။ တောအုပ်ကြီးနှင့် နီးလာသည်နှင့်အမျှ လူနေအိမ်များမှာ လျော့ပါးသွားသည်။ မွေးမြူရေးခြံနှင့် စိုက်ခင်းအချို့သာ ရှိတော့၏။ မွေးမြူရေးခြံများအတွင်းရှိ တိရစ္ဆာန်များမှာ အုံ့ဆိုင်းနေသော ရာသီဥတုကြောင့် ထိုင်းမှိုင်းလေးလံနေကြပြီး ဟိုနေရာခွေ၊ ဒီနေရာလှဲ လုပ်နေကြသည်။ လှည်းလမ်းဘေးတွင် သေနေသော သိုးထိန်းခွေးတစ်ကောင်၏ ပုပ်အဲ့အဲ့ ခန္ဓာကိုယ်ပေါ်တွင် ယင်ကောင်များ တစ်အုပ်ပြီး တစ်အုပ် တလှည့်ဆီ တဝီဝီ မြည်သံများနှင့်အတူ ပျံဝဲနေကြသည်။
လှည်းဘီးသံ တကျွိကျွိ မြည်သံမှ လွဲ၍ လှည်းနှစ်စီးစလုံးသည် စကားပြောသံ တစ်သံမထွက်ပဲ တိတ်ဆိတ်နေကြသည်။ သူတို့အားလုံးသည် ခပ်လှမ်းလှမ်းမှ မြင်နေရပြီဖြစ်တဲ့ သစ်ပင်အစုအဝေးများကို အတွေးကိုယ်စီဖြင့် ကြည့်နေမိကြသည်။
“ဘယ်နှစ်နာရီ ရှိပြီလဲ..” မက်သရူးက မေးလိုက်သည်။
နော်မန်သည် အပေါ်အင်္ကျီအတွင်းရှိ ရွှေကြိုးတပ် အိတ်ဆောင်နာရီလေးကို ဟန်ပါပါ စတိုင်ကျကျ ထုတ်၍ ကြည့်လိုက်သည်။ သို့သော် နော်မန်၏ မျက်နှာသည် တစ်ချက်နီရဲသွားသည်။ နာရီလေးမှာ အလုပ်မလုပ်တော့။ နာရီလက်တံများက အောက်ဘက်ကို စိုက်ကျနေပြီး နာရီကိုလှုပ်လိုက်သည့်အခါတိုင်း လက်တံများက ဟိုဟိုသည်သည် ရွှေ့လျားသွားကြသည်။
“ငါ့နာရီက ပျက်နေပြီကွ။ မနက်က အိပ်ရာနိုးနိုးချင်း သေချာမကြည့်ပဲ ယူလာမိတာ။” နော်မန်သည် အနည်းငယ် ရှက်သွားသော လေသံဖြင့်ပြောသည်။ သူသည် နာရီပျက်ကြီးကို အင်္ကျီအတွင်း အတင်းထိုးကြိတ်ပြီး ပြန်ထည့်လိုက်သည်။
“နေ့လည်(၁၂)နာရီလောက်တော့ ရှိမယ်ထင်တယ်။ ကျွန်တော်တို့ လှည်းစီးလာတာ (၁)နာရီကျော်နီးပါးရှိပြီ” တရားဟောဆရာ ကတ်ဆီက ဝင်ဖြေသည်။
စိုက်ခင်းများကို ကျော်လွန်သွားပြီ။ မွေးမြူရေးခြံများ၏ အဆုံးသတ် ခြံစည်းရိုးများကိုလည်း ဖြတ်ကျော်လာပြီးပြီ။ သူတို့လှည်းနှစ်စီးသည် တောအုပ်၏ အရှေ့တည့်တည့်ကို ရောက်ရှိနေပြီ။ မြည်းလှည်းများသည် သစ်ပင်ကြီးများရှေ့ ရောက်သည်နှင့်တပြိုင်နက် ဆောင့်အောင့်ပြီး ရပ်သွားကြသည်။ ချုံတောများ ဆူးပင်များအကြားသို့ မြင်းလှည်းများမှာ တိုးဝင်၍ မောင်းလို့မရ။ မနေ့ညတုန်းက မိုးရေချိန် အင်မတန် များခဲ့သော်လည်း တောအုပ်အစပ်ရှိ မြေပြင်သည် ညိုပြာပြာ မွဲခြောက်ခြောက်နှင့် ကန္တာရဆန်နေသည်။
“ဒီမှာ လှည်းတွေရပ်ထားပြီး လမ်းဆင်းလျောက်ကြမယ်ဟေ့” နော််မန်သည် အနောက်ဘက် လှည်းပေါ်မှ သူ၏အလုပ်သမားများကို အော်ဟစ် အသိပေးလိုက်သည်။
အလုပ်သမား ငါးယောက်သည် တောရှင်းဖို့အတွက် ရဲဒင်းများ၊ တောခုတ်ဓားများကို အသီးသီး ကိုင်ဆောင်ထားကြသည်။ သူတို့ငါးဦးသည် အုတ်တံတိုင်းတစ်ခုသဖွယ် ထူထပ်နေသော သစ်ပင်များကြားထဲသို့ နော်မန်တို့၏ အရှေ့မှနေ၍ ဦးဆောင်ပြီး ဝင်ကြသည်။
သာမာန် တောအုပ်တစ်ခုသာဖြစ်သည်။ သစ်ပင်ချုံနွယ်များ ပိတ်ရံထားသည်။ သစ်ပင်ကြီးများမှာ နှစ်ရာချီနေပြီဖြစ်တာကြောင့် လုံးပတ်ကျယ်ပြန့်ပြီး မြင့်မားလွန်းလှသည်။ အလုပ်သမား (၅)ဦးသည် ချူံနွယ်များနှင့် ရှင်းလင်းလို့ရနိုင်သည့် သစ်ပင်ငယ်များကို ခုတ်ထွင်ပြီး တောအုပ်ထဲသို့ စဝင်သည်။
“ကျွန်တော်တို့ နည်းနည်းပါးပါး အခြေအနေ စောင့်ကြည့်သင့်တယ် မထင်ဘူးလား...ဆရာ” မက်သရူးက လေသံတိုးတိုးဖြင့် မေးသည်။
“ဘာကို စောင့်ချင်တာလဲ မက်သရူးရဲ့။ ငါတို့ နဂိုအစီအစဉ်က တောအုပ်ထဲဝင်ပြီး မင်းတို့ပြောတဲ့ ကွပ်မျက်စင်ဆိုတာကြီးရဲ့ အနေအထားကို သွားလေ့လာမှာ မဟုတ်ဘူးလား”
“ဟုတ်ပါတယ် ဆရာ... ဒါပေမဲ့”
“ထားလိုက်စမ်းပါ...မက်သရူးရာ။ မင့်ကလည်း ကြောက်တတ်ရန်ကောကွာ။ တောလမ်းရှင်းရမှာနဲ့ မင်းတို့ပြောတဲ့ ကွပ်မျက်စင်ဆိုတာကြီးကို လေ့လာရမှာနဲ့ ငါတို့ မိုးမချုပ်ခင် ပြန်ထွက်လာနိုင်ဖို့လာတယ်။ လာစမ်းပါ။ ဟိုမှာ ငါ့ရဲဘော်တွေ လမ်းရှင်းပေးနေတာ ငါတို့က အနောက်ကနေ အသာအယာလေး လိုက်သွားရုံပဲ။ ပြီးတော့ ငါ့ဆီမှာ သေနတ်လည်းပါပါတယ်ကွ..ဟဲဟဲ။ မက်သရူး။ မင်းကလေ မင်းအဖိုးပြောတာတွေကို အခုထိ ကြောက်နေသေးတဲ့ကောင်ပါပဲလားကွ” နော်မန်သည် သူကျောပေါ်သို့ သေနတ်ကို ပြင်လွယ်လိုက်ပြီး လှောင်သံပါတဲ့ စကားများကို ပြောကာ လမ်းရှင်းနေသည့် အလုပ်သမားများ၏ အနောက်မှ ကပ်၍ လိုက်ပါသွားသည်။
တရားဟောဆရာ ကတ်ဆီသည် လည်ပင်း၍ ဆွဲထားသော လက်ဝါးကပ်တိုင်လေးကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း ခဏတာ တွေဝေနေပြီးမှ မထူးဇာတ်ခင်းလိုက်သည့် မျက်နှာမျိုးနဲ့အတူ အရာရှိနော်မန်၏ ဘေးဘက်မှ ကပ်၍ တောထဲသို့ ဝင်လိုက်သည်။
လူအများစွန့်ပစ်ထားသည့် နေရာဖြစ်သည့်အတွက် တောအုပ်သဖွယ် သစ်ပင်များ ပေါက်ရောက်နေသော်လည်း တောကြီးမျက်မည်းတစ်ခုတော့ မဟုတ်ပြန်။ သစ်ပင်ကြီးများမှာ ကြီးမားသော်လည်း အရေအတွက်မှာ နည်းသည်။ လမ်းလျောက်၍ ရသည်။ တစ်ခါတစ်ရံ သစ်ပင်များကြားထဲ ဟိုဘက်သည်ဘက် ပိတ်၍ ကာရံနေသော ခြုံနွယ်များ၊ ပိတ်ပေါင်းများကြောင့်သာ လမ်းထွင်နေရခြင်းဖြစ်၏။
နော်မန်ခေါ်လာသော အလုပ်သမားများသည် လက်ကို စက်တပ်ထားသည့်အလား အဆက်မပြတ် ခုတ်ထွင်နေ၏။ သစ်ပင်တစ်ခုကို ခုတ်လိုက်တိုင်း၊ နွယ်ပင်တစ်ခုကို ဖြတ်လိုက်တိုင်း မက်သရူးသည် တိုး၍တိုး၍ ထိပ်လန့်လာသည်။ တောခုတ်ဓားနှင့် သစ်ပင်ပင်စည်တစ်ခုကို ထိခိုက်မိလိုက်တိုင်း မက်သရူး၏ ခေါင်းထဲတွင် သူ၏အဖိုးဖြစ်သူ ပြောပြခဲ့သည့် ဇာတ်လမ်းပုံပြင်များက စီတန်း၍ ဝင်လာသည်။
“ဖြစ်နိုင်ရင် လမ်းလျောက်နိုင်တဲ့အထိပဲ ခုတ်လှဲကြပါဗျာ။ မဆိုင်တဲ့ အပင်တွေကို မလိုအပ်ဘဲ မခုတ်ကြပါနဲ့” မက်သရူးက အလုပ်သမားများထံသို့ လှန်းသတိပေးသည်။
တရားဟောဆရာသည် လူကြီးလူကောင်းတစ်ယောက် ပီသစွာ ဘာမှမပြောဘဲ နှုတ်ဆိတ်နေ၏။ အရာရှိနော်မန်ကတော့ မက်သရူးကြောက်လန့်နေခြင်းကို ပျက်လုံးတစ်ခုသဖွယ် သဘောထားပြီး မကြာခဏ စကားနှင့်ဖြစ်စေ၊ လှောင်ပြုံးတစ်ခုနှင့်ဖြစ်စေ ကျီစယ်နေ၏။
“မြေပုံထဲမှာဆိုရင် ဒီတောအုပ်က အချင်းတစ်မိုင်ပဲရှိတာပါ။ ကျွန်တော်တို့ အကြာကြီးသွားစရာမလိုဘူး ထင်ပါတယ်။ သစ်ပင်တွေကို မလိုအပ်ရင် မခုတ်ပဲနဲ့ အေးဆေးပဲ သွားကြတာပေါ့” တရားဟောဆရာ ကတ်ဆီက မယုတ်မလွန် ပြောလိုက်သည်။
တောအုပ်၏ အတွင်းဘက် အလယ်ပိုင်းသို့ ရောက်လာသည်နှင့် တောသည် ပို၍ ကျပ်တည်းလာသည်။ သစ်ပင်များက ပို၍ ထူထပ်လာသည်။ မြေပြင်သည် ခြောက်သွေ့ပြန့်ပြူးနေသော်လည်း အင်မတန် လမ်းလျောက်ရခက်သည်။ မနေ့ည မိုးကြိုးများပစ်နေစဉ်တုန်းက မိုးကြိုးထိမှန်ထားခဲ့ဟန်ရှိသည့် သစ်ပင်အချို့မှာ ထပ်ပိုင်းကျိုးပဲ့နေကြသည်။
အလုပ်သမားများမှာလည်း လူသားများသာဖြစ်သည့်အတွက် အနည်းငယ် ခြေကုန်လက်ပန်း ကျလာကြဟန်ပေါ်သည်။ မိုးရာသီရောက်နေပြီဖြစ်သော်လည်း တောအုပ်အတွင်းရှိ မြေပြင်မှာ ခြောက်သွေ့အပ်ကွဲနေပြီး ရေဓာတ် စုပ်ယူခံထားရသလိုဖြစ်နေ၏။ ခလုပ်ကန်သင်းများ ပေါများလွန်းပြီး အင်မတန် သတိထား၍ လမ်းလျောက်ရသည်။
သတိထားနေသည့် ကြားမှပင် တစ်နေရာအရောက်တွင် မက်သရူးတစ်ယောက် ခြေချော်၍ မှောက်ရက်လဲတော့သည်။ မက်သရူးသည် ကွပ်မျက်စင်ရှိရာ တောအုပ်ကြီးထဲ ဝင်နေရသဖြင့် ကြောက်လန့်နေသူဖြစ်သည်။ ဗိုင်းခနဲ ချော်လဲကြသည့် အချိန်တွင် မက်သရူးသည် ကြောက်လန့်တကား အော်တော့သည်။
အရှေ့ကို အာရုံစိုက်၍ သွားနေသော ကျန်လူများသည် မျက်ပြူးဆံပြာဖြစ်၍ လဲကျသွားသော မက်သရူးကို စိုးရိမ်တကြီး လှည့်ကြည့်ကြသည်။
“ဘာဖြစ်တာလဲ မက်သရူး။ ရိုးရိုးတန်းတန်း ချောလဲတာလား။” တရားဟောဆရာ ကတ်ဆီက အပြေးလာ၍ မေးသည်။
“မင့်ဟာက ဖြစ်လိုက်ရင် အလန့်တကြားပါလား မက်သရူးရယ်။” အရာရှိနော်မန်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့တန်တန် သဘောသာ မေးသည်။
တရားဟောဆရာ ကတ်ဆီသည် မက်သရူးကို ဆွဲထူပြီး ခေါက်သွားသော ခြေကျင်းဝတ်နေရာကို စစ်ဆေးပေးနေသည်။
“လမ်းလျောက်နိုင်ဦးမလား”
“လျောက်နိုင်ပါသေးတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ နာနေသေးတယ်”
“ငါတို့ ခဏနားကြတာပေါ့”
မြို့ခံအချင်းချင်းဖြစ်သည့် တရားဟောဆရာနှင့် မက်သရူးသည် အပြန်အလှန် စကားပြောပြီးနောက် တရားဟောဆရာသည် ခဏတာ ရပ်နားရန် နော်မန့်ကို ခွင့်တောင်းလိုက်သည်။
“ကောင်းပါ့ကွာ....။ တကယ်ရှိလား မရှိလား မသေချာတဲ့ ကွပ်မျက်စင်ဆိုတာကြီးကိုလည်း မရမက ရှာရဦးမယ်။ ဒီက ကလေးသာသာကောင်ကလည်း အမြဲ ကဂျီကဂျောင်နဲ့။ ကြည့်ရတာ ငါတို့ ဒီတောအုပ်ထဲမှာ ညအိပ်ရမယ်နဲ့တူတယ်ဟေ့...။” နော်မန်က အပြစ်တင်သည့် လေသံဖြင့် ညည်းတွားသည်။
ဒါကိုလူငယ်ဖြစ်သူ မက်သရူးက ဆတ်ခနဲ ဒေါသဖြစ်သွားသည်။ သို့သော်လည်း တရားဟောဆရာ ကတ်ဆီ၏ မျက်နှာရိပ် မျက်နှာကဲဖြင့် သတိပေးမှုကြောင့် မက်သရူးသည် ဒေါသကို မျိုချလိုက်ပြီး နာကျင်နေသော သူ၏ ခြေကျင်းဝတ်ကိုသာ နှိပ်နယ်နေလိုက်သည်။
မိုးမှာမရွာပါ။ သို့သော် နေရောင်ခြည်မှာလည်း တောထဲသို့ တိုး၍မပေါက်။ ကောင်းကင်တစ်ခုလုံး မီးခိုးရောင်သာ သမ်းနေဆဲဖြစ်သည်။ အလုပ်သမားများသည် ဆက်လက်ပြီး လမ်းရှင်းရန် လုပ်နေကြသည်။ မက်သရူးသည် လမ်းကို စမ်း၍ လျောက်ကြည့်ရာ အဆင်ပြေသည်မို့ သူတို့ ခရီးဆက်ရန်ပြန်လိုက်သည်။
“ကတ်ဆီရေ... ခင်ဗျားပြောတဲ့အတိုင်းဆို အဲ့စုန်းမတွေကို မီးတင်ရှို့ခဲ့တဲ့ ကွပ်မျက်စင်ကြီးက တောအုပ်ရဲ့ အလယ်ခေါင်နားမှာ ရှိမယ်လို့ ခင်ဗျားယူဆတယ်မဟုတ်လ” အရာရှိနော်မန်က မေး၏။
“ဟုတ်ပါတယ်။ ကျွန်တော့် ယူဆချက်ကတော့ တောအုပ်က ကွပ်မျက်စင်ရဲ့ ပတ်ပတ်လည် စက်ဝိုင်းပုံသဏ္ဍာန် ကျယ်ပြန့်လာတာလို့ ထင်ပါတယ်”
“ဒါဆို ကျုပ်တို့ အဲ့ဟာကြီးကို တွေ့ရတော့မှာပေါ့နော်”
“အင်း... ဟုတ်တယ်။”
“ကျုပ်တို့ အဲ့ကွပ်မျက်စင်ကြီးကိုတွေ့ရင် ဘာသာရေးကိစ္စ ဘာညာ လုပ်ပြီး အခြားနေရာတစ်ခုကို ရွေ့ကြမယ်ပေါ့။ ဒါဆို ခင်ဗျားတို့မြို့ကလူတွေလည်း ကျိန်စာမသင့်တော့ဘူးပေါ့။ အဲ့လို အဓိပ္ပာယ်မဟုတ်လား”
အရာရှိနော်မန်၏ ဟိုမရောက် သည်မရောက် မေးခွန်းကြောင့် တရားဟောဆရာ ကတ်ဆီသည် တုံဏှိဘာဝေဖြစ်သွားသည်။ ဖြေဖို့ စကား ရှာမရဟန်ဖြင့် ကတ်ဆီသည် နှုတ်ဆိတ်၍သာ နေလိုက်ရသည်။
“ကျုပ် တကယ်အံ့ဩတယ် ကတ်ဆီရာ။” နော်မန်က ပြောပြန်သည်။ “ရထားလမ်းဖောက်နေတဲ့ သက်တမ်းတစ်လျောက် ဒီလိုအခြေအနေမျိုးကို တစ်ကြိမ်မှ မဖြစ်ဖူးပေါင်ဗျာ။ ခင်ဗျားတို့ လူကြီးပိုင်းတွေ အယူသီးတာ ဘာညာ ကျုပ်လက်ခံပါသေးတယ်။ အခုတော့ မက်သရူးတို့လို မြီးကောင်ပေါက် လူငယ်တစ်ယောက်ကအစ ဒီလိုအခြေအမြစ် မရှိတာတွေကို ယုံကြည်ပြီး စိုးရိမ်ကြောက်လန့်နေတာ။ ကျုပ်က မျိုးဆက်သစ်အပေါ် အင်မတန် ယုံတဲ့လူဗျ။ ဒါပေမဲ့ မျိုးဆက်သစ်ဆိုတာတွေကလည်း မျိုးဆက်ဟောင်းတွေလို အမြင်ကျဉ်းပြီး နွားခြေရာခွက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အကျဉ်းချနေတာ မြင်ရတာ တကယ်စိတ်ထဲ မကောင်းဘူး”
မြှားဦးသည် မက်သရူးဘက်ကို ပြန်လှည့်လာပြန်သည်။ ဒီတစ်ခါတော့ မက်သရူးသည် ဒေါသကို ထုတ်လွတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ မက်သရူး၏ မကျေနပ်မှု အဆောက်အအုံသည် အင်မတန် ကြီးမားနေပြီဖြစ်သည်။
“ခင်ဗျား ကျွန်တော့်ကို ဘာကောင်လို့ ပြောလိုက်တာလဲ...နော်မန်” မက်သရူး၏ အသံက သိသိသာသာ တုန်ရီနေသည်။
“ဘာကွ...” နော်မန်သည် လမ်းလျောက်နေရာမှ ရပ်လိုက်ပြီး မက်သရူးဘက်သို့ ပြန်လှည့်လာသည်။
“ခင်ဗျား ကျွန်တော့်ကို အကျဉ်းသားဆိုပြီး ပြောလိုက်တာလားလို့ ကျွန်တော်မေးနေတာ” မက်သရူး၏ အသံက တုန်ရီနေသော်လည်း အကြောက်တရား ကင်းမဲ့နေသည်။
“အေး..ဟုတ်တယ်။ ငါပြောတယ်။ ဘာဖြစ်သလဲ။ ငါပြောတာ မှားလို့လား။ မင်းက ဒီတောကျုံအုံကြားက ဇနပုဒ်မြို့မှာ ပိတ်လှောင်ခံထားရတဲ့ အကျဉ်းသားပဲမဟုတ်လို့လား။ မင်းက မင်းအဖိုးရဲ့ ပုံပြင်တွေထဲမှာ ပိတ်မိနေတဲ့ အကျဉ်းသားပဲလေ။ ” အရာရှိနော်မန်သည် မက်သရူးလို ကိုယ့်သားအရွယ်လေးက မချေမငံ ဆက်ဆံလာသဖြင့် မက်သရူးနည်းတူ ဒေါသထွက်လာဟန်ရှိသည်။
“ခင်ဗျား ပြောနေတာတွေအကုန် ကျွန်တော် နားမလည်ဘူး” မက်သရူးက လေသံကို မပြောင်းဘဲ ဆက်ပြောသည်။
“ကောင်းပြီလေ... မင်းနားလည်တဲ့အထိ ရှင်းပြရရင် မင်းက မင်းအဖိုးနည်းတူ အယူသီးတဲ့ ငကြောက်တစ်ကောင်ပဲ။ ဒီမြို့မှာ နေတဲ့ အခြားတောသားတွေလိုပဲ တိုးတက်မှုကိုကြောက်ရွံ့နေတဲ့ကောင်။ ထောင်ထဲမှာ နေရတာ ထမင်းနှပ်မှန်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထောင်ပြန်ချထားတဲ့ အကျဉ်းသား။ ကိုယ့်ထောင်ထဲမှာ ကိုယ်ပိတ်မိနေတဲ့ကောင်။ အသက်ငယ်ငယ်ကလေးနဲ့ သေခါနီးအဖိုးကြီးတစ်ယောက်လို အယူသီးနေတဲ့ကောင်။ ဟုတ်သလား။ အဲ့တာအကျဉ်းသားတစ်မျိုးပဲမဟုတ်လား။ မင်းမှာလွတ်လပ်မှု အပြည့်အဝမှာ မရှိတာ။ ပြောစမ်းပါဦး။အကယ်၍ ရထားလမ်းဖောက်ပြီးရင်တောင် မင်းက ဒီမြို့ထဲက ခြေဖဝါးတစ်လှမ်း ခွာရဲပါ့မလား။ ဘယ်ခွာရဲမလဲ။ မင်းက ဒီမြို့မှာ အကျဉ်းချခံထားရတဲ့ အကျဉ်းသားတစ်ကောင်ပဲလေ။ ငယ်ငယ်ကတည်းက မင်းအဖိုးဆိုတဲ့လူရဲ့ မှိုင်းတွေ ခေါင်းထဲပြည့်နေပြီး မင်းအဖိုးလိုမျိုး ဒီဇနပုဒ်မှာ လူမသိသူမသိ သေဆုံးသွားချင်နေတဲ့ကောင်လေ။ ငါပြောတာမှန်တယ်မဟုတ်လား မက်သရူးရဲ့။ ဟမ်... ငါ့ကို လူကဲခတ်ညံ့တယ် မထင်နဲ့။ မင်းရဲ့ စကားအပြောအဆိုကိုကြည့်ကတည်းက မင်းက ဒီနွားခြေရာခွက်ထဲမှာ သေတဲ့အထိ ပိတ်မိနေချင်တဲ့ အကျဉ်းသားဆိုတာ ငါခန့်မှန်းမိပြီးသား။ သိရဲ့လား ဟေ့ကောင်။ အကျဉ်းသားဆိုတာ အဲ့တာမျိုးကို ဆိုလိုတာကွ”
တရားဟောဆရာကတ်ဆီနှင့် မက်သရူးသည် အရာရှိနော်မန်၏ အမြှီးအမောက်မတည့်သော စကားများကြောင့် နှစ်ယောက်စလုံး အံ့ဩတုန်လှုပ်သွားကြသည်။ အစိုးရ အရာရှိတစ်ယောက်အနေဖြင့် ဤကဲ့သို့ စကားမျိုးကို လူငယ်တစ်ယောက်ရှေ့တွင် ပြောထွက်သည်မှာ နော်မန်၏ လူကြီးလူကောင်းဆန်မှုအပေါ် မေးခွန်းထုတ်စရာ ကောင်းနေသည်။
မက်သရူးသည်လည်း အလျော့မပေးသေး။ ဒေါသကြောင့် အရက်သောက်ထားသလို နီရဲနေသော အရာရှိနော်မန်၏ မျက်နှာကို ထုတ်ချင်းပေါက်မတတ် စူးစူးရဲရဲ စိုက်ကြည့်သည်။ ထို့နောက် မက်သရူးသည် ဘယ်ဘက်နှုတ်ခမ်း ကော့ညွန့်သွားအောင် အနည်းငယ်ပြုံးလိုက်သည်။
“ကျွန်တော့်ကို အကျဉ်းသားတဲ့...ဟုတ်သလား” မက်သရူးသည် တန်ပြန်စကားနိုင်ထိုးရန် စကားစလိုက်သည်။“ ဟုတ်ပါပြီ။ ခင်ဗျားကြီးပြောသလို ကျွန်တော်က ဒီမြို့မှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားတဲ့၊ နွားခြေရာခွက်ထဲမှာ ဖားတစ်ပိုင်းငါးတစ်ပိုင်းလို အပြင်လောကကို ကြောက်ရွံ့နေတဲ့ အကျဉ်းသားဆိုပြီး ထားပါတော့။ ဒါဆို ခင်ဗျားကကော အရာရှိနော်မန်ဖိုစတာ။ ကျွန်တော်က အကျဉ်းသားတစ်ယောက်ဆိုရင် ခင်ဗျားကြီးကကော လွတ်လပ်တဲ့ လူတစ်ယောက်ဟုတ်ရဲ့လား”
“မင်းဆိုလိုတဲ့ အဓိပ္ပာယ်က ဘာလဲ”
အရာရှိနော်မန်သည် သူ၏မျက်နှာတစ်ခုလုံးကို အခက်ထန်ဆုံး အနေအထားဖြစ်အောင် လုပ်ပြီး မက်သရူး၏ အရှေ့တည့်တည့်သို့ ပို၍ တိုးကပ်လိုက်သည်။ အလုပ်သမားများသည် ရန်ပွဲကို ဂရုမစိုက်ဘဲ လမ်းကိုသာ ရှင်းလင်းနေရင်း ခပ်လှန်းလှန်းကို ရောက်နေကြပြီ။ တရားဟောဆရာ ကတ်ဆီမှာတော့ ရင်ဘတ်ချင်း ထိလုမတတ် တိုးကပ်ပြီး အပြန်အလှန် စကားနာထိုးနေသည့် အရာရှိနော်မန်နှင့် မက်သရူးတို့ နှစ်ယောက်၏ကြားတွင် မည်သည့်ဘက်ကို ပါရမှန်း မသိပဲ ပါးစပ်အဟောင်းသားဖြင့်သာ ရန်ပွဲကို ဆက်ကြည့်နေမိသည်။
“ခင်ဗျားက ကျွန်တော့်ကို အကျဉ်းသားလို့ခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဒီမြို့ထဲမှာ ပိတ်မိပြီး ဝါးလုံးခေါင်းထဲ လသာနေမိလို့။ ဟုတ်ပြီ အဲ့လိုပြောကြေးဆိုရင် ခင်ဗျားကလည်း အကျဉ်းသားတစ်ယောက်ပဲ နော်မန်ရဲ့။ ခင်ဗျားဘဝတလျောက်လုံး အစိုးရနဲ့ စစ်တပ်က ပေးတဲ့ တာဝန်ဆိုတာတွေကို မျက်စိမှိတ်၊ နားပိတ် ထမ်းဆောင်ရင်း ကျွန်တော့်နည်းတူ ခင်ဗျားရဲ့ ကိုယ်ပိုင်ထောင်ထဲမှာ အကျဉ်းသားဖြစ်နေတဲ့လူပဲ။ ခင်ဗျား ဟောပြောပွဲလုပ်တဲ့နေ့ကတည်းက ခင်ဗျားရဲ့ စိတ်အခြေအနေကို နားလည်ပြီးသား။ ခင်ဗျားက စစ်မှုထမ်းတဲ့ စစ်သားဘဝမှာကတည်းက ခင်ဗျားကိုယ်ခင်ဗျား တိုင်းပြည်အတွက်အရေးပါတဲ့လူ၊ အစိုးရယန္တရားကြီးရဲ့ခွေးသွားစိပ်တစ်ခုဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်နေတဲ့လူတစ်ယောက်ဆိုတာ။ တကယ်တမ်း ခင်ဗျားလည်းသိပါတယ်။ စစ်ပြန်တစ်ယောက်ဖြစ်နေလို့သာ အစိုးရက ဒီတာဝန်ကို ခင်ဗျားကိုပေးထားတယ်ဆိုတာ။ ဘာတဲ့။ ရထားလမ်းဖောက်လုပ်ရေး တာဝန်ခံတဲ့။ ဘယ်လို ဟာသကြီးလဲ။ တကယ်တန်းက အစိုးရက ခင်ဗျားကြီးကို ထားစရာနေရာမရှိလို့ ပြီးပြီးရော ရာထူးတစ်ခု ကောက်ပေးလိုက်တာပဲ အရာရှိကြီးနော်မန်ရဲ့။ အဲ့တာကို ခင်ဗျားကြီးက ပြုံးပြုံးကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံ့အနာဂတ်လိုလို၊ အုပ်ချုပ်ရေးပိုင်းမှာ အရေးပါတဲ့ နိုင်ငံရေးသမားလိုလိုလုပ်နေတာ။ တကယ်တန်းတော့ ခင်ဗျားလည်း တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်နေတာကွဆိုတဲ့ ကိုယ်ပိုင်ထောင်ထဲ ပိတ်မိနေတဲ့ အကျဉ်းသားတစ်ယောက်ပဲ နော်မန်။ ကိုယ့်ကိုယ်ကိုယ် အရင်မြင်အောင် ကြည့်စမ်းပါဦးဗျာ”
အရာရှိနော်မန်သည် မက်သရူး၏ စကားအဆုံးတွင် နွားသိုးကြီးတစ်ကောင်လို နှာခေါင်းမှတဆင့် လေများ မှုတ်ထုတ်လိုက်သည်။ မက်သရူးထံမှလည်း ကြောက်မက်ဖွယ် အံကျိတ်သံကြီးများ ထွက်နေပြန်၏။ တရားဟောဆရာကတ်ဆီသာ ဝင်မတားလျင် သူတို့နှစ်ယောက်သည် ဤနေရာတွင် အချင်းချင်း သတ်ဖြတ်ကြတော့မည်ဖြစ်သည်။ တရားဟောဆရာ ကတ်ဆီသည် မက်သရူး၏ ရင်ဘတ်ပေါ်သို့လက်တဖက်၊ နော်မန်၏ ရင်ဘတ်ပေါ်သို့ လက်တဖက် တင်လိုက်ပြီး သူတို့နှစ်ဦးကို အနည်းငယ် ဝေးကွာသွားအောင် တွန်းဖယ်ပြီး ခွဲလိုက်သည်။ အပြန်အလှန် မီးဟုန်းဟုန်း တောက်နေသည့် မျက်လုံးများဖြင့် ကြည့်နေကြသော မက်သရူးနှင့် အရာရှိနော်မန်သည် တရားဟောဆရာဘက်သို့ လှည့်လာကြသည်။ တရားဟောဆရာသည် အင်မတန် တည်ငြိမ်သော မျက်နှာဖြင့် သူတို့နှစ်ဦးစလုံး၏ ရန်ပွဲကို ဖြန်ဖြေရန် ကြိုးစားလိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက် အပြန်အလှန် ထိုးကြကျိတ်ကြမယ်ဆိုရင်လည်း ကျွန်တော့်အရှေ့မှာတော့ မလုပ်ကြနဲ့” တရားဟောဆရာ ကတ်ဆီက ပြောသည်။ “ရန်ပွဲကို ဆက်ချင်တယ်ဆိုရင်လည်း ကျွန်တော်ပြောတဲ့ စကားကိုတော့ ဆုံးတဲ့အထိ နားထောင်ကြဦး။ ခင်ဗျားတို့နှစ်ယောက် ငြင်းခုံနေတဲ့ အကျဉ်းသားဆိုတဲ့ စကားကို ကျွန်တော် ရှင်းလင်းပေးချင်တယ်”
တရားဟောဆရာ ကတ်ဆီသည် စကားကို ရပ်ထားပြီး သူတို့နှစ်ဦး၏ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။ မက်သရူးသည် ရင်ဘတ်တစ်ခုလုံး ဖားဖိုတစ်ခု မြင့်လိုက်နှိမ့်လိုက်ဖြစ်နေပြီး အရာရှိနော်မန်ကတော့ လက်သီးကြီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားသည်။
“ပထမဦး ပြောချင်တာက ခင်ဗျားတို့ နှစ်ယောက်စလုံး မှန်တယ်ဆိုတာပဲဗျ” တရားဟောဆရာ ကတ်ဆီက စကားကို ဆက်ပြောသည်။ “ခင်ဗျားတို့နှစ်ယောက်စလုံးက ကိုယ်ပိုင်ထောင်ထဲက အကျဉ်းသားတွေချည်းပဲ။ အဲ့လိုပြောကြေးဆို ကျွန်တော်ကိုယ်တိုင်ကကော။ ကျွန်တော်ကလည်း အကျဉ်းသားတစ်ယောက်ပဲဗျ။ တစ်ခါခါ ကျွန်တော်တွေးတယ်။ ခံစားချက်ရှိတဲ့ လူသားတိုင်းမှာ မွေးကတည်းက ကိုယ်ပိုင်ခံယူချက်တွေ၊ သဘောထားတွေနဲ့ မွေးဖွားလာကြတာပဲ။ ပြောချင်တာက လူတိုင်းမှာ မွေးရာပါ အကျဉ်းထောင်တွေရှိကြတယ်ဆိုတာပဲဗျ။ ကျွန်တော်ဆိုလည်း အခုကြည့်ဦး။ တရားဟောဆရာတစ်ယောက် ဖြစ်နေတယ်။ ကျွန်တော့်မှာ စောင့်ထိန်းရမဲ့ ဝတ်တရားတွေ သတ်မှတ်ချက်တွေရှိပြီးသား။ ပြောချင်တာက ကျွန်တော်လည်း ခင်ဗျားတို့နည်းတူ အကျဉ်းသားတစ်ယောက်ပဲဗျ။ ဒါပေမဲ့ အဲ့တော့ဘာဖြစ်သလဲ။ ဘာမှမဖြစ်ဘူးလေ အဲဒီ့အကျဉ်းထောင်ထဲမှာ အကျဉ်းသားဖြစ်နေရတာ ကျွန်တော်တို့ပျော်တယ်မဟုတ်လား။ အဲ့ထောင်အခန်းကြီးထဲကို ကျွန်တော်တို့ကိုယ်တိုင် လိုလိုလားလား ဝင်ခဲ့ကြတာပဲမဟုတ်လား။ အကြိမ်ကြိမ်အခါခါ ထောင်ထဲကလွတ်ဖို့ အကြောင်းအရင်းတွေ ဖန်လာရင်တောင် ကျွန်တော်တို့က ထောင်ထဲမှာ နေရတာကို၊ အကျဉ်းသားဖြစ်နေရတာကို နှစ်ခြိုက်သဘောကျနေတာပဲ မဟုတ်လား။ အဲ့တာကပဲ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဝိသေဿလက္ခဏာတွေ ဖြစ်လာကြတာပဲလေ။ ကျွန်တော်ဆို ကိုယ့်ကိုယ်ကိုယ် တရားဟောဆရာတစ်ယောက်အဖြစ် အကျဉ်းချထားတယ်။ ကျွန်တော်ဟာ အကျဉ်းသားတစ်ယောက်ပဲ။ ဒါပေမဲ့ အခုလိုဘဝကို ကျွန်တော်ကိုယ်တိုင်ရွေးချယ်ထားတာ မဟုတ်လား။ အဲ့အတွက် ဘာများ ဝမ်းနည်းစရာရှိသလဲ။ ဟောဒီက မက်သရူးဆိုရင် ကျွန်တော့်ကို ခဏခဏပြောတယ်။ သူက အသက်ကြီးလာရင် ဒီမြို့ရဲ့ မြို့တော်ဝန် ဖြစ်ချင်တာတဲ့။ ဟုတ်တယ်။ သူက ဒီနွားခြေရာခွက်လေးထဲမှာ အကျဉ်းချခံထားရတဲ့ကောင်။ ဒါပေမဲ့ အဲ့အတွက် သူကျေနပ်တယ်လေ။ ဘာကြောင့် ကျွန်တော်တို့က သူရွေးချယ်မှုကို သွားပြီး ဝေဖန်အပြစ်ပြောစရာလိုမလဲ။ ပြီးတော့ ခင်ဗျားကကော နော်မန်။ ခင်ဗျားလည်း ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲမဟုတ်လား။ ဟောပြောပွဲမှာတုန်းက ခင်ဗျား ပြောခဲ့တယ်။ ဒီနိုင်ငံကြီးတစ်ခုလုံးကို ရထားသံလမ်းတွေနဲ့ ပြည့်သွားအောင် ဖန်တီးပေးချင်တာဆို။ အဲ့တာ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ချက်တစ်ခုနဲ့ အကျဉ်းချလိုက်တာပဲမဟုတ်လား။ ခင်ဗျားတို့နှစ်ယောက်က စကားနာထိုးဖို့အတွက် မလိုတာတွေ ဆွဲထည့်ပြီး ကိုယ်ပိုင်ထောင်ထဲက အကျဉ်းသားဆိုတဲ့ စကားကို ရှက်ရွံ့စရာလို့ သတ်မှတ်လိုက်ကြတာကိုး။ ဘာဖြစ်လဲဗျာ။ ကိုယ့်ထောင်ထဲမှာ ကိုယ်ပျော်နေရင် ပြီးတာပဲမဟုတ်လား။ တကယ်ရှက်ရွံစရာကောင်းတာက ကိုယ်မနေချင်တဲ့ထောင်ထဲမှာ ပိတ်မိပြီး အကျဉ်းသားဖြစ်နေရတာမှ စိတ်ဆင်းရဲစရာကော၊ ရှက်စရာကောကောင်းတာ။ အဲ့လိုတော့မဖြစ်စေနဲ့ပေါ့ဗျာ။ ကိုယ်စိတ်နဲ့ကိုယ် ရှင်သန်ကြတာပေါ့။ ဒါပေမဲ့ အခြားလူဖန်တီးထားတဲ့ အကျဉ်းထောင်ထဲမှာသွားပြီး ပိတ်မိမနေစေနဲ့ပေါ့။ အဲ့တာကတော့ တကယ်ကြီးနာကျင်စရာကောင်းတယ်။”
တရားဟောဆရာ၏ စကားအဆုံးမှာ မက်သရူးနှင့် အရာရှိနော်မန်တို့ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။ ဒေါသများ ပြေသွားသယောင်ရှိ၏။ မက်သရူးသည် နော်မန်နှင့် မျက်နှာချင်းမဆိုင်မိအောင် မြေပြင်သို့ ငုံ့ကြည့်နေသည်။ နော်မန်ကတော့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် တရားဟောဆရာကတ်ဆီပြောသည့် စကားများကို ထောက်ခံနေသည်။
အရာရှိနော်မန်သည် စကားတစ်စုံတစ်ခု ပြောရင် ပါးစပ်ပြင်လိုက်သည်။ ထိုအချိန်တွင် လမ်းရှင်းဖို့ အရှေ့က ကြိုသွားနေသော အလုပ်သမားများထံမှ အော်ဟစ် အသိပေးသံ တစ်ခုထွက်ပေါ်လာသည်။
“အရာရှိရေ... ဒီမှာ လမ်းရှင်းနေရင်း ဘာကြီးလဲမသိဘူး။ တွေ့တယ်ဗျို့”
တြိဂံပုံစံ ရပ်နေကြသော သူတို့သုံးယောက်သည် အလုပ်သမား၏ စကားကြောင့် အူယားဖားယားဖြင့် အလုပ်သမားများရောက်ရှိနေရာသို့ အပြေးလိုက်သွားကြသည်။
အရာရှိနော်မန်၏ အလုပ်သမားများသည် သစ်ပင်တစ်စုအဝေး တစ်ခု၏ အနားတွင် စုပြုံ၍ ရပ်နေကြသည်။ နော််မန်နှင့် တရားဟောဆရာ ကတ်ဆီသည် အလုပ်သမားများကို တိုးဝှေ့ပြီး သစ်ပင်များကြားသို့ ကြည့်လိုက်သည်။ မက်သရူးကတော့ ထုံးစံအတိုင်း အားလုံး၏ အနောက်တွင်သာ ရပ်နေပြီး အနေအထားကို အကဲခတ်နေသည်။
“ဝိုး... ကတ်ဆီရေ။ ခင်ဗျားကြော်ညာထဲက အတိုင်းပါလားဗျ” နော််မန်က လေသံကျယ်ကျယ်ဖြင့် ပြော၏။
တောအုပ်၏ အလယ်တည့်တည့် နေရာတွင်ဖြစ်သည်။ တောအုပ်တစ်ခုလုံး ပြည့်ကျပ်နေသည့် အရွယ်အစား ကြီးကြီးမားမား သစ်ပင်များသည် ဤနေရာတွင် စကေးချ၍ စိုက်ထားသည့်အလား ရပ်တန့်ပြီး ထိုနေရာလေးကို စက်ဝိုင်းသဏ္ဍာန် ဝန်းရံထားကြသည်။
ဤမြို့တစ်ခုလုံးရှိ လူများ နှစ်ပေါင်းရာချီအောင် ကြောက်လန့်၍ စွန့်ပစ်ထားသော ကွပ်မျက်စင်ဆိုတာကြီးကို သူတို့လူစုသည် မျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီဖြစ်၏။
နှစ်ပရိစ္ဆေဒ ကြာမြင့်နေပြီဖြစ်တာကြောင့် ကွပ်မျက်စင်၏ ပတ်ပတ်လည်ရှိ ကျောက်ပြားများဖြင့် ပြုလုပ်ထားသော ရင်ပြင်သည် မြေကြီးများ၏ ဖုံးအုပ်ခြင်းကို ခံထားရပြီ။ အလုပ်သမားတစ်ယောက်သည် ခြေထောက်ဖြင့် မြေကြီးများကို တူးဆွလိုက်လျင် မြေကြီးအောက်ရှိ ကျောက်ပြားချပ်တစ်ခုကို တွေ့လိုက်ရသည်။ ဒူးခေါင်းခန့် မြင့်သော ကျွဲစားမြက်ပင်ရှည်များသည် ကျောက်ပြားများ အကြားမှ တိုးဝှေ့ပြီး ထိုးထိုးထောင်ထောင် ထွက်နေကြသည်။ နှစ်ပိုင်းကွဲနေသော ကျောက်ပြားတစ်ခု၏ အလယ်တွင် အမျိုးအမည်မသိ ပန်းပွင့်ဝါဝါများ ပွင့်နေကြသည်။ ကျောက်ပြားရင်ပြင်တစ်ခုလုံးသည် အကောင်းပကတိအတိုင်း ရှိမနေတော့ပေ။
သူတို့လူစုသည် ရင်ပြင်ပေါ်သို့ တက်၍ ရင်ပြင်အလယ်၍ ကွပ်မျက်စင်ကြီးကို ခေါင်းမော့၍ စူးစမ်းလိုက်ကြသည်။ အရာရှိ နော်မန်သည် အယုံအကြည်မရှိသူဖြစ်သည့် အတွက် ကွပ်မျက်စင်ကြီးကို အနီးကပ် တိုး၍ ကြည့်လိုက်သည်။
ကွပ်မျက်စင်သည် သစ်သားတိုင်ကြီးတစ်ခုသာ ဖြစ်သည်။ အကြိမ်ပေါင်းများစွာ မီးသင့်ခဲ့ရ၍ သစ်သားတိုင်ကြီးသည် ကျောက်မီးသွေးချောင်းကြီးသဖွယ် မည်းနက်ပြီး ထိပ်ဖျားပိုင်းရှိ အချို့နေရာများသည် ကျိုးပဲ့၍ပင် နေလေပြီ။ (၇)ပေ ဝန်းကျင်ခန့် ရှိလောက်မည့် သစ်သားတိုင်ကြီးပေါ်တွင် လူပေါင်းမည်မျှ ခန့်ကို မီးရှို့၍ သတ်ဖြတ်ခဲ့ကြမည်နည်း။ အများစုသည် စုန်းမဟု သတ်မှတ်ခံခဲ့ရသော အမျိုးသမီးများသာ ဖြစ်လိမ့်မည်။ သို့မဟုတ် ဘာသာရေးကို ပုန်ကန်ပြီး မိစ္ဆာဒိထ္ထိဟု စွပ်စွဲခံရသည့် လူများ။ ထိုလူများသည် ဤသစ်သားတိုင်ကြီးပေါ်တွင် အဆိုးရွားဆုံး နာကျင်မှုများကို ခံစားပြီး သေဆုံးခဲ့ကြရမည်။
“ဘာမှတော့ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး” အရာရှိနော်မန်က သစ်သားတိုင်ကြီးကို အသေအချာ ကြည့်၍ ပြောသည်။
“တစ်တောလုံးမှာ နွယ်ပင်တွေနဲ့ ပြွတ်သိပ်နေတာ ဒါပေမဲ့ ဒီသစ်သားတိုင်ကြီးပေါ်ကိုတော့ ဘယ်နွယ်မှ တွယ်တက်မနေဘူးနော်” အလုပ်သမားတစ်ဦးက မေး၏။
“ဆီကြောင့်လို့ ကျွန်တော်ထင်တယ်” တရားဟောဆရာ ကတ်ဆီက ဖြေသည်။ “အင်း ဟုတ်တယ်။ ဆီကြောင့်ပဲ။ လူတွေရာနဲ့ချီပြီး မီးရှို့ခံထားရလို့ ဒီသစ်သားတိုင်ကြီးက ဆီတွေနဲ့ ပြည့်နေပြီး နွယ်ပင်တွေက အဲ့တာကြောင့် မတွယ်တက်နိုင်တာ ဖြစ်မယ်”
“ဘာ ဆီလဲဗျ” အရာရှိနော်မန်က မေးသည်။
“လူရဲ့ ဆီလေ။ သက်ရှိတိုင်းမှာ အဆီတွေရှိတာကြတာပဲ။ အဲဒီ့ အဆီတွေကို မီးနဲ့ရှို့ခံရရင် တကယ့် ဆီစစ်စစ်လိုမျိုး ထွက်လာတတ်တယ်လို့ ကျွန်တော်လေ့လာဖူးတယ်” တရားဟောဆရာက ပြန်ဖြေသည်။
“မြတ်စွာဘုရား....” အနောက်ဘက်တွင် ရပ်နေသည့် မက်သရူးက ခပ်တိုးတိုး ရေရွတ်သည်။
အလုပ်သမားများသည် သူတို့နှင့် မဆိုင်သည့်ကိစ္စ ဖြစ်သည့်အတွက် မြေကြီးဖုံးနေသော ရင်ပြင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်၍ အနားယူနေကြသည်။ အလုပ်သမားတစ်ယောက်သည် အိတ်ကပ်အတွင်းရှိ ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်ယူပြီး တစ်ဖွာပြီးတစ်ဖွာ ဖွာနေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဤရင်ပြင်ပေါ်တွင် လူအချို့သည် မီးရှို့ခံရ၍ နာကျင်စွာ အော်ဟစ်နေသော အမျိုးသမီးငယ်တစ်ယောက်ကို မျက်စိအရသာခံ၍ မျောက်ပွဲကြည့်သလို ဝိုင်းကြည့်နေခဲ့လောက်သည်။
“ကဲ... ကဲ။ ထားပါတော့။ ဘာမှလည်း ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ အခုကျုပ်တို့ ကွပ်မျက်စင်ကို ရှာတွေ့ပြီ မဟုတ်လား။ ဘာဆက်လုပ်ချင်သလဲ ကတ်ဆီ။” နော်မန်က သူ့ရဲ့စတိုင်အတိုင်း ရေးကြီးခွင်ကျယ် မဟုတ်သည့် လေသံဖြင့် ပြော၏။
တရားဟောဆရာသည် သစ်သားတိုင်ကြီးကို တစ်ပတ်ပြည့်အောင် ပတ်၍ ကြည့်ပြီး ပြန်ဖြေသည်။
“နဂို အစီအစဉ်အတိုင်းပဲ လုပ်ကြရအောင် နော်မန်ရယ်။ ကျွန်တော်တို့ အပြင်ကို ပြန်ထွက်ကြမယ်။ ပြီးရင် တမြို့လုံးက ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး တောအုပ်ထဲ ပြန်လာကြမယ်။ ဒီနေရာမှာ လိုအပ်တဲ့ ပူဇော်မှုတွေ၊ အစီအရင်တွေကို စိတ်သန့်သွားတဲ့အထိ လုပ်ကြမယ်။ ပြီးရင် ကွပ်မျက်စင်ကော၊ အောက်ဘက်က ရင်ပြင်ကျောက်ပြားတွေကိုကော အပြင်ကို စနစ်တကျ ထုတ်ပြီး အခြားတစ်နေရာမှာ ပြောင်းပြီးထားလိုက်မယ်။ ကျွန်တော်နဲ့ မက်သရူး ဖြစ်စေချင်နဲ့ ဆန္ဒက အဲ့တာပါပဲဗျာ”
နော်မန်သည် မက်သရူးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အစောပိုင်းတုန်းက ဖြစ်ခဲ့သည့် ရန်ပွဲမှာ အပြီးအသတ် မချုပ်ငြိမ်းသေး။ နော်မန်သည် ညိုပြာပြာ မွဲခြောက်ခြောက် သစ်သားတိုင်ကြီးကို မခန့်လေးစား ပုံစံဖြင့် မော့၍ ကြည့်လိုက်သည်။ ထို့နောက် ခနဲ့တဲ့တဲ့ ပုံစံဖြင့် ပြုံးသည်။
“ဒီသစ်သားချောင်းအတွက် အဲ့လောက်ထိ အချိန်တွေပေးပြီး လူတွေ အပင်ပန်းခံရမှာလား ကတ်ဆီရဲ့” နော်မန်က လှောင်သံသဲ့သဲ့ဖြင့် ပြောသည်။
“ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ နော်မန်။” တရားဟောဆရာ ကတ်ဆီသည် မျက်မှောင်ကုပ်၍ ပြန်မေးသည်။ “မနေ့ညကတည်းက ဒီကိစ္စကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပြီးသားပဲမဟုတ်လား။ ခင်ဗျားပဲ လက်ခံသဘောတူပါတယ်ဆို”
“ဟုတ်ပါတယ်။ မနေ့ညကတော့ အဲ့လိုပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ကျတော့ စိတ်က သိပ်မပါချင်တော့ဘူးဗျာ”
နော်မန်၏ စကားကြောင့် တရားဟောဆရာ ကတ်ဆီနှင့် မက်သရူးသည် ထိပ်ထိပ်ပြာပြာ ဖြစ်သွားကြ၏။
“အဲ့ဒီတော့ အရင်ဆုံး ဒီသစ်သားချောင်းကြီးက ခင်ဗျားတို့ မြို့ကလူတွေ ယုံကြည်နေသလို ကျိန်စာဘာညာ ရှိမရှိ အရင်စမ်းသပ်ကြည့်ရအောင်” နော်မန်သည် လူညစ်တစ်ယောက်၏ လေသံဖြင့်ပြောသည်။ “ကဲ... ရဲဘော်တို့ အညောင်းအညောပြေသွားကြပြီ ဆိုရင် ရဲဘော်တို့အတွက် စိန်ခေါ်မှုတစ်ခုရှိတယ်။ အခု မင်းတို့မြင်နေရတဲ့ သစ်သားချောင်းမဲမဲကြီးက အင်မတန် ကျိန်စာသင့်နေတာတဲ့ကွ။ ဟဲဟဲ... အဲ့တော့ မင်းတို့ထဲက တစ်ယောက်ယောက်က ဒီသစ်သားတိုင်ကြီးကို ခုတ်လဲတာပဲဖြစ်ဖြစ် ကျိုးပဲ့သွားအောင် ရိုက်ချိုးနိုင်ရင်ပဲဖြစ်ဖြစ် လုပ်န်ိုင်ရင်ဘယ်သူမဆို ဒေါ်လာ(၂၀)တိတိ ငါကချီးမြင့်မယ်။”
အလုပ်သမားများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဒေါ်လာ(၂၀)ဆိုသည်မှာ နည်းသည့် ပိုက်ဆံမဟုတ်။ အလုပ်သမားများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သူတို့၏လက်ထဲရှိ ရဲဒင်းများ တောခုတ်ဓားများကို ကိုင်၍ နော်မန်ခိုင်းသည့်အတိုင်း လုပ်သင့်မလုပ်သင့် စဉ်းစားနေကြသည်။
“ဟ... သတ္တိခဲကြီးများရဲ့။ ဒေါ်လာ (၂၀)တောင် အသားလွတ်ရမှာနော်။ သစ်ပင်တစ်ပင်ခုတ်သလောက်ပဲ အပင်ပန်းခံပြီး ဒီလောက်ပိုက်ဆံ အလကားနီးပါး ရမှာကို မင်းတို့ ဘာလို့ မလုပ်ရဲကြတာလဲကွ” အရာရှိနော်မန်သည် ထပ်မံ၍ စည်းရှုံးသိမ်းသွင်း လိုက်ပြန်သည်။
“မဟုတ်ကြနဲ့နော်...ဟေ့လူတွေ။ နော်မန် ခင်ဗျားမှာ ကတိတွေသစ္စာတွေအတွက် ထောက်ထားဖို့ကောရှိရဲ့လား။ ခင်ဗျားအပြောတခြား အလုပ်တခြား လုပ်လို့မရဘူးနော်” မက်သရူးက ကြောက်လန့်တကြား ဝင်ပြောသည်။
မက်သရူး၏ စကားသံမဆုံးလိုက် ရဲဒင်းတစ်လတ် ကိုင်ထားသော အလုပ်သမားတစ်ယောက်သည် ထိုင်နေရာမှ ထရပ်ပြီး ဖြေးဖြေးမှန်မှန် ခြေလမ်းများဖြင့် သစ်သားတိုင်ကြီးအနီးသို့ တိုးကပ်သွားသည်။
“ဟားဟားဟား... ဒါပဲဖြစ်ရမှာပေါ့ ဖရက်ဒီရဲ့။ လုပ်လိုက်စမ်းပါ တစ်ချက်ပဲ ခုတ်ပစ်လိုက်။ ဒေါ်လာ(၂၀)က မင်းကို စောင့်ကြိုနေပြီ” နော်မန်က အင်မတန် ကျေနပ်သည့် လေသံဖြင့်ဆိုသည်။
ဖရက်ဒီဟု အမည်ရသည့် အလုပ်သမားသည် ကျွဲတစ်ကောင်နီးပါး သန်မာပုံရ၏။ အင်မတန် ခက်ထန်သော မျက်နှာထားဖြင့် ရဲဒင်းကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သစ်သားတိုင်ရှိရာသို့ သွေးအေးအေး ပုံစံဖြင့် တိုးကပ်လာ၏။ မက်သရူးသည် ဖရက်ဒီ၏ အရှေ့မှ ပိတ်၍ ကာထားလိုက်သည်။ သို့သော် ဖရက်ဒီသည် မက်သရူးထက် နှစ်ဆခန့် လူကောင်ကြီးမားနေလေ၏။ မက်သရူးကို လက်တဖက်ဖြင့် အသာအယာ တွန်းဖယ်ပြီး ဖရက်ဒီသည် ကွပ်မျက်စင်(သို့မဟုတ်) သစ်သားတိုင်ကြီးကို ခုတ်ထစ်ရန် ပြင်ဆင်လိုက်သည်။
“နော်မန်... ခင်ဗျားရဲ့လူကို အခုချက်ချင်း ရပ်ခိုင်းလိုက်ပါ” တရားဟောဆရာ ကတ်ဆီက ခက်ထန် ပြတ်သားသော လေသံဖြင့်ဆို၏။
သို့သော် အရာရှိနော််မန်က ဂရုပင်မစိုက်။ သူ၏ အလုပ်သမားဖရက်ဒီကိုသာ သစ်သားတိုင်ကြီးအား ခုတ်ထစ်ပစ်လိုက်ရင် အမိန့်ပေးနေသည်။
တရားဟောဆရာသည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် ဖရက်ဒီ့အနီးသို့ တိုးကပ်သွားသည်။
“ဖြောင်း.....”
တရားဟောဆရာ၏ ညာဘက်လက်သီးသည် ဖရက်ဒီ၏ ဘယ်ဘက်မျက်နှာပေါ်သို့ ဖြောင်းခနဲ မြည်သံနှင့်အတူ ကျရောက်သွားသည်။
အရာရှိနော််မန်၊ မက်သရူးနှင့် ကျန်အလုပ်သမားများသည် အဖြစ်အပျက်ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိသည်။ ကျွဲကြီးတစ်ကောင်ကဲ့သို့ သန်မာလွန်းသည့် ဖရက်ဒီသည် တရားဟောဆရာ ကတ်ဆီ၏ လက်သီးဒဏ်ကြောင့် မြေပြင်ပေါ်တွင် ခွေခနဲ လဲကျသွားသည်။ ထို့နောက် ရေမွှန်းနေသော ကြောင်တစ်ကောင်ကဲ့သို့ မြေပြင်တွင် နာနာကျင်ကျင် လူးလိမ့်နေ၏။
အစပိုင်းတွင် ကြောင်အမ်းအမ်း ဖြစ်သွားသော အရာရှိနော်မန်သည် ခဏအကြာတွင် တဟားဟားမြည်အောင် အူလှိုက်သည်းလှိုက် ရယ်မောတော့သည်။
“ဟားဟား..အမလေး ကတ်ဆီရယ်။ ခင်ဗျားရဲ့ တရားဟောဆရာ အကျဉ်းထောင်ရဲ့ စည်းကမ်းချက်တွေထဲမှာ လူတစ်ယောက်ကို လက်သီးနဲ့ မထိုးရဘူးဆိုတဲ့စည်းကမ်းချက် မထည့်ထားဘူးလားဗျာ” နော်မန်က မြည်းတစ်ကောင်ကဲ့သို့ ရယ်မောရင်းပြော၏။
“ဒီပြဿနာက ခင်ဗျားကြောင့် ဖြစ်တာပဲ နော်မန်” တရားဟောဆရာက ပြောသည်။ “ခင်ဗျားရဲ့ အရွဲ့တိုက်ချင်တဲ့ စိတ်ကြောင့်ဖြစ်ရတာ။ ကျွန်တော့်ကို အပြစ်မတင်နဲ့”
တရားဟောဆရာ ကတ်ဆီသည် လက်သီးကို ကျစ်ကျစ်မြည်အောင် ဆုတ်ထားပြီး အရာရှိနော်မန်၏ အနီးသို့ တိုးကပ်သွားရန် ပြင်လိုက်သည်။ အရာရှိနော်မန်သည် ချက်ချင်းပင် တစ်ချိန်လုံး ကျောကုန်းမှာ လွယ်ထားခဲ့သည့် စပရင်းဖီးလ်ရိုင်ဖယ်ကို လက်မှာပြောင်း၍ ကိုင်လိုက်သည်။ ထို့နောက် တရားဟောဆရာထံသို့ တည့်တည့်မက်မက် ထိုးချိန်လိုက်၏။
“ဟိုးထားဆရာ...ဟိုးထား” နော်မန်က ရယ်သံသွေး၍ ပြောသည်။ “အခု ခင်ဗျားဘက်က အရင်လက်ပါတာဆိုတော့ ကျုပ်ဘက်လည်း သေနတ်နဲ့ ပြန်ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ ရနေပြီနော့်။ အဲ့အတိုင်းလေး ငြိမ်ငြိမ်နေ။ ဟိုကောင် မက်သရူး မင်းကောပဲ။ ကျန်တဲ့ကောင်တွေ မင်းတို့လူ ဖရက်ဒီကို ဆွဲထူပြီး သတိဝင်အောင် လုပ်လိုက်စမ်း။ ငါတို့ ဒီတောထဲက ပြန်ထွက်ကြမယ်။”
တရားဟောဆရာ ကတ်ဆီသည် မက်သရူး၏ အရှေ့၌ ကာကွယ်၍ ရပ်ထားသည်။
“ဟဲဟဲ... မပူပါနဲ့ဗျာ။ ခင်ဗျားတို့နှစ်ယောက်စလုံးကို ကျုပ် မသတ်ပါဘူး။ လူအသေအပျောက်ဖြစ်ရင် အင်မတန် အလုပ်ရှုပ်လွန်းလို့ပါ။ သိတဲ့အတိုင်း အစိုးရဆိုတာကလည်း လူရှင်ဆိုရင် ဂရုမစိုက်ဘူး။ လူသေဆိုမှသာ ဂရုစိုက်တဲ့အမျိုးကိုး။ အဲ့တော့ ခင်ဗျားတို့ကို ကျုပ်မသတ်ပါဘူး။ ဒါပေမဲ့...”
အရာရှိနော်မန်သည် စကားသံဆုံးသွားသည်နှင့် တပြိုင်နက် သေနတ်ပြောင်းကို သစ်သားတိုင်ကြီးရှိရာသို့ ပြောင်း၍ ချိန်လိုက်သည်။ ကတ်ဆီနှင့် မက်သရူးသည် အော်ဟစ်၍ တားဆီးသေးသော်လည်း အချိန်မမှီတော့။
“ဒိုင်း”ခနဲ မြည်သံနှင့် အတူ သေနတ်ပြောင်းတစ်ခုလုံး မီးစမီးနများဖြင့် ပြည့်နှက်သွားသည်။ ကျည်ဆံတစ်ခုသည် ပြောင်းဝမှတဆင့် သစ်သားတိုင်ကြီးရှိရာသို့ ရောက်ရှိသွားသည်။ ထို့နောက် သစ်သားတိုင်ကြီး၏ အလယ်ပိုင်းမှနေပြီး ထိုးခွင်း၍ တစ်ခြားတစ်ဖက်မှ ပြန်၍ထွက်သွားသည်။ သစ်သားတိုင်ကြီးသည် သေနတ်သံ ပျောက်ကွယ်သွားချိန်တွင် နှစ်ပိုင်းကျိုး၍ မြေပြင်သို့ လဲကျသွားသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀)ခန့်က အသုံးပြုခဲ့သည့် မီးရှို့ကွပ်မျက်စင်ကြီးသည် မြေပြင်ပေါ်တွင် လှဲလောင်းနေပြီဖြစ်သည်။
မက်သရူးသည် မျက်ရည်များ ကျလာသည်အထိ ကြောက်ရွံ့သွားသည်။ တရားဟောဆရာ ကတ်ဆီသည် အရာရှိနော်မန်ကို ထုတ်ချင်းပေါက်မတတ် မျက်လုံးများဖြင့် ရွံရှာစွာ ကြည့်သည်။ အရာရှိနော်မန်ကတော့ မီးခိုးမတိတ်သေးသော သေနတ်ပြောင်းဝကို လေဖြင့် တစ်ချက်မှုတ်လိုက်ပြီး အားရကျေနပ်စွာဖြင့် ထပ်ပိုင်းကျိုးနေသော သစ်သားတိုင်ကြီးကို ကြည့်နေသည်။
“ပြန်ကြရအောင် မက်သရူး” တရားဟောဆရာ ကတ်ဆီသည် ချာခနဲ လှည့်ပြီး လာလမ်းအတိုင်း ဖောက်ခဲ့သည့် လမ်းသို့ ဦးဆောင်၍ ထွက်သွားသည်။ မက်သရူးသည် ကြောက်လန့်နေသော ပုံစံဖြင့် တရားသောဆရာနောက်မှ ကပ်၍ လိုက်သွားသည်။
“ကျွန်တော်တို့ကော ပြန်ကြမလားဆရာ...” အလုပ်သမားတစ်ယောက်က နော်မန့်အား မေးသည်။ သတိပြန်လည်နေပြီဖြစ်သော ဖရက်ဒီသည် တောင်တောင်အီအီ လျောက်ကြည့်ပြီး အရက်မူးနေသည့်လူလို ဖြစ်နေ၏။
အရာရှိနော်မန်သည် အားရသည်အထိ သစ်သားတိုင်ကြီးကို ကြည့်လို့ပြီးမှ လာလမ်းအတိုင်း တောအုပ်အတွင်းမှ ပြန်ထွက်လာလိုက်သည်။
................................................
လှည်းဘီးထံက တကျိကျိ မြည်သံမှ အပ အရာရာသည် တိတ်ဆိတ်နေသည်။ အရာရှိနော်မန်သည် အနိုင်ရရှိသူ တစ်ယောက်ကဲ့သို့ ဝင့်ကြွားစွာ သူ၏သေနတ်ကို လက်တွင် ပိုက်ပြီး လိုက်ပါလာသည်။ တရားဟောဆရာ ကတ်ဆီကတော့ အတန်ငယ် ညိုးငယ်သော မျက်နှာဖြင့် သူ၏ လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ လက်ဝါးကပ်တိုင်လေးကိုသာ လက်ဖြင့်ဖိ၍ ငြိမ်သက်နေသည်။ မက်သရူးသည် ဒေါသဖြင့် ရှုးရှုးရဲရဲ ဖြစ်နေတုန်းရှိသေး၏။ သို့သော် သေနတ်ကိုင်ထားသော အစိုးရ အရာရှိတစ်ယောက်ကို မက်သရူးတစ်ယောက် ဘာများလုပ်နိုင်မည်နည်း။
မိုးသားတိမ်ထုများက စောင်နဲ့ အုပ်ထားသည့်အလား အနောက်တောင်ဘက်မှ နေ၍ တဟုန်ထိုး မြင့်တက်လာသည်။ မကြာမှီ အချိန်တွင် မိုးရွာတော့မည်။ တောအုပ်အတွင်းမှ သူတို့ပြန်ထွက်လာသည်မှာ တစ်နာရီကျော်ခန့်ပင်ရှိပြီ။ ယခုအချိန်ထိ ဘာမှထူးထူးခြားခြား မဖြစ်သေး။
ရထားဘူတာရုံသို့ ရောက်ချိန်တွင် မိုးခြိမ်းသံများ စတင်ထွက်ပေါ်လာသည်။ တရားဟောဆရာ ကတ်ဆီနှင့် မက်သရူးသည် လှည်းပေါ်မှ ဆင်း၍ ဘူတာရုံထဲသို့ ဝင်လိုက်သည်။
“ဟေ့လူတွေ...။ အခုထိ ဘာမှမဖြစ်သေးဘူးတွေ့လား။ ခင်ဗျားတို့ကြောက်နေတဲ့ ကျိန်စာဆိုတာကြီးက အတုအယောင်ကြီးဗျာ” အရာရှိနော်မန်သည် လှည်းပေါ်မှနေ၍ လှမ်းပြောသည်။
တရားဟောဆရာ ကတ်ဆီနှင့် မက်သရူးကတော့ ရေငုံနှုတ်ပိတ်၍သာ နေနေကြ၏။ အလုပ်သမားများ စီးနင်းလာသော လှည်းပေါ်ရှိ ဖရက်ဒီသည် ပါးတစ်ဖက်ကို လက်ဖြင့်ပွတ်ရင်း တရားဟောဆရာ ကတ်ဆီကို မကျေနပ်သည့် ပုံစံဖြင့် ဘုကြည့်ကြည့်နေသည်။ လှည်းနှစ်စီးသည် ဘူတာရုံမှ ပြန်လည်ထွက်ခွာတော့မည်။ လှည်းဘီး နှစ်ပတ်ခန့် လှိမ့်ပြီးချိန်တွင် အရာရှိနော်မန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မက်သရူးရှိရှာသို့ လှမ်းအော်ပြောသည်။
“ဟေ့...ဒါနဲ့ မက်သရူး။ မင်းရဲ့ ထီးလေ။ မနေ့ညက ငါ့အိမ်မှာ ကျန်ခဲ့တယ်။ အဲ့တာ ဒီနေ့ယူလာမလို့ပဲ။ ဒါပေမဲ့ အိပ်ရာထ နောက်ကျလို့ ကသုတ်ကရိုက် ထွက်လာတာ ယူလာပေးဖို့ မေ့ခဲ့တယ်ကွာ။ အဲ့တာ နောက်တစ်နေ့ မင်းအားရင် ငါ့အိမ်မှာ လာယူပေါ့” အရာရှိနော်မန်က ခပ်ပေါ့ပေါ့ ပုံစံဖြင့်ပြောသည်။
“မေ့လိုက်ပါတော့ဗျာ...။ မနက်ဖြန်ဆိုတာလည်း ရှိတော့မယ် မထင်ပါဘူး။” မက်သရူးက ခပ်တိုးတိုး ရေရွတ်သည်။
“ဘာကိုပြောပြန်ပြီလဲ မက်သရူးရာ။ ဘာကျိန်စာမှ မရှိဘူးဆိုတာ မင်းအမြင်ပဲမဟုတ်လား။” အရာရှိနော်မန်က မက်သရူးကို အားမလို အားမရ လေသံဖြင့်ပြော၏။
လှည်းသည် ဘူတာရုံအတွင်းမှ ထွက်ခွာလာသည်။
“ကျိန်စာက စတင်နေခဲ့တာ ကြာပါပြီ”
မက်သရူး၏ ခပ်တိုးတိုး စကားသံကို အရာရှိနော်မန်၏ နားထဲတွင် မသဲမကွဲ ကြားလိုက်ရသည်။ နော်မန်၏ လှည်းသည် ရထားဘူတာရုံနှင့် ဝေးနေပြီဖြစ်၏။
ဆောက်လက်စ ဘူတာရုံထဲမှာ တွေတွေကြီး ရပ်ပြီး သူ့ကိုကြည့်နေသော တရားဟောဆရာကတ်ဆီနှင့် မက်သရူးကြောင့် အရာရှိနော်မန်သည် ခေါင်းအတော်ရှုပ်သွားသည်။ သို့သော် နော်မန်သည် ကွပ်မျက်စင်(သို့မဟုတ်) သစ်သားတိုင်ကြီးကို ဖျက်ဆီးလိုက်ရသည့်အတွက် မည်သည့်နောင်တမျှ မခံစားရ။ နော်မန်သည် ကတ်ဆီနှင့် မက်သရူး ခေါင်းထဲမှ ထုတ်လိုက်ပြီး အိမ်ရှိရာသို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။
...................................
အရာရှိနော််မန် အိမ်သို့ ပြန်ရောက်ချိန်တွင် ညနေပိုင်းအချိန် ဖြစ်နေပြီဖြစ်၏။ မှောင်ရီပျိုးနေပြီး နေလုံးသည် အပြီးတိုင် ပျောက်ကွယ်သွားပြီဖြစ်သည်။ မိုးဖွားများမှာလည်း စတင်ပြီး ရွာသွန်းနေ၏။
အိမ်ထဲသို့ ဝင်ဝင်ခြင်း အရာရှိနော်မန်သည် တံခါးဝတွင် ထိုင်နေသော တံခါးစောင့်အဖိုးကြီးကို တွေ့လိုက်ရသည်။
“ခင်ဗျား မနေ့က အစောကြီး အိပ်သွားတာလား” အရာရှိနော်မန်က မေးလိုက်သည်။
တံခါးစောင့်အဖိုးကြီးသည် ငြိမ်ငြိမ်ကုပ်ကုပ် ထိုင်နေရာမှ ခေါင်းကိုဖြေးဖြေးသာသာ ငြိမ့်ပြသည်။
“အိမ်း ..ခင်ဗျားတို့ကလည်း ဘာမှကို အားမကိုးရပါဘူး။ မနေ့ညက ဧည့်သည်တွေလာတော့ ကျွန်တော်ကိုယ်တိုင် တံခါးဆင်းဖွင့်ပေးရတယ်ဗျ။” နော်မန်က တံခါးစောင့် အဖိုးကြီးကို ဆူငေါက်နေသည်။
“ကဲပါ...ရှိစေတော့။ အော် ဒါနဲ့ ခင်ဗျားမနက် အိပ်ရာနိုးတော့ ဧည့်ခန်းထဲမှာ ထီးအမည်းရောင်တလတ် တွေ့မိသေးလား”
တံခါးစောင့်အဖိုးကြီးသည် ဖြေးဖြေးသာသာ ခေါင်းခါပြသည်။
“ဘာမှကို အားကိုးမရပါဘူးဗျာ။ ထားပါတော့။ ကျုပ်ပင်ပန်းနေပြီ။ အပေါ်ထပ်မှာ သွားပြီး နားတော့မယ်။ မီးဖိုထဲက ထမင်းချက်မိန်းမကြီးကိုပြောလိုက်။ ကျုပ်အတွက် လက်ဖက်ရည်လေးဘာလေး ဖျော်လာခဲ့ပေးပါလို့” နော်မန်သည် စကားဆုံးသည်နှင့် အိမ်အပေါ်ထပ်သို့ တက်သွားသည်။
............................
အရာရှိနော််မန်သည် သူ၏ ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲလောင်းနေသည်။ ပင်ပန်းသော နေ့တစ်နေ့ဖြစ်သည်။ သို့သော် နော်မန်သည် စိတ်ကျေနပ်မှုရရှိနေ၏။ အယူသီးသော တောသားနှစ်ယောက်ရှေ့တွင် သစ်သားတိုင်ကြီးကို ပစ်ခွဲလိုက်ရသည့်အတွက် နော်မန်သည် အကျေနပ်ကြီး ကျေနပ်နေမိသည်။
ထမင်းချက် မိန်းမကြီး ဖျော်၍ ယူလာပေးသော လက်ဖက်ရည်ပူပူကို တစ်ငုံမျှ ငုံ၍ သောက်လိုက်သည်။ ထိုနောက် နော်မန်သည် တစ်နေ့တာ ဖြစ်ခဲ့သမျှကို စိတ်ကူးထဲ စားမြှုံ့ပြန်နေလိုက်သည်။
အတန်ကြာ လှဲလောင်းပြီးလို့ ညောင်းညာလာသည့်အခါတွင် နော်မန်သည် ကုတင်ပေါ်မှ ထ၍ ရပ်လိုက်သည်။ လက်ဖက်ရည်ခွက်ကိုတော့ လက်မှာ ကိုင်ထားဆဲ။
အပြင်ဘက်မှာ မှောင်မဲနေပြီဖြစ်ပြီး မိုးမှာလည်း သည်းထန်နေပြီဖြစ်သည်။ ပြင်းထန်သော လေနှင့် သည်းထန်သော မိုးသည် အပြင်လောကတွင် နင်လားငါလား ပြိုင်လျက်ရှိသည်။
နော်မန်သည် မက်သရူးနှင့် ရန်ဖြစ်ခဲ့စဉ်က တရားဟောဆရာကတ်ဆီ ပြောခဲ့သော စကားများကို ပြန်ကြားယောင်နေမိသည်။ တရားဟောဆရာကတ်ဆီကို သူမမုန်းပါ။ သို့သော်လည်း အယူသီးမှုကိုတော့ သူမုန်းတီးပါသည်။ တရားဟောဆရာ ကတ်ဆီပြောခဲ့သော စကားတစ်ခုကို သူ့စိတ်ကူးထဲ သံယောင်လိုက်မိသည်။
ကိုယ့်အကျဉ်းထောင်ထဲမှာ ကိုယ့်ဘာသာ အကျဉ်းကျနေတာရတာ ကောင်းပါသေးတယ်။ သူများတည်ဆောက်ထားတဲ့ ထောင်ထဲမှာတော့ အကျဉ်းသားသွားမဖြစ်စေနဲ့။ အင်မတန် နာကျင်ရတယ်တဲ့။ နော်မန်သည် တရားသောဆရာ ကတ်ဆီ၏ စကားကို ပြန်ကြားယောင်ရင်း ပြုံးမိသည်။
ထိုအချိန်တွင်....
နာရီသံတစ်ချက်ချက်မြည်သံကို နော်မန်ကြားလိုက်ရသည်။ နာရီသံသည် အခြားအဝေးမှ လာခြင်းမဟုတ်။ သူ၏ အင်္ကျီအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ နော်မန်သည် လက်ဖက်ရည်ခွက် မကိုင်ထားသည့် လက်ဖြင့် အင်္ကျီအတွင်းရှိ အိတ်ဆောင်နာရီကို ထုတ်ယူလိုက်သည်။ အကြောင်းပြချက်မရှိ နေ့လယ်တုန်းက ပျက်နေခဲ့သော နာရီသည် ယခုတော့ အလုပ်ပြန်လုပ်နေပြီဖြစ်သည်။
အရာရှိနော်မန်သည် တလှုပ်လှုပ်ရွှေ့လျားနေသော နာရီလက်တံကို ငေးကြည့်ရင်း မျက်မှောင်ကုပ်မိသည်။ အချိန်မှာ (၈)နာရီဝန်းကျင်ပင် ရှိတော့မည်။ အရာရှိနော်မန်သည် နာရီလေးကို အင်္ကျီအတွင်း ပြန်ထည့်လိုက်သည်။ ထို့နောက် လက်ဖက်ရည် တစ်ငုံကို သောက်ရန်ပြင်လိုက်သည်။ အေးစက်နေပြီဖြစ်သည့် လက်ဖက်ရည်များက နော်မန်၏ လည်ချောင်းအတွင်းသို့ စီးဝင်သွားသည်။ နော်မန်သည် စိတ်ပျက်လက်ပျက်ဖြင့် လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လိုက်သည်။
“ဂျိန်း”
မိုးကြိုးပစ်သံကြောင့် အိပ်ရာမှ လန့်နိုးလာသည့် လူတစ်ယောက်သဖွယ် နော်မန်သည် အပြင်ဘက်သို့ အလန့်တကြားကြည့်လိုက်သည်။ မိုးကြိုးများ၊ လျှပ်စီးများက ကမ္ဘာပျက်နေသည့်အလား ဆူညံစွာ သောင်းကြမ်းပစ်လွတ်နေ၏။ မိုးမှာ အစွမ်းကုန်သည်းထန်နေပြီး ပိတ်ထားသော ပြတင်းပေါက်မှန်ပေါ်သို့ မိုးရေစက်များက အားရပါးရ လာရောက် ထိမှန်နေ၏။
“သူများ တည်ဆောက်ထားတဲ့ ထောင်ထဲမှာတော့ အကျဉ်းသား သွားမဖြစ်စေနဲ့”
“ကျိန်စာက စတင်ပြီးနေတာ ကြာပါပြီဗျာ”
စကားသံများက နော်မန်၏ နားထဲသို့ မရက်မနား ဝင်ရောက်လာသည်။ နားအနားမှ ရပ်၍ ပြောနေသည့်အလား။ တစ်ကြိမ်တွင် ဘုရားကျောင်းအနီးသို့ အင်မတန် ကြီးမားသော မိုးကြိုးကြောင်းကြီးတစ်ခု ပစ်ချလိုက်သည်။ အနည်းငယ် နီးကပ်သည့်အတွက် နော်မန်၏ မျက်လုံးများ ကျိန်းစပ်ပြီး နားများလည်း အူဝေသွားသည်။ အပေါ်ယံကျောများ တင်းမာနေသော လက်ဖက်ရည်များသည်လည်း ပင်လယ်ငယ်တစ်ခုသဖွယ် လှိုင်းဂယက်များ ထသွားလေ၏။
..........................................
နော်မန်၏ ပြတင်းပေါက်နားတွင် အကြောင်းပြချက်မရှိ ရပ်နေမိသည်။ ရေနံဆီမီးအိမ်မှလာသော အလင်းရောင်သည် နော်မန်၏ မျက်နှာတစ်ခြမ်းကို ထင်ဟပ်နေ၏။ နော်မန်၏ လက်ထဲတွင် ကိုင်ထားသော လက်ဖက်ရည်ခွက်သည် အေးစက်နေပြီး အပေါ်ယံကျောများ တင်းမာနေသည်။
နော်မန်သည် ပြတင်းပေါက်အပြင်ဘက်သို့ နာရီနဲ့ချီအောင် ငေးမောနေတုန်း သူသည် တစ်စုံတစ်ခုကို စတင်သတိထားမိသွားသည်။ ထီးအမည်းရောင်တစ်ချောင်းကို မျှ၍ စောင်းထားသော လူနှစ်ယောက်။ ထိုလူနှစ်ယောက်သည် မိုးထဲလေထဲတွင် ဘုရားကျောင်းကို ကျော်ပြီး နော်မန်နေထိုင်ရာ အိမ်ကြီးရှိရာသို့ ဦးတည်လာနေကြခြင်းဖြစ်သည်။
နော်မန်သည် ညကြီးအချိန်မတော် ရောက်လာသော ဧည့်သည်နှစ်ယောက်ကြောင့် အနည်းငယ် ကသိကအောင့် ဖြစ်သွားမိသည်။ နော်မန်သည် လက်ဖက်ရည်ခွက်ကို အလုပ်စားပွဲပေါ်တွင်ပြီး အိမ်အောက်သို့ တံခါးဖွင့်ပေးရန် ပြေးဆင်းသွားသည်။ အခန်းထဲတွင် အပေါ်ယံကျောများတင်းနေသည့် လက်ဖက်ရည်ခွက်ကလေးသာ ကျန်ခဲ့သည်။
လက်ဖက်ရည်ခွက်အတွင်းရှိ အမြှုပ်အချို့သည် စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်နေ၏။ ထိုစက်ဝိုင်းပုံသဏ္ဍာန် အမြှုပ်ကလေးသည် အဆုံးဟူ၍လည်းမရှိ၊ အစဟူ၍လည်းမရှိ။ ထိုစက်ဝိုင်းကလေးသည် အရာရှိနော်မန် ပိတ်မိနေသော အကျဉ်းထောင်သာ ဖြစ်တော့သည်။
Zawgyi
ညဦးပိုင္းတြင္ မိုးစ႐ြာသည္။ သည္းထန္ေသာ မိုးျဖစ္သည္။ လွ်ပ္စီးမ်ား လက္ၿပီး မိုးခ်ိန္းသံမွာလည္း ဆူညံပြတ္ေလာ႐ိုက္ေန၏။ အခ်ိဳ႕အခ်ိန္မ်ားတြင္ ေျမျပင္သို႔ အညႇာအတာမရွိ ပစ္ခ်လိုက္ေသာ မိုးႀကိဳးမ်ားေၾကာင့္ ငလ်င္လႈပ္သည့္အလား ေျမျပင္တစ္ခုလုံး သိမ့္သိမ့္တုန္ေအာင္ တုန္ခါသြားတတ္သည္။
ဘုရားေက်ာင္း၏ အနီးတြင္ ခန္းနားမႈအျပည့္ႏွင့္ အိမ္ႀကီးတစ္အိမ္ တည္ရွိသည္။ ထိုအိမ္ႀကီးသည္ အစိုးရဝန္ထမ္းမ်ား ေနထိုင္ရန္အတြက္ သီးသန႔္တည္ေဆာက္ထားေသာ အိမ္ႀကီးျဖစ္သည္။
အိမ္ႀကီး၏ အေပၚထပ္တြင္ ေအးစက္ေနၿပီျဖစ္သည့္ လက္ဖက္ရည္ခြက္ကို လက္မွာကိုင္ထားရင္း သူသည္ ျပတင္းေပါက္၏ အျပင္ဘက္ မိုးေရထဲသို႔ အေၾကာင္းျပခ်က္မရွိ ေငးေမာေန၏။
သူ၏အမည္မွာ ေနာ္မန္ဖိုစတာျဖစ္သည္။ ေနာ္မန္သည္ မီးရထားလမ္း ေဖာက္လုပ္ေရး တာဝန္ခံျဖစ္သည္။ အရာရွိေနာ္မန္ဟုပင္ လူအမ်ားက သူ႔ကို ေခၚဆိုၾကသည္။ ေနာ္မန္သည္ အေပၚယံေက်ာမ်ား တင္းမာေနၿပီျဖစ္သည့္ လက္ဖက္ရည္ခြက္ကို လက္ထဲတြင္ ကိုင္ထားသည္။ ေနာ္မန္၏ အလုပ္စားပြဲေပၚတြင္ ရႈပ္ပြေနေသာ စာ႐ြက္စာတန္းမ်ား၊ ရထားလမ္းပုံစံငယ္ အ႐ုပ္မ်ား တင္ထားသည္။ ထို႔ေနာက္ ေရနံဆီ မီးအိမ္တစ္ခု။ အထီးက်န္ျခင္းႏွင့္ တိတ္ဆိတ္ၿငိမ္သက္ျခင္းမ်ားက ေနာ္မန္၏ ပတ္ပတ္လည္တြင္ သိပ္သည္းထူထပ္စြာ ရစ္ပတ္ဝန္းရံေန၏။
အရာရွိေနာ္မန္၏ ညာဘက္မ်က္နာတစ္ျခမ္းသည္ မီးအိမ္၏ အလင္းေရာင္ေၾကာင့္ နီရဲဝင္းပေနၿပီး က်န္မ်က္ႏွာတစ္ျခမ္းကမူ အျပင္ဘက္ကဝင္လာသည့္ လ်ပ္စီးမ်ားေၾကာင့္ အေရာင္မ်ိဳးစုံ ကူးေျပာင္းထင္ဟပ္လ်က္ ရွိေန၏။
မိုးေရႏွင့္အတူ အျပင္းအထန္ တိုက္ခတ္ေနေသာ ေလၾကမ္းမ်ားမွာ မသိလ်င္ အိမ္ႀကီးတစ္ခုလုံး အေျခခံအုတ္ျမစ္မွစၿပီး လြင့္စင္ထြက္သြားေလမလား ေအာက္ေမ့ရသည္။ ျပတင္းေပါက္ ေဘာင္မွတစ္ဆင့္ မရမက တိုးဝင္လာသည့္ မိုးေရမိုးစက္မ်ားမွာလည္း ေနာ္မန္၏ ေျခေထာက္အနီးတြင္ ေရအိုင္ငယ္ေလးတစ္ခုသဖြယ္ စုၿပဳံအိုင္ထြန္းလ်က္ ရွိေနျပန္၏။
ေနာ္မန္သည္ နာရီႏွင့္ခ်ီေအာင္ အေၾကာင္းျပခ်က္မရွိ ျပတင္းေပါက္အျပင္ဘက္ကို ေငးေမာေနတုန္း သူ၏ မ်က္စိထဲတြင္ တစ္စုံတစ္ခုကို စတင္ သတိထားမိသြားသည္။ အစပိုင္းတြင္ အေဝးတစ္ေနရာမွ ျဖစ္၏။ သို႔ေသာ္ တေျဖးေျဖးႏွင့္ အိမ္ႀကီးအနီးသို႔ တိုးကပ္လာသည္။
ဘုရားေက်ာင္းကို ေက်ာ္ၿပီး အိမ္ႀကီးရွိရာသို႔ ဦးတည္၍ လမ္းေလ်ာက္လာသည့္ လူႏွစ္ေယာက္။ ေနာ္မန္သည္ အစပိုင္းတြင္ လမ္းသြားလမ္းလာမ်ား ျဖစ္မည္ဟု ထင္မိသည္။ သို႔ေသာ္ ထိုလူႏွစ္ေယာက္သည္ ေနာ္မန္ေနထိုင္ရာ အိမ္ႀကီးရွိရာသို႔ ဦးတည္လာေနၾကျခင္း ျဖစ္သည္။
မိုးေရမ်ားထဲတြင္ ထိုလူႏွစ္ေယာက္၏ ဝိုးတဝါး ပုံသ႑ာန္ကိုသာ အစပိုင္း ျမင္ေတြ႕ရသည္။ သို႔ေသာ္ အခ်ိန္ၾကာလာသည္ႏွင့္ အမွ် လူပုံသ႑ာန္မ်ားသည္ သဲကြဲလာၾကသည္။ အမ်ိဳးသားႏွစ္ဦးျဖစ္သည္။ တစ္ဦးသည္ အမည္းဝမ္းဆက္ အေပၚဝတ္႐ုံႏွင့္ျဖစ္ၿပီး က်န္တစ္ဦးကေတာ့ သာမာန္လယ္သမားမ်ား ဝတ္ေလ့ဝတ္ထ ရွိသည့္ အေပၚပိုင္း အျဖဴေရာင္လက္တို၊ ေအာက္ပိုင္း အညိဳေရာင္ ေဘာင္းဘီပြပြကို ဝတ္ဆင္ထားသည္။ ထိုလူႏွစ္ဦးသည္ ထီးတစ္လတ္ကို မွ်၍ ေစာင္းလာၾကၿပီး အဆမတန္ သည္းထန္ေနေသာ မိုးေၾကာင့္ ႏွစ္ဦးစလုံး ႐ြဲ႐ြဲစိုေနၾကသည္။ လယ္သမားဝတ္စုံႏွင့္လူသည္ ထီးကိုကိုင္ထားသည္။ ထီး၏ အေရာင္မွာ အမည္းေရာင္ျဖစ္သည္။
အရာရွိေနာ္မန္သည္ အစပိုင္းတြင္ ခ်ီတုံခ်တုံ ျဖစ္ေန၏။ အခ်ိန္မွာ (၁၁)နာရီ ဝန္းက်င္ျဖစ္သည္။ ညႀကီးမင္းႀကီး မိုးထဲေလထဲ မည္သည့္ဧည့္သည္က လာရသနည္း။ ေဆြးေႏြးတိုင္ပင္စရာ ရွိလ်င္ လင္းလင္းရွင္းရွင္း အခ်ိန္မွာ လာသင့္သည္ မဟုတ္လား။ ယခုေတာ့ မုန္တိုင္းၾကားထဲ သန္းေခါင္ယံအခ်ိန္ႀကီး ေပါက္ခ်လာသည့္ ထိုလူႏွစ္ဦးေၾကာင့္ ေနာ္မန္၏စိတ္ထဲ အနည္းငယ္ ကသိကေအာင့္ ျဖစ္သြားသည္မွာ အမွန္ပင္။
ထိုလူႏွစ္ဦးသည္ အိမ္ေပါက္ဝသို႔ ေရာက္ေနၾကၿပီ။ တံခါးေခါက္သံ သဲ့သဲ့ၾကားလိုက္ရသည္။ တံခါးေစာင့္အဖိုးႀကီးမွာ ယခုအခ်ိန္ဆိုလ်င္ မိုးေအးေအးႏွင့္ ေကြးေနေအာင္ အိပ္စက္ေနေလာက္ၿပီ ျဖစ္သည္။ ေနာ္မန္သည္ ေထြေထြထူးထူး စဥ္းစားမေနေတာ့ပဲ လက္ဖက္ရည္ခြက္ကို စားပြဲေပၚခ်လ်က္ ေရနံဆီမီးအိမ္ကို လက္မွာဆြဲၿပီး အိမ္ေအာက္သို႔ ကပ်ာကသီ ဆင္းလာခဲ့သည္။
ဤအိမ္ႀကီးသည္ အရာရွိေနာ္မန္ႏွင့္ အိမ္အမႈထမ္းအနည္းငယ္အတြက္ အင္မတန္ ႀကီးမားလြန္းေနသည္ဟု သတ္မွတ္လို႔ရသည္။ ေနာ္မန္သည္ ေလွကားထစ္မ်ားကို ႏွစ္ဆင့္သုံးဆင့္ ေက်ာ္၍ ဆင္းလိုက္သည္။ အိမ္ေအာက္ထပ္ ေရာက္လ်င္ ဧည့္ခန္းႏွင့္ ထမင္းစားခန္းကို ေက်ာ္ၿပီး အိမ္တံခါးမႀကီးရွိရာကို သူေရာက္သြားသည္။ တံခါးလက္ကိုင္ဘုကို ကိုင္ထားရင္း ဖြင့္ေပးသင့္၊ မေပးသင့္ ေနာ္မန္သည္ တုံ႔ဆိုင္းဆိုင္းျဖစ္ေနေသးသည္။
ထို႔ေနာက္ ေထြေထြထူးထူး စဥ္းစားမေနေတာ့ပဲ အိမ္တံခါးမႀကီးကို ဆြဲဖြင့္လိုက္သည္။ လူႏွစ္ေယာက္သည္ တံခါးေရွ႕တြင္ ေဘးျခင္းယွဥ္၍ ရပ္ေနၾကသည္။ ေနာ္မန္သည္ လက္ထဲရွိ မီးအိမ္ကို ေျမာက္၍ ကိုင္လိုက္ၿပီး လူႏွစ္ဦးကို ေသခ်ာၾကည့္လိုက္သည္။ အမည္းဝမ္းဆက္ႏွင့္လူမွာ သက္လတ္ပိုင္းျဖစ္ၿပီး လယ္သမားဝတ္စုံႏွင့္ လူကေတာ့ လူငယ္လူ႐ြယ္တစ္ေယာက္ျဖစ္သည္။ အမည္းဝမ္းဆက္ႏွင့္လူသည္ အနက္ေရာင္ဦးထုပ္အဝိုင္းတစ္ခုကို ေစာင္းထားေသးသည္။
“ညႀကီး အခ်ိန္မေတာ္ ဘယ္သူေတြမ်ားလဲကြ” ေနာ္မန္သည္ မိုးသံေလသံမ်ားကို ဖုံးေအာင္ က်ယ္ေလာင္ေသာ အသံျဖင့္ ေအာ္၍ေမးလိုက္သည္။
“ဆရာႀကီး.... ကြၽန္ေတာ့္ကို မမွတ္မိဘူးလား” အမည္းဝမ္းဆက္ႏွင့္လူက အရာရွိေနာ္မန္ၾကားေအာင္ ေအာ္ဟစ္ၿပီး ျပန္ေျပာသည္။
“ေဟး... ဘယ္မွတ္မိမတုန္းကြ..၊ ေမွာင္မည္းေနတာကို”
“ကြၽန္ေတာ္ေလ... တိုနီကတ္ဆီေလ၊ လြန္ခဲ့တဲ့ ႏွစ္လတုန္းက၊ ဆရာႀကီး ၿမိဳ႕လည္ေခါင္မွာ ေဟာေျပာပြဲလုပ္တုန္းက ကြၽန္ေတာ္ စင္ေပၚတက္ၿပီး စကားေျပာေပးဖူးတယ္ေလ” အမည္းဝမ္းဆက္ႏွင့္ တိုနီကတ္ဆီဆိုသူက ေျပာသည္။
သူတို႔သုံးဦးသည္ မ်က္ႏွာခ်င္းဆိုင္ရွိေနၾကေသာ္လည္း တစ္မိုင္ေလာက္ ျခားေနသည့္အလား ေအာ္ဟစ္ေျပာဆိုေနၾကရ၏။
ေနာ္မန္သည္ တိုနီကတ္ဆီဆိုသူအား မွတ္မိသြားသည္။ ကတ္ဆီသည္ ဤၿမိဳ႕တစ္ခုလုံးတြင္ နာမည္ႀကီးသည့္ ခင္ႀကီးဘြဲ႕ရ တရားေဟာဆရာတစ္ေယာက္ ျဖစ္သည္။ လြန္ခဲ့သည့္ ႏွစ္လခန္႔က ရထားလမ္းေဖာက္လုပ္ေရးအတြက္ ၿမိဳ႕ထဲမွာ ေဟာေျပာပြဲလုပ္ခဲ့စဥ္က ကတ္ဆီက အေရးပါသည့္ ပုဂၢိဳလ္တစ္ဦးအေနျဖင့္ တက္ေရာက္ ေဟာေျပာခဲ့ဖူးသည္။
ညႀကီးအခ်ိန္မေတာ္ တံခါးလာေခါက္သည့္အတြက္ ေဒါသျဖစ္ေနေသာ ေနာ္မန္သည္ တရားေဟာဆရာမွန္း သိသြားေသာအခါ ခ်က္ခ်င္း ေလသံေျပာင္းသြားသည္။
“ကတ္ဆီရယ္...၊ ညဘက္ႀကီးဆိုေတာ့ ခင္ဗ်ားပုံစံကလည္း ႂကြက္စုတ္တစ္ေကာင္လိုျဖစ္ေနေတာ့ က်ဳပ္က ဘယ္မွတ္မိပါ့မလဲ၊ လာစမ္းပါဦး၊ အိမ္ထဲအရင္ ဝင္ၾကပါဦး။ ဒီကလူငယ္ေလးကေကာ ဘယ္သူမ်ားလဲ။ အို.. အိမ္ထဲေရာက္မွပဲ မိတ္ဆက္ၾကတာေပါ့။ ခင္ဗ်ားတို႔ႏွစ္ေယာက္လုံး စို႐ြဲေနတာ အေအးေတြ ဘာေတြ မိကုန္ဦးမယ္။ ဝင္ၾက၊ ဝင္ၾက” ေနာ္မန္သည္ အိမ္တံခါးကို အဆုံးထိ ဖြင့္ေပးလိုက္ၿပီး အိမ္ထဲသို႔ ဝင္ရန္ ဖိတ္ေခၚလိုက္သည္။
တရားေဟာဆရာ ကတ္ဆီႏွင့္ သူနဲ႔အတူပါလာေသာ လူငယ္သည္ အလြန္႐ိုေသေသာ အမူအယာျဖင့္ အိမ္ထဲသို႔ ဝင္လာၾကသည္။ ေနာ္မန္သည္ အိမ္တံခါးကို ျပန္ပိတ္လိုက္သည္။ တံခါးပိတ္သံႏွင့္အတူ တုန္ဟီးေနေသာ မိုးႀကိဳးပစ္သံတစ္ခ်က္မွာ တိုက္တိုက္ဆိုင္ဆိုင္ ထြက္ေပၚလာသည္။
“ကဲ.... အရင္ဆုံး ဧည့္ခန္းထဲမွာ ဝင္ထိုင္ၾကပါဦး” ေနာ္မန္ကေျပာသည္။ “က်ဳပ္ ခင္ဗ်ားတို႔ႏွစ္ေယာက္အတြက္ လက္ဖက္ရည္နဲ႔ အဝတ္ေျခာက္ေတြ ယူလာေပးမယ္။ ေႏြးေႏြးေထြးေထြး ျဖစ္သြားေအာင္။ လာရင္းကိစၥကို ေနာက္မွေျပာၾကတာပါ့”
တရားေဟာဆရာသည္ ဦးထုပ္ကို ေပါင္ေပၚသို႔ တင္၍ ထိုင္ခုံတစ္ခုေပၚတြင္ ဝင္ထိုင္လိုက္သည္။ အတူပါလာေသာ လူငယ္သည္လည္း တရားေဟာဆရာ၏ ေဘးတြင္ ကုပ္ကုပ္ကေလး ဝင္ထိုင္သည္။ အရာရွိေနာ္မန္သည္ ေနရာထိုင္ခင္း ျပၿပီးၿပီ ျဖစ္တာေၾကာင့္ မီးဖိုခန္းအတြင္းသို႔ ဝင္ၿပီး လက္ဖက္ရည္ပန္းကန္လုံးမ်ားႏွင့္ အဝတ္အျဖဴမ်ား ယူလာေပးသည္။
“လက္ဖက္ရည္ပူေလး အရင္ေသာက္လိုက္” ေနာ္မန္ကေျပာသည္။ “ ေရကိုေျပာင္ေအာင္သုတ္။ ဒါဆို ေႏြးသြားလိမ့္မယ္။ ခင္ဗ်ားတို႔ႏွစ္ေယာက္ကလည္း ညဘက္ႀကီး မုန္တိုင္းတိုက္ေနတာကို ထီးတစ္လတ္တည္းနဲ႔ မိုးကာမပါ ဘာမပါ လာၾကတယ္လို႔။ ဘယ္ေလာက္မ်ားအေရးႀကီးတဲ့ ကိစၥရွိလို႔မ်ားလဲဗ်ာ။”
တရားေဟာဆရာ ကတ္ဆီႏွင့္ လူငယ္သည္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ အျပန္အလွန္ၾကည့္ၿပီး အားနာသေယာင္ ခ်ီတုံခ်တုံ ျဖစ္ေနၾကသည္။
“အရင္ဆုံး ရာသီဥတု ဆိုး႐ြားေနခ်ိန္ ညႀကီးမင္းႀကီး တံခါးေခါက္မိတဲ့အတြက္ ေတာင္းပန္ပါရေစ မစၥတာဖိုစတာ” တရားေဟာဆရာ ကတ္ဆီက ေျပာသည္။
“က်ဳပ္ကို ရင္းရင္းႏွီးႏွီး ေနာ္မန္လို႔ပဲ ေခၚစမ္းပါ” ေနာ္မန္က ၿပဳံး၍ ျပန္ေျဖသည္။
“ဟုတ္ပါၿပီ...ဟို..ေနာ္မန္။ ညႀကီးမင္းႀကီး လာမိတဲ့အတြက္ ေတာင္းပန္ပါတယ္” ကတ္ဆီက ဆက္၍ေျပာသည္။ “လြန္ခဲ့တဲ့ (၂)လ ေဟာေျပာပြဲမွာတုန္းက ခင္ဗ်ားေျပာခဲ့တာ မွတ္မိသလား။ ရထားလမ္းေဖာက္တဲ့ ကိစၥနဲ႔ ပတ္သတ္ၿပီး ေဆြးေႏြးတိုင္ပင္စရာရွိရင္ အခ်ိန္မေ႐ြး ဒီအိမ္ကို တံခါးလာေခါက္ဖို႔ေျပာခဲ့တာေလ”
“ဟုတ္ပါတယ္ဗ်ာ... ဟုတ္ပါတယ္၊ က်ဳပ္စကားကို က်ဳပ္မွတ္မိပါတယ္။” ေနာ္မန္က ေခါင္းၿငိမ့္ေထာက္ခံသည္။
တကယ္လည္း ရထားလမ္းႏွင့္ ပတ္သတ္ၿပီး ေဆြးေႏြးတိုင္ပင္စရာရွိလ်င္ အခ်ိန္မေ႐ြး လာခဲ့ရန္ သူေျပာခဲ့ဖူးပါသည္။
“အစကေတာ့... မနက္မိုးလင္းမွပဲ လာမလို႔ပါပဲ ေနာ္မန္ရာ၊ ဒါေပမဲ့ ဒီကမက္သ႐ူးက အလ်င္လိုေနလို႔ ညႀကီးမင္းႀကီး လာခဲ့တာပါ၊ မိုးကလည္း ကြၽန္ေတာ္တို႔ထြက္လာၿပီးမွ ႐ြာတာပဲ၊ ျမင္းလွည္းလည္း ငွားလို႔မရေတာ့ ထီးတစ္ေခ်ာင္းကို ႏွစ္ေယာက္ မွ်ေဆာင္းၿပီး လမ္းေလ်ာက္လာခဲ့ရတာပဲဗ်ာ...၊ အစက ခင္ဗ်ားအိပ္ေနၿပီထင္ၿပီး လွည့္ျပန္ေတာ့မလို႔၊ ဒါေပမဲ့ ျပတင္းေပါက္မွာ ရပ္ေနတာျမင္ေတာ့ ေရာက္လက္စနဲ႔ တစ္ခါတည္း ဝင္လိုက္ေတာ့မယ္ဆိုၿပီး ဆုံးျဖတ္လိုက္တာဗ်ာ”
တရားေဟာဆရာ ကတ္ဆီသည္ မက္သ႐ူးဆိုသည့္ လယ္သမားဝတ္စုံႏွင့္ လူငယ္ကို တစ္ခ်က္လွမ္းၾကည့္ရင္း ေျပာသည္။ မက္သ႐ူးသည္ ပိန္ပိန္ပါးပါး ျဖဴျဖဴသန႔္သန႔္ လူငယ္တစ္ဦးျဖစ္၏။ သူ႔ရဲ႕ ဆံပင္သည္ အနည္းငယ္ေကာက္ေကြးၿပီး ႀကီးမားေသာ လက္ဖဝါးမ်ားေၾကာင့္ လယ္သမားမ်ိဳး႐ိုးျဖစ္မည္ဆိုတာ သိသာေနသည္။ ေနာ္မန္သည္ မက္သ႐ူးဆိုသည့္ လူငယ္ကို ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ ၾကည့္သည္။
“ဆိုေတာ့... ဒီကလူငယ္ေလးရဲ႕ နာမည္က မက္သ႐ူးေပါ့” ေနာ္မန္က ေမးလိုက္သည္။
“ဟုတ္ပါတယ္..ဆရာ၊ ကြၽန္ေတာ့္နာမည္ မက္သ႐ူးဘိတ္ကာပါ” မက္သ႐ူးက ေခါင္းအႀကိမ္ႀကိမ္ ၿငိမ့္ၿပီး ျပန္ေျဖသည္။
“ငါေဟာေျပာပြဲ လုပ္တုန္းက မင္းရွိေနခဲ့လား”
“ဟုတ္...၊ ကြၽန္ေတာ္ အဲ့ေန႔က စင္ေအာက္မွာ ရွိေနခဲ့ပါတယ္”
“ေအးကြာ... ငါလည္း အဲဒီေန႔ ေဟာေျပာပြဲတုန္းက မင္းတို႔လို႔ လူငယ္ေတြကို အဓိက ရွိေစခ်င္ခဲ့တာ။” ေနာ္မန္ကေျပာသည္။ “ ဘာလို႔ဆိုေတာ့ ဒီရထားလမ္းေဖာက္လုပ္ၿပီးရင္ မင္းတို႔ၿမိဳ႕က အမ်ားႀကီး ေျပာင္းလဲသြားမွာ။ လမ္းပန္းဆက္သြယ္ေရး ဆိုတာ ေဒသတစ္ခုမွာ အေရးႀကီးဆုံးပဲကြ။ အခုရထားလမ္းက ၿမိဳ႕ေပါင္းမ်ားစြာကို ျဖတ္သန္းလာတာ။ အရင္က လွည္းနဲ႔ ရက္ခ်ီေအာင္သြားရမဲ့ ၿမိဳ႕ေတြကို ရထားနဲ႔ဆိုရင္ နာရီပိုင္းအတြင္း သြားလို႔ရလိမ့္မယ္။ အရင္လို ဒီႏြားေျခရာခြက္ထဲမွာပဲ မိဘလုပ္တာ လိုက္လုပ္ရင္း တိုးတက္မႈလမ္း ေပ်ာက္ေနေတာ့မွာ မဟုတ္ဘူးကြ။ အဲ့ေန႔တုန္းက ငါအဓိကေျပာခ်င္တာ လူငယ္ေတြဆီကို။ ဒါေပမဲ့ တစ္အိမ္တစ္ေယာက္လာရမယ္ဆိုေတာ့ အမ်ားစုက လုပ္ငန္းခြင္ မဝင္ႏိုင္တဲ့ သက္ႀကီး႐ြယ္အိုႀကီးေတြခ်ည္း လြတ္လိုက္ၾကေတာ့ ငါ့မွာ ဖီးငုပ္သြားတာေပါ့ကြာ။ ဒါေပမဲ့ မင္းတို႔လို လူငယ္အခ်ိဳ႕ ပါဝင္ေနေသးေတာ့ ေျဖသာပါေသးတယ္။ ဆိုေတာ့... မက္သ႐ူး။ မင္းေကာ ဒီရထားလမ္းေဖာက္တဲ့ ကိစၥနဲ႔ ပတ္သတ္ၿပီး ဘယ္လိုျမင္သလဲ။”
မက္သ႐ူးသည္ အနည္းငယ္ ေၾကာင္အမ္းအမ္း ျဖစ္သြား၏။ သူသည္ ေဘးနားတြင္ ထိုင္ေနေသာ တရားေဟာဆရာ ကတ္ဆီ့ထံကို တစ္ခ်က္လွန္းၾကည့္သည္။ ကတ္ဆီက တစ္ခုခုေျပာလိုက္ေလဟု မ်က္ႏွာရိပ္ မ်က္ႏွာကဲ အမူအယာျဖင့္ လုပ္ျပသည္။
“ကြၽန္ေတာ္သေဘာက်ပါတယ္...ဆရာ.. အဲ.. အရာရွိေနာ္မန္။ ဆရာေျပာသလို လမ္းပန္းဆက္သြယ္ေရးမွာ ဒီေဒသက အျခားေဒသေတြနဲ႔ ယွဥ္ရင္ အရမ္းႏွိမ့္ေနေသးတာ ကြၽန္ေတာ္သိပါတယ္။ ႏြားေျခရာခြက္နဲ႔ တူတဲ့ ဒီဇနပုဒ္ၿမိဳ႕ေလးကို ထြက္လမ္းတစ္ခုအေနနဲ႔ ဒီရထားသံလမ္းႀကီးကို ဘုရားသခင္က ဆုလာဘ္တစ္ခုအေနနဲ႔ ပို႔ေပးလိုက္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ရထားသံလမ္းသာ ေဖာက္လုပ္ၿပီးလို႔ ဒီၿမိဳ႕မွာ ဘူတာ႐ုံတစ္ခု တည္ႏိုင္ရင္ အရာရာ သိသိသာသာ ေျပာင္းလဲသြားမယ္ဆိုတာ ကြၽန္ေတာ္ယုံၾကည္ထားပါတယ္။” မက္သ႐ူးက စကားဆုံးေတာ့ လက္ဖက္ရည္ခြက္ကို ငုံ႔ၿပီး ေသာက္လိုက္သည္။
မက္သ႐ူး၏ ေလသံက အားနာပါးနာ ခ်ီးက်ဴးတဲ့ ေလသံဆိုေသာ္လည္း အရာရွိေနာ္မန္ကေတာ့ သူ႔ရဲ႕ လုပ္ငန္းကို အေကာင္းေျပာတဲ့အတြက္ မ်က္ႏွာတစ္ခုလုံး ဝင္းပသြားၿပီး ရင္ဘတ္တစ္ခုလုံး အတန္ငယ္ ျမင့္တက္သြား၏။
“အခုလို ၾကားရတာ ဝမ္းသာတယ္ကြာ” ေနာ္မန္ကေျပာသည္။ “မင္းတို႔ အ႐ြယ္ဆိုတာ အမ်ားႀကီးျဖတ္သန္းရဦးမွာ။ ဒီဇနပုဒ္မွာပဲ အသက္ႀကီး၊ အ႐ိုးေဆြး မသြားေစခ်င္ဘူး။ တစ္ႏွစ္တစ္ခါေလာက္ ပိုက္ဆံေလးစုၿပီး ၿမိဳ႕ႀကီးျပႀကီးေတြဆီ တက္လည္တာမ်ိဴးေလာက္နဲ႔ မင္းတို႔ဘဝကို မဆုံးသြားေစခ်င္ဘူး။ အခုရထားလမ္းသာေဖာက္ၿပီးရင္ မင္းသိလား မက္သ႐ူး။ စိန႔္ကာတားၿမိဳ႕ကို ေန႔ခ်င္းျပန္ ခရီးထြက္လို႔ရတယ္ဗ်ာ။ ဘယ္ေလာက္ေကာင္းသလဲ။ အစိုးရက ငါ့ကို ဒီတာဝန္ေပးေတာ့ ငါ့မွာဝမ္းသာလိုက္ရတာ။ အျခားလူတစ္ေယာက္ေကာင္းစားဖို႔ တာဝန္ထမ္းရတာ အင္မတန္ ဂုဏ္ယူစရာေကာင္းတယ္မဟုတ္လား မက္သ႐ူးရယ္...ဟဲဟဲ။”
အထက္စီးနင္းႏိုင္သေယာင္ရွိသည့္ ေလသံျဖင့္ ကိုယ့္ဂုဏ္ကိုယ္ေဖာ္ေနေသာ ေနာ္မန္ေၾကာင့္ တရားေဟာဆရာ ကတ္ဆီႏွင့္ မက္သ႐ူးသည္ မအီမလည္ ေယာင္တိေယာင္ကန္း ျဖစ္ေနၾကသည္။
မိုးေရသည္ စက္ခလုပ္ပိတ္လိုက္သကဲ့သို႔ ရပ္တန႔္သြားသည္။ ေကာင္းကင္သည္ ကြက္တိကြက္က်ား တိမ္အခ်ိဳ႕မွလြဲ၍ အနည္းငယ္ ၾကည္လင္လာၿပီး လ်ပ္စီးမ်ားမွာ ရပ္တန႔္သြားသည္။ တစ္ခ်က္တစ္ခ်က္ မိုးခ်ိန္းသံအခ်ိဳ႕မွလြဲ၍ ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္သြား၏။ အေဝးတစ္ေနရာက ဖားအခ်ိဳ႕၏ ေအာ္ျမည္သံမ်ားလည္း ထြက္ေပၚလာသည္။
“ထားပါေတာ့ေလ... မိုးလည္းတိတ္သြားၿပီ။ ညလည္း အရမ္းနက္ေနၿပီဆိုေတာ့ ခင္ဗ်ားတို႔ႏွစ္ေယာက္ လာရင္းကိစၥကိုသာ ေျပာပါေတာ့..။ က်ဳပ္စကားမ်ားေနတာနဲ႔ပဲ မိုးလင္းေတာ့မယ္” ေနာ္မန္က အဓိကအေၾကာင္းအရင္းကို ေမးလိုက္သည္။
တရားေဟာဆရာ ကတ္ဆီႏွင့္ မက္သ႐ူးမွာ လႈပ္လႈပ္ရွားရွား ျဖစ္သြားသည္။ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး အားနာေနဟန္လည္းေပၚသည္။ တရားေဟာဆရာက သူ၏ေအာက္ႏႈတ္ခမ္းကို အေပၚသြားႏွင့္ ျခစ္ေနသည္။ လူငယ္ကေတာ့ ကုန္သြားၿပီျဖစ္တဲ့ လက္ဖက္ရည္ခြက္ကို ခပ္ေတြေတြ ေငးၾကည့္ေန၏။အရာရွိေနာ္မန္မွာ စိတ္မရွည္ေတာ့။ ဘယ္အရာကို ေရးႀကီးခြင္က်ယ္ လုပ္ေနၾကသနည္းဟု ေတြးလိုက္မိသည္။
“ဘာေတြ အားနာေနၾကတာလဲ။ ညႀကီး အခ်ိန္မေတာ္ ေရာက္လာတုန္းက တစ္ခါအားနာၿပီးၿပီ မဟုတ္လား။ အခုဘာအတြက္ အားနာေနၾကျပန္ၿပီလဲ။” မေနႏိုင္ေတာ့တဲ့ အဆုံး ေနာ္မန္ကပင္ ေလသံခပ္မာမာျဖင့္ ေျပာလိုက္ရ၏။
“ေကာင္းၿပီ...မက္သ႐ူး။ မင္းကိစၥကို မင္းပဲရွင္းျပလိုက္ေတာ့။ ငါေျပာရင္ ၾကားခံလိုျဖစ္ေနလိမ့္မယ္။” တရားေဟာဆရာက မက္သ႐ူးဘက္ကို လွည့္ၿပီးေျပာသည္။
မက္သ႐ူးသည္ တရားေဟာဆရာ ကတ္ဆီကိုတစ္ခ်က္ ေနာ္မန႔္ကိုတစ္ခ်က္ ၾကည့္သည္။ မက္သ႐ူး၏ ပုဇြန္တစ္ေကာင္ကဲ့သို႔ ျပဴးက်ယ္ေသာ မ်က္လုံးမ်ားက မဝဲ့မရဲ စိုးထိပ္မႈေၾကာင့္ ပို၍ ျပဴးက်ယ္လာသေယာင္ ထင္မွတ္ရသည္။
“ရထားလမ္းနဲ႔ ဆိုင္တဲ့ကိစၥမဟုတ္လား” ေနာ္မန္က ေမးလိုက္သည္။
မက္သ႐ူးက ေခါင္းၿငိမ့္ျပသည္။
“အင္မတန္ အေရးႀကီးလြန္းတဲ့ ကိစၥေတာ့မဟုတ္ပါဘူး ဆရာရယ္”
“ဟာ.... မက္သ႐ူးရယ္၊ အေရးကိစၥတိုင္းမွာ ႀကီးတယ္၊ ငယ္တယ္ဆိုၿပီး မရွိပါဘူးကြာ။ ကိစၥတိုင္းက ကိစၥေတြပဲမဟုတ္လား။ ျပႆနာေတြက ျပႆနာေတြပဲမဟုတ္လား။ ျပႆနာေသးေသးေလးကို မျပဳျပင္ပဲ ထားလိုက္ရင္ တစ္ခ်ိန္က်ရင္ ျပႆနာအႀကီးႀကီး ျဖစ္သြားႏိုင္တယ္ေလ။ လုပ္စမ္းပါ။ လာရင္းကိစၥကို ပြင့္ပြင့္လင္းလင္းသာ ေျပာစမ္းပါ။ ” ေနာ္မန္က အားမလို အားမရ ေလသံျဖင့္ ထပ္ေမးျပန္သည္။
မိုးခ်ိန္းသံ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာသည္။ မိုးသည္ ေနာက္တစ္ႀကိမ္ ႐ြာသြန္းလာသည္။ ေကာင္းကင္မွ ျပဳတ္က်လာသည့္ မိုးစက္မိုးေပါက္မ်ား၏ မညႇာမတာ ႐ိုက္ခတ္မႈေၾကာင့္ ေျမျပင္သည္ ခပ္တိုးတိုး ေအာ္ဟစ္ညည္းညဴလ်က္ ရွိသည္။
“ကြၽန္ေတာ္ ငယ္စဥ္ေတာင္ေက်းကေလးဘဝတုန္းက အဘိုး၊ အဘြားေတြ ၾကားမွာ ႀကီးျပင္းလာခဲ့ရတာပါ” မက္သ႐ူးက စကားလမ္းေၾကာင္းကို စတင္လိုက္သည္။
“အတူတူပဲ၊ ငါလည္း ငါ့အေဖက ေသနတ္ပစ္ေလာင္းကစားပြဲမွာ ေသသြားေတာ့ ငါ့အဘိုးကပဲ အ႐ြယ္ေရာက္တဲ့အထိ ပ်ိဳးေထာင္ခဲ့တာပဲ။ ထားပါေတာ့ စကားကိုဆက္ပါဦး” အရာရွိေနာ္မန္က မက္သ႐ူး ႏႈတ္သြက္သြားေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ စကားဝင္ေထာက္လိုက္သည္။
“ငယ္ငယ္တုန္းက ဒီၿမိဳ႕က အခုထက္ေတာင္ ပိုၿပီး ဆင္းရဲခ်ိဳ႕တဲ့ပါတယ္။ အခုထက္အမ်ားႀကီးပိုဆိုးတယ္။ လမ္းေတြဆိုတာ ညစ္ပတ္ေနတာပဲ။ တကယ့္႐ြာသာသာ အဆင့္ပဲရွိတဲ့ ၿမိဳ႕ကေလးေပါ့ဗ်ာ” မက္သ႐ူးက ႏႈတ္သြက္လွ်ာသြက္ ျဖစ္လာသည္။
“ကြၽန္ေတာ့္အေဖက စစ္ထဲမွာ က်ဆုံးသြားတယ္” မက္သ႐ူးက ဆက္၍ေျပာသည္။ “အေဖေသေတာ့ အေမ့ဘက္က အဖိုးနဲ႔ အဘြားက ကြၽန္ေတာ့္ကိုေမြးစားတယ္။ တကယ္တမ္း ကြၽန္ေတာ့္ဘဝမွာ အဖိုးနဲ႔ အဘြားကသာ ကြၽန္ေတာ့္ရဲ႕ မိဘအရင္းေတြလိုပဲ။ အဖိုးက ကြၽန္ေတာ့္ကို မ်က္စိေအာက္ကေတာင္ အေပ်ာက္မခံဘူး။ ဆင္းရဲတဲ့ လယ္သမားေတြဆိုေပမဲ့ အဖိုးနဲ႔ အဘြားက ကြၽန္ေတာ့္ကို အၿမဲ ဝဝလင္လင္ ေကြၽးေမြးခဲ့တယ္။”
စကားကို ခဏရပ္ၿပီး မက္သ႐ူးသည္ တရားေဟာဆရာႏွင့္ အရာရွိေနာ္မန္ကို ေစ့ေစ့စပ္စပ္ ၾကည့္သည္။ အရာရွိေနာ္္မန္က အင္မတန္ စိတ္လိုလက္ရ လိုလိုခ်င္ခ်င္ ရွိေနဟန္ျဖင့္ နားေထာင္လ်က္ရွိ၏။ မက္သ႐ူးသည္ စကားကိုဆက္သည္။
“အဲ့တာနဲ႔ ကြၽန္ေတာ့္ ငယ္ဘဝက ဆရာေျပာသလိုပဲ ဒီႏြားေျခရာခြက္ထဲက ဖားတစ္ပိုင္း ငါးတစ္ပိုင္းလို ႀကီးျပင္းခဲ့ရတာေပါ့။ ဒီၿမိဳ႕အေၾကာင္းကို အဖိုးနဲ႔ အဘြားရဲ႕ ေျပာျပမႈေတြေၾကာင့္ ၿမိဳ႕တစ္ခုလုံးနဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာေတြ အားလုံးနီးပါ ကြၽန္ေတာ္သိထားခဲ့တယ္”
အရာရွိေနာ္မန္သည္ အနည္းငယ္ ပ်င္းရိလာသလို အေညာင္းဆန႔္လိုက္သည္။ ထို႔ေၾကာင့္ မက္သ႐ူး၏ မ်က္ႏွာမွာ သိသိသာသာ ပ်က္သြားသည္။
“အို... ေဆာ္တီး မက္သ႐ူးရယ္။ ဒီကလူအိုႀကီးက တစ္ေနရာရာမွာ အၾကာႀကီးထိုင္လိုက္ရင္ အေညာင္းအညာ ဆန႔္ရလို႔ပါကြာ။ မင္းေျပာတာကို ငါစိတ္ဝင္တစား နားေထာင္ေနပါတယ္။ ရထားသံလမ္းနဲ႔ ပတ္သတ္လာမဲ့ ေနရာကို အဓိကထားၿပီးေျပာစမ္းပါ” ေနာ္မန္က ေတာင္းဆိုသည္။
“ေတာင္းပန္ပါတယ္ဆရာ... ကြၽန္ေတာ္ စကားရွည္သြားတယ္”
“ဟာ... မဟုတ္တာ။ တစ္ညလုံး ထိုင္ေျပာလည္းရတယ္။ အဓိကက ရထားသံလမ္းေဖာက္မဲ့ ကိစၥနဲ႔ သက္ဆိုင္ေနရင္ ၿပီးေရာ…”
အရာရွိေနာ္မန္ႏွင့္ မက္သ႐ူးသည္ အျပန္အလွန္ အားနာလ်က္ရွိၾက၏။ စကားမွာ အေရွ႕ကို မေရာက္ေတာ့။ တရားေဟာဆရာ ကတ္ဆီသည္ ထိုင္ေနရာမွ ထ၍ ျပတင္းေပါက္ရွိရာကို ေလ်ာက္သြားၿပီး အျပင္ဘက္ကို ေငးေမာၾကည့္ေနလိုက္သည္။
“ဒါဆို ကြၽန္ေတာ္တို႔ လိုရင္းကိုပဲ သြားလိုက္ရေအာင္...ဆရာ”
“အေကာင္းဆုံးေပါ့ကြာ။ လိုရင္းကိုပဲ အေသးစိတ္ ေဆြးေႏြးၾကတာေပါ့။”
မက္သ႐ူးသည္ တစ္ခ်က္ေခါင္းၿငိမ့္ျပၿပီး သူ၏ အက်ႌရင္ဘတ္ထဲသို႔ လက္ႏႈိက္လိုက္သည္။ အရာရွိေနာ္မန္သည္ အက်ႌထဲ လက္ႏႈိက္ေနေသာ မက္သ႐ူးအား နားမလည္သလို မ်က္ေမွာင္က်ဳံ႕၍ ၾကည့္ေနသည္။
မက္သ႐ူး၏ လက္ အက်ႌအတြင္းမွ ျပန္ထြက္လာခ်ိန္တြင္ လက္ထဲတြင္ စကၠဴအပိုင္းအစ တစ္ခု ပါလာသည္။ စကၠဴပိုင္းကေလးမွာ ေခါက္႐ိုးမ်ားက်ိဳးၿပီး ဝါထိန္ေနသည့္ ေျမပုံငယ္တစ္ခုျဖစ္သည္။
“ဟာ... သြားပါၿပီဗ်ာ။ မိုးေရထဲလာခဲ့ရေတာ့ ေျမပုံကၿပဲစုတ္ေနၿပီ” မက္သ႐ူးသည္ စိတ္ရႈပ္သြားဟန္ျဖင့္ ညည္းညဴသည္။
“ေဟ့ေကာင္... အဲ့တာ ဒီၿမိဳ႕ရဲ႕ ေျမပုံမဟုတ္လားကြ” ေနာ္မန္က ၿပဲစုတ္ေနေသာ ေျမပုံေလးကို ဂ႐ုတစိုက္ၾကည့္ၿပီး ေျပာသည္။ “အဲ့တာဆို ငါ့ဆီမွာလည္း ရွိတယ္ေလ။ မင္းကလည္းကြာ။ ငါကဒီၿမိဳ႕မွာ ရထားလမ္းလာေဖာက္တဲ့ေကာင္ပါကြ။ ငါ့အိမ္မွာလည္း ေျမပုံရွိပါတယ္။ ခဏေစာင့္ ငါသြားယူလိုက္ဦးမယ္။”
အရာရွိေနာ္မန္သည္ ထိုင္ေနရာမွ အလ်င္တေစာ ထၿပီး အိမ္အေပၚထပ္သို႔ တက္သြားေလသည္။ ထိုအခ်ိန္တြင္ မက္သ႐ူးႏွင့္ တရားေဟာဆရာ ကတ္ဆီတို႔ ႏွစ္ေယာက္တည္း ဧည့္ခန္းထဲမွာ က်န္ေနခဲ့သည္။
“ညဘက္ႀကီး လာမိတာ မွားၿပီထင္တယ္ဗ်ာ” မက္သ႐ူးက မသဲမကြဲ ခပ္တိုးတိုး ေရ႐ြတ္သည္။
တရားေဟာဆရာ ကတ္ဆီကေတာ့ ဘာမွမၾကားသလို အျပင္ဘက္မိုးေရထဲကိုသာ ေငးေမာေနသည္။
ခဏအၾကာတြင္ ေနာ္မန္ျပန္ဆင္းလာသည္။ သူ႔လက္ထဲတြင္ အင္မတန္ ႀကီးမားေသာ စားပြဲတင္ေျမပုံႀကီးတစ္ခု ကိုင္ထားသည္။
“ကဲ... မက္သ႐ူး။ ဒီမွာ ေျမပုံရၿပီ” ေနာ္မန္သည္ ေျမပုံႀကီးကို မက္သ႐ူးထံ လွမ္းေပးရင္း ေျပာသည္။
မက္သ႐ူးသည္ ေျမပုံကို စားပြဲေပၚျဖန႔္ခင္းၿပီး ေရနံဆီမီးအိမ္ျဖင့္ ေသခ်ာၾကည့္ရႈ ရွာေဖြသည္။
“ဒီမွာ ဆရာ” မက္သ႐ူးကေျပာသည္။ “ ဒီနားေလးကို ဆရာသိသလား။ အခု ရထားလမ္းက ဒီေနရာကိုျဖတ္ၿပီး ေဖာက္သြားမွာမဟုတ္လား။”
အရာရွိေနာ္မန္သည္ မက္သ႐ူး ေထာက္ျပေသာ ေျမပုံေနရာကို ေသခ်ာၾကည့္သည္။ ေျမကြက္လပ္တစ္ခု အျဖစ္ ေဖာ္ျပထားသည္။ ၿမိဳ႕၏ အလယ္ပိုင္းသို႔ က်သည္။ ရထားလမ္းသည္ ထိုေနရာႏွင့္ (၂)မိုင္ခန႔္ အကြာအထိ ေဆာက္လုပ္ထားၿပီးျဖစ္သည္။
“ေအးေလကြာ...။ ၿမိဳ႕လယ္ေခါင္ဘက္ အရမ္းမေရာက္ေအာင္နဲ႔ ၿပီးေတာ့ လူေနအိမ္ေတြ နည္းတဲ့ဘက္မွာ ေဖာက္တာဆိုတဲ့ ေျမကြက္လပ္မ်ားတဲ့ေနရာေတြကို တိုင္းၿပီး ေဖာက္ခဲ့တာပဲ။ ဟုတ္တယ္။ မၾကာခင္ရက္ပိုင္းဆို ဒီေနရာကို ေရာက္ေတာ့မွာ။ ဘာျဖစ္လို႔လဲကြ။ အဲဒီ့ေနရာက” ေနာ္မန္က မ်က္ေမွာင္က်ဳံ႕လ်က္ ေျမပုံကို ၿဖဲသဲၾကည့္ရင္း ေမးသည္။
“ေျမပုံထဲမွာ ေျမကြက္လပ္လိုမ်ိဳး ျပထားေပမဲ့ တကယ္တန္း အဲဒီ့ေနရာက ေတာအုပ္တစ္ခုပါဆရာ”
“ဘာ… ေတာအုပ္ ဟုတ္သလား။ ဒီလို ၿမိဳ႕လည္က်တဲ့ ေနရာႀကီးမွာ ဘယ္က ေတာအုပ္က ရွိရမွာလဲကြာ။ မင္းဟာက ျဖစ္ႏိုင္လို႔လား။ ေနစမ္းပါဦး။ ေတာအုပ္ျဖစ္ေတာ့ေကာ ဘာထူးသလဲ။ ငါတို႔ရထားလမ္းအတြက္ ရွင္းလင္းခဲ့တဲ့ ေတာေတြမွ အမ်ားႀကီး။ ရထားလမ္းအတြက္ဆိုရင္ ေတာင္တန္းေတြကိုေတာင္ ဟိုဘက္သည္ဘက္ ေပါက္ေအာင္ တူးခဲ့တာပဲကြာ။ ဒီေတာအုပ္ကိုလည္း ရွင္းပစ္လိုက္မွာေပါ့” ေနာ္္မန္က စိတ္ရႈပ္သြားဟန္ျဖင့္ ေျပာသည္။
မက္သ႐ူးသည္ စစ္ကူေတာင္းဟန္ျဖင့္ တရားေဟာဆရာ ကတ္ဆီထံသို႔ လွမ္းၾကည့္သည္။ ကတ္ဆီသည္ သက္မတစ္ခု ပင့္ရႈိက္လိုက္ၿပီး ေျမပုံရွိရာသို႔ ေလ်ာက္လာသည္။ မိုးႀကိဳးတစ္ခ်က္ ပစ္လိုက္သည္။ အင္မတန္ ျပင္းထန္သည့္ မိုးႀကိဳးျဖစ္တာေၾကာင့္ မ်က္ႏွာၾကပ္မွာ ခ်ိတ္ဆြဲထားတဲ့ မီးဆိုင္းမ်ား ဟိုဟိုသည္သည္ လႈပ္ရမ္းသြားသည္။
“မက္သ႐ူးေျပာတာ မွန္ပါတယ္။” ကတ္ဆီကေျပာသည္။“ ဒီေနရာဟာ ၿမိဳ႕လည္ပိုင္းမွာ ထူးထူးျခားျခား တည္ရွိေနတဲ့ ေတာအုပ္တစ္ခုပဲ။ ၿမိဳ႕တစ္ခုလုံး ေမြးျမဴေရးၿခံေတြ လူေနအိမ္ေတြနဲ႔ ျပည့္ေနေပမဲ့ ဒီေတာအုပ္ေနရာကိုေတာ့ လူေတြက ေယာင္လိုေတာင္ ရွင္းလင္းၿပီး ေနထိုင္ဖို႔ မႀကိဳးစားခဲ့ၾကပါဘူး။ အဲ့တာေၾကာင့္ ဒီေနရာဟာ ေတာအုပ္ငယ္တစ္ခုလိုျဖစ္ၿပီး လူသူအေရာက္အေပါက္ မရွိျဖစ္ေနတာပါ”
“ေအး…ဟုတ္ပါၿပီ။ ဘာလို႔ ဒီေနရာကို ၿမိဳ႕ခံလူေတြက မရွင္းလင္းၾကတာလဲ။ ဒီေတာအုပ္အက်ယ္ဆိုရင္ ၿခံဝန္းႀကီးတစ္ခုစာေလာက္ရွိတယ္မဟုတ္လား။ ဘာလို႔ မရွင္းလင္းပဲထားၾကတာလဲဆိုတာ ေျပာျပပါဦး။ ဒီေတာအုပ္ကို မရွင္းရတဲ့ အေၾကာင္းျပခ်က္က ခင္ဗ်ားတို႔ႏွစ္ေယာက္ ဒီလိုလာရတဲ့ အေၾကာင္းျပခ်က္ျဖစ္မယ္ မဟုတ္လား။ ကဲ… ေျပာျပပါဦး။ ဒီေနရာက ဘာလို႔ေတာအုပ္ႀကီးျဖစ္ေနရတာလဲ” အရာရွိေနာ္မန္သည္ သိလိုစိတ္ျပင္းျပမႈ အနည္းငယ္ ပါဝင္ေသာ ေလသံျဖင့္ေျပာ၏။
“ကြၽန္ေတာ္ငယ္စဥ္က အဖိုးျဖစ္သူနဲ႔အတူ ဘုရားေက်ာင္းကို တနဂၤေႏြေန႔တိုင္း သြားရပါတယ္။ အဲ့လို ဘုရားေက်ာင္းသြားတဲ့ေန႔ဆိုရင္ အဲဒီ့ေတာအုပ္ရဲ႕ ေဘးက ျဖတ္ၿပီးသြားရတာ။ အခုအခ်ိန္ဆိုရင္ေတာ့ အဖိုးနဲ႔ အတူလ်ာက္ခဲ့တဲ့ လမ္းတစ္ခုလုံး ေတာအုပ္ရဲ႕ ဝါးၿမိဳတာကို ခံလိုက္ရပါၿပီ။”
“ဟုတ္ၿပီ…မက္သ႐ူး။ မင္းအဘိုးအေၾကာင္း ျပန္ေရာက္သြားၿပီလား။ ဆက္စမ္းပါဦး”
“ဟုတ္ကဲ့...။ ကြၽန္ေတာ္နဲ႔ အဖိုး အဲဒီ့ေတာအုပ္ေဘးက ျဖတ္သြားရတဲ့ အခါတိုင္း အဖိုးက ေတာအုပ္ထဲကို ေယာင္လို႔ေတာင္မၾကည့္ဖို႔ တားျမစ္တယ္။ ကြၽန္ေတာ္လည္း အဖိုးေျပာသလို ေတာအုပ္ေဘးက ျဖတ္ရတဲ့အခါတိုင္း မ်က္ႏွာကို အျခားတစ္ဖက္ကို လြဲၿပီးသြားရတယ္။ ” မက္သ႐ူးကေျပာ၏။
“ေအာ္.... အဲဒီ့ေတာ့ ဒီေတာအုပ္က သရဲတေစၦဘာညာေတြနဲ႔ ပတ္သတ္ေနတာေပါ့..ဟုတ္စ” ေနာ္မန္၏ ေလသံက ေလွာင္သံသဲ့သဲ့ ပါဝင္ေနသည္။
“ေတာအုပ္ျဖစ္တည္လာရတဲ့ အေၾကာင္းကို သမိုင္းနဲ႔ခ်ီၿပီး ကြၽန္ေတာ္ရွင္းျပပါရေစ” တရားေဟာဆရာ ကတ္ဆီက ဝင္ေျပာသည္။ “အရာအားလုံးကို စရရင္ (၁၆)ရာစုဝန္းက်င္ကပဲ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၃၀၀)ေလာက္ကေပါ့။ ဥေရာပတစ္ေလ်ာက္မွာ ဘာသာေရးလႊမ္းမိုးမႈ အရမ္းႀကီးမားၿပီး ဖိုဝါဒကလည္း အင္မတန္ ႀကီးစိုးတယ္။ ၿမိဳ႕ေတြ ႐ြာေတြရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းေတြမွာဆိုရင္ အၿမဲအမ်ိဳးသားေတြခ်ည္းပဲ။ အဲ့ေခတ္မွာ တရားစီရင္မႈေတြကိုလုပ္ရင္ လူလည္ေခါင္ စည္းကားတဲ့ေနရာမွာ လုပ္ေလ့ရွိတယ္။ ေသဒဏ္ေပး ကြက္မ်က္တဲ့အခါမွာလည္း လူလည္ေခါင္မွာ လူအမ်ားရဲ႕အေရွ႕မွာ လုပ္ေလ့ရွိတယ္။ အခုခ်ိန္ထိ အခ်ိဳ႕အရပ္ေတြမွာ လုပ္ေနၾကတုန္းပါပဲ။ ဒါေပမဲ့ အခုခ်ိန္မွာ ေပ်ာက္ကြယ္သြားတဲ့ စနစ္တစ္ခုက....”
တရားေဟာဆရာက တိုတိုႏွင့္လိုရင္းကို စီကာပတ္ကုံး ရွင္းျပေနရင္း စကားကိုရပ္လိုက္သည္။ ထို႔ေနာက္ အရာရွိေနာ္မန္၏ သိခ်င္စိတ္ ျပင္းျပေနသေယာင္ရွိသည့္ မ်က္ႏွာကို စူးစူးစိုက္စိုက္ ၾကည့္လိုက္သည္။ ထို႔ေနာက္ တရားေဟာဆရာ ကတ္ဆီ၏ ပါးစပ္မွ ေလသံခပ္တိုးတိုးျဖင့္ စကားသံတစ္ခု ထြက္ေပၚလာသည္။
“မီးရႈိ႕ကြက္မ်က္နဲ႔ စနစ္ပဲ...”
တရားေဟာဆရာ၏ စကားသံဆုံးသည္ႏွင့္ ဇာတ္တိုက္ထားသည့္အလား မိုးႀကိဳးသံ တစ္ခ်က္မွာ အခ်ိန္ကိုက္ ထြက္ေပၚလာသည္။
“ဟုတ္တယ္....။ မီးရႈိ႕သတ္ျဖတ္တဲ့ စနစ္။ ၿမိဳ႕ေတြ႐ြာေတြမွာ အေမွာင့္ပေရာဂနဲ႔ ပတ္သတ္တဲ့လူေတြ၊ စုန္းကေဝပညာ တတ္ကြၽမ္းတဲ့မိန္းမေတြကို ဘုရားေက်ာင္းနဲ႔ ၿမိဳ႕႐ြာအာဏာပိုင္ေတြက ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ လူလည္ေခါင္မွာ အရွင္လတ္လတ္ မီးရႈိ႕ကြက္မ်က္တဲ့ စနစ္။” တရားေဟာဆရာက စကားကို ရပ္ၿပီး ေနာ္မန႔္ထံသို႔ အကဲခတ္လိုက္သည္။
“မီးရႈိ႕ကြက္မ်က္ၿပီး ေသဒဏ္ေပးတဲ့ စနစ္ကိုေတာ့ က်ဳပ္လည္း ၾကားဖူးပါတယ္..ကတ္ဆီရဲ႕။ ဒါေပမဲ့ ေတာအုပ္နဲ႔ အဲဒီ့ စနစ္နဲ႔က ဘယ္နားမွာ ပတ္သတ္သြားတာလဲ” ေနာ္မန္သည္ စိတ္ရႈပ္ေနသည့္ အားမလိုအားမရ ေလသံျဖင့္ ေမးျပန္သည္။
“အင္း... အဓိကျပႆနာက အဲ့တာပဲဗ်။” တရားေဟာဆရာက စကားကိုဆက္သည္။ “အခုေတာအုပ္ႀကီးက ယခင္တုန္းက ကြပ္မ်က္တဲ့အခါ အသုံးျပဳခဲ့တဲ့ ကြပ္မ်က္စင္ႀကီးရွိခဲ့တဲ့ ေနရာပဲဗ်။ အဲဒီေတာအုပ္ေနရာက အရင္တုန္းက မီးရႈိ႕စီရင္တဲ့ ရင္ျပင္ႀကီးရွိခဲ့တဲ့ေနရာလို႔ သက္ႀကီးပိုင္းေတြက တဆင့္စကား တဆင့္ေျပာခဲ့ၾကတယ္။ ေနာက္ပိုင္း (၁၇)ရာစုေလာက္ကိုေရာက္ေတာ့ စုန္းကေဝေတြကို မီးရႈိ႕သတ္တဲ့ စနစ္ဆိုးက ခ်ဳပ္ၿငိမ္းသြားပါတယ္။ ဒါေပမဲ့ အဲ့ရင္ျပင္ေနရာနဲ႔ ကြပ္မ်က္တဲ့စင္ႀကီးကေတာ့ က်န္ခဲ့တာေပါ့။ လူေပါင္းမ်ားစြာကို အရွင္လတ္လတ္ မီးရႈိ႕သတ္ျဖတ္ခဲ့တဲ့ ေနရာႀကီးမဟုတ္လား။ ၿပီးေတာ့ အသတ္ခံရတဲ့ မိန္းမေတြကလည္း စုန္းမလို႔ စြပ္စြဲခံရတဲ့ မိန္းမေတြေလ။ ေနာက္မ်ိဳးဆက္ေတြေရာက္ေတာ့ အဲဒီ့ေနရာႀကီးကို ႐ြံစရာ၊ ေၾကာက္စရာ ဖုန္းဆိုးေျမလို သတ္မွတ္ၿပီး ေရွာင္ကြင္း ေနထိုင္ခဲ့ၾကတာ။ အခုဆို ၿမိဳ႕လည္ပိုင္းမွာ ေတာႀကီးတစ္ခု လာျဖစ္ေနတဲ့အထိပဲ။ လူႀကီးေတြက ပုံျပင္လိုလို ဘာလိုလိုေတြနဲ႔ ေျခာက္လန႔္ထားေတာ့ ၿမိဳ႕ထဲက လူေတြကလည္း သစ္ပင္တစ္ပင္ေတာင္ မခုတ္ရဲ၊ မရွင္းလင္ရဲဘူးေပါ့ဗ်ာ”
“လူႀကီးေတြ ေျပာခဲ့တဲ့ ပုံျပင္ေတြဆိုတာ ဘယ္လိုေတြမ်ားလဲ... ကတ္ဆီရဲ႕” အရာရွိေနာ္မန္က မေနႏိုင္ မထိုင္ႏိုင္ ဝင္ေမးျပန္၏။
“ကြၽန္ေတာ့္အဖိုး ေျပာျပသေလာက္ဆိုရင္ အဲဒီ ရင္ျပင္နဲ႔ ကြက္မ်က္စင္ႀကီးမွာ အစီရင္ခံခဲ့ရတဲ့ စုန္းမ်ိဳးႏြယ္ေတြကို ပိတ္ေလွာင္ထားတယ္တဲ့။ တစ္ခါက်ေတာ့ ေနာက္ဆုံးအႀကိမ္ မီးရႈိ႕ခဲ့တဲ့ စုန္းမႀကီးက က်ိန္စာအႀကီးအက်ယ္ တိုက္ခဲ့လို႔ အဲဒီကြပ္မ်က္စင္ႀကီးကို လူေတြ ထပ္အသုံးမျပဳၾကေတာ့တာတဲ့။ ၿပီးေတာ့ အဲဒီစင္ႀကီးနားသြားတဲ့ လူေတြ၊ ဒါမွမဟုတ္ စင္ႀကီးကို ေနရာေ႐ႊဖို႔လုပ္တဲ့ လူေတြဆိုရင္ က်ိန္စာသင့္သလို၊ ေျခာက္လန႔္ခံရတာေတြ ရွိတယ္တဲ့ဗ်ာ” မက္သ႐ူးက ဝင္ေျဖသည္။
မိုးက ပိုမို သည္းထန္လာသည္။ ျပင္းထန္ေသာ ေလေၾကာင့္ အိမ္ႀကီးခမွ်ာ ပထဝီေျမႀကီးကို အစြမ္းကုန္ျခစ္ကုပ္ၿပီး ေလနဲ႔အတူ လြင့္စင္မသြားေအာင္ ႀကိဳးစားေနရရွာသည္။ မ်က္ႏွာက်ပ္ရွိ မီးသိုင္းမ်ားႏွင့္ ေပါ့ပါးသည့္ ပရိေဘာဂပစၥည္းမ်ားသည္ ဘယ္မွညာ ညာမွဘယ္သို႔ အဆက္မျပတ္ လႈပ္ရမ္းေနၾက၏။
“ဟူး... ခင္ဗ်ားတို႔ ၿမိဳ႕ကလူေတြက သက္သက္မဲ့ အယူသီးေနတာပဲဗ်ာ။” ေနာ္မန္က အားမနာလွ်ာမက်ိဳး ေျပာသည္။ “ဒါနဲ႔ ၿမိဳ႕ထဲကို ရထားလမ္း ဝင္လာတာ (၂)လေက်ာ္ေတာင္ ရွိၿပီ။ ခင္ဗ်ားတို႔ၿမိဳ႕ကလူေတြက ဒီေတာအုပ္ႀကီးရဲ႕ ရာဇဝင္ကို က်ဳပ္ကို ဘာလို႔ လာမေျပာၾကတာလဲ”
“ဘယ္သူမွမသိလို႔ပါ” ကတ္ဆီက ေျဖ၏။ “မသိဘူးဆိုတာ ရထားလမ္းက အဲ့ေတာအုပ္ကို ျဖတ္မယ္ဆိုတာ ဘယ္သူမွ သတိမထားမိၾကလို႔ပါ။ ဂ႐ုမစိုက္မိဘူးလို႔ ဆိုရင္ ပိုမွန္မယ္။ ၿပီးေတာ့ အစိုးရက ေစခိုင္းတဲ့ အလုပ္ဆိုေတာ့ ၿမိဳ႕ကလူေတြက အထြန႔္မတက္ရဲၾကဘူးေပါ့။ ဒါေပမဲ့ အခု ကြၽန္ေတာ္နဲ႔ မက္သ႐ူး အတူတူ လာအသိေပးၿပီမဟုတ္လား ေနာ္မန္ရဲ႕”
“ဒါသက္သက္မဲ့ အယူသီးတာပါဗ်ာ။ ႏွစ္ေပါင္းကလည္း ရာနဲ႔ခ်ီေအာင္ ၾကာၿပီးေနၿပီ။ ခင္ဗ်ားတို႔ဘာသာ စိတ္ထင္ၿပီး ေၾကာက္လန႔္လို႔ အဲ့ေတာအုပ္ကို မရွင္းလင္းၾကတာပါ။ က်ဳပ္ကေတာ့ ရထားလမ္းႀကီးတစ္ခုလုံးကို ဒီပုံျပင္တစ္ပုဒ္သာသာ ကိစၥအတြက္နဲ႔ အစီအစဥ္ေတြ မေျပာင္းခ်င္ဘူးဗ်ာ” ေနာ္္မန္က ေလသံမာမာျဖင့္ ပြင့္လင္းစြာ ဆို၏။
“ဒါေပမဲ့...ဆရာ။ ဒီအျဖစ္အပ်က္က ဇာတ္လမ္းပုံျပင္တစ္ခုမွ မဟုတ္ဘဲ။ ေတာအုပ္ထဲမွာ ကြပ္မ်က္စင္နဲ႔ ရင္ျပင္ႀကီး တစ္ခုလုံး ရွိေနတာမဟုတ္လား။ အစိုင္အခဲ တစ္ခုအေနနဲ႔ လက္ဆုတ္လက္ကိုင္ ျပႏိုင္တဲ့အရာေတြကို ပုံျပင္ဆိုၿပီး ကြၽန္ေတာ္တို႔ သတ္မွတ္လို႔မရဘူး။ အဲ့တာ သမိုင္းရာဇဝင္တစ္ခုဗ်..ဆရာရဲ႕။တကယ္ျဖစ္ပ်က္ခဲ့တဲ့ အရာေတြကို အခ်ိန္ၾကာသြားတာနဲ႔ ပုံျပင္ေတြပါဆိုၿပီး မ်က္ကြယ္ျပဳထားလို႔မရဘူးဗ်။” မက္သ႐ူး၏ ေလသံက ေနာ္မန႔္အေပၚ မေက်မနပ္ ျဖစ္ေနသည့္ေလသံ ေပါက္ေန၏။
အရာရွိေနာ္မန္ကေတာ့ စိတ္မပါ လက္မပါႏွင့္ ေျမပုံကိုသာ ေပါ့ေပါ့တန္တန္ သေဘာထားၿပီး ၾကည့္ေနသည္။ တရားေဟာဆရာ ကတ္ဆီသည္ မ်က္ႏွာပ်က္ခ်င္ေနၿပီ။ မက္သ႐ူးသည္လည္း အံတက်ိတ္က်ိတ္ႏွင့္။ သူတို႔သုံးေယာက္သည္ ေျမပုံေဘးတြင္ ႀတိဂံပုံစံ ရပ္ေနၾကၿပီး စကားမေျပာပဲ အခ်ိန္အတန္ၾကာ တိတ္ဆိတ္ေနၾက၏။
“က်ဳပ္ သေဘာေပါက္ပါၿပီ။” အရာရွိေနာ္မန္က ေျပာသည္။“ မက္သ႐ူးေျပာတာကိုလည္း က်ဳပ္သေဘာတူတယ္။ ဒီေတာအုပ္ကိစၥကို မ်က္ကြယ္ျပဳထားလို႔မရဘူး”
အရာရွိေနာ္မန္၏ စကားေၾကာင့္ တရားေဟာဆရာေကာ မက္သ႐ူးပါ အနည္းငယ္ တက္ႂကြလာၾကသည္။ ေနာ္မန္သည္ သူတို႔ႏွစ္ေယာက္စလုံးအား တလွည့္စီ စိုက္ၾကည့္ရင္း ေတာအုပ္ကိစၥအတြက္ အႀကံဉာဏ္ထုတ္ေနသည္။
“ဒီလိုမ်ိဳး ပါးစပ္ရာဇဝင္ ကိစၥတစ္ခုအတြက္နဲ႔ေတာ့ အစိုးရဆီ စာတင္လို႔မရဘူးဗ်။ ဒီကိစၥကို က်ဳပ္လက္ က်ဳပ္ေျခနဲ႔ ေျဖရွင္းရမွာ” ေနာ္မန္က ေျပာ၏။
“ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကလည္း ရထားလမ္းႀကီးတစ္ခုလုံးကို ဖ်က္ဆီးၿပီး လမ္းေၾကာင္းေျပာင္းေစခ်င္တာ မဟုတ္ပါဘူး...ေနာ္မန္ရာ။ ကြၽန္ေတာ္တို႔က ဒီေတာအုပ္ႀကီးက သာမာန္မဟုတ္ဘူးဆိုတာကိုသာ လာအသိေပးတာပါ။ ၿပီးေတာ့ မေတာ္တဆ အရင္လူေတြ ေျပာခဲ့တဲ့ ဒ႑ာရီေတြကသာ အစစ္အမွန္ေတြဆိုရင္ မလိုလားအပ္တဲ့ ျပႆနာေတြ တစ္စီတစ္တန္းႀကီး ထြက္လာမွာကိုလည္း ေၾကာက္ရေသးတယ္မဟုတ္လား” တရားေဟာဆရာက ေလခ်ိဳေသြး၍ ေျပာ၏။
အရာရွိေနာ္မန္သည္ ေခါင္းတဆတ္ဆတ္ ၿငိမ့္သည္။
“ကြပ္မ်က္စင္ ဆိုတာႀကီးက ေတာအုပ္ရဲ႕ အလယ္ပိုင္းမွာ ရွိႏိုင္မယ္ထင္တယ္” မက္သ႐ူးက ေျပာ၏။
“ျဖစ္ႏိုင္တယ္။ ေတာအုပ္က ကြပ္မ်က္စင္ ရွိတဲ့ေနရာကေန တေျဖးေျဖး ေဘးဘက္ကို ျပန႔္ကားသြားဖို႔ဆိုတာ အဓိပၸာယ္ရွိတယ္။ ဟုတ္ခ်င္ဟုတ္ႏိုင္တယ္။” တရားေဟာဆရာ ကတ္ဆီက မက္သ႐ူး၏ စကားကို အခ်င္းခ်င္း ျပန္ေထာက္ခံလိုက္၏။
“ကြပ္မ်က္စင္ဆိုတာႀကီးက ဘယ္လိုပုံစံ ရွိေလာက္မယ္ထင္သလဲ။” ေနာ္မန္ကေမး၏။ “ဒီၿမိဳ႕က လူေတြ ျမင္ဖူးၾကသလား။ ခင္ဗ်ားတို႔ ေျပာသေလာက္ဆိုရင္ လက္ရွိမ်ိဳးဆက္က ေတာအုပ္ထဲ လုံးဝ မသြားဖူးၾကတဲ့လူေတြဆို။ အဲ့ေတာ့ ကြပ္မ်က္စင္ဆိုတာႀကီးက အေကာင္းအတိုင္း ရွိေတာ့မွာမဟုတ္ဘူး။ အို.... ႏွစ္ေတြရာနဲ႔ခ်ီေနၿပီဆိုေတာ့ ကြပ္မ်က္စင္ဆိုၿပီး လက္ညိဳးထိုး ျပစရာေတာင္ ရွိႏိုင္ပါဦးမလား”
“ရွိေနႏိုင္ေသးတယ္...ေနာ္မန္ရ” တရားေဟာဆရာ ကတ္ဆီက ဆို၏။ “ဘာလို႔ဆို ေတာအုပ္ႀကီးတစ္ခုလုံးက ဘာအေၾကာင္းေၾကာင့္လဲေတာ့မသိဘူး။ မာမာေက်ာေက်ာ သစ္ပင္ႀကီးေတြနဲ႔ ျပည့္ေနတာ။ အဲ့ေတာ့ ေလဒဏ္မိုးဒဏ္ကို သစ္ပင္ေတြနဲ႔ ကာကြယ္ထားသလိုျဖစ္ေနႏိုင္ေတာ့... ကြၽန္ေတာ္ ထင္တာမမွားဘူးဆိုရင္ ကြပ္မ်က္စင္က တကယ္အေကာင္းတိုင္း နီးပါး ရွိေနႏိုင္ေသးတယ္”
“ဘယ္လို ပုံသ႑ာန္ျဖစ္မယ္ထင္သလဲ”
“အာ... ကြၽန္ေတာ့္စိတ္ထင္ စာအုပ္အေဟာင္းေတြထဲမွာ ဖတ္ရသေလာက္ မီးရႈိ႕ဖို႔အတြက္ လူကို ႀကိဳးနဲ႔ခ်ည္ထားဖို႔ တိုင္လုံးတစ္ခုရွ္ိမယ္။ ၿပီးရင္ ေအာက္မွာ ေလာင္စာထားဖို႔ သစ္သားမီးဖိုတစ္ခုရွ္ိႏိုင္မယ္။ ၿပီးေတာ့ ပရိသတ္ေတြ ၾကည့္ရႈႏိုင္ဖို႔ ရင္ျပင္ငယ္တစ္ခု ရွ္ိႏိုင္မယ္”
“အံ့ဩတယ္ဗ်ာ... လူတစ္ေယာက္ကို ႀကိဳးေပးသတ္တာေတာင္ ဝိုင္းၾကည့္တဲ့အထိ ကြၽန္ေတာ္အျပစ္မေျပာဘူး။ အခုက အရွင္လတ္လတ္ ေျဖးေျဖးခ်င္း မီးရႈိ႕သတ္တာကို ဘယ္လိုလူမ်ိဳးကမ်ား ဝိုင္းၾကည့္သလဲမသိဘူး” ေနာ္မန္က စုတ္တသတ္သတ္ျဖင့္ ေျပာ၏။ “ကဲပါ...ထားပါေတာ့။ ခင္ဗ်ားတို႔ႏွစ္ေယာက္ အခုသန္းေခါင္ယံႀကီး ေရာက္လာတာ ဒီေတာအုပ္ကိစၥမဟုတ္လား။ အခုေျပာၿပီးၿပီ။ က်ဳပ္လည္း ေတာအုပ္အေၾကာင္းနဲ႔ အဲ့ေတာအုပ္ထဲမွာ ရွိေသးလား၊ မရွိေတာ့ဘူးလား မေသခ်ာတဲ့ ကြပ္မ်က္စင္ဆိုတာႀကီး အေၾကာင္းလည္းသိၿပီးၿပီ။ က်ဳပ္မယုံၾကည္ဘူးဆိုေပမဲ့ ခင္ဗ်ားတို႔ၿမိဳ႕ခံေတြရဲ႕ ခံစားခ်က္ကိုလည္း က်ဳပ္က မ်က္ကြယ္ျပဳထားလို႔ မရျပန္ဘူး။ အဲ့ေတာ့ အခု က်ဳပ္ကို အဲ့ေတာအုပ္နဲ႔ ပတ္သတ္ၿပီး ဘာမ်ား ေဆာင္႐ြက္ခိုင္းေစခ်င္သလဲ” အရာရွိေနာ္မန္က တိုတိုျပတ္ျပတ္ ေမး၏။ ေနာ္မန္၏ မ်က္လုံးမ်ားက အနည္းငယ္ ငိုက္မ်ဥ္းခ်င္သလို ျဖစ္ေန၏။
တရားေဟာဆရာ ကတ္ဆီႏွင့္ မက္သ႐ူးသည္ ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ၾကျပန္သည္။ ထို႔ေနာက္ တရားေဟာဆရာက ေျပာသည္။
“ကြၽန္ေတာ္တို႔ အဓိကျဖစ္ေစခ်င္တာက ရထားလမ္းေဖာက္ရင္း ေတာရွင္းတဲ့ပုံစံမ်ိဳးနဲ႔ သစ္ပင္ေတြလွဲ မီးေတြရႈိ႕ၿပီး သာမာန္ေတာအုပ္တစ္ခုလို မလုပ္ေစခ်င္ဘူး။ ေတာအုပ္ထဲက ကြက္မ်က္စင္ကို ေသခ်ာေလ့လာၿပီး ဘာသာေရးသမားေတြနဲ႔ တိုင္ပင္လို႔ မလိုအပ္တဲ့ အႏၲရာယ္ေတြမျဖစ္ေအာင္ စီရင္ၿပီးမွ ကြပ္မ်က္စင္ကို ေနရာေသခ်ာေ႐ြ႕ၿပီး ေတာအုပ္ကို ရွင္းလင္းေစခ်င္တယ္”
မိုး႐ြာတာ ရပ္တန႔္သြားျပန္၏။ အခ်ိန္မွာ နံနက္(၁)နာရီခန႔္ ရွိၿပီ။ အရာရွိေနာ္မန္သည္ ထိန္းခ်ဳပ္ထားသည့္ၾကားမွ တဝါးဝါး သမ္းေဝေနမိ၏။
“ရထားလမ္းက အခု ဒီေနရာကို ေရာက္ေနၿပီ။” ေနာ္္မန္က ေျမပုံကို လက္ညိဳးျဖင့္ ေထာက္ျပရင္း ေျပာသည္။ “ေတာအုပ္ဆီကိုေရာက္ဖို႔ လနဲ႔ခ်ီၿပီး လိုေသးတယ္ဆိုေပမဲ့ ေတာအုပ္ႀကီးတစ္ခုလုံးကို ရွင္းလင္းရဖို႔ အခ်ိန္ကလည္း ရွိေသးတယ္။ ရထားလမ္း ေတာအုပ္နားကိုေရာက္ရင္ ေတာအုပ္က ရွင္းလင္းၿပီးသား ျဖစ္ေနရမွာ။ ေတာအုပ္ရဲ႕ ရာဇဝင္ကို သတိရရခ်င္း ညဘက္ႀကီး လာအသိေပးတဲ့အတြက္ ခင္ဗ်ားတို႔ႏွစ္ဦးစလုံးကို ေက်းဇူးတင္ပါတယ္။ အခုႏွစ္ေယာက္လုံး အိမ္ျပန္အိပ္ၾကေတာ့။ အခ်ိန္စြဲမေနေတာ့ဘဲ မနက္ျဖန္မိုးလင္းတာနဲ႔ ေတာအုပ္ထဲကို လူအင္အားသုံးၿပီး ဝင္ၾကတာေပါ့။ ဒါမွ စီစဥ္စရာရွိရင္ ေစာေစာစီးစီး စီစဥ္ရမွာမဟုတ္လား”
“ကြၽန္ေတာ္တို႔ သေဘာေပါက္ပါၿပီ..ဆရာ။ အခုလို ညႀကီးမင္းႀကီး ေရာက္လာမိတဲ့အတြက္ ထပ္ၿပီး ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္တို႔ ေျပာတဲ့ကိစၥကို အေလးထား ေဆာင္႐ြက္ေပးတဲ့အတြက္လည္း အထူးေက်းဇူးတင္ပါတယ္ဗ်ာ” မက္သ႐ူးက ယဥ္ေက်းစြာဆို၏။
အရာရွိေနာ္မန္သည္ မက္သ႐ူးကို ခပ္ၿပဳံးၿပဳံးၾကည့္သည္။ ေလွာင္ၿပဳံးမဟုတ္ေသာ္လည္း ကေလးငယ္တစ္ေယာက္ကို သေရာ္သည့္ အၿပဳံးမ်ိဳး ျဖစ္၏။
“ဘယ္လိုလဲ... မက္သ႐ူး။ မင္းအဖိုးေျပာခဲ့တဲ့ ပုံျပင္ေတြေၾကာင့္ မင္းေတာအုပ္ထဲကို လိုက္ဖို႔ သတၱိေကာရွိရဲ႕လား။ ေတာအုပ္ထဲက စုန္းမေတြရဲ႕ ဝိဉာဏ္ေတြက မင္းကိုႏွစ္ပိုင္းစြဲၿဖဲေနဦးမယ္ေနာ္... ဟားဟားဟား” ေနာ္မန္သည္ အသံပင္ထြက္၍ ရယ္လိုက္ေသးသည္။
တရားေဟာဆရာကေတာ့ အလိုက္သင့္ၿပဳံးေသာ္လည္း မက္သ႐ူးကေတာ့ သုန္သုန္မႈန္မႈန္ႏွင့္ မ်က္ႏွာပ်က္သြားသည္။
“ကဲ.... အခ်ိန္ကလည္း ေနာက္က်တယ္ဆိုတာထပ္ကို ပိုေနၿပီ။ ေနာ္မန္ အနားယူပါဦး။ မနက္ျဖန္က်ရင္လည္း ကြၽန္ေတာ္တို႔ကိစၥကို ေျဖရွင္းေပးရဦးမယ္ မဟုတ္လား” ကတ္ဆီသည္ ေျပာေနရင္းပင္ ထရပ္လိုက္ၿပီး ဦးထုပ္ကို ေဆာင္းလိုက္သည္။
“ေကာင္းပါၿပီ ခင္ဗ်ာ။ ေကာင္းပါၿပီ...။မနက္ျဖန္ က်ဳပ္တို႔ အတူ ဘယ္ေနရာမွာ စုံၾကမလဲဆိုတဲ့ အေၾကာင္းေလး ေျပာျပခဲ့ၾကပါဦး” ေနာ္္မန္က တံခါးဝ ရွိရာသို႔ ေလ်ာက္ေနရင္း ေမးသည္။
“အာ... အခုလက္ရွိ ေဆာက္လက္စ ဘူတာ႐ုံမွာ ေတြ႕ၾကမလား။ ၿမိဳ႕လည္ပိုင္းေရာက္တယ္ေလ။ ေနာ္မန႔္ဘက္ကျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ဘက္ကျဖစ္ျဖစ္ အဲ့ဘူတာ႐ုံက အလယ္ပိုင္းကိုေရာက္ေနေတာ့ စုံမွတ္လိုျဖစ္ေနတာ။ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္တို႔ ဘူတာ႐ုံမွာ အရင္စုံမယ္။ ၿပီးရင္ ျမင္းလွည္းနဲ႔ျဖစ္ျဖစ္ ေတာအုပ္ရွိတဲ့ေနရာကို တစ္ဆင့္ထပ္သြားမယ္။ ခင္ဗ်ားဘက္ကေကာ အလုပ္သမားေတြ အေဖာ္ေတြ ေခၚလာဦးမယ္မဟုတ္လား။ လူအင္အားမ်ားမ်ားနဲ႔ ဝင္ၾကမယ္ေလ”
“ဒါေပါ့ ကတ္ဆီရယ္...။ က်ဳပ္လူေတြထဲက အားေကာင္းေမာင္းသန္ သတၱိခဲေတြ ေခၚလာခဲ့ပါ့မယ္။ မဟုတ္ရင္ ဒီကမက္သ႐ူးေလးကို စုန္းမသရဲေတြ ဝိုင္းဆြဲရင္ ကူညီလို႔ မရပဲျဖစ္ေနဦးမယ္ဗ်ာ... ဟဲဟဲဟဲ” ေနာ္မန္သည္ မက္သ႐ူးကို ကေလးငယ္တစ္ေယာက္လို လွန္းစလိုက္ျပန္သည္။
တရားေဟာဆရာ ကတ္ဆီကေတာ့ ေနာ္မန႔္နည္းတူ လိုက္ရယ္ေပးေသာ္လည္း မက္သ႐ူးကေတာ့ ၿပဳံး႐ုံသာ ၿပဳံးသည္။
“ကြၽန္ေတာ္တို႔ သြားမယ္..ေနာ္မန္။ မနက္ျဖန္က်မွ ေတြ႕ၾကတာေပါ့။ ေကာင္းေသာညပါ”
“ေကာင္းေသာညပါ ဆရာ..။ ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦး”
တရားေဟာဆရာ ကတ္ဆီႏွင့္ မက္သ႐ူးသည္ ႏႈတ္ဆက္စကား အသီးသီးဆိုၿပီး လာရာလမ္းအတိုင္း ဘုရားေက်ာင္းဘက္သို႔ လွည့္ျပန္သြားသည္။ အရာရွိေနာ္မန္သည္ တရားေဟာဆရာကတ္ဆီႏွင့္ မက္သ႐ူးတို႔ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္အထိ တံခါးဝတြင္ ရပ္၍ ၾကည့္ေနလိုက္ေသးသည္။ ထို႔ေနာက္ ေနာ္မန္သည္ အိမ္တံခါးကို ျပန္ပိတ္လိုက္သည္။
အိမ္အေပၚထက္သို႔ ျပန္တက္ရန္ ျပင္လိုက္သည္။ ေလွကားရွိရာသို႔ သြားေနစဥ္ ေနာ္မန္၏ မ်က္လုံးမ်ားက ဧည့္ခန္းအတြင္းသို႔ ေရာက္ရွိသြားသည္။ ဧည့္ခန္းတြင္းရွိ မက္သ႐ူးထိုင္သြားေသာ ထိုင္ခုံ၏ ေဘးတြင္ ေရေျခာက္ေနၿပီျဖစ္ေသာ ထီးအမည္းေရာင္တစ္လတ္ကို ေထာင္လ်က္ထား ေတြ႕လိုက္ရသည္။ မက္သ႐ူးသည္ ထီးကို ေမ့သြားခဲ့ဟန္ ရွိသည္။ ေနာ္မန္သည္ ဧည့္ခန္း ျပတင္းေပါက္မွတဆင့္ မက္သ႐ူးတို႔ ထြက္သြားသည့္ဘက္ကို လွန္းေမွ်ာ္ၾကည့္လိုက္သည္။ မက္သ႐ူးႏွင့္ တရားေဟာဆရာ ကတ္ဆီ၏ အရိပ္အေယာင္ကိုပင္ မေတြ႕ရေတာ့။
မနက္ျဖန္လည္း ေတြ႕ရဦးမည္ျဖစ္တာေၾကာင့္ ေနာ္မန္သည္ မနက္ျဖန္က်မွ သူနဲ႔အတူတူ ထီးကိုယူသြားရန္ ဆုံးျဖတ္လိုက္သည္။ ထို႔ေနာက္ ေနာ္မန္သည္ အိမ္အေပၚထပ္သို႔ ျပန္တက္လာခဲ့သည္။
အိမ္အေပၚထပ္သို႔ ေရာက္ခ်ိန္တြင္ ေနာ္မန္သည္ အနည္းငယ္ ေမာဟိုက္ေနသကဲ့သို႔ ခံစားေနရသည္။ ဘာေၾကာင့္မွန္းမသိ။ ေနာ္မန္သည္ ကုတင္ေပၚတြင္ ေျခပစ္လက္ပစ္ ထိုင္ၿပီး ေဟာဟဲ လိုက္လ်က္ ရွိ၏။ အသက္႐ြယ္ ႀကီးရင့္လာျခင္းေၾကာင့္ ျဖစ္ႏိုင္သည္။
ေနာ္မန္၏ အိပ္ခန္းသည္ ႐ုံးခန္းႏွင့္ တစ္တြဲတည္းျဖစ္သည္။ အလုပ္ႀကိဳးစားသည္ဟု ပိုမိုထင္ရွားေစရန္ ေနာ္မန္သည္ ႐ုံးခန္းအတြင္းသို႔ ကုတင္တစ္လုံးထည့္ၿပီး ထို႐ုံးခန္းကိုပင္ အိပ္ခန္းအေနႏွင့္ အသုံးျပဳသူျဖစ္သည္။ သူသည္ ကုတင္ေပၚတြင္ လွဲေလွာင္းေနရင္း မနက္ျဖန္ ေတာအုပ္ထဲ ဝင္ၿပီး ကြပ္မ်က္စင္ဆိုတာႀကီးကို ေလ့လာရန္ ႀကိဳတင္ေတြးေတာ စိတ္ကူးေနမိသည္။
ကုတင္ေပၚမွတဆင့္ သူ၏ အလုပ္စားပြဲေပၚသို႔ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ အလုပ္စားပြဲေပၚတြင္ ေသာက္လက္စ လက္ဖက္ရည္ခြက္တစ္ခြက္ ရွိေနသည္။ လက္ဖက္ခြက္သည္ နာရီေပါင္းမ်ားစြာ ၾကာေနၿပီျဖစ္တာေၾကာင့္ ေအးစက္ၿပီး အေပၚယံေၾကာမ်ား တင္းမာေနေလာက္ၿပီျဖစ္သည္။
ဘာေၾကာင့္မွန္းမသိ။ ေနာ္မန္သည္ ဒီကေန႔ ထူးထူးျခားျခား ပင္ပန္းေနသည္။ အိပ္ယာဝင္ေနာက္က်ေနျခင္းေၾကာင့္ ျဖစ္ႏိုင္ေသာ္လည္း သူ၏ မ်က္စိမ်ားက အင္မတန္ အိပ္ငိုက္ေနျခင္းေတာ့မဟုတ္ေသး။ သူသည္ ႐ိုး႐ိုးရွင္းရွင္း ေမာပန္းေနျခင္းသာျဖစ္သည္။
သို႔ေသာ္ ရွည္ရွည္ေဝးေဝး အေတြးလြန္ေန၍မရ။ ညသည္ အင္မတန္ နက္ေနၿပီ။ မနက္ျဖန္ဆိုလ်င္ အနည္းငယ္ တာဝန္ႀကီးသည့္ ကိစၥတစ္ခု ေဆာင္႐ြက္ရဦးမည္။ ေနာ္မန္သည္ ထိုသို႔ေတြးလိုက္ၿပီး သူ၏ ကိုက္ခဲေနေသာ ေျခေထာက္မ်ားကို ဆန႔္တန္းလိုက္သည္။ ပက္လက္အေနအထားျဖင့္ သူ၏ လက္ႏွစ္ဖက္ကို ရင္ဘတ္ေပၚသို႔တင္ၿပီး အသက္ရႈသြင္း ရႈထုတ္ ေလ့က်င့္ခန္းကို အေခါက္ေရအနည္းငယ္ခန္႔ လုပ္ၿပီးခ်ိန္တြင္ ေနာ္မန္သည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေလသည္။
ေနာ္္မန္၏ အလုပ္စားပြဲေပၚရွိ လက္ဖက္ရည္ခြက္သည္ ေလမတိုက္၊ မိုးႀကိဳးမပစ္ပါဘဲနဲ႔ ပင္လယ္ငယ္တစ္ခုသဖြယ္ ကယက္မ်ားထေနသည္။ လက္ဖက္ရည္ခြက္သည္ လက္ျဖင့္ ကိုင္၍ လႈပ္ေနသည့္အလား တဆတ္ဆတ္ တုန္ေနသည္။ ထိုအျဖစ္အပ်က္ကိုေတာ့ ေနာ္မန္တစ္ေယာက္ သတိမထားလိုက္ႏိုင္ရွာ။ ေနာ္မန္သည္ ႏွစ္ၿခိဳက္စြာ အိပ္စက္ အနားယူေနၿပီးျဖစ္သည္။
……………………………………………….
တစ္ဝက္တစ္ပ်က္သာ ၿပီးစီးေသးေသာ ေဆာက္လုပ္ဆဲ ရထားဘူတာ႐ုံေရွ႕သို႔ ျမင္းလွည္းႏွစ္စီး ထိုးရပ္လာသည္။ အေရွ႕ဘက္ ျမင္းလွည္းေပၚတြင္ အရာရွိေနာ္မန္သည္ အခန႔္သား စီးနင္းလိုက္ပါလာသည္။ ဒုတိယျမင္းလွည္းေပၚတြင္ေတာ့ ေနာ္မန္ေခၚေဆာင္လာေသာ အလုပ္သမား (၅)ဦးခန႔္ ၿငိမ္ၿငိမ္ကုပ္ကုပ္ လိုက္ပါလာသည္။ အလုပ္သမားမ်ားသည္ ရထားလမ္းေဖာက္ရသည့္ လူမ်ားျဖစ္သည့္အတြက္ ႀကံ့ခိုင္သန္မာသူမ်ားျဖစ္သည္။ (၅)ဦးစလုံးပင္ စြပ္က်ဲအျဖဴ၊ စစ္တပ္သုံးေဘာင္းဘီအမည္းတို႔ကို ဆင္တူဝတ္ဆင္ထားၾကသည္။
ေဆာက္လုပ္ဆဲ ရထားဘူတာ႐ုံထဲတြင္ တရားေဟာဆရာ ကတ္ဆီႏွင့္ မက္သ႐ူးတို႔ ႏွစ္ေယာက္ ထိုင္ေနၾကသည္။ သူတို႔ႏွစ္ေယာက္သည္ ျမင္းလွည္းမ်ားကို ျမင္လ်င္ ထိုင္ေနရာမွ ထလာၾကသည္။ ကတ္ဆီႏွင့္ မက္သ႐ူးသည္ ရထားဘူတာ႐ုံထဲတြင္ တစ္နာရီနည္းပါး ထိုင္ေစာင့္ခဲ့ရၿပီး ျဖစ္၏။
ရာသီဥတုမွာ မိုး႐ြာမေနေသာ္လည္း မႈိင္းပ်ပ်ႏွင့္ စိုထိုင္းထိုင္းျဖစ္ေန၏။ ေနလုံးကို မျမင္ရ။ ေနေရာင္ျခည္မွာ မိုးခိုးေရာင္ တိမ္တိုက္မ်ားကို ထိုးေဖာက္ႏိုင္စြမ္း မရွိဟန္တူသည္။
“လွည္းေပၚတက္ၾက... ကိုယ့္လူတို႔။” ေနာ္မန္က ၿပဳံး၍ ေလာကြပ္ျပဳသည္။ “နည္းနည္းေနာက္က်သြားလို႔ အျပစ္မျမင္ၾကပါနဲ႔ဦး။ မေန႔ညက အိပ္ရာဝင္ေနာက္က်တယ္မဟုတ္လား။ အဲ့တာေၾကာင့္ ဒီေန႔မနက္ သာမန္ထက္ ေနာက္က်ၿပီးမွ အိပ္ရာႏိုးတယ္ဗ်ာ။ ႏိုးႏိုးခ်င္း မနက္စာကို ကသုတ္က႐ိုက္ စားၿပီး ထြက္လာခဲ့ရတာပဲ။ ၿပီးေတာ့ ခင္ဗ်ားတို႔ဆီကို တိုက္႐ိုက္လာလို႔ရတာ မဟုတ္ဘူး။ အေနာက္က ရဲေဘာ္ေတြကို သူတို႔ေနတဲ့ အလုပ္သမားတန္းယားအထိ သြားၿပီး ေခၚရေသးတယ္။ လွည္းကလည္း ငွားရေသးတယ္။”
ေနာ္မန္၏ ေနာက္က်ရသည့္ အေၾကာင္းအရင္း ရွင္းလင္းခ်က္မ်ားကို ကတ္ဆီႏွင့္ မက္သ႐ူးက မေမးမိသည့္ဟန္ႏွင့္ ဘာတစ္ခြန္းမွ ျပန္မေျပာဘဲ လွည္းေပၚသို႔ တက္လာၾကသည္။ အေနာက္ဘက္လွည္းေပၚတြင္ လွည္းေမာင္းသမားႏွင့္အတူ အလုပ္သမား(၅)ေယာက္ ပါဝင္ၿပီး အေရွ႕ဘက္လွည္းတြင္မူ ေနာ္မန္၊ တရားေဟာဆရာ ကတ္ဆီ၊ မက္သ႐ူးႏွင့္ လွည္းေမာင္းသမားတို႔ ပါဝင္ၾက၏။
သူတို႔ လွည္းႏွစ္စီးသည္ ေဆာက္လုပ္ဆဲ ရထားဘူတာ႐ုံကို ေက်ာခိုင္းၿပီး ေတာအုပ္ႀကီး တည္ရွိရာသို႔ ေမာင္းႏွင္လာခဲ့ၾက၏။
“ကြၽန္ေတာ္မသိလို႔ တစ္ခုေမးမယ္ေနာ္..ေနာ္မန္” တရားေဟာဆရာ ကတ္ဆီက စကားစသည္။ “ခင္ဗ်ား မေန႔ညက ေျပာေတာ့ ေတာအုပ္ထဲကို လူအင္အားအျပည့္နဲ႔ ဝင္ၾကမယ္ဆို။ အခုက်ေတာ့ ခင္ဗ်ားေခၚလာတဲ့လူက (၅)ေယာက္တည္းပါလားဗ်”
တရားေဟာဆရာ ကတ္ဆီသည္ အေနာက္ဘက္ လွည္းေပၚက ေနာ္မန္ေခၚေဆာင္လာသည့္ လူ(၅)ေယာက္ကို ေစ့ေစ့စပ္စပ္ ၾကည့္ေနသည္။ အားေကာင္းေမာင္းသန္မ်ားျဖစ္၏။ (၅)ေယာက္စလုံးသည္ ဝတ္စုံဆင္တူ ဝတ္ထားၾကၿပီး မ်က္ႏွာထားနဲ႔ လူပုံဟန္မ်ားမွာလည္း ဆင္တူမ်ားသာျဖစ္ၾကသည္။
“အိမ္း... လူအင္အား အမ်ားအျပားေခၚဖို႔ ဆိုတာ ေျပာသေလာက္ မလြယ္ဘူးဗ်။ က်ဳပ္တို႔ ရထားလမ္းက မိုး႐ြာ႐ြာ၊ေနပူပူ အစဥ္မျပတ္ ေဖာက္ေနရတာ။ အကယ္၍ အလုပ္သမားေတြ အမ်ားႀကီးေခၚလာမယ္ဆိုရင္ ရထားလမ္းေဖာက္တဲ့ ကိစၥကို နာရီပိုင္းျဖစ္ေစ၊ ေန႔တစ္ဝက္ျဖစ္ေစ ရပ္တန႔္ထားမွရမယ္။ အဲ့လို ရပ္တန႔္ထားဖို႔ဆိုရင္ ရပ္တန႔္ရမဲ့ အေၾကာင္းအရင္းကို အစိုးရထံကို စာတင္မွရမယ္ဗ်။ ကြၽန္ေတာ့္ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္နဲ႔မရဘူး။ ခင္ဗ်ားတို႔ၿမိဳ႕က ၿမိဳ႕ခံလုပ္အားေပးေတြ ေခၚခ်င္ေပမဲ့ သူတို႔ကလည္း ဒီေတာအုပ္ကို ေၾကာက္လန႔္ေနၾကေတာ့ လိုက္ရဲမယ္မထင္လို႔ဗ်ာ။ ဘာျဖစ္လို႔လဲ..ကတ္ဆီရယ္။ အခုကလည္း က်ဳပ္တို႔အပါအဝင္ (၈)ေယာက္ေတာင္မဟုတ္ဘူးလား။ လွည္းသမားႏွစ္ေယာက္ကို ေတာအုပ္အျပင္မွာ ေစာင့္ခိုင္းၿပီး က်ဳပ္တို႔ (၈)ေယာက္ ဝင္ၾကမယ္ေလ။ ၿပီးေတာ့ က်ဳပ္ေခၚလာတဲ့ ရဲေဘာ္ေတြက စစ္ထဲကျပန္လာတဲ့ လူေတြပါဗ်။ ခင္ဗ်ား သူတို႔ကိုၾကည့္တာနဲ႔ သိမွာပါ။ သူတို႔တစ္ေယာက္ခ်င္းစီတိုင္းက က်ားတစ္ေကာင္နဲ႔ ယွဥ္ၿပီး တိုက္ခိုက္ႏိုင္မဲ့ လူေတြခ်ည္းပါပဲ” ေနာ္မန္က ဒုတိယအႀကိမ္ စီကာပတ္ကုံး ရွင္းျပျပန္၏။
တရားေဟာဆရာ ကတ္ဆီလည္း စိတ္ထဲ စႏိုးစေနာင့္ ျဖစ္ေနေပမဲ့ ေနာ္မန္ရွင္းျပသည္မွာ အဓိပၸာယ္ရွိသည့္အတြက္ ေခါင္းၿငိမ့္ လက္ခံလိုက္ရသည္။ မက္သ႐ူးကေတာ့ အေရွ႕ဘက္လမ္းမကိုသာ ေငးေမာၿပီး ရင္ေလးေနသေယာင္ ခံစားေနရရွာသည္။ မက္သ႐ူးသည္ မိနစ္ျခားတစ္ခါ ေတာအုပ္ရွိရာႏွင့္ နီးလာသည္ႏွင့္ အမွ် သက္ျပင္းရွည္ႀကီးမ်ားကိုသာ မွန္မွန္ မႈတ္ထုတ္ေနမိ၏။
“ေအာ္... ၿပီးေတာ့ ေနာက္တစ္ခု က်န္ေသးတယ္။” ေနာ္မန္သည္ တစ္စုံတစ္ခုကို သတိရသြားဟန္ျဖင့္ သူထိုင္ေနေသာ လွည္းထိုင္ခုံ၏ ေအာက္ဘက္သို႔ လက္ကိုႏႈိက္လိုက္သည္။
လွည္းခုံေအာက္မွာ အိတ္ရွည္တစ္လုံးရွိေနသည္။ ေနာ္မန္သည္ အိတ္ရွည္အတြင္းက သူတရားဝင္ ကိုင္ေဆာင္ခြင့္ရထားေသာ စပရင္းဖီးလ္ ႐ိုင္ဖယ္ေျခာက္လုံးျပဴးေသနတ္ကို ထုတ္ယူၿပီး ကတ္ဆီႏွင့္ မက္သ႐ူးကို ျမင္ေအာင္ျပလိုက္သည္။
“ဒီေလာက္ဆို ရၿပီမဟုတ္လား...” ေနာ္မန္က ဝင့္ဝင့္ႂကြားႂကြားေျပာ၏။ “လူရွစ္ေယာက္၊ ေသနတ္တစ္လတ္။ ၿပီးေတာ့ က်ဳပ္ေခၚလာတဲ့ ရဲေဘာ္ေတြဆီမွာ ေတာရွင္းလင္းေရး လက္နက္ေတြ ပါေသးတယ္။ ဒီေလာက္ဆိုရင္ ကြၽန္ေတာ္တို႔ ေတာ္တန္႐ုံ အႏၲရာယ္ကို ကာကြယ္လို႔ ရေလာက္ပါၿပီေနာ္...”
တရားေဟာဆရာ ကတ္ဆီသည္ သူ၏ ထုံးစံအတိုင္း ေခါင္းၿငိမ့္၍သာ ၿပဳံးျပျပန္သည္။ ထိုအခါ အရာရွိေနာ္မန္သည္ တစ္ခ်ိန္လုံး တိတ္ဆိတ္ေနသည့္ မက္သ႐ူးထံကို လွမ္းေျပာလိုက္ျပန္သည္။
“ဘယ္လိုလဲ...မက္သ႐ူး။ ဒီေလာက္ အေနအထားနဲ႔ လက္နက္အျပည့္အစုံနဲ႔ဆိုရင္ မင္းကို စုန္းမသရဲေတြ ဝိုင္းမကိုက္ေလာက္ေတာ့ပါဘူးေနာ္..ဟုတ္တယ္မဟုတ္လား”
ဒီတစ္ခါတြင္ေတာ့ မက္သ႐ူးသည္ ဟန္ေတာင္မေဆာင္ႏိုင္ေတာ့ပဲ မ်က္ႏွာတစ္ခုလုံး မည္းၿပီး ေခါင္းကိုတြင္တြင္ ခါလို႔ အျခားတစ္ဖက္ကို လွည့္သြားသည္။ ေနာ္မန္ကေတာ့ သူ႔ပ်က္လုံးႏွင့္သူ တဟဲဟဲ ရယ္ေမာေနသည္။
လမ္းသည္ တေျဖးေျဖး ၾကမ္းတမ္းလာသည္။ ေတာအုပ္ႀကီးႏွင့္ နီးလာသည္ႏွင့္အမွ် လူေနအိမ္မ်ားမွာ ေလ်ာ့ပါးသြားသည္။ ေမြးျမဴေရးၿခံႏွင့္ စိုက္ခင္းအခ်ိဳ႕သာ ရွိေတာ့၏။ ေမြးျမဴေရးၿခံမ်ားအတြင္းရွိ တိရစာၦန္မ်ားမွာ အုံ႔ဆိုင္းေနေသာ ရာသီဥတုေၾကာင့္ ထိုင္းမႈိင္းေလးလံေနၾကၿပီး ဟိုေနရာေခြ၊ ဒီေနရာလွဲ လုပ္ေနၾကသည္။ လွည္းလမ္းေဘးတြင္ ေသေနေသာ သိုးထိန္းေခြးတစ္ေကာင္၏ ပုပ္အဲ့အဲ့ ခႏၶာကိုယ္ေပၚတြင္ ယင္ေကာင္မ်ား တစ္အုပ္ၿပီး တစ္အုပ္ တလွည့္ဆီ တဝီဝီ ျမည္သံမ်ားႏွင့္အတူ ပ်ံဝဲေနၾကသည္။
လွည္းဘီးသံ တကြၽိကြၽိ ျမည္သံမွ လြဲ၍ လွည္းႏွစ္စီးစလုံးသည္ စကားေျပာသံ တစ္သံမထြက္ပဲ တိတ္ဆိတ္ေနၾကသည္။ သူတို႔အားလုံးသည္ ခပ္လွမ္းလွမ္းမွ ျမင္ေနရၿပီျဖစ္တဲ့ သစ္ပင္အစုအေဝးမ်ားကို အေတြးကိုယ္စီျဖင့္ ၾကည့္ေနမိၾကသည္။
“ဘယ္ႏွစ္နာရီ ရွိၿပီလဲ..” မက္သ႐ူးက ေမးလိုက္သည္။
ေနာ္မန္သည္ အေပၚအက်ႌအတြင္းရွိ ေ႐ႊႀကိဳးတပ္ အိတ္ေဆာင္နာရီေလးကို ဟန္ပါပါ စတိုင္က်က် ထုတ္၍ ၾကည့္လိုက္သည္။ သို႔ေသာ္ ေနာ္မန္၏ မ်က္ႏွာသည္ တစ္ခ်က္နီရဲသြားသည္။ နာရီေလးမွာ အလုပ္မလုပ္ေတာ့။ နာရီလက္တံမ်ားက ေအာက္ဘက္ကို စိုက္က်ေနၿပီး နာရီကိုလႈပ္လိုက္သည့္အခါတိုင္း လက္တံမ်ားက ဟိုဟိုသည္သည္ ေ႐ႊ႕လ်ားသြားၾကသည္။
“ငါ့နာရီက ပ်က္ေနၿပီကြ။ မနက္က အိပ္ရာႏိုးႏိုးခ်င္း ေသခ်ာမၾကည့္ပဲ ယူလာမိတာ။” ေနာ္မန္သည္ အနည္းငယ္ ရွက္သြားေသာ ေလသံျဖင့္ေျပာသည္။ သူသည္ နာရီပ်က္ႀကီးကို အက်ႌအတြင္း အတင္းထိုးႀကိတ္ၿပီး ျပန္ထည့္လိုက္သည္။
“ေန႔လည္(၁၂)နာရီေလာက္ေတာ့ ရွိမယ္ထင္တယ္။ ကြၽန္ေတာ္တို႔ လွည္းစီးလာတာ (၁)နာရီေက်ာ္နီးပါးရွိၿပီ” တရားေဟာဆရာ ကတ္ဆီက ဝင္ေျဖသည္။
စိုက္ခင္းမ်ားကို ေက်ာ္လြန္သြားၿပီ။ ေမြးျမဴေရးၿခံမ်ား၏ အဆုံးသတ္ ၿခံစည္း႐ိုးမ်ားကိုလည္း ျဖတ္ေက်ာ္လာၿပီးၿပီ။ သူတို႔လွည္းႏွစ္စီးသည္ ေတာအုပ္၏ အေရွ႕တည့္တည့္ကို ေရာက္ရွိေနၿပီ။ ျမည္းလွည္းမ်ားသည္ သစ္ပင္ႀကီးမ်ားေရွ႕ ေရာက္သည္ႏွင့္တၿပိဳင္နက္ ေဆာင့္ေအာင့္ၿပီး ရပ္သြားၾကသည္။ ခ်ဳံေတာမ်ား ဆူးပင္မ်ားအၾကားသို႔ ျမင္းလွည္းမ်ားမွာ တိုးဝင္၍ ေမာင္းလို႔မရ။ မေန႔ညတုန္းက မိုးေရခ်ိန္ အင္မတန္ မ်ားခဲ့ေသာ္လည္း ေတာအုပ္အစပ္ရွိ ေျမျပင္သည္ ညိဳျပာျပာ မြဲေျခာက္ေျခာက္ႏွင့္ ကႏၲာရဆန္ေနသည္။
“ဒီမွာ လွည္းေတြရပ္ထားၿပီး လမ္းဆင္းေလ်ာက္ၾကမယ္ေဟ့” ေနာ္္မန္သည္ အေနာက္ဘက္ လွည္းေပၚမွ သူ၏အလုပ္သမားမ်ားကို ေအာ္ဟစ္ အသိေပးလိုက္သည္။
အလုပ္သမား ငါးေယာက္သည္ ေတာရွင္းဖို႔အတြက္ ရဲဒင္းမ်ား၊ ေတာခုတ္ဓားမ်ားကို အသီးသီး ကိုင္ေဆာင္ထားၾကသည္။ သူတို႔ငါးဦးသည္ အုတ္တံတိုင္းတစ္ခုသဖြယ္ ထူထပ္ေနေသာ သစ္ပင္မ်ားၾကားထဲသို႔ ေနာ္မန္တို႔၏ အေရွ႕မွေန၍ ဦးေဆာင္ၿပီး ဝင္ၾကသည္။
သာမာန္ ေတာအုပ္တစ္ခုသာျဖစ္သည္။ သစ္ပင္ခ်ဳံႏြယ္မ်ား ပိတ္ရံထားသည္။ သစ္ပင္ႀကီးမ်ားမွာ ႏွစ္ရာခ်ီေနၿပီျဖစ္တာေၾကာင့္ လုံးပတ္က်ယ္ျပန႔္ၿပီး ျမင့္မားလြန္းလွသည္။ အလုပ္သမား (၅)ဦးသည္ ခ်ဴံႏြယ္မ်ားႏွင့္ ရွင္းလင္းလို႔ရႏိုင္သည့္ သစ္ပင္ငယ္မ်ားကို ခုတ္ထြင္ၿပီး ေတာအုပ္ထဲသို႔ စဝင္သည္။
“ကြၽန္ေတာ္တို႔ နည္းနည္းပါးပါး အေျခအေန ေစာင့္ၾကည့္သင့္တယ္ မထင္ဘူးလား...ဆရာ” မက္သ႐ူးက ေလသံတိုးတိုးျဖင့္ ေမးသည္။
“ဘာကို ေစာင့္ခ်င္တာလဲ မက္သ႐ူးရဲ႕။ ငါတို႔ နဂိုအစီအစဥ္က ေတာအုပ္ထဲဝင္ၿပီး မင္းတို႔ေျပာတဲ့ ကြပ္မ်က္စင္ဆိုတာႀကီးရဲ႕ အေနအထားကို သြားေလ့လာမွာ မဟုတ္ဘူးလား”
“ဟုတ္ပါတယ္ ဆရာ... ဒါေပမဲ့”
“ထားလိုက္စမ္းပါ...မက္သ႐ူးရာ။ မင့္ကလည္း ေၾကာက္တတ္ရန္ေကာကြာ။ ေတာလမ္းရွင္းရမွာနဲ႔ မင္းတို႔ေျပာတဲ့ ကြပ္မ်က္စင္ဆိုတာႀကီးကို ေလ့လာရမွာနဲ႔ ငါတို႔ မိုးမခ်ဳပ္ခင္ ျပန္ထြက္လာႏိုင္ဖို႔လာတယ္။ လာစမ္းပါ။ ဟိုမွာ ငါ့ရဲေဘာ္ေတြ လမ္းရွင္းေပးေနတာ ငါတို႔က အေနာက္ကေန အသာအယာေလး လိုက္သြား႐ုံပဲ။ ၿပီးေတာ့ ငါ့ဆီမွာ ေသနတ္လည္းပါပါတယ္ကြ..ဟဲဟဲ။ မက္သ႐ူး။ မင္းကေလ မင္းအဖိုးေျပာတာေတြကို အခုထိ ေၾကာက္ေနေသးတဲ့ေကာင္ပါပဲလားကြ” ေနာ္မန္သည္ သူေက်ာေပၚသို႔ ေသနတ္ကို ျပင္လြယ္လိုက္ၿပီး ေလွာင္သံပါတဲ့ စကားမ်ားကို ေျပာကာ လမ္းရွင္းေနသည့္ အလုပ္သမားမ်ား၏ အေနာက္မွ ကပ္၍ လိုက္ပါသြားသည္။
တရားေဟာဆရာ ကတ္ဆီသည္ လည္ပင္း၍ ဆြဲထားေသာ လက္ဝါးကပ္တိုင္ေလးကို လက္တစ္ဖက္နဲ႔ ကိုင္ထားရင္း ခဏတာ ေတြေဝေနၿပီးမွ မထူးဇာတ္ခင္းလိုက္သည့္ မ်က္ႏွာမ်ိဳးနဲ႔အတူ အရာရွိေနာ္မန္၏ ေဘးဘက္မွ ကပ္၍ ေတာထဲသို႔ ဝင္လိုက္သည္။
လူအမ်ားစြန႔္ပစ္ထားသည့္ ေနရာျဖစ္သည့္အတြက္ ေတာအုပ္သဖြယ္ သစ္ပင္မ်ား ေပါက္ေရာက္ေနေသာ္လည္း ေတာႀကီးမ်က္မည္းတစ္ခုေတာ့ မဟုတ္ျပန္။ သစ္ပင္ႀကီးမ်ားမွာ ႀကီးမားေသာ္လည္း အေရအတြက္မွာ နည္းသည္။ လမ္းေလ်ာက္၍ ရသည္။ တစ္ခါတစ္ရံ သစ္ပင္မ်ားၾကားထဲ ဟိုဘက္သည္ဘက္ ပိတ္၍ ကာရံေနေသာ ၿခဳံႏြယ္မ်ား၊ ပိတ္ေပါင္းမ်ားေၾကာင့္သာ လမ္းထြင္ေနရျခင္းျဖစ္၏။
ေနာ္မန္ေခၚလာေသာ အလုပ္သမားမ်ားသည္ လက္ကို စက္တပ္ထားသည့္အလား အဆက္မျပတ္ ခုတ္ထြင္ေန၏။ သစ္ပင္တစ္ခုကို ခုတ္လိုက္တိုင္း၊ ႏြယ္ပင္တစ္ခုကို ျဖတ္လိုက္တိုင္း မက္သ႐ူးသည္ တိုး၍တိုး၍ ထိပ္လန႔္လာသည္။ ေတာခုတ္ဓားႏွင့္ သစ္ပင္ပင္စည္တစ္ခုကို ထိခိုက္မိလိုက္တိုင္း မက္သ႐ူး၏ ေခါင္းထဲတြင္ သူ၏အဖိုးျဖစ္သူ ေျပာျပခဲ့သည့္ ဇာတ္လမ္းပုံျပင္မ်ားက စီတန္း၍ ဝင္လာသည္။
“ျဖစ္ႏိုင္ရင္ လမ္းေလ်ာက္ႏိုင္တဲ့အထိပဲ ခုတ္လွဲၾကပါဗ်ာ။ မဆိုင္တဲ့ အပင္ေတြကို မလိုအပ္ဘဲ မခုတ္ၾကပါနဲ႔” မက္သ႐ူးက အလုပ္သမားမ်ားထံသို႔ လွန္းသတိေပးသည္။
တရားေဟာဆရာသည္ လူႀကီးလူေကာင္းတစ္ေယာက္ ပီသစြာ ဘာမွမေျပာဘဲ ႏႈတ္ဆိတ္ေန၏။ အရာရွိေနာ္မန္ကေတာ့ မက္သ႐ူးေၾကာက္လန႔္ေနျခင္းကို ပ်က္လုံးတစ္ခုသဖြယ္ သေဘာထားၿပီး မၾကာခဏ စကားႏွင့္ျဖစ္ေစ၊ ေလွာင္ၿပဳံးတစ္ခုႏွင့္ျဖစ္ေစ က်ီစယ္ေန၏။
“ေျမပုံထဲမွာဆိုရင္ ဒီေတာအုပ္က အခ်င္းတစ္မိုင္ပဲရွိတာပါ။ ကြၽန္ေတာ္တို႔ အၾကာႀကီးသြားစရာမလိုဘူး ထင္ပါတယ္။ သစ္ပင္ေတြကို မလိုအပ္ရင္ မခုတ္ပဲနဲ႔ ေအးေဆးပဲ သြားၾကတာေပါ့” တရားေဟာဆရာ ကတ္ဆီက မယုတ္မလြန္ ေျပာလိုက္သည္။
ေတာအုပ္၏ အတြင္းဘက္ အလယ္ပိုင္းသို႔ ေရာက္လာသည္ႏွင့္ ေတာသည္ ပို၍ က်ပ္တည္းလာသည္။ သစ္ပင္မ်ားက ပို၍ ထူထပ္လာသည္။ ေျမျပင္သည္ ေျခာက္ေသြ႕ျပန႔္ျပဴးေနေသာ္လည္း အင္မတန္ လမ္းေလ်ာက္ရခက္သည္။ မေန႔ည မိုးႀကိဳးမ်ားပစ္ေနစဥ္တုန္းက မိုးႀကိဳးထိမွန္ထားခဲ့ဟန္ရွိသည့္ သစ္ပင္အခ်ိဳ႕မွာ ထပ္ပိုင္းက်ိဳးပဲ့ေနၾကသည္။
အလုပ္သမားမ်ားမွာလည္း လူသားမ်ားသာျဖစ္သည့္အတြက္ အနည္းငယ္ ေျခကုန္လက္ပန္း က်လာၾကဟန္ေပၚသည္။ မိုးရာသီေရာက္ေနၿပီျဖစ္ေသာ္လည္း ေတာအုပ္အတြင္းရွိ ေျမျပင္မွာ ေျခာက္ေသြ႕အပ္ကြဲေနၿပီး ေရဓာတ္ စုပ္ယူခံထားရသလိုျဖစ္ေန၏။ ခလုပ္ကန္သင္းမ်ား ေပါမ်ားလြန္းၿပီး အင္မတန္ သတိထား၍ လမ္းေလ်ာက္ရသည္။
သတိထားေနသည့္ ၾကားမွပင္ တစ္ေနရာအေရာက္တြင္ မက္သ႐ူးတစ္ေယာက္ ေျခေခ်ာ္၍ ေမွာက္ရက္လဲေတာ့သည္။ မက္သ႐ူးသည္ ကြပ္မ်က္စင္ရွိရာ ေတာအုပ္ႀကီးထဲ ဝင္ေနရသျဖင့္ ေၾကာက္လန႔္ေနသူျဖစ္သည္။ ဗိုင္းခနဲ ေခ်ာ္လဲၾကသည့္ အခ်ိန္တြင္ မက္သ႐ူးသည္ ေၾကာက္လန႔္တကား ေအာ္ေတာ့သည္။
အေရွ႕ကို အာ႐ုံစိုက္၍ သြားေနေသာ က်န္လူမ်ားသည္ မ်က္ျပဴးဆံျပာျဖစ္၍ လဲက်သြားေသာ မက္သ႐ူးကို စိုးရိမ္တႀကီး လွည့္ၾကည့္ၾကသည္။
“ဘာျဖစ္တာလဲ မက္သ႐ူး။ ႐ိုး႐ိုးတန္းတန္း ေခ်ာလဲတာလား။” တရားေဟာဆရာ ကတ္ဆီက အေျပးလာ၍ ေမးသည္။
“မင့္ဟာက ျဖစ္လိုက္ရင္ အလန႔္တၾကားပါလား မက္သ႐ူးရယ္။” အရာရွိေနာ္မန္ကေတာ့ သူ႔ရဲ႕ ထုံးစံအတိုင္း ေပါ့ေပါ့တန္တန္ သေဘာသာ ေမးသည္။
တရားေဟာဆရာ ကတ္ဆီသည္ မက္သ႐ူးကို ဆြဲထူၿပီး ေခါက္သြားေသာ ေျခက်င္းဝတ္ေနရာကို စစ္ေဆးေပးေနသည္။
“လမ္းေလ်ာက္ႏိုင္ဦးမလား”
“ေလ်ာက္ႏိုင္ပါေသးတယ္။ ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ နာေနေသးတယ္”
“ငါတို႔ ခဏနားၾကတာေပါ့”
ၿမိဳ႕ခံအခ်င္းခ်င္းျဖစ္သည့္ တရားေဟာဆရာႏွင့္ မက္သ႐ူးသည္ အျပန္အလွန္ စကားေျပာၿပီးေနာက္ တရားေဟာဆရာသည္ ခဏတာ ရပ္နားရန္ ေနာ္မန႔္ကို ခြင့္ေတာင္းလိုက္သည္။
“ေကာင္းပါ့ကြာ....။ တကယ္ရွိလား မရွိလား မေသခ်ာတဲ့ ကြပ္မ်က္စင္ဆိုတာႀကီးကိုလည္း မရမက ရွာရဦးမယ္။ ဒီက ကေလးသာသာေကာင္ကလည္း အၿမဲ ကဂ်ီကေဂ်ာင္နဲ႔။ ၾကည့္ရတာ ငါတို႔ ဒီေတာအုပ္ထဲမွာ ညအိပ္ရမယ္နဲ႔တူတယ္ေဟ့...။” ေနာ္မန္က အျပစ္တင္သည့္ ေလသံျဖင့္ ညည္းတြားသည္။
ဒါကိုလူငယ္ျဖစ္သူ မက္သ႐ူးက ဆတ္ခနဲ ေဒါသျဖစ္သြားသည္။ သို႔ေသာ္လည္း တရားေဟာဆရာ ကတ္ဆီ၏ မ်က္ႏွာရိပ္ မ်က္ႏွာကဲျဖင့္ သတိေပးမႈေၾကာင့္ မက္သ႐ူးသည္ ေဒါသကို မ်ိဳခ်လိုက္ၿပီး နာက်င္ေနေသာ သူ၏ ေျခက်င္းဝတ္ကိုသာ ႏွိပ္နယ္ေနလိုက္သည္။
မိုးမွာမ႐ြာပါ။ သို႔ေသာ္ ေနေရာင္ျခည္မွာလည္း ေတာထဲသို႔ တိုး၍မေပါက္။ ေကာင္းကင္တစ္ခုလုံး မီးခိုးေရာင္သာ သမ္းေနဆဲျဖစ္သည္။ အလုပ္သမားမ်ားသည္ ဆက္လက္ၿပီး လမ္းရွင္းရန္ လုပ္ေနၾကသည္။ မက္သ႐ူးသည္ လမ္းကို စမ္း၍ ေလ်ာက္ၾကည့္ရာ အဆင္ေျပသည္မို႔ သူတို႔ ခရီးဆက္ရန္ျပန္လိုက္သည္။
“ကတ္ဆီေရ... ခင္ဗ်ားေျပာတဲ့အတိုင္းဆို အဲ့စုန္းမေတြကို မီးတင္ရႈိ႕ခဲ့တဲ့ ကြပ္မ်က္စင္ႀကီးက ေတာအုပ္ရဲ႕ အလယ္ေခါင္နားမွာ ရွိမယ္လို႔ ခင္ဗ်ားယူဆတယ္မဟုတ္လ” အရာရွိေနာ္မန္က ေမး၏။
“ဟုတ္ပါတယ္။ ကြၽန္ေတာ့္ ယူဆခ်က္ကေတာ့ ေတာအုပ္က ကြပ္မ်က္စင္ရဲ႕ ပတ္ပတ္လည္ စက္ဝိုင္းပုံသ႑ာန္ က်ယ္ျပန႔္လာတာလို႔ ထင္ပါတယ္”
“ဒါဆို က်ဳပ္တို႔ အဲ့ဟာႀကီးကို ေတြ႕ရေတာ့မွာေပါ့ေနာ္”
“အင္း... ဟုတ္တယ္။”
“က်ဳပ္တို႔ အဲ့ကြပ္မ်က္စင္ႀကီးကိုေတြ႕ရင္ ဘာသာေရးကိစၥ ဘာညာ လုပ္ၿပီး အျခားေနရာတစ္ခုကို ေ႐ြ႕ၾကမယ္ေပါ့။ ဒါဆို ခင္ဗ်ားတို႔ၿမိဳ႕ကလူေတြလည္း က်ိန္စာမသင့္ေတာ့ဘူးေပါ့။ အဲ့လို အဓိပၸာယ္မဟုတ္လား”
အရာရွိေနာ္မန္၏ ဟိုမေရာက္ သည္မေရာက္ ေမးခြန္းေၾကာင့္ တရားေဟာဆရာ ကတ္ဆီသည္ တုံဏွိဘာေဝျဖစ္သြားသည္။ ေျဖဖို႔ စကား ရွာမရဟန္ျဖင့္ ကတ္ဆီသည္ ႏႈတ္ဆိတ္၍သာ ေနလိုက္ရသည္။
“က်ဳပ္ တကယ္အံ့ဩတယ္ ကတ္ဆီရာ။” ေနာ္မန္က ေျပာျပန္သည္။ “ရထားလမ္းေဖာက္ေနတဲ့ သက္တမ္းတစ္ေလ်ာက္ ဒီလိုအေျခအေနမ်ိဳးကို တစ္ႀကိမ္မွ မျဖစ္ဖူးေပါင္ဗ်ာ။ ခင္ဗ်ားတို႔ လူႀကီးပိုင္းေတြ အယူသီးတာ ဘာညာ က်ဳပ္လက္ခံပါေသးတယ္။ အခုေတာ့ မက္သ႐ူးတို႔လို ၿမီးေကာင္ေပါက္ လူငယ္တစ္ေယာက္ကအစ ဒီလိုအေျခအျမစ္ မရွိတာေတြကို ယုံၾကည္ၿပီး စိုးရိမ္ေၾကာက္လန္႔ေနတာ။ က်ဳပ္က မ်ိဳးဆက္သစ္အေပၚ အင္မတန္ ယုံတဲ့လူဗ်။ ဒါေပမဲ့ မ်ိဳးဆက္သစ္ဆိုတာေတြကလည္း မ်ိဳးဆက္ေဟာင္းေတြလို အျမင္က်ဥ္းၿပီး ႏြားေျခရာခြက္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ အက်ဥ္းခ်ေနတာ ျမင္ရတာ တကယ္စိတ္ထဲ မေကာင္းဘူး”
ျမႇားဦးသည္ မက္သ႐ူးဘက္ကို ျပန္လွည့္လာျပန္သည္။ ဒီတစ္ခါေတာ့ မက္သ႐ူးသည္ ေဒါသကို ထုတ္လြတ္လိုက္ရန္ ဆုံးျဖတ္လိုက္သည္။ မက္သ႐ူး၏ မေက်နပ္မႈ အေဆာက္အအုံသည္ အင္မတန္ ႀကီးမားေနၿပီျဖစ္သည္။
“ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာေကာင္လို႔ ေျပာလိုက္တာလဲ...ေနာ္မန္” မက္သ႐ူး၏ အသံက သိသိသာသာ တုန္ရီေနသည္။
“ဘာကြ...” ေနာ္မန္သည္ လမ္းေလ်ာက္ေနရာမွ ရပ္လိုက္ၿပီး မက္သ႐ူးဘက္သို႔ ျပန္လွည့္လာသည္။
“ခင္ဗ်ား ကြၽန္ေတာ့္ကို အက်ဥ္းသားဆိုၿပီး ေျပာလိုက္တာလားလို႔ ကြၽန္ေတာ္ေမးေနတာ” မက္သ႐ူး၏ အသံက တုန္ရီေနေသာ္လည္း အေၾကာက္တရား ကင္းမဲ့ေနသည္။
“ေအး..ဟုတ္တယ္။ ငါေျပာတယ္။ ဘာျဖစ္သလဲ။ ငါေျပာတာ မွားလို႔လား။ မင္းက ဒီေတာက်ဳံအုံၾကားက ဇနပုဒ္ၿမိဳ႕မွာ ပိတ္ေလွာင္ခံထားရတဲ့ အက်ဥ္းသားပဲမဟုတ္လို႔လား။ မင္းက မင္းအဖိုးရဲ႕ ပုံျပင္ေတြထဲမွာ ပိတ္မိေနတဲ့ အက်ဥ္းသားပဲေလ။ ” အရာရွိေနာ္မန္သည္ မက္သ႐ူးလို ကိုယ့္သားအ႐ြယ္ေလးက မေခ်မငံ ဆက္ဆံလာသျဖင့္ မက္သ႐ူးနည္းတူ ေဒါသထြက္လာဟန္ရွိသည္။
“ခင္ဗ်ား ေျပာေနတာေတြအကုန္ ကြၽန္ေတာ္ နားမလည္ဘူး” မက္သ႐ူးက ေလသံကို မေျပာင္းဘဲ ဆက္ေျပာသည္။
“ေကာင္းၿပီေလ... မင္းနားလည္တဲ့အထိ ရွင္းျပရရင္ မင္းက မင္းအဖိုးနည္းတူ အယူသီးတဲ့ ငေၾကာက္တစ္ေကာင္ပဲ။ ဒီၿမိဳ႕မွာ ေနတဲ့ အျခားေတာသားေတြလိုပဲ တိုးတက္မႈကိုေၾကာက္႐ြံ႕ေနတဲ့ေကာင္။ ေထာင္ထဲမွာ ေနရတာ ထမင္းႏွပ္မွန္တယ္ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ေထာင္ျပန္ခ်ထားတဲ့ အက်ဥ္းသား။ ကိုယ့္ေထာင္ထဲမွာ ကိုယ္ပိတ္မိေနတဲ့ေကာင္။ အသက္ငယ္ငယ္ကေလးနဲ႔ ေသခါနီးအဖိုးႀကီးတစ္ေယာက္လို အယူသီးေနတဲ့ေကာင္။ ဟုတ္သလား။ အဲ့တာအက်ဥ္းသားတစ္မ်ိဳးပဲမဟုတ္လား။ မင္းမွာလြတ္လပ္မႈ အျပည့္အဝမွာ မရွိတာ။ ေျပာစမ္းပါဦး။အကယ္၍ ရထားလမ္းေဖာက္ၿပီးရင္ေတာင္ မင္းက ဒီၿမိဳ႕ထဲက ေျခဖဝါးတစ္လွမ္း ခြာရဲပါ့မလား။ ဘယ္ခြာရဲမလဲ။ မင္းက ဒီၿမိဳ႕မွာ အက်ဥ္းခ်ခံထားရတဲ့ အက်ဥ္းသားတစ္ေကာင္ပဲေလ။ ငယ္ငယ္ကတည္းက မင္းအဖိုးဆိုတဲ့လူရဲ႕ မႈိင္းေတြ ေခါင္းထဲျပည့္ေနၿပီး မင္းအဖိုးလိုမ်ိဳး ဒီဇနပုဒ္မွာ လူမသိသူမသိ ေသဆုံးသြားခ်င္ေနတဲ့ေကာင္ေလ။ ငါေျပာတာမွန္တယ္မဟုတ္လား မက္သ႐ူးရဲ႕။ ဟမ္... ငါ့ကို လူကဲခတ္ညံ့တယ္ မထင္နဲ႔။ မင္းရဲ႕ စကားအေျပာအဆိုကိုၾကည့္ကတည္းက မင္းက ဒီႏြားေျခရာခြက္ထဲမွာ ေသတဲ့အထိ ပိတ္မိေနခ်င္တဲ့ အက်ဥ္းသားဆိုတာ ငါခန႔္မွန္းမိၿပီးသား။ သိရဲ႕လား ေဟ့ေကာင္။ အက်ဥ္းသားဆိုတာ အဲ့တာမ်ိဳးကို ဆိုလိုတာကြ”
တရားေဟာဆရာကတ္ဆီႏွင့္ မက္သ႐ူးသည္ အရာရွိေနာ္မန္၏ အျမႇီးအေမာက္မတည့္ေသာ စကားမ်ားေၾကာင့္ ႏွစ္ေယာက္စလုံး အံ့ဩတုန္လႈပ္သြားၾကသည္။ အစိုးရ အရာရွိတစ္ေယာက္အေနျဖင့္ ဤကဲ့သို႔ စကားမ်ိဳးကို လူငယ္တစ္ေယာက္ေရွ႕တြင္ ေျပာထြက္သည္မွာ ေနာ္မန္၏ လူႀကီးလူေကာင္းဆန္မႈအေပၚ ေမးခြန္းထုတ္စရာ ေကာင္းေနသည္။
မက္သ႐ူးသည္လည္း အေလ်ာ့မေပးေသး။ ေဒါသေၾကာင့္ အရက္ေသာက္ထားသလို နီရဲေနေသာ အရာရွိေနာ္မန္၏ မ်က္ႏွာကို ထုတ္ခ်င္းေပါက္မတတ္ စူးစူးရဲရဲ စိုက္ၾကည့္သည္။ ထို႔ေနာက္ မက္သ႐ူးသည္ ဘယ္ဘက္ႏႈတ္ခမ္း ေကာ့ၫြန႔္သြားေအာင္ အနည္းငယ္ၿပဳံးလိုက္သည္။
“ကြၽန္ေတာ့္ကို အက်ဥ္းသားတဲ့...ဟုတ္သလား” မက္သ႐ူးသည္ တန္ျပန္စကားႏိုင္ထိုးရန္ စကားစလိုက္သည္။“ ဟုတ္ပါၿပီ။ ခင္ဗ်ားႀကီးေျပာသလို ကြၽန္ေတာ္က ဒီၿမိဳ႕မွာ ကိုယ့္ကိုယ္ကိုယ္ ပိတ္ေလွာင္ထားတဲ့၊ ႏြားေျခရာခြက္ထဲမွာ ဖားတစ္ပိုင္းငါးတစ္ပိုင္းလို အျပင္ေလာကကို ေၾကာက္႐ြံ႕ေနတဲ့ အက်ဥ္းသားဆိုၿပီး ထားပါေတာ့။ ဒါဆို ခင္ဗ်ားကေကာ အရာရွိေနာ္မန္ဖိုစတာ။ ကြၽန္ေတာ္က အက်ဥ္းသားတစ္ေယာက္ဆိုရင္ ခင္ဗ်ားႀကီးကေကာ လြတ္လပ္တဲ့ လူတစ္ေယာက္ဟုတ္ရဲ႕လား”
“မင္းဆိုလိုတဲ့ အဓိပၸာယ္က ဘာလဲ”
အရာရွိေနာ္မန္သည္ သူ၏မ်က္ႏွာတစ္ခုလုံးကို အခက္ထန္ဆုံး အေနအထားျဖစ္ေအာင္ လုပ္ၿပီး မက္သ႐ူး၏ အေရွ႕တည့္တည့္သို႔ ပို၍ တိုးကပ္လိုက္သည္။ အလုပ္သမားမ်ားသည္ ရန္ပြဲကို ဂ႐ုမစိုက္ဘဲ လမ္းကိုသာ ရွင္းလင္းေနရင္း ခပ္လွန္းလွန္းကို ေရာက္ေနၾကၿပီ။ တရားေဟာဆရာ ကတ္ဆီမွာေတာ့ ရင္ဘတ္ခ်င္း ထိလုမတတ္ တိုးကပ္ၿပီး အျပန္အလွန္ စကားနာထိုးေနသည့္ အရာရွိေနာ္မန္ႏွင့္ မက္သ႐ူးတို႔ ႏွစ္ေယာက္၏ၾကားတြင္ မည္သည့္ဘက္ကို ပါရမွန္း မသိပဲ ပါးစပ္အေဟာင္းသားျဖင့္သာ ရန္ပြဲကို ဆက္ၾကည့္ေနမိသည္။
“ခင္ဗ်ားက ကြၽန္ေတာ့္ကို အက်ဥ္းသားလို႔ေခၚတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္က ဒီၿမိဳ႕ထဲမွာ ပိတ္မိၿပီး ဝါးလုံးေခါင္းထဲ လသာေနမိလို႔။ ဟုတ္ၿပီ အဲ့လိုေျပာေၾကးဆိုရင္ ခင္ဗ်ားကလည္း အက်ဥ္းသားတစ္ေယာက္ပဲ ေနာ္မန္ရဲ႕။ ခင္ဗ်ားဘဝတေလ်ာက္လုံး အစိုးရနဲ႔ စစ္တပ္က ေပးတဲ့ တာဝန္ဆိုတာေတြကို မ်က္စိမွိတ္၊ နားပိတ္ ထမ္းေဆာင္ရင္း ကြၽန္ေတာ့္နည္းတူ ခင္ဗ်ားရဲ႕ ကိုယ္ပိုင္ေထာင္ထဲမွာ အက်ဥ္းသားျဖစ္ေနတဲ့လူပဲ။ ခင္ဗ်ား ေဟာေျပာပြဲလုပ္တဲ့ေန႔ကတည္းက ခင္ဗ်ားရဲ႕ စိတ္အေျခအေနကို နားလည္ၿပီးသား။ ခင္ဗ်ားက စစ္မႈထမ္းတဲ့ စစ္သားဘဝမွာကတည္းက ခင္ဗ်ားကိုယ္ခင္ဗ်ား တိုင္းျပည္အတြက္အေရးပါတဲ့လူ၊ အစိုးရယႏၲရားႀကီးရဲ႕ေခြးသြားစိပ္တစ္ခုဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ စိတ္ႀကီးဝင္ေနတဲ့လူတစ္ေယာက္ဆိုတာ။ တကယ္တမ္း ခင္ဗ်ားလည္းသိပါတယ္။ စစ္ျပန္တစ္ေယာက္ျဖစ္ေနလို႔သာ အစိုးရက ဒီတာဝန္ကို ခင္ဗ်ားကိုေပးထားတယ္ဆိုတာ။ ဘာတဲ့။ ရထားလမ္းေဖာက္လုပ္ေရး တာဝန္ခံတဲ့။ ဘယ္လို ဟာသႀကီးလဲ။ တကယ္တန္းက အစိုးရက ခင္ဗ်ားႀကီးကို ထားစရာေနရာမရွိလို႔ ၿပီးၿပီးေရာ ရာထူးတစ္ခု ေကာက္ေပးလိုက္တာပဲ အရာရွိႀကီးေနာ္မန္ရဲ႕။ အဲ့တာကို ခင္ဗ်ားႀကီးက ၿပဳံးၿပဳံးႀကီးနဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏိုင္ငံ့အနာဂတ္လိုလို၊ အုပ္ခ်ဳပ္ေရးပိုင္းမွာ အေရးပါတဲ့ ႏိုင္ငံေရးသမားလိုလိုလုပ္ေနတာ။ တကယ္တန္းေတာ့ ခင္ဗ်ားလည္း တိုင္းျပည္အတြက္ ကိုယ္က်ိဳးစြန႔္ေနတာကြဆိုတဲ့ ကိုယ္ပိုင္ေထာင္ထဲ ပိတ္မိေနတဲ့ အက်ဥ္းသားတစ္ေယာက္ပဲ ေနာ္မန္။ ကိုယ့္ကိုယ္ကိုယ္ အရင္ျမင္ေအာင္ ၾကည့္စမ္းပါဦးဗ်ာ”
အရာရွိေနာ္မန္သည္ မက္သ႐ူး၏ စကားအဆုံးတြင္ ႏြားသိုးႀကီးတစ္ေကာင္လို ႏွာေခါင္းမွတဆင့္ ေလမ်ား မႈတ္ထုတ္လိုက္သည္။ မက္သ႐ူးထံမွလည္း ေၾကာက္မက္ဖြယ္ အံက်ိတ္သံႀကီးမ်ား ထြက္ေနျပန္၏။ တရားေဟာဆရာကတ္ဆီသာ ဝင္မတားလ်င္ သူတို႔ႏွစ္ေယာက္သည္ ဤေနရာတြင္ အခ်င္းခ်င္း သတ္ျဖတ္ၾကေတာ့မည္ျဖစ္သည္။ တရားေဟာဆရာ ကတ္ဆီသည္ မက္သ႐ူး၏ ရင္ဘတ္ေပၚသို႔လက္တဖက္၊ ေနာ္မန္၏ ရင္ဘတ္ေပၚသို႔ လက္တဖက္ တင္လိုက္ၿပီး သူတို႔ႏွစ္ဦးကို အနည္းငယ္ ေဝးကြာသြားေအာင္ တြန္းဖယ္ၿပီး ခြဲလိုက္သည္။ အျပန္အလွန္ မီးဟုန္းဟုန္း ေတာက္ေနသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကေသာ မက္သ႐ူးႏွင့္ အရာရွိေနာ္မန္သည္ တရားေဟာဆရာဘက္သို႔ လွည့္လာၾကသည္။ တရားေဟာဆရာသည္ အင္မတန္ တည္ၿငိမ္ေသာ မ်က္ႏွာျဖင့္ သူတို႔ႏွစ္ဦးစလုံး၏ ရန္ပြဲကို ျဖန္ေျဖရန္ ႀကိဳးစားလိုက္သည္။
“ခင္ဗ်ားတို႔ ႏွစ္ေယာက္ အျပန္အလွန္ ထိုးၾကက်ိတ္ၾကမယ္ဆိုရင္လည္း ကြၽန္ေတာ့္အေရွ႕မွာေတာ့ မလုပ္ၾကနဲ႔” တရားေဟာဆရာ ကတ္ဆီက ေျပာသည္။ “ရန္ပြဲကို ဆက္ခ်င္တယ္ဆိုရင္လည္း ကြၽန္ေတာ္ေျပာတဲ့ စကားကိုေတာ့ ဆုံးတဲ့အထိ နားေထာင္ၾကဦး။ ခင္ဗ်ားတို႔ႏွစ္ေယာက္ ျငင္းခုံေနတဲ့ အက်ဥ္းသားဆိုတဲ့ စကားကို ကြၽန္ေတာ္ ရွင္းလင္းေပးခ်င္တယ္”
တရားေဟာဆရာ ကတ္ဆီသည္ စကားကို ရပ္ထားၿပီး သူတို႔ႏွစ္ဦး၏ အေျခအေနကို တစ္ခ်က္ၾကည့္လိုက္သည္။ မက္သ႐ူးသည္ ရင္ဘတ္တစ္ခုလုံး ဖားဖိုတစ္ခု ျမင့္လိုက္ႏွိမ့္လိုက္ျဖစ္ေနၿပီး အရာရွိေနာ္မန္ကေတာ့ လက္သီးႀကီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုတ္ထားသည္။
“ပထမဦး ေျပာခ်င္တာက ခင္ဗ်ားတို႔ ႏွစ္ေယာက္စလုံး မွန္တယ္ဆိုတာပဲဗ်” တရားေဟာဆရာ ကတ္ဆီက စကားကို ဆက္ေျပာသည္။ “ခင္ဗ်ားတို႔ႏွစ္ေယာက္စလုံးက ကိုယ္ပိုင္ေထာင္ထဲက အက်ဥ္းသားေတြခ်ည္းပဲ။ အဲ့လိုေျပာေၾကးဆို ကြၽန္ေတာ္ကိုယ္တိုင္ကေကာ။ ကြၽန္ေတာ္ကလည္း အက်ဥ္းသားတစ္ေယာက္ပဲဗ်။ တစ္ခါခါ ကြၽန္ေတာ္ေတြးတယ္။ ခံစားခ်က္ရွိတဲ့ လူသားတိုင္းမွာ ေမြးကတည္းက ကိုယ္ပိုင္ခံယူခ်က္ေတြ၊ သေဘာထားေတြနဲ႔ ေမြးဖြားလာၾကတာပဲ။ ေျပာခ်င္တာက လူတိုင္းမွာ ေမြးရာပါ အက်ဥ္းေထာင္ေတြရွိၾကတယ္ဆိုတာပဲဗ်။ ကြၽန္ေတာ္ဆိုလည္း အခုၾကည့္ဦး။ တရားေဟာဆရာတစ္ေယာက္ ျဖစ္ေနတယ္။ ကြၽန္ေတာ့္မွာ ေစာင့္ထိန္းရမဲ့ ဝတ္တရားေတြ သတ္မွတ္ခ်က္ေတြရွိၿပီးသား။ ေျပာခ်င္တာက ကြၽန္ေတာ္လည္း ခင္ဗ်ားတို႔နည္းတူ အက်ဥ္းသားတစ္ေယာက္ပဲဗ်။ ဒါေပမဲ့ အဲ့ေတာ့ဘာျဖစ္သလဲ။ ဘာမွမျဖစ္ဘူးေလ အဲဒီ့အက်ဥ္းေထာင္ထဲမွာ အက်ဥ္းသားျဖစ္ေနရတာ ကြၽန္ေတာ္တို႔ေပ်ာ္တယ္မဟုတ္လား။ အဲ့ေထာင္အခန္းႀကီးထဲကို ကြၽန္ေတာ္တို႔ကိုယ္တိုင္ လိုလိုလားလား ဝင္ခဲ့ၾကတာပဲမဟုတ္လား။ အႀကိမ္ႀကိမ္အခါခါ ေထာင္ထဲကလြတ္ဖို႔ အေၾကာင္းအရင္းေတြ ဖန္လာရင္ေတာင္ ကြၽန္ေတာ္တို႔က ေထာင္ထဲမွာ ေနရတာကို၊ အက်ဥ္းသားျဖစ္ေနရတာကို ႏွစ္ၿခိဳက္သေဘာက်ေနတာပဲ မဟုတ္လား။ အဲ့တာကပဲ ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ပိုင္ဝိေသႆလကၡဏာေတြ ျဖစ္လာၾကတာပဲေလ။ ကြၽန္ေတာ္ဆို ကိုယ့္ကိုယ္ကိုယ္ တရားေဟာဆရာတစ္ေယာက္အျဖစ္ အက်ဥ္းခ်ထားတယ္။ ကြၽန္ေတာ္ဟာ အက်ဥ္းသားတစ္ေယာက္ပဲ။ ဒါေပမဲ့ အခုလိုဘဝကို ကြၽန္ေတာ္ကိုယ္တိုင္ေ႐ြးခ်ယ္ထားတာ မဟုတ္လား။ အဲ့အတြက္ ဘာမ်ား ဝမ္းနည္းစရာရွိသလဲ။ ေဟာဒီက မက္သ႐ူးဆိုရင္ ကြၽန္ေတာ့္ကို ခဏခဏေျပာတယ္။ သူက အသက္ႀကီးလာရင္ ဒီၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ ျဖစ္ခ်င္တာတဲ့။ ဟုတ္တယ္။ သူက ဒီႏြားေျခရာခြက္ေလးထဲမွာ အက်ဥ္းခ်ခံထားရတဲ့ေကာင္။ ဒါေပမဲ့ အဲ့အတြက္ သူေက်နပ္တယ္ေလ။ ဘာေၾကာင့္ ကြၽန္ေတာ္တို႔က သူေ႐ြးခ်ယ္မႈကို သြားၿပီး ေဝဖန္အျပစ္ေျပာစရာလိုမလဲ။ ၿပီးေတာ့ ခင္ဗ်ားကေကာ ေနာ္မန္။ ခင္ဗ်ားလည္း ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ပဲမဟုတ္လား။ ေဟာေျပာပြဲမွာတုန္းက ခင္ဗ်ား ေျပာခဲ့တယ္။ ဒီႏိုင္ငံႀကီးတစ္ခုလုံးကို ရထားသံလမ္းေတြနဲ႔ ျပည့္သြားေအာင္ ဖန္တီးေပးခ်င္တာဆို။ အဲ့တာ ကိုယ့္ကိုယ္ကိုယ္ သတ္မွတ္ခ်က္တစ္ခုနဲ႔ အက်ဥ္းခ်လိုက္တာပဲမဟုတ္လား။ ခင္ဗ်ားတို႔ႏွစ္ေယာက္က စကားနာထိုးဖို႔အတြက္ မလိုတာေတြ ဆြဲထည့္ၿပီး ကိုယ္ပိုင္ေထာင္ထဲက အက်ဥ္းသားဆိုတဲ့ စကားကို ရွက္႐ြံ႕စရာလို႔ သတ္မွတ္လိုက္ၾကတာကိုး။ ဘာျဖစ္လဲဗ်ာ။ ကိုယ့္ေထာင္ထဲမွာ ကိုယ္ေပ်ာ္ေနရင္ ၿပီးတာပဲမဟုတ္လား။ တကယ္ရွက္႐ြံစရာေကာင္းတာက ကိုယ္မေနခ်င္တဲ့ေထာင္ထဲမွာ ပိတ္မိၿပီး အက်ဥ္းသားျဖစ္ေနရတာမွ စိတ္ဆင္းရဲစရာေကာ၊ ရွက္စရာေကာေကာင္းတာ။ အဲ့လိုေတာ့မျဖစ္ေစနဲ႔ေပါ့ဗ်ာ။ ကိုယ္စိတ္နဲ႔ကိုယ္ ရွင္သန္ၾကတာေပါ့။ ဒါေပမဲ့ အျခားလူဖန္တီးထားတဲ့ အက်ဥ္းေထာင္ထဲမွာသြားၿပီး ပိတ္မိမေနေစနဲ႔ေပါ့။ အဲ့တာကေတာ့ တကယ္ႀကီးနာက်င္စရာေကာင္းတယ္။”
တရားေဟာဆရာ၏ စကားအဆုံးမွာ မက္သ႐ူးႏွင့္ အရာရွိေနာ္မန္တို႔ ႏွစ္ေယာက္စလုံး တိတ္ဆိတ္သြားၾကသည္။ ေဒါသမ်ား ေျပသြားသေယာင္ရွိ၏။ မက္သ႐ူးသည္ ေနာ္မန္ႏွင့္ မ်က္ႏွာခ်င္းမဆိုင္မိေအာင္ ေျမျပင္သို႔ ငုံ႔ၾကည့္ေနသည္။ ေနာ္မန္ကေတာ့ ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ တရားေဟာဆရာကတ္ဆီေျပာသည့္ စကားမ်ားကို ေထာက္ခံေနသည္။
အရာရွိေနာ္မန္သည္ စကားတစ္စုံတစ္ခု ေျပာရင္ ပါးစပ္ျပင္လိုက္သည္။ ထိုအခ်ိန္တြင္ လမ္းရွင္းဖို႔ အေရွ႕က ႀကိဳသြားေနေသာ အလုပ္သမားမ်ားထံမွ ေအာ္ဟစ္ အသိေပးသံ တစ္ခုထြက္ေပၚလာသည္။
“အရာရွိေရ... ဒီမွာ လမ္းရွင္းေနရင္း ဘာႀကီးလဲမသိဘူး။ ေတြ႕တယ္ဗ်ိဳ႕”
ႀတိဂံပုံစံ ရပ္ေနၾကေသာ သူတို႔သုံးေယာက္သည္ အလုပ္သမား၏ စကားေၾကာင့္ အူယားဖားယားျဖင့္ အလုပ္သမားမ်ားေရာက္ရွိေနရာသို႔ အေျပးလိုက္သြားၾကသည္။
အရာရွိေနာ္မန္၏ အလုပ္သမားမ်ားသည္ သစ္ပင္တစ္စုအေဝး တစ္ခု၏ အနားတြင္ စုၿပဳံ၍ ရပ္ေနၾကသည္။ ေနာ္္မန္ႏွင့္ တရားေဟာဆရာ ကတ္ဆီသည္ အလုပ္သမားမ်ားကို တိုးေဝွ႔ၿပီး သစ္ပင္မ်ားၾကားသို႔ ၾကည့္လိုက္သည္။ မက္သ႐ူးကေတာ့ ထုံးစံအတိုင္း အားလုံး၏ အေနာက္တြင္သာ ရပ္ေနၿပီး အေနအထားကို အကဲခတ္ေနသည္။
“ဝိုး... ကတ္ဆီေရ။ ခင္ဗ်ားေၾကာ္ညာထဲက အတိုင္းပါလားဗ်” ေနာ္္မန္က ေလသံက်ယ္က်ယ္ျဖင့္ ေျပာ၏။
ေတာအုပ္၏ အလယ္တည့္တည့္ ေနရာတြင္ျဖစ္သည္။ ေတာအုပ္တစ္ခုလုံး ျပည့္က်ပ္ေနသည့္ အ႐ြယ္အစား ႀကီးႀကီးမားမား သစ္ပင္မ်ားသည္ ဤေနရာတြင္ စေကးခ်၍ စိုက္ထားသည့္အလား ရပ္တန႔္ၿပီး ထိုေနရာေလးကို စက္ဝိုင္းသ႑ာန္ ဝန္းရံထားၾကသည္။
ဤၿမိဳ႕တစ္ခုလုံးရွိ လူမ်ား ႏွစ္ေပါင္းရာခ်ီေအာင္ ေၾကာက္လန႔္၍ စြန႔္ပစ္ထားေသာ ကြပ္မ်က္စင္ဆိုတာႀကီးကို သူတို႔လူစုသည္ မ်က္ဝါးထင္ထင္ ေတြ႕ျမင္ေနၾကရၿပီျဖစ္၏။
ႏွစ္ပရိေစၦဒ ၾကာျမင့္ေနၿပီျဖစ္တာေၾကာင့္ ကြပ္မ်က္စင္၏ ပတ္ပတ္လည္ရွိ ေက်ာက္ျပားမ်ားျဖင့္ ျပဳလုပ္ထားေသာ ရင္ျပင္သည္ ေျမႀကီးမ်ား၏ ဖုံးအုပ္ျခင္းကို ခံထားရၿပီ။ အလုပ္သမားတစ္ေယာက္သည္ ေျခေထာက္ျဖင့္ ေျမႀကီးမ်ားကို တူးဆြလိုက္လ်င္ ေျမႀကီးေအာက္ရွိ ေက်ာက္ျပားခ်ပ္တစ္ခုကို ေတြ႕လိုက္ရသည္။ ဒူးေခါင္းခန႔္ ျမင့္ေသာ ကြၽဲစားျမက္ပင္ရွည္မ်ားသည္ ေက်ာက္ျပားမ်ား အၾကားမွ တိုးေဝွ႔ၿပီး ထိုးထိုးေထာင္ေထာင္ ထြက္ေနၾကသည္။ ႏွစ္ပိုင္းကြဲေနေသာ ေက်ာက္ျပားတစ္ခု၏ အလယ္တြင္ အမ်ိဳးအမည္မသိ ပန္းပြင့္ဝါဝါမ်ား ပြင့္ေနၾကသည္။ ေက်ာက္ျပားရင္ျပင္တစ္ခုလုံးသည္ အေကာင္းပကတိအတိုင္း ရွိမေနေတာ့ေပ။
သူတို႔လူစုသည္ ရင္ျပင္ေပၚသို႔ တက္၍ ရင္ျပင္အလယ္၍ ကြပ္မ်က္စင္ႀကီးကို ေခါင္းေမာ့၍ စူးစမ္းလိုက္ၾကသည္။ အရာရွိ ေနာ္မန္သည္ အယုံအၾကည္မရွိသူျဖစ္သည့္ အတြက္ ကြပ္မ်က္စင္ႀကီးကို အနီးကပ္ တိုး၍ ၾကည့္လိုက္သည္။
ကြပ္မ်က္စင္သည္ သစ္သားတိုင္ႀကီးတစ္ခုသာ ျဖစ္သည္။ အႀကိမ္ေပါင္းမ်ားစြာ မီးသင့္ခဲ့ရ၍ သစ္သားတိုင္ႀကီးသည္ ေက်ာက္မီးေသြးေခ်ာင္းႀကီးသဖြယ္ မည္းနက္ၿပီး ထိပ္ဖ်ားပိုင္းရွိ အခ်ိဳ႕ေနရာမ်ားသည္ က်ိဳးပဲ့၍ပင္ ေနေလၿပီ။ (၇)ေပ ဝန္းက်င္ခန႔္ ရွိေလာက္မည့္ သစ္သားတိုင္ႀကီးေပၚတြင္ လူေပါင္းမည္မွ် ခန႔္ကို မီးရႈိ႕၍ သတ္ျဖတ္ခဲ့ၾကမည္နည္း။ အမ်ားစုသည္ စုန္းမဟု သတ္မွတ္ခံခဲ့ရေသာ အမ်ိဳးသမီးမ်ားသာ ျဖစ္လိမ့္မည္။ သို႔မဟုတ္ ဘာသာေရးကို ပုန္ကန္ၿပီး မိစာၦဒိထၳိဟု စြပ္စြဲခံရသည့္ လူမ်ား။ ထိုလူမ်ားသည္ ဤသစ္သားတိုင္ႀကီးေပၚတြင္ အဆိုး႐ြားဆုံး နာက်င္မႈမ်ားကို ခံစားၿပီး ေသဆုံးခဲ့ၾကရမည္။
“ဘာမွေတာ့ ထူးထူးဆန္းဆန္း မဟုတ္ပါဘူး” အရာရွိေနာ္မန္က သစ္သားတိုင္ႀကီးကို အေသအခ်ာ ၾကည့္၍ ေျပာသည္။
“တစ္ေတာလုံးမွာ ႏြယ္ပင္ေတြနဲ႔ ႁပြတ္သိပ္ေနတာ ဒါေပမဲ့ ဒီသစ္သားတိုင္ႀကီးေပၚကိုေတာ့ ဘယ္ႏြယ္မွ တြယ္တက္မေနဘူးေနာ္” အလုပ္သမားတစ္ဦးက ေမး၏။
“ဆီေၾကာင့္လို႔ ကြၽန္ေတာ္ထင္တယ္” တရားေဟာဆရာ ကတ္ဆီက ေျဖသည္။ “အင္း ဟုတ္တယ္။ ဆီေၾကာင့္ပဲ။ လူေတြရာနဲ႔ခ်ီၿပီး မီးရႈိ႕ခံထားရလို႔ ဒီသစ္သားတိုင္ႀကီးက ဆီေတြနဲ႔ ျပည့္ေနၿပီး ႏြယ္ပင္ေတြက အဲ့တာေၾကာင့္ မတြယ္တက္ႏိုင္တာ ျဖစ္မယ္”
“ဘာ ဆီလဲဗ်” အရာရွိေနာ္မန္က ေမးသည္။
“လူရဲ႕ ဆီေလ။ သက္ရွိတိုင္းမွာ အဆီေတြရွိတာၾကတာပဲ။ အဲဒီ့ အဆီေတြကို မီးနဲ႔ရႈိ႕ခံရရင္ တကယ့္ ဆီစစ္စစ္လိုမ်ိဳး ထြက္လာတတ္တယ္လို႔ ကြၽန္ေတာ္ေလ့လာဖူးတယ္” တရားေဟာဆရာက ျပန္ေျဖသည္။
“ျမတ္စြာဘုရား....” အေနာက္ဘက္တြင္ ရပ္ေနသည့္ မက္သ႐ူးက ခပ္တိုးတိုး ေရ႐ြတ္သည္။
အလုပ္သမားမ်ားသည္ သူတို႔ႏွင့္ မဆိုင္သည့္ကိစၥ ျဖစ္သည့္အတြက္ ေျမႀကီးဖုံးေနေသာ ရင္ျပင္ေပၚတြင္ သက္ေသာင့္သက္သာ ထိုင္၍ အနားယူေနၾကသည္။ အလုပ္သမားတစ္ေယာက္သည္ အိတ္ကပ္အတြင္းရွိ ေဆးျပင္းလိပ္တစ္လိပ္ကို ထုတ္ယူၿပီး တစ္ဖြာၿပီးတစ္ဖြာ ဖြာေနသည္။ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာက ဤရင္ျပင္ေပၚတြင္ လူအခ်ိဳ႕သည္ မီးရႈိ႕ခံရ၍ နာက်င္စြာ ေအာ္ဟစ္ေနေသာ အမ်ိဳးသမီးငယ္တစ္ေယာက္ကို မ်က္စိအရသာခံ၍ ေမ်ာက္ပြဲၾကည့္သလို ဝိုင္းၾကည့္ေနခဲ့ေလာက္သည္။
“ကဲ... ကဲ။ ထားပါေတာ့။ ဘာမွလည္း ထူးထူးဆန္းဆန္း မဟုတ္ပါဘူး။ အခုက်ဳပ္တို႔ ကြပ္မ်က္စင္ကို ရွာေတြ႕ၿပီ မဟုတ္လား။ ဘာဆက္လုပ္ခ်င္သလဲ ကတ္ဆီ။” ေနာ္မန္က သူ႔ရဲ႕စတိုင္အတိုင္း ေရးႀကီးခြင္က်ယ္ မဟုတ္သည့္ ေလသံျဖင့္ ေျပာ၏။
တရားေဟာဆရာသည္ သစ္သားတိုင္ႀကီးကို တစ္ပတ္ျပည့္ေအာင္ ပတ္၍ ၾကည့္ၿပီး ျပန္ေျဖသည္။
“နဂို အစီအစဥ္အတိုင္းပဲ လုပ္ၾကရေအာင္ ေနာ္မန္ရယ္။ ကြၽန္ေတာ္တို႔ အျပင္ကို ျပန္ထြက္ၾကမယ္။ ၿပီးရင္ တၿမိဳ႕လုံးက ဘုန္းေတာ္ႀကီးေတြကို ပင့္ဖိတ္ၿပီး ေတာအုပ္ထဲ ျပန္လာၾကမယ္။ ဒီေနရာမွာ လိုအပ္တဲ့ ပူေဇာ္မႈေတြ၊ အစီအရင္ေတြကို စိတ္သန႔္သြားတဲ့အထိ လုပ္ၾကမယ္။ ၿပီးရင္ ကြပ္မ်က္စင္ေကာ၊ ေအာက္ဘက္က ရင္ျပင္ေက်ာက္ျပားေတြကိုေကာ အျပင္ကို စနစ္တက် ထုတ္ၿပီး အျခားတစ္ေနရာမွာ ေျပာင္းၿပီးထားလိုက္မယ္။ ကြၽန္ေတာ္နဲ႔ မက္သ႐ူး ျဖစ္ေစခ်င္နဲ႔ ဆႏၵက အဲ့တာပါပဲဗ်ာ”
ေနာ္မန္သည္ မက္သ႐ူးကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ အေစာပိုင္းတုန္းက ျဖစ္ခဲ့သည့္ ရန္ပြဲမွာ အၿပီးအသတ္ မခ်ဳပ္ၿငိမ္းေသး။ ေနာ္မန္သည္ ညိဳျပာျပာ မြဲေျခာက္ေျခာက္ သစ္သားတိုင္ႀကီးကို မခန႔္ေလးစား ပုံစံျဖင့္ ေမာ့၍ ၾကည့္လိုက္သည္။ ထို႔ေနာက္ ခနဲ႔တဲ့တဲ့ ပုံစံျဖင့္ ၿပဳံးသည္။
“ဒီသစ္သားေခ်ာင္းအတြက္ အဲ့ေလာက္ထိ အခ်ိန္ေတြေပးၿပီး လူေတြ အပင္ပန္းခံရမွာလား ကတ္ဆီရဲ႕” ေနာ္မန္က ေလွာင္သံသဲ့သဲ့ျဖင့္ ေျပာသည္။
“ခင္ဗ်ား ဘာကိုဆိုလိုခ်င္တာလဲ ေနာ္မန္။” တရားေဟာဆရာ ကတ္ဆီသည္ မ်က္ေမွာင္ကုပ္၍ ျပန္ေမးသည္။ “မေန႔ညကတည္းက ဒီကိစၥကို ကြၽန္ေတာ္တို႔ ေဆြးေႏြးခဲ့ၿပီးသားပဲမဟုတ္လား။ ခင္ဗ်ားပဲ လက္ခံသေဘာတူပါတယ္ဆို”
“ဟုတ္ပါတယ္။ မေန႔ညကေတာ့ အဲ့လိုေျပာခဲ့ပါတယ္။ ဒါေပမဲ့ ဒီေန႔က်ေတာ့ စိတ္က သိပ္မပါခ်င္ေတာ့ဘူးဗ်ာ”
ေနာ္မန္၏ စကားေၾကာင့္ တရားေဟာဆရာ ကတ္ဆီႏွင့္ မက္သ႐ူးသည္ ထိပ္ထိပ္ျပာျပာ ျဖစ္သြားၾက၏။
“အဲ့ဒီေတာ့ အရင္ဆုံး ဒီသစ္သားေခ်ာင္းႀကီးက ခင္ဗ်ားတို႔ ၿမိဳ႕ကလူေတြ ယုံၾကည္ေနသလို က်ိန္စာဘာညာ ရွိမရွိ အရင္စမ္းသပ္ၾကည့္ရေအာင္” ေနာ္မန္သည္ လူညစ္တစ္ေယာက္၏ ေလသံျဖင့္ေျပာသည္။ “ကဲ... ရဲေဘာ္တို႔ အေညာင္းအေညာေျပသြားၾကၿပီ ဆိုရင္ ရဲေဘာ္တို႔အတြက္ စိန္ေခၚမႈတစ္ခုရွိတယ္။ အခု မင္းတို႔ျမင္ေနရတဲ့ သစ္သားေခ်ာင္းမဲမဲႀကီးက အင္မတန္ က်ိန္စာသင့္ေနတာတဲ့ကြ။ ဟဲဟဲ... အဲ့ေတာ့ မင္းတို႔ထဲက တစ္ေယာက္ေယာက္က ဒီသစ္သားတိုင္ႀကီးကို ခုတ္လဲတာပဲျဖစ္ျဖစ္ က်ိဳးပဲ့သြားေအာင္ ႐ိုက္ခ်ိဳးႏိုင္ရင္ပဲျဖစ္ျဖစ္ လုပ္န္ိုင္ရင္ဘယ္သူမဆို ေဒၚလာ(၂၀)တိတိ ငါကခ်ီးျမင့္မယ္။”
အလုပ္သမားမ်ားသည္ လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကသည္။ ေဒၚလာ(၂၀)ဆိုသည္မွာ နည္းသည့္ ပိုက္ဆံမဟုတ္။ အလုပ္သမားမ်ားသည္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး သူတို႔၏လက္ထဲရွိ ရဲဒင္းမ်ား ေတာခုတ္ဓားမ်ားကို ကိုင္၍ ေနာ္မန္ခိုင္းသည့္အတိုင္း လုပ္သင့္မလုပ္သင့္ စဥ္းစားေနၾကသည္။
“ဟ... သတၱိခဲႀကီးမ်ားရဲ႕။ ေဒၚလာ (၂၀)ေတာင္ အသားလြတ္ရမွာေနာ္။ သစ္ပင္တစ္ပင္ခုတ္သေလာက္ပဲ အပင္ပန္းခံၿပီး ဒီေလာက္ပိုက္ဆံ အလကားနီးပါး ရမွာကို မင္းတို႔ ဘာလို႔ မလုပ္ရဲၾကတာလဲကြ” အရာရွိေနာ္မန္သည္ ထပ္မံ၍ စည္းရႈံးသိမ္းသြင္း လိုက္ျပန္သည္။
“မဟုတ္ၾကနဲ႔ေနာ္...ေဟ့လူေတြ။ ေနာ္မန္ ခင္ဗ်ားမွာ ကတိေတြသစၥာေတြအတြက္ ေထာက္ထားဖို႔ေကာရွိရဲ႕လား။ ခင္ဗ်ားအေျပာတျခား အလုပ္တျခား လုပ္လို႔မရဘူးေနာ္” မက္သ႐ူးက ေၾကာက္လန႔္တၾကား ဝင္ေျပာသည္။
မက္သ႐ူး၏ စကားသံမဆုံးလိုက္ ရဲဒင္းတစ္လတ္ ကိုင္ထားေသာ အလုပ္သမားတစ္ေယာက္သည္ ထိုင္ေနရာမွ ထရပ္ၿပီး ေျဖးေျဖးမွန္မွန္ ေျခလမ္းမ်ားျဖင့္ သစ္သားတိုင္ႀကီးအနီးသို႔ တိုးကပ္သြားသည္။
“ဟားဟားဟား... ဒါပဲျဖစ္ရမွာေပါ့ ဖရက္ဒီရဲ႕။ လုပ္လိုက္စမ္းပါ တစ္ခ်က္ပဲ ခုတ္ပစ္လိုက္။ ေဒၚလာ(၂၀)က မင္းကို ေစာင့္ႀကိဳေနၿပီ” ေနာ္မန္က အင္မတန္ ေက်နပ္သည့္ ေလသံျဖင့္ဆိုသည္။
ဖရက္ဒီဟု အမည္ရသည့္ အလုပ္သမားသည္ ကြၽဲတစ္ေကာင္နီးပါး သန္မာပုံရ၏။ အင္မတန္ ခက္ထန္ေသာ မ်က္ႏွာထားျဖင့္ ရဲဒင္းႀကီးကို လက္ႏွစ္ဖက္ျဖင့္ကိုင္ကာ သစ္သားတိုင္ရွိရာသို႔ ေသြးေအးေအး ပုံစံျဖင့္ တိုးကပ္လာ၏။ မက္သ႐ူးသည္ ဖရက္ဒီ၏ အေရွ႕မွ ပိတ္၍ ကာထားလိုက္သည္။ သို႔ေသာ္ ဖရက္ဒီသည္ မက္သ႐ူးထက္ ႏွစ္ဆခန႔္ လူေကာင္ႀကီးမားေနေလ၏။ မက္သ႐ူးကို လက္တဖက္ျဖင့္ အသာအယာ တြန္းဖယ္ၿပီး ဖရက္ဒီသည္ ကြပ္မ်က္စင္(သို႔မဟုတ္) သစ္သားတိုင္ႀကီးကို ခုတ္ထစ္ရန္ ျပင္ဆင္လိုက္သည္။
“ေနာ္မန္... ခင္ဗ်ားရဲ႕လူကို အခုခ်က္ခ်င္း ရပ္ခိုင္းလိုက္ပါ” တရားေဟာဆရာ ကတ္ဆီက ခက္ထန္ ျပတ္သားေသာ ေလသံျဖင့္ဆို၏။
သို႔ေသာ္ အရာရွိေနာ္္မန္က ဂ႐ုပင္မစိုက္။ သူ၏ အလုပ္သမားဖရက္ဒီကိုသာ သစ္သားတိုင္ႀကီးအား ခုတ္ထစ္ပစ္လိုက္ရင္ အမိန႔္ေပးေနသည္။
တရားေဟာဆရာသည္ သက္ျပင္းရွည္ႀကီးကို မႈတ္ထုတ္လိုက္သည္။ ထို႔ေနာက္ ဖရက္ဒီ့အနီးသို႔ တိုးကပ္သြားသည္။
“ေျဖာင္း.....”
တရားေဟာဆရာ၏ ညာဘက္လက္သီးသည္ ဖရက္ဒီ၏ ဘယ္ဘက္မ်က္ႏွာေပၚသို႔ ေျဖာင္းခနဲ ျမည္သံႏွင့္အတူ က်ေရာက္သြားသည္။
အရာရွိေနာ္္မန္၊ မက္သ႐ူးႏွင့္ က်န္အလုပ္သမားမ်ားသည္ အျဖစ္အပ်က္ကို မ်က္လုံးအျပဴးသားျဖင့္ ေငးၾကည့္ေနမိသည္။ ကြၽဲႀကီးတစ္ေကာင္ကဲ့သို႔ သန္မာလြန္းသည့္ ဖရက္ဒီသည္ တရားေဟာဆရာ ကတ္ဆီ၏ လက္သီးဒဏ္ေၾကာင့္ ေျမျပင္ေပၚတြင္ ေခြခနဲ လဲက်သြားသည္။ ထို႔ေနာက္ ေရမႊန္းေနေသာ ေၾကာင္တစ္ေကာင္ကဲ့သို႔ ေျမျပင္တြင္ နာနာက်င္က်င္ လူးလိမ့္ေန၏။
အစပိုင္းတြင္ ေၾကာင္အမ္းအမ္း ျဖစ္သြားေသာ အရာရွိေနာ္မန္သည္ ခဏအၾကာတြင္ တဟားဟားျမည္ေအာင္ အူလႈိက္သည္းလႈိက္ ရယ္ေမာေတာ့သည္။
“ဟားဟား..အမေလး ကတ္ဆီရယ္။ ခင္ဗ်ားရဲ႕ တရားေဟာဆရာ အက်ဥ္းေထာင္ရဲ႕ စည္းကမ္းခ်က္ေတြထဲမွာ လူတစ္ေယာက္ကို လက္သီးနဲ႔ မထိုးရဘူးဆိုတဲ့စည္းကမ္းခ်က္ မထည့္ထားဘူးလားဗ်ာ” ေနာ္မန္က ျမည္းတစ္ေကာင္ကဲ့သို႔ ရယ္ေမာရင္းေျပာ၏။
“ဒီျပႆနာက ခင္ဗ်ားေၾကာင့္ ျဖစ္တာပဲ ေနာ္မန္” တရားေဟာဆရာက ေျပာသည္။ “ခင္ဗ်ားရဲ႕ အ႐ြဲ႕တိုက္ခ်င္တဲ့ စိတ္ေၾကာင့္ျဖစ္ရတာ။ ကြၽန္ေတာ့္ကို အျပစ္မတင္နဲ႔”
တရားေဟာဆရာ ကတ္ဆီသည္ လက္သီးကို က်စ္က်စ္ျမည္ေအာင္ ဆုတ္ထားၿပီး အရာရွိေနာ္မန္၏ အနီးသို႔ တိုးကပ္သြားရန္ ျပင္လိုက္သည္။ အရာရွိေနာ္မန္သည္ ခ်က္ခ်င္းပင္ တစ္ခ်ိန္လုံး ေက်ာကုန္းမွာ လြယ္ထားခဲ့သည့္ စပရင္းဖီးလ္႐ိုင္ဖယ္ကို လက္မွာေျပာင္း၍ ကိုင္လိုက္သည္။ ထို႔ေနာက္ တရားေဟာဆရာထံသို႔ တည့္တည့္မက္မက္ ထိုးခ်ိန္လိုက္၏။
“ဟိုးထားဆရာ...ဟိုးထား” ေနာ္မန္က ရယ္သံေသြး၍ ေျပာသည္။ “အခု ခင္ဗ်ားဘက္က အရင္လက္ပါတာဆိုေတာ့ က်ဳပ္ဘက္လည္း ေသနတ္နဲ႔ ျပန္ပစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ ကာကြယ္လို႔ ရေနၿပီေနာ့္။ အဲ့အတိုင္းေလး ၿငိမ္ၿငိမ္ေန။ ဟိုေကာင္ မက္သ႐ူး မင္းေကာပဲ။ က်န္တဲ့ေကာင္ေတြ မင္းတို႔လူ ဖရက္ဒီကို ဆြဲထူၿပီး သတိဝင္ေအာင္ လုပ္လိုက္စမ္း။ ငါတို႔ ဒီေတာထဲက ျပန္ထြက္ၾကမယ္။”
တရားေဟာဆရာ ကတ္ဆီသည္ မက္သ႐ူး၏ အေရွ႕၌ ကာကြယ္၍ ရပ္ထားသည္။
“ဟဲဟဲ... မပူပါနဲ႔ဗ်ာ။ ခင္ဗ်ားတို႔ႏွစ္ေယာက္စလုံးကို က်ဳပ္ မသတ္ပါဘူး။ လူအေသအေပ်ာက္ျဖစ္ရင္ အင္မတန္ အလုပ္ရႈပ္လြန္းလို႔ပါ။ သိတဲ့အတိုင္း အစိုးရဆိုတာကလည္း လူရွင္ဆိုရင္ ဂ႐ုမစိုက္ဘူး။ လူေသဆိုမွသာ ဂ႐ုစိုက္တဲ့အမ်ိဳးကိုး။ အဲ့ေတာ့ ခင္ဗ်ားတို႔ကို က်ဳပ္မသတ္ပါဘူး။ ဒါေပမဲ့...”
အရာရွိေနာ္မန္သည္ စကားသံဆုံးသြားသည္ႏွင့္ တၿပိဳင္နက္ ေသနတ္ေျပာင္းကို သစ္သားတိုင္ႀကီးရွိရာသို႔ ေျပာင္း၍ ခ်ိန္လိုက္သည္။ ကတ္ဆီႏွင့္ မက္သ႐ူးသည္ ေအာ္ဟစ္၍ တားဆီးေသးေသာ္လည္း အခ်ိန္မမွီေတာ့။
“ဒိုင္း”ခနဲ ျမည္သံႏွင့္ အတူ ေသနတ္ေျပာင္းတစ္ခုလုံး မီးစမီးနမ်ားျဖင့္ ျပည့္ႏွက္သြားသည္။ က်ည္ဆံတစ္ခုသည္ ေျပာင္းဝမွတဆင့္ သစ္သားတိုင္ႀကီးရွိရာသို႔ ေရာက္ရွိသြားသည္။ ထို႔ေနာက္ သစ္သားတိုင္ႀကီး၏ အလယ္ပိုင္းမွေနၿပီး ထိုးခြင္း၍ တစ္ျခားတစ္ဖက္မွ ျပန္၍ထြက္သြားသည္။ သစ္သားတိုင္ႀကီးသည္ ေသနတ္သံ ေပ်ာက္ကြယ္သြားခ်ိန္တြင္ ႏွစ္ပိုင္းက်ိဳး၍ ေျမျပင္သို႔ လဲက်သြားသည္။ လြန္ခဲ့သည့္ ႏွစ္ေပါင္း (၃၀၀)ခန႔္က အသုံးျပဳခဲ့သည့္ မီးရႈိ႕ကြပ္မ်က္စင္ႀကီးသည္ ေျမျပင္ေပၚတြင္ လွဲေလာင္းေနၿပီျဖစ္သည္။
မက္သ႐ူးသည္ မ်က္ရည္မ်ား က်လာသည္အထိ ေၾကာက္႐ြံ႕သြားသည္။ တရားေဟာဆရာ ကတ္ဆီသည္ အရာရွိေနာ္မန္ကို ထုတ္ခ်င္းေပါက္မတတ္ မ်က္လုံးမ်ားျဖင့္ ႐ြံရွာစြာ ၾကည့္သည္။ အရာရွိေနာ္မန္ကေတာ့ မီးခိုးမတိတ္ေသးေသာ ေသနတ္ေျပာင္းဝကို ေလျဖင့္ တစ္ခ်က္မႈတ္လိုက္ၿပီး အားရေက်နပ္စြာျဖင့္ ထပ္ပိုင္းက်ိဳးေနေသာ သစ္သားတိုင္ႀကီးကို ၾကည့္ေနသည္။
“ျပန္ၾကရေအာင္ မက္သ႐ူး” တရားေဟာဆရာ ကတ္ဆီသည္ ခ်ာခနဲ လွည့္ၿပီး လာလမ္းအတိုင္း ေဖာက္ခဲ့သည့္ လမ္းသို႔ ဦးေဆာင္၍ ထြက္သြားသည္။ မက္သ႐ူးသည္ ေၾကာက္လန႔္ေနေသာ ပုံစံျဖင့္ တရားေသာဆရာေနာက္မွ ကပ္၍ လိုက္သြားသည္။
“ကြၽန္ေတာ္တို႔ေကာ ျပန္ၾကမလားဆရာ...” အလုပ္သမားတစ္ေယာက္က ေနာ္မန႔္အား ေမးသည္။ သတိျပန္လည္ေနၿပီျဖစ္ေသာ ဖရက္ဒီသည္ ေတာင္ေတာင္အီအီ ေလ်ာက္ၾကည့္ၿပီး အရက္မူးေနသည့္လူလို ျဖစ္ေန၏။
အရာရွိေနာ္မန္သည္ အားရသည္အထိ သစ္သားတိုင္ႀကီးကို ၾကည့္လို႔ၿပီးမွ လာလမ္းအတိုင္း ေတာအုပ္အတြင္းမွ ျပန္ထြက္လာလိုက္သည္။
................................................
လွည္းဘီးထံက တက်ိက်ိ ျမည္သံမွ အပ အရာရာသည္ တိတ္ဆိတ္ေနသည္။ အရာရွိေနာ္မန္သည္ အႏိုင္ရရွိသူ တစ္ေယာက္ကဲ့သို႔ ဝင့္ႂကြားစြာ သူ၏ေသနတ္ကို လက္တြင္ ပိုက္ၿပီး လိုက္ပါလာသည္။ တရားေဟာဆရာ ကတ္ဆီကေတာ့ အတန္ငယ္ ညိဳးငယ္ေသာ မ်က္ႏွာျဖင့္ သူ၏ လည္ပင္းမွာ ခ်ိတ္ဆြဲထားတဲ့ လက္ဝါးကပ္တိုင္ေလးကိုသာ လက္ျဖင့္ဖိ၍ ၿငိမ္သက္ေနသည္။ မက္သ႐ူးသည္ ေဒါသျဖင့္ ရႈးရႈးရဲရဲ ျဖစ္ေနတုန္းရွိေသး၏။ သို႔ေသာ္ ေသနတ္ကိုင္ထားေသာ အစိုးရ အရာရွိတစ္ေယာက္ကို မက္သ႐ူးတစ္ေယာက္ ဘာမ်ားလုပ္ႏိုင္မည္နည္း။
မိုးသားတိမ္ထုမ်ားက ေစာင္နဲ႔ အုပ္ထားသည့္အလား အေနာက္ေတာင္ဘက္မွ ေန၍ တဟုန္ထိုး ျမင့္တက္လာသည္။ မၾကာမွီ အခ်ိန္တြင္ မိုး႐ြာေတာ့မည္။ ေတာအုပ္အတြင္းမွ သူတို႔ျပန္ထြက္လာသည္မွာ တစ္နာရီေက်ာ္ခန႔္ပင္ရွိၿပီ။ ယခုအခ်ိန္ထိ ဘာမွထူးထူးျခားျခား မျဖစ္ေသး။
ရထားဘူတာ႐ုံသို႔ ေရာက္ခ်ိန္တြင္ မိုးၿခိမ္းသံမ်ား စတင္ထြက္ေပၚလာသည္။ တရားေဟာဆရာ ကတ္ဆီႏွင့္ မက္သ႐ူးသည္ လွည္းေပၚမွ ဆင္း၍ ဘူတာ႐ုံထဲသို႔ ဝင္လိုက္သည္။
“ေဟ့လူေတြ...။ အခုထိ ဘာမွမျဖစ္ေသးဘူးေတြ႕လား။ ခင္ဗ်ားတို႔ေၾကာက္ေနတဲ့ က်ိန္စာဆိုတာႀကီးက အတုအေယာင္ႀကီးဗ်ာ” အရာရွိေနာ္မန္သည္ လွည္းေပၚမွေန၍ လွမ္းေျပာသည္။
တရားေဟာဆရာ ကတ္ဆီႏွင့္ မက္သ႐ူးကေတာ့ ေရငုံႏႈတ္ပိတ္၍သာ ေနေနၾက၏။ အလုပ္သမားမ်ား စီးနင္းလာေသာ လွည္းေပၚရွိ ဖရက္ဒီသည္ ပါးတစ္ဖက္ကို လက္ျဖင့္ပြတ္ရင္း တရားေဟာဆရာ ကတ္ဆီကို မေက်နပ္သည့္ ပုံစံျဖင့္ ဘုၾကည့္ၾကည့္ေနသည္။ လွည္းႏွစ္စီးသည္ ဘူတာ႐ုံမွ ျပန္လည္ထြက္ခြာေတာ့မည္။ လွည္းဘီး ႏွစ္ပတ္ခန႔္ လွိမ့္ၿပီးခ်ိန္တြင္ အရာရွိေနာ္မန္သည္ တစ္စုံတစ္ခုကို သတိရသြားဟန္ျဖင့္ မက္သ႐ူးရွိရွာသို႔ လွမ္းေအာ္ေျပာသည္။
“ေဟ့...ဒါနဲ႔ မက္သ႐ူး။ မင္းရဲ႕ ထီးေလ။ မေန႔ညက ငါ့အိမ္မွာ က်န္ခဲ့တယ္။ အဲ့တာ ဒီေန႔ယူလာမလို႔ပဲ။ ဒါေပမဲ့ အိပ္ရာထ ေနာက္က်လို႔ ကသုတ္က႐ိုက္ ထြက္လာတာ ယူလာေပးဖို႔ ေမ့ခဲ့တယ္ကြာ။ အဲ့တာ ေနာက္တစ္ေန႔ မင္းအားရင္ ငါ့အိမ္မွာ လာယူေပါ့” အရာရွိေနာ္မန္က ခပ္ေပါ့ေပါ့ ပုံစံျဖင့္ေျပာသည္။
“ေမ့လိုက္ပါေတာ့ဗ်ာ...။ မနက္ျဖန္ဆိုတာလည္း ရွိေတာ့မယ္ မထင္ပါဘူး။” မက္သ႐ူးက ခပ္တိုးတိုး ေရ႐ြတ္သည္။
“ဘာကိုေျပာျပန္ၿပီလဲ မက္သ႐ူးရာ။ ဘာက်ိန္စာမွ မရွိဘူးဆိုတာ မင္းအျမင္ပဲမဟုတ္လား။” အရာရွိေနာ္မန္က မက္သ႐ူးကို အားမလို အားမရ ေလသံျဖင့္ေျပာ၏။
လွည္းသည္ ဘူတာ႐ုံအတြင္းမွ ထြက္ခြာလာသည္။
“က်ိန္စာက စတင္ေနခဲ့တာ ၾကာပါၿပီ”
မက္သ႐ူး၏ ခပ္တိုးတိုး စကားသံကို အရာရွိေနာ္မန္၏ နားထဲတြင္ မသဲမကြဲ ၾကားလိုက္ရသည္။ ေနာ္မန္၏ လွည္းသည္ ရထားဘူတာ႐ုံႏွင့္ ေဝးေနၿပီျဖစ္၏။
ေဆာက္လက္စ ဘူတာ႐ုံထဲမွာ ေတြေတြႀကီး ရပ္ၿပီး သူ႔ကိုၾကည့္ေနေသာ တရားေဟာဆရာကတ္ဆီႏွင့္ မက္သ႐ူးေၾကာင့္ အရာရွိေနာ္မန္သည္ ေခါင္းအေတာ္ရႈပ္သြားသည္။ သို႔ေသာ္ ေနာ္မန္သည္ ကြပ္မ်က္စင္(သို႔မဟုတ္) သစ္သားတိုင္ႀကီးကို ဖ်က္ဆီးလိုက္ရသည့္အတြက္ မည္သည့္ေနာင္တမွ် မခံစားရ။ ေနာ္မန္သည္ ကတ္ဆီႏွင့္ မက္သ႐ူး ေခါင္းထဲမွ ထုတ္လိုက္ၿပီး အိမ္ရွိရာသို႔သာ တန္းတန္းမတ္မတ္ ျပန္လာခဲ့သည္။
...................................
အရာရွိေနာ္္မန္ အိမ္သို႔ ျပန္ေရာက္ခ်ိန္တြင္ ညေနပိုင္းအခ်ိန္ ျဖစ္ေနၿပီျဖစ္၏။ ေမွာင္ရီပ်ိဳးေနၿပီး ေနလုံးသည္ အၿပီးတိုင္ ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ မိုးဖြားမ်ားမွာလည္း စတင္ၿပီး ႐ြာသြန္းေန၏။
အိမ္ထဲသို႔ ဝင္ဝင္ျခင္း အရာရွိေနာ္မန္သည္ တံခါးဝတြင္ ထိုင္ေနေသာ တံခါးေစာင့္အဖိုးႀကီးကို ေတြ႕လိုက္ရသည္။
“ခင္ဗ်ား မေန႔က အေစာႀကီး အိပ္သြားတာလား” အရာရွိေနာ္မန္က ေမးလိုက္သည္။
တံခါးေစာင့္အဖိုးႀကီးသည္ ၿငိမ္ၿငိမ္ကုပ္ကုပ္ ထိုင္ေနရာမွ ေခါင္းကိုေျဖးေျဖးသာသာ ၿငိမ့္ျပသည္။
“အိမ္း ..ခင္ဗ်ားတို႔ကလည္း ဘာမွကို အားမကိုးရပါဘူး။ မေန႔ညက ဧည့္သည္ေတြလာေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ တံခါးဆင္းဖြင့္ေပးရတယ္ဗ်။” ေနာ္မန္က တံခါးေစာင့္ အဖိုးႀကီးကို ဆူေငါက္ေနသည္။
“ကဲပါ...ရွိေစေတာ့။ ေအာ္ ဒါနဲ႔ ခင္ဗ်ားမနက္ အိပ္ရာႏိုးေတာ့ ဧည့္ခန္းထဲမွာ ထီးအမည္းေရာင္တလတ္ ေတြ႕မိေသးလား”
တံခါးေစာင့္အဖိုးႀကီးသည္ ေျဖးေျဖးသာသာ ေခါင္းခါျပသည္။
“ဘာမွကို အားကိုးမရပါဘူးဗ်ာ။ ထားပါေတာ့။ က်ဳပ္ပင္ပန္းေနၿပီ။ အေပၚထပ္မွာ သြားၿပီး နားေတာ့မယ္။ မီးဖိုထဲက ထမင္းခ်က္မိန္းမႀကီးကိုေျပာလိုက္။ က်ဳပ္အတြက္ လက္ဖက္ရည္ေလးဘာေလး ေဖ်ာ္လာခဲ့ေပးပါလို႔” ေနာ္မန္သည္ စကားဆုံးသည္ႏွင့္ အိမ္အေပၚထပ္သို႔ တက္သြားသည္။
............................
အရာရွိေနာ္္မန္သည္ သူ၏ ကုတင္ေပၚတြင္ ေျခပစ္လက္ပစ္ လွဲေလာင္းေနသည္။ ပင္ပန္းေသာ ေန႔တစ္ေန႔ျဖစ္သည္။ သို႔ေသာ္ ေနာ္မန္သည္ စိတ္ေက်နပ္မႈရရွိေန၏။ အယူသီးေသာ ေတာသားႏွစ္ေယာက္ေရွ႕တြင္ သစ္သားတိုင္ႀကီးကို ပစ္ခြဲလိုက္ရသည့္အတြက္ ေနာ္မန္သည္ အေက်နပ္ႀကီး ေက်နပ္ေနမိသည္။
ထမင္းခ်က္ မိန္းမႀကီး ေဖ်ာ္၍ ယူလာေပးေသာ လက္ဖက္ရည္ပူပူကို တစ္ငုံမွ် ငုံ၍ ေသာက္လိုက္သည္။ ထိုေနာက္ ေနာ္မန္သည္ တစ္ေန႔တာ ျဖစ္ခဲ့သမွ်ကို စိတ္ကူးထဲ စားျမႇဳံ႕ျပန္ေနလိုက္သည္။
အတန္ၾကာ လွဲေလာင္းၿပီးလို႔ ေညာင္းညာလာသည့္အခါတြင္ ေနာ္မန္သည္ ကုတင္ေပၚမွ ထ၍ ရပ္လိုက္သည္။ လက္ဖက္ရည္ခြက္ကိုေတာ့ လက္မွာ ကိုင္ထားဆဲ။
အျပင္ဘက္မွာ ေမွာင္မဲေနၿပီျဖစ္ၿပီး မိုးမွာလည္း သည္းထန္ေနၿပီျဖစ္သည္။ ျပင္းထန္ေသာ ေလႏွင့္ သည္းထန္ေသာ မိုးသည္ အျပင္ေလာကတြင္ နင္လားငါလား ၿပိဳင္လ်က္ရွိသည္။
ေနာ္မန္သည္ မက္သ႐ူးႏွင့္ ရန္ျဖစ္ခဲ့စဥ္က တရားေဟာဆရာကတ္ဆီ ေျပာခဲ့ေသာ စကားမ်ားကို ျပန္ၾကားေယာင္ေနမိသည္။ တရားေဟာဆရာကတ္ဆီကို သူမမုန္းပါ။ သို႔ေသာ္လည္း အယူသီးမႈကိုေတာ့ သူမုန္းတီးပါသည္။ တရားေဟာဆရာ ကတ္ဆီေျပာခဲ့ေသာ စကားတစ္ခုကို သူ႔စိတ္ကူးထဲ သံေယာင္လိုက္မိသည္။
ကိုယ့္အက်ဥ္းေထာင္ထဲမွာ ကိုယ့္ဘာသာ အက်ဥ္းက်ေနတာရတာ ေကာင္းပါေသးတယ္။ သူမ်ားတည္ေဆာက္ထားတဲ့ ေထာင္ထဲမွာေတာ့ အက်ဥ္းသားသြားမျဖစ္ေစနဲ႔။ အင္မတန္ နာက်င္ရတယ္တဲ့။ ေနာ္မန္သည္ တရားေသာဆရာ ကတ္ဆီ၏ စကားကို ျပန္ၾကားေယာင္ရင္း ၿပဳံးမိသည္။
ထိုအခ်ိန္တြင္....
နာရီသံတစ္ခ်က္ခ်က္ျမည္သံကို ေနာ္မန္ၾကားလိုက္ရသည္။ နာရီသံသည္ အျခားအေဝးမွ လာျခင္းမဟုတ္။ သူ၏ အက်ႌအတြင္းမွ ထြက္ေပၚေနျခင္းျဖစ္သည္။ ေနာ္မန္သည္ လက္ဖက္ရည္ခြက္ မကိုင္ထားသည့္ လက္ျဖင့္ အက်ႌအတြင္းရွိ အိတ္ေဆာင္နာရီကို ထုတ္ယူလိုက္သည္။ အေၾကာင္းျပခ်က္မရွိ ေန႔လယ္တုန္းက ပ်က္ေနခဲ့ေသာ နာရီသည္ ယခုေတာ့ အလုပ္ျပန္လုပ္ေနၿပီျဖစ္သည္။
အရာရွိေနာ္မန္သည္ တလႈပ္လႈပ္ေ႐ႊ႕လ်ားေနေသာ နာရီလက္တံကို ေငးၾကည့္ရင္း မ်က္ေမွာင္ကုပ္မိသည္။ အခ်ိန္မွာ (၈)နာရီဝန္းက်င္ပင္ ရွိေတာ့မည္။ အရာရွိေနာ္မန္သည္ နာရီေလးကို အက်ႌအတြင္း ျပန္ထည့္လိုက္သည္။ ထို႔ေနာက္ လက္ဖက္ရည္ တစ္ငုံကို ေသာက္ရန္ျပင္လိုက္သည္။ ေအးစက္ေနၿပီျဖစ္သည့္ လက္ဖက္ရည္မ်ားက ေနာ္မန္၏ လည္ေခ်ာင္းအတြင္းသို႔ စီးဝင္သြားသည္။ ေနာ္မန္သည္ စိတ္ပ်က္လက္ပ်က္ျဖင့္ လက္ဖက္ရည္ခြက္ကို ငုံ႔ၾကည့္လိုက္သည္။
“ဂ်ိန္း”
မိုးႀကိဳးပစ္သံေၾကာင့္ အိပ္ရာမွ လန႔္ႏိုးလာသည့္ လူတစ္ေယာက္သဖြယ္ ေနာ္မန္သည္ အျပင္ဘက္သို႔ အလန႔္တၾကားၾကည့္လိုက္သည္။ မိုးႀကိဳးမ်ား၊ လွ်ပ္စီးမ်ားက ကမာၻပ်က္ေနသည့္အလား ဆူညံစြာ ေသာင္းၾကမ္းပစ္လြတ္ေန၏။ မိုးမွာ အစြမ္းကုန္သည္းထန္ေနၿပီး ပိတ္ထားေသာ ျပတင္းေပါက္မွန္ေပၚသို႔ မိုးေရစက္မ်ားက အားရပါးရ လာေရာက္ ထိမွန္ေန၏။
“သူမ်ား တည္ေဆာက္ထားတဲ့ ေထာင္ထဲမွာေတာ့ အက်ဥ္းသား သြားမျဖစ္ေစနဲ႔”
“က်ိန္စာက စတင္ၿပီးေနတာ ၾကာပါၿပီဗ်ာ”
စကားသံမ်ားက ေနာ္မန္၏ နားထဲသို႔ မရက္မနား ဝင္ေရာက္လာသည္။ နားအနားမွ ရပ္၍ ေျပာေနသည့္အလား။ တစ္ႀကိမ္တြင္ ဘုရားေက်ာင္းအနီးသို႔ အင္မတန္ ႀကီးမားေသာ မိုးႀကိဳးေၾကာင္းႀကီးတစ္ခု ပစ္ခ်လိုက္သည္။ အနည္းငယ္ နီးကပ္သည့္အတြက္ ေနာ္မန္၏ မ်က္လုံးမ်ား က်ိန္းစပ္ၿပီး နားမ်ားလည္း အူေဝသြားသည္။ အေပၚယံေက်ာမ်ား တင္းမာေနေသာ လက္ဖက္ရည္မ်ားသည္လည္း ပင္လယ္ငယ္တစ္ခုသဖြယ္ လႈိင္းဂယက္မ်ား ထသြားေလ၏။
..........................................
ေနာ္မန္၏ ျပတင္းေပါက္နားတြင္ အေၾကာင္းျပခ်က္မရွိ ရပ္ေနမိသည္။ ေရနံဆီမီးအိမ္မွလာေသာ အလင္းေရာင္သည္ ေနာ္မန္၏ မ်က္ႏွာတစ္ျခမ္းကို ထင္ဟပ္ေန၏။ ေနာ္မန္၏ လက္ထဲတြင္ ကိုင္ထားေသာ လက္ဖက္ရည္ခြက္သည္ ေအးစက္ေနၿပီး အေပၚယံေက်ာမ်ား တင္းမာေနသည္။
ေနာ္မန္သည္ ျပတင္းေပါက္အျပင္ဘက္သို႔ နာရီနဲ႔ခ်ီေအာင္ ေငးေမာေနတုန္း သူသည္ တစ္စုံတစ္ခုကို စတင္သတိထားမိသြားသည္။ ထီးအမည္းေရာင္တစ္ေခ်ာင္းကို မွ်၍ ေစာင္းထားေသာ လူႏွစ္ေယာက္။ ထိုလူႏွစ္ေယာက္သည္ မိုးထဲေလထဲတြင္ ဘုရားေက်ာင္းကို ေက်ာ္ၿပီး ေနာ္မန္ေနထိုင္ရာ အိမ္ႀကီးရွိရာသို႔ ဦးတည္လာေနၾကျခင္းျဖစ္သည္။
ေနာ္မန္သည္ ညႀကီးအခ်ိန္မေတာ္ ေရာက္လာေသာ ဧည့္သည္ႏွစ္ေယာက္ေၾကာင့္ အနည္းငယ္ ကသိကေအာင့္ ျဖစ္သြားမိသည္။ ေနာ္မန္သည္ လက္ဖက္ရည္ခြက္ကို အလုပ္စားပြဲေပၚတြင္ၿပီး အိမ္ေအာက္သို႔ တံခါးဖြင့္ေပးရန္ ေျပးဆင္းသြားသည္။ အခန္းထဲတြင္ အေပၚယံေက်ာမ်ားတင္းေနသည့္ လက္ဖက္ရည္ခြက္ကေလးသာ က်န္ခဲ့သည္။
လက္ဖက္ရည္ခြက္အတြင္းရွိ အျမႇဳပ္အခ်ိဳ႕သည္ စက္ဝိုင္းပုံသ႑ာန္ျဖစ္ေန၏။ ထိုစက္ဝိုင္းပုံသ႑ာန္ အျမႇဳပ္ကေလးသည္ အဆုံးဟူ၍လည္းမရွိ၊ အစဟူ၍လည္းမရွိ။ ထိုစက္ဝိုင္းကေလးသည္ အရာရွိေနာ္မန္ ပိတ္မိေနေသာ အက်ဥ္းေထာင္သာ ျဖစ္ေတာ့သည္။
Done 🍀
ReplyDeleteDone
ReplyDelete🍁🌸Done✅
ReplyDeleteDone 💪
ReplyDeleteနောက်မှ ဖတ်ပါ့မယ် 🍀
ReplyDelete"ထောင်ထဲမှာ နေရတာ ထမင်းနှပ်မှန်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထောင်ပြန်ချထားတဲ့ အကျဉ်းသား"တဲ့ ရေးထားတဲ့ အသုံးအနှုန်းလေးတွေကို သဘောကျတယ်။
ReplyDeleteDone
ReplyDelete