The Guys From Mandalay, 1950 အခန်း(၁)

The Guys From Mandalay, 1950     

                                   အခန်း(၁)

                          ………………………………………..

 

"ဟေ့…အားလုံး နောက်ဆုတ်ကြစမ်း…ဒါ ဘာဖြစ်‌နေကြတာလဲ"

အရှေ့ဘက်သို့ မဲနေကြသော လူအုပ်ကြီး၏ အာရုံက အနောက်ဘက်မှ အသံရှင်ဆီ ရောက်သွားသည်။

ဦးပြည်းပြောင်ပြောင် ၊ သင်္ကန်းဝတ်ဖြင့် ရဟန်းပျိုတစ်ပါး။

အသားညိုညို၊ အရပ် ၅ပေ ၅ လက်မ၊ ခန္ဒာကိုယ်က သေးသေးသွယ်သွယ်။

"ဟာ..ဦးပညာ"

အကြောင်းသိကြသော ချမ်းသာရ ထုံးကုန်းမှ လူများက ရှဲခနဲဖြစ်သွားကြ၏။

မည်သည့်အရပ်ကလာမှန်းမသိပဲ တုတ်၊ ဓါးများ ကိုင်ဆောင်ထားကြသော လူဆယ်ယောက် ခန့်ကသာ ရဟန်းပျိုကို ကြောင်ကြည့်နေကြသည်။

"ဒါ ဘာဖြစ်နေကြတာလဲလို့..မေးနေတယ်လေ..ဒကာတို့…ဒါနဲ့ ဒီအိမ်ရှင် ဒကာကြီး ဦးသန်းရော"

လူအုပ်ကြီး ဝိုင်းခံနေရသော အိမ်ထဲမှ အသက်(၅၀)ခန့် လူကြီးတစ်ဦး လက်အုပ်ချီလျက် ထွက်လာသည်။

သူ့နောက်တွင် အသက် (၂၀)ခန့် အပျိုမလေးတစ်ဦးက တုန်တုန်ရီရီဖြင့် ကပ်လိုက်လာသည်။

"တပည့်တော်တို့ ရှိပါတယ်..ဦးဇင်း…ကြောက်လွန်းလို့ ပုန်းနေကြတာပါ"

ဦးဇင်းလေး က တုတ်၊ဓါးကိုင်ထားသော လူများဘက်သို့ လှည့်လိုက်သည်။

"ကဲ..ဒီက ဒကာတို့ ဘာဖြစ်လို့ လက်နက်တွေနဲ့ အိမ်ကို ဝိုင်းနေကြတာလဲ.ဒကာတို့က ဘယ်ကလဲ"

လူအုပ်ထဲမှ အင်္ကျီဗလာကျင်းနှင့် ရှမ်းဘောင်းဘီဝတ်ထားသော လူက ဦးဇင်းလေး၏ ရှေ့သို့ ရပ်လိုက်သည်။

သူ့လက်ထဲတွင်လည်း ဓါးလွတ်ကို ကိုင်ထား၏။

" တပည့်တော်က စိန်ပန်းက ပေါက်ကျော်ကြီးပါဘုရား။ မန္တလေးက ဗမာတွေကို သတ်ဖို့ လှုံ့ဆော်မယ့် ရန်ကုန်က ကုလားတစ်ယောက် ဒီအိမ်မှာ ရောက်နေတယ် သတင်းရလို့..လာဝိုင်းကြတာပါ..ဦးဇင်းလေး"

စိန်ပန်းရပ်မှ ပေါက်ကျော်ကြီး ဆိုသည်နှင့်လာရောက်စပ်စုသော လူအုပ်က အလန့်တကြားဖြစ်သွားရပြန်သည်။

စိန်ပန်းပေါက်ကျော်ကြီး။

သာယာ၀တီမင်းလက်ထက် ကြေးတိုက်တော်သူသတ်ကြီး မောင်လ၏ အဆက်အနွယ်။

ရှင်ဘုရင်လက်ထက် မျိုးရိုးစဉ်တက် ပါးကွက်အာဏာသားသူသတ် လုပ်ခဲ့သူများမှ ဆင်းသက်လာသူ။

ပထမကမ္ဘာစစ်ပြန်စစ်သားတစ်ဦး၊ ကိုယ်ခံပညာကျွမ်းကျင်ပြီး လက်ရဲဇက်ရဲ သတ်ရဲဖြတ်ရဲလူမိုက်ဟု နာမည်ကြီးသူ။

ဂဠုန်စော၏ မျိုးချစ်ပါတီဝင်ဖြစ်ပြီး မန္တလေး ဝါးရင်းတုတ်တပ်များ၏ ဗိုလ် ဟု ဘွဲ့ခံနေသူလည်းဖြစ်သည်။

လူအုပ်ကြီးက ပေါက်ကျော်ကြီး နာမည်ကြားသည်နှင့်  အထိတ်တလန့်ဖြစ်နေသော်လည်း ဦးဇင်းလေး ကိုပညာ ကမူ ခပ်အေးအေးပင်။

"ဟေ..ဒီမယ်ဒကာ..ဒီချမ်းသာရ ထုံးကုန်းနဲ့ ပလိုင်းရပ်မှာ ကျုပ်တို့ ဘုန်းကြီးကျောင်းတွေလည်း အများကြီးပါ..ဒီကိစ္စမျိုးတကယ်ဖြစ်တယ်ဆိုရင်တောင် ကျုပ်တို့ အရပ်က လူတွေ အရင်သိသင့်တာပေါ့။ အခုတော့ ဘာမှန်းသေချာမသိပဲ..ကျုပ်တို့ အရပ်သားတစ်ယောက်ရဲ့ အိမ်ကို ဝိုင်းတာ ဝန်းတာမျိုးတော့ ဦးဇင်းတို့ လက်မခံဘူး..မောင်"

"ဦးဇင်းဘာသိလဲ.ဘုရား..ရန်ကုန်မှာ ကုလားတွေ သတ်လို့ ဗမာတွေသေကုန်ပြီ..ဒီရန်ကုန်က လာတဲ့ ကုလားကို ထုတ်ပေးရင် ပြီးပြီဘုရား…ကျန်တဲ့သူကို တပည့်တော်တို့ ဘာမှ မလုပ်ဘူး"

"ဒကာတို့ ဒီသတင်းကို ဘယ်ကကြားတာလဲ…ဒကာကြီးဦးသန်း ဆီမှာရော တကယ်ပဲ အဲ့ဒီကုလားလေး ရှိနေတာလား"

"တင့်ပ..ရှိတော့ရှိပါတယ်..ဘုရား..ဒါပေမယ့် သူတို့ ပြောသလို လာတာမဟုတ်ပါဘူး..ဘုရား..တပည့်တော် အောက်ပြည် တွံတေးဘက်မှာ လွှသမားဘဝတုန်းက တပည့်တော်ကို စောင့်ရှောက်ထားတဲ့ ကုလားရှေ့နေကြီး မစ္စတာဟာရမ်ဆန်ရဲ့ သားကလေးပါဘုရား..အခု သူ့ဖအေကြီးလည်း တိမ်းပါး..ရန်ကုန်မှာကလည်း ဆူဆူပူပူ တွေဖြစ်နေ၊ နေထိုင်စားသောက်ရေးကလည်း တယ်အဆင်မပြေတာနဲ့ တပည့်တော်လွှဝိုင်းမှာ အလုပ်ကလေး လုပ်ရအောင် တက်လာတာပါ..ဘုရား..သူတို့ ပြောသလိုတော့ မဟုတ်ပါဘူး.ယူနွတ်က လူကောင်ကြီးကသာထွားနေတာ..အသက်က (၁၄)နှစ်ပဲရှိပါသေးတယ်.ဘုရား''

"ဟော့..တွေ့ပြီလား..ဦးဇင်း..ယူနွတ်တဲ့..သေချာပြီ..သေချာပြီ…အဲ့ဒီကုလားကို ထုတ်ပေး..ထုတ်ပေး"

ပေါက်ကျော်ကြီးက ဓါးရှည်ကို ဝင့်ကာ အိမ်ထဲကျော်ဝင်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ဦဇင်းကိုပညာက ပေါက်ကျော်ကြီး၏ ဓါးရှည်ကိုင်ထားသော လက်ကို ဘယ်လက်ဖြင့် ရုတ်တရက်ပင့်ထုတ်လိုက်ပြီး ညာလက်က လက်ဝါးဇောင်းဖြင့် ရိုက်ချလိုက်သဖြင့် ဓါးမှာ မြေပြင်ပေါ်သို့ လွတ်ကျသွားတော့သည်။

ပေါက်ကျော်ကြီးမှာ ရုတ်တရက်ခံလိုက်ရသဖြင့် အံသြသင့်သွား၏။

ဒေါသလည်းထွက်သွားပြီး မြေကြီးတွင် ကျသွားသော ဓါးရှည်ကို ကုန်းကောက်ကာ ဦးပဇင်းလေးကို လွှဲခုတ်ရန် ကြံစည်လိုက်သည်။

သို့သော် သူ့ရှေ့တွင် သင်္ကန်းပုံသာရှိပြီး ဦးဇင်းလေး မရှိတော့။

ပေါက်ကျော်ကြီး ပြူးကြောင်ကြောင်ဖြစ်သွားသည်။ ဦးဇင်းလေး ဘယ်ရောက်သွားသည်မသိ။

တကယ်တော့ ပေါက်ကျော်ကြီး ဓါးကုန်းကောက်နေစဉ်တွင် ဦးဇင်းလေးက သင်္ကန်းကို ပုံချကာ လူအုပ်ထဲ လှစ်ခနဲ ကိုယ်ယောင်ဖျောက်ဝင်သွားခြင်းပင်။

"ကျုပ် နောက်မှာ..ဒကာ"

ပေါက်ကျော်ကြီး နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဦးဇင်းလေးက အပေါ်ပိုင်းဗလာကျင်းနှင့် သင်းပိုင်ကို ခပ်တိုတိုလိပ်စည်းကာ ခါးထောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

လူအုပ်ကြီးမှာ ပေါက်ကျော်ကြီးနှင့် ကိုပညာတို့ ပွဲကို မျက်တောင်မခတ်တမ်းကြည့်နေကြ၏။

ပေါက်ကျော်ကြီးက ကိုပညာကို စိုက်ကြည့်ကာ

"ဦးပဇင်း..စကောက်လိုင်ခူးဟီး" ဟု မေးလိုက်သည်။

"ဟ..လိုင်ခေါက်" ဟု ကိုပညာက ဖြေလိုက်၏။

"လိုက်ခူးဟီး ချင်(မ်)ကောက်ခါ..လိုက်ခါ" ပေါက်ကျော်ကြီးက ဆက်မေးလိုက်သည်။

"ဟ..လိုက်ခါ.."

ကိုပညာက ပြန်ဖြေပြီးသည်နှင့် တပြိုင်နက် မြေတလင်းကို ဖနှောင့်ဖြင့် ပေါက်လိုက်၏။

 မြေကြီးများ ဖွာခနဲ စင်ထွက်ကုန်သည်။

ထို့နောက် ဘယ်ခြေနှင့်ညာခြေကို တစ်ထောင့်ထွာခန့် ခွဲကာ ကိုယ်ကို ခြောက်ဆယ်ဒီဂရီယူကာ ရပ်လိုက်သည်။

ဘယ်လက်သီးအားဆုပ်ကာ လက်ဖျံကို နဖူးနှင့်တစ်ထွာအကွာတွင် ကိုးဆယ်ဒီဂရီထောင်ထားပြီး ညာဘက်လက်သီးကိုမူ ခါးတွင် ကပ်လျက်အသင့်အနေအထား နေလိုက်သည်။

"ရပါပြီ..ဦးဇင်း..အခု ဦးဇင်းနဲ့ မတိုက်ချင်သေးပါဘူး..အခုချိန် အရေးကြီးတာက အမျိုးဘာသာ သာသနာအတွက် ဒီရန်ကုန်က လာတဲ့ ကုလားကောင်ကို ကျုပ်တို့ လက်အပ်ဖို့ပဲ"

"ဒီမှာ ဒကာ..ဒါ ချမ်းသာရ ထုံးကုန်းအရပ်..ဒီမှာ ရှိနေတာ ကျုပ်တို့ အရပ်သူအရပ်သားတွေချည်းပဲ..ကျုပ်ကလည်း ဒီ ချမ်းသာရကျောင်းကပဲ..ဘွဲ့အမည်က ဥူးပညာ တဲ့.. လွှဝိုင်းဆရာကြီးဦးသန်းဆိုတာ ကျုပ်တို့ အရပ်သားမို့ ကျုပ်တို့စောင့်ရှောက်ရမှာပဲ..သူ့အိမ်လာတဲ့ ဧည့်သည်ဟာ ကျုပ်တို့ ဧည့်သည်ပဲ...သူလည်းမဟုတ်တာလုပ်မယ့် ဧည့်သည်ကို လက်ခံမယ့်သူမဟုတ်ဘူး.ဒကာတို့ နိုင်ငံရေးတွေ ဘာတွေကို ကျုပ်တို့ သိပ်နားမလည်ပါဘူး..အခု ဒီဒကာကြီးလည်း ရှင်းပြပြီးပြီ…အသက်(၁၄)(၁၅)အရွယ် ကလေးတစ်ယောက်ပါတဲ့...ဒီတော့ ကောလဟလပယောဂတွေကြောင့် အပြစ်မရှိတဲ့ ဧည့်သည်တစ်ယောက် ဒုက္ခရောက်မယ့် အရေးကိုတော့ ဦးဇင်းတို့ ကာကွယ်ပေးရမှာပဲ..."

ဝိုင်းအုံကြည့်နေသော ချမ်းသာရ ထုံးကုန်းရပ်ကွက်ခံများနှင့် ပလိုင်းရပ်ကွက်ခံများထံမှလည်း ထောက်ခံသော အသံများထွက်လာသည်။

ပေါက်ကျော်ကြီးက မေးရိုးကြီးများထောင်ထလာသည်အထိ အံကိုကြိတ်လိုက်ပြီး..

"ဟာ..ဒီဘုန်းကြီးကတော့ နားမလည်ပါးမလည်နဲ့ သူရဲကောင်းလာလုပ်နေတယ်..သေတော့မှာပဲ"

ဦးပဇင်းလေးက ပြုံးလိုက်ပြီး သင်းပိုင်ကြားတွင် ထိုးထားသော ဓါးမြှောင်ကို ဆက်ခနဲထုတ်ကာ ပေါက်ကျော်ကြီး၏ ခြေထောက်ရှေ့မြေပြင်သို့ ပေါက်ထည့်လိုက်သည်။

ပေါက်ကျော်ကြီးက ခြေတစ်ဖက်ကို မြှောက်ပြီး နောက်သို့ ခုန်ဆက်လိုက်၏။

ဓါးမြှောင်က မြေကြီးတွင် ဒုတ်ခနဲ စိုက်ဝင်သွားသည်။

"တားမရရင်လည်း…အဲ့ဒီဓါးမြှောင်ကို ကျော်ပြီး ဒကာ..ရှေ့တိုးခဲ့လေ…အေး..ရှေ့တိုးပြီးပြီဆိုရင်တော့ ဒကာလက်ထဲက ဓါးနဲ့ ဦးဇင်းကို တချက်တည်းပိုင်းရမှာနော်...အသေကို ပိုင်းရမှာ..ဦးဇင်း အခုတ်ခံရဲတယ်..တကယ်လို့ ဒကာ့ခုတ်ချက်တစ်ချက်တည်းနဲ့ ဦးဇင်းမသေခဲ့ရင်တော့…"

ပေါက်ကျော်ကြီး တွေဝေသွားသည်။

ထိုအချိန်တွင် ပရိသတ်အုပ်ထဲသို့ ချမ်းသာရကျောင်းတိုက်၊ စိန်တောင်အရှေ့ကျောင်းတိုက်၊ စိန်တောင်အနောက်ကျောင်းတိုက်မှ ရဟန်းပျိုများလည်း ရောက်ရှိလာပြီဖြစ်သည်။

ပေါက်ကျော်ကြီးသည် လူစုထဲမှ အခြေအနေကို မျက်လုံးကစားလိုက်သည်။

သူတို့လူ ဆယ်ယောက်ခန့်ကို လူအုပ်ကြီးက ဝိုင်းထားသည့် အခြေအနေဖြစ်နေပေပြီ။

"ဂါတ်တဲက ပုလိပ်တွေလာပြီဟေ့"

ထိုစဉ် အသံတစ်သံထွက်လာသဖြင့် လူအုပ်ကြီးမှာလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ပေါက်ကျော်ကြီးက ဦးဇင်းပညာကို လက်ညှိးထိုးပြီး

"ဘုန်းကြီး..ခင်ဗျား..ခင်ဗျား…တွေ့မယ်….." ဟု ကြိမ်းဝါးကာ လူအုပ်ထဲသို့ လှည့်ထွက်သွားတော့၏။

သူ့နောက်တွင်ပါလာသော လက်နက်ကိုင်လူတစ်စုလည်း အလျိုလျိုပျောက်သွားတော့သည်။

ရပ်ကွက်ခံလူအုပ်ကြီးသာ ဥူးပညာကို ကြည့်ကာ တီးတိုးတီးတိုးပြောနေကြ၏။

ဥူးပညာက မြေကြီးတွင် ပုံထားခဲ့သော သင်္ကန်းကို ပြန်ရုံနေစဉ် ၁၄ မှတ် ပုလိပ်ဌာနမှ ရာဇဝတ်အုပ်ဦးဘို နှင့် ပုလိပ်သားအချို့ ဝင်လာသည်။

"ကိုယ်တော် ဘာဖြစ်သွားသေးလဲ..ဘုရား..ပလိုင်းရပ်က လူငယ်တစ်ယောက်လာသတင်းပို့ပို့ချင်းပဲ တပည့်တော်တို့လည်း အမြန်ထွက်လာတာ"

"ဘာမှ မဖြစ်ပါဘူး..ဒကာ..ဒီအကောင်တွေ လူအုပ်နဲ့ပဲ သူများကို လုပ်ရဲတာပါ..တစ်ယောက်ချင်းဆို သွေးနည်းကြတယ်"

"ကိုယ်တော်လေး ကယ်ပေလို့သာပဲ…ဒီကာလမှာ ဂဠုန်တွေ နေရာတကာ လိုက်မီးမွှေးနေတာ..ဘုရား။ ရန်ကုန်မှာလည်း အကုန်သေကုန်ကြပြီ..တော်သေးပါရဲ့..ကိုယ်တော်တို့သာ ဝင်မထိန်းရင် ထုံးကုန်းတစ်ရပ်လုံး မီးတောက်ကုန်မှာ။ တပည့်တော်တို့ ဌာနာလည်း အလုပ်များရမယ်..ကျေးဇူးတင်ပါတယ်..ကိုယ်တော်ရေ"

"ရပါတယ်..ဒကာ..ကိုယ့်အရပ်သူ အရပ်သားတွေ မထိခိုက်အောင် ကူညီတာပဲ…တယ်အပန်းမကြီးပါဗျာ."

ထိုစဉ် အိမ်ရှင် ဦးသန်းနှင့် သမီးဖြစ်သူတို့ ရောက်လာကြသည်။

"ကဲ..ဒီကဝိုင်းဆရာကြီး ဦးသန်း..ခင်ဗျားဆီ ရန်ကုန်က ဧည့်သည်ရောက်နေတယ်ဆိုလည်း ကျုပ်တို့ ဂါတ်ကို နည်းနည်းတော့ အကြောင်းကြားလေဗျာ..ခေတ်ကာလက ဆိုးနေချိန် လူဆိုးမှန်းမသိ လူကောင်းမှန်းမသိ..ခင်ဗျားတို့က အဲ့ဒီလို ပေါ့ပေါ့တန်တန်လက်ခံထားတော့ ဒီလိုမျိုးဖြစ်လာရင် ကျုပ်တို့ ပုလိပ်ဌာနလည်း ရှင်းပေးရခက်တယ်ဗျ..ခက်တယ်''

''ဟုတ်ပါတယ်..ရာဇဝတ်အုပ်မင်းရယ်..ကျေးဇူးကြီးလှပါတယ်..နို့မဟုတ်..သူတို့က ကောင်လေးကို ထုတ်မပေးရင် အိမ်ကို မီးရှို့မယ်လုပ်နေတာ..ဒီက ဦးပဇင်းလေး ကျေးဇူးကိုလည်း တပည့်တော် မမေ့ပါဘူး..ဘုရား..ကဲ..အိမ်ထဲ ကြွပြီး အခါးရည်လေးသောက်ကြပါဦးလား.. ခင်ဗျာ"

ဦးသိန်းက လက်အုပ်ကလေး တချီချီဖြင့် ကျေးဇူးတင်နေရှာ၏။

"ကျုပ်တော့ အိမ်ထဲမဝင်တော့ဘူး..ဒကာကြီး..ဒကာကြီးဆီ ရောက်နေတဲ့ ကုလားလေးရဲ့ ရာဇဝင်ကို ဒီက ပုလိပ်တွေကို သေချာသာ ရှင်းပြထားပေတော့.... ကျောင်းမှာ ကိစ္စတွေရှိသေးလို့ ကြွလိုက်ဦးမယ်"

လွှဝိုင်းဆရာကြီးဦးသိန်းနှင့် ပုလိပ်များ အိမ်တွင်းသို့ လှည့်ဝင်သွားစဉ် ဦးဇင်းပညာက အိမ်ဝိုင်းတွင်းမှ ခပ်သွက်သွက်လှမ်းထွက်လိုက်သည်။

"ရပ်တော်မူပါဦး..ဦးပဇင်းလေး"

အနောက်ဘက်မှ လိုက်ပါလာသော အသံသာသာလေးကြောင့် ဦးပဇင်းကိုပညာ တုန့်ခနဲ။

လှည့်ကြည့်လိုက်သောအခါ အစောပိုင်းက ဦးသိန်းနောက်တွင် တုန်တုန်ရီရီဖြင့် ရပ်နေသော ဆံတောက်ဖားဖား၊ အသားညိုညိုစိုစို ၊ မျက်နှာဝိုင်းလေး။

"ဘာကိစ္စရှိသေးလို့လဲ..ဒကာမ"

"ဒီမှာ..ဦးဇင်းရဲ့ ဓါးကြီး"

"ဓါးကြီးမဟုတ်ပါဘူး..ဒကာမရဲ့..ဓါးမြှောင်လေးပါ..ပေး..ပေး"

အပျိုမလေး လက်ထဲတွင် ဦးပဇင်းပညာ၏ ဓါးမြှောင်။

မြေကြီးတွင် စိုက်ခဲ့ပြီး ပြန်နှုတ်ရန် မေ့ခဲ့သည်။

ကောင်မလေးက ဓါးမြှောင်ကို မဝံ့မရဲကိုင်ပြီး ထိုးပေးသည့်အခါ ဦးပဇင်းကိုပညာ ရယ်ချင်သွား၏။

ဦးဇင်းလေးက ဓါးမြှောင်ကို လှမ်းယူလိုက်ရင်း

"ဒီက ဒကာမက ဒကာကြီးဦးသန်းနဲ့ ဘာတော်တာတုန်း"

"ဦးသန်းရဲ့ သမီး ပါ..ဘုရား…မြကြည်လို့ ခေါ်ပါတယ်"

"သြော်..အင်း..အင်း"

ဦးပဇင်းကိုပညာက ဓါးမြှောင်ကို သင်းပိုင်ကြားထိုးကာ လှည့်ထွက်လိုက်စဉ်

"ဦးပဇင်းလေး.."

"ဘာ ကျန်ခဲ့ပြန်ပြီတုန်း..ဒကာမ"

"မဟုတ်ပါဘူး..ဘုရား…မနက်ဖြန်ကစပြီး တပည့်တော်မတို့ အိမ်ကို ဆွမ်းစားကြွပါလို့"

ဦးပဇင်း ကိုပညာ က အင်းမလုပ်..အဲမလုပ်..ယောင်ပေပေဖြင့်။

မမြကြည် ကတော့ လက်အုပ်ကလေးချီလျက်။

…………………………………………………………………………………………………..

၁၉၃၈ ခုနှစ်။ဇူလိုင်လ။

ရွှေဘိုခရိုင်မြေဒူးမြို့မှ ဦးရွှေဖီ ဆိုသူရေးသားသည့် မော်လဝီနှင့် ယောဂီ စာအုပ်ကို ဒုတိယအကြိမ်ပြန်ထုတ်ရာမှ ရန်ကုန်မြို့တွင် ဒုတိယ ကုလား - ဗမာ အဓိကရုဏ်းကြီးဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင် လူပေါင်း ၁၀၈၄ ယောက်သေဆုံးခဲ့သော ထို အဓိကရုဏ်းသည် အထက်မြန်မာပြည် ရေနံချောင်း၊ စစ်ကိုင်းတို့မှ တဆင့် မန္တလေးသို့ ကူးစက်လာသည်။

ဂဠုန်ဦးစော၏ သူရိယသတင်းစာက သွေးထိုးလှုံ့ဆော်ပေးခဲ့ပြီး ဂဠုန်ဦးစော၏ မျိုးချစ်ပါတီဝင်များ၊ ဝါးရင်းတုတ်တပ်များက ထိုအဓိကရုဏ်းတွင် နောက်ကွယ်မှ ကြိုးကိုင်ပါဝင်နေခဲ့ကြသည်။

ရန်ကုန်မြို့တွင် ပြည်ပမှ အခြေချလာသော အိန္ဒိယနွယ်ဝင်များ များပြားသော်လည်း မန္တလေးက ထိုသို့ မဟုတ်။

ကုန်းဘောင်မင်းများလက်ထက်ကတည်းက ပသီများ၊ အစ္စလာမ်ဘာသာဝင်များ က မင်းမှုထမ်း၊ ကုန်သည်များဖြင့် လုပ်ကိုင်နေထိုင်ခဲ့သည်ဖြစ်ရာ မျိုးဆက်သုံးလေးဆက်ကျော်လာသဖြင့် ဒေသခံများနှင့် တသားတည်းဖြစ်နေကြသည်။

ထိုအခြေအနေတွင် ရန်ကုန်ကို အခြေပြုလာသော အဓိကရုဏ်းလှိုင်းကြီးက မန္တလေးသို့ ရိုက်ခတ်လာသော်လည်း စတိသဘောသာ ဖြစ်ပွားခဲ့သည်။

မန္တလေးရှိ စာသင်တိုက်ကြီးများမှ ရဟန်းတော်များနှင့် မြို့သူမြို့သားများက နိုင်ငံရေးပယောဂများ ပါဝင်သော ထိုအဓိကရုဏ်းရန်မှ တက်ညီလက်ညီကာကွယ်ပေးခဲ့ကြသည်။

ထိုသို့ ကာကွယ်ပေးမှုများကြားထဲမှ သြဂုတ်လ ၈ ရက်နေ့ မန္တလေးမြို့၊ ချမ်းသာရ၊ထုံးကုန်းရပ်ကွက်ရှိ သစ်စက်ဝိုင်းဆရာကြီး ဦးသန်း၏ နေအိမ်ကို စိန်ပန်းပေါက်ကျော်ကြီးဦးဆောင်သည့် ဝါးရင်းတုတ်အဖွဲ့များက ဝိုင်းသည့် ပြသနာဖြစ်ပွားခဲ့သည်။

ထိုပြသနာတွင် နာမည်ကြီးသွားသည်ကား  စိန်ဓါးမြှောင်ဘုန်းကြီး ဟူ၏။

စိန်ပန်းရပ်လူမိုက် ဝါးရင်းတုတ်ဗိုလ် ပေါက်ကျော်ကြီး ၏ ငှက်ကြီးတောင်ကို လက်ဖြင့် ပုတ်ချကာ ကိုယ်ပျောက်သွားပြီး ပေါက်ကျော်ကြီး၏ နောက်ဘက်မှ ပြန်ပေါ်လာသည်။

စိန်ဓါးမြှောင်နှင့် ပေါက်ကျော်ကြီး တို့ နားမလည်သည့် ဘာသာစကားတွေပြောကြသည်။စိန်ဓါးမြှောင်ဘုန်းကြီး၏ ဓါးမြှောင်ကို စိန်ပန်းပေါက်ကျော်ကြီး မကျော်ဖြတ်ရဲ။

စိန်ဓါးမြှောင်ဘုန်းကြီးသည် ပေါက်ကျော်ကြီးအား ဓါးဖြင့် ပေးခုတ်သည်။ ပေါက်ကျော်ကြီးက မခုတ်ရဲ။

ထို့ကြောင့် စိန်ဓါးမြှောင်သည် ဓါးပြီး၊ တုတ်ပြီး၊ ရှိန်းဆာယာမောင်ပြီး ကိုယ်ပျောက်သည်။အစွမ်းထက်သည် ဟူသော စကားများက ချမ်းသာရထုံးကုန်းရပ်မှတဆင့် ပလိုင်းကုန်း၊ ဒေးဝန်း၊ ပိုက်ကျုံး၊ မင်းတဲအီကင်း၊ စိန်ပန်းအရပ်များသို့ ပျံ့နှံ့သွားသည်။

မကြာမီ..ဇာတ်သမား၊ စာသမားများနေထိုင်ရာ ပလိုင်းကုန်းမှ တဆင့် မန္တလေးမြို့ အနှံ့အပြား စစ်ကိုင်း၊ ရွှေဘိုအထိတိုင် စိန်ဓါးမြှောင်ကိုယ်တော် ၏ သတင်းကား အဆင့်ဆင့် ပြန့်ပွားသွားလေတော့သည်။

…………………………………………………………………………………………

ထိုသို့ စိန်ဓါးမြှောင်ဘုန်းကြီးဟု တစိမ့်စိမ့် နာမည်ကျော်ကြားနေသည်ကို  ချမ်းသာရထုံးကုန်းကျောင်းတိုက်မှ ဦးပဇင်း ပညာက တော့ မသိရှာ။

ဦးပဇင်းပညာ မှာ သူ့ဝေဒနာနှင့်သူမို့…ကျောင်းတွင်းအောင်းနေလေသည်။

ဝေဒနာကား အခြားမဟုတ်။

သစ်သားကျောင်းကြီး၏ ကြမ်းပြင်တွင် စိုက်ထားသော ဓါးမြှောင်ကလေးကို ငေးကာ…"မြကြည်..မြကြည်" ဟု ပါးစပ်က တဖွဖွရွတ်ကာ ဆွမ်းခံမကြွနိုင်၊ စာဝါမလိုက်နိုင်၊ တရားမထိုင်နိုင်သည့် အချစ်တည်းဟူသော ရောဂါပေတည်း။

ကျောင်းကြမ်းပြင်ကို နင်းလိုက်လေတိုင်း တကျွိကျွိ မြာ်သံမှာ မြကြည် မြကြည်ဟု အသံထွက်နေသဖြင့် ဦးပဇင်းမှာ လမ်းမလျှောက်ရဲ။

မြကြည်လက်ဖြင့် ကိုင်ခဲ့သော ဓါးမြှောင်လေးကိုသာ ထိုင်လျက် ငေးနေရ၏။

တကယ်တော့
လွှဝိုင်းဆရာကြီး ဦးသန်း၏ အိမ်သို့ ဆွမ်းစားကြွပြီး မှ ရောဂါက ပိုသည်းလာခြင်းပင်။

ဦးသန်းနှင့် သမီး မကြည်တို့က ကိုယ်တော်လေးဦးပညာအတွက် ဝါဆိုသင်္ကန်းဟူဆိုကာ ကျောင်းသို့ လာကပ်လှူလိုက်ပြန်တော့လည်း ရောဂါက ကျွမ်းသည့်အဆင့်ဖြစ်လာသည်။

ကျောင်းပြင်ပတွင် ရှိန်းဆာယာပိုမောက် ကိုယ်ပျောက်ပြီး တုတ်ပြီး၊ ဓါးပြီးသည်ဟူသော စိန်ဓါးမြှောင်ကိုယ်တော် သည် သာမေဏေဘ၀ (၅)ဝါ၊ ရဟန်းဘ၀ (၈)ဝါ ဆိုပြီးသကာလ မြကြည် တည်းဟူသော ကိလေသာလက်နက်လေးကိုတော့ မပြီးနိုင်ရှာ။

ခုနှစ်နှစ် ခုနှစ်မိုးနီးပါး ရှမ်းပြည်နှင့်် ယောနယ်တစ်ခွင် သူလေ့လာလိုက်စားခဲ့သည့် တိုင်းရင်းဆေးပညာ၊ သိုင်းပညာ၊ ပဥ္စလက်၊ အင်းအိုင်လက်ဖွဲ့ပညာများ ကလည်း မြကြည်ဟူသည့် ဆံတောက်ဖားဖား၊ မျက်နှာဝိုင်းလေးကို သူ့စိတ်ကူးထဲမှ ပျောက်စေခြင်းငှာ မတတ်နိုင်ခဲ့။

ဦးပဇင်းပညာသည် သက်ပြင်းကို နိုင်နိုင်ချသည်။

လက်ငါးချောင်းကို ချဲထားပြီး သူ့လက်စွဲတော် ဓါးမြှောင်ကလေးကိုကိုင်ကာ လက်ချောင်းများကြား လိုက်စိုက်သည်။

အချိန်အတန်ကြာပြီးသည့်နောက် တန်းပေါ်တွင် လွှားထားသည့် သင်္ကန်းကို စနစ်တကျရုံသည်။

ထို့နောက်…ချမ်းသာရဆရာတော်ကြီး ဦးသုမန ရှိနေမည့် ကျောင်းမကြီးပေါ်သို့ တက်ချသွား၏။

ဆရာတော်ကြီးကား ပေစာတစ်ရွက်ကို ဖတ်ရင်း ပက်လက်ကုလားထိုင်တွင် ထိုင်နေသည်။

ဦးပဇင်းပညာက ဆရာတော်ကို ဦးကုန်းချလိုက်၏။

"ဘာများ အထွေအထူးလျှောက်စရာရှိလို့လဲ.ကိုယ်တော်"

"တပည့်တော် ဒီတစ်ဝါဆိုပြီးရင် လူဝတ်လဲချင်လို့..ဘုရား"

"ကိုယ်တော် မပျော်တော့ဘူးလား"

ဦးပဇင်းလေးက သက်ပြင်းချလိုက်သည်။

"အင်းလေ..ကိုယ်တိုင်မပျော်ဘဲနေတော့..ကိုယ်တိုင်အတွက်ရော..သာသနာတော်အတွက်ရော ဘာထူးမလဲ..ကိုယ်တော်..ထွက်မယ်ဆိုလည်း ထွက်ပေါ့"

ဆရာတော်ကြီးက ထိုသို့မိန့်ပြီး လက်ထဲမှ ပေစာကိုသာ ဆက်ဖတ်နေလေသည်။

ဦးပဇင်းပညာ က ဆရာတော်ကြီးကို ဦးကုန်းချပြီး ခပ်ဖြည်းဖြည်း ထထွက်သွား၏။

သြဂုတ်လဆိုသော်ငြား မိုးရနံ့တစက်မှ မပါသည့် လေပူတစ်ချက်က ကျောင်းပေါ်သို့ ဖြတ်အတိုက်။

ဦးပဇင်းပညာ၏ သင်္ကန်းအနားစများက တိုက်သောလေနှင့်အတူ တလှပ်လှပ် လှုပ်ခတ်ခါ ရွေ့လျား။

ခက်ဇော်
အခန်း(၂) ဆက်ရန်

အပတ်စဉ် ကြာသပတေး၊ သောကြာ၊ တခါတရံ စနေညတိုင်း အခန်းဆက်ရေးဖြစ်မှာပါဗျာ။

(ဒီနေ့ကတော့ ရေးပြီး တကယ်တက်ကြွပြီး တရွရွဖြစ်နေလို့ တင်ပေးလိုက်ပါတယ်ဗျိုး)

Comments

Post a Comment