The Guys From Mandalay, 1950s အခန်း(၅)

The Guys From Mandalay, 1950s

                                   အခန်း(၅)

                          ………………………………………..

၁၉၄၁ ဒီဇင်ဘာ ၂၉ ရက်နေ့။

စစ်ကိုင်းဂါတ်တွင် စိန်ဓါးမြှောင် အချုပ်ခံထားရသည်မှာ ၁၄ ရက်တိတိရှိပြီဖြစ်သည်။

ဓါးပြမှု၏ ကွင်းဆက်တရားခံများကို ဆက်လက်စစ်ကြောရန်ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကိုင်းဌာနအုပ်ဦးလူဒုတ်က စိန်ဓါးမြှောင်အား ထောင်ကြီးချုပ်သို့ မပို့သေးပဲ ရမန်ထပ်ယူထား၏။

ဦးလူဒုတ်သည် မန္တလေးအရေးအခင်းတွင် စိန်ဓါးမြှောင်နှင့် တွေ့ရာမှ မလိုအပ်ပဲ ကျည်ထွက်မှုကြောင့် စစ်ကိုင်းဌာနသို့ ပြစ်ဒဏ်ခံရသည့်သဘော ပြောင်းရွှေ့ခဲ့ရသည်။

ယခုအခါ စစ်ကိုင်းသူဌေးဦးကြင် ဓါးမြမှုကို ဖော်ထုတ်နိုင်ခဲ့သဖြင့် မန္တလေး (၁၁)မှတ် ဂါတ်သို့ ပြန်ပြောင်းရွှေ့ရန် အမိန့်ကျလာပြီဖြစ်သည်။

ထိုနေ့က ဦးလူဒုတ် သည် မန္တလေးသို့ ပြန်လည်ပြောင်းရွှေ့ရတော့မည်ဖြစ်သဖြင့် ပျော်ရွှင်နေသည်။

စစ်ကိုင်းဂါတ်အချုပ်တွင် ရှိသော အချုပ်သား (၁၀)ယောက်ခန့်ကလည်း စိန်ဓါးမြှောင် ကို ဆရာတဆူသဖွယ် ရိုသေမှု ရှိနေကြပြီဖြစ်သည်။

"နောက်နှစ်ရက်နေရင် ပြာသိုလပြည့်နေ့ပဲ။ နက္ခတ်တွေစုံတယ်။ ဆေးအစီအရင်၊ ကိုယ်လုံပီယသိဒ္ဓိအစီအရင်တွေ လုပ်လို့အကောင်းဆုံးအချိန်ပဲ။ မင်းတို့နဲ့ ငါ ဒီအချုပ်ထဲမှာ ဆုံတယ်ဆိုတာ ရှေးက ရေစက်ရှိကြလို့ပဲ။ ဒီတော့ မင်းတို့ကို လပြည့်နေ့ညမှာ တုတ်ပြီး၊ဓါးပြီး ပီယသိဒ္ဓိအစီအရင်ဆေးတွေ ငါထိုးပေးမယ်။ ထိုးကြမလားဟေ့"

စိန်ဓါးမြှောင် စကားကြောင့် အချုပ်သားများ၏ မျက်နှာများ ဝင်းလက်သွားကြသည်။

အချုပ်ခန်းကို အလှည့်ကျ ကင်းစောင့်နေသည့် ပုလိပ်သားနှစ်ယောက်ပင် စိတ်ဝင်စားသွားကြ၏။

"ဆရာကြီး ထိုးပေးမယ်ဆို..ကျွန်တော်တို့ ထိုးချင်ပါတယ်ဗျာ..ထိုးပေးပါ..ဆရာကြီး"

စိန်ဓါးမြှောင်က အချုပ်ခန်းထိပ်တွင် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။

"ထိုးပေးတာက ဟုတ်တယ်ကွ..ဒါပေမယ့်..ထိုးဖို့က ဆေးနဲ့ ကြေးစုတ် လိုတယ်"

"ဟာ..အဲ့ဒါတော့ မလွယ်ဘူးထင်တယ်..ဒီထဲသွင်းဖို့ခက်တယ်..ဆရာကြီး"

"အေးကွာ..ဒီလိုဆိုတော့လည်း ဘယ်တတ်နိုင်မလဲ..ဒီပြာသို လပြည့်ဟာ နက္ခတ်အသွားအလာရ အစီအရင်လုပ်လို့ အကောင်းဆုံးညပဲ။ ဓါးပြီးတုတ်ပြီး တင်မက သေနတ်ပြီး၊ ကိုယ်ပျောက်ဆေးပါ ထိုးရင် စွမ်းသေးတယ်။ ဒီလို အခါကြုံတဲ့အခိုက်ကို လက်လွှတ်လိုက်ရတာတော့ နှမြောပါဘိကွာ..တောက်"

စိန်ဓါးမြှောင်က တောက် ခေါက်ပြီး အချုပ်ခန်းရှေ့သို့ သွားကာ အစောင့်ကျ ပုလိပ်သားနှစ်ဦးကို စိုက်ကြည့်လိုက်သည်။

ပုလိပ်သားများက စိန်ဓါးမြှောင် ကို မသိယောင်ဆောင်ကာ သူတို့အချင်းချင်း စကားပြောနေကြ၏။

……………………………………………………………………..

နောက်နှစ်ရက်အကြာ။

ဒီဇင်ဘာလ (၃၁)ရက်နေ့ည၊ (၁၀)နာရီ။

ချမ်းချမ်းအေးအေးနှင့်မို့ အချုပ်ခန်းတစ်ခုလုံး အိပ်မောကျနေကြသည်။

ထိုအချိန်တွင် အချုပ်ခန်း၏ ခေါင်းရင်းထောင့်ဆုံးကျကျတွင် အိပ်နေသော စိန်ဓါးမြှောင် ၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ခုနှင့် လာထိုးသည်ကို ခံလိုက်ရသည်။

စိန်ဓါးမြှောင်က ဆတ်ခနဲ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ အချုပ်ခန်းစောင့် ပုလိပ်သား မောင်သိန်း ဖြစ်နေသည်။

နံပါတ်တုတ်ဖြင့် စိန်ဓါးမြှောင်ကို ထိုးကာ နှိုးနေခြင်းဖြစ်သည်။

မောင်သိန်းက စိန်ဓါးမြှောင်ကို ရှူးတိုးတိုး ဆိုသည့် အမူအယာလုပ်ပြပြီး ထလာရန် ခေါ်သည်။

စိန်ဓါးမြှောင်က အချုပ်ခန်း သစ်သားတိုင်နားသို့ အသာကပ်သွား၏။

"ခင်ဗျား…ထိုးပေးတဲ့ဆေးက တကယ် တုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီးတာလား"

စိန်ဓါးမြှောင်က ပုလိပ်သားကို ရှုတည်တည်ဖြင့် ကြည့်လိုက်သည်။

"ငါ့ဆေးကို မယုံတဲ့ကောာင်တွေအတွက်ဆို မစွမ်းဘူး..ယုံတဲ့ကောင်ပဲစွမ်းတယ်..မင်းက ဘာလုပ်မလို့လဲ..အိပ်ရေးပျက်တယ်ကွ"

ပုလိပ်သားလေးက ပြာပြာသလဲဖြစ်သွားသည်။

"မဟုတ်ပါဘူး..ဆရာကြီး..ကျွန်တော်ယုံပါတယ်..ကျွန်တော် နဲ့ ကျွန်တော့်သူငယ်ချင်း ကူးမာ က အဲ့ဒီဆေးထိုးချင်လို့ပါ..စုတ်နဲ့ ဆေးလည်း ရှာထားပါတယ်.ဆရာကြီး နှစ်နာရီအတွင်း ထိုးပေးလို့ရမလား"

"မင်း ဆရာတွေက ခွင့်ပြုပါ့မလားကွ"

"ဒီနေ့က ဆရာဦးလူဒုတ် က သူမန္တလေးပြန်ပြောင်းရတဲ့နှုတ်ဆက်ပွဲနဲ့ နယူးရီးယားပါတီကို ဌာနဘေးချင်းကပ်က သူ့အိမ်မှာ လုပ်နေတယ်။ အဲ့ဒီကို ဌာနတစ်ခုလုံးနီးပါးသွားကြတယ်..ဆရာကြီး..ကျွန်တော်တို့ ကင်းမှူးဆာဂျင်ကြီးကိုလည်း အရက်မူးအောင် တိုက်ထားတယ်။ ဆရာကြီးသာ အလုပ်ဖြစ်အောင် ထိုးပေးပါ။ ကျန်တာ စိတ်ချပါ"

စိန်ဓါးမြှောင်က တစ်စုံတစ်ခုကို တွက်ချက်နေဟန်ဖြင့် မျက်လုံးကို စုံမှိတ်ထားလိုက်သည်။။ ထို့နောက်…မျက်လုံးပြန်ဖွင့်လိုက်၏။

"အယူတော်မင်္ဂလာအရတော့ အခါကောင်းလို့ ပြနေတယ်။ ကဲ..ငါ မင်းတို့ကို ဆေးထိုးပေးမယ်။ ကျန်တဲ့လူတွေတော့ မနိုးစေနဲ့။ ငါ့ကို တံခါးဖွင့်ပေး"

"ဟို..ဆရာကြီး တစ်မျိုးတော့ မထင်ပါနဲ့..ဆရာကြီးဆေးထိုးနေတဲ့အချိန်ကျွန်တော်တို့ လက်ထိပ်ခတ်ထားလို့ရမလားဗျ..အားတော့နာပါတယ်"

စိန်ဓါးမြှောင်က ပြုံးလိုက်သည်။

"အေးလေ..ငါက အချုပ်သားတရားခံပဲ..မင်းကပုလိပ်ပဲ..မင်းသဘောပါ..ဒါပေမယ့် မင်းနဲ့အတူ ဒီအချုပ်ခန်းကို ငါပြန်လာမှာပါလို့ ကတိပေးပါတယ်ကွာ..သိပ်လည်းမပူပါနဲ့"

"ဟုတ်ကဲ..ဒါဆို အချိန်မရှိဘူး..ဆရာကြီး..ကျွန်တော်တို့ စလိုက်ကြရအောင်"

ပုလိပ်မောင်သိန်းက အချုပ်ခန်းသော့တွဲဖြင့် အချုပ်ခန်းကို ဖွင့်လိုက်သည်။

စိန်ဓါးမြှောင်ထွက်လာသည့်အခါ သူ့ဘေးတွင်ရပ်နေသော ကူးမား က လက်ထိပ်ခတ်လိုက်၏။

"စုတ်ပေါက်ရင်တော့ လက်ထိပ်ချွတ်ပေးမှရမယ်…စုတ်ပေါက်တဲ့အခါ အားမပါရင် ဆေးမစွမ်းမှာစိုးလို့"

"ဟုတ်ကဲ့"

စိန်ဓါးမြှောင်က လက်ထိပ်ခပ်လျော့လျော့ဖြင့် ပုလိပ်နှစ်ဦးခေါ်ဆောင်ရာ လိုက်ခဲ့သည်။

အချုပ်ခန်း အဝင်အဝတွင် ဂါတ်စာရေးခန်းရှိ၏။

"နီးနီးနားနား ဒီထဲမှာပဲ ဆေးထိုးဖို့ နေရာပြင်ထားပါတယ်..ဆရာကြီး"

ဂါတ်စာရေးခန်းထဲ ဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် မှင်ဆေးခွက်နှင့် ကြေးစုတ်ချွန်ချွန် တစ်ချောင်းကို အသင့်တွေ့ရသည်။

အခန်းထဲရောက်သည်နှင့် ကူးမားက တံခါးကို ပိတ်လိုက်သည်။

မောင်သိန်းက လွယ်လာသော ရိုင်ဖယ်သေနတ်ကို အသင့်မောင်းတင်လိုက်သံကို စိန်ဓါးမြှောင်ကြားလိုက်ရ၏။

"ကဲ..ဘယ်သူ့ကို အရင်ထိုးပေးရမလဲ"

"ကူးမားကို အရင်ထိုးပေးလိုက်ပါ..ဆရာကြီး"

"နေဦး..မင်းက ဘာနေ့သားလဲ…မောင်သိန်းက နာမည်အရင်းလား..သိန်း တစ်လုံးတည်းလား"

"မောင်သိန်းပါပဲ..ကြာသပတေးပါ"

"အင်း..ကြသာပတေး၊ ၅တေး၊ ဂြိုလ်သက်က ၁၉ ….ဆိုတော့..အန္တော ဂဗ္ဘေ စရေ ဝံသေ..ဓာတ်မိတ်ဖြစ်တာပဲ..အခါအရ မင်းကို အရင်ထိုးပေးမယ်..ကူးမားကို နောက်မှ ထိုးပေးမယ်..ကဲ..အင်္ကျီရော၊ ဘောင်းဘီပါ ချွတ်ပြီး ဒီအောက်မှာ လာထိုင်"

စိန်ဓါးမြှောင်က ကြမ်းပြင်တွင် တပလ္လင်ခွေထိုင်လိုက်ပြီး သူ့ရှေ့တွင် လာထိုင်ရန် ပြောလိုက်သည်။

မောင်သိန်းက မောင်းတင်ထားသော ရိုင်ဖယ်ကို ကူးမားထံ ထိုးပေးလိုက်၏။

"အင်္ကျီပဲ ချွတ်လို့ မရဘူးလား..ဆရာကြီး"

"မရဘူး..လောကီအစီအရင် စီရင်တဲ့အခါ မင်းခစားတွေရဲ့ အထိမ်းအမှတ်သင်္ကေတဟာ မင်းတို့ရဲ အာဏာစက်ပင်ဖြစ်တဲ့အတွက် မင်းအာဏာစက်ကို ကျရောက်နေသမျှ အစီအရင်မစွမ်းဖြစ်တတ်တယ်။ ဒီတော့ ယူနီဖောင်းအကုန်ချွတ်ပါ"

မောင်သိန်းက အတွင်းခံ ဘောင်းဘီလေးသာချန်ကာ ယူနီဖောင်းအားလုံးကို ချွတ်လိုက်သည်။

ထို့နောက် စိန်ဓါးမြှောင်၏ ရှေ့တွင် ကျောပေးကာ ထိုင်လိုက်သည်။

"ကဲ..အရင်ဆုံး ဘုရားကို အာရုံပြု..ကိုယ့်လူ…မင်းဘုရားကို အာရုံပြုချိန်မှာ ကျုပ်က စုတ်ပိုင် ဆေးပိုင် တွေဆီကို အရံမန္တာန်ဖြစ်တဲ့ ယက္ခိတဗ္ဗာခိဏာသဝါ ရွတ်ပြီး ပင့်ဖိတ်မယ်။ ပြီးတာနဲ့ တစ်ခါတည်း အစုတ်မန္တာန်ကို ရွတ်ပြီး အစီအရင်ဆေးထိုးပါမယ်..ဒီဆေးထိုးပြီးတဲ့အခါ (၁) သူများသားမယားမပြစ်မှားရဘူး (၂) အမဲသားမစားရဘူူး ဘယ့်နှယ့်လဲ..ဒီနှစ်ခုတော့ ကတိပေးနိုင်ရက်လား"

"ပေးနိုင်ပါတယ်..ဆရာကြီး"

အခန်းကား တိတ်ဆိတ်နေသည်။ စိန်ဓါးမြှောင်၏ နှုတ်မှ ခပ်တိုးတိုးရွတ်ဖတ်သော မန္တာန်သံကသာ ခပ်တိုးတိုး ထွက်ပေါ်နေ၏။

မောင်သိန်းနှင့် ကူးမားတို့ကား ရင်တဒိတ်ဒိတ်ခုန်နေကြသည်။

မကြာမီ သူတို့သည် တုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီး ပုလိပ်များ ဖြစ်ကြတော့မည်မဟုတ်လား။

"ဥုံ တန တန မဟာ တန တနအပေါင်း ရှစ်သောင်းဆရာ ခြေပါကုန်လှည့်"

စိန်ဓါးမြှောင်က အအုပ်မန္တာန်ကို စတင်လိုက်ပြီး စုတ်ကို မှင်ခွက်ထဲ နှစ်ကာ မောင်သိန်း၏ ကျောကုန်းကို စပေါက်လေတော့သည်။

မောင်သိန်းကား အံကို ကြိတ်ထား၏။ ပြင်ပမှအအေးဒဏ်ကြောင့် ကိုယ်လုံးတီးမောင်သိန်းမှာ ချမ်းရသည့်ကြားထဲ အသည်းခိုက်သည့် နာကြင်ခြင်းကို ခံစားနေရသည်။

ထွက်လာသော သွေးများ၊ ဆေးများကို မောင်သိန်း၏ ယူနီဖောင်းနှင့်ပင် သုတ်ပစ်သည်။

လေးဆယ့်ငါးမိနစ်ခန့်အကြာတွင် စိန်ဓါးမြှောင်က စုတ်ကို ရပ်ပစ်လိုက်၏။

"အစီအရင်တော့ ပြီးပြီ..ပိုင်ရာဆိုင်ရာပင့်ဖိတ်ထားတာတွေကို ပြန်ထွက်စေဖို့ အင်းဖယောင်းတိုင်ချဖို့လိုတယ်..ဖယောင်းတိုင် အသင့်ရှိပြီလား"

"ဟင်..ဖယောင်းတိုင်"

"ဟုတ်တယ်လေ..ဖယောင်းတိုင်လိုတယ်လေ"

"ဟာ..ယူမထားမိဘူးဗျ"

"ရော်..ခက်ပြီ..အင်းဖယောင်းတိုင်နဲ့ ပုဂ္ဂိုလ်ပြန်မပို့ရင် ဘီလူးနက္ခတ်နဲ့ မိနေမှာ..ဆေးက အဆိုးဘက်ကို ရောက်သွားမယ်..ကိုယ့်လူ"

မောင်သိန်း မှာ ကြံရာမရဖြစ်သွား၏။

ကိုယ်လုံးတီးဖြင့် ခိုက်ခိုက်တုန်အောင်ချမ်းရသည့်အထဲ နာကလည်းနာဖြင့် အမြန်ပြီးစေချင်လှပြီဖြစ်သည်။

"ဂါတ်ထဲမှာ ဖယောင်းတိုင်လေး၊ မီးခြစ်ဖာလေးတောင် မရှိဘူးလား"

"ကူးမား..ဂါတ်ရှေ့ကင်းတဲမှာ ဖယောင်းတိုင်နဲ့ မီးခြစ်ရှိလောက်တယ်..သွားရှာကြည့်ပြီး ယူပေးစမ်းပါကွာ.... ငါမြန်မြန်ပြီးမှ မင်းအလှည့်ရောက်မှာ"

ကူးမား က ရိုင်ဖယ်သေနတ်ကို မောင်သိန်းထံ ကမ်းပေးပြီး အပေါ်ထပ်သို့ တက်သွားလေသည်။

ဆယ့်မိနစ်ခန့်အကြာတွင် ကူးမား က ဖယောင်းတိုင်နှင့် မီးခြစ်ကိုင်ကာ ပြန်လာ၏။

ဂါတ်စာရေးအခန်းထဲသို့ ကူးမားရောက်သောအခါ ဘယ်သူ့ကိုမှမတွေ့။

ရိုင်ဖယ်သေနတ်လည်း မရှိတော့။

ကူးမား ပြူးပြူးပြာပြာဖြစ်ခါ အချုပ်ခန်းဘက် ထွက်လိုက်သည်။

အချုပ်ခန်းထဲတွင် ကိုယ်လုံးတီးဖြင့် ခွေခွေလေးလဲနေသော မောင်သိန်းကို တွေ့လိုက်ရသည်။

အချုပ်ခန်းထဲမှ လူများ တစ်ယောက်မှ မရှိတော့။

ကူးမားက ယူနီဖောင်းတွင်တပ်ထားသော ဝီစီကို အလန့်တကြားမှုတ်လိုက်သည်။

ရှေ့ ကင်းတွင် ရှိနေသော ပုလိပ်သားများက သေနတ်ကိုယ်စီဖြင့် ဝင်လာကြသည်။

ထိုအချိန်တွင် ဂါတ်ထဲမှ ပြေးထွက်လာသော အချုပ်သားအချို့နှင့် ပက်ပင်းတိုးကုန်ကြသည်။

ပုလိပ်များက အမှောင်ထဲတွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်သည်။

ဒိန်း ခနဲ သေနတ်သံကြောင့် မဲမဲအရိပ်တစ်ခု လဲကျသွားသည်။

တစ်ဖက်ခြံတွင် ပါတီပေးနေကြသော ပုလိပ်များလည်း သေနတ်သံကြောင့် အလန့်တကြားဖြစ်ကုန်၏။

ကင်းသံချောင်းခေါက်သံများဆူညံပြီး စစ်ကိုင်းပုလိပ်ဌာနတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

ည ၁၂ နာရီကျော်ပြီး ၁၉၄၂ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် အကျဉ်းသားတစ်ယောက်ကျည်မှန်သေပြီး နှစ်ယောက်ဒဏ်ရာရသည်။ သုံးယောက်ကို ပြန်ဖမ်းမိသည်။

အကျဉ်းသားဆယ်ယောက်အနက် လေးယောက်လွတ်မြောက်သွား၏။

ထိုအထဲတွင် ဓါးပြမှု အမှုတွဲဖြစ်သော စိန်ဓါးမြှောင်နှင့် ဘမောင်၊ လှမောင် ညီအကို ပါသွားသည်။

ဌာနအုပ်ဦးလူဒုတ် ၏ ဘိုင်စကယ်ပင် အစစ်ပါသွား၏။

ဂါတ်တစ်ခုလုံး ပစ်သံခတ်သံများ ဆူညံရှုပ်ယှက်နေချိန်တွင် စိန်ဓါးမြှောင်ကား ပုလိပ်မောင်သိန်း၏ ယူနီဖောင်းကိုဝတ်ကာ ရိုင်ဖယ်ကိုလွယ်လျက် ဌာနအုပ်ဦးလူဒုတ်၏ ဘိုင်စကယ်လေးစီးပြီး ဂါတ်ထဲမှ ခပ်အေးအေးပင် လွတ်မြောက်သွားခဲ့လေသည်။

ဦးလူဒုတ်က မောင်သိန်းနှင့် ကူးမာကို ညတွင်းချင်းပင် အချုပ်ထဲ ထည့်လိုက်သည်။

ထို့နောက် တစ်ယောက်ချင်းခေါ်ထုတ်ကာ ဖြစ်စဉ်ကို စစ်မေး၏။

"ဒါဆို မောင်သိန်း မင်းကို စိန်ဓါးမြှောင်က တုတ်ပြီး၊ ဓါးပြီးဆေး ထိုးပေးသွားတယ်ပေ့ါ..ပြစမ်း…အဲ့ဒီဆေး"

စစ်ကိုင်းဂါတ်မှ ပုလိပ်အရာရှိများရှေ့တွင် မောင်သိန်းက ကျောကုန်းကို လှည့်ပြလိုက်သည်။

ကျောကုန်းက စာတမ်းကြောင့် ပုလိပ်များအားလုံး ငိုအားထက် ရယ်အားသန်ကုန်ကြ၏။

မောင်သိန်း၏ ကျောကုန်းတွင် စိန်ဓါးမြှောင်ထိုးပေးလိုက်သည့် တုတ်ပြီး ဓါးပြီး သေနတ်ပြီးသည့် စာကား

"ဥုံ ဘယ်သူမှ မယုံနဲ့" ဟူ၏။

…………………………………………………………………………………………………

၁၉၄၂ ခုနှစ် ၏ ပထမဆုံးနေ့ရက်။

မန္တလေးဆေးရုံကြီးဝန်းအတွင်း ကိုးကျပ်တန်းဘန်ဂလိုများဆီသို့ ပုလိပ်တစ်ဦး  ရောက်လာသည်။

ကိုးကျပ်တန်းဆိုသည်မှာ လူချမ်းသာများသာ တက်ရောက်နိုင်သော နေရာဖြစ်သည်။

သစ်သားဖြင့် လုပ်ထားသော ခြေတံရှည်တစ်ထပ်အိမ်ကလေးများဖြင့် သီးသန့်ဆေးရုံဘန်ဂလိုများဖြစ်သည်။

စပရင်တပ်သံခုတင်၊ မွေ့ယာဖြူဖြူ၊ ခေါင်းအုံးစွပ်ဖြူဖြူများနှင့် အင်မတန်မှ စမတ်ကျသောနေရာဖြစ်သည်။

ရွှေဒင်္ဂါးတစ်ပြား ၂၆ ကျပ်ရှိသောခေတ်တွင် တစ်နေ့ ငွေကိုးကျပ်ဆိုသည်မှာ နည်းသည့် ပမာဏတော့မဟုတ်။

လုပ်ငန်းရှင်ဥရောပသားများ၊ ဘီအိုစီ၊ စတီးဘရားသားစသော ကုမ္ပဏီအရာရှိများသာ တက်နိုင်သည့် နေရာဖြစ်သည်။

ကိုးကျပ်တန်းဘန်ဂလိုတစ်ခုရှေ့တွင်  ထိုင်နေသော ဂါဝန်ဝတ်စစ္စတာများရှေ့ရောက်သောအခါ ပုလိပ်က တာဝန်ကျ သူနာပြုများကို မေးလိုက်သည်။

"ဆရာမကြီးတို့..ဒီကိုးကျပ်တန်းမှာ လာတက်နေတဲ့ မမြကြည် က ဘယ်နားမှာလဲ မသိဘူးဗျ"

ပုလိပ်က လာမေးသဖြင့် စစ္စတာများမှာ အနည်းငယ်စိုးရွံ့သွားကြ၏။

"မြကြည်..မြကြည်..အဘောရှင်းဖြစ်တဲ့တစ်ယောက်လား..ဟိုးဘက်ထောင့်စွန်းခန်းမှာပါ"

မျက်နှာဖြူများသာ တက်လေ့ရှိသော အတန်းတွင် ထူးထူးခြားခြား မြန်မာမတစ်ယောက် က လာတက်နေသည့် အပြင် ပုလိပ်တစ်ယောက်ပါ ရောက်လာသဖြင့် စစ္စတာများမှာ အခြေအနေကို အကဲခတ်နေကြသည်။

သူ့အခန်းတံခါးဝတွင် ရပ်နေသော ပုလိပ်သားကို ကြည့်ပြီး မြကြည် တအံတသြဖြစ်သွားသည်။

"မမြကြည်နဲ့ ကျွန်တော် စကားပြောစရာရှိလို့..ဆရာမ တဆိတ်လောက်ခင်ဗျ"

မမြကြည်ကို ဆန်ပြုတ်တိုက်နေသော ဂါဝန်ဝတ်စစ္စတာက အပြင်သို့ ထွက်သွားပေးသည်။

"ကိုမောင်ကလေး..ကိုမောင်ကလေး.."

စိန်ဓါးမြှောင်က မြကြည်ရှေ့က ခုံတွင် ဝင်ထိုင်လိုက်ပြီး မြကြည်၏ လက်ဖျားကို ဆုပ်ကိုင်ထားလိုက်သည်။

"အကို ရောက်အောင်လာတယ်နော်..မြကြည်..ဘာမှ စိတ်မပူနဲ့ သိလား"

"ဒီ ပုလိပ်ဝတ်စုံကြီးကရော"

"သြော်. ပုလိပ်တွေဆီက.ခဏငှားဝတ်လာတာပါ"

 မြကြည်က မျက်လုံးလေး အပြူးသား။

"အခုက အချုပ်က လွှတ်ပေးလိုက်တာလားဟင်"

"ဟုတ်တယ်..မြကြည်..ကိုယ့်ဟာကိုယ် လွှတ်ပေးလိုက်တာ"

"ရှင်"

"မရှင်နဲ့ မြကြည်..မရှင်နဲ့..အရေးကြီးတာက..မြကြည်..မြကြည် နေကောင်းတယ်မဟုတ်လား..မြကြည် နေကောင်းဖို့ အရေးကြီးတယ်"

"ကောင်းပါတယ်..အကို..အခု..အကိုက အချုပ်ခန်းက ထွက်ပြေးလာတာပေါ့"

စိန်ဓါးမြှောင်က သက်ပြင်းချလိုက်သည်။

"ဟုတ်တယ်..အကို အချုပ်ခန်းဖောက်ပြေးလာတာ..အကိုက ဝရမ်းပြေးဖြစ်သွားပြီ..မြကြည်.. အကို ဒီအတိုင်းတော့ ထောင်ကျမခံနိုင်ဘူး..ဒါပေမယ့် မပူပါနဲ့..မြကြည် လိုအပ်တဲ့အချိန်တိုင်း အကို ရှိနေမှာပါ"

မြကြည်က စိန်ဓါးမြှောင်၏ လက်ကို တင်းတင်းဆုတ်ထားသည်။

"ကဲ..အကို လုပ်စရာတွေရှိသေးတယ်..မြကြည်..အချိန်သိပ်မရဘူး..အကို သွားရတော့မယ်..မကြာခင် ပြန်လာခဲ့ပါဦးမှ..အဲ့ဒီကျမှ ကလေးထပ်ယူကြတာပေါ့"

စိန်ဓါးမြှောင်က မြကြည်၏ နဖူးကို နမ်းက ဘန်ဂလိုအောက်သို့ ပြန်ဆင်းသွားလေသည်။

တစ်နာရီခန့်အကြာတွင် စစ်ကိုင်းပုလိပ်ဌာနမှ ဦးလူဒုတ်၊ ဆားပုလင်းဘသာ၊ (၁၁)မှတ်ပုလိပ်ဌာနမှ အေစီ မော်ဂန်နှင့် ပုလိပ်သားများပါသော ကားကြီးသည် မန္တလေးဆေးရုံဝန်း၊ ကိုးကျပ်တန်းဘန်ဂလိုများဆီသို့ ဆိုက်ရောက်လာလေတော့သည်။

ဦးလူဒုတ် နှင့် အဖွဲ့က မမြကြည်တက်နေသည့် ဘန်ဂလိုပေါ်သို့ သေနတ်များအသင့်ကိုင်ကာ တက်လာကြသည်။

မမြကြည် ကား ကုတင်ပေါ်တွင် အိပ်မောကျလျက်။

"ပလိစ် ဆာ….ကျွန်မတို့ ဆေးရုံကို ဝရမ်းမပါပဲ လက်နက်တွေကိုင်ပြီး ဝင်ရောက်ခွင့်မရှိပါဘူးရှင့်..ဒါဆေးရုံပါ..လူနာတွေ စိတ်အနှောက်အယှက်ဖြစ်သွားနိုင်ပါတယ်..အခုချက်ချင်း ပြန်ထွက်သွားပေးကြပါ"

သူတို့အနောက်ဖက်မှ ဘိုကပြား စစ္စတာမကြီး၏ ပီပီသသ အင်္ဂလိပ်စကားသံထွက်လာသည်။

ဦးလူဒုတ်က ဗမာလို ခပ်တိုးတိုး ဆဲရေးလိုက်၏။

………………………………………………………………

ထိုအချိန်တွင် ပုလိပ်သားဝတ်စုံဝတ်ထားသော စိန်ဓါးမြှောင်သည် စစ်ကိုင်းဂါတ်တဲတွင်ရှိ စဉ်ကတည်းက ကြိုတင်အချိန်းအချက် လုပ်ခဲ့သည့်အတိုင်း စစ်ကိုင်းဘက်ကူးသည့် ငှက်ဆိပ်သို့ ရောက်ရှိနေလေသည်။

ငှက်ဆိပ်၏ အနောက်ဘက် ခရီးသည်များနားနေရာ တဲကလေးထဲတွင် ဘမောင်နှင့် လှမောင် ညီအကို ထိုင်နေကြသည်။

စိန်ဓါးမြှောင် ဝင်လာသည်နှင့် သူတို့ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

လှေဆိပ်က လူ လူရှုပ်ထွေးလှသည်။

ပုလိပ်တစ်ယောက်နှင့် လူနှစ်ယောက် စကားပြောနေသည်ကို မည်သူမျှ အရေးအရာမလုပ်ကြ။

"မင်းတို့ ခါလေး နဲ့ အဆက်အသွယ်ရပြီလား"

"ရပြီ..ဆရာကြီး..ဟိုဘက်ထိပ်မှာ ငှက်တစ်စီး အသင့်ငှားပြီး ခါလေး စောင့်နေပါတယ်"

"အေး..အဲ့ဒါဆို သွားကြမယ်"

"ဘယ်ကို သွားမှာလဲ..ဆရာ"

"စစ်ကိုင်းဘက်ကို"

"ဗျာ"

"မဗျာ နဲ့ ဘမောင်..မင်းတို့ လိုက်ရဲရင် လိုက်ခဲ့.. ခါလေး ဘယ်မှာလဲ"

လှမောင်က ငှက်ဆိပ် ၏ အစွန်ဆုံးတွင်ရှိသော ငှက်ကို လက်ညှိးထိုးပြလိုက်သည်။

စိန်ဓါးမြှောင်က ထထွက်သွားသဖြင့် ဘမောင်နှင့် လှမောင်တို့ အနောက် လိုက်လာကြ၏။

"ကျွန်တော်တို့က ဆရာကြီး ပါရင် ဘယ်မဆိုလိုက်ရဲပါတယ်..ဒါပေမယ့် ညကမှ စစ်ကိုင်းဂါတ်က ကျွန်တော်တို့ ထွက်လာတာ..အခု သွားလို့ ဖြစ်ပါ့မလား..ဘာသွားပြန်လုပ်မလို့တုန်း"

"ဓါးပြသွားတိုက်မှာကွ"

"ဗျာ"

"ဟုတ်တယ်..မြကြည်ကို ငါဝယ်ပေးထားတဲ့ နားကပ်ကို ဟိုကောင်မကြီး အသားလွတ်ယူသွားတယ်..အဲ့ဒါ ပြန်ယူမလို့"

"ဆရာကြီးရယ်..ကျွန်တော်တို့က ဓါးပြပါ..ဆရာကြီးက လူကောင်းပါ..အခုတော့ ကျွန်တော်တို့ကြောင့် ဆရာကြီးပါ..ဓါးပြလုပ်တော့မလို့လား"

"ဟိတ်ကောင်တွေ…ဒီအချိန်မှာတော့ စောက်ပိုတွေမပြောကြနဲ့တော့။ ခုချိန် ငါက ဘုန်းကြီးဖြစ်နေရင်တော့ နိဗ္ဗာန်ရောက်တဲ့အထိ အားထုတ်ရမှာငါ့အလုပ်ပဲ။ မိန်းမရတော့လည်း မိသားစုကို သောင်သောင်သာသာထားဖို့က ငါ့အလုပ်။ ဟော့..အခုကျ ဝရမ်းပြေးဖြစ်သွားပြီ။ ဝရမ်းပြေးဖြစ်မှတော့ ငါ့အလုပ်က ဓါးပြဗိုလ်ဖြစ်အောင် လုပ်ရတော့မှာပဲ..မတတ်နိုင်ဘူးကွ..ကိုယ့်အလုပ်တော့ ကိုယ် ဂိတ်ဆုံးဖြစ်အောင် လုပ်ရမှာပဲ"

ခါလေးက စိန်ဓါးမြှောင်ကို ဆင်းကြိုသည်။

စိန်ဓါးမြှောင်က ခါလေးကို ပုခုံးဖက်ပြီး ပြုံးပြ၏။

ထို့နောက် ငှက်လှေပေါ်တက်ထိုင်လိုက်သည်။ ခါလေး၊ ဘမောင်၊ လှမောင် ညီအစ်ကိုလည်း ငှက်လှေပေါ် တက်ထိုင်လိုက်ကြသည်။

ခက်ဇော်

Comments

Post a Comment