The Guys From Mandalay, 1950s အခန်း(၆)

The Guys From Mandalay, 1950s

                                   အခန်း(၆)
                          ………………………………………..

စစ်ကိုင်းဘက်ကမ်းသို့ ရောက်သည်နှင့် စိန်ဓါးမြှောင်တို့ အုပ်စု လှေပေါ်မှ ဆင်းလိုက်သည်။

လှေသမားက ပြန်လည်ထွက်ခွာသွား၏။

ကမ်းစပ်ရှိ စွန့်ပစ်ထားသော တဲတစ်ခုရှိရာသို့ စိန်ဓါးမြှောင် က လျှောက်သွားသည်။

တဲအောက်မှ ပုဆိုးစုတ်ဖြင့် ရစ်ပတ်ထားသော တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏။

ပုဆိုးကို ဖြည်လိုက်သည်တွင်  ရိုင်ဖယ်သေနတ်တစ်လက်။

စစ်ကိုင်းဂါတ်တဲမှ စိန်ဓါးမြှောင်လုလာခဲ့သော သေနတ်ဖြစ်သည်။

လွန်ခဲ့သည့်ညက ထိုတဲပျက်ကလေးတွင် စိန်ဓါးမြှောင်ခိုနေခဲ့သည်။ နံနက်လင်းအားကြီးမှ ရိုင်ဖယ်သေနတ်ကို တဲတွင်းတွေ့ရသော ပုဆိုးစုတ်ဖြင့် ရစ်ပတ်ကာ ဝှက်ခဲ့ပြီး မန္တလေးသို့ စစ်ကိုင်းတံတားရထားလမ်းအတိုင်း လမ်းလျှောက်ကာ ကူးလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လှေဆိပ်တွင် စောင့်နေကြသော ပုလိပ်များ မျက်စိလည်ကုန်ကြခြင်းဖြစ်သည်။

"ကဲ..ဘမောင် နဲ့ လှမောင် မင်းတို့ သူဌေးဦးကြင် အိမ်ကို သိရဲ့မဟုတ်လား"

"သိတယ်..ဆရာကြီး..လေးကျွန်းမာရ်အောင်ဘုရားသွားတဲ့လမ်းက.. တိုက်နီကြီးပဲ"

"ဦးကြင် က ဗိန္ဓောဆေးကုန်တွေလုပ်တဲ့ ပွဲစားကြီးဆို"

"ဟုတ်တယ်..ဆရာကြီး..သူအဲ့ဒါနဲ့ချမ်းသာတာပဲ"

"ဒါဖြင့် တယ်ပြီး ဟန်ကျကွာ...ကဲ.. အချိန်မရှိဘူး..မင်းတို့မှာ စိတ်ချရတဲ့ မြင်းလှည်းဆရာ တစ်ယောက်လောက်ရှိမလား"

"ကျွန်တော်တို့သူငယ်ချင်း ဘရင်ဆို တာရှိပါတယ်..ဓါးပြတိုက်ရင် လိုက်ပို့ပေးနေကြပါ..ဒီကောင့်ကို ဝေစုသာပေး စိတ်ချရတယ်..ဆရာကြီး"

"ဟုတ်ပြီ…အဲ့ဒါဆို ဘမောင်နဲ့ ခါလေးက အဲ့ဒီဘရင်ကို လိုက်ရှာပြီး  နောက်ကလိုက်ခဲ့…ဟိုရောက်ရင် မြင်းလှည်းကို ခြံတံခါးဝကပဲ အသင့်စောင့်…ငါနဲ့ လှမောင်က ဦးကြင်အိမ်ကို ဝင်ကြမယ်..ပုဆိုးနှစ်ကွင်းလည်း ရှာခဲ့ကွာ"

စိန်ဓါးမြှောင် စကားကြောင့် ဘမောင်နှင့် လှမောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

"နေ့ဘက်ကြောင်တောင်ကြီး ဓါးပြတိုက်ရတယ်လို့.မဟုတ်သေးဘူးနော်..ဆရာကြီး. ကျွန်တော်တို့ တစ်ခါမှ မတိုက်ဖူးဘူး..ပြီးတော့ သေနတ်ကြီးနဲ့ မြို့လယ်ခေါင်မှာ..ဖြစ်ပါ့မလား"

"ဟ နေ့ဘက်ဓါးပြမတိုက်ရဘူးလို့  ဘယ်ဘုရားဟောထားလဲ..လင်းလင်းထင်းထင်းမှာ တိုက်တော့ ပိုမြင်ရတာပေါ့..."

"အောင်မယ်လေး..ဆရာကြီးရယ်..ဒီလောက်နေ့လည်ကြောင်တောင်ထဲ သေနတ်ကြီးလွယ်ထားတော့ ပုလိပ်က ပိုမြင်ပြီး ဖမ်းတော့မှာပေါ့"

"ဘမောင်က တယ်စောက်စကားရှည်တာကိုးကွ..ငါဝတ်ထားတာလည်း ကြည့်အုံး..မင်းပုထွေး..ပုလိပ်တွေ..ဝတ်တဲ့ ဝတ်စုံဟ"

…………………………………………………………………………………………..

သူဌေးဦးကြင်။

စစ်ကိုင်းမြို့ ၏ ပရဆေးကုန်ကြမ်းရောင်းဝယ်ရေးလောကတွင် အထင်ကရသူဌေးကြီး။

ဘုမ္မရာဇာ၊ ၊ တရုတ်စကား၊ သစ်ခွ၊ ကံကော်ဝတ်ဆံ ၊ ကွမ်းစားဂမုန်း၊ မာလာဥ၊ မာလာဥခေါင်း၊ နနွင်းခေါင်း၊ နနွင်းတက်၊မုတ်ခါး၊ ချင်းခြောက်၊ ဆီးဆံ၊ကြောင်လျာစေ့တို့  ရောင်းဝယ်လုပ်ရာတွင် ဦးကြင်၏ စကားတစ်ခွန်းသည် ဈေးဖြစ်နေသည့်ကာလဖြစ်သည်။

ထိုနေ့က သူဌေးဦးကြင် သည် ကချင်ပြည်နယ်ဘက်မှ ခမ်းတောက်မြစ် ပါလာသည့် ကုန်သည်တစ်ဦး မန္တလေးသို့ ရောက်သည် ဆိုသဖြင် မန္တလေးဘက် တက်သွားချိန်ဖြစ်သည်။

အိမ်တွင် သူဌေးကတော် ဒေါ်သာဥ တစ်ဦးသာ ကျန်နေ၏။

ပရဆေးဒိုင်ဖြင့် တွဲဖွင့်ထားသော ဦးကြင်အိမ်ရှေ့သို့ သေနတ်လွယ်ထားသည့် ပုလိပ်တစ်ဦး ဝင်လာသည်။

နဂါးဒေါ်ဦးဆေးပေါ့လိပ်ကို ဖွာလျက် ကုန်အဝင်အထွက်များကို စိစစ်နေသော ဒေါ်သာဥ မှာ ရုတ်တရက် မှင်တက်မိသွား၏။

သို့သော် ဌာနအုပ် ဦးလူဒုတ်၏ ဌာနာမှ တာဝန်ဖြင့် လွှတ်လိုက်သည့် ပုလိပ်သားတစ်ဦး ဖြစ်မည်ဟု တွေးလိုက်သည်။

"ဘာကိစ္စများရှိသလဲကွယ်..လက်နက်တွေဘာတွေနဲ့ လာတော့.မထိတ်မလန့်သာရှိလိုက်တာ"

ပုလိပ်က ဒေါ်သာဥကို ပြုံးပြရင်း

"တခြား ဘာရယ်မဟုတ်ပါဘူး..ဒေါ်ဒေါ်ရယ်..ညက ဌာနာအချုပ်ကို ဖောက်ပြေးသွားတဲ့ ဓါးပြတွေက ဒေါ်ဒေါ့်အိမ် လာမယ် သတင်းကြားလို့ ဌာနအုပ်မင်းက စောင့်ရှောက်ဖို့ အလို့ လွှတ်လိုက်တာပါ"

"သြော်..ကိုလူဒုတ် လွှတ်လိုက်တာလား..လာပါကွယ်..လာပါ"

ပုလိပ် က  ဒေါ်သာဥ ၏ စားပွဲရှေ့တွင် ရပ်လိုက်ပြီး ခြံအတွင်းမှ ပရဆေးလာရောက်ရောင်းဝယ်သည့် လူအများကို အကဲခတ်လိုက်သည်။

"ဒီလောက် လူအဝင်အထွက်ရှုပ်ထွေးနေတော့ ဒေါ်ဒေါ်တို့ အတွက် အန္တရာယ်ရှိတာ အမှန်ပဲ ဒေါ်ဒေါ်..ဖြစ်နိုင်ရင် ပွဲရုံကို ပိတ်လိုက်စေချင်တယ်..မသကာ ဓါးမြတွေ ရောရက်ဝင်လာမှဖြင့် ခက်ကုန်မယ်"

ပုလိပ်စကားကြောင့် ဒေါ်သာဥ ပြူးပြူးပြာပြာဖြစ်သွားသည်။

"အင်း..ငါ့တူကြီးပြောမှ..ဒေါ်ဒေါ် သတိထားမိတယ်..ဟုတ်ပါ့ကွယ်..ဒေါ်ဒေါ်နဲ့ မင့်ဦးကြီး ပွဲစားကြီးတို့မှာ သာသနာပြုဖို့ ရှာရဖွေရမို့ ဒီသတင်းပလင်းတွေ သတိမထားမိဘူးဖြစ်သွားတယ်..ခုပဲ ပွဲရုံကို ပိတ်ပေးပါ့မယ်..ဟုတ်တယ်..ဟုတ်တယ်"

ဒေါ်သာဥက ထိုင်ခုံမှ ထပြီး အနီးတွင် ရှိသော လူငယ်တစ်ဦးအား စကားသွားပြောလိုက်သည်။

မကြာမီ ထိုလူငယ်က အခြားကုန်စည်လက်ခံနေသည့်သူများအား လိုက်လံပြောကြားပြီးနောက် ကုန်ပစ္စည်းလာသွင်းသူများ အလျှိုလျှိုပြန်ကုန်ကြ၏။

ခြံအတွင်းဝယ် ပရဆေးကုန်ကြမ်းလက်ခံဝယ်ယူသူ ယောက်ျားပျို (၂)ဦးနှင့် မိန်းမပျို (၃)ဦးသာကျန်ရစ်တော့သည်။

"အခု ဒီဝန်းထဲ ကျန်တာ ဒေါ်ဒေါ်တို့ အိမ်သားချည်းပဲလား"

"ဟုတ်ပါ့ကွယ်…ဆွေမျိုးနီးစပ်..တူ တူမတွေပါပဲ..စိတ်ချရပါတယ်"

"ဒါဆိုလည်း..ဒီရှေ့ကို သူတို့ကို ခေါ်ပါဦး…ဒေါ်ဒေါ်တို့ မိသားစုလုံခြုံရေးအတွက် ဌာနအုပ်မင်း မှာလိုက်တာတွေ ပြောချင်လို့"

"ဟေ့..သာဂေါင်၊ မြထွန်း၊ သေးသွယ်၊ ဝက်မ တို့တွေ ဒီနား လာကြကွယ်"

ဒေါ်သာဥ က ခေါ်လိုက်ခြင်းကြောင့် အားလုံး ဘေးနားသို့ ရောက်လာကြသည်။

ထိုအခါ ပုလိပ်သားက ရိုင်ဖယ်သေနတ်ကို လွယ်ထားရာမှ အသင့်အနေအထားကိုင်လိုက်ပြီး

"ဒါနဲ့..ဒေါ်ဒေါ် ကျွန်တော့် မမှတ်မိဘူးလား"

ဒေါ်သာဥ က သေချာစွာကြည့်သည်။

"အင်း…တွေ့တော့ တွေ့ဖူးသလိုပဲကွဲ့"

"တွေ့ဖူးမှာပေါ့…ကျုပ် စိန်ဓါးမြှောင်ပဲလေ"

"ဟင်"

"တစ်ယောက်မှ မလှုပ်ကြနဲ့နော်..လှုပ်တာနဲ့ သေဖို့သာပြင်…ဟေ့..လှမောင်..ဝင်ခဲ့တော့..ဝင်းတံခါးကို အလုံပိတ်ခဲ့ကွာ"

အပြင်တွင်စောင့်နေသော လှမောင်က ဝင်လာပြီး ခြံဝင်းတံခါးကို ပိတ်လိုက်သည်။

ဒေါ်သာဥ ခိုင်းရန် ခေါ်ထားသော လူငယ်နှစ်ဦးနှင့် မိန်းမပျိုများမှာ ဆယ်ကျော်သက်သာသာအရွယ်များဖြစ်သဖြင့်  ပုလိပ်ဝတ်စုံ၊ သေနတ် စသည်တို့၏ အရှိန်ဖြင့် ကြောက်ရွံလျက်ရှိကြသည်။

"လှမောင်..ဟို သေတ္တာထဲ က ငွေတွေစားပွဲပေါ်ပုံစမ်းကွာ"

လှမောင်က ဒေါ်သာဥ၏ ပွဲရုံဝင်ငွေသေတ္တာကို ယူကာ စားပွဲပေါ်ပုံလိုက်သည်။

"ဟေ့..သာခေါင်ဆိုလား.သာဂေါင်ဆိုလား..ဟေ့ကောင်"

ဒေါ်သာဥ ၏ တူဝမ်းကွဲတော်သူ သာဂေါင်မှ တုန်ခနဲဖြစ်သွားသည်။

"ရှိပါတယ်ခင်ဗျ"

"အေး..အဲ့ဒီငွေပုံထဲက ရူပီးအတန်ကြီးတွေချည်း သက်သက်ရွေးထုတ်စမ်းကွာ..လှမောင် ပြီးရင် ဒီကောင့်ဆီက အဲ့ဟာတွေ အကုန်ယူစမ်း"

သာဂေါင်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အတန်ကြီးများအား ရွေးနေသည်။

ဒေါ်သာဥက တုန်တုန်ရီရီဖြင့် မော့ကြည့်ရင်း

"မလုပ်ပါနဲ့ကွယ်..ဒါ..ဒေါ်ဒေါ်တို့ ကောင်းရောင်းကောင်းဝယ်နဲ့ ရှာထားတဲ့..ပစ္စည်းလေးပါ"

"သြော်..အင်း..ဟုတ်ပါတယ်..ကျုပ် မိန်းမ နားကပ်လေးတုန်းက ကျုပ်က ဓါးပြတိုက် ယူထားတာဆိုတော့..ခင်ဗျားကြီးက မတရားယူလို့ရတယ်ပေါ့..ဟမ်..ကလိန်မကြီး..မှတ်မိလား..မှတ်မိလား"

"ဒေါ်ဒေါ် မှားမိပါတယ်.မောင်ရယ်..မှားမိပါတယ်ကွယ်..ဟိုပုလိပ် လူဒုတ်ကြောင့် မှားမိတာပါ..အဲ့ဒီနားကပ်လည်း သူ့ကို တစ်ဖက်ပေးလိုက်ရပါတယ်"

"အော်..ခင်ဗျားတို့က တိုက်ရာပါကို တစ်ယောက်တစ်ဝက်တောင်ခွဲယူလိုက်သေးကိုးဗျ..ဘယ်မလဲ..အဲ့ဒီ ကျုပ်မိန်းမရဲ့ နားကပ်တစ်ဖက်…အခုပေး"

"မ..မရှိတော့ပါဘူးကွယ်.ဈေးချို အီးရုံ ရွှေဆိုင်တန်းမှာ ရောင်းလိုက်ပါပြီ"

"ဘယ်ကောင့်ကို ရောင်းတာလဲ"

"လောကနာသံ စိန်ဘာဘူဆိုင်ပါ"

ထိုအချိန်တွင် သာဂေါင်က ရူပီးအတန်ကြီးများချည်း ရွေးပြီးဖြစ်သဖြင့် လှမောင်က ပုဆိုးကို ပြင်ဝတ်ရင်း ခါးပုံစကို ခပ်ကြီးကြီး လုပ်ကာ ထည့်လိုက်သည်။

"ကဲ..အဘွားကြီး..ခင်ဗျား နားဒေါင်းကြီး ချွတ်စမ်းဗျာ"

စိန်ဓါးမြှောင်က ဒေါ်သာဥ ရင်ဘတ်ကို ရိုင်ဖက်သေနတ်ဦးဖြင့် ထိုးလိုက်သည်။

"ဒေါ်ဒေါ်တို့ မင်္ဂလာဦးပစ္စည်းလေးမို့..မလုပ်ပါနဲ့"

"အိမ်း..ကာလဝိဘတ်နောက်ပိုးတက်တဲ့..ကံ ကံ၏ အကျိုးများ တယ်လည်းကြောက်စရာကောင်းသကိုး..ကျောင်းဒကာမကြီးရဲ့…ခင်ဗျားမတရားယူသွားတာလည်း..ကျုပ်မိန်းမကို ကျုပ်ပေးထားတဲ့ မင်္ဂလာဦးပစ္စည်းဗျ..ကဲ.ဖြုတ်မှာသာ ဖြုတ်စမ်းပါဗျာ…နို့မဟုတ်..သေနတ်က ကျည်ထွက်သွားလို့ သရဏဂုံတောင်မတည်လိုက်ရပဲ အပ္ပါယ်လားသွားမယ်"

စိန်ဓါးမြှောင်၏ တရားဓမ္မသံဖြင့် ဓါးမြလေအဆုံး ဒေါ်သာဥမှာ နားဒေါင်းကို ဖြုတ်ပေးလိုက်ရသည်။

"ကဲ..ဟိုကောင်လေး..သာဂေါင်..အိမ်ထဲသွားပြီး စောင်တစ်ထည်သွားယူ‌ပေးစမ်းပါဦး…ငါ တစ်ဆယ်အထိရေလို့ မင်းပြန်မထွက်လာရင် ဒီကောင်မလေးတွေထဲက တစ်ယောက်ကို ပစ်သတ်မယ်..မြန်မြန် ယူပြီး ထွက်လာခဲ့..တစ်…"

သာဂေါင်မှာ အိမ်ထဲသို့ အပြေးအလွှားဝင်သွားသည်။

နံပါတ်ခုနှစ်အရောက်တွင် သာဂေါင်က အညာစောင်ကြမ်းကြီးတစ်ထည် ကိုင်ကာ ပြန်ထွက်လာသည်။

စိန်ဓါးမြှောင်က ရိုင်ဖယ်သေနတ်ကို ဘေးချပြီး စောင်အား ယူလိုက်ပြီး

"ကဲ.ဒေါ်ဒေါ်ရော ကျန်တဲ့လူတွေပါ စုပြီး မှောက်အိပ်လိုက်ကြဗျာ..ပထမဆုံး ခေါင်းထောင်ကြည့်တဲ့လူ ကျုပ် ပစ်သတ်မလို့ဗျ"

ဒေါ်သာဥ ရော ကျန်သူများပါ မြေပြင်တွင် စုပြီး မှောက်လိုက်ကြသည်။

စိန်ဓါးမြှောင်က စောင်ကို သူတို့ ပေါ်သို့ လွှားခနဲ အုပ်လိုက်၏။

ထိုအချိန်တွင် လှမောင်က အလျင်စလို ရိုင်ဖယ်သေနတ်အနားတိုးကပ်သွားလိုက်သည်။

"ကဲ..လှမောင်"

စိန်ဓါးမြှောင်က မျက်ရိပ်ပြကာ အပြင်သို့ ထွက်သွား၏။

လှမောင်က ရိုင်ဖယ်သေနတ်ကို လွယ်ကာ နောက်မှ ကမန်းကတန်းလိုက်လာလေသည်။

ခြံတံခါးကို ဖွင့်လိုက်သောအခါ အသင့်စောင့်နေသော  မြင်းလှည်းတစ်စီးကို တွေ့လေသည်။

မြင်းလှည်းပေါ်အနောက်ခန်းတွင် ဘမောင်နှင့် ခါလေး က စိုးရိမ်တကြီးမျက်လုံးများနှင့်။

စိန်ဓါးမြှောင်က မြင်းလှည်းပေါ် ခပ်သွက်သွက်တက်လိုက်သည်။

နောက်မှ ခါးပုံစကြီးနှင့်ရိုင်ဖယ်သေနတ်ကို လွယ်ကာ ကို့ယို့ကားယားပြေးလာသော လှမောင်။

"လှမောင်..မင်းကလည်း နှေးလိုက်တာကွာ"

"ခါးပုံစထဲက ပိုက်ဆံတွေရော..ရိုင်ဖယ်သေနတ်ရောလွယ်လာရတာလေ..ဆရာကြီးရဲ့.."
ထိုအခါမှ စိန်ဓါးမြှောင်က လှမောင် လွယ်လာသော ရိုင်ဖယ်သေနတ်ကို သေချာကြည့်လေသည်။

"ဟေ..သေနတ်က မင်းယူလာတာလား"

"ဆရာကြီးက စောင်ရတာနဲ့ သေနတ်ကြီးထားခဲ့တာကို..ကျွန်တော်လည်း ဒီသေနတ်အားကိုးလေးရှိတာမို့ ရအောင် ပြန်ယူလာရတာပဲ"

စိန်ဓါးမြှောင်က သက်ပြင်းချသည်။

"အေး..တော်သေးတာပေါ့..လှမောင်ရာ.. ဓါးပြ တစ်ခါမှ မတိုက်ဖူးတော့..ပြာပြီး..သေနတ်ကို မေ့သွားတာကွ..မေ့ဆို..ငါ့မလည်း ဒါကြီး ယူသာယူလာတာ ဘယ်လိုပစ်ရမှန်းမသိကိုးကွ"

လှမောင် ၊ ဘမောင်နှင့် ခါလေး တို့ ပြုံးစိစိဖြစ်ကုန်ကြသည်။

စိန်ဓါးမြှောင်က သူ့လက်ထဲတွင် ပါလာသော ဒေါ်သာဥ၏ စိန်နားကပ်တစ်ရံကို သေချာကြည့်လိုက်သည်။

ပြီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး

"ဟေ့ကောင်..ဘမောင်..ဘယ်မတုန်း မြင်းလှည်းသမား..မောင်းတော့လေကွာ"

ဘမောင်က ရှေ့သို့ ကြည့်လိုက်ရာ မြင်းလှည်းဦးတွင် မြင်းလှည်းဆရာမရှိ။

"ဘရင်..ဘရင်..ဟေ့ကောင်..မင်းဘာလုပ်နေတာလဲ"

ဘမောင်က လှမ်းအော်လိုက်သောအခါမှ ခြံဝန်းဘေးဘက်မှ လူတစ်ယောက်ထွက်လာသည်။

"ခြံဘေးမှာ ငရုတ်သီးပင်ကြီးတွေ တွေ့လို့ ငရုတ်သီးခူးနေတာကွ"

"မင်းနှမလင်..ငါလချီး..ဒီအချိန် ငရုတ်သီးခူးစရာလားဟ..လာသွားမယ်..မြန်မြန်တက်"

မြင်းလှည်းဆရာ ဘရင်က ငရုတ်သီးလက်တစ်ဆုပ်ကို လွယ်အိတ်ထဲထည့်ကာ မြင်းလှည်းပေါ် ပြေးတက်လာသည်။

"ဖြည်းဖြည်းလုပ်ပါဟ..မအေဘေးရ…ပြော..ငါ ဘယ်ကို မောင်းရမလဲ

"မင်းကွန်း..မင်းကွန်းဘက်ကို မောင်းဟေ့..ဗိုလ်ငရုတ်သီးရ"

စိန်ဓါးမြှောင်၏ အသံဆုံးသည်နှင့် မြင်းလှည်းက အရှိန်ဖြင့် ထွက်သွားတော့သည်။

 

…………………………………………………….

ခိုတောင်ရွာထိပ်။

လူငါးယောက်ပါသော လှည်းကို ဆွဲလာသည့် မြင်းတို့ကား ပန်းလှပြီ။

မြည်းလှည်းဆရာဘရင်၏ လက်ထဲမှ ငရုတ်သီးစိမ်းများလည်း လွယ်အိတ်ထဲမှ ပြုတ်ကျကာ ကျန်နေရစ်ပြီ။

ခိုတောင်ရွာထိပ်ရှိ ညောင်ကြပ်ပင်ကြီးများဘေးတွင် ဇရပ်တစ်ဆောင်ရှိနေ၏။

စိန်ဓါးမြှောင်က မြင်းလှည်းပေါ်မှာ ဆင်းကာ ဇရပ်ပေါ်သို့ တက်သွားသည်။

"အားလုံး လာကြဟေ့"

ဘမောင်၊ လှမောင်နှင့် ခါလေး တို့ ဇရပ်ပေါ်သို့ တက်လာကြသည်။

"ဟေ့..မြင်းလှည်းဆရာဗိုလ်ငရုတ်သီး မင်းလည်း လာလေကွာ"

လွယ်အိတ်ထဲမှ ငရုတ်သီးများကို စစ်ဆေးနေသော ဘရင် က စိန်ဓါးမြှောင်ခေါ်သံကြောင့် ဇရပ်ပေါ်တက်လာသည်။

"ဝိုင်းထိုင်ကြဟေ့"

ဇရပ်ပေါ် အားလုံး ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။

"ဟေ့…ဘမောင်..မင်း ကို ငါ ပုဆိုး နှစ်ထည် ယူခိုင်းတာ ပါလားကွ"

"ပါပါတယ်..ဆရာကြီး"

ခါလေးက မြင်းလှည်းပေါ်မှ ပုဆိုးနှစ်ထည်ကို ပြေးယူသည်။

စိန်ဓါးမြှောင်က ပုဆိုးကို လဲဝတ်ကာ ပုလိပ်အဝတ်အစားများကို ချွတ်လိုက်၏။

အပေါ်ပိုင်းဗလာကျင်း ပုဆိုးဖြင့် ဖြစ်သွားလေသည်။ သို့သော် ဘမောင်တို့ ယူလာသော ပုဆိုးကလည်း အရောင်အဆင်းမရှိ ညစ်စုတ်ပေရေလှသောပုဆိုး။

"မင်းတို့ ပုဆိုးတွေကလည်း စောက်စုတ်ကွာ..နံကလည်းနံသေး..ခွီး"

"ကျွန်တော်တို့ ညီအစ်ကိုမှာ ဒီနှစ်ထည်က အကောင်းဆုံး..ဆရာကြီးရဲ့..ဒါတောင်..အိမ်ကို ပုလိပ်တွေ စောင့်ကြည့်နေတဲ့ကြားက ရအောင် ဝင်ပြီး ယူခဲ့ရတာ"

စိန်ဓါးမြှောင်က နောက်ပုဆိုးတစ်ထည်ကို ဝိုင်းထိုင်နေသော အလည်တွင် ဖြန့်ခင်းလိုက်သည်။

"လှမောင်..မင်းယူလာတဲ့ ပိုက်ဆံ အကုန်..ဒီပေါ် ပုံစမ်းကွာ"

လှမောင်က ခါးပုံစထဲမှ ရူပီးများကို ပုဆိုးပေါ်သို့ ပုံလိုက်လေသည်။

"ကဲ..ရော..ဒီမှာ စိန်နားကပ်တစ်ရံ"

စိန်ဓါးမြှောင်က သူ့လက်ထဲမှ စိန်နားကပ်ကိုပါ ပုဆိုးပေါ် ပုံချလိုက်သည်။

"ခါလေး ဒီထဲမှာ မင်းက အငယ်ဆုံး…ဒီတော့..အဲ့ဒီငွေတွေကို လေးပုံအညီအမျှ ပုံစမ်းကွာ"

ခါလေးက ငွေများကို ရေတွက်လိုက်သည်။ စုစုပေါင်း ထောင့်ခြောက်ရာဆယ့်တစ်ကျပ်။

တစ်ပုံလျှင် ငွေ လေးရာစီပုံပြီးသောအခါ ငွေဆယ့်တစ်ကျပ် ပိုနေ၏။

"ခါလေး..အဲ့ဒီပိုက်ဆံ အပို ထားလိုက်တော့..ကဲ…ဘမောင်၊ လှမောင်၊ ခါလေး နဲ့ ဟို မြင်းလှည်းဆရာဗိုလ်ငရုတ်သီး..မင်းတို့ အဲ့ဒီလေးပုံ တစ်ယောက်တစ်ပုံယူကွာ"

"ဗျာ.."

စိန်ဓါးမြှောင့်စကားကြောင့် လေးဦးလုံး အံသြသင့်သွားကြသည်။

"ဆရာကြီးက ဆယ့်တစ်ကျပ်ပဲ ယူမှာလား"

လှမောင်က မေးလိုက်သည်။

"မဟုတ်ပါဘူးကွ….ဆယ့်တစ်ကျပ်က တခြားလုပ်စရာရှိတယ်…မင်းတို့ ဝေစုထဲက ငါ့ကို မင်းတို့ ပေးသင့်တယ်ထင်သလောက် ပြန်ခွဲပေးလေကွာ"

အားလုံးက စိန်ဓါးမြှောင်အား ကြောင်ကြည့်နေကြသည်။

"အော်..ဘာလဲ..ဟော့ဒီ စိန်နားကပ်နှစ်ဖက် ကို ငါယူမယ်ထင်တာလား..မယူပါဘူးကွ…ရောင်းပြီးချပြီးမှ ဒီလိုပဲ မင်းတို့ကို ငါအညီအမျှ ခွဲပေးမှာပါ"

မြင်းလှည်းဆရာဘရင်မှာ စိန်ဓါးမြှောင်ကို အံသြတကြီးဖြစ်နေ၏။

"ဒီမယ်..ဟေ့လူ.ကျုပ်ဝေစုကို ယူပါဗျ…ကျုပ်က မြင်းလှည်းပဲ မောင်းပေးတာ..အဲ့ဒီလောက်ကြီးမလိုဘူး..ခင်ဗျား ပေးချင်သလောက်ပေး"

စိန်ဓါးမြှောင်က မြင်းလှည်းဆရာ တွန်းပို့ပေးသော ငွေပုံကို ပြန်တွန်းပေးလိုက်သည်။

"မင်းက ငါတို့နဲ့အတူ အသက်စွန့်ဓါးပြတိုက်ခဲ့တာ မင်းလည်း ငါ့အဖွဲ့ကပဲ ဗိုလ်ငရုတ်သီးလေးရဲ့…မင်းလည်း အညီအမျှရရမယ်…ဒါ ငါ့စည်းကမ်းပဲ..ရော့ရော့..ပြန်ယူ…ဟိုကောင်တွေက ငါ့ဖို့ဆိုပြီး သူတို့ ဂါရဝကြေး ဝေစုခွဲပေးမှ မင်းက ပြန်ခွဲပေး"

"နို့..ခင်ဗျား..က အဆန်းပဲဗျ"

ဘရင်က ငွေကို ပြန်ယူလိုက်သည်။

"ဆရာစိန်ဓါးမြှောင်အတွက် ကျွန်တော့်ဝေစုထဲက ငွေနှစ်ရာ..ကန်တော့ပါတယ်"

လှမောင် က သူ့ဝေစု ငွေလေးရာထဲမှ နှစ်ရာကို စိန်ဓါးမြှောင်ရှေ့သို့ လက်နှစ်ဖက်ဖြင့် တွန်းပေးလိုက်သည်။

ဘမောင်ရော၊ ခါလေးပါ နှစ်ရာစီ တွန်းပို့ပေး၏။

"ကျုပ်ကတော့ မြင်းလှည်းမောင်းပေးရတာ..ဓါးပြလည်း ဝိုင်းတိုက်ပေးရတာမဟုတ်ဘူး..ရော့..သုံးရာယူ..ဆရာစိန်ဓါးမြှောင်"

ဘရင်က ငွေသုံးရာ တွန်းပေးပြန်သည်။

"ဒီလိုဆို…မင်းတို့ ငါခေါင်းဆောင်တာကို ကျေနပ်ရဲ့လား"

အားလုံးက ပြိုင်တူ ခေါင်းငြိမ့်ကြသည်။

"ဗိုလ်ငရုတ်သီးရေ..နောက်တစ်ခါတော့ မင်းက မြင်းလှည်းမမောင်းပဲ..ဓါးပြဝင်တိုက်ပြီး ဝေစုကို အပြည့်ယူရမယ်ကွ..နော်..ဒါမှ တို့အဖွဲ့ကြားထဲ မင်းလည်း လူရာဝင်မှာပေါ့"

စိန်ဓါးမြှောင်နာမည်ပေးထားသည့် ဗိုလ်ငရုတ်သီး တဖြစ်လဲ ဘရင်က ဘမောင်၊လှမောင် ညီအကို ကို တစ်ချက်ကြည့်လိုက်ရင်း

"စိန်လိုက်လေ..ကိုယ့်ဆရာရဲ့..နောက်တပွဲကျ သေချာပါရမှာပေါ့…ဒါနဲ့ နောက်တပွဲ့ ဘယ်မှာစကြမတုန်း"

"အဝေးကြီးမဟုတ်ပါဘူး.ငါ့လူရ.ဈေးချို ရွှေဆိုင်တန်းတင်ပါ"

"ဟင်..ဘယ်မှာ…"

ငရုတ်သီးဘရင် ဆီမှသာ မဟုတ်..ကျန်သူများထံမှပါ အာမေဋိတ်သံများ ထွက်လာကြသည်။

ခက်ဇော်

အခန်း(၇) မနက်ဖြန်

Comments

Post a Comment