ကဗျာနှင့်လေးချိုး


                စနေနေ့ မြို့ငယ်လေးတစ်ခုမှာရပ်စောင့်နေတဲ့ ကျွန်တော်ပါ ။မျှော်လင့်ပါရဲ့ ဟိုလူ နေကောင်းကျန်းမာပါရဲ့လား မသိဘူး။ တစ်နိုင်တစ်၀န်ထမ်းဆောင်ဖို့သွားတဲ့ ကိုယ့်လူရေ မင်းတို့ အောင်ပွဲဆင်နိုင်ပါစေ ။ခင်ဗျားနဲ့ ကျွန်တော့်ရဲ့ရေစက်ကိုဘယ်သူခွဲနိုင်မလဲ ဟေ့လူ။ ကျုပ်လေကြီးလေကျယ် ပြောလိုက်ဦးမယ်။ မတူသောတာ၀န်ကို ထမ်းဆောင်ရပေမယ့် တူညီသော ရည်ရွယ်ချက်က ခင်ဗျားနဲ့ ကျွန်တော်၊ ကျွန်တော်တို့နဲ့ ​တောင်တန်းမြေပြန့်ကဆွေမျိုးတို့ သိပ်တူကြတယ်။ အဲ့ဒါ ဘယ်သူဖြတ်ဖြတ် မပြတ်တဲ့ရေစက်ပဲ။

                  ရိုးသားသူတွေ အနိုင်ရလိမ့်မယ်။ ရိုးသားရင်ဘုရားလဲချစ်၊ အမေလဲချစ်၊ လူလူချင်းလဲ လေးစားတာကိုဗျ။ ပြောရဦးမယ်ဗျာ..ခင်ဗျားကြားနိုင်တဲ့အရပ်က နားထောင်ကြည့်လှည့်ပါ။

               ငါမင်းကို မေးခွန်းလဲမထုတ်၊ အပြစ်လဲမတင်ပါဘူး အောင်လူ။ မင်းထွက်သွားတော့ ကိုယ့်လူရဲ့မိသားစုကို မင်းသူငယ်ချင်း မောင်မင်း  ငါကိုယ်တိုင် အတိုင်းထက်လွန်စောင့်ရှောက် ပေးနေပါတယ်။ တချို့တွေပြောကြတယ်။ ဟိုလူကနိုင်ငံရေးသမား ဝေးဝေးရှောင် ဝေါင်ဝေါင်ရွှေး ဆိုပဲ ကွ! ကျုပ်ကတော့ ရီချင်တယ်။ ကျုပ်လူတွေ နေတဲ့ပက်၀န်းကျင်ကတော့ ခင်ဗျားအတွက် သိပ်ကိုကံကောင်းလွန်းတယ်။ သူတို့ပြောကြတာကတော့'နိုင်ငံ့အရေး လုပ်ဆောင်နေသူတွေကို ငါတို့ပက်၀န်းကျင်လူကြီးသူမတွေက ပိုဂရုစိုက်၊ ပိုကာကွယ်ရမယ်' ။

                 အောင်လူ မင်းစိတ်မပူပါနဲ့။ ဆုံးဖြတ်ထားတဲ့အတိုင်း၊ ဆုံးခမ်းတိုင် လျှောက်လှမ်းလိုက်ပါ။ မင်းလိုလူမျိုးက တာ၀န်တစ်ခု၊ အလုပ်တစ်ခု ကိုယ့်ရှေ့ရောက်လာရင် လက်မရှောင်တက်၊ ကျော်ခွမသွားတက်ဘဲ ရင်ဆိုင်ဖြေရှင်းတက်တဲ့သူဆိုတာ ငါကိုယ်တိုင်အသိဆုံးပါ။ တစ်နေ့ကလမ်းမှာ ပန်းရောင်းနေတဲ့ကလေး ငယ်တွေတွေ့တော့ မင်းနဲ့ ငါရင်ဆိုင်ခဲ့ပုံလေးကို မှတ်မိမလား။   

 "မောင်မင်း ခဏနေပါဦးကွာ "ဆိုပြီး ပိုက်ဆံထုပ် ကလေးတွေရောင်းတဲ့ပန်းကို ၀ယ်ရင်း၊ မင်းပါးစပ်ကနေ ဆုံးမစကားကလဲ ဆိုတက်ပါ့။

              "ကလေးတွေ လာကြဦး၊ မင်းတို့စီကနေ ဦးဦးကနေ့တိုင်းပန်းတွေ၀ယ်မယ်၊ ကလေးတို့က ဦးအတွက် ရိုးသားတဲ့ လူတစ်ယောက်ဖြစ်ပေးကြပါ" တဲ့။ နောက်တစ်ရက်လဲ ပန်းတွေ၀ယ် မနေ့ကပြောခဲ့တဲ့ ဆုံးမစကားကပါစမြဲ။ အင်း...ငါသိလိုက်ရပြီအောင်လူ။ မင်းကစာနာစိတ်၊ မေတ္တာနဲ့ ပညာရှိသူပဲဆိုတာ။ ငါမင်းနဲ့သူငယ်ချင်းဖြစ်ရတာ အရမ်းဂုဏ်ယူမိပြီ၊ မင်းကိုကြည့်ပြီး ငါသင်ယူနေခဲ့မိတယ်။

  အခု နယ်မှာအရင်ကနဲ့မတူတဲ့ဖြစ်ပုံ၊ ပျက်ပုံတွေ ပြန့်ကျဲလို့နေခဲ့ပြီ သူငယ်ချင်း။ ဒီတော်လှန်ရေးကိုအကြောင်းပြုပြီး အမြတ်ထုပ်နေသလား အောင့်မေ့ရတယ်။ အကျိုးအကြောင်းစီလျှော်အောင်ပြောပြရရင်     ဒီကာလကြီးက ပိုခက်ခဲလာလို့ လူတွေလောဘနဲ့ အမြတ်ထုပ်မိပုံထင်ပါရဲ့။ စိတ်မကောင်းစရာတွေလဲဖြစ်ခဲ့ပြီ။ လူတစ်ယောက် မတရားပစ်ခက်သတ်ဖြတ်ခံရပြီဆိုလဲပဲ ကိုယ်နဲ့မဆိုင်သလိုလုပ်နေကြပြီ ဆိုရမှာပါ။  တကယ်ကို အကြည်းတန် တဲ့ဖြစ်ရပ်ပါပဲ ။ ရုပ်လုံးသာမပေါ်တာ စိတ်ဓာတ်တွေကအထင်သားပဲ အောင်လူ။  ငါ မင်းကိုစိတ်ဓာတ်ကျဖို့ ပြောနေတာမဟုတ်ဘူးကိုယ့်လူ။ ဒါ အမှန်တရားပဲ ! ခိုးဆိုးလုနှိုက် ကလဲပေါပါ၏ ။  ခေတ်ပျက်ကြီးထဲ မှာ ခိုးဆိုးလုနှိုက်ပေါတာမဆန်းပေမယ့်၊ တစ်မျိုးပြီးတစ်မျိုး ပြည်သူလူထုကို ညှင်းပန်းတဲ့ ​ခြင်္သေ့ကောင်စီဘက်တော်သားတွေရဲ့ ခွေးစိတ်ပေါက် တဲ့ဖြစ်ရပ်တွေက  ပိုထူဆန်းပြီးအံ့အားသင့်စရာပါပဲဗျာ။ လူလူချင်း ဖိနှိပ်၊ အာဏာကို လက်မှာစွဲကိုင်မှတော့ အကြောက်တရားကအလိုလို ၀င်လာတယ်။ ဘယ်လိုပြည်သူကမှ မကြောက်ပဲမနေဘူး။  ဒါပေမယ့် အကြောက်တရားက ခွန်အားပေးပုံပါပဲ။  ပိုပြီးမခံချင်လာတဲ့ စိတ်က မင်းသူငယ်ချင်း မောင်မင်းငါကိုယ်တိုင်ပါပဲကွာ။

              ဒါနဲ့ စကားမဆက် မင်းတို့ရောက်နေတဲ့ အရပ်ဒေသကိုငါပုံဖော်နေမိပြီ အောင်လူ။ မင်းသူငယ်ချင်းငါကိုယ်တိုင်ကလဲ အဆွေးသမား အတွေးသမားထင်ပါရဲ့။ တစ်နေ့တစ်နေ့တွေးပုံ၊ ဆွေးပုံများလို့ကျုပ် စာတွေရေးမိခဲ့ပြီဗျ။ ကျုပ်ရေးမိတဲ့ စာလေးတစ်ပိုဒ်က ခင်ဗျားရောက်ရှိနေတဲ့ အရပ်ဒေသလေး ဖြစ်ဖို့များတယ် အောင်လူ။ 

           "ဆိုင်ကယ်တပြန်၊ ကားတပြန်နဲ့တင်မလုံလောက် ဤအရပ်သည် ခြေလျှင်သွား၍ မြတ်၏။

          မွှေးသောပန်း၊ ထုံသောအပွင့်တွေနဲ့ ပြည့်စုံတဲ့ဒီတော။ 

          ယုန်ကောင်၊ ​​မျောက်၊ လူ တစ်မြူမြူတစ်စူစူ အသံနှင့် တောတောင် ရဲ့အေးမြမှု၊ သာယာမှုဟာ ဒုက္ခကင်းသော အရပ်ဒေသဆိုတာမမှားနိုင်ပါ ။ 

          ဘူး၊ မျှစ်၊ ကန်စွန်းပေါလို့လတ်ဆက်တဲ့ မြေဟာ   ဗမာတွေတန်ဖိုးထားလောက်မယ့် တိုင်းရင်းမြေ၊ ရိုးသားတဲ့ မြေနေရပ်ဒေသ လေးပေါ့" ။


 ဘယ်လိုလဲသူငယ်ချင်း။ လက်တွေ့နဲ့ အရမ်းကွာခြားနေမလား မသိပေမယ့်၊ ငါကိုယ်တိုင်ပုံဖော်နေမိခဲ့ပြီအောင်လူ။ ကဲဗျာ! ကြားနိုင်တဲ့အရပ်က နားထောင်နေမယ့်အောင်လူရေ ဒီအရပ်အညာဒေသလေးကလဲ နေကညို့၊ လစန္ဒာကလဲ ကောင်းကင်မှာလင်းထိန်ဖို့ စိတ်စောလို့နေခဲ့ပြီ။ ဒီနေ့ ညနေ စနေမှာငါစောင့်မျှော်ရင်း၊ မင်းကို တွေးတောလွမ်းဆွတ်စွာနဲ့ စကားလုံးတွေကို စိတ်ထဲမှာစီရီနေပေမယ့် မင်းရောက်မလာပဲကိုကွ။ ဒီနေ့ လပြည့် စနေရဲ့ရုပ်ခြည်းက သာယာစွာရှိပေမယ့်၊ ကျုပ်စိတ်ထဲမှာတော့ မျှော်ရ တွေးရ ဆွေးရနဲ့ အချိန်ကုန်လို့နေခဲ့ပြီ။ 

            ရုတ်တရက်! အနားကိုကလေးငယ်တစ်ဦး ရောက်လာတယ်။

          "ဦးဦး နေလုံးကြီးတောင် အနောက်အရပ်ကို မ၀င်သေးဘူး၊ ဘာလို့ အရှေ့အရပ်က လမင်းကြီးက မမှောင်သေးဘဲထွက်လာတာလဲ ဦးမင်း" အမလေးကွာ၊ ဒီကလေးလက်တောက် လောက်ရှိသေးတယ် မေးတက်ပါပေရဲ့။ မေးတော့လဲ စိတ်ရှည်လက်ရှည် ဖြေပေးရတော့မှာပေါ့။ 

          "ဒီလိုကွ မမှောင်သေးပဲ ဦးဦးတို့မြင်နေရတဲ့ လကြီးက ဦးဦးတို့အတွက်မဟုတ်ဘူး၊ မြန်မာနိုင်ငံအရှေ့ဘက်မှာရှိကြတဲ့ မြို့ငယ်လေးတွေ၊ တောင်တန်းတွေ အတွက်ထွက်နေတာ ကလေး " 

အဲ့ဒီကလေးလဲ တော်တော်ကြာကြာစဥ်းစားပြီး ထွက်သွားလေရဲ့။ တစ်ခုတော့တွေးမိသား။ ငါ့ကောင်ကြီး အခြေချနေတဲ့ တော်လှန်ရေးအင်အားစုက အဲ့ဒီအရပ်မှာပဲဆိုတာပါပဲ။

        "အင်း...အမှောင်ကိုအံတုလိုက်ကြစမ်းပါ၊ စန္ဒာလို အမှောင်ကိုထိုးထွင်းပြီး လင်းထိန်လိုက်စမ်းပါ" ဆိုကာအားတင်းရင်း ကျွန်တော့်အိမ်ရှိတဲ့ ရပ်ကွက်ငယ်လေးကို ပြန်လာခဲ့ပါတယ်။ 

"အမေ သားပြန်ရောက်ပြီ" 

"အေးအေး သားကြီး၊ ထမင်းစားတော့မလား" 

"စားတော့မယ် အမေ၊ အဖေကရော စားပြီးပြီလား" 

"မင်းအဖေက စားပြီးပြီး၊ အငယ်ကောင်နဲ့ အတူတူ စောစောစားလိုက်ကြတာ" 

 



"လာလာ တို့သားမိနှစ်ယောက် မြန်မြန်စားလိုက်ကြရအောင်၊ ခဏနေရင်မီးကပျက်တော့မယ်။ ဒီဟင်းက အောင်လူ့ အမေ လာပေးသွားတာ ဘဲဥချက်၊ ဒါကအမေတို့ချက်ထားတဲ့ ပဲဟင်း၊ အကြော်ချက် စားစား သားကြီး" ဆိုကာ နှစ်ယောက်သား ထမင်းလုပ်ကိုမြိန်ရှက်စွာ လွေးရင်း မီးကပျက်သွားခဲ့ပါတယ်။ 

"အော်...ဒုက္ခ ဒုက္ခ အမေရယ်၊ ဒီတိုင်းပြည်က ဆင်းရဲတွင်းထဲ ပြန်ရောက်နေပြီ" 

"ငါ့သား ဖယောင်းတိုင်လေး ထွန်းပါဦး" 

"ဟုတ်အမေ"

                 ကျုပ် ချီးကျူးရဦးမယ်။ အမေတွေရဲ့လက်ရာက ကျွန်တော့်အတွက် ဘယ်လိုဟင်းနဲ့ စားရစားရ အမြိန်ဆုံးပါပဲ၊ ဘယ်မိဘ ချက်ချက် ကျုပ်အတွက် တကယ်ကို စားကောင်းတဲ့ တန်ဖိုးတခုပါ။ ဆိုင်က၀ယ်စား၊ အပြင်က၀ယ်စားတာတွေကို မမက်ဘူး ။ ဘာလို့လဲဆိုရင် ဟိုလူ့ငဲ့စား၊ ဒီလူ့ငဲ့စားနဲ့ ဟင်းကလဲ နဲပါဘိ။ ကျုပ်အလိုမကျတာတစ်ခုက အဲ့ဒါပါပဲ။ အမေက အဲ့လို၀ယ်စားတဲ့အချိန်ဆို တခြားသူတွေစားရအောင်ဆိုပြီး အရမ်းငဲ့တာကြောင့် ကျွန်တော့်၀မ်းမ၀နိုင်။ စိတ်ထဲ ဆို့နင့်မိတဲ့အထိပါပဲ။ ဒီလိုနဲ့ စာပြီးသောက်ပြီး ပုဂံများကို အမေ ဆေးကြောပြီးတဲ့အခါ အမေ့နားကပ်၍နှိပ်ပေးရင်း

"အမေ... 

အောင်လူ့အမေ အခုတလောနေသာထိုင်သာရောရှိရဲ့လား၊ ကြည့်ရတာ မျက်နှာမကောင်းသလိုပဲဗျ" 

"မျက်နှာမကောင်းတာမဟုတ်ဘူး စိတ်မကောင်းဖြစ်နေတာ သားရဲ့၊ 

သူ့သားလေး နေကောင်းကျန်းမာနေလား မသိနိုင်၊ အဆက်အသွယ်မရတဲ့နောက် သူဘယ်လိုရပ်တည်နေလဲ သားအမြင်ပဲ" 

"ဟုတ်တယ် အမေရယ်၊ သားလဲ ကြိုးစားဆက်သွယ်နေပါတယ်၊ အောင်လူသွားတဲ့အရပ်က လုံခြုံတယ်လို့ဆိုတာပဲ အမေ" 

"အေး...အမေလဲ ​အောင်လူ့အမေကို သွားအားပေးရဦးမယ်၊ သားလဲ နီးစပ်နေပြီလို့ထင်တယ်၊ အဆက်အသွယ်ရရင် အမေ့ကိုပြောပြပါ၊ သူ့အမေ အားရှိအောင် အားပေးစကား၊ သတင်းစကား သွားပြောပြရအောင်လို့" 

"ဟုတ်အမေ၊ အမေလဲကျန်းမာအောင်ဂရုစိုက်ပါဦး၊ ၀လို့ကစ်လို့ အခုတလော ၀ိတ်လေးလဲလျော့ပါဦးအမေရယ်" 

"အမလေးတော်! ကျုပ်စိတ်ချမ်းသာလို့၀လာတာကို သူကမသိပဲ" 

"ဟားဟား အမေ့ကိုစတာပါဗျာ၊ အမေစိတ်ချမ်းသာတယ်ဆိုရင် ကျေနပ်ပြီ၊ စိတ်ချမ်းသာဖို့ကအဓိကပဲ အမေ" ကျွန်တော်စာရေးပြီး အိပ်တော့မယ်ဆိုကာ စကားဖြတ်ရင်း လပြည့်ညလေးကို စာတွေရေးကာ ဖြတ်သန်းမယ့် တဒင်္ဂလေး ရောက်လို့လာခဲ့တယ် ။

                    ဖယောင်း၏ရွှေ၀ါရောင်အလင်းနှင့် ငွေစန္ဒာရဲ့ အလင်းကိုအားပြုပြီး ကျွန်တော် စာတွေကိုမှုန်ကုတ်ကုတ်စဥ်းစားကာ ရေးနေခဲ့တယ်။ လေတွေတိုးဝှေ့တဲ့ အခိုက်၊ ငြိမ်သက်မှုရဲ့အရသာဟာ ဘယ်အရာနဲ့မှမလဲနိုင်၊ မျက်လုံးတွေစဥ်းလို့လာခဲ့တယ် ။ရုတ်တရက် မကြားတ၀က်ကြားတ၀က်နှင့် ခေါ်သံတချို့၊ ဆဲဆိုသံတချို့ကို ကြားရတယ် ။

တံခါးကို ခပ်ကြမ်းကြမ်းခေါက်ပြီး

       " ဟျောင့်ထစမ်း၊ အခန်းတံခါးမြန်မြန်လာဖွင့်" ဟု 

       အသံခပ်၀ဲ၀ဲနဲ့ မောက်မာတဲ့အသံမျိုး၊ 

ကျွန်တော် ကုန်းရုံးထပြီး အနားမှာလဲရေးလက်စ စာအုပ်နှင့် ခဲတံကရှိနေခဲ့တယ် ။ 

စာရေးရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပုံပါပဲ။ 

နောက်တစ်ခါ အမိန့်ပေးသံမျိုးကြားရပြန်တယ်။ 

" မောင်မင်း...ခင်ဗျားကို ဖမ်းစီးစာရင်းထဲပါလို့ လာဖမ်းတာဖြစ်တယ်၊ ထွ​က်ပြေးဖို့ မကြိုးစားပါနဲ့" ဟုပြောဆိုချိန် ခဏလောက်တွေဝေသွားပြီး ကျွန်တော် သေချာလို့နေခဲ့ပါပြီ။ ဒီကိစ္စ ကျွန်တော်ငြိမ်ငြိမ်လေးအဖမ်းခံရုံ အပြင်မရှိ။ သက်ပြင်းတစ်ချက်ချရင်း ကျွန်တော့် စိတ်ကိုအတည်ငြိမ်ဆုံးထားခဲ့တယ်။ ဘာလို့လဲ မမေးပါနဲ့  အမေနဲ့ အဖေကို ဒုက္ခမရောက်စေချင်ခဲ့လို့ပါ။


  အခန်းတံခါးကို ဖွင့်ပေးပြီးတဲ့အခါ၊ အခန်းတစ်ခန်းလုံး မွှေနှောက်ရှာဖွေနေခဲ့တယ်။ ကျွန်တော့်ကိုလဲ ဒူးထောက်လက်မြှောက်ခိုင်းပြီး အဖေနဲ့ အမေ့ ရှေ့မှာတင် ဆဲဆိုကြိမ်းမောင်းနေကြတယ်။ ဘာတစ်ခုမှ အတိုအစ သတင်းမျှမတွေ့ရပေမယ့် တာ၀န်အရဆိုကာ စစ်ဆေးမေးမြန်းရန် ခေါ်သွားခဲ့တယ်။ 

"ကားပေါ်တက်စမ်း၊ မင်းတို့က ဘာကောင်တွေမလို့လဲကွ" ဆိုပြီး ဘာမဟုတ်တဲ့ဒေါသတွေ ပြနေခဲ့တယ်။ ကျွန်တော်အခုထိ မပြောပြရသေးတာက ဘယ်သူ၊ ဘယ်၀ှာတွေကဒီလိုလုပ်လဲဆိုတာပါပဲ။  ကျွန်တော့်ကိုဖမ်းဖို့ ခွေးတွေအများကြီးနဲ့ရောက်လာခဲ့တဲ့ ကောင်စီပါ။ 

ခွေးလိုကိုက်၊ ခွေးလိုဟောင်တဲ့ စစ်သားတွေ၊ ရဲတွေပေါ့ဗျာ။ ကျုပ် ကားပေါ်ရောက်တော့ နောက်ထပ်မိန်းမ(၄)ယောက်နဲ့ ယောက်ျား (၁)ယောက်လဲ အတင်းအဓမ္မရိုက်နှက်ဖမ်းစီးခဲ့ပုံပါပဲ။ သည် လပြည့်စနေ နေ့ဟာ တကယ်ကိုထူးဆန်းနေခဲ့ပါပီ။ အမေ့မျက်နှာလဲမကောင်း၊ အဖေ့မျက်နှာလဲညိုးငယ်စွာဖြစ်သွားတဲ့ ဒုက္ခတွေပေးမိတဲ့ညပေါ့။

             ကားဘရိတ်အုပ်သံနဲ့အတူ၊ မျက်လုံးကိုအ၀တ်မဲများစီးပေးထားပြီး တန်းစီဆင်းခိုင်ကာ မြေပြင်မှာ ဒူးထောက်လက်မြှောက်ထားခိုင်းတယ်။ သေနတ် တကားကားနှင့် 

"မင်းတို့က လက်နက်ကိုင်ရမ်းကားသူတွေနဲ့ ဆက်စပ်ခဲ့လို့ ဖမ်းစီးခေါ်ဆောင်လာတာ။ 

"****သားတွေ၊ _ီးမလို့ ဆက်သွယ်ရလား" ဆိုပြီး ၀ိုင်းကန်၊ ၀ိုင်းရိုက်တယ် ။ နောက်ပြီး ​ေ*နတ်ကို ချိန်ကာ 

"ပစ်လိုက်ရမလား" ဆိုတဲ့ကောင်က တစ်ကောင်၊ "အဲ့မေ*** တွေပစ်သာပစ်" ဆိုပြီး အကြောက်တရားတွေပြနေခဲ့တယ်။  

                       ကြောက်စိတ်ကတ၀က်၊ စိတ်တိုချိန်မရတဲ့ နာကျင်နေတဲ့ ခန္ဓာကိုယ်က တ၀က်နှင့် မြေပြင်ပေါ်လူးလှိမ့်စွာ ခံခဲ့ရတယ်။ အတန်းလိုက်ကျွန်တော်တို့ယောက်ျားနှစ်ယောက်က ရှေ့ဆုံးက၊ နောက်(၄)ယောက်က မိန်းမတွေပေါ့။ အားလုံးဆွဲထူခံရပြီး တန်းစီကြိုးတုပ်ကာ ကွန်တိန်နာထဲကို ပိတ်ထားခဲ့တယ်။  ငိုသံ ညည်းသံတွေဟာ ကျွန်တော့်နားထဲ၊ နှလုံးသားထဲမှာစိမ့်လိုနေခဲ့ပြီ။ ကျုပ် မျက်ရည်မကျနိုင်။ ကျုပ်မျက်ရည် အဲ့ဒီခွေးမျိုးတွေအတွက် မကျနိုင် ။ 

တကယ် စိတ်မကောင်းစရာတွေပါပဲ။ ကျုပ်အသံကို တိုးနိုင်သမျှတိုးပြီး " ဟေ့လူတွေ အဆင်ပြေရဲ့လားဗျ" ပထမ တစ်ခေါက်မေးတော့ မဖြေသေးဘူး။ 


နောက်တစ်ခေါက် မေးလိုက်တယ် 

" ဟေ့...ခင်ဗျားတို့သက်သာရဲ့လား"  ဆိုပြီးသူတို့အနားကို တိုးကာမေးခဲ့တယ်။ 

အသံတုန်တုန်ယင်ယင်ဖြင့် "ဟုတ်ကဲ့ ပြေပါတယ်" ဆိုပြီး မိန်းမအသံတစ်သံကြားရတယ်။

မီးဆိုတာမရှိ၊ အလင်းဆိုတာမရှိ အသက်ရှူသံ၊ ညည်းသံ တို့ကိုသာကြားရပြီး၊ တခါ တခါ ပျင်းတိုင်း ကွန်တိန်နာဘက်လာပြီး " အုန်း ၊ ခွမ်းဆိုတဲ့ ထုသံရိုက်သံ ကန်သံတွေနှင့်အတူ၊ ဆဲဆိုကြိမ်းမောင်းသံကိုလဲ မကြာခဏ ကြားရပြန်တယ်။ ကောင်းကောင်းအိပ်မပျော် တစ်ယောက်အပေါ်တစ်ယောက် မှီရင်း၊ ကျုပ်တွေးတောနေမိခဲ့တယ်။ ဒီတစ်သက်အဆိုးရွားဆုံး အခြေအနေကြုံရပေမယ့် ဒီအချိန်မှာ ကျုပ်စိတ်ထဲကျန်ရှိနေတာက အသက်ရှင်ဖို့ပါပဲ။ ကျုပ် စကားတွေပြောနေခဲ့မိတယ်။ 

"ခင်ဗျားတို့ အသက်ရှင်ပါ၊ လက်မလျော့ကြပါနဲ့၊ အသက်ရှင်ရခြင်း တန်ဖိုးကိုနားလည်အောင် ကြိုးစားချိန်ရှိပါသေးတယ်၊ အသက်ရှင်နေမှ ဒီတော်လှန်ရေးမှာ ပါ၀င်နိုင်မယ်၊ ကျုပ် ရင်ဖွင့်နေတာမဟုတ်ဘူး အားလုံး ၊ ကျုပ် နားကျည်းတ၀က်၊ အားတင်း တလှည့်နဲ့ပါ " ဆိုပြီး စကားတချို့ပြောကာ မိုးလင်းလာခဲ့တယ်။

                  မိုးလင်းတော့ တန်းစီပြီး(၆)ယောက်စလုံးကို နယ်​မြေမှူးဆိုသူစီခေါ်သွားကာ စစ်ဆေးမေးမြန်းပါတယ်။ သူတို့ ထင်သလောက်သတင်းမရ၊ အစအန မတွေ့ နဲ့ ဒေါသတွေ ဖြစ်လို့နေခဲ့တယ်။ ဒီလိုဆိုရင် အနုနည်းနဲ့ သတ်မယ့်ပုံပါပဲ ကျုပ်တို့ကို။  မနက်စာလဲမရ၊ ရေလဲမသောက်ရတာ ၁၂နာရီပြည့်ခဲ့ပါပီ။ အဲ့ဒီလိုမစားရတဲ့အပြင် နေပူကျဲတဲမှာ ဒူးထောက် တာယာကွင်းစွပ်ပြီး " မီးရှို့ပစ်မယ် " ဆိုကာ ခြိမ်းခြောက်ခံရ။ ဆဲဆိုသံကလဲ မနားတမ်း မိုးမွှန်လို့၊ မိန်းမတွေလဲမညှာ၊ အသက်မပြည့်ကလေးတွေလဲ မညှာ ရက်စက်ပြကြတယ်။ ကျည်တောင့်နဲ့ ပေါင်တွေ၊ ဗိုက်တွေကို အထိုးခံရရင်း သွေးစို့လို့နေခဲ့ပြီ။ ဒူးထောက် လက်မြှောက်ပြီး အကန်ခံရတာ နေ့စဥ်ရက်ဆက်၊ ခြေဖျံရိုးတွေလဲ သံချောင်းနဲ့ရိုက် နှိပ်ဆက်ပုံနဲ့ လူတွေလဲစိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပါ ပျက်စီးယိုယွင်းစ ပြုလာခဲ့ပါတယ်။ ကယောင်ခြောက်ခြားနှင့် စိတ်တွေဟာပုံမှန် ဖြစ်မနေခဲ့တော့ပါဘူး။ 

၅ရက်ကျော်လောက် လှိမ့်ပိမ့်ခံခဲ့ရပြီး၊ နောက်ရက် အစာရေဆာ ကျွေးလာခဲ့ပါတယ်။ ကျွေးလာတော့လဲ စားချင်စဖွယ်မရှိ၊ သူတို့အကျန်။  ထမင်းတစ်ချိုင့်ကို ကြီးစဥ်ငယ်လိုက်စီကာ အကြီးဆုံးကျွန်တော်က တစ်ဇွန်းစား၊ ကျွန်တော့်အောက်က တစ်ယောက်ကို ကမ်းပေးရင်း ၀မ်းနည်းလာခဲ့တယ်။ ကျုပ်ကအကြီး၊ အမေလိုကျင့်ကြံရမယ်လို့ဆုံးဖြတ်ကာ နောက်ရက်တွေ တစ်ဇွန်းပဲ စားပြီး၊ ထပ်ပြီး မစားနိုင်တော့ကြောင်း တခြားသူတွေ ၀ပါစေ၊ အားဖြစ်ပါစေ စေတနာနဲ့ ကျွန်တော် ငဲ့ညှာခဲ့တယ်။ ရေသောက်တော့လဲ သောက်လဲ ဒီရေ၊ လက်ဆေးလဲ ဒီရေ၊ ရေချိုးလဲ ဒီရေ အသုံးပြုခဲ့ရတယ် ။ အိပ်တော့ အရင်လိုကွန်တိန်နာထဲမဟုတ်ပဲ 


ကျောင်းဆောင်လို အခန်းထဲမှာ အမေအောင်ဆန်းစုကြည် ဗီနိုင်းကို ခင်းအိပ်ခိုင်းခဲ့တယ်။ ညရောက်တော့ ကျဥ်ငယ်သွားဖို့တောင်မလွယ်၊ ကျဥ်ကြီးဆိုတာဝေးပေါ့။ ဒီတိုင်း အခန်းထဲစွန့်မိတဲ့သူတွေလဲ ရှိခဲ့တယ်။ 

ဟိုတစ်နေ့က အဖမ်းခံရသူတွေဆိုရင် ကျုပ်တို့လိုပဲပေါ့ ကွန်တိန်နာထဲမှာ အလူးအလှိမ့်ပါပဲ။ မမြင်ရပေမယ့် ကြားနေတဲ့အသံတွေက ကျုပ်တို့အတွက် စိတ်မကောင်းဖြစ်မိ၊ စိုးရိမ်နေမိခဲ့ပါတယ်။ လက်လွန်လို့ သေကြသူတွေလဲ ရှိပုံပဲဗျာ။ အနိဋ္ဌဌာရုံတွေ မမြင်ချင်မှအဆုံး။ ဒါလူတွေကိုနှိပ်ဆက်နေတဲ့ စစ်ကြောရေး ဆိုတာပါ။ အပြင်က လူတွေအဘယ်သိနိုင်မလဲ...။

                    တစ်နေ့ကျ ကျုပ်မောင်မင်းအရဲတင်းပြီး အစောင့်ကို မေးမြန်းခဲ့တယ်။ 

"ဒီနေ့ ဘယ်ရက်လဲဗျ။ ကျုပ်တို့ကိုရော ဘယ်အချိန်လွှတ်မလဲ" ဟု မေးလိုက်တယ် ။ 

မဖြေချင်သလို ဖြေချင်သလိုနဲ့ "၁၅ရက် စနေနေ့ပါ၊ နောက်ပီး လွှတ်ပေးဖို့အစီအစဥ်မရှိသေးဘူး" ဆိုတာပါပဲ။ ကျုပ်သက်ပြင်းတွေ ချနေခဲ့မိပြီ။  အဲ့ဒီအစောင့်က ရခိုင်တဲ့ သူ့နာမည်က၊ ရခိုင်ကလာတာတဲ့ဗျာ။ အစ အနောက်သန်သူပါ။ အမြဲ ခြိမ်းခြောက်သလိုလိုနဲ့ စနောက်ပါတယ်။ ကျုပ် သူတို့အကြောင်းတွေ ဒီလောက်ပဲသိရပေမယ့် မိတ်ဆွေဖွဲ့ တရားလဲ မချချင် ၊ စကားလဲ မဖွဲ့ချင်ပါ ။ 

အဲ့ဒီနေ့ညနေ လေပြေလဲသင်း၊ မိုးကလဲမကင်း မိုးနံ့ဟာ ထုံမွှေးလို့ သင်းခဲ့ပြီ။ စိတ်ထဲလဲ အရင်နေ့တွေထက် ပိုအားရှိလို့နေခဲ့ပါတယ် ။ 

ကျွန်တော် လေများရှူရှိုက်ရင်း တရားမှတ်နေခိုက် (၄၀)မမ ပစ်သံတစ်သံကို ​မြောက်အရပ်ကတိတိကျကျ ကြားခဲ့ရတယ်။

ဟာ ...ခနဲ ဆိုကာ ရခိုင်ကြီးလဲအပြင်ကို အပြေးထွက်သွားခဲ့တယ်။ 

စက္ကန့်မခြား ပစ်သံ၊ ပေါက်ကွဲသံတွေ ဒရစပ် ကြားရပြီး ကျုပ်တို့လဲ အခန်းထဲကလုံခြုံတဲ့နေရာမှာ ၀ပ်နေခဲ့တယ်။ ကျုပ်တို့နဲ့ပါလာသူ မောင်စည်သူ ဆိုသောလူငယ်က ရုတ်တရက်မတ်တပ်ထရပ်ပြီး ပြတင်းပေါက်စီသွားပြီး ဖြည်းဖြည်းခြင်းဖွင့်ကြည့်တဲ့အခါ၊ တိုက်ပွဲဟာ ပြင်းထန်နေတုန်းပါပဲ။ စစ်တပ်၀င်စီးနေတယ် ဆိုတာလဲ အတိအကျ သိနေခဲ့ရတယ်။ ဒါနဲ့ ကျုပ်တို့နှစ်ယောက်လဲ သွေးဆူကာအခန်းထဲ ထမင်းချိုင့်တွေမြင်တာနဲ့ ကောက်တီးပြစ်တယ်။ မိန်းမ (၄)ယောက်လဲ​​ အနားရောက်လာကာ သူတို့ကို ချိုင့်တွေပေးတီးရင်း 

"တီးထားဟေ့ သံပုံးတော့မဟုတ်ဘူး သံခွက်ကွ၊ ခွေးမောင်းပွဲဆိုတာ ဒီလိုမျိုးကိုခေါ်တာ" ဆိုပီး မကြောက်မရွံစိတ်ဓာတ်တွေ တက်ကြွနေခဲ့တယ်။ ကျွန်တော်တို့လဲ တီးရော မကြာဘူး၊ ဟိုဘက်   


ကွန်တိန်နာကလူတွေကပါ၊ ကွန်တိန်နာကို ဘာနဲ့ခေါက်သလဲတော့မသိဘူး ၊ အကျယ်ဆုံး အော်ဟစ်ကြွေးကြော်နေခဲ့တယ် ။ 

"ခွေး မောင်းပွဲဟေ့" ဆိုကာ တိုက်ပွဲပီးသည်အထိကျုပ်တို့စိတ်တွေမှာ ရဲရဲတောက်ဖြစ်နေခဲ့ကြတယ်။ ကျုပ်တို့မှာရှုံးပွဲမရှိ အောင်ပွဲဖြစ်ခဲ့ပါပီ။ ဒီလိုနဲ့ သက်ဆိုင်သူ ဗိုလ်ဥတ္တမကိုယ်တိုင်လာရောက်ခဲ့ပြီး၊ အနီးကပ်ဆေးအဖွဲ့နှင့် ကျွန်တော်တို့ကို ကျန်းမာရဲ့လား၊ ဘယ်နေရာ အထိအခိုက်ရှိလဲ စစ်ဆေးကာ သက်ဆိုင်ရာသို့ အသီးသီး ပြန်ပို့ပေးမယ် ဖြစ်ကြောင်း ပြောကြားနေခဲ့ပါတယ်။ 

ကျုပ် အဲ့ဒီအချိန်မှာ ဆုံးဖြတ်ချက်ကပြတ်သားနေခဲ့ပြီ။

"အမေ 

သားမိုက်တော့မလို့ အမေ၊ အမေ့အပေါ် မိုက်ဖို့ဆုံးဖြတ်ခဲ့ပြီ" 

"သားတောင်းပန်ပါတယ်" ဆိုကာမျက်ရည်တွေ အဆက်မပျက် ကျလာခဲ့တယ်ဗျ။ 

နောက်ပြီး ဒီအထဲမှာ စိတ်တင်းထားခဲ့တာကြာခဲ့ပြီ။ အမေနဲ့ အဖေ့ကို မတွေ့ခင်ဆက်ကြား ပြည်သူကာကွယ်ရေးတပ်မှာတင် ငိုကျွေးရင်း တခြားသောသူတွေလဲ ကျုပ်ကို ရုတ်တရက် ကြည့်ပြီး အနားကိုလာကာ အားပေးကြတယ်၊ မျက်ရည်တွေပါ၀ဲလို့နေခဲ့တယ် သူတို့လဲ။ ကျုပ် သူတို့လို ခံစားဖူးပြီ၊ ကျုပ်စာနာတက်ပြီ။ 

ဗိုလ်ဥတ္တမခေါင်းဆောင်သော ကာကွယ်ရေးတပ်ဖွဲ့တွင် အသက်ပေးပြီးတော်လှန်ဖို့ဆုံးဖြတ်ခဲ့တယ်။ မိန်းကလေး(၄)ယောက်နှင့် မောင်စည်သူလဲ ပါ၀င်လာခဲ့ကြတယ်။ ၂၀၂၁ မေလလယ်မှာ ထောက်ပို့တပ်သားအဖြစ် တာ၀န်ယူရင်း ထောက်ပို့ခေါင်းဆောင် မောင်မင်း(ခေါ်)ဗိုလ်ကဗျာ ဖြစ်ခဲ့ပြီ။ ၂၀၂၁ အောက်တိုဘာ လလယ်တွင် မွေးရပ်မြေသို့တာ၀န်တစ်ခုနဲ့ ကျုပ်တို့အဖွဲ့သွားရင်း အိမ်ကိုရောက်ခဲ့ပြီး အမေနဲ့အဖေရဲ့ နွေးထွေးမှုကို ခဏတာပြန်ရချိန်လေးမှာ ကန်တော့ပြီးတောင်းပန်၀တ်ပြုခဲ့တယ်။ ညီတော်မောင်၊ ဆွေးမျိုးရင်းချာနှင့် အောင်လူ့ အမေကို သာကြောင်းမာကြောင်းမေးကာ တစ်ညတည်းမှာပင် ကျုပ်တို့တာ၀န်များ ပြီးပြတ်အောင် လုပ်ဆောင်ခဲ့ရပါတယ်။ ဗိုလ်ဥတ္တမ ချိတ်ဆက်ပေးသော အချိတ်အဆက်များဖြင့် ကျုပ်တို့အဖွဲ့ "ကဗျာနှင့်လေးချိုး "အဖွဲ့ဟာ ပစ္စည်း၀ယ် ၊ လိုအပ်သမျှတွေကိုစုဆောင်းရင်း ထောက်ပို့နေခဲ့ပါတယ် ။ အယုံကြည်ရဆုံးနဲ့ တွဲဖက်ညီနေပြီဆိုရမှာပါ။

     

              ဒီတော်လှန်ရေးသည် စိတ်ဓာတ်ကျစရာ ကိစ္စဖြစ်ပေမယ့်၊ သည်တစ်နှစ်ပတ်လုံး တဖြည်းဖြည်း လည်ပတ်နေခဲ့တယ်။ တိုးတက်သင့်သလောက် တိုးတက်ပြီး၊ ဆုံးရှုံးမှုတွေကလဲ အဆမတန် ဖြစ်ပေါ်နေဆဲပါ။ တောတွေ၊ရွာတွေ မှာ ကျွန်တော်တို့တပ်စုတွေ ၀င်ထွက်နိုင်ခဲ့ကြပြီး၊ ပြည်သူရဲ့ စောင့်ရှောက်မှုတွေလဲ ရရှိခဲ့တယ်။ ပြည်သူကို အာမခံ မစောင့်ရှောက်နိုင်ပေမယ့် ပြည်သူကတော့ ရွှေရှိရွှေလှူ၊ ငွေရှိငွေလှူကာ အင်တိုက်အားတိုက်နဲ့ တက်ညီလက်ညီရှိပြီး၊ ဒီတော်လှန်ရေးရဲ့ ဆုံးရှုံးမှုတိုင်းဟာ တန်ဖိုးရှိတယ်လို့ ကျွန်တော်တို့ ကာကွယ်ရေးတပ်မတော်တိုင်း သိခဲ့ရပြီးဖြစ်တယ်။ အကြိမ်ကြိမ် မီးလောင်တိုက်သွင်းခံရတဲ့ရွာတွေ၊ အဓမ္မပြုကျင့်ခံရမှုတွေ၊ ပစ်ခက်ဖမ်းစီးခံရတာတွေနဲ့ ပြည့်နှက်နေတဲ့စစ်ဒဏ်ကြောင့် ကျွန်တော်တို့ရဲ့တော်လှန်ရေးဟာ မြန်မြန်ပြီးပြတ်ဖို့လိုနေခဲ့ပြီ။ လူအင်အား ရှိပေမယ့်၊ လက်နက်အင်အား လိုအပ်နေရာ၊ ပြည်သူတွေ ညီမှနိုင်မယ့်ပွဲလို့ အဖြေကရှင်းနေခဲ့တယ်။

       မြို့ပြရေ ခင်ဗျားတို့ကိုလိုအပ်နေပီလို့အသိပေးလဲ…ခင်ဗျားတို့သွေးအေးနိုင်ခဲ့ကြပြီလား။ ကလေးတွေအတွက် ကျွန်တော်တို့ကတော့ အနာဂတ်ကောင်းမွန်တဲ့လမ်းတွေကို ဖြောင့်ဖြူးနေစေချင်တယ်။ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်တိုင်းဟာ စစ်ကျွန်မခံလိုစိတ် တင်မဟုတ်ဘူး၊ အရာရာပြောင်းလဲတိုးတက်မယ့် ကိစ္စတွေကိုလဲရည်ရွယ်ပါတယ်။ အခုခင်ဗျားတို့ကတော့ ဖက်စစ်က ဖွင့်တဲ့ကျောင်းမှာ ထားဖို့ကြံရွယ်နေကြလေရဲ့...။ ကလေးတွေရဲ့ သေချာတဲ့အနာဂတ်ကိစ္စကို စဥ်းစားရမယ့်အစား၊ အလွန်ညံ့ဖျင်းတဲ့ပညာရေးကိုရရှိဖို့ အလွယ်လမ်းကိုပဲ လိုက်လို့နေခဲ့ကြပြီ။ဒါပက်၀န်းကျင်က မကောင်းတဲ့လမ်းကို စိုက်စိုက်မြိုက်မြိုက် ခေါ်ဆောင်နိုင်တယ်ဆိုတာ ပြနေခဲ့တယ်။ လူတိုင်းက သတ္တိမရှိတဲ့လူတွေနောက်လိုက်ဖို့နဲ့ သတ္တိမရှိတာတွေ လုပ်ဖို့ ကျအင်အားဖြစ်ကျတယ်။ ကိုယ်မခံရသေးသ၍ သွေးအေးကျသူတို့ လျှောက်နေတဲ့လမ်းမှားတွေပဲဆိုတာအမှန်ပဲ။ ကိုယ့်ကိုထိမှ ကိုယ်သိတဲ့ကိစ္စမျိုးမဖြစ်ဖို့၊ နောင်မှတတဲ့နောင်တမရဖို့ ​ပြောချင်တယ်။  မြို့ပြကပြည်သူတွေသာ နောင်မှတတဲ့နောင်တ ဖြစ်ခဲ့ရင် တစ်နိုင်ငံလုံး မီးရှို့ခံရ၊ အဓ္ဓမပြုကျင့်ခံရ၊ ပစ်သတ်ဖမ်းစီးခံရနဲ့ ဖြစ်ပြီးနေခဲ့တော့မှာပါ။ 

  မြို့ပြရေ….ခင်ဗျားတို့ရဲ့သွေးအေးနေတဲ့ လူတစ်စုကို ဘယ်လိုကယ်တင်ရမလဲဗျာ။ လူတွေအယောက်ပေါင်းမနည်း ကယ်တင်နိုင်ပေမယ့်၊ လူအယောက်ပေါင်းမနည်း ခင်ဗျားတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကယ်တင်ဖို့က ခက်ခဲနေခဲ့ပြီ။ ကျွန်တော်နှင့်ကာကွယ်တပ်စုတိုင်းသည် အမေအောင်ဆန်းစုကြည်မဟုတ် ၊ ဗိုလ်ချုပ်မဟုတ်တော့လဲ ဒီတိုင်းသူပြည်သားရဲ့ စိတ်တွေကို ကယ်တင်ဖို့ဆိုတာ ခက်သား...။

                              

  ဒီပြည်သူ​တွေအတွက် တိုက်တွန်းစာတွေလဲ ရေးဦးမည်။ ဟိုခွေးမျိုးတွေသိစေရန် မဟုတ်မခံဆိုတဲ့ သွေးမျိုးကိုပြဖို့ ပျောက်ကြားသပိတ်တွေလဲ ဖန်တီးလိမ့်မယ်လို့ဆုံးဖြတ်ရင်း ကျွန်တော့် စိတ်ထဲကတော်လှန်ရေးသည် ပွင့်လန်းခိုင်မာနေခဲ့သည်။

"အသက်ကတာ ငယ်ရင်ငယ်မယ်၊ ရင်ထဲက တော်လှန်ရေးသည်မငယ်"။

"ကဗျာနှင့် လေးချိုး" အဖွဲ့သည်လဲပဲ ကဗျာ တစ်ပုဒ်နဲ့ သုံးကြိုးသာ ကျန်ရှိရာ အသက်ပေးခဲ့ရသော မောင်စည်သူနှင့် အသက်၂၀မျှမပြည့်သော မိန်းကလေး နှစ်ယောက်အတွက် စိတ်ဓာတ်ကျရင်း ယိုင်နဲ့နဲ့ရပ်တည်နေခဲ့ကြတယ်။ တစ်နေ့မှာ သူငယ်ချင်း အောင်လူ (ခေါ် ) ဗိုလ်လေး နှင့်ရေစက်ပြန်ဆုံခဲ့ကြတယ်။ ဒီကြားထဲမေ့မေ့ပျောက်ပျောက်ဖြစ်တဲ့ ကိစ္စတွေ၊ ပျော်ရွှင်မှုတွေပျောက်လို့နေခဲ့တယ် ကျွန်တော့်စိတ်ထဲမှာ။ တော်လှန်ရေးနှင့် သတင်းတွေကိုသာ ဦးစားပေးနေခဲ့မိလို့ပါ။

ဗိုလ်လေး အောင်လူ၏အဖွဲ့ နှင့်စကားကျရင်း အမေဆိုသောသူကို ခေါင်းထဲ ရောက်လို့လာခဲ့တယ်။ လွမ်းရကောင်းမှန်း သိလာခဲ့တယ်။ သဲကြီးမဲကြီးရွာတဲ့မိုးလို မျက်ရည်ကိုမထိန်းနိုင် တစ်ပေါက်ပေါက်ကျကာ စိုးရိမ် ပူပန်နေပြန်၊ အမေနဲ့ အဖေ၊ ညီလေးတို့ မျှော်နေမှာပဲ ဆိုပြီး ပိုလို့၀မ်းနည်းလာခဲ့တယ်။ 

"အောင်မင်း...ဟျောင့် ဗိုလ်ကဗျာရေ့ ..မင်းမငိုနဲ့၊ မင်းတပ်သားတွေ ပိုစိတ်ဓာတ်ကျကုန်မယ်" 

"အေး .... ငါမထိန်းနိုင်ခဲ့ပြီ။" 

"သိပါတယ်ကွာ၊ မင့်ရဲ့စိတ်ကို ငါနားလည်ပါတယ်။ အိမ်ကို တစ်ခါရောက်ဖြစ်သေးတယ် မောင်မင်း။ မင်းတို့အိမ်လဲ၀င်ခဲ့ပြီး၊  မင်းညီကိုလဲ အမေ့ကိုစောင့်ရှောက်ဖို့ မှာခဲ့ပါတယ်ကွ" 

"ဒါဆို အဖေကရော အောင်လူ" 

"မင်း အဖေဆုံးရှာပီ မောင်မင်း"  ဟုပြောကာ ဆေးလိပ်တိုမီးညှိပေး၊ ပုခုံးကို ပုတ်ရင်း ကျွန်တော့်ကို အားပေးနေခဲ့တယ်။ 

   

   ဒီလိုနဲ့ နောက်ရက်ပေါင်းများစွာ တိုက်ပွဲ၀င်ဖို့ ကျွန်တော်တို့တော်လှန်ရေး ရဲဘော်တစ်ယောက်ခြင်းရဲ့ စိတ်တွေဟာ ဘယ်လောက်ခက်ခဲလဲ၊ ဘယ်လောက်ထိ အနစ်နာခံရလဲ ဆိုတာ မည်သည့်စာ၊ မည့်သည့် အဓိပ္ပာယ်ကမှ ပြည့်ပြည့်စုံစုံမဖော်ပြနိုင်ဘူးဆိုတာ မှန်နေခဲ့ပြီ။ စစ်ဟာ ခါးမှန်းသိသော်လည်း၊ စနစ်ဟာ မတရားမှန်းသိ၍ ကျွန်တော်တို့ တိုက်ရမည်ဆိုသော အသိစိတ်၊ မျိုးချစ်စိတ်က ဘာလဲဆိုတာ ဒီမျိုးဆက်သည် သင်ကြားပေးသွားမည်ဖြစ်၍ နောက်မျိုးဆက် သင်ခန်းစာ ယူစေသော်။ 

                                                                                                  ဆည်းဆာ                                                                                            

ကဆုန်လပြည့်ကျော် လပြည့်ကျော် ၅ရက်

Comments

  1. မျိုးချစ်စိတ်က ဘာလဲဆိုတာ ဒီမျိုးဆက်သည် သင်ကြားပေးသွားမည်ဖြစ်၍ နောက်မျိုးဆက် သင်ခန်းစာ ယူစေသော်။

    ReplyDelete
  2. လူတော်တွေနောက် လိုက်ရဒါလဲ ပျော်ပါတယ် 🐝

    ReplyDelete
  3. ကျွန်တော် လူအ တစ်ယောက် မဟုတ်ဘူး အဖေ နဲ့ အမေ
    FB 🐝

    ReplyDelete
  4. ဖတ်ရတာ အားတက်စေပါတယ်

    ReplyDelete

Post a Comment