ကျွန်မရဲ့ဇာတ်ဆောင်
Unicode
၁၉၉၅
ခုနှစ်။
လေပြင်းနှင့်အတူသယ်ဆောင်လာသည့်မိုးစက်တို့ ပါရီ၏နက်မှောင်နေသောလမ်းမထက်အလှအယက်ခုန်ဆင်းနေကြသည်။ဟော်တယ်မှန်ပြတင်းထိရိုက်ခက်လာသည့်မိုးရည်စက်တွေက စီးကြောင်းနှင့်အတူအောက်သို့လျော့ဆင်းသွားကြသေးသည်။
ကော်ဖီတခွက်နှင့်မအိပ်စက်သေးနိုင်သည်က နှင်းဆီပျိုတစ်ယောက်
မှန်ပြတင်းဘေးစားပွဲခုံရှေ့ထိုင်၍ လည်ပတ်ခဲ့ဖူးပြီးဖြစ်သော
ပဲရစ်မြို့၏နေရာတစ်ချို့ကို စာအုပ်ထဲမှာချရေးကာ မည်သည့်နေရာက မည်သို့သောစိတ်ဝင်စားဖွယ်အရာများရှိကြောင်းမှတ်စုထုပ်နှုတ်လျက်။
ပဲရစ်ကိုအလည်အပတ်ဖြင့်ရောက်လာတာ သုံးပတ်မြောက်ဖြစ်မည်။နေရာတော်တော်များများလည်းစုံနေပြီ။သဘောကျနှစ်သက်သည့်နေရာတွေဆို ထပ်တလဲလဲပြန်သွားဖြစ်ပြီး ဟိုဟိုဒီဒီထိုင်ငေးရတာကိုလည်းသဘောကျသည်။အထူးသဖြင့် ပါရီဘေးလမ်းပလက်ဖောင်းပေါ်ကကော်ဖီဆိုင်ညိုညိုတွေရယ်၊ အီဖယ်တာဝါသို့မျှော်ကြည့်မြင်နိုင်သည့်
လမ်းကျဉ်းကျဉ်းတွေရယ်က နှစ်လိုဖွယ်ပင်။ စိန်းမြစ်ရဲ့တနေ့တာအချိန်ကိုမူတည်ပြီးပြောင်းလည်းစေသည့်မြစ်ရေသည်လည်း မိမိစိတ်ကိုပင်ခံစားမှုသုံးမျိုးကိုဖြစ်ပေါ်စေတတ်၏။
မနက်ပိုင်းကြည်လင်နေသည့်အချိန်မှာ စိန်းမြစ်ရေဟာ
စိမ်းပြာပြာဖြင့် စိတ်ခံစားမှုကလည်း ရှင်းကြည်ရသည်။နေ့ခင်းဘက်အချိန်
အီဖယ်တာဝါ၏ကျရောက်လာသည့် အရိပ်အာဝါသကြောင့် စိန်းမြစ်ရေဟာမှုံပြာပြာနက်ရယ်နှင့် လေးနက်တည်ကြည်တဲ့စိတ်ခံစားချက်ပေးစွမ်း၏။ညနေမှောင်ရီစပျိုးပြီဆိုလျှင့်ဖြင့် ပါရီ၏မြို့ပြမီးအလင်းရောင်ထိန်ထိန်ညီးရာက
စိန်းမြစ်သည်လည်း အညိုရောင်သို့ပေါ်လွင်ကာ vantage ဆန်ဆန်ခပ်ညို့ညို့နှင့် နှလုံးသားအတွင်းလွမ်းဆွတ်တမ်းတဖွယ်။
စာအုပ်အတွင်းချရေးထားသည့် ခပ်သော့သော့လက်ရေးများက
ပါရီမြို့၏အလှအပချည်းသာ။ နှင်းဆီပျိုဆိုသည့်ကျွန်မက
စာရေးသားနေရတာကိုသဘောကျတတ်သူမို့ ယခုရေးမည့်အကြောင်းကို ပါရီမြို့ကိုနောက်ခံထားဖို့စဉ်းစားမိသည်။ပါရီမြို့သည်
'အချစ်မြို့တော်'လို့တင်စားခေါ်ဝေါ်ထားကြသည်ပဲ
ဒီတခါကျွန်မရေးမည့်ဝတ္ထုမှာ မင်းသားနှင့်မင်းသမီးကို
ပါရီမြို့လေးမှာဆုံတွေ့ခြင်းဖြင့် ဇာတ်အိမ်ကိုစမည်။ပြီးလျှင်
ကျွန်မနှစ်သက်သည့် ပါရီအကြောင်းကိုဆောင်းပါးကောင်းတစ်ပုဒ်အဖြစ်လည်း
ရေးပါအုံးမည်။ပါရီဟာ သိပ်ကိုလှသည်ပေါ့။
ကျွန်မတစ်နှစ်ပတ်လုံးထုပ်ဝေလာခဲ့သည့် စာအုပ်ပေါင်းစုများအပြီးအပန်းဖြေဖို့ရာနှင့်ဇာတ်အိမ်ရှာရန် နှစ်ခုလုံးအကြောင်းပြကာ ပါရီကိုကျွန်မအလည်အပတ်လာဖြစ်ခဲ့သည်။စုထားတဲ့ငွေပမာဏကတော့ ပါရီမှာပဲသေချာပေါက်ကုန်သွားမှာပါ။အခုကျွန်မတည်းခိုနေသည့်နေရာက ဟော်တယ်ရှန်ဂရီလာ
ပါရီရဲ့အလှဆုံးနဲ့ဈေးအကြီးဆုံးတစ်ခု ။သို့ပေမယ့် ဟော်တယ်ကကျွန်မအတွက်အလွန်ပင်တန်သည်ဟုထင်သည်။အီဖယ်၏ခြေရင်း
၁၈၉၆ ခုနှစ်က မင်သား
ရိုလန်ဘုံနပတ်အတွက်တည်ဆောက်ပေးခဲ့သည့် နန်းတော်ဟာ ယခုအချိန်မှာ ပါရီ၏အထင်ကရဟော်တယ်ကြီးအဖြစ်တည်ရှိလေသည်။ဟော်တယ်ကိုကာရံထားသည့် မြင့်မားသည့်တံတိုင်းကြီးများက
ဝင်ပေါက်မှာတင် ရင်သပ်ရှု့မောစရာအပြည့်။ကိုးပေကျော် ငါးပေတံခါးရွက်ကြီးကိုစတင်ဖွင့်လှစ်သည်နှင့်ဟော်တယ်အတွင်းပိုင်း ရွှေရောင်နှင့်အဖြူရောင်ကိုသာမြိုင်ဆိုင်စွာအသုံးပြုထားပုံက ဝင်လာသူဧည့်သည်အဖို့ မျက်စိပဓာသအေးစေသည်။နားခိုချင်စရာကောင်းအောင်အမောလည်းပြေစေ၏။
ကျွန်မယူထားသည့်
လသာဆောင်ကိုထွက်လျှင် ရှင်းလင်းစွာအီဖယ်တာဝါကို မြင်နေရမည်ဖြစ်သည်။
ယခုညအချိန်
ဆယ်တစ်နာရီ တဖျောက်ဖျောက်ကျဆင်းနေသည့်မိုးစက်တွေကြားမှာ လှမ်းမြင်နေရသော
အီဖယ်တာဝါက တကယ်ကိုလှပပါသည်။
အိပ်မပျော်သေးပေမယ့် မှတ်စုတစ်ပိုင်းတစ်စကိုထုပ်နှုတ်အပြီးမှာ
ကျွန်မအိပ်ရာဝင်ရလိမ့်မည် ။မနက်ဖြန်မှာ အနီးအနားက အီဖယ်တာဝါ၏အသေးစိတ်နှင့်ဆောက်တည်ထာစပုံတွေကိုလေ့လာကြည့်ရမည်။
~~~
ညကသည်းထန်သွားတဲ့မိုးစက်တို့ထွက်ပြေးသွားသည့်နောက် ယခုမနက်ဟာကြည်လင်လို့ရှိနေသည်။လသာဆောင်ဘေး
အလှပန်းအိုထဲစိုက်ပျိုးထာသည့် ကျောက်ခက်ပင်စိမ်းစိမ်းတို့မှ ရေစက်ငယ်တို့တွဲခိုလျက်။ညကမိုးပက်သွားလို့ထင်ပါရဲ့။
လသာဆောင်အပြင်ဘက်ခတ္တထွက်ရပ်ကာ အီဖယ်မျှော်စင်ကြီးကိုငေးမော့ကြည့်ဖြစ်ပြန်သည်။သူကဘယ်အချိန်ကြည့်ကြည့်တင့်တယ်နေတုန်းပါပဲ။ပါရီမှာရှိနေသည့်ရက်တွေမှာနေ့တိုင်းစဉ်းစားမိတာက ကျွန်မကိုယ်ကျွန်မ
ပါရီကိုရောက်ရှိလာခြင်းက အိမ်မက်များလားတွေးမိနေဆဲ။
အို ကျွန်မကစာရေးသူပီပီ
အတွေးများလာသည်နှင့်အမျှ အချိန်တွေဆွဲမိတော့ပဲ။မဖြစ်ဘူး
မြန်မြန်ပြင်ဆင်ပြီး ရှန်ဂရီလာဟော်တယ်နှင့်နီးကပ်နေတဲ့ အီဖယ်တာဝါဆီအပြေးသွားရမယ်။အဲ့ဒီ့မှာနေထွက်မှနေဝင်ချိန်အထိ တနေ့လုံးထိုင်ကြည့်ပစ်မယ်။
ဦးနှောက်ထဲမှာဘာအကြောင်းအရာမှမတွေပါပဲ ကျွန်မလုပ်စရာရှိတဲ့
ရေမိုးချိုး အဝတ်စားလှဲခြင်းအပြင် ခါလယ်လောက်ရှိသည့်ဆံပင်တွေကိုစုစည်းပြီး
မိတ်ကပ်ပါးပါးလိမ်းခြယ်ကာဖြင့် ကျောပိုးအိပ်တစ်လုံးထဲ ဖောင်တိန်၊မှတ်စုစာအုပ်၊ဈေးသိပ်မကြီးသည့်ကင်မရာတစ်လုံး၊ ရေဗူးနှင့်အခြားလိုအပ်သည့်များထည့်ပိုးကာ ကျွန်မအခန်းကိုသော့ခပ်သိမ်းဆည်းထွက်လာခဲ့သည်။
မြန်မာပြည်မှာလို ကျွန်မဝတ်နေကြ
ထဘီမဟုတ်ပါပဲ တိုင်းတပါးမှာမို့ လွတ်လွတ်လပ်လပ်သွားလာလို့ရရန်
ဇာအဖြူလက်ဖောင်းအင်္ကျီတစ်ထည်ကို ခြေသလုံးအလည်ထိရှည်သော
ပန်းရိုက်ရေးရေးပါသည့်အညိုရောင်ရေခဲစ စကပ်ဝဲဝဲကိုတွဲဖတ်ဝတ်ဆင်ထား၏။
လက်ထဲမှာကိုင်ထားသော ပါရီမြို့မြေပုံစာရွက်ကိုကိုင်ရင်း
အဝေးမှမြင်နေရသော အီဖယ်တာဝါအထိ ခြေလျှင်လျှောက်သွားခဲ့ပါသည်။တရွေ့ရွေ့နှင့်သွားလာခဲ့ရင်း အီဖယ်၏အနီးကပ်ဆုံးသောခြေရင်းပိုင်းအထိရောက်ရှိလာတော့ ကျွန်မခုန်ပေါက်မတတ်ပျော်မိသည်။ပါရီကိုရောက်ရောက်ခြင်း
အရမ်းသဘောကျသည့် အီဖယ်ကိုမလာသေးပဲ အခြားသောနေရာများကိုဦးစွာခြေဆန့်ခဲ့သည်။အားလုံးလည်ပတ်လို့ပြီးစီးပါလျှင် ရက်များများ အီဖယ်အနီးတဝိုက်အရပ်လေးမျက်နှာကိုလှည့်လည်ကြည့်ရှု့အချိန်ယူဖို့ဆုံးဖြတ်ခဲ့တာမှန်သွားသည်။
ဒီနေ့တော့ အီဖယ်တာဝါရှေ့က ပန်းခြံရဲ့မျက်ခင်းပြင်မှာထိုင်နေလိုက်မယ်။လူအနည်းငယ်ရှင်းမည့်နေရာလောက်ကိုလိုက်ရှာ၍ လူသွားလမ်းနှင့်ပန်းခြံကြားအုပ်ခုံဘေးတွင်
စကပ်စကိုသိမ်း၍ ကျောပိုးအိပ်ချွတ်ကာထိုင်ချလိုက်သည်။
ဘေးဘီကိုမျက်လုံးများဝေ့ကာ ကစားကြည့်မိတော့
ကျွန်မဘေးနားမှာကျွန်မလိုပဲတစ်ဦးတည်းထိုင်နေသည့် မိန်းမငယ်တစ်ဦး။သူမက
ပါရီမြို့ခံသူတစ်ဦးလား၊ ကျွန်မကဲ့သို့တိုင်းတပါးမှအလည်လာသူလား
သေချာမသိနိုင်။သူမနှင့်ကျွန်မ မျက်နှာချင်းဆိုင်အကြည့်ချင်းဆုံလာချိန်မှာတော့
သူမက နှုတ်ဆက်လာသည်။
"ဟိုင်း!"
ကျွန်မ
ပြုံးပြနှုတ်ဆက်လိုက်တော့ သူမကထပ်ပြောလာသည်။
"မင်းကအလည်လာသူမဟုတ်လား၊ဘယ်ကလာခဲ့တာလဲ"
သူမက ကျွန်မကိုဧည့်သည်မှန်းတန်းသိသည်။ကျွန်မ၏မြန်မာဆန်ဆန်မျက်နှာကျ ဝိုင်းဝိုင်း၊မျက်လုံးမျက်ဖန်သိပ်မကောင်းလှသော်လည်း
ထူထဲနက်မှောင်သည့် မျက်ခုံနက်နက်၊ပိတုန်းနက်ဆံနွယ်နှင့်အပေါ်၊အောက်အညီရှိသည့်မထူမပါနှုတ်ခမ်းတစ်စုံက သိသာပေလိမ့်မည်။ပြီးတော့
ကျွန်မအသားက ပါရီမြို့ခံမိန်းကလေးတို့ဖြင့်ယှဉ်လျှင်
ညိုညိုညက်ညက်ရှိလှသည်။ တဖက်ကသူမကိုကြည့်၍ ကျွန်မဟာ
အလည်အပတ်လာသူတစ်ဦးနှင့်မြန်မာဆိုသည့် မထင်မရှားနိုင်ငံလေးက
လာကြောင်းပြောပြမိသည်။
"ငါ့နာမည်က
အက်စတာမေ ပါ။ငါတို့မြို့ကိုလာလည်တဲ့အတွက် မင်းကိုကြိုဆိုပါတယ်။"
သူမက အပြုံးတစ်ပွင့်ဖြင့်ဖော်ရွေစွာပြောလာသည်။သူမပြုံးလိုက်မှပေါ်လာသော ပါးချိုင့်လေးကြောင့်သူမကိုစေ့စေ့စပ်စပ်ကြည့်မိတော့သည်။နိုင်ငံခြားဘိုမလေးဖြစ်သည့် သူမက
မျက်လုံးပြာနုနုလေးတွေရှိပြီး ခပ်ညိုညိုမျက်ခုံးမွှေးဇင်ယော်ဟာ သူမမျက်နှာသွယ်သွယ်နှင့်အချိုးကျလှသည်။ဖောင်းပြည့်ပြည့်နှုတ်ခမ်းတစ်စုံမှာ အပေါ်လွှာကအနည်းငယ်လန်ချင်သယောင်ထူထူလေးရှိပြီးလှပ၏။ရွှေဝါရောင်ဆံနွယ်နုနုလိမ်ကောက်ကောက်လေးတွေက သူမ၏အသားဖြူဖြူနှင့်လိုက်ဖက်လှပြန်သည်။
"မင်း
ဒီကိုရောက်တာကြာပြီလား"
"ဟင့်အင်း
!ကျွန်မရောက်နေတာ နှစ်ပတ်ကျော်ကျော်ပဲရှိသေးတယ်။"
"တစ်ခုခုအကူအညီလိုရင်ပြောပါ
၊တို့နိုင်ငံကိုလာတဲ့ဧည့်သည်ကိုကြိုဆိုတဲ့အနေနဲ့ ကူညီနိုင်တာရှိရင်
ကူညီပေးပါ့မယ်။"
မိုးပြာရောင်စပိုစ့်ရှပ်ကို ဂျင်းစကပ်ဒူးဖုံးဝဲဝဲအောက်ခါးမြုပ်၍ဝတ်ဆင်ထားပြီး အနက်ရောင်လေဒီရှုးကိုစီးထားသော
ခြေတစ်စုံ ကျွန်မရှေ့သို့လာရပ်ရင်း လက်တစ်ဖက်ကိုဆန့်တန်းပေးလာသည်။အခုမှစသိတဲ့တိုင်းတစ်ပါးသူကျွန်မကို သူမကဖော်ရွေစွာဆက်ဆံလာသည်။
ကျွန်မသည် ခင်မင်ရင်းနှီးလွယ်သူမဟုတ်သော်လည်း
နာမည်လေးပြောတာလောက်တော့ကျွန်မအတွက် ဘာမျှဖြစ်သွားမည်မဟုတ်တာကြောင့်
ကျွန်မကိုယ်ကျွန်မ မိတ်ဆက်လိုက်သည်။
"ကျွန်မနာမည်
နှင်း ဆီ ပျို ၊ အင်္ဂလိပ်လို ရိုစ့်လို့ ခေါ်လို့ရတယ် မေ"
"မေ
"
ကျွန်မခေါ်လိုက်သည့်
မေဆိုသည့်နာမည်ကို သံယောင်လိုက်ရင်း သူမက သဘောကျသွားသလို ထပ်ပြုံးလာပြန်သည်။
"ရိုစ့်က
ခရီးသွားဆိုတော့ မှတ်တမ်းတင်ဖို့ကင်မရာကောင်းကောင်းပါခဲ့ရင် ဒီနေရာက
ဓါတ်ပုံရိုက်လို့အကောင်းဆုံးနေရာပဲ"
"ဒါပေါ့
"
ကျွန်မရဲ့ကင်မရာလေးကိုထုပ်ပြီး
ခပ်လှမ်းလှမ်းမြင်နေရသည့် အီဖယ်တာဝါကို မှတ်တမ်းတဖျတ်ဖျတ်တင်လျက်။
"မင်းပုံကိုရော
မရိုက်တော့ဘူးလား?"
ဘေးမှာရပ်ကြည့်နေသည့်
မေက ကျွန်မကိုကြည့်၍ စကားဆိုသည်။
"မင်းပုံကိုရောမရိုက်တော့ဘူးလား ရိုစ့်၊မင်းရဲ့ဖက်ရှင်နဲ့
အီဖယ်တာဝါကသိပ်ကိုလိုက်ဖက်ပြီးလှနေမှာ ။မင်းသာ အီဖယ်နဲ့ဓါတ်ပုံမရိုက်ဖြစ်ခဲ့ရင်
ပါရီကိုလာတာနှမျောစရာကောင်းသွားလိမ့်မယ်။"
မေက
ရယ်ရယ်မောမောစကားဆိုလာတော့ ကျွန်မ မေ့ကိုအကူအညီတောင်းရင်း
ဓါတ်ပုံတွေအများကြီးရိုက်ဖြစ်သွားသည်။
ပါရီကိုလည်ပတ်ခဲ့သည့်ကာလတစ်လျှောက်
ကျွန်မကိုယ်ကျွန်မဓါတ်ပုံတစ်ပုံတောင်မရိုက်ဖြစ်ခဲ့ပါလေ။အခု မေ့ကို ကျေးဇူးတင်ရမည်။
"ကျေးဇူးပါမေ
"
"ရပါတယ် ၊ဒါနဲ့
ဒီအနီးနားတဝိုက်မရောက်သေးရင် ငါနဲ့အတူလျှောက်ကြည့်ကြမလား ။ငါက ဒီနေ့အားလပ်ရပ်ဖြစ်နေတော့အိမ်မှာမနေချင်လို့
ထွက်လာခဲ့တာ အခု ငါမင်းကိုအဖော်ပြုပေးနိုင်တယ်"
မေက
အနောက်တိုင်းသူပီပီပွင့်လင်းစွာ ပြောဆိုလာသည်။
"အိုး
တကယ်လား ဒါဆိုကျွန်မသိပ်ကံကောင်းသွားတာပဲ ကျေးဇူးထပ်တင်ပါရစေ "
"မင်းအင်္ဂလိပ်အသံထွက်က
သိပ်ကောင်းတာပဲရိုစ့် , မင်းကမြန်မာကလို့ပြောခဲ့တယ်နော်"
"ဟုတ်ပါတယ်
ကျွန်မမြန်မာကပါ။မေက မြန်မာကိုသိလား"
လူသွားလမ်းကျယ်ပေါ်တွင်
နှစ်ဦးသားလျှောက်လှမ်းနေရင်းစကားစမြည်ပြောဖြစ်ကြ၏။
"ငါငယ်ငယ်က မြန်မာနိုင်ငံ၏ထင်ရှားတဲ့သူနှစ်ဦးအကြောင်းကို
ဖတ်ဖူးတယ်။တစ်ဦးက ဗိုလ်ချုပ်အောင်ဆန်း၊နောက်တစ်ဦးက သူ့ရဲသမီးငယ်
အောင်ဆန်းစုကြည်ပေါ့။"
"ဟုတ်လား"
ကျွန်မမျက်လုံးတွေဝင်းလက်တောက်ပစွာ မေ့ထံကိုကြည့်၍ပြောမိသည်။ဝမ်းသာပီတိဖြစ်မှုကအတိုင်းမသိ ။မတူညီတဲ့နိုင်ငံတစ်ခုက
ကျွန်မတို့ရဲ့ခေါင်းဆောင်းတွေကိုသိကြတယ်တဲ့။
ကျွန်မတို့နှစ်ယောက်လမ်းလျှောက်နေရင်း အချိန်ခဏလေးအတွင်းမှ
ကိုယ့်နိုင်ငံယဉ်ကျေးမှု သူ့နိုင်ငံယဉ်ကျေးမှုတို့ကို
ပြောဖြစ်ကြသည်အထိရင်းနှီးမှုရသွားသည်။
အနီးမှမြင်နေရသည့် အီဖယ်၏အောက်ခြေနားတဖြေးဖြေး
ကျွန်မတို့နှစ်ယောက်ရောက်သွားကြတော့ မေက ကျွန်မလက်ကိုဆွဲကာ
ဓါတ်ပုံအတူရိုက်ကြဖို့ပြောသည်။ပါလာသည့်ကင်မရာကို မေကယူ၍ ကင်မရာကိုလက်ကကိုင်မြှင့်ကာ
သူကိုယ်တိုင်ချိန်ရွယ်ရိုက်ယူသည်။
"ဒီအတိုင်းဆို
ပုံထွက် လှပါ့မလားမေ"
"ငါဒီလိုရိုက်နည်းကိုကောင်းကောင်းသိတယ်။ငါတို့ဖုန်းတွေနဲ့လည်း
ဒီလိုပဲရိုက်ကြရတာ။"
မေက
ပိုက်ဆံအိပ်ထဲမှ ခေါက်ဖုန်းလေးတစ်လုံးကိုထုပ်၍ ကျွန်မကိုပြသည်။
ကျွန်မပုခုံးကိုဖက်ကာ
မေ့ ဖုန်းဖြင့်ဓါတ်ပုံရိုက်ပြန်သည်။
မေကလေ အရမ်းဖော်ရွေတယ်ပြောရမလား
။ကျွန်မက ကျွန်မရဲ့အသားကိုသူစိမ်းလူထိတွေ့ကိုင်တွယ်တာကိုမနှစ်သက်ဘူး။မေကတော့ ဒါကိုမသိလေတော့
ကျွန်မကို ဇိုးကနဲဇတ်ကနဲ လက်ဆွဲလိုက် ပုခုံးဖက်လိုက် ။ဟော ဓါတ်ပုံအတူတူရိုက်ကြပြန်တော့လည်း
ကျွန်မတို့ပါးချင်းထိကပ်ကာ ရိုက်ပြန်တယ်။
ဒါပေမယ့်
ကျွန်မနည်းနည်းမှစိတ်မရှုပ်မိ။အခြားသောတိုင်းတပါးမှာ
အားကိုးရာသူငယ်ချင်းတစ်ယောက်ရလိုက်သလို ကျွန်မပျော်နေမိပါသည်။
"ရိုစ့်ရေ
ပါရီရဲ့ဘယ်နေရာတွေကိုမင်းရောက်ပြီးခဲ့ပြီလဲ"
"နေရာသိပ်မစုံသေးပေမယ့်
louvre ပြတိုက်ကိုတော့
ကျွန်မရောက်ခဲ့ပြီးပြီ အဲ့ဒီ့က ကမ္ဘာကျော်မိုနာလီဆာပန်းချီကိုမြင်ချင်လွန်းလို့ပေါ့။နောက်ပြီး
Van Gogh ရဲ့ပန်းချီတွေကိုအနီးကပ်မြင်ရကြည့်ရဖို့က
ကျွန်မအိမ်မက်ပဲလေ"
"မင်းကိုကြည့်ရတာ
အနုပညာကိုသိပ်ခုန်မင်ပုံပဲ မှန်းကြည့်ရအောင် မင်းရဲ့အလုပ်အကိုင်က ပန်းချီဆရာလား?စာရေးဆရာလား?"
မေက ရွှင်နောက်နောက်ဖြင့်ပြောပေမယ့် ကျွန်မကတော့အံ့ဩရပါသည်။လူတစ်ယောက်ရဲ့စိတ်နှလုံးသားကိုကြည့်ပြီး ဘာအလုပ်လုပ်ကိုင်သလဲဆိုတာ
ခန့်မှန်းရတာမလွယ်ပေမယ့် မေကတော့ တပ်အပ်ပြောလာ၏။
"ကျွန်မက
စာရေးဆရာပါ ။ဝါသနာကြောင့်စာတွေစရေးခဲ့ပေမယ့် အခုတော့ဒီအလုပ်နဲ့ပဲ
အသက်မွေးဝမ်းကြောင်းပြုလိုက်တယ်။"
"ဒါဆိုရင်
ရိုစ့်ပါရီကိုအလည်လာတဲ့အကြောင်းပြချက် ငါသိသွားပြီ။ကဲ ပါရီနဲ့ပတ်သက်ပြီး
မင်းဘာသိချင်လည်း ငါသိသလောက်အကုန်ပြောပြမယ်။"
ကျွန်မ အီဖယ်တာဝါကိုငေးမော့ကြည့်မိ၏
မြင့်တက်လာသည့်နေရောင်အောက်ဖက် နေကျဲကျဲထိုးနေသည်ကိုမခံနိုင်စွာ ကျွန်မမျက်လုံးတွေကမှေးဆင်းနေလိမ့်မည်။ခဏအကြာကျွန်မမျက်စိထဲနေရောင်စူးစူးက ပျောက်သွားက
အရိပ်သေးသေးလေးတစ်ခုကျရောက်လာ၏။ဒါက မေ့ရဲ့လက်ပါးပါးသွယ်သွယ်ကာရံပေးထားသော
အရိပ်ကလေးပင်။
အားတုံ့အားနာအပြုံးဖြင့်
မေ့ကိုပြုံးပြမိပါသည်။
ပါရီကအနုပညာတွေနဲ့ပြည့်နှက်လေသလား
ပတ်ဝန်းကျင်တစ်ခုလုံးက ကြည်လင်စွာ လှပပြည့်စုံနေ၏။ပြီးတော့
ကျွန်မဘေးမှာရှိနေတဲ့မေ။
ကျွန်မကြည့်ခဲ့ဖူးသည့်
နိုင်ငံခြားဇာတ်ကားထဲက မင်းသမီးချောချောတွေလို လှပတဲ့ပါရီသူလေး။
"ဟော
ဟိုအရိပ်မှာ သီချင်းဆိုနေကြတဲ့သူတွေကိုသွားကြည့်ရအောင်"
ထပ်ပြီး
ကျွန်မလက်ကိုဆွဲကိုင်ကာရှေ့မှဦးဆောင်ခေါ်ယူတော့ အနောက်ကလိုက်ရပြန်သည်။
မေကကျွန်မထပ်အရပ်ရှည်ပြီးကျစ်လစ်သည့်ခန္ဓာကြောင့် အနည်းငယ်ထောင်ထောင်မောင်းမောင်းရှိ၏။မေ၏ခြေလှမ်းကျဲများနောက် အမှီလိုက်ရတာလဲ
အမောပါပဲ။
ရှေ့မှဦးဆောင်ကာ လူတွေကြားထဲတိုးဝေ့ဝင်သွားသည့်မေက
သွက်သွက်လက်လက်ပင် ။ပြန့်ကျယ်ကျယ် ကွင်းပြင်အလယ်မှာ
ကျွန်မတို့နှစ်ယောက်ပြေးလွှားနေကြပုံက လိပ်ပြာလေးတွေလို ။မေ့ရဲ့ရွှေရောင်ဆံနွယ်လိမ်လိမ်တွေဟာ
လေမှာဝဲလွင့်နေသလိုမျိုး ကျွန်မ၏ရေခဲစစကပ်ညိုညိုဟာလည်း
ဝဲလျက်ရှိနေသည်။
ရှေ့အနီးအနားလူအုပ်အလည်မှာ တယောသံကိုငြိမ့်ညောင်းစွာထွက်ပေါ်စေသည့်
တယောလုလင်အိုတစ်ဦးက အုပ်ခုံပေါ်တွင်ထိုင်လျက် မျက်စိကိုမှိတ်ကာ
သံဇဉ်တွင်စီးမျောရင်း ကျွမ်းကျင်စွာတီးခတ်နေသည်။ထိုဘေးတွင်
မျက်မှန်နက်တလက်ကိုတပ်ဆင်ထားသည့် အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦး
သူမကတော့ ဆွဲဆောင်မှုရှိသောအသံချိုချိုဖြင့် သီချင်းတစ်ပုဒ်ကိုသီကြူးနေခြင်းဖြစ်သည်။
ကျွန်မဘေးနားက မေကပါသီချင်းကိုတီးတိုးညီးဆိုနေသေး၏။ထို့နောက်မေက လူပုံအလည်ကိုတရွေ့ရွေ့သွားပြီး
တေးဆိုနေသည့်အမျိုးသမီးနှင့်အတူ အသံကိုမြှင့်ကာ
သံပြိုင်ဆိုနေတော့သည်။
မေက ပြုံးပျော်လျက်ပင်
သံဇဉ်ကိုအဆက်မပျက်သီဆိုသည်။တယောလုလင်က မေ့ကိုမြင်တာနဲ့ပို၍တက်ကြွစွာတီးခတ်လာသလို
အမျိုးသမီးကြီးကလည်း မေ့အသံကြားသည်နှင့်
ခန္ဓာကိုယ်ကိုယိမ်းယိုင်လှုပ်ခတ်ရင်း မေ့အသံလေးကိုနားဆင်ပေးသည်။
မေ့အသံက တကယ်ပဲကောင်းလွန်းပါသည်။မေက အဆိုတော်တစ်ဦးကဲ့သို့အံဩစရာကောင်းလောက်သည့်အသံမျိုးပိုင်ဆိုင်ထားသည်။ကံကောင်းလိုက်တာ လူလေးလည်းလှ၊အသံလေးကလည်းကောင်း
သွက်လက်ချက်ချာပြီး စိတ်ထားကလည်းနူးညံ့သေးသည်။
လူအုပ်ကတော့ ယခင်ကထက်ပို၍သောင်းသောင်းဖျဖျအားပေးကြသည်။တချို့က
ကင်မရာတွေထုပ်ကာ မေ့ကိုမှတ်တမ်းတင်တော့ ကျွန်မလည်းမေ့ကို ဗီဒီယိုရိုက်ကူးလိုက်သေး၏။တယောလုလင်ရှေ့က
တယောထည့်သည့်အိပ်အတွင်းမှာတော့ ငွေစက္ကူနှင့်အကြွေစေ့တို့က
တဖြေးဖြေးတိုးလို့လာလေသည်။
"ရိုစ့်"
ရှေ့ကိုလာရပ်၍
မေကပြုံးစစဖြင့် ကျွန်မကိုလာခေါ်သည်။
"က
ရတာဝါသနာပါလားဟင်? အတူတူကရအောင်"
"ကျွန်မ
မကတတ်ဘူးမေ"
"အို
ဘယ်သူကကျွမ်းကျွမ်းကျင်ကျင်ကတတ်မှာမို့လို့လဲ အပျော်ပဲဟာ လာပါအတူတူကရအောင်။"
"မလုပ်ပါနဲ့
မေရယ် လူတွေအများကြီးရှက်စရာ"
"ဘာကိုရှက်ရမှာလဲ
သူတို့က ကိုယ့်ကိုသိတာမှမဟုတ်တာ လာပါရိုစ့်ရယ်"
ကလေးလိုလုပ်ကာ ဂျစ်ကန်ကန်မေကြောင့်
ကျွန်မမငြင်းဆန်နိုင်တော့ပါပဲ မေနဲ့အတူလိုက်ကတော့ ခုနကကထပ်ပို၍ဆူညံစွာအားပေးကြတော့သည်။ဆွေးမြေ့နေသည့်
သံဇဉ်မျိုးမဟုတ်တော့ပဲ ထွက်ပေါ်လာသည့် ခပ်မြူးမြူးသံဇဉ်တွေက မေလှုပ်ရှားရာနောက်ကျွန်မလိုက်ပါမိတော့သည်။
လူစုကျဲကာခပ်ပါးပါးဖြစ်သွားချိန်
တယောအိပ်ထဲမှ ငွေများကိုကြည့်၍ တယောလုလင်က မေ့လက်ကလေးကိုနမ်းကာ ကျေးဇူးတင်စကားဆိုသည်။
ဒါကတော့
ပါရီရဲ့ယဉ်ကျေးမှုပေါ့ ပါရီတွင်မက အနောက်နိုင်ငံတော်တော်များများမှာပင်
ပြုမှုတတ်ကြပါ၏။
တနေရာမှာပြီးတော့
မေကနောက်ထပ်နေရာတစ်ခုဆီ ကျွန်မကိုဦးဆောင်ခေါ်သွားပြန်၏။
"ဒီတစ်ခါရော
ဘယ်ကိုလဲမေ"
"ပုံတူပန်းချီဆွဲရအောင်
ရိုစ့်"
"ဟင်!"
မှုတ်ဆိတ်ပသိုင်းမွှေးတို့ဖွေးဖွေးဖြူနေသည့် အဘိုးကြီးတစ်ယောက်ဟာ
အီဖယ်တာဝါဘက်သို့မျက်နှာမှုကာ အရွယ်အစားကြီးကြီး စက္ကူဖြူချပ်ကြီးရှေ့တွင်ထိုင်လျက်။
စုပ်တံကိုနှုတ်ခမ်းမှာကိုက်၍ လက်တစ်ဖက်ကခဲတံတစ်ချောင်းကိုဆုပ်လျှက်လက်မဖြင့်တိုင်းထောင်ကာ အကွာအဝေးတစ်ခုကိုညှိရင်း
စက္ကူချပ်ပေါ်တစ်ချက်ချင်းရေးဆွဲချနေသည်။
"ဟယ်လို
မာစတာ ဗာလင် မတွေ့ရတာကြာပြီနော် နေကောင်းတယ်မလား"
မိသွက်လေး
မေကခပ်သွပ်သွပ်နှုတ်ဆက်တော့ အဘိုးအိုကမေ့လက်ကလေးကို ခပ်ဖွဖွနမ်းကာ နှုတ်ဆက်သည်။
"ဟယ်လို
အက်စတာ ငါနေကောင်းပါတယ် ၊မင်းရော?"
"ကောင်းပါတယ်
။ဒီနေ့ ငါနဲ့ငါ့သူငယ်ချင်းအတွက် အီဖယ်ကိုနောက်ခံထားပြီး တစ်ပုံလောက်ဖန်တီးပေးပါလား
မာစတာဗာလင်ရေ"
"ရတာပေါ့
ငါအခု အီဖယ်ကိုဆွဲနေတုန်း ပြီးတာနဲ့ ငါ့ရှေ့မှာမင်းတို့နေရာယူလိုက်ရုံပဲ"
မိနစ်ပိုင်းအတွင်းအဘိုးအိုဟာ အီဖယ်တာဝါပုံကိုရေးဆွဲအပြီး
ကျွန်မလက်ကိုဆွဲကာ
မေက အဘိုးကြီးရှေ့မှထိုင်ခုံနှစ်ခုံမှာ
ဝင်ထိုင်လိုက်သည်။အနည်းငယ်ပုပြီး အမှီပြုစရာမပါသော ထိုင်ခုံလေးမို့
ကျွန်မထိုင်လိုက်သည်နှင့် ဝတ်ထားသည့်စကပ်က
မြေပေါ်တွင်ပုံကျနေတော့သည်။မေက ကျွန်မနှင့်မျက်နှာချင်းဆိုင်ခုံမှာထိုင်ကာ
ကျွန်မကိုအပြုံးသီကာကြည့်လာသည်။
ပန်းချီဆွဲနေခြင်းမို့
မေ၏မလှုပ်မယှက်စိုက်ကြည့်ခြင်းကိုခံရပြီး ကျွန်မမျက်နှာက
အနည်းငယ်ပူအန်းအန်းဖြစ်လာသည်။
"မေရေ
အဲ့လိုကြီးမကြည့်ပါနဲ့လား"
"ဘာကြောင့်လဲ
ပုံတူထဲမှာအသက်ဝင်လာဖို့ လိုတယ်မဟုတ်လား"
မေ့စကားကလည်းမှန်သည်။သို့သော် အသက်ဝင်လောက်သည်အထိ ပုံတူကဖောင်းကြွမနေလည်းဖြစ်သည်။ကျွန်မတို့ပန်းချီပြိုင်ပွဲဝင်ပြိုင်မှာမဟုတ်သလို ဒါက
အမှတ်တရအနေနဲ့သိမ်းထားမည့်အရာတစ်ခုပဲ။
နားသပ်စမှဆံချည်မျှင်တချို့ကလေအလွှင့်မှာ ကျွန်မမျက်နှာကိုလာရိုက်ခတ်ကြသည်။မေက ခပ်သွက်သွက်ပင်ကျွန်မဆံချည်မျှင်လေးများကို
နားနောက်သို့ သိမ်းသပ်တင်ပေးလာ၏။
လှိုက်ဖိုရသည့်ရင်တစ်စုံက
ကျွန်မအတွက်အံ့ဩမှုအပြည့်ဖြင့်သာ။
'အို
ငါဘာဖြစ်ရတာလဲ'
တဖက်မှ
မေရဲ့နှုတ်ခမ်းပါးလေးတွေကွေးညွတ်တာကအစ
ပါးနုနုထက်မှအမွှေးနုနုနှင့်သွေးကြောစိမ်းစိမ်းတွေအထိ အနီးကပ်စိုက်ကြည့်ပစ်လိုက်၏။
မေကဒဏ္ဍာရီဇာတ်လမ်းထဲကမင်းသမီးလေးလိုပဲ
မိန်းခလေးအချင်းချင်းပင်ရင်ဖိုဖွယ်လှပါသည်။
"ရိုစ့်
ဘာလို့ငါ့ကိုကြည့်နေတာလဲ"
"ကျွန်မမကြည့်ပါဘူး"
မုသားတချို့ရောစပ်၍
ရှက်ရှက်ဖြင့်ညာလိုက်သည်။လူမိခံသွားရသည်ကိုး ။
ပုံတူတစ်ခုသာ ရေးဆွဲပြီးသွားတယ် ကျွန်မတို့နှစ်ယောက်၏အကြည့်တို့ကမရပ်တန့်မိသည်အထိ။ပန်းချီဆရာအဘိုးကြီးက ပြီးပြီဆိုသည့်အကြောင်းပြောလာမှ
ပြန်လည်အသက်ဝင်လာကြသည်။
"အိုး
ဘုရားရေ ငါတို့သိပ်လှတာပဲ"
သွားတန်းဖြူညီဖွေးဖွေးတို့ပေါ်သည်အထိရယ်ပြုံးလာသည်။
အီဖယ်တာဝါနောက်ခံနှင့်
ရှေ့တွင် တစ်ယောက်ကိုတစ်ယောက်နူးညံ့စွာအကြည်စိုက်နေရင်းမှ
မေကကျွန်မဆံချည်မျှင်တို့ကို သပ်တင်ပေးနေလျက်။
ပန်းချီ၏လက်စွမ်းက မချီးကြူးဘဲမနေနိုင်အောင် အံ့မခမ်းလက်ရာမြောက်သည်။မကြာသည့်အချိန်တိုတွင်းရေးဆွဲခဲ့သည်မို့ ပိုပြီးချီးကြူးမိတော့သည်။
"ပါရီက
တကယ့်ကိုအနုပညာမြေပါ ။ကြည့်စမ်း ဘယ်လောက်တောင်လှလိုက်သလဲ "
နေ့တပိုင်းကျော်သည်အထိ အီဖယ်ခြေရင်းမှာနှစ်ယောက်သားသွားချင်သည့်နေရာကိုသွားလိုက်ကြ စားချင်တာတွေစားလိုက်ကြဖြင့်
အချိန်တွေကုန်ဆုံးရသည်။အခုလည်း Seineမြစ်ဘေးဝါကျင်ကျင်အဆောက်အုံတို့ရှိသည့်လမ်းတစ်နေရာမှာ နှစ်ဦးလုံးစကားတပြောပြောဖြင့်လျှောက်လှမ်းနေမိသည်။လမ်းထောင့်ချိုးတနေရာသို့ရောက်တော့ ကြီးမားသော
မေပယ်ပင်ခပ်အုပ်အုပ်အောက်ဘက်တွင် စားပွဲကုလားထိုင်များခင်ကျင်းထားသည့်
ကော်ဖီဆိုင်လေးတစ်ဆိုင်ဆီသို့ ကျွန်မအကြည့်တွေရောက်ရှိသွားသည်
။ဆိုင်လေးက လူအနည်းငယ်ဖြင့် အေးအေးလူလူရှိလှ၏။ဆိုင်နာမည်လေးက
café de France
ဟုအဆောက်အအုံအဝင်တွင်စာတန်းကြီးကြီးဖြင့်ရေးထိုးထားသည်။
"မေ
ဒီဆိုင်လေးမှာထိုင်ကြမလား?"
မေက
ကျွန်မညွှန်ပြသည့်ဆိုင်သို့လှမ်းကြည့်ပြီး ခေါင်းခါပြသည်။
"ဒီကဖေးက လူသိပ်မရှိတာသတိထားမိသလား
။အခုအချိန်က လူနည်းတယ် ညဆိုရင်တော့ ထိုင်လို့အကောင်းဆုံးအချိန်ပဲ
။ဒီဆိုင်အပြင်မှာထိုင်ပြီး ညဘက် ပါရီမြို့ခံတွေနဲ့ ခရီးသွားတွေရဲ့လှုပ်ရှားသွားလာမှုကို
ကြည့်ရတာ ပိုပြီးအရသာရှိတယ်။ဒါကြောင့်
ဒီဆိုင်ကိုညဘက်ကျမှ ရိုစ့်နဲ့ငါအတူတူလာကြမယ်။"
"မေက
ကျွန်မနဲ့အတူ ညဘက်ထိနေပေးနိုင်တယ်ပေါ့"
ခပ်ပြုံးပြုံးပင်
မေကဆိုလာသည်။
"ဒါပေါ့ ရှားရှားပါးပါးရတဲ့ငါ့ရဲ့
အားလပ်ရပ်ကို အကျိူးရှိရှိဖြန်းတီးပစ်မှာ။ငါ့မှာ အပေါင်းအသင်းသိပ်မရှိဘူး၊မိသားစုဆွေမျိုးမရှိဘူး
ဒါကြောင့် ရိုစ့်နဲ့တွေ့တဲ့အချိန်ခဏလေး
မင်းလည်းအဖော်ရပြီးအထီးမကျန်အောင် ငါကအဖော်ပြုပေးမယ်။"
ထိုစကားကိုပြောချိန် မေ့ရဲ့မျက်ဝန်းကြည်ပြာတို့ဟာ
ညှိုးနွမ်းနေတာကို ကျွန်မသတိထားမိသည်။မေပြောလိုက်တဲ့အချိန်
တွေ့ဆုံရတဲ့ခဏလေး ဟူသည်က ကျွန်မနှလုံးသားကိုလစ်ဟာစေသည့်ခံစားချက်မျိုး။တကယ်ပဲ
ဒီစကားက ဘာအရေးကြီးတာမဟုတ်ပေမယ့်
ကျွန်မအတွက်အထီးကျန်စေမည့်အငွေ့အသက်တို့ကို ရရှိနေလေ၏။
နှင်းဆီပျိုရေ
ပြင်သစ်ကိုလာခဲ့တာ နင်တစ်ယောက်ထဲလေ ။ဘာအတွက်ကြောင့်အဖော်မက်သွားရပြန်တာလဲ။
မိမိစိတ်ကိုပြန်လည်သတိပေးရသေး၏။
ကျွန်မရဲ့အတွေးတွေ
လည်ပြန်ထွက်သွားချိန် မေက လမ်းဘေးတစ်နေရာမှာ အငှားကားတစ်စီးကို
ငှားနှင့်နေပြီးဖြစ်သည်။
"ဟေး
ရိုစ့် မြန်မြန်လာ အချိန်သိပ်မရှိဘူး ငါမင်းကိုနေရာတစ်ခုကိုခေါ်သွားပါရစေ။"
ဟင် ကျွန်မလိုက်သွားလို့ဖြစ်ပါ့မလား
။ကျွန်မက တိုင်းတပါးသူ ပါရီရဲ့ဒေသအကြောင်းကိုလည်းမကျွမ်းကျင်သေး။
ခြေလျင်ခရီးတွေကကျွန်မအတွက် မျက်စိမလည်တတ်သော်ငြား
ကားဖြင့်သွားရမည့်ခရီးအတွက် ကျွန်မကို တနေရာရာမှ တစ်ခုခုဖြစ်ခဲ့လျှင်
သွားလာဖို့မကျွမ်းကျင်လှပေ။
"ရိုစ့်
ဘာတွေတွေးနေတာလဲ ။မဟုတ်မှ မင်း ငါ့ကိုများမယုံလို့လား? "
ကျွန်မ
အဖြေရခက်ပါပြီ။
"ဆောရီးပါ
ရိုစ့် ငါစိတ်လောသွားလို့ မင်းအဆင်မပြေရင် ငါတို့မသွားလည်းဖြစ်တယ်။"
မေတစ်ယောက်
ကားနားမှခွာကာ ကျွန်မဆီသို့လှမ်းရန်ခြေလှမ်းတို့ပြင်နေချိန် ကျွန်မ ကားရှိရာဆီသို့သွားကာ
ကားတံခါးဖွင့်လိုက်သည်။
"သွားကြမယ်လေ
မေ"
~~~
ကားမှန်များမှကျော်ဖြတ်ပြီးတိုက်ခတ်လာသည့်လေဟာ
အေးမြလန်းဆန်းစေ၏။ဘယ်ဆီဘယ်ဝယ်မှန်းမသိသော်ငြား ယခုဖြတ်သန်းခဲ့သည့်ခရီးတိုမှာ
အဝေးပြေးလမ်းမတစ်ခုဖြစ်ဟန်ပုံပေါ်သည်။ကျွန်မ၏ဦးတည်ချက်တွေက မေခေါ်ရာနောက်သို့
ကပ်ပါလျက်။ပြန်တွေးကြည့်မိတော့ ကျွန်မကအလွန်ပဲမေ့ကိုယုံစားမိလေသလား။
မေ့ကိုကြည့်တော့ အေးအေးလူလူပင် လက်တဖက်ကို ကားတံခါးပေါ်မှာဆန့်တန်းရင်း
တလူးလူးတိုက်ခတ်နေသည့် လေထဲ၌လွင့်မျောစေသည်။ မေက လွတ်လပ်ပေါ့ပါးသော
ကလေးငယ်တစ်ဦးလိုပဲ။
နောက်ထပ်ပတ်ဝန်းကျင်မှမြင်လိုက်ရသည့်
ခရမ်းပြာရောင်လွင်ပြင်ကျယ်ကြောင့် ကျွန်မမျက်လုံးအစုံဝိုင်းကျယ်သွားရသည်။ ဒါ
လာဗန်ဒါပန်းခင်းကြီးမဟုတ်လား။ လာဗန်ဒါပန်းခင်ကြီးဟာ
အဆုံးမရှိသောပင်လယ်ကဲ့သို့တမျှော်တခေါ်ရှိနေ၏။ကြည့်စမ်း ကျွန်မမေ့နေလိုက်တာ
ပြင်သစ်မှာ လာဗန်ဒါတွေပေါများစွာရှိတဲ့အရပ်ဆိုသည်ကို။
“ရိုစ့်
ရှေ့ရောက်ရင်ငါတို့ကားပေါ်က ဆင်းကျမယ်နော်”
မေ့အသံကိုကျွန်မကြားသော်လည်း
စကားပြန်မဆိုမိ။
ပထမဦးစွာ
ကားလေးလမ်းဘေးတနေရာသို့ထိုးရပ်လိုက်သည်နှင့် ကျွန်မတို့ကားပေါ်ကလျှင်မြန်စွာဆင်းကာ
ခုန်ပေါ်မတက်မြူးထူးမိကြသည်။
မေက အရှေ့ထိပြေးကာ
လာဗန်ဒါပန်းခင်းကြီးအတွင်း လိပ်ပြာငယ်လေးလို ပျော်မြူးနေ၏။ကျွန်မကို
လက်တစ်ဖက်မြှောက်ကာ လှမ်းခေါ်လာတာမို့ မေ့ဆီကိုသွားလိုက်သည်။
လာဗန်ဒါတွေရဲ့မွှေးရနံ့ကစိတ်ကိုကြည်လင်စေပြီး
ကျွန်မကိုအိမ်မက်ကမ္ဘာအတွင်းခေါ်ဆောင်သွားစေသည်။တနေရာမှကွက်မနေပါဘဲ
ခရမ်းသွေးရောင်လွှမ်းခြုံလျက် လေယူရာတိမ်းလျှင် ယိမ်းနွှဲ့တတ်ကြသေး၏
ကျွန်မလိုစာရေးဆရာမတစ်ဦးအတွက်
မည်သည့်စကားလုံးကကျွန်မရဲ့စိတ်ချမ်းသာမှုတွေကို ပုံဖော်စာစီနိုင်ပါမည်နည်း။
ရုတ်တရက်
မေက လာဗန်ဒါပန်းစုလေးကို အနည်းငယ်နှုတ်ယူလိုက်တာကြောင့် ကျွန်မလှမ်းတာလိုက်မိသည်။
“ဘာလို့ပန်းကိုနှုတ်လိုက်တာလဲ
မေ”
မေ့မျက်နှာမှာအပြုံးနုနုလေးတို့
ခေတ္တပျောက်ကွယ်သွားရကာ တဖန်ပြန်၍ဖြစ်တည်လာပါသော ပါးချိုင့်ငယ်လေး။
“ပန်းလေးတွေက
သူ့အုပ်စုနဲ့သူ့အလှတရားကပြီးစုံနေပြီးသားလေ မေရဲ့ မေဒီလိုခူးယူလိုက်တော့
ပန်းရဲ့အလှတရားက သီးသန့်ဆန်သွားရော ကြာကြာရှိနေမယ့်လှပလန်းဆန်းမှုက
ခဏအတွင်းမှာညှိုးနွမ်းခြောက်သွေ့သွားနိုင်တယ်”
“အဲ့ဒီ့လိုလား
? ဒါပေမယ့် ငါဒီပန်းလေးကို ရိုစ့်အတွက်ပေးချင်လို့လေ”
ကျွန်မထံပန်းတွေကိုင်ထားသည့်
မေ့လက်တဖက်က ဆန့်တန်းလာလေသည်။ကျွန်မပြောလိုက်တာမှားသွားချေပြီလားဟု
အားနာမိရသေးသည်။မေကဖြင့် ကျွန်မကိုအာရုံမရှိတော့ပါပဲ ပန်းခင်းအတွင်းခုန်ပေါက်ပြေးလွှားနေတော့သည်။
“မေရေ
ချော်လဲမယ် သတိထားအုံးလေ”
ကလေးငယ်ကိုစိုးရိမ်မှုမျိုး
ကျွန်မတွင်ရှိနေ၏။သို့သော် ကျွန်မစိတ်တွေလည်း ပေါ့ပါးအေးချမ်းနေရသည်။
.............
ညနေစောင်းအချိန်တော့
နှစ်ဦးသားမောပန်းသွားရကာ အလာတုန်းကလိုစကားမပြောဖြစ်ကြဘဲ
ကားပေါ်မှာတိတ်တဆိတ်လိုက်ပါလာခဲ့ကြသည်။ကားမောင်းသူ ဖွင့်ထားသော
အဆိုတော်ကြီးဘွန်ဂျိုဗီ၏ငယ်စဉ်က ကျွန်မနှစ်သက်ရသည့် I be there for you, မကြာသေးခင်ထွက်ရှိထားသော
always သီချင်းလေးတွေ
ရေဒီယိုလိုင်းတစ်ခုမှလွှင့်ပျံနေလျက်။
“ရိုစ့်
အဆိုတော်ဘွန်ဂျိုဗီကိုကြိုက်လား “
“အင်း
မေကရော”
“ကြိုက်တယ်”
“ဘယ်သီချင်းအကြိုက်ဆုံးလဲ”
“Naver
Say Goodbye”
မေက
သီချင်းနာမည်ကိုပြောပြီး ကျွန်မပုခုံးပေါ်သို့ခေါင်းလေးမှီတင်ကာ မျက်ဝန်းများကို
မှေးမှိတ်ထား၏။ မေ့ထံသို့ ခေါင်းငဲ့ကြည့်ရင်း ကျွန်မလည်းမည်သည့်စကားမျှမဆိုမိတော့၊
နှစ်ဦးသားကြားပြန်လည်တိတ်ဆိတ်သွားစေခဲ့သည်။
မေက
ကျွန်မနေသည့် ဟော်တယ်ရှန်ဂရီလာအထိလိုက်ပို့မည်ဟုပြောပြီး အဲ့ဒီ့မတိုင်ခင်
ကျွန်မသွားချင်သည့် café de France အတူတူသွားဖို့တိုင်ပင်ထားကြသည်။
သို့သော်
ပါရီမြို့ထဲဝင်ဝင်ချင်း မေ့ထံမှဖုန်းသံထွက်ပေါ်လာကာ ဖုန်းနံပါတ်ကိုကြည့်ပြီး
မေကပျာယာခတ်သွားဟန်တူသည်။
တဖက်နှင့်မေတို့ကြား
အချင်းချင်းပြင်သစ်ဘာသာစကားဖြင့်ပြောဆိုကာ
မေ့မျက်နှာကပြိုကျတော့မည့်တိမ်ဆိုင်ငယ်လိုဖြူဖျော့နေလေ၏။
“ဘာဖြစ်လို့လဲမေ”
“ရိုစ့်
ငါပြန်ရတော့မယ် လိုက်မပို့ဖြစ်တော့လို့အားနာပါတယ် ငါဒီမှာပဲဆင်းနေခဲ့တော့မယ်
ကားဆရာကမင်းဟော်တယ်ကိုရောက်အောင်ပို့ပေးလိမ့်မယ် အဲ့ဒီ့အတွက်စိတ်မပူနဲ့နော်”
မေပြောလာသည့်စကားတို့ကိုနားထောင်ရင်း
ကျွန်မမျက်နှာသည်လည်း
ဇီးရွက်လောက်သာရှိပါတော့သည်။ကျွန်မကိုယ်ကျွန်မစိုးရိမ်တယ်ဆိုတာထက်
မေနဲ့ဗြုန်းစားကြီးလမ်းခွဲရတော့မည်ဆိုတော့ လစ်ဟာပြုတ်ထွက်သွားသည့်
နှလုံးသားတစ်စုံထံမှာ အထီးကျန်မှုတို့အစားထိုးဝင်ရောက်လာကြတော့သည်။
“မေ
ငါမင်းကိုဆက်သွယ်လို့ရနိုင်မလား”
ကားအပြင်ကိုရောက်နှင့်နေပြီဖြစ်သည့်မေက
ဖုန်းနံပါတ်တွေကို ခပ်ကျယ်ကျယ်ရွတ်ဖတ်ပြသည်။
ဦးနှောက်ထဲမှာမှတ်သားနေရင်း
ဘေးမှဖြတ်သွားသောဆူဆူညံညံကားစက်သံကြောင့်
နောက်ဆုံးနှစ်လုံးကိုကျွန်မကောင်းစွာမကြားလိုက်ပါပေ။မေကတော့
လမ်းတဖက်သို့အပြေးကူးသွား၍ ကျွန်မနှင့်ဆန့်ကျင်ဘက်အရပ်သို့
ကားတစ်စီးငှားကာထွက်သွားပြီဖြစ်သည်။
ကံကောင်းစွာနှင့်
တစ်ကြိမ်သောဆုံစည်းမှုလေးပဲဖြစ်ဖြစ်ပြန်ဆုံတွေ့ချင်ပါရဲ့လေ။
ဟော်တယ်သို့ရောက်တော့
ကောင်းစွာအနားယူဖို့ပြင်ဆင်ရတော့သည်။သိုသော်လေးလံထိုင်းမှိုင်းစေသည့် စိတ်ကြောင့်
ကျွန်မကောင်းကောင်းအနားမယူနိုင်ခဲ့။အထီးကျန်ခြင်းဆိုသည့်
စကားလုံးမရှိခဲ့သည့်ကျွန်မအတွက် တနေ့တာသာ တွေ့ဆုံခွင့်ရခဲ့သည့်မေနှင့် ခွဲခဲ့ရပြီး
အခုကျွန်မတစ်ယောက်ထဲရှိနေသည့်အချိန်မျိုးမှာ အထီးကျန်ခြင်းတွေကြီးစိုးလာလေတော့သည်။တပြိုင်နက်တည်းမှာ
အားငယ်မှုတို့ပါရောယှက်လျက်။
ကုတင်ဘေးစားပွဲပေါ်တွင်
ချထားသော ကျောပိုးအိပ်အတွင်းမှ ထိုးထောင်ထွက်နေသည့် စက္ကူဖြူဖြူလိပ်ကို
ဆွဲထုပ်လိုက်ပါရင်း သေသေချာချာဖြန့်ကြည့်မိသည်။ကျွန်မကို
စိုက်ကြည့်နေသည့်မေ့အကြည့်တွေက ငေးငေးစစလေးဖြစ်နေပြီး ပန်းချီဆရာထည့်ဆွဲထားသော
ကျွန်မပုံမှာ ပါးနှစ်ဖက်က ပန်းရောင်သန်းနေသေး၏။
ဒါမျိုးတွေက
ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်မှာဖြစ်ပေါ်တတ်သည့်
ချစ်စရာပုံရိပ်လေးပင်မဟုတ်လား ။ဘာလို့ မေနဲ့ ကျွန်မပုံဖြစ်နေရတာပါလိမ့်။
ရုပ်တရက်
မှန်တံခါးချက်မှာ တတောက်တောက်မြည်သံနှင့်အတူ
မိုးသီးမိုးပေါက်တို့ပြေးခုန်ကျဆင်းလာတော့ မှန်တံခါးဆီသို့လျှောက်သွားကာ
မိုးစက်တွေကြားက အီဖယ်တာဝါကိုငေးမောကြည့်မိသည်။တနေ့လုံး သတိတယရှိပြန်လာသည့်မှတ်ဉာဏ်တွေကြောင့်
ကျွန်မကျေကျေနပ်နပ်ပြုံးမိလိုက်ပါတော့သည်။
မေနဲ့ထပ်တွေ့ခွင့်လေးရချင်ပါရဲ့
~~~
မနက်သစ်ကိုနိုးထပြန်တော့
ဒီနေ့အတွက်လည်းအားအင်မွေးရပြန်သည်။ရေချိုးပြီး လွယ်လင့်ပေါ့ပါးသည့်အညိုရောင်
ဂါဝန်တစ်ထည်ကိုမြန်မြန်ဆန်ဆန်လှဲလှယ်ရင်း မိတ်ကပ်ပါးပါးလိမ်းခြယ်ကာ
ဟော်တယ်မှကျွေးသောမနက်စာကိုခပ်မြန်မြန်စားသုံးလျက် သွားလိုရာအရပ်ကိုလျှင်မြန်စွာ
ထွက်ခွါခဲ့တော့သည်။
မနေ့က
မေနဲ့ဆုံခဲ့သည့် နေရာသို့ဦးစွာလာကြည့်မိသည်။မေတော့ရှိမနေ။Eiffleကိုမျက်နှာမူနေသည့်ပန်းခြံရယ်၊ရင်ပြင်ပြန့်ကျယ်ကျယ်ပေါ်မှ
သံစုံတီးဝိုင်းများ၊Seineမြစ်ငယ်ဘေးနားထိုင်ခုံနေရာမကျန်
မေ့ကိုတွေ့လိုတွေ့ညားလိုက်ရှာနေမိသည်။အရိပ်အယောင်ပင်မြင်ရခက်ခက် ။ကျွန်မအဖြစ်က
ကောက်ရိုးပုံအတွင်းအပ်ပျောက်ရှာသလိုနယ်။
ပန်းချီဆရာအဘိုးထံသို့
မေ့အကြောင်းလေးသိလိုသိရညား သွားမေးကြည့်သော်လည်း လာနေကျဖြစ်၍
နာမည်မှလွဲ၍ဘာတခုမျှမသိကြောင်းပြောလာသည်။
ရှာဖွေရတာမောပမ်းလာ၍နောက်ဆုံးသော
အားအင်ဖြင့် café de France ကိုသွားရန်ဦးတည်လိုက်ပြီးမှ
မေပြောခဲ့သည့် ငါနဲ့အတူတူသွားကြရအောင် ဆိုသည့်စကားကိုပြန်ကြားယောင်စေသည်။မေ မပါဘဲ
တစ်ယောက်ထဲသက်သက် သွားချင်လိုစိတ်မရှိတော့ပါဘဲ
ပန်းချီဆရာအဘိုးဘေးနားမှာသာငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။
တနေ့လုံးကင်မရာတစ်လုံးကိုကိုင်၍
ဟိုဟိုဒီလျှောက်သွားဖြစ်တော့ လမ်းပေါ်မှမြင်မြင်သမျှအရာတို့ကို
မှတ်တမ်းယူမိလျက်သား။အရင်နေ့တွေတစ်ယောက်ထဲသွားလာခဲ့သည့် နှစ်ပတ်ကျော်သုံးပတ်က
ပုံမှန်လိုနေထိုင်လှုပ်ရှားခဲ့သော်လည်း မေနဲ့ကုန်ဆုံးရသည့်
တစ်ရက်တာပြီးသည့်နောက်မှာ ကျွန်မပျင်းရိလာရသည်။မည်သည့်အရာကိုမျှစိတ်ကူးဖြင့်ငေးမောမနေမိတော့။ဒီလိုနဲ့ပဲ
ကျွန်မတစ်နေ့တာက နှေးကွေးစွာကုန်ဆုံးရပေအုံးတော့မည်။
သုံးရက်။
ဒီနေ့နဲ့ဆို
မေ့ကိုရှာမတွေ့တော့တာ သုံးရက်ရှိခဲ့ပြီဖြစ်သည်။ဟော်တယ်ကနေ စထွက်သည်နှင့်တက်ကြွရွှင်လန်းစွာထွက်သွားသည့်ကျွန်မက
ဟော်တယ်သို့အပြန်လမ်းတွေမှာ လေထိုးအရုပ်ငယ်လေလျော့နေသည့်အတိုင်း
စီးထားသည့်ဖိနပ်ပါးပါးကိုပင်မသယ်ချင်လောက်အောင် လေးလံလို့နေရသည်။
လမ်းမီးရောင်ထိန်ထိန်အောက်မှာ။ကျွန်မလိုဖြတ်သန်းသွားလာနေကျသူများပြားရှိနေကြပြီး
အားလုံးဟာသူ့အခြေအနေနှင့်သူ။
Cafeဆိုင်လေးတစ်ခုဘေးရောက်တော့
ဆိုင်ဘေးတွင်ရှိနေသော ဆေးအနည်းငယ်မှိန်လျော့နေသည့် အနီရောင်payphone အိမ်လေးတစ်ခုတွေ့မိသည်။
အကြံကောင်းတစ်ခုအနေဖြင့် ကျွန်မကျောပိုးအိပ်အတွင်းမှမှတ်စုစာအုပ်ကိုဖွင့်ကာ
မှတ်သားထားသောဖုန်းနံပါတ်လေးတစ်ခုကို ရှာကာ payphone အိမ်ငယ်အတွင်းဝင်၍
အကြွေစေ့အနည်းငယ်ကိုထည့်လိုက်သည်။ဖုန်းခွက်ကိုကိုင်ကာ
ဖုန်းနံပါတ်တွေကိုရိုက်နှိပ်တော့
ပထမတပ်ဆင်ထားခြင်းမရှိကြောင်းပြောသည်။သဲကွဲသေချာစွာမကြားလိုက်မိသည့်
နံပါတ်နှစ်လုံးကို လျှောက်နှိပ်ကာခေါ်တော့လည်း ဖုန်းကဆက်မရ။နောက်နံပါတ်တစ်ခုကို
ထပ်နှိပ်တော့ ဖုန်း ခေါ်ဆိုမှုကားဝင်သွားသည် ။
“ဟယ်လို
မေလား ?ကျွန်မက ရိုစ့်ပါ”
တဖက်မှဖုန်းမှားနေသည်ဟုပြောကာ
ဖုန်းချသွားသည်။နောက်ထပ်ခေါ်ဆိုမှုအတွက် အနည်းငယ်ကျန်ရှိနေသော
အကြွေစေ့ကိုအသုံးပြုရပြန်တော့သည်။
နောက်ထပ်
ဆက်၍ရသွားသောဖုန်းလေးကြောင့် ကျွန်မဝမ်းသာစွာပင်။
“ဟယ်လို
မေလား ?ကျွန်မက ရိုစ့်ပါ”
တဖက်မှခေတ္တတိတ်ဆိတ်သွားသည်။
“ဟယ်လို
မေ?”
မည်သည့်အသံမျှထွက်ပေါ်မလာ၍
ကျွန်မဘာပြောရမည်မှန်းမသိ အခြေအနေကအနည်းငယ်ကသိကအောက်ရှိလှသည်။
“မေ့ဖုန်းဟုတ်တယ်
မဟုတ်လားဟင်!”
“အင်း”
ဖုန်းကိုင်ထားသည့်
ကျွန်မလက်တွေအနည်းငယ်တုန်ယင်သွားရသည်။မေ့ အသံလေးကြားရချိန်
နှလုံးသားအတွင်းနွေးထွေးမှုတို့ဝင်ရောက်လျက် စိတ်လှုပ်ရှားခြင်းအပြည့်မို့
ဘာပြောရမှန်းမသိအောင်ဖြစ်မိသည်။
“နေကောင်းရဲ့လား
မေ?”
မေ့ဘက်ကအသံဟာ
တိတ်ဆိတ်ပြီးလေသံတိုးတိုးသာကြားနေရသည်။ထိုအချိန်မှာပဲ payphone မှဖုန်းကျတော့မည့်အချက်ပေးသံထွက်ပေါ်လာသည်။လက်ထဲမှကိုင်ထားသည့်ပိုက်ဆံအိပ်အတွင်းအကြွေစေ့ကိုလျှင်မြန်စွာ
ရှာဖွေရသည်။ကံကကိုယ့်ဘက်မှာမပါလေတော့ အကြွေစေ့တစေ့တောင်ရှိမနေလေတော့။
တူ တူ
တူ ။
“ဖုန်းကျတော့မယ်
မေရေ သတိ....”
တူတူတူ
တူတူတူ။
ဟူး။
ဖုန်းခွက်ကိုဂွပ်ကနဲမြည်အောင်ချ၍
payphone အကာတဖက်ကိုမှီချလိုက်သည်။
နောက်ဆုံးတော့
မေ့ထံမှဖုန်းနံပါတ်အမှန်ကိုသိခဲ့ပြီမဟုတ်လား ။အပိုအနေနဲ့ မေ့အသံလေးကိုလည်း
ကြားခွင့်ရသေးသည်။
ထိုသို့ကောင်းတဲ့ဘက်က
တွေးလိုက်တော့ ကျွန်မခြေလှမ်းတွေ ဟော်တယ်အပြန်လမ်းမှာတက်ကြွပေါ့ပါးလို့နေ၏။
ယနေ့
စိတ်အားထက်သန်စွာဖြင့် Pantheon ကိုလည်ပတ်ဖို့ရွေးချယ်မိသည်။ပြင်သစ်၏အထင်ကရ
ဖြစ်သည့် Pantheon အဆောက်အအုံသည်
ပါရီ၏ထိပ်တန်းလည်ပတ်မှုစာရင်းတွင်နံပါတ် တစ်ဖြစ်သည်မို့ ချန်ထားခဲ့လို့မရ။
ပြင်သစ်၏အမွှေအနှစ်
ပစ္စည်းများပြသထားရှိပြီး နံရံဘေးတွင် ရုပ်လုံးကြွပုံဖော်ထားသောရုပ်ထုများ
လက်ရာမြောက်လှပေသည်။အဆောက်အအုံအတွင်း ကျယ်ပြန့်ပြီး အမိုးနံရံတွင် ရေးဆွဲထားသော
ဆေးရေးပန်းချီပေါင်းစုံအပြည့်ဖြင့်တင့်တယ်လွန်းလှသည်။
နှစ်နာရီကြာလည်ပတ်ပြီးစီးသည့်အချိန်မှာ
တနေကုန်မလည်ပတ်ချင်စိတ်မရှိတော့တာမို့ ဟော်တယ်သို့ပြန်လာခဲ့သည်။
ဟော်တယ်သို့ရောက်တော့အဆောက်အအုံရှေ့တွင်
ရပ်နေသောအမျိုးသမီးတစ်ယောက်က ကျွန်မလက်ကို လှမ်းဆွဲလာသည်။
“ရိုစ့်”
သူမက
ပါဝါစိမ်းနုနုလေးကို ခေါင်းမှာခြုံလွှမ်းထားပြီး ကျွန်မကိုစတွေ့တုန်းကလို
ဖော်ရွေစွာပြုံးပြလာသည်။
“မေ”
“ငါမင်းဆီကိုအလည်လာတာ
“
“ကျွန်မဒီမှာနေမှန်း
မေဘယ်လိုသိတာလဲဟင်”
“လာဗန်ဒါတွေကိုသွားကြည့်တဲ့နေ့က
ကားမောင်းသူကို မင်းနေတဲ့နေရာပြောပြခဲ့တယ်မလား “
ဟုတ်တာပဲ
။
“လာ ကျွန်မအခန်းထဲကိုလိုက်ခဲ့”
ဟော်တယ်မှာရှိသည့်
ကျွန်မငှားထားသည့်အခန်းဆီသို့ မေ့ကိုခေါ်လာခဲ့သည်။
အခန်းထဲရောက်တော့
မေက လှည့်ပတ်ကြည့်နေလေသည်။မေက လသာဆောင်အပြင်သို့ထွက်၍ လှမ်းမြင်နေရသည့်
အီဖယ်တာဝါကိုအချိန်အကြာကြီး စိုက်ကြည့်နေခဲ့၏။
“ခေါင်းပေါ်ကပုဝါကြီးမဖယ်တော့ဘူးလားမေ”
မေက
ခေါင်းမှာလွှမ်းခြုံထားသော ပုဝါစကိုဖယ်ရှားလိုက်တော့ တွေ့ချင်နေသည့်
မေ့မျက်နှာလေးကိုငေးလျက်သားမှ ကျွန်မမျက်လုံးတွေဝိုင်းစက်သွားရသည်။
“မေ ဒါက
ဘယ်လိုဖြစ်တာလဲ”
မေ့ပါးဖြူဖြူထပ်မှာ
ညိုမဲနေသည့်ဒဏ်ရာတစ်ခုကြောင့် ကျွန်မစိတ်ထဲပူလောင်စွာ မေးမြန်းမိတော့ မေက
နွမ်းလျစွာရယ်ရုံရယ်ပြသည်။
“ချော်လဲလို့ဒဏ်ရာရသွားတာပါ”
လေအဝေ့မှာ
ရွှေအိုရောင် မေ့ဆံနွယ်တို့ကဝဲလွင့်လျက် ။မေ့မျက်နှာက
ခပ်နွမ်းနွမ်းအပြုံးတစ်ခုဟာဖြင့်
အခုထိပျောက်ကွယ်မသွားသေးပေ။ကော်ပတ်ရုပ်လေးလို့လှလွန်းသည့် မျက်နှာထပ်
အညိုအမဲဒဏ်ရာဟာ အကျည်းတန်လွန်းလှသည်။
“မေ့ကို
ဒီရက်ပိုင်းရှာခဲ့သေးတယ် “
“ဘာကြောင့်လဲ”
တိကနဲ့ခပ်ပြတ်ပြတ်အမေးမှာ
ကျွန်မတွင်ဖြေစရာအဖြေကပျောက်လျက်သား။ဘယ်လိုဖြေရမလဲ သတိယလို့ပါ
ပြောရမလား၊တွေ့ချင်လို့ပါလို့ပြောရမလား ။သေချာသည်က ကျွန်မ၏အဖော်မဲ့သလိုခံစားချက်က
ဗိုက်ဆာနေသည့်ကလေးငယ်တစ်ဦး အစာကိုငတ်မွတ်တောင့်တနေသလိုမျိုး။
“ဘာကြောင့်လဲ
ရိုစ့်”
“ဒီအတိုင်း
...”
“ငါလည်း
ရိုစ့်ကိုနောက်ထပ်တွေ့ချင်နေခဲ့တာ ဘာကြောင့်လဲ ဆိုတော့ ရိုစ့်ကိုသဘောကျလို့ “
“ဟင် !”
ပွင့်လင်းလွန်းသည့်
မေ့စကားက ကျွန်မရင်ကိုသိမ့်ကနဲလှုပ်ခတ်စေသည်။မေနဲ့တွေ့ကတည်းက မေ့အကြည့် ၊မေ့အပြုံး
၊မေ့စကားပြောဟန်က ကျွန်မနှလုံးသားကို မသိသာရော သိသိသာသာရော ကိုင်လှုပ်နိုင်သည်။မေက
ကျွန်မကိုဘာဖြစ်စေချင်တာလဲနော် ။
“အံ့ဩသွားတာလား
“
“ဟင့်အင်း
မအံ့ဩပါဘူး ကျွန်မလည်း မေ့ကိုသဘောကျပါတယ်”
မေရော
ကျွန်မပါ ပြိုင်တူပြုံးမိလိုက်သည်။နှစ်ဦးသား၏ရင်ထဲမှာတော့
ခံစားချက်တွေပေါက်ဖွားမှုက မပြောဖြစ်ကြပေမယ့်တူညီ နေလိမ့်မည်။
“မေ
ပါးကဒဏ်ရာကမနာဘူးလား”
“ဟင့်အင်း
“
မေ့ပါးဖြူဥဥထက်သို့
လက်လှမ်းကာ ကိုင်တွယ်မည်ပြုတော့ မေကကျွန်မလက်ကိုရှောင်ကာ ဖမ်းကိုင်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး
သက်သာသွားမှာပါ”
“ဆေးတခုခုတော့လိမ်းထားလိုက်ပါလား
မေရယ်”
“ဒီလောက်ဒဏ်ရာက
ငါ့အတွက်မပြောပလောက်ပါဘူး “
မေက
ပြောပြောဆိုဆိုနှင့်အခန်းအတွင်းသို့ဖြေးညှင်းစွာလျှောက်သွားသည်။ပြီးတော့
စားပွဲပေါ်မှ နာရီကိုတစ်ချက်စောင့်ငဲ့ကြည့်ကာ ကျွန်မဘက်ကိုပြန်လှည့်လာသည်။
“ငါသွားတော့မယ်
မင်းကိုတွေ့ချင်လို့လာခဲ့တာ။ အခုမင်းကိုလည်းတွေ့ရပြီးပြီဆိုတော့ ငါပြန်ရတော့မယ်”
အတင်းကာရောနှုတ်ဆက်နေသော
မေ့ထံသို့ခြေလှမ်းကျယ်ဖြင့်လျှောက်ကာ မေ့လက်ကိုဆွဲထားမိသည်။
“ကျွန်မ
မေနဲ့ပြန်တွေ့ချင်တယ်”
“ဒါပေါ့
ငါတို့နောက်ထပ်တွေ့ရအုံးမှာပါ”
ပြောပြီးသည်နှင့်ကျွန်မလက်ဖမိုးကိုမြှင့်မြှောက်ကာ
ခပ်ဖွဖွနမ်းပြီး အခန်းထဲမှထွက်သွားသည့်
မေရဲ့ကျောပြင်ကိုကြည့်ရင်စသာကျန်နေရစ်တော့သည်။
နောက်ထပ်ဆိုတာ
ဘယ်တော့များလဲ မေရယ်။
အီဖယ်တာဝါနောက်တွင်
တရွေ့ရွေ့ငုပ်ရှိုးသွားသော နေဝန်းနီနီဟာပျောက်လုနီးနီးဖြစ်နေလေပြီ။ညနေဘက်မို့
တိမ်တိုက်တို့သည်လည်း နေရောင်ပင့်ထိုးထားခြင်းခံထားရတာကြောင့် လိမ္မော်ရောင်တောက်တောက်သို့ပြောင်းနေပြီး
ညနေခင်းဟာ ပုဇွန်ဆီရောင်သန်းနေလေ၏။
ဒီလိုအချိန်ထိ
ပါရီ၏ညနေခင်းတို့ဟာလှပနေဆဲ။ပါရီကိုလည်ပတ်ရတာမရိုးနိုင်သေးသော်ညား အခုတော့
ကျွန်မခြေငြိမ်နေမိသည်မှာ သုံးရက်မျှရှိခဲ့ပြီ။
အခုလည်း
ကျွန်မကိုအဖတ်မလုပ်သည့်ပန်းချီဆရာအဘိုးအိုဘေးတွင် ထိုင်နေသည်မှာ
ဘယ်နှစ်နာရီရှိပြီမှန်းမသိ။
အဘိုးအိုရှေ့က
ပန်းချီဆွဲခိုင်းသူတို့ပင်တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားပေမယ့် ကျွန်မကတော့
ဘေးမှတစ်ချိန်လုံးငုပ်တုတ်ရှိနေခဲ့သည်။
“အဘိုးက
ပန်းချီဆွဲတာဒီလောက်တော်နေတာကို ဘာလို့ဒီမှာပဲအမြဲထိုင်ဆွဲနေရတာလဲ?”
အဘိုးအိုက
ကျွန်မကိုအဖတ်ပင်မလုပ် ဆွဲလက်စပန်းချီကိုသာ အာရုံစိုက်နေ၏။
“အဘိုးပန်းချီတွေကို
ပြခန်းတခန်းလောက်မှာ လှလှပပချိတ်ဆွဲပြီး
ကြည့်ရှုသူတွေကိုဖိတ်ခေါ်သင့်တယ်မထင်ဘူးလား?”
“အဲ့တာတွေကို
ငါမနှစ်သက်ဘူး ။ငါကဒီနေရာလေးကိုပဲ သဘောကျတာ”
“ဘာလို့လဲ?”
“ပါရီကိုဘာကြောင့်အချစ်ရဲ့မြို့တော်လို့ခေါ်ကျသလဲ
သိလား?”
“ပါရီက
လှပပြီး vantage ဆန်လို့လား၊
အီဖယ်တာဝါရှိလို့လား?”
“မင်းပြောတာလဲ
တစ်စိတ်တစ်ပိုင်းတော့ဟုတ်ပေမယ့် အကြောင်းအရင်းက
ပါရီမြို့ခံလူတွေကြောင့်လို့ဆိုရမယ်”
“ပြောပြပါလား
အဘိုး”
“အီဖယ်ကို
ဇန်နဝါရီ ၂၆ရက် ၁၈၈၇မှာ အုတ်မြစ်ချပြီး မတ်လ ၃၁ရက် ၁၈၈၉မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်
ဘယ်လောက်အချိန်ကြာသလဲ?”
“အတိအကျပြောရရင်
၂နှစ်နဲ့ ရက်ပေါင်း၆၅ရက် ။”
အဘိုးအိုက
ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆက်ပြောလာသည်။
“ကမ္ဘာပေါ်ကအလှတရားတွေထဲက
တခုအဖြစ် ပါရီမှရှိတဲ့ အီဖယ်တာဝါကို တစ်ချိန်က ပြင်သစ်တော်လှန်ရေးအပြီးမှာ
အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ဖို့ Gustave Eiffel က အစီအစဉ်ဆွဲခဲ့တယ် ။အဲ့ဒီနောက်
လူအင်အား၊ငွေအင်အား၊အချိန်တွေရင်းပြီး ပြီးစီးသွားတော့ Gustave Eiffel ရဲ့တာဝါအမည်ကို
အီဖယ်လို့ပဲအစွဲပြုခေါ်ဝေါ်ကြတော့တယ်။ Gustave Eiffel နဲ့ဆောက်လုက်ခဲ့တဲ့
အင်ဂျင်နီယာတွေကတော့ ၁၉၀၉ခုနှစ်အထိ ခိုင်ခံ့ပါတယ်ဆိုပြီး ရက်လွန်ပေးခဲ့ပေမယ့်
မယုံနိုင်စရာ သူတို့အားလုံးရဲ့စေ့စပ်သေချာကြိုးစားမှုေတွက
ဒီကနေ့ထိမင်းရှေ့မှာရှိနေခဲ့တာပဲ”
အဘိုးအိုက
လက်ထဲက ဆုတ်တံကိုအောက်သို့ချကာ ကျွန်မကိုတစ်ချက်လှည့်ကြည့်သည်။
“ငါတို့ပါရီမြို့ခံတွေဟာ
ဒီအီဖယ်လိုပဲ ငါတို့ရဲ့ချစ်ခြင်းတရားတွေနဲ့သစ္စာတည်မြဲမှုက
ခိုင်ခံ့တည်မြဲရမယ်လို့ ယုံကြည်ကြတယ်။ဒါကြောင့် ငါတို့ဟာလူတစ်ယောက်ကိုချစ်မိပြီးရင်
သစ္စာမပျယ်ချစ်တတ်ကြပြီး လက်ထပ်ထိမ်းမြှားတဲ့အခါမှာလည်း
အီဖယ်ရှေ့မှာပဲကျမ်းသစ္စာဆိုကြတယ်။သူတို့အိမ်ထောင်ရေးကို ခိုင်မြဲစေချင်တဲ့သဘော။
တစ်စုံတစ်ယောက်က ဒီမှာ စောင့်နေပါလို့မှာခဲ့ရင်လည်း
ငါတို့ကသစ္စာရှိရှိစောင့်ခဲ့ကြတယ်။”
“ဒါကြောင့်
နိုင်ငံရပ်ခြားကလူတွေပါ ဒီအထိလာပြီးချစ်ခွင့်ပန်တာတို့ လက်ထပ်တာတို့လုပ်ကြတာပေါ့။
ဟွန်း ဒါပေမယ့် ကျွန်မမေးတဲ့
အဘိုးဒီမှာဘာကြောင့်ပန်းချီဆွဲတာလဲဆိုတဲ့မေးခွန်းနဲ့တခြားဆီပဲ။”
“မင်းက
သဘောမပေါက်ဘူးပဲ ။
ငါကလူတစ်ယောက်ကိုစောင့်နေရင်းနဲ့
ဒီနေရာကိုလပ်လွှတ်ဖို့ နှမျောသွားတာ။သူမစောင့်နေဖို့ပြောထားခဲ့တာမို့။”
အဘိုးအိုစကားက
ကျွန်မဘယ်ဘက်ရင်အုံအတွင်းစူးနစ်သွားစေသည်။
“သူမကရော
ဘယ်ကမို့လို့အဘိုးကိုလာမတွေ့တာလဲ?”
“ဂျပန်”
အို
မလှပတဲ့အချစ်ပုံပြင်ရဲ့ဇာတ်သိမ်းမှာ ပန်းချီဆရာ၏ချစ်ခြင်းမေတ္တာတွေကတော့
လှပစွာကျန်ရှိနေသေးသည်ပဲ။
အဘိုးပိုအတွက်
စိတ်မကောင်းဖြစ်မိကာ ကျွန်မ ပြန်လည်တိတ်ဆိတ်နေလိုက်တော့သည်။
ဒီကနေ့အပြန်လမ်းမှာတော့
ပန်းချီဆရာအဘိုးပြောသည့် ဇာတ်လမ်းအကျဉ်းချုပ်ကို အကျယ်တဝင့်တွေးတောရင်း
လျှောက်လာမိသည်။
မှောင်ရိပ်ဆိုတာ
မရှိသည့်လမ်းမထပ် လူနှစ်ဦးဟာ အမျိုးသမီးတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်နေကြသည်ကို
အမှတ်မထင်မြင်တွေ့လိုက်ရသည်။
သူတို့ဘာတွေပြောနေကြသည်မသိပေမယ့်
အမျိုးသမီးကပြန်အော်လိုက်၍ အမျိုးသားတစ်ယောက်က
သူမပါးကိုအားပြင်းပြင်းတချက်ရိုက်ချလိုက်သည်။အားနွဲ့သူ အမျိုးသမီးဟာ မြေပြင်တွင်
ခွေလဲကျသွားတာမို့ ကျွန်မမနေနိုင်တော့ပဲ ထိုသူတွေရှိရာသို့ အရဲစွန့်သွားလိုက်သည်။
ကျွန်မထိုသူတို့အနားရောက်တော့
အမျိုးသားနှစ်ယောက်က သူမကိုထား၍ ထွက်ခွါသွားကြသည်။
“ဟေး
ကျွန်မ ဘာကူညီပေးရမလဲ “
လဲကျနေသည့်
အမျိုးသမီးလေးကို ဖေးမလိုက်တော့ ထိုအမျိုးသမီးက။
“ဟင်
မေ?”
“ရိုစ့်!”
နှုတ်ခမ်းဒေါင့်စွန်းမှ
သွေးစတို့နှင့် ရောင်ကိုင်နေပြန်သည့် မေ့ပါးညိုညိုကြောင့်
ကျွန်မအင်မတန်ကိုအသည်းနာရသည်။
“ဘယ်လိုဖြစ်ရတာလဲ
“
မေ့အကြည့်တို့က
ယခင်ကလိုနူးညံ့မှုတို့မှသည် စူးရှရှအကြည့်တို့အဖြစ်ပြောင်းလည်းသွားပြီး
ကျွန်မလက်တွေထဲမှ ရုန်းထွက်သွားသည်။
“မေ”
“ငါ့အနားမကပ်နဲ့”
“မေ
မင်းမှာဒဏ်ဂာတွေနဲ့လေ”
ကျွန်မ
မေ့အနားသို့ထပ်တိုးကပ်ဖို့ပြင်တော့
တခါမှမကြားဘူးစွာ မေကအော်ပါသည်။
“မလာနဲ့လို့ပြောနေတယ်
ငါ့ကိုမသိသလိုပဲ ကျော်သွားလိုက်ပါ”
ပစ်ပစ်ခါခါဖြစ်နေသည့်မေ့ကို
ကျွန်မပွေ့ပိုက်ထားမိလိုက်သည်။
“မင်း ကြောက်နေတာမလား
မေ, ဘာမှမဖြစ်တော့ဘူးငါရှိနေတယ် မင်းအနားမှာ ငါရှိနေတယ်”
ရှိုက်သည်းကာငိုကျွေးလိုက်သည့်မေက
ဘယ်လောက်တောင်နာကျင်နေသလဲ ကျွန်မသိလိုက်ရသည်။
မေ
အငိုတိတ်သည်အထိ ကျွန်မထွေးပွေ့ထားမိသည်။ထို့နောက်မှာတော့ ကျွန်မမေ့ကိုဟော်တယ်အထိ
ခေါ်ဆောင်လာခဲ့သည်။
“ရေချိုးပြီးအနားယူလိုက်ပါ”
မေဝတ်ဖို့အဝတ်အစားတစ်စုံကိုထုပ်ပေးကာ
ကုတင်ပေါ်တွင်မလှုပ်မယှက်ထိုင်နေသော မေ့ရှေ့သို့ချပေးလိုက်သည်။
ရုပ်တရက်
မေကကုတင်ပေါ်မှထိုင်နေရာမှ ထကာ သူမအင်္ကျီအဝတ်တွေအကုန်လုံးကို ကျွန်မရှေ့မှ
ချွတ်ချပစ်လိုက်သည်။
“ဟာ!”
ဖြူဖွေးအုဖတ်နေသည့်
မေ့ခန္ဓာကိုယ်မှာ အညိုအမဲဒဏ်ရာတို့က တကိုယ်လုံးအပြည့် ။အကျည်းတန်သည့် ထိုဒဏ်ရာတွေက
မြင်ရသူ ကျွန်မအဖို့ နာကျင်ဒေါသထွက်စရာပင်။နှလုံးသုံးတစ်စုံကို
ဆူးဖြင့်ထိုးစိုက်လိုက်သကဲ့သို့ လှိုက်တက်လာသည့် နာကျင်မှုက တစ်ဆစ်ဆစ် ကျွန်မ
မြတ်နိုးရသည့် မေ့ကိုဘယ်လိုအကြင်နာတရာမရှိသူက ထိုကဲ့သို့ဖြစ်အောင်လုပ်ရပါသနည်း။
“ဒါတွေက
..?”
“ဒီဒဏ်ရာတွေက
ငါပိုက်ဆံတစ်ရက်မရှာနိုင်ရင် တချက်မကရတဲ့ဒဏ်ရာတွေပဲ”
“ဘယ်သူက
..”
“ငါ့ရဲ့အလုပ်ရှင်ပဲ
။”
“ရက်စက်လိုက်တာ
“
“ငါဘာလုပ်လည်းလို့မမေးတော့ဘူးလား?”
“ဟင်?”
“ငါ့အလုပ်က
ငါ့ကိုပိုက်ဆံပေးပြီးကြိုက်တာလုပ်လို့ရတယ် အဲ့ဒါဘာလဲ မင်းသိမှာပါ ငါက
မိန်းမပျက်တစ်ယောက်ပဲ ငါ့အလှပ်ထဲမှာတော့ ငါကကြေးအကြီးဆုံး မိန်းမပျက်မပဲ
။ဒါကြောင့် ရိုစ့်နဲ့ထပ်မတွေ့တော့ဖို့စိတ်ကူးထားခဲ့တာ ။ငါဘယ်သွားတယ်
ဘာလုပ်တယ်ဆိုတာ သူတို့က စောင့်ကြည့်နေကြတယ်။ဒါကြောင့်
မင်းလိုတိုင်းတပါးသူတစ်ယောက်အနေနဲ့ ငါနဲ့ထပ်မတွေ့စေချင်တော့လို့
ငါမင်းကိုထပ်မတွေ့ဖြစ်တော့တာ အဲ့တာကိုဘာလို့ငါ့ကိုကူညီနေတာလဲ “
“မေ “
မေက
မျက်ရည်တွေကြားမှာ အသံတွေတုန်အောင်အော်ဟစ်လာသည်။
“နောက်ထပ်ငါတို့မတွေ့ကြရအောင်
ရိုစ့် လမ်းမှာ ဒီလိုပဲမတော်တဆတွေ့ခဲ့ရင်တော့ ငါ့ကိုမမြင်ချင်ယောင်ဆောင်သွားပါ
အခုတော့ ငါပြန်တော့မယ်”
အင်္ကျီတွေပြန်ကောက်ဝတ်နေသည့်
မေ့ရဲ့လက်တွေကို ကျွန်မလှမ်းဆွဲကာ မေ့နှုတ်ခမ်းတို့ကို
နမ်းရှိုက်ပစ်လိုက်သည်။တုံ့ပြန်မှုမရှိတဲ့မေက
အံ့ဩသွားဟန်တူသည်။နောက်မှတဖြေးဖြေးချင်း ကျွန်မအနမ်းတွေအောက် စီးမျောရင်းခပ်ဖွဖွတုန့်ပြန်လာလေသည်။တစ်ယောက်နှင့်တစ်ယောက်
မောဟိုက်သွားသည်အထိအပြိုင်အဆိုင်အနမ်းတို့ခင်းကျင်းကာ
နောက်ဆုံးမေ့အောက်နှုတ်ခမ်းထူထူကိုအသံ တစ်ချက်မြည်အောင်
ဆွဲစုပ်လိုက်သည်။ထိုမှတစ်ဆင့် မေ့ခန္ဓာကိုယ်ပေါ်က
ညိုမဲမဲဒဏ်ရာတစ်ချို့ကိုခပ်ဖွဖွထိတွေ့မိသည်။
ထို့နောက်မှာ
မေက ကျွန်မကိုဖက်တွယ်ကာ ငိုနေရှာသည်။
“တော်ပါတော့
ရိုစ့်ရယ် ငါခန္ဓာဟာရွံစရာမို့ မထိတွေ့ပါနဲ့တော့ “
“ဘယ်သူက
မင်းကိုရွံစရာလို့ပြောကြတာလဲ မင်းကငါတွေ့ဖူးသမျှထဲမှာ ဖြူစင်ပြီးပွင့်လင်းတယ် မေ
တစ်ပါသူက မင်းကို ရွံစရာလို့တွေးနေရင် ကျွန်မကတော့ မေ့ကိုမြတ်နိုးနေလိမ့်မယ်။”
မေက
အကြောက်အကန်ငြင်းဆိုကာ ကျွန်မကိုတွန်းထုပ်၍ အခန်းအပြင်ကိုပြေးထွက်သွားလေတော့သည်။
ကျွန်မဒီတစ်ခါလည်း
ကျန်ခဲ့ပြန်ပြီ။ကျွန်မဆီက ခဏခဏပြေးထွက်သွားတတ်သည့်မေ့ကို
ကျွန်မကဖမ်းဆုပ်ထားချင်မိပါလိမ့်။
ရင်ထဲမှာ
မေ့ကိုသနားတာရော ၊ စိတ်မကောင်းဖြစ်ရသလို ကျွန်မကိုပျော်ရွှင်စေခဲ့သည့်မေ့အတွက်
ဘာမှမလုပ်ပေးနိုင်တဲ့ကျွန်မကိုယ်ကျွန်မလည်း ဒေါသထွက်မိသည်။တမြေ့တမြေ့တိုက်စားလာသည့် ဝမ်းနည်းမှုတို့ကြောင့် ကုတင်ဘေးတနေရာတွင်ထိုင်ချကာ
ကျွန်မစိတ်တို့ရှင်းကြည်သွားအောင် ငိုချပစ်မိတော့သည်။
ထိုနေ့ညက
ကျွန်မတို့တွေ့ဆုံခြင်းဟာ နောက်ဆုံးဖြစ်ခဲ့သလို ကျွန်မပါရီမှာ နေခဲ့သည့်
နောက်ဆုံးညတစ်ညလည်း ဖြစ်ခဲ့သည်။အသည်းကွဲတာ၊အထီးကျန်တာတွေမခံစားတတ်သည့် ကျွန်မက
ထိုနေ့ညမှာပဲ မေယူဆောင်သွားသည့် အသည်းနှလုံးတစ်စုံက ပါရီမြို့မှာသာ
ကျန်ရစ်နေခဲ့တော့သည်။
ကျွန်မဝတ္ထုတိုလေးအပြီးမှာ
စာအုပ်ကိုပိတ်၍ မျက်ဝန်းတွေမှေးမှိတ်ကာ ကုတင်ပေါ်တွင် ပစ်လှဲအိပ်ပစ်လိုက်သည်။ပြင်သစ်ကပြန်လာပြီးနောက် ကျွန်မရဲ့ပထမဦးဆုံးထုတ်ဝေမည့်စာအုပ်လေးပေါ့။ဝတ္ထုနာမည်က ကျွန်မရဲ့ဇတ်ဆောင်။
မေက
ဘယ်လိုလူမျိုးဖြစ်နေပါစေ ကျွန်မရဲ့ဝတ္ထုတစ်ပုဒ်ထဲမှာတော့
ဇာတ်လိုက်မင်းသမီးလေးအမြဲဖြစ်လို့နေပေလိမ့်မည်။
မေက
လှပါပြီး ဖြူစင်တဲ့အပြုံးချိုချိုလေးတွေနဲ့ ကျွန်မအတွက်
မြတ်နိုးစရာမိန်းကလေးတစ်ဦးဖြစ်နေပါသည်။
~The End~
Zawgyi
၁၉၉၅ ခုႏွစ္။
ေလျပင္းႏွင့္အတူသယ္ေဆာင္လာသည့္မိုးစက္တို႔ ပါရီ၏နက္ေမွာင္ေနေသာလမ္းမထက္အလွအယက္ခုန္ဆင္းေနၾကသည္။ေဟာ္တယ္မွန္ျပတင္းထိ႐ိုက္ခက္လာသည့္မိုးရည္စက္ေတြက စီးေၾကာင္းႏွင့္အတူေအာက္သို႔ေလ်ာ့ဆင္းသြားၾကေသးသည္။
ေကာ္ဖီတခြက္ႏွင့္မအိပ္စက္ေသးႏိုင္သည္က ႏွင္းဆီပ်ိဳတစ္ေယာက္ မွန္ျပတင္းေဘးစားပြဲခုံေရွ႕ထိုင္၍ လည္ပတ္ခဲ့ဖူးၿပီးျဖစ္ေသာ ပဲရစ္ၿမိဳ႕၏ေနရာတစ္ခ်ိဳ႕ကို စာအုပ္ထဲမွာခ်ေရးကာ မည္သည့္ေနရာက မည္သို႔ေသာစိတ္ဝင္စားဖြယ္အရာမ်ားရွိေၾကာင္းမွတ္စုထုပ္ႏႈတ္လ်က္။
ပဲရစ္ကိုအလည္အပတ္ျဖင့္ေရာက္လာတာ သုံးပတ္ေျမာက္ျဖစ္မည္။ေနရာေတာ္ေတာ္မ်ားမ်ားလည္းစုံေနၿပီ။သေဘာက်ႏွစ္သက္သည့္ေနရာေတြဆို ထပ္တလဲလဲျပန္သြားျဖစ္ၿပီး ဟိုဟိုဒီဒီထိုင္ေငးရတာကိုလည္းသေဘာက်သည္။အထူးသျဖင့္ ပါရီေဘးလမ္းပလက္ေဖာင္းေပၚကေကာ္ဖီဆိုင္ညိဳညိဳေတြရယ္၊ အီဖယ္တာဝါသို႔ေမွ်ာ္ၾကည့္ျမင္ႏိုင္သည့္ လမ္းက်ဥ္းက်ဥ္းေတြရယ္က ႏွစ္လိုဖြယ္ပင္။ စိန္းျမစ္ရဲ႕တေန႔တာအခ်ိန္ကိုမူတည္ၿပီးေျပာင္းလည္းေစသည့္ျမစ္ေရသည္လည္း မိမိစိတ္ကိုပင္ခံစားမႈသုံးမ်ိဳးကိုျဖစ္ေပၚေစတတ္၏။
မနက္ပိုင္းၾကည္လင္ေနသည့္အခ်ိန္မွာ စိန္းျမစ္ေရဟာ စိမ္းျပာျပာျဖင့္ စိတ္ခံစားမႈကလည္း ရွင္းၾကည္ရသည္။ေန႔ခင္းဘက္အခ်ိန္ အီဖယ္တာဝါ၏က်ေရာက္လာသည့္ အရိပ္အာဝါသေၾကာင့္ စိန္းျမစ္ေရဟာမႈံျပာျပာနက္ရယ္ႏွင့္ ေလးနက္တည္ၾကည္တဲ့စိတ္ခံစားခ်က္ေပးစြမ္း၏။ညေနေမွာင္ရီစပ်ိဳးၿပီဆိုလွ်င့္ျဖင့္ ပါရီ၏ၿမိဳ႕ျပမီးအလင္းေရာင္ထိန္ထိန္ညီးရာက စိန္းျမစ္သည္လည္း အညိဳေရာင္သို႔ေပၚလြင္ကာ vantage ဆန္ဆန္ခပ္ညိဳ႕ညိဳ႕ႏွင့္ ႏွလုံးသားအတြင္းလြမ္းဆြတ္တမ္းတဖြယ္။
စာအုပ္အတြင္းခ်ေရးထားသည့္ ခပ္ေသာ့ေသာ့လက္ေရးမ်ားက ပါရီၿမိဳ႕၏အလွအပခ်ည္းသာ။ ႏွင္းဆီပ်ိဳဆိုသည့္ကြၽန္မက စာေရးသားေနရတာကိုသေဘာက်တတ္သူမို႔ ယခုေရးမည့္အေၾကာင္းကို ပါရီၿမိဳ႕ကိုေနာက္ခံထားဖို႔စဥ္းစားမိသည္။ပါရီၿမိဳ႕သည္ 'အခ်စ္ၿမိဳ႕ေတာ္'လို႔တင္စားေခၚေဝၚထားၾကသည္ပဲ ဒီတခါကြၽန္မေရးမည့္ဝတၳဳမွာ မင္းသားႏွင့္မင္းသမီးကို ပါရီၿမိဳ႕ေလးမွာဆုံေတြ႕ျခင္းျဖင့္ ဇာတ္အိမ္ကိုစမည္။ၿပီးလွ်င္ ကြၽန္မႏွစ္သက္သည့္ ပါရီအေၾကာင္းကိုေဆာင္းပါးေကာင္းတစ္ပုဒ္အျဖစ္လည္း ေရးပါအုံးမည္။ပါရီဟာ သိပ္ကိုလွသည္ေပါ့။
ကြၽန္မတစ္ႏွစ္ပတ္လုံးထုပ္ေဝလာခဲ့သည့္ စာအုပ္ေပါင္းစုမ်ားအၿပီးအပန္းေျဖဖို႔ရာႏွင့္ဇာတ္အိမ္ရွာရန္ ႏွစ္ခုလုံးအေၾကာင္းျပကာ ပါရီကိုကြၽန္မအလည္အပတ္လာျဖစ္ခဲ့သည္။စုထားတဲ့ေငြပမာဏကေတာ့ ပါရီမွာပဲေသခ်ာေပါက္ကုန္သြားမွာပါ။အခုကြၽန္မတည္းခိုေနသည့္ေနရာက ေဟာ္တယ္ရွန္ဂရီလာ ပါရီရဲ႕အလွဆုံးနဲ႔ေဈးအႀကီးဆုံးတစ္ခု ။သို႔ေပမယ့္ ေဟာ္တယ္ကကြၽန္မအတြက္အလြန္ပင္တန္သည္ဟုထင္သည္။အီဖယ္၏ေျခရင္း ၁၈၉၆ ခုႏွစ္က မင္သား ႐ိုလန္ဘုံနပတ္အတြက္တည္ေဆာက္ေပးခဲ့သည့္ နန္းေတာ္ဟာ ယခုအခ်ိန္မွာ ပါရီ၏အထင္ကရေဟာ္တယ္ႀကီးအျဖစ္တည္ရွိေလသည္။ေဟာ္တယ္ကိုကာရံထားသည့္ ျမင့္မားသည့္တံတိုင္းႀကီးမ်ားက ဝင္ေပါက္မွာတင္ ရင္သပ္ရႈ႕ေမာစရာအျပည့္။ကိုးေပေက်ာ္ ငါးေပတံခါး႐ြက္ႀကီးကိုစတင္ဖြင့္လွစ္သည္ႏွင့္ေဟာ္တယ္အတြင္းပိုင္း ေ႐ႊေရာင္ႏွင့္အျဖဴေရာင္ကိုသာၿမိဳင္ဆိုင္စြာအသုံးျပဳထားပုံက ဝင္လာသူဧည့္သည္အဖို႔ မ်က္စိပဓာသေအးေစသည္။နားခိုခ်င္စရာေကာင္းေအာင္အေမာလည္းေျပေစ၏။
ကြၽန္မယူထားသည့္ လသာေဆာင္ကိုထြက္လွ်င္ ရွင္းလင္းစြာအီဖယ္တာဝါကို ျမင္ေနရမည္ျဖစ္သည္။
ယခုညအခ်ိန္ ဆယ္တစ္နာရီ တေဖ်ာက္ေဖ်ာက္က်ဆင္းေနသည့္မိုးစက္ေတြၾကားမွာ လွမ္းျမင္ေနရေသာ အီဖယ္တာဝါက တကယ္ကိုလွပပါသည္။
အိပ္မေပ်ာ္ေသးေပမယ့္ မွတ္စုတစ္ပိုင္းတစ္စကိုထုပ္ႏႈတ္အၿပီးမွာ ကြၽန္မအိပ္ရာဝင္ရလိမ့္မည္ ။မနက္ျဖန္မွာ အနီးအနားက အီဖယ္တာဝါ၏အေသးစိတ္ႏွင့္ေဆာက္တည္ထာစပုံေတြကိုေလ့လာၾကည့္ရမည္။
~~~
ညကသည္းထန္သြားတဲ့မိုးစက္တို႔ထြက္ေျပးသြားသည့္ေနာက္ ယခုမနက္ဟာၾကည္လင္လို႔ရွိေနသည္။လသာေဆာင္ေဘး အလွပန္းအိုထဲစိုက္ပ်ိဳးထာသည့္ ေက်ာက္ခက္ပင္စိမ္းစိမ္းတို႔မွ ေရစက္ငယ္တို႔တြဲခိုလ်က္။ညကမိုးပက္သြားလို႔ထင္ပါရဲ႕။
လသာေဆာင္အျပင္ဘက္ခတၱထြက္ရပ္ကာ အီဖယ္ေမွ်ာ္စင္ႀကီးကိုေငးေမာ့ၾကည့္ျဖစ္ျပန္သည္။သူကဘယ္အခ်ိန္ၾကည့္ၾကည့္တင့္တယ္ေနတုန္းပါပဲ။ပါရီမွာရွိေနသည့္ရက္ေတြမွာေန႔တိုင္းစဥ္းစားမိတာက ကြၽန္မကိုယ္ကြၽန္မ ပါရီကိုေရာက္ရွိလာျခင္းက အိမ္မက္မ်ားလားေတြးမိေနဆဲ။
အို ကြၽန္မကစာေရးသူပီပီ အေတြးမ်ားလာသည္ႏွင့္အမွ် အခ်ိန္ေတြဆြဲမိေတာ့ပဲ။မျဖစ္ဘူး ျမန္ျမန္ျပင္ဆင္ၿပီး ရွန္ဂရီလာေဟာ္တယ္ႏွင့္နီးကပ္ေနတဲ့ အီဖယ္တာဝါဆီအေျပးသြားရမယ္။အဲ့ဒီ့မွာေနထြက္မွေနဝင္ခ်ိန္အထိ တေန႔လုံးထိုင္ၾကည့္ပစ္မယ္။
ဦးေႏွာက္ထဲမွာဘာအေၾကာင္းအရာမွမေတြပါပဲ ကြၽန္မလုပ္စရာရွိတဲ့ ေရမိုးခ်ိဳး အဝတ္စားလွဲျခင္းအျပင္ ခါလယ္ေလာက္ရွိသည့္ဆံပင္ေတြကိုစုစည္းၿပီး မိတ္ကပ္ပါးပါးလိမ္းျခယ္ကာျဖင့္ ေက်ာပိုးအိပ္တစ္လုံးထဲ ေဖာင္တိန္၊မွတ္စုစာအုပ္၊ေဈးသိပ္မႀကီးသည့္ကင္မရာတစ္လုံး၊ ေရဗူးႏွင့္အျခားလိုအပ္သည့္မ်ားထည့္ပိုးကာ ကြၽန္မအခန္းကိုေသာ့ခပ္သိမ္းဆည္းထြက္လာခဲ့သည္။
ျမန္မာျပည္မွာလို ကြၽန္မဝတ္ေနၾက ထဘီမဟုတ္ပါပဲ တိုင္းတပါးမွာမို႔ လြတ္လြတ္လပ္လပ္သြားလာလို႔ရရန္ ဇာအျဖဴလက္ေဖာင္းအက်ႌတစ္ထည္ကို ေျခသလုံးအလည္ထိရွည္ေသာ ပန္း႐ိုက္ေရးေရးပါသည့္အညိဳေရာင္ေရခဲစ စကပ္ဝဲဝဲကိုတြဲဖတ္ဝတ္ဆင္ထား၏။
လက္ထဲမွာကိုင္ထားေသာ ပါရီၿမိဳ႕ေျမပုံစာ႐ြက္ကိုကိုင္ရင္း အေဝးမွျမင္ေနရေသာ အီဖယ္တာဝါအထိ ေျခလွ်င္ေလွ်ာက္သြားခဲ့ပါသည္။တေ႐ြ႕ေ႐ြ႕ႏွင့္သြားလာခဲ့ရင္း အီဖယ္၏အနီးကပ္ဆုံးေသာေျခရင္းပိုင္းအထိေရာက္ရွိလာေတာ့ ကြၽန္မခုန္ေပါက္မတတ္ေပ်ာ္မိသည္။ပါရီကိုေရာက္ေရာက္ျခင္း အရမ္းသေဘာက်သည့္ အီဖယ္ကိုမလာေသးပဲ အျခားေသာေနရာမ်ားကိုဦးစြာေျခဆန႔္ခဲ့သည္။အားလုံးလည္ပတ္လို႔ၿပီးစီးပါလွ်င္ ရက္မ်ားမ်ား အီဖယ္အနီးတဝိုက္အရပ္ေလးမ်က္ႏွာကိုလွည့္လည္ၾကည့္ရႈ႕အခ်ိန္ယူဖို႔ဆုံးျဖတ္ခဲ့တာမွန္သြားသည္။
ဒီေန႔ေတာ့ အီဖယ္တာဝါေရွ႕က ပန္းၿခံရဲ႕မ်က္ခင္းျပင္မွာထိုင္ေနလိုက္မယ္။လူအနည္းငယ္ရွင္းမည့္ေနရာေလာက္ကိုလိုက္ရွာ၍ လူသြားလမ္းႏွင့္ပန္းၿခံၾကားအုပ္ခုံေဘးတြင္ စကပ္စကိုသိမ္း၍ ေက်ာပိုးအိပ္ခြၽတ္ကာထိုင္ခ်လိုက္သည္။
ေဘးဘီကိုမ်က္လုံးမ်ားေဝ့ကာ ကစားၾကည့္မိေတာ့ ကြၽန္မေဘးနားမွာကြၽန္မလိုပဲတစ္ဦးတည္းထိုင္ေနသည့္ မိန္းမငယ္တစ္ဦး။သူမက ပါရီၿမိဳ႕ခံသူတစ္ဦးလား၊ ကြၽန္မကဲ့သို႔တိုင္းတပါးမွအလည္လာသူလား ေသခ်ာမသိႏိုင္။သူမႏွင့္ကြၽန္မ မ်က္ႏွာခ်င္းဆိုင္အၾကည့္ခ်င္းဆုံလာခ်ိန္မွာေတာ့ သူမက ႏႈတ္ဆက္လာသည္။
"ဟိုင္း!"
ကြၽန္မ ၿပဳံးျပႏႈတ္ဆက္လိုက္ေတာ့ သူမကထပ္ေျပာလာသည္။
"မင္းကအလည္လာသူမဟုတ္လား၊ဘယ္ကလာခဲ့တာလဲ"
သူမက ကြၽန္မကိုဧည့္သည္မွန္းတန္းသိသည္။ကြၽန္မ၏ျမန္မာဆန္ဆန္မ်က္ႏွာက် ဝိုင္းဝိုင္း၊မ်က္လုံးမ်က္ဖန္သိပ္မေကာင္းလွေသာ္လည္း ထူထဲနက္ေမွာင္သည့္ မ်က္ခုံနက္နက္၊ပိတုန္းနက္ဆံႏြယ္ႏွင့္အေပၚ၊ေအာက္အညီရွိသည့္မထူမပါႏႈတ္ခမ္းတစ္စုံက သိသာေပလိမ့္မည္။ၿပီးေတာ့ ကြၽန္မအသားက ပါရီၿမိဳ႕ခံမိန္းကေလးတို႔ျဖင့္ယွဥ္လွ်င္ ညိဳညိဳညက္ညက္ရွိလွသည္။ တဖက္ကသူမကိုၾကည့္၍ ကြၽန္မဟာ အလည္အပတ္လာသူတစ္ဦးႏွင့္ျမန္မာဆိုသည့္ မထင္မရွားႏိုင္ငံေလးက လာေၾကာင္းေျပာျပမိသည္။
"ငါ့နာမည္က အက္စတာေမ ပါ။ငါတို႔ၿမိဳ႕ကိုလာလည္တဲ့အတြက္ မင္းကိုႀကိဳဆိုပါတယ္။"
သူမက အၿပဳံးတစ္ပြင့္ျဖင့္ေဖာ္ေ႐ြစြာေျပာလာသည္။သူမၿပဳံးလိုက္မွေပၚလာေသာ ပါးခ်ိဳင့္ေလးေၾကာင့္သူမကိုေစ့ေစ့စပ္စပ္ၾကည့္မိေတာ့သည္။ႏိုင္ငံျခားဘိုမေလးျဖစ္သည့္ သူမက မ်က္လုံးျပာႏုႏုေလးေတြရွိၿပီး ခပ္ညိဳညိဳမ်က္ခုံးေမႊးဇင္ေယာ္ဟာ သူမမ်က္ႏွာသြယ္သြယ္ႏွင့္အခ်ိဳးက်လွသည္။ေဖာင္းျပည့္ျပည့္ႏႈတ္ခမ္းတစ္စုံမွာ အေပၚလႊာကအနည္းငယ္လန္ခ်င္သေယာင္ထူထူေလးရွိၿပီးလွပ၏။ေ႐ႊဝါေရာင္ဆံႏြယ္ႏုႏုလိမ္ေကာက္ေကာက္ေလးေတြက သူမ၏အသားျဖဴျဖဴႏွင့္လိုက္ဖက္လွျပန္သည္။
"မင္း ဒီကိုေရာက္တာၾကာၿပီလား"
"ဟင့္အင္း !ကြၽန္မေရာက္ေနတာ ႏွစ္ပတ္ေက်ာ္ေက်ာ္ပဲရွိေသးတယ္။"
"တစ္ခုခုအကူအညီလိုရင္ေျပာပါ ၊တို႔ႏိုင္ငံကိုလာတဲ့ဧည့္သည္ကိုႀကိဳဆိုတဲ့အေနနဲ႔ ကူညီႏိုင္တာရွိရင္ ကူညီေပးပါ့မယ္။"
မိုးျပာေရာင္စပိုစ့္ရွပ္ကို ဂ်င္းစကပ္ဒူးဖုံးဝဲဝဲေအာက္ခါးျမဳပ္၍ဝတ္ဆင္ထားၿပီး အနက္ေရာင္ေလဒီရႈးကိုစီးထားေသာ ေျခတစ္စုံ ကြၽန္မေရွ႕သို႔လာရပ္ရင္း လက္တစ္ဖက္ကိုဆန႔္တန္းေပးလာသည္။အခုမွစသိတဲ့တိုင္းတစ္ပါးသူကြၽန္မကို သူမကေဖာ္ေ႐ြစြာဆက္ဆံလာသည္။
ကြၽန္မသည္ ခင္မင္ရင္းႏွီးလြယ္သူမဟုတ္ေသာ္လည္း နာမည္ေလးေျပာတာေလာက္ေတာ့ကြၽန္မအတြက္ ဘာမွ်ျဖစ္သြားမည္မဟုတ္တာေၾကာင့္ ကြၽန္မကိုယ္ကြၽန္မ မိတ္ဆက္လိုက္သည္။
"ကြၽန္မနာမည္ ႏွင္း ဆီ ပ်ိဳ ၊ အဂၤလိပ္လို ႐ိုစ့္လို႔ ေခၚလို႔ရတယ္ ေမ"
"ေမ "
ကြၽန္မေခၚလိုက္သည့္ ေမဆိုသည့္နာမည္ကို သံေယာင္လိုက္ရင္း သူမက သေဘာက်သြားသလို ထပ္ၿပဳံးလာျပန္သည္။
"႐ိုစ့္က ခရီးသြားဆိုေတာ့ မွတ္တမ္းတင္ဖို႔ကင္မရာေကာင္းေကာင္းပါခဲ့ရင္ ဒီေနရာက ဓါတ္ပုံ႐ိုက္လို႔အေကာင္းဆုံးေနရာပဲ"
"ဒါေပါ့ "
ကြၽန္မရဲ႕ကင္မရာေလးကိုထုပ္ၿပီး ခပ္လွမ္းလွမ္းျမင္ေနရသည့္ အီဖယ္တာဝါကို မွတ္တမ္းတဖ်တ္ဖ်တ္တင္လ်က္။
"မင္းပုံကိုေရာ မ႐ိုက္ေတာ့ဘူးလား?"
ေဘးမွာရပ္ၾကည့္ေနသည့္ ေမက ကြၽန္မကိုၾကည့္၍ စကားဆိုသည္။
"မင္းပုံကိုေရာမ႐ိုက္ေတာ့ဘူးလား ႐ိုစ့္၊မင္းရဲ႕ဖက္ရွင္နဲ႔ အီဖယ္တာဝါကသိပ္ကိုလိုက္ဖက္ၿပီးလွေနမွာ ။မင္းသာ အီဖယ္နဲ႔ဓါတ္ပုံမ႐ိုက္ျဖစ္ခဲ့ရင္ ပါရီကိုလာတာႏွေမ်ာစရာေကာင္းသြားလိမ့္မယ္။"
ေမက ရယ္ရယ္ေမာေမာစကားဆိုလာေတာ့ ကြၽန္မ ေမ့ကိုအကူအညီေတာင္းရင္း ဓါတ္ပုံေတြအမ်ားႀကီး႐ိုက္ျဖစ္သြားသည္။
ပါရီကိုလည္ပတ္ခဲ့သည့္ကာလတစ္ေလွ်ာက္ ကြၽန္မကိုယ္ကြၽန္မဓါတ္ပုံတစ္ပုံေတာင္မ႐ိုက္ျဖစ္ခဲ့ပါေလ။အခု ေမ့ကို ေက်းဇူးတင္ရမည္။
"ေက်းဇူးပါေမ "
"ရပါတယ္ ၊ဒါနဲ႔ ဒီအနီးနားတဝိုက္မေရာက္ေသးရင္ ငါနဲ႔အတူေလွ်ာက္ၾကည့္ၾကမလား ။ငါက ဒီေန႔အားလပ္ရပ္ျဖစ္ေနေတာ့အိမ္မွာမေနခ်င္လို႔ ထြက္လာခဲ့တာ အခု ငါမင္းကိုအေဖာ္ျပဳေပးႏိုင္တယ္"
ေမက အေနာက္တိုင္းသူပီပီပြင့္လင္းစြာ ေျပာဆိုလာသည္။
"အိုး တကယ္လား ဒါဆိုကြၽန္မသိပ္ကံေကာင္းသြားတာပဲ ေက်းဇူးထပ္တင္ပါရေစ "
"မင္းအဂၤလိပ္အသံထြက္က သိပ္ေကာင္းတာပဲ႐ိုစ့္ , မင္းကျမန္မာကလို႔ေျပာခဲ့တယ္ေနာ္"
"ဟုတ္ပါတယ္ ကြၽန္မျမန္မာကပါ။ေမက ျမန္မာကိုသိလား"
လူသြားလမ္းက်ယ္ေပၚတြင္ ႏွစ္ဦးသားေလွ်ာက္လွမ္းေနရင္းစကားစျမည္ေျပာျဖစ္ၾက၏။
"ငါငယ္ငယ္က ျမန္မာႏိုင္ငံ၏ထင္ရွားတဲ့သူႏွစ္ဦးအေၾကာင္းကို ဖတ္ဖူးတယ္။တစ္ဦးက ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ေနာက္တစ္ဦးက သူ႔ရဲသမီးငယ္ ေအာင္ဆန္းစုၾကည္ေပါ့။"
"ဟုတ္လား"
ကြၽန္မမ်က္လုံးေတြဝင္းလက္ေတာက္ပစြာ ေမ့ထံကိုၾကည့္၍ေျပာမိသည္။ဝမ္းသာပီတိျဖစ္မႈကအတိုင္းမသိ ။မတူညီတဲ့ႏိုင္ငံတစ္ခုက ကြၽန္မတို႔ရဲ႕ေခါင္းေဆာင္းေတြကိုသိၾကတယ္တဲ့။
ကြၽန္မတို႔ႏွစ္ေယာက္လမ္းေလွ်ာက္ေနရင္း အခ်ိန္ခဏေလးအတြင္းမွ ကိုယ့္ႏိုင္ငံယဥ္ေက်းမႈ သူ႔ႏိုင္ငံယဥ္ေက်းမႈတို႔ကို ေျပာျဖစ္ၾကသည္အထိရင္းႏွီးမႈရသြားသည္။
အနီးမွျမင္ေနရသည့္ အီဖယ္၏ေအာက္ေျခနားတေျဖးေျဖး ကြၽန္မတို႔ႏွစ္ေယာက္ေရာက္သြားၾကေတာ့ ေမက ကြၽန္မလက္ကိုဆြဲကာ ဓါတ္ပုံအတူ႐ိုက္ၾကဖို႔ေျပာသည္။ပါလာသည့္ကင္မရာကို ေမကယူ၍ ကင္မရာကိုလက္ကကိုင္ျမႇင့္ကာ သူကိုယ္တိုင္ခ်ိန္႐ြယ္႐ိုက္ယူသည္။
"ဒီအတိုင္းဆို ပုံထြက္ လွပါ့မလားေမ"
"ငါဒီလို႐ိုက္နည္းကိုေကာင္းေကာင္းသိတယ္။ငါတို႔ဖုန္းေတြနဲ႔လည္း ဒီလိုပဲ႐ိုက္ၾကရတာ။"
ေမက ပိုက္ဆံအိပ္ထဲမွ ေခါက္ဖုန္းေလးတစ္လုံးကိုထုပ္၍ ကြၽန္မကိုျပသည္။
ကြၽန္မပုခုံးကိုဖက္ကာ ေမ့ ဖုန္းျဖင့္ဓါတ္ပုံ႐ိုက္ျပန္သည္။
ေမကေလ အရမ္းေဖာ္ေ႐ြတယ္ေျပာရမလား ။ကြၽန္မက ကြၽန္မရဲ႕အသားကိုသူစိမ္းလူထိေတြ႕ကိုင္တြယ္တာကိုမႏွစ္သက္ဘူး။ေမကေတာ့ ဒါကိုမသိေလေတာ့ ကြၽန္မကို ဇိုးကနဲဇတ္ကနဲ လက္ဆြဲလိုက္ ပုခုံးဖက္လိုက္ ။ေဟာ ဓါတ္ပုံအတူတူ႐ိုက္ၾကျပန္ေတာ့လည္း ကြၽန္မတို႔ပါးခ်င္းထိကပ္ကာ ႐ိုက္ျပန္တယ္။
ဒါေပမယ့္ ကြၽန္မနည္းနည္းမွစိတ္မရႈပ္မိ။အျခားေသာတိုင္းတပါးမွာ အားကိုးရာသူငယ္ခ်င္းတစ္ေယာက္ရလိုက္သလို ကြၽန္မေပ်ာ္ေနမိပါသည္။
"႐ိုစ့္ေရ ပါရီရဲ႕ဘယ္ေနရာေတြကိုမင္းေရာက္ၿပီးခဲ့ၿပီလဲ"
"ေနရာသိပ္မစုံေသးေပမယ့္ louvre ျပတိုက္ကိုေတာ့ ကြၽန္မေရာက္ခဲ့ၿပီးၿပီ အဲ့ဒီ့က ကမာၻေက်ာ္မိုနာလီဆာပန္းခ်ီကိုျမင္ခ်င္လြန္းလို႔ေပါ့။ေနာက္ၿပီး Van Gogh ရဲ႕ပန္းခ်ီေတြကိုအနီးကပ္ျမင္ရၾကည့္ရဖို႔က ကြၽန္မအိမ္မက္ပဲေလ"
"မင္းကိုၾကည့္ရတာ အႏုပညာကိုသိပ္ခုန္မင္ပုံပဲ မွန္းၾကည့္ရေအာင္ မင္းရဲ႕အလုပ္အကိုင္က ပန္းခ်ီဆရာလား?စာေရးဆရာလား?"
ေမက ႐ႊင္ေနာက္ေနာက္ျဖင့္ေျပာေပမယ့္ ကြၽန္မကေတာ့အံ့ဩရပါသည္။လူတစ္ေယာက္ရဲ႕စိတ္ႏွလုံးသားကိုၾကည့္ၿပီး ဘာအလုပ္လုပ္ကိုင္သလဲဆိုတာ ခန႔္မွန္းရတာမလြယ္ေပမယ့္ ေမကေတာ့ တပ္အပ္ေျပာလာ၏။
"ကြၽန္မက စာေရးဆရာပါ ။ဝါသနာေၾကာင့္စာေတြစေရးခဲ့ေပမယ့္ အခုေတာ့ဒီအလုပ္နဲ႔ပဲ အသက္ေမြးဝမ္းေၾကာင္းျပဳလိုက္တယ္။"
"ဒါဆိုရင္ ႐ိုစ့္ပါရီကိုအလည္လာတဲ့အေၾကာင္းျပခ်က္ ငါသိသြားၿပီ။ကဲ ပါရီနဲ႔ပတ္သက္ၿပီး မင္းဘာသိခ်င္လည္း ငါသိသေလာက္အကုန္ေျပာျပမယ္။"
ကြၽန္မ အီဖယ္တာဝါကိုေငးေမာ့ၾကည့္မိ၏ ျမင့္တက္လာသည့္ေနေရာင္ေအာက္ဖက္ ေနက်ဲက်ဲထိုးေနသည္ကိုမခံႏိုင္စြာ ကြၽန္မမ်က္လုံးေတြကေမွးဆင္းေနလိမ့္မည္။ခဏအၾကာကြၽန္မမ်က္စိထဲေနေရာင္စူးစူးက ေပ်ာက္သြားက အရိပ္ေသးေသးေလးတစ္ခုက်ေရာက္လာ၏။ဒါက ေမ့ရဲ႕လက္ပါးပါးသြယ္သြယ္ကာရံေပးထားေသာ အရိပ္ကေလးပင္။
အားတုံ႔အားနာအၿပဳံးျဖင့္ ေမ့ကိုၿပဳံးျပမိပါသည္။
ပါရီကအႏုပညာေတြနဲ႔ျပည့္ႏွက္ေလသလား ပတ္ဝန္းက်င္တစ္ခုလုံးက ၾကည္လင္စြာ လွပျပည့္စုံေန၏။ၿပီးေတာ့ ကြၽန္မေဘးမွာရွိေနတဲ့ေမ။
ကြၽန္မၾကည့္ခဲ့ဖူးသည့္ ႏိုင္ငံျခားဇာတ္ကားထဲက မင္းသမီးေခ်ာေခ်ာေတြလို လွပတဲ့ပါရီသူေလး။
"ေဟာ ဟိုအရိပ္မွာ သီခ်င္းဆိုေနၾကတဲ့သူေတြကိုသြားၾကည့္ရေအာင္"
ထပ္ၿပီး ကြၽန္မလက္ကိုဆြဲကိုင္ကာေရွ႕မွဦးေဆာင္ေခၚယူေတာ့ အေနာက္ကလိုက္ရျပန္သည္။
ေမကကြၽန္မထပ္အရပ္ရွည္ၿပီးက်စ္လစ္သည့္ခႏၶာေၾကာင့္ အနည္းငယ္ေထာင္ေထာင္ေမာင္းေမာင္းရွိ၏။ေမ၏ေျခလွမ္းက်ဲမ်ားေနာက္ အမွီလိုက္ရတာလဲ အေမာပါပဲ။
ေရွ႕မွဦးေဆာင္ကာ လူေတြၾကားထဲတိုးေဝ့ဝင္သြားသည့္ေမက သြက္သြက္လက္လက္ပင္ ။ျပန္႔က်ယ္က်ယ္ ကြင္းျပင္အလယ္မွာ ကြၽန္မတို႔ႏွစ္ေယာက္ေျပးလႊားေနၾကပုံက လိပ္ျပာေလးေတြလို ။ေမ့ရဲ႕ေ႐ႊေရာင္ဆံႏြယ္လိမ္လိမ္ေတြဟာ ေလမွာဝဲလြင့္ေနသလိုမ်ိဳး ကြၽန္မ၏ေရခဲစစကပ္ညိဳညိဳဟာလည္း ဝဲလ်က္ရွိေနသည္။
ေရွ႕အနီးအနားလူအုပ္အလည္မွာ တေယာသံကိုၿငိမ့္ေညာင္းစြာထြက္ေပၚေစသည့္ တေယာလုလင္အိုတစ္ဦးက အုပ္ခုံေပၚတြင္ထိုင္လ်က္ မ်က္စိကိုမွိတ္ကာ သံဇဥ္တြင္စီးေမ်ာရင္း ကြၽမ္းက်င္စြာတီးခတ္ေနသည္။ထိုေဘးတြင္ မ်က္မွန္နက္တလက္ကိုတပ္ဆင္ထားသည့္ အသက္လတ္ပိုင္းအမ်ိဳးသမီးတစ္ဦး သူမကေတာ့ ဆြဲေဆာင္မႈရွိေသာအသံခ်ိဳခ်ိဳျဖင့္ သီခ်င္းတစ္ပုဒ္ကိုသီၾကဴးေနျခင္းျဖစ္သည္။
ကြၽန္မေဘးနားက ေမကပါသီခ်င္းကိုတီးတိုးညီးဆိုေနေသး၏။ထို႔ေနာက္ေမက လူပုံအလည္ကိုတေ႐ြ႕ေ႐ြ႕သြားၿပီး ေတးဆိုေနသည့္အမ်ိဳးသမီးႏွင့္အတူ အသံကိုျမႇင့္ကာ သံၿပိဳင္ဆိုေနေတာ့သည္။
ေမက ၿပဳံးေပ်ာ္လ်က္ပင္ သံဇဥ္ကိုအဆက္မပ်က္သီဆိုသည္။တေယာလုလင္က ေမ့ကိုျမင္တာနဲ႔ပို၍တက္ႂကြစြာတီးခတ္လာသလို အမ်ိဳးသမီးႀကီးကလည္း ေမ့အသံၾကားသည္ႏွင့္ ခႏၶာကိုယ္ကိုယိမ္းယိုင္လႈပ္ခတ္ရင္း ေမ့အသံေလးကိုနားဆင္ေပးသည္။
ေမ့အသံက တကယ္ပဲေကာင္းလြန္းပါသည္။ေမက အဆိုေတာ္တစ္ဦးကဲ့သို႔အံဩစရာေကာင္းေလာက္သည့္အသံမ်ိဳးပိုင္ဆိုင္ထားသည္။ကံေကာင္းလိုက္တာ လူေလးလည္းလွ၊အသံေလးကလည္းေကာင္း သြက္လက္ခ်က္ခ်ာၿပီး စိတ္ထားကလည္းႏူးညံ့ေသးသည္။
လူအုပ္ကေတာ့ ယခင္ကထက္ပို၍ေသာင္းေသာင္းဖ်ဖ်အားေပးၾကသည္။တခ်ိဳ႕က ကင္မရာေတြထုပ္ကာ ေမ့ကိုမွတ္တမ္းတင္ေတာ့ ကြၽန္မလည္းေမ့ကို ဗီဒီယို႐ိုက္ကူးလိုက္ေသး၏။တေယာလုလင္ေရွ႕က တေယာထည့္သည့္အိပ္အတြင္းမွာေတာ့ ေငြစကၠဴႏွင့္အေႂကြေစ့တို႔က တေျဖးေျဖးတိုးလို႔လာေလသည္။
"႐ိုစ့္"
ေရွ႕ကိုလာရပ္၍ ေမကၿပဳံးစစျဖင့္ ကြၽန္မကိုလာေခၚသည္။
"က ရတာဝါသနာပါလားဟင္? အတူတူကရေအာင္"
"ကြၽန္မ မကတတ္ဘူးေမ"
"အို ဘယ္သူကကြၽမ္းကြၽမ္းက်င္က်င္ကတတ္မွာမို႔လို႔လဲ အေပ်ာ္ပဲဟာ လာပါအတူတူကရေအာင္။"
"မလုပ္ပါနဲ႔ ေမရယ္ လူေတြအမ်ားႀကီးရွက္စရာ"
"ဘာကိုရွက္ရမွာလဲ သူတို႔က ကိုယ့္ကိုသိတာမွမဟုတ္တာ လာပါ႐ိုစ့္ရယ္"
ကေလးလိုလုပ္ကာ ဂ်စ္ကန္ကန္ေမေၾကာင့္ ကြၽန္မမျငင္းဆန္ႏိုင္ေတာ့ပါပဲ ေမနဲ႔အတူလိုက္ကေတာ့ ခုနကကထပ္ပို၍ဆူညံစြာအားေပးၾကေတာ့သည္။ေဆြးေျမ့ေနသည့္ သံဇဥ္မ်ိဳးမဟုတ္ေတာ့ပဲ ထြက္ေပၚလာသည့္ ခပ္ျမဴးျမဴးသံဇဥ္ေတြက ေမလႈပ္ရွားရာေနာက္ကြၽန္မလိုက္ပါမိေတာ့သည္။
လူစုက်ဲကာခပ္ပါးပါးျဖစ္သြားခ်ိန္ တေယာအိပ္ထဲမွ ေငြမ်ားကိုၾကည့္၍ တေယာလုလင္က ေမ့လက္ကေလးကိုနမ္းကာ ေက်းဇူးတင္စကားဆိုသည္။
ဒါကေတာ့ ပါရီရဲ႕ယဥ္ေက်းမႈေပါ့ ပါရီတြင္မက အေနာက္ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာပင္ ျပဳမႈတတ္ၾကပါ၏။
တေနရာမွာၿပီးေတာ့ ေမကေနာက္ထပ္ေနရာတစ္ခုဆီ ကြၽန္မကိုဦးေဆာင္ေခၚသြားျပန္၏။
"ဒီတစ္ခါေရာ ဘယ္ကိုလဲေမ"
"ပုံတူပန္းခ်ီဆြဲရေအာင္ ႐ိုစ့္"
"ဟင္!"
မႈတ္ဆိတ္ပသိုင္းေမႊးတို႔ေဖြးေဖြးျဖဴေနသည့္ အဘိုးႀကီးတစ္ေယာက္ဟာ အီဖယ္တာဝါဘက္သို႔မ်က္ႏွာမႈကာ အ႐ြယ္အစားႀကီးႀကီး စကၠဴျဖဴခ်ပ္ႀကီးေရွ႕တြင္ထိုင္လ်က္။ စုပ္တံကိုႏႈတ္ခမ္းမွာကိုက္၍ လက္တစ္ဖက္ကခဲတံတစ္ေခ်ာင္းကိုဆုပ္လွ်က္လက္မျဖင့္တိုင္းေထာင္ကာ အကြာအေဝးတစ္ခုကိုညႇိရင္း စကၠဴခ်ပ္ေပၚတစ္ခ်က္ခ်င္းေရးဆြဲခ်ေနသည္။
"ဟယ္လို မာစတာ ဗာလင္ မေတြ႕ရတာၾကာၿပီေနာ္ ေနေကာင္းတယ္မလား"
မိသြက္ေလး ေမကခပ္သြပ္သြပ္ႏႈတ္ဆက္ေတာ့ အဘိုးအိုကေမ့လက္ကေလးကို ခပ္ဖြဖြနမ္းကာ ႏႈတ္ဆက္သည္။
"ဟယ္လို အက္စတာ ငါေနေကာင္းပါတယ္ ၊မင္းေရာ?"
"ေကာင္းပါတယ္ ။ဒီေန႔ ငါနဲ႔ငါ့သူငယ္ခ်င္းအတြက္ အီဖယ္ကိုေနာက္ခံထားၿပီး တစ္ပုံေလာက္ဖန္တီးေပးပါလား မာစတာဗာလင္ေရ"
"ရတာေပါ့ ငါအခု အီဖယ္ကိုဆြဲေနတုန္း ၿပီးတာနဲ႔ ငါ့ေရွ႕မွာမင္းတို႔ေနရာယူလိုက္႐ုံပဲ"
မိနစ္ပိုင္းအတြင္းအဘိုးအိုဟာ အီဖယ္တာဝါပုံကိုေရးဆြဲအၿပီး ကြၽန္မလက္ကိုဆြဲကာ ေမက အဘိုးႀကီးေရွ႕မွထိုင္ခုံႏွစ္ခုံမွာ ဝင္ထိုင္လိုက္သည္။အနည္းငယ္ပုၿပီး အမွီျပဳစရာမပါေသာ ထိုင္ခုံေလးမို႔ ကြၽန္မထိုင္လိုက္သည္ႏွင့္ ဝတ္ထားသည့္စကပ္က ေျမေပၚတြင္ပုံက်ေနေတာ့သည္။ေမက ကြၽန္မႏွင့္မ်က္ႏွာခ်င္းဆိုင္ခုံမွာထိုင္ကာ ကြၽန္မကိုအၿပဳံးသီကာၾကည့္လာသည္။
ပန္းခ်ီဆြဲေနျခင္းမို႔ ေမ၏မလႈပ္မယွက္စိုက္ၾကည့္ျခင္းကိုခံရၿပီး ကြၽန္မမ်က္ႏွာက အနည္းငယ္ပူအန္းအန္းျဖစ္လာသည္။
"ေမေရ အဲ့လိုႀကီးမၾကည့္ပါနဲ႔လား"
"ဘာေၾကာင့္လဲ ပုံတူထဲမွာအသက္ဝင္လာဖို႔ လိုတယ္မဟုတ္လား"
ေမ့စကားကလည္းမွန္သည္။သို႔ေသာ္ အသက္ဝင္ေလာက္သည္အထိ ပုံတူကေဖာင္းႂကြမေနလည္းျဖစ္သည္။ကြၽန္မတို႔ပန္းခ်ီၿပိဳင္ပြဲဝင္ၿပိဳင္မွာမဟုတ္သလို ဒါက အမွတ္တရအေနနဲ႔သိမ္းထားမည့္အရာတစ္ခုပဲ။
နားသပ္စမွဆံခ်ည္မွ်င္တခ်ိဳ႕ကေလအလႊင့္မွာ ကြၽန္မမ်က္ႏွာကိုလာ႐ိုက္ခတ္ၾကသည္။ေမက ခပ္သြက္သြက္ပင္ကြၽန္မဆံခ်ည္မွ်င္ေလးမ်ားကို နားေနာက္သို႔ သိမ္းသပ္တင္ေပးလာ၏။
လႈိက္ဖိုရသည့္ရင္တစ္စုံက ကြၽန္မအတြက္အံ့ဩမႈအျပည့္ျဖင့္သာ။
'အို ငါဘာျဖစ္ရတာလဲ'
တဖက္မွ ေမရဲ႕ႏႈတ္ခမ္းပါးေလးေတြေကြးၫြတ္တာကအစ ပါးႏုႏုထက္မွအေမႊးႏုႏုႏွင့္ေသြးေၾကာစိမ္းစိမ္းေတြအထိ အနီးကပ္စိုက္ၾကည့္ပစ္လိုက္၏။
ေမကဒ႑ာရီဇာတ္လမ္းထဲကမင္းသမီးေလးလိုပဲ မိန္းခေလးအခ်င္းခ်င္းပင္ရင္ဖိုဖြယ္လွပါသည္။
"႐ိုစ့္ ဘာလို႔ငါ့ကိုၾကည့္ေနတာလဲ"
"ကြၽန္မမၾကည့္ပါဘူး"
မုသားတခ်ိဳ႕ေရာစပ္၍ ရွက္ရွက္ျဖင့္ညာလိုက္သည္။လူမိခံသြားရသည္ကိုး ။
ပုံတူတစ္ခုသာ ေရးဆြဲၿပီးသြားတယ္ ကြၽန္မတို႔ႏွစ္ေယာက္၏အၾကည့္တို႔ကမရပ္တန႔္မိသည္အထိ။ပန္းခ်ီဆရာအဘိုးႀကီးက ၿပီးၿပီဆိုသည့္အေၾကာင္းေျပာလာမွ ျပန္လည္အသက္ဝင္လာၾကသည္။
"အိုး ဘုရားေရ ငါတို႔သိပ္လွတာပဲ"
သြားတန္းျဖဴညီေဖြးေဖြးတို႔ေပၚသည္အထိရယ္ၿပဳံးလာသည္။
အီဖယ္တာဝါေနာက္ခံႏွင့္ ေရွ႕တြင္ တစ္ေယာက္ကိုတစ္ေယာက္ႏူးညံ့စြာအၾကည္စိုက္ေနရင္းမွ ေမကကြၽန္မဆံခ်ည္မွ်င္တို႔ကို သပ္တင္ေပးေနလ်က္။
ပန္းခ်ီ၏လက္စြမ္းက မခ်ီးၾကဴးဘဲမေနႏိုင္ေအာင္ အံ့မခမ္းလက္ရာေျမာက္သည္။မၾကာသည့္အခ်ိန္တိုတြင္းေရးဆြဲခဲ့သည္မို႔ ပိုၿပီးခ်ီးၾကဴးမိေတာ့သည္။
"ပါရီက တကယ့္ကိုအႏုပညာေျမပါ ။ၾကည့္စမ္း ဘယ္ေလာက္ေတာင္လွလိုက္သလဲ "
ေန႔တပိုင္းေက်ာ္သည္အထိ အီဖယ္ေျခရင္းမွာႏွစ္ေယာက္သားသြားခ်င္သည့္ေနရာကိုသြားလိုက္ၾက စားခ်င္တာေတြစားလိုက္ၾကျဖင့္ အခ်ိန္ေတြကုန္ဆုံးရသည္။အခုလည္း Seineျမစ္ေဘးဝါက်င္က်င္အေဆာက္အုံတို႔ရွိသည့္လမ္းတစ္ေနရာမွာ ႏွစ္ဦးလုံးစကားတေျပာေျပာျဖင့္ေလွ်ာက္လွမ္းေနမိသည္။လမ္းေထာင့္ခ်ိဳးတေနရာသို႔ေရာက္ေတာ့ ႀကီးမားေသာ ေမပယ္ပင္ခပ္အုပ္အုပ္ေအာက္ဘက္တြင္ စားပြဲကုလားထိုင္မ်ားခင္က်င္းထားသည့္ ေကာ္ဖီဆိုင္ေလးတစ္ဆိုင္ဆီသို႔ ကြၽန္မအၾကည့္ေတြေရာက္ရွိသြားသည္ ။ဆိုင္ေလးက လူအနည္းငယ္ျဖင့္ ေအးေအးလူလူရွိလွ၏။ဆိုင္နာမည္ေလးက
café de France ဟုအေဆာက္အအုံအဝင္တြင္စာတန္းႀကီးႀကီးျဖင့္ေရးထိုးထားသည္။
"ေမ ဒီဆိုင္ေလးမွာထိုင္ၾကမလား?"
ေမက ကြၽန္မၫႊန္ျပသည့္ဆိုင္သို႔လွမ္းၾကည့္ၿပီး ေခါင္းခါျပသည္။
"ဒီကေဖးက လူသိပ္မရွိတာသတိထားမိသလား ။အခုအခ်ိန္က လူနည္းတယ္ ညဆိုရင္ေတာ့ ထိုင္လို႔အေကာင္းဆုံးအခ်ိန္ပဲ ။ဒီဆိုင္အျပင္မွာထိုင္ၿပီး ညဘက္ ပါရီၿမိဳ႕ခံေတြနဲ႔ ခရီးသြားေတြရဲ႕လႈပ္ရွားသြားလာမႈကို ၾကည့္ရတာ ပိုၿပီးအရသာရွိတယ္။ဒါေၾကာင့္ ဒီဆိုင္ကိုညဘက္က်မွ ႐ိုစ့္နဲ႔ငါအတူတူလာၾကမယ္။"
"ေမက ကြၽန္မနဲ႔အတူ ညဘက္ထိေနေပးႏိုင္တယ္ေပါ့"
ခပ္ၿပဳံးၿပဳံးပင္ ေမကဆိုလာသည္။
"ဒါေပါ့ ရွားရွားပါးပါးရတဲ့ငါ့ရဲ႕ အားလပ္ရပ္ကို အက်ိဴးရွိရွိျဖန္းတီးပစ္မွာ။ငါ့မွာ အေပါင္းအသင္းသိပ္မရွိဘူး၊မိသားစုေဆြမ်ိဳးမရွိဘူး ဒါေၾကာင့္ ႐ိုစ့္နဲ႔ေတြ႕တဲ့အခ်ိန္ခဏေလး မင္းလည္းအေဖာ္ရၿပီးအထီးမက်န္ေအာင္ ငါကအေဖာ္ျပဳေပးမယ္။"
ထိုစကားကိုေျပာခ်ိန္ ေမ့ရဲ႕မ်က္ဝန္းၾကည္ျပာတို႔ဟာ ညႇိဳးႏြမ္းေနတာကို ကြၽန္မသတိထားမိသည္။ေမေျပာလိုက္တဲ့အခ်ိန္ ေတြ႕ဆုံရတဲ့ခဏေလး ဟူသည္က ကြၽန္မႏွလုံးသားကိုလစ္ဟာေစသည့္ခံစားခ်က္မ်ိဳး။တကယ္ပဲ ဒီစကားက ဘာအေရးႀကီးတာမဟုတ္ေပမယ့္ ကြၽန္မအတြက္အထီးက်န္ေစမည့္အေငြ႕အသက္တို႔ကို ရရွိေနေလ၏။
ႏွင္းဆီပ်ိဳေရ ျပင္သစ္ကိုလာခဲ့တာ နင္တစ္ေယာက္ထဲေလ ။ဘာအတြက္ေၾကာင့္အေဖာ္မက္သြားရျပန္တာလဲ။ မိမိစိတ္ကိုျပန္လည္သတိေပးရေသး၏။
ကြၽန္မရဲ႕အေတြးေတြ လည္ျပန္ထြက္သြားခ်ိန္ ေမက လမ္းေဘးတစ္ေနရာမွာ အငွားကားတစ္စီးကို ငွားႏွင့္ေနၿပီးျဖစ္သည္။
"ေဟး ႐ိုစ့္ ျမန္ျမန္လာ အခ်ိန္သိပ္မရွိဘူး ငါမင္းကိုေနရာတစ္ခုကိုေခၚသြားပါရေစ။"
ဟင္ ကြၽန္မလိုက္သြားလို႔ျဖစ္ပါ့မလား ။ကြၽန္မက တိုင္းတပါးသူ ပါရီရဲ႕ေဒသအေၾကာင္းကိုလည္းမကြၽမ္းက်င္ေသး။ ေျခလ်င္ခရီးေတြကကြၽန္မအတြက္ မ်က္စိမလည္တတ္ေသာ္ျငား ကားျဖင့္သြားရမည့္ခရီးအတြက္ ကြၽန္မကို တေနရာရာမွ တစ္ခုခုျဖစ္ခဲ့လွ်င္ သြားလာဖို႔မကြၽမ္းက်င္လွေပ။
"႐ိုစ့္ ဘာေတြေတြးေနတာလဲ ။မဟုတ္မွ မင္း ငါ့ကိုမ်ားမယုံလို႔လား? "
ကြၽန္မ အေျဖရခက္ပါၿပီ။
"ေဆာရီးပါ ႐ိုစ့္ ငါစိတ္ေလာသြားလို႔ မင္းအဆင္မေျပရင္ ငါတို႔မသြားလည္းျဖစ္တယ္။"
ေမတစ္ေယာက္ ကားနားမွခြာကာ ကြၽန္မဆီသို႔လွမ္းရန္ေျခလွမ္းတို႔ျပင္ေနခ်ိန္ ကြၽန္မ ကားရွိရာဆီသို႔သြားကာ ကားတံခါးဖြင့္လိုက္သည္။
"သြားၾကမယ္ေလ ေမ"
~~~
ကားမွန္မ်ားမွေက်ာ္ျဖတ္ၿပီးတိုက္ခတ္လာသည့္ေလဟာ ေအးျမလန္းဆန္းေစ၏။ဘယ္ဆီဘယ္ဝယ္မွန္းမသိေသာ္ျငား ယခုျဖတ္သန္းခဲ့သည့္ခရီးတိုမွာ အေဝးေျပးလမ္းမတစ္ခုျဖစ္ဟန္ပုံေပၚသည္။ကြၽန္မ၏ဦးတည္ခ်က္ေတြက ေမေခၚရာေနာက္သို႔ ကပ္ပါလ်က္။ျပန္ေတြးၾကည့္မိေတာ့ ကြၽန္မကအလြန္ပဲေမ့ကိုယုံစားမိေလသလား။ ေမ့ကိုၾကည့္ေတာ့ ေအးေအးလူလူပင္ လက္တဖက္ကို ကားတံခါးေပၚမွာဆန႔္တန္းရင္း တလူးလူးတိုက္ခတ္ေနသည့္ ေလထဲ၌လြင့္ေမ်ာေစသည္။ ေမက လြတ္လပ္ေပါ့ပါးေသာ ကေလးငယ္တစ္ဦးလိုပဲ။
ေနာက္ထပ္ပတ္ဝန္းက်င္မွျမင္လိုက္ရသည့္ ခရမ္းျပာေရာင္လြင္ျပင္က်ယ္ေၾကာင့္ ကြၽန္မမ်က္လုံးအစုံဝိုင္းက်ယ္သြားရသည္။ ဒါ လာဗန္ဒါပန္းခင္းႀကီးမဟုတ္လား။ လာဗန္ဒါပန္းခင္ႀကီးဟာ အဆုံးမရွိေသာပင္လယ္ကဲ့သို႔တေမွ်ာ္တေခၚရွိေန၏။ၾကည့္စမ္း ကြၽန္မေမ့ေနလိုက္တာ ျပင္သစ္မွာ လာဗန္ဒါေတြေပါမ်ားစြာရွိတဲ့အရပ္ဆိုသည္ကို။
“႐ိုစ့္ ေရွ႕ေရာက္ရင္ငါတို႔ကားေပၚက ဆင္းက်မယ္ေနာ္”
ေမ့အသံကိုကြၽန္မၾကားေသာ္လည္း စကားျပန္မဆိုမိ။
ပထမဦးစြာ ကားေလးလမ္းေဘးတေနရာသို႔ထိုးရပ္လိုက္သည္ႏွင့္ ကြၽန္မတို႔ကားေပၚကလွ်င္ျမန္စြာဆင္းကာ ခုန္ေပၚမတက္ျမဴးထူးမိၾကသည္။
ေမက အေရွ႕ထိေျပးကာ လာဗန္ဒါပန္းခင္းႀကီးအတြင္း လိပ္ျပာငယ္ေလးလို ေပ်ာ္ျမဴးေန၏။ကြၽန္မကို လက္တစ္ဖက္ေျမႇာက္ကာ လွမ္းေခၚလာတာမို႔ ေမ့ဆီကိုသြားလိုက္သည္။
လာဗန္ဒါေတြရဲ႕ေမႊးရနံ႔ကစိတ္ကိုၾကည္လင္ေစၿပီး ကြၽန္မကိုအိမ္မက္ကမာၻအတြင္းေခၚေဆာင္သြားေစသည္။တေနရာမွကြက္မေနပါဘဲ ခရမ္းေသြးေရာင္လႊမ္းၿခဳံလ်က္ ေလယူရာတိမ္းလွ်င္ ယိမ္းႏႊဲ႕တတ္ၾကေသး၏
ကြၽန္မလိုစာေရးဆရာမတစ္ဦးအတြက္ မည္သည့္စကားလုံးကကြၽန္မရဲ႕စိတ္ခ်မ္းသာမႈေတြကို ပုံေဖာ္စာစီႏိုင္ပါမည္နည္း။
႐ုတ္တရက္ ေမက လာဗန္ဒါပန္းစုေလးကို အနည္းငယ္ႏႈတ္ယူလိုက္တာေၾကာင့္ ကြၽန္မလွမ္းတာလိုက္မိသည္။
“ဘာလို႔ပန္းကိုႏႈတ္လိုက္တာလဲ ေမ”
ေမ့မ်က္ႏွာမွာအၿပဳံးႏုႏုေလးတို႔ ေခတၱေပ်ာက္ကြယ္သြားရကာ တဖန္ျပန္၍ျဖစ္တည္လာပါေသာ ပါးခ်ိဳင့္ငယ္ေလး။
“ပန္းေလးေတြက သူ႔အုပ္စုနဲ႔သူ႔အလွတရားကၿပီးစုံေနၿပီးသားေလ ေမရဲ႕ ေမဒီလိုခူးယူလိုက္ေတာ့ ပန္းရဲ႕အလွတရားက သီးသန႔္ဆန္သြားေရာ ၾကာၾကာရွိေနမယ့္လွပလန္းဆန္းမႈက ခဏအတြင္းမွာညႇိဳးႏြမ္းေျခာက္ေသြ႕သြားႏိုင္တယ္”
“အဲ့ဒီ့လိုလား ? ဒါေပမယ့္ ငါဒီပန္းေလးကို ႐ိုစ့္အတြက္ေပးခ်င္လို႔ေလ”
ကြၽန္မထံပန္းေတြကိုင္ထားသည့္ ေမ့လက္တဖက္က ဆန႔္တန္းလာေလသည္။ကြၽန္မေျပာလိုက္တာမွားသြားေခ်ၿပီလားဟု အားနာမိရေသးသည္။ေမကျဖင့္ ကြၽန္မကိုအာ႐ုံမရွိေတာ့ပါပဲ ပန္းခင္းအတြင္းခုန္ေပါက္ေျပးလႊားေနေတာ့သည္။
“ေမေရ ေခ်ာ္လဲမယ္ သတိထားအုံးေလ”
ကေလးငယ္ကိုစိုးရိမ္မႈမ်ိဳး ကြၽန္မတြင္ရွိေန၏။သို႔ေသာ္ ကြၽန္မစိတ္ေတြလည္း ေပါ့ပါးေအးခ်မ္းေနရသည္။
.............
ညေနေစာင္းအခ်ိန္ေတာ့ ႏွစ္ဦးသားေမာပန္းသြားရကာ အလာတုန္းကလိုစကားမေျပာျဖစ္ၾကဘဲ ကားေပၚမွာတိတ္တဆိတ္လိုက္ပါလာခဲ့ၾကသည္။ကားေမာင္းသူ ဖြင့္ထားေသာ အဆိုေတာ္ႀကီးဘြန္ဂ်ိဳဗီ၏ငယ္စဥ္က ကြၽန္မႏွစ္သက္ရသည့္ I be there for you, မၾကာေသးခင္ထြက္ရွိထားေသာ always သီခ်င္းေလးေတြ ေရဒီယိုလိုင္းတစ္ခုမွလႊင့္ပ်ံေနလ်က္။
“႐ိုစ့္ အဆိုေတာ္ဘြန္ဂ်ိဳဗီကိုႀကိဳက္လား “
“အင္း ေမကေရာ”
“ႀကိဳက္တယ္”
“ဘယ္သီခ်င္းအႀကိဳက္ဆုံးလဲ”
“Naver Say Goodbye”
ေမက သီခ်င္းနာမည္ကိုေျပာၿပီး ကြၽန္မပုခုံးေပၚသို႔ေခါင္းေလးမွီတင္ကာ မ်က္ဝန္းမ်ားကို ေမွးမွိတ္ထား၏။ ေမ့ထံသို႔ ေခါင္းငဲ့ၾကည့္ရင္း ကြၽန္မလည္းမည္သည့္စကားမွ်မဆိုမိေတာ့၊ ႏွစ္ဦးသားၾကားျပန္လည္တိတ္ဆိတ္သြားေစခဲ့သည္။
ေမက ကြၽန္မေနသည့္ ေဟာ္တယ္ရွန္ဂရီလာအထိလိုက္ပို႔မည္ဟုေျပာၿပီး အဲ့ဒီ့မတိုင္ခင္ ကြၽန္မသြားခ်င္သည့္ café de France အတူတူသြားဖို႔တိုင္ပင္ထားၾကသည္။
သို႔ေသာ္ ပါရီၿမိဳ႕ထဲဝင္ဝင္ခ်င္း ေမ့ထံမွဖုန္းသံထြက္ေပၚလာကာ ဖုန္းနံပါတ္ကိုၾကည့္ၿပီး ေမကပ်ာယာခတ္သြားဟန္တူသည္။
တဖက္ႏွင့္ေမတို႔ၾကား အခ်င္းခ်င္းျပင္သစ္ဘာသာစကားျဖင့္ေျပာဆိုကာ ေမ့မ်က္ႏွာကၿပိဳက်ေတာ့မည့္တိမ္ဆိုင္ငယ္လိုျဖဴေဖ်ာ့ေနေလ၏။
“ဘာျဖစ္လို႔လဲေမ”
“႐ိုစ့္ ငါျပန္ရေတာ့မယ္ လိုက္မပို႔ျဖစ္ေတာ့လို႔အားနာပါတယ္ ငါဒီမွာပဲဆင္းေနခဲ့ေတာ့မယ္ ကားဆရာကမင္းေဟာ္တယ္ကိုေရာက္ေအာင္ပို႔ေပးလိမ့္မယ္ အဲ့ဒီ့အတြက္စိတ္မပူနဲ႔ေနာ္”
ေမေျပာလာသည့္စကားတို႔ကိုနားေထာင္ရင္း ကြၽန္မမ်က္ႏွာသည္လည္း ဇီး႐ြက္ေလာက္သာရွိပါေတာ့သည္။ကြၽန္မကိုယ္ကြၽန္မစိုးရိမ္တယ္ဆိုတာထက္ ေမနဲ႔ျဗဳန္းစားႀကီးလမ္းခြဲရေတာ့မည္ဆိုေတာ့ လစ္ဟာျပဳတ္ထြက္သြားသည့္ ႏွလုံးသားတစ္စုံထံမွာ အထီးက်န္မႈတို႔အစားထိုးဝင္ေရာက္လာၾကေတာ့သည္။
“ေမ ငါမင္းကိုဆက္သြယ္လို႔ရႏိုင္မလား”
ကားအျပင္ကိုေရာက္ႏွင့္ေနၿပီျဖစ္သည့္ေမက ဖုန္းနံပါတ္ေတြကို ခပ္က်ယ္က်ယ္႐ြတ္ဖတ္ျပသည္။
ဦးေႏွာက္ထဲမွာမွတ္သားေနရင္း ေဘးမွျဖတ္သြားေသာဆူဆူညံညံကားစက္သံေၾကာင့္ ေနာက္ဆုံးႏွစ္လုံးကိုကြၽန္မေကာင္းစြာမၾကားလိုက္ပါေပ။ေမကေတာ့ လမ္းတဖက္သို႔အေျပးကူးသြား၍ ကြၽန္မႏွင့္ဆန႔္က်င္ဘက္အရပ္သို႔ ကားတစ္စီးငွားကာထြက္သြားၿပီျဖစ္သည္။
ကံေကာင္းစြာႏွင့္ တစ္ႀကိမ္ေသာဆုံစည္းမႈေလးပဲျဖစ္ျဖစ္ျပန္ဆုံေတြ႕ခ်င္ပါရဲ႕ေလ။
ေဟာ္တယ္သို႔ေရာက္ေတာ့ ေကာင္းစြာအနားယူဖို႔ျပင္ဆင္ရေတာ့သည္။သိုေသာ္ေလးလံထိုင္းမႈိင္းေစသည့္ စိတ္ေၾကာင့္ ကြၽန္မေကာင္းေကာင္းအနားမယူႏိုင္ခဲ့။အထီးက်န္ျခင္းဆိုသည့္ စကားလုံးမရွိခဲ့သည့္ကြၽန္မအတြက္ တေန႔တာသာ ေတြ႕ဆုံခြင့္ရခဲ့သည့္ေမႏွင့္ ခြဲခဲ့ရၿပီး အခုကြၽန္မတစ္ေယာက္ထဲရွိေနသည့္အခ်ိန္မ်ိဳးမွာ အထီးက်န္ျခင္းေတြႀကီးစိုးလာေလေတာ့သည္။တၿပိဳင္နက္တည္းမွာ အားငယ္မႈတို႔ပါေရာယွက္လ်က္။
ကုတင္ေဘးစားပြဲေပၚတြင္ ခ်ထားေသာ ေက်ာပိုးအိပ္အတြင္းမွ ထိုးေထာင္ထြက္ေနသည့္ စကၠဴျဖဴျဖဴလိပ္ကို ဆြဲထုပ္လိုက္ပါရင္း ေသေသခ်ာခ်ာျဖန႔္ၾကည့္မိသည္။ကြၽန္မကို စိုက္ၾကည့္ေနသည့္ေမ့အၾကည့္ေတြက ေငးေငးစစေလးျဖစ္ေနၿပီး ပန္းခ်ီဆရာထည့္ဆြဲထားေသာ ကြၽန္မပုံမွာ ပါးႏွစ္ဖက္က ပန္းေရာင္သန္းေနေသး၏။
ဒါမ်ိဳးေတြက ေကာင္ေလးတစ္ေယာက္ႏွင့္ေကာင္မေလးတစ္ေယာက္မွာျဖစ္ေပၚတတ္သည့္ ခ်စ္စရာပုံရိပ္ေလးပင္မဟုတ္လား ။ဘာလို႔ ေမနဲ႔ ကြၽန္မပုံျဖစ္ေနရတာပါလိမ့္။
႐ုပ္တရက္ မွန္တံခါးခ်က္မွာ တေတာက္ေတာက္ျမည္သံႏွင့္အတူ မိုးသီးမိုးေပါက္တို႔ေျပးခုန္က်ဆင္းလာေတာ့ မွန္တံခါးဆီသို႔ေလွ်ာက္သြားကာ မိုးစက္ေတြၾကားက အီဖယ္တာဝါကိုေငးေမာၾကည့္မိသည္။တေန႔လုံး သတိတယရွိျပန္လာသည့္မွတ္ဉာဏ္ေတြေၾကာင့္ ကြၽန္မေက်ေက်နပ္နပ္ၿပဳံးမိလိုက္ပါေတာ့သည္။
ေမနဲ႔ထပ္ေတြ႕ခြင့္ေလးရခ်င္ပါရဲ႕
~~~
မနက္သစ္ကိုႏိုးထျပန္ေတာ့ ဒီေန႔အတြက္လည္းအားအင္ေမြးရျပန္သည္။ေရခ်ိဳးၿပီး လြယ္လင့္ေပါ့ပါးသည့္အညိဳေရာင္ ဂါဝန္တစ္ထည္ကိုျမန္ျမန္ဆန္ဆန္လွဲလွယ္ရင္း မိတ္ကပ္ပါးပါးလိမ္းျခယ္ကာ ေဟာ္တယ္မွေကြၽးေသာမနက္စာကိုခပ္ျမန္ျမန္စားသုံးလ်က္ သြားလိုရာအရပ္ကိုလွ်င္ျမန္စြာ ထြက္ခြါခဲ့ေတာ့သည္။
မေန႔က ေမနဲ႔ဆုံခဲ့သည့္ ေနရာသို႔ဦးစြာလာၾကည့္မိသည္။ေမေတာ့ရွိမေန။Eiffleကိုမ်က္ႏွာမူေနသည့္ပန္းၿခံရယ္၊ရင္ျပင္ျပန႔္က်ယ္က်ယ္ေပၚမွ သံစုံတီးဝိုင္းမ်ား၊Seineျမစ္ငယ္ေဘးနားထိုင္ခုံေနရာမက်န္ ေမ့ကိုေတြ႕လိုေတြ႕ညားလိုက္ရွာေနမိသည္။အရိပ္အေယာင္ပင္ျမင္ရခက္ခက္ ။ကြၽန္မအျဖစ္က ေကာက္႐ိုးပုံအတြင္းအပ္ေပ်ာက္ရွာသလိုနယ္။
ပန္းခ်ီဆရာအဘိုးထံသို႔ ေမ့အေၾကာင္းေလးသိလိုသိရညား သြားေမးၾကည့္ေသာ္လည္း လာေနက်ျဖစ္၍ နာမည္မွလြဲ၍ဘာတခုမွ်မသိေၾကာင္းေျပာလာသည္။
ရွာေဖြရတာေမာပမ္းလာ၍ေနာက္ဆုံးေသာ အားအင္ျဖင့္ café de France ကိုသြားရန္ဦးတည္လိုက္ၿပီးမွ ေမေျပာခဲ့သည့္ ငါနဲ႔အတူတူသြားၾကရေအာင္ ဆိုသည့္စကားကိုျပန္ၾကားေယာင္ေစသည္။ေမ မပါဘဲ တစ္ေယာက္ထဲသက္သက္ သြားခ်င္လိုစိတ္မရွိေတာ့ပါဘဲ ပန္းခ်ီဆရာအဘိုးေဘးနားမွာသာၿငိမ္ၿငိမ္ေလးထိုင္ေနလိုက္သည္။
တေန႔လုံးကင္မရာတစ္လုံးကိုကိုင္၍ ဟိုဟိုဒီေလွ်ာက္သြားျဖစ္ေတာ့ လမ္းေပၚမွျမင္ျမင္သမွ်အရာတို႔ကို မွတ္တမ္းယူမိလ်က္သား။အရင္ေန႔ေတြတစ္ေယာက္ထဲသြားလာခဲ့သည့္ ႏွစ္ပတ္ေက်ာ္သုံးပတ္က ပုံမွန္လိုေနထိုင္လႈပ္ရွားခဲ့ေသာ္လည္း ေမနဲ႔ကုန္ဆုံးရသည့္ တစ္ရက္တာၿပီးသည့္ေနာက္မွာ ကြၽန္မပ်င္းရိလာရသည္။မည္သည့္အရာကိုမွ်စိတ္ကူးျဖင့္ေငးေမာမေနမိေတာ့။ဒီလိုနဲ႔ပဲ ကြၽန္မတစ္ေန႔တာက ေႏွးေကြးစြာကုန္ဆုံးရေပအုံးေတာ့မည္။
သုံးရက္။
ဒီေန႔နဲ႔ဆို ေမ့ကိုရွာမေတြ႕ေတာ့တာ သုံးရက္ရွိခဲ့ၿပီျဖစ္သည္။ေဟာ္တယ္ကေန စထြက္သည္ႏွင့္တက္ႂကြ႐ႊင္လန္းစြာထြက္သြားသည့္ကြၽန္မက ေဟာ္တယ္သို႔အျပန္လမ္းေတြမွာ ေလထိုးအ႐ုပ္ငယ္ေလေလ်ာ့ေနသည့္အတိုင္း စီးထားသည့္ဖိနပ္ပါးပါးကိုပင္မသယ္ခ်င္ေလာက္ေအာင္ ေလးလံလို႔ေနရသည္။
လမ္းမီးေရာင္ထိန္ထိန္ေအာက္မွာ။ကြၽန္မလိုျဖတ္သန္းသြားလာေနက်သူမ်ားျပားရွိေနၾကၿပီး အားလုံးဟာသူ႔အေျခအေနႏွင့္သူ။
Cafeဆိုင္ေလးတစ္ခုေဘးေရာက္ေတာ့ ဆိုင္ေဘးတြင္ရွိေနေသာ ေဆးအနည္းငယ္မွိန္ေလ်ာ့ေနသည့္ အနီေရာင္payphone အိမ္ေလးတစ္ခုေတြ႕မိသည္။ အႀကံေကာင္းတစ္ခုအေနျဖင့္ ကြၽန္မေက်ာပိုးအိပ္အတြင္းမွမွတ္စုစာအုပ္ကိုဖြင့္ကာ မွတ္သားထားေသာဖုန္းနံပါတ္ေလးတစ္ခုကို ရွာကာ payphone အိမ္ငယ္အတြင္းဝင္၍ အေႂကြေစ့အနည္းငယ္ကိုထည့္လိုက္သည္။ဖုန္းခြက္ကိုကိုင္ကာ ဖုန္းနံပါတ္ေတြကို႐ိုက္ႏွိပ္ေတာ့ ပထမတပ္ဆင္ထားျခင္းမရွိေၾကာင္းေျပာသည္။သဲကြဲေသခ်ာစြာမၾကားလိုက္မိသည့္ နံပါတ္ႏွစ္လုံးကို ေလွ်ာက္ႏွိပ္ကာေခၚေတာ့လည္း ဖုန္းကဆက္မရ။ေနာက္နံပါတ္တစ္ခုကို ထပ္ႏွိပ္ေတာ့ ဖုန္း ေခၚဆိုမႈကားဝင္သြားသည္ ။
“ဟယ္လို ေမလား ?ကြၽန္မက ႐ိုစ့္ပါ”
တဖက္မွဖုန္းမွားေနသည္ဟုေျပာကာ ဖုန္းခ်သြားသည္။ေနာက္ထပ္ေခၚဆိုမႈအတြက္ အနည္းငယ္က်န္ရွိေနေသာ အေႂကြေစ့ကိုအသုံးျပဳရျပန္ေတာ့သည္။
ေနာက္ထပ္ ဆက္၍ရသြားေသာဖုန္းေလးေၾကာင့္ ကြၽန္မဝမ္းသာစြာပင္။
“ဟယ္လို ေမလား ?ကြၽန္မက ႐ိုစ့္ပါ”
တဖက္မွေခတၱတိတ္ဆိတ္သြားသည္။
“ဟယ္လို ေမ?”
မည္သည့္အသံမွ်ထြက္ေပၚမလာ၍ ကြၽန္မဘာေျပာရမည္မွန္းမသိ အေျခအေနကအနည္းငယ္ကသိကေအာက္ရွိလွသည္။
“ေမ့ဖုန္းဟုတ္တယ္ မဟုတ္လားဟင္!”
“အင္း”
ဖုန္းကိုင္ထားသည့္ ကြၽန္မလက္ေတြအနည္းငယ္တုန္ယင္သြားရသည္။ေမ့ အသံေလးၾကားရခ်ိန္ ႏွလုံးသားအတြင္းေႏြးေထြးမႈတို႔ဝင္ေရာက္လ်က္ စိတ္လႈပ္ရွားျခင္းအျပည့္မို႔ ဘာေျပာရမွန္းမသိေအာင္ျဖစ္မိသည္။
“ေနေကာင္းရဲ႕လား ေမ?”
ေမ့ဘက္ကအသံဟာ တိတ္ဆိတ္ၿပီးေလသံတိုးတိုးသာၾကားေနရသည္။ထိုအခ်ိန္မွာပဲ payphone မွဖုန္းက်ေတာ့မည့္အခ်က္ေပးသံထြက္ေပၚလာသည္။လက္ထဲမွကိုင္ထားသည့္ပိုက္ဆံအိပ္အတြင္းအေႂကြေစ့ကိုလွ်င္ျမန္စြာ ရွာေဖြရသည္။ကံကကိုယ့္ဘက္မွာမပါေလေတာ့ အေႂကြေစ့တေစ့ေတာင္ရွိမေနေလေတာ့။
တူ တူ တူ ။
“ဖုန္းက်ေတာ့မယ္ ေမေရ သတိ....”
တူတူတူ တူတူတူ။
ဟူး။
ဖုန္းခြက္ကိုဂြပ္ကနဲျမည္ေအာင္ခ်၍ payphone အကာတဖက္ကိုမွီခ်လိုက္သည္။
ေနာက္ဆုံးေတာ့ ေမ့ထံမွဖုန္းနံပါတ္အမွန္ကိုသိခဲ့ၿပီမဟုတ္လား ။အပိုအေနနဲ႔ ေမ့အသံေလးကိုလည္း ၾကားခြင့္ရေသးသည္။
ထိုသို႔ေကာင္းတဲ့ဘက္က ေတြးလိုက္ေတာ့ ကြၽန္မေျခလွမ္းေတြ ေဟာ္တယ္အျပန္လမ္းမွာတက္ႂကြေပါ့ပါးလို႔ေန၏။
ယေန႔ စိတ္အားထက္သန္စြာျဖင့္ Pantheon ကိုလည္ပတ္ဖို႔ေ႐ြးခ်ယ္မိသည္။ျပင္သစ္၏အထင္ကရ ျဖစ္သည့္ Pantheon အေဆာက္အအုံသည္ ပါရီ၏ထိပ္တန္းလည္ပတ္မႈစာရင္းတြင္နံပါတ္ တစ္ျဖစ္သည္မို႔ ခ်န္ထားခဲ့လို႔မရ။
ျပင္သစ္၏အေမႊအႏွစ္ ပစၥည္းမ်ားျပသထားရွိၿပီး နံရံေဘးတြင္ ႐ုပ္လုံးႂကြပုံေဖာ္ထားေသာ႐ုပ္ထုမ်ား လက္ရာေျမာက္လွေပသည္။အေဆာက္အအုံအတြင္း က်ယ္ျပန႔္ၿပီး အမိုးနံရံတြင္ ေရးဆြဲထားေသာ ေဆးေရးပန္းခ်ီေပါင္းစုံအျပည့္ျဖင့္တင့္တယ္လြန္းလွသည္။
ႏွစ္နာရီၾကာလည္ပတ္ၿပီးစီးသည့္အခ်ိန္မွာ တေနကုန္မလည္ပတ္ခ်င္စိတ္မရွိေတာ့တာမို႔ ေဟာ္တယ္သို႔ျပန္လာခဲ့သည္။
ေဟာ္တယ္သို႔ေရာက္ေတာ့အေဆာက္အအုံေရွ႕တြင္ ရပ္ေနေသာအမ်ိဳးသမီးတစ္ေယာက္က ကြၽန္မလက္ကို လွမ္းဆြဲလာသည္။
“႐ိုစ့္”
သူမက ပါဝါစိမ္းႏုႏုေလးကို ေခါင္းမွာၿခဳံလႊမ္းထားၿပီး ကြၽန္မကိုစေတြ႕တုန္းကလို ေဖာ္ေ႐ြစြာၿပဳံးျပလာသည္။
“ေမ”
“ငါမင္းဆီကိုအလည္လာတာ “
“ကြၽန္မဒီမွာေနမွန္း ေမဘယ္လိုသိတာလဲဟင္”
“လာဗန္ဒါေတြကိုသြားၾကည့္တဲ့ေန႔က ကားေမာင္းသူကို မင္းေနတဲ့ေနရာေျပာျပခဲ့တယ္မလား “
ဟုတ္တာပဲ ။
“လာ ကြၽန္မအခန္းထဲကိုလိုက္ခဲ့”
ေဟာ္တယ္မွာရွိသည့္ ကြၽန္မငွားထားသည့္အခန္းဆီသို႔ ေမ့ကိုေခၚလာခဲ့သည္။
အခန္းထဲေရာက္ေတာ့ ေမက လွည့္ပတ္ၾကည့္ေနေလသည္။ေမက လသာေဆာင္အျပင္သို႔ထြက္၍ လွမ္းျမင္ေနရသည့္ အီဖယ္တာဝါကိုအခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနခဲ့၏။
“ေခါင္းေပၚကပုဝါႀကီးမဖယ္ေတာ့ဘူးလားေမ”
ေမက ေခါင္းမွာလႊမ္းၿခဳံထားေသာ ပုဝါစကိုဖယ္ရွားလိုက္ေတာ့ ေတြ႕ခ်င္ေနသည့္ ေမ့မ်က္ႏွာေလးကိုေငးလ်က္သားမွ ကြၽန္မမ်က္လုံးေတြဝိုင္းစက္သြားရသည္။
“ေမ ဒါက ဘယ္လိုျဖစ္တာလဲ”
ေမ့ပါးျဖဴျဖဴထပ္မွာ ညိဳမဲေနသည့္ဒဏ္ရာတစ္ခုေၾကာင့္ ကြၽန္မစိတ္ထဲပူေလာင္စြာ ေမးျမန္းမိေတာ့ ေမက ႏြမ္းလ်စြာရယ္႐ုံရယ္ျပသည္။
“ေခ်ာ္လဲလို႔ဒဏ္ရာရသြားတာပါ”
ေလအေဝ့မွာ ေ႐ႊအိုေရာင္ ေမ့ဆံႏြယ္တို႔ကဝဲလြင့္လ်က္ ။ေမ့မ်က္ႏွာက ခပ္ႏြမ္းႏြမ္းအၿပဳံးတစ္ခုဟာျဖင့္ အခုထိေပ်ာက္ကြယ္မသြားေသးေပ။ေကာ္ပတ္႐ုပ္ေလးလို႔လွလြန္းသည့္ မ်က္ႏွာထပ္ အညိဳအမဲဒဏ္ရာဟာ အက်ည္းတန္လြန္းလွသည္။
“ေမ့ကို ဒီရက္ပိုင္းရွာခဲ့ေသးတယ္ “
“ဘာေၾကာင့္လဲ”
တိကနဲ႔ခပ္ျပတ္ျပတ္အေမးမွာ ကြၽန္မတြင္ေျဖစရာအေျဖကေပ်ာက္လ်က္သား။ဘယ္လိုေျဖရမလဲ သတိယလို႔ပါ ေျပာရမလား၊ေတြ႕ခ်င္လို႔ပါလို႔ေျပာရမလား ။ေသခ်ာသည္က ကြၽန္မ၏အေဖာ္မဲ့သလိုခံစားခ်က္က ဗိုက္ဆာေနသည့္ကေလးငယ္တစ္ဦး အစာကိုငတ္မြတ္ေတာင့္တေနသလိုမ်ိဳး။
“ဘာေၾကာင့္လဲ ႐ိုစ့္”
“ဒီအတိုင္း ...”
“ငါလည္း ႐ိုစ့္ကိုေနာက္ထပ္ေတြ႕ခ်င္ေနခဲ့တာ ဘာေၾကာင့္လဲ ဆိုေတာ့ ႐ိုစ့္ကိုသေဘာက်လို႔ “
“ဟင္ !”
ပြင့္လင္းလြန္းသည့္ ေမ့စကားက ကြၽန္မရင္ကိုသိမ့္ကနဲလႈပ္ခတ္ေစသည္။ေမနဲ႔ေတြ႕ကတည္းက ေမ့အၾကည့္ ၊ေမ့အၿပဳံး ၊ေမ့စကားေျပာဟန္က ကြၽန္မႏွလုံးသားကို မသိသာေရာ သိသိသာသာေရာ ကိုင္လႈပ္ႏိုင္သည္။ေမက ကြၽန္မကိုဘာျဖစ္ေစခ်င္တာလဲေနာ္ ။
“အံ့ဩသြားတာလား “
“ဟင့္အင္း မအံ့ဩပါဘူး ကြၽန္မလည္း ေမ့ကိုသေဘာက်ပါတယ္”
ေမေရာ ကြၽန္မပါ ၿပိဳင္တူၿပဳံးမိလိုက္သည္။ႏွစ္ဦးသား၏ရင္ထဲမွာေတာ့ ခံစားခ်က္ေတြေပါက္ဖြားမႈက မေျပာျဖစ္ၾကေပမယ့္တူညီ ေနလိမ့္မည္။
“ေမ ပါးကဒဏ္ရာကမနာဘူးလား”
“ဟင့္အင္း “
ေမ့ပါးျဖဴဥဥထက္သို႔ လက္လွမ္းကာ ကိုင္တြယ္မည္ျပဳေတာ့ ေမကကြၽန္မလက္ကိုေရွာင္ကာ ဖမ္းကိုင္လိုက္သည္။
“ဘာမွမျဖစ္ပါဘူး သက္သာသြားမွာပါ”
“ေဆးတခုခုေတာ့လိမ္းထားလိုက္ပါလား ေမရယ္”
“ဒီေလာက္ဒဏ္ရာက ငါ့အတြက္မေျပာပေလာက္ပါဘူး “
ေမက ေျပာေျပာဆိုဆိုႏွင့္အခန္းအတြင္းသို႔ေျဖးညႇင္းစြာေလွ်ာက္သြားသည္။ၿပီးေတာ့ စားပြဲေပၚမွ နာရီကိုတစ္ခ်က္ေစာင့္ငဲ့ၾကည့္ကာ ကြၽန္မဘက္ကိုျပန္လွည့္လာသည္။
“ငါသြားေတာ့မယ္ မင္းကိုေတြ႕ခ်င္လို႔လာခဲ့တာ။ အခုမင္းကိုလည္းေတြ႕ရၿပီးၿပီဆိုေတာ့ ငါျပန္ရေတာ့မယ္”
အတင္းကာေရာႏႈတ္ဆက္ေနေသာ ေမ့ထံသို႔ေျခလွမ္းက်ယ္ျဖင့္ေလွ်ာက္ကာ ေမ့လက္ကိုဆြဲထားမိသည္။
“ကြၽန္မ ေမနဲ႔ျပန္ေတြ႕ခ်င္တယ္”
“ဒါေပါ့ ငါတို႔ေနာက္ထပ္ေတြ႕ရအုံးမွာပါ”
ေျပာၿပီးသည္ႏွင့္ကြၽန္မလက္ဖမိုးကိုျမႇင့္ေျမႇာက္ကာ ခပ္ဖြဖြနမ္းၿပီး အခန္းထဲမွထြက္သြားသည့္ ေမရဲ႕ေက်ာျပင္ကိုၾကည့္ရင္စသာက်န္ေနရစ္ေတာ့သည္။
ေနာက္ထပ္ဆိုတာ ဘယ္ေတာ့မ်ားလဲ ေမရယ္။
အီဖယ္တာဝါေနာက္တြင္ တေ႐ြ႕ေ႐ြ႕ငုပ္ရႈိးသြားေသာ ေနဝန္းနီနီဟာေပ်ာက္လုနီးနီးျဖစ္ေနေလၿပီ။ညေနဘက္မို႔ တိမ္တိုက္တို႔သည္လည္း ေနေရာင္ပင့္ထိုးထားျခင္းခံထားရတာေၾကာင့္ လိေမၼာ္ေရာင္ေတာက္ေတာက္သို႔ေျပာင္းေနၿပီး ညေနခင္းဟာ ပုဇြန္ဆီေရာင္သန္းေနေလ၏။
ဒီလိုအခ်ိန္ထိ ပါရီ၏ညေနခင္းတို႔ဟာလွပေနဆဲ။ပါရီကိုလည္ပတ္ရတာမ႐ိုးႏိုင္ေသးေသာ္ညား အခုေတာ့ ကြၽန္မေျခၿငိမ္ေနမိသည္မွာ သုံးရက္မွ်ရွိခဲ့ၿပီ။
အခုလည္း ကြၽန္မကိုအဖတ္မလုပ္သည့္ပန္းခ်ီဆရာအဘိုးအိုေဘးတြင္ ထိုင္ေနသည္မွာ ဘယ္ႏွစ္နာရီရွိၿပီမွန္းမသိ။
အဘိုးအိုေရွ႕က ပန္းခ်ီဆြဲခိုင္းသူတို႔ပင္တစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းသြားေပမယ့္ ကြၽန္မကေတာ့ ေဘးမွတစ္ခ်ိန္လုံးငုပ္တုတ္ရွိေနခဲ့သည္။
“အဘိုးက ပန္းခ်ီဆြဲတာဒီေလာက္ေတာ္ေနတာကို ဘာလို႔ဒီမွာပဲအၿမဲထိုင္ဆြဲေနရတာလဲ?”
အဘိုးအိုက ကြၽန္မကိုအဖတ္ပင္မလုပ္ ဆြဲလက္စပန္းခ်ီကိုသာ အာ႐ုံစိုက္ေန၏။
“အဘိုးပန္းခ်ီေတြကို ျပခန္းတခန္းေလာက္မွာ လွလွပပခ်ိတ္ဆြဲၿပီး ၾကည့္ရႈသူေတြကိုဖိတ္ေခၚသင့္တယ္မထင္ဘူးလား?”
“အဲ့တာေတြကို ငါမႏွစ္သက္ဘူး ။ငါကဒီေနရာေလးကိုပဲ သေဘာက်တာ”
“ဘာလို႔လဲ?”
“ပါရီကိုဘာေၾကာင့္အခ်စ္ရဲ႕ၿမိဳ႕ေတာ္လို႔ေခၚက်သလဲ သိလား?”
“ပါရီက လွပၿပီး vantage ဆန္လို႔လား၊ အီဖယ္တာဝါရွိလို႔လား?”
“မင္းေျပာတာလဲ တစ္စိတ္တစ္ပိုင္းေတာ့ဟုတ္ေပမယ့္ အေၾကာင္းအရင္းက ပါရီၿမိဳ႕ခံလူေတြေၾကာင့္လို႔ဆိုရမယ္”
“ေျပာျပပါလား အဘိုး”
“အီဖယ္ကို ဇန္နဝါရီ ၂၆ရက္ ၁၈၈၇မွာ အုတ္ျမစ္ခ်ၿပီး မတ္လ ၃၁ရက္ ၁၈၈၉မွာ ေဆာက္လုပ္ၿပီးစီးခဲ့တယ္ ဘယ္ေလာက္အခ်ိန္ၾကာသလဲ?”
“အတိအက်ေျပာရရင္ ၂ႏွစ္နဲ႔ ရက္ေပါင္း၆၅ရက္ ။”
အဘိုးအိုက ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ဆက္ေျပာလာသည္။
“ကမာၻေပၚကအလွတရားေတြထဲက တခုအျဖစ္ ပါရီမွရွိတဲ့ အီဖယ္တာဝါကို တစ္ခ်ိန္က ျပင္သစ္ေတာ္လွန္ေရးအၿပီးမွာ အထိမ္းအမွတ္အျဖစ္ ေဆာက္လုပ္ဖို႔ Gustave Eiffel က အစီအစဥ္ဆြဲခဲ့တယ္ ။အဲ့ဒီေနာက္ လူအင္အား၊ေငြအင္အား၊အခ်ိန္ေတြရင္းၿပီး ၿပီးစီးသြားေတာ့ Gustave Eiffel ရဲ႕တာဝါအမည္ကို အီဖယ္လို႔ပဲအစြဲျပဳေခၚေဝၚၾကေတာ့တယ္။ Gustave Eiffel နဲ႔ေဆာက္လုက္ခဲ့တဲ့ အင္ဂ်င္နီယာေတြကေတာ့ ၁၉၀၉ခုႏွစ္အထိ ခိုင္ခံ့ပါတယ္ဆိုၿပီး ရက္လြန္ေပးခဲ့ေပမယ့္ မယုံႏိုင္စရာ သူတို႔အားလုံးရဲ႕ေစ့စပ္ေသခ်ာႀကိဳးစားမႈေတြက ဒီကေန႔ထိမင္းေရွ႕မွာရွိေနခဲ့တာပဲ”
အဘိုးအိုက လက္ထဲက ဆုတ္တံကိုေအာက္သို႔ခ်ကာ ကြၽန္မကိုတစ္ခ်က္လွည့္ၾကည့္သည္။
“ငါတို႔ပါရီၿမိဳ႕ခံေတြဟာ ဒီအီဖယ္လိုပဲ ငါတို႔ရဲ႕ခ်စ္ျခင္းတရားေတြနဲ႔သစၥာတည္ၿမဲမႈက ခိုင္ခံ့တည္ၿမဲရမယ္လို႔ ယုံၾကည္ၾကတယ္။ဒါေၾကာင့္ ငါတို႔ဟာလူတစ္ေယာက္ကိုခ်စ္မိၿပီးရင္ သစၥာမပ်ယ္ခ်စ္တတ္ၾကၿပီး လက္ထပ္ထိမ္းျမႇားတဲ့အခါမွာလည္း အီဖယ္ေရွ႕မွာပဲက်မ္းသစၥာဆိုၾကတယ္။သူတို႔အိမ္ေထာင္ေရးကို ခိုင္ၿမဲေစခ်င္တဲ့သေဘာ။ တစ္စုံတစ္ေယာက္က ဒီမွာ ေစာင့္ေနပါလို႔မွာခဲ့ရင္လည္း ငါတို႔ကသစၥာရွိရွိေစာင့္ခဲ့ၾကတယ္။”
“ဒါေၾကာင့္ ႏိုင္ငံရပ္ျခားကလူေတြပါ ဒီအထိလာၿပီးခ်စ္ခြင့္ပန္တာတို႔ လက္ထပ္တာတို႔လုပ္ၾကတာေပါ့။ ဟြန္း ဒါေပမယ့္ ကြၽန္မေမးတဲ့ အဘိုးဒီမွာဘာေၾကာင့္ပန္းခ်ီဆြဲတာလဲဆိုတဲ့ေမးခြန္းနဲ႔တျခားဆီပဲ။”
“မင္းက သေဘာမေပါက္ဘူးပဲ ။
ငါကလူတစ္ေယာက္ကိုေစာင့္ေနရင္းနဲ႔ ဒီေနရာကိုလပ္လႊတ္ဖို႔ ႏွေမ်ာသြားတာ။သူမေစာင့္ေနဖို႔ေျပာထားခဲ့တာမို႔။”
အဘိုးအိုစကားက ကြၽန္မဘယ္ဘက္ရင္အုံအတြင္းစူးနစ္သြားေစသည္။
“သူမကေရာ ဘယ္ကမို႔လို႔အဘိုးကိုလာမေတြ႕တာလဲ?”
“ဂ်ပန္”
အို မလွပတဲ့အခ်စ္ပုံျပင္ရဲ႕ဇာတ္သိမ္းမွာ ပန္းခ်ီဆရာ၏ခ်စ္ျခင္းေမတၱာေတြကေတာ့ လွပစြာက်န္ရွိေနေသးသည္ပဲ။
အဘိုးပိုအတြက္ စိတ္မေကာင္းျဖစ္မိကာ ကြၽန္မ ျပန္လည္တိတ္ဆိတ္ေနလိုက္ေတာ့သည္။
ဒီကေန႔အျပန္လမ္းမွာေတာ့ ပန္းခ်ီဆရာအဘိုးေျပာသည့္ ဇာတ္လမ္းအက်ဥ္းခ်ဳပ္ကို အက်ယ္တဝင့္ေတြးေတာရင္း ေလွ်ာက္လာမိသည္။
ေမွာင္ရိပ္ဆိုတာ မရွိသည့္လမ္းမထပ္ လူႏွစ္ဦးဟာ အမ်ိဳးသမီးတစ္ေယာက္ကို ဆြဲလားရမ္းလားလုပ္ေနၾကသည္ကို အမွတ္မထင္ျမင္ေတြ႕လိုက္ရသည္။
သူတို႔ဘာေတြေျပာေနၾကသည္မသိေပမယ့္ အမ်ိဳးသမီးကျပန္ေအာ္လိုက္၍ အမ်ိဳးသားတစ္ေယာက္က သူမပါးကိုအားျပင္းျပင္းတခ်က္႐ိုက္ခ်လိုက္သည္။အားႏြဲ႕သူ အမ်ိဳးသမီးဟာ ေျမျပင္တြင္ ေခြလဲက်သြားတာမို႔ ကြၽန္မမေနႏိုင္ေတာ့ပဲ ထိုသူေတြရွိရာသို႔ အရဲစြန႔္သြားလိုက္သည္။
ကြၽန္မထိုသူတို႔အနားေရာက္ေတာ့ အမ်ိဳးသားႏွစ္ေယာက္က သူမကိုထား၍ ထြက္ခြါသြားၾကသည္။
“ေဟး ကြၽန္မ ဘာကူညီေပးရမလဲ “
လဲက်ေနသည့္ အမ်ိဳးသမီးေလးကို ေဖးမလိုက္ေတာ့ ထိုအမ်ိဳးသမီးက။
“ဟင္ ေမ?”
“႐ိုစ့္!”
ႏႈတ္ခမ္းေဒါင့္စြန္းမွ ေသြးစတို႔ႏွင့္ ေရာင္ကိုင္ေနျပန္သည့္ ေမ့ပါးညိဳညိဳေၾကာင့္ ကြၽန္မအင္မတန္ကိုအသည္းနာရသည္။
“ဘယ္လိုျဖစ္ရတာလဲ “
ေမ့အၾကည့္တို႔က ယခင္ကလိုႏူးညံ့မႈတို႔မွသည္ စူးရွရွအၾကည့္တို႔အျဖစ္ေျပာင္းလည္းသြားၿပီး ကြၽန္မလက္ေတြထဲမွ ႐ုန္းထြက္သြားသည္။
“ေမ”
“ငါ့အနားမကပ္နဲ႔”
“ေမ မင္းမွာဒဏ္ဂာေတြနဲ႔ေလ”
ကြၽန္မ ေမ့အနားသို႔ထပ္တိုးကပ္ဖို႔ျပင္ေတာ့ တခါမွမၾကားဘူးစြာ ေမကေအာ္ပါသည္။
“မလာနဲ႔လို႔ေျပာေနတယ္ ငါ့ကိုမသိသလိုပဲ ေက်ာ္သြားလိုက္ပါ”
ပစ္ပစ္ခါခါျဖစ္ေနသည့္ေမ့ကို ကြၽန္မေပြ႕ပိုက္ထားမိလိုက္သည္။
“မင္း ေၾကာက္ေနတာမလား ေမ, ဘာမွမျဖစ္ေတာ့ဘူးငါရွိေနတယ္ မင္းအနားမွာ ငါရွိေနတယ္”
ရႈိက္သည္းကာငိုေကြၽးလိုက္သည့္ေမက ဘယ္ေလာက္ေတာင္နာက်င္ေနသလဲ ကြၽန္မသိလိုက္ရသည္။
ေမ အငိုတိတ္သည္အထိ ကြၽန္မေထြးေပြ႕ထားမိသည္။ထို႔ေနာက္မွာေတာ့ ကြၽန္မေမ့ကိုေဟာ္တယ္အထိ ေခၚေဆာင္လာခဲ့သည္။
“ေရခ်ိဳးၿပီးအနားယူလိုက္ပါ”
ေမဝတ္ဖို႔အဝတ္အစားတစ္စုံကိုထုပ္ေပးကာ ကုတင္ေပၚတြင္မလႈပ္မယွက္ထိုင္ေနေသာ ေမ့ေရွ႕သို႔ခ်ေပးလိုက္သည္။
႐ုပ္တရက္ ေမကကုတင္ေပၚမွထိုင္ေနရာမွ ထကာ သူမအက်ႌအဝတ္ေတြအကုန္လုံးကို ကြၽန္မေရွ႕မွ ခြၽတ္ခ်ပစ္လိုက္သည္။
“ဟာ!”
ျဖဴေဖြးအုဖတ္ေနသည့္ ေမ့ခႏၶာကိုယ္မွာ အညိဳအမဲဒဏ္ရာတို႔က တကိုယ္လုံးအျပည့္ ။အက်ည္းတန္သည့္ ထိုဒဏ္ရာေတြက ျမင္ရသူ ကြၽန္မအဖို႔ နာက်င္ေဒါသထြက္စရာပင္။ႏွလုံးသုံးတစ္စုံကို ဆူးျဖင့္ထိုးစိုက္လိုက္သကဲ့သို႔ လႈိက္တက္လာသည့္ နာက်င္မႈက တစ္ဆစ္ဆစ္ ကြၽန္မ ျမတ္ႏိုးရသည့္ ေမ့ကိုဘယ္လိုအၾကင္နာတရာမရွိသူက ထိုကဲ့သို႔ျဖစ္ေအာင္လုပ္ရပါသနည္း။
“ဒါေတြက ..?”
“ဒီဒဏ္ရာေတြက ငါပိုက္ဆံတစ္ရက္မရွာႏိုင္ရင္ တခ်က္မကရတဲ့ဒဏ္ရာေတြပဲ”
“ဘယ္သူက ..”
“ငါ့ရဲ႕အလုပ္ရွင္ပဲ ။”
“ရက္စက္လိုက္တာ “
“ငါဘာလုပ္လည္းလို႔မေမးေတာ့ဘူးလား?”
“ဟင္?”
“ငါ့အလုပ္က ငါ့ကိုပိုက္ဆံေပးၿပီးႀကိဳက္တာလုပ္လို႔ရတယ္ အဲ့ဒါဘာလဲ မင္းသိမွာပါ ငါက မိန္းမပ်က္တစ္ေယာက္ပဲ ငါ့အလွပ္ထဲမွာေတာ့ ငါကေၾကးအႀကီးဆုံး မိန္းမပ်က္မပဲ ။ဒါေၾကာင့္ ႐ိုစ့္နဲ႔ထပ္မေတြ႕ေတာ့ဖို႔စိတ္ကူးထားခဲ့တာ ။ငါဘယ္သြားတယ္ ဘာလုပ္တယ္ဆိုတာ သူတို႔က ေစာင့္ၾကည့္ေနၾကတယ္။ဒါေၾကာင့္ မင္းလိုတိုင္းတပါးသူတစ္ေယာက္အေနနဲ႔ ငါနဲ႔ထပ္မေတြ႕ေစခ်င္ေတာ့လို႔ ငါမင္းကိုထပ္မေတြ႕ျဖစ္ေတာ့တာ အဲ့တာကိုဘာလို႔ငါ့ကိုကူညီေနတာလဲ “
“ေမ “
ေမက မ်က္ရည္ေတြၾကားမွာ အသံေတြတုန္ေအာင္ေအာ္ဟစ္လာသည္။
“ေနာက္ထပ္ငါတို႔မေတြ႕ၾကရေအာင္ ႐ိုစ့္ လမ္းမွာ ဒီလိုပဲမေတာ္တဆေတြ႕ခဲ့ရင္ေတာ့ ငါ့ကိုမျမင္ခ်င္ေယာင္ေဆာင္သြားပါ အခုေတာ့ ငါျပန္ေတာ့မယ္”
အက်ႌေတြျပန္ေကာက္ဝတ္ေနသည့္ ေမ့ရဲ႕လက္ေတြကို ကြၽန္မလွမ္းဆြဲကာ ေမ့ႏႈတ္ခမ္းတို႔ကို နမ္းရႈိက္ပစ္လိုက္သည္။တုံ႔ျပန္မႈမရွိတဲ့ေမက အံ့ဩသြားဟန္တူသည္။ေနာက္မွတေျဖးေျဖးခ်င္း ကြၽန္မအနမ္းေတြေအာက္ စီးေမ်ာရင္းခပ္ဖြဖြတုန႔္ျပန္လာေလသည္။တစ္ေယာက္ႏွင့္တစ္ေယာက္ ေမာဟိုက္သြားသည္အထိအၿပိဳင္အဆိုင္အနမ္းတို႔ခင္းက်င္းကာ ေနာက္ဆုံးေမ့ေအာက္ႏႈတ္ခမ္းထူထူကိုအသံ တစ္ခ်က္ျမည္ေအာင္ ဆြဲစုပ္လိုက္သည္။ထိုမွတစ္ဆင့္ ေမ့ခႏၶာကိုယ္ေပၚက ညိဳမဲမဲဒဏ္ရာတစ္ခ်ိဳ႕ကိုခပ္ဖြဖြထိေတြ႕မိသည္။
ထို႔ေနာက္မွာ ေမက ကြၽန္မကိုဖက္တြယ္ကာ ငိုေနရွာသည္။
“ေတာ္ပါေတာ့ ႐ိုစ့္ရယ္ ငါခႏၶာဟာ႐ြံစရာမို႔ မထိေတြ႕ပါနဲ႔ေတာ့ “
“ဘယ္သူက မင္းကို႐ြံစရာလို႔ေျပာၾကတာလဲ မင္းကငါေတြ႕ဖူးသမွ်ထဲမွာ ျဖဴစင္ၿပီးပြင့္လင္းတယ္ ေမ တစ္ပါသူက မင္းကို ႐ြံစရာလို႔ေတြးေနရင္ ကြၽန္မကေတာ့ ေမ့ကိုျမတ္ႏိုးေနလိမ့္မယ္။”
ေမက အေၾကာက္အကန္ျငင္းဆိုကာ ကြၽန္မကိုတြန္းထုပ္၍ အခန္းအျပင္ကိုေျပးထြက္သြားေလေတာ့သည္။
ကြၽန္မဒီတစ္ခါလည္း က်န္ခဲ့ျပန္ၿပီ။ကြၽန္မဆီက ခဏခဏေျပးထြက္သြားတတ္သည့္ေမ့ကို ကြၽန္မကဖမ္းဆုပ္ထားခ်င္မိပါလိမ့္။
ရင္ထဲမွာ ေမ့ကိုသနားတာေရာ ၊ စိတ္မေကာင္းျဖစ္ရသလို ကြၽန္မကိုေပ်ာ္႐ႊင္ေစခဲ့သည့္ေမ့အတြက္ ဘာမွမလုပ္ေပးႏိုင္တဲ့ကြၽန္မကိုယ္ကြၽန္မလည္း ေဒါသထြက္မိသည္။တေျမ့တေျမ့တိုက္စားလာသည့္ ဝမ္းနည္းမႈတို႔ေၾကာင့္ ကုတင္ေဘးတေနရာတြင္ထိုင္ခ်ကာ ကြၽန္မစိတ္တို႔ရွင္းၾကည္သြားေအာင္ ငိုခ်ပစ္မိေတာ့သည္။
ထိုေန႔ညက ကြၽန္မတို႔ေတြ႕ဆုံျခင္းဟာ ေနာက္ဆုံးျဖစ္ခဲ့သလို ကြၽန္မပါရီမွာ ေနခဲ့သည့္ ေနာက္ဆုံးညတစ္ညလည္း ျဖစ္ခဲ့သည္။အသည္းကြဲတာ၊အထီးက်န္တာေတြမခံစားတတ္သည့္ ကြၽန္မက ထိုေန႔ညမွာပဲ ေမယူေဆာင္သြားသည့္ အသည္းႏွလုံးတစ္စုံက ပါရီၿမိဳ႕မွာသာ က်န္ရစ္ေနခဲ့ေတာ့သည္။
ကြၽန္မဝတၳဳတိုေလးအၿပီးမွာ စာအုပ္ကိုပိတ္၍ မ်က္ဝန္းေတြေမွးမွိတ္ကာ ကုတင္ေပၚတြင္ ပစ္လွဲအိပ္ပစ္လိုက္သည္။ျပင္သစ္ကျပန္လာၿပီးေနာက္ ကြၽန္မရဲ႕ပထမဦးဆုံးထုတ္ေဝမည့္စာအုပ္ေလးေပါ့။ဝတၳဳနာမည္က ကြၽန္မရဲ႕ဇတ္ေဆာင္။
ေမက ဘယ္လိုလူမ်ိဳးျဖစ္ေနပါေစ ကြၽန္မရဲ႕ဝတၳဳတစ္ပုဒ္ထဲမွာေတာ့ ဇာတ္လိုက္မင္းသမီးေလးအၿမဲျဖစ္လို႔ေနေပလိမ့္မည္။
ေမက လွပါၿပီး ျဖဴစင္တဲ့အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ကြၽန္မအတြက္ ျမတ္ႏိုးစရာမိန္းကေလးတစ္ဦးျဖစ္ေနပါသည္။
~The End~
😭😭
ReplyDeleteClicked 💫
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDelete🌷
ReplyDeletedone
ReplyDelete🎉
ReplyDelete