လွတ်လပ်မှုသို့ တမ်းချင်း
Unicode
ည မှောင်သည်။ နေ့ဖက်က မိုးရွာသွန်းခဲ့သည်ကြောင့် ညလယ်ခေါင်အချိန်၌ ၈ ပေ × ၁၂ ပေသာ ကျယ်၀န်းသော တိုက်ခန်းလေးအတွင်းတွင် အအေးဒဏ်ကို ခံစားနေရသည်။ သို့သော် အအေးဒဏ်ကိုအံတုရန် ခြုံစရာ စောင်မရှိပါ။ အုံးစရာ ခေါင်းအုံးမရှိပါ။ ခြေလွတ် ခေါင်းလွတ် ခပ်မာမာ မညီမညာကွပ်ပြစ်ပေါ်တွင် ကော်ဇောတစ်ချပ်သည်သာ ကျောပြင်နှင့်ခြားထားပြီး၊ လူ ၅ ယောက် ကပ်ကပ်သပ်သပ် အိပ်ရသောကြောင့် ချမ်းလွန်းသော်လည်း အအေးဒဏ်ကိုဖျောက်ရန် ပုစွန်ကွေး ကွေး၍ မရနိုင်ပါ။
မနက် ၁၀ နာရီလောက်က ၅ မိနစ်စာမျှ ရေချိုးထုတ်ချိန်တွင် ကျွန်မ၏အခန်းဖော်(ရဲဘော်ရဲဘက်) ၄ ယောက်နှင့်အတူ ခပ်သုတ်သုတ် ရေချိုးစဥ်က အသုံးပြုခဲ့သော ရေစိုဝတ်ထမီမှာ နေရောင်ချည်မထိ၍ ကောင်းစွာ မခြောက်သေးပေ။ ခြုံစရာစောင်မရှိသောကျွန်မမှာ အေးလွန်းသော်လည်း ခြင်၏ရန်မှကာကွယ်ရန် ထိုရေစိုထမီအား ကြိတ်မှိတ် ခြုံလိုက်ရပါသည်။ ထိုညက ညတာရှည်ခဲ့ပါသည်။
မနက် ၅ နာရီ တတောင်တောင် ခေါက်ချေပြီ။ ခပ်စွာစွာ ဝါဒါရဲမ၏ အော်ဟစ်နှိုးသံအဆုံးတွင် ကျွန်မတို့ ၅ ယောက်မှာ အိပ်ရာမှမထချင်သေးသော်လည်း အလူးအလဲ ထလိုက်ကြရ၏။ ကျန်ဘေးအခန်းများမှ ဩကာသ ကန်တော့ချိုး ရွတ်ဆိုလေပြီ။ ကျွန်မတို့လည်း မဆိုချင့်ဆိုချင် လိုက်ဆိုရပေတော့မည်။ ၅ နာရီခွဲ ဘုရားရှိခိုးပြီး၏။ သို့သော် ပြန်၍အိပ်မရချေ။ မနက် ၇ နာရီ ထောင်ဖွင့်ချိန်အထိ ပုံစံထိုင်ရပေဉီးမည်။ ထိုင်ရလွန်း၍ ခြေထောက်တွေမှာ ထုံ၏။ ကျဉ်၏။ နာ၏။ နာကျဉ်၏။ သို့သော် ခြေဆန့်၍ နေမရ။ သံတံခါး ၂ခုခြား အပြင်ဖက်မှ လမ်းလျှောက်ရင်းကနေ လှမ်းလှမ်းကြည့်သော ဝါဒါရဲမ၏ ဆဲဆိုသံကို မကြားလိုခြင်း ကြောင့်ဖြစ်ပါသည်။
မနက် ၇နာရီထိုး တတောင်တောင် ၇ချက် ခေါက်လေပြီ။ ကျဥ်နေသော ခြေထောက်များလည်း လှုပ်၍ ရလေပြီ။ ထမင်းစားချိန်နှင့် ရေချိုးချိန်များတွင် ၂ နေရာစာ အသုံးပြုရသောခွက်များဖြင့် မနက်စာ ခံယူရပေတော့မည်။ ဝါဒါရဲမမှာ ပထမတံခါးတဆင့်ဖြတ်၍ ဒုတိယတံခါးနားအထိ ရေထည့်သောပုံးများအတွင်း ကြေညက်အောင်ဝါး၍ပင် မလွယ်သော ထမင်းကြော်အမည်ခံ ထမင်းခဲများ ထည့်ထားသည်များကို ဆွဲ၍ လာ၏။ အခန်းထဲတွင် လူ ၅ယောက်ရှိသော်လည်း ၄ယောက်စာသာယူလိုက်၏။ ကျွန်မ မစားနိုင်ပါ။ ထိုပုံးထဲမှ အရသာ တစ်စက်တစ်လေမျှ မပါသော ထမင်းမာမာကြီးများကို ကျွန်မ မဝါးနိုင်ပါ။ ကျန်လူများမှာလည်း ကျွန်မနည်းတူစွာ မစားနိုင်ကြပါ။ ထမင်းကြော်ထဲတွင်ပါသော ပဲစေ့ ၅စေ့ကို တစ်ယောက် ၁စေ့လောက်မျှ ခွဲဝေစားသောက်ကြရင်း ထိုအစာချေမလွယ်သော ထမင်းများကို တစ်ခုတည်းသော ကြွတ်ကြွတ်အိတ် အမဲကြီးထဲသို့ ထည့်၍ ပစ်လိုက်ပါတော့သည်။
သို့နောက် ကျွန်မ တာလီမှတ်သည်။ သည်နေ့က တိုက်ပိတ်ခံရသည့် ၃ရက်မြောက်နေ့ ဖြစ်ပါသည်။ လွန်ခဲ့သော ၄ရက် ညသန်းခေါင်အချိန်တွင် ကျွန်မတို့ ၃၁ ယောက်သော ရဲဘော်ရဲဘက်တစ်စု ရိုက်နှက် တိုက်ပိတ်ခံခဲ့ရသည်။ အရိုက်ခံထားရ၍ နှုတ်ခမ်းမှာ ကွဲလုနီးနီးဖြစ်နေသည်။ နှုတ်ခမ်းကွဲသည်ထက် ဆိုးသည့်အရာမှာ ထောင်စကျစဥ်ကတည်းက အတူတူပါလာခဲ့သော ကျွန်မသူငယ်ချင်းများ တနည်းအားဖြင့် ဆိုရလျှင် ကျွန်မ၏ တွဲဘောများနှင့် အခန်းကွဲသွားသောကြောင့်ဖြစ်ပါသည်။ ပြစ်ဒဏ် တိုက်ပိတ်လျှင် ၁၄ ရက်မျှ ကြာတတ်သည်ဟု ကြားဖူး၏။ ယခုရော မည်မျှကြာနိုင်မည်မှန်းမသိ။ ပြစ်ဒဏ်ကာလပြီးလျှင်လည်း ကျွန်မတို့အား မည်သည့်နေရာကို ထပ်ပို့မည်ကိုလည်းမသိရ၍ နောက် ၃နှစ်ကြာမှ ကျွန်မသူငယ်ချင်းများနှင့် ပြန်ဆုံရမည်ဆိုသည့် အတွေးကလည်း တစ်ခါတစ်ရံ နှိပ်စက်တတ်သေး၏။ တစ်ခါတစ်ခါ သူတို့၏ နာမည်များအား အော်ခေါ်ကြည့်၏။ ၁ ပေခွဲ ကျော်ကျော် ထူသော နံရံကို ကျွန်မ၏ အသံမျှင်မျှင်က ဖောက်ထွက်နိုင်စွမ်းတော့မရှိနိုင်ခဲ့ပါ။ ဘေးက အခန်းဖော်များနှင့် ဆက်သွယ်၍ရနိုင်သော နည်းလမ်းတစ်ခုရှိပါသည်။ ထိုနည်းလမ်းမှာ အားကုန်သုံး၍ ၁ပေခွဲထူသောဘေးနံရံကို ထုပြီးအသံပေးသည့် နည်းလမ်းဖြစ်ပါသည်။ ကျွန်မတို့အခန်းဖက်မှ တစ်ချက်ထုလျှင် တစ်ဖက်အခန်းမှ ၂ချက် ပြန်ထု၏။ ပြီးလျှင် ၃ချက်၊ ၄ချက်၊ ၅ချက်။ လက်နာလျှင် ရပ်လိုက်ကြ၏။ နံရံကို ထုသည့်အသံလေးသည်ကပင် ကျန်လူများမှာမိမိနှင့်အတူရှိနေကြောင်းပြသည့် သင်္ကေတပေမို့ ကျွန်မတို့ရင်ထဲ နွေးထွေးရပေ၏။
မနက် ၉နာရီ ထမင်းလာဝေမည်။ ပြစ်ဒဏ်တိုက်ပိတ်သည့် ကာလဖြစ်သည်ကြောင့်လားမသိ၊ ဆော်ဒါအဆမတန် ရောထားသော ထမင်းမှာ ပုံမှန်ထက်မာ၏။ ထမင်းနှင့်တွဲပေးသော ပဲဟင်းမှာလည်း ပဲရှာ၍မရ။ အရသာခံ၍လည်း မရ။ ထမင်းမာမာကို နူးစေရန် အသုံးပြု၍သာရ၏။ ထို ပဲဟင်းနှင့် ထမင်းကိုလည်း ကျွန်မတို့ မစားနိုင်ပါ။ ထုံးစံအတိုင်း အိတ်အမဲကြီးထဲသာ စွန့်ပစ်လိုက်ရ၏။ မနက်၁၀နာရီ ရေချိုးထုတ်ချိန်အပြီး ပုံစံပြန်ထိုင်ရလေပြီ။ ကျွန်မတို့ မပျော်တော့ပြီ။ ၃ရက်ဆက်တိုက် ရေကလွဲပြီး အစာတစ်ခုတစ်လေမျှ မ၀င်၍ ကျွန်မ ရေထသောက်ရန် မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့။ ပုံမှန် အချိန်များတွင်မှာတောင် အားနည်းတတ်သည်မို့ အစာရေဆာပြတ်လတ်ချိန်တွင် ပို၍ခံနေရသည်။ အစာမစားရ၍ ခံတွင်းမှာလည်း ခါးသက်နေ၏။ ပုံစံထိုင်ချိန်ဖြစ်သော်လည်း ကျွန်မ မထိုင်နိုင်တော့။ လှဲ၍သာနေနေရတော့သည်။ ထိုစဉ် ဝါဒါရဲမ လာ၏။ ပုံစံမထိုင်၍ အော်ဟစ်မေး၏။ ကျွန်မမှာ ဖြေဖို့အားပင်မရှိ။ တစ်ခန်းတည်းသား အစ်မတစ်ယောက်က အစာဆက်တိုက်မစားသောကြောင့် အားပြတ်၍ လဲနေကြောင်း၊ မထနိုင်တော့ကြောင်းဖြေပေး၏။ ထိုတွင် "အစားက ဘာလို့ မစားနိုင်ရတာလဲ" ဟု ဝါဒါရဲမ ဖက်က ပြန်မေး၏။ ကျွေးသည့်ထမင်းနဲ့ဟင်းမှာ စားနိုင်ဖွယ်ရာမဟုတ်ကြောင်း ပြန်ဖြေလေရာ "ဘာလို့မစားနိုင်ရတာလဲ" ဟူသော မေးခွန်းသည်သာ ပတ်လည်ရိုက်၍ ဝါဒါရဲမတစ်ယောက် မဖြေရှင်းနိုင်ဘဲ လှည့်ထွက်သွားတော့၏။ ကျွန်မမှာမူ ပုစွန်ကွေး ကွေးရင်းသာ ကျန်နေခဲ့တော့၏။
၁၅ ပေ အမြင့်ရှိသော မျက်နှာကျက်ပေါ်တွင် ခပ်မှိန်မှိန်လင်းနေသော မီးသီးတစ်လုံးရှိ၏။ ထိုမီးသီးမှာ နေ့ဖက်လည်း လင်း၏။ ညဖက်လည်း လင်း၏။ ခပ်မှိန်မှိန်လင်းနေသော်လည်း မှိတ်သွားချိန်တော့မရှိ။ နေ့လည်ခင်း အပြင်ဖက်တွင် နေသာနေ၏။ အခန်းတွင်းမှနေ၍ နေကို မမြင်ရပါ။ ရေစိုဝတ်များခြောက်စေရန်အတွက် တစ်ခုတည်းသော နေရောင်ခြည်ရရာ တံခါးသံတိုင်တွင် အ၀တ်များကို ချိတ်၍ လှန်း၏။ ကင်းပတ်နေသော ဝါဒါရဲမများမှာ အ၀တ်များ လှန်းလိုက်၍ အခန်းတွင်းသို့ မမြင်နိုင်သဖြင့် အော်ဟစ်ဆူပူပြီး အ၀တ်များကို ဖြုတ်ခိုင်း၏။ အခန်းထဲတွင် ကြိုးတန်းမရှိ၍ အ၀တ်လှန်းရန်မှာ အိမ်သာဘေးအကာဖြစ်သည့် ၃ ပေ သာသာမြင့်သော၊ ၄ပေ အရှည်၊ အထူ ၄ လက်မခွဲရှိသည့် အုတ်ရိုးလေးတစ်ခုသာရှိ၏။ ထိုအုတ်ရိုးလေးပေါ်တွင်လည်း ရေစိုဝတ်များလှမ်းရန် နေရာမလောက်ငှပါ။
၃ရက်လုံးလုံး ဇွဲရှိရှိဖြင့် တောင်းသောကြောင့် တစ်ယောက်တစ်ထုပ်စီရထားသော Pad ထုပ် တစ်ခုရှိပါသည်။ ထို Pad ထုပ်လေးရှိလာသောကြောင့် ယခင်က မိမိဆံပင်မိမိ ခေါင်းအုံးအိပ်နေရာမှ အုံးစရာ ခေါင်းအုံးလေးတစ်ခုတော့ ရလာခဲ့ပါသည်။ ခေါင်းအုံးအတွက်တော့ အဆင်ပြေပြီ။ အ၀တ်လှန်းရန် ကြိုးတန်းသာ လိုတော့သည်။ အ၀တ်အစားမှာ ၂ စုံသာ ထည့်ခွင့်ပေးထားသောကြောင့် တစ်စုံခြောက်မှ တစ်စုံလဲရ၏။ စိုထိုင်းထိုင်းအထည်များဝတ်ရ၍ ခန္ဓာကိုယ်တွင် ယားနာများပါ ပေါက်ချင်လာသည်။ ထို့ကြောင့် အ၀တ်လှန်းရန် ကြိုးတန်းဖန်တီးမှရပေမည်။ ကြိုးတန်းကိုခွင့်မပြုဟုဆိုသော်လည်း ယခင်က ဤအခန်းထဲတွင် ကြိုးတန်းထားရှိခဲ့ဟန်တူ၏။ အိမ်သာနှင့် မျက်နှာချင်းဆိုင်နံရံတွင် သံချောင်း ၂ ချောင်းအား ၅ ပေခန့်ခြား၍ ရိုက်ထား၏။ ထိုသံချောင်း ၂ ချောင်းအား ဆက်၍ချည်လျှင် ၅ပေခန့် အရှည်ရှိသော ကြိုးတန်းတစ်တန်း ရနိုင်ပေမည်။ ထို့ကြောင့် လိုအပ်သည်မှာ ကြိုးတစ်ချောင်းသာ ကျန်ရှိတော့၏။
ခေါင်းမူးသဖြင့် ပုံစံထိုင်ရချိန်တွင် မထိုင်နိုင်ဘဲ လှဲ၍ နေရ၏။ လှဲနေရသောကြောင့်လည်း ခေါင်းသည် ပို၍မူး၏။ ထို့ကြောင့် ပုံစံထိုင်ရချိန်များတွင်မူ မထနိုင်ဟန်ပြပြီး ကျန်အချိန်များတွင် နံရံကိုမှီ၍ နေ၏။ နံရံကိုမှီထိုင်နေရင်းမှ ကြိုးလုပ်ရန် အကြံထုတ်ရ၏။ အခန်းကျဉ်းအတွင်းတွင် ကြိုးအဖြစ် ဖန်တီးနိုင်သည့်အရာမှာ အမှိုက်အိတ်အဖြစ်အသုံးပြုရန် ရရှိထားသည့် ကြွတ်ကြွတ်အိတ်အမဲ တစ်အိတ်သာရှိပါသည်။ ထိုအိတ်ကိုလည်း ဖြဲပြစ်ရန်မဖြစ်နိုင်သောကြောင့် Pad ထုတ် အခွံကိုယူကာ တစ်လက်မအရွယ်လောက် ကြိုးပြားရအောင်ဖြဲ၏။ ထမင်း ၄ရက်ကြာ မစားရ၍ အားနည်းကာ လက်တွေတုန်နေသဖြင့် မပြတ်သွားအောင် သတိထား၍ ဖြဲရသည်။ ဖြဲ၍ရလာသော ကြိုးအပိုင်းအစများကို ဆက်၍ ချည်သည်။ သည်လောက်ဆို မခိုင်ခံ့သော်လည်း အတွင်းဝတ်များနှင့် အင်္ကျီများ လှန်းနိုင်လောက်အောင် နေရာတစ်ခုတော့ရလေပြီ။ ရင်ထဲတွင် ပျော်ရွှင်မိသွားသည်။ အခန်းငယ်အတွင်းမှ မိမိလုပ်နိုင်သော အရာတစ်ခု ပေါ်ပေါက်လာ၍ဖြစ်ပါသည်။
သို့သော် ထိုအပျော်မှာ ကြာရှည်မခံခဲ့ရပါ။ နောက်တစ်နေ့ ကင်းပတ်ချိန်တွင် ဝါဒါရဲမတစ်ယောက်မှ ထိုကြိုးတန်းလေးအား မြင်တွေ့သွားပါသည်။ ထုံးစံအတိုင်း အော်ဟစ်ပြောဆို၍ ဖြုတ်ခိုင်း၏။ ကြိုးတန်းမှာ Pad ထုတ် အခွံဖြင့်သာလုပ်ထားပြီး ခိုင်ခံ့သော ကြိုးတန်းမဟုတ်ကြောင်း ပြောသော်လည်းမရပါ။ အ၀တ်များလှန်းရန် အခန်းထဲတွင်နေရာအဆင်မပြေကြောင်း ပြောသော်လည်းမရပါ။ ကျက်ထားသည့်စကားတစ်ခွန်းဖြစ်သော "မရဘူး"၊ "မရဘူး" ဟုသာ တွင်တွင်ပြော၍ ဖြုတ်ခိုင်းပါတော့သည်။ ကျွန်မတို့လည်း မတတ်သာ၍ ဖြုတ်ပေးလိုက်ရပါသည်။ ကြိုးတန်းဖြုတ်ပေးနေသော ကျွန်မ၏အခန်းဖော်ညီမလေးမှာ ကြိုးကိုဖြည်၍ ဖြုတ်ပေးနေသည်ကိုကြည့်ပြီး ကျွန်မစိတ်တွေ ပိုတိုလာရသည်။ "ဖြည်စရာမလိုဘူး၊ အားမသုံးဘဲ ဆွဲဖြုတ်ရင်တောင် ပြုတ်တယ်" ဟု စိတ်တိုတိုဖြင့် အော်ပြော၍ ကျွန်မကြိုးစားပမ်းစားလုပ်ထားသော ကြိုးတန်းလေးအား ကျွန်မကိုယ်တိုင် စောင့်ဆွဲ ဖြုတ်ကာ ဝါဒါရဲမလက်ထဲသို့ စောင့်အောင့်၍ အပ်လိုက်ရပါသည်။ စိတ်ထဲတွင် နေ၍အဆင်မပြေပါ။ အတွင်းအ၀တ်များ မသန့်မရှင်းဖြစ်မည်ကို ကျွန်မမကြိုက်ပါ။ ထို့ကြောင့် ကြိုးတန်းတန်းရန် ထပ်ကြံရတော့သည်။ ထပ်ကြံ၍ထပ်လုပ်ရာမှ ထပ်မိလေရာ သည်တစ်ခါတော့ အုတ်နံရံကသံချောင်းလေးပါ ချွတ်ယူသွား၏။ သည်တစ်ခါ ကျွန်မ စိတ်မတိုနိုင်တော့ပါ။ ဝါဒါရဲမတို့၏ ကပ်သီးကပ်ဖဲ့ ယုတ်မာမှုများကိုသာတွေးပြီး ရယ်ချင်နေမိပါတော့သည်။
ထောင်တွင် အတွေ့ရဆုံးငှက်မှာ ကျီးကန်းဖြစ်၏။ တွေ့ရသောငှက်မှာ ကဗျာမဆန်သော်လည်း ညနေခင်း ကျီးကန်းတို့အိပ်တန်းတက်ချိန်မှာ ကဗျာဆန်လှပါသည်။ သံတိုင်အတွင်းမှ လှမ်းမြင်ရသော ကျီးကန်းတို့ အိပ်တန်းတက်ရာ သစ်ပင်ကြီးမှာ လှပပါသည်။ သံတိုင်ကိုဖယ်၍ ကျွန်မတို့ ကြည့်ချင်မိပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကျွန်မတို့လွတ်လပ်ချင်မိပါသည်။
သည်ကနေ့ဆို ပြစ်ဒဏ်တိုက်ပိတ်ရက် ၁၄ ရက် ပြည့်ပြီ။ ပြစ်ဒဏ်ရက်ပြည့်သဖြင့် ကျွန်မတို့အား တန်းဖွင့်ချိန်တွင် တံခါးတစ်ဆင့်ဖွင့်ပေး၏။ ရေချိုးကန်အပါ ၈ပေ၊ ၁၅ပေခန့် ကျယ်ဝန်းသည့် ကွန်ကရစ်ခင်းထားသော နေရာကွက်လပ်ကလေးမှာ ကျွန်မတို့ အညောင်းပြေ အငြာပြေ လမ်းလျှောက်၍ ရလေပြီ။ သို့ရာတွင်လိုချင်နေသော လွတ်လပ်မှုမျိုးတော့မဟုတ်။
အခန်းတံခါးဖွင့်ဖွင့်ပေးချင်း ကျွန်မ၏အခန်းဖော် ၄ယောက်အား အခန်းပြင်ထွက်၍ နေစေ၏။ အဖြစ်အပျက်က ရယ်စရာတော့ကောင်းပါသည်။ ကျွန်မ ၁၂ရက်ကျော်ကျော်ကြာ အလေးမသွားရသေးပါ။ အခန်းဖော်များအား အားနာသောကြောင့်လည်းကောင်း၊ ဗိုက်ထဲအစာမရှိသည်ကလည်းကောင်း၊ အကြောင်းကြောင်းကြောင့် ၁၂ရက်ကျော်ကြာ မသွားဖြစ်ခဲ့ပါ။ ပြစ်ဒဏ်ရက်စေ့သည့်နေ့ အခန်းတံခါးဖွင့်ဖွင့်ချင်း အလုပ်ချင်ဆုံးအလုပ်မှာ အလေးသွားချင်ခဲ့မှုမှာ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ခဲ့ပါသည်။
အခန်းတံခါးဖွင့်ပေးသည်မို့ အပြင်ဖက်ကွက်လပ်ကလေးတွင် နေခွင့်ရပါသည်။ တနေ့ ညနေခင်း တန်းမပိတ်ခင် ကျွန်မတို့လူတစ်စု ကွန်ကရစ်ပေါ် ဖြန့်လှန်းထားသော ထမီလေးတွေအပေါ်လှဲနေရင်း ကောင်းကင်ကို ပြိုင်တူကြည့်မိကြသည်။ တိမ်တွေ ရွေ့နေသည်။ လေတိုက်သည်ကြောင့် ရွေ့သည်ပဲလား၊ သူ့သဘောနှင့်သူ လွတ်လွတ်လပ်လပ်ရွေ့သည်ပဲလားတော့မသိပါ၊ တိမ်လေးတွေကတော့ ရွေ့နေပါသည်။ ကျွန်မငယ်ငယ်ကတည်းက တိမ်တွေကိုကြည့်ရတာ နှစ်သက်ပါသည်။ ရွေ့နေသောတိမ်တွေကိုကြည့်ရင်း အရုပ်ကလေးတွေပုံဖော်ရသည်ကို ကျွန်မသဘောကျသည်။ အခုလည်း တိမ်တွေကို ကြည့်ခွင့်ရတုန်း ပုံဖော်ကြည့်မိနေသည်။ စိတ်ထဲတွင် အနည်းငယ် ကြည်နူးမိ၏။ သို့သော် ထိုကြည်နူးမှာ ကြာရှည်မခံပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်မကြည့်နေသောတိမ်ကလေးမှာ ကျွန်မတို့ရှိနေသော ထောင်နံရံထက် ဝေးဝေးကို လွင့်သွားခြင့်ကြောင့်ဖြစ်ပါသည်။ ထောင်နံရံက သတ်မှတ်ထားသောအကျယ်အ၀န်းအထိသာ ကျွန်မမြင်ခွင့်ရပါသည်။ တစ်ဆက်တည်းမှာပဲ ကျွန်မကောင်းကင်ကြီးကို အပြည့်အ၀မြင်ချင်မိသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကျွန်မ လွတ်လပ်ချင်နေပြီ။
တိုက်ပိတ်ခံရသည့် ၁၈ရက်မြောက်နေ့ မနက်ခင်း ၄နာရီအချိန်တွင် အပြင်ဖက်မှ သံတိုင်ကိုလှုပ်၍ အော်ဟစ်နှိုးသံ ကြားလိုက်ရ၏။ အဖြူ၊အညိုဝတ်ပြီး အထုတ်တွေ ထုတ်ခိုင်းနေသည်။ အကြောင်းအရင်းကို မသိရပါ။ မျက်နှာသစ်ချိန်ပင်မရပါ။ အဖြူအညိုလဲ၊ ဆံပင်ကောက်စည်းရင်း အထုတ်တွေသိမ်း၍ ငြီးစီစီအခန်းငယ်အတွင်းမှ ထွက်လာခဲ့ပါသည်။ ထို့နောက် ကျွန်မတို့အား တန်းစီထိုင်ခိုင်းသည်။ လူစစ်သည်။ ထမင်းဘူးပေးသည်။ အဖြူ၊အညို တစ်စုံစီပေးသည်။ ကျွန်မနားလည်လိုက်သည်က ကျွန်မတို့ကိုအေ၀းတ နေရာ ပို့တော့မည်ဟုပင်။ ဘယ်ကိုလဲတော့ ကျွန်မတို့မသိရပါ။ သေချာသည်ကတော့ ကျွန်မတို့အားလုံးအပြန်ချင်ဆုံးသောနေရာ(အိမ်) မဟုတ်ခဲ့ပါ။
ကိုယ့်အထုတ်ကိုယ် ဆွဲလာရင်း ထောင်ဘူးဝရောက်ခဲ့သည်။ ကျွန်မတို့ရှေ့တွင် ကျွန်မတို့နဲ့အတူတူ တိုက်ပိတ်ခံရသည့် ၃၁ယောက်ထဲမှ ၅ယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့ရှိသည်။ အသက် ၅၀ကျော် ၆၀ကျော် လူကြီးတွေပါသည့် အဖွဲ့ပင်။ ကြည့်ရသည်မှာ မျက်နှာမကောင်းလှ။ ကျွန်မလည်း အားမပေးနိုင်။ "အားတင်းထားပါ" ဟု တစ်ခွန်းထဲသာ ပြောနိုင်ခဲ့သည်။ ခနအကြာ နောက်ထပ် ၅ယောက်တစ်ဖွဲ့ ကျွန်မတို့ ၅ယောက်ရပ်နေသည့် နေရာခပ်လှမ်းလှမ်းသို့ ရောက်လာ၏။ ထိုအထဲတွင်ကျွန်မ အတွေ့ချင်ခဲ့ဆုံးနှစ်ယောက်ထဲမှ တစ်ယောက်ပါပါသည်။ ကျွန်မနှင့်အတူတူ ထောင်ကျခဲ့သော ကျွန်မသူငယ်ချင်းဖြစ်ပါသည်။ သူ့ကြည့်ရသည်မှာလည်း မျက်နှာမကောင်းလှပါ။ အမြဲတမ်းရယ်မောနေသော ကျွန်မသူငယ်ချင်းမှာ ထူးထူးခြားခြား မျက်နှာအနည်းငယ်ညှိုးနေသည်ကို တွေ့လိုက်ရသဖြင့် ကျွန်မစိတ်မကောင်းဖြစ်မိသွားပါသည်။ ကျွန်မတို့ရှေ့တွင်ရှိနေသော အဖွဲ့အား "သာယာဝတီ" ဟု အော်ကာ အံစာတုံးကားတစ်စီးပေါ် တင်လိုက်ပါသည်။ ထို့နောက်မှ "ပြည်"ဟုအော်သံကြားရသည်။ သေချာပါသည်။ ကျွန်မတို့အဖွဲ့ အလှည့်ရောက်ပေတော့မည်။ ကျွန်မရှေ့မှာရှိနေသော ၂ပွင့်တပ် ထောင်ဝန်ထမ်းအား "အိမ်ကို အကြောင်းကြားပေးမှာလား" ဟု ကျွန်မမေးမိသည်။ သို့သော် ထိုသူမှာ ကျွန်မမျက်နှာကိုရှောင်ကြည့်ရင်း ကျွန်မမေးမြန်းသည်ကို မကြားသလိုပြုနေသဖြင့် ကျွန်မဆက်မမေးတော့ပါ။ အချိန်တန် အိမ်ကသိပါလိမ့်မည်ဟု စိတ်ဖြေရင်း "ပြည်" ဟု အော်ခေါ်သံအဆုံးတွင် အင်းစိန်ထောင်ဘူးဝမှ ကျွန်မထွက်ခွာခဲ့ရသည်။ ကျွန်မသူငယ်ချင်းကိုတော့ လက်ပြနှုတ်ဆက်ခွင့်သာ ရလိုက်သည်။ ၃နှစ်ကြာမှ ပြန်တွေ့ရတော့မည်ဟု စိတ်ထဲအောက်မေ့မိသဖြင့် စိတ်ထဲအနည်းငယ် ၀မ်းနည်းသွားမိသည်။ ထို့နောက် မနက် ၄နာရီ ၄၅မိနစ် အချိန်တွင် ပြည်သို့ထွက်ခွာတော့မည့် ကားပေါ်သို့ လက်ထိပ်ကိုယ်စီဖြင့် ကျွန်မတို့နေရာယူလိုက်သည်။ အင်းစိန်က ထွက်ရတော့မည်။ ကျွန်မတို့နေခဲ့ရသောအခန်းအတွင်းနံရံမှာတော့ တာလီချိုးထားသည်များနှင့် သောက်ဆေးများအားရေဖျော်၍ ဆွဲထားသည့်ပုံများ၊ ကြွေးကြော်သံများ ကျန်ရစ်နေခဲ့သည်။ ထောင်တွင်းဆူပူမှုခေါင်းစဉ်ဖြင့် တစ်ထောင်မှတစ်ထောင်သို့ ပြောင်းရတော့မည်။ ကျွန်မတို့မလွတ်လပ်နိုင်သေးပါ။ ကျွန်မတို့တင်မဟုတ်၊ ထောင်မကျသော်လည်း ကိုယ်စိတ်နှင့်ကိုယ်၊ ကိုယ်အယူအဆနှင့်ကိုယ် တွေးခွင့်မရ၊ ပြောခွင့်မရ၊ နေခွင့်မရသေးသည့် ကျွန်မတို့ပြည်သူ၊ ပြည်သားတွေလည်း မလွတ်လပ်နိုင်သေးပါ။ ဆရာကြီး ဟံသာဝတီဉီးဝင်းတင်ပြောခဲ့သလို မြန်မာတစ်နိုင်ငံလုံးက ထောင်ကျနေကြပါသေးသည်။ မတရားမှု၊ ချုပ်နှောင်မှုတွေကို တိုက်ထုတ်ရင်း လွတ်လပ်မှုကို ကျွန်မတို့ရှာဖွေရပါဉီးမည်။
Zawgyi
ည ေမွာင္သည္။ ေန႔ဖက္က မိုးရြာသြန္းခဲ့သည္ေၾကာင့္ ညလယ္ေခါင္အခ်ိန္၌ ၈ ေပ × ၁၂ ေပသာ က်ယ္၀န္းေသာ တိုက္ခန္းေလးအတြင္းတြင္ အေအးဒဏ္ကို ခံစားေနရသည္။ သို႔ေသာ္ အေအးဒဏ္ကိုအံတုရန္ ျခဳံစရာ ေစာင္မရွိပါ။ အုံးစရာ ေခါင္းအုံးမရွိပါ။ ေျခလြတ္ ေခါင္းလြတ္ ခပ္မာမာ မညီမညာကြပ္ျပစ္ေပၚတြင္ ေကာ္ေဇာတစ္ခ်ပ္သည္သာ ေက်ာျပင္ႏွင့္ျခားထားၿပီး၊ လူ ၅ ေယာက္ ကပ္ကပ္သပ္သပ္ အိပ္ရေသာေၾကာင့္ ခ်မ္းလြန္းေသာ္လည္း အေအးဒဏ္ကိုေဖ်ာက္ရန္ ပုစြန္ေကြး ေကြး၍ မရနိုင္ပါ။
မနက္ ၁၀ နာရီေလာက္က ၅ မိနစ္စာမၽွ ေရခ်ိဳးထုတ္ခ်ိန္တြင္ ကၽြန္မ၏အခန္းေဖာ္(ရဲေဘာ္ရဲဘက္) ၄ ေယာက္ႏွင့္အတူ ခပ္သုတ္သုတ္ ေရခ်ိဳးစဥ္က အသုံးျပဳခဲ့ေသာ ေရစိုဝတ္ထမီမွာ ေနေရာင္ခ်ည္မထိ၍ ေကာင္းစြာ မေျခာက္ေသးေပ။ ျခဳံစရာေစာင္မရွိေသာကၽြန္မမွာ ေအးလြန္းေသာ္လည္း ျခင္၏ရန္မွကာကြယ္ရန္ ထိုေရစိုထမီအား ႀကိတ္မွိတ္ ျခဳံလိုက္ရပါသည္။ ထိုညက ညတာရွည္ခဲ့ပါသည္။
မနက္ ၅ နာရီ တေတာင္ေတာင္ ေခါက္ေခ်ၿပီ။ ခပ္စြာစြာ ဝါဒါရဲမ၏ ေအာ္ဟစ္ႏွိုးသံအဆုံးတြင္ ကၽြန္မတို႔ ၅ ေယာက္မွာ အိပ္ရာမွမထခ်င္ေသးေသာ္လည္း အလူးအလဲ ထလိုက္ၾကရ၏။ က်န္ေဘးအခန္းမ်ားမွ ဩကာသ ကန္ေတာ့ခ်ိဳး ရြတ္ဆိုေလၿပီ။ ကၽြန္မတို႔လည္း မဆိုခ်င့္ဆိုခ်င္ လိုက္ဆိုရေပေတာ့မည္။ ၅ နာရီခြဲ ဘုရားရွိခိုးၿပီး၏။ သို႔ေသာ္ ျပန္၍အိပ္မရေခ်။ မနက္ ၇ နာရီ ေထာင္ဖြင့္ခ်ိန္အထိ ပုံစံထိုင္ရေပဉီးမည္။ ထိုင္ရလြန္း၍ ေျခေထာက္ေတြမွာ ထုံ၏။ က်ဥ္၏။ နာ၏။ နာက်ဥ္၏။ သို႔ေသာ္ ေျခဆန႔္၍ ေနမရ။ သံတံခါး ၂ခုျခား အျပင္ဖက္မွ လမ္းေလၽွာက္ရင္းကေန လွမ္းလွမ္းၾကည့္ေသာ ဝါဒါရဲမ၏ ဆဲဆိုသံကို မၾကားလိုျခင္း ေၾကာင့္ျဖစ္ပါသည္။
မနက္ ၇နာရီထိုး တေတာင္ေတာင္ ၇ခ်က္ ေခါက္ေလၿပီ။ က်ဥ္ေနေသာ ေျခေထာက္မ်ားလည္း လႈပ္၍ ရေလၿပီ။ ထမင္းစားခ်ိန္ႏွင့္ ေရခ်ိဳးခ်ိန္မ်ားတြင္ ၂ ေနရာစာ အသုံးျပဳရေသာခြက္မ်ားျဖင့္ မနက္စာ ခံယူရေပေတာ့မည္။ ဝါဒါရဲမမွာ ပထမတံခါးတဆင့္ျဖတ္၍ ဒုတိယတံခါးနားအထိ ေရထည့္ေသာပုံးမ်ားအတြင္း ေၾကညက္ေအာင္ဝါး၍ပင္ မလြယ္ေသာ ထမင္းေၾကာ္အမည္ခံ ထမင္းခဲမ်ား ထည့္ထားသည္မ်ားကို ဆြဲ၍ လာ၏။ အခန္းထဲတြင္ လူ ၅ေယာက္ရွိေသာ္လည္း ၄ေယာက္စာသာယူလိုက္၏။ ကၽြန္မ မစားနိုင္ပါ။ ထိုပုံးထဲမွ အရသာ တစ္စက္တစ္ေလမၽွ မပါေသာ ထမင္းမာမာႀကီးမ်ားကို ကၽြန္မ မဝါးနိုင္ပါ။ က်န္လူမ်ားမွာလည္း ကၽြန္မနည္းတူစြာ မစားနိုင္ၾကပါ။ ထမင္းေၾကာ္ထဲတြင္ပါေသာ ပဲေစ့ ၅ေစ့ကို တစ္ေယာက္ ၁ေစ့ေလာက္မၽွ ခြဲေဝစားေသာက္ၾကရင္း ထိုအစာေခ်မလြယ္ေသာ ထမင္းမ်ားကို တစ္ခုတည္းေသာ ႂကြတ္ႂကြတ္အိတ္ အမဲႀကီးထဲသို႔ ထည့္၍ ပစ္လိုက္ပါေတာ့သည္။
သို႔ေနာက္ ကၽြန္မ တာလီမွတ္သည္။ သည္ေန႔က တိုက္ပိတ္ခံရသည့္ ၃ရက္ေျမာက္ေန႔ ျဖစ္ပါသည္။ လြန္ခဲ့ေသာ ၄ရက္ ညသန္းေခါင္အခ်ိန္တြင္ ကၽြန္မတို႔ ၃၁ ေယာက္ေသာ ရဲေဘာ္ရဲဘက္တစ္စု ရိုက္ႏွက္ တိုက္ပိတ္ခံခဲ့ရသည္။ အရိုက္ခံထားရ၍ ႏႈတ္ခမ္းမွာ ကြဲလုနီးနီးျဖစ္ေနသည္။ ႏႈတ္ခမ္းကြဲသည္ထက္ ဆိုးသည့္အရာမွာ ေထာင္စက်စဥ္ကတည္းက အတူတူပါလာခဲ့ေသာ ကၽြန္မသူငယ္ခ်င္းမ်ား တနည္းအားျဖင့္ ဆိုရလၽွင္ ကၽြန္မ၏ တြဲေဘာမ်ားႏွင့္ အခန္းကြဲသြားေသာေၾကာင့္ျဖစ္ပါသည္။ ျပစ္ဒဏ္ တိုက္ပိတ္လၽွင္ ၁၄ ရက္မၽွ ၾကာတတ္သည္ဟု ၾကားဖူး၏။ ယခုေရာ မည္မၽွၾကာနိုင္မည္မွန္းမသိ။ ျပစ္ဒဏ္ကာလၿပီးလၽွင္လည္း ကၽြန္မတို႔အား မည္သည့္ေနရာကို ထပ္ပို႔မည္ကိုလည္းမသိရ၍ ေနာက္ ၃ႏွစ္ၾကာမွ ကၽြန္မသူငယ္ခ်င္းမ်ားႏွင့္ ျပန္ဆုံရမည္ဆိုသည့္ အေတြးကလည္း တစ္ခါတစ္ရံ ႏွိပ္စက္တတ္ေသး၏။ တစ္ခါတစ္ခါ သူတို႔၏ နာမည္မ်ားအား ေအာ္ေခၚၾကည့္၏။ ၁ ေပခြဲ ေက်ာ္ေက်ာ္ ထူေသာ နံရံကို ကၽြန္မ၏ အသံမၽွင္မၽွင္က ေဖာက္ထြက္နိုင္စြမ္းေတာ့မရွိနိုင္ခဲ့ပါ။ ေဘးက အခန္းေဖာ္မ်ားႏွင့္ ဆက္သြယ္၍ရနိုင္ေသာ နည္းလမ္းတစ္ခုရွိပါသည္။ ထိုနည္းလမ္းမွာ အားကုန္သုံး၍ ၁ေပခြဲထူေသာေဘးနံရံကို ထုၿပီးအသံေပးသည့္ နည္းလမ္းျဖစ္ပါသည္။ ကၽြန္မတို႔အခန္းဖက္မွ တစ္ခ်က္ထုလၽွင္ တစ္ဖက္အခန္းမွ ၂ခ်က္ ျပန္ထု၏။ ၿပီးလၽွင္ ၃ခ်က္၊ ၄ခ်က္၊ ၅ခ်က္။ လက္နာလၽွင္ ရပ္လိုက္ၾက၏။ နံရံကို ထုသည့္အသံေလးသည္ကပင္ က်န္လူမ်ားမွာမိမိႏွင့္အတူရွိေနေၾကာင္းျပသည့္ သေကၤတေပမို႔ ကၽြန္မတို႔ရင္ထဲ ေႏြးေထြးရေပ၏။
မနက္ ၉နာရီ ထမင္းလာေဝမည္။ ျပစ္ဒဏ္တိုက္ပိတ္သည့္ ကာလျဖစ္သည္ေၾကာင့္လားမသိ၊ ေဆာ္ဒါအဆမတန္ ေရာထားေသာ ထမင္းမွာ ပုံမွန္ထက္မာ၏။ ထမင္းႏွင့္တြဲေပးေသာ ပဲဟင္းမွာလည္း ပဲရွာ၍မရ။ အရသာခံ၍လည္း မရ။ ထမင္းမာမာကို ႏူးေစရန္ အသုံးျပဳ၍သာရ၏။ ထို ပဲဟင္းႏွင့္ ထမင္းကိုလည္း ကၽြန္မတို႔ မစားနိုင္ပါ။ ထုံးစံအတိုင္း အိတ္အမဲႀကီးထဲသာ စြန႔္ပစ္လိုက္ရ၏။ မနက္၁၀နာရီ ေရခ်ိဳးထုတ္ခ်ိန္အၿပီး ပုံစံျပန္ထိုင္ရေလၿပီ။ ကၽြန္မတို႔ မေပ်ာ္ေတာ့ၿပီ။ ၃ရက္ဆက္တိုက္ ေရကလြဲၿပီး အစာတစ္ခုတစ္ေလမၽွ မ၀င္၍ ကၽြန္မ ေရထေသာက္ရန္ မတ္တပ္ပင္ ေကာင္းေကာင္းမရပ္နိုင္ေတာ့။ ပုံမွန္ အခ်ိန္မ်ားတြင္မွာေတာင္ အားနည္းတတ္သည္မို႔ အစာေရဆာျပတ္လတ္ခ်ိန္တြင္ ပို၍ခံေနရသည္။ အစာမစားရ၍ ခံတြင္းမွာလည္း ခါးသက္ေန၏။ ပုံစံထိုင္ခ်ိန္ျဖစ္ေသာ္လည္း ကၽြန္မ မထိုင္နိုင္ေတာ့။ လွဲ၍သာေနေနရေတာ့သည္။ ထိုစဥ္ ဝါဒါရဲမ လာ၏။ ပုံစံမထိုင္၍ ေအာ္ဟစ္ေမး၏။ ကၽြန္မမွာ ေျဖဖို႔အားပင္မရွိ။ တစ္ခန္းတည္းသား အစ္မတစ္ေယာက္က အစာဆက္တိုက္မစားေသာေၾကာင့္ အားျပတ္၍ လဲေနေၾကာင္း၊ မထနိုင္ေတာ့ေၾကာင္းေျဖေပး၏။ ထိုတြင္ "အစားက ဘာလို႔ မစားနိုင္ရတာလဲ" ဟု ဝါဒါရဲမ ဖက္က ျပန္ေမး၏။ ေကၽြးသည့္ထမင္းနဲ႔ဟင္းမွာ စားနိုင္ဖြယ္ရာမဟုတ္ေၾကာင္း ျပန္ေျဖေလရာ "ဘာလို႔မစားနိုင္ရတာလဲ" ဟူေသာ ေမးခြန္းသည္သာ ပတ္လည္ရိုက္၍ ဝါဒါရဲမတစ္ေယာက္ မေျဖရွင္းနိုင္ဘဲ လွည့္ထြက္သြားေတာ့၏။ ကၽြန္မမွာမူ ပုစြန္ေကြး ေကြးရင္းသာ က်န္ေနခဲ့ေတာ့၏။
၁၅ ေပ အျမင့္ရွိေသာ မ်က္ႏွာက်က္ေပၚတြင္ ခပ္မွိန္မွိန္လင္းေနေသာ မီးသီးတစ္လုံးရွိ၏။ ထိုမီးသီးမွာ ေန႔ဖက္လည္း လင္း၏။ ညဖက္လည္း လင္း၏။ ခပ္မွိန္မွိန္လင္းေနေသာ္လည္း မွိတ္သြားခ်ိန္ေတာ့မရွိ။ ေန႔လည္ခင္း အျပင္ဖက္တြင္ ေနသာေန၏။ အခန္းတြင္းမွေန၍ ေနကို မျမင္ရပါ။ ေရစိုဝတ္မ်ားေျခာက္ေစရန္အတြက္ တစ္ခုတည္းေသာ ေနေရာင္ျခည္ရရာ တံခါးသံတိုင္တြင္ အ၀တ္မ်ားကို ခ်ိတ္၍ လွန္း၏။ ကင္းပတ္ေနေသာ ဝါဒါရဲမမ်ားမွာ အ၀တ္မ်ား လွန္းလိုက္၍ အခန္းတြင္းသို႔ မျမင္နိုင္သျဖင့္ ေအာ္ဟစ္ဆူပူၿပီး အ၀တ္မ်ားကို ျဖဳတ္ခိုင္း၏။ အခန္းထဲတြင္ ႀကိဳးတန္းမရွိ၍ အ၀တ္လွန္းရန္မွာ အိမ္သာေဘးအကာျဖစ္သည့္ ၃ ေပ သာသာျမင့္ေသာ၊ ၄ေပ အရွည္၊ အထူ ၄ လက္မခြဲရွိသည့္ အုတ္ရိုးေလးတစ္ခုသာရွိ၏။ ထိုအုတ္ရိုးေလးေပၚတြင္လည္း ေရစိုဝတ္မ်ားလွမ္းရန္ ေနရာမေလာက္ငွပါ။
၃ရက္လုံးလုံး ဇြဲရွိရွိျဖင့္ ေတာင္းေသာေၾကာင့္ တစ္ေယာက္တစ္ထုပ္စီရထားေသာ Pad ထုပ္ တစ္ခုရွိပါသည္။ ထို Pad ထုပ္ေလးရွိလာေသာေၾကာင့္ ယခင္က မိမိဆံပင္မိမိ ေခါင္းအုံးအိပ္ေနရာမွ အုံးစရာ ေခါင္းအုံးေလးတစ္ခုေတာ့ ရလာခဲ့ပါသည္။ ေခါင္းအုံးအတြက္ေတာ့ အဆင္ေျပၿပီ။ အ၀တ္လွန္းရန္ ႀကိဳးတန္းသာ လိုေတာ့သည္။ အ၀တ္အစားမွာ ၂ စုံသာ ထည့္ခြင့္ေပးထားေသာေၾကာင့္ တစ္စုံေျခာက္မွ တစ္စုံလဲရ၏။ စိုထိုင္းထိုင္းအထည္မ်ားဝတ္ရ၍ ခႏၶာကိုယ္တြင္ ယားနာမ်ားပါ ေပါက္ခ်င္လာသည္။ ထို႔ေၾကာင့္ အ၀တ္လွန္းရန္ ႀကိဳးတန္းဖန္တီးမွရေပမည္။ ႀကိဳးတန္းကိုခြင့္မျပဳဟုဆိုေသာ္လည္း ယခင္က ဤအခန္းထဲတြင္ ႀကိဳးတန္းထားရွိခဲ့ဟန္တူ၏။ အိမ္သာႏွင့္ မ်က္ႏွာခ်င္းဆိုင္နံရံတြင္ သံေခ်ာင္း ၂ ေခ်ာင္းအား ၅ ေပခန႔္ျခား၍ ရိုက္ထား၏။ ထိုသံေခ်ာင္း ၂ ေခ်ာင္းအား ဆက္၍ခ်ည္လၽွင္ ၅ေပခန႔္ အရွည္ရွိေသာ ႀကိဳးတန္းတစ္တန္း ရနိုင္ေပမည္။ ထို႔ေၾကာင့္ လိုအပ္သည္မွာ ႀကိဳးတစ္ေခ်ာင္းသာ က်န္ရွိေတာ့၏။
ေခါင္းမူးသျဖင့္ ပုံစံထိုင္ရခ်ိန္တြင္ မထိုင္နိုင္ဘဲ လွဲ၍ ေနရ၏။ လွဲေနရေသာေၾကာင့္လည္း ေခါင္းသည္ ပို၍မူး၏။ ထို႔ေၾကာင့္ ပုံစံထိုင္ရခ်ိန္မ်ားတြင္မူ မထနိုင္ဟန္ျပၿပီး က်န္အခ်ိန္မ်ားတြင္ နံရံကိုမွီ၍ ေန၏။ နံရံကိုမွီထိုင္ေနရင္းမွ ႀကိဳးလုပ္ရန္ အႀကံထုတ္ရ၏။ အခန္းက်ဥ္းအတြင္းတြင္ ႀကိဳးအျဖစ္ ဖန္တီးနိုင္သည့္အရာမွာ အမွိုက္အိတ္အျဖစ္အသုံးျပဳရန္ ရရွိထားသည့္ ႂကြတ္ႂကြတ္အိတ္အမဲ တစ္အိတ္သာရွိပါသည္။ ထိုအိတ္ကိုလည္း ျဖဲျပစ္ရန္မျဖစ္နိုင္ေသာေၾကာင့္ Pad ထုတ္ အခြံကိုယူကာ တစ္လက္မအရြယ္ေလာက္ ႀကိဳးျပားရေအာင္ျဖဲ၏။ ထမင္း ၄ရက္ၾကာ မစားရ၍ အားနည္းကာ လက္ေတြတုန္ေနသျဖင့္ မျပတ္သြားေအာင္ သတိထား၍ ျဖဲရသည္။ ျဖဲ၍ရလာေသာ ႀကိဳးအပိုင္းအစမ်ားကို ဆက္၍ ခ်ည္သည္။ သည္ေလာက္ဆို မခိုင္ခံ့ေသာ္လည္း အတြင္းဝတ္မ်ားႏွင့္ အကၤ်ီမ်ား လွန္းနိုင္ေလာက္ေအာင္ ေနရာတစ္ခုေတာ့ရေလၿပီ။ ရင္ထဲတြင္ ေပ်ာ္ရႊင္မိသြားသည္။ အခန္းငယ္အတြင္းမွ မိမိလုပ္နိုင္ေသာ အရာတစ္ခု ေပၚေပါက္လာ၍ျဖစ္ပါသည္။
သို႔ေသာ္ ထိုအေပ်ာ္မွာ ၾကာရွည္မခံခဲ့ရပါ။ ေနာက္တစ္ေန႔ ကင္းပတ္ခ်ိန္တြင္ ဝါဒါရဲမတစ္ေယာက္မွ ထိုႀကိဳးတန္းေလးအား ျမင္ေတြ႕သြားပါသည္။ ထုံးစံအတိုင္း ေအာ္ဟစ္ေျပာဆို၍ ျဖဳတ္ခိုင္း၏။ ႀကိဳးတန္းမွာ Pad ထုတ္ အခြံျဖင့္သာလုပ္ထားၿပီး ခိုင္ခံ့ေသာ ႀကိဳးတန္းမဟုတ္ေၾကာင္း ေျပာေသာ္လည္းမရပါ။ အ၀တ္မ်ားလွန္းရန္ အခန္းထဲတြင္ေနရာအဆင္မေျပေၾကာင္း ေျပာေသာ္လည္းမရပါ။ က်က္ထားသည့္စကားတစ္ခြန္းျဖစ္ေသာ "မရဘူး"၊ "မရဘူး" ဟုသာ တြင္တြင္ေျပာ၍ ျဖဳတ္ခိုင္းပါေတာ့သည္။ ကၽြန္မတို႔လည္း မတတ္သာ၍ ျဖဳတ္ေပးလိုက္ရပါသည္။ ႀကိဳးတန္းျဖဳတ္ေပးေနေသာ ကၽြန္မ၏အခန္းေဖာ္ညီမေလးမွာ ႀကိဳးကိုျဖည္၍ ျဖဳတ္ေပးေနသည္ကိုၾကည့္ၿပီး ကၽြန္မစိတ္ေတြ ပိုတိုလာရသည္။ "ျဖည္စရာမလိုဘူး၊ အားမသုံးဘဲ ဆြဲျဖဳတ္ရင္ေတာင္ ျပဳတ္တယ္" ဟု စိတ္တိုတိုျဖင့္ ေအာ္ေျပာ၍ ကၽြန္မႀကိဳးစားပမ္းစားလုပ္ထားေသာ ႀကိဳးတန္းေလးအား ကၽြန္မကိုယ္တိုင္ ေစာင့္ဆြဲ ျဖဳတ္ကာ ဝါဒါရဲမလက္ထဲသို႔ ေစာင့္ေအာင့္၍ အပ္လိုက္ရပါသည္။ စိတ္ထဲတြင္ ေန၍အဆင္မေျပပါ။ အတြင္းအ၀တ္မ်ား မသန႔္မရွင္းျဖစ္မည္ကို ကၽြန္မမႀကိဳက္ပါ။ ထို႔ေၾကာင့္ ႀကိဳးတန္းတန္းရန္ ထပ္ႀကံရေတာ့သည္။ ထပ္ႀကံ၍ထပ္လုပ္ရာမွ ထပ္မိေလရာ သည္တစ္ခါေတာ့ အုတ္နံရံကသံေခ်ာင္းေလးပါ ခၽြတ္ယူသြား၏။ သည္တစ္ခါ ကၽြန္မ စိတ္မတိုနိုင္ေတာ့ပါ။ ဝါဒါရဲမတို႔၏ ကပ္သီးကပ္ဖဲ့ ယုတ္မာမႈမ်ားကိုသာေတြးၿပီး ရယ္ခ်င္ေနမိပါေတာ့သည္။
ေထာင္တြင္ အေတြ႕ရဆုံးငွက္မွာ က်ီးကန္းျဖစ္၏။ ေတြ႕ရေသာငွက္မွာ ကဗ်ာမဆန္ေသာ္လည္း ညေနခင္း က်ီးကန္းတို႔အိပ္တန္းတက္ခ်ိန္မွာ ကဗ်ာဆန္လွပါသည္။ သံတိုင္အတြင္းမွ လွမ္းျမင္ရေသာ က်ီးကန္းတို႔ အိပ္တန္းတက္ရာ သစ္ပင္ႀကီးမွာ လွပပါသည္။ သံတိုင္ကိုဖယ္၍ ကၽြန္မတို႔ ၾကည့္ခ်င္မိပါသည္။ တစ္နည္းအားျဖင့္ဆိုရေသာ္ ကၽြန္မတို႔လြတ္လပ္ခ်င္မိပါသည္။
သည္ကေန႔ဆို ျပစ္ဒဏ္တိုက္ပိတ္ရက္ ၁၄ ရက္ ျပည့္ၿပီ။ ျပစ္ဒဏ္ရက္ျပည့္သျဖင့္ ကၽြန္မတို႔အား တန္းဖြင့္ခ်ိန္တြင္ တံခါးတစ္ဆင့္ဖြင့္ေပး၏။ ေရခ်ိဳးကန္အပါ ၈ေပ၊ ၁၅ေပခန႔္ က်ယ္ဝန္းသည့္ ကြန္ကရစ္ခင္းထားေသာ ေနရာကြက္လပ္ကေလးမွာ ကၽြန္မတို႔ အေညာင္းေၿပ အျငာေၿပ လမ္းေလၽွာက္၍ ရေလၿပီ။ သို႔ရာတြင္လိုခ်င္ေနေသာ လြတ္လပ္မႈမ်ိဳးေတာ့မဟုတ္။
အခန္းတံခါးဖြင့္ဖြင့္ေပးခ်င္း ကၽြန္မ၏အခန္းေဖာ္ ၄ေယာက္အား အခန္းျပင္ထြက္၍ ေနေစ၏။ အျဖစ္အပ်က္က ရယ္စရာေတာ့ေကာင္းပါသည္။ ကၽြန္မ ၁၂ရက္ေက်ာ္ေက်ာ္ၾကာ အေလးမသြားရေသးပါ။ အခန္းေဖာ္မ်ားအား အားနာေသာေၾကာင့္လည္းေကာင္း၊ ဗိုက္ထဲအစာမရွိသည္ကလည္းေကာင္း၊ အေၾကာင္းေၾကာင္းေၾကာင့္ ၁၂ရက္ေက်ာ္ၾကာ မသြားျဖစ္ခဲ့ပါ။ ျပစ္ဒဏ္ရက္ေစ့သည့္ေန႔ အခန္းတံခါးဖြင့္ဖြင့္ခ်င္း အလုပ္ခ်င္ဆုံးအလုပ္မွာ အေလးသြားခ်င္ခဲ့မႈမွာ နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္နိုင္ခဲ့ပါသည္။
အခန္းတံခါးဖြင့္ေပးသည္မို႔ အျပင္ဖက္ကြက္လပ္ကေလးတြင္ ေနခြင့္ရပါသည္။ တေန႔ ညေနခင္း တန္းမပိတ္ခင္ ကၽြန္မတို႔လူတစ္စု ကြန္ကရစ္ေပၚ ျဖန႔္လွန္းထားေသာ ထမီေလးေတြအေပၚလွဲေနရင္း ေကာင္းကင္ကို ၿပိဳင္တူၾကည့္မိၾကသည္။ တိမ္ေတြ ေရြ႕ေနသည္။ ေလတိုက္သည္ေၾကာင့္ ေရြ႕သည္ပဲလား၊ သူ႔သေဘာႏွင့္သူ လြတ္လြတ္လပ္လပ္ေရြ႕သည္ပဲလားေတာ့မသိပါ၊ တိမ္ေလးေတြကေတာ့ ေရြ႕ေနပါသည္။ ကၽြန္မငယ္ငယ္ကတည္းက တိမ္ေတြကိုၾကည့္ရတာ ႏွစ္သက္ပါသည္။ ေရြ႕ေနေသာတိမ္ေတြကိုၾကည့္ရင္း အ႐ုပ္ကေလးေတြပုံေဖာ္ရသည္ကို ကၽြန္မသေဘာက်သည္။ အခုလည္း တိမ္ေတြကို ၾကည့္ခြင့္ရတုန္း ပုံေဖာ္ၾကည့္မိေနသည္။ စိတ္ထဲတြင္ အနည္းငယ္ ၾကည္ႏူးမိ၏။ သို႔ေသာ္ ထိုၾကည္ႏူးမွာ ၾကာရွည္မခံပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ ကၽြန္မၾကည့္ေနေသာတိမ္ကေလးမွာ ကၽြန္မတို႔ရွိေနေသာ ေထာင္နံရံထက္ ေဝးေဝးကို လြင့္သြားျခင့္ေၾကာင့္ျဖစ္ပါသည္။ ေထာင္နံရံက သတ္မွတ္ထားေသာအက်ယ္အ၀န္းအထိသာ ကၽြန္မျမင္ခြင့္ရပါသည္။ တစ္ဆက္တည္းမွာပဲ ကၽြန္မေကာင္းကင္ႀကီးကို အျပည့္အ၀ျမင္ခ်င္မိသည္။ တစ္နည္းအားျဖင့္ဆိုရေသာ္ ကၽြန္မ လြတ္လပ္ခ်င္ေနၿပီ။
တိုက္ပိတ္ခံရသည့္ ၁၈ရက္ေျမာက္ေန႔ မနက္ခင္း ၄နာရီအခ်ိန္တြင္ အျပင္ဖက္မွ သံတိုင္ကိုလႈပ္၍ ေအာ္ဟစ္ႏွိုးသံ ၾကားလိုက္ရ၏။ အျဖဴ၊အညိဳဝတ္ၿပီး အထုတ္ေတြ ထုတ္ခိုင္းေနသည္။ အေၾကာင္းအရင္းကို မသိရပါ။ မ်က္ႏွာသစ္ခ်ိန္ပင္မရပါ။ အျဖဴအညိဳလဲ၊ ဆံပင္ေကာက္စည္းရင္း အထုတ္ေတြသိမ္း၍ ၿငီးစီစီအခန္းငယ္အတြင္းမွ ထြက္လာခဲ့ပါသည္။ ထို႔ေနာက္ ကၽြန္မတို႔အား တန္းစီထိုင္ခိုင္းသည္။ လူစစ္သည္။ ထမင္းဘူးေပးသည္။ အျဖဴ၊အညိဳ တစ္စုံစီေပးသည္။ ကၽြန္မနားလည္လိုက္သည္က ကၽြန္မတို႔ကိုအေ၀းတ ေနရာ ပို႔ေတာ့မည္ဟုပင္။ ဘယ္ကိုလဲေတာ့ ကၽြန္မတို႔မသိရပါ။ ေသခ်ာသည္ကေတာ့ ကၽြန္မတို႔အားလုံးအျပန္ခ်င္ဆုံးေသာေနရာ(အိမ္) မဟုတ္ခဲ့ပါ။
ကိုယ့္အထုတ္ကိုယ္ ဆြဲလာရင္း ေထာင္ဘူးဝေရာက္ခဲ့သည္။ ကၽြန္မတို႔ေရွ႕တြင္ ကၽြန္မတို႔နဲ႔အတူတူ တိုက္ပိတ္ခံရသည့္ ၃၁ေယာက္ထဲမွ ၅ေယာက္ပါဝင္ေသာ အဖြဲ႕တစ္ဖြဲ႕ရွိသည္။ အသက္ ၅၀ေက်ာ္ ၆၀ေက်ာ္ လူႀကီးေတြပါသည့္ အဖြဲ႕ပင္။ ၾကည့္ရသည္မွာ မ်က္ႏွာမေကာင္းလွ။ ကၽြန္မလည္း အားမေပးနိုင္။ "အားတင္းထားပါ" ဟု တစ္ခြန္းထဲသာ ေျပာနိုင္ခဲ့သည္။ ခနအၾကာ ေနာက္ထပ္ ၅ေယာက္တစ္ဖြဲ႕ ကၽြန္မတို႔ ၅ေယာက္ရပ္ေနသည့္ ေနရာခပ္လွမ္းလွမ္းသို႔ ေရာက္လာ၏။ ထိုအထဲတြင္ကၽြန္မ အေတြ႕ခ်င္ခဲ့ဆုံးႏွစ္ေယာက္ထဲမွ တစ္ေယာက္ပါပါသည္။ ကၽြန္မႏွင့္အတူတူ ေထာင္က်ခဲ့ေသာ ကၽြန္မသူငယ္ခ်င္းျဖစ္ပါသည္။ သူ႔ၾကည့္ရသည္မွာလည္း မ်က္ႏွာမေကာင္းလွပါ။ အျမဲတမ္းရယ္ေမာေနေသာ ကၽြန္မသူငယ္ခ်င္းမွာ ထူးထူးျခားျခား မ်က္ႏွာအနည္းငယ္ညႇိုးေနသည္ကို ေတြ႕လိုက္ရသျဖင့္ ကၽြန္မစိတ္မေကာင္းျဖစ္မိသြားပါသည္။ ကၽြန္မတို႔ေရွ႕တြင္ရွိေနေသာ အဖြဲ႕အား "သာယာဝတီ" ဟု ေအာ္ကာ အံစာတုံးကားတစ္စီးေပၚ တင္လိုက္ပါသည္။ ထို႔ေနာက္မွ "ျပည္"ဟုေအာ္သံၾကားရသည္။ ေသခ်ာပါသည္။ ကၽြန္မတို႔အဖြဲ႕ အလွည့္ေရာက္ေပေတာ့မည္။ ကၽြန္မေရွ႕မွာရွိေနေသာ ၂ပြင့္တပ္ ေထာင္ဝန္ထမ္းအား "အိမ္ကို အေၾကာင္းၾကားေပးမွာလား" ဟု ကၽြန္မေမးမိသည္။ သို႔ေသာ္ ထိုသူမွာ ကၽြန္မမ်က္ႏွာကိုေရွာင္ၾကည့္ရင္း ကၽြန္မေမးျမန္းသည္ကို မၾကားသလိုျပဳေနသျဖင့္ ကၽြန္မဆက္မေမးေတာ့ပါ။ အခ်ိန္တန္ အိမ္ကသိပါလိမ့္မည္ဟု စိတ္ေျဖရင္း "ျပည္" ဟု ေအာ္ေခၚသံအဆုံးတြင္ အင္းစိန္ေထာင္ဘူးဝမွ ကၽြန္မထြက္ခြာခဲ့ရသည္။ ကၽြန္မသူငယ္ခ်င္းကိုေတာ့ လက္ျပႏႈတ္ဆက္ခြင့္သာ ရလိုက္သည္။ ၃ႏွစ္ၾကာမွ ျပန္ေတြ႕ရေတာ့မည္ဟု စိတ္ထဲေအာက္ေမ့မိသျဖင့္ စိတ္ထဲအနည္းငယ္ ၀မ္းနည္းသြားမိသည္။ ထို႔ေနာက္ မနက္ ၄နာရီ ၄၅မိနစ္ အခ်ိန္တြင္ ျပည္သို႔ထြက္ခြာေတာ့မည့္ ကားေပၚသို႔ လက္ထိပ္ကိုယ္စီျဖင့္ ကၽြန္မတို႔ေနရာယူလိုက္သည္။ အင္းစိန္က ထြက္ရေတာ့မည္။ ကၽြန္မတို႔ေနခဲ့ရေသာအခန္းအတြင္းနံရံမွာေတာ့ တာလီခ်ိဳးထားသည္မ်ားႏွင့္ ေသာက္ေဆးမ်ားအားေရေဖ်ာ္၍ ဆြဲထားသည့္ပုံမ်ား၊ ေႂကြးေၾကာ္သံမ်ား က်န္ရစ္ေနခဲ့သည္။ ေထာင္တြင္းဆူပူမႈေခါင္းစဥ္ျဖင့္ တစ္ေထာင္မွတစ္ေထာင္သို႔ ေျပာင္းရေတာ့မည္။ ကၽြန္မတို႔မလြတ္လပ္နိုင္ေသးပါ။ ကၽြန္မတို႔တင္မဟုတ္၊ ေထာင္မက်ေသာ္လည္း ကိုယ္စိတ္ႏွင့္ကိုယ္၊ ကိုယ္အယူအဆႏွင့္ကိုယ္ ေတြးခြင့္မရ၊ ေျပာခြင့္မရ၊ ေနခြင့္မရေသးသည့္ ကၽြန္မတို႔ျပည္သူ၊ ျပည္သားေတြလည္း မလြတ္လပ္နိုင္ေသးပါ။ ဆရာႀကီး ဟံသာဝတီဉီးဝင္းတင္ေျပာခဲ့သလို ျမန္မာတစ္နိုင္ငံလုံးက ေထာင္က်ေနၾကပါေသးသည္။ မတရားမႈ၊ ခ်ဳပ္ေႏွာင္မႈေတြကို တိုက္ထုတ္ရင္း လြတ္လပ္မႈကို ကၽြန္မတို႔ရွာေဖြရပါဉီးမည္။
✿ ♡
ReplyDeleteDone
ReplyDelete😢Clicked🕊
ReplyDeleteThis comment has been removed by the author.
ReplyDeleteမတရားမှု တွေကို တိုက်ထုတ်ရင်း လွတ်လပ်မှု တို့ကိုရှာဖွေရပါဉီးမည်။
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDeleteDone
ReplyDelete