Paper bird

ဒီနေ့ရဲ့မိုးလေ၀သအခြေအနေခန့်မှန်းချက်ကတော့ နေရာကွက်ကြားမိုးထစ်ချူန်းရွာပါလိမ့်မယ် မုန်တိုင်းရှိနိုင်တာကြောင့်သတိထားကြပါရှင်" 

ကော်ဖီဆိုင်လေးကဖွင့်ထားတဲ့ မိုးလေ၀သ သတင်းကြောင့် လူများရုတ်ရုတ်သဲသဲဖြစ်ကာ ခြေလှမ်းများကိုအရှိန်မြှင့်တင်ပြီး အချင်းချင်းတွန်းမိတိုက်မိကုန်ကြသည်။ ထိုအခြင်းအရာကို ၄ထပ်မြောက်ခေါင်မိုးထပ်ရှိ လက်ရန်းဘောင်အစွန်းလေးမှာထိုင်နေတဲ့ ကောင်မလေးက အစအဆုံး ကိုငုံ့ကြည့်နေတယ်။ ကောင်းကင်တစ်ခုလုံးကလည်းအုံ့မှိုင်းကာ မှင်အမဲရောင်ခြယ်ထားသလိုကိုဖြစ်နေတယ်။သူမသည် လူ့လောကမှအရာများအားလုံးနဲ့ကင်းကွာနေသလိုမျိုး ခံစားချက်အငွေ့အသက်များကသူမမျက်လုံးများထဲတွင်​ပျောက်ဆုံးနေသည်။ 

ထိတ်လန့်ကြောက်ရွံ့ခြင်း၊၀မ်းနည်းခြင်း၊ပျော်ရွှင်ခြင်း၊အထီးကျန်ခြင်းအစရှိတဲ့ ခံစားချက်တွေက သူမအတွက်တော့ မှေးမှိန်ပျောက်ကွယ်နေသလို။ အမဲရောင်ဉီးထုပ်ကိုချွတ်လိုက်ရင်း တဖြူးဖြူးတိုက်နေတဲ့လေတွေကို သူမခေါင်းမော့ရင်းအလုအယက်ရူလိုက်တယ် ပြီးတော့ သူမခေါင်းလေးကိုငဲ့စောင်းလိုက်ရင်း ဘေးကအရိပ်ကိုလှမ်းပြောလိုက်တယ်။ "ငါနင့်ကိုယုံကြည်ချင်တယ်" ထိုစကားကိုပြောရင်း သူမမျက်လုံးများကိုပိတ်ရင်း ဟိုးတစ်ချိန်ကဒီမေးခွန်းကိုမေးတဲ့သူနဲ့တွေ့ဆုံပုံကိုပြန်ပုံဖော်လိုက်တယ်။ 

"ဟင်းရွက်စုံတွေရမယ် ဟင်းရွက်စုံ" 

"ကြက်သားရမယ် ကြက်သား" စျေးသည်များရဲ့အသံများက စျေးရုံကြီးထဲတွင် ဆူညံကာပွက်လောရိုက်နေသည်။ 

"ဟယ် အစ်မသင်း မတွေ့ရတာကြာပြီနော်" သူစိမ်းအဒေါ်ကြီးရဲ့ လှမ်းခေါ်သံကိုကြားလိုက်ရတာကြောင့် သူမကိုအမေ သူမလက်တို့ကာသတိပေးလိုက်ရတယ်။ ထိုအခါမှသာ ငယ်သူငယ်ချင်းအားတွေ့လိုက်ရသကဲ့သို့ သူမအမေကပြုံးပျော်ကာ လမ်းမမှာတင် စကားပြောရန်ပြင်နေသည်။

 "ညီမလေးပါလား နေကောင်းလားကွယ် မတွေ့ရတာတောင်ကြာပြီ အစ်မလည်းသတိရနေတာကြာပြီ" "အမယ်လေး နေကောင်းပါတယ်ရှင် ညီမလည်းအစ်မသင်းကိုတွေ့ချင်နေတာ ခုမှပဲတွေ့ရတော့တယ်" ထိုအဒေါ်ကြီးက သက်ပြင်းတစ်ချက်ချကာပြောရင်း သူမကိုတွေ့သွားသည့်ပုံပေါ်သည်။

 "အစ်မသင်း ဒါအစ်မသမီးလေးလား ချစ်စရာလေးပါလား အစ်မနဲ့တော်တော်တူတာပဲနော်" 

"ဟုတ်တာပေါ့ အစ်မသမီးလေးပါကွယ်" သူမအမေက ဂုဏ်ယုံနေတဲ့ပုံပေါက်ရင်း​ပြောလိုက်တယ်။

 "အခု၁၀တန်းပြီးပြီမလား အစ်မသမီးက ညီမတူမနဲ့ရွယ်တူပဲနော် ခုမှသတိရတယ်" ထိုမေးခွန်းကြောင့် သူမရဲ့အမေရုပ်ပျက်ဆင်းပျက်ဖြစ်သွားပုံကို သူမကိုယ်တိုင်အနီးကပ်မြင်လိုက်ရတယ်။ 
သူမ၁၀တန်းအောင်စာရင်းထွက်တဲ့နေ့ကို အသေချာကြီးမှတ်မိနေတယ်။ သူမအမှတ်ပေါင်း၄၅၀ပဲရလို့ဆိုပြီး သူမအမေက အခန်းထဲပိတ်ကာသေမလိုရိုက်ခံရတဲ့ခံစားချက်ကြီးကို အရိုးထဲထိအောင်မှတ်မိနေသေးတယ်။ ခုလည်းအဲ့ခံစားချက်ကြီးကိုပြန်ဖော်လိုက်သလိုပင် ဒါပေမယ့် သူမအမေက အဲ့ကိစ္စကိုမဖြေပဲ ​ဝေ့လည်ရှောင်ပတ်လုပ်ကာ ထွက်လာခဲ့သည်ကိုတွေ့လိုက်ရသည်။ 

သူမအမေအကြောင်းကိုသူမသိနေပေမယ့် မမုန်းရက်ဘူးဖြစ်နေတယ်။အမေကသူမအပေါ်ဆက်ဆံတာဆိုးရွားပေမယ့်လည်း သူတို့ကသွေးသားတော်စပ်နေတုန်းပဲလေ။ သူမမှာအား ကိုးစရာဆိုလို့အမေပဲရှိတော့တယ် အဖေဆုံးပြီးထဲက အမေကတဖြည်းဖြည်းပြောင်းလဲသွားတယ် အရင်ကသူမအပေါ်နွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့အမေက ရုတ်တရက်ကြီးစိမ်းကားသွားသလိုပဲ ရုတ်ချည်းဆန်တဲ့အပြုအမူတွေကပေါ်ထွက်လာတယ်။ 

သူမကိုချစ်စရာလေးဆိုပြီး တဖွဖွပြောတတ်တဲ့အမေက သူမလုပ်သမျှကိုအမြင်မကြည်ပဲဆူပူငေါက်လာတတ်ပြီ မင်းသမီးလေးလိုလှလှပပထားတတ်ပြီး ဘာမှမလုပ်ခိုင်းတတ်တဲ့အမေက သူမကိုကျွန်တစ်ယောက်လိုသတ်မှတ်ပြီးခိုင်းတတ်လာပြီ အကုန်လုံးကနွေးထွေးတဲ့နွေရာသီကနေ အေးစက်စက်လေတွေတိုက်နေတဲ့မိုးရာသီကိုကူးပြောင်းသွားသလိုဖြစ်တယ် သူမအတွေးတွေကိုဖြန့်ကျက်ရင်း နောက်ဆုံးအိပ်ခန်းထဲမှာတင်ရပ်တန့်လိုက်တယ်။

 မျက်နှာကျက်ကမီးအလင်းရောင်၀ါဖျော့ဖျော့လေးက မှုန်၀ါး၀ါးလေးတောက်ပနေတယ်။ပန်ကာသံတဂျက်ဂျက်က လူတစ်ကိုယ်စာ ရှိတဲ့အခန်းသေးသေးလေးထဲမှာ စည်းချက်ကျကျထွက်ပေါ်လာတယ် 

"ဟဲ့ဟိုကောင်မလေးအမြန်ထွက်လာခဲ့စမ်း ဒီမှာနင်လုပ်ထားတာတွေလာကြည့်" ထိုအသံကိုကြားသောအခါ သူမရေအေးအေးထဲသို့အနှစ်ခံလိုက်ရသလို ခန္ဓာကိုယ်မှာခပ်တောင့်တောင့်ဖြစ်သွားသည်။ အဘွားက သူမအပေါ်အမြင်မကြည်ဘူးဆိုတာငယ်ငယ်ထဲကသတိထားမိခဲ့တယ်။အဘွားကသားယောက်ျားလေးလိုချင်တာကို မိန်းကလေးမွေးလို့ဆိုပြီး တော်တော်လေးကိုမကျေမချမ်းဖြစ်နေခဲ့တယ်။ 

အဘွားရဲ့ဆူပူမှုများကိုအသက်အရွယ်နဲ့မလိုက်အောင်ခံခဲ့ရတယ်။ အမေကအချို့အရာများကိုဂရုမစိုက်တတ် အဘွားကတော့သူမဘာလုပ်လုပ်သိမ်းငှက်မျက်လုံးနဲ့လိုက်ကြည့်နေသလိုခံစားရသည်။ အဘွားခေါ်သံကြောင့်သူမအချိန်ကြာကြာမဆွဲရဲ အခန်းထဲမှအပြေးအလွှားထွက်ကာအဘွားရှိရာသို့သွားလိုက်သည်။ 

"ဒီမှာကြည့်စမ်း နင်ဘာတွေလုပ်နေတာလဲ ငါ့အ၀တ်တွေကိုသပ်သပ်လျှော်ရမယ်မပြောထားဘူးလား ဘာလို့နင့်အ၀တ်တွေနဲ့ရောလျှော်ထားတာလဲ ပြီးတော့ ကြက်သားဟင်းကိုဘာလို့အတုံးသေးမချက်တာလဲ နင့်ကိုယ်နင်ပိုက်ဆံချမ်းသာတယ်များထင်နေလား အတုံးကြီးတွေချက်ပြီး ဖြုန်းတီးမလို့လား သွားခုချက်ချင်းအတုံးသေးတွေပြန်လုပ်ခဲ့ နင်ဒီနေ့ထမင်းစားဖို့မကြံနဲ့တော့ အငတ်ခံဖို့ပြင်" 
ခရားရေလွတ်​ပြောကာဆူပူနေတဲ့သူမအဘွားရဲ့စကားတွေကိုအဆုံးထိနားထောင်နေလိုက်သည်။

သူမပြန်ပြောလျှင်နောက်ဆက်တွဲ ခံရမဲ့အကျိုးဆက်ကအကောင်းကြီးမဟုတ် တစ်ရက်ထမင်းငတ်တာထက်ကိုပိုပြီးဆိုးသွားလောက်မယ်။ ဉီးခေါင်းကိုခပ်ငုံ့ငုံ့လေးထားပြီး လက်များကိုတင်းတင်းပိုက်ကာ လက်သည်းတွေကတော့သူမအသားတွေစိုက်၀င်နေသည်။ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်ပြီး ဖြစ်လာမဲ့ဒေါသတွေကိုချုပ်ထိန်းထားလိုက်သည်။

မတုန်မလှုပ်မတ်တပ်ရပ်နေတဲ့သူမကိုအဘွားက တစ်ချက်ကြည့်ရင်း သူ့အပေါ်အရိုအသေမဲ့တဲ့ပုံလုပ်နေတယ်ဆိုပြီး နှစ်ချက်တိတိပါးအရိုက်ခံလိုက်ရသည်။

"နင်အဲ့မျက်လုံးကိုငါ့ကိုလာမကြည့်နဲ့ လူကြီးကိုလူကြီးမှန်းမသိ ဘယ်ကလေကချေဟာမနဲ့တူနေမှန်းကိုမသိ နင့်အမေသာနင့်ကိုမမွေးလာခဲ့ရင်ကောင်းမယ် အရိုင်းအစိုင်းကလေးမျိုးကိုအလိုမရှိဘူးအေ ငါသာစောသိခဲ့ရင်နင့်ကိုစွန့်ပစ်လိုက်တာကြာပြီ ကျွတ်ကျွတ်"

အဲ့စကားတွေကိုနားထောင်နေကြဖြစ်သော်လည်း သူအခုထက်ထိခံနိုင်ရည်မရှိသေး ကံကောင်းတာက သူ့အမေရဲ့ပါးစပ်ကအဲ့စကားတွေမထွက်ဖူးတာကြောင့်သာ အဘွားရဲ့စကားတွေကိုအနည်းအကျဉ်း လျစ်လျူရှုလို့ရခဲ့သည်။ သူမရဲ့မျက်နှာငိုတော့မဲ့အမူအရာကိုကြည့်ပြီး အဘွားက သူမရဲ့အားနည်းချက်ကိုတွေ့သွားသလိုမျိုး အပြုံးရေးရေးလေးနဲ့အဓိပ္ပာယ်ပါပါကြည့်ကာ မဆူတော့ပဲပြန်ထွက်သွားသည်။

အဘွားထွက်သွားတော့မှသာ လေးလံနေတဲ့ဖိအားအချို့ကလွင့်စင်သွားသလို တင်းထားသည့်စိတ်တွေကိုခေတ္တလျော့ချမိလိုက်သည်။နောက်ရက်တွေဘယ်လိုရှေ့ဆက်ရမလဲတွေးရင်းနဲ့ စိတ်ကိုအနားပေးဖို့အခန်းထဲအနားယူလိုက်တယ်။

အချိန်တွေကကျော်လွန်ပြီးနှစ်ပတ်တောင်ကြာသွားခဲ့ပြီဖြစ်တဲ့အပြင် ဒီနေ့ကသူမရဲ့လူ့လောကထဲသို့စရောက်ရက်ဖြစ်သည်။မွေးနေ့အတွက်တော့ သူမအရမ်းကြီးမမျှော်လင့်ပါဘူး။
အမေ၊အဘွားတို့နဲ့အတူတူ ထမင်းတစ်နပ်စားဖို့ကိုပဲမျှော်လင့်မိတယ်။ 
လွန်ခဲ့တဲ့နှစ်ပတ်အတွင်းကိစ္စတွေကြောင့် အဘွားကသူမအပေါ်ခွင့်မလွှတ်သေးဘူးထင်တယ် နှစ်ပတ်လုံးသူမကိုထမင်းတစ်နပ်ပဲကျွေးတယ်။ပိုက်ဆံကုန်မှာဆိုးလို့ဆိုပြီး ထမင်းဟင်းတွေကိုလျှော့ချက်ခိုင်းခဲ့တယ်။ပြီးတော့အဘွားကိုယ်တိုင်ကတော့ ထမင်း၃နပ်အပြည့်စားပြီး သူမကတော့အဘွားရဲ့အကျန်တွေကိုစားခဲ့ရတာများတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သူမအထွန့်တက်ချင်စိတ်မရှိပါဘူး 

အမှန်အတိုင်းပြောရရင်သူမပဲမှားခဲ့တာပါ။ဒီလိုအပြစ်ဒဏ်ခံရတာနဲ့ပတ်သက်ပြီးတော့ သူမအမေကတော့သူ့အပေါ် လေလွင့်ခွေးတစ်ကောင်လို့သာသဘောထားသည့်ပုံပင် သူမကိုမြင်သော်လည်းမမြင်ချင်ယောင်ဆောင်နေသည်။ အမေကအိမ်မှာမနေဖြစ်တာများတယ် မနက်ပိုင်းကနေထွက်သွားတာ ညနေပိုင်းထမင်းစားချိန်လောက်မှပြန်လာပြီးထမင်းလာစားသည်။ ပြီးတော့ပြန်ထွက်သွားပြီး ညအိပ်ခါနီးလောက်မှပြန်လာအိပ်သည်။သူမအမေဘာတွေလုပ်နေမှန်းတော့သူမ အခုထိမသိသေးပေ။

ဒါပေမယ့်သူမစိတ်ထဲတွင်တော့ မေမေအမြန်လာပါစေလို့ဆုတောင်းနေမိတယ်။တစ်စုံတစ်ယောက်အိမ်ပြန်လာတာကို စောင့်နေရတဲ့ခံစားချက်လေးက ပျော်စရာကောင်းတယ်လို့သူမထင်မိတယ်။လုပ်စရာအိမ်အလုပ်တွေအကုန်ပြီးသွားတာကြောင့် အိမ်ရှေ့တံခါးပေါက်၀နားရှိ ခုံပုလေးပေါ်တွင်ထိုင်ရင်းအိမ်အတွင်းသို့တစ်ချက်လှမ်းကြည့်မိလိုက်သည်။

ရုတ်တရက်အဘွားက အမေအခန်းထဲမှထွက်လာတာကိုတွေ့လိုက်တယ်။လက်ထဲတွင်စက္ကူအိတ်လေးကိုကိုင်ရင်းထွက်လာသည်။သူမ မသိချင်ယောင်ဆောင်ချင်သော်လည်း ဒီကိစ္စကမရိုးရှင်းမှန်းတော့သိသည်။

'အမေရဲ့ပိုက်ဆံတွေကို အဘွားကခိုးနေတယ်'

"ဟင့်အင်းမဟုတ်ဘူး"ခေါင်းကိုမြန်မြန်ဆန်ဆန်ခါလိုက်ပြီး စိတ်ထဲကအတွေးများကိုဖယ်ထုတ်ရန် ကြိုးပမ်းလိုက်သည်။သူတစ်ပါးကိုမစွပ်စွဲ ရဘူးဆိုတဲ့အသိက၀င်သွားသောကြောင့် မကောင်းတဲ့အတွေးများကိုဖြတ်တောက်ရင်းအာရုံလွှဲရန်အိမ်အလုပ်လုပ်ဖို့ပြင်လိုက်သည်။

ရုတ်တရက်အဘွားကမီးဖိုချောင်ရှေ့တွင်ပေါ်လာပြီးသူမအား ၅ထောင်တန်တစ်ရွက်ကိုထုတ်ပေးသည်။

"ငါ့ကိုဒီစာရွက်မှာရေးထားတဲ့မုန့်တွေ အမြန်၀ယ်လာခဲ့စမ်း" 

အဘွားက သူမလက်ထဲ၅ထောင်တန်နဲ့စာရွက်ကိုထိုးထည့်ကာ အိမ်ပြင်သို့တွန်းလိုက်သည်။
နှစ်ပတ်လုံးထမင်း၀၀မစားခဲ့ရသည့် သူမကိုယ်လေးကစက္ကူကဲ့သို့ပျော့ဖတ်ကာ အားနှင့်တွန်းလိုက်သည့်အရှိန်ကြောင့် ခြံစည်းရိုးကအဆူးနဲ့တောင်ထိုးမိမလိုဖြစ်သွားသည်။

အဘွားအတွက်၀ယ်နေကြဆိုင်တွင် စာထဲကရေးထားသည့်မုန့်နာမည်လေးတွေကိုလိုက်ရှာ
ရင်းသူမစိတ်ထဲတွင်သံသယအချို့ရှိနေသည်။ပိုက်ဆံ၅ထောင်ဆိုတာသူတို့မိသားစုအတွက်အလွန်များပြားသည်။

ပိုက်ဆံကိုသူမအမေကသာတစ်ယောက်ထဲရုန်းကန်ရှာရသည်။အဲ့ဒါကြောင့်သူမသည်အမေ့အပေါ်နားလည်ပေးပြီး အမေသည်သူမအပေါ်ရန်စကားပြောလျှင်စိတ်တိုလို့ပြောတယ်လို့သာအမြဲတွေးထားလေသည်။

ဒါပေမယ့်အခုအဲ့လောက်ပိုက်ဆံအများကြီးကိုအဘွားအတွက်အမေကပေးထားတာများလား။ နှမြောစရာကောင်းတာကဒီပိုက်ဆံတွေကိုတစ်နေ့ထဲနဲ့မုန့်တွေအများကြီး၀ယ်တာကနည်းနည်းတော့စိတ်ထဲမသက်မသာဖြစ်ရသည်။

ဆိုင်ပိုင်ရှင်ကသူ့အပေါ်မယုံကြည်သည့်မျက်လုံးများဖြင့်ကြည့်ရင်း လှမ်းပေးလိုက်သည့်၅ထောင်တန်ကိုပါယူလိုက်သည်။ ထိုဆိုင်ရှင်ဆီက၀ယ်နေကြဖြစ်နေသော်လည်း ဆိုင်ရှင်ရဲ့အကြည့်များအရ သူမပုံစံကသူခိုးနဲ့တောင်တူသည်ဟုပြောနေသယောင်ယောင်။ 

"ဒီပိုက်ဆံဘယ်ကရတာလဲ"

ဆိုင်ရှင်က ခပ်စူးစူးအကြည့်ဖြင့် သူမကိုစစ်ဆေးနေသလိုမေးလိုက်သည်။

"အဘွားပေးလိုက်တာ" သူမသည်တစ်ဖက်သူ၏မျက်လုံးထဲသို့တည့်တည့်စိုက်ကြည့်ရင်းဖြေလိုက်သည်။ တစ်ဖက်သူကပြောချင်နေသည်ကိုသိသည်။ဒီပိုက်ဆံအများကြီးဘယ်ကရတာလဲဆိုတာကိုပေါ့။ 

ထို့ကြောင့်သူမက "သမီးအမေကအခုပိုက်ဆံအများကြီးရှာနိုင်နေပြီလေ မနက်ဆိုအစောကြီးထပြီး ညဆိုအတော်နောက်ကျတဲ့အထိအလုပ်လုပ်ရတယ်"

သူမကလေးသဘာ၀အတိုင်းပွင့်ပွင့်လင်းလင်းသာပြောလိုက်သည်။ ဆိုင်ရှင်ကလည်းခေါင်းတငြိမ့်ငြိမ့်ဖြင့် သူမအားအခြားမေးခွန်းတွေထပ်မေးမလာတော့ချေ။ ထို့နောက်၀ုန်းကနဲရွာချလိုက်သည့်မိုးများကြောင့် သူမထိတ်လန့်သွားသည်။ 

ညနေပိုင်းဖြစ်တာကြောင့်စောနကမိုးအုံ့တာကိုသတိမထားမိလိုက်ပေ။ဒါပေမယ့်အခုချိန်ဆို အမေပြန်လာလောက်တော့မယ်လို့တွေးမိရင်း မိုးခဏခိုမယ်ဆိုတဲ့အတွေးကိုဖျောက်ကာ မိုးရေထဲသို့ မုန့်ထုတ်များကိုင်ကာပြေးရတော့သည်။ 

စိမ်းပြာရောင်ချည်သား၀တ်စုံများနှင့်ကောင်မလေးသည် မိုးရေထဲတွင်ပြေးလွှားနေသည်။ လျှပ်စီးလက်ကာမိုးမှာသည်းထန်နေကာ မိုးချိန်းသံကြောင့် ထိုကောင်မလေးမှာ ကိုယ်လေးကိုကျုံ့ရင်းပြေးနေသည်။ မိုးရေများမှာတစ်ကိုယ်လုံးစိုရွှဲပြီးအမောတကော​ဖြင့်အိမ်သို့ရောက်သောအခါ သူမအမေရဲ့နောက်ကျောကိုအရင်မြင်သွားသည်။ သူမရဲ့မျက်နှာလေးကရုတ်တရက်ရွှင်လန်းသွားပြီး မွေးနေ့မှာအမေကိုတွေ့လိုက်ရတဲ့ခံစားချက်ကဘယ်လောက်ကောင်းကြောင်းသူမသူငယ်ချင်းတွေကိုပင်ပြောပြလိုက်ချင်သည်။ အမေကသူမမွေးနေ့ကိုသိလို့များရောက်လာသလားလို့တောင် တွေးလိုက်မိသည်။
 
"မေမေ" သူမကသူမခိုနားရာနေရာအားရှာတွေ့သွားသော ငှက်ကလေးကဲ့သို့သူ့အမေဆီကိုပြေးသွားသည်။ သူမအမေကသူမကိုဘယ်လောက်ရိုက်ရိုက် ဘယ်လောက်ပြောပြောကိစ္စမရှိပါဘူး ဒါတွေကသူမကောင်းဖို့အတွက်ဆုံးမပေးနေတာလို့သာမှတ်ယူထားရင်း နောက်ပိုင်းအမေ့အပေါ်ကိုဒီထက်ပိုပြီးကောင်းကောင်းဆက်ဆံပေးဖို့ကြိုးစားရမယ်လို့တောင် တွေးနေမိသည်။ သူမအမေကတဖြည်းဖြည်းလှည့်လာသည်။

သူမအမေမျက်နှာကမိုးပြိုတော့မတတ် ဒေါသထွက်နေတဲ့လူတစ်ယောက်လို သူမကိုကြည့်လိုက် သူမကိုင်လာတဲ့မုန့်အိတ်ကိုကြည့်လိုက်ဖြင့် သူမအနားသို့ချဉ္းကပ်လာသည်။ "ဖြောင်း" သူမပါးတစ်ဖက်လုံးထူပူသွားသလိုခံစားရသည်။သူမအမေကတော့ ဒေါသမပြေသေးပုံပင် "သူခိုးမ" အေးစက်စက်အပြုံးတို့ဖြင့် သူမအား ရွံ့စရာသတ္တ၀ါတစ်ကောင်လိုစိုက်ကြည့်နေသည်။ သူမသည်အခုဘာတွေဖြစ်နေမှန်းလိုက်လို့မမှီတော့သလိုခံစားရသည်။မုန့်လေးသွား၀ယ်တဲ့အချိန်အတွင်း သူမအားအခုလိုကမ္ဘာကြီးပျက်တော့မလို​အခြေအနေကြီးကစောင့်ကြိုနေမှန်းသိရင်သူမအခုလိုမျှော်လင့်ချက်ရှိတဲ့ပုံစံလေးနဲ့ပြန်လာမှာပင်မဟုတ်ချေ။ သူမအမေဆီကအမုန်းကိုထပ်မံရရှိလိုက်ပြန်သည်။ 

သူမကိုဘာအကြောင်းတွေကြောင့်ရိုက်တာလဲဆိုတာမေးမလို့ပြင်နေစဉ်

 "သူခိုးမ နင်ငါ့ပိုက်ဆံတွေကိုခိုးပြီးတော့စားသောက်နေပြီပေါ့လေ။ ငါ့မှာတော့ပိုက်ဆံတွေရှာလိုက်ရတာ နင်ကတော့အသာလေးအချောင်ခိုပြီး အမေပိုက်ဆံကိုပါခိုးလိုက်သေး။" အဲ့စကား​ကိုပြောရင်း သူမဆံပင်များကိုပါလက်အပြည့်ဆုပ်ကိုင်လာသည်။ သူမစိတ်ထဲတွင်လေးလံလာတဲ့ဖိအားတွေ ကြောက်ရွံ့မှုအပြင် နာကျင်မှုတွေကိုပါခံစားလိုက်ရသည်။

 "မေမေ သမီးဘာမှမခိုးပါဘူး ဒီမုန့်တွေကဖွားဖွား၀ယ်ခိုင်းလို့၀ယ်ရတာပါ။ မေ့မေ့ပိုက်ဆံတွေကိုမယူပါဘူး တကယ်ပြောတာပါ" နာကျင်မှုကြောင့်သူမ လက်အုပ်ချီကာသူမအမေကိုတောင်းပန်လိုက်သည်။ သူမ မခံနိုင်တော့ချေ။၂ပတ်အတွင်းထမင်းမစားရသေးသည့်အပြင် သူမအမေဆီက ရိုက်နှိက်ခံရတာတွေကြောင့်တစ်ကိုယ်လုံးကျိုးကျေမတတ်ပင်ဖြစ်နေသည်။
 
"မခိုးဘူးဟုတ်လား မသိရင်ငါ့အမေကသူခိုးပေ့ါ နင့်ကိုပိုက်ဆံတွေပေးပြီး၀ယ်ခိုင်းလိုက်တာ သူခိုးမက ငါ့အမေအပေါ်တောင်အပြစ်ပုံချနေတာလား နင့်လိုသားသမီးမျိုးမမွေးလာခဲ့ရင်ကောင်းသား မိဘကိုစိတ်ဆင်းရဲစရာတွေပဲပေးနေတာ နင်မွေးလာပြီးမကြာဘူး စီးပွားပျက်တယ် ငါ့ယောက်ျားသေတယ် ငါလည်းသေမလိုပဲ နင်ကဂြိုလ်ဆိုးပဲ " ဒေါသတကြီးနဲ့သူမအား တစ်ကိုယ်လုံးကိုသစ်သားပြားနှင့်ရိုက်လေသည်။ 

အဘွားကလည်း လောင်နေတဲ့မီးကို ရေနံဆီထပ်ထည့်နေသလိုပင် 

"သူ့အဖေနဲ့တူတော့ဖြစ်မှာပေါ့အေ သူခိုးမျိုးရိုးကပါလာတာကိုး အမယ်လေးနင့်သမီးက ငါ့ကိုပါဆွဲထည့်သေးတာတော် မလောက်လေးမလောက်စားဟာမလေးပဲ နင့်ကိုပြောနေတာကြာပြီ ဒီကလေးကိုစွန့်ပစ်ပါဆိုတာကို အခုတော့မှတ်ပြီမလား နောက်ပိုင်းနင့်ပိုက်ဆံတွေကိုပါခိုးပြီး အိမ်ကနေတောင်ထွက်ပြေးရင်ပြေးမှာ" 
ထပ်ပြီးတော့ အဘွားကလက်ညိုး ငေါက်ငေါက်ထိုးပြီး သူမမျက်နှာကိုဆွဲကိုင်ကာထပ်ရိုက်ပြန်သည်။ ခဏနေတော့နှစ်ယောက်ကလုံးက ရိုက်လို့မောသွားသည့်ပုံရသည်။ 

သူမအားအခန်းထဲသို့ထိုးထည့်ကာအပြင်ကနေ အခန်းတံခါးကိုဂျက်ထိုးပြီပိတ်သွားလေသည်။ သူမတစ်ကိုယ်လုံးနာကျင်ကာ ပင်ပန်းနေသော်လည်း အခုထိမယုံကြည်နိုင်သေးပေ။ သူမခေါင်းထဲတွင် နင်ကသူခိုးမ ၊နင်ကမမွေးလာသင့်တဲ့သူ၊ နင်ကဂြိုလ်ဆိုးမ ။သူမအမေပြောသမျှကိုအကုန်မှတ်မိနေသည်။ သူမအခန်းတံခါးကိုမှီလိုက်ရင်း ရင်ဘတ်တစ်ခုလုံးပေါက်ကွဲ မတတ်ပင် လည်ချောင်းတစ်ခုလုံးဆို့နစ်နေသလိုခံစားရသည်။ 

မျက်ရည်ဉကြီးတွေက မျက်လုံးတစ်ခုလုံးမှုန်၀ါးမတတ်ပင် ကျဆင်းနေသည်။ တစ်ကိုယ်လုံးက၀မ်းနည်းမှုကြောင့်တုန်ယင်နေသည်။ မိုးရွာသံကြောင့်သူမ အသံမထွက်အောင်ငိုစရာမလိုတော့ မိုးရွာသံကျယ်လာသည်နှင့်အမျှ သူမရင်ထဲကငိုရှိုက်သံများသည်တဖြည်းဖြည်းကျယ်လောင်လာသည်။
မျက်လုံးတစ်ခုလုံးထုံကျင်မတတ်ငိုရှိုက်ပြီးနောက် သူမထိုင်ထျလိုက်မိသည်။ ဖြစ်ပျက်သည့်ကိစ္စများကိုတစ်ခုချင်းစီတွေးရင်း ဘယ်နားကအမှားပါသွားသလဲဆိုတာလိုက်ရှာနေမိသည်။

သူမသည်နံရံကိုတစ်ချက်မှီလိုက်ရင်း စဉ်းစားနေမိသည်။ရုတ်တရက် သူမအရိပ်ကလှုပ်သွားသလိုဖြစ်နေသည်။သူမအရိပ်က သူမကိုမေးလိုက်တယ် 'နင်၀မ်းနည်းနေလားတဲ့'

သူမသည်ထွေထွေထူးထူးတွေးမနေတော့

'ငါသေချင်တယ်'သူမစိတ်ထဲကနေ သူမအရိပ်ကိုပြောလိုက်တယ်။
'နင်ငါ့ကိုယုံကြည်မလား ဒီကမ္ဘာကြီးကနေနှိုးထဖို့အချိန်တန်ပြီ နင်ပြောင်းလဲသင့်တယ်'
အရိပ်ကသူမစိတ်တစ်ခုလုံးကိုသိနေသကဲ့သို့ သူမကိုပြောလိုက်တယ်။
'ငါပြောင်းလဲချင်တယ် ငါအခုလိုမခံစားချင်တော့ဘူး ဘာခံစားချက်မှမထားချင်တော့ဘူး ဟား ဟား ဟား ဟား'
သူမအားရပါးရရီလိုက်မိသည်။ ဉီးနှောက်တစ်ခုလုံးဗလာသက်သက်ဖြစ်နေသလို သူမခေါင်းအနောက်ဖက်က သွေးထွက်နေတဲ့နာကျင်မှုကိုပင်မခံစားရတော့သလိုပင်။ 
တစ်လလောက်ကြာသောအခါ
'ငါတို့အဲ့ဆိုင်ကဟာအရင်ခိုးရမယ်ထင်တယ်'
သူမ သူ့အရိပ်သူကြည့်ရင်းပြောလိုက်တယ်။

ထိုအရိပ်ရှိနေတဲ့တစ်လလုံးကသူမ အတွက်အသစ်အဆန်းတွေကိုလုပ်ကိုင်ခွင့်ရခဲ့သည်။
သူမအိမ်ကနေထွက်ပြေးလာပြီးနောက် သူမအမေဆီကပိုက်ဆံတွေကိုပါခိုး​လာခဲ့သည်။ထိုအရိပ်ရဲ့အကြံပေးချက်တွေကြောင့်သူမ မလုပ်ဖူးတာတွေပါလုပ်ခဲ့ဖူးသည်။ သူမအတွက်အရာအားလုံးကတော့ အဆင်ပြေနေတယ်လို့ခံစားလိုက်ရသည်။

သူတစ်ပါးကို ကူညီတာ၊ သတ္တ၀ါလေး တွေကိုကူညီတာ၊အကျင့်မကောင်းသည့်ဆိုင်ရှင်တွေဆီကနေ ပစ္စည်းခိုးတာ၊သဘောကောင်းသည့်ဆိုင်ရှင်တွေကိုကူညီတာ ဒါတွေအကုန်လုံးကိုသူမလုပ်ခဲ့မိတယ်။ 
သူမကူညီမိခဲ့တဲ့သူများက သူမအားပြန်ပြီးတော့ကူညီစောင့်ရှောက်ပေးတယ်။နေစရာအခန်းလေးပေးတယ် စားစရာပေးတယ် ချစ်ခြင်းမေတ္တာတွေပေးခဲ့တယ်။ ဒါပေမယ့်သူမကတော့ခံစားချက်တွေမရှိတော့ဘူး။ သူမကောင်းတဲ့အရာတွေကိုနှစ်သက်ပေမယ့် သူမဘယ်လိုပြန်တုံ့ပြန်ရမလဲဆိုတာမသိတော့ဘူး။

သူမအမေနဲ့အဘွားကတော့ သူမကိုရဲတိုင်ပြီးရှာခိုင်းနေလောက်ပြီထင်တယ်။ သူမအားရှာလျှင်လည်းကောင်းသောအကြောင်းကြောင့်ရှာမဲ့ပုံပင်မပေါ်။ သူမငရဲတွင်းထဲကလွတ်မြောက်သွားတာကြောင့်ကံကောင်းတယ်လို့တွေးမိသည်။

သူမသည် ထိုအရိပ်ကိုကျေးဇူးတင်မိသည်။သူမစိတ်ထဲကနေပြီးတော့ ထိုအရိပ်ကိုလှမ်းပြောလိုက်ပြန်သည်။

'ငါနင့်ကိုယုံကြည်လို့ရမယ်ထင်တယ် ယုံကြည်ကြည့်ချင်တယ်'

သူမမျက်နှာတွေ အပြုံးနုနုလေးပေါ်လာပြီးသူမအရိပ်ကိုပြန်ကြည့်လိုက်တယ်။
ထိုအရိပ်လေးကသူမစကားကိုထောက်ခံသလိုလိုခေါင်းလေးငြိမ့်ပြလာတာကိုတွေ့လိုက်သည်။
သူမသည်အဆောက်အအုံအောက်ထပ်ကလူတွေကိုပြန်ကြည့်ရင်း လေလွင့်နေတဲ့စက္ကူငှက်လေးလိုအောက်ဖက်သို့လွင့်ပျံသွားလေသည်။

သူမရဲ့နိဗ္ဗာန်ဘုံကိုတွေ့သွားသည့်အလားပင် ထိုစက္ကူငှက်လေးက တဖြည်းဖြည်းပျံသန်းသွားလေသည်။

-‘စက္ကူငှက် ငယ်လေးတွေက ပျော့ပေမယ့် သူ့နည်းသူ့ဟန်နဲ့တော့ လောကဓံကိုတောင့်ခံနိုင်ကြပါတယ်။ ကလေးတွေရဲ့စိတ်ကလည်း စက္ကူငှက်ငယ်လေးတွေလိုပဲ’

အဲ့ဒါကြောင့်ကလေးတွေကိုစိတ်ဓာဏ်ရာြဖစ်စေမဲ့အပြုအမူတွေကိုအတတ်နိုင်ဆုံးမပြုမူမိအောင်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါတယ်။
                                                                                                              By Lemon Latte


Comments

Post a Comment