နေရောင်ခြည်တစ်စွန်းတစ်စ

Unicode

 

"မမ ... တကယ့် မိုးကောင်းကင်အစစ်ဆိုတာ ဘယ်လိုပုံစံရှိလဲဟင် ..."

 

မောင်ဖြစ်သူ ညီညီထံမှ အရင်းမရှိအဖျားမရှိ အဆိုပါမေးခွန်းကြောင့် ရေပုံးတစ်ပုံးကိုလက်ကဆွဲပြီး အိမ်အရှေ့မြေကွက်လပ်ထဲက ပန်းအိုးများဖြင့်စိုက်ပျိုးထားသည့် သစ်ပင်ပန်းမန်တွေအား ရေလိုက်ဖြန်းပေးနေသော ကျွန်မ ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားတယ်။ အသံလာရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်တော့ ညီညီက သူ့အမွှာညီမ နီနီနှင့်အတူ ကျွန်မ၏နံဘေး ဝါးတစ်ပြန်ခန့်အကွာမှာ ဆက်လက်ဆော့ကစားနေလေရဲ့။ လက်ထဲမှရေပုံကို မြေပြင်ပေါ်သို့အသာအယာချကာ မောင်ဖြစ်သူ၏အမေးအား အကြောင်းပြန်ရန်အတွက် သင့်လျော်သောအဖြေတစ်ခုကိုခေါင်းထဲ၌ စာစီကုံးပြီးနောက် မြင်နေရသည့် ခေါင်းပေါ်မှ ကောင်းကင်ယံအား ကျွန်မတစ်ချက်ငေးမော့ကြည့်လိုက်မိတယ် ... နေမြဲအတိုင်း ရဲရဲတောက်နီမြန်းနေဆဲ။

 

"မမ လည်းအသေအချာတော့မသိဘူးကွဲ့ ... ဒါပေမယ့် စာတွေထဲဖတ်ဖူးသလောက်တော့ ဟိုးရှေးရှေးတုန်းက မိုးကောင်ကင်ကြီးဟာ အပြာရောင်ရှိပြီး တိမ်လို့ခေါ်တဲ့ အဖြူရောင်အခိုးအငွေ့တွေဖုံးလွှမ်းနေတယ်တဲ့ ... ပြီးတော့လည်း နေလုံးကြီးကြောင့် ကောင်းကင်ကြီးတစ်ခုလုံးက မျက်စိစူးလောက်တဲ့အထိ ထိန်ထိန်လင်းနေခဲ့တယ်ဆိုပဲ ..."

 

"နေလုံးကြီး ဆိုတာဘာလဲ မမလီလီ ..."

 

ဒီတစ်ခေါက်မေးခွန်းကတော့ တစ်ချိန်လုံးကစားမပျက်ခဲ့တဲ့ညီမဖြစ်သူ နီနီဆီကနေထွက်ပေါ်လာခဲ့တာပါ။ အမွှာအဖြစ်မွေးဖွားလာခဲ့တဲ့ ညီညီရော နီနီက အခုမှအသက် နှစ်ပြည့်ပြီးခါစ ကလေးအရွယ်လေးတွေပဲရှိသေးတာကြောင့် သူတို့အနေနဲ့မမြင်ဖူးမကြားဖူးသည့်အရာများအား စူးစမ်းလိုစိတ်ရှိကြတာ အထူးအဆန်းတော့မဟုတ်။

 

"နေလုံးကြီး ဆိုတာ မိုးကောင်းကင်ရဲ့အမြင့်ဆုံး ဟိုးအဝေးတစ်နေရာက မီးလောင်နေတဲ့ဘောလုံးကြီးတစ်လုံးပေါ့ ..."

 

"ဟင် မီးလောင်နေတဲ့ဘောလုံးကြီးက ဘာလို့မိုးပေါ်ရောက်နေရတာလဲ ..."

 

"အဲ့ဘောလုံးကြီးက သာမန်ဘောလုံးတစ်လုံးမဟုတ်ဖူးကွဲ့ ... သူ့မှာစူပါပါဝါတွေရှိတယ် ... အဲ့သည့်ပါဝါတွေထဲကတစ်ခုက လေထဲမှာပျံနေနိုင်တာတဲ့ ... အဲ့တာကြောင့်မလို့ သူကမိုးပေါ်ရောက်နေရတာပေါ့ ..."

 

"ဒါဆို မီးကရောဘာလို့လောင်နေရတာလဲ ... သူ့မှာ စူပါပါဝါတွေရှိတယ်ဆိုရင် သူ့ကိုယ်မှာလောင်နေတဲ့မီးတွေကို သူ့ပါဝါသုံးပြီးငြှိမ်းလိုက်လို့မရဖူးလားဟင် ..."

 

"အယ် ... အဲ့တာကျ ဘယ်လိုရှင်ပြရမလဲ ..."

 

ကလေးနှစ်ယောက်ရဲ့ ကပ်သီးကပ်ဖဲ့မေးခွန်းများအား အလိုက်အထိုက်ဖြင့်ပေါက်ပန်းလေးဆယ်တွေပြန်ဖြေနေရင်း ကျွန်မလည်းကိုယ့်စကားနှင့်ကိုယ် တိုင်တွေပတ်နေခဲ့ပါပြီ။ သိသလောက်မှတ်သလောက်များအား ကလေးတွေနားလည်သဘောပေါက်လွယ်အောင် ရူပကအလင်္ကာတွေသုံးပြီး ဝေ့ဝိုက်ရှင်းပြရသည်မှာ တကယ်တော့မလွယ်ကူလှ။

 

"လီလီရေ ... အပင်တွေရေလောင်းပြီးရင် ညီညီနဲ့ နီနီကိုအိမ်ထဲသွင်းပြီးရေကူချိုးပေးလိုက်ပါဦး ... ပြီးရင် နေ့လည်စာ လာစားကြတော့ ..."

 

"ဟုတ်ကဲ့ မေကြီး ..."

 

မီးဖိုချောင်းထဲကနေ ဟင်းချက်ရင်းလှမ်းအော်လိုက်သော မိခင်ဖြစ်သူ၏အသံကြောင့် ကျွန်မအဖို့ ကလေးနှစ်ယောက်ဆီမှကပ်သီးကပ်ဖဲ့မေးခွန်းများအား ရှောင်လွှဲနိုင်ရန် အကြောင်းပြချက်ကောင်းကောင်းရသွားခဲ့တယ်။

 

"ကိုင်း ဟိုကလေးနှစ်ကောင် ... မေကြီးပြောတာကြားတယ်မလား ... ပေါက်ကရတွေဆက်မေးမနေနဲ့တော့ ... သွား အိမ်ထဲဝင်ပြီးရေချိုးနှင့်ကြ ... ပြီးရင် မမ လိုက်လာခဲ့မယ် ..."

 

"အပြာရောင်ကောင်းကင်ကြီးကို သမီးမြင်ဖူးချင်တယ် မမ ..."

 

"သားရောပဲ ... သားရောပဲ ... တိမ်ဆိုတဲ့ အဖြူရောင်အခိုးအငွေ့တွေကို လက်နဲ့ထိကြည့်ဖူးချင်တာ ..."

 

ကလေးနှစ်ယောက်၏ မျက်လုံးထဲမှာအရောင်တွေတစ်လက်လက်ထနေတယ်လို့ ကျွန်မထင်မိတယ်။ သူတို့ချင်းဆက်ပြီးဆွေးနွေးနေကြသည့် ကောင်းကင်ကြီးရဲ့အကြောင်းအားနားထောင်ရင်း ကျွန်မ ငယ်ငယ်ကမက်ခဲ့ဖူးသော အိမ်မက်တစ်ခုကိုတောင် ဖျက်ခနဲသတိရမိလိုက်သေး။

 

"ဒါဆိုရင် နောက်တစ်ရက်ရက်ကျ မမတို့တွေ အရှေ့ဘက်ကမြို့တံတိုင်းပေါ်တက်ပြီး ဆိုလာပန်းတွေပွင့်နေတာသွားကြည့်ကြမလား ... ကောင်းကင်ကြီးကအပြာရောင်တော့ မဟုတ်ပေမယ့်လည်း တိမ်နဲ့တူတဲ့အခိုးအငွေ့တွေလောက်တော့ နည်းနည်းပါးပါးမြင်ရမှာပါ ... ဟဲဟဲ"

 

"တကယ်လား မမ ... ဒါပေမယ့် ဖေကြီးပြောတော့ အရှေ့ဘက်မြို့တံတိုင်းဆီ သားတို့သွားလို့မရဘူးဆို ..."

 

"လူကြီးတစ်ယောက်ယောက်ပါရင်ရပါတယ် ... မမ ကိုလည်းအရင်ကဖေကြီးခေါ်သွားပေးဖူးတာပဲကို ... ဖေကြီး အလုပ်ကပြန်ရောက်တဲ့အချိန်ကျ မမ မင်းတို့နှစ်ယောက်အတွက်ခွင့်တောင်းကြည့်ပေးမယ်နော် ... ကဲပါ အခုရေသွားချိုးကြတော့ လိမ္မာတယ် ..."

 

"ရေး ... ဒါမှ တို့မမကွ ..."

 

ကလေးနှစ်ယောက်ခုန်ပေါက်ပြီး အိမ်ထဲဝင်သွားသည်ကိုကြည့်ရင် ကျွန်မရင်ထဲကြည်နူးမိတယ်။ သူတို့လေးတွေကဲ့သို့ ကျွန်မလည်းတစ်ချိန်တုန်းက တက်တက်ကြွကြွနှင့် ရှပ်ပြာရှပ်ပြာနိုင်သော ကလေးမလေးတစ်ယောက်ဖြစ်ခဲ့ဖူးသည်ကို မှတ်ဉာဏ်တွေထဲမှာပြန်တူးဆွကြည့်မိလိုက်တိုင်း ဘာလို့များပင်မသိ ... ရှက်သွေးဖြာမိသွားတာတော့အမှန်။ ငယ်စဉ်ကလေးဘဝက ဖြတ်သန်းခဲ့ရသည့်နေရက်များ၊ အဖြစ်အပျက်များအား လုံးစေ့ပတ်စေ့တိတိကျကျတော့ အကုန်လုံးသတိမရတော့ပေမယ့်လို့ ဖေကြီးနဲ့အတူ အရှေ့ဘက်မြို့တံတိုင်းဆီသို့ အတူသွားခဲ့ဖူးသည့် အမှတ်တရတစ်ခုကိုတော့ ယခုအချိန်အထိ ကျွန်မ ထင်ထင်ရှားရှားမှတ်မိသေးတယ်။ အဲ့သည့်နေ့က ဖေကြီးတစ်ယောက် အလုပ်ကိစ္စနှင့် အရှေ့ဘက်မြို့တံတိုင်းဆီသို့ သွားရောက်စရာရှိသည်အား အတူလိုက်ခဲ့မည်ဟူ၍ ကျွန်မအတင်းဂျီကျနေသဖြင့် မဆိုင်းမတွပဲ ကျွန်မလက်ကိုဆွဲကာသူနှင့်အတူခေါ်သွားပေးခဲ့တယ်လေ။ ဖေကြီးရဲ့ကျေးဇူးကြောင့် ထိုနေ့က အပြင်လူတက်ရောက်ခွင့်ပိတ်ပင်ထားသည့် အမြင့်ပေ ၅၀ ကျော်အရှေ့ဘက်မြို့တံတိုင်းကြီးပေါ်သို့ ကျွန်မရောက်ဖူးသွားတယ် ... ပြီးတော့ ထိုနေရာမှာ ထိုနေ့ ထိုအချိန်ကစလို့ ကျွန်မဘဝ၌ ယခုထက်ထိတိုင်စိတ်ကူယဉ်အတွေးနယ်ချဲ့ခဲ့ရသည့် အိမ်မက်တစ်ခုကိုလည်း အုတ်မြစ်ချပြီး ပုံဖော်နိုင်ခဲ့သေးတယ်။

 

ကလေးနှစ်ယောက်ကိုလည်း အဲ့သည့်နေ့က ကျွန်မမြင်တွေ့ခဲ့ရသည့် အနီရောင်မိုးသားပြင်ကြီး၏ ပုံစံအား ပြသချင်မိတယ်။ ကျွန်မလည်း အပြာရောင်မိုးကောင်းကင်ကြီးအထက်က ရောင်ဝါတွေတလက်လက် ဖြာထွက်တောက်ပနေတယ်ဆိုတဲ့ နေလုံးကြီးအား တစ်ချိန်က မျက်လုံးနဲ့ကိုယ်တိုင် မြင်တွေ့ဖူးချင်မိခဲ့တယ်ဆိုသည့်အကြောင်း သူတို့လေးတွေကိုပြန်ပြောပြရင်းနဲ့ပေါ့ ...

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

ကမ္ဘာမြေကြီး၏စင်စစ်သက်တမ်းက မည်မျှအထိရှိနေခဲ့ပြီဆိုသည်ကိုတော့ ကျွန်မအသေအချာမသိရှိပေမယ့်လို့ လူသားမျိုးနွယ်ထံမှ နှစ်စဉ်ဆက်တိုက်ရေတွက်ခဲ့မှုများအရ လက်ရှိသက္ကရာဇ်မှာ ၂၄ ရာစုနှစ်ထဲသို့ နှစ် ၄၇ တိတိပင်စွန်းလွန်၍ရောက်ရှိနေခဲ့ပြီဆိုသည်ကိုဖြင့် အာမဘန္တေခံပြီး ကျွန်မအတတ်ပြောနိုင်ပါတယ်။ ကျွန်မနာမည်အပြည့်အစုံက သူရိယလီလီ တဲ့။ မိသားစုအမည်က သူရိယ၊ လီလီ ကတော့ကိုယ်ပိုင်နာမည်ပေါ့။ ကျွန်မအသက်က ဒီနှစ်ထဲဆို ၁၄ နှစ်ပြည့်ပါပြီ။ ဟိုလည်းမရောက် သည်လည်းမကျသည့် အသက်အရွယ်အပိုင်းအခြားဆိုတော့ကား ဖေကြီးရဲ့အလုပ်မှာဝင်မကူပေးနိုင်သေးလို့ အိမ်မှာနေပြီး ကလေးနှစ်ယောက်ကိုထိန်းကျောင်းပေးရင်း မေကြီးရဲ့အိမ်အလုပ်တွေကိုပဲကူပေးနေခဲ့တာပါ။

 

ဖေကြီးရဲ့အလုပ်ကဘာဆိုသည်ကိုမပြောပြခင်မှာ လက်ရှိကမ္ဘာကြီးရဲ့ပုံပန်းသဏ္ဍာန်၊ အခြေအနေအရပ်ရပ် အကြောင်းကြောင်းအား နားလည်သဘောပေါက်သွားအောင် အရင်ဦးဆုံးရှင်းပြဖို့လိုပါလိမ့်မယ်။ အရပ်ဘက်သက္ကရာဇ်၂၃၄၇ ခုနှစ်၊ လက်ရှိအချိန်ကာလရဲ့ နေ့ရက်တိုင်းဟာ ဘယ်နေရာကိုပဲလှမ်းမျှော်ကြည့်ကြည့် သွေးကဲ့သို့သာချင်းချင်းနီမြန်းနေတယ်။ အဆိပ်အာနိသင်အပြည့်ရှိတယ်ဆိုပြီး လူကြီးသူမတွေဆီကနေ ကြားသိခဲ့ရဖူးတဲ့ မီးခိုးရောင်ဓာတ်ငွေ့တွေက အနီရောင်မိုးကောင်ကင်ယံထဲက အမြင့်တစ်နေရာမှာ အဖြူရောင်တိမ်တိုက်တိမ်စိုင်တွေအစား ဝေ့ဝဲပျံသန်းလို့နေလေရဲ့။ ကမ္ဘာ့မြေကြီပေါ်က ရေအရင်းအမြစ်အများစုမှာ ခမ်းခြောက်ကုန်ပြီဖြစ်သည့်အတွက် လူနဲ့တိရိစ္ဆာန်တွေအဖို့ သဘာဝကရရှိတဲ့သောက်သုံးရေဆိုတာ အဖိုးတန်ကျောက်မျက်ရတနာတွေထက်ပင် တန်ဖိုးရှိလှတဲ့အရာတစ်ခုဖြစ်နေခဲ့ပါပြီ (သဘာဝရေအရင်းအမြစ်တွေ ဆုံးရှုံးသွာခဲ့ပေမယ့် လူသားတို့တီထွင်ဖန်တီးနိုင်ခဲ့သော ရေသန့်စင်မှုနည်းပညာသစ်တစ်မျိုးကြောင့် သောက်သုံးရေပြတ်တောက်သွားခြင်းတော့မရှိခဲ့ပါဘူး) ညစ်ညမ်းနေတဲ့လေထုကြောင့်လည်း သတ္တဝါတွေဟာ ရောဂါကင်းမဲ့ဒေသ (Safe Zone) လို့သတ်မှတ်ထားတဲ့ မြို့ဧရိယာများအတွင်းမှာပဲနေထိုင်နေကြရတယ်။ ဒါတွေအားလုံးက တောင်ဝင်ရိုးစွန်းဒေသအပေါ်မှာ လက်ရှိအချိန်ကာလအထိ နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် အမြစ်တွယ်ရှင်သန်နေနိုင်ခဲ့တဲ့ သက်ရှိအရာကြီးတစ်ခုကြောင့်ပေါ့ ...

 

ကမ္ဘာ့သစ်ပင် ဟူ၍လူအများသမုတ်ထားခဲ့ကြသည့် ထရီးအော့ဖ်ဒိုမီနေရှင်း (Tree of Domination) ဆိုတာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ဝန်းကျင်ခန့်က တောင်ဝင်ရိုးစွန်းမှာ ရုတ်တရက်ပေါက်ဖွားလာခဲ့သည့် အလွန်အရွယ်အစားကြီးမားသော သစ်ပင်ကြီးတစ်ပင်ပါ။ မည်သည့်အကြောင်းအရာကြောင့် ကမ္ဘာ့သစ်ပင်ကြီးပေါက်ဖွားလာရတယ်၊ အဆိုပါကမ္ဘာ့သစ်ပင်ကြီးရဲ့သရုပ်မှန်ကဘာလဲ စသည့်အကြောင်းအရာများကို ကျွန်မတို့သာမန်ပြည်သူတွေအနေနဲ့ သိရှိခွင့်မရခဲ့ကြသော်လည်း အနှီးကမ္ဘာ့သစ်ပင်ကြီးကတော့ စတင်မွေးဖွားလာခဲ့သည့်အချိန်ကစလို့ ယခုခေတ်ကာလရောက်သည်အထိ သက်ရှိလောကကြီးအတွင်းမှ အရာခပ်သိမ်းအပေါင်းအား တန်းတူသာတူ ညီမျှစွာဖြင့် လောင်းရိပ်မိုးအုပ်စိုးထားဆဲဖြစ်တယ်။

 

ကမ္ဘာ့သစ်ပင်ကနေဖြာထွက်လာသည့် အကိုင်းအခတ်များက မိုးသားပြင်ကြီး၏အတွင်းဘက်အမြင့်တစ်နေရာ၌ အမိုးအကာတစ်ခုသဖွယ်နေရာအပြည့်ယူထားခဲ့ပြီး ကမ္ဘာပေါ်သို့နေရောင်ခြည်အလင်းတန်းများကျရောက်မှုကိုတာဆီးပိတ်ပင်ထားခဲ့ပါတယ် (အဆိုပါ အကိုင်းအခတ်များဟာ တစ်ကမ္ဘာလုံးရဲ့ကောင်းကင်ယံကို လွှမ်းခြုံထားတာဖြစ်ပြီး ထိုသို့အလုံးစုံလွှမ်းခြုံထားနိုင်အောင်လည်း အထောက်အကန်ပြုပေးသည့် နွယ်အစုအဝေးပင်စည်အခွဲများက ကမ္ဘာ့အနေရာအနှံအပြားမှာတည်ရှိနေပါသေးတယ်) မဟာပထဝီမြေကြီး၏ အောက်ဘက်အတွင်းပိုင်းမှာဆိုရင်လည်း တစ်ဖြည်းဖြည်းတိုးပွားတိုက်စားလာခဲ့သည့် ကမ္ဘာ့သစ်ပင်မှရေသောက်မြစ်များကြောင့် လွန်ခဲ့သောနှစ်များအတွင်း မြေအောက်ရေစီးကြောင်းကြီးများခမ်းခြောက်ကာ မြေသားထုထည်ပျက်စီးမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေခဲ့ပါပြီ။

 

အဆိုပါရေသောက်မြစ်နှင့် ပင်စည်အခွဲများက အပေါ်ယံမြေဆီလွှာ၏အာဟာရဓာတ်များကိုလည်းစုတ်ယူစားသုံးလေ့ရှိတာကြောင့် စိုက်ပျိုးမြေဧရိယာများပျက်စီးကာ လူနဲ့တိရိစ္ဆာန်တို့အား များစွာဒုက္ခပေးခဲ့ပါသေးတယ် (ယခုအချိန်မှာတော့ ဓာတုနည်းဖြင့်ပြုပြင်ထားသည့် အစားခြောက်များနှင့် မြေဆီလွှာအတုများကြောင့် သည်ကိစ္စကအနည်းနဲ့အများတော့ အဆင်ပြေသွားခဲ့ပါပြီ) ကမ္ဘာ့သစ်ပင်မှဆောင်ကျဉ်းပေးခဲ့သည့် ဤဖြစ်ရပ်ဆိုးများကြောင့် တစ်ကမ္ဘာလုံးကပ်ဆိုက်ခဲ့ရ၍ မူရင်းရှိခဲ့သောကမ္ဘာ့လူဦးရေ၏ ပုံ ပုံခန့်ဟာ လွန်ခဲ့လေပြီးသော နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဆက်လက်အသက်ရှင်သန်နေထိုင်နိုင်ခြင်းမရှိခဲ့ကြပါဘူး။ ဆိုလာပန်းပွင့်များမှ ထုတ်လွှတ်သော အဆိပ်ဓာတ်ငွေ့များကြောင့်လည်း မည်သူတစ်ဦးတစ်ယောက်မှ မိုးကောင်းကင်အတွင်းရှိအကိုင်းအခတ်များအား တက်ရောက်ရှင်းလင်းနိုင်ခြင်းမရှိခဲ့ကြသလို တောင်ဝင်ရိုးစွန်းမှ ပင်မပင်စည်ကြီးကိုမဆိုသာနှင့် ... နွယ်ရှင်ကဲ့သို့ အကိုင်းပျော့များစုဝေးမိရာမှဖြစ်ပေါ်လာသည့် ကမ္ဘာ့နေရာအနှံ့မှ ပင်စည်အခွဲများကိုပင် လူသားတို့၏အင်အားဖြင့် ခုတ်ထွင်ရှင်လင်းနိုင်ခဲ့ခြင်းမရှိ။ ကံကောင်းချက်တစ်ခုကဖြင့် ကမ္ဘာ့သစ်ပင်ကိုယ်တိုင်သည်ပင် အပင်စစ်စစ်ဖြစ်နေခဲ့ခြင်းကြောင့် ကမ္ဘာလေထုအတွင်း၌ အောက်စီဂျင်ပျက်တောက်သွားခြင်းမရှိခဲ့ပဲ ညစ်ညမ်နေသောလေထုအားလည်း တစ်ဖက်တစ်လမ်းကနေ ပြန်လည်သန့်စင်ပေးခဲ့ပါတယ် (သို့သော်ငြား အဆိုပါလေထုညစ်ညမ်းမှုက သူ့ကြောင့်ပဲပေါ်ပေါက်လာရခြင်းဖြစ်၍ ပြောရသော် မုန့်လုံးစက္ကူကပ်နေသလိုပင်)

 

ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူး ... ဒါတွေက အကင်းသဘောပဲရှိသေးတာ။ တကယ့်အကြီးမားဆုံးသောပြဿနာတစ်ခုက ...

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

"ဝီ ... ... ... ဝီ ... ... ... ဝီ ... ... ..."

 

အုပ်ချုပ်ရေးမျှော်စင်ရှိရာမှ ရုတ်တရက်ထွက်ပေါ်လာသည့် အရေးပေါ်ဥသြဆွဲသံကြောင့် ဧည့်ခန်းအတွင်းရှိဆိုဖာခုံတန်းပေါ်တွင် အိပ်ပျော်နေသောကျွန်မ လန့်နိုးသွားတယ်။ ညီညီနဲ့ နီနီတို့ ကလေးနှစ်ယောက်ကတော့ ကျွန်မရဲ့နံဘေးတစ်ဖက်တစ်ချက်ဆီမှာ ကျွန်မပုခုံးကိုမှီ၍အိပ်ပျော်နေကြဆဲပါ။ နံရံမှာကပ်ထားသည့် နာရီကိုလှမ်းကြည့်လိုက်တော့ ညနေစောင်းအချိန်တောင်ဖြစ်နေခဲ့လေပြီ ... နေ့လည်စာ,စားပြီးနောက် ကလေးနှစ်ယောက်အား ပုံပြင်တစ်ပုဒ်ဖတ်ပြနေရင်းကမှ ဘယ်လိုကနေဘယ်လို ကျွန်မပါရောပြီးအိပ်ပျော်သွားမိလိုက်မှန်းမသိ။ ကလေးနှစ်ယောက်နိုးမသွားစေရန် အထူးဂရုပြု၍ ဆိုဖာပေါ်ကနေထလိုက်ပြီးနောက်  ပြတင်းပေါက်ရှိရာသို့ အလျင်အမြန်ပြေးကာ အိမ်အပြင်ဘက်ရှိအခြေအနေတွေအား ကျွန်မ အကဲခတ်နေလိုက်တယ်။ 

 

"ဟာ ဝတ်မှုန်တွေကြွေလာပြီ ... အားလုံးအိမ်ထဲမြန်မြန်ဝင်ကြဟ ..."

 

"ဒီနေ့က ကြားရက်မဟုတ်ဖူးလား ... ဘာကိစ္စနဲ့ဝတ်မှုန်မိုးကရွာလာရတာတုန်း ..."

 

"လေသန့်စက်ဖွင့်တွေပြီး တံခါးသာလုံအောင်ပိတ်ထားကြတော့ဟေ့ ..."

 

အိမ်အပြင်ဘက် လမ်းပေါ်မှာသွားလာနေကြတဲ့ လူတွေဆီကအသံတွေပါ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အရေးပေါ်ဥသြဆွဲသံနဲ့ လူတွေရဲ့ပြေးလွှာအော်ဟစ်နေသံတွေက ရောထွေးပြီးဆူညံနေတယ်။ ကျွန်မကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ဖြူဖြူဖွေးဖွေးအမှုန်အမွှားလေးတွေ အောက်သို့တဖြည်းဖြည်းချင်းကျလာနေသည်ကိုတွေ့လိုက်ရတယ်။ ထို့ကြောင့်အချိန်ဆိုင်းမနေပဲ ချက်ချင်းဆိုသလို ပြတင်းပေါက်တံခါးအား ကျွန်မ ဆွဲပိတ်၍လော့ခ်ချမိလိုက်တယ်။

 

"လီလီ နိုးပြီလား ... အဲ့မှာပဲရပ်မနေနဲ့ အိမ်ပြတင်းပေါက်တွေမြန်မြန်လိုက်ပိတ်စမ်း ... မေကြီး မီးစက်သွားနိူးလိုက်ဦးမယ် ..."

 

အိမ်နောက်ဖေးကနေ ပြေးထွက်လာတဲ့မေကြီးက ပြတင်းပေါက်ရှေ့မှာ ကြောင်တောင်တောင်နဲ့မတ်တပ်မေ့နေတဲ့ ကျွန်မကို လှမ်းငေါက်လိုက်တယ်။ မေကြီးရဲ့အသံကြောင့် ကျွန်မအသိစိတ်ပြန်ဝင်လာခဲ့ပြီး တစ်အိမ်လုံးမှာရှိသမျှ ဖွင့်ထားဆဲ ပြတင်းပေါက်များကို အချိန်မှီအလုံလိုက်ပိတ်နိုင်ရေးအတွက် ခြေလှမ်းများစတင်လှုပ်ရှားလိုက်တယ်။ ကျွန်မ ပြတင်းပေါက်တွေအကုန်လုံးလိုက်ပိတ်အပြီးမှာပဲ အိမ်အတွင်းဘက်ရှိစက်ပစ္စည်းများထားသိုရာအခန်းထဲကနေ မီးစက်သံတဂျုံးဂျုံးတဂျက်ဂျက် ထွက်ပေါ်လာသည်ကို တစ်ဆက်တည်းကြားလိုက်ရတယ်။ မီးစက်သံ၏ အတော်အတန်ကျယ်လောင်မှုကြောင့် ဆိုဖာခုံတန်းပေါ်မှာအိမ်မောကျနေခဲ့သည့် ကလေးနှစ်ယောက်လည်းလန့်နိုးလာခဲ့ပြီး မျက်လုံးလေးများကလယ်ကလယ်နှင့် ဟိုကြည့်ဒီကြည့်လုပ်နေကြလေရဲ့။ တစ်အောင့်အကြာမှာတော့ မီးစက်သွားနှိုးသည့် မေကြီး ဧည့်ခန်းအတွင်းသို့ ပြန်ဝင်လာတယ်။

 

"ဒီနေ့က ဗုဒ္ဓဟူးနေ့မလား မေကြီး ... ထူးထူးဆန်းဆန်းကြားရက်ကြီးမှာ တစ်ခါမှမကြုံဖူးသေးပါဖူး ..."

 

"မေကြီးကတော့ မင်းတို့အဖေကိုပဲ စိတ်ပူတယ်ကွယ် ... အကာအကွယ်တစ်ထပ်တည်းနဲ့ လုံမှလုံပါ့မလားမသိဖူး ... စိတ်ညစ်လိုက်တာနော် ..."

 

မေကြီးရဲ့မျက်နှာပေါ်မှာ စိုးရိမ်ပူပန်းနေသည့်အရိပ်အယောင်တွေ အထင်းသားပေါ်နေခဲ့တယ်။ ကျွန်မလည်း ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်၍ ဘာမှဆက်မပြောဖြစ်လိုက်ပါဘူး။ ပိတ်ထားသည့်ပြတင်းပေါက်မှန်အနောက်ကနေပဲ အိမ်အပြင်ဘက်ကအခြေအနေများကို လှမ်းမျှော်ကြည့်နေမိတယ်။ အာကာသထဲမှဝင်ရောက်လာသည့် ခပ်နွေးနွေးနေရောင်ခြည်တွေက ကမ္ဘာ့သစ်ပင်၏အကိုင်းအခတ်များရှိ အနီရောင်သစ်ရွက်နှင့် ဆိုလာပန်းပွင့်များအား ဆက်လက်ဖြတ်ကျော်နိုင်စွမ်းမရှိကြတော့သဖြင့် ၎င်းသစ်ရွက်နှင့် ပန်းပွင့်များထံမှအလင်းယိုင်လာခဲ့ကြသော ကတ္တီပါနီရောင်စဉ်တန်းတွေဟာ ယခုအချိန်အထိ မိုးကောင်းကင်ယံတစ်ခွင်လုံးအား ရောင်ပြန်ဟပ်၍ အပြည့်အဝနေရာယူထားနိုင်နေဆဲပါ။

 

ကြက်သွေးရောင်လွှမ်းနေခဲ့သော ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံးကမူ အဖြူရောင်အဖြစ်သို့ သိသိသာသာကြီးကို ပြောင်းလဲသွားခဲ့ပါတယ်။ လူသွားလမ်းမကြီးပေါ်၌တင်ကျန်ရစ်နေခဲ့သော ဝတ်မှုန်စများကပင် အတော်များပြားလို့နေလေပြီ။ ဆက်လက်၍ ရွာသွန်းဖြိုးလျက်ရှိသည့် ဝတ်မှုန်မိုးပြေးတို့ကလည်း တဒင်္ဂခဏမျှရပ်တန့်သွားခဲ့ခြင်းမရှိသေး။ မျက်စိရှေ့၌မြင်တွေ့နေရသော အရာခပ်သိမ်းတို့မှာ မိုးပေါ်ကသက်ဆင်းလာသည့် ဖြူလွှလွှဝတ်မှုန်စများကြောင့် ဆိတ်ကွယ်ရာအရပ်၌ မှုံပျပျသာ ကိုယ်ရောင်ပြနိုင်ကြတော့တယ်။ အကောင်းမြင်တတ်သူတွေအဖို့တော့ အလွန်လှပတဲ့အချိန်အခါသမယလေးပေါ့။ သို့သော်ငြား ထိုသို့လှပလွန်းတဲ့ အချိန်အခါသမယလေးဟာ သေမင်းရဲ့ရက်ချိန်းတစ်ခုဖြစ်နေခဲ့မယ်ဆိုရင်ရော ... ထိုသူတွေအကောင်းမြင်နိုင်ပါဦးမလား။

 

အိမ်ပြတင်းပေါက်ကနေ အပြင်ဘက်လောကကြီးဆီကိုငေးကြည့်နေမိရင်း တစ်ယောက်တည်းအတွေးပင်လယ်ထဲမျောချင်တိုင်းမျောနေချိန်မှာ ညီညီနဲ့ နီနီက တစ်ဖက်တစ်ချက်စီကနေ ကျွန်မခါးကိုလာဖက်တယ်။ မေကြီးကိုလှမ်းကြည့်လိုက်တော့ ကျွန်မဘေးနား၌ မျက်လွှာချ၍မတ်တပ်ရပ်ကာ လက်ဖဝါးနှစ်ခုအား တစ်ဖက်နှင့်တစ်ဖက်တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လျက် ပါးစပ်ကနေတစ်ခုခုကို ပွစိပွစိနဲ့ရွတ်ဆိုပြီးဆုတောင်းနေလေရဲ့။ ဤဧည့်ခန်းအတွင်း၌ တစ်ချိန်လုံးတည်ရှိခဲ့သည့် တိတ်ဆိတ်ငြိမ်သက်ခြင်းအပေါင်းတို့ကမူ စက်ပစ္စည်းထားသိုရာအခန်းမှဓာတ်ဆီမီးစက်၏ တဂျုံးဂျုံးတဂျက်ဂျက်နှင့် ညာသံပေးဟစ်ကြွေးမှုများအောက်တွင် အလံဖြူပြ၍အနိုင်ယူဖြိုခွင်းခံလိုက်ရပြီ။ ၎င်းဓာတ်ဆီမီးစက်နှင့်အတူ တွဲဆက်သွယ်တန်းထားသည့် လေထုသန့်စင်စက်ကဖြင့် မည့်သူ့ကိုမှဂရုစိုက်မအားဘဲ သူ့အလုပ်သူဆက်လုပ်ဖို့သာစိုင်းပြင်းနေခဲ့ပေမယ့်ပေါ့။

 

"ဖေကြီး ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ အိမ်ပြန်ရောက်လာနိုင်ပါစေ ... ဖေကြီး ဘာမှမဖြစ်ပါစေနဲ့ ..."

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

ဝတ်မှုန်မိုး တဲ့လား။ နာမည်လေးက ကဗျာဆန်လွန်းလှသလို ပုံစံကလည်း အဆန်းတကြယ်ရှိနိုင်လွန်းပေမယ့် အကျိုးသက်ရောက်မှုတွေကတော့ နန်းဆန်၍မနေခဲ့ပါဘူး။ မိုးကောင်းကင်ယံတစ်ခွင်လုံးအား အုပ်စိုးလွှမ်းမိုးထားသော ကမ္ဘာ့သစ်ပင်အကိုင်းအခတ်များမှ ဆိုလာပန်းပွင့်တွေဟာ အပတ်စဉ် တနင်္လာနေ့ နေ့လည်ခင်းနှင့် သောကြာနေ့ ညသန်းခေါင်းယံအချိန်တိုင်းလိုလိုမှာ ၎င်းတို့ဆီကထွက်ရှိသည့် ပန်းဝတ်မှုန်း၊ ဝတ်ဆံများကို လေထုထဲကနေတစ်ဆင့် မဟာပထမဝီမြေကြီးပေါ်သို့ ကြဲချထုတ်လွှတ်လေ့ရှိပါတယ်။ ဤဖြစ်ရပ်အား "ဝတ်မှုန်မိုးရွာခြင်း" ဟုခေါ်ဆိုကြ၍ အဆိုပါပန်းဝတ်မှုန်တွေ၌ သက်ရှိကပ်ပါမှိုမျိုးစိတ်တစ်ခု၏ မျိုးဗီဇများပါဝင်နေပြီး ထိုပန်းဝတ်မှုန်များကို ရှုရှိုက်မိလိုက်သော သို့မဟုတ် ထိထွေ့မိလိုက်သော လူ၊ သတ္တဝါအပေါင်းတို့မှာ ၎င်းကပ်ပါးမှိုမျိုးဗီဇ၏ အမြစ်တွယ်ဒုက္ခပေးမှုတွေကြောင့် ခန္ဓာကိုယ်အတွင်းအပြင်နေရာပေါင်းစုံ၌ မှိုစွဲသောရောဂါလက္ခဏာတစ်မျိုးအားစတင်တွေ့ကြုံခံစားရမည်ဖြစ်၍ အဆုံးသတ်တွင် အသက်ရှုလမ်းကြောင်းအထိပါပိတ်ဆို့တားဆီးခြင်းခံရပြီးနောက် ဘဝတစ်ပါးသို့ကူးတို့ခပေးစရာမလိုပဲ စေတနာ့အကူအညီများဖြင့် အခမဲ့ကူးပြောင်းသွားလိုက်ရမှာပါ။

 

"ရုပ်ဆုံးသော်လည်း နာမ်မသေ" ဟူသော စကားနှင့်ပြောင်းပြန်အချိုးကျသည့် ဤဖြစ်ရပ်၌ လူ၊ သတ္တဝါတစ်ဦးတစ်ယောက်၏ စိတ်ဝိညာဉ်မှာသေဆုံးသွားပြီး ဖြစ်သော်လည်း ကျန်ရစ်ခဲ့သည့် ရုပ်အလောင်းကောင်မှာမူ အသက်ရှိနေသော ၎င်းကပ်ပါးမှိုများ၏ ဆက်လက်ထိန်းချုပ်ခြင်းကိုခံရ၍ နောက်ဆုံးတွင် မှိုဖုတ်ကောင် (Fungoid Zombie) ဘဝသို့ တစ်မုဟုတ်ချင်းဆိုသလို ရောက်ရှိသွားရပါတော့တယ်။ ဤကဲ့သို့သော မှိုဖုတ်ကောင်တွေဟာ ၎င်းတို့အပေါ်လွှမ်းမိုးထိန်းချုပ်ထားသည့် ကပ်ပါမှိုတွေရဲ့အတွင်းမှလှိုက်၍စားသုံးခြင်းကိုလည်းခံရပြီး အဆိုပါကပ်ပါမှိုများ၏မျိုးဗီဇပြန့်ပွားရေးအတွက်ပါ အသုံးပြုခြင်းခံရမည်ဖြစ်ကာ နောက်ဆုံးတွင်တော့ အစအနပင်မချန်ထားနိုင်ခဲ့ရှာပဲ မည်သူမှမသိလိုက်ခင်မှာတင်လောကကြီးအတွင်းကနေ တိတ်တဆိတ်နဲ့ထွက်ခွာပျောက်ကွယ်သွားရမှာပါ။

 

၎င်းကပ်ပါးမှိုများ၏မျိုးဗီဇတွေ ခန္ဓာကိုယ်အတွင်းသို့ စတင်ဝင်ရောက်အမြစ်တွယ်ချိန်ကာလ၌ လုံးဝဥဿုံပျောက်ကင်းသွားသည်အထိကုသပေးနိုင်စွမ်းရှိသော ဆေးပညာနည်းလမ်းတစ်ခုအား လူသားမျိုးနွယ်တို့ရှာဖွေတွေ့ရှိခဲ့ကြပြီးဖြစ်သော်ငြား အဆိုပါနည်းလမ်းမှာ ရောဂါရင့်၍အရေပြားပေါ်၌ မှိုပွင့်များပေါက်ဖွားလာသည့်အချိန်တွင် အသုံးမဝင်နိုင်တော့။ ဝတ်မှုန်မိုး သည်လည်းပဲ ရွာသွန်းချိန်၌မူ အချိန်ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်အထိသာ ကြာမြင့်တတ်သော်လည်း သဘာဝအတိုင်းဓာတ်ပြယ်သွားဖို့အတွက်ကိုဖြင့် အချိန်နှစ်ရက်ခန့်အထိ စောင့်ဆိုင်းရလေ့ရှိတယ်။

 

ထို့ကြောင့် လူသားမျိုးနွယ်တို့ဟာ ကုန်ဆုံးခဲ့လေပြီးသော ခုနှစ်သက္ကရာဇ်တွေအတွင်း၌ အကောင်းဆုံးသော ကြိုတင်ကာကွယ်မှုတစ်ခုအနေဖြင့် ကမ္ဘာ့နေရာအနှံ့အပြား၌ ရောဂါကင်းမဲ့ဒေသ (Safe Zone) ဧရိယာများသတ်မှတ်ပြဋ္ဌာန်းကာ အုတ်စီမြို့တံတိုင်းကြီးများတည်ဆောက်၍ ၎င်းတို့၏အကာအကွယ်နောက်မှာပဲ လုံလုံခြုံခြုံနဲ့အသက်ရှင်နေထိုင်ခဲ့ကြပါတယ် (Safe Zones တွေကို နိုင်ငံတစ်ခုချင်းစီက ကိုယ့်နိုင်ငံနှင့်ကိုယ် စိတ်ကြိုက်သတ်မှတ်ခဲ့ကြတာပါ) ဝတ်မှုန်မိုး ကိစ္စအတွက်ကိုတော့ Useless Nations (အဲ့လေ) United Nations ခေါ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးရဲ့ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဧဒင် (EDEN) ဟုအမည်ရသော ကျွန်းနိုင်ငံငယ်လေးမှ ၎င်းတို့၏ ခေတ်မှီနည်းပညာအကူအညီများကို တစ်ကမ္ဘာလုံးရှိဆေ့ဗ်ဇုန်များသို့ ထောက်ပံ့၍ဖြေရှင်းပေးခဲ့ပါတယ်။

 

ဆေ့ဗ်ဇုန်ဧရိယာကြီးတစ်ခုလုံးအား ခေါင်မိုးကဲ့သို့အကာအကွယ်တပ်ဆင်ဖို့ရာ မဖြစ်နိုင်သည့်အတွက် ဧဒင်နိုင်ငံ၏ နောက်ဆုံးပေါ်လေသန့်စင်နည်းပညာကိုပဲ ကမ္ဘာပေါ်ရှိဆေ့ဗ်ဇုန်အားလုံးက လက်ရှိမှာအားကိုးနေရဆဲပါ။ အဲ့သည်နည်းပညာက ပန်းဝတ်မှုန်တွေရဲ့ မူလဓာတ်ပြယ်ရန်ကြာချိန် ၄၈ နာရီအစား ၁၄ နာရီခန့်အထိ အချိန်လျော့ချပေးနိုင်သည့်အတွက် အတော်လေးအသုံးဝင်လွန်းလှသဖြင့် ဆေ့ဗ်ဇုန်များ၏မြို့ရိုးအုတ်တံတိုင်းကြီးတွေနဲ့ မောင်းသူမဲ့သန့်ရှင်းရေးစက်ရုပ်များတွင် အများဆုံးတပ်ဆင်ထားကြသည်ကို ကျွန်မတို့မြင်တွေ့ခဲ့ရလေ့ရှိပါတယ် (လူနေအိမ်တွေကတော့ ရိုးရိုးသာမန်လေသန့်စက်လေးတွေကိုပဲ ဆက်လက်ပြီးအသုံးပြုနေကြဆဲပါ) မြို့ရိုးအုတ်တံတိုင်းကြီးတွေရဲ့ အပြင်ဘက်လောက၌မူ ကပ်ပါးမှိုများ၏ထိန်းချုပ်ခြင်းကိုခံနေရသော မှိုဖုတ်ကောင်တွေကနေရာအနှံ့အပြည့်။

 

စင်စစ်တွင်တော့ ပန်းဝတ်မှုန်တွေဟာ မှိုဖုတ်ကောင်အပေါင်းအား အသက်ဆက်ပေးနေသည့် ကပ်ပါးမှိုများအတွက် အစားအာဟာရဓာတ်တစ်မျိုးသာဖြစ်ပြီး ၎င်းမှိုများမှာ နေရောင်ခြည်အလင်းဒဏ်ကိုလည်းမခံနိုင်ကြသဖြင့် ကမ္ဘာ့သစ်ပင်၏အကိုင်းအခက်များအရိပ်အောက်၌သာ အများဆုံးနေထိုင်ကျက်စားလေ့ရှိကြပါတယ် (သို့ပေမယ့်လည်း အရိပ်ပေးနေသည့်သစ်ကိုင်းတွေက မိုးကောင်းကင်တစ်ခုလုံးအပြည့်ဆိုတော့ကား မှိုဖုတ်ကောင်တွေအတွက် ဘယ်လိုနေနေလွတ်လွတ်လပ်လပ်ပါပဲ) ထို့အပြင် သဘာဝအတိုင်းဓာတ်ပြယ်ရန်အချိန်ယူရသည့် တခြားသောဝတ်မှုန်စတွေကြောင့်လည်း မြို့ရိုးအပြင်ဘက်ရှိလေထုဟာ အလွန်ညစ်ညမ်းလို့နေတယ်။ အထူးချုပ်လုပ်ထားသည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း (Personal Protective Equipment - PPE) ကိုသာလုံလုံခြုံခြုံဝတ်ဆင်အသုံးပြုခြင်းမရှိဘဲ မြို့ရိုးအုတ်တံတိုင်းကြီး၏အခြားတစ်ဖက်သို့ ထွက်ခွာသွားမိလိုက်မယ်ဆိုရင်ဖြင့် ကံကောင်းထောက်မလို့ မှိုဖုတ်ကောင်တွေနဲ့မတွေ့လိုက်ရဘူးဆိုလျှင်တောင် ချက်ချင်းဆိုသလိုကပ်ပါးမှိုရောဂါကူးစက်ခံခြင်းရမှာက အသေအချာပါ။

 

အဲ့တာကြောင့်လည်းပဲ မျက်မှောက်ခေတ်တွင်မွေးဖွားလာခဲ့ကြသည့် လူသားအများစုဟာ ဆေ့ဗ်ဇုန်ဧရိယာတွေရဲ့အပြင်သို့ထွက်ခွာရခြင်းကိစ္စများ မရှိလာရလေအောင် တတ်နိုင်သမျှရှောင်လွှဲနေခဲ့ကြပြီး တစ်ချို့ကသာလုပ်ငန်းသဘောကြောင့် မဖြစ်မနေသွားလာနေခဲ့ရပါတယ်။ ဤလူနည်းစုတစ်ချို့ထဲမှာတော့ ကျွန်မ၏ ဖခင်ဖြစ်သူသည်လည်း တစ်ယောက်အပါအဝင်ပေါ့။ ဖေကြီးက အစိုးရလက်အောက်ခံ သုတေသနဝန်ထမ်းတစ်ယောက် ... အစိုးရဆိုသည်ကတော့ ယခုလက်ရှိကျွန်မတို့နေထိုင်ရာဆေ့ဗ်ဇုန်ကြီးအား စီမံအုပ်ချုပ်နေသော အဖွဲ့အစည်းကိုခေါ်ဝေါ်ညွှန်းဆိုသည့် အမည်နာမတစ်ခုပါပဲ။ ဖေကြီးတို့အလုပ်က မတူညီသောရှင်သန်ရာဒေသ၊ မြေနေရာပတ်ဝန်းကျင်အခြေအနေများအပေါ်မူတည်၍ သဘာဝအတိုင်းဆင့်ကဲပြောင်းလဲလာခဲ့ကြသည့် သက်ရှိသက်မဲ့ သတ္တဝါ၊ အပင် စသည်တို့အား တစ်ခုချင်းစီအလိုက် အမျိုးအစားခွဲခြားပြီးလေ့လာမှတ်တမ်းတင်ရတာမျိုးပါ။ သို့ဖြစ်၍ ထိုကဲ့သို့ သုတေသနလုပ်ငန်းစဉ်ကိစ္စရပ်များအတွက် ဖေကြီးတို့အစိုးရဝန်ထမ်းအဖွဲ့ဟာ တစ်ပတ်တွင်အနည်းဆုံး ရက်ခန့်လောက်အထိကို မြို့ရိုးအုတ်တံတိုင်းကြီးအားကျော်လွန်၍ ဆေ့ဗ်ဇုန်ဧရိယာအပြင်ဘက်သို့ ထွက်ခွာသွားရောက်ရလေ့ရှိပါတယ်။

 

ကျွန်မတို့အိမ်အရှေ့မြေကွက်လပ်၌ စိုက်ပျိုးထားသည့် အပင်မျိုးစိတ်အချို့ကိုလည်း ဖေကြီးတစ်ယောက် ဆေ့ဗ်ဇုန်ဧရိယာအပြင်ဘက်ကနေ ရှာဖွေတွေ့ရှိလာခဲ့တာပါ။ အာဟာရဓာတ်ကင်းမဲ့နေသော မြေဆီလွှာအခြေအနေကိုလိုက်၍ လိုက်လျောညီထွေဖြစ်သည်အထိ အဆင့်ဆင့်အသွင်ပြောင်းလဲလာနိုင်ခဲ့ကြသော ထူးခြားသက်ရှိများဖြစ်ရကား အိမ်၌စိုက်ပျိုးပြီးအနီးကပ်လေ့လာနေရခြင်းဖြစ်ကြောင်း ဖေကြီးပြောပြခဲ့၍ ကျွန်မသိရှိခဲ့ရပြီးဖြစ်ပါတယ်။ အထက်တွင်ဖော်ပြပြီးခဲ့သည့်အတိုင်း ဆေ့ဗ်ဇုန်၏အပြင်ဘက်သို့ ထွက်ခွာသွားရောက်ရသော အလုပ်သည်အလွန်အန္တရာယ်များလွန်းလှသဖြင့် အိမ်၌ကျန်ရစ်ခဲ့သော ကျွန်မတို့ကဖေကြီးအတွက် အမြဲလိုလိုစိုးရိမ်ပူပန်းနေရသည်မှာ ပုံမှန်ပင်ဖြစ်နေခဲ့ပါပြီ။

 

ဒါပေမယ့်လည်း ဖေကြီးရဲ့အလုပ်ကို ဘယ်သူတွေဘာပြောပြော ကျွန်မကတော့ လေးစားအားကျတယ်။ ကျွန်မအသက်ပြည့်လို့ အရွယ်ရောက်လာသည့်အခါကျလျှင်လည်း ဖေကြီးကဲ့သို့သုတေသနပညာရှင်ကြီးတစ်ယောက်ဖြစ်ချင်တယ်။ မမြင်ဖူး၊ မရောက်ဖူးသေးသော နေရာဒေသသစ်များဆီသို့ ကိုယ်တိုင်ကိုယ်ကျအလည်အပတ်သွားရောက်လေ့လာခွင့်ရချင်တယ်။ ငယ်စဉ်အချိန်ကစိတ်ကူးယဉ်ခဲ့ဖူးသည့် နေလုံးကြီးရဲ့ပုံသဏ္ဍာန်အစစ်အမှန်ကိုလည်း တိတိကျကျသိချင်မိသေးရဲ့။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

ဝတ်မှုန်မိုးပြေးက ထုံစံအတိုင်း ၁၅ မိနစ်ခန့်စိတ်ကြိုက်ရွာသွန်းအပြီးမှာ လုံးဝရပ်တန့်သွားခဲ့တယ်။ လူသွားလမ်းမကြီးများပေါ်၌တစ်ကျန်ရစ်နေသေးသည့် အဖြူရောင်ဝတ်မှုန်စတွေကိုတော့ မောင်းသူမဲ့စက်ရုပ်များနှင့် ပီပီအီးဝတ်ဆင်ထားသော သန့်ရှင်းရေးဝန်ထမ်းများက သူ့နေရာနှင့်သူ ဖယ်ရှားရှင်းလင်းနေခဲ့ကြပါတယ်။ ဝတ်မှုန်ကြွေပြီး နောက်နှစ်နာရီခန့်အကြာ ညနေ နာရီကျော်ကျော်တွင် ဖေကြီးတစ်ယောက် အိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်လာခဲ့တယ်။ ဘေးမသီရန်မခပဲ ပုံမှန်အတိုင်းလန်းလန်းဆန်းဆန်းပင်ဖြစ်နေ၍ ကျွန်မတို့တစ်အိမ်လုံး အနည်းငယ်စိတ်သက်သာရာရသွားခဲ့ကြပါတယ်။

 

ညနေစာ,စားသောက်ပြီးနောက် ဖေကြီးက အိမ်ဧည့်ခန်းအတွင်းရှိ ထိုင်နေကျကုလားထိုင်တစ်လုံးပေါ်မှာထိုင်ပြီး စာအုပ်ဖတ်ရင်းထမင်းလုံးတန်းစီနေတယ်။ ကလေးနှစ်ယောက်ကတော့ စောစောစီးစီးအိပ်ယာဝင်သွားခဲ့ကြပါပြီ။ မေကြီးက အိမ်နောက်ဖေးမှာ။ ကျွန်မက ဆိုဖာခုံတန်းရှည်ကြီးပေါ်၌ တင်ပျဉ်ခွေချိတ်ထိုင်လျက် ...

 

"ဖေကြီး ..."

 

"ဟင် ... ဘာတုန်း သမီးရဲ့ ..."

 

"ဖေကြီးရဲ့အလုပ်တွေ အဆင်ပြေရဲ့လားဟင် ..."

 

"အော် ... အဲ့တာကတော့ ဒီလိုပဲပေါ့ကွယ် ... ဆင့်ကဲပြောင်းလဲသွားတဲ့ အဏုဇီဝသက်ရှိမျိုးကွဲတွေကို တစ်တောင်တက်တစ်တောင်ဆင်းပြီး ကန္တာရကြီးထဲမှာ ခြေတိုအောင်လိုက်ရှာနေရတာဆိုတော့ ဘယ်လွယ်ပါ့မလဲ ... ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုတော့လည်း မတတ်နိုင်ဘူးလေ ..."

 

" ... ... ... "

 

အဲ့သည်နောက်တော့ ဖေကြီးနဲ့ကျွန်မ စကားစပြတ်သွားခဲ့တယ်။ ကျွန်မက ခေါင်းကိုအောက်ငိုက်စိုက်ချ၍ ရောက်တတ်ရာရာအတွေးပေါင်းစုံအား လက်ခံစိစစ်နေမိခဲ့သဖြင့် စာကြည့်မျက်မှန်အောက်ကနေ ကျွန်မကို စူးစူးရှရှစိုက်ကြည့်နေခဲ့သည့် ဖေကြီးရဲ့မျက်လုံးတစ်စုံအား လုံးဝသတိမပြုမိခဲ့ပါဘူး။

 

"ဖေကြီးကို ဘာပြောစရာရှိလို့လဲ သမီး ..."

 

"ရှင် ..."

 

ဖေကြီး၏ လျှပ်တပြတ်ဆန်သော စကားလုံးများကြောင့် ကျွန်မ ရုတ်တရက်ပုခုံးတွန့်သွားမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မေးလိုက်မှအဖြေပေါ်မည့်ကိစ္စဖြစ်၍ကား ...

 

"ဟိုဟိုလေ ... သမီးငယ်ငယ်တုန်းက ဖေကြီးနဲ့အတူ အရှေ့ဘက်မြို့တံတိုင်းကြီးဆီ အလည်လိုက်လာခဲ့ဖူးတာကို မှတ်မိသေးလားဟင် ..."

 

"အင်း မှတ်မိတာပေါ့ ...အဲ့နေ့ကသမီး အိမ်မှာအာခေါင်ခြစ်ပြီးတော့ အော်ငိုနေခဲ့တာကိုလည်းမှတ်မိတယ် ... ဖေကြီးသာ အဲ့ကိုလိုက်ပို့မပေးခဲ့ဖူးဆိုရင် ငါ့သမီး နင်အဲ့နေ့က လိပ်ခေါင်းတောင်ထွက်သွားနိုင်တယ် သိလား ... ဟားဟားဟားဟား ..."

 

"ဟာ ဖေကြီးနော် ... သမီးမေးခွန်းထဲမှာ အဲ့တာတွေမပါဘူး ..."

 

ကျွန်မ ဖေကြီးကို စိတ်ကောက်ချင်ယောင်ဆောင်ရင်း နှုတ်ခမ်းစူပြီး မျက်နှာတစ်ဖက်လွှဲနေလိုက်တယ်။ ချက်ဆို နားခွက်က မီးဟုန်းဟုန်ထတောက်သည့် ဖေကြီးက ...

 

"ဘာလဲ ... အရှေ့ဘက်မြို့တံတိုင်းဆီကို ထပ်သွားချင်သေးလို့လား ..."

 

"သမီးသွားချင်တာတော့ မဟုတ်ပါဘူး ... ဒီအတိုင်း ... ကလေးတွေကို ခေါ်သွားပြချင်လို့ ... အဲ့တာ ဖေကြီး သမီးတို့ကိုလိုက်ပို့ပေးနိုင်ဦးမလား ... လို့ပါ ..."

 

ဖေကြီးတစ်ယောက် မျက်စိစုံမှိတ်ပြီး ခေတ္တခဏမျှတိတ်ဆိတ်ငြိမ်သက်သွားတယ်။ တစ်မိနစ်ခန့်ကြာပြီးမှာတော့ ...

 

"ကောင်းပြီလေ ... နောက်ရက်ထဲမှာ ဖေကြီးလည်း  အရှေ့ပိုင်းက ဂေလ်ဒ်း (Guild) တစ်ခုကိုသွားစရာရှိသေးတာနဲ့ အတော်ပဲ ... အဲ့နေ့ကျရင် သမီးတို့လည်း အတူလိုက်ခဲ့ကြပေါ့ ..."

 

"တကယ်လား ... ဟုတ်ပြီကွ ... ဒါမှ တို့ဖေကြီး ..."

 

ကျွန်မအပျော်လွန်ပြီး ဖေကြီးကို ပြေးဖက်ပစ်လိုက်တာ ဖေကြီးတောင် ထိုင်ခုံပေါ်ကနေ ပြုတ်ကျတော့မလိုဖြစ်သွားလေရဲ့။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

ကျွန်မ အိပ်ရာကနေလန့်နိုးလာတော့ အချိန်အားဖြင့် ညည့်သန်းခေါင်ယံကျော်သည်ဆိုရုံလေးပဲ ရှိပါသေးတယ်။ ဘေးနားက ညီညီနဲ့ နီနီတို့နှစ်ယောက်တောင် ညစာထမင်းဆိပ်တက်၍ ဟောက်သံမျိုးစုံပေးပြီး အိပ်ပျော်နေကြဆဲပါ။ အာခေါင်တွေခြောက်၍ ရေဆာလွန်းလှသဖြင့် ကုတင်ပေါ်မှတိတ်တဆိတ်ဆင်းကာ အခန်းပြင်ထွက်ပြီး မီးဖိုချောင်ဆီသို့ ခြေလှမ်းများဦးတည်လိုက်မိတယ်။

 

မီးဖိုချောင်အတွင်းမှ လျှပ်စစ်မီးအလင်းရောင်အချို့အား အဝေးကနေတစ်ဆင့် ကျွန်မလှမ်းမြင်လိုက်ရတယ်။ အဝေးကနေတစ်ဆင့် ဆိုသည်မှာ ကျွန်မနဲ့ ကလေးနှစ်ယောက်တို့ အတူတကွမျှသုံးကြသော အခန်း၏အပြင်ဘက်အနီးအနားတစ်ဝိုက်ကို ဆိုလိုချင်တာပါ။ ကျွန်မစိတ်ထဲတွင်တော့ "မေကြီးတစ်ယောက် မီးဖိုချောင်မီးမပိတ်ဘဲ အိပ်ယာဝင်သွားပြီလား" ဟုတွေးလိုက်မိတယ်။ သို့သော်လည်း အဲ့သည်အတွေးက ကျွန်မစိတ်ထဲ၌ သိပ်ကြာကြာနေခွင့်မရလိုက်ရှာပါဘူး။ ကျွန်မ မီးဖိုးချောင်ကိုရောက်တော့ မအိပ်သေးဘဲ တစ်ယောက်တည်းပြာယာခပ်နေသည့် မေကြီးအားတွေ့လိုက်ရတယ်။ ပြီးတော့ မေကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ...

 

အိပ်ချင်မူးတူးဖြစ်နေသော ကျွန်မ၏မျက်လုံးနှစ်လုံးအား ကျွန်မလက်ဖြင့်အသာယာပွတ်သပ်၍ မေကြီးကိုထပ်မံကြည့်ရှုလိုက်တယ်။ ဟုတ်သည် ... ကျွန်မအား ကျောပေးကာ တစ်ခုခုကိုတပူတပြင်းရှာဖွေဟန်ရှိနေသော မေကြီး၏ခန္ဓာကိုယ်ပေါ်တွင် (ညဝတ်အင်္ကျီပေါ်တွင်) ပလတ်စတစ်အိတ်များအား ကြိုးတွေနှင့်သိုင်းပတ်ပြီး ဝတ်ဆင်ထားတယ်။ ကျွန်မစိတ်ထဲ၌ တစ်ချက်ဘဝင်မကျဖြစ်သွားမိ၍ မေကြီးအားအသံပြုပြီး ...

 

"မေကြီး ..."

 

"ဟင် ... လီလီ မအိပ်သေးဘူးလား ..."

 

"ရေဆာလို့ ရေထသောက်တာပါ ... မေကြီးကရော ဒီအချိန်ကြီး မီးဖိုချောင်ထဲဘာလုပ်နေတာတုန်း ... ဒီအိတ်တွေကရော ဘာအတွက်လဲ ..."

 

ထိုအချိန်၌ မေကြီးတစ်ယောက် သိသိသာသာပင်မျက်စိမျက်နှာတွေပျက်နေခဲ့သည်ကို ကျွန်မစပြီးသတိထားမိလိုက်ပါပြီ။ သည်လောက်ဆိုရင်ဖြင့် ကျွန်မသဘောပေါက်သွားတယ် ... ဆက်ပြီးမေးနေစရာတောင်မလိုတော့ပါဘူး။

 

"ဖေကြီးဆီမှာ လက္ခဏာတွေပေါ်နေပြီလား ဟင် ..."

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

အစောပိုင်းကအထိ အိပ်ချင်နေခဲ့တဲ့စိတ်တွေတောင် အခုအချိန်မှာ ဘယ်ဆီလွှင့်မျောသွားပြီလည်း မသိတော့ပါဘူး။ မေကြီးဆီကနေ အကြောင်းစုံသိလိုက်ရပြီးနောက်  ကျွန်မ မေကြီးတို့အိပ်ခန်းဆီကို ဦးတည်ဖို့ခြေလှမ်းပြင်လိုက်တယ်။ မေကြီးနဲ့ ဖေကြီးတို့အိပ်ခန်း ကျွန်မတို့မောင်နှမသုံးယောက် အိပ်ခန်းရဲ့ညာဘက်ဘေးနားကအခန်းပါ။ မေကြီးတို့အိပ်ခန်းကိုရောက်တော့ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ ပက်လက်လှန်ပြီးလဲလျောင်းနေသော ဖေကြီးအား တွေ့လိုက်ရတယ်။ အသက်ကိုပြင်းပြင်ရှုနေရသဖြင့် ဖေကြီးဆီမှ မောဟိုက်သံကဲ့သို့ အာမေဋိတ်များ အဆက်မပြတ်ထွက်ပေါ်နေသည်ကို ကျွန်မကြားနေရတယ်။

 

ဖေကြီးက အိပ်ပျော်တစ်ဝက်နိုးတစ်ဝက် အနေအထားသို့သက်ရောက်နေခဲ့ပြီဖြစ်၍ ကုတင်ဘေး၌ ကျွန်မရှိနေသည်ကို မသိလိုက်ဘူး ထင်ပါတယ်။ ဖေကြီးရဲ့နဖူးအား လက်ဖြင့်စမ်းသပ်ပြီး ကိုယ်အပူချိန်တိုင်းကြည့်ရန် ကျွန်မ အကောင်အထည်ဖော်နေချိန်တွင် ...

 

"ဟဲ့ လက်ဗလာနဲ့ သွားမထိနဲ့လေ ..."

 

အခန်းပေါက်ဝ၌ မည်သည့်အချိန်ကတည်းကရောက်နေမှန်းမသိလိုက်ရသော မေကြီးကကျွန်မအား အသံခပ်အုပ်အုပ်သုံး၍ လှမ်းအော်လိုက်တယ်။

 

"အိမ်မှာ ပီပီအီး အပိုမရှိဘူး ... ကလေးတွေနိုးလာရင် ဒီအခန်ထဲမဝင်စေနဲ့ ... ကြားလား လီလီ ..."

 

မေကြီးပြောသည်ကို ကြားပေမယ့်လို့ ကျွန်မ စကားပြန်မပေးမိဘဲ ဖေကြီးရဲ့အရေပြားကိုသာ အာရုံစူးစိုက်ကြည့်ရှုနေခဲ့မိတယ်။ မှိုပွင့်တွေထွက်လာသည်ကိုတော့ ကျွန်မ ယခုအချိန်အထိ မတွေ့ရှိရသေးပါဘူး။ ဒါဆို အခုမှစဖြစ်ဆဲအဆင့်အားကျော်ဖြတ်နေသည့် သဘောပါ။ အချိန်မှီသာကုသနိုင်ခဲ့မယ်ဆိုရင် အရှင်းပျောက်ကင်းနိုင်ချေရှိသေးတာ ကျွန်မသိလိုက်တယ်။

 

"သမီး စပေါ့ (Spot) ဘွတ်ကင် (Booking) သွားလုပ်ထားလိုက်မယ် မေကြီး ..."

 

"ဟဲ့ဟဲ့ နေဦးလေ ... အပြင်မှာ ဝတ်မှုန်တွေဓာတ်မပြယ်သေးဘူး ..."

 

ကျွန်မ အိပ်ခန်းအပြင်ဘက်သို့ ပြေးထွက်ရန်ဟန်ပြင်နေစဉ်မှာပဲ မေကြီးကကျွန်မလက်ကို လှမ်းဆွဲထားလိုက်တယ်။ မေကြီးပြောကာမှ ဝတ်မှုန်မိုးရွာပြီးတာ ၁၂ နာရီမပြည့်သေးမှန်း ကျွန်မ သတိရမိသွားတယ်။ သည်အချိန်၌သာ အိမ်အပြင်ထွက်မည်ဆို မှိုစွဲခံရမှာကအသေအချာ။ ဒါပေမယ့် ဖေကြီးကိုလည်း အချိန်မှီဆေးကုသပေးနိုင်အောင် ကျွန်မပြင်ဆင်ထားရဦးမယ်လေ။ အခြေအနေတွေက တကယ်ဘေးကျပ်နံကျပ်။ ကျွန်မ မေကြီးကိုတစ်ချက်လှမ်းကြည့်လိုက်တယ် ... မျက်နှာ၌ "ငါနင့်ကိုလုံးဝပေးမသွားဘူး" ဟုမရေးထိုးထားရုံတမယ်ပင်။

 

ခင်ပွန်းဖြစ်သူ ရောဂါကူးစက်ခံရပြီးဖြစ်သဖြင့် သမီးဖြစ်သူကိုပါထပ်မံ၍ ရောဂါကူစက်မခံရစေလိုခြင်းအား ကျွန်မကောင်းကောင်းကြီးနားလည်ပါတယ်။ ဒါပေမယ့် ... ဒါပေမယ့် ကျွန်မတို့ ဒီအတိုင်းထိုင်နေလို့မှမဖြစ်တာ။ အိမ်မှာဆို ဖေကြီးကို ကျွန်မတို့ဘာမှလုပ်မပေးနိုင်ဘူး။ ဆေးရုံ ... ဆေးရုံကပဲ ဖေကြီးရဲ့အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

ကပ်ပါးမှိုရောဂါကို စတင်ကူးစက်ခံရချိန်တွင် အမြစ်ပြတ်ကုသပေးနိုင်မည့် ဆေးပညာနည်းလမ်းတစ်ခုရှိကြောင်းအား ကျွန်မ အထက်၌ဖော်ပြခဲ့ဖူးသည်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲ့သည့်နည်းလမ်းကတော့ နေရောင်ခြည်စစ်စစ်ပါ။ တောင်ဝင်ရိုးစွန်းမှ ကမ္ဘာ့သစ်ပင်ကြီးဟာ မဟာပထဝီမြေကြီးပေါ်သို့ ပူနွေးသောနေရောင်ခြည်အလင်းဓာတ်များ လုံးဝကျရောက်ခြင်းမရှိစေရန် ၎င်း၏အကိုင်းအခတ်များနှင့် မည်သို့ပင်ပိတ်ဆို့တားဆီးဖို့ကြိုးစားခဲ့ပါစေ အလွန်တ ရာကြီးမားကျယ်ပြန့်သော မိုးသားပြင်ကြီးတစ်ခုလုံးအား အလုံးစုံလွှမ်းမိုးထားနိုင်ဖို့ဆိုသည်က သူ့အတွက်ဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူး။ ထို့ကြောင့် မိုးကောင်းကင်ယံတစ်ခွင်လုံး၌ မဟာပထဝီကမ္ဘာမြေကြီးပေါ်သို့ နေရောင်ခြည်အလင်းပျောက်ကျရောက်မှုရရှိနေသေးသော နေရာဒေသများက လက်ရှိအချိန်အထိတည်ရှိနေကြဆဲပါပဲ (သို့ပေမယ့် ထိုနေရာများသည်လည်း ကမ္ဘာ့သစ်ပင်မှ သတိထားမိသွားချိန်တွင် လိုက်လံပိတ်ဆို့ခြင်းခံရပါတယ်)

 

ဤသို့သော နေရောင်ခြည်အလင်းပျောက်ကျရောက်မှုရရှိနေသေးရာ နေရာဒေသများကို ဆန်းလိုက်စပေါ့ (Sunlight Spot - SLS) ဟုခေါ်ဆိုကြပြီး မျက်မှောက်ခေတ်၌အသက်ရှင်ကျန်ရစ်နိုင်ခဲ့သော လူသားမျိုးနွယ်တို့သည် ဧဒင်နိုင်ငံမှ တစ်ကမ္ဘာလုံးရှိဆေ့ဗ်ဇုန်များသို့ အခမဲ့ထောက်ပံ့ပေးထားသော ဆိုလာ (Solar) စက်ကိရိယာတစ်မျိုးအား အသုံးပြု၍ ၎င်းနေရာဒေသများမှ နေရောင်ခြည်အလင်းဓာတ်သတ္တိများကို စုတ်ယူသုံးဆွဲလေ့ရှိခဲ့ကြပါတယ်။ အဆိုပါ SLS ဒေသများမှထုတ်ယူရရှိခဲ့သော အလင်းဓာတ်သတ္တိများအား ဆေးပညာဓာတ်ခန်းခွဲများသို့ပို့ဆောင်၍ အသွင်ပြောင်းလဲကာ ကပ်ပါးမှိုရောဂါကိုကုသရာ၌ ဓာတ်ရောင်ခြည်ကုထုံးတစ်မျိုးအဖြစ် လက်ရှိမှာအသုံးပြုလျက်ရှိနေကြပါပြီ (ထိုကုထုံးရရှိနိုင်သော ဆေးရုံများကို SLS Hospital ဟုခေါ်ဆိုကြ၍ များသောအားဖြင့် ၎င်းတို့ဟာ SLS ဒေသများနှင့် ကပ်လျက်ပူးတွဲတည်ရှိနေတတ်ကြပါတယ်)

 

"SLS ဒေသ" များဟုဆိုရာတွင် အရွယ်အစားအားဖြင့် သိပ်ကြီးကြီးမားမားတွေတော့ မဟုတ်ရပါဘူး။ ပုံမှန် ပေ ၁၀၀ ဝန်းကျင်ပတ်ပတ်လည်အတွင်းမှာပဲ ရှိတတ်ကြပြီး ကမ္ဘာ့သစ်ပင်ကြီးရဲ့အကိုင်းအခတ်များမှ လွတ်သည့်အပေါက်တွေကနေတစ်ဆင့် အဆိပ်ငွေ့တိမ်တိုက်များကိုပါ ဖြတ်သန်းလာခဲ့ရ၍ ရောင်ဝါများလည်းသိပ်မထွန်းလင်းနိုင်ကြရှာတော့။ ဆေးကုသ၍ လောက်ငှသည်ဆိုရုံမျှခန့်သာ အနီရောင်ကတ္တီပါစပေါ်၌ အဝါရောင်ဆေးကွက် စွန်းထင်းနေခဲ့သလိုပင်။

 

သို့ရာတွင် အနှီး SLS ကုသနည်းက ရောဂါစတင်ကူးစက်ခံရခါစ လူနာများအား ကောင်းကောင်းကြီးနိုင်နိုင်နင်းနင် ကုသမှုပေးနိုင်ပါတယ်။ SLS ဒေသများမှာနေရောင်ခြည်အား ကောင်းရင်ကောင်းသလောက် ရောဂါပျောက်ကင်းနိုင်စွမ်းတွေကလည်း ပိုပြီးတော့မြင့်မားလာပါတယ်။ ဒါပေမယ့်လည်း အချိန်တွေကုန်လွန်၍ လူနာရဲ့မျက်နှာပြင်အရေပြားပေါ်အထိ မှိုပွင့်များစတင်ပေါက်ဖွားလာခဲ့ပြီဆိုပါက ထိုကုထုံးသည်လည်းပဲ အသက်ကိုအာမခံမပေးနိုင်ရှာတော့။ ထိုမှတစ်ဆင့် မှိုဖုတ်ကောင်ဘဝသို့ အသွင်ပြောင်းလဲသွားခဲ့သည်ရှိသော် မီးမြိုက်၍သဂြိုလ်ပေးလိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းများမှာ ယခုအချိန်အထိတိုင်ကြိုးစားရှာဖွေနေကြဆဲပင်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

"အစ်မ ... သမီး စပေါ့ဘွတ်ကင် (Spot Booking) တစ်ယောက်စာ လုပ်ချင်လို့ ..."

 

"အယ် ညီမလေး ... အစ်မတို့ ဆေးရုံမှာတော့ အခုလေးတင် ကုတင်တွေအကုန်ပြည့်သွားပြီကွဲ့ ... ဘွတ်ကင် လက်မခံတော့ဘူး ..."

 

"ဟာ ... သေစမ်း ..."

 

ဝတ်မှုန်တွေဓာတ်ပြယ်သည့်အချိန်အား စောင့်ဆိုင်းနေခဲ့ရသဖြင့် ကျွန်မ အိမ်ကနေ စပေါ့ဘွတ်ကင် လုပ်ဖို့ထွက်လာတော့အချိန်က မနက်ခြောက်နာရီခွဲခန့်ပင် ရှိနေခဲ့ပါပြီ။ နာရီလက်တံအတို ခြောက်ဂဏန်းပေါ်သို့ရှိနေကတည်းက ကျွန်မ အိမ်၌ ဖင်တကြွကြွဖြစ်နေခဲ့ပေမယ့် မေကြီးက "နောက်ထပ်နာရီဝက်လောက် ထပ်စောင့်ပြီးမှသွား" ဆိုသည်နှင့် ခြောက်နာရီခွဲပြီးမှ ထွက်ခွာလာဖြစ်ခဲ့တာပါ။ အခုတော့ ထို့သို့နာရီဝက်ခန့် ထပ်မံစောင့်ဆိုင်းခိုင်းခဲ့သော မေကြီးအား ကျွန်မအပြစ်တင်နေမိလေရဲ့။

 

အိမ်ကထွက်လာ,လာချင်းမှာတင် ကျွန်မတို့နေထိုင်ရာ ဆတ်ပ်တာ (Sector) အစုအပိုင်းအတွင်းမှ အိမ်နှင့်အနီဆုံး SLS ဆေးရုံဆီသို့ ကျွန်မဦးတည်ပြီးဒုန်းစိုင်းပြေးသွားခဲ့ပေမယ့်လည်း နောက်ဆုံးတော့အချိန်မမှီလိုက်ရှာပါဘူး။ ကြည့်ရတာ မနေ့ညနေကအချိန်အခါမဟုတ်ရွာချခဲ့သည့် ဝတ်မှုန်မိုးကြောင့် ဤဆေ့ဗ်ဇုန်အတွင်းရှိ လူတော်တော်များများအထိနာသွားခဲ့ကြသည် ထင်ပါတယ်။ နေရာတစ်ခုပြီးတစ်ခုလိုက်စုံစမ်းကြည့်နေရင်းကနေ လူပြည့်သွားခဲ့ပြီဖြစ်သဖြင့် ကျွန်မ ဘွတ်ကင်လုပ်ခွင့်မရလိုက်သည်မှာ ယခုဆေးရုံနှင့်ဆို နေရာသုံးခုခန့်ပင်ရှိသွားခဲ့ပါပြီ။ ထပ်မံအချိန်ဆွဲနေ၍မဖြစ်သောကြောင့် ကျွန်မ နောက်ထပ်ဆေးရုံတစ်ခုရှိရာ လမ်းကြောင်းပေါ်သို့ ခပ်မြန်မြန်ခြေလှမ်းချမိလိုက်တယ်။ သည်ကနေ့ညနေ နာရီမခွဲခင်အချိန်အတောအတွင်း၌ ကျွန်မ ဖေကြီးအတွက် SLS ရှာပေးနိုင်မှဖြစ်မည်ကို။

 

ဤသို့ဖြင့် ကျွန်မတို့နေထိုင်ရာ ဆတ်ပ်တာအစုအပိုင်းအတွင်းရှိ SLS ဆေးရုံတိုင်းအားလုံးလိုလိုတွင် တစ်ခုဝင်တစ်ခုထွက်နည်းလမ်းဖြင့် ကျွန်မ နေရာလွတ်လိုက်ရှာစုံစမ်းဖြစ်ခဲ့တယ်။ ကံမကောင်းချင်တော့ ကြိုးစားပြေးလွှာခဲ့ရသမျှက အရာမထင်နိုင်ခဲ့ပါဘူး။ ရှိသမျှ SLS တွေအကုန်လုံးမှာ လူပြည့်နေခဲ့တာပါ။ ကြံရာမရသည့်အဆုံး စိတ်ပိုင်းဖြတ်၍ နောက်ဆုံးသောအားကိုးရာအဖြစ် ယခင်ကတည်းကကြံရွယ်ထားခဲ့သည့် ဗဟိုဆန်းလိုက်စပေါ့ဆေးရုံကြီး (Central Sunlight Spot Hospital) အား ကျွန်မခြေလှမ်းတွေဦးတည်လိုက်ရပါတော့တယ်။

 

ဗဟိုဆေးရုံကြီးက ဤဆေ့ဗ်ဇုန်အတွင်း၌ နေရောင်ခြည်အများဆုံး ကျရောက်ရာ SLS တစ်ခုဖြစ်ပြီး လူနေဆတ်ပ်တာ ခုရဲ့အလယ်တည့်တည့်မှာတည်ရှိနေပါတယ်။ အတော်အတန်ကြီးမားသောအဆောက်အအုံကြီးနှင့် ဆေးဝါးများအဓိကဖော်စပ်ထုတ်လုပ်ရာ ဓာတ်ခွဲခန်းတစ်ခုလည်းတွဲဖက်ပါဝင်နေသောကြောင့် တခြားဆေးရုံလေးတွေမှာ မနိုင်တော့သည့် လူနာများကို အနှီးဗဟိုဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးလေ့ရှိသော သာဓကများလည်းရှိခဲ့ဖူးပါတယ်။ မည်သို့ပင်ဆိုစေကာမူ အဲ့သည်ဗဟိုဆေးရုံကြီးက ကျွန်မ၏ဖခင်ဖြစ်သူအား ကောင်ကောင်းကြီးကုသပေးနိုင်မည့်နေရာတစ်ခုဖြစ်ကြောင်း ကျွန်မ ယုံကြည်တယ်။ ထို့ကြောင့်လည်း ကျွန်မ ပြေးရပေဦးမည်ပေါ့။

 

ဗဟိုဆေးရုံကြီးက ဆေ့ဗ်ဇုန်ရဲ့အလယ်တည်တည့်မှာတည်ရှိနေသည် ဆိုပေမယ့်လို့ ကျွန်မတို့လူနေအိမ်ခြေတွေနဲ့တော့ အနည်းငယ်မျှခရီးလမ်းကွာဝေးပါတယ်။ ကျွန်မ ဗဟိုဆေးရုံကြီးအား လူသွားလမ်းမကြီးပေါ်ကနေတစ်ဆင့် အရိပ်လှမ်းမြင်လိုက်ရတော့ အုပ်ချုပ်ရေးမျှော်စင်ထိပ်ပိုင်းမျက်နှာစာရှိ ဒီဂျစ်တယ်နာရီကြီးထံမှ မနက် နာရီ ဒေါင်ခနဲခေါင်းလောင်းထိုးသံထွက်ပေါ်နေခဲ့ပါပြီ။

 

အဲ့သည်နောက် ခဏအကြာမှာ ကျွန်မ ဗဟိုဆေးရုံကြီးရဲ့အဆောက်အအုံ ဝင်ပေါက်တံခါးအရှေ့ကိုရောက်ရှိသွားခဲ့တယ်။ ဒါပေမယ့် ဘယ်လိုပြောရမလဲ ... နည်းနည်းစိတ်ဓာတ်ကျသွားမိသည်ဟုပင်ဆိုရလေမလား။ ဗဟိုဆေးရုံကြီးရှေ့၌ စောင့်ဆိုင်းနေကြသော လူအုပ်ကြီးက မနည်းမနောပါဘဲ။ မရှိဘူးဆိုရင်တောင် အနည်းဆုံး အယောက်သုံးရာခန့်တော့ အသာလေးကျော်ကောင်းကျော်လောက်ပါတယ်။ လူအများစုက ကျွန်မကဲ့သို့ စပေါ့ဘွတ်ကင် လုပ်ဆောင်ရန်စောင့်ဆိုင်းနေကြသူများဖြစ်ပြီး တစ်ချို့ကလည်း ပီပီအီးဝတ်စုံ ဒါမှမဟုတ် တခြားပလတ်စတစ်ကဲ့သို့သောအကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ထားကြလျက် စောင့်ဆိုင်းနေကြသည့် လူနာများကိုယ်တိုင်ပင်ဖြစ်ပါတယ်။ ကျွန်မ ဆေရုံအဆောက်အအုံဘက်ဆီသို့ မျက်လုံးဝေ့ကြည့်လိုက်တော့ ဝင်ပေါက်တံခါးကပိတ်ထားသည်ကိုတွေ့ခဲ့ရတယ်။ ဝင်ပေါက်ရဲ့အရှေ့မှာ ရိုင်ဖယ်သေနတ်ကိုင်ဆောင်ထားသည့် ယောကျာ်းနှစ်ဦးက မတ်တပ်ရပ်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေကြလေရဲ့။

 

ပုံမှန်အားဖြင့်တော့ ဤကဲ့သို့ ဗဟိုဆေးရုံကြီးအား ဝင်ပေါက်တံခါးပိတ်ထားခဲ့သည်ဆိုခြင်းကို ကျွန်မ တစ်ခါမှမကြားဖူးမမြင်ဖူးခဲ့ပါဘူး။ လူအုပ်ကြီးအတွင်းမှာလည်း လူနာတွေအတွက်စိတ်ပူသည့်သူ့များက တစ်စု၊ ဆေးရုံဝင်ပေါက် အဘယ်ကြောင့်ပိတ်ထားရသနည်းဟု သီအိုရီရှင်းတမ်းထုတ်နေကြသူများက တစ်ဖုံ၊ အသက်ရှုကြပ်သဖြင့် အသံပေါင်းစုံထွက်၍ ညည်းညူနေကြသော လူနာများကတစ်မျိုးနှင့် ကျွတ်ကျွတ်ညံပွတ်လောရိုက်နေခဲ့ပါပြီ။ ကျွန်မလည်း အိမ်တွင်ကျန်ရစ်ခဲ့သည့် ဖေကြီးအတွက်စိတ်ပူမိနေဆဲပါ။ ကျွန်မအိမ်ကနေ စထွက်မလာခင်အချိန်အထိမှာတော့ ဖေကြီးရဲ့အခြေအနေက သိပ်ပြီးဆိုးဆိုးဝါးဝါအဆင့်သို့ ရောက်ရှိနေခဲ့ခြင်းမရှိသေးပါဘူး။

 

ကျွန်မ လူအုပ်ကြီးအား တိုးဝှေ့ပြီး ဆေးရုံဝင်ပေါက်တံခါးဝရှေ့တည်တည့်သို့ ရောက်ရှိနိုင်ရန်ကြိုးစားနေစဉ်အချိန်မှာပင် ဆေးရုံကြီး၏အဆိုပါဝင်ပေါက်တံခါးတစ်ချပ်ပွင့်ထွက်လာခဲ့ပြီး အတွင်းကနေ တခြားလက်နက်ကိုင်ယောကျာ်းကြီးနှစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက် အပြင်ရောက်တော့ ယခင်ကတည်းကရှိနေသည့် လက်နက်ကိုင်ယောကျာ်းနှစ်ယောက်ထဲမှ တစ်ယောက်က တံခါးကိုပြန်လည်တွန်းပိတ်လိုက်ပြီး ထိုနောက် သူ့နေရာသူပြန်သွား၍မတ်တပ်ရပ်နေခဲ့ပါတယ်။ အပြင်ထွက်လာသည့် လက်နက်ကိုင်နှစ်ယောက်ထဲမှ အသက်ခပ်ငယ်ငယ်နှင့် ပိန်ပိန်ပါးပါးတစ်ယောက်က  ...

 

"ဒီဆေးရုံကြီးမှာ အက်စ်အယ်လ်အက်စ် အတွက်လက်ခံနိုင်တဲ့နေရာလွတ်ကုန်သွားပါပြီခဗျာ ... ကျုပ်တို့ ဘွတ်ကင်တွေ ဆက်ပြီးလက်မခံတော့ပါဘူး ..."

 

"ဟာ ... ဒုက္ခပဲ ..."

 

"ဟယ် ... ဘယ်လိုဖြစ်တာလဲ ..."

 

" ... သောက်ပြဿနာပဲဟေ့ ..."

 

အဆိုပါယောကျာ်းဆီကနေ အနှီးကြေငြာချက်ထွက်လာတော့ ဆေးရုံရှေ့၌စောင့်ဆိုင်နေကြသည့် လူအုပ်ကြီးထံမှ အာမေဋိတ်ပေါင်းစုံထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အတော်လေးအံ့သြသွားခဲ့တယ်။ ဗဟိုဆေးရုံကြီးလို နေရာမျိုးက လူပြည့်သွားပြီဆိုတာ ဖြစ်နိုင်ချေမှမရှိခဲ့တာ။ ဘာလို့ဆို လက်ရှိဗဟိုဆေးရုံကြီးအား ဖွင့်လှစ်ထားရှိသော ဤအဆောက်အအုံကြီးဟာ ယခင် SLS ပေါ်မလာခင်အချိန် (အဆိုပါနေရာသို့ နေရောင်ခြည်မကျရောက်ခင်အချိန်) ကတည်းကတည်ရှိနေခဲ့တာပါ။ အဲ့သည့်အချိန်က ၎င်းအဆောက်အအုံကြီးကို မှိုဖုတ်ကောင်ရန်ကာကွယ်ဖို့နှင့် တခြားသောသဘာဝဘေးအန္တရာယ်များအတွက် ပြည်သူလူထုတွေလုံလုံခြုံခြုံနားခိုနိုင်စေရန် ရည်ရွယ်ပြီး တည်ဆောက်ခဲ့ကြတာပါ။ ထို့နောက်တော့ အဘယ်ကြောင့် ဗဟိုဆေးရုံကြီးအဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ကြသနည်းဆိုတာ ကျွန်မမသိပါဘူး (ဗဟိုဆေးရုံကြီးဖွင့်တာ နှစ်ကျော်ပဲရှိပါသေးတယ်) ဆိုတော့ သည်ဆေ့ဗ်ဇုန်ဧရိယာအတွင်းရှိ လူနေဆတ်ပ်တာ ခုလုံးမှ ပြည်သူလုထုတစ်ရပ်လုံးကိုတောင် အေးအေးဆေးဆေးဖြင့် ကောင်းကောင်းကြီးလက်ခံထားပေးနိုင်သော အဆောက်အအုံကြီးက လူပြည့်သွားခဲ့ပြီဆိုတာ ဖြစ်နိုင်ပါ့မလား။ ကုတင်တွေအကုန်နေရာခဲ့ပြည့်သွားပြီဆိုပေဦးတော့ အဆောက်အအုံအတွင်း၌ တခြားသောကြမ်းခင်းနေရာလွတ်တွေအများကြီးရှိနေသေးသည်ဆိုတာကို ကျွန်မတို့စောင့်ဆိုင်းနေကြသူတွေအားလုံး သိရှိနားလည်ထားခဲ့ကြပြီးသားပါ။

 

"ဟိတ်ကောင်တွေ မင်းတို့ပေါက်ကရလျှောက်ပြောမနေနဲ့ ... ဗဟိုဆေးရုံကြီးကများ နေရာလွတ်မရှိတော့ဘူး ဟုတ်စ ... လမ်းဘေးခွေး သွားပြောရင်တောင် မင်းတို့ကို ဘယ်အကောင်မှယုံမှာမဟုတ်ဘူးကွ ..."

 

"ယုံတာမယုံတာက ခင်ဗျားတို့အပိုင်းလေ ... ကျုပ်တို့က ဝတ္တရားရှိတဲ့အတိုင်းလာပြောပြတာ ..."

 

"–ီးကိုဝတ္တရားအကြောင်းပြနေတာလား ... မင်းတို့တကယ်မှန်တယ်ဆိုရင် အဲ့သည့်တံခါးဖွင့်ချပြလိုက်လေ ... ငါတို့ကိုယ်တိုင်ဝင်ကြည့်မယ် ..."

"ဟုတ်တယ် ... မင်းတို့ကောင်တွေ ပါးစပ်ကထွက်သမျှစကားလုံးတိုင်းက အကုန်ကူလီကူမာနဲ့ အလိမ်အညာတွေချည်းပဲ ... ဒီတစ်ခေါက်လည်း ဘာတွေယုတ်မာဦးမလဲ မသိပါဘူးကွာ ..."

 

"ဒီဘဲကြီးတွေ တော်တော်သောက်စကားများကြတာပဲ ... ငါပစ်သတ်လိုက်မှ ယမမင်းနဲ့ အင်တာဗျူးထိုင်နေရဦးမယ် ..."

 

အခြေအနေတွေကတော့ လက်ရှိမှာတစ်ဘက်နဲ့တစ်ဘက် အကြိတ်အနယ်ဆဲဆိုငြင်းခုံနေကြပါတယ်။ ကျွန်မကတော့ ရှေ့ဆုံးအတန်းမှာ ပွဲကြည့်ပရိတ်သတ်တစ်ယောက်ပါ။ ပွဲကြည့်ပရိတ်သတ်ဆိုသည်ထက် အခြေအနေတွေကို အတွင်းကျကျလေ့လာစောင့်ကြည့်နေသူတစ်ဦးဟုပြောမည်ဆိုလျှင် ပိုမှန်ပါလိမ့်မယ်။ မဟုတ်လည်း ကျွန်မက အသက်မပြည့်သေးဘူးလေ။ တစ်ဘက်က လက်နက်ကိုင်ဆောင်ထားကြသည့် လူလေးဦးအနက် သုံးဦးမှာ သာမန်အရပ်ဝတ်အင်္ကျီပေါ်၌ ကျည်ကာကိုသာထပ်၍ဝတ်ဆင်ထားကြပြီး ကျန်တစ်ဦးကမူ စစ်ဘက်ဆိုင်ရာယူနီဖောင်းအပြည့်အစုံအားနေကာမျက်မှန်နှင့်အတူ တွဲဖက်ဝတ်ဆင်ထားလျက် အနောက်ဆုံးတွင် တစ်ယောက်တည်းမတ်တပ်ရပ်လက်ပိုက်ကြည့်နေခဲ့ပါတယ်။ ထိုလေးယောက်၏ လက်မောင်းတွေပေါ်မှာတော့ ယူအာအန်င်အေ (URNA) ဟုရေးထိုးထားသည့် စာတန်းအမှတ်တံဆိပ်တစ်ခုအား ကြိုးနှင့်ပတ်၍ဝတ်ဆင်ထားကြပါတယ်။

 

ယူနီယမ်ရီပက်ပလစ်နေရှင်းနယ်အာမီ (Union Republic National Army) ဟုအမည်အပြည့်အစုံရသော အဆိုပါအမှတ်တံဆိပ်မှာ ကျွန်မတို့လက်ရှိနေထိုင်လျက်ရာ ဆေ့ဗ်ဇုန်ဧရိယာအပါအဝင် တခြားသော ဆေ့ဗ်ဇုန်ဧရိယာကြီးဆယ်ခုကျော်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားခဲ့သော သမ္မတပြည်ထောင်စု (Union Republic) နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ အမှတ်အသားတစ်ခုပါ (URNA ကို "အာဏာ" ဟုအသံထွက်ပါတယ်) URNA က အဘယ်ကြောင့် ဗဟိုဆေးရုံကြီးအား လုံခြုံရေးအပြည့်အဝရယူထားခဲ့သနည်းဆိုသည်ကိုတော့ ကျွန်မအခုထိနားမလည်သေးပါဘူး။ ကျွန်မနားမလည်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မှလည်း တိတိကျကျဖြေရှင်းမပေးနိုင်ခဲ့ကြပါဘူး။

 

"ငါတို့ဒီအရှေ့ကိုရောက်နေတာ မနက် နာရီ ဝတ်မှုန်တွေဓာတ်ပြယ်သွားပြီးကတည်းကွ ... မင်းတို့ သောက်တံခါးက အဲ့တုန်းကတည်းက ပိတ်နေတာလေ ... ဘယ်ချောင်ကြိုချောင်ကြားအပေါက်တွေကနေ လူတွေကဝင်နေကြလို့ နေရာလွတ်တွေပြည့်ကုန်ရတာလဲ ..."

 

"အဲ့တာတော့ ကျုပ်တို့လည်း ဘယ်သိမလဲဗျ ... နေရာလွတ်ကုန်သွားတယ်ဆိုတာ ကုန်သွားလို့ပေါ့ ... ဘယ်နှယ့် သောက်ရစ်ကိုရှည်ကြတယ် ..."

 

"အဲ့လိုမလုပ်ပါနဲ့ သားတို့ရယ် ... အန်တီ့ယောကျာ်းကအခုချက်ချင်း ဓာတ်ကင်ခွင့်ရမှဖြစ်မှာမို့လို့ပါ ... အထဲမှာနေရာလွတ်တစ်ခုလောက်စီစဉ်ပေးကြပါကွယ် ... အန်တီတို့တစ်သက်လုံးကျေးဇူးမမေ့ပါဘူး ..."

 

ကျွန်မဘေးနားရှိ အဒေါ်ကြီးတစ်ယောက်က လက်နက်ကိုင်အစောင့်များအား ဤကဲ့သို့မေတ္တာရပ်ခံပါတယ်။ သို့သော်ငြားလည်း ...

 

"ဒီမှာအဒေါ်ကြီး ... လက်ရှိ ဒီကအခြေအနေတွေကို ခင်ဗျားလည်းမသိတာမဟုတ်ဘူး ... ဖြစ်နိုင်ရင် ကျုပ်တို့လည်း အားလုံးကိုပေးဝင်ချင်တာပေါ့ဗျာ ... ဒါပေမယ့် နေရာလွတ်မှမရှိတော့တဲ့ဟာ ဘယ်လိုလုပ်ပေးဝင်လို့ရမှာတုန်း ကဲပြော ... ပြီးတော့ ခင်ဗျားတစ်ယောက်တည်းကို ကျုပ်တို့က ပေးဝင်လိုက်ပါပြီတဲ့ ... ဒါဆိုကျန်တဲ့သူတွေအတွက်ကရော ဘယ်မှာလည်း တရားမျှတမှု ... ဟုတ်တယ်မလား ... အခုအချိန်မှာ သေမင်းနဲ့စစ်ခင်းနေရတာက ခင်ဗျားယောကျ်ားတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို ခင်ဗျား ကောင်းကောင်းကြီး သဘောပေါက်ထားဖို့လိုတယ် အဒေါ်ကြီး ... နောက်ပြီး ခင်ဗျားယောကျ်ား စောစောစီးစီးလျှောသွားတော့လည်း နောက်လင်တစ်ယောက် ခပ်မြန်မြန်ကောက်ယူလို့ရသွားတာပေါ့ ... ဟားဟားဟားဟား ..."

 

"အဟင့် ..."

 

အပြောခံလိုက်ရသော အဒေါ်ကြီးရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ ဝဲလာသည်ကို ကျွန်မထင်ထင်ရှားရှားမြင်နေရပါတယ်။ လူအုပ်ကြီးဆိုသည်မှာလည်း တော်တော်လေးကို ဒေါသထွက်နေခဲ့ကြသဖြင့် လက်သီးလက်မောင်းတွေ တန်းကုန်ကြပါပြီ။

 

"မင်းတို့ခွေးလောက်တောင် သောက်ဆင့်မရှိတဲ့ကောင်တွေ အဲ့အရှေ့ကနေဖယ်လိုက်စမ်း ... ငါတို့အထဲဝင်ပြီး နေရာလွတ်ရှိမရှိကို မျက်လုံးနဲ့ကိုယ်တိုင်အတည်ပြုကြည့်ပြီးမှ ယုံမယ် ..."

"အေး ဟုတ်တယ် ... ငါတို့ကိုယ်တိုင်မျက်လုံးနဲ့မမြင်ရမချင်း ဘယ်မအေိုးပြောတာမှ မယုံနိုင်ဘူးကွ ... အဲ့ခွေးသားတွေကို ဆွဲဖယ်ပစ်လိုက်ကြစမ်းပါကွာ ..."

"ဝင်ကြကွာ အကုန်ဝင်ကြ ငါတို့လူအုပ်တောင့်တာပဲ ... ဘယ်အကောင်မှကြောက်နေစရာမလိုဘူး ... ဆေးရုံမှာ ဆရာဝန်တွေ သူနာပြုတွေလည်း တစ်ယောက်မှမတွေ့ရတာ တော်တော်ထူးဆန်းနေတယ် ..."

 

ဗဟိုဆေးရုံကြီးရှေ့ကအခြေအနေတွေမှာ အတင်းမာဆုံးအနေအထားတစ်ခု၌ ရောက်ရှိနေခဲ့ပါပြီ။ ဒေါသထွက်နေသော လူအုပ်ကြီးက သူတို့ကိုတားဆီးပိတ်ပင်ထာသည့် လက်နက်ကိုင်သုံးယောက်နှင့် အကာအကွယ်တစ်ချို့အား ချိုးဖြတ်၍ ဆေးရုံအဆောက်အအုံအတွင်းသို့ အတင်းအကြပ်စီးနင်းဝင်ရောက်ရန် ကြိုးပမ်းလာကြတယ်။ တစ်ဘက်မှ လက်နက်ကိုင်သုံးယောက်ကလည်း သူတို့ချည်းဖြင့်ထိန်း၍မနိုင်တော့သောကြောင့် အဆောက်အအုံအတွင်းရှိ တခြားစစ်ကူများအား လှမ်းခေါ်ခဲ့ကြသဖြင့် ချက်ချင်းဆိုသလိုပင် ဗဟိုဆေးရုံကြီး၏ဝင်ပေါက်တံခါးဝအရှေ့မျက်နှာစာ၌ အဓိကရုဏ်းရန်ဖြစ်ပွဲကြီးတစ်ရပ်ပေါ်ပေါက်လာခဲ့ရလေတော့တယ်။

 

" ... အု ..."

 

ကျွန်မ၏နောက်ကျောဘက်ကနေ လူများတိုးဝင်လာခဲ့ကြသဖြင့် ကျွန်မရှေ့သို့မှောက်ယက်ဟက်ထိုးလဲကျသွားစဉ် ကျွန်မ၏ရင်ဝအား တစ်စုံတစ်ယောက်မှ ဒူးနှင့်ဖြတ်တိုက်သွားခဲ့တယ်။ အဲ့သည်နောက်မှာတော့ ကျွန်မ မတ်တပ်ပြန်မရပ်နိုင်ခဲ့သဖြင့် လူတွေတက်နင်းသွားသည်ကို ဖွတ်ဖွတ်ညပ်ညပ်ကြေတဲ့အထိခံခဲ့ရတော့တာပေါ့။

 

"ဒိုင်း ..."

 

ဆေးရုံးဝင်ပေါက်တံခါးဝရှေ့ကနေထွက်ပေါ်လာသည့် သေနတ်သံတစ်ချက်ကြောင့် လုံးထွေးသတ်ပုတ်နေကြသော လူအုပ်ကြီးမှာ ခေတ္တခဏမျှရပ်တန့်သွားခဲ့ကြတယ်။ ထို့နောက် မြေကြီးပေါ်၌ ဖုန်အလူးလူး ရွံ့အထွေထွေဖြင့် မထနိုင်မပြုနိုင်ဖြစ်ရှာနေသေးသော ကျွန်မအပါအဝင် လူတွေအားလုံးရဲ့အကြည့်က ဆေးရုံအဆောက်အအုံရှေ့ရှိ လူတစ်ယောက်ထံသို့ရောက်ရှိသွားခဲ့ကြပါတယ်။ ထိုလူကတော့ စစ်အစိမ်းရောင်ယူနီဖောင်းအပြည့်အစုံဝတ်၍ နေကာမျက်မှန်တပ်ဆင်ထားသည့် လက်နက်ကိုင်ယောကျ်ားကြီးပါ။ ထိုသူကိုင်ဆောင်ထားသည့် လက်နက်ကတော့ တခြားသူတွေလိုမျိုး ရိုင်ဖယ်သေနတ်တစ်လက် မဟုတ်ဘဲ အရွယ်အစားခပ်ငယ်ငယ် အိတ်ဆောင်ပစ္စတိုသေနတ်တစ်လက်တည်းပါပဲ။

 

"ဒီလူတွေကတော့ တကယ် သက်တမ်းစေ့မနေချင်ကြတော့ဘူး ထင်တယ် ... လာလေ သေရဲတဲ့ကောင်ရှိရင်ထွက်လာခဲ့ ... တစ်ခါတည်းပစ်သတ်ပြီး နောက်ဘဝကူးပေးလိုက်မယ် ..."

 

"ဟားဟားဟား ... မင်းတို့ သေနတ်ပြပြီးခြိမ်းခြောက်တိုင်း ကြောက်ဒူးတုန်သွားရအောင် ငါတို့ကိုစဉ်းစားဉာဏ်မရှိတဲ့သောက်ရူးတွေများ မှတ်နေကြသလား ... ဒီမှာဟိတ်ကောင်တွေ ... မင်းတို့ သောက်အစိုးရနာမည်ခံပြီး ဆေ့ဗ်ဇုန်တွေထဲမှာ လက်နက်အားကိုးနဲ့  လူပါးဝချင်တိုင်းဝနေတာကို တို့ပြည်သူတွေ ဒီအတိုင်းထိုင်ကြည့်ပေးနေကြလို့ တဖြည်းဖြည်းနဲ့ပိုပိုပြီးရောင့်တက်မလာနဲ့ကြကွ ... အခြေအနေအချိန်အခါအရ အခွင့်မသာသေးလို့သာပေါ့ကွာ ... အခွင့်အရေးများရခဲ့ရင်တော့ ..."

 

"ဒိုင်း ..."

 

"ဟဲ့ ..."

"ဟင် ..."

"အိုး ..."

 

သေနတ်သံနောက်တစ်ချက်ကို ထပ်မံကြားလိုက်ရပြီးနောက်မှာ လူအုပ်ကြီးအတွင်းမှ အာမေဋိတ်သံများ ဆူဆူညံညံထွက်ပေါ်လာခဲ့တယ်။ ကျွန်မလည်း မြေကြီးပေါ်ကနေ ကုန်းရုန်းထပြီး ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်အား သိရဖို့ကြိုးစားလိုက်တယ်။ ကျွန်မ၏ အရှေ့မြောက်ဘက် ပေ ၂၀ ခန့်အကွာရှိ မြေကြီးပေါ်၌ လူတစ်ယောက် မှောက်ယက်အနေအထားဖြင့်လဲကျနေတယ်။ ပြီးတော့ ... သွေးတွေလား။ အဆိုပါမှောက်ယက်လဲကျနေသူ၏ ခန္ဓာကိုယ်အောက်ဘက်ကနေပြီး သွေးတွေစိမ့်ထွက်လာခဲ့တယ်။ သေချာကြည့်လိုက်မိတော့မှ ထိုသူ၏ နောက်ကျောဘက်၌ အပေါက်ငယ်တစ်ပေါက်ကိုတွေ့လိုက်ရတယ်။

 

"အခွင့်အရေးများရခဲ့ရင် ဘာဖြစ်သလဲ ... ဘာလုပ်ချင်လို့တုန်း ... မင်းတို့တော့မသိဘူး ငါကတော့ အဲ့သည့်အခွင့်အရေးဆိုတာကြီးကို ရရင်ရသလိုယူတတ်တယ်ကွ ... အဲ့တာကြောင့်လည်း ငါက မင်းတို့တွေထက်ခေါင်းတစ်လုံးမြင့်နေခဲ့တာ ..."

 

" ... ... ... "

 

လူအုပ်ကြီးထံကနေ မည်သည့်အသံမှထပ်မံထွက်ပေါ်လာခဲ့ခြင်းမရှိတော့ပါဘူး။ ပစ္စတိုသေနတ်ကိုင်ထားသည့် ယောကျ်ားကတော့ အဆိုပါလူအုပ်ကြီးအား ကောင်းကောင်းဆဲဆိုနေဆဲပါ။ ကျွန်မလည်း လူအုပ်ကြီးနဲ့ရောယောင်ပြီး ငြိမ်နေလိုက်ရတယ်။

 

"ကိုင်း ဘယ်အကောင်သေနေ့စေ့ချင်သေးလဲ ... ထွက်လာခဲ့ကြစမ်းပါ ... ငါကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်နော် ... အနည်းဆုံးတော့ မင်းတို့တွေဒီဘဝမှာ မှိုဇွန်ဘီ မဖြစ်ဘဲ သေသွားလိုက်ရတာပေါ့ကွာ ... ဟားဟားဟားဟား ..."

 

"ဒီဒီခွေးမသားတွေကတော့ကွာ ..."

 

ပစ္စည်းသေနတ်ကိုင် ယောကျ်ားကြီးပြောလိုက်သည့်စကားအား လက်နက်ကိုင်အစောင့်တွေအကုန်လုံးက ဝိုင်းရယ်ကြတယ်။ လူအုပ်ကြီးကလည်း အံတကြိတ်ကြိတ်ဖြစ်နေခဲ့ပေမယ့်လို့ ဒေါသထွက်ပြရုံကလွဲပြီး ဘာမှမတတ်နိုင်ကြတော့ပါဘူး။ သွေးအိုင်အတွင်း၌ အသက်ငင်နေဆဲ လူသားတစ်ဦးကဖြင့် နောက်ဘဝသို့ကူးပြောင်းနိုင်ရေးအတွက် လက်မှတ်ဖြတ်နေခဲ့ရပါပြီ။ ကျွန်မလည်း ထိုနေရာမှာဆက်နေ၍ အကြောင်းမထူးမှန်း သဘောပေါက်သွားမိသဖြင့် လူအုပ်ကြီးအားထပ်မံတိုးဝှေ့ကာ ထွက်လာခဲ့လိုက်တယ်။

 

"ကဲကဲ အားလုံးအိမ်ပြန်ကြတော့ကွာ ... အာရုံနောက်တယ် ... မင်းတို့ရဲ့လူနာတွေ မှိုပြောင်းမသွားခင် အချိန်မှီဆေးကုသခွင့်ရပါစေလို့ပဲ ငါတို့ဆုတောင်းပေးလိုက်ပါတယ် ...  ဟီးဟီးဟီး ..."

 

အုပ်ချုပ်ရေးမျှော်စင်ဆီမှ နာရီကြီးထံကနေ နေ့လည် ၁၁ နာရီထိုးပြီးဖြစ်ကြောင်း အကြောင်းကြားချက်ခေါင်းလောင်းသံတညံညံ ထွက်ပေါ်လာခဲ့တယ်။ အခြေအနေတွေက ကျွန်မအတွက် သိပ်မဟန်တော့ပါဘူး။ ကပ်ပါးမှိုရောဂါကူးစက်ခံရပြီး ၂၄ နာရီအတွင်း ဆေးမကုသပေးနိုင်ရန် ဖေကြီးက မှိုဖုတ်ကောင်ဘဝကိုရောက်သွားတော့မှာ။ အဲ့အချိန်မတိုင်ခင် ... ညနေ နာရီမခွဲမတိုင်ခင် ကျွန်မဖေကြီးကို စပေါ့ တစ်ခုခုရအောင်ရှာပေးနိုင်မှဖြစ်မယ်။ ကျွန်မ ... ရအောင်ရှာပေးနိုင်မှဖြစ်မယ် ...

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

"သတင်းပို့ပါတယ် မြို့တော်ဝန် ..."

 

"ဝင်လာခဲ့ပါ ကပ္ပတိန် ..."

 

စစ်အစိမ်းရောင်ယူနီဖောင်းအား အပေါ်အောက်ပြည့်စုံစွာဝတ်ဆင်ထားသော ယောကျာ်းတစ်ယောက် အမှောင်ချထားသော ခန်းမကျယ်ကြီးအတွင်းသို့ဝင်ရောက်လာခဲ့သည်။ ၎င်း၏မျက်နှာပေါ်တွင်တော့ နေကာမျက်မှန်မရှိတော့ ...

 

"ကျွန်တော့်ကောင်လေးတွေ အပြင်ကလူအုပ်ကြီးကို ထိန်းထားလိုက်နိုင်ပါပြီ ... မြို့တော်ဝန်အနေနဲ့ ဘာမှစိုးရိမ်မလိုတော့ပါဘူးခဗျ ..."

 

"တာဝန်ကျေပါပေတယ် ကပ္ပတိန် ... သည်အတိုင်းပဲဆက်ပြီး တာဝန်ထပ်ဆောင်နေလိုက်ပါဦး ... လိုအပ်ရင် ပစ်မိန့်ပါ ကျုပ်တစ်ခါတည်းပေးလိုက်မယ် ..."

 

"ဟုတ်ကဲ့ပါ မြို့တော်ဝန် ... ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး ..."

 

စစ်အစိမ်းရောင်ယူနီဖောင်းဝတ် ကပ္ပတိန်ဆိုသူတစ်ယောက် ခန်းမကြီးအတွင်းမှ လာရာလမ်းအတိုင်းပြန်လည်ထွက်ခွာသွားခဲ့၏။ ခန်းမကြီးအတွင်း၌ လူနာတင်ကုတင်တစ်လုံးသာရှိသည်။ ထိုလူနာတင်ကုတင်အား ကပ်ပါးမှိုရောဂါကုသရာ၌အသုံးပြုသော နေရောင်ခြည်ဓာတ်ကင်စက် လုံးခန့်ကဝိုင်းပတ်၍ထားခဲ့ပြီး အဆိုပါလူနာတင်ကုတင်ပေါ်၌ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်လဲလျောင်းလျက်ရှိလေသည်။ ထိုကောင်လေး၏ မျက်နှာတစ်ခုလုံး၌ မှိုပွင့်များနှင့်ပြည့်နှက်နေခဲ့၍ အောက်ဆီဂျင်ကိုလည်း ပြင်းပြင်းထန်ထန် မနည်းရှုရှိုက်နေရသည့် သဘော၌ရှိနေ၏။

 

"စိတ်ချပါ ငါ့သား ... အဖေ မင်းကို မရရအောင် ကယ်တင်ပေးမှာပါ ... ဒီဆေ့ဗ်ဇုန်မြို့ကြီးတစ်ခုလုံးကို အဖေ စတေးလိုက်ရမယ်ဆိုရင်တောင် မင်းကို အဖေ မရရအောင်ကယ်တင်ပေးဦးမှာပါ ... သည်ကအဖေတစ်ယောက်လုံးကိုသာ မင်းယုံကြည်ထားလိုက် ငါ့သား ... အဖေ့ အသက်နဲ့ကျိန်ပြီးတော့ပြောရဲတယ် ..."

 

လူနာတင်ကုတင်ပေါ်ရှိ ဆယ်ကျော်သက် ကောင်လေးကဖြင့် သူ၏အသက်အား သေမင်းထံမှမနည်းပြန်လုနေရသောကြောင့် မအားလပ်ရှာသဖြင့် သူ့အဖေကျိန်ပြောခဲ့သည့် စကားလုံးများကို ကြားလိုက်မည့်ပုံမပေါ်ပေ။ အဆိုပါ လူနာတင်ကုတင်၏ ညာဘက်အခြမ်း၌ ထိုကောင်လေး၏ ဖခင်တစ်ဖြစ်လဲ မြို့တော်ဝန်ဆိုသူရှိနေပြီ ဘယ်ဘက်အခြမ်းတွင်တော့ ... သွေးအိုင်ထဲ၌ လဲကျသေဆုံးနေခဲ့ရှာသော ဂျူတီကုတ်အဖြူရောင်ဝတ်ဆရာဝန်ကြီးတစ်ယောက်။ ၎င်းတို့နှင့် မလှမ်းမကမ်းတွင်မူ ပြင်ပလူများ မသိလိုက်ကြသောအဖြစ်အပျက်တစ်ချို့အား မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရရှာသည့် လက်ထောက်ဆရာဝန်တစ်ဦးနှင့် သူနာပြုဆရာမတစ်ယောက်။ ၎င်းတို့နှစ်ဦးအား စစ်သားဟုယူဆသော လူငယ် ဦးမှ သေနတ်များဖြင့် ဝိုင်းထောက်ချိန်ရွယ်ထားကြသဖြင့် ကြောက်ကြောက်လန့်လန့်နှင့်သာ သက်ပြင်းတွေစွတ်ချနေခဲ့ရရှာလေတော့သတည်း။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

"ဟောဟဲ ... ဟောဟဲ ... ဟောဟဲ ..."

 

ကျွန်မခြေထောက်တွေက အတော်လေးကို လေးလံနေခဲ့ပါပြီ။ ခန္ဓာကိုယ်က စိတ်သွားတိုင်းမပါချင်တော့။ ကျွန်မ နေရောင်ဖြည် စပေါ့ ပတ်ရှာနေသည်မှာ လူနေဆတ်ပ်တာ ခုပင်ကျော်လွန်၍ ယခု၌ ခုမြောက်အဖြစ် အရှေ့ပိုင်းဆတ်ပ်တာအတွင်းသို့ရောက်ရှိနေခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မ အခုထိ ဖေကြီးအတွက် စပေါ့ဘွတ်ကင် တစ်နေရာမှရှာမတွေ့ခဲ့သေးပါဘူး။ တစ်နေရာအရောက်မှာ ကျွန်မကိုယ်ကျွန်မ ဆက်ပြီးထိန်းမထားနိုင်တော့ပဲ လမ်းမပေါ်၌ပစ်လဲကျသွားမိတယ်။

 

"သမီးတောင်းပန်ပါတယ် ဖေကြီး ... သမီးသမီး ဖေကြီးကို အချိန်မှီမကယ်တင်ပေးနိုင်တော့ဘူးထင်ပါတယ် ... သမီး သမီး တကယ်တောင်းပန်ပါတယ် ... ဖေကြီး သမီးကို ဒီလောက်အထိပြုစုပျိုးထောင်ပေးခဲ့တာတောင် ... ဒီသောက်သုံးမကျတဲ့ သမီးက ဖေကြီးအတွက် ဘာမှပြန်လုပ်မပေးနိုင်ခဲ့ဘူး ..."

 

ပုလဲပွင့်ရောင် မျက်ရည်စတွေက ကျွန်မ မျက်ဝန်းအိမ်ကနေတစ်ဆင့် ပါးပြင်ကျယ်ကြီးပေါ်သို့ ဖြည်းဖြည်းချင်း ဖြတ်သန်းစီးဆင်းသွားခဲ့တယ်။ ကျွန်မ လက်သီးအားတင်းတင်းကျပ်ကျပ်ဆုတ်၍ လမ်းမကြီးပေါ်သို့ တဖုတ်ဖုတ်နှင့်ထုချနေမိတယ်။ ဘယ် ဆတ်ပ်တာကနေကြည့်ကြည့် လှမ်းမြင်နေရသည့် အုပ်ချုပ်ရေးမျှော်စင်ဆီမှ နာရီကြအား လှမ်းကြည့်လိုက်တော့ ညနေ နာရီ ၄၅ မိနစ်တောင်ရှိနေခဲ့ပါပြီ။ ဟုတ်တာပေါ့ ... ကျွန်မ အချိန်မမှီတော့ဘူး။ ၂၄ နာရီက ကျွန်မကို တစ်စက်ကလေးမှ မစောင့်ပဲ အရင်ပြည့်သွားနှင့်ခဲ့ပါပြီ။ ကျွန်မ အိမ်မပြန်ချင်တော့ဘူး။ အိမ်မှာ ဖေကြီးဘယ်လိုပုံစံဖြစ်နေလိမ့်မလဲဆိုတာ ကျွန်မတွေးမကြည့်မိချင်ဘူး။ ကျွန်မကိုယုံကြည်ပြီး မနက်ကတည်းက အိမ်မှာစောင့်ဆိုင်းခဲ့သည့် မေကြီးအား ကျွန်မ မျက်နှာချင်းမဆိုင်ရဲခဲ့ဘူး။

 

အရှေ့ဘက်မြို့ရိုးတံတိုင်ကြီး ... ကျွန်မ အခုရောက်ရှိနေသည့်နေရာကနေတစ်ဆင့် အရှေ့ဘက်မြို့ရိုးတံတိုင်းကြီးကို ကျွန်မလှမ်းမြင်နေရတယ်။ ညီညီနဲ့ နီနီအား ကျွန်မခေါ်သွားပေးမည်ဟု ကတိပေးထားခဲ့ဖူးသော ထိုအရှေ့ဘက်မြို့ရိုးတံတိုင်းကြီး။ ဖေကြီး ကျွန်မနဲ့ ကလေးနှစ်ယောက်ကို အဆိုပါအရှေ့ဘက်မြို့ရိုးတံတိုင်းကြီးဆီလိုက်ပို့ပေးရဦးမယ်လေ။ ဘာလို့ သည်လိုတွေဖြစ်ကုန်ရတာလဲ ...

 

"ညီညီ ... နီနီ ... မင်းတို့ရဲ့ ... သောက်သုံးမကျတဲ့အစ်မကြီးကို ... ခွင့်လွှတ် ... ပေးကြ ... ပါ ... "

 

မနက်ကတည်းက ဘာမှမစားရသေးသည်ကတစ်ကြောင်း၊ တစ်နေကုန်ပြေးလွှားထားခဲ့ရ၍ လူကအားအင်ကုန်ခမ်းနေပြီဖြစ်တာကတစ်ကြောင်းတို့ကြောင့် ကျွန်မမျက်လုံးတွေ မှေးဆင်းလာခဲ့တယ်။

ကျွန်မသတိလက်လွတ်ဖြစ်မသွားခင်အချိန်လေးမှာ ကျွန်မနားထဲသို့ အသံတစ်ခုဝင်ရောက်လာခဲ့တယ် ..."

 

"ဟေ့ ကလေးမလေး ... သတိထားဦးလေ ..."

 

ကျွန်မ အားယူပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ ကျွန်မနှင့် မသိသည့် သူစိမ်းယောကျ်ားတစ်ယောက်။ ကျွန်မ၏ လက်မောင်းကိုတွဲပြီး ကျွန်မအားဆွဲထူပေးနေတယ်။

 

"ဘာဖြစ်သွားသေးလဲ ... ဒဏ်ရာရသွားသေးလား ..."

 

" ... ပေါ့ ..."

 

"ဟမ် ... "စပေါ့" ဟုတ်လား ..."

 

"ဒီအနီးအနားမှာ ... ဆန်းလိုက်စပေါ့ ဟော်စပီတယ် တစ်ခုခုမရှိဘူးလားဟင် ..."

 

ကျွန်မဆီကနေ မထင်မှတ်သော စကားကို ကြားလိုက်ရ၍ ထင်ပါသည် ... အနှီးသူစိမ်းယောကျာ်း၏ မျက်နှာပေါ်၌ အံသြသွားသည့် အရိပ်အယောင်တွေ ကျွန်မမြင်လိုက်ရတယ်။

 

"အက်စ်အယ်လ်အက်စ် တဲ့လား ... အင်းပေါ့လေ မနေ့ညနေက အချိန်အခါမဟုတ်ဝတ်မှုန်တွေ တစ်မြို့လုံးကိုဝင်မွှေသွားခဲ့တာပဲဟာ ... အခုလောက်ဆို မြို့ထဲမှာ ဖရိုဖရဲတွေဖြစ်နေလောက်ရောပေါ့ ... လူပြည့်နေပြီးလားတော့ မသိပေမယ့် ဟောဟိုအရှေ့က လမ်းမကြီးအတိုင်းတည့်တည့်ဆက်သွားလိုက်မယ်ဆိုရင် ပထမဆုံးလမ်းချိုးတစ်ခုကိုအရင်တွေ့ရလိမ့်မယ် ... အဲ့လမ်းချိုးအတိုင်း ဘယ်ဘက်ကိုဆက်လိုက်သွား ... အဲ့လမ်းချိုးရဲ့ အလယ်တစ်ဝက်လောက်မှာ နောက်ထပ် လမ်းသွယ်လေးတစ်ခုရှိတယ် ညာဘက်မှာနော် ... အဲ့လမ်းသွယ်လေးရဲ့အဆုံးမှာ သိပ်မကြာသေးခင်ကမှ အသစ်ပေါ်လာခဲ့တဲ့ အက်စ်အယ်လ်အက်စ်တစ်ခုရှိနေသေးတယ် ... အဲ့သည်နေရာက အခုထိလည်း ရီဂျက်စတာ (Register) မတင်ရသေးဖူးဆိုတော့ လူတွေတော်တော်များများမသိလိုက်ကြသေးဘူး ... အဲ့ကိုသွားကြည့်ရင်တော့ မျှော်လင့်ချက်ရှိနိုင်ဦးမယ်ထင်တယ် ကလေးမ ..."

 

"ကျေးဇူးတင်ပါတယ် ..."

 

"ဟာ ဟေ့ ကလေးမ နေဦးလေ ... မင်း ခန္ဓာကိုယ်က အဆင်ရောပြေသေးလို့လား ..."

 

ကျွန်မကို ကူညီပြီးလမ်းညွှန်ပေးခဲ့သည့် သူစိမ်းယောကျာ်းအား ကျေးဇူးတင်စကားတစ်ခွန်းပြော၍ ကျွန်မထိုနေရာကနေ တစ်ချိုးတည်းပြေးထွက်လာခဲ့တယ်။ အခုအချိန်မှာ ကျွန်မအတွက် ဘယ်အရာကမှအရေးကြီးမနေတော့ပါဘူး။ ဖေကြီးထက် ... ဘယ်အရာကမှအရေးကြီးမနေတော့ပါဘူး။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

"ဟာ ..."

 

ကျွန်မကို ကူညီပေးခဲ့သည့် သူစိမ်းယောကျ်ား လမ်းညွှန်ပေးလိုက်သော လမ်းကြောင်းအတိုင်း ကျွန်မ သွားရှာမိလိုက်တော့ ထိုသူပြောပြခဲ့သည့် SLS အသစ်ဆိုသည်အား နောက်ဆုံး၌ ကျွန်မ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ... တခြားနေရာများကဲ့သို့ လူကအပြည့်ပါပဲ။ သွားမေးကြည့်စရာတောင်မလိုခဲ့ပါဘူး ... အစိုးရထံမှာ Register မတင်ရသေးသည့်အတွက်  ဆေးရုံတစ်ရုံကဲ့သို့ အမိုးအကာ အင်္ဂါရပ်များအပြည့်အစုံမရရှိခဲ့သေးသဖြင့် အတွင်းဘက်မှ လူနာတင်ကုတင်များနှင့် ဓာတ်ကင်စက်များအား ကျွန်မ ဝင်ပေါက်ဝကနေတစ်ဆင့် လှမ်းမြင်တွေ့နေရပါတယ်။

 

ကျွန်မ ဝင်ပေါက်ဝအရှေ့မှာပဲ ဒူးထောက်ပြီးထိုင်ချလိုက်တယ်။ ကျွန်မ ဒူးခေါင်းတွေမှာ ဆက်ပြီးမတ်တပ်ရပ်နေနိုင်ဖို့ အားများမရှိကြတော့ပါဘူး။ အစောပိုင်းကအထိ ရပ်တန့်ခြောက်သွေ့နေခဲ့ပြီဖြစ်သော မျက်ရည်စီးကြောင်းများမှာလည်း ထပ်မံတာကျိုး၍ စီးကျလာသော မျက်ရည်စများကြောင့် ပြန်လည်ထင်ပေါ်လာခဲ့ပါတယ်။ ကျွန်မမှာ တကယ်မျှော်လင့်ချက်မရှိတော့ဘူး ထင်ပါရဲ့ ...

 

"ဟိုအပေါက်ဝမှာထိုင်နေတဲ့ ကောင်မလေး ... နင် အဆင်ပြေရဲ့လား ..."

 

" ... ... ... "

 

ကျွန်မခေါင်းမော့ကြည့်လိုက်တော့ ပီပီအီးဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ကျွန်မဆီကိုခြေလှမ်းမှန်မှန်နှင့် လျှောက်လှမ်းလာနေတာကိုတွေ့လိုက်ရတယ်။

 

"ဒီအရှေ့မှာ ဘာထိုင်လုပ်နေတာလဲ ကောင်မလေး ..."

 

"စပေါ့ ... စပေါ့ဘွတ်ကင် လုပ်ချင်လို့ ... လူတစ်ယောက်စာ ..."

 

ကျွန်မ ပါးစပ်ကနေထွက်ပေါ်လာခဲ့သည့် စကားလုံးတွေက နှာရှိုက်သံကြောင့် အထစ်ထစ်အငေါ့ငေါ့နှင့် ပလုံးပထွေးဖြစ်နေခဲ့တယ်။ စကားပြောရသည်ကိုပင် ကျွန်မ တော်တော်ကြီး အားယူနေခဲ့ရတာပါ။

 

"ဟင် ... စပေါ့ဘွတ်ကင်လုပ်မလို့လား ... အဲ့တာဆိုရင်တော့ အစ်မ စိတ်မကောင်းပါဘူးကွယ် ... ခုဏလေးတင် နောက်ဆုံးနေရာလွတ်တစ်ခုကို လူနာဝင်သွားခဲ့တာကွဲ့ ... နည်းနည်းစောစောသာ ရောက်လာခဲ့မယ်ဆိုရင် အချိန်မှီနိုင်သေးတဲ့ဟာကိုကွာ ..."

 

ကျွန်မ အစဦးပိုင်းကတည်းက အဆိုပါအမျိုးသမီးဆီကနေတုံ့ပြန်လာမည့် ဘယ်လိုစကားလုံးမျိုးမဆို မျှော်လင့်ချက်ကြီးကြီးမားမားတွေ မထားမိခဲ့ပါဘူး။ ဒါပေမယ့် နာကျင်ရတယ် ... စကားလုံးတွေကိုယ်တိုင်က အတည်ပြုပေးခဲ့သည်ကိုကြားလိုက်ရတော့ ကျွန်မရင်ထဲမှာ တကယ်နာကျင်သွားရတယ်။ ကျွန်မ မခံစားနိုင်တော့သဖြင့် အဆိုပါအမျိုးသမီးရဲ့ရှေ့မှောက်၌ပင်  ပြင်းပြင်ထန်ထန်ငိုကြွေးလိုက်မိတယ်။ အဆိုပါ အမျိုးသမီး၏မျက်နှာအမူအရာကတော့ မည်သို့မည်ပုံဖြစ်သွားခဲ့သနည်းဆိုတာကို ပီပီအီးဝတ်စုံနှင့်တစ်ဆက်တည်းကပ်၍ ဝတ်ဆင်ထားသည့် မျက်နှာဖုံးကွယ်နေခဲ့ခြင်းကြောင့် ကျွန်မခန့်မှန်း၍မရခဲ့ပါဘူး။

 

"ဒေါက်တာ ... ဒီမှာ လူနာတစ်ယောက် နှလုံးခုန်ရပ်သွားလို့ အမြန်လာကြည့်ပေးပါဦး ..."

 

"အော် ... အေး အေး ... လာပြီ လာပြီ ..."

 

ဒေါက်တာအဆင့် ကျွမ်းကျင်ဆရာဝန်တစ်ဦးဟုယူဆရသော အဆိုပါအမျိုးသမီးက ကျွန်မအားတစ်ချက်လှည့်ကြည့်ကြီးနောက် အတွင်းဘက်ဟောခန်းထဲသို့ပြန်ဝင်သွားခဲ့ပါတယ်။ ကျွန်မကတော့ ဝင်ပေါက်ဝမှာ တစ်ယောက်တည်း မလှုပ်မယှက်နှင့် ငူငူငိုင်ငိုင်ကြီးပင်။ ကျွန်မခေါင်းထဲ၌ ယခင်က ဖေကြီးနှင့်အတူရှိခဲ့ဖူးသော အမှတ်တရတွေ တန်းစီပြီး ပြန်ပေါ်လာနေခဲ့တယ်။ ကျွန်မကို အရှေ့ဘက်မြို့ရိုးတံတိုင်းကြီးဆီသို့ ခေါ်သွားပေးခဲ့သည့်နေ့၊ အမွှာကလေးနှစ်ယောက်အား မေကြီးမှ အောင်အောင်မြင်မြင်ဖွားမြင်ပေးခဲ့သည့်နေ့၊ ထို့နောက် ကျွန်မတို့မိသားစုဝင်ငါးယောက် အတူတကွပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြသည့် တခြားသောနေ့ရက်တွေ စသည့်မှတ်ဉာဏ်ပုံရိပ်များက ကျွန်မ ဦးနှောက်အတွင်းသို့ ဆက်တိုက်ဆိုသလို ကားလိပ်တင်ဝင်ရောက်လာခဲ့ပါတယ်။

 

"ဟိုကောင်မလေး ... အပေါက်ဝမှာ ရှိနေသေးလား ..."

 

" ... ... ... "

 

ဟောခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သော ဒေါက်တာမမဆီမှ အော်ခေါ်သံကြားလိုက်ရသဖြင့် ကျွန်မ ခေါင်းမော့ကြည့်လိုက်မိတယ်။ အဆိုပါဒေါက်တာမမက ဟောခန်းအတွင်းဘက်တစ်နေရာကနေ ကျွန်မဆီသို့ ပြေးထွက်လာနေပါတယ်။ ကျွန်မ ကြောင်အမ်းအမ်းဖြစ်ပြီး ငေးကြည့်မိနေသည့်အချိန်မှာ အနှီးဒေါက်တာမမ က ...

 

"တော်သေးတာပေါ့ ... နင်ဒီမှာရှိနေသေးလို့ ... ငါက အိမ်ပြန်သွားလောက်ပြီထင်နေတာ ..."

 

"ဘာဖြစ်လို့လဲဟင် ..."

 

"အခုလေးတင် လူနာတစ်ယောက် နှလုံးရပ်ပြီး ဆုံးသွားတာနဲ့ ကုတင်တစ်လုံးလွတ်သွားတယ် ... သွား နင့်လူနာကို မြန်မြန်သွားခေါ်လာခဲ့ ..."

 

"အမ် ..."

 

ကျွန်မ ကိုယ့်နားတောင်ကိုယ်မယုံနိုင်ဖြစ်သွားမိတယ်။ အခု ကျွန်မဖေကြီးအတွက် နေရာလွတ်ရပြီလို့ပြောလိုက်တာလား။ တကယ်ကြီး စပေါ့ နေရာလွတ်ရသွားတာလား။ နောက်နေတာတော့ မဟုတ်ပါဘူးနော် ...

 

"ဟဲ့ ဒီအရှေ့မှာပဲ မတ်တပ်ကြီးရပ်ပြီးကြောင်ကြည့် မနေနဲ့လေ ... လူနာတင်ကုတင်က ဘွတ်ကင်လုပ်ထားလို့မရဘူးနော် ... ငါတို့က ဒီအချိန်မှာ အရင်လာတဲ့လူကို အရင်ဦးစားပေးရမှာပဲ ... အဲ့တော့ သူများဦးမသွားခင် နင်မြန်မြန်အိမ်ပြန်ပြီး လူနာသွားခေါ်လာခဲ့တော့ ... ရော့ ... ဒီအရေးပေါ်အသက်ကယ်ဆေးဘူးကိုလဲ တစ်ခါတည်းဆောင်သွားလိုက် ... သွားဟဲ့ မြန်မြန် အော် ဒီကောင်မလေးနှယ့် ..."

 

"ဟုတ်ဟုတ်ကဲ့ ... ဟုတ်ကဲ့ ဟုတ်ကဲ့ ..."

 

ဒေါက်တာမမက ကျွန်မကျောပြင်အား စောင့်တွန်းပေးလိုက်သဖြင့် ကျွန်မအရှေ့သို့ ဟက်ထိုးပြေးရန်အရှိန်ရသွားခဲ့တယ်။ ကျွန်မ ခြေလှမ်းတွေက သည်တစ်ခေါက်တော့ တကယ်ကြီးကိုသွက်လက်နေခဲ့တာပါ။

 

"ဟိတ် ကောင်မလေး ... ဒီလမ်းသွယ်ကကျဉ်းကျဉ်းလေးရယ်နော် ... နင်အပေါက်ဝကနေ တစ်ခုခုနဲ့ပိတ်ထားခဲ့လိုက်ရင် လမ်းထဲကိုဘယ်သူမှ ဝင်လို့ရမှာမဟုတ်တော့ဘူး သိလား ... အဟိအဟိ ..."

 

ဒေါက်တာမမရဲ့ အဆိုပါစကားတစ်ခွန်းက ကျွန်မနားအတွင်းပိုင်းမှာ ပျောက်ကွယ်လို့မသွားဘဲ ပဲ့တင်သံထပ်၍နေခဲ့ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

ကျွန်မ ဖေကြီးကိုကယ်တင်ပေးနိုင်တော့မယ်ဆိုတာသိလိုက်ရတော့ ကျွန်မစိတ်တွေတကယ်ပျော်ရွှင်ပြီး ခန္ဓာကိုယ်ကလည်း ပေါ့ပါးနေခဲ့တယ်။ ဒေါက်တာမမ အကြံပေးလိုက်သည့်အတိုင်း လမ်းသွယ်အတွင်း၌တွေ့ခဲ့ရသမျှ ပစ္စည်ပစ္စယအကုန်လုံးအား ခန္ဓာကိုယ်ဖြင့် တိုက်ချ၊ တွန်းချ၊ ဆွဲချ၊ ပစ်ချ ပစ်ခဲ့ဖြစ်၍ လမ်းကိုဝင်မရအောင် ပိတ်ဆို့ခဲ့လိုက်ပါသေးတယ်။ ကျွန်မခေါင်းထဲမှာ ဖေကြီးရောဂါပျောက်ကင်းသွားခဲ့သည့်အချိန်ကျ အရှေ့ဘက်မြို့ရိုးတံတိုင်းကြီးပေါ်သို့ အတူတကွသွားရောက်ကြမည့် အစီအစဉ်ကိုလည်း အသေးစိတ်ပလန် (Plan) ချမိနေခဲ့သေးတယ်။

 

ဖေကြီးကို သယ်ရလွယ်ကူစေရန် လမ်းမှာတွေ့သည့် တွန်းလှည်းတစ်စီးကိုလည်း အလစ်သုတ်ခိုးယူလာခဲ့မိသေးတယ်။ ကျွန်မစိတ်တွေ တော်တော်လေးလှုပ်ရှားနေခဲ့တယ်။ ထိုအချိန်မှာပဲ အုပ်ချုပ်ရေးမျှော်စင်ပေါ်ရှိ နာရီကြီးမှ ညနေ နာရီထိုးကြောင်း အချက်ပေးခေါင်းလောင်းသံကို ကျွန်မကြားလိုက်ရတယ်။

 

"သေစမ်း ..."

 

အရှေ့ပိုင်းဆတ်ပ်တာနဲ့ ကျွန်မတို့အိမ်ရှိရာ ဆတ်ပ်တာက ပုံမှန်လမ်းကြောင်းအတိုင်းဆိုရင် အနည်းငယ်ခန့်ခရီးလမ်းကွာဝေးမှုရှိပါတယ်။ ဒါပေမယ့် ဗဟိုဆေးရုံကြီးရဲ့ခြံဝင်းအတွင်းကနေ ဖြတ်ချသွားလိုက်မယ် ဆိုရင်တော့ ...

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

"မေကြီးရေ ... သမီး ဖေကြီးဖို့ စပေါ့ရှာတွေ့လာခဲ့ပြီ ..."

 

ကျွန်မ ပါစပ်ကလည်းပြောရင်း အိမ်တံခါးကို လက်နှစ်ဖက်ဖြင့် ဆွဲဖွင့်လိုက်မိတယ်။ အိမ်ထဲမှာ မှောင်မဲနေတယ်။ မေကြီးရဲ့ အရိပ်အယောင်ကိုလည်း မတွေ့ရသလို ကလေးနှစ်ယောက်၏အသံတွေကိုလည်း မကြားခဲ့ရပါဘူး။ အိမ်အတွင်းပိုင်းသို့ ဆက်လက်ဝင်သွားကြည့်မိတော့ ပြတင်းပေါက်တစ်ခု၌ ရပ်ပြီးအိမ်အပြင်ဘက်သို့ စိုက်ကြည့်နေသော ဖေကြီးအား ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မ ဝမ်းသာသွားခဲ့တာပေါ့။ မနက်ကအထိ ဖေကြီးက အိပ်ယာထဲကနေ မထနိုင်ရှာသေးဘူးလေ ... အခုတော့ ကျွန်မရှေ့မှောက်တွင် မတ်တပ်ရပ်ပြနေနိုင်ခဲ့ပါပြီ။

 

"ဖေကြီးရေ ... သမီး ဖေကြီးဖို့ စပေါ့ ရှာတွေ့လာခဲ့ပြီ သိလား ... အရေးပေါ်အသက်ကယ်ဆေးဘူးလဲတစ်ခါတည်းယူလာခဲ့တယ် ... ပြီးတော့ ဖေကြီး လမ်းလျှောက်နေတာ မောနေမှာစိုးလို့ စီးစရာတွန်းလှည်းပါဆွဲလာခဲ့တယ် ... ဟဲဟဲ ..."

 

" ... ... ... "

 

"သွားကြမယ်လေ ဖေကြီး ... လာမြန်မြန် အချိန်မရှိဘူး ..."

 

ကျွန်ဖေကြီးရဲ့လက်ကိုလှမ်းဆွဲဖို့ ကြံလိုက်မိတယ် ... ဒါပေမယ့်။

 

"ဂါး ..."

 

"ဟင် ဖေဖေကြီး ..."

 

ရုတ်တရက် ဖေကြီးရဲ့မျက်နှာက ကျွန်မဘက်သို့ လှည့်လာခဲ့တယ်။ ဖေကြီး ... ဖေကြီးရဲ့မျက်နှာပေါ်မှာ မှိုပွင့်တွေ။ ဖေကြီးရဲ့မျက်နှာပေါ်မှာ မှိုပွင့်တွေဆိုတာ မြင်လို့တောင် မကောင်းခဲ့ပါဘူး။ ကျွန်မ ဖေကြီးကို ထပ်ပြီး အသံဖြင့်ခေါ်ကြည့်လိုက်တယ်။

 

"ဖေကြီး ... သမီးလေ ... ဖေကြီးရဲ့သမီး လီလီလေ ..."

 

" ... ... ... "

 

ဖေကြီးက ဘာမှပြန်မပြောပဲ ကျွန်မကိုသာ စူးစူးစိုက်စိုက်ကြည့်ရှုနေခဲ့တယ်။ ဖေကြီးရဲ့ပုံစံက တကယ်ထူးဆန်းနေတယ်။

 

"ဖေကြီး ဘာဖြစ်နေတာလဲ ... သမီးကို လန့်အောင်မလုပ်နဲ့နော် ... ဒါ ,နေနောက်နေရမယ့်အချိန်မဟုတ်ဘူး ..."

 

" ... ... ... "

 

"ဒါနဲ့ မေကြီးတို့ရော ... ညီညီတို့ နီနီတို့ရော ဘယ်ရောက်သွားနေကြတာလဲ ... မေကြီးရေ မေကြီး ... မေကြီး ဟင် ဖေကြီး ဘာ ဘာလုပ် ..."

 

"ဂါး ဂရား ..."

 

"အား ..."

 

"ဒုန်း ..."

 

ကျွန်မ မေကြီးတို့အား လှမ်းခေါ်ဖို့ကြိုးစားနေတုန်းမှာပဲ ဖေကြီးက ပါးစပ်ကြီးဟ၍ ကျွန်မဆီကို ပြေးဝင်လာတယ်။ ကျွန်မလည်း ကြောက်လန့်ပြီး ဖေကြီးရဲ့ခေါင်းကို လက်ထဲကိုင်ထားသည့် အသက်ကယ်ဆေးဘူးနှင့် ကောက်ရိုက်လိုက်မိရော။

 

"ဖေဖေကြီး ..."

 

ဖေကြီးက ကုန်းရုန်းပြီး ပြန်ထလာခဲ့တယ်။ ဖေကြီးရဲ့ လှုပ်ရှားပုံတွေက ထူးခြားနေတယ်။ ခြေတွေလက်တွေက ပုံမှန်နဲ့မတူပဲ တွန့်လိမ်ကွေးကောက်နေ သယောင်ယောင်။ နောက်တစ်ခေါက် ဖေကြီး ကျွန်မကို မျက်ထောင့်နီကြီးတွေနဲ့ လှမ်းကြည့်တယ်။ ကျွန်မ ကြောက်လို့ မျက်လုံးတွေမှိတ်ထားတောင်မိတယ်။ ထို့နောက် ...

 

"ဂရား ... ဂါး ... ဂရား ..."

 

" ... ... ... "

 

"အနောက်ဆုတ်စမ်း မောင်ဆန်း ... ဒါ မင့်သမီးကွ"

 

ကျွန်မ မျက်လုံးဖွင့်ကြည့်တော့ ကျွန်မအရှေ့၌ ဘေးအိမ်ကဦးလေးကြီးတစ်ယောက်ရောက်နေတယ်။ သူ့လက်ထဲမှာ ပေါက်ပြားတစ်ခုကိုင်ထားပြီး အဆိုပေါက်ပြားနှင့် ဖေကြီးကို လှမ်းရိုက်နေတယ်။ ဘာတွေဖြစ်နေသလဲ ဆိုတာ ကျွန်မ,မပြောတတ်တော့ဘူး။

 

"လာ လီလီ ... သွားကြမယ် ..."

 

ကျွန်မအနောက်ကနေ အသံကြားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်မိတော့ အဆိုပါအိမ်နီးချင်းဦးလေးကြီး၏ သားဖြစ်သူကိုပါတွေ့လိုက်ရတယ်။ ထိုအစ်ကိုကြီးက ကျွန်မကိုလက်ကမ်းပေးနေတယ်။ ကျွန်မအရှေ့က ဦးလေးကြီးအား ကျွန်မ နားမလည်နိုင်သော မျက်လုံးများနှင့် တစ်ချက်လှမ်းကြည့်လိုက်မိတယ်။

 

"ငါ့သားနဲ့ လိုက်သွား လီလီ ... အိမ်အပြင်ရောက်မှ ဦးလေး အကုန်ရှင်းပြမယ် ..."

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

 

"လွန်ခဲ့တဲ့ နာရီဝက်လောက်ထဲက မောင်ဆန်း ဆုံးသွားပြီ လီလီ ... အခုညည်းမြင်နေရတာ ညည်းအဖေအစစ် မဟုတ်တော့ဘူး ..."

 

အိမ်အပြင်သို့ရောက်ရောက်ခြင်း ကျွန်မကြားလိုက်ရသည့် စကားက ကျွန်မကို လှောင်ပြောင်နေခဲ့သလိုပင်။ ဖေကြီး ဆုံးသွားပြီတဲ့လား ... မဖြစ်နိုင်တာ ဖေကြီးက ဟိုဟောမှာ အကောင်းသားကြီး ကျွန်မတို့ကို မတ်တပ်ရပ်ကြည့်နေတယ်လေ။ ဦးလေးဘာတွေလျှောက်ပြောနေတာလဲ ... ပေါက်တတ်ကရတွေ။ ဟုတ်တယ်မလား ဖေကြီး။

 

ကျွန်မဖေကြီးဆီသို့ အိမ်ပြတင်းပေါက်ကနေတစ်ဆင့် လှမ်းကြည့်လိုက်တယ်။ ဖေကြီးက အိမ်ထဲမှာ ဟိုဟိုကြည်ကြည့် လိုက်ကြည့်ပြီး လျှောက်သွားနေတယ်။ မှိုဖုတ်ကောင် တစ်ကောင်ကဲ့သို့ပေါ့ ...

 

"ညည်းအမေနဲ့ ကလေးနှစ်ယောက်ကို ငါတို့ ကွာရန်တင်းစင်တာဆီလိုက်ပို့ပေးထားတယ် ... ညည်းလဲ ပြီးရင်ကွာရန်တင်းဝင်ရဦးမှာ ... ငါ့သား ညည်းကိုလိုက်ပို့ပေးလိမ့်မယ် ..."

 

ကျွန်မ အိမ်နီးချင်းဦးလေးကြီးပြောသည့် စကားလုံးတွေကို နားထဲမဝင်ခဲ့ပါဘူး။ ကျွန်မ ... ဖေကြီးကိုပဲ စိုက်ကြည့်နေခဲ့မိတယ်။

 

"ဖောင်း ..."

 

"ဟင် ဦးလေး ... ဘာလုပ်တာလဲ ..."

 

အိမ်နီးချင်းဦးလေးကြီးက ကျွန်မတို့အိမ်ထဲသို့ မီးလောင်နေသည့်ပုလင်းတစ်လုံးအား ပစ်ထည့်လိုက်တယ်။ ကျွန်မက ဦးလေးကြီးကို အလန့်တကြားထအော်လိုက်မိတယ်။

 

"မောင်ဆန်းကို မီးရှို့ပြာချပစ်မှရမှာ လီလီ ... ညည်းတို့အိမ်ကိုပါ အလောင်ခံလိုက်ရတော့မှာပေါ့ ... နောက်ပြီးကျရင် ဦးလေးတို့ ပြန်ဆောက်ပေးပါ့မယ် မပူနဲ့ ..."

 

"မဟုတ်ဘူးလေ ... ဖေဖေကြီးက ... အထဲမှာ ..."

 

ကျွန်မ မီးလောင်နေသော အိမ်ကြီးကို နောက်ဆုံးတစ်ခေါက်အနေဖြင့် ပြန်လှည့်ကြည့်လိုက်မိတယ်။ ဖေကြီးက အိမ်ပြတင်းပေါက်ကနေတစ်ဆင့် မေးတစ်ကြိတ်ကြိတ်နဲ့ ကျွန်မတို့ကို လှမ်းကြည့်နေခဲ့တယ်။ မကြာခင်မှာ ကျွန်မတို့အိမ်အား လောင်မြိုက်ဝါးမြိုနေခဲ့သည့် မီးတောက်များက ဖေကြီးကိုပါ တစ်ခါတည်းအပါခေါ်သွားကြတော့မှာတဲ့လား။ ဖေကြီး ... ကျွန်မကိုတစ်ခုခုပြောပါဦး။ ဖေကြီး အဲ့သည့်ခန္ဓာကိုယ်အတွင်းမှာရှိနေသေးသည့်အကြောင်း ကျွန်မကို တစ်ခုခုပြောပြလှည့်ပါဦး။

 

" ... ... ... "

 

မီးတောက်အရှိန်ကြောင့် မျက်ရည်ဂလင်းထဲမှာ ကျွန်မ မျက်ရည်တွေခမ်းကုန်ပြီဖြစ်၍ မျက်ရည်မကျတော့ပါဘူး။ ဒါပေမယ့် ... ဒါပေမယ့်လို့ ...

 

"သမီးကို တစ်ခုခု လှမ်းပြောလှည့်ပါဦး ဖေကြီးရာ ..."




Zawgyi


"မမ ... တကယ့္ မိုးေကာင္းကင္အစစ္ဆိုတာ ဘယ္လိုပုံစံရွိလဲဟင္ ..."


 


ေမာင္ျဖစ္သူ ညီညီထံမွ အရင္းမရွိအဖ်ားမရွိ အဆိုပါေမးခြန္းေၾကာင့္ ေရပုံးတစ္ပုံးကိုလက္ကဆြဲၿပီး အိမ္အေရွ႕ေျမကြက္လပ္ထဲက ပန္းအိုးမ်ားျဖင့္စိုက္ပ်ိဳးထားသည့္ သစ္ပင္ပန္းမန္ေတြအား ေရလိုက္ျဖန္းေပးေနေသာ ကြၽန္မ ႐ုတ္တရက္ေၾကာင္အမ္းအမ္းျဖစ္သြားတယ္။ အသံလာရာဆီသို႔ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ ညီညီက သူ႔အမႊာညီမ နီနီႏွင့္အတူ ကြၽန္မ၏နံေဘး ဝါးတစ္ျပန္ခန႔္အကြာမွာ ဆက္လက္ေဆာ့ကစားေနေလရဲ႕။ လက္ထဲမွေရပုံကို ေျမျပင္ေပၚသို႔အသာအယာခ်ကာ ေမာင္ျဖစ္သူ၏အေမးအား အေၾကာင္းျပန္ရန္အတြက္ သင့္ေလ်ာ္ေသာအေျဖတစ္ခုကိုေခါင္းထဲ၌ စာစီကုံးၿပီးေနာက္ ျမင္ေနရသည့္ ေခါင္းေပၚမွ ေကာင္းကင္ယံအား ကြၽန္မတစ္ခ်က္ေငးေမာ့ၾကည့္လိုက္မိတယ္ ... ေနၿမဲအတိုင္း ရဲရဲေတာက္နီျမန္းေနဆဲ။


 


"မမ လည္းအေသအခ်ာေတာ့မသိဘူးကြဲ႕ ... ဒါေပမယ့္ စာေတြထဲဖတ္ဖူးသေလာက္ေတာ့ ဟိုးေရွးေရွးတုန္းက မိုးေကာင္ကင္ႀကီးဟာ အျပာေရာင္ရွိၿပီး တိမ္လို႔ေခၚတဲ့ အျဖဴေရာင္အခိုးအေငြ႕ေတြဖုံးလႊမ္းေနတယ္တဲ့ ... ၿပီးေတာ့လည္း ေနလုံးႀကီးေၾကာင့္ ေကာင္းကင္ႀကီးတစ္ခုလုံးက မ်က္စိစူးေလာက္တဲ့အထိ ထိန္ထိန္လင္းေနခဲ့တယ္ဆိုပဲ ..."


 


"ေနလုံးႀကီး ဆိုတာဘာလဲ မမလီလီ ..."


 


ဒီတစ္ေခါက္ေမးခြန္းကေတာ့ တစ္ခ်ိန္လုံးကစားမပ်က္ခဲ့တဲ့ညီမျဖစ္သူ နီနီဆီကေနထြက္ေပၚလာခဲ့တာပါ။ အမႊာအျဖစ္ေမြးဖြားလာခဲ့တဲ့ ညီညီေရာ နီနီက အခုမွအသက္ ၆ ႏွစ္ျပည့္ၿပီးခါစ ကေလးအ႐ြယ္ေလးေတြပဲရွိေသးတာေၾကာင့္ သူတို႔အေနနဲ႔မျမင္ဖူးမၾကားဖူးသည့္အရာမ်ားအား စူးစမ္းလိုစိတ္ရွိၾကတာ အထူးအဆန္းေတာ့မဟုတ္။


 


"ေနလုံးႀကီး ဆိုတာ မိုးေကာင္းကင္ရဲ႕အျမင့္ဆုံး ဟိုးအေဝးတစ္ေနရာက မီးေလာင္ေနတဲ့ေဘာလုံးႀကီးတစ္လုံးေပါ့ ..."


 


"ဟင္ မီးေလာင္ေနတဲ့ေဘာလုံးႀကီးက ဘာလို႔မိုးေပၚေရာက္ေနရတာလဲ ..."


 


"အဲ့ေဘာလုံးႀကီးက သာမန္ေဘာလုံးတစ္လုံးမဟုတ္ဖူးကြဲ႕ ... သူ႔မွာစူပါပါဝါေတြရွိတယ္ ... အဲ့သည့္ပါဝါေတြထဲကတစ္ခုက ေလထဲမွာပ်ံေနႏိုင္တာတဲ့ ... အဲ့တာေၾကာင့္မလို႔ သူကမိုးေပၚေရာက္ေနရတာေပါ့ ..."


 


"ဒါဆို မီးကေရာဘာလို႔ေလာင္ေနရတာလဲ ... သူ႔မွာ စူပါပါဝါေတြရွိတယ္ဆိုရင္ သူ႔ကိုယ္မွာေလာင္ေနတဲ့မီးေတြကို သူ႔ပါဝါသုံးၿပီးျငႇိမ္းလိုက္လို႔မရဖူးလားဟင္ ..."


 


"အယ္ ... အဲ့တာက် ဘယ္လိုရွင္ျပရမလဲ ..."


 


ကေလးႏွစ္ေယာက္ရဲ႕ ကပ္သီးကပ္ဖဲ့ေမးခြန္းမ်ားအား အလိုက္အထိုက္ျဖင့္ေပါက္ပန္းေလးဆယ္ေတြျပန္ေျဖေနရင္း ကြၽန္မလည္းကိုယ့္စကားႏွင့္ကိုယ္ တိုင္ေတြပတ္ေနခဲ့ပါၿပီ။ သိသေလာက္မွတ္သေလာက္မ်ားအား ကေလးေတြနားလည္သေဘာေပါက္လြယ္ေအာင္ ႐ူပကအလကၤာေတြသုံးၿပီး ေဝ့ဝိုက္ရွင္းျပရသည္မွာ တကယ္ေတာ့မလြယ္ကူလွ။


 


"လီလီေရ ... အပင္ေတြေရေလာင္းၿပီးရင္ ညီညီနဲ႔ နီနီကိုအိမ္ထဲသြင္းၿပီးေရကူခ်ိဳးေပးလိုက္ပါဦး ... ၿပီးရင္ ေန႔လည္စာ လာစားၾကေတာ့ ..."


 


"ဟုတ္ကဲ့ ေမႀကီး ..."


 


မီးဖိုေခ်ာင္းထဲကေန ဟင္းခ်က္ရင္းလွမ္းေအာ္လိုက္ေသာ မိခင္ျဖစ္သူ၏အသံေၾကာင့္ ကြၽန္မအဖို႔ ကေလးႏွစ္ေယာက္ဆီမွကပ္သီးကပ္ဖဲ့ေမးခြန္းမ်ားအား ေရွာင္လႊဲႏိုင္ရန္ အေၾကာင္းျပခ်က္ေကာင္းေကာင္းရသြားခဲ့တယ္။


 


"ကိုင္း ဟိုကေလးႏွစ္ေကာင္ ... ေမႀကီးေျပာတာၾကားတယ္မလား ... ေပါက္ကရေတြဆက္ေမးမေနနဲ႔ေတာ့ ... သြား အိမ္ထဲဝင္ၿပီးေရခ်ိဳးႏွင့္ၾက ... ၿပီးရင္ မမ လိုက္လာခဲ့မယ္ ..."


 


"အျပာေရာင္ေကာင္းကင္ႀကီးကို သမီးျမင္ဖူးခ်င္တယ္ မမ ..."


 


"သားေရာပဲ ... သားေရာပဲ ... တိမ္ဆိုတဲ့ အျဖဴေရာင္အခိုးအေငြ႕ေတြကို လက္နဲ႔ထိၾကည့္ဖူးခ်င္တာ ..."


 


ကေလးႏွစ္ေယာက္၏ မ်က္လုံးထဲမွာအေရာင္ေတြတစ္လက္လက္ထေနတယ္လို႔ ကြၽန္မထင္မိတယ္။ သူတို႔ခ်င္းဆက္ၿပီးေဆြးေႏြးေနၾကသည့္ ေကာင္းကင္ႀကီးရဲ႕အေၾကာင္းအားနားေထာင္ရင္း ကြၽန္မ ငယ္ငယ္ကမက္ခဲ့ဖူးေသာ အိမ္မက္တစ္ခုကိုေတာင္ ဖ်က္ခနဲသတိရမိလိုက္ေသး။


 


"ဒါဆိုရင္ ေနာက္တစ္ရက္ရက္က် မမတို႔ေတြ အေရွ႕ဘက္ကၿမိဳ႕တံတိုင္းေပၚတက္ၿပီး ဆိုလာပန္းေတြပြင့္ေနတာသြားၾကည့္ၾကမလား ... ေကာင္းကင္ႀကီးကအျပာေရာင္ေတာ့ မဟုတ္ေပမယ့္လည္း တိမ္နဲ႔တူတဲ့အခိုးအေငြ႕ေတြေလာက္ေတာ့ နည္းနည္းပါးပါးျမင္ရမွာပါ ... ဟဲဟဲ"


 


"တကယ္လား မမ ... ဒါေပမယ့္ ေဖႀကီးေျပာေတာ့ အေရွ႕ဘက္ၿမိဳ႕တံတိုင္းဆီ သားတို႔သြားလို႔မရဘူးဆို ..."


 


"လူႀကီးတစ္ေယာက္ေယာက္ပါရင္ရပါတယ္ ... မမ ကိုလည္းအရင္ကေဖႀကီးေခၚသြားေပးဖူးတာပဲကို ... ေဖႀကီး အလုပ္ကျပန္ေရာက္တဲ့အခ်ိန္က် မမ မင္းတို႔ႏွစ္ေယာက္အတြက္ခြင့္ေတာင္းၾကည့္ေပးမယ္ေနာ္ ... ကဲပါ အခုေရသြားခ်ိဳးၾကေတာ့ လိမၼာတယ္ ..."


 


"ေရး ... ဒါမွ တို႔မမကြ ..."


 


ကေလးႏွစ္ေယာက္ခုန္ေပါက္ၿပီး အိမ္ထဲဝင္သြားသည္ကိုၾကည့္ရင္ ကြၽန္မရင္ထဲၾကည္ႏူးမိတယ္။ သူတို႔ေလးေတြကဲ့သို႔ ကြၽန္မလည္းတစ္ခ်ိန္တုန္းက တက္တက္ႂကြႂကြႏွင့္ ရွပ္ျပာရွပ္ျပာႏိုင္ေသာ ကေလးမေလးတစ္ေယာက္ျဖစ္ခဲ့ဖူးသည္ကို မွတ္ဉာဏ္ေတြထဲမွာျပန္တူးဆြၾကည့္မိလိုက္တိုင္း ဘာလို႔မ်ားပင္မသိ ... ရွက္ေသြးျဖာမိသြားတာေတာ့အမွန္။ ငယ္စဥ္ကေလးဘဝက ျဖတ္သန္းခဲ့ရသည့္ေနရက္မ်ား၊ အျဖစ္အပ်က္မ်ားအား လုံးေစ့ပတ္ေစ့တိတိက်က်ေတာ့ အကုန္လုံးသတိမရေတာ့ေပမယ့္လို႔ ေဖႀကီးနဲ႔အတူ အေရွ႕ဘက္ၿမိဳ႕တံတိုင္းဆီသို႔ အတူသြားခဲ့ဖူးသည့္ အမွတ္တရတစ္ခုကိုေတာ့ ယခုအခ်ိန္အထိ ကြၽန္မ ထင္ထင္ရွားရွားမွတ္မိေသးတယ္။ အဲ့သည့္ေန႔က ေဖႀကီးတစ္ေယာက္ အလုပ္ကိစၥႏွင့္ အေရွ႕ဘက္ၿမိဳ႕တံတိုင္းဆီသို႔ သြားေရာက္စရာရွိသည္အား အတူလိုက္ခဲ့မည္ဟူ၍ ကြၽန္မအတင္းဂ်ီက်ေနသျဖင့္ မဆိုင္းမတြပဲ ကြၽန္မလက္ကိုဆြဲကာသူႏွင့္အတူေခၚသြားေပးခဲ့တယ္ေလ။ ေဖႀကီးရဲ႕ေက်းဇူးေၾကာင့္ ထိုေန႔က အျပင္လူတက္ေရာက္ခြင့္ပိတ္ပင္ထားသည့္ အျမင့္ေပ ၅၀ ေက်ာ္အေရွ႕ဘက္ၿမိဳ႕တံတိုင္းႀကီးေပၚသို႔ ကြၽန္မေရာက္ဖူးသြားတယ္ ... ၿပီးေတာ့ ထိုေနရာမွာ ထိုေန႔ ထိုအခ်ိန္ကစလို႔ ကြၽန္မဘဝ၌ ယခုထက္ထိတိုင္စိတ္ကူယဥ္အေတြးနယ္ခ်ဲ႕ခဲ့ရသည့္ အိမ္မက္တစ္ခုကိုလည္း အုတ္ျမစ္ခ်ၿပီး ပုံေဖာ္ႏိုင္ခဲ့ေသးတယ္။


 


ကေလးႏွစ္ေယာက္ကိုလည္း အဲ့သည့္ေန႔က ကြၽန္မျမင္ေတြ႕ခဲ့ရသည့္ အနီေရာင္မိုးသားျပင္ႀကီး၏ ပုံစံအား ျပသခ်င္မိတယ္။ ကြၽန္မလည္း အျပာေရာင္မိုးေကာင္းကင္ႀကီးအထက္က ေရာင္ဝါေတြတလက္လက္ ျဖာထြက္ေတာက္ပေနတယ္ဆိုတဲ့ ေနလုံးႀကီးအား တစ္ခ်ိန္က မ်က္လုံးနဲ႔ကိုယ္တိုင္ ျမင္ေတြ႕ဖူးခ်င္မိခဲ့တယ္ဆိုသည့္အေၾကာင္း သူတို႔ေလးေတြကိုျပန္ေျပာျပရင္းနဲ႔ေပါ့ ...


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


ကမာၻေျမႀကီး၏စင္စစ္သက္တမ္းက မည္မွ်အထိရွိေနခဲ့ၿပီဆိုသည္ကိုေတာ့ ကြၽန္မအေသအခ်ာမသိရွိေပမယ့္လို႔ လူသားမ်ိဳးႏြယ္ထံမွ ႏွစ္စဥ္ဆက္တိုက္ေရတြက္ခဲ့မႈမ်ားအရ လက္ရွိသကၠရာဇ္မွာ ၂၄ ရာစုႏွစ္ထဲသို႔ ႏွစ္ ၄၇ တိတိပင္စြန္းလြန္၍ေရာက္ရွိေနခဲ့ၿပီဆိုသည္ကိုျဖင့္ အာမဘေႏၲခံၿပီး ကြၽန္မအတတ္ေျပာႏိုင္ပါတယ္။ ကြၽန္မနာမည္အျပည့္အစုံက သူရိယလီလီ တဲ့။ မိသားစုအမည္က သူရိယ၊ လီလီ ကေတာ့ကိုယ္ပိုင္နာမည္ေပါ့။ ကြၽန္မအသက္က ဒီႏွစ္ထဲဆို ၁၄ ႏွစ္ျပည့္ပါၿပီ။ ဟိုလည္းမေရာက္ သည္လည္းမက်သည့္ အသက္အ႐ြယ္အပိုင္းအျခားဆိုေတာ့ကား ေဖႀကီးရဲ႕အလုပ္မွာဝင္မကူေပးႏိုင္ေသးလို႔ အိမ္မွာေနၿပီး ကေလးႏွစ္ေယာက္ကိုထိန္းေက်ာင္းေပးရင္း ေမႀကီးရဲ႕အိမ္အလုပ္ေတြကိုပဲကူေပးေနခဲ့တာပါ။


 


ေဖႀကီးရဲ႕အလုပ္ကဘာဆိုသည္ကိုမေျပာျပခင္မွာ လက္ရွိကမာၻႀကီးရဲ႕ပုံပန္းသ႑ာန္၊ အေျခအေနအရပ္ရပ္ အေၾကာင္းေၾကာင္းအား နားလည္သေဘာေပါက္သြားေအာင္ အရင္ဦးဆုံးရွင္းျပဖို႔လိုပါလိမ့္မယ္။ အရပ္ဘက္သကၠရာဇ္၂၃၄၇ ခုႏွစ္၊ လက္ရွိအခ်ိန္ကာလရဲ႕ ေန႔ရက္တိုင္းဟာ ဘယ္ေနရာကိုပဲလွမ္းေမွ်ာ္ၾကည့္ၾကည့္ ေသြးကဲ့သို႔သာခ်င္းခ်င္းနီျမန္းေနတယ္။ အဆိပ္အာနိသင္အျပည့္ရွိတယ္ဆိုၿပီး လူႀကီးသူမေတြဆီကေန ၾကားသိခဲ့ရဖူးတဲ့ မီးခိုးေရာင္ဓာတ္ေငြ႕ေတြက အနီေရာင္မိုးေကာင္ကင္ယံထဲက အျမင့္တစ္ေနရာမွာ အျဖဴေရာင္တိမ္တိုက္တိမ္စိုင္ေတြအစား ေဝ့ဝဲပ်ံသန္းလို႔ေနေလရဲ႕။ ကမာၻ႔ေျမႀကီေပၚက ေရအရင္းအျမစ္အမ်ားစုမွာ ခမ္းေျခာက္ကုန္ၿပီျဖစ္သည့္အတြက္ လူနဲ႔တိရိစာၦန္ေတြအဖို႔ သဘာဝကရရွိတဲ့ေသာက္သုံးေရဆိုတာ အဖိုးတန္ေက်ာက္မ်က္ရတနာေတြထက္ပင္ တန္ဖိုးရွိလွတဲ့အရာတစ္ခုျဖစ္ေနခဲ့ပါၿပီ (သဘာဝေရအရင္းအျမစ္ေတြ ဆုံးရႈံးသြာခဲ့ေပမယ့္ လူသားတို႔တီထြင္ဖန္တီးႏိုင္ခဲ့ေသာ ေရသန႔္စင္မႈနည္းပညာသစ္တစ္မ်ိဳးေၾကာင့္ ေသာက္သုံးေရျပတ္ေတာက္သြားျခင္းေတာ့မရွိခဲ့ပါဘူး)။ ညစ္ညမ္းေနတဲ့ေလထုေၾကာင့္လည္း သတၱဝါေတြဟာ ေရာဂါကင္းမဲ့ေဒသ (Safe Zone) လို႔သတ္မွတ္ထားတဲ့ ၿမိဳ႕ဧရိယာမ်ားအတြင္းမွာပဲေနထိုင္ေနၾကရတယ္။ ဒါေတြအားလုံးက ေတာင္ဝင္႐ိုးစြန္းေဒသအေပၚမွာ လက္ရွိအခ်ိန္ကာလအထိ ႏွစ္ေပါင္း ၁၀၀ ေက်ာ္တိုင္ေအာင္ အျမစ္တြယ္ရွင္သန္ေနႏိုင္ခဲ့တဲ့ သက္ရွိအရာႀကီးတစ္ခုေၾကာင့္ေပါ့ ...


 


ကမာၻ႔သစ္ပင္ ဟူ၍လူအမ်ားသမုတ္ထားခဲ့ၾကသည့္ ထရီးေအာ့ဖ္ဒိုမီေနရွင္း (Tree of Domination) ဆိုတာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၅၀ ဝန္းက်င္ခန႔္က ေတာင္ဝင္႐ိုးစြန္းမွာ ႐ုတ္တရက္ေပါက္ဖြားလာခဲ့သည့္ အလြန္အ႐ြယ္အစားႀကီးမားေသာ သစ္ပင္ႀကီးတစ္ပင္ပါ။ မည္သည့္အေၾကာင္းအရာေၾကာင့္ ကမာၻ႔သစ္ပင္ႀကီးေပါက္ဖြားလာရတယ္၊ အဆိုပါကမာၻ႔သစ္ပင္ႀကီးရဲ႕သ႐ုပ္မွန္ကဘာလဲ စသည့္အေၾကာင္းအရာမ်ားကို ကြၽန္မတို႔သာမန္ျပည္သူေတြအေနနဲ႔ သိရွိခြင့္မရခဲ့ၾကေသာ္လည္း အႏွီးကမာၻ႔သစ္ပင္ႀကီးကေတာ့ စတင္ေမြးဖြားလာခဲ့သည့္အခ်ိန္ကစလို႔ ယခုေခတ္ကာလေရာက္သည္အထိ သက္ရွိေလာကႀကီးအတြင္းမွ အရာခပ္သိမ္းအေပါင္းအား တန္းတူသာတူ ညီမွ်စြာျဖင့္ ေလာင္းရိပ္မိုးအုပ္စိုးထားဆဲျဖစ္တယ္။


 


ကမာၻ႔သစ္ပင္ကေနျဖာထြက္လာသည့္ အကိုင္းအခတ္မ်ားက မိုးသားျပင္ႀကီး၏အတြင္းဘက္အျမင့္တစ္ေနရာ၌ အမိုးအကာတစ္ခုသဖြယ္ေနရာအျပည့္ယူထားခဲ့ၿပီး ကမာၻေပၚသို႔ေနေရာင္ျခည္အလင္းတန္းမ်ားက်ေရာက္မႈကိုတာဆီးပိတ္ပင္ထားခဲ့ပါတယ္ (အဆိုပါ အကိုင္းအခတ္မ်ားဟာ တစ္ကမာၻလုံးရဲ႕ေကာင္းကင္ယံကို လႊမ္းၿခဳံထားတာျဖစ္ၿပီး ထိုသို႔အလုံးစုံလႊမ္းၿခဳံထားႏိုင္ေအာင္လည္း အေထာက္အကန္ျပဳေပးသည့္ ႏြယ္အစုအေဝးပင္စည္အခြဲမ်ားက ကမာၻ႔အေနရာအႏွံအျပားမွာတည္ရွိေနပါေသးတယ္)။ မဟာပထဝီေျမႀကီး၏ ေအာက္ဘက္အတြင္းပိုင္းမွာဆိုရင္လည္း တစ္ျဖည္းျဖည္းတိုးပြားတိုက္စားလာခဲ့သည့္ ကမာၻ႔သစ္ပင္မွေရေသာက္ျမစ္မ်ားေၾကာင့္ လြန္ခဲ့ေသာႏွစ္မ်ားအတြင္း ေျမေအာက္ေရစီးေၾကာင္းႀကီးမ်ားခမ္းေျခာက္ကာ ေျမသားထုထည္ပ်က္စီးမႈေတြ ဆက္တိုက္ဆိုသလိုျဖစ္ေပၚေနခဲ့ပါၿပီ။


 


အဆိုပါေရေသာက္ျမစ္ႏွင့္ ပင္စည္အခြဲမ်ားက အေပၚယံေျမဆီလႊာ၏အာဟာရဓာတ္မ်ားကိုလည္းစုတ္ယူစားသုံးေလ့ရွိတာေၾကာင့္ စိုက္ပ်ိဳးေျမဧရိယာမ်ားပ်က္စီးကာ လူနဲ႔တိရိစာၦန္တို႔အား မ်ားစြာဒုကၡေပးခဲ့ပါေသးတယ္ (ယခုအခ်ိန္မွာေတာ့ ဓာတုနည္းျဖင့္ျပဳျပင္ထားသည့္ အစားေျခာက္မ်ားႏွင့္ ေျမဆီလႊာအတုမ်ားေၾကာင့္ သည္ကိစၥကအနည္းနဲ႔အမ်ားေတာ့ အဆင္ေျပသြားခဲ့ပါၿပီ)။ ကမာၻ႔သစ္ပင္မွေဆာင္က်ဥ္းေပးခဲ့သည့္ ဤျဖစ္ရပ္ဆိုးမ်ားေၾကာင့္ တစ္ကမာၻလုံးကပ္ဆိုက္ခဲ့ရ၍ မူရင္းရွိခဲ့ေသာကမာၻ႔လူဦးေရ၏ ၃ ပုံ ၂ ပုံခန႔္ဟာ လြန္ခဲ့ေလၿပီးေသာ ႏွစ္ေပါင္း ၁၀၀ အတြင္းမွာ ဆက္လက္အသက္ရွင္သန္ေနထိုင္ႏိုင္ျခင္းမရွိခဲ့ၾကပါဘူး။ ဆိုလာပန္းပြင့္မ်ားမွ ထုတ္လႊတ္ေသာ အဆိပ္ဓာတ္ေငြ႕မ်ားေၾကာင့္လည္း မည္သူတစ္ဦးတစ္ေယာက္မွ မိုးေကာင္းကင္အတြင္းရွိအကိုင္းအခတ္မ်ားအား တက္ေရာက္ရွင္းလင္းႏိုင္ျခင္းမရွိခဲ့ၾကသလို ေတာင္ဝင္႐ိုးစြန္းမွ ပင္မပင္စည္ႀကီးကိုမဆိုသာႏွင့္ ... ႏြယ္ရွင္ကဲ့သို႔ အကိုင္းေပ်ာ့မ်ားစုေဝးမိရာမွျဖစ္ေပၚလာသည့္ ကမာၻ႔ေနရာအႏွံ႔မွ ပင္စည္အခြဲမ်ားကိုပင္ လူသားတို႔၏အင္အားျဖင့္ ခုတ္ထြင္ရွင္လင္းႏိုင္ခဲ့ျခင္းမရွိ။ ကံေကာင္းခ်က္တစ္ခုကျဖင့္ ကမာၻ႔သစ္ပင္ကိုယ္တိုင္သည္ပင္ အပင္စစ္စစ္ျဖစ္ေနခဲ့ျခင္းေၾကာင့္ ကမာၻေလထုအတြင္း၌ ေအာက္စီဂ်င္ပ်က္ေတာက္သြားျခင္းမရွိခဲ့ပဲ ညစ္ညမ္ေနေသာေလထုအားလည္း တစ္ဖက္တစ္လမ္းကေန ျပန္လည္သန႔္စင္ေပးခဲ့ပါတယ္ (သို႔ေသာ္ျငား အဆိုပါေလထုညစ္ညမ္းမႈက သူ႔ေၾကာင့္ပဲေပၚေပါက္လာရျခင္းျဖစ္၍ ေျပာရေသာ္ မုန႔္လုံးစကၠဴကပ္ေနသလိုပင္)။


 


ဒါတင္ပဲလားဆိုေတာ့မဟုတ္ေသးဘူး ... ဒါေတြက အကင္းသေဘာပဲရွိေသးတာ။ တကယ့္အႀကီးမားဆုံးေသာျပႆနာတစ္ခုက ...


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


"ဝီ ... ... ... ဝီ ... ... ... ဝီ ... ... ..."


 


အုပ္ခ်ဳပ္ေရးေမွ်ာ္စင္ရွိရာမွ ႐ုတ္တရက္ထြက္ေပၚလာသည့္ အေရးေပၚဥၾသဆြဲသံေၾကာင့္ ဧည့္ခန္းအတြင္းရွိဆိုဖာခုံတန္းေပၚတြင္ အိပ္ေပ်ာ္ေနေသာကြၽန္မ လန႔္ႏိုးသြားတယ္။ ညီညီနဲ႔ နီနီတို႔ ကေလးႏွစ္ေယာက္ကေတာ့ ကြၽန္မရဲ႕နံေဘးတစ္ဖက္တစ္ခ်က္ဆီမွာ ကြၽန္မပုခုံးကိုမွီ၍အိပ္ေပ်ာ္ေနၾကဆဲပါ။ နံရံမွာကပ္ထားသည့္ နာရီကိုလွမ္းၾကည့္လိုက္ေတာ့ ညေနေစာင္းအခ်ိန္ေတာင္ျဖစ္ေနခဲ့ေလၿပီ ... ေန႔လည္စာ,စားၿပီးေနာက္ ကေလးႏွစ္ေယာက္အား ပုံျပင္တစ္ပုဒ္ဖတ္ျပေနရင္းကမွ ဘယ္လိုကေနဘယ္လို ကြၽန္မပါေရာၿပီးအိပ္ေပ်ာ္သြားမိလိုက္မွန္းမသိ။ ကေလးႏွစ္ေယာက္ႏိုးမသြားေစရန္ အထူးဂ႐ုျပဳ၍ ဆိုဖာေပၚကေနထလိုက္ၿပီးေနာက္  ျပတင္းေပါက္ရွိရာသို႔ အလ်င္အျမန္ေျပးကာ အိမ္အျပင္ဘက္ရွိအေျခအေနေတြအား ကြၽန္မ အကဲခတ္ေနလိုက္တယ္။ 


 


"ဟာ ဝတ္မႈန္ေတြေႂကြလာၿပီ ... အားလုံးအိမ္ထဲျမန္ျမန္ဝင္ၾကဟ ..."


 


"ဒီေန႔က ၾကားရက္မဟုတ္ဖူးလား ... ဘာကိစၥနဲ႔ဝတ္မႈန္မိုးက႐ြာလာရတာတုန္း ..."


 


"ေလသန႔္စက္ဖြင့္ေတြၿပီး တံခါးသာလုံေအာင္ပိတ္ထားၾကေတာ့ေဟ့ ..."


 


အိမ္အျပင္ဘက္ လမ္းေပၚမွာသြားလာေနၾကတဲ့ လူေတြဆီကအသံေတြပါ။ ပတ္ဝန္းက်င္တစ္ခုလုံးမွာ အေရးေပၚဥၾသဆြဲသံနဲ႔ လူေတြရဲ႕ေျပးလႊာေအာ္ဟစ္ေနသံေတြက ေရာေထြးၿပီးဆူညံေနတယ္။ ကြၽန္မေကာင္းကင္ေပၚကို ေမာ့ၾကည့္လိုက္ေတာ့ ျဖဴျဖဴေဖြးေဖြးအမႈန္အမႊားေလးေတြ ေအာက္သို႔တျဖည္းျဖည္းခ်င္းက်လာေနသည္ကိုေတြ႕လိုက္ရတယ္။ ထို႔ေၾကာင့္အခ်ိန္ဆိုင္းမေနပဲ ခ်က္ခ်င္းဆိုသလို ျပတင္းေပါက္တံခါးအား ကြၽန္မ ဆြဲပိတ္၍ေလာ့ခ္ခ်မိလိုက္တယ္။


 


"လီလီ ႏိုးၿပီလား ... အဲ့မွာပဲရပ္မေနနဲ႔ အိမ္ျပတင္းေပါက္ေတြျမန္ျမန္လိုက္ပိတ္စမ္း ... ေမႀကီး မီးစက္သြားႏိူးလိုက္ဦးမယ္ ..."


 


အိမ္ေနာက္ေဖးကေန ေျပးထြက္လာတဲ့ေမႀကီးက ျပတင္းေပါက္ေရွ႕မွာ ေၾကာင္ေတာင္ေတာင္နဲ႔မတ္တပ္ေမ့ေနတဲ့ ကြၽန္မကို လွမ္းေငါက္လိုက္တယ္။ ေမႀကီးရဲ႕အသံေၾကာင့္ ကြၽန္မအသိစိတ္ျပန္ဝင္လာခဲ့ၿပီး တစ္အိမ္လုံးမွာရွိသမွ် ဖြင့္ထားဆဲ ျပတင္းေပါက္မ်ားကို အခ်ိန္မွီအလုံလိုက္ပိတ္ႏိုင္ေရးအတြက္ ေျခလွမ္းမ်ားစတင္လႈပ္ရွားလိုက္တယ္။ ကြၽန္မ ျပတင္းေပါက္ေတြအကုန္လုံးလိုက္ပိတ္အၿပီးမွာပဲ အိမ္အတြင္းဘက္ရွိစက္ပစၥည္းမ်ားထားသိုရာအခန္းထဲကေန မီးစက္သံတဂ်ဳံးဂ်ဳံးတဂ်က္ဂ်က္ ထြက္ေပၚလာသည္ကို တစ္ဆက္တည္းၾကားလိုက္ရတယ္။ မီးစက္သံ၏ အေတာ္အတန္က်ယ္ေလာင္မႈေၾကာင့္ ဆိုဖာခုံတန္းေပၚမွာအိမ္ေမာက်ေနခဲ့သည့္ ကေလးႏွစ္ေယာက္လည္းလန႔္ႏိုးလာခဲ့ၿပီး မ်က္လုံးေလးမ်ားကလယ္ကလယ္ႏွင့္ ဟိုၾကည့္ဒီၾကည့္လုပ္ေနၾကေလရဲ႕။ တစ္ေအာင့္အၾကာမွာေတာ့ မီးစက္သြားႏႈိးသည့္ ေမႀကီး ဧည့္ခန္းအတြင္းသို႔ ျပန္ဝင္လာတယ္။


 


"ဒီေန႔က ဗုဒၶဟူးေန႔မလား ေမႀကီး ... ထူးထူးဆန္းဆန္းၾကားရက္ႀကီးမွာ တစ္ခါမွမႀကဳံဖူးေသးပါဖူး ..."


 


"ေမႀကီးကေတာ့ မင္းတို႔အေဖကိုပဲ စိတ္ပူတယ္ကြယ္ ... အကာအကြယ္တစ္ထပ္တည္းနဲ႔ လုံမွလုံပါ့မလားမသိဖူး ... စိတ္ညစ္လိုက္တာေနာ္ ..."


 


ေမႀကီးရဲ႕မ်က္ႏွာေပၚမွာ စိုးရိမ္ပူပန္းေနသည့္အရိပ္အေယာင္ေတြ အထင္းသားေပၚေနခဲ့တယ္။ ကြၽန္မလည္း ကိုယ့္အေတြးနဲ႔ကိုယ္ျဖစ္၍ ဘာမွဆက္မေျပာျဖစ္လိုက္ပါဘူး။ ပိတ္ထားသည့္ျပတင္းေပါက္မွန္အေနာက္ကေနပဲ အိမ္အျပင္ဘက္ကအေျခအေနမ်ားကို လွမ္းေမွ်ာ္ၾကည့္ေနမိတယ္။ အာကာသထဲမွဝင္ေရာက္လာသည့္ ခပ္ေႏြးေႏြးေနေရာင္ျခည္ေတြက ကမာၻ႔သစ္ပင္၏အကိုင္းအခတ္မ်ားရွိ အနီေရာင္သစ္႐ြက္ႏွင့္ ဆိုလာပန္းပြင့္မ်ားအား ဆက္လက္ျဖတ္ေက်ာ္ႏိုင္စြမ္းမရွိၾကေတာ့သျဖင့္ ၎သစ္႐ြက္ႏွင့္ ပန္းပြင့္မ်ားထံမွအလင္းယိုင္လာခဲ့ၾကေသာ ကတၱီပါနီေရာင္စဥ္တန္းေတြဟာ ယခုအခ်ိန္အထိ မိုးေကာင္းကင္ယံတစ္ခြင္လုံးအား ေရာင္ျပန္ဟပ္၍ အျပည့္အဝေနရာယူထားႏိုင္ေနဆဲပါ။


 


ၾကက္ေသြးေရာင္လႊမ္းေနခဲ့ေသာ ပတ္ဝန္းက်င္ျမင္ကြင္းတစ္ခုလုံးကမူ အျဖဴေရာင္အျဖစ္သို႔ သိသိသာသာႀကီးကို ေျပာင္းလဲသြားခဲ့ပါတယ္။ လူသြားလမ္းမႀကီးေပၚ၌တင္က်န္ရစ္ေနခဲ့ေသာ ဝတ္မႈန္စမ်ားကပင္ အေတာ္မ်ားျပားလို႔ေနေလၿပီ။ ဆက္လက္၍ ႐ြာသြန္းၿဖိဳးလ်က္ရွိသည့္ ဝတ္မႈန္မိုးေျပးတို႔ကလည္း တဒဂၤခဏမွ်ရပ္တန႔္သြားခဲ့ျခင္းမရွိေသး။ မ်က္စိေရွ႕၌ျမင္ေတြ႕ေနရေသာ အရာခပ္သိမ္းတို႔မွာ မိုးေပၚကသက္ဆင္းလာသည့္ ျဖဴလႊလႊဝတ္မႈန္စမ်ားေၾကာင့္ ဆိတ္ကြယ္ရာအရပ္၌ မႈံပ်ပ်သာ ကိုယ္ေရာင္ျပႏိုင္ၾကေတာ့တယ္။ အေကာင္းျမင္တတ္သူေတြအဖို႔ေတာ့ အလြန္လွပတဲ့အခ်ိန္အခါသမယေလးေပါ့။ သို႔ေသာ္ျငား ထိုသို႔လွပလြန္းတဲ့ အခ်ိန္အခါသမယေလးဟာ ေသမင္းရဲ႕ရက္ခ်ိန္းတစ္ခုျဖစ္ေနခဲ့မယ္ဆိုရင္ေရာ ... ထိုသူေတြအေကာင္းျမင္ႏိုင္ပါဦးမလား။


 


အိမ္ျပတင္းေပါက္ကေန အျပင္ဘက္ေလာကႀကီးဆီကိုေငးၾကည့္ေနမိရင္း တစ္ေယာက္တည္းအေတြးပင္လယ္ထဲေမ်ာခ်င္တိုင္းေမ်ာေနခ်ိန္မွာ ညီညီနဲ႔ နီနီက တစ္ဖက္တစ္ခ်က္စီကေန ကြၽန္မခါးကိုလာဖက္တယ္။ ေမႀကီးကိုလွမ္းၾကည့္လိုက္ေတာ့ ကြၽန္မေဘးနား၌ မ်က္လႊာခ်၍မတ္တပ္ရပ္ကာ လက္ဖဝါးႏွစ္ခုအား တစ္ဖက္ႏွင့္တစ္ဖက္တင္းတင္းက်ပ္က်ပ္ဆုတ္ကိုင္လ်က္ ပါးစပ္ကေနတစ္ခုခုကို ပြစိပြစိနဲ႔႐ြတ္ဆိုၿပီးဆုေတာင္းေနေလရဲ႕။ ဤဧည့္ခန္းအတြင္း၌ တစ္ခ်ိန္လုံးတည္ရွိခဲ့သည့္ တိတ္ဆိတ္ၿငိမ္သက္ျခင္းအေပါင္းတို႔ကမူ စက္ပစၥည္းထားသိုရာအခန္းမွဓာတ္ဆီမီးစက္၏ တဂ်ဳံးဂ်ဳံးတဂ်က္ဂ်က္ႏွင့္ ညာသံေပးဟစ္ေႂကြးမႈမ်ားေအာက္တြင္ အလံျဖဴျပ၍အႏိုင္ယူၿဖိဳခြင္းခံလိုက္ရၿပီ။ ၎ဓာတ္ဆီမီးစက္ႏွင့္အတူ တြဲဆက္သြယ္တန္းထားသည့္ ေလထုသန႔္စင္စက္ကျဖင့္ မည့္သူ႔ကိုမွဂ႐ုစိုက္မအားဘဲ သူ႔အလုပ္သူဆက္လုပ္ဖို႔သာစိုင္းျပင္းေနခဲ့ေပမယ့္ေပါ့။


 


"ေဖႀကီး ေကာင္းေကာင္းမြန္မြန္ ေခ်ာေခ်ာေမြ႕ေမြ႕ အိမ္ျပန္ေရာက္လာႏိုင္ပါေစ ... ေဖႀကီး ဘာမွမျဖစ္ပါေစနဲ႔ ..."


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


ဝတ္မႈန္မိုး တဲ့လား။ နာမည္ေလးက ကဗ်ာဆန္လြန္းလွသလို ပုံစံကလည္း အဆန္းတၾကယ္ရွိႏိုင္လြန္းေပမယ့္ အက်ိဳးသက္ေရာက္မႈေတြကေတာ့ နန္းဆန္၍မေနခဲ့ပါဘူး။ မိုးေကာင္းကင္ယံတစ္ခြင္လုံးအား အုပ္စိုးလႊမ္းမိုးထားေသာ ကမာၻ႔သစ္ပင္အကိုင္းအခတ္မ်ားမွ ဆိုလာပန္းပြင့္ေတြဟာ အပတ္စဥ္ တနလၤာေန႔ ေန႔လည္ခင္းႏွင့္ ေသာၾကာေန႔ ညသန္းေခါင္းယံအခ်ိန္တိုင္းလိုလိုမွာ ၎တို႔ဆီကထြက္ရွိသည့္ ပန္းဝတ္မႈန္း၊ ဝတ္ဆံမ်ားကို ေလထုထဲကေနတစ္ဆင့္ မဟာပထမဝီေျမႀကီးေပၚသို႔ ႀကဲခ်ထုတ္လႊတ္ေလ့ရွိပါတယ္။ ဤျဖစ္ရပ္အား "ဝတ္မႈန္မိုး႐ြာျခင္း" ဟုေခၚဆိုၾက၍ အဆိုပါပန္းဝတ္မႈန္ေတြ၌ သက္ရွိကပ္ပါမႈိမ်ိဳးစိတ္တစ္ခု၏ မ်ိဳးဗီဇမ်ားပါဝင္ေနၿပီး ထိုပန္းဝတ္မႈန္မ်ားကို ရႈရႈိက္မိလိုက္ေသာ သို႔မဟုတ္ ထိေထြ႕မိလိုက္ေသာ လူ၊ သတၱဝါအေပါင္းတို႔မွာ ၎ကပ္ပါးမႈိမ်ိဳးဗီဇ၏ အျမစ္တြယ္ဒုကၡေပးမႈေတြေၾကာင့္ ခႏၶာကိုယ္အတြင္းအျပင္ေနရာေပါင္းစုံ၌ မႈိစြဲေသာေရာဂါလကၡဏာတစ္မ်ိဳးအားစတင္ေတြ႕ႀကဳံခံစားရမည္ျဖစ္၍ အဆုံးသတ္တြင္ အသက္ရႈလမ္းေၾကာင္းအထိပါပိတ္ဆို႔တားဆီးျခင္းခံရၿပီးေနာက္ ဘဝတစ္ပါးသို႔ကူးတို႔ခေပးစရာမလိုပဲ ေစတနာ့အကူအညီမ်ားျဖင့္ အခမဲ့ကူးေျပာင္းသြားလိုက္ရမွာပါ။


 


"႐ုပ္ဆုံးေသာ္လည္း နာမ္မေသ" ဟူေသာ စကားႏွင့္ေျပာင္းျပန္အခ်ိဳးက်သည့္ ဤျဖစ္ရပ္၌ လူ၊ သတၱဝါတစ္ဦးတစ္ေယာက္၏ စိတ္ဝိညာဥ္မွာေသဆုံးသြားၿပီး ျဖစ္ေသာ္လည္း က်န္ရစ္ခဲ့သည့္ ႐ုပ္အေလာင္းေကာင္မွာမူ အသက္ရွိေနေသာ ၎ကပ္ပါးမႈိမ်ား၏ ဆက္လက္ထိန္းခ်ဳပ္ျခင္းကိုခံရ၍ ေနာက္ဆုံးတြင္ မႈိဖုတ္ေကာင္ (Fungoid Zombie) ဘဝသို႔ တစ္မုဟုတ္ခ်င္းဆိုသလို ေရာက္ရွိသြားရပါေတာ့တယ္။ ဤကဲ့သို႔ေသာ မႈိဖုတ္ေကာင္ေတြဟာ ၎တို႔အေပၚလႊမ္းမိုးထိန္းခ်ဳပ္ထားသည့္ ကပ္ပါမႈိေတြရဲ႕အတြင္းမွလႈိက္၍စားသုံးျခင္းကိုလည္းခံရၿပီး အဆိုပါကပ္ပါမႈိမ်ား၏မ်ိဳးဗီဇျပန႔္ပြားေရးအတြက္ပါ အသုံးျပဳျခင္းခံရမည္ျဖစ္ကာ ေနာက္ဆုံးတြင္ေတာ့ အစအနပင္မခ်န္ထားႏိုင္ခဲ့ရွာပဲ မည္သူမွမသိလိုက္ခင္မွာတင္ေလာကႀကီးအတြင္းကေန တိတ္တဆိတ္နဲ႔ထြက္ခြာေပ်ာက္ကြယ္သြားရမွာပါ။


 


၎ကပ္ပါးမႈိမ်ား၏မ်ိဳးဗီဇေတြ ခႏၶာကိုယ္အတြင္းသို႔ စတင္ဝင္ေရာက္အျမစ္တြယ္ခ်ိန္ကာလ၌ လုံးဝဥႆုံေပ်ာက္ကင္းသြားသည္အထိကုသေပးႏိုင္စြမ္းရွိေသာ ေဆးပညာနည္းလမ္းတစ္ခုအား လူသားမ်ိဳးႏြယ္တို႔ရွာေဖြေတြ႕ရွိခဲ့ၾကၿပီးျဖစ္ေသာ္ျငား အဆိုပါနည္းလမ္းမွာ ေရာဂါရင့္၍အေရျပားေပၚ၌ မႈိပြင့္မ်ားေပါက္ဖြားလာသည့္အခ်ိန္တြင္ အသုံးမဝင္ႏိုင္ေတာ့။ ဝတ္မႈန္မိုး သည္လည္းပဲ ႐ြာသြန္းခ်ိန္၌မူ အခ်ိန္ဆယ္မိနစ္ကေန ဆယ့္ငါးမိနစ္အထိသာ ၾကာျမင့္တတ္ေသာ္လည္း သဘာဝအတိုင္းဓာတ္ျပယ္သြားဖို႔အတြက္ကိုျဖင့္ အခ်ိန္ႏွစ္ရက္ခန႔္အထိ ေစာင့္ဆိုင္းရေလ့ရွိတယ္။


 


ထို႔ေၾကာင့္ လူသားမ်ိဳးႏြယ္တို႔ဟာ ကုန္ဆုံးခဲ့ေလၿပီးေသာ ခုႏွစ္သကၠရာဇ္ေတြအတြင္း၌ အေကာင္းဆုံးေသာ ႀကိဳတင္ကာကြယ္မႈတစ္ခုအေနျဖင့္ ကမာၻ႔ေနရာအႏွံ႔အျပား၌ ေရာဂါကင္းမဲ့ေဒသ (Safe Zone) ဧရိယာမ်ားသတ္မွတ္ျပ႒ာန္းကာ အုတ္စီၿမိဳ႕တံတိုင္းႀကီးမ်ားတည္ေဆာက္၍ ၎တို႔၏အကာအကြယ္ေနာက္မွာပဲ လုံလုံၿခဳံၿခဳံနဲ႔အသက္ရွင္ေနထိုင္ခဲ့ၾကပါတယ္ (Safe Zones ေတြကို ႏိုင္ငံတစ္ခုခ်င္းစီက ကိုယ့္ႏိုင္ငံႏွင့္ကိုယ္ စိတ္ႀကိဳက္သတ္မွတ္ခဲ့ၾကတာပါ)။ ဝတ္မႈန္မိုး ကိစၥအတြက္ကိုေတာ့ Useless Nations (အဲ့ေလ) United Nations ေခၚ ကမာၻ႔ကုလသမဂၢအဖြဲ႕အစည္းႀကီးရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ဧဒင္ (EDEN) ဟုအမည္ရေသာ ကြၽန္းႏိုင္ငံငယ္ေလးမွ ၎တို႔၏ ေခတ္မွီနည္းပညာအကူအညီမ်ားကို တစ္ကမာၻလုံးရွိေဆ့ဗ္ဇုန္မ်ားသို႔ ေထာက္ပံ့၍ေျဖရွင္းေပးခဲ့ပါတယ္။


 


ေဆ့ဗ္ဇုန္ဧရိယာႀကီးတစ္ခုလုံးအား ေခါင္မိုးကဲ့သို႔အကာအကြယ္တပ္ဆင္ဖို႔ရာ မျဖစ္ႏိုင္သည့္အတြက္ ဧဒင္ႏိုင္ငံ၏ ေနာက္ဆုံးေပၚေလသန႔္စင္နည္းပညာကိုပဲ ကမာၻေပၚရွိေဆ့ဗ္ဇုန္အားလုံးက လက္ရွိမွာအားကိုးေနရဆဲပါ။ အဲ့သည္နည္းပညာက ပန္းဝတ္မႈန္ေတြရဲ႕ မူလဓာတ္ျပယ္ရန္ၾကာခ်ိန္ ၄၈ နာရီအစား ၁၄ နာရီခန႔္အထိ အခ်ိန္ေလ်ာ့ခ်ေပးႏိုင္သည့္အတြက္ အေတာ္ေလးအသုံးဝင္လြန္းလွသျဖင့္ ေဆ့ဗ္ဇုန္မ်ား၏ၿမိဳ႕႐ိုးအုတ္တံတိုင္းႀကီးေတြနဲ႔ ေမာင္းသူမဲ့သန႔္ရွင္းေရးစက္႐ုပ္မ်ားတြင္ အမ်ားဆုံးတပ္ဆင္ထားၾကသည္ကို ကြၽန္မတို႔ျမင္ေတြ႕ခဲ့ရေလ့ရွိပါတယ္ (လူေနအိမ္ေတြကေတာ့ ႐ိုး႐ိုးသာမန္ေလသန႔္စက္ေလးေတြကိုပဲ ဆက္လက္ၿပီးအသုံးျပဳေနၾကဆဲပါ)။ ၿမိဳ႕႐ိုးအုတ္တံတိုင္းႀကီးေတြရဲ႕ အျပင္ဘက္ေလာက၌မူ ကပ္ပါးမႈိမ်ား၏ထိန္းခ်ဳပ္ျခင္းကိုခံေနရေသာ မႈိဖုတ္ေကာင္ေတြကေနရာအႏွံ႔အျပည့္။


 


စင္စစ္တြင္ေတာ့ ပန္းဝတ္မႈန္ေတြဟာ မႈိဖုတ္ေကာင္အေပါင္းအား အသက္ဆက္ေပးေနသည့္ ကပ္ပါးမႈိမ်ားအတြက္ အစားအာဟာရဓာတ္တစ္မ်ိဳးသာျဖစ္ၿပီး ၎မႈိမ်ားမွာ ေနေရာင္ျခည္အလင္းဒဏ္ကိုလည္းမခံႏိုင္ၾကသျဖင့္ ကမာၻ႔သစ္ပင္၏အကိုင္းအခက္မ်ားအရိပ္ေအာက္၌သာ အမ်ားဆုံးေနထိုင္က်က္စားေလ့ရွိၾကပါတယ္ (သို႔ေပမယ့္လည္း အရိပ္ေပးေနသည့္သစ္ကိုင္းေတြက မိုးေကာင္းကင္တစ္ခုလုံးအျပည့္ဆိုေတာ့ကား မႈိဖုတ္ေကာင္ေတြအတြက္ ဘယ္လိုေနေနလြတ္လြတ္လပ္လပ္ပါပဲ)။ ထို႔အျပင္ သဘာဝအတိုင္းဓာတ္ျပယ္ရန္အခ်ိန္ယူရသည့္ တျခားေသာဝတ္မႈန္စေတြေၾကာင့္လည္း ၿမိဳ႕႐ိုးအျပင္ဘက္ရွိေလထုဟာ အလြန္ညစ္ညမ္းလို႔ေနတယ္။ အထူးခ်ဳပ္လုပ္ထားသည့္ တစ္ကိုယ္ေရကာကြယ္ေရးပစၥည္း (Personal Protective Equipment - PPE) ကိုသာလုံလုံၿခဳံၿခဳံဝတ္ဆင္အသုံးျပဳျခင္းမရွိဘဲ ၿမိဳ႕႐ိုးအုတ္တံတိုင္းႀကီး၏အျခားတစ္ဖက္သို႔ ထြက္ခြာသြားမိလိုက္မယ္ဆိုရင္ျဖင့္ ကံေကာင္းေထာက္မလို႔ မႈိဖုတ္ေကာင္ေတြနဲ႔မေတြ႕လိုက္ရဘူးဆိုလွ်င္ေတာင္ ခ်က္ခ်င္းဆိုသလိုကပ္ပါးမႈိေရာဂါကူးစက္ခံျခင္းရမွာက အေသအခ်ာပါ။


 


အဲ့တာေၾကာင့္လည္းပဲ မ်က္ေမွာက္ေခတ္တြင္ေမြးဖြားလာခဲ့ၾကသည့္ လူသားအမ်ားစုဟာ ေဆ့ဗ္ဇုန္ဧရိယာေတြရဲ႕အျပင္သို႔ထြက္ခြာရျခင္းကိစၥမ်ား မရွိလာရေလေအာင္ တတ္ႏိုင္သမွ်ေရွာင္လႊဲေနခဲ့ၾကၿပီး တစ္ခ်ိဳ႕ကသာလုပ္ငန္းသေဘာေၾကာင့္ မျဖစ္မေနသြားလာေနခဲ့ရပါတယ္။ ဤလူနည္းစုတစ္ခ်ိဳ႕ထဲမွာေတာ့ ကြၽန္မ၏ ဖခင္ျဖစ္သူသည္လည္း တစ္ေယာက္အပါအဝင္ေပါ့။ ေဖႀကီးက အစိုးရလက္ေအာက္ခံ သုေတသနဝန္ထမ္းတစ္ေယာက္ ... အစိုးရဆိုသည္ကေတာ့ ယခုလက္ရွိကြၽန္မတို႔ေနထိုင္ရာေဆ့ဗ္ဇုန္ႀကီးအား စီမံအုပ္ခ်ဳပ္ေနေသာ အဖြဲ႕အစည္းကိုေခၚေဝၚၫႊန္းဆိုသည့္ အမည္နာမတစ္ခုပါပဲ။ ေဖႀကီးတို႔အလုပ္က မတူညီေသာရွင္သန္ရာေဒသ၊ ေျမေနရာပတ္ဝန္းက်င္အေျခအေနမ်ားအေပၚမူတည္၍ သဘာဝအတိုင္းဆင့္ကဲေျပာင္းလဲလာခဲ့ၾကသည့္ သက္ရွိသက္မဲ့ သတၱဝါ၊ အပင္ စသည္တို႔အား တစ္ခုခ်င္းစီအလိုက္ အမ်ိဳးအစားခြဲျခားၿပီးေလ့လာမွတ္တမ္းတင္ရတာမ်ိဳးပါ။ သို႔ျဖစ္၍ ထိုကဲ့သို႔ သုေတသနလုပ္ငန္းစဥ္ကိစၥရပ္မ်ားအတြက္ ေဖႀကီးတို႔အစိုးရဝန္ထမ္းအဖြဲ႕ဟာ တစ္ပတ္တြင္အနည္းဆုံး ၃ ရက္ခန႔္ေလာက္အထိကို ၿမိဳ႕႐ိုးအုတ္တံတိုင္းႀကီးအားေက်ာ္လြန္၍ ေဆ့ဗ္ဇုန္ဧရိယာအျပင္ဘက္သို႔ ထြက္ခြာသြားေရာက္ရေလ့ရွိပါတယ္။


 


ကြၽန္မတို႔အိမ္အေရွ႕ေျမကြက္လပ္၌ စိုက္ပ်ိဳးထားသည့္ အပင္မ်ိဳးစိတ္အခ်ိဳ႕ကိုလည္း ေဖႀကီးတစ္ေယာက္ ေဆ့ဗ္ဇုန္ဧရိယာအျပင္ဘက္ကေန ရွာေဖြေတြ႕ရွိလာခဲ့တာပါ။ အာဟာရဓာတ္ကင္းမဲ့ေနေသာ ေျမဆီလႊာအေျခအေနကိုလိုက္၍ လိုက္ေလ်ာညီေထြျဖစ္သည္အထိ အဆင့္ဆင့္အသြင္ေျပာင္းလဲလာႏိုင္ခဲ့ၾကေသာ ထူးျခားသက္ရွိမ်ားျဖစ္ရကား အိမ္၌စိုက္ပ်ိဳးၿပီးအနီးကပ္ေလ့လာေနရျခင္းျဖစ္ေၾကာင္း ေဖႀကီးေျပာျပခဲ့၍ ကြၽန္မသိရွိခဲ့ရၿပီးျဖစ္ပါတယ္။ အထက္တြင္ေဖာ္ျပၿပီးခဲ့သည့္အတိုင္း ေဆ့ဗ္ဇုန္၏အျပင္ဘက္သို႔ ထြက္ခြာသြားေရာက္ရေသာ အလုပ္သည္အလြန္အႏၲရာယ္မ်ားလြန္းလွသျဖင့္ အိမ္၌က်န္ရစ္ခဲ့ေသာ ကြၽန္မတို႔ကေဖႀကီးအတြက္ အၿမဲလိုလိုစိုးရိမ္ပူပန္းေနရသည္မွာ ပုံမွန္ပင္ျဖစ္ေနခဲ့ပါၿပီ။


 


ဒါေပမယ့္လည္း ေဖႀကီးရဲ႕အလုပ္ကို ဘယ္သူေတြဘာေျပာေျပာ ကြၽန္မကေတာ့ ေလးစားအားက်တယ္။ ကြၽန္မအသက္ျပည့္လို႔ အ႐ြယ္ေရာက္လာသည့္အခါက်လွ်င္လည္း ေဖႀကီးကဲ့သို႔သုေတသနပညာရွင္ႀကီးတစ္ေယာက္ျဖစ္ခ်င္တယ္။ မျမင္ဖူး၊ မေရာက္ဖူးေသးေသာ ေနရာေဒသသစ္မ်ားဆီသို႔ ကိုယ္တိုင္ကိုယ္က်အလည္အပတ္သြားေရာက္ေလ့လာခြင့္ရခ်င္တယ္။ ငယ္စဥ္အခ်ိန္ကစိတ္ကူးယဥ္ခဲ့ဖူးသည့္ ေနလုံးႀကီးရဲ႕ပုံသ႑ာန္အစစ္အမွန္ကိုလည္း တိတိက်က်သိခ်င္မိေသးရဲ႕။


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


ဝတ္မႈန္မိုးေျပးက ထုံစံအတိုင္း ၁၅ မိနစ္ခန႔္စိတ္ႀကိဳက္႐ြာသြန္းအၿပီးမွာ လုံးဝရပ္တန႔္သြားခဲ့တယ္။ လူသြားလမ္းမႀကီးမ်ားေပၚ၌တစ္က်န္ရစ္ေနေသးသည့္ အျဖဴေရာင္ဝတ္မႈန္စေတြကိုေတာ့ ေမာင္းသူမဲ့စက္႐ုပ္မ်ားႏွင့္ ပီပီအီးဝတ္ဆင္ထားေသာ သန႔္ရွင္းေရးဝန္ထမ္းမ်ားက သူ႔ေနရာႏွင့္သူ ဖယ္ရွားရွင္းလင္းေနခဲ့ၾကပါတယ္။ ဝတ္မႈန္ေႂကြၿပီး ေနာက္ႏွစ္နာရီခန႔္အၾကာ ညေန ၆ နာရီေက်ာ္ေက်ာ္တြင္ ေဖႀကီးတစ္ေယာက္ အိမ္သို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ျပန္ေရာက္လာခဲ့တယ္။ ေဘးမသီရန္မခပဲ ပုံမွန္အတိုင္းလန္းလန္းဆန္းဆန္းပင္ျဖစ္ေန၍ ကြၽန္မတို႔တစ္အိမ္လုံး အနည္းငယ္စိတ္သက္သာရာရသြားခဲ့ၾကပါတယ္။


 


ညေနစာ,စားေသာက္ၿပီးေနာက္ ေဖႀကီးက အိမ္ဧည့္ခန္းအတြင္းရွိ ထိုင္ေနက်ကုလားထိုင္တစ္လုံးေပၚမွာထိုင္ၿပီး စာအုပ္ဖတ္ရင္းထမင္းလုံးတန္းစီေနတယ္။ ကေလးႏွစ္ေယာက္ကေတာ့ ေစာေစာစီးစီးအိပ္ယာဝင္သြားခဲ့ၾကပါၿပီ။ ေမႀကီးက အိမ္ေနာက္ေဖးမွာ။ ကြၽန္မက ဆိုဖာခုံတန္းရွည္ႀကီးေပၚ၌ တင္ပ်ဥ္ေခြခ်ိတ္ထိုင္လ်က္ ...


 


"ေဖႀကီး ..."


 


"ဟင္ ... ဘာတုန္း သမီးရဲ႕ ..."


 


"ေဖႀကီးရဲ႕အလုပ္ေတြ အဆင္ေျပရဲ႕လားဟင္ ..."


 


"ေအာ္ ... အဲ့တာကေတာ့ ဒီလိုပဲေပါ့ကြယ္ ... ဆင့္ကဲေျပာင္းလဲသြားတဲ့ အဏုဇီဝသက္ရွိမ်ိဳးကြဲေတြကို တစ္ေတာင္တက္တစ္ေတာင္ဆင္းၿပီး ကႏၲာရႀကီးထဲမွာ ေျခတိုေအာင္လိုက္ရွာေနရတာဆိုေတာ့ ဘယ္လြယ္ပါ့မလဲ ... ကိုယ္ဝါသနာပါတဲ့အလုပ္ဆိုေတာ့လည္း မတတ္ႏိုင္ဘူးေလ ..."


 


" ... ... ... "


 


အဲ့သည္ေနာက္ေတာ့ ေဖႀကီးနဲ႔ကြၽန္မ စကားစျပတ္သြားခဲ့တယ္။ ကြၽန္မက ေခါင္းကိုေအာက္ငိုက္စိုက္ခ်၍ ေရာက္တတ္ရာရာအေတြးေပါင္းစုံအား လက္ခံစိစစ္ေနမိခဲ့သျဖင့္ စာၾကည့္မ်က္မွန္ေအာက္ကေန ကြၽန္မကို စူးစူးရွရွစိုက္ၾကည့္ေနခဲ့သည့္ ေဖႀကီးရဲ႕မ်က္လုံးတစ္စုံအား လုံးဝသတိမျပဳမိခဲ့ပါဘူး။


 


"ေဖႀကီးကို ဘာေျပာစရာရွိလို႔လဲ သမီး ..."


 


"ရွင္ ..."


 


ေဖႀကီး၏ လွ်ပ္တျပတ္ဆန္ေသာ စကားလုံးမ်ားေၾကာင့္ ကြၽန္မ ႐ုတ္တရက္ပုခုံးတြန႔္သြားမိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေမးလိုက္မွအေျဖေပၚမည့္ကိစၥျဖစ္၍ကား ...


 


"ဟို–ဟိုေလ ... သမီးငယ္ငယ္တုန္းက ေဖႀကီးနဲ႔အတူ အေရွ႕ဘက္ၿမိဳ႕တံတိုင္းႀကီးဆီ အလည္လိုက္လာခဲ့ဖူးတာကို မွတ္မိေသးလားဟင္ ..."


 


"အင္း မွတ္မိတာေပါ့ ...အဲ့ေန႔ကသမီး အိမ္မွာအာေခါင္ျခစ္ၿပီးေတာ့ ေအာ္ငိုေနခဲ့တာကိုလည္းမွတ္မိတယ္ ... ေဖႀကီးသာ အဲ့ကိုလိုက္ပို႔မေပးခဲ့ဖူးဆိုရင္ ငါ့သမီး နင္အဲ့ေန႔က လိပ္ေခါင္းေတာင္ထြက္သြားႏိုင္တယ္ သိလား ... ဟားဟားဟားဟား ..."


 


"ဟာ ေဖႀကီးေနာ္ ... သမီးေမးခြန္းထဲမွာ အဲ့တာေတြမပါဘူး ..."


 


ကြၽန္မ ေဖႀကီးကို စိတ္ေကာက္ခ်င္ေယာင္ေဆာင္ရင္း ႏႈတ္ခမ္းစူၿပီး မ်က္ႏွာတစ္ဖက္လႊဲေနလိုက္တယ္။ ခ်က္ဆို နားခြက္က မီးဟုန္းဟုန္ထေတာက္သည့္ ေဖႀကီးက ...


 


"ဘာလဲ ... အေရွ႕ဘက္ၿမိဳ႕တံတိုင္းဆီကို ထပ္သြားခ်င္ေသးလို႔လား ..."


 


"သမီးသြားခ်င္တာေတာ့ မဟုတ္ပါဘူး ... ဒီအတိုင္း ... ကေလးေတြကို ေခၚသြားျပခ်င္လို႔ ... အဲ့တာ ေဖႀကီး သမီးတို႔ကိုလိုက္ပို႔ေပးႏိုင္ဦးမလား ... လို႔ပါ ..."


 


ေဖႀကီးတစ္ေယာက္ မ်က္စိစုံမွိတ္ၿပီး ေခတၱခဏမွ်တိတ္ဆိတ္ၿငိမ္သက္သြားတယ္။ တစ္မိနစ္ခန႔္ၾကာၿပီးမွာေတာ့ ...


 


"ေကာင္းၿပီေလ ... ေနာက္ရက္ထဲမွာ ေဖႀကီးလည္း  အေရွ႕ပိုင္းက ေဂလ္ဒ္း (Guild) တစ္ခုကိုသြားစရာရွိေသးတာနဲ႔ အေတာ္ပဲ ... အဲ့ေန႔က်ရင္ သမီးတို႔လည္း အတူလိုက္ခဲ့ၾကေပါ့ ..."


 


"တကယ္လား ... ဟုတ္ၿပီကြ ... ဒါမွ တို႔ေဖႀကီး ..."


 


ကြၽန္မအေပ်ာ္လြန္ၿပီး ေဖႀကီးကို ေျပးဖက္ပစ္လိုက္တာ ေဖႀကီးေတာင္ ထိုင္ခုံေပၚကေန ျပဳတ္က်ေတာ့မလိုျဖစ္သြားေလရဲ႕။


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


ကြၽန္မ အိပ္ရာကေနလန႔္ႏိုးလာေတာ့ အခ်ိန္အားျဖင့္ ညည့္သန္းေခါင္ယံေက်ာ္သည္ဆို႐ုံေလးပဲ ရွိပါေသးတယ္။ ေဘးနားက ညီညီနဲ႔ နီနီတို႔ႏွစ္ေယာက္ေတာင္ ညစာထမင္းဆိပ္တက္၍ ေဟာက္သံမ်ိဳးစုံေပးၿပီး အိပ္ေပ်ာ္ေနၾကဆဲပါ။ အာေခါင္ေတြေျခာက္၍ ေရဆာလြန္းလွသျဖင့္ ကုတင္ေပၚမွတိတ္တဆိတ္ဆင္းကာ အခန္းျပင္ထြက္ၿပီး မီးဖိုေခ်ာင္ဆီသို႔ ေျခလွမ္းမ်ားဦးတည္လိုက္မိတယ္။


 


မီးဖိုေခ်ာင္အတြင္းမွ လွ်ပ္စစ္မီးအလင္းေရာင္အခ်ိဳ႕အား အေဝးကေနတစ္ဆင့္ ကြၽန္မလွမ္းျမင္လိုက္ရတယ္။ အေဝးကေနတစ္ဆင့္ ဆိုသည္မွာ ကြၽန္မနဲ႔ ကေလးႏွစ္ေယာက္တို႔ အတူတကြမွ်သုံးၾကေသာ အခန္း၏အျပင္ဘက္အနီးအနားတစ္ဝိုက္ကို ဆိုလိုခ်င္တာပါ။ ကြၽန္မစိတ္ထဲတြင္ေတာ့ "ေမႀကီးတစ္ေယာက္ မီးဖိုေခ်ာင္မီးမပိတ္ဘဲ အိပ္ယာဝင္သြားၿပီလား" ဟုေတြးလိုက္မိတယ္။ သို႔ေသာ္လည္း အဲ့သည္အေတြးက ကြၽန္မစိတ္ထဲ၌ သိပ္ၾကာၾကာေနခြင့္မရလိုက္ရွာပါဘူး။ ကြၽန္မ မီးဖိုးေခ်ာင္ကိုေရာက္ေတာ့ မအိပ္ေသးဘဲ တစ္ေယာက္တည္းျပာယာခပ္ေနသည့္ ေမႀကီးအားေတြ႕လိုက္ရတယ္။ ၿပီးေတာ့ ေမႀကီးရဲ႕ ခႏၶာကိုယ္ေပၚမွာ ...


 


အိပ္ခ်င္မူးတူးျဖစ္ေနေသာ ကြၽန္မ၏မ်က္လုံးႏွစ္လုံးအား ကြၽန္မလက္ျဖင့္အသာယာပြတ္သပ္၍ ေမႀကီးကိုထပ္မံၾကည့္ရႈလိုက္တယ္။ ဟုတ္သည္ ... ကြၽန္မအား ေက်ာေပးကာ တစ္ခုခုကိုတပူတျပင္းရွာေဖြဟန္ရွိေနေသာ ေမႀကီး၏ခႏၶာကိုယ္ေပၚတြင္ (ညဝတ္အက်ႌေပၚတြင္) ပလတ္စတစ္အိတ္မ်ားအား ႀကိဳးေတြႏွင့္သိုင္းပတ္ၿပီး ဝတ္ဆင္ထားတယ္။ ကြၽန္မစိတ္ထဲ၌ တစ္ခ်က္ဘဝင္မက်ျဖစ္သြားမိ၍ ေမႀကီးအားအသံျပဳၿပီး ...


 


"ေမႀကီး ..."


 


"ဟင္ ... လီလီ မအိပ္ေသးဘူးလား ..."


 


"ေရဆာလို႔ ေရထေသာက္တာပါ ... ေမႀကီးကေရာ ဒီအခ်ိန္ႀကီး မီးဖိုေခ်ာင္ထဲဘာလုပ္ေနတာတုန္း ... ဒီအိတ္ေတြကေရာ ဘာအတြက္လဲ ..."


 


ထိုအခ်ိန္၌ ေမႀကီးတစ္ေယာက္ သိသိသာသာပင္မ်က္စိမ်က္ႏွာေတြပ်က္ေနခဲ့သည္ကို ကြၽန္မစၿပီးသတိထားမိလိုက္ပါၿပီ။ သည္ေလာက္ဆိုရင္ျဖင့္ ကြၽန္မသေဘာေပါက္သြားတယ္ ... ဆက္ၿပီးေမးေနစရာေတာင္မလိုေတာ့ပါဘူး။


 


"ေဖႀကီးဆီမွာ လကၡဏာေတြေပၚေနၿပီလား ဟင္ ..."


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


အေစာပိုင္းကအထိ အိပ္ခ်င္ေနခဲ့တဲ့စိတ္ေတြေတာင္ အခုအခ်ိန္မွာ ဘယ္ဆီလႊင့္ေမ်ာသြားၿပီလည္း မသိေတာ့ပါဘူး။ ေမႀကီးဆီကေန အေၾကာင္းစုံသိလိုက္ရၿပီးေနာက္  ကြၽန္မ ေမႀကီးတို႔အိပ္ခန္းဆီကို ဦးတည္ဖို႔ေျခလွမ္းျပင္လိုက္တယ္။ ေမႀကီးနဲ႔ ေဖႀကီးတို႔အိပ္ခန္း ကြၽန္မတို႔ေမာင္ႏွမသုံးေယာက္ အိပ္ခန္းရဲ႕ညာဘက္ေဘးနားကအခန္းပါ။ ေမႀကီးတို႔အိပ္ခန္းကိုေရာက္ေတာ့ ႏွစ္ေယာက္အိပ္ကုတင္ေပၚမွာ ပက္လက္လွန္ၿပီးလဲေလ်ာင္းေနေသာ ေဖႀကီးအား ေတြ႕လိုက္ရတယ္။ အသက္ကိုျပင္းျပင္ရႈေနရသျဖင့္ ေဖႀကီးဆီမွ ေမာဟိုက္သံကဲ့သို႔ အာေမဋိတ္မ်ား အဆက္မျပတ္ထြက္ေပၚေနသည္ကို ကြၽန္မၾကားေနရတယ္။


 


ေဖႀကီးက အိပ္ေပ်ာ္တစ္ဝက္ႏိုးတစ္ဝက္ အေနအထားသို႔သက္ေရာက္ေနခဲ့ၿပီျဖစ္၍ ကုတင္ေဘး၌ ကြၽန္မရွိေနသည္ကို မသိလိုက္ဘူး ထင္ပါတယ္။ ေဖႀကီးရဲ႕နဖူးအား လက္ျဖင့္စမ္းသပ္ၿပီး ကိုယ္အပူခ်ိန္တိုင္းၾကည့္ရန္ ကြၽန္မ အေကာင္အထည္ေဖာ္ေနခ်ိန္တြင္ ...


 


"ဟဲ့ လက္ဗလာနဲ႔ သြားမထိနဲ႔ေလ ..."


 


အခန္းေပါက္ဝ၌ မည္သည့္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိလိုက္ရေသာ ေမႀကီးကကြၽန္မအား အသံခပ္အုပ္အုပ္သုံး၍ လွမ္းေအာ္လိုက္တယ္။


 


"အိမ္မွာ ပီပီအီး အပိုမရွိဘူး ... ကေလးေတြႏိုးလာရင္ ဒီအခန္ထဲမဝင္ေစနဲ႔ ... ၾကားလား လီလီ ..."


 


ေမႀကီးေျပာသည္ကို ၾကားေပမယ့္လို႔ ကြၽန္မ စကားျပန္မေပးမိဘဲ ေဖႀကီးရဲ႕အေရျပားကိုသာ အာ႐ုံစူးစိုက္ၾကည့္ရႈေနခဲ့မိတယ္။ မႈိပြင့္ေတြထြက္လာသည္ကိုေတာ့ ကြၽန္မ ယခုအခ်ိန္အထိ မေတြ႕ရွိရေသးပါဘူး။ ဒါဆို အခုမွစျဖစ္ဆဲအဆင့္အားေက်ာ္ျဖတ္ေနသည့္ သေဘာပါ။ အခ်ိန္မွီသာကုသႏိုင္ခဲ့မယ္ဆိုရင္ အရွင္းေပ်ာက္ကင္းႏိုင္ေခ်ရွိေသးတာ ကြၽန္မသိလိုက္တယ္။


 


"သမီး စေပါ့ (Spot) ဘြတ္ကင္ (Booking) သြားလုပ္ထားလိုက္မယ္ ေမႀကီး ..."


 


"ဟဲ့ဟဲ့ ေနဦးေလ ... အျပင္မွာ ဝတ္မႈန္ေတြဓာတ္မျပယ္ေသးဘူး ..."


 


ကြၽန္မ အိပ္ခန္းအျပင္ဘက္သို႔ ေျပးထြက္ရန္ဟန္ျပင္ေနစဥ္မွာပဲ ေမႀကီးကကြၽန္မလက္ကို လွမ္းဆြဲထားလိုက္တယ္။ ေမႀကီးေျပာကာမွ ဝတ္မႈန္မိုး႐ြာၿပီးတာ ၁၂ နာရီမျပည့္ေသးမွန္း ကြၽန္မ သတိရမိသြားတယ္။ သည္အခ်ိန္၌သာ အိမ္အျပင္ထြက္မည္ဆို မႈိစြဲခံရမွာကအေသအခ်ာ။ ဒါေပမယ့္ ေဖႀကီးကိုလည္း အခ်ိန္မွီေဆးကုသေပးႏိုင္ေအာင္ ကြၽန္မျပင္ဆင္ထားရဦးမယ္ေလ။ အေျခအေနေတြက တကယ္ေဘးက်ပ္နံက်ပ္။ ကြၽန္မ ေမႀကီးကိုတစ္ခ်က္လွမ္းၾကည့္လိုက္တယ္ ... မ်က္ႏွာ၌ "ငါနင့္ကိုလုံးဝေပးမသြားဘူး" ဟုမေရးထိုးထား႐ုံတမယ္ပင္။


 


ခင္ပြန္းျဖစ္သူ ေရာဂါကူးစက္ခံရၿပီးျဖစ္သျဖင့္ သမီးျဖစ္သူကိုပါထပ္မံ၍ ေရာဂါကူစက္မခံရေစလိုျခင္းအား ကြၽန္မေကာင္းေကာင္းႀကီးနားလည္ပါတယ္။ ဒါေပမယ့္ ... ဒါေပမယ့္ ကြၽန္မတို႔ ဒီအတိုင္းထိုင္ေနလို႔မွမျဖစ္တာ။ အိမ္မွာဆို ေဖႀကီးကို ကြၽန္မတို႔ဘာမွလုပ္မေပးႏိုင္ဘူး။ ေဆး႐ုံ ... ေဆး႐ုံကပဲ ေဖႀကီးရဲ႕အသက္ကို ကယ္တင္ေပးႏိုင္လိမ့္မယ္။


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


ကပ္ပါးမႈိေရာဂါကို စတင္ကူးစက္ခံရခ်ိန္တြင္ အျမစ္ျပတ္ကုသေပးႏိုင္မည့္ ေဆးပညာနည္းလမ္းတစ္ခုရွိေၾကာင္းအား ကြၽန္မ အထက္၌ေဖာ္ျပခဲ့ဖူးသည္ကို မွတ္မိၾကဦးမယ္ထင္ပါတယ္။ အဲ့သည့္နည္းလမ္းကေတာ့ ေနေရာင္ျခည္စစ္စစ္ပါ။ ေတာင္ဝင္႐ိုးစြန္းမွ ကမာၻ႔သစ္ပင္ႀကီးဟာ မဟာပထဝီေျမႀကီးေပၚသို႔ ပူေႏြးေသာေနေရာင္ျခည္အလင္းဓာတ္မ်ား လုံးဝက်ေရာက္ျခင္းမရွိေစရန္ ၎၏အကိုင္းအခတ္မ်ားႏွင့္ မည္သို႔ပင္ပိတ္ဆို႔တားဆီးဖို႔ႀကိဳးစားခဲ့ပါေစ အလြန္တ ရာႀကီးမားက်ယ္ျပန႔္ေသာ မိုးသားျပင္ႀကီးတစ္ခုလုံးအား အလုံးစုံလႊမ္းမိုးထားႏိုင္ဖို႔ဆိုသည္က သူ႔အတြက္ဘယ္လိုမွမျဖစ္ႏိုင္ခဲ့ပါဘူး။ ထို႔ေၾကာင့္ မိုးေကာင္းကင္ယံတစ္ခြင္လုံး၌ မဟာပထဝီကမာၻေျမႀကီးေပၚသို႔ ေနေရာင္ျခည္အလင္းေပ်ာက္က်ေရာက္မႈရရွိေနေသးေသာ ေနရာေဒသမ်ားက လက္ရွိအခ်ိန္အထိတည္ရွိေနၾကဆဲပါပဲ (သို႔ေပမယ့္ ထိုေနရာမ်ားသည္လည္း ကမာၻ႔သစ္ပင္မွ သတိထားမိသြားခ်ိန္တြင္ လိုက္လံပိတ္ဆို႔ျခင္းခံရပါတယ္)။


 


ဤသို႔ေသာ ေနေရာင္ျခည္အလင္းေပ်ာက္က်ေရာက္မႈရရွိေနေသးရာ ေနရာေဒသမ်ားကို ဆန္းလိုက္စေပါ့ (Sunlight Spot - SLS) ဟုေခၚဆိုၾကၿပီး မ်က္ေမွာက္ေခတ္၌အသက္ရွင္က်န္ရစ္ႏိုင္ခဲ့ေသာ လူသားမ်ိဳးႏြယ္တို႔သည္ ဧဒင္ႏိုင္ငံမွ တစ္ကမာၻလုံးရွိေဆ့ဗ္ဇုန္မ်ားသို႔ အခမဲ့ေထာက္ပံ့ေပးထားေသာ ဆိုလာ (Solar) စက္ကိရိယာတစ္မ်ိဳးအား အသုံးျပဳ၍ ၎ေနရာေဒသမ်ားမွ ေနေရာင္ျခည္အလင္းဓာတ္သတၱိမ်ားကို စုတ္ယူသုံးဆြဲေလ့ရွိခဲ့ၾကပါတယ္။ အဆိုပါ SLS ေဒသမ်ားမွထုတ္ယူရရွိခဲ့ေသာ အလင္းဓာတ္သတၱိမ်ားအား ေဆးပညာဓာတ္ခန္းခြဲမ်ားသို႔ပို႔ေဆာင္၍ အသြင္ေျပာင္းလဲကာ ကပ္ပါးမႈိေရာဂါကိုကုသရာ၌ ဓာတ္ေရာင္ျခည္ကုထုံးတစ္မ်ိဳးအျဖစ္ လက္ရွိမွာအသုံးျပဳလ်က္ရွိေနၾကပါၿပီ (ထိုကုထုံးရရွိႏိုင္ေသာ ေဆး႐ုံမ်ားကို SLS Hospital ဟုေခၚဆိုၾက၍ မ်ားေသာအားျဖင့္ ၎တို႔ဟာ SLS ေဒသမ်ားႏွင့္ ကပ္လ်က္ပူးတြဲတည္ရွိေနတတ္ၾကပါတယ္)။


 


"SLS ေဒသ" မ်ားဟုဆိုရာတြင္ အ႐ြယ္အစားအားျဖင့္ သိပ္ႀကီးႀကီးမားမားေတြေတာ့ မဟုတ္ရပါဘူး။ ပုံမွန္ ေပ ၁၀၀ ဝန္းက်င္ပတ္ပတ္လည္အတြင္းမွာပဲ ရွိတတ္ၾကၿပီး ကမာၻ႔သစ္ပင္ႀကီးရဲ႕အကိုင္းအခတ္မ်ားမွ လြတ္သည့္အေပါက္ေတြကေနတစ္ဆင့္ အဆိပ္ေငြ႕တိမ္တိုက္မ်ားကိုပါ ျဖတ္သန္းလာခဲ့ရ၍ ေရာင္ဝါမ်ားလည္းသိပ္မထြန္းလင္းႏိုင္ၾကရွာေတာ့။ ေဆးကုသ၍ ေလာက္ငွသည္ဆို႐ုံမွ်ခန႔္သာ အနီေရာင္ကတၱီပါစေပၚ၌ အဝါေရာင္ေဆးကြက္ စြန္းထင္းေနခဲ့သလိုပင္။


 


သို႔ရာတြင္ အႏွီး SLS ကုသနည္းက ေရာဂါစတင္ကူးစက္ခံရခါစ လူနာမ်ားအား ေကာင္းေကာင္းႀကီးႏိုင္ႏိုင္နင္းနင္ ကုသမႈေပးႏိုင္ပါတယ္။ SLS ေဒသမ်ားမွာေနေရာင္ျခည္အား ေကာင္းရင္ေကာင္းသေလာက္ ေရာဂါေပ်ာက္ကင္းႏိုင္စြမ္းေတြကလည္း ပိုၿပီးေတာ့ျမင့္မားလာပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ေတြကုန္လြန္၍ လူနာရဲ႕မ်က္ႏွာျပင္အေရျပားေပၚအထိ မႈိပြင့္မ်ားစတင္ေပါက္ဖြားလာခဲ့ၿပီဆိုပါက ထိုကုထုံးသည္လည္းပဲ အသက္ကိုအာမခံမေပးႏိုင္ရွာေတာ့။ ထိုမွတစ္ဆင့္ မႈိဖုတ္ေကာင္ဘဝသို႔ အသြင္ေျပာင္းလဲသြားခဲ့သည္ရွိေသာ္ မီးၿမိဳက္၍သၿဂိဳလ္ေပးလိုက္ဖို႔ကလြဲၿပီး တျခားနည္းလမ္းမ်ားမွာ ယခုအခ်ိန္အထိတိုင္ႀကိဳးစားရွာေဖြေနၾကဆဲပင္။


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


"အစ္မ ... သမီး စေပါ့ဘြတ္ကင္ (Spot Booking) တစ္ေယာက္စာ လုပ္ခ်င္လို႔ ..."


 


"အယ္ ညီမေလး ... အစ္မတို႔ ေဆး႐ုံမွာေတာ့ အခုေလးတင္ ကုတင္ေတြအကုန္ျပည့္သြားၿပီကြဲ႕ ... ဘြတ္ကင္ လက္မခံေတာ့ဘူး ..."


 


"ဟာ ... ေသစမ္း ..."


 


ဝတ္မႈန္ေတြဓာတ္ျပယ္သည့္အခ်ိန္အား ေစာင့္ဆိုင္းေနခဲ့ရသျဖင့္ ကြၽန္မ အိမ္ကေန စေပါ့ဘြတ္ကင္ လုပ္ဖို႔ထြက္လာေတာ့အခ်ိန္က မနက္ေျခာက္နာရီခြဲခန႔္ပင္ ရွိေနခဲ့ပါၿပီ။ နာရီလက္တံအတို ေျခာက္ဂဏန္းေပၚသို႔ရွိေနကတည္းက ကြၽန္မ အိမ္၌ ဖင္တႂကြႂကြျဖစ္ေနခဲ့ေပမယ့္ ေမႀကီးက "ေနာက္ထပ္နာရီဝက္ေလာက္ ထပ္ေစာင့္ၿပီးမွသြား" ဆိုသည္ႏွင့္ ေျခာက္နာရီခြဲၿပီးမွ ထြက္ခြာလာျဖစ္ခဲ့တာပါ။ အခုေတာ့ ထို႔သို႔နာရီဝက္ခန႔္ ထပ္မံေစာင့္ဆိုင္းခိုင္းခဲ့ေသာ ေမႀကီးအား ကြၽန္မအျပစ္တင္ေနမိေလရဲ႕။


 


အိမ္ကထြက္လာ,လာခ်င္းမွာတင္ ကြၽန္မတို႔ေနထိုင္ရာ ဆတ္ပ္တာ (Sector) အစုအပိုင္းအတြင္းမွ အိမ္ႏွင့္အနီဆုံး SLS ေဆး႐ုံဆီသို႔ ကြၽန္မဦးတည္ၿပီးဒုန္းစိုင္းေျပးသြားခဲ့ေပမယ့္လည္း ေနာက္ဆုံးေတာ့အခ်ိန္မမွီလိုက္ရွာပါဘူး။ ၾကည့္ရတာ မေန႔ညေနကအခ်ိန္အခါမဟုတ္႐ြာခ်ခဲ့သည့္ ဝတ္မႈန္မိုးေၾကာင့္ ဤေဆ့ဗ္ဇုန္အတြင္းရွိ လူေတာ္ေတာ္မ်ားမ်ားအထိနာသြားခဲ့ၾကသည္ ထင္ပါတယ္။ ေနရာတစ္ခုၿပီးတစ္ခုလိုက္စုံစမ္းၾကည့္ေနရင္းကေန လူျပည့္သြားခဲ့ၿပီျဖစ္သျဖင့္ ကြၽန္မ ဘြတ္ကင္လုပ္ခြင့္မရလိုက္သည္မွာ ယခုေဆး႐ုံႏွင့္ဆို ေနရာသုံးခုခန႔္ပင္ရွိသြားခဲ့ပါၿပီ။ ထပ္မံအခ်ိန္ဆြဲေန၍မျဖစ္ေသာေၾကာင့္ ကြၽန္မ ေနာက္ထပ္ေဆး႐ုံတစ္ခုရွိရာ လမ္းေၾကာင္းေပၚသို႔ ခပ္ျမန္ျမန္ေျခလွမ္းခ်မိလိုက္တယ္။ သည္ကေန႔ညေန ၃ နာရီမခြဲခင္အခ်ိန္အေတာအတြင္း၌ ကြၽန္မ ေဖႀကီးအတြက္ SLS ရွာေပးႏိုင္မွျဖစ္မည္ကို။


 


ဤသို႔ျဖင့္ ကြၽန္မတို႔ေနထိုင္ရာ ဆတ္ပ္တာအစုအပိုင္းအတြင္းရွိ SLS ေဆး႐ုံတိုင္းအားလုံးလိုလိုတြင္ တစ္ခုဝင္တစ္ခုထြက္နည္းလမ္းျဖင့္ ကြၽန္မ ေနရာလြတ္လိုက္ရွာစုံစမ္းျဖစ္ခဲ့တယ္။ ကံမေကာင္းခ်င္ေတာ့ ႀကိဳးစားေျပးလႊာခဲ့ရသမွ်က အရာမထင္ႏိုင္ခဲ့ပါဘူး။ ရွိသမွ် SLS ေတြအကုန္လုံးမွာ လူျပည့္ေနခဲ့တာပါ။ ႀကံရာမရသည့္အဆုံး စိတ္ပိုင္းျဖတ္၍ ေနာက္ဆုံးေသာအားကိုးရာအျဖစ္ ယခင္ကတည္းကႀကံ႐ြယ္ထားခဲ့သည့္ ဗဟိုဆန္းလိုက္စေပါ့ေဆး႐ုံႀကီး (Central Sunlight Spot Hospital) အား ကြၽန္မေျခလွမ္းေတြဦးတည္လိုက္ရပါေတာ့တယ္။


 


ဗဟိုေဆး႐ုံႀကီးက ဤေဆ့ဗ္ဇုန္အတြင္း၌ ေနေရာင္ျခည္အမ်ားဆုံး က်ေရာက္ရာ SLS တစ္ခုျဖစ္ၿပီး လူေနဆတ္ပ္တာ ၄ ခုရဲ႕အလယ္တည့္တည့္မွာတည္ရွိေနပါတယ္။ အေတာ္အတန္ႀကီးမားေသာအေဆာက္အအုံႀကီးႏွင့္ ေဆးဝါးမ်ားအဓိကေဖာ္စပ္ထုတ္လုပ္ရာ ဓာတ္ခြဲခန္းတစ္ခုလည္းတြဲဖက္ပါဝင္ေနေသာေၾကာင့္ တျခားေဆး႐ုံေလးေတြမွာ မႏိုင္ေတာ့သည့္ လူနာမ်ားကို အႏွီးဗဟိုေဆး႐ုံႀကီးသို႔ လႊဲေျပာင္းပို႔ေဆာင္ေပးေလ့ရွိေသာ သာဓကမ်ားလည္းရွိခဲ့ဖူးပါတယ္။ မည္သို႔ပင္ဆိုေစကာမူ အဲ့သည္ဗဟိုေဆး႐ုံႀကီးက ကြၽန္မ၏ဖခင္ျဖစ္သူအား ေကာင္ေကာင္းႀကီးကုသေပးႏိုင္မည့္ေနရာတစ္ခုျဖစ္ေၾကာင္း ကြၽန္မ ယုံၾကည္တယ္။ ထို႔ေၾကာင့္လည္း ကြၽန္မ ေျပးရေပဦးမည္ေပါ့။


 


ဗဟိုေဆး႐ုံႀကီးက ေဆ့ဗ္ဇုန္ရဲ႕အလယ္တည္တည့္မွာတည္ရွိေနသည္ ဆိုေပမယ့္လို႔ ကြၽန္မတို႔လူေနအိမ္ေျခေတြနဲ႔ေတာ့ အနည္းငယ္မွ်ခရီးလမ္းကြာေဝးပါတယ္။ ကြၽန္မ ဗဟိုေဆး႐ုံႀကီးအား လူသြားလမ္းမႀကီးေပၚကေနတစ္ဆင့္ အရိပ္လွမ္းျမင္လိုက္ရေတာ့ အုပ္ခ်ဳပ္ေရးေမွ်ာ္စင္ထိပ္ပိုင္းမ်က္ႏွာစာရွိ ဒီဂ်စ္တယ္နာရီႀကီးထံမွ မနက္ ၉ နာရီ ေဒါင္ခနဲေခါင္းေလာင္းထိုးသံထြက္ေပၚေနခဲ့ပါၿပီ။


 


အဲ့သည္ေနာက္ ခဏအၾကာမွာ ကြၽန္မ ဗဟိုေဆး႐ုံႀကီးရဲ႕အေဆာက္အအုံ ဝင္ေပါက္တံခါးအေရွ႕ကိုေရာက္ရွိသြားခဲ့တယ္။ ဒါေပမယ့္ ဘယ္လိုေျပာရမလဲ ... နည္းနည္းစိတ္ဓာတ္က်သြားမိသည္ဟုပင္ဆိုရေလမလား။ ဗဟိုေဆး႐ုံႀကီးေရွ႕၌ ေစာင့္ဆိုင္းေနၾကေသာ လူအုပ္ႀကီးက မနည္းမေနာပါဘဲ။ မရွိဘူးဆိုရင္ေတာင္ အနည္းဆုံး အေယာက္သုံးရာခန႔္ေတာ့ အသာေလးေက်ာ္ေကာင္းေက်ာ္ေလာက္ပါတယ္။ လူအမ်ားစုက ကြၽန္မကဲ့သို႔ စေပါ့ဘြတ္ကင္ လုပ္ေဆာင္ရန္ေစာင့္ဆိုင္းေနၾကသူမ်ားျဖစ္ၿပီး တစ္ခ်ိဳ႕ကလည္း ပီပီအီးဝတ္စုံ ဒါမွမဟုတ္ တျခားပလတ္စတစ္ကဲ့သို႔ေသာအကာအကြယ္ပစၥည္းမ်ားကို ဝတ္ဆင္ထားၾကလ်က္ ေစာင့္ဆိုင္းေနၾကသည့္ လူနာမ်ားကိုယ္တိုင္ပင္ျဖစ္ပါတယ္။ ကြၽန္မ ေဆ႐ုံအေဆာက္အအုံဘက္ဆီသို႔ မ်က္လုံးေဝ့ၾကည့္လိုက္ေတာ့ ဝင္ေပါက္တံခါးကပိတ္ထားသည္ကိုေတြ႕ခဲ့ရတယ္။ ဝင္ေပါက္ရဲ႕အေရွ႕မွာ ႐ိုင္ဖယ္ေသနတ္ကိုင္ေဆာင္ထားသည့္ ေယာက်ာ္းႏွစ္ဦးက မတ္တပ္ရပ္ၿပီး ဟိုၾကည့္ဒီၾကည့္လုပ္ေနၾကေလရဲ႕။


 


ပုံမွန္အားျဖင့္ေတာ့ ဤကဲ့သို႔ ဗဟိုေဆး႐ုံႀကီးအား ဝင္ေပါက္တံခါးပိတ္ထားခဲ့သည္ဆိုျခင္းကို ကြၽန္မ တစ္ခါမွမၾကားဖူးမျမင္ဖူးခဲ့ပါဘူး။ လူအုပ္ႀကီးအတြင္းမွာလည္း လူနာေတြအတြက္စိတ္ပူသည့္သူ႔မ်ားက တစ္စု၊ ေဆး႐ုံဝင္ေပါက္ အဘယ္ေၾကာင့္ပိတ္ထားရသနည္းဟု သီအိုရီရွင္းတမ္းထုတ္ေနၾကသူမ်ားက တစ္ဖုံ၊ အသက္ရႈၾကပ္သျဖင့္ အသံေပါင္းစုံထြက္၍ ညည္းညဴေနၾကေသာ လူနာမ်ားကတစ္မ်ိဳးႏွင့္ ကြၽတ္ကြၽတ္ညံပြတ္ေလာ႐ိုက္ေနခဲ့ပါၿပီ။ ကြၽန္မလည္း အိမ္တြင္က်န္ရစ္ခဲ့သည့္ ေဖႀကီးအတြက္စိတ္ပူမိေနဆဲပါ။ ကြၽန္မအိမ္ကေန စထြက္မလာခင္အခ်ိန္အထိမွာေတာ့ ေဖႀကီးရဲ႕အေျခအေနက သိပ္ၿပီးဆိုးဆိုးဝါးဝါအဆင့္သို႔ ေရာက္ရွိေနခဲ့ျခင္းမရွိေသးပါဘူး။


 


ကြၽန္မ လူအုပ္ႀကီးအား တိုးေဝွ႔ၿပီး ေဆး႐ုံဝင္ေပါက္တံခါးဝေရွ႕တည္တည့္သို႔ ေရာက္ရွိႏိုင္ရန္ႀကိဳးစားေနစဥ္အခ်ိန္မွာပင္ ေဆး႐ုံႀကီး၏အဆိုပါဝင္ေပါက္တံခါးတစ္ခ်ပ္ပြင့္ထြက္လာခဲ့ၿပီး အတြင္းကေန တျခားလက္နက္ကိုင္ေယာက်ာ္းႀကီးႏွစ္ေယာက္ ထြက္ေပၚလာခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ အျပင္ေရာက္ေတာ့ ယခင္ကတည္းကရွိေနသည့္ လက္နက္ကိုင္ေယာက်ာ္းႏွစ္ေယာက္ထဲမွ တစ္ေယာက္က တံခါးကိုျပန္လည္တြန္းပိတ္လိုက္ၿပီး ထိုေနာက္ သူ႔ေနရာသူျပန္သြား၍မတ္တပ္ရပ္ေနခဲ့ပါတယ္။ အျပင္ထြက္လာသည့္ လက္နက္ကိုင္ႏွစ္ေယာက္ထဲမွ အသက္ခပ္ငယ္ငယ္ႏွင့္ ပိန္ပိန္ပါးပါးတစ္ေယာက္က  ...


 


"ဒီေဆး႐ုံႀကီးမွာ အက္စ္အယ္လ္အက္စ္ အတြက္လက္ခံႏိုင္တဲ့ေနရာလြတ္ကုန္သြားပါၿပီခဗ်ာ ... က်ဳပ္တို႔ ဘြတ္ကင္ေတြ ဆက္ၿပီးလက္မခံေတာ့ပါဘူး ..."


 


"ဟာ ... ဒုကၡပဲ ..."


 


"ဟယ္ ... ဘယ္လိုျဖစ္တာလဲ ..."


 


"ဟ ... ေသာက္ျပႆနာပဲေဟ့ ..."


 


အဆိုပါေယာက်ာ္းဆီကေန အႏွီးေၾကျငာခ်က္ထြက္လာေတာ့ ေဆး႐ုံေရွ႕၌ေစာင့္ဆိုင္ေနၾကသည့္ လူအုပ္ႀကီးထံမွ အာေမဋိတ္ေပါင္းစုံထြက္ေပၚလာခဲ့ပါတယ္။ ကြၽန္မကိုယ္တိုင္လည္း အေတာ္ေလးအံ့ၾသသြားခဲ့တယ္။ ဗဟိုေဆး႐ုံႀကီးလို ေနရာမ်ိဳးက လူျပည့္သြားၿပီဆိုတာ ျဖစ္ႏိုင္ေခ်မွမရွိခဲ့တာ။ ဘာလို႔ဆို လက္ရွိဗဟိုေဆး႐ုံႀကီးအား ဖြင့္လွစ္ထားရွိေသာ ဤအေဆာက္အအုံႀကီးဟာ ယခင္ SLS ေပၚမလာခင္အခ်ိန္ (အဆိုပါေနရာသို႔ ေနေရာင္ျခည္မက်ေရာက္ခင္အခ်ိန္) ကတည္းကတည္ရွိေနခဲ့တာပါ။ အဲ့သည့္အခ်ိန္က ၎အေဆာက္အအုံႀကီးကို မႈိဖုတ္ေကာင္ရန္ကာကြယ္ဖို႔ႏွင့္ တျခားေသာသဘာဝေဘးအႏၲရာယ္မ်ားအတြက္ ျပည္သူလူထုေတြလုံလုံၿခဳံၿခဳံနားခိုႏိုင္ေစရန္ ရည္႐ြယ္ၿပီး တည္ေဆာက္ခဲ့ၾကတာပါ။ ထို႔ေနာက္ေတာ့ အဘယ္ေၾကာင့္ ဗဟိုေဆး႐ုံႀကီးအျဖစ္ေျပာင္းလဲဖြင့္လွစ္ခဲ့ၾကသနည္းဆိုတာ ကြၽန္မမသိပါဘူး (ဗဟိုေဆး႐ုံႀကီးဖြင့္တာ ၅ ႏွစ္ေက်ာ္ပဲရွိပါေသးတယ္)။ ဆိုေတာ့ သည္ေဆ့ဗ္ဇုန္ဧရိယာအတြင္းရွိ လူေနဆတ္ပ္တာ ၄ ခုလုံးမွ ျပည္သူလုထုတစ္ရပ္လုံးကိုေတာင္ ေအးေအးေဆးေဆးျဖင့္ ေကာင္းေကာင္းႀကီးလက္ခံထားေပးႏိုင္ေသာ အေဆာက္အအုံႀကီးက လူျပည့္သြားခဲ့ၿပီဆိုတာ ျဖစ္ႏိုင္ပါ့မလား။ ကုတင္ေတြအကုန္ေနရာခဲ့ျပည့္သြားၿပီဆိုေပဦးေတာ့ အေဆာက္အအုံအတြင္း၌ တျခားေသာၾကမ္းခင္းေနရာလြတ္ေတြအမ်ားႀကီးရွိေနေသးသည္ဆိုတာကို ကြၽန္မတို႔ေစာင့္ဆိုင္းေနၾကသူေတြအားလုံး သိရွိနားလည္ထားခဲ့ၾကၿပီးသားပါ။


 


"ဟိတ္ေကာင္ေတြ မင္းတို႔ေပါက္ကရေလွ်ာက္ေျပာမေနနဲ႔ ... ဗဟိုေဆး႐ုံႀကီးကမ်ား ေနရာလြတ္မရွိေတာ့ဘူး ဟုတ္စ ... လမ္းေဘးေခြး သြားေျပာရင္ေတာင္ မင္းတို႔ကို ဘယ္အေကာင္မွယုံမွာမဟုတ္ဘူးကြ ..."


 


"ယုံတာမယုံတာက ခင္ဗ်ားတို႔အပိုင္းေလ ... က်ဳပ္တို႔က ဝတၱရားရွိတဲ့အတိုင္းလာေျပာျပတာ ..."


 


"–ီးကိုဝတၱရားအေၾကာင္းျပေနတာလား ... မင္းတို႔တကယ္မွန္တယ္ဆိုရင္ အဲ့သည့္တံခါးဖြင့္ခ်ျပလိုက္ေလ ... ငါတို႔ကိုယ္တိုင္ဝင္ၾကည့္မယ္ ..."


"ဟုတ္တယ္ ... မင္းတို႔ေကာင္ေတြ ပါးစပ္ကထြက္သမွ်စကားလုံးတိုင္းက အကုန္ကူလီကူမာနဲ႔ အလိမ္အညာေတြခ်ည္းပဲ ... ဒီတစ္ေခါက္လည္း ဘာေတြယုတ္မာဦးမလဲ မသိပါဘူးကြာ ..."


 


"ဒီဘဲႀကီးေတြ ေတာ္ေတာ္ေသာက္စကားမ်ားၾကတာပဲ ... ငါပစ္သတ္လိုက္မွ ယမမင္းနဲ႔ အင္တာဗ်ဴးထိုင္ေနရဦးမယ္ ..."


 


အေျခအေနေတြကေတာ့ လက္ရွိမွာတစ္ဘက္နဲ႔တစ္ဘက္ အႀကိတ္အနယ္ဆဲဆိုျငင္းခုံေနၾကပါတယ္။ ကြၽန္မကေတာ့ ေရွ႕ဆုံးအတန္းမွာ ပြဲၾကည့္ပရိတ္သတ္တစ္ေယာက္ပါ။ ပြဲၾကည့္ပရိတ္သတ္ဆိုသည္ထက္ အေျခအေနေတြကို အတြင္းက်က်ေလ့လာေစာင့္ၾကည့္ေနသူတစ္ဦးဟုေျပာမည္ဆိုလွ်င္ ပိုမွန္ပါလိမ့္မယ္။ မဟုတ္လည္း ကြၽန္မက အသက္မျပည့္ေသးဘူးေလ။ တစ္ဘက္က လက္နက္ကိုင္ေဆာင္ထားၾကသည့္ လူေလးဦးအနက္ သုံးဦးမွာ သာမန္အရပ္ဝတ္အက်ႌေပၚ၌ က်ည္ကာကိုသာထပ္၍ဝတ္ဆင္ထားၾကၿပီး က်န္တစ္ဦးကမူ စစ္ဘက္ဆိုင္ရာယူနီေဖာင္းအျပည့္အစုံအားေနကာမ်က္မွန္ႏွင့္အတူ တြဲဖက္ဝတ္ဆင္ထားလ်က္ အေနာက္ဆုံးတြင္ တစ္ေယာက္တည္းမတ္တပ္ရပ္လက္ပိုက္ၾကည့္ေနခဲ့ပါတယ္။ ထိုေလးေယာက္၏ လက္ေမာင္းေတြေပၚမွာေတာ့ ယူအာအန္င္ေအ (URNA) ဟုေရးထိုးထားသည့္ စာတန္းအမွတ္တံဆိပ္တစ္ခုအား ႀကိဳးႏွင့္ပတ္၍ဝတ္ဆင္ထားၾကပါတယ္။


 


ယူနီယမ္ရီပက္ပလစ္ေနရွင္းနယ္အာမီ (Union Republic National Army) ဟုအမည္အျပည့္အစုံရေသာ အဆိုပါအမွတ္တံဆိပ္မွာ ကြၽန္မတို႔လက္ရွိေနထိုင္လ်က္ရာ ေဆ့ဗ္ဇုန္ဧရိယာအပါအဝင္ တျခားေသာ ေဆ့ဗ္ဇုန္ဧရိယာႀကီးဆယ္ခုေက်ာ္တို႔ျဖင့္ ဖြဲ႕စည္းတည္ေထာင္ထားခဲ့ေသာ သမၼတျပည္ေထာင္စု (Union Republic) ႏိုင္ငံေတာ္၏ အမ်ိဳးသားလုံၿခဳံေရးတပ္ဖြဲ႕ အမွတ္အသားတစ္ခုပါ (URNA ကို "အာဏာ" ဟုအသံထြက္ပါတယ္)။ URNA က အဘယ္ေၾကာင့္ ဗဟိုေဆး႐ုံႀကီးအား လုံၿခဳံေရးအျပည့္အဝရယူထားခဲ့သနည္းဆိုသည္ကိုေတာ့ ကြၽန္မအခုထိနားမလည္ေသးပါဘူး။ ကြၽန္မနားမလည္သကဲ့သို႔ မည္သူတစ္ဦးတစ္ေယာက္မွလည္း တိတိက်က်ေျဖရွင္းမေပးႏိုင္ခဲ့ၾကပါဘူး။


 


"ငါတို႔ဒီအေရွ႕ကိုေရာက္ေနတာ မနက္ ၆ နာရီ ဝတ္မႈန္ေတြဓာတ္ျပယ္သြားၿပီးကတည္းကြ ... မင္းတို႔ ေသာက္တံခါးက အဲ့တုန္းကတည္းက ပိတ္ေနတာေလ ... ဘယ္ေခ်ာင္ႀကိဳေခ်ာင္ၾကားအေပါက္ေတြကေန လူေတြကဝင္ေနၾကလို႔ ေနရာလြတ္ေတြျပည့္ကုန္ရတာလဲ ..."


 


"အဲ့တာေတာ့ က်ဳပ္တို႔လည္း ဘယ္သိမလဲဗ် ... ေနရာလြတ္ကုန္သြားတယ္ဆိုတာ ကုန္သြားလို႔ေပါ့ ... ဘယ္ႏွယ့္ ေသာက္ရစ္ကိုရွည္ၾကတယ္ ..."


 


"အဲ့လိုမလုပ္ပါနဲ႔ သားတို႔ရယ္ ... အန္တီ့ေယာက်ာ္းကအခုခ်က္ခ်င္း ဓာတ္ကင္ခြင့္ရမွျဖစ္မွာမို႔လို႔ပါ ... အထဲမွာေနရာလြတ္တစ္ခုေလာက္စီစဥ္ေပးၾကပါကြယ္ ... အန္တီတို႔တစ္သက္လုံးေက်းဇူးမေမ့ပါဘူး ..."


 


ကြၽန္မေဘးနားရွိ အေဒၚႀကီးတစ္ေယာက္က လက္နက္ကိုင္အေစာင့္မ်ားအား ဤကဲ့သို႔ေမတၱာရပ္ခံပါတယ္။ သို႔ေသာ္ျငားလည္း ...


 


"ဒီမွာအေဒၚႀကီး ... လက္ရွိ ဒီကအေျခအေနေတြကို ခင္ဗ်ားလည္းမသိတာမဟုတ္ဘူး ... ျဖစ္ႏိုင္ရင္ က်ဳပ္တို႔လည္း အားလုံးကိုေပးဝင္ခ်င္တာေပါ့ဗ်ာ ... ဒါေပမယ့္ ေနရာလြတ္မွမရွိေတာ့တဲ့ဟာ ဘယ္လိုလုပ္ေပးဝင္လို႔ရမွာတုန္း ကဲေျပာ ... ၿပီးေတာ့ ခင္ဗ်ားတစ္ေယာက္တည္းကို က်ဳပ္တို႔က ေပးဝင္လိုက္ပါၿပီတဲ့ ... ဒါဆိုက်န္တဲ့သူေတြအတြက္ကေရာ ဘယ္မွာလည္း တရားမွ်တမႈ ... ဟုတ္တယ္မလား ... အခုအခ်ိန္မွာ ေသမင္းနဲ႔စစ္ခင္းေနရတာက ခင္ဗ်ားေယာက်္ားတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာကို ခင္ဗ်ား ေကာင္းေကာင္းႀကီး သေဘာေပါက္ထားဖို႔လိုတယ္ အေဒၚႀကီး ... ေနာက္ၿပီး ခင္ဗ်ားေယာက်္ား ေစာေစာစီးစီးေလွ်ာသြားေတာ့လည္း ေနာက္လင္တစ္ေယာက္ ခပ္ျမန္ျမန္ေကာက္ယူလို႔ရသြားတာေပါ့ ... ဟားဟားဟားဟား ..."


 


"အဟင့္ ..."


 


အေျပာခံလိုက္ရေသာ အေဒၚႀကီးရဲ႕မ်က္ဝန္းအိမ္မွာ မ်က္ရည္စေတြ ဝဲလာသည္ကို ကြၽန္မထင္ထင္ရွားရွားျမင္ေနရပါတယ္။ လူအုပ္ႀကီးဆိုသည္မွာလည္း ေတာ္ေတာ္ေလးကို ေဒါသထြက္ေနခဲ့ၾကသျဖင့္ လက္သီးလက္ေမာင္းေတြ တန္းကုန္ၾကပါၿပီ။


 


"မင္းတို႔ေခြးေလာက္ေတာင္ ေသာက္ဆင့္မရွိတဲ့ေကာင္ေတြ အဲ့အေရွ႕ကေနဖယ္လိုက္စမ္း ... ငါတို႔အထဲဝင္ၿပီး ေနရာလြတ္ရွိမရွိကို မ်က္လုံးနဲ႔ကိုယ္တိုင္အတည္ျပဳၾကည့္ၿပီးမွ ယုံမယ္ ..."


"ေအး ဟုတ္တယ္ ... ငါတို႔ကိုယ္တိုင္မ်က္လုံးနဲ႔မျမင္ရမခ်င္း ဘယ္မေအ–ိုးေျပာတာမွ မယုံႏိုင္ဘူးကြ ... အဲ့ေခြးသားေတြကို ဆြဲဖယ္ပစ္လိုက္ၾကစမ္းပါကြာ ..."


"ဝင္ၾကကြာ အကုန္ဝင္ၾက ငါတို႔လူအုပ္ေတာင့္တာပဲ ... ဘယ္အေကာင္မွေၾကာက္ေနစရာမလိုဘူး ... ေဆး႐ုံမွာ ဆရာဝန္ေတြ သူနာျပဳေတြလည္း တစ္ေယာက္မွမေတြ႕ရတာ ေတာ္ေတာ္ထူးဆန္းေနတယ္ ..."


 


ဗဟိုေဆး႐ုံႀကီးေရွ႕ကအေျခအေနေတြမွာ အတင္းမာဆုံးအေနအထားတစ္ခု၌ ေရာက္ရွိေနခဲ့ပါၿပီ။ ေဒါသထြက္ေနေသာ လူအုပ္ႀကီးက သူတို႔ကိုတားဆီးပိတ္ပင္ထာသည့္ လက္နက္ကိုင္သုံးေယာက္ႏွင့္ အကာအကြယ္တစ္ခ်ိဳ႕အား ခ်ိဳးျဖတ္၍ ေဆး႐ုံအေဆာက္အအုံအတြင္းသို႔ အတင္းအၾကပ္စီးနင္းဝင္ေရာက္ရန္ ႀကိဳးပမ္းလာၾကတယ္။ တစ္ဘက္မွ လက္နက္ကိုင္သုံးေယာက္ကလည္း သူတို႔ခ်ည္းျဖင့္ထိန္း၍မႏိုင္ေတာ့ေသာေၾကာင့္ အေဆာက္အအုံအတြင္းရွိ တျခားစစ္ကူမ်ားအား လွမ္းေခၚခဲ့ၾကသျဖင့္ ခ်က္ခ်င္းဆိုသလိုပင္ ဗဟိုေဆး႐ုံႀကီး၏ဝင္ေပါက္တံခါးဝအေရွ႕မ်က္ႏွာစာ၌ အဓိက႐ုဏ္းရန္ျဖစ္ပြဲႀကီးတစ္ရပ္ေပၚေပါက္လာခဲ့ရေလေတာ့တယ္။


 


"အ ... အု ..."


 


ကြၽန္မ၏ေနာက္ေက်ာဘက္ကေန လူမ်ားတိုးဝင္လာခဲ့ၾကသျဖင့္ ကြၽန္မေရွ႕သို႔ေမွာက္ယက္ဟက္ထိုးလဲက်သြားစဥ္ ကြၽန္မ၏ရင္ဝအား တစ္စုံတစ္ေယာက္မွ ဒူးႏွင့္ျဖတ္တိုက္သြားခဲ့တယ္။ အဲ့သည္ေနာက္မွာေတာ့ ကြၽန္မ မတ္တပ္ျပန္မရပ္ႏိုင္ခဲ့သျဖင့္ လူေတြတက္နင္းသြားသည္ကို ဖြတ္ဖြတ္ညပ္ညပ္ေၾကတဲ့အထိခံခဲ့ရေတာ့တာေပါ့။


 


"ဒိုင္း ..."


 


ေဆး႐ုံးဝင္ေပါက္တံခါးဝေရွ႕ကေနထြက္ေပၚလာသည့္ ေသနတ္သံတစ္ခ်က္ေၾကာင့္ လုံးေထြးသတ္ပုတ္ေနၾကေသာ လူအုပ္ႀကီးမွာ ေခတၱခဏမွ်ရပ္တန႔္သြားခဲ့ၾကတယ္။ ထို႔ေနာက္ ေျမႀကီးေပၚ၌ ဖုန္အလူးလူး ႐ြံ႕အေထြေထြျဖင့္ မထႏိုင္မျပဳႏိုင္ျဖစ္ရွာေနေသးေသာ ကြၽန္မအပါအဝင္ လူေတြအားလုံးရဲ႕အၾကည့္က ေဆး႐ုံအေဆာက္အအုံေရွ႕ရွိ လူတစ္ေယာက္ထံသို႔ေရာက္ရွိသြားခဲ့ၾကပါတယ္။ ထိုလူကေတာ့ စစ္အစိမ္းေရာင္ယူနီေဖာင္းအျပည့္အစုံဝတ္၍ ေနကာမ်က္မွန္တပ္ဆင္ထားသည့္ လက္နက္ကိုင္ေယာက်္ားႀကီးပါ။ ထိုသူကိုင္ေဆာင္ထားသည့္ လက္နက္ကေတာ့ တျခားသူေတြလိုမ်ိဳး ႐ိုင္ဖယ္ေသနတ္တစ္လက္ မဟုတ္ဘဲ အ႐ြယ္အစားခပ္ငယ္ငယ္ အိတ္ေဆာင္ပစၥတိုေသနတ္တစ္လက္တည္းပါပဲ။


 


"ဒီလူေတြကေတာ့ တကယ္ သက္တမ္းေစ့မေနခ်င္ၾကေတာ့ဘူး ထင္တယ္ ... လာေလ ေသရဲတဲ့ေကာင္ရွိရင္ထြက္လာခဲ့ ... တစ္ခါတည္းပစ္သတ္ၿပီး ေနာက္ဘဝကူးေပးလိုက္မယ္ ..."


 


"ဟားဟားဟား ... မင္းတို႔ ေသနတ္ျပၿပီးၿခိမ္းေျခာက္တိုင္း ေၾကာက္ဒူးတုန္သြားရေအာင္ ငါတို႔ကိုစဥ္းစားဉာဏ္မရွိတဲ့ေသာက္႐ူးေတြမ်ား မွတ္ေနၾကသလား ... ဒီမွာဟိတ္ေကာင္ေတြ ... မင္းတို႔ ေသာက္အစိုးရနာမည္ခံၿပီး ေဆ့ဗ္ဇုန္ေတြထဲမွာ လက္နက္အားကိုးနဲ႔  လူပါးဝခ်င္တိုင္းဝေနတာကို တို႔ျပည္သူေတြ ဒီအတိုင္းထိုင္ၾကည့္ေပးေနၾကလို႔ တျဖည္းျဖည္းနဲ႔ပိုပိုၿပီးေရာင့္တက္မလာနဲ႔ၾကကြ ... အေျခအေနအခ်ိန္အခါအရ အခြင့္မသာေသးလို႔သာေပါ့ကြာ ... အခြင့္အေရးမ်ားရခဲ့ရင္ေတာ့ ..."


 


"ဒိုင္း ..."


 


"ဟဲ့ ..."


"ဟင္ ..."


"အိုး ..."


 


ေသနတ္သံေနာက္တစ္ခ်က္ကို ထပ္မံၾကားလိုက္ရၿပီးေနာက္မွာ လူအုပ္ႀကီးအတြင္းမွ အာေမဋိတ္သံမ်ား ဆူဆူညံညံထြက္ေပၚလာခဲ့တယ္။ ကြၽန္မလည္း ေျမႀကီးေပၚကေန ကုန္း႐ုန္းထၿပီး ဘာေတြျဖစ္ပ်က္သြားသလဲဆိုသည္အား သိရဖို႔ႀကိဳးစားလိုက္တယ္။ ကြၽန္မ၏ အေရွ႕ေျမာက္ဘက္ ေပ ၂၀ ခန႔္အကြာရွိ ေျမႀကီးေပၚ၌ လူတစ္ေယာက္ ေမွာက္ယက္အေနအထားျဖင့္လဲက်ေနတယ္။ ၿပီးေတာ့ ... ေသြးေတြလား။ အဆိုပါေမွာက္ယက္လဲက်ေနသူ၏ ခႏၶာကိုယ္ေအာက္ဘက္ကေနၿပီး ေသြးေတြစိမ့္ထြက္လာခဲ့တယ္။ ေသခ်ာၾကည့္လိုက္မိေတာ့မွ ထိုသူ၏ ေနာက္ေက်ာဘက္၌ အေပါက္ငယ္တစ္ေပါက္ကိုေတြ႕လိုက္ရတယ္။


 


"အခြင့္အေရးမ်ားရခဲ့ရင္ ဘာျဖစ္သလဲ ... ဘာလုပ္ခ်င္လို႔တုန္း ... မင္းတို႔ေတာ့မသိဘူး ငါကေတာ့ အဲ့သည့္အခြင့္အေရးဆိုတာႀကီးကို ရရင္ရသလိုယူတတ္တယ္ကြ ... အဲ့တာေၾကာင့္လည္း ငါက မင္းတို႔ေတြထက္ေခါင္းတစ္လုံးျမင့္ေနခဲ့တာ ..."


 


" ... ... ... "


 


လူအုပ္ႀကီးထံကေန မည္သည့္အသံမွထပ္မံထြက္ေပၚလာခဲ့ျခင္းမရွိေတာ့ပါဘူး။ ပစၥတိုေသနတ္ကိုင္ထားသည့္ ေယာက်္ားကေတာ့ အဆိုပါလူအုပ္ႀကီးအား ေကာင္းေကာင္းဆဲဆိုေနဆဲပါ။ ကြၽန္မလည္း လူအုပ္ႀကီးနဲ႔ေရာေယာင္ၿပီး ၿငိမ္ေနလိုက္ရတယ္။


 


"ကိုင္း ဘယ္အေကာင္ေသေန႔ေစ့ခ်င္ေသးလဲ ... ထြက္လာခဲ့ၾကစမ္းပါ ... ငါကေျပာရင္ေျပာတဲ့အတိုင္းလုပ္တတ္တယ္ေနာ္ ... အနည္းဆုံးေတာ့ မင္းတို႔ေတြဒီဘဝမွာ မႈိဇြန္ဘီ မျဖစ္ဘဲ ေသသြားလိုက္ရတာေပါ့ကြာ ... ဟားဟားဟားဟား ..."


 


"ဒီ–ဒီေခြးမသားေတြကေတာ့ကြာ ..."


 


ပစၥည္းေသနတ္ကိုင္ ေယာက်္ားႀကီးေျပာလိုက္သည့္စကားအား လက္နက္ကိုင္အေစာင့္ေတြအကုန္လုံးက ဝိုင္းရယ္ၾကတယ္။ လူအုပ္ႀကီးကလည္း အံတႀကိတ္ႀကိတ္ျဖစ္ေနခဲ့ေပမယ့္လို႔ ေဒါသထြက္ျပ႐ုံကလြဲၿပီး ဘာမွမတတ္ႏိုင္ၾကေတာ့ပါဘူး။ ေသြးအိုင္အတြင္း၌ အသက္ငင္ေနဆဲ လူသားတစ္ဦးကျဖင့္ ေနာက္ဘဝသို႔ကူးေျပာင္းႏိုင္ေရးအတြက္ လက္မွတ္ျဖတ္ေနခဲ့ရပါၿပီ။ ကြၽန္မလည္း ထိုေနရာမွာဆက္ေန၍ အေၾကာင္းမထူးမွန္း သေဘာေပါက္သြားမိသျဖင့္ လူအုပ္ႀကီးအားထပ္မံတိုးေဝွ႔ကာ ထြက္လာခဲ့လိုက္တယ္။


 


"ကဲကဲ အားလုံးအိမ္ျပန္ၾကေတာ့ကြာ ... အာ႐ုံေနာက္တယ္ ... မင္းတို႔ရဲ႕လူနာေတြ မႈိေျပာင္းမသြားခင္ အခ်ိန္မွီေဆးကုသခြင့္ရပါေစလို႔ပဲ ငါတို႔ဆုေတာင္းေပးလိုက္ပါတယ္ ...  ဟီးဟီးဟီး ..."


 


အုပ္ခ်ဳပ္ေရးေမွ်ာ္စင္ဆီမွ နာရီႀကီးထံကေန ေန႔လည္ ၁၁ နာရီထိုးၿပီးျဖစ္ေၾကာင္း အေၾကာင္းၾကားခ်က္ေခါင္းေလာင္းသံတညံညံ ထြက္ေပၚလာခဲ့တယ္။ အေျခအေနေတြက ကြၽန္မအတြက္ သိပ္မဟန္ေတာ့ပါဘူး။ ကပ္ပါးမႈိေရာဂါကူးစက္ခံရၿပီး ၂၄ နာရီအတြင္း ေဆးမကုသေပးႏိုင္ရန္ ေဖႀကီးက မႈိဖုတ္ေကာင္ဘဝကိုေရာက္သြားေတာ့မွာ။ အဲ့အခ်ိန္မတိုင္ခင္ ... ညေန ၃ နာရီမခြဲမတိုင္ခင္ ကြၽန္မေဖႀကီးကို စေပါ့ တစ္ခုခုရေအာင္ရွာေပးႏိုင္မွျဖစ္မယ္။ ကြၽန္မ ... ရေအာင္ရွာေပးႏိုင္မွျဖစ္မယ္ ...


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


"သတင္းပို႔ပါတယ္ ၿမိဳ႕ေတာ္ဝန္ ..."


 


"ဝင္လာခဲ့ပါ ကပၸတိန္ ..."


 


စစ္အစိမ္းေရာင္ယူနီေဖာင္းအား အေပၚေအာက္ျပည့္စုံစြာဝတ္ဆင္ထားေသာ ေယာက်ာ္းတစ္ေယာက္ အေမွာင္ခ်ထားေသာ ခန္းမက်ယ္ႀကီးအတြင္းသို႔ဝင္ေရာက္လာခဲ့သည္။ ၎၏မ်က္ႏွာေပၚတြင္ေတာ့ ေနကာမ်က္မွန္မရွိေတာ့ ...


 


"ကြၽန္ေတာ့္ေကာင္ေလးေတြ အျပင္ကလူအုပ္ႀကီးကို ထိန္းထားလိုက္ႏိုင္ပါၿပီ ... ၿမိဳ႕ေတာ္ဝန္အေနနဲ႔ ဘာမွစိုးရိမ္မလိုေတာ့ပါဘူးခဗ် ..."


 


"တာဝန္ေက်ပါေပတယ္ ကပၸတိန္ ... သည္အတိုင္းပဲဆက္ၿပီး တာဝန္ထပ္ေဆာင္ေနလိုက္ပါဦး ... လိုအပ္ရင္ ပစ္မိန႔္ပါ က်ဳပ္တစ္ခါတည္းေပးလိုက္မယ္ ..."


 


"ဟုတ္ကဲ့ပါ ၿမိဳ႕ေတာ္ဝန္ ... ဒါဆို ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး ..."


 


စစ္အစိမ္းေရာင္ယူနီေဖာင္းဝတ္ ကပၸတိန္ဆိုသူတစ္ေယာက္ ခန္းမႀကီးအတြင္းမွ လာရာလမ္းအတိုင္းျပန္လည္ထြက္ခြာသြားခဲ့၏။ ခန္းမႀကီးအတြင္း၌ လူနာတင္ကုတင္တစ္လုံးသာရွိသည္။ ထိုလူနာတင္ကုတင္အား ကပ္ပါးမႈိေရာဂါကုသရာ၌အသုံးျပဳေသာ ေနေရာင္ျခည္ဓာတ္ကင္စက္ ၅ လုံးခန႔္ကဝိုင္းပတ္၍ထားခဲ့ၿပီး အဆိုပါလူနာတင္ကုတင္ေပၚ၌ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္ေလးတစ္ေယာက္လဲေလ်ာင္းလ်က္ရွိေလသည္။ ထိုေကာင္ေလး၏ မ်က္ႏွာတစ္ခုလုံး၌ မႈိပြင့္မ်ားႏွင့္ျပည့္ႏွက္ေနခဲ့၍ ေအာက္ဆီဂ်င္ကိုလည္း ျပင္းျပင္းထန္ထန္ မနည္းရႈရႈိက္ေနရသည့္ သေဘာ၌ရွိေန၏။


 


"စိတ္ခ်ပါ ငါ့သား ... အေဖ မင္းကို မရရေအာင္ ကယ္တင္ေပးမွာပါ ... ဒီေဆ့ဗ္ဇုန္ၿမိဳ႕ႀကီးတစ္ခုလုံးကို အေဖ စေတးလိုက္ရမယ္ဆိုရင္ေတာင္ မင္းကို အေဖ မရရေအာင္ကယ္တင္ေပးဦးမွာပါ ... သည္ကအေဖတစ္ေယာက္လုံးကိုသာ မင္းယုံၾကည္ထားလိုက္ ငါ့သား ... အေဖ့ အသက္နဲ႔က်ိန္ၿပီးေတာ့ေျပာရဲတယ္ ..."


 


လူနာတင္ကုတင္ေပၚရွိ ဆယ္ေက်ာ္သက္ ေကာင္ေလးကျဖင့္ သူ၏အသက္အား ေသမင္းထံမွမနည္းျပန္လုေနရေသာေၾကာင့္ မအားလပ္ရွာသျဖင့္ သူ႔အေဖက်ိန္ေျပာခဲ့သည့္ စကားလုံးမ်ားကို ၾကားလိုက္မည့္ပုံမေပၚေပ။ အဆိုပါ လူနာတင္ကုတင္၏ ညာဘက္အျခမ္း၌ ထိုေကာင္ေလး၏ ဖခင္တစ္ျဖစ္လဲ ၿမိဳ႕ေတာ္ဝန္ဆိုသူရွိေနၿပီ ဘယ္ဘက္အျခမ္းတြင္ေတာ့ ... ေသြးအိုင္ထဲ၌ လဲက်ေသဆုံးေနခဲ့ရွာေသာ ဂ်ဴတီကုတ္အျဖဴေရာင္ဝတ္ဆရာဝန္ႀကီးတစ္ေယာက္။ ၎တို႔ႏွင့္ မလွမ္းမကမ္းတြင္မူ ျပင္ပလူမ်ား မသိလိုက္ၾကေသာအျဖစ္အပ်က္တစ္ခ်ိဳ႕အား မ်က္ျမင္ကိုယ္ေတြ႕ႀကဳံခဲ့ရရွာသည့္ လက္ေထာက္ဆရာဝန္တစ္ဦးႏွင့္ သူနာျပဳဆရာမတစ္ေယာက္။ ၎တို႔ႏွစ္ဦးအား စစ္သားဟုယူဆေသာ လူငယ္ ၃ ဦးမွ ေသနတ္မ်ားျဖင့္ ဝိုင္းေထာက္ခ်ိန္႐ြယ္ထားၾကသျဖင့္ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္သာ သက္ျပင္းေတြစြတ္ခ်ေနခဲ့ရရွာေလေတာ့သတည္း။


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


"ေဟာဟဲ ... ေဟာဟဲ ... ေဟာဟဲ ..."


 


ကြၽန္မေျခေထာက္ေတြက အေတာ္ေလးကို ေလးလံေနခဲ့ပါၿပီ။ ခႏၶာကိုယ္က စိတ္သြားတိုင္းမပါခ်င္ေတာ့။ ကြၽန္မ ေနေရာင္ျဖည္ စေပါ့ ပတ္ရွာေနသည္မွာ လူေနဆတ္ပ္တာ ၂ ခုပင္ေက်ာ္လြန္၍ ယခု၌ ၃ ခုေျမာက္အျဖစ္ အေရွ႕ပိုင္းဆတ္ပ္တာအတြင္းသို႔ေရာက္ရွိေနခဲ့ပါၿပီ။ ဒါေပမယ့္ ကြၽန္မ အခုထိ ေဖႀကီးအတြက္ စေပါ့ဘြတ္ကင္ တစ္ေနရာမွရွာမေတြ႕ခဲ့ေသးပါဘူး။ တစ္ေနရာအေရာက္မွာ ကြၽန္မကိုယ္ကြၽန္မ ဆက္ၿပီးထိန္းမထားႏိုင္ေတာ့ပဲ လမ္းမေပၚ၌ပစ္လဲက်သြားမိတယ္။


 


"သမီးေတာင္းပန္ပါတယ္ ေဖႀကီး ... သမီး–သမီး ေဖႀကီးကို အခ်ိန္မွီမကယ္တင္ေပးႏိုင္ေတာ့ဘူးထင္ပါတယ္ ... သမီး သမီး တကယ္ေတာင္းပန္ပါတယ္ ... ေဖႀကီး သမီးကို ဒီေလာက္အထိျပဳစုပ်ိဳးေထာင္ေပးခဲ့တာေတာင္ ... ဒီေသာက္သုံးမက်တဲ့ သမီးက ေဖႀကီးအတြက္ ဘာမွျပန္လုပ္မေပးႏိုင္ခဲ့ဘူး ..."


 


ပုလဲပြင့္ေရာင္ မ်က္ရည္စေတြက ကြၽန္မ မ်က္ဝန္းအိမ္ကေနတစ္ဆင့္ ပါးျပင္က်ယ္ႀကီးေပၚသို႔ ျဖည္းျဖည္းခ်င္း ျဖတ္သန္းစီးဆင္းသြားခဲ့တယ္။ ကြၽန္မ လက္သီးအားတင္းတင္းက်ပ္က်ပ္ဆုတ္၍ လမ္းမႀကီးေပၚသို႔ တဖုတ္ဖုတ္ႏွင့္ထုခ်ေနမိတယ္။ ဘယ္ ဆတ္ပ္တာကေနၾကည့္ၾကည့္ လွမ္းျမင္ေနရသည့္ အုပ္ခ်ဳပ္ေရးေမွ်ာ္စင္ဆီမွ နာရီၾကအား လွမ္းၾကည့္လိုက္ေတာ့ ညေန ၃ နာရီ ၄၅ မိနစ္ေတာင္ရွိေနခဲ့ပါၿပီ။ ဟုတ္တာေပါ့ ... ကြၽန္မ အခ်ိန္မမွီေတာ့ဘူး။ ၂၄ နာရီက ကြၽန္မကို တစ္စက္ကေလးမွ မေစာင့္ပဲ အရင္ျပည့္သြားႏွင့္ခဲ့ပါၿပီ။ ကြၽန္မ အိမ္မျပန္ခ်င္ေတာ့ဘူး။ အိမ္မွာ ေဖႀကီးဘယ္လိုပုံစံျဖစ္ေနလိမ့္မလဲဆိုတာ ကြၽန္မေတြးမၾကည့္မိခ်င္ဘူး။ ကြၽန္မကိုယုံၾကည္ၿပီး မနက္ကတည္းက အိမ္မွာေစာင့္ဆိုင္းခဲ့သည့္ ေမႀကီးအား ကြၽန္မ မ်က္ႏွာခ်င္းမဆိုင္ရဲခဲ့ဘူး။


 


အေရွ႕ဘက္ၿမိဳ႕႐ိုးတံတိုင္ႀကီး ... ကြၽန္မ အခုေရာက္ရွိေနသည့္ေနရာကေနတစ္ဆင့္ အေရွ႕ဘက္ၿမိဳ႕႐ိုးတံတိုင္းႀကီးကို ကြၽန္မလွမ္းျမင္ေနရတယ္။ ညီညီနဲ႔ နီနီအား ကြၽန္မေခၚသြားေပးမည္ဟု ကတိေပးထားခဲ့ဖူးေသာ ထိုအေရွ႕ဘက္ၿမိဳ႕႐ိုးတံတိုင္းႀကီး။ ေဖႀကီး ကြၽန္မနဲ႔ ကေလးႏွစ္ေယာက္ကို အဆိုပါအေရွ႕ဘက္ၿမိဳ႕႐ိုးတံတိုင္းႀကီးဆီလိုက္ပို႔ေပးရဦးမယ္ေလ။ ဘာလို႔ သည္လိုေတြျဖစ္ကုန္ရတာလဲ ...


 


"ညီညီ ... နီနီ ... မင္းတို႔ရဲ႕ ... ေသာက္သုံးမက်တဲ့အစ္မႀကီးကို ... ခြင့္လႊတ္ ... ေပးၾက ... ပါ ... "


 


မနက္ကတည္းက ဘာမွမစားရေသးသည္ကတစ္ေၾကာင္း၊ တစ္ေနကုန္ေျပးလႊားထားခဲ့ရ၍ လူကအားအင္ကုန္ခမ္းေနၿပီျဖစ္တာကတစ္ေၾကာင္းတို႔ေၾကာင့္ ကြၽန္မမ်က္လုံးေတြ ေမွးဆင္းလာခဲ့တယ္။


ကြၽန္မသတိလက္လြတ္ျဖစ္မသြားခင္အခ်ိန္ေလးမွာ ကြၽန္မနားထဲသို႔ အသံတစ္ခုဝင္ေရာက္လာခဲ့တယ္ ..."


 


"ေဟ့ ကေလးမေလး ... သတိထားဦးေလ ..."


 


ကြၽန္မ အားယူၿပီး မ်က္လုံးကိုဖြင့္ၾကည့္လိုက္တယ္။ ကြၽန္မႏွင့္ မသိသည့္ သူစိမ္းေယာက်္ားတစ္ေယာက္။ ကြၽန္မ၏ လက္ေမာင္းကိုတြဲၿပီး ကြၽန္မအားဆြဲထူေပးေနတယ္။


 


"ဘာျဖစ္သြားေသးလဲ ... ဒဏ္ရာရသြားေသးလား ..."


 


"စ ... ေပါ့ ..."


 


"ဟမ္ ... "စေပါ့" ဟုတ္လား ..."


 


"ဒီအနီးအနားမွာ ... ဆန္းလိုက္စေပါ့ ေဟာ္စပီတယ္ တစ္ခုခုမရွိဘူးလားဟင္ ..."


 


ကြၽန္မဆီကေန မထင္မွတ္ေသာ စကားကို ၾကားလိုက္ရ၍ ထင္ပါသည္ ... အႏွီးသူစိမ္းေယာက်ာ္း၏ မ်က္ႏွာေပၚ၌ အံၾသသြားသည့္ အရိပ္အေယာင္ေတြ ကြၽန္မျမင္လိုက္ရတယ္။


 


"အက္စ္အယ္လ္အက္စ္ တဲ့လား ... အင္းေပါ့ေလ မေန႔ညေနက အခ်ိန္အခါမဟုတ္ဝတ္မႈန္ေတြ တစ္ၿမိဳ႕လုံးကိုဝင္ေမႊသြားခဲ့တာပဲဟာ ... အခုေလာက္ဆို ၿမိဳ႕ထဲမွာ ဖ႐ိုဖရဲေတြျဖစ္ေနေလာက္ေရာေပါ့ ... လူျပည့္ေနၿပီးလားေတာ့ မသိေပမယ့္ ေဟာဟိုအေရွ႕က လမ္းမႀကီးအတိုင္းတည့္တည့္ဆက္သြားလိုက္မယ္ဆိုရင္ ပထမဆုံးလမ္းခ်ိဳးတစ္ခုကိုအရင္ေတြ႕ရလိမ့္မယ္ ... အဲ့လမ္းခ်ိဳးအတိုင္း ဘယ္ဘက္ကိုဆက္လိုက္သြား ... အဲ့လမ္းခ်ိဳးရဲ႕ အလယ္တစ္ဝက္ေလာက္မွာ ေနာက္ထပ္ လမ္းသြယ္ေလးတစ္ခုရွိတယ္ ညာဘက္မွာေနာ္ ... အဲ့လမ္းသြယ္ေလးရဲ႕အဆုံးမွာ သိပ္မၾကာေသးခင္ကမွ အသစ္ေပၚလာခဲ့တဲ့ အက္စ္အယ္လ္အက္စ္တစ္ခုရွိေနေသးတယ္ ... အဲ့သည္ေနရာက အခုထိလည္း ရီဂ်က္စတာ (Register) မတင္ရေသးဖူးဆိုေတာ့ လူေတြေတာ္ေတာ္မ်ားမ်ားမသိလိုက္ၾကေသးဘူး ... အဲ့ကိုသြားၾကည့္ရင္ေတာ့ ေမွ်ာ္လင့္ခ်က္ရွိႏိုင္ဦးမယ္ထင္တယ္ ကေလးမ ..."


 


"ေက်းဇူးတင္ပါတယ္ ..."


 


"ဟာ ေဟ့ ကေလးမ ေနဦးေလ ... မင္း ခႏၶာကိုယ္က အဆင္ေရာေျပေသးလို႔လား ..."


 


ကြၽန္မကို ကူညီၿပီးလမ္းၫႊန္ေပးခဲ့သည့္ သူစိမ္းေယာက်ာ္းအား ေက်းဇူးတင္စကားတစ္ခြန္းေျပာ၍ ကြၽန္မထိုေနရာကေန တစ္ခ်ိဳးတည္းေျပးထြက္လာခဲ့တယ္။ အခုအခ်ိန္မွာ ကြၽန္မအတြက္ ဘယ္အရာကမွအေရးႀကီးမေနေတာ့ပါဘူး။ ေဖႀကီးထက္ ... ဘယ္အရာကမွအေရးႀကီးမေနေတာ့ပါဘူး။


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


"ဟာ ..."


 


ကြၽန္မကို ကူညီေပးခဲ့သည့္ သူစိမ္းေယာက်္ား လမ္းၫႊန္ေပးလိုက္ေသာ လမ္းေၾကာင္းအတိုင္း ကြၽန္မ သြားရွာမိလိုက္ေတာ့ ထိုသူေျပာျပခဲ့သည့္ SLS အသစ္ဆိုသည္အား ေနာက္ဆုံး၌ ကြၽန္မ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္ ... တျခားေနရာမ်ားကဲ့သို႔ လူကအျပည့္ပါပဲ။ သြားေမးၾကည့္စရာေတာင္မလိုခဲ့ပါဘူး ... အစိုးရထံမွာ Register မတင္ရေသးသည့္အတြက္  ေဆး႐ုံတစ္႐ုံကဲ့သို႔ အမိုးအကာ အဂၤါရပ္မ်ားအျပည့္အစုံမရရွိခဲ့ေသးသျဖင့္ အတြင္းဘက္မွ လူနာတင္ကုတင္မ်ားႏွင့္ ဓာတ္ကင္စက္မ်ားအား ကြၽန္မ ဝင္ေပါက္ဝကေနတစ္ဆင့္ လွမ္းျမင္ေတြ႕ေနရပါတယ္။


 


ကြၽန္မ ဝင္ေပါက္ဝအေရွ႕မွာပဲ ဒူးေထာက္ၿပီးထိုင္ခ်လိုက္တယ္။ ကြၽန္မ ဒူးေခါင္းေတြမွာ ဆက္ၿပီးမတ္တပ္ရပ္ေနႏိုင္ဖို႔ အားမ်ားမရွိၾကေတာ့ပါဘူး။ အေစာပိုင္းကအထိ ရပ္တန႔္ေျခာက္ေသြ႕ေနခဲ့ၿပီျဖစ္ေသာ မ်က္ရည္စီးေၾကာင္းမ်ားမွာလည္း ထပ္မံတာက်ိဳး၍ စီးက်လာေသာ မ်က္ရည္စမ်ားေၾကာင့္ ျပန္လည္ထင္ေပၚလာခဲ့ပါတယ္။ ကြၽန္မမွာ တကယ္ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူး ထင္ပါရဲ႕ ...


 


"ဟိုအေပါက္ဝမွာထိုင္ေနတဲ့ ေကာင္မေလး ... နင္ အဆင္ေျပရဲ႕လား ..."


 


" ... ... ... "


 


ကြၽန္မေခါင္းေမာ့ၾကည့္လိုက္ေတာ့ ပီပီအီးဝတ္စုံဝတ္ဆင္ထားသည့္ အမ်ိဳးသမီးတစ္ဦးက ကြၽန္မဆီကိုေျခလွမ္းမွန္မွန္ႏွင့္ ေလွ်ာက္လွမ္းလာေနတာကိုေတြ႕လိုက္ရတယ္။


 


"ဒီအေရွ႕မွာ ဘာထိုင္လုပ္ေနတာလဲ ေကာင္မေလး ..."


 


"စေပါ့ ... စေပါ့ဘြတ္ကင္ လုပ္ခ်င္လို႔ ... လူတစ္ေယာက္စာ ..."


 


ကြၽန္မ ပါးစပ္ကေနထြက္ေပၚလာခဲ့သည့္ စကားလုံးေတြက ႏွာရႈိက္သံေၾကာင့္ အထစ္ထစ္အေငါ့ေငါ့ႏွင့္ ပလုံးပေထြးျဖစ္ေနခဲ့တယ္။ စကားေျပာရသည္ကိုပင္ ကြၽန္မ ေတာ္ေတာ္ႀကီး အားယူေနခဲ့ရတာပါ။


 


"ဟင္ ... စေပါ့ဘြတ္ကင္လုပ္မလို႔လား ... အဲ့တာဆိုရင္ေတာ့ အစ္မ စိတ္မေကာင္းပါဘူးကြယ္ ... ခုဏေလးတင္ ေနာက္ဆုံးေနရာလြတ္တစ္ခုကို လူနာဝင္သြားခဲ့တာကြဲ႕ ... နည္းနည္းေစာေစာသာ ေရာက္လာခဲ့မယ္ဆိုရင္ အခ်ိန္မွီႏိုင္ေသးတဲ့ဟာကိုကြာ ..."


 


ကြၽန္မ အစဦးပိုင္းကတည္းက အဆိုပါအမ်ိဳးသမီးဆီကေနတုံ႔ျပန္လာမည့္ ဘယ္လိုစကားလုံးမ်ိဳးမဆို ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားေတြ မထားမိခဲ့ပါဘူး။ ဒါေပမယ့္ နာက်င္ရတယ္ ... စကားလုံးေတြကိုယ္တိုင္က အတည္ျပဳေပးခဲ့သည္ကိုၾကားလိုက္ရေတာ့ ကြၽန္မရင္ထဲမွာ တကယ္နာက်င္သြားရတယ္။ ကြၽန္မ မခံစားႏိုင္ေတာ့သျဖင့္ အဆိုပါအမ်ိဳးသမီးရဲ႕ေရွ႕ေမွာက္၌ပင္  ျပင္းျပင္ထန္ထန္ငိုေႂကြးလိုက္မိတယ္။ အဆိုပါ အမ်ိဳးသမီး၏မ်က္ႏွာအမူအရာကေတာ့ မည္သို႔မည္ပုံျဖစ္သြားခဲ့သနည္းဆိုတာကို ပီပီအီးဝတ္စုံႏွင့္တစ္ဆက္တည္းကပ္၍ ဝတ္ဆင္ထားသည့္ မ်က္ႏွာဖုံးကြယ္ေနခဲ့ျခင္းေၾကာင့္ ကြၽန္မခန႔္မွန္း၍မရခဲ့ပါဘူး။


 


"ေဒါက္တာ ... ဒီမွာ လူနာတစ္ေယာက္ ႏွလုံးခုန္ရပ္သြားလို႔ အျမန္လာၾကည့္ေပးပါဦး ..."


 


"ေအာ္ ... ေအး ေအး ... လာၿပီ လာၿပီ ..."


 


ေဒါက္တာအဆင့္ ကြၽမ္းက်င္ဆရာဝန္တစ္ဦးဟုယူဆရေသာ အဆိုပါအမ်ိဳးသမီးက ကြၽန္မအားတစ္ခ်က္လွည့္ၾကည့္ႀကီးေနာက္ အတြင္းဘက္ေဟာခန္းထဲသို႔ျပန္ဝင္သြားခဲ့ပါတယ္။ ကြၽန္မကေတာ့ ဝင္ေပါက္ဝမွာ တစ္ေယာက္တည္း မလႈပ္မယွက္ႏွင့္ ငူငူငိုင္ငိုင္ႀကီးပင္။ ကြၽန္မေခါင္းထဲ၌ ယခင္က ေဖႀကီးႏွင့္အတူရွိခဲ့ဖူးေသာ အမွတ္တရေတြ တန္းစီၿပီး ျပန္ေပၚလာေနခဲ့တယ္။ ကြၽန္မကို အေရွ႕ဘက္ၿမိဳ႕႐ိုးတံတိုင္းႀကီးဆီသို႔ ေခၚသြားေပးခဲ့သည့္ေန႔၊ အမႊာကေလးႏွစ္ေယာက္အား ေမႀကီးမွ ေအာင္ေအာင္ျမင္ျမင္ဖြားျမင္ေပးခဲ့သည့္ေန႔၊ ထို႔ေနာက္ ကြၽန္မတို႔မိသားစုဝင္ငါးေယာက္ အတူတကြေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိခဲ့ၾကသည့္ တျခားေသာေန႔ရက္ေတြ စသည့္မွတ္ဉာဏ္ပုံရိပ္မ်ားက ကြၽန္မ ဦးေႏွာက္အတြင္းသို႔ ဆက္တိုက္ဆိုသလို ကားလိပ္တင္ဝင္ေရာက္လာခဲ့ပါတယ္။


 


"ဟိုေကာင္မေလး ... အေပါက္ဝမွာ ရွိေနေသးလား ..."


 


" ... ... ... "


 


ေဟာခန္းအတြင္းသို႔ ျပန္လည္ဝင္ေရာက္သြားခဲ့ေသာ ေဒါက္တာမမဆီမွ ေအာ္ေခၚသံၾကားလိုက္ရသျဖင့္ ကြၽန္မ ေခါင္းေမာ့ၾကည့္လိုက္မိတယ္။ အဆိုပါေဒါက္တာမမက ေဟာခန္းအတြင္းဘက္တစ္ေနရာကေန ကြၽန္မဆီသို႔ ေျပးထြက္လာေနပါတယ္။ ကြၽန္မ ေၾကာင္အမ္းအမ္းျဖစ္ၿပီး ေငးၾကည့္မိေနသည့္အခ်ိန္မွာ အႏွီးေဒါက္တာမမ က ...


 


"ေတာ္ေသးတာေပါ့ ... နင္ဒီမွာရွိေနေသးလို႔ ... ငါက အိမ္ျပန္သြားေလာက္ၿပီထင္ေနတာ ..."


 


"ဘာျဖစ္လို႔လဲဟင္ ..."


 


"အခုေလးတင္ လူနာတစ္ေယာက္ ႏွလုံးရပ္ၿပီး ဆုံးသြားတာနဲ႔ ကုတင္တစ္လုံးလြတ္သြားတယ္ ... သြား နင့္လူနာကို ျမန္ျမန္သြားေခၚလာခဲ့ ..."


 


"အမ္ ..."


 


ကြၽန္မ ကိုယ့္နားေတာင္ကိုယ္မယုံႏိုင္ျဖစ္သြားမိတယ္။ အခု ကြၽန္မေဖႀကီးအတြက္ ေနရာလြတ္ရၿပီလို႔ေျပာလိုက္တာလား။ တကယ္ႀကီး စေပါ့ ေနရာလြတ္ရသြားတာလား။ ေနာက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္ ...


 


"ဟဲ့ ဒီအေရွ႕မွာပဲ မတ္တပ္ႀကီးရပ္ၿပီးေၾကာင္ၾကည့္ မေနနဲ႔ေလ ... လူနာတင္ကုတင္က ဘြတ္ကင္လုပ္ထားလို႔မရဘူးေနာ္ ... ငါတို႔က ဒီအခ်ိန္မွာ အရင္လာတဲ့လူကို အရင္ဦးစားေပးရမွာပဲ ... အဲ့ေတာ့ သူမ်ားဦးမသြားခင္ နင္ျမန္ျမန္အိမ္ျပန္ၿပီး လူနာသြားေခၚလာခဲ့ေတာ့ ... ေရာ့ ... ဒီအေရးေပၚအသက္ကယ္ေဆးဘူးကိုလဲ တစ္ခါတည္းေဆာင္သြားလိုက္ ... သြားဟဲ့ ျမန္ျမန္ ေအာ္ ဒီေကာင္မေလးႏွယ့္ ..."


 


"ဟုတ္–ဟုတ္ကဲ့ ... ဟုတ္ကဲ့ ဟုတ္ကဲ့ ..."


 


ေဒါက္တာမမက ကြၽန္မေက်ာျပင္အား ေစာင့္တြန္းေပးလိုက္သျဖင့္ ကြၽန္မအေရွ႕သို႔ ဟက္ထိုးေျပးရန္အရွိန္ရသြားခဲ့တယ္။ ကြၽန္မ ေျခလွမ္းေတြက သည္တစ္ေခါက္ေတာ့ တကယ္ႀကီးကိုသြက္လက္ေနခဲ့တာပါ။


 


"ဟိတ္ ေကာင္မေလး ... ဒီလမ္းသြယ္ကက်ဥ္းက်ဥ္းေလးရယ္ေနာ္ ... နင္အေပါက္ဝကေန တစ္ခုခုနဲ႔ပိတ္ထားခဲ့လိုက္ရင္ လမ္းထဲကိုဘယ္သူမွ ဝင္လို႔ရမွာမဟုတ္ေတာ့ဘူး သိလား ... အဟိအဟိ ..."


 


ေဒါက္တာမမရဲ႕ အဆိုပါစကားတစ္ခြန္းက ကြၽန္မနားအတြင္းပိုင္းမွာ ေပ်ာက္ကြယ္လို႔မသြားဘဲ ပဲ့တင္သံထပ္၍ေနခဲ့ပါတယ္။


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


ကြၽန္မ ေဖႀကီးကိုကယ္တင္ေပးႏိုင္ေတာ့မယ္ဆိုတာသိလိုက္ရေတာ့ ကြၽန္မစိတ္ေတြတကယ္ေပ်ာ္႐ႊင္ၿပီး ခႏၶာကိုယ္ကလည္း ေပါ့ပါးေနခဲ့တယ္။ ေဒါက္တာမမ အႀကံေပးလိုက္သည့္အတိုင္း လမ္းသြယ္အတြင္း၌ေတြ႕ခဲ့ရသမွ် ပစၥည္ပစၥယအကုန္လုံးအား ခႏၶာကိုယ္ျဖင့္ တိုက္ခ်၊ တြန္းခ်၊ ဆြဲခ်၊ ပစ္ခ် ပစ္ခဲ့ျဖစ္၍ လမ္းကိုဝင္မရေအာင္ ပိတ္ဆို႔ခဲ့လိုက္ပါေသးတယ္။ ကြၽန္မေခါင္းထဲမွာ ေဖႀကီးေရာဂါေပ်ာက္ကင္းသြားခဲ့သည့္အခ်ိန္က် အေရွ႕ဘက္ၿမိဳ႕႐ိုးတံတိုင္းႀကီးေပၚသို႔ အတူတကြသြားေရာက္ၾကမည့္ အစီအစဥ္ကိုလည္း အေသးစိတ္ပလန္ (Plan) ခ်မိေနခဲ့ေသးတယ္။


 


ေဖႀကီးကို သယ္ရလြယ္ကူေစရန္ လမ္းမွာေတြ႕သည့္ တြန္းလွည္းတစ္စီးကိုလည္း အလစ္သုတ္ခိုးယူလာခဲ့မိေသးတယ္။ ကြၽန္မစိတ္ေတြ ေတာ္ေတာ္ေလးလႈပ္ရွားေနခဲ့တယ္။ ထိုအခ်ိန္မွာပဲ အုပ္ခ်ဳပ္ေရးေမွ်ာ္စင္ေပၚရွိ နာရီႀကီးမွ ညေန ၄ နာရီထိုးေၾကာင္း အခ်က္ေပးေခါင္းေလာင္းသံကို ကြၽန္မၾကားလိုက္ရတယ္။


 


"ေသစမ္း ..."


 


အေရွ႕ပိုင္းဆတ္ပ္တာနဲ႔ ကြၽန္မတို႔အိမ္ရွိရာ ဆတ္ပ္တာက ပုံမွန္လမ္းေၾကာင္းအတိုင္းဆိုရင္ အနည္းငယ္ခန႔္ခရီးလမ္းကြာေဝးမႈရွိပါတယ္။ ဒါေပမယ့္ ဗဟိုေဆး႐ုံႀကီးရဲ႕ၿခံဝင္းအတြင္းကေန ျဖတ္ခ်သြားလိုက္မယ္ ဆိုရင္ေတာ့ ...


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


"ေမႀကီးေရ ... သမီး ေဖႀကီးဖို႔ စေပါ့ရွာေတြ႕လာခဲ့ၿပီ ..."


 


ကြၽန္မ ပါစပ္ကလည္းေျပာရင္း အိမ္တံခါးကို လက္ႏွစ္ဖက္ျဖင့္ ဆြဲဖြင့္လိုက္မိတယ္။ အိမ္ထဲမွာ ေမွာင္မဲေနတယ္။ ေမႀကီးရဲ႕ အရိပ္အေယာင္ကိုလည္း မေတြ႕ရသလို ကေလးႏွစ္ေယာက္၏အသံေတြကိုလည္း မၾကားခဲ့ရပါဘူး။ အိမ္အတြင္းပိုင္းသို႔ ဆက္လက္ဝင္သြားၾကည့္မိေတာ့ ျပတင္းေပါက္တစ္ခု၌ ရပ္ၿပီးအိမ္အျပင္ဘက္သို႔ စိုက္ၾကည့္ေနေသာ ေဖႀကီးအား ကြၽန္မ ေတြ႕လိုက္ရတယ္။ ကြၽန္မ ဝမ္းသာသြားခဲ့တာေပါ့။ မနက္ကအထိ ေဖႀကီးက အိပ္ယာထဲကေန မထႏိုင္ရွာေသးဘူးေလ ... အခုေတာ့ ကြၽန္မေရွ႕ေမွာက္တြင္ မတ္တပ္ရပ္ျပေနႏိုင္ခဲ့ပါၿပီ။


 


"ေဖႀကီးေရ ... သမီး ေဖႀကီးဖို႔ စေပါ့ ရွာေတြ႕လာခဲ့ၿပီ သိလား ... အေရးေပၚအသက္ကယ္ေဆးဘူးလဲတစ္ခါတည္းယူလာခဲ့တယ္ ... ၿပီးေတာ့ ေဖႀကီး လမ္းေလွ်ာက္ေနတာ ေမာေနမွာစိုးလို႔ စီးစရာတြန္းလွည္းပါဆြဲလာခဲ့တယ္ ... ဟဲဟဲ ..."


 


" ... ... ... "


 


"သြားၾကမယ္ေလ ေဖႀကီး ... လာျမန္ျမန္ အခ်ိန္မရွိဘူး ..."


 


ကြၽန္ေဖႀကီးရဲ႕လက္ကိုလွမ္းဆြဲဖို႔ ႀကံလိုက္မိတယ္ ... ဒါေပမယ့္။


 


"ဂါး ..."


 


"ဟင္ ေဖ–ေဖႀကီး ..."


 


႐ုတ္တရက္ ေဖႀကီးရဲ႕မ်က္ႏွာက ကြၽန္မဘက္သို႔ လွည့္လာခဲ့တယ္။ ေဖႀကီး ... ေဖႀကီးရဲ႕မ်က္ႏွာေပၚမွာ မႈိပြင့္ေတြ။ ေဖႀကီးရဲ႕မ်က္ႏွာေပၚမွာ မႈိပြင့္ေတြဆိုတာ ျမင္လို႔ေတာင္ မေကာင္းခဲ့ပါဘူး။ ကြၽန္မ ေဖႀကီးကို ထပ္ၿပီး အသံျဖင့္ေခၚၾကည့္လိုက္တယ္။


 


"ေဖႀကီး ... သမီးေလ ... ေဖႀကီးရဲ႕သမီး လီလီေလ ..."


 


" ... ... ... "


 


ေဖႀကီးက ဘာမွျပန္မေျပာပဲ ကြၽန္မကိုသာ စူးစူးစိုက္စိုက္ၾကည့္ရႈေနခဲ့တယ္။ ေဖႀကီးရဲ႕ပုံစံက တကယ္ထူးဆန္းေနတယ္။


 


"ေဖႀကီး ဘာျဖစ္ေနတာလဲ ... သမီးကို လန႔္ေအာင္မလုပ္နဲ႔ေနာ္ ... ဒါ စ,ေနေနာက္ေနရမယ့္အခ်ိန္မဟုတ္ဘူး ..."


 


" ... ... ... "


 


"ဒါနဲ႔ ေမႀကီးတို႔ေရာ ... ညီညီတို႔ နီနီတို႔ေရာ ဘယ္ေရာက္သြားေနၾကတာလဲ ... ေမႀကီးေရ ေမႀကီး ... ေမႀကီး– ဟင္ ေဖႀကီး ဘာ ဘာလုပ္ ..."


 


"ဂါး ဂရား ..."


 


"အား ..."


 


"ဒုန္း ..."


 


ကြၽန္မ ေမႀကီးတို႔အား လွမ္းေခၚဖို႔ႀကိဳးစားေနတုန္းမွာပဲ ေဖႀကီးက ပါးစပ္ႀကီးဟ၍ ကြၽန္မဆီကို ေျပးဝင္လာတယ္။ ကြၽန္မလည္း ေၾကာက္လန႔္ၿပီး ေဖႀကီးရဲ႕ေခါင္းကို လက္ထဲကိုင္ထားသည့္ အသက္ကယ္ေဆးဘူးႏွင့္ ေကာက္႐ိုက္လိုက္မိေရာ။


 


"ေဖ–ေဖႀကီး ..."


 


ေဖႀကီးက ကုန္း႐ုန္းၿပီး ျပန္ထလာခဲ့တယ္။ ေဖႀကီးရဲ႕ လႈပ္ရွားပုံေတြက ထူးျခားေနတယ္။ ေျခေတြလက္ေတြက ပုံမွန္နဲ႔မတူပဲ တြန႔္လိမ္ေကြးေကာက္ေန သေယာင္ေယာင္။ ေနာက္တစ္ေခါက္ ေဖႀကီး ကြၽန္မကို မ်က္ေထာင့္နီႀကီးေတြနဲ႔ လွမ္းၾကည့္တယ္။ ကြၽန္မ ေၾကာက္လို႔ မ်က္လုံးေတြမွိတ္ထားေတာင္မိတယ္။ ထို႔ေနာက္ ...


 


"ဂရား ... ဂါး ... ဂရား ..."


 


" ... ... ... "


 


"အေနာက္ဆုတ္စမ္း ေမာင္ဆန္း ... ဒါ မင့္သမီးကြ"


 


ကြၽန္မ မ်က္လုံးဖြင့္ၾကည့္ေတာ့ ကြၽန္မအေရွ႕၌ ေဘးအိမ္ကဦးေလးႀကီးတစ္ေယာက္ေရာက္ေနတယ္။ သူ႔လက္ထဲမွာ ေပါက္ျပားတစ္ခုကိုင္ထားၿပီး အဆိုေပါက္ျပားႏွင့္ ေဖႀကီးကို လွမ္း႐ိုက္ေနတယ္။ ဘာေတြျဖစ္ေနသလဲ ဆိုတာ ကြၽန္မ,မေျပာတတ္ေတာ့ဘူး။


 


"လာ လီလီ ... သြားၾကမယ္ ..."


 


ကြၽန္မအေနာက္ကေန အသံၾကားလိုက္ရသျဖင့္ ေခါင္းလွည့္ၾကည့္လိုက္မိေတာ့ အဆိုပါအိမ္နီးခ်င္းဦးေလးႀကီး၏ သားျဖစ္သူကိုပါေတြ႕လိုက္ရတယ္။ ထိုအစ္ကိုႀကီးက ကြၽန္မကိုလက္ကမ္းေပးေနတယ္။ ကြၽန္မအေရွ႕က ဦးေလးႀကီးအား ကြၽန္မ နားမလည္ႏိုင္ေသာ မ်က္လုံးမ်ားႏွင့္ တစ္ခ်က္လွမ္းၾကည့္လိုက္မိတယ္။


 


"ငါ့သားနဲ႔ လိုက္သြား လီလီ ... အိမ္အျပင္ေရာက္မွ ဦးေလး အကုန္ရွင္းျပမယ္ ..."


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


 


"လြန္ခဲ့တဲ့ နာရီဝက္ေလာက္ထဲက ေမာင္ဆန္း ဆုံးသြားၿပီ လီလီ ... အခုညည္းျမင္ေနရတာ ညည္းအေဖအစစ္ မဟုတ္ေတာ့ဘူး ..."


 


အိမ္အျပင္သို႔ေရာက္ေရာက္ျခင္း ကြၽန္မၾကားလိုက္ရသည့္ စကားက ကြၽန္မကို ေလွာင္ေျပာင္ေနခဲ့သလိုပင္။ ေဖႀကီး ဆုံးသြားၿပီတဲ့လား ... မျဖစ္ႏိုင္တာ ေဖႀကီးက ဟိုေဟာမွာ အေကာင္းသားႀကီး ကြၽန္မတို႔ကို မတ္တပ္ရပ္ၾကည့္ေနတယ္ေလ။ ဦးေလးဘာေတြေလွ်ာက္ေျပာေနတာလဲ ... ေပါက္တတ္ကရေတြ။ ဟုတ္တယ္မလား ေဖႀကီး။


 


ကြၽန္မေဖႀကီးဆီသို႔ အိမ္ျပတင္းေပါက္ကေနတစ္ဆင့္ လွမ္းၾကည့္လိုက္တယ္။ ေဖႀကီးက အိမ္ထဲမွာ ဟိုဟိုၾကည္ၾကည့္ လိုက္ၾကည့္ၿပီး ေလွ်ာက္သြားေနတယ္။ မႈိဖုတ္ေကာင္ တစ္ေကာင္ကဲ့သို႔ေပါ့ ...


 


"ညည္းအေမနဲ႔ ကေလးႏွစ္ေယာက္ကို ငါတို႔ ကြာရန္တင္းစင္တာဆီလိုက္ပို႔ေပးထားတယ္ ... ညည္းလဲ ၿပီးရင္ကြာရန္တင္းဝင္ရဦးမွာ ... ငါ့သား ညည္းကိုလိုက္ပို႔ေပးလိမ့္မယ္ ..."


 


ကြၽန္မ အိမ္နီးခ်င္းဦးေလးႀကီးေျပာသည့္ စကားလုံးေတြကို နားထဲမဝင္ခဲ့ပါဘူး။ ကြၽန္မ ... ေဖႀကီးကိုပဲ စိုက္ၾကည့္ေနခဲ့မိတယ္။


 


"ေဖာင္း ..."


 


"ဟင္ ဦးေလး ... ဘာလုပ္တာလဲ ..."


 


အိမ္နီးခ်င္းဦးေလးႀကီးက ကြၽန္မတို႔အိမ္ထဲသို႔ မီးေလာင္ေနသည့္ပုလင္းတစ္လုံးအား ပစ္ထည့္လိုက္တယ္။ ကြၽန္မက ဦးေလးႀကီးကို အလန႔္တၾကားထေအာ္လိုက္မိတယ္။


 


"ေမာင္ဆန္းကို မီးရႈိ႕ျပာခ်ပစ္မွရမွာ လီလီ ... ညည္းတို႔အိမ္ကိုပါ အေလာင္ခံလိုက္ရေတာ့မွာေပါ့ ... ေနာက္ၿပီးက်ရင္ ဦးေလးတို႔ ျပန္ေဆာက္ေပးပါ့မယ္ မပူနဲ႔ ..."


 


"မဟုတ္ဘူးေလ ... ေဖ–ေဖႀကီးက ... အထဲမွာ ..."


 


ကြၽန္မ မီးေလာင္ေနေသာ အိမ္ႀကီးကို ေနာက္ဆုံးတစ္ေခါက္အေနျဖင့္ ျပန္လွည့္ၾကည့္လိုက္မိတယ္။ ေဖႀကီးက အိမ္ျပတင္းေပါက္ကေနတစ္ဆင့္ ေမးတစ္ႀကိတ္ႀကိတ္နဲ႔ ကြၽန္မတို႔ကို လွမ္းၾကည့္ေနခဲ့တယ္။ မၾကာခင္မွာ ကြၽန္မတို႔အိမ္အား ေလာင္ၿမိဳက္ဝါးၿမိဳေနခဲ့သည့္ မီးေတာက္မ်ားက ေဖႀကီးကိုပါ တစ္ခါတည္းအပါေခၚသြားၾကေတာ့မွာတဲ့လား။ ေဖႀကီး ... ကြၽန္မကိုတစ္ခုခုေျပာပါဦး။ ေဖႀကီး အဲ့သည့္ခႏၶာကိုယ္အတြင္းမွာရွိေနေသးသည့္အေၾကာင္း ကြၽန္မကို တစ္ခုခုေျပာျပလွည့္ပါဦး။


 


" ... ... ... "


 


မီးေတာက္အရွိန္ေၾကာင့္ မ်က္ရည္ဂလင္းထဲမွာ ကြၽန္မ မ်က္ရည္ေတြခမ္းကုန္ၿပီျဖစ္၍ မ်က္ရည္မက်ေတာ့ပါဘူး။ ဒါေပမယ့္ ... ဒါေပမယ့္လို႔ ...


 


"သမီးကို တစ္ခုခု လွမ္းေျပာလွည့္ပါဦး ေဖႀကီးရာ ..."

Comments

Post a Comment