The Guys From Mandalay, 1950s အခန်း(7)

The Guys From Mandalay,1950s
       အခန်း(၇)

                          ………………………………………..

၁၉၄၂ ခုနှစ် သည် မြန်မာပြည်သူတို့အဖို့ အလှုပ်ခတ်ဆုံးခုနှစ် တစ်ခုဖြစ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်မီးကြီးသည် တောင်အာရှသို့ ကူးစက်လာခဲ့ပြီ။

၁၉၄၁ ဒီဇင်ဘာလကတည်းက ဂျပန်စစ်တပ်က ရန်ကုန်ကို အဆက်မပြတ်ဗုံးကြဲခဲ့သည်။

ဗြိတိသျှစစ်တပ်များကလည်း အောင်မြင်စွာဆုတ်ခွာရေးမူဝါဒနှင့်အတူ အောက်မြန်မာပြည်တစ်ခုလုံးကို မြေလှန်ဖျက်ဆီးကာ အထက်မြန်မာပြည်ဆီသို့ စနစ်တကျ ဆုတ်ခွာနေကြသည်။

ရန်ကုန်ကား မြို့ပျက်ကြီးဖြစ်နေပေပြီ။

ရန်ကုန်မြို့ပေါ်ရှိ အစိုးရဝန်ထမ်းများ၊ လူမျိုးစုံစီးပွားရေးသမားကုန်သည်များ၊ ကူလီများ အားလုံးနီးပါးသည် စစ်ဘေးလွတ်ရာတောဘက်များသို့ မီးရထား၊ သင်္ဘော၊ မော်တော်ကားများဖြင့်လည်းကောင်း၊ ခြေလျင်ခရီးဖြင့်လည်းကောင်း အပြေးအလွှားရှောင်တိမ်းနေကြသည်။

ရန်ကုန် - မန္တလေးလမ်းမကြီးတစ်လျှောက် စစ်ရှောင်လူတန်းကြီးဖြင့် ပြည့်နှက်နေတော့သည်။

ဗြိတိသျှလူမျိုးများ၊ ဥရောပသားများသည် တမူး အင်ဖာလမ်းအတိုင်း အိန္ဒိဘက်သို့လည်းကောင်း၊ တရုတ်လူမျိုးများသည် လားရှိုး၊ နမ့်ခမ်း၊ မူဆယ် လီဒိုလမ်းမကြီးအတိုင်းတရုတ်ပြည်ဘက်သို့လည်းကောင်း၊ အောက်မြန်မာပြည်သူများမှ အထက်အညာဒေသသို့ လည်းကောင်း စစ်ရှောင်နေကြသည်။

မန္တလေးမြို့သည်လည်း တဖြည်းဖြည်း ရှုပ်ထွေးစပြုလာသည်။

၁၉၄၂ ဇန်နဝါရီလတွင်  ကာနယ်စူဇူကီးနှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ဂျပန် အမှတ်(၁၅)တပ်မတော်နှင့်အတူ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်လာကြသည်။

ထိုသို့ နိုင်ငံရေး၊ စစ်ရေးများ ရှုတ်ထွေးနေသည့် ဇန်နဝါရီလအတွင်းတွင်ပင် စစ်ကိုင်းမြို့၊ သူဌေးဦးကြင်အိမ် ဓါးပြမှုဖြင့် စိန်ဓါးမြှောင်ဓါးမြဂိုဏ်းကို စတင်မွေးဖွားခဲ့လေတော့သည်။

"ဈေးချိုဆိုလို့ လန့်မသွားကြပါနဲ့ဦး..ကိုယ့်လူတို့ရဲ့"

စိန်ဓါးမြှောင် က သူ့ကို ဝေစုပေးသည့် ပိုက်ဆံများကို ရေတွက်လိုက်သည်။

အပေါ်ပိုင်းဗလာကျင်းတွင် ပုဆိုးဝတ်လိုက်သောအခါ သင်းပိုင်ဝတ်သည့်ပုံစံမပျောက်သဖြင့် ခါးပုံစက တိုနေသည်။

ထို့ကြောင့် ပိုက်ဆံများထည့်ရန် မဆန့်ဖြစ်နေ၏။

"ခါလေး..ရော့..ငါ့ပိုက်ဆံတွေ မင်းပဲ သိမ်းထားလိုက်ကွာ..ဒီစိန်နားကပ်ရော သိမ်းထား"

ခါလေးက စိန်ဓါးမြှောင်ကမ်းပေးသော ငွေများကို ယူလိုက်သည်။

"ရှေ့လျှောက် ဓါးပြတိုက်တော့မယ်ဆို…သေနတ်တော့ ပစ်တော့ဖို့လိုတယ်..ခုန ငါက ဓါးပြသာတိုက်လာတာ သေနတ်က ဘယ်လိုပစ်ရမှန်းမသိဘူး..ဒီတော့ မင်းတို့ ထဲမှာ ဘယ်သူ သေနတ်ပစ်တတ်လဲ"

မည်သူ့ဆီကမှာ အသံထွက်မလာ။

"မင်းကွန်းအထက်ဘက်မှာတော့ ငန်းနက် ဆိုတဲ့ ကျွန်တော့်အသိတစ်ယောက်ရှိတယ်။ အရင် ယိုးဒယားဘက်မှာနေခဲ့ပြီး ပင်လယ်ဓါးပြလုပ်ခဲ့တော့ သေနတ်တွေဘာတွေ ပစ်တတ်တယ်ပြောတယ်"

ငရုတ်သီးဘရင် စကားကြောင့် စိန်ဓါးမြှောင် မျက်ခုံးပင့်သွားသည်။

"နာမည်ကတော့ အလာသားဟ…ဒါနဲ့..သူက ငါတို့ကို သေနတ်ပစ်သင်ပေးပါ့မလား"

"ဒီကောင်လည်း စတင်းဂန်းတစ်လက်နဲ့ လစ်ရင် လစ်သလို မြစ်ထဲသွားနေတဲ့လှေတွေကို အနုကြမ်းစီး၊ ဓါးပြတိုက်နေတာပဲ။ သူရယ် သူ့ယောက်ဖ ဘချစ်ဆိုတာရယ်ရှိတယ်။ တိုက်လို့ရတာလေးတွေကို စစ်ကိုင်းဘက်တက်ပြီး သူခိုးဈေးနဲ့ ရောင်းချင်ရင် ကျွန်တော့်ဆီလာလာဆက်သွယ်ရာက ရင်းနှီးတာ"

"သူတို့နဲ့ တွေ့ချင်တယ်..ငရုတ်သီး..မင်းလိုက်ပို့မလား"

"ရတယ်..ဒီကောင်တွေက မြစ်ဘေးက စက်လှေပေါ်မှာပဲနေတာ..သူတို့ နေရာကို ကျွန်တော်သိတယ်"

"ကဲ..ဒါဆို မင်းတို့ထဲက ငါနဲ့အတူ ဈေးချိုကို ဓါးပြတိုက်ဖို့ ဆက်မလိုက်ချင်တဲ့သူရှိလား"

မည်သူ့ထံကမှ အသံထွက်မလာ။

"ဟုတ်ပြီ..ဒါဆို ဆက်မလိုက်ရမယ့်သူကို ငါဆုံးဖြတ်မယ်…ခါလေး..မင်းဆက်မလိုက်ခဲ့နဲ့တော့"

"ဘာဖြစ်လို့လဲ..ဆရာကြီး"

"မင်းကွန်းလှေဆိပ်မှာ မင်းကို ချပေးခဲ့မယ်..အဲ့ဒီကနေ မင်း မန်းလေးဘက်ကူးတော့..ငါ့ဝေစုထဲက ငွေခြောက်ရာယူသွား…မင်းအမ မြကြည်ကို လေးရာပေးလိုက်..ပြီးရင်ကျန်တဲ့နှစ်ရာနဲ့ ဈေးချိုကို သွား…လေးပင်လိမ်ဘန်ကောက်ပုဆိုးရယ်..အခံအင်္ကျီရယ်..ကုပ်အင်္ကျီတစ်ထည်ရယ်..ကောလိပ်ကျောင်းသားတွေ စီးတဲ့ ပေတင်ရှှုးတစ်ရံရယ်ဝယ်ခဲ့..တစ်ခါတည်း..ရွှေဆိုင်တန်းက လောကနာသံ ဘာဘူဆိုင် ဘယ်နားလဲစုံစမ်းခဲ့။ ပြီးရင် အိမ်ကိုပြန်။ မင်းအမကို ငါ့အဝတ်အစားနဲ့ ငါ့ဇာတာ ကို ထည့်ခိုင်း။ မိုးချုပ်တာနဲ့ လှေဆိပ်ဆင်းပြီး မင်းကွန်းကို ပြန်လာခဲ့တော့"

စိန်ဓါးမြှောင် မှာသမျှကို ခါလေးက အသေအချာ လိုက်မှတ်နေသည်။

မင်းကွန်းလှေဆိပ်အရောက်တွင် ခါလေးက ငွေခြောက်ရာကို ချိန်ကာ ကျန်သည့်ငွေ စိန်ဓါးမြှောင်ကို ပေးခဲ့ပြီး မြင်းလှည်းပေါ်မှ ဆင်းသွား၏။

မြင်းလှည်းသည် မင်းကွန်းကိုကျော်ကာ အထက်ဘက်သို့ ဆက်မောင်းသွား၏။

မင်းကွန်းအကျော် သုံးမိုင်ခန့် ရှိ ဧရာဝတီမြစ်ကမ်းဘေး တောတန်းလေးသို့ ရောက်သောအခါ ငရုတ်သီးဘရင်က မြင်းလှည်းကို ရပ်လိုက်သည်။

"ကဲ..ဆရာစိန်ဓါးမြှောင်ပဲ လိုက်ခဲ့ပါ..ကျန်တဲ့သူတွေတော့ မြင်းလှည်းနားကပဲ စောင့်ကြဗျာ"

စိန်ဓါးမြှောင်က ရိုင်ဖယ်သေနတ်ကို လွယ်ကာ ငရုတ်သီးဘရင်နှင့်အတူ တောတန်းလေးထဲ သို့ ဝင်သွားသည်။

တောတန်းကို ဖြတ်ကျော်ပြီးသောအခါ မြေနုကျွန်းနှင့်အတူ သစ်သားဆိပ်ခံတံတားလေးတစ်ခုကို တွေ့ရ၏။

ဘောတံတားရှေ့တွင် စက်တပ်ထားသည့် ပဲ့ချိတ်လှေတစင်း။ လှေပေါ်တွင် စွပ်ကျယ်လက်စက နှင့် ဘောလုံးကန်ဘောင်းဘီတို  ဝတ်ထားသော လူတစ်ယောက်က ဆေးပေါလိပ်ခဲရင်း ထိုင်နေ၏။

သူတို့ နှစ်ယောက်ကို မြင်သည်နှင့် လှေဝမ်းထဲမှ စတင်းဂန်းသေနတ်ကို ထုတ်ကာ ချိန်လိုက်သည်။

"ဟေ့..ရပ်..ဘယ်ကောင်တွေလဲကွ"

ဘရင်က သူဆောင်းလာသည့် ဦးထုတ်ကို ချွတ်ရင်း ဝှေ့ရမ်းလိုက်သည်။

"ကျွန်တော် ဘရင် ပါ…ကိုငန်းနက်"

"အော်..ဘရင်..ငါအခုပဲ မြစ်လယ်ကျွန်းဘက် ကူးတော့မလို့…လာ..လာ"

 လှေပေါ်တွင် ထိုင်နေသာ ငန်းနက်ဆိုသူကို မြင်လိုက်ရသည့်အခါ စိန်ဓါးမြှောင် အနည်းငယ်အံသြသွားရသည်။

အသက်က (၂၅)နှစ်လောက်သာ ရှိဦးမည်။

နာမည်က ငန်းနက်။ သို့သော် သူ့အသားက နက်မနေ။ နဂိုမူလအသား က ဝင်းပုံရသော်လည်း နေလောင်ဒဏ်ကြောင့် ခပ်ဝါဝါဖြစ်နေသည် ။ မကြာမီကမှ ရိတ်ထားပုံရသော မုတ်ဆိတ်ပါးသိုင်းတို့ကစိမ်းနေသည်။

 ဆေးပေါ့လိပ်ခဲထားသော သူ့နှုတ်ခမ်းတို့ကမူ မျက်နှာအသားဝါဝါ၊ မုတ်ဆိတ်စိမ်းစိမ်းတို့ဖြင့် ဆန့်ကျင်လျက် အညိုရင့်ရင့်ဖြစ်နေ၏။

သူ့မျက်နှာကြည့်ရသည်မှာပင် အရောင်စုံနေသည်ဟု စိန်ဓါးမြှောင်ခံစားလိုက်ရသည်။

"အဲဒါ..ငန်းနက်ဆိုတာလား"

စိန်ဓါးမြှောင် က ဘရင်ကို ကပ်မေးလိုက်သည်။

ဘရင်က ခေါင်းညိတ်ပြလိုက်၏။

"ငန်းနက်ဆိုလို့..မင်းလူကို ငါက မဲမဲကြီး မှတ်တာရယ်"

စိန်ဓါးမြှောင် စကားကြောင့် ဘရင် ခွီ ခနဲ ရယ်မိသွားသည်။

လှေပေါ်တွင် ထိုင်နေသော ငန်းနက်က သူတို့ကို မျက်မှောင်ကြုံ့လျက် ကြည့်လိုက်သည်။

ဘရင်က မျက်နှာပိုးကို သတ်လိုက်ပြီး

"ကိုငန်းနက် ကို ဒီဆရာကြီးနဲ့ တွေ့ပေးချင်လို့လာတာ"

"ဒါဆိုလည်း..လှေပေါ်တက်..ခပ်မြန်မြန်ပြောကွယ်..ခဏနေ ဘချစ်လာရင် ငါတို့ သဖန်းဒေါက်ဘက် ကူးကြမလို့"

ဘရင်နှင့် စိန်ဓါးမြှောင်တို့က လှေပေါ်တက်ထိုင်လိုက်သည်။

"ကိုငန်းနက်..ဒါက ဆရာစိန်ဓါးမြှောင်တဲ့..ဟိုနေ့က စစ်ကိုင်းဂါတ်ကို ဖောက်ပြေးတာ သူခေါင်းဆောင်တာပေါ့"

"အင်း..ဟုတ်ပြီ..အဲ့ဒီတော့ ဘာဖြစ်တုန်း"

"အဲ့ဒါ အဲ့ဒီညက ဆရာစိန်ဓါးမြှောင်က ဟော့ဒီ ရိုင်ဖယ်တစ်လက်လာတယ်။ ဒီနေ့လည်း စစ်ကိုင်းက ပရဆေးသူဌေးအိမ် အဲ့ဒီရိုင်ဖယ်နဲ့ ဓါးပြဝင်တိုက်လာတာ။ ခက်တာက ကျွန်တော်တို့က ဓါးပြသာ တိုက်လာတာ ဒီသေနတ်ပစ်ဘာညာ တတ်တာမဟုတ်ဘူး..အဲ့ဒါ သေနတ်ပစ်သင်ချင်လို့"

ငန်းနက်က ဆေးပေါ့လိပ်ကို လှေဝမ်းဘေးတွင် ထိုးချေလိုက်သည်။

"အေး…သေနတ်ပစ်တာက မခက်ပါဘူးကွာ..တစ်ရက်နှစ်ရက်ဆို တတ်ပါတယ်။ လက်ဖြောင့်ဖို့သာ ခက်တာ။ ဒါပေမယ့်..ငါ ဒီရက်ပိုင်း မအားဘူးကွ..အခု ရန်ကုန်ကနေ စစ်ပြေးလာတဲ့ ခရီးသည်တင်သင်္ဘော၊ တုံကင်းတွေ၊ စက်လှေတွေ တွင် ဒီဘက်ကို ရောက်လာတော့မယ်သတင်းကြားတယ်…ငါနဲ့ ဘချစ် ဓါးပြတိုက်မလို့ သဖန်းဆိပ်ဖက် လူသွားစုရဦးမယ်"

ငန်းနက် စကားကြောင့် စိန်ဓါးမြှောင် မျက်နှာဝင်းလက်သွားသည်။

"ဒီမယ် ငါ့လူ..လူအတွက်တော့ တသီးတသန့်မစုပါနဲ့..ရှေ့မှာ ကျုပ်လူ နှစ်ယောက်ပါလာသေးတယ်။ တစ်ယောက်ကို မန္တလေးကို ခိုင်းထားတယ်။ ကျုပ်ရယ် ဟော့ဒီက ဘရင်ရယ်ဆို ငါးယောက်ရှိတယ်။ ရိုင်ဖယ်သေနတ်လည်းရှိတယ်။ ခင်ဗျားနဲ့ ကျုပ်တို့ ပူးပေါင်းပြီး ဓါးပြတိုက်ကြလို့ရတာပဲကိုး"

ငန်းနက်က စိန်ဓါးမြှောင်ကို ကြည့်ပြီး ခေါင်းခါသည်။

"ငါးယောက်ပေါင်းလို့မှ ရိုင်ဖယ်တစ်လက်တောင် မပစ်တတ်တဲ့လူတွေနဲ့ ဘယ့်နှယ့်ပေါင်းရမလဲဗျာ'

စိန်ဓါးမြှောင် မျက်နှာက အနည်းငယ် တင်းမာသွားသည်။

"ဒီမယ် ကိုယ့်လူ..မွေးကတည်းက တတ်တာ ဘာမှ ပါမလာဘူး။ ကျုပ်နာမည် မန္တလေးမှာ မေးကြည့် စိန်ဓါးမြှောင်တဲ့ဗျ။ သေနတ်မပါလည်း လူသတ်နိုင်တယ်..သေနတ်ပါတဲ့ကောင်ကိုလည်း သတ်နိုင်တယ်..ယုံလား"

ငန်းနက်က စိန်ဓါးမြှောင်ကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။

 သူ့လက်က ပေါင်ပေါ်တွင် တင်ထားသော စတင်းဂန်းကို ကိုင်ထား၏။

စိန်ဓါးမြှောင်က ခန္ဓာကိုယ်နှင့် လက်ကို အသင့်အနေအထား ပြင်ပြီး ငန်းနက်အခြေအနေကို အကဲခတ်နေသည်။

စိန်ဓါးမြှောင်က အပေါ်ပိုင်း ဗလာကျင်းနှင့်မို့ လက်မောင်း၊ရင်ဘတ်တို့တွင် ထိုးထားသော အင်းကွက်နှင့်ဆေးများက အသက်ရှုလိုက်တိုင်း ကြွတတ်လာသကဲသို့ပင် ထင်ရ၏။

ကြားထဲမှ ငရုတ်သီးဘရင်မှာ မျက်လုံးကလေး ကလည်ကလည်ဖြစ်နေရှာသည်။

ထို့နောက် ငန်းနက်မျက်နှာက တဖြည်းဖြည်း ပြုံးလာသည်။

"အင်း.. အညာသားတွေများ..လေလုံးကတော့ တယ်ထွားကြသကိုး...ဒါပေမယ့်..ခင်ဗျားက စိန်ဓါးမြှောင် ဆိုတော့ ထွားသင့်ပါတယ်လေ..ခင်ဗျားအကြောင်း ကျုပ်ယောက်ဖဘချစ်ပြောလို့ ကျုပ်ကြားဖူးပါတယ်…တွေ့ရတာ ဝမ်းသာပါတယ်..ဆရာကြီးစိန်ဓါးမြှောင်"

ငန်းနက်က စိန်ဓါးမြှောင် ရှေ့သို့ လက်ကမ်းလိုက်သည်။ စိန်ဓါးမြှောင်က ပြန်လည် လက်ဆွဲရန် ပြင်လိုက်စဉ် လှေအနောက်ဘက်ဆီမှ အသံတစ်သံထွက်လာသည်။

"ကိုကြီးငန်းနက် ဘယ်သူတွေလဲဗျ"

စိန်ဓါးမြှောင်နှင့် ဘရင်တို့က အသံလာရာဆီလှည့်ကြည့်လိုက်သည်။ အသက် (၁၈)နှစ်ခန့်ရှိမည့် လူငယ်တစ်ဦး။

ထိုသူက ဘရင်ဘေးမှ  စိန်ဓါးမြှောင်ကို သေချာကြည့်လိုက်သည်။ ထို့နောက်

"ဟာ..ဆရာကြီးစိန်ဓါးမြှောင်…ဟုတ်ပါတယ်နော်..စိန်ဓါးမြှောင်"

ငန်းနက်က ပြုံးလိုက်သည်။

"အေး..ဟုတ်တယ်..ဘချစ်..မင်းပြောပြောနေတဲ့ စိန်ဓါးမြှောင်ပဲ..ငါတို့နဲ့ အလုပ်တွဲလုပ်ဖို့လာတာ"

ဘချစ်က လှေနားရောက်သည်နှင့် စိန်ဓါးမြှောင်ထံ ဝမ်းသာအားရ ကပ်လာ၏။

"ဆရာကြီး ကျွန်တော့်ကို မမှတ်မိတော့ဘူးလားဗျာ"

စိန်ဓါးမြှောင်က ဘချစ်ကို သေချာကြည့်သည်။

"တွေ့တော့ တွေ့ဖူးသလားလို့"

ဘချစ်က ခေါင်းပေါ်မှ ဝါးဦးထုတ်ကို ချွတ်လိုက်ပြီး

"ဒီဘိုကေလေ…ဒီဘိုကေကို ကို မမှတ်မိတော့ဘူးလား..ဆရာကြီး…လွန်ခဲ့တဲ့နှစ်နှစ်က အိမ်တော်ရာဘုရားဝန်း ရှေ့မှာ ဆရာကြီး ကယ်ခဲ့လို့ ဒီဘိုကေလေး ကတုံးမဖြစ်တာလေဗျာ"

"သြော်..မင်းကို..အေး..ငါမှတ်မိပြီ..ကောင်လေး"

"ဘချစ်က ကျုပ်ယောက်ဖလေ..။ ကျုပ်နှမ မိကွန် က စစ်ကိုင်းဘက်က ဆေးလိပ်ခုံမှာ ဆေးလိပ်လာလိပ်ရင်း မနှစ်က ဒီကောင်နဲ့ ညားတာ။ ဒီကောင်ကလည်း ၁၀၉ ၁၁၀ ကောင်။  ကျုပ်ကလည်း အောက်ပြည်ဘက်မှာ ပုလိပ်က ဓါးပြမှုနဲ့လိုက်ဖမ်းနေလို့ ဒီဘက်မှာ လာရှောင်နေတာ..ညီမဆေးလိပ်လိပ်တဲ့လုပ်စာနဲ့ ဒီကောင်ရော ကျုပ်ပါ ထိုင်စားနေတာ မလောက်ငှဘူးဗျ….ကြာတော့ ရှက်လည်းရှက်လာတယ်.. ဒါနဲ့ အိမ်စရိတ်လေးကာမိအောင် သမီးယောက်ဖ နှစ်ယောက်ပေါင်းပြီး ရှိတာလေးနဲ့ ဒီပဲ့ချိတ်လေးဝယ်..အငှားလိုက်သလို ဗန်းပြပြီး ဓါးပြလေးဘာလေး ထွက်တိုက်ရတာပေါ့ဗျာ"

"ဟိုသေနတ်ကရော  ဘယ်ကရတာလဲ"

"မိကွန်ကို ဆေးလိပ်ခုံပိုင်ရှင်ဆီက အတိုးနဲ့ ငွေယူခိုင်းပြီး ဝယ်ရတာပဲ…ရန်ကုန်ကနေ တရုတ်ပြည်က ချန်ကေရှိတ်တပ်တွေဆီ ပို့မယ် လက်နက်တွေ ဒီမြစ်ကြောင်းအတိုင်း တုံကင်တွေနဲ့ သယ်နေတာကြာပြီ..ဂေါဝိန်ဆိပ်မှာ ယာယီရုံးထိုင်ထားတဲ့ ဗြိတိသျှထောက်ပို့တပ်က အာဖရိကစစ်သားတစ်ယောက်နဲ့ ကျုပ် အချိတ်အဆက်ရှိတယ်..ဒီကောင်က တရုတ်ဆီပို့မယ့် လက်နက်တွေကို မှောင်ခိုထုတ်ရောင်းပေးနေတဲ့ပွဲစားပဲ..အင်္ဂလိပ်စစ်တပ်လည်း တဆုတ်တည်းဆုတ်နေရတော့ ဘာမှ ဂရုမထားနိုင်တော့ဘူး..ခင်ဗျားမှာ ငွေရှိရင်  ဒီအချိန်က လက်နက် ဝယ်လို့အကောင်းဆုံးအချိန်ပဲ"

"မင်းနဲ့ငါတွေ့တာ ဟန်ကျတာပဲ ငန်းနက်….ငါဒီရက်ထဲ ဈေးချိုရွှေဆိုင်တန်းကို ဝင်တိုက်ဖို့ စီစဉ်ထားတယ်..အဲ့ဒီပွဲသာ ဖြစ်ရင်တော့ လက်နက်တွေ ထပ်ဝယ်ပြီး ကိုယ်ပိုင်တပ်တစ်ခုထောင်ပြီး ဓါးပြတိုက်ကြမယ်"

စိန်ဓါးမြှောင် စကားကြောင့် ငန်းနက်ရော၊ ငရုတ်သီးဘရင်တို့ပါ မျက်လုံးပြူးသွားသည်။

"ဘယ်လိုဗျ..ကိုယ်ပိုင်တပ်ထောင်ပြီး ဓါးပြတိုက်မယ်..ဟုတ်လား"

"အေးလေ..အခု တိုင်းရေးပြည်ရေးကလည်း ဘယ်သူ့အဖေ ခေါ်ရမှန်းမသိဘူး..အင်္ဂလိပ်တွေက ပြေးနေပြီ..ဂျပန်က ဝင်လာနေပြီကြားတယ်..ဒီလိုအချိန်မှာ ဓါးပြတိုက်မစားရင် ဘယ်အချိန် တိုက်စားမလဲ...တိုက်ရင်လည်း လူသုံးလေးယောက်နဲ့ ခြောက်တီးခြောက်ချက် တိုက်မနေဘူး..ကိုယ်ပိုင်တပ်ထောင်ပြီး စီးပွားဖြစ်ဓါးပြတိုက်မှာပေါ့"

"တပ်ထောင်တာတော့ ဟုတ်ပါပြီ….ဒီလောက် စစ်ကြီးဖြစ်တော့မယ်ဆဲဆဲမှာ ဘယ်က လူတွေက ခင်ဗျား ဓါးပြတပ်ထဲ ဝင်မှာတုန်း"

"ခက်ပ ကိုယ့်လူရာ….ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်ဆိုတဲ့ ဟိုနဂါးနီသီချင်းကြားဖူးတယ်မဟုတ်လား.ဆင်းရဲသားတွေမှာ တခေတ်လုံးလည်း ဆင်းရဲလာ..အခုစစ်ကြီးဖြစ်တော့လည်း သူဌေးတွေလို အဝေးကြီးမပြေးနိုင်..တဲပုတ်ထဲ.ဗုံးစာမိပြီး သေမယ့်အတူတူ ဓါးပြထွက်တိုက်တာမှ ထမင်း၀၀နဲ့သေရဦးမယ်မဟုတ်လား..ဒီတော့..သူဌေးဝါဒ ဆင်းရဲသားဝါဒထက် ပိုလက်တွေ့ကြတဲ့ ဓါးပြဝါဒနဲ့ ဓါးပြအလောင်းအလျာဆင်းရဲသားတွေကို စိန်ဓါးမြှောင်က လမ်းပြမှာပေါ့ဗျာ..ဟားဟား "

 ငန်းနက် မှာ စိန်ဓါးမြှောင့် စကားကို နားထောင်ရင်း သဘောကျနေသည်။

"ကဲ..ငါ့လူ..ဒီလောက်ဆို ကျုပ်တို့ကို သေနတ်ပစ်သင်ပေးမယ် မဟုတ်လား"

"အင်း..ကျုပ်လည်း ယိုးဒယားဘက်မှာ ဆယ့်လေးနှစ်သားလောက်ကတည်းက ဓါးပြတိုက်လာတာပါ..ဒါပေမယ့် ခင်ဗျားလောက် ရည်မှန်းချက်ကြီးတဲ့ ဓါးပြတော့မတွေ့ဖူးဘူးဗျ.. သင်ပေးပါ့မယ်ဗျာ..သင်ပေးပါ့မယ်..ဟိုးမြစ်လယ်က မြေနုကျွန်းမှာ ကျုပ်တို့ ယာယီအောင်းနေတဲ့ တဲရှိပါတယ်..အဲ့ဒီမှာ စခန်းချပြီး သင်ကြတာပေါ့ဗျာ"

ထို့နောက် ငန်းနက်နှင့် ဘချစ်က စိန်ဓါးမြှောင်ကို လှေပေါ်တင်ကာ မြေနုကျွန်းဆီသို့ လှော်သွားကြသည်။

ငရုတ်သီးဘရင်က မြင်းလှည်းပေါ်တွင် ကျန်ရစ်သူများကို သွားခေါ်၏။

ထိုနေ့က ငန်းနက်တို့ တဲတွင် ချက်ထားသော ကြက်သားဟင်းဖြင့် နေ့လည်စားစားပွဲကျင်းပကာ သေနတ်ပစ်သင်တန်းကို ရိုင်ဖယ်တစ်လက်၊ စတင်းဂန်းတစ်လက်ဖြင့် စဖွင့်လေသည်။

ညနေစောင်းသောအခါ ငရုတ်သီးဘရင်နှင့် ဘချစ်တို့က တစ်ဖက်ကမ်းပြန်ကူးကာ မြင်းလှည်းဖြင့် မင်းကွန်းသို့ ဆင်းသွားကြသည်။

မင်းကွန်းဆိပ်တွင် မန္တလေးမှ ပြန်လာမည့် ခါလေးကို စောင့်ခေါ်ရမည်ဖြစ်သည်။

………………………………………………………………………………………

လက မိုက်သည်။ ညက မှောင်၏။

စိန်ဓါးမြှောင်က မြစ်ပြင်အမှောင်ထုထဲသို့ ငေးနေသည်။

"ငါ မင်းကွန်းကို လိုက်သွားလို့ရလား..ငန်းနက်"

ငန်းနက် က ချက်အရက်ကို ငှဲ့ပြီး စိန်ဓါးမြှောင်ရှေ့ တိုးပေးလိုက်သည်။

"အကို့လူ မလာသေးလို့ သူတို့ စောင့်နေကြတာ နေပါလိမ့်မယ်.ကျုပ်ယောက်ဖ ဘချစ်လည်း ပါသွားတာပဲ..သိပ်လည်းစိတ်မပူပါနဲ့..အကို.နည်းနည်းမော့လိုက်ပါလား"

"ငါမှ အရက်မသောက်တတ်တာကွာ"

ငန်းနက်က ရယ်သည်။

"မသောက်တတ်လည်း..နည်းနည်းတော့ ချလိုက်ပါ..အကို..သူတို့ကို စောင့်ရင်းနဲ့ အပျင်းပြေပေါ့"

ဘမောင်နှင့် လှမောင် က သူတို့ခွက်များထဲ ချက်အရက်ကို ထပ်ငှဲ့ပြီး မော့ချလိုက်သည်။

"ငါ့တပည့်နှစ်ကောင်ပဲ..သောက်ပါစေကွာ..ဘုန်းကြီးလူထွက်တွေအကြောင်း မင်းမသိပါဘူး..ငန်းနက်…ကြိုက်မိပြီဆိုရင်..ဒါချည်း ဒုံးပေကပ်သပ် တန်းတန်းစွဲတော့တာ"

"အင်းဗျာ..ကျုပ်ကတော့ ၁၄ နှစ်သား ဓါးပြစဖြစ်ကတည်းက ဒီနေ့အထိ ချလာတာမို့..ချလိုက်ဦးမယ်ဗျာ"

"ချပါ..ငါ့လူ..ဒါပေမယ့်..တစ်ခုတော့ ပြောထားမယ်…တကယ်လို ငါနဲ့ တစ်ဖွဲ့တည်း ဓါးပြတိုက်တော့မယ်ဆိုရင်တော့ စည်းကမ်းတွေရှိတယ်..ဓါးပြတိုက်ဖို့ သွားမယ့်အချိန် အရက်မသောက်ရဘူး။ သူများသားမယားမပြစ်မှားရဘူး။ အမဲသားမစားရဘူး။ ပြီးတော့ ဓါးပြထွက်တိုက်ခါနီး တောင်ချမ်းသာရှင်မကို နတ်တင်ပွဲပေးပြီးမှ တိုက်ရမယ်"

ငန်းနက်ထံမှ အသံတိတ်ဆိတ်သွားသည်။

"ကိုစိန်ဓါးမြှောင် နဲ့ ကျုပ်နဲ့ ပူးပေါင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရေရှည်တော့ ပူးပေါင်းလို့ ရမှာမဟုတ်ဘူး။ ကျုပ်က ပင်လယ်ဓါးပြ။ အဲ့ဒီ ဓလေ့တွေ၊ စည်းကမ်းတွေကို မကြိုက်ဘူး။ ဒီတော့ ခင်ဗျားနဲ့ပေါင်းပြီး အလုပ်လုပ်နေချိန်တော့ ခင်ဗျားစည်းကမ်းကို ကျုပ် လိုက်နာပေးပါ့မယ်။ လေးစားသမှုပေါ့။ အဲ ကျန်တဲ့ အချိန် ကျုပ် လွတ်လပ်မှုကိုတော့ ခင်ဗျား ထိပါးခွင့်မရှိဘူး…ဒီစည်းလေးတို့ ကျုပ်တို့ကြား ထားကြတာပေါ့ဗျာ"

"ငါကလည်း မင်းနဲ့ငါ အတူတူ အလုပ်လုပ်ကြမယ့် အချိန်အတွင်း စည်းကမ်းကလေးကိုပဲ ပြောတာပါ။ ဒါကလည်း ရှေးရှေးက မြန်မာ့ဓါးပြကြီးတွေ ထားကြတဲ့ ထုံးတမ်းမို့ပါပဲ"

"အေးပေါ့ဗျာ..ခင်ဗျားကတော့ ဓမ္မကထိက မဖြစ်ပဲ ဓါးပြကထိက ဖြစ်လာမယ့်လူပဲ..ကျုပ်တော့ ဒါတွေ နားမလည်ပါဘူး"

မြစ်ပြင်မှ လေတဟူးဟူး တိုက်ခတ်လာသည်။

ခပ်လှမ်းလှမ်းမှ တုံကင်းလှေတစ်စင်း စင်းလာသံကြားရ၏။

ငန်းနက်က မြစ်ပြင်အထက်ဆီမှ မီးမှိတ်တုတ်မှိတ်တုတ် တုံကင်းလေးကို လှမ်းငေးသည်။

"ရာသီဥတုလေးကလည်း သာယာပါဘိနဲ့ဗျာ..ဒီအချိန်မျိုး ဓါးပြလေးသား ထွက်တိုက်လိုက်ရလို့ကတော့ ဘယ်လောက် ဇိမ်ရှိလိမ့်မလဲ"

ငန်းနက်က မချိတင်ကဲ ရေရွတ်လိုက်သည်။

စိန်ဓါးမြှောင်ကတော့ မြစ်ပြင်ကို သာငေးနေ၏။

အာရုဏ်ပင် တက်လုပြီ။

 ခါလေး ဘာဖြစ်နေပြီလဲ။ ဟိုကောင်တွေ ဘာဖြစ်နေပြီလဲ။

သူ ဘယ်သူ့ကိုမှ မယုံကြည်။

ထို့ကြောင့် တရေးမှမအိပ်။

သူ့နဘေးမှ ငန်းနက်ကလည်း အရက်ကို တစ်ခွက်ပြီး တစ်ခွက် သောက်ရင်း မွန်ပြည်၊ ထားဝယ်၊ ကော့သောင်း ၊ ယိုးဒယားနယ်စပ်တစ်လျှောက် သူ ဓါးပြတိုက်ခဲ့ဖူးသည့်လူတွေ အကြောင်း တသသ ပြောရင်း လွမ်းနေ၏။

ဘမောင်နှင့် လှမောင် ကတော့ ဟောက်သံပင် ထွက်နေကြပြီ။

………………………………………………………………………………………….

ပဲ့ချိတ်သံသဲ့သဲ့ကြားသဖြင့် စိန်ဓါးမြှောင်က မြစ်ပြင်ဆီ မတ်တပ်ရပ် ကြည့်လိုက်သည်။

မိုးလင်းပေါက် သောက်နေသော ငန်းနက်ကလည်း ငိုက်မြည်းနေရာမှ ထလာ၏။

 ပဲ့ချိတ်ပေါ်တွင် လူနှစ်ယောက်။

ငရုတ်သီးဘရင်နှင့် ဘချစ်။

ခါလေး ပါမလာ။

ပဲ့ချိတ်က ကမ်းသို့ ကပ်လာသည်။

ငရုတ်သီးဘရင်က ကမ်းပေါ်သို့ တက်လာရင်း

"ကျွန်တော်တို့ ညဉ့်နက်တဲ့အထိ စောင့်တာပဲ..ဆရာကြီးလူ လုံးဝပေါ်မလာဘူး"

စိန်ဓါးမြှောင် မျက်နှာပေါ် စိုးရိမ်သည့် အရိပ်အယောင်များ ဖြတ်ခနဲပေါ်သွား၏။

သို့သော် ခဏသာ။

"ခွေးမသား ခါလေး ငါ့ငွေတွေ ဘုန်းပြီး ပြေးများ ပြေးပြီလား ။ ဒါမှမဟုတ် မြကြည်တို့များ တစ်ခုခုဖြစ်နေလို့လားမသိဘူးကွ။ ငါ မနက်ဖြန် မန်းလေးဘက်တက်ရှာမယ်"

"မတက်နဲ့ ဆရာကြီး…ဆရာကြီး တက်လို့မဖြစ်ဘူး..အခု မင်းကွန်းဆိပ်မှာတောင် ပုလိပ်တွေ ခြေချင်းလိမ်နေတာ..နောက် မန္တလေးမှာလည်း ဆရာကြီးနာမည်က ကြီးနေတယ်လို့ လှေဆိပ်မှာ ပြောနေသံကြားရတယ်..မြို့ပေါ်မှာလည်း ပုလိပ်ရော၊ ဆုတ်လာတဲ့ အင်္ဂလိပ်တပ်တွေရော ရှုပ်နေတယ်..ဒီအချိန်မှာ ကျွန်တော်တို့ ဘာမှလှုပ်ရှားလို့ မရလောက်ဘူး..ဆရာကြီး မန္တလေးရောက်တာ သိတာနဲ့ ပုလိပ်က ဖမ်းမှာပဲ..စစ်တပ်တွေလည်းရှိနေတော့ ပြေးဖို့ မလွယ်လောက်ဘူး...ဒီရက်ပိုင်းတော့ အသာလေး စောင့်ကြည့်နေစေချင်တယ်..ဒုက္ခမရှာပါနဲ့..ဆရာကြီး"

ငရုတ်သီးဘရင်က ပြောလိုက်သည်။

"ငါ က အရေးမကြီးပါဘူး…အရေးကြီးတာ..မြကြည်ကွ..မြကြည်..ပုလိပ်တွေ သူ့ဆီသေချာပေါက်ရောက်လာမှာပဲ..ခမြာ ငါ့ကြောင့် ကလေးကပျက်..သွေးနု သားနုနဲ့..ဒုက္ခများရှာပြီထင်ရဲ့"

ငန်းနက်က စိန်ဓါးမြှောင်ဘေးတွင်  ရပ်ကာ ပုခုံးကို ဖက်လိုက်သည်။

"ခဏတော့ စောင့်ကြည့်လိုက်ပါအကို..အကိုတပည့် ရောက်လာမှာပါ…ဘရင်ကို မင်းကွန်းဆိပ်မှာ သွားသွားစောင့်ခိုင်းထားလိုက်ပါ..ဒီရက်ထဲ အကိုတို့ကို  ကျုပ်သေနတ်ပစ်လေ့ကျင်ပေးပါ့မယ်..ကြားထဲ သင်္ဘောလေးတွေ၊ စက်လှေလေးတွေ လာရင်လည်း စိတ်ပြေလက်ပျောက် ဓါးပြတက်တိုက်ကြတာပေါ့"

စိန်ဓါးမြှောင်က ခေါင်းညိတ်ပြပြီး သက်ပြင်းချလိုက်သည်။

ခက်ဇော်

အခန်း (၈) သဘက်ခါ

The Guys From Mandalay,1950s
       အခန္း(၇)

                          ………………………………………..

၁၉၄၂ ခုႏွစ္ သည္ ျမန္မာျပည္သူတို႔အဖို႔ အလႈပ္ခတ္ဆုံးခုႏွစ္ တစ္ခုျဖစ္ခဲ့သည္။

ဒုတိယကမာၻစစ္မီးႀကီးသည္ ေတာင္အာရွသို႔ ကူးစက္လာခဲ့ၿပီ။

၁၉၄၁ ဒီဇင္ဘာလကတည္းက ဂ်ပန္စစ္တပ္က ရန္ကုန္ကို အဆက္မျပတ္ဗုံးႀကဲခဲ့သည္။

ၿဗိတိသွ်စစ္တပ္မ်ားကလည္း ေအာင္ျမင္စြာဆုတ္ခြာေရးမူဝါဒႏွင့္အတူ ေအာက္ျမန္မာျပည္တစ္ခုလုံးကို ေျမလွန္ဖ်က္ဆီးကာ အထက္ျမန္မာျပည္ဆီသို႔ စနစ္တက် ဆုတ္ခြာေနၾကသည္။

ရန္ကုန္ကား ၿမိဳ႕ပ်က္ႀကီးျဖစ္ေနေပၿပီ။

ရန္ကုန္ၿမိဳ႕ေပၚရွိ အစိုးရဝန္ထမ္းမ်ား၊ လူမ်ိဳးစုံစီးပြားေရးသမားကုန္သည္မ်ား၊ ကူလီမ်ား အားလုံးနီးပါးသည္ စစ္ေဘးလြတ္ရာေတာဘက္မ်ားသို႔ မီးရထား၊ သေဘၤာ၊ ေမာ္ေတာ္ကားမ်ားျဖင့္လည္းေကာင္း၊ ေျခလ်င္ခရီးျဖင့္လည္းေကာင္း အေျပးအလႊားေရွာင္တိမ္းေနၾကသည္။

ရန္ကုန္ - မႏၲေလးလမ္းမႀကီးတစ္ေလွ်ာက္ စစ္ေရွာင္လူတန္းႀကီးျဖင့္ ျပည့္ႏွက္ေနေတာ့သည္။

ၿဗိတိသွ်လူမ်ိဳးမ်ား၊ ဥေရာပသားမ်ားသည္ တမူး အင္ဖာလမ္းအတိုင္း အိႏၵိဘက္သို႔လည္းေကာင္း၊ တ႐ုတ္လူမ်ိဳးမ်ားသည္ လားရႈိး၊ နမ့္ခမ္း၊ မူဆယ္ လီဒိုလမ္းမႀကီးအတိုင္းတ႐ုတ္ျပည္ဘက္သို႔လည္းေကာင္း၊ ေအာက္ျမန္မာျပည္သူမ်ားမွ အထက္အညာေဒသသို႔ လည္းေကာင္း စစ္ေရွာင္ေနၾကသည္။

မႏၲေလးၿမိဳ႕သည္လည္း တျဖည္းျဖည္း ရႈပ္ေထြးစျပဳလာသည္။

၁၉၄၂ ဇန္နဝါရီလတြင္  ကာနယ္စူဇူကီးႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဦးေဆာင္ေသာ ရဲေဘာ္သုံးက်ိပ္သည္ ဂ်ပန္ အမွတ္(၁၅)တပ္မေတာ္ႏွင့္အတူ ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ဝင္လာၾကသည္။

ထိုသို႔ ႏိုင္ငံေရး၊ စစ္ေရးမ်ား ရႈတ္ေထြးေနသည့္ ဇန္နဝါရီလအတြင္းတြင္ပင္ စစ္ကိုင္းၿမိဳ႕၊ သူေဌးဦးၾကင္အိမ္ ဓါးျပမႈျဖင့္ စိန္ဓါးေျမႇာင္ဓါးျမဂိုဏ္းကို စတင္ေမြးဖြားခဲ့ေလေတာ့သည္။

"ေဈးခ်ိဳဆိုလို႔ လန႔္မသြားၾကပါနဲ႔ဦး..ကိုယ့္လူတို႔ရဲ႕"

စိန္ဓါးေျမႇာင္ က သူ႔ကို ေဝစုေပးသည့္ ပိုက္ဆံမ်ားကို ေရတြက္လိုက္သည္။

အေပၚပိုင္းဗလာက်င္းတြင္ ပုဆိုးဝတ္လိုက္ေသာအခါ သင္းပိုင္ဝတ္သည့္ပုံစံမေပ်ာက္သျဖင့္ ခါးပုံစက တိုေနသည္။

ထို႔ေၾကာင့္ ပိုက္ဆံမ်ားထည့္ရန္ မဆန႔္ျဖစ္ေန၏။

"ခါေလး..ေရာ့..ငါ့ပိုက္ဆံေတြ မင္းပဲ သိမ္းထားလိုက္ကြာ..ဒီစိန္နားကပ္ေရာ သိမ္းထား"

ခါေလးက စိန္ဓါးေျမႇာင္ကမ္းေပးေသာ ေငြမ်ားကို ယူလိုက္သည္။

"ေရွ႕ေလွ်ာက္ ဓါးျပတိုက္ေတာ့မယ္ဆို…ေသနတ္ေတာ့ ပစ္ေတာ့ဖို႔လိုတယ္..ခုန ငါက ဓါးျပသာတိုက္လာတာ ေသနတ္က ဘယ္လိုပစ္ရမွန္းမသိဘူး..ဒီေတာ့ မင္းတို႔ ထဲမွာ ဘယ္သူ ေသနတ္ပစ္တတ္လဲ"

မည္သူ႔ဆီကမွာ အသံထြက္မလာ။

"မင္းကြန္းအထက္ဘက္မွာေတာ့ ငန္းနက္ ဆိုတဲ့ ကြၽန္ေတာ့္အသိတစ္ေယာက္ရွိတယ္။ အရင္ ယိုးဒယားဘက္မွာေနခဲ့ၿပီး ပင္လယ္ဓါးျပလုပ္ခဲ့ေတာ့ ေသနတ္ေတြဘာေတြ ပစ္တတ္တယ္ေျပာတယ္"

င႐ုတ္သီးဘရင္ စကားေၾကာင့္ စိန္ဓါးေျမႇာင္ မ်က္ခုံးပင့္သြားသည္။

"နာမည္ကေတာ့ အလာသားဟ…ဒါနဲ႔..သူက ငါတို႔ကို ေသနတ္ပစ္သင္ေပးပါ့မလား"

"ဒီေကာင္လည္း စတင္းဂန္းတစ္လက္နဲ႔ လစ္ရင္ လစ္သလို ျမစ္ထဲသြားေနတဲ့ေလွေတြကို အႏုၾကမ္းစီး၊ ဓါးျပတိုက္ေနတာပဲ။ သူရယ္ သူ႔ေယာက္ဖ ဘခ်စ္ဆိုတာရယ္ရွိတယ္။ တိုက္လို႔ရတာေလးေတြကို စစ္ကိုင္းဘက္တက္ၿပီး သူခိုးေဈးနဲ႔ ေရာင္းခ်င္ရင္ ကြၽန္ေတာ့္ဆီလာလာဆက္သြယ္ရာက ရင္းႏွီးတာ"

"သူတို႔နဲ႔ ေတြ႕ခ်င္တယ္..င႐ုတ္သီး..မင္းလိုက္ပို႔မလား"

"ရတယ္..ဒီေကာင္ေတြက ျမစ္ေဘးက စက္ေလွေပၚမွာပဲေနတာ..သူတို႔ ေနရာကို ကြၽန္ေတာ္သိတယ္"

"ကဲ..ဒါဆို မင္းတို႔ထဲက ငါနဲ႔အတူ ေဈးခ်ိဳကို ဓါးျပတိုက္ဖို႔ ဆက္မလိုက္ခ်င္တဲ့သူရွိလား"

မည္သူ႔ထံကမွ အသံထြက္မလာ။

"ဟုတ္ၿပီ..ဒါဆို ဆက္မလိုက္ရမယ့္သူကို ငါဆုံးျဖတ္မယ္…ခါေလး..မင္းဆက္မလိုက္ခဲ့နဲ႔ေတာ့"

"ဘာျဖစ္လို႔လဲ..ဆရာႀကီး"

"မင္းကြန္းေလွဆိပ္မွာ မင္းကို ခ်ေပးခဲ့မယ္..အဲ့ဒီကေန မင္း မန္းေလးဘက္ကူးေတာ့..ငါ့ေဝစုထဲက ေငြေျခာက္ရာယူသြား…မင္းအမ ျမၾကည္ကို ေလးရာေပးလိုက္..ၿပီးရင္က်န္တဲ့ႏွစ္ရာနဲ႔ ေဈးခ်ိဳကို သြား…ေလးပင္လိမ္ဘန္ေကာက္ပုဆိုးရယ္..အခံအက်ႌရယ္..ကုပ္အက်ႌတစ္ထည္ရယ္..ေကာလိပ္ေက်ာင္းသားေတြ စီးတဲ့ ေပတင္ရွႈးတစ္ရံရယ္ဝယ္ခဲ့..တစ္ခါတည္း..ေ႐ႊဆိုင္တန္းက ေလာကနာသံ ဘာဘူဆိုင္ ဘယ္နားလဲစုံစမ္းခဲ့။ ၿပီးရင္ အိမ္ကိုျပန္။ မင္းအမကို ငါ့အဝတ္အစားနဲ႔ ငါ့ဇာတာ ကို ထည့္ခိုင္း။ မိုးခ်ဳပ္တာနဲ႔ ေလွဆိပ္ဆင္းၿပီး မင္းကြန္းကို ျပန္လာခဲ့ေတာ့"

စိန္ဓါးေျမႇာင္ မွာသမွ်ကို ခါေလးက အေသအခ်ာ လိုက္မွတ္ေနသည္။

မင္းကြန္းေလွဆိပ္အေရာက္တြင္ ခါေလးက ေငြေျခာက္ရာကို ခ်ိန္ကာ က်န္သည့္ေငြ စိန္ဓါးေျမႇာင္ကို ေပးခဲ့ၿပီး ျမင္းလွည္းေပၚမွ ဆင္းသြား၏။

ျမင္းလွည္းသည္ မင္းကြန္းကိုေက်ာ္ကာ အထက္ဘက္သို႔ ဆက္ေမာင္းသြား၏။

မင္းကြန္းအေက်ာ္ သုံးမိုင္ခန႔္ ရွိ ဧရာဝတီျမစ္ကမ္းေဘး ေတာတန္းေလးသို႔ ေရာက္ေသာအခါ င႐ုတ္သီးဘရင္က ျမင္းလွည္းကို ရပ္လိုက္သည္။

"ကဲ..ဆရာစိန္ဓါးေျမႇာင္ပဲ လိုက္ခဲ့ပါ..က်န္တဲ့သူေတြေတာ့ ျမင္းလွည္းနားကပဲ ေစာင့္ၾကဗ်ာ"

စိန္ဓါးေျမႇာင္က ႐ိုင္ဖယ္ေသနတ္ကို လြယ္ကာ င႐ုတ္သီးဘရင္ႏွင့္အတူ ေတာတန္းေလးထဲ သို႔ ဝင္သြားသည္။

ေတာတန္းကို ျဖတ္ေက်ာ္ၿပီးေသာအခါ ေျမႏုကြၽန္းႏွင့္အတူ သစ္သားဆိပ္ခံတံတားေလးတစ္ခုကို ေတြ႕ရ၏။

ေဘာတံတားေရွ႕တြင္ စက္တပ္ထားသည့္ ပဲ့ခ်ိတ္ေလွတစင္း။ ေလွေပၚတြင္ စြပ္က်ယ္လက္စက ႏွင့္ ေဘာလုံးကန္ေဘာင္းဘီတို  ဝတ္ထားေသာ လူတစ္ေယာက္က ေဆးေပါလိပ္ခဲရင္း ထိုင္ေန၏။

သူတို႔ ႏွစ္ေယာက္ကို ျမင္သည္ႏွင့္ ေလွဝမ္းထဲမွ စတင္းဂန္းေသနတ္ကို ထုတ္ကာ ခ်ိန္လိုက္သည္။

"ေဟ့..ရပ္..ဘယ္ေကာင္ေတြလဲကြ"

ဘရင္က သူေဆာင္းလာသည့္ ဦးထုတ္ကို ခြၽတ္ရင္း ေဝွ႔ရမ္းလိုက္သည္။

"ကြၽန္ေတာ္ ဘရင္ ပါ…ကိုငန္းနက္"

"ေအာ္..ဘရင္..ငါအခုပဲ ျမစ္လယ္ကြၽန္းဘက္ ကူးေတာ့မလို႔…လာ..လာ"

 ေလွေပၚတြင္ ထိုင္ေနသာ ငန္းနက္ဆိုသူကို ျမင္လိုက္ရသည့္အခါ စိန္ဓါးေျမႇာင္ အနည္းငယ္အံၾသသြားရသည္။

အသက္က (၂၅)ႏွစ္ေလာက္သာ ရွိဦးမည္။

နာမည္က ငန္းနက္။ သို႔ေသာ္ သူ႔အသားက နက္မေန။ နဂိုမူလအသား က ဝင္းပုံရေသာ္လည္း ေနေလာင္ဒဏ္ေၾကာင့္ ခပ္ဝါဝါျဖစ္ေနသည္ ။ မၾကာမီကမွ ရိတ္ထားပုံရေသာ မုတ္ဆိတ္ပါးသိုင္းတို႔ကစိမ္းေနသည္။

 ေဆးေပါ့လိပ္ခဲထားေသာ သူ႔ႏႈတ္ခမ္းတို႔ကမူ မ်က္ႏွာအသားဝါဝါ၊ မုတ္ဆိတ္စိမ္းစိမ္းတို႔ျဖင့္ ဆန႔္က်င္လ်က္ အညိဳရင့္ရင့္ျဖစ္ေန၏။

သူ႔မ်က္ႏွာၾကည့္ရသည္မွာပင္ အေရာင္စုံေနသည္ဟု စိန္ဓါးေျမႇာင္ခံစားလိုက္ရသည္။

"အဲဒါ..ငန္းနက္ဆိုတာလား"

စိန္ဓါးေျမႇာင္ က ဘရင္ကို ကပ္ေမးလိုက္သည္။

ဘရင္က ေခါင္းညိတ္ျပလိုက္၏။

"ငန္းနက္ဆိုလို႔..မင္းလူကို ငါက မဲမဲႀကီး မွတ္တာရယ္"

စိန္ဓါးေျမႇာင္ စကားေၾကာင့္ ဘရင္ ခြီ ခနဲ ရယ္မိသြားသည္။

ေလွေပၚတြင္ ထိုင္ေနေသာ ငန္းနက္က သူတို႔ကို မ်က္ေမွာင္ႀကဳံ႕လ်က္ ၾကည့္လိုက္သည္။

ဘရင္က မ်က္ႏွာပိုးကို သတ္လိုက္ၿပီး

"ကိုငန္းနက္ ကို ဒီဆရာႀကီးနဲ႔ ေတြ႕ေပးခ်င္လို႔လာတာ"

"ဒါဆိုလည္း..ေလွေပၚတက္..ခပ္ျမန္ျမန္ေျပာကြယ္..ခဏေန ဘခ်စ္လာရင္ ငါတို႔ သဖန္းေဒါက္ဘက္ ကူးၾကမလို႔"

ဘရင္ႏွင့္ စိန္ဓါးေျမႇာင္တို႔က ေလွေပၚတက္ထိုင္လိုက္သည္။

"ကိုငန္းနက္..ဒါက ဆရာစိန္ဓါးေျမႇာင္တဲ့..ဟိုေန႔က စစ္ကိုင္းဂါတ္ကို ေဖာက္ေျပးတာ သူေခါင္းေဆာင္တာေပါ့"

"အင္း..ဟုတ္ၿပီ..အဲ့ဒီေတာ့ ဘာျဖစ္တုန္း"

"အဲ့ဒါ အဲ့ဒီညက ဆရာစိန္ဓါးေျမႇာင္က ေဟာ့ဒီ ႐ိုင္ဖယ္တစ္လက္လာတယ္။ ဒီေန႔လည္း စစ္ကိုင္းက ပရေဆးသူေဌးအိမ္ အဲ့ဒီ႐ိုင္ဖယ္နဲ႔ ဓါးျပဝင္တိုက္လာတာ။ ခက္တာက ကြၽန္ေတာ္တို႔က ဓါးျပသာ တိုက္လာတာ ဒီေသနတ္ပစ္ဘာညာ တတ္တာမဟုတ္ဘူး..အဲ့ဒါ ေသနတ္ပစ္သင္ခ်င္လို႔"

ငန္းနက္က ေဆးေပါ့လိပ္ကို ေလွဝမ္းေဘးတြင္ ထိုးေခ်လိုက္သည္။

"ေအး…ေသနတ္ပစ္တာက မခက္ပါဘူးကြာ..တစ္ရက္ႏွစ္ရက္ဆို တတ္ပါတယ္။ လက္ေျဖာင့္ဖို႔သာ ခက္တာ။ ဒါေပမယ့္..ငါ ဒီရက္ပိုင္း မအားဘူးကြ..အခု ရန္ကုန္ကေန စစ္ေျပးလာတဲ့ ခရီးသည္တင္သေဘၤာ၊ တုံကင္းေတြ၊ စက္ေလွေတြ တြင္ ဒီဘက္ကို ေရာက္လာေတာ့မယ္သတင္းၾကားတယ္…ငါနဲ႔ ဘခ်စ္ ဓါးျပတိုက္မလို႔ သဖန္းဆိပ္ဖက္ လူသြားစုရဦးမယ္"

ငန္းနက္ စကားေၾကာင့္ စိန္ဓါးေျမႇာင္ မ်က္ႏွာဝင္းလက္သြားသည္။

"ဒီမယ္ ငါ့လူ..လူအတြက္ေတာ့ တသီးတသန႔္မစုပါနဲ႔..ေရွ႕မွာ က်ဳပ္လူ ႏွစ္ေယာက္ပါလာေသးတယ္။ တစ္ေယာက္ကို မႏၲေလးကို ခိုင္းထားတယ္။ က်ဳပ္ရယ္ ေဟာ့ဒီက ဘရင္ရယ္ဆို ငါးေယာက္ရွိတယ္။ ႐ိုင္ဖယ္ေသနတ္လည္းရွိတယ္။ ခင္ဗ်ားနဲ႔ က်ဳပ္တို႔ ပူးေပါင္းၿပီး ဓါးျပတိုက္ၾကလို႔ရတာပဲကိုး"

ငန္းနက္က စိန္ဓါးေျမႇာင္ကို ၾကည့္ၿပီး ေခါင္းခါသည္။

"ငါးေယာက္ေပါင္းလို႔မွ ႐ိုင္ဖယ္တစ္လက္ေတာင္ မပစ္တတ္တဲ့လူေတြနဲ႔ ဘယ့္ႏွယ့္ေပါင္းရမလဲဗ်ာ'

စိန္ဓါးေျမႇာင္ မ်က္ႏွာက အနည္းငယ္ တင္းမာသြားသည္။

"ဒီမယ္ ကိုယ့္လူ..ေမြးကတည္းက တတ္တာ ဘာမွ ပါမလာဘူး။ က်ဳပ္နာမည္ မႏၲေလးမွာ ေမးၾကည့္ စိန္ဓါးေျမႇာင္တဲ့ဗ်။ ေသနတ္မပါလည္း လူသတ္ႏိုင္တယ္..ေသနတ္ပါတဲ့ေကာင္ကိုလည္း သတ္ႏိုင္တယ္..ယုံလား"

ငန္းနက္က စိန္ဓါးေျမႇာင္ကို မ်က္ႏွာထားတင္းတင္းျဖင့္ ၾကည့္လိုက္သည္။

 သူ႔လက္က ေပါင္ေပၚတြင္ တင္ထားေသာ စတင္းဂန္းကို ကိုင္ထား၏။

စိန္ဓါးေျမႇာင္က ခႏၶာကိုယ္ႏွင့္ လက္ကို အသင့္အေနအထား ျပင္ၿပီး ငန္းနက္အေျခအေနကို အကဲခတ္ေနသည္။

စိန္ဓါးေျမႇာင္က အေပၚပိုင္း ဗလာက်င္းႏွင့္မို႔ လက္ေမာင္း၊ရင္ဘတ္တို႔တြင္ ထိုးထားေသာ အင္းကြက္ႏွင့္ေဆးမ်ားက အသက္ရႈလိုက္တိုင္း ႂကြတတ္လာသကဲသို႔ပင္ ထင္ရ၏။

ၾကားထဲမွ င႐ုတ္သီးဘရင္မွာ မ်က္လုံးကေလး ကလည္ကလည္ျဖစ္ေနရွာသည္။

ထို႔ေနာက္ ငန္းနက္မ်က္ႏွာက တျဖည္းျဖည္း ၿပဳံးလာသည္။

"အင္း.. အညာသားေတြမ်ား..ေလလုံးကေတာ့ တယ္ထြားၾကသကိုး...ဒါေပမယ့္..ခင္ဗ်ားက စိန္ဓါးေျမႇာင္ ဆိုေတာ့ ထြားသင့္ပါတယ္ေလ..ခင္ဗ်ားအေၾကာင္း က်ဳပ္ေယာက္ဖဘခ်စ္ေျပာလို႔ က်ဳပ္ၾကားဖူးပါတယ္…ေတြ႕ရတာ ဝမ္းသာပါတယ္..ဆရာႀကီးစိန္ဓါးေျမႇာင္"

ငန္းနက္က စိန္ဓါးေျမႇာင္ ေရွ႕သို႔ လက္ကမ္းလိုက္သည္။ စိန္ဓါးေျမႇာင္က ျပန္လည္ လက္ဆြဲရန္ ျပင္လိုက္စဥ္ ေလွအေနာက္ဘက္ဆီမွ အသံတစ္သံထြက္လာသည္။

"ကိုႀကီးငန္းနက္ ဘယ္သူေတြလဲဗ်"

စိန္ဓါးေျမႇာင္ႏွင့္ ဘရင္တို႔က အသံလာရာဆီလွည့္ၾကည့္လိုက္သည္။ အသက္ (၁၈)ႏွစ္ခန႔္ရွိမည့္ လူငယ္တစ္ဦး။

ထိုသူက ဘရင္ေဘးမွ  စိန္ဓါးေျမႇာင္ကို ေသခ်ာၾကည့္လိုက္သည္။ ထို႔ေနာက္

"ဟာ..ဆရာႀကီးစိန္ဓါးေျမႇာင္…ဟုတ္ပါတယ္ေနာ္..စိန္ဓါးေျမႇာင္"

ငန္းနက္က ၿပဳံးလိုက္သည္။

"ေအး..ဟုတ္တယ္..ဘခ်စ္..မင္းေျပာေျပာေနတဲ့ စိန္ဓါးေျမႇာင္ပဲ..ငါတို႔နဲ႔ အလုပ္တြဲလုပ္ဖို႔လာတာ"

ဘခ်စ္က ေလွနားေရာက္သည္ႏွင့္ စိန္ဓါးေျမႇာင္ထံ ဝမ္းသာအားရ ကပ္လာ၏။

"ဆရာႀကီး ကြၽန္ေတာ့္ကို မမွတ္မိေတာ့ဘူးလားဗ်ာ"

စိန္ဓါးေျမႇာင္က ဘခ်စ္ကို ေသခ်ာၾကည့္သည္။

"ေတြ႕ေတာ့ ေတြ႕ဖူးသလားလို႔"

ဘခ်စ္က ေခါင္းေပၚမွ ဝါးဦးထုတ္ကို ခြၽတ္လိုက္ၿပီး

"ဒီဘိုေကေလ…ဒီဘိုေကကို ကို မမွတ္မိေတာ့ဘူးလား..ဆရာႀကီး…လြန္ခဲ့တဲ့ႏွစ္ႏွစ္က အိမ္ေတာ္ရာဘုရားဝန္း ေရွ႕မွာ ဆရာႀကီး ကယ္ခဲ့လို႔ ဒီဘိုေကေလး ကတုံးမျဖစ္တာေလဗ်ာ"

"ေၾသာ္..မင္းကို..ေအး..ငါမွတ္မိၿပီ..ေကာင္ေလး"

"ဘခ်စ္က က်ဳပ္ေယာက္ဖေလ..။ က်ဳပ္ႏွမ မိကြန္ က စစ္ကိုင္းဘက္က ေဆးလိပ္ခုံမွာ ေဆးလိပ္လာလိပ္ရင္း မႏွစ္က ဒီေကာင္နဲ႔ ညားတာ။ ဒီေကာင္ကလည္း ၁၀၉ ၁၁၀ ေကာင္။  က်ဳပ္ကလည္း ေအာက္ျပည္ဘက္မွာ ပုလိပ္က ဓါးျပမႈနဲ႔လိုက္ဖမ္းေနလို႔ ဒီဘက္မွာ လာေရွာင္ေနတာ..ညီမေဆးလိပ္လိပ္တဲ့လုပ္စာနဲ႔ ဒီေကာင္ေရာ က်ဳပ္ပါ ထိုင္စားေနတာ မေလာက္ငွဘူးဗ်….ၾကာေတာ့ ရွက္လည္းရွက္လာတယ္.. ဒါနဲ႔ အိမ္စရိတ္ေလးကာမိေအာင္ သမီးေယာက္ဖ ႏွစ္ေယာက္ေပါင္းၿပီး ရွိတာေလးနဲ႔ ဒီပဲ့ခ်ိတ္ေလးဝယ္..အငွားလိုက္သလို ဗန္းျပၿပီး ဓါးျပေလးဘာေလး ထြက္တိုက္ရတာေပါ့ဗ်ာ"

"ဟိုေသနတ္ကေရာ  ဘယ္ကရတာလဲ"

"မိကြန္ကို ေဆးလိပ္ခုံပိုင္ရွင္ဆီက အတိုးနဲ႔ ေငြယူခိုင္းၿပီး ဝယ္ရတာပဲ…ရန္ကုန္ကေန တ႐ုတ္ျပည္က ခ်န္ေကရွိတ္တပ္ေတြဆီ ပို႔မယ္ လက္နက္ေတြ ဒီျမစ္ေၾကာင္းအတိုင္း တုံကင္ေတြနဲ႔ သယ္ေနတာၾကာၿပီ..ေဂါဝိန္ဆိပ္မွာ ယာယီ႐ုံးထိုင္ထားတဲ့ ၿဗိတိသွ်ေထာက္ပို႔တပ္က အာဖရိကစစ္သားတစ္ေယာက္နဲ႔ က်ဳပ္ အခ်ိတ္အဆက္ရွိတယ္..ဒီေကာင္က တ႐ုတ္ဆီပို႔မယ့္ လက္နက္ေတြကို ေမွာင္ခိုထုတ္ေရာင္းေပးေနတဲ့ပြဲစားပဲ..အဂၤလိပ္စစ္တပ္လည္း တဆုတ္တည္းဆုတ္ေနရေတာ့ ဘာမွ ဂ႐ုမထားႏိုင္ေတာ့ဘူး..ခင္ဗ်ားမွာ ေငြရွိရင္  ဒီအခ်ိန္က လက္နက္ ဝယ္လို႔အေကာင္းဆုံးအခ်ိန္ပဲ"

"မင္းနဲ႔ငါေတြ႕တာ ဟန္က်တာပဲ ငန္းနက္….ငါဒီရက္ထဲ ေဈးခ်ိဳေ႐ႊဆိုင္တန္းကို ဝင္တိုက္ဖို႔ စီစဥ္ထားတယ္..အဲ့ဒီပြဲသာ ျဖစ္ရင္ေတာ့ လက္နက္ေတြ ထပ္ဝယ္ၿပီး ကိုယ္ပိုင္တပ္တစ္ခုေထာင္ၿပီး ဓါးျပတိုက္ၾကမယ္"

စိန္ဓါးေျမႇာင္ စကားေၾကာင့္ ငန္းနက္ေရာ၊ င႐ုတ္သီးဘရင္တို႔ပါ မ်က္လုံးျပဴးသြားသည္။

"ဘယ္လိုဗ်..ကိုယ္ပိုင္တပ္ေထာင္ၿပီး ဓါးျပတိုက္မယ္..ဟုတ္လား"

"ေအးေလ..အခု တိုင္းေရးျပည္ေရးကလည္း ဘယ္သူ႔အေဖ ေခၚရမွန္းမသိဘူး..အဂၤလိပ္ေတြက ေျပးေနၿပီ..ဂ်ပန္က ဝင္လာေနၿပီၾကားတယ္..ဒီလိုအခ်ိန္မွာ ဓါးျပတိုက္မစားရင္ ဘယ္အခ်ိန္ တိုက္စားမလဲ...တိုက္ရင္လည္း လူသုံးေလးေယာက္နဲ႔ ေျခာက္တီးေျခာက္ခ်က္ တိုက္မေနဘူး..ကိုယ္ပိုင္တပ္ေထာင္ၿပီး စီးပြားျဖစ္ဓါးျပတိုက္မွာေပါ့"

"တပ္ေထာင္တာေတာ့ ဟုတ္ပါၿပီ….ဒီေလာက္ စစ္ႀကီးျဖစ္ေတာ့မယ္ဆဲဆဲမွာ ဘယ္က လူေတြက ခင္ဗ်ား ဓါးျပတပ္ထဲ ဝင္မွာတုန္း"

"ခက္ပ ကိုယ့္လူရာ….ဆင္းရဲျခင္းလြတ္ကင္းေအာင္ လမ္းျပေဆာင္ပါမည္ဆိုတဲ့ ဟိုနဂါးနီသီခ်င္းၾကားဖူးတယ္မဟုတ္လား.ဆင္းရဲသားေတြမွာ တေခတ္လုံးလည္း ဆင္းရဲလာ..အခုစစ္ႀကီးျဖစ္ေတာ့လည္း သူေဌးေတြလို အေဝးႀကီးမေျပးႏိုင္..တဲပုတ္ထဲ.ဗုံးစာမိၿပီး ေသမယ့္အတူတူ ဓါးျပထြက္တိုက္တာမွ ထမင္း၀၀နဲ႔ေသရဦးမယ္မဟုတ္လား..ဒီေတာ့..သူေဌးဝါဒ ဆင္းရဲသားဝါဒထက္ ပိုလက္ေတြ႕ၾကတဲ့ ဓါးျပဝါဒနဲ႔ ဓါးျပအေလာင္းအလ်ာဆင္းရဲသားေတြကို စိန္ဓါးေျမႇာင္က လမ္းျပမွာေပါ့ဗ်ာ..ဟားဟား "

 ငန္းနက္ မွာ စိန္ဓါးေျမႇာင့္ စကားကို နားေထာင္ရင္း သေဘာက်ေနသည္။

"ကဲ..ငါ့လူ..ဒီေလာက္ဆို က်ဳပ္တို႔ကို ေသနတ္ပစ္သင္ေပးမယ္ မဟုတ္လား"

"အင္း..က်ဳပ္လည္း ယိုးဒယားဘက္မွာ ဆယ့္ေလးႏွစ္သားေလာက္ကတည္းက ဓါးျပတိုက္လာတာပါ..ဒါေပမယ့္ ခင္ဗ်ားေလာက္ ရည္မွန္းခ်က္ႀကီးတဲ့ ဓါးျပေတာ့မေတြ႕ဖူးဘူးဗ်.. သင္ေပးပါ့မယ္ဗ်ာ..သင္ေပးပါ့မယ္..ဟိုးျမစ္လယ္က ေျမႏုကြၽန္းမွာ က်ဳပ္တို႔ ယာယီေအာင္းေနတဲ့ တဲရွိပါတယ္..အဲ့ဒီမွာ စခန္းခ်ၿပီး သင္ၾကတာေပါ့ဗ်ာ"

ထို႔ေနာက္ ငန္းနက္ႏွင့္ ဘခ်စ္က စိန္ဓါးေျမႇာင္ကို ေလွေပၚတင္ကာ ေျမႏုကြၽန္းဆီသို႔ ေလွာ္သြားၾကသည္။

င႐ုတ္သီးဘရင္က ျမင္းလွည္းေပၚတြင္ က်န္ရစ္သူမ်ားကို သြားေခၚ၏။

ထိုေန႔က ငန္းနက္တို႔ တဲတြင္ ခ်က္ထားေသာ ၾကက္သားဟင္းျဖင့္ ေန႔လည္စားစားပြဲက်င္းပကာ ေသနတ္ပစ္သင္တန္းကို ႐ိုင္ဖယ္တစ္လက္၊ စတင္းဂန္းတစ္လက္ျဖင့္ စဖြင့္ေလသည္။

ညေနေစာင္းေသာအခါ င႐ုတ္သီးဘရင္ႏွင့္ ဘခ်စ္တို႔က တစ္ဖက္ကမ္းျပန္ကူးကာ ျမင္းလွည္းျဖင့္ မင္းကြန္းသို႔ ဆင္းသြားၾကသည္။

မင္းကြန္းဆိပ္တြင္ မႏၲေလးမွ ျပန္လာမည့္ ခါေလးကို ေစာင့္ေခၚရမည္ျဖစ္သည္။

………………………………………………………………………………………

လက မိုက္သည္။ ညက ေမွာင္၏။

စိန္ဓါးေျမႇာင္က ျမစ္ျပင္အေမွာင္ထုထဲသို႔ ေငးေနသည္။

"ငါ မင္းကြန္းကို လိုက္သြားလို႔ရလား..ငန္းနက္"

ငန္းနက္ က ခ်က္အရက္ကို ငွဲ႔ၿပီး စိန္ဓါးေျမႇာင္ေရွ႕ တိုးေပးလိုက္သည္။

"အကို႔လူ မလာေသးလို႔ သူတို႔ ေစာင့္ေနၾကတာ ေနပါလိမ့္မယ္.က်ဳပ္ေယာက္ဖ ဘခ်စ္လည္း ပါသြားတာပဲ..သိပ္လည္းစိတ္မပူပါနဲ႔..အကို.နည္းနည္းေမာ့လိုက္ပါလား"

"ငါမွ အရက္မေသာက္တတ္တာကြာ"

ငန္းနက္က ရယ္သည္။

"မေသာက္တတ္လည္း..နည္းနည္းေတာ့ ခ်လိုက္ပါ..အကို..သူတို႔ကို ေစာင့္ရင္းနဲ႔ အပ်င္းေျပေပါ့"

ဘေမာင္ႏွင့္ လွေမာင္ က သူတို႔ခြက္မ်ားထဲ ခ်က္အရက္ကို ထပ္ငွဲ႔ၿပီး ေမာ့ခ်လိုက္သည္။

"ငါ့တပည့္ႏွစ္ေကာင္ပဲ..ေသာက္ပါေစကြာ..ဘုန္းႀကီးလူထြက္ေတြအေၾကာင္း မင္းမသိပါဘူး..ငန္းနက္…ႀကိဳက္မိၿပီဆိုရင္..ဒါခ်ည္း ဒုံးေပကပ္သပ္ တန္းတန္းစြဲေတာ့တာ"

"အင္းဗ်ာ..က်ဳပ္ကေတာ့ ၁၄ ႏွစ္သား ဓါးျပစျဖစ္ကတည္းက ဒီေန႔အထိ ခ်လာတာမို႔..ခ်လိုက္ဦးမယ္ဗ်ာ"

"ခ်ပါ..ငါ့လူ..ဒါေပမယ့္..တစ္ခုေတာ့ ေျပာထားမယ္…တကယ္လို ငါနဲ႔ တစ္ဖြဲ႕တည္း ဓါးျပတိုက္ေတာ့မယ္ဆိုရင္ေတာ့ စည္းကမ္းေတြရွိတယ္..ဓါးျပတိုက္ဖို႔ သြားမယ့္အခ်ိန္ အရက္မေသာက္ရဘူး။ သူမ်ားသားမယားမျပစ္မွားရဘူး။ အမဲသားမစားရဘူး။ ၿပီးေတာ့ ဓါးျပထြက္တိုက္ခါနီး ေတာင္ခ်မ္းသာရွင္မကို နတ္တင္ပြဲေပးၿပီးမွ တိုက္ရမယ္"

ငန္းနက္ထံမွ အသံတိတ္ဆိတ္သြားသည္။

"ကိုစိန္ဓါးေျမႇာင္ နဲ႔ က်ဳပ္နဲ႔ ပူးေပါင္းတာေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ ေရရွည္ေတာ့ ပူးေပါင္းလို႔ ရမွာမဟုတ္ဘူး။ က်ဳပ္က ပင္လယ္ဓါးျပ။ အဲ့ဒီ ဓေလ့ေတြ၊ စည္းကမ္းေတြကို မႀကိဳက္ဘူး။ ဒီေတာ့ ခင္ဗ်ားနဲ႔ေပါင္းၿပီး အလုပ္လုပ္ေနခ်ိန္ေတာ့ ခင္ဗ်ားစည္းကမ္းကို က်ဳပ္ လိုက္နာေပးပါ့မယ္။ ေလးစားသမႈေပါ့။ အဲ က်န္တဲ့ အခ်ိန္ က်ဳပ္ လြတ္လပ္မႈကိုေတာ့ ခင္ဗ်ား ထိပါးခြင့္မရွိဘူး…ဒီစည္းေလးတို႔ က်ဳပ္တို႔ၾကား ထားၾကတာေပါ့ဗ်ာ"

"ငါကလည္း မင္းနဲ႔ငါ အတူတူ အလုပ္လုပ္ၾကမယ့္ အခ်ိန္အတြင္း စည္းကမ္းကေလးကိုပဲ ေျပာတာပါ။ ဒါကလည္း ေရွးေရွးက ျမန္မာ့ဓါးျပႀကီးေတြ ထားၾကတဲ့ ထုံးတမ္းမို႔ပါပဲ"

"ေအးေပါ့ဗ်ာ..ခင္ဗ်ားကေတာ့ ဓမၼကထိက မျဖစ္ပဲ ဓါးျပကထိက ျဖစ္လာမယ့္လူပဲ..က်ဳပ္ေတာ့ ဒါေတြ နားမလည္ပါဘူး"

ျမစ္ျပင္မွ ေလတဟူးဟူး တိုက္ခတ္လာသည္။

ခပ္လွမ္းလွမ္းမွ တုံကင္းေလွတစ္စင္း စင္းလာသံၾကားရ၏။

ငန္းနက္က ျမစ္ျပင္အထက္ဆီမွ မီးမွိတ္တုတ္မွိတ္တုတ္ တုံကင္းေလးကို လွမ္းေငးသည္။

"ရာသီဥတုေလးကလည္း သာယာပါဘိနဲ႔ဗ်ာ..ဒီအခ်ိန္မ်ိဳး ဓါးျပေလးသား ထြက္တိုက္လိုက္ရလို႔ကေတာ့ ဘယ္ေလာက္ ဇိမ္ရွိလိမ့္မလဲ"

ငန္းနက္က မခ်ိတင္ကဲ ေရ႐ြတ္လိုက္သည္။

စိန္ဓါးေျမႇာင္ကေတာ့ ျမစ္ျပင္ကို သာေငးေန၏။

အာ႐ုဏ္ပင္ တက္လုၿပီ။

 ခါေလး ဘာျဖစ္ေနၿပီလဲ။ ဟိုေကာင္ေတြ ဘာျဖစ္ေနၿပီလဲ။

သူ ဘယ္သူ႔ကိုမွ မယုံၾကည္။

ထို႔ေၾကာင့္ တေရးမွမအိပ္။

သူ႔နေဘးမွ ငန္းနက္ကလည္း အရက္ကို တစ္ခြက္ၿပီး တစ္ခြက္ ေသာက္ရင္း မြန္ျပည္၊ ထားဝယ္၊ ေကာ့ေသာင္း ၊ ယိုးဒယားနယ္စပ္တစ္ေလွ်ာက္ သူ ဓါးျပတိုက္ခဲ့ဖူးသည့္လူေတြ အေၾကာင္း တသသ ေျပာရင္း လြမ္းေန၏။

ဘေမာင္ႏွင့္ လွေမာင္ ကေတာ့ ေဟာက္သံပင္ ထြက္ေနၾကၿပီ။

………………………………………………………………………………………….

ပဲ့ခ်ိတ္သံသဲ့သဲ့ၾကားသျဖင့္ စိန္ဓါးေျမႇာင္က ျမစ္ျပင္ဆီ မတ္တပ္ရပ္ ၾကည့္လိုက္သည္။

မိုးလင္းေပါက္ ေသာက္ေနေသာ ငန္းနက္ကလည္း ငိုက္ျမည္းေနရာမွ ထလာ၏။

 ပဲ့ခ်ိတ္ေပၚတြင္ လူႏွစ္ေယာက္။

င႐ုတ္သီးဘရင္ႏွင့္ ဘခ်စ္။

ခါေလး ပါမလာ။

ပဲ့ခ်ိတ္က ကမ္းသို႔ ကပ္လာသည္။

င႐ုတ္သီးဘရင္က ကမ္းေပၚသို႔ တက္လာရင္း

"ကြၽန္ေတာ္တို႔ ညဥ့္နက္တဲ့အထိ ေစာင့္တာပဲ..ဆရာႀကီးလူ လုံးဝေပၚမလာဘူး"

စိန္ဓါးေျမႇာင္ မ်က္ႏွာေပၚ စိုးရိမ္သည့္ အရိပ္အေယာင္မ်ား ျဖတ္ခနဲေပၚသြား၏။

သို႔ေသာ္ ခဏသာ။

"ေခြးမသား ခါေလး ငါ့ေငြေတြ ဘုန္းၿပီး ေျပးမ်ား ေျပးၿပီလား ။ ဒါမွမဟုတ္ ျမၾကည္တို႔မ်ား တစ္ခုခုျဖစ္ေနလို႔လားမသိဘူးကြ။ ငါ မနက္ျဖန္ မန္းေလးဘက္တက္ရွာမယ္"

"မတက္နဲ႔ ဆရာႀကီး…ဆရာႀကီး တက္လို႔မျဖစ္ဘူး..အခု မင္းကြန္းဆိပ္မွာေတာင္ ပုလိပ္ေတြ ေျခခ်င္းလိမ္ေနတာ..ေနာက္ မႏၲေလးမွာလည္း ဆရာႀကီးနာမည္က ႀကီးေနတယ္လို႔ ေလွဆိပ္မွာ ေျပာေနသံၾကားရတယ္..ၿမိဳ႕ေပၚမွာလည္း ပုလိပ္ေရာ၊ ဆုတ္လာတဲ့ အဂၤလိပ္တပ္ေတြေရာ ရႈပ္ေနတယ္..ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ ဘာမွလႈပ္ရွားလို႔ မရေလာက္ဘူး..ဆရာႀကီး မႏၲေလးေရာက္တာ သိတာနဲ႔ ပုလိပ္က ဖမ္းမွာပဲ..စစ္တပ္ေတြလည္းရွိေနေတာ့ ေျပးဖို႔ မလြယ္ေလာက္ဘူး...ဒီရက္ပိုင္းေတာ့ အသာေလး ေစာင့္ၾကည့္ေနေစခ်င္တယ္..ဒုကၡမရွာပါနဲ႔..ဆရာႀကီး"

င႐ုတ္သီးဘရင္က ေျပာလိုက္သည္။

"ငါ က အေရးမႀကီးပါဘူး…အေရးႀကီးတာ..ျမၾကည္ကြ..ျမၾကည္..ပုလိပ္ေတြ သူ႔ဆီေသခ်ာေပါက္ေရာက္လာမွာပဲ..ချမာ ငါ့ေၾကာင့္ ကေလးကပ်က္..ေသြးႏု သားႏုနဲ႔..ဒုကၡမ်ားရွာၿပီထင္ရဲ႕"

ငန္းနက္က စိန္ဓါးေျမႇာင္ေဘးတြင္  ရပ္ကာ ပုခုံးကို ဖက္လိုက္သည္။

"ခဏေတာ့ ေစာင့္ၾကည့္လိုက္ပါအကို..အကိုတပည့္ ေရာက္လာမွာပါ…ဘရင္ကို မင္းကြန္းဆိပ္မွာ သြားသြားေစာင့္ခိုင္းထားလိုက္ပါ..ဒီရက္ထဲ အကိုတို႔ကို  က်ဳပ္ေသနတ္ပစ္ေလ့က်င္ေပးပါ့မယ္..ၾကားထဲ သေဘၤာေလးေတြ၊ စက္ေလွေလးေတြ လာရင္လည္း စိတ္ေျပလက္ေပ်ာက္ ဓါးျပတက္တိုက္ၾကတာေပါ့"

စိန္ဓါးေျမႇာင္က ေခါင္းညိတ္ျပၿပီး သက္ျပင္းခ်လိုက္သည္။

ခက္ေဇာ္

အခန္း (၈) သဘက္ခါ

Comments

Post a Comment