The Guys From Mandalay, 1950s အခန်း(၂၉)
The Guys From Mandalay, 1950s
အခန်း(၂၉)
.................................................
ဂန္ဓမာသောင်းရီက ချောရင်ကို ပွေ့လိုက်သည်။
“ချောရင်....ချောရင်”
“ကျွန်မ အဆင်ပြေပါတယ်”
“ဘာဖြစ်သွားသေးလဲ..ဒီကောင်တွေ ဘာလုပ်လိုက်သေးလဲ”
“ဘာမှ မလုပ်ဘူး...ကားပတ်မောင်းပြီး..ဒီရှေ့ လာပြန်ချပေးသွားတာပဲ..ဟော့ဒီစာလည်း ထည့်ပေးသွားတယ်”
ချောရင်က လက်ထိပ်နောက်ပြန်ခတ်ထားသော သူ့လက်ကြားတွင် ညှပ်ပေးသည့် စာကို ပြသည်။
မသောင်းက စာကို ဆွဲယူပြီးဖွင့်ဖတ်လိုက်သည်။
“သို့
ဂန္ဓမာသောင်းရီ
ရှေ့ကို ဆက္မတိုးနဲ့တော့။
မင်းဘေးကလူတွေ အခုလို တစ်ယောက်ချင်း ပျောက်သွားလိမ့်မယ်
မင်းတို့ခေတ်ကို ကျေကျေနပ်နပ် ကုန်ပစ်လိုက်ပါတော့”
ဂန္ဓမာသောင်းရီက မသောင်းလက်ထဲမှ စာကို ဆွဲယူကာ လုံးချေပစ်လိုက်သည်။
“လက်ထိပ်ဖြုတ်ဖို့လုပ်ကြပါဦးဟ..ဆိုင်ထဲကနေ လက်ထိပ်ဖြုတ်လို့ရမယ့်ဟာ တစ်ခုခုယူခဲ့ကြပါ”
ဗိုလ်မောင်မောင်က အော်သည်။
“မလိုပါဘူးဗျ...ရတယ်..ကျွန်တော်ဖြုတ်ပေးမယ်”
စိန်ဓါးမြှောင်က ဆိုင်ရှေ့တွင် ချိတ်ဆွဲထားသော မီးလုံးသို့ သွယ်ထားသည့် မီးကြိုးများကို ကပ်ချည်ထားသည့် ကြေးနန်းကြိုးကို သွားလှည့်ဖြုတ်လိုက်သည်။
ထို့နောက် ချောရင် ကို ခတ်ထားသည့် လက်ထိပ်၏ သော့ပေါက်ထဲသို့ ကြေးနန်းကြိုးကို ထိုးထည့်ကာ သုံးလေးချက် ကလန့်လိုက်သည်။
“ထောက်” ခနဲ အသံနှင့် အတူ လက်ထိပ် ပြုတ်သွား၏။
“ကဲ..တော်ပါသေးရဲ့...ငါ့ဒေါ်လာငါးသောင်းလေး”
စိန်ဓါးမြှောင်က ပွင့်သွားသောလက်ထိပ်ကို ဂန္ဓမာသောင်းရီ လက်ထဲသို့ ထည့်ပေးရင်း ခပ်နောက်နောက်ပြောလိုက်သည်။
ချောရင်ကို မသောင်း က အိမ်ထဲသို့ ခေါ်သွားသည်။
“ကဲ..အနှင်းရေ..ပြန်ကြစို့ဟေ့...ဒီမှာ တို့ကိစ္စမရှိတော့ဘူး”
စိန်ဓါးမြှောင်က အနှင်း ကို ခေါ်ကာပြန်ထွက်သွားသည်။
ဆိုင်ရှေ့အရောက်တွင် ဆိုင်တွင်းသို့ ဝင်လာသော အသက် (၆၀)ကျော်အရွယ် တရုတ်လူမျိုးတစ်ဦးနှင့် မျက်နှာချင်းဆိုင်မိကြသည်။
စိန်ဓါးမြှောင်က ထိုသူကို အကဲခတ်သည်။
အလိန် က စိန်ဓါးမြှောင်ကို သေချာကြည့်နေသည်။
စိန်ဓါးမြှောင်က ကားတံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်ပြီး အနှင်းကို ပြောလိုက်သည်။
“ဇာတ်ကတော့ ဒီထက်ပိုရှုပ်ဖို့ပဲရှိတယ်...ငါတို့လည်း သတိထားမှဖြစ်တော့မယ်"
"ဟုတ်တယ်..ဆရာကြီး..သူတို့မှာ ရန်သူကဝိုင်းနေတာပဲ..ရှေ့ဆက်လက်တွဲဖို့ အဆင်ပြေပါ့မလား"
"ငါလည်း မပြောတတ်တော့ဘူး...လောလောဆယ်တော့ အိမ်မှာ လူတွေစုထားပြီး ဘာမှမလုပ်ဖြစ်မယ့်အတူတူ ခေါင်းဆေးတဲ့အနေနဲ့ နောက်လမှ တိုက်္မလို့လုပ်ထားတဲ့ ဟိုအိမ်ကို ဒီညပဲ ဝင်စီးလိုက်ကြရအောင်..အနှင်း"
....................................................
“ချောရင် ရယ်..စိတ်ပူလိုက်ရတာ..သူတို့နင့်ကို တစ်ခုခုပဲ လုပ်လိုက်ပြီလားလို့..နင်သာ တစ်ခုခုဖြစ်ရင် စံဘ ကို ငါတို့ မျက်နှာပြရဲမှာမဟုတ်ဘူး”
မသောင်းက စိုးရိမ်တကြီး။
“ညီမ ဘာမှမဖြစ်ပါဘူး..သူတို့က သတိပေးတဲ့အနေနဲ့ လုပ်လိုက်တာ”
“ထွန်းရင်လည်း ကံကောင်းလို့...မနှင်းနဲ့သူနဲ့ကို နာဂျစ်တို့တွေ ဝိုင်းလုပ်ကြတာ”
“အကိုထွန်းရင်ရော..ဘာဖြစ်သွားလဲ”
“ပုဆိန်နဲ့အခုတ်ခံရတယ်...အပေါ်ထပ်မှာ...”
ချောရင်က ဂန္ဓမာသောင်းရီဘေးတွင်ထိုင်နေသော အလိန်ဘက်သို့လှည့်လိုက်သည်။
“ဦးအလိန်...ဒီတိုင်းဆို ဦးကိစ္စကို ကျွန်မတို့လုပ်ပေးနေချိန် သူတို့က ဒီလိုပဲ နှောင့်ယှက်နေမှာပဲ..သူ့တို့ကို ရှင်းဖို့ ရှင်တို့ဘက်က ဘာမှ မကူနိုင်တော့ဘူးလား”
“ငါလုပ်ပေးနိုင်တာတစ်ခုရှိတယ်..အဲ့ဒါကတော့ ပိုက်ဆံပဲ...အခု ကမ်းနားက ငါ့ဂိုထောင်တွေထဲ ပစ္စည်းတွေ စသွင်းနေပြီ...သဘက်ခါမှာ ငါဟောင်ကောင်ကို ပြန်မယ်...နှစ်ပတ်လောက်ကြာမယ်..ပြန်လာရင် နင်တို့ ကို ငွေထပ်ပေးနိုင်မယ်..နောက်ထပ် ဒေါ်လာနှစ်သောင်းပေါ့..ကျန်တဲ့ခြောက်သောင်းကတော့ ကိစ္စပြီးမှရမယ်.အဲ့ဒီ ငွေနဲ့ဆို နင်တို့ လူကောင်းကောင်းစုလို့ ရပါတယ်..သေနတ်လေးဘာလေးလည်း ဝယ်ကြပေါ့”
ချောရင်က မသောင်းယူလာပေးသော ဂျင်ဂျာအေး ကို သောက်ရင်း ဂန္ဓမာသောင်းရီကိုလှမ်းကြည့်လိုက်သည်။
ဂန္ဓမာက ဗိုလ်မောင်မောင်နှင့် အတူထိုင်ရင်း ရမ်သောက်နေ၏။
“အကိုကြီးရော.....ဘယ်လိုသဘောရလဲ”
ဂန္ဓမာကသောက်လက်စ ရမ်ခွက်ကို ချလိုက်သည်။
“ဒီညတော့ နာဂျစ်အာရတ်ဖြစ်ဖြစ်၊ မဂျစ်ခန်းဖြစ်ဖြစ် တစ်ယောက်ယောက်ကို ငါတစ်ခုခု လုပ်ရမှ ဖြစ်မယ်..ချောရင်”
“အကိုကြီး ခဏလောက် စိတ်ကို အေးအောင်ထားလိုက်ပါ..ညီမလည်း ဒီကောင်တွေကို သတ်ပစ်ချင်တာပါပဲ..ဒါပေမယ့် သူတို့ကို.အကိုကြီး ကပဲ သတ်သတ်၊ သူတို့က အကိုကြီးကိုပဲ သတ်သတ် ညီမတို့ အားလုံး စီမံထားသမျှ ကပြောင်းကပြန်ဖြစ်ကုန်လိမ့်မယ်..အကိုကြီး ရှိနေမှ ဖြစ်မယ်လေ”
“ငါတို့စိတ်တွေကို နင်နားမလည်ပါဘူး...ချောရင်ရယ်”
ချောရင်က သက်ပြင်းချလိုက်သည်။
“မမသောင်း...ကိုထွန်းရင် အိပ်နေပြီလား”
“ဆေးမှူးက အကိုက်အခဲပျောက်ဆေးထိုးပေးသွားတော့ မှိန်းနေတယ်ထင်တယ်”
ချောရင်က အသောင်းနှင့်အတူ အပေါ်ထပ်သို့တက်သွားပြီး ထွန်းရင်ကို သွားကြည့်ကြသည်။
ခဏအကြာတွင် ဗိုလ်မောင်မောင်က အပေါ်ထပ်သို့ တက်လာ၏။
“မသောင်း...ခင်ဗျားလူကို သွားပြောဦး.. ဖရေဇာဘက်ကို သွားမယ်လုပ်နေတယ်”
မသောင်းက ကမန်းကတန်းအောက်သို့ ပြေးဆင်းသွားသည်။
“ငါ လိုက်သွားမှဖြစ်မယ်..ချောရင်..နောက်ဖေးက ငါ့ဒူးလေးသွားယူပေးစမ်းပါ”
ထွန်းရင် နိုးလာပြီဖြစ်သည်။
“ထွန်းရင်..မင်းက ဒဏ်ရာကြီးနဲ့...နေစမ်းပါကွာ”
ဗိုလ်မောင်မောင်က ထွန်းရင် နားသို့ သွားထိုင်ကာ ထွန်းရင်ကို အသာပြန်လှဲအိပ်ခိုင်းလိုက်သည်။
အောက်ဘက်တွင် ဂန္ဓမာသောင်းရီနှင့် မသောင်းတို့၏ စကားပြောသံများ အပြန်အလှန်ကြားနေရသည်။
ချောရင်လည်း အောက်သို့ ဆင်းသွားသည်။
ထိုအချိန်တွင် ဂန္ဓမာသောင်းရီက ဇော်မိုက်၊ ချစ်ညို နှင့် နောက်ထပ် လူသုံးဦး တင်ကာ ဂျစ်ကားကို မောင်းထွက်သွားပြီဖြစ်သည်။
ဗိုလ်မောင်မောင်က နောက်ကလိုက်ဆင်းလာသည်။
“မသောင်း...အမယောက်ျားကို သွားတားတာမဟုတ်ဘူးလား..အမ တားရင် ရပါတယ်”
“မဟုတ်ဘူး”
“ဒါဆို အောက်ကို အပြေးအလွှားဆင်းသွားပြီး ဘာသွားလုပ်တာလဲ”
“အံဆွဲထဲက ခြောက်လုံးပြူး မယူသွားမှာစိုးလို့ သွားလိုက်ပေးတာလေ”
“ဟာ..ခင်ဗျားတို့ လင်မယားကလဲဗျာ”
ချောရင်က ဗိုလ်မောင်မောင် အဖြစ်ကို ကြည့်ကာ ရယ်နေသည်။
အပေါ်ထပ်မှ ထွန်းရင်၏ ဂယောင်ဂတမ်းအသံများ ကြားသဖြင့် မသောင်းက အပေါ်သို့ ပြန်တက်သွားသည်။
“ငါလိုက်သွားလိုက်ဦးမယ်..ချောရင်...ကိုဂန္ဓမာကြီးအကြောင်း ငါသိတယ်”
“ခဏလေး..ဗိုလ်မောင်မောင်...ကျွန်မတို့ စကားခဏပြောလို့ရမလား..မကြာပါဘူး”
ဗိုလ်မောင်မောင်က ချောရင်ကို ခေါင်းညိတ်ပြလိုက်သည်။
..................................................................................
နာဂျစ်အာရတ် လက်ရှိနေထိုင်သော ဖရေဇာလမ်းမ၊ ၃၉လမ်းထိပ်အိမ်သို့ ဂန္ဓမာသောင်းရီတို့ လိုက်သွားချိန်တွင် အိမ်တံခါးသော့ခတ်ထားသည်ကိုသာ တွေ့ကြရသည်။
ဂန္ဓမာတို့ အိမ်ပေါ်ထပ်မှ ပြန်အဆင်းတွင် မလှမ်းမကမ်းရှိ ဂရင်းဘား ရှေ့တွင် ရပ်ထားသော ရဲကားကို သတိထားမိလိုက်သည်။
အဆိုပါရဲကားမှာ ချောရင်ကို ဖမ်းဆီးသွားခဲ့သည့် နံပါတ်ဖြစ်ကြောင်း ဂန္ဓမာသောင်းရီ မှတ်မိလိုက်၏။
ဘားအတွင်း ယူနီဖောင်းဝတ်ထားသော ရဲတပ်သားကျော်အုန်းနှင့် လူတစ်ယောက်ထိုင်ကာ အရက်သောက်နေကြသည်။
“မင်းတို့ဆိုင်အပြင်က စောင့်..ဇော်မိုက် ငါနဲ့ လိုက်ခဲ့”
ဂန္ဓမာသောင်းရီ က ထိုဝိုင်းသို့ တည့်တည့်လျှောက်သွားလိုက်သည်။
“ထိုင်ခွင့်ပြုပါ”
“ဘာကိစ္စလဲ..ဦး”
“အပြင်က ရပ်ထားတဲ့ ရဲကားက ဆရာတို့ကားလား”
“ဟုတ်တယ်...ဘာကိစ္စရှိလို့လဲ..ဦးလေး”
“မင်းက ရဲသားကျော်အုန်းထင်တယ်”
“ခင်ဗျားက ဘာလဲ..ကျုပ်ကျော်အုန်းပဲ ဘာဖြစ်လဲ”
“ဒါဆို ဒီဘက်က..”
“ကျုပ်ဆရာ ရဲအုပ်စောထွန်းလှအောင်ဗျ..ခင်ဗျားက စစ်လားဆေးလားနဲ့..ဘာလဲ”
“ဝုန်း” ခနဲ အသံနှင့်အတူ စောထွန်းလှအောင် အနောက်သို့ လန်ကျသွားသည်။
“မင်းတို့ ဘယ်သူတွေလဲ..ဘာတွေလဲ”
“ဟေ့ကောင်..ပုလိပ်ပြုတ်...ခုမှ မသိချင်ယောင်ဆောင်နေတာလား”
ဇော်မိုက်က စောထွန်းလှအောင်၏ လည်ပင်းကို တက်နင်းရင်း ပြောလိုက်သည်။
ရဲသားကျော်အုန်းက နံပါတ်တုတ်ကို ထုတ်ရန်ပြင်လိုက်သည်။
သို့သော် နောက်ကျသွားချေပြီ။
ဂန္ဓမာသောင်းရီက ချောရင်ကို ခတ်ခဲ့သော လက်ထိပ်ဖြင့် ကျော်အုန်း၏ မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။
ကျော်အုန်းက မျက်နှာကို အုပ်လျက် လဲကျသွားသည်။
ဘားဆိုင်ထဲမှလူအများက သူတို့ကို ဝိုင်းကြည့်နေကြသည်။
“ကျွန်တော်တို့ စုံထောက်တွေပါ..ပုလိပ်ယောင်ဆောင်နေတဲ့ ဒီနှစ်ကောင်ကိုလာဖမ်းတာပါ..အပြင်က ရဲဘော်တွေ ဒီကောင်တွေကို ကားပေါ်တင်ဟေ့”
ချစ်ထွန်းက ဟန်ကိုယ့်ဖို့နှင့် ဝင်ပြောလိုက်သည်။ ဂန္ဓမာက ခြောက်လုံးပြူးကို အားလုံးမြင်သာအောင် ထုတ်ပြလိုက်၏။
အပြင်ဘက်သို့ အရောက်တွင် ဗိုလ်မောင်မောင်၏ ကားကလည်း ထိုးဆိုက်လာသည်။
“ကိုဂန္ဓမာ..အဲ့ဒါဘယ်သူတွေလဲ”
“ချောရင်ကို ကားနဲ့ ဖမ်းသွားတဲ့နှစ်ကောင်”
“ဘယ်ခေါ်သွားမလို့လဲ”
“ငါ့ဂျစ်ကားက လူမြင်တယ်..မင်းကားပေါ်တင်ခဲ့ကွာ...ရန်ကုန်မြစ်ထဲ သွားပစ်ချမယ်”
လက်ထိပ်ခတ်ခံထားရသည့် နှစ်ယောက်မှာ တုန်ရီသွားကြသည်။
“ကျွန်တော်တို့ ရဲအစစ်တွေပါဗျိုး”
ကျော်အုန်းက အော်လိုက်သော်လည်း ဇော်မိုက်က နံကြားသို့ လက်သီး တစ်လုံး ပစ်သွင်းလိုက်သဖြင့်ခွေကျသွားခြင်းဖြစ်သည်။
“ကိုဂန္ဓမာ...စွတ်မလုပ်ပါနဲ့ဗျာ....လူမြင်ကွင်းကြီးမှာ..လာလာ..ဒီကောင်တွေ ကျွန်တော့်ကားပေါ်တင်”
အရာရှိပုံပေါက်နေသော ဗိုလ်မောင်မောင်နှင့်အတူ ရေတပ်တံဆိပ်တပ်ထားသောကားပေါ်သို့ တင်သွားသဖြင့် ဆိုင်ထဲရှိလူများကလည်း သံသယကင်းသွားကြသည်။
ဗိုလ်တစ်ထောင်ဆိပ်ကမ်းက ညဘက်မို့ ရှင်းလင်းနေ၏။
ဂျစ်ကားတစ်စီးနှင့် ရေတပ်တံဆိပ်ကပ်ထားသောကား တစ်စီး ထိုးဆိုက်လာသည်။
“ကိုဂန္ဓမာ..ကျွန်တော်တော့ မနက်အလုပ်ရှိသေးလို့ တပ်ပြန်ရဦးမယ်..ဒီကောင်တွေကို မသတ်နဲ့နော်..မေးစရာရှိတာမေးပြီး ပြန်လွှတ်ပေးလိုက်..ဒီကောင်က နာဂျစ်တို့ ရှေ့က ထားတဲ့ ကျားစာတွေပဲ..ဒီကောင်တွေကို သတ်ရင် သူတို့ထောင်ချောက်ထဲ ခင်ဗျားဝင်တာပဲ..ခင်ဗျားထောင်ကျအောင်..အကွက်ဆင်တာလို့ ချောရင်က မှာလိုက်တယ်”
“ငါသဘောပေါက်တယ်..ငါ့ကို စိတ်ချ..မောင်မောင်..နည်းနည်းပါးပါး မေးရုံပဲ”
လက်ထိပ်ခတ်ထားသော နှစ်ယောက်ကို ချပေးပြီး မောင်မောင်က ကားမောင်းထွက်သွားသည်။
“ကဲ....ပြောစမ်း...မိန်းမတစ်ယောက်ကို လက်ထိပ်နောက်ပြန်ခတ်ပြီးဖမ်းရဲတဲ့သတ္တိခဲကြီးတွေ..မင်းတို့ ကို ဘယ်သူခိုင်းတာလဲ”
“ကျွန်တော်တို့ ကို မဂျစ်ခန်းက ငါးထောင်ပေးလို့ လုပ်ရတာပါ..အဲ့ဒီ ကောင်မလေး ဘယ်သူမှန်းလဲတကယ်မသိပါဘူး”
“မဂျစ်ခန်း ကလား”
“ဟုတ်ပါတယ်..တောင်းပန်ပါတယ်ဗျာ..ကျွန်တော်တို့ မှားပါတယ်..ကျွန်တော်တို့ကို မသတ်ပါနဲ့”
“ဒါဆို မဂျစ်ခန်း ဘယ်မှာလဲ..နာဂျစ်အာရတ်ဘယ်မှာလဲ..မင်းတို့သိလား”
“ကျွန်တော်တို့ မသိပါဘူး..သူတို့အိမ်တွေမှာ ရှိမှာပေါ့”
“မဂျစ်ခန်း အခု ဘယ်မှာနေလဲ”
“တာမွေမှာ နေနေပါတယ်”
“ဇော်မိုက်”
“ဗျာ..အစ်ကိုကြီး”
“မင်း..အရင်က ဝက်သတ်ရုံမှာ လုပ်တာဆို”
“ဟုတ်ကဲ့”
“ဒီကောင်တွေ နားရွက်တွေကိုတစ်ယောက်တစ်ဖက်ဆီ သေသေသပ်သပ်လေး လှီးစမ်းကွာ”
ဇော်မိုက်က လက်ထဲတွင် သင်တုန်းဓားတစ်ချောင်းထွက်လာသည်။
“မလုပ်ပါနဲ့..မလုပ်ကြပါနဲ့ဗျာ”
နောက်တစ်နေ့ နံနက်လေးနာရီ ကန်တော်ကြီးဘက်သို့ လမ်းလျှောက်ရန် ထွက်လာသည့် မဂျစ်ခန်းသည် သူ့အိမ်ရှေ့တွင် လက်ထိပ်တွဲအခတ်ခံထားရလျက် သတိလစ်နေသော လူနှစ်ဦးကို တွေ့လိုက်ရလေသည်။
သူ့ထံတွင် အလုပ်လုပ်သော စောထွန်းလှမောင် နှင့် ရဲယူနီဖောင်းဝတ်ထားသူလူငယ်တစ်ဦး။
သူတို့နှစ်ဦးဘေးတွင် စာအိတ်တစ်အိတ်။
သို့
မဂျစ်ခန်း ဟု အမည်ပေးထားသဖြင့် မဂျစ်ခန်းက စာအိတ်ကို ဖွင့်လိုက်သည်။
စာအိတ်ထဲမှ သေချာရေဖြင့် ဆေးထားသောနားရွက်နှစ်ဖက် ထွက်ကျလာ၏။
မဂျစ်ခန်းက အလန့်တကြားနောက်ဆုတ်လိုက်ပြီး လဲကျနေသူနှစ်ဦးကို ကြည့်လိုက်သည်။
နှစ်ယောက်လုံးတွင် နားရွက်တစ်ဖက်ဆီ မရှိတော့။
နားရွက်ပြတ်ဆီမှ သွေးများက ပြည်တော်သာစီမံကိန်း၏ ကတ္တရာလမ်းပေါ်တွင် ရဲရဲနီအောင် အိုင်ထွန်းနေသည်။
မဂျစ်ခန်း၏ အိပ်ရာစောစောထ လမ်းလျှောက်တတ်သည့် အကျင့်ကြောင့်သာ သူတို့ သွေးထွက်လွန်ကာ မသေခဲ့ကြခြင်းပင်။
....................................................................................
မဂျစ်ခန်းအိမ်ရှေ့တွင် နားရွက်ပြတ်နှင့် လာပစ်ချခံထားရသော လူတစ်ဦးနှင့်ရဲသားတစ်ဦးအကြောင်း အစီရင်ခံစာသတင်းကို ရန်ကုန်မှုခင်းဆိုင်ရာလက်ထောက်ရဲမင်းကြီး ဦးဘကွန်း စိတ်မဝင်စားအား။
ထိုနေ့ညတွင်ပင် အလုံသမ္မတအိမ်တော်ဝန်းအနီး ဖိုက်ချ်လမ်း ၊ အမှတ်(၁၇)မှ ရေကြောင်းသွားလာရေးဌာန အင်ဂျင်နီယာချုပ် မစ္စတာဗဇူးနားအိမ်အား လူတစ်စုက ဓါးပြဝင်တိုက်သွားသည့် ကိစ္စ ကိုသာ အာရုံစိုက်နေရသည်။
သမ္မတအိမ်တော်နှင့် အနီးဆုံးတွင်ဖြစ်နေသဖြင့် အစိုးရရုံးမှလည်း ရဲတပ်ဖွဲ့ကို ဖိအားပေးနေသည်။
ထိုအမှုတွင် အလုံသိပ္ပံလမ်းမှ မောင်သိန်းထွန်းဆိုသူကိုသာ မသင်္ကာမှုဖြင့် ဖမ်းဆီးထားပြီး သူ့သိရှိသည်မှာ မောင်တင်ဆိုသည့် ဓါးပြခေါင်းဆောင်တစ်ဦးနှင့် မောင်တင်၏ဆရာ ဦးလေးကြီးဆိုသူ၏ အစီအမံများ ဖြစ်ကြောင်းဖော်ထုတ်ထားသည်။
ဦးလေးကြီး ဆိုသည့် နာမည်ပါသည်နှင့် ရဲတပ်ဖွဲ့မှာ မျက်ခုံးလှုပ်သွားကြသည်။
“ဒီအမှုမှာ စိန်ဓါးမြှောင်ပါတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်...စိန်ဓါးမြှောင်ဟာ ရန်ကုန်မှာပဲ ရှိနေတာအသေအချာပါပဲ.စိန်ဓါးမြှောင်ကို ဖော်ထုတ်ဖမ်းဆီးဖို့ ကော်မရှင်တစ်ရပ် သီးသန့်ဖွဲ့ပြီး လုပ်သွားဖို့ ပြည်ထဲရေးဝန်ကြီးကို တင်ပြပေးပါ”
လက်ထောက်ရဲမင်းကြီး ဦးဘကွန်းက ဒုတိယရဲမင်းကြီး ဦးမောင်ရှင်း ထံ ဖုန်းဆက်ကာတင်ပြသည်။
“အားအားရှိ..ဓားပြမှု မမိရင် စိန်ဓါးမြှောင်နာမည်တပ်နေတာလား.. ဦးလေးကြီးဆိုတာနဲ့စိန်ဓါးမြှောင်ဖြစ်ရောလားဆိုပြီး ..ဒီတစ်ခါလည်း ဝန်ကြီးက ကျုပ်တို့ကို ကြိတ်နေဦးမယ်..ကိုဘကွန်းရေ....သူတို့ကို အသိပေးမနေနဲ့..ကိုယ့်လူနဲ့ကိုယ် ကြိတ်ဖွဲ့ပြီးသာလိုက်ဖို့လုပ်တော့ဗျာ... သေချာပြီဆိုမှ ဖမ်းမယ်”
ရဲများအလုပ်ရှုပ်နေချိန် ပုဇွန်တောင်ညောင်တန်းလမ်းနေအိမ်တွင်တော့ တောင်ချမ်းသာရှင်မ ကို ပူဇော်ပသသည့် ဆရာသိန်း၏ အသံက လွင်နေသည်။
မကြာမီ သူတို့ ဝေစုခွဲကြမည်။ ပြီးလျှင် လူစုခွဲကြတော့မည်။
.......................................................................................
၁၉၅၄ခုနှစ် ကုန်ဆုံးခဲ့ပြီဖြစ်သည်။
ဂန္ဓမာသောင်းရီ နှင့် ဗိုလ်မောင်မောင်တို့သည် ဝန်ကြီးချုပ်ဘက်တော်သား အတွင်းဝန်တစ်ဦးနှင့် နောက်တကြိမ်တွေ့ဆုံကြသည်။
ပျူစောထီးတပ်ဖွဲ့များကို တရားဝင်မဟုတ်သော်လည်း စတင်စုဆောင်းဖွဲ့စည်းနေပြီဖြစ်သည်။
ပျူစောထီးအဖွဲ့များထဲမှ ဝန်ကြီးချုပ်၏ ဘက်တော်သားလက်နက်ကိုင်များအတွက် ဂန္ဓမာသောင်းရီကို နောက်ကွယ်မှ နေရသည့် ခေါင်းဆောင်နေရာပေးထားသည်။
ထွန်းရင်သည် ပျူစောထီးဗိုလ်မှူး ထွန်းရင်ဖြစ်လာသည်။ ချစ်ညို၊ ဇော်မိုက် တို့သည်လည်း ဗိုလ်ချစ်ညို၊ ဗိုလ်ဇော်မိုက် ဆိုသော အမည်ဖြင့် ပျူစောထီးဗိုလ်များဖြစ်လာသည်။
အစိုးရ၏ ကျောထောက်နောက်ခံရှိလာပြီဖြစ်သဖြင့် ဂန္ဓမာသောင်းရီ၊ ဗိုလ်ထွန်းရင်တို့ နောက်တွင် နောက်လိုက်များစွာ ရှိလာခဲ့သည်။
ထွန်းရင်၏ ပျူစောထီးအဖွဲ့သည် ၁၉၅၆ ရွေးကောက်ပွဲတွင် ဖဆပလနှင့် အတိုက်အခံအရွေးခံပြီး အနိုင်ရချေရှိသော အမတ်လောင်းများကို ရှင်းလင်းပေးခဲ့ရသည်။
ဈေးဦးပေါက်အနေဖြင့်
အင်းစိန်မြို့၊ အရှေ့စျေးကုန်းရပ်ကွက်မှ ဆိုရှယ်လစ်ပါတီဝင်၊ အတိုက်အခံအမတ်လောင်းဖြစ်သကဲ့သို့ သတင်းထောက်တစ်ဦးလည်းဖြစ်သော ကိုစံရှားကို လူစည်ကားလှသော မိုဒန်ရုပ်ရှင်ရုံရှေ့တွင် ဓါးဖြင့် ထိုးသတ်ခြင်းခံလိုက်ရသည်။
ထိုကိစ္စသည် ဖဆပလအတွင်းရှိ ဆိုရှယ်လစ်အုပ်စုနှင့် အတိုက်အခံဘက်တွင်ရှိနေသော ဆိုရှယ်နီတို့ အတွင်းတွင် ဂယက်ရိုက်သွားသည်။
သခင်သိန်းသည် စိန်ဓါးမြှောင်နှင့် နောက်တကြိမ်လာရောက်တွေ့ဆုံကာ သခင်နုဘက်တော်သားများ စတင်လှုပ်ရှား နေကြပြီဖြစ်သဖြင့် စိန်ဓါးမြှောင်ကို ပေးထားသည့် စာရင်းထဲမှ လူများကို စရှင်းရန် အချက်ပြလိုက်သည်။
စိန်ဓါးမြှောင်၏ ကွန်ရက်များကလည်း နေရာအနှံရှိ ပျူစောထီးဗိုလ်အချို့ကို ဓါးပြတိုက်သည့်အသွင်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းစတင်ကြသည်။
တခါတရံ စိန်ဓါးမြှောင်၏ အဖွဲ့သားများမှာ ပျူစောထီးအဖွဲ့ဝင်များပင်ဖြစ်ပြီး ဆိုရှယ်လစ်မဟုတ်သည့် ပျူစောထီးများကို သတ်ဖြတ်ကြသည်။
သခင်နုဘက်တော်သားပျူစောထီးများကလည်း ဆိုရှယ်လစ်ပျူစောထီးများကိုအပြန်အလှန် သတ်ဖြတ်ကြပြန်သည်။
သူတို့နှစ်ဖွဲ့ပေါင်းပြီး အတိုက်အခံ ပမညတများကို သတ်သည့်အခါလည်းရှိသည်။
အချို့ ပျူစောထီးတပ်များမှာ သောင်းကျန်းသူနှိမ်နင်းရေးလုပ်ဆောင်နေသကဲ့သို့ အချို့ကလည်း ရပ်ရွာထဲ ဓါးပြတိုက်ကြသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်း အတွက်ကား မျက်ဖြူဆိုက်လေ ဆရာကြိုက်လေအခြေအနေဖြစ်နေ၏။
ယင်းမှာ ဖဆပလအတွင်းရှိ သခင်နု အုပ်စုနှင့် ဦးကျော်ငြိမ်းဆိုရှယ်လစ်အုပ်စု အကွဲအပြဲ ၏ အကျိုးဆက်များပင်ဖြစ်သည်။
ယခင်က ဖဆပလအတွင်း ဆိုရှယ်လစ်ခေါင်းဆောင် ဦးကျော်ငြိမ်း၊ဦးဘဆွေ၊ သခင်တင်၊ သခင်ကျော်ထွန်းတို့ ၏ ဂိုဏ်းဂဏအုပ်စုတိုက်ပွဲများအကြားတွင် သခင်နုသည် မဏ္ဍပ်တိုင်အဖြစ် ကစားခဲ့သည်။
သို့သော် ၁၉၅၄ တွင် ဖြစ်ပွားသည့် ဆန်ပြဿနာက သခင်နု နှင့် ဦးကျော်ငြိမ်းကြား ပုဂ္ဂိုလ်ရေးပဋိပက္ခကို ကြီးထွားစေခဲ့သည်။
၁၉၅၄ နိုဝင်ဘာ ၂၉ မှ ဒီဇင်ဘာ ၁၉ အထိ ဝန်ကြီးချုပ်သခင်နုသည် တရုတ်နိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် ချူအင်လိုင်းနှင့်တွေ့ဆုံခဲ့သည်။
သခင်နုက တရုတ်နိုင်ငံသို့ရောက်နေစဥ်အတွင်း တရုတ်သို့ ဆန်ဟောင်းများရောင်းချရန်ကမ်းလှမ်းသည်။
တရုတ်ဘက်က သဘောတူသည်။
ထို့ကြောင့် သခင်နုက မြန်မာနိုင်ငံတွင် ဆန်ဟောင်း တန်ချိန်မည်မျှရှိသည်၊မည်သည့်အမျိုးအစားများရှိသည်ကို ကြေးနန်းရိုက်ကာ လှမ်းမေးခဲ့သည်။
ထိုမေးမြန်းချက်ကို မြန်မာပြည်မှ ပြန်လည်ဖြေကြားခြင်းမပြုခဲ့။ ဦးကျော်ငြိမ်းကလည်း မသိဟုဆိုသည်။
ထိုအတောအတွင်း မြန်မာပြည်ရှိ ဆန်ကက်ဘိနက်ဆပ်ကော်မတီက ဦးကျော်ငြိမ်း၏ ဆုံးဖြတ်ချက်ဖြင့် ပင်လုံဒေါ်နုယဥ်နှင့် ပင်လုံဒေါ်ကြည်ကြည်တို့အား ဆန်ဟောင်းတန်ချိန် နှစ်သိန်းရောင်းချပစ်ခဲ့သည်။
သခင်နု မြန်မာပြည်သို့ ပြန်ရောက်သည့်အခါ ယင်းဆန်ရောင်းချမှုတွင် ဦးကျော်ငြိမ်းက အထူးလျှော့ပေါ့ခွင့်များ ပေးခဲ့ပြီး သူ့သဘောနှင့်သူရောင်းချခဲ့သည့်အတွက် မရိုးသားဟု စွပ်စွဲခဲ့သည်။
ဦးကျော်ငြိမ်းကလည်း မိမိ၏သိက္ခာနှင့် ဆိုရှယ်လစ်ပါတီသိက္ခာကို သခင်နုက နိုင်ငံရေးအရ ချနင်းသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။
ထို့နောက်ပိုင်းတွင်
အစိုးရနှင့် အတိုက်အခံများအတွင်းသာမက တပ်မတော်အတွင်းတွင်ပါ အင်အားကောင်းနေသည့် ဆိုရှယ်လစ်များသည် တစ်နေ့နေ့တွင် သခင်နု အားဖဆပလမှ ထုတ်ပယ်ကာ ဖဆပလဥက္ကဌနှင့် ဝန်ကြီးချုပ်ရာထူးကို ရယူလိမ့်မည်ဟု သခင်နုဘက်တော်သားများက ယုံကြည်ခဲ့ကြသည်။
၁၉၅၆ ခုနှစ် မြို့တော်ခန်းမတွင် ဘုရင်ခံဟောင်းဆာဟူးဘတ်ရန့်စ် အား ဧည့်ခံပွဲကျင်းပရာတွင် ဝန်ကြီးချုပ်သခင်နုရောက်ရှိလာသောအခါ ဆိုရှယ်လစ်ဝန်ကြီးများက ထ၍ ကြိုဆိုနှုတ်ဆက်ခြင်းမပြုခဲ့ကြ။
ဆာဟူးဘတ်ရန်စ်ရော်လာသည့်အခါမှ မတ်တပ်ရပ်နှုတ်ဆက်ကြသည့်အတွက် ဆိုရှယ်လစ်များ၏ မထီမဲ့မြင် ပြုမှုကို သခင်နုဘက်တော်သားများက သတိပြုမိခဲ့ကြသည်။
နိုင်ငံတကာခေါင်းဆောင်များကလည်း အစိုးရအဖွဲ့အတွင်း သခင်နုသည် ဆိုရှယ်လစ်တို့၏ ရုပ်ပြဝန်ကြီးချုပ် အနေဖြင့် သဘောထားကြသည်ကို သခင်နုက ခံပြင်းနေခဲ့သည်။
ထို့ကြောင့် သခင်နုသည် ဖဆပလအတွင်းတွင် ဆိုရှယ်လစ်များ၏ သြဇာကိုလျော့ချပြီး မိမိ၏သြဇာလွှမ်းမိုး ရန် စတင်ကြိုးပမ်းလာတော့၏။
မကြာမီ သခင်နုသည် ဖဆပလသန့်ရှင်းရေးဟု ကြေငြာကာ ဆိုရှယ်လစ်ခေါင်းဆောင် ဦးကျော်ငြိမ်းအား ဖဆပလအထွေထွေအတွင်းရေးမှူး ရာထူးမှ နှုတ်ထွက်စေပြီး နောက်ထပ် ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် သခင်ကျော်ထွန်းကို ခန့်အပ်လိုက်သည်။
ထိုကိစ္စသည် ဆိုရှယ်လစ်ပါတီဝင်အချင်းချင်းတွင်ပင် သဘောထားကွဲလွဲမှုများဖြစ်လာပြီး ဆိုရှယ်လစ်တို့၏ စည်းလုံးမှုကို စတင်ပြိုကွဲလာတော့သည်။
စိန်ဓါးမြှောင်နှင့် ဂန္ဓမာသောင်းရီတို့မှာ ထိုအကွဲအပြဲဇာတ်ရှုပ်များ၏ အောက်ဆုံးအဆင့်တွင် နယ်ရုပ်လေးများ အဖြစ် အသုံးတော်ခံနေကြသည်။
အပြင်ဘက်တွင် အရှုပ်အထွေးများစွာ ဖြစ်နေကြသော်လည်း ထောင်ထဲတွင်ရောက်နေသည့် စံဘနှင့် ခါလေး ကတော့ မိတ်ဆွေအရင်းများ ဖြစ်နေကြပြီဖြစ်သည်။
လမ်းမတော်ဖိုးတုတ်ညီ၊ ဂန္ဓမာသောင်းရီလူ ဆိုသော အရှိန်အဝါဖြင့် စံဘ၊ တန်းစီးချုပ်စိန်ဓါးမြှောင်၏ တပည့်ရင်း ခါလေးဟူသော ဂုဏ်ဖြင့် ခါလေး။
ရန်ကုန်ထောင်တွင်း သူတို့ကို မည်သူမှ ထိဝံ့သူမရှိကြ။
အကျဆောင်များတွင် တန်းစီးချုပ်ဖြစ်နေသည့် ကြည့်မြင်တိုင်ကုလားလေးပင် သူတို့ကို တလေးတစားဆက်ဆံကြသည်။
မကြာမီ ၁၉၅၆ ဇန်နဝါရီလ ၇ ရက်နေ့။
သူတို့ အမှုစီရင်ချက်ချတော့မည်ဖြစ်သည်။
ဂန္ဓမာသောင်းရီ၊မသောင်း၊ချောရင်၊ ထွန်းရင် တို့က ပျူစောထီးအစောင့်များ ခြံရံလျက် တရားရုံးသို့ ရောက်လာသည်။
ချောရင်သည် ပန်းနုရောင်နိုင်လွန်လက်ပြတ်၊ အနီရောင်ထမီကို ဝတ်ထားသည်။
အနှင်း၊ မမြကြည်၊ ထွန်းခင်၊ ရီရီ ၊ ဝင်းမောင်တို့ လည်း တရားရုံးသို့ လာကြသည်။
အနှင်းက လည်းတိုက်တိုက်ဆိုင်ဆိုင်ပင် အနီရောင်ထမီနှင့်။
တရားခံ စံဘနှင့် ခါလေးကို လက်ထိပ်တွဲခတ်လျက် ရုံးတော်သို့ ခေါ်သွားလာသည်။
ခါလေးက အနှင်းကို ကြည့်ပြီး ပြုံးပြ၏။ အနှင်းကလည်း ပြန်ပြုံးပြလိုက်သည်။
ထွန်းရင်က သူတို့နှစ်ဦးကို ကြည့်နေသဖြင့် စံဘလှမ်းနှုတ်ဆက်သည်ကိုပင် မကြားနိုင်ခဲ့။
တရားသူကြီး ဦးပါစီမြမောင် ရောက်လာပြီဖြစ်သည်။
အမှုအခြေအနေများကို စာရေးက ဖတ်ကြားပြီးနောက် အပြီးသတ်စီရင်ချက် ချတော့မည်။
“တရားခံ ကျော်တင့် ခေါ် ခါလေး ခေါ် မောင်လှသည် သေဆုံးသူများအား သတ်ဖြတ်ရာတွင်မပါဝင်ခဲ့ဘဲ မိတ်ဆွေဖြစ်သူများ၏ ရန်ပွဲတွင်ဝင်ရောက်ကူညီခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပုဒ်မ (၃၀၂)လူသတ်မှုမှ တရားသေလွှတ်လိုက်သည်။ မိမိအလိုအလျောက်နာကြင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၃ အရ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်သည်။ ပြစ်ဒဏ်များကို ချုပ်ရက်မှ ထုတ်နှုတ်ခံစားစေ”
အနှင်းက ဝမ်းသာအားရဖြင့် မတ်တပ်ထရပ်လိုက်သည်။
ခါလေးက ပြုံးရွှင်သွားပြီးမှ ဘေးနားမှ စံဘကို ကြည့်ကာ ရုတ်တရက် သက်ပြင်းချလိုက်သည်။
“တရားခံ စံဘ (ဘ) ဦးဖိုးတင် သည် သေဆုံးသူ မြကျင်၊ မောင်စိမ်း ခေါ် အရှုပ် ခေါ် ယက္ခ တို့အား သတ်မှုအတွက် စစ်ဆေးပေါ်ပေါက်သဖြင့် မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် အမိန့် ချမှတ်လိုက်သည်။ အထက်ရုံးအဆင့်ဆင့်သို့ အယူခံဝင်နိုင်ခွင့်ပြုသည်”
တရားရုံတစ်ခုလုံး ငြိမ်ကျသွား၏။
မသောင်းက ဂန္ဓမာသောင်းရီ၏ ရင်ခွင်ထဲဝင်ကာ အိခနဲငိုချလိုက်သည်။
စံဘက ချောရင်ရှိရာသို့ လှည့်ကြည့်လိုက်သည်။
ချောရင် က စံဘ ကို မျက်တောင်မခတ်တမ်းပြန်ကြည့်နေသည်။
ရဲသားက စံဘ၏ လက်ထိပ်ကြိုးကို ဆွဲကာခေါ်သွား၏။
ထွန်းရင်က ချောရင်နဘေးသို့ ရောက်လာကာ ပုခုံးကို ဖက်ထားပေးသည်။
စံဘ ချောရင်အနားသို့ ရောက်လာ၏။ ချောရင်က ထိုင်ရာမှ မထပဲ စံဘကို ကြည့်နေသည်။
“ချောရင်..အကို သွားမယ်နော်..ပြန်လာရင် ဟိုဖက်ကမ်းပြန်ကြမယ်..အဲ့ဒီကျ အကို့ကို သရက်သီးခူးကျွေးပါဦး"
ချောရင်က ဘာမှမပြော။
မျက်ရည်များက ပါးပြင်ပေါ် တလိမ့်ချင်းစီးလာသည်။
စံဘက အံကို ကြိတ်ကာ ခေါင်းငုံ့လိုက်သည်။
“ယောက်ဖ...မင်း ငါ့နှမကို ဒီတိုင်း ထားသွားလို့မရဘူးကွ..ဟော့ကောင်..”
ထွန်းရင်က စံဘပုခုံးကိုကိုင်ကာ အံကြိတ်ပြီး ပြောလိုက်သည်။
“အေးပါကွာ..ကိုဂန္ဓမာ..မမသောင်းကို ဂရုစိုက်ပါဦး”
“ဘာမှမပူနဲ့..စံဘ..ငါတို့ ဟိုက်ကုပ်အထိ အယူခံထပ်တက္မယ်..ပြီးတော့ ဒီကောင်ေတွကို ငါသတ်တာကွ..မင်းအစား ငါ ခံမယ်..ငါရှိနေသမျှ မင်းကို ဘယ်ကောင်မှ သတ်လို့မရစေရဘူး”
ဂန္ဓမာက မသောင်းကို ထွေးပွေ့ထားရင်းမှ ပြန်ပြောသည်။
"တော်ပြီ ကိုဂန္ဓမာ..ကျွန်တော်တစ်ယောက်ခံရုံနဲ့ လုံလောက်တယ်..ခင်ဗျားသာ ချောရင်ကို စောင့်ရှောက်ပေး"
ခါလေးက စံဘဘေးတွင်ရပ်ရင်း ငေးကြောင်နေသည်။
သူ့အတွက် ဝမ်းသာရမည်လား၊ သူငယ်ချင်းစံဘအတွက် ဝမ်းနည်းရမည်လား သူမဝေခွဲတတ်တော့။
ရဲများက ဆွဲခေါ်သွားသဖြင့် သူတို့နှစ်ဦးလုံး သွားကြပြီဖြစ်သည်။
တရားရုံးအတွင်းမှ လူများ ထွက်ခွာသွားကြပြီ။
ချောရင်ကား ကျောက်ရုပ်တစ်ရုပ်နှယ် ထိုင်လျက်။
ခက်ဇော်
အခန်း(၃၀) မနက်ဖြန်
Done 🍀
ReplyDeleteDone 💪
ReplyDelete🗡️💎🗡️🗡️
ReplyDeleteClicked 💫
ReplyDelete🌃
ReplyDeleteဖတ်ခဲ့ပြီး
ReplyDeleteDone
ReplyDelete