The Guys From Mandalay,1950 အခန်း(၂၀)
The Guys From Mandalay,1950s
အခန်း(၂၁)
..................
“ကိုအောင်သန်းရေ..ကျွန်တော်တို့ တော့ ဒီရွေးကောက်ပွဲမှာ အသေအချာရှုံးမှာပါပဲ..ညက မဲရုံတွေ အဖောက်ခံရတယ်။ တချို့မဲရုံတွေလည်း ဓါးပြဝင်တိုက်သလိုကို ဖြစ်တာ။ မျက်နှာအဝတ်စည်းထားပြီး သေနတ်ကိုင်ထားတဲ့သူတွေပဲ။ မဲရုံစောင့်တွေကို အပြင်ထွက်ထိုင်ခိုင်းထားပြီး အထဲမှာ ဘာတွေလုပ်နေမှန်းမသိဘူး။ ဒီအကြောင်းပြန်ပြောရင် အိမ်အထိ လာသတ်မယ်ဆိုလို့ မဲရုံကိုယ်စားလှယ်တွေလည်း တခွန်းတောင်မဟရဲတော့ဘူး။ ဖဆပလတော့ မဲတွေခိုးပြီထင်တယ်။ မဲရေတွက်ရင် ကျွန်တော့် သွားမကြည့်တော့ဘူး”
ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု မှ ရဲဘော်ဝါအမတ် ဗိုလ်ထွန်းအောင် ၏ ဖုန်းဖြင့် ပြောကြားမှုကြောင့် လမ်းမတော်အမတ်လောင်း ဦးအောင်သန်း တွေဝေသွားသည်။
“ကောလဟလတွေနေမှာပါ.ဗိုလ်ထွန်းအောင်..နိုင်ငံရေးသမားတွေအနေနဲ့ ဒီလောက်တော့ ညစ်ပတ်မယ်မထင်ဘူး။ ဖဆပလ ကို အဲ့ဒီလောက်အထင်မသေးပါနဲ့ဗျာ။ မဲရေတွက်တဲ့နေ့တော့ ကျွန်တော်တို့ သွားကြည့်ဖြစ်အောင် ကြည့်ရမယ်”
၁၉၅၁ ဇွန်လ ၁၈ ရက်နေ့တွင် မဲရေတွက်သည့် ကောလိတ်တော်ရုံသို့ ဦအောင်သန်းနှင့်အတူ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုမှ အမတ်လောင်းများသွားရောက်ကာ မဲရေတွက်သည်ကို ကြည့်ကြသည်။
အချို့သောမဲပုံးများမှာ ချည်ထားသောကြိုးများပြတ်လျက်၊ မဲပုံးတွင် ပိတ်သည့် ချိတ်များ ကွာလျက်ရှိသည်ကို တွေ့ရသည်။
မဲများရေတွက်ကြသောအခါ လမ်းမတော်မဲဆန္ဒနယ်တွင် သခင်နုက ပထမ၊ ဦးအောင်သန်းက ဒုတိယ၊ အော်မျိုးရှူးက တတိယ၊ ဦးဘသော်က စတုတ္ထနှင့် တီလာမာမက္ ခန်း က (၁၁) မဲသာ ရရှိသည်။
မာမက္ ခန်း မှာ မက်စတီးခန်း၏ ညီဝမ်းကွဲဖြစ်ပြီး မဂျစ်ခန်း၏ ဦးလေးတော်သူဖြစ်သည်။
အော်မျိုးရှူး ဘက်က ထည့်ထားသော မဲမှာ လူ (၈၀)တိတိရှိကြောင်း ထည့်သူများကိုယ်တိုင်က သက်သေပြခဲ့သော်လည်း အော်မျိုးရှူး၏ မဲပုံးတွင် (၁၆)မဲသာ တွေ့ရသဖြင့် မဲခိုးခံခဲ့ရကြောင်း ဦးအောင်သန်း လက်ခံသွားခဲ့သည်။
ရန်ကုန်မဲဆန္ဒနယ်တွင်သာမက နယ်များတွင်လည်း အခြေအနေက ပိုမိုဆိုးရွားခဲ့၏။
ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုမှမော်လမြိုင်အမတ်လောင်း ကိုဘဆက် ဆိုသူအား ရွေးကောက်ပွဲမဲမရေတွက်မီတွင် ယူနီဖောင်းဝတ်လက်နက်ကိုင်များက လာရောက်ခေါ်ဆောင်သွားပြီးနောက် ပြန်မလာတော့ချေ။
မိတ္ထီလာခရိုင်တွင် ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံမှ အမတ်လောင်း သခင်ရွှေ မှာ ဒုတိယအသုတ်ရွေးကောက်ပွဲမတိုင်မီ ဓါးဖြင့် အပိုင်းပိုင်းခုတ်သတ်ခြင်း ခံခဲ့ရပြီး လက်သည်မပေါ်ခဲ့။
နတ်မောက်အရှေ့ပိုင်းမှ အမတ်လောင်းကိုကျော်ခေါင်မှာ မည်သည့်အကြောင်းကြောင့်မသိ အမတ်လောင်းအဖြစ်မှ နှုတ်ထွက်လိုက်သဖြင့် ဒုတိယအသုတ်ရွေးကောက်ပွဲမဲဆန္ဒမပေးရမီတွင်ပင် ဖဆပလ က ပြိုင်ဘက်မရှိနိုင်သွားခဲ့သည်။
ရွေးကောက်ပွဲများကို ၁၉၅၁ ဇွန်လ မှ ၁၉၅၂ ဖေဖော်ဝါရီလအထိ (၃)သုတ်ခွဲကျင်းပခဲ့သည်။
၁၉၅၂ ဇန်နဝါရီ ၂ဝ တွင် ရွေးကောက်ပွဲရလာဒ်များကို ထုတ်ပြန်ရာ ဖဆပလအဖွဲ့ချုပ်က ၁၈၀ နေရာြဖင့် မဲအများဆုံးရရှိပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။
ရွေးကောက်ပွဲအပြီး ၁၉၅၂ မတ်လ ၁၆ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနု ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
၁၉၅၂ မတ်လ ၂ဝ ရက်။
ဆိုရှယ်လစ်ပါတီ ရုံးချုပ်ထဲသို့ စိန်ဓါးမြှောင်ဝင်လာသည်။
နံသာရောင်ခေါင်းပေါင်းနှင့် နံသာရောင်တိုက်ပုံကို ဝတ်ဆင်ထားပြီး ဆေးဆရာများလွယ်တတ်သည့် လွယ်အိတ်ကြီးကိုလည်း လွယ်ထား၏။
“သခင်သိန်း နဲ့ တွေ့ချင်လို့ပါ..သမားတော် ဆရာသိန်း လာတယ်လို့ ပြောပေးပါ”
ရုံးစေလုလင် က အထဲသို့ ဝင်သွားသည်။
ခဏအကြာတွင် ပြန်ထွက်လာ၏။
“သခင်သိန်း အလုပ်တွေရှုပ်နေလို့..နောက်ရက်မှ လာတွေ့ပါတဲ့”
“..ဟုတ်ကဲ့လား..ဒါဆို..ဒီအဝတ်ထုတ်ထဲက ဟာလေး သွားပြလိုက်ပါ..ကျွန်တော် ဒီကပဲ ထိုင်စောင့်ပါ့မယ်”
ရုံးစေလုလင် ပြန်ဝင်သွားပြီးနောက် ပြာပြာသလဲဖြင့် ပြန်ထွက်လာသည်။
“သခင်သိန်းက ဝင်ခဲ့ပါတဲ့..ခင်ဗျ..ဒီဘက်က အခန်းပါ”
စိန်ဓါးမြှောင်က ပြုံးလိုက်ပြီး သခင်သိန်း၏ အခန်းတွင်း ဝင်လိုက်သည်။
“.ဆရာသိန်း..ထိုင်ပါ..ထိုင်ပါ”
သခင်သိန်းက စိန်ဓါးမြှောင်ကို ထိုင်ခိုင်းပြီးနောက် အခန်းတံခါးမကြီးကို ထပိတ်လိုက်သည်။
ထို့နောက်
“ဒါက ဘာသဘောလဲဗျ...ခင်ဗျားဘာသဘောနဲ့ ဒါတွေကို ယူထားတာတုန်း”
သခင်သိန်းက စားပွဲပေါ်တွင်တင်ထားသော စိန်ဓါးမြှောင်ပေးလိုက်သည့် အထုတ်ကို ပစ်ပေးလိုက်သည်။
အထုတ်ထဲတွင်ရှိသည်က ရွေးကောက်ပွဲအတွင်း မဲပုံများထဲမှ ခိုးထားသည့် မဲဆန္ဒကဒ်ပြားတစ်ခု။
လမ်းမတော်မြို့နယ်ဆိုသည့် စည်းတံဆိပ်ရိုက်နှိပ်ထားသည်။
စိန်ဓါးမြှောင်က ပြုံးလိုက်သည်။
“ခင်ဗျားတို့ ခိုးခိုင်းထားတဲ့မဲတွေလေ...အဲဒါကို ကျွန်တော်က ပြန်ခိုးထားတာဘာဖြစ်တုန်း..သခင်သိန်းရ”
“အင်းလေ..ဒီမဲပြားတွေကို ခင်ဗျား ဘာသဘောနဲ့ သိမ်းထားတာလဲ”
“ဒါတောင် သဘောမပေါက်ဘူး..သခင်သိန်းရယ်...ဒီမယ် အခုတောင် ကျွန်တော်ဒီအခန်းထဲ ဘယ်လိုဝင်လာရသလဲ..ဒီ မဲလေးပြပြီး ဝင်လာရတာမဟုတ်လား”
“မင်းကွာ..မင်း”
“ကဲ..စိတ်ကိုလျှော့ဗျ..ကျွန်တော့်မှာ ဒါမျိုး မဲတွေ အများကြီးရှိသေးတယ်..ဒါမျိုးလေးတစ်ခု သတင်းစာဆရာတွေလက်ထဲ ရောက်သွားလို့ကတော့ဗျာ..ဟဲဟဲ”
“အဲ့ဒီကျ မင်းလည်း မဲပုံးဖောက္မှုနဲ့ ထောင်ကျမှာပဲကွ၊ အေးအဲ့ဒီမတိုင်ခင် ဦးကျော်သိန်းအိမ်ဓါးပြမှုနဲ့ မင်းကို ပြန်ဖမ်းပစ်မယ်”
“သြော်..သခင်သိန်းနှယ့်..ကျွန်တော်က အစကတည်းက တောပုန်းဓါးပြပဲ...အခုလို လက်နက်ကိုင်ပေါင်းစုံ ပတ်လည်ဝိုင်းနေတဲ့ကာလထဲ ကျွန်တော့်အတွက် ပြေးစရာမြေမရှားပါဘူး..ခင်ဗျားတို့သာ.ဒီမဲပြားလေးတစ်ပြား သတင်းစာတွေလက်ထဲရောက်သွားရင်.. အစိုးရအဖြစ်က ပြန်ပြုတ်သွားမယ်”
သခင်သိန်းက ထိုင်ခုံကို စောင့်ဆွဲကာ ထိုင်လိုက်သည်။
“ဒီမယ်..ခင်ဗျားနဲ့ ကျုပ်တို့ အပေးအယူက ပြီးပြီလေ..ခင်ဗျားဘာလို့ ဒီအထိလိုက်လာတာလဲ..ပြော”
“အကူအညီတစ်ခုတောင်းချင်လို့ပါဗျာ”
“ဘာကူညီရမှာလဲ.”
“ကျွန်တော် ဆေးလိပ်ခုံလေး တစ်ခုံလောက်ထောင်ချင်တာဗျာ..အဲ့ဒါ ဖဆပလက ထောက်ခံချက်လေးနဲ့ဆို ပိုကောင်းမလားလို့”
“ဘာဆိုင်လဲ...ဆေးလိပ်ခုံထောင်ချင်တာ ထောင်ပေါ့..ဘာကို ဖဆပလထောက်ခံချက်တောင်းနေတာလဲ”
“ဒီလိုပါ...ခုနေခါ ခင်ဗျားတို့ အစိုးရက ပြည်သူပိုင်တွေလိုက်လုပ်နေတယ်မဟုတ်လား..သနပ်ဖက်တင်ပို့ခွင့်တွေလည်း ကန့်သတ်တဲ့အသံကြားတယ်..ဒီတော့.ခင်ဗျားတို့ ဖဆပလခပ်ကြီးကြီးတစ်ယောက်ဆီက သနပ်ဖက်ဝယ်ယူခွင့်နဲ့ သယ်ဆောင်ခွင့် လက်မှတ်လိုချင်တာ..အဲ့ဒါ”
“ခင်ဗျားဟာက ဘာလဲဗျ”
“အော်..ဘာမှမဟုတ်ဘူး..တရားဝင်စာထုတ်ဖို့လည်းမလိုပါဘူး...ယခု သနပ်ဖက်များသည် ဆေးလိပ်ခုံလုပ်ငန်း အတွက် တပိုင်တနိုင်သယ်ယူခြင်းဖြစ်သဖြင့် ခွင့်ပြုပေးပါရန် ပုံ ဘယ်သူ ဆိုပြီး ခင်ဗျားတို့ အစိုးရထဲက တစ်ယောက်ယောက်လက္မှတ်နဲ့ ဆို အဆင်ပြေတာပေါ့ဗျာ”
“ခက်တာပဲ...အစိုးရလူကြီးတွေ နာမည်ကို အလွဲသုံးစားလုပ်သလိုဖြစ်နေမှာပေါ့”
“အောင်မယ်..ခင်ဗျားတို့က ပြည်သူတွေထည့်တဲ့ မဲကျအလွဲသုံးစားလုပ်ခိုးခိုင်းတုန်းကတော့ ကောင်းတယ်ပေါ့...”
“တော်..တော်ဗျာ..အဲ့ကိစ္စကြီးကို စကားထဲ ထည့်မပြောပါနဲ့”
“ဒါဆိုလည်း လုပ်ပေးလိုက်လေ..ခင်ဗျားဆရာ ဦးကျော်ငြိမ်း လက္မှတ်လောက်နဲ့ဆို ပြီးပါတယ်ဗျ”
“ကျုပ်က အခု လယ်ယာပြည်သူပိုင်ပြုလုပ်ရေးမှာ အတွင်းဝန်ဖြစ်နေပြီ..ကျုပ်လက်မှတ်နဲ့ပဲ လုပ်ပေးလိုက်မယ်”
“အတွင်းဝန်တောင်ဖြစ်ပြီလား..အတွင်းဝန်မင်းလက်မှတ်နဲ့ဆိုရင်တော့...အဆင်ပြေလောက်ပါရဲ့ဗျာ”
သခင်သိန်းက စာရွက်တစ်ရွက်ယူလာပြီး စာတစ်စောင်ရေးသည်။
“ဒီမှာဖတ်ကြည့်..ပုဂ္ဂိုလ်ရေးသဘောနဲ့ပဲ ရေးပေးထားတယ်..အဆင်ပြေလား”
စိန်ဓါးမြှောင်က စာကို ယူဖတ်ကြည့်လိုက်သည်။
“ကျွန်ုပ်၏ မိတ်ဆွေ ဆိုတဲ့နေရာမှာ ကျွန်ုပ်၏ ကျေးဇူးရှင်ဆရာကြီး ဆရာသိန်း ဆိုပြီး ရေးပါလား”
သခင်သိန်းက အံကို ကြိတ်လိုက်သည်။
“လုပ်ပါဗျ..ဟဲဟဲ..ခင်ဗျားအတွင်းဝန်ဖြစ်ဖို့အရေး၊ သခင်နုဝန်ကြီးချုပ်ဖြစ်ဖို့အရေး ကျွန်တော့်အဖွဲ့တွေ ဘယ်လောက် ပင်ပန်းခဲ့တယ်မှတ်လဲ။ ကျွန်တော့်တပည့် ဝါဆိုနဲ့ ဝါပိုဆို မိတ္ထီလာမှာ ပါဏာတိပါတာကံကိုပါ ကျူးလွန်ရသေးတာ၊ငရဲကြီးတယ်ဗျ”
သခင်သိန်းက စာရွက်ကို ဆုတ်ဖြဲပြီး အသစ်ပြန်ရေးပေးသည်။
ထို့နောက် တံဆိပ်တုံးထုကာလက္မှတ်ထိုးပေးလိုက်၏။
“ကဲ...သွားလိုက်ပါဦးမယ်..အတွင်းဝန်မင်း..နောက်လည်း ကိစ္စရှိရင် လာခဲ့ပါဦးမယ်”
စိန်ဓါးမြှောင်က စာရွက်ကို သေချာခေါက်ကာအိတ်ထဲထည့်ပြီး ထရန်ပြင်လိုက်သည်။
“နေပါဦး..စိန်ဓါးမြှောင်”
“ဘာများရှိသေးလို့တုန်း..သခင်သိန်း”
“ခင်ဗျား တကယ်ပဲ..ကောင်းရောင်းကောင်းဝယ်လုပ်တော့မယ်ပေါ့”
“ဘယ်သူပြောတုန်းဗျ”
“ခုနပဲဆေးလိပ်ခုံထောင်မယ်ဆို”
“ဟား..ဟား..ဖြစ်ရမယ်ဗျာ....ဓါးပြတိုက်လို့တောင်မဝသေးဘူး”
စိန်ဓါးမြှောင်က သခင်သိန်းကို အားပါးတရပြုံးပြကာ ထွက်သွား၏။
..........................................................................
၁၉၅၂ ပြည်တော်သာခေတ်အစပိုင်းကာလများ။
ရွေးကောက်ပွဲများအပြီးတွင် ဦးနု သည် ဝန်ကြီးချုပ်ဖြစ်လာပြီး သူ၏အစိုးရအဖွဲ့ကို ဝန်ကြီး (၂၁)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ဦးနုအစိုးရသစ်က တည်တံ့ခိုင်မြဲရေးမှ ပြည်တော်သာသို့ ဟူသည့် ကြွေးကြော်သံကို ချမှတ်ခဲ့သည်။
ဦးနုက ပြည်တွင်းစစ်မဖြစ်ပဲ အလုပ်လုပ်ခွင့်ရမည်ဆိုလျှင် မိသားစုတိုင်း အိမ်တစ်ဆောင်၊ ကားတစီး၊ လစဥ်ဝင်ငွေ ၈၀၀ ကျပ်ရအောင်လုပ်ပေးနိုင်သည်အထိ ချမ်းသာသောနိုင်ငံဖြစ်စေမည်ဟု ကတိပေးခဲ့သည်။
စိန်ဓါးမြှောင်သည်လည်း ရန်ကုန်သား ဝင်းမောင်၊ မောင်တင်တို့ အကူအညီဖြင့် ရန်ကုန်တွင် သူ့အဖွဲ့သစ်ကို စတင်ထူထောင်လာသည်။
စိန်ဓါးမြှောင်က ပိုလို ဆေးလိပ်ခုံတံဆိပ် ဆေးပေါ့လိပ်လုပ်ငန်းကို မောင်တင်၏ အိမ်တွင် ထူထောင်ပြီး သနပ်ဖက်များ သယ်ယူရေးတွင် ဝင်းမောင်နှင့် ခါလေးကို တာဝန်ပေးခဲ့သည်။
ဝင်းမောင်နှင့် ခါလေးသည် ပဲခူးဘက်မှ ငန်းနက်၊ ငရုတ်သီးဘရင်တို့ဖြင့် ချိတ်ဆက်ကာ သနပ်ဖက်ခြင်းများထဲတွင် လက်နက်များ ခိုးဝှက်သယ်ဆောင်ကာ ရန်ကုန်တွင်းသို့ သွင်းကြသည်။
အတွင်းဝန်သခင်သိန်းလက်မှတ်ပါရှိသော စာကြောင့် စစ်ဆေးရေးများ မှလွတ်ကင်းခွင့်ရရှိခဲ့သည်။
မကြာမီ ရန်ကုန်မြို့တွင်း ဓါးပြမှုများပြန်လည်ပေါ်ပေါက်လာခဲ့ပြီး အင်းစိန်ငွေတိုက်ဓါးပြမှု၊ ရန်ကုန် ကျိုက္ကဆံ မြင်းလောင်းရုံအတွင်း ဝင်ရောက်ဓါးပြတိုက်မှုများအထိ ဖြစ်ပေါ်လာကြသည်။
ရေနံချောင်းတွင်ရှိနေသော ထွန်းခင် သည် အလံနီဗိုလ်အဖြစ်မှ နောက်လိုက်(၃၀)ဦးနှင့်အတူ အလင်းဝင်လာခဲ့ပြီး ထွန်းခင် ၊ ရင်ရင် တို့မိသားစုသည် ရန်ကုန်သို့ လိုက်လာကာ ပူးပေါင်းကြသည်။
စိန်ဓါးမြှောင်က အောက်ပုဇွန်တောင်လမ်းတွင် လှသိင်္ဂီအမည်ဖြင့် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ဖွင့်ပြီး ရင်ရင့်ကို ပိုင်ရှင်အဖြစ် ဦးစီးစေသည်။
လှသိင်္ဂီဆံပင်ညှပ်ဆိုင်သည် စိန်ဓါးမြှောင်၏ အမျိုးသမီးအဖွဲ့အခြေပြုရာနေရာတစ်ခုဖြစ်လာပြီး တိုက်ရာပါပစ္စည်းများ သိုဝှက်၊ ထုခွဲရာနေရာလည်းဖြစ်လာသည်။
စိန်ဓါးမြှောင်ကား ဆေးဆရာကြီးဆရာသိန်းအဖြစ် တိုင်းရင်းဆေးဆရာများအဖွဲ့ချုပ်တွင် ဗဟိုကော်မတီဝင် ဖြစ်လာသည်။
ဆေးဆရာကြီးဆရာသိန်းသည် ရန်ကုန်မြို့၊ ခုနှစ်မိုင်အနီးတွင် ခြံကျယ်ကြီးတစ်ခြံဝယ်ယူထားပြီး တစ်ခါတစ်ရံ ထိုခြံထဲတွင် လေးငါးရက်ခန့် တံခါးပိတ်ကာ တပည့်များနှင့်အတူ အဂ္ဂိရိတ်ထိုးနေလေ့ရှိသည်ဟု ဆရာသိန်းကို ကြည်ညိုသူများကသိထားကြသည်။
ရန်ကုန်မြို့တွင် ဓါးပြမှုကြီးကြီးမားများဖြစ်ပြီးသည့်ရက်များနှင့် ဆရာသိန်းအဂ္ဂိရိတ်ထားသည့်ရက် မှာတိုက်ဆိုင်နေတတ်သည်ကို ပုလိပ်အဖွဲ့က သတိမထားမိကြ။
အမှန်တကယ်တမ်းတွင် စိန်ဓါးမြှောင်မှာ အဂ္ဂိရိတ်ထိုးသည်ဟုဆိုကာ တိုက်ရာပါရွှေများကို ထိုခြံထဲတွင် အရည်ကြိုပစ်နေခြင်းသာြဖစ်သည်။
ဂန္ဓမာသောင်းရီကား ရန်ကုန်ထောင်ကြီးတွင် အကျဥ်းသားအရာရှိများထဲ အကြီးဆုံးဖြစ်သည့် ခြောက်ထောင်ပိုင်သံဒေ ဖြစ်လာသည်။
ထွန်းရင်မှာ ၁၂ မှတ်ရ ဘာရာဖြစ်လာပြီး ကြိမ်တုတ်ကိုင်ခွင့်ရခဲ့သည်။
ဂန္ဓမာသောင်းရီအဖွဲ့သည် ထိုအာဏာများကို အသုံးချကာ ထောင်တွင်းတွင် နာဂျစ်အာရတ်စည်းရုံးထားသူများ၊ ဦးမြကျင်စည်းရုံးထားသူများကို အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်။
စိန်ဓါးမြှောင်ရှိစဥ်က သစ္စာခံခဲ့သူများမှာလည်း ဂန္ဓမာသောင်းရီ လက်အောက်တွင် ငြိမ်ဝပ်နေကြရ၏။
ထောင်မှလွတ်သွားသော နာဂျစ်အာရတ်သည် ဖရေဇာကို အခြေပြုကာ ရန်ကုန်အရှေ့ပိုင်းလူမိုက်ဖြစ်လာသည်။
ဦးမြကျင်တပည့်ဖြစ်သော ယက္ခ နှင့် ကုလားလေးအုပ်စုတို့၏ ဗားကရာချောက်ရိုက်ပွဲကြီးအပြီးတွင် ကုလားလေးအုပ်စုအရေးနိမ့်သွားခဲ့သည်။
မကြာမီ ကုလားလေးသည် ဘိန်းမှောင်ခိုမှုနှင့် အဖမ်းခံရကာ ရန်ကုန်ထောင်ကြီးသို့ ရောက်လာသည်။
ဦးမြကျင်ကား ရန်ကုန်အနောက်ပိုင်းတွင် ပြိုင်ဘက်မရှိ လူမိုက်ခေါင်းဆောင်ဖြစ်လာ၏။
နာဂျစ်အာရတ်နှင့် ဦးမြကျင်တို့၏ နောက်ကွယ်တွင် မဂျစ်ခန်း က ကြိုးကိုင်ထားသည်။
မဂျစ်ခန်းသည် ဦးလေးဖြစ်သူ တီလာမာမက်ခန် ကို ရွေးကောက်ပွဲဝင်ပြိုင်ကာ နိုင်ငံရေးသြဇာထူထောင် ခိုင်းသော်လည်း တီလာမာမက်ခန် မှာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။
မဂျစ်ခန်းကား ဖခင်ဖြစ်သူ လက်ထက်ကကဲ့သို့ နိုင်ငံရေးအသိုက်အဝန်းထဲ တိုးဝင်ရန်ကြံစည်နေသော်လည်း လွတ်လပ်ရေးရကာစ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေချိန်ဖြစ်သဖြင့် မြန်မာလူမျိုးအများစုပါဝင်သော အစိုးရအဖွဲ့က မဂျစ်ခန်းနှင့် ဆက်ဆံရမည်ကို ရှောင်ရှားနေကြသည်။
ထို့ကြောင့် မြန်မာလူမျိုးဖြစ်သည့် ဦးမြကျင်ကို အသုံးချရန်ကြံစည်သော်လည်း ဦးမြကျင်မှာ တချိန်က ဒေါက်တာဘမော်လူဖြစ်ခဲ့သဖြင့် နိုင်ငံရေးသမားများကအကပ်မခံကြ။
နယ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်း၊လက်နက်ကိုင်အမျိုးမျိုး၏ အခွန်အတုပ်များကြောင့် လူအများစုမှာ ရန်ကုန်သို့ ပြောင်းရွှေ့လာသဖြင့် ရန်ကုန်သည် လူဦးရေ ထူထပ်သည်ထက် ထူထပ်လာသည်။
နိုင်ငံရေးအပြိုင်အဆိုင်များ၊ စစ်ရေးကိစ္စများကိုသာ ဦးစားပေးနေရသည့်အတွက် အလွန်သန့်ရှင်းခဲ့သော ရန်ကုန်မြို့ကြီးသည် ကျူးကျော်တဲတန်းများ၊ အမှိုက်ပုံများ၊ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသည့်အဆောက်အဦးများ ဖြင့် ညစ်ပတ်သည့်မြို့ကြီး ဖြစ်စပြုလာသည်။
ထိုအခြေအနေတွင် မသောင်း၊ စံဘနှင့် ချောရင်တို့သည် ဂျပန်ခေတ်က မသောင်းစုဆောင်းထားသည်များနှင့် ကွယ်လွန်သူလမ်းမတော်ဦးဖိုးတုတ်ကတော် မသင်းမြထံမှ ငွေချေးကာ တရုတ်တန်း၊ (၁၈)လမ်းထိပ်တွင် “သောင်း” ပျော်ပွဲစားရုံကိုဖွင့်လှစ်လိုက်ကြသည်။
ဦးဖိုးတုတ်၏ ညီ ဦးဘသိန်းမှာမူ တစ်အိုးတစ်အိမ်ထူထောင်ပြီး လူမိုက်လောကနှင့် မပတ်သက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။
..................................................................................
၁၉၅၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။
ရန်ကုန်မြို့၊ ကန်တော်ကြီး ပုဏ္ဏားကုန်း ၊ ကျိုက္ကဆံလမ်းမထိပ်ရှိ အိုင်ဘီပီဓာတ်ဆီဆိုင် ကို လူငါးဦးက ခြောက်လုံးပြူးကိုယ်စီဖြင့် ဝင်ရောက်ကာ ငွေတစ်သိန်းကျော် ဓါးပြတိုက်သွားသည့် သတင်းကား တရုတ်တန်းရှိ ညနေခင်းစားသောက်ဆိုင်များဆီသို့ပင် ပျံ့နှံ့နေသည်။
မည်သည့်သတင်းဆိုးများ ကြားရပါစေ တရုတ်တန်းကား အခြေအနေမပျက်။
ခေတ်အဆက်ဆက်ပြောင်းခဲ့သော်လည်း တရုတ်တန်းကား စည်ကားမြဲ။
“သောင်း”ဘား သည် ဖွင့်လှစ်လိုက်သည်မှာ မကြာသေးသော်လည်း လူစည်ကားလာသည်။
မသောင်းသည် တချိန်က နာမည်ကျော်ဟိုတယ်မယ်ဖြစ်ခဲ့သည့်အလျောက် သောင်းဘားတွင်လည်း နယ်မှ အမျိုးသမီးငယ်များကို စားပွဲထိုးခန့်ထားသည်။
ချက်ပြုတ်ရေးနှင့် ဆိုင်၏ စီမံခန့်ခွဲရေးကို စံဘနှင့် ချောရင် ကတာဝန်ယူသည်။
ခါလေး သည် မိတ်ဆွေဖြစ်သူ စံဘရှိသော သောင်းဘား သို့ ညနေတိုင်းရောက်လာကာ ဝီစကီသောက်တတ်၏။
ခါလေး ကား ယခုအခါ သနပ်ဖက်ကုန်သည် ကျော်တင့် ဟု နာမည်ပြောင်းထားသည်။
တခါတရံ ခါလေး ခေါ် ကျော်တင့် နှင့်အတူ ထွန်းခင်၊ ဝင်းမောင်၊ မောင်တင်တို့ ပါလာတတ်သည်။
စံဘ၊မသောင်း၊ချောရင်တို့နှင့် ထိုအုပ်စုမှာ အချိန်တိုအတွင်း ရင်းနှီးသွားကြသည်။
ယနေ့ ည ညည့်နက်ချိန်တွင်လည်း ခါလေးတို့ အုပ်စု ရောက်လာကြသည်။
ထိုလူစုသည် နေ့လည်က နာမည်ကျော်ဓါတ်ဆီဆိုင်ဓါးပြမှုတွင် အဓိကပါဝင်လာကြသူများဟု စံဘတို့ မသိကြရှာ။
လုပ်ငန်းအစဥ်ပြေသဖြင့် ရှယ်ယာများခွဲဝေလာသည်ဟုဆိုကာ သောင်း ဘား၏ အပေါ်ထပ်တွင် အခန်းယူကာ စားသောက်ပွဲကျင်းပကြသည်။
ခါလေး၊ ထွန်းခင်၊ ဝင်းမောင်၊ မောင်တင်တို့ အပြင် အနှင်းနှင့် ဝင်းမောင်၏ ဇနီး မစိန်ရီတို့ လည်းပါလာကြ၏။
ထိုစားသောက်ပွဲပြီးလျှင် ခါလေးက စိန်ဓါးမြှောင်ခိုင်းလိုက်သည့်အတိုင်း ရင်ရင်၏ လှသိင်္ဂီဆိုင်သို့ ရွှေထည်ပစ္စည်းအချို့ သွားပို့ရမည်ဖြစ်သည်။
ရင်ရင်ထံ အလည်သွားအိပ်ရန် အနှင်းနှင့် သုံးနှစ်သား ဧရာလေးတို့ ပါလာကြခြင်းဖြစ်သည်။
စျေးအကြီးဆုံးဖြစ်သည့် ဟန်းတားဝီစကီနှင့် အစားအသောက်များ မှာယူစားသောက်ကြသည်။
မိန်းမသားများက ဘီယာကို စမ်းသပ်သောက်ကြည့်ကြ၏။
ထိုအချိန်တွင် “သောင်း”ဘားထဲသို့ လူငါးဦး ဝင်လာပြီး ကောင်တာတွင် ထိုင်နေသော ချောရင် ထံ လျှောက်သွားသည်။
ထို့နောက် လူငါးဦးထဲမှ အသားမဲမဲ ဂင်တိုတိုဖြင့် ပုဆိုးတိုတိုဝန်ထားသူတစ်ယောက်က ချောရင်ကို တီးတိုးစကားပြောလိုက်သည်။
ချောရင်က ခေါင်းခါရင်း ရှင်းပြသည်။
“ဟာ..ဒီဖေလိုးမကတော့..ကောင်းကောင်းပြောတာ..မရဘူးလား”
ထိုသူအသံကကျယ်သွားသဖြင့် အခြားဝိုင်းများပင် စကားသံရပ်သွားကြသည်။
စံဘက ခါလေးတို့နှင့် ထိုင်နေရာမှ အောက်သို့ ပြေးဆင်းသွား၏။
“ဘာများဖြစ်လို့လဲခင်ဗျ”
“မင်းက ဘာကောင်လဲ..ဒီဆိုင်က ဘာလဲ”
“ကျွန်တော် ဒီဆိုင်ပိုင်ရှင်ထဲက တစ်ယောက်ပါ...ဒါကျွန်တော့်မိန်းမပါ.ဘာများဖြစ်လို့လဲ”
“ငါ့ကို ယက္ခအဖွဲ့ကပဲ..ငါ့နာမည် စိုးမြင့်လေး...မင်းတို့ ဆိုင်ကို ယက္ခ က အလှူခံခိုင်းလိုက်လို့..လာခံတာ”
“နေပါဦးဗျာ..ယက္ခအဖွဲ့ဆိုတာ ဦးမြကျင်လက်အောက်က မဟုတ်လား... ကျွန်တော်တို့ ဆိုင်က ဦးမြကျင်ကို လစဥ်ကြေးပေးထားတယ်လေ”
“ဟေ့ကောင်..လစဥ်ကြေးက သက်သက်ပဲကွ..အခုက ယက္ခကြီး ယောက္ခမအိမ်မှာ ရဟန်းခံရှင်ပြုရှိတယ်.. အဲ့ဒါ မင်းတို့ အရက်ဆိုင်တွေက ခွဲတမ်းထည့်ရမယ်လို့ ယက္ခကြီး မှာလိုက်လို့”
“ဟ..ဘာဆိုင်လဲကွ....သူ့ယောက္ခမရဟန်းခံတာ..ငါတို့နဲ့ ဘာဆိုင်လဲ..ပေးစရာရှိတာ မင်းတို့ကို ပေးထားပြီးပြီ.. လွန်မလာနဲ့လေကွာ..ငါလည်း တချိန်က မင်းတို့လောက က လာတာ။ ဒါသက်သက် စည်းဖောက်တာပဲကွ”
“နေပါဦး.. ငါတို့ကို မင်းတွေ ငါတွေနဲ့ ပြောရအောင် မင်းက ဘာကောင်လဲ..နှမလိုးရဲ့”
စိုးမြင့်လေးက စံဘ ပါးကို ခပ်ဆတ်ဆတ်ရိုက်လိုက်သည်။
“ငါ့နာမည်..စံဘကွ”
စံဘက ပြောပြောဆိုဆိုနှင့် ဘေးနားမှ ဘီယာပုလင်းေဖာ့စို့ ဖောက်တံကို ကိုင်ကာ စိုးမြင့်လေး၏ ပါးကို ပြန်စိုက်ချလိုက်သည်။
ရုတ်တရက္မို့ စိုးမြင့်လေးမှာ ကြောင်သွား၏။
ဖောက်တံမှာ စိုးမြင့်လေး၏ ပါးကို ဖောက်ကာ စိုက်ဝင်နေသည်။ စိုးမြင့်လေးမှာ ပါးကို ကိုင်ကာ နာကြင်လွန်းသဖြင့် အော်ဟစ်နေသည်။
စံဘက ဖောက်တံကို မလွှတ်ပဲ စိုးမြင့်လေး၏ လည်ပင်းကို ချုပ်ကာ ပါးချောင်ကို မွှေနေသည်။
ထိုအချိန်တွင် စိုးမြင့်လေးနှင့် ပါလာသူတစ်ယောက်မှာ သံတုတ်ဖြင့် စံဘကို ဝင်ရိုက်သည်။
စံဘ၏ ခေါင်းမှ သွေးများ ဖျာခနဲထွက်လာသည်။ စံဘက စိုးမြင့်လေးကို လွှတ်လိုက်ပြီး တုတ်ကိုင်ထားသည့် သူကို ဝင်လုံးလိုက်သည်။
ကျန်သူသုံးယောက်ကလည်း ဓါးမြှောင်ကိုယ်စီထုတ်လိုက်ကြသည်။ စံဘနှင့် တုတ်သမား လုံးထွေးနေသဖြင့် ဝင်ထိုးရန် အခွင့်မသာဖြစ်နေ၏။
ဆိုင်ထဲမှ လူအများထွက်ပြေးကုန်ပြီဖြစ်သည်။
ထိုအခြေအနေကို အပေါ်ထပ်မှ ခါလေးတို့ အုပ်စုက စောင့်ကြည့်နေကြသည်။
ခါလေး က ခါးကြားက သေနတ်ကို စမ်းလိုက်သဖြင့် ထွန်းခင်က ပေါင်ကို ဖိထားသည်။
“ငါတို့ဆီမှာ တိုက်ရာပါတွေပါတယ်နော်..ငါတို့ ဒီအချိန်မှာ ဘာပြဿနာမှဖြစ်လို့ မရဘူး...ခါလေး...”
ထိုအချိန်တွင်ပင် စံဘလက်ထဲသို့ တုတ်ရောက်သွားပြီး စံဘက အပေါ်စီးမှ ဖြစ်သွားသည်။
ဓားကိုင်ထားသူတစ်ဦးမှ စံဘကျောကုန်းကို နောက်မှ ကန်လိုက်ရာ စံဘမှာ ရှေ့သို့ ဟက်ထိုးကျသွား၏။
ဓါးသမားများက စံဘအနီးအုံလာချိန်တွင်...
“ခွေးသူခိုးတွေ...ငါ့ယောက်ျားကို ထိရဲထိကြည့်..နင်တို့ ဒီလောက္မိုက်နေလား”
နောက်မှ အသံကြောင့် လှည့်ကြည့်လိုက်ချိန်တွင်..ချောရင်က မီးဖိုမှ ထင်းချောင်းကြီးကို ကိုင်ကာ ပြေးဝင်လာသည်။
ထင်းချောင်းကြီးမှာ မီးထိုးလက်စဖြစ်သဖြင့် ထိပ်တွင် မီးခဲများ တရဲရဲနီနေသည်။
ရှေ့ဆုံးမှ လူ၏ မျက်နှာကို ထင်းချောင်းဖြင့် ရိုက်လိုက်ရာ ဖြောင်းခနဲ အသံထွက်လာပြီး မီးဖွာများ ဖွာခနဲထွက်သွားသည်။
စံဘနှင့်လုံးထွေးရင်း လဲကျနေသည့် တုတ်သမားက အနောက်မှ ထလာပြီး ချောရင် ၏ ကျောကုန်းကို အားဖြင့် ကန်ထည့်လိုက်ရာ ချောရင်မှာ ရှေ့သို့ လဲကျသွားသည်။
သို့သော် လက်ထဲမှ မီးတုတ်မှာ လွတ်မသွား။
ဓါးသမားနှစ်ဦးက စံဘကို ဓါးနဲ့ ထိုးရန် ဝိုင်းလိုက်ကြစဥ်၊ တုတ်သမားနှင့် ကျန်တစ်ဦးကလည်း ချောရင်ကို ဝိုင်းလိုက်ကြသည်။
ထိုအခြေအနေတွင် အနှင်းက ကလေးကို ကျောတွင် ပိုးလိုက်ပြီး သေချာတင်းတင်းချီလိုက်သည်။
ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး ခါလေး၏ ခါးကြားမှ ခြောက်လုံးပြူးကို ရုတ်တရက်ဆွဲယူကာ အောက်သို့ ပြေးဆင်းသွား၏။
“ဟိတ်ကောင်တွေ.အခုရပ်စမ်း.နင်တို့လူခေါင်းပွင့်သွားမယ်”
လူမိုက်လေးဦးက နောက်္မှအသံကြောင့် လှည့်ကြည့်လိုက်ကြသည်။
အမျိုးသမီးတစ်ဦး။
ထောင့်ကပ်ကာ လဲနေသော စိုးမြင့်လေး၏ နားထင်ကို ခြောက်လုံးပြူးဖြင့် ချိန်ထားသည်။
ကျောတွင်လည်း ကလေးတစ်ယောက်ကို စောင်ဖြင့် ပတ်သိုင်းထားသေး၏။
အနှင်း နောက်ကျောမှ ဧရာကလေးက တခစ်ခစ်ပင်ရယ်နေေသးသည်။
“ငါပြောနေတယ်..နင်တို့ လက်ထဲက ဓါးတွေချလိုက်ဆို”
အနှင်းက ပြောပြောဆိုဆိုနှင့် ဘားကိုမှီကာထိုင်နေသော စိုးမြင့်လေးပုခုံးကို ကန်ထည့်လိုက်ရာ စိုးမြင့်လေးမှာ လဲကျသွားသည်။
ထိုအချိန်တွင် ထွန်းခင်နှင့် ခါလေးတို့ ဆင်းလာ၏။
ထွန်းခင်က အိတ်ထဲမှ ခြောက်လုံးပြူးကို ထုတ်လိုက်ကာ စိုးမြင့်လေး၏ ပါးတွင်စိုက်နေသော ဘီယာဖောက်တံကို ထပ်တက်နင်းလိုက်သဖြင့် စိုးမြင့်လေး၏ အော်သံမှာ ကျယ်လောင်သွားသည်။
“ကဲ..အနှင်း..ငါ့သေနတ်ပေးဟာ”
ခါလေးက က အနှင်းလက်ထဲမှ သေနတ်ကို ယူလိုက်သည်။
“သွားသွား..ကလေးတစ်ဖက်နဲ့...အနောက်ပေါက််မှာ ကိုဝင်းမောင်တို့ ကား စောင့်နေတယ်... မရင်ဆီ သွားတော့..ငါတို့ နောက်က လိုက်ခဲ့မယ်”
အနှင်းက ခါလေးကို သေနတ်ပေးပြီး ထွက်သွားသည်။
ထွန်းခင်က စိုးမြင့်လေးကို နင်းထားသည့် ခြေထောက်ကို ဖယ်လိုက်ပြီး
“ဟိတ်ကောင်...တောခိုပြီးပြန်လာတဲ့ ကွန်မြူနစ်ဗိုလ်ကွ...မင်းတို့ တွေလောက်တော့ ဘယ်ဘက်မျက်လုံးတွေချည်း ကန်းအောင် ပစ်ပြလို့ရတယ်..သွားစမ်း..အခု ဒီဆိုင်ထဲကသွား..နောက်လည်း လာမနှောက်ယှက်နဲ့”
ခါလေးနှင့် ထွန်းခင် တွင် ခြောက်လုံးပြူးနှစ်လက်ပါနေသဖြင့် လူမိုက်များမှာ အားမတန်မာန်လျော့လိုက်ကြသည်။
သူတို့ဆရာဖြစ်သူ စိုးမြင့်လေးကို တွဲထူကာ ထသွားရန်ပြင်သည်။
ဆိုင်ပေါက်သို့ ရောက်ခါနီးတွင် စံဘက နောက်ကလိုက်သွား၏။
“ဟေ့ကောင်တွေ..ခဏနေကြဦး”
လူမိုက္များ က စံဘကို မျက္မှောင်ကြုံ့ကြည့်လိုက်သည်။
ခါလေးနှင့် ထွန်းခင်က သေနတ်ကိုယ်စီကိုင်ကာ ရှေ့တိုးလာသဖြင့် ရပ်ပေးလိုက်ကြ၏။
စံဘက စိုးမြင့်လေးနားသို့ သွားကာ စိုးမြင့်လေးခေါင်းကို ဘယ်ဘက်ဖြင့်ကိုင်ပြီး ပါးတွင် စိုက်ဝင်နေသည့် ဘီယာဖောက်တန်ကို ညာလက်ဖြင့် အားစိုက်ကာ ဆွဲနှုတ်ယူလိုက်သည်။
“ဒါ ငါ့ဆိုင်က ဖောက်တံကွ...မင်းတို့ ယူသွားလို့မရဘူး”
စိုးမြင့်လေး၏ ပါးပြင်မှ သွေးများရွှဲခနဲထွက်လာပြီး တအီးအီးအသံသာ ထွက်နိုင်တော့သည်။
....................................................................................
စိုးမြင့်လေးတို့အုပ်စု ထွက်သွားပြီးသည့်နောက် ရဲကားများရောက်လာကြသည်။
စံဘတို့ စတင်ပြဿနာဖြစ်စဥ်တွင်ပင် မသောင်းက လသာဌာနသို့ သွားအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
“သေနတ်နဲ့လူတွေပါ ပါတယ်လို့ ကြားတယ်..အဲ့ဒါ ဘယ်သူတွေလဲ”
လသာဌာနအုပ် ကိုဘတင် က စံဘကို မေးသည်။
“စစ်ဗိုလ်တွေထင်ပါရဲ့..တခါမှတော့မမြင်ဖူးပါဘူး..ဒီအပေါ်ထပ်မှာ..ဒီနေ့မှ လာသောက်ကြတာ”
“သေနတ်ကိုင်တဲ့အထဲ အမျိုးသမီးလည်းပါတယ်တဲ့...ဒီစာပွဲထိုးမလေးက ပြောတာ”
“ဟုတ်တယ်..ဗိုလ်ကတော်ထင်ပါရဲ့ဗျာ..ပါလာတာ..ကျွန်တော်တို့ အချခံနေရတော့ မခံနိုင်တာနဲ့ ဝင်ရှင်းတာပါ..တကယ်သတ္တိကောင်းတဲ့ စစ်ဗိုလ်ကတော်ပေါ့”
စစ်တပ်က ဆိုသဖြင့် ရဲဌာနအုပ်မှာ ဆက်မေးမြန်းခြင်းမပြုတော့ပေ။
ထိုအချိန်တွင် အပေါ်ထပ် သီးသန့်အခန်းတွင် ခါလေးနှင့် ထွန်းခင်မှာ ခြောက်လုံးပြူးသေနတ်များကို ရှေ့ချလျက် ကျန်သေးသော ဟန်းတားဝီစကီကို ငါးရံ့ ဆံပြုတ်နှင့် မြည်းနေကြလေသည်။
သူတို့ဘေးတွင် ချောရင်က ထိုင်နေ၏။
“ကျေးဇူးတင်ပါတယ်..ကိုခါလေး...ကျွန်မတို့ကို ကူညီတာ နှစ်ခါရှိပြီ...ဒါနဲ့..ဟိုအမက ဘယ်သူလဲဟင်”
“အနှင်းတဲ့..မချောရင်...”
“သူက သတ္တိရှိတယ်နော်..ကလေးကို ကျောပိုးပြီး သေနတ်တစ်လက်နဲ့ ဆင်းချလာတာ...ကျွန်မဖြင့် ရင်ကို တုန်သွားတာပဲ”
ခါလေးနှင့် ထွန်းခင် က ရယ်လိုက်သည်။
“ဒါနဲ့ အဲ့ဒီလူတွေက ဘယ်သူတွေလဲ မချောရင်”
“သူတို့က ဒီတရုတ်တန်းလူမိုက် အရှုပ် ရဲ့ တပည့်တွေပေါ့။ အရှုပ်က သူကိုယ်သူ ယက္ခလို့လည်း ပေးထားသေးတာ”
“အင်း..ဒီတစ်ခါတော့ ဒီလူမိုက်တွေ နောင်ကြဉ်သွားလောက်ပါပြီ”
“မထင်ပါဘူး..ကိုခါလေးရယ်...သူတို့နောက်မှာ ဦးမြကျင်ဆိုတဲ့ လူမိုက်ကြီးလည်းရှိသေးတယ်”
“သူတို့ဟာ သူတို့မိုက်ကြပေါ့..ဘာကိစ္စ ဒီဆိုင်လာကြတာလဲ”
“မဟုတ်ဘူး..ဒီမှာက ထုံးစံအရ အပိုင်လူမိုက်တွေကို အရက်ဘားတွေ၊ ဆိုင်တွေက လစဥ်ကြေး ပေးကြရတယ်”
“ဟင်..ဘာလို့လဲ”
“မပေးရင် ဒီဆိုင်တွေမှာ သူတို့လူတွေက အမြဲပြဿနာလာရှာတယ်...စားသုံးသူတွေကို ပြဿနာရှာတော့..လူသိပ်မဝင် စီးပွားပျက်တာပေါ့.. သူတို့ပြောတာကတော့ စောင့်ရှောက်ပေးတယ်ပေါ့”
“သြော်..ဒီလိုလား..အဆန်းပဲဟ”
“ကိုခါလေးတို့ကတော့ နယ်ကလာတဲ့သူတွေ ဘယ်သိမှာလဲ..ကိုစံဘ လည်း တချိန်က လူမိုက်ပဲ”
“ဟင်..ဟုတ်လား”
“ဟုတ်တယ်...ကိုစံဘ အကိုက လမ်းမတော်ဖိုးတုတ်လေ..တချိန်က ဒီရန်ကုန်မှာ ထိပ်သီးပဲ”
“အင်း..ဒါကြောင့် ဟိုတုန်းက ဗားဂရာမှာ သူ့ကို သတ်ဖို့လုပ်ကြတာကိုး”
“ဟုတ်တယ်..ကိုခါလေး..အခုလည်း ယက္ခလူတွေ မကြာခင် ကျွန်မတို့ဆီ အနှေးနဲ့ အမြန်ပြန်လာကြတော့မှာပဲ၊ ဦးမြကျင်ပါ ပါလာရင်တော့ ရှင်းရခက်မယ်..ကိုစံဘနဲ့သူက နဂိုကတည်းက ရန်ညှိးရန်စရှိတယ်”
ထိုအချိန်တွင် ရဲများပြန်သွားသဖြင့် စံဘနှင့် မသောင်း အပေါ်ထပ်အခန်းသို့ ဝင်လာသည်။
“စံဘ ဘာဖြစ်သွားသေးလဲ”
“နည်းနည်းပါးပါး ထိတာပါ..ခါလေး..ကျေးဇူးပါကွာ”
“ငါတို့ ကိစ္စ ရဲတွေကို ဘယ်လိုဖြေလိုက်လဲ”
“စစ်တပ်ကထင်တယ်လို့ပြောလိုက်တယ်...အခုနေခါက စစ်တပ်နဲ့ပဲ ဖြဲချောက်ရတာပေါ့”
“အေး..တော်သေးတယ်ကွာ”
“ဒါနဲ့..ခါလေး..ပြည်သူ့အရံတပ်ဖွဲ့လည်း မရှိတော့တာကြာပါပြီ..မင်းတို့လက်ထဲက သေနတ်တွေက..ဘယ်ကရတာလဲ”
ခါလေးနှင့် ထွန်းခင်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
“ဒီလိုပဲ ငါတို့က သနပ်ဖက်ကိစ္စနဲ့ ခရီးတွေသွားရတော့ လိုရမယ်ရ ဆောင်ထားကြတာပါ”
“အေးကွာ..ငါလဲတစ်လက်လောက် လိုချင်လို့..သိပ်မကြာခင် ဦးမြကျင်နဲ့ ငါနဲ့ သူသေကိုယ်သေ သတ်ရတော့မှာ”
ချောရင် က စားပွဲပေါ်မှ ခြောက်လုံးပြူးနှစ်လက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ခက်ဇော်
အပိုင်း (၂၁)
လာမယ့် ဖရိုင်းဒေး..
💎🗡️🗡️🗡️
ReplyDeleteClicked 💫
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDeleteDone 💪
ReplyDelete(◕ᴗ◕)
ReplyDeleteDone
ReplyDeleteDone
ReplyDelete