The Guys From Mandalay,1950s အခန်း(၁၈)
The Guys From Mandalay,1950s
အခန်း(၁၈)
...................
“ဦးကျော်ငြိမ်းကိုယ်တိုင် လွှတ်လိုက်လို့ ကျုပ်လာရတာပဲ”
စိန်ဓါးမြှောင်က ဂန္ဓမာသောင်းရီ ကို တစ်ချက်ကြည့်လိုက်သည်။
“ခင်ဗျားကို ခေါ်ထားခိုင်းတဲ့ အထက်ကလူဆိုတာ ဒီက သခင်သိန်းပဲ...စိန်ဓါးမြှောင်..သခင်သိန်းက အင်္ဂလိပ်ပြန်အဝင်မှာ ထောင်ထဲ ခဏရောက်ခဲ့တယ်..အဲ့ဒီတုန်းကတည်းက ကျုပ်နဲ့ ရင်းနှီးနေတာပဲ”
“ကဲ...ကျွန်တော်ဘာကူညီပေးရမလဲ”
စိန်ဓါးမြှောင်ထိုသို့ မေးနေစဥ် လွတ်လပ်ရေးရပြီးနောက် ရာထူးတိုးသွားသော ထောင်ပိုင်ကြီးဦးဘိုကြည် ဝင်လာသည်။
ထောင်ပိုင်ကြီးဝင်လာသဖြင့် ဂန္ဓမာသောင်းရီ နှင့် စိန်ဓါးမြှောင်က မတ်တပ်ထရပ်လိုက်ကြသည်။
“ထိုင်ကြပါ..ထိုင်ကြပါ”
ထောင်ပိုင်ကြီးက ထိုသို့ပြောပြီး သခင်သိန်း ဘေးတွင် ဝင်ထိုင်လိုက်သည်။
သခင်သိန်းက ရေနွေးကြမ်းအိုးထဲမှာ ရေနွေးတစ်ခွက်ကိုငှဲ့သောက်လိုက်ပြီး
“ဒီလိုဗျ..အခုတိုင်းပြည်အခြေအနေကတော့ ခင်ဗျားတို့ အသိတဲ့အတိုင်းပဲ...သခင်သန်းထွန်းတို့ ကွန်မြူနစ်တွေက အလံနီလမ်းစဥ်လိုက်ပြီး တောခိုသွားပြီ....ရဲဘော်ြဖူ ရော၊ ကရင်ရောက တောခိုပြီး အခုဆို အင်းစိန်နားထိရောက်နေပြီ..ဒီကြားထဲ စစ်တပ်က တချို့တပ်ရင်းတွေက တောခိုသွားပြန်တယ်ဗျာ”
“အင်း..တောခိုစရာဆိုလို့ ခင်ဗျားတို့ ဖဆပလအစိုးရပဲ ကျန်တော့တာပေါ့”
စိန်ဓါးမြှောင် စကားကြောင့် ဂန္ဓမာသောင်းရီ က အသံထွက်အောင် ရယ်လိုက်သည်။
သခင်သိန်းမှာ မျက်နှာမကောင်းလှ။ ထောင်ပိုင်ကြီးက အားနာနေသည်။
“အေးဗျာ..ပြောလည်း ခံရမှာပဲ..ဝန်ကြီးချုပ်ရော၊ ဗိုလ်ချုပ်နေဝင်းရော က ရန်ကုန်မကျအောင်နောက်ဆုံးအထိ ခံတိုက္မယ်ဆုံးဖြတ်ထားတယ်။ အခု ရန်ကုန်ပတ်လည်ကို သူပုန်ပေါင်းစုံက ဝိုင်းပိတ်ဆို့ထားပြီ။ မိတ္ထီလာ ဟာဂျီအာမက္ဆီကနေ ဆိတ်သားကို လေယာဥ်နဲ့သယ်ပြီး စားနေရတာပဲကြည့်။ ခု ချင်းတပ်ရင်းတစ်ရင်း၊ ဗမာ့သေနတ်ကိုင်တပ်ရင်း(၅) ၊ စစ်ရဲတပ်တွေနဲ့ တက္ကသိုလ်ကကျောင်းသားတွေပါ ရန်ကုန်ကို ခံတိုက်နေကြတယ်။ ပြဿနာက ပြည်ဘက်ကနေ ကရင်တပ်နဲ့ကွန်မြူနစ်တပ်တွေပေါင်းပြီး ရန်ကုန်ကိုဆင်းလာနေကြပြီ။ ကျွန်းကလေးက နေ စီးခံဖို့ ဗိုလ်စိန်မှန်တပ်ကို တာဝန်ပေးထားတယ်။ ခက်တာက ဗိုလ်စိန်မှန်တပ်မှာလည်း တပ်သားအင်အားက နည်းနေတယ်။ ဟိုဘက်က နှစ်ဖွဲ့ပေါင်းတပ်လာတာဆိုတော့ ဒီဘက်က လူအား၊ ပစ်အားလိုတယ်”
သခင်သိန်း၏ စကားအသွားအလာကို စိန်ဓါးမြှောင်က သဘောပေါက်လိုက်ပြီဖြစ်သည်။
“ဒီတော့ ကျွန်တော်က ကျွန်းကလေးကို သွားရမယ်ပေါ့”
“ဒီလိုဗျ.. ထောင်ကဝန်ထမ်းတစ်ချို့ ဒီတိုက်ပွဲမှာ ဝင်ကူမယ်။ ဒါပေမယ့် အကုန်သွားလို့မရဘူး။ ဒီထောင်မှာလည်း ရှိသင့်တဲ့ အင်အားရှိရဦးမယ်။ ဒီတော့ ထောင်ထဲမှာ သေနတ်လည်းပစ်တတ်တဲ့ အကျဥ်းသားတွေကိုစု၊ ဂန္ဓမာသောင်းရီ နဲ့ စိန်ဓါးမြှောင်က ဦးဆောင်ပြီး ဗိုလ်စိန်မှန်တပ်ကို လိုက်ကူစေချင်တယ်... ကိုဂန္ဓမာက ဒီထောင်မှာ သြဇာအညောင်းဆုံးဖြစ်တယ်..ပြီးတော့ နာဂျစ်အာရတ်ထက်စာရင် ထောင်ပိုင်ကြီးက သူ့ကိုယုံကြည်တယ်..ဒီလူက ကတိပေးပြီးရင် ထွက်ပြေးမယ့်သူမဟုတ်ဘူး...နောက် ခင်ဗျား...ခင်ဗျားက မန္တလေးဘက္မှာ ကိုယ်ပိုင်တပ်နီးပါးထောင်ပြီး ဓါးပြတိုက်လာတာ...ကြောင်နက်တပ်တွေနဲ့ပါ ချဖူးတယ်.ဆိုေတာ့.ခင်ဗျားရဲ့ ဦးဆောင်မှုကိုလည်း လိုတယ်... ဝန်ကြီးချုပ်ဦးနုရယ်..ဦးကျော်ငြိမ်းရယ်..ပြည်ထဲရေးအတွင်းဝန်ဦးဝင်းဖေရယ်...ဗိုလ်စိန်မှန်ရယ်..ဒီကထောင်ပိုင်ကြီးရယ် ဒီကိစ္စကို အသေးစိတ်ညှိနှိုင်းပြီးကြပြီ...ထောင်သားတွေ ထုတ်ပြီး တိုက်တယ်ဆိုတာကို အထူးလျှို့ဝှက်ထားကြရမယ်..ဒီတိုက်ပွဲပြီးရင် တိုက်ပွဲမှာ ကူပေးခဲ့တဲ့ ထောင်သားအားလုံးကို ကျွန်တော်တို့ အစိုးရ လုပ်နိုင်တဲ့ ဘောင်ထဲကနေ နှစ်တွေလျော့အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်”
“ကျွန်တော်တို့ မတော်လို့ သေသွားရင်ရောဗျာ”
“ဒီလောက် ဇာတ်လမ်းတွေရှုပ်နေတဲ့ တိုင်းပြည်မှာ သေသွားတော့လည်း အေးတာပေါ့..စိန်ဓါးမြှောင်ရာ..ကျုပ်လည်း..အပြင်လေ မရှုရတာအတော်ကြာပြီ.. သွားကြတာပေါ့”
“ကဲ..စိန်ဓါးမြှောင်သဘောကရော”
“ကျွန်တော်သိချင်တာက ခင်ဗျားတို့ဘက်က ကျွန်တော့်ကို ထောင်ကျနှစ်တွေလျော့အောင်လုပ်ပေးမယ်ဆိုတာ ဘယ်လိုလုပ်ပေးမှာလဲ..ဘယ်နှစ်နှစ်အထိ လျော့အောင် လုပ်ပေးမှာလဲ..အဲ့ဒီသိချင်တာ”
ထောင်ပိုင်ကြီး က ဖိုင်တွဲကို လှန်လိုက်သည်။
“ဂန္ဓမာသောင်းရီက ဘဘိုးကို သတ်မှုနဲ့ ထောင်ဆယ်နှစ်ကျနေတာ၊ အယူခံတော့တက်ခွင့်မရတော့ဘူး၊ ဒါပေမယ့် နိုင်ငံတော်သမ္မတအထူးအမိန့်နဲ့ ပြစ်ဒဏ်တစ်ဝက်လျော့ပေးလိုက်ရင် နောက်နှစ်နှစ်အတွင်း လွှတ်ပေးလို့ရတယ်၊ စိန်ဓါးမြှောင်က ပုလိပ်ကိုသတ်မှုနဲ့ ထောင်လေးနှစ်၊ ထောင်ဖောက်မှုက တစ်နှစ်ခွဲ၊ အာဠာဝီ ဓားပြလူသတ်မှုမှာ နှစ်နှစ်ဆယ် စုစုပေါင်း ထောင်ဒဏ်နှစ်ဆယ့်ငါးနှစ်။ နောက် ဦးကျော်သိန်းအိမ်အမှုကလည်း တန်းလန်းကြီးရပ်ထားရတယ်။ တကယ်လုပ်လို့ရတာက အာဠာဝီဓါးပြမှုကို အယူခံထက်တက်လို့ ရမယ်။ အဲ့ဒီ အယူခံကို အစိုးရက လွတ်အောင်လုပ်ပေးနိုင်ရင် ကျန်တဲ့အမှုနဲ့ တွေနဲ့က ထောင်သုံးနှစ်လောက်ပဲကျတော့မယ်”
ထောင်ပိုင်ကြီးက ဖိုင်တွဲကို ပြန်ပိတ်လိုက်သည်။
“ကျုပ်တို့ဘက် က ဒီလောက်တော့ လုပ်ပေးလို့ရပါတယ်”
သခင်သိန်းက စိန်ဓါးမြှောင်နှင့် ဂန္ဓမာသောင်းရီကို ကြည့်ရင်းပြောလိုက်၏။
စိန်ဓါးမြှောင်က ခေါင်းညိမ့်ပြလိုက်သည်။
ဂန္ဓမာက ထောင်ပိုင်ကြီး ရှေ့တွင် ချထားသော စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာ နှုတ်ခမ်းတွင် တေ့လိုက်ရင်း ပြုံးပြလိုက်သည်။
“ကျုပ်တို့ ဘယ်တော့ သွားရမှာလဲ”
“အထဲမှာ သေနတ်ပစ်တတ်တဲ့လူ၊ ပစ်နိုင်တဲ့လူ အင်အား (၅ဝ)ကို မိုးမချုပ်ခင် ကိုဂန္ဓမာနဲ့ ထောင်ပိုင်ကြီးက ရွေးထားလိုက်ပါ၊ လမ်းပြင်ဖို့ ခေါ်တယ်ဆိုပြီး လူစုထားလိုက်ပါ၊ ည ၈ နာရီမှာ ထောင်ပိုင်လေးဦးစီးတဲ့ ထောင်ဝန်ထမ်းတပ်စိတ်နဲ့ ဂန္ဓမာသောင်းရီ၊စိန်ဓါးမြှောင်တို့ ဦးစီးတဲ့ အကျဥ်းသားအဖွဲ့ အတွက် တပ်က ကားနှစ်စီးထောင်ရှေ့မှာ အသင့်ထိုးပေးထားမယ်။ ကျွန်းကလေးကို မိုးမလင်းခင် အရောက်သွားပြီး ဗိုလ်စိန်မှန်အဖွဲ့ကို ကူရမယ်”
....................................................................................
တပေါင်းလေရူးက ညပူပူထဲ တစ်ချက်တစ်ချက် တိုက်ခတ်လာ၏။
သေနတ်သံ၊ ဗုံးသံများသာ မရှိပါက ထိုနွေည၏ သရုပ်သကန်မှာ လွမ်းစရာပင် ကောင်းနေရော့မည်။
ထောင်ဝန်ထမ်းတပ်နှင့် အကျဥ်းသားလက်ရွေးစင်တပ်များ ကျွန်းကလေးသို့ ရောက်ကြပြီ။
ဗိုလ်စိန်မှန်သည် ကိုယ်လုံးတီးချွတ်ပြီး ခါးတောင်းကိုမြှောင်နေအောင်ကျိုက်ထားသည်။
တဖက်က စတင်းဂန်းကိုလွယ်ကာ၊ တဖက်တွင် ငှက်ကြီးတောင်ဓါးကိုကိုင်ထား၏။
ဗိုလ်စိန်မှန်တပ်နှင့်အတူ အကျဥ်းထောင်မှ လာသော စစ်ကူများလည်း တန်းစီကြသည်၊၊
ထောင်ပိုင်လေး၊ ဂန္ဓမာသောင်းရီနှင့် စိန်ဓါးမြှောင်တို့ကို တိုက်ပွဲအခြေအနေနှင့် တစ်ဖက်အင်အားကို ဗိုလ်စိန်မှန်က အသေးစိတ်ရှင်းပြသည်။
ထို့နောက် အကျဥ်းထောင်စစ်ကူများကို ဗိုလ်စိန်မှန်တပ်မှ ရဲဘော်များနှင့်အတူ တန်းစီစေသည်။
ချက်အရက်အပြည့်ထည့်ထားသော ရေနံဆီပုံးများထဲမှ အရက်ကို မတ်ခွက်ကြီးဖြင့် တစ်ယောက်တစ်ခွက် သောက်ရသည်။
လူစုံသောက်ပြီးသောအခါ အသီးသီး နေရာယူကြတော့သည်။
ဗိုလ်စိန်မှန်တပ်က ကန်သင်းများတွင် ဝမ်းလျားမှောက်ပြီး ဘရင်းဂန်းများ ၊ ရိုင်ဖယ်များဖြင့် အသင့်နေကြသည်။
တပ်မတော်မှ ဗိုလ်မြသင်း၊ စိန်ဓါးမြှောင်နှင့် ထွန်းရင်တို့ ဦးဆောင်သော တက္ကသိုလ်ကျောင်းသားများနှင့် အကျဥ်းသားများပူးပေါင်းတပ်က တပ်၏ ဘေးပတ်လည် တောတန်းများတွင် နေရာယူကြသည်။
ဂန္ဓမာသောင်းရီ နှင့် ထောင်ပိုင်လေးတို့အကျဥ်းသားဝန်ထမ်းအဖွဲ့က လက်ပစ်ဗုံးသေတ္တာများ၊ စိန်ပြောင်းကိုင်တပ်များနှင့်အတူ ကုန်းမြင့်တွင် ဝပ်နေကြ၏။
ရောင်နီပျို့ချိန်တွင် ကရင်အသေခံတပ်များက ရှေ့ဆုံးမှ တပ်လာသည်။
လူရိပ်ရိပ်မြင်သည်နှင့် ရဲဘော်များသည် ကန်သင်းတွင် ခေါင်းကိုစိုက်ကာ သေနတ်ကို အတွဲလိုက်ပစ်ကြသည်။
နောက်ဘက်မှ ကွန်မြူနစ်တပ်များ က ဂဏန်းလက်မပုံ ပန်းပြီးတက်လာစဥ် ဗိုလ်မြသင်း၊ စိန်ဓါးမြှောင် ဦးဆောင်သည့် အကျဥ်းသားတပ်က ဘေးပတ်လည်တောတန်းများထဲမှ ပစ်သဖြင့် ကွန်မြူနစ်တပ်များ လန်ကျသွားကြပြန်သည်။
ဗိုလ်စိန်မှန်တပ်များနှင့် အကျဥ်းသားတပ်များထံသို့ ချက်အရက်စစ်ကူတစ်ခွက်ဆီ နှစ်ကြောပြန် အရှိန်တင်ပြီးသောအခါ တိုက်ပွဲကား ပိုမိုပြင်းထန်လာသည်။
ကောင်းသူထိပ် မကောင်းသူထိပ် ရမ်းသမ်းပစ်ကြတော့သည်။
အစိုးရတပ်ဘက္မှ စစ်သား၊ တက္ကသိုလ်ကျောင်းသား၊ ထောင်ဝန်ထမ်း၊ အကျဥ်းသားတပ်ပေါင်းစု၏ ချိန်ပစ် ရမ်းပစ် မှန်းပစ် မူးပစ် အတည့်ပစ် သေချာပစ် ပစ်အားပေါင်းစုံကြောင့် ညနေလေးနာရီတွင် KNDO နှင့် ကွန်မြူနစ်တပ်များဆုတ်ခွာသွားကြ၏။
ကျွန်းကလေးကို အစိုးရတပ်များ ပိုင်ပိုင်နိုင်နိုင် စီးမိသွားကြသည်။
....................................................................................
ရှေ့တန်းပြန် ထောင်သားများ ရန်ကုန်ထောင်ကြီးသို့ ပြန်ရောက်ကြပြီ။
ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းတိုက်လာရသည့်တိုက်ပွဲ အောင်မြင်သဖြင့် စိန်ဓါးမြှောင်တို့ ပျော်ရွှင်နေကြသော်လည်း သူတို့ကို ကြိုနေသည့် ထောင်ပိုင်ကြီး မျက်နှာက မကောင်း။
ထောင်သားများကို လူစုခွဲပြီးနောက် ဂန္ဓမာသောင်းရီ၊ စိန်ဓါးမြှောင်နှင့် ထွန်းရင်တို့ကို ထောင်ပိုင်ကြီးက သူ့ရုံးခန်းသို့ သီးသန့်ခေါ်ထုတ်သွားသည်။
လွတ်ရက္များရတော့မည့်ဖြစ်သဖြင့် အားလုံးပျော်ရွှင်နေကြ၏။
“ကဲ..သုံးယောက်လုံး ထိုင်ကြပါဦး”
စိန်ဓါးမြှောင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဝင်လိုက်ကြသည်။
“ဂန္ဓမာကြီး..စိတ်အေးအေးထားကွာ”
ဂန္ဓမာသောင်းရီ က ထောင်ပိုင်ကြီးကို မျက်ခုံးပင့်ကြည့်လိုက်၏။
“အုန်းဖေ ဆုံးသွားပြီ”
“ဟမ်..ဘာ”
“အေး..အုန်းဖေ ဆုံးသွားပြီ”
သူတို့ သုံးယောက်လုံး ကြောင်သွားကြ၏။
“ကိုအုန်း..ဘာဖြစ်တာလဲ..ကိုအုန်း ဘယ်လိုဖြစ်တာလဲ”
ထွန်းရင်က ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။
“မိန်းဂျေးအနောက်ဖက် ဂျပန်ခေတ်က ရေတွင်းပျက်ထဲ ပြုတ်ကျနေတာ...မင်းတို့ ပြန်မလာသေးခင်ကမှ အလောင်းကို ဆယ်လို့ရတာ”
ဂန္ဓမာသောင်းရီ က မျက်လုံးနှစ်ဖက်ကို စုံမှိတ်ထားပြီး အသက်ကို ခပ်ပြင်းပြင်းရှူနေသည်။
“အဲ့ဒီရေတွင်းတွေက မသုံးတော့တာကြာပြီမဟုတ်လား..ကိုအုန်းဖေ က ဘယ်လိုလုပ် ကျသွားတာလဲ”
ထောင်ပိုင်ကြီးကို စိန်ဓါးမြှောင်က မေးလိုက်သည်။
“စစ်ကူအဖွဲ့ထဲကို စားဖိုဘုတ်က ချည်း ဆယ်ယောက်လောက်ပါသွားတော့ အေကလပ်တွေဆီ အုန်းဖေကိုယ်တိုင် ထမင်းသွားပို့တယ်။ အေကလပ်က မစ္စတာသွန်မဆင်က သူ့ဆီ နောက်ဆုံး အုန်းဖေ ထမင်းဟင်းလာပို့ပြီး ပြန်သွားတယ်လို ပြောတယ်။ ကြားထဲမှာ သုံးနာရီလောက် ပျောက်နေတော့ စားဖိုဘုတ်ထောင်မှူးက လာပြောမှ တန်းစီလူစစ်ပြီး လိုက်ရှာကြတာ...ရေတွင်းထဲမှာ တွေ့တာပဲ”
“အလောင်းက အခုဘယ်မှာလဲ”
“ထောင်ဆေးရုံမှာ...”
“ဆရာဝန်က ဘာပြောလဲဗျ”
“ဆေးစစ်ချက် မထွက်လာသေးဘူး..နာရီပိုင်းပဲရှိသေးတယ်”
စိန်ဓါးမြှောင်က သက်ပြင်းချလိုက်သည်။
“အုန်းဖေ အသတ်ခံလိုက်ရတာဗျ..အသတ်ခံလိုက်ရတာ”
ဂန္ဓမာက အံကိုကြိတ်လျက် ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး..ဂန္ဓမာ..အုန်းဖေက မင်းထက်တောင် ထောင်သက်ရင့်သေးတယ်...ဂျပန်ခေတ်ကတည်းက ဒီထောင်မှာ ဗိုလ်လုပ်လာတာ...သူ့ကို ဘယ်သူက သတ်ရဲမှာလဲ”
“အဲ့ဒါကြောင့် ပြောတာပေါ့ဗျ..ဂျပန်ခေတ်ထဲက ဒီထောင်ကို အိမ်လို နေလာတဲ့ကောင် က ဒီရေတွင်းပျက်ထဲ ခြေချော်ကျစရာဘာအကြောင်းမှမရှိဘူး။ အားအားယားယားခုန်ချသေစရာလည်းအကြောင်းမရှိဘူး။ ဘာကိစ္စရေတွင်းထဲ ပြုတ်ကျရမှာလဲ”
“အရက်တွေဘာတွေ မူးနေရင်ရော ဘယ့်နှယ့်လုပ်မလဲကွ..မင်းတို့ ငါမသိအောင် အရက်တွေ ခိုးသွင်းထားတာပဲ မဟုတ်လား”
“ဒီမယ် ထောင်ပိုင်ကြီးရဲ့...အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တစ်လျှောက်လုံး အဲ့ဒီကောင်အုန်းဖေနဲ့ ကျုပ်တို့လူတွေ အရက်တွေမူးပြီး ခုတ်ခဲ့ ထစ်ခဲ့ကြ၊ လူတွေသတ်ခဲ့ကြတာဗျ။ အခုကျမှ အရက်မူးပြီး ရေတွင်းထဲ ကျစရာလား”
အားလုံး တိတ်ဆိတ်သွားသည်။
“ဘာပဲဖြစ်ဖြစ်ပါ..ဂန္ဓမာ..မကြာခင် အစိုးရက မင်းတို့ကို နှစ်တွေလျှော့ပြီးလွှတ်ပေးတော့မှာပဲ..သေတဲ့လူလည်း သေပြီကွာ...ပြဿနာ ထပ်မရှာပါနဲ့တော့”
ဂန္ဓမာသောင်းရီ က ပြုံးလိုက်သည်။
“အင်းလေ..သေတဲ့လူလည်းသေပြီပဲ...ရှင်တဲ့လူက ရှင်နေတော့ လုပ်စရာရှိတာ လုပ်ကြရုံပေါ့”
ဂန္ဓမာ ထထွက်သွားသည်။ ထွန်းရင် က လက်သီးဆုပ်လျက် နောက်လိုက်သွား၏။
ထောင်မှူးက စိန်ဓါးမြှောင် ကို ကြည့်လိုက်သည်။
“စိန်ဓါးမြှောင်..မင်းပဲ.ဂန္ဓမာကြီးနဲ့ ထွန်းရင်ကို ကြည့်ထိန်းပေးပါ..ဒီကောင်တွေက မလွယ်ဘူး. သူတို့လူကို ထိရင် စိမ်ပြေနပြေလူသတ်တဲ့ကောင်တွေ..ဘဘိုးတုန်းကလည်း ရိက္ခာဆောင်ထဲမှာ လေးနာရီလောက် မသေမရှင်နှိပ်စက်ပြီး သတ်ပစ်ကြတာ...အခုလည်း အုန်းဖေကြီးသေပြီဆိုတော့ တွေ့ကရာလူ ရမ်းသမ်းစွတ်စွဲပြီး လိုက်သတ်မှာစိုးရတယ်...နာဂျစ်အာရတ်တို့ လူစုကလည်း အင်အားက တောင့်တောင့်ကွ..ဒီကောင်တွေ နှစ်ဖွဲ့ ရှိနေသမျှ ထောင်က ဘယ်နေ့ လူသတ်ပွဲကြီးဖြစ်မလဲပဲစိုးရိမ်နေရတယ်...ဟူး..စိတ်ညစ်ပါတယ်ကွာ”
“ဒါများ...ကျွန်တော့် လာထိန်းခိုင်းရလားဗျာ...ထောင်ပိုင်ကြီးလုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်.”
“ဟေ..ဘယ်လို”
....................................................................................
စိန်ဓါးမြှောင်၏ အကြံပေးချက်ကား ထိရောက်ပါသည်။
မကြာမီ ထောင်ပိုင်ကြီး အမိန့်ဖြင့် ဂန္ဓမာသောင်းရီနှင့် ထွန်းရင်ကို သီးသန့်တိုက်ဆောင်သို့ ရွှေ့ထားလိုက်ကြသည်။
စားဖိုဘုတ်၏ ခေါင်းဆောင်နေရာအား စိန်ဓါးမြှောင်ကို လွှဲပေးလိုက်ရ၏။
ဂန္ဓမာသောင်းရီ နေခဲ့သည့်အခန်းတွင် စိန်ဓါးမြှောင် ပြောင်းရွှေ့နေလေသည်။
နောက်မှရောက်လာသော စိန်ဓါးမြှောင်က ထောင်ပိုင်ကြီးနှင့် ပေါင်းကာ ဂန္ဓမာသောင်းရီ နေရာကို လုယူလိုက်ပြီဟူသော သတင်းများလည်း ထောင်တွင်း ထွက်ပေါ်လာသည်။
တိုက်ပိတ်ခံထားရသော ဂန္ဓမာသောင်းရီနှင့် ထွန်းရင်တို့လည်း ထိုသတင်းကို ထမင်းလာပို့ပေးသူများမှ တဆင့်ကြားကြရသည်။
၁၉၄၉ ဧပရယ်လ (၁၇)ရက်။
တလတိတိပြည့်သည့်နေ့တွင် ဂန္ဓမာသောင်းရီနှင့် ထွန်းရင်ကို တိုက္မှ ထုတ်ကာ စားဖိုဘုတ်သို့ ပြန်ပို့လိုက်သည်။
ရိက္ခာဆောင်အနောက်ရှိ သူ့အခန်းသို့ ဂန္ဓမာသောင်းရီ ဝင်လိုက်သောအခါ မြင်လိုက်ရသောြမင်ကွင်းကြောင့် မျက်မှောင်ကြုံ့သွား၏။
စိန်ဓါးမြှောင်ကား ကုတင်ပေါ်တွင် ထိုင်လျက် ရမ်အရက်ပုလင်းနှင့် ဖန်ခွက်ငါးခွက်နှင့်။
“ဘယ်နှယ့်လဲ..မန္တလေးက ဓါးပြဗိုလ်ကြီး...ကျုပ်ကို နောက်ကျောက ဓါးနဲ့ထိုးပြီး.အတော်မှ ဇိမ်ကျနေတယ်ပေါ့”
ဂန္ဓမာသောင်းရီ က စိန်ဓါးမြှောင်ကို မဲ့ပြုံးပြုံးရင်းမေးလိုက်သည်။
“ကဲ..စိတ်မဆိုးပါနဲ့..ကိုဂန္ဓမာ..တချို့ကိစ္စတွေက အကြောင်းရှိလို့ အကျိုးဖြစ်လာတာ...စိတ်အေးအေးထားပြီး အရက်အတူသောက်ရအောင်”
ဂန္ဓမာနှင့် ထွန်းရင်က စိန်ဓါးမြှောင်ကို ခပ်တည်တည်ပင် စိုက်ကြည့်နေကြသည်။
“ကဲ..လာပါ...ဒီနေရာကလည်း ကျွန်တော်ဖယ်ပေးမှာပါ..အရက်တစ်ခွက်သောက်ပြီးရင် ကျွန်တော် ဘာလို့ ဒီလိုလုပ်ရလဲ ခင်ဗျားတို့ကို ရှင်းပြမယ်..လာပါ..ကျွန်တော့်မှာ ခင်ဗျားတို့သိချင်မယ့် သတင်းတွေလည်း ရှိပါသေးတယ်..လာပါဗျ..လာပါ..တိုက်ထဲမှာ ရမ်နဲ့ဝေးနေမှာပေါ့”
ဂန္ဓမာသောင်းရီနှင့် ထွန်းရင်တို့က ဝင်ထိုင်လိုက်ကြသည်။
စိန်ဓါးမြှောင်က အရက်ကို ငါးခွက်ငှဲ့လိုက်သည်။
“ကဲ..ခင်ဗျားတို့ရဲ့ လမ်းမတော်ဖိုးတုတ်နဲ့ ကိုအုန်းဖေအတွက် ရောပေါ့ဗျာနော့”
အုန်းဖေဆိုသည့်အသံကြားသည်နှင့် ထွန်းရင်က ဆတ်ခနဲဖြစ်သွားပြီး စိန်ဓါးမြှောင်ကို စိုက်ကြည့်နေသည်။
“ကဲ....ခင်ဗျား တို့ မိုက်တာ၊ လူသတ်ရဲတာတွေ ကျွန်တော်သိပါတယ်..ဒါပေမယ့်..တစ်ခါတစ်လေမှာ အခြေအနေနဲ့ အချိန်အခါကို စောင့်ပြီး လုပ်ရတာတွေရှိတယ်ဗျ..ကိုယ် လုပ်ချင်တာကို စိတ်ရှည်ရှည်စောင့်ပြီး သေချာပြီဆိုမှ လုပ်တော့ အမှားအယွင်းနည်းတာပေါ့ဗျာ”
“မင်း ဘာပြောချင်တာလဲ..မြန်မြန်ပြော”
ဂန္ဓမာထံမှ အေးစက်စက်အသံထွက်လာသည်။
“အုန်းဖေ သေတဲ့နေ့က ခင်ဗျားတို့ နှစ်ယောက် ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်ကြတော့မယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် ခင်ဗျားတို့ကို တိုက်ထဲ ထည့်ဖို့ ထောင်ပိုင်ကို ကျုပ်အကြံပေးလိုက်တာပဲ”
“အေး..မင်းလက်ချက္မှန်း ငါတို့သိပါတယ်”
“ကျွန်တော် အဲ့ဒီလို အကြောင်းမဲ့လုပ်တာမဟုတ်ဘူး..ကိုဂန္ဓမာ...ကိုအုန်းဖေက တကယ်အသတ်ခံရတာ မသေချာသေးဘူး၊ သေချာသည်ထားဦး ဘယ်သူသတ်တယ်ဆိုတာ ရှာရဦးမယ်..ခင်ဗျားတို့က နာဂျစ် လုပ်တယ်ဆိုပြီး သွားရမ်းတယ်ထား..မဟုတ်ရင် အလကားနှစ်ဖက်လုံး နာကုန်မယ်..ဟိုကောင်တွေကလည်း သူတို့လုပ်ထားတယ်ဆို သေချာပြင်ဆင်ထားမှာပဲ...အခု တလလောက် ခင်ဗျားတို့ တိုက်ထဲရောက်နေချိန်မှာ ကျွန်တော်လူတွေမွေးပြီး အိပ်ဆောင်က သတင်းတွေနှိုက်ထားတယ်...ကိုအုန်းဖေကို ဘယ်သူသတ်လဲသိပြီ”
“ဘယ်သူသတ်တာလဲ”
“နာဂျစ်မယား ငမြင့်နဲ့ သူခိုးမောင်အေး သတ်တာ”
“ဘာ”
“ဟုတ်တယ်..အုန်းဖေ နဲ့ နာဂျစ် ဆိတ်သားကိစ္စ ငြိနေကြတာကြာပြီမဟုတ်လား။ တလောက အကျဥ်းသားသစ် ဖြူထွန်းကို ပုံစံပြမောင်အေး က ငွေမပေးလို့ ရိုက်တဲ့ကိစ္စ အုန်းဖေကြီးက ဝင်ပါထားတယ်။ အုန်းဖေကြီး ထိုးလို့ မောင်အေး တော်တော်ထိသွားတယ်။ ခင်ဗျားတို့ကျုပ်တို့ မရှိတုန်း၊ အကျဥ်းထောင်ဝန်ထမ်းတွေ လည်း အင်အားနည်းနေတုန်းမှာ ကိုအုန်းဖေ ကိုယ်တိုင် အေကလပ်ဘက် ထမင်းထွက်ပို့တာမြင်လို့ တောင်ယာဘုတ်ဆင်းနေတဲ့ဒီကောင်တွေ အကွက်တွေ့သွားတာ။ တကယ်က ဟိုကောင်နှစ်ကောင်က ထမင်းပို့ပြန်လာတဲ့ အုန်းဖေကို ဝိုင်းရိုက်ပြီးချုပ်ထားချိန် နာဂျစ်က လာပြီး သံချွန် နဲ့ထိုးသတ်မယ်လို့ စီစဥ်တာ။ တကယ်တမ်းကျ အုန်းဖေ နဲ့ မောင်အေး ၊ ငမြင့်တို့ နှစ်ယောက်တစ်ယောက် ချနေကြတုန်း နာဂျစ်က ပေါ်မလာဘူး။ တမင်လူလည်ကျလိုက်တာ။ ဟိုနှစ်ကောင်က အုန်းဖေကြီးကို ကြောက်ကြောက်နဲ့ ဝင်လုံးရင်း မောင်အေးနဲ့ အုန်းဖေ ရေတွင်းပျက်ထဲ ကျသွားတာ။ အုန်းဖေ ဇက်ကြိုးပြီး သေတာပဲ။ မောင်အေး က အပေါ်ကကျတာဆိုတော့ဘာမှ သိပ်မဖြစ်ဘူး။ ငမြင့်က သူ့ကို ရေတွင်းထဲကနေ ဝါးလုံးနဲ့ ပြန်ဆွဲတင်ပြီး အဆောင်မှာ ဟန်မပျက်ပြန်နေခဲ့ကြတာ...”
“ဟာ..ကွာ”
“ကဲ...အခုဆို ခင်ဗျားတို့ တရားခံအစစ်ကို သေချာသိပြီမဟုတ်လား...ဘာလုပ်ချင်ကြလဲ”
ဂန္ဓမာသောင်းရီ က စိန်ဓါးမြှောင်မေးသည်ကိုမဖြေ။
အခန်း၏ ထုတ်တန်းပေါ်သို့ လက်ကို လျှိုနှိုက်လိုက်ပြီး အဝတ်စဖြင့် ပတ်ထားသည့်အရာတစ်ခုကို ထုတ်လိုက်၏။
အဝတ်စကို ဖြည်လိုက်သောအခါ ခွေထားသည့် ချိန်းကြိုးတစ်ချောင်း ကို စိန်ဓါးမြှောင်တွေ့လိုက်ရသည်။
......................................................................................
“ထမင်းပို့ လာပြီဟေ့”
ထမင်းတောင်းလာပို့သည့် နေရာသို့ မောင်အေး က အပြေးအလွှား ရောက်လာသည်။
“ဒီနေ့ အသားဟင်းနေ့နော်...မိုးပျံဆိတ်အရွတ်တွေ..ပဲလားဟေ့”
မောင်အေးက ပြောပြောဆိုဆိုနှင့် ထိုင်ချလိုက်စဥ် ထမင်းပို့သည့် လူက လက်ထဲတွင်ပါသော သံစူးချွန်ဖြင့် မောင်အေး ၏ လည်ပင်းကို စောင့်ထိုးထည့်လိုက်သည်။
မောင်အေးမှာ အသံမထွက်နိုင်ပဲ လည်ပင်းမှ သွေးများပန်းထွက်ကာ လဲကျသွားသည်။
“ဟေ့ကောင်..နာဂျစ်”
ထွန်းရင်က ထမင်းတောင်းထမ်းလာသည့် တံပိုး ကို ဖြုတ်ကာ အော်ခေါ်လိုက်သည်။
ထိုအခါမှ သွေးအိုင်ထဲတွင် လဲကျကာ အသက်ငင်နေသော မောင်အေး နှင့် ထွန်းရင်ကို အားလုံး သတိထားမိသွားသည်။
နာဂျစ်အာရတ် တစ်ဖက်သို့ လှည့်ပြေးလိုက်စဥ် သူ့မျက်နှာအား တစ်စုံတစ်ခုက အရှိန်ဖြင့် ဖြတ်ရိုက်ခြင်းခံလိုက်ရ၏။
ဂန္ဓမာသောင်းရီ ၏ ချိန်းကြိုးရိုက်ချက်ကြောင့် နာဂျစ်မျက်နှာတစ်ခုလုံး ထူပူထွက်သွားသည်။
ထွန်းရင်က ပြေးလာပြီး နာဂျစ်၏ နောက်စေ့ကို တံပိုးဖြင့် ရိုက်ချလိုက်သည်။ သို့သော် နာဂျစ်အာရတ်၏ ပုခုံးကို သာ ထိမှန်သွား၏။
ထိုအချိန်တွင် ငမြင့်က ပေါက်တူးဖြင့် ဂန္ဓမာသောင်းရီ အား ဝင်ခုတ်တော့သည်။
ဂန္ဓမာက ငမြင့် ကို ဝင်လုံးလိုက်ပြီး လည်ပင်ကို ချိန်းကြိုးနှင့်ပတ်ကာ ဆွဲလှဲချလိုက်၏။
ထွန်းရင်က နာဂျစ်အာရတ်ကို တံပိုးဖြင့် လိုက်ရိုက်သည်။ နာဂျစ်က သွေးရူးသွေးတန်းဖြင့် ထောင်ကျဆောင်များဘက်သို့ ထွက်ပြေးသည်။
“ရွှီး”
“ဒိုင်း..ဒိုင်း”
“ဟေ့ကောင်တွေ..အကုန်.လက်ေမြှာက်ထား”
ထိုအချိန်တွင် ထောင်မှူးများနှင့် လက်နက်ကိုင်ထောင်ဝန်ထမ်းများရောက်လာပြီး သေနတ်များပစ်ဖောက်ကြသည်။
ထွန်းရင်က တံပိုးကို ချကာ လက္မြှောက်ထားလိုက်သည်။
ဂန္ဓမာက ချိန်းကြိုးကို ညာဘက် လက်တွင် ပတ်ကာ မတ်တပ်ရပ် လက္မြှောက်ထားလိုက်၏။
သို့သော် ဂန္ဓမာသောင်းရီ ၏ ညာဘက်ခြေထောက်က မြေပြင်တွင်လဲနေသော မောင်မြင့်၏ လည်မြိုကို အားကုန် နင်းထားသည်။
ထောင်ဝန်ထမ်းများ သူတို့ထံ လာနေစဥ် စက္ကန့်ပိုင်းတွင်ပင် မောင်မြင့်မှာ အသက်ထွက်သွားတော့သည်။
....................................................................................
ထောင်တွင်း နှစ်လောင်းပြိုင်လူသတ်မှု ထပ်မံဖြစ်ပွားခဲ့သဖြင့် တစ်ထောင်လုံး တပ်လှန့်ထားသည်။
ဂန္ဓမာသောင်းရီနှင့် ထွန်းရင်တို့ကို ကြိုးတိုက်သို့ ပို့ပြီး တိုက်ပိတ်ထားလိုက်ကြသည်။
နာဂျစ်အာရတ်ကိုလည်း သီးသန့်တိုက်တွင် ချုပ်နှောင်ထားလိုက်၏။
နာဂျစ်အာရတ်အားစစ်ဆေးရာ အုန်းဖေကို သတ်ရန်ကြံစည်ခဲ့ကြောင်းထွက်ဆိုသည်။
လူသတ်မှုများအား ထောင်တွင်းတရားရုံးဖွဲ့စစ်ဆေးပြီး နာဂျစ်အာရတ်အား နှစ်တိုးထောင်ဒဏ် (၅)နှစ်။ ဂန္ဓမာသောင်းရီအား (၇)နှစ်၊ ထွန်းရင် အား (၁ဝ)နှစ် နောက်ထပ် အသီးသီး ပြစ်ဒဏ်များချလိုက်တော့သည်။
ထို့ပြင် ဂန္ဓမာသောင်းရီ နှင့် ထွန်းရင်တို့အား ထောင်ကျကာလတစ်လျှောက်လုံး ကြိုးတိုက်တွင်ပင် နေထိုင်ရန်နှင့် သေဒဏ်သမားများကို ကြိုးပေးရာတွင် အရပ်ပေတိုင်းခြင်း၊ ကြိုးကျစ်ခြင်း၊ ဒေါက်ဖြုတ်ခြင်း၊ အလောင်းထုတ်ခြင်း လုပ်ငန်းများ လုပ်ရန် တာဝန်ပေးလိုက်သည်။
နာဂျစ်အာရတ် ကိုမူ ထောင်ကျကာလတစ်လျှောက်လုံး သီးသန့်တိုက်တွင်သာ ထားရှိလေသည်။
ထောင်တွင်းအဓိကအုပ်စုနှစ်စု၏ ခေါင်းဆောင်များဖြစ်သော ဂန္ဓမာသောင်းရီ နှင့် နာဂျစ်အာရတ်တို့မှာ နောက်ထပ်ထောင်ဒဏ်အသီးသီးနှင့်အတူ တိုက်ထဲတွင်သာ နေရတော့မည်ဖြစ်သည်။
ထောင်တွင်းနှစ်လောင်းပြိုင်လူသတ်မှု အပြီးသတ်စီရင်ချက်များချပြီးသည့် ၁၉၄၉ သြဂုတ်လ ၂ဝရက်နေ့။
ရန်ကုန်မိုးက တသဲသဲရွာနေသည်။
ထောင်တွင်းတရားရုံးမှ စီရင်ချက်ပြီးသဖြင့် ထောင်ပိုင်ကြီး သည် ရုံးခန်းသို့ ပြန်လာကာ ကော်ဖီတစ်ခွက်သောက်နေလေသည်။
ထိုအချိန်တွင် စစ်သုံးမိုးကာကို ခြုံထားသော လူတစ်ဦး က ထောင်ပိုင်ကြီး ဦးဘိုကြည် အခန်းတွင်းသို့ ဝင်လာသည်။
ထိုသူကို ထောင်ပိုင်ကြီးက ပြုံးပြလိုက်၏။
“ကဲ...ထောင်ပိုင်ကြီး....နောက်ဆို ကော်ဖီအေးအေးဆေးဆေးသောက်လို့ရပြီပေါ့...ရန်ကုန်ထောင်ကြီးထဲ ဘာပြဿနာမှ စိုးရိမ်စရာမလိုတော့ဘူး..ထောင်ကြီးထဲက ပြဿနာခဲတွေကို သူ့နည်း သူ့ဟန်နဲ့ ကျွန်တော်ရှင်းပေးလိုက်ပြီ... အခု ကျွန်တော့်ကိုပေးထားတဲ့ကတိတည်စေမယ်မဟုတ်လား”
ထောင်ပိုင်ကြီးက ကော်ဖီကို ဖြည်းဖြည်းချင်း သောက်လိုက်ရင်း...
“ငါ ကတိတည်ပါတယ်ကွာ...ရန်ကုန်ထောင်ကြီးရဲ့ တန်စီးချုပ်နေရာဟာ မင်းကလွဲပြီး ဘယ်သူ့အတွက် ရှိဦးမှာလဲ..စိန်ဓါးမြှောင်ရ...ရန်ကုန်ထောင်ကြီးရဲ့ မန္တလေးသားတန်းစီးချုပ်ပေါ့ကွာ”
စိန်ဓါးမြှောင်က ပြုံးလိုက်သည်။
“အင်း..ရန်ကုန်သားတွေ... တယ်အ ကြတာပဲကိုး..ထောင်ပိုင်ကြီးရ”
ခက်ဇော်
အပိုင်း(၁၉)
August 22 မျှော်
👍👍
ReplyDeleteDone ✅
ReplyDeleteDone 🍀
ReplyDeleteHoping to read next chapter!
ReplyDeleteClicked 💫
ReplyDeleteDone 💪
ReplyDelete🐝
ReplyDeleteDone
ReplyDelete