The Guys From Mandalay,1950s အခန်း(၁၃)

The Guys From Mandalay,1950s
အခန်း(၁၃)
................
၁၉၄၄ ခုနှစ်၏ နောက်ဆုံးလများ။

မဟာမိတ်တို့၏ လေယာဥ်များက မြန်မာပြည်ကောင်းကင်တွင် ပြန်လည်စိုးမိုးလာကြပြီ။

စိန်ဓါးမြှောင်၏ အဖွဲ့သားများက စိန်ဓါးမြှောင်ကို လမ်းမှဖြတ်လုခြင်း၊ ရှိန်းမကားဂါတ်တဲကို ဝင်စီးခြင်းများ ပြုလုပ်ခဲ့သော်လည်း ဂျပန့်ခေတ် မြန်မာအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့များ မှာ လိုက်လံဖမ်းဆီးရန် လက်လှမ်းမမှီကြပေ။

အဘယ်ကြောင့်ဆိုသော် စစ်ပွဲကား မြန်မာမြေအထက်ပိုင်းဆီသို့ ဒုတိယံမိဝင်ရောက်လာသောကြောင့်ဖြစ်သည်။

 အမေရိကန် ဗြိတိန်လေယာဉ်တို့က မြန်မာပြည်ရှိ ဂျပန်တပ်များအခြေစိုက်ရာ မြို့ကြီးတိုင်းသို့ ဗုံးမိုးရွာချသည်။

မီးလောင်ဗုံး၊ မြေရှပ်ဗုံးစသည့် ခေတ်မီဗုံးတို့ကြောင့် မ
၁၉၄၄ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အမှတ် ၁၁ ဗြိတိသျှအရှေ့အာဖရိကတပ်မသည် ကလေးဝမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုကာလအတွင်း စိန်ဓါးမြှောင်အဖွဲ့သည် နှစ်ကြိမ်တိုင်တိုင်စုစည်းကာ ဓါးပြတိုက်ခဲ့ကြသည်။

ရွှေဘိုမြို့၊ ဂျပန်စစ်တပ်အဝယ်တော်ပွဲစားကြီးအိမ်ဓါးပြမှုတွင် စိန်ဓါးမြှောင်က အစီအစဉ်ဆွဲပေးပြီး ဘမောင်၊ လှမောင်၊မနှင်းတို့ ခေါင်းဆောင်ကာ ရှင်လှမှ ဝါဆို၊ဝါပို၊ သဲကျွန်းမှ ခင်မောင်၊ သီဟ တို့ ပါဝင်ခဲ့သည်။

ဂျပန်ငွေ တစ်သိန်းကျော်နှင့် အင်္ဂလိပ်ရူပီးငွေ ခြောက်ထောင်၊ ရွှေနှစ်ကျပ်သား၊ နှစ်လုံးပြူးသေနတ်တစ်လက် ရရှိခဲ့၏။
ငါန်းဇွန်းမှ လယ်ပိုင်ရှင်ဦီးသာအိမ် ဓါးပြမှုတွင် ငန်းနက် နှင့် ခါလေး က ခေါင်းဆောင်ပြီး ဘချစ်၊ ထွန်းတင်၊ ကြင်အေး၊ ဝင်းမောင်၊ မောင်တင် တို့ ပါဝင်ခဲ့သည်။

ထိုဓါးပြမှုမှ အပြန်လမ်းတွင် အင်ဖာတိုက်ပွဲမှ ပြန်လည်ဆုတ်ခွာကာ စခန်းချနေသော ဂျပန်လက်နက်ခဲယမ်းတပ်ရင်းဆီ မှ လက်ပစ်ဗုံးတစ်သေတ္တာကို ဝင်းမောင်က ဝင်ရောက်ခိုးယူလာနိုင်ခဲ့၏။

တိုက်ရာပါများကို ဧရာဝတီမြစ်လယ်မြေနုကျွန်းပေါ်တွင် စခန်းချထားသော စိန်ဓါးမြှောင်၏ ဌာနချုပ်သို့ အားလုံး ယူလာရသည်။
မြေနုကျွန်းပေါ်ရှိ သစ်ပင်ကြီးများ၊ ခြုံပုပ်များအောက်တွင် စိန်ဓါးမြှောင်၏ အခြေစိုက်စခန်းကား စစ်နှင့်အတူ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
စိန်ဓါးမြှောင်က ဓါးပြအဖွဲ့ ဗဟိုဦးစီးစနစ်ကို ချမှတ်ပြီး လက်အောက်တွင် နယ်မြေအလိုက် ခေါင်းဆောင်များကို ဒေသမှူးရာထူးအခေါ်ဖြင့် ခန့်အပ်တာဝန်ပေးသည်။

မန္တလေးတွင် ကြင်အေး၊ စစ်ကိုင်းတွင် ငရုတ်သီးဘရင်၊ မင်းကွန်းဘက်တစ်ကြောတွင် ငန်းနက်၊ မတ္တရာတွင် ဘမောင်၊ ရွှေဘိုတွင် လှမောင်၊ ရှိန်းမကား-ဝက်လက်တွင် ဝါဆိုဝါပိုညီအကို တို့က အသီးသီးခေါင်းဆောင်ပြီး အင်အားအသစ်များလည်း စုစည်းထားကြသည်။
လိုအပ်လျှင် လူအင်အား ရာနှင့်ချီ စုစည်းနိုင်သည့်အနေအထားပင် ဖြစ်လာ၏။

စိန်ဓါးမြှောင်က ဓါးပြတိုက်မည့်နေရာ၊ အချိန်၊ အစီအစဉ်ကို ရေးဆွဲပြီး ညွှန်ကြားသည်။
တိုက်ခိုက်ရေးအဖွဲ့များတွင်ပါဝင်မည့် လူအင်အားနှင့် လက်နက်များကို ငန်းနက်က စီမံခန့်ခွဲသည်။

ခါလေး က ဖြန့်ကျက်ထားသောအဖွဲ့များကို စုစည်းရေး၊ဆက်သွယ်ရေးနှင့် တိုက်ရာပါများဝေစုခွဲခြမ်းရေးတွင် တာဝန်ယူသည်။
ဓါးပြတို့ ဘန်းစကားဖြင့် စီးသည် ဟု ခေါ်သည့် တိုက်မည့်နေရာ အဝင်အထွက်၊ပတ်ဝန်းကျင်အနေအထားတို့ကို လေ့လာခြင်းနှင့် တိုက်ရာပါပစ္စည်းများထုခွဲရာတွင် မြကြည်၊အနှင်း၊ငရုတ်သီးဘရင်တို့က ချိတ်ဆက်ဆောင်ရွက်ကြ၏။

အချို့ အကြီးစားဓါးပြမှုများတွင် စိန်ဓါးမြှောင်ကိုယ်တိုင်ဦးဆောင်သည်။
လက်နက်များမှာလည်း စတင်းဂန်း ဆယ့်တစ်လက်၊ ဘရင်းဂန်းစက်သေနတ် ငါးလက်၊ တော်မီဂန်း လေးလက်၊ ရိုင်ဖယ် ဆယ်ငါးလက်၊ နှစ်လုံးပြူးနှစ်လက်၊ ခြောက်လုံးပြူးလေးလက်၊ လက်ပစ်ဗုံးအလုံး (၃၀၀) နှင့် ကျည်ဆံများစွာကို မြေနုကျွန်းပေါ်နှင့် နယ်အဖွဲ့ခွဲများထံတွင် ဖြန့်ကျက်စုဆောင်းထားနိုင်ခဲ့သည်။
၁၉၄၅ ခုနှစ်အတွင်း အင်္ဂလိပ်နှင့် ဂျပန် စစ်ပွဲများကြား ပလူပျံနေသော လက်နက်များ၊ စစ်ပွဲကာလ ဦးတည်ရာမဲ့နေသော လူငယ်အချို့တို့ဖြင့် စိန်ဓါးမြှောင်ဂိုဏ်းမှာ စစ်တပ်ငယ်တစ်ခုကဲ့သို့ အင်အားကြီးထွားလာပြီဖြစ်သည်။

အထက်မြန်မာပြည်စစ်မျက်နှာ၊ မန္တလေးတိုင်းမှူးကြီး ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၅ မတ်လတွင် ဖက်ဆစ်တော်လှန်းရေးကို အောက်မြန်မာနိုင်ငံထက် စောပြီး စတင်လိုက်သဖြင့်လည်း အခြေအနေမှာ ပိုမိုရှုပ်ထွေးနေသည်။

ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ ဘီအိုင်အေတပ်များမှာ ဂျပန်တော်လှန်ရေးစတင်ရန် စီစဉ်ဆဲဖြစ်သဖြင့် ထိုအစီအစဉ်ကို မထိခိုက်စေရန် ဗိုလ်မှူးကြီးဗထူးက ဘီအိုင်အေခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အဓိပတိဒေါက်တာဘမော်တို့ကိုပါ ဂျပန်နှင့်အတူ တော်လှန်ကြောင်း ဟန်ပြကြေညာရသည်။

မတ်လ ၉ ရက်နေ့တွင် ဗိုလ်မှူးဗထူး အခြေပြုနေသော ရန်ကင်းတောင်ကို ဂျပန်တပ်များဝိုင်းထားသည့်ကြားမှာ ထိုးဖောက်ထွက်ခဲ့သည်။
အထက်မြန်မာပြည်တစ်ခွင်တွင် အင်္ဂလိပ်တပ်၊ အမေရိကန်တပ်၊ဂျပန်တပ်၊ ချန်ကေရှိန်၏ အမှတ်(၁၁)တရုတ်တပ်မတော်စု၊ ဗိုလ်မှူးဗထူး၏ တောင်လှန်သောဘီအိုင်အေ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မတော်လှန်ချင်ယောင်ဆောင်ထားသေးသော အောက်မြန်မာပြည်ဘီအိုင်အေ စသည်တို့ဖြင့် ရှုပ်ထွေးနေ တော့သည်။

၁၉၄၅ မတ်လ ၆ ရက်နေ့ တွင် ဗြိတိသျှ အမှတ်(၁၉)အိန္ဒိယတပ်မက ချောင်းမကြီးတောင်ဘက်ရှိ ဂျပန်ခံတပ်ကို ချေမှုန်းပြီး မတ္တရာမြို့ကို သိမ်းပိုက်လိုက်သည်။
စိန်ဓါးမြှောင် ကား တပည့်အချို့နှင့်အတူ မြေနုကျွန်းပေါ်တွင် ရွာငယ်တစ်ရွာကဲ့သို့ ဖန်တီးကာနေထိုင်ရင်း တိုင်းရေးပြည်ရေးကို စောင့်ကြည့်နေသည်။

၁၉၄၅ မတ်လ ၉ ရက်နေ့တွင် အမှတ်(၆၄)၊ အမှတ်(၉၈) ဘရီဂိတ်ဗြိတိသျှတပ်တို့သည် မန္တလေးသို့ ဝင်ရောက်လာသည်။
ဂျပန်တပ်များကား မန္တလေးတောင်ပေါ်နှင့် နန်းတွင်းတွင် အခိုင်အမာတပ်စွဲထားပြီး မန္တလေးပတ်ဝန်းကျင်တွင် အဖွဲ့ငယ်လေးများအဖြစ် လှည့်လည်ခုခံနေသည်။

မန္တလေးတောင်ပေါ်ရှိ ဘုရားတန်ဆောင်းများတွင်လည်း ဂျပန်စစ်တပ်က စက်သေနတ်များ တပ်ဆင်ကာ တောင်ပေါ်တက်လာသည့် ဂေါ်ရခါးစစ်တပ်များအား ကျည်ဆံစတုဒီသာများပေးဝေလျက်ရှိသည်။
ဂေါ်ရခါးတပ်များကလည်း တောင်းခန်းပန်းများကို ဗုံးချခြင်း၊  တော်မီဂန်းများဖြင့် ပစ်ခြင်းတို့ဖြင့် ဂျပန်တို့၏ စတုဒီသာအလှူကို ဝမ်းမြောက်ဝမ်းသာ သာဓု ပြန်ခေါ်ကြသည်။

နိပွန်မာစတာတို့ ခေတ္တနန်းစံနေကြသည့် မန္တလေးနန်းတော်ကြီးကိုလည်း အင်္ဂလိပ်-အမေရိကန် မဟာမိတ် ဘီ (၂၅) မစ်ချယ်ဗုံးကြဲလေယာဉ်များက ပေါက္ခရဝဿ ပေါင် (၂၀၀၀)ဗုံးမိုးကြီးများ သွန်းဖြိုးကြဲကြသည်။
မြေပြင်မှလည်း ပေါင်(၅၀၀)အမြောက်ကြီးများဖြင့် ခြိမ့်ခြိမ့်သဲဝန်းရံကြသည်။

မတ်လ ၂၁ ရက်နေ့ နံနက်တွင် အင်္ဂလိပ် ၊ ဂျပန်တို့၏ ကောင်းမှုအစုစုကြောင့် မီးလောင်ပြင်ငုတ်တိုနှင့် ပြာပုံသာ ကျန်ရှာသော ရတနာပုံရွှေနန်းတော်ကြီးဆီမှ အလံဖြူများနှင့် ယူနီယံဂျက်အလံများ တက်လာကြတော့သည်။

မန္တလေးမှ ဂျပန်တပ်များ လုံးဝဆုတ်ခွာသွားပြီဖြစ်ကြောင်း ကြေငြာသည်။
ထိုသတင်းကြားသည်နှင့် စိန်ဓါးမြှောင်က သူ့လက်အောက်ရှိ သက်ဆိုင်ရာနယ်မြေဓါးပြခေါင်းဆောင်များကို မြေနုကျွန်းဌာနချုပ်ပေါ်သို့ ဆင့်ခေါ်လိုက်သည်။

ဧရာဝတီမြစ်ပေါ်တွင် မဟာမိတ်လေယာဉ်များ ဝဲပျံနေသည့်ကြားမှ စိန်ဓါးမြှောင်အဖွဲ့သားများမှာ မြစ်လယ် မြေနုကျွန်းဆီသို့ ရောက်လာကြသည်။

မြေနုကျွန်းစခန်းတွင် စစ်ပွဲအရှိန်စတင်ပြင်းထန်ကတည်းက စိန်ဓါးမြှောင်နှင့် တပည့်အချို့မှာ ရွာငယ်လေးအသွင်ယူကာ ဝါးတဲများဆောက်ပြီး နေထိုင်ကြသည်။
လက်နက်များကိုလည်း ထိုနေရာတွင်ပင် သိုလှောင်ထားကြ၏၊

အစည်းအဝေး စလေပြီ။
“ဂျပန်တော့ မန္တလေးက ထွက်သွားပြီ၊ စစ်ကြီးကလည်း မကြာခင်ပြီးဖို့ သေချာနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့ကတော့ အောက်ဘက်မှာ အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကို တိုက်နေပြီကြားတယ်။ ဓါးပြဆိုတာ နိုင်ငံရေးကိုလည်း တီးမိခေါက်မိထားမှ သက်ဆိုးရှည်မှာ။ဒါကြောင့် အားလုံးနားတွေ စွင့်ထား။ လွတ်လပ်ရေးပေးလို့ ဗမာတွေပဲ အစိုးရဖြစ်ဖြစ်၊ အင်္ဂလိပ်ပဲပြန်လာလာ စစ်အတွင်းကလိုမဟုတ်ပဲ အုပ်ချုပ်ရေးတည်တည်ငြိမ်ငြိမ် ဖြစ်လာတော့မှာတော့ အသေအချာပဲ၊ အခု ငါတို့ ဂျပန်ခေတ်က ရလာတဲ့ ဂျပန်ပိုက်ဆံတွေကလည်း သုံးစားမရတော့မှာ သေချာတယ်။ ငွေကြေးစနစ် မတည်ငြိမ်ချိန်မှာ ဓါးပြတိုက်ခဲ့သမျှ အလကားပဲ ဆိုတာ မင်းတို့ သင်ခန်းစာယူကွ၊ ဒီတော့ အစိုးရတစ်ရပ်နဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်လာတဲ့အထိ စောင့်ရမယ်။ နိုင်ငံရေးအခြေအနေတွေကို စောင့်ကြည့်ရင်း အလုပ်တွေ ခဏနားကြမယ်။ ငွေကြေးအာမခံချက်ပေးနိုင်တဲ့ အစိုးရမျိုး အတည်ဖြစ်ပြီဆိုမှ ဓါးပြတိုက်ဖို့ စကြတာပေါ့။ ဒီတော့ ငါတို့ မန္တလေးမှာ ပြန်အခြေချဖို့ ပြင်ဆင်ရမယ်”

“ကျွန်မတို့ကရော ဘယ်လိုလုပ်ရမလဲ..ဆရာကြီး”

အနှင်းက မေးလိုက်သည်။

“ဟဲ့ ကောင်မလေး...နင်လည်း လင်ပေါင်းမှားပြီး ဓါးပြပတ်တိုက်နေရတာကို ပျော်မနေနဲ့.. မန္တလေးကို လိုက်ခဲ့..လှမောင် နဲ့ ဘမောင် လည်း ငါနဲ့လိုက်ခဲ့...မင်းတို့ကို ငါလိုတယ်”

“ကျွန်တော်တို့ကရော ဘာလုပ်ရမလဲ..အကိုကြီး”

"ငန်းနက်ကတော့ အရင်လိုပဲ ဒီကျွန်းပေါ်မှာလက်နက်တွေကို စောင့်ရင်း ဘချစ်တို့၊ မိကွန်တို့နဲ့နေခဲ့။ လိုအပ်ရင်လူစုလိုက်မယ်။ ငရုတ်သီးဘရင် က စစ်ကိုင်းဘက်မှာ အိမ်တစ်လုံးဝယ်ပြီး ဟန်ပြစီးပွားရေးတစ်ခုလုပ်နေ။ ဝါဆိုဝါပိုက ရှိန်းမကားဘက်က လူသစ်တွေကို အုပ်စီးထား၊ ထွန်းခင်၊ ခါလေး၊ ကြင်အေးတို့အုပ်စုနဲ့ ငါနဲ့ မန္တလေးမှာ ရှိနေမယ်။ မန္တလေးခေတ်ကောင်းပြီး ပြန်စည်ကားရင် အဲ့ဒီမှာ ပွဲကြီးတွေချမယ်။  ခေတ်ပျက်မှ တိုက်တဲ့ဓါးပြဆိုတာသိက္ခာကျတယ်ကွ”
......................................................................

၁၉၄၅ ဇူလိုင်လ။
သုံးနှစ်တာကာလ စစ်ဘေးကြားမှ မန္တလေးသည် ပြန်လည်စည်ကားလာခဲ့ပြီဖြစ်သည်။

စစ်ကာလအတွင်းက မန္တလေးတွင် အိမ်ခြေပေါင်း ၂၂,၀၀၀ ရှိခဲ့ရာမှ စစ်အတွင်းတွင် အိမ်ပေါင်း ၂၀၀၀၀ ခန့်ပျက်စီးသွားခဲ့သည်။

မန္တလေးမြို့အတွင်း ပြန်လည်ဝင်ရောက်လာကြသော လူပေါင်း တစ်သိန်းခန့်မှာ နေစရာအိမ်များမရှိတော့သဖြင့် ဘုန်းကြီးကျောင်းနှင့် ဘုရားစေတီများသာလျှင် မှီခိုနေစရာရှိတော့၏။

မဟာမုနိဘုရားကြီး၏ စောင်းတန်းနှစ်သွယ်၊ တောင်ပြင်ငါးစို့ကျောင်း၊ ရွှေရေးဆောင်တိုက်ကျောင်း၊ မြတောင်ရွေကျောင်း၊ တောင်ခွင်ကျောင်း၊ အကောက်ဝန်ကျောင်း၊ သင်္ဃဇာကျောင်း၊ ယောအတွင်းဝန်ကျောင်း၊ စလင်းကျောင်း၊ မိုးထိကျောင်း၊ စံကျောင်းတိုက်ကျောင်း၊ တောင်ပြင်မှန်ကျောင်း၊ပဌာန်းဇရပ်တော်ကြီး၊ သုဓမ္မာဇရပ်တော်ကြီး တို့မှာ ဗုံးဒဏ်အမြှောက်ဒဏ်တို့ကြောင့် ပျက်စီးကုန်ကြသဖြင့် ပြည်သူတို့၏ နေရေးမှာ ပိုမိုခက်ခဲနေသည်။

မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ကာ အိမ်ဆောက်လုပ်ရန်လည်း ငွေကြေးအခြေအနေ၊ ဆောက်လုပ်ပေးမည့် လုပ်သားရှားပါးသည့်အခြေအနေကြောင့် မည်သူမျှ မဆောက်လုပ်နိုင်ကြ။
မြို့တွင်းရှိ မပျက်စီးသည့် အိမ်များ၏ ပိုင်ရှင်များကလည်း အိမ်ငှားခများကို အဆမတန်တောင်းဆိုနေကြသည်။

မတ်လ ၂၁ ရက်နေ့ကတည်းက စတင်ခဲ့သည့် မဟာမိတ်တို့၏ စစ်အုပ်ချုပ်ရေးဌာနကလည်း စားသောက်ကုန်ဈေးနှုန်းများကို ကန့်သတ်လိုက်သဖြင့် ကုန်စည်ရောင်းဝယ်မှုမှာလည်း မဖွံဖြိုးပဲ ရှိနေ၏။

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အရှေ့တောင်အာရှတောင်ပိုင်းစစ်သေနာပတိချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန်က မြန်မာပြည်စစ်အုပ်ချုပ်ရေးရပ်စဲသည့်အကြောင်းကို ကြေငြာသည်။

အောက်တိုဘာ ၁၁ ရက်နေ့တွင် စစ်နိုင်သည့် အင်္ဂလိပ်အစိုးရက မန္တလေးမြို့တွင် မြို့ပြအုပ်ချုပ်ရေးကို စတင်တည်ထောင်သည်။
လွတ်လပ်သောမြန်မာပြည်၏အစိုးရသစ်ဖြစ်လာရန် အားကောင်းနေသည့် ဖဆပလအဖွဲ့က မြန်မာနိုင်ငံသစ် စီမံဖန်တီးရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး မန္တလေးနှင့် ပြည်မြို့ကို စတင်ထူထောင်ရန် ကြံရွယ်ခဲ့သည်။

၁၉၄၅ ဒီဇင်ဘာတွင် မြန်မာနိုင်ငံသစ်စီမံဖန်တီးရေးအဖွဲ့ကိုယ်စားလှယ်အဖြစ် မေဂျာမာရှယ်နှင့် မေဂျာဘရောင်း တို့ နှင့် မန္တလေးမြို့မှ မြို့မိမြို့ဖ၊ ရဟန်းသံဃာများ၊ အမျိုးသမီးများ၊ ကျောင်းသားများသည် မန္တလေးနေသူရိန်ရုံကြီးတွင် ခေတ်မီမန္တလေးမြို့တည်ထောင်ရေးဆုံးဖြတ်ချက်များ ချမှတ်ကြသည်။
အစည်းအဝေးတွင် အစိုးရဗိသုကာကြီးများဖြစ်သော မစ္စတာဘွတ်ရှ်နှင့် ဦးအုန်းသန်းတို့လည်း မန္တလေးသို့ ရောက်လာကြပြီး ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မန္တလေးမြို့တော်သစ်ဖန်တီးရေးအတွက် ယာယီစီမံကိန်းများ ကို ရှင်းပြခဲ့သည်။

ဗြိတိသျှတို့၏ မြို့ပြအုပ်ချုပ်ရေးနှင့်အတူ ယခင် ပုလိပ်အမှုထမ်းများသည်လည်း မန္တလေးတွင် ပြန်လည်တာဝန် ထမ်းဆောင်ကြပြီဖြစ်သည်။

စစ်၏သားကောင် မန္တလေးကား ပြာပုံထဲမှ ရုန်းကန်ရှင်သန်လာမည့် ဖီးနစ်ငှက်အဖြစ် အားယူနေပြီဖြစ်သည်။

သို့သော်ငြား............
မြန်မာပြည်သို့ ပြန်ဝင်လာသည့် ဗြိတိသျှအစိုးရ၏ ဘုရင်ခံ ဆာဒေါ်မန်စမစ်၏ စက္ကူဖြူစီမံကိန်း၊ ပြည်ထဲရေးဝန်ကြီးဆာပေါ်ထွန်း၏ တော်လှန်ရေးခေါင်းဆောင်များကို နှိပ်ကွပ်သတ်ဖြတ်မှုများကြောင့် ၁၉၄၆ ဇန်နဝါရီလတွင် နိုင်ငံရေးမတည်မငြိမ်မှုများပေါ်ပေါက်လာခဲ့သည်။
ခေတ်မီမန္တလေးစီမံကိန်းသည်လည်း ရွှေပြည်တော် မျှော်တိုင်းဝေး အဖြစ်နှင့် ဆိုင်းငံ့လိုက်ရတော့၏။
........................................................................................

၁၉၄၆ မလေ။
စိန်ဓါးမြှောင်၊ဘမောင်၊လှမောင်၊ ခါလေး တို့သည် မန္တလေးသို့ ရောက်လာကြသည်။

ဂေါဝိန်ဆိပ်မှ အထွက် အေလမ်း တွင် လမ်းဗိုလ် ကပြားအရာရှိတစ်ဦး က ကြီးကြပ်လျက် မြန်မာကူလီများက ကတ္တရားစေးပြားများကို လိုက်ကပ်ကာ လမ်းများကို ပြင်ဆင်နေသည်။

“ဆရာကြီးရေ...အင်္ဂလိပ်ကတော့လမ်းတွေပြင်နေပြန်ပြီဗျိုး”
“အေး..နောက်တစ်ခါ ဗုံးကြဲလို့ကောင်းအောင်နေမှာပေါ့ကွာ”

စိန်ဓါးမြှောင် ပြန်ဖြေလိုက်သောအဖြေကြောင့် မေးခွန်းရှင် ဘမောင် က တဟားဟားအော်ရယ်သည်။

လမ်းပြင်နေသဖြင့် စိန်ဓါးမြှောင်တို့က လမ်းဘေးမှ ကပ်လျှောက်သွားသည်။

ထိုအချိန်တွင် ဆူဆူညံညံအသံများကြားရသည့်အတွက် စိန်ဓါးမြှောင်၊ဘမောင်၊လှမောင်၊ ခါလေးတို့က က အသံကြားရာဆီလှည့်ကြည့်လိုက်သည်။

ကားတစ်စီးဆိုက်လာြခင်းဖြစ်ပြီး ထိုကားထံသို့ လမ်းဗိုလ်ကပြားအပါအဝင် ကျန်သူများ အပြေးအလွှားပြေးသွားကြသည်ကို တွေ့ရသည်။
စိန်ဓါးမြှောင်က အခြေအနေကို စူးစမ်းသည်။

ကားပေါ်မှ ဆင်းလာသူကား ခမ်းနားလှသည်။
စစ်ဘေးစစ်ဒဏ်ကြောင့် နွမ်းပါးလှသည့်သူများအကြား သူကား တခမ်းတနား။
အဖြူရောင်ဥရောပဝတ်စုံ နှင့်။ ရွှေရောင်ကိုင်းတပ်စီးကရက်ကို ဟန်ပါပါခဲထား၏။

လမ်းဗိုလ်ကိုယ်တိုင်က အပြေးအလွှားခယနေသဖြင့် ကျန်အလုပ်သမားများကလည်း နေပူကြဲတဲတွင် လမ်းခင်းနေရာမှ ကြောက်လန့်တကြားဖြစ်ကုန်ကြသည်။
ထိုသူက အလုပ်သမားများနှင့် လမ်းအခြေအနေကိုကြည့်ကာ လမ်းဗိုလ်အား ဆူပူအော်ဟစ်နေသည်။

“အဲ့ဒါက ဘယ်သူလဲဗျ..ဝေလမင်းသားများလား”

စိန်ဓါးမြှောင်က လမ်းဘေးတွင် ကျောက်သယ်နေသော မြန်မာအလုပ်သမားတစ်ဦးကို မေးလိုက်သည်။

“ဘယ်ကသာဗျာ....လမ်းကန်ထရိုက်ရထားတဲ့ ကပြားကောင်လေ..မန္တလေးက လမ်းအတော်များများကို အစိုးရဆီက ကန်ထရိုက်ရထားတာ..မစ္စတာစတက်ဖင်တဲ့ဗျ...စစ်ကြီးပြီးလို့ သူများတွေ ငတ်နေချိန်မှာ သူက အစိုးရနဲ့ အဆင်ပြေ အလုပ်တွေ အများကြီးရနေတဲ့ ကန်ထရိုက်ပေါ့.ကျုပ်တို့ လမ်းလုပ်သားတွေအတွက်တော့ ခင်ဗျားပြောသလို ဝေလမင်းသားပေါ့ဗျာ..အဟက်”

“..နို့ ..သူက ကန်ထရိုက်ဆိုတော့ သူ့အလုပ်သူလုပ်မှာပေါ့ဗျ..ခင်ဗျားတို့က သူ့ကြည့်မရဘူးလား”

“အင်း..အဲ့လိုလည်းတော့မဟုတ်ပါဘူး..ကျွန်တော်တို့က နေပူထဲ ဒီလို ပူပူလောင်လောင်ဆင်းဆင်းရဲရဲလုပ်နေရတော့..အေးအေးဆေးဆေးစတိုင်ကျကျနဲ့ ငွေရတဲ့သူ့ကို မနာလိုမိတာပါလေ”

“မနာလိုရအောင် သူက အတော်ချမ်းသာသလားဗျ”

“အာ..စစ်ပြီးခါစ မန္တလေးမှာ ဒီလူအချမ်းသာဆုံးဖြစ်လိမ့်မယ်။ မစိုးရိမ်ဒါယကာဦီးသက်ရှည်တို့၊ဦီးကျော်တို့ ချမ်းသာတာလောက်တော့ သူက ဒီအချိန်အပျော့ပြောမှာပဲ”

“နို့.သူက ဂလောက်ချမ်းသာတာလား..ကိုယ့်လူရဲ့”

“ခက်ပ..ငါ့လူနှယ့်...ပုလိပ်ဘက်ကများလား..သူချမ်းသာတော့ရော..ဘာလုပ်ဖို့တုန်း”

“အော်..ဘာရယ်..မဟုတ်ပါဘူး..အဲ့ဒီဝေလမင်းသားကို ဓါးပြတိုက်ရကောင်းမလားလို့ပါ”

“ဘာရယ်”

ရုတ်တရက် အံဩသွားသည့် လမ်းလုပ်သား၏ အမေးကို စိန်ဓါးမြှောင်က ပြန်မဖြေပဲ ခပ်ပြုံးပြုံးဖြင့် လှည့်ထွက်သွားသည်။

ထို့နောက် ကြင်အေးနှင့် ချိန်းဆိုထားသော အရှေ့ပြင်နန်းဦးကျောင်းသို့သွားရန် ဖြတ်လာသော မြင်းရထားကို ငှားလိုက်သည်။

ကြင်အေးသည် စိန်ဓါးမြှောင်၏ ညွှန်ကြားချက်အရ အရှေ့ပြင်နန်းဦးဘုန်းကြီးကျောင်းတွင် ရဟန်းတစ်ပါးအဖြစ် ဝတ်ဆင်ကာ အာဂန္တုအဖြစ် ကြိုတင်ရောက်နှင့်နေသည်။

စစ်ပြီးကာလဖြစ်သည့်အတွက် ကျောင်းတိုက်သံဃာများမှာ စုစည်းမရသည့်အပြင် မြန်မာပြည်အရပ်ရပ်မှ သံဃာများမှာ ပြန့်ကျဲနေသည်ကြောင့် ဆရာတော်မှာ ကြင်အေးကို တကယ့်ရဟန်းအစစ်ဟုသာ မှတ်ယူကာ ကျောင်းတွင်နေခွင့်ပြုထားလေသည်။

စိန်ဓါးမြှောင်၊ လှမောင်၊ ဘမောင်၊ ခါလေးတို့သည် ပခုက္ကူနယ်မှ အလုပ်ရှာလာကြသူများအဖြစ် ဆရာတော်ကို ဝင်ရောက်လျှောက်ထားကာ အရှေ့ပြင်နန်းဦးဘုန်းကြီးကျောင်းတွင် တည်းခိုနေကြသည်။

ကျောင်းတိုက်အတွင်း ရှိနှင့်ပြီးဖြစ်သော  ဦးကိတ္တိ တဖြစ်လဲ ကြင်အေးက တည်ခိုသောကျောင်းဆောင်သို့ ရောက်လာကာ ညနေချမ်းအခါတွင် ဆရာဒကာများ တရားဓမ္မရေးရာကို တိုင်ပင်ဆွေး‌နွေးကြသည်။
အမှန်တကယ်ကား မန္တလေးတွင် စိန်ဓါးမြှောင်ဓါးပြဂိုဏ်းအခြေချရန် ကြိုတင်စည်းဝေးနေကြခြင်းပင်ဖြစ်၏။

အစည်းအဝေးတွင် လူစုံတက်စုံပါဝင်ပြီး ခါလေးတစ်ယောက်သာ ညစာသွားရှာဝယ်နေသည်။

“ဒကာကြီး မဂ္ဂင်လမ်း ဖောက်ဖို့ရာ ဘယ့်နှယ့်တွေးထားတုန်း”

“တင်ပ.ပထမဆုံး.အနီးဆုံးစခန်းက သွားရမယ်တဲ့ဘုရား.မေမြို့နားက ဟာပေါ့..ကပြားကောင်ပါ..စတက်ဖင် လို့ ခေါ်တဲ့..လမ်းကန်ထရိုက်ပေါ့..မဂ္ဂင်လမ်းကတော့ အဲ့ဒီ စတက်ဖင်ပါပဲ.. အရှင်ဘုရားအလုပ်က. ဘယ်လိုနေနေ အတ္တာဟိ အတ္တာနောနဲ့ ဖောက်ရမှာပါပဲ.. ”

“စတက်ဖင်နော်..ဒကာကြီး...ဦးဇင်းရအောင် ဖောက်ပေးပါ့မယ်”

“တင်ပ.နောက်ထပ်က ဦးဇင်းကို လျှောက်ထားဖူးတဲ့ မြစ်လယ်က စကြာလက်နက်တွေ ရွေ့ဖို့ ကိစ္စပါ”

“အင်း..ဒကာကြီးအလို ကို ဦီးဇင်း က ဖြစ်အောင် လုပ်ပေးရမှာပါပဲ...အဲ့ဒီးအတွက်မြောက်အိုးဘိုးကျောင်းမှာ ဦးဇင်းလူတွေထည့်ထားပြီးပြီ...ဒီထက် ပိုပြီး လုံခြုံပါတယ်”

သင်္ကန်းခြုံထားသော ကြင်အေးက ပြန်လည်ထွက်ခွာသွားသည်။

စိန်ဓါးမြှောင်နှင့် လှမောင်၊ ဘမောင်တို့သာ ကျန်ရစ်ပြီး ကျောင်းဆောင်တွင်းလှဲလျောင်းကာ စကားပြောနေကြ၏။
ထိုအချိန်တွင် မန္တလေးငါးမှတ်ဌာနမှ ပုလိပ်စာသင် ကိုတိုး နှင့် ပုလိပ်သားငါးယောက်သည် ကျောင်းတိုက်ပေါ်သို့ ရုတ်တရက် တက်ရောက်လာကြသည်။

လက်ထဲတွင် ရိုင်ဖယ်သေနတ်များကိုယ်စီနှင့်မို့ စိန်ဓါးမြှောင်တို့မှာ ရုတ်တရက် အံဩသင့်သွားကြသည်။

“ဟေ့ မင်းတို့ကို ဖမ်းတယ်”

“ဘာဖြစ်လို့များလဲဗျာ”

“ဟေ့..စကားမရှည်နဲ့...လက်ကိုမြှောက်ထား..အကုန်လက်ထိပ်ခတ်ဟေ့”

စိန်ဓါးမြှောင်က ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
ကိုတိုးကိုင်ထားသော ခြောက်လုံးပြူးသေနတ်နှင့် လက်တကမ်းတွင် အသင့်အနေအထား နေရာယူလိုက်၏။

“ခဏနေပါဦီးဗျ..ကျွန်တော်တို့ကို ဘာကိစ္စဖမ်းတာလဲ”

“ဟေ့..မင်းတို့...ဒီကျောင်းမှာနေတဲ့ ဦီးကိတ္ထိနဲ့တွေ့ကြတယ်မဟုတ်လား..ဦးကတ္ထိ ခေါ် ကြင်အေး ဆိုတာ အစိုးရလမ်းတွေကနေ ကတ္တရာစေးပြားတွေခိုးရောင်းတဲ့ကောင်တွေကို ပွဲစားလုပ်ပေးနေတဲ့ကောင်ပဲ..မင်းတို့ ကတ္တရာစေးခိုးတဲ့ကောင်တွေမဟုတ်လား..ဟေ့..ဒီကောင်တွေကို ရှာစမ်း”

“တောက်”

စိန်ဓါးမြှောင်၏ တောက်ခေါက်သံက ကျယ်လောင်သွားသဖြင့် ပုလိပ်စာသင်ကိုတိုးပင် မျက်မှောင်ကြုံ့သွား၏။

“ဘာလဲကွ.ကတ္တရာသူခိုးက...မာလှချည်လား..ငါ့ဘာမှတ်လဲ”

“ဟေ့ကောင်..ငါ့ရော..ဘာမှတ်လဲ..ကတ္တရာစေးသူခိုးမဟုတ်ဘူးကွ..ဒီမှာကြည့်”

စိန်ဓါးမြှောင်က ခါးတောင်းကောက်မြှောင်လိုက်သောအခါ ပေါင်မှ ထိုးကွင်းဆေးနီများပေါ်လာသဖြင့် လက်ထိပ်ခပ်ရန်လာသော ပုလိပ်သားများမှာ နောက်သို့ တွန့်သွားကြသည်။

လှမောင်က ခြောက်လုံးပြူးသေနတ်ကို ထုတ်ကာ ကိုတိုးအား ချိန်ထားလိုက်သည်။

ပုလိပ်များ အကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

“ဟေ့..လှမောင်..ယှဉ်ပစ်မနေနဲ့..ဒီကောင်တွေ ခေတ်သစ်အချုပ်ခန်း ဘယ့်နှယ့်လောက် လုံမလဲသွားကြည့်ကြမယ်..ဟေ့...ငါကတ္တရာပြားသူခိုးအဆင့်မဟုတ်ဘူးကွ...ငါ စိန်ဓါးမြှောင်ပဲကွ..လာဖမ်းချည်”

ပုလိပ်စာသင် ကိုတိုးသည် ခြောက်လုံးပြူးကို ကိုင်လျက် ပါးစပ်အဟောင်းသားဖြင့် စိန်ဓါးမြှောင်တို့ လူသိုက်ကို ကြည့်နေလေတော့သည်။

ဘုန်းကြီးအယောင်ဆောင် ကြင်အေးကား ပုလိပ်အခြေအနေကို အကဲခတ်ကာ ရှောင်ပြေးလေပြီ။
.............................................................................

(၅)မှတ်ပုလိပ်ဌာနသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့တစ်လျှောက် မန္တလေးတခွင် နာမည်ကျော်ခဲ့သော ဓါးပြဗိုလ် စိန်ဓါးမြှောင်ကို မထင်မှတ်ပဲ ဖမ်းမိခဲ့လေသည်။

စိန်ဓါးမြှောင်အမှုတွဲများ ကျန်ရှိနေသော (၁၃)မှတ်ပုလိပ်ဌာနသို့ စိန်ဓါးမြှောင်ပါ (၂)ဦးကို လွှဲပြောင်းလိုက်သည်။

၁၃ မှတ် ပုလိပ်ဌာန၏ ဌာနအုပ်ကား အခြားမဟုတ်။
စိန်ဓါးမြှောင်အား စစ်ကိုင်းမှ ရှိန်းမကားသို့ ခေါ်ဆောင်ရာတွင် ပါဝင်ခဲ့သူ ဦးချစ်ပုံပင်။

ဂျပန်ခေတ် ဒုရဲဗိုလ်ဘဝတွင် စိန်ဓါးမြှောင်အဖွဲ့၏ နှပ်ချမှုကို ခံခဲ့ရသည့်အတွက် ဦးချစ်ပုံမှာ စိန်ဓါးမြှောင်ကို အထင်မသေးရဲတော့။

“ဘယ့်နှယ့်လဲ...အကိုကြီး..ဆုံကြပြန်ပြီနော့..ကျွန်တော်တို့ တယ်ရေစက်ဆုံတာပဲ..ဘယ်လိုလဲ ရှိန်းမကားတုန်းက ဥဒေါင်းမင်း ပရိတ်ရော..အလွတ်ရပြီလားဗျ”

အချုပ်ခန်းသို့ အဝင် ကိုယ်ရေးမှတ်တမ်းများစိစ်နေစဉ် စိန်ဓါးမြှောင်၏ အပြောကြောင့် ဦီးချစ်ပုံမှာ မျက်စိမျက်နှာပျက်သွား၏။

ဌာနရှိ ပုလိပ်သားများမှာ နာမည်ကျော် ဓါးပြဗိုလ် စိန်ဓါးမြှောင်အား ဖမ်းမိသည့်အတွက် ကျေနပ်နေကြသော်လည်း ဦးချစ်ပုံမှာ ရင်တထိတ်ထိတ်နှင့်။

နောက်ဆုံးတွင် ဌာနအုပ် ဦးချစ်ပုံ က ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
မန္တလေးတိုက်ပိုင်ရဲရာဇဝတ်ဝန်ဦးဘအေး ထံကြေးနန်းပို့လိုက်ခြင်းပင်။

ဂျပန်ခေတ်ရဲဌာနလက်ထက်က စစ်ကိုင်းတွင် စိန်ဓါးမြှောင်အား ဖမ်းခဲ့ဖူးသူ ဦးဘအေးကလည်း စိန်ဓါးမြှောင်ဆိုသည်နှင့် အခြေအနေကို နားလည်လိုက်သည်။

ဦးချစ်ပုံ တောင်းဆိုသည့်အတိုင်း စိန်ဓါးမြှောင်အား ၁၃ မှတ်ရဲစခန်းတွင် ရမန်ယူကာ မန္တလေးထောင်ကြီးချုပ်သို့ လွှဲပြောင်းချုပ်နှောင်ရန် အမိန့်စာကို ချက်ချင်းဆက်သားဖြင့် ပို့ပေးလိုက်၏။

စိန်ဓါးမြှောင် တို့ လူစုကား နာမည်ကျော် မန္တလေးနန်းတွင်းထောင်ကြီးဖြင့် စတင်မိတ်ဆက်ရပေပြီ။
...................................................................................................
ဇွန်လတိုင်ခဲ့ပြီ။
“စိန်ဓါးမြှောင်ခေါ် မောင်ကလေး  ဧည့်တွေ့လာတယ်”

ထောင်ကြီးချုပ် အိပ်ဆောင်အတွင်း လှဲလျောင်းနေသည့် စိန်ဓါးမြှောင် ဆတ်ခနဲဖြစ်သွားသည်။

စိန်ဓါးမြှောင်၊ ဘမောင်၊ လှမောင်တို့မှာ ထောင်ကြီးချုပ်အတွင်း တစ်လကြာနေခဲ့ရပြီး အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေခဲ့သည်။
တရားရုံးမှ မတ္တရာဓါးပြမှုတရားခံကွင်းဆက်အဖြစ် လှမောင်ကို ထောင် (၇)နှစ် ချက်လိုက်ပြီဖြစ်သည်။

သို့သော်ငြား ထောင်ကြီးအတွင်း ဂျပန်စစ်သုံ့ပန်းများပြည့်နေသဖြင့် လှမောင်ကို ထောင်ကြီးချုပ်တွင်သာ ထားရှိနေသေး၏။
စိန်ဓါးမြှောင်နှင့် ဘမောင်တို့ကား သက်သေမရှိသဖြင့် ဓါးပြမှုများကို ဆက်လက်စစ်ဆေးနေဆဲပင်။

ထိုအချိန်တွင် ထူးထူးခြားခြား စိန်ဓါးမြှောင်ကို ဧည့်တွေ့ရောက်လာသည်။
ထောင်ဝင်စာအခန်းရှေ့သစ်သားချောင်းများကြားတွင် အမျိုးသမီးအရိပ်တစ်ခု တွေ့သည်နှင့် စိန်ဓါးမြှောင် ၏ ရင်ဘတ်တစ်ခုလုံး ဒိန်းဒလိန်းနတ်ဖမ်းစားသလို လှုပ်ခါသွားရသည်။

သို့သော်...နီးကပ်လာသည့်အခါ..

“ဆရာကြီး”
စိန်ဓါးမြှောင်က အမျိုးသမီးကို သေချာကြည့်လိုက်သည်။

မြကြည်မှ မဟုတ်တာပဲ။

“အနှင်း..မြကြည်ရော..”

“မမကြည် ရှိပါတယ်..ဆရာကြီး”

“မှားနေပြီ..နင်လာတွေ့ရမှာ..လှမောင်ကြီးကိုလေဟာ”

“ကျွန်မကို မမြကြည်လွှတ်လိုက်တာ”

“အင်း..တော်ပါသေးရဲ့.ကိုယ်တိုင်လာမတွေ့တာပဲ..ငါတော့ သူ့မျက်နှာမြင်ရရင်..စိတ်ကောင်းမယ်မထင်ဘူးဟ”

“မမကြည်ကလည်း ဆရာကြီးကို တသသပြောနေတာပါပဲ”

“နင်က ဘယ့်နှယ့်လုပ် လာတွေ့လို့ရတာလဲ”

“ဆရာကြီးရဲ့ ညီမဆိုပြီးလာတွေ့တာ..ထောင်ကအရာရှိတွေကို ကိုခါလေးက ငွေလည်း တော်တော်ပေးလိုက်ရတယ်”

“ခါလေး..အင်း..ဒီကောင်လည်ပေလို့သာပဲ..ဒါနဲ့ ဟိုကောင်ကြင်အေးရော”
“ကိုကြင်အေးလည်း မမကြည်ကို စောင့်ရှောက်ပါတယ်..သူလည်း လည်သလို လုပ်စားတာမိတာ.မထင်မှတ်ပဲ ဆရာကြီးတို့ ယုန်ထောင်ကြောင်မိဖြစ်သွားတော့ အတော်စိတ်မကောင်းဖြစ်နေတယ်”

“အင်း..ခွေးမသားဂြိုလ်ဆိုးလေး.ငါ့ကိုတော့ အတော်မွှေသဟေ့"

“အခု ဆရာကြီးတို့အတွက် ကောက်ညှင်းကျည်တောက်လေး လာပေးတာပါ..မမြကြည်ကိုယ်တိုင်လုပ်ထားတဲ့ ကောက်ညှင်းကျည်တောက်...”

“ဘာ..မြကြည်လုပ်တဲ့ ကောက်ညှင်းကျည်တောက်..”

အမေးကို မနှင်းက မဖြေပဲ စိန်ဓါးမြှောင်၏ မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးလိုက်သည်။

“ဆရာကြီးရဲ့တဖွဲ့လုံးက ဂျပန်ခေတ်မှာ ရသမျှတွေ စုပုံအောပြီး ကျွန်မ ဒီကိုလာလို့ရအောင်၊ ဆရာကြီးအတွက် ကောက်ညှင်းကျည်တောက်စားလို့ရအောင် ကြိုးစားခဲ့ကြတာပါ.....ဆရာကြီး ကျန်းကျန်းမာမာရှိတာကို မမကြည်ကလည်း မြင်ချင်လှပါပြီတဲ့”

စိန်ဓါးမြှောင် ငိုင်ဆင်းသွားသည်။
သို့သော် ချက်ချင်းပင် ခေါင်းမော့ပြီး ပြုံးလိုက်၏။

“အင်း..ငါ ကောက်ညှင်းကျည်တောက်ကြိုက်တတ်တာ..သူ သိသားပဲ..ဒါနဲ့ ဘယ်မှာလဲ ကောက်ညှင်းကျည်ထောက်က”

“ကျွန်မတို့ သေချာစီစဥ်ထားပါတယ်.ဆရာကြီး ထမင်းစားချိန်အမီ အဆောင်ကို ရောက်နေပါလိမ့်မယ်”

ထိုအချိန်တွင် အစောင့်ဖြစ်သူ ပန်ချာပီထောင်ဝါဒါက အချိန်စေ့ကြောင်း အော်ဟစ်လိုက်သည်။

“ကဲ..အနှင်း..ပြန်တော့...တကယ်ကျေးဇူးတင်တယ်”

မနှင်း ၏ မျက်ဝန်းများက ရုတ်တရက် ရီဝေသွားသည်။

“ဆရာကြီး...ခဏ”

ပြန်လှည့်ထွက်ခါနီး စိန်ဓါးမြှောင်က မနှင်း ကို ကြည့်လိုက်သည်။

“ဘာများလဲ..အနှင်း”

“ကိုလှမောင်ကို ကျွန်မ  သတိရတယ်လို့ ပြောပေးပါ”

ပြောပြီးသည်နှင့် ချာခနဲလှည့်ထွက်သွားသော မနှင်း၏ ပါးပြင်တွင် မျက်ရည်စတို့ ကျနေသည်လား စိန်ဓါးမြှောင် မမြင်နိုင်တော့။
...........................................................................
ကောက်ညှင်းကျည်တောက်။
ဧည့်တွေ့မှ ပြန်လာသော စိန်ဓါးမြှောင်ကို ထောင်ကြီးချုပ်အဆောင်တွင် ဘမောင်၊ လှမောင်တို့နှင့်အတူ ထောင်ဝါဒါတစ်ဦးလာပေးသော ကောက်ညှင်းကျည်တောက်က စောင့်လျက်ကြိုနေ၏။

“ဆရာကြီး မမကြည် လာတွေ့တာလား..ကျွန်တော့် အနှင်းရော..ဆရာကြီး”

“မင်း..အနှင်းလာတာ..လှမောင်”

“ဗျာ......အနှင်း....လာတာ”

“အေး..ကောက်ညှင်းကျည်တောက် က သူပဲ သွင်းပေးတာ”

“ကောက်ညှင်းကျည်တောက်ကြီး ဘာြဖစ်လို့ လာပို့ရတာလဲ”

ဘမောင် ၏ အမေးကို စိန်ဓါးမြှောင်က ပြုံးလိုက်သည်။

စိန်ဓါးမြှောင်က ဘမောင်ပုခုံးကို ဖက်ကာ ခပ်တိုးတိုး ပြောလိုက်၏။

“အဲ့ဒါ..ငါတို့ကို လွတ်မိန့်ပေးလိုက်တာကွ”

“ဗျာ.ဘယ်သူကလဲ..”

“မြကြည်ကလေ”

"ဟင်"

"မဟင်နဲ့..ဟေ့ကောင်.ငါတို့ ထောင်ဖောက်ကြမယ်"
ကောက်ညှင်းကျည်တောက်နှင့် ထောင်ဖောက်မည်ဆိုသဖြင့် ဘမောင်မှာ အံအားသင့်သွားသည်။
လှမောင် ကတော့ သူတို့နှစ်ဦး၏ ပဟေဠိဝှက်တမ်းကို မသိသလို ငေါင်ငေါင်ကြီး ရပ်နေ၏။

အနှင်းလာပါလျက်နှင့်.........သူ့ကို လာမတွေ့.....အဘယ်ကြောင့်..အနှင်း နှင့် တွေ့ရသူမှာ..သူမဟုတ်ရလေသနည်း။

ခက်ဇော်

The Guys From Mandalay,1950s
အခန္း(၁၃)
................
၁၉၄၄ ခုႏွစ္၏ ေနာက္ဆုံးလမ်ား။

မဟာမိတ္တို႔၏ ေလယာဥ္မ်ားက ျမန္မာျပည္ေကာင္းကင္တြင္ ျပန္လည္စိုးမိုးလာၾကၿပီ။

စိန္ဓါးေျမႇာင္၏ အဖြဲ႕သားမ်ားက စိန္ဓါးေျမႇာင္ကို လမ္းမွျဖတ္လုျခင္း၊ ရွိန္းမကားဂါတ္တဲကို ဝင္စီးျခင္းမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ဂ်ပန႔္ေခတ္ ျမန္မာအစိုးရလက္ေအာက္ခံ ရဲတပ္ဖြဲ႕မ်ား မွာ လိုက္လံဖမ္းဆီးရန္ လက္လွမ္းမမွီၾကေပ။

အဘယ္ေၾကာင့္ဆိုေသာ္ စစ္ပြဲကား ျမန္မာေျမအထက္ပိုင္းဆီသို႔ ဒုတိယံမိဝင္ေရာက္လာေသာေၾကာင့္ျဖစ္သည္။

 အေမရိကန္ ၿဗိတိန္ေလယာဥ္တို႔က ျမန္မာျပည္ရွိ ဂ်ပန္တပ္မ်ားအေျခစိုက္ရာ ၿမိဳ႕ႀကီးတိုင္းသို႔ ဗုံးမိုး႐ြာခ်သည္။

မီးေလာင္ဗုံး၊ ေျမရွပ္ဗုံးစသည့္ ေခတ္မီဗုံးတို႔ေၾကာင့္ မ
၁၉၄၄ ဒီဇင္ဘာ ၂၈ ရက္ေန႔တြင္ အမွတ္ ၁၁ ၿဗိတိသွ်အေရွ႕အာဖရိကတပ္မသည္ ကေလးဝၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့သည္။
ထိုကာလအတြင္း စိန္ဓါးေျမႇာင္အဖြဲ႕သည္ ႏွစ္ႀကိမ္တိုင္တိုင္စုစည္းကာ ဓါးျပတိုက္ခဲ့ၾကသည္။

ေ႐ႊဘိုၿမိဳ႕၊ ဂ်ပန္စစ္တပ္အဝယ္ေတာ္ပြဲစားႀကီးအိမ္ဓါးျပမႈတြင္ စိန္ဓါးေျမႇာင္က အစီအစဥ္ဆြဲေပးၿပီး ဘေမာင္၊ လွေမာင္၊မႏွင္းတို႔ ေခါင္းေဆာင္ကာ ရွင္လွမွ ဝါဆို၊ဝါပို၊ သဲကြၽန္းမွ ခင္ေမာင္၊ သီဟ တို႔ ပါဝင္ခဲ့သည္။

ဂ်ပန္ေငြ တစ္သိန္းေက်ာ္ႏွင့္ အဂၤလိပ္႐ူပီးေငြ ေျခာက္ေထာင္၊ ေ႐ႊႏွစ္က်ပ္သား၊ ႏွစ္လုံးျပဴးေသနတ္တစ္လက္ ရရွိခဲ့၏။
ငါန္းဇြန္းမွ လယ္ပိုင္ရွင္ဦီးသာအိမ္ ဓါးျပမႈတြင္ ငန္းနက္ ႏွင့္ ခါေလး က ေခါင္းေဆာင္ၿပီး ဘခ်စ္၊ ထြန္းတင္၊ ၾကင္ေအး၊ ဝင္းေမာင္၊ ေမာင္တင္ တို႔ ပါဝင္ခဲ့သည္။

ထိုဓါးျပမႈမွ အျပန္လမ္းတြင္ အင္ဖာတိုက္ပြဲမွ ျပန္လည္ဆုတ္ခြာကာ စခန္းခ်ေနေသာ ဂ်ပန္လက္နက္ခဲယမ္းတပ္ရင္းဆီ မွ လက္ပစ္ဗုံးတစ္ေသတၱာကို ဝင္းေမာင္က ဝင္ေရာက္ခိုးယူလာႏိုင္ခဲ့၏။

တိုက္ရာပါမ်ားကို ဧရာဝတီျမစ္လယ္ေျမႏုကြၽန္းေပၚတြင္ စခန္းခ်ထားေသာ စိန္ဓါးေျမႇာင္၏ ဌာနခ်ဳပ္သို႔ အားလုံး ယူလာရသည္။
ေျမႏုကြၽန္းေပၚရွိ သစ္ပင္ႀကီးမ်ား၊ ၿခဳံပုပ္မ်ားေအာက္တြင္ စိန္ဓါးေျမႇာင္၏ အေျခစိုက္စခန္းကား စစ္ႏွင့္အတူ တျဖည္းျဖည္း ႀကီးထြားလာခဲ့သည္။
စိန္ဓါးေျမႇာင္က ဓါးျပအဖြဲ႕ ဗဟိုဦးစီးစနစ္ကို ခ်မွတ္ၿပီး လက္ေအာက္တြင္ နယ္ေျမအလိုက္ ေခါင္းေဆာင္မ်ားကို ေဒသမႉးရာထူးအေခၚျဖင့္ ခန႔္အပ္တာဝန္ေပးသည္။

မႏၲေလးတြင္ ၾကင္ေအး၊ စစ္ကိုင္းတြင္ င႐ုတ္သီးဘရင္၊ မင္းကြန္းဘက္တစ္ေၾကာတြင္ ငန္းနက္၊ မတၱရာတြင္ ဘေမာင္၊ ေ႐ႊဘိုတြင္ လွေမာင္၊ ရွိန္းမကား-ဝက္လက္တြင္ ဝါဆိုဝါပိုညီအကို တို႔က အသီးသီးေခါင္းေဆာင္ၿပီး အင္အားအသစ္မ်ားလည္း စုစည္းထားၾကသည္။
လိုအပ္လွ်င္ လူအင္အား ရာႏွင့္ခ်ီ စုစည္းႏိုင္သည့္အေနအထားပင္ ျဖစ္လာ၏။

စိန္ဓါးေျမႇာင္က ဓါးျပတိုက္မည့္ေနရာ၊ အခ်ိန္၊ အစီအစဥ္ကို ေရးဆြဲၿပီး ၫႊန္ၾကားသည္။
တိုက္ခိုက္ေရးအဖြဲ႕မ်ားတြင္ပါဝင္မည့္ လူအင္အားႏွင့္ လက္နက္မ်ားကို ငန္းနက္က စီမံခန႔္ခြဲသည္။

ခါေလး က ျဖန႔္က်က္ထားေသာအဖြဲ႕မ်ားကို စုစည္းေရး၊ဆက္သြယ္ေရးႏွင့္ တိုက္ရာပါမ်ားေဝစုခြဲျခမ္းေရးတြင္ တာဝန္ယူသည္။
ဓါးျပတို႔ ဘန္းစကားျဖင့္ စီးသည္ ဟု ေခၚသည့္ တိုက္မည့္ေနရာ အဝင္အထြက္၊ပတ္ဝန္းက်င္အေနအထားတို႔ကို ေလ့လာျခင္းႏွင့္ တိုက္ရာပါပစၥည္းမ်ားထုခြဲရာတြင္ ျမၾကည္၊အႏွင္း၊င႐ုတ္သီးဘရင္တို႔က ခ်ိတ္ဆက္ေဆာင္႐ြက္ၾက၏။

အခ်ိဳ႕ အႀကီးစားဓါးျပမႈမ်ားတြင္ စိန္ဓါးေျမႇာင္ကိုယ္တိုင္ဦးေဆာင္သည္။
လက္နက္မ်ားမွာလည္း စတင္းဂန္း ဆယ့္တစ္လက္၊ ဘရင္းဂန္းစက္ေသနတ္ ငါးလက္၊ ေတာ္မီဂန္း ေလးလက္၊ ႐ိုင္ဖယ္ ဆယ္ငါးလက္၊ ႏွစ္လုံးျပဴးႏွစ္လက္၊ ေျခာက္လုံးျပဴးေလးလက္၊ လက္ပစ္ဗုံးအလုံး (၃၀၀) ႏွင့္ က်ည္ဆံမ်ားစြာကို ေျမႏုကြၽန္းေပၚႏွင့္ နယ္အဖြဲ႕ခြဲမ်ားထံတြင္ ျဖန႔္က်က္စုေဆာင္းထားႏိုင္ခဲ့သည္။
၁၉၄၅ ခုႏွစ္အတြင္း အဂၤလိပ္ႏွင့္ ဂ်ပန္ စစ္ပြဲမ်ားၾကား ပလူပ်ံေနေသာ လက္နက္မ်ား၊ စစ္ပြဲကာလ ဦးတည္ရာမဲ့ေနေသာ လူငယ္အခ်ိဳ႕တို႔ျဖင့္ စိန္ဓါးေျမႇာင္ဂိုဏ္းမွာ စစ္တပ္ငယ္တစ္ခုကဲ့သို႔ အင္အားႀကီးထြားလာၿပီျဖစ္သည္။

အထက္ျမန္မာျပည္စစ္မ်က္ႏွာ၊ မႏၲေလးတိုင္းမႉးႀကီး ဗိုလ္မႉးႀကီးဗထူးသည္ ၁၉၄၅ မတ္လတြင္ ဖက္ဆစ္ေတာ္လွန္းေရးကို ေအာက္ျမန္မာႏိုင္ငံထက္ ေစာၿပီး စတင္လိုက္သျဖင့္လည္း အေျခအေနမွာ ပိုမိုရႈပ္ေထြးေနသည္။

ထိုအခ်ိန္တြင္ ေအာက္ျမန္မာႏိုင္ငံရွိ ဘီအိုင္ေအတပ္မ်ားမွာ ဂ်ပန္ေတာ္လွန္ေရးစတင္ရန္ စီစဥ္ဆဲျဖစ္သျဖင့္ ထိုအစီအစဥ္ကို မထိခိုက္ေစရန္ ဗိုလ္မႉးႀကီးဗထူးက ဘီအိုင္ေအေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အဓိပတိေဒါက္တာဘေမာ္တို႔ကိုပါ ဂ်ပန္ႏွင့္အတူ ေတာ္လွန္ေၾကာင္း ဟန္ျပေၾကညာရသည္။

မတ္လ ၉ ရက္ေန႔တြင္ ဗိုလ္မႉးဗထူး အေျချပဳေနေသာ ရန္ကင္းေတာင္ကို ဂ်ပန္တပ္မ်ားဝိုင္းထားသည့္ၾကားမွာ ထိုးေဖာက္ထြက္ခဲ့သည္။
အထက္ျမန္မာျပည္တစ္ခြင္တြင္ အဂၤလိပ္တပ္၊ အေမရိကန္တပ္၊ဂ်ပန္တပ္၊ ခ်န္ေကရွိန္၏ အမွတ္(၁၁)တ႐ုတ္တပ္မေတာ္စု၊ ဗိုလ္မႉးဗထူး၏ ေတာင္လွန္ေသာဘီအိုင္ေအ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ မေတာ္လွန္ခ်င္ေယာင္ေဆာင္ထားေသးေသာ ေအာက္ျမန္မာျပည္ဘီအိုင္ေအ စသည္တို႔ျဖင့္ ရႈပ္ေထြးေန ေတာ့သည္။

၁၉၄၅ မတ္လ ၆ ရက္ေန႔ တြင္ ၿဗိတိသွ် အမွတ္(၁၉)အိႏၵိယတပ္မက ေခ်ာင္းမႀကီးေတာင္ဘက္ရွိ ဂ်ပန္ခံတပ္ကို ေခ်မႈန္းၿပီး မတၱရာၿမိဳ႕ကို သိမ္းပိုက္လိုက္သည္။
စိန္ဓါးေျမႇာင္ ကား တပည့္အခ်ိဳ႕ႏွင့္အတူ ေျမႏုကြၽန္းေပၚတြင္ ႐ြာငယ္တစ္႐ြာကဲ့သို႔ ဖန္တီးကာေနထိုင္ရင္း တိုင္းေရးျပည္ေရးကို ေစာင့္ၾကည့္ေနသည္။

၁၉၄၅ မတ္လ ၉ ရက္ေန႔တြင္ အမွတ္(၆၄)၊ အမွတ္(၉၈) ဘရီဂိတ္ၿဗိတိသွ်တပ္တို႔သည္ မႏၲေလးသို႔ ဝင္ေရာက္လာသည္။
ဂ်ပန္တပ္မ်ားကား မႏၲေလးေတာင္ေပၚႏွင့္ နန္းတြင္းတြင္ အခိုင္အမာတပ္စြဲထားၿပီး မႏၲေလးပတ္ဝန္းက်င္တြင္ အဖြဲ႕ငယ္ေလးမ်ားအျဖစ္ လွည့္လည္ခုခံေနသည္။

မႏၲေလးေတာင္ေပၚရွိ ဘုရားတန္ေဆာင္းမ်ားတြင္လည္း ဂ်ပန္စစ္တပ္က စက္ေသနတ္မ်ား တပ္ဆင္ကာ ေတာင္ေပၚတက္လာသည့္ ေဂၚရခါးစစ္တပ္မ်ားအား က်ည္ဆံစတုဒီသာမ်ားေပးေဝလ်က္ရွိသည္။
ေဂၚရခါးတပ္မ်ားကလည္း ေတာင္းခန္းပန္းမ်ားကို ဗုံးခ်ျခင္း၊  ေတာ္မီဂန္းမ်ားျဖင့္ ပစ္ျခင္းတို႔ျဖင့္ ဂ်ပန္တို႔၏ စတုဒီသာအလႉကို ဝမ္းေျမာက္ဝမ္းသာ သာဓု ျပန္ေခၚၾကသည္။

နိပြန္မာစတာတို႔ ေခတၱနန္းစံေနၾကသည့္ မႏၲေလးနန္းေတာ္ႀကီးကိုလည္း အဂၤလိပ္-အေမရိကန္ မဟာမိတ္ ဘီ (၂၅) မစ္ခ်ယ္ဗုံးႀကဲေလယာဥ္မ်ားက ေပါကၡရဝႆ ေပါင္ (၂၀၀၀)ဗုံးမိုးႀကီးမ်ား သြန္းၿဖိဳးႀကဲၾကသည္။
ေျမျပင္မွလည္း ေပါင္(၅၀၀)အေျမာက္ႀကီးမ်ားျဖင့္ ၿခိမ့္ၿခိမ့္သဲဝန္းရံၾကသည္။

မတ္လ ၂၁ ရက္ေန႔ နံနက္တြင္ အဂၤလိပ္ ၊ ဂ်ပန္တို႔၏ ေကာင္းမႈအစုစုေၾကာင့္ မီးေလာင္ျပင္ငုတ္တိုႏွင့္ ျပာပုံသာ က်န္ရွာေသာ ရတနာပုံေ႐ႊနန္းေတာ္ႀကီးဆီမွ အလံျဖဴမ်ားႏွင့္ ယူနီယံဂ်က္အလံမ်ား တက္လာၾကေတာ့သည္။

မႏၲေလးမွ ဂ်ပန္တပ္မ်ား လုံးဝဆုတ္ခြာသြားၿပီျဖစ္ေၾကာင္း ေၾကျငာသည္။
ထိုသတင္းၾကားသည္ႏွင့္ စိန္ဓါးေျမႇာင္က သူ႔လက္ေအာက္ရွိ သက္ဆိုင္ရာနယ္ေျမဓါးျပေခါင္းေဆာင္မ်ားကို ေျမႏုကြၽန္းဌာနခ်ဳပ္ေပၚသို႔ ဆင့္ေခၚလိုက္သည္။

ဧရာဝတီျမစ္ေပၚတြင္ မဟာမိတ္ေလယာဥ္မ်ား ဝဲပ်ံေနသည့္ၾကားမွ စိန္ဓါးေျမႇာင္အဖြဲ႕သားမ်ားမွာ ျမစ္လယ္ ေျမႏုကြၽန္းဆီသို႔ ေရာက္လာၾကသည္။

ေျမႏုကြၽန္းစခန္းတြင္ စစ္ပြဲအရွိန္စတင္ျပင္းထန္ကတည္းက စိန္ဓါးေျမႇာင္ႏွင့္ တပည့္အခ်ိဳ႕မွာ ႐ြာငယ္ေလးအသြင္ယူကာ ဝါးတဲမ်ားေဆာက္ၿပီး ေနထိုင္ၾကသည္။
လက္နက္မ်ားကိုလည္း ထိုေနရာတြင္ပင္ သိုေလွာင္ထားၾက၏၊

အစည္းအေဝး စေလၿပီ။
“ဂ်ပန္ေတာ့ မႏၲေလးက ထြက္သြားၿပီ၊ စစ္ႀကီးကလည္း မၾကာခင္ၿပီးဖို႔ ေသခ်ာေနၿပီ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ကေတာ့ ေအာက္ဘက္မွာ အဂၤလိပ္နဲ႔ေပါင္းၿပီး ဂ်ပန္ကို တိုက္ေနၿပီၾကားတယ္။ ဓါးျပဆိုတာ ႏိုင္ငံေရးကိုလည္း တီးမိေခါက္မိထားမွ သက္ဆိုးရွည္မွာ။ဒါေၾကာင့္ အားလုံးနားေတြ စြင့္ထား။ လြတ္လပ္ေရးေပးလို႔ ဗမာေတြပဲ အစိုးရျဖစ္ျဖစ္၊ အဂၤလိပ္ပဲျပန္လာလာ စစ္အတြင္းကလိုမဟုတ္ပဲ အုပ္ခ်ဳပ္ေရးတည္တည္ၿငိမ္ၿငိမ္ ျဖစ္လာေတာ့မွာေတာ့ အေသအခ်ာပဲ၊ အခု ငါတို႔ ဂ်ပန္ေခတ္က ရလာတဲ့ ဂ်ပန္ပိုက္ဆံေတြကလည္း သုံးစားမရေတာ့မွာ ေသခ်ာတယ္။ ေငြေၾကးစနစ္ မတည္ၿငိမ္ခ်ိန္မွာ ဓါးျပတိုက္ခဲ့သမွ် အလကားပဲ ဆိုတာ မင္းတို႔ သင္ခန္းစာယူကြ၊ ဒီေတာ့ အစိုးရတစ္ရပ္နဲ႔ တည္တည္ၿငိမ္ၿငိမ္ျဖစ္လာတဲ့အထိ ေစာင့္ရမယ္။ ႏိုင္ငံေရးအေျခအေနေတြကို ေစာင့္ၾကည့္ရင္း အလုပ္ေတြ ခဏနားၾကမယ္။ ေငြေၾကးအာမခံခ်က္ေပးႏိုင္တဲ့ အစိုးရမ်ိဳး အတည္ျဖစ္ၿပီဆိုမွ ဓါးျပတိုက္ဖို႔ စၾကတာေပါ့။ ဒီေတာ့ ငါတို႔ မႏၲေလးမွာ ျပန္အေျခခ်ဖို႔ ျပင္ဆင္ရမယ္”

“ကြၽန္မတို႔ကေရာ ဘယ္လိုလုပ္ရမလဲ..ဆရာႀကီး”

အႏွင္းက ေမးလိုက္သည္။

“ဟဲ့ ေကာင္မေလး...နင္လည္း လင္ေပါင္းမွားၿပီး ဓါးျပပတ္တိုက္ေနရတာကို ေပ်ာ္မေနနဲ႔.. မႏၲေလးကို လိုက္ခဲ့..လွေမာင္ နဲ႔ ဘေမာင္ လည္း ငါနဲ႔လိုက္ခဲ့...မင္းတို႔ကို ငါလိုတယ္”

“ကြၽန္ေတာ္တို႔ကေရာ ဘာလုပ္ရမလဲ..အကိုႀကီး”

"ငန္းနက္ကေတာ့ အရင္လိုပဲ ဒီကြၽန္းေပၚမွာလက္နက္ေတြကို ေစာင့္ရင္း ဘခ်စ္တို႔၊ မိကြန္တို႔နဲ႔ေနခဲ့။ လိုအပ္ရင္လူစုလိုက္မယ္။ င႐ုတ္သီးဘရင္ က စစ္ကိုင္းဘက္မွာ အိမ္တစ္လုံးဝယ္ၿပီး ဟန္ျပစီးပြားေရးတစ္ခုလုပ္ေန။ ဝါဆိုဝါပိုက ရွိန္းမကားဘက္က လူသစ္ေတြကို အုပ္စီးထား၊ ထြန္းခင္၊ ခါေလး၊ ၾကင္ေအးတို႔အုပ္စုနဲ႔ ငါနဲ႔ မႏၲေလးမွာ ရွိေနမယ္။ မႏၲေလးေခတ္ေကာင္းၿပီး ျပန္စည္ကားရင္ အဲ့ဒီမွာ ပြဲႀကီးေတြခ်မယ္။  ေခတ္ပ်က္မွ တိုက္တဲ့ဓါးျပဆိုတာသိကၡာက်တယ္ကြ”
......................................................................

၁၉၄၅ ဇူလိုင္လ။
သုံးႏွစ္တာကာလ စစ္ေဘးၾကားမွ မႏၲေလးသည္ ျပန္လည္စည္ကားလာခဲ့ၿပီျဖစ္သည္။

စစ္ကာလအတြင္းက မႏၲေလးတြင္ အိမ္ေျခေပါင္း ၂၂,၀၀၀ ရွိခဲ့ရာမွ စစ္အတြင္းတြင္ အိမ္ေပါင္း ၂၀၀၀၀ ခန႔္ပ်က္စီးသြားခဲ့သည္။

မႏၲေလးၿမိဳ႕အတြင္း ျပန္လည္ဝင္ေရာက္လာၾကေသာ လူေပါင္း တစ္သိန္းခန႔္မွာ ေနစရာအိမ္မ်ားမရွိေတာ့သျဖင့္ ဘုန္းႀကီးေက်ာင္းႏွင့္ ဘုရားေစတီမ်ားသာလွ်င္ မွီခိုေနစရာရွိေတာ့၏။

မဟာမုနိဘုရားႀကီး၏ ေစာင္းတန္းႏွစ္သြယ္၊ ေတာင္ျပင္ငါးစို႔ေက်ာင္း၊ ေ႐ႊေရးေဆာင္တိုက္ေက်ာင္း၊ ျမေတာင္ေ႐ြေက်ာင္း၊ ေတာင္ခြင္ေက်ာင္း၊ အေကာက္ဝန္ေက်ာင္း၊ သဃၤဇာေက်ာင္း၊ ေယာအတြင္းဝန္ေက်ာင္း၊ စလင္းေက်ာင္း၊ မိုးထိေက်ာင္း၊ စံေက်ာင္းတိုက္ေက်ာင္း၊ ေတာင္ျပင္မွန္ေက်ာင္း၊ပဌာန္းဇရပ္ေတာ္ႀကီး၊ သုဓမၼာဇရပ္ေတာ္ႀကီး တို႔မွာ ဗုံးဒဏ္အေျမႇာက္ဒဏ္တို႔ေၾကာင့္ ပ်က္စီးကုန္ၾကသျဖင့္ ျပည္သူတို႔၏ ေနေရးမွာ ပိုမိုခက္ခဲေနသည္။

ၿမိဳ႕တြင္းသို႔ ျပန္လည္ဝင္ေရာက္ကာ အိမ္ေဆာက္လုပ္ရန္လည္း ေငြေၾကးအေျခအေန၊ ေဆာက္လုပ္ေပးမည့္ လုပ္သားရွားပါးသည့္အေျခအေနေၾကာင့္ မည္သူမွ် မေဆာက္လုပ္ႏိုင္ၾက။
ၿမိဳ႕တြင္းရွိ မပ်က္စီးသည့္ အိမ္မ်ား၏ ပိုင္ရွင္မ်ားကလည္း အိမ္ငွားခမ်ားကို အဆမတန္ေတာင္းဆိုေနၾကသည္။

မတ္လ ၂၁ ရက္ေန႔ကတည္းက စတင္ခဲ့သည့္ မဟာမိတ္တို႔၏ စစ္အုပ္ခ်ဳပ္ေရးဌာနကလည္း စားေသာက္ကုန္ေဈးႏႈန္းမ်ားကို ကန႔္သတ္လိုက္သျဖင့္ ကုန္စည္ေရာင္းဝယ္မႈမွာလည္း မဖြံၿဖိဳးပဲ ရွိေန၏။

၁၉၄၅ ခုႏွစ္ ေအာက္တိုဘာလ ၉ ရက္ေန႔တြင္ အေရွ႕ေတာင္အာရွေတာင္ပိုင္းစစ္ေသနာပတိခ်ဳပ္ႀကီး ေလာ့ဒ္လူဝီေမာင့္ဘက္တန္က ျမန္မာျပည္စစ္အုပ္ခ်ဳပ္ေရးရပ္စဲသည့္အေၾကာင္းကို ေၾကျငာသည္။

ေအာက္တိုဘာ ၁၁ ရက္ေန႔တြင္ စစ္ႏိုင္သည့္ အဂၤလိပ္အစိုးရက မႏၲေလးၿမိဳ႕တြင္ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးကို စတင္တည္ေထာင္သည္။
လြတ္လပ္ေသာျမန္မာျပည္၏အစိုးရသစ္ျဖစ္လာရန္ အားေကာင္းေနသည့္ ဖဆပလအဖြဲ႕က ျမန္မာႏိုင္ငံသစ္ စီမံဖန္တီးေရးအဖြဲ႕ကိုဖြဲ႕စည္းခဲ့ၿပီး မႏၲေလးႏွင့္ ျပည္ၿမိဳ႕ကို စတင္ထူေထာင္ရန္ ႀကံ႐ြယ္ခဲ့သည္။

၁၉၄၅ ဒီဇင္ဘာတြင္ ျမန္မာႏိုင္ငံသစ္စီမံဖန္တီးေရးအဖြဲ႕ကိုယ္စားလွယ္အျဖစ္ ေမဂ်ာမာရွယ္ႏွင့္ ေမဂ်ာဘေရာင္း တို႔ ႏွင့္ မႏၲေလးၿမိဳ႕မွ ၿမိဳ႕မိၿမိဳ႕ဖ၊ ရဟန္းသံဃာမ်ား၊ အမ်ိဳးသမီးမ်ား၊ ေက်ာင္းသားမ်ားသည္ မႏၲေလးေနသူရိန္႐ုံႀကီးတြင္ ေခတ္မီမႏၲေလးၿမိဳ႕တည္ေထာင္ေရးဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ၾကသည္။
အစည္းအေဝးတြင္ အစိုးရဗိသုကာႀကီးမ်ားျဖစ္ေသာ မစၥတာဘြတ္ရွ္ႏွင့္ ဦးအုန္းသန္းတို႔လည္း မႏၲေလးသို႔ ေရာက္လာၾကၿပီး ဒီဇင္ဘာ ၂၆ ရက္ေန႔တြင္ မႏၲေလးၿမိဳ႕ေတာ္သစ္ဖန္တီးေရးအတြက္ ယာယီစီမံကိန္းမ်ား ကို ရွင္းျပခဲ့သည္။

ၿဗိတိသွ်တို႔၏ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးႏွင့္အတူ ယခင္ ပုလိပ္အမႈထမ္းမ်ားသည္လည္း မႏၲေလးတြင္ ျပန္လည္တာဝန္ ထမ္းေဆာင္ၾကၿပီျဖစ္သည္။

စစ္၏သားေကာင္ မႏၲေလးကား ျပာပုံထဲမွ ႐ုန္းကန္ရွင္သန္လာမည့္ ဖီးနစ္ငွက္အျဖစ္ အားယူေနၿပီျဖစ္သည္။

သို႔ေသာ္ျငား............
ျမန္မာျပည္သို႔ ျပန္ဝင္လာသည့္ ၿဗိတိသွ်အစိုးရ၏ ဘုရင္ခံ ဆာေဒၚမန္စမစ္၏ စကၠဴျဖဴစီမံကိန္း၊ ျပည္ထဲေရးဝန္ႀကီးဆာေပၚထြန္း၏ ေတာ္လွန္ေရးေခါင္းေဆာင္မ်ားကို ႏွိပ္ကြပ္သတ္ျဖတ္မႈမ်ားေၾကာင့္ ၁၉၄၆ ဇန္နဝါရီလတြင္ ႏိုင္ငံေရးမတည္မၿငိမ္မႈမ်ားေပၚေပါက္လာခဲ့သည္။
ေခတ္မီမႏၲေလးစီမံကိန္းသည္လည္း ေ႐ႊျပည္ေတာ္ ေမွ်ာ္တိုင္းေဝး အျဖစ္ႏွင့္ ဆိုင္းငံ့လိုက္ရေတာ့၏။
........................................................................................

၁၉၄၆ မေလ။
စိန္ဓါးေျမႇာင္၊ဘေမာင္၊လွေမာင္၊ ခါေလး တို႔သည္ မႏၲေလးသို႔ ေရာက္လာၾကသည္။

ေဂါဝိန္ဆိပ္မွ အထြက္ ေအလမ္း တြင္ လမ္းဗိုလ္ ကျပားအရာရွိတစ္ဦး က ႀကီးၾကပ္လ်က္ ျမန္မာကူလီမ်ားက ကတၱရားေစးျပားမ်ားကို လိုက္ကပ္ကာ လမ္းမ်ားကို ျပင္ဆင္ေနသည္။

“ဆရာႀကီးေရ...အဂၤလိပ္ကေတာ့လမ္းေတြျပင္ေနျပန္ၿပီဗ်ိဳး”
“ေအး..ေနာက္တစ္ခါ ဗုံးႀကဲလို႔ေကာင္းေအာင္ေနမွာေပါ့ကြာ”

စိန္ဓါးေျမႇာင္ ျပန္ေျဖလိုက္ေသာအေျဖေၾကာင့္ ေမးခြန္းရွင္ ဘေမာင္ က တဟားဟားေအာ္ရယ္သည္။

လမ္းျပင္ေနသျဖင့္ စိန္ဓါးေျမႇာင္တို႔က လမ္းေဘးမွ ကပ္ေလွ်ာက္သြားသည္။

ထိုအခ်ိန္တြင္ ဆူဆူညံညံအသံမ်ားၾကားရသည့္အတြက္ စိန္ဓါးေျမႇာင္၊ဘေမာင္၊လွေမာင္၊ ခါေလးတို႔က က အသံၾကားရာဆီလွည့္ၾကည့္လိုက္သည္။

ကားတစ္စီးဆိုက္လာျခင္းျဖစ္ၿပီး ထိုကားထံသို႔ လမ္းဗိုလ္ကျပားအပါအဝင္ က်န္သူမ်ား အေျပးအလႊားေျပးသြားၾကသည္ကို ေတြ႕ရသည္။
စိန္ဓါးေျမႇာင္က အေျခအေနကို စူးစမ္းသည္။

ကားေပၚမွ ဆင္းလာသူကား ခမ္းနားလွသည္။
စစ္ေဘးစစ္ဒဏ္ေၾကာင့္ ႏြမ္းပါးလွသည့္သူမ်ားအၾကား သူကား တခမ္းတနား။
အျဖဴေရာင္ဥေရာပဝတ္စုံ ႏွင့္။ ေ႐ႊေရာင္ကိုင္းတပ္စီးကရက္ကို ဟန္ပါပါခဲထား၏။

လမ္းဗိုလ္ကိုယ္တိုင္က အေျပးအလႊားခယေနသျဖင့္ က်န္အလုပ္သမားမ်ားကလည္း ေနပူႀကဲတဲတြင္ လမ္းခင္းေနရာမွ ေၾကာက္လန႔္တၾကားျဖစ္ကုန္ၾကသည္။
ထိုသူက အလုပ္သမားမ်ားႏွင့္ လမ္းအေျခအေနကိုၾကည့္ကာ လမ္းဗိုလ္အား ဆူပူေအာ္ဟစ္ေနသည္။

“အဲ့ဒါက ဘယ္သူလဲဗ်..ေဝလမင္းသားမ်ားလား”

စိန္ဓါးေျမႇာင္က လမ္းေဘးတြင္ ေက်ာက္သယ္ေနေသာ ျမန္မာအလုပ္သမားတစ္ဦးကို ေမးလိုက္သည္။

“ဘယ္ကသာဗ်ာ....လမ္းကန္ထ႐ိုက္ရထားတဲ့ ကျပားေကာင္ေလ..မႏၲေလးက လမ္းအေတာ္မ်ားမ်ားကို အစိုးရဆီက ကန္ထ႐ိုက္ရထားတာ..မစၥတာစတက္ဖင္တဲ့ဗ်...စစ္ႀကီးၿပီးလို႔ သူမ်ားေတြ ငတ္ေနခ်ိန္မွာ သူက အစိုးရနဲ႔ အဆင္ေျပ အလုပ္ေတြ အမ်ားႀကီးရေနတဲ့ ကန္ထ႐ိုက္ေပါ့.က်ဳပ္တို႔ လမ္းလုပ္သားေတြအတြက္ေတာ့ ခင္ဗ်ားေျပာသလို ေဝလမင္းသားေပါ့ဗ်ာ..အဟက္”

“..ႏို႔ ..သူက ကန္ထ႐ိုက္ဆိုေတာ့ သူ႔အလုပ္သူလုပ္မွာေပါ့ဗ်..ခင္ဗ်ားတို႔က သူ႔ၾကည့္မရဘူးလား”

“အင္း..အဲ့လိုလည္းေတာ့မဟုတ္ပါဘူး..ကြၽန္ေတာ္တို႔က ေနပူထဲ ဒီလို ပူပူေလာင္ေလာင္ဆင္းဆင္းရဲရဲလုပ္ေနရေတာ့..ေအးေအးေဆးေဆးစတိုင္က်က်နဲ႔ ေငြရတဲ့သူ႔ကို မနာလိုမိတာပါေလ”

“မနာလိုရေအာင္ သူက အေတာ္ခ်မ္းသာသလားဗ်”

“အာ..စစ္ၿပီးခါစ မႏၲေလးမွာ ဒီလူအခ်မ္းသာဆုံးျဖစ္လိမ့္မယ္။ မစိုးရိမ္ဒါယကာဦီးသက္ရွည္တို႔၊ဦီးေက်ာ္တို႔ ခ်မ္းသာတာေလာက္ေတာ့ သူက ဒီအခ်ိန္အေပ်ာ့ေျပာမွာပဲ”

“ႏို႔.သူက ဂေလာက္ခ်မ္းသာတာလား..ကိုယ့္လူရဲ႕”

“ခက္ပ..ငါ့လူႏွယ့္...ပုလိပ္ဘက္ကမ်ားလား..သူခ်မ္းသာေတာ့ေရာ..ဘာလုပ္ဖို႔တုန္း”

“ေအာ္..ဘာရယ္..မဟုတ္ပါဘူး..အဲ့ဒီေဝလမင္းသားကို ဓါးျပတိုက္ရေကာင္းမလားလို႔ပါ”

“ဘာရယ္”

႐ုတ္တရက္ အံဩသြားသည့္ လမ္းလုပ္သား၏ အေမးကို စိန္ဓါးေျမႇာင္က ျပန္မေျဖပဲ ခပ္ၿပဳံးၿပဳံးျဖင့္ လွည့္ထြက္သြားသည္။

ထို႔ေနာက္ ၾကင္ေအးႏွင့္ ခ်ိန္းဆိုထားေသာ အေရွ႕ျပင္နန္းဦးေက်ာင္းသို႔သြားရန္ ျဖတ္လာေသာ ျမင္းရထားကို ငွားလိုက္သည္။

ၾကင္ေအးသည္ စိန္ဓါးေျမႇာင္၏ ၫႊန္ၾကားခ်က္အရ အေရွ႕ျပင္နန္းဦးဘုန္းႀကီးေက်ာင္းတြင္ ရဟန္းတစ္ပါးအျဖစ္ ဝတ္ဆင္ကာ အာဂႏၲဳအျဖစ္ ႀကိဳတင္ေရာက္ႏွင့္ေနသည္။

စစ္ၿပီးကာလျဖစ္သည့္အတြက္ ေက်ာင္းတိုက္သံဃာမ်ားမွာ စုစည္းမရသည့္အျပင္ ျမန္မာျပည္အရပ္ရပ္မွ သံဃာမ်ားမွာ ျပန႔္က်ဲေနသည္ေၾကာင့္ ဆရာေတာ္မွာ ၾကင္ေအးကို တကယ့္ရဟန္းအစစ္ဟုသာ မွတ္ယူကာ ေက်ာင္းတြင္ေနခြင့္ျပဳထားေလသည္။

စိန္ဓါးေျမႇာင္၊ လွေမာင္၊ ဘေမာင္၊ ခါေလးတို႔သည္ ပခုကၠဴနယ္မွ အလုပ္ရွာလာၾကသူမ်ားအျဖစ္ ဆရာေတာ္ကို ဝင္ေရာက္ေလွ်ာက္ထားကာ အေရွ႕ျပင္နန္းဦးဘုန္းႀကီးေက်ာင္းတြင္ တည္းခိုေနၾကသည္။

ေက်ာင္းတိုက္အတြင္း ရွိႏွင့္ၿပီးျဖစ္ေသာ  ဦးကိတၱိ တျဖစ္လဲ ၾကင္ေအးက တည္ခိုေသာေက်ာင္းေဆာင္သို႔ ေရာက္လာကာ ညေနခ်မ္းအခါတြင္ ဆရာဒကာမ်ား တရားဓမၼေရးရာကို တိုင္ပင္ေဆြး‌ေႏြးၾကသည္။
အမွန္တကယ္ကား မႏၲေလးတြင္ စိန္ဓါးေျမႇာင္ဓါးျပဂိုဏ္းအေျခခ်ရန္ ႀကိဳတင္စည္းေဝးေနၾကျခင္းပင္ျဖစ္၏။

အစည္းအေဝးတြင္ လူစုံတက္စုံပါဝင္ၿပီး ခါေလးတစ္ေယာက္သာ ညစာသြားရွာဝယ္ေနသည္။

“ဒကာႀကီး မဂၢင္လမ္း ေဖာက္ဖို႔ရာ ဘယ့္ႏွယ့္ေတြးထားတုန္း”

“တင္ပ.ပထမဆုံး.အနီးဆုံးစခန္းက သြားရမယ္တဲ့ဘုရား.ေမၿမိဳ႕နားက ဟာေပါ့..ကျပားေကာင္ပါ..စတက္ဖင္ လို႔ ေခၚတဲ့..လမ္းကန္ထ႐ိုက္ေပါ့..မဂၢင္လမ္းကေတာ့ အဲ့ဒီ စတက္ဖင္ပါပဲ.. အရွင္ဘုရားအလုပ္က. ဘယ္လိုေနေန အတၱာဟိ အတၱာေနာနဲ႔ ေဖာက္ရမွာပါပဲ.. ”

“စတက္ဖင္ေနာ္..ဒကာႀကီး...ဦးဇင္းရေအာင္ ေဖာက္ေပးပါ့မယ္”

“တင္ပ.ေနာက္ထပ္က ဦးဇင္းကို ေလွ်ာက္ထားဖူးတဲ့ ျမစ္လယ္က စၾကာလက္နက္ေတြ ေ႐ြ႕ဖို႔ ကိစၥပါ”

“အင္း..ဒကာႀကီးအလို ကို ဦီးဇင္း က ျဖစ္ေအာင္ လုပ္ေပးရမွာပါပဲ...အဲ့ဒီးအတြက္ေျမာက္အိုးဘိုးေက်ာင္းမွာ ဦးဇင္းလူေတြထည့္ထားၿပီးၿပီ...ဒီထက္ ပိုၿပီး လုံၿခဳံပါတယ္”

သကၤန္းၿခဳံထားေသာ ၾကင္ေအးက ျပန္လည္ထြက္ခြာသြားသည္။

စိန္ဓါးေျမႇာင္ႏွင့္ လွေမာင္၊ ဘေမာင္တို႔သာ က်န္ရစ္ၿပီး ေက်ာင္းေဆာင္တြင္းလွဲေလ်ာင္းကာ စကားေျပာေနၾက၏။
ထိုအခ်ိန္တြင္ မႏၲေလးငါးမွတ္ဌာနမွ ပုလိပ္စာသင္ ကိုတိုး ႏွင့္ ပုလိပ္သားငါးေယာက္သည္ ေက်ာင္းတိုက္ေပၚသို႔ ႐ုတ္တရက္ တက္ေရာက္လာၾကသည္။

လက္ထဲတြင္ ႐ိုင္ဖယ္ေသနတ္မ်ားကိုယ္စီႏွင့္မို႔ စိန္ဓါးေျမႇာင္တို႔မွာ ႐ုတ္တရက္ အံဩသင့္သြားၾကသည္။

“ေဟ့ မင္းတို႔ကို ဖမ္းတယ္”

“ဘာျဖစ္လို႔မ်ားလဲဗ်ာ”

“ေဟ့..စကားမရွည္နဲ႔...လက္ကိုေျမႇာက္ထား..အကုန္လက္ထိပ္ခတ္ေဟ့”

စိန္ဓါးေျမႇာင္က ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္သည္။
ကိုတိုးကိုင္ထားေသာ ေျခာက္လုံးျပဴးေသနတ္ႏွင့္ လက္တကမ္းတြင္ အသင့္အေနအထား ေနရာယူလိုက္၏။

“ခဏေနပါဦီးဗ်..ကြၽန္ေတာ္တို႔ကို ဘာကိစၥဖမ္းတာလဲ”

“ေဟ့..မင္းတို႔...ဒီေက်ာင္းမွာေနတဲ့ ဦီးကိတၳိနဲ႔ေတြ႕ၾကတယ္မဟုတ္လား..ဦးကတၳိ ေခၚ ၾကင္ေအး ဆိုတာ အစိုးရလမ္းေတြကေန ကတၱရာေစးျပားေတြခိုးေရာင္းတဲ့ေကာင္ေတြကို ပြဲစားလုပ္ေပးေနတဲ့ေကာင္ပဲ..မင္းတို႔ ကတၱရာေစးခိုးတဲ့ေကာင္ေတြမဟုတ္လား..ေဟ့..ဒီေကာင္ေတြကို ရွာစမ္း”

“ေတာက္”

စိန္ဓါးေျမႇာင္၏ ေတာက္ေခါက္သံက က်ယ္ေလာင္သြားသျဖင့္ ပုလိပ္စာသင္ကိုတိုးပင္ မ်က္ေမွာင္ႀကဳံ႕သြား၏။

“ဘာလဲကြ.ကတၱရာသူခိုးက...မာလွခ်ည္လား..ငါ့ဘာမွတ္လဲ”

“ေဟ့ေကာင္..ငါ့ေရာ..ဘာမွတ္လဲ..ကတၱရာေစးသူခိုးမဟုတ္ဘူးကြ..ဒီမွာၾကည့္”

စိန္ဓါးေျမႇာင္က ခါးေတာင္းေကာက္ေျမႇာင္လိုက္ေသာအခါ ေပါင္မွ ထိုးကြင္းေဆးနီမ်ားေပၚလာသျဖင့္ လက္ထိပ္ခပ္ရန္လာေသာ ပုလိပ္သားမ်ားမွာ ေနာက္သို႔ တြန႔္သြားၾကသည္။

လွေမာင္က ေျခာက္လုံးျပဴးေသနတ္ကို ထုတ္ကာ ကိုတိုးအား ခ်ိန္ထားလိုက္သည္။

ပုလိပ္မ်ား အကုန္လုံး လႈပ္လႈပ္ရွားရွားျဖစ္သြားၾက၏။

“ေဟ့..လွေမာင္..ယွဥ္ပစ္မေနနဲ႔..ဒီေကာင္ေတြ ေခတ္သစ္အခ်ဳပ္ခန္း ဘယ့္ႏွယ့္ေလာက္ လုံမလဲသြားၾကည့္ၾကမယ္..ေဟ့...ငါကတၱရာျပားသူခိုးအဆင့္မဟုတ္ဘူးကြ...ငါ စိန္ဓါးေျမႇာင္ပဲကြ..လာဖမ္းခ်ည္”

ပုလိပ္စာသင္ ကိုတိုးသည္ ေျခာက္လုံးျပဴးကို ကိုင္လ်က္ ပါးစပ္အေဟာင္းသားျဖင့္ စိန္ဓါးေျမႇာင္တို႔ လူသိုက္ကို ၾကည့္ေနေလေတာ့သည္။

ဘုန္းႀကီးအေယာင္ေဆာင္ ၾကင္ေအးကား ပုလိပ္အေျခအေနကို အကဲခတ္ကာ ေရွာင္ေျပးေလၿပီ။
.............................................................................

(၅)မွတ္ပုလိပ္ဌာနသည္ အဂၤလိပ္ေခတ္၊ ဂ်ပန္ေခတ္တို႔တစ္ေလွ်ာက္ မႏၲေလးတခြင္ နာမည္ေက်ာ္ခဲ့ေသာ ဓါးျပဗိုလ္ စိန္ဓါးေျမႇာင္ကို မထင္မွတ္ပဲ ဖမ္းမိခဲ့ေလသည္။

စိန္ဓါးေျမႇာင္အမႈတြဲမ်ား က်န္ရွိေနေသာ (၁၃)မွတ္ပုလိပ္ဌာနသို႔ စိန္ဓါးေျမႇာင္ပါ (၂)ဦးကို လႊဲေျပာင္းလိုက္သည္။

၁၃ မွတ္ ပုလိပ္ဌာန၏ ဌာနအုပ္ကား အျခားမဟုတ္။
စိန္ဓါးေျမႇာင္အား စစ္ကိုင္းမွ ရွိန္းမကားသို႔ ေခၚေဆာင္ရာတြင္ ပါဝင္ခဲ့သူ ဦးခ်စ္ပုံပင္။

ဂ်ပန္ေခတ္ ဒုရဲဗိုလ္ဘဝတြင္ စိန္ဓါးေျမႇာင္အဖြဲ႕၏ ႏွပ္ခ်မႈကို ခံခဲ့ရသည့္အတြက္ ဦးခ်စ္ပုံမွာ စိန္ဓါးေျမႇာင္ကို အထင္မေသးရဲေတာ့။

“ဘယ့္ႏွယ့္လဲ...အကိုႀကီး..ဆုံၾကျပန္ၿပီေနာ့..ကြၽန္ေတာ္တို႔ တယ္ေရစက္ဆုံတာပဲ..ဘယ္လိုလဲ ရွိန္းမကားတုန္းက ဥေဒါင္းမင္း ပရိတ္ေရာ..အလြတ္ရၿပီလားဗ်”

အခ်ဳပ္ခန္းသို႔ အဝင္ ကိုယ္ေရးမွတ္တမ္းမ်ားစိစ္ေနစဥ္ စိန္ဓါးေျမႇာင္၏ အေျပာေၾကာင့္ ဦီးခ်စ္ပုံမွာ မ်က္စိမ်က္ႏွာပ်က္သြား၏။

ဌာနရွိ ပုလိပ္သားမ်ားမွာ နာမည္ေက်ာ္ ဓါးျပဗိုလ္ စိန္ဓါးေျမႇာင္အား ဖမ္းမိသည့္အတြက္ ေက်နပ္ေနၾကေသာ္လည္း ဦးခ်စ္ပုံမွာ ရင္တထိတ္ထိတ္ႏွင့္။

ေနာက္ဆုံးတြင္ ဌာနအုပ္ ဦးခ်စ္ပုံ က ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္သည္။
မႏၲေလးတိုက္ပိုင္ရဲရာဇဝတ္ဝန္ဦးဘေအး ထံေၾကးနန္းပို႔လိုက္ျခင္းပင္။

ဂ်ပန္ေခတ္ရဲဌာနလက္ထက္က စစ္ကိုင္းတြင္ စိန္ဓါးေျမႇာင္အား ဖမ္းခဲ့ဖူးသူ ဦးဘေအးကလည္း စိန္ဓါးေျမႇာင္ဆိုသည္ႏွင့္ အေျခအေနကို နားလည္လိုက္သည္။

ဦးခ်စ္ပုံ ေတာင္းဆိုသည့္အတိုင္း စိန္ဓါးေျမႇာင္အား ၁၃ မွတ္ရဲစခန္းတြင္ ရမန္ယူကာ မႏၲေလးေထာင္ႀကီးခ်ဳပ္သို႔ လႊဲေျပာင္းခ်ဳပ္ေႏွာင္ရန္ အမိန႔္စာကို ခ်က္ခ်င္းဆက္သားျဖင့္ ပို႔ေပးလိုက္၏။

စိန္ဓါးေျမႇာင္ တို႔ လူစုကား နာမည္ေက်ာ္ မႏၲေလးနန္းတြင္းေထာင္ႀကီးျဖင့္ စတင္မိတ္ဆက္ရေပၿပီ။
...................................................................................................
ဇြန္လတိုင္ခဲ့ၿပီ။
“စိန္ဓါးေျမႇာင္ေခၚ ေမာင္ကေလး  ဧည့္ေတြ႕လာတယ္”

ေထာင္ႀကီးခ်ဳပ္ အိပ္ေဆာင္အတြင္း လွဲေလ်ာင္းေနသည့္ စိန္ဓါးေျမႇာင္ ဆတ္ခနဲျဖစ္သြားသည္။

စိန္ဓါးေျမႇာင္၊ ဘေမာင္၊ လွေမာင္တို႔မွာ ေထာင္ႀကီးခ်ဳပ္အတြင္း တစ္လၾကာေနခဲ့ရၿပီး အျပင္ေလာကႏွင့္ အဆက္အသြယ္ျပတ္ေနခဲ့သည္။
တရား႐ုံးမွ မတၱရာဓါးျပမႈတရားခံကြင္းဆက္အျဖစ္ လွေမာင္ကို ေထာင္ (၇)ႏွစ္ ခ်က္လိုက္ၿပီျဖစ္သည္။

သို႔ေသာ္ျငား ေထာင္ႀကီးအတြင္း ဂ်ပန္စစ္သုံ႔ပန္းမ်ားျပည့္ေနသျဖင့္ လွေမာင္ကို ေထာင္ႀကီးခ်ဳပ္တြင္သာ ထားရွိေနေသး၏။
စိန္ဓါးေျမႇာင္ႏွင့္ ဘေမာင္တို႔ကား သက္ေသမရွိသျဖင့္ ဓါးျပမႈမ်ားကို ဆက္လက္စစ္ေဆးေနဆဲပင္။

ထိုအခ်ိန္တြင္ ထူးထူးျခားျခား စိန္ဓါးေျမႇာင္ကို ဧည့္ေတြ႕ေရာက္လာသည္။
ေထာင္ဝင္စာအခန္းေရွ႕သစ္သားေခ်ာင္းမ်ားၾကားတြင္ အမ်ိဳးသမီးအရိပ္တစ္ခု ေတြ႕သည္ႏွင့္ စိန္ဓါးေျမႇာင္ ၏ ရင္ဘတ္တစ္ခုလုံး ဒိန္းဒလိန္းနတ္ဖမ္းစားသလို လႈပ္ခါသြားရသည္။

သို႔ေသာ္...နီးကပ္လာသည့္အခါ..

“ဆရာႀကီး”
စိန္ဓါးေျမႇာင္က အမ်ိဳးသမီးကို ေသခ်ာၾကည့္လိုက္သည္။

ျမၾကည္မွ မဟုတ္တာပဲ။

“အႏွင္း..ျမၾကည္ေရာ..”

“မမၾကည္ ရွိပါတယ္..ဆရာႀကီး”

“မွားေနၿပီ..နင္လာေတြ႕ရမွာ..လွေမာင္ႀကီးကိုေလဟာ”

“ကြၽန္မကို မျမၾကည္လႊတ္လိုက္တာ”

“အင္း..ေတာ္ပါေသးရဲ႕.ကိုယ္တိုင္လာမေတြ႕တာပဲ..ငါေတာ့ သူ႔မ်က္ႏွာျမင္ရရင္..စိတ္ေကာင္းမယ္မထင္ဘူးဟ”

“မမၾကည္ကလည္း ဆရာႀကီးကို တသသေျပာေနတာပါပဲ”

“နင္က ဘယ့္ႏွယ့္လုပ္ လာေတြ႕လို႔ရတာလဲ”

“ဆရာႀကီးရဲ႕ ညီမဆိုၿပီးလာေတြ႕တာ..ေထာင္ကအရာရွိေတြကို ကိုခါေလးက ေငြလည္း ေတာ္ေတာ္ေပးလိုက္ရတယ္”

“ခါေလး..အင္း..ဒီေကာင္လည္ေပလို႔သာပဲ..ဒါနဲ႔ ဟိုေကာင္ၾကင္ေအးေရာ”
“ကိုၾကင္ေအးလည္း မမၾကည္ကို ေစာင့္ေရွာက္ပါတယ္..သူလည္း လည္သလို လုပ္စားတာမိတာ.မထင္မွတ္ပဲ ဆရာႀကီးတို႔ ယုန္ေထာင္ေၾကာင္မိျဖစ္သြားေတာ့ အေတာ္စိတ္မေကာင္းျဖစ္ေနတယ္”

“အင္း..ေခြးမသားၿဂိဳလ္ဆိုးေလး.ငါ့ကိုေတာ့ အေတာ္ေမႊသေဟ့"

“အခု ဆရာႀကီးတို႔အတြက္ ေကာက္ညႇင္းက်ည္ေတာက္ေလး လာေပးတာပါ..မျမၾကည္ကိုယ္တိုင္လုပ္ထားတဲ့ ေကာက္ညႇင္းက်ည္ေတာက္...”

“ဘာ..ျမၾကည္လုပ္တဲ့ ေကာက္ညႇင္းက်ည္ေတာက္..”

အေမးကို မႏွင္းက မေျဖပဲ စိန္ဓါးေျမႇာင္၏ မ်က္လုံးကို စိုက္ၾကည့္ၿပီး ၿပဳံးလိုက္သည္။

“ဆရာႀကီးရဲ႕တဖြဲ႕လုံးက ဂ်ပန္ေခတ္မွာ ရသမွ်ေတြ စုပုံေအာၿပီး ကြၽန္မ ဒီကိုလာလို႔ရေအာင္၊ ဆရာႀကီးအတြက္ ေကာက္ညႇင္းက်ည္ေတာက္စားလို႔ရေအာင္ ႀကိဳးစားခဲ့ၾကတာပါ.....ဆရာႀကီး က်န္းက်န္းမာမာရွိတာကို မမၾကည္ကလည္း ျမင္ခ်င္လွပါၿပီတဲ့”

စိန္ဓါးေျမႇာင္ ငိုင္ဆင္းသြားသည္။
သို႔ေသာ္ ခ်က္ခ်င္းပင္ ေခါင္းေမာ့ၿပီး ၿပဳံးလိုက္၏။

“အင္း..ငါ ေကာက္ညႇင္းက်ည္ေတာက္ႀကိဳက္တတ္တာ..သူ သိသားပဲ..ဒါနဲ႔ ဘယ္မွာလဲ ေကာက္ညႇင္းက်ည္ေထာက္က”

“ကြၽန္မတို႔ ေသခ်ာစီစဥ္ထားပါတယ္.ဆရာႀကီး ထမင္းစားခ်ိန္အမီ အေဆာင္ကို ေရာက္ေနပါလိမ့္မယ္”

ထိုအခ်ိန္တြင္ အေစာင့္ျဖစ္သူ ပန္ခ်ာပီေထာင္ဝါဒါက အခ်ိန္ေစ့ေၾကာင္း ေအာ္ဟစ္လိုက္သည္။

“ကဲ..အႏွင္း..ျပန္ေတာ့...တကယ္ေက်းဇူးတင္တယ္”

မႏွင္း ၏ မ်က္ဝန္းမ်ားက ႐ုတ္တရက္ ရီေဝသြားသည္။

“ဆရာႀကီး...ခဏ”

ျပန္လွည့္ထြက္ခါနီး စိန္ဓါးေျမႇာင္က မႏွင္း ကို ၾကည့္လိုက္သည္။

“ဘာမ်ားလဲ..အႏွင္း”

“ကိုလွေမာင္ကို ကြၽန္မ  သတိရတယ္လို႔ ေျပာေပးပါ”

ေျပာၿပီးသည္ႏွင့္ ခ်ာခနဲလွည့္ထြက္သြားေသာ မႏွင္း၏ ပါးျပင္တြင္ မ်က္ရည္စတို႔ က်ေနသည္လား စိန္ဓါးေျမႇာင္ မျမင္ႏိုင္ေတာ့။
...........................................................................
ေကာက္ညႇင္းက်ည္ေတာက္။
ဧည့္ေတြ႕မွ ျပန္လာေသာ စိန္ဓါးေျမႇာင္ကို ေထာင္ႀကီးခ်ဳပ္အေဆာင္တြင္ ဘေမာင္၊ လွေမာင္တို႔ႏွင့္အတူ ေထာင္ဝါဒါတစ္ဦးလာေပးေသာ ေကာက္ညႇင္းက်ည္ေတာက္က ေစာင့္လ်က္ႀကိဳေန၏။

“ဆရာႀကီး မမၾကည္ လာေတြ႕တာလား..ကြၽန္ေတာ့္ အႏွင္းေရာ..ဆရာႀကီး”

“မင္း..အႏွင္းလာတာ..လွေမာင္”

“ဗ်ာ......အႏွင္း....လာတာ”

“ေအး..ေကာက္ညႇင္းက်ည္ေတာက္ က သူပဲ သြင္းေပးတာ”

“ေကာက္ညႇင္းက်ည္ေတာက္ႀကီး ဘာျဖစ္လို႔ လာပို႔ရတာလဲ”

ဘေမာင္ ၏ အေမးကို စိန္ဓါးေျမႇာင္က ၿပဳံးလိုက္သည္။

စိန္ဓါးေျမႇာင္က ဘေမာင္ပုခုံးကို ဖက္ကာ ခပ္တိုးတိုး ေျပာလိုက္၏။

“အဲ့ဒါ..ငါတို႔ကို လြတ္မိန႔္ေပးလိုက္တာကြ”

“ဗ်ာ.ဘယ္သူကလဲ..”

“ျမၾကည္ကေလ”

"ဟင္"

"မဟင္နဲ႔..ေဟ့ေကာင္.ငါတို႔ ေထာင္ေဖာက္ၾကမယ္"
ေကာက္ညႇင္းက်ည္ေတာက္ႏွင့္ ေထာင္ေဖာက္မည္ဆိုသျဖင့္ ဘေမာင္မွာ အံအားသင့္သြားသည္။
လွေမာင္ ကေတာ့ သူတို႔ႏွစ္ဦး၏ ပေဟဠိဝွက္တမ္းကို မသိသလို ေငါင္ေငါင္ႀကီး ရပ္ေန၏။

အႏွင္းလာပါလ်က္ႏွင့္.........သူ႔ကို လာမေတြ႕.....အဘယ္ေၾကာင့္..အႏွင္း ႏွင့္ ေတြ႕ရသူမွာ..သူမဟုတ္ရေလသနည္း။

ခက္ေဇာ္

Comments

Post a Comment