The Guys From Mandalay,1950s အခန်း(၉)
The Guys From Mandalay,1950s
အခန်း(၉)
………………………………………..
မြေနုကျွန်းပေါ်ရှိယာယီတဲရှေ့တွင် မိကွန်က စိန်ဓါးမြှောင်ခိုင်းခဲ့သည့်အတိုင်း စီစဉ်ထားသည်။
မြေတလင်းတွင် သင်ဖြူးတစ်ချပ်ခင်းပြီး အုန်းပွဲ၊ငှက်ပျောပွဲ၊ ထန်းရည်တစ်မြူနှင့် ငါးကြော်တစ်ကောင် က အသင့်။
“ကဲ..တိုက်ရာပါပစ္စည်းအကုန် သင်ဖြူးပေါ် ပုံကြဟေ့..တစ်ခုမှ မကျန်စေနဲ့နော်”
ပြောပြောဆိုဆိုနှင့် စိန်ဓါးမြှောင်က သူ့လက်ထဲမှ မြကြည်၏ နားကပ်တစ်ဖက်ကိုပါ သင်းဖြူပေါ် ပစ်ချလိုက်သည်။
ကျန်သူများက တိုက်ရာပါရွှေထည်များနှင့် ငွေများကို သင်ဖြူးပေါ် ပုံလိုက်ကြသည်။
ထို့နောက် စိန်ဓါးမြှောင်က အုန်းပွဲရှေ့တွင် အသင့်ထားသော ဖယောင်းတိုင်ကို မီးခြစ်ဖာနှင့် ခြစ်ခါ ထွန်းညှိ့လိုက်သည်။
“အားလုံးထိုင်ကြ”
နန်းတော်ရှေ့သိန်းမောင် က စိန်ဓါးမြှောင် လုပ်သည်များကို တအံတသြကြည့်ရင်း ထိုင်လိုက်သည်။
“စောရဒေဝီ တောင်ချမ်းသာအရှင်မ..ကျေးတော်မျိုးကျွန်တော်မျိုး ခိုးသားဓါးပြများက တိုက်ရာပါများဖြင့် အဦးအဖျား ပူဇော်ပါတယ်..နွားဖြူကို နွားနက်ဖြစ်အောင် နွားနက်ကို နွားနီဖြစ်အောင် နွားနီကို နွားကျားဖြစ်အောင် လှည့်စားဖန်ဆင်းပေးနိုင်သကဲ့သို့ တိုက်ရာပါများကိုလည်း လှည့်စားပေးပြီး မင်းပြစ်မင်းဒဏ်မှ ကွယ်ကာတော်မူပါ..စောရဒေဝီတောင်ချမ်းသာသခင်မ”
စိန်ဓါးမြှောင်က ဒူးထောက်လျက် တတွတ်တွတ်ရွတ်ဆိုလိုက်သည်။
“ကဲ..ခါလေး..မြကြည်နားကပ်လေးတော့ ငါ့ပေးကွာ..ကျန်တာက ငွေသားတွေကို နှစ်ပုံပုံကွယ်။ မိကွန်က ရွှေထည်တွေကို အညီအမျှဖြစ်အောင် ခန့်မှန်းပြီး နှစ်ပုံပုံချေ”
ခါလေးနှင့် မိကွန်က စိန်ဓါးမြှောင်ခိုင်းသည့်အတိုင်း နှစ်ပုံ ပုံနေသည်။
နန်းတော်ရှေ့သိန်းမောင်က စိန်ဓါးမြှောင်နား ကပ်သွားပြီး
“ကိုရင်ကြီး..ခုန ဘာလုပ်တာလဲဗျ..ဘယ်သူ့ကို ပသနေတာလဲ”
“အင်း..မင်းကတော့ ခုမှ ဒီလိုက်လာတော့ ဘယ်သိဦးမလဲ..ဒါ တောင်ချမ်းသာရှင်မကို ပသတာကွ .. ဟိုးရှေးဓါးပြကြီးတွေ အဆက်ဆက် က အစဉ်အလာပဲ..တောင်ချမ်းသာရှင်မကို အခိုးအဝှက်ထွက်ခါနီး မှာ ကွမ်းယာ၊ ဆေးပေါ့လိပ်နဲ့ လက်နက်ပြပြီး ခွင့်တောင်းရတယ်။ ခိုးဝှက်တိုက်ပြီး အပြန်ကျလည်း တိုက်ရာပါပစ္စည်းကို အဦးအဖျားပြသပြီး တင် မြှောက်ကြရိုး ထုံးစံပေါ့ကွာ”
“အင်း ကိုရင်ကြီးနဲ့ တွေ့မှပဲ ဓါးပြမှာလည်း သူ့နတ်နဲ့ သူရှိတာကို သိရတော့တယ်..ကောင်းပါလေ့ဗျာ”
ထိုအချိန်တွင် ခါလေးနှင့် မိကွန် က တိုက်ရာပါများကို နှစ်ပုံ ပုံပြီးလေပြီ။
“ကဲ..နန်းတော်ရှေ့ရေ….မင်းတို့က ဧည့်သည်ဆိုတော့ ငါတို့က ဦးစားပေးပါတယ်
ကွာ… အဲံဒီရှေ့ ငွေပုံ နှစ်ပုံထဲက ကြိုက်တဲ့တစ်ပုံရယ်၊ ရွှေနှစ်ပုံထဲက ကြိုက်တဲ့ တစ်ပုံရယ် အရင်ယူ
.ပြီးရင် မင်းအဖွဲ့ကို မင်းကြိုက်သလိုခွဲပေတော့”
နန်းတော်ရှေ့သိန်းမောင်က စိန်ဓါးမြှောင် စကားကြောင့် အံသြသွားသည်။
“မဟုတ်တာပဲ..ကိုရင်ကြီးရာ…ကျွန်တော်တို့က ဘေးက ဝိုင်းကူရုံပါ..အကုန်လုံး ကိုရင်ကြီးလူတွေ လုပ်သွားတာပဲ မဟုတ်လား..သုံးပုံပုံပြီး ကိုရင်ကြီးတို့ နှစ်ပုံယူပါ”
“မင်းပဲ ကားစီးချင်တယ်ဆိုကွ..မင်းလူတွေလည်း ဆင်းရဲလှပါတယ်..သူတို့ကိုလည်း ခွဲပေးလိုက်ပေါ့..ကဲ..ယူဆို ယူလိုက်ကွာ”
စိန်ဓါးမြှောင်၏ ခပ်မာမာအသံကြောင့် နန်းတော်ရှေ့သိန်းမောင်က ငွေပုံနှင့်ရွှေပုံ တစ်ပုံစီ ယူလိုက်သည်။
“ကဲ..ငန်းနက်တို့၊ ဘမောင်တို့…မင်းတို့ကတော့ ငါ့အဖွဲ့က ဖြစ်လို့ ငါ့ထုံးစံအတိုင်းပဲ…အငယ်ဆုံးဖြစ်တဲ့ ခါလေးက လူဦးရေအတိုင်း ဝေပုံကျခွဲကွာ…မိကွန် ကိုလည်း တစ်ပုံထည့်တွက်နော်..ဟေ့ကောင်”
ငန်းနက်၊ ဘမောင်၊ လှမောင်၊ ငရုတ်သီးဘရင်၊ ဘချစ်၊ ခါလေး၊ ထွန်းခင်၊ မိကွန် ရှစ်ပုံ အညီအမျှ ခွဲဝေလိုက်သည်။
“အကို..ခင်ဗျားက မယူူဘူးလား”
ငန်းနက်က စိန်ဓါးမြှောင်ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
စိန်ဓါးမြှောင်က ခပ်ပြုံးပြုံးတုန့်ပြန်၏။
ထို့နောက် ဘမောင်၊ လှမောင်၊ ခါလေး၊ ငရုတ်သီးဘရင်၊ ထွန်းခင်တို့က သူတို့ဝေစုထဲမှ တစ်ပုံခွဲထုတ်ကာ သင်ဖြူးရှေ့တွင် ထိုးထားသည့် ပွဲထဲသို့ လာထည့်၏။
“အဲ့ဒါ ဘာလုပျကွတာလဲ”
ငန်းနက်က ဘမောင်ကို မေးလိုက်သည်။
“ဆရာကြီးထုံးစံက ဝေစုတစ်ပုံမယူဘူး..ကျွန်တော်တို့ရတဲ့ ဝေစုထဲကနေ စေတနာရှိသလောက် သူ့ကိုပေးတာပဲ ယူတယ်ဗျ”
ငန်းနက်ရော၊ နန်းတော်ရှေ့သိန်းမောင် ပါ စိန်ဓါးမြှောင် ကို တအံတသြကြည့်လိုက်ကြသည်။
“ဟာ..ဟုတ်တာပေါ့..ဒီပစ္စည်းတွေအားလုံးက အကို့အစီအမံအောက်မှာ လုပ်လို့ အောင်မြင်ကြတာပဲ..ဒါ..ပေးရမှာပေါ့”
ငန်းနက်က သူ့ဝေစုထဲမှ ရွှေထည်အချို့ကို ယူကာ ပွဲထဲသို့ သွားထည့်လိုက်သည်။ သူ့နောက်မှ ဘချစ်နှင့် မိကွန် တို့ကလည်း တစ်ပုံလိုက်ထည့်သည်။
နန်းတော်ရှေ့သိန်းမောင်ကလည်း သူရသည့်အပုံကြီးကို တဝက်ခွဲကာ သွားထည့်ပြန်သည်။
“ကဲ..အားလုံး ကျေနပ်ကြပြီလား”
“ကျေနပ်ပါတယ်..ဆရာကြီး”
“ကဲဒါဆို..ဘချစ်နဲ့ မိကွန် နင်တို့လင်မယား ငါ့ဝေစုထဲက ပိုက်ဆံ လိုသလောက်ယူသွား..မင်းကွန်းဘက် ဆင်းပြီး စားစရာသောက်စရာတွေနဲ့ အရက်ကောင်းကောင်းဝယ်ခဲ့ကြ..ဒီတည အားလုံး ဒီမှာပဲ ပျော်ပျော်ပါးပါး သောက်စားရင်း စုအိပ်ကြပါ..မနက်ကျရင်တော့ အကုန် လူစုခွဲဖို့ ငါ စီမံမယ်”
ထိုည က ဈေးချိုတော်ဓါးပြမှု ကျူးလွန်ခဲ့သူများ အားလုံး ပျော်ပျော်ပါးပါးသောက်စားကြသည်။
စိန်ဓါးမြှောင်က အရက်မသောက်ပဲ နတ်တင်ထားသည့် ထန်းရည်ခပ်ချဉ်ချဉ်ကိုသာ နဂါးဆေးပေါ့လိပ်ဖွာရင်း သောက်သည်။
ငန်းနက်က စိန်ဓါးမြှောင်ဘေး ကပ်လာသည်။
“အကို..နတ်တင်တဲ့ ထန်းရည်တွေ သောက်တာလား..နတ်ကြိုက်ပါ့မလား”
“ဟ..တကယ်မရှိတဲ့ နတ်က သူ့ကို ဆက်လည်း ဘယ်သောက်နိုင်မလဲကွ..ဒီတော့ တကယ်သောက်နိုင်တဲ့ငါက သောက်တယ်လေကွာ..ဘာဖြစ်တုန်း”
“ဟင်..တကယ်မရှိဘူးလည်းဆိုသေး.အကိုက ဘာလို့ နတ်တင်တာလဲဗျ”
“ငန်းနက်..မင်းကိုတော့ ငါမြင်မြင်ချင်း ညီအစ်ကိုလို သဘောထားလို့ ပြောပြမယ်..မင်းက ငါ့ထက် ဓါးပြလုပ်သက်စောပေမယ့် ရှေ့လျှောက်ဓါးပြလုပ်မယ်ဆို ငါပြောတာကို သေချာမှတ်ထား… လူဆိုတာ အလုပ်တစ်ခုလုပ်တော့မယ်ဆို ကိုယ့်စိတ်လုံခြုံမှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုက အရေးကြီးတယ်ကွ.. အထူးသဖြင့် ငါတို့က မကောင်းမှုလုပ်နေတဲ့လူတွေ..ပြီးတော့ မကောင်းမှုကိုတောင် အဖွဲ့အစည်းနဲ့ လုပ်ရတဲ့အလုပ်… ဒီတော့ မကောင်းမှုလုပ်လုပ်၊ ကောင်းမှုလုပ်လုပ် ကိုအဖွဲ့သားတွေ စိတ်ထဲ ငါတို့ကို
တစ်စုံတစ်ခုက စောင့်ရှောက်နေတယ်ဆိုတဲ့ အသိဝင်ထားရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေရော.. ဒါကြောင့် ဓါးပြတိုက်ခါနီးဆို ငါက လက်နက်တွေကို နတ်ပြတယ်၊ နတ်တင်တယ်… ဒီတော့ တိုက်နေတဲ့အချိန်မှာ နတ်က ငါ့ကိုစောင့်ရှောက်နေပါလားဆိုတဲ့ အသိနဲ့ခပ်ရဲရဲ လုပ်ဝံ့တာပေါ့ကွာ။ တိုက်ပြီး ပြန်လာတဲ့အခါကျ လူစုပြီး နတ်ကို တိုက်ရာပါပစ္စည်းပြ ပူဇော်တာလည်း အလကားမဟုတ်ဘူး။ လူဆိုတာ ဝေစုခွဲခါနီးကျ လောဘတက်တတ်တယ်ကွ။ အရင် နတ်တင်ပြီး နတ်နဲ့ ခြောက်ထားတော့ မတရားလိုချင်စိတ် နည်းသွားတယ်။ အဲ့ဒါကြောင့် နတ်တင်တယ်ဆိုတာ လူတွေရဲ့ စိတ်ကို စိုးမိုးထိန်းချုပ်တဲ့ နည်းတစ်ခုပဲ”
ငန်းနက်က စိန်ဓါးမြှောင် စကားများကို ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေသည်။
……………………………………………………………………………………..
နောက်တစ်နေ့ နံနက်စောစော နေမထွက်မီတွင် စိန်ဓါးမြှောင်က အားလုံးကို နှိုးပြီး လူစုလိုက်သည်။
“ကဲ..အခု ငါတို့တွေ..နေမထွက်ခင်မှာ ဒီကနေ လူစုခွဲကြမယ် ဘရင်းဂန်းတွေ၊ ရိုင်ဖယ်တွေကိုတော့ ဒီပေါ်မှာပဲ ဝှက်ထားခဲ့မယ်...အတိုတွေကိုပဲ ယူသွားကြတာပေါ့ …နန်းတော်ရှေ့ကြီးတို့က မန္တလေးဘက်ပြန်ပြီးဟန်မပျက်ဆိုက်ကားနင်းနေကြ၊ ဦးလူဒုတ်သတ်တဲ့အမှုမှာ ဆိုက်ကားဆရာတွေကို ပြသနာတော့ရှာလာနိုင်တယ်။ ဒါပေမယ့် မန္တလေးမှာ ဆိုက်ကားစီးရေက ရာချီရှိတာမို့ ပုလိပ်ဘက်က လိုက်ရတော့ ခက်လိမ့်မယ်။ ငန်းနက်တို့လည်း ဒီပေါ်မှာ မနေနဲ့တော့ အင်းဝဘက်က ငါပြောတဲ့ ရွာမှာ သွားခိုနေကြ၊ ငါနဲ့ခါလေး၊ ထွန်းခင်တို့က ကျောက်ပန်းတောင်းကိုသွားမယ်။ လှမောင်နဲ့ ဘမောင်ကရော..ဘယ်မှာ အောင်းမလဲဟေ့”
“ဆရာကြီး..ကျောက်ပန်းတောင်းမသွားခင်..ကျွန်တော့်ကို ရှိန်းမကားမှာ မိန်းမလိုက်တောင်းပေးပါဦး”
လှမောင်က ရယ်ကြဲကြဲနှင့်။
“လှမောင်..မင်းကတော့ အရေးထဲမှကွာ”
“လုပ်ပေးလိုက်ပါဆရာကြီးရယ်..ဒီကောင်က အဲ့ဒီကောင်မလေးကို လိုချင်တာ..ပိုက်ဆံမရှိတာနဲ့ ကျွန်တော့်ကိုပူဆာလို့ ညီအစ်ကိုနှစ်ယောက် ဓါးပြထွက်တိုက်မိတာပဲ…အခု မြိုးမြိုးမျက်မျက်လည်း ရနေပြီဆိုတော့ လိုက်တောင်းပေးလိုက်ပါဗျာ”
“မင်းတို့ဟာက ခက်တော့နေပြီကွာ။ ဓါးပြကို မိန်းမလိုက်တောင်းခိုင်းရတယ်လို့”
“ဟာ..ဆရာကြီးကလည်း..ကျွန်တော်တို့က ဓါးပြလေ..ဆရာကြီးက ဓါးပြဗိုလ်လေ..ဆရာကြီးမှ မတောင်းပေးရင် ဘယ်သူတောင်းပေးမလဲ”
“ဟေ့..မိန်းကလေးရှင်ဘက်ကို ကျွန်တော် ဓါးပြဗိုလ်ပါ..ကျွန်တော်တပည့်ဓါးပြလေး က ခင်ဗျားသမီးကို မေတ္တာရှိလို့ လာတောင်းတာပါလို့ ပြောရမှာလား..တယ်လည်း ခက်ပါလား..လှမောင်ရာ”
“သြော်..အဲ့ဒီလိုတော့ ဘယ်ဟုတ်မလဲ..ဆရာကြီးရယ်..ဆရာကြီး
က ဆေးလည်းကောင်းကောင်းကုတတ်တော့ မန္တလေးက ကျွန်တော်တို့ဦးလေး ဆေးဆရာကြီး ပေါ့..လုပ်ပါ..ဆရာကြီးရယ်.ကျွန်တော်တို့က မိမရှိဖမရှိမို့အဖေလို အားကိုးနေရတာပါ”
“အေးပါကွာ..မင်းတို့နှစ်ကောင်ပေးတဲ့ ဒုက္ခနဲ့ ငါ ဓါးပြဗိုလ်ဖြစ်ပြီးပြီ..ခုလည်း ဆေးဆရာဖြစ်ရတာပေါ့”
ထို့နောက် စိန်ဓါးမြှောင်က သူ့ဝေစုများထဲမှ ငွေတစ်သောင်းကို ထုတ်လိုက်၏။
“ငါတို့ ကိုယ်ယောင်ဖျောက်နေတဲ့အချိန်မှာ ငန်းနက် နဲ့ ကြင်အေး ကို ငါ ငွေငါးထောင်စီပေးလိုက်မယ်။
မင်းတို့ လက်နက်တွေ ရသမျှရှာပြီး ကျွန်းပေါ်လာလာဝှက်ထားကြ။ အားလုံး ကိုယ့်နေရာမှာ ကိုယ် နေကြ.. အလုပ်လုပ်ဖို့ပေါ်တဲ့အခါ မင်းတို့ရှိရာကို ငါလူကြုံလွှတ်ပြီး ပြောခိုင်းမယ်။ ဦးလေးကြီးက ဘယ်မှာစုဖို့ ခေါ်ခိုင်းလိုက်ပါတယ်ဆိုတာနဲ့ ငါခေါ်ခိုင်းတယ်လို့သာမှတ်..ဟုတ်ပြီလား”
မကြာမီ သူတို့အားလုံး လူစုအသီးသီးခွဲလိုက်ကြသည်။
စိန်ဓါးမြှောင်က ခါလေးနှင့် ထွန်းခင်ကို ကျောက်ပန်းတောင်းသို့ အရင်လွှတ်လိုက်သည်။
ထို့နောက် စိန်ဓါးမြှောင်သည် လှမောင်၊ ဘမောင်တို့နှင့်အတူ ရှိန်းမကားဘက်သို့ မိန်းမတောင်းပေးရန် ထွက်ခဲ့လေသည်။
……………………………………………………………………………………………
ရှိန်းမကား။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှ တောမကျ မြို့မကျ ဒေသကလေး။
ဆေးဆရာ ဆရာသိန်း ဟု အမည်ပြောင်းလိုက်သည့် စိန်ဓါးမြှောင်နှင့် ဘမောင်၊ လှမောင်တို့ ရှိန်းမကားသို့ ခရီးဆက်ခဲ့ကြသည်။
“အနှင်းက စစ်ကိုင်းမှာ ကျောင်းလာတက်ရင်း..ကျွန်တော်နဲ့ ချစ်မိကြတာပါပဲ..ဆရာကြီး”
“အနှင်း က သိပ်လှတာ ဆရာကြီး..သူ့ကျစ်ဆံမြီးကြီးက နက်မှောင်နေတာပဲ..ကျွန်တော်ဖြင့် အဲ့ဒီ ကျစ်ဆံမြီးလေးတွေကို အသဲတွေယားတာမှ လွန်ရော”
“အနှင်း မိဘတွေနဲ့တော့ ကျွန်တော်မတွေ့ဖူးပါ.. အနှင်းကတော့ ကျွန်တော့်ကို အရမ်းချစ်တယ်။ ဖြစ်နိုင်ရင် ရှိန်းမကားက သူ့မိဘများဆီမှာ သူ့ကို တင့်တောင်းတင့်တယ် လာတောင်းပေးပါလို့ အမြဲပြောတယ်ဆရာကြီး..ကျွန်တော်တို့မှာလည်း အဲ့ဒီ အချိန်က ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး ငတ်တစ်လှည့်ပြတ်တစ်လှည့်ဖြစ်နေတာ..ဒါနဲ့ အနှင်းကို လိုချင်တဲ့စိတ်နဲ့ ဦးကြင်အိမ်ကို ဓါးပြဝင်တိုက်မိတာပါ”
လှမောင်က တလမ်းလုံးနီးပါး အနှင်းဂါထာကို တဖွဖွရွတ်လာသည်။
စိန်ဓါးမြှောင်တို့ သုံးဦးသား ရှိန်းမကားရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာကြရင်း ကြီးမားသော ဘုန်းကြီးကျောင်းကြီးကို တွေ့ရလေသည်။
ကျောင်းကြီးအတွင်းသို့ ဖိနပ်ချွတ်ကာ ဝင်ရောက်လိုက်သည်။
“မင်းတောင်းမယ့် မိန်းမအခြေအနေက ဘယ်လိုမှန်းသေချာမသိသေးဘူးဆိုတော့ ငါတို့ ဒီမှာ တည်းပြီးပဲ အခြေအနေ တီးခေါက်ကြတာပေါ့”
ဘုန်းကြီးလူထွက်စိန်ဓါးမြှောင်အတွက် ဘုန်းကြီးကျောင်းအတွင်း ဝင်ထွက်ရေးကိစ္စမှာ အပန်းကြီးသည့် အရေးမဟုတ်။
မကြာမီပင် ကျောင်းထိုင်ဆရာတော်နှင့် လေပေးဖြောင့်ကာ စိန်ဓါးမြှောင်တို့ တည်းခိုရေး အဆင်ပြေသွားတော့သည်။
“သြော်..ဒကာကြီး တူတော်မောင်က မောင်ထိပ်သမီး မနှင်း နဲ့ မှ ကြိုက်ရသကိုး”
“တင့်ပ…မိဘများကိုတော့ မသိပါဘူး..ဘုရား…တူတော်မောင်က လိုချင်လွန်းတယ်ဆိုတာနဲ့ လာရတာကိုးဘုရား”
“သူ့ဖအေကြီး ဦးထိပ် အကြောင်းရော သေချာသိကြကဲ့လား”
“မသိပါဘူး..ဘုရား”
“အင်း..အင်မတန်မှ ငွေကြေးမက်မောတာကွယ့်..ချစ်တီးရှုံးမောင်ထိပ်လို့တောင် နာမည်ပေးထားကြတယ်.. ငွေကြေးဥစ္စာရှိသလောက်မောက်မာတယ်။ အတိုးပေးစားတဲ့နေရာမှာ ချစ်တီးရှုံး တယ်။ သူ့မယ်လူဆိုးလူမိုက်တွေ တပည့်တပန်းတွေကလည်း ပေါကွယ်။ ဒီရွာသားတွေကတော့ ဖအေကြီး ရွံ့တာနဲ့ မနှင်းကို ထိတောင် မထိရဲဘူး။ ခု ဒကာကြီးတို့က မနှင်းအတွက် ရောက်လာတယ်ဆိုတော့ ကျုပ်က အံသြနေတာ”
“မတတ်နိုင်ဘူး..ဘုရား..တပည့်တော်တူကလည်း အနှင်း အနှင်းနဲ့ တော်တော်လေးကို ဖြစ်နေမှကိုး ဘုရား”
.......................................................................................
နောက်တစ်နေ့ နံနက်တွင် ဘုန်းကြီးကျောင်းသားငယ်တစ်ဦးက
ဦးထိပ် ၏ နေအိမ်သို့ လမ်းညွှန်ပေးလေသည်။
အနှင်းတို့ အိမ်ကား အညာဒေသ လူကုံတန်တို့ ထုံးစံအတိုင်း နှစ်ဆောင်ပြိုင်အိမ်ကြီး ဖြစ်သည်။
စိန်ဓါးမြှောင်ဦးဆောင်ပြီး ဘမောင်နှင့် လှမောင်တို့ ခြံထဲသို့ ဝင်သွားသည်။
ခြံထဲတွင် မြင်းတပ်ထားသော မြင်းလှည်းတစ်စီးနှင့် မြင်းလှည်းပေါ်သို့ ထင်းများကို တင်နေသော လူတစ်ဦးကိုတွေ့ရသည်။
“ဟေ့..လူစိမ်းတွေပါလား..ဘာကိစ္စလဲဟေ့.ငထွန်း..မေးကြည့်ချေစမ်း”
အိမ်ကြီးပေါ်မှ အသံထွက်လာသည်။
မြင်းလှည်းဘေးတွင် ရပ်နေသာ လူတစ်ဦးက လှည်းပေါ်မှ ဓါးမကို ယူကာ သူတို့ရှေ့တွင် လာရပ်သည်။
“ဘာကိစ္စရှိကြလို့တုန်း”
“သြော်..ကျုပ်ကမန္တလေးက ဆေးဆရာဆရာသိန်းပါ..ဒါကတော့ ကျုပ်တူများပါပဲ..လှမောင်၊ ဘမောင်တဲ့။ မနှင်းရဲ့ အသိအကျွမ်းများပါ။ ဦးထိပ် နဲ့ တွေ့ချင်လို့လာတာပါ”
“မနှင်း အသိတွေလို့ ပြောတယ် ဦးရီး”
ငထွန်းက အိမ်ပေါ်သို့ လှမ်းအော်ပြောလိုက်သည်။
အိမ်ပေါ်တွင် ထိုင်ကာ အတိုးတောင်းထားသည့် ငွေများကို ရေတွက်ရင်း စာရင်းလုပ်နေသည့်
ဦးထိပ်က စိန်ဓါးမြှောင်တို့အား အကဲခတ်လိုက်သည်။
“မိနှင်း…ဒီမှာ လာကြည့်စမ်း..ညည်းအသိတွေဆို”
အိမ်တွင်းမှ အနှင်းနှင့် မိခင်ဖြစ်သူ ဒေါ်စောလှ ပါ ထွက်လာကြသည်။
အနှင်းက အိမ်ရှေ့မှ လူသုံးယောက်ကို ကြည့်ပြီး လှမောင်ကို မြင်သည်နှင့် အံသြသွား၏
တဆက်တည်းတွင်ပင် မျက်နှာလေးပါ ဝင်းလက်သွားတော့သည်။
ထိုအခြေအနေကို ဦးထိပ် သတိထားမိသွားသည်။
“မိနှင်း..အထဲ ပြန်ဝင်စမ်း…”
အနှင်းက လှမောင်ကို တချက်ခိုးကြည့်ရင်း အိမ်ထဲ ပြန်ဝင်သွားသည်။
“ကဲ..လာ..အိမ်ပေါ်တက်ကြ..လာရင်းကိစ္စပြောကြ”
ဦးထိပ်၏ ဖိတ်ခေါ်မှုကြောင့် စိန်ဓါးမြှောင်တို့ သုံးဦးသား အိမ်ပေါ်တက်လိုက်ကြသည်။
“ကဲ..ငါ့သမီး အသိမိတ်ဆွေတွေဆိုတော့ ဘာကိစ္စ ဒီကို လာရတာလဲ”
ပင်နီဖျင်ကြမ်းအင်္ကျီနှင့် ဘန်ကောက်ပုဆိုးကို ဝတ်ကာ လွယ်အိတ်ကြီးလွယ်ထားသော စိတ်ဓါးမြှောင်က
“ဒီလိုပါ..ဦးရီး..ကျွန်တော်က မန္တလေးက ဆေးဆရာမောင်သိန်းပါ။ သူတို့ကတော့ ကျွန်တော့် တူလို တပည့်လိုများဖြစ်နေတဲ့ လှမောင်နဲ့ ဘမောင်ပါ”
“အေး..အဲ့ဒီတော့ ဘာဖြစ်လဲ”
“လာရင်းကတော့ မင်္ဂလာရှိတဲ့ကိစ္စပါပဲ။ ဟော့ဒီက လှမောင် နဲ့ ဦးရီးသမီး အနှင်းတို့က စစ်ကိုင်းမှာ ရှိစဉ်က..”
“ဟေ့ကောင်..တော်တော့..မိနှင်း..ဒီကို ထွက်လာစမ်း”
အိပ်ခန်းလိုက်ကာအကွယ်လေးမှ ချောင်းကြည့်နေသော အနှင်း တုန်တုန်ရီရီဖြင့် ထွက်လာသည်။
“ဒီကောင်တွေကို နင်သိလား”
အနှင်းက တုန်ရီနေသည်။
“ဟို ကိုလှမောင်နဲ့ ကိုဘမောင်ကိုတော့ သိ..သိပါတယ်..အဘ”
“အေး..ဟုတ်ပြီ..ငါ့သမီးကတော့ သိတယ်တဲ့..မင်းတို့က အခု ငါ့သမီးဆီ လိုက်လာတာ ဘာလုပ်ဖို့လဲ”
“ဒီလိုပါ..သူတို့လူငယ်ချင်း ကလည်း မေတ္တာမျှနေတာဆိုတော့ ဒီ ကိစ္စအတွက် တောင်းရမ်းပေးဖို့ ကျွန်တော်က…”
“ဘာကွ..ဘယ်က အလေ့ကျကောင်တွေမှန်းမသိ..ငါ့သမီးကိုလာတောင်းတယ်ပေါ့
ငါ့သမီးတော့မရဘူး..ဟော့..ဟိုနောက်နံရံမှာတွေ့လား..ငှက်ကြီးတောင်..သုံးကောင်လုံး ခေါင်းပြတ်သွားမယ်..ငထိပ်ကို ဘာမှတ်နေလဲ”
“ဘာမှ မမှတ်ပါဘူး။ ဒါပဲမှတ်ပါတယ်”
စိန်ဓါးမြှောင်က လွယ်အိတ်ထဲမှ ခြောက်လုံးပြူးကို ထုတ်ကာ ဦးထိပ် ၏ နဖူးကို တေ့ထားလိုက်သည်။
ဦးထိပ်မှာ အခြေအနေကို တအံတသြဖြစ်နေသည်။
အခြေအနေကို ရိပ်မိသွားသော ဘမောင်က အနောက်နံရံမှ ငှက်ကြီးတောင်ကို ဖြုတ်ပြီး ဓါးလွတ်ကို အသင့်ကိုင်ထားလိုက်သည်။
လှမောင် တစ်ယောက်သာ ကြောင်တက်တက်ဖြစ်နေ၏။
မိန်းမတောင်းဖို့ ခေါ်လာသော သူ့ဆရာက သူ့ယောက္ခမလောင်းကို သေနတ်ဖြင့် ထောက်ထားသည့် မြင့်ကွင်းကို ကြည့်ကာ ဘာလုပ်ရမှန်းမသိ။
“ဟေ့..အောက်ကကောင် အပေါ်တက်လာစမ်း..မတက်လာရင် ပစ်သတ်မှာနော်..မနှင်းရော…အထဲက ဂျီးဒေါ်ပါ ဒီရှေ့ကို လာထိုင်ပါ”
အောက်ထပ်မှ ငထွန်းဆိုသူက တက်လာသည်။ မနှင်းနှင့် မိခင်ဖြစ်သူ ဒေါ်စောလှပါ တက်လာ၏။
စိန်ဓါးမြှောင်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ကျန်သူများက အောက်တွင် ထိုင်ကာ ခေါင်းငုံ့ထားကြသည်။
“ဟေ့ စိန်ဓါးမြှောင်တဲ့ကွ…ခေါင်းတွေအကုန်ငုံ့ထား..မော့မကြည့်နဲ့..မော့ကြည့်တဲ့သူပစ်မယ်.”
စိန်ဓါးမြှောင်ဟူသော အသံကြားသည်နှင့် ဦးထိပ်တို့လင်မယားရော၊ မနှင်းပါ တုန်ရီသွားကြသည်။
“ဘမောင် ဟိုအခန်းဝက လိုက်ကာကို ဖြုတ်ပြီး ဓါးနဲ့ သုံးပိုင်းခွဲကွာ”
ဘမောင်က လိုက်ကာကို ဆွဲဖြတ်ပြီး သုံးပိုင်းခွဲလိုက်သည်။
ထိုအချိန်တွင် စိန်ဓါးမြှောင်က လက်တစ်ဖက်ဖြင့် ဦးထိပ် ၏ စားပွဲပေါ်တွင် တင်ထားသော ငွေထုတ်များကို လွယ်အိတ်ထဲသို့ ထည့်နေသည်။
“ကဲ..လှမောင်…မင်း မြင်းလှည်းကောင်းကောင်း မောင်းတတ်ကဲ့မဟုတ်လား”
“ဟုတ်..ဟုတ်..ဆရာကြီး”
“အေး..အဲ့ဒါဆို ဘာလုပ်နေတာလဲ..ကောင်မလေးကို..ခေါ်ပြီး ရှေ့က မြင်းလှည်းပေါ်တက်နှင့်လေကွာ..ဟေ့ ကောင်မလေး..နင် လှမောင်ကို ကြိုက်တယ်မဟုတ်လား”
မနှင်း က စိန်ဓါးမြှောင်ကို ကြောက်ကြောက်လန့်လန့်ဖြင့် မော့ကြည့်သည်။
“ဟေ့..ဖြေလေ..နင် လှမောင်ကို မေတ္တာရှိတယ်မဟုတ်လား”
“ဟုတ်..ဟုတ်ကဲ့”
“အေး..ဟုတ်ပြီ..ဒါဆို လှမောင်နောက်လိုက်သွား..ဟေ့ကောင် ခေါ်သွားတော့”
“ဟို..ဟို..ကျွန်မ အဝတ်အစားတွေ ယူ…”
“ဟာ လုပ်မနေနဲ့..ဒီမှာ ညည်းအဖေ ဆီက ညည်းတို့အတွက် လက်ဖွဲ့ငွေ ငါယူလာပေးမယ်..အဲ့ဒါနဲ့ ဝယ်ဝတ်..သွား..အမြန်သွားကြ”
လှမောင်က မနှင်း၏ လက်ကို ဆွဲကာ အောက်သို့ ဆင်းသွားသည်။
“ဘမောင် ဒီသုံးယောက်လုံးကို လိုက်ကာစနဲ့ လက်ပြန်ကြိုးတုပ်ကွာ..ခိုင်ပါစေဟေ့နော်”
ဘမောင်က ငှက်ကြီးတောင်ဓါးကို ဓါးအိမ်ထဲ ထည့်ကာ လွယ်လိုက်ပြီး ဦးထိပ်၊ ဒေါ်စောလှနှင့် ငထွန်းတို့ကို လက်ပြန်ကြိုးတုပ်လိုက်သည်။
လက်ပြန်ကြိုးတုပ်ပြီးချိန်တွင် စိန်ဓါးမြှောင်က အိပ်ခန်းထဲသို့ ဝင်သွားပြီး အညာစောင်ကြီးတစ်ထည် ထုတ်ယူလာသည်။
ထို့နောက် သုံးဦးလုံးကို စောင်ဖြင့် အုပ်လိုက်သည်။
“ကဲ..စောင်ခြုံထဲက ထွက်ရင် ထွက်တဲ့နေရာကို ပစ်မယ်..ထွက်ရဲထွက်ကြည့်ကြ”
ထိုသို့ပြောပြီးနောက် စိန်ဓါးမြှောင်ရော၊ ဘမောင် ပါ အိမ်ပေါ်မှ ဆင်းကာ မြင်းလှည်းနောက်မှ တက်လိုက်ကြသည်။
လှမောင်က မြင်းကို ကျာပွတ်ဖြင့် တို့လိုက်သည်နှင့် မြင့်က တဟုန်ထိုး ခြံအတွင်းမှ ပြေးထွက်သွား၏။
မနှင်းက မြင်းလှည်းမောင်းနေသော လှမောင်၏ ကျောကုန်းကို မှီကာ ကြုံ့ကြုံ့ကလေး ထိုင်နေသည်။
“ဟေ့..ကလေးမ..ဒီမယ်..မင်းတို့ မင်္ဂလာဦးအတွက် မင်းမိဘများက လက်ဖွဲ့လိုက်တဲ့ ငွေတွေကွဲ့”
စိန်ဓါးမြှောင်က လွယ်အိတ်ထဲမှ ငွေများကို မနှင်းအား ပုတ်ပြလိုက်သည်။
“ဟေ့ကောင်.လှမောင်..မှတ်ထားကွ ကောင်းကောင်းတောင်းမရတော့ တိုက်ယူမှရတယ်..မင်းကတော့ ကိုယ့်ယောက္ခမကိုယ် စတွေ့တွေ့ချင်းနေ့တင် ဓါးပြတိုက်တဲ့ သမိုင်းဝင်သမက်ကလေးဖြစ်သွားပြီ…အဲ့ဒါ ငါ့ကို ကျေးဇူးတင်ကွ..ဟေ”
စိန်ဓါးမြှောင်စကားကြောင့် ဘမောင်က တဟားဟား အော်ရယ်လိုက်သည်။
မြင်းလှည်းလေးကား ရှိန်းမကား ကို အတော်ခပ်ဝေးဝေးတွင် ချန်ထားရစ်ခဲ့ပြီ။
“ကဲ..မင်းတို့ ကိစ္စပြီးပြီဆိုတော့..ငါလည်း မြကြည် ဆီ သွားရဦးမဟေ့..ဟိုမှာလည်း မျှော်လောက်ရောပြီ”
စိန်ဓါးမြှောင့်အသံက ရွှင်မြူးနေ၏။
ထိုစဉ် ကောင်းကင်ယံမှ တိုက်လေယာဉ်ပျံ တစ်စီး၏ ဝေါခနဲ ပျံသန်းသွားသံကို ကြားလိုက်ရသည်။
စစ်သည် မြန်မာပြည် အထက်အရပ်သို့ နီးနီးကပ်ကပ် ရောက်လာပေပြီ။
ခက်ဇော်
အခန်း(၁၀)သဘက်ခါ
ပုံ စိန်ဓါးမြှောင်ဇနီး မမြကြည် ခေါ် မမြသီ ၏ အသက် ၁၇ နှစ်အရွယ် အိမ်ထောင်ကျစတွင် ရိုက်ထားသည့်ဓာတ်ပုံ
The Guys From Mandalay,1950s
အခန္း(၉)
………………………………………..
ေျမႏုကြၽန္းေပၚရွိယာယီတဲေရွ႕တြင္ မိကြန္က စိန္ဓါးေျမႇာင္ခိုင္းခဲ့သည့္အတိုင္း စီစဥ္ထားသည္။
ေျမတလင္းတြင္ သင္ျဖဴးတစ္ခ်ပ္ခင္းၿပီး အုန္းပြဲ၊ငွက္ေပ်ာပြဲ၊ ထန္းရည္တစ္ျမဴႏွင့္ ငါးေၾကာ္တစ္ေကာင္ က အသင့္။
“ကဲ..တိုက္ရာပါပစၥည္းအကုန္ သင္ျဖဴးေပၚ ပုံၾကေဟ့..တစ္ခုမွ မက်န္ေစနဲ႔ေနာ္”
ေျပာေျပာဆိုဆိုႏွင့္ စိန္ဓါးေျမႇာင္က သူ႔လက္ထဲမွ ျမၾကည္၏ နားကပ္တစ္ဖက္ကိုပါ သင္းျဖဴေပၚ ပစ္ခ်လိုက္သည္။
က်န္သူမ်ားက တိုက္ရာပါေ႐ႊထည္မ်ားႏွင့္ ေငြမ်ားကို သင္ျဖဴးေပၚ ပုံလိုက္ၾကသည္။
ထို႔ေနာက္ စိန္ဓါးေျမႇာင္က အုန္းပြဲေရွ႕တြင္ အသင့္ထားေသာ ဖေယာင္းတိုင္ကို မီးျခစ္ဖာႏွင့္ ျခစ္ခါ ထြန္းညႇိ႔လိုက္သည္။
“အားလုံးထိုင္ၾက”
နန္းေတာ္ေရွ႕သိန္းေမာင္ က စိန္ဓါးေျမႇာင္ လုပ္သည္မ်ားကို တအံတၾသၾကည့္ရင္း ထိုင္လိုက္သည္။
“ေစာရေဒဝီ ေတာင္ခ်မ္းသာအရွင္မ..ေက်းေတာ္မ်ိဳးကြၽန္ေတာ္မ်ိဳး ခိုးသားဓါးျပမ်ားက တိုက္ရာပါမ်ားျဖင့္ အဦးအဖ်ား ပူေဇာ္ပါတယ္..ႏြားျဖဴကို ႏြားနက္ျဖစ္ေအာင္ ႏြားနက္ကို ႏြားနီျဖစ္ေအာင္ ႏြားနီကို ႏြားက်ားျဖစ္ေအာင္ လွည့္စားဖန္ဆင္းေပးႏိုင္သကဲ့သို႔ တိုက္ရာပါမ်ားကိုလည္း လွည့္စားေပးၿပီး မင္းျပစ္မင္းဒဏ္မွ ကြယ္ကာေတာ္မူပါ..ေစာရေဒဝီေတာင္ခ်မ္းသာသခင္မ”
စိန္ဓါးေျမႇာင္က ဒူးေထာက္လ်က္ တတြတ္တြတ္႐ြတ္ဆိုလိုက္သည္။
“ကဲ..ခါေလး..ျမၾကည္နားကပ္ေလးေတာ့ ငါ့ေပးကြာ..က်န္တာက ေငြသားေတြကို ႏွစ္ပုံပုံကြယ္။ မိကြန္က ေ႐ႊထည္ေတြကို အညီအမွ်ျဖစ္ေအာင္ ခန႔္မွန္းၿပီး ႏွစ္ပုံပုံေခ်”
ခါေလးႏွင့္ မိကြန္က စိန္ဓါးေျမႇာင္ခိုင္းသည့္အတိုင္း ႏွစ္ပုံ ပုံေနသည္။
နန္းေတာ္ေရွ႕သိန္းေမာင္က စိန္ဓါးေျမႇာင္နား ကပ္သြားၿပီး
“ကိုရင္ႀကီး..ခုန ဘာလုပ္တာလဲဗ်..ဘယ္သူ႔ကို ပသေနတာလဲ”
“အင္း..မင္းကေတာ့ ခုမွ ဒီလိုက္လာေတာ့ ဘယ္သိဦးမလဲ..ဒါ ေတာင္ခ်မ္းသာရွင္မကို ပသတာကြ .. ဟိုးေရွးဓါးျပႀကီးေတြ အဆက္ဆက္ က အစဥ္အလာပဲ..ေတာင္ခ်မ္းသာရွင္မကို အခိုးအဝွက္ထြက္ခါနီး မွာ ကြမ္းယာ၊ ေဆးေပါ့လိပ္နဲ႔ လက္နက္ျပၿပီး ခြင့္ေတာင္းရတယ္။ ခိုးဝွက္တိုက္ၿပီး အျပန္က်လည္း တိုက္ရာပါပစၥည္းကို အဦးအဖ်ားျပသၿပီး တင္ ေျမႇာက္ၾက႐ိုး ထုံးစံေပါ့ကြာ”
“အင္း ကိုရင္ႀကီးနဲ႔ ေတြ႕မွပဲ ဓါးျပမွာလည္း သူ႔နတ္နဲ႔ သူရွိတာကို သိရေတာ့တယ္..ေကာင္းပါေလ့ဗ်ာ”
ထိုအခ်ိန္တြင္ ခါေလးႏွင့္ မိကြန္ က တိုက္ရာပါမ်ားကို ႏွစ္ပုံ ပုံၿပီးေလၿပီ။
“ကဲ..နန္းေတာ္ေရွ႕ေရ….မင္းတို႔က ဧည့္သည္ဆိုေတာ့ ငါတို႔က ဦးစားေပးပါတယ္
ကြာ… အဲံဒီေရွ႕ ေငြပုံ ႏွစ္ပုံထဲက ႀကိဳက္တဲ့တစ္ပုံရယ္၊ ေ႐ႊႏွစ္ပုံထဲက ႀကိဳက္တဲ့ တစ္ပုံရယ္ အရင္ယူ
.ၿပီးရင္ မင္းအဖြဲ႕ကို မင္းႀကိဳက္သလိုခြဲေပေတာ့”
နန္းေတာ္ေရွ႕သိန္းေမာင္က စိန္ဓါးေျမႇာင္ စကားေၾကာင့္ အံၾသသြားသည္။
“မဟုတ္တာပဲ..ကိုရင္ႀကီးရာ…ကြၽန္ေတာ္တို႔က ေဘးက ဝိုင္းကူ႐ုံပါ..အကုန္လုံး ကိုရင္ႀကီးလူေတြ လုပ္သြားတာပဲ မဟုတ္လား..သုံးပုံပုံၿပီး ကိုရင္ႀကီးတို႔ ႏွစ္ပုံယူပါ”
“မင္းပဲ ကားစီးခ်င္တယ္ဆိုကြ..မင္းလူေတြလည္း ဆင္းရဲလွပါတယ္..သူတို႔ကိုလည္း ခြဲေပးလိုက္ေပါ့..ကဲ..ယူဆို ယူလိုက္ကြာ”
စိန္ဓါးေျမႇာင္၏ ခပ္မာမာအသံေၾကာင့္ နန္းေတာ္ေရွ႕သိန္းေမာင္က ေငြပုံႏွင့္ေ႐ႊပုံ တစ္ပုံစီ ယူလိုက္သည္။
“ကဲ..ငန္းနက္တို႔၊ ဘေမာင္တို႔…မင္းတို႔ကေတာ့ ငါ့အဖြဲ႕က ျဖစ္လို႔ ငါ့ထုံးစံအတိုင္းပဲ…အငယ္ဆုံးျဖစ္တဲ့ ခါေလးက လူဦးေရအတိုင္း ေဝပုံက်ခြဲကြာ…မိကြန္ ကိုလည္း တစ္ပုံထည့္တြက္ေနာ္..ေဟ့ေကာင္”
ငန္းနက္၊ ဘေမာင္၊ လွေမာင္၊ င႐ုတ္သီးဘရင္၊ ဘခ်စ္၊ ခါေလး၊ ထြန္းခင္၊ မိကြန္ ရွစ္ပုံ အညီအမွ် ခြဲေဝလိုက္သည္။
“အကို..ခင္ဗ်ားက မယူူဘူးလား”
ငန္းနက္က စိန္ဓါးေျမႇာင္ကို ဇေဝဇဝါျဖင့္ ေမးလိုက္သည္။
စိန္ဓါးေျမႇာင္က ခပ္ၿပဳံးၿပဳံးတုန႔္ျပန္၏။
ထို႔ေနာက္ ဘေမာင္၊ လွေမာင္၊ ခါေလး၊ င႐ုတ္သီးဘရင္၊ ထြန္းခင္တို႔က သူတို႔ေဝစုထဲမွ တစ္ပုံခြဲထုတ္ကာ သင္ျဖဴးေရွ႕တြင္ ထိုးထားသည့္ ပြဲထဲသို႔ လာထည့္၏။
“အဲ့ဒါ ဘာလုပ်ကြတာလဲ”
ငန္းနက္က ဘေမာင္ကို ေမးလိုက္သည္။
“ဆရာႀကီးထုံးစံက ေဝစုတစ္ပုံမယူဘူး..ကြၽန္ေတာ္တို႔ရတဲ့ ေဝစုထဲကေန ေစတနာရွိသေလာက္ သူ႔ကိုေပးတာပဲ ယူတယ္ဗ်”
ငန္းနက္ေရာ၊ နန္းေတာ္ေရွ႕သိန္းေမာင္ ပါ စိန္ဓါးေျမႇာင္ ကို တအံတၾသၾကည့္လိုက္ၾကသည္။
“ဟာ..ဟုတ္တာေပါ့..ဒီပစၥည္းေတြအားလုံးက အကို႔အစီအမံေအာက္မွာ လုပ္လို႔ ေအာင္ျမင္ၾကတာပဲ..ဒါ..ေပးရမွာေပါ့”
ငန္းနက္က သူ႔ေဝစုထဲမွ ေ႐ႊထည္အခ်ိဳ႕ကို ယူကာ ပြဲထဲသို႔ သြားထည့္လိုက္သည္။ သူ႔ေနာက္မွ ဘခ်စ္ႏွင့္ မိကြန္ တို႔ကလည္း တစ္ပုံလိုက္ထည့္သည္။
နန္းေတာ္ေရွ႕သိန္းေမာင္ကလည္း သူရသည့္အပုံႀကီးကို တဝက္ခြဲကာ သြားထည့္ျပန္သည္။
“ကဲ..အားလုံး ေက်နပ္ၾကၿပီလား”
“ေက်နပ္ပါတယ္..ဆရာႀကီး”
“ကဲဒါဆို..ဘခ်စ္နဲ႔ မိကြန္ နင္တို႔လင္မယား ငါ့ေဝစုထဲက ပိုက္ဆံ လိုသေလာက္ယူသြား..မင္းကြန္းဘက္ ဆင္းၿပီး စားစရာေသာက္စရာေတြနဲ႔ အရက္ေကာင္းေကာင္းဝယ္ခဲ့ၾက..ဒီတည အားလုံး ဒီမွာပဲ ေပ်ာ္ေပ်ာ္ပါးပါး ေသာက္စားရင္း စုအိပ္ၾကပါ..မနက္က်ရင္ေတာ့ အကုန္ လူစုခြဲဖို႔ ငါ စီမံမယ္”
ထိုည က ေဈးခ်ိဳေတာ္ဓါးျပမႈ က်ဴးလြန္ခဲ့သူမ်ား အားလုံး ေပ်ာ္ေပ်ာ္ပါးပါးေသာက္စားၾကသည္။
စိန္ဓါးေျမႇာင္က အရက္မေသာက္ပဲ နတ္တင္ထားသည့္ ထန္းရည္ခပ္ခ်ဥ္ခ်ဥ္ကိုသာ နဂါးေဆးေပါ့လိပ္ဖြာရင္း ေသာက္သည္။
ငန္းနက္က စိန္ဓါးေျမႇာင္ေဘး ကပ္လာသည္။
“အကို..နတ္တင္တဲ့ ထန္းရည္ေတြ ေသာက္တာလား..နတ္ႀကိဳက္ပါ့မလား”
“ဟ..တကယ္မရွိတဲ့ နတ္က သူ႔ကို ဆက္လည္း ဘယ္ေသာက္ႏိုင္မလဲကြ..ဒီေတာ့ တကယ္ေသာက္ႏိုင္တဲ့ငါက ေသာက္တယ္ေလကြာ..ဘာျဖစ္တုန္း”
“ဟင္..တကယ္မရွိဘူးလည္းဆိုေသး.အကိုက ဘာလို႔ နတ္တင္တာလဲဗ်”
“ငန္းနက္..မင္းကိုေတာ့ ငါျမင္ျမင္ခ်င္း ညီအစ္ကိုလို သေဘာထားလို႔ ေျပာျပမယ္..မင္းက ငါ့ထက္ ဓါးျပလုပ္သက္ေစာေပမယ့္ ေရွ႕ေလွ်ာက္ဓါးျပလုပ္မယ္ဆို ငါေျပာတာကို ေသခ်ာမွတ္ထား… လူဆိုတာ အလုပ္တစ္ခုလုပ္ေတာ့မယ္ဆို ကိုယ့္စိတ္လုံၿခဳံမႈနဲ႔ ကိုယ့္ကိုကိုယ္ယုံၾကည္မႈက အေရးႀကီးတယ္ကြ.. အထူးသျဖင့္ ငါတို႔က မေကာင္းမႈလုပ္ေနတဲ့လူေတြ..ၿပီးေတာ့ မေကာင္းမႈကိုေတာင္ အဖြဲ႕အစည္းနဲ႔ လုပ္ရတဲ့အလုပ္… ဒီေတာ့ မေကာင္းမႈလုပ္လုပ္၊ ေကာင္းမႈလုပ္လုပ္ ကိုအဖြဲ႕သားေတြ စိတ္ထဲ ငါတို႔ကို
တစ္စုံတစ္ခုက ေစာင့္ေရွာက္ေနတယ္ဆိုတဲ့ အသိဝင္ထားရင္ ကိုယ့္ကိုကိုယ္ယုံၾကည္မႈရွိေနေရာ.. ဒါေၾကာင့္ ဓါးျပတိုက္ခါနီးဆို ငါက လက္နက္ေတြကို နတ္ျပတယ္၊ နတ္တင္တယ္… ဒီေတာ့ တိုက္ေနတဲ့အခ်ိန္မွာ နတ္က ငါ့ကိုေစာင့္ေရွာက္ေနပါလားဆိုတဲ့ အသိနဲ႔ခပ္ရဲရဲ လုပ္ဝံ့တာေပါ့ကြာ။ တိုက္ၿပီး ျပန္လာတဲ့အခါက် လူစုၿပီး နတ္ကို တိုက္ရာပါပစၥည္းျပ ပူေဇာ္တာလည္း အလကားမဟုတ္ဘူး။ လူဆိုတာ ေဝစုခြဲခါနီးက် ေလာဘတက္တတ္တယ္ကြ။ အရင္ နတ္တင္ၿပီး နတ္နဲ႔ ေျခာက္ထားေတာ့ မတရားလိုခ်င္စိတ္ နည္းသြားတယ္။ အဲ့ဒါေၾကာင့္ နတ္တင္တယ္ဆိုတာ လူေတြရဲ႕ စိတ္ကို စိုးမိုးထိန္းခ်ဳပ္တဲ့ နည္းတစ္ခုပဲ”
ငန္းနက္က စိန္ဓါးေျမႇာင္ စကားမ်ားကို ေခါင္းတညိမ့္ညိမ့္ျဖင့္ နားေထာင္ေနသည္။
……………………………………………………………………………………..
ေနာက္တစ္ေန႔ နံနက္ေစာေစာ ေနမထြက္မီတြင္ စိန္ဓါးေျမႇာင္က အားလုံးကို ႏႈိးၿပီး လူစုလိုက္သည္။
“ကဲ..အခု ငါတို႔ေတြ..ေနမထြက္ခင္မွာ ဒီကေန လူစုခြဲၾကမယ္ ဘရင္းဂန္းေတြ၊ ႐ိုင္ဖယ္ေတြကိုေတာ့ ဒီေပၚမွာပဲ ဝွက္ထားခဲ့မယ္...အတိုေတြကိုပဲ ယူသြားၾကတာေပါ့ …နန္းေတာ္ေရွ႕ႀကီးတို႔က မႏၲေလးဘက္ျပန္ၿပီးဟန္မပ်က္ဆိုက္ကားနင္းေနၾက၊ ဦးလူဒုတ္သတ္တဲ့အမႈမွာ ဆိုက္ကားဆရာေတြကို ျပသနာေတာ့ရွာလာႏိုင္တယ္။ ဒါေပမယ့္ မႏၲေလးမွာ ဆိုက္ကားစီးေရက ရာခ်ီရွိတာမို႔ ပုလိပ္ဘက္က လိုက္ရေတာ့ ခက္လိမ့္မယ္။ ငန္းနက္တို႔လည္း ဒီေပၚမွာ မေနနဲ႔ေတာ့ အင္းဝဘက္က ငါေျပာတဲ့ ႐ြာမွာ သြားခိုေနၾက၊ ငါနဲ႔ခါေလး၊ ထြန္းခင္တို႔က ေက်ာက္ပန္းေတာင္းကိုသြားမယ္။ လွေမာင္နဲ႔ ဘေမာင္ကေရာ..ဘယ္မွာ ေအာင္းမလဲေဟ့”
“ဆရာႀကီး..ေက်ာက္ပန္းေတာင္းမသြားခင္..ကြၽန္ေတာ့္ကို ရွိန္းမကားမွာ မိန္းမလိုက္ေတာင္းေပးပါဦး”
လွေမာင္က ရယ္ႀကဲႀကဲႏွင့္။
“လွေမာင္..မင္းကေတာ့ အေရးထဲမွကြာ”
“လုပ္ေပးလိုက္ပါဆရာႀကီးရယ္..ဒီေကာင္က အဲ့ဒီေကာင္မေလးကို လိုခ်င္တာ..ပိုက္ဆံမရွိတာနဲ႔ ကြၽန္ေတာ့္ကိုပူဆာလို႔ ညီအစ္ကိုႏွစ္ေယာက္ ဓါးျပထြက္တိုက္မိတာပဲ…အခု ၿမိဳးၿမိဳးမ်က္မ်က္လည္း ရေနၿပီဆိုေတာ့ လိုက္ေတာင္းေပးလိုက္ပါဗ်ာ”
“မင္းတို႔ဟာက ခက္ေတာ့ေနၿပီကြာ။ ဓါးျပကို မိန္းမလိုက္ေတာင္းခိုင္းရတယ္လို႔”
“ဟာ..ဆရာႀကီးကလည္း..ကြၽန္ေတာ္တို႔က ဓါးျပေလ..ဆရာႀကီးက ဓါးျပဗိုလ္ေလ..ဆရာႀကီးမွ မေတာင္းေပးရင္ ဘယ္သူေတာင္းေပးမလဲ”
“ေဟ့..မိန္းကေလးရွင္ဘက္ကို ကြၽန္ေတာ္ ဓါးျပဗိုလ္ပါ..ကြၽန္ေတာ္တပည့္ဓါးျပေလး က ခင္ဗ်ားသမီးကို ေမတၱာရွိလို႔ လာေတာင္းတာပါလို႔ ေျပာရမွာလား..တယ္လည္း ခက္ပါလား..လွေမာင္ရာ”
“ေၾသာ္..အဲ့ဒီလိုေတာ့ ဘယ္ဟုတ္မလဲ..ဆရာႀကီးရယ္..ဆရာႀကီး
က ေဆးလည္းေကာင္းေကာင္းကုတတ္ေတာ့ မႏၲေလးက ကြၽန္ေတာ္တို႔ဦးေလး ေဆးဆရာႀကီး ေပါ့..လုပ္ပါ..ဆရာႀကီးရယ္.ကြၽန္ေတာ္တို႔က မိမရွိဖမရွိမို႔အေဖလို အားကိုးေနရတာပါ”
“ေအးပါကြာ..မင္းတို႔ႏွစ္ေကာင္ေပးတဲ့ ဒုကၡနဲ႔ ငါ ဓါးျပဗိုလ္ျဖစ္ၿပီးၿပီ..ခုလည္း ေဆးဆရာျဖစ္ရတာေပါ့”
ထို႔ေနာက္ စိန္ဓါးေျမႇာင္က သူ႔ေဝစုမ်ားထဲမွ ေငြတစ္ေသာင္းကို ထုတ္လိုက္၏။
“ငါတို႔ ကိုယ္ေယာင္ေဖ်ာက္ေနတဲ့အခ်ိန္မွာ ငန္းနက္ နဲ႔ ၾကင္ေအး ကို ငါ ေငြငါးေထာင္စီေပးလိုက္မယ္။
မင္းတို႔ လက္နက္ေတြ ရသမွ်ရွာၿပီး ကြၽန္းေပၚလာလာဝွက္ထားၾက။ အားလုံး ကိုယ့္ေနရာမွာ ကိုယ္ ေနၾက.. အလုပ္လုပ္ဖို႔ေပၚတဲ့အခါ မင္းတို႔ရွိရာကို ငါလူႀကဳံလႊတ္ၿပီး ေျပာခိုင္းမယ္။ ဦးေလးႀကီးက ဘယ္မွာစုဖို႔ ေခၚခိုင္းလိုက္ပါတယ္ဆိုတာနဲ႔ ငါေခၚခိုင္းတယ္လို႔သာမွတ္..ဟုတ္ၿပီလား”
မၾကာမီ သူတို႔အားလုံး လူစုအသီးသီးခြဲလိုက္ၾကသည္။
စိန္ဓါးေျမႇာင္က ခါေလးႏွင့္ ထြန္းခင္ကို ေက်ာက္ပန္းေတာင္းသို႔ အရင္လႊတ္လိုက္သည္။
ထို႔ေနာက္ စိန္ဓါးေျမႇာင္သည္ လွေမာင္၊ ဘေမာင္တို႔ႏွင့္အတူ ရွိန္းမကားဘက္သို႔ မိန္းမေတာင္းေပးရန္ ထြက္ခဲ့ေလသည္။
……………………………………………………………………………………………
ရွိန္းမကား။
စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္အတြင္းမွ ေတာမက် ၿမိဳ႕မက် ေဒသကေလး။
ေဆးဆရာ ဆရာသိန္း ဟု အမည္ေျပာင္းလိုက္သည့္ စိန္ဓါးေျမႇာင္ႏွင့္ ဘေမာင္၊ လွေမာင္တို႔ ရွိန္းမကားသို႔ ခရီးဆက္ခဲ့ၾကသည္။
“အႏွင္းက စစ္ကိုင္းမွာ ေက်ာင္းလာတက္ရင္း..ကြၽန္ေတာ္နဲ႔ ခ်စ္မိၾကတာပါပဲ..ဆရာႀကီး”
“အႏွင္း က သိပ္လွတာ ဆရာႀကီး..သူ႔က်စ္ဆံၿမီးႀကီးက နက္ေမွာင္ေနတာပဲ..ကြၽန္ေတာ္ျဖင့္ အဲ့ဒီ က်စ္ဆံၿမီးေလးေတြကို အသဲေတြယားတာမွ လြန္ေရာ”
“အႏွင္း မိဘေတြနဲ႔ေတာ့ ကြၽန္ေတာ္မေတြ႕ဖူးပါ.. အႏွင္းကေတာ့ ကြၽန္ေတာ့္ကို အရမ္းခ်စ္တယ္။ ျဖစ္ႏိုင္ရင္ ရွိန္းမကားက သူ႔မိဘမ်ားဆီမွာ သူ႔ကို တင့္ေတာင္းတင့္တယ္ လာေတာင္းေပးပါလို႔ အၿမဲေျပာတယ္ဆရာႀကီး..ကြၽန္ေတာ္တို႔မွာလည္း အဲ့ဒီ အခ်ိန္က ညီအစ္ကိုႏွစ္ေယာက္ေပါင္းၿပီး ငတ္တစ္လွည့္ျပတ္တစ္လွည့္ျဖစ္ေနတာ..ဒါနဲ႔ အႏွင္းကို လိုခ်င္တဲ့စိတ္နဲ႔ ဦးၾကင္အိမ္ကို ဓါးျပဝင္တိုက္မိတာပါ”
လွေမာင္က တလမ္းလုံးနီးပါး အႏွင္းဂါထာကို တဖြဖြ႐ြတ္လာသည္။
စိန္ဓါးေျမႇာင္တို႔ သုံးဦးသား ရွိန္းမကား႐ြာလယ္လမ္းအတိုင္း လမ္းေလွ်ာက္လာၾကရင္း ႀကီးမားေသာ ဘုန္းႀကီးေက်ာင္းႀကီးကို ေတြ႕ရေလသည္။
ေက်ာင္းႀကီးအတြင္းသို႔ ဖိနပ္ခြၽတ္ကာ ဝင္ေရာက္လိုက္သည္။
“မင္းေတာင္းမယ့္ မိန္းမအေျခအေနက ဘယ္လိုမွန္းေသခ်ာမသိေသးဘူးဆိုေတာ့ ငါတို႔ ဒီမွာ တည္းၿပီးပဲ အေျခအေန တီးေခါက္ၾကတာေပါ့”
ဘုန္းႀကီးလူထြက္စိန္ဓါးေျမႇာင္အတြက္ ဘုန္းႀကီးေက်ာင္းအတြင္း ဝင္ထြက္ေရးကိစၥမွာ အပန္းႀကီးသည့္ အေရးမဟုတ္။
မၾကာမီပင္ ေက်ာင္းထိုင္ဆရာေတာ္ႏွင့္ ေလေပးေျဖာင့္ကာ စိန္ဓါးေျမႇာင္တို႔ တည္းခိုေရး အဆင္ေျပသြားေတာ့သည္။
“ေၾသာ္..ဒကာႀကီး တူေတာ္ေမာင္က ေမာင္ထိပ္သမီး မႏွင္း နဲ႔ မွ ႀကိဳက္ရသကိုး”
“တင့္ပ…မိဘမ်ားကိုေတာ့ မသိပါဘူး..ဘုရား…တူေတာ္ေမာင္က လိုခ်င္လြန္းတယ္ဆိုတာနဲ႔ လာရတာကိုးဘုရား”
“သူ႔ဖေအႀကီး ဦးထိပ္ အေၾကာင္းေရာ ေသခ်ာသိၾကကဲ့လား”
“မသိပါဘူး..ဘုရား”
“အင္း..အင္မတန္မွ ေငြေၾကးမက္ေမာတာကြယ့္..ခ်စ္တီးရႈံးေမာင္ထိပ္လို႔ေတာင္ နာမည္ေပးထားၾကတယ္.. ေငြေၾကးဥစၥာရွိသေလာက္ေမာက္မာတယ္။ အတိုးေပးစားတဲ့ေနရာမွာ ခ်စ္တီးရႈံး တယ္။ သူ႔မယ္လူဆိုးလူမိုက္ေတြ တပည့္တပန္းေတြကလည္း ေပါကြယ္။ ဒီ႐ြာသားေတြကေတာ့ ဖေအႀကီး ႐ြံ႕တာနဲ႔ မႏွင္းကို ထိေတာင္ မထိရဲဘူး။ ခု ဒကာႀကီးတို႔က မႏွင္းအတြက္ ေရာက္လာတယ္ဆိုေတာ့ က်ဳပ္က အံၾသေနတာ”
“မတတ္ႏိုင္ဘူး..ဘုရား..တပည့္ေတာ္တူကလည္း အႏွင္း အႏွင္းနဲ႔ ေတာ္ေတာ္ေလးကို ျဖစ္ေနမွကိုး ဘုရား”
.......................................................................................
ေနာက္တစ္ေန႔ နံနက္တြင္ ဘုန္းႀကီးေက်ာင္းသားငယ္တစ္ဦးက
ဦးထိပ္ ၏ ေနအိမ္သို႔ လမ္းၫႊန္ေပးေလသည္။
အႏွင္းတို႔ အိမ္ကား အညာေဒသ လူကုံတန္တို႔ ထုံးစံအတိုင္း ႏွစ္ေဆာင္ၿပိဳင္အိမ္ႀကီး ျဖစ္သည္။
စိန္ဓါးေျမႇာင္ဦးေဆာင္ၿပီး ဘေမာင္ႏွင့္ လွေမာင္တို႔ ၿခံထဲသို႔ ဝင္သြားသည္။
ၿခံထဲတြင္ ျမင္းတပ္ထားေသာ ျမင္းလွည္းတစ္စီးႏွင့္ ျမင္းလွည္းေပၚသို႔ ထင္းမ်ားကို တင္ေနေသာ လူတစ္ဦးကိုေတြ႕ရသည္။
“ေဟ့..လူစိမ္းေတြပါလား..ဘာကိစၥလဲေဟ့.ငထြန္း..ေမးၾကည့္ေခ်စမ္း”
အိမ္ႀကီးေပၚမွ အသံထြက္လာသည္။
ျမင္းလွည္းေဘးတြင္ ရပ္ေနသာ လူတစ္ဦးက လွည္းေပၚမွ ဓါးမကို ယူကာ သူတို႔ေရွ႕တြင္ လာရပ္သည္။
“ဘာကိစၥရွိၾကလို႔တုန္း”
“ေၾသာ္..က်ဳပ္ကမႏၲေလးက ေဆးဆရာဆရာသိန္းပါ..ဒါကေတာ့ က်ဳပ္တူမ်ားပါပဲ..လွေမာင္၊ ဘေမာင္တဲ့။ မႏွင္းရဲ႕ အသိအကြၽမ္းမ်ားပါ။ ဦးထိပ္ နဲ႔ ေတြ႕ခ်င္လို႔လာတာပါ”
“မႏွင္း အသိေတြလို႔ ေျပာတယ္ ဦးရီး”
ငထြန္းက အိမ္ေပၚသို႔ လွမ္းေအာ္ေျပာလိုက္သည္။
အိမ္ေပၚတြင္ ထိုင္ကာ အတိုးေတာင္းထားသည့္ ေငြမ်ားကို ေရတြက္ရင္း စာရင္းလုပ္ေနသည့္
ဦးထိပ္က စိန္ဓါးေျမႇာင္တို႔အား အကဲခတ္လိုက္သည္။
“မိႏွင္း…ဒီမွာ လာၾကည့္စမ္း..ညည္းအသိေတြဆို”
အိမ္တြင္းမွ အႏွင္းႏွင့္ မိခင္ျဖစ္သူ ေဒၚေစာလွ ပါ ထြက္လာၾကသည္။
အႏွင္းက အိမ္ေရွ႕မွ လူသုံးေယာက္ကို ၾကည့္ၿပီး လွေမာင္ကို ျမင္သည္ႏွင့္ အံၾသသြား၏
တဆက္တည္းတြင္ပင္ မ်က္ႏွာေလးပါ ဝင္းလက္သြားေတာ့သည္။
ထိုအေျခအေနကို ဦးထိပ္ သတိထားမိသြားသည္။
“မိႏွင္း..အထဲ ျပန္ဝင္စမ္း…”
အႏွင္းက လွေမာင္ကို တခ်က္ခိုးၾကည့္ရင္း အိမ္ထဲ ျပန္ဝင္သြားသည္။
“ကဲ..လာ..အိမ္ေပၚတက္ၾက..လာရင္းကိစၥေျပာၾက”
ဦးထိပ္၏ ဖိတ္ေခၚမႈေၾကာင့္ စိန္ဓါးေျမႇာင္တို႔ သုံးဦးသား အိမ္ေပၚတက္လိုက္ၾကသည္။
“ကဲ..ငါ့သမီး အသိမိတ္ေဆြေတြဆိုေတာ့ ဘာကိစၥ ဒီကို လာရတာလဲ”
ပင္နီဖ်င္ၾကမ္းအက်ႌႏွင့္ ဘန္ေကာက္ပုဆိုးကို ဝတ္ကာ လြယ္အိတ္ႀကီးလြယ္ထားေသာ စိတ္ဓါးေျမႇာင္က
“ဒီလိုပါ..ဦးရီး..ကြၽန္ေတာ္က မႏၲေလးက ေဆးဆရာေမာင္သိန္းပါ။ သူတို႔ကေတာ့ ကြၽန္ေတာ့္ တူလို တပည့္လိုမ်ားျဖစ္ေနတဲ့ လွေမာင္နဲ႔ ဘေမာင္ပါ”
“ေအး..အဲ့ဒီေတာ့ ဘာျဖစ္လဲ”
“လာရင္းကေတာ့ မဂၤလာရွိတဲ့ကိစၥပါပဲ။ ေဟာ့ဒီက လွေမာင္ နဲ႔ ဦးရီးသမီး အႏွင္းတို႔က စစ္ကိုင္းမွာ ရွိစဥ္က..”
“ေဟ့ေကာင္..ေတာ္ေတာ့..မိႏွင္း..ဒီကို ထြက္လာစမ္း”
အိပ္ခန္းလိုက္ကာအကြယ္ေလးမွ ေခ်ာင္းၾကည့္ေနေသာ အႏွင္း တုန္တုန္ရီရီျဖင့္ ထြက္လာသည္။
“ဒီေကာင္ေတြကို နင္သိလား”
အႏွင္းက တုန္ရီေနသည္။
“ဟို ကိုလွေမာင္နဲ႔ ကိုဘေမာင္ကိုေတာ့ သိ..သိပါတယ္..အဘ”
“ေအး..ဟုတ္ၿပီ..ငါ့သမီးကေတာ့ သိတယ္တဲ့..မင္းတို႔က အခု ငါ့သမီးဆီ လိုက္လာတာ ဘာလုပ္ဖို႔လဲ”
“ဒီလိုပါ..သူတို႔လူငယ္ခ်င္း ကလည္း ေမတၱာမွ်ေနတာဆိုေတာ့ ဒီ ကိစၥအတြက္ ေတာင္းရမ္းေပးဖို႔ ကြၽန္ေတာ္က…”
“ဘာကြ..ဘယ္က အေလ့က်ေကာင္ေတြမွန္းမသိ..ငါ့သမီးကိုလာေတာင္းတယ္ေပါ့
ငါ့သမီးေတာ့မရဘူး..ေဟာ့..ဟိုေနာက္နံရံမွာေတြ႕လား..ငွက္ႀကီးေတာင္..သုံးေကာင္လုံး ေခါင္းျပတ္သြားမယ္..ငထိပ္ကို ဘာမွတ္ေနလဲ”
“ဘာမွ မမွတ္ပါဘူး။ ဒါပဲမွတ္ပါတယ္”
စိန္ဓါးေျမႇာင္က လြယ္အိတ္ထဲမွ ေျခာက္လုံးျပဴးကို ထုတ္ကာ ဦးထိပ္ ၏ နဖူးကို ေတ့ထားလိုက္သည္။
ဦးထိပ္မွာ အေျခအေနကို တအံတၾသျဖစ္ေနသည္။
အေျခအေနကို ရိပ္မိသြားေသာ ဘေမာင္က အေနာက္နံရံမွ ငွက္ႀကီးေတာင္ကို ျဖဳတ္ၿပီး ဓါးလြတ္ကို အသင့္ကိုင္ထားလိုက္သည္။
လွေမာင္ တစ္ေယာက္သာ ေၾကာင္တက္တက္ျဖစ္ေန၏။
မိန္းမေတာင္းဖို႔ ေခၚလာေသာ သူ႔ဆရာက သူ႔ေယာကၡမေလာင္းကို ေသနတ္ျဖင့္ ေထာက္ထားသည့္ ျမင့္ကြင္းကို ၾကည့္ကာ ဘာလုပ္ရမွန္းမသိ။
“ေဟ့..ေအာက္ကေကာင္ အေပၚတက္လာစမ္း..မတက္လာရင္ ပစ္သတ္မွာေနာ္..မႏွင္းေရာ…အထဲက ဂ်ီးေဒၚပါ ဒီေရွ႕ကို လာထိုင္ပါ”
ေအာက္ထပ္မွ ငထြန္းဆိုသူက တက္လာသည္။ မႏွင္းႏွင့္ မိခင္ျဖစ္သူ ေဒၚေစာလွပါ တက္လာ၏။
စိန္ဓါးေျမႇာင္က ကုလားထိုင္ေပၚတြင္ ထိုင္ေနၿပီး က်န္သူမ်ားက ေအာက္တြင္ ထိုင္ကာ ေခါင္းငုံ႔ထားၾကသည္။
“ေဟ့ စိန္ဓါးေျမႇာင္တဲ့ကြ…ေခါင္းေတြအကုန္ငုံ႔ထား..ေမာ့မၾကည့္နဲ႔..ေမာ့ၾကည့္တဲ့သူပစ္မယ္.”
စိန္ဓါးေျမႇာင္ဟူေသာ အသံၾကားသည္ႏွင့္ ဦးထိပ္တို႔လင္မယားေရာ၊ မႏွင္းပါ တုန္ရီသြားၾကသည္။
“ဘေမာင္ ဟိုအခန္းဝက လိုက္ကာကို ျဖဳတ္ၿပီး ဓါးနဲ႔ သုံးပိုင္းခြဲကြာ”
ဘေမာင္က လိုက္ကာကို ဆြဲျဖတ္ၿပီး သုံးပိုင္းခြဲလိုက္သည္။
ထိုအခ်ိန္တြင္ စိန္ဓါးေျမႇာင္က လက္တစ္ဖက္ျဖင့္ ဦးထိပ္ ၏ စားပြဲေပၚတြင္ တင္ထားေသာ ေငြထုတ္မ်ားကို လြယ္အိတ္ထဲသို႔ ထည့္ေနသည္။
“ကဲ..လွေမာင္…မင္း ျမင္းလွည္းေကာင္းေကာင္း ေမာင္းတတ္ကဲ့မဟုတ္လား”
“ဟုတ္..ဟုတ္..ဆရာႀကီး”
“ေအး..အဲ့ဒါဆို ဘာလုပ္ေနတာလဲ..ေကာင္မေလးကို..ေခၚၿပီး ေရွ႕က ျမင္းလွည္းေပၚတက္ႏွင့္ေလကြာ..ေဟ့ ေကာင္မေလး..နင္ လွေမာင္ကို ႀကိဳက္တယ္မဟုတ္လား”
မႏွင္း က စိန္ဓါးေျမႇာင္ကို ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ေမာ့ၾကည့္သည္။
“ေဟ့..ေျဖေလ..နင္ လွေမာင္ကို ေမတၱာရွိတယ္မဟုတ္လား”
“ဟုတ္..ဟုတ္ကဲ့”
“ေအး..ဟုတ္ၿပီ..ဒါဆို လွေမာင္ေနာက္လိုက္သြား..ေဟ့ေကာင္ ေခၚသြားေတာ့”
“ဟို..ဟို..ကြၽန္မ အဝတ္အစားေတြ ယူ…”
“ဟာ လုပ္မေနနဲ႔..ဒီမွာ ညည္းအေဖ ဆီက ညည္းတို႔အတြက္ လက္ဖြဲ႕ေငြ ငါယူလာေပးမယ္..အဲ့ဒါနဲ႔ ဝယ္ဝတ္..သြား..အျမန္သြားၾက”
လွေမာင္က မႏွင္း၏ လက္ကို ဆြဲကာ ေအာက္သို႔ ဆင္းသြားသည္။
“ဘေမာင္ ဒီသုံးေယာက္လုံးကို လိုက္ကာစနဲ႔ လက္ျပန္ႀကိဳးတုပ္ကြာ..ခိုင္ပါေစေဟ့ေနာ္”
ဘေမာင္က ငွက္ႀကီးေတာင္ဓါးကို ဓါးအိမ္ထဲ ထည့္ကာ လြယ္လိုက္ၿပီး ဦးထိပ္၊ ေဒၚေစာလွႏွင့္ ငထြန္းတို႔ကို လက္ျပန္ႀကိဳးတုပ္လိုက္သည္။
လက္ျပန္ႀကိဳးတုပ္ၿပီးခ်ိန္တြင္ စိန္ဓါးေျမႇာင္က အိပ္ခန္းထဲသို႔ ဝင္သြားၿပီး အညာေစာင္ႀကီးတစ္ထည္ ထုတ္ယူလာသည္။
ထို႔ေနာက္ သုံးဦးလုံးကို ေစာင္ျဖင့္ အုပ္လိုက္သည္။
“ကဲ..ေစာင္ၿခဳံထဲက ထြက္ရင္ ထြက္တဲ့ေနရာကို ပစ္မယ္..ထြက္ရဲထြက္ၾကည့္ၾက”
ထိုသို႔ေျပာၿပီးေနာက္ စိန္ဓါးေျမႇာင္ေရာ၊ ဘေမာင္ ပါ အိမ္ေပၚမွ ဆင္းကာ ျမင္းလွည္းေနာက္မွ တက္လိုက္ၾကသည္။
လွေမာင္က ျမင္းကို က်ာပြတ္ျဖင့္ တို႔လိုက္သည္ႏွင့္ ျမင့္က တဟုန္ထိုး ၿခံအတြင္းမွ ေျပးထြက္သြား၏။
မႏွင္းက ျမင္းလွည္းေမာင္းေနေသာ လွေမာင္၏ ေက်ာကုန္းကို မွီကာ ႀကဳံ႕ႀကဳံ႕ကေလး ထိုင္ေနသည္။
“ေဟ့..ကေလးမ..ဒီမယ္..မင္းတို႔ မဂၤလာဦးအတြက္ မင္းမိဘမ်ားက လက္ဖြဲ႕လိုက္တဲ့ ေငြေတြကြဲ႕”
စိန္ဓါးေျမႇာင္က လြယ္အိတ္ထဲမွ ေငြမ်ားကို မႏွင္းအား ပုတ္ျပလိုက္သည္။
“ေဟ့ေကာင္.လွေမာင္..မွတ္ထားကြ ေကာင္းေကာင္းေတာင္းမရေတာ့ တိုက္ယူမွရတယ္..မင္းကေတာ့ ကိုယ့္ေယာကၡမကိုယ္ စေတြ႕ေတြ႕ခ်င္းေန႔တင္ ဓါးျပတိုက္တဲ့ သမိုင္းဝင္သမက္ကေလးျဖစ္သြားၿပီ…အဲ့ဒါ ငါ့ကို ေက်းဇူးတင္ကြ..ေဟ”
စိန္ဓါးေျမႇာင္စကားေၾကာင့္ ဘေမာင္က တဟားဟား ေအာ္ရယ္လိုက္သည္။
ျမင္းလွည္းေလးကား ရွိန္းမကား ကို အေတာ္ခပ္ေဝးေဝးတြင္ ခ်န္ထားရစ္ခဲ့ၿပီ။
“ကဲ..မင္းတို႔ ကိစၥၿပီးၿပီဆိုေတာ့..ငါလည္း ျမၾကည္ ဆီ သြားရဦးမေဟ့..ဟိုမွာလည္း ေမွ်ာ္ေလာက္ေရာၿပီ”
စိန္ဓါးေျမႇာင့္အသံက ႐ႊင္ျမဴးေန၏။
ထိုစဥ္ ေကာင္းကင္ယံမွ တိုက္ေလယာဥ္ပ်ံ တစ္စီး၏ ေဝါခနဲ ပ်ံသန္းသြားသံကို ၾကားလိုက္ရသည္။
စစ္သည္ ျမန္မာျပည္ အထက္အရပ္သို႔ နီးနီးကပ္ကပ္ ေရာက္လာေပၿပီ။
ခက္ေဇာ္
အခန္း(၁၀)သဘက္ခါ
ပုံ စိန္ဓါးေျမႇာင္ဇနီး မျမၾကည္ ေခၚ မျမသီ ၏ အသက္ ၁၇ ႏွစ္အ႐ြယ္ အိမ္ေထာင္က်စတြင္ ႐ိုက္ထားသည့္ဓာတ္ပုံ
💎💎🗡️🗡️
ReplyDeleteClicked💫
ReplyDeleteDone 💪
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDelete