The Guys From Mandalay,1950s အခန်း(၁၀)
The Guys From Mandalay,1950s
အခန်း(၁၀)
…………………………………………………………………….
၁၉၄၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အင်္ဂလိပ်တို့၏ အရှေ့တောင်အာရှ ခံတပ်ကြီးဖြစ်သော စင်္ကာပူသည် ဂျပန်လက်သို့ ကျရောက်သွားသည်။
အမှတ် (၃၃) ဂျပန်တပ်မနှင့် အမှတ် (၅၅)ဂျပန်တပ်မတို့သည် စစ်တောင်းမြစ်ကို ကျော်ဖြတ်လာခဲ့ပြီဖြစ်သည်။
၁၉၄၂ ဖေဖော်ဝါရီ ၁၉ တွင် မန္တလေးမြို့ကို ဂျပန်လေတပ်က ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အင်္ဂလိပ်စစ်တပ်တည်ရှိရာ နန်းတွင်းကို ကြဲသည့်ဗုံးမို့ အရပ်ဘက်ပစ်မှတ်များကို မကြဲဟု မန္တလေး ပြည်သူများက ထင်မှတ်ထားကြသည်။
ထို့ကြောင့် ရန်ကုန်မှ စစ်ပြေးဒုက္ခသည်များ၊ အစိုးရအဖွဲ့များ၊ ကုန်တိုက်များဖြင့် ပိုမိုစည်ကားလာနေသော မန္တလေးသည် အရောင်းအဝယ်မပျက်ခပ်အေးအေးပင်ရှိနေ၏။
ထိုကာလများသည် စိန်ဓါးမြှောင် နှင့် မမြကြည်အတွက်လည်း မုန်တိုင်းပြီးစ အခြေအနေလိုဖြစ်နေသည်။
ဓါးပြမှုများကြောင့် မန္တလေးသို့ ပြန်မတက်သေးပဲ ကျောက်ပန်းတောင်းတွင်ပင် ဇာတ်မြုပ်နေ၏။
စိန်ဓါးမြှောင်က ရတနာပုံဆရာသိန်းဟူသော နာမည်ဖြင့် တိုင်းရင်းဆေးဆရာအဖြစ် အသွင်ပြောင်းထားပြီး မမြကြည် ကလည်း မမြသီ ဟူသော အမည်ဖြင့် ပြောင်းထားသည်။
မမြကြည်အတွက် သောကဖြစ်စရာမှာ ဖခင်ကြီး ဦးသန်း သတင်းဘာမျှ မရသေးခြင်းပင်။
စိန်ဓါးမြှောင်ဓါးပြမှုတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးခံရထားရသည့် ဦးသန်းမှာ ပုလိပ်အရာရှိဦးလူဒုတ် အသတ်ခံရပြီးနောက် မည်သို့ အခြေအနေဖြစ်နေသည်ကို မသိရ။
ထို့ကြောင့် စိန်ဓါးမြှောင်နှင့် တပည့်ဖြစ်သူ ခါလေး၊ ထွန်းခင်တို့သည် မန္တလေးသို့ တက်ကာ ဦးသန်းအား ရှာဖွေရန် အခါအခွင့်ကို စောင့်နေကြသည်။
သူတို့လက်ထဲတွင်ရှိနေသော တိုက်ရာပါ ရတနာများကိုလည်း ထုခွဲရန် ရှိနေသေး၏။
ခါလေးနှင့် ထွန်းခင်က ဆရာသိန်းတစ်ဖြစ်လဲ စိန်ဓါးမြှောင် ဆေးကုသည့်အခါ တပည့်များအဖြစ် လိုက်ပါကြသည်။
စိန်ဓါးမြှောင်သည် ရဟန်းဘဝက ယောနယ်ဘက်တွင် ဗိန္ဓောဆေးပညာကိုလည်း လေ့လာသင်ယူထားသူဖြစ်သဖြင့် ကျောက်ပန်းတောင်းနယ်တဝိုက်တွင် ဆရာသိန်းဆေးလိုက်သည်ဟု နာမည်ကျော်လာသည်။
၁၉၄၂ မတ်လ ၈ ရက်နေ့တွင် ဂျပန်တို့၏ အမှတ် ၂၁၅ ခြေလျင်တပ်မကြီးသည် ရန်ကုန်မြို့သို့ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။
၁၉၄၂ ဧပြီလ ၃ ရက်နေ့ ၊ သောကြာနေ့။
နံနက် (၁၁)နာရီ အချိန်တွင် မန္တလေး၏ နေက ခြစ်ခြစ်တောက်အောင် ပူနေသည်။
ထိုကာလ မန္တလေး၏ အစည်ကားဆုံးဖြစ်သော မန္တလေးဘူတာကြီးနှင့် တရုတ်တန်းသည် တချိန်က ရန်ကုန်မြို့ထက်ပင် စည်ကားများပြားသော လူအုပ်ကြီးဖြင့် ပျားပန်းခတ်နေသည်။
ကောင်းကင်မှ ထူးဆန်းသောအသံများနှင့်အတူ အရိပ်မည်းကြီးများက နေရောင်ကို ရုတ်တရက်ဖုန်းလွှမ်းသွားသည်။
ကောင်းကင်သော မော့ကြည့်လိုက်သောအခါ အစင်း(၂၀)ခန့်ရှိသော ဂျပန်တိုက်လေယာဉ် အုပ်စု နှစ်စု က အနိမ့်ပျံသန်းလာသည်။
ထို့နောက် စက်သေနတ်များဖြင့် လူနေရပ်ကွက်များထဲသို့ တရကြမ်းပစ်ခတ်ကြတော့သည်။
လမ်းမပေါ်တွင် သွားလာနေသော လူများ၊ ဈေးသည်များမှာ စက်သေနတ်ဒဏ်ကြောင့် အတုံးအရုံးသေဆုံးကုန်ကြသည်။
ထိုလေယာဉ်အုပ်စုကြီး ပြန်လည်ထွက်ခွာသွားပြီးနောက် သုံးမိနစ်ခန့်အကြာတွင် နောက်ထပ် အစင်း(၄၀)ခန့်ရှိသော လေယာဉ်များ ပျံဝဲလာကာ ဗုံးများအတွဲလိုက်ကြဲချပြန်သည်။
မန္တလေးရွှေမြို့တော်ကြီးမှာ နိပွန်မာစတာတို့ စပရိုက်တိုက်လိုက်သော ဗုံးပဒေသာ၊ ကျည်ဆံပန်းကုံးလေးများ ကို နွေဦးလက်ဆောင်အဖြစ် ရရှိလိုက်သဖြင့် ငရဲတမျှ ဆူညံပွက်ကုန်သည်။
လူအများမှာ ပြေးမိပြေးရာပြေးရင်း စက်သေနတ်စာမိကာ အသက်ပျောက်ကုန်၏။
ဗုံးစာမိသူတစ်ချို့မှာ ခေါင်းက မန်းကျည်းပင်ပေါ် သွားကပ်နေပြီး ကိုယ်လုံးကြီးက ဆက်ပြေးနေပြီးမှ လဲကျသွားသည်မျိုး ဆိုးဆိုးရွားရွားအဖြစ်များပင် ကြုံနေရသည်။
မီးတောက်မီးလျှံများက တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။ တောင်ဘက်မြို့ရိုးပေါ်ရှိ ပြသာဒ်ဆောင်များလည်း မီးလောင်ကျွမ်းကုန်သည်။
ရန်ကုန်မှ ပြောင်းရွှေ့လာသော မီးသတ်စက်မှာလည်း ဗုံးထိပြီး မီးထလောင်သဖြင့် မီးသတ်ရဲဘော်များမှာ မီးသတ်စက်ကို မီးပြန်သတ်နေရတော့သည်။
ဈေးချိုတော် အက်ဖ်ရုံ၊ ဂျီရုံ၊ အိတ်ချ်ရုံ၊ ဂိုထောင်တိုက်တန်းများကို အင်္ဂလိပ်တပ်များက မြေလှန်စနစ်အရ မီးတင်ရှို့ကြပြန်သည်။
မန္တလေးကား မီးဟုန်းဟုန်းတိုက်ခဲ့ပြီ။
နေ့စဉ်ရက်ဆက်နီးပါး ဗုံးလာကြဲနေသဖြင့် မန္တလေးသူ မန္တလေးသားတို့သည်လည်း စစ်ပြေးဒုက္ခသည်များအဖြစ် နယ်ဘက်များသို့ ထပ်မံပြေးရပြန်တော့၏။
ဂျပန်တို့သည် မန္တလေးမြို့တင်မကပဲ အနီးအနားမြို့များဖြစ်သော မေမြို့၊ မြင်းခြံ၊ မတ္ထီလာ၊ ရွှေဘို၊ ကျောက်ပန်းတောင်း ၊ မုံရွာ တို့ကိုပါ စေတနာသဒ္ဒါတရားဖြန့်ကျက်ကာ ဗုံးမိုးရွာတော့သည်။
ခါလေးတို့ အိမ်နောက်ဖေးကွက်လပ်တွင် စိန်ဓါးမြှောင်တို့ ဗုံးခိုကျင်းများတူးကြသည်။
ဗုံးခိုကျင်းများမှာ အနက်လေးပေခန့် လူတစ်ကိုယ်သာသာလွတ်ရုံထားပြီး အဝင်ပေါက် အနံ ၃ ပေခန့်ရှိပြီး အတွင်းတွင် တဖြည်းဖြည်းကျယ်အောင် တူးထား၏။
အပေါ်တွင် သစ်သားတန်းများထိုးထားပြီး သဲအိတ်များဖြင့် ထပ်ကာ မြေဖို့ပြီး ဖုံးထားသည်။
အတွင်းတွင် အလျားခြောက်ပေ၊ အနံငါးပေ ထားသဖြင့် စိန်ဓါးမြှောင်၊မမြကြည်၊ ခါလေး၊ ခါလေး၏ အဖေ ဦးဘိုထီ၊ ခါလေး၏ အစ်မရင်ရင်၊ ထွန်းခင်တို့ လူခုနှစ်ဦး ကောင်းကောင်းပုန်းနိုင်သည်။
လေယာဉ်ပျံသံများကြားသည်နှင့် ဗုံးခိုကျင်းထဲသို့ အရင်ဆုံးရောက်သွားကြသူမှာ ထွန်းခင်နှင့် ရင်ရင်တို့ဖြစ်ပြီး လေယာဉ်ပျံများ ပြန်သွားပြီးနောက် ဗုံးခိုကျင်းထဲမှ နောက်ဆုံးတက်လာသည်မှာလည်း ထွန်းခင်နှင့် ရင်ရင်ပင်။
ဂျပန်ဗုံးတည်းဟူသော မြှားနတ်မောင်ကျေးဇူးဖြင့် ထွန်းခင်နှင့် ရင်ရင်တို့မှာ စစ်အတွင်းက ချစ်ခြင်း အဖြစ် မကြာမီ အိမ်ထောင်ကျသွားကြတော့၏။
ခါလေး ကား အစပိုင်းတွင် ဒေါသအိုးပေါက်ကွဲသော်လည်း စိန်ဓါးမြှောင်နှင့် မြကြည်တို့က ဖြောင့်ဖျပေးသဖြင့် ပြန်ပြေလည်သွားကြသည်။
၁၉၄၂ ဧပြီလ ၃၀ ရက်နေ့တွင် ဗြိတိသျှတပ်များက စစ်ကိုင်းတံတားကို ဖောက်ခွဲဖျက်ဆီးကာ အထက်ဘက်သို့ ဆက်လက်ဆုတ်ခွာသွားသည်။
မေလ ၁ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်တွင် အမှတ်(၁၈)ဂျပန်တပ်မဟာ သည် မြစ်ငယ်မြစ်ကို ဖြတ်ကူးကာ မန္တလေးမြို့ကို သိမ်းပိုက်လိုက်ကြတော့သည်။
အမှတ် ၁၅ ဂျပန်တပ်မတော် စစ်သေနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအီဒါး သည် မန္တလေးမြို့သို့ ရောက်ရှိလာပြီး ဂျပန်စစ်အုပ်ချုပ်ရေးရုံးဌာနခွဲကို ဖွင့်လှစ်သည်။
ဌာနခွဲမှူးမှာ ကြည်းတပ်ထောက်လှမ်းရေး ဗိုလ်မှူး နာဂဆာကီ ဖြစ်သည်။
၁၉၄၂ မေလ ၂၀ ရက်။ နေ့လည် ၁၁ နာရီ။
“ခါလေး…ဟိုကောင် ထွန်းခင်ရော”
“သူ့တဲမှာ နေမှာပေါ့”
“သွားခေါ်စမ်းကွာ”
ထွန်းခင်နှင့် ရီရီတို့မှာ ခါလေးတို့ အိမ်ဝန်းထဲတွင်ပင် တဲကလေးတစ်လုံး သီးသန့်ထိုးနေကြသည်။
ခါလေးထွက်သွားပြီး မကြာမီ ထွန်းခင်နှင့်အတူ ပြန်ရောက်လာသည်။
“ထွန်းခင်..မင်းဘာလုပ်နေတာလဲ”
“ကျွန်တော် အိပ်နေတာ ဆရာကြီး”
“ခွေးမသားထွန်းခင်..မင်းလည်း မိန်းမရပြီးကတည်းက အိပ်ရာကနိုးရင် အိပ်ဦးမယ်ဆိုတဲ့ သန္ဒိဌာန်များ ချထားသလားကွာ”
ထွန်းခင်က ရယ်ကျဲကျဲဖြင့်။ ခါလေး မျက်နှာက အိုးတို့အမ်းတမ်း။
“အခု မန္တလေးကို ဂျပန်ဝင်လာပြီ။ ဗုံးကြဲတာတွေလည်းမရှိတော့ဘူး။ ငါနဲ့ခါလေး အခြေအနေတက်စုံစမ်းမယ်။ ဦးဘိုထီရယ်၊ မြကြည်ရယ်၊ မင်းမိန်းမရယ်ကို မင်းပဲ သေချာစောင့်ရှောက်နေခဲ့။ ငါတို့က ဦးသန်းကို ရှာမယ်၊ ငန်းနက်တို့ ဘမောင်တို့ နဲ့အဆက်အသွယ်လုပ်ရမယ်။ ပစ္စည်းတွေလည်းနည်းနည်းထုခွဲရဦးမှာမို့ ကြာချင်ကြာမယ်ကွ”
“စိတ်ချလက်ချသာသွားပါ..ဆရာကြီး”
“အေး..မိန်းမနဲ့ချည်း ဖက်အိပ်မနေနဲ့ဦး”
နေ့လည် တစ်နာရီခန့်တွင် စိန်ဓါးမြှောင်နှင့် ခါလေးတို့ မန္တလေးသို့ ထွက်ခွာသွားကြသည်။
ညနေမှောင်မှောင်တွင် စိန်ဓါးမြှောင်တို့ မန္တလေးသို့ ရောက်ရှိသွားကြ၏။
မန္တလေးကား မြို့ပျက်ကြီးဖြစ်နေပေပြီ။
ဂျပန်တို့သည် မန္တလေးမြို့သို့အဝင်တွင် ပြည်သူ့ဆေးရုံကြီး ၂ ရုံ၊ ဝေလမင်းသမီးမျက်စိဆေးရုံ၊ ဂါတ်တဲများ၊ ကြေးနန်းရုံ၊ ဘူတာကြီး၊ ရေပေးရေးဌာန၊ ဓာတ်အားပေးရုံ၊ ရိုးကုမ္ပဏီ၊ အင်ပီးရီးရယ်ဘဏ်အဆောက်အဦ၊ ဗဟိုအမျိုးသားအထက်တန်းကျောင်း၊ ဝက်စလီအထက်တန်းကျောင်းစသည့် အဆောက်အဦကြီးများကို ပစ်မှတ်ထားကာ ချေမှုန်းဖျက်ဆီးပစ်ခဲ့ကြသည်။
ကျောင်းကန်များ၊ ဇရပ်များ၊ လူနေရပ်ကွက်များကိုလည်း မီးတိုက်ဖျက်ဆီးလိုက်ကြသည်။
ထို့ကြောင့် မန္တလေးမှာ ပြာပုံအတိသာရှိတော့၏။ အချို့သော ရပ်ကွက်များမှာ လုံးဝနီးပါး ပျောက်ကွယ်သွားတော့သည်။
မီးလောင်ပြင်များပေါ်တွင် မီးလောင်သွပ်များ၊ သက်ကယ်များ၊ လေထီးစများဖြင့် ယာယီတဲအစုစုကိုလည်း တွေ့ရသည်။
စိန်ဓါးမြှောင်နှင့် မမြကြည်တို့နေထိုင်သော ရွှေတချောင်းမြောင်းဘောင်မှ အိမ်လေးမှာ ဗုံးဒဏ်ကြောင့် ပြာကျခဲ့ပြီဖြစ်သည်။
ချမ်းသာရထုံးကုန်းရှိ ယောက္ခမဖြစ်သူ ဦးသန်း၏ နေအိမ်ဘက်ဆီသို့ ရောက်သောအခါ မှောင်နှင့်မဲမဲ သာတွေ့ရ၏။
စိန်ဓါးမြှောင်သည် အိမ်ပေါ်သို့ တက်ကြည့်လိုက်သောအခါ တံခါးက ဟနေ၏။အိမ်တွင်းတွင် မည်သူမျှ မရှိ။
ထိုအချိန်တွင် အိမ်ရှေ့မှ မီးရောင်တဝင်းဝင်းတွေ့ရသည်။
“ဟေ့..ဘယ်သူလဲကွ..အိမ်ပေါ်မှာ”
အိမ်ဝတွင် လူတစ်စု။
စိန်ဓါးမြှောင်က လွယ်အိတ်ထဲမှ ခြောက်လုံးပြူးကို လက်တင်ထားလိုက်ပြီး အသာလှမ်းကြည့်လိုက်သည်။
“ကျွန်တော်..မောင်ကလေးပါ..ဦးသန်းရဲ့ သမက်ပါ”
လူစုက အိမ်ပေါ်သို့ တက်လာသည်။
“ဆရာကြီး…ပြန်ရောက်လာပြီပေါ့”
စိန်ဓါးမြှောင်က အမှောင်ထဲမှ လူကို သေချာကြည့်သည်။ အမှောင်ကကြီးစိုးထားသည့်အပြင် သူ့လက်ထဲမှ လက်နှိပ်ဓာတ်မီးရောင်ကြောင့် သဲကွဲစွာမမြင်ရ။
“ကျွန်တော် ကြင်အေးလေ..ဆရာကြီး..”
“ဟာ..ကြင်အေး”
ကြင်အေးနှင့် လူသုံးဦးက အိမ်ထဲ ဝင်လာကြသည်။
ထို့နောက် လူသုံးဦးထဲမှ တစ်ဦးက ပါလာသော မီးအိမ်ကို ထွန်းလိုက်၏။
ထိုအခါမှပင် လူများကို သဲသဲကွဲကွဲမြင်ရတော့သည်။
“ဆရာကြီးတို့ ဒီကို အပြီးပြန်လာတာလား”
“ဒီအိမ်မှာနေသွားတဲ့ ငါ့ယောက္ခမကြီးကိုလာရှာရင်း မန္တလေးအခြေအနေ ဘယ့်နှယ့်လဲလို လာစနည်းနာကြည့်တာ”
“မန္တလေးကတော့ ဆရာကြီးမြင်တဲ့အတိုင်းပဲ..ဒီအိမ်က ဆရာကြီးယောက္ခမအိမ်လား..မန္တလေးမှာက ဂျပန်ဗုံးဒဏ်မိပြီး လူအတော်များများသေကြတယ်ဆရာကြီး.နန်းတော်ရှေ့ကြီးလည်း ဗုံးမှန်းသေပြီ...ဒီအိမ်က အဘိုးကြီးလည်း သေသွားပြီ”
“နေပါဦး..မင်းက ငါ့ယောက္ခမသေတာကို ဘယ်လိုသိတာလဲ”
“ကျွန်တော်က ပျော်ဘွယ်ဘက်မှာရှောင်နေရင်း ဂျပန်စစ်တပ်က ကူလီငှားလို့ လိုက်လာတာ။ ဒီရောက်တော့ ကျွန်တော့်လူတစ်ချို့ကို စုရင်း လူမရှိတဲ့ အိမ်တွေက ပစ္စည်းတွေလိုက်မတယ်။ ပြီးရင် စိန်ပန်းဘက်မှာ တည်ထားတဲ့ ဂျပန်စစ်တပ်ကိုရောင်းပေါ့။ ဒီဘက်ရပ်ကွက်က အိမ်တွေကို ကျွန်တော်တို့ လိုက်ဖောက်ရင်း ဒီအိမ်ကိုလည်း ရောက်တယ်။ အဘိုးကြီးကတော့ အိမ်နောက်ဖေး ဗုံးခိုကျင်းပေါ် ဗုံးတည့်တည့်ကျပြီး သေပုံပဲ..အလောင်းတောင်ဗုံးခိုကျင်းထဲ ရှိဦးမယ်.အခုလည်း ဟိုနေ့က ပစ္စည်းတွေလာမတာ လွှဝိုင်းစက်ကြီးတစ်ခု ကျန်နေလို့..ဂျပန်က ဈေးကောင်းပေးမယ်ဆိုတာနဲ့ လာပြန်မတာ.ဆရာကြီးယောက္ခမအိမ်မှန်းမသိလို့ပါ ”
“မင်း ကို ငါခိုင်းခဲ့တဲ့ ကိစ္စရော..ဘယ်နှယ့်ရှိလဲ”
“အင်္ဂလိပ်တပ်တွေ အဆုတ်မှာ ချန်ထားခဲ့တာတွေအတော်များများ ကျွန်တော် ရထားတယ်…စိန်ပြောင်းတစ်လက်ပါ ပါသေးတယ်”
“ငန်းနက်တို့ သတင်းရောဘာကြားသေးလဲ”
“ငရုတ်သီးဘရင် ကတော့ ဘုရားကြီးဈေးအနောက်ဖက်တန်းမှာ အရက်မှောင်ခိုရောင်းနေတယ်..ဂျပန်စစ်တပ်တွေ နဲ့ အဆင်ပြေနေပုံပဲ.ဆရာကြီး..သူနဲ့တော့ အဆက်အသွယ်ရှိတယ်”
“ဟုတ်ပြီကွ..ဒါနဲ့ မင်းလူတွေက အခြေအနေကရော..ဘယ့်နှယ့်လဲ”
“သူတို့က ဂျပန်ကူလီလိုက်တုန်းက ကျွန်တော့်စုထားတဲ့လူတွေပါ.. လက်စကတော့ မသေးဘူးဆရာ..ဒီကောင်က သူခိုးဝင်းမောင်တဲ့။ ဖောက်ထွင်းဝိဇ္ဇာပေါ့ဆရာ။ သူက မောင်တင် တစ်ကိုယ်တော်ဓါးပြတိုက်စားနေတာ”
“အေးဟုတ်ပြီ..ဒီညတော့ ငါတို့ ဒီမှာပဲ အိပ်လိုက်မယ်..မနက်ကျမှ ငါ့ကိုငရုတ်သီးဆီ လိုက်ပို့ပေး..မင်းရထားတဲ့ လက်နက်တွေလည်း ငါကြည့်ချင်သေးတယ်”
“ဟုတ်ကဲ့..ဆရာကြီး..လောလောဆယ် ဆရာကြီးတို့ စားဖို့ ကျွန်တော့်ကောင်တွေကို သွားဖန်တီးခိုင်းလိုက်မယ်”
ဝင်းမောင်နှင့် မောင်တင် ထွက်သွားပြီးနောက် နာရီဝက်ခန့်အကြာတွင် ဆီသွပ်ဗူးများ ပါလာကြသည်။
ထိုညက စိန်ဓါးမြှောင်တို့လူတစ်စုသည် ဦးသန်း၏ အိမ်တွင်ပင် စတည်းချလိုက်ကြသည်။
နောက်တစ်နေ့တွင် ကြင်အေး က ဦးဆောင်ပြီး ဘုရားကြီးဈေးသို့ ခေါ်ဆောင်သွားသည်။
ဂျပန်ဝင်လာပြီးနောက် ဘုရားကြီးဈေးမှာ အစည်ကားဆုံးဈေးတစ်ခုဖြစ်နေခဲ့၏။
မန္တလေးမြို့ရှိ ဈေးချို၊ ရွာဟိုင်းဈေး၊ မျက်ပါးရပ်ဈေး၊ မီးပါဈေး၊ နန်းတော်ရှေ့ဈေး၊ ညွန့်ပေါင်းဈေး၊ ကမ်းနားဈေးတို့၊တရုတ်တန်းဈေးတို့မှာ ဗုံးဒဏ်၊ မီးဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီး ပုဏ္ဍားဈေး၊ ဂွမ်းရုံဈေး၊ ညောင်ပင်ဈေးနှင့် ဘုရားကြီးဈေးတို့သာ ကျန်ရစ်သည်။
စိန်ဓါးမြှောင်မှာ ဈေးထဲသို့ မဝင်ခင် မဟာမုနိဘုရားကြီးကို အလျင်ဦးခိုက်သည်။
ဘုရားကြီး၏ မြောက်ဘက်မုခ်နှင့် အနောက်ဘက်စောင်းတန်းများမှာ အင်္ဂလိပ်အပြေးတွင် မီးရှို့သွားခဲ့သဖြင့် အကျဉ်းတန်လှ၏။
ငရုတ်သီးဘရင်အရက်မှောင်ခိုရောင်းနေသည်ဟူသော ဈေးနောက်ဘက်တန်းသို့ ရောက်သောအခါ ဘရင် မရှိ။
အသက် (၁၄)နှစ်အရွယ် ကောင်လေးတစ်ဦးသာ တွေ့သည်။
“ဘာလိုချင်လဲ..ဆရာတို့ မီးတောက်လား၊ ချက်လား၊ ဂျပန်ဆာကေး လည်း ရတယ်နော်။ အင်္ဂလိပ်ဂိုထောင်ဖောက်ထားတဲ့ ရမ်လည်း ရမယ်။ ဈေးတော့မြောက်မယ်”
“မင်းတို့ဆရာ ဘရင်ကိုတွေ့ချင်လို့လာတာကွ..ဘရင်ရော”
“ကိုကြီးဘရင် က သံတဲကျောင်းဘက်သွားတယ်ဗျ။ အဲ့ဒီမှာ ဒီနေ့ ဂျပန်ဟောပြောပွဲရှိတယ်တဲ့။ ခဏနေပြန်လာမယ်ပြောတယ်”
“အေးလေ..ဒါဆိုလည်း ငါတို့ ဈေးတန်းပတ်လျှောက်ပြီး ပြန်လာခဲ့မယ်..မင်းဆရာလာရင် ပြောလိုက်..ဦးလေးကြီး လာသွားတယ်..စောင့်နေပါလို့”
စိန်ဓါးမြှောင်တို့ နောက်တစ်ကြိမ်ပြန်ရောက်သောအခါ ငရုတ်သီးဘရင်က ဝမ်းသာအားရဆီးကြိုသည်။
“မသေလို့ တွေ့ကြရတာ ဆရာကြီးရေ”
“အေး..ငရုတ်သီး..ငါလည်း မင်းကိုတွေ့ချင်နေတာ..ငန်းနက်တို့ နဲ့ အဆက်အသွယ်ရှိလား”
“ရှိတယ်ဆရာရေ..တိုက်တိုက်ဆိုင်ဆိုင်.. မနေ့က ဘုရားကြီးဈေးမှာ မောင်ချစ်နဲ့ မိကွန်လာရင်း ကျွန်တော်နဲ့တွေ့တယ်။ သူတို့ မန္တလေးကို ရောက်နေပြီ။ အဲ့ဒါ ကိုငန်းနက်က ဒီနေ့မနက် သံတဲကျောင်းက ဂျပန်ဟောပြောပွဲမှာ ရှိမယ်ဆိုလို့ ကျွန်တော်သွားတာ”
“ဒီကောင်တွေက ဂျပန်ဟောပြောပွဲမှာ ဘာလုပ်နေတာတုန်း”
“သူလည်း ဂျပန်အခြေအနေလာအကဲခတ်တာပဲ..ဆရာကြီး။ ဒါပေမယ့် တစ်ခုကောင်းသွားတာက အဲ့ဒီ အာရှတိုက်သားများစည်းလုံးရေးနှင့် ခေတ်သစ်ထူထောင်ရေးဟောပြောပွဲမှာ ဟောပြောတဲ့ ဂျပန်စစ်ဗိုလ် ဆာကူရိုင်းဆိုတာ ကိုငန်းနက် နဲ့ ယိုးဒယားမှာ ကတည်းက သိခဲ့တာတဲ့။ အဲ့ဒီတုန်းက ဆာကူရိုင်းက ဓာတ်ပုံဆရာအဖြစ်နဲ့သူလျှိုလုပ်နေတာတဲ့။ ဟိုဂျပန်က ကိုငန်းနက်နဲ့ ထိုင်းစကားတွေပြောပြီး အတော်အလုပ်ဖြစ်နေတာတွေ့တယ်..ဒီနေ့လည်တော့ သူတို့ စစ်ကိုင်းဘက်ပြန်ဆင်းမယ်ပြောတယ်”
“အေး..ငါတို့ ပြန်စုစည်းမှဖြစ်မယ်..လှမောင်နဲ့ဘမောင်က မတ္တရာမှာ…ခါလေးကို မနက်ဖန် သူတို့ ဆီ ငါလွှတ်မယ်။ မင်းက ငန်းနက်ဆီသွား။ လာမည့် ၂၅ ရက်နေ့ သကျသီဟဘုရားပေါ်မှာ ဦးလေးကြီးက အားလုံးကိုတွေ့ချင်တယ်လို့ပြောချေ”
“ဟုတ်ကဲ့..ဆရာကြီး…ရောက်တုန်းရောက်ခိုက် အရက်ကလေးနဲ့ ဧည့်ခံပါရစေ”
“ဒီကောင်တွေကို ဧည့်ခံလိုက်ကွာ…ကြင်အေး.. မင်းရထားတဲ့ လက်နက်တွေဘယ်မှာထားလဲ..ငါကြည့်ချင်တယ်”
“စိန်ပန်းထဲက ကျွန်တော်တို့နေတဲ့ ဂိုထောင်မှာ ဝှက်ထားပေးတယ်..ဆရာကြီး”
“အေး..အခု မင်းနဲ့ ငါသွားမယ်..ခါလေး က သောက်ပြီးစားပြီးရင် ငါပေးခဲ့တဲ့လိပ်စာအတိုင်း မတ္တရာက ဘမောင်တို့ဆီသွားတော့။ ဘရင်က ငန်းနက်ဆီသွားဖို့ပြင်။ ကဲ..ကြင်အေး ငါတို့ သွားကြမယ်ကွ”
………………………………………………………………..
၁၉၄၂ မေ ၂၇ ရက်
မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်တွင် မြန်မာစစ်ဗိုလ်များနှင့် ဂျပန်စစ်ဗိုလ်များအား ကြိုဆိုပွဲကြီး ကျင်းပနေသည်။
လွန်ခဲ့သည့်နှစ်ရက်က သကျသီဟဘုရားတွင်လည်း စိန်ဓါးမြှောင်ဂိုဏ်း၏ ပြန်လည်ကြိုဆိုပွဲ က ပြီးသွားခဲ့ပြီဖြစ်သည်။
စိန်ဓါးမြှောင်က ဂျပန်ခေတ်တွင် သူ့နယ်ပယ်ကို ဖြန့်ကျက်ရန် အစီအစဉ်များချသည်။
စိန်ဓါးမြှောင်၏ အစီအစဉ်အရ စိန်ဓါးမြှောင်သည် ဆရာသိန်းအမည်နှင့် မန္တလေးတွင် ပြန်လည်အခြေချပြီး ဓားပြမှုများကို အကွက်ချစီမံမည်။
လှမောင်၊ဘမောင်က မတ္တရာဘက်၊ ငန်းနက်၊ဘချစ်က မင်းကွန်းစစ်ကိုင်းဘက်၊ ကြင်အေးတို့က မြစ်ကမ်းနဖူးဖြစ်သော စိန်ပန်း၊ မရမ်းခြံ၊ မင်းတဲအီကင်းဘက်တဝိုက်တွင် အသီးသီးလူစုကာ အခြေပြုကြမည်။
ဓါးပြတိုက်ရာတွင် အချို့ကို စိန်ဓါးမြှောင်စီစဥ်သည့်အတိုင်း ကိုယ့်နယ်အလိုက် ကိုယ့်အဖွဲ့နှင့်ကိုယ်တိုက်ကြမည်ဖြစ်ပြီး ၊ လုပ်ငန်းကြီးလျှင် ကြီးသလို အဖွဲ့များစုစည်းပြီး တိုက်ကြမည်ဟု စိန်ဓါးမြှောင်က စီမံသည်။
ခါလေးနှင့် ကြင်အေးတို့ က ဓါးပြတိုက်ခါနီး အဝင်အထွက်လမ်းကြောင်းများ၊ ဓါးပြတိုက်မည့်အိမ်၏ စုဆောင်းပစ္စည်းစာရင်းများကို ထောက်လှမ်းရမည်ဖြစ်သည်။
ငရုတ်သီးဘရင်က တိုက်ရာပါပစ္စည်းများကို ထုခွဲရာတွင် တာဝန်ယူရမည်။
ရသမျှ ဝေစုကို စိန်ဓါးမြှောင်ထံ စုဝေးပြီး ဝေစုခွဲကြမည်။
ထိုသို့နှင့် ဂျပန်ခေတ်အခါသမယတွင် စိန်ဓါးမြှောင်ဓါးပြဂိုဏ်းသည် စီမံခန့်ခွဲမှုကောင်းကောင်း၊ စုဖွဲ့မှုကောင်းကောင်းဖြင့် စနစ်တကျ စတင်ပေါ်ပေါက်လာတော့၏။
ခက်ဇော်
အခန်း(၁၁)သဘက်ခါ
The Guys From Mandalay,1950s
အခန္း(၁၀)
…………………………………………………………………….
၁၉၄၂ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔တြင္ အဂၤလိပ္တို႔၏ အေရွ႕ေတာင္အာရွ ခံတပ္ႀကီးျဖစ္ေသာ စကၤာပူသည္ ဂ်ပန္လက္သို႔ က်ေရာက္သြားသည္။
အမွတ္ (၃၃) ဂ်ပန္တပ္မႏွင့္ အမွတ္ (၅၅)ဂ်ပန္တပ္မတို႔သည္ စစ္ေတာင္းျမစ္ကို ေက်ာ္ျဖတ္လာခဲ့ၿပီျဖစ္သည္။
၁၉၄၂ ေဖေဖာ္ဝါရီ ၁၉ တြင္ မႏၲေလးၿမိဳ႕ကို ဂ်ပန္ေလတပ္က ပထမဆုံးအႀကိမ္ ဗုံးႀကဲတိုက္ခိုက္ခဲ့သည္။
အဂၤလိပ္စစ္တပ္တည္ရွိရာ နန္းတြင္းကို ႀကဲသည့္ဗုံးမို႔ အရပ္ဘက္ပစ္မွတ္မ်ားကို မႀကဲဟု မႏၲေလး ျပည္သူမ်ားက ထင္မွတ္ထားၾကသည္။
ထို႔ေၾကာင့္ ရန္ကုန္မွ စစ္ေျပးဒုကၡသည္မ်ား၊ အစိုးရအဖြဲ႕မ်ား၊ ကုန္တိုက္မ်ားျဖင့္ ပိုမိုစည္ကားလာေနေသာ မႏၲေလးသည္ အေရာင္းအဝယ္မပ်က္ခပ္ေအးေအးပင္ရွိေန၏။
ထိုကာလမ်ားသည္ စိန္ဓါးေျမႇာင္ ႏွင့္ မျမၾကည္အတြက္လည္း မုန္တိုင္းၿပီးစ အေျခအေနလိုျဖစ္ေနသည္။
ဓါးျပမႈမ်ားေၾကာင့္ မႏၲေလးသို႔ ျပန္မတက္ေသးပဲ ေက်ာက္ပန္းေတာင္းတြင္ပင္ ဇာတ္ျမဳပ္ေန၏။
စိန္ဓါးေျမႇာင္က ရတနာပုံဆရာသိန္းဟူေသာ နာမည္ျဖင့္ တိုင္းရင္းေဆးဆရာအျဖစ္ အသြင္ေျပာင္းထားၿပီး မျမၾကည္ ကလည္း မျမသီ ဟူေသာ အမည္ျဖင့္ ေျပာင္းထားသည္။
မျမၾကည္အတြက္ ေသာကျဖစ္စရာမွာ ဖခင္ႀကီး ဦးသန္း သတင္းဘာမွ် မရေသးျခင္းပင္။
စိန္ဓါးေျမႇာင္ဓါးျပမႈတြင္ မသကၤာမႈျဖင့္ ဖမ္းဆီးခံရထားရသည့္ ဦးသန္းမွာ ပုလိပ္အရာရွိဦးလူဒုတ္ အသတ္ခံရၿပီးေနာက္ မည္သို႔ အေျခအေနျဖစ္ေနသည္ကို မသိရ။
ထို႔ေၾကာင့္ စိန္ဓါးေျမႇာင္ႏွင့္ တပည့္ျဖစ္သူ ခါေလး၊ ထြန္းခင္တို႔သည္ မႏၲေလးသို႔ တက္ကာ ဦးသန္းအား ရွာေဖြရန္ အခါအခြင့္ကို ေစာင့္ေနၾကသည္။
သူတို႔လက္ထဲတြင္ရွိေနေသာ တိုက္ရာပါ ရတနာမ်ားကိုလည္း ထုခြဲရန္ ရွိေနေသး၏။
ခါေလးႏွင့္ ထြန္းခင္က ဆရာသိန္းတစ္ျဖစ္လဲ စိန္ဓါးေျမႇာင္ ေဆးကုသည့္အခါ တပည့္မ်ားအျဖစ္ လိုက္ပါၾကသည္။
စိန္ဓါးေျမႇာင္သည္ ရဟန္းဘဝက ေယာနယ္ဘက္တြင္ ဗိေႏၶာေဆးပညာကိုလည္း ေလ့လာသင္ယူထားသူျဖစ္သျဖင့္ ေက်ာက္ပန္းေတာင္းနယ္တဝိုက္တြင္ ဆရာသိန္းေဆးလိုက္သည္ဟု နာမည္ေက်ာ္လာသည္။
၁၉၄၂ မတ္လ ၈ ရက္ေန႔တြင္ ဂ်ပန္တို႔၏ အမွတ္ ၂၁၅ ေျခလ်င္တပ္မႀကီးသည္ ရန္ကုန္ၿမိဳ႕သို႔ ဝင္ေရာက္သိမ္းပိုက္ႏိုင္ခဲ့သည္။
၁၉၄၂ ဧၿပီလ ၃ ရက္ေန႔ ၊ ေသာၾကာေန႔။
နံနက္ (၁၁)နာရီ အခ်ိန္တြင္ မႏၲေလး၏ ေနက ျခစ္ျခစ္ေတာက္ေအာင္ ပူေနသည္။
ထိုကာလ မႏၲေလး၏ အစည္ကားဆုံးျဖစ္ေသာ မႏၲေလးဘူတာႀကီးႏွင့္ တ႐ုတ္တန္းသည္ တခ်ိန္က ရန္ကုန္ၿမိဳ႕ထက္ပင္ စည္ကားမ်ားျပားေသာ လူအုပ္ႀကီးျဖင့္ ပ်ားပန္းခတ္ေနသည္။
ေကာင္းကင္မွ ထူးဆန္းေသာအသံမ်ားႏွင့္အတူ အရိပ္မည္းႀကီးမ်ားက ေနေရာင္ကို ႐ုတ္တရက္ဖုန္းလႊမ္းသြားသည္။
ေကာင္းကင္ေသာ ေမာ့ၾကည့္လိုက္ေသာအခါ အစင္း(၂၀)ခန႔္ရွိေသာ ဂ်ပန္တိုက္ေလယာဥ္ အုပ္စု ႏွစ္စု က အနိမ့္ပ်ံသန္းလာသည္။
ထို႔ေနာက္ စက္ေသနတ္မ်ားျဖင့္ လူေနရပ္ကြက္မ်ားထဲသို႔ တရၾကမ္းပစ္ခတ္ၾကေတာ့သည္။
လမ္းမေပၚတြင္ သြားလာေနေသာ လူမ်ား၊ ေဈးသည္မ်ားမွာ စက္ေသနတ္ဒဏ္ေၾကာင့္ အတုံးအ႐ုံးေသဆုံးကုန္ၾကသည္။
ထိုေလယာဥ္အုပ္စုႀကီး ျပန္လည္ထြက္ခြာသြားၿပီးေနာက္ သုံးမိနစ္ခန႔္အၾကာတြင္ ေနာက္ထပ္ အစင္း(၄၀)ခန႔္ရွိေသာ ေလယာဥ္မ်ား ပ်ံဝဲလာကာ ဗုံးမ်ားအတြဲလိုက္ႀကဲခ်ျပန္သည္။
မႏၲေလးေ႐ႊၿမိဳ႕ေတာ္ႀကီးမွာ နိပြန္မာစတာတို႔ စပ႐ိုက္တိုက္လိုက္ေသာ ဗုံးပေဒသာ၊ က်ည္ဆံပန္းကုံးေလးမ်ား ကို ေႏြဦးလက္ေဆာင္အျဖစ္ ရရွိလိုက္သျဖင့္ ငရဲတမွ် ဆူညံပြက္ကုန္သည္။
လူအမ်ားမွာ ေျပးမိေျပးရာေျပးရင္း စက္ေသနတ္စာမိကာ အသက္ေပ်ာက္ကုန္၏။
ဗုံးစာမိသူတစ္ခ်ိဳ႕မွာ ေခါင္းက မန္းက်ည္းပင္ေပၚ သြားကပ္ေနၿပီး ကိုယ္လုံးႀကီးက ဆက္ေျပးေနၿပီးမွ လဲက်သြားသည္မ်ိဳး ဆိုးဆိုး႐ြား႐ြားအျဖစ္မ်ားပင္ ႀကဳံေနရသည္။
မီးေတာက္မီးလွ်ံမ်ားက တစ္ၿမိဳ႕လုံးကို ဖုံးလႊမ္းသြားသည္။ ေတာင္ဘက္ၿမိဳ႕႐ိုးေပၚရွိ ျပသာဒ္ေဆာင္မ်ားလည္း မီးေလာင္ကြၽမ္းကုန္သည္။
ရန္ကုန္မွ ေျပာင္းေ႐ႊ႕လာေသာ မီးသတ္စက္မွာလည္း ဗုံးထိၿပီး မီးထေလာင္သျဖင့္ မီးသတ္ရဲေဘာ္မ်ားမွာ မီးသတ္စက္ကို မီးျပန္သတ္ေနရေတာ့သည္။
ေဈးခ်ိဳေတာ္ အက္ဖ္႐ုံ၊ ဂ်ီ႐ုံ၊ အိတ္ခ်္႐ုံ၊ ဂိုေထာင္တိုက္တန္းမ်ားကို အဂၤလိပ္တပ္မ်ားက ေျမလွန္စနစ္အရ မီးတင္ရႈိ႕ၾကျပန္သည္။
မႏၲေလးကား မီးဟုန္းဟုန္းတိုက္ခဲ့ၿပီ။
ေန႔စဥ္ရက္ဆက္နီးပါး ဗုံးလာႀကဲေနသျဖင့္ မႏၲေလးသူ မႏၲေလးသားတို႔သည္လည္း စစ္ေျပးဒုကၡသည္မ်ားအျဖစ္ နယ္ဘက္မ်ားသို႔ ထပ္မံေျပးရျပန္ေတာ့၏။
ဂ်ပန္တို႔သည္ မႏၲေလးၿမိဳ႕တင္မကပဲ အနီးအနားၿမိဳ႕မ်ားျဖစ္ေသာ ေမၿမိဳ႕၊ ျမင္းၿခံ၊ မတၳီလာ၊ ေ႐ႊဘို၊ ေက်ာက္ပန္းေတာင္း ၊ မုံ႐ြာ တို႔ကိုပါ ေစတနာသဒၵါတရားျဖန႔္က်က္ကာ ဗုံးမိုး႐ြာေတာ့သည္။
ခါေလးတို႔ အိမ္ေနာက္ေဖးကြက္လပ္တြင္ စိန္ဓါးေျမႇာင္တို႔ ဗုံးခိုက်င္းမ်ားတူးၾကသည္။
ဗုံးခိုက်င္းမ်ားမွာ အနက္ေလးေပခန႔္ လူတစ္ကိုယ္သာသာလြတ္႐ုံထားၿပီး အဝင္ေပါက္ အနံ ၃ ေပခန႔္ရွိၿပီး အတြင္းတြင္ တျဖည္းျဖည္းက်ယ္ေအာင္ တူးထား၏။
အေပၚတြင္ သစ္သားတန္းမ်ားထိုးထားၿပီး သဲအိတ္မ်ားျဖင့္ ထပ္ကာ ေျမဖို႔ၿပီး ဖုံးထားသည္။
အတြင္းတြင္ အလ်ားေျခာက္ေပ၊ အနံငါးေပ ထားသျဖင့္ စိန္ဓါးေျမႇာင္၊မျမၾကည္၊ ခါေလး၊ ခါေလး၏ အေဖ ဦးဘိုထီ၊ ခါေလး၏ အစ္မရင္ရင္၊ ထြန္းခင္တို႔ လူခုႏွစ္ဦး ေကာင္းေကာင္းပုန္းႏိုင္သည္။
ေလယာဥ္ပ်ံသံမ်ားၾကားသည္ႏွင့္ ဗုံးခိုက်င္းထဲသို႔ အရင္ဆုံးေရာက္သြားၾကသူမွာ ထြန္းခင္ႏွင့္ ရင္ရင္တို႔ျဖစ္ၿပီး ေလယာဥ္ပ်ံမ်ား ျပန္သြားၿပီးေနာက္ ဗုံးခိုက်င္းထဲမွ ေနာက္ဆုံးတက္လာသည္မွာလည္း ထြန္းခင္ႏွင့္ ရင္ရင္ပင္။
ဂ်ပန္ဗုံးတည္းဟူေသာ ျမႇားနတ္ေမာင္ေက်းဇူးျဖင့္ ထြန္းခင္ႏွင့္ ရင္ရင္တို႔မွာ စစ္အတြင္းက ခ်စ္ျခင္း အျဖစ္ မၾကာမီ အိမ္ေထာင္က်သြားၾကေတာ့၏။
ခါေလး ကား အစပိုင္းတြင္ ေဒါသအိုးေပါက္ကြဲေသာ္လည္း စိန္ဓါးေျမႇာင္ႏွင့္ ျမၾကည္တို႔က ေျဖာင့္ဖ်ေပးသျဖင့္ ျပန္ေျပလည္သြားၾကသည္။
၁၉၄၂ ဧၿပီလ ၃၀ ရက္ေန႔တြင္ ၿဗိတိသွ်တပ္မ်ားက စစ္ကိုင္းတံတားကို ေဖာက္ခြဲဖ်က္ဆီးကာ အထက္ဘက္သို႔ ဆက္လက္ဆုတ္ခြာသြားသည္။
ေမလ ၁ ရက္ေန႔ ည ၆ နာရီ ၂၀ မိနစ္တြင္ အမွတ္(၁၈)ဂ်ပန္တပ္မဟာ သည္ ျမစ္ငယ္ျမစ္ကို ျဖတ္ကူးကာ မႏၲေလးၿမိဳ႕ကို သိမ္းပိုက္လိုက္ၾကေတာ့သည္။
အမွတ္ ၁၅ ဂ်ပန္တပ္မေတာ္ စစ္ေသနာပတိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအီဒါး သည္ မႏၲေလးၿမိဳ႕သို႔ ေရာက္ရွိလာၿပီး ဂ်ပန္စစ္အုပ္ခ်ဳပ္ေရး႐ုံးဌာနခြဲကို ဖြင့္လွစ္သည္။
ဌာနခြဲမႉးမွာ ၾကည္းတပ္ေထာက္လွမ္းေရး ဗိုလ္မႉး နာဂဆာကီ ျဖစ္သည္။
၁၉၄၂ ေမလ ၂၀ ရက္။ ေန႔လည္ ၁၁ နာရီ။
“ခါေလး…ဟိုေကာင္ ထြန္းခင္ေရာ”
“သူ႔တဲမွာ ေနမွာေပါ့”
“သြားေခၚစမ္းကြာ”
ထြန္းခင္ႏွင့္ ရီရီတို႔မွာ ခါေလးတို႔ အိမ္ဝန္းထဲတြင္ပင္ တဲကေလးတစ္လုံး သီးသန႔္ထိုးေနၾကသည္။
ခါေလးထြက္သြားၿပီး မၾကာမီ ထြန္းခင္ႏွင့္အတူ ျပန္ေရာက္လာသည္။
“ထြန္းခင္..မင္းဘာလုပ္ေနတာလဲ”
“ကြၽန္ေတာ္ အိပ္ေနတာ ဆရာႀကီး”
“ေခြးမသားထြန္းခင္..မင္းလည္း မိန္းမရၿပီးကတည္းက အိပ္ရာကႏိုးရင္ အိပ္ဦးမယ္ဆိုတဲ့ သႏၵိဌာန္မ်ား ခ်ထားသလားကြာ”
ထြန္းခင္က ရယ္က်ဲက်ဲျဖင့္။ ခါေလး မ်က္ႏွာက အိုးတို႔အမ္းတမ္း။
“အခု မႏၲေလးကို ဂ်ပန္ဝင္လာၿပီ။ ဗုံးႀကဲတာေတြလည္းမရွိေတာ့ဘူး။ ငါနဲ႔ခါေလး အေျခအေနတက္စုံစမ္းမယ္။ ဦးဘိုထီရယ္၊ ျမၾကည္ရယ္၊ မင္းမိန္းမရယ္ကို မင္းပဲ ေသခ်ာေစာင့္ေရွာက္ေနခဲ့။ ငါတို႔က ဦးသန္းကို ရွာမယ္၊ ငန္းနက္တို႔ ဘေမာင္တို႔ နဲ႔အဆက္အသြယ္လုပ္ရမယ္။ ပစၥည္းေတြလည္းနည္းနည္းထုခြဲရဦးမွာမို႔ ၾကာခ်င္ၾကာမယ္ကြ”
“စိတ္ခ်လက္ခ်သာသြားပါ..ဆရာႀကီး”
“ေအး..မိန္းမနဲ႔ခ်ည္း ဖက္အိပ္မေနနဲ႔ဦး”
ေန႔လည္ တစ္နာရီခန႔္တြင္ စိန္ဓါးေျမႇာင္ႏွင့္ ခါေလးတို႔ မႏၲေလးသို႔ ထြက္ခြာသြားၾကသည္။
ညေနေမွာင္ေမွာင္တြင္ စိန္ဓါးေျမႇာင္တို႔ မႏၲေလးသို႔ ေရာက္ရွိသြားၾက၏။
မႏၲေလးကား ၿမိဳ႕ပ်က္ႀကီးျဖစ္ေနေပၿပီ။
ဂ်ပန္တို႔သည္ မႏၲေလးၿမိဳ႕သို႔အဝင္တြင္ ျပည္သူ႔ေဆး႐ုံႀကီး ၂ ႐ုံ၊ ေဝလမင္းသမီးမ်က္စိေဆး႐ုံ၊ ဂါတ္တဲမ်ား၊ ေၾကးနန္း႐ုံ၊ ဘူတာႀကီး၊ ေရေပးေရးဌာန၊ ဓာတ္အားေပး႐ုံ၊ ႐ိုးကုမၸဏီ၊ အင္ပီးရီးရယ္ဘဏ္အေဆာက္အဦ၊ ဗဟိုအမ်ိဳးသားအထက္တန္းေက်ာင္း၊ ဝက္စလီအထက္တန္းေက်ာင္းစသည့္ အေဆာက္အဦႀကီးမ်ားကို ပစ္မွတ္ထားကာ ေခ်မႈန္းဖ်က္ဆီးပစ္ခဲ့ၾကသည္။
ေက်ာင္းကန္မ်ား၊ ဇရပ္မ်ား၊ လူေနရပ္ကြက္မ်ားကိုလည္း မီးတိုက္ဖ်က္ဆီးလိုက္ၾကသည္။
ထို႔ေၾကာင့္ မႏၲေလးမွာ ျပာပုံအတိသာရွိေတာ့၏။ အခ်ိဳ႕ေသာ ရပ္ကြက္မ်ားမွာ လုံးဝနီးပါး ေပ်ာက္ကြယ္သြားေတာ့သည္။
မီးေလာင္ျပင္မ်ားေပၚတြင္ မီးေလာင္သြပ္မ်ား၊ သက္ကယ္မ်ား၊ ေလထီးစမ်ားျဖင့္ ယာယီတဲအစုစုကိုလည္း ေတြ႕ရသည္။
စိန္ဓါးေျမႇာင္ႏွင့္ မျမၾကည္တို႔ေနထိုင္ေသာ ေ႐ႊတေခ်ာင္းေျမာင္းေဘာင္မွ အိမ္ေလးမွာ ဗုံးဒဏ္ေၾကာင့္ ျပာက်ခဲ့ၿပီျဖစ္သည္။
ခ်မ္းသာရထုံးကုန္းရွိ ေယာကၡမျဖစ္သူ ဦးသန္း၏ ေနအိမ္ဘက္ဆီသို႔ ေရာက္ေသာအခါ ေမွာင္ႏွင့္မဲမဲ သာေတြ႕ရ၏။
စိန္ဓါးေျမႇာင္သည္ အိမ္ေပၚသို႔ တက္ၾကည့္လိုက္ေသာအခါ တံခါးက ဟေန၏။အိမ္တြင္းတြင္ မည္သူမွ် မရွိ။
ထိုအခ်ိန္တြင္ အိမ္ေရွ႕မွ မီးေရာင္တဝင္းဝင္းေတြ႕ရသည္။
“ေဟ့..ဘယ္သူလဲကြ..အိမ္ေပၚမွာ”
အိမ္ဝတြင္ လူတစ္စု။
စိန္ဓါးေျမႇာင္က လြယ္အိတ္ထဲမွ ေျခာက္လုံးျပဴးကို လက္တင္ထားလိုက္ၿပီး အသာလွမ္းၾကည့္လိုက္သည္။
“ကြၽန္ေတာ္..ေမာင္ကေလးပါ..ဦးသန္းရဲ႕ သမက္ပါ”
လူစုက အိမ္ေပၚသို႔ တက္လာသည္။
“ဆရာႀကီး…ျပန္ေရာက္လာၿပီေပါ့”
စိန္ဓါးေျမႇာင္က အေမွာင္ထဲမွ လူကို ေသခ်ာၾကည့္သည္။ အေမွာင္ကႀကီးစိုးထားသည့္အျပင္ သူ႔လက္ထဲမွ လက္ႏွိပ္ဓာတ္မီးေရာင္ေၾကာင့္ သဲကြဲစြာမျမင္ရ။
“ကြၽန္ေတာ္ ၾကင္ေအးေလ..ဆရာႀကီး..”
“ဟာ..ၾကင္ေအး”
ၾကင္ေအးႏွင့္ လူသုံးဦးက အိမ္ထဲ ဝင္လာၾကသည္။
ထို႔ေနာက္ လူသုံးဦးထဲမွ တစ္ဦးက ပါလာေသာ မီးအိမ္ကို ထြန္းလိုက္၏။
ထိုအခါမွပင္ လူမ်ားကို သဲသဲကြဲကြဲျမင္ရေတာ့သည္။
“ဆရာႀကီးတို႔ ဒီကို အၿပီးျပန္လာတာလား”
“ဒီအိမ္မွာေနသြားတဲ့ ငါ့ေယာကၡမႀကီးကိုလာရွာရင္း မႏၲေလးအေျခအေန ဘယ့္ႏွယ့္လဲလို လာစနည္းနာၾကည့္တာ”
“မႏၲေလးကေတာ့ ဆရာႀကီးျမင္တဲ့အတိုင္းပဲ..ဒီအိမ္က ဆရာႀကီးေယာကၡမအိမ္လား..မႏၲေလးမွာက ဂ်ပန္ဗုံးဒဏ္မိၿပီး လူအေတာ္မ်ားမ်ားေသၾကတယ္ဆရာႀကီး.နန္းေတာ္ေရွ႕ႀကီးလည္း ဗုံးမွန္းေသၿပီ...ဒီအိမ္က အဘိုးႀကီးလည္း ေသသြားၿပီ”
“ေနပါဦး..မင္းက ငါ့ေယာကၡမေသတာကို ဘယ္လိုသိတာလဲ”
“ကြၽန္ေတာ္က ေပ်ာ္ဘြယ္ဘက္မွာေရွာင္ေနရင္း ဂ်ပန္စစ္တပ္က ကူလီငွားလို႔ လိုက္လာတာ။ ဒီေရာက္ေတာ့ ကြၽန္ေတာ့္လူတစ္ခ်ိဳ႕ကို စုရင္း လူမရွိတဲ့ အိမ္ေတြက ပစၥည္းေတြလိုက္မတယ္။ ၿပီးရင္ စိန္ပန္းဘက္မွာ တည္ထားတဲ့ ဂ်ပန္စစ္တပ္ကိုေရာင္းေပါ့။ ဒီဘက္ရပ္ကြက္က အိမ္ေတြကို ကြၽန္ေတာ္တို႔ လိုက္ေဖာက္ရင္း ဒီအိမ္ကိုလည္း ေရာက္တယ္။ အဘိုးႀကီးကေတာ့ အိမ္ေနာက္ေဖး ဗုံးခိုက်င္းေပၚ ဗုံးတည့္တည့္က်ၿပီး ေသပုံပဲ..အေလာင္းေတာင္ဗုံးခိုက်င္းထဲ ရွိဦးမယ္.အခုလည္း ဟိုေန႔က ပစၥည္းေတြလာမတာ လႊဝိုင္းစက္ႀကီးတစ္ခု က်န္ေနလို႔..ဂ်ပန္က ေဈးေကာင္းေပးမယ္ဆိုတာနဲ႔ လာျပန္မတာ.ဆရာႀကီးေယာကၡမအိမ္မွန္းမသိလို႔ပါ ”
“မင္း ကို ငါခိုင္းခဲ့တဲ့ ကိစၥေရာ..ဘယ္ႏွယ့္ရွိလဲ”
“အဂၤလိပ္တပ္ေတြ အဆုတ္မွာ ခ်န္ထားခဲ့တာေတြအေတာ္မ်ားမ်ား ကြၽန္ေတာ္ ရထားတယ္…စိန္ေျပာင္းတစ္လက္ပါ ပါေသးတယ္”
“ငန္းနက္တို႔ သတင္းေရာဘာၾကားေသးလဲ”
“င႐ုတ္သီးဘရင္ ကေတာ့ ဘုရားႀကီးေဈးအေနာက္ဖက္တန္းမွာ အရက္ေမွာင္ခိုေရာင္းေနတယ္..ဂ်ပန္စစ္တပ္ေတြ နဲ႔ အဆင္ေျပေနပုံပဲ.ဆရာႀကီး..သူနဲ႔ေတာ့ အဆက္အသြယ္ရွိတယ္”
“ဟုတ္ၿပီကြ..ဒါနဲ႔ မင္းလူေတြက အေျခအေနကေရာ..ဘယ့္ႏွယ့္လဲ”
“သူတို႔က ဂ်ပန္ကူလီလိုက္တုန္းက ကြၽန္ေတာ့္စုထားတဲ့လူေတြပါ.. လက္စကေတာ့ မေသးဘူးဆရာ..ဒီေကာင္က သူခိုးဝင္းေမာင္တဲ့။ ေဖာက္ထြင္းဝိဇၨာေပါ့ဆရာ။ သူက ေမာင္တင္ တစ္ကိုယ္ေတာ္ဓါးျပတိုက္စားေနတာ”
“ေအးဟုတ္ၿပီ..ဒီညေတာ့ ငါတို႔ ဒီမွာပဲ အိပ္လိုက္မယ္..မနက္က်မွ ငါ့ကိုင႐ုတ္သီးဆီ လိုက္ပို႔ေပး..မင္းရထားတဲ့ လက္နက္ေတြလည္း ငါၾကည့္ခ်င္ေသးတယ္”
“ဟုတ္ကဲ့..ဆရာႀကီး..ေလာေလာဆယ္ ဆရာႀကီးတို႔ စားဖို႔ ကြၽန္ေတာ့္ေကာင္ေတြကို သြားဖန္တီးခိုင္းလိုက္မယ္”
ဝင္းေမာင္ႏွင့္ ေမာင္တင္ ထြက္သြားၿပီးေနာက္ နာရီဝက္ခန႔္အၾကာတြင္ ဆီသြပ္ဗူးမ်ား ပါလာၾကသည္။
ထိုညက စိန္ဓါးေျမႇာင္တို႔လူတစ္စုသည္ ဦးသန္း၏ အိမ္တြင္ပင္ စတည္းခ်လိုက္ၾကသည္။
ေနာက္တစ္ေန႔တြင္ ၾကင္ေအး က ဦးေဆာင္ၿပီး ဘုရားႀကီးေဈးသို႔ ေခၚေဆာင္သြားသည္။
ဂ်ပန္ဝင္လာၿပီးေနာက္ ဘုရားႀကီးေဈးမွာ အစည္ကားဆုံးေဈးတစ္ခုျဖစ္ေနခဲ့၏။
မႏၲေလးၿမိဳ႕ရွိ ေဈးခ်ိဳ၊ ႐ြာဟိုင္းေဈး၊ မ်က္ပါးရပ္ေဈး၊ မီးပါေဈး၊ နန္းေတာ္ေရွ႕ေဈး၊ ၫြန႔္ေပါင္းေဈး၊ ကမ္းနားေဈးတို႔၊တ႐ုတ္တန္းေဈးတို႔မွာ ဗုံးဒဏ္၊ မီးဒဏ္ေၾကာင့္ ပ်က္စီးသြားခဲ့ၿပီး ပု႑ားေဈး၊ ဂြမ္း႐ုံေဈး၊ ေညာင္ပင္ေဈးႏွင့္ ဘုရားႀကီးေဈးတို႔သာ က်န္ရစ္သည္။
စိန္ဓါးေျမႇာင္မွာ ေဈးထဲသို႔ မဝင္ခင္ မဟာမုနိဘုရားႀကီးကို အလ်င္ဦးခိုက္သည္။
ဘုရားႀကီး၏ ေျမာက္ဘက္မုခ္ႏွင့္ အေနာက္ဘက္ေစာင္းတန္းမ်ားမွာ အဂၤလိပ္အေျပးတြင္ မီးရႈိ႕သြားခဲ့သျဖင့္ အက်ဥ္းတန္လွ၏။
င႐ုတ္သီးဘရင္အရက္ေမွာင္ခိုေရာင္းေနသည္ဟူေသာ ေဈးေနာက္ဘက္တန္းသို႔ ေရာက္ေသာအခါ ဘရင္ မရွိ။
အသက္ (၁၄)ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသာ ေတြ႕သည္။
“ဘာလိုခ်င္လဲ..ဆရာတို႔ မီးေတာက္လား၊ ခ်က္လား၊ ဂ်ပန္ဆာေကး လည္း ရတယ္ေနာ္။ အဂၤလိပ္ဂိုေထာင္ေဖာက္ထားတဲ့ ရမ္လည္း ရမယ္။ ေဈးေတာ့ေျမာက္မယ္”
“မင္းတို႔ဆရာ ဘရင္ကိုေတြ႕ခ်င္လို႔လာတာကြ..ဘရင္ေရာ”
“ကိုႀကီးဘရင္ က သံတဲေက်ာင္းဘက္သြားတယ္ဗ်။ အဲ့ဒီမွာ ဒီေန႔ ဂ်ပန္ေဟာေျပာပြဲရွိတယ္တဲ့။ ခဏေနျပန္လာမယ္ေျပာတယ္”
“ေအးေလ..ဒါဆိုလည္း ငါတို႔ ေဈးတန္းပတ္ေလွ်ာက္ၿပီး ျပန္လာခဲ့မယ္..မင္းဆရာလာရင္ ေျပာလိုက္..ဦးေလးႀကီး လာသြားတယ္..ေစာင့္ေနပါလို႔”
စိန္ဓါးေျမႇာင္တို႔ ေနာက္တစ္ႀကိမ္ျပန္ေရာက္ေသာအခါ င႐ုတ္သီးဘရင္က ဝမ္းသာအားရဆီးႀကိဳသည္။
“မေသလို႔ ေတြ႕ၾကရတာ ဆရာႀကီးေရ”
“ေအး..င႐ုတ္သီး..ငါလည္း မင္းကိုေတြ႕ခ်င္ေနတာ..ငန္းနက္တို႔ နဲ႔ အဆက္အသြယ္ရွိလား”
“ရွိတယ္ဆရာေရ..တိုက္တိုက္ဆိုင္ဆိုင္.. မေန႔က ဘုရားႀကီးေဈးမွာ ေမာင္ခ်စ္နဲ႔ မိကြန္လာရင္း ကြၽန္ေတာ္နဲ႔ေတြ႕တယ္။ သူတို႔ မႏၲေလးကို ေရာက္ေနၿပီ။ အဲ့ဒါ ကိုငန္းနက္က ဒီေန႔မနက္ သံတဲေက်ာင္းက ဂ်ပန္ေဟာေျပာပြဲမွာ ရွိမယ္ဆိုလို႔ ကြၽန္ေတာ္သြားတာ”
“ဒီေကာင္ေတြက ဂ်ပန္ေဟာေျပာပြဲမွာ ဘာလုပ္ေနတာတုန္း”
“သူလည္း ဂ်ပန္အေျခအေနလာအကဲခတ္တာပဲ..ဆရာႀကီး။ ဒါေပမယ့္ တစ္ခုေကာင္းသြားတာက အဲ့ဒီ အာရွတိုက္သားမ်ားစည္းလုံးေရးႏွင့္ ေခတ္သစ္ထူေထာင္ေရးေဟာေျပာပြဲမွာ ေဟာေျပာတဲ့ ဂ်ပန္စစ္ဗိုလ္ ဆာကူ႐ိုင္းဆိုတာ ကိုငန္းနက္ နဲ႔ ယိုးဒယားမွာ ကတည္းက သိခဲ့တာတဲ့။ အဲ့ဒီတုန္းက ဆာကူ႐ိုင္းက ဓာတ္ပုံဆရာအျဖစ္နဲ႔သူလွ်ိဳလုပ္ေနတာတဲ့။ ဟိုဂ်ပန္က ကိုငန္းနက္နဲ႔ ထိုင္းစကားေတြေျပာၿပီး အေတာ္အလုပ္ျဖစ္ေနတာေတြ႕တယ္..ဒီေန႔လည္ေတာ့ သူတို႔ စစ္ကိုင္းဘက္ျပန္ဆင္းမယ္ေျပာတယ္”
“ေအး..ငါတို႔ ျပန္စုစည္းမွျဖစ္မယ္..လွေမာင္နဲ႔ဘေမာင္က မတၱရာမွာ…ခါေလးကို မနက္ဖန္ သူတို႔ ဆီ ငါလႊတ္မယ္။ မင္းက ငန္းနက္ဆီသြား။ လာမည့္ ၂၅ ရက္ေန႔ သက်သီဟဘုရားေပၚမွာ ဦးေလးႀကီးက အားလုံးကိုေတြ႕ခ်င္တယ္လို႔ေျပာေခ်”
“ဟုတ္ကဲ့..ဆရာႀကီး…ေရာက္တုန္းေရာက္ခိုက္ အရက္ကေလးနဲ႔ ဧည့္ခံပါရေစ”
“ဒီေကာင္ေတြကို ဧည့္ခံလိုက္ကြာ…ၾကင္ေအး.. မင္းရထားတဲ့ လက္နက္ေတြဘယ္မွာထားလဲ..ငါၾကည့္ခ်င္တယ္”
“စိန္ပန္းထဲက ကြၽန္ေတာ္တို႔ေနတဲ့ ဂိုေထာင္မွာ ဝွက္ထားေပးတယ္..ဆရာႀကီး”
“ေအး..အခု မင္းနဲ႔ ငါသြားမယ္..ခါေလး က ေသာက္ၿပီးစားၿပီးရင္ ငါေပးခဲ့တဲ့လိပ္စာအတိုင္း မတၱရာက ဘေမာင္တို႔ဆီသြားေတာ့။ ဘရင္က ငန္းနက္ဆီသြားဖို႔ျပင္။ ကဲ..ၾကင္ေအး ငါတို႔ သြားၾကမယ္ကြ”
………………………………………………………………..
၁၉၄၂ ေမ ၂၇ ရက္
မႏၲေလးၿမိဳ႕၊ မစိုးရိမ္ေက်ာင္းတိုက္တြင္ ျမန္မာစစ္ဗိုလ္မ်ားႏွင့္ ဂ်ပန္စစ္ဗိုလ္မ်ားအား ႀကိဳဆိုပြဲႀကီး က်င္းပေနသည္။
လြန္ခဲ့သည့္ႏွစ္ရက္က သက်သီဟဘုရားတြင္လည္း စိန္ဓါးေျမႇာင္ဂိုဏ္း၏ ျပန္လည္ႀကိဳဆိုပြဲ က ၿပီးသြားခဲ့ၿပီျဖစ္သည္။
စိန္ဓါးေျမႇာင္က ဂ်ပန္ေခတ္တြင္ သူ႔နယ္ပယ္ကို ျဖန႔္က်က္ရန္ အစီအစဥ္မ်ားခ်သည္။
စိန္ဓါးေျမႇာင္၏ အစီအစဥ္အရ စိန္ဓါးေျမႇာင္သည္ ဆရာသိန္းအမည္ႏွင့္ မႏၲေလးတြင္ ျပန္လည္အေျခခ်ၿပီး ဓားျပမႈမ်ားကို အကြက္ခ်စီမံမည္။
လွေမာင္၊ဘေမာင္က မတၱရာဘက္၊ ငန္းနက္၊ဘခ်စ္က မင္းကြန္းစစ္ကိုင္းဘက္၊ ၾကင္ေအးတို႔က ျမစ္ကမ္းနဖူးျဖစ္ေသာ စိန္ပန္း၊ မရမ္းၿခံ၊ မင္းတဲအီကင္းဘက္တဝိုက္တြင္ အသီးသီးလူစုကာ အေျချပဳၾကမည္။
ဓါးျပတိုက္ရာတြင္ အခ်ိဳ႕ကို စိန္ဓါးေျမႇာင္စီစဥ္သည့္အတိုင္း ကိုယ့္နယ္အလိုက္ ကိုယ့္အဖြဲ႕ႏွင့္ကိုယ္တိုက္ၾကမည္ျဖစ္ၿပီး ၊ လုပ္ငန္းႀကီးလွ်င္ ႀကီးသလို အဖြဲ႕မ်ားစုစည္းၿပီး တိုက္ၾကမည္ဟု စိန္ဓါးေျမႇာင္က စီမံသည္။
ခါေလးႏွင့္ ၾကင္ေအးတို႔ က ဓါးျပတိုက္ခါနီး အဝင္အထြက္လမ္းေၾကာင္းမ်ား၊ ဓါးျပတိုက္မည့္အိမ္၏ စုေဆာင္းပစၥည္းစာရင္းမ်ားကို ေထာက္လွမ္းရမည္ျဖစ္သည္။
င႐ုတ္သီးဘရင္က တိုက္ရာပါပစၥည္းမ်ားကို ထုခြဲရာတြင္ တာဝန္ယူရမည္။
ရသမွ် ေဝစုကို စိန္ဓါးေျမႇာင္ထံ စုေဝးၿပီး ေဝစုခြဲၾကမည္။
ထိုသို႔ႏွင့္ ဂ်ပန္ေခတ္အခါသမယတြင္ စိန္ဓါးေျမႇာင္ဓါးျပဂိုဏ္းသည္ စီမံခန႔္ခြဲမႈေကာင္းေကာင္း၊ စုဖြဲ႕မႈေကာင္းေကာင္းျဖင့္ စနစ္တက် စတင္ေပၚေပါက္လာေတာ့၏။
ခက္ေဇာ္
အခန္း(၁၁)သဘက္ခါ
💎🗡️💎
ReplyDeleteClicked💫
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone✌
ReplyDelete