The Guys From Mandalays,1950s အခန်း(၁၅)
The Guys From Mandalays,1950s
အခန်း(၁၅)
. ..............
“ဦလေးကြီး....
တနေ့က ကျုံးထောင့်ကုန်ရုံပေါက္မှာ ကျွန်တော်တို့လူ လယ်ဝေးသား ကို အတိုနဲ့ မိသွားပြီ။
မန္တလေးမှာ ဖြစ်နေတာတွေက ဦးလေးကြီး ခေါင်းဆောင်နေတာကို သူတို့သိသွားပြီ။
မမကြည်အိမ်ကိုလည်း စောင့်ကြည့်နေကြတယ်။ ဦးလေးကြီးဝင်လာတာနဲ့ တန်းဖမ်းမှာပဲ။
ဖြစ်နိုင်ရင် ဦးလေးကြီးကို တက္မလာစေချင်သေးဘူး။
ကြင်အေး”
ရွှေဘိုအိမ်မှ စိန်ဓါးမြှောင်နှင့် ခါလေးတို့ ထွက်ခါနီးတွင် ကြင်အေးလွှတ်လိုက်သော လူက စာတစ်စောင်နှင့်အတူ ရောက်လာသည်။
စိန်ဓါးမြှောင်က စာကို ဖွင့်ဖတ်ပြီး မျက်မှောင်ကြုံ့လိုက်သည်။
“ဟေ့..မင်းက ကြင်အေးလူလား”
“ဟုတ်ပါတယ်..ဦးလေးကြီး..ဂျစ်ကီးလို့ ခေါ်ပါတယ်”
“အေး..မန္တလေးသားလားကွ”
“မန္တလေးသားပါပဲ၊ ဟင်္သာပြဒါးဝင်းမှာနေပါတယ်”
“ဒါဆို မန္တလေးက ဘုန်းကြီးကျောင်းတွေထဲမှာ နိုင်ငံရေးဘာညာကို မတောက်တခေါက်ဝါသနာပါတဲ့ ဆရာတော်ငယ်ငယ်ထဲက ကျောင်းထိုင်တာ ဘယ်သူရှိမလဲ သိမလား”
ဂျစ်ကီးက အတန်ငယ်စဥ်းစားနေသည်။
“အင်း..တော်လှန်ရေးတရားဟောဟောနေတဲ့ ဦးဣန္ဒောဘာသဆိုတဲ့ ဘုန်းကြီးတော့ရှိတယ်..အိုးဘိုမြောက်တိုက်က ကျောင်းတိုင်ပဲ.. ကျွန်တော့်ဦးရီး ဦးခေပိန္ဒက အဲ့ဒီကျောင်းမှာနေဖူးတော့ ကျွန်တော် မကြာမကြာသွားလည်ရင်း သိတာပဲ”
“ဟုတ်ပြီကွ..ဒါဆို ငါတို့ မန္တလေးဆင်းမယ်..ခါလေးမင်းက မန္တလေးရောက်တာနဲ့ ငါတို့လူတွေ အကုန်လုံး မန္တလေးမှာ စုလိုက်တော့..ဝါဆိုဝါပို နဲ့ သူ့လူတွေကိုတော့ မတ္တရာဘက်မှာ အခြေချနေခိုင်းထား..ဒီက ကိစ္စတွေပြီးရင် မတ္တရာဘက်မှာ ငါတို့ ဝပ်ကျင်းလုပ်မယ်..”
“မန္တလေး ပြန်ဆင်းလို့ ဖြစ်ပါ့မလား..ဆရာကြီး”
“ဆင်းရမယ်ကွ...ကိုကျော်သိန်းအိမ်ကို ဓါးပြတိုက်ကို တိုက်ရမယ်”
“ဦးကျော်သိန်း ဆိုတာ ရသေ့ကြီးဦးခန္တီရဲ့ ငွေထိန်းဆိုတော့..ဘုရားကျောင်းကန်ဆောက်မယ့်ငွေတွေ.. ကောင်းပါ့မလား..ဆရာကြီးရယ်”
“ခါလေးနှယ့်. တရားလမ်းပေါ်လျှောက်ရင် နိဗ္ဗာန်အထိရောက်အောင်သွားမယ်၊ မတရားတဲ့လမ်းပေါ်လျှောက်ရင်လည်း ငရဲအိုးကို ဖောက်ဆင်းမယ်ကွ..ဘာမဆို အဆုံးထိအောင်လုပ်ရတယ်..လူဆိုးမို့ လူဆိုးအလုပ်လုပ်တာ ဘာဆန်းသလဲကွာ၊ မင်းက..ဓါးပြလုပ်နေပြီး..ဟိုလူ့ငွေတော့ မတိုက်ရ...ဒီလူ့ငွေမို့မတိုက်ရ..လူတန်းစားခွဲခြားချင်နေသေးတယ်.. ငါတို့ အရင်တိုက်ခဲ့တဲ့ လူတွေမှာရော လှူမယ့်တန်းမယ့်ငွေတွေမပါလို့လား...ဟေ့..ဒီမယ်...စိန်ဓါးမြှောင်ဟာ တန်းတူညီမျှလူတန်းစားမခွဲ အားလုံးကို ဓါးပြတိုက်တယ်ကွ”
ခါလေးရော ဂျစ်ကီးပါ ငြိမ်သွားကြသည်။
“ကဲ.သွားကြမယ်ဟေ့”
...............................................................................
မန္တလေး မြို့လယ် ၁၆ မှတ်ရဲဌာနအပိုင်၊ အနောက်ပိုင်း ၁၃ မှတ်၊ မြောက်ပိုင်း ၁၉ မှတ်ဌာနအပိုင်များတွင် ဓါးပြမှုများက နေ့စဥ်ရက်ဆက်ဖြစ်ပွားနေသည်။
ဓါးပြများသည် မြို့လယ်ခေါင်တွင် ဘရင်းဂန်းသေနတ်များ၊ စတင်းဂန်းများကိုင်ကာ နေ့ခင်းကြောင်တောင် ဓါးပြမှုများ ကျူးလွန်ကြသည်။
ဓါးပြမှုတိုင်းလိုလို အောင်မြင်သွားကြပြီး ပုလိပ်များမရောက်လာခင်တွင်ပင် ဓါးပြများမှာ ခြေရာဖျောက်သွားနိုင်ခဲ့သည်ချည်း။
ပြစ်မှုကျူးလွန်ရာတွင်လည်း ဝင်စီးပုံ၊ ဆုတ်ခွာပုံ အစီအစဥ်များမှာ စနစ်ကျလွန်းသဖြင့် ပုလိပ်အဖွဲ့မှာ တအံတသြဖြစ်ရသည်အထိ ဖြစ်သည်။
ပုလိပ်အဖွဲ့မှာ နေ့စဥ်ရက်ဆက် လုံခြုံရေးယူကာ စစ်ဆေးမှုများ လုပ်နေသော်လည်း ဓါးပြအဖွဲ့ကို ခြေရာမခံမိကြ။
၁၉၄၆ ဒီဇင်ဘာလကုန်တွင် ကျုံးထောင့်ကုန်ရုံပေါက်အနီး တရုတ်ပုံစံဝတ်စားထားသော မသင်္ကာဖွယ်လူတစ်ဦးကို ခြောက်လုံးပြူးသေနတ်ဖြင့် ဖမ်းမိခဲ့သည်။
ထိုသူအား စစ်ဆေးရာ စိန်ဓါးမြှောင်ဂိုဏ်းသား ညီလေး ဆိုသူဟု သိရပြီး မန္တလေးတဝိုက်ရှိ ဓါးပြမှုများကို ဦးလေးကြီး ဟု အမည်ဝှက်ပေးထားသော စိန်ဓါးမြှောင်က ညွှန်ကြားနေခြင်းဖြစ်ကြောင်း၊ စိန်ဓါးမြှောင်သည် မည်သည့်နေရာတွင် နေသည်ကို ဗဟိုဦးစီးအဖွဲ့ဝင်များမှလွဲပြီး မည်သူမျှ သိခွင့်မရှိကြောင်း၊ သို့သော် မကြာခင်တွင် စိန်ဓါးမြှောင်သည် မန္တလေးသို့ ဝင်လာပြီး အဖွဲ့ဝင်သစ်များနှင့် စုစည်းတွေ့ဆုံမည်ဖြစ်ကြောင်း သိရှိလိုက်ရသည်။
ထိုအခါမှ စတင်ပြီး မန္တလေးပုလိပ်ဌာနမှ မြို့တွင်း လူအဝင်အထွက်ကို တင်းကြပ်စွာ စိစစ်ကြသည်။
သို့သော် စိန်ဓါးမြှောင် ကား မန္တလေးသို့ မည်သို့မျှ ရုပ်မဖျက်ပဲ ဝင်လာနိုင်ခဲ့သည်။
ပုလိပ်တို့ထံတွင် ရှိသော စိန်ဓါးမြှောင်၏ ဓာတ်ပုံမှာ စစ်ကြီးအတွင်းက ပုံဖြစ်ပြီး ယခု စိန်ဓါးမြှောင်ကား ခပ်ဖိုင့်ဖိုင့် ဝဝ ဖြစ်နေသည့်အပြင် အသားများလည်း ဖြူလာသဖြင့် ပုလိပ်တို့မှာ သူတို့မျက်စိရှေ့မှ သွားသော စိန်ဓါးမြှောင်ကို မမှတ်မိတော့။
ထိုပြင် စိန်ဓါးမြှောင်အိပ်ကပ်ထဲတွင်ပါသော ရွှေဘိုခရိုင် ဖဆပလ အဖွဲ့ဝင် ကိုညွန့် ဟူသည့် ကဒ်ပြားကလည်း စိန်ဓါးမြှောင်ကို အကာအကွယ်ပေးထား၏။
စိန်ဓါးမြှောင်သည် မန္တလေးသို့ ရောက်သည်နှင့် မြကြည်ရှိရာသို့ တန်းမသွား။
စိန်ဓါးမြှောင် ဦးတည်သည်ကား အိုးဘိုမြောက်ကျောင်းတိုက်သို့။
“တပည့်တော် ကျောင်းဆရာမောင်ညွန့်ပါ..ဘုရား..ဦးခေမိန္ဒရဲ့ မိတ်ဆွေပါ”
“ငဩာ်..မောင်ခေ မိတ်ဆွေကိုး....ဘာကိစ္စများတုန်းကွဲ့”
“အရှင်ဘုရားမှာ နိုင်ငံရေးစိတ်အပြည့်ရှိတယ်လို့ တပည့်တော်တို့ အဖွဲ့ချုပ်ကြီးက သိထားပါတယ်ဘုရား”
“ဟဲ့..ဘယ်အဖွဲ့ချုပ်ကြီးတုန်း”
“ဘယ်အဖွဲ့ချုပ်ကြီးဆိုတာ မသိချင်ပါနဲ့..ဘုရား...လျှို့ဝှက်ထားရမယ့်ကိစ္စမို့ပါ”
စိန်ဓါးမြှောင် က ခပ်တိုးတိုးပြောလိုက်သဖြင့် ဦးဣန္ဒောဘာသ မျက်ခုံးပင့်သွားသည်။
“တပည့်တော်မှာ အရေးကြီးတာဝန်တွေပါလာပါတယ်ဘုရား။ လူသိခံမလို့မဖြစ်တဲ့ တာဝန်တွေပေါ့။ ဒီတာဝန်တွေ ထမ်းဆောင်တဲ့အခါမှာလည်း အရှင်ဘုရားလို နိုင်ငံရေးစိတ်အပြည့်ရှိတဲ့ ဆရာတော်ရဲ့ ကျောင်းမှာ အခြေချပြီးလုပ်မှ စိတ်ချရမယ်လို့ အဖွဲ့ချုပ်ကြီးက ညွှန်ကြားလိုက်လို့ပါ။ တချိန် အရှင်ဘုရားကို အဖွဲ့ချုပ်ရဲ့ နာယကဆရာတော် အဖြစ် လျာထားတယ်လို့ လူကြီးတွေက ပြောကြပါတယ်..ဘုရား”
“ဟေ..မင့် အဖွဲ့ချုပ်ကြီးက ငါ့သိသတဲ့လား”
“အရှင်ဘုရားက နိုင်ငံရေးတရားတွေမှာ နာမည်ကျော်ကိုး ဘုရား..လူကြီးများက အရှင်ဘုရားကို အားလည်းကိုးရတယ်ဘုရား”
“အိမ်း..မင်းမပြောလည်းငါသိပြီ..မင်းတို့ အဖွဲ့ချုပ်ဆိုတာ ဖဆပလမဟုတ်လား”
စိန်ဓါးမြှောင်က ဘေးဘီသို့ ကြည့်လိုက်ပြီး
“တိုးတိုး ပြောပါ..ဘုရား”
“အောင်မယ်..ဖဆပလက အစိုးရပဲ ဖြစ်တော့မှာ ငါက ဘာတိုးတိုးပြောရမှာတုန်း”
“လွတ်လပ်ရေးက အခုထိ မသေချာသေးဘူးဘုရား..တပည့်တော်က မြေအောက်တာဝန်နဲ့လာတာဆိုတော့.. လျှို့လျှို့ဝှက်ဝှက်ပဲရှိစေချင်တယ်လို့ လူကြီးတွေက မှာလိုက်တယ်ဘုရား.ဒီလိုမှ မဟုတ်ရင်တော့..တပည့်တော် တခြားကျောင်းပြောင်း အခြေချရမှာပဲ”
“ဟေ..ဟေ့..ငါဘုန်းကြီးပါကွ..နှုတ်လုံပါတယ်..မင်းဒီမှာ လုပ်စရာရှိတာလုပ်...ဘယ်သူ့ကိုမှ ဘာမှ မသိစေရဘူး..ဟုတ်ပြီလား”
“တင့်ပါ..ဘုရား..အရှင်ဘုရားကျေးဇူးကို တပည့်တော်တို့ မမေ့ပါဘူး”
“အိမ်း..ရပါတယ်ကွယ်..နိုင်ငံအရေးပေပဲ..ငါတို့မှာလည်း တာဝန်ရှိတယ်မဟုတ်လား ဒကာ”
ထိုသို့နှင့် စိန်ဓါးမြှောင် သည် အိုးဘိုမြောက်ကျောင်းတိုက်တွင် အခန်းတစ်ဆောင်ကို အပိုင်စားရလိုက်ပြီး တံခါးမရှိ ဓါးမရှိ တည်းခိုနေထိုင်ခွင့်ရလာခဲ့သည်။
ပုလိပ်တပ်ဖွဲ့ကား စိန်ဓါးမြှောင်ကို သူတို့မျက်စိအောက်တွင်ပင် မျက်စိမှောက်နေကြသည်။
စိန်ဓါးမြှောင် သည် ညဘက်တွင် မမြကြည်အိမ်သို့ ခိုးသွားပြီး နေ့ခင်းဘက်တွင် အိုးဘိုမြောက်ကျောင်းတွင် ပြန်လည်အခြေချသည်။
တခါတရံ မန္တလေးတောင်ပေါ်တက်ကာ ပုတီးစိပ်သည်။ တောင်ခြေရှိ ရသေ့ကြီး ဦးခန္တီ၏ ကိုယ်စားလှယ် ဦးကျော်သိန်းအိမ်သို့ ဘုရားဖူးများနှင့်အတူ ဝင်ရောက်ကာ ငွေကြေးပင် လှူဒါန်းသေး၏။
မနှင်းခေါင်းဆောင်သော အမျိုးသမီးအဖွဲ့ကလည်း ရသေ့ကြီးအား အလွန်ကြည်ညိုသော ဒကာမများအသွင်ဖြင့် ဦးကျော်သိန်းအိမ်သို့ လှူဒါန်းဝင်ထွက်ကာ အိမ်၏ ဝင်လမ်း၊ ထွက်လမ်းများ၊ တယ်လီဖုန်းကြိုးနေရာများကို မှတ်သားကြလေသည်။
အိုးဘိုမြောက်ကျောင်းသို့ စိန်ဓါးမြှောင်နှင့် တင့်ဆွေတို့သည် “လျှို့ဝှက်စည်းရုံးရေးနှင့် စစ်ဆင်ရေးစခန်းဖွင့်လှစ်ရန်” ဟူသော စာအတုတစ်စောင်ကိုယူကာ ဆရာတော်ထံ ဝင်ကြသည်။
လွတ်လပ်ရေးမပေးလျှင် အင်္ဂလိပ်အား တော်လှန်နိုင်ရန် လက်နက်များစုဆောင်းထားမည့် ခြေကုပ်စခန်း အဖြစ် ခတ္တသုံးပါမည့် အကြောင်း လျှောက်တင်ကြသည်။
ဆရာတော်ကား နိုင်ငံရေးတက်ကြွသူဖြစ်သည့်အတွက် လိုလိုလားလားပင် ခွင့်ပြုသည်။
သို့သော် ယခုအချိန်အထိ သူ့ထံလာတည်းနေကြသော ကိုညွန့်နှင့် လူများမှာ မည်သည့်အဖွဲ့ချုပ်ကမှန်း ဆရာတော်မှာ သေသေချာချာမသိရှာ။
သူ့ကျောင်းတွင် အဖွဲ့ချုပ်မှ ရဲဘော်များ လျှို့ဝှက်ကိစ္စဖြင့် ဝင်ထွက်နေသည်ဆိုသည်ကို ပင် တိုးတိုးတိတ်တိတ် ဂုဏ်ယူ၍ပင် နေသေး၏။
ငန်းနက်၏ မြေနုကျွန်းပေါ်တွင် ဝှက်ထားသော လက်နက်များကို အိုးဘိုမြောက်ကျောင်းတွင်းရှိ စိန်ဓါးမြှောင်နေသော ကျောင်းဆောင်အတွင်းသို့ သယ်ယူပေးရေးကို ကြင်အေးက တာဝန်ယူသည်။
တင့်ဆွေနှင့် ငရုတ်သီးဘရင်က ကောလဟလနှင့် သတင်းအမှားများကို နိုင်ငံရေးရပ်ဝန်းနှင့် ပုလိပ်တို့ထံသို့ ဖြန့်ချီရန် တာဝန်ယူသည်။
ခါလေး ကား ဓါးပြတိုက်ရာတွင် ပါဝင်မည့်လူများကို စုစည်းသည်။
ထွန်းခင်နှင့် မောင်ချစ် က မန္တလေးမြို့မှ ဘတ်စ်ကားပိုင်ရှင် ဦးရာလှ၏ သား သန်းမောင်ကို စည်းရုံးထားသည်။
သန်းမောင် ကား ဇာတ်လိုက်ခင်မောင်ရင်ပါဝင်သော ဗိုလ်အောင်ဒင်ဇာတ်ကားကြည့်ပြီးကတည်းက လူဆိုးရူးရူးနေသည့် သူဌေးသားဖြစ်သဖြင့် ထိုနေ့တွင် ဖခင်ထံမှ ဘတ်စ်ကားတစ်စီးကို အော်ဒါလိုက်ရန်ရှိသည်ဟု လိမ်ကာ ယူလာခဲ့မည်ဖြစ်ကြောင်း အာမခံသည်။
........................................................................
၁၉၄၇ ခုနှစ် မတ်လ ၉ ရက် ဗုဒ္ဓဟူးနေ့သည် မန္တလေးတောင်ခြေ၌ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော လက်မှုပညာပြပွဲကြီး၏ နောက်ဆုံးနေ့ဖြစ်သည်။
ပြပွဲတွင် ဆုရရှိသူများကို ဆုပေးမည့်နေ့ဖြစ်သည့်အတွက် မန္တလေးခရိုင်မင်းကြီးနှင့်တကွ အရာရှိကြီးငယ်များ၊ နိုင်ငံရေးသမားများအားလုံးသည် ဆုပေးမဏ္ဏပ်အတွင်းစုံညီနေကြသည်။
ပုလိပ်အဖွဲ့မှာလည်း မန္တလေးခရိုင်မင်းကြီးကို လုပ်ကြံမည်ဟူသော သတင်းကြောင့် ပွဲအတွင်း တစ်မြို့လုံးမှ လုံခြုံရေးများ ထူထပ်စွာချထား၏။
ညနေ ၃ နာရီတွင် လှည်းပြိုင်ပွဲရှိသဖြင့် အားပေးမည့် ပရိသတ်များကလည်း မန္တလေးတောင်ခြေတွင် ကြိတ်ကြိတ်တိုးမျှ စည်ကားနေသည်။
ရသေ့ကြီးဦးခန္တီသည် ဒုတိယကမ္ဘာစစ်အပြီး စစ်ဒဏ်ကြောင့် ပျက်စီးသွားသော မန္တလေးတောင်ရှိ မိမိ၏ကောင်းမှုများကို အသစ်ပြန်လည်မွမ်းမံနေချိန်ဖြစ်သည်။
ထိုအချိန်တွင် ရသေ့ကြီးမှာ အသက်(၈၁)နှစ်အရွယ်ရှိနေပြီး လေငန်းရောဂါကြောင့် အသည်းအသန်မကျန်းမမာဖြစ်နေချိန်ဖြစ်သည်။
အခြားနယ်မှ ဘုရားဖူးများ၊ အလှူငွေလာထည့်သောသူများမှာ ဦခန္တီ၏ ကိုယ်စားလှယ် ဦးကျော်သိန်း၏ အိမ်တွင်း စည်ကားနေသည်။
တချိန်တည်းတွင်ပင် အိုးဘိုမြောက်ကျောင်းတိုက်အတွင်းရှိ အဆောင်တွင် စိန်ဓါးမြှောင် က ပုဆိုးအဝါရောင်၊ တိုက်ပုံအညိုဖြင့် ခေါင်းပေါင်းကို ပေါင်းလျက် တပ္ပလင်ချိတ်ထိုင်နေသည်။
သူ့ရှေ့တွင် ကန်တော့ပွဲများပေးထားပြီး အမွှေးတိုင်၊ ဖယောင်းတိုင်များ ထွန်းညှိ့ထား၏။
ကန်တော့ပွဲများရှေ့တွင် ဓါးမြှောင်တစ်လက်၊ ဘရင်းဂန်းသေနတ်(၃)လက်၊ စတင်းဂန်း (၅)လက်၊ ခြောက်လုံးပြူး(၅)လက် နှင့် ဘရင်းဂန်းကျည်ဆံတစ်သေတ္တာ၊ လက်ပစ်ဗုံးတစ်သေတ္တာနှင့် စစ်လွယ်အိတ်ဖြင့်ထည့်ထားသော စတင်းကျည်ဆံများကို ချထားသည်။
စိန်ဓါးမြှောင်၏ နောက်တွင် ငန်းနက်၊ တင့်ဆွေ၊ ခါလေး၊ ကြင်အေး၊ ထွန်းခင်၊ မောင်ချစ် ၊ လှမောင် ၊ ဝင်းမောင် တို့ နေရာယူသည်။
ထို့နောက်တွင်မှ စိန်ဓါးမြှောင်ဂိုဏ်း၏ ဒုတိယတန်းအဖွဲ့ဝင်အဖြစ် သတ်မှတ်ထားသော ဂျစ်တီး၊ ချစ်ဥာဏ်၊ ခင်မောင် အပါအဝင် လူငယ်ဆယ်ဦးခန့် ထိုင်နေကြသည်။
ဘတ်စ်ကားယူလာပေးသည့် သန်းမောင်ကလည်း စိန်ဓါးမြှောင်တို့ လုပ်သမျှကို ငေးမောနေ၏။
မကြာမီ သူဖြစ်ချင်သော ဗိုလ်အောင်ဒင် ဖြစ်တော့မည်ဟုလည်း စိတ်ကူးယဉ်နေသည်။
“စောရဒေဝီ တောင်ချမ်းသာအရှင်မ..ကျေးတော်မျိုးကျွန်တော်မျိုး ခိုးသားဓါးပြများက ဓါး၊လှံ၊ မီးပေါက်သေနတ်များကို အရေးကောင်းအတွက် အပ်နှံပါတယ်... ကျည်တန်ခိုး မီးတန်ခိုးတို့ကို ပွင့်အောင်ထွက်အောင် စောင့်ရှောက်ပါ..ယမ်းထုံယမ်းထိုင်းယမ်းအတို့ကို ဖယ်ရှားပါ...ရန်သူလက်နက်မှန်သမျှ ဆံခြည်မခရအောင် ကာကွယ်ပါ..နွားဖြူကို နွားနက်ဖြစ်အောင် နွားနက်ကို နွားနီဖြစ်အောင် နွားနီကို နွားကျားဖြစ်အောင် လှည့်စားဖန်ဆင်းပေးနိုင်သကဲ့သို့ တိုက်ရာပါများကိုလည်း လှည့်စားပေးပြီး မင်းပြစ်မင်းဒဏ်မှ ကွယ်ကာတော်မူပါ..စောရဒေဝီတောင်ချမ်းသာသခင်မ”
နတ်တင်ပြီးနောက် စိန်ဓါးမြှောင်က လူစုဘက်သို့ လှည့်လိုက်သည်။
“ငါခုန စီစဥ်ထားတဲ့အတိုင်းပဲ..အားလုံး စနစ်တကျလုပ်ကြမယ်..မဟုတ်လား”
“လုပ်ကြပါမယ်...ဦးလေးကြီး”
ခါလေးနှင့် ဘချစ်က သားရည်အိတ်ရှည်ကြီးထဲသို့ ဘရင်းဂန်းနှစ်လက်၊ စတင်းဂန်းသုံးလက်ကို ထည့်သည်။
စိန်ဓါးမြှောင်က ဓါးမြှောင်ကို ခါးကြားထိုးလိုက်ပြီး လွယ်အိတ်ထဲသို့ ခြောက်လုံးပြူးတစ်လက်ကို ထည့်လိုက်သည်။
လှမောင် ၊ ကြင်အေး၊ ဘချစ်တို့က ခြောက်လုံးပြူးတစ်လက်ဆီ ခါးကြားထိုးသည်။
ကျောင်းရှေ့တွင် သန်းမောင်က ဘတ်စ်ကားကို အသင့်စက်နှိုးထား၏။
ဘတ်စ်ကားပေါ်သို့ ခါလေးနှင့် ဘချစ်က သားရည်အိတ်ရှည်ကို မပြီး တင်သည်။
ကားမောင်းမည့်သန်းမောင်ဘေးတွင် စိန်ဓါးမြှောင်က ဝင်ထိုင်လိုက်သည်။ ကားမောင်းတတ်သည့် ခင်မောင်ကိုလည်းရှေ့ခန်းတွင် ထိုင်စေသည်။
ဘတ်စ်ကားနောက်ဖက်မှ လှမောင်၊ခါလေး၊ထွန်းခင်၊ ကြင်အေး၊ဘချစ်၊ဂျစ်တီး၊ချစ်ဥာဏ်တို့ တက်လိုက်ကြသည်။
ဓါးပြတိုက်ပြီးနောက်ကားကို အိုးဘိုမြောက်တိုက်အတွင်းသို့ သာ မောင်းလာမည်ဖြစ်ပြီး တိုက်ရာပါများကို မြေနုကျွန်းပေါ်သို့ မော်တော်ြဖင့်သယ်ယူရန်ရွှေ့ပြောင်းရန် နောက်ထပ် ဂျစ်ကားတစ်စီးဖြင့် ငန်းနက်၊ ဝင်းမောင်တို့နှင့် လူငယ် (၁၀)ဦးက အိုးဘိုးတိုက်အတွင်းမှ စောင့်နေမည်ဖြစ်သည်။
ရှေ့နေ တင့်ဆွေ က မြို့ထဲရှိ ပြည်သူ့ရဲဘော်ရုံးတွင် သွားထိုင်ကာ ပုလိပ်တို့အခြေအနေကို နားစွင့်နေမည်ဖြစ်သည်။
နွားလှည်းပွဲထဲတွင် အနှင်းနှင့် မြနှစ်တို့က ခြောက်လုံးပြူးကိုယ်စီဝှက်ကာ ရောနှောနေမည်ဖြစ်ပြီး ပုလိပ်များ၏ အခြေအနေကို စောင့်ကြည့်ပေးထားမည်။
မြစ်ဆိပ်တွင် မြကြည်၊ ရင်ရင်၊ ကြင်ကြင်၊ မစိန်ရီတို့က မော်တော်တစ်စီးအသင့်ငှားထားမည်ဖြစ်သည်။
မကြာမီ လူဆယ်ယောက်ကို တင်ဆောင်လာသော ဘတ်စ်ကားသည် ထင်းဝင်း၊ အိုးဘိုးမြောက်တိုက်မှ မန္တလေးတောင်ခြေသို့ ဦးတည်မောင်းနှင်သွားသည်။
ကျောင်းတိုက်ပေါ်မှ ဆရာတော်က စိန်ဓါးမြှောင်တို့ လူစုကိုငေးကြည့်ရင်း ကျန်ရစ်သည်။
ဘုရားလူကြီးအိမ် ဓါးပြတိုက္မည့်အဖွဲ့ကြီး သူ့ကျောင်းတွင် အခြေပြုထားသည်ကို မသိရှာ။
ငါ့ကျောင်းကြီးက တော်လှန်ရေးအမြုတေကျောင်းတိုက်ကြီးဖြစ်လာလေပြီဟူသော အတွေးဖြင့် ပီတိဖြာလျက်။
ဦးကျော်သိန်းအိမ်အနီး မိုးထိ တိုက်နားအရောက်တွင် စိန်ဓါးမြှောင် က အချက်ပြသဖြင့် ကားကို ရပ်လိုက်သည်။
စိန်ဓါးမြှောင်က သားရည်အိတ်ရှည်ကို ကားနောက်သို့ ပို့ပေးလိုက်သည်။
ထို့နောက်
“ကြင်အေး ငါနဲ့လိုက်ခဲ့ပြီး..ခြံဝကစောင့်..ငါက ဝင်ခဲ့ကြ ဆိုတာနဲ့ ကြင်အေးက ဘတ်စ်ကားကို အချက်ပြပြီး အိမ်ရှေ့ထိမောင်းလာခိုင်း။ ပြီးရင် လှမောင်၊ ဘချစ်၊ဂျစ်တီး၊ ချစ်ဉာဏ်၊ ခင်မောင် တို့က ဝင်လာခဲ့ကြ၊ ငါနဲ့ ကောင်လေးတွေက အိမ်က လူတွေကို တာဝန်ယူမယ်၊ ကြင်အေးနှင့် ဘချစ်က ပစ္စည်းတွေ ငွေတွေရသလောက်ယူဖို့လုပ်၊ မီးခံသေတ္တာသော့က အဖွားကြီးဆီမှာရှိလိမ့်မယ်၊ အဲ့ဒါကို လှမောင် က တာဝန်ယူ၊ ထွန်းခင်နဲ့ ခါလေး အပြင်မှာစောင့်၊ ငါတို့ အထဲမှာ အလုပ်လုပ်နေတုန်း ခါလေးက ဟော့ဟိုက တယ်လီဖုန်းကြိုးကို သစ်ပင်ပေါ်တက်ဖြတ်...ဟိုကောင်လေးသန်းမောင်က စက်နှိုးပြီး ကြင်အေး အချက်ပြတာစောင့်နေ.. .ပြီးတာနဲ့ အားလုံး ဘတ်စ်ကားပေါ်တက်မယ်နော်..ညီစေနော်..ငါ့လူတို့”
“ညီစေ့မယ်..ဦးလေးကြီး”
ညွှန်ကြားပြီးသည်နှင့် စိန်ဓါးမြှောင်က ဦးကျော်သိန်းအိမ်ဝိုင်းရှေ့သို့ လျှောက်သွားသည်။
ညနေ (၃)နာရီထိုးပြီ။
တောင်ခြေရှိ နွားလှည်းပြိုင်ပွဲက စတင်ပြီဖြစ်ကြောင်း တာထွက်သေနတ်ဖောက်သံထွက်လာသည်။ လက်ခုပ်သံများ ၊ အော်ဟစ်သံများလည်း ဆူညံနေ၏။
ဦးကျော်သိန်း နှင့် သမက္ဖြစ်သူတို့မှာ အလုပ်သမားများကို ငွေရှင်းပေးနေချိန်ဖြစ်သည့်အတွက် လူဝင်လူထွက် ရှုပ်ယှက်နေသည်။
ထိုအချိန်တွင် အညိုရောင်
တိုက်ပုံ၊ အဝါရောင်ပုဆိုးကို ဝတ်လျက် ခေါင်းပေါင်းပေါင်းကာ ထူးထူးခြားခြား နေကာမျက်မှန်တပ်ထားသူတစ်ဦး အိမ်ထဲ ဝင်လာသည်။
ထိုသူက အိမ်ထဲရှိ ပက်လက်ကုလားထိုင်တွင် ခပ်အေးအေးဝင်ထိုင်နေ၏။
ဦးကျော်သိန်းမှာ ထိုလူကို သတိထားမိသော်လည်း လာနေကျ ဘုရားဖူးများ အလှူငွေလာထည့်သူများပင် ဖြစ်မည်ဟု ထင်လိုက်သည်။
အလုပ်သမားများရှင်းသွားချိန်တွင် ဦးကျော်သိန်း နှင့် သားမက်ဖြစ်သူ၏ စားပွဲရှေ့တွင် ဝင်ထိုင်လိုက်သည်။
“ရသေ့ကြီးကို ဖူးချင်လို့လား..မောင်..ရသေ့ကြီးကတော့ သူ့ကျောင်းမှာ နေမကောင်းရှာလို့ ဘယ်သူမှ အတွေ့မခံဘူးကွဲ့..လှူချင်တယ်ဆိုရင်တော့ ဦးဆီ လှူသွားလို့ရပါတယ်..ဦးက ရသေ့ကြီး ကိုယ်စားလှယ်ပါပဲ”
“လှူဖို့မဟုတ်ပါဘူးခင်ဗျ..ကျွန်တော်က.အလှူခံဖို့ လာတာပါ”
လူစိမ်းစကားကြောင့် ဦးကျော်သိန်း က မျက္မှောင်ကြုံ့သွားသည်။
လူစိမ်းက ခါးကြားမှ ဓါးမြှောင်တစ်ချောင်းကို စားပွဲပေါ်ပစ်တင်လိုက်၏။
ထို့နောက် လွယ်အိတ်ထဲမှ ခြောက်လုံးပြူးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြန်သည်။
“ကျွန်တော် စိန်ဓါးမြှောင်ပါ”
ဦးကျော်သိန်းရော သမက္ဖြစ်သူပါ လန့်ဖြန့်သွားကြသည်။
“ကဲ.ငါ့ညီ..ရှေ့မှာ ကိုကြင်အေး ဆိုတဲ့လူတစ်ယောက်ရှိတယ်..သူ့ကို သွားပြောချေကွာ..ဦးလေးကြီးက ဝင်ခဲ့လို့ရပြီလို့..ပြောပြီး ပြန်လာနော်..မဟုတ်ရင် မင်းတို့ ဘုရားဒကာကို ဓါးမြှောင်နဲ့ ခြောက်လုံးပြူး ကြိုက်တာ ရွေးခိုင်းလိုက္မှာ”
ဦးကျော်သိန်း သမက္်က ပြူးပြူးပြာပြာဖြင့် ခြံဝန်းရှေ့သို့ ထွက်သွားပြီး ပြန်လာသည်။
ခဏအကြာတွင် ဘတ်စ်ကားတစ်စီးအိမ်ရှေ့သို့ မောင်းနှင်လာပြီး ရပ်လိုက်၏။
စိန်ဓါးမြှောင်၏ တပည့်များသည် အိမ်အတွင်းသို့ ဝင်လာကြသည်။
လှမောင်က ဦးကျော်သိန်းကို စတင်းဂန်းဖြင့်ထောက်ကာ အိမ်တွင်းသို့ ခေါ်သွား၏။
မကြာမီ အိမ်ရှေ့တွင် အိမ်သားများ စုံပြီဖြစ်သဖြင့် စိန်ဓါးမြှောင်က အားလုံးကို မှောက်အိပ်ခိုင်းလိုက်သည်။
လှမောင်သည် ဦးကျော်သိန်းကတော် ဒေါ်ခြုံထံမှ မီးခံသေတ္တာသော့ကို ရလာသည့်အတွက် အိတ်အနက်ဖြင့် ငွေများ၊ ရွှေထည်များ၊ စိန်များကို ထည့်နေသည်။
ကိစ္စအားလုံးပြီးသည့်အခါ စိန်ဓါးမြှောင်က ခြောက်လုံးပြူးကို ခါးထိုးလိုက်ပြီး
“ကဲ..အိမ်သားတွေ..စိတ်တော့မရှိပါနဲ့...ဒီက ဦးနဲ့ ဒေါ်ဒေါ့်ကို ခဏခေါ်သွားပါ့မယ်...နောက်တစ်နာရီအတွင်း ပုလိပ်ကို အကြောင်းမကြားပါနဲ့..အကြောင်းကြားပြီဆိုတာနဲ့...နှစ်ယောက်လုံးကို တုသိတာနတ်ပြည်ကို ပို့ပေးလိုက်ပါ့မယ်..ကဲ..ထွက်ကြမယ်ဟေ့”
အပြင်ဘက်တွင် ခါလေးနှင့် ထွန်းခင်က ဘရင်းဂန်းနှစ်လက်ကို ကိုင်လျက် စောင့်နေကြသည်။
“ခါလေး..တယ်လီဖုန်းကြိုးဖြတ်ပြီးပလားဟေ့”
“ပြီးပြီ..ဦးလေးကြီး”
“ကဲ..တက်ကြ”
စိန်ဓါးမြှောင်အဖွဲ့သည် ဘတ်စ်ကားကို မြောက်ကျုံးလမ်းအတိုင်းမောင်းနှင်သွားသည်။
ထိုအချိန်တွင် အိမ်တွင်း ကျန်ရစ်ခဲ့သည့် ဦးကျော်သိန်း၏ သမက်မှာ အိမ်ရှိတယ်လီဖုန်းဖြင့် ပုလိပ်ကို ခေါ်သော်လည်း ဖုန်းကြိုးများ ဖြတ်ခံထားရသဖြင့် ခေါ်မရချေ။
ထို့ကြောင့် မန္တလေးတောင်ခြေသို့ ပြေးသွားပြီး စက်ဘီးအပ်ဌာနတွင်ရှိနေသည့် ပုလိပ်အစောင့်များကို ဓါးပြတိုက်ခံရကြောင်းအကြောင်းကြားသည်။
ပုလိပ်များက သံချောင်းများ ခေါက်ကြသော်လည်း ပြိုင်ပွဲအတွင်း ဆူညံနေသဖြင့် မည်သူမျှ အရေးမစိုက်မိကြ။
အနီးအနားတွင်ရှိနေသော ရဲအုပ်ဦးအေး က အသံကြားသဖြင့် အခြေအနေကို လာမေးသည်။
ဓါးပြတိုက်ခံရသည်မှန်းသိသည်နှင့် ဗြိတိသျှစစ်ဘက်အရာရှိတစ်ဦး ကို လိုက်ပို့ပြီး စောင့်နေသည့် စစ်ဘက်မှ ဂျစ်ကားတစ်စီးကို အကူအညီတောင်းလိုက်သည်။
ကားပေါ်တွင် ထိုင်နေသော ဒရိုင်ဘာနှင့် ပန်ချာပီစစ်သားမှာ ဦးအေးနှ င့် ဦးကျော်သိန်း၏ သမက်၊ ပုလိပ်ငယ်နှစ်ဦး ကို တင်ဆောင်ကာ မြောက်ကျုံးလမ်းအတိုင်း လိုက်ကြသည်။
အခြေအနေကို အကဲခတ်နေသော မနှင်းနှင့် မြနှစ်တို့သည် စိန်ဓါးမြှောင်အဖွဲ့မှ မောင်လှအောင် အသင့်စောင့်ပေးနေသည့် ဂျစ် ကားဖြင့် ဦးအေးတို့ကားနောက်သို့ လိုက်ကြသည်။
စိန်ဓါးမြှောင်တို့ ဘတ်စ်ကားသည် ဆပ်ပါးမိုင်းနားတပ် ရေချိုးဆိပ်အနီးတွင် ရုတ်တရပ်ထိုးရပ်သွား၏။
သန်းမောင်က စက်ပြင်နေစဥ် ဦးအေးတို့ ဂျစ်ကား သည် ဘတ်စ်ကားအနီးသို့ မှီလာလေသည်။
ထိုအချိန်တွင် စိန်ဓါးမြှောင်က ခြောက်လုံးပြူးကို ကိုင်ကာ ကားပေါ်မှ ဆင်းသွား၏။
သူတို့ထံလာနေသော ဝတ်ကောင်းစားလှနှင့် လူပုံခန့်ခန့်လူမှာ မည်သူမှန်းမသိသဖြင့် ဦးအေးမှာ အခြေအနေကို အကဲခတ်နေစဥ် ဦးကျော်သိန်း၏ သမက်က ထအော်လိုက်သည်။
“အဲ့ဒါ ဓါးပွ..ဓါးပွ”
ဦးအေးက ခြောက်လုံးပြူးဖြင့် ချိန်လိုက်စဥ် စိန်ဓါးမြှောင်က ဦးအောင် ပစ်ချလိုက်သည်။
ကျည်ဆံက ဂျစ်ကားမှန်ကို ထိပြီး ခွမ်းခနဲကွဲထွက်သွား၏။
ဂျစ်ကားဒရိုင်ဘာမှ ဆင်းပြေးပြီး ပန်ချာပီစစ်ဗိုလ်မှာ ခေါင်းကိုဝပ်လျက် ခါးကြားမှ သေနတ်ကို ဆွဲထုတ်နေသည်။
အနောက်မှ ပုလိပ်သားများကား ရိုင်ဖယ်ကိုယ်စီဖြင့် ပစ်ရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ဂျစ်ကားအနောက်ဖက် မှ ကားတစ်စီးထိုးရပ်လာပြီး ကားပေါ်မှ မနှင်းက ခြောက်လုံးပြူးဖြင့် ပစ်လိုက်သည်။
ကျည်ဆံမှ ဦးအေး ၏ ခေါင်းပေါ်မှ ရှပ်ဖြတ်သွားသဖြင့် ဦးလေးမှာ ခေါင်းကို ဝပ်ထားလိုက်ရ၏။
တချိန်တည်းတွင် စိန်ဓါးမြှောင်၏ နောက်မှ ခါလေးနှင့် ထွန်းခင်တို့သည် ဘရင်ဂန်းကိုယ်စီကို ဘတ်စ်ကားစက်ဖုံးပေါ် ထောက်ကာ ဂျစ်ကားကို ဝိုင်းပစ်ကြတော့သည်။
လှမောင်နှင့် ကြင်အေးကလည်း စတင်းဂန်းများဖြင့် စိန်ဓါးမြှောင်ထံသို့ ပြေးလားကြ၏။
အင်အားမမျှသဖြင့် ပန်ချာပီစစ်ဗိုလ်မှာ ကားပေါ်မှ ဆင်းပြေးသွားပြီးနောက် ရဲအုပ်ဦးအေးနှင့် ပုလိပ်များပါ ဆင်းပြေးကြတော့သည်။
“ဟေ့..ခင်မောင်..ဂျစ်ကားကို သွားမောင်းခဲ့ကွာ”
ခင်မောင်က ဂျစ်ကားရှိရာ ပြေးသွားသည်။
အနှင်းတို့ကားက ဘတ်စ်ကားဘေးထိုးရပ်လိုက်သည်။
“ကားပေါ်က ပိုက်ဆံတွေနဲ့ ရွှေတွေ အနှင်းတို့ ကားပေါ်သယ်ဟေ့”
ကားပေါ်မှ လူများက တိုက်ရာပါများကို အနှင်းတို့ ကားထံ လွှဲပြောင်းကြသည်။
“ကဲ..အနှင်း..မြစ်ဆိပ်မှာ မြကြည်တို့ စောင့်နေတယ်...ပစ္စည်းတွေ မော်တော်ပေါ်တင်ပြီး မြေနုကျွန်းကို သွားကြပေတော့”
စိန်ဓါးမြှောင်က အနှင်းကို လေသံဖြင့် ကပ်ပြောလိုက်သည်။
ခင်မောင်က စစ်တပ်တံဆိပ်ပါ ဂျစ်ကားကို မောင်းယူလာသဖြင့် အားလုံးကားပေါ်တက်လိုက်ကြသည်။
သန်းမောင်က ကားပေါ်တက်ရန် ပြင်လိုက်စဥ်..
“မင်းနေခဲ့..ကောင်လေး... တို့က..ပစ်ကြခတ်ကြဦးမှာ...မင်းက ငယ်သေးတယ်..တော်ကြာ သေနေမယ်...အခုချက်ချင်း ဌာနကိုသွား... နေ့လည်က မင်းကားကို လူတစ်စုက သေနတ်နဲ့ချိန်ပြီး လုသွားတယ်လို့ အမှုဖွင့် ဟုတ်ပြီလား...ငါပြောတာနားမထောင်ရင်တော့..မင်းကို လာသတ်မှာ..”
ဂျစ်ကားက မောင်းထွက်သွားသည်။
ဘတ်စ်ကားအပျက်ကြီးနှင့်အတူ သန်းမောင်၊ ဦးကျော်သိန်း၊ ဒေါ်ခြုံတို့သာ ကျန်ရစ်၏။
သန်းမောင်လည်း ကားကို ထားခဲ့ကာ အနီးဆုံးဖြစ်သည့် ၁၁ မှတ် ပုလိပ်ဌာနသို့ အမှုဖွင့်ရန် ပြေးတော့သည်။
မကြာမီတွင် မန္တလေးခရိုင်ရဲဝန်ကလေးနှင့် ၁၆ မှတ်ဌာနအုပ်တို့ ဦးဆောင်သောအဖွဲ့ သည် ပျက်နေသော ဘတ်စ်ကားရှိရာ ရောက်ရှိလာကြသည်။
ဘတ်စ်ကားပေါ်တွင် ဦးကျော်သိန်းတို့လင်မယားနှင့် သက္ကလပ်ဦးထုပ်အစိမ်းရောင်တစ်လုံး၊ ဘရင်းဂန်းကျည်ဘောက်အလွတ်တစ်ခု၊ ဝါယာဖြတ်သည့်ကပ်ကြေးတစ်လက်ကိုသာ တွေ့ရတော့သည်။
မကြာမီပင် ထိုသတင်းက ပြည်ထဲရေးဝန်ကြီးဌာနအထိ ပေါက်သွားပြီး မန္တလေးမြို့ပေါ်တွင် ပုလိပ်များ၊ စစ်ရဲများ၊ ပြည်သူ့ရဲဘော်များဖြင့် ရှုပ်ယှက်ကုန်၏။
မြစ်ဆိပ်များ၊ မြို့အဝင်များကို ပုလိပ်ဘက်က ပိတ်ဆို့ထားလိုက်ကြပြီး မြို့တွင်းနေရာအနှံ့တွင် စစ်ရဲနှင့် ပြည်သူ့ရဲဘော်များက လက်နက်အပြည့်အစုံဖြင့် ရှာဖွေကြတော့သည်။
စိန်ဓါးမြှောင်အဖွဲ့ လုယူစီးနင်းသွားသော ဂျစ်ကားကိုသာ မြို့ထဲတစ်နေရာတွင် ပြည်သူ့ရဲဘော်အဖွဲ့က သိမ်းဆည်းမိခဲ့ကြသည်။
မမြကြည်တို့၏ မော်တော်ကား သီသီလေးပင် လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။
စိန်ဓါးမြှောင်အဖွဲ့မှာ အိုးဘိုကျောင်းအတွင်း ခိုအောင်းနေကြ၏။
ကျောင်းတိုင်ဆရာတော် ဦးဣန္ဒောဘာသမှာလည်း တော်လှန်ရေးအမြုတေအခြေတည်ရာဖြစ်လာမည်ဟု မှတ်ယူခဲ့သည့် သူ့ကျောင်းကြီးမှာ ဓါးပြမှုအခြေတည်ရာဖြစ်သည်ကို သိသွားချေပြီ။
သူ့ကို နာယကဆရာတော်ခန့်မည်ဆိုသည့် ဌာနချုပ်ကြီးဆိုသည်မှာလည်း စိန်ဓါးမြှောင်ဓါးပြဌာနချုပ်ကြီးမှန်း သိသွားလေပြီ။
သို့သော် ဦဣန္ဒောဘာသ ကား ဘာမျှ မတတ်နိုင်။
အဘယ်ကြောင့်ဆိုသော် သူတင်သာမက နယ်မှရောက်နေသော မယ်တော်ကြီးဒေါ်ပု၊ တူမမဝင်းတို့ ပါ စိန်ဓါးမြှောင်အဖွဲ့၏ သေနတ်ပြောင်းအောက်တွင် ထိန်းသိမ်းခံလိုက်ရပြီဖြစ်သည်။
...............................................................................
မတ်လ ၁ဝ ရက်နေ့။
ဘတ်စ်ကားအလုယူခံရမှုနှင့် ပတ်သတ်ပြီး အမှုလာဖွင့်ထားသူ သန်းမောင်ကို (၁၆)မှတ် ပုလိပ်ဌာနက မသင်္ကာမှုဖြင့် ဖမ်းဆီးလိုက်သည်။
ထိုသတင်းကို ပြည်သူ့ရဲဘော်အဖွဲ့နှင့်အတူ ရှိနေသည့် တင့်ဆွေက ပေးပို့ခြင်းဖြစ်သည်။
သန်းမောင်ကို အာမခံရအောင်လုပ်ရန်အတွက် ငွေလေးထောင်လို ကြောင်းကိုလည်း သတင်းပါးလိုက်သည်။
အစိုးရလက်အောက်ခံ လက်နက်ကိုင်အဖွဲ့များအားလုံးနီးပါးက မန္တလေးမြို့ကို ပိတ်ဆို့ထားကြသည်။
စိန်ဓါးမြှောင်လူစုကား ဘုန်းကြီးကျောင်းတိုက်အတွင်း ပိတ်မိနေချေပြီ။
“ဘုန်းကြီးကျောင်းကြီးကို ဒီတိုင်းတံခါးပိတ်ပြီး ကြာကြာနေရင်တော့..အရပ်ထဲက လူတွေ ရိပ်မိပြီး သိကုန်ကြမယ်။ ပုလိပ်ကလည်း ငါတို့ကိုမတွေ့မချင်း မြို့ကိုပိတ်ထားမှာပဲ။ ငါတို့ မဖြစ်မနေ ဖောက်ထွက္မှ ဖြစ်တော့မယ်။ ခါလေး..မင်းက မတ္တရာဘက်ကို တစ်ယောက်တည်းရောက်အောင်သွား၊ မတ်လ ၁၂ ရက်နေ့မှာ ဝါဆိုဝါပို နဲ့အဖွဲ့ကို ခေါ်ပြီး မြို့ပြင်က ဂါတ်တစ်ခုခုကို လက်ပစ်ဗုံးနဲ့ ဝင်ထုကွာ...အဲ့ဒီဘက်ကို ပုလိပ်တွေအာရုံရောက်နေချိန် ငါတို့နည်းနဲ့ ငါတို့ ဖောက်ထွက်မယ်”
ခါလေးက ရုပ်ဖျက်ကာ ကျောင်းထဲမှ ထွက်သွား၏။
“ထွန်းခင် မင်းက တင့်ဆွေဆီကို သွား..ငါရှစ်ထောင်ပေးလိုက်မယ်..ဟိုကောင်လေးကို မနက်ဖန်မှာ အာမခံရအောင် လုပ်ပေးလို့..ပြီးရင် ပြည်သူ့ရဲဘော်ယူနီဖောင်းတွေနဲ့ လူဆယ်ယောက်စာ ကားတစ်စီး ရအောင်စီစဥ်ခိုင်းပြီး ဒီခေါ်လာ..ဟိုကောင်လေးကိုပါ ခေါ်လာခဲ့..၁၂ ရက်နေ့ကျငါတို့ ပြည်သူ့ရဲဘော်ယူနီဖောင်းတွေဝတ်ပြီး မြို့ထဲက ဖောက်ထွက္မယ်”
ထွန်းခင် က ငွေရှစ်ထောင်ကို ယူကာ ထွက်ခွာသွား၏။
သို့သော်.....ထိုနေ့ညတွင်ပင်......
အထူးရဲအဖွဲ့၏ စစ်မေးမှုဒဏ်ကို မခံနိုင်သော သန်းမောင်သည် စိန်ဓါးမြှောင်အဖွဲ့ခိုအောင်းရာမှာ အိုးဘိုမြောက် ဘုန်းကြီးကျောင်းအတွင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တော့သည်။
ညတွင်းချင်းပင် မြန်မာပြည်ပုလိပ်မင်းကြီးရုံးအထူးအမိန့်အရ ရာဇဝတ်ဝန်ထောက် ဦးကောက်၊ အေအက်စ်ပီ မစ္စတာပင့်ချ်တို့အုပ်ချုပ်သည့် ပုလိပ်အင်အား (၃၀)၊ ဗိုလ်ဌေးမောင်အုပ်ချုပ်သည့် စစ်ရဲအဖွဲ့ (၁၅)ယောက်ပါသော အိုးဘိုကျောင်းဝင်ရောက်စီးနင်းရေးအဖွဲ့ကို မည့်သူကိုမျှသတင်းမပေါက်ကြားစေပဲ အသင့်အနေအထားဖြင့် လျှို့ဝှက်စုစည်းလိုက်သည်။
ခက်ဇော်
အခန်း (၁၆) coming Super Sunday
🗡️💎🗡️
ReplyDeleteClicked 💫
ReplyDelete🌩️⛈️⚡🌪️🌧️
ReplyDeleteDone 💪
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDeleteDone
ReplyDelete