လက်ဖက်ရည်
“လက်ဖက်ရည်အဖန် သောက်လျှင်ဖြင့် ကျက်သရေ အမှန်ရောက်ပေလိမ့် ကြံသလောက် ပြီးတဲ့ရည်” ဟု စလေဆရာကြီး ဦးပုညက ရေးခဲ့ပါသည်။ စာကြောင်းသုံးကြောင်း၊ စာလုံးရေ အနည်းငယ်သာ ပါသော်လည်း အလွန် အဓိပ္ပာယ်ပြည့်ဝသောစာ ဖြစ်လေသည်။ လက်ဖက်ရည်ကြမ်းကို သောက်လျှင်အလှကျက်သရေ တိုးသည့်အပြင် အကြံအစည်လည်း ထမြောက်အောင်မြင်သည်ဟု အဓိပ္ပာယ် ကောက်နိုင်သည်။ ချဲ့ထွင်စဉ်းစားလျှင် ဆင့်ပွားအနက်တွေ ရနိုင်ပါသေးသည်။ ဦးပုညတို့ခေတ်တွင် လက်ဖက်ရည်အကြမ်းကိုသာ သောက်လေ့ရှိသဖြင့် လက်ဖက်ရည်အဖန်ဟု ဆိုလိုက်ခြင်း ဖြစ်ပါလိမ့်မည်။ ယခုခေတ်လိုမျိုး ဆိုလျှင်တော့....
“လက်ဖက်ရည်အချို သောက်လျှင်ဖြင့် ကျက်သရေ အလိုလိုရောက်ပေလိမ့် ဆိုသလောက် ပြီးတဲ့ရည်”
ဟု ရေးစပ်ကောင်း ရေးစပ်ပေလိမ့်မည်။အခုအခါတွင် လက်ဖက်ရည်ဆိုလျှင် လက်ဖက်ရည်အချိုကို ဆိုလိုကြောင်း အားလုံးသိပြီးဖြစ်သည်။လက်ဖက်ရည်အကြမ်းကိုတော့ ရေနွေးကြမ်းဟု ခေါ်ကြသည်။
ကျွန်တော်တို့ ငယ်ငယ်ကဆိုလျှင် ကာကာကုလားများနှင့် တရုတ်များသာ လက်ဖက်ရည်ဆိုင်ဖွင့်လေ့ ရှိကြသည်။ ဤသည်မှာလည်း သူဌေးဖြစ်လုပ်ကြသော လုပ်ငန်းများမဟုတ်ပေ။ လက်ဖက်ရည်ကို ဆိုင်ရှင်ကိုယ်တိုင် ဖျော်ပြီး စားပွဲထိုးကောင်လေး တစ်ယောက် ငှားထားလျှင် ပြီးနိုင်သည်။ သောက်သူတွေကလည်း ဆိုင်မှာ ထိုင်သည်ထက် အိမ်ဝယ်သောက်တာက များသည်။ လက်ဖက်ရည်ဆိုင် ထိုင်တတ်သူများမှာ အဘိုးကြီးများနှင့် အလုပ်မရှိ အကိုင်မရှိသူများသာ ဖြစ်သည်။ ကျွန်တော်တို့ဆယ်တန်းလောက်အထိ ဆရာ၊ ဆရာမများ၊ လူကြီးမိဘများက လက်ဖက်ရည်ဆိုင်ထိုင်သည့် အကျင့်ကိုအားမပေးကြသေးချေ။
ခုကျတော့ လက်ဖက်ရည်ဆိုင် လုပ်ငန်းသည် တွင်ကျယ်လာသည်။ သတင်းစာတစ်စောင်ရှိလျှင်ပြီးသည့် အခြေအနေမှ ရေဒီယို ထားရသည့် အခြေအနေ၊ ခုကျတော့ ကက်ဆက်ဖွင့်မှ လက်ဖက်ရည်ဆိုင်ပီသသလို ဖြစ်လာသည်။ လက်ဖက်ရည်လုပ်ငန်းကို စီးပွားဖြစ် အကြီးအကျယ် လုပ်လာကြသည်။
မြို့လယ်ခေါင်တွင် တိုက်ခန်းကြီးများနှင့် ငွေ လေးငါးခြောက်သိန်း ရင်းပြီး လုပ်ကြသည်။ လမ်းဘေးလက်ဖက်ရည်ဆိုင် ကလေးတွေကလည်း စာရေးဆရာဆိုသူတွေ ပေါများသလိုပင် ပေါများလှသည်။ လမ်းဘေးဆိုင်ဆိုပြီး အထင်သေးလို့တော့ မရ။ သူတို့ ဝင်ငွေကလည်း မသေးလှချေ။
နာမည်ကြီး လက်ဖက်ရည်ဆိုင်များ ဖြစ်ကြသော မုတ်ဆိတ်ဆိုင်၊ ရွှေလမင်း၊ လက်ရေးွစင်၊ ဘားလမ်းထွန်းရီ၊ မောင်ထော်လေးလမ်း ရွှေညာ၊ ပန်းဆိုးတန်း ရွှေမင်းသား၊ မြစံပယ် စသည်တို့မှာ ဝတ္ထုတွေထဲ ထည့်ရေး၊ သီချင်းတွေထဲ ထည့်ဆိုရလောက်အောင် အရေးပါနေကြလေသည်။
ထို့အပြင် ဘောလုံးလောက၌ “ခေါက်ဆွဲစားသည်” ဆိုသော ဝေါဟာရ ဖြစ်လာသလို ရုံးလောက၌လည်း “လက်ဖက်ရည်ဖိုး” ဆိုသော ဝေါဟာရတစ်ခု တိုးလာသည်။ ထို့ကြောင့်ပင် “ကြံသလောက် ပြီးတဲ့ရည်” သို့တည်းမဟုတ် “ဆိုသလောက် ပြီးတဲ့ရည်” ဟု ခေါ်ထိုက်ပါပေ၏။
လက်ဖက်ရည်သည် ခုခေတ်မှာတော့ “စူပါစတား” စာရင်းဝင် ဖြစ်လာသည်။ အဘယ်ကြောင့်နည်း။
ရှင်းပါ၏။ လက်ဖက်ရည်ကြိုက်သူတွေ များလာသောကြောင့် ဖြစ်သည်။ လက်ဖက်ရည် မကြိုက်သော်လည်း လက်ဖက်ရည်ဆိုင် ထိုင်တတ်သူတွေ များလာသောကြောင့် ဖြစ်၏။
လက်ဖက်ရည်ဆိုင် ဆိုသည်မှာ လက်ဖက်ရည် သောက်ရုံမျှသာ မဟုတ်တော့။ စတီရီယိုသီချင်းတွေ နားထောင်ချင်သူများလည်း လာသည်။ သူငယ်ချင်းတွေ စုပြီး စကားပြောချင်လျှင်လည်း လာသည်။ လူမှုရေးကိစ္စ တိုင်ပင်ဆွေးနွေးချင်လျှင်လည်း လာသည်။ အလုပ်ကိစ္စ၊ ငွေအပေးအယူကိစ္စ လုပ်ချင်လျှင်လည်း လက်ဖက်ရည်ဆိုင်မှာပင် ဆုံကြသည်။ သတင်းထူး၊ သတင်းဦးများကိုလည်း လက်ဖက်ရည်ဆိုင်မှာပင် ကြားရ၊ ဖလှယ်ကြသည်။ လက်ဖက်ရည်ဆိုင်သည် ဆက်သွယ်ရေးစခန်းတစ်ခုလို ဖြစ်လာ၏။ ယင်းအတွက် အပြစ်ဆိုစရာ မလိုပါ။ လက်ဖက်ရည်ဆိုင်မှာ ရန်ဖြစ်ပြီး ထထိုးကြသည်ဟု ကြားရခဲဘိခြင်း။ အရက်ဆိုင်မှာ ဖြစ်လာသည့် ရန်ပွဲကိုပင်လက်ဖက်ရည်ဆိုင်မှာ ပြေငြိမ်းလို့ ရနိုင်ပါသေးသည်။ပြီးတော့လည်း လက်ဖက်ရည်ဆိုင် ဆိုသည်မှာ လူမစည်ကားအပ်သော နေရာ စာရင်းထဲတွင်မပါဝင်ချေ။
ကျွန်တော်တို့သည် မျိုးနှင့်ရိုးနှင့် လက်ဖက်ရည် ကြိုက်ကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အဘိုးသည် လစ်ပတန် လက်ဖက်ခြောက်ကို ကျကျလေးနှပ်၊ နို့ဆီမထည့်ဘဲ သကြားအနည်းငယ်နှင့် “ဘလက်တီး” ဖျော်သောက်လေ့ရှိသည်ဟု ဆိုသည်။ကျွန်တော်တို့ ကြီးတော်သည် လက်ဖက်ရည်ကို တစ်နေ့လုံး သောက်သည်။ ကျွန်တော်တို့နားမှာရှိသော ကာကာဆိုင်၊ ရာရာဆိုင်နှင့် ဦးချမ်းဆိုင်တို့မှာ တစ်လှည့်စီ ဝယ်သောက်၏။
ကျွန်တော့်အထက်က အစ်ကိုအား သူ့ယောကျ်ားဝင်စားသည်ဆိုပြီး ကြီးတော်ကြီးက အလွန်ချစ်သည်။
ထို့ကြောင့် ကျွန်တော့်အစ်ကိုသည် ကြီးတော်ကြီးထံမှ လက်ဖက်ရည်စွဲသော အမွေကို ရခဲ့လေသည်။
ယခုအခါ သူသည် မုတ်ဆိတ်လက်ဖက်ရည်ဆိုင်၏ ဂုဏ်ထူးဆောင်သောက်သုံးသူ စာရင်းထဲမှာပါနေလေသည်။
ကျွန်တော့်အစ်ကို အကြီးနှစ်ယောက်ကား လက်ဖက်ရည်အပေါ် သစ္စာဖောက်ပြီး အခြားသော အရည်တစ်မျိုးကို မှီဝဲခဲ့ဖူးသည်။ ခုကျတာ့ အမြင်မှန် ရကုန်ကြပြီ။ ဟိုအရည်ကို အဆက်ဖြတ်ကာ ငယ်ချစ်ဦးနှင့်လည်း တူသော၊ မယားကြီးနှင့်လည်း တူသော လက်ဖက်ရည်ဘက်သို့ ပြန်၍ စိတ်လည်လာကြပြီ ဖြစ်ပါသည်။
အဖေသည် လက်ဖက်ရည်ကို ဓာတ်ဗူးနှင့်ထည့်ပြီး တစ်စွပ်စွပ်သောက်ရင်း စာရေးခဲ့ဖူးသည်။ လေနာရောဂါ ရလာသဖြင့် လက်ဖက်ရည်ဖြတ်လိုက်သည်။ ရေနွေးကြမ်းကိုတော့ ခုထိတိုင် စွဲစွဲမြဲမြဲ သောက်တုန်းပင်။ “လက်ဖက်ရည်အကြမ်း သောက်လျှင်ဖြင့် ကျက်သရေ အရမ်းရောက်ပေလိမ့် မှန်းသလောက်ပြီးတဲ့ရည်” ဟု အဖေက ယူဆဟန်တူပါသည်။
အမေ လက်ဖက်ရည်သောက်ပုံမှာလည်း “စူပါ” စာရင်းထဲ ဝင်လေသည်။ မနက် အိပ်ရာမှနိုးလျှင် ကျွန်တော့်မိန်းမ ဖျော်ပေးသော လက်ဖက်ရည်ကို သူ၏ ဓမ္မမိတ်ဆွေ အဘွားကြီးတစ်ယောက်၊ အဝတ်လျှော်သည့် ဆော်လီမားတို့နှင့် အတူသောက်ပြီး ဈေးသို့ ထွက်သွားသည်။ ဈေးက ပြန်လာသော အချိန်တွင် အောက်ထပ်မှာနေသော ကျွန်တော့်အစ်ကို တစ်ယောက်က ကြောင်အိမ်ထဲမှာ အဆင်သင့် ထည့်ပေးထားသော လက်ဖက်ရည်တစ်ခွက်ကို ထပ်သောက်ပြီးထမင်းဟင်းချက်သည်။
ချက်ရင်းပြုတ်ရင်းမှာပင် ကျွန်တော့် အစ်ကိုအကြီးဆုံးက ပို့လိုက်သော လက်ဖက်ရည်ချိုင့် ရောက်လာ သည်။ ထိုလက်ဖက်ရည်ချိုင့်ကို နေ့စဉ် တာဝန်ယူပြီး လာပို့သော ကုလားမကြီးတစ်ယောက်နှင့် သူ တစ်ဝက်စီ သောက်ကြပြန်သည်။
နေ့လည်ကျတော့လည်း နေ့စဉ် လာလည်တတ်သော ရပ်ကွက်ထဲမှ “လက်ဖက်ရည် မိတ်ဆွေ” အဘွားကြီး နှစ်ယောက်၊ သုံးယောက်တို့နှင့်အတူ ဖျော်သောက်ကြပြန်သည်။ သည်ကြားထဲ ဝယ်သောက်တာလည်း ရှိသေးသည်။ ညကျတော့လည်း လက်ဖက်ရည်လေး ငုံလိုက်ရမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သတဲ့။
ကျွန်တော်၏ အစ်ကိုတစ်ယောက်မှာ အနေဝေးသောကြောင့်သာ တော်တော့သည်။ ဒါတောင် သူသည် လည်း အမေ၏ လက်ဖက်ရည်စက်ကွင်းထဲမှ ပြေးမလွတ်နိုင်ရှာ။ “ဟဲ့... အမေ့ကို လက်ဖက်ရည်ဖိုးလာပို့စမ်း” ဟု မကြာခဏ တောင်းခြင်းခံရသည်။ အမေတောင်းသော လက်ဖက်ရည်ဖိုးသည် အချို့ဝန်ထမ်းတွေ တောင်းသော လက်ဖက်ရည်ဖိုးထက် မနည်းချေ။
ကျွန်တော်ရသော မိန်းမသည်လည်း လက်ဖက်ရည်သောက်ရာတွင် “တန်း” မီသူ ဖြစ်သည်။ သူ့အကျင့် ကလည်း တစ်မျိုး။ မနက် အိပ်ရာကနိုးလို့ လက်ဖက်ရည် မသောက်ရလျှင် ဝမ်းချုပ်တတ်သတဲ့။ ကျွန်တော်သည် အိပ်ရာမှနိုးနိုးချင်း အတောင့်တဆုံးသော အရာသုံးခု ရှိပါသည်။ လက်ဖက်ရည်၊ ဆေးပေါလိပ်နှင့် သတင်းစာတို့ ဖြစ်၏။ အားလပ်သော နေ့လည်ခင်းအချိန်များတွင် စာအုပ်ကောင်းလေး တစ်အုပ်ကို ဖတ်ရင်း လက်ဖက်ရည်လေး တစ်ငုံငုံလိုက်၊ ဆေးပေါ့လိပ်ကလေး တစ်ဖွာဖွာလိုက် လုပ်နေရလျှင် မိန်းမကိုပင် မေ့ချင်ချင်။ အိမ်မှာ ဖျော်သောက်ဖို့ လက်ဖက်ခြောက် အမျိုးမျိုးကို ကိုယ်တိုင် စမ်းသပ်ကြည့်သည်။ ရွှေပလောင်၊ မြင်းပျံ၊ ပင်လုံ၊ ဆင်ဖြူ စသည်တို့ကို တစ်မျိုးချင်းဖြစ်စေ၊ တစ်မျိုးနှင့် တစ်မျိုး အချိုးအစား အဖုံဖုံ ရောစပ်၍ဖြစ်စေ စမ်းသပ်ကြည့်လေ့ ရှိပါသည်။
လက်ဖက်ရည်တစ်ခွက်နှင့် မုန့်ဟင်းခါးတစ်ပန်းကန်ကို ဗိုက်ဝတာရော၊ အာဟာရတန်ဖိုးရော ယှဉ်ကြည့်လျှင် မုန့်ဟင်းခါးက အဘက်ဘက်မှ သာသည်။ သို့ရာတွင် လက်ဖက်ရည်ကို ပို၍ ကြိုက်တတ်ကြ၏။
ဟုတ်လည်း ဟုတ်ပါသည်။ မုန့်ဟင်းခါးတစ်ပန်းကန်ကို တစ်စိမ့်စိမ့် ဆွဲပြီး စားလို့မရ။ ပြီးတော့ မုန့်ဟင်းခါးဆိုင်ဆိုသည်မှာ ကြာရှည်ထိုင်လို့ကောင်းသော နေရာမဟုတ်။ စားပြီးလျှင် ထလစ်ရုံသာ။
လက်ဖက်ရည်ကျတော့ တစ်ငုံချင်း ဇိမ်ဆွဲသောက်လို့ရသည်။ လက်ဖက်ရည်ကုန်လျှင်လည်း ရေနွေးကြမ်း တစ်အိုးနှင့် ကြိုက်သလောက် ထိုင်လို့ရသည်။ ငွေတစ်ကျပ်ပေးရုံဖြင့် လက်ဖက်ရည်လည်း သောက်ရ၊ ရေနွေးကြမ်းလည်း သောက်ရ၊ ထိုင်စရာတစ်နေရာလည်း ရ ဆိုတော့ ဘယ်လောက်ဟန်သလဲ။
ကျွန်တော်တို့ မိတ်ဆွေ အပေါင်းအသင်းတစ်စုသည် မြို့ထဲက အလုပ်တိုက်တစ်ခုမှာ ရုံးပိတ်ရက်ကလွဲ၍ နေ့စဉ် ဆုံမိကြသည်။ လွတ်လွတ်လပ်လပ် ထိုင်လို့ရသော လမ်းဘေး နံရံကပ် လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ နေ့စဉ်လို ထိုင်ဖြစ်ကြသည်။
အစပိုင်းတွင် လက်ဖက်ရည်ဖိုးကို တစ်ယောက်ယောက်က အားလုံးအတွက် ရှင်းလေ့ရှိသော်လည်းနောက်ပိုင်းကျတော့ ပုံစံပြောင်းလိုက်သည်။ ကိုယ့်အတွက် ကိုယ်ပေးရသော “အမေရိကန် စစ်စတမ်”မဟုတ်။ ပိုက်ဆံ များများရှိသူက များများထုတ်၊ နည်းနည်းရှိသူက နည်းနည်းထုတ်ပြီး လုံးဝမရှိသူက
တစ်ပြားမှ မထုတ်ဘဲ လက်ဖက်ရည်ဖိုးကို စုပေါင်းရှင်းကြသည့် “ခေတ်သစ် မြန်မာစစ်စတမ်” ဖြစ်သည်။
ကျွန်တော်တို့ဝိုင်းတွင် လူရင်းအားလုံးလိုလိုမှာ ပိုက်ဆံထုတ်ကြသည်ချည်း ဖြစ်သည်။ သို့ရာတွင်
ပိုက်ဆံထုတ်ခိုင်းဖို့ မသင့်သော ဧည့်သည်နှစ်ယောက် သုံးယောက်ကတော့ အမြဲလိုလို ပါနေသည်သာဖြစ်၏။
ကျွန်တော် ဘဝင်လေး မြင့်သလိုလို ဖြစ်နေပါသည်။ သူငယ်ချင်းတစ်ယောက်ကိုတော့ နေ့တိုင်း လက်ဖက်ရည် တိုက်နိုင်ပါသည်ဟု ကိုယ့်ကိုယ်ကို အထင်ကြီးနေမိခြင်း ဖြစ်၏။ ထို့ကြောင့် လက်ဖက်ရည်ဝိုင်းများတွင် နှစ်ကျပ်သုံးကျပ်လောက် ထုတ်လေ့ရှိသည်။
ကျွန်တော်တို့ လင်မယားနှစ်ယောက်သည် ညားကာစတုန်းက အခြေအနေ မဆိုးလှချေ။
တစ်လအတွက် သတ်မှတ်ထားသော အသုံးစရိတ်မှာ လစဉ်လိုလို လေးငါးဆယ်လောက် ပိုနေတတ်သည်။
သူကလည်း သူ စနစ်တကျသုံးတတ်လို့ဟု ဆိုသည်။ ကျွန်တော်ကလည်း ငါ ထိန်းသိမ်းမှုကောင်းလို့ပါကွာ ဟု ပြောသည်။
နောက်ပိုင်းကျတော့ ပိုငွေ မပြတော့ချေ။ တဖြည်းဖြည်း လိုငွေသာ ပြလာခဲ့သည်။ ကလေး ရလာသောအခါ ကုန်ကျစရိတ်က ပိုတက်လာပြန်သည်။ လိုငွေ ထပ်ဆင့်၍ ပြလာသည်။ထို့ကြောင့် ကျွန်တော့်မိန်းမက အသုံးစရိတ်ကို ပြန်လည်စီစစ်ကြည့်ရအောင်ဟု ဆိုသည်။စာရင်းစစ်လျှင် ကျွန်တော်ခံရမည်ကို သိသဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ရင်း ရှောင်တိမ်းနေသည်။တစ်နေ့ကျတော့ သူက သူ့ဘာသာ ပြုလုပ်ထားသော စာရင်းတစ်ခုကို တင်ပြလာသည်။ ပြီးတော့ လက်ဖက်ရည်စရိတ်ဆိုသော ခေါင်းစဉ်ကို ထောက်ပြ၏။
ကျွန်တော်တို့အိမ်မှာ အမေရယ်၊ ကျွန်တော်တို့ လင်မယားရယ် လူခံသုံးယောက်သာ ရှိသော်လည်း
အမေ၏ “လက်ဖက်ရည်မိတ်ဆွေ” တွေက များသဖြင့် တစ်လလျှင် ချက်နို့ဆီနှစ်ပိဿာ၊ သကြားနှစ်ပိဿာ၊ လက်ဖက်ခြောက်နှစ်ပေါင် ကုန်သည်ဟု ဆိုသည်။ ဒါကပင် တစ်ရာကျော်လောက် ကျနေသည်။ ကျွန်တော် မြို့ထဲမှာသောက်သည့် လက်ဖက်ရည်ဖိုးက တစ်လ ခုနှစ်ဆယ့်ငါးကျပ်လောက် ရှိသည်ဟု သူ ခန့်မှန်း ထားသည်။ သူ ရုံးမှာ သောက်တာနှင့်ပါဆိုလျှင် စုစုပေါင်း တစ်လတစ်လ လက်ဖက်ရည်ဖိုးချည်း နှစ်ရာကျော်လောက် ကျနေသည်ဟု တွက်ပြ၏။
“ဒီတော့ အိမ်မှာ လက်ဖက်ရည်ကို လျှော့ဖျော်ပေါ့ကွာ”
ဟု ကျွန်တော်က ဦးအောင်ပြောလိုက်သည်။ သူကလည်း ကျွန်တော် မြို့ထဲမှာသောက်သည့်
လက်ဖက်ရည်ဖိုးကို လျှော့သင့်သည်ဟု ပြန်လည်ချေပ၏။
ဤသို့လျှင် ကျွန်တော်တို့နှစ်ယောက် အငြင်းပွားနေကြတုန်း...
“ဟဲ့.... ဟဲ့.... လာကြည့်ကြစမ်း၊ လာကြည့်ကြစမ်း”
အမေက လှမ်းခေါ်သည်။ ကျွန်တော်တို့ ထွက်ကြည့်သောအခါ အမေသည် လေးလသမီးအရွယ်သူ့မြေးကို ချီထားရင်းက ဘာတွေ သဘောကျနေသည် မသိ။
“အသင်းဝင်တစ်ယောက် တိုးလာပြီဟေ့”
ဟုလည်း ပြောသည်။ ပြီးတော့ ကြည့်ကြနော် ဆိုပြီး ပန်းကန်လုံးထဲက လက်ဖက်ရည်ကို ဇွန်းကလေးဖြင့်
ခပ်ကာ သမီးပါးစပ်ထဲ ထည့်ပေးလိုက်သည်။ သမီးသည် ပါးစပ်ကို တပျပ်ပျပ်မြည်အောင်လုပ်ရင်း
အရသာခံနေသည်။ ထို့နောက် ကျွန်တော့်ကို ရယ်ပြလိုက်လေသည်။
ကျွန်တော်တို့သည် လက်ဖက်ရည်လောကကြီးထဲ၌ ကျင်လည်နေကြကုန်သတည်း။
(သဘင်မဂ္ဂ္ဂဇင်း၊ ဇူလိုင်၊၊ ၁၉၈၄)
“လက္ဖက္ရည္အဖန္ ေသာက္လွ်င္ျဖင့္ က်က္သေရ အမွန္ေရာက္ေပလိမ့္ ႀကံသေလာက္ ၿပီးတဲ့ရည္”
ဟု စေလဆရာႀကီး ဦးပုညက ေရးခဲ့ပါသည္။ စာေၾကာင္းသုံးေၾကာင္း၊ စာလုံးေရ အနည္းငယ္သာ ပါေသာ္လည္း အလြန္ အဓိပၸာယ္ျပည့္ဝေသာစာ ျဖစ္ေလသည္။ လက္ဖက္ရည္ၾကမ္းကို ေသာက္လွ်င္
အလွက်က္သေရ တိုးသည့္အျပင္ အႀကံအစည္လည္း ထေျမာက္ေအာင္ျမင္သည္ဟု အဓိပၸာယ္
ေကာက္ႏိုင္သည္။ ခ်ဲ႕ထြင္စဥ္းစားလွ်င္ ဆင့္ပြားအနက္ေတြ ရႏိုင္ပါေသးသည္။ ဦးပုညတို႔ေခတ္တြင္ လက္ဖက္ရည္အၾကမ္းကိုသာ ေသာက္ေလ့ရွိသျဖင့္ လက္ဖက္ရည္အဖန္ဟု ဆိုလိုက္ျခင္း ျဖစ္ပါလိမ့္မည္။ ယခုေခတ္လိုမ်ိဳး ဆိုလွ်င္ေတာ့....
“လက္ဖက္ရည္အခ်ိဳ ေသာက္လွ်င္ျဖင့္ က်က္သေရ အလိုလိုေရာက္ေပလိမ့္ ဆိုသေလာက္ ၿပီးတဲ့ရည္”
ဟု ေရးစပ္ေကာင္း ေရးစပ္ေပလိမ့္မည္။အခုအခါတြင္ လက္ဖက္ရည္ဆိုလွ်င္ လက္ဖက္ရည္အခ်ိဳကို ဆိုလိုေၾကာင္း အားလုံးသိၿပီးျဖစ္သည္။လက္ဖက္ရည္အၾကမ္းကိုေတာ့ ေရေႏြးၾကမ္းဟု ေခၚၾကသည္။
ကြၽန္ေတာ္တို႔ ငယ္ငယ္ကဆိုလွ်င္ ကာကာကုလားမ်ားႏွင့္ တ႐ုတ္မ်ားသာ လက္ဖက္ရည္ဆိုင္ဖြင့္ေလ့ ရွိၾကသည္။ ဤသည္မွာလည္း သူေဌးျဖစ္လုပ္ၾကေသာ လုပ္ငန္းမ်ားမဟုတ္ေပ။ လက္ဖက္ရည္ကို ဆိုင္ရွင္ကိုယ္တိုင္ ေဖ်ာ္ၿပီး စားပြဲထိုးေကာင္ေလး တစ္ေယာက္ ငွားထားလွ်င္ ၿပီးႏိုင္သည္။ ေသာက္သူေတြကလည္း ဆိုင္မွာ ထိုင္သည္ထက္ အိမ္ဝယ္ေသာက္တာက မ်ားသည္။ လက္ဖက္ရည္ဆိုင္ ထိုင္တတ္သူမ်ားမွာ အဘိုးႀကီးမ်ားႏွင့္ အလုပ္မရွိ အကိုင္မရွိသူမ်ားသာ ျဖစ္သည္။ ကြၽန္ေတာ္တို႔ဆယ္တန္းေလာက္အထိ ဆရာ၊ ဆရာမမ်ား၊ လူႀကီးမိဘမ်ားက လက္ဖက္ရည္ဆိုင္ထိုင္သည့္ အက်င့္ကိုအားမေပးၾကေသးေခ်။
ခုက်ေတာ့ လက္ဖက္ရည္ဆိုင္ လုပ္ငန္းသည္ တြင္က်ယ္လာသည္။ သတင္းစာတစ္ေစာင္ရွိလွ်င္ၿပီးသည့္ အေျခအေနမွ ေရဒီယို ထားရသည့္ အေျခအေန၊ ခုက်ေတာ့ ကက္ဆက္ဖြင့္မွ လက္ဖက္ရည္ဆိုင္ပီသသလို ျဖစ္လာသည္။ လက္ဖက္ရည္လုပ္ငန္းကို စီးပြားျဖစ္ အႀကီးအက်ယ္ လုပ္လာၾကသည္။
ၿမိဳ႕လယ္ေခါင္တြင္ တိုက္ခန္းႀကီးမ်ားႏွင့္ ေငြ ေလးငါးေျခာက္သိန္း ရင္းၿပီး လုပ္ၾကသည္။ လမ္းေဘးလက္ဖက္ရည္ဆိုင္ ကေလးေတြကလည္း စာေရးဆရာဆိုသူေတြ ေပါမ်ားသလိုပင္ ေပါမ်ားလွသည္။ လမ္းေဘးဆိုင္ဆိုၿပီး အထင္ေသးလို႔ေတာ့ မရ။ သူတို႔ ဝင္ေငြကလည္း မေသးလွေခ်။
နာမည္ႀကီး လက္ဖက္ရည္ဆိုင္မ်ား ျဖစ္ၾကေသာ မုတ္ဆိတ္ဆိုင္၊ ေ႐ႊလမင္း၊ လက္ေရးြစင္၊ ဘားလမ္းထြန္းရီ၊ ေမာင္ေထာ္ေလးလမ္း ေ႐ႊညာ၊ ပန္းဆိုးတန္း ေ႐ႊမင္းသား၊ ျမစံပယ္ စသည္တို႔မွာ ဝတၳဳေတြထဲ ထည့္ေရး၊ သီခ်င္းေတြထဲ ထည့္ဆိုရေလာက္ေအာင္ အေရးပါေနၾကေလသည္။
ထို႔အျပင္ ေဘာလုံးေလာက၌ “ေခါက္ဆြဲစားသည္” ဆိုေသာ ေဝါဟာရ ျဖစ္လာသလို ႐ုံးေလာက၌လည္း “လက္ဖက္ရည္ဖိုး” ဆိုေသာ ေဝါဟာရတစ္ခု တိုးလာသည္။ ထို႔ေၾကာင့္ပင္ “ႀကံသေလာက္ ၿပီးတဲ့ရည္” သို႔တည္းမဟုတ္ “ဆိုသေလာက္ ၿပီးတဲ့ရည္” ဟု ေခၚထိုက္ပါေပ၏။
လက္ဖက္ရည္သည္ ခုေခတ္မွာေတာ့ “စူပါစတား” စာရင္းဝင္ ျဖစ္လာသည္။ အဘယ္ေၾကာင့္နည္း။
ရွင္းပါ၏။ လက္ဖက္ရည္ႀကိဳက္သူေတြ မ်ားလာေသာေၾကာင့္ ျဖစ္သည္။ လက္ဖက္ရည္ မႀကိဳက္ေသာ္လည္း လက္ဖက္ရည္ဆိုင္ ထိုင္တတ္သူေတြ မ်ားလာေသာေၾကာင့္ ျဖစ္၏။
လက္ဖက္ရည္ဆိုင္ ဆိုသည္မွာ လက္ဖက္ရည္ ေသာက္႐ုံမွ်သာ မဟုတ္ေတာ့။ စတီရီယိုသီခ်င္းေတြ နားေထာင္ခ်င္သူမ်ားလည္း လာသည္။ သူငယ္ခ်င္းေတြ စုၿပီး စကားေျပာခ်င္လွ်င္လည္း လာသည္။ လူမႈေရးကိစၥ တိုင္ပင္ေဆြးေႏြးခ်င္လွ်င္လည္း လာသည္။ အလုပ္ကိစၥ၊ ေငြအေပးအယူကိစၥ လုပ္ခ်င္လွ်င္လည္း လက္ဖက္ရည္ဆိုင္မွာပင္ ဆုံၾကသည္။ သတင္းထူး၊ သတင္းဦးမ်ားကိုလည္း လက္ဖက္ရည္ဆိုင္မွာပင္ ၾကားရ၊ ဖလွယ္ၾကသည္။ လက္ဖက္ရည္ဆိုင္သည္ ဆက္သြယ္ေရးစခန္းတစ္ခုလို ျဖစ္လာ၏။ ယင္းအတြက္ အျပစ္ဆိုစရာ မလိုပါ။ လက္ဖက္ရည္ဆိုင္မွာ ရန္ျဖစ္ၿပီး ထထိုးၾကသည္ဟု ၾကားရခဲဘိျခင္း။ အရက္ဆိုင္မွာ ျဖစ္လာသည့္ ရန္ပြဲကိုပင္လက္ဖက္ရည္ဆိုင္မွာ ေျပၿငိမ္းလို႔ ရႏိုင္ပါေသးသည္။ၿပီးေတာ့လည္း လက္ဖက္ရည္ဆိုင္ ဆိုသည္မွာ လူမစည္ကားအပ္ေသာ ေနရာ စာရင္းထဲတြင္မပါဝင္ေခ်။
ကြၽန္ေတာ္တို႔သည္ မ်ိဳးႏွင့္႐ိုးႏွင့္ လက္ဖက္ရည္ ႀကိဳက္ၾကျခင္း ျဖစ္သည္။ ကြၽန္ေတာ္တို႔ အဘိုးသည္ လစ္ပတန္ လက္ဖက္ေျခာက္ကို က်က်ေလးႏွပ္၊ ႏို႔ဆီမထည့္ဘဲ သၾကားအနည္းငယ္ႏွင့္ “ဘလက္တီး” ေဖ်ာ္ေသာက္ေလ့ရွိသည္ဟု ဆိုသည္။ကြၽန္ေတာ္တို႔ ႀကီးေတာ္သည္ လက္ဖက္ရည္ကို တစ္ေန႔လုံး ေသာက္သည္။ ကြၽန္ေတာ္တို႔နားမွာရွိေသာ ကာကာဆိုင္၊ ရာရာဆိုင္ႏွင့္ ဦးခ်မ္းဆိုင္တို႔မွာ တစ္လွည့္စီ ဝယ္ေသာက္၏။
ကြၽန္ေတာ့္အထက္က အစ္ကိုအား သူ႔ေယာက်္ားဝင္စားသည္ဆိုၿပီး ႀကီးေတာ္ႀကီးက အလြန္ခ်စ္သည္။
ထို႔ေၾကာင့္ ကြၽန္ေတာ့္အစ္ကိုသည္ ႀကီးေတာ္ႀကီးထံမွ လက္ဖက္ရည္စြဲေသာ အေမြကို ရခဲ့ေလသည္။
ယခုအခါ သူသည္ မုတ္ဆိတ္လက္ဖက္ရည္ဆိုင္၏ ဂုဏ္ထူးေဆာင္ေသာက္သုံးသူ စာရင္းထဲမွာပါေနေလသည္။
ကြၽန္ေတာ့္အစ္ကို အႀကီးႏွစ္ေယာက္ကား လက္ဖက္ရည္အေပၚ သစၥာေဖာက္ၿပီး အျခားေသာ အရည္တစ္မ်ိဳးကို မွီဝဲခဲ့ဖူးသည္။ ခုက်တာ့ အျမင္မွန္ ရကုန္ၾကၿပီ။ ဟိုအရည္ကို အဆက္ျဖတ္ကာ ငယ္ခ်စ္ဦးႏွင့္လည္း တူေသာ၊ မယားႀကီးႏွင့္လည္း တူေသာ လက္ဖက္ရည္ဘက္သို႔ ျပန္၍ စိတ္လည္လာၾကၿပီ ျဖစ္ပါသည္။
အေဖသည္ လက္ဖက္ရည္ကို ဓာတ္ဗူးႏွင့္ထည့္ၿပီး တစ္စြပ္စြပ္ေသာက္ရင္း စာေရးခဲ့ဖူးသည္။ ေလနာေရာဂါ ရလာသျဖင့္ လက္ဖက္ရည္ျဖတ္လိုက္သည္။ ေရေႏြးၾကမ္းကိုေတာ့ ခုထိတိုင္ စြဲစြဲၿမဲၿမဲ ေသာက္တုန္းပင္။ “လက္ဖက္ရည္အၾကမ္း ေသာက္လွ်င္ျဖင့္ က်က္သေရ အရမ္းေရာက္ေပလိမ့္ မွန္းသေလာက္ၿပီးတဲ့ရည္” ဟု အေဖက ယူဆဟန္တူပါသည္။
အေမ လက္ဖက္ရည္ေသာက္ပုံမွာလည္း “စူပါ” စာရင္းထဲ ဝင္ေလသည္။ မနက္ အိပ္ရာမွႏိုးလွ်င္ ကြၽန္ေတာ့္မိန္းမ ေဖ်ာ္ေပးေသာ လက္ဖက္ရည္ကို သူ၏ ဓမၼမိတ္ေဆြ အဘြားႀကီးတစ္ေယာက္၊ အဝတ္ေလွ်ာ္သည့္ ေဆာ္လီမားတို႔ႏွင့္ အတူေသာက္ၿပီး ေဈးသို႔ ထြက္သြားသည္။ ေဈးက ျပန္လာေသာ အခ်ိန္တြင္ ေအာက္ထပ္မွာေနေသာ ကြၽန္ေတာ့္အစ္ကို တစ္ေယာက္က ေၾကာင္အိမ္ထဲမွာ အဆင္သင့္ ထည့္ေပးထားေသာ လက္ဖက္ရည္တစ္ခြက္ကို ထပ္ေသာက္ၿပီးထမင္းဟင္းခ်က္သည္။
ခ်က္ရင္းျပဳတ္ရင္းမွာပင္ ကြၽန္ေတာ့္ အစ္ကိုအႀကီးဆုံးက ပို႔လိုက္ေသာ လက္ဖက္ရည္ခ်ိဳင့္ ေရာက္လာ သည္။ ထိုလက္ဖက္ရည္ခ်ိဳင့္ကို ေန႔စဥ္ တာဝန္ယူၿပီး လာပို႔ေသာ ကုလားမႀကီးတစ္ေယာက္ႏွင့္ သူ တစ္ဝက္စီ ေသာက္ၾကျပန္သည္။
ေန႔လည္က်ေတာ့လည္း ေန႔စဥ္ လာလည္တတ္ေသာ ရပ္ကြက္ထဲမွ “လက္ဖက္ရည္ မိတ္ေဆြ” အဘြားႀကီး ႏွစ္ေယာက္၊ သုံးေယာက္တို႔ႏွင့္အတူ ေဖ်ာ္ေသာက္ၾကျပန္သည္။ သည္ၾကားထဲ ဝယ္ေသာက္တာလည္း ရွိေသးသည္။ ညက်ေတာ့လည္း လက္ဖက္ရည္ေလး ငုံလိုက္ရမွ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သတဲ့။
ကြၽန္ေတာ္၏ အစ္ကိုတစ္ေယာက္မွာ အေနေဝးေသာေၾကာင့္သာ ေတာ္ေတာ့သည္။ ဒါေတာင္ သူသည္ လည္း အေမ၏ လက္ဖက္ရည္စက္ကြင္းထဲမွ ေျပးမလြတ္ႏိုင္ရွာ။ “ဟဲ့... အေမ့ကို လက္ဖက္ရည္ဖိုးလာပို႔စမ္း” ဟု မၾကာခဏ ေတာင္းျခင္းခံရသည္။ အေမေတာင္းေသာ လက္ဖက္ရည္ဖိုးသည္ အခ်ိဳ႕ဝန္ထမ္းေတြ ေတာင္းေသာ လက္ဖက္ရည္ဖိုးထက္ မနည္းေခ်။
ကြၽန္ေတာ္ရေသာ မိန္းမသည္လည္း လက္ဖက္ရည္ေသာက္ရာတြင္ “တန္း” မီသူ ျဖစ္သည္။ သူ႔အက်င့္ ကလည္း တစ္မ်ိဳး။ မနက္ အိပ္ရာကႏိုးလို႔ လက္ဖက္ရည္ မေသာက္ရလွ်င္ ဝမ္းခ်ဳပ္တတ္သတဲ့။ ကြၽန္ေတာ္သည္ အိပ္ရာမွႏိုးႏိုးခ်င္း အေတာင့္တဆုံးေသာ အရာသုံးခု ရွိပါသည္။ လက္ဖက္ရည္၊ ေဆးေပါလိပ္ႏွင့္ သတင္းစာတို႔ ျဖစ္၏။ အားလပ္ေသာ ေန႔လည္ခင္းအခ်ိန္မ်ားတြင္ စာအုပ္ေကာင္းေလး တစ္အုပ္ကို ဖတ္ရင္း လက္ဖက္ရည္ေလး တစ္ငုံငုံလိုက္၊ ေဆးေပါ့လိပ္ကေလး တစ္ဖြာဖြာလိုက္ လုပ္ေနရလွ်င္ မိန္းမကိုပင္ ေမ့ခ်င္ခ်င္။ အိမ္မွာ ေဖ်ာ္ေသာက္ဖို႔ လက္ဖက္ေျခာက္ အမ်ိဳးမ်ိဳးကို ကိုယ္တိုင္ စမ္းသပ္ၾကည့္သည္။ ေ႐ႊပေလာင္၊ ျမင္းပ်ံ၊ ပင္လုံ၊ ဆင္ျဖဴ စသည္တို႔ကို တစ္မ်ိဳးခ်င္းျဖစ္ေစ၊ တစ္မ်ိဳးႏွင့္ တစ္မ်ိဳး အခ်ိဳးအစား အဖုံဖုံ ေရာစပ္၍ျဖစ္ေစ စမ္းသပ္ၾကည့္ေလ့ ရွိပါသည္။
လက္ဖက္ရည္တစ္ခြက္ႏွင့္ မုန႔္ဟင္းခါးတစ္ပန္းကန္ကို ဗိုက္ဝတာေရာ၊ အာဟာရတန္ဖိုးေရာ ယွဥ္ၾကည့္လွ်င္ မုန႔္ဟင္းခါးက အဘက္ဘက္မွ သာသည္။ သို႔ရာတြင္ လက္ဖက္ရည္ကို ပို၍ ႀကိဳက္တတ္ၾက၏။
ဟုတ္လည္း ဟုတ္ပါသည္။ မုန႔္ဟင္းခါးတစ္ပန္းကန္ကို တစ္စိမ့္စိမ့္ ဆြဲၿပီး စားလို႔မရ။ ၿပီးေတာ့ မုန႔္ဟင္းခါးဆိုင္ဆိုသည္မွာ ၾကာရွည္ထိုင္လို႔ေကာင္းေသာ ေနရာမဟုတ္။ စားၿပီးလွ်င္ ထလစ္႐ုံသာ။
လက္ဖက္ရည္က်ေတာ့ တစ္ငုံခ်င္း ဇိမ္ဆြဲေသာက္လို႔ရသည္။ လက္ဖက္ရည္ကုန္လွ်င္လည္း ေရေႏြးၾကမ္း တစ္အိုးႏွင့္ ႀကိဳက္သေလာက္ ထိုင္လို႔ရသည္။ ေငြတစ္က်ပ္ေပး႐ုံျဖင့္ လက္ဖက္ရည္လည္း ေသာက္ရ၊ ေရေႏြးၾကမ္းလည္း ေသာက္ရ၊ ထိုင္စရာတစ္ေနရာလည္း ရ ဆိုေတာ့ ဘယ္ေလာက္ဟန္သလဲ။
ကြၽန္ေတာ္တို႔ မိတ္ေဆြ အေပါင္းအသင္းတစ္စုသည္ ၿမိဳ႕ထဲက အလုပ္တိုက္တစ္ခုမွာ ႐ုံးပိတ္ရက္ကလြဲ၍ ေန႔စဥ္ ဆုံမိၾကသည္။ လြတ္လြတ္လပ္လပ္ ထိုင္လို႔ရေသာ လမ္းေဘး နံရံကပ္ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္မွာ ေန႔စဥ္လို ထိုင္ျဖစ္ၾကသည္။
အစပိုင္းတြင္ လက္ဖက္ရည္ဖိုးကို တစ္ေယာက္ေယာက္က အားလုံးအတြက္ ရွင္းေလ့ရွိေသာ္လည္းေနာက္ပိုင္းက်ေတာ့ ပုံစံေျပာင္းလိုက္သည္။ ကိုယ့္အတြက္ ကိုယ္ေပးရေသာ “အေမရိကန္ စစ္စတမ္”မဟုတ္။ ပိုက္ဆံ မ်ားမ်ားရွိသူက မ်ားမ်ားထုတ္၊ နည္းနည္းရွိသူက နည္းနည္းထုတ္ၿပီး လုံးဝမရွိသူက
တစ္ျပားမွ မထုတ္ဘဲ လက္ဖက္ရည္ဖိုးကို စုေပါင္းရွင္းၾကသည့္ “ေခတ္သစ္ ျမန္မာစစ္စတမ္” ျဖစ္သည္။
ကြၽန္ေတာ္တို႔ဝိုင္းတြင္ လူရင္းအားလုံးလိုလိုမွာ ပိုက္ဆံထုတ္ၾကသည္ခ်ည္း ျဖစ္သည္။ သို႔ရာတြင္
ပိုက္ဆံထုတ္ခိုင္းဖို႔ မသင့္ေသာ ဧည့္သည္ႏွစ္ေယာက္ သုံးေယာက္ကေတာ့ အၿမဲလိုလို ပါေနသည္သာျဖစ္၏။
ကြၽန္ေတာ္ ဘဝင္ေလး ျမင့္သလိုလို ျဖစ္ေနပါသည္။ သူငယ္ခ်င္းတစ္ေယာက္ကိုေတာ့ ေန႔တိုင္း လက္ဖက္ရည္ တိုက္ႏိုင္ပါသည္ဟု ကိုယ့္ကိုယ္ကို အထင္ႀကီးေနမိျခင္း ျဖစ္၏။ ထို႔ေၾကာင့္ လက္ဖက္ရည္ဝိုင္းမ်ားတြင္ ႏွစ္က်ပ္သုံးက်ပ္ေလာက္ ထုတ္ေလ့ရွိသည္။
ကြၽန္ေတာ္တို႔ လင္မယားႏွစ္ေယာက္သည္ ညားကာစတုန္းက အေျခအေန မဆိုးလွေခ်။
တစ္လအတြက္ သတ္မွတ္ထားေသာ အသုံးစရိတ္မွာ လစဥ္လိုလို ေလးငါးဆယ္ေလာက္ ပိုေနတတ္သည္။
သူကလည္း သူ စနစ္တက်သုံးတတ္လို႔ဟု ဆိုသည္။ ကြၽန္ေတာ္ကလည္း ငါ ထိန္းသိမ္းမႈေကာင္းလို႔ပါကြာ ဟု ေျပာသည္။
ေနာက္ပိုင္းက်ေတာ့ ပိုေငြ မျပေတာ့ေခ်။ တျဖည္းျဖည္း လိုေငြသာ ျပလာခဲ့သည္။ ကေလး ရလာေသာအခါ ကုန္က်စရိတ္က ပိုတက္လာျပန္သည္။ လိုေငြ ထပ္ဆင့္၍ ျပလာသည္။ထို႔ေၾကာင့္ ကြၽန္ေတာ့္မိန္းမက အသုံးစရိတ္ကို ျပန္လည္စီစစ္ၾကည့္ရေအာင္ဟု ဆိုသည္။စာရင္းစစ္လွ်င္ ကြၽန္ေတာ္ခံရမည္ကို သိသျဖင့္ ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္ လုပ္ရင္း ေရွာင္တိမ္းေနသည္။တစ္ေန႔က်ေတာ့ သူက သူ႔ဘာသာ ျပဳလုပ္ထားေသာ စာရင္းတစ္ခုကို တင္ျပလာသည္။ ၿပီးေတာ့ လက္ဖက္ရည္စရိတ္ဆိုေသာ ေခါင္းစဥ္ကို ေထာက္ျပ၏။
ကြၽန္ေတာ္တို႔အိမ္မွာ အေမရယ္၊ ကြၽန္ေတာ္တို႔ လင္မယားရယ္ လူခံသုံးေယာက္သာ ရွိေသာ္လည္း
အေမ၏ “လက္ဖက္ရည္မိတ္ေဆြ” ေတြက မ်ားသျဖင့္ တစ္လလွ်င္ ခ်က္ႏို႔ဆီႏွစ္ပိႆာ၊ သၾကားႏွစ္ပိႆာ၊ လက္ဖက္ေျခာက္ႏွစ္ေပါင္ ကုန္သည္ဟု ဆိုသည္။ ဒါကပင္ တစ္ရာေက်ာ္ေလာက္ က်ေနသည္။ ကြၽန္ေတာ္ ၿမိဳ႕ထဲမွာေသာက္သည့္ လက္ဖက္ရည္ဖိုးက တစ္လ ခုႏွစ္ဆယ့္ငါးက်ပ္ေလာက္ ရွိသည္ဟု သူ ခန႔္မွန္း ထားသည္။ သူ ႐ုံးမွာ ေသာက္တာႏွင့္ပါဆိုလွ်င္ စုစုေပါင္း တစ္လတစ္လ လက္ဖက္ရည္ဖိုးခ်ည္း ႏွစ္ရာေက်ာ္ေလာက္ က်ေနသည္ဟု တြက္ျပ၏။
“ဒီေတာ့ အိမ္မွာ လက္ဖက္ရည္ကို ေလွ်ာ့ေဖ်ာ္ေပါ့ကြာ”
ဟု ကြၽန္ေတာ္က ဦးေအာင္ေျပာလိုက္သည္။ သူကလည္း ကြၽန္ေတာ္ ၿမိဳ႕ထဲမွာေသာက္သည့္
လက္ဖက္ရည္ဖိုးကို ေလွ်ာ့သင့္သည္ဟု ျပန္လည္ေခ်ပ၏။
ဤသို႔လွ်င္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အျငင္းပြားေနၾကတုန္း...
“ဟဲ့.... ဟဲ့.... လာၾကည့္ၾကစမ္း၊ လာၾကည့္ၾကစမ္း”
အေမက လွမ္းေခၚသည္။ ကြၽန္ေတာ္တို႔ ထြက္ၾကည့္ေသာအခါ အေမသည္ ေလးလသမီးအ႐ြယ္သူ႔ေျမးကို ခ်ီထားရင္းက ဘာေတြ သေဘာက်ေနသည္ မသိ။
“အသင္းဝင္တစ္ေယာက္ တိုးလာၿပီေဟ့”
ဟုလည္း ေျပာသည္။ ၿပီးေတာ့ ၾကည့္ၾကေနာ္ ဆိုၿပီး ပန္းကန္လုံးထဲက လက္ဖက္ရည္ကို ဇြန္းကေလးျဖင့္
ခပ္ကာ သမီးပါးစပ္ထဲ ထည့္ေပးလိုက္သည္။ သမီးသည္ ပါးစပ္ကို တပ်ပ္ပ်ပ္ျမည္ေအာင္လုပ္ရင္း
အရသာခံေနသည္။ ထို႔ေနာက္ ကြၽန္ေတာ့္ကို ရယ္ျပလိုက္ေလသည္။
ကြၽန္ေတာ္တို႔သည္ လက္ဖက္ရည္ေလာကႀကီးထဲ၌ က်င္လည္ေနၾကကုန္သတည္း။
(သဘင္မဂၢၢဇင္း၊ ဇူလိုင္၊၊ ၁၉၈၄)
Done 🍀
ReplyDelete
ReplyDelete😍😍😍ဘာဘာညာညာClickerပဲ
Done 💪
ReplyDeletedone
ReplyDeleteClicked 💫
ReplyDelete👍👍
ReplyDelete🌃
ReplyDelete