အမေပျောက်မှု

ဇာတ်ဆောင်စုံထောက်...  မစ္စတာပက်ပါး။

စတင်ပေါ်ပေါက်သည့်နှစ် ...၁၉၂၉ ခုနှစ်။

(အင်္ဂလိပ်စာရေးဆရာ ဆာဘေဆီသွန်မဆင်၏ ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပြီး ပင်တိုင်ဇာတ်ဆောင် စုံထောက်မှာ ပက်ပါးဖြစ်သည်။ ၁၉၂၉ ခုနှစ်ထုတ် ဂျွန်ကာဆယ် မဂ္ဂဇင်းတွင် ပထမဆုံး ပါဝင်ခဲ့သည်။)

စုံထောက် မစ္စတာပက်ပါး၏ အရည်အချင်းနှင့် ပတ်သက်၍ သံသယရှိသည် ဆိုလျှင် မစ္စက် ဖရေဇာ၏ အမှု၌ သူ စုံထောက်ပုံကို ကြည့်၍ ထိုသံသယတို့သည် ကျွန်တော့်ရင်ထဲတွင် ပြေပျောက်သွားပြီ ဟု ဆိုနိုင်ပါသည်။ ထိုအမှုနှင့် ပတ်သက်၍ သူ၏ ပထမကောက်ချက် ကို ပယ်ဖျက်လိုက် ရသည့်တိုင် နောက်ဆုံးတွင် ထိုအမှုကို သူ ထုတ်ဖော် ဖြေရှင်းနိုင်ခဲ့ပါသည်။

တစ်နေ့သ၌ ကျွန်တော်သည် ရုံးခန်းသို့ ရောက်သွားရာ ပက်ပါးသည် လက်နှိပ်စက်ဖြင့် ရိုက်ထားသည့် စာရွက်တစ်ရွက် ကိုဖတ်ရင်း မျက်မှောင်ကုတ်လျှက် ရှိပါသည်။ ထိုစာရွက်မှာ ပြင်သစ် သတင်းစာ တစ်စောင်တွင်ပါသည့် သတင်းတစ်ပုဒ်ကို ဘာသာ ပြန်ထားခြင်း ဖြစ်ဟန် တူပါသည်။ ထိုစာရွက် နှင့်အတူ ရှေ့တွင် အမှာစာတိုလေး တစ်စောင်ကိုလည်း တွေ့ရပါသည်။ အမှာစာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပက် အခု ကိစ္စမှာ ခင်ဗျားကိုင်ရမည့်ကိစ္စ ဖြစ်ပါသည်။ မူရင်း သတင်းကို မကြာမီ ကျွန်တော် ပို့ပေးပါမည်။ သို့ရာတွင် ပြင်သစ်ဘာသာ နှင့်ဖြစ်၍ ခင်ဗျား နားလည်ချင်မှ နားလည် ပါမည်။

ဝင်စတန်စလက်

မစ္စတာပက်ပါးကို သူ့ အပေါင်းအသင်းများက “ပက်”ဟု အတိုကောက် ခေါ်ကြောင်းကို ထိုအခါကျမှ ကျွန်တော် သိရပါသည်။ ပူးတွဲ ပေးပို့လိုက်သည့် သတင်းစာဖြတ်ပိုင်းမှာ စကော့အမျိုးသမီး တစ်ဦးဖြစ်သူ မစ္စက်ဖရေဇာ တစ်ယောက် ပါရီမြို့တွင် ထူးဆန်းစွာ ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပါသည်။ နောက်ထပ် သိရသော သတင်းများအရ အဖြစ်အပျက် အသေးစိတ်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

မစ္စက် ဖရေဇာနှင့် သမီးဖြစ်သူ မေရီတို့သည် (အီတလီပြည်) နေပယ်ကျွန်းသို့ ဆောင်းရာသီ အားလပ်ရက် ခရီးထွက်လာခဲ့ကြသည်။ ဧပြီလကုန်တွင် နေပယ်မှ ပါရီသို့ လာခဲ့ကြသည်။ မီဒီဘူတာသို့ ရောက်သည့်အခါ၌ မီးရထား အလုပ်သမား တစ်ယောက်သည် သေတ္တာကြီး တစ်လုံးကို ရထားပေါ်မှချကာ မျက်နှာပြဲပြဲ၊ မုတ်ဆိတ် နီနီနှင့် ရထားသမား တစ်ယောက်ကို ခေါ်သည်။ မြင်းရထားသမားက ထိုသေတ္တာကြီးကို မတင်နိုင်ဟု ငြင်းသည်။ မစ္စက်ဖရေဇာမှာ ပြင်သစ် စကား ကောင်းစွာတတ်သူ ဖြစ်သည့်အတွက် ထိုသေတ္တာကြီးကို တင်ဖို့ ပြောရာ နောက်ဆုံး၌ ဖရန့်ဒင်္ဂါး ဆယ်ပြားဖြင့် ဈေးတည့်ကြသည်။ ကမ်ဘုံလမ်းရှိ သူတို့တည်းနေကျ တည်းခိုရိပ်သာ တစ်ခုဖြစ်သော“သဟာယ” တည်းခိုရိပ်သာသို့ လာခဲ့ကြ၏။ ထို တည်းခို ရိပ်သာမှာ ငွေကြေးများစွာ မတတ်နိုင်သော အင်္ဂလိပ် ခရီးသည်များ မကြာခဏ တည်းခိုလေ့ ရှိသော နေရာဖြစ်သည်။ တည်းခိုရိပ်သာသို့ ရောက်သည့် အခါတွင် သေတ္တာကြီးမှာ ကြီးလွန်း သည့်အတွက် မိမိ မြင်းရထား ထိုင်ခုံမှ စပရိန်များ ပျော့ကုန်ပြီ ဖြစ်ကြောင်း အနည်းဆုံး ဆယ့်ခြောက် ဖရန့် ပေးရမည် ဖြစ်ကြောင်းဖြင့် ရထားသမားက တောင်းသည်။ မေရီ ကလည်း မပေးနိုင်ဟု အတင်း ငြင်းကာ နောက်ဆုံးတွင် ဆယ့်နှစ် ဖရန့်ပေးသည်။ ရထားသမားက အင်္ဂလိပ်များသည် ကပ်စေးနှဲကြောင်းဖြင့် တည်းခိုရိပ်သာမှအစောင့်ကို အော်ကျယ် ဟစ်ကျယ် ပြောနေသည်။ ။

မေရီသည် သူတို့ ပြောဆိုနေသည်ကို နားမထောင်တော့ဘဲ တည်းခိုရိပ်သာထဲသို့ ဝင်လာ ခဲ့ရာ ဧည့်ခန်းထိုင်ခုံတစ်လုံးပေါ်တွင် လှဲနေသော မိခင်ဖြစ်သူ မစ္စက်ဖရေဇာကို တွေ့ရ၏။ မေရီသည် တည်းခိုရိပ်သာ မှတ်ပုံတင် စာရင်းအထက်တွင် “ဒူးဟော့နန်”ဆိုသည့် နာမည်တစ်ခုကို တွေ့ရပြီး အမည်ကို ကျကျနန ရေးထားသည့်အတွက် အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကြောင်း အကဲခတ်လိုက်မိ၏။

မိမိတို့အခန်းမှာ တည်းခိုရိပ်သာ အရှေ့ပိုင်းတွင် ဖြစ်၏။ အခန်းမှာ ရှေးခပ်ကျကျအခန်း တစ်ခုဖြစ်၍ သစ်သားကုတင်တစ်လုံး၊ ကွာကျနေသော ပန်းရိုက်နံရံကပ်စက္ကူ၊ အမွှေးခပ်တုံးတုံး ကော်ဇော တစ်ချပ်တို့သာ ရှိ၏။ သို့ရာတွင် အခန်းမှာ သန့်သန့်ရှင်းရှင်းပင်။ မေရီသည် မိခင် ဖြစ်သူ မစ္စက်ဖရေဇာကို လှေခါးမှ တွဲခေါ်လာခဲ့ကာ အိပ်ယာပေါ်တွင် လှဲနေစေသည်။ မစ္စက်ဖရေဇာမှာ လွန်စွာ အားကုန်လျက် ရှိသည့်ပုံမျိုးဖြစ်၏။ တည်းခိုရိပ်သာ အလုပ်သမားသည် သေတ္တာကြီးကို မနိုင့်တစ်နိုင် ထမ်းလာကာ ကြမ်းပေါ်သို့ ချလိုက်သည်။ မစ္စက်ဖရေဇာမှာ အိပ်ယာ ပေါ်တွင် လှဲရင်း ငြီးတွား လျက်ရှိလေပြီ။ သမီးဖြစ်သူက စိုးရိမ်တကြီး မေးသည့်အခါတွင် မိမိမှာ အလွန် နေထိုင်မကောင်း ဖြစ်နေကြောင်း၊ အိပ်လိုက်လျှင် ကောင်းသွား မည်ဖြစ်ကြောင်း လေသံ သဲ့သဲ့ လေးဖြင့်ပြောသည်။ သို့ရာတွင် မစ္စက် ဖရေဇာကို ကြည့်ရသည်မှာ မျက်နှာ တစ်ခုလုံးနီရဲပြီး ရောင်အမ်းအမ်း ဖြစ်နေသည်ကို တွေ့ရ၏။ မေရီသည် ဆရာဝန် ခေါ်လျှင် ကောင်းမည်ဟု ယူဆကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

တည်းခိုရိပ်သာ အုပ်ချုပ်ရေးမှူးက မိမိတို့ တည်းခိုရိပ်သာမှာ ဆရာဝန်တစ်ဦးရှိကြောင်း၊ သူ့ အမည်မှာ ဒူးပွန့် ဖြစ်ကြောင်း၊ မိမိတို့ တည်းခိုရိပ်သာသို့ ရောက်လာသည့် အင်္ဂလိပ်ဧည့်သည်များ နေထိုင် မကောင်းဖြစ်လျှင် သူ့ကိုပင် ခေါ်လေ့ရှိကြောင်း၊ ငါးမိနစ်အတွင်း

ရောက်လာမည် ဖြစ်ကြောင်းဖြင့် ပြောသည်။ ချက်ချင်းဆိုသလိုပင် ဒေါက်တာဒူးပွန့် ရောက်လာသည်။ ပြင်သစ် ဆရာဝန်များ ထုံးစံ အတိုင်း ပုပုဝိုင်းဝိုင်း ဖြစ်ပြီး ပေါက်ပြားပုံ မုတ်ဆိတ်မွှေးကို ညှပ်ထား ၏။ မေရီက ဖြစ်ပုံပျက်ပုံကို သူ နားလည်သမျှ ပြောပြသည်။ ဆရာဝန်က မည်သို့မျှမပြောဘဲ နားထောင်နေ၏။ လူနာကို စစ်ဆေး ကြည့်ရှုပြီးနောက် ထိုင်ရာမှထ လိုက်ကာ …

“သိပ်စိုးရိမ်စရာ မရှိပါဘူး၊ ဆေးမှာလိုက်မယ်၊ မင်းဒီမှာ ထိုင် စောင့်နေ၊ ခုပြန်လာခဲ့မယ်။”

မစ္စက်ဖရေဇာမှာ အားအင်ကုန်ခမ်းလျက် ရှိချေပြီ။ အသက်ရှူနှုန်း မြန်ပြီး ကယောင်ကတမ်း ဖြစ်နေသည်။ ဆရာဝန်မှာ တော်တော်နှင့် ပေါ်မလာသေး။ ဤတွင်မေရီသည် စိုးရိမ်တကြီး ဖြစ်လာကာဆရာဝန်ခေါ်ရန် အောက်ထပ်သို့ဆင်းသည့် လှေကားထိပ်သို့ ထွက်လာ ခဲ့သည်။ ဆရာဝန်မှာ တယ်လီဖုန်းရုံထဲသို့ ဝင်၍ စကားပြောနေသဖြင့် ခေါ်၍မရ။ ဆရာဝန်သည် အရေးတကြီး ပြောနေဟန်ရှိ၏။ အုပ်ချုပ် ရေးမှူးမှာမူ တယ်လီဖုန်းရုံနားတွင် ရစ်ဝဲရစ်ဝဲလုပ်ရင်း နားထောင် နေ၏။ သူ့အမေ အရေးတကြီးမဟုတ်လျှင် အဘယ်ကြောင့် ဤမျှ ပျာယာခတ် နေကြသနည်း။ မေရီသည် ကြာရှည်အောင့်အည်း မနေနိုင်တော့။ လှေကားမှ ဆင်းလာခဲ့စဉ် တယ်လီဖုန်းရုံထဲမှ ထွက်ကာ အပေါ်သို့ တက်လာသော ဆရာဝန်နှင့် ဆုံမိကြသည်။ ဆရာဝန်သည် အိပ်ခန်းဆီသို့ တက်လာကာ …… ။

“ကလေးမကလည်း အမေနားမှာ မနေဘဲ ဘာဖြစ်လို့ ဆင်းလာ ရတာလဲ၊ ကဲ နားထောင်၊ ကျုပ်ပြောမယ်၊ သူတို့ ဆေးပို့လာရင် ကြာနေ လိမ့်မယ်၊ ဒီတော့ ကျုပ်လိုတဲ့ဆေး မင်းမြန်မြန် သွားယူချည်၊ ဟောဒီ လိပ်စာအတိုင်းသွား၊ ဟိုရောက်တော့ လိုတဲ့ဆေးကို ပေးလိမ့် မယ်။ ရရင် ချက်ချင်း ပြန်လာခဲ့၊ မင်းဖို့ ရထားအဆင်သင့် ငှားထား တယ်၊ မင်းအမေကို ကျုပ်စောင့်ကြည့် လိုက်မယ်၊ စိတ်ချသာသွားပါ။ မကြာပါဘူး၊ ချက်ချင်း ပြန်ရောက်လာမှာပါ”

သူပြောသည့်အတိုင်း လုပ်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့။ မေရီသည် လှေကားမှ ပြေးဆင်းလာကာ ရထားဖြင့် ခပ်သုတ်သုတ် လာခဲ့သည်။ နေဝင်သွားလေပြီ။ ကျဉ်းမြောင်းသော လမ်းကလေးများ အတိုင်း ခပ်သုတ်သုတ် မောင်းလာစဉ် မှောင်သည်ထက် မှောင်သွားလေပြီ။ သူပြောသည့် ဆေးဆိုင်ကို တော်တော်နှင့် မရောက်နိုင်သေး။ ရထားသည် ဆိန်းမြစ်ကို ဖြတ်ကူး လာခဲ့ကာ နောက်ရပ်ကွက် တစ်ခုမှ လမ်းကြားလေးအတိုင်း မောင်းလာခဲ့ပြန်သည်။ မေရီမှာ စိတ်ပူစပြုလာခဲ့လေပြီ။ ရထားသမားကို မေးသည့်အခါတွင် ရောက်တော့မည်ဟု ခပ်တိုတိုသာ ဖြေ၏။ တိုက်တန်းလျားကြီး တစ်ခုရှေ့သို့ ရောက်သည့် အခါတွင် ရထားသည် ထိုးရပ်လိုက်၏။ ခရီးဝေးသည့်တိုင် ရထားခက မဖြစ်စလောက်သာ ရှိသဖြင့် အံ့သြနေသည်။

မေရီသည် ငါးထပ်အထိ တက်လာကာ တိုက်ခန်းတစ်ခုရှေ့သို့ အရောက်တွင် ခေါင်းလောင်းကို နှိပ်လိုက်၏။တံခါးပွင့်လာကာ ပန်းရိုက်ဝတ်ရုံ ညဝတ်အင်္ကျီကြီးကို ဝတ်ထားသည့် အမျိုးသမီး တစ်ယောက်က သူလာမည်ကို သိပြီး သည့်နှယ် ဆီးကြိုသည်။

အမျိုးသမီးသည် မေရီကို ခပ်သေးသေး ဧည့်ခန်းတစ်ခုထဲသို့ ခေါ်သွားပြီးနောက် အေးအေးဆေးဆေး ထိုင်ခိုင်း သည်။ ဆရာဝန်မှာ မကြာမီ ပြန်ရောက်လာမည် ဖြစ်ကြောင်း၊ မစ္စက် ဖရေဇာ နေမကောင်းသည့်အတွက် သွားကြည့်သည့် အကြောင်းပြောဆိုကာ၊ ပါရီ၏ အံ့သြဖွယ်တို့ကို ပြောပြလျှက်ရှိ၏။ ထို့ပြင် မေရီ ကိုလည်း ပါရီကို အရင်က ရောက်ဖူးသလား၊ ကမ္ဘာ့မြို့တော်ကြီး ဖြစ်သည့် ပါရီကို သဘောကျသလား၊ အဝတ်အစားတွေ ဘာတွေ ဝယ်သေးသလား၊ အို……….မဝယ်ရသေးဘူးလား စသည့် လားပေါင်း များစွာ မေးနေသည်။ ထိုစဉ် တယ်လီဖုန်းလာပြန်သည်။ တယ်လီဖုန်း ဆိုသည့် အရာသည် အလွန် စိတ်ပျက်စရာကောင်း၍ အနှောင့်အယှက် ပေးသော အရာဖြစ်ကြောင်း ပြောဆိုကာ အခန်းထဲသို့ ဝင်သွားသည်။ အထဲမှ စကားပြောသံများကို တစ်ဝက်တစ်ပျက် ကြားနေရ၏။

ဘာ….ဘာ၊ ဘယ်အချိန်အထိရယ်၊ ဆယ့်တစ်နာရီ ဟုတ်လား.. ဟုတ်ပြီလေဟု ပြောပြီးနောက် အသံသည် ရပ်တန့်သွား၏။ မေရီသည် ဧည့်ခန်းတွင်ထိုင်၍ မိနစ်အတန်ကြာမျှ စောင့်နေသည်။ သို့ရာတွင်အိမ်သည်က ထွက်၍မလာသေး။ နာရီဝက်ခန့် ကြာသွားသည်။ ဧည့်ခန်းထဲမှနာရီသည် ရှစ်နာရီကို ပြနေ၏။ မိမိလက်မှနာရီကမူ ကိုးနာရီ ခွဲနေလေပြီ။ အိမ်ရှင် အမျိုးသမီးက ကြာလှချည့်။ သူ နောက်ထပ် မစောင့်နိုင်တော့။ စကားများသည့် အိမ်ရှင် အမျိုးသမီး ကိုလည်း သင်္ကာမကင်း ဖြစ်လာသည်။ မိမိသည် ထောင်ချောက်တစ်ခု အတွင်းသို့ ရောက်နေပြီလော ဟုလည်း စိုးရိမ်စပြုလာသည်။ သူသည် အိမ်ရှေ့ခန်းသို့ အသာ ထွက်လာခဲ့ကာ တံခါးကြီးကို တွန်းကြည့်လိုက် သည်။ တံခါးက သော့ပိတ်လျက်။ မိမိသည် ထောင်ချောက်ထဲသို့ ကျနေလေပြီ။

“အစ်မကြီး၊ အစ်မကြီး”

ဟု ကြောက်ကြောက်ဖြင့် လှမ်းအော်မိ သည်။ ဧည့်ခန်း တံခါးဘေးတွင် တယ်လီဖုန်း စကားပြောခန်းသို့ ဝင်သည့် တံခါးမကြီး ရှိသည်။ တံခါးကို ခေါက်ကြည့်၏။ ဘာသံမှ မကြားရ။ လက်ကိုင်ကို လှည့်ကြည့်သည်။ လက်ကိုင်ကလည်း

သော့ပိတ်လျှက်သား။ တံခါးကို တဝုန်းဝုန်း မည်အောင် ထုကြည့်သည်။

ထိုစဉ် တံခါးသည် ဗြုန်းကနဲ ပွင့်လာကာ ဒေါသအမျက် ခြောင်းခြောင်းဖြင့် ရပ်နေသော အိမ်ရှင်အမျိုးသမီးကို တွေ့လိုက် ရသည်။ သူ့ကို ပိတ်လှောင်ထားသည်လား။ မဖြစ်နိုင်။ သည်အခန်း ထဲတွင် မိမိတို့ နှစ်ယောက်ရှိသည်။ အပြင်ဘက်က တံခါးကို သူလည်းသော့ခတ် ထားဟန်မတူ။ သူလည်း သည်အိမ်ထဲမှာပင် ရှိနေသည် မဟုတ်လော။ အကယ်၍ သော့ခတ်ချင်း ခတ်သည် ဆိုလျှင်လည်း အိမ်ရှင် အမျိုးသမီးမှအပ မည်သူမျှမဖြစ်နိုင်။ ဆရာဝန် ပြန်ရောက် လာသည် ဆိုလျှင်မူ မိမိလည်း ပြန်ထွက်နိုင်တော့မည်။ အိမ်ရှင်အမျိုးသမီးသည် အိတ်ထဲသို့ နှိုက်၍ သော့ရှာနေသည်ကို မေရီ မြင်လိုက်ရ၏။ ဟုတ်သည်။ မိမိတို့နှစ်ယောက်တည်း သည်အိမ် ထဲတွင် ပိတ်မိနေကြပြီ။ သို့ရာတွင် နေပါဦး။

သူတို့ကို မည်သူကသော့ခတ်သွားသနည်း။ အဖြစ်အပျက်ကမူ တော်တော် ထူးဆန်းသည်။ အမျိုးသမီးက သော့ကို ထုတ်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။ အမျိုးသမီးက တံခါးကို ပြန်မပိတ်မီ မေရီသည် တံခါးကြားမှ အတင်းတိုး ထွက်ကာ ပြေးဆင်းလာခဲ့သည်။ နောက်မှ “မတ်မွိုင်ဇယ်” ဟု တကြော်ကြော် ခေါ်သံကို ကြားနေရသည်။

လမ်းမသို့ ပြန်ရောက်သည့်အခါတွင် အမေ့အကြောင်းကို တွေးမိကာ စိုးရိမ်လာပြန်သည်။ မိုးက တဖွဲဖွဲ ကျစ ပြုလာသည်။ ယာဉ်ရထား ဆို၍လည်း တစ်စီးမျှမမြင်။ ခြေကျင် သွားနေသည့် လမ်းသွားလမ်းလာတို့ကိုပင် တစ်ယောက်မှမတွေ့ရ။ တိတ်ဆိတ်၍ လူသူကင်းမဲ့နေသည့် လမ်းများကို တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်လာခဲ့၏။ ခဏကြာလျှင် ယာဉ်ရထားတစ်စီး မီးရောင်ကို မြင်လိုက်ရပြီး ရပ်သွားကာ ခရီးသည်များ ဆင်းနေသည်ကို မြင်ရသည်။ ရထား ပြန်ထွက်ခါနီးတွင် မေရီသည် နောက်မှ ပြေးလိုက် ကာ ရထားပေါ် အတင်းတက်လိုက်၏။ ရထားက အငှားယာဉ် ဖြစ်၏။ မေရီသည် သူ့ အငှားယာဉ်အား လိပ်စာကို ပေးလိုက်ပြီးနောက် ရထားထဲတွင် နောက်မှီကို မှီ၍ ထိုင်လိုက်သည်။ မည်မျှကြာကြာ သွားရဦးမည် မသိသေး။ လမ်းမကြီးနှစ်လမ်း၊ တံတား တစ်ခု၊ ကွန်ကော့ရပ်ကွက်၊ ကန်ဘုံလမ်း၊ ထို့နောက် ငါးမိနစ်အတွင်း မေရီသည် သူ့တည်းခိုရိပ်သာသို့ ပြန်ရောက်သွား၏။

တည်းခိုရိပ်သာ တံခါးခေါင်းလောင်းကို နှိပ်လိုက်သည်။ တည်းခို ရိပ်သာ အလုပ်သမား တစ်ယောက် ရောက်နေပြီ။ စောစောက သူ ထွက်လာစဉ်က အလုပ်သမား မရှိတော့။ အလုပ်သမားက ကိစ္စကို မေး၏။ သူက အခန်းကို ပြန်မည်ဟု ပြောသည်။ အလုပ်သမားက ဝင်ခွင့်ပြု လိုက်ပြီးနောက် သူ့ အမည်ကို မေး၏။ မေရီဖရေဇာ။ မှတ်ပုံတင်ပြီးသား ဟုတ်မဟုတ် မေး၏။

“ဟုတ်တယ်။ မှတ်ပုံတင်ပြီးသားပါ။”

“ဒါဖြင့် မှတ်ပုံတင်စာရင်းကို ကြည့်ရဦးမယ်၊ အခန်းကို သူ လိုက်ပြမယ်” ။

ဟု ဆိုသည်။ သို့ရာတွင် မှတ်ပုံတင်ထဲတွင် သူတို့သားအမိ နာမည်ကိုလည်း မတွေ့။ သူတို့ အထက်က ဒူးဟော့န့်၏ အမည်ကို လည်းမတွေ့ရ။ ထိုစဉ်က သူတို့နှင့်အတူ စာတစ်မျက်နှာ ထဲတွင် ပါရှိသော လူများ၏ အမည်ကိုလည်းမတွေ့ရ။

“ဒါဟာ သဟာယ တည်းခိုရိပ်သာ မဟုတ်လားရှင်”

“ဟုတ်ပါတယ်၊ ခင်ဗျား တည်းခိုရိပ်သာ မှားလာတယ်ထင်တယ်။”

မေရီသည် အောက်ခန်း ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။ အတူတူပင်။ မိမိ၏အခန်းမှာ ပထမထပ် အခန်းနံပါတ်လေး ဖြစ်ကြောင်း ပြောပြလိုက်၏။

အလုပ်သမားက အခန်းစာရင်းကိုလှန်ကြည့်လိုက်ရင်း

“အခန်းနံပါတ်လေးမှာ ဘယ်သူမှမရှိဘူးခင်ဗျ”

“ဒါဖြင့် အုပ်ချုပ်ရေးမှူးကို ခေါ်ပေးပါရှင်”

ထိုကိစ္စမှာ လုံးလုံးမဖြစ်နိုင်။ အချိန်မတော်ကြီး အုပ်ချုပ်ရေးမှူးကို နှိုးပေးလျှင် သူအလုပ်ပြုတ်လိမ့်မည်။ မတ်မွိုင်ဇယ်သည်တည်းခိုရိပ်သာ မှားလာဟန် တူကြောင်း တည်းခိုရိပ်သာကို လိုက်ရှာ သည်က ပိုကောင်းလိမ့်မည် ထင်ကြောင်း၊ တစ်ဖက်လမ်းမှ တည်းခို ရိပ်သာ တစ်ခုခု ဖြစ်လိမ့်မည် ထင်ကြောင်း………..။ သို့ ရာတွင် မေရီ ကလည်း အလျှော့မပေး။ အုပ်ချုပ်ရေးမှုးကို ခေါ်မပေးနိုင်လျှင် မိမိဘာသာ သွားခေါ်မည် ဖြစ်ကြောင်း၊ သို့မဟုတ်လျှင်လည်း အခန်း တိုင်းကို လျှောက်ကြည့်မည် ဖြစ်ကြောင်း ပြောပြသည်။ ထိုအခါတွင်မှ အလုပ်သမားသည် လေးတိလေးကန်ဖြင့် ထွက်ခွာသွား၏။

ထိုစဉ် အုပ်ချုပ်ရေးမှုး အမျိုးသမီးသည် ညဝတ်အင်္ကျီကြီး ဖိုးရိုး ဖားယား၊ ဆံပင်ကောက်သည့် ဆံညှပ်တွေကို တွယ်ထားလျက်ဖြင့် အပြင်သို့ ရောက်လာသည်။ ခပ်စောစောက သူတွေ့ခဲ့သည့် အုပ်ချုပ် ရေးမှူး အမျိုးသမီးပင်ဖြစ်သည်။ မျက်နှာကခပ်တင်းတင်း။ စကားပြော က ဆောင့်အင့်အင့်။

“ဘာကိစ္စလဲ”

“ရှင် ကျွန်မကိုသိပါတယ်နော်၊ ကျွန်မအမေဆီကို သွားချင်လို့ပါ။”

အုပ်ချုပ်ရေးမှူးက သူ့စကားကို နားမလည်သလို ကြည့်နေသည်။

“ရှင်းအောင်ပြောစမ်းပါ၊ ရှင့်ကိုလည်း ကျွန်မ တစ်ခါမှ မမြင်ဖူး ပါကလား”


မေရီက ရှင်းပြသည်။ ဧည့်မှတ်ပုံတင်စာရင်းကို ပြန်ကြည့်၏။ အမျိုးသမီးက သူပြောသည့် စကားကို တစ်လုံးမှ နားမလည်ကြောင်း၊ ထိုနေ့ ညနေကလည်း တည်းခိုခန်းသို့ မည်သည့်ဆရာဝန် ကိုမျှ မခေါ်ကြောင်း၊ မိမိတို့ထံ လာရောက် တည်းခိုနေသူ များထဲမှ နေထိုင် မကောင်းဖြစ်သူ ဆို၍လည်း တစ်ယောက်မျှ ရှိသည်ဟု ပြောသံ မကြား ရကြောင်း၊ သို့ရာတွင် တည်းခိုရိပ်သာ မှားလာပြီး အချိန်လင့်နေသည့်အတွက် ယခုတစ်ညကိုမူ တည်းခိုခွင့်ပြုမည် ဖြစ်ကြောင်း မနက် လင်းသည့် အခါတွင် ဗြိတိသျှ ကောင်စစ်ဝန်ရုံးသို့ သွား၍ တိုင်သင့် ကြောင်းဖြင့် ပြော၏။


သို့ဖြင့် မေရီသည် ဒုတိယအထပ်ရှိ အခန်းတစ်ခန်းကို ရသည်။ အားလုံး တိတ်ဆိတ်ငြိမ်သက် သွားသည့်အခါ၌ မေရီသည် ဖယောင်း တိုင်တစ်တိုင်ကို ကောက်ယူကာ အခန်းမှ အသာလစ်ထွက် ခဲ့ပြီးနောက် သူ့အမေကိုရှာရန် အောက်ဆုံးထပ် အခန်းနံပါတ် ၄ သို့ လာခဲ့သည်။ အခန်းနံပါတ် များကို တံခါးပေါ်တွင် ရေးထား၏။ အခန်းထဲသို့ ဝင်ကြည့်သည်။ သူတို့ နေခဲ့သည့် အခန်းမဟုတ်။ ဟောင်းနွမ်းနေသော နံရံကပ်စက္ကူပေါ်တွင် နှင်းဆီပန်းပွင့်ကြီးတွေ မရှိ။ နံရံကပ်စက္ကူများမှာ အပြာပိန်းပြောင်စက္ကူများ ဖြစ်သည်။ ကုတင်ကလည်း သစ်သားကုတင် မဟုတ်။ နောက်ဆုံးပေါ် ကြေးကုတင်ကြီး ဖြစ်သည်။ ကြမ်းခင်း ကော်ဇော ကလည်း အဟောင်းမဟုတ်။ အသစ်စက်စက်ကြီး။ မျက်နှာ သစ်ခွက်ကလည်း အပေါ်တွင် ကျောက်ဖြူသား အုပ်ထားသည့် မဟော်ဂနီ မျက်နှာသစ်ခွက်။ ပန်းကန် လက်ဖက်ရည်ကရား စသည်တို့ ကလည်းမတူ။ စားပွဲ ကုလားထိုင် တွေကလည်းမတူ။ သူတို့နေခဲ့သော အခန်း မဟုတ်သည်က သေချာသည်။


မေရီ အကြီးအကျယ်မောသွား၏။ မေရီသည် သူ့ အခန်းသို့ ပြန်လာကာ မောမောဖြင့် အိပ်ပျော်သွားသည်။ မနက်လင်းသည့်အခါ သူ့ အခန်းသို့ ကော်ဖီ ရောက်လာ၏။ အခန်းခပေးရင်း အောက်သို့ ဆင်းသည့်အခါတွင် သူ့အိတ်ထဲ၌ အကြွေ တစ်ပြားမှမရှိ။ အုပ်ချုပ် ရေးမှူး အမျိုးသမီးသည် မနေ့ညက တိုတိုတောင်းတောင်း ဆက်ဆံမိသည်ကို စိတ်မကောင်း ဖြစ်နေဟန်ရှိ၏။ ယနေ့ မနက်တွင်မူ သာသာကြည်ကြည် ယဉ်ယဉ်ကျေးကျေး။


ဆယ်နာရီခွဲတွင် မေရီသည် သူ့အဖြစ်အပျက်ကို ဗြိတိသျှ လက်ထောက် ကောင်စစ်ဝန်ကို ပြောပြလျက်ရှိ၏။ လက်ထောက်


ကောင်စစ်ဝန်ကလည်း ဘာမှမတတ်နိုင်။ အကောင်းဆုံးမှာ အင်္ဂလန် တွင်ရှိသည့် ဆွေမျိုးများကို အကြောင်းကြားပါ ဟုသာ ပြောနိုင်သည်။ လက်ထောက် ကောင်စစ်ဝန်ကို ကြည့်ရသည်မှာ သူပြောသည့်စကားကို ယုံကြည်ဟန်မရှိ။ မေရီက ကင်ဆင်တန် ရပ်ကွက်ရှိ သူ့ဦးလေး တစ်ယောက်၏ လိပ်စာကို ပေးသည်။ လက်ထောက် ကောင်စစ်ဝန်ကို သူတို့ရုံးမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် သူ့ကိုမိတ်ဆက်ပေး၏။ ထိုလူကို သူ့ဇနီးကိုခေါ်ကာ မေရီကို နေ့လည်စာစားရန် ခေါ်သွား၏။ ထိုလူမှာ ကောင်စစ်ဝန်ရုံးမှ ဆရာဝန်ဖြစ်ပြီး သူ့စိတ် မှန်မမှန်ကို အကဲခတ်ကြည့်ဟန်တူ၏။ သူ့အဖြစ်အပျက်ကို ပြန်ပြောသည့်အခါတွင် ယုံကြည်သူ ဆို၍ ဆရာဝန်ကတော် တစ်ယောက်သာ ရှိ၏။ ဆရာဝန် ကတော်က သူ့ကို လက်ထောက် ကောင်စစ်ဝန်နှင့် ထပ်အတွေ့ခိုင်းပြီး သူကိုယ်တိုင် တည်းခိုရိပ်သာသို့ လိုက်ပို့မည်ဟု ဆိုသည်။


ကောင်စစ်ဝန်က အုပ်ချုပ်ရေးမှူးကို တွေ့ပြီးနောက် အကျိုး အကြောင်းကို ရှင်းပြကာ တည်းခိုရိပ်သာ အစေခံ များကို မေးမြန်း စစ်ဆေး ကြည့်လိုကြောင်း ပြောသည်။ အုပ်ချုပ်ရေးမှူးကြီးက သက်ဆိုင်ရာ ပုလိပ်ဘက်မှ အရာရှိများပါလျှင် ခွင့်ပြုမည် ဖြစ်ကြောင်း ဖြင့် သဘောတူသည်။


မေရီက အဖြစ်အပျက်ကိုပြောပြ၏။ ပုလိပ်အရာရှိက သက်သေ နှစ်ယောက်ဖြစ်သည့် ရထားသမားနှင့် ဒေါက်တာဒူးပွန်တို့ကိုခေါ်၍စစ်ဆေးရမည် ဖြစ်ကြောင်းဖြင့် ပြောပြသည်။ ဂတ်စာရေးက တယ်လီဖုန်း သွားပြောနေစဉ် တည်းခိုရိပ်သာ အုပ်ချုပ်ရေးမှူးက လက်ထောက် ကောင်စစ်ဝန် မေးမြန်းသမျှကို ဖြေကြားလျက်ရှိ၏။ | အုပ်ချုပ်ရေးမှူးက ယခု မေရီဆိုသည့် အမျိုးသမီးကို သူ တစ်ခါမျှ မတွေ့ဘူးကြောင်း။ ယမန်နေ့ ညကြီးမိုးချုပ် ရောက်လာ သည့်အခါတွင်မှ တွေ့ဖူးခြင်း ဖြစ်ကြောင်း၊ မည်သည့်ဆရာဝန်ကိုမျှ ခေါ်ဖူးခြင်း မရှိကြောင်း။ တည်းခိုရိပ်သာတွင် နေထိုင်မကောင်းသူ ဆို၍လည်း တစ်ယောက်မျှ မရှိကြောင်းဖြင့် ပြောပြ၏။ လက်ထောက်ကောင်စစ်ဝန်သည် တည်းခိုရိပ်သာဧည့်စာရင်းကို စစ်ဆေးကြည့်နေစဉ် အခေါ်လွှတ်လိုက်သည့် ရထားသမားရောက်လာသည်။

ရထားသမားကလည်း ယခု မေရီဆိုသည့် အမျိုးသမီးကို တစ်ခါမျှ မတွေ့ဘူးကြောင်း။ သေတ္တာကြီးတစ်လုံး သူ ရထားပေါ် တင်လာသည် ဆိုသည်မှာလည်း မဟုတ်ကြောင်း၊ ယမန်နေ့က ဤ တည်းခိုရိပ်သာသို့ လည်း မည်သည့် ခရီးသည်ကိုမျှ ပို့ခဲ့ခြင်း မရှိကြောင်း။ မိမိသည် နိုင်ငံခြား ခရီးသည်များကို လိုက်ပို့လေ့ကြောင်းဖြင့် ပြောပြသည်။

ကောင်စစ်ဝန်၏ အမူအရာကို ကြည့်ရသည်မှာ မေရီသည် စိတ်ဂယောင်ချောက်ချား ဖြစ်ပြီး ပြောနေခြင်းဖြစ်သည်ဟု ထင်ပုံရ၏။ကောင်စစ်ဝန်ရုံးသို့ ရောက်သည့်အခါတွင် ထူးထူး ထွေထွေ စဉ်းစား ချိန်မရ။ လန်ဒန်သို့ ကြေးနန်းရိုက်ထားသဖြင့် သူ့ဦးလေးဖြစ်သူ ရောက်နေလေပြီ။ လန်ဒန်မြို့ ဗုံးကားရိတ်လမ်းတွင် နေထိုင်သည့် သူ့ဦးလေး မစ္စတာ အင်ဒါဆင်မှာ ကူညီရိုင်းပင်းတတ်သူ တစ်ယောက်မဟုတ်ချေ။

မစ္စတာ အင်ဒါဆင်သည် အစ်မဖြစ်သူ မစ္စက်ဖရေဇာနှင့် စကားများပြီး အခေါ်အပြော မလုပ်သည်မှာ ကြာလှပေပြီ။ ယခုကောင်စစ်ဝန်ရုံးမှ ကြေးနန်းကို ရသည့်အခါတွင် သူ မလာချင်လှ။ သို့ရာတွင် ဇနီးဖြစ်သူက ကိုယ့်တွင် ဝတ္တရားရှိသည်ဟု တိုက်တွန်း သဖြင့် လာခဲ့ရခြင်း ဖြစ်သည်။ မစ္စတာ အင်ဒါဆင်သည် လက်ထောက်ကောင်စစ်ဝန်နှင့် ခဏမျှ တွေ့ဆုံ စကားပြောဆိုပြီးနောက် မိမိတို့သည် ညနေ လေးနာရီ ရထားဖြင့် ဂါရီဖူဒေါ်သို့ လိုက်မည် ဖြစ်ကြောင်းဖြင့် ပြောဆိုခြင်းပြုသည်။ ။

သူတို့ ခရီးမှာ စိတ်ညစ်ညူးစရာ ကောင်းလှ၏။ မစ္စတာ အင်ဒါဆင်သည် သူ့အစ်မ အကြောင်းကို များများမပြော။ ရာသီဥတု အကြောင်းကိုသာ ပြောလာ၏။ မေရီကလည်း သူ ပြောသမျှကို တစ်လုံးချင်းသာ ဖြေသည်။ ဦးလေး၏ ဇနီးဖြစ်သူကမူ သူ့ကို ဖက်လှဲတကင်း ပြောသည် မှန်ပါ၏။ သို့ရာတွင် သူ့အဒေါ်ကလည်း သူ့အမေအကြောင်းကို သိပ်မပြောလှ။ ပါရီသို့ သွားသည့်အကြောင်း၊ နေပယ်သို့ သွားသည့်အကြောင်းကိုလည်း မေးမြန်းခြင်းမပြု။ ရထား ဆိုက်သည့်အခါတွင် ညဉ့်နက်လေပြီ။ ထို့ကြောင့် စကားများများ မပြောတော့ဘဲ အိပ်ရာသို့ ဝင်သွား ခဲ့ကြသည်။ မေရီမှာမူ တစ်ညလုံး အိပ်မပျော်ချေ။

များမကြာမီတွင် ထိုအဖြစ်အပျက် အသေးစိတ်ကို ကျွန်တော် သိခဲ့ရခြင်းဖြစ်သည်။ ပထမတွင် ကျွန်တော်တို့ ရသည့် သတင်းမှာ ပြင်သစ် သတင်းစာတွင်ပါသည့် သတင်းတိုကလေး တစ်ပုဒ်သာ ဖြစ်၏။ မစ္စတာ ပက်ပါးမှာ ထိုကိစ္စကို အပတ်တကုတ် စဉ်းစားလျက် ရှိ၏။ ကျွန်တော့် အမြင်မှာ ထိုကိစ္စမှာ ရှင်းရှင်းကလေးဟု မြင်သော်လည်း သူ့ကို အနှောင့်အယှက်မပေးလိုသဖြင့် အသာပင် ငြိမ်နေလိုက် ပါသည်။

ကျွန်တော့်အထင်တွင် မေရီဆိုသည့် မိန်းကလေးသည် အာရုံကြောအားနည်းကာ ကယောင်ကတန်းတွေကို လျှောက်ပြော နေသည်ဟု ထင်ပါသည်။ မေရီသည် လှေတိမေ့လျော့ ဖြစ်မည်။ ထို့ နောက် အဝတ်အစား သေတ္တာတွေ ပျောက်မည်။ ထို့နောက် သူကိုယ်တိုင် ဘယ်နေရာ တည်းခိုမှန်းမသိဘဲ ယောင်ချာချာ ဖြစ်နေလိမ့်မည်။ တည်းခိုရိပ်သာ မှားပြီး ရောက်လာခြင်း ဖြစ်ရမည်။ ယခုလောက်ဆိုလျှင် သူ့အမေကလည်း သူ့ကိုရှာနေရော့မည်။ မစ္စတာ ပက်ပါးသည် ဓာတ်ခွဲခန်းထဲမှာ စာအုပ်တစ်အုပ်ကို ယူလာ၏။ ထို စာအုပ်မှာ အမေရိကန် လျှို့ဝှက်သတင်းများ အကြောင်း ရေးထားသည့် စာအုပ်ဖြစ်သည်။ ပက်ပါးသည် တုတ်တိုသော လက်ချောင်းများဖြင့် စာရွက်များကို လှန်ကြည့်နေသည်။ ကျွန်တော်က ထိုအမှုနှင့် ပတ်သက်၍ သူ့တွင် ကောက်ချက် စွဲပြီးသားရှိပြီလောဟု မေးသည့် အခါတွင် မည်သို့မျှမပြော။ သူရှာနေသည့် စာမျက်နှာကို တွေ့သည့် အခါတွင် ဖတ်လိုက်သည်။ “ခင်ဗျား ထင်မြင်ချက်ကို အရင်သိချင်တယ် မစ္စတာ ဂျုန်း။”

ဟု ကျွန်တော့်ကို ပြော၏။

ကျွန်တော်က ကျွန်တော့်ထင်မြင်ချက်ကို ပြောသည့်အခါတွင် သူက ဟက်ခနဲ တစ်ချက် ရယ်လိုက်ပြီး ….

“မဟုတ်သေးဘူးဗျ။ ခု ကောင်းမလေး ပြောနေတာတွေဟာ အမှန်တွေ”

”ဒါဖြင့် လူသတ်မှုလို့ ခင်ဗျား ထင်တယ်ပေါ့ ။ ကောင်မလေးက သူ့အမေကို သူ ပြန်သတ်တယ်ပေါ့”

“မဟုတ်ပါဘူးဗျာ။ တောက်တီးတောက်တဲ့။”

သူ့အသံမှာ အောင်မြင်သည့်အသံ ကိုယ့်ကိုယ်ကို ယုံကြည် စိတ်ချသည့်အသံ တို့ ပါနေသည့်အတွက် အဖြေကို တွေ့ပြီး ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်၏။ မျှော်လင့်ကြီးစွာဖြင့် သူ့အဖြေကို ကျွန်တော် စောင့်စားနေသည်။

“ကောင်မလေးကို ပါရီမြို့ တစ်ဘက်ခြမ်းကိုခေါ်သွားပြီး အဲဒီမှာ နာရီပေါင်းများစွာ ပိတ်လှောင် ထားတယ်ဆိုတာ ခင်ဗျား သတိမထား မိဘူးလား။”

“သူ့ကို တစ်ခြားကို ဖယ်ထုတ်ထားတယ်ပေါ့။”

“ပြန်လာတော့ ကောင်မလေး နေတဲ့အခန်းဟာ လုံးဝပြောင်းလဲ နေတယ်ဗျ။ နံရံကပ်စက္ကူ ကလည်း အသစ်၊ စားပွဲတွေ၊ ကုလားထိုင် တွေကလည်း အသစ်၊ ကော်ဇောကလည်း အသစ်”

“ဒါဖြင့် ကောင်မလေးမရှိတုန်း အခန်းကို ပြုပြင်ပြောင်းလဲ ထားတယ်ပေါ့။ ဘာဖြစ်လို့ ဒီလို လုပ်တာလဲဗျ။ ဒီလိုလုပ်တယ်ဆိုရင် အမေကို သတ်လို့ ဖြစ်မှာပေါ့။”

သူတို့ သားအမိနှစ်ယောက်ဟာ နေပယ်ကျွန်းက ပြန်လာတယ် ဆိုတာ ခင်ဗျားသိတယ် မဟုတ်လား။”

“သိတယ်လေ။ ဒါနဲ့ ဘယ်လိုပတ်သက်လို့လဲ။”

“နေပယ်က မာဖီးယား လူဆိုးတွေ အကြောင်းကို ခင်ဗျား ကြားဖူးတယ် မဟုတ်လား။”

ထိုအခါတွင် ကျွန်တော့် ခေါင်းထဲတွင် အတွေးတစ်ခု ရေးရေး ပေါ်လာတော့သည်။

“ဒါဖြင့် မာဖီးယာဂိုဏ်းက ပြန်ပေးဆွဲတယ်လို့ ခင်ဗျား ဆိုလိုချင်တာပေါ့။”

“ဟုတ်တယ်ဗျ။ အဖွားကြီးဟာ နေပယ်မှာ ရောက်တုန်းက နိုင်ငံရေးတွေ ဘာတွေထဲမှာ ရှုပ်ရှုပ်ယှက်ယှက် လုပ်ခဲ့လိမ့်မယ်။ ဒီတွင် မာဖီးယားဂိုဏ်းက သူ့ကိုလိုက်ပြီး လုပ်ကြံလိမ့်မယ်။ ဒါကို အဖွားကြီးက သိတယ်။ ပထမ သူ့ကို ရထားပေါ်မှာ အဆိပ်ခတ် သတ်ဖို့ကြံတယ်။ စားသောက်တွေမှာရှိတဲ့ စားပွဲထိုး တစ်ယောက်က သူ့အစားအသောက် ထဲမှာ အဆိပ်မှုန့် နည်းနည်း ထည့်လိုက်တယ်။ ဒါပေမဲ့ အဖွားကြီးကလည်း အာဂအမျိုးသမီး။ အဆိပ်ကလည်း သိပ်မပြင်းတော့ ဘာမှမဖြစ်ဘူး။ မူးရုံ မော်ရုံလောက်ပဲ ဖြစ်ခဲ့တယ်။ ဒီတွင် သူတို့ ပါရီအထိ လိုက်လာပြီး သူတို့ လုပ်ငန်းကို အကောင် အထည်ဖော်တာ ဖြစ်လိမ့်မယ်။ ပထမ ဒီဂိုဏ်းဟာ တည်းခိုရိပ်သာက အုပ်ချုပ်ရေးမှူးကို ခြိမ်းခြောက်မယ်။ ရထားသမားကို ခြိမ်းခြောက်မယ်။ ပြီးတော့ သမီးလုပ်တဲ့ ကောင်မလေးကို တခြားကို ခေါ်ထုတ်မယ်။ ပြီးတော့ ပရိဘောဂ တွေကိုလည်း အသစ်လဲ ထားလိုက်တယ်။ ပြီးတော့ …

“ဒါဖြင့် ဆရာဝန်ကကော”

“ဘယ်ကလာ ဆရာဝန် ရမှာလဲဗျာ။ အဲဒီလူက ပါရီက မာဖီးယားဂိုဏ်း ခေါင်းဆောင်ဗျ။ ဒီလူ ဘယ်သူလဲဆိုတာ ကျွန်တော် ချက်ချင်း ဆွဲပြလို့ ရပါတယ်”

“ဒါဖြင့် မစ္စက်ဖရေဇာဆိုတဲ့ အဖွားကြီး သေရှာပြီပေါ့”

“သေချင်မှတော့ သေဦးမယ်။ သူ့ စာရွက်စာတမ်းတွေကို မွှေနှောက် ရှာဖွေနေတုန်းမှာ သူ့ကို ပြန်ပေးဆွဲထားတဲ့ သဘောပေါ့။ သူတို့ တောင်းတဲ့ငွေကို မပေးနိုင်ရင် အဖွားကြီးကို စိန်းမြစ်ထဲ ပစ်ချကြမှာပဲ။ မနက်ဖြန်လောက်မှာ ဖြစ်ဖြစ်၊ ကြာသပတေးနေ့ လောက်မှာ ဖြစ်ဖြစ် ကိစ္စပြတ်အောင် လုပ်လိမ့်မယ်ထင်တယ်။”

“မစ္စက်ဖရေဇာဟာ နေပယ်ကျွန်းက နိုင်ငံရေးကိစ္စတွေထဲမှာ ပါမယ်ဆိုတာ ခင်ဗျား သိလို့လား မစ္စတာ ပက်ပါး”

“ဒီလိုပဲ ပါနေကျတာပဲ မဟုတ်ဘူးလား။ တကယ်လို့ မပါဘူး ဆိုရင်လည်း မာဖီးယား ဂိုဏ်းက ပါတယ်လို့ ယူဆလို့ ဖြစ်မှာပေါ့”

“ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်ကတော့ စိတ်မချမ်းသာစရာကြီးပါဗျာ။ ဒီကိစ္စကို ခင်ဗျား ဘယ်လိုလုပ်ဖို့ စိတ်ကူးသလဲ”

“မာဖီးယားဂိုဏ်းက ကျွန်တော့်ကို အဆက်အသွယ် မလုပ်ခင် ကျွန်တော်က အဲဒီဂိုဏ်းကို အဆက်အသွယ် လုပ်ကြည့်ရမှာပေါ့။ ဒီတော့ ဒီအပတ်အတွင်းမှာ ပါရီမြို့ထဲမှာ ခင်ဗျားကို ခိုင်းစရာ ကလေး နည်းနည်း ရှိနေတယ်ဗျ။ ခင်ဗျားက ပြင်သစ်စကား ကောင်းကောင်း တတ်တယ်မဟုတ်လား”

ပက်ပါးသည် ထိုင်ရာမှထ၍ ကုတ်အင်္ကျီကို ကောက်ဝတ် လိုက်၏။ ကျွန်တော့် ခေါင်းထဲတွင်မူ ပြန်ပေးဆွဲခံရသည့် အဖွားကြီး အတွက် စိတ်မကောင်းဖြစ်ရင်း ကလပ်သို့ ထွက်လာခဲ့သည်။

ကလပ်ရှိ ဆေးလိပ်သောက်ခန်းသို့ ရောက်သည့်အခါတွင် ဂျင်မီဘွိုက် တစ်ယောက်တည်းကိုသာ တွေ့ရ၏။ ဂျင်မီက သတင်း စာကို ထိုးပြရင်းအမေရိကန်စုံထောက် ပက်ပါးနဲ့ ခင်ဗျားနဲ့ တော်တော်ရင်းနှီး တယ်လို့ ပြောတယ်။ မစ္စက်ဖရေဇာနဲ့ မာဖီးယား ဂိုဏ်းကိစ္စက ဘယ့်နှယ်လဲ့ဗျ။ သတင်းစာတွေက ရေးနေကြ ပါကလား။”

ဟု ပြောကာ တစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။ သတင်းထောက် ဆိုသည့် လူသားသည် တော်တော် နှိုက်နှိုက်ချွတ်ချွတ် လိုက်နိုင်သူများ ဖြစ်သည်။ သူတို့အနံ့ရသည်ဆိုလျှင် မည်သည့် အရာကိုမျှ အလွတ်မခံ။ သတင်းစာထဲတွင် ပါသည့်သတင်းမှာ ပြင်သစ် သတင်းစာများထဲတွင် ဖော်ပြခဲ့သည့် သတင်းကို အင်္ဂလိပ် ဘာသာဖြင့် ထပ်မံဖော်ပြထားခြင်း ဖြစ်၏။ သတင်းထဲ၌ နာမည်ကျော် အမေရိကန်စုံထောက် ပက်ပါးအား အမှုကို အပ်နှံထားကြောင်း ယခု အချိန်တွင် မစ္စတာ ပက်ပါးက လိုက်လံစုံစမ်းလျက် ရှိသဖြင့် စိတ်ဝင်စားဖွယ်အဖြစ်အပျက်များကို သိရလိမ့်မည်ဟု မျှော်လင့်ကြောင်း မစ္စက်ဖရေဇာ၏ ကိစ္စမှာ လျှို့ဝှက်ဂိုဏ်းအချို့၏ လက်ချက်ဟု ယူဆရကြောင်း အကယ်၍သာ မစ္စတာ ပက်ပါးက ထိုအမှုကို ပေါ်အောင် စုံစမ်း ထောက်လှမ်းခြင်း မပြုနိုင်တော့လျှင် နောင်တွင် အင်္ဂလိပ်ခရီးသည်များမှာ လုံခြုံမှု ရှိတော့မည် မထင်ကြောင်းဖြင့် ရေးသားထား၏။

ဂျင်မီက …

“မစ္စက် ဖရေဇာ ဆိုတာ ဘယ်သူလဲဆိုတာ ကျွန်တော် သိချင်တယ်ဗျာ။ အမည်ကတော့ သာမန် မှည်ရိုးမှည့်စဉ် နာမည်ပါပဲ။ ကျွန်တော် လူပျိုတုန်းက ဒီနာမည်မျိုးနဲ့ သားအမိနှစ်ယောက် တွေ့ခဲ့ဖူး သေးတယ်။ သူတို့က ဟန့်စတတ်နယ်မှာ နေတာဗျ။ နိုင်ငံခြားတို့ ဘာတို့ကိုတော့ သိပ် ခရီးထွက်လေ့ မရှိပါဘူး။ သူတို့ကတော့လူကောင်း တွေပါဗျာ။ ဘုရား သိကြားမလို့ သူတို့တော့ မဖြစ်ပါစေနဲ့လို ဆုတောင်းရတာပဲ။”

ကျွန်တော်ကမူ သူတို့အကြောင်းကို ဘာမျှ မသိသေးကြောင်း၊ မည်သည့်နေရာတွင် နေသည်ဟု မသိကြောင်းလည်း ပြောပြ၏။

“ပက်ပါးဆိုတဲ့ လူကတော့ မကြာခဏ သတင်းစာထဲကို ပါတတ် တာပဲဗျ။ ဒီတော့”

ထိုစဉ် ကလပ်စားပွဲထိုး တစ်ယောက်ဝင်လာကာ ဂျင်မီအား နှုတ်ဆက်ပြီးနောက်… “ဆရာ့ဆီကို တယ်လီဖုန်းလာနေတယ်” ဟု လာပြောသည်။ ဂျင်မီသည် ထသွားပြီးနောက် ခဏကြာလျှင် စိတ်တုန်လှုပ် ချောက်ချားစွာဖြင့် ပြန်လာပြီး

“မစ္စတာဂျုံးရေ တော်တော် ထူးဆန်းတာပဲဗျို၊ ကျွန်တော့်ကို တယ်လီဖုန်း ခေါ်တာ ဘယ်သူ လို့ထင်သလဲဟင်၊ မေရီဖရေဇာဗျ။ ကင်ဆီတန်ကို ချက်ချင်းလာခဲ့ပါလို့ ကျွန်တော့်ဆီကို ဖုန်းဆက် တယ်ဗျ။ ခင်ဗျား နေ့လည်စာ စားပြီးပြီလား၊ ကျွန်တော်နဲ့ လိုက်ခဲ့ စေချင်တယ်ဗျာ။ သူ့ကို ကူညီနိုင်မယ့် လူရှိရင်လည်း ပါရီကို အမြန် ဆုံး လွှတ်ပေးစမ်းပါတဲ့။”

ကျွန်တော့်မှာ နေ့လည်စာ မစားရသေးပါ။ သူလည်း စားရသေး ဟန်မတူပါ။ သို့ရာတွင် ကျွန်တော်တို့ နှစ်ယောက်စလုံး နေ့လည်စာကို မစားနိုင်ကြတော့။ လမ်းတွင် သူက မေရီဖရေဇာမှာ သူတို့ဦးလေး၏ အိမ်တွင် မျက်နှာငယ်ငယ်ဖြင့် နေရကြောင်း၊ သူ့ကို အားလုံးကစိတ်ကယောင်ချောက်ချား ဖြစ်နေသည်ဟု သတ်မှတ်ထားကြကြောင်း ဖြင့် ပြောပြပါသည်။ ။

ကျွန်တော်တို့ ရောက်သွားသည့်အခါတွင် မေရီဖရေဇာမှာ နေ့လည်စာ စားလျှက်ရှိ၏။ သို့ရာတွင် ကျွန်တော်တို့ အသံကို ကြားသည်နှင့် ထမင်းစားခန်းထဲမှ ချက်ချင်း ထွက်လာသည်။ မေရီမှာ ရုပ်ချောချော၊ သေးသေးသွယ်သွယ် ဖြစ်၍ အသက်နှစ်ဆယ့်ငါး နှစ်ခန့်ရှိလေပြီ။ သူ့ကို ကြည့်ရသည်မှာ အတော် စိတ်ချောက်ချား နေဟန်ရှိ၏။

ခဏကြာလျှင် မေရီဖရေဇာသည် အဖြစ်အပျက်ကို သူကိုယ်တိုင် ပြောပြ၏။ ဂျင်မီသည် ကျွန်တော့် အကြောင်းကို မည်သို့ ပြောထား သည်မသိ၊ မေရီကမူ ကျွန်တော့ကို စုံထောက်တစ်ယောက် ကဲ့သို့ ဆက်ဆံသည်ကို တွေ့ရ၏။

သူ့စကားကို နားထောင်ပြီးသည့် အခါတွင် ပက်ပါးပြောသကဲ့သို့ မေရီသည် ကယောင် ချောက်ချားပြောနေခြင်း မဟုတ်ပဲ အမှန်ကို ပြောနေကြောင်း ကျွန်တော် သိလိုက်ပါသည်။

‘မေရီ သဘောတူတယ်ဆိုရင် ဟောဒီက မစ္စတာဂျုံးက နောက် သင်္ဘောနဲ့ ပြင်သစ်ကို လိုက်သွားမှာပဲ”

ဟု ဂျင်မီက ပြောလိုက်သည့်အခါတွင် ကျွန်တော်ကိုယ်တိုင် မှာလည်း အံ့အားသင့်သွားပါသည်။ ပက်ပါးကို မတိုင်ပင်ပဲ ကျွန်တော် ဘာမှ လုပ်၍မရပါ။

ဂျင်မီက

“ကျွန်တော်က ပြင်သစ်စကားလည်း ကောင်းကောင်းမတတ်ဘူး၊ ပြီးတော့ မနက်ဖြန်မှာလည်း အမှုတစ်ခုကို လိုက်စရာ ရှိသေးတယ်၊နို့မို့ရင် ကျွန်တော်ကိုယ်တိုင် လိုက်ပါတယ်။ သတင်းစာတွေ ရေးတဲ့ အတိုင်း ဆိုရင်တော့ ခင်ဗျားနဲ့ ပက်ပါးကလည်း အမှုအကြောင်းကို သိသင့်သလောက် သိနေပြီ မဟုတ်လား။ ဒီတော့ ပူပူနွေးနွေး ရှိတုန်း မှာ ခင်ဗျားတို့နှစ်ယောက် လိုက်နိုင်ရင် ပိုကောင်းတာပေါ့။ အဖြစ် အပျက်ကို မေရီပြောနေတုန်းမှာ နာမည်တွေကိုလည်း ရေးမှတ်ထား လိုက်တယ် မဟုတ်လား။ ဘယ့်နှယ်လဲ၊ ခင်ဗျားလိုက်မယ် မဟုတ် လား”

ကျွန်တော် နာရီကို ကြည့်လိုက်သည်။ ယခုလိုက်သွားလျှင် လေးနာရီ ရထားကို မီနိုင်သေးသည်။ ရုံးချုပ်ရှိ ကျွန်တော့်အထက်မှ လူကြီးကလည်း ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်ကို ပါရီသို့ စီစဉ်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်သည် ကလပ်သို့ ပြန်လာကာ ပါရီသို့ တစ်ရက်နှစ်ရက် သွားဦးမည်ဖြစ်ကြောင်း၊ ပါရီသို့ ရောက်နေသည့်အတွင်း မျက်စိနား တို့ကို ဖွင့်ထားမည် ဖြစ်ကြောင်းဖြင့် ပက်ပါးထံ စာတစ်စောင် ကောက် ခြစ်ပစ်ခဲ့၏။ အရေးရှိလျှင် ဆက်သွယ်ရန်အတွက် ကျွန်တော့်ပါရီ လိပ် စာကိုလည်း ပေးပစ်ခဲ့၏။

လမ်းတစ်လျှောက်တွင် ကျွန်တော်သည် အမှုအကြောင်းကိုသာ စဉ်းစားခဲ့သည်။ ပက်ပါး တွေးထားသည့်အတိုင်း သမီးကို တစ်ခြားသို့ လွှတ်ထားပြီး အမေကိုခေါ်သွားကြခြင်းဖြစ်ကြောင်း၊ သူတို့ တည်းသည့် တည်းခိုရိပ်သာ အခန်းများကို အသစ်ပြင်ဆင် မွမ်းမံထားကြောင်း ဖြစ်သည် ဆိုသည့် ပက်ပါး၏ ကောက်ချက်သည် ရုတ်တရက် ကြည့်လျှင် အတွေးခေါင်သည်ဟု ထင်ရသည့်တိုင်အောင် အချက် အလက်များက ထိုကောက်ချက်ကို အတည်ပြုသကဲ့သို့ ရှိနေကြောင်းတွေ့ရ၏။ သို့ရာတွင် ဧည့်တည်းခိုရိပ်သာ မှတ်ပုံတင် စာအုပ်မှ စာရွက်ကိုမူ မည်သည့်အကြောင်းဖြင့် ဆုတ်ထားရသနည်း။

ပါရီသို့ ရောက်လျှင် ကျွန်တော်သည် ဘူတာရုံမှနေ၍ သဟာယ တည်းခိုခန်းသို့ တန်းလာခဲ့သည်။ တည်းခိုရိပ်သာသို့ ရောက်သည့် အခါတွင် ကျွန်တော့်ကို အုပ်ချုပ်ရေးမှူး အမျိုးသမီးက ဆီးကြို၏။ အမျိုးသမီးကို ကြည့်ရသည်မှာ တော်တော်တန်တန် ခြိမ်းခြောက်၍ ကြောက်မည့်အစားထဲက မဟုတ်ဟု ကျွန်တော် အကဲခတ်လိုက်သည်။

ကျွန်တော်သည် ဒုတိယအထပ်ရှိ နောက်ကျောဘက်မှ အခန်း တစ်ခန်းကို ရလိုက်၏။ မနက် ကိုးနာရီထိုးသည့်အခါတွင် အောက်ထပ်သို့ ဆင်းလာကာ ကျွန်တော်သည် စာပေသမား ဖြစ်ကြောင်း၊ ဆရာဝန်၏ အကြံပေးချက်အရ ကျန်းမာရေးအတွက် ခရီး ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ တည်းခို ရိပ်သာတိုင်းတွင် အောက်ထပ် ရှေ့ခန်းကိုသာ ငှားနေခဲ့ကြောင်း၊ ယခု ဤတည်းခိုရိပ်သာ တွင်လည်း အောက်ထပ်ရှေ့ခန်းတစ်ခန်းကို လိုချင်ကြောင်း၊ အခန်းခပိုပေးရမည် ဆိုလျှင်လည်း အကြောင်းမဟုတ်ကြောင်းဖြင့် ပြော၏။ အမျိုးသမီးက ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်သည့်တိုင် ကျွန်တော် လိုချင်သည့် အခန်းကိုမူ မပေးပါ။ အခန်းများမှာ ငှားပြီးနေသဖြင့် ထိုလူများကို အခြားသို့ ပြောင်းရွှေ့ ပေးရမည်ဆိုလျှင် မဖြစ်နိုင်ကြောင်း ပြောပြ၏။ တည်းခိုရိပ်သာ အထပ်တိုင်းရှိ မျက်နှာစာအခန်းများ မှာလူပြည့်နေပြီ။ ကျွန်တော်ကလည်း အလျော့မပေးပါ။ တည်းခိုရိပ်သာကို ကျွန်တော် သဘောကျကြောင်း၊ သို့ရာတွင် နောက်ကျောဘက်မှ အခန်းများကိုမူ မလိုချင်ကြောင်း ကျွန်တော်သည် ပြင်သစ်ပြည် ခရီးသွားအတွေ့ အကြုံများကို အင်္ဂလိပ် သတင်းစာများတွင် ဆောင်းပါးရေးမည်ဖြစ်ရာ အကယ်၍ ကျွန်တော်လိုချင်သည့် အခန်းမျိုးကိုရလျှင် တည်းခိုရိပ်သာ ၏အမည်ကို ကျွန်တော့် ဆောင်းပါးများထဲတွင် ထည့်ပေးမည် ဖြစ်ကြောင်း ယခုအတိုင်းဆိုလျှင်မူ…… ။

“ဘုရားရေ…ရှင်က စာရေးဆရာလား။ ဒီလိုဆိုရင် အခန်းသစ် တစ်ခန်းတော့ ရှိတယ်ရှင့်၊ အခန်းမှာ ဆေးပြန်သုတ်ထားတာ၊ လူတောင် မနေရသေးဘူး၊ အဲဒီအခန်းကို ကြည့်မလား”

မစ္စက်ဖရေဇာ နေသွားသည့်အခန်းကို မြင်လိုက်ရသည့်အခါတွင် ကျွန်တော် ဝမ်းသာသည်မှာ ဆိုဖွယ်ရာမရှိတော့ပြီ။ သို့ရာတွင် ကျွန်တော်သည် ကျွန်တော့ခံစားချက် မပေါ်အောင် မနည်းဖုံးကွယ် ထားလိုက်ရ၏။ အခန်းမှာ မေရီဖရေဇာ ပြောလိုက်သည့်အတိုင်း တစ်ထေရာတည်း ဖြစ်နေသည်။ ကျွန်တော့် ပစ္စည်းများကို အောက်ထပ် သို့ ချလာခဲ့ပြီးနောက် အခန်းတံခါးကို သော့ချ၍ ပိတ်လိုက်သည်။ ပထမဆုံး ကျွန်တော်လုပ်ရမည့် အလုပ်မှာ ပရိဘောဂအသစ်များကို မည်သူက အရေးတကြီး ရွှေ့ ပေးသနည်း ဆိုသည့်ကိစ္စကို စုံစမ်းရန် ဖြစ်သည်။ ပရိဘောဂများတွင် တိုက်ဆိုင်၏အမည် မပါချေ။ သို့ရာတွင် ကော်ဇောကို လှန်ကြည့်လိုက်သည့်အခါ စုတ်ပြတ်နေသည့် ပြေစာ စာရွက် တစ်ပိုင်းတစ်စကို ကံအားလျော်စွာ သွားတွေ့သည်။ ပြေစာ စာရွက်ပေါ်တွင် အောက်ပါအတိုင်း တွေ့ရသည်။

ယန်း စိန့် ဂျက်လမ်းမကြီး၊ ပါရီ။ အမှုနှင့်ပတ်သက်၍ ကျွန်တော့် ထောက်ခံချက်မှာ ပို၍ ခိုင်မာ သွားလေပြီ။ မစ္စက်ဖရေဇာကို ပြန်ပေးဆွဲသွားခြင်းမှာ လျှို့ဝှက် ဂိုဏ်းများ လက်ချက်ထက် အခြားအကြောင်း များလည်း ရှိနိုင်သေးကြောင်း တွေ့ လာရ၏။ ထို့ပြင် နေပယ်မှလာသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်သည့် အခါတွင်လည်း နောက်ထပ် သဲလွန်စ တွေ့လာရ ပြန်သည်။ အကယ်၍ ကျွန်တော် တွေးသည့်အတိုင်း မှန်ခဲ့လျှင် ဤသည်မှာ ပက်ပါး၏ ပထမ တွေးလုံးကြောင့် ဖြစ်ပါသည်။

ကျွန်တော်သည် ကော်ဇောအောက်မှ တွေ့ရသည့် ပြေစာစာရွက်အတိုင်းလိုက်ပြီး၊ နံပါတ် ၃၊၁၃၊ ၂၃ စသည်တို့ကို လိုက်ကြည့်ပါသည်။ သို့ရာတွင် (ယန်း)အမည်ဖြင့် အဆုံးသတ်သည့် ဆိုင်နာမည်ဆို၍ တစ်ခုမှမတွေ့ပါ။ နောက်ဆုံး နံပါတ် ၃၃ ရောက်သည့် အခါတွင်မူ ဆိုင်ပြတင်းတွင် ဂရော့ယန်း” ဟူသောအမည်ကို ရွှေစာလုံးဖြင့် ထိုးထားသည့် ဆိုင်တစ်ဆိုင်ကို သွားတွေ့ပါသည်။ ထိုဆိုင်မှာ နံရံကပ်သည့်ဆိုင် ဖြစ်ပါသည်။ ။

ကျွန်တော်သည် ဆိုင်ထဲသို့ ခပ်တည်တည် ဝင်လာခဲ့ကာ နံရံကပ စက္ကူဒီဇိုင်းများကို အပြခိုင်းပါသည်။ ဆိုင်ထိုင်က ကျွန်တော့်ကို နံရံကပ်စက္ကူ ပုံစံတစ်ရာလောက် ပြပါသည်။ သို့ရာတွင် ကျွန်တော့် စိတ်တိုင်းကျ တစ်ခုမျှမတွေ့ပါ။ ကျွန်တော် လိုချင်သော အပြာရောင် မျိုးကို မတွေ့ဟု ကွန်တော်ကပြောပြီး မန်နေဂျာကို တွေ့ချင်သည်ဟု ကျွန်တော်က ပြောပါသည်။ မန်နေဂျာမှာ ဆိုင်နောက်ခန်းထဲတွင်ရှိရာ ကျွန်တော်က တွေ့ချင်သည့်အခါတွင် စိတ်မပါ့တပါဖြင့် ထွက်လာ ပါသည်။ ။

“ကျွန်တော်လိုချင်တဲ့ ဒီဇိုင်းတွေကို ခင်ဗျားတို့ မပြသေးဘူးဗျ။”

“ဒါအကုန်ပဲခင်ဗျ၊ ဒီပြင်တော့ မရှိတော့ဘူး”

“ကျွန်တော် လိုချင်တဲ့ဒီဇိုင်းမျိုးက သဟာယဟိုတယ် ပထမထပ်က ရှေ့ခန်းတစ်ခန်းမှာ ခင်ဗျားတို့ကပ်ပေးလိုက်တဲ့ ဒီဇိုင်းမျိုးဗျာ၊ လွန်ခဲ့တဲ့ ကြာသပတေးနေ့က တည်းခိုခန်းရိပ်သာက စပါယ်ရှယ်အော်ဒါပေးလို့ နှစ်နာရီလောက် အတွင်းမှာ ခင်ဗျားတို့ ကပ်ပေး ခဲ့တယ်လေ။ မှတ်မိ တယ် မဟုတ်လား။”

မန်နေဂျာ၏ မျက်နှာထား ရုတ်တရက် ပြောင်းသွားသည့် အတွက် ကျွန်တော် ဝမ်းသာသွားသည်။ သူနှင့် စတွေ့လိုက်ရစဉ် မန်နေဂျာ သည် အလွန်သဘောကောင်းသည့် နံရံကပ်စက္ကူဆိုင်ပိုင်ရှင် ပြင်သစ် တစ်ယောက်ဖြစ်၏။ သို့ရာတွင် ကျွန်တော်နှင့် စကားပြောပြီးသည့် အခါတွင်မူ ထိုအမူအရာသည် ရုတ်တရက်ပင် ပြောင်းသွားခဲ့လေပြီ။ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ အောင့်အည်း ထားရသည့်ဒေါသ စသည် တို့သည် သူ့မျက်နှာပေါ်တွင် အထင်းသား ပေါ်လာကြသည်။ ထိုလူသည် ကျွန်တော့်ကို စကားတစ်လုံးမှ ပြန်မပြောနိုင်တော့ဘဲ အံကြီး တကြိတ်ကြိတ်ဖြင့် ကြည့်နေသည်ကို တွေ့ရ၏။

“ဘာလဲ အကုန် ရောင်းပစ်လိုက်ပြီလား၊ ဒီလိုဆိုရင်လည်း ရပါ တယ်ဗျာ၊ နေပါစေတော့” ဟုဆိုကာ ကျွန်တော် ထွက်လာခဲ့သည်။

ကျွန်တော်သည် နောက်တစ်နေရာသို့ ထွက်လာခဲ့၏။ နံရံကပ်စက္ကူဆိုင် ပိုင်ရှင်မှာမူ တယ်လီဖုန်းတစ်လုံးဖြင့် အလုပ်များ နေပေလိမ့်မည်။

အာရွန်ဒီဆေးရပ်ကွက်ရှိ ဂတ်တဲတွင် တာဝန်ကျနေသည့် ပုလိပ် အရာရှိသည် ယဉ်ကျေးဖော်ရွေသည့်တိုင် ရာဇဝတ်ဝန်နှင့် တွေ့ချင် သည်ဟု ကျွန်တော် ပြောသည့်အခါတွင် များစွာ နှစ်သက်ပုံမရချေ။

ကျွန်တော်ကလည်း အလျှော့မပေးပါ။ ကျွန်တော်သည် လန်ဒန်တိုင်း သတင်းစာကြီးမှ သတင်းထောက်ဖြစ်ပြီး မစ္စက်ဖရေဇာ၏ အမှုကို လာရောက်စုံစမ်းခြင်း ဖြစ်ကြောင်း ပြောပြပါသည်။ ထိုအခါတွင်မှ ပုလိပ် အရာရှိသည် ကျွန်တော့်ကို ရာဇဝတ်ဝန်ရုံးခန်းသို့ ခေါ်သွား၏။ ရာဇဝတ်ဝန်မင်းမှာလည်း ကျွန်တော့်ကို သင်္ကာမကင်း ဖြစ်နေပုံရပြီး ခပ်တိုတို ခပ်ပြတ်ပြတ်ပင် ဆက်ဆံ၏။

‘ရာဇဝတ်ဝန်မင်းကို ကျွန်တော် တစ်ခု မေးပါရစေခင်ဗျာ၊ တည်းခိုရိပ်သာတစ်ခုက စာမှတ်ပုံတင် စာရင်းတစ်ရွက်ကို ဆုတ်ဖြဲ ဖျောက်ဖျက်ပစ်တာဟာ ရာဇဝတ်မှု မသက်ရောက်ပေဘူးလား”

“ခင်ဗျား ပြောစရာရှိတာကို ပြောပါလေ၊ ကျုပ် နားထောင် နေပါတယ်“

“ကျွန်တော်ကတော့ ရာဇဝတ်မှုတစ်ခုလို့ မြင်တယ်ဗျ၊ ခု ကျွန်တော် လာတဲ့ကိစ္စက သဟာယဟိုတယ် အုပ်ချုပ်ရေးဆိုင်ရာတွေက အင်္ဂလိပ်အမျိုးသမီး မစ္စက်ဖရေဇာနဲ့ မေရီဖရေဇာဆိုတဲ့ အင်္ဂလိပ် အမျိုးသမီးနှစ်ယောက်ရဲ့ အမည်ကို စာရင်းက ဖျောက်ဖျက်ပစ်တဲ့ ကိစ္စကို စုံစမ်းဖို့ လာတာပဲ”


ရာဇဝတ်ဝန်၏ မျက်နှာမှာ မသာယာဖြစ်လျှက်ရှိ၏။ ကျွန်တော့်ကို ဘာမှ ပြန်မပြောဘဲ နှုတ်ခမ်းကို ကိုက်နေသည်။

“ဒီလို ဆိုရင်လည်း ကိစ္စမရှိပါဘူး၊ မပြောဘဲ နေလို့ ရပါတယ်။ ဟုဆိုကာ ပြန်ထွက်မည်ပြုလိုက်သည်။ အပေါက်ဝသို့ ရောက်မှ သူ့ဘက်သို့ လှည့်လိုက်ပြီး

“ကျွန်တော့်လို လန်ဒန်တိုင်း သတင်းထောက် တစ်ယောက်အဖို့ ဒီလောက်သိရပြီ ဆိုရင်လည်း ကျေနပ်ပါတယ်၊ ပါရီပုလိပ်အဖွဲ့ အကြောင်းကို ဟုတ်တိုင်းမှန်ရာ ရေးလိုက်ရုံပေါ့ မဟုတ်ဘူးလား၊ ကုန်စည်ပြပွဲကြီး လုပ်လုနီးမှာ ပုလိပ်ရောဂါ ဖြစ်နေတယ်လို့ ရေးလိုက် ရုံပေါ့”

ကျွန်တော်သည် တည်းခိုရိပ်သာသို့ ပြန်လာခဲ့သည်။ ယခု လောလောဆယ်တွင်မူ ကျွန်တော့အတွက် ဘာမျှ လုပ်စရာ မရှိတော့။ စောင့်စရာ ရှိသည်ကို စောင့်ရုံမျှသာ ကျန်တော့သည်။ ယခုအချိန် ဆိုလျှင် သက်ဆိုင်သူတို့၏ တယ်လီဖုန်းများသည် အလုပ်များနေ ကြပေလိမ့်မည်။ အုပ်ချုပ်ရေးမှူး အမျိုးသမီး၏ မျက်လုံးတို့မှာ ဒေါသဖုံးလျှက် ရှိကြ၏။ သို့ရာတွင် ကျွန်တော့်ကိုမူ ကြာကြာ မျက်နှာ ချင်းမဆိုင်ပါ။ ကျွန်တော်သည် တည်းခိုရိပ်သာစောင့်ကို ကျွန်တော့် လိပ်စာကတ်ပြား ပေးခဲ့ပြီး ဧည့်သည် တစ်ယောက် လာလျှင် ကျွန်တော့်ကို အကြောင်းကြားရန် မှာခဲ့ကာ အရက်ခန်းထဲတွင် ထိုင်စောင့်နေသည်။ ကြာကြာ မစောင့်လိုက်ရပါ။ ခဏကြာလျှင် အုပ်ချုပ်ရေးမှူး အမျိုးသမီး ကိုယ်တိုင် ပေါက်လာကာ ကျွန်တော့်ကို တွေ့လိုသည့် ဧည့်သည် ရောက်နေကြောင်း လာပြောသည်။ ကျွန်တော့် ဧည့်သည်မှာ ပြည်ထဲရေးဝန်ကြီးဌာနမှ မွန်ဆီယာဗွန်ရှန့် ဆိုသူဖြစ်၏။ စကားပြော ဖေါ်ရွေချိုသာသည့် လူတစ်ယောက် ဖြစ်ပြီး ပိုးဦးထုပ် တစ်လုံးကို ဆောင်းကာ ဖရော့ကုတ်အင်္ကျီကို ဝတ်ထား၏။ “မစ္စတာဂျုန်းနော်။ တွေ့ရတာ ဝမ်းသာလိုက်တာဗျာ”

မွန်ဆီယာ ဘွန့်ရှန့်သည် အခန်းထဲမှ ထွက်သွားသော အုပ်ချုပ် ရေးမှူး အမျိုးသမီးကို သေချာစွာ ကြည့်နေသည်။ သူထွက်သွားသည့်အခါတွင်မှ တံခါးကို သေချာစွာပြန်ပိတ်လိုက်၏။ ကျွန်တော်က သူ့ကို ကုလားထိုင်တစ်လုံး ထိုးပေးပြီး အထိုင်ခိုင်းပါသည်။

“ကျွန်တော့်ကို ခင်ဗျားနဲ့ တွေ့ဖို့ ဝန်ကြီးကိုယ်တိုင်က ခိုင်းလိုက် တာခင်ဗျ၊ အမှန်ကတော့ ဝန်ကြီးကိုယ်တိုင် လာမလို့ပါပဲ၊ ဒါပေမဲ့ သမတအိမ်တော်ကို ခေါ်တာနဲ့ သွားနေရလို့ ကိုယ်တိုင် မလာနိုင် တာပါ။ ခုကိစ္စက အရေးကြီးတဲ့ ကိစ္စဖြစ်လို့ ကျွန်တော့်ကို ချက်ချင်း လွှတ်လိုက်တာပါ။ ခုကိစ္စမှာ သူ့လက်အောက် ပုလိပ်အရာရှိအချို့ဟာ တာဝန်မကင်း ဖြစ်နေတဲ့အတွက် အခုလို ကျွန်တော့်ကို လွှတ်လိုက် တာပါ။ ပြဿနာကို ဒီလို ဖြေရှင်းတာမျိုးကို သူလည်း မကြိုက်ပါဘူး၊ လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်က မိတ်ဆွေကြီးတို့ အင်္ဂလိပ် အမျိုးသမီးနဲ့ သူ့သမီးတစ်ယောက် ပါရီကို ရောက်လာတယ်တဲ့၊ တည်းခိုရိပ်သာမှာ နေမကောင်းဖြစ်လို့ ဆရာဝန်ကို ခေါ်တယ်တဲ့။ ဆရာဝန်က စစ်ကြည့်တဲ့ အခါကျတော့ အမျိုးသမီးက နေပယ်ကျွန်း ကနေပြီး အကျိတ် ပုလိပ်ရောဂါ ကူးလာတာကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဆရာဝန်က ပုလိပ်ကို အကြောင်းကြားတော့ ပုလိပ်ကလည်း လန့်ဖျပ်ပြီး ဆေးရုံကို ပို့လိုက်တယ်တဲ့။ အမှန်ကတော့ ပုလိပ်အနေနဲ့ အမျိုးသမီးရဲ့ သမီးကို အကြောင်းကြားရမယ်။ ဒါပေမဲ့ ဘယ်ကိုမှ အကြောင်း မကြားတော့ပဲ အမျိုးသမီးရဲ့ သမီးကို တစ်နေရာကိုပို့ ထားလိုက်ပြီး သူ့ကိုတော့ ဆေးရုံကို တင်လိုက်တယ်။ ဆေးရုံ ရောက်တော့ အဲဒီညမှာပဲ အမျိုးသမီးကြီး သေသွားတယ်။ ပုလိပ် အနေနဲ့ အမျိုးသမီးကို အမှန်အတိုင်း ဖွင့်မပြောတော့ ဖုံးကွယ်ထား သလို ဖြစ်နေတာပေါ့။ ဒါကြောင့်မို့ သက်ဆိုင်ရာ အရာရှိတွေကို ဆိုင်ရာက အရေးယူဖို့ စီစဉ်နေပြီလို့ ကျွန်တော့်ကို အပြောခိုင်းလိုက် ပါတယ်”

“ခင်ဗျားကတော့ သေသူ အမျိုးသမီးကြီးရဲ့ ဆွေမျိုးသားချင်း မဟုတ်လား၊ ပြီးတော့လန်ဒန် သတင်းစာလောက က လူ ဖြစ်နေတော့ ကျွန်တော်တို့ အဖို့ ခက်နေတာပေါ့။ ခုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ကျေနပ်ဖို့ ဝန်ကြီးက တောင်းပန်ခိုင်း လိုက်ပါတယ်။ အမျိုးသမီးကိုတော့ ပယ်ရီလာချေ သုဿာန်မှာ ကောင်းမွန်စွာ သဂြိုဟ် ပြီးပါပြီ၊ ဟောဒီမှာ သေစာရင်းလက်မှတ်နဲ့ အမှတ်အသား နံပါတ်ကို ဝန်ကြီးက အပို့ခိုင်းလိုက်ပါတယ်။ ဆွေမျိုးများကိုယ်စား လူကြီးမင်းက လက်ခံပေး စေချင်ပါတယ်တဲ့။ တကယ်လို့ အခြား အစီအစဉ် တစ်ခုခု လုပ်ချင်တယ် ဆိုရင်လည်း ပြောပါတဲ့။ လုပ်ပေးပါမယ်တဲ့။ အဲ ဝန်ကြီးက တောင်းပန်ချင်တာ တစ်ခုရှိပါတယ်တဲ့။ အဲဒါကတော့ ဒီကိစ္စဟာမတော်မဆ ဖြစ်သွားတဲ့အတွက် ဒီအကြောင်းကို သတင်းစာတွေ ထဲမှာတော့ မပါစေချင်ပါဘူးတဲ့။ မပါအောင် လုပ်ပေးပါလို့ မှာလိုက်ပါတယ်။ အထူးသဖြင့် ပါရီမှာ ကုန်စည်ပြ ပွဲကြီး လုပ်လုနီးမှာ ခုလို ပုလိပ်ရောဂါဖြစ်တယ် ဆိုတဲ့ သတင်းကို တတ်နိုင်သမျှ ဖုံးဖိထား စေချင်ပါတယ်။ ဒီတော့ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် စိတ်ချပါရစေ”

အရာရှိက ကျွန်တော့်ကို ယဉ်ကျေးသိမ်မွေ့စွာ ပြော၏။ သို့ရာတွင် ကျွန်တော် မကျေနပ်။ ကျွန်တော့်တွင် သက်သေ အထောက် အထားတွေ ရှိသည်။ ထို့ကြောင့် ပါရီရှိ ဗြိတိသျှကောင်စစ်ဝန် ရုံးသို့ တိုင်ကြားစရာ ရှိသည်တို့ကို တိုင်ကြားပြီး လန်ဒန်သို့ ပြန်ရုံသာ ရှိတော့၏။လန်ဒန်သို့ ရောက်လျှင် မစ္စ မေရီဖရေဇာထံသို့ ပထမဆုံး သွားရမည်ဖြစ်၏။ မစ္စမေရီဖရေဇာ ကလည်း ထိုကိစ္စကို လောလော ဆယ်တွင် အုတ်အော်သောင်းတင်း ဖြစ်လိုဟန် မရှိပါ။ ကျွန်တော်သည် ပက်ပါးအား အချို့အချက်များကို ချန်လှပ်၍ပြောရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ ပက်ပါးက သတင်းစာ ဆရာများထံ စကားကျွံသွားလျှင် ထိုကိစ္စသည် သတင်းစာများထဲတွင် ပါလာနိုင်မည် မဟုတ်ပါလော။ သတင်းစာဆရာ ဆိုသည်မှာ ဘယ်တော့မှ နှုတ်လုံသည်မဟုတ်။

ပက်ပါးထံသို့ ကျွန်တော် ရောက်သည့်အခါတွင် သူက

“ဘယ့်နှယ်လဲဗျ၊ ပါရီမှာ ဘယ်လိုအခြေအနေ ရှိသလဲ”

“နည်းနည်း အေးတယ်ဗျ၊ ပြီးတော့ မိုးလည်း နည်းနည်းရွာနေတယ်”

“ဟုတ်လား၊ မစ္စက်ဖရေဇာရဲ့ ကိစ္စကော ဘာများ ကြားသေးသလဲ”

“ခင်ဗျား တွက်တဲ့အတိုင်းပါပဲ။ ကောင်မလေး မရှိတုန်းမှာ အခန်းထဲက ပရိဘောဂတွေကို လဲထားလိုက်ကြတာပေါ့ ”

“မာဖီးယားဂိုဏ်းက အကျပ်ကိုင်လို့လား”

“မာဖီးယားဂိုဏ်းကလား ဘာလားတော့ မသိဘူးဗျာ၊ နေပယ်ကျွန်း နဲ့တော့ ပတ်သက်နေတာပဲ၊ ပုလိပ်ကတော့ အမျိုးသမီး သေပြီလို့ပဲ ယူဆနေကြတယ်၊ ဗြိတိသျှ ကောင်စစ်ဝန်ကတော့ ဒီကိစ္စကို သူ စုံစမ်း ကြည့်မယ်လို့ ပြောလိုက်တယ်ဗျ၊ ဒီအချိန်မှာ ဟိုးလေးတကျော်ဖြစ်ရင် အားလုံး အစီအစဉ်တွေ ပျက်ကုန်လိမ့်မယ်တဲ့”

“ပျက်ပျက်၊ မပျက်ပျက်ဗျာ၊ ခုမှတော့ တာဝန်ရှိတဲ့လူကို အရေးယူကြမှာ မဟုတ်တော့ပါဘူး။ မယုံရင် ခင်ဗျား စောင့်ကြည့်နေပါ”

“ပက်ရေ ဒီတစ်ချီမှာလည်း ခင်ဗျားမှန်ပါလိမ့်မယ် ထင်တာပဲ”

(Sir Basil Thompson 8 The Vanishing of Mrs.Fraser ကို ပြန်ဆိုသည်။)

Comments

Post a Comment