နတ္ထိကျမ်းစာ

 စိမ်းဆန်သောရနံ့ကို ရှုရှိုက်လိုက်ရသည်။

ပထမရနံ့က စူးရှပြင်းထန်သော ပန်းကြွေရနံ့။ သွေးစုပ်ဖုတ်ကောင်က နမ်းသောပန်းမျိုး ဖြစ်လိမ့်မည်။ စိတ်ထဲမှ စူးစမ်းရင်းဖြင့် အဖြေမှန်ကို သိလာသည်။

အသုဘပန်းခွေ၏ ရနံ့ဖြစ်သည်။

ဒုတိယရနံ့က ညှီစို့စို့ရနံ့…။ လင်းတတို့၏ ကိုယ်သင်းရနံ့နှင့် ဆင်သည်။ တစ်ချက်နှစ်ချက် အသက်အောင့်ပြီးမှ ခပ်ပြင်းပြင်း ပြန်ရှုကြည့်သည်။

ထိုအခါကျတော့လည်း ဝေခွဲ၍ ရသွားသည်။ shroud ဟုခေါ်သော လူသေပတ်သည့် အဝတ်မှလာသော ရနံ့ဖြစ်သည်။

တတိယရနံ့ကတော့ အဆိုးဆုံးဖြစ်လေ၏။ ဘီလူးတစ်ကောင်၏ အာပုပ်နံ့နှင့် တူသည်။ သရဲများသောက်သော ဝိုင်အရက်နံ့နှင့်လည်း တူသည်။ နောက်ဆုံးမှာ လုံးလုံးလျားလျား ခွဲခြားလိုက်နိုင်သည်။ လူသေရနံ့ ဖြစ်လေသည်။

ထိုရနံ့များက မည်သည့်အရပ်ဆီမှ လွင့်ရှားလာပါသနည်း။ အနီးအရပ်ကိုကော အဝေးအရပ်ကိုပါ ယောင်ယောင်ရမ်းရမ်း လှည့်ပတ်ကြည့်မိ၏။

အဘယ်သို့သော အနိဋ္ဌာရုံတောအုပ်မှာ အဘယ်သို့သော ကျိန်စာလေပြေတွေက အဆုပ်လိုက်အခဲလိုက် တိုက်ခတ်နေသနည်း။ ဘယ်လိုမီးတောက်တွေက အရိုးကောက် ထွက်လာကြသနည်း။ အိုး…အဖြေကို သိပြီးနောက်မှာ သူ ချောက်ချားသွားသည်။ သူသိလိုက်ပြီ။

ထိုရနံ့သုံးမျိုးလုံးသည် သူ့ထံမှပဲ ထွက်ပေါ်နေခြင်း ဖြစ်သည်။

သေခြင်းတရား၏ အဆင့်အတန်း မခွဲခြားမှုကို သူနားလည်ပါသည်။ တရားဓမ္မအရ မဟုတ်သည့်တိုင် လောကဖြစ်စဉ်အရ သူနားလည်ပါသည်။

မည်သို့ပင်ဖြစ်စေ သူ့အတွက်ကတော့ မောလွန်းလှသည်ဟု ထင်သည်။ အထင်သည် အထင်သာဖြစ်ပြီး မြင်နိုင်စွမ်း မရှိတော့ပါ။

ထိုသို့ဖြင့်…

သင်္ချိုင်းဆီ…

သူထွက်လာခဲ့တော့သည်။

သင်္ချိုင်းက အရိုင်းဆန်ဆန် လှပနေသည်။ (အေးစက်သော မျက်လုံးများဖြင့် အဘိုးအိုတစ်ယောက်က ခါးကုန်းပြီး နှုတ်ဆက်သလို)“အမင်္ဂလာပါ” ဟု ဆီးကြိုနှုတ်ဆက်၏။ သူလည်း လက်နှစ်ဖက် နောက်ပစ်ပြီး သေမင်း၏ သွားစွယ်များလို ထိုးထိုးထောင်ထောင် ဖြစ်နေသော အုတ်ဂူဖြူဖြူများရှိရာသို့ ထွက်လာခဲ့တော့၏။

အုတ်ဂူများကို လိုက်လံလေ့လာနေမိသည်။ အုတ်ဂူနံရံမှာ သေဆုံးသူ၏အမည်နာမနှင့်အတူ သူတို့၏ အယူအဆများကို ရေးထိုးထားသည်။ လေ့လာရတာ စိတ်ဝင်စားစရာ ကောင်းပါသည်။

ပထမဆုံး စတင်လေ့လာမိသည့် အုတ်ဂူက “ဝီလျံအီးဝါ့တ်ဂလက်စတုံး” ၏ အုတ်ဂူ ဖြစ်သည်။ အင်္ဂလန် ဝန်ကြီးချုပ်ဟောင်းတစ်ယောက်ဖြစ်ကြောင်း သူသိပါသည်။

သူ့အုတ်ဂူမှာ သူ့အယူအဆကို ရေးထိုးထားသည်။

သူမျက်မှောင်ကြုတ်ပြီး စဉ်းစားမိသည်။ လူတော်တွေ၊ လူကြီး လူကောင်းတွေ မဖြစ်ချင်နေပါ… အမှားတွေကိုတော့ မကျူးလွန်ချင်ပါ။

နောက်အုတ်ဂူကတော့ သူအင်မတန်လေးစားသော အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး “မဟတ္တမဂန္ဒီ” ၏ အုတ်ဂူဖြစ်သည်။ ၂၀ရာစု၏ ဒုတိယအကြီးမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။ သူ့အုတ်ဂူမှာ ရေးထိုးထားသော စာသားကလည်း အေးချမ်းမွန်မြတ်လှ၏။

“ဘုရားကို တို့ကြောက်ကြစို့ ဒါဆို လူတွေကို တို့ကြောက်စရာ မလိုဘူး”

သူ ခေါင်းတညိတ်ညိတ် တွေဝေနေမိ၏။ ခေါင်းတခါခါလည်း တွေဝေမိပြန်သည်။ သူက ဘုရားကို ကြောက်ပါသည်။ သို့သော် လူတွေကိုလည်း ကြောက်ဆဲဖြစ်၏။

နည်းနည်းတော့ ခက်နေသည်။

အုတ်ဂူတွေက အများကြီးဖြစ်သည်။ အကုန်လုံးကို သူ လိုက်မကြည့်နိုင်။ ဂူကြိုဂူကြားမှာ လျှောက်သွားရင်း လမ်းကြုံသလောက် ထိုအထဲကမှ သူ့ကို ဆွဲဆောင်မှုရှိသလောက် အုတ်ဂူများကိုသာ လိုက်လေ့လာမိသည်။ သူ့အနေအထားက သင်္ချိုင်းစာဖတ်သူတစ်ယောက်နှင့်ပင် တူနေသည်။ သို့သော် သူသည် သုတေသီမဟုတ်။ အသက်ရှုခွင့် ရနေသေးသော သေလူသာ ဖြစ်သည်။

အချို့စာသားတွေက လှပသလို ပြုံးစရာကောင်းသည်။ ဥပမာ ဆိုကြပါစို့…။ “ဘာသာအာဒမ်ဘတ်ကပ်စ်“ ဆိုသူက ရေးထိုးထားသည်။ “သောကတွေကို သေတ္တာထဲ ထည့်ပိတ်လိုက်ပါ။ ပြီး ထိုသေတ္တာပေါ်မှာ ထိုင်ပြီး ရယ်နေလိုက်ပါ” တဲ့…။ အဲဒါကတော့ ထားပါတော့…။ သူလည်း ရယ်ပြီးရော သေတ္တာကြီးကပါ ထ,ရယ်လျှင်

မည်သို့ လုပ်မည်နည်း။ ထိုသို့တွေးပြီး သူ့မှာ ရယ်ရခက် ငိုရခက် ဖြစ်ရသေးသည်။

အမေရိကန်သမ္မတ တရုစဗဲ့၏ သင်္ချိုင်းစာကျတော့ တစ်မျိုး။ အမေရိကန်နိုင်ငံ၏ ၃၂ဦးမြောက် သမ္မတ ဖြစ်၏။ အုတ်ဂူမှာ သူ့နာမည်အပြည့်အစုံအဖြစ် “ဖရန်ဘလ်ဒီလာနိုရုစဗဲ့” ဟု ရေးထိုးထားသည်။ ထိုအမည်၏အောက်မှာ “လူတွေဟာ ကံရဲ့အကျဉ်းသား မဟုတ်ဘူး။ စိတ်ရဲ့ အကျဉ်းသား ဖြစ်တယ်”

ဟူသော စာသားကို ထွင်းထား၏။ ထောင်ဝင်စာကို ဘယ်သူက လာပေးသလဲ… ဟု သူတွေးမိပြန်သည်။

“ဝီလ်ဆင်ဗဇ်နာ” ဆိုသူ၏ အုတ်ဂူကိုလည်း တွေ့သည်။ ထိုပုဂ္ဂိုလ်ကိုတော့ သူမသိချေ။ ရိုးရိုးသားသား ဝန်ခံရလျှင် တစ်ခါမှပင် မကြားဖူးဘူး။ သူ့သင်္ချိုင်းစာက အသွားအလာကောင်းပါသည်။

“မင်း အမြင့်သို့ တက်ချိန်မှာ လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ ဘာကြောင့်လဲဆိုတော့ မင်းပြန်အကျမှာ သူတို့နဲ့ တွေ့ရဦးမှာပဲ”

လောကဓံ၏ အနိမ့်အမြင့်၊ အတက်အကျကို တရားသဘောမျှတစွာဖြင့် ရင်ဆိုင်စေခြင်းဟု သူ နားလည်သဘောပေါက်ပါသည်။ သို့သော် သူကပဲ ထော်လော်ကန့်လန့်နိုင်သည်လား မသိ။ အတက်မှာ လူအချို့နှင့်တွေ့ပြီး အကျမှာတော့ အခြားလူများနှင့် တွေ့ရတတ်သည့် မီးပုံးပျံဦးကျော်ရင်ကို ပြေးမြင်မိသည်။

“အမ်အက်ဖ်ကေဖစ်ရှာ” ဆိုသူ၏ အုတ်ဂူမှာလည်း ရေးထားသေးသည်။ ထိုစာသားကတော့ တစ်မျိုးကြီးဖြစ်၏။ “ကမ္ဘာပေါ်မှာ သိနိုင် အခက်ခဲဆုံးအရာဟာ မခွဲရသေးတဲ့ ကြက်ဥပဲ” တဲ့…။ ဘာလဲဟ…။ ထိုစကားအရဆိုလျှင် ကြက်ဥမဟုတ်ဘဲ တခြားဥဆိုရင်တော့ မရဘူးလား။ ပြန်လှန်ပြောစရာကြီး။

“အော့စ်ဝေါလ်အေဗာရီ” ဆိုသော ပုဂ္ဂိုလ်၏ အုတ်ဂူကတော့ မှောက်ရက်ကြီးဖြစ်သည်။ အုတ်ဂူချင်းတူတူ မြေကြီးကို ကုန်းနမ်းနေသည်။ သူ့အုတ်ဂူနံရံမှ စာသားများနှင့်တော့ ကိုက်ညီပါသည်။ “မင်း ဘယ်အချိန်လဲကျ လဲကျ တစ်ခုခုကိုတော့ ကောက်ယူလိုက်” တဲ့။ လဲကျပြီး သတိလစ်သွားလျှင် ကောက်ယူဖို့ မေ့သွားနိုင်သည်။ သတိရသည် ဆိုပါဦးစို့။ စိန်ခဲ မြခဲကို မကောက်မိဘဲ ဟိုဒင်းအခြောက်ကြီးကို ကောက်မိလျှင် မည်သို့လုပ်မည်နည်း။

မမျှော်လင့်ဘဲ “ဒန်နီယယ်လ်ဒီဖိုး” ၏ အုတ်ဂူကို သွားတွေ့သည်။ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာ ဖြစ်၏။ သူလည်း လေးစားစရာကောင်းသော စာရေးဆရာ ဖြစ်သည်။ သူ့အုတ်ဂူပေါ်မှ စာသားကို မျက်လုံးစူးစူးနှင့် ဖတ်ကြည့်မိသည်။ စာသားက ကောင်းသည်။

“အောင်နိုင်မှုကို ရစေတာဟာ အရှည်ဆုံးဓား မဟုတ်ဘူး၊ အနက်ရှိုင်းဆုံး ပိုက်ဆံအိတ်”

ထိုစကားအတိုင်း သူ့မှာ နက်ရှိုင်းသော ပိုက်ဆံအိတ် ရှိပါသည်။ တစ်ခုတော့ ရှိသည်။ အထဲမှာ ပိုက်ဆံမရှိတာပဲ ခက်သည်။

“ပီတာယူစတီနော့ဗ်” ဆိုသူကျတော့ တစ်မျိုး၊ ကြံကြံဖန်ဖန် သူ့အုတ်ဂူကို အသည်းပုံ ဆောက်လုပ်ထားသည်။ လူပျိုကြီးလား၊ ဂေါ်မစွံကြီးလာတော့ မသိ။

သူရေးထွင်းထားသည်က “တစ်ခါ တစ်ခါကျတော့လည်း ရည်းစားထားချင်တယ်။ ဒါမှလည်း ဘယ်သူဟာ ကိုယ့်ပြိုင်ဘက်ဆိုတာကို သိရမှာပေါ့” တဲ့…။ သူ

သတိလစ်ဟင်းသွား၍ ဖြစ်ပါလိမ့်မည်။ အမှန်တော့ ကိုယ့်ပြိုင်ဘက်ဆိုတာ ကိုယ်ပဲ မဟုတ်ပါလား။

“စတီဗင်ရိုက်” ၏ အုတ်ဂူမှာတော့ ရှေ့နောက်မညီသော စာသားကို ရေးထွင်းထားသည်။ “အရာရာတိုင်းကို မင်းမရနိုင်ဘူး။ ရရင်ကော ဘယ်မှာ ထားနိုင်မှာမို့လို့လဲ” တဲ့…။ အကြမ်းဖျဉ်း တွေးကြည့်လျှင်တော့ ဟုတ်သလိုလိုရှိသည်။ စေ့စေ့တွေးလျှင်တော့ အမှန်နှင့် ဝေးလေသည်။ အရာရာကို ရမှတော့ (ထိုအရာရာထဲမှာ) ထားစရာနေရာကိုပါ ရပြီ မဟုတ်ပါလား။

ထိုသို့ပင် သင်္ချိုင်းမြေ၏ လမ်းကွေးလမ်းကောက်များမှာ သူလျှောက်သွားရင်း သင်္ချိုင်းစာများကို ဖတ်မှတ် စဉ်းစားသွား၏။ “ဆိုင်ရီကွန်နော်လီ” ၏ စာတမ်းကို သူ အတော်စိတ်ဖြာခွဲခြမ်းမိသည်။ “လမ်းလျှောက်သင်ခါစ မှာတော့ ဘဝဆိုတာ ဝင်္ကပါကြီးပါပဲ” တဲ့။ သူက ဖြည့်စွက် စဉ်းစားမိ၏။ “လမ်းလျှောက်တတ်ချိန်ကျတော့ ဘဝဆိုတာ ချောက်ကမ်းပါးကြီးပါပဲ” ဟု။ (ဝင်္ကပါနှင့် ချောက်ကမ်းပါးသည် စာလုံးပေါင်းသာမက ဖြစ်တည်မှုတို့လည်း ခြားနားလေသည်။)

အုတ်ဂူတွေ…အုတ်ဂူတွေ…သင်္ချိုင်းစာတွေ…သင်္ချိုင်းစာတွေ…နောက်ဆုံးထွက်သက်တို့ ဝေ့ပတ်တိမ်းပွေ သည်အထိ အမြောက်အမြား သူဖတ်ခဲ့ရ၏။

နောက်ဆုံးမှာ…

သူချုပ်ငြိမ်းရမည့် အုတ်ဂူဆီသို့…

သူရောက်လာသည်။

သူ့အုတ်ဂူကို ကြည့်ငေးရင်း၊ မှောင်ညို့ညို့တွင် သက်ပြင်းကို သူချဖြစ်သည်။

သူ့အုတ်ဂူနံရံမှာ ဘာကိုမှ သူမရေးပါ။ ဗလာ…။ ဘာကိုမှ မရေးတော့ပါ။ ဗလာ…။ ထိုသို့ ဘာမှ မရေးခြင်းကပင် အပြည့်အစုံ ရေးခဲ့ခြင်းဟု သူခံယူသည်။

ထိုသို့ဖြင့် သူ့အုတ်ဂူကို သူဖွင့်ဝင်လိုက်သည်။ နောက်ဆုံးဝင်သက်ကို အပြင်းထန်ဆုံး ရှိုက်သွင်းလိုက်သည်။ ထွက်သက်ကလည်း (သူ့ကို နှုတ်ဆက်လျက်)

ထာဝရ ထွက်ခွာလေတော့သည်။ အပြုံးတစ်စနှင့်အတူ ကျေနပ်စွာ လဲလျောင်းသေဆုံးလိုက်ပါတော့သည်။

လောကကြီးထဲမှာ သူ မရှိတော့ပါ…။ ဗလာ…။

ဂူသင်္ချိုင်းသည်လည်း မရှိတော့ပါ…။ ဗလာ…။

ထို့အတူ လောကကြီးသည်လည်း မရှိတော့ပါ…ဗလာ…။

တာရာမင်းဝေ

(zawgyi)

 စိမ္းဆန္ေသာရနံ႔ကို ရႈရႈိက္လိုက္ရသည္။


ပထမရနံ႔က စူးရွျပင္းထန္ေသာ ပန္းေႂကြရနံ႔။ ေသြးစုပ္ဖုတ္ေကာင္က နမ္းေသာပန္းမ်ိဳး ျဖစ္လိမ့္မည္။ စိတ္ထဲမွ စူးစမ္းရင္းျဖင့္ အေျဖမွန္ကို သိလာသည္။


အသုဘပန္းေခြ၏ ရနံ႔ျဖစ္သည္။


ဒုတိယရနံ႔က ညႇီစို႔စို႔ရနံ႔…။ လင္းတတို႔၏ ကိုယ္သင္းရနံ႔ႏွင့္ ဆင္သည္။ တစ္ခ်က္ႏွစ္ခ်က္ အသက္ေအာင့္ၿပီးမွ ခပ္ျပင္းျပင္း ျပန္ရႈၾကည့္သည္။


ထိုအခါက်ေတာ့လည္း ေဝခြဲ၍ ရသြားသည္။ shroud ဟုေခၚေသာ လူေသပတ္သည့္ အဝတ္မွလာေသာ ရနံ႔ျဖစ္သည္။


တတိယရနံ႔ကေတာ့ အဆိုးဆုံးျဖစ္ေလ၏။ ဘီလူးတစ္ေကာင္၏ အာပုပ္နံ႔ႏွင့္ တူသည္။ သရဲမ်ားေသာက္ေသာ ဝိုင္အရက္နံ႔ႏွင့္လည္း တူသည္။ ေနာက္ဆုံးမွာ လုံးလုံးလ်ားလ်ား ခြဲျခားလိုက္ႏိုင္သည္။ လူေသရနံ႔ ျဖစ္ေလသည္။


ထိုရနံ႔မ်ားက မည္သည့္အရပ္ဆီမွ လြင့္ရွားလာပါသနည္း။ အနီးအရပ္ကိုေကာ အေဝးအရပ္ကိုပါ ေယာင္ေယာင္ရမ္းရမ္း လွည့္ပတ္ၾကည့္မိ၏။


အဘယ္သို႔ေသာ အနိ႒ာ႐ုံေတာအုပ္မွာ အဘယ္သို႔ေသာ က်ိန္စာေလေျပေတြက အဆုပ္လိုက္အခဲလိုက္ တိုက္ခတ္ေနသနည္း။ ဘယ္လိုမီးေတာက္ေတြက အ႐ိုးေကာက္ ထြက္လာၾကသနည္း။ အိုး…အေျဖကို သိၿပီးေနာက္မွာ သူ ေခ်ာက္ခ်ားသြားသည္။ သူသိလိုက္ၿပီ။


ထိုရနံ႔သုံးမ်ိဳးလုံးသည္ သူ႔ထံမွပဲ ထြက္ေပၚေနျခင္း ျဖစ္သည္။


ေသျခင္းတရား၏ အဆင့္အတန္း မခြဲျခားမႈကို သူနားလည္ပါသည္။ တရားဓမၼအရ မဟုတ္သည့္တိုင္ ေလာကျဖစ္စဥ္အရ သူနားလည္ပါသည္။


မည္သို႔ပင္ျဖစ္ေစ သူ႔အတြက္ကေတာ့ ေမာလြန္းလွသည္ဟု ထင္သည္။ အထင္သည္ အထင္သာျဖစ္ၿပီး ျမင္ႏိုင္စြမ္း မရွိေတာ့ပါ။


ထိုသို႔ျဖင့္…


သခ်ႋဳင္းဆီ…


သူထြက္လာခဲ့ေတာ့သည္။


သခ်ႋဳင္းက အ႐ိုင္းဆန္ဆန္ လွပေနသည္။ (ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ အဘိုးအိုတစ္ေယာက္က ခါးကုန္းၿပီး ႏႈတ္ဆက္သလို)“အမဂၤလာပါ” ဟု ဆီးႀကိဳႏႈတ္ဆက္၏။ သူလည္း လက္ႏွစ္ဖက္ ေနာက္ပစ္ၿပီး ေသမင္း၏ သြားစြယ္မ်ားလို ထိုးထိုးေထာင္ေထာင္ ျဖစ္ေနေသာ အုတ္ဂူျဖဴျဖဴမ်ားရွိရာသို႔ ထြက္လာခဲ့ေတာ့၏။


အုတ္ဂူမ်ားကို လိုက္လံေလ့လာေနမိသည္။ အုတ္ဂူနံရံမွာ ေသဆုံးသူ၏အမည္နာမႏွင့္အတူ သူတို႔၏ အယူအဆမ်ားကို ေရးထိုးထားသည္။ ေလ့လာရတာ စိတ္ဝင္စားစရာ ေကာင္းပါသည္။


ပထမဆုံး စတင္ေလ့လာမိသည့္ အုတ္ဂူက “ဝီလ်ံအီးဝါ့တ္ဂလက္စတုံး” ၏ အုတ္ဂူ ျဖစ္သည္။ အဂၤလန္ ဝန္ႀကီးခ်ဳပ္ေဟာင္းတစ္ေယာက္ျဖစ္ေၾကာင္း သူသိပါသည္။


သူ႔အုတ္ဂူမွာ သူ႔အယူအဆကို ေရးထိုးထားသည္။


သူမ်က္ေမွာင္ၾကဳတ္ၿပီး စဥ္းစားမိသည္။ လူေတာ္ေတြ၊ လူႀကီး လူေကာင္းေတြ မျဖစ္ခ်င္ေနပါ… အမွားေတြကိုေတာ့ မက်ဴးလြန္ခ်င္ပါ။


ေနာက္အုတ္ဂူကေတာ့ သူအင္မတန္ေလးစားေသာ အိႏၵိယအမ်ိဳးသားေခါင္းေဆာင္ႀကီး “မဟတၱမဂႏၵီ” ၏ အုတ္ဂူျဖစ္သည္။ ၂၀ရာစု၏ ဒုတိယအႀကီးျမတ္ဆုံးပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံထားရသူလည္း ျဖစ္သည္။ သူ႔အုတ္ဂူမွာ ေရးထိုးထားေသာ စာသားကလည္း ေအးခ်မ္းမြန္ျမတ္လွ၏။


“ဘုရားကို တို႔ေၾကာက္ၾကစို႔ ဒါဆို လူေတြကို တို႔ေၾကာက္စရာ မလိုဘူး”


သူ ေခါင္းတညိတ္ညိတ္ ေတြေဝေနမိ၏။ ေခါင္းတခါခါလည္း ေတြေဝမိျပန္သည္။ သူက ဘုရားကို ေၾကာက္ပါသည္။ သို႔ေသာ္ လူေတြကိုလည္း ေၾကာက္ဆဲျဖစ္၏။


နည္းနည္းေတာ့ ခက္ေနသည္။


အုတ္ဂူေတြက အမ်ားႀကီးျဖစ္သည္။ အကုန္လုံးကို သူ လိုက္မၾကည့္ႏိုင္။ ဂူႀကိဳဂူၾကားမွာ ေလွ်ာက္သြားရင္း လမ္းႀကဳံသေလာက္ ထိုအထဲကမွ သူ႔ကို ဆြဲေဆာင္မႈရွိသေလာက္ အုတ္ဂူမ်ားကိုသာ လိုက္ေလ့လာမိသည္။ သူ႔အေနအထားက သခ်ႋဳင္းစာဖတ္သူတစ္ေယာက္ႏွင့္ပင္ တူေနသည္။ သို႔ေသာ္ သူသည္ သုေတသီမဟုတ္။ အသက္ရႈခြင့္ ရေနေသးေသာ ေသလူသာ ျဖစ္သည္။


အခ်ိဳ႕စာသားေတြက လွပသလို ၿပဳံးစရာေကာင္းသည္။ ဥပမာ ဆိုၾကပါစို႔…။ “ဘာသာအာဒမ္ဘတ္ကပ္စ္“ ဆိုသူက ေရးထိုးထားသည္။ “ေသာကေတြကို ေသတၱာထဲ ထည့္ပိတ္လိုက္ပါ။ ၿပီး ထိုေသတၱာေပၚမွာ ထိုင္ၿပီး ရယ္ေနလိုက္ပါ” တဲ့…။ အဲဒါကေတာ့ ထားပါေတာ့…။ သူလည္း ရယ္ၿပီးေရာ ေသတၱာႀကီးကပါ ထ,ရယ္လွ်င္


မည္သို႔ လုပ္မည္နည္း။ ထိုသို႔ေတြးၿပီး သူ႔မွာ ရယ္ရခက္ ငိုရခက္ ျဖစ္ရေသးသည္။


အေမရိကန္သမၼတ တ႐ုစဗဲ့၏ သခ်ႋဳင္းစာက်ေတာ့ တစ္မ်ိဳး။ အေမရိကန္ႏိုင္ငံ၏ ၃၂ဦးေျမာက္ သမၼတ ျဖစ္၏။ အုတ္ဂူမွာ သူ႔နာမည္အျပည့္အစုံအျဖစ္ “ဖရန္ဘလ္ဒီလာႏို႐ုစဗဲ့” ဟု ေရးထိုးထားသည္။ ထိုအမည္၏ေအာက္မွာ “လူေတြဟာ ကံရဲ႕အက်ဥ္းသား မဟုတ္ဘူး။ စိတ္ရဲ႕ အက်ဥ္းသား ျဖစ္တယ္”


ဟူေသာ စာသားကို ထြင္းထား၏။ ေထာင္ဝင္စာကို ဘယ္သူက လာေပးသလဲ… ဟု သူေတြးမိျပန္သည္။


“ဝီလ္ဆင္ဗဇ္နာ” ဆိုသူ၏ အုတ္ဂူကိုလည္း ေတြ႕သည္။ ထိုပုဂၢိဳလ္ကိုေတာ့ သူမသိေခ်။ ႐ိုး႐ိုးသားသား ဝန္ခံရလွ်င္ တစ္ခါမွပင္ မၾကားဖူးဘူး။ သူ႔သခ်ႋဳင္းစာက အသြားအလာေကာင္းပါသည္။


“မင္း အျမင့္သို႔ တက္ခ်ိန္မွာ လူေတြကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံပါ။ ဘာေၾကာင့္လဲဆိုေတာ့ မင္းျပန္အက်မွာ သူတို႔နဲ႔ ေတြ႕ရဦးမွာပဲ”


ေလာကဓံ၏ အနိမ့္အျမင့္၊ အတက္အက်ကို တရားသေဘာမွ်တစြာျဖင့္ ရင္ဆိုင္ေစျခင္းဟု သူ နားလည္သေဘာေပါက္ပါသည္။ သို႔ေသာ္ သူကပဲ ေထာ္ေလာ္ကန္႔လန္႔ႏိုင္သည္လား မသိ။ အတက္မွာ လူအခ်ိဳ႕ႏွင့္ေတြ႕ၿပီး အက်မွာေတာ့ အျခားလူမ်ားႏွင့္ ေတြ႕ရတတ္သည့္ မီးပုံးပ်ံဦးေက်ာ္ရင္ကို ေျပးျမင္မိသည္။


“အမ္အက္ဖ္ေကဖစ္ရွာ” ဆိုသူ၏ အုတ္ဂူမွာလည္း ေရးထားေသးသည္။ ထိုစာသားကေတာ့ တစ္မ်ိဳးႀကီးျဖစ္၏။ “ကမာၻေပၚမွာ သိႏိုင္ အခက္ခဲဆုံးအရာဟာ မခြဲရေသးတဲ့ ၾကက္ဥပဲ” တဲ့…။ ဘာလဲဟ…။ ထိုစကားအရဆိုလွ်င္ ၾကက္ဥမဟုတ္ဘဲ တျခားဥဆိုရင္ေတာ့ မရဘူးလား။ ျပန္လွန္ေျပာစရာႀကီး။


“ေအာ့စ္ေဝါလ္ေအဗာရီ” ဆိုေသာ ပုဂၢိဳလ္၏ အုတ္ဂူကေတာ့ ေမွာက္ရက္ႀကီးျဖစ္သည္။ အုတ္ဂူခ်င္းတူတူ ေျမႀကီးကို ကုန္းနမ္းေနသည္။ သူ႔အုတ္ဂူနံရံမွ စာသားမ်ားႏွင့္ေတာ့ ကိုက္ညီပါသည္။ “မင္း ဘယ္အခ်ိန္လဲက် လဲက် တစ္ခုခုကိုေတာ့ ေကာက္ယူလိုက္” တဲ့။ လဲက်ၿပီး သတိလစ္သြားလွ်င္ ေကာက္ယူဖို႔ ေမ့သြားႏိုင္သည္။ သတိရသည္ ဆိုပါဦးစို႔။ စိန္ခဲ ျမခဲကို မေကာက္မိဘဲ ဟိုဒင္းအေျခာက္ႀကီးကို ေကာက္မိလွ်င္ မည္သို႔လုပ္မည္နည္း။


မေမွ်ာ္လင့္ဘဲ “ဒန္နီယယ္လ္ဒီဖိုး” ၏ အုတ္ဂူကို သြားေတြ႕သည္။ ကမာၻေက်ာ္ အဂၤလိပ္စာေရးဆရာ ျဖစ္၏။ သူလည္း ေလးစားစရာေကာင္းေသာ စာေရးဆရာ ျဖစ္သည္။ သူ႔အုတ္ဂူေပၚမွ စာသားကို မ်က္လုံးစူးစူးႏွင့္ ဖတ္ၾကည့္မိသည္။ စာသားက ေကာင္းသည္။


“ေအာင္ႏိုင္မႈကို ရေစတာဟာ အရွည္ဆုံးဓား မဟုတ္ဘူး၊ အနက္ရႈိင္းဆုံး ပိုက္ဆံအိတ္”


ထိုစကားအတိုင္း သူ႔မွာ နက္ရႈိင္းေသာ ပိုက္ဆံအိတ္ ရွိပါသည္။ တစ္ခုေတာ့ ရွိသည္။ အထဲမွာ ပိုက္ဆံမရွိတာပဲ ခက္သည္။


“ပီတာယူစတီေနာ့ဗ္” ဆိုသူက်ေတာ့ တစ္မ်ိဳး၊ ႀကံႀကံဖန္ဖန္ သူ႔အုတ္ဂူကို အသည္းပုံ ေဆာက္လုပ္ထားသည္။ လူပ်ိဳႀကီးလား၊ ေဂၚမစြံႀကီးလာေတာ့ မသိ။


သူေရးထြင္းထားသည္က “တစ္ခါ တစ္ခါက်ေတာ့လည္း ရည္းစားထားခ်င္တယ္။ ဒါမွလည္း ဘယ္သူဟာ ကိုယ့္ၿပိဳင္ဘက္ဆိုတာကို သိရမွာေပါ့” တဲ့…။ သူ


သတိလစ္ဟင္းသြား၍ ျဖစ္ပါလိမ့္မည္။ အမွန္ေတာ့ ကိုယ့္ၿပိဳင္ဘက္ဆိုတာ ကိုယ္ပဲ မဟုတ္ပါလား။


“စတီဗင္႐ိုက္” ၏ အုတ္ဂူမွာေတာ့ ေရွ႕ေနာက္မညီေသာ စာသားကို ေရးထြင္းထားသည္။ “အရာရာတိုင္းကို မင္းမရႏိုင္ဘူး။ ရရင္ေကာ ဘယ္မွာ ထားႏိုင္မွာမို႔လို႔လဲ” တဲ့…။ အၾကမ္းဖ်ဥ္း ေတြးၾကည့္လွ်င္ေတာ့ ဟုတ္သလိုလိုရွိသည္။ ေစ့ေစ့ေတြးလွ်င္ေတာ့ အမွန္ႏွင့္ ေဝးေလသည္။ အရာရာကို ရမွေတာ့ (ထိုအရာရာထဲမွာ) ထားစရာေနရာကိုပါ ရၿပီ မဟုတ္ပါလား။


ထိုသို႔ပင္ သခ်ႋဳင္းေျမ၏ လမ္းေကြးလမ္းေကာက္မ်ားမွာ သူေလွ်ာက္သြားရင္း သခ်ႋဳင္းစာမ်ားကို ဖတ္မွတ္ စဥ္းစားသြား၏။ “ဆိုင္ရီကြန္ေနာ္လီ” ၏ စာတမ္းကို သူ အေတာ္စိတ္ျဖာခြဲျခမ္းမိသည္။ “လမ္းေလွ်ာက္သင္ခါစ မွာေတာ့ ဘဝဆိုတာ ဝကၤပါႀကီးပါပဲ” တဲ့။ သူက ျဖည့္စြက္ စဥ္းစားမိ၏။ “လမ္းေလွ်ာက္တတ္ခ်ိန္က်ေတာ့ ဘဝဆိုတာ ေခ်ာက္ကမ္းပါးႀကီးပါပဲ” ဟု။ (ဝကၤပါႏွင့္ ေခ်ာက္ကမ္းပါးသည္ စာလုံးေပါင္းသာမက ျဖစ္တည္မႈတို႔လည္း ျခားနားေလသည္။)


အုတ္ဂူေတြ…အုတ္ဂူေတြ…သခ်ႋဳင္းစာေတြ…သခ်ႋဳင္းစာေတြ…ေနာက္ဆုံးထြက္သက္တို႔ ေဝ့ပတ္တိမ္းေပြ သည္အထိ အေျမာက္အျမား သူဖတ္ခဲ့ရ၏။


ေနာက္ဆုံးမွာ…


သူခ်ဳပ္ၿငိမ္းရမည့္ အုတ္ဂူဆီသို႔…


သူေရာက္လာသည္။


သူ႔အုတ္ဂူကို ၾကည့္ေငးရင္း၊ ေမွာင္ညိဳ႕ညိဳ႕တြင္ သက္ျပင္းကို သူခ်ျဖစ္သည္။


သူ႔အုတ္ဂူနံရံမွာ ဘာကိုမွ သူမေရးပါ။ ဗလာ…။ ဘာကိုမွ မေရးေတာ့ပါ။ ဗလာ…။ ထိုသို႔ ဘာမွ မေရးျခင္းကပင္ အျပည့္အစုံ ေရးခဲ့ျခင္းဟု သူခံယူသည္။


ထိုသို႔ျဖင့္ သူ႔အုတ္ဂူကို သူဖြင့္ဝင္လိုက္သည္။ ေနာက္ဆုံးဝင္သက္ကို အျပင္းထန္ဆုံး ရႈိက္သြင္းလိုက္သည္။ ထြက္သက္ကလည္း (သူ႔ကို ႏႈတ္ဆက္လ်က္)


ထာဝရ ထြက္ခြာေလေတာ့သည္။ အၿပဳံးတစ္စႏွင့္အတူ ေက်နပ္စြာ လဲေလ်ာင္းေသဆုံးလိုက္ပါေတာ့သည္။


ေလာကႀကီးထဲမွာ သူ မရွိေတာ့ပါ…။ ဗလာ…။


ဂူသခ်ႋဳင္းသည္လည္း မရွိေတာ့ပါ…။ ဗလာ…။


ထို႔အတူ ေလာကႀကီးသည္လည္း မရွိေတာ့ပါ…ဗလာ…။


တာရာမင္းေဝ

Comments


  1. ကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?
    အရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့

    😍😍😍ဘာဘာညာညာClickerပဲ

    ReplyDelete
  2. “လမ်းလျှောက်သင်ခါစ မှာတော့ ဘဝဆိုတာ ဝင်္ကပါကြီးပါပဲ” တဲ့။

    “လမ်းလျှောက်တတ်ချိန်ကျတော့ ဘဝဆိုတာ ချောက်ကမ်းပါးကြီးပါပဲ” ဟု...

    ReplyDelete

Post a Comment