အောက်စီဂျင်ပြတ်သွားတဲ့ နဂါး
၁၈၇၈ နိုဝင်ဘာ စတုတ္ထပတ်
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တရားခုံရုံးတစ်ခု
လန်ဒန်မြို့သည် ကမ္ဘာပေါ်တွင် မြူနှင်းအထူထပ်ဆုံးမြို့ ဟုသိမှတ်ခဲ့ရဖူး၏။ သိမှတ်ဖူးသည့်အတိုင်း မှန်ကန်စွာပင် မြူနှင်းတို့က အုံ့ပျညိုလွင်…။ တရားခုံးရုံးတစ်ခုမှ ကြားနားသူ လူပရိတ်သတ်များထဲတွင် တစ်ယောက်အပါအဝင်အဖြစ် ကျွန်တော် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
ထူးခြားဆန်းကြယ်သော မှုခင်းတစ်ရပ်ဖြစ်၍ ကြွရောက်ကြားနာသော မြို့မိမြို့ဖများ၏ ရင်ထဲမှာပင်လျှင် စိတ်အမောတို့ ငွေ့ငွေ့တည်သည်။ ကျွန်တော့်ကိုတော့ မည်သူကမှ အမှုမထား။ ကျွန်တော်ကလည်း မျက်နှာရှေ့မှ မြူနှင်းပါးပါးကိုသာ ဘာရယ်မဟုတ်ပဲ ငေးမောနေမိပါသည်။ မကြာမီ အမှုကို စစစ်ကြတော့မည်။
ဤအမှုကို စတင်မွေးဖွားလာသူကတော့ ပညာတတ် သုခမိန်ကြီးတစ်ဦးပဲ ဖြစ်ပါသည်။ ပုရောဟိတ်ဆန်သော ဥပဓိရုပ်မျိုးဖြင့် ခန့်ညားထည်ဝါလှသူဖြစ်ပြီး အောက်စဖို့ဒ်တက္ကသိုလ်မှ အနုပညာပါမောက္ခလည်း ဖြစ်သည်။ သူက ဂျိမ်းဝှစ်စလာ (James Abott Mc Neil Whisler) ၏ ပန်းချီကား၊ ပန်းချီလက်ရာများကို ဝေဖန်သည်။ ရိုးရိုးဝေဖန်ခြင်း မဟုတ်ဘဲ ကလောင်လေလည်သလို ဝေဖန်ခြင်း ဖြစ်၍ တစ်ဖက်မှတုံ့ပြန် အရေးဆိုရင်း ဤအမှုအခင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“… စိတ်ထဲမှာ ထင်ရာမြင်ရာဆေးတွေ လျှောက်ပတ်ထားတဲ့ ပန်းချီကားဖြစ်တယ်။ အမှိုက်သရိုက်သက်သက်ပါပဲ။ ဒီလို ပန်းချီကားမျိုးဖြစ်ဖို့ ၁၅မိနစ်လောက်ပဲ အချိန်လိုမယ်၊ ပန်းချီကားလို့တောင် မခေါ်ထိုက်ပါဘူး။ ပန်းချီဆရာရဲ့ ကျပ်မပြည့်တဲ့ ဘဝင်ကိုင်မှုဟာ ရည်ရွယ်ချက်ရှိရှိ လိမ်လည်မှုဆီ ရောက်လုရောက်ခင်ပါပဲ…”
အဲဒီလို ဝေဖန်သူက ကမ္ဘာကျော်ဝေဖန်ရေးဆရာကြီး ဂျွန်ရပ်စကင် (John Ruskin) ပါပဲ။ ဒီပန်းချီကား၊ ဒီပန်းချီဆရာနဲ့ ပတ်သက်ပြီး သူ့ဝေဖန်ချက်တွေက လိုအပ်တာထက် ပိုပြီးကြမ်းတယ်။ တင်ပြပေးရတဲ့ စကားလုံးတွေကတောင် လျှာထွက်မတက် ပင်ပမ်းခဲ့ကြရတယ်။ ဝှစ်စလာဘက်က ရင်နာမယ်ဆိုရင်လည်းနာစရာပါပဲ။
ဟိုဟိုသည်သည် ကျွန်တော် လျှောက်တွေးနေမိချိန်မှာပဲ အမှုစစ်ဆေးမှုကို စတင်ပါပြီ။ ပန်းချီဆရာ ဝှစ်စလာဟာ အရပ်ငါးပေ လေးလက်မလောက်ရှိတဲ့ လူပုလေးပါ။ ရုပ်ရည်ကလည်း သာမန်အနေအထားလောက်ပဲမို့လို့ ခန့်ညားထည်ဝါမှု မရှိပါဘူး။ အခု ရှေ့နေချုပ်က သူ့ကို မေးခွန်းတွေ မေးပါမယ် သူက ဖြေရပါမယ်။
“တော်ဝင်အကယ်ဒမီကို ကျွန်တော့်ပန်းချီကားတွေ ပို့ခဲ့ဖူးပါတယ်။ အပယ်ခံရတာချည်းပါပဲ…”
ပန်းချီဆရာဝှစ်စလာက ခံစားချက်အပြည့်နဲ့ ပြောပြနေတာပါ။ ကျွန်တော် နားလည်စာနာမိပါတယ်။ “ပြင်သစ်က မိုနေးတို့အုပ်စုလည်း ဒီလိုပဲ တော်ဝင်အသင်းရဲ့ ပစ်ပယ်မှုကို ခံခဲ့ရတာပါပဲ။ ရေနွားဆိုရင် ပန်းချီကျောင်းကတောင် အထုတ်ခံရဖူးတယ်”
“ဂရောဗီနာပြခန်းမှာ တင်ခဲ့တဲ့ ကျွန်တော့်ရဲ့ ပန်းချီကားဟာ ကရီမုန်တံတားမှာ ညအချိန် မီးပန်းဖောက်တာကို ရေးဆွဲထားတာပါ။ အနုပညာဆန်ဆန်ပါပဲ”
ကျွန်တော့်အာရုံထဲမှာ မြူနှင်းတွေကြားထဲက လှေကြီးတစ်စီးကို ပြေးမြင်မိတယ်။ အဲဒီလှေကြီးထဲမှာ အခန်းဖွဲ့ပြီး ပန်းချီဆရာ မိုနေးဟာ မြစ်ရေပေါ်ကျနေတဲ့ အလင်းရောင်အမျိုးမျိုးကို ပန်းချီရေးဆွဲခဲ့ဖူးတယ်။ အခု ဝှစ်စလာလည်း အဲဒီလိုပဲ နေမှာပေါ့။ ကျွန်တော်ကတော့ အားပေးမိတယ်။ (အဲဒါကလွဲရင် ဘာမှလည်း မတတ်နိုင်ပါဘူး)
“အဲဒီပန်းချီကားကို ဂီနီ ရွှေဒင်္ဂါး ၂၀၀ လို့ ဈေးတပ်ထားတာများတယ်လို့ အပြောမခံရနိုင်ဘူးလား”
“ပြောလာနိုင်ပါတယ်”
“ဒီပန်းချီကားကို ဆွဲတာ ဘယ်နှစ်ရက် ကြာလဲ”
“တစ်ရက်ပေ့ါ ဟိုဖြည့် ဒီဖြည့်နဲ့ဆိုရင် နှစ်ရက်ပေါ့…”
“နှစ်ရက်ကလေး လုပ်ရတာကို ဂီနီဒင်္ဂါး ၂၀၀ တောင်းတယ်ပေါ့”
“ဟင့်အင်း…နှစ်ရက်လုပ်ခ ဆိုပြီး တောင်းတာ မဟုတ်ပါဘူး၊ တစ်ဘဝလုံး ဆည်းပူးခဲ့ရတဲ့ ကျွန်တော့်ပညာအတွက် တောင်းတာပါ”
အမှုကို လာရောက်နားထောင်သူများထံမှ လက်ခုပ်သံ ဝေါခနဲ ထွက်လာသည်။ ထိုသို့ လက်ခုပ်တီး ဩဘာပေးသူများထဲတွင် ကျွန်တော်လည်း အပါအဝင်ဖြစ်ခဲ့၏။
သူ့ဘာသာ ပန်းချီကားတစ်ချပ်ကို နှစ်ရက်မဟုတ်၊ နှစ်နာရီတည်း ဆွဲဆွဲ၊ တစ်ရက်မဟုတ်၊ တစ်နာရီထဲ ဆွဲဆွဲ ဘာဖြစ်လဲ…။ သူ့အနုပညာ စိတ်ပိုင်းဆိုင်ရာဗိုင်းရပ်စ် Artistic Mantal Virus နိုးကြားနေရင် ဘာမဆို ဖြစ်တယ်။ Action Painting တွေဆို ဘယ့်နှယ်လုပ်မလဲ။ ထိုအတိုင်း ကျွန်တော်က တရစ်ဝဲဝဲ တွေးနေမိသည်။
“ဘက်တာဆီ တံတားနားက မြစ်ရေပြင်ပေါ် လရောင်ထိုးကျတာကိုလည်း ကျွန်တော် ဆွဲလိုက်တယ်၊ တံတားကို ပုံတူဆွဲတာ မဟုတ်ပါဘူး၊ လရောင်ရဲ့ အလင်းပြန်မှုကို ဆွဲတာပါ။ တချို့တွေ ခံစားလို့ ရနိုင်ပေမယ့် တချို့တွေ ခံစားလို့ရမှာ မဟုတ်ပါဘူး။ အရောင်တွေရဲ့ပေါင်းစပ်မှုရစ်သမ်ကို ကျွန်တော် တင်ပြချင်တာပါ…”
သမရိုးကျ ပန်းချီရေးဟန်ကို ပုန်ကန်သော ပန်းချီဆရာအချို့ ရှိခဲ့ဖူးသည်။ ထိုထဲမှ အချို့သည် ဒြပ်ထုကို အဓိကမထားပဲ တစ်ချိန်နှင့်တစ်ချိန် တဖျပ်ဖျပ်ပြောင်းလဲ ပြေးလွှားနေသော အလင်းရောင်ကို မိအောင်ဖမ်းဆွဲတတ်ကြတယ်။ Impressionist များဟု ချိုးနှိမ် ခေါ်ဝေါ်ခံခဲ့ရ၏။
သူတို့ကိုယ်တိုင်ကလည်း ထိုအမည်ကိုပဲ လက်ခံယူခဲ့ကြ၏။ ဝှစ်စလာသည် အင်ပရက်ရှင်းနစ် ပန်းချီဆရာတစ်ယောက်ပင်။
“ခင်ဗျားရဲ့ ပန်းချီပညာဟာ ဘဝနဲ့ ရင်းခဲ့ရတာကို ဆိုတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ပန်းချီကားကို ဘာမှလည်း မဟုတ်ပါဘူးကွာလို့ ဆိုကြတာမျိုးကို ကြုံဖူးပါသလား”
“ကြုံဖူးပါတယ်၊ အဲဒီလို ကောက်ချက်ချတာတွေကို ကြားဖူးပါတယ်။ ဥပမာ မစ္စတာရပ်စ်ကင်ပေါ့…”
ကျွန်တော် ငိုင်တွေနေမိသည်။ မစ္စတာရပ်စ်ကင်ကိုလည်း အပြစ်ကြီးပြော၍ မရနိုင်။
“ဝေဖန်ရေးသမားရဲ့ တာဝန်ဟာ အနုပညာလက်ရာကောင်းနဲ့ အနုပညာလက်ရာဆိုးကို ခွဲခြားပေးဖို့ပါပဲ…။ အနုပညာ လက်ရာဆိုးတွေကို ပြည်သူ့ရှေ့မှောက် မရောက်အောင် တားမြစ်ပေးဖို့ပဲ…”
“လေးစားလောက်တဲ့ ဝေဖန်ရေးဆိုတာ ဥပဒေအတိုင်းပါပဲ။ အကြင်နာတရား ထားတယ် ဆိုပေမယ့်လည်း တစ်ခါတစ်ခါတော့ မာကျောရတယ်”
ရပ်စ်ကင်၏ အယူအဆများ ဖြစ်ပါသည်။ သူ့ဘက်က သူမှန်ကန်ပါလိမ့်မည်။ သို့သော် အနုပညာသည် အနုပညာသာ ဖြစ်ပါသည်။ ထို့ကြောင့်…
“မစ္စတာ ဝှစ်စလာ ခင်ဗျားဟာ ဘဝတစ်လျှောက်လုံးကို ပန်းချီ အနုပညာထဲမှာပဲ နစ်မြုပ်နေခဲ့တယ်လို့ ဆိုတယ်။ အခု ခင်ဗျား ပန်းချီကားရဲ့ အလှတရားကို ကျုပ်မြင်လာအောင် လုပ်ပေးမလား၊ လုပ်ပေးနိုင်မလား…”
ရုံးတော်တစ်ခုလုံး ငြိမ်သက်သွားသည်။ ဝှစ်စလာကလည်း အတော်ကြာသည်အထိ ချင့်ချိန်စဉ်းစားနေသည်။ မည်သူကမှ အသံမထွက်ကြ။ ဝှစ်စလာက သူ့ပန်းချီကားကို ကြည့်လိုက်၊ ရှေ့နေဘက်ကို ကြည့်လိုက်နှင့် တစ်စုံတစ်ရာကို တွေးနေသည်။ ထို့နောက်မှာမှ ပြတ်သားသောလေသံဖြင့်…
“လုပ်မပေးနိုင်ပါဘူး…ဂီတသမားတစ်ယောက်က သူရဲ့ဂီတသံစဉ်တွေကို နားပင်းနေသူတစ်ယောက်ရဲ့ အာရုံထဲ ဝင်အောင် လုပ်လို့မရသလိုပါပဲ…”
လက်ခုပ်သံတွေ ဝေါခနဲထွက်လာသည်။ လက်ဖဝါးတွေ နီရဲကျိန်းစပ်သည်အထိ ကျွန်တော်လည်း လက်ခုပ်တီးခဲ့မိသည်။ အချို့ကတော့ နားမလည်ကြ။
ကျွန်တော်တို့ကိုပင် ရိုင်းပြသလို ကြည့်ကြသည်။ စစ်ဆေးမေးမြန်းချက်တွေက ကုန်ပါပြီ။ ခဏအကြာမှာ တရားသူကြီးက စီရင်ချက်ချ၏။
“ရပ်စ်ကင်က ဝှစ်စလာကို နစ်နာကြေးအဖြစ် ငွေတစ်ကျပ်ပေးစေ၊ ရုံးစရိတ်ကို ဝှစ်စလာက ကျခံစေ…”
သွားပါလေရော…
“ခြင်္သေ့နဲ့ ကျားနဲ့ ကိုက်ကြတာတဲ့ တော်ရေ”
ရပ်ကွက်ထဲက ခေါက်မုန့်သည်ကြီးဆိုလျှင် ထိုသို့ပင် ပြောမည် ထင်ပါသည်။ ပြောမည်ဆိုလျှင်လည်း ပြောစရာပါ။ အမှုရှုံးသွားသည့်အတွက် ရပ်စ်ကင်က နာမည်ပျက်သွားပါသည်။ (တွေးမိလျှင် ရယ်ချင်သည်။ သူများကို မှိုချိုးမျှစ်ချိုး ပြောသွားသည်ကိုး) အောက်စဖို့ဒ်တက္ကသိုလ်မှ အနုပညာပါမောက္ခ ဟူသော ရာထူးကို စွန့်လွှတ်လိုက်ရသည်။ ဝေဖန်စာတွေကိုလည်း မရေးနိုင်တော့။ ဝှစ်စလာ ခမျာလည်း အိမ်အပါအဝင် ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို ရောင်းချလိုက်ရသည်။ (ဘာမှကို မရှိတော့ဘူး၊ တစ်ပြားမှကို မရှိတော့ဘူး…)
ထိုတရားရုံးမှအပြန်…
စာရေးဆရာ ဖရန့်ဟဲရစ် (Frank Harris) နှင့် ကျွန်တော်တွေ့သည်။ သူလည်း ကျွန်တော့်လိုပဲ စိတ်မကောင်း ဖြစ်နေသည်။
“တို့ အင်္ဂလန်တရားရုံးတွေဟာ ဒီလို သိမ်မွေ့နက်နဲတဲ့ အနုပညာကိစ္စတွေကို ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိပါဘူး။ ဒီကိစ္စကြီးကလည်း မဖြစ်သင့်ဘူး”
ကျွန်တော် မတုံ့ပြန်မိပါ။ ခရစ်နှစ် ၂၀၀၄ ရန်ကုန်မြို့တော်ဆီ ကိုယ့်ဘာသာကိုယ် ပြန်လာနေရပါသည်။ ကြိုးဝိုင်းချင်းမတူ၍ ဘယ်လိုထိုးထိုး ဘယ်သူမှ မလဲပါ။
ကိုယ့်ဘာသာ အမောဖောက်ကြတာပဲ ရှိပါသည်။ နဂါးတွေလည်း ပင်လယ်ထဲမှာ ရေငုပ်ရင်း အောက်ဆီဂျင်ကုန်တတ်သလား ဟု ကျွန်တော် စဉ်းစားသည်။
ရယ်စရာကြုံရသေး၏။
.png)
ReplyDeleteဥာဏ်ပညာရယ်
ချစ်ခြင်းတရားရယ်
တော်လှန်ရေးကို
ရှင်သန်စေမယ်...❣️
❤️🌧
DeleteDone 🍀
ReplyDeleteသြော်....တကယ့်ကို သိမ်မွေ့နက်နဲတဲ့ ပန်းချီအမှုပဲ
ReplyDelete"နဂါးတွေလည်း ပင်လယ်ထဲမှာ ရေငုပ်ရင်း အောက်ဆီဂျင်ကုန်တတ်သလား.... ဟု"
ReplyDeleteClicked🌸
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteReading Time! Done!
ReplyDeleteThis comment has been removed by the author.
ReplyDeleteနဂါးတွေလည်း ပင်လယ်ထဲမှာ ရေငုပ်ရင်းအောက်ဆီဂျင် ကုန်တတ်သလားးးး
ReplyDeleteDone
ReplyDelete