အချေခံ အိပ်မက်

Unicode


၁)



၂၀၁၀ ခုနစ်။

ဆောင်းနှောင်း ညနေခင်းတစ်ခု၌ ကျွန်ုပ်သည် အိမ်ရှေ့ဝရန်တာတွင် ထိုင်ရင်း လက်ဖက်ရည်ကြမ်းတစ်ခွက်ကို အရသာခံကာ သောက်နေမိသည်။ ကျွန်ုပ်၏ ခြံချင်းကပ်လျက်တွင် ကိုသိန်းထွန်းတို့ မိသားတစ်စု ရှိပြီး လေးတန်းအရွယ် သားကလေးတစ်ယောက်၊ သူငယ်တန်းအရွယ် သမီးကလေးတယောက်လည်း ရှိ၏။ ကိုသိန်းထွန်း၏ အိမ်ပြတင်းပေါက်ကို ကျွန်ုပ် လက်ဖက်ရည်ထိုင်သောက်သော နေရာက ငုံ့ကြည့်လျှင် တန်းနေသဖြင့် ကျွန်ုပ်သည် ထိုအိမ်ကို အပေါ်စီးမှ မြင်နေရလေသည်။

“အစ်ကို သရက်ပျဥ်လေး မြည်းကြည့်စမ်းပါ။”

ကျွန်ုပ်၏ အမျိုးသမီး မြူက သရက်ပျဥ်လာချပေးလေရာ ကျွန်ုပ်က လက်ဖက်ရည်ကြမ်းခွက်ကို လက်က ချသည်။

“မြူ့လက်ရာဆို အားလုံးကောင်းတယ်။”

ကျွန်ုပ် ချီးကျူးလိုက်ရာ မြူက သဘောတကျ ရယ်သည်။ ကျွန်ုပ်ကလည်း ထိုလှရက်လွန်းပါသော အပြုံးတို့ကို တမေ့တမော ငေးသည်။ မြူက ကျွန်ုပ်နံဘေး ကြိမ်ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး လမ်းမကို မျှော် ကြည့်ကာ စကားစသည်။

“သုတလေး ပြန်မလာသေးဘူးနော်။ အငယ်မလေးကတော့ ခုနကပဲ ပြန်လာတယ်။”

သုတဆိုသည်မှာ ကိုသိန်းထွန်း၏ သားအကြီးလေး ဖြစ်ပြီး ညနေသုံးနာရီထိုးလျှင် ကျောင်းမှ ပြန်လာနေကျဖြစ်သည်။ ကျွန်ုပ်တို့လင်မယားက သားသမီးမရနိုင်သဖြင့် မြူက ထိုကလေးနှစ်ယောက်ကို အရိပ်တကြည့်ကြည့်နှင့် ချစ်ရှာ၏။ (ကျွန်ုပ်တို့လင်မယားအကြောင်းကို အခွင့်ကြုံမှ ဖော်ပြပါမည်။)

“ကိုယ်လဲ အဲ့ဒါကြည့်နေတာ။ ဟော.... ပြောတုန်းဆိုတုန်း လာပါပြီ။”

ကျွန်ုပ်က ပြောရင်း လမ်းမကို မေးငေါ့ပြသည်။ ကျွန်ုပ်ဇနီးကလေး၏ အသည်းကျော် သုတက လက်ထဲတွင် စာရွက်တစ်ရွက်ကို ကိုင်ကာ ခေါင်းငုံ့လျက် လေးလံဖင့်တွဲသော ​ခြေလှမ်းများဖြင့် လျှောက်လာ၏။ သူ့ပုံစံမှာ ခါတိုင်းနေ့များနှင့်မတူဘဲ အလွန်ပင်ပန်းနွမ်းလျနေဟန်လည်း ပေါ်လေရာ မြူက မျက်မှောင်ကြုတ်သည်။

“နေမကောင်းဘူးလား မသိဘူးနော်။ မြူ ကလေးတွေအတွက် သရက်ပျဥ် ထည့်ပေးလိုက်ဦးမယ်။ သုတကို ခေါ်ထားလိုက်စမ်းပါ။”

မြူက ထသွားသည်တွင် ကျွန်ုပ်က သုတကိုသာ ကြည့်နေမိသည်။ ထိုကလေးက သူ့လက်ထဲမှ အမှတ်စာရင်း စာရွက်ကို ငုံ့ကြည့်ရင်း သက်ပြင်းမောကို ချသည်ကို ကျွန်ုပ် မြင်လိုက်ရ၏။ အသက်ဆယ်နှစ်အရွယ် လေးတန်းကျောင်းသားလေးက လူကြီးတစ်ယောက်ကဲ့သို့ သက်ပြင်းချနေသဖြင့် ကျွန်ုပ်မှာ ပြုံးမိပြန်သည်။

“ဟေ့.. ပြန်လာပြီလား။” သုတက အိမ်ရှေ့မှအဖြတ် ကျွန်ုပ်က လှမ်းအော်သည်။ ထိုကလေးက တစ်ချက်မျှသာ ကြည့်လာပြီး ခေါင်းညိတ်သည်။

“ဦးဦးဆီ ခနလောက် လာစမ်းပါဦးကွဲ့။ မင်းအန်တီက မုန့်လေးပေးလိုက်မလို့တဲ့။”

ကျွန်ုပ်က ပြောလိုက်သည်တွင် သုတက ခေါင်းညိတ်၍ ခြံထဲဝင်လာ၏။ ကျွန်ုပ်တို့ မိသားစုနှစ်ခုက နှစ်အိမ့်တစ်အိမ်နီးပါး ဖြစ်နေကြသဖြင့် ထိုကလေးနှစ်ယောက်က အဝင်အထွက်များသည်။

“ရီပို့ကတ်ရပြီလား။”

“ဟုတ်ကဲ့ဗျ။ သား ဒီလအဆင့်ကျသွားတယ်။” သုတက ကျွန်ုပ်အမေးကို ပြန်ဖြေရင်း သက်ပြင်းချပြန်သည်။

“အဆင့်ဘယ်လောက်ရလို့တုန်းကွ။”

“အဆင့်ခြောက်... အဖေကရိုက်မှာ... ဦးလေးရှိုင်း ကူပြောပေးပါလားဟင်။”

သုတက ကျွန်ုပ်ကို မျှော်လင့်တကြီး အကူအညီ တောင်းသည်။ ကျွန်ုပ်က သူ့လက်ထဲမှ ရီပို့ကတ်ကို ယူကြည့်လိုက်ရာ အမှတ်က များများစားစား လျော့နေသည် မဟုတ်သဖြင့် သူ့အဖေက အပြစ်တင်လိမ့်မည် မဟုတ်ဟု တွေးလိုက်မိသည်။ ကျွန်ုပ်ငယ်စဥ်ကလည်း စာမေးပွဲပေါင်း သောင်းခြောက်ထောင်ကို နည်းလမ်းပေါင်းစုံဖြင့် ကျခဲ့ဖူးသဖြင့် အဆင့်ခြောက်ရသည်က အတော်ဟုတ်နေပြီဟု ကျွန်ုပ်တွေးသည်။

“မင်းကလဲကွာ... လူခြောက်ဆယ်မှာ အဆင့်ခြောက်ရတာ တော်လှပေါ့။ မင်းနောက်မှာ လူငါးဆယ်ကျော်တောင် ကျန်သေးတယ်။ ဦး ငယ်ငယ်ကဆို အရှေ့မှာ ငါးဆယ် အနောက်မှာ ငါးယောက်ပဲ။”

ကျွန်ုပ်က နှစ်သိမ့်လိုက်သဖြင့် ထိုကလေးက ပျော်သွားဟန်တူသည်။ မြူ ပေးလိုက်သော သရက်ပျဥ်ခြင်းကလေးကို ယူကာ သူ့အိမ်သို့ တန်းတန်းမတ်မတ် ပြန်တော့သည်။ ကျွန်ုပ်တို့ဇနီးမောင်နှံက ဝရန်တာမှ နေ၍ ထိုကလေးကို ကြည့်ရင်း ထွေရာလေးပါး ပြောနေကြ၏။ များမကြာမီပင် ကိုသိန်းထွန်း၏ ဒေါသတကြီး မာန်မဲသံက ထွက်လာသည်။

“အဆင့်ဘယ်လောက်ရသလဲ။”

အသံက ဒေါသတကြီး နိုင်လွန်းလှ၍ မြူက ကျွန်ုပ်ကို ကြည့်လာပြီး ခပ်တိုးတိုး ဆိုသည်။

“သုတကို သူ့အဖေ ဆူတော့မယ် ထင်တယ်။ သုတလေးက အဲ့ဒါကြောင့် မျက်နှာမကောင်းတာ။”

“ဒါလဲ ကိုယ်တို့ကိစ္စ မဟုတ်ပါဘူး မြူရယ်။” ကျွန်ုပ်က ပြန်ဖြေလိုက်သည့်အချိန်မှာပင် ကိုသိန်းထွန်း၏ အသံက နောက်တစ်ကြိမ် ဟိန်းထွက်လာပြန်၏။

“မင်းကို မေးနေတယ်။ မေးနေရင် ဖြေရတယ်ကွ။”

စကားသံအဆုံး ရွှမ်းခနဲ ရိုက်လိုက်သည့် အသံကျယ်ကျယ်ကပါ ထွက်လာသဖြင့် ကျွန်ုပ်၏ကိုယ်က မတ်ခနဲ ဖြစ်သွားပြီး တစ်ဖက်အိမ်၏ ပြတင်းပေါက်ကို ကြည့်လိုက်မိသည်။ ကိုသိန်းထွန်းက သူ့သားဖြစ်သူကို ခါးပတ်ဖြင့် ဒေါသတကြီး ရိုက်နေသည်ကို တွေ့လိုက်ရသဖြင့် ကျွန်ုပ်မှာ တအံ့တသြ ဖြစ်သွားရသည်။ ယောက်ျားရင့်မာတစ်ယောက်၏ အားပြင်းလှသည့် ရိုက်ချက်ကြောင့် ဆယ်နှစ်သားအရွယ်ကလေး သုတမှာ ချက်ချင်းပင် ယိုင်ကျသွားပြီး ကတုန်ကယင်ဖြင့် တစ်စုံတစ်ရာကို ပြန်ပြော၏။

“သုတလေးကို ရိုက်နေတာလားဟင်... အသံတွေ ဆူညံနေတာပဲ။” ​မြူက ထပ်မေးပြန်သည်။

“မြူ အိမ်ထဲ ဝင်တော့။ သူ့ကလေးသူ ရိုက်တာ ကိုယ်တို့နဲ့မဆိုင်ဘူး။”

ကျွန်ုပ်က မြူကို အိမ်ထဲအဝင်ခိုင်းသည်။ မြူက ကလေးချစ်တတ်ပြီး အင်မတန်လည်း သနားတတ်သဖြင့် သူ စိတ်မကောင်းမည်ကို ကျွန်ုပ် စိတ်ပူသည်။ မြူက နှုတ်ခမ်းစူ၍ အိမ်ထဲ ဝင်သွားသော်လည်း ကျွန်ုပ်ကမူ ဝရန်တာတွင် ထိုင်ကာ ကိုသိန်းထွန်းတို့ သားအဖကို မသိမသာ ကြည့်နေမိသည်။

“စောက်သုံးမကျတဲ့ကောင်။” ကိုသိန်းထွန်း၏ ဆဲရေးလိုက်သည့် အသံနှင့်အတူ သုတ၏ ကျောပြင်ပေါ်သို့ ခါးပတ်နောက်တစ်ချက်က ရွှမ်းခနဲ ကျလာပြန်၏။ နာကျင်လာသည့်အလျောက် သုတက အလိုလိုပင် လက်ဖြင့် ပြန်ကာရင်း ငိုယိုကာ တောင်းပန်နေရှာသည်။

“အာ့.. သား နာတယ်။ နောက်ခါ အဆင့်မကျစေရပါဘူး.... အဟင့်ဟင့်”

“မိဘက မင်းတို့မောင်နှမကို ကျောင်းထားဖို့ ကျွဲလိုနွားလို ရုန်းရတယ်။ မင်းကတော့ နည်းနည်းမှ စောက်သုံးမကျဘူး။”

တစ်ခွန်းပြောရင်း တစ်ချက်ရိုက်နေသော ကိုသိန်းထွန်း၏ သားရေခါးပတ်ရိုက်ချက်များက သုတ၏လက်ဖျံနှင့် ကျောပြင်တို့အပေါ် မညှာမတာ ကျရောက်လျက် ရှိ၏။ ခါးပတ်သံ တရွှမ်းရွှမ်းနှင့် ဆူပူမာန်မဲသံတို့အကြား သုတ၏ ငိုယိုတောင်းပန်သံက အားနည်းချိနဲ့ သွားခဲ့ရရှာ၏။

မိဘက ကျွဲလိုနွားလိုရုန်း၍ ကျောင်းထားရသဖြင့် သားသမီးကို ကျွဲလိုနွားလို ရိုက်​နေသည်လားဟု ကိုသိန်းထွန်းကို သွားမေးလိုက်ချင်သည့်တိုင် ကျွန်ုပ် မသိချင်ယောင် ဆောင်ထားခဲ့၏။ သုတက ငိုယိုနေရင်း နောက်တစ်ချက် ထပ်မရိုက်ရန်သာ တောင်းပန်နေသည့်တိုင် အချည်းအနှီးပင်။

“မင်း ရီပို့ကတ်ကို လက်မှတ်မထိုးပေးဘူး။ အလကားကောင်။”

နောက်ဆုံးတစ်ခွန်း ဆဲဆိုပြီးနောက် ကိုသိန်းထွန်းက ခါးပတ်ကို ဒုန်းခနဲ ပစ်ချကာ​ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွား၏။ သုတကမူ ချက်ချင်းမထနိုင်သေးဘဲ ကြမ်းပြင်ပေါ်တွင် ပုံ့ပုံ့ကလေး လဲနေ​ကာ တရှုံ့ရှုံ့ ငိုနေရှာသည်။

“ဒီလူကလဲ သားသမီးကို ကျွဲရိုက်နွားရိုက် ရိုက်နေရတယ်လို့။” ကျွန်ုပ်က ရေရွတ်လိုက်သည်တွင် မြူက ဝရန်တာဘက် ပြန်ထွက်လာပြီး ကျွန်ုပ်ကို ဆူပူတော့သည်။

“အဲ့ဒါတောင် တော်က လက်ပိုက်ကြည့်နေတယ်ပေါ့။ တော် နည်းနည်းပါးပါး ဝင်တားရင် ရပ်ချင်ရပ်မှာပေါ့။”

“ကိုယ်နဲ့မှ မဆိုင်ဘဲ မြူရယ်။”

“ကလေးတစ်ယောက်ကို အိမ်တွင်းအကြမ်းဖက်နေတာ တော်နဲ့ မဆိုင်ဘူးလား။ တော်က လူစိတ်ရော ရှိရဲ့လား။”

ကျွန်ုပ်မှာ မဆီမဆိုင် ဇနီးသည်ထံမှ အဆူခံလိုက်ရသဖြင့် အတော်လေးတော့ အောင့်သက်သက် ဖြစ်မိသည်။ တစ်ချိန်တည်းမှာပင် ကိုသိန်းထွန်းနှင့် တစ်ရက်လောက်တော့ စကားပြောကြည့်ရမည်ဟု တွေးလိုက်လေသည်။



၂)


“ခင်ဗျားဗျာ... ကလေးကို သိပ်မရိုက်ပါနဲ့။ အခုမှ ငယ်ငယ်လေး ရှိသေးတာကို။”

ကျွန်ုပ်က ကချင်အရက်ကို ဖန်ခွက်ထဲ ငှဲ့ထည့်ရင်း ကိုသိန်းထွန်းကို ဖြောင်းဖြသည်။ ကျွန်ုပ်နှင့် ကိုသိန်းထွန်းက ညခုနစ်နာရီလောက်ဆိုလျှင် အိမ်အောက်ကွပ်ပျစ်၌ အတူထိုင်ကာ အရက်သောက်လေ့ရှိပြီး ထွေရာလေးပါး ပြောလေ့ရှိသည်။

“ကိုရှိုင်း မသိဘူးနော်။ ကျွန်တော်က သားသားကို ဆရာဝန် အင်မတန် ဖြစ်စေချင်တာ။ အဲ့ဒါကြောင့် အခုထဲက စည်းကမ်းကြီးကြီးနဲ့ လေ့ကျင့်ပေးနေတာဗျ။”

“သူကရော ဆရာဝန် ဖြစ်ချင်ရဲ့လားဗျာ။”

“မသိဘူး။ သူ ဖြစ်ချင်ချင် မဖြစ်ချင်ချင် ဆေးကျောင်းပဲ တက်ခိုင်းမှာ။ ဆရာဝန်ဆို ဘယ်လောက်တောင်ဂုဏ်ရှိလဲ ခင်ဗျားလဲ သိရဲ့သားနဲ့။”

“ဒါပေမဲ့ ခါးပတ်နဲ့တော့ မရိုက်နဲ့လေဗျာ။ ရိုက်တိုင်းသာ ပညာတတ်ဖြစ်မယ်ဆို ကျွန်တော့်ဘကြီးဆီက နွားပြာကြီး ပါမောက္ခဖြစ်တာ ကြာပေါ့။ လူပါဗျ... လူလိုပြောရင် နားလည်ပါတယ်။”

ကျွန်ုပ်က စိတ်တိုလာသည့်အလျောက် ကပ်သီးကပ်ဖဲ့ ပြောလိုက်မိသည်တွင် သူက ခေါင်းကို တွင်တွင်ခါသည်။

“မရဘူးနော်... ကလေးဆိုတာမျိုးက ကြောက်အောင် ခြောက်ထားမှ တော်ကာကျတာ။ သားသားက ကျွန်တော့်သာ ကြောက်တာ... သူ့အမေဆို အရုပ်လို အောက်မေ့တာ။”

ကချင်အရက်၏ အရှိန်ကြောင့် ကိုသိန်းထွန်းက ခပ်ထွေထွေ ဖြစ်လာပြီး နှုတ်သွက်လျှာသွက် ဖြစ်လာ၏။

“သူ့ကို အခုကတည်းက ဖိထားမှ ကျွန်တော့်ကို မလှန်ရဲမှာ။ ဒီကောင် အဆင့်တွေကျနေလို့ ကျွန်တော် ဆရာမတစ်ယောက် ထပ်ငှားပေးထားတယ်။ အဲ့ဆရာမကလဲ အင်မတန် အရိုက်ကြမ်းတယ်တဲ့။ အဲ့ဒီကောင်တော့ လုံးဝ သက်သာခိုလို့ မရတော့ဘူး။”

“ခင်ဗျား မွေးထားတာ လူဗျ။ ဘာလို့ ငယ်ငယ်ကတည်းက အကြောက်တရားတွေ ရိုက်သွင်းပေးချင်နေရတာလဲ။ ကလေးတွေမှာလဲ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိတယ်။ သားသမီးနဲ့မိဘဆိုတိုင်း ရိုက်ချင်တိုင်းရိုက်၊ နှက်ချင်တိုင်းနှက်နေလို့ မရဘူး။” ကျွန်ုပ်က လေသံမာမာဖြင့် ပြောလိုက်ရာ ထိုလူ့ဂွစာက ကျွန်ုပ်ကို ရန်လုပ်သည်။

“ကျွန်တော် မွေးထားတဲ့ကလေး ကျွန်တော် ကြိုက်တာလုပ်မယ်ဗျာ။ ခင်ဗျားနဲ့ ဘာဆိုင်သလဲ။ ခင်ဗျားတို့ကျတော့ အဖြစ်ရှိတာ မဟုတ်ဘဲနဲ့။”

“ကျုပ်တို့က အဖြစ်မရှိပေမဲ့ သားသမီးကို လူလိုဆက်ဆံရမှန်း သိတယ်ဗျ။ ခင်ဗျားက ကိုယ့်ကလေးကိုယ် ညှင်းဆဲနေတာ၊ အကြောက်တရားကို ရိုက်သွင်းနေတာ။”

“အဲ့တော့ ဘာဖြစ်သလဲ။ ကျုပ် လုပ်သမျှက သူ ကောင်းစားဖို့ချည်းပဲ။ ကျုပ်က သူ့ဖအေပါဗျ၊ ခင်ဗျားက ကျုပ်လောက် သိဦးမလား။”

ထိုနေ့က ကျွန်ုပ်တို့နှစ်ယောက် စကားများကြပြီး နောက်ပိုင်း အရက် အတူမသောက်ဖြစ်တော့ပေ။ သို့သော် အရက်သောက်ရင်း ခင်သည့် မိတ်ဆွေဟူသည်က အင်မတန်အဖိုးတန်လှလေရာ တစ်လမျှကြာသည်တွင် သူက ရှန်ပိန်တစ်ပုလင်း ဝယ်လာပြီး ကျွန်ုပ်ကို ပြေရာပြေကြောင်း ပြောလာ၏။ ဤနည်းအားဖြင့် ကျွန်ုပ်တို့နှစ်အိမ်က ပြေလည်သွားကြပြန်သည်။

တစ်ခုသော ကျောင်းပိတ်ရက်တွင် ကလေးနှစ်ယောက်က ကျွန်ုပ်အိမ်၌ လာကစားသဖြင့် ကျွန်ုပ်က စနောက်မိသည်။

“သုတ... သားကို သားအဖေက ခါးပတ်စွပ်ပြုတ် ကျွေးလိုက်တာဆို။”

သုတက ပြန်မဖြေခင် မြူက ကျွန်ုပ်ကို မျက်စောင်းထိုးသည်။ မြူက ကလေးကို စိတ်ဒဏ်ရာ ရသွားမည် စိုးရိမ်နေဟန်တူသဖြင့် ကျွန်ုပ်က အားနာမိသွားသော်လည်း သုတက ရယ်ကျဲကျဲဖြင့် ပြန်ဖြေသည်။

“အမလေး .. ကျောကို ကော့သွားတာပဲဗျ။ အခုထိ အရှိုးရာတွေ ကျန်သေးတယ်။ ဒါပေမဲ့ နောက်နေ့ကျတော့ အမေက မုန့်ဖိုးပေးတယ်။ အရိုက်ခံရတာ တန်ပါတယ် ဟဲဟဲ”

“မုန့်ဖိုးက ဘယ်လောက်ရတာလဲ။ မင်း အသားနာတာနဲ့ ကိုက်ရော ကိုက်ရဲ့လားကွာ။”

“ကိုက်တာပါ့ ဦးလေးကလဲ။ သားက ငိုပြီး အိပ်သွားတော့ အမေက ငါးရာတန်ဆယ်ရွက်ကို သားကျောပိုးအိတ်ထဲ ခိုးထည့်ပေးထားတယ်လေ။ ငါးထောင်ဆိုရင် သား စိတ်ကြိုက် သုံးလို့ရတယ်။”

သုတ၏ စကားကြောင့် ကျွန်ုပ် တွေဝေသွား၏။ ဖအေဖြစ်သူက သေလုမတတ် ရိုက်နှက်ကန်ကျောက်နေသည်ကို မအေဖြစ်သူက ရပ်ကြည့်နေပြီး နောက်တစ်နေ့မှ ငွေအများအပြားပေးကာ နှစ်သိမ့်သည်က ဆုံးမသွန်သင်သည့် နည်းလမ်းအမှန်ရော ဟုတ်ပါရဲ့လားဟုလည်း တွေးလိုက်မိသည်။ ငွေငါးထောင်ဟူသော ပမာဏက မနည်းလှသဖြင့် လေးတန်းကလေးက ထိုငွေကို မည်သည့်နေရာ၌ သုံးမည်ကို သိချင်မိသေး၏။



၃)

၂၀၁၂ ခုနစ်။

သုတက ခြောက်တန်းကျောင်းသား ဖြစ်လာပြီး အဆင့်ကျသည်နှင့် အရိုက်ခံရမြဲ၊ မိုးလင်းမှ မိုးချုပ်သည်အထိ ကျူရှင်၊ ကျောင်းနှင့် ဂိုက်ဆရာမတို့အကြားတွင် လုံးချာပတ်ချာ လိုက်နေရဆဲ၊ ထိုကလေး အရိုက်ခံရတိုင်း မြူနှင့် ကျွန်ုပ်က သက်ပြင်းချနေရဆဲ ဖြစ်၏။ ကျွန်ုပ်တို့ လင်မယားကိုမူ မိဘအရင်းနှယ် လေးစားချင်ခင်ပြီး ပြောသမျှကိုလည်း ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ခင်ဗျနှင့် ခင်ဗျချင်း ထပ်အောင် ပြန်ဖြေတတ်သဖြင့် သုတက အင်မတန်လိမ္မာသည်ဟု ထင်နေခဲ့မိသည်။

တစ်ခုသော ညနေခင်းတွင် ကိုသိန်းထွန်းက သူ့သားကို အခန်းတွင်း ပိတ်ကာ ခါးပတ်နှင့် လှိမ့်နေအောင် ရိုက်ပြန်သည်။ ကလေးငယ်၏ စူးစူးဝါးဝါး အော်ဟစ်ငိုယိုသည့် အသံများ၊ ကိုသိန်းထွန်း၏ ဆဲရေးတိုင်းထွာသံများနှင့် ခါးပတ်သံတရွှမ်းရွှမ်းကို ကျွန်ုပ်တို့လင်မယား နှစ်ယောက်လုံး အထင်းသား ကြားနေရ၏။ သို့သော် ကျွန်ုပ်တို့အတွက် နေသားကျသွားသည်လား၊ လျစ်လျူရှုလိုစိတ်တို့က ကြီးစိုးသွားသည်လား မသိ၊ လင်မယားနှစ်ယောက်လုံး ထိုအကြောင်းကို မပြောဖြစ်ကြတော့ပေ။

နောက်ထပ်တစ်ပတ်လောက်အထိ သုတက အိမ်ထဲမှ အိမ်ပြင်မထွက်တော့ဘဲ စာကျက်သံ တညံညံသာ ထွက်လာတတ်၏။ တစ်ညကဆိုလျှင် ကျွန်ုပ် စာရင်းစစ်ပြီးသည့်အချိန်ထိ ထိုကလေး၏ စာကျက်သံက တိတ်မသွားသေးပေ။ ကျွန်ုပ်က နာရီကို ကြည့်လိုက်ရာ ညဆယ့်တစ်နာရီပင် ထိုးလုပြီ ဖြစ်၍ ထိုကလေး ဝီရိယကောင်းလှ၏ဟု စိတ်ထဲမှ ချီးကျူးမိပြီး သူ့စာအံသံကို နားစိုက်ထောင်မိသည်။

“တစ်တောင်ပေါ် တစ်တောင်ဆင့် တောင်အမြင့်ပတ်ခြံရံ၊ တစ်တောင်ဆုံးပြန်တော့ ...”

သုတ၏ ကဗျာရွတ်သံက ကျွန်ုပ်နားထဲ ဝင်လာသည်။ ကျွန်ုပ်က စာရင်းစာအုပ်များကို ပြန်သိမ်းရင်း နားထောင်မိသည်တွင် ထိုကလေးက ထိုကဗျာတစ်ပုဒ်တည်းကိုသာ အကြိမ်ကြိမ်အခါခါ ရွတ်နေမှန်း သိလိုက်ရ၏။ ကျွန်ုပ်က သူ့ကို ဂရုမထားတော့ဘဲ ပုတီးစိပ်သည်။ နာရီဝက်ကြာပြီး အိပ်ရာဝင်သည်အထိ ထိုကလေး၏ အသံက တိတ်မသွားသေးသဖြင့် ကျွန်ုပ်က နားစိုက်ထောင်မိပြန်သည်။ ကနဦးက ရွတ်ခဲ့သောကဗျာကိုသာ ရွတ်နေဆဲပင်။

“ဒီအချိန်မှတော့ ဦးနှောက်က ဘာများမှတ်နိုင်တော့မှာလဲ။” ကျွန်ုပ်က မကျေမချမ်း မြည်တွန်တောက်တီးလိုက်ပြီး နံဘေးတွင် အိပ်ပျော်နေသော မြူ့ခါးကို သိုင်းဖက်ကာ အိပ်လိုက်လေသည်။

နောက်တစ်နေ့ ညနေခင်းတွင် ထိုမောင်နှမက ကျွန်ုပ်တို့အိမ်ဆီ အလည်လာပြန်သည်။ ကလေးမြင်လျှင် စချင်သော ကျွန်ုပ်ကလည်း သုတကို မေးပြန်သည်။

“မနေ့က စာတွေ အကြာကြီး ကျက်နေတာလား။ သုတက ခါးပတ်စွပ်ပြုတ် မကြိုက်ဘူး ထင်တယ်။”

သုတက ရယ်လျက် ကျွန်ုပ်အနားသို့ တိုးလာပြီး ခပ်တိုးတိုး ပြောသည်။

“ဦးလေးရှိုင်း အဖေ့ကို ပြန်မပြောဘူးလို့ကတိပေးနော်။”

“ကောင်စုတ်လေး... မင်း ဘာမဟုတ်တာလုပ်ထားတာလဲ။”

“ညက သား အရမ်းအိပ်ငိုက်နေလို့ MP4 နဲ့ အသံဖမ်းပြီး ပြန်ဖွင့်ထားတာ။ သားက စာရေးခုံအောက်မှာ ခိုးအိပ်နေတာ။ ဦးလေးရှိုင်း အဖေ့ကို ပြန်မတိုင်နဲ့နော်။”

ကျွန်ုပ်မှာ သုတစကားကြောင့် မျက်လုံးပြူးသွားသည်။ ကျွန်ုပ်ကို ယုံယုံကြည်ကြည်နှင့် ပြောပြလာသော ကလေးငယ်ကို ကြည့်၍လည်း စိတ်ထဲ၌ မသက်မသာ ဖြစ်မိပြန်၏။ သုတက သူ့မိဘများကို လိမ်တတ်နေလေပြီ။

“အိပ်ချင်ရင် သားအမေကို ပြောပြီး အိပ်ပေါ့။ လိမ်တာမကောင်းဘူးလေ။”

“ညဆယ့်တစ်နာရီအထိ စာလုပ်ရမယ်လို့ အချိန်စာရင်း ဆွဲပေးထားတာ ဦးလေးရဲ့။ အချိန်မစေ့ရင် မအိပ်ရဘူး။ အမေတို့က ဧည့်ခန်းမှာ တီဗီကြည့်ရင်း ထိုင်စောင့်နေကြတာ၊ သား အသံတိတ်သွားတာနဲ့ ကြိမ်လုံးနဲ့ ရိုက်တာကိုး။”

သုတက ကျွန်ုပ်ကို လျှောက်လဲချက် ပေးရှာသည်။ ကိုသိန်းထွန်းအကြောင်း သိနေသော ကျွန်ုပ်က သုတကို အပြစ်မမြင်ရက်တော့ပေ။

“သားမိဘတွေက သားကို တအားချစ်လို့၊ ဆရာဝန်ကြီး ဖြစ်စေချင်လို့ စည်းကမ်းကြီးကြတာပါကွာ။”

“သားမှ ဆရာဝန် မဖြစ်ချင်တာ။”

“ဒါဖြင့် သားက ဘာဖြစ်ချင်သလဲ။”

ကျွန်ုပ်၏ အမေးကို သုတက ချက်ချင်းမဖြေဘဲ အတန်ကြာသည်အထိ စဥ်းစားနေ၏။ သေသေချာချာ စဥ်းစားပြီးခါမှ ထိုကလေးက ခေါင်းခါသည်။

“သားလဲ မသိဘူး။”

“သူ ဝါသနာပါတာကို မေးလေ။ ပြီးမှ ဘာဖြစ်ချင်လဲ ဆုံးဖြတ်ရမှာပေါ့။” ကျွန်ုပ်၏ ဇနီးသည်က ဝင်ပြောသည်။ သုတက အခန်းကို ဝေ့ကြည့်လိုက်ပြီး အခန်းထောင့်တွင် ထောင်ထားသော ဂစ်တာကို လက်ညှိုးထိုးသည်။

“သားက ဂစ်တာတီးပြီး သီချင်းဆိုချင်တာ။ ဦးလေးရှိုင်း ဂစ်တာတီးရင် သား အမြဲခိုးပြီး နားထောင်နေကျ။”

“သား တကယ် ဝါသနာပါတာလား။”

“တကယ်ပါဆို... သား ရေးထားတဲ့ သီချင်းတွေ ရှိတယ်။ ဦးလေးရှိုင်းကို ပြမယ်။ ခနလေး စောင့်နေနော်။”

သုတက ကျွန်ုပ်ကို ပြောပြီးသည်နှင့် သူ့အိမ်ကို အလျင်အမြန် ပြန်ပြေးသည်။ ထို့နောက် သူ့ကျောပိုးအိတ်ကလေးကို ယူကာ ပြန်ပြေးလာပြီး စာရွက်အပိုင်းများကို ထုတ်ပြသည်။

“ဒီမှာ... ဒါက သားသူငယ်ချင်းနဲ့ အတူတူ ရေးတာ။ ဒီဟာက သားဘာသာသား ရေးတာ။” သုတက တစ်ရွက်ပြီး တစ်ရွက်ပြနေသည့်အခိုက် ကျွန်ုပ်က သူ့ကိုသာ ကြည့်နေမိ၏။ ထိုစဥ် သုတ ပြောလိုက်သည့် စကားတစ်ခွန်းက ကျွန်ုပ်နားထဲ ကန့်လန့်ဝင်လာ၏။

“အဖေသိရင် ရိုက်မှာ စိုးလို့ ဖွက်ထားတာ။ အဖေက သားကို ဆရာဝန် လုပ်ခိုင်းချင်တာတဲ့။ ဆရာဝန်ဖြစ်ရင် ဂုဏ်လဲ ရှိပြီး ပိုက်ဆံတွေလဲ အများကြီး ရှာနိုင်မှာလို့ပြောတယ်။”



၄)

၂၀၁၆ ခုနစ်။

သုတက ဆယ်တန်းရောက်လာပြီး လူပျိုပေါက်ကလေး ဖြစ်လာ၏။ အရပ်ကလည်း သူ့အဖေနီးပါး ရှည်လာပြီး လူကလည်း ထွားလာသည်။ ခြောက်တန်းမှ ဆယ်တန်းအတွင်း ထိုကလေးက ကျောင်းပြေး၍ ဂိမ်းဆိုင်သွားခြင်း၊ သူငယ်ချင်းများနှင့် လျှောက်သွားခြင်း၊ အမှတ်စာရင်း လိမ်ခြင်း၊ ရည်းစားများ တစ်ယောက်ပြီး တစ်ယောက်ထားခြင်းတို့ကို ပြုခဲ့လေသည်။ သူ့အဖေက မိသွားလျှင် အသားကုန်ရိုက်သည်။ သုတကလည်း ပေတေခံ၍ သူလုပ်ချင်ရာကိုသာ လျှောက်လုပ်သည်။

ထို့ကြောင့် သူ ကိုးတန်းအောင်သည်နှင့် သူ့မိဘများက “ဆယ်တန်းက ဘဝအတွက် အရေးကြီးတယ်” ဆိုကာ အင်မတန်စည်းကမ်းကြီးသော ဘော်ဒါဆောင်သို့ ငွေကုန်ကြေးကျ များစွာခံ၍ ပို့လိုက်ကြ၏။ သို့သော် ဆယ့်ငါးရက်မျှ ကြာသောအခါ သုတက ဘော်ဒါမှ ထွက်ပြေးသွားသည် ဟူသော သတင်း ပြန်ရောက်လာသည်။

ကိုသိန်းထွန်းတို့ လင်မယားမှာ သားပျောက်သည့် ဇောဖြင့် ပြာယာခတ်နေကြပြီး ကျွန်ုပ်တို့ လင်မယားကို အကူအညီလာတောင်းသည်။ ထို့ကြောင့် သူတို့သမီး အငယ်မလေးကို မြူနှင့် ထားခဲ့ပြီး ကျွန်ုပ်တို့က သုတရှာပုံတော် ထွက်ကြရ၏။ ထိုကလေး သွားတတ်သည့် ဂိမ်းဆိုင်များ၊ ဘုရားများ၊ ပန်းခြံများနှင့် သူ့သူငယ်ချင်းအိမ်များကိုပါ လိုက်လံရှာဖွေခဲ့ကြသည့်တိုင် လေးရက်ကြာသည်အထိ မတွေ့ခဲ့ပေ။

ကိုသိန်းထွန်းတို့လင်မယား သောကပွားနေရချေပြီ။ ကိုသိန်းထွန်း၏ ဇနီး မမိုးက တစ်ချိန်လုံး ငိုယိုနေပြီး ကိုသိန်းထွန်းကမူ တောက်ခတ်ခတ်ဖြင့် ဒေါသထွက်နေ၏။ တစ်နှစ်စာ ဘော်ဒါကြေး ငွေကလည်း ပြန်မရ၊ သားကလည်း ပျောက်ခြင်းမလှ ပျောက်နေသဖြင့် မြွေပါလည်းဆုံး၊ သားလည်းဆုံးမည့် အလားအလာရှိနေ၏။ ငါးရက်မြောက်သော နေ့၌ သုတ၏ သူငယ်ချင်း ကောင်လေးတစ်ယောက်က ကိုသိန်းထွန်းတို့ဆီ ရောက်လာပြီး လွန်ခဲ့သောညက သုတနှင့် ဖုန်းအဆက်အသွယ် ရကြောင်း၊ ယနေ့နေ့လည်ကားဖြင့် တောင်ကြီးဘက် သွားမည်ဟု ပြောကြောင်း ပြောပြသည်။

ကိုသိန်းထွန်းတို့လင်မယားက အဝေးပြေးကားဂိတ်ကို သွားကြရပြန်သည်။ ကိုသိန်းထွန်းက ဒေါသတကြီးဖြစ်နေပြီး သူ့ဇနီးက ဝမ်းနည်းပက်လက် ငိုနေသဖြင့် ကျွန်ုပ်က ကားမောင်း၍ လိုက်ပို့ရသည်။ အဝေးပြေးကားဂိတ်သို့ ရောက်၍ ရှာဖွေပြီး သုတကို တွေ့သည်နှင့် ကိုသိန်းထွန်းက ထိုကလေးကို လက်သီးဖြင့် ထိုးမည် ပြုသည်။ ထိုကလေးကလည်း ထွက်ပြေးမည် ပြင်သည်။

“အလကားကောင်... မိဘကို ဒုက္ခပေးတဲ့ ခွေးလိုကောင်။”

“တော်တော့... ကလေးကို မဆူပါနဲ့တော့... သားလေး.. မေမေ့ဆီလာ”

မမိုးက သုတကို ပြေးဖက်လိုက်သည်နှင့် သားအမိနှစ်ယောက်လုံးက ကြူကြူပါအောင် ငိုသည်။ ကိုသိန်းထွန်း၏ မျက်နှာကြီးကမူ သုန်မှုန်နေတော့သည်။ ဤနည်းအားဖြင့် သုတက အိမ်ပြန်ပါလာခဲ့ရပြီး ဆယ်တန်းကို အစိုးရကျောင်း၌သာ ပြန်တက်ရတော့သည်။ ကျောင်း၊ ကျူရှင်အပြင် သုတကို စာကူကျက်ရန်အတွက် ဂိုက်ဆရာဟူသည်ကိုလည်း တစ်ဘာသာတစ်ယောက် ငှားထားလေရာ သုတမှာ ညဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီလောက်မှ အိပ်ရ၏။ မနက်မိုးလင်းသည်နှင့် ကျူရှင်သွားရသည်။

တစ်ညတွင်မူ သုတကို သူ့အဖေက ခါးပတ်နှင့် လှိမ့်နေအောင် ရိုက်ပြန်သည်။ အချိန်က ညဆယ့်တစ်နာရီခန့် ဖြစ်၍ တိတ်ဆိတ်နေသည်တွင် ကိုသိန်းထွန်း၏ ခါးပတ်သံ တရွှမ်းရွှမ်းနှင့် ဖရုဿဝါ ဆဲဆိုသံများက ပို၍ ထင်ထင်ရှားရှား ကြားရ၏။ ကျွန်ုပ်က ဆက်မအိပ်နိုင်တော့သဖြင့် ဝရန်တာဘက် ထွက်လာသည်တွင် ကိုသိန်းထွန်းက သူ့ကလေးကို ဆက်မရိုက်တော့ဘဲ ကျွန်ုပ်ခြံတံခါးကို လာခေါက်သည်။

“ဘာဖြစ်တာလဲဗျာ... ညကြီးသန်းခေါင်ကို”

“ဘာဖြစ်ရမလဲ.... ဟိုခွေးကောင် သုတလေ... သူ့မြန်မာစာဆရာကို ကိုင်ပေါက်ပစ်လိုက်တယ်။”

ကိုသိန်းထွန်းက ခြံထဲ ဝင်လာရင်း ကျွန်ုပ်ကို ပြန်ဖြေသည်။ ကျွန်ုပ်မှာ ရယ်ရမည်ခက်၊ ငိုရမည်ခက်ဖြင့် ကိုသိန်းထွန်းကိုသာ ကြည့်နေမိသည်။ ကိုသိန်းထွန်းက ဆက်ပြောသည်။

“အဲ့ဒါကြောင့် ဒီနေ့ ဆရာလေးက ဆယ်နာရီကတည်းက ပြန်သွားတာ။ အဲ့ဒီကောင်... အဲ့ဒီကောင် သင်း တော်တော် ချိုကြွနေတာ။ အိမ်မှာ ကြာကြာနေရင် ကျွန်တော် ရိုက်လို့ အသက်ထွက်သွားမှာစိုးလို့ ခင်ဗျားဆီ ထွက်ခဲ့တာ။”

ကျွန်ုပ်မှာ “သြော်” တစ်လုံးသာ ပြောနိုင်တော့၏။ ယခင်က သူ့ဖခင်ကို အရိုးချမ်းအောင် ကြောက်သော သုတ၊ သူ့ကို သင်သမျှ ဆရာ၊ဆရာမအားလုံးကို မော့ပင်မကြည့်ရဲသော ကလေးငယ်သည် ယခုမူ ပြောင်းလဲသွားခဲ့ချေပြီ။

“အဲ့ခွေးသူတောင်းစားက သူ့ဆရာကို ကိုင်ပေါက်ပြီး ငွေငါးသောင်း ထုတ်ပေးတယ် ဆိုပဲ။ ကျွန်တော်က ဆရာ့ကို ချစ်လို့ စတာပါ၊ အဖေ့ကို ပြန်မတိုင်ပါနဲ့ ဆိုပြီး သင်းက လက်သိပ်ထိုးသေးတာ။ အခု မြန်မာစာဆရာက ခါးနာသွားတယ်တဲ့။”

ကျွန်ုပ် နောက်တစ်ကြိမ် မျက်လုံးပြူးရပြန်သည်။

“သူက အဲ့ဒီပိုက်ဆံငါးသောင်း ဘယ်က ရတာလဲ။”

“သူ့အမေလေ... ကလေး သုံးစရာ မရှိမှာ စိုးလို့၊ ကျောင်းမှာ မျက်နှာငယ်မှာ စိုးလို့ ဆိုပြီး ပေးပေးထားတာ။”

ကိုသိန်းထွန်း၏ စကားကြောင့် ကျွန်ုပ်သည် စိတ်ထဲမှ ‘အဲ့ဒါတွေက ခင်ဗျားတို့ အပြစ်တွေပဲလေ နလပိန်းတုံးတွေရဲ့။ ခင်ဗျားက ကလေးကို ကျွဲလိုနွားလို ရိုက်တယ်၊ ခင်ဗျားမိန်းမက နတ်ကတော် နတ်ကိုးသလို ဖူးဖူးမှုတ်ထားတယ်လေ’ ဟူ၍ အပြစ်တင်မိသည်။ သို့သော် အချင်းများမည်စိုး၍ နှုတ်ကမူ ထုတ်မပြောခဲ့ပေ။

“ဆယ်တန်းက​ ဒီလောက်အရေးကြီးပါတယ်ဆို။ သားသားက နားမလည်ဘူး။ ကျွန်တော့်လောက် ရိုက်တာလဲ ကျွန်တော်ပဲ။ ဒါတောင် သားသားက စကားနားမထောင်ပါဘူးဗျာ... ဟင်း...”

ကိုသိန်းထွန်းက ခြံထဲရှိ ဒန်းကလေးတွင် ဝင်ထိုင်ရင်း သက်ပြင်းမောကို ချသည်။ သားသမီးအပေါ် များစွာမျှော်လင့်ထားသည့်အလျောက် သူသည် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ရ၏။

“ကျွန်တော်က ခြောက်တန်းပဲ အောင်တာ။ ကျွန်တော့်မိန်းမ မိုးမိုးက လေးတန်းပဲ ရှိတာ။ ဒီလိုအိမ်နဲ့ကားနဲ့ ဖြစ်လာအောင် ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး နေ့မအိပ်ညမအိပ် အလုပ်လုပ်ခဲ့ရတာ။ ကျွန်တော်တို့ညားခါစတုန်းက မိုးမိုးက ကုန်စိမ်းရောင်း၊ ကျွန်တော်က စက်ဘီးကယ်ရီဆွဲခဲ့ရတာ။ နောက်မှ စက်ဘီးလေး နောက်တစ်စီးဝယ်ပြီး သူများကို အုံနာပေး၊ စက်ဘီးအဟောင်းတွေ အပေါင်ခံရာကနေ အဆင်ပြေလာတာ။

သုတကို မွေးပြီးတော့ သားသမီးတွေ ရှိလာရင် အိမ်ငှားနေလို့ မဖြစ်တော့ဘူး ဆိုပြီး အိမ်ကလေး တစ်လုံး ရအောင် ဝယ်တယ်။ ငွေမလောက်တော့ ချေးရ၊ငှားရနဲ့ အကြွေးတွေတင်လို့ ကလေးလိမ်းတဲ့ ဖန်ဖန်ပေါင်ဒါကိုတောင် နှစ်လစုပြီးမှ ဝယ်ခဲ့ရတာ။”

သူသည် ခေါင်းကို ငိုက်စိုက်ချလျက် အက်ရှနေသောအသံဖြင့် ရင်ဖွင့်သည်။ ကျွန်ုပ်မှာ သုတကိုလည်း အပြစ်မတင်ရက်၊ ကိုသိန်းထွန်း၏ စေတနာအမှားတို့ကိုလည်း စာနာမိရကား မည်သို့တုံ့ပြန်ရမည်ပင် မသိတော့ပါချေ။

“ပညာမတတ်ရင် သူများအနှိမ်ခံရတယ် ကိုရှိုင်း။ ခင်ဗျားတို့လင်မယားကတော့ ပညာတတ် အသိုင်းအဝိုင်းကမို့လို့ ကျွန်တော်တို့လို လူတွေရဲ့ ခံစားချက်ကို နားလည်မှာ မဟုတ်ဘူး။ ကျွန်တော်က ခံစားခဲ့ရတဲ့လူ။ အဲ့ဒါကြောင့် သားသားနဲ့ သမီးလေးကို ပညာတတ် ဖြစ်စေချင်တယ်၊ ဘယ်သူ့ဆီမှာမှ မျက်နှာအောက်ကျရတာမျိုး မမြင်ချင်ဘူး။

ဒါပေမဲ့ သားသားက.... နားမလည်ဘူး။ တစ်ချိန်လုံးသီချင်းတွေပဲ ခိုးရေးနေတယ်။ သူ ဂစ်တာတစ်လက် ခိုးဝယ်ထားတာ ကျွန်တော် သိတယ်။ စိတ်ပြေလက်ပျောက်ဆိုပြီး လွှတ်ပေးထားတာ။ အဆိုတော်တို့၊ စာရေးဆရာတို့ဆိုတာက ထမင်းနှပ်မှန်တဲ့အလုပ်မျိုး မဟုတ်ဘူး။”

ကိုသိန်းထွန်း ပြောသည်ကလည်း မှန်သင့်သလောက် မှန်နေသဖြင့် ကျွန်ုပ်က လက်ခံလိုက်ရသည်။

“ခင်ဗျား ပြောတာလဲ မှန်ပါတယ်လေ။ ဒါပေမဲ့ ကလေးအတွက်လဲ တွေးပေးပါဦး။ သူ့အတွက် သင့်တော်တဲ့ ဘွဲ့လေးတစ်ခု ရမယ်၊ အသက်မွေးဝမ်းကြောင်း တစ်ခုရှိမယ်ဆိုရင် သူ လုပ်ချင်တဲ့အလုပ်ကို လုပ်ခွင့်ပေးလိုက်ပါ။ သူ့ပျော်ရွှင်မှုနဲ့ ဝါသနာကို ကျွန်တော်တို့ လျစ်လျူရှုထားလို့ မဖြစ်ဘူးလေ။ ခင်ဗျား မဖြစ်ခဲ့တဲ့ အိပ်မက်တွေကို သူ့ကို အတင်းအ​ကြပ် အကောင်အထည် ဖော်ခိုင်းတာက သူ့အတွက် တရားရဲ့လား။”

ကျွန်ုပ်က လေအေးကလေးဖြင့် ပြောလိုက်ရာ ကိုသိန်းထွန်းက တွေဝေသွား၏။

“မသိတော့ဘူးဗျာ... သူ ဆေးမှတ်ရော မှီပါ့မလား မသိဘူး။ သူ့အတွက် ကုန်ထားတာ နည်းတာ မဟုတ်ဘူးဗျ။ ဆေးကျောင်းသာ မမှီရင် သဲထဲရေသွန်ဖြစ်ပြီ။”

“ဆရာဝန်မှ လူမဟုတ်ပါဘူးဗျ။ တခြားဘယ်ပညာရပ်ဖြစ်ဖြစ် သူ့ဟာနဲ့သူ တန်ဖိုးရှိပါတယ်... ခင်ဗျားကလဲ။”

ထိုနေ့ညက ညဉ့်အတော်နက်မှ ကိုသိန်းထွန်းက သူ့အိမ်ပြန်သွားခဲ့သည်။


၅)

ဆယ်တန်းအောင်စာရင်း ထွက်သည့်နေ့။

သုတတို့ တစ်အိမ်လုံး မအိပ်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့ လင်မယားမှာလည်း ရင်တထိတ်ထိတ်ဖြင့် အောင်စာရင်းကို နားစွင့်နေကြ၏။ ကိုသိန်းထွန်းကမူ ကားလိုက်သွားသဖြင့် နောက်တစ်နေ့နံနက်မှ ပြန်ရောက်မည်ဖြစ်ရာ အိမ်တွင်မရှိ။ ညဆယ့်နှစ်နာရီထိုးသည်နှင့် ကျွန်ုပ်တို့ လင်မယားက ခြံစည်းရိုးအနားကပ်ကာ မမိုးကို လှမ်းမေးသည်။

“မိုးမိုးရေ... သုတလေး ဘယ်နှလုံးပါသလဲ။”

“အင့်... မပြောပါနဲ့တော့... ​မမရယ်။ သားသားက မြန်မာစာ တစ်ဘာသာပဲ ဂုဏ်ထူးထွက်တယ်တဲ့။ စိတ်ညစ်တာပါပဲ...”

မြူက မေးလိုက်သည်နှင့် မိုးမိုးက တစ်ချက်တစ်ချက် ရှိုက်လိုက်ပြီး မျက်နှာကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်ဆွဲသည်။

“တစ်ဘာသာပါလဲ နည်းသလား မိုးမိုးရယ်။ သုတလေးရော ငိုနေတာလား။”

“သူ့အခန်းထဲကကို ထွက်မလာတော့ဘူး... အီး... ဟီး... စိတ်ညစ်လိုက်တာ... သူ့အဖေ ပြန်လာရင် ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး မမရယ်... သားသားကို သူက တအားမျှော်လင့်ထားတာ... သားသားကလဲ အသုံးမကျပါဘူး.”

မမိုးက ပြောရင်း ရှိုက်ကြီးတငင် ငိုတော့သည်။

“အဲ့လိုတော့လဲ ဘယ်ဟုတ်ပါ့မလဲ။ တချို့ဆို အောင်ဖို့တောင် တော်တော်လုပ်ယူရတာပဲလေ။ ပြီးတော့ ဆယ်တန်းက ဘဝတစ်ခုလုံး မဟုတ်ပါဘူး မိုးမိုးရယ်။ ကလေးက တက်လမ်းတွေ အများကြီး ရှိပါသေးတယ်။”

မြူက သူတို့အိမ်ဆီ ကူးသွားပြီး နှစ်သိမ့်ပေးရသဖြင့် ကျွန်ုပ်လည်း မနက်သုံးနာရီခန့်မှသာ အိပ်ပျော်သွားခဲ့သည်။ ထို့နောက်ပိုင်း မြူ ဘယ်အချိန် အိမ်ပြန်လာမှန်း ကျွန်ုပ် မသိလိုက်ပေ။ ဆူဆူညံညံနှင့် အော်ဟစ်ငြင်းခုန်နေသည့် အသံများ ကြားမှသာ မျက်လုံးကို အတင်းဖွင့်ရင်း ထလာခဲ့ရသည်။

“မိဘကို နည်းနည်းမှ မငဲ့တဲ့ကောင်... မင်း ဘာစောက်သုံးကျတာ ရှိသလဲ ဟမ်... မင်းတစ်ယောက်တည်းအတွက် တစ်လတစ်လ သိန်းချီပြီး ကုန်ထားတာကွ”

ကိုသိန်းထွန်း၏ အသံကျယ်ကျယ်ကြောင့် ကျွန်ုပ်သည် မျက်မှန်ကို ယူတပ်လိုက်ပြီး ဝရန်တာဘက် ထွက်လာခဲ့၏။ ဝရန်တာမှ လှမ်းကြည့်လိုက်သည်တွင် ကိုသိန်းထွန်းက သုတကို ရိုက်နေကျ ခါးပတ်ဖြင့် အသားကုန် လှိမ့်ရိုက်နေသည်ကို တွေ့လိုက်ရသည်။ ဂုဏ်ထူးတစ်ဘာသာသာ ပါရုံမျှဖြင့် ဆေးကျောင်းမမှီနိုင်သည်က သေချာနေလေရာ ကိုသိန်းထွန်း မရိုက်မှသာ ထူးဆန်းမည် ဖြစ်သည်။ ကျွန်ုပ်က စိတ်မကောင်းသော်လည်း ရပ်သာကြည့်နေခဲ့ရ၏။

“စောက်ရေးမပါတဲ့ ဂစ်တာကျတော့ အားတိုင်း ခိုးခိုးတီး.. ခိုးခိုးတီး။ အရည်မရအဖတ်မရ သီချင်းတွေ၊ ဝတ္ထုတွေကျတော့ အချိန်ကုန်ခံပြီး ရေး.. အလကားကောင်။”

ကိုသိန်းထွန်းက တစ်ခွန်းပြောရင်းတစ်ချက်ရိုက်သည်။ သုတကလည်း သူ့ကိုယ်သူ စိတ်ပျက်အားလျော့သွားဟန်ဖြင့် သူ့အဖေ ရိုက်သမျှကို ငိုနေလျက်သာ ပေခံသည်။ သူ့မျက်ဝန်းတို့မှာ ဗလာကျင်းလျက်၊ နာကျင်မှုကြောင့် လူက တဆတ်ဆတ် တုန်ယင်နေသည့်တိုင် စိတ်ခံစားချက်တို့ ကင်းမဲ့နေသည့်အလား ငြိမ်သက်လွန်းလှ၏။ ကိုသိန်းထွန်းက ရိုက်ရလွန်း၍ မောသွားဟန်ဖြင့် ခါးပတ်ကို ပစ်ချသည်။

“တကယ်လို့ ဆေးကျောင်းကို အစိုးရကျောင်း မမှီရင်လဲ တခြားကျောင်း ...” ကိုသိန်းထွန်း၏ အသံက တိုးသွားသဖြင့် ကျွန်ုပ် မကြားလိုက်ရပေ။ မကြာမီမှာပင် သုတက သူ့အဖေကို ပြန်အော်သည်။

“သား ဆရာဝန် မဖြစ်ချင်ပါဘူးဆိုမှ... သားကို အနုပညာကျောင်းဖြစ်ဖြစ်၊ မြန်မာစာတန်းဖြစ်ဖြစ် တက်ခိုင်းလို့မရဘူးလား။ သားက စာရေးချင်တာ၊ သီချင်းရေးချင်တာလို့”

“စောက်ရေးမပါတာတွေ စလာပြီ။ မင်း လုပ်ချင်တဲ့ အဆိုတော်တို့၊ စာရေးဆရာတို့ဆိုတာ လူတစ်သောင်းမှာ တစ်ယောက် အောင်မြင်ခဲတယ်ကွ။ အလကား.. ထမင်းငတ်မဲ့အလုပ်တွေ။”

ကိုသိန်းထွန်းက နောက်တစ်ကြိမ် ဒေါသထွက်လာပြန်၏။

“ဒါပေမဲ့ သား ဖြစ်ချင်တယ်လေ။ သားဘက်ကိုလဲ တွေးပေးပါဦး။” သုတ၏ စကားအဆုံး ကိုသိန်းထွန်းက သုတ၏ ပါးကို ဖြောင်းခနဲ မြည်သည်အထိ ဖြတ်ရိုက်ပစ်လိုက်၏။ အရိုက်ခံရသော သုတက မည်သို့နေသည်မသိ၊ မြင်လိုက်ရသော ကျွန်ုပ်ကမူ ပါးပင် ကျိန်းသွား၏။

“ငါ့ကို ပြန်မပြောနဲ့။ ငါက မင်းကို မွေးထားတဲ့ဖအေ...”

ကိုသိန်းထွန်း၏ အသံကျယ်ကျယ်က ထွက်လာပြန်သည်။ သုတက မည်သို့ ပြန်ပြောလိုက်သည်မသိ၊ ကိုသိန်းထွန်းက တောက်တစ်ချက်ခေါက်ကာ သုတအခန်းဘက် လျှောက်သွား၏။ မကြာမီပင် စာရွက်အထပ်လိုက်နှင့် သုတ၏ ဂစ်တာကိုပါ ယူ၍ ပြန်ထွက်လာသည်။

“မလုပ်နဲ့နော်... အဖေ... သားရေးထားတာတွေကို မထိနဲ့နော်” တစ်ခါမျှ လေသံမာမာမပြောဖူးသော သုတက သူ့အဖေကို ဒေါသတကြီးဖြင့် ပြန်အော်ရင်း သူ့လက်ထဲမှ စာရွက်များကို ဆွဲလုသည်။ ကိုသိန်းထွန်းက သုတကို ဆောင့်တွန်းပစ်လိုက်ပြီး ဂီတာကို အိတ်ထဲမှ ထုတ်သည်။ ကျွန်ုပ်က ဝရန်တာမှ မခွာမိ၊ ကိုသိန်းထွန်း ဘာဆက်လုပ်မည်ကို သိချင်၍ တောင့်တောင့်ကြီး ရပ်နေမိ၏။

ကိုသိန်းထွန်းက ဂစ်တာကို လက်ကိုင်မှ ကိုင်၍ အုတ်နံရံဖြင့် ရိုက်ချလိုက်သည့်အခိုက် ကျွန်ုပ်က မျက်လုံးပြူးသွားပြီး သုတကအသံကုန်အော်သည်။

“မလုပ်နဲ့....”

ကိုသိန်းထွန်းက ဒေါသတကြီးဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်ပြီး ဂစ်တာက စုတ်ပြတ်သွားသောအခါမှ ကြမ်းပြင်ပေါ် ပစ်ချသည်။ ခါးပတ်နှင့် အရိုက်ခံရစဥ်က ပေခံနေသော သုတက ဤတစ်ကြိမ်တွင်မူ ခံနိုင်ရည် ရှိတော့ဟန် မတူ၊ သူ့ဂစ်တာအပိုင်းကလေးကို ကောက်ယူလိုက်ပြီး ကလေးတစ်ယောက်နှယ် အော်ငိုတော့သည်။ ကျွန်ုပ်က ဆက်မကြည့်နိုင်တော့၍ မျက်နှာလွှဲလိုက်ပြီး လမ်းထိပ်လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့၏။ သုတ၏ စာမူကြမ်းများ၊ သီချင်းအပိုင်းအစများက မည်သို့ဖြစ်သွားသည်ကို ကျွန်ုပ် မသိတော့ပေ။

လက်ဖက်ရည်ဆိုင်တွင် မိတ်ဟောင်းတစ်ယောက်နှင့် တွေ့သဖြင့် သူ့အိမ်လိုက်သွားပြီး စစ်တုရင် ကစားဖြစ်သေး၏။ ညနေခင်း သုံးနာရီ ထိုးသောအခါ မြူက ကျွန်ုပ်ကို ဖုန်းဆက်ပြီး အိမ်အမြန် ပြန်လာခိုင်းသည်။ ကျွန်ုပ်ကလည်း မြူ့ကို စိုးရိမ်သဖြင့် အလျင်အမြန် ပြန်လာ၏။ ခြံထဲ ဝင်လိုက်သည်နှင့် မြူက တအင့်အင့် ရှိုက်ငိုရင်း ကျွန်ုပ်ကို ပြေးဖက်သည်။

“ကို.. သုတလေး... သုတလေး... သူ့ကိုယ်သူ သတ်သေသွားပြီ။”

မြူ့အသံက ဤတစ်ကြိမ်တွင် မချိုပေ။ သုတ... မနက်အစောပိုင်းကပင် လန်းလန်းဆန်းဆန်းကြီး ရှိနေသေးသော သုတက ယခု သေဆုံးသွားပြီလား။ ကျွန်ုပ်မှာ ကိုယ့်နားကိုယ်ပင် မယုံနိုင်တော့ပေ။

“​မြူ.. သေချာပြောစမ်းပါ။ သုတက ဘယ်လိုဖြစ်တာလဲ။”

“မနက်က.. မနက်က ကိုသိန်းထွန်းက စိတ်ဆိုးပြီး သူ့ဂစ်တာကို ရိုက်ချိုးလိုက်တယ်တဲ့။ ပြီးတော့ ရေးလက်စ ဝတ္ထုမူကြမ်းနဲ့ သီချင်းစာရွက်တွေကိုလဲ မီးရှို့လိုက်မိတယ်တဲ့... ကလေးက ခံနိုင်ရည် မရှိတော့ သူ့အခန်းထဲက ဝိုင်ယာကြိုးနဲ့ ကြိုးဆွဲချပြီး.... အင့်... “

မြူက ဆက်မပြောနိုင်တော့ဟန်ဖြင့် ကျွန်ုပ်ရင်ခွင်ထဲ တိုးဝင်ကာ ငိုတော့သည်။ ကျွန်ုပ်က ခေါင်းကို မော့လိုက်ပြီး ကျလာမည့် မျက်ရည်စတို့ကို တားဆီးသည်၊ သက်ပြင်းမော တစ်ခုချရင်း ရှိုက်သံကို ပျောက်ကွယ်စေရ၏။

အနုပညာလက်ရာဟူသည်က ဖန်တီးသူ၏ နှလုံးသည်းပွတ်ပင် ဖြစ်ရာ ဆယ်ကျော်သက်ကလေးသုတက မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ ထို့ထက် ဖျက်စီးပစ်သူက ဖခင်အရင်း ဖြစ်နေသည့်အခါ သူသည် ရှေ့လည်းတိုးမရသကဲ့သို့ နောက်လည်း မဆုတ်နိုင်တော့ပေ။ အဆုံး၌ သူ့အတွက် စိတ်ထွက်ပေါက်တစ်ခုကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အဘယ့်ကြောင့်များ မိဘဟူသည့် ခေါင်းစဥ်တစ်ခုတည်းဖြင့် တစ်ပါးသူ၏ စိတ်ကူးအိပ်မက်ကို ချေမွ၍ ကိုယ့်လက်ထက်က မဖြစ်မြောက်ခဲ့သည့် ဆန္ဒတို့ကို အတင်းအကြပ် ပုံဖော်စေချင်ကြသည်နည်း။ ကျွန်ုပ်က မျက်ဝန်းတို့ကို မှိတ်ပစ်၍ မျက်ရည်တို့ကို စီးကျစေရင်း မြူ့ကို နှစ်သိမ့်သည်။

“တိတ်.. တိတ်ပါ မြူရယ်။ သုတလေး... သူ ပျော်နေမှာပါ”

***


အမ်ကာမိုင်း

12 June 2022

###




Zawgyi

သီဟိုဠ္မွ ဉာဏ္ႀကီးရွင္သည္ အာယုဝၯနေဆးၫႊန္းစာကို ဇလြန္ေဈးေဘး ဗာဒံပင္ထက္ အဓိ႒ာန္လ်က္ ဂဃနဏဖတ္ခဲ့သည္။၁)



၂၀၁၀ ခုနစ္။

ေဆာင္းေႏွာင္း ညေနခင္းတစ္ခု၌ ကြၽႏ္ုပ္သည္ အိမ္ေရွ႕ဝရန္တာတြင္ ထိုင္ရင္း လက္ဖက္ရည္ၾကမ္းတစ္ခြက္ကို အရသာခံကာ ေသာက္ေနမိသည္။ ကြၽႏ္ုပ္၏ ၿခံခ်င္းကပ္လ်က္တြင္ ကိုသိန္းထြန္းတို႔ မိသားတစ္စု ရွိၿပီး ေလးတန္းအ႐ြယ္ သားကေလးတစ္ေယာက္၊ သူငယ္တန္းအ႐ြယ္ သမီးကေလးတေယာက္လည္း ရွိ၏။ ကိုသိန္းထြန္း၏ အိမ္ျပတင္းေပါက္ကို ကြၽႏ္ုပ္ လက္ဖက္ရည္ထိုင္ေသာက္ေသာ ေနရာက ငုံ႔ၾကည့္လွ်င္ တန္းေနသျဖင့္ ကြၽႏ္ုပ္သည္ ထိုအိမ္ကို အေပၚစီးမွ ျမင္ေနရေလသည္။

“အစ္ကို သရက္ပ်ဥ္ေလး ျမည္းၾကည့္စမ္းပါ။”

ကြၽႏ္ုပ္၏ အမ်ိဳးသမီး ျမဴက သရက္ပ်ဥ္လာခ်ေပးေလရာ ကြၽႏ္ုပ္က လက္ဖက္ရည္ၾကမ္းခြက္ကို လက္က ခ်သည္။

“ျမဴ႕လက္ရာဆို အားလုံးေကာင္းတယ္။”

ကြၽႏ္ုပ္ ခ်ီးက်ဴးလိုက္ရာ ျမဴက သေဘာတက် ရယ္သည္။ ကြၽႏ္ုပ္ကလည္း ထိုလွရက္လြန္းပါေသာ အၿပဳံးတို႔ကို တေမ့တေမာ ေငးသည္။ ျမဴက ကြၽႏ္ုပ္နံေဘး ႀကိမ္ကုလားထိုင္ေပၚတြင္ ဝင္ထိုင္လိုက္ၿပီး လမ္းမကို ေမွ်ာ္ ၾကည့္ကာ စကားစသည္။

“သုတေလး ျပန္မလာေသးဘူးေနာ္။ အငယ္မေလးကေတာ့ ခုနကပဲ ျပန္လာတယ္။”

သုတဆိုသည္မွာ ကိုသိန္းထြန္း၏ သားအႀကီးေလး ျဖစ္ၿပီး ညေနသုံးနာရီထိုးလွ်င္ ေက်ာင္းမွ ျပန္လာေနက်ျဖစ္သည္။ ကြၽႏ္ုပ္တို႔လင္မယားက သားသမီးမရႏိုင္သျဖင့္ ျမဴက ထိုကေလးႏွစ္ေယာက္ကို အရိပ္တၾကည့္ၾကည့္ႏွင့္ ခ်စ္ရွာ၏။ (ကြၽႏ္ုပ္တို႔လင္မယားအေၾကာင္းကို အခြင့္ႀကဳံမွ ေဖာ္ျပပါမည္။)

“ကိုယ္လဲ အဲ့ဒါၾကည့္ေနတာ။ ေဟာ.... ေျပာတုန္းဆိုတုန္း လာပါၿပီ။”

ကြၽႏ္ုပ္က ေျပာရင္း လမ္းမကို ေမးေငါ့ျပသည္။ ကြၽႏ္ုပ္ဇနီးကေလး၏ အသည္းေက်ာ္ သုတက လက္ထဲတြင္ စာ႐ြက္တစ္႐ြက္ကို ကိုင္ကာ ေခါင္းငုံ႔လ်က္ ေလးလံဖင့္တြဲေသာ ​ေျခလွမ္းမ်ားျဖင့္ ေလွ်ာက္လာ၏။ သူ႔ပုံစံမွာ ခါတိုင္းေန႔မ်ားႏွင့္မတူဘဲ အလြန္ပင္ပန္းႏြမ္းလ်ေနဟန္လည္း ေပၚေလရာ ျမဴက မ်က္ေမွာင္ၾကဳတ္သည္။

“ေနမေကာင္းဘူးလား မသိဘူးေနာ္။ ျမဴ ကေလးေတြအတြက္ သရက္ပ်ဥ္ ထည့္ေပးလိုက္ဦးမယ္။ သုတကို ေခၚထားလိုက္စမ္းပါ။”

ျမဴက ထသြားသည္တြင္ ကြၽႏ္ုပ္က သုတကိုသာ ၾကည့္ေနမိသည္။ ထိုကေလးက သူ႔လက္ထဲမွ အမွတ္စာရင္း စာ႐ြက္ကို ငုံ႔ၾကည့္ရင္း သက္ျပင္းေမာကို ခ်သည္ကို ကြၽႏ္ုပ္ ျမင္လိုက္ရ၏။ အသက္ဆယ္ႏွစ္အ႐ြယ္ ေလးတန္းေက်ာင္းသားေလးက လူႀကီးတစ္ေယာက္ကဲ့သို႔ သက္ျပင္းခ်ေနသျဖင့္ ကြၽႏ္ုပ္မွာ ၿပဳံးမိျပန္သည္။

“ေဟ့.. ျပန္လာၿပီလား။” သုတက အိမ္ေရွ႕မွအျဖတ္ ကြၽႏ္ုပ္က လွမ္းေအာ္သည္။ ထိုကေလးက တစ္ခ်က္မွ်သာ ၾကည့္လာၿပီး ေခါင္းညိတ္သည္။

“ဦးဦးဆီ ခနေလာက္ လာစမ္းပါဦးကြဲ႕။ မင္းအန္တီက မုန္႔ေလးေပးလိုက္မလို႔တဲ့။”

ကြၽႏ္ုပ္က ေျပာလိုက္သည္တြင္ သုတက ေခါင္းညိတ္၍ ၿခံထဲဝင္လာ၏။ ကြၽႏ္ုပ္တို႔ မိသားစုႏွစ္ခုက ႏွစ္အိမ့္တစ္အိမ္နီးပါး ျဖစ္ေနၾကသျဖင့္ ထိုကေလးႏွစ္ေယာက္က အဝင္အထြက္မ်ားသည္။

“ရီပို႔ကတ္ရၿပီလား။”

“ဟုတ္ကဲ့ဗ်။ သား ဒီလအဆင့္က်သြားတယ္။” သုတက ကြၽႏ္ုပ္အေမးကို ျပန္ေျဖရင္း သက္ျပင္းခ်ျပန္သည္။

“အဆင့္ဘယ္ေလာက္ရလို႔တုန္းကြ။”

“အဆင့္ေျခာက္... အေဖက႐ိုက္မွာ... ဦးေလးရႈိင္း ကူေျပာေပးပါလားဟင္။”

သုတက ကြၽႏ္ုပ္ကို ေမွ်ာ္လင့္တႀကီး အကူအညီ ေတာင္းသည္။ ကြၽႏ္ုပ္က သူ႔လက္ထဲမွ ရီပို႔ကတ္ကို ယူၾကည့္လိုက္ရာ အမွတ္က မ်ားမ်ားစားစား ေလ်ာ့ေနသည္ မဟုတ္သျဖင့္ သူ႔အေဖက အျပစ္တင္လိမ့္မည္ မဟုတ္ဟု ေတြးလိုက္မိသည္။ ကြၽႏ္ုပ္ငယ္စဥ္ကလည္း စာေမးပြဲေပါင္း ေသာင္းေျခာက္ေထာင္ကို နည္းလမ္းေပါင္းစုံျဖင့္ က်ခဲ့ဖူးသျဖင့္ အဆင့္ေျခာက္ရသည္က အေတာ္ဟုတ္ေနၿပီဟု ကြၽႏ္ုပ္ေတြးသည္။

“မင္းကလဲကြာ... လူေျခာက္ဆယ္မွာ အဆင့္ေျခာက္ရတာ ေတာ္လွေပါ့။ မင္းေနာက္မွာ လူငါးဆယ္ေက်ာ္ေတာင္ က်န္ေသးတယ္။ ဦး ငယ္ငယ္ကဆို အေရွ႕မွာ ငါးဆယ္ အေနာက္မွာ ငါးေယာက္ပဲ။”

ကြၽႏ္ုပ္က ႏွစ္သိမ့္လိုက္သျဖင့္ ထိုကေလးက ေပ်ာ္သြားဟန္တူသည္။ ျမဴ ေပးလိုက္ေသာ သရက္ပ်ဥ္ျခင္းကေလးကို ယူကာ သူ႔အိမ္သို႔ တန္းတန္းမတ္မတ္ ျပန္ေတာ့သည္။ ကြၽႏ္ုပ္တို႔ဇနီးေမာင္ႏွံက ဝရန္တာမွ ေန၍ ထိုကေလးကို ၾကည့္ရင္း ေထြရာေလးပါး ေျပာေနၾက၏။ မ်ားမၾကာမီပင္ ကိုသိန္းထြန္း၏ ေဒါသတႀကီး မာန္မဲသံက ထြက္လာသည္။

“အဆင့္ဘယ္ေလာက္ရသလဲ။”

အသံက ေဒါသတႀကီး ႏိုင္လြန္းလွ၍ ျမဴက ကြၽႏ္ုပ္ကို ၾကည့္လာၿပီး ခပ္တိုးတိုး ဆိုသည္။

“သုတကို သူ႔အေဖ ဆူေတာ့မယ္ ထင္တယ္။ သုတေလးက အဲ့ဒါေၾကာင့္ မ်က္ႏွာမေကာင္းတာ။”

“ဒါလဲ ကိုယ္တို႔ကိစၥ မဟုတ္ပါဘူး ျမဴရယ္။” ကြၽႏ္ုပ္က ျပန္ေျဖလိုက္သည့္အခ်ိန္မွာပင္ ကိုသိန္းထြန္း၏ အသံက ေနာက္တစ္ႀကိမ္ ဟိန္းထြက္လာျပန္၏။

“မင္းကို ေမးေနတယ္။ ေမးေနရင္ ေျဖရတယ္ကြ။”

စကားသံအဆုံး ႐ႊမ္းခနဲ ႐ိုက္လိုက္သည့္ အသံက်ယ္က်ယ္ကပါ ထြက္လာသျဖင့္ ကြၽႏ္ုပ္၏ကိုယ္က မတ္ခနဲ ျဖစ္သြားၿပီး တစ္ဖက္အိမ္၏ ျပတင္းေပါက္ကို ၾကည့္လိုက္မိသည္။ ကိုသိန္းထြန္းက သူ႔သားျဖစ္သူကို ခါးပတ္ျဖင့္ ေဒါသတႀကီး ႐ိုက္ေနသည္ကို ေတြ႕လိုက္ရသျဖင့္ ကြၽႏ္ုပ္မွာ တအံ့တၾသ ျဖစ္သြားရသည္။ ေယာက္်ားရင့္မာတစ္ေယာက္၏ အားျပင္းလွသည့္ ႐ိုက္ခ်က္ေၾကာင့္ ဆယ္ႏွစ္သားအ႐ြယ္ကေလး သုတမွာ ခ်က္ခ်င္းပင္ ယိုင္က်သြားၿပီး ကတုန္ကယင္ျဖင့္ တစ္စုံတစ္ရာကို ျပန္ေျပာ၏။

“သုတေလးကို ႐ိုက္ေနတာလားဟင္... အသံေတြ ဆူညံေနတာပဲ။” ​ျမဴက ထပ္ေမးျပန္သည္။

“ျမဴ အိမ္ထဲ ဝင္ေတာ့။ သူ႔ကေလးသူ ႐ိုက္တာ ကိုယ္တို႔နဲ႔မဆိုင္ဘူး။”

ကြၽႏ္ုပ္က ျမဴကို အိမ္ထဲအဝင္ခိုင္းသည္။ ျမဴက ကေလးခ်စ္တတ္ၿပီး အင္မတန္လည္း သနားတတ္သျဖင့္ သူ စိတ္မေကာင္းမည္ကို ကြၽႏ္ုပ္ စိတ္ပူသည္။ ျမဴက ႏႈတ္ခမ္းစူ၍ အိမ္ထဲ ဝင္သြားေသာ္လည္း ကြၽႏ္ုပ္ကမူ ဝရန္တာတြင္ ထိုင္ကာ ကိုသိန္းထြန္းတို႔ သားအဖကို မသိမသာ ၾကည့္ေနမိသည္။

“ေစာက္သုံးမက်တဲ့ေကာင္။” ကိုသိန္းထြန္း၏ ဆဲေရးလိုက္သည့္ အသံႏွင့္အတူ သုတ၏ ေက်ာျပင္ေပၚသို႔ ခါးပတ္ေနာက္တစ္ခ်က္က ႐ႊမ္းခနဲ က်လာျပန္၏။ နာက်င္လာသည့္အေလ်ာက္ သုတက အလိုလိုပင္ လက္ျဖင့္ ျပန္ကာရင္း ငိုယိုကာ ေတာင္းပန္ေနရွာသည္။

“အာ့.. သား နာတယ္။ ေနာက္ခါ အဆင့္မက်ေစရပါဘူး.... အဟင့္ဟင့္”

“မိဘက မင္းတို႔ေမာင္ႏွမကို ေက်ာင္းထားဖို႔ ကြၽဲလိုႏြားလို ႐ုန္းရတယ္။ မင္းကေတာ့ နည္းနည္းမွ ေစာက္သုံးမက်ဘူး။”

တစ္ခြန္းေျပာရင္း တစ္ခ်က္႐ိုက္ေနေသာ ကိုသိန္းထြန္း၏ သားေရခါးပတ္႐ိုက္ခ်က္မ်ားက သုတ၏လက္ဖ်ံႏွင့္ ေက်ာျပင္တို႔အေပၚ မညႇာမတာ က်ေရာက္လ်က္ ရွိ၏။ ခါးပတ္သံ တ႐ႊမ္း႐ႊမ္းႏွင့္ ဆူပူမာန္မဲသံတို႔အၾကား သုတ၏ ငိုယိုေတာင္းပန္သံက အားနည္းခ်ိနဲ႔ သြားခဲ့ရရွာ၏။

မိဘက ကြၽဲလိုႏြားလို႐ုန္း၍ ေက်ာင္းထားရသျဖင့္ သားသမီးကို ကြၽဲလိုႏြားလို ႐ိုက္​ေနသည္လားဟု ကိုသိန္းထြန္းကို သြားေမးလိုက္ခ်င္သည့္တိုင္ ကြၽႏ္ုပ္ မသိခ်င္ေယာင္ ေဆာင္ထားခဲ့၏။ သုတက ငိုယိုေနရင္း ေနာက္တစ္ခ်က္ ထပ္မ႐ိုက္ရန္သာ ေတာင္းပန္ေနသည့္တိုင္ အခ်ည္းအႏွီးပင္။

“မင္း ရီပို႔ကတ္ကို လက္မွတ္မထိုးေပးဘူး။ အလကားေကာင္။”

ေနာက္ဆုံးတစ္ခြန္း ဆဲဆိုၿပီးေနာက္ ကိုသိန္းထြန္းက ခါးပတ္ကို ဒုန္းခနဲ ပစ္ခ်ကာ​ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ထြက္သြား၏။ သုတကမူ ခ်က္ခ်င္းမထႏိုင္ေသးဘဲ ၾကမ္းျပင္ေပၚတြင္ ပုံ႔ပုံ႔ကေလး လဲေန​ကာ တရႈံ႕ရႈံ႕ ငိုေနရွာသည္။

“ဒီလူကလဲ သားသမီးကို ကြၽဲ႐ိုက္ႏြား႐ိုက္ ႐ိုက္ေနရတယ္လို႔။” ကြၽႏ္ုပ္က ေရ႐ြတ္လိုက္သည္တြင္ ျမဴက ဝရန္တာဘက္ ျပန္ထြက္လာၿပီး ကြၽႏ္ုပ္ကို ဆူပူေတာ့သည္။

“အဲ့ဒါေတာင္ ေတာ္က လက္ပိုက္ၾကည့္ေနတယ္ေပါ့။ ေတာ္ နည္းနည္းပါးပါး ဝင္တားရင္ ရပ္ခ်င္ရပ္မွာေပါ့။”

“ကိုယ္နဲ႔မွ မဆိုင္ဘဲ ျမဴရယ္။”

“ကေလးတစ္ေယာက္ကို အိမ္တြင္းအၾကမ္းဖက္ေနတာ ေတာ္နဲ႔ မဆိုင္ဘူးလား။ ေတာ္က လူစိတ္ေရာ ရွိရဲ႕လား။”

ကြၽႏ္ုပ္မွာ မဆီမဆိုင္ ဇနီးသည္ထံမွ အဆူခံလိုက္ရသျဖင့္ အေတာ္ေလးေတာ့ ေအာင့္သက္သက္ ျဖစ္မိသည္။ တစ္ခ်ိန္တည္းမွာပင္ ကိုသိန္းထြန္းႏွင့္ တစ္ရက္ေလာက္ေတာ့ စကားေျပာၾကည့္ရမည္ဟု ေတြးလိုက္ေလသည္။



၂)


“ခင္ဗ်ားဗ်ာ... ကေလးကို သိပ္မ႐ိုက္ပါနဲ႔။ အခုမွ ငယ္ငယ္ေလး ရွိေသးတာကို။”

ကြၽႏ္ုပ္က ကခ်င္အရက္ကို ဖန္ခြက္ထဲ ငွဲ႔ထည့္ရင္း ကိုသိန္းထြန္းကို ေျဖာင္းျဖသည္။ ကြၽႏ္ုပ္ႏွင့္ ကိုသိန္းထြန္းက ညခုနစ္နာရီေလာက္ဆိုလွ်င္ အိမ္ေအာက္ကြပ္ပ်စ္၌ အတူထိုင္ကာ အရက္ေသာက္ေလ့ရွိၿပီး ေထြရာေလးပါး ေျပာေလ့ရွိသည္။

“ကိုရႈိင္း မသိဘူးေနာ္။ ကြၽန္ေတာ္က သားသားကို ဆရာဝန္ အင္မတန္ ျဖစ္ေစခ်င္တာ။ အဲ့ဒါေၾကာင့္ အခုထဲက စည္းကမ္းႀကီးႀကီးနဲ႔ ေလ့က်င့္ေပးေနတာဗ်။”

“သူကေရာ ဆရာဝန္ ျဖစ္ခ်င္ရဲ႕လားဗ်ာ။”

“မသိဘူး။ သူ ျဖစ္ခ်င္ခ်င္ မျဖစ္ခ်င္ခ်င္ ေဆးေက်ာင္းပဲ တက္ခိုင္းမွာ။ ဆရာဝန္ဆို ဘယ္ေလာက္ေတာင္ဂုဏ္ရွိလဲ ခင္ဗ်ားလဲ သိရဲ႕သားနဲ႔။”

“ဒါေပမဲ့ ခါးပတ္နဲ႔ေတာ့ မ႐ိုက္နဲ႔ေလဗ်ာ။ ႐ိုက္တိုင္းသာ ပညာတတ္ျဖစ္မယ္ဆို ကြၽန္ေတာ့္ဘႀကီးဆီက ႏြားျပာႀကီး ပါေမာကၡျဖစ္တာ ၾကာေပါ့။ လူပါဗ်... လူလိုေျပာရင္ နားလည္ပါတယ္။”

ကြၽႏ္ုပ္က စိတ္တိုလာသည့္အေလ်ာက္ ကပ္သီးကပ္ဖဲ့ ေျပာလိုက္မိသည္တြင္ သူက ေခါင္းကို တြင္တြင္ခါသည္။

“မရဘူးေနာ္... ကေလးဆိုတာမ်ိဳးက ေၾကာက္ေအာင္ ေျခာက္ထားမွ ေတာ္ကာက်တာ။ သားသားက ကြၽန္ေတာ့္သာ ေၾကာက္တာ... သူ႔အေမဆို အ႐ုပ္လို ေအာက္ေမ့တာ။”

ကခ်င္အရက္၏ အရွိန္ေၾကာင့္ ကိုသိန္းထြန္းက ခပ္ေထြေထြ ျဖစ္လာၿပီး ႏႈတ္သြက္လွ်ာသြက္ ျဖစ္လာ၏။

“သူ႔ကို အခုကတည္းက ဖိထားမွ ကြၽန္ေတာ့္ကို မလွန္ရဲမွာ။ ဒီေကာင္ အဆင့္ေတြက်ေနလို႔ ကြၽန္ေတာ္ ဆရာမတစ္ေယာက္ ထပ္ငွားေပးထားတယ္။ အဲ့ဆရာမကလဲ အင္မတန္ အ႐ိုက္ၾကမ္းတယ္တဲ့။ အဲ့ဒီေကာင္ေတာ့ လုံးဝ သက္သာခိုလို႔ မရေတာ့ဘူး။”

“ခင္ဗ်ား ေမြးထားတာ လူဗ်။ ဘာလို႔ ငယ္ငယ္ကတည္းက အေၾကာက္တရားေတြ ႐ိုက္သြင္းေပးခ်င္ေနရတာလဲ။ ကေလးေတြမွာလဲ သူတို႔ရဲ႕ ကိုယ္ပိုင္အေတြးအေခၚေတြ ရွိတယ္။ သားသမီးနဲ႔မိဘဆိုတိုင္း ႐ိုက္ခ်င္တိုင္း႐ိုက္၊ ႏွက္ခ်င္တိုင္းႏွက္ေနလို႔ မရဘူး။” ကြၽႏ္ုပ္က ေလသံမာမာျဖင့္ ေျပာလိုက္ရာ ထိုလူ႔ဂြစာက ကြၽႏ္ုပ္ကို ရန္လုပ္သည္။

“ကြၽန္ေတာ္ ေမြးထားတဲ့ကေလး ကြၽန္ေတာ္ ႀကိဳက္တာလုပ္မယ္ဗ်ာ။ ခင္ဗ်ားနဲ႔ ဘာဆိုင္သလဲ။ ခင္ဗ်ားတို႔က်ေတာ့ အျဖစ္ရွိတာ မဟုတ္ဘဲနဲ႔။”

“က်ဳပ္တို႔က အျဖစ္မရွိေပမဲ့ သားသမီးကို လူလိုဆက္ဆံရမွန္း သိတယ္ဗ်။ ခင္ဗ်ားက ကိုယ့္ကေလးကိုယ္ ညႇင္းဆဲေနတာ၊ အေၾကာက္တရားကို ႐ိုက္သြင္းေနတာ။”

“အဲ့ေတာ့ ဘာျဖစ္သလဲ။ က်ဳပ္ လုပ္သမွ်က သူ ေကာင္းစားဖို႔ခ်ည္းပဲ။ က်ဳပ္က သူ႔ဖေအပါဗ်၊ ခင္ဗ်ားက က်ဳပ္ေလာက္ သိဦးမလား။”

ထိုေန႔က ကြၽႏ္ုပ္တို႔ႏွစ္ေယာက္ စကားမ်ားၾကၿပီး ေနာက္ပိုင္း အရက္ အတူမေသာက္ျဖစ္ေတာ့ေပ။ သို႔ေသာ္ အရက္ေသာက္ရင္း ခင္သည့္ မိတ္ေဆြဟူသည္က အင္မတန္အဖိုးတန္လွေလရာ တစ္လမွ်ၾကာသည္တြင္ သူက ရွန္ပိန္တစ္ပုလင္း ဝယ္လာၿပီး ကြၽႏ္ုပ္ကို ေျပရာေျပေၾကာင္း ေျပာလာ၏။ ဤနည္းအားျဖင့္ ကြၽႏ္ုပ္တို႔ႏွစ္အိမ္က ေျပလည္သြားၾကျပန္သည္။

တစ္ခုေသာ ေက်ာင္းပိတ္ရက္တြင္ ကေလးႏွစ္ေယာက္က ကြၽႏ္ုပ္အိမ္၌ လာကစားသျဖင့္ ကြၽႏ္ုပ္က စေနာက္မိသည္။

“သုတ... သားကို သားအေဖက ခါးပတ္စြပ္ျပဳတ္ ေကြၽးလိုက္တာဆို။”

သုတက ျပန္မေျဖခင္ ျမဴက ကြၽႏ္ုပ္ကို မ်က္ေစာင္းထိုးသည္။ ျမဴက ကေလးကို စိတ္ဒဏ္ရာ ရသြားမည္ စိုးရိမ္ေနဟန္တူသျဖင့္ ကြၽႏ္ုပ္က အားနာမိသြားေသာ္လည္း သုတက ရယ္က်ဲက်ဲျဖင့္ ျပန္ေျဖသည္။

“အမေလး .. ေက်ာကို ေကာ့သြားတာပဲဗ်။ အခုထိ အရႈိးရာေတြ က်န္ေသးတယ္။ ဒါေပမဲ့ ေနာက္ေန႔က်ေတာ့ အေမက မုန္႔ဖိုးေပးတယ္။ အ႐ိုက္ခံရတာ တန္ပါတယ္ ဟဲဟဲ”

“မုန္႔ဖိုးက ဘယ္ေလာက္ရတာလဲ။ မင္း အသားနာတာနဲ႔ ကိုက္ေရာ ကိုက္ရဲ႕လားကြာ။”

“ကိုက္တာပါ့ ဦးေလးကလဲ။ သားက ငိုၿပီး အိပ္သြားေတာ့ အေမက ငါးရာတန္ဆယ္႐ြက္ကို သားေက်ာပိုးအိတ္ထဲ ခိုးထည့္ေပးထားတယ္ေလ။ ငါးေထာင္ဆိုရင္ သား စိတ္ႀကိဳက္ သုံးလို႔ရတယ္။”

သုတ၏ စကားေၾကာင့္ ကြၽႏ္ုပ္ ေတြေဝသြား၏။ ဖေအျဖစ္သူက ေသလုမတတ္ ႐ိုက္ႏွက္ကန္ေက်ာက္ေနသည္ကို မေအျဖစ္သူက ရပ္ၾကည့္ေနၿပီး ေနာက္တစ္ေန႔မွ ေငြအမ်ားအျပားေပးကာ ႏွစ္သိမ့္သည္က ဆုံးမသြန္သင္သည့္ နည္းလမ္းအမွန္ေရာ ဟုတ္ပါရဲ႕လားဟုလည္း ေတြးလိုက္မိသည္။ ေငြငါးေထာင္ဟူေသာ ပမာဏက မနည္းလွသျဖင့္ ေလးတန္းကေလးက ထိုေငြကို မည္သည့္ေနရာ၌ သုံးမည္ကို သိခ်င္မိေသး၏။



၃)

၂၀၁၂ ခုနစ္။

သုတက ေျခာက္တန္းေက်ာင္းသား ျဖစ္လာၿပီး အဆင့္က်သည္ႏွင့္ အ႐ိုက္ခံရၿမဲ၊ မိုးလင္းမွ မိုးခ်ဳပ္သည္အထိ က်ဴရွင္၊ ေက်ာင္းႏွင့္ ဂိုက္ဆရာမတို႔အၾကားတြင္ လုံးခ်ာပတ္ခ်ာ လိုက္ေနရဆဲ၊ ထိုကေလး အ႐ိုက္ခံရတိုင္း ျမဴႏွင့္ ကြၽႏ္ုပ္က သက္ျပင္းခ်ေနရဆဲ ျဖစ္၏။ ကြၽႏ္ုပ္တို႔ လင္မယားကိုမူ မိဘအရင္းႏွယ္ ေလးစားခ်င္ခင္ၿပီး ေျပာသမွ်ကိုလည္း ဟုတ္ကဲ့ခင္ဗ်၊ ဟုတ္ကဲ့ခင္ဗ်ႏွင့္ ခင္ဗ်ခ်င္း ထပ္ေအာင္ ျပန္ေျဖတတ္သျဖင့္ သုတက အင္မတန္လိမၼာသည္ဟု ထင္ေနခဲ့မိသည္။

တစ္ခုေသာ ညေနခင္းတြင္ ကိုသိန္းထြန္းက သူ႔သားကို အခန္းတြင္း ပိတ္ကာ ခါးပတ္ႏွင့္ လွိမ့္ေနေအာင္ ႐ိုက္ျပန္သည္။ ကေလးငယ္၏ စူးစူးဝါးဝါး ေအာ္ဟစ္ငိုယိုသည့္ အသံမ်ား၊ ကိုသိန္းထြန္း၏ ဆဲေရးတိုင္းထြာသံမ်ားႏွင့္ ခါးပတ္သံတ႐ႊမ္း႐ႊမ္းကို ကြၽႏ္ုပ္တို႔လင္မယား ႏွစ္ေယာက္လုံး အထင္းသား ၾကားေနရ၏။ သို႔ေသာ္ ကြၽႏ္ုပ္တို႔အတြက္ ေနသားက်သြားသည္လား၊ လ်စ္လ်ဴရႈလိုစိတ္တို႔က ႀကီးစိုးသြားသည္လား မသိ၊ လင္မယားႏွစ္ေယာက္လုံး ထိုအေၾကာင္းကို မေျပာျဖစ္ၾကေတာ့ေပ။

ေနာက္ထပ္တစ္ပတ္ေလာက္အထိ သုတက အိမ္ထဲမွ အိမ္ျပင္မထြက္ေတာ့ဘဲ စာက်က္သံ တညံညံသာ ထြက္လာတတ္၏။ တစ္ညကဆိုလွ်င္ ကြၽႏ္ုပ္ စာရင္းစစ္ၿပီးသည့္အခ်ိန္ထိ ထိုကေလး၏ စာက်က္သံက တိတ္မသြားေသးေပ။ ကြၽႏ္ုပ္က နာရီကို ၾကည့္လိုက္ရာ ညဆယ့္တစ္နာရီပင္ ထိုးလုၿပီ ျဖစ္၍ ထိုကေလး ဝီရိယေကာင္းလွ၏ဟု စိတ္ထဲမွ ခ်ီးက်ဴးမိၿပီး သူ႔စာအံသံကို နားစိုက္ေထာင္မိသည္။

“တစ္ေတာင္ေပၚ တစ္ေတာင္ဆင့္ ေတာင္အျမင့္ပတ္ၿခံရံ၊ တစ္ေတာင္ဆုံးျပန္ေတာ့ ...”

သုတ၏ ကဗ်ာ႐ြတ္သံက ကြၽႏ္ုပ္နားထဲ ဝင္လာသည္။ ကြၽႏ္ုပ္က စာရင္းစာအုပ္မ်ားကို ျပန္သိမ္းရင္း နားေထာင္မိသည္တြင္ ထိုကေလးက ထိုကဗ်ာတစ္ပုဒ္တည္းကိုသာ အႀကိမ္ႀကိမ္အခါခါ ႐ြတ္ေနမွန္း သိလိုက္ရ၏။ ကြၽႏ္ုပ္က သူ႔ကို ဂ႐ုမထားေတာ့ဘဲ ပုတီးစိပ္သည္။ နာရီဝက္ၾကာၿပီး အိပ္ရာဝင္သည္အထိ ထိုကေလး၏ အသံက တိတ္မသြားေသးသျဖင့္ ကြၽႏ္ုပ္က နားစိုက္ေထာင္မိျပန္သည္။ ကနဦးက ႐ြတ္ခဲ့ေသာကဗ်ာကိုသာ ႐ြတ္ေနဆဲပင္။

“ဒီအခ်ိန္မွေတာ့ ဦးေႏွာက္က ဘာမ်ားမွတ္ႏိုင္ေတာ့မွာလဲ။” ကြၽႏ္ုပ္က မေက်မခ်မ္း ျမည္တြန္ေတာက္တီးလိုက္ၿပီး နံေဘးတြင္ အိပ္ေပ်ာ္ေနေသာ ျမဴ႕ခါးကို သိုင္းဖက္ကာ အိပ္လိုက္ေလသည္။

ေနာက္တစ္ေန႔ ညေနခင္းတြင္ ထိုေမာင္ႏွမက ကြၽႏ္ုပ္တို႔အိမ္ဆီ အလည္လာျပန္သည္။ ကေလးျမင္လွ်င္ စခ်င္ေသာ ကြၽႏ္ုပ္ကလည္း သုတကို ေမးျပန္သည္။

“မေန႔က စာေတြ အၾကာႀကီး က်က္ေနတာလား။ သုတက ခါးပတ္စြပ္ျပဳတ္ မႀကိဳက္ဘူး ထင္တယ္။”

သုတက ရယ္လ်က္ ကြၽႏ္ုပ္အနားသို႔ တိုးလာၿပီး ခပ္တိုးတိုး ေျပာသည္။

“ဦးေလးရႈိင္း အေဖ့ကို ျပန္မေျပာဘူးလို႔ကတိေပးေနာ္။”

“ေကာင္စုတ္ေလး... မင္း ဘာမဟုတ္တာလုပ္ထားတာလဲ။”

“ညက သား အရမ္းအိပ္ငိုက္ေနလို႔ MP4 နဲ႔ အသံဖမ္းၿပီး ျပန္ဖြင့္ထားတာ။ သားက စာေရးခုံေအာက္မွာ ခိုးအိပ္ေနတာ။ ဦးေလးရႈိင္း အေဖ့ကို ျပန္မတိုင္နဲ႔ေနာ္။”

ကြၽႏ္ုပ္မွာ သုတစကားေၾကာင့္ မ်က္လုံးျပဴးသြားသည္။ ကြၽႏ္ုပ္ကို ယုံယုံၾကည္ၾကည္ႏွင့္ ေျပာျပလာေသာ ကေလးငယ္ကို ၾကည့္၍လည္း စိတ္ထဲ၌ မသက္မသာ ျဖစ္မိျပန္၏။ သုတက သူ႔မိဘမ်ားကို လိမ္တတ္ေနေလၿပီ။

“အိပ္ခ်င္ရင္ သားအေမကို ေျပာၿပီး အိပ္ေပါ့။ လိမ္တာမေကာင္းဘူးေလ။”

“ညဆယ့္တစ္နာရီအထိ စာလုပ္ရမယ္လို႔ အခ်ိန္စာရင္း ဆြဲေပးထားတာ ဦးေလးရဲ႕။ အခ်ိန္မေစ့ရင္ မအိပ္ရဘူး။ အေမတို႔က ဧည့္ခန္းမွာ တီဗီၾကည့္ရင္း ထိုင္ေစာင့္ေနၾကတာ၊ သား အသံတိတ္သြားတာနဲ႔ ႀကိမ္လုံးနဲ႔ ႐ိုက္တာကိုး။”

သုတက ကြၽႏ္ုပ္ကို ေလွ်ာက္လဲခ်က္ ေပးရွာသည္။ ကိုသိန္းထြန္းအေၾကာင္း သိေနေသာ ကြၽႏ္ုပ္က သုတကို အျပစ္မျမင္ရက္ေတာ့ေပ။

“သားမိဘေတြက သားကို တအားခ်စ္လို႔၊ ဆရာဝန္ႀကီး ျဖစ္ေစခ်င္လို႔ စည္းကမ္းႀကီးၾကတာပါကြာ။”

“သားမွ ဆရာဝန္ မျဖစ္ခ်င္တာ။”

“ဒါျဖင့္ သားက ဘာျဖစ္ခ်င္သလဲ။”

ကြၽႏ္ုပ္၏ အေမးကို သုတက ခ်က္ခ်င္းမေျဖဘဲ အတန္ၾကာသည္အထိ စဥ္းစားေန၏။ ေသေသခ်ာခ်ာ စဥ္းစားၿပီးခါမွ ထိုကေလးက ေခါင္းခါသည္။

“သားလဲ မသိဘူး။”

“သူ ဝါသနာပါတာကို ေမးေလ။ ၿပီးမွ ဘာျဖစ္ခ်င္လဲ ဆုံးျဖတ္ရမွာေပါ့။” ကြၽႏ္ုပ္၏ ဇနီးသည္က ဝင္ေျပာသည္။ သုတက အခန္းကို ေဝ့ၾကည့္လိုက္ၿပီး အခန္းေထာင့္တြင္ ေထာင္ထားေသာ ဂစ္တာကို လက္ညႇိဳးထိုးသည္။

“သားက ဂစ္တာတီးၿပီး သီခ်င္းဆိုခ်င္တာ။ ဦးေလးရႈိင္း ဂစ္တာတီးရင္ သား အၿမဲခိုးၿပီး နားေထာင္ေနက်။”

“သား တကယ္ ဝါသနာပါတာလား။”

“တကယ္ပါဆို... သား ေရးထားတဲ့ သီခ်င္းေတြ ရွိတယ္။ ဦးေလးရႈိင္းကို ျပမယ္။ ခနေလး ေစာင့္ေနေနာ္။”

သုတက ကြၽႏ္ုပ္ကို ေျပာၿပီးသည္ႏွင့္ သူ႔အိမ္ကို အလ်င္အျမန္ ျပန္ေျပးသည္။ ထို႔ေနာက္ သူ႔ေက်ာပိုးအိတ္ကေလးကို ယူကာ ျပန္ေျပးလာၿပီး စာ႐ြက္အပိုင္းမ်ားကို ထုတ္ျပသည္။

“ဒီမွာ... ဒါက သားသူငယ္ခ်င္းနဲ႔ အတူတူ ေရးတာ။ ဒီဟာက သားဘာသာသား ေရးတာ။” သုတက တစ္႐ြက္ၿပီး တစ္႐ြက္ျပေနသည့္အခိုက္ ကြၽႏ္ုပ္က သူ႔ကိုသာ ၾကည့္ေနမိ၏။ ထိုစဥ္ သုတ ေျပာလိုက္သည့္ စကားတစ္ခြန္းက ကြၽႏ္ုပ္နားထဲ ကန္႔လန္႔ဝင္လာ၏။

“အေဖသိရင္ ႐ိုက္မွာ စိုးလို႔ ဖြက္ထားတာ။ အေဖက သားကို ဆရာဝန္ လုပ္ခိုင္းခ်င္တာတဲ့။ ဆရာဝန္ျဖစ္ရင္ ဂုဏ္လဲ ရွိၿပီး ပိုက္ဆံေတြလဲ အမ်ားႀကီး ရွာႏိုင္မွာလို႔ေျပာတယ္။”



၄)

၂၀၁၆ ခုနစ္။

သုတက ဆယ္တန္းေရာက္လာၿပီး လူပ်ိဳေပါက္ကေလး ျဖစ္လာ၏။ အရပ္ကလည္း သူ႔အေဖနီးပါး ရွည္လာၿပီး လူကလည္း ထြားလာသည္။ ေျခာက္တန္းမွ ဆယ္တန္းအတြင္း ထိုကေလးက ေက်ာင္းေျပး၍ ဂိမ္းဆိုင္သြားျခင္း၊ သူငယ္ခ်င္းမ်ားႏွင့္ ေလွ်ာက္သြားျခင္း၊ အမွတ္စာရင္း လိမ္ျခင္း၊ ရည္းစားမ်ား တစ္ေယာက္ၿပီး တစ္ေယာက္ထားျခင္းတို႔ကို ျပဳခဲ့ေလသည္။ သူ႔အေဖက မိသြားလွ်င္ အသားကုန္႐ိုက္သည္။ သုတကလည္း ေပေတခံ၍ သူလုပ္ခ်င္ရာကိုသာ ေလွ်ာက္လုပ္သည္။

ထို႔ေၾကာင့္ သူ ကိုးတန္းေအာင္သည္ႏွင့္ သူ႔မိဘမ်ားက “ဆယ္တန္းက ဘဝအတြက္ အေရးႀကီးတယ္” ဆိုကာ အင္မတန္စည္းကမ္းႀကီးေသာ ေဘာ္ဒါေဆာင္သို႔ ေငြကုန္ေၾကးက် မ်ားစြာခံ၍ ပို႔လိုက္ၾက၏။ သို႔ေသာ္ ဆယ့္ငါးရက္မွ် ၾကာေသာအခါ သုတက ေဘာ္ဒါမွ ထြက္ေျပးသြားသည္ ဟူေသာ သတင္း ျပန္ေရာက္လာသည္။

ကိုသိန္းထြန္းတို႔ လင္မယားမွာ သားေပ်ာက္သည့္ ေဇာျဖင့္ ျပာယာခတ္ေနၾကၿပီး ကြၽႏ္ုပ္တို႔ လင္မယားကို အကူအညီလာေတာင္းသည္။ ထို႔ေၾကာင့္ သူတို႔သမီး အငယ္မေလးကို ျမဴႏွင့္ ထားခဲ့ၿပီး ကြၽႏ္ုပ္တို႔က သုတရွာပုံေတာ္ ထြက္ၾကရ၏။ ထိုကေလး သြားတတ္သည့္ ဂိမ္းဆိုင္မ်ား၊ ဘုရားမ်ား၊ ပန္းၿခံမ်ားႏွင့္ သူ႔သူငယ္ခ်င္းအိမ္မ်ားကိုပါ လိုက္လံရွာေဖြခဲ့ၾကသည့္တိုင္ ေလးရက္ၾကာသည္အထိ မေတြ႕ခဲ့ေပ။

ကိုသိန္းထြန္းတို႔လင္မယား ေသာကပြားေနရေခ်ၿပီ။ ကိုသိန္းထြန္း၏ ဇနီး မမိုးက တစ္ခ်ိန္လုံး ငိုယိုေနၿပီး ကိုသိန္းထြန္းကမူ ေတာက္ခတ္ခတ္ျဖင့္ ေဒါသထြက္ေန၏။ တစ္ႏွစ္စာ ေဘာ္ဒါေၾကး ေငြကလည္း ျပန္မရ၊ သားကလည္း ေပ်ာက္ျခင္းမလွ ေပ်ာက္ေနသျဖင့္ ေႁမြပါလည္းဆုံး၊ သားလည္းဆုံးမည့္ အလားအလာရွိေန၏။ ငါးရက္ေျမာက္ေသာ ေန႔၌ သုတ၏ သူငယ္ခ်င္း ေကာင္ေလးတစ္ေယာက္က ကိုသိန္းထြန္းတို႔ဆီ ေရာက္လာၿပီး လြန္ခဲ့ေသာညက သုတႏွင့္ ဖုန္းအဆက္အသြယ္ ရေၾကာင္း၊ ယေန႔ေန႔လည္ကားျဖင့္ ေတာင္ႀကီးဘက္ သြားမည္ဟု ေျပာေၾကာင္း ေျပာျပသည္။

ကိုသိန္းထြန္းတို႔လင္မယားက အေဝးေျပးကားဂိတ္ကို သြားၾကရျပန္သည္။ ကိုသိန္းထြန္းက ေဒါသတႀကီးျဖစ္ေနၿပီး သူ႔ဇနီးက ဝမ္းနည္းပက္လက္ ငိုေနသျဖင့္ ကြၽႏ္ုပ္က ကားေမာင္း၍ လိုက္ပို႔ရသည္။ အေဝးေျပးကားဂိတ္သို႔ ေရာက္၍ ရွာေဖြၿပီး သုတကို ေတြ႕သည္ႏွင့္ ကိုသိန္းထြန္းက ထိုကေလးကို လက္သီးျဖင့္ ထိုးမည္ ျပဳသည္။ ထိုကေလးကလည္း ထြက္ေျပးမည္ ျပင္သည္။

“အလကားေကာင္... မိဘကို ဒုကၡေပးတဲ့ ေခြးလိုေကာင္။”

“ေတာ္ေတာ့... ကေလးကို မဆူပါနဲ႔ေတာ့... သားေလး.. ေမေမ့ဆီလာ”

မမိုးက သုတကို ေျပးဖက္လိုက္သည္ႏွင့္ သားအမိႏွစ္ေယာက္လုံးက ၾကဴၾကဴပါေအာင္ ငိုသည္။ ကိုသိန္းထြန္း၏ မ်က္ႏွာႀကီးကမူ သုန္မႈန္ေနေတာ့သည္။ ဤနည္းအားျဖင့္ သုတက အိမ္ျပန္ပါလာခဲ့ရၿပီး ဆယ္တန္းကို အစိုးရေက်ာင္း၌သာ ျပန္တက္ရေတာ့သည္။ ေက်ာင္း၊ က်ဴရွင္အျပင္ သုတကို စာကူက်က္ရန္အတြက္ ဂိုက္ဆရာဟူသည္ကိုလည္း တစ္ဘာသာတစ္ေယာက္ ငွားထားေလရာ သုတမွာ ညဆယ့္တစ္နာရီ၊ ဆယ့္ႏွစ္နာရီေလာက္မွ အိပ္ရ၏။ မနက္မိုးလင္းသည္ႏွင့္ က်ဴရွင္သြားရသည္။

တစ္ညတြင္မူ သုတကို သူ႔အေဖက ခါးပတ္ႏွင့္ လွိမ့္ေနေအာင္ ႐ိုက္ျပန္သည္။ အခ်ိန္က ညဆယ့္တစ္နာရီခန္႔ ျဖစ္၍ တိတ္ဆိတ္ေနသည္တြင္ ကိုသိန္းထြန္း၏ ခါးပတ္သံ တ႐ႊမ္း႐ႊမ္းႏွင့္ ဖ႐ုႆဝါ ဆဲဆိုသံမ်ားက ပို၍ ထင္ထင္ရွားရွား ၾကားရ၏။ ကြၽႏ္ုပ္က ဆက္မအိပ္ႏိုင္ေတာ့သျဖင့္ ဝရန္တာဘက္ ထြက္လာသည္တြင္ ကိုသိန္းထြန္းက သူ႔ကေလးကို ဆက္မ႐ိုက္ေတာ့ဘဲ ကြၽႏ္ုပ္ၿခံတံခါးကို လာေခါက္သည္။

“ဘာျဖစ္တာလဲဗ်ာ... ညႀကီးသန္းေခါင္ကို”

“ဘာျဖစ္ရမလဲ.... ဟိုေခြးေကာင္ သုတေလ... သူ႔ျမန္မာစာဆရာကို ကိုင္ေပါက္ပစ္လိုက္တယ္။”

ကိုသိန္းထြန္းက ၿခံထဲ ဝင္လာရင္း ကြၽႏ္ုပ္ကို ျပန္ေျဖသည္။ ကြၽႏ္ုပ္မွာ ရယ္ရမည္ခက္၊ ငိုရမည္ခက္ျဖင့္ ကိုသိန္းထြန္းကိုသာ ၾကည့္ေနမိသည္။ ကိုသိန္းထြန္းက ဆက္ေျပာသည္။

“အဲ့ဒါေၾကာင့္ ဒီေန႔ ဆရာေလးက ဆယ္နာရီကတည္းက ျပန္သြားတာ။ အဲ့ဒီေကာင္... အဲ့ဒီေကာင္ သင္း ေတာ္ေတာ္ ခ်ိဳႂကြေနတာ။ အိမ္မွာ ၾကာၾကာေနရင္ ကြၽန္ေတာ္ ႐ိုက္လို႔ အသက္ထြက္သြားမွာစိုးလို႔ ခင္ဗ်ားဆီ ထြက္ခဲ့တာ။”

ကြၽႏ္ုပ္မွာ “ေၾသာ္” တစ္လုံးသာ ေျပာႏိုင္ေတာ့၏။ ယခင္က သူ႔ဖခင္ကို အ႐ိုးခ်မ္းေအာင္ ေၾကာက္ေသာ သုတ၊ သူ႔ကို သင္သမွ် ဆရာ၊ဆရာမအားလုံးကို ေမာ့ပင္မၾကည့္ရဲေသာ ကေလးငယ္သည္ ယခုမူ ေျပာင္းလဲသြားခဲ့ေခ်ၿပီ။

“အဲ့ေခြးသူေတာင္းစားက သူ႔ဆရာကို ကိုင္ေပါက္ၿပီး ေငြငါးေသာင္း ထုတ္ေပးတယ္ ဆိုပဲ။ ကြၽန္ေတာ္က ဆရာ့ကို ခ်စ္လို႔ စတာပါ၊ အေဖ့ကို ျပန္မတိုင္ပါနဲ႔ ဆိုၿပီး သင္းက လက္သိပ္ထိုးေသးတာ။ အခု ျမန္မာစာဆရာက ခါးနာသြားတယ္တဲ့။”

ကြၽႏ္ုပ္ ေနာက္တစ္ႀကိမ္ မ်က္လုံးျပဴးရျပန္သည္။

“သူက အဲ့ဒီပိုက္ဆံငါးေသာင္း ဘယ္က ရတာလဲ။”

“သူ႔အေမေလ... ကေလး သုံးစရာ မရွိမွာ စိုးလို႔၊ ေက်ာင္းမွာ မ်က္ႏွာငယ္မွာ စိုးလို႔ ဆိုၿပီး ေပးေပးထားတာ။”

ကိုသိန္းထြန္း၏ စကားေၾကာင့္ ကြၽႏ္ုပ္သည္ စိတ္ထဲမွ ‘အဲ့ဒါေတြက ခင္ဗ်ားတို႔ အျပစ္ေတြပဲေလ နလပိန္းတုံးေတြရဲ႕။ ခင္ဗ်ားက ကေလးကို ကြၽဲလိုႏြားလို ႐ိုက္တယ္၊ ခင္ဗ်ားမိန္းမက နတ္ကေတာ္ နတ္ကိုးသလို ဖူးဖူးမႈတ္ထားတယ္ေလ’ ဟူ၍ အျပစ္တင္မိသည္။ သို႔ေသာ္ အခ်င္းမ်ားမည္စိုး၍ ႏႈတ္ကမူ ထုတ္မေျပာခဲ့ေပ။

“ဆယ္တန္းက​ ဒီေလာက္အေရးႀကီးပါတယ္ဆို။ သားသားက နားမလည္ဘူး။ ကြၽန္ေတာ့္ေလာက္ ႐ိုက္တာလဲ ကြၽန္ေတာ္ပဲ။ ဒါေတာင္ သားသားက စကားနားမေထာင္ပါဘူးဗ်ာ... ဟင္း...”

ကိုသိန္းထြန္းက ၿခံထဲရွိ ဒန္းကေလးတြင္ ဝင္ထိုင္ရင္း သက္ျပင္းေမာကို ခ်သည္။ သားသမီးအေပၚ မ်ားစြာေမွ်ာ္လင့္ထားသည့္အေလ်ာက္ သူသည္ စိတ္ပင္ပန္း၊ လူပင္ပန္း ျဖစ္ရ၏။

“ကြၽန္ေတာ္က ေျခာက္တန္းပဲ ေအာင္တာ။ ကြၽန္ေတာ့္မိန္းမ မိုးမိုးက ေလးတန္းပဲ ရွိတာ။ ဒီလိုအိမ္နဲ႔ကားနဲ႔ ျဖစ္လာေအာင္ ကြၽန္ေတာ္တို႔ လင္မယားႏွစ္ေယာက္စလုံး ေန႔မအိပ္ညမအိပ္ အလုပ္လုပ္ခဲ့ရတာ။ ကြၽန္ေတာ္တို႔ညားခါစတုန္းက မိုးမိုးက ကုန္စိမ္းေရာင္း၊ ကြၽန္ေတာ္က စက္ဘီးကယ္ရီဆြဲခဲ့ရတာ။ ေနာက္မွ စက္ဘီးေလး ေနာက္တစ္စီးဝယ္ၿပီး သူမ်ားကို အုံနာေပး၊ စက္ဘီးအေဟာင္းေတြ အေပါင္ခံရာကေန အဆင္ေျပလာတာ။

သုတကို ေမြးၿပီးေတာ့ သားသမီးေတြ ရွိလာရင္ အိမ္ငွားေနလို႔ မျဖစ္ေတာ့ဘူး ဆိုၿပီး အိမ္ကေလး တစ္လုံး ရေအာင္ ဝယ္တယ္။ ေငြမေလာက္ေတာ့ ေခ်းရ၊ငွားရနဲ႔ အေႂကြးေတြတင္လို႔ ကေလးလိမ္းတဲ့ ဖန္ဖန္ေပါင္ဒါကိုေတာင္ ႏွစ္လစုၿပီးမွ ဝယ္ခဲ့ရတာ။”

သူသည္ ေခါင္းကို ငိုက္စိုက္ခ်လ်က္ အက္ရွေနေသာအသံျဖင့္ ရင္ဖြင့္သည္။ ကြၽႏ္ုပ္မွာ သုတကိုလည္း အျပစ္မတင္ရက္၊ ကိုသိန္းထြန္း၏ ေစတနာအမွားတို႔ကိုလည္း စာနာမိရကား မည္သို႔တုံ႔ျပန္ရမည္ပင္ မသိေတာ့ပါေခ်။

“ပညာမတတ္ရင္ သူမ်ားအႏွိမ္ခံရတယ္ ကိုရႈိင္း။ ခင္ဗ်ားတို႔လင္မယားကေတာ့ ပညာတတ္ အသိုင္းအဝိုင္းကမို႔လို႔ ကြၽန္ေတာ္တို႔လို လူေတြရဲ႕ ခံစားခ်က္ကို နားလည္မွာ မဟုတ္ဘူး။ ကြၽန္ေတာ္က ခံစားခဲ့ရတဲ့လူ။ အဲ့ဒါေၾကာင့္ သားသားနဲ႔ သမီးေလးကို ပညာတတ္ ျဖစ္ေစခ်င္တယ္၊ ဘယ္သူ႔ဆီမွာမွ မ်က္ႏွာေအာက္က်ရတာမ်ိဳး မျမင္ခ်င္ဘူး။

ဒါေပမဲ့ သားသားက.... နားမလည္ဘူး။ တစ္ခ်ိန္လုံးသီခ်င္းေတြပဲ ခိုးေရးေနတယ္။ သူ ဂစ္တာတစ္လက္ ခိုးဝယ္ထားတာ ကြၽန္ေတာ္ သိတယ္။ စိတ္ေျပလက္ေပ်ာက္ဆိုၿပီး လႊတ္ေပးထားတာ။ အဆိုေတာ္တို႔၊ စာေရးဆရာတို႔ဆိုတာက ထမင္းႏွပ္မွန္တဲ့အလုပ္မ်ိဳး မဟုတ္ဘူး။”

ကိုသိန္းထြန္း ေျပာသည္ကလည္း မွန္သင့္သေလာက္ မွန္ေနသျဖင့္ ကြၽႏ္ုပ္က လက္ခံလိုက္ရသည္။

“ခင္ဗ်ား ေျပာတာလဲ မွန္ပါတယ္ေလ။ ဒါေပမဲ့ ကေလးအတြက္လဲ ေတြးေပးပါဦး။ သူ႔အတြက္ သင့္ေတာ္တဲ့ ဘြဲ႕ေလးတစ္ခု ရမယ္၊ အသက္ေမြးဝမ္းေၾကာင္း တစ္ခုရွိမယ္ဆိုရင္ သူ လုပ္ခ်င္တဲ့အလုပ္ကို လုပ္ခြင့္ေပးလိုက္ပါ။ သူ႔ေပ်ာ္႐ႊင္မႈနဲ႔ ဝါသနာကို ကြၽန္ေတာ္တို႔ လ်စ္လ်ဴရႈထားလို႔ မျဖစ္ဘူးေလ။ ခင္ဗ်ား မျဖစ္ခဲ့တဲ့ အိပ္မက္ေတြကို သူ႔ကို အတင္းအ​ၾကပ္ အေကာင္အထည္ ေဖာ္ခိုင္းတာက သူ႔အတြက္ တရားရဲ႕လား။”

ကြၽႏ္ုပ္က ေလေအးကေလးျဖင့္ ေျပာလိုက္ရာ ကိုသိန္းထြန္းက ေတြေဝသြား၏။

“မသိေတာ့ဘူးဗ်ာ... သူ ေဆးမွတ္ေရာ မွီပါ့မလား မသိဘူး။ သူ႔အတြက္ ကုန္ထားတာ နည္းတာ မဟုတ္ဘူးဗ်။ ေဆးေက်ာင္းသာ မမွီရင္ သဲထဲေရသြန္ျဖစ္ၿပီ။”

“ဆရာဝန္မွ လူမဟုတ္ပါဘူးဗ်။ တျခားဘယ္ပညာရပ္ျဖစ္ျဖစ္ သူ႔ဟာနဲ႔သူ တန္ဖိုးရွိပါတယ္... ခင္ဗ်ားကလဲ။”

ထိုေန႔ညက ညဥ့္အေတာ္နက္မွ ကိုသိန္းထြန္းက သူ႔အိမ္ျပန္သြားခဲ့သည္။


၅)

ဆယ္တန္းေအာင္စာရင္း ထြက္သည့္ေန႔။

သုတတို႔ တစ္အိမ္လုံး မအိပ္ႏိုင္ၾကသကဲ့သို႔ ကြၽႏ္ုပ္တို႔ လင္မယားမွာလည္း ရင္တထိတ္ထိတ္ျဖင့္ ေအာင္စာရင္းကို နားစြင့္ေနၾက၏။ ကိုသိန္းထြန္းကမူ ကားလိုက္သြားသျဖင့္ ေနာက္တစ္ေန႔နံနက္မွ ျပန္ေရာက္မည္ျဖစ္ရာ အိမ္တြင္မရွိ။ ညဆယ့္ႏွစ္နာရီထိုးသည္ႏွင့္ ကြၽႏ္ုပ္တို႔ လင္မယားက ၿခံစည္း႐ိုးအနားကပ္ကာ မမိုးကို လွမ္းေမးသည္။

“မိုးမိုးေရ... သုတေလး ဘယ္ႏွလုံးပါသလဲ။”

“အင့္... မေျပာပါနဲ႔ေတာ့... ​မမရယ္။ သားသားက ျမန္မာစာ တစ္ဘာသာပဲ ဂုဏ္ထူးထြက္တယ္တဲ့။ စိတ္ညစ္တာပါပဲ...”

ျမဴက ေမးလိုက္သည္ႏွင့္ မိုးမိုးက တစ္ခ်က္တစ္ခ်က္ ရႈိက္လိုက္ၿပီး မ်က္ႏွာကို လက္ျဖင့္ ခပ္ၾကမ္းၾကမ္း ပြတ္ဆြဲသည္။

“တစ္ဘာသာပါလဲ နည္းသလား မိုးမိုးရယ္။ သုတေလးေရာ ငိုေနတာလား။”

“သူ႔အခန္းထဲကကို ထြက္မလာေတာ့ဘူး... အီး... ဟီး... စိတ္ညစ္လိုက္တာ... သူ႔အေဖ ျပန္လာရင္ ဘယ္လိုေျပာရမလဲေတာင္ မသိေတာ့ဘူး မမရယ္... သားသားကို သူက တအားေမွ်ာ္လင့္ထားတာ... သားသားကလဲ အသုံးမက်ပါဘူး.”

မမိုးက ေျပာရင္း ရႈိက္ႀကီးတငင္ ငိုေတာ့သည္။

“အဲ့လိုေတာ့လဲ ဘယ္ဟုတ္ပါ့မလဲ။ တခ်ိဳ႕ဆို ေအာင္ဖို႔ေတာင္ ေတာ္ေတာ္လုပ္ယူရတာပဲေလ။ ၿပီးေတာ့ ဆယ္တန္းက ဘဝတစ္ခုလုံး မဟုတ္ပါဘူး မိုးမိုးရယ္။ ကေလးက တက္လမ္းေတြ အမ်ားႀကီး ရွိပါေသးတယ္။”

ျမဴက သူတို႔အိမ္ဆီ ကူးသြားၿပီး ႏွစ္သိမ့္ေပးရသျဖင့္ ကြၽႏ္ုပ္လည္း မနက္သုံးနာရီခန္႔မွသာ အိပ္ေပ်ာ္သြားခဲ့သည္။ ထို႔ေနာက္ပိုင္း ျမဴ ဘယ္အခ်ိန္ အိမ္ျပန္လာမွန္း ကြၽႏ္ုပ္ မသိလိုက္ေပ။ ဆူဆူညံညံႏွင့္ ေအာ္ဟစ္ျငင္းခုန္ေနသည့္ အသံမ်ား ၾကားမွသာ မ်က္လုံးကို အတင္းဖြင့္ရင္း ထလာခဲ့ရသည္။

“မိဘကို နည္းနည္းမွ မငဲ့တဲ့ေကာင္... မင္း ဘာေစာက္သုံးက်တာ ရွိသလဲ ဟမ္... မင္းတစ္ေယာက္တည္းအတြက္ တစ္လတစ္လ သိန္းခ်ီၿပီး ကုန္ထားတာကြ”

ကိုသိန္းထြန္း၏ အသံက်ယ္က်ယ္ေၾကာင့္ ကြၽႏ္ုပ္သည္ မ်က္မွန္ကို ယူတပ္လိုက္ၿပီး ဝရန္တာဘက္ ထြက္လာခဲ့၏။ ဝရန္တာမွ လွမ္းၾကည့္လိုက္သည္တြင္ ကိုသိန္းထြန္းက သုတကို ႐ိုက္ေနက် ခါးပတ္ျဖင့္ အသားကုန္ လွိမ့္႐ိုက္ေနသည္ကို ေတြ႕လိုက္ရသည္။ ဂုဏ္ထူးတစ္ဘာသာသာ ပါ႐ုံမွ်ျဖင့္ ေဆးေက်ာင္းမမွီႏိုင္သည္က ေသခ်ာေနေလရာ ကိုသိန္းထြန္း မ႐ိုက္မွသာ ထူးဆန္းမည္ ျဖစ္သည္။ ကြၽႏ္ုပ္က စိတ္မေကာင္းေသာ္လည္း ရပ္သာၾကည့္ေနခဲ့ရ၏။

“ေစာက္ေရးမပါတဲ့ ဂစ္တာက်ေတာ့ အားတိုင္း ခိုးခိုးတီး.. ခိုးခိုးတီး။ အရည္မရအဖတ္မရ သီခ်င္းေတြ၊ ဝတၳဳေတြက်ေတာ့ အခ်ိန္ကုန္ခံၿပီး ေရး.. အလကားေကာင္။”

ကိုသိန္းထြန္းက တစ္ခြန္းေျပာရင္းတစ္ခ်က္႐ိုက္သည္။ သုတကလည္း သူ႔ကိုယ္သူ စိတ္ပ်က္အားေလ်ာ့သြားဟန္ျဖင့္ သူ႔အေဖ ႐ိုက္သမွ်ကို ငိုေနလ်က္သာ ေပခံသည္။ သူ႔မ်က္ဝန္းတို႔မွာ ဗလာက်င္းလ်က္၊ နာက်င္မႈေၾကာင့္ လူက တဆတ္ဆတ္ တုန္ယင္ေနသည့္တိုင္ စိတ္ခံစားခ်က္တို႔ ကင္းမဲ့ေနသည့္အလား ၿငိမ္သက္လြန္းလွ၏။ ကိုသိန္းထြန္းက ႐ိုက္ရလြန္း၍ ေမာသြားဟန္ျဖင့္ ခါးပတ္ကို ပစ္ခ်သည္။

“တကယ္လို႔ ေဆးေက်ာင္းကို အစိုးရေက်ာင္း မမွီရင္လဲ တျခားေက်ာင္း ...” ကိုသိန္းထြန္း၏ အသံက တိုးသြားသျဖင့္ ကြၽႏ္ုပ္ မၾကားလိုက္ရေပ။ မၾကာမီမွာပင္ သုတက သူ႔အေဖကို ျပန္ေအာ္သည္။

“သား ဆရာဝန္ မျဖစ္ခ်င္ပါဘူးဆိုမွ... သားကို အႏုပညာေက်ာင္းျဖစ္ျဖစ္၊ ျမန္မာစာတန္းျဖစ္ျဖစ္ တက္ခိုင္းလို႔မရဘူးလား။ သားက စာေရးခ်င္တာ၊ သီခ်င္းေရးခ်င္တာလို႔”

“ေစာက္ေရးမပါတာေတြ စလာၿပီ။ မင္း လုပ္ခ်င္တဲ့ အဆိုေတာ္တို႔၊ စာေရးဆရာတို႔ဆိုတာ လူတစ္ေသာင္းမွာ တစ္ေယာက္ ေအာင္ျမင္ခဲတယ္ကြ။ အလကား.. ထမင္းငတ္မဲ့အလုပ္ေတြ။”

ကိုသိန္းထြန္းက ေနာက္တစ္ႀကိမ္ ေဒါသထြက္လာျပန္၏။

“ဒါေပမဲ့ သား ျဖစ္ခ်င္တယ္ေလ။ သားဘက္ကိုလဲ ေတြးေပးပါဦး။” သုတ၏ စကားအဆုံး ကိုသိန္းထြန္းက သုတ၏ ပါးကို ေျဖာင္းခနဲ ျမည္သည္အထိ ျဖတ္႐ိုက္ပစ္လိုက္၏။ အ႐ိုက္ခံရေသာ သုတက မည္သို႔ေနသည္မသိ၊ ျမင္လိုက္ရေသာ ကြၽႏ္ုပ္ကမူ ပါးပင္ က်ိန္းသြား၏။

“ငါ့ကို ျပန္မေျပာနဲ႔။ ငါက မင္းကို ေမြးထားတဲ့ဖေအ...”

ကိုသိန္းထြန္း၏ အသံက်ယ္က်ယ္က ထြက္လာျပန္သည္။ သုတက မည္သို႔ ျပန္ေျပာလိုက္သည္မသိ၊ ကိုသိန္းထြန္းက ေတာက္တစ္ခ်က္ေခါက္ကာ သုတအခန္းဘက္ ေလွ်ာက္သြား၏။ မၾကာမီပင္ စာ႐ြက္အထပ္လိုက္ႏွင့္ သုတ၏ ဂစ္တာကိုပါ ယူ၍ ျပန္ထြက္လာသည္။

“မလုပ္နဲ႔ေနာ္... အေဖ... သားေရးထားတာေတြကို မထိနဲ႔ေနာ္” တစ္ခါမွ် ေလသံမာမာမေျပာဖူးေသာ သုတက သူ႔အေဖကို ေဒါသတႀကီးျဖင့္ ျပန္ေအာ္ရင္း သူ႔လက္ထဲမွ စာ႐ြက္မ်ားကို ဆြဲလုသည္။ ကိုသိန္းထြန္းက သုတကို ေဆာင့္တြန္းပစ္လိုက္ၿပီး ဂီတာကို အိတ္ထဲမွ ထုတ္သည္။ ကြၽႏ္ုပ္က ဝရန္တာမွ မခြာမိ၊ ကိုသိန္းထြန္း ဘာဆက္လုပ္မည္ကို သိခ်င္၍ ေတာင့္ေတာင့္ႀကီး ရပ္ေနမိ၏။

ကိုသိန္းထြန္းက ဂစ္တာကို လက္ကိုင္မွ ကိုင္၍ အုတ္နံရံျဖင့္ ႐ိုက္ခ်လိုက္သည့္အခိုက္ ကြၽႏ္ုပ္က မ်က္လုံးျပဴးသြားၿပီး သုတကအသံကုန္ေအာ္သည္။

“မလုပ္နဲ႔....”

ကိုသိန္းထြန္းက ေဒါသတႀကီးျဖင့္ တစ္ခ်က္ၿပီးတစ္ခ်က္ ႐ိုက္ၿပီး ဂစ္တာက စုတ္ျပတ္သြားေသာအခါမွ ၾကမ္းျပင္ေပၚ ပစ္ခ်သည္။ ခါးပတ္ႏွင့္ အ႐ိုက္ခံရစဥ္က ေပခံေနေသာ သုတက ဤတစ္ႀကိမ္တြင္မူ ခံႏိုင္ရည္ ရွိေတာ့ဟန္ မတူ၊ သူ႔ဂစ္တာအပိုင္းကေလးကို ေကာက္ယူလိုက္ၿပီး ကေလးတစ္ေယာက္ႏွယ္ ေအာ္ငိုေတာ့သည္။ ကြၽႏ္ုပ္က ဆက္မၾကည့္ႏိုင္ေတာ့၍ မ်က္ႏွာလႊဲလိုက္ၿပီး လမ္းထိပ္လက္ဖက္ရည္ဆိုင္သို႔ ထြက္လာခဲ့၏။ သုတ၏ စာမူၾကမ္းမ်ား၊ သီခ်င္းအပိုင္းအစမ်ားက မည္သို႔ျဖစ္သြားသည္ကို ကြၽႏ္ုပ္ မသိေတာ့ေပ။

လက္ဖက္ရည္ဆိုင္တြင္ မိတ္ေဟာင္းတစ္ေယာက္ႏွင့္ ေတြ႕သျဖင့္ သူ႔အိမ္လိုက္သြားၿပီး စစ္တုရင္ ကစားျဖစ္ေသး၏။ ညေနခင္း သုံးနာရီ ထိုးေသာအခါ ျမဴက ကြၽႏ္ုပ္ကို ဖုန္းဆက္ၿပီး အိမ္အျမန္ ျပန္လာခိုင္းသည္။ ကြၽႏ္ုပ္ကလည္း ျမဴ႕ကို စိုးရိမ္သျဖင့္ အလ်င္အျမန္ ျပန္လာ၏။ ၿခံထဲ ဝင္လိုက္သည္ႏွင့္ ျမဴက တအင့္အင့္ ရႈိက္ငိုရင္း ကြၽႏ္ုပ္ကို ေျပးဖက္သည္။

“ကို.. သုတေလး... သုတေလး... သူ႔ကိုယ္သူ သတ္ေသသြားၿပီ။”

ျမဴ႕အသံက ဤတစ္ႀကိမ္တြင္ မခ်ိဳေပ။ သုတ... မနက္အေစာပိုင္းကပင္ လန္းလန္းဆန္းဆန္းႀကီး ရွိေနေသးေသာ သုတက ယခု ေသဆုံးသြားၿပီလား။ ကြၽႏ္ုပ္မွာ ကိုယ့္နားကိုယ္ပင္ မယုံႏိုင္ေတာ့ေပ။

“​ျမဴ.. ေသခ်ာေျပာစမ္းပါ။ သုတက ဘယ္လိုျဖစ္တာလဲ။”

“မနက္က.. မနက္က ကိုသိန္းထြန္းက စိတ္ဆိုးၿပီး သူ႔ဂစ္တာကို ႐ိုက္ခ်ိဳးလိုက္တယ္တဲ့။ ၿပီးေတာ့ ေရးလက္စ ဝတၳဳမူၾကမ္းနဲ႔ သီခ်င္းစာ႐ြက္ေတြကိုလဲ မီးရႈိ႕လိုက္မိတယ္တဲ့... ကေလးက ခံႏိုင္ရည္ မရွိေတာ့ သူ႔အခန္းထဲက ဝိုင္ယာႀကိဳးနဲ႔ ႀကိဳးဆြဲခ်ၿပီး.... အင့္... “

ျမဴက ဆက္မေျပာႏိုင္ေတာ့ဟန္ျဖင့္ ကြၽႏ္ုပ္ရင္ခြင္ထဲ တိုးဝင္ကာ ငိုေတာ့သည္။ ကြၽႏ္ုပ္က ေခါင္းကို ေမာ့လိုက္ၿပီး က်လာမည့္ မ်က္ရည္စတို႔ကို တားဆီးသည္၊ သက္ျပင္းေမာ တစ္ခုခ်ရင္း ရႈိက္သံကို ေပ်ာက္ကြယ္ေစရ၏။

အႏုပညာလက္ရာဟူသည္က ဖန္တီးသူ၏ ႏွလုံးသည္းပြတ္ပင္ ျဖစ္ရာ ဆယ္ေက်ာ္သက္ကေလးသုတက မည္သို႔ ခံႏိုင္ရည္ရွိမည္နည္း။ ထို႔ထက္ ဖ်က္စီးပစ္သူက ဖခင္အရင္း ျဖစ္ေနသည့္အခါ သူသည္ ေရွ႕လည္းတိုးမရသကဲ့သို႔ ေနာက္လည္း မဆုတ္ႏိုင္ေတာ့ေပ။ အဆုံး၌ သူ႔အတြက္ စိတ္ထြက္ေပါက္တစ္ခုကိုသာ ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ေပလိမ့္မည္။

အဘယ့္ေၾကာင့္မ်ား မိဘဟူသည့္ ေခါင္းစဥ္တစ္ခုတည္းျဖင့္ တစ္ပါးသူ၏ စိတ္ကူးအိပ္မက္ကို ေခ်မြ၍ ကိုယ့္လက္ထက္က မျဖစ္ေျမာက္ခဲ့သည့္ ဆႏၵတို႔ကို အတင္းအၾကပ္ ပုံေဖာ္ေစခ်င္ၾကသည္နည္း။ ကြၽႏ္ုပ္က မ်က္ဝန္းတို႔ကို မွိတ္ပစ္၍ မ်က္ရည္တို႔ကို စီးက်ေစရင္း ျမဴ႕ကို ႏွစ္သိမ့္သည္။

“တိတ္.. တိတ္ပါ ျမဴရယ္။ သုတေလး... သူ ေပ်ာ္ေနမွာပါ”

***


အမ္ကာမိုင္း

12 June 2022

###

Comments

  1. ကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?
    အရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့

    ReplyDelete
  2. ကိုယ်တွေ မိဘဖြစ်ခဲ့ရင် ကလေးကို ဒီလိုအတွေ့အကြုံမျိုးတွေ ဘယ်တော့မှ မခံစားစေရဘူး။ ကိုယ်တွေ ခေတ်တုန်းကလည်း စိတ်ပျက်စရာကောင်းလောက်အောင် ခံခဲ့ရပြီးပြီဆိုတော့ ဒီလိုအုပ်ထိန်းမှုမျိုးကို တစ်စက်မှ မကြိုက်ဘူး။ ကလေးတွေကိုလည်း ဒီလိုမျိုး မခံစားစေချင်တော့ဘူး။
    အရမ်းကောင်းတဲ့ ဇာတ်လမ်းလေး ကို မျှဝေပေးလို့ ကျေးဇူးပါ။

    ReplyDelete

Post a Comment