သူငယ်ချင်းတွေ
Unicode
“သူငယ်ချင်းတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး ဘယ်လောက်ထိ ကြာအောင် ပေါင်းဖူးလဲ။”
ကျွန်တော် ဒီမေးခွန်းကို ဖြေဖို့ သူငယ်ချင်းတွေအကြောင်း စဉ်းစားရင်း ဒီစာကို ရေးဖြစ်တာပါ။ ‘စာဆိုတာ ကိုယ်ခံစားမိတာကို ကိုယ်ခံစားတတ်သလိုရေး၊ ရိုးသားရင်ပြီးရော’ ဆိုတဲ့ အယူအဆကို သဘောကျပြီးတဲ့နောက် ခုလို ရေးဖို့ စဉ်းစားမိတာပဲ။ အရင်ကတော့ စာရေးရင် မှတ်သားစရာ ကျန်ရမယ်တို့၊ ခေတ်ကို ထင်ဟပ်ရမယ်တို့ … ကျွန်တော် ကြိုးစားကြည့်ပါ သေးတယ်။ အဲ့ဒီဘက်မှာ ပါရမီမပါ၊ မပြည့်ဝတော့ တမင်လုပ်ရေးသလို ဖြစ်သွားတတ်တာနဲ့ လက်လျှော့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီစာမှာလည်း တမင်လုပ် အရေးအသားတွေ ပါနေတာပါပဲလေ။
………..
ဒွေးဒွေး၊ ကျော်ရဲအောင်၊ စိုးသူ တဲ့။ နာမည်ကျော် မင်းသားသုံးလက်နဲ့ နာမည်ဆင်ကြတဲ့ သူငယ်ချင်းတွေ ကျွန်တော့်မှာ ရှိခဲ့ဖူးတယ်။ ကျောက်ရုပ်ကျောက်ဖြတ် ကစားဖော်တွေပါ။ ခဲတံတောက်တဲ့ ကစားနည်းရော ဆော့ဖူးကြလား။ စာရွက်ပေါ်မှာ မျဉ်းကောက် နှစ်ကြောင်းကို အကျဉ်းအကျယ် တွန့်လိမ်အောင် ခပ်ရှည်ရှည် ဆွဲ၊ လမ်းလို့ သဘောထား၊ စမှတ်ကနေ ခဲသားဘောပင်ကို နောက်ကနေ လက်နဲ့တောက်၊ လမ်းဘောင်နဲ့ ထိတဲ့နေရာမှာ ရောက်တဲ့နေရာလို့ မှတ်၊ တစ်ယောက်တစ်လှည့် တောက်ပြီး ပန်းတိုင်အထိ အရောက်သွား၊ အဲ့ဒီ ကစားနည်းလေ။
စိုးသူက စာတော်တယ်။ ရုပ်ဖြောင့်တယ်။ သူ့အဖေက ဆရာဝန်။ သူတို့အိမ်ကို ကျွန်တော် တစ်ခေါက် ရောက်ဖူးတယ်။ သူတို့အိမ်နားမှာ ပေါက်နေတဲ့ ခြံစည်းရိုးပင်တွေက ပွင့်တဲ့အပွင့်က နတ်သမီးနဲ့ တူတယ်။ နာမည်တော့ ကျွန်တော်မသိဘူး။ ဒွေးဒွေးကတော့ အဆော့မက်တဲ့ ကလေးပါပဲ။ သူနဲ့ပတ်သက်လို့ လက်ရေးမလှတာပဲ သတိထားမိတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို အခင်ဆုံးဖြစ်မယ်။ ကျော်ရဲအောင်နဲ့ ကတော့ သိပ်တောင် မခင်ကြဘူး။ သူတို့အားလုံးက သူဌေးသားတွေပါ။ ကျောင်းကလည်း သူဌေးကျောင်း။ ဆင်းရဲတာဆိုလို့ ကျွန်တော်အပါအဝင် နောက်ထပ် သုံးယောက်လောက်ပဲ ရှိမယ်။ သူတို့က မူလတန်းကျောင်းသား ဘဝရဲ့ အခင်ဆုံး သူငယ်ချင်းတွေ ထဲမှာ ပါတယ်။ ဒါပေမယ့် အလယ်တန်းရောက်တော့ သူတို့နဲ့ မတူတော့ဘူး။ ကျွန်တော်ပြောင်းတဲ့ ကျောင်းနဲ့ သူတို့ပြောင်းတဲ့ကျောင်း ကွဲသွားလို့။
………….
“ငါတို့လည်း ရေပေါ်ဆီတွေပဲ။ ရသေ့စိတ်ဖြေသာ ကူသလိုလို ဘာလိုလို လုပ်နေတာ။” ဝေယံက တက္ကစီ ခေါင်းခန်းကနေ ထအော်တယ်။ ရဲကြီးက “အဲ့တော့ မင်းက ဘာလုပ်ချင်လို့လဲ။ တောထဲသွားမလို့လား။” လို့ လှမ်းထောက်တယ်။
“တောထဲမသွားနိုင်လို့ ရေပေါ်ဆီလို့ ပြောတာပေါ့ကွ။ ငါတို့လုပ်နိုင်တာရဲ့ တစ်ရာရာနှုန်း ငါတို့ မလုပ်ကြဘူးလေ။”
“အကုန်လုံး တောထဲသွားနေရင် ထောက်ပို့ကျ ဘယ်သူလုပ်မလဲဟ။ မင်းအလုပ်လုပ်ပြီး အလှူငွေထည့် လေကွာ။ အဲ့တာလည်း ထိရောက်တာပဲကို။”
ရဲကြီးစကားကို ကျွန်တော်လည်း ထောက်ခံတယ်။ ဒါပေမယ့် တက္ကစီပေါ်မှာ ပြောလို့ မကောင်းတဲ့ ကိစ္စမို့ “ဟရောင်တွေ ဒီညက ဘာပွဲတွေလဲ။” လို့ စကားလမ်းကြောင်း လွှဲလိုက်တယ်။ ရဲကြီးကိုလည်း လက်ကုပ်ပြီး တက္ကစီသမားကို မသိမသာ မေးငေါ့ပြရတာပေါ့။
“မန်ယူပွဲက အစောဆုံး။ ပြီးရင် လီဗာပူးပွဲ။ ပြီးရင် လာလီဂါပွဲတွေ ရှိသေးတယ်။” လို့ ပြောပြီး ဝေယံလည်း ငြိမ်သွား တယ်။
ကျွန်တော်တို့ သူငယ်ချင်းတွေ ဆုံပြီး ဝေယံ့အိမ်မှာ ဘောပွဲစုကြည့် ဖြစ်ကြတာပါ။ အစောဆုံးပွဲက မန်ယူနဲ့ အဲဗာတန်။ တောင်ကန်မြောက်ကန်နဲ့ ကြည့်မကောင်းပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် အရင်လို စိတ်မပါကြလို့လည်း ဖြစ်မယ်။ တီဗွီဖွင့်ထားပြီး ဘီယာသောက်ရင်း စကားပဲ ပြော ဖြစ်ကြတယ်။
“ငါတို့ကတော့ အဲကွန်းခန်းထဲမှာ ဘီယာလေး သောက်ပြီး ဘောပွဲကြည့်လို့၊ လူငယ်တွေက တောထဲမှာ၊ တော်တော်များများလည်း အဖမ်းခံထားရတယ်။” ထုံးစံအတိုင်း ဝေယံ စကားစလာတယ်။
“မင်းဟာကလည်းကွာ။ မင်းကို ဘယ်သူက သောက်ခိုင်းနေလို့လဲကွ။ ပြီးတော့ မင်းလှူစရာရှိတာ လှူနေတယ်မလား။ အနစ်နာခံပြိုင်နေတာမှ မဟုတ်တာ။” တက္ကစီပေါ်မှာ မပြောဖြစ်တဲ့ စကားကို ကျွန်တော် ပြောဖြစ်တယ်။ ရဲကြီးကတော့ တီဗွီကိုပဲ ကြည့်နေတယ်။
“လှူတာကကွာ၊ ဘယ်လောက်လှူနေလို့လဲ။ ငါလည်း ခုချိန် ဘာအလုပ်မှ ရှိတာမဟုတ်။ ကုမ္ပဏီကလည်း သူဌေး စောက်ချိုးမပြေလို့ ထွက်ခဲ့ပြီ။ မင်းတို့လည်း တူတူပဲ။ ဘာလှူနိုင်လို့လဲ။”
“မင်းတောထဲသွားမလား၊ ငါချိတ်ပေးမယ်။” ရဲကြီးက ဘီယာတစ်မော့ မော့ရင်း ဝင်ပြောတယ်။ ရွဲ့နေတဲ့ ပုံတော့လည်း မဟုတ်ပါဘူး။ သူ့မျက်နှာက အတည်။
“မသွားနိုင်လို့ပေါ့ကွ။ ငါပြောနေတာကလည်း ငါ့လိုလူတွေ များနေတာကို မကျေနပ်နေတာ။ ငါကောင်းနေတယ်လို့ ပြောနေတာမှ မဟုတ်တာ။ အနစ်နာခံတဲ့သူက နစ်နာ၊ နေသာတဲ့သူက သာယာ ဆိုတဲ့ အနေအထားကြီးကို ငါမကြိုက်တာ။”
“စိတ်ဖြေပေါ့ကွာ။ အလုပ်ကြိုးစားပြီး နောက်တန်းက ကူကြတာပေါ့။ စိတ်မဖြေတော့လည်း မင်းလုပ်နိုင်တာ တခြားမှ မရှိတာ။”
“အလုပ်ကလည်း ဘာလုပ်မလဲကွာ။ ခုချိန်မှာ စီးပွားလည်း မရှာချင်ဘူး။ သူများတွေ ဘဝပျက်နေတာကို။ CDM သူငယ်ချင်းတွေဆို အနာဂတ်ပျောက်နေကြပြီ။”
ဝေယံ့ကို နှစ်သိမ့်ရမလား၊ အကန်ပြောရမလား ကျွန်တော်မသိပါဘူး။ ကျွန်တော်လည်း သူ့လို ခံစားရပေမယ့် သူ့လောက်တော့ မဆိုး။
“အေး။ စီးပွားရှာတဲ့သူကတော့ ရှာနေတာပဲ။ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဘာနိုင်ငံရေးပို့စ်မှ မတင်ဘဲ စီးပွားရှာတဲ့ page တွေကို ငါလိုက်ဆဲနေတာ။ ဘောပဲ။ Boost တောင် လုပ်လိုက်ကြသေး။”
“ဂိုးပြီဟ။”
ရဲကြီးထအော်မှ ဘောလုံးပွဲဆီ ကျွန်တော်တို့ စိတ်ပြန်ရောက်သွားကြတယ်။ အဲဗာတန်က တစ်ဂိုး စသွင်းလိုက်ပြီ။ မန်ယူကတော့ ရုန်းကန်နေရဆဲ။
…………..
ည နှစ်နာရီထိုးနေပြီ။ ကျွန်တော် အိပ်မရသေး။ Facebook ပွတ်တော့လည်း စိတ်ချမ်းသာ စရာ တစ်ကွက်မှ မရှိ။ ဆဲချင်စရာတွေတွေ့ရင် အကောင့်တုနဲ့ လိုက်ဆဲ။ အကောင့်အစစ်နဲ့ကျလည်း မဆဲရဲ။ အားတက်စရာ ပို့စ်လေးတွေ တွေ့တော့လည်း like ပေးပေါ့။ မက်စင်ဂျာမှာ နိုတီတစ်ခု တက်လာတယ်။
နင့်ကို ပြောစရာရှိလို့။ …
အေး၊ ဘာလဲ။ …
အရေးကြီးတယ်။ မနက်ဖြန် အားလား။ ….
အားပါတယ်။ မနက်ပိုင်းတော့ မနိုးလောက်ဘူး။ …
အေးပါ။ နေ့ခင်းလောက်ပေါ့။ …
အေး … ဖုန်းဆက်လိုက်လေ။ ၁၁ လောက်ဆို ငါနိုးပါပြီ။ …
အေး၊ အေး။ GN …
GN. Take care…
Facebook ပြန်ပွတ်ကြည့်တော့ NUG ကို အပြစ်တင်ထားတဲ့ ပို့စ်တစ်ခုကို တွေ့တယ်။ ပန်ဆယ်လိုရဲ့ ပို့စ်တစ်ခုကို တစ်ယောက် ရှဲထားတာ တွေ့တယ်။ အလှပုံ တစ်ပုံကို profile ချိန်းထားတဲ့ ဆယ်တန်းက ကျုရှင်ဆရာ တစ်ယောက်ကို တွေ့တယ်။ သူ့ wall ဝင်ကြည့်တော့ အဲ့လိုပို့စ်တွေချည်းပဲ။ ဟိုနှစ်ခုကို ဖတ်ကြည့်လိုက်ပြီး ဆရာ့ကို unfollow လုပ်လိုက်တယ်။ ပြီးတော့ ဖုန်းကိုင်လျက်သား ကျွန်တော် အိပ်ပျော်သွားပါတယ်။
………..
ယုယုနဲ့ ကျွန်တော်က ဆယ်တန်းကျူရှင်မှာ စသိကြတာ။ သူက အဆင့်တစ်၊ ကျွန်တော်က အဆင့်နှစ် ဇာတ်လမ်းမျိုးပေါ့။ ဒါပေမယ့် ကျွန်တော်တို့တွေ ပြိုင်ဖက်တွေ မဖြစ်ခဲ့သလို ချစ်သူတွေလည်း မဖြစ်ခဲ့ကြဘူး။ ဒီတိုင်း သူငယ်ချင်းတွေပဲ ဖြစ်လာခဲ့တယ်။
“Poem နောက်ဆုံး ကွက်လပ်က ဘာလဲ။” လို့ လပတ်စာမေးပွဲ တစ်ခုမှာ ကျွန်တော်လှမ်းမေးတော့ ယုယုက ပြူးကြည့်တယ်။ စာကျက်မလားဘူးလား ဆိုတဲ့ အကြည့်မျိုး။ လုပ်ပါဟ ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်မှ သူက သူ့အဖြေလွှာကို ကျွန်တော် မြင်ရလောက်အောင် ခပ်စောင်းစောင်း ထောင်ဖတ်ပေးတယ်။ သူ့ဆီက အဖြေကို ကူးရေးလိုက်တယ်။ နောက်ဆုံးကွက်လပ်တင် မဟုတ်ပါဘူး။ ငါးလုံး လုံးပဲ။ အင်္ဂလိပ်စာ အမှတ်ထွက်လာတော့ ကျွန်တော် အမှတ်ပြည့်ရတယ်။ ယုယုက grammar တစ်ပုဒ်မှားလို့တဲ့။ အမှတ်ပြည့် မရဘူး။ ဒါပေမယ့် သူစိတ်မဆိုးပါဘူး။ “ငါ့ကို မုန့်ဝယ်ကျွေး။” လို့ အမှတ်စာရင်း ထွက်တဲ့နေ့က လာပြောရုံလောက်ပါပဲ။ သူ တကယ်ပြောတာ မဟုတ်သလို ကျွန်တော်လည်း ဘာမှ ဝယ်မကျွေးဖြစ်ဘူး။ ဒီလိုပဲ။ ကျွန်တော်က လူမှုဆက်ဆံရေး ညံ့တယ် ပြောရမလား၊ ကောင်မလေးတွေနဲ့ သိပ်မပေါင်းတတ်ဘူး ပြောရမလား။ ဒါပေမယ့် ဒီအဖြစ်အပျက် နောက်ပိုင်းမှာ သူနဲ့ ကျွန်တော် ပိုရင်းနှီးသွားတယ်။
သူက မြန်မာနဲ့ အင်္ဂလိပ်ကလွဲရင် အကုန် ကျွန်တော့်ထက် တော်တယ်။ မြန်မာစာမှာလည်း ကျွန်တော့်ထက် သဒ္ဒါပိုကျွမ်းပြီး လက်ရေးပိုလှတော့ အမြဲလိုလို အမှတ်ပိုများတတ်တယ်။
“နင့်အရေးအသားက ရှယ်တွေ။ ဘယ်လိုရော ရေးလဲ။” လို့ ကျွန်တော် မေးဖူးတယ်။
“နင်လည်း ကောင်းတာပါပဲဟယ်။ နင့်စာစီစာကုံးတွေဆို ဆရာမက ဖတ်ဖတ်ပြနေတဲ့ဟာ။” လို့ သူ ပြန်ပြောတယ်။
“အဲ့တာက ငယ်ငယ်ကတည်းက စာစီစာကုံးစာအုပ်တွေ၊ ပုံပြင်စာအုပ်တွေ အဖတ်များခဲ့လို့ပါ။”
“ငါကတော့ အလယ်တန်းမှ စာတွေ စဖတ်ဖြစ်တာ။ ငါ့အစ်မဖတ်တဲ့ ဂျူးဝတ္ထုတွေထိ လိုက်ဖတ်တာပဲ။”
“နင့်အစ်မက အပျိုကြီး မလား။ နင်လည်း အပျိုကြီး ဖြစ်ဦးမှာ။” လို့ ကျွန်တော် ရယ်ပြီး ပြောလိုက်တယ်။ သူက မျက်စောင်းထိုးပြီး “ဂျူးစာအုပ်တွေက အဲ့လိုမဟုတ်ပါဘူးဟ။ နင်မဖတ်ဖူးဘဲနဲ့။” လို့ ပြန်ပြောတယ်။
“ငါက တာရာမင်းဝေတို့ မင်းလူတို့ပဲ ဖတ်တာ။ မိန်းမတွေရေးတာ မဖတ်ဘူး။”
“ဘာဖြစ်လို့လဲ။”
“သူတို့ဇာတ်ကောင်တွေကို နားမလည်လို့။ အထူးသဖြင့် မိန်းမဇာတ်ကောင်တွေ။ ယောက်ျားဇာတ်ကောင် တွေကလည်း အပြင်က ယောကျ်ားတွေနဲ့ မတူဘူး။ ဖြစ်သင့်ပါတယ်လေ။ မိန်းမစာရေးဆရာတွေ ဆိုမှတော့ ယောကျ်ားတွေ အကြောင်း ဘယ်သိမှာလဲ။”
သူကျွန်တော့်ကို မကျေမနပ်ကြည့်တယ်။ “နင်ပြောသလိုဆို တာရာမင်းဝေတို့ မင်းလူတို့ရဲ့ မိန်းမဇာတ်ကောင်တွေ ကလည်း လက်တွေ့မိန်းမတွေနဲ့ ကွာနေမှာပဲလေ။ အဲ့တာကျ နင်ဘာလို့ဖတ်။”
“ငါသိတာက ယောကျ်ားလေးအကြောင်းလေ။ ယောကျ်ားတွေရဲ့ ခံစားချက်ကို တာရာမင်းဝေတို့က မှန်အောင် ရေးနိုင်တယ်။ နင့်ဂျူးက မှန်အောင်မရေးတတ်ဘူး။ နင်တို့ မိန်းကလေးတွေရဲ့ ခံစားချက်တော့ ငါမှမသိတာ။ မှန်တာ၊ မမှန်တာ ငါဂရုမစိုက်ဘူးလေ။”
“နင့်ဟာက မဟုတ်သေးပါဘူးဟယ်။” လို့ သူပြောတယ်။ သူ့လမ်းထိပ်ကို ရောက်သွားတာနဲ့ “နောက်နေ့မှ ဆက်ဆွေးနွေးမယ်။ မနက်ဖြန် ငါတို့အသင်းနော်။ စောစာလာခဲ့ဦး။” လို့ ပြောပြီး ကျွန်တော်တို့ လမ်းခွဲ လိုက်ကြပါတယ်။
…………
နိုးလာလာချင်း ဖုန်းကိုကြည့်မှ သတိရတယ်။ ယုယုရဲ့ missed call တွေ တန်းစီနေတယ်။ ပြန်ခေါ်မလို့ ရှိသေး။ ထပ်ဝင်လာတယ်။
“ဟယ်လို”
“အေး၊ ၁၁ ဆို ထပြီဆို။ ခု ၁၁၊ ၁၀ ဖြစ်နေပြီ။ ငါ နင်တို့လမ်းထိပ်က ကော်ဖီဆိုင်မှာ။”
“အေး၊ စောရီး။ ငါ silent လုပ်ထားမိတာ။ မျက်နှာသစ်ပြီး လာခဲ့မယ်။”
“သွားလေးတော့ တိုက်ခဲ့ဦးဟဲ့။ ဒီမှာ ငါ့သူငယ်ချင်း ပါသေးတယ်။”
“စော်လေးလားဟ၊ အဲ့တာဆို ရေပါချိုးလိုက်မယ်လေ။”
“ပြောင်မနေနဲ့။ မြန်မြန်လာခဲ့။” ပြောပြီး သူဖုန်းချသွားတယ်။ သူ့ဘယ်သူ့ကို ခေါ်လာပါလိမ့်လို့ စဉ်းစားရင်း အိမ်သာထဲ ဝင်လိုက်တယ်။ စောင့်နေရမှာ အားနာတာနဲ့ ရေတော့ မချိုးဖြစ်ပါဘူး။
ကော်ဖီဆိုင်က ဒီရပ်ကွက်မှာတော့ အကောင်းဆုံး ကော်ဖီဆိုင်ပါ။ ကျယ်ကျယ်ဝန်းဝန်းနဲ့ သပ်သပ်ရပ်ရပ် ရှိတယ်။ ဈေးလည်း သင့်တယ်။ ပိုကောင်းတာက အဲကွန်းပါ ဖွင့်ပေးတယ်။ ဝိုင်ဖိုင်လည်း ရပေမယ့် လိုင်းသိပ်မကောင်းဘူး။ ကပူချီနို တစ်ခွက်မှာပြီး အောက်ထပ်ကို ဝေ့ကြည့်လိုက်တော့ ယုယုကို မတွေ့တာနဲ့ အပေါ်ထပ်ကို တက်သွား လိုက်တယ်။ ယုယုက ဂျင်းဘောင်းဘီပွပွနဲ့ စပို့ရှပ် တစ်ထည်ကို ဝတ်ထားတယ်။ သူ့ဘေးမှာက ကျွန်တော် မသိတဲ့ ကောင်မလေး တစ်ယောက်။ တောက်လျှောက်ဂါဝန်လိုမျိုးဟာကို ဝတ်ထားတယ်။ မိန်းကလေးတွေရဲ့ အဝတ်အစားကို ကျွန်တော် သိပ်မပြောတတ်ဘူး။ မဟုတ်ပါဘူးလေ။ ဘယ်အဝတ်အစားကိုမှ ကျွန်တော် မပြောတတ်ဘူး။ ကိုယ်တိုင်လည်း တီရှပ်နဲ့ ဂျင်းဘောင်းဘီရှည်လောက် ဝတ်တတ်တာ။
“စောင့်နေရတာ ကြာပြီလား။” လို့ လောကွတ်ပြောလိုက်တော့ ယုယုက မော့ကြည့်ပြီး “အေး၊ တစ်ခုခုဆို နင် ငါ့အသက်မီမှာ မဟုတ်ဘူး။” လို့ ပြန်ပြောပါတယ်။ ဟိုကောင်မလေးကတော့ ကျွန်တော့်ကို ဖျတ်ခနဲ မော့ကြည့်ပြီး သူ့ရှေ့က ကော်ဖီကို ဇွန်းနဲ့ မွှေနေတယ်။
“ပြော၊ ဘာကိစ္စ။”
ယုယုက ဘေးဘီကို လှမ်းကြည့်ပြီး ခဏနေဦးဆိုတဲ့ သဘောမျိူး ဘာမှမပြောဘဲ ငြိမ်သွားတယ်။ ကျွန်တော်လည်း သူ့လို လိုက်ကြည့်လိုက်တော့ ကျွန်တော်မှာထားတဲ့ ကော်ဖီကို လာချပေးနေတဲ့ စားပွဲထိုးကို တွေ့တယ်။ အပေါ်ထပ်မှာက စုံတွဲတစ်တွဲနဲ့ တစ်ယောက်တည်း စာအုပ်ဖတ်နေတဲ့ လူကြီးတစ်ယောက်ပဲ ရှိတယ်။ ယုယုတို့ တမင်ရွေးထားတာကြောင့် ထင်ပါ့။ သူတို့နဲ့ ကျွန်တော်တို့ခုံက တော်တော်လှမ်းပါတယ်။ ခပ်တိုးတိုးပြောရင် သူတို့ မကြားရလောက်ဘူး။ ဟိုစုံတွဲဆို အကြည်စိုက်ပြီး တွတ်ထိုးနေကြတာ ဘာတွေမှန်း မသိ။ ဖွင့်ထားတဲ့ သီချင်းသံကလည်း နည်းနည်းကျယ်တော့ သူတို့မပြောနဲ့ ကိုယ့်အချင်းချင်းတောင် ကြားပါ့မလားပဲ။
“သူက သီရိရွှေစင် တဲ့။ ဆရာဝန်၊ CDM လုပ်ထားတယ်။ သီရိ … ဒါ တိုးအောင်ပဲ။”
သူက ပြုံးပြလို့ ကျွန်တော်လည်း ပြန်ပြုံးပြလိုက်တယ်။
“သူတို့ဆေးရုံက CDM ဝင်ထားကြတာ တော်တော်များတယ်။ အလှူငွေထည့်ချင် ထည့်လို့ရတယ်နော်။”
“အေးပါ။ ငါ့ကို မငြင်းနိုင်အောင် လူပါခေါ်လာတာလား။”
သီရိဆိုတဲ့ ကောင်မလေးက ကျွန်တော့်ကို လှမ်းကြည့်တယ်။
“အော် … ဆောရီး။ ယုယုနဲ့က ဒီတိုင်း စနေကြမို့ စလိုက်တာ။”
ယုယုက မျက်နှာကို တည်လိုက်ပြီး ဘေးကို အကဲခတ်ပြန်တယ်။ ပြီးမှ လေသံတိုးတိုးနဲ့ ပြောတယ်။
“အေး၊ ခုက CDM ကိစ္စ မဟုတ်ပါဘူး။ သီရိရဲ့ မောင်ဝမ်းကွဲ တစ်ယောက် UG အဖွဲ့တစ်ခုမှာ ရောက်နေတယ်။ သူတို့အဖွဲ့ တောထဲက ပြန်လာပြီး ရန်ကုန်မှာ လှုပ်ရှားနေကြပြီ။ အဲ့တာ သီရိကို လှမ်းဆက်သွယ်လို့။ FUNDING လိုလို့တဲ့။”
ကျွန်တော် အံ့သြသွားတယ်။ UG တွေဆိုတာကို ဒီတိုင်း သတင်းထဲ ဖတ်ဖူးတာပဲ ရှိတာ။ ခုဟာက အနီးစပ်ဆုံး ကိုယ်တွေ့ ကြားဖူးတာပဲ။
“ဟုတ်ပါတယ်။ ကျွန်မ ခု FUNDING လုပ်ပေးနေတာ။ မောင်လေးနဲ့ တိုက်ရိုက်ချိတ်တာပေါ့။ အဲ့တာ ခုရက်ပိုင်း ငွေက ပိုလိုလာတာနဲ့ စိတ်ချရတဲ့ ယုယုကိုပဲ ပြောပြလိုက်တာ။ သူက ရှင်နဲ့ ပြောကြည့်ဆိုလို့။”
“အေးလေ၊ နင်ပဲ PDF တွေ UG တွေဆို လှူချင်နေတာဆို။ သူက ငါ့လာပြောတော့ ငါလည်း နင့်ပဲ ပြေးမြင်တယ်။”
“သူတို့က အဖွဲ့လား။ ပြောပြလို့ ရရင် နည်းနည်းထပ်ပြောပါလား။”
သီရိက ယုယုကို လှမ်းကြည့်တယ်။ ယုယုက ခေါင်းညိတ်ပြတော့မှ စကားစပါတယ်။
“ကျွန်မမောင်လေးက ဆန္ဒပြတုန်းက နာမည်ထွက်တယ်။ သူ့သူငယ်ချင်းတွေ အဖမ်းခံရတဲ့ သတင်း ကြားကြားချင်း သူ့အိမ်က ထွက်သွားတာ။ နှစ်လလောက်နေတော့ ဆက်သွယ်တာပဲ။ အပြင်မှာလည်း ဆုံပြီးပြီ။ သူတို့အဖွဲ့ သုံးဆယ် လောက်ရှိတယ် ပြောတယ်။ ငွေ မလောက်ဘူးတဲ့။”
“NUG က မထောက်ပံ့ဘူးလား။”
“ခုထိ ဘာမှ မထောက်ပံ့ဘူးတဲ့။ ဦးရည်မွန်နဲ့တော့ ZOOM ပြောရတယ် ဆိုလား။ သည်းခံစောင့်ပေးကြဖို့နဲ့ မကြာခင် အထောက်အပံ့တွေ လာဖို့ရှိတယ် ပြောတယ်တဲ့။”
“ပုံမှန်ထောက်ပံ့ငွေ မရှိဘဲကျ ရေရှည် ဘယ်လို လှုပ်ရှားမလဲ။”
“ဒီလိုပဲ နီးစပ်ရာပေါ့။ ဒါကြောင့်ပဲ ယုယုကနေ ရှင့်ဆီရောက်လာတာလေ။” လို့ သူပြောတယ်။ နည်းနည်း စိတ်မရှည် ဖြစ်သွားပုံ ရပါတယ်။
“ဟုတ်ပါပြီ။ အားမရလို့ မေးကြည့်တာပါ။ အဲ့ဒီကိစ္စဆို ကူချင်တဲ့သူတွေနဲ့ သိတယ်။ ကျွန်တော် လှုပ်ရှားပေးပါ့မယ်။”
ယုယုကတော့ ကျွန်တော်တို့ ပြောတာကို နားထောင်ရင်း ဘေးဘီကို အရိပ်အခြည် အကဲခတ်နေပါတယ်။ တစ်ယောက်တည်း စာဖတ်နေတဲ့ လူကြီးကို သူ သိပ်သင်္ကာပုံ မရဘူး။ ကျွန်တော့်အမြင်ကတော့ သူလည်း သူ့ဘာသူ အေးအေးလူလူ စာလာဖတ်တာ နေမယ် ထင်တာပဲ။ စုံတွဲကတော့ တွတ်ထိုးနေဆဲ။ လူငယ် လေးယောက် တက်လာပြီး ကျွန်တော်တို့နဲ့ မလှမ်းမကမ်းဝိုင်းမှာ နေရာယူတယ်။ ဖုန်းတွေထုတ်ပြီး ဂိမ်းဆော့နေကြတယ်။
…………..
ယုံကြည်ရတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ၊ အသိတွေကို သီရိကိစ္စ လိုက်ပြောဖြစ်တယ်။ သီရိနာမည်တော့ မပါဘူးပေါ့လေ။ တကယ် အလုပ်လုပ်နေတဲ့ တစ်ယောက်နဲ့ သိတဲ့ တစ်ယောက်ကို ကျွန်တော် သိတယ် ပေါ့။ မထင်ရတဲ့သူတွေက မထင်ရတဲ့ ပမာဏကို ထည့်ကြသလို ထင်ထားတဲ့သူတွေက မထင်ထားတဲ့ ပမာဏပဲ ထည့်ကြတာတွေလည်း ရှိပါတယ်။ ထားပါတော့။ သည်လိုနဲ့ သီရိနဲ့ ကျွန်တော် နင်၊ ငါ ပြောတဲ့ အဆင့်ကို ရောက်သွားတယ်။ ယုယုမပါဘဲလည်း တွေ့ဖြစ်ကြပါတယ်။
…………..
တက္ကသိုလ်ကို ကျွန်တော် အိမ်ကပဲတက်ခဲ့တာပါ။ ဒါပေမယ့် စာစုကျက်မယ်လို့ ပြောပြီး သူငယ်ချင်းတွေ အဆောင်မှာ စုအိပ်ဖြစ်တာတွေ ရှိတယ်။ ဂစ်တာတီးမယ်၊ ဂိမ်းဆော့မယ်၊ ဘောလုံးကန်မယ်၊ ဖဲရိုက်မယ်။ ရုပ်ရှင်ဆိုတာလည်း စုကြည့်ရင် ပိုကြည့်လို့ကောင်းတာမျိုး။ ‘၁၈ ယောက်စုကြည့်’ ဆိုတဲ့ ရုပ်ရှင်တွေကို ပြောတာ မဟုတ်ဘူးနော်။ အဲ့တာတွေက တစ်ယောက်တည်းပဲ ကြည့်မှာပေါ့။ စာကတော့ စာမေးပွဲနီးရင် တစ်နေ့တစ်နာရီ၊ နှစ်နာရီလောက် လုပ်ဖြစ်ပါတယ်။
“စာမေးပွဲပြီးရင် ခရီးသွားကြမလား။” လို့ ဝေယံက စကားစတယ်။ စာစုလုပ်တာ တစ်နာရီပြည့်သွားလို့ break time ယူနေချိန်ပါ။
“အေး၊ ကောင်းသားပဲ။ ဘယ်သွားမလဲ။” လို့ ကျွန်တော်မေးလိုက်တယ်။
“နီးနီးနားနား ကျိုက်ထီးရိုးပေါ့ကွာ။”
“မင်းသူငယ်ချင်း စော်လေးတွေ ခေါ်လိုက်လေ။ ပိုပျော်ဖို့ ကောင်းအောင်။” လို့ ရဲကြီးက ဝင်ပြောတယ်။
“အေး၊ ငါခေါ်ကြည့်မယ်လေ။ မစ္စတာမြက ရပါ့မလား။ မစ္စမြက စော်တွေနဲ့ဆို မလွှတ်လောက်ဘူးနော်။”
မစ္စတာမြရဲ့ နာမည်အရင်းက အောင်နိုင်သူပါ။ ဒါပေမယ့် သူ့စော်က မြယဉ်ကျေး။ သူက သိပ်ချစ်တော့ သူ့စော်တစ်ခွန်းဆို တစ်ခွန်းပဲ။
“စော်တွေ ပါရင်တော့ ငါမလိုက်ဘူး။” လို့ မစ္စတာမြက ပြတ်ပြတ်သားသား ပြောပါတယ်။
“မင်းမလိုက်ရင် ငါတို့ ကားမလောက်တော့ဘူးလေကွာ။ ငါတို့က ငါးယောက်လေ။ ငါ့သူငယ်ချင်း လေးယောက်ပဲ ခေါ်လိုက်မယ်။ မင်းက သီးသန့်နေကွာ။ ပြီးတော့ သူငယ်ချင်းတွေ ခရီးထွက်တာပဲကို။ မဟုတ်လည်း မစ္စမြကိုပါ ခေါ်လိုက်ကွာ။”
“အေး ငါပြောကြည့်ဦးမယ်။” လို့ ပြောပြီး သူ အပြင်ဘက်ကို ထွက်သွားတယ်။ မစ္စမြဆီ ဖုန်းသွားဆက်တာ နေမယ်။
ကျွန်တော်တို့ကတော့ စော်ကြောက်ကောင် ဆိုပြီး သူ့အတင်း ထိုင်ပြောနေခဲ့ကြတယ်။ ဝင်မပြောတာဆိုလို့ ဂစ်တာကိုင်ပြီး လက်ကွက်စမ်းနေတဲ့ အာကြီးပဲ ရှိတယ်။ ခဏနေတော့ မစ္စတာမြ ပြန်ဝင်လာတယ်။
“အေး။ သူလိုက်မယ်တဲ့။ သူတို့ စာမေးပွဲပြီးတဲ့ထိတော့ စောင့်တဲ့။ ငါတို့နဲ့ နှစ်ရက်ပဲကွာတယ်။”
“ဟာကွာ။ လုပ်ပြီ။ အဲ့ နှစ်ရက် ငါက ဘာလုပ်နေရမှာလဲ။ အိမ်စောစောပြန်မလို့ပါဆို။” လို့ ဂစ်တာချပြီး အာကြီးက လှမ်းအော်ပါတယ်။ သူက နယ်ကလေ။
“အားလုံးစုံသွားအောင် စောင့်ပေးလိုက်ပါကွာ။” လို့ ရဲကြီးက ဝင်ပြောတယ်။ အာကြီး ဘာမှ ပြန်မပြောပါဘူး။
စာမေးပွဲပြီးတော့ ခရီးထွက်ဖြစ်ကြပါတယ်။ မစ္စတာမြတို့ စုံတွဲရော၊ အာကြီးရော ပါတယ်။ ဝေယံက သူ့သူငယ်ချင်းတွေကို ကျွန်တော်တို့နဲ့ ချိတ်ပေးဖို့ ခေါ်လာသလိုလိုနဲ့ တကယ်က သူလိုက်နေတဲ့ ကောင်မလေးကို ခေါ်ချင်တာက အဓိက ဆိုတာ ခရီးမှာ သိလိုက်ရတယ်။ ခရီးက သာမန်ပါပဲ။ ကားနဲ့ ကျိုက်ထီးရိုး တောင်ခြေကို သွားတယ်။ မစ္စတာမြက တစ်စီး၊ ဝေယံက တစ်စီး။ ဘယ်သူမှ ခြေလျင်တက်ဖို့ စိတ်ကူးမထားတော့ တောင်တက်ကား စီးတယ်။ ပြီးတော့ ဘုရားဖူးတယ်။ အနီးအနားက သွားစရာရှိတာတွေ သွားတယ်။ ညဘက် ရင်ပြင်တော်ပေါ်မှာထိုင်ပြီး ကောင်းကင်ကြီးကို ကြည့်ရင်း ထွေရာလေးပါး စကားပြော ဖြစ်ကြတယ်။ မစ္စတာမြတို့ စုံတွဲက ခပ်ဝေးဝေး တစ်နေရာ၊ ဝေယံနဲ့ သူ့ကောင်မလေးက တစ်နေရာ၊ ကျွန်တော်တို့ သုံးယောက်နဲ့ ဝေယံ့သူငယ်ချင်း ကောင်မလေး သုံးယောက်က တစ်နေရာ။ ရဲကြီးက ကြယ်ကြောင်းပြောပြမယ် ဆိုပြီး ခုနစ်စဉ်ကြယ် အကြောင်းတွေ၊ မောင်ရင်ဆိုင်းထမ်း အကြောင်းတွေ ပြောနေသေးတယ်။ တကယ်က ကောင်မလေးတွေ စိတ်ဝင်စားမလားလို့ ကြောင်တာပါပဲ။ သူ့စကားကို ဘယ်သူမှ စိတ်မဝင်စားမှသာ ရပ်သွားတာ။ အာကြီးကတော့ ခုချိန် ဂစ်တာတီးလိုက်ရရင် ရှယ်ပဲ လို့ ပြောနေသေးတယ်။ မင်းရောက်နေတာ ဘုရားရင်ပြင်တော်ဟ လို့ အော်လိုက်ရပါတယ်။
ဘုရားဖူးက အပြန် ဝေယံ ရည်းစား ရသွားတယ်။ အာကြီးက နယ်ပြန်သွားတယ်။ ကျွန်တော်တို့ကတော့ ဟိုကောင်မလေးတွေကို နာမည်တောင် မမှတ်မိလိုက် ကြပါဘူး။ သူတို့ကလည်း ကျွန်တော်တို့ ရုပ်တွေကို သဘောကျဟန် မရှိပါဘူး။ ခရီးတလျှောက်လုံး သူတို့ဘာသာသူတို့ပဲ တပူးတွဲတွဲ တွတ်ထိုးနေကြတာပါ။
……………….
“ငါ နိုင်ငံခြားထွက်ရင် ကောင်းမလား။” သီရိက ဖုန်းပွတ်နေရာကနေ အစမရှိ အဆုံးမရှိ ထပြောတယ်။
“ဘယ်လိုဖြစ်တာလဲ။ ရုတ်တရက်။”
“ငါ့သူငယ်ချင်း တစ်ယောက် ခု အင်္ဂလန် ရောက်နေပြီ။”
“နင် သူတို့ကို စိတ်မတိုဘူးလား။”
“မတိုပါဘူး။ ဒီနိုင်ငံမှာနေပြီး ကူရတာ အကန့်အသတ်တွေ ရှိတယ်လေ။”
“တော်တော်များများက နိုင်ငံခြားထွက်သွားတဲ့ သူတွေဆို အပြစ်တင်နေကြတာပဲ။”
“ငါကတော့ CDM မလုပ်တဲ့သူတွေကိုပဲ အပြစ်တင်တယ်။ ပြီးတော့ သူတို့ကို ပုံမှန်အတိုင်း ဆက်ဆံနေကြတဲ့ လူတွေကိုရောပဲ။”
သီရိ မျက်နှာမကောင်းဘူး။
“လူတွေက NON တွေကို နှိမ်ပါတယ်ဟ။ ဆရာမတွေဆို ကျောင်းသွားတာတောင် ခိုးကြောင်ခိုးဝှက်။”
“ငါတို့အိမ်ဘေးနားမှာ ဆရာမ တစ်ယောက်ရှိတယ်။ သူဆို အပြင်ဝတ်စုံလေး ဝတ်ပြီး ဆွဲခြင်းလေးနဲ့ သွားနေတာပဲ။ ဘေးအိမ်တွေကလည်း ဆရာမ ကျောင်းသွားပြီလား၊ ပြန်လာပြီလားနဲ့ နှုတ်ဆက်နေကြတာပဲ။ လခထုတ်ရက်ဆို သူ့ဆီ ပိုက်ဆံသွားချေးသူတွေတောင် ရှိတယ်။”
ကျွန်တော် ဘာပြောရမှန်း မသိပါဘူး။ ကျွန်တော်က အစိုးရဝန်ထမ်း မဟုတ်တော့ သီရိပြောတာကို နားလည်ပေမယ့် သူ့ခံစားချက်ကိုတော့အပြည့်အဝ နားမလည်ပါဘူး။
“ငါဆိုဟာ။ ‘စမ’ ရကတည်းက ပို့စတင် တန်းဝင်ခဲ့တာ။ အပြင်ဆေးခန်းလည်း မထိုင်ခဲ့ဘူး။ ကျန်တာလည်း ဘာမှ မလုပ်တတ်ဘူး။ ခု တွေးကြည့်ရင် အားငယ်တယ်။ ပြန်ဝင်ရမလားတောင် တစ်ခါတလေ တွေးမိတယ်။” လို့ ပြောရင်း မျက်တောင်ကို သူ ပုတ်ခတ် ပုတ်ခတ်လုပ်နေတယ်။
“နင့်ကို ပြန်မဝင်ဖို့ တားပါတယ်။ ဒါပေမယ့် ပြန်ဝင်လည်း ငါအပြစ်မပြောပါဘူး။ နင်တို့လောက် ငါလည်း မလုပ်နိုင်သလို လုပ်ခွင့်လည်း မရှိဘူးလေ။ ငါက အစိုးရဝန်ထမ်းမှ မဟုတ်တာ။”
“မဝင်ပါဘူးဟာ။ ဒီတိုင်း တစ်ခါတလေ ကယောင်ခြောက်ခြား တွေးမိတာပေါ့။ ဒါကြောင့် နိုင်ငံခြား သွားရင် ကောင်းမလားလို့ ပြောလိုက်တာ။”
“အေး၊ TRY ကြည့်ပေါ့ဟာ။ နိုင်ငံခြားပဲသွားသွား၊ တောထဲပဲ သွားသွား ဒီအရေးမှာ တစ်ထောင့်တစ်နေရာက ပါနေဖို့ အရေးကြီးတယ်လို့ ငါထင်တာပဲ။ တောထဲသွားသူတွေက ပေးဆပ်မှု ကောင်းတယ်။ နိုင်ငံခြားက မြန်မာ အများစုကလည်း ထိရောက်မှု ကောင်းကြတယ်။ တစ်ခုခုဆို သူတို့ပဲ အများဆုံး လှူကြတာ။”
သီရိ ဘာမှ ပြန်မပြောပါဘူး။ ကော်ဖီဆိုင် နံရံက ဈေးပေါပေါ ပန်းချီကားကို ကြည့်နေပါတယ်။ ပန်းချီကားတွေရဲ့ တန်ဖိုးကို ကျွန်တော် နားမလည်ပါဘူး။ ရပ်ကွက်ကော်ဖီဆိုင် နံရံမှာ ချိတ်ထားလို့သာ ဈေးပေါပေါ ပန်းချီကားလို့ ကျွန်တော် ထင်မိတာ။ ဒီလိုပဲလေ။ တော်တော်များများက ရောက်နေတဲ့ နေရာပေါ် မူတည်ပြီး တန်ဖိုးဖြတ် ခံကြရတာပဲ မလား။
သူဘာမှ မပြောတာနဲ့ ကျွန်တော် ခေါင်းထဲပေါ်လာတာတစ်ခု မေးလိုက်တယ်။ “အပြင်ဆေးခန်းတွေကလည်း ထိုင်မရဘူး ထင်တယ်။ NGO တစ်ခုခုမှာ ဝင်လုပ်ရင်ရော။”
သီရိက ပန်းချီကားဆီကနေ ကျွန်တော့်ဘက်လှည့်လာတယ်။
“အသိဆေးခန်းတွေတော့ ရနိုင်တယ်။ ဒါပေမယ့် ငါကိုယ်တိုင်က ဘာမှ မလုပ်ချင်ဘူး ဖြစ်နေတာ။ NGO ကတော့ အစကတည်းက ငါသဘောမကျဘူးလေ။”
“ဘာလို့လဲ။ လခကောင်းတယ် မလား။”
“ဒီလိုပဲ။ ငါမကြိုက်တာ။” လို့ ပြောပြီး သူ ကော်ဖီတစ်ငုံ ငုံလိုက်တယ်။ ပြီးတော့ ကော်ဖီခွက်ကို ချပြီး ကော်ဖီတွေကို ငေးနေပါတယ်။
“ရှိုင်းသူ တို့ရော ဘာထူးလဲ။ အဆင်ပြေကြလား။”
ဒီမေးခွန်းကို ကြားတော့ သူ လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ဘေးဘီကို တချက်ကြည့်တယ်။ ပြီးတော့ အသံကို နှိမ့်ပြီး ကျွန်တော့်နား ကပ်ပြောတယ်။
“အေး ပြေတယ်တော့ ဘယ်ဟုတ်မလဲ။ သူတို့ကို တကယ် စိတ်ပူတယ်။ အန္တရာယ်က ဒီလောက် များတာကို။ ဟိုနေ့ကဆို စစ်ဆေးရေးဂိတ်မှာ သူလမ်းဆင်းလျှောက်လိုက် ရတယ်လေ။ ဟိုခွေးတွေက ကားပဲ စစ်ပြီး လူကို မစစ်လို့ တော်သေးတယ်။ သူ့ဆီမှာ ပစ္စည်းတွေနဲ့။”
“အေး၊ Option တစ်ခုအနေနဲ့ ငါစဉ်းစားမိတာတော့ သူတို့တွေ အထက်က လုံလောက်တဲ့ အထောက်အပံ့ မရသေးခင် တောထဲ ပြန်နေနေရင်ရော။ သူတို့လုံခြုံရေး အတွက်ပါ။” လို့ ကျွန်တော်လည်း နှစ်ကိုယ်ကြား လေသံနဲ့ ပြောလိုက်တယ်။
“ငါပြောပြီးပြီ။ သူက ခေါင်းမာတယ်လေ။ တောထဲပြန်မှာဆို အစကတည်းက ဘာလို့ ပြန်လာဦးမလဲတဲ့။ ဟိုမှာလည်း လူတွေ တစ်သုတ်ပြီး တစ်သုတ်ရောက်နေကြတော့ နေရာမရှိဘူးတဲ့။ ဒီတိုင်းလည်း စောင့်မနေနိုင်ဘူး တဲ့။ သူတို့ကြောင့် ရဲတွေနဲ့ စခတွေ အလုပ်ရှုပ်နေ၊ ထိတ်လန့်နေရတာကို သူတို့ သဘောကျတယ်တဲ့။”
“သူ့သဘောပေါ့လေ။ ငါတို့က ဘေးကနေ ပြောပိုင်ခွင့် မရှိပါဘူး။ ဘာလုပ်လုပ် လေးစားပါတယ်။ ဒါပေမယ့် သူ့လို လူငယ်တွေ အလဟဿ မဖြစ်စေချင်တာတော့ အမှန်ပဲ။ ဟိုဘက်က ဆယ်ယောက်နဲ့ လဲရမယ် ဆိုရင်တောင် မတန်ဘူးလေ။”
…………..
ကျွန်တော် အလယ်တန်းကျောင်းမှာတုန်းက အရမ်းခင်တဲ့ သူငယ်ချင်း နှစ်ယောက်ရှိတယ်။ တစ်ယောက်က ကျွန်တော့်အိမ်ကို အမြဲလာလည်ပြီး ကျွန်တော်နဲ့ စကားပြောတယ်၊ ချက်စ်ထိုးတယ်၊ တစ်ခါတလေ ဘောလုံးဂျာနယ် တူတူ ဖတ်ကြတယ်။ သူ့အိမ်မှာဆို တီဗွီရော ဒီဗွီဒီစက်ရော ရှိပေမယ့် ဘာလို့မှန်း မသိ၊ ကျွန်တော့်ဆီပဲ လာလည်တယ်။ ကျွန်တော့်အိမ်မှာက ဖျော်ဖြေရေးစက်ဆိုလို့ ရေဒီယိုလောက်ပဲ ရှိတာပါ။ သူနဲ့ ကျွန်တော် ပြောကြတာလည်း လူငယ်သဘာဝတွေ ဘာမှ မပါဘူး။ လူပျိုပေါက်တွေ ဆိုပေမယ့် ကောင်မလေးတွေအကြောင်း၊ အချစ်အကြောင်း၊ အာသာဖြေတဲ့ အကြောင်း၊ အပြာကား၊ အပြာစာအုပ်တွေ အကြောင်း ဘာမှကို မပါတာ။ ဘာတွေ ပြောဖြစ်ခဲ့ကြလဲတောင် ကျွန်တော် မမှတ်မိတော့ဘူး။ ချက်စ်ထိုးတော့လည်း ပျင်းစရာကြီး၊ သူက သိပ်မဆော့ တတ်တော့ ကျွန်တော်ပဲ နိုင်နေတာ။ ကျောင်းမှာလည်း သူနဲ့အတူတူ ထိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ထမင်းအတူတူ စားဖြစ်တယ်။ အခြေခံ ကျောင်းသားဘဝကပဲ ထူးဆန်းတာလား မသိ။ သူ့ဘာသူ ခင်ချင်တဲ့သူကို ခင်မိသွားရော။ ကိုယ့်အပေါ် ကောင်းတာတွေ၊ မကောင်းတာတွေက နောက်မှ။ လိုချင်တာ တစ်ခုခု ရှိလို့ ပေါင်းတဲ့ သူငယ်ချင်းတွေ ဆိုတာလည်း ရှားသေးတယ်လေ။ ဟိုနေ့ကတော့ UG ကိစ္စနဲ့ သူ့ဆီက အလှူခံ ဖြစ်သေးတယ်။ ကြားထဲမှာ စကား မပြောဖြစ်ကြတာ ကြာပြီ။ ခုတော့ သူ NGO တစ်ခုမှာ အလုပ်လုပ်နေတယ်။ တစ်ခါတလေ သူ့အခန်းကို video call ခေါ်ပြတတ်တယ်။ အကြောင်းမရှိ အကြောင်းရှာ Messenger ကနေ video call ခေါ်ပြတာကတော့ ကြွားတယ်လို့ပဲ မြင်တယ်။ သူ့အခန်းက ကျယ်ကျယ်ဝန်းဝန်း သေသေသပ်သပ်။ သူတစ်ယောက်တည်း နေတာလို့ ပြောတယ်။ အခန်းထဲက ရေခဲသေတ္တာထဲမှာ Red Label နှစ်လုံး၊ သုံးလုံးကလည်း အမြဲ ရှိနေတတ်သေး။ ကျွန်တော်ကတော့ အလှူငွေ တစ်သောင်းပဲ ထည့်ကတည်းက သူ့ကို ချဉ်သွားတာပဲ။
နောက်တစ်ယောက်က ရုပ်ဖြောင့်ကောင်။ ရှစ်တန်းကတည်းက သူ့ကို ကောင်မလေးတွေက စာလိုက်ပေးတာ ခံရတယ်။ အတန်းဖော် ကောင်လေးတွေက သူ့ကို စော်ကြည်ဘဲလို့ ခေါ်တယ်။ စာလည်း မဆိုသလောက် တော်ပါတယ်။ အကောင်းနဲ့ အဆိုးဆိုတာ တကယ်ဒွန်တွဲ နေတာဗျ။ ဘရုစလီကားထဲက နံကျပ်ကူ ရသွားတဲ့ ဖိုက်တာလိုပဲ။ မသုံးတတ်တော့ ကိုယ့်လက်ကို ရိုက်မိနေရောလေ။ ဒီလိုပါပဲ။ သူရုပ်ချောတာက သူပျက်ဆီးဖို့ ဖြစ်လာခဲ့ပါတယ်။ ဆယ်တန်းပြီးကတည်းက စော်တွေနဲ့ အိပ်၊ ပိုက်ဆံတွေ မလောက်။ တက္ကသိုလ်လည်း ရောက်ရော တည်းခိုခန်းခ၊ ဆေးခန်းခနဲ့ သူ့ခမျာ လုံးချာလည် လိုက်နေရော။ ကျွန်တော်တို့ဆီကလည်း ချေးလိုက်တဲ့ ပိုက်ဆံဆိုတာ၊ တစ်ခါမှလည်း ပြန်မဆပ်။ အကြိမ်ရေ များလာတော့ ကျွန်တော်လည်း သူ့ကို ခပ်ခွါခွါ နေလိုက်တော့တယ်။ ခုတော့ မိန်းမရပြီး ကလေး နှစ်ယောက်နဲ့လို့ ကြားတာပဲ။
…………..
ကျွန်တော် FRIENDS စီးရီးထဲက အပိုင်းတစ်ပိုင်းကို ပြန်ကြည့်ဖြစ်တယ်။ ဘာမှ လုပ်စရာမရှိရင် ဒီလိုပဲ။ FRIENDS ရဲ့ အားသာချက်က အပိုင်း ရွေးစရာမလိုဘူး။ ဘယ်ချိန်ပြန်ကြည့်ကြည့် မရိုးဘူး။ ဒီကာလကြီးမှာ စိတ်လည်း နည်းနည်း ပျော်ရတာပေါ့။ ကျွန်တော်ကြည့်ဖြစ်တာက ချန်ဒလာနဲ့ မိုနီကာ မင်္ဂလာဆောင်ဖို့ ပြင်နေတဲ့ အခန်း။ မိုနီကာ မိဘတွေက မင်္ဂလာဆောင်အတွက် စုထားတဲ့ ပိုက်ဆံတွေကို အိမ်ဝယ်ပစ်လိုက်တဲ့ နေရာလေ။ ချန်ဒလာက သူစုထားတဲ့ငွေကို မိုနီကာအလိုကျ ထုတ်ပေးလိုက်ရတာပေါ့။ မိုနီကာ ပြောတာက ဘာတဲ့။ “ပိုက်ဆံက ပြန်ရှာလို့ ရတယ်။ မင်္ဂလာဆောင်က တစ်သက်မှာ တစ်ခါ” ဆိုလား။ တကယ်က သူတို့ဆီမှာ မင်္ဂလာဆိုတာ ရတုအလီလီ မဆောင်ကြတောင် လူပြောင်းပြီး နှစ်ကြိမ် သုံးကြိမ်တော့ ဆောင်နေကြတာပဲ။ တစ်လက်စတည်း မြန်မာပြည်မှာ ဆောင်နေကြတဲ့ မင်္ဂလာဆောင်တွေကို သတိရမိသွားတယ်။ တချို့ကတော့ သူတို့ကို အပြစ် တင်ကြတယ်။ ဘာမဆို ထိုင်ဘလိမ်းနေတဲ့ ဝေယံလိုကောင်က ထိပ်ဆုံးက။ ကျွန်တော်တော့ ထူးပြီး အပြစ်မမြင်မိပါဘူး။ သူတို့လည်း ကိုဗစ်ကာလ မလို့ မဆောင်ရတာနဲ့၊ အာဏာသိမ်းလို့ မဆောင်ရတာနဲ့။ မင်္ဂလာဆောင်ပြီး မပြီးနိုင် မစီးနိုင် ပုံတန်းစီတင်သူတွေကိုတော့ ကျွန်တော်လည်း unfollow လုပ်ပါတယ်။ ဟိုဗျာ .. မဆီမဆိုင် မိလိန္ဒပညှာထဲမှာ ပါတဲ့ တစ်ခုတောင် သတိရသွားပြီ။ ‘မကောင်းတာကို မသိလို့ လုပ်တဲ့သူနဲ့ သိသိနဲ့ လုပ်တဲ့သူမှာ သိသိနဲ့ လုပ်တဲ့သူက အပြစ်ပေါ့တယ်။’ ဆိုတာလေ။ မကောင်းမှန်း သိသိနဲ့လုပ်ရတော့ လုပ်တော့လုပ်ပေမယ့် အင်ပြည့်အားပြည့် မလုပ်မိတော့ဘူးတဲ့။ ဟုတ်တာပဲ။ ခုလည်း ဒီကာလကြီး အပျော်အပါး အခမ်းအနား လုပ်တာ မသင့်တော်မှန်း သိလို့ အင်ပြည့်အားပြည့်တော့ ပျော်မပြကြနဲ့ပေါ့။ ဟိုနေ့ကပဲ သူငယ်ချင်း တစ်ယောက် မင်္ဂလာဆောင် ဖိတ်လို့ မတက်နိုင်ပေမယ့် လက်ဖွဲ့လိုက်ရသေးတယ်။ နှစ်ယောက်လုံးက CDM တွေဆိုတော့ သူတို့ကျ ဘယ်လို အပြစ်သွားတင်မလဲ။ သူတို့ကလည်း စည်းစောင့်ကြပါတယ်။ အကျဉ်းရုံးလောက် လုပ်ပြီး ပုံတောင် နှစ်ခါလား တင်ကြတာပါ။
…………..
“အာကြီး မတွေ့တာတောင် ကြာပြီ။ ဆံပင်တွေလည်း ရှည်လို့။” ဝေယံ့အခန်းကို အဝင် အရင်ဆုံး မြင်လိုက်ရတဲ့ အာကြီးကို ကျွန်တော် နှုတ်ဆက်လိုက်တယ်။ ဆံပင်ရှည်ပေမယ့် သူ့ပုံစံက ညှင်းသိုးသိုးပုံတော့ မဟုတ်ပါဘူး။
“အေး။ ဒီတိုင်း မညှပ်ဖြစ်တာကွာ။ တစ်ထောင်၊ ထောင့်ငါးရာ သက်သာလည်း မနည်းဘူးလေ။” လို့ အာကြီးက အရွှန်းဖောက်တယ်။
“ဆံပင်ရှည်တဲ့ကောင်တွေဆို အဓိက စစ်တာနော်။ အဲ့တာလည်း သတိထားဦး။” ရဲကြီးက ဝင်ပြောတယ်။ သူက တီဗွီကို ဝိုင်ဖိုင် ချိတ်ပြီး ယူကျု က သီချင်းတွေ ရှာဖွင့်နေတာပါ။
“ဝေယံရော။”
“သူ့အခန်းထဲမှာ။ စော်နဲ့ ဖုန်းပြောနေတယ်။”
ရဲကြီး သီချင်းရွေးနေတာလည်း တော်တော်ကြာတယ်။ ခဏနေမှ ဂျပ်စတင်ဘီဘာရဲ့ stay ကို ဖွင့်တယ်။ ကျွန်တော်တို့ နှစ်ယောက်က ဘာမှ မပြောပါဘူး။ ဘာလာလာ နားထောင်ကြမှာပဲ။
“မင်းတို့ဘက် ဘယ်လိုရှိလဲ အာကြီး။ ပြန်ချနေကြပြီလား။”
“အေး။ ချနေပြီတော့ ပြောတာပဲ။”
“တိုက်ရိုက် ငွေပေးလို့ ရရင် ပြောလေကွာ။ ငါတို့ စုထည့်ကြတာပေါ့။”
“ငါ့အသိတွေထဲတော့ မရှိသေးဘူး။ ရှိရင် ပြောမယ်လေ။ ဒါနဲ့ မင်း UG ကိစ္စရော။”
“အေး။ သုံးဆယ့်ငါးသိန်း တစ်သုတ်တော့ ပေးပြီးသွားပြီ။ ထပ်စုနေတယ်။”
ရဲကြီးက ဂျပ်စတင်ဘီဘာကို ကြည့်နေရာက ကျွန်တော့်ကို ပြောင်းကြည့်တယ်။
“မဆိုးဘူးဘဲဟ။ ငါ ငါးသောင်းပဲ ထည့်နိုင်တော့ အဲ့လောက် မရလောက်ဘူး ထင်နေတာ။”
“အေး တချို့တွေက လေး၊ ငါး သိန်း ထည့်ကြတယ်။”
“ကောင်းတာပေါ့ကွာ။”
အဲ့ဒီအချိန်မှာ ဝေယံ သူ့အခန်းထဲကနေ ကျွန်တော်တို့ ထိုင်နေတဲ့ ဧည့်ခန်းကို ထွက်လာတယ်။ ပြီးတော့ ထုံးစံအတိုင်း ပွစိပွစိ စပြောတယ်။
“သာသာယာယာ ဘောလုံးပွဲတွေ စုကြည့်ကြ။ ဟုတ်နေတာပဲဟေ့။”
“ဟရောင် ... ဒီကောင်ရော ဘယ်လောက်ထည့်လဲကွ။” ရဲကြီးက လှမ်းမေးတယ်။
“ငါးသောင်းပဲလေကွာ။ ငါလည်း အလုပ်ထွက်ထားတာ။ ဒါပေမယ့် ငါ သူများတွေဆီက လိုက်စုပေးနေပါတယ်။”
ကျွန်တော် မဖြေခင် ဝေယံက ဝင်ပြောတယ်။ အာကြီးကတော့ ဖုန်းပွတ်နေတာမို့ ဘာမှ မပြောပါဘူး။ ကျွန်တော်တို့ စကားစ ပြတ်သွားပြီး ရဲကြီးပြောင်းလိုက်တဲ့ ဇာတ်ကားဆီ အာရုံရောက်သွားတယ်။ သူပြောတာတော့ အာဖရိက က ဒုက္ခသည်တွေကို အမေရိကန်တွေက သွားကယ်တာ ဆိုလား။
“ဒီကောင်တွေကလည်း ရုပ်ရှင်ထဲပဲ ထင်ပါတယ်ကွာ။ ငါတို့ဆီကျ ဘာသံမှ မထွက်ဘူး။” လို့ ဝေယံက စပြောတယ်။
“သူတို့မှာလည်း တာဝန်မှ မရှိတာကွာ။ ပြီးတော့ အကျိူးရှိမှ လာမှာပေါ့ကွ။” လို့ ရဲကြီးက ပြန်ပြောတယ်။
ကျွန်တော်နဲ့ အာကြီးကတော့ ဇာတ်ကားကြည့်ရင်း သူတို့ပြောတာကို ဝင်မပြောသေးဘဲ နားထောင်နေကြတယ်။
“အပြစ်တင်ရမှာက UN … သူက ကမ္ဘာကြီးရဲ့ မတရားမှုတွေကို ဖြေရှင်းပေးရမှာလေ။ ငါတို့ ရပ်ကွက်ထဲမှာ မတရား လုပ်ခံရရင် ရဲစခန်းက ဖြေရှင်းရသလိုမျိုး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မတရားလုပ်ခံရရင် ကမ္ဘာ့ရဲစခန်းက ဖြေရှင်းပေးရမှာပေါ့။ Interpol တို့ ဘာတို့။ အဲ့တာ UN ပဲကို။”
ရဲကြီးပြောတာ သဘာဝ ကျတယ်လို့ ကျွန်တော် တွေးမိတယ်။ ဒါပေမယ့် ခုလို မဖြစ်ခင်ကလည်း မြန်မာပြည်က ရဲစခန်းတွေတောင် ပြည်သူကို မကူညီတဲ့ဟာ၊ ငွေများ တရားနိုင်နေတဲ့ဟာ။ UN လည်း သည်လိုပဲ နေမှာပေါ့။
“ဟရောင်တွေ၊ ဧည့်စာရင်းတွေ စစ်ပြီး လိုက်ဖမ်းနေတယ်တဲ့နော်။”
အာကြီး ဖုန်းပွတ်နေရာက ထအော်လို့ အားလုံး သူ့ဆီ အာရုံရောက်သွား ကြပြန်တယ်။ ဟုတ်သား။ ကျွန်တော်တို့ ဧည့်စာရင်းမှ မတိုင်ထားတာပဲ။
“ငါတို့ ရပ်ကွက်တော့ တစ်ခါမှ မလာသေးပါဘူးကွာ။ လာတော့လည်း မတတ်နိုင်ဘူးပေ့ါ။”
အင်းပေါ့။ လာတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဖုန်းထဲက အကောင့်အစစ်တွေကို ကျွန်တော်တို့ ဖျက်ထား လိုက်ကြတယ်။ ပုံတွေရောပဲ။ လာစစ်လို့ ဖမ်းရင်တောင် အမှုမကြီးအောင်လေ။
အဲ့ဒီညက မန်စီးတီးကို နိုင်ပြီး ချဲဆီး ဗိုလ်စွဲသွားပါတယ်။ ဧည့်စာရင်းလည်း လာမစစ်ပါဘူး။ ပွဲကလည်း ထိန်းဆော့ နေကြတာနဲ့ ပျင်းဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ကတော့ တောထဲက pdfတွေအကြောင်း ပြောလိုက်၊ အဖမ်းခံနေရတဲ့ လူငယ်တွေ အကြောင်း ပြောလိုက်၊ မရေရာတဲ့ အနာဂတ်တွေအကြောင်း ပြောလိုက်၊ NUG ကို အားမရလိုက်၊ UN ကိုဆဲလိုက်နဲ့ပဲ ဘီယာသောက်ရင်း ဘောပွဲကို စိတ်မပါလက်မပါ ကြည့်ဖြစ်ခဲ့ကြပါတယ်။
…………..
မို့နေတဲ့ မျက်လုံးတွေနဲ့ ကော်ဖီဆိုင် အပြင်ဘက်ကို ငေးနေရာက ကျွန်တော့်ကို မြင်တော့ သီရိ ပြုံးပြတယ်။ တော်တော်လေး ဖျော့တော့တဲ့ အပြုံးပါ။ ကျွန်တော် သူ့ဘေးမှာ ဝင်ထိုင်ပြီး သူ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်တယ်။ ချွေးစေးတွေနဲ့ စေးထန်းထန်း ဖြစ်နေသလိုပဲ။ ကျွန်တော်မှာခဲ့တဲ့ ကော်ဖီ မလာသေးတာမို့ ဘာမှ မပြောဖြစ်ကြဘဲ ကျွန်တော်တို့ တစ်ယောက်လက် တစ်ယောက် တင်းတင်းဆုပ်ရင်း ထိုင်နေဖြစ်ကြတယ်။ ကော်ဖီဆိုင်က ဖွင့်ထားတဲ့ BLACKPICK သီချင်းက စိတ်ပျက်စရာ။ တနင်္ဂနွေနေ့မို့ ထင်တယ်။ ဆိုင်ထဲမှာ အရင်ကထက် လူပိုများနေတယ်။ ဈေးပေါပေါ ပန်းချီကားလို့ ကျွန်တော်ပြောခဲ့တဲ့ ပန်းချီကားကို ကျွန်တော် ခုမှ သေချာ ကြည့်မိတယ်။ ကနုတ်လိုလို၊ ပန်းခက်လိုလို အခက်တွေကို ရှုပ်ယှက်ခတ်နေအောင် ဆွဲထားတာမျိုး။ အရောင်ကလည်း အဖြူအမည်း။ ခဏနေတော့ စားပွဲထိုးလေးက ကော်ဖီလာချပြီး အောက်ထပ်ကို ပြန်ဆင်းသွားတယ်။
“သူတို့ အဆင်ပြေကြရဲ့လား။” လို့ ကျွန်တော် စမေးလိုက်တယ်။ အဆင်မပြေမှန်း သိပေမယ့် တခြား ဘာစ မေးရမှန်း ကျွန်တော် တကယ်မသိလို့ပါ။
“ခု အချုပ်ထဲ ပြန်ရောက်လာပြီဆိုတော့ သေတော့ မသေတော့ဘူးပေါ့ဟာ။ ဒါတောင် အမိန့်ချရင် သေဒဏ်နဲ့ တစ်ကျွန်းမဖြစ်ဖို့ ဆုတောင်းရဦးမယ်။” လို့ သီရိ တိုးဖျော့စွာ ပြောတယ်။ မျက်လုံးတွေကတော့ စားပွဲခုံပေါ်က သူမှာထားတဲ့ ချောကလက်ကိတ် အပိုင်းလေးကို ကြည့်နေတယ်။
“ငွေအားနဲ့ လိုက်ဖို့ကရော။ လမ်းကြောင်းတွေ သိလား။”
“ဦးလေးတို့တော့ လိုက်နေကြတာပဲ။ တော်တော်လည်း ကုန်နေပြီ။ ပစ္စည်းပို့ဖို့ကိုပဲ အဆင့်ဆင့် ပေးရတာ။”
“အေး၊ ငါလည်း စိတ်မကောင်းဘူးဟာ။ ကူညီနိုင်တာရှိရင် ပြောနော်။” လို့ ကျွန်တော် သူ့လက်တွေကို ဆုပ်နယ်ရင်း ပြောဖြစ်တယ်။ သီရိက ဘာမှ ပြန်မပြောဘူး။ ဒီအနေအထားအတိုင်း ကျွန်တော်တို့ သုံးမိနစ်လောက် ကြာသွားတယ်။ ကျွန်တော်က သူ့လက်တွေကို နှိပ်ပေးသလိုမျိုး ဆုပ်နယ်တယ်။ သူ့ကိုကြည့်တယ်။ သူ့လက်တွေက ငြိမ်နေတယ်။ ကျွန်တော့်ကို တချက်တချက်မှ ပြန်ကြည့်တယ်။ ပြီးတော့ ရုတ်တရက် သူ့ညာလက်ကို ဆွဲထုတ်သွားပြီး စားပွဲခုံကို လက်သီးနဲ့ ထုချလိုက်ပါတယ်။
ဘေးဝိုင်းတွေက ကျွန်တော်တို့ကို လှည့်ကြည့်တယ်။
“သီရိ … ငါတို့ စိတ်ချရတဲ့ နေရာကို သွားကြမလား။ ဒီမှာ လူများလွန်းတယ်။”
သီရိက ဘေးဘီကို လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြတယ်။ “ဆောရီး၊ ငါတချက် စိတ်လွတ်သွားတယ်။” လို့လည်း ပြောပါတယ်။
အချိန်လည်း ရနေသေးသလို ချက်ချင်းလည်း ထမထွက်ချင်သေးတာကြောင့် ကော်ဖီကို ကုန်အောင် ဆက်သောက် နေလိုက်တယ်။ သီရိကတော့ ချောကလက်ကိတ်ကို မထိပါဘူး။ ဘာမှလည်း မပြောဘူး။ ဒီတိုင်း ထိုင်နေတယ်။ ကျွန်တော်လည်း စိတ်ချရတဲ့ နေရာ ဘယ်နေရာကို သွားရမလဲ စဉ်းစားနေလိုက်တယ်။ သီးသန့်ခန်းရတဲ့ ဆိုင်တစ်ဆိုင်တော့ သိတယ်။ အသံမလုံပေမယ့် တိုးတိုးပြောရင် ရနိုင်တယ်။
အပြင်မှာ နေရှိန်မကျသေးလို့ တော်တော်ပူနေတယ်။ ထီးကိုထုတ်ပြီး နှစ်ယောက်အတူဆောင်းရင်း ကျွန်တော်တို့ ဆိုင်ပြောင်းဖို့ ထွက်ခဲ့ကြတယ်။ ဆိုင်အသစ်ကိုရောက်ဖို့ ကားလမ်းကူးပြီး နည်းနည်း ဆက်လျှောက် ရမယ်။
လမ်းကူးနေရင်း သူ ကျွန်တော့်လက်ကို လာကိုင်တယ်။ ရုတ်တရက်မို့ သူ့ကို ကြည့်မိတော့ သူက ကားတွေကိုပဲ ကြည့်နေတယ်။ အသင့်ပြန်ဆုပ်ကိုင်လိုက်ရင်း ကျွန်တော်တို့ ဟိုဖက်ခြမ်းကို ရောက်တယ်။ ဒါပေမယ့် လက်တွေကိုတော့ မဖြုတ်ဖြစ်ကြ။
“နင်က စိတ်မတိုတတ်ဘူး ထင်တယ်။” လို့ သူ ကျွန်တော့်ကို မကြည့်ဘဲ ပြောတယ်။
“ဘာလို့လဲ။”
“မသိဘူး။ နင်စိတ်တိုတာ တစ်ခါမှ မမြင်ဘူးလို့။” လို့ သူဖြေပါတယ်။
“ငါ့ကိုယ်ငါတောင် သတိမထားမိဘူး။ ငယ်ငယ်ကတော့ ဧည့်သည်စားပြီးမှ ငါစားရလို့ ထမင်းမစားဘဲ နှစ်ရက် စိတ်ကောက်ဖူးတယ်။”
“ဟယ် … နေနိုင်တယ်ပေါ့။” လို့ သူ အံ့သြတဲ့ပုံနဲ့ မေးတယ်။
“နေနိုင်တာပေါ့။ မုန့်တွေ ခိုးစားတာလေ။” လို့ ကျွန်တော်ဖြေတော့ သူ သဘောကျသွားပါတယ်။
“နင်စိတ်ကောက်ပုံကြီးကလည်းဟယ်။” လို့ ရယ်ရင်း သူပြောတယ်။
“စိတ်တိုတတ်လား မတိုတတ်လားတော့ မသိဘူး။ စိတ်မရှည်တာတော့ သိတယ်။” လို့ ကျွန်တော် စကားဆက် လိုက်တယ်။
“အဲ့တာတော့ သိတယ်။ ဒါကြောင့် နင် ရည်းစားမရတာ။” လို့ သူ တစ်ချက်ပြုံးရင်း ပြောပါတယ်။
“ငါရည်းစား မရှိဘူးလို့ နင့်ကို ဘယ်သူပြော။ ယုယုလားကွ။” ထီးကို သူ့ဘက် ပိုပိုသာသာ ဆောင်းပေးရင်း ကျွန်တော် မေးလိုက်တယ်။
“မဟုတ်ပါဘူး။ ယုယုနဲ့ငါက နင့်အကြောင်း အားအားယားယား ပြောနေမယ် ထင်လို့လား။” လို့ ပြောရင်း သူ မျက်စောင်းထိုး ကြည့်ပါတယ်။
“ဒါဆို ဘယ်လိုလုပ် သိလဲ … ကဲ။”
“ငါက ယောကျ်ားလေးတစ်ယောက်မှာ ရည်းစားရှိ မရှိကို အလိုလို သိနိုင်စွမ်း ရှိတယ်။ အင်ကျူအစ်ရှင်း ပေါ့ဟာ။”
“လာနောက်နေတယ်။ ဒါဆို ဟိုးရှေ့က လာနေတဲ့ အစ်ကိုကြီးမှာ ရည်းစားရှိလား။” မျက်နှာချင်းဆိုင်က ခပ်သုတ်သုတ် လျှောက်လာတဲ့ လူတစ်ယောက်ကို လက်ညှိုးထိုးပြရင်း ကျွန်တော်မေးလိုက်တယ်။ သူက အတည်ပေါက်နဲ့ လှမ်းကြည့်တယ်။ ပြီးတော့ ဗေဒင်ဆရာမ တစ်ယောက် ဟောကိန်းထုတ်သလိုမျိုး ပြောပါတယ်။
“သူ ခုပဲ ရည်းစားနဲ့ ချိန်းတွေ့ပြီး ပြန်လာတာ။”
သူ့လေသံက ယုံကြည်မှု အပြည့်။ ကျွန်တော် ပြုံးမိတယ်။ ပြီးတော့ နီးလာတဲ့ ဟိုအစ်ကို့ကို လှမ်းမေး လိုက်တယ်။ “အစ်ကိုရေ၊ ကောင်မလေးနဲ့ တွေ့တာ အဆင်ပြေခဲ့လားဗျ။”
တစ်ဖက်လူ ကြောင်သွားတယ်။ ပြီးတော့ ဘာတွေလဲကွာ ဆိုတဲ့ အကြည့်မျိုး ကြည့်ပြီး ဆက်လျှောက် သွားပါတယ်။ ကျွန်တော့်မေးခွန်းကို သူဖြေမသွားတာမို့ သီရိ မှန်လား၊ မှားလား ကျွန်တော်တို့ မသိလိုက်ရဘူး။
“နင်က ငါ့ကို မယုံတာပဲ။” လို့ သူ မကျေမနပ် ပြောတယ်။
“ငါက အကြားအမြင်တွေ၊ ဗေဒင်တွေ မယုံဘူး။ လက်တွေ့ပဲ ယုံတယ်။”
ပြောနေရင်း ကျွန်တော်ပြောတဲ့ ဆိုင်ကို ရောက်သွားတာမို့ စကားစ ပြတ်သွားပါတယ်။ စားပွဲထိုးကို သီးသန့်ခန်း ယူမယ်လို့ ပြောတော့ ကျွန်တော်တို့ နှစ်ယောက်ကို တမျိုး ပြန်ကြည့်တယ်။ ဘာမှ ပြောမနေတော့ဘဲ သံပုရာရည်နဲ့ စတော်ဘယ်ရီ တစ်ခွက်စီ မှာပြီး စားပွဲထိုး နောက်ကို လိုက်ခဲ့ကြတယ်။
အခန်းက ကျယ်ပါတယ်။ ငါးယောက်ခန်းလို့ ပြောတယ်။ ကျွန်တော်တို့ကတော့ နှစ်ယောက်တည်းပေါ့။ အဲကွန်းမရှိဘူး။ ပန်ကာလေး တစ်လုံးဖွင့်ထားတယ်။ နံရံတွေက ငါးထပ်သားပြားတွေ။ ပန်းချီကားတွေ ဘာတွေ မရှိဘူး။ နံရံကပ် ပိုစတာတောင် ကပ်မထားဘူး။ နာရီတစ်လုံးတော့ ချိတ်ထားပါတယ်။ စားပွဲထိုးက အခန်းတံခါးကို စေ့ထားခဲ့ပြီး ပြန်ထွက်သွားတယ်။ ကျွန်တော်တို့တွေ နေပူထဲက လာတာမို့ အခန်းထဲရောက်တော့ ချွေးတွေထွက် လာတယ်။ သီရိက သူ့အိတ်ထဲက တစ်ရှူးထုပ်ကို ထုတ်ပြီး ကျွန်တော့်ကို တစ်ရွက်ပေးတယ်။ သူလည်း တစ်ရွက်ယူပြီး မျက်နှာတဝိုက် ဟိုတို့သည်တို့ လုပ်နေတယ်။
“ရှိုင်းသူတို့ အကြောင်း ပြောပါဦး။” လို့ ကျွန်တော် မေးလိုက်တယ်။
သီရိက ကော်ဖီဆိုင်မှာလို မဟုတ်တော့ပါဘူး။ နည်းနည်း ရွှင်ရွှင်ပြပြ ဖြစ်နေပါပြီ။
“သူတို့ကို သေချာ စောင့်ဖမ်းသွားတဲ့ သဘောပဲ။ အကုန်နီးပါး မိသွားတယ်။ စစ်ကြောရေးလည်း ရောက်ခဲ့ပြီးပြီတဲ့။ သူ့ဆီက တိုက်ရိုက် ကြားရတာတော့ မဟုတ်ဘူးပေါ့ဟာ။ ဒါပေမယ့် နင်လည်း စစ်ကြောရေး ဇာတ်လမ်းတွေ ဖတ်ရမှာပဲ။ သွားတွေ ရိုက်ချိူးတာတွေ၊ လက်သည်းခွံ ချွတ်တာတွေ၊ အက်စစ်လောင်းတာတွေ၊ စအိုထဲအို တုတ်တွေထည့်တာတွေရော။” ဒီနေရာမှာ သီရိ မျက်နှာတစ်ချက် ပျက်သွားတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်လည်း သူပြောတာကို နားထောင်ရင်း ရှားရှားပါးပါး ဒေါသထွက်လာတယ်။
“ငါ့ တယ်လီဂရမ်ကို သူတို့ ဝင်ကြသေးတယ်။”
“ဘယ်သူတွေလဲ။”
“ဘယ်သူတွေ ရှိမလဲဟာ။ သူတို့ SIM CARD ပွားလိုက်တာလား။ ဆက်သွယ်ရေးရုံးက တဆင့်ပဲ လုပ်တာလားတော့ မသိဘူး။ ငါ့ဆီကို CODE တွေ ကျလာတဲ့အပြင် တခြားနေရာကနေ ဝင်သုံးနေတဲ့ဟာပါ တွေ့လိုက်တာ။”
“ဟာ၊ ဘာတွေ သိသွားသေးလဲ။” ကျွန်တော် တကယ်စိတ်ပူသွားပါတယ်။
“မသိပါဘူး။ ငါက အရင်ကတည်းက ဒီလို ကိစ္စတွေဆို ပြောထားသမျှ ဖျက်တာ။ ပြီးတော့ ကံကောင်းတာက ငါ့ကိုသိတာ ရှိုင်းသူပဲ ရှိတယ်။ ကျန်တဲ့ သူတို့အဖွဲ့ဝင်တွေနဲ့ ငါနဲ့က တိုက်ရိုက်မသိဘူးလေ။ ရှိုင်းသူက ငါ့နာမည်ကို မဖော်ခဲ့ဘူး။ ဖုန်းနံပါတ်တော့ သူတို့ဒီလိုပဲ ရသွားတာ နေမှာပေါ့။”
ကျွန်တော် ခုမှပဲ သက်ပြင်းချမိတယ်။ စားပွဲထိုးက တံခါးခေါက်ပြီး ဖျော်ရည်နှစ်ခွက်နဲ့ အတူဝင်လာတယ်။
“ရပြီနော် အစ်ကို။” လို့ ပြောပြီး ပြန်အထွက်မှာ တံခါးကို စေ့ထားခဲ့တယ်။
“ငါနဲ့အရမ်းရင်းနှီးတဲ့ သူတွေ အဖမ်းခံရတာ၊ အသတ်ခံရတာမျိုး ငါမကြုံသေးဘူး။ နင်ခုကြုံရတော့ ဘယ်လို ခံစားရလဲ။”
သီရိက စတော်ဘယ်ရီဖျော်ရည်ကို ပိုက်နဲ့စုပ်နေရာက ကျွန်တော့်ကို လှမ်းကြည့်တယ်။
“မပြောချင်ဘူးဟာ။ င့ါကို ဖက်ထားပေးမလား။” လို့ သူပြောတော့ ကျွန်တော် ခဏလောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ပြီးမှ သူ့ပုခုံးပေါ်ကို ကျွန်တော့်လက်တစ်ဖက် တင်ပြီး ကျွန်တော့်ပုခုံးပေါ် သူ့ခေါင်းကို ဆွဲချ လိုက်ရတယ်။ ဘာဆက်လုပ်ရမှန်း မသိလို့ သူ့ဆံပင်တွေကို ကိုင်ကြည့်နေမိတယ်။ ဘာခေါင်းလျှော်ရည်နံ့မှ မရပေမယ့် ကိုင်လို့တော့ ကောင်းပါတယ်။ သူက သူ့မျက်နှာနဲ့ ကျွန်တော့်ပုခုံးကြား ညှပ်သွားတဲ့ ဆံနွှယ်တချို့ကို နားရွက်နောက် ပြန်ပို့ပြီးမှ ကျွန်တော့်ပုခုံးပေါ် မျက်နှာပြန်အပ်တယ်။ နံရံတွေနဲ့ မျက်နှာကျက်ကို ကျွန်တော် လျှောက်ကြည့်ပြီး ဇာတ်ကားတွေထဲကလိုမျိုး မီးနီလင်းနေတဲ့ စပိုင်ကင်မရာလေးတွေများ တွေ့မိမလား လိုက်ကြည့်မိတယ်။ ဘာမှမတွေ့ပါဘူး။
ဒီအနေအထားအတိုင်း အတော်ကြာတယ်။ သူညောင်းသလို ဖြစ်ရင် မျက်နှာကို အနေအထား ပြောင်းတယ်။ ကျွန်တော့်လက်တွေကတော့ သူ့ဆံပင်တွေကို ကိုင်ရတာ ပျင်းလာရင် သူ့နောက်ကျောကို သပ်တယ်၊ အဲ့တာ ပျင်းလာရင် ဆံပင်တွေကို ပြန်ကိုင်တယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဘာရင်မှ မခုန်ပါဘူး။
“ကျေးဇူးပဲ။” လို့ ပြောပြီး သူ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်တယ်။ “နည်းနည်း နေလို့ ကောင်းသွားပြီ။”
ကျွန်တော် သူမှီထားတဲ့ ပုခုံးကို နည်းနည်းဆန့်လိုက်တော့ သူက ပြုံးတယ်။
“ညောင်းနေတာကို အောင့်ခံနေတယ်ပေါ့လေ။ ငါနှိပ်ပေးပါ့မယ်။” ပြောရင်း သူ့လက်လေးတွေနဲ့ ကျွန်တော့်ပုခုံးကို လာနှိပ်တယ်။
“ရပါတယ်။ အဲ့လောက်မဟုတ်ပါဘူး။ နင့်လက်က ပျော့တိပျော့ဖတ်နဲ့။”
“ဟဲ့၊ မိန်းကလေး လက်ကိုဟ။ ဒီလောက်ပဲ ရှိမှာပေါ့။” လို့ပြောပြီး သူ ကျွန်တော့်ကို မျက်စောင်းထိုးတယ်။ ဒီတစ်ခါတော့ ကျွန်တော် ရင်ခုန်သွားသလားပဲ။
…………….
ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့က ယုယု ကျွန်တော့်ကို ခုံနံပါတ်ပေးလိုက်တယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ ဦးလေးက ကားနဲ့လိုက်ပို့တာနဲ့ ကျွန်တော်တို့ သူငယ်ချင်း အဖွဲ့လိုက်ကြီး သွားကြည့်ကြတာ။ ယောကျ်ားလေးတွေ ချည်းပါပဲ။ ခုခေတ်လို အွန်လိုင်းက ကြည့်လို့ မရသေးဘူးလေ။ လူအုပ်ကြီးထဲမှာ တိုးဝှေ့ပြီး ကြည့်ရတာ။ ခုတောင် ဒီကောင်တွေ ဘယ်ရောက် နေပါလိမ့်။ ဆယ်တန်းက သူငယ်ချင်းတွေလည်း တက္ကသိုလ် မတူတော့ စိမ်းသွားကြတာပဲ။ နေတဲ့နေရာ တူလား၊ တက်တဲ့ကျောင်းတူလား၊ အလုပ်တူလား၊ ဒါမှမဟုတ် ဝါသနာနဲ့ စရိုက်တူလား၊ ဒါမှ သူငယ်ချင်း ဆက်ဖြစ်ဖို့ များတာ။ ဒါတောင် အကြောင်းမတိုက်ဆိုင်ရင် စိမ်းသွားကြရော။
ငယ်ငယ်ကတော့ သူငယ်ချင်းတွေဆိုတာ ဘဝကြီးပဲ။ ကြီးလာရင် တိုက်ခန်းလေး တစ်ခန်းဝယ်ပြီး သူငယ်ချင်းတွေ ဂိမ်းစုဆော့ကြမယ်တို့၊ ဘောလုံးပွဲစုကြည့်ကြမယ်တို့ တွေးဖူးတယ်။ ခုတော့ မဖြစ်နိုင်မှန်း သိပါပြီ။ ငယ်ငယ်ကတော့ အိမ်မပိုင်တာ။ ကြီးလာတော့ စော်မပိုင်တာနဲ့၊ အိမ်ထောင်ကျသွားတဲ့ ကောင်တွေဆို မိန်းမကို အားနာရတာနဲ့။
ပြောနေတာ ဘယ်ရောက်သွားမှန်း မသိ။ အော် … ယုယု။ ယုယုခုံနံပါတ်ကို ကျွန်တော် အရင်ကြည့်တယ်။ သူက ခြောက်ဘာသာ။ ပြီးတော့ ကျွန်တော့်ခုံနံပါတ် … ငါးဘာသာ။ မြန်မာစာ မပါဘူး။ မှန်းထားတဲ့ အတိုင်းပဲမို့ အေးဆေးပါပဲ။ အိမ်ကိုဖုန်းဆက်ပြီး ပြောပြလိုက်တယ်။ ပြီးတော့ ပြန်လာတယ်။ အတူတူသွားကြည့်တဲ့ထဲက ကျတဲ့ နှစ်ယောက်ကလည်း အဖော်ရလို့ ပျော်နေကြတယ်။
..……..
“နင် ဘာတက်မှာလဲ။” လို့ ယုယုက ကျွန်တော့်ကို မေးတယ်။ အမှတ်စာရင်းထုတ်ပြီး ရပ်ကွက်တူတဲ့ ကျွန်တော်တို့နှစ်ယောက် အတူတူ ပြန်ဖြစ်ကြချိန်ပေါ့။
“မသိသေးဘူး။ ဆေးကျောင်းမတက်ဘူး။ ရေကြောင်း မတက်ဘူး။ အင်ဂျင်နီယာ မလုပ်ဘူး။”
“ဘာမတက်ဘူးလဲ မေးတာ ကျနေတာပဲ။ ငါကတော့ civil ပဲ။ ပြီးရင် စင်ကာပူ သွားမယ်။”
“ကောင်းတာပဲ။ နင်က ဟိုမှာ အစ်မရှိထားပြီးသား ဆိုတော့။”
“နင်လည်း တက်လေ။ ငါနဲ့အတူ လိုက်ခဲ့ပေါ့ဟ။”
ရန်ကုန်နေက အမြဲပူနေတော့ ထီးတစ်ချောင်းအောက်မှာ အတူတူရှိနေတဲ့ ကျွန်တော်တို့ နှစ်ယောက် တစ်ခါတလေ လက်မောင်းချင်း တိုက်မိတယ်။ ယုယုအရပ်က ငါးပေကျော်မလားပဲ။
“နင့် အရပ် ဘယ်လောက်လဲ။” လို့ ကျွန်တော် မေးလိုက်တယ်။
နားမလည်နိုင်သလို ကြည့်ရင်း ယုယုက ဖြေတယ်။
“ငါးပေကျော် … လက်နှစ်လုံးလောက်ပိုမယ်။”
“ဘာလဲဟ။ အဲ့လိုပြောလို့ ရတယ်လား။”
“မရဘူးလို့ရော နင့်ဘယ်သူပြော။ ငါတစ်ခါ တိုင်းဖူးတာ ပေကြိုးက ပြတ်နေတာနဲ့ ငါးပေထိပဲ ရှိတယ်။ အဲ့တာကို ငါ့အရပ်က လက်နှစ်လုံးလောက် ပိုနေသေးတာလေ။”
ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ တကယ်ပါပဲ။
………….
ဝေယံ၊ ရဲကြီး နဲ့ အာကြီးတို့ ကိုတော့ တက္ကသိုလ်ရောက်မှ ခင်ခဲ့တာ။ သူတို့က လက်ရှိ ကျွန်တော့် အရင်းနှီးဆုံးတွေ ဆိုလည်း မှန်တယ်။ လက်ရှိလို့ ပြောရတာက အရင်ကလည်း ဒီလိုတွေးခဲ့ပေမယ့် စိမ်းသွားတဲ့ သူငယ်ချင်းတွေ ရှိခဲ့လို့။ သူငယ်ချင်းတွေနဲ့ ရည်းစားဟောင်းတွေမှာ ဆင်တာတွေ ရှိတယ်။ တွဲနေတုန်းတော့ စောက်ရမ်းချစ်ကြတယ် ထင်ခဲ့တာပဲ။ ပြီးလည်းပြီးရော သူစိမ်းတွေ ဖြစ်သွားကြရော။ “ခင်ဗျားနဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဘယ်လောက်ကြာတဲ့ထိ စောက်ရမ်း ရင်းနှီးဖူးလဲ။” မညာတမ်း ဖြေကြည့်ဗျာ။ ကျွန်တော့်အတွက် အဖြေကတော့ ၇နှစ်ပဲ။ ဒါတောင် ၇နှစ်လုံး အဆင်ပြေခဲ့တာတော့ မဟုတ်ဘူး။ ကြားထဲမှာ စိမ်းသွားတဲ့ ကာလတိုလေးတွေ ရှိခဲ့သေးတာ။
စိုးသူတို့ မင်းသားအဖွဲ့နဲ့ဆို မူလတန်းပြီးကတည်းက ပြန်မဆုံဖြစ်တော့ဘူး။ ကောင်းပါတယ်။ သူတို့နဲ့ ကျွန်တော့်မှာ ကောင်းတဲ့ အမှတ်တရတွေပဲ ရှိခဲ့ကြတယ်။ ဒီဘက်ခေတ် ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတော့ သူတို့နာမည်ကို ကျွန်တော် ရိုက်ရှာမိသေးတယ်။ မတွေ့ပါဘူး။ နာမည်တူတွေကလည်း များမှများကိုး။ သတင်းတစ်ပုဒ်ထဲ ဖတ်ဖူးသလို ‘ဘယ်နှခုနှစ်၊ ဘယ်ကျောင်းမှာ မူလတန်းတက်ခဲ့ကြသော ဘယ်သူဘယ်ဝါတို့ ကျွန်တော့်ကို ဆက်သွယ်ကြပါ။’ လို့ ပို့စ်တင်ရအောင်လည်း ကျွန်တော် သူတို့ကို မဖြစ်မနေ တွေ့ချင်နေတာမှ မဟုတ်တာ။ သူတို့ကလည်း ကျွန်တော့်ကို တွေ့ချင်ကြမှာ မဟုတ်ပါဘူး။ တစ်ခါတလေ ငယ်ဘဝ ဓါတ်ပုံတွေ ပြန်ကြည့်ဖြစ်ရင် ကျွန်တော့်ကို သတိရကောင်း ရမယ်။ ဒီလောက်ပဲပေါ့။
အလယ်တန်းကျောင်းက သူငယ်ချင်းတွေနဲ့တော့ ရှေ့မှာပြောခဲ့ဖူးတဲ့ နှစ်ယောက်ကလွဲရင် ဘယ်သူနဲ့မှ ပြောရလောက်အောင် မရင်းနှီးခဲ့ဘူး။ ဒါမှမဟုတ် ခုချိန်မှာ မရင်းနှီးတော့ဘူး။ အထက်တန်းကဆိုလည်း အတူတူ ထိုင်ခဲ့ကြတဲ့ သူငယ်ချင်းတွေတောင် ဆယ်တန်းပြီးတော့ ဘယ်ရောက်ကုန်မှန်း မသိ။ တချို့ကလည်း စာမေးပွဲကျလို့ ဝေးသွား၊ တချို့ကလည်း တက္ကသိုလ်မတူတော့ မဆုံဖြစ်။ ဆရာကန်တော့ပွဲတွေ၊ ကျောင်းသားဟောင်း တွေ့ဆုံပွဲတွေ ဆိုတာလည်း ကျွန်တော်က တစ်ခေါက်မှ မတက်။ မေးထူးခေါ်ပြော လေး၊ ငါး၊ ခြောက်ယောက် ရှိပေမယ့် နေရာတွေ မတူလို့ မဆုံဖြစ်ကြ၊ မရင်းနှီးကြ။ ယုယုလောက်ပဲ။ ရပ်ကွက်ချင်း တူတာနဲ့၊ ပေါင်းလို့သင်းလို့လည်း ရတာနဲ့၊ သူကလည်း တစ်ခုခုဆို လှမ်းလှမ်းပြောတတ်တယ်။ ဒါတောာင် ယောကျ်ားလေး မိန်းကလေး အကန့်တွေ ရှိနေတော့ သူနဲ့လည်း တတွဲတွဲ ဖြစ်ရလောက်တဲ့ထိတော့ မဟုတ်ဘူး။။ တက္ကသိုလ် မှာလည်း စာအတူတူစုလုပ်၊ ဂိမ်းအတူတူစုဆော့ ခဲ့ကြပေမယ့် ပထမနှစ်က စလို့ အဖွဲ့လေးတွေ ကွဲသွားလိုက်တာ ကျောင်းလည်းပြီးရော သိပ်မကျန်ဘူး။ မစ္စတာမြလိုမျိုး လုံးဝစိမ်းသွားတဲ့ သူငယ်ချင်းတွေလည်း ရှိတာပဲ။ ပြန်ကောက်ရရင် ဝေယံတို့အဖွဲ့နဲ့က ရင်းနှီးချိန် အကြာဆုံးပေါ့။
“ဆယ်တန်းအောင်ပြီးပြီးချင်း စလုံးမှာ ကျောင်းသွားတက်ဖို့ လုပ်လိုက်သေးတယ်။ ပြီးတော့ ဟိုမှာ အလုပ်လုပ်ရမှာနဲ့ ကျောင်းနဲ့ စောက်ရမ်းပင်ပန်းမယ် ဆိုလို့ မသွားတော့တာ။” လို့ ဝေယံတစ်ခါ ပြောဖူးတယ်။ အာကြီးနေတဲ့ အဆောင်မှာ ကျွန်တော်တို့ စုအိပ်ပြီး ဖဲရိုက်ဖြစ်ကြတာ။
“သွားမနေပါနဲ့ကွာ။ မြန်မာနိုင်ငံမှာလည်း အရည်အချင်းရှိရင် တစ်လ တစ်ထောင်လောက်တော့ ရပါတယ်။ ဟရောင် မောင်တိုး … မင်း သီချင်းကြီး ပြောင်းဦး။” လို့ ရဲကြီးက ဝေယံ့ကို ပြောရင်း ကျွန်တော့်ကို လှမ်းအော်တယ်။ ကျွန်တော်က ‘Take me to your heart’ သီချင်းကို repeat နဲ့ဖွင့်ထားတာ။ ဒီသီချင်းနဲ့ဆို ဖဲကောင်းလို့။
“အေး၊ ငါကလည်း ဆယ်တန်းတောင် ဉာဏ်ကောင်းလို့ အောင်လာတာ။ ဘာမှ ကြိုးစားချင်တာ မဟုတ်ဘူး။” လို့ ဝေယံက ပြန်ပြောတယ်။
“အကုန် အတူတူပဲ ဟရောင်။ ခု တက္ကသိုလ်ရောက်တော့ သိသာတယ်။ တစ်နှစ်တစ်တန်းတောင် ကံကောင်းလို့ အောင်တာ။ ကျောင်းတော့ ပြီးလောက်ပါတယ်။” လို့ သီချင်းကို random mode ပြောင်းရင်း ကျွန်တော် ပြောလိုက်တယ်။
“ငါတို့ထဲက တစ်ယောက်ယောက် ကျကျန်ခဲ့ရင် ဘယ်လိုနေမလဲ မသိဘူးနော်။” လို့ ဝေယံက ပြောရင်း ပစ်ဖဲကို ချတယ်။
ရဲကြီးက ဝေယံပစ်တဲ့ ဖဲကို စားလိုက်တယ်။ “အဖွဲ့ထဲက ကွဲသွားမယ် ထင်တယ်။” လို့လည်း ပြောတယ်။
“ထားပါကွာ။ စိတ်ရှုပ်စရာတွေ လာပြောနေတယ်။ ဘယ်သူမှ မကျဘူး ဟရောင်။ ငါပြောရဲတယ်။” လို့ အသံတိတ်နေတဲ့ အာကြီးက ဝင်ပြောပါတယ်။
“ဒီတိုင်းတွေးကြည့်တာပါကွာ။ မကျရင်တော့ အကောင်းဆုံးပေါ့။”
“မင်းပဲကျဟေ့။ ငါကတော့ ဒေါင်းပြီ။” လို့ ပြောရင်း အာကြီးက ဖဲချပ်တွေကို စီနေပါတယ်။ ဒါပေမယ့် သူဘယ်လိုစီစီ တစ်ချပ်လိုနေတယ်။
“ဟရောင် … အာကြီး၊ အကွက်လာရွှေ့နေတယ်။ ဒါမျိုး မင်းတို့ရွာမှာပဲ သွားလုပ်။” လို့ ရဲကြီးက ထအော်တယ်။ “စည်းမျဉ်း နံပါတ် သုံး၊ အလုံး အကုန်လျော်၊ အလယ်ပုံထပ်စိုက်။” လို့ ကျွန်တော်က ပြောတော့ “လျော်…လျော်” ဆိုပြီး ဝိုင်းအော်ကြတယ်။ အာကြီးက မျက်နှာငယ်လေးနဲ့။ ကျွန်တော်တို့ကတော့ ရယ်ကြတာပေါ့။ ကျွန်တော် ဖဲဝေမှားလို့ လျော်ခဲ့ရစဉ်ကလည်း အာကြီး ဝိုင်းရယ်ခဲ့တာပါပဲ။ ကျွန်တော်တို့ အဖွဲ့က ဖဲရိုက်ရင် တဟီးဟီး တဟားဟားနဲ့။ ဖဲရိုက်တာနဲ့တောင် မတူဘူး။
ပျော်စရာ နေ့ရက်ဟောင်းများပေါ့လေ။
…………
ကားကို လမ်းဘေးချရပ်ခဲ့ပြီး ဝေယံနဲ့ ကျွန်တော် ဘီယာဆိုင်ထဲကို ဝင်ခဲ့ကြတယ်။ သောကြာ၊ စနေလည်း မဟုတ်ပါဘဲ ဝိုင်းလွတ်တောင် သိပ်မရှိချင်တော့။ တစ်နေရာမှာ ထိုင်ပြီး အမြည်းတွေ မှာလိုက်တယ်။ စည်က ဘာရလဲဆိုတော့ “မြန်မာပဲ ရမယ် အစ်ကို။” ဆိုလို့ ဟန်နီကန် တစ်ဘူးစီ မှာဖြစ်တယ်။ ရေခဲသေတ္တာထဲ ထည့်ထားပြီး အမြည်းတွေရမှ ထုတ်ပေးဖို့ ဝေယံက အတွန့်တက် လိုက်သေးတယ်။ စားပွဲထိုးလေး ထွက်သွားတော့ ထုံးစံအတိုင်း ဝေယံ စကားကို ခပ်အုပ်အုပ် စပြောတယ်။
“လူတွေ ပြည့်နေတာပဲနော်။ အကုန်လုံး မြန်မာခွက် တွေချည်းပဲ။ လီးပဲ။”
“အေး။ ဘွိုင်းကော့ကြီး အောင်မြင်နေတာပေါ့ကွာ။” ကျွန်တော်လည်း ကြည့်ပြီး စိတ်တိုမိတယ်။ ဝိုင်းတစ်ဝိုင်းဆို ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်မယ်။ ရှစ်ယောက်လောက် စုပြီး ဟေးလားဝါးလားနဲ့ မြန်မာဘီယာခွက်တွေ ကိုင်ပြီး ချီးယားစ် လုပ်နေကြသေးတယ်။ ဘီယာဘူး သောက်တာ ကျွန်တော်တို့နှစ်ယောက် လောက်ပါပဲ။
“ဆိုင်တွေကလည်း မရောင်းဘဲ မနေနိုင်ကြဘူးလေကွာ။ မြန်မာဘီယာကလည်း တခြားဂေါက် ပြောင်းတပ်ရင် သူ့ဂေါက် ပြန်ဖြုတ်မှာ ဆိုလား။”
“ဘာဖြစ်ဖြစ်ကွာ။ မရောင်းဘဲ နေရင် ဝယ်သောက်ချင်တောင် သောက်မရဘူးပေါ့ကွ။ စီးပွားရေး သမားကတော့ စီးပွားရေးပဲ။ အကုန် ဗုံးခွဲပစ်ရမှာ။ ဒါမှ မှတ်မှာ။”
ဝေယံက တော်တော်ပေါက်ကွဲနေပုံပါ။ လာရင်းကိစ္စကိုတောင် သူမေ့နေတယ်။ တကယ်က သူလည်း အသည်းကွဲလို့ ဘီယာလာသောက်တာပါပဲ။ မြန်မာမသောက်ဘဲ ဟန်နီကန် သောက်တာလောက် ကွာတာပါ။
“ရန်ကုန်၊ မန္တလေးကတော့ ဒီလိုပဲ ဟရောင်။ ဟိုနေ့က ဖတ်လိုက်ရသလို ပြည်နယ်တွေကပဲ စပြီး လွတ်မြောက်မယ် ထင်တယ်။”
“ဒီ အခြေအနေကြီးက မဖြစ်သင့်တော့ဘူးလေ။ ငါတော့ အကုန်ပါစေချင်နေပြီ။ စစ်ဖြစ်မှာဆိုလည်း အကုန်ဖြစ်ကွာ။ တိုင်းရင်းသားတွေနဲ့ နယ်ဘက်ကလူတွေပဲ ခံနေရတာ မဖြစ်သင့်ဘူး။ အဲ့တာဆို ငါတို့လည်း ပါရပြီပဲ။”
“အဲ့တာတော့ လိုဦးမယ် ထင်တာပဲ။”
စားပွဲထိုး ကောင်လေးတစ်ယောက်က မှာထားတဲ့ အမြည်းတွေ လာချတယ်။ ဝေယံပြောထားတဲ့အတိုင်း ဟန်နီကန်ဘူးတွေပါ တစ်ခါတည်း ယူလာတယ်။ ဒီကောင့်အိုင်ဒီယာ မိုက်တာပဲ။ ဘီယာဘူးက အေးစက်နေတယ်။ ဘီယာဘူးကို ဖောက်ပြီး ဖန်ခွက်ထဲ ငှဲ့ထည့်လိုက်တယ်။ ကျွန်တော်က ဘူးလိုက် မသောက်တတ်ဘူး။
“မင့်စော်နဲ့က ဘယ်လိုဖြစ်။” အပ်မှိုကင် တစ်မျှင် နှစ်မျှင်ကို တူနဲ့ ကောက်ဝါးရင်း ကျွန်တော် မေးလိုက်တယ်။
“မင်းသိတဲ့အတိုင်းပဲလေ။ သူက ရေပေါ်ဆီပဲ။ ချစ်တော့ချစ်ပါတယ်။ ဒါမျိုးတော့ မရဘူးလေကွာ။”
ဝေယံ့ကောင်မလေးက ဘွိုင်းကော့ကုမ္ပဏီ တစ်ခုမှာ လုပ်တယ်။ အာဏာစသိမ်း ကတည်းက သူက အလုပ်ထွက်ခိုင်းပေမယ့် ကောင်မလေးက မထွက်ခဲ့ဘူး။ မထွက်တဲ့အပြင် ဟိုတလောက ရာထူးတိုးလို့ ဆိုပြီး Facebook ပေါ်မှာ ကြွားလိုက်သေးတယ်။ ဒီအရေးမှာ ဘာမှ ဝင်မပါဘူးလား မေးရင် သူလည်း နိုင်သလောက် အလှူငွေထည့်တယ်လို့ ဖြေတတ်တယ်။ ဒါပေမယ့် သူတို့ရုံးက လူတွေနဲ့ TGIF အမြဲလုပ်တယ်။ Instagram မှာ ပလုံစီအောင် ပုံတင်တယ်။ ဝေယံ့ကို ခေါ်ပေမယ့် ဒီကောင်က တစ်ခါမှ မသွားပါဘူး။ မလာလို့ဆိုပြီး သူက စိတ်ဆိုးချင်သေးတယ်။ ခုမှ ပြတ်တာ နောက်တောင်ကျတယ် ပြောရမယ်။
“အေး၊ ငါလည်း ကြည့်မရဘူး။ ပြတ်သွားတာ ကောင်းတာပဲ။” ဘီယာတစ်ကျိုက် မော့ရင်း ကျွန်တော် ပြောလိုက်တယ်။
“အေးကွာ။ တွဲလာတာ သုံးနှစ်ကျော် ဆိုတော့ သံယောစဉ်တော့ ရှိတာပေါ့။ ယူမယ်တောင် တွေးခဲ့ဖူးတာပဲကို။ အမှတ်တရတွေလည်း အများကြီးပဲလေ။”
ဝေယံ့ အသံက မဆိုသလောက် တုန်နေတယ်။ သူတကယ် ခံစားနေရတာမလို့ ကျွန်တော် ဘာမှ မပြောတော့ဘဲ နားပဲ ထောင်နေလိုက်တယ်။ ကိုက်လန်ရွက်ကြော် တစ်ဇွန်းစားလိုက်ပြီးမှ သူစကားပြန်ဆက်တယ်။
“Survival of the fittest တဲ့။ လိုက်လျောညီထွေ နေထိုင်နိုင်ရမတဲ့။ မဖြစ်သင့်ဘူးကွာ။ ရှင်းနေတာကြီးကို။ မှန်တဲ့ဘက် မရပ်ဘဲ လိုက်လျောညီထွေ နေနေပြီး survival ဖြစ်နေရတာ ဘယ်လိုမှကို မဖြစ်သင့်ဘူး။”
ကျွန်တော် ဘာမှ မပြောသေးဘူး။ ထမင်းကြော်စားပြီး သူ့မျက်နှာကို ကြည့်နေလိုက်တယ်။ ကျွန်တော်တို့က ဘီယာသောက်တယ်သာ ပြောတာ ဗိုက်ပြည့်အောင် စားကြတာ များပါတယ်။ ဘီယာက အများဆုံး နှစ်ဘူးစီ လောက်ပဲ။
“ပြောသေးတယ်။ သူ့ကို တကယ်မချစ်လို့ ငါက ခုလိုတွေ ဖြစ်တယ်ဆိုပဲ။ ‘လူတစ်ယောက်ကို ချစ်ရင် ပြောင်းလဲဖို့ မကြိုးစားဘဲ အဲ့လူရဲ့ အရှိအတိုင်းကိုပဲ လက်ခံပြီး ချစ်နိုင်ရမယ်’ တဲ့။”
“အေးပါကွာ။ စောက်ရူးအထာတွေ။ ဟရောင်။ မတန်ဘူး။ အသည်းကွဲမနေနဲ့။ အသစ်ထပ်ရှာပေါ့ကွာ။” လို့ ကျွန်တော် ဝင်ပြောလိုက်တယ်။ သူ့ကောင်မလေးက လွန်တယ်လေ။
“ငါအသည်းကွဲလို့ သက်သက် ခုလို ဖြစ်နေတာ မဟုတ်ပါဘူးကွာ။ အလုပ်ကလည်း မရှိ၊ အနာဂတ်ကလည်း ပျောက်၊ ဒီတိုင်း စိတ်ပျက်နေလို့ပါ။”
“အေး … ဒါဆိုလည်း တခြားအကြောင်း ပြောကွာ။”
ဝေယံငြိမ်သွားတယ်။ ဘီယာကို မော့ရင်း ဘေးဘီကို ထပ်ကြည့်ပြန်တယ်။ ပြီးတော့ မျက်နှာရှုံ့လိုက်ပြီး
“ပြီးခဲ့တဲ့ နှစ်ရက်လောက်က ငါ့သူငယ်ချင်း အဖမ်းခံလိုက်ရတယ်။ ဒီတိုင်း CDM ပဲ လုပ်ထားတာကွာ။ နာမည်လည်း မထွက်ပါဘူး။ အဲ့တာကို ညသန်းခေါင် ရောက်လာပြီး တစ်အိမ်လုံး မွှေတယ်။ တော်သေးတယ်။ ဒီကောင်က ဖုန်းထဲက ဟာတွေ ဖျက်ထားလို့။ ဒါလည်း ခေါ်သွားတာပဲ။” လို့ ပြောတယ်။
“ဟုတ်လား။ ခုထိ ဖမ်းထားတာလား။”
“မဟုတ်ဘူး။ တစ်ညချုပ်ထားပြီး နောက်နေ့ ပြန်လွှတ်တယ်။ ပိုက်ဆံပေးရတာပေါ့ကွာ။ ဒီကောင့်ကို ကြည့်မရတဲ့ တစ်ယောက်ယောက်က သတင်းပေးလိုက်ပုံပဲ။ ဘောပဲ။ စောက်ခရိုနီတွေ ကလည်း သူတို့ကူရင် လွယ်မယ့်ဟာကို။ ပြည်သူကိုပဲ အနိုင်ကျင့်တတ်တယ်။” ဝေယံ့စကားက ခရိုနီတွေကို အပြစ်တင်တဲ့ဆီ ရောက်လာပါပြီ။
“မင်းလည်း မင်းပြောသလို အဆုံးထိ မလုပ်နိုင်သေးဘဲ၊ ရသေ့စိတ်ဖြေလောက် လုပ်နေတာပဲကို။” လို့ ပြောမယ် စဉ်းစားလိုက်သေးပေမယ့် မပြောဖြစ်ပါဘူး။ သူလည်း လုပ်သင့်သလောက် လုပ်နေတာ ကျွန်တော် သိတာပဲလေ။ အဲ့ဒီအစား
“ငါတို့ကိုက ကံဆိုးတာပါကွာ။ အိမ်နီးချင်းနိုင်ငံတွေကလည်း မကူ။ အမေရိကန်နဲ့ UN ကလည်း ဖိန့်နေတာနဲ့ ပြီး။ ပြည်သူတွေဆိုတာတော့ ဒီလောက်ပါကြတာပဲ ကျေးဇူးတင်ဖို့ ကောင်းနေပြီ။” လို့ပဲ ပြောဖြစ်တယ်။
“ကံတွေဘာတွေတောင် သိပ်မစဉ်းစားဖြစ်တော့ဘူး။ မအလ လုပ်ပုံနဲ့ ဒီကောင် မြေမြိုသင့်နေတာ ကြာပြီ။ ခုကျ သာသနာပြုမင်းလိုလို ဘာလိုလို။ ဘာလဲကွ။ လူတွေစိတ်ညစ်အောင်လုပ်၊ သတ်ဖြတ်ဖိနှိပ်ထားပြီး နာမည်ကြီး ဘုန်းကြီးတွေကို လှူပြတာနဲ့ ကုသိုလ်တွေ ရရောလား။”
“အေးလေ … ပိုက်ဆံတွေကလည်း မတော်မတရား ရှာထားတာတွေ။” လို့ ကျွန်တော် ထောက်လိုက်တယ်။ ဝေယံက စားပွဲထိုးတစ်ယောက်ကို လက်ယပ်ခေါ်ပြီး ဟန်နီကန် နောက်ထပ် နှစ်ဘူးလို့ ပြောတယ်။ ရေခဲသေတ္တာထဲ ထည့်ထားဖို့ မှာပြီး ဝက်နံရိုးကင် တစ်ပွဲ ထပ်မှာတယ်။
“မြန်မာပြည်က လူတွေ ဘာသာရေး လုပ်တာ အပေါ်ယံတွေပါကွာ။ ဒီမတရားမှုကြီးကို မျက်မြင်ကိုယ်တွေ့ မြင်နေပါရဲ့နဲ့ မဆိုင်သလိုနေပြီး ဘုရားသွားပြလိုက်၊ တရားစာတွေရှဲလိုက်နဲ့။ ငါတော့ ရယ်ချင်တယ်။ PDF လူငယ်တွေကိုကျ မကူဘူး။ ကလေးတွေ ရှင်ပြုပေးမယ် ဆိုတာက ရှိသေးတယ်။ တရားစာပေတွေ တကယ် ထဲထဲဝင်ဝင် လေ့လာမယ့် ရဟန်းမျိုးကို ရဟန်းခံပေးတာ သာဓုခေါ်ပါတယ်။ ခုဟာက ကလေးတွေ ရှင်ပြုပေးရင် အပါယ်ပိတ်မယ်ဆိုတဲ့ ဂျင်းကို ယုံပြီး လုပ်နေကြတာ။ ငါတော့ ရယ်ချင်တယ်။”
ရယ်ချင်တယ် ပြောပေမယ့် ဝေယံ မရယ်ပါဘူး။ ကျွန်တော်လည်း စိတ်တွေညှိုးလာတယ်။ ဝေယံ့ရဲ့ အစွမ်းတစ်ခု ပြောရမလား။ သူ့ဘေးကလူကို နာရီပိုင်းအတွင်း မပျော်မရွှင် ဖြစ်သွားစေနိုင်တယ်။ နိုင်ငံရေးတွေ မပါခင်ကလည်း “ဘယ်သူတွေ ဘယ်လို အဆင်ပြေနေတာ၊ ငါတို့ပဲ ခွေးဖြစ်နေတယ်။” ဆိုပြီး ဥပမာ ဥပမေယျတွေနဲ့ အမြဲ ပြောတတ်တဲ့ကောင်။
တစ်ခါတလေ မြို့ထဲများ သူနဲ့ အတူသွားမိရင် တိုက်တွေ၊ ခြံတွေ၊ ကားအကောင်းစား တွေကို မေးငေါ့ပြပြီး “ငါတို့တစ်သက် သူတို့လို ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။” လို့ ပြောတတ်တယ်။ စူပါမားကတ်တွေ၊ ဖက်ရှင်ဆိုင်ကြီးတွေနဲ့ ခုလို စားသောက်ဆိုင်တွေကို ဝင်မိရင်လည်း “ငါတို့က အမြဲတန်း ပိုက်ဆံ ပေးရတဲ့သူပဲ၊ ပိုက်ဆံ ယူရတဲ့သူကို မဖြစ်သေးဘူး။ ဖြစ်လာမှာလည်း မဟုတ်ပါဘူးကွာ။” လို့ ပြောတတ်တယ်။
“ကြိုးစားရင် ဖြစ်ပါတယ်ကွ။” လို့ တစ်ခါတော့ ကျွန်တော် ပြန်ပြောဖူးတယ်။
“ခုလောက် ချမ်းသာနေတဲ့ သူဌေးတွေထဲမှာ ငါတို့လို သာမန်မိသားစုကနေ ဆင်းသက်လာတဲ့သူ ဘယ်နှယောက် ပါမယ် ထင်လဲ။ တစ်ယောက်မှ မပါဘူးဟ။ အောက်ခြေကနေ ချမ်းသာသွားသူ ဘာညာဆိုတာ နိုင်ငံခြားမှာပဲ ရမယ်။ မြန်မာပြည်မယ် မဖြစ်နိုင်ဘူး။” လို့ သူ ပြန်ပြောတယ်။
ကျွန်တော်လည်း “မင်းကတော့ တကယ်ကို စိတ်ညစ်အောင် ပြောတတ်တဲ့ကောင်။” လို့ ပြောပြီး စကားဖြတ် ရပါတယ်။ သူနဲ့ပြောပြီးရင် လောကကြီးကို မကျေနပ်သလိုလို၊ အရှုံးပေးချင်သလိုလို၊ ကိုယ့်ကိုကိုယ် သိမ်ငယ်သလိုလို ဖြစ်လာတာတော့ အမှန်။
………..
ဆယ့်တစ်ခွဲလောက်မှ ကျွန်တော်နိုးတယ်။ ဖုန်းကို ကြည့်တော့ မက်စင်ဂျာမှာ ယုယု စကားပြောထားတာ တွေ့တယ်။ သူ ခု အင်္ဂလိပ်စာ လုပ်နေတာတဲ့။ စင်ကာပူပြန်ဖွင့်တာနဲ့ စင်ကာပူကို သွားမယ်တဲ့။ အဲ့တာ သူ့မှာ speaking လေ့ကျင့်ဖော် မရှိလို့ ကျွန်တော့်ကို ခေါ်တာပေါ့။ ကျွန်တော်လည်း အားနေတာမို့ “ရတယ်” လို့ပဲ ပြောထားလိုက်တယ်။
ရေချိုးရင်း ငယ်ငယ်က အဖြစ်အပျက်တစ်ခုကို သွား သတိရတယ်။ ကမ်းခြေမှာ ဘောကွင်းစီးနေကြတာ။ စက်စဲ ဖြစ်မယ်။ ကျွန်တော်က အဖြစ်အပျက်တွေကို မှတ်မိပေမယ့် နာမည်တွေဆို သိပ်မမှတ်မိချင်ဘူး။ မေမေ့အသိ အဒေါ်ကြီးနဲ့ သူ့သားလည်း ပါတယ်။ သူ့သားက ကျွန်တော့်ထက် နည်းနည်းငယ်တယ်။ ဒီကောင့်ကို ကျွန်တော် ကြည့်မရဘူး။ တစ်ညနေကျ အဲ့ကောင်လေးစီးတဲ့ ဘောကွင်းက တော်တော်ဝေးဝေးကို ရောက်သွားတယ်။ ဘယ်သူမှ သတိမပြုမိကြဘူး။ ကောင်လေးကိုယ်တိုင်လည်း သတိမထားမိဘူး။ အဲ့ဒီအချိန်က ခံစားချက်ကို ကျွန်တော် ပြန်သတိရနေတာ။ ကျွန်တော့်စိတ်ထဲမှာ ပျော်တာလည်း မဟုတ်၊ ကျေနပ်တာလည်း မဟုတ်၊ ခံစားလို့တော့ ကောင်းနေတယ်။ သူ့ဘေးမှာ ဘယ်သူမှ မရှိတာကို သူသိသွားပြီး ငိုမှာကို ကျွန်တော် စောင့်နေမိတယ်။ ပြီးရင် ကျွန်တော် သူများတွေကို ပြောလိုက်မယ် ပေါ့လေ။ ဒါပေမယ့် လှိုင်းတစ်လုံး အပုတ်မှာ သူ ကျွန်တော်တို့နား ပြန်ရောက်လာတယ်။
အသက်ကြီးလာချိန်မှာ ဒီအဖြစ်အပျက်က ကျွန်တော့်ခေါင်းထဲ ရံဖန်ရံခါ ရောက်ရောက်လာတယ်။ ကျွန်တော် တကယ်မကောင်းခဲ့တာပဲ၊ ကောင်လေး ပင်လယ်ထဲပါသွားပြီး ကယ်မရဖြစ်ခဲ့ရင်ရော … စတဲ့ အတွေးတွေနဲ့ပေါ့။
………….
ကျွန်တော် ကော်ဖီဆိုင် အပေါ်ထပ်ကို ရောက်တော့ ယုယုက INTERCHANGE စာအုပ်ကို ဖတ်နေတယ်။
“အမှန်အကန် လုပ်နေပြီလားဟ။” လို့ ကျွန်တော် နှုတ်ဆက်လိုက်တယ်။
“အေး ... လုပ်မှ ရတော့မယ်။ ထွက်ပြေးတာတော့ မဟုတ်ပါဘူးဟာ။ ဒါက အစကတည်းက ငါ့အိပ်မက်ဆိုတာ နင်လည်း သိတာပဲ။” လို့ ယုယုက မလုံမလဲ ပြောပါတယ်။
“ငါက ဘာပြောနေလို့လဲ။ ထွက်ပြေးတော့လည်း ဘာဖြစ်လဲ။ ဟိုဘက်ကနေဆို လွတ်လွတ်လပ်လပ်တောင် ပိုကူနိုင်ဦးမယ်။ ဒီမှာ သိပ်မလုပ်နိုင်တဲ့ သူတွေအတွက် နိုင်ငံခြားသွားတာ ကောင်းတာပဲ။”
“ငါလည်း ကူနိုင်တာတော့ ကူနေပါတယ်ဟ။ ကလစ်လည်း ပုံမှန်လုပ်နေပါတယ်။ ဟိုရောက်ရင်တော့ နင်ပြောသလို ပိုကူနိုင်လောက်တယ်။ ငါ့အစ်မဆို တစ်လတစ်လ မနည်းဘူး။ ကူနိုင်တယ်လေ။” လို့ သူ ခပ်ရွှင်ရွှင် ပြောတယ်။
လာချတဲ့ ကော်ဖီကို တစ်ငုံငုံပြီး ကျွန်တော် သူ့ဘေးက စာအုပ်ကို လှန်ကြည့်လိုက်တယ်။ တက္ကသိုလ်တက်စဉ် ကတော့ ဒါမျိုး စာအုပ်တစ်အုပ် ဝယ်ဖူးတယ်။ ဖတ်တော့ မဖတ်ဖြစ်ခဲ့ဘူး။
“ငါက SPEAKING လိုနေတာ။” လို့ ယုယုက စပြောတယ်။
“ငါလည်း အဲ့လောက်မပြောတတ်ဘူးလေ။” လို့ ကျွန်တော် ပုခုံးတွန့်ရင်း သူ့ကို ပြန်ပြောလိုက်တယ်။
“နင့်အရင်အလုပ်မှာ အင်္ဂလိပ်လို ပြောရတယ် မလား။”
“နည်းနည်းပါဟာ။”
“ဘာပဲဖြစ်ဖြစ် နည်းနည်းလည်း နည်းနည်းပေ့ါ။”
အဲ့ဒီနေ့က ကျွန်တော်တို့ စ လေ့ကျင့်ဖြစ်တယ်။ would you rather …? ဆိုတဲ့ Pattern တစ်ခုကို သူရွေးထားတယ်။ နှစ်မျိုးထဲက တစ်မျိုးရွေးရတဲ့ ဂိမ်းပေါ့လေ။ ပျော်ဖို့ကောင်းပါတယ်။
“ကေပေါ့မြူးဇစ် တစ်ခုတည်းကို တစ်သက်လုံး နားထောင်မလား၊ ဂျပန် အားနီးမဲ တစ်ခုတည်းကို တစ်သက်လုံး ကြည့်မလား။” လို့ သူစမေးတယ်။ ကျွန်တော် နှစ်ခုစလုံးကို မကြိုက်တာ သူသိတယ်။ သူကျေနပ်အောင် စဉ်းစားချင်ယောင်ဆောင်ပြီးမှ “အာနီးမဲ” လို့ ပြောလိုက်တယ်။ တကယ်တန်းကျ ဘာဖြေဖြေ အရေးမှ မပါတာ။ တကယ် ဖြစ်တာမှ မဟုတ်။
“ဘာလို့လဲ။” လို့ သူမေးတယ်။
“နင်ပြောတဲ့ နှစ်မျိုးလုံးမှာ ငါကြိုက်တာတွေ ရှိပါတယ်။ ဒါပေမယ့် သူ့အဖေနဲ့ အမေ ဝက်ဖြစ်သွားတဲ့ ကလေးမလေး ကားလေ၊ အဲ့ဒီကားကြောင့် အာနီးမဲကို ရွေးတာ။” လို့ ကျွန်တော် ရှင်းပြလိုက်တယ်။
“အော် … ငါသိတယ်။ Sprinted Away.” လို့ သူပြောတယ်။ ဟုတ်တယ်။ Sprinted Away. ကျွန်တော်ခေါင်းညိတ် ပြလိုက်တယ်။
“နောက်တစ်ခု … နင့်မှာ အရမ်းခင်ရတဲ့ သူငယ်ချင်းရှိတယ်။ ဒါပေမယ့် သူ့ကို နင်မချစ်ဘူး။ သူနဲ့ခင်ခင်မင်မင် ဆက်နေချင်ရင် သူ့ကို ယူရမယ်၊ ဒါမှမဟုတ် သူ့ကို တစ်သက်လုံး ဘဝထဲက ထုတ်ပစ်ရမယ်။ ဘာလုပ်မလဲ။”
ယုယုက တစ်ခါတလေ ဒီလို ခေါင်းစားတာတွေ ရှာရှာဖွေဖွေ မေးတတ်တယ်။ ဒါပေမယ့် အေးဆေးပါ။ ဒါက ဂိမ်းတစ်ခုပဲဟာ။
“လွယ်လွယ်လေးပဲ။ သူ့ကို လက်ထပ်လိုက်မယ်။ ပြီးရင် သူငယ်ချင်းလို နေသွားမှာပေါ့။”
ယုယု ရယ်လိုက်တာ တော်တော်ကျယ်သွားပါတယ်။ ဘေးဝိုင်းက ကောင်လေးတွေတောင် လှမ်းကြည့်တယ်။ အဲ့ခါကျမှ ဇတ်ပုပြီး သူပြောတယ်။
“နင်မေးတော့ …” တဲ့။
“ငါက တစ်ခုပဲ မေးမယ်ဟာ။ စင်ကာပူ အပါအဝင် နင်သွားချင်တဲ့ ဘယ်နေရာကိုမှ နင်မသွားရဘူး။ မြန်မာပြည်မှာပဲ နေရမယ်။ ရန်ကုန်မှာပဲ နေရမယ်။ ဟိုကောင်တွေတော့ ရှုံးသွားမယ်။ နောက်တစ်ခုက နင်က စင်ကာပူမှာ အဆင်ပြေ နေမယ်၊ ဟိုကောင်တွေ နိုင်သွားပြီး မြန်မာပြည်ကို အကြာကြီး အုပ်ချုပ်မယ်။”
ကျွန်တော့်မေးခွန်း အဆုံးမှာ သူ မျက်နှာတည်သွားတယ်။ နှုတ်ခမ်းတွေကို သူစေ့တယ်။ ပြီးတော့ ကောက်ခါငင်ခါ ပြောတယ်။
“ပြန်တော့မယ်ဟာ” တဲ့။ သူ့ကို စော်ကားသလို ဖြစ်သွားတာလားပဲ။ ဒါပေမယ့် ဒါက ဂိမ်းတစ်ခု ပဲလေ။ ကျွန်တော် ဘာမှ မရည်ရွယ်ပါဘူး။
…………..
ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ယောက် စိတ်ဆိုးသွားမှာကို တော်တော်လေး ကြောက်ခဲ့ဖူးတယ်။ သူတို့ အမူအယာတွေကို အသေးစိတ် လိုက်ကြည့်ပြီး ကိုယ့်အပေါ် ဆက်ဆံပုံ တစ်ခုခု ချို့ယွင်းနေပြီ ဆိုတာနဲ့ ငါ သူမကြိုက်တာ ဘာများ လုပ်မိလို့လဲ၊ ဘာစကားများ မှားမိလဲ ဆိုပြီး ခေါင်းပူအောင် စဉ်းစားမိတယ်။ ပြီးရင် သူ့ကို အရင်ကထက် ပိုရောတယ်၊ ပိုကောင်းပြတယ်။ နောက်ပိုင်းကျ ရင့်ကျက်လာတယ် ပြောရမလား။ သူတို့ စိတ်ဆိုးနေမှန်းတောင် မသိတာတွေ ရှိတယ်။ သိခဲ့ရင်လည်း ငါဘယ်နားမှားသွားလဲ တကူးတက ရှာမနေတော့ဘူး။ ကိုယ်တကယ်မှားတာဆို တောင်းပန်စရာရှိ တောင်းပန်လိုက်တယ်။ မမှားဘူးထင်ရင် ဒီတိုင်းထားလိုက်တယ်။ ဒီလိုနေရတာ တကယ်စိတ်ချမ်းသာတယ်။ သူငယ်ချင်းဆိုတာကလည်း အသေးအဖွဲလေးတွေကအစ အထအန ကောက်နေလို့ မရဘူးလေဗျာ။ တော်ရုံတန်ရုံ ကိစ္စတော့ နားလည်မှု ရှိကြပေါ့။ သူငယ်ချင်းတွေကြားက ရင်းနှီးမှု ဆိုတာ တူညီမှုတွေ၊ ကြာချိန်တွေနဲ့ တိုင်းလို့ မရဘူး။ နားလည်ပေးနိုင်စွမ်းနဲ့ပဲ တိုင်းလို့ ရတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်တယ်။
ယုယုကိုတော့ စာတွေပို့ပြီး တောင်းပန်လိုက်ပါတယ်။ “နင်နဲ့ငါ အကြောင်းသိတွေပဲ၊ နင့်စိတ်ဘယ်လိုရှိလဲ ဆိုတာ ငါသိပါတယ်။ ငါ့စိတ် ဘယ်လိုရှိလဲ ဆိုတာလည်း နင်သိပါတယ်။” ဘာညာ စမာကလာ ပေါ့။ သူစိတ်ဆိုးတာ ခဏပါ။ အရင်ကလည်း သုံး၊လေးခါ ဆိုးဘူးတယ်။ ကျွန်တော့်ဘက်က သူ့အပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ခါမှ မမှားဘူးလို့ နောက်တော့လည်း သူစိတ်ဆိုးပြေသွားရော။ ခုတစ်ခေါက်လည်း ရက်ပိုင်းနဲ့ သူပြန်လာခေါ်ပါတယ်။ ကျွန်တော်တို့တွေ တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက် ကော်ဖီဆိုင်ကို သွားတယ်။ ကပူချီနို နှစ်ခွက်မှာတယ်။ ခရုခွေမုန့်လား ဘာလား၊ အလိပ်လိပ်နဲ့မုန့် နှစ်ခုမှာတယ်။ ပြီးတော့ အင်္ဂလိပ်စကားပြော လေ့ကျင့်ဖြစ်ကြပါတယ်။
…………..
အပြင်မှာ နေတော်တော်ပူနေတယ်။ တိုက်ခန်းဝရန်တာကနေ အပြင်ကို လှမ်းကြည့်လိုက်တာ မျက်လုံးတွေတောင် ကျိန်းတယ်။ ဒါနဲ့ ဖုန်းကိုပဲ ပြန်ကြည့်ပြီး ကလစ်နေလိုက်တယ်။ ဆုရတနာဂိမ်းကတော့ ကျွန်တော် level 1 ကနေ မတက်ဘူး။ သတင်း app မှာလည်း ရာထူးတွေတော့ တိုးနေတာပဲ။ ရုတ်တရက် သီရိကို သတိရမိတယ်။ သူနဲ့ အဆက်အသွယ် ပြတ်သွားတာ တော်တော်တောင် ကြာနေပြီ။ ကျွန်တော်က အမြဲမေ့တတ်တယ်။ သူခက်ခဲနေချိန်မှာ ကျွန်တော် သတင်းလောက်တော့ မေးရမှာမလား။ ချက်ချင်းပဲ သူ့ကို မက်စင်ဂျာမှာ ရှာလိုက်တယ်။ သူ offline ဖြစ်နေတယ်။ ဒါနဲ့ အပြင်ဖုန်းကနေပဲ ခေါ်လိုက်တယ်။ ဖုန်းဝင်ပေမယ့် မကိုင်ပါဘူး။ နောက်တစ်ကြိမ် ထပ်ခေါ်လိုက်တယ်။ မကိုင်ပြန်ဘူး။ နောက်ထပ် နှစ်ကြိမ်အပြည့် ခေါ်အပြီးမှာ ကျွန်တော် ရပ်လိုက်တယ်။ ဒီလောက်ဆို ကျွန်တော် အရေးတကြီး ပြောစရာရှိတယ်လို့ သူထင်သွားလောက်ပါပြီ။
FRIENDS စီးရီးရဲ့ အပိုင်းတစ်ပိုင်းကို ပြန်ဖွင့်ကြည့်ရင်း သူဖုန်းပြန်ဆက်လာမှာကို စောင့်နေလိုက်တယ်။ အမ်မလီနဲ့ ရော့ခ် မင်္ဂလာဆောင်ကြတဲ့အခန်း။ ကျွန်တော်က ရော့ခ်ကို အမ်မလီနဲ့ သဘောတူတယ်။ အမ်မလီက ချစ်စရာကောင်းတယ်။ သူ့ရဲ့ ဗြိတစ်လေသံကြောင့်လည်း ပါမလားပဲ။ သူတို့တွေ့တာ မကြာသေးဘူး ဆိုပေမယ့် သူတို့ တကယ်ချစ်ကြတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် ကိုယ့်လူက လူရှေ့သူရှေ့ ကတိကဝတ်ပြုမှပဲ အမ်မလီလို့ ပြောရမယ့်အစား တောက်လျှောက်ချစ်လာခဲ့တဲ့ ရေချယ့်နာမည်ကို မှားပြောလိုက်တယ်လေ။ စစကြည့်ကြည့်ချင်း ဒီဇာတ်ကွက်က အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်ထင်ခဲ့သေးတယ်။ နောက် ကြာလာတော့ ဒါဖြစ်တတ်တာပဲဆိုတာ လက်ခံလာတယ်။ ခင်ဗျား တစ်ချိန်လုံး မက်ခဲ့ရတဲ့ အိပ်မက်တစ်ခု နေရာမှာ တခြားတစ်ခုကို အစားထိုး ပိုင်ဆိုင်ရမယ်ဆိုရင် အဲ့တစ်ခုကို ခင်ဗျား ဘယ်လိုပဲ မြတ်နိုးတန်ဖိုး ထားတယ် ပြောပါစေဦးတော့၊ ရေရှည်မက်ခဲ့ရတဲ့ အိပ်မက်ကို ခင်ဗျား ရုတ်တရက်ဖြစ်ဖြစ် ပြန်တမ်းတမိမှာပဲ မလား။
အပိုင်း နှစ်ပိုင်းလောက် အပြီးမှာ သီရိဆီက ဖုန်းဝင်လာပါတယ်။
“ဟယ်လို” တဲ့။ သူ့အသံကို ကျွန်တော်မမှတ်မိတော့သလိုပဲ။ တစ်ခုခုပေနေတဲ့ လက်နဲ့ ဖုန်းရဲ့ FINGER PRINT ကို ဖွင့်ရင် မပွင့်သလိုမျိုး။
“ဟယ်လို။ ပြောလေ။ ဘာပြောမလို့လဲ။”
သူ့အသံကို ဒုတိယအကြိမ်ကြားမှ ကျွန်တော် သတိပြန်ဝင်လာတယ်။
“ငါအလုပ်များနေတာနဲ့ နင့်ဆီ ခုမှ ဆက်မိတာ။ ဘာတွေထူးလဲ သိချင်လို့။”
ဒီတစ်ခါ သူ့ဖက်က အသံတိတ်သွားတယ်။ ခဏနေမှ “ဒီလိုပါပဲ။” လို့ သူပြောတယ်။
“မဟုတ်သေးဘူးလေဟာ။ နင့်ကို အဆက်အသွယ်မလုပ်လို့ စိတ်ဆိုးနေတာလား။ ငါတောင်းပန်ပါတယ်။ ငါ့မှတ်ဉာဏ် အလုပ်လုပ်ပုံက LINEAR မဟုတ်ဘူး။ CURVE လိုမျိုး။ ဘယ်လောက်အရေးကြီးတဲ့ ကိစ္စဖြစ်ဖြစ် CURVE ထိပ်ကို ရောက်တဲ့အချိန်မှ အပြင်းအထန် သတိရမိတတ်တာမို့ပါ။”
သူငြိမ်နေသေးတယ်။ ခဏနေမှ “နည်းနည်းတော့ စိတ်ထဲ စနိုးစနောင့် ဖြစ်မိတာ ဝန်ခံပါတယ်။ ဒါပေမယ့် ငါလည်း အပူမပေးချင်တာနဲ့ မဆက်သွယ် ဖြစ်တာပါ။ ဘာမှ မဖြစ်ပါဘူး။” လို့ ပြောတယ်။
“အေးပါ။ ခုရက်ပိုင်း ဘာတွေ လုပ်ဖြစ်လဲ။”
သူ့ဖက်က အသံတိတ် သွားပြန်တယ်။
“ငါ ခု အစ်ကိုကြီး တစ်ယောက်နဲ့ တွဲနေတယ်။” လို့ သူ တစ်လုံးချင်းစီ ပြောတယ်။ ဒီတစ်ခါ ကျွန်တော် အသံတိတ် အလှည့်ပါ။
“သူက စကားပြောကောင်းတယ်။ သူနဲ့ စကားပြောနေရရင် ငါ့ပြဿနာတွေ ခဏပျောက်သွားသလိုပဲ။” လို့ ကျွန်တော်မမေးဘဲ သူ ဆက်ပြောနေတယ်။
“အေးပါ။ ဒါလည်း လိုအပ်တာပဲ။ တစ်ယောက်တည်း ကျိတ်ခံစားနေမယ့် အစားလေ။ ရင်ဖွင့်ဖော် ရှိတာ ကောင်းတာပေါ့။”
“နိုး … နိုး။ သူ့ကို ငါ့ပြဿနာတွေအကြောင်း ငါဘာမှ မပြောဘူး။ ငါ CDM လုပ်ထားတယ် ဆိုတာလောက်ပဲ သူသိတာ။ ရှိုင်းသူအကြောင်း သူမသိဘူး။ ရှိုင်းသူကိစ္စကြောင့် ငါ့ဦးလေးရော ငါတို့အိမ်ရော ငွေတွေကုန်ပြီး စိတ်ပင်ပန်းနေရတာ သူမသိဘူး။ ငါ အိမ်မှာ လူပိုလို ဖြစ်နေပြီး ဘာမှ ဝင်မကူနိုင်လို့ စိတ်ညစ်နေတာ သူမသိဘူး။ ဒီတိုင်းပဲ သူက သူ့အတွေ့အကြုံတွေ ပြောတယ်။ သူဖတ်ထားတာတွေ ပြောတယ်။ တစ်ခါတလေ သူနဲ့တွဲဖူးတဲ့ ကောင်မလေးတွေ အကြောင်း ပြောတယ်။ ဘာပြောပြော သူက ရယ်ရအောင် ပြောတတ်တယ်။” လို့ သူ ဆက်တိုက် ပြောတယ်။
“ရှိုင်းသူအမှုက မပြတ်သေးဘူးမလား။”
“အင်း။ ဒါပေမယ့် တစ်သက်တစ်ကျွန်း အနည်းဆုံးပဲတဲ့။”
သီရိအသံက ကျွန်တော့်ခေါင်းထဲက သီရိဆိုတဲ့ အကန့်ကို အပြည့်အဝ ဖွင့်လိုက်နိုင်ပါပြီ။
“မနက်ဖြန် တွေ့ကြမလား။ ဟိုတစ်ခါ ဆိုင်က သီးသန့်ခန်းမှာလေ။” လို့ ကျွန်တော် ပြောလိုက်တယ်။
“မနက်ပိုင်းဆို ရတယ်။” လို့ သူပြန်ဖြေပါတယ်။
“အိုကေလေ။ ၉နာရီလောက်ပေါ့။”
“အင်း၊ ၉နာရီ။” ပြောပြီး သူဖုန်းချသွားပါတယ်။
…………..
တက္ကသိုလ် ပထမနှစ်မှာ ကျွန်တော် ရည်းစားစထားတယ်။ တက္ကသိုလ်ရောက်ရင် မဖြစ်မနေ ကြိုးစားရတာတွေထဲ ရည်းစားထားဖို့ ပစ်မှတ်ထားတာ ပါတယ်မလား။ သူငယ်ချင်းကတော့ အတူထိုင်ဖြစ်တဲ့ ဝေယံတို့နဲ့ပဲ အဖွဲ့ကျသွားပါတယ်။ အာကြီးကတော့ ဒုတိယနှစ်မှ သူ့အဆောင်သွားရင်း ခင်တာ။ ခုပြောမှာက ရည်းစားဦးအကြောင်း။ သူက သိပ်မချောဘူး။ မချောလို့လည်း ကျွန်တော့်ကို ပြန်ကြိုက်တာ နေမှာပေါ့။ ကျွန်တော်တို့ ရုပ်ရှင်သွားကြည့်တယ်။ ကန်ဘောင်သွားထိုင်တယ်။ သူစားချင်တဲ့ ဝက်သားတုတ်ထိုးဆိုင်တွေ ရောက်တယ်။ တည်းခိုခန်းလား … မရောက်ဖြစ်ခဲ့ပါဘူးဗျာ။ ၃လလောက်တွဲပြီး ပြတ်သွားတယ်။ ကျောင်းတွေပိတ်ချိန် သူ့မွေးနေ့မှာ ဖုန်းဆက်ဖို့ကို မေ့နေရာက စ ပြတ်တာပဲ။ မေ့တာကလည်း တစ်ရက်တည်းပါ။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီး ဂိမ်းဆော့နေကြတာနဲ့ မေ့သွားတာ ထင်တယ်။ ကျွန်တော်သတိရလို့ ဖုန်းဆက်တော့ သူမကိုင်ဘူး။ ကျွန်တော်လည်း ထပ်မဆက်ဖြစ်သလို သူလည်း ပြန်မဆက်ခဲ့ဘူး။ အပြင်မှာ တွေ့တော့လည်း ရှောင်ဖြစ်ကြတယ်။ FACEBOOK မှာတော့ သူငယ်ချင်း တွေပေ့ါ။ ဟိုနေ့ကတောင် သူ ကိုရီးယားက ပုံတွေ တင်ထားတာ တွေ့လိုက်သေးတယ်။
တည်းခိုခန်းရောက်တာက ဒုတိယနှစ်။ ကျွန်တော့်ရဲ့ ပထမအကြိမ်။ သူကတော့ ဒုတိယအကြိမ်။ ပထမဆုံးအခေါက်က နာလို့ ခဏနဲ့ ရပ်လိုက်ရတာတဲ့။ ပြောတာပဲ။ သူ့မှာ ရှိသင့်တာတွေ ရှိပြီး မျက်နှာကလည်း ကြည့်ပျော်ရှုပျော်။ ဒါပေမယ့် သူ့အော်သံက ကျွန်တော့်ကို စိတ်ပျက်စေတယ်။ စကားပြောနေရင် နားထောင်လို့ ကောင်းတယ်ဗျ။ အသံမကောင်းတာမျိုး မဟုတ်ဘူး။ ခုလိုအော်လိုက်ရင်သာ တစ်မျိုးကြီး ဖြစ်နေတာ။ မပြောတတ်ဘူး။ ကျွန်တော့်လိင်တံ ပျော့ကျသွားလို့ “ငါအပြင်မှာ ပြီးလိုက်တယ်။” လို့ပြောပြီး ကွန်ဒုံးကို အမြန်ချွတ်၊ လွှင့်ပစ်လိုက်ရတယ်။ ပြီးတော့ သူ့ကို ထပ်မဆက်သွယ် ဖြစ်တော့ဘူး။ သူကလည်း ဒါမျိုးလုပ်ပြီး မဆက်သွယ်လို့ စိတ်နာတယ် ထင်ပါရဲ့။ ကျွန်တော့်ကို မဆက်သွယ်တော့ဘူး။ သူ့ကိုလည်း Facebook မှာ ကျွန်တော် ရှာကြည့်ဖူးတယ်။ ဆန္ဒပြပွဲတစ်ခုမှာ သူကြွေးကြော်နေတဲ့ ဗီဒီယိုဖိုင်လေး သူတင်လိုက်သေးတယ်။ ထူးဆန်းတယ်။ အဲ့ဒီ ဗီဒီယိုထဲက သူကြွေးကြော်နေသံကို နားထောင်ပြီး သူနဲ့လုပ်ခဲ့တဲ့ အဖြစ်အပျက်ကို သတိရသွားတယ်။ ကျွန်တော် စိတ်ထလာတယ်လေ။
………….
ကိုးနာရီ မတ်တင်းလောက်မှာ ကျွန်တော်ဆိုင်ကို ကြိုရောက်နေတယ်။ မနက်စောစော မထဖြစ်တာ ဘယ်လောက် ကြာပြီလဲတောင် မသိတော့ဘူး။ ဆိုင်ကတော့ ဖွင့်နေပြီ။ တနေကုန် ဖွင့်တဲ့ စားသောက်ဆိုင် သဘောမျိုးပါပဲ။ မနက်စာတွေလည်း ရတယ်။ ကိုးနာရီအတိလောက်မှာ သီရိဆီက ဖုန်းဝင်လာတယ်။ သူထွက်လာနေပြီတဲ့။ ငါက ရောက်တောင်နေပြီ လို့ ပြောလိုက်တော့ တယ်ဝီရိယ ကောင်းပါလား လို့ ပြောပြီး ဖုန်းချသွားတယ်။
“နင်ပြောချင်တာ ရှိရင် ပြောနော်။ နေ့တိုင်း သီချင်းပဲ နားထောင်ဖြစ်နေတော့ အပြောင်းအလဲ ဖြစ်အောင် နင်ပြောတာ လာနားထောင်တာ။” လို့ ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။ ဒီတစ်ခါ အခန်းက ပြတင်းပေါက် ပါတယ်။ မနက်ခင်း နေရောင်က ပြတင်းပေါက်ကနေ ဖြာကျနေတယ်။ ကားတွေက လမ်းမပေါ်မှာ ပြေးလွှားနေကြတယ်။ ဒီမြင်ကွင်းကို ကျွန်တော် မမြင်ရတာ ကြာပြီ။
“ကားတွေ အတော်များတာပဲ။ လမ်းတွေတောင် ပြန်ပိတ်နေပြီ။” လို့ သီရိ စကားစတယ်။ ပြီးတော့ “ငါ ကားတိုက်ခံရဖူးတယ်။” လို့ ဆက်ပြောပါတယ်။
“ဟုတ်လား။ ဘယ်တုန်းကလဲ။”
“အင်း။ ခုနှစ်တန်းနှစ်က။ ကျောင်းနောက်ကျလို့ ငါလမ်းကို အမြန်ဖြတ်ကူးတာ။ ငါ့နောက်ကျောကို လေတိုးသလိုမျိုး ခံစားလိုက်ရတယ်။ ပူလည်းပူသွားတယ်။ ငါ့ဆံပင်တွေ နည်းနည်းတောင် ကျွတ်ပါသွားသေးတယ် ထင်တယ်။ ငါလန့်သွားပေမယ့် အဲ့ဒီအချိန်မှာ ကျောင်းကိုပဲ ရောက်ချင်နေခဲ့တာ။” ပြောပြီး သူ ကားလမ်းကို ကြည့်နေတယ်။
“ကျောင်းတက်ခေါင်းလောင်းထိုးတော့ ငါကျောင်းဂိတ်ပေါက်ကို ရောက်နေပြီ။ ငါပျော်သွားတယ် သိလား။ ကားတိုက်ပြီး သေမလို ဖြစ်တာကို လွတ်ခဲ့လို့ မဟုတ်ဘူး။ ကျောင်းနောက်မကျလို့တဲ့။ ပြန်တွေးကြည့်ရင် ကြောင်တောင်တောင်ပဲ။”
“နင့်နောက်ကျောကို သေချာ ပြန်မကြည့်ဘူးလား။ ဘာဖြစ်သွားသေးလဲ။” လို့ ကျွန်တော် မေးလိုက်တယ်။
“အဲ့ဒီတုန်းက မကြည့်ဖြစ်ဘူး။ ဒီအကြောင်း ဘယ်သူ့ကိုမှလည်း မပြောဖြစ်ဘူး။ ရေချိုးတော့ နည်းနည်းနာသလို ခံစားရပေမယ့် ဒီတိုင်းထားလိုက်တယ်။ မှန်ကနေတော့ တစ်ခါ ကြည့်ဖူးတယ်။ ဘာမှ ထွေထွေထူးထူး မတွေ့ပါဘူး။” ပြောရင်း နောက်ကျောကို သူ စမ်းလိုက်ပါသေးတယ်။ “အဲ့ဒီနောက်ပိုင်း အိပ်မပျော်တဲ့ ညတွေဆို နောက်ကျောက အောင့်သလိုလို ဖြစ်ပေမယ့် စိတ်ကြောင့်လို့ ထင်တာနဲ့ အိမ်ကိုတောင် မပြောဖြစ်ဘူး။ ကျန်တာလည်း ဘာမှ မဖြစ်ပါဘူး။”
“နင့်ဟာကလည်း ဟိုသတင်းထဲကလို ဖြစ်နေဦးမယ်။ ခေါင်းထဲမှာ အပ်လို အချွန်အသေးလေး ဝင်နေတာကို နှစ်ပေါင်းများစွာ မသိတဲ့ လူကြီးတစ်ယောက် ဆိုတာလေ။ စိတ်ရှင်းသွားအောင် ဆေးခန်းပြတာ မဟုတ်ဘူး။” လို့ ကျွန်တော် အပြစ်တင်သလို သူ့ကို ပြောလိုက်တယ်။
“ငါမှ စိတ်မရှင်းချင်တာ။ ဒီအဖြစ်အပျက်ကို ငါမှတ်မိနေချင်တယ်။ ဒီအဖြစ်အပျက်ရဲ့ ရလဒ်အနေနဲ့ ငါ့နောက်ကျောက အောင့်သလိုလိုလေး ပေါ်ပေါ်လာတတ်တာကိုလည်း ငါစွဲလန်းနေပြီ။ ဒါကြောင့် ငါ ဒီတိုင်း ထားထားတာ။”
“အေးပါ။ ဒါဆို ခု ငါ့ကို ဘာလို့ ပြောပြတာလဲ။ ငါဘာလုပ်ပေးရမလဲ။”
သီရိ ကျွန်တော့်ကို ဖျတ်ခနဲ ကြည့်တယ်။ ပြီးတော့ စတော်ဘယ်ရီမစ်ရှိတ်ကို ပိုက်နဲ့စုပ်တယ်။ ခေါင်းငုံ့ထားရင်း
“လျှို့ဝှက်ချက်အဖြစ် သိမ်းထားပေးလေ။” လို့ ပြောပါတယ်။
“စိတ်ချပါ။” လို့ ပြောပြီး ကျွန်တော်လည်း ကျွန်တော့်ရှေ့က သံပုရာရည်ကို သောက်နေလိုက်ပါတယ်။
မီးပွိုင့်မိလို့ ကားတွေရပ်သွားတာကို နှစ်ယောက်သား ငေးနေမိကြတယ်။ တစ်မိနစ်ခွဲ ကြာတယ် ထင်တာပဲ။ ကားတွေ ပြန်ရွေ့တဲ့ အထိ သူစကားမပြောသေးတာနဲ့ ကျွန်တော်ပဲ စကားစလိုက် ရတယ်။
“ငါလည်း လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်။”
သူက ခေါင်းခါတယ်။ “ရပါတယ်။ ငါပြောလို့ နင်ပြန်ပြောရမယ်လို့မှ မဟုတ်တာ။ ငါ့ဘာငါ ပြောချင်လာလို့ ပြောလိုက်တာပါ။” လို့ ပြောတယ်။
“ငါလည်း ပြောချင်လာလို့ ပြောမှာပါ။ ဆယ်တန်းနှစ်က ယုယုတို့အိမ်ကို တစ်ခါရောက်တော့ ယုယုအမေက ဓါတ်ပုံအယ်ဘမ် တစ်အုပ်ကို ကြည့်နေတာ။ ငါလာတာတွေ့တော့ သူက မီးဖိုချောင်ထဲ ထသွားပြီး လက်ဖက်သုပ်လို မျိုးပေါ့၊ တစ်ခုခုသွားလုပ်တယ်။ ဓါတ်ပုံအယ်ဘမ်ကို သူချခဲ့တာနဲ့ ငါလှန်ကြည့်မိတယ်။ ယုယုအစ်မက ကမ်းခြေတစ်ခုမှာ ဘောင်းဘီတိုလေးနဲ့ ကျောပေးပြီး မျက်နှာက တစ်စောင်းလေး ရိုက်ထားတာ။ ငါအကြာကြီး ကြည့်မိတယ်။ ပြီးတော့ မသိမသာ ပြန်ချထားလိုက်တယ်။ တစ်ပတ်လောက် သူ့ပုံက ငါ့စိတ်ထဲမှာ စွဲနေတာ။ ငါ မှန်းလည်းမှန်းမိတယ်။” လို့ ပြောပြီး ကျွန်တော် သံပုရာရည်ကို ပြန်သောက်လိုက်တယ်။ နည်းနည်းလည်း ရှက်သလိုလို ခံစားရတယ်။ သီရိမျက်နှာကို ချက်ချင်း ရင်မဆိုင်ရဲဘူး။
“ငါ ယုယုကို ပြန်ပြောမှာ နင် မကြောက်ဘူးလား။” လို့ သီရိက မေးတယ်။
“ငါက လျှို့ဝှက်ချက်တစ်ခုကို ပြောရင် အဲ့လူ နှုတ်မလုံမှာကို မကြောက်လို့ပဲ ပြောတာ။ သူနှုတ်မလုံခဲ့ရင် ဖြစ်လာမယ့် ရလဒ်ကို ငါလက်ခံနိုင်လို့ ပြောတာ။ နောက်တစ်ခုက လျှို့ဝှက်ချက်တစ်ခုကို ပြောလိုက်ခြင်းဟာ အဲ့လူရဲ့ ယုံကြည်ရမှု ရေချိန်ကို တစ်ခါတည်း တိုင်းပြီးသား ဖြစ်သွားတယ်လို့ ငါထင်တာပဲ။”
“ပြီးတာပဲ။” လို့ သူပြောပါတယ်။ “နင်တို့ ယောက်ျားလေးတွေအဖို့ ကောင်မလေး တစ်ယောက်ကို မှန်းတာ ဘာများ ဆန်းလို့လဲ။” လို့ သူထပ်ပြောပါ သေးတယ်။
အဲ့ဒီအချိန်မှာ သူဖုန်းဝင်လာတယ်။ လက်ညှိုးကို သူ့နှုတ်ခမ်းနား ကပ်ထောင်ပြပြီး သူဖုန်းကို ကိုင်လိုက်တယ်။
“ဟယ်လို၊ ဟုတ်” “သူငယ်ချင်းတစ်ယောက်နဲ့ တွေ့နေလို့” “အိမ်ရောက်ရင် လိုင်းပေါ်တက်ခဲ့မယ်နော်” “ဟုတ်” “ဟုတ်” “ဂရုစိုက်နော်၊ ဒါပဲ၊ ဒါပဲ” ဆိုတဲ့ သူ့အသံတွေကို ကြားရပါတယ်။ ကြားထဲမှာ တချက်တချက်လည်း သူ ပြုံးလိုက်ပါသေးရဲ့။
………….
ရဲကြီးဆီက သိရသလောက် အာကြီးပျောက်နေတယ်တဲ့။ PDF ထဲ ဝင်သွားတာ ဖြစ်ဖို့များတယ်တဲ့။ သူတို့ဘက်မှာ ရွာလုံးကျွတ် မီးရှို့ခံရပြီး နောက်ပိုင်း သူပျောက်သွားတာပဲတဲ့။ ကျွန်တော်တို့ လေးယောက်မှာ ကျွန်တော်နဲ့ ဝေယံနဲ့က အဖွဲ့ပိုကျသလို ရဲကြီးနဲ့ အာကြီးကလည်း ပိုတွဲဖြစ်ကြတယ်။ နေရာတွေနီးတာ ဝေးတာကြောင့် ဖြစ်မယ်ထင်တယ်။ အာကြီးအကြောင်း တွေးမိတော့ ဒုတိယနှစ်က အဆောင်ဖဲဝိုင်းမှာ ကျွန်တော် နိုင်ခဲ့တဲ့ ညကို သတိရတယ်။ သုံးထောင်BANK ရှမ်းကိုးမြီး ဆော့ကြတာ တစ်သိန်းနီးပါး ပေါက်တယ်လေ။ အာကြီးကလွဲလို့ တော်တော်များများ ရှုံးကြတယ်။ အာကြီးကတော့ ဒိုင်မှာ ဘယ်လောက် ပုံနေပုံနေ သူ့ လစ်မစ်နဲ့ သူမို့ သိပ်မထိ လိုက်ဘူး။ ဖဲဝိုင်းသိမ်းပြီးတော့ ညဘက်ဖွင့်တဲ့ ထမင်းကြော် သွားစားကြတယ်။ ပြန်လာတော့ ဂစ်တာ ဒေါင်ဒင်ခေါက်ကြတယ်။ အဲ့ဒီမှာ အာကြီးရဲ့ လက်သံကို ကျွန်တော် ကြွေသွားတာ။ ကျွန်တော်က ဂစ်တာနဲ့ ပတ်သက်လို့ လိဒ်တွေ၊ ရစ်သမ်တွေ၊ ဘာတစ်ခုမှ သိတဲ့ကောင် မဟုတ်ဘူး။ အာကြီးက ကြိုးတစ်ချောင်းချင်း ဖိပြီး တီးပြတာဗျာ။ မှတ်မိသေးတယ်။ Pink Floyd ရဲ့ Wish you were here အင်ထရိုကို တီးသွားတာများ။ သူများ ဂစ်တာတီးရင် သီချင်းလိုက်မဆိုတတ်တဲ့ ကျွန်တော်တောင် လိုက်ဆိုမိတယ်။
“Did you exchange … A walk on part in the war … For a lead role in the cage …”
အဲ့ဒီနောက်ပိုင်း စစ်သတင်းတွေကို ပိုဖတ်ဖြစ်လာတယ်။ ကျွန်တော်တို့က ပိုနီးစပ်သူကို ပိုစိတ်ပူ တတ်ကြတာ သဘာဝပဲ ထင်ပါတယ်။ အာကြီးတို့ဘက်က တိုက်ပွဲ အခြေအနေတွေ စိပ်နေတယ်။ မြေပြင်မှာ စခတွေ အတုံးအရုန်းကျတယ်လို့ သတင်းတွေကတော့ ရေးကြတယ်။ လေယဉ်တွေနဲ့ ဗုံးကျဲလို့ ထွက်ပြေးရတာတွေ၊ pdf တချို့ အဖမ်းခံရတာတွေလည်း ဖတ်ရတယ်။ ပုံလေးတွေ တက်လာရင် အာကြီးများ ပါမလား ကြည့်မိတယ်။ အားလုံးက pdf တွေပါပဲ။ ဒါပေမယ့် အာကြီးက ကျွန်တော့်သူငယ်ချင်းမို့ သူ့ကို ပိုရှာဖြစ်သလို ဖြစ်တာပါ။ ရဲကြီးဆီက ထပ်သိရသလောက်ကတော့ အာကြီး pdf ထဲရောက်နေတာ သေချာပြီတဲ့။ “မင့်ညီမကို စိတ်ချ၊ ငါစောင့်ရှောက်လိုက်မယ်။” လို့တောင် ရဲကြီးက နောက်လိုက်သေးသတဲ့။ သေနတ်လွယ်ထားတဲ့ အာကြီးရဲ့ ပုံတစ်ပုံကို ကျွန်တော်တို့ ကြည့်ရတယ်။ ကျွန်တော့်စိတ်ထဲတော့ ဂစ်တာလွယ်ထားတဲ့ အာကြီးကိုပဲ မြင်နေမိတယ်။
“အာကြီးတို့ အဖွဲ့ကိုရော ငွေတိုက်ရိုက် လှူလို့ မရဘူးလား။” လို့ ကျွန်တော် ရဲကြီးကို မေးလိုက်တယ်။
“ငါမေးထားသေးတယ်။ သူတို့ဘက်က လိုင်းတွေဖြတ်ထားတာနဲ့၊ ဒီကောင်ရောက်နေတာကလည်း တောထဲဆိုတော့ ငါ့စာကို seen ပြဖို့ကို တော်တော်ကြာတယ်။ သိရတာနဲ့ ငါတို့ လှူကြမယ်လေ။ ဒါပေမယ့် ဘဏ်အကောင့်တွေ ဘာတွေလည်း သုံးလို့ရမှာ မဟုတ်ပါဘူးကွာ။” လို့ ရဲကြီးက စိတ်ပျက်လက်ပျက် ဖြေတယ်။
“အာကြီးက မထင်ရဘူးနော်။ တကယ်ကြီး လုပ်ချသွားတာပဲ။” လို့ ဝေယံက ရေရွတ်တယ်။ သူ အပြစ်ပြောတာကို နားထောင်မယ့် တစ်ယောက်လျော့သွားတော့ မနေတတ် ဖြစ်နေပုံပဲ။ “ငါတို့လည်း ဒီကောင့်လို ဖြစ်နေရမှာ။” လို့ သူဆက်ပြောတယ်။
“အာကြီးလို မလုပ်နိုင်သေးလည်း တခြားနည်းနဲ့ ကူကြရုံပေါ့ကွာ။ ကလစ်ဖြစ်တယ်မလား။ ပြီးတော့ ငါတို့ အလုပ်လက်မဲ့ ဖြစ်နေတာလည်း တစ်ခုခု ပြန်စဉ်းစားသင့်ပြီ။ တစ်ခုခုဆို ငွေက မရှိတော့ဘူးလေ။” လို့ ရဲကြီးက ဝင်ပြောတယ်။ ကျွန်တော်ကတော့ အာကြီးကို သတိရတာနဲ့ ဝိုင်ဖိုင် ချိတ်ထားတဲ့ တီဗွီကနေ Pink Floyd ရဲ့ wish you were here ကို ရှာဖွင့်လိုက်တယ်။ အင်ထရိုသံကို ကြားတော့ ကျွန်တော်တို့ အားလုံး ငြိမ်သွားကြတယ်။ ဒါ အာကြီး အပိုင်ဆုံးနဲ့ အကြိုက်ဆုံး တီးကွက်ပဲလေ။
“လီးပဲကွာ။ စောက်ရေပေါ်ဆီတွေနဲ့ စောက်ပိန်းတွေ၊ သူတို့ကို ဟိုစောက်ရူးတွေနဲ့ ထားခဲ့ပြီး ကျန်တဲ့သူတွေပဲ လွတ်မြောက်သွားရင် တကယ်ကောင်းမယ်။” လို့ ဝေယံက ညည်းဖြစ်အောင် ညည်းလိုက်ပါသေးတယ်။
…………..
ကျွန်တော့်သူငယ်ချင်းတွေက သူလိုကိုယ်လိုတွေ များပါတယ်။ ဒါမှမဟုတ် သူလိုကိုယ်လိုတွေကိုပဲ ကျွန်တော် ရွေးပေါင်းမိတာလည်း ဖြစ်နိုင်တယ်။ ချမ်းသာတဲ့ကောင်၊ ပေါ်ပြူလာဖြစ်တဲ့ကောင်တွေနဲ့ ပေါင်းရတာ အာရုံနောက်တယ်။ နေရာတကာ သူတို့က အရေးပေး ခံချင်တာမျိူး။ မဟုတ်လည်း လူတွေက သူတို့ကိုပဲ အရေးပေး နေကြတော့ နေရင်းထိုင်ရင်း ကျွန်တော့်မှာ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ် ဝင်ရတတ်သေး။
အရင်က ပေါင်းခဲ့ပြီး သူတို့ ချမ်းသာသွားလို့ ဝေးသွားတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ ကျွန်တော့် မနာလိုစိတ် ကြောင့်လား၊ သူတို့ကိုကပဲ အချိုးပြောင်းသွားတာလား၊ ဝေးတာတော့ ဝေးသွားကြတာပဲ။ ဆယ်တန်းက သူငယ်ချင်း တစ်ယောက်ဆို ကိုဗစ်ဒုတိယလှိုင်း မတိုင်ခင်လေးမှာ အောက်ဆီဂျင်အိုးတွေ လှောင်ပြီး ရောင်းလိုက်တာ တော်တော်မြတ်သွားတယ်။ မေမေ ကိုဗစ်ဖြစ်တော့ သူ့ဆီက အောက်ဆီဂျင်အိုးအကြောင်း စုံစမ်းရင်း စကားစပ်မိလို့ သိတာ။ တစ်အိုးလည်း ဝယ်လိုက်ရတယ်။ ဒါပေမယ့်ဗျာ။ အဲ့ဒီအိုးတွေ လှောင်နိုင်တယ် ဆိုကတည်းက သူ့မိဘကလည်း အနေအထားတစ်ခု ရှိလို့ပေါ့။ ခုတော့ ဆေးရုံဆက်စပ် ပစ္စည်းတွေ နိုင်ငံခြားက သွင်းပြီး ပြန်ရောင်းတဲ့ အလုပ်ကို ဆက်လုပ်နေတယ်။ အရင်က မိဘလက်ဖြန့် တောင်းသုံးရာကနေ ခုတော့ သူ့ကိုယ်ပိုင် ကားလေးရယ်၊ တိုက်ခန်းလေး တစ်ခန်းရယ် ပိုင်နေပြီ။ တော်လှန်ရေးလား … NUG ဘွန်းစုဝယ်ဖို့ သွားပြောတုန်းကလည်း သူမပါခဲ့သလို တခြားကိစ္စ တစ်ခုနဲ့ အလှူငွေ ကောက်တော့လည်း ငွေမြုပ်နေလို့ လို့ပဲ သူပြောခဲ့တယ်။ သူ့အမေကတော့ Facebook မှာ ပို့စ်တင်ထားတယ်။ သူတို့ကိုးကွယ်တဲ့ ဆရာတော် ကျောင်းသစ် ဆောက်နေတာ သူ့သားလုပ်အား ဆယ်သိန်းပါလို့ ဂုဏ်ယူပါသတဲ့။ ကျွန်တော် ရယ်ချင်သွားတယ်။ အတ္တကြီးတဲ့သူတွေ လှူရင် နတ်ပြည်ရောက်ပြီး အများအတွက် ကြည့်တဲ့သူတွေ မလှူနိုင်ရင် ငရဲပြည်ရောက်မှာလား။ ပြိုလဲပျက်စီးသွားတဲ့ မိသားစုတွေ၊ ရက်ရက်စက်စက် နှိပ်စက်ပြီး အသတ်ခံလိုက်ရတဲ့ သူတွေ၊ မီးတင်ရှို့ခံလိုက်ရတဲ့ အိမ်တွေနဲ့ အတူပါသွားတဲ့ ဘဝတွေ၊ ပျောက်ဆုံးသွားတဲ့ အနာဂတ်တွေ၊ မြင်နေကြားနေရတဲ့ မတရားမှုတွေ၊ ဒုစရိုက်မှုတွေ၊ အနိုင်ကျင့်မှုတွေ … ကိုယ်ချင်းစာတရား၊ လူသားဆန်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ကရုဏာ။ ဒါတွေထက် အရေးကြီးတာ ဘာသာရေးဆန်ဆန် လှူတန်းမှုတွေတဲ့လားဗျာ။
………….
“တချို့တွေ ပြောကြတယ် မလား။ ‘တစ်လောကလုံးက ငါ့ကို မုန်းနေချိန်မှာတောင်၊ ငါအမှားတွေ လုပ်နေချိန် မှာတောင် ပစ်ခွါမသွားဘဲ ငါ့ကိုပဲ ချစ်နေခင်နေတဲ့ သူငယ်ချင်းမျိုးကို လိုချင်တယ်’ ဆိုတာလေ။ နင် ဘယ်လိုမြင်လဲ။”
ကျွန်တော်နဲ့ ယုယု အင်္ဂလိပ်စာ ဖရီးဆက်ရှင်ကို ရောက်နေပါပြီ။ အကြောင်းအရာ အနေနဲ့ ခွဲထားတာ မဟုတ်ဘဲ ရောက်တတ်ရာရာ အပြောလေ့ကျင့်ကြချိန်ပေါ့။ အပေါ်က မေးခွန်းကို ကျွန်တော်မေးတော့ ယုယုက သူ့ထုံးစံအတိုင်း မှတ်စုစာအုပ်မှာ ခဲတံနဲ့ တောင်ခြစ်မြောက်ခြစ် ခြစ်လိုက်တယ်။ ပြီးမှ
“ငါ့အမြင်ရတော့ သူတို့က တစ်ဝက်တစ်ပျက် မှန်တယ်။ တစ်ဖက်မှာ ကိုယ်ကောင်းနေလို့ လာပေါင်းတဲ့ သူငယ်ချင်းတွေက မစစ်မှန်တတ်ဘူးလေ။ တစ်ဖက်မှာလည်း ကိုယ် အမှားလုပ်နေတာတောင် မပြုပြင်ပေးဘဲ မြှောက်ပေးနေတဲ့ သူငယ်ချင်းက သူငယ်ချင်းကောင်းမှ မဟုတ်တာ။ အချုပ်ပြောရရင် ဒီစာကြောင်းကို ငါနည်းနည်း ပြင်ချင်တယ်။ ‘လူ့သဘာဝအရ ငါတစ်ခါတလေ အမှားလုပ်မိလို့ ပတ်ဝန်းကျင်က ပြစ်တင်ရှုံ့ချနေချိန်မှာ ငါ့ကို ပစ်ခွါမသွားဘဲ ချစ်ခင်ပေးနေတဲ့ သူငယ်ချင်းမျိုးကို ငါလိုချင်တယ်။’”
ယုယု အင်္ဂလိပ်စာက သိသိသာသာ တိုးတက်လာပါတယ်။
“ကောင်းတယ်။ ငါပြောချင်တာက ခုမှလာပြီ။ ခု ဒီတော်လှန်ရေးမှာ ကိုယ်နဲ့မဆိုင်သလို ခေါင်းရှောင်နေကြတဲ့ သူတွေကို မိတ်ဆွေသူငယ်ချင်း အဖြစ်က ရပ်ပစ်သင့်လား။”
ယုယု တောင်ခြစ်မြောက်ခြစ် ခြစ်ပြန်တယ်။
“ရပ်ပစ်လိုက်ရင် ပိုကောင်းလာမလား၊ ပိုဆိုးသွားမလား အပေါ် မူတည်တယ်။ ဒါက ရလဒ်ဗဟိုပြု စဉ်းစားတာပေါ့။ ခံစားချက် ဗဟိုပြု စဉ်းစားတာ ဆိုရင်တော့ နင့်ခံစားချက်အတိုင်း လုပ်လိုက်သင့်တယ်။”
“အခြေအနေ ဗဟိုပြု စဉ်းစားတာဆိုရင်ရောဟာ။”
“အဲ့တာက ငါ့ကို မေးရမှာ မဟုတ်ဘူး။ ငါ့ကိုမေးရင် ငါ့အမြင်ဗဟိုပြုတဲ့ အဖြေကိုပဲ ရမှာ။ ငါ့အမြင်ကို သိချင်တာ ဆိုရင်တော့ ဒီလို … ငါက အဆင့် သုံးဆင့် ခွဲထားတယ်။ ဆိုရှယ်မီဒီယာမှာ ဘာမှမတင်ဘူး၊ ဘာမှမလုပ်ဘူးနော်။ သူတို့အပေါ် ငါ ဘယ်လိုမှ မနေဘူး။ တချို့ကျ … တော်လှန်ရေးအတွက် ဘာမှ မလုပ်ဘဲ အပျော်အပါးပို့စ်တွေ ပုံတွေ သီးသန့် တင်တယ်။ သူတို့ကိုတော့ ငါ ချဉ်သွားတယ်။ ဒါပေမယ့် နင့်ကို ငါမပေါင်းတော့ဘူးလို့တော့ သွားမပြောဘူးပေါ့ဟာ။ သူတို့လာပြောရင်တောင် စိတ်မပါ လက်မပါ ပြောတာမျိူး လုပ်ဖြစ်တယ်။ အေး၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် လုပ်နေသူတွေ၊ ရှဲနေ၊ ရေးနေ၊ ပြောနေသူတွေကိုတော့ ငါလေးစားတယ်။ တစ်ခါတလေ သူတို့ကို စကားသွားသွား ပြောဖြစ်တယ်။ “သတိရတယ်၊ နေကောင်းလား၊ ဂရုစိုက်နော်။” စသဖြင့်ပေါ့။ ငါ့အသိတွေထဲမှာ ထဲထဲဝင်ဝင် လုပ်နေသူလည်း နည်းပါတယ်။ လုံးဝ ဟိုဖက်ကို ထောက်ခံနေတာ မျိုးလည်း သိပ်မရှိဘူး။” လို့ ယုယုက ဒီမေးခွန်းကို ဘာမှမခြစ်ဘဲ ဖြေသွားပါတယ်။ ပြီးတော့ ကော်ဖီတစ်ငုံ ငုံတယ်။ တစ်ရှူးနဲ့ နှုတ်ခမ်းကို သုတ်တယ်။ ဘယ့်နှယ့်လဲ ဆိုတဲ့အကြည့်မျိုးနဲ့ ကျွန်တော့်ကို ကြည့်ပါတယ်။
“ငါ ဒီရက်ပိုင်း စိတ်အဆင်မပြေ ဖြစ်နေတယ်။ အဖမ်းခံရတဲ့ ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာပါ စော်ကားနှိပ်စက် တာမျိုး၊ တိုက်ပွဲဒေသမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး သတ်ပစ်တာမျိူး၊ ယောကျ်ားလေးတွေဆိုလည်း နည်းမျိုးစုံ နှိပ်စက်ညှင်းပန်းခံရ၊ ပြီးတော့ လူသားဒိုင်းဆိုတာတွေ … ဒါတွေ နေ့စဉ်နဲ့အမျှ မြင်နေကြားနေရတော့ …”
ယုယုက ခုံပေါ်တင်ထားတဲ့ ကျွန်တော့်လက်ကို လာကိုင်တယ်။ အစကတော့ ခပ်ဖွဖွ၊ နောက်တော့ တင်းကြပ်လာတယ်။
“ငါတို့လုပ်နိုင်သလောက် ဆက်လုပ်ကြတာပေါ့ဟာ။ ငါတို့ နိုင်မှာပါ။” လို့ အင်္ဂလိပ်လို သူပြောတယ်။
“ငါစဉ်းစားကြည့်တယ်။ ငါတို့က ကိုယ့်အားကိုယ် ကိုးနေရတဲ့အချိန်။ ဒါပေမယ့် မပါတဲ့သူက မပါကြဘူး။ အဆိုးဆုံးက ဒါကြီးကို မှန်ပါတယ်၊ မှားပါတယ် မသိနိုင်တဲ့သူတွေ။” လို့ ကျွန်တော် မြန်မာလို ပြောင်းပြောလိုက်တယ်။ ဒီလိုဆက်ရှင် တွေမှာ မြန်မာလို မပြောကြေးလို့ သတ်မှတ်ထားပေမယ့် သူ ကျွန်တော့်ကို မတားပါဘူး။
“မသိတာ မဟုတ်ပါဘူးဟာ။ မသိချင်ယောင် ဆောင်ကြတာပါ။ သူတို့အတ္တနဲ့ သူတို့အကျိုးစီးပွား အတွက်ပေါ့။” လို့ သူ အင်္ဂလိပ်လို ပြောတယ်။ ego နဲ့ self-OKness ဆိုပြီး သူက သုံးချင်သုံးသလို သုံးသွားတာကို ကျွန်တော်ကလည်း ဘာသာပြန်ချင်သလို ပြန်လိုက်တာပါ။
“ငါပြောဖူးပေမယ့် ထပ်ပြောဦးမယ်။ စင်ကာပူသွားဖို့ လုပ်နေတာ ထွက်ပြေးတာ မဟုတ်ဘူးနော်။ ငါက ဟိုမှာဆို ပိုထိရောက်အောင် ကူနိုင်မယ့်သူလို့ ကိုယ့်ကိုကိုယ် မြင်မိတာကြောင့်လည်း သွားချင်တာ။ နင်လည်း ဒီမှာ မထိရောက်ဘူး ထင်ရင် သွားသင့်တယ်။” လို့ ကျွန်တော့်လက်တွေကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ရဲ့ တင်းအားကို လျှော့ချပြီး သူပြောတယ်။ အင်္ဂလိပ်လိုပါပဲ။
“တော်ပါပြီဟာ။ ငါပျင်းတာ နင်သိသားပဲ။ ဘဝအသစ် တစ်ခုကို ငါအစက ပြန်မစချင်တော့ဘူး။” လို့ ကျွန်တော်လည်း အင်္ဂလိပ်လို ပြန်ပြောလိုက်တယ်။
“မြန်မာနိုင်ငံကြီးကို သိပ်ချစ်နေလို့တော့ မဟုတ်ပါဘူးနော်။”
“မဟုတ်ပါဘူး။ အဲ့တာက ငယ်ငယ်က။”
“ဒါဆို မြန်မာနိုင်ငံမှာ သိပ်ချစ်ရသူ ရှိလို့လား။” လို့ သူထပ်မေးတယ်။ ဒီလိုမေးခွန်းတွေ မေးတိုင်း သူ့မျက်နှာကို ကျွန်တော် အကဲခတ်မိတယ်။ ဒါပေမယ့် ဘာအဓိပ္ပာယ်မှတော့ ကျွန်တော် ဖော်မရဘူး။
“မဟုတ်ပါဘူး။ အဲ့တာလည်း ငယ်ငယ်က။” လို့ပဲ ကျွန်တော် ဖြေလိုက်ပါတယ်။
……….
ငယ်ငယ်က ကျွန်တော်တို့ နှလုံးသားတွေ ပိုနုလို့ နေမယ်။ ပိုချစ်တတ်တယ်၊ ပိုလွမ်းတတ်တယ်၊ ပိုပျော်တတ်တယ်၊ ပိုငိုတတ်တယ်။ မိုးရွာနေတဲ့ မြင်ကွင်းကို ကြည့်ပြီး ခုလေးတင် ပြန်သွားတဲ့ ဟိုဘက်ရပ်ကွက်က သူငယ်ချင်းကို လွမ်းနေမိတာမျိူး။ ကျောင်းစဖွင့်တဲ့ နေ့မှာ အတန်းဖော် သူငယ်ချင်းဟောင်းကို မြင်လိုက်ရလို့ စောက်ရမ်း ပျော်သွားတာမျိုး။ ကျိတ်ခိုက်နေတဲ့ ကောင်မလေးက နောက်တစ်ယောက်နဲ့ ပါသွားတော့ ငိုမိတာမျိုး။ ခံစားချက် မှန်သမျှက အကြီးကြီးတွေ၊ အိပ်မက်တွေကလည်း အတိုင်းအဆမဲ့၊ လုပ်နိုင်စွမ်းတွေကလည်း အကန့်အသတ် မရှိဘူးလို့ ထင်ခဲ့ကြချိန်တွေပေါ့။ “ဒီလမ်းဘေးက ခြံတစ်ခြံကို ငါဝယ်နိုင်ရမယ်။” လို့ ဘတ်စ်ကားစီးရင်း ကျွန်တော် တွေးဖူးတယ်။ “ငါ့ဖို့ပါ ထည့်ပြုတ်ပေးကွာ။ နောင်တစ်ချိန်ကျ ကမ္ဘာကျော် ရဲကြီးကို ငါခေါက်ဆွဲပြုတ်ပေးခဲ့ဖူးတယ် ဆိုပြီး မင်းတို့ ဂုဏ်ယူလို့ ရတာပေါ့။” ဆိုပြီး ရဲကြီးက နောက်ဖူးတယ်။ အေးအေးဆေးဆေး သမား အာကြီးတောင်မှ “ငါ နာမည်ကြီး ပွဲတွေမှာ ဝင်တီးတဲ့အချိန်ကျ မင်းတို့ကို VIP လက်မှတ်ပေးမယ်။” လို့ ဟာသလိုလို ပြောဖူးပါတယ်။
FRIENDS စီးရီးကို တွေ့ရာအပိုင်း ဖွင့်ထားလိုက်ပြီး ဟိုဟိုသည်သည်တွေးရင်း ကလစ်လုပ်နေချိန်မှာ ဖုန်းဝင်လာတယ်။ ရဲကြီးဆီကပါ။
“ဟရောင် … အာကြီး တိုက်ပွဲမှာ ဒဏ်ရာရသွားတယ် ပြောတယ်။ ခြေထောက်ဖြတ်လိုက်ရတယ်။” ရဲကြီးအသံက မဆိုသလောက် တုန်နေတယ်။
“ဟာ … ဟုတ်လား။ မင်းသတင်းက သေချာရဲ့လား။” လို့ သူ့ကို ပြန်မေးရင်း ကျွန်တော် လှဲနေရာကနေ မတ်တပ် ထရပ်မိတယ်။
“အေး၊ သူ့ညီမဆီက တဆင့် ကြားတာ။ သူ့ကို အာကြီးတို့ အဖွဲ့ထဲက တစ်ယောက် ဆက်သွယ်တာတဲ့။ ပုံပါ ရထားတယ်။ မက်ဆင်ဂျာမှာ ကြည့်လိုက်။ ငါတို့ ဂရုထဲ ပို့ထားတယ်။”
ဖုန်းစပီကာဖွင့်ပြီး မက်စင်ဂျာကို ကြည့်ကြည့်တော့ ပုံကို တွေ့ပါတယ်။ အာကြီးက မျက်နှာကို လက်နဲ့ ကာထားတယ်။ ဒါပေမယ့် အာကြီးဆိုတာ သေချာပါတယ်။ သူဝတ်ထားတဲ့ အင်္ကျီက ကျွန်တော်တို့ လေးယောက် ဘေထုတ်ဆိုင်ကနေ အတူရွေးခဲ့ကြတာလေ။ သူ့ဘယ်ဘက်ပေါင်ထိပ်မှာ ပတ်တီးတွေ စည်းထားတယ်။
“အေးကွာ။ ဘယ်လိုဖြစ်ရတာလဲ။” လို့ ကျွန်တော် ရေရွတ်မိတယ်။
“ငါလည်း သေချာမသိဘူး။ ခုသူ့အိမ်လည်း တော်တော် စိတ်မကောင်းဖြစ်နေတယ်။ ငါတို့ ဘာလုပ်ပေးရင် ကောင်းမလဲ။”
“အာကြီး ညီမကို ဆက်သွယ်တဲ့သူက တဖွဲ့တည်းပဲ မလား။ သူကတဆင့် ငါတို့ တော်လှန်ရေးငွေ ပို့ပေးကြရင်ရော။ ဒါဆို အာကြီးလည်း ဝမ်းသာမှာ။ အာကြီးအိမ်ကိုတော့ ငါတို့လည်း စိတ်မကောင်းဘူးလို့ ပြောပေးကွာ။ တစ်ခုခုဆို ငါတို့ကို ဆက်သွယ်ပါလို့။”
“အေး၊ ဝေယံနဲ့လည်း တိုင်ပင်ကြတာပေါ့။”
ရဲကြီး ဖုန်းချသွားတော့ အာကြီးပုံကို ကျွန်တော် ပြန်ကြည့်မိတယ်။ မျက်နှာကို လက်နဲ့ကာထားလို့ သူ့မျက်နှာရိပ်ကို ကျွန်တော်ဖမ်းမရဘူး။ အရင်လို မျက်နှာသေပဲလား။ နာကျင်လို့ ရှုံ့မဲ့နေလား။ နာကျည်းလို့ မျက်နှာကြော တင်းနေလား။ လက်ပ်တော့ထဲက ဂျန်းနက်စ်ရဲ့ ဆိတ်ရယ်သံ ထွက်လာတယ်။ ကျွန်တော်နဲ့ ပထမဆုံး လိင်ဆက်ဆံခဲ့တဲ့ ကောင်မလေးရဲ့ ညည်းသံကို ကြားစဉ်က ခံစားရသလိုမျိုး ခံစားချက်ကို ရတယ်။ လက်ပ်တော့ကို မှောက်ချလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်တယ်။ ခေါင်းထဲမှာ လေဟာနယ်လိုပဲ။ ရင်ဘတ်ထဲမှာက တစ်ဆို့ဆို့။ ကမ်းခြေရဲ့ ခပ်ဝေးဝေးကို ရောက်သွားတဲ့ ကောင်လေးကို ငိုစေချင်ခဲ့မိတဲ့ အခိုက်အတန့်က ပြန်ပေါ်လာတယ်။ Wish you were here ထဲက စာသားတစ်ခုခုကို ဆိုကြည့်ဖို့ ကြိုးစားပေမယ့် ဘာမှ ပေါ်မလာဘူး။ လက်က ဖုန်းဆီ ရောက်သွားပြီး နံပါတ်တစ်ခုကို ခေါ်မိတယ်။
“ဟယ်လို … ပြော”
“ခဏနေ ဟိုဆိုင်မှာ တွေ့ရအောင်။”
“ချက်ချင်းကြီးလား။ ငါ အိမ်အလုပ်တွေ ကူနေရတယ်။”
“အော် … အေး၊ အေး။ ဒါဆိုလည်း နောက်မှပေါ့။”
“ညနေလောက်ဆိုရင် ….”
ဖုန်းချတဲ့ ခလုတ်ကို နှိပ်မိသွားလို့ သူဘာဆက်ပြောလိုက်လဲ ကျွန်တော်မသိလိုက်ဘူး။ ခဏနေတော့ ဖုန်းပြန်ဝင်လာတယ်။
“စိတ်ဆိုးသွားတာလား။ ဖုန်းချပစ်တယ်။”
“မဟုတ်ပါဘူး။ နင်မအားဘူးဆိုလို့လေ။ ဖုန်းချတာက အရင်နှိပ်မိသွားတာ။”
“ညနေလောက်ဆို ရတယ်လို့ ပြောမလို့။”
“အေး၊ အဲ့တာဆိုလည်း ညနေပေါ့။”
“အေးအေး၊ ငါးနာရီလောက်ပေါ့။ တာ့တာ။” လို့ ပြောပြီး ဒီတစ်ခါ သူ့ဘက်က ဖုန်းစချ သွားတယ်။
ကျွန်တော် ဖုန်းနောက်တစ်လုံးကို ခေါ်လိုက်တယ်။
“အေး၊ ဘာလဲ။”
“နင်အားလား။”
“ခုက အလုပ်ချိန်ကြီးလေဟာ။ ဘာဖြစ်လို့လဲ။”
“ဘာရယ်မဟုတ်ပါဘူး။ ဒီတိုင်းပဲ။”
“အမယ်၊ နင်က ဒီတိုင်းဖုန်းဆက်တာ ဘယ်နှခါ ရှိဖူးလို့လဲ။ အေး … အေး … အရေးမကြီးရင် နောက်မှ ပြန်ဆက်လိုက်မယ်။ ဘော့စ် ငါ့ကို ကြည့်နေပြီ။” လို့ ပြောပြီး ဒီတစ်ယောက်လည်း ဖုန်းချသွားပြန်ပါတယ်။
မဝင်တာ ကြာပြီဖြစ်တဲ့ Facebook အကောင့်အတုကို ဝင်လိုက်တယ်။ လိုလိုမယ်မယ် မှတ်ထားပြီး တစ်ခါမှ မပြောဖူးတဲ့ နာမည်တစ်ခုကို Hi လိုက်တယ်။ Wave ထဲကနေ အမောင့်တစ်ခုကို လွှဲလိုက်တယ်။ ပြီးတော့ ကျွန်တော် ထွက်လာခဲ့ပါတယ်။
………….
အခန်းနံပါတ်ကို ကြည့်ပြီး တံခါးခေါက်လိုက်တယ်။ ငယ်ငယ်ရွယ်ရွယ် ကောင်မလေးတစ်ယောက် တံခါးဖွင့်ပေးတယ်။ အသက်တော့ ပြည့်ပြီ ထင်တာပဲ။ ဖိနပ်ချွတ်ပြီး အဝတ်အစားတွေပါ ကျွန်တော် ချွတ်ပစ် လိုက်တယ်။
“ချက်ချင်းကြီးလား။” လို့ သူ မေးတယ်။ ကျွန်တော် ဘာမှ မပြောဘဲ သူ့နားတိုးကပ်သွားတယ်။ သူ့အင်္ကျီ ကြယ်သီးတွေကို ဆွဲဖြုတ်လိုက်တယ်။ မွေ့ယာပေါ် သူ့ကို တွန်းလှဲလိုက်တယ်။ သူ့ရင်သားတွေက သေးသေးလေးတွေ၊ တကယ် ငယ်သေးပုံပဲ။
“မင်းအသက် ဘယ်လောက်လဲ။” လို့ ကျွန်တော်မေးလိုက်တယ်။
“ဒီဇင်ဘာဆို ၁၉ ပြည့်ပြီ။” လို့ သူပြောတယ်။
ကျွန်တော်ဘာမှ ထပ်မပြောတော့ဘဲ သူ့အတွင်းခံတွေကို ဆက်ချွတ်လိုက်တယ်။ ပြီးတော့ သူ့ပေါင်တွေကို ဖြဲပြီး ကျွန်တော့်ဟာကို ထည့်လိုက်တယ်။ ရှောရှောရှူရှူပါပဲ။ တစ်ချက်ချင်းဆောင့်တယ်၊ ခပ်သွက်သွက် ဆောင့်တယ်။ သူက မျက်လုံးတွေကို မှိတ်ထားတယ်။ ကျွန်တော်လည်း သူ့လိုပဲ မှိတ်ကြည့်လိုက်တယ်။ ယုယုအစ်မရဲ့ နောက်ပိုင်းပုံကို မြင်ယောင်မိတယ်။ စိတ်ထဲက မောင်းထုတ်လိုက်တော့ ပထမဆုံး လိင်ဆက်ဆံဖော်ရဲ့ အသံကို သတိရသွားတယ်။ သူညည်းတဲ့ အသံမဟုတ်ဘူး။ ဆန္ဒပြပွဲမှာ သူအော်နေတဲ့ “အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့ အသံပါ။ ကျွန်တော့်စိတ်တွေ ပိုထန်လာတယ်။ ပိုကြမ်းလာတယ်။ “Fuck. Fuck. Fuck.” လို့ မအလနဲ့ တကွ မြန်မာနိုင်ငံကြီးကို ဆဲရင်း ကျွန်တော်ပြီးသွားတယ်။
ကောင်မလေးက ရေချိုးခန်းထဲသွားပြီး သန့်ရှင်းရေး လုပ်နေတယ်။ သူ့အတွက် ငွေက ရှင်းပြီးသားပါ။ သူ့အထက်က ချိတ်နဲ့ သူရှင်းလိမ့်မယ်။ ဒါပေမယ့် အပိုပေးချင်တာနဲ့ သူ့ပိုက်ဆံအိတ်ထဲကို တစ်သောင်းတန်တစ်ရွက် ထည့်လိုက်တယ်။ အိတ်ထဲမှာ အလှကုန်ပစ္စည်းအချို့နဲ့ ကျောင်းသားကဒ်တစ်ခုကို တွေ့ပါတယ်။ မွေးသက္ကရာဇ်ကို ကြည့်တော့ သူမလိမ်ဘူးပဲ။ ပြီးတော့ ဖိနပ်ကို သာသာလေး မယူပြီး တံခါးကို ခပ်ဖြည်းဖြည်း စေ့ထားခဲ့ပါတယ်။
……….
ငါးနာရီထိုးတော့ အိပ်ပျော်နေတာနဲ့ ချိန်းထားတာ မသွားဖြစ်လိုက်ဘူး။ ကျွန်တော်က အိပ်ရင် အမြဲ silent လုပ်ပြီးမှ အိပ်တာလေ။
………..
“ငါ အလုပ်လုပ်နေပြီ။” လို့ ဝေယံက ပြောတယ်။ “အာကြီး ခြေထောက်ပြတ်တဲ့ပုံကို ကြည့်ပြီးကတည်းကပဲ။ ငွေ စောက်ရမ်း ရှာချင်လာတယ်ကွာ။ ခု ဖုန်းဝယ်ရောင်းပါ လုပ်နေတယ်။”
ကျွန်တော် ခေါင်းတဆတ်ဆတ် ညိတ်မိတယ်။ တီဗွီမှာက ချဲဆီးပွဲ လာနေတယ်။ ဘောလုံးပွဲတွေ ကြည့်ရတာလည်း အရသာ သိပ်မရှိတော့ပါဘူး။ အရင်ကဆို မန်စီးတီးနဲ့ လီဗာပူးရဲ့ အားပြိုင်မှုတွေ၊ မန်ယူနဲ့ အာဆင်နယ်ရဲ့ ရုန်းကန်မှုတွေ … ဒါတွေကို ငြင်းကြခုန်ကြပေါ့။ ခုတော့ ဒါတွေက ပြဿနာမဟုတ်တော့ဘူး။
“ငါတို့တွေ မရယ်ဖြစ်တာ တော်တော်ကြာပြီပဲ။” လို့ ကျွန်တော် ပြောလိုက်တယ်။ ဝေယံရော ရဲကြီးရော ကျွန်တော့်ကို လှမ်းကြည့်ကြတယ်။
“စဉ်းစားမိလို့ပါကွာ။ ဒီကာလကြီးလည်း ဘယ်လောက်ကြာဦးမလဲ မသိ။”
နှစ်ယောက်လုံး ကျွန်တော့်ကို ဘာမှ မပြောကြပါဘူး။
“ဝေယံ … မင်းမှာ နှစ်သိန်းဝန်းကျင်ထဲက တစ်လုံးလောက် ရှိရင် ပြောစမ်းပါ။ ငါ့ဖုန်းကို ငါရောင်းလိုက်တော့မယ်။”
“အဲ့တာဆို ငါ့ကိုရောင်းလေကွာ။ ငါ ios လည်း ကိုင်ပါတယ်ဟ။”
သူတို့ ဖုန်းကြောင်း ပြောနေကြတာနဲ့ ကျွန်တော်လည်း ဖုန်းပွတ်နေလိုက်တယ်။ လေယဉ်တွေကြောင့် ဒုက္ခရောက်နေကြတဲ့ pdf သတင်းတွေ၊ မိုင်းဆွဲခံလိုက်ရတဲ့ စခ သတင်းတွေ၊ မီးရှို့ခံလိုက်ရတဲ့ ရွာတွေ၊ မိုးထဲရေထဲက စစ်ဘေးရှောင်တွေ၊ သုံးသပ်ချက်တွေ၊ အလှူခံပို့စ်တွေ၊ ကရုဏာပို့စ်တွေ၊ တိုက်တွန်းပို့စ်တွေ၊ Click to Donate ရဲ့ အလှူခံရှင်းတမ်း၊ ဖမ်းခံလိုက်ရတဲ့ မြို့ပြပျောက်ကြား အဖွဲ့သား အချို့၊ နိုင်ငံတကာရဲ့ မြန်မာပြည်ဆိုင်ရာ သတင်းတွေ၊ ချဲဆီး ဂိုးရသွားပြီတဲ့။
တီဗွီကို လှမ်းကြည့်တော့ ၁-၀ ဖြစ်နေပြီ။ replay ပြန်ပြတာတောင် ကျွန်တော် မသိလိုက်။ ဟိုနှစ်ကောင် ကတော့ ဖုန်းတွေကြည့်ပြီး ပြောနေကြဆဲ။
“ဘယ်သူသွင်းသွားတာလဲ။” လို့ ကျွန်တော်လှမ်းမေးတော့ “မသိဘူးလေ။” လို့ ဝေယံက ဖြေတယ်။ “မင်းကြည့်နေတာ မဟုတ်ဘူးလား။” လို့လည်း ကျွန်တော့်ကို ပြန်မေးတယ်။
“Facebook ပွတ်နေလိုက်တာနဲ့ မသိလိုက်ဘူး။” လို့ ပြန်ပြောလိုက်ရတယ်။ ပြီးတော့ ကျွန်တော် မီးဖိုထဲထပြီး ခေါက်ဆွဲပြုတ်တယ်။ ကြက်ဥလိုက်ရှာတော့ မတွေ့ဘူး။
“ဝေယံ ... ကြက်ဥတွေ ဘယ်မှာလဲ။”
“ကြက်ဥ ကုန်ပြီ ထင်တယ်။ ငါမဝယ်ဖြစ်သေးတာ။ ခုကတော့ ဆိုင်တွေလည်း ပိတ်ပြီ။ ဒီတိုင်း စားလိုက်တော့။” လို့ သူပြန်ဖြေတယ်။
ခေါက်ဆွဲ လေးထုပ်ဖောက်ထည့်ပြီး ပြုတ်လိုက်တယ်။ ပြီးတော့ ပန်းကန်ခပ်ကြီးကြီးထဲ ထည့်ပြီး ရှေ့ကို ယူသွားလိုက်ပါတယ်။ သုံးယောက်လုံး စားဖြစ်ကြတယ်။ ကြက်ဥမပါပေမယ့် ကောင်းပါတယ်။
“အာကြီးကို လွမ်းသားကွာ။” လို့ ခေါက်ဆွဲပြုတ်တစ်ဇွန်း ခပ်စားရင်း ဝေယံက ပြောတယ်။ “ဒီကောင့်လို အနစ်နာခံသူတွေပဲ တကယ်နစ်နာ နေကြရတယ်။ လောကကြီးကလည်း မတရားလိုက်တာ။” လို့ သူဝသီအတိုင်း ထပ်ပြောပြန်တယ်။
“မတရားတာက စခ တွေပါကွာ။ ဒီကောင်တွေက လက်နက်အားကိုးနဲ့ နှစ်ခြောက်ဆယ် ဗိုလ်ကျလာတာ။ ခုကျ မျက်နှာဖုံးတွေ အကုန်ကွာကျပြီး ဘီလူးအကကို ရှယ်ကတော့တာ။ အဲ့တာကို ကိုယ်နဲ့မဆိုင်သလို နေနေနိုင်သူတွေက ရှိသေးတယ်။ လုံးဝ နားမလည်ဘူး။ သူတို့ကြည့်လိုက်ရင် လုပ်ပြပါလိမ့်မယ် … ပညာမပါတဲ့ အလှူအတန်းတွေ။ ညဘက် လမ်းဘေးမှာ ရပ်နေတဲ့ အပေါစား မိတ်ကပ်ဖို့ထားတဲ့ မိန်းမကြီးတွေပဲ ပြေးမြင်တယ်။ နှလုံးသားက ပုပ်နေပြီ။ ဘာသာရေးဗန်းပြပြီး သူတော်ကောင်းက ဖြစ်ချင်ကြသေး။” လို့ ရဲကြီးကပါ ဒေါသတကြီး ဝင်ပြောတယ်။
“တချို့က အသက်ကြီးပြီလေကွာ။ သူတို့မှာ အနာဂတ်မှ မရှိတော့တာ။ တချို့ကျလည်း လှနေပြီးသား အနာဂတ်လေး ပျောက်သွားမှာ ကြောက်ကြတာ နေမှာပေါ့။”
“အနာဂတ်တွေ ဘာတွေ တွေးနေစရာကို မလိုတာလေကွာ။ အနာဂတ် ဆိုတာ နောက်မှ။ မတရားတာက မတရားတာပဲ။ မတရားတာကြီးကို ကိုယ်ကစ မတွန်းလှန်နိုင်တောင် မတရားတာကို မတရားဘူးလို့ လက်မခံရဲတာ၊ လက်မခံနိုင်တာ၊ တွန်းလှန်နေသူတွေကို အားမပေးရဲတာ … အဲ့ဒီနှလုံးသားတွေကို အံ့သြတာ။”
ရဲကြီးက ဒီည မသောက်ဘဲ မူးနေသလိုပါ။ စကားတွေ များနေတယ်။ မျက်နှာကလည်း နီလို့။ အရင်က ဒိုင်ခံအပြစ်ပြောနေကျ ဝေယံတောင် ရဲကြီးပြောတာတွေကို ငြိမ်ပြီးနားထောင် နေရပါတယ်။
“ခုချိန်မှာ တော်လှန်ရေးကျ ဘာမှမကူဘဲ စောက်ဂရုမစိုက်သလိုလို၊ အပန်းဖြေသလိုလို၊ တက်လမ်းရှာသလိုလိုနဲ့ ဆိုရှယ်မီဒီယာပေါ် တက်ကြွားတဲ့သူ အားလုံးကိုလည်း ဘောပဲ ဟရောင်ရေ။ ငါလည်း ပျော်နေတာ မဟုတ်ဘူး။ သူတို့ပျော်နေရင်လည်း မနာလိုဘူးကွာ။ မပျော်သင့်တဲ့အချိန်မှာ ပျော်ကိုမပျော်သင့်ဘူး။ ဒီလောက် အခြေခံ စည်းမျဉ်းလေးကိုတောင် နားမလည်ကြဘူး။ နှလုံးသားကွ၊ အဓိကက နှလုံးသား။ လူသားဆန်တဲ့ နှလုံးသား လိုနေတာ။ စောက်တလွဲနိုင်ငံ။”
ရဲကြီးက တစ်နိုင်ငံလုံးကို ပတ်ဆဲပြီးမှ ရပ်သွားတယ်။ ရဲကြီးပြောတာ နားထောင်နေကြတာနဲ့ ခေါက်ဆွဲပြုတ်ပန်းကန်က နည်းနည်း ကျန်နေသေးတယ်။ သူ အပြောရပ်သွားမှ ဝေယံက တစ်ဇွန်းခပ်စားတယ်။ ရဲကြီးက ရေထသောက်တယ်။
“အေးကွာ။ ဒါကတော့ ဖြစ်နေပျက်နေတာတွေပေါ့။ ငါတို့ငွေပိုရှာပြီး ပိုကူကြတာပေါ့ကွာ။ ကလစ်တာလည်း တကယ် ထိရောက်တာပဲလေ။ သူတို့တွေ တစ်လတစ်လ သိန်းထောင်ချီ ကူနိုင်နေတာ။” လို့ ကျွန်တော် ပြောလိုက်တော့
“အေး၊ အဲ့ဒီ ကလစ်တာကိုပဲ မလုပ်ကြတာဟေ့။ ဘာမှမကြောက်ရတဲ့ အဲ့ကလစ်တာကိုပဲ မလုပ်ကြတာဟ။” လို့ ရဲကြီးက ပေါက်ကွဲပြန်ပါတယ်။ သူ့ပုံစံက ချော်ရည်ဝနေတဲ့ မီးတောင် တစ်လုံးနဲ့တောင် တူနေပါတယ်။
ဝေယံက ခေါက်ဆွဲပြုတ် ပန်းကန်ကို လက်စဖြတ်ပြီး မီးဖိုချောင်ထဲမှာ သွားဆေးနေတယ်။ ပြီးတော့ ကျွန်တော်တို့ သုံးယောက် ချဲဆီးပွဲ ဆက်ကြည့်ဖြစ်ကြပါတယ်။
……………..
ရက်သတ္တပတ်တွေ၊ လတွေ ကုန်လွန်သွားတယ်။ သတင်းကောင်းနဲ့ သတင်းဆိုးတွေကြားမှာ ဘဝက ခြောက်ကပ်ကပ်။ စိတ်ကိုဖြေပြီး အကောင်းဘက်က တွေးကြည့်သလို မဖြစ်မနေ လက်ခံလိုက်ရတဲ့ မကောင်းတာ တွေလည်း ရှိတာပါပဲ။ ဘယ်သူတွေ အဖမ်းခံရပြီ၊ ဘယ်သူတွေ ဘဝပျက်သွားပြီ၊ ဘယ်နေရာတွေ ထိုးစစ် စစ်ခံနေရပြီ စသဖြင့်ပေ့ါ။ နိုင်ငံတကာ ဖိအားဆိုတာလည်း ဒီလောက် လူမဆန်တဲ့ ရက်စက်မှုတွေ၊ ဖျက်ဆီးမှုတွေ၊ ယုတ်မာမှုတွေကို မှတ်တမ်းမှတ်ရာနဲ့ တင်ပြတိုင်တန်း နေပါရဲ့နဲ့ ဝမ်းနည်း၊ ရှုံ့ချ၊ ပိတ်ပင်တာလောက် ရှိတာမလား။ တစ်ဖက်မှာ pdf တွေ အင်အားကောင်းလာမှုနဲ့ ရံပုံငွေ ရှာဖွေနိုင်စွမ်းကလည်း မျှော်လင့်ချက်ရောင်ခြည် ပေးပါတယ်။ တချို့ စိတ်ပျက်စရာ လူတွေကိုတော့ ဘဝထဲက ထုတ်ထားလိုက်တယ်။ အမှောင်ခေတ်မှာ အမှောင်လူတွေကို တွေ့ရမှာပဲလေ။ ဆင်းရဲနိမ့်ကျပြီး ပညာရေး အားနည်းတဲ့အပြင် မှိုင်းမျိုးစုံ မိထားတဲ့ သည်နိုင်ငံမှာ အတ္တသမားတွေ များတာလည်း မဆန်းပါဘူး။ သူတို့က စိတ်ထားကို ထားချင်သလိုထား၊ ပတ်ဝန်းကျင်ကို လုပ်ချင်ရာလုပ်ပြီး ဘာသာရေးဘက်မှာ လာဘ်ထိုးသလို လှူလိုက်ရင် နတ်ပြည်လက်မှတ် ရပြီလို့ ထင်နေကြတာ။
အလုပ်ကိုယ်စီ လုပ်လိုက်ကြပြီးတဲ့နောက် ကျွန်တော်တို့ သိပ်မဆုံဖြစ်ကြတော့ဘူး။ ယုယုနဲ့လည်း မတွေ့ဖြစ်။ သီရိလည်း သူ့အစ်ကိုကြီးနဲ့ အဆင်ပြေနေလို့ ထင်တယ်၊ ကျွန်တော့်ဆီ ဆက်သွယ် မလာ။ ကျွန်တော်လည်း မအားဘူးလေ။ ကလစ်ဖို့တောင် သတ်သတ်မှတ်မှတ် အချိန်တစ်ခု ယူထားလို့သာပဲ။ အိမ်မှာလည်း မီတာလာမဖြုတ်သေးပေမယ့် မီးတွေ ခပ်စိတ်စိတ်ပျက်လာတယ်။ ဟုတ်ကဲ့ ... ကျွန်တော် နေ့စဉ် ကလစ်နှိပ်ပြီး လစဉ် ကူဖြစ်ပါတယ်။
............
ကုမ္ပဏီက ပေးထားတဲ့ ကားကို မောင်းပြီး ကျွန်တော် မြို့ထဲ ထွက်ခဲ့တယ်။ တနင်္ဂနွေနေ့ခင်း ဆိုပေမယ့် ကားသိပ်မရှင်းဘူး။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်တွေက ပြွှတ်သိပ်ကျပ်နေတဲ့ ကားတွေနဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်ဘူးပေါ့။ ဒီလမ်းတွေမှာ လူပင်လယ်ကြီးနဲ့ စည်ကားခဲ့တာကိုလည်း ပြန်မြင်ယောင်မိတယ်။ ခုတော့ လူစုစုပဲ တွေ့ရတယ်။ ဟေးလားဝါးလား ရယ်မောနေကြတဲ့ လူငယ်အဖွဲ့၊ လှည်းနဲ့ရောင်းတဲ့ ပင်လယ်စာ အကင်ဆိုင်မှာ ရွေးနေကြတဲ့ စုံတွဲနှစ်ယောက်၊ စူပါမားကတ် အဝမှာ ဆယ်ဖီဆွဲနေတဲ့ ကောင်မလေးတွေ၊ ဖြတ်သွားတဲ့ ဘတ်စ်ကားပေါ်မှာ တောင်ကြည့်မြောက်ကြည့်နဲ့ ပါသွားကြတဲ့ လူတွေ။ ဖက်ရှင်ဆိုင်မှာတော့ လူရှင်းနေတယ်။ အရောင်းစာရေးမလေးက ဆိုင်ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့ကိုကြည့်မိတဲ့ သူတိုင်းကို မင်္ဂလာပါရှင်လို့ အော်နေတယ်။ ဒီတိုင်းကြည့်ရင်တော့ မြို့က ဘာမှ ဖြစ်ပျက် မနေတဲ့ပုံ။ ရန်ကုန်ကတော့ ရန်ကုန်ပါပဲ လို့ တွေးနေတုန်း မီးပွိုင့်လွတ်သွားလို့ ကျွန်တော် မောင်းထွက်ခဲ့တယ်။ ‘ကျွန်တော် ဘာလို့ မြို့ထဲထွက်လာမိတာလဲ’ ဆိုတာကို ရုတ်တရက် မေ့သွားလို့ ပြန်စဉ်းစား လိုက်ရသေးတယ်။ ကွန်ပျူတာကို ပိုမြန်အောင် ssd စိုက်တာ တစ်ခါတည်း မရခဲ့လို့ ဒီနေ့မှ သွားပြန်ယူ ရတာပဲ။
ပါကင်ထိုးပြီး နောက်ကြည့်မှန်မှာ မြင်လိုက်ရတဲ့ ပုံရိပ်ကြောင့် ကျွန်တော် ကားပေါ်က ချက်ချင်း မဆင်းဖြစ်ဘူး။ သီရိလေ … ဘေးက သူနဲ့ တွဲနေတဲ့ အစ်ကိုကြီး ဆိုတဲ့သူ ဖြစ်မယ်။ တက္ကစီငှားဖို့ စောင့်နေကြတာ ထင်တယ်။ ဆေးလိပ်တစ်လိပ်ကို မျှသောက်ရင်း သူတို့ ရယ်ရယ်မောမော စကားပြောနေကြတယ်။ ဟုတ်တယ်။ တက္ကစီ တစ်စီး သူတို့ရှေ့ကို ရပ်တယ်။ သူတို့တက်သွားတယ်။ တက္ကစီထွက်သွားမှ ကျွန်တော် ကားထဲက ထွက်လာခဲ့တယ်။ သူတို့ရပ်သွားတဲ့ နေရာအရောက်မှာ သီရိပစ်ချသွားပုံရတဲ့ စီးကရက်တိုက မီးခိုးငွေ့တွေ ထွက်နေဆဲ။ ကျွန်တော် ဖိနပ်နဲ့ နင်းချေပြီး မီးသေအောင် သတ်လိုက်တယ်။ ဖုန်းကိုထုတ်ပြီး သီရိနံပါတ်ကို ကြည့်မိတယ်။ ကျွန်တော် တွေနေတယ်။ နောက်တော့ ဆိုင်ထဲကိုပဲ ဝင်ဖြစ်တယ်။ လက်ပ်တော့ကို ယူတယ်။ ကျသင့်ငွေရှင်းပြီး ပြန်လာခဲ့ပါတယ်။
အပြန်လမ်းမှာ ကားနည်းနည်းပိုများလာတယ်။ ရုံးတွေ၊ ရဲစခန်းတွေရှေ့မှာ ချထားတဲ့ အကာတွေကို ရှောင်မောင်းရတာ စိတ်ပျက်စရာပဲ။ ကားမှာ ဖုန်းနဲ့သွယ်ပြီး သီချင်းဖွင့်လို့ ရအောင် လုပ်ထားတာမို့ ကျွန်တော် သီချင်းတွေကို RANDOM ဖွင့်ထားလိုက်တယ်။ ‘34,35’ လာတယ်။ ကျော်လိုက်တယ်။ ပြီးတော့ ‘2002’, ‘Apocalypse’, ‘Norwegian Wood’, ‘Attentions’, ‘New Rules’, ‘Comfortably Numb’, ‘Cigarettes after Sex’. Cigarettes after Sex မပြီးခင်မှာ အိမ်ပြန်ရောက်တယ်။ ကားပေါ်က မဆင်းသေးဘဲ နောက်ကြည့်မှန်ကနေ တစ်ခုခုကို အထပ်ထပ် ပြန်ရှာနေမိတယ်။ လမ်းထဲက ဖြတ်သွားဖြတ်လာနဲ့ ဈေးသည်တွေကိုပဲ ဝေဝေဝါးဝါး တွေ့ရတယ်။ နောက်ကြည့်မှန်ကို ခေါက်လိုက်ပြီး ကျွန်တော် ငိုင်နေမိပြန်တယ်။ ဒီလိုတစ်ယောက်တည်း အလုံပိတ် နေရတာမျိုးကို ကျွန်တော် သဘောကျတယ်။ အနည်းဆုံးတော့ ခုလိုအချိန်မှာပေါ့။
………
နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျွန်တော် စသတိထားမိတာက ရွှေဝါရောင် တော်လှန်ရေးပါ။ ဘုန်းကြီးတွေ လမ်းထဲထိ တန်းစီပြီး မေတ္တသုတ် ရွတ်ကြတာကို ထွက်ကြည့်ဖူးတယ်။ အဲ့ဒီ အချိန်က သိပ်နားမလည်သေးတော့ ဘာမှန်းတော့ မသိခဲ့ဘူး။ ပြောရရင် ကျွန်တော်ကိုယ်တိုင် မှိုင်းမိနေသေးတဲ့ အချိန်တွေပေါ့။ နိုင်ငံရေးကြောင်း မပြောရဲတာတွေ၊ ပြည်ပကို အထင်ကြီးတာ မကောင်းတာတွေ၊ စစ်ဗိုလ်နဲ့ ချမ်းသာတာ တွဲမြင်ရတာတွေ၊ စစ်တပ်ရဲ့ ကျေးဇူးကြီးမားပုံတွေ၊ နောက်ပြီး ဘာသာရေးမုန်းတီးမှုတွေ … တကယ်ကို စနစ်တကျ သူတို့ မှိုင်းတိုက်ခဲ့ ကြတာပါ။ အလင်းတွေကို သူတို့ပဲ ကွက်ယူထားပြီး ပြည်သူတွေကို အမှောင်ထုထဲ ပိတ်လှောင်ထားခဲ့ ကြတာ။ အမှောင်ထုက နက်ရှိုင်းလွန်းလို့၊ အချိန်ကြာလွန်းလို့ အလင်းဆိုတာကို လူတွေ မေ့သွားခဲ့ကြတယ်။ အဓိပ္ပာယ် မဖွင့်တတ် ကြတော့ဘူး ဖြစ်ကုန်တယ်။ သင့်တင့်မျှတတဲ့ ပတ်ဝန်းကျင် တစ်ခုမှာ သင့်တင့်မျှတတဲ့ တွေးခေါ်မျှော်မြင်မှု ရှိတဲ့ လူသားတိုင်းဟာ ကိုယ့်ဘဝကိုယ် ဖန်တီးနိုင် ကြတယ်။ ဖန်တီးနိုင်ခွင့်လည်း ရှိရမယ်ပေါ့လေ။ ဒါပေမယ့် အဲ့ဒီလို မဟုတ်တဲ့အခါ မြန်မာနိုင်ငံမှာ ဘာသာရေးကို အလွန်အမင်း အားကိုးလိုမှုနဲ့ ကယ်တင်ရှင်အစားထိုး နတ်ကန္နား၊ ဗေဒင်၊ ယတြာ စတာတွေ အားကောင်းလာခဲ့တယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်ဖြစ်တဲ့ သံသရာမှ လွတ်မြောက်ရေး နေရာမှာ ကိုယ့်တစ်ဘို့စာ လောကီကောင်းစားရေးကို ရည်မှန်းပြီး လှူတာတန်းတာတွေ ပေါလာတယ်။ ဘာသာရေးဆိုတာ ရင်းနှီးမြုပ်နှံမှုကြီးသား ကျလို့။ လှူဒါန်းပေးကမ်းတယ် ဆိုတာ စွန့်လွှတ်စိတ်ရယ်၊ တစ်ဖက်လူ အဆင်ပြေသွားစေချင်တဲ့စိတ်ရယ်၊ လောကကြီးပိုလှ၊ ပိုငြိမ်းချမ်းသွား စေချင်တဲ့ စိတ်တွေရယ် ပေါ်မှာ အခြေခံ သင့်တာ မဟုတ်ဘူးလား။ အပါယ်ပိတ်တယ်ဆိုတဲ့ ဂျင်းမိထားတာနဲ့ပဲ ကလေးတွေကို ဝတ်ချင်မှန်းမသိ၊ မဝတ်ချင်မှန်းမသိ သင်္ကန်းစီးပေးတာတို့၊ ပိုလျှံနေတဲ့ ဘုန်းကြီးကျောင်းမှာ အလှူသွားလုပ်တာတို့၊ အခါကြီးရက်ကြီးမှာ ဘာဝိနည်းမှ မလိုက်နာကြဘဲ ဘုန်းကြီးသွားဝတ်ပြီး ကုသိုလ်ရမယ် ထင်တာတို့။ ဒီကလူတွေ မလှူတတ်ကြလို့လည်း အလှူအတန်းမှာ နံပါတ်တစ်၊ ဆင်းရဲတွင်းမှာလည်း နံပါတ်တစ်ပဲ ဖြစ်နေတာ။
ဒါကြောင့် လူတွေ ပူဆွေးသောက ရောက်နေကြတဲ့ ဒီလိုအချိန်မှာ ကိုယ့်နောက်ဘဝ ကောင်းစားဖို့ ရည်ရွယ်တဲ့ (သေချာစဉ်းစားကြည့်ရင် တကယ်မလိုအပ်တဲ့) အလှူမျိုး လှူပြီး မဏ္ဍပ်တိုင် တက်ပြနေသူတွေကို မြင်ရင် မရယ်ရတဲ့ ဟာသတစ်ပုဒ်ရဲ့ ကြောင်တောင်တောင် နိုင်မှုကို တွေးပြီး ရယ်မိသလိုမျိုး ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မိတာပေါ့။ ခုနောက်ပိုင်းဆို အကျင့်လိုကို ဖြစ်နေပြီ။ သူတို့ကို လိုက်ကြည့်ပြီးမှ ကျွန်တော် ရယ်နိုင်တော့တာလေ။
………..
ဟိုတစ်ရက်က သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာတယ်။ “ငါ ဘယ်သူလဲ၊ မှတ်မိလား။” လို့ သူက ကြောင်တောင်တောင် စပြောတယ်။ ဖုန်းနံပါတ်က အစိမ်း၊ အသံကလည်း ဒီဘက်နှစ်တွေမှာ မကြားမိတဲ့ အသံ။ “မသိဘူးဟ။ ဘယ်သူများလဲ။” လို့ ကျွန်တော် ပြန်မေးလိုက်ရတယ်။
“သိန်းဇော်ဝင်းလေကွာ။ မင်းတို့ စော်ကြည်ဘဲ လို့ ခေါ်ခဲ့တဲ့ကောင်။”
သူပြောလိုက်မှ ခေါင်းထဲမှာ သူ့အသံကို နည်းနည်းမှတ်မိသလို ဖြစ်လာတယ်။
“အော် … အေး။ မတွေ့တာတောင် ကြာပြီ။ ခုမှ ဘယ်လိုဖြစ်။” လို့ ကျွန်တော် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တယ်။
“မင်းကို ငါအကောင့် Add ထားသေးတယ်။ မင်းလက်မခံလို့။ ဖုန်းနံပါတ်က ငါ ဝေဖြိုးဆီက ရတာ။”
“ခုကာလ မသိတဲ့သူတွေဆို သိပ်လက်မခံရဲလို့ပါကွာ။ မင်းက နာမည်အတုနဲ့ လာ Add တာမလား။ ဘာနာမည်လဲ။”
“အေး၊ Hero King ဆိုတဲ့နာမည်နဲ့။ ငါ့သားပုံ တင်ထားတယ်။”
‘ချီးတဲ့မှပဲ၊ မင့်သားပုံ ငါက ဘယ်လိုလုပ် သိမလဲ’ လို့ စိတ်ထဲကနေ ဆဲမိတယ်။
“ပြော ဘာကိစ္စ …”
“သတိရလို့ပါကွာ။ ငါတို့ လုံးဝကို အဆက်အသွယ် ပြတ်သွားကြတာပဲ။ မင်း ရန်ကုန်မှာပဲလား။ ဘာတွေလုပ်နေလဲ။” လို့ သူပြောတယ်။ ဒါ စကားပလ္လင် ခံနေတာပါ။
“အေး၊ ဒီလိုပါပဲကွာ။ မင်းရော အဆင်ပြေရဲ့လား။” လို့ ကျွန်တော် စကားလမ်းကြောင်း ဖွင့်ပေးလိုက်တယ်။
“မပြေပါဘူးကွာ။ ဒီခေတ်ကြီး ကလေးနှစ်ယောက်နဲ့ ရုန်းကန်နေရတယ်။ မင်းအဆင်ပြေတယ်လို့ ဝေဖြိုးက ပြောတယ်။ အဆင်ပြေရင် ငါ့ကို နည်းနည်းလောက် ကူညီပါကွာ။ ငါတကယ် အရေးပေါ် လိုနေလို့ပါ။” လို့ နောက်ဆုံးမှာ ကိစ္စအမှန်ကို သူပြောတယ်။ ကျွန်တော် ပြုံးလိုက်မိတယ်။
“ငါအဲ့လောက် အဆင်မပြေပါဘူးကွာ။ မင်းက ဘယ်လောက် လိုတာလဲ။”
“မများပါဘူး။ ငါးသိန်း။” လို့ သူပြောတယ်။
“ငါးသိန်းက မများဘူးတဲ့လားကွာ။ မင်းကို ငါ ငါးသောင်းလွှဲလိုက်မယ်။ ပြန်မဆပ်လည်း ငါဗွေမယူမယ့် ပိုက်ဆံပဲ။ ငါလည်း ဟိုကူရ သည်ကူရနဲ့။ ဒီကာလကြီးမယ် ငွေပိုမရှိဘူးဟ။” လို့ ကျွန်တော် ပြတ်ပြတ်သားသား ပြောလိုက် ပါတယ်။
“မင်း Pdf တွေ ကူနေတာလား။ ဂရုစိုက်ကွာ။ ငါတို့တော့ ကူချင်ပေမယ့် ကိုယ်တိုင်က ဒုက္ခရောက်နေတယ်။” လို့ သူပြောတယ်။
သူ့အကောင့်ကို တောင်းပြီး ကျွန်တော် ဖုန်းချလိုက်တယ်။ ဖုန်းနံပါတ်ကို ‘ex-friend 8’ ဆိုပြီး နာမည်မပါဘဲ ကျွန်တော် မှတ်လိုက်တယ်။ ပြီးတော့ ငါးသောင်းလွှဲပေးလိုက်ပါတယ်။
…………
ပိုက်ဆံအချေးအငှား ကိစ္စက ဒီရက်ပိုင်း ခပ်စိပ်စိပ် ကြုံရတယ်။ အဆင်မပြေသူတွေ များတာကိုး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း CDM ဝန်ထမ်းတွေ လုံးဝ မပါဘူး။ သူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းကြတယ်။ ဒီလိုဆိုတော့ ငွေချေးနေတဲ့ CDM တွေကို မကောင်းဘူး ပြောတာ မဟုတ်ဘူးနော်။ ကျွန်တော်တို့တွေ တော်လှန်တယ် ဆိုတာ ပုဆိုးခြုံထဲက လက်သီးပြတဲ့ အဆင့်ထက် နည်းနည်းပဲ ပိုတာ။ သူတို့က ရပိုင်ခွင့်ရော၊ အနာဂတ်ကိုပါ ပစ်ချပြီး တော်လှန် နေကြတာ။ အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အန္တရာယ်ကလည်း ရှိနေသေး။ တစ်ခါတလေ CDM ဝင်ထားတဲ့ ကျွန်တော့် သူငယ်ချင်းတွေ စာရင်းကို ချရေးကြည့်တယ်။ အသိတွေလည်း ပါတယ်။ ၁ ယောက်၊ ၂ ယောက်၊ ၃ ယောက် … စုစုပေါင်း ၂၁ ယောက်ရှိတယ်။
“မင်းမင်းထွန်းလား … ငါတိုးအောင်ပါ။”
“အေး … တိုးအောင်။ ထူးထူးဆန်းဆန်း ဖုန်းတွေဆက်လို့ပါလား။” လို့ တစ်ဖက်က ဖြေတယ်။
“သတိရလို့ပါကွာ။ ဘယ်လိုလဲ။ ဘာတွေလုပ်နေလဲ။”
“ဘာလုပ်ရမလဲကွာ။ အလုပ်ကထွက်ထားတော့။ ဆေးလိုက်ထိုးတယ်။ အိမ်လာပြတော့လည်း ကြည့်ပေးလိုက်တယ်၊ ဒီလောက်ပါပဲ။ ဆေးထိုးတာလည်း ဒီဘက်က ငါ့နယ်မဟုတ်တော့ သိပ်မထိုးရပါဘူးကွာ။” တစ်ဖက်က ဆိုင်ကယ်သံတွေ ကြားရတယ်။ မင်္ဂလာဆောင် သီချင်းတစ်ပုဒ် အကျယ်ကြီး ဖွင့်ထားတာလည်း ကြားရတယ်။
“အဲ့ဒီဘက်က ခုထိ မင်္ဂလာဆောင်တွေ မပြီးသေးဘူးလားဟ။” လို့ ကျွန်တော် မေးလိုက်တယ်။
“အေးကွာ။ မင်းရော မယူသေးဘူးလား။ ဖိတ်ဦးနော်။” လို့ သူ ပြန်ပြောတယ်။
“တော်ပါကွာ။ တစ်ယောက်တည်း နေရတာတောင် စိတ်ရှုပ်စရာ များလွန်းလို့။ ဒါနဲ့ မင်းမိန်းမရော။”
“အေး။ သူလည်း အလုပ်ထွက်ထားတော့ ငါ့ဆေးစာရင်းတွေ လုပ်ပေးနေတာပေါ့ကွာ။”
“ဟ … ဟ။ ခုမှ ဆေးမှူးကတော် ဖြစ်တော့တာပေါ့။ အရင်ကတော့ သူက ဆရာမကြီးပဲ မလားကွ။”
“ခုလည်း ဆရာမကြီးပါပဲကွာ။ ဘာဟင်းချက်လဲ မေးမိတိုင်း သူ့ရဲ့ ကုန်ဈေးနှုန်းလက်ချာတွေ နားထောင်ရတုန်းဟ။ ဟား … ဟား။”
မင်းမင်းထွန်းက ရယ်ပါတယ်။ သူ့ရယ်သံက စိုစိုပြည်ပြည်တော့ မရှိလှဘူး။
“ဒီလို သူငယ်ချင်းရေ။ ငါတို့အလုပ်မှာ စိတ်တူကိုယ်တူတွေ စုပြီးကွာ … နီးစပ်ရာထဲက CDM တွေကို ကူဖို့ပေါ့ … ငွေစုကြတယ်။ ပြီးရင် အလှည့်ကျ နာမည်စာရင်းတင်ပြီး တကယ် CDM လုပ်နေသူတွေကို ပို့ပေးတယ်ပေါ့။ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူးကွာ။ အဲ့တာ ဒီလ ငါရွေးရတဲ့အလှည့်မှာ မင်းတို့လင်မယားကို ငါစာရင်း တင်လိုက်တယ်။ အဲ့တာ အခု …”
“ဒုက္ခသည်စာရင်းပေါ့လေ။ ဟ … ဟ။” လို့ မင်းမင်းထွန်းက စောနကထက် ပိုခြောက်ကပ်တဲ့ ရယ်သံနဲ့ ရယ်ပြန်တယ်။
“မဟုတ်ပါဘူးကွာ။ ကြီးကြီးကျယ်ကျယ် ပြောရရင် သူရဲကောင်း စာရင်းပေါ့။ အဓိက ကတော့ ငါတို့လည်း ကိုယ့်စိတ်ကိုယ် ဖြေတာပဲ ဟရောင်။ ကိုယ်တိုင် တရားအားမထုတ်နိုင်လို့ ယောဂီတွေကို ဆွမ်းတစ်နပ်စာ လှူသလိုမျိုး ကုသိုလ် ပါဝင်ချင်တာပဲ။” လို့ ကျွန်တော် တွေးတွေးဆဆ ပြောလိုက်တယ်။
“ဟုတ်ပါပြီကွာ။ ငါတို့လည်း ခက်ခဲတာတော့ အမှန်ပဲ။ နှစ်ဖက်မိဘကို ပြန်ထောက်ရတာနဲ့။ ခလေးစရိတ်နဲ့။ ထားပါကွာ။ ဒါတွေက။ ငါတို့ထက် ပိုဆိုးနေသူတွေလည်း အများကြီးပဲကို။”
“အေး … သူငယ်ချင်း။ မင်း အဆင်ပြေတဲ့ ဘဏ်အကောင့်တစ်ခုခု ငါ့ဆီ မက်ဆေ့ ပို့လိုက်လေ။”
“အေး … အေး။ တိုးအောင် … ငါတို့ကို သတိရတာ ကျေးဇူးပါကွာ။” လို့ ဖုန်းမချခင် သူပြောသွားတယ်။
“မင်းတို့က ကျေးဇူးပိုတင်ထိုက်သူတွေပါကွာ။’ လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။
ပြီးတော့ သူ့အကောင့်နံပါတ် ရောက်လာတာနဲ့ ကျွန်တော်ငွေလွှဲပေးလိုက်တယ်။ သူတို့လင်မယား နှစ်ယောက် အလုပ်ဝင်နေရင် ရမယ့် လခရဲ့ လေးပုံတစ်ပုံ လောက်ပါပဲ။ ကျွန်တော်လည်း CDM သူငယ်ချင်းတွေဆီ ဒီလိုဖုန်းဆက်နိုင်ဖို့ကို တစ်လတစ်ခါ နပ်မမှန်ပါဘူး။ ယုယုပြောဖူးတာတောင် သတိရသွားတယ်။ ပိုကူနိုင်အောင် နိုင်ငံခြားထွက်ပါလား တဲ့။
…………….
ဆိုင်အပြင်ထောင့်မှာ သီရိ မတ်တပ်ရပ်နေတယ်။ သူ့မျက်လုံးက ကားတွေကို လိုက်ကြည့်နေတယ်။ ပလက်ဖောင်း ပေါ်က လမ်းလျှောက်လာနေတဲ့ ကျွန်တော့်ကို သူသတိမထားမိဘူး။ ကျွန်တော်မကျွမ်းတဲ့ အလုပ်ကို လုပ်ကြည့်ဦးမယ်။ အဝတ်အစားအကြောင်း ရေးကြည့်တာလေ။ သူက တောက်လျှောက်ဂါဝန်လိုမျိုး ပုခုံးမှာ ကြိုးပါတဲ့ ဟာကိုမှ အပေါ်ကနေ ချည်ကာဒီဂန် တစ်ထည် ထပ်ဝတ်ထားတယ်။ ဂါဝန်က ဒူးအောက်လောက်ထိ ဆိုတော့ ခြေသလုံးတွေကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဖိနပ်ကတော့ နောက်ခုံနည်းနည်းမြင့်တဲ့ ကြိုးနှစ်ချောင်းတပ် မိန်းမစီးဖိနပ် ဆိုတာလောက်ပဲ ကျွန်တော် ပြောတတ်တယ်။ နေကျနေပြီ ဆိုပေမယ့် ရာသီဥတုက ပူနေသေးတယ်။ သူအပြင်မှာ စောင့်နေတာ မကြာလောက် သေးဘူး။ မဟုတ်ရင် ပူလို့ သူခုလို ငြိမ်ငြိမ်လေး ရပ်နေနိုင်မှာ မဟုတ်ဘူးလေ။
“ဟေ့ … ဘာတွေတွေးနေတာလဲ။ ငါရောက်ပြီ။” လို့ ကျွန်တော် နှုတ်ဆက်လိုက်တယ်။
သူက ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးပြတယ်။ ရွှင်ရွှင်ပြပြတော့ မဟုတ်ဘူးပေါ့။
“တက္ကစီတွေ တော်တော်များတာပဲ။ သုံးစီးမှာ တစ်စီးနှုန်းလောက် ရှိမယ်။” လို့ သူပြောတယ်။ ပြီးတော့ ကျွန်တော့်အရင် ဆိုင်ထဲကို ဝင်သွားတာနဲ့ ကျွန်တော် သူ့နောက်က လိုက်ဝင်လိုက်တယ်။
ပြတင်းပေါက်ပါတဲ့ အခန်းက မလွတ်လို့ အလယ်ခန်းတစ်ခန်းကိုပဲ ကျွန်တော်တို့ ယူလိုက်ရတယ်။ သူက ဒိန်ချဉ်မှာတယ်။ ကျွန်တော်ကတော့ သံပုရာရည်ပဲ။
အခန်းထဲရောက်တော့ ဘေးချင်းကပ်ခုံမှာ ထိုင်လိုက်ကြတယ်။
“သံပုရာရည်ကို သိပ်ကြိုက်တာလား။” လို့ သူက မေးတယ်။
“မဟုတ်ပါဘူး။ အနက်ရောင် စပို့ရှပ်တစ်ထည် တည်းကို နေ့တိုင်းဝတ်တဲ့ ဆရာတစ်ယောက်နဲ့ ကြုံဖူးတယ်။ မေးကြည့်တော့ အင်္ကျီဝတ်ရင် အရောင်နဲ့ ဒီဇိုင်း စဉ်းစားစရာ မလိုအောင် တံဆိပ်တူ အရောင်တူ တစ်ဒါဇင် ဝယ်ထားတာတဲ့။ သူ့ကိုအားကျလို့။ ပြီးတော့ ရန်ကုန်ရာသီဥတုနဲ့ ဘယ်ချိန်သောက်သောက် သံပုရာရည်က အဆင်ပြေတယ်။ ဗိုက်ပြည့်နေလား၊ ဗိုက်ဆာနေလား၊ ငြီးစီစီ ဖြစ်နေလား၊ လန်းဆန်းနေလား၊ ပျော်နေလား၊ ဝမ်းနည်းနေလား ..”
“တော်ပါဟယ်” လို့ပြောပြီး သီရိ ပြုံးပါတယ်။
“ကဲ … ပြော။ ဘာကိစ္စ။” လို့ ကျွန်တော် သူ့ကို ဘေးတိုက်ကြည့်ပြီး မေးလိုက်တယ်။
“ပြောမှာပေါ့။ အအေးလာတာ စောင့်လိုက်ဦးမယ်။” လို့ သူပြောတယ်။ ပြီးတော့ ဖုန်းပွတ်နေတာနဲ့ ကျွန်တော်လည်း ဖုန်းကို ထုတ်ပြီး ကလစ်နေလိုက်တယ်။ ဒီနေ့ လစ်မစ်မထိသေးဘူးလေ။
ခဏနေတော့ စားပွဲထိုးက ကျွန်တော်တို့ မှာထားတာတွေ လာချတယ်။ ပြီးတော့ ပြန်ထွက်သွားပြီး တံခါးကို စေ့ထားခဲ့တယ်။
သီရိက တံခါးကို လှမ်းကြည့်တယ်။ ပြီးမှ ဖုန်းကိုချပြီး စကားစတယ်။
“ငါ ဟိုအစ်ကိုနဲ့ ပြတ်သွားပြီ။”
“အော် … အေး။ ဘယ်လိုဖြစ် …” လို့ ကျွန်တော် ရေရွှတ်မိတယ်။
“သူနဲ့ငါ တည်းခိုခန်း ရောက်ခဲ့ကြတယ်။” လို့ သူပြောတယ်။ ပြီးတော့ ကျွန်တော့်ကို စောင်းကြည့်တယ်။ ကျွန်တော် အကြည့်လွှဲလိုက်ပြီး ခေါင်းငုံ့ရင်း သံပုရာရည်ကို ပိုက်ကတဆင့် စုပ်နေလိုက်တယ်။
“သွားတာတော့ ဟိုကိစ္စပါပဲ။ ဒါပေမယ့် မလုပ်ဖြစ်ခဲ့ကြဘူး။”
ကျွန်တော် သံပုရာရည်ကိုပဲ ဆက်သောက်နေတယ်။ သူက ဆက်ပြောတယ်။
“သူ့ကို ငါချစ်တယ် ထင်တာပဲ။ သူနဲ့ဆိုရင် ပျော်လည်းပျော်တယ်။ ငါက သီရိမဟုတ်တော့တဲ့ တခြားတစ်ယောက် ဖြစ်သွားသလိုမျိုး ခံစားရတယ်။ ဒါပေမယ့်ဟာ သူငါ့ကို နမ်းနေတဲ့အထိ အကောင်း။ သူ့လက်တွေက ငါ့နောက်ကျောကို ပွတ်လိုက်ချိန်မှာ ငါ့နောက်ကျောက ထိုးအောင့်လာတယ်။ နင့်ကို ပြောဖူးတယ်လေ။ ငါ ကားတိုက်ခံရပြီး ကတည်းက တစ်ခါတလေ ပေါ်လာတတ်တယ် ဆိုတဲ့ဟာ။”
ကျွန်တော် သူ့ကို မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်ပါတယ်။
“ငါဘယ်လိုမှ မရတော့တာနဲ့ သူ့ကို ဗိုက်အောင့်တယ်လို့ ပြောပြီး ငါတို့ရပ်လိုက်ကြတယ်။ သူက ဆေးခန်း လိုက်ပို့တယ်။ လမ်းမှာတင် ငါ့ခါးက သက်သာသွားပြီ။ ဆရာဝန်က ဟိုစမ်းသည်စမ်း လုပ်ပြီး ငါ့ကို အစားပုံမှန်စားဖို့ ပြောတယ်။ ဆေးတွေလည်း ပေးလိုက်တယ်။ ပြီးတော့ ငါအိမ်ပြန်တယ်။ ခါးက မနာတော့ပေမယ့် စူးစူးလေး ကျန်နေတယ်။”
သူက ခဏရပ်ပြီး ဒိန်ချဉ်သောက်တယ်။ ကျွန်တော်လည်း ပုံမှန်ပြန်ဖြစ်နေပါပြီ။
“နောက်နေ့ကျ ငါဖုန်းဆက်ပြီး သူ့ကို ဖြတ်လိုက်တယ်။”
“သူက အသာတကြည် လက်ခံတာပဲလား။” လို့ ကျွန်တော် မေးလိုက်တယ်။
“ဘာလို့လဲတော့ မေးတာပေါ့ဟာ။ ဒီလိုပဲ … အဆင်မပြေတော့လို့ ပြောလိုက်တယ်။ တည်းခိုခန်းမှာ သူမှားတာ ဘာမှ မရှိဘူးလို့လည်း ငါပြောလိုက်တယ်။ သူက လူကြီးလူကောင်းပဲ။ ငါစိတ်ပြောင်းရင် သူ့ကို ဆက်သွယ်ဖို့ ပြောပြီး ငါ့ကို မဆက်သွယ်တော့ဘူး။ ငါလည်း မဆက်သွယ်တော့ဘူးလေ။”
“နင် သူ့ကို ချစ်ခဲ့တယ်ဆို။ သတိမရဘူးလား”
“ချစ်တယ် ထင်တာလေ။ သတိတော့ ရပါတယ်။ ဒါပေမယ့် ပြီးခဲ့ပြီပဲ။”
“နင့်နောက်ကျောကရော အောင့်သေးလား။ ပုံမှန်ပဲလား။”
“မအောင့်တော့ဘူး။ ဒါပေမယ့် ငါစမ်းကြည့်တော့ ပုံမှန်မဟုတ်ဘူး။ အဲ့ဒီနေရာလေးက မာနေသလိုပဲ။ နင်စမ်းကြည့်ပါလား။” လို့ ပြောရင်း သူက အပေါ်ကာဒီဂန်ကို ချွတ်လိုက်တယ်။ နောက်ကျောကို ကျွန်တော့်ဘက် လှည့်ပေးတယ်။
ပုခုံးရိုးတွေက ထင်းနေပြီး သူ့နောက်ကျောက ရှင်းနေတယ်။ ဘာမှဲ့မှ မရှိ၊ ဘာအမာရွတ်မှ မရှိ။ သူလက်ထောက်ပြတဲ့ နေရာကို ကျွန်တော်စမ်းကြည့်တယ်။ တခြားနေရာတွေနဲ့ ယှဉ်ကြည့်တယ်။ ဘာမှ မသိသာသလိုပဲ။
“ငါတော့ ထူးပြီး မာတယ်လို့ မခံစားရဘူး။” လို့ ကျွန်တော် ပြောလိုက်တယ်။
“သေချာစမ်းကြည့်ပါဟ။ ဒီနားဆို ပျော့တယ်လေ။ ဒီနားက နည်းနည်းမာတယ်။” လို့ သူက နေရာနှစ်နေရာကို နောက်ပြန်စမ်းပြတယ်။ သူပြောသလို လိုက်စမ်းကြည့်ပြီး “အေး နည်းနည်းပါ။ အရိုးနားကပ်နေလို့ မာတာလားပဲ။” လို့ ကျွန်တော် ပြောလိုက်တယ်။
“မဆိုင်ပါဘူး။ နင့်နောက်ကျောကို စမ်းပြမယ်။ ဟိုဘက်လှည့်။” လို့ စိတ်မရှည်သလို ပြောပြီး ကျွန်တော့်ဘက်ကို လှည့်လာတယ်။ ကျွန်တော်လည်း တီရှပ်ကို ဆွဲချွတ်လိုက်ပြီး ဟိုဘက်လှည့်ပေးလိုက်ရတယ်။ ခုချိန် စားပွဲထိုး ဝင်လာရင် တစ်မျိုးထင်ဦးမယ်။
“တွေ့လား။ နင်ဆို အဲ့ဒီနေရာက မမာဘူး။ ငါက မာနေတာ။” လို့ သူပြောတယ်။
“ထားပါတော့။” လို့ ပြောပြီး ကျွန်တော် တီရှပ်ကို ပြန်စွပ်လိုက်တယ်။ ကျွန်တော့်ကို ကြည့်ပြီး သူ ရယ်ပါတယ်။
“ဖြစ်ပျက်နေလိုက်တာဟယ်။ အင်္ကျီချွတ်ရတာများ လာရှက်နေတယ်။” လို့လည်း ပြောသေးတယ်။
“မရှက်ပါဘူး။ မနေတတ်တာပါ။” လို့ ကျွန်တော် ပြောလိုက်ရတယ်။
“နင်က ရှစ်တန်းကျောင်းသားလား။” လို့ပြောပြီး သူ သဘောကျနေပါတယ်။ ခဏနေမှ
“ငါ့ဇာတ်လမ်းကို မှတ်ချက်ပေးဦးလေ။” လို့ သူပြောတယ်။
“ဘာပေးရမှာလဲဟ။ ငါမပြောတတ်ဘူး။”
“ဘဲနဲ့ တည်းခိုခန်းရောက်ဖူးတယ်ဆိုတဲ့ ကောင်မလေးတွေကို နင်တို့တွေက ကဲ့ရဲ့ကြတယ်မလား။ ခုင့ါကိုရော ဘယ်လိုမြင်လဲ သိချင်တာ။” လို့ ခပ်အေးအေး သူပြောတယ်။
“ငါက မကဲ့ရဲ့ပါဘူး။ ဘယ်လိုမှလည်း မမြင်ဘူး။ ဒီဘက်ခေတ် လူငယ်တွေလည်း တော်တော်များများ လက်ခံကြပါတယ်။ ငါလည်း ရောက်ဖူးတာပဲကို။”
“တကယ်လား၊ ပြောပြ။” လို့ သူ ခပ်ရွှင်ရွှင် ပြောတယ်။
ပထမဆုံး အတွေ့အကြုံကို သူ့ကို ပြောပြလိုက်တယ်။ တစ်ဖက် ကောင်မလေးရဲ့ ညည်းသံကြောင့် ကျွန်တော် မပြီးလိုက်ကြောင်းရောပေါ့။
“နင်က ငါ့ထက် အဆင့်ပိုရောက်ခဲ့တာပဲ။” လို့ သူပြောတယ်။ “ထပ်ရှိသေးတယ်မလား။ ပြောပြဦး။” လို့ ပူဆာသလို သူထပ်ပြောတယ်။
“မရှိပါဘူး။” လို့ ကျွန်တော်ဖြေလိုက်တယ်။ ပြီးတော့ “စောန နင်မေးတာ သေချာပြောရရင် ငါက အပျိုစင်ကို တန်ဖိုးထားတဲ့ သူထဲမှာ မပါဘူး။ လူတိုင်းက ကိုယ့်ခန္ဓာကိုယ် ကို စိတ်ကြိုက်အသုံးချခွင့် ရှိတယ်လို့ မြင်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြိုတွေးပြီး ခံနိုင်မယ် ဆိုရင်ပေါ့။” လို့ စကားလမ်းကြောင်း လွှဲလိုက်တယ်။
“နင့်ကို ပြောပြရရင် ငါက ခုထိ Virgin” လို့ သူပြောတယ်။ ကျွန်တော် မအံ့သြပါဘူး။ ဒါပေမယ့် မေးချင်တာ တစ်ခုတော့ ရှိတယ်။
“ဒါဆို နင်က နင့်အပျိုစင်ဘဝကို ဟိုအစ်ကို့ကို ပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ။ သူက တကယ်ထိုက်တန်တယ်လို့ ခံစားရတယ်ပေါ့။” လို့ မေးလိုက်တယ်။
“သေချာ မပြောတတ်ဘူး။ သူက ဘယ်သူမှ မရှိဘူးလို့ ခံစားနေရတဲ့ ငါ့အတွက် ကောက်ရိုးတစ်မျှင်လို ဖြစ်သွားတာ။ ပျော်စရာပျောက်နေတဲ့ ငါ့ကို ပျော်စရာတွေ သူပြောပြနိုင်တယ်။ ငါ့ကို ရယ်အောင် လုပ်ပေးနိုင်တယ်။ အတွေ့အကြုံ အသစ်တွေလည်း အများကြီးရတယ်။ ငါ ခုဆို အရက်သောက်ဖူးပြီ၊ ဆေးလိပ်လည်းသောက်ဖူးပြီ၊ Sex တောင် နည်းနည်းပဲ လိုသွားတာ။” လို့ သူဖြေတယ်။ ပြီးတော့ ဒိန်ချဉ်ကို ဇွန်းနဲ့မွှေရင်း ဆက်ပြောတယ်။
“ငါလွတ်လပ်သလို ခံစားရတယ်။ စိတ်လည်းသိပ်မညစ်တော့ဘူး။ Facebook လည်း D ထားလိုက်တယ်။ သတင်းတွေလည်း ဘာမှ မဖတ်ချင်တော့ဘူး။ အဲ့ဒီလိုဖြစ်ခဲ့တာ။ ဒါကောင်းတယ်လို့ နင်ထင်လား။”
“နင်အဆင်ပြေတယ်ဆိုရင် ကောင်းတာပေါ့။ ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူးလေ။” လို့ ကျွန်တော် ပြောလိုက်တယ်။
“ဒါပေမယ့် တည်းခိုခန်းက ပြန်လာပြီးတဲ့ ညမှာ သေချာပြန်စဉ်းစားလိုက်တော့ ငါက အရှိတရားကို ရင်မဆိုင်နိုင်လို့ ရှောင်ပုန်းဖို့ ကြိုးစားနေတဲ့ သူရဲဘောကြောင်သူ တစ်ယောက်လို ဖြစ်ခဲ့တာပဲ။ ဒါနဲ့ ငါသူ့ကို ဖြတ်ပြီး လက်ရှိကမ္ဘာကို ပြန်လာခဲ့တာ။” လို့ သူပြောပါတယ်။
“လက်ရှိကမ္ဘာကနေ ကြိုဆိုပါတယ်ဗျာ။” လို့ ပြောပြီး ကျွန်တော် သံပုရာရည်ခွက်ကို မြှောက်လိုက်တယ်။ သူက ဒိန်ချဉ်ခွက်ကို မြှောက်ပြီး ကျွန်တော်တို့ ခွက်ချင်းတိုက်လိုက်ကြပါတယ်။
………..
မပြောတော့ဘူး နေတာ။ မစ္စတာမြအကြောင်း ပြောဦးမယ်။ သူနဲ့ ခရီးတစ်ခေါက်ထွက်ပြီးတည်းက သူ ကျွန်တော်တို့နဲ့ သိပ်မရောတော့ဘူး။ သူ့ကောင်မလေး စနက်ပဲ နေမှာပေါ့။ မေးထူးခေါ်ပြောတော့ ရှိပါတယ်။ ဒါပေမယ့် အာဏာသိမ်း အပြီးမှာ သူ့တုံ့ပြန်ပုံကို မကြိုက်လို့ ကျွန်တော်တို့ သူ့ကို တစ်ခါတည်း အဆက်ဖြတ် ပစ်လိုက်ကြတာ။ Facebook မှာရော အပြင်မှာပါ ဘလော့လိုက်တာပေါ့။ သူ့အဖေက ဗိုလ်မှူးထင်တယ်။ တကယ်တော့ သူက အာဏာသိမ်းတာကို ဝမ်းသာတယ် ဘာညာ မရေးပါဘူး။ လက်သုံးချောင်းထောင်တာတို့၊ profile ပုံချိန်းတာတို့၊ ဆန္ဒပြတာတို့မှာ သူက ဆိတ်ဆိတ်နေခဲ့ရုံပါ။ ဖေဖော်ဝါရီနဲ့ မတ်လအစမှာက မစ္စတာမြလိုလူတွေအပေါ် အားလုံးရဲ့ ဒေါသတွေ ပုံကျနေ ချိန်လေ။ နောက်ပိုင်း ဟိုဖက်က တကယ်ပစ်၊ တကယ်ဖမ်း၊ တကယ်ကြမ်းလာတော့လည်း တော်တော်များများက မစ္စတာမြတွေ ဖြစ်ကုန်တာပါပဲ။ မစ္စတာမြ ထက်ဆိုးပြီး ကိုယ်အဆင်ပြေတဲ့ပုံတွေနဲ့ ပျော်နေပါးနေ၊ စားနေသောက်နေ၊ လှနေပနေတဲ့ ပုံတွေပါ တင်လိုက် ကြသေး။
ယုယုက သူ့မွေးနေ့ဖိတ်ထားတာ အချိန်နည်းနည်း လိုနေသေးတာနဲ့ facebook ပွတ်ရင်း မစ္စတာမြအကြောင်း တွေးမိတာပါ။ ယုယုကိုတော့ ပြောထားတယ်။ နင့်မွေးနေ့ပုံတွေ တက်လာရင် ဆဲပြီပဲလို့။ သူကလည်း မွေးနေ့မှာ ကိတ်တောင် မခွဲပါဘူးတဲ့။ ကုသိုလ်လေးလည်း ရအောင် အိမ်မှာ ကြက်ဆီထမင်း ဆွမ်းကပ်ပြီး သူငယ်ချင်းတွေကို ခေါ်ကျွေးရုံပါတဲ့။ သူကိုယ်တိုင် ချက်ထားတာလို့လည်း ပြောတယ်။
ရေချိုးပြီး တီရှပ်တစ်ထည်ကို စွပ်လိုက်တယ်။ မနေ့က အပြင်ကအပြန် နေပြထားတဲ့ ဂျင်းဘောင်းဘီကို ရုတ်ပြီး ဝတ်လိုက်တယ်။ ထီးတစ်ချောင်းဆွဲပြီး ထွက်လာခဲ့ပါတယ်။ ရန်ကုန်နေက ဘယ်ချိန်ကြည့်ကြည့် ပူနေတာလေ။ ကျွန်တော်ရောက်သွားတော့ ယုယုတို့အိမ်မှာ လူတောင် ရှင်းနေပြီ။
“လာ လာ၊ သား … ထိုင်” လို့ အန်တီက ခုံကိုသုတ်ရင်း ပြောတယ်။ ယုယုအဖေကတော့ လူတစ်ယောက်နဲ့ စကားပြောနေရာက ကျွန်တော့်ကို ပြုံးပြတယ်။ ယုယုက သူ့သူငယ်ချင်းတစ်ယောက် စားတာကို ဘေးကထိုင်ပြီး စကားပြောပေးနေတယ်။ ကျွန်တော့်ကို မြင်တော့ သူလည်း ပြုံးပြပြီး
“နင် မနိုးမှန်း သိလို့ ငါဒီချိန် ချိန်းလိုက်တာ။ ကွက်တိပဲမလား။” လို့ ပြောတယ်။ သူ့သူငယ်ချင်းက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး ကြက်ဆီထမင်းကို လက်စသပ်တယ်။
အန်တီချပေးတဲ့ ကြက်ဆီထမင်းကို ကျွန်တော် စ စားလိုက်တယ်။ ကြက်ဆီထမင်းတွေ သိပ်မစားဖူးလို့ သေချာ မပြောတတ်ပေမယ့် စားလို့တော့ ကောင်းပါတယ်။ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်းလေးလည်း သောက်လို့ ကောင်းတယ်။
“ဘယ်လိုလဲ။ စားလို့ကောင်းလား။” လို့ ယုယုက ကျွန်တော့်ကို လှမ်းမေးတယ်။
“လုပ်ပါ။ နင့်သူငယ်ချင်းနဲ့ပဲ စကားပြောနေ။ ငါစားတာ မနှောင့်ယှက်နဲ့ဦး။” လို့ ကျွန်တော် လှမ်းပြောလိုက်တယ်။ ပြောမှပဲ သူ့သူငယ်ချင်းက “စားလို့ကောင်းတယ်။ ငါ ပြန်ဦးမယ်။” လို့ ပြောပါတယ်။ ပြီးတော့ သူတို့ စကားနည်းနည်း ဆက်ပြောပြီး အပြင်ထွက်သွားကြတယ်။ ခဏနေတော့ ယုယု ပြန်ရောက်လာတယ်။ ကျွန်တော်က စားနေတုန်း။
“ထပ်ထည့်ဦးလေ။” လို့ ယုယုက အိမ်ထဲ ပြန်ဝင်ဝင်ချင်း ပြောတယ်။
“နင်မသိလိုက်လို့နော်။ ငါ ထည့်တာ သုံးခါရှိပြီ။” လို့ ပြောတော့ သူက ရယ်ပါတယ်။
“ငါ့လက်ရာ မဆိုးဘူးမလား။” လို့လည်း ပြုံးပြီး မေးတယ်။
“နင် စင်ကာပူမှာ အင်ဂျင်နီယာ လုပ်မနေနဲ့တော့။ ကြက်ဆီထမင်းရောင်း။ ပိုအောင်မြင်မှာ။” လို့ ကျွန်တော် ပြောတော့ သူ ပါးစပ်မစိတော့ပါဘူး။
“ဒါနဲ့ မနက်က သီရိတောင် လာသေးတယ်။” လို့ ရေသန့်ဘူးထဲက ရေတွေ ငှဲ့ပေးရင်း သူ ကျွန်တော့်ကို ပြောတယ်။ “သူ့မောင်လေး အမှုကလည်း အမိန့်ကို မချနိုင်တော့ဘူး။ သူတို့ တော်တော်ကုန်နေပြီ ပြောတယ်။”
“အေးလေ။ ဟိုကောင်တွေက အထက်ကခိုင်းတာ နည်းနည်း၊ ခုလိုစားပေါက်တွေ ဖန်ချင်လို့ လုပ်တာက များများ။” လို့ ချဉ်ရည်ဟင်းသောက်ရင်း ကျွန်တော် ပြောလိုက်တယ်။
“သမီးရေ၊ ဦးဝင်းနဲ့ လက်ဘက်ရည်ဆိုင် လိုက်သွားတယ်လို့ မေမေ့ကို ပြောလိုက်နော်။” လို့ လှမ်းပြောရင်း ယုယုအဖေနဲ့ ဦးဝင်းဆိုတဲ့သူက ထသွားကြပါတယ်။ ယုယုအမေက နောက်ဘေးမှာ ပန်းကန်တွေ ဆေးနေဟန် တူတယ်။
“ဟုတ် …ဟုတ်” လို့ ယုယုက လှမ်းပြောပြီး နောက်ဖေးကို ထသွားပါတယ်။ ခဏနေတော့ လိမ္မော်သီးစိတ် တစ်ပန်းကန် ကိုင်ပြီး ပြန်ရောက်လာတယ်။
“ဒါလေး စားလိုက်ဦး။” လို့ ကျွန်တော့်ရှေ့ကို လာချတယ်။ ပြီးတော့ ကျွန်တော်စားထားတဲ့ ပန်းကန်တွေကို ယူသွားပြီး နောက်ဖေးကို သွားပို့ပြန်ပါတယ်။ ယုယုတို့ အိမ်ထဲကို ဝေ့ကြည့်လိုက်တော့ သူ့အစ်မရဲ့ ဘွဲ့ဓါတ်ပုံနဲ့ ယုယုရဲ့ ဘွဲ့ဓါတ်ပုံ ယှဉ်ချိတ်ထားတာကို တွေ့တယ်။ အရင်က သတိမထားမိဘူး။ သူတို့နှစ်ယောက်က တော်တော် ဆင်တယ်။ လွယ်အိတ်လေး လွယ်ထားတဲ့ အဖြူအမည်း ပုံကတော့ အန်တီ့ပုံဖြစ်မယ်။ ဓါတ်ပုံအယ်ဘမ်ကို မြင်မိမလားလို့ လိုက်ကြည့်မိသေးတယ်။ ဘာရယ်မဟုတ် သတိရသွားလို့ပါ။ ခုအချိန်မှာတော့ ကျွန်တော်လည်း ‘မ မြင်တိုင်း ထ’ တဲ့ အရွယ်ကို ကျော်ခဲ့ပြီလေ။
“မနက်က ဘုန်းကြီး ငါးပါးပင့်ပြီး ဆွမ်းကပ်ထားတာ။ ဒီမှာ … သာဓုခေါ်လိုက်ဦး။” လို့ သူ့ဖုန်းထဲက ပုံတွေကို ပြရင်း ယုယုက ပြောတယ်။
ဝတ်ကျေတန်းကျေ ကြည့်ပြီး “သာဓုပါဟာ … သာဓု၊ သာဓု၊ သာဓု။ ပြီးတော့ မွေးနေ့မှစ ငြိမ်းချမ်းပျော်ရွှင် ပါစေ။” လို့ ကျွန်တော် ပြောလိုက်တယ်။
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ မွေးနေ့လက်ဆောင်တော့ မပါမှန်း သိလို့ မတောင်းတော့ဘူး။” လို့ သူက ကျွန်တော့်ကို ပြူးကြည့်ရင်း ပြောတယ်။
“နင့်နာမည်နဲ့ ငါ pdf အဖွဲ့တစ်ဖွဲ့ကို လှူထားပါတယ်ဟ။” လို့ ကျွန်တော်ပြောတော့ သူ ပျာပျာသလဲ ဖြစ်သွားတယ်။
“ဟဲ့ … နာမည်အရင်းကြီးနဲ့လား။ အဖမ်းခံနေရဦးမယ်။”
“ငါသိပါတယ်ဟ။ ဝိုင်ဝိုင်းလို့ ပြောလိုက်တာ။ YY ကို မြန်မာလိုလေ။”
“နင်က ဉာဏ်ကောင်းသားပဲ။” လို့ မျက်စောင်းထိုးပြီး သူ ပြောတယ်။
“ငါလည်း မွေးနေ့အထိမ်းအမှတ် လှူထားပါတယ်နော်။” လို့ ပြောပြီး ကျွန်တော့်ကို အားကျမခံ screenshot တစ်ခု ပြန်ပြပါတယ်။
“အေး၊ ငါက ဒီအလှူကို ပိုသာဓုခေါ်ချင်တာ။” လို့ လိမ္မော်သီး တစ်စိပ်ကို စားရင်း ကျွန်တော် ပြောလိုက်တယ်။
“နင်ကလည်း … ဘာသာရေးအလှူကလည်း သက်သက်ပေါ့ဟ။ နှစ်ခုလုံး သူ့ဟာနဲ့သူပေါ့။”
“နင် pdf ကို ဘာလို့ လှူလဲ။ ဘုန်းကြီးတွေကို ဘာလို့ ဆွမ်းကပ်တာလဲ။ ငါ့ကို ပြောပြကြည့်။” လို့ ကျွန်တော် သူ့ကို ပြန်မေးလိုက်တယ်။
“pdf တွေက မြန်မာပြည်ကို ဆင်းရဲတွင်းက ကယ်နေတာ ဆိုရင် ဘုန်းဘုန်းတွေကလည်း လူတွေကို သံသရာ ဆင်းရဲက ကယ်နေကြတာပဲ။” လို့ သူ ပြန်ဖြေပါတယ်။
ဒီအကြောင်းအရာကို ဆက်ပြောရင် အကြာကြီး ပြောနေရမှာမို့ “ဟုတ်ပါတယ်။ pdf တွေဆိုလည်း တကယ် လုပ်မယ့်သူတွေဆီ ရောက်အောင် လှူနိုင်ဖို့ လိုတယ်။ ဘုန်းကြီးတွေဆိုလည်း အဲ့လိုပဲ။” လို့ ကျွန်တော် စကားကို လျောချလိုက်ရတယ်။
“ငါပြောချင်တာကဟာ။ လူအများစုက ဘာသာရေး အလှူအတန်း လုပ်လိုက်ရုံနဲ့ နတ်ပြည်ရောက်ပြီ ထင်ကြတယ်။ ငါသာ သကြားမင်းဆို သူတို့ကို လက်မခံဘူး။”
“နင်က ဘယ်လိုလူမျိူးကို လက်ခံမှာလဲ။”
“စိတ်ထားကောင်းတဲ့သူပေါ့ဟ။ အတ္တမကြီးတဲ့သူပေါ့။ ‘အများအတွက် ဘာလုပ်ခဲ့လဲ’ ‘မတရားမှုတွေကို ဆန့်ကျင်ရဲခဲ့လား’ ‘ကောင်းတာ၊ မှန်တာတွေ လုပ်ခဲ့လား’ အဲ့တာတွေပဲ မေးမှာ။”
“အေးပါဟယ်။ နင့်လိုကောင်လည်း သကြားမင်း မဖြစ်ပါဘူး။” လို့ သူက ခပ်ပြုံးပြုံး ပြောတယ်။
“ဒီလိုပဲ ပြောကြည့်တာပေါ့ဟ။ နင်လည်း ပြောကြည့်ပါလား။ နင်သာ ယမမင်း ဖြစ်ခဲ့ရင် ဘယ်သူတွေကို လက်ခံမလဲ။”
“အရူး … နင့်ကိုတော့ သေချာပေါက် ခေါ်မှာ။” လို့ ပြောပြီး သူမျက်စပစ်တော့ ကျွန်တော် ရယ်လိုက်မိပါတယ်။
………………..
ထူးထူးဆန်းဆန်း မနက်စော လေးနာရီအတိ လောက်မှာ နိုးလာတယ်။ ဆီးအိမ်တင်းပြီး လူက မောနေတယ်။ ဆီးထသွားရင်း ပြန်စဉ်းစားမှ ကျွန်တော် မက်ခဲ့တဲ့ အိပ်မက်ကို ခပ်ရေးရေး ပြန်သတိရလာတယ်။ ကျွန်တော် ကားမောင်းနေရင်း ရေကန်တစ်ကန်ထဲ ရောက်သွားတာ။ အဲ့ဒီမှာ ကျွန်တော် ရေကူးနေရင်း လက်ပန်းသာ ကျသွားတယ်၊ ကမ်းကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ ဘေးမှာ လူတွေအများကြီးပဲ။ ဒါပေမယ့် ယုယု၊ သီရိ နဲ့ အာကြီးကို အဓိက မှတ်မိတယ်။ ကျွန်တော်သူတို့ကို လှမ်းအော်ပေမယ့် သူတို့က အချင်းချင်း ပြုံးပြုံးရယ်ရယ် လုပ်နေတာနဲ့ ကျွန်တော့်ကို အဖက်မလုပ်ကြဘူး။ သေချာအားစိုက်မယ်လို့ တွေးပြီး ထပ်ကူးတယ်။ သိလိုက်ရတာက ကျွန်တော့်လက်မောင်း တစ်ဖက် မရှိတော့ဘူး။ ပြီးတော့ ကျွန်တော် နိုးလာတာပဲ။ အိပ်မက်ဆိုးတွေ မက်ပြီး နိုးလာတိုင်း ကျွန်တော် ပျော်မိတယ်။ “ဒါအိပ်မက်ပဲ၊ တကယ်ဆိုရင် မလွယ်ဘူး။” ဆိုတဲ့ အတွေးမျိုးနဲ့ပါ။ စိတ်သက်သာရာရတဲ့ အပျော် ဆိုပါတော့။ ဘဝမယ် ကိုယ်မလိုချင်တဲ့ အပိုင်းတွေကို ကြုံတဲ့အခါ “ဒါအိပ်မက်ပဲ ဖြစ်လိုက်ပါလား။” လို့ တွေးဖူးကြတယ် မလား။ တကယ်သာ အိပ်မက်ဖြစ်ကြည့်။ ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်မလဲ။
ပြန်အိပ်မရတော့တာနဲ့ ဖုန်းကိုင်ပြီး ကလစ်နေလိုက်တယ်။ ညက ဘောပွဲတွေများ ရှိမလားလို့ Fotmob ကို ဖွင့်ကြည့်တယ်။ ကြားပွဲတွေရှိပေမယ့် အာရုံမလာလို့ Facebook ပြောင်းပွတ်တယ်။ အဲ့တာလည်း အချိန်က မကုန်နိုင်သေးတာနဲ့ ခေါင်းထဲပေါ်လာတဲ့ အသိအကျွမ်းတွေရဲ့ အကောင့်တစ်ခုချင်းစီကို ဝင်ကြည့်မိတယ်။ ရည်းစားဦးက ကိုရီးယားမှာ အဆင်ပြေနေပုံ။ တော်လှန်ရေးအတွက် ကိုရီးယားရောက် မြန်မာတွေ လုပ်တဲ့ပွဲမှာ သူတက်ထားတဲ့ပုံတွေ တင်ထားတယ်။ စိတ်ပျက်စရာ ညည်းသံနဲ့ ကောင်မလေးကတော့ ဘာပို့စ်မှ တင်ထားတာ မတွေ့ဘူး။ ဆန္ဒပြပြီး သူရှောင်နေရတာလား၊ အဖမ်းခံနေရတာလားပဲ။ NGO မှာ လုပ်နေတဲ့ ငကြွားသူငယ်ချင်း ကတော့ တစ်ပတ်တစ်ခါလောက် တော်လှန်ရေးနဲ့ မဆိုင်တဲ့ ပို့စ်တွေ တင်နေတာ တွေ့တယ်။ သူ့ပုံစံက လခကောင်းတဲ့ အလုပ်ကို ရထားလို့ ဂုဏ်ယူပျော်ရွှင်နေပုံပါပဲ။ Block ဖို့ စဉ်းစား လိုက်သေးပေမယ့် Unfollow မှာပဲ ဆက်ထားထားလိုက်တယ်။ Hero King ဆိုတဲ့ ကလေးပုံလေးနဲ့ အကောင့်ကို သတိရသွားပြီး ဝင်ကြည့်မိတယ်။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ငွေဝင်စေမယ့် အဓိဌာန် ဘာညာဆိုတာတွေ ရှဲထားတာပဲ တွေ့တယ်။ သူ့အကောင့်ကို သူ့မိန်းမ သုံးနေတာလားပဲ။ ဝေယံကတော့ တော်လှန်ရေး စာတွေ ခပ်စိပ်စိပ် ရှဲထားတယ်။ ရဲကြီးက ဘာမှ မတင်ဘူး။ အာကြီးအကောင့်ကတော့ Active မဖြစ်တာတောင် ကြာပြီ။ ဒီကောင်ရော ခြေထောက်ဖြတ်လိုက်ရပြီး နောက်မှာ ဘာတွေ လုပ်နေပါလိမ့်။ သူ့အဖွဲ့ကို တော်လှန်ရေးငွေ တစ်ခေါက် ပို့လိုက်သေးပေမယ့် အဲ့ဒီနောက်ပိုင်း အဆက်အသွယ် မရတော့ဘူး။ အာကြီးကိုယ်တိုင် မဆက်သွယ်တော့ဖို့ ကြိုးစားလိုက်သလားပဲ။ တိုက်ပွဲကလည်း တော်တော်ပြင်းထန်နေတယ်။
တက္ကသိုလ်၊ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းက သူငယ်ချင်းဟောင်းတွေ … ခေါင်းထဲပေါ်လာသမျှ နာမည်ကို ရိုက်ထည့်ပြီး ကျွန်တော် ဝင်ကြည့်မိတယ်။ သိလိုက်ရတာက ကျွန်တော် သူငယ်ချင်း တော်တော်များများနဲ့ ဝေးသွားခဲ့တာပဲ။ တချို့တွေက ဝါသနာမတူလို့၊ တချို့တွေက စရိုက်မတူလို့၊ တချို့တွေက ခံယူချက်မတူလို့၊ တချို့တွေကျ ကျောင်းမတူတော့ရုံနဲ့၊ တချို့တွေကျ အလုပ်မတူတော့ရုံနဲ့၊ တချို့တွေကျလည်း ဒီတိုင်းလေးကို ဝေးသွားကြတာ။ မိတ္တဗလတဲ့ … ကျွန်တော့်မှာ ဒီဗလမျိုး ရှိမနေတာ တွေ့လိုက်ရတယ်။ မိတ်ဆွေသစ်တွေ လွယ်လွယ်မဖွဲ့ဘဲ အသိအကျွမ်းဟောင်း တွေကို လွယ်လွယ် လက်လွှတ်နေခဲ့တဲ့ ကျွန်တော်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့လည်း လက်တစ်ဆုပ်စာ သူငယ်ချင်းတွေနဲ့တင် ဘဝက လုံလောက်ပါတယ်လေ။ ဘဝထဲက လူတစ်ယောက် ထွက်သွားလေ၊ ဘဝက ပိုရှင်းလာလေပဲ မလား။
နှိုးစက်မြည်လာတာနဲ့ အိပ်ရာထပြီး ရေချိုးတယ်။ မနက်စာ ထမင်းကြော် စားတယ်။ အဝတ်အစားလဲတယ်။ ပြီးတော့ အလုပ်ကို သွားတယ်။ မီးပွိုင့်မိနေတုန်း ပတ်ဝန်းကျင်ကို ကြည့်တော့ ရန်ကုန်မြို့ကြီးက သက်ဝင် လှုပ်ရှားနေပြီ။ ရန်ကုန်မြို့ကို လိုက်ကြည့်နေတဲ့ အချိန်ခရီးသွားတစ်ယောက် ဆိုရင် ဘာတွေ တွေးနေလောက်လဲ။ ကျွန်တော် မှီခဲ့သလောက်တော့ ရန်ကုန်ဟာ တဟုန်ထိုး စည်ကားလာတယ်။ မြန်မာ တစ်ပြည်လုံး အတွက် ရန်ကုန်ဆိုတာ အမေရိက ပဲ။ တောနယ်တွေမှာ ရုန်းကန်ရသလောက် ပြန်မရလို့ ဖြစ်စေ၊ အခွင့်အလမ်းနဲ့ တက်လမ်း နည်းပါးလို့ဖြစ်စေ လူတွေ ဒလဟော ရန်ကုန်ကို ဝင်လာခဲ့ကြတယ်။ သုံးမိနစ် တစ်စီး၊ ငါးမိနစ် တစ်စီး အပြိုင်ထွက်နေ၊ အပြိုင်မောင်းနေတဲ့ ဘတ်စ်ကားတွေပေါ်မှာ လူတွေဟာ ငါးပိသိပ်ငါးချဉ်သိပ်။ ကားတံခါးဝမှာ တွဲလောင်းခိုပြီး ကျွန်တော် ဘတ်စ်ကားစီးဖူးတယ်။ ခြေနင်းပြားပေါ် ခြေထောက်တစ်ဖက်တည်း နင်းရင်း လက်ရန်းကို တစ်ဖက်တည်း ကိုင်ပြီးလည်း စီးဖူးတယ်။ လမ်းဘေး စားသောက်ဆိုင်တွေမှာလည်း လူအပြည့်။ သင်တန်းတွေမှာလည်း လူအပြည့်။ ရန်ကုန်မှာ အိပ်မက်တွေနောက်ရင်း၊ ဘဝတွေကို တည်ဆောက်ရင်း၊ ဘဝတွေကို ထောက်ပံ့ရင်း ကြိုးစားရုန်းကန် နေသူတွေ အများကြီး ရှိခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေကတော့ ရန်ကုန်ဟာ တိတ်ဆိတ်လို့။ အားလုံးရဲ့ အိပ်မက်တွေဟာ အရည်ပျော် ကျနေတဲ့ ရေခဲမုန့်တစ်ခုလို တစ်စက်စက် ပြုတ်ကျလို့။ အားလုံးရဲ့ ဘဝတွေက ဘီလူးသဘက် ကြီးစိုးတဲ့ ဖုန်းဆိုးမြေရိုင်းက ခြုံပုတ်တွေလို ခြောက်ကပ်လို့။ အနာဂတ်တွေက နှာခေါင်းစည်း တပ်ထားတဲ့ လူတစ်ယောက်ရဲ့ မျက်မှန်လို ဝေဝါးလို့။ ရန်ကုန်ကို အမေရိက အဖြစ် ရောက်လာခဲ့ကြတဲ့ လူအုပ်ကြီးဟာ ခုတော့ အမေရိကအစစ်ကို သွားချင်နေကြပြီ။ ခုရက်ပိုင်း ရန်ကုန်ဟာ အသက်ပြန်ဝင်လာ သလိုလို ရှိပေမယ့် သူ့ဝိဉာဉ်ကတော့ ပြန်ရှင်သန် မလာနိုင်သေး။ ကျွန်တော့်ဝိဉာဉ်ကိုလည်း အထိတ်တလန့် ပြန်ဆန်းစစ်မိတယ်။ ဟူး … ခွေနေတုန်းပဲ။
…………
‘လူငယ်များ သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ချမှတ်ခံရ’ ဆိုတဲ့ သတင်းကို ဖတ်ပြီး ကျွန်တော် ငိုင်နေမိတယ်။ ရှိုင်းသူက တစ်ကျွန်းကျသွားပြီး သူနဲ့အတူ နောက်ထပ် သုံးယောက် ပါတယ်။ နောက်နှစ်ယောက်ကတော့ သေဒဏ်တဲ့။ ချက်ချင်းကြိုးပေး မသတ်တာတွေ၊ လွတ်ငြိမ်းချမ်းသာခွင့် ရှိတာတွေ သိပေမယ့် ဒီအမိန့်ရဲ့ ကို့ရို့ကားယား နိုင်မှုကို ကျွန်တော် တွေးနေတာ။ သူတို့တွေက မတရားမှုကို အသက်နဲ့ရင်းပြီး တော်လှန်ခဲ့ကြ တာလေ။ သူရဲကောင်းဆိုပြီး ဆုတံဆိပ်တွေ ရရမယ့်အစား ယုတ်မာရိုင်းစိုင်းပါတယ် ဆိုတဲ့ လူဆိုးတွေတောင် မရတဲ့ ပြစ်ဒဏ်တွေကို သူတို့ ရကြတယ်တဲ့။ တစ်နိုင်ငံလုံးကို သူတို့ အကျိုးစီးပွား တိုးတက်ဖို့နဲ့ ကာကွယ်ဖို့ ရက်ရက်စက်စက် အသုံးချနေတဲ့ သူတွေကများ ရှိုင်းသူတို့ကို အကြမ်းဖက်သမားတွေတဲ့။ တကယ့်ကို မခံချိမခံသာဗျာ။ ကျွန်တော် အသက်ပြင်းပြင်း ရှူပြီး သီရိဆီ ဖုန်းဆက်လိုက်တယ်။ သူ ချက်ချင်း ကိုင်တယ်။
“ဟယ်လို … နင်သတင်း ဖတ်လိုက်ရပြီလား။” လို့ သူမေးတယ်။ တည်တည်ငြိမ်ငြိမ်ပါပဲ။
“အေး၊ ခုပဲ ဖတ်နေတာ။ နင် အဆင်ပြေရဲ့လား။” လို့ ကျွန်တော် မေးလိုက်တယ်။
သူက ဟက်ခနဲ တစ်ချက်ရယ်တယ်။ ပြီးမှ “သိပ်ပြေတာပေါ့ဟာ။ ဘာတတ်နိုင်မှာလဲ။ သိပ်ပြေတာပေါ့။” လို့ ပြောပါတယ်။
“နင်တို့အမျိုးတွေလည်း တော်တော် ခံစားနေရမှာပဲနော်။ ငါတွေးမိပါတယ်။”
“ကြိုတွေးထားပြီးသား ကိစ္စမို့ အရမ်းကြီးတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်ဟာ သေမယ်ဆိုတာ သိထားတဲ့ လူနာတောင် တကယ်အသက်ထွက်သွားတော့ ဘေးကလူတွေ ဝိုင်းငိုကြသေးတာပဲလေ။ ရှိုင်းသူ့အမေတော့ အိပ်ရာထဲ လဲနေတယ်။” လို့ သူပြောတယ်။
“စောက်ရူးတွေကွာ။ စောက်တလွဲနိုင်ငံမှာ စောက်တလွဲကောင်တွေ ဗိုလ်ကျနေတာ တော်သင့်ပြီ။” လို့ ကျွန်တော် ပေါက်ကွဲ လိုက်မိတယ်။
သူ့သက်ပြင်းချသံကို ကျွန်တော်ကြားတယ်။ ကျွန်တော်တို့နှစ်ယောက် ခဏလောက် ငြိမ်သွားကြတယ်။
“ငါ သြဇီသွားတော့မယ်။” လို့ နောက်ဆုံးမှာ သူပြောတယ်။
“ဟင် … ရုတ်တရက်ကြီးပါလား။”
“ရှေ့လတွေ ကတည်းက ငါစီစဉ်နေတာပါ။ ဒီမှာလည်း မနေချင်တော့ဘူး။ ငါ့အိမ်လည်း ငွေလိုနေပြီ။”
“ဘယ်တော့လဲ၊ ဟိုမှာ ဘာလုပ်မှာလဲ၊ ဘယ်သူနဲ့ ချိတ်ထားတာလဲ။” လို့ ကျွန်တော် အဆက်မပြတ် မေးမိတယ်။
“ဟိုမှာ အမျိုးထဲက တစ်ယောက် ရှိတယ်။ သူလည်း ဆရာဝန်ပဲ။ ငါခု ဆေးနဲ့ပတ်သက်တဲ့ ကျောင်းတစ်ခုခု တက်ရင်း အချိန်ပိုင်း သဘောမျိုး စလုပ်မယ်။ အရင်ဆုံး ကျောင်းလျှောက်ရမယ်။ ပြီးရင် ဗီဇာလျှောက်မယ်။ ဗီဇာရတာနဲ့ သွားမယ်။”
“ကောင်းပါတယ်ဟာ။ ဒီနိုင်ငံက ငရဲလို ဖြစ်နေပြီ။”
သီရိ ဘာမှ ပြန်မပြောပါဘူး။ အသက်ရှူသံ တိုးတိုးကိုပဲ ကြားနေရပါတယ်။
“ငါကူနိုင်တာ ရှိရင် ပြောနော်။ IELTS လိုမယ် မလား။ ငါနဲ့ ယုယု အရင်ကတော့ စကားပြော လေ့ကျင့်ဖြစ်ကြတယ်။ နင် Join ပါလား။” လို့ ကျွန်တော် စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
“အေးပါ။ ကျေးဇူးပဲ။ ခုလောလောဆယ်တော့ ငါတစ်ယောက်တည်း လုပ်ဖြစ်နေတယ်။” လို့ သူပြောတယ်။
ပြီးတော့ တိတ်ဆိတ်သွားတယ်။ ခဏနေတော့ မီးခြစ် ခြစ်သံလိုမျိုး ကြားတယ်။ “ဒါပဲလေ၊ ငါလည်း အလုပ်တွေ ရှိသေးတယ်။” လို့ ပြောပြီး သူဖုန်းချသွားပါတယ်။
ကျွန်တော် လမ်းထဲက စတိုးဆိုင်ကနေ စီးကရက် တစ်ဘူး သွားဝယ်တယ်။ ပြီးတော့ တစ်လိပ် သောက်ကြည့်တယ်။ အငွေ့တွေ့ကို ပါးစပ်ထဲမှာတင် ပြန်ထုတ်လိုက်တာမို့ ဘာမှ မခံစားရဘူး။ တစ်ချီမှာတော့ လည်ချောင်းထဲထိ ရှိုက်လိုက်တာ သီးသွားတယ်။ ရေသောက်ပြီး ပြန်ဖွာတယ်။ အငွေ့တွေကို ပါးစပ်ထဲမှာ စုထား၊ ပြီးရင် မှုတ်ထုတ်။ မဆိုးပါဘူး။ အသက်ရှူ လေ့ကျင့်ခန်းကို အကူကိရိယာ တစ်ခုနဲ့ လုပ်နေသမျိူးပေါ့။ ခဏနေတော့ ဟိုတစ်ခေါက်ပြီးတည်းက ထပ်မဝင်ဖြစ်တဲ့ အကောင့်တုကို ဝင်တယ်။ မ Hi တာ ကြာပြီဖြစ်တဲ့ နာမည်ကို Hi လိုက်တယ်။ ဟိုဘက်က စာပြန်လာပြီးမှ ကျွန်တော် တွေဝေသွားတယ်။ ငွေအမောင့်တစ်ခုကို တခြားတစ်နေရာဆီ လွှဲလိုက်တယ်။ ပြီးတော့ ရေချိုးခန်းထဲသွားပြီး ဇာတ်ကားကြည့်ရင်း ဖြေရှင်းလိုက်တယ်။ စိတ်နည်းနည်း ပေါ့သွားပါတယ်။
……………
အလုပ်ပြီးလို့ ဖုန်းကို ကောက်ကိုင်ကြည့်တော့ ဝေယံ ဂရုထဲမှာ စာပို့ထားတာကို တွေ့တယ်။
“မဆုံတာ ကြာလို့ ဆုံရအောင်။” တဲ့။ ရဲကြီးကလည်း “အလုပ်ပြီးရင် လာခဲ့မယ်။” လို့ ပြန်ရေးထားတာ တွေ့တယ်။ ဒီနေ့ သောကြာနေ့ပဲ။ ကျွန်တော်လည်း ကားကို ဝေယံ့အိမ်ဆီ ဦးတည်လိုက်တယ်။
“ငါ ညဘက်စားဖို့ ပီဇာ ဝယ်ခဲ့မယ်။” လို့ စာပို့ပြီး ပီဇာတစ်ချပ် ဝင်ဝယ်လိုက်တယ်။ ဝေယံ့အိမ်ကို ရောက်တော့ သူ ဖုန်းပြောနေရင်း ကျွန်တော့်ကို တံခါးဖွင့်ပေးတယ်။ ပြောနေတဲ့ စကားတွေ အရတော့ ဖုန်းဝယ်သူ တစ်ယောက် ဖြစ်မယ်။ ရေဘူးယူဖို့ ရေခဲသေတ္တာကို လှပ်လိုက်တော့ ဘီယာဘူးတွေ အတော်များများ စီထားတာ တွေ့တယ်။ ဝက်အူချောင်းတွေရော၊ ကြက်ဥတွေရောလည်း ရှိတယ်။ ရေဘူးနဲ့ ခွက်တွေကို ရှေ့ခန်း ယူလာပြီး ရေငှဲ့သောက်ရင်း ထိုင်ချလိုက်တယ်။ ဝေယံ ဖုန်းပြောနေတာ မပြီးသေးတာနဲ့ အခန်းကို မျက်စိကစားကြည့်မိတယ်။ တီဗွီမှာ ဘောလုံးပွဲ ဟိုက်လိုက်တွေ လာနေတယ်။ ဘန်ဇီမာရဲ့ ချဲဆီးကို သွင်းတဲ့ ဟက်ထရစ်ပြီးမှ ဝေယံလည်း ဖုန်းပြောလို့ ပြီးပါတယ်။
“ဒီလိုပဲကွာ။ ပြောရတာ အာပေါက်တယ်။ ပြီးရင် ဝယ်တာလည်း မဟုတ်ဘူး။” လို့ ဝေယံက ညည်းညူတယ်။ “အလုပ်က စောပါလားကွ။” လို့လည်း ကျွန်တော့်ကို ပြောတယ်။
“ပုံမှန်ပါပဲ။ ဘန်ဇီမာက ကောင်းလှပါလား။” လို့ တီဗွီကို မေးငေါ့ပြရင်း ကျွန်တော် ပြောလိုက်တယ်။
“ငါကြည့်လိုက်သေးတယ်။ ချဲဆီးနောက်တန်းကလည်း ညံ့ပါတယ်ကွာ။” လို့ သူပြောတယ်။ တီဗွီမှာက ဘိုင်ယန်မြူးနစ်ပွဲကို ပြောင်းသွားပြီ။
“ဘိုင်ယန်ပြုတ်လို့ကတော့ လီဗာပူး ဖလားဖြစ်တော့မယ်။” လို့ ကျွန်တော် ပြောလိုက်တယ်။ တံခါးခေါက်သံကြားလို့ ထဖွင့်တော့ ရဲကြီး။
ဝေယံရော၊ ရဲကြီးရော ဘာမှ ထူးထူးခြားခြား ပြောင်းမသွားကြပါဘူး။ မတွေ့တာလည်း သိပ်မှ မကြာသေးတာ။ ဒါပေမယ့် ရဲကြီးက ဆိုဖာပေါ်မထိုင်ခင် ဘောင်းဘီအိတ်ထဲက တစ်ခုခုကို ထုတ်ပြီး ဘေးခုံပေါ် တင်လိုက်တယ်။ ဒီကောင် ဆေးလိပ်ဘူးတောင် ဆောင်နေပြီပဲ။
“Project Dragonfly ကတော့ အားရစရာပဲနော်။ တို့လူတွေ ညီကြသားပဲ။” လို့ ရဲကြီးက စပြောတယ်။
“အေး၊ ပြည်ပက လူတွေ တကယ်လှူနိုင်ကြတာပဲ။” လို့ ဝေယံက ပြန်ပြောတယ်။ “ငါတို့လည်း စုထည့်ကြမယ်လေ။ မှီသေးတယ်။”
“ငါ့ဘာငါလည်း ထည့်ထားသေးတယ်။ မင်းတို့ ထပ်စုမယ် ဆိုရင် တစ်ရာ ထပ်ထည့်မယ်။” လို့ ကျွန်တော် ပြောလိုက်တယ်။
“အေး၊ တစ်ယောက်တစ်ရာပေါ့။” လို့ ပြောပြီး ရဲကြီးက ကျွန်တော်ယူထားတဲ့ ရေဘူးထဲကရေကို ခွက်ထဲ ငှဲ့နေတယ်။ “မင်း ဖုန်းအရောင်းအဝယ် ဘယ်လိုလဲကွ။” လို့လည်း ဝေယံ့ကို လှမ်းမေးတယ်။
“အရှိန်တော့ ရနေပါပြီ။ မင်းတို့ရော။”
“အဆင်ပြေအောင် နေရတာပေါ့ကွာ။” လို့ ရဲကြီးက ပြန်ဖြေတယ်။ ကျွန်တော်လည်း ခေါင်းပဲ ညိတ်ပြလိုက်မိတယ်။
“အာကြီးတို့ထက် စာရင် ငါတို့ အများကြီး သာပါတယ်။” လို့ သူ့ဘာသူ ရေရွတ်သလို ပြောရင်း ရဲကြီး ရေချိုးခန်းဘက်ကို ထသွားတယ်။ ဝေယံက စာအုပ်တစ်အုပ်နဲ့ လက်ပ်တော့ ဖွင့်ပြီး စာရင်းတွေ လုပ်နေတယ်။
“ငါ ကူပေးရမလား။” လို့ မေးတော့ စာအုပ်ထဲက ပစ္စည်းတွေကို excel list ထဲက ဖျက်ပေးလို့ သူပြောတယ်။ ပြီးတော့ သူက တခြားအလုပ်တစ်ခုကို ဖုန်းနဲ့ လုပ်နေတယ်။
ရေချိုးခန်းထဲက ရေသံတွေကြားရပုံ ထောက်ရင် ရဲကြီး ရေချိုးနေပြီ။ စာရင်းအရတော့ ဝေယံ့ရောင်းအားက ခုမှ ဒီလောကထဲ စဝင်တဲ့ သူတစ်ယောက်အတွက် မဆိုးလှဘူး ပြောရမယ်။ ကျွန်တော်တို့ထဲမှာ ကိုယ်ပိုင်လုပ်ငန်းလို့ ပြောလို့ ရမယ့် အလုပ်တစ်ခုကို စလုပ်တာ ဝေယံဖြစ်နေပြီ။ အရင်ကတော့ သူငယ်ချင်းတွေ စုပြီး စပ်တူလုပ်ငန်း တစ်ခုခု လုပ်ဖို့ တိုင်ပင်ခဲ့ကြဖူးတယ်။
“မင်းတို့ကောင်းမယ် ထင်တာလုပ်ကြ။ ငါလုပ်တတ်မယ် ထင်တာ ခိုင်းကြ။ ငါနိုင်သလောက် ရှယ်ယာထည့်မယ်။” လို့ အာကြီး အမြဲပြောတတ်တယ်။ ကျွန်တော်တို့တွေ ဘေထုပ်ရွေးရင်း ဘေထုပ်ဆိုင်ဖွင့်ဖို့ ကြံဖူးတယ်။ ဘယ်သူမှ live မလွှင့်ရဲ၊ ပုံမတင်ရဲတာနဲ့ အလုပ်မဖြစ်။ ခရီးသွား အေဂျင်စီဆိုတော့လည်း ကိုဗစ်ကထဖြစ်။ Digital Marketing Agency ထောင်ဖို့လည်း လုပ်လိုက်သေးတယ်။ သင်တန်းဆရာတွေ ငှားပြီး သင်တန်းဖွင့်ဖို့လည်း တွေးဖူးတာပဲ။ လေးယောက်လုံးက သူများဝန်ထမ်း မလုပ်ချင်ကြတာချင်း တူတယ်။ နောက်မှာ အရင်းအနှီး ထုတ်ပေးမယ့်သူ ဘယ်သူမှ မရှိတာချင်းလည်း တူတယ်။ သူများတွေ ဟိုအလုပ်မှာ အောင်မြင်တယ်ဆို လုပ်ချင်လိုက်၊ သည်အလုပ်မှာ ဖြစ်ထွန်းတယ်ဆို အားကျလိုက်နဲ့။ တကယ်ကျ ဘာမှ မစဖြစ်ကြ၊ မဖြစ်ထွန်းကြ သူများပေါ့။ အိပ်မက်တွေကလည်း မက်ချင်သလို မက်လို့ ရခဲ့ချိန်ကိုး။ Vlogger Team တစ်ခုထောင်ပြီး Content အလန်းစားတွေနဲ့ ငွေရှာဖို့တောင် စိတ်ကူးခဲ့ ကြသေး။ ခုမှသာ မအလတို့တစ်သိုက် အကြောင်းပြုပြီး ဘဝတွေပျက်နေကြတာ။ အိပ်မက်ဆိုတာလည်း မအလတို့ ကျရှုံးရေးလောက်ပဲ ခေါင်းထဲရှိတော့တယ်။
“ဘယ်သူ ရေချိူးဦးမှာလဲ၊ ငါရေဖွင့်ခဲ့တယ်။” လို့ ရဲကြီးက တဘက်နဲ့ ခေါင်းကိုသုတ်ရင်း ပြောတယ်။ “ငါချိုးမယ်။” လို့ ပြောပြီး ကျွန်တော် ရေချိူးခန်းထဲ ဝင်ပြီး စိတ်မပါလက်မပါ ရေချိုးလိုက်တယ်။ ဒီတစ်ခါ ဝေယံ့အိမ်ကို လာရတာ အရင်အခေါက်တွေနဲ့ကို မတူ။
ခဏနေတော့ တီဗွီမှာ တွေ့ကရာ သီချင်းတွေ ဖွင့်ထားပြီး ပီဇာ စားကြတယ်။ ဘီယာကိုယ်စီနဲ့ပေါ့လေ။
“ဘီယာတွေ များလှပါလား။” လို့ ကျွန်တော်ပြောတော့ သူ အိပ်မပျော်ရင် တစ်လုံး၊ နှစ်လုံး သောက်ဖို့လိုလို့ ဝယ်ထားတာ လို့ ဝေယံက ပြောတယ်။ ရဲကြီးကတော့ “ဆောရီးကွာ။” လို့ ပြောပြီး စီးကရက်တစ်လိပ်ကို ဖွာတယ်။ ကျွန်တော်လည်း သောက်ချင်သလိုလို ဖြစ်လာတာနဲ့ ရဲကြီးဆီက တစ်လိပ်တောင်းတော့ နှစ်ယောက်လုံး ကျွန်တော့်ကို ကြည့်တယ်။
“ငါ အိမ်မှာလည်း တစ်ခါတလေ သောက်ဖြစ်တယ်။” လို့ ကျွန်တော် ပြောတော့ သူတို့ ဘာမှ မတုံ့ပြန်ကြပါဘူး။
……………
စင်ကာပူလေဆိပ်တွေ ပြန်ဖွင့်ပြီး ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တဲ့ သတင်းကို ဖတ်ရတယ်။ ယုယုကို သတိရသွားတာနဲ့ ကျွန်တော် သတင်းကို သူ့မက်စင်ဂျာဆီ ရှဲလိုက်တယ်။
အေး၊ ငါသိတယ်။ ကျေးဇူး။ …
နင် သွားတော့မှာပေါ့။ …
အစ်မကတော့ ခေါ်နေပြီ။ ပတ်စ်ပို့လည်း ရပြီ။ ကာကွယ်ဆေးလည်း ထိုးထားတယ်။ လေယဉ်လက်မှတ် အဆင်ပြေတာနဲ့ ဒီလထဲ ဖြစ်လောက်တယ်။ …
နင့်အိပ်မက်တွေ ဖြစ်လာပြီပေါ့။ ဝမ်းသာပါတယ်။ ….
အေးပါ။ ဟိုမှာဆို ငါခုထက်လည်း ပိုကူမှာပါ။ နင်လည်း စင်ကာပူမဟုတ်တောင် တခြားနိုင်ငံ တစ်ခုခုပေါ့။ သွားသင့်တယ်။ ဒီမှာ ခုဆို မီးကလည်းပျက်၊ အင်တာနက်ကလည်း စိတ်မချရ။ တစ်ခုခုဆို ကြောက်က ကြောက်နေရသေး …
အေးပါ။ ငါလည်း စဉ်းစားပါဦးမယ်။ နင်မသွားခင် တွေ့မယ်လေဟာ။ …
တွေ့မှာပေါ့။ …
အေး၊ အေး၊ အလုပ်များနေတယ်မလား။ လုပ်စရာရှိတာ လုပ်။ …
အေး၊ အလုပ်လျှောက်ဖို့တွေ ကြိုကြည့်နေတာ။ နောက်မှ တွေ့မယ်။ …
ယုယုနဲ့ ပြောပြီးတော့ ကျွန်တော် Google ခေါက်ကြည့်လိုက်တယ်။ Facebook မှာလည်း ရှာဖြစ်တယ်။ အမေရိကကို သွားဖို့ကတော့ မလွယ်ဘူး။ ဗီဇာမှာတင် လက်လျှော့ရမယ့်သဘော။ စင်ကာပူကလည်း ကျွန်တော့် အလုပ်နဲ့ သိပ်မကိုက်သလိုပဲ။ သီရိသွားမယ်ဆိုတဲ့ သြစတေးလျကလည်း ရှုပ်တယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်နဲ့ဆို မဆိုးဘူး။ ကနေဒါလည်း တွေ့တယ်။ ဥရောပ နိုင်ငံတွေကျ သူတို့ဘာသာစကားကို ထပ်သင်ဖို့ လိုမယ်။ ဂျပန်၊ ကိုရီးယားလည်း အတူတူပဲ။ ဘာသာစကား လိုအပ်ချက်အပြင် ပြိုင်ဆိုင်မှု အရမ်းများလွန်းတယ်။
ညနက်လာတာနဲ့ ကလစ်ပြီး ကျွန်တော် အိပ်ဖို့ပြင်တယ်။ ပုံမှန် ကလစ်နေတဲ့သူ သုံးသောင်းခွဲထဲမှာ ကျွန်တော်ပါတယ်။ ဒီတစ်ခု ဂုဏ်ယူမိတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အင်တာနက် အသုံးပြုနေသူဦးရေ သန်းနဲ့ချီ ရှိတာပဲ။ မတရားမှုကို ကြည့်မရသူတွေလည်း သန်းနဲ့ချီ ရှိတာပဲ။ လူသုံးသောင်းခွဲကနေ လူသုံးသိန်းခွဲ ဆိုရင်ပဲ သိန်း ထောင်ပေါင်းများစွာ ကနေ သိန်းသောင်းပေါင်းများစွာကို လစဉ် ကူနိုင်မှာလေ။ လက်နက်နဲ့ အနိုင်ကျင့်နေတဲ့ သူတွေကို လက်နက်နဲ့ပဲ ပြန်တော်လှန်ရမှာ မလား။
……………
ကော်ဖီဆိုင်က မရောက်တာကြာတော့ အသစ်လို ဖြစ်နေတယ်။ သူတို့တွေ မီးပြန်ဆင်ထားတယ်။ ကျွန်တော် ဈေးပေါပေါ ပန်းချီကားလို့ ပြောခဲ့တဲ့ ပန်းချီကားတွေလည်း မရှိတော့ဘူး။ အငွေ့တထောင်းထောင်း ထနေတဲ့ ကော်ဖီခွက်တွေကိုင်ပြီး စုထိုင်နေကြတဲ့ လူငယ်မျိုးစုံရဲ့ ပုံတွေကို ပြောင်းချိတ်ထားတယ်။ ဆေးလည်း အရောင်နု ပြောင်းသုတ် ထားသလိုပဲ။ သေတော့ မသေချာဘူး။ စာအုပ်စင်လေး တစ်ခုရှိပြီး စာအုပ်တွေလည်း စီထားတယ်။ အပေါ်ထပ် ဝရန်တာမှာ ပန်းအိုး သုံးလုံး တန်းစီ ချထားတယ်။ ခုံတွေကလည်း ဆိုဖာတွေရော၊ ခုံပုတွေရော၊ ခုံတန်းရှည်တွေရော ရွေးစရာ စုံလာတယ်။ အပြင်ဘက် ရှုခင်းကို ထိုင်ကြည့်လို့ ရအောင် အပြင်ဘက်ကို မျက်နှာမူထားတဲ့ ခုံတန်းရှည်နဲ့ ကောင်တာတစ်ခု အသစ်တပ်ထားပါသေးတယ်။
ထောင့်ကျတဲ့ ခုံတစ်ခုံမှာပဲ ဝင်ထိုင်ပြီး ယုယုတို့ကို စောင့်နေလိုက်တယ်။ စာအုပ်စင်လေးဆီ ထကြည့်ဖို့ အလုပ်မှာ သူတို့ရောက်လာတာနဲ့ မကြည့်ဖြစ်လိုက်။ ဟိုးအရင် ကျွန်တော်တို့ သုံးယောက် စတွေ့ချိန်ကို ဘာရယ်မဟုတ် သတိရသွားတယ်။
“ရောက်နေတာ ကြာပြီလား။” လို့ ယုယုက နှုတ်ဆက်တယ်။
“ခုလေးပဲ။” လို့ ပြောပြီး နှစ်ယောက်လုံးကို ပြုံးပြလိုက်တယ်။
သူတို့နှစ်ယောက် ထိုင်တယ်။ “အပြင်မှာ ပူလိုက်တာဟယ်။” လို့ ယုယုက ပြောတယ်။ သီရိကတော့ ကျွန်တော့်ကို ပြန်ပြုံးပြရုံက လွဲပြီး ဘာစကားမှ မပြောသေးဘူး။
“ကပူချီနိုပဲ သောက်တတ်တာလားဟဲ့။” လို့ ယုယုက ကျွန်တော်ကော်ဖီခွက်ကို ကြည့်ပြီး ပြောတယ်။ ကော်ဖီကို ကြည့်ရုံနဲ့ သူ အမျိုးအစား ခွဲတတ်တာ တော်တာပဲ။ ကျွန်တော်ဆို နာမည်တွေကို မမှတ်တတ်လို့ တစ်မျိုးတည်း သောက်နေတာ။ ကော်ဖီဆို ကပူချီနို၊ အအေးဆို သံပုရာရည်။
ငါးမိနစ်လောက်နေတော့ သူတို့မှာထားတာတွေကို စားပွဲထိုးက လာချတယ်။ ကော်ဖီအေး နှစ်ခွက်နဲ့ ချောကလက် ကိတ် နှစ်စိပ်ပါ။ ရေသန့်တစ်ဘူးလည်း ပါတယ်။
“ကဲ၊ ငါတို့ကတော့ နိုင်ငံတွေ ရွေးပြီးပြီ။ နင်ကရော ဘယ်နိုင်ငံလဲ။” လို့ ယုယုက စပြောတယ်။
“ငါမစဉ်းစားရသေးပါဘူးဟာ။ သီရိကရော သေချာသွားပြီလား။” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။
“သေချာပြီပဲ ပြောရမှာပေါ့။ IELTS ဖြေပြီးရင် ငါ ကျောင်းလျှောက်တော့မှာ။” လို့ သူပြောတယ်။
“ယုယုက လကုန်နော်။ မလိုတော့ဘူးပဲ။”
“အေး၊ ဒါတောင် လေယဉ်လက်မှတ် ခက်သွားလို့။ ငါမရှိလည်း နင်တို့နှစ်ယောက် ဆက်လေ့ကျင့်ကြပေါ့။” လို့ ယုယုက ပြောပြီး ကော်ဖီအေးတစ်ငုံ ငုံတယ်။ သီရိကတော့ ချောကလက်ကိတ်ကို ဇွန်းနဲ့ ဖဲ့နေတယ်။
“ကဲ … let’s get started.” လို့ ယုယုက ပြောတယ်။ အကြောင်းအရာက ‘ဝါသနာ’။
ကျွန်တော့်ဝါသနာက ဘာလဲဆိုတော့ ဘာဖြေရမှန်း မသိဘူး။ ငယ်ငယ်ကတော့ အဖေဦးမြ၊ အမေဒေါ်လှ၊ ဝါသနာက စာဖတ်တာ၊ ရည်မှန်းချက်က ဆရာဝန်လေ။ ခုတော့ ဘောလုံးပွဲကြည့်တာလို့ပဲ ဖြေလိုက်တယ်။ ဝါသနာနဲ့ ဆက်စပ်တဲ့ အလုပ်ဆိုတော့ ဘောလုံးပွဲ သုံးသပ်သူပေါ့။ တကယ်က ကျွန်တော် ဘောလုံးပွဲ သုံးသပ်သူ မလုပ်ချင်ဘူး။ မကန်ခင်ပွဲကို ကြိုခန့်မှန်းဖို့ကလည်း သင်္ချာတွက်နေတာမှ မဟုတ်တာ။ ပြီးပြီးသားပွဲကိုလည်း ဘာလို့ စားမြုံ့ပြန် နေဦးမလဲ။ အနာဂတ်မှာ အချိန်ပေးချင်တဲ့ ဝါသနာမျိုးရော ရှိလား ဆိုတော့ ဂစ်တာတီးသင်ချင်တယ်။ Wish you were here သီချင်းတစ်ပုဒ်ကို တီးတတ်ရင် ရပြီလို့ ဖြေလိုက်တယ်။ ဘာလို့လဲ ဆိုတော့ အရမ်းကြိုက်လို့ပေါ့။
ယုယု ဝါသနာကတော့ ချက်ပြုတ်တာ ဆိုပဲ။ ဟိုနေ့က သူချက်တဲ့ ကြက်ဆီထမင်းတောင် သတိရသွားတယ်။ ဝါသနာနဲ့ အလုပ်က ထပ်တူကျဖို့ မလိုပေမယ့် အလုပ်ကို ဝါသနာလို ဖြစ်အောင် မွေးမြူလို့ ရကြောင်း၊ ဝါသနာနဲ့ အလုပ် တစ်ထပ်တည်းကျသူ တွေကတော့ ကံကောင်းကြကြောင်း၊ စသဖြင့် သူ ဘယ်က ဖတ်ထားတာတွေမှန်း မသိ၊ ယုယုက သေသေချာချာ ပြောသွားပါတယ်။ အနာဂတ်မှာတော့ စာရေးတဲ့ ဝါသနာကို အချိန် ပိုပေးချင်တယ်တဲ့။ စာရေးဆရာမ ဖြစ်ချင်တာမျိုး မဟုတ်ပေမယ့် အတွေ့အကြုံတွေကို ချရေးတဲ့ blogger ဖြစ်ဖြစ်ပေါ့တဲ့။
သီရိကတော့ သူ့ဝါသနာက တစ်ယောက်တည်းနေပြီး တွေးနေရတာတဲ့။ ငယ်ငယ်ကတည်းက ဒီလိုတွေးနေရရင် အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်း မသိလို့ သူပျော်တယ်တဲ့။ ဒါဆို စာရေးဆရာ လုပ်လို့ ကျွန်တော် ပြောလိုက်သေးတယ်။ သူက စာမရေးတတ်ဘူးတဲ့၊ ရေးလည်းမရေးချင်ဘူးတဲ့။ ဝါသနာဆက်စပ်အလုပ်နဲ့ လခကောင်းတဲ့ အလုပ် ရွေးရမယ်ဆိုရင်တော့ လခကောင်းတဲ့ အလုပ်ပဲ ရွေးမယ်တဲ့။ ဒါပေမယ့် အလုပ်မှာ ပရော်ဖက်ရှင်နယ် ပီသဖို့တော့ လိုမယ်၊ ဘာညာပေ့ါ။ အနာဂတ်မှာ သူက ခရီးသွားရတာကို အချိန်ပိုပေးချင်တယ်တဲ့။ သူလည်း သေချာလေ့ကျင့်ထားသူပဲမို့ သေသေချာချာ ပြောနိုင်ပါတယ်။
တစ်နာရီ မပြည့်တပြည့်မှာ ကျွန်တော်တို့ လေ့ကျင့်မှု အဆုံးသတ်တယ်။ နည်းနည်းလှမ်းတဲ့ သီရိအိမ်ကို လမ်းလျှောက်ပြီး လိုက်ပို့ကြတယ်။ သူတို့အချင်းချင်း စကားပြောရင်း လျှောက်တာကို ကျွန်တော်က ဘေးက လိုက်လျှောက်တဲ့ သဘောပါပဲ။ ညနေငါးနာရီ ကျော်နေတာတောင် နေက မကျချင်သေးဘူး။ သစ်ပင်ရိပ်တွေ ရှိတဲ့အခြမ်းကနေ ကျွန်တော်တို့ လျှောက်ကြတယ်။ ဘတ်စ်ကားတွေနဲ့ ကားလေးတွေ ပြေးလွှားနေတယ်။ လမ်းလျှောက်တဲ့သူတော့ သိပ်မရှိ။ ပစ္စည်းပို့တဲ့ စက်ဘီးသမားတွေကိုလည်း တွေ့ရတယ်။ အထပ်မြင့်တိုက်တွေကို မော့ကြည့်လိုက်၊ ဖြတ်သွားတဲ့ ဆိုင်တွေကို ငဲ့ကြည့်လိုက်၊ ကားပေါ်က လူတွေကို လှမ်းကြည့်လိုက်နဲ့ ကျွန်တော် ဘာစကားမှ မပြောဘဲ လျှောက်နေဖြစ်တယ်။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့်နောက် မကွေမကွာမှာ စကားတွေ ပြောရင်း လျှောက်နေကြတာပဲ။ ကားမှတ်တိုင်နား ရောက်မှ လှည့်ကြည့်ဖြစ်တယ်။ သူတို့ တော်တော်ကျန်နေခဲ့ပြီ။ သူတို့ကို စောင့်ရင်း မှတ်တိုင်က လူတွေကို စူးစမ်းကြည့်မိတယ်။ ကောင်လေးနှစ်ယောက်၊ အဒေါ်ကြီးနဲ့ ဦးလေးကြီး၊ ကလေးချီထားတဲ့ အမျိုးသမီး၊ မှတ်တိုင်တန်းလျားမှာ မှောက်အိပ်နေတဲ့ အမူးသမား။
“လမ်းလျှောက်တာကလည်း မြန်လိုက်တာ။ ခေါ်နေတာတောင် မကြားဘူး။” လို့ ယုယုက ပြောတယ်။
“နေကလည်း ပူတာနဲ့။” လို့ပဲ ကျွန်တော် ပြန်ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ ဆက်လျှောက်ကြပြန်တယ်။ သီရိနဲ့ ကျွန်တော် ထိုင်ဖူးတဲ့ ဆိုင်ရှေ့ကို ရောက်တော့ ကျွန်တော် လှမ်းကြည့်မိသေးတယ်။ သီရိကတော့ သတိတောင် မထားမိလိုက်တဲ့ပုံ။ နောက်တစ်မှတ်တိုင် မရောက်ခင်လေးမှာ လမ်းကွေ့တစ်ခုကို ကွေ့ကြတယ်။ ပြီးတော့ သီရိက “ရပြီ။” လို့ ပြောတယ်။ ယုယုက “ဂရုစိုက်နော်။” လို့ ပြောပြီး သူတို့ နှုတ်ဆက်ကြတယ်။ ပြီးမှ သီရိက “ဟဲ့ … ငါသွားပြီ။” လို့ ကျွန်တော့်ကို လှမ်းပြောတယ်။ ကျွန်တော် ပြုံးပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။
အပြန်လမ်းမှာတော့ ယုယုနဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ စင်ကာပူရောက်ရင် ရမယ့် လခနဲ့ လုပ်ရမယ့် အလုပ်တွေကို သူပြောပြတယ်။ ကျွန်တော်ကတော့ အင်း၊ အဲ၊ ကောင်းပါတယ် ပေါ့။
“ဒါနဲ့ နင် ဘာစာတွေ ဖတ်ဖြစ်သေးလဲ။” လို့ သူစကားပြတ်သွားချိန်မှာ ကျွန်တော်မေးလိုက်တယ်။ သူကရုတ်တရက် စဉ်းစားသွားပြီးမှ “မဖတ်ဖြစ်တာ ကြာပြီ။ ဘာလို့လဲ။” လို့ ပြန်မေးတယ်။
“နင်နဲ့ငါ ခုလို လမ်းလျှောက်ရင်း ဂျူးအကြောင်း ငြင်းခဲ့ကြတာ သတိရသွားလို့ပါ။”
“ဟ … ဟ နင်က သတိရသားပဲ။ ငါ့အစ်မတောင် ဒီနှစ်ထဲ မင်္ဂလာဆောင်မယ်တဲ့နော်။ နင်အပျိုကြီးဖြစ်မယ်လို့ ပြောခဲ့တာ မှားတယ်။”
“နင်ကတော့ အပျိုကြီး ဖြစ်မှာ သေချာတယ်။” လို့ ကျွန်တော် ပြောလိုက်တယ်။
“ဘာဖြစ်လို့လဲ။”
“နင်က တော်တယ်လေ။ ပြီးတော့ အရမ်းစဉ်းစားတယ်။ ပလန်တွေနဲ့ အလုပ်လုပ်တယ်။ နောက်တစ်ခု ဂျူးစာအုပ်တွေ ဖတ်တယ်။”
“ဖြစ်ချင်လည်းဖြစ်ဟေ့။ တော်တာက အားနည်းချက် ဖြစ်နေတာ ဆိုတော့လည်း။” လို့ သူ ရယ်ပြီး ပြောတယ်။ “နင်လည်း တော်တယ်လေ။ စဉ်းလည်းစဉ်းစားတာပဲ။ ပလန်တွေလည်း ချနေတာပဲမလား။ ပြီးတော့ ယောက်ျားတွေ ရေးတဲ့ စာအုပ်ပဲ ဖတ်တယ်။ လူပျိူကြီး ဖြစ်မှာပဲပေါ့။” လို့ ဆက်ပြောသေးတယ်။
“မတူဘူးဟ။ ယောကျ်ားတွေကျ အဲ့လိုဆိုရင် စော်ကြည်တာ။” လို့ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ သူထပ်ရယ်ပါတယ်။
“နင်သွားတော့မယ် ဆိုတော့ စိတ်ထဲ တမျိုးပဲ။ ဆိုလိုတာကဟာ။ မိန်းကလေးတွေထဲမှာ ငါရင်းရင်းနှီးနှီးပေါင်းလို့ ရတာ နင်လောက်ပဲ ရှိတာ။ ပြီးတော့ ငါတို့ ခင်ခဲ့ကြတာ ကြာပြီလေ။” လို့ ကျွန်တော် ပြောလိုက်တယ်။ သူတို့လမ်းထိပ်ကို မြင်နေရပါပြီ။ ယုယုက ကျွန်တော့်ဘက်ကို ဖျတ်ခနဲ လှည့်ကြည့်ပြီး “ငါတို့ အဆက်အသွယ် ပြတ်သွားတာမှ မဟုတ်တာ။” လို့ ပြောတယ်။ “သွားတော့မယ်။ နင်နဲ့ငါ ထပ်တွေ့ကြဦးမယ်လို့ ငါယုံတယ်။” လို့ ထပ်ပြောပြီး သူ့လမ်းထဲကို ချိုးသွားပါတယ်။
အိမ်ရောက်တော့ ဘယ်နားထားမိမှန်း မသိတဲ့ ဆေးလိပ်ဘူးကို ကျွန်တော် လိုက်ရှာတယ်။ ပြီးတော့ တစ်လိပ်ထုတ်ပြီး မီးညှိတယ်။ အငွေ့တွေကို ပါးစပ်ထဲမှာတင် ပြန်မှုတ်ထုတ်လိုက်တယ်။ ဟူး …
……………
မလုပ်ဖြစ်တာကြာနေပြီ ဖြစ်တဲ့ အသိ CDM နှစ်ဆယ့်တစ်ယောက်ဆီ Random ဖုန်းခေါ်ခြင်းကို စနေနေ့ခင်းမှာ ကျွန်တော် ပြန်လုပ်ဖြစ်တယ်။ မီးပျက်နေတော့ နည်းနည်းလည်း အားနေလို့ပါ။ ဒီတစ်ခေါက်က ရှစ်တန်း အတန်းပိုင် ဖြစ်ခဲ့ဖူးတဲ့ ဆရာမကြီးဆီ။ ခု သူ့အသက် ငါးဆယ်ကျော်။ ကျွန်တော့်ကို သူ မှတ်မိတယ်။ ပြီးတော့ ကျေးဇူးတင်တယ်။ ထုံးစံအတိုင်း “ဆရာမကြီးတို့ကို တစ်နိုင်ငံလုံးက ကျေးဇူးတင်နေရမှာပါ။” လို့ ကျွန်တော် ပြန်ပြောပြီး ဖုန်းချလိုက်တယ်။ Facebook ပွတ်တယ်၊ ကလစ်တယ်၊ သောကြာည ဘောလုံးပွဲ ရလဒ်တွေ ကြည့်ပြီး စနေည ဘာပွဲတွေ ရှိလဲ ကြည့်တယ်။ အဲ့ဒီ အချိန်မှာ ဖုန်းဝင်လာတယ်။ ex-friend 6 တဲ့။ ဒီလိုဖုန်းတွေဆို ကျွန်တော် မကိုင်ဘူး။ ချလည်းချမပစ်ဘူး။ ဖုန်းကို ဒီတိုင်း ပစ်ထားလိုက်ပြီး ရေသွားချိုးလိုက်တယ်။ ရေချိုးပြီး ဖုန်းကို ပြန်ကိုင်ကြည့်တော့ missed call လေးခုတွေ့တယ်။ တော်တော် ဇွဲကောင်းကောင်း ဆက်ထားတာပဲလို့ ထင်လိုက်ပေမယ့် မဟုတ်ပါဘူး။ သူက နှစ်ခုပဲ။ ကျန် နှစ်ခုက ရဲကြီးဆီက။ ခေါင်းကို တဘက်နဲ့ သုတ်ရင်း ရဲကြီးကို ဖုန်းပြန်ခေါ်လိုက်တယ်။
“အေး၊ ဘာထူးလို့လဲ။”
“ထူးတယ်ဟ။ ကိစ္စက ကြီးတယ်။ ငါနဲ့ ဝေယံ မင်းဆီ လာနေပြီ။ မင်းက ဘာလုပ်နေတာလဲ။ ဖုန်းလည်းမကိုင်။”
သူတို့လာနေပြီဆိုတော့ ဘာကိစ္စပါလိမ့်။ တော်ရုံဆို ကျွန်တော့်အခန်းက ဝေးတော့ သူတို့ သိပ်လာလေ့ မရှိဘူး။ ပြီးတော့ ကျွန်တော့်အခန်းမှာ တီဗွီတောင် ရှိတာ မဟုတ်။ မေမေတို့နဲ့ ထည့်ပေး လိုက်တာ။
“ရေချိုးနေလို့ဟ။ မင်းတို့ကိစ္စ ပြောဦး။ စိတ်က စနိုးစနောင့် ဖြစ်နေပီ။”
“ရောက်တော့မယ်ကွာ။ ရောက်မှ ပြောမယ်။” လို့ ပြောပြီး သူဖုန်းချသွားတယ်။ ကျွန်တော့်မှာတော့ အတွေးပေါင်းစုံနဲ့ပေါ့။
ခဏနေတော့ “ရောက်ပြီ။” လို့ မက်ဆေ့ပို့တာနဲ့ တိုက်ခန်းက ဆင်းပြီး သူတို့ကို ခေါ်လိုက်တယ်။ မရောက်တာ ကြာတော့ တိုက်ကို မမှတ်မိကြဘူး ဖြစ်နေတာ။ အခန်းထဲ ရောက်ရောက်ချင်း “ဘာလဲ။ ပြောကြဦး။” လို့ ကျွန်တော် ခပ်လောလော မေးလိုက်တယ်။
“ရေလေးဘာလေး တိုက်ပါဦးဟ။” လို့ ဝေယံက ပြောတာနဲ့ ရေဘူးတစ်ဘူး ယူပေးလိုက်တယ်။
“မီးပျက်နေလို့ အေးတော့မအေးဘူး။ ငါလည်း ဒီတိုင်းသောက်တာပဲ။”
“အေးပါကွာ။ ဒီလိုမှန်းသိ ဝယ်လာပါတယ်။” လို့ ဝေယံက အရေးထဲ ပြောနေသေးတယ်။
“ဒီလိုကွာ။ ငါ အာကြီးတို့ အဖွဲ့ကို ဆက်သွယ်လိုက်တာ။ သူတို့ဆီ လာချင်တယ်လို့။” ရဲကြီးက စပြောတယ်။ “ငါလည်း ဒီမှာ မနေချင်တော့ဘူးလေ။ သူတို့ဆီမှာဆို ငါ ပိုထိထိရောက်ရောက် လုပ်နိုင်မှာပဲ။”
ကျွန်တော် ရဲကြီးကို ကြည့်လိုက်တယ်။ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဝေယံကတော့ ရဲကြီးကိုပဲ ကြည့်နေတယ်။
“ဒီနေ့မနက်ကပဲ သူတို့အကြောင်းပြန်တယ်။ လာလို့ရပြီတဲ့။ လမ်းကြောင်းတွေ၊ ချိတ်တွေ ပြောထားတယ်ကွာ။ အာကြီး ထောက်ခံမှုနဲ့ သူတို့ ပြောပြတာ။ အဲ့တာ မင်းတို့ကို တိုင်ပင်တာ။ ဝေယံနဲ့တော့ ငါ လမ်းမှာ ပြောသင့်သလောက် ပြောခဲ့ပြီးပြီ။” လို့ ရဲကြီးက ဆက်ပြောတယ်။ ပြီးမှ ရေဘူးထဲက ရေကို ခွက်ထဲငှဲ့ပြီး သောက်လိုက်တယ်။
“ဒီကိစ္စက အကြီးကြီးပဲ။” လို့ ကျွန်တော် ပြောမိတယ်။ “ငါ စဉ်းစားထားတဲ့ ပလန်ထဲမှာတော့ မပါဘူး။ ဒါပေမယ့် မင်းသွားမယ် ဆိုတော့ ငါလည်း ပြန်စဉ်းစားရမယ်။ ဝေယံကရော ဘယ်လိုလဲ။”
“ငါကတော့ မင်းတို့ပြောလည်း ခံရမှာပဲ။ မလိုက်ရဲသေးဘူး။ အာသာပြေ ထောက်ပို့ပဲ လုပ်ဖြစ်ဦးမယ် ပေါ့ကွာ။” လို့ ပြောပြီး ဝေယံက မချိပြုံး ပြုံးတယ်။
“ဒီလိုလည်း မဟုတ်ပါဘူးကွာ။ တော်လှန်ရေးမှာ ပါနေသူတိုင်းက ဘယ်သူမြင့်တယ်၊ ဘယ်သူနိမ့်တယ် မရှိပါဘူး။ ခုက ငါ့အနေနဲ့ ငါ့စိတ်ငါ့သဘောနဲ့ သွားချင်လို့ သွားတယ်။ ဒါပဲ။ မင်းတို့လည်း မင်းတို့စိတ် မင်းတို့သဘောနဲ့ ပါချင်တဲ့ နေရာကနေ ပါ။ အဓိက က ပါနေဖို့ပဲ နေတယ်။” လို့ ရဲကြီးက ခပ်အေးအေး ပြောတယ်။
“ဘယ်လိုပဲ ဖြစ်ဖြစ်၊ မင်းက ဘဝကြီးတစ်ခုလုံးပါ ရင်းလိုက်ပြီလေ။ လေးစားပါတယ်။ ငါတော့ စဉ်းစားရဦးမယ်။ မင်းပြောသလိုပဲကွာ။ ငါ့စရိုက်နဲ့ ငါ့လုပ်နိုင်စွမ်းနဲ့ ပိုထိရောက်မှာမျိုးကို ငါရွေးမှာပါ။” လို့ ကျွန်တော် ပြောလိုက်တယ်။
“အေး၊ နောက်တစ်ပတ်ထဲလို့ ပြောတယ်။ မင်း စဉ်းစားချိန် နှစ်ရက်၊ သုံးရက်တော့ ရမယ်။ ပြီးရင် ပြင်ရမှာ ဆင်ရမှာ နဲ့။”
ဝေယံကတော့ ခေါင်းငိုက်စိုက်ကျ နေပါတယ်။
…………
ရဲကြီးတို့ ပြန်သွားပြီး ကတည်းက ကျွန်တော် စိတ်တွေရှုပ်ပြီး ရင်ခုန်နေတယ်။ ဖတ်ထားပြီးသား Website တွေကို တစ်ခုချင်း ပြန်ဖတ်ဖြစ်တယ်။ Note ထဲမှာ သိမ်းထားတဲ့ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ တစ်ခုချင်း ပြန်ဖတ်ဖြစ်တယ်။ စင်ကာပူကို ကြက်ခြေခတ်တယ်။ အမေရိကကို ကြက်ခြေခတ်တယ်။ ကနေဒါကို သွားရမလား၊ သြဇီကို သွားရမလား။ တစ်ဖက်မှာ အာကြီးနဲ့ ရဲကြီးအကြောင်းကို တွေးတယ်။ တိုက်ပွဲသတင်းတွေကို ပြန်ဖတ်တယ်။ ဟိုကောင်တွေရဲ့ ယုတ်မာမှုတွေကို ပြန်ဖတ်တယ်။ မတရားဖမ်းဆီးခံရ၊ နှိပ်စက်ခံရ၊ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေ အကြောင်း စဉ်းစားတယ်။ ကျွန်တော့်သွေးတွေ ဆူပွက်လာတယ်။ ဆေးလိပ်တစ်လိပ် ဖွာလိုက်တယ်။ နောက်တစ်လိပ် ထပ်ဖွာတယ်။ လက်ပ်တော့ကို ဖွင့်ပြီး excel file တစ်ဖိုင် လုပ်လိုက်တယ်။ တော်လှန်ရေးအတွက် ဘာတွေ အဓိက လိုနေလဲ။ ဘာတွေက အဓိက ထိရောက်မလဲ။ ရဲကြီးတို့နဲ့ လိုက်ရမလား။ ဝေယံ့လိုပဲ ဒီမှာနေရင်း ကူရမလား။ ယုယုနဲ့ သီရိလို နိုင်ငံခြားထွက်ပြီး ကူရမလား။ ရဲကြီးတို့ကတော့ All in ပဲ။ တစ်ဘဝလုံးရင်းလိုက်ပြီ။ သူတို့အတွက်က ဒီပွဲနိုင်မှကို ဖြစ်တော့မှာ။ ဝေယံ့နည်းကတော့ ကျွန်တော့်အတွက် အဆင်မပြေဘူး။ ဒီမှာ နေနေရင်း ကူရတာ ပိုက်ဆံအကန့်အသတ်ရော၊ အဖမ်းအဆီး အကန့်အသတ်တွေရော ရှိတယ်။ တစ်ခုပဲ ဒီနိုင်ငံကနေ ထွက်ပြေးတာပါ လို့တော့ လက်ညှိုးထိုး မခံရဘူးပေါ့။ ဒါပေမယ့် လူတွေပြောမှာ ကြောက်နေရမယ့် အချိန် မဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် သိဖို့၊ လိပ်ပြာလုံဖို့ကသာ အဓိက။ ထွက်ပြေးတာ ဆိုရင်တောင် အာဏာရှင် လက်အောက်မှာ သူတို့ဖိနှိပ်ခံနေမယ့် အစား ပြေးသင့်တယ် မြင်မိတာပဲ။ ပြေးလို့ လွတ်သွားရင်တော့ ဘဝတူတွေကို မေ့မထားနဲ့ပေါ့။ တောထဲလား၊ နိုင်ငံခြားလား။ တောထဲမှာဆို လက်တွေ့တော်လှန်နိုင်မယ်။ နိုင်ငံခြားမှာဆို လခပိုကောင်းပြီး လွတ်လွတ်လပ်လပ် ငွေအားပိုကူနိုင်မယ်။ လတ်တလော ကလစ်လုပ်နေသူတွေ၊ dragonfly project မှာ ပါဝင်သူတွေ၊ NUG ဘွန်း ဝယ်သူတွေ၊ နွေဦးထီ ထိုးသူတွေရဲ့ အများစုက ပြည်ပရောက် မြန်မာတွေပဲလေ။ ‘တောထဲလား၊ နိုင်ငံခြားလား’ ဆိုတဲ့ မေးခွန်းနှစ်ခုမှာ ကျွန်တော် ချာချာလည်နေပါတယ်။ ကျွန်တော့်စရိုက်အရတော့ ကျွန်တော်က စစ်သားမဖြစ်နိုင်ဘူး။ ဒါပေမယ့် လက်ရှိ pdf တွေထဲမှာရော စစ်သားစရိုက်နဲ့ pdf လုပ်ခဲ့ကြသူ ဘယ်နှယောက် ရှိလို့လဲ။ တချို့ဆို လူကောင်သေးသေး၊ နုနုလေးတွေ။ စိတ်ဓာတ်တစ်ခုတည်းနဲ့ သူတို့ pdf တွေ ဖြစ်လာခဲ့ကြတာ။ ကျွန်တော် ဆေးလိပ်တွေ ထပ်သောက်ဖြစ်တယ်။ လမ်းလျှောက်ရင်းတွေးတယ်။ ထိုင်ရင်းတွေးတယ်။ လှဲရင်းတွေးတယ်။ ဗလာစာအုပ် တစ်ရွက်မှာ ချရေးတယ်။ ဘာတွေရေးမိမှန်းတော့ မသိဘူး။ သတိရလို့ ကြည့်မိတော့ ကျွန်တော် ကြယ်ပုံတွေ ဆွဲနေမိတာ။
………..
တနင်္ဂနွေ မနက်မှာ ကျွန်တော် ပထမဆုံး လုပ်မိတာက မေမေ့ဆီ ဖုန်းဆက်တာ။ အလ္လာပသလ္လာပ မေးပြီး “သားတို့ ငယ်ငယ်က စက်စဲကို အတူသွားတဲ့ သားအမိလေ။ သူတို့နာမည်တွေ မှတ်မိလား။” ဆိုတော့ မေမေက “ဘာဖြစ်လို့လဲ … သား။” လို့ ပြန်မေးတယ်။ “ဟိုနေ့က အဖမ်းခံရတဲ့ ပုံထဲမှာ တွေ့လိုက်တဲ့ ကောင်လေး တစ်ယောက်က သူနဲ့တူလို့။” လို့ ကျွန်တော် ပြောလိုက်တယ်။
“ဟုတ်လား။ ဟယ်။ အဲ့တာ မမြင့်မြင့်လှိုင်လေ။ သူ့သားနာမည်တော့ မသိဘူး။ နေပါဦး။ မေမေ ဖုန်းဆက်ကြည့်ပါဦးမယ်။” လို့ ပြောပြီး ကျွန်တော့်ကို အဆင်ပြေလား မေးတယ်။ အဆင်ပြေပါတယ်ပေါ့။ ဘာမှလည်း မလုပ်ပါဘူးပေါ့။
“လုပ်တာ မလုပ်တာက ဘာမှ မပြောပါဘူးကွယ်။ သတိတော့ထားပေါ့။” လို့ မေမေက ပြောတယ်။
“မေမေရော တရားတွေ ထိုင်ဖြစ်သေးလား။” လို့ မေးတော့ “တစ်နေ့တစ်နာရီ ပုံမှန်ထိုင်ဖြစ်တယ်။” လို့ ဖြေတယ်။
“မမြင့်မြင့်လှိုင်ဆီ ဖုန်းဆက်လိုက်ဦးမယ်။ ပြီးမှ သားဆီ ပြန်ဆက်မယ်။” လို့ ပြောပြီး မေမေ ဖုန်းချသွားပါတယ်။
မေမေကိုဗစ်ဖြစ်တော့ အောက်ဆီဂျင် ကူလိုက်ရတယ်။ နောက်ပိုင်းလည်း အသက်ရှူမဝလို့ ဆေးခန်းပြ ရသေးတယ်။ လေကောင်းလေသန့် များများရှူဖို့နဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ ဆရာဝန်က ပြောတယ်။ အဲ့တာနဲ့ပဲ နယ်က အဖွားခြံမှာ ဖေဖေရော သွားနေနေကြတာ။ ရန်ကုန်ကလည်း နေလို့မကောင်းတော့ဘူးလေ။ ကျွန်တော်သာ အလုပ်အကြောင်းပြပြီး ကျန်နေခဲ့တာ။
ဆယ်မိနစ်လောက်နေမှ မေမေ ဖုန်းပြန်ဆက်လာတယ်။ အဖမ်းခံရတာ မမြင့်မြင့်လှိုင်သား မဟုတ်ပါဘူးတဲ့။ သူ့သားနာမည်က ဟိန်းဇေယျာသော် ဆိုလား။ ရန်ကုန်မှာပဲ စီးပွားရေးတက္ကသိုလ် တက်နေတာတဲ့။ ခုတော့ ကျောင်းမတက်ဘဲ အိမ်မှာ ဂိမ်းဆော့နေတယ်တဲ့။ မေမေက သိပ်မမောတော့ပါဘူး။ စကား ကြာကြာ ပြောနိုင်တဲ့ပုံ ထောက်ရင် ကျန်းမာရေးကောင်းနေပါပြီ။ ဖေဖေ့ကို မေးတော့ ခြံရှင်းနေတယ်ဆိုလား။ သာကြောင်းမာကြောင်း အပြန်အလှန် ပြောပြီး မေမေ ဖုန်းချသွားတယ်။
‘ဟိန်းဇေယျာသော်’ နာမည်ကို Facebook မှာ ရိုက်ရှာလိုက်တယ်။ နာမည်တူများစွာကို မွှေပြီးတဲ့နောက် စီးပွားရေး တက္ကသိုလ်က ဟိန်းဇေယျာသော် နှစ်ယောက် ဆန်ကာတင် ကျန်တယ်။ နှစ်ယောက်လုံးက profile lock ချထားလို့ သေချာ မကွဲဘူး။ နှစ်ယောက်လုံးကို ကျွန်တော် add လိုက်တယ်။ Hi ထားလိုက်တယ်။
ပြီးတော့ မြို့ထဲကို သွားတယ်။ ဆိုင်တစ်ဆိုင်ကနေ ကိုယ်ကျပ်အနွေးထည်တွေ၊ ခြေအိတ်တွေ၊ ခေါင်းစွပ်တွေ၊ လက်အိတ်တွေ၊ ဓါတ်မီးတွေ၊ မိုးကာအင်္ကျီတွေ ဝယ်တယ်။ စာအုပ်ဆိုင်တစ်ဆိုင်ကို ဝင်ပြီး ဂျူးစင်ပေါ်က နှစ်အုပ်နဲ့ တာရာမင်းဝေတစ်အုပ်၊ မင်းလူတစ်အုပ်၊ ပါပီယွန်တစ်အုပ် ဝယ်တယ်။ ကမ္ဘာ့ဝတ္ထုတိုများ စာအုပ်နဲ့ မြန်မာ့ဝတ္ထုတိုများ စာအုပ်လည်း တစ်အုပ်စီ ယူလိုက်တယ်။ ဂစ်တာဆိုင်ကို ဆက်သွားတယ်။ ဂစ်တာကြိုး တစ်စုံနဲ့ ပက်ထရမ်ပြားတွေ ဝယ်တယ်။ နာရီဆိုင်ကနေ Alexandre Christie တစ်လုံးလည်း ဝယ်ဖြစ်တယ်။
အိမ်ပြန်ရောက်တော့ ပစ္စည်းတွေကို ချပြီး လှဲရင်း ဖုန်းသုံးလိုက်တယ်။ ဟိန်းဇေယျာသော် တစ်ယောက်နဲ့တော့ friend ဖြစ်သွားပြီ။ Hi ဘရို… လို့ သူစာပြန်ထားတယ်။
ညီလေးက ဒေါ်မြင့်မြင့်လှိုင်ရဲ့ သားလား … လို့ ကျွန်တော် စာပို့လိုက်တယ်။ ပြီးမှ ဒီခေတ်ကြီး တမျိုးတွေးနေမှာ စိုးတာနဲ့
အစ်ကိုက ဒေါ်မြင့်မြင့်လှိုင်နဲ့ သိလို့ပါ … လို့ ထပ်ပို့လိုက်ရတယ်။
ဟုတ်တယ်အစ်ကို။ မေမေ့ကို ဘာပြောပေးရမလဲ … လို့ သူစာပြန်တယ်။
အစ်ကိုတို့ ငယ်ငယ်က စက်စဲကို အတူတူ သွားဖူးသေးတယ်လေကွာ။ မှတ်မိလား …
သူ့ဘက်က Reply နည်းနည်းကြာသွားတယ်။
သိပ်မမှတ်မိဘူး အစ်ကို။ ကမ်းခြေတွေတော့ ခဏခဏ သွားဖြစ်တာပဲ …
ကျွန်တော် စိတ်ပြောင်းလိုက်တယ်။ ရေးထားတဲ့ စာကို ဖျက်လိုက်ပြီး
အေး။ အေး။ ညီလေး။ ဘာရယ်မဟုတ်ပါဘူး။ ညီလေးကို friend suggestion မှာ တွေ့လိုက်လို့ add လိုက်တာ။ အန်တီ့ကို သတိရတယ်လို့ ပြောလိုက်ပါဦး။ … လို့ပဲ ပို့ဖြစ်လိုက်တယ်။
ဟုတ်။ ဒါဆို ကျွန်တော် ဂိမ်းဆော့လိုက်ဦးမယ် အစ်ကို။ bye …
ဒါနဲ့ပဲ ဟိန်းဇေယျာသော် နောက်တစ်ယောက်ကို add ထားတာ cancel ပြန်လုပ်လိုက်ရတယ်။ Hi ထားတာကိုလည်း delete ပြန်လုပ်လိုက်တယ်။ ပြီးတော့ ယုယုဆီဖုန်းဆက်တယ်။ ကော်ဖီဆိုင် ခဏလာဖို့ ချိန်းလိုက်တယ်။ သူရောက်လာတော့ စာအုပ် ငါးအုပ် သူ့ကို ပေးလိုက်ပါတယ်။
“နင်ဖတ်ဖူးသားတွေ ဖြစ်မလားပဲ။ ဘာပဲဖြစ်ဖြစ် ကီလို ရသေးရင် ယူသွားပေါ့။” လို့ ကျွန်တော်ပြောလိုက်တယ်။
“အေး၊ ပါပီယွန် ငါကြိုက်တယ်။” လို့ သူပြောတယ်။ ပြီးတော့ မင်းလူစာအုပ်ကို ဟိုလှန်သည်လှန် လုပ်နေတယ်။ “ပန်းကျောင်း … ငါမဖတ်ဖူးဘူး။” လို့ ထပ်ပြောတယ်။
“ဟိုမှာ အချိန်ရရင် ဖတ်ကြည့်ပေါ့ဟာ။ အချိန်မရတော့လည်း သိမ်းထားပေါ့။ နင့်ကို လက်ဆောင်ပေးမယ်ဆိုတော့ ဘာပေးရမှန်း မသိတာနဲ့ ငါ စာအုပ်တွေ ဝယ်လာတာ။”
“နင့်အကြိုက်နဲ့ ငါ့အကြိုက်တွေ ရောထားတာပေါ့လေ။ ကျေးဇူး။ အိုင်ဒီယာကောင်းတယ်။” လို့ တာရာမင်းဝေ စာအုပ်ကို ကိုင်ကြည့်ရင်း သူပြောတယ်။
“ဒီလိုလုပ်၊ ဂျူးစာအုပ်နှစ်အုပ်ထဲက တစ်အုပ်ကို နင်ပြန်ယူ။ သုံးခေါက်ပြီးအောင် ဖတ်။ ငါ့ကို ကတိပေး။” လို့ ကျွန်တော့်ကို ကြည့်ပြီး သူထပ်ပြောပြန်တယ်။
ဘယ်တတ်နိုင်မလဲ။ ကျွန်တော် သူပေးတဲ့ စာအုပ်ကို ယူပြီး ခေါင်းညိတ်ပြလိုက်တယ်။ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်” တဲ့။
“နင် ဖွင့်ဟဝန်ခံချင်တာတွေ ရှိနေလို့လား။” လို့ ကျွန်တော် ပြုံးပြီး မေးလိုက်တယ်။ သူရယ်ပါတယ်။
“နာမည်ကြည့်ပြီး မဆုံးဖြတ်နဲ့လေဟာ။ သုံးခေါက်ပြည့်အောင် ဖတ်ပြီးမှ ဒီစာအုပ်အကြောင်း ငါ့လာပြော။”
“တစ်ခေါက်ဆို မရဘူးလား။”
“မရပါဘူး။ သုံးခေါက်ပဲ။” လို့ ပြောပြီး သူဆက်ရယ်နေပါတယ်။
………..
FRIENDS စီးရီးက အပိုင်းတစ်ပိုင်းကို ဖွင့်ကြည့်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ ‘မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်’ ကိုလည်း မဖတ်ချင်သေးဘူး ဖြစ်နေတယ်။ သီချင်းဖွင့်ကြည့်ပေမယ့် ချက်ချင်းပြန်ပိတ်မိတယ်။ မီးပျက်သွားတယ်။ အခန်းက ချက်ချင်းလှောင်လာတယ်။ ဝရံတာကို ထွက်ပြီး ဆေးလိပ်ဖွာတယ်။ လမ်းဘေးမှာ တန်းစီရပ်ထားတဲ့ ကားတွေကို ငေးတယ်။ တစ်စွန်းတစ်စ မြင်ရတဲ့ ကောင်းကင်က ကြယ်တွေကို ကြည့်တယ်။ ကျွန်တော် ကြယ်မကြည့်ဖြစ်တာ ကြာပြီ။ ဟိုကောင်တွေနဲ့ အတူသွားခဲ့တဲ့ ကျိုက်ထီးရိုးညက နောက်ဆုံးဖြစ်မယ်။ မစ္စတာမြတို့ စုံတွဲရော မြဲကြလား မသိ။ ဝေယံကတော့ သူ့ကောင်မလေးနဲ့ လမ်းခွဲခဲ့ပြီ။ ဟိုကောင်မလေး သုံးယောက်ဆိုတာလည်း ခုချိန် အပြင်မှာ ပြန်တွေ့ရင်တောင် မှတ်မိမှာမဟုတ်။ ဒီလိုပဲ … ဘဝမယ် ဖျတ်ခနဲတွေ့ပြီး ဖျတ်ခနဲမေ့သွားတဲ့ သူတွေက အများသား။ တွေ့ဆုံခြင်းက ရေစက်ဆိုရင် တိုတောင်းလွန်းတဲ့ ရေစက်တွေရဲ့ အဓိပ္ပာယ်ကို ကျွန်တော် နားမလည်နိုင်။ ဘတ်စ်ကားပေါ် ခင်ဗျားနဲ့ အတူ ဘေးချင်းယှဉ် ရပ်မိတဲ့ ဦးလေးကြီး၊ နေရာစိမ်းတစ်ခုမှာ ခင်ဗျား ဝင်ထိုင်ဖြစ်တဲ့ လက်ဘက်ရည်ဆိုင်က စားပွဲထိုး၊ စာအုပ်ဆိုင်မှာ စာရေးဆရာ တစ်ယောက်ရဲ့ စာအုပ်တွေကို အတူတူ ရှာမိနေတဲ့ ကောင်မလေး၊ တစ်ခန်းထဲ ကျောင်းတက်ပြီး စကားတောင် သေချာ မပြောဖူးကြတဲ့ အတန်းဖော်တွေ၊ ပြီးတော့ မစ္စတာမြလို၊ မင်းမင်းထွန်းလို၊ ဒွေးဒွေးလို၊ စိုးသူလို နီးမလိုလိုနဲ့ အပြီးပျောက်ကွယ် သွားသူများ …. ။ သူတို့နဲ့ ကျွန်တော့်ရဲ့ တွေ့ဆုံမှုက ဘာလဲ။ ဒီအတိုင်း ကိစ္စရပ်လေးတစ်ခု အတွက်ပဲလား။ ဒါမှမဟုတ် ကျွန်တော်မဖမ်းဆုပ်ခဲ့တဲ့ (ဖမ်းဆုပ်ပြီးလည်း ပြန်လွှတ်ချလိုက်မိတဲ့) ခင်မင်မှုတွေလား။ “ညီမလည်း ဒီစာရေးဆရာကို ကြိုက်တာပဲလား။” လို့ စကားစမိခဲ့ရင် အဲ့ဒီစာအုပ်ဆိုင်က ကောင်မလေးက ခုထက်ပိုပြီး ကျွန်တော့်ဘဝမှာ ပါဝင်လာမှာလား။ မရရအောင် လိုက်ရှာပြီး ဆက်သွယ်ခဲ့ရင် ဒွေးဒွေးနဲ့ စိုးသူက ကျွန်တော့် အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာမှာလား။ အရုပ်ကောက်စက် တစ်ခုလိုမျိုး တချို့အရုပ်တွေက ကျွန်တော်တို့ အရွေးခံဖို့ ပါဝင်အားဖြည့်ရုံ၊ အရုပ်ကောက်လက်နဲ့ ထိရုံ၊ ကောက်ယူပြီးမှ ပြန်ပြုတ်ကျခဲ့ရုံ၊ အိမ်ရောက်မှ ချောင်ထိုးခံထားခဲ့ရုံ။ တစ်ဘဝစာ အပိုင်သိမ်းထားမိတဲ့ အရုပ်ဆိုတာ ဘယ်နှရုပ်များ ရှိလို့လဲဗျာ ….
…………
ရဲကြီးအတွက် ကျွန်တော်တို့ ဝေယံ့အိမ်မှာ နှုတ်ဆက်ပွဲ လုပ်ဖြစ်ကြတယ်။ ဝေယံကတော့ ကျွန်တော် မလိုက်ဖြစ်တာကို စိတ်သက်သာရာ ရနေတယ်။ မဟုတ်ရင် ငါတစ်ယောက်တည်း “အပြစ်သားလို ကျန်နေခဲ့တော့မှာ။” လို့ သူပြောတယ်။ ရဲကြီးကတော့ အေးအေးဆေးဆေးပဲ။ ဝယ်ထားတဲ့ ပစ္စည်းတွေနဲ့ ပိုက်ဆံငါးသိန်း ရဲကြီးကို ပေးလိုက်တယ်။ “လူတောင် မနည်းသွားရမှာမို့ ပစ္စည်းအများကြီး သယ်မရဘူး။” လို့လည်း သူပြောတယ်။ “သယ်မရတော့လည်း တစ်နေရာရာမှာ ထားခဲ့ပေါ့ကွာ။” လို့ ပြန်ပြောရတယ်။ အာကြီးအတွက် ဝတ္ထုတိုနှစ်အုပ်ရယ်၊ ဂစ်တာကြိုးတွေနဲ့ ပက်ထရမ်ပြားတွေရယ် ထည့်ပေးဖြစ်တယ်။ ဝေယံကတော့ ရဲကြီးနဲ့ အာကြီးအတွက် သူရောင်းမယ့်ထဲက ဖုန်းနှစ်လုံး ထည့်ပေးနေတာ တွေ့တယ်။ အဲ့ဒီညက ကျွန်တော်တို့ ဘီယာ ခပ်များများ သောက်ဖြစ်ကြတယ်။ ဆေးလိပ်တွေလည်း တော်တော် ဖွာဖြစ်တယ်။ Wish you were here ကို ဖွင့်ပြီး ခပ်တိုးတိုး လိုက်ညည်းကြတယ်။ ဘီယာနံ့တွေ၊ ဆေးလိပ်နံ့တွေ၊ ခေါက်ဆွဲပြုတ်နံ့တွေ ကြားမှာ ကျွန်တော့်စိတ်တွေ ထိုင်းထိုင်းမှိုင်းမှိုင်းပေါ့။
“ငါတို့ စီးပွားရေး တစ်ခုခု လုပ်ဖြစ်လောက်သေးလား။” လို့ ကျွန်တော် မေးလိုက်တယ်။
“ဒီအခြေအနေနဲ့ ဘာမှ ပြောလို့ မရတော့ပါဘူးကွာ။” လို့ ဝေယံက ပြောတယ်။ ရဲကြီးကတော့ ဆေးလိပ်ကို ရှိုက်လိုက်ပြီး မီးခိုးတွေကို မှုတ်ထုတ်ရင်း “ဆိုင်တစ်ဆိုင် ဖွင့်ကြမယ်။” လို့ ပြောတယ်။
“ကော်ဖီဆိုင်တော့ မဟုတ်ဘူး။ ငါတို့က ကော်ဖီမှ မကြိုက်တာ။ ဘားဖြစ်မယ်ကွာ။ သေးသေးလေးပဲ။ အဲ့ဒီမှာ ငါတို့ တိုက်ပွဲက ရလာတဲ့ အမှတ်တရ ပစ္စည်းတွေ၊ ဓါတ်ပုံတွေ ချိတ်ထားမယ်။ အာကြီးက ဂစ်တာတီးပြီး သီချင်းဆို လိမ့်မယ်။ သေနတ်ပစ်ဂိမ်းလေးလည်း ပါမယ်။ ဟိုသူတောင်းစားတွေပုံ ကပ်ထားပြီး Headshot ပစ်နိုင်တဲ့သူ ဘီယာတစ်ခွက် ဖရီး။ သိပ်မိုက်မှာပဲကွာ။” လို့ ပြောပြီး ရဲကြီးက ပြုံးပါတယ်။
“ဝေယံက ခေါက်ဆွဲပြုတ်တာ တော်တယ်။ မီးဖိုချောင်ကို တာဝန်ယူ။ ငါက စားပွဲထိုးမယ်ကွာ။” လို့ ကျွန်တော် ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ ငြိမ်သွားကြပြန်တယ်။
‘We’re just two lost souls …
Swimming in a fish bowl …
Year after year …
Running over the same old ground …
And how we found …
The same old fear …
Wish you were here …’
………
ယုယု စင်ကာပူသွားတဲ့နေ့က ကျွန်တော် လိုက်မပို့ဖြစ်ဘူး။ လေဆိပ်က ပုံလေးတစ်ပုံ ကျွန်တော့် မက်စင်ဂျာကို သူ ပို့ပေးတယ်။ ‘Bon voyage … Good Luck ...’ လို့ ကျွန်တော် ပြန်ပို့လိုက်တယ်။ ဒီလထဲမှာပဲ သီရိ ILETS ဖြေတယ်။ Band 7.5 ရတယ်လို့ ပြောတယ်။ ဝေယံက ဖုန်းဆိုင် သဘောမျိုးလေးပါ ဖွင့်လိုက်ပြီ။ ကျွန်တော်ကလွဲလို့ ကမ္ဘာကြီးက အရှိန်နဲ့ လည်နေသလိုပဲ။
ပတ်ဝန်းကျင်ဖိအားကို ကျွန်တော်တို့တွေ အနည်းနဲ့အများ ခံစားဖူးကြမယ်။ ကိုယ့်ဘဝနဲ့ကိုယ် နေနေတာ အကောင်း၊ ရှေ့ကိုကြည့်လိုက်တော့ ဟိုးအဝေးကြီးမှာ ရောက်နှင့်နေသူတွေ၊ ဘေးကနေ လှစ်ခနဲ ကျော်တက်သွားသူတွေ၊ ကိုယ့်နောက်ကလို့ အပိုင်သတ်မှတ်ခဲ့ပေမယ့် ကိုယ့်ကို လက်ပြသွားသူတွေ … ။ ကျွန်တော်တို့ကလည်း ရှေ့ကိုပဲ ကြည့်ဖြစ်ကြတယ်။ ဘေးကိုပဲ ကြည့်ဖြစ်ကြတယ်။ နောက်ကြည့်မှန်က ကြည့်ရင်လည်း ကိုယ့်ကိုကျော်တက်မယ့် ကားလောက်ပဲ မြင်မိကြတယ် မလား။ တကယ်ဆို ဘဝက ကားမောင်းပြိုင်ပွဲမှ မဟုတ်တာဗျာ။ ကိုယ့်ကားကို ကိုယ့်အရှိန်နဲ့မောင်း၊ ပတ်ဝန်းကျင် ရှုခင်းလေးတွေခံစား၊ ရပ်ချင်တဲ့ နေရာမှာရပ်မယ်၊ နားချင်ရင် နားမယ်။ ကိုယ့်ကို ကျော်တက်သွားသူတွေကိုလည်း ပြုံးပြနှုတ်ဆက်ပေါ့။ ကိုယ်ကျော်ခဲ့တဲ့သူတွေ ကိုလည်း ပြုံးပြနှုတ်ဆက်ပေါ့။ ဒါပေမယ့်လည်း … (အထူးသဖြင့် လက်ရှိ မြန်မာနိုင်ငံမှာ) ဘဝရဲ့ အလုပ်လုပ်ပုံက ဒီလို မဟုတ်ခဲ့။ ကျွန်တော်တို့စိတ်ရဲ့ အလုပ်လုပ်ပုံကလည်း ဒီလို မဟုတ်ခဲ့ …
……..
“နင့်အတွက် လက်ဆောင်။” လို့ ပြောပြီး နာရီဘူးကို သီရိရှေ့ ချလိုက်တယ်။ သူက ဘူးကိုဖွင့်ပြီး နာရီကို ကိုင်ကြည့်တယ်။ အလင်းမှာ ထောင်ကြည့်ပြီး လက်မှာ ပတ်တယ်။ နည်းနည်းချောင်နေပေမယ့် အဆင်ပြေတဲ့ ပုံပါ။
“နင့်လက်မှာ ငါတစ်ခါမှ နာရီ မမြင်မိဘူးလေ။ ဒါကြောင့် နင် သွားတော့မယ်ဆိုတော့ လက်ဆောင် အနေနဲ့ နာရီကို သတိရသွားတာ။ တစ်ဆစ်လောက် ဖြုတ်ချင်ဖြုတ်လိုက်ပေါ့။”
“ဖြုတ်စရာ မလိုလောက်ပါဘူး။ အရင်က ဖုန်းရှိနေတာပဲ ဆိုပြီး နာရီ မပတ်ဖြစ်တာ။ ခုတော့ ပတ်လို့ရပြီ။ ကျေးဇူးနော်။” လို့ သူ မျက်နှာသေနဲ့ ပြောတယ်။
“သွားဖို့က ဘယ်အဆင့်တွေ ရောက်နေပြီလဲ။” လို့ ကျွန်တော် မေးလိုက်တယ်။
“ဗီဇာကျဖို့ စောင့်နေတာ။ ကြာမယ် ပြောတာပဲ။”
သူ နာရီကို ပြန်မချွတ်ဘဲ ဒိန်ချဉ်ခွက်ကို ကိုင်သောက်တယ်။ သူ့လက်နဲ့ နာရီနဲ့က လိုက်ပါတယ်။ ကျွန်တော့် မျက်စိထဲတော့ လှနေရော။
“ဒါနဲ့ နင် နောက်ကျောအောင့်သေးလား။”
“အရင်လို ပါပဲ။ မေ့လောက်မှ နည်းနည်း မဆိုသလောက် အောင့်တာမျိုး။” လို့ ကျွန်တော့်ကို လှမ်းကြည့်ပြီး သူ ဖြေတယ်။
“မသွားခင် ဒီမှာ သေချာစစ်သွားသင့်တယ်။”
“ငါဆေးစစ်ပြီးပြီ။ Fit ဖြစ်တယ်တဲ့။” လို့ သူပြောတယ်။ ခပ်တိုတို အဖြေတွေပဲ သူ ပေးနေတာ ကျွန်တော် သတိထားမိတယ်။
“နင်နဲ့ငါ ဟိုတလောကလောက် မရင်းနှီးတော့သလိုပဲနော်။” လို့ ကျွန်တော် ပြတင်းပေါက်ကို ကြည့်ရင်း ပြောလိုက်တယ်။ ပြတင်းပေါက်ကို သူ လိုက်ကြည့်တယ်။ ပြီးတော့ ဘာမှမပြောဘဲ နာရီကို ကြည့်ပြန်တယ်။ အခန်းထဲက တိုင်ကပ်နာရီကိုလည်း လှမ်းကြည့်တယ်။ အချိန်သိချင်လို့တော့ မဟုတ်လောက်ဘူး။
“ငါဆိုလိုတာကဟာ။ ငါတို့တွေ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တွေတောင် ပြောခဲ့ကြတာလေ။” လို့ ကျွန်တော် ထပ်ပြောလိုက်တယ်။ သူ ပြုံးသွားတာ ကျွန်တော် တွေ့တယ်။ မဲ့ပြုံးလို့ ထင်တာပဲ။
“အဲ့ဒီအချိန်တွေမှာ ငါ့စိတ်က ရှုပ်နေခဲ့တာ။ ငါ အရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်၊ ယောကျ်ားတစ်ယောက်နဲ့ အိပ်ဖို့တောင် ကြိုးစားခဲ့သေးတယ်။”
“ငါနဲ့ ရင်းရင်းနှီးနှီး စကားတွေ ပြောခဲ့တာလည်း နင့်စိတ်တွေ ရှုပ်နေခဲ့လို့ သပ်သပ်ပဲပေါ့။” လို့ ကျွန်တော် မေးလိုက်တယ်။
သူခေါင်းကို ခပ်သွက်သွက်ခါတယ်။ “မဟုတ်ဘူးလေ။ အဲ့ဒီအချိန်က ဖြစ်ပျက်ခဲ့တဲ့ အရာတွေ၊ လုပ်မိခဲ့တဲ့ ကိစ္စတွေ၊ ဆုံခဲ့ကြတဲ့ သူတွေထဲမှာ နင်တစ်ယောက်တော့ အဖတ်တင်တယ်။” လို့ သူပြောတယ်။ “ဒါပေမယ့် ငါနဲ့နင်နဲ့ ကြားက တစ်ခုခုတော့ အဲ့ဒီအတိတ်မှာ ကျန်နေခဲ့တယ်။ ဘာလဲ ငါနာမည် မတပ်တတ်ဘူး။”
ကျွန်တော်တို့ ခဏငြိမ်သွားကြတယ်။ ဒီတခါ အခန်းက ပြတင်းပေါက် ဖွင့်ထားတာတောင် လှောင်ပိတ်နေသလိုမျိုး ခံစားရတယ်။ ပန်ကာလည်နေပုံကလည်း နှေးလွန်းတယ်။ ခလုတ်ကိုကြည့်တော့လည်း အဆင့် ၃ မှာ။
“အေးပါ။ ဒါဆို ဘယ်သူ့မှ မပြောဘူးတဲ့ အကြောင်းအရာ တစ်ခုလောက် ငါ့ကို ထပ်ပြောပြ။ လျှို့ဝှက်ချက်ရယ်လို့ ဖြစ်စရာ မလိုဘူးဟာ။ ဥပမာ အားဖြင့် ငါဆို မိဘတွေကို သိပ်မချစ်တတ်ဘူး။ သူတို့နဲ့ အတူနေတုန်းကလည်း စကားသိပ်မပြောဖြစ်သလို ခု သူတို့တွေ နယ်ရောက်သွားတော့လည်း တစ်ခါတလေမှ ဖုန်းဆက်ဖြစ်တယ်။ ခုနှစ်တန်း၊ ရှစ်တန်းလောက်တည်းက သူတို့ကို တစ်ခါမှ မဖက်ဖူးဘူး။ နယ်ပြန်ခါနီး ငါ့အမေ ငါ့ကိုဖက်တော့ ငါတောင့်တောင့်ကြီး ရပ်နေခဲ့မိတာ။”
သူက ခေါင်းတညိတ်ညိတ်နဲ့ ကျွန်တော် ပြောတာကို နားထောင်နေတယ်။ ကျွန်တော် သံပုရာရည် လက်ကျန်ကို မော့လိုက်ပြီး ခွက်ထဲကို ရေတွေငှဲ့ထားလိုက်တယ်။ အဲ့ဒီအချိန်ထိ သူစကား စ မလာသေးဘူး။
“တစ်ခါတလေတော့ ငါ မချစ်တတ်တာများလားလို့ တွေးမိတယ်။ ရည်းစားတွေနဲ့ အဆင်မပြေတာလည်း အဲ့တာကြောင့် ပါမယ်။” လို့ ကျွန်တော် ဆက်ပြောလိုက်တယ်။
“ငါ့မှာ အစ်ကိုတစ်ယောက် ရှိတာ နင်သိလား။” လို့ သူ ရုတ်တရက် မေးတယ်။ ကျွန်တော် မသိပါဘူး။ မိသားစု အကြောင်းတွေ ကျွန်တော်တို့ မပြောဖြစ်ကြဘူးလေ။
“သူက ငါ့ကို အနိုင်ကျင့်တယ်ဟ။ မုန့်တွေဆိုလည်း လုစားတယ်။ တစ်ချိန်လုံးလည်း ငါငိုအောင် စနေတာ။” ပြောရင်း သီရိက ပြုံးတယ်။
“တစ်ခါကဆိုဟာ … လေးတန်းနှစ်ပေါ့။ ငါစက်ဘီးစီးနေတာကို သူ ဘေးကနေ လိုက်အော်တာ။ စက်ဘီးလဲပြီး ငါ ဒူးပြဲသွားတယ်။ အဲ့ဒီတုန်းက သူမျက်နှာမကောင်းဘူး။ ငါကတော့ ငိုတာပေါ့။ မေမေတို့ကလည်း သူ့ကို ဆူတယ်။ အဲ့ဒီနောက်ပိုင်း သူ ငါ့ကို အရင်လို မစတော့ဘူး။ သူ့မုန့်တွေလည်း ကျွေးတယ်။ ငါအရမ်းပျော်ခဲ့တာ။”
သီရိက ခဏရပ်ပြီး ဒိန်ချဉ်ခွက် အောက်ခြေက အနယ်ထိုင်နေတာတွေကို ဇွန်းနဲ့ မွှေနေတယ်။ ပြီးတော့ ဆက်ပြောတယ်။
“အဲ့တာ တစ်နှစ်မပြည့်လိုက်ပါဘူး။ ငါ ငါးတန်းနှစ်မှာ သူဆုံးသွားတာပဲ။”
“ဟာ …” လို့ ကျွန်တော် ရေရွတ်မိတယ်။ သီရိ မျက်ဝန်းမှာ မျက်ရည်တွေ စို့လာတယ်။ သူငိုတော့မယ်။
“ငါ ဖက်ထားပေးရမလား။” လို့ မေးတော့ သူခေါင်းညိတ်ပြတယ်။ ဟိုတစ်ခေါက်ကလိုပဲ သူ့ခေါင်းကို ကျွန်တော့် ပုခုံးပေါ် ဆွဲချလိုက်ပြီး သူ့နောက်ကျောနဲ့ ဆံပင်တွေကို ကျွန်တော့်လက်နဲ့ ပွတ်ပေးလိုက်တယ်။ သူ ညိမ်နေတယ်။ ကိုယ်လုံးလေး ခါမလာတာ ထောက်ရင် ငိုနေတယ် ဆိုရင်တောင် မျက်ရည်ကျရုံလောက်ပဲ နေမယ်။
သူ့နောက်ကျော တစ်နေရာကို လက်နဲ့စမ်းရင်း “ဟုတ်တယ်။ ဒီနေရာလေးက နည်းနည်းမာတယ်။” လို့ သူ့နားရွက်နား ကပ်ပြီး ကျွန်တော် ပြောလိုက်မိပါတယ်။
………
ဘယ်ဆီဘယ်ဝယ် မသေချာဘဲ ကျွန်တော်တို့တွေ ခရီးဆက်ခဲ့ကြ။ ကလေးလေးဘဝကို တစ်ခါပြန် တမ်းတမိသေးလား။ ဘဝမှာ မဖြစ်မနေ လုပ်ရတဲ့ ရွေးချယ်မှုတွေအနဲ့အတူ သူငယ်ချင်းတွေလည်း ဝေးကွာခဲ့ကြပြီ။ တစ်နေ့မှာ ကျွန်တော်တို့တွေ ပြန်ဆုံကြမယ်လေ။ ကလစ်ကြ။ ကူကြထောက်ကြ။ တိုက်ပွဲဝင်ကြ။ စောက်ရူးတေကို ဖြုတ်ချကြ။ ကိုယ့်အနာဂတ်ကို ကိုယ်ပြန်တိုက်ယူကြ။
မတရားမှုမှန်သမျှ အတ္တကြီးသူမှန်သမျှ ကျဆုံးပါစေ
အနောမသိ
Zawgyi
“သူငယ္ခ်င္းတစ္ေယာက္နဲ႔ ရင္းရင္းႏွီးႏွီး ဘယ္ေလာက္ထိ ၾကာေအာင္ ေပါင္းဖူးလဲ။”
ကြၽန္ေတာ္ ဒီေမးခြန္းကို ေျဖဖို႔ သူငယ္ခ်င္းေတြအေၾကာင္း စဥ္းစားရင္း ဒီစာကို ေရးျဖစ္တာပါ။ ‘စာဆိုတာ ကိုယ္ခံစားမိတာကို ကိုယ္ခံစားတတ္သလိုေရး၊ ႐ိုးသားရင္ၿပီးေရာ’ ဆိုတဲ့ အယူအဆကို သေဘာက်ၿပီးတဲ့ေနာက္ ခုလို ေရးဖို႔ စဥ္းစားမိတာပဲ။ အရင္ကေတာ့ စာေရးရင္ မွတ္သားစရာ က်န္ရမယ္တို႔၊ ေခတ္ကို ထင္ဟပ္ရမယ္တို႔ … ကြၽန္ေတာ္ ႀကိဳးစားၾကည့္ပါ ေသးတယ္။ အဲ့ဒီဘက္မွာ ပါရမီမပါ၊ မျပည့္ဝေတာ့ တမင္လုပ္ေရးသလို ျဖစ္သြားတတ္တာနဲ႔ လက္ေလွ်ာ့ခဲ့ရပါတယ္။ ဒါေပမယ့္ ဒီစာမွာလည္း တမင္လုပ္ အေရးအသားေတြ ပါေနတာပါပဲေလ။
………..
ေဒြးေဒြး၊ ေက်ာ္ရဲေအာင္၊ စိုးသူ တဲ့။ နာမည္ေက်ာ္ မင္းသားသုံးလက္နဲ႔ နာမည္ဆင္ၾကတဲ့ သူငယ္ခ်င္းေတြ ကြၽန္ေတာ့္မွာ ရွိခဲ့ဖူးတယ္။ ေက်ာက္႐ုပ္ေက်ာက္ျဖတ္ ကစားေဖာ္ေတြပါ။ ခဲတံေတာက္တဲ့ ကစားနည္းေရာ ေဆာ့ဖူးၾကလား။ စာ႐ြက္ေပၚမွာ မ်ဥ္းေကာက္ ႏွစ္ေၾကာင္းကို အက်ဥ္းအက်ယ္ တြန႔္လိမ္ေအာင္ ခပ္ရွည္ရွည္ ဆြဲ၊ လမ္းလို႔ သေဘာထား၊ စမွတ္ကေန ခဲသားေဘာပင္ကို ေနာက္ကေန လက္နဲ႔ေတာက္၊ လမ္းေဘာင္နဲ႔ ထိတဲ့ေနရာမွာ ေရာက္တဲ့ေနရာလို႔ မွတ္၊ တစ္ေယာက္တစ္လွည့္ ေတာက္ၿပီး ပန္းတိုင္အထိ အေရာက္သြား၊ အဲ့ဒီ ကစားနည္းေလ။
စိုးသူက စာေတာ္တယ္။ ႐ုပ္ေျဖာင့္တယ္။ သူ႔အေဖက ဆရာဝန္။ သူတို႔အိမ္ကို ကြၽန္ေတာ္ တစ္ေခါက္ ေရာက္ဖူးတယ္။ သူတို႔အိမ္နားမွာ ေပါက္ေနတဲ့ ၿခံစည္း႐ိုးပင္ေတြက ပြင့္တဲ့အပြင့္က နတ္သမီးနဲ႔ တူတယ္။ နာမည္ေတာ့ ကြၽန္ေတာ္မသိဘူး။ ေဒြးေဒြးကေတာ့ အေဆာ့မက္တဲ့ ကေလးပါပဲ။ သူနဲ႔ပတ္သက္လို႔ လက္ေရးမလွတာပဲ သတိထားမိတယ္။ ဒါေပမယ့္ သူက ကြၽန္ေတာ့္ကို အခင္ဆုံးျဖစ္မယ္။ ေက်ာ္ရဲေအာင္နဲ႔ ကေတာ့ သိပ္ေတာင္ မခင္ၾကဘူး။ သူတို႔အားလုံးက သူေဌးသားေတြပါ။ ေက်ာင္းကလည္း သူေဌးေက်ာင္း။ ဆင္းရဲတာဆိုလို႔ ကြၽန္ေတာ္အပါအဝင္ ေနာက္ထပ္ သုံးေယာက္ေလာက္ပဲ ရွိမယ္။ သူတို႔က မူလတန္းေက်ာင္းသား ဘဝရဲ႕ အခင္ဆုံး သူငယ္ခ်င္းေတြ ထဲမွာ ပါတယ္။ ဒါေပမယ့္ အလယ္တန္းေရာက္ေတာ့ သူတို႔နဲ႔ မတူေတာ့ဘူး။ ကြၽန္ေတာ္ေျပာင္းတဲ့ ေက်ာင္းနဲ႔ သူတို႔ေျပာင္းတဲ့ေက်ာင္း ကြဲသြားလို႔။
………….
“ငါတို႔လည္း ေရေပၚဆီေတြပဲ။ ရေသ့စိတ္ေျဖသာ ကူသလိုလို ဘာလိုလို လုပ္ေနတာ။” ေဝယံက တကၠစီ ေခါင္းခန္းကေန ထေအာ္တယ္။ ရဲႀကီးက “အဲ့ေတာ့ မင္းက ဘာလုပ္ခ်င္လို႔လဲ။ ေတာထဲသြားမလို႔လား။” လို႔ လွမ္းေထာက္တယ္။
“ေတာထဲမသြားႏိုင္လို႔ ေရေပၚဆီလို႔ ေျပာတာေပါ့ကြ။ ငါတို႔လုပ္ႏိုင္တာရဲ႕ တစ္ရာရာႏႈန္း ငါတို႔ မလုပ္ၾကဘူးေလ။”
“အကုန္လုံး ေတာထဲသြားေနရင္ ေထာက္ပို႔က် ဘယ္သူလုပ္မလဲဟ။ မင္းအလုပ္လုပ္ၿပီး အလႉေငြထည့္ ေလကြာ။ အဲ့တာလည္း ထိေရာက္တာပဲကို။”
ရဲႀကီးစကားကို ကြၽန္ေတာ္လည္း ေထာက္ခံတယ္။ ဒါေပမယ့္ တကၠစီေပၚမွာ ေျပာလို႔ မေကာင္းတဲ့ ကိစၥမို႔ “ဟေရာင္ေတြ ဒီညက ဘာပြဲေတြလဲ။” လို႔ စကားလမ္းေၾကာင္း လႊဲလိုက္တယ္။ ရဲႀကီးကိုလည္း လက္ကုပ္ၿပီး တကၠစီသမားကို မသိမသာ ေမးေငါ့ျပရတာေပါ့။
“မန္ယူပြဲက အေစာဆုံး။ ၿပီးရင္ လီဗာပူးပြဲ။ ၿပီးရင္ လာလီဂါပြဲေတြ ရွိေသးတယ္။” လို႔ ေျပာၿပီး ေဝယံလည္း ၿငိမ္သြား တယ္။
ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ ဆုံၿပီး ေဝယံ့အိမ္မွာ ေဘာပြဲစုၾကည့္ ျဖစ္ၾကတာပါ။ အေစာဆုံးပြဲက မန္ယူနဲ႔ အဲဗာတန္။ ေတာင္ကန္ေျမာက္ကန္နဲ႔ ၾကည့္မေကာင္းပါဘူး။ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ အရင္လို စိတ္မပါၾကလို႔လည္း ျဖစ္မယ္။ တီဗြီဖြင့္ထားၿပီး ဘီယာေသာက္ရင္း စကားပဲ ေျပာ ျဖစ္ၾကတယ္။
“ငါတို႔ကေတာ့ အဲကြန္းခန္းထဲမွာ ဘီယာေလး ေသာက္ၿပီး ေဘာပြဲၾကည့္လို႔၊ လူငယ္ေတြက ေတာထဲမွာ၊ ေတာ္ေတာ္မ်ားမ်ားလည္း အဖမ္းခံထားရတယ္။” ထုံးစံအတိုင္း ေဝယံ စကားစလာတယ္။
“မင္းဟာကလည္းကြာ။ မင္းကို ဘယ္သူက ေသာက္ခိုင္းေနလို႔လဲကြ။ ၿပီးေတာ့ မင္းလႉစရာရွိတာ လႉေနတယ္မလား။ အနစ္နာခံၿပိဳင္ေနတာမွ မဟုတ္တာ။” တကၠစီေပၚမွာ မေျပာျဖစ္တဲ့ စကားကို ကြၽန္ေတာ္ ေျပာျဖစ္တယ္။ ရဲႀကီးကေတာ့ တီဗြီကိုပဲ ၾကည့္ေနတယ္။
“လႉတာကကြာ၊ ဘယ္ေလာက္လႉေနလို႔လဲ။ ငါလည္း ခုခ်ိန္ ဘာအလုပ္မွ ရွိတာမဟုတ္။ ကုမၸဏီကလည္း သူေဌး ေစာက္ခ်ိဳးမေျပလို႔ ထြက္ခဲ့ၿပီ။ မင္းတို႔လည္း တူတူပဲ။ ဘာလႉႏိုင္လို႔လဲ။”
“မင္းေတာထဲသြားမလား၊ ငါခ်ိတ္ေပးမယ္။” ရဲႀကီးက ဘီယာတစ္ေမာ့ ေမာ့ရင္း ဝင္ေျပာတယ္။ ႐ြဲ႕ေနတဲ့ ပုံေတာ့လည္း မဟုတ္ပါဘူး။ သူ႔မ်က္ႏွာက အတည္။
“မသြားႏိုင္လို႔ေပါ့ကြ။ ငါေျပာေနတာကလည္း ငါ့လိုလူေတြ မ်ားေနတာကို မေက်နပ္ေနတာ။ ငါေကာင္းေနတယ္လို႔ ေျပာေနတာမွ မဟုတ္တာ။ အနစ္နာခံတဲ့သူက နစ္နာ၊ ေနသာတဲ့သူက သာယာ ဆိုတဲ့ အေနအထားႀကီးကို ငါမႀကိဳက္တာ။”
“စိတ္ေျဖေပါ့ကြာ။ အလုပ္ႀကိဳးစားၿပီး ေနာက္တန္းက ကူၾကတာေပါ့။ စိတ္မေျဖေတာ့လည္း မင္းလုပ္ႏိုင္တာ တျခားမွ မရွိတာ။”
“အလုပ္ကလည္း ဘာလုပ္မလဲကြာ။ ခုခ်ိန္မွာ စီးပြားလည္း မရွာခ်င္ဘူး။ သူမ်ားေတြ ဘဝပ်က္ေနတာကို။ CDM သူငယ္ခ်င္းေတြဆို အနာဂတ္ေပ်ာက္ေနၾကၿပီ။”
ေဝယံ့ကို ႏွစ္သိမ့္ရမလား၊ အကန္ေျပာရမလား ကြၽန္ေတာ္မသိပါဘူး။ ကြၽန္ေတာ္လည္း သူ႔လို ခံစားရေပမယ့္ သူ႔ေလာက္ေတာ့ မဆိုး။
“ေအး။ စီးပြားရွာတဲ့သူကေတာ့ ရွာေနတာပဲ။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းက ဘာႏိုင္ငံေရးပို႔စ္မွ မတင္ဘဲ စီးပြားရွာတဲ့ page ေတြကို ငါလိုက္ဆဲေနတာ။ ေဘာပဲ။ Boost ေတာင္ လုပ္လိုက္ၾကေသး။”
“ဂိုးၿပီဟ။”
ရဲႀကီးထေအာ္မွ ေဘာလုံးပြဲဆီ ကြၽန္ေတာ္တို႔ စိတ္ျပန္ေရာက္သြားၾကတယ္။ အဲဗာတန္က တစ္ဂိုး စသြင္းလိုက္ၿပီ။ မန္ယူကေတာ့ ႐ုန္းကန္ေနရဆဲ။
…………..
ည ႏွစ္နာရီထိုးေနၿပီ။ ကြၽန္ေတာ္ အိပ္မရေသး။ Facebook ပြတ္ေတာ့လည္း စိတ္ခ်မ္းသာ စရာ တစ္ကြက္မွ မရွိ။ ဆဲခ်င္စရာေတြေတြ႕ရင္ အေကာင့္တုနဲ႔ လိုက္ဆဲ။ အေကာင့္အစစ္နဲ႔က်လည္း မဆဲရဲ။ အားတက္စရာ ပို႔စ္ေလးေတြ ေတြ႕ေတာ့လည္း like ေပးေပါ့။ မက္စင္ဂ်ာမွာ ႏိုတီတစ္ခု တက္လာတယ္။
နင့္ကို ေျပာစရာရွိလို႔။ …
ေအး၊ ဘာလဲ။ …
အေရးႀကီးတယ္။ မနက္ျဖန္ အားလား။ ….
အားပါတယ္။ မနက္ပိုင္းေတာ့ မႏိုးေလာက္ဘူး။ …
ေအးပါ။ ေန႔ခင္းေလာက္ေပါ့။ …
ေအး … ဖုန္းဆက္လိုက္ေလ။ ၁၁ ေလာက္ဆို ငါႏိုးပါၿပီ။ …
ေအး၊ ေအး။ GN …
GN. Take care…
Facebook ျပန္ပြတ္ၾကည့္ေတာ့ NUG ကို အျပစ္တင္ထားတဲ့ ပို႔စ္တစ္ခုကို ေတြ႕တယ္။ ပန္ဆယ္လိုရဲ႕ ပို႔စ္တစ္ခုကို တစ္ေယာက္ ရွဲထားတာ ေတြ႕တယ္။ အလွပုံ တစ္ပုံကို profile ခ်ိန္းထားတဲ့ ဆယ္တန္းက က်ဳရွင္ဆရာ တစ္ေယာက္ကို ေတြ႕တယ္။ သူ႔ wall ဝင္ၾကည့္ေတာ့ အဲ့လိုပို႔စ္ေတြခ်ည္းပဲ။ ဟိုႏွစ္ခုကို ဖတ္ၾကည့္လိုက္ၿပီး ဆရာ့ကို unfollow လုပ္လိုက္တယ္။ ၿပီးေတာ့ ဖုန္းကိုင္လ်က္သား ကြၽန္ေတာ္ အိပ္ေပ်ာ္သြားပါတယ္။
………..
ယုယုနဲ႔ ကြၽန္ေတာ္က ဆယ္တန္းက်ဴရွင္မွာ စသိၾကတာ။ သူက အဆင့္တစ္၊ ကြၽန္ေတာ္က အဆင့္ႏွစ္ ဇာတ္လမ္းမ်ိဳးေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြ ၿပိဳင္ဖက္ေတြ မျဖစ္ခဲ့သလို ခ်စ္သူေတြလည္း မျဖစ္ခဲ့ၾကဘူး။ ဒီတိုင္း သူငယ္ခ်င္းေတြပဲ ျဖစ္လာခဲ့တယ္။
“Poem ေနာက္ဆုံး ကြက္လပ္က ဘာလဲ။” လို႔ လပတ္စာေမးပြဲ တစ္ခုမွာ ကြၽန္ေတာ္လွမ္းေမးေတာ့ ယုယုက ျပဴးၾကည့္တယ္။ စာက်က္မလားဘူးလား ဆိုတဲ့ အၾကည့္မ်ိဳး။ လုပ္ပါဟ ဆိုတဲ့ အၾကည့္နဲ႔ ျပန္ၾကည့္လိုက္မွ သူက သူ႔အေျဖလႊာကို ကြၽန္ေတာ္ ျမင္ရေလာက္ေအာင္ ခပ္ေစာင္းေစာင္း ေထာင္ဖတ္ေပးတယ္။ သူ႔ဆီက အေျဖကို ကူးေရးလိုက္တယ္။ ေနာက္ဆုံးကြက္လပ္တင္ မဟုတ္ပါဘူး။ ငါးလုံး လုံးပဲ။ အဂၤလိပ္စာ အမွတ္ထြက္လာေတာ့ ကြၽန္ေတာ္ အမွတ္ျပည့္ရတယ္။ ယုယုက grammar တစ္ပုဒ္မွားလို႔တဲ့။ အမွတ္ျပည့္ မရဘူး။ ဒါေပမယ့္ သူစိတ္မဆိုးပါဘူး။ “ငါ့ကို မုန႔္ဝယ္ေကြၽး။” လို႔ အမွတ္စာရင္း ထြက္တဲ့ေန႔က လာေျပာ႐ုံေလာက္ပါပဲ။ သူ တကယ္ေျပာတာ မဟုတ္သလို ကြၽန္ေတာ္လည္း ဘာမွ ဝယ္မေကြၽးျဖစ္ဘူး။ ဒီလိုပဲ။ ကြၽန္ေတာ္က လူမႈဆက္ဆံေရး ညံ့တယ္ ေျပာရမလား၊ ေကာင္မေလးေတြနဲ႔ သိပ္မေပါင္းတတ္ဘူး ေျပာရမလား။ ဒါေပမယ့္ ဒီအျဖစ္အပ်က္ ေနာက္ပိုင္းမွာ သူနဲ႔ ကြၽန္ေတာ္ ပိုရင္းႏွီးသြားတယ္။
သူက ျမန္မာနဲ႔ အဂၤလိပ္ကလြဲရင္ အကုန္ ကြၽန္ေတာ့္ထက္ ေတာ္တယ္။ ျမန္မာစာမွာလည္း ကြၽန္ေတာ့္ထက္ သဒၵါပိုကြၽမ္းၿပီး လက္ေရးပိုလွေတာ့ အၿမဲလိုလို အမွတ္ပိုမ်ားတတ္တယ္။
“နင့္အေရးအသားက ရွယ္ေတြ။ ဘယ္လိုေရာ ေရးလဲ။” လို႔ ကြၽန္ေတာ္ ေမးဖူးတယ္။
“နင္လည္း ေကာင္းတာပါပဲဟယ္။ နင့္စာစီစာကုံးေတြဆို ဆရာမက ဖတ္ဖတ္ျပေနတဲ့ဟာ။” လို႔ သူ ျပန္ေျပာတယ္။
“အဲ့တာက ငယ္ငယ္ကတည္းက စာစီစာကုံးစာအုပ္ေတြ၊ ပုံျပင္စာအုပ္ေတြ အဖတ္မ်ားခဲ့လို႔ပါ။”
“ငါကေတာ့ အလယ္တန္းမွ စာေတြ စဖတ္ျဖစ္တာ။ ငါ့အစ္မဖတ္တဲ့ ဂ်ဴးဝတၳဳေတြထိ လိုက္ဖတ္တာပဲ။”
“နင့္အစ္မက အပ်ိဳႀကီး မလား။ နင္လည္း အပ်ိဳႀကီး ျဖစ္ဦးမွာ။” လို႔ ကြၽန္ေတာ္ ရယ္ၿပီး ေျပာလိုက္တယ္။ သူက မ်က္ေစာင္းထိုးၿပီး “ဂ်ဴးစာအုပ္ေတြက အဲ့လိုမဟုတ္ပါဘူးဟ။ နင္မဖတ္ဖူးဘဲနဲ႔။” လို႔ ျပန္ေျပာတယ္။
“ငါက တာရာမင္းေဝတို႔ မင္းလူတို႔ပဲ ဖတ္တာ။ မိန္းမေတြေရးတာ မဖတ္ဘူး။”
“ဘာျဖစ္လို႔လဲ။”
“သူတို႔ဇာတ္ေကာင္ေတြကို နားမလည္လို႔။ အထူးသျဖင့္ မိန္းမဇာတ္ေကာင္ေတြ။ ေယာက္်ားဇာတ္ေကာင္ ေတြကလည္း အျပင္က ေယာက်္ားေတြနဲ႔ မတူဘူး။ ျဖစ္သင့္ပါတယ္ေလ။ မိန္းမစာေရးဆရာေတြ ဆိုမွေတာ့ ေယာက်္ားေတြ အေၾကာင္း ဘယ္သိမွာလဲ။”
သူကြၽန္ေတာ့္ကို မေက်မနပ္ၾကည့္တယ္။ “နင္ေျပာသလိုဆို တာရာမင္းေဝတို႔ မင္းလူတို႔ရဲ႕ မိန္းမဇာတ္ေကာင္ေတြ ကလည္း လက္ေတြ႕မိန္းမေတြနဲ႔ ကြာေနမွာပဲေလ။ အဲ့တာက် နင္ဘာလို႔ဖတ္။”
“ငါသိတာက ေယာက်္ားေလးအေၾကာင္းေလ။ ေယာက်္ားေတြရဲ႕ ခံစားခ်က္ကို တာရာမင္းေဝတို႔က မွန္ေအာင္ ေရးႏိုင္တယ္။ နင့္ဂ်ဴးက မွန္ေအာင္မေရးတတ္ဘူး။ နင္တို႔ မိန္းကေလးေတြရဲ႕ ခံစားခ်က္ေတာ့ ငါမွမသိတာ။ မွန္တာ၊ မမွန္တာ ငါဂ႐ုမစိုက္ဘူးေလ။”
“နင့္ဟာက မဟုတ္ေသးပါဘူးဟယ္။” လို႔ သူေျပာတယ္။ သူ႔လမ္းထိပ္ကို ေရာက္သြားတာနဲ႔ “ေနာက္ေန႔မွ ဆက္ေဆြးေႏြးမယ္။ မနက္ျဖန္ ငါတို႔အသင္းေနာ္။ ေစာစာလာခဲ့ဦး။” လို႔ ေျပာၿပီး ကြၽန္ေတာ္တို႔ လမ္းခြဲ လိုက္ၾကပါတယ္။
…………
ႏိုးလာလာခ်င္း ဖုန္းကိုၾကည့္မွ သတိရတယ္။ ယုယုရဲ႕ missed call ေတြ တန္းစီေနတယ္။ ျပန္ေခၚမလို႔ ရွိေသး။ ထပ္ဝင္လာတယ္။
“ဟယ္လို”
“ေအး၊ ၁၁ ဆို ထၿပီဆို။ ခု ၁၁၊ ၁၀ ျဖစ္ေနၿပီ။ ငါ နင္တို႔လမ္းထိပ္က ေကာ္ဖီဆိုင္မွာ။”
“ေအး၊ ေစာရီး။ ငါ silent လုပ္ထားမိတာ။ မ်က္ႏွာသစ္ၿပီး လာခဲ့မယ္။”
“သြားေလးေတာ့ တိုက္ခဲ့ဦးဟဲ့။ ဒီမွာ ငါ့သူငယ္ခ်င္း ပါေသးတယ္။”
“ေစာ္ေလးလားဟ၊ အဲ့တာဆို ေရပါခ်ိဳးလိုက္မယ္ေလ။”
“ေျပာင္မေနနဲ႔။ ျမန္ျမန္လာခဲ့။” ေျပာၿပီး သူဖုန္းခ်သြားတယ္။ သူ႔ဘယ္သူ႔ကို ေခၚလာပါလိမ့္လို႔ စဥ္းစားရင္း အိမ္သာထဲ ဝင္လိုက္တယ္။ ေစာင့္ေနရမွာ အားနာတာနဲ႔ ေရေတာ့ မခ်ိဳးျဖစ္ပါဘူး။
ေကာ္ဖီဆိုင္က ဒီရပ္ကြက္မွာေတာ့ အေကာင္းဆုံး ေကာ္ဖီဆိုင္ပါ။ က်ယ္က်ယ္ဝန္းဝန္းနဲ႔ သပ္သပ္ရပ္ရပ္ ရွိတယ္။ ေဈးလည္း သင့္တယ္။ ပိုေကာင္းတာက အဲကြန္းပါ ဖြင့္ေပးတယ္။ ဝိုင္ဖိုင္လည္း ရေပမယ့္ လိုင္းသိပ္မေကာင္းဘူး။ ကပူခ်ီႏို တစ္ခြက္မွာၿပီး ေအာက္ထပ္ကို ေဝ့ၾကည့္လိုက္ေတာ့ ယုယုကို မေတြ႕တာနဲ႔ အေပၚထပ္ကို တက္သြား လိုက္တယ္။ ယုယုက ဂ်င္းေဘာင္းဘီပြပြနဲ႔ စပို႔ရွပ္ တစ္ထည္ကို ဝတ္ထားတယ္။ သူ႔ေဘးမွာက ကြၽန္ေတာ္ မသိတဲ့ ေကာင္မေလး တစ္ေယာက္။ ေတာက္ေလွ်ာက္ဂါဝန္လိုမ်ိဳးဟာကို ဝတ္ထားတယ္။ မိန္းကေလးေတြရဲ႕ အဝတ္အစားကို ကြၽန္ေတာ္ သိပ္မေျပာတတ္ဘူး။ မဟုတ္ပါဘူးေလ။ ဘယ္အဝတ္အစားကိုမွ ကြၽန္ေတာ္ မေျပာတတ္ဘူး။ ကိုယ္တိုင္လည္း တီရွပ္နဲ႔ ဂ်င္းေဘာင္းဘီရွည္ေလာက္ ဝတ္တတ္တာ။
“ေစာင့္ေနရတာ ၾကာၿပီလား။” လို႔ ေလာကြတ္ေျပာလိုက္ေတာ့ ယုယုက ေမာ့ၾကည့္ၿပီး “ေအး၊ တစ္ခုခုဆို နင္ ငါ့အသက္မီမွာ မဟုတ္ဘူး။” လို႔ ျပန္ေျပာပါတယ္။ ဟိုေကာင္မေလးကေတာ့ ကြၽန္ေတာ့္ကို ဖ်တ္ခနဲ ေမာ့ၾကည့္ၿပီး သူ႔ေရွ႕က ေကာ္ဖီကို ဇြန္းနဲ႔ ေမႊေနတယ္။
“ေျပာ၊ ဘာကိစၥ။”
ယုယုက ေဘးဘီကို လွမ္းၾကည့္ၿပီး ခဏေနဦးဆိုတဲ့ သေဘာမ်ိဴး ဘာမွမေျပာဘဲ ၿငိမ္သြားတယ္။ ကြၽန္ေတာ္လည္း သူ႔လို လိုက္ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္မွာထားတဲ့ ေကာ္ဖီကို လာခ်ေပးေနတဲ့ စားပြဲထိုးကို ေတြ႕တယ္။ အေပၚထပ္မွာက စုံတြဲတစ္တြဲနဲ႔ တစ္ေယာက္တည္း စာအုပ္ဖတ္ေနတဲ့ လူႀကီးတစ္ေယာက္ပဲ ရွိတယ္။ ယုယုတို႔ တမင္ေ႐ြးထားတာေၾကာင့္ ထင္ပါ့။ သူတို႔နဲ႔ ကြၽန္ေတာ္တို႔ခုံက ေတာ္ေတာ္လွမ္းပါတယ္။ ခပ္တိုးတိုးေျပာရင္ သူတို႔ မၾကားရေလာက္ဘူး။ ဟိုစုံတြဲဆို အၾကည္စိုက္ၿပီး တြတ္ထိုးေနၾကတာ ဘာေတြမွန္း မသိ။ ဖြင့္ထားတဲ့ သီခ်င္းသံကလည္း နည္းနည္းက်ယ္ေတာ့ သူတို႔မေျပာနဲ႔ ကိုယ့္အခ်င္းခ်င္းေတာင္ ၾကားပါ့မလားပဲ။
“သူက သီရိေ႐ႊစင္ တဲ့။ ဆရာဝန္၊ CDM လုပ္ထားတယ္။ သီရိ … ဒါ တိုးေအာင္ပဲ။”
သူက ၿပဳံးျပလို႔ ကြၽန္ေတာ္လည္း ျပန္ၿပဳံးျပလိုက္တယ္။
“သူတို႔ေဆး႐ုံက CDM ဝင္ထားၾကတာ ေတာ္ေတာ္မ်ားတယ္။ အလႉေငြထည့္ခ်င္ ထည့္လို႔ရတယ္ေနာ္။”
“ေအးပါ။ ငါ့ကို မျငင္းႏိုင္ေအာင္ လူပါေခၚလာတာလား။”
သီရိဆိုတဲ့ ေကာင္မေလးက ကြၽန္ေတာ့္ကို လွမ္းၾကည့္တယ္။
“ေအာ္ … ေဆာရီး။ ယုယုနဲ႔က ဒီတိုင္း စေနၾကမို႔ စလိုက္တာ။”
ယုယုက မ်က္ႏွာကို တည္လိုက္ၿပီး ေဘးကို အကဲခတ္ျပန္တယ္။ ၿပီးမွ ေလသံတိုးတိုးနဲ႔ ေျပာတယ္။
“ေအး၊ ခုက CDM ကိစၥ မဟုတ္ပါဘူး။ သီရိရဲ႕ ေမာင္ဝမ္းကြဲ တစ္ေယာက္ UG အဖြဲ႕တစ္ခုမွာ ေရာက္ေနတယ္။ သူတို႔အဖြဲ႕ ေတာထဲက ျပန္လာၿပီး ရန္ကုန္မွာ လႈပ္ရွားေနၾကၿပီ။ အဲ့တာ သီရိကို လွမ္းဆက္သြယ္လို႔။ FUNDING လိုလို႔တဲ့။”
ကြၽန္ေတာ္ အံ့ၾသသြားတယ္။ UG ေတြဆိုတာကို ဒီတိုင္း သတင္းထဲ ဖတ္ဖူးတာပဲ ရွိတာ။ ခုဟာက အနီးစပ္ဆုံး ကိုယ္ေတြ႕ ၾကားဖူးတာပဲ။
“ဟုတ္ပါတယ္။ ကြၽန္မ ခု FUNDING လုပ္ေပးေနတာ။ ေမာင္ေလးနဲ႔ တိုက္႐ိုက္ခ်ိတ္တာေပါ့။ အဲ့တာ ခုရက္ပိုင္း ေငြက ပိုလိုလာတာနဲ႔ စိတ္ခ်ရတဲ့ ယုယုကိုပဲ ေျပာျပလိုက္တာ။ သူက ရွင္နဲ႔ ေျပာၾကည့္ဆိုလို႔။”
“ေအးေလ၊ နင္ပဲ PDF ေတြ UG ေတြဆို လႉခ်င္ေနတာဆို။ သူက ငါ့လာေျပာေတာ့ ငါလည္း နင့္ပဲ ေျပးျမင္တယ္။”
“သူတို႔က အဖြဲ႕လား။ ေျပာျပလို႔ ရရင္ နည္းနည္းထပ္ေျပာပါလား။”
သီရိက ယုယုကို လွမ္းၾကည့္တယ္။ ယုယုက ေခါင္းညိတ္ျပေတာ့မွ စကားစပါတယ္။
“ကြၽန္မေမာင္ေလးက ဆႏၵျပတုန္းက နာမည္ထြက္တယ္။ သူ႔သူငယ္ခ်င္းေတြ အဖမ္းခံရတဲ့ သတင္း ၾကားၾကားခ်င္း သူ႔အိမ္က ထြက္သြားတာ။ ႏွစ္လေလာက္ေနေတာ့ ဆက္သြယ္တာပဲ။ အျပင္မွာလည္း ဆုံၿပီးၿပီ။ သူတို႔အဖြဲ႕ သုံးဆယ္ ေလာက္ရွိတယ္ ေျပာတယ္။ ေငြ မေလာက္ဘူးတဲ့။”
“NUG က မေထာက္ပံ့ဘူးလား။”
“ခုထိ ဘာမွ မေထာက္ပံ့ဘူးတဲ့။ ဦးရည္မြန္နဲ႔ေတာ့ ZOOM ေျပာရတယ္ ဆိုလား။ သည္းခံေစာင့္ေပးၾကဖို႔နဲ႔ မၾကာခင္ အေထာက္အပံ့ေတြ လာဖို႔ရွိတယ္ ေျပာတယ္တဲ့။”
“ပုံမွန္ေထာက္ပံ့ေငြ မရွိဘဲက် ေရရွည္ ဘယ္လို လႈပ္ရွားမလဲ။”
“ဒီလိုပဲ နီးစပ္ရာေပါ့။ ဒါေၾကာင့္ပဲ ယုယုကေန ရွင့္ဆီေရာက္လာတာေလ။” လို႔ သူေျပာတယ္။ နည္းနည္း စိတ္မရွည္ ျဖစ္သြားပုံ ရပါတယ္။
“ဟုတ္ပါၿပီ။ အားမရလို႔ ေမးၾကည့္တာပါ။ အဲ့ဒီကိစၥဆို ကူခ်င္တဲ့သူေတြနဲ႔ သိတယ္။ ကြၽန္ေတာ္ လႈပ္ရွားေပးပါ့မယ္။”
ယုယုကေတာ့ ကြၽန္ေတာ္တို႔ ေျပာတာကို နားေထာင္ရင္း ေဘးဘီကို အရိပ္အျခည္ အကဲခတ္ေနပါတယ္။ တစ္ေယာက္တည္း စာဖတ္ေနတဲ့ လူႀကီးကို သူ သိပ္သကၤာပုံ မရဘူး။ ကြၽန္ေတာ့္အျမင္ကေတာ့ သူလည္း သူ႔ဘာသူ ေအးေအးလူလူ စာလာဖတ္တာ ေနမယ္ ထင္တာပဲ။ စုံတြဲကေတာ့ တြတ္ထိုးေနဆဲ။ လူငယ္ ေလးေယာက္ တက္လာၿပီး ကြၽန္ေတာ္တို႔နဲ႔ မလွမ္းမကမ္းဝိုင္းမွာ ေနရာယူတယ္။ ဖုန္းေတြထုတ္ၿပီး ဂိမ္းေဆာ့ေနၾကတယ္။
…………..
ယုံၾကည္ရတဲ့ စိတ္တူကိုယ္တူ သူငယ္ခ်င္းေတြ၊ အသိေတြကို သီရိကိစၥ လိုက္ေျပာျဖစ္တယ္။ သီရိနာမည္ေတာ့ မပါဘူးေပါ့ေလ။ တကယ္ အလုပ္လုပ္ေနတဲ့ တစ္ေယာက္နဲ႔ သိတဲ့ တစ္ေယာက္ကို ကြၽန္ေတာ္ သိတယ္ ေပါ့။ မထင္ရတဲ့သူေတြက မထင္ရတဲ့ ပမာဏကို ထည့္ၾကသလို ထင္ထားတဲ့သူေတြက မထင္ထားတဲ့ ပမာဏပဲ ထည့္ၾကတာေတြလည္း ရွိပါတယ္။ ထားပါေတာ့။ သည္လိုနဲ႔ သီရိနဲ႔ ကြၽန္ေတာ္ နင္၊ ငါ ေျပာတဲ့ အဆင့္ကို ေရာက္သြားတယ္။ ယုယုမပါဘဲလည္း ေတြ႕ျဖစ္ၾကပါတယ္။
…………..
တကၠသိုလ္ကို ကြၽန္ေတာ္ အိမ္ကပဲတက္ခဲ့တာပါ။ ဒါေပမယ့္ စာစုက်က္မယ္လို႔ ေျပာၿပီး သူငယ္ခ်င္းေတြ အေဆာင္မွာ စုအိပ္ျဖစ္တာေတြ ရွိတယ္။ ဂစ္တာတီးမယ္၊ ဂိမ္းေဆာ့မယ္၊ ေဘာလုံးကန္မယ္၊ ဖဲ႐ိုက္မယ္။ ႐ုပ္ရွင္ဆိုတာလည္း စုၾကည့္ရင္ ပိုၾကည့္လို႔ေကာင္းတာမ်ိဳး။ ‘၁၈ ေယာက္စုၾကည့္’ ဆိုတဲ့ ႐ုပ္ရွင္ေတြကို ေျပာတာ မဟုတ္ဘူးေနာ္။ အဲ့တာေတြက တစ္ေယာက္တည္းပဲ ၾကည့္မွာေပါ့။ စာကေတာ့ စာေမးပြဲနီးရင္ တစ္ေန႔တစ္နာရီ၊ ႏွစ္နာရီေလာက္ လုပ္ျဖစ္ပါတယ္။
“စာေမးပြဲၿပီးရင္ ခရီးသြားၾကမလား။” လို႔ ေဝယံက စကားစတယ္။ စာစုလုပ္တာ တစ္နာရီျပည့္သြားလို႔ break time ယူေနခ်ိန္ပါ။
“ေအး၊ ေကာင္းသားပဲ။ ဘယ္သြားမလဲ။” လို႔ ကြၽန္ေတာ္ေမးလိုက္တယ္။
“နီးနီးနားနား က်ိဳက္ထီး႐ိုးေပါ့ကြာ။”
“မင္းသူငယ္ခ်င္း ေစာ္ေလးေတြ ေခၚလိုက္ေလ။ ပိုေပ်ာ္ဖို႔ ေကာင္းေအာင္။” လို႔ ရဲႀကီးက ဝင္ေျပာတယ္။
“ေအး၊ ငါေခၚၾကည့္မယ္ေလ။ မစၥတာျမက ရပါ့မလား။ မစၥျမက ေစာ္ေတြနဲ႔ဆို မလႊတ္ေလာက္ဘူးေနာ္။”
မစၥတာျမရဲ႕ နာမည္အရင္းက ေအာင္ႏိုင္သူပါ။ ဒါေပမယ့္ သူ႔ေစာ္က ျမယဥ္ေက်း။ သူက သိပ္ခ်စ္ေတာ့ သူ႔ေစာ္တစ္ခြန္းဆို တစ္ခြန္းပဲ။
“ေစာ္ေတြ ပါရင္ေတာ့ ငါမလိုက္ဘူး။” လို႔ မစၥတာျမက ျပတ္ျပတ္သားသား ေျပာပါတယ္။
“မင္းမလိုက္ရင္ ငါတို႔ ကားမေလာက္ေတာ့ဘူးေလကြာ။ ငါတို႔က ငါးေယာက္ေလ။ ငါ့သူငယ္ခ်င္း ေလးေယာက္ပဲ ေခၚလိုက္မယ္။ မင္းက သီးသန႔္ေနကြာ။ ၿပီးေတာ့ သူငယ္ခ်င္းေတြ ခရီးထြက္တာပဲကို။ မဟုတ္လည္း မစၥျမကိုပါ ေခၚလိုက္ကြာ။”
“ေအး ငါေျပာၾကည့္ဦးမယ္။” လို႔ ေျပာၿပီး သူ အျပင္ဘက္ကို ထြက္သြားတယ္။ မစၥျမဆီ ဖုန္းသြားဆက္တာ ေနမယ္။
ကြၽန္ေတာ္တို႔ကေတာ့ ေစာ္ေၾကာက္ေကာင္ ဆိုၿပီး သူ႔အတင္း ထိုင္ေျပာေနခဲ့ၾကတယ္။ ဝင္မေျပာတာဆိုလို႔ ဂစ္တာကိုင္ၿပီး လက္ကြက္စမ္းေနတဲ့ အာႀကီးပဲ ရွိတယ္။ ခဏေနေတာ့ မစၥတာျမ ျပန္ဝင္လာတယ္။
“ေအး။ သူလိုက္မယ္တဲ့။ သူတို႔ စာေမးပြဲၿပီးတဲ့ထိေတာ့ ေစာင့္တဲ့။ ငါတို႔နဲ႔ ႏွစ္ရက္ပဲကြာတယ္။”
“ဟာကြာ။ လုပ္ၿပီ။ အဲ့ ႏွစ္ရက္ ငါက ဘာလုပ္ေနရမွာလဲ။ အိမ္ေစာေစာျပန္မလို႔ပါဆို။” လို႔ ဂစ္တာခ်ၿပီး အာႀကီးက လွမ္းေအာ္ပါတယ္။ သူက နယ္ကေလ။
“အားလုံးစုံသြားေအာင္ ေစာင့္ေပးလိုက္ပါကြာ။” လို႔ ရဲႀကီးက ဝင္ေျပာတယ္။ အာႀကီး ဘာမွ ျပန္မေျပာပါဘူး။
စာေမးပြဲၿပီးေတာ့ ခရီးထြက္ျဖစ္ၾကပါတယ္။ မစၥတာျမတို႔ စုံတြဲေရာ၊ အာႀကီးေရာ ပါတယ္။ ေဝယံက သူ႔သူငယ္ခ်င္းေတြကို ကြၽန္ေတာ္တို႔နဲ႔ ခ်ိတ္ေပးဖို႔ ေခၚလာသလိုလိုနဲ႔ တကယ္က သူလိုက္ေနတဲ့ ေကာင္မေလးကို ေခၚခ်င္တာက အဓိက ဆိုတာ ခရီးမွာ သိလိုက္ရတယ္။ ခရီးက သာမန္ပါပဲ။ ကားနဲ႔ က်ိဳက္ထီး႐ိုး ေတာင္ေျခကို သြားတယ္။ မစၥတာျမက တစ္စီး၊ ေဝယံက တစ္စီး။ ဘယ္သူမွ ေျခလ်င္တက္ဖို႔ စိတ္ကူးမထားေတာ့ ေတာင္တက္ကား စီးတယ္။ ၿပီးေတာ့ ဘုရားဖူးတယ္။ အနီးအနားက သြားစရာရွိတာေတြ သြားတယ္။ ညဘက္ ရင္ျပင္ေတာ္ေပၚမွာထိုင္ၿပီး ေကာင္းကင္ႀကီးကို ၾကည့္ရင္း ေထြရာေလးပါး စကားေျပာ ျဖစ္ၾကတယ္။ မစၥတာျမတို႔ စုံတြဲက ခပ္ေဝးေဝး တစ္ေနရာ၊ ေဝယံနဲ႔ သူ႔ေကာင္မေလးက တစ္ေနရာ၊ ကြၽန္ေတာ္တို႔ သုံးေယာက္နဲ႔ ေဝယံ့သူငယ္ခ်င္း ေကာင္မေလး သုံးေယာက္က တစ္ေနရာ။ ရဲႀကီးက ၾကယ္ေၾကာင္းေျပာျပမယ္ ဆိုၿပီး ခုနစ္စဥ္ၾကယ္ အေၾကာင္းေတြ၊ ေမာင္ရင္ဆိုင္းထမ္း အေၾကာင္းေတြ ေျပာေနေသးတယ္။ တကယ္က ေကာင္မေလးေတြ စိတ္ဝင္စားမလားလို႔ ေၾကာင္တာပါပဲ။ သူ႔စကားကို ဘယ္သူမွ စိတ္မဝင္စားမွသာ ရပ္သြားတာ။ အာႀကီးကေတာ့ ခုခ်ိန္ ဂစ္တာတီးလိုက္ရရင္ ရွယ္ပဲ လို႔ ေျပာေနေသးတယ္။ မင္းေရာက္ေနတာ ဘုရားရင္ျပင္ေတာ္ဟ လို႔ ေအာ္လိုက္ရပါတယ္။
ဘုရားဖူးက အျပန္ ေဝယံ ရည္းစား ရသြားတယ္။ အာႀကီးက နယ္ျပန္သြားတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဟိုေကာင္မေလးေတြကို နာမည္ေတာင္ မမွတ္မိလိုက္ ၾကပါဘူး။ သူတို႔ကလည္း ကြၽန္ေတာ္တို႔ ႐ုပ္ေတြကို သေဘာက်ဟန္ မရွိပါဘူး။ ခရီးတေလွ်ာက္လုံး သူတို႔ဘာသာသူတို႔ပဲ တပူးတြဲတြဲ တြတ္ထိုးေနၾကတာပါ။
……………….
“ငါ ႏိုင္ငံျခားထြက္ရင္ ေကာင္းမလား။” သီရိက ဖုန္းပြတ္ေနရာကေန အစမရွိ အဆုံးမရွိ ထေျပာတယ္။
“ဘယ္လိုျဖစ္တာလဲ။ ႐ုတ္တရက္။”
“ငါ့သူငယ္ခ်င္း တစ္ေယာက္ ခု အဂၤလန္ ေရာက္ေနၿပီ။”
“နင္ သူတို႔ကို စိတ္မတိုဘူးလား။”
“မတိုပါဘူး။ ဒီႏိုင္ငံမွာေနၿပီး ကူရတာ အကန႔္အသတ္ေတြ ရွိတယ္ေလ။”
“ေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံျခားထြက္သြားတဲ့ သူေတြဆို အျပစ္တင္ေနၾကတာပဲ။”
“ငါကေတာ့ CDM မလုပ္တဲ့သူေတြကိုပဲ အျပစ္တင္တယ္။ ၿပီးေတာ့ သူတို႔ကို ပုံမွန္အတိုင္း ဆက္ဆံေနၾကတဲ့ လူေတြကိုေရာပဲ။”
သီရိ မ်က္ႏွာမေကာင္းဘူး။
“လူေတြက NON ေတြကို ႏွိမ္ပါတယ္ဟ။ ဆရာမေတြဆို ေက်ာင္းသြားတာေတာင္ ခိုးေၾကာင္ခိုးဝွက္။”
“ငါတို႔အိမ္ေဘးနားမွာ ဆရာမ တစ္ေယာက္ရွိတယ္။ သူဆို အျပင္ဝတ္စုံေလး ဝတ္ၿပီး ဆြဲျခင္းေလးနဲ႔ သြားေနတာပဲ။ ေဘးအိမ္ေတြကလည္း ဆရာမ ေက်ာင္းသြားၿပီလား၊ ျပန္လာၿပီလားနဲ႔ ႏႈတ္ဆက္ေနၾကတာပဲ။ လခထုတ္ရက္ဆို သူ႔ဆီ ပိုက္ဆံသြားေခ်းသူေတြေတာင္ ရွိတယ္။”
ကြၽန္ေတာ္ ဘာေျပာရမွန္း မသိပါဘူး။ ကြၽန္ေတာ္က အစိုးရဝန္ထမ္း မဟုတ္ေတာ့ သီရိေျပာတာကို နားလည္ေပမယ့္ သူ႔ခံစားခ်က္ကိုေတာ့အျပည့္အဝ နားမလည္ပါဘူး။
“ငါဆိုဟာ။ ‘စမ’ ရကတည္းက ပို႔စတင္ တန္းဝင္ခဲ့တာ။ အျပင္ေဆးခန္းလည္း မထိုင္ခဲ့ဘူး။ က်န္တာလည္း ဘာမွ မလုပ္တတ္ဘူး။ ခု ေတြးၾကည့္ရင္ အားငယ္တယ္။ ျပန္ဝင္ရမလားေတာင္ တစ္ခါတေလ ေတြးမိတယ္။” လို႔ ေျပာရင္း မ်က္ေတာင္ကို သူ ပုတ္ခတ္ ပုတ္ခတ္လုပ္ေနတယ္။
“နင့္ကို ျပန္မဝင္ဖို႔ တားပါတယ္။ ဒါေပမယ့္ ျပန္ဝင္လည္း ငါအျပစ္မေျပာပါဘူး။ နင္တို႔ေလာက္ ငါလည္း မလုပ္ႏိုင္သလို လုပ္ခြင့္လည္း မရွိဘူးေလ။ ငါက အစိုးရဝန္ထမ္းမွ မဟုတ္တာ။”
“မဝင္ပါဘူးဟာ။ ဒီတိုင္း တစ္ခါတေလ ကေယာင္ေျခာက္ျခား ေတြးမိတာေပါ့။ ဒါေၾကာင့္ ႏိုင္ငံျခား သြားရင္ ေကာင္းမလားလို႔ ေျပာလိုက္တာ။”
“ေအး၊ TRY ၾကည့္ေပါ့ဟာ။ ႏိုင္ငံျခားပဲသြားသြား၊ ေတာထဲပဲ သြားသြား ဒီအေရးမွာ တစ္ေထာင့္တစ္ေနရာက ပါေနဖို႔ အေရးႀကီးတယ္လို႔ ငါထင္တာပဲ။ ေတာထဲသြားသူေတြက ေပးဆပ္မႈ ေကာင္းတယ္။ ႏိုင္ငံျခားက ျမန္မာ အမ်ားစုကလည္း ထိေရာက္မႈ ေကာင္းၾကတယ္။ တစ္ခုခုဆို သူတို႔ပဲ အမ်ားဆုံး လႉၾကတာ။”
သီရိ ဘာမွ ျပန္မေျပာပါဘူး။ ေကာ္ဖီဆိုင္ နံရံက ေဈးေပါေပါ ပန္းခ်ီကားကို ၾကည့္ေနပါတယ္။ ပန္းခ်ီကားေတြရဲ႕ တန္ဖိုးကို ကြၽန္ေတာ္ နားမလည္ပါဘူး။ ရပ္ကြက္ေကာ္ဖီဆိုင္ နံရံမွာ ခ်ိတ္ထားလို႔သာ ေဈးေပါေပါ ပန္းခ်ီကားလို႔ ကြၽန္ေတာ္ ထင္မိတာ။ ဒီလိုပဲေလ။ ေတာ္ေတာ္မ်ားမ်ားက ေရာက္ေနတဲ့ ေနရာေပၚ မူတည္ၿပီး တန္ဖိုးျဖတ္ ခံၾကရတာပဲ မလား။
သူဘာမွ မေျပာတာနဲ႔ ကြၽန္ေတာ္ ေခါင္းထဲေပၚလာတာတစ္ခု ေမးလိုက္တယ္။ “အျပင္ေဆးခန္းေတြကလည္း ထိုင္မရဘူး ထင္တယ္။ NGO တစ္ခုခုမွာ ဝင္လုပ္ရင္ေရာ။”
သီရိက ပန္းခ်ီကားဆီကေန ကြၽန္ေတာ့္ဘက္လွည့္လာတယ္။
“အသိေဆးခန္းေတြေတာ့ ရႏိုင္တယ္။ ဒါေပမယ့္ ငါကိုယ္တိုင္က ဘာမွ မလုပ္ခ်င္ဘူး ျဖစ္ေနတာ။ NGO ကေတာ့ အစကတည္းက ငါသေဘာမက်ဘူးေလ။”
“ဘာလို႔လဲ။ လခေကာင္းတယ္ မလား။”
“ဒီလိုပဲ။ ငါမႀကိဳက္တာ။” လို႔ ေျပာၿပီး သူ ေကာ္ဖီတစ္ငုံ ငုံလိုက္တယ္။ ၿပီးေတာ့ ေကာ္ဖီခြက္ကို ခ်ၿပီး ေကာ္ဖီေတြကို ေငးေနပါတယ္။
“ရႈိင္းသူ တို႔ေရာ ဘာထူးလဲ။ အဆင္ေျပၾကလား။”
ဒီေမးခြန္းကို ၾကားေတာ့ သူ လႈပ္လႈပ္ရွားရွား ျဖစ္လာတယ္။ ေဘးဘီကို တခ်က္ၾကည့္တယ္။ ၿပီးေတာ့ အသံကို ႏွိမ့္ၿပီး ကြၽန္ေတာ့္နား ကပ္ေျပာတယ္။
“ေအး ေျပတယ္ေတာ့ ဘယ္ဟုတ္မလဲ။ သူတို႔ကို တကယ္ စိတ္ပူတယ္။ အႏၲရာယ္က ဒီေလာက္ မ်ားတာကို။ ဟိုေန႔ကဆို စစ္ေဆးေရးဂိတ္မွာ သူလမ္းဆင္းေလွ်ာက္လိုက္ ရတယ္ေလ။ ဟိုေခြးေတြက ကားပဲ စစ္ၿပီး လူကို မစစ္လို႔ ေတာ္ေသးတယ္။ သူ႔ဆီမွာ ပစၥည္းေတြနဲ႔။”
“ေအး၊ Option တစ္ခုအေနနဲ႔ ငါစဥ္းစားမိတာေတာ့ သူတို႔ေတြ အထက္က လုံေလာက္တဲ့ အေထာက္အပံ့ မရေသးခင္ ေတာထဲ ျပန္ေနေနရင္ေရာ။ သူတို႔လုံၿခဳံေရး အတြက္ပါ။” လို႔ ကြၽန္ေတာ္လည္း ႏွစ္ကိုယ္ၾကား ေလသံနဲ႔ ေျပာလိုက္တယ္။
“ငါေျပာၿပီးၿပီ။ သူက ေခါင္းမာတယ္ေလ။ ေတာထဲျပန္မွာဆို အစကတည္းက ဘာလို႔ ျပန္လာဦးမလဲတဲ့။ ဟိုမွာလည္း လူေတြ တစ္သုတ္ၿပီး တစ္သုတ္ေရာက္ေနၾကေတာ့ ေနရာမရွိဘူးတဲ့။ ဒီတိုင္းလည္း ေစာင့္မေနႏိုင္ဘူး တဲ့။ သူတို႔ေၾကာင့္ ရဲေတြနဲ႔ စခေတြ အလုပ္ရႈပ္ေန၊ ထိတ္လန႔္ေနရတာကို သူတို႔ သေဘာက်တယ္တဲ့။”
“သူ႔သေဘာေပါ့ေလ။ ငါတို႔က ေဘးကေန ေျပာပိုင္ခြင့္ မရွိပါဘူး။ ဘာလုပ္လုပ္ ေလးစားပါတယ္။ ဒါေပမယ့္ သူ႔လို လူငယ္ေတြ အလဟႆ မျဖစ္ေစခ်င္တာေတာ့ အမွန္ပဲ။ ဟိုဘက္က ဆယ္ေယာက္နဲ႔ လဲရမယ္ ဆိုရင္ေတာင္ မတန္ဘူးေလ။”
…………..
ကြၽန္ေတာ္ အလယ္တန္းေက်ာင္းမွာတုန္းက အရမ္းခင္တဲ့ သူငယ္ခ်င္း ႏွစ္ေယာက္ရွိတယ္။ တစ္ေယာက္က ကြၽန္ေတာ့္အိမ္ကို အၿမဲလာလည္ၿပီး ကြၽန္ေတာ္နဲ႔ စကားေျပာတယ္၊ ခ်က္စ္ထိုးတယ္၊ တစ္ခါတေလ ေဘာလုံးဂ်ာနယ္ တူတူ ဖတ္ၾကတယ္။ သူ႔အိမ္မွာဆို တီဗြီေရာ ဒီဗြီဒီစက္ေရာ ရွိေပမယ့္ ဘာလို႔မွန္း မသိ၊ ကြၽန္ေတာ့္ဆီပဲ လာလည္တယ္။ ကြၽန္ေတာ့္အိမ္မွာက ေဖ်ာ္ေျဖေရးစက္ဆိုလို႔ ေရဒီယိုေလာက္ပဲ ရွိတာပါ။ သူနဲ႔ ကြၽန္ေတာ္ ေျပာၾကတာလည္း လူငယ္သဘာဝေတြ ဘာမွ မပါဘူး။ လူပ်ိဳေပါက္ေတြ ဆိုေပမယ့္ ေကာင္မေလးေတြအေၾကာင္း၊ အခ်စ္အေၾကာင္း၊ အာသာေျဖတဲ့ အေၾကာင္း၊ အျပာကား၊ အျပာစာအုပ္ေတြ အေၾကာင္း ဘာမွကို မပါတာ။ ဘာေတြ ေျပာျဖစ္ခဲ့ၾကလဲေတာင္ ကြၽန္ေတာ္ မမွတ္မိေတာ့ဘူး။ ခ်က္စ္ထိုးေတာ့လည္း ပ်င္းစရာႀကီး၊ သူက သိပ္မေဆာ့ တတ္ေတာ့ ကြၽန္ေတာ္ပဲ ႏိုင္ေနတာ။ ေက်ာင္းမွာလည္း သူနဲ႔အတူတူ ထိုင္တာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ထမင္းအတူတူ စားျဖစ္တယ္။ အေျခခံ ေက်ာင္းသားဘဝကပဲ ထူးဆန္းတာလား မသိ။ သူ႔ဘာသူ ခင္ခ်င္တဲ့သူကို ခင္မိသြားေရာ။ ကိုယ့္အေပၚ ေကာင္းတာေတြ၊ မေကာင္းတာေတြက ေနာက္မွ။ လိုခ်င္တာ တစ္ခုခု ရွိလို႔ ေပါင္းတဲ့ သူငယ္ခ်င္းေတြ ဆိုတာလည္း ရွားေသးတယ္ေလ။ ဟိုေန႔ကေတာ့ UG ကိစၥနဲ႔ သူ႔ဆီက အလႉခံ ျဖစ္ေသးတယ္။ ၾကားထဲမွာ စကား မေျပာျဖစ္ၾကတာ ၾကာၿပီ။ ခုေတာ့ သူ NGO တစ္ခုမွာ အလုပ္လုပ္ေနတယ္။ တစ္ခါတေလ သူ႔အခန္းကို video call ေခၚျပတတ္တယ္။ အေၾကာင္းမရွိ အေၾကာင္းရွာ Messenger ကေန video call ေခၚျပတာကေတာ့ ႂကြားတယ္လို႔ပဲ ျမင္တယ္။ သူ႔အခန္းက က်ယ္က်ယ္ဝန္းဝန္း ေသေသသပ္သပ္။ သူတစ္ေယာက္တည္း ေနတာလို႔ ေျပာတယ္။ အခန္းထဲက ေရခဲေသတၱာထဲမွာ Red Label ႏွစ္လုံး၊ သုံးလုံးကလည္း အၿမဲ ရွိေနတတ္ေသး။ ကြၽန္ေတာ္ကေတာ့ အလႉေငြ တစ္ေသာင္းပဲ ထည့္ကတည္းက သူ႔ကို ခ်ဥ္သြားတာပဲ။
ေနာက္တစ္ေယာက္က ႐ုပ္ေျဖာင့္ေကာင္။ ရွစ္တန္းကတည္းက သူ႔ကို ေကာင္မေလးေတြက စာလိုက္ေပးတာ ခံရတယ္။ အတန္းေဖာ္ ေကာင္ေလးေတြက သူ႔ကို ေစာ္ၾကည္ဘဲလို႔ ေခၚတယ္။ စာလည္း မဆိုသေလာက္ ေတာ္ပါတယ္။ အေကာင္းနဲ႔ အဆိုးဆိုတာ တကယ္ဒြန္တြဲ ေနတာဗ်။ ဘ႐ုစလီကားထဲက နံက်ပ္ကူ ရသြားတဲ့ ဖိုက္တာလိုပဲ။ မသုံးတတ္ေတာ့ ကိုယ့္လက္ကို ႐ိုက္မိေနေရာေလ။ ဒီလိုပါပဲ။ သူ႐ုပ္ေခ်ာတာက သူပ်က္ဆီးဖို႔ ျဖစ္လာခဲ့ပါတယ္။ ဆယ္တန္းၿပီးကတည္းက ေစာ္ေတြနဲ႔ အိပ္၊ ပိုက္ဆံေတြ မေလာက္။ တကၠသိုလ္လည္း ေရာက္ေရာ တည္းခိုခန္းခ၊ ေဆးခန္းခနဲ႔ သူ႔ခမ်ာ လုံးခ်ာလည္ လိုက္ေနေရာ။ ကြၽန္ေတာ္တို႔ဆီကလည္း ေခ်းလိုက္တဲ့ ပိုက္ဆံဆိုတာ၊ တစ္ခါမွလည္း ျပန္မဆပ္။ အႀကိမ္ေရ မ်ားလာေတာ့ ကြၽန္ေတာ္လည္း သူ႔ကို ခပ္ခြါခြါ ေနလိုက္ေတာ့တယ္။ ခုေတာ့ မိန္းမရၿပီး ကေလး ႏွစ္ေယာက္နဲ႔လို႔ ၾကားတာပဲ။
…………..
ကြၽန္ေတာ္ FRIENDS စီးရီးထဲက အပိုင္းတစ္ပိုင္းကို ျပန္ၾကည့္ျဖစ္တယ္။ ဘာမွ လုပ္စရာမရွိရင္ ဒီလိုပဲ။ FRIENDS ရဲ႕ အားသာခ်က္က အပိုင္း ေ႐ြးစရာမလိုဘူး။ ဘယ္ခ်ိန္ျပန္ၾကည့္ၾကည့္ မ႐ိုးဘူး။ ဒီကာလႀကီးမွာ စိတ္လည္း နည္းနည္း ေပ်ာ္ရတာေပါ့။ ကြၽန္ေတာ္ၾကည့္ျဖစ္တာက ခ်န္ဒလာနဲ႔ မိုနီကာ မဂၤလာေဆာင္ဖို႔ ျပင္ေနတဲ့ အခန္း။ မိုနီကာ မိဘေတြက မဂၤလာေဆာင္အတြက္ စုထားတဲ့ ပိုက္ဆံေတြကို အိမ္ဝယ္ပစ္လိုက္တဲ့ ေနရာေလ။ ခ်န္ဒလာက သူစုထားတဲ့ေငြကို မိုနီကာအလိုက် ထုတ္ေပးလိုက္ရတာေပါ့။ မိုနီကာ ေျပာတာက ဘာတဲ့။ “ပိုက္ဆံက ျပန္ရွာလို႔ ရတယ္။ မဂၤလာေဆာင္က တစ္သက္မွာ တစ္ခါ” ဆိုလား။ တကယ္က သူတို႔ဆီမွာ မဂၤလာဆိုတာ ရတုအလီလီ မေဆာင္ၾကေတာင္ လူေျပာင္းၿပီး ႏွစ္ႀကိမ္ သုံးႀကိမ္ေတာ့ ေဆာင္ေနၾကတာပဲ။ တစ္လက္စတည္း ျမန္မာျပည္မွာ ေဆာင္ေနၾကတဲ့ မဂၤလာေဆာင္ေတြကို သတိရမိသြားတယ္။ တခ်ိဳ႕ကေတာ့ သူတို႔ကို အျပစ္ တင္ၾကတယ္။ ဘာမဆို ထိုင္ဘလိမ္းေနတဲ့ ေဝယံလိုေကာင္က ထိပ္ဆုံးက။ ကြၽန္ေတာ္ေတာ့ ထူးၿပီး အျပစ္မျမင္မိပါဘူး။ သူတို႔လည္း ကိုဗစ္ကာလ မလို႔ မေဆာင္ရတာနဲ႔၊ အာဏာသိမ္းလို႔ မေဆာင္ရတာနဲ႔။ မဂၤလာေဆာင္ၿပီး မၿပီးႏိုင္ မစီးႏိုင္ ပုံတန္းစီတင္သူေတြကိုေတာ့ ကြၽန္ေတာ္လည္း unfollow လုပ္ပါတယ္။ ဟိုဗ်ာ .. မဆီမဆိုင္ မိလိႏၵပညႇာထဲမွာ ပါတဲ့ တစ္ခုေတာင္ သတိရသြားၿပီ။ ‘မေကာင္းတာကို မသိလို႔ လုပ္တဲ့သူနဲ႔ သိသိနဲ႔ လုပ္တဲ့သူမွာ သိသိနဲ႔ လုပ္တဲ့သူက အျပစ္ေပါ့တယ္။’ ဆိုတာေလ။ မေကာင္းမွန္း သိသိနဲ႔လုပ္ရေတာ့ လုပ္ေတာ့လုပ္ေပမယ့္ အင္ျပည့္အားျပည့္ မလုပ္မိေတာ့ဘူးတဲ့။ ဟုတ္တာပဲ။ ခုလည္း ဒီကာလႀကီး အေပ်ာ္အပါး အခမ္းအနား လုပ္တာ မသင့္ေတာ္မွန္း သိလို႔ အင္ျပည့္အားျပည့္ေတာ့ ေပ်ာ္မျပၾကနဲ႔ေပါ့။ ဟိုေန႔ကပဲ သူငယ္ခ်င္း တစ္ေယာက္ မဂၤလာေဆာင္ ဖိတ္လို႔ မတက္ႏိုင္ေပမယ့္ လက္ဖြဲ႕လိုက္ရေသးတယ္။ ႏွစ္ေယာက္လုံးက CDM ေတြဆိုေတာ့ သူတို႔က် ဘယ္လို အျပစ္သြားတင္မလဲ။ သူတို႔ကလည္း စည္းေစာင့္ၾကပါတယ္။ အက်ဥ္း႐ုံးေလာက္ လုပ္ၿပီး ပုံေတာင္ ႏွစ္ခါလား တင္ၾကတာပါ။
…………..
“အာႀကီး မေတြ႕တာေတာင္ ၾကာၿပီ။ ဆံပင္ေတြလည္း ရွည္လို႔။” ေဝယံ့အခန္းကို အဝင္ အရင္ဆုံး ျမင္လိုက္ရတဲ့ အာႀကီးကို ကြၽန္ေတာ္ ႏႈတ္ဆက္လိုက္တယ္။ ဆံပင္ရွည္ေပမယ့္ သူ႔ပုံစံက ညႇင္းသိုးသိုးပုံေတာ့ မဟုတ္ပါဘူး။
“ေအး။ ဒီတိုင္း မညႇပ္ျဖစ္တာကြာ။ တစ္ေထာင္၊ ေထာင့္ငါးရာ သက္သာလည္း မနည္းဘူးေလ။” လို႔ အာႀကီးက အ႐ႊန္းေဖာက္တယ္။
“ဆံပင္ရွည္တဲ့ေကာင္ေတြဆို အဓိက စစ္တာေနာ္။ အဲ့တာလည္း သတိထားဦး။” ရဲႀကီးက ဝင္ေျပာတယ္။ သူက တီဗြီကို ဝိုင္ဖိုင္ ခ်ိတ္ၿပီး ယူက်ဳ က သီခ်င္းေတြ ရွာဖြင့္ေနတာပါ။
“ေဝယံေရာ။”
“သူ႔အခန္းထဲမွာ။ ေစာ္နဲ႔ ဖုန္းေျပာေနတယ္။”
ရဲႀကီး သီခ်င္းေ႐ြးေနတာလည္း ေတာ္ေတာ္ၾကာတယ္။ ခဏေနမွ ဂ်ပ္စတင္ဘီဘာရဲ႕ stay ကို ဖြင့္တယ္။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္က ဘာမွ မေျပာပါဘူး။ ဘာလာလာ နားေထာင္ၾကမွာပဲ။
“မင္းတို႔ဘက္ ဘယ္လိုရွိလဲ အာႀကီး။ ျပန္ခ်ေနၾကၿပီလား။”
“ေအး။ ခ်ေနၿပီေတာ့ ေျပာတာပဲ။”
“တိုက္႐ိုက္ ေငြေပးလို႔ ရရင္ ေျပာေလကြာ။ ငါတို႔ စုထည့္ၾကတာေပါ့။”
“ငါ့အသိေတြထဲေတာ့ မရွိေသးဘူး။ ရွိရင္ ေျပာမယ္ေလ။ ဒါနဲ႔ မင္း UG ကိစၥေရာ။”
“ေအး။ သုံးဆယ့္ငါးသိန္း တစ္သုတ္ေတာ့ ေပးၿပီးသြားၿပီ။ ထပ္စုေနတယ္။”
ရဲႀကီးက ဂ်ပ္စတင္ဘီဘာကို ၾကည့္ေနရာက ကြၽန္ေတာ့္ကို ေျပာင္းၾကည့္တယ္။
“မဆိုးဘူးဘဲဟ။ ငါ ငါးေသာင္းပဲ ထည့္ႏိုင္ေတာ့ အဲ့ေလာက္ မရေလာက္ဘူး ထင္ေနတာ။”
“ေအး တခ်ိဳ႕ေတြက ေလး၊ ငါး သိန္း ထည့္ၾကတယ္။”
“ေကာင္းတာေပါ့ကြာ။”
အဲ့ဒီအခ်ိန္မွာ ေဝယံ သူ႔အခန္းထဲကေန ကြၽန္ေတာ္တို႔ ထိုင္ေနတဲ့ ဧည့္ခန္းကို ထြက္လာတယ္။ ၿပီးေတာ့ ထုံးစံအတိုင္း ပြစိပြစိ စေျပာတယ္။
“သာသာယာယာ ေဘာလုံးပြဲေတြ စုၾကည့္ၾက။ ဟုတ္ေနတာပဲေဟ့။”
“ဟေရာင္ ... ဒီေကာင္ေရာ ဘယ္ေလာက္ထည့္လဲကြ။” ရဲႀကီးက လွမ္းေမးတယ္။
“ငါးေသာင္းပဲေလကြာ။ ငါလည္း အလုပ္ထြက္ထားတာ။ ဒါေပမယ့္ ငါ သူမ်ားေတြဆီက လိုက္စုေပးေနပါတယ္။”
ကြၽန္ေတာ္ မေျဖခင္ ေဝယံက ဝင္ေျပာတယ္။ အာႀကီးကေတာ့ ဖုန္းပြတ္ေနတာမို႔ ဘာမွ မေျပာပါဘူး။ ကြၽန္ေတာ္တို႔ စကားစ ျပတ္သြားၿပီး ရဲႀကီးေျပာင္းလိုက္တဲ့ ဇာတ္ကားဆီ အာ႐ုံေရာက္သြားတယ္။ သူေျပာတာေတာ့ အာဖရိက က ဒုကၡသည္ေတြကို အေမရိကန္ေတြက သြားကယ္တာ ဆိုလား။
“ဒီေကာင္ေတြကလည္း ႐ုပ္ရွင္ထဲပဲ ထင္ပါတယ္ကြာ။ ငါတို႔ဆီက် ဘာသံမွ မထြက္ဘူး။” လို႔ ေဝယံက စေျပာတယ္။
“သူတို႔မွာလည္း တာဝန္မွ မရွိတာကြာ။ ၿပီးေတာ့ အက်ိဴးရွိမွ လာမွာေပါ့ကြ။” လို႔ ရဲႀကီးက ျပန္ေျပာတယ္။
ကြၽန္ေတာ္နဲ႔ အာႀကီးကေတာ့ ဇာတ္ကားၾကည့္ရင္း သူတို႔ေျပာတာကို ဝင္မေျပာေသးဘဲ နားေထာင္ေနၾကတယ္။
“အျပစ္တင္ရမွာက UN … သူက ကမာၻႀကီးရဲ႕ မတရားမႈေတြကို ေျဖရွင္းေပးရမွာေလ။ ငါတို႔ ရပ္ကြက္ထဲမွာ မတရား လုပ္ခံရရင္ ရဲစခန္းက ေျဖရွင္းရသလိုမ်ိဳး။ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ မတရားလုပ္ခံရရင္ ကမာၻ႔ရဲစခန္းက ေျဖရွင္းေပးရမွာေပါ့။ Interpol တို႔ ဘာတို႔။ အဲ့တာ UN ပဲကို။”
ရဲႀကီးေျပာတာ သဘာဝ က်တယ္လို႔ ကြၽန္ေတာ္ ေတြးမိတယ္။ ဒါေပမယ့္ ခုလို မျဖစ္ခင္ကလည္း ျမန္မာျပည္က ရဲစခန္းေတြေတာင္ ျပည္သူကို မကူညီတဲ့ဟာ၊ ေငြမ်ား တရားႏိုင္ေနတဲ့ဟာ။ UN လည္း သည္လိုပဲ ေနမွာေပါ့။
“ဟေရာင္ေတြ၊ ဧည့္စာရင္းေတြ စစ္ၿပီး လိုက္ဖမ္းေနတယ္တဲ့ေနာ္။”
အာႀကီး ဖုန္းပြတ္ေနရာက ထေအာ္လို႔ အားလုံး သူ႔ဆီ အာ႐ုံေရာက္သြား ၾကျပန္တယ္။ ဟုတ္သား။ ကြၽန္ေတာ္တို႔ ဧည့္စာရင္းမွ မတိုင္ထားတာပဲ။
“ငါတို႔ ရပ္ကြက္ေတာ့ တစ္ခါမွ မလာေသးပါဘူးကြာ။ လာေတာ့လည္း မတတ္ႏိုင္ဘူးေပ့ါ။”
အင္းေပါ့။ လာေတာ့လည္း ဘယ္တတ္ႏိုင္ပါ့မလဲ။ ဖုန္းထဲက အေကာင့္အစစ္ေတြကို ကြၽန္ေတာ္တို႔ ဖ်က္ထား လိုက္ၾကတယ္။ ပုံေတြေရာပဲ။ လာစစ္လို႔ ဖမ္းရင္ေတာင္ အမႈမႀကီးေအာင္ေလ။
အဲ့ဒီညက မန္စီးတီးကို ႏိုင္ၿပီး ခ်ဲဆီး ဗိုလ္စြဲသြားပါတယ္။ ဧည့္စာရင္းလည္း လာမစစ္ပါဘူး။ ပြဲကလည္း ထိန္းေဆာ့ ေနၾကတာနဲ႔ ပ်င္းဖို႔ ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ေတာထဲက pdfေတြအေၾကာင္း ေျပာလိုက္၊ အဖမ္းခံေနရတဲ့ လူငယ္ေတြ အေၾကာင္း ေျပာလိုက္၊ မေရရာတဲ့ အနာဂတ္ေတြအေၾကာင္း ေျပာလိုက္၊ NUG ကို အားမရလိုက္၊ UN ကိုဆဲလိုက္နဲ႔ပဲ ဘီယာေသာက္ရင္း ေဘာပြဲကို စိတ္မပါလက္မပါ ၾကည့္ျဖစ္ခဲ့ၾကပါတယ္။
…………..
မို႔ေနတဲ့ မ်က္လုံးေတြနဲ႔ ေကာ္ဖီဆိုင္ အျပင္ဘက္ကို ေငးေနရာက ကြၽန္ေတာ့္ကို ျမင္ေတာ့ သီရိ ၿပဳံးျပတယ္။ ေတာ္ေတာ္ေလး ေဖ်ာ့ေတာ့တဲ့ အၿပဳံးပါ။ ကြၽန္ေတာ္ သူ႔ေဘးမွာ ဝင္ထိုင္ၿပီး သူ႔လက္ဖဝါးကို ဆုပ္ကိုင္လိုက္တယ္။ ေခြၽးေစးေတြနဲ႔ ေစးထန္းထန္း ျဖစ္ေနသလိုပဲ။ ကြၽန္ေတာ္မွာခဲ့တဲ့ ေကာ္ဖီ မလာေသးတာမို႔ ဘာမွ မေျပာျဖစ္ၾကဘဲ ကြၽန္ေတာ္တို႔ တစ္ေယာက္လက္ တစ္ေယာက္ တင္းတင္းဆုပ္ရင္း ထိုင္ေနျဖစ္ၾကတယ္။ ေကာ္ဖီဆိုင္က ဖြင့္ထားတဲ့ BLACKPICK သီခ်င္းက စိတ္ပ်က္စရာ။ တနဂၤေႏြေန႔မို႔ ထင္တယ္။ ဆိုင္ထဲမွာ အရင္ကထက္ လူပိုမ်ားေနတယ္။ ေဈးေပါေပါ ပန္းခ်ီကားလို႔ ကြၽန္ေတာ္ေျပာခဲ့တဲ့ ပန္းခ်ီကားကို ကြၽန္ေတာ္ ခုမွ ေသခ်ာ ၾကည့္မိတယ္။ ကႏုတ္လိုလို၊ ပန္းခက္လိုလို အခက္ေတြကို ရႈပ္ယွက္ခတ္ေနေအာင္ ဆြဲထားတာမ်ိဳး။ အေရာင္ကလည္း အျဖဴအမည္း။ ခဏေနေတာ့ စားပြဲထိုးေလးက ေကာ္ဖီလာခ်ၿပီး ေအာက္ထပ္ကို ျပန္ဆင္းသြားတယ္။
“သူတို႔ အဆင္ေျပၾကရဲ႕လား။” လို႔ ကြၽန္ေတာ္ စေမးလိုက္တယ္။ အဆင္မေျပမွန္း သိေပမယ့္ တျခား ဘာစ ေမးရမွန္း ကြၽန္ေတာ္ တကယ္မသိလို႔ပါ။
“ခု အခ်ဳပ္ထဲ ျပန္ေရာက္လာၿပီဆိုေတာ့ ေသေတာ့ မေသေတာ့ဘူးေပါ့ဟာ။ ဒါေတာင္ အမိန႔္ခ်ရင္ ေသဒဏ္နဲ႔ တစ္ကြၽန္းမျဖစ္ဖို႔ ဆုေတာင္းရဦးမယ္။” လို႔ သီရိ တိုးေဖ်ာ့စြာ ေျပာတယ္။ မ်က္လုံးေတြကေတာ့ စားပြဲခုံေပၚက သူမွာထားတဲ့ ေခ်ာကလက္ကိတ္ အပိုင္းေလးကို ၾကည့္ေနတယ္။
“ေငြအားနဲ႔ လိုက္ဖို႔ကေရာ။ လမ္းေၾကာင္းေတြ သိလား။”
“ဦးေလးတို႔ေတာ့ လိုက္ေနၾကတာပဲ။ ေတာ္ေတာ္လည္း ကုန္ေနၿပီ။ ပစၥည္းပို႔ဖို႔ကိုပဲ အဆင့္ဆင့္ ေပးရတာ။”
“ေအး၊ ငါလည္း စိတ္မေကာင္းဘူးဟာ။ ကူညီႏိုင္တာရွိရင္ ေျပာေနာ္။” လို႔ ကြၽန္ေတာ္ သူ႔လက္ေတြကို ဆုပ္နယ္ရင္း ေျပာျဖစ္တယ္။ သီရိက ဘာမွ ျပန္မေျပာဘူး။ ဒီအေနအထားအတိုင္း ကြၽန္ေတာ္တို႔ သုံးမိနစ္ေလာက္ ၾကာသြားတယ္။ ကြၽန္ေတာ္က သူ႔လက္ေတြကို ႏွိပ္ေပးသလိုမ်ိဳး ဆုပ္နယ္တယ္။ သူ႔ကိုၾကည့္တယ္။ သူ႔လက္ေတြက ၿငိမ္ေနတယ္။ ကြၽန္ေတာ့္ကို တခ်က္တခ်က္မွ ျပန္ၾကည့္တယ္။ ၿပီးေတာ့ ႐ုတ္တရက္ သူ႔ညာလက္ကို ဆြဲထုတ္သြားၿပီး စားပြဲခုံကို လက္သီးနဲ႔ ထုခ်လိုက္ပါတယ္။
ေဘးဝိုင္းေတြက ကြၽန္ေတာ္တို႔ကို လွည့္ၾကည့္တယ္။
“သီရိ … ငါတို႔ စိတ္ခ်ရတဲ့ ေနရာကို သြားၾကမလား။ ဒီမွာ လူမ်ားလြန္းတယ္။”
သီရိက ေဘးဘီကို လွည့္ၾကည့္လိုက္ၿပီး ေခါင္းညိတ္ျပတယ္။ “ေဆာရီး၊ ငါတခ်က္ စိတ္လြတ္သြားတယ္။” လို႔လည္း ေျပာပါတယ္။
အခ်ိန္လည္း ရေနေသးသလို ခ်က္ခ်င္းလည္း ထမထြက္ခ်င္ေသးတာေၾကာင့္ ေကာ္ဖီကို ကုန္ေအာင္ ဆက္ေသာက္ ေနလိုက္တယ္။ သီရိကေတာ့ ေခ်ာကလက္ကိတ္ကို မထိပါဘူး။ ဘာမွလည္း မေျပာဘူး။ ဒီတိုင္း ထိုင္ေနတယ္။ ကြၽန္ေတာ္လည္း စိတ္ခ်ရတဲ့ ေနရာ ဘယ္ေနရာကို သြားရမလဲ စဥ္းစားေနလိုက္တယ္။ သီးသန႔္ခန္းရတဲ့ ဆိုင္တစ္ဆိုင္ေတာ့ သိတယ္။ အသံမလုံေပမယ့္ တိုးတိုးေျပာရင္ ရႏိုင္တယ္။
အျပင္မွာ ေနရွိန္မက်ေသးလို႔ ေတာ္ေတာ္ပူေနတယ္။ ထီးကိုထုတ္ၿပီး ႏွစ္ေယာက္အတူေဆာင္းရင္း ကြၽန္ေတာ္တို႔ ဆိုင္ေျပာင္းဖို႔ ထြက္ခဲ့ၾကတယ္။ ဆိုင္အသစ္ကိုေရာက္ဖို႔ ကားလမ္းကူးၿပီး နည္းနည္း ဆက္ေလွ်ာက္ ရမယ္။
လမ္းကူးေနရင္း သူ ကြၽန္ေတာ့္လက္ကို လာကိုင္တယ္။ ႐ုတ္တရက္မို႔ သူ႔ကို ၾကည့္မိေတာ့ သူက ကားေတြကိုပဲ ၾကည့္ေနတယ္။ အသင့္ျပန္ဆုပ္ကိုင္လိုက္ရင္း ကြၽန္ေတာ္တို႔ ဟိုဖက္ျခမ္းကို ေရာက္တယ္။ ဒါေပမယ့္ လက္ေတြကိုေတာ့ မျဖဳတ္ျဖစ္ၾက။
“နင္က စိတ္မတိုတတ္ဘူး ထင္တယ္။” လို႔ သူ ကြၽန္ေတာ့္ကို မၾကည့္ဘဲ ေျပာတယ္။
“ဘာလို႔လဲ။”
“မသိဘူး။ နင္စိတ္တိုတာ တစ္ခါမွ မျမင္ဘူးလို႔။” လို႔ သူေျဖပါတယ္။
“ငါ့ကိုယ္ငါေတာင္ သတိမထားမိဘူး။ ငယ္ငယ္ကေတာ့ ဧည့္သည္စားၿပီးမွ ငါစားရလို႔ ထမင္းမစားဘဲ ႏွစ္ရက္ စိတ္ေကာက္ဖူးတယ္။”
“ဟယ္ … ေနႏိုင္တယ္ေပါ့။” လို႔ သူ အံ့ၾသတဲ့ပုံနဲ႔ ေမးတယ္။
“ေနႏိုင္တာေပါ့။ မုန႔္ေတြ ခိုးစားတာေလ။” လို႔ ကြၽန္ေတာ္ေျဖေတာ့ သူ သေဘာက်သြားပါတယ္။
“နင္စိတ္ေကာက္ပုံႀကီးကလည္းဟယ္။” လို႔ ရယ္ရင္း သူေျပာတယ္။
“စိတ္တိုတတ္လား မတိုတတ္လားေတာ့ မသိဘူး။ စိတ္မရွည္တာေတာ့ သိတယ္။” လို႔ ကြၽန္ေတာ္ စကားဆက္ လိုက္တယ္။
“အဲ့တာေတာ့ သိတယ္။ ဒါေၾကာင့္ နင္ ရည္းစားမရတာ။” လို႔ သူ တစ္ခ်က္ၿပဳံးရင္း ေျပာပါတယ္။
“ငါရည္းစား မရွိဘူးလို႔ နင့္ကို ဘယ္သူေျပာ။ ယုယုလားကြ။” ထီးကို သူ႔ဘက္ ပိုပိုသာသာ ေဆာင္းေပးရင္း ကြၽန္ေတာ္ ေမးလိုက္တယ္။
“မဟုတ္ပါဘူး။ ယုယုနဲ႔ငါက နင့္အေၾကာင္း အားအားယားယား ေျပာေနမယ္ ထင္လို႔လား။” လို႔ ေျပာရင္း သူ မ်က္ေစာင္းထိုး ၾကည့္ပါတယ္။
“ဒါဆို ဘယ္လိုလုပ္ သိလဲ … ကဲ။”
“ငါက ေယာက်္ားေလးတစ္ေယာက္မွာ ရည္းစားရွိ မရွိကို အလိုလို သိႏိုင္စြမ္း ရွိတယ္။ အင္က်ဴအစ္ရွင္း ေပါ့ဟာ။”
“လာေနာက္ေနတယ္။ ဒါဆို ဟိုးေရွ႕က လာေနတဲ့ အစ္ကိုႀကီးမွာ ရည္းစားရွိလား။” မ်က္ႏွာခ်င္းဆိုင္က ခပ္သုတ္သုတ္ ေလွ်ာက္လာတဲ့ လူတစ္ေယာက္ကို လက္ညႇိဳးထိုးျပရင္း ကြၽန္ေတာ္ေမးလိုက္တယ္။ သူက အတည္ေပါက္နဲ႔ လွမ္းၾကည့္တယ္။ ၿပီးေတာ့ ေဗဒင္ဆရာမ တစ္ေယာက္ ေဟာကိန္းထုတ္သလိုမ်ိဳး ေျပာပါတယ္။
“သူ ခုပဲ ရည္းစားနဲ႔ ခ်ိန္းေတြ႕ၿပီး ျပန္လာတာ။”
သူ႔ေလသံက ယုံၾကည္မႈ အျပည့္။ ကြၽန္ေတာ္ ၿပဳံးမိတယ္။ ၿပီးေတာ့ နီးလာတဲ့ ဟိုအစ္ကို႔ကို လွမ္းေမး လိုက္တယ္။ “အစ္ကိုေရ၊ ေကာင္မေလးနဲ႔ ေတြ႕တာ အဆင္ေျပခဲ့လားဗ်။”
တစ္ဖက္လူ ေၾကာင္သြားတယ္။ ၿပီးေတာ့ ဘာေတြလဲကြာ ဆိုတဲ့ အၾကည့္မ်ိဳး ၾကည့္ၿပီး ဆက္ေလွ်ာက္ သြားပါတယ္။ ကြၽန္ေတာ့္ေမးခြန္းကို သူေျဖမသြားတာမို႔ သီရိ မွန္လား၊ မွားလား ကြၽန္ေတာ္တို႔ မသိလိုက္ရဘူး။
“နင္က ငါ့ကို မယုံတာပဲ။” လို႔ သူ မေက်မနပ္ ေျပာတယ္။
“ငါက အၾကားအျမင္ေတြ၊ ေဗဒင္ေတြ မယုံဘူး။ လက္ေတြ႕ပဲ ယုံတယ္။”
ေျပာေနရင္း ကြၽန္ေတာ္ေျပာတဲ့ ဆိုင္ကို ေရာက္သြားတာမို႔ စကားစ ျပတ္သြားပါတယ္။ စားပြဲထိုးကို သီးသန႔္ခန္း ယူမယ္လို႔ ေျပာေတာ့ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကို တမ်ိဳး ျပန္ၾကည့္တယ္။ ဘာမွ ေျပာမေနေတာ့ဘဲ သံပုရာရည္နဲ႔ စေတာ္ဘယ္ရီ တစ္ခြက္စီ မွာၿပီး စားပြဲထိုး ေနာက္ကို လိုက္ခဲ့ၾကတယ္။
အခန္းက က်ယ္ပါတယ္။ ငါးေယာက္ခန္းလို႔ ေျပာတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ႏွစ္ေယာက္တည္းေပါ့။ အဲကြန္းမရွိဘူး။ ပန္ကာေလး တစ္လုံးဖြင့္ထားတယ္။ နံရံေတြက ငါးထပ္သားျပားေတြ။ ပန္းခ်ီကားေတြ ဘာေတြ မရွိဘူး။ နံရံကပ္ ပိုစတာေတာင္ ကပ္မထားဘူး။ နာရီတစ္လုံးေတာ့ ခ်ိတ္ထားပါတယ္။ စားပြဲထိုးက အခန္းတံခါးကို ေစ့ထားခဲ့ၿပီး ျပန္ထြက္သြားတယ္။ ကြၽန္ေတာ္တို႔ေတြ ေနပူထဲက လာတာမို႔ အခန္းထဲေရာက္ေတာ့ ေခြၽးေတြထြက္ လာတယ္။ သီရိက သူ႔အိတ္ထဲက တစ္ရႉးထုပ္ကို ထုတ္ၿပီး ကြၽန္ေတာ့္ကို တစ္႐ြက္ေပးတယ္။ သူလည္း တစ္႐ြက္ယူၿပီး မ်က္ႏွာတဝိုက္ ဟိုတို႔သည္တို႔ လုပ္ေနတယ္။
“ရႈိင္းသူတို႔ အေၾကာင္း ေျပာပါဦး။” လို႔ ကြၽန္ေတာ္ ေမးလိုက္တယ္။
သီရိက ေကာ္ဖီဆိုင္မွာလို မဟုတ္ေတာ့ပါဘူး။ နည္းနည္း ႐ႊင္႐ႊင္ျပျပ ျဖစ္ေနပါၿပီ။
“သူတို႔ကို ေသခ်ာ ေစာင့္ဖမ္းသြားတဲ့ သေဘာပဲ။ အကုန္နီးပါး မိသြားတယ္။ စစ္ေၾကာေရးလည္း ေရာက္ခဲ့ၿပီးၿပီတဲ့။ သူ႔ဆီက တိုက္႐ိုက္ ၾကားရတာေတာ့ မဟုတ္ဘူးေပါ့ဟာ။ ဒါေပမယ့္ နင္လည္း စစ္ေၾကာေရး ဇာတ္လမ္းေတြ ဖတ္ရမွာပဲ။ သြားေတြ ႐ိုက္ခ်ိဴးတာေတြ၊ လက္သည္းခြံ ခြၽတ္တာေတြ၊ အက္စစ္ေလာင္းတာေတြ၊ စအိုထဲအို တုတ္ေတြထည့္တာေတြေရာ။” ဒီေနရာမွာ သီရိ မ်က္ႏွာတစ္ခ်က္ ပ်က္သြားတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ကြၽန္ေတာ္လည္း သူေျပာတာကို နားေထာင္ရင္း ရွားရွားပါးပါး ေဒါသထြက္လာတယ္။
“ငါ့ တယ္လီဂရမ္ကို သူတို႔ ဝင္ၾကေသးတယ္။”
“ဘယ္သူေတြလဲ။”
“ဘယ္သူေတြ ရွိမလဲဟာ။ သူတို႔ SIM CARD ပြားလိုက္တာလား။ ဆက္သြယ္ေရး႐ုံးက တဆင့္ပဲ လုပ္တာလားေတာ့ မသိဘူး။ ငါ့ဆီကို CODE ေတြ က်လာတဲ့အျပင္ တျခားေနရာကေန ဝင္သုံးေနတဲ့ဟာပါ ေတြ႕လိုက္တာ။”
“ဟာ၊ ဘာေတြ သိသြားေသးလဲ။” ကြၽန္ေတာ္ တကယ္စိတ္ပူသြားပါတယ္။
“မသိပါဘူး။ ငါက အရင္ကတည္းက ဒီလို ကိစၥေတြဆို ေျပာထားသမွ် ဖ်က္တာ။ ၿပီးေတာ့ ကံေကာင္းတာက ငါ့ကိုသိတာ ရႈိင္းသူပဲ ရွိတယ္။ က်န္တဲ့ သူတို႔အဖြဲ႕ဝင္ေတြနဲ႔ ငါနဲ႔က တိုက္႐ိုက္မသိဘူးေလ။ ရႈိင္းသူက ငါ့နာမည္ကို မေဖာ္ခဲ့ဘူး။ ဖုန္းနံပါတ္ေတာ့ သူတို႔ဒီလိုပဲ ရသြားတာ ေနမွာေပါ့။”
ကြၽန္ေတာ္ ခုမွပဲ သက္ျပင္းခ်မိတယ္။ စားပြဲထိုးက တံခါးေခါက္ၿပီး ေဖ်ာ္ရည္ႏွစ္ခြက္နဲ႔ အတူဝင္လာတယ္။
“ရၿပီေနာ္ အစ္ကို။” လို႔ ေျပာၿပီး ျပန္အထြက္မွာ တံခါးကို ေစ့ထားခဲ့တယ္။
“ငါနဲ႔အရမ္းရင္းႏွီးတဲ့ သူေတြ အဖမ္းခံရတာ၊ အသတ္ခံရတာမ်ိဳး ငါမႀကဳံေသးဘူး။ နင္ခုႀကဳံရေတာ့ ဘယ္လို ခံစားရလဲ။”
သီရိက စေတာ္ဘယ္ရီေဖ်ာ္ရည္ကို ပိုက္နဲ႔စုပ္ေနရာက ကြၽန္ေတာ့္ကို လွမ္းၾကည့္တယ္။
“မေျပာခ်င္ဘူးဟာ။ င့ါကို ဖက္ထားေပးမလား။” လို႔ သူေျပာေတာ့ ကြၽန္ေတာ္ ခဏေလာက္ ဘာလုပ္ရမွန္းမသိ ျဖစ္သြားတယ္။ ၿပီးမွ သူ႔ပုခုံးေပၚကို ကြၽန္ေတာ့္လက္တစ္ဖက္ တင္ၿပီး ကြၽန္ေတာ့္ပုခုံးေပၚ သူ႔ေခါင္းကို ဆြဲခ် လိုက္ရတယ္။ ဘာဆက္လုပ္ရမွန္း မသိလို႔ သူ႔ဆံပင္ေတြကို ကိုင္ၾကည့္ေနမိတယ္။ ဘာေခါင္းေလွ်ာ္ရည္နံ႔မွ မရေပမယ့္ ကိုင္လို႔ေတာ့ ေကာင္းပါတယ္။ သူက သူ႔မ်က္ႏွာနဲ႔ ကြၽန္ေတာ့္ပုခုံးၾကား ညႇပ္သြားတဲ့ ဆံႏႊယ္တခ်ိဳ႕ကို နား႐ြက္ေနာက္ ျပန္ပို႔ၿပီးမွ ကြၽန္ေတာ့္ပုခုံးေပၚ မ်က္ႏွာျပန္အပ္တယ္။ နံရံေတြနဲ႔ မ်က္ႏွာက်က္ကို ကြၽန္ေတာ္ ေလွ်ာက္ၾကည့္ၿပီး ဇာတ္ကားေတြထဲကလိုမ်ိဳး မီးနီလင္းေနတဲ့ စပိုင္ကင္မရာေလးေတြမ်ား ေတြ႕မိမလား လိုက္ၾကည့္မိတယ္။ ဘာမွမေတြ႕ပါဘူး။
ဒီအေနအထားအတိုင္း အေတာ္ၾကာတယ္။ သူေညာင္းသလို ျဖစ္ရင္ မ်က္ႏွာကို အေနအထား ေျပာင္းတယ္။ ကြၽန္ေတာ့္လက္ေတြကေတာ့ သူ႔ဆံပင္ေတြကို ကိုင္ရတာ ပ်င္းလာရင္ သူ႔ေနာက္ေက်ာကို သပ္တယ္၊ အဲ့တာ ပ်င္းလာရင္ ဆံပင္ေတြကို ျပန္ကိုင္တယ္။ အမွန္အတိုင္း ေျပာရရင္ ကြၽန္ေတာ္ ဘာရင္မွ မခုန္ပါဘူး။
“ေက်းဇူးပဲ။” လို႔ ေျပာၿပီး သူ ခႏၶာကိုယ္ကို ျပန္မတ္လိုက္တယ္။ “နည္းနည္း ေနလို႔ ေကာင္းသြားၿပီ။”
ကြၽန္ေတာ္ သူမွီထားတဲ့ ပုခုံးကို နည္းနည္းဆန႔္လိုက္ေတာ့ သူက ၿပဳံးတယ္။
“ေညာင္းေနတာကို ေအာင့္ခံေနတယ္ေပါ့ေလ။ ငါႏွိပ္ေပးပါ့မယ္။” ေျပာရင္း သူ႔လက္ေလးေတြနဲ႔ ကြၽန္ေတာ့္ပုခုံးကို လာႏွိပ္တယ္။
“ရပါတယ္။ အဲ့ေလာက္မဟုတ္ပါဘူး။ နင့္လက္က ေပ်ာ့တိေပ်ာ့ဖတ္နဲ႔။”
“ဟဲ့၊ မိန္းကေလး လက္ကိုဟ။ ဒီေလာက္ပဲ ရွိမွာေပါ့။” လို႔ေျပာၿပီး သူ ကြၽန္ေတာ့္ကို မ်က္ေစာင္းထိုးတယ္။ ဒီတစ္ခါေတာ့ ကြၽန္ေတာ္ ရင္ခုန္သြားသလားပဲ။
…………….
ဆယ္တန္းေအာင္စာရင္း ထြက္တဲ့ေန႔က ယုယု ကြၽန္ေတာ့္ကို ခုံနံပါတ္ေပးလိုက္တယ္။ သူငယ္ခ်င္း တစ္ေယာက္ရဲ႕ ဦးေလးက ကားနဲ႔လိုက္ပို႔တာနဲ႔ ကြၽန္ေတာ္တို႔ သူငယ္ခ်င္း အဖြဲ႕လိုက္ႀကီး သြားၾကည့္ၾကတာ။ ေယာက်္ားေလးေတြ ခ်ည္းပါပဲ။ ခုေခတ္လို အြန္လိုင္းက ၾကည့္လို႔ မရေသးဘူးေလ။ လူအုပ္ႀကီးထဲမွာ တိုးေဝွ႔ၿပီး ၾကည့္ရတာ။ ခုေတာင္ ဒီေကာင္ေတြ ဘယ္ေရာက္ ေနပါလိမ့္။ ဆယ္တန္းက သူငယ္ခ်င္းေတြလည္း တကၠသိုလ္ မတူေတာ့ စိမ္းသြားၾကတာပဲ။ ေနတဲ့ေနရာ တူလား၊ တက္တဲ့ေက်ာင္းတူလား၊ အလုပ္တူလား၊ ဒါမွမဟုတ္ ဝါသနာနဲ႔ စ႐ိုက္တူလား၊ ဒါမွ သူငယ္ခ်င္း ဆက္ျဖစ္ဖို႔ မ်ားတာ။ ဒါေတာင္ အေၾကာင္းမတိုက္ဆိုင္ရင္ စိမ္းသြားၾကေရာ။
ငယ္ငယ္ကေတာ့ သူငယ္ခ်င္းေတြဆိုတာ ဘဝႀကီးပဲ။ ႀကီးလာရင္ တိုက္ခန္းေလး တစ္ခန္းဝယ္ၿပီး သူငယ္ခ်င္းေတြ ဂိမ္းစုေဆာ့ၾကမယ္တို႔၊ ေဘာလုံးပြဲစုၾကည့္ၾကမယ္တို႔ ေတြးဖူးတယ္။ ခုေတာ့ မျဖစ္ႏိုင္မွန္း သိပါၿပီ။ ငယ္ငယ္ကေတာ့ အိမ္မပိုင္တာ။ ႀကီးလာေတာ့ ေစာ္မပိုင္တာနဲ႔၊ အိမ္ေထာင္က်သြားတဲ့ ေကာင္ေတြဆို မိန္းမကို အားနာရတာနဲ႔။
ေျပာေနတာ ဘယ္ေရာက္သြားမွန္း မသိ။ ေအာ္ … ယုယု။ ယုယုခုံနံပါတ္ကို ကြၽန္ေတာ္ အရင္ၾကည့္တယ္။ သူက ေျခာက္ဘာသာ။ ၿပီးေတာ့ ကြၽန္ေတာ့္ခုံနံပါတ္ … ငါးဘာသာ။ ျမန္မာစာ မပါဘူး။ မွန္းထားတဲ့ အတိုင္းပဲမို႔ ေအးေဆးပါပဲ။ အိမ္ကိုဖုန္းဆက္ၿပီး ေျပာျပလိုက္တယ္။ ၿပီးေတာ့ ျပန္လာတယ္။ အတူတူသြားၾကည့္တဲ့ထဲက က်တဲ့ ႏွစ္ေယာက္ကလည္း အေဖာ္ရလို႔ ေပ်ာ္ေနၾကတယ္။
..……..
“နင္ ဘာတက္မွာလဲ။” လို႔ ယုယုက ကြၽန္ေတာ့္ကို ေမးတယ္။ အမွတ္စာရင္းထုတ္ၿပီး ရပ္ကြက္တူတဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အတူတူ ျပန္ျဖစ္ၾကခ်ိန္ေပါ့။
“မသိေသးဘူး။ ေဆးေက်ာင္းမတက္ဘူး။ ေရေၾကာင္း မတက္ဘူး။ အင္ဂ်င္နီယာ မလုပ္ဘူး။”
“ဘာမတက္ဘူးလဲ ေမးတာ က်ေနတာပဲ။ ငါကေတာ့ civil ပဲ။ ၿပီးရင္ စင္ကာပူ သြားမယ္။”
“ေကာင္းတာပဲ။ နင္က ဟိုမွာ အစ္မရွိထားၿပီးသား ဆိုေတာ့။”
“နင္လည္း တက္ေလ။ ငါနဲ႔အတူ လိုက္ခဲ့ေပါ့ဟ။”
ရန္ကုန္ေနက အၿမဲပူေနေတာ့ ထီးတစ္ေခ်ာင္းေအာက္မွာ အတူတူရွိေနတဲ့ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ တစ္ခါတေလ လက္ေမာင္းခ်င္း တိုက္မိတယ္။ ယုယုအရပ္က ငါးေပေက်ာ္မလားပဲ။
“နင့္ အရပ္ ဘယ္ေလာက္လဲ။” လို႔ ကြၽန္ေတာ္ ေမးလိုက္တယ္။
နားမလည္ႏိုင္သလို ၾကည့္ရင္း ယုယုက ေျဖတယ္။
“ငါးေပေက်ာ္ … လက္ႏွစ္လုံးေလာက္ပိုမယ္။”
“ဘာလဲဟ။ အဲ့လိုေျပာလို႔ ရတယ္လား။”
“မရဘူးလို႔ေရာ နင့္ဘယ္သူေျပာ။ ငါတစ္ခါ တိုင္းဖူးတာ ေပႀကိဳးက ျပတ္ေနတာနဲ႔ ငါးေပထိပဲ ရွိတယ္။ အဲ့တာကို ငါ့အရပ္က လက္ႏွစ္လုံးေလာက္ ပိုေနေသးတာေလ။”
ဘာျပန္ေျပာရမွန္းေတာင္ မသိေတာ့ပါဘူး။ တကယ္ပါပဲ။
………….
ေဝယံ၊ ရဲႀကီး နဲ႔ အာႀကီးတို႔ ကိုေတာ့ တကၠသိုလ္ေရာက္မွ ခင္ခဲ့တာ။ သူတို႔က လက္ရွိ ကြၽန္ေတာ့္ အရင္းႏွီးဆုံးေတြ ဆိုလည္း မွန္တယ္။ လက္ရွိလို႔ ေျပာရတာက အရင္ကလည္း ဒီလိုေတြးခဲ့ေပမယ့္ စိမ္းသြားတဲ့ သူငယ္ခ်င္းေတြ ရွိခဲ့လို႔။ သူငယ္ခ်င္းေတြနဲ႔ ရည္းစားေဟာင္းေတြမွာ ဆင္တာေတြ ရွိတယ္။ တြဲေနတုန္းေတာ့ ေစာက္ရမ္းခ်စ္ၾကတယ္ ထင္ခဲ့တာပဲ။ ၿပီးလည္းၿပီးေရာ သူစိမ္းေတြ ျဖစ္သြားၾကေရာ။ “ခင္ဗ်ားနဲ႔ သူငယ္ခ်င္း တစ္ေယာက္နဲ႔ ဘယ္ေလာက္ၾကာတဲ့ထိ ေစာက္ရမ္း ရင္းႏွီးဖူးလဲ။” မညာတမ္း ေျဖၾကည့္ဗ်ာ။ ကြၽန္ေတာ့္အတြက္ အေျဖကေတာ့ ၇ႏွစ္ပဲ။ ဒါေတာင္ ၇ႏွစ္လုံး အဆင္ေျပခဲ့တာေတာ့ မဟုတ္ဘူး။ ၾကားထဲမွာ စိမ္းသြားတဲ့ ကာလတိုေလးေတြ ရွိခဲ့ေသးတာ။
စိုးသူတို႔ မင္းသားအဖြဲ႕နဲ႔ဆို မူလတန္းၿပီးကတည္းက ျပန္မဆုံျဖစ္ေတာ့ဘူး။ ေကာင္းပါတယ္။ သူတို႔နဲ႔ ကြၽန္ေတာ့္မွာ ေကာင္းတဲ့ အမွတ္တရေတြပဲ ရွိခဲ့ၾကတယ္။ ဒီဘက္ေခတ္ ဆိုရွယ္မီဒီယာေတြ ေခတ္စားလာေတာ့ သူတို႔နာမည္ကို ကြၽန္ေတာ္ ႐ိုက္ရွာမိေသးတယ္။ မေတြ႕ပါဘူး။ နာမည္တူေတြကလည္း မ်ားမွမ်ားကိုး။ သတင္းတစ္ပုဒ္ထဲ ဖတ္ဖူးသလို ‘ဘယ္ႏွခုႏွစ္၊ ဘယ္ေက်ာင္းမွာ မူလတန္းတက္ခဲ့ၾကေသာ ဘယ္သူဘယ္ဝါတို႔ ကြၽန္ေတာ့္ကို ဆက္သြယ္ၾကပါ။’ လို႔ ပို႔စ္တင္ရေအာင္လည္း ကြၽန္ေတာ္ သူတို႔ကို မျဖစ္မေန ေတြ႕ခ်င္ေနတာမွ မဟုတ္တာ။ သူတို႔ကလည္း ကြၽန္ေတာ့္ကို ေတြ႕ခ်င္ၾကမွာ မဟုတ္ပါဘူး။ တစ္ခါတေလ ငယ္ဘဝ ဓါတ္ပုံေတြ ျပန္ၾကည့္ျဖစ္ရင္ ကြၽန္ေတာ့္ကို သတိရေကာင္း ရမယ္။ ဒီေလာက္ပဲေပါ့။
အလယ္တန္းေက်ာင္းက သူငယ္ခ်င္းေတြနဲ႔ေတာ့ ေရွ႕မွာေျပာခဲ့ဖူးတဲ့ ႏွစ္ေယာက္ကလြဲရင္ ဘယ္သူနဲ႔မွ ေျပာရေလာက္ေအာင္ မရင္းႏွီးခဲ့ဘူး။ ဒါမွမဟုတ္ ခုခ်ိန္မွာ မရင္းႏွီးေတာ့ဘူး။ အထက္တန္းကဆိုလည္း အတူတူ ထိုင္ခဲ့ၾကတဲ့ သူငယ္ခ်င္းေတြေတာင္ ဆယ္တန္းၿပီးေတာ့ ဘယ္ေရာက္ကုန္မွန္း မသိ။ တခ်ိဳ႕ကလည္း စာေမးပြဲက်လို႔ ေဝးသြား၊ တခ်ိဳ႕ကလည္း တကၠသိုလ္မတူေတာ့ မဆုံျဖစ္။ ဆရာကန္ေတာ့ပြဲေတြ၊ ေက်ာင္းသားေဟာင္း ေတြ႕ဆုံပြဲေတြ ဆိုတာလည္း ကြၽန္ေတာ္က တစ္ေခါက္မွ မတက္။ ေမးထူးေခၚေျပာ ေလး၊ ငါး၊ ေျခာက္ေယာက္ ရွိေပမယ့္ ေနရာေတြ မတူလို႔ မဆုံျဖစ္ၾက၊ မရင္းႏွီးၾက။ ယုယုေလာက္ပဲ။ ရပ္ကြက္ခ်င္း တူတာနဲ႔၊ ေပါင္းလို႔သင္းလို႔လည္း ရတာနဲ႔၊ သူကလည္း တစ္ခုခုဆို လွမ္းလွမ္းေျပာတတ္တယ္။ ဒါေတာာင္ ေယာက်္ားေလး မိန္းကေလး အကန႔္ေတြ ရွိေနေတာ့ သူနဲ႔လည္း တတြဲတြဲ ျဖစ္ရေလာက္တဲ့ထိေတာ့ မဟုတ္ဘူး။။ တကၠသိုလ္ မွာလည္း စာအတူတူစုလုပ္၊ ဂိမ္းအတူတူစုေဆာ့ ခဲ့ၾကေပမယ့္ ပထမႏွစ္က စလို႔ အဖြဲ႕ေလးေတြ ကြဲသြားလိုက္တာ ေက်ာင္းလည္းၿပီးေရာ သိပ္မက်န္ဘူး။ မစၥတာျမလိုမ်ိဳး လုံးဝစိမ္းသြားတဲ့ သူငယ္ခ်င္းေတြလည္း ရွိတာပဲ။ ျပန္ေကာက္ရရင္ ေဝယံတို႔အဖြဲ႕နဲ႔က ရင္းႏွီးခ်ိန္ အၾကာဆုံးေပါ့။
“ဆယ္တန္းေအာင္ၿပီးၿပီးခ်င္း စလုံးမွာ ေက်ာင္းသြားတက္ဖို႔ လုပ္လိုက္ေသးတယ္။ ၿပီးေတာ့ ဟိုမွာ အလုပ္လုပ္ရမွာနဲ႔ ေက်ာင္းနဲ႔ ေစာက္ရမ္းပင္ပန္းမယ္ ဆိုလို႔ မသြားေတာ့တာ။” လို႔ ေဝယံတစ္ခါ ေျပာဖူးတယ္။ အာႀကီးေနတဲ့ အေဆာင္မွာ ကြၽန္ေတာ္တို႔ စုအိပ္ၿပီး ဖဲ႐ိုက္ျဖစ္ၾကတာ။
“သြားမေနပါနဲ႔ကြာ။ ျမန္မာႏိုင္ငံမွာလည္း အရည္အခ်င္းရွိရင္ တစ္လ တစ္ေထာင္ေလာက္ေတာ့ ရပါတယ္။ ဟေရာင္ ေမာင္တိုး … မင္း သီခ်င္းႀကီး ေျပာင္းဦး။” လို႔ ရဲႀကီးက ေဝယံ့ကို ေျပာရင္း ကြၽန္ေတာ့္ကို လွမ္းေအာ္တယ္။ ကြၽန္ေတာ္က ‘Take me to your heart’ သီခ်င္းကို repeat နဲ႔ဖြင့္ထားတာ။ ဒီသီခ်င္းနဲ႔ဆို ဖဲေကာင္းလို႔။
“ေအး၊ ငါကလည္း ဆယ္တန္းေတာင္ ဉာဏ္ေကာင္းလို႔ ေအာင္လာတာ။ ဘာမွ ႀကိဳးစားခ်င္တာ မဟုတ္ဘူး။” လို႔ ေဝယံက ျပန္ေျပာတယ္။
“အကုန္ အတူတူပဲ ဟေရာင္။ ခု တကၠသိုလ္ေရာက္ေတာ့ သိသာတယ္။ တစ္ႏွစ္တစ္တန္းေတာင္ ကံေကာင္းလို႔ ေအာင္တာ။ ေက်ာင္းေတာ့ ၿပီးေလာက္ပါတယ္။” လို႔ သီခ်င္းကို random mode ေျပာင္းရင္း ကြၽန္ေတာ္ ေျပာလိုက္တယ္။
“ငါတို႔ထဲက တစ္ေယာက္ေယာက္ က်က်န္ခဲ့ရင္ ဘယ္လိုေနမလဲ မသိဘူးေနာ္။” လို႔ ေဝယံက ေျပာရင္း ပစ္ဖဲကို ခ်တယ္။
ရဲႀကီးက ေဝယံပစ္တဲ့ ဖဲကို စားလိုက္တယ္။ “အဖြဲ႕ထဲက ကြဲသြားမယ္ ထင္တယ္။” လို႔လည္း ေျပာတယ္။
“ထားပါကြာ။ စိတ္ရႈပ္စရာေတြ လာေျပာေနတယ္။ ဘယ္သူမွ မက်ဘူး ဟေရာင္။ ငါေျပာရဲတယ္။” လို႔ အသံတိတ္ေနတဲ့ အာႀကီးက ဝင္ေျပာပါတယ္။
“ဒီတိုင္းေတြးၾကည့္တာပါကြာ။ မက်ရင္ေတာ့ အေကာင္းဆုံးေပါ့။”
“မင္းပဲက်ေဟ့။ ငါကေတာ့ ေဒါင္းၿပီ။” လို႔ ေျပာရင္း အာႀကီးက ဖဲခ်ပ္ေတြကို စီေနပါတယ္။ ဒါေပမယ့္ သူဘယ္လိုစီစီ တစ္ခ်ပ္လိုေနတယ္။
“ဟေရာင္ … အာႀကီး၊ အကြက္လာေ႐ႊ႕ေနတယ္။ ဒါမ်ိဳး မင္းတို႔႐ြာမွာပဲ သြားလုပ္။” လို႔ ရဲႀကီးက ထေအာ္တယ္။ “စည္းမ်ဥ္း နံပါတ္ သုံး၊ အလုံး အကုန္ေလ်ာ္၊ အလယ္ပုံထပ္စိုက္။” လို႔ ကြၽန္ေတာ္က ေျပာေတာ့ “ေလ်ာ္…ေလ်ာ္” ဆိုၿပီး ဝိုင္းေအာ္ၾကတယ္။ အာႀကီးက မ်က္ႏွာငယ္ေလးနဲ႔။ ကြၽန္ေတာ္တို႔ကေတာ့ ရယ္ၾကတာေပါ့။ ကြၽန္ေတာ္ ဖဲေဝမွားလို႔ ေလ်ာ္ခဲ့ရစဥ္ကလည္း အာႀကီး ဝိုင္းရယ္ခဲ့တာပါပဲ။ ကြၽန္ေတာ္တို႔ အဖြဲ႕က ဖဲ႐ိုက္ရင္ တဟီးဟီး တဟားဟားနဲ႔။ ဖဲ႐ိုက္တာနဲ႔ေတာင္ မတူဘူး။
ေပ်ာ္စရာ ေန႔ရက္ေဟာင္းမ်ားေပါ့ေလ။
…………
ကားကို လမ္းေဘးခ်ရပ္ခဲ့ၿပီး ေဝယံနဲ႔ ကြၽန္ေတာ္ ဘီယာဆိုင္ထဲကို ဝင္ခဲ့ၾကတယ္။ ေသာၾကာ၊ စေနလည္း မဟုတ္ပါဘဲ ဝိုင္းလြတ္ေတာင္ သိပ္မရွိခ်င္ေတာ့။ တစ္ေနရာမွာ ထိုင္ၿပီး အျမည္းေတြ မွာလိုက္တယ္။ စည္က ဘာရလဲဆိုေတာ့ “ျမန္မာပဲ ရမယ္ အစ္ကို။” ဆိုလို႔ ဟန္နီကန္ တစ္ဘူးစီ မွာျဖစ္တယ္။ ေရခဲေသတၱာထဲ ထည့္ထားၿပီး အျမည္းေတြရမွ ထုတ္ေပးဖို႔ ေဝယံက အတြန႔္တက္ လိုက္ေသးတယ္။ စားပြဲထိုးေလး ထြက္သြားေတာ့ ထုံးစံအတိုင္း ေဝယံ စကားကို ခပ္အုပ္အုပ္ စေျပာတယ္။
“လူေတြ ျပည့္ေနတာပဲေနာ္။ အကုန္လုံး ျမန္မာခြက္ ေတြခ်ည္းပဲ။ လီးပဲ။”
“ေအး။ ဘြိဳင္းေကာ့ႀကီး ေအာင္ျမင္ေနတာေပါ့ကြာ။” ကြၽန္ေတာ္လည္း ၾကည့္ၿပီး စိတ္တိုမိတယ္။ ဝိုင္းတစ္ဝိုင္းဆို ကုမၸဏီဝန္ထမ္းေတြ ျဖစ္မယ္။ ရွစ္ေယာက္ေလာက္ စုၿပီး ေဟးလားဝါးလားနဲ႔ ျမန္မာဘီယာခြက္ေတြ ကိုင္ၿပီး ခ်ီးယားစ္ လုပ္ေနၾကေသးတယ္။ ဘီယာဘူး ေသာက္တာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေလာက္ပါပဲ။
“ဆိုင္ေတြကလည္း မေရာင္းဘဲ မေနႏိုင္ၾကဘူးေလကြာ။ ျမန္မာဘီယာကလည္း တျခားေဂါက္ ေျပာင္းတပ္ရင္ သူ႔ေဂါက္ ျပန္ျဖဳတ္မွာ ဆိုလား။”
“ဘာျဖစ္ျဖစ္ကြာ။ မေရာင္းဘဲ ေနရင္ ဝယ္ေသာက္ခ်င္ေတာင္ ေသာက္မရဘူးေပါ့ကြ။ စီးပြားေရး သမားကေတာ့ စီးပြားေရးပဲ။ အကုန္ ဗုံးခြဲပစ္ရမွာ။ ဒါမွ မွတ္မွာ။”
ေဝယံက ေတာ္ေတာ္ေပါက္ကြဲေနပုံပါ။ လာရင္းကိစၥကိုေတာင္ သူေမ့ေနတယ္။ တကယ္က သူလည္း အသည္းကြဲလို႔ ဘီယာလာေသာက္တာပါပဲ။ ျမန္မာမေသာက္ဘဲ ဟန္နီကန္ ေသာက္တာေလာက္ ကြာတာပါ။
“ရန္ကုန္၊ မႏၲေလးကေတာ့ ဒီလိုပဲ ဟေရာင္။ ဟိုေန႔က ဖတ္လိုက္ရသလို ျပည္နယ္ေတြကပဲ စၿပီး လြတ္ေျမာက္မယ္ ထင္တယ္။”
“ဒီ အေျခအေနႀကီးက မျဖစ္သင့္ေတာ့ဘူးေလ။ ငါေတာ့ အကုန္ပါေစခ်င္ေနၿပီ။ စစ္ျဖစ္မွာဆိုလည္း အကုန္ျဖစ္ကြာ။ တိုင္းရင္းသားေတြနဲ႔ နယ္ဘက္ကလူေတြပဲ ခံေနရတာ မျဖစ္သင့္ဘူး။ အဲ့တာဆို ငါတို႔လည္း ပါရၿပီပဲ။”
“အဲ့တာေတာ့ လိုဦးမယ္ ထင္တာပဲ။”
စားပြဲထိုး ေကာင္ေလးတစ္ေယာက္က မွာထားတဲ့ အျမည္းေတြ လာခ်တယ္။ ေဝယံေျပာထားတဲ့အတိုင္း ဟန္နီကန္ဘူးေတြပါ တစ္ခါတည္း ယူလာတယ္။ ဒီေကာင့္အိုင္ဒီယာ မိုက္တာပဲ။ ဘီယာဘူးက ေအးစက္ေနတယ္။ ဘီယာဘူးကို ေဖာက္ၿပီး ဖန္ခြက္ထဲ ငွဲ႔ထည့္လိုက္တယ္။ ကြၽန္ေတာ္က ဘူးလိုက္ မေသာက္တတ္ဘူး။
“မင့္ေစာ္နဲ႔က ဘယ္လိုျဖစ္။” အပ္မႈိကင္ တစ္မွ်င္ ႏွစ္မွ်င္ကို တူနဲ႔ ေကာက္ဝါးရင္း ကြၽန္ေတာ္ ေမးလိုက္တယ္။
“မင္းသိတဲ့အတိုင္းပဲေလ။ သူက ေရေပၚဆီပဲ။ ခ်စ္ေတာ့ခ်စ္ပါတယ္။ ဒါမ်ိဳးေတာ့ မရဘူးေလကြာ။”
ေဝယံ့ေကာင္မေလးက ဘြိဳင္းေကာ့ကုမၸဏီ တစ္ခုမွာ လုပ္တယ္။ အာဏာစသိမ္း ကတည္းက သူက အလုပ္ထြက္ခိုင္းေပမယ့္ ေကာင္မေလးက မထြက္ခဲ့ဘူး။ မထြက္တဲ့အျပင္ ဟိုတေလာက ရာထူးတိုးလို႔ ဆိုၿပီး Facebook ေပၚမွာ ႂကြားလိုက္ေသးတယ္။ ဒီအေရးမွာ ဘာမွ ဝင္မပါဘူးလား ေမးရင္ သူလည္း ႏိုင္သေလာက္ အလႉေငြထည့္တယ္လို႔ ေျဖတတ္တယ္။ ဒါေပမယ့္ သူတို႔႐ုံးက လူေတြနဲ႔ TGIF အၿမဲလုပ္တယ္။ Instagram မွာ ပလုံစီေအာင္ ပုံတင္တယ္။ ေဝယံ့ကို ေခၚေပမယ့္ ဒီေကာင္က တစ္ခါမွ မသြားပါဘူး။ မလာလို႔ဆိုၿပီး သူက စိတ္ဆိုးခ်င္ေသးတယ္။ ခုမွ ျပတ္တာ ေနာက္ေတာင္က်တယ္ ေျပာရမယ္။
“ေအး၊ ငါလည္း ၾကည့္မရဘူး။ ျပတ္သြားတာ ေကာင္းတာပဲ။” ဘီယာတစ္က်ိဳက္ ေမာ့ရင္း ကြၽန္ေတာ္ ေျပာလိုက္တယ္။
“ေအးကြာ။ တြဲလာတာ သုံးႏွစ္ေက်ာ္ ဆိုေတာ့ သံေယာစဥ္ေတာ့ ရွိတာေပါ့။ ယူမယ္ေတာင္ ေတြးခဲ့ဖူးတာပဲကို။ အမွတ္တရေတြလည္း အမ်ားႀကီးပဲေလ။”
ေဝယံ့ အသံက မဆိုသေလာက္ တုန္ေနတယ္။ သူတကယ္ ခံစားေနရတာမလို႔ ကြၽန္ေတာ္ ဘာမွ မေျပာေတာ့ဘဲ နားပဲ ေထာင္ေနလိုက္တယ္။ ကိုက္လန္႐ြက္ေၾကာ္ တစ္ဇြန္းစားလိုက္ၿပီးမွ သူစကားျပန္ဆက္တယ္။
“Survival of the fittest တဲ့။ လိုက္ေလ်ာညီေထြ ေနထိုင္ႏိုင္ရမတဲ့။ မျဖစ္သင့္ဘူးကြာ။ ရွင္းေနတာႀကီးကို။ မွန္တဲ့ဘက္ မရပ္ဘဲ လိုက္ေလ်ာညီေထြ ေနေနၿပီး survival ျဖစ္ေနရတာ ဘယ္လိုမွကို မျဖစ္သင့္ဘူး။”
ကြၽန္ေတာ္ ဘာမွ မေျပာေသးဘူး။ ထမင္းေၾကာ္စားၿပီး သူ႔မ်က္ႏွာကို ၾကည့္ေနလိုက္တယ္။ ကြၽန္ေတာ္တို႔က ဘီယာေသာက္တယ္သာ ေျပာတာ ဗိုက္ျပည့္ေအာင္ စားၾကတာ မ်ားပါတယ္။ ဘီယာက အမ်ားဆုံး ႏွစ္ဘူးစီ ေလာက္ပဲ။
“ေျပာေသးတယ္။ သူ႔ကို တကယ္မခ်စ္လို႔ ငါက ခုလိုေတြ ျဖစ္တယ္ဆိုပဲ။ ‘လူတစ္ေယာက္ကို ခ်စ္ရင္ ေျပာင္းလဲဖို႔ မႀကိဳးစားဘဲ အဲ့လူရဲ႕ အရွိအတိုင္းကိုပဲ လက္ခံၿပီး ခ်စ္ႏိုင္ရမယ္’ တဲ့။”
“ေအးပါကြာ။ ေစာက္႐ူးအထာေတြ။ ဟေရာင္။ မတန္ဘူး။ အသည္းကြဲမေနနဲ႔။ အသစ္ထပ္ရွာေပါ့ကြာ။” လို႔ ကြၽန္ေတာ္ ဝင္ေျပာလိုက္တယ္။ သူ႔ေကာင္မေလးက လြန္တယ္ေလ။
“ငါအသည္းကြဲလို႔ သက္သက္ ခုလို ျဖစ္ေနတာ မဟုတ္ပါဘူးကြာ။ အလုပ္ကလည္း မရွိ၊ အနာဂတ္ကလည္း ေပ်ာက္၊ ဒီတိုင္း စိတ္ပ်က္ေနလို႔ပါ။”
“ေအး … ဒါဆိုလည္း တျခားအေၾကာင္း ေျပာကြာ။”
ေဝယံၿငိမ္သြားတယ္။ ဘီယာကို ေမာ့ရင္း ေဘးဘီကို ထပ္ၾကည့္ျပန္တယ္။ ၿပီးေတာ့ မ်က္ႏွာရႈံ႕လိုက္ၿပီး
“ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က ငါ့သူငယ္ခ်င္း အဖမ္းခံလိုက္ရတယ္။ ဒီတိုင္း CDM ပဲ လုပ္ထားတာကြာ။ နာမည္လည္း မထြက္ပါဘူး။ အဲ့တာကို ညသန္းေခါင္ ေရာက္လာၿပီး တစ္အိမ္လုံး ေမႊတယ္။ ေတာ္ေသးတယ္။ ဒီေကာင္က ဖုန္းထဲက ဟာေတြ ဖ်က္ထားလို႔။ ဒါလည္း ေခၚသြားတာပဲ။” လို႔ ေျပာတယ္။
“ဟုတ္လား။ ခုထိ ဖမ္းထားတာလား။”
“မဟုတ္ဘူး။ တစ္ညခ်ဳပ္ထားၿပီး ေနာက္ေန႔ ျပန္လႊတ္တယ္။ ပိုက္ဆံေပးရတာေပါ့ကြာ။ ဒီေကာင့္ကို ၾကည့္မရတဲ့ တစ္ေယာက္ေယာက္က သတင္းေပးလိုက္ပုံပဲ။ ေဘာပဲ။ ေစာက္ခ႐ိုနီေတြ ကလည္း သူတို႔ကူရင္ လြယ္မယ့္ဟာကို။ ျပည္သူကိုပဲ အႏိုင္က်င့္တတ္တယ္။” ေဝယံ့စကားက ခ႐ိုနီေတြကို အျပစ္တင္တဲ့ဆီ ေရာက္လာပါၿပီ။
“မင္းလည္း မင္းေျပာသလို အဆုံးထိ မလုပ္ႏိုင္ေသးဘဲ၊ ရေသ့စိတ္ေျဖေလာက္ လုပ္ေနတာပဲကို။” လို႔ ေျပာမယ္ စဥ္းစားလိုက္ေသးေပမယ့္ မေျပာျဖစ္ပါဘူး။ သူလည္း လုပ္သင့္သေလာက္ လုပ္ေနတာ ကြၽန္ေတာ္ သိတာပဲေလ။ အဲ့ဒီအစား
“ငါတို႔ကိုက ကံဆိုးတာပါကြာ။ အိမ္နီးခ်င္းႏိုင္ငံေတြကလည္း မကူ။ အေမရိကန္နဲ႔ UN ကလည္း ဖိန႔္ေနတာနဲ႔ ၿပီး။ ျပည္သူေတြဆိုတာေတာ့ ဒီေလာက္ပါၾကတာပဲ ေက်းဇူးတင္ဖို႔ ေကာင္းေနၿပီ။” လို႔ပဲ ေျပာျဖစ္တယ္။
“ကံေတြဘာေတြေတာင္ သိပ္မစဥ္းစားျဖစ္ေတာ့ဘူး။ မအလ လုပ္ပုံနဲ႔ ဒီေကာင္ ေျမၿမိဳသင့္ေနတာ ၾကာၿပီ။ ခုက် သာသနာျပဳမင္းလိုလို ဘာလိုလို။ ဘာလဲကြ။ လူေတြစိတ္ညစ္ေအာင္လုပ္၊ သတ္ျဖတ္ဖိႏွိပ္ထားၿပီး နာမည္ႀကီး ဘုန္းႀကီးေတြကို လႉျပတာနဲ႔ ကုသိုလ္ေတြ ရေရာလား။”
“ေအးေလ … ပိုက္ဆံေတြကလည္း မေတာ္မတရား ရွာထားတာေတြ။” လို႔ ကြၽန္ေတာ္ ေထာက္လိုက္တယ္။ ေဝယံက စားပြဲထိုးတစ္ေယာက္ကို လက္ယပ္ေခၚၿပီး ဟန္နီကန္ ေနာက္ထပ္ ႏွစ္ဘူးလို႔ ေျပာတယ္။ ေရခဲေသတၱာထဲ ထည့္ထားဖို႔ မွာၿပီး ဝက္နံ႐ိုးကင္ တစ္ပြဲ ထပ္မွာတယ္။
“ျမန္မာျပည္က လူေတြ ဘာသာေရး လုပ္တာ အေပၚယံေတြပါကြာ။ ဒီမတရားမႈႀကီးကို မ်က္ျမင္ကိုယ္ေတြ႕ ျမင္ေနပါရဲ႕နဲ႔ မဆိုင္သလိုေနၿပီး ဘုရားသြားျပလိုက္၊ တရားစာေတြရွဲလိုက္နဲ႔။ ငါေတာ့ ရယ္ခ်င္တယ္။ PDF လူငယ္ေတြကိုက် မကူဘူး။ ကေလးေတြ ရွင္ျပဳေပးမယ္ ဆိုတာက ရွိေသးတယ္။ တရားစာေပေတြ တကယ္ ထဲထဲဝင္ဝင္ ေလ့လာမယ့္ ရဟန္းမ်ိဳးကို ရဟန္းခံေပးတာ သာဓုေခၚပါတယ္။ ခုဟာက ကေလးေတြ ရွင္ျပဳေပးရင္ အပါယ္ပိတ္မယ္ဆိုတဲ့ ဂ်င္းကို ယုံၿပီး လုပ္ေနၾကတာ။ ငါေတာ့ ရယ္ခ်င္တယ္။”
ရယ္ခ်င္တယ္ ေျပာေပမယ့္ ေဝယံ မရယ္ပါဘူး။ ကြၽန္ေတာ္လည္း စိတ္ေတြညႇိဳးလာတယ္။ ေဝယံ့ရဲ႕ အစြမ္းတစ္ခု ေျပာရမလား။ သူ႔ေဘးကလူကို နာရီပိုင္းအတြင္း မေပ်ာ္မ႐ႊင္ ျဖစ္သြားေစႏိုင္တယ္။ ႏိုင္ငံေရးေတြ မပါခင္ကလည္း “ဘယ္သူေတြ ဘယ္လို အဆင္ေျပေနတာ၊ ငါတို႔ပဲ ေခြးျဖစ္ေနတယ္။” ဆိုၿပီး ဥပမာ ဥပေမယ်ေတြနဲ႔ အၿမဲ ေျပာတတ္တဲ့ေကာင္။
တစ္ခါတေလ ၿမိဳ႕ထဲမ်ား သူနဲ႔ အတူသြားမိရင္ တိုက္ေတြ၊ ၿခံေတြ၊ ကားအေကာင္းစား ေတြကို ေမးေငါ့ျပၿပီး “ငါတို႔တစ္သက္ သူတို႔လို ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူး။” လို႔ ေျပာတတ္တယ္။ စူပါမားကတ္ေတြ၊ ဖက္ရွင္ဆိုင္ႀကီးေတြနဲ႔ ခုလို စားေသာက္ဆိုင္ေတြကို ဝင္မိရင္လည္း “ငါတို႔က အၿမဲတန္း ပိုက္ဆံ ေပးရတဲ့သူပဲ၊ ပိုက္ဆံ ယူရတဲ့သူကို မျဖစ္ေသးဘူး။ ျဖစ္လာမွာလည္း မဟုတ္ပါဘူးကြာ။” လို႔ ေျပာတတ္တယ္။
“ႀကိဳးစားရင္ ျဖစ္ပါတယ္ကြ။” လို႔ တစ္ခါေတာ့ ကြၽန္ေတာ္ ျပန္ေျပာဖူးတယ္။
“ခုေလာက္ ခ်မ္းသာေနတဲ့ သူေဌးေတြထဲမွာ ငါတို႔လို သာမန္မိသားစုကေန ဆင္းသက္လာတဲ့သူ ဘယ္ႏွေယာက္ ပါမယ္ ထင္လဲ။ တစ္ေယာက္မွ မပါဘူးဟ။ ေအာက္ေျခကေန ခ်မ္းသာသြားသူ ဘာညာဆိုတာ ႏိုင္ငံျခားမွာပဲ ရမယ္။ ျမန္မာျပည္မယ္ မျဖစ္ႏိုင္ဘူး။” လို႔ သူ ျပန္ေျပာတယ္။
ကြၽန္ေတာ္လည္း “မင္းကေတာ့ တကယ္ကို စိတ္ညစ္ေအာင္ ေျပာတတ္တဲ့ေကာင္။” လို႔ ေျပာၿပီး စကားျဖတ္ ရပါတယ္။ သူနဲ႔ေျပာၿပီးရင္ ေလာကႀကီးကို မေက်နပ္သလိုလို၊ အရႈံးေပးခ်င္သလိုလို၊ ကိုယ့္ကိုကိုယ္ သိမ္ငယ္သလိုလို ျဖစ္လာတာေတာ့ အမွန္။
………..
ဆယ့္တစ္ခြဲေလာက္မွ ကြၽန္ေတာ္ႏိုးတယ္။ ဖုန္းကို ၾကည့္ေတာ့ မက္စင္ဂ်ာမွာ ယုယု စကားေျပာထားတာ ေတြ႕တယ္။ သူ ခု အဂၤလိပ္စာ လုပ္ေနတာတဲ့။ စင္ကာပူျပန္ဖြင့္တာနဲ႔ စင္ကာပူကို သြားမယ္တဲ့။ အဲ့တာ သူ႔မွာ speaking ေလ့က်င့္ေဖာ္ မရွိလို႔ ကြၽန္ေတာ့္ကို ေခၚတာေပါ့။ ကြၽန္ေတာ္လည္း အားေနတာမို႔ “ရတယ္” လို႔ပဲ ေျပာထားလိုက္တယ္။
ေရခ်ိဳးရင္း ငယ္ငယ္က အျဖစ္အပ်က္တစ္ခုကို သြား သတိရတယ္။ ကမ္းေျခမွာ ေဘာကြင္းစီးေနၾကတာ။ စက္စဲ ျဖစ္မယ္။ ကြၽန္ေတာ္က အျဖစ္အပ်က္ေတြကို မွတ္မိေပမယ့္ နာမည္ေတြဆို သိပ္မမွတ္မိခ်င္ဘူး။ ေမေမ့အသိ အေဒၚႀကီးနဲ႔ သူ႔သားလည္း ပါတယ္။ သူ႔သားက ကြၽန္ေတာ့္ထက္ နည္းနည္းငယ္တယ္။ ဒီေကာင့္ကို ကြၽန္ေတာ္ ၾကည့္မရဘူး။ တစ္ညေနက် အဲ့ေကာင္ေလးစီးတဲ့ ေဘာကြင္းက ေတာ္ေတာ္ေဝးေဝးကို ေရာက္သြားတယ္။ ဘယ္သူမွ သတိမျပဳမိၾကဘူး။ ေကာင္ေလးကိုယ္တိုင္လည္း သတိမထားမိဘူး။ အဲ့ဒီအခ်ိန္က ခံစားခ်က္ကို ကြၽန္ေတာ္ ျပန္သတိရေနတာ။ ကြၽန္ေတာ့္စိတ္ထဲမွာ ေပ်ာ္တာလည္း မဟုတ္၊ ေက်နပ္တာလည္း မဟုတ္၊ ခံစားလို႔ေတာ့ ေကာင္းေနတယ္။ သူ႔ေဘးမွာ ဘယ္သူမွ မရွိတာကို သူသိသြားၿပီး ငိုမွာကို ကြၽန္ေတာ္ ေစာင့္ေနမိတယ္။ ၿပီးရင္ ကြၽန္ေတာ္ သူမ်ားေတြကို ေျပာလိုက္မယ္ ေပါ့ေလ။ ဒါေပမယ့္ လႈိင္းတစ္လုံး အပုတ္မွာ သူ ကြၽန္ေတာ္တို႔နား ျပန္ေရာက္လာတယ္။
အသက္ႀကီးလာခ်ိန္မွာ ဒီအျဖစ္အပ်က္က ကြၽန္ေတာ့္ေခါင္းထဲ ရံဖန္ရံခါ ေရာက္ေရာက္လာတယ္။ ကြၽန္ေတာ္ တကယ္မေကာင္းခဲ့တာပဲ၊ ေကာင္ေလး ပင္လယ္ထဲပါသြားၿပီး ကယ္မရျဖစ္ခဲ့ရင္ေရာ … စတဲ့ အေတြးေတြနဲ႔ေပါ့။
………….
ကြၽန္ေတာ္ ေကာ္ဖီဆိုင္ အေပၚထပ္ကို ေရာက္ေတာ့ ယုယုက INTERCHANGE စာအုပ္ကို ဖတ္ေနတယ္။
“အမွန္အကန္ လုပ္ေနၿပီလားဟ။” လို႔ ကြၽန္ေတာ္ ႏႈတ္ဆက္လိုက္တယ္။
“ေအး ... လုပ္မွ ရေတာ့မယ္။ ထြက္ေျပးတာေတာ့ မဟုတ္ပါဘူးဟာ။ ဒါက အစကတည္းက ငါ့အိပ္မက္ဆိုတာ နင္လည္း သိတာပဲ။” လို႔ ယုယုက မလုံမလဲ ေျပာပါတယ္။
“ငါက ဘာေျပာေနလို႔လဲ။ ထြက္ေျပးေတာ့လည္း ဘာျဖစ္လဲ။ ဟိုဘက္ကေနဆို လြတ္လြတ္လပ္လပ္ေတာင္ ပိုကူႏိုင္ဦးမယ္။ ဒီမွာ သိပ္မလုပ္ႏိုင္တဲ့ သူေတြအတြက္ ႏိုင္ငံျခားသြားတာ ေကာင္းတာပဲ။”
“ငါလည္း ကူႏိုင္တာေတာ့ ကူေနပါတယ္ဟ။ ကလစ္လည္း ပုံမွန္လုပ္ေနပါတယ္။ ဟိုေရာက္ရင္ေတာ့ နင္ေျပာသလို ပိုကူႏိုင္ေလာက္တယ္။ ငါ့အစ္မဆို တစ္လတစ္လ မနည္းဘူး။ ကူႏိုင္တယ္ေလ။” လို႔ သူ ခပ္႐ႊင္႐ႊင္ ေျပာတယ္။
လာခ်တဲ့ ေကာ္ဖီကို တစ္ငုံငုံၿပီး ကြၽန္ေတာ္ သူ႔ေဘးက စာအုပ္ကို လွန္ၾကည့္လိုက္တယ္။ တကၠသိုလ္တက္စဥ္ ကေတာ့ ဒါမ်ိဳး စာအုပ္တစ္အုပ္ ဝယ္ဖူးတယ္။ ဖတ္ေတာ့ မဖတ္ျဖစ္ခဲ့ဘူး။
“ငါက SPEAKING လိုေနတာ။” လို႔ ယုယုက စေျပာတယ္။
“ငါလည္း အဲ့ေလာက္မေျပာတတ္ဘူးေလ။” လို႔ ကြၽန္ေတာ္ ပုခုံးတြန႔္ရင္း သူ႔ကို ျပန္ေျပာလိုက္တယ္။
“နင့္အရင္အလုပ္မွာ အဂၤလိပ္လို ေျပာရတယ္ မလား။”
“နည္းနည္းပါဟာ။”
“ဘာပဲျဖစ္ျဖစ္ နည္းနည္းလည္း နည္းနည္းေပ့ါ။”
အဲ့ဒီေန႔က ကြၽန္ေတာ္တို႔ စ ေလ့က်င့္ျဖစ္တယ္။ would you rather …? ဆိုတဲ့ Pattern တစ္ခုကို သူေ႐ြးထားတယ္။ ႏွစ္မ်ိဳးထဲက တစ္မ်ိဳးေ႐ြးရတဲ့ ဂိမ္းေပါ့ေလ။ ေပ်ာ္ဖို႔ေကာင္းပါတယ္။
“ေကေပါ့ျမဴးဇစ္ တစ္ခုတည္းကို တစ္သက္လုံး နားေထာင္မလား၊ ဂ်ပန္ အားနီးမဲ တစ္ခုတည္းကို တစ္သက္လုံး ၾကည့္မလား။” လို႔ သူစေမးတယ္။ ကြၽန္ေတာ္ ႏွစ္ခုစလုံးကို မႀကိဳက္တာ သူသိတယ္။ သူေက်နပ္ေအာင္ စဥ္းစားခ်င္ေယာင္ေဆာင္ၿပီးမွ “အာနီးမဲ” လို႔ ေျပာလိုက္တယ္။ တကယ္တန္းက် ဘာေျဖေျဖ အေရးမွ မပါတာ။ တကယ္ ျဖစ္တာမွ မဟုတ္။
“ဘာလို႔လဲ။” လို႔ သူေမးတယ္။
“နင္ေျပာတဲ့ ႏွစ္မ်ိဳးလုံးမွာ ငါႀကိဳက္တာေတြ ရွိပါတယ္။ ဒါေပမယ့္ သူ႔အေဖနဲ႔ အေမ ဝက္ျဖစ္သြားတဲ့ ကေလးမေလး ကားေလ၊ အဲ့ဒီကားေၾကာင့္ အာနီးမဲကို ေ႐ြးတာ။” လို႔ ကြၽန္ေတာ္ ရွင္းျပလိုက္တယ္။
“ေအာ္ … ငါသိတယ္။ Sprinted Away.” လို႔ သူေျပာတယ္။ ဟုတ္တယ္။ Sprinted Away. ကြၽန္ေတာ္ေခါင္းညိတ္ ျပလိုက္တယ္။
“ေနာက္တစ္ခု … နင့္မွာ အရမ္းခင္ရတဲ့ သူငယ္ခ်င္းရွိတယ္။ ဒါေပမယ့္ သူ႔ကို နင္မခ်စ္ဘူး။ သူနဲ႔ခင္ခင္မင္မင္ ဆက္ေနခ်င္ရင္ သူ႔ကို ယူရမယ္၊ ဒါမွမဟုတ္ သူ႔ကို တစ္သက္လုံး ဘဝထဲက ထုတ္ပစ္ရမယ္။ ဘာလုပ္မလဲ။”
ယုယုက တစ္ခါတေလ ဒီလို ေခါင္းစားတာေတြ ရွာရွာေဖြေဖြ ေမးတတ္တယ္။ ဒါေပမယ့္ ေအးေဆးပါ။ ဒါက ဂိမ္းတစ္ခုပဲဟာ။
“လြယ္လြယ္ေလးပဲ။ သူ႔ကို လက္ထပ္လိုက္မယ္။ ၿပီးရင္ သူငယ္ခ်င္းလို ေနသြားမွာေပါ့။”
ယုယု ရယ္လိုက္တာ ေတာ္ေတာ္က်ယ္သြားပါတယ္။ ေဘးဝိုင္းက ေကာင္ေလးေတြေတာင္ လွမ္းၾကည့္တယ္။ အဲ့ခါက်မွ ဇတ္ပုၿပီး သူေျပာတယ္။
“နင္ေမးေတာ့ …” တဲ့။
“ငါက တစ္ခုပဲ ေမးမယ္ဟာ။ စင္ကာပူ အပါအဝင္ နင္သြားခ်င္တဲ့ ဘယ္ေနရာကိုမွ နင္မသြားရဘူး။ ျမန္မာျပည္မွာပဲ ေနရမယ္။ ရန္ကုန္မွာပဲ ေနရမယ္။ ဟိုေကာင္ေတြေတာ့ ရႈံးသြားမယ္။ ေနာက္တစ္ခုက နင္က စင္ကာပူမွာ အဆင္ေျပ ေနမယ္၊ ဟိုေကာင္ေတြ ႏိုင္သြားၿပီး ျမန္မာျပည္ကို အၾကာႀကီး အုပ္ခ်ဳပ္မယ္။”
ကြၽန္ေတာ့္ေမးခြန္း အဆုံးမွာ သူ မ်က္ႏွာတည္သြားတယ္။ ႏႈတ္ခမ္းေတြကို သူေစ့တယ္။ ၿပီးေတာ့ ေကာက္ခါငင္ခါ ေျပာတယ္။
“ျပန္ေတာ့မယ္ဟာ” တဲ့။ သူ႔ကို ေစာ္ကားသလို ျဖစ္သြားတာလားပဲ။ ဒါေပမယ့္ ဒါက ဂိမ္းတစ္ခု ပဲေလ။ ကြၽန္ေတာ္ ဘာမွ မရည္႐ြယ္ပါဘူး။
…………..
ငယ္ငယ္က သူငယ္ခ်င္းတစ္ေယာက္ေယာက္ စိတ္ဆိုးသြားမွာကို ေတာ္ေတာ္ေလး ေၾကာက္ခဲ့ဖူးတယ္။ သူတို႔ အမူအယာေတြကို အေသးစိတ္ လိုက္ၾကည့္ၿပီး ကိုယ့္အေပၚ ဆက္ဆံပုံ တစ္ခုခု ခ်ိဳ႕ယြင္းေနၿပီ ဆိုတာနဲ႔ ငါ သူမႀကိဳက္တာ ဘာမ်ား လုပ္မိလို႔လဲ၊ ဘာစကားမ်ား မွားမိလဲ ဆိုၿပီး ေခါင္းပူေအာင္ စဥ္းစားမိတယ္။ ၿပီးရင္ သူ႔ကို အရင္ကထက္ ပိုေရာတယ္၊ ပိုေကာင္းျပတယ္။ ေနာက္ပိုင္းက် ရင့္က်က္လာတယ္ ေျပာရမလား။ သူတို႔ စိတ္ဆိုးေနမွန္းေတာင္ မသိတာေတြ ရွိတယ္။ သိခဲ့ရင္လည္း ငါဘယ္နားမွားသြားလဲ တကူးတက ရွာမေနေတာ့ဘူး။ ကိုယ္တကယ္မွားတာဆို ေတာင္းပန္စရာရွိ ေတာင္းပန္လိုက္တယ္။ မမွားဘူးထင္ရင္ ဒီတိုင္းထားလိုက္တယ္။ ဒီလိုေနရတာ တကယ္စိတ္ခ်မ္းသာတယ္။ သူငယ္ခ်င္းဆိုတာကလည္း အေသးအဖြဲေလးေတြကအစ အထအန ေကာက္ေနလို႔ မရဘူးေလဗ်ာ။ ေတာ္႐ုံတန္႐ုံ ကိစၥေတာ့ နားလည္မႈ ရွိၾကေပါ့။ သူငယ္ခ်င္းေတြၾကားက ရင္းႏွီးမႈ ဆိုတာ တူညီမႈေတြ၊ ၾကာခ်ိန္ေတြနဲ႔ တိုင္းလို႔ မရဘူး။ နားလည္ေပးႏိုင္စြမ္းနဲ႔ပဲ တိုင္းလို႔ ရတယ္။ ကြၽန္ေတာ္ကေတာ့ ဒီလိုပဲ ျမင္တယ္။
ယုယုကိုေတာ့ စာေတြပို႔ၿပီး ေတာင္းပန္လိုက္ပါတယ္။ “နင္နဲ႔ငါ အေၾကာင္းသိေတြပဲ၊ နင့္စိတ္ဘယ္လိုရွိလဲ ဆိုတာ ငါသိပါတယ္။ ငါ့စိတ္ ဘယ္လိုရွိလဲ ဆိုတာလည္း နင္သိပါတယ္။” ဘာညာ စမာကလာ ေပါ့။ သူစိတ္ဆိုးတာ ခဏပါ။ အရင္ကလည္း သုံး၊ေလးခါ ဆိုးဘူးတယ္။ ကြၽန္ေတာ့္ဘက္က သူ႔အေပၚ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ တစ္ခါမွ မမွားဘူးလို႔ ေနာက္ေတာ့လည္း သူစိတ္ဆိုးေျပသြားေရာ။ ခုတစ္ေခါက္လည္း ရက္ပိုင္းနဲ႔ သူျပန္လာေခၚပါတယ္။ ကြၽန္ေတာ္တို႔ေတြ တစ္ပတ္မွာ တစ္ရက္၊ ႏွစ္ရက္ ေကာ္ဖီဆိုင္ကို သြားတယ္။ ကပူခ်ီႏို ႏွစ္ခြက္မွာတယ္။ ခ႐ုေခြမုန႔္လား ဘာလား၊ အလိပ္လိပ္နဲ႔မုန႔္ ႏွစ္ခုမွာတယ္။ ၿပီးေတာ့ အဂၤလိပ္စကားေျပာ ေလ့က်င့္ျဖစ္ၾကပါတယ္။
…………..
အျပင္မွာ ေနေတာ္ေတာ္ပူေနတယ္။ တိုက္ခန္းဝရန္တာကေန အျပင္ကို လွမ္းၾကည့္လိုက္တာ မ်က္လုံးေတြေတာင္ က်ိန္းတယ္။ ဒါနဲ႔ ဖုန္းကိုပဲ ျပန္ၾကည့္ၿပီး ကလစ္ေနလိုက္တယ္။ ဆုရတနာဂိမ္းကေတာ့ ကြၽန္ေတာ္ level 1 ကေန မတက္ဘူး။ သတင္း app မွာလည္း ရာထူးေတြေတာ့ တိုးေနတာပဲ။ ႐ုတ္တရက္ သီရိကို သတိရမိတယ္။ သူနဲ႔ အဆက္အသြယ္ ျပတ္သြားတာ ေတာ္ေတာ္ေတာင္ ၾကာေနၿပီ။ ကြၽန္ေတာ္က အၿမဲေမ့တတ္တယ္။ သူခက္ခဲေနခ်ိန္မွာ ကြၽန္ေတာ္ သတင္းေလာက္ေတာ့ ေမးရမွာမလား။ ခ်က္ခ်င္းပဲ သူ႔ကို မက္စင္ဂ်ာမွာ ရွာလိုက္တယ္။ သူ offline ျဖစ္ေနတယ္။ ဒါနဲ႔ အျပင္ဖုန္းကေနပဲ ေခၚလိုက္တယ္။ ဖုန္းဝင္ေပမယ့္ မကိုင္ပါဘူး။ ေနာက္တစ္ႀကိမ္ ထပ္ေခၚလိုက္တယ္။ မကိုင္ျပန္ဘူး။ ေနာက္ထပ္ ႏွစ္ႀကိမ္အျပည့္ ေခၚအၿပီးမွာ ကြၽန္ေတာ္ ရပ္လိုက္တယ္။ ဒီေလာက္ဆို ကြၽန္ေတာ္ အေရးတႀကီး ေျပာစရာရွိတယ္လို႔ သူထင္သြားေလာက္ပါၿပီ။
FRIENDS စီးရီးရဲ႕ အပိုင္းတစ္ပိုင္းကို ျပန္ဖြင့္ၾကည့္ရင္း သူဖုန္းျပန္ဆက္လာမွာကို ေစာင့္ေနလိုက္တယ္။ အမ္မလီနဲ႔ ေရာ့ခ္ မဂၤလာေဆာင္ၾကတဲ့အခန္း။ ကြၽန္ေတာ္က ေရာ့ခ္ကို အမ္မလီနဲ႔ သေဘာတူတယ္။ အမ္မလီက ခ်စ္စရာေကာင္းတယ္။ သူ႔ရဲ႕ ၿဗိတစ္ေလသံေၾကာင့္လည္း ပါမလားပဲ။ သူတို႔ေတြ႕တာ မၾကာေသးဘူး ဆိုေပမယ့္ သူတို႔ တကယ္ခ်စ္ၾကတယ္လို႔ ခံစားမိတယ္။ ဒါေပမယ့္ ကိုယ့္လူက လူေရွ႕သူေရွ႕ ကတိကဝတ္ျပဳမွပဲ အမ္မလီလို႔ ေျပာရမယ့္အစား ေတာက္ေလွ်ာက္ခ်စ္လာခဲ့တဲ့ ေရခ်ယ့္နာမည္ကို မွားေျပာလိုက္တယ္ေလ။ စစၾကည့္ၾကည့္ခ်င္း ဒီဇာတ္ကြက္က အဓိပၸာယ္မရွိဘူးလို႔ ကြၽန္ေတာ္ထင္ခဲ့ေသးတယ္။ ေနာက္ ၾကာလာေတာ့ ဒါျဖစ္တတ္တာပဲဆိုတာ လက္ခံလာတယ္။ ခင္ဗ်ား တစ္ခ်ိန္လုံး မက္ခဲ့ရတဲ့ အိပ္မက္တစ္ခု ေနရာမွာ တျခားတစ္ခုကို အစားထိုး ပိုင္ဆိုင္ရမယ္ဆိုရင္ အဲ့တစ္ခုကို ခင္ဗ်ား ဘယ္လိုပဲ ျမတ္ႏိုးတန္ဖိုး ထားတယ္ ေျပာပါေစဦးေတာ့၊ ေရရွည္မက္ခဲ့ရတဲ့ အိပ္မက္ကို ခင္ဗ်ား ႐ုတ္တရက္ျဖစ္ျဖစ္ ျပန္တမ္းတမိမွာပဲ မလား။
အပိုင္း ႏွစ္ပိုင္းေလာက္ အၿပီးမွာ သီရိဆီက ဖုန္းဝင္လာပါတယ္။
“ဟယ္လို” တဲ့။ သူ႔အသံကို ကြၽန္ေတာ္မမွတ္မိေတာ့သလိုပဲ။ တစ္ခုခုေပေနတဲ့ လက္နဲ႔ ဖုန္းရဲ႕ FINGER PRINT ကို ဖြင့္ရင္ မပြင့္သလိုမ်ိဳး။
“ဟယ္လို။ ေျပာေလ။ ဘာေျပာမလို႔လဲ။”
သူ႔အသံကို ဒုတိယအႀကိမ္ၾကားမွ ကြၽန္ေတာ္ သတိျပန္ဝင္လာတယ္။
“ငါအလုပ္မ်ားေနတာနဲ႔ နင့္ဆီ ခုမွ ဆက္မိတာ။ ဘာေတြထူးလဲ သိခ်င္လို႔။”
ဒီတစ္ခါ သူ႔ဖက္က အသံတိတ္သြားတယ္။ ခဏေနမွ “ဒီလိုပါပဲ။” လို႔ သူေျပာတယ္။
“မဟုတ္ေသးဘူးေလဟာ။ နင့္ကို အဆက္အသြယ္မလုပ္လို႔ စိတ္ဆိုးေနတာလား။ ငါေတာင္းပန္ပါတယ္။ ငါ့မွတ္ဉာဏ္ အလုပ္လုပ္ပုံက LINEAR မဟုတ္ဘူး။ CURVE လိုမ်ိဳး။ ဘယ္ေလာက္အေရးႀကီးတဲ့ ကိစၥျဖစ္ျဖစ္ CURVE ထိပ္ကို ေရာက္တဲ့အခ်ိန္မွ အျပင္းအထန္ သတိရမိတတ္တာမို႔ပါ။”
သူၿငိမ္ေနေသးတယ္။ ခဏေနမွ “နည္းနည္းေတာ့ စိတ္ထဲ စႏိုးစေနာင့္ ျဖစ္မိတာ ဝန္ခံပါတယ္။ ဒါေပမယ့္ ငါလည္း အပူမေပးခ်င္တာနဲ႔ မဆက္သြယ္ ျဖစ္တာပါ။ ဘာမွ မျဖစ္ပါဘူး။” လို႔ ေျပာတယ္။
“ေအးပါ။ ခုရက္ပိုင္း ဘာေတြ လုပ္ျဖစ္လဲ။”
သူ႔ဖက္က အသံတိတ္ သြားျပန္တယ္။
“ငါ ခု အစ္ကိုႀကီး တစ္ေယာက္နဲ႔ တြဲေနတယ္။” လို႔ သူ တစ္လုံးခ်င္းစီ ေျပာတယ္။ ဒီတစ္ခါ ကြၽန္ေတာ္ အသံတိတ္ အလွည့္ပါ။
“သူက စကားေျပာေကာင္းတယ္။ သူနဲ႔ စကားေျပာေနရရင္ ငါ့ျပႆနာေတြ ခဏေပ်ာက္သြားသလိုပဲ။” လို႔ ကြၽန္ေတာ္မေမးဘဲ သူ ဆက္ေျပာေနတယ္။
“ေအးပါ။ ဒါလည္း လိုအပ္တာပဲ။ တစ္ေယာက္တည္း က်ိတ္ခံစားေနမယ့္ အစားေလ။ ရင္ဖြင့္ေဖာ္ ရွိတာ ေကာင္းတာေပါ့။”
“ႏိုး … ႏိုး။ သူ႔ကို ငါ့ျပႆနာေတြအေၾကာင္း ငါဘာမွ မေျပာဘူး။ ငါ CDM လုပ္ထားတယ္ ဆိုတာေလာက္ပဲ သူသိတာ။ ရႈိင္းသူအေၾကာင္း သူမသိဘူး။ ရႈိင္းသူကိစၥေၾကာင့္ ငါ့ဦးေလးေရာ ငါတို႔အိမ္ေရာ ေငြေတြကုန္ၿပီး စိတ္ပင္ပန္းေနရတာ သူမသိဘူး။ ငါ အိမ္မွာ လူပိုလို ျဖစ္ေနၿပီး ဘာမွ ဝင္မကူႏိုင္လို႔ စိတ္ညစ္ေနတာ သူမသိဘူး။ ဒီတိုင္းပဲ သူက သူ႔အေတြ႕အႀကဳံေတြ ေျပာတယ္။ သူဖတ္ထားတာေတြ ေျပာတယ္။ တစ္ခါတေလ သူနဲ႔တြဲဖူးတဲ့ ေကာင္မေလးေတြ အေၾကာင္း ေျပာတယ္။ ဘာေျပာေျပာ သူက ရယ္ရေအာင္ ေျပာတတ္တယ္။” လို႔ သူ ဆက္တိုက္ ေျပာတယ္။
“ရႈိင္းသူအမႈက မျပတ္ေသးဘူးမလား။”
“အင္း။ ဒါေပမယ့္ တစ္သက္တစ္ကြၽန္း အနည္းဆုံးပဲတဲ့။”
သီရိအသံက ကြၽန္ေတာ့္ေခါင္းထဲက သီရိဆိုတဲ့ အကန႔္ကို အျပည့္အဝ ဖြင့္လိုက္ႏိုင္ပါၿပီ။
“မနက္ျဖန္ ေတြ႕ၾကမလား။ ဟိုတစ္ခါ ဆိုင္က သီးသန႔္ခန္းမွာေလ။” လို႔ ကြၽန္ေတာ္ ေျပာလိုက္တယ္။
“မနက္ပိုင္းဆို ရတယ္။” လို႔ သူျပန္ေျဖပါတယ္။
“အိုေကေလ။ ၉နာရီေလာက္ေပါ့။”
“အင္း၊ ၉နာရီ။” ေျပာၿပီး သူဖုန္းခ်သြားပါတယ္။
…………..
တကၠသိုလ္ ပထမႏွစ္မွာ ကြၽန္ေတာ္ ရည္းစားစထားတယ္။ တကၠသိုလ္ေရာက္ရင္ မျဖစ္မေန ႀကိဳးစားရတာေတြထဲ ရည္းစားထားဖို႔ ပစ္မွတ္ထားတာ ပါတယ္မလား။ သူငယ္ခ်င္းကေတာ့ အတူထိုင္ျဖစ္တဲ့ ေဝယံတို႔နဲ႔ပဲ အဖြဲ႕က်သြားပါတယ္။ အာႀကီးကေတာ့ ဒုတိယႏွစ္မွ သူ႔အေဆာင္သြားရင္း ခင္တာ။ ခုေျပာမွာက ရည္းစားဦးအေၾကာင္း။ သူက သိပ္မေခ်ာဘူး။ မေခ်ာလို႔လည္း ကြၽန္ေတာ့္ကို ျပန္ႀကိဳက္တာ ေနမွာေပါ့။ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္သြားၾကည့္တယ္။ ကန္ေဘာင္သြားထိုင္တယ္။ သူစားခ်င္တဲ့ ဝက္သားတုတ္ထိုးဆိုင္ေတြ ေရာက္တယ္။ တည္းခိုခန္းလား … မေရာက္ျဖစ္ခဲ့ပါဘူးဗ်ာ။ ၃လေလာက္တြဲၿပီး ျပတ္သြားတယ္။ ေက်ာင္းေတြပိတ္ခ်ိန္ သူ႔ေမြးေန႔မွာ ဖုန္းဆက္ဖို႔ကို ေမ့ေနရာက စ ျပတ္တာပဲ။ ေမ့တာကလည္း တစ္ရက္တည္းပါ။ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ စုၿပီး ဂိမ္းေဆာ့ေနၾကတာနဲ႔ ေမ့သြားတာ ထင္တယ္။ ကြၽန္ေတာ္သတိရလို႔ ဖုန္းဆက္ေတာ့ သူမကိုင္ဘူး။ ကြၽန္ေတာ္လည္း ထပ္မဆက္ျဖစ္သလို သူလည္း ျပန္မဆက္ခဲ့ဘူး။ အျပင္မွာ ေတြ႕ေတာ့လည္း ေရွာင္ျဖစ္ၾကတယ္။ FACEBOOK မွာေတာ့ သူငယ္ခ်င္း ေတြေပ့ါ။ ဟိုေန႔ကေတာင္ သူ ကိုရီးယားက ပုံေတြ တင္ထားတာ ေတြ႕လိုက္ေသးတယ္။
တည္းခိုခန္းေရာက္တာက ဒုတိယႏွစ္။ ကြၽန္ေတာ့္ရဲ႕ ပထမအႀကိမ္။ သူကေတာ့ ဒုတိယအႀကိမ္။ ပထမဆုံးအေခါက္က နာလို႔ ခဏနဲ႔ ရပ္လိုက္ရတာတဲ့။ ေျပာတာပဲ။ သူ႔မွာ ရွိသင့္တာေတြ ရွိၿပီး မ်က္ႏွာကလည္း ၾကည့္ေပ်ာ္ရႈေပ်ာ္။ ဒါေပမယ့္ သူ႔ေအာ္သံက ကြၽန္ေတာ့္ကို စိတ္ပ်က္ေစတယ္။ စကားေျပာေနရင္ နားေထာင္လို႔ ေကာင္းတယ္ဗ်။ အသံမေကာင္းတာမ်ိဳး မဟုတ္ဘူး။ ခုလိုေအာ္လိုက္ရင္သာ တစ္မ်ိဳးႀကီး ျဖစ္ေနတာ။ မေျပာတတ္ဘူး။ ကြၽန္ေတာ့္လိင္တံ ေပ်ာ့က်သြားလို႔ “ငါအျပင္မွာ ၿပီးလိုက္တယ္။” လို႔ေျပာၿပီး ကြန္ဒုံးကို အျမန္ခြၽတ္၊ လႊင့္ပစ္လိုက္ရတယ္။ ၿပီးေတာ့ သူ႔ကို ထပ္မဆက္သြယ္ ျဖစ္ေတာ့ဘူး။ သူကလည္း ဒါမ်ိဳးလုပ္ၿပီး မဆက္သြယ္လို႔ စိတ္နာတယ္ ထင္ပါရဲ႕။ ကြၽန္ေတာ့္ကို မဆက္သြယ္ေတာ့ဘူး။ သူ႔ကိုလည္း Facebook မွာ ကြၽန္ေတာ္ ရွာၾကည့္ဖူးတယ္။ ဆႏၵျပပြဲတစ္ခုမွာ သူေႂကြးေၾကာ္ေနတဲ့ ဗီဒီယိုဖိုင္ေလး သူတင္လိုက္ေသးတယ္။ ထူးဆန္းတယ္။ အဲ့ဒီ ဗီဒီယိုထဲက သူေႂကြးေၾကာ္ေနသံကို နားေထာင္ၿပီး သူနဲ႔လုပ္ခဲ့တဲ့ အျဖစ္အပ်က္ကို သတိရသြားတယ္။ ကြၽန္ေတာ္ စိတ္ထလာတယ္ေလ။
………….
ကိုးနာရီ မတ္တင္းေလာက္မွာ ကြၽန္ေတာ္ဆိုင္ကို ႀကိဳေရာက္ေနတယ္။ မနက္ေစာေစာ မထျဖစ္တာ ဘယ္ေလာက္ ၾကာၿပီလဲေတာင္ မသိေတာ့ဘူး။ ဆိုင္ကေတာ့ ဖြင့္ေနၿပီ။ တေနကုန္ ဖြင့္တဲ့ စားေသာက္ဆိုင္ သေဘာမ်ိဳးပါပဲ။ မနက္စာေတြလည္း ရတယ္။ ကိုးနာရီအတိေလာက္မွာ သီရိဆီက ဖုန္းဝင္လာတယ္။ သူထြက္လာေနၿပီတဲ့။ ငါက ေရာက္ေတာင္ေနၿပီ လို႔ ေျပာလိုက္ေတာ့ တယ္ဝီရိယ ေကာင္းပါလား လို႔ ေျပာၿပီး ဖုန္းခ်သြားတယ္။
“နင္ေျပာခ်င္တာ ရွိရင္ ေျပာေနာ္။ ေန႔တိုင္း သီခ်င္းပဲ နားေထာင္ျဖစ္ေနေတာ့ အေျပာင္းအလဲ ျဖစ္ေအာင္ နင္ေျပာတာ လာနားေထာင္တာ။” လို႔ ကြၽန္ေတာ္ ၿပဳံးၿပီး ေျပာလိုက္တယ္။ ဒီတစ္ခါ အခန္းက ျပတင္းေပါက္ ပါတယ္။ မနက္ခင္း ေနေရာင္က ျပတင္းေပါက္ကေန ျဖာက်ေနတယ္။ ကားေတြက လမ္းမေပၚမွာ ေျပးလႊားေနၾကတယ္။ ဒီျမင္ကြင္းကို ကြၽန္ေတာ္ မျမင္ရတာ ၾကာၿပီ။
“ကားေတြ အေတာ္မ်ားတာပဲ။ လမ္းေတြေတာင္ ျပန္ပိတ္ေနၿပီ။” လို႔ သီရိ စကားစတယ္။ ၿပီးေတာ့ “ငါ ကားတိုက္ခံရဖူးတယ္။” လို႔ ဆက္ေျပာပါတယ္။
“ဟုတ္လား။ ဘယ္တုန္းကလဲ။”
“အင္း။ ခုႏွစ္တန္းႏွစ္က။ ေက်ာင္းေနာက္က်လို႔ ငါလမ္းကို အျမန္ျဖတ္ကူးတာ။ ငါ့ေနာက္ေက်ာကို ေလတိုးသလိုမ်ိဳး ခံစားလိုက္ရတယ္။ ပူလည္းပူသြားတယ္။ ငါ့ဆံပင္ေတြ နည္းနည္းေတာင္ ကြၽတ္ပါသြားေသးတယ္ ထင္တယ္။ ငါလန႔္သြားေပမယ့္ အဲ့ဒီအခ်ိန္မွာ ေက်ာင္းကိုပဲ ေရာက္ခ်င္ေနခဲ့တာ။” ေျပာၿပီး သူ ကားလမ္းကို ၾကည့္ေနတယ္။
“ေက်ာင္းတက္ေခါင္းေလာင္းထိုးေတာ့ ငါေက်ာင္းဂိတ္ေပါက္ကို ေရာက္ေနၿပီ။ ငါေပ်ာ္သြားတယ္ သိလား။ ကားတိုက္ၿပီး ေသမလို ျဖစ္တာကို လြတ္ခဲ့လို႔ မဟုတ္ဘူး။ ေက်ာင္းေနာက္မက်လို႔တဲ့။ ျပန္ေတြးၾကည့္ရင္ ေၾကာင္ေတာင္ေတာင္ပဲ။”
“နင့္ေနာက္ေက်ာကို ေသခ်ာ ျပန္မၾကည့္ဘူးလား။ ဘာျဖစ္သြားေသးလဲ။” လို႔ ကြၽန္ေတာ္ ေမးလိုက္တယ္။
“အဲ့ဒီတုန္းက မၾကည့္ျဖစ္ဘူး။ ဒီအေၾကာင္း ဘယ္သူ႔ကိုမွလည္း မေျပာျဖစ္ဘူး။ ေရခ်ိဳးေတာ့ နည္းနည္းနာသလို ခံစားရေပမယ့္ ဒီတိုင္းထားလိုက္တယ္။ မွန္ကေနေတာ့ တစ္ခါ ၾကည့္ဖူးတယ္။ ဘာမွ ေထြေထြထူးထူး မေတြ႕ပါဘူး။” ေျပာရင္း ေနာက္ေက်ာကို သူ စမ္းလိုက္ပါေသးတယ္။ “အဲ့ဒီေနာက္ပိုင္း အိပ္မေပ်ာ္တဲ့ ညေတြဆို ေနာက္ေက်ာက ေအာင့္သလိုလို ျဖစ္ေပမယ့္ စိတ္ေၾကာင့္လို႔ ထင္တာနဲ႔ အိမ္ကိုေတာင္ မေျပာျဖစ္ဘူး။ က်န္တာလည္း ဘာမွ မျဖစ္ပါဘူး။”
“နင့္ဟာကလည္း ဟိုသတင္းထဲကလို ျဖစ္ေနဦးမယ္။ ေခါင္းထဲမွာ အပ္လို အခြၽန္အေသးေလး ဝင္ေနတာကို ႏွစ္ေပါင္းမ်ားစြာ မသိတဲ့ လူႀကီးတစ္ေယာက္ ဆိုတာေလ။ စိတ္ရွင္းသြားေအာင္ ေဆးခန္းျပတာ မဟုတ္ဘူး။” လို႔ ကြၽန္ေတာ္ အျပစ္တင္သလို သူ႔ကို ေျပာလိုက္တယ္။
“ငါမွ စိတ္မရွင္းခ်င္တာ။ ဒီအျဖစ္အပ်က္ကို ငါမွတ္မိေနခ်င္တယ္။ ဒီအျဖစ္အပ်က္ရဲ႕ ရလဒ္အေနနဲ႔ ငါ့ေနာက္ေက်ာက ေအာင့္သလိုလိုေလး ေပၚေပၚလာတတ္တာကိုလည္း ငါစြဲလန္းေနၿပီ။ ဒါေၾကာင့္ ငါ ဒီတိုင္း ထားထားတာ။”
“ေအးပါ။ ဒါဆို ခု ငါ့ကို ဘာလို႔ ေျပာျပတာလဲ။ ငါဘာလုပ္ေပးရမလဲ။”
သီရိ ကြၽန္ေတာ့္ကို ဖ်တ္ခနဲ ၾကည့္တယ္။ ၿပီးေတာ့ စေတာ္ဘယ္ရီမစ္ရွိတ္ကို ပိုက္နဲ႔စုပ္တယ္။ ေခါင္းငုံ႔ထားရင္း
“လွ်ိဳ႕ဝွက္ခ်က္အျဖစ္ သိမ္းထားေပးေလ။” လို႔ ေျပာပါတယ္။
“စိတ္ခ်ပါ။” လို႔ ေျပာၿပီး ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ေရွ႕က သံပုရာရည္ကို ေသာက္ေနလိုက္ပါတယ္။
မီးပြိဳင့္မိလို႔ ကားေတြရပ္သြားတာကို ႏွစ္ေယာက္သား ေငးေနမိၾကတယ္။ တစ္မိနစ္ခြဲ ၾကာတယ္ ထင္တာပဲ။ ကားေတြ ျပန္ေ႐ြ႕တဲ့ အထိ သူစကားမေျပာေသးတာနဲ႔ ကြၽန္ေတာ္ပဲ စကားစလိုက္ ရတယ္။
“ငါလည္း လွ်ိဳ႕ဝွက္ခ်က္ တစ္ခု ေျပာျပမယ္။”
သူက ေခါင္းခါတယ္။ “ရပါတယ္။ ငါေျပာလို႔ နင္ျပန္ေျပာရမယ္လို႔မွ မဟုတ္တာ။ ငါ့ဘာငါ ေျပာခ်င္လာလို႔ ေျပာလိုက္တာပါ။” လို႔ ေျပာတယ္။
“ငါလည္း ေျပာခ်င္လာလို႔ ေျပာမွာပါ။ ဆယ္တန္းႏွစ္က ယုယုတို႔အိမ္ကို တစ္ခါေရာက္ေတာ့ ယုယုအေမက ဓါတ္ပုံအယ္ဘမ္ တစ္အုပ္ကို ၾကည့္ေနတာ။ ငါလာတာေတြ႕ေတာ့ သူက မီးဖိုေခ်ာင္ထဲ ထသြားၿပီး လက္ဖက္သုပ္လို မ်ိဳးေပါ့၊ တစ္ခုခုသြားလုပ္တယ္။ ဓါတ္ပုံအယ္ဘမ္ကို သူခ်ခဲ့တာနဲ႔ ငါလွန္ၾကည့္မိတယ္။ ယုယုအစ္မက ကမ္းေျခတစ္ခုမွာ ေဘာင္းဘီတိုေလးနဲ႔ ေက်ာေပးၿပီး မ်က္ႏွာက တစ္ေစာင္းေလး ႐ိုက္ထားတာ။ ငါအၾကာႀကီး ၾကည့္မိတယ္။ ၿပီးေတာ့ မသိမသာ ျပန္ခ်ထားလိုက္တယ္။ တစ္ပတ္ေလာက္ သူ႔ပုံက ငါ့စိတ္ထဲမွာ စြဲေနတာ။ ငါ မွန္းလည္းမွန္းမိတယ္။” လို႔ ေျပာၿပီး ကြၽန္ေတာ္ သံပုရာရည္ကို ျပန္ေသာက္လိုက္တယ္။ နည္းနည္းလည္း ရွက္သလိုလို ခံစားရတယ္။ သီရိမ်က္ႏွာကို ခ်က္ခ်င္း ရင္မဆိုင္ရဲဘူး။
“ငါ ယုယုကို ျပန္ေျပာမွာ နင္ မေၾကာက္ဘူးလား။” လို႔ သီရိက ေမးတယ္။
“ငါက လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို ေျပာရင္ အဲ့လူ ႏႈတ္မလုံမွာကို မေၾကာက္လို႔ပဲ ေျပာတာ။ သူႏႈတ္မလုံခဲ့ရင္ ျဖစ္လာမယ့္ ရလဒ္ကို ငါလက္ခံႏိုင္လို႔ ေျပာတာ။ ေနာက္တစ္ခုက လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို ေျပာလိုက္ျခင္းဟာ အဲ့လူရဲ႕ ယုံၾကည္ရမႈ ေရခ်ိန္ကို တစ္ခါတည္း တိုင္းၿပီးသား ျဖစ္သြားတယ္လို႔ ငါထင္တာပဲ။”
“ၿပီးတာပဲ။” လို႔ သူေျပာပါတယ္။ “နင္တို႔ ေယာက္်ားေလးေတြအဖို႔ ေကာင္မေလး တစ္ေယာက္ကို မွန္းတာ ဘာမ်ား ဆန္းလို႔လဲ။” လို႔ သူထပ္ေျပာပါ ေသးတယ္။
အဲ့ဒီအခ်ိန္မွာ သူဖုန္းဝင္လာတယ္။ လက္ညႇိဳးကို သူ႔ႏႈတ္ခမ္းနား ကပ္ေထာင္ျပၿပီး သူဖုန္းကို ကိုင္လိုက္တယ္။
“ဟယ္လို၊ ဟုတ္” “သူငယ္ခ်င္းတစ္ေယာက္နဲ႔ ေတြ႕ေနလို႔” “အိမ္ေရာက္ရင္ လိုင္းေပၚတက္ခဲ့မယ္ေနာ္” “ဟုတ္” “ဟုတ္” “ဂ႐ုစိုက္ေနာ္၊ ဒါပဲ၊ ဒါပဲ” ဆိုတဲ့ သူ႔အသံေတြကို ၾကားရပါတယ္။ ၾကားထဲမွာ တခ်က္တခ်က္လည္း သူ ၿပဳံးလိုက္ပါေသးရဲ႕။
………….
ရဲႀကီးဆီက သိရသေလာက္ အာႀကီးေပ်ာက္ေနတယ္တဲ့။ PDF ထဲ ဝင္သြားတာ ျဖစ္ဖို႔မ်ားတယ္တဲ့။ သူတို႔ဘက္မွာ ႐ြာလုံးကြၽတ္ မီးရႈိ႕ခံရၿပီး ေနာက္ပိုင္း သူေပ်ာက္သြားတာပဲတဲ့။ ကြၽန္ေတာ္တို႔ ေလးေယာက္မွာ ကြၽန္ေတာ္နဲ႔ ေဝယံနဲ႔က အဖြဲ႕ပိုက်သလို ရဲႀကီးနဲ႔ အာႀကီးကလည္း ပိုတြဲျဖစ္ၾကတယ္။ ေနရာေတြနီးတာ ေဝးတာေၾကာင့္ ျဖစ္မယ္ထင္တယ္။ အာႀကီးအေၾကာင္း ေတြးမိေတာ့ ဒုတိယႏွစ္က အေဆာင္ဖဲဝိုင္းမွာ ကြၽန္ေတာ္ ႏိုင္ခဲ့တဲ့ ညကို သတိရတယ္။ သုံးေထာင္BANK ရွမ္းကိုးၿမီး ေဆာ့ၾကတာ တစ္သိန္းနီးပါး ေပါက္တယ္ေလ။ အာႀကီးကလြဲလို႔ ေတာ္ေတာ္မ်ားမ်ား ရႈံးၾကတယ္။ အာႀကီးကေတာ့ ဒိုင္မွာ ဘယ္ေလာက္ ပုံေနပုံေန သူ႔ လစ္မစ္နဲ႔ သူမို႔ သိပ္မထိ လိုက္ဘူး။ ဖဲဝိုင္းသိမ္းၿပီးေတာ့ ညဘက္ဖြင့္တဲ့ ထမင္းေၾကာ္ သြားစားၾကတယ္။ ျပန္လာေတာ့ ဂစ္တာ ေဒါင္ဒင္ေခါက္ၾကတယ္။ အဲ့ဒီမွာ အာႀကီးရဲ႕ လက္သံကို ကြၽန္ေတာ္ ေႂကြသြားတာ။ ကြၽန္ေတာ္က ဂစ္တာနဲ႔ ပတ္သက္လို႔ လိဒ္ေတြ၊ ရစ္သမ္ေတြ၊ ဘာတစ္ခုမွ သိတဲ့ေကာင္ မဟုတ္ဘူး။ အာႀကီးက ႀကိဳးတစ္ေခ်ာင္းခ်င္း ဖိၿပီး တီးျပတာဗ်ာ။ မွတ္မိေသးတယ္။ Pink Floyd ရဲ႕ Wish you were here အင္ထ႐ိုကို တီးသြားတာမ်ား။ သူမ်ား ဂစ္တာတီးရင္ သီခ်င္းလိုက္မဆိုတတ္တဲ့ ကြၽန္ေတာ္ေတာင္ လိုက္ဆိုမိတယ္။
“Did you exchange … A walk on part in the war … For a lead role in the cage …”
အဲ့ဒီေနာက္ပိုင္း စစ္သတင္းေတြကို ပိုဖတ္ျဖစ္လာတယ္။ ကြၽန္ေတာ္တို႔က ပိုနီးစပ္သူကို ပိုစိတ္ပူ တတ္ၾကတာ သဘာဝပဲ ထင္ပါတယ္။ အာႀကီးတို႔ဘက္က တိုက္ပြဲ အေျခအေနေတြ စိပ္ေနတယ္။ ေျမျပင္မွာ စခေတြ အတုံးအ႐ုန္းက်တယ္လို႔ သတင္းေတြကေတာ့ ေရးၾကတယ္။ ေလယဥ္ေတြနဲ႔ ဗုံးက်ဲလို႔ ထြက္ေျပးရတာေတြ၊ pdf တခ်ိဳ႕ အဖမ္းခံရတာေတြလည္း ဖတ္ရတယ္။ ပုံေလးေတြ တက္လာရင္ အာႀကီးမ်ား ပါမလား ၾကည့္မိတယ္။ အားလုံးက pdf ေတြပါပဲ။ ဒါေပမယ့္ အာႀကီးက ကြၽန္ေတာ့္သူငယ္ခ်င္းမို႔ သူ႔ကို ပိုရွာျဖစ္သလို ျဖစ္တာပါ။ ရဲႀကီးဆီက ထပ္သိရသေလာက္ကေတာ့ အာႀကီး pdf ထဲေရာက္ေနတာ ေသခ်ာၿပီတဲ့။ “မင့္ညီမကို စိတ္ခ်၊ ငါေစာင့္ေရွာက္လိုက္မယ္။” လို႔ေတာင္ ရဲႀကီးက ေနာက္လိုက္ေသးသတဲ့။ ေသနတ္လြယ္ထားတဲ့ အာႀကီးရဲ႕ ပုံတစ္ပုံကို ကြၽန္ေတာ္တို႔ ၾကည့္ရတယ္။ ကြၽန္ေတာ့္စိတ္ထဲေတာ့ ဂစ္တာလြယ္ထားတဲ့ အာႀကီးကိုပဲ ျမင္ေနမိတယ္။
“အာႀကီးတို႔ အဖြဲ႕ကိုေရာ ေငြတိုက္႐ိုက္ လႉလို႔ မရဘူးလား။” လို႔ ကြၽန္ေတာ္ ရဲႀကီးကို ေမးလိုက္တယ္။
“ငါေမးထားေသးတယ္။ သူတို႔ဘက္က လိုင္းေတြျဖတ္ထားတာနဲ႔၊ ဒီေကာင္ေရာက္ေနတာကလည္း ေတာထဲဆိုေတာ့ ငါ့စာကို seen ျပဖို႔ကို ေတာ္ေတာ္ၾကာတယ္။ သိရတာနဲ႔ ငါတို႔ လႉၾကမယ္ေလ။ ဒါေပမယ့္ ဘဏ္အေကာင့္ေတြ ဘာေတြလည္း သုံးလို႔ရမွာ မဟုတ္ပါဘူးကြာ။” လို႔ ရဲႀကီးက စိတ္ပ်က္လက္ပ်က္ ေျဖတယ္။
“အာႀကီးက မထင္ရဘူးေနာ္။ တကယ္ႀကီး လုပ္ခ်သြားတာပဲ။” လို႔ ေဝယံက ေရ႐ြတ္တယ္။ သူ အျပစ္ေျပာတာကို နားေထာင္မယ့္ တစ္ေယာက္ေလ်ာ့သြားေတာ့ မေနတတ္ ျဖစ္ေနပုံပဲ။ “ငါတို႔လည္း ဒီေကာင့္လို ျဖစ္ေနရမွာ။” လို႔ သူဆက္ေျပာတယ္။
“အာႀကီးလို မလုပ္ႏိုင္ေသးလည္း တျခားနည္းနဲ႔ ကူၾက႐ုံေပါ့ကြာ။ ကလစ္ျဖစ္တယ္မလား။ ၿပီးေတာ့ ငါတို႔ အလုပ္လက္မဲ့ ျဖစ္ေနတာလည္း တစ္ခုခု ျပန္စဥ္းစားသင့္ၿပီ။ တစ္ခုခုဆို ေငြက မရွိေတာ့ဘူးေလ။” လို႔ ရဲႀကီးက ဝင္ေျပာတယ္။ ကြၽန္ေတာ္ကေတာ့ အာႀကီးကို သတိရတာနဲ႔ ဝိုင္ဖိုင္ ခ်ိတ္ထားတဲ့ တီဗြီကေန Pink Floyd ရဲ႕ wish you were here ကို ရွာဖြင့္လိုက္တယ္။ အင္ထ႐ိုသံကို ၾကားေတာ့ ကြၽန္ေတာ္တို႔ အားလုံး ၿငိမ္သြားၾကတယ္။ ဒါ အာႀကီး အပိုင္ဆုံးနဲ႔ အႀကိဳက္ဆုံး တီးကြက္ပဲေလ။
“လီးပဲကြာ။ ေစာက္ေရေပၚဆီေတြနဲ႔ ေစာက္ပိန္းေတြ၊ သူတို႔ကို ဟိုေစာက္႐ူးေတြနဲ႔ ထားခဲ့ၿပီး က်န္တဲ့သူေတြပဲ လြတ္ေျမာက္သြားရင္ တကယ္ေကာင္းမယ္။” လို႔ ေဝယံက ညည္းျဖစ္ေအာင္ ညည္းလိုက္ပါေသးတယ္။
…………..
ကြၽန္ေတာ့္သူငယ္ခ်င္းေတြက သူလိုကိုယ္လိုေတြ မ်ားပါတယ္။ ဒါမွမဟုတ္ သူလိုကိုယ္လိုေတြကိုပဲ ကြၽန္ေတာ္ ေ႐ြးေပါင္းမိတာလည္း ျဖစ္ႏိုင္တယ္။ ခ်မ္းသာတဲ့ေကာင္၊ ေပၚျပဴလာျဖစ္တဲ့ေကာင္ေတြနဲ႔ ေပါင္းရတာ အာ႐ုံေနာက္တယ္။ ေနရာတကာ သူတို႔က အေရးေပး ခံခ်င္တာမ်ိဴး။ မဟုတ္လည္း လူေတြက သူတို႔ကိုပဲ အေရးေပး ေနၾကေတာ့ ေနရင္းထိုင္ရင္း ကြၽန္ေတာ့္မွာ ကိုယ့္ကိုကိုယ္ သိမ္ငယ္စိတ္ ဝင္ရတတ္ေသး။
အရင္က ေပါင္းခဲ့ၿပီး သူတို႔ ခ်မ္းသာသြားလို႔ ေဝးသြားတဲ့ သူငယ္ခ်င္းေတြလည္း ရွိပါတယ္။ ကြၽန္ေတာ့္ မနာလိုစိတ္ ေၾကာင့္လား၊ သူတို႔ကိုကပဲ အခ်ိဳးေျပာင္းသြားတာလား၊ ေဝးတာေတာ့ ေဝးသြားၾကတာပဲ။ ဆယ္တန္းက သူငယ္ခ်င္း တစ္ေယာက္ဆို ကိုဗစ္ဒုတိယလႈိင္း မတိုင္ခင္ေလးမွာ ေအာက္ဆီဂ်င္အိုးေတြ ေလွာင္ၿပီး ေရာင္းလိုက္တာ ေတာ္ေတာ္ျမတ္သြားတယ္။ ေမေမ ကိုဗစ္ျဖစ္ေတာ့ သူ႔ဆီက ေအာက္ဆီဂ်င္အိုးအေၾကာင္း စုံစမ္းရင္း စကားစပ္မိလို႔ သိတာ။ တစ္အိုးလည္း ဝယ္လိုက္ရတယ္။ ဒါေပမယ့္ဗ်ာ။ အဲ့ဒီအိုးေတြ ေလွာင္ႏိုင္တယ္ ဆိုကတည္းက သူ႔မိဘကလည္း အေနအထားတစ္ခု ရွိလို႔ေပါ့။ ခုေတာ့ ေဆး႐ုံဆက္စပ္ ပစၥည္းေတြ ႏိုင္ငံျခားက သြင္းၿပီး ျပန္ေရာင္းတဲ့ အလုပ္ကို ဆက္လုပ္ေနတယ္။ အရင္က မိဘလက္ျဖန႔္ ေတာင္းသုံးရာကေန ခုေတာ့ သူ႔ကိုယ္ပိုင္ ကားေလးရယ္၊ တိုက္ခန္းေလး တစ္ခန္းရယ္ ပိုင္ေနၿပီ။ ေတာ္လွန္ေရးလား … NUG ဘြန္းစုဝယ္ဖို႔ သြားေျပာတုန္းကလည္း သူမပါခဲ့သလို တျခားကိစၥ တစ္ခုနဲ႔ အလႉေငြ ေကာက္ေတာ့လည္း ေငြျမဳပ္ေနလို႔ လို႔ပဲ သူေျပာခဲ့တယ္။ သူ႔အေမကေတာ့ Facebook မွာ ပို႔စ္တင္ထားတယ္။ သူတို႔ကိုးကြယ္တဲ့ ဆရာေတာ္ ေက်ာင္းသစ္ ေဆာက္ေနတာ သူ႔သားလုပ္အား ဆယ္သိန္းပါလို႔ ဂုဏ္ယူပါသတဲ့။ ကြၽန္ေတာ္ ရယ္ခ်င္သြားတယ္။ အတၱႀကီးတဲ့သူေတြ လႉရင္ နတ္ျပည္ေရာက္ၿပီး အမ်ားအတြက္ ၾကည့္တဲ့သူေတြ မလႉႏိုင္ရင္ ငရဲျပည္ေရာက္မွာလား။ ၿပိဳလဲပ်က္စီးသြားတဲ့ မိသားစုေတြ၊ ရက္ရက္စက္စက္ ႏွိပ္စက္ၿပီး အသတ္ခံလိုက္ရတဲ့ သူေတြ၊ မီးတင္ရႈိ႕ခံလိုက္ရတဲ့ အိမ္ေတြနဲ႔ အတူပါသြားတဲ့ ဘဝေတြ၊ ေပ်ာက္ဆုံးသြားတဲ့ အနာဂတ္ေတြ၊ ျမင္ေနၾကားေနရတဲ့ မတရားမႈေတြ၊ ဒုစ႐ိုက္မႈေတြ၊ အႏိုင္က်င့္မႈေတြ … ကိုယ္ခ်င္းစာတရား၊ လူသားဆန္မႈ၊ ခ်စ္ျခင္းေမတၱာနဲ႔ က႐ုဏာ။ ဒါေတြထက္ အေရးႀကီးတာ ဘာသာေရးဆန္ဆန္ လႉတန္းမႈေတြတဲ့လားဗ်ာ။
………….
“တခ်ိဳ႕ေတြ ေျပာၾကတယ္ မလား။ ‘တစ္ေလာကလုံးက ငါ့ကို မုန္းေနခ်ိန္မွာေတာင္၊ ငါအမွားေတြ လုပ္ေနခ်ိန္ မွာေတာင္ ပစ္ခြါမသြားဘဲ ငါ့ကိုပဲ ခ်စ္ေနခင္ေနတဲ့ သူငယ္ခ်င္းမ်ိဳးကို လိုခ်င္တယ္’ ဆိုတာေလ။ နင္ ဘယ္လိုျမင္လဲ။”
ကြၽန္ေတာ္နဲ႔ ယုယု အဂၤလိပ္စာ ဖရီးဆက္ရွင္ကို ေရာက္ေနပါၿပီ။ အေၾကာင္းအရာ အေနနဲ႔ ခြဲထားတာ မဟုတ္ဘဲ ေရာက္တတ္ရာရာ အေျပာေလ့က်င့္ၾကခ်ိန္ေပါ့။ အေပၚက ေမးခြန္းကို ကြၽန္ေတာ္ေမးေတာ့ ယုယုက သူ႔ထုံးစံအတိုင္း မွတ္စုစာအုပ္မွာ ခဲတံနဲ႔ ေတာင္ျခစ္ေျမာက္ျခစ္ ျခစ္လိုက္တယ္။ ၿပီးမွ
“ငါ့အျမင္ရေတာ့ သူတို႔က တစ္ဝက္တစ္ပ်က္ မွန္တယ္။ တစ္ဖက္မွာ ကိုယ္ေကာင္းေနလို႔ လာေပါင္းတဲ့ သူငယ္ခ်င္းေတြက မစစ္မွန္တတ္ဘူးေလ။ တစ္ဖက္မွာလည္း ကိုယ္ အမွားလုပ္ေနတာေတာင္ မျပဳျပင္ေပးဘဲ ေျမႇာက္ေပးေနတဲ့ သူငယ္ခ်င္းက သူငယ္ခ်င္းေကာင္းမွ မဟုတ္တာ။ အခ်ဳပ္ေျပာရရင္ ဒီစာေၾကာင္းကို ငါနည္းနည္း ျပင္ခ်င္တယ္။ ‘လူ႔သဘာဝအရ ငါတစ္ခါတေလ အမွားလုပ္မိလို႔ ပတ္ဝန္းက်င္က ျပစ္တင္ရႈံ႕ခ်ေနခ်ိန္မွာ ငါ့ကို ပစ္ခြါမသြားဘဲ ခ်စ္ခင္ေပးေနတဲ့ သူငယ္ခ်င္းမ်ိဳးကို ငါလိုခ်င္တယ္။’”
ယုယု အဂၤလိပ္စာက သိသိသာသာ တိုးတက္လာပါတယ္။
“ေကာင္းတယ္။ ငါေျပာခ်င္တာက ခုမွလာၿပီ။ ခု ဒီေတာ္လွန္ေရးမွာ ကိုယ္နဲ႔မဆိုင္သလို ေခါင္းေရွာင္ေနၾကတဲ့ သူေတြကို မိတ္ေဆြသူငယ္ခ်င္း အျဖစ္က ရပ္ပစ္သင့္လား။”
ယုယု ေတာင္ျခစ္ေျမာက္ျခစ္ ျခစ္ျပန္တယ္။
“ရပ္ပစ္လိုက္ရင္ ပိုေကာင္းလာမလား၊ ပိုဆိုးသြားမလား အေပၚ မူတည္တယ္။ ဒါက ရလဒ္ဗဟိုျပဳ စဥ္းစားတာေပါ့။ ခံစားခ်က္ ဗဟိုျပဳ စဥ္းစားတာ ဆိုရင္ေတာ့ နင့္ခံစားခ်က္အတိုင္း လုပ္လိုက္သင့္တယ္။”
“အေျခအေန ဗဟိုျပဳ စဥ္းစားတာဆိုရင္ေရာဟာ။”
“အဲ့တာက ငါ့ကို ေမးရမွာ မဟုတ္ဘူး။ ငါ့ကိုေမးရင္ ငါ့အျမင္ဗဟိုျပဳတဲ့ အေျဖကိုပဲ ရမွာ။ ငါ့အျမင္ကို သိခ်င္တာ ဆိုရင္ေတာ့ ဒီလို … ငါက အဆင့္ သုံးဆင့္ ခြဲထားတယ္။ ဆိုရွယ္မီဒီယာမွာ ဘာမွမတင္ဘူး၊ ဘာမွမလုပ္ဘူးေနာ္။ သူတို႔အေပၚ ငါ ဘယ္လိုမွ မေနဘူး။ တခ်ိဳ႕က် … ေတာ္လွန္ေရးအတြက္ ဘာမွ မလုပ္ဘဲ အေပ်ာ္အပါးပို႔စ္ေတြ ပုံေတြ သီးသန႔္ တင္တယ္။ သူတို႔ကိုေတာ့ ငါ ခ်ဥ္သြားတယ္။ ဒါေပမယ့္ နင့္ကို ငါမေပါင္းေတာ့ဘူးလို႔ေတာ့ သြားမေျပာဘူးေပါ့ဟာ။ သူတို႔လာေျပာရင္ေတာင္ စိတ္မပါ လက္မပါ ေျပာတာမ်ိဴး လုပ္ျဖစ္တယ္။ ေအး၊ ေတာ္လွန္ေရးနဲ႔ ပတ္သက္ၿပီး ထဲထဲဝင္ဝင္ လုပ္ေနသူေတြ၊ ရွဲေန၊ ေရးေန၊ ေျပာေနသူေတြကိုေတာ့ ငါေလးစားတယ္။ တစ္ခါတေလ သူတို႔ကို စကားသြားသြား ေျပာျဖစ္တယ္။ “သတိရတယ္၊ ေနေကာင္းလား၊ ဂ႐ုစိုက္ေနာ္။” စသျဖင့္ေပါ့။ ငါ့အသိေတြထဲမွာ ထဲထဲဝင္ဝင္ လုပ္ေနသူလည္း နည္းပါတယ္။ လုံးဝ ဟိုဖက္ကို ေထာက္ခံေနတာ မ်ိဳးလည္း သိပ္မရွိဘူး။” လို႔ ယုယုက ဒီေမးခြန္းကို ဘာမွမျခစ္ဘဲ ေျဖသြားပါတယ္။ ၿပီးေတာ့ ေကာ္ဖီတစ္ငုံ ငုံတယ္။ တစ္ရႉးနဲ႔ ႏႈတ္ခမ္းကို သုတ္တယ္။ ဘယ့္ႏွယ့္လဲ ဆိုတဲ့အၾကည့္မ်ိဳးနဲ႔ ကြၽန္ေတာ့္ကို ၾကည့္ပါတယ္။
“ငါ ဒီရက္ပိုင္း စိတ္အဆင္မေျပ ျဖစ္ေနတယ္။ အဖမ္းခံရတဲ့ ေက်ာင္းသူေတြကို လိင္ပိုင္းဆိုင္ရာပါ ေစာ္ကားႏွိပ္စက္ တာမ်ိဳး၊ တိုက္ပြဲေဒသမွာ အမ်ိဳးသမီးေတြကို မုဒိမ္းက်င့္ၿပီး သတ္ပစ္တာမ်ိဴး၊ ေယာက်္ားေလးေတြဆိုလည္း နည္းမ်ိဳးစုံ ႏွိပ္စက္ညႇင္းပန္းခံရ၊ ၿပီးေတာ့ လူသားဒိုင္းဆိုတာေတြ … ဒါေတြ ေန႔စဥ္နဲ႔အမွ် ျမင္ေနၾကားေနရေတာ့ …”
ယုယုက ခုံေပၚတင္ထားတဲ့ ကြၽန္ေတာ့္လက္ကို လာကိုင္တယ္။ အစကေတာ့ ခပ္ဖြဖြ၊ ေနာက္ေတာ့ တင္းၾကပ္လာတယ္။
“ငါတို႔လုပ္ႏိုင္သေလာက္ ဆက္လုပ္ၾကတာေပါ့ဟာ။ ငါတို႔ ႏိုင္မွာပါ။” လို႔ အဂၤလိပ္လို သူေျပာတယ္။
“ငါစဥ္းစားၾကည့္တယ္။ ငါတို႔က ကိုယ့္အားကိုယ္ ကိုးေနရတဲ့အခ်ိန္။ ဒါေပမယ့္ မပါတဲ့သူက မပါၾကဘူး။ အဆိုးဆုံးက ဒါႀကီးကို မွန္ပါတယ္၊ မွားပါတယ္ မသိႏိုင္တဲ့သူေတြ။” လို႔ ကြၽန္ေတာ္ ျမန္မာလို ေျပာင္းေျပာလိုက္တယ္။ ဒီလိုဆက္ရွင္ ေတြမွာ ျမန္မာလို မေျပာေၾကးလို႔ သတ္မွတ္ထားေပမယ့္ သူ ကြၽန္ေတာ့္ကို မတားပါဘူး။
“မသိတာ မဟုတ္ပါဘူးဟာ။ မသိခ်င္ေယာင္ ေဆာင္ၾကတာပါ။ သူတို႔အတၱနဲ႔ သူတို႔အက်ိဳးစီးပြား အတြက္ေပါ့။” လို႔ သူ အဂၤလိပ္လို ေျပာတယ္။ ego နဲ႔ self-OKness ဆိုၿပီး သူက သုံးခ်င္သုံးသလို သုံးသြားတာကို ကြၽန္ေတာ္ကလည္း ဘာသာျပန္ခ်င္သလို ျပန္လိုက္တာပါ။
“ငါေျပာဖူးေပမယ့္ ထပ္ေျပာဦးမယ္။ စင္ကာပူသြားဖို႔ လုပ္ေနတာ ထြက္ေျပးတာ မဟုတ္ဘူးေနာ္။ ငါက ဟိုမွာဆို ပိုထိေရာက္ေအာင္ ကူႏိုင္မယ့္သူလို႔ ကိုယ့္ကိုကိုယ္ ျမင္မိတာေၾကာင့္လည္း သြားခ်င္တာ။ နင္လည္း ဒီမွာ မထိေရာက္ဘူး ထင္ရင္ သြားသင့္တယ္။” လို႔ ကြၽန္ေတာ့္လက္ေတြကို ဆုပ္ကိုင္ထားတဲ့ သူ႔လက္ရဲ႕ တင္းအားကို ေလွ်ာ့ခ်ၿပီး သူေျပာတယ္။ အဂၤလိပ္လိုပါပဲ။
“ေတာ္ပါၿပီဟာ။ ငါပ်င္းတာ နင္သိသားပဲ။ ဘဝအသစ္ တစ္ခုကို ငါအစက ျပန္မစခ်င္ေတာ့ဘူး။” လို႔ ကြၽန္ေတာ္လည္း အဂၤလိပ္လို ျပန္ေျပာလိုက္တယ္။
“ျမန္မာႏိုင္ငံႀကီးကို သိပ္ခ်စ္ေနလို႔ေတာ့ မဟုတ္ပါဘူးေနာ္။”
“မဟုတ္ပါဘူး။ အဲ့တာက ငယ္ငယ္က။”
“ဒါဆို ျမန္မာႏိုင္ငံမွာ သိပ္ခ်စ္ရသူ ရွိလို႔လား။” လို႔ သူထပ္ေမးတယ္။ ဒီလိုေမးခြန္းေတြ ေမးတိုင္း သူ႔မ်က္ႏွာကို ကြၽန္ေတာ္ အကဲခတ္မိတယ္။ ဒါေပမယ့္ ဘာအဓိပၸာယ္မွေတာ့ ကြၽန္ေတာ္ ေဖာ္မရဘူး။
“မဟုတ္ပါဘူး။ အဲ့တာလည္း ငယ္ငယ္က။” လို႔ပဲ ကြၽန္ေတာ္ ေျဖလိုက္ပါတယ္။
……….
ငယ္ငယ္က ကြၽန္ေတာ္တို႔ ႏွလုံးသားေတြ ပိုႏုလို႔ ေနမယ္။ ပိုခ်စ္တတ္တယ္၊ ပိုလြမ္းတတ္တယ္၊ ပိုေပ်ာ္တတ္တယ္၊ ပိုငိုတတ္တယ္။ မိုး႐ြာေနတဲ့ ျမင္ကြင္းကို ၾကည့္ၿပီး ခုေလးတင္ ျပန္သြားတဲ့ ဟိုဘက္ရပ္ကြက္က သူငယ္ခ်င္းကို လြမ္းေနမိတာမ်ိဴး။ ေက်ာင္းစဖြင့္တဲ့ ေန႔မွာ အတန္းေဖာ္ သူငယ္ခ်င္းေဟာင္းကို ျမင္လိုက္ရလို႔ ေစာက္ရမ္း ေပ်ာ္သြားတာမ်ိဳး။ က်ိတ္ခိုက္ေနတဲ့ ေကာင္မေလးက ေနာက္တစ္ေယာက္နဲ႔ ပါသြားေတာ့ ငိုမိတာမ်ိဳး။ ခံစားခ်က္ မွန္သမွ်က အႀကီးႀကီးေတြ၊ အိပ္မက္ေတြကလည္း အတိုင္းအဆမဲ့၊ လုပ္ႏိုင္စြမ္းေတြကလည္း အကန႔္အသတ္ မရွိဘူးလို႔ ထင္ခဲ့ၾကခ်ိန္ေတြေပါ့။ “ဒီလမ္းေဘးက ၿခံတစ္ၿခံကို ငါဝယ္ႏိုင္ရမယ္။” လို႔ ဘတ္စ္ကားစီးရင္း ကြၽန္ေတာ္ ေတြးဖူးတယ္။ “ငါ့ဖို႔ပါ ထည့္ျပဳတ္ေပးကြာ။ ေနာင္တစ္ခ်ိန္က် ကမာၻေက်ာ္ ရဲႀကီးကို ငါေခါက္ဆြဲျပဳတ္ေပးခဲ့ဖူးတယ္ ဆိုၿပီး မင္းတို႔ ဂုဏ္ယူလို႔ ရတာေပါ့။” ဆိုၿပီး ရဲႀကီးက ေနာက္ဖူးတယ္။ ေအးေအးေဆးေဆး သမား အာႀကီးေတာင္မွ “ငါ နာမည္ႀကီး ပြဲေတြမွာ ဝင္တီးတဲ့အခ်ိန္က် မင္းတို႔ကို VIP လက္မွတ္ေပးမယ္။” လို႔ ဟာသလိုလို ေျပာဖူးပါတယ္။
FRIENDS စီးရီးကို ေတြ႕ရာအပိုင္း ဖြင့္ထားလိုက္ၿပီး ဟိုဟိုသည္သည္ေတြးရင္း ကလစ္လုပ္ေနခ်ိန္မွာ ဖုန္းဝင္လာတယ္။ ရဲႀကီးဆီကပါ။
“ဟေရာင္ … အာႀကီး တိုက္ပြဲမွာ ဒဏ္ရာရသြားတယ္ ေျပာတယ္။ ေျခေထာက္ျဖတ္လိုက္ရတယ္။” ရဲႀကီးအသံက မဆိုသေလာက္ တုန္ေနတယ္။
“ဟာ … ဟုတ္လား။ မင္းသတင္းက ေသခ်ာရဲ႕လား။” လို႔ သူ႔ကို ျပန္ေမးရင္း ကြၽန္ေတာ္ လွဲေနရာကေန မတ္တပ္ ထရပ္မိတယ္။
“ေအး၊ သူ႔ညီမဆီက တဆင့္ ၾကားတာ။ သူ႔ကို အာႀကီးတို႔ အဖြဲ႕ထဲက တစ္ေယာက္ ဆက္သြယ္တာတဲ့။ ပုံပါ ရထားတယ္။ မက္ဆင္ဂ်ာမွာ ၾကည့္လိုက္။ ငါတို႔ ဂ႐ုထဲ ပို႔ထားတယ္။”
ဖုန္းစပီကာဖြင့္ၿပီး မက္စင္ဂ်ာကို ၾကည့္ၾကည့္ေတာ့ ပုံကို ေတြ႕ပါတယ္။ အာႀကီးက မ်က္ႏွာကို လက္နဲ႔ ကာထားတယ္။ ဒါေပမယ့္ အာႀကီးဆိုတာ ေသခ်ာပါတယ္။ သူဝတ္ထားတဲ့ အက်ႌက ကြၽန္ေတာ္တို႔ ေလးေယာက္ ေဘထုတ္ဆိုင္ကေန အတူေ႐ြးခဲ့ၾကတာေလ။ သူ႔ဘယ္ဘက္ေပါင္ထိပ္မွာ ပတ္တီးေတြ စည္းထားတယ္။
“ေအးကြာ။ ဘယ္လိုျဖစ္ရတာလဲ။” လို႔ ကြၽန္ေတာ္ ေရ႐ြတ္မိတယ္။
“ငါလည္း ေသခ်ာမသိဘူး။ ခုသူ႔အိမ္လည္း ေတာ္ေတာ္ စိတ္မေကာင္းျဖစ္ေနတယ္။ ငါတို႔ ဘာလုပ္ေပးရင္ ေကာင္းမလဲ။”
“အာႀကီး ညီမကို ဆက္သြယ္တဲ့သူက တဖြဲ႕တည္းပဲ မလား။ သူကတဆင့္ ငါတို႔ ေတာ္လွန္ေရးေငြ ပို႔ေပးၾကရင္ေရာ။ ဒါဆို အာႀကီးလည္း ဝမ္းသာမွာ။ အာႀကီးအိမ္ကိုေတာ့ ငါတို႔လည္း စိတ္မေကာင္းဘူးလို႔ ေျပာေပးကြာ။ တစ္ခုခုဆို ငါတို႔ကို ဆက္သြယ္ပါလို႔။”
“ေအး၊ ေဝယံနဲ႔လည္း တိုင္ပင္ၾကတာေပါ့။”
ရဲႀကီး ဖုန္းခ်သြားေတာ့ အာႀကီးပုံကို ကြၽန္ေတာ္ ျပန္ၾကည့္မိတယ္။ မ်က္ႏွာကို လက္နဲ႔ကာထားလို႔ သူ႔မ်က္ႏွာရိပ္ကို ကြၽန္ေတာ္ဖမ္းမရဘူး။ အရင္လို မ်က္ႏွာေသပဲလား။ နာက်င္လို႔ ရႈံ႕မဲ့ေနလား။ နာက်ည္းလို႔ မ်က္ႏွာေၾကာ တင္းေနလား။ လက္ပ္ေတာ့ထဲက ဂ်န္းနက္စ္ရဲ႕ ဆိတ္ရယ္သံ ထြက္လာတယ္။ ကြၽန္ေတာ္နဲ႔ ပထမဆုံး လိင္ဆက္ဆံခဲ့တဲ့ ေကာင္မေလးရဲ႕ ညည္းသံကို ၾကားစဥ္က ခံစားရသလိုမ်ိဳး ခံစားခ်က္ကို ရတယ္။ လက္ပ္ေတာ့ကို ေမွာက္ခ်လိုက္ၿပီး မ်က္လုံးေတြကို မွိတ္လိုက္တယ္။ ေခါင္းထဲမွာ ေလဟာနယ္လိုပဲ။ ရင္ဘတ္ထဲမွာက တစ္ဆို႔ဆို႔။ ကမ္းေျခရဲ႕ ခပ္ေဝးေဝးကို ေရာက္သြားတဲ့ ေကာင္ေလးကို ငိုေစခ်င္ခဲ့မိတဲ့ အခိုက္အတန႔္က ျပန္ေပၚလာတယ္။ Wish you were here ထဲက စာသားတစ္ခုခုကို ဆိုၾကည့္ဖို႔ ႀကိဳးစားေပမယ့္ ဘာမွ ေပၚမလာဘူး။ လက္က ဖုန္းဆီ ေရာက္သြားၿပီး နံပါတ္တစ္ခုကို ေခၚမိတယ္။
“ဟယ္လို … ေျပာ”
“ခဏေန ဟိုဆိုင္မွာ ေတြ႕ရေအာင္။”
“ခ်က္ခ်င္းႀကီးလား။ ငါ အိမ္အလုပ္ေတြ ကူေနရတယ္။”
“ေအာ္ … ေအး၊ ေအး။ ဒါဆိုလည္း ေနာက္မွေပါ့။”
“ညေနေလာက္ဆိုရင္ ….”
ဖုန္းခ်တဲ့ ခလုတ္ကို ႏွိပ္မိသြားလို႔ သူဘာဆက္ေျပာလိုက္လဲ ကြၽန္ေတာ္မသိလိုက္ဘူး။ ခဏေနေတာ့ ဖုန္းျပန္ဝင္လာတယ္။
“စိတ္ဆိုးသြားတာလား။ ဖုန္းခ်ပစ္တယ္။”
“မဟုတ္ပါဘူး။ နင္မအားဘူးဆိုလို႔ေလ။ ဖုန္းခ်တာက အရင္ႏွိပ္မိသြားတာ။”
“ညေနေလာက္ဆို ရတယ္လို႔ ေျပာမလို႔။”
“ေအး၊ အဲ့တာဆိုလည္း ညေနေပါ့။”
“ေအးေအး၊ ငါးနာရီေလာက္ေပါ့။ တာ့တာ။” လို႔ ေျပာၿပီး ဒီတစ္ခါ သူ႔ဘက္က ဖုန္းစခ် သြားတယ္။
ကြၽန္ေတာ္ ဖုန္းေနာက္တစ္လုံးကို ေခၚလိုက္တယ္။
“ေအး၊ ဘာလဲ။”
“နင္အားလား။”
“ခုက အလုပ္ခ်ိန္ႀကီးေလဟာ။ ဘာျဖစ္လို႔လဲ။”
“ဘာရယ္မဟုတ္ပါဘူး။ ဒီတိုင္းပဲ။”
“အမယ္၊ နင္က ဒီတိုင္းဖုန္းဆက္တာ ဘယ္ႏွခါ ရွိဖူးလို႔လဲ။ ေအး … ေအး … အေရးမႀကီးရင္ ေနာက္မွ ျပန္ဆက္လိုက္မယ္။ ေဘာ့စ္ ငါ့ကို ၾကည့္ေနၿပီ။” လို႔ ေျပာၿပီး ဒီတစ္ေယာက္လည္း ဖုန္းခ်သြားျပန္ပါတယ္။
မဝင္တာ ၾကာၿပီျဖစ္တဲ့ Facebook အေကာင့္အတုကို ဝင္လိုက္တယ္။ လိုလိုမယ္မယ္ မွတ္ထားၿပီး တစ္ခါမွ မေျပာဖူးတဲ့ နာမည္တစ္ခုကို Hi လိုက္တယ္။ Wave ထဲကေန အေမာင့္တစ္ခုကို လႊဲလိုက္တယ္။ ၿပီးေတာ့ ကြၽန္ေတာ္ ထြက္လာခဲ့ပါတယ္။
………….
အခန္းနံပါတ္ကို ၾကည့္ၿပီး တံခါးေခါက္လိုက္တယ္။ ငယ္ငယ္႐ြယ္႐ြယ္ ေကာင္မေလးတစ္ေယာက္ တံခါးဖြင့္ေပးတယ္။ အသက္ေတာ့ ျပည့္ၿပီ ထင္တာပဲ။ ဖိနပ္ခြၽတ္ၿပီး အဝတ္အစားေတြပါ ကြၽန္ေတာ္ ခြၽတ္ပစ္ လိုက္တယ္။
“ခ်က္ခ်င္းႀကီးလား။” လို႔ သူ ေမးတယ္။ ကြၽန္ေတာ္ ဘာမွ မေျပာဘဲ သူ႔နားတိုးကပ္သြားတယ္။ သူ႔အက်ႌ ၾကယ္သီးေတြကို ဆြဲျဖဳတ္လိုက္တယ္။ ေမြ႕ယာေပၚ သူ႔ကို တြန္းလွဲလိုက္တယ္။ သူ႔ရင္သားေတြက ေသးေသးေလးေတြ၊ တကယ္ ငယ္ေသးပုံပဲ။
“မင္းအသက္ ဘယ္ေလာက္လဲ။” လို႔ ကြၽန္ေတာ္ေမးလိုက္တယ္။
“ဒီဇင္ဘာဆို ၁၉ ျပည့္ၿပီ။” လို႔ သူေျပာတယ္။
ကြၽန္ေတာ္ဘာမွ ထပ္မေျပာေတာ့ဘဲ သူ႔အတြင္းခံေတြကို ဆက္ခြၽတ္လိုက္တယ္။ ၿပီးေတာ့ သူ႔ေပါင္ေတြကို ၿဖဲၿပီး ကြၽန္ေတာ့္ဟာကို ထည့္လိုက္တယ္။ ေရွာေရွာရႉရႉပါပဲ။ တစ္ခ်က္ခ်င္းေဆာင့္တယ္၊ ခပ္သြက္သြက္ ေဆာင့္တယ္။ သူက မ်က္လုံးေတြကို မွိတ္ထားတယ္။ ကြၽန္ေတာ္လည္း သူ႔လိုပဲ မွိတ္ၾကည့္လိုက္တယ္။ ယုယုအစ္မရဲ႕ ေနာက္ပိုင္းပုံကို ျမင္ေယာင္မိတယ္။ စိတ္ထဲက ေမာင္းထုတ္လိုက္ေတာ့ ပထမဆုံး လိင္ဆက္ဆံေဖာ္ရဲ႕ အသံကို သတိရသြားတယ္။ သူညည္းတဲ့ အသံမဟုတ္ဘူး။ ဆႏၵျပပြဲမွာ သူေအာ္ေနတဲ့ “အေရးေတာ္ပုံ ေအာင္ရမည္” ဆိုတဲ့ အသံပါ။ ကြၽန္ေတာ့္စိတ္ေတြ ပိုထန္လာတယ္။ ပိုၾကမ္းလာတယ္။ “Fuck. Fuck. Fuck.” လို႔ မအလနဲ႔ တကြ ျမန္မာႏိုင္ငံႀကီးကို ဆဲရင္း ကြၽန္ေတာ္ၿပီးသြားတယ္။
ေကာင္မေလးက ေရခ်ိဳးခန္းထဲသြားၿပီး သန႔္ရွင္းေရး လုပ္ေနတယ္။ သူ႔အတြက္ ေငြက ရွင္းၿပီးသားပါ။ သူ႔အထက္က ခ်ိတ္နဲ႔ သူရွင္းလိမ့္မယ္။ ဒါေပမယ့္ အပိုေပးခ်င္တာနဲ႔ သူ႔ပိုက္ဆံအိတ္ထဲကို တစ္ေသာင္းတန္တစ္႐ြက္ ထည့္လိုက္တယ္။ အိတ္ထဲမွာ အလွကုန္ပစၥည္းအခ်ိဳ႕နဲ႔ ေက်ာင္းသားကဒ္တစ္ခုကို ေတြ႕ပါတယ္။ ေမြးသကၠရာဇ္ကို ၾကည့္ေတာ့ သူမလိမ္ဘူးပဲ။ ၿပီးေတာ့ ဖိနပ္ကို သာသာေလး မယူၿပီး တံခါးကို ခပ္ျဖည္းျဖည္း ေစ့ထားခဲ့ပါတယ္။
……….
ငါးနာရီထိုးေတာ့ အိပ္ေပ်ာ္ေနတာနဲ႔ ခ်ိန္းထားတာ မသြားျဖစ္လိုက္ဘူး။ ကြၽန္ေတာ္က အိပ္ရင္ အၿမဲ silent လုပ္ၿပီးမွ အိပ္တာေလ။
………..
“ငါ အလုပ္လုပ္ေနၿပီ။” လို႔ ေဝယံက ေျပာတယ္။ “အာႀကီး ေျခေထာက္ျပတ္တဲ့ပုံကို ၾကည့္ၿပီးကတည္းကပဲ။ ေငြ ေစာက္ရမ္း ရွာခ်င္လာတယ္ကြာ။ ခု ဖုန္းဝယ္ေရာင္းပါ လုပ္ေနတယ္။”
ကြၽန္ေတာ္ ေခါင္းတဆတ္ဆတ္ ညိတ္မိတယ္။ တီဗြီမွာက ခ်ဲဆီးပြဲ လာေနတယ္။ ေဘာလုံးပြဲေတြ ၾကည့္ရတာလည္း အရသာ သိပ္မရွိေတာ့ပါဘူး။ အရင္ကဆို မန္စီးတီးနဲ႔ လီဗာပူးရဲ႕ အားၿပိဳင္မႈေတြ၊ မန္ယူနဲ႔ အာဆင္နယ္ရဲ႕ ႐ုန္းကန္မႈေတြ … ဒါေတြကို ျငင္းၾကခုန္ၾကေပါ့။ ခုေတာ့ ဒါေတြက ျပႆနာမဟုတ္ေတာ့ဘူး။
“ငါတို႔ေတြ မရယ္ျဖစ္တာ ေတာ္ေတာ္ၾကာၿပီပဲ။” လို႔ ကြၽန္ေတာ္ ေျပာလိုက္တယ္။ ေဝယံေရာ ရဲႀကီးေရာ ကြၽန္ေတာ့္ကို လွမ္းၾကည့္ၾကတယ္။
“စဥ္းစားမိလို႔ပါကြာ။ ဒီကာလႀကီးလည္း ဘယ္ေလာက္ၾကာဦးမလဲ မသိ။”
ႏွစ္ေယာက္လုံး ကြၽန္ေတာ့္ကို ဘာမွ မေျပာၾကပါဘူး။
“ေဝယံ … မင္းမွာ ႏွစ္သိန္းဝန္းက်င္ထဲက တစ္လုံးေလာက္ ရွိရင္ ေျပာစမ္းပါ။ ငါ့ဖုန္းကို ငါေရာင္းလိုက္ေတာ့မယ္။”
“အဲ့တာဆို ငါ့ကိုေရာင္းေလကြာ။ ငါ ios လည္း ကိုင္ပါတယ္ဟ။”
သူတို႔ ဖုန္းေၾကာင္း ေျပာေနၾကတာနဲ႔ ကြၽန္ေတာ္လည္း ဖုန္းပြတ္ေနလိုက္တယ္။ ေလယဥ္ေတြေၾကာင့္ ဒုကၡေရာက္ေနၾကတဲ့ pdf သတင္းေတြ၊ မိုင္းဆြဲခံလိုက္ရတဲ့ စခ သတင္းေတြ၊ မီးရႈိ႕ခံလိုက္ရတဲ့ ႐ြာေတြ၊ မိုးထဲေရထဲက စစ္ေဘးေရွာင္ေတြ၊ သုံးသပ္ခ်က္ေတြ၊ အလႉခံပို႔စ္ေတြ၊ က႐ုဏာပို႔စ္ေတြ၊ တိုက္တြန္းပို႔စ္ေတြ၊ Click to Donate ရဲ႕ အလႉခံရွင္းတမ္း၊ ဖမ္းခံလိုက္ရတဲ့ ၿမိဳ႕ျပေပ်ာက္ၾကား အဖြဲ႕သား အခ်ိဳ႕၊ ႏိုင္ငံတကာရဲ႕ ျမန္မာျပည္ဆိုင္ရာ သတင္းေတြ၊ ခ်ဲဆီး ဂိုးရသြားၿပီတဲ့။
တီဗြီကို လွမ္းၾကည့္ေတာ့ ၁-၀ ျဖစ္ေနၿပီ။ replay ျပန္ျပတာေတာင္ ကြၽန္ေတာ္ မသိလိုက္။ ဟိုႏွစ္ေကာင္ ကေတာ့ ဖုန္းေတြၾကည့္ၿပီး ေျပာေနၾကဆဲ။
“ဘယ္သူသြင္းသြားတာလဲ။” လို႔ ကြၽန္ေတာ္လွမ္းေမးေတာ့ “မသိဘူးေလ။” လို႔ ေဝယံက ေျဖတယ္။ “မင္းၾကည့္ေနတာ မဟုတ္ဘူးလား။” လို႔လည္း ကြၽန္ေတာ့္ကို ျပန္ေမးတယ္။
“Facebook ပြတ္ေနလိုက္တာနဲ႔ မသိလိုက္ဘူး။” လို႔ ျပန္ေျပာလိုက္ရတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ မီးဖိုထဲထၿပီး ေခါက္ဆြဲျပဳတ္တယ္။ ၾကက္ဥလိုက္ရွာေတာ့ မေတြ႕ဘူး။
“ေဝယံ ... ၾကက္ဥေတြ ဘယ္မွာလဲ။”
“ၾကက္ဥ ကုန္ၿပီ ထင္တယ္။ ငါမဝယ္ျဖစ္ေသးတာ။ ခုကေတာ့ ဆိုင္ေတြလည္း ပိတ္ၿပီ။ ဒီတိုင္း စားလိုက္ေတာ့။” လို႔ သူျပန္ေျဖတယ္။
ေခါက္ဆြဲ ေလးထုပ္ေဖာက္ထည့္ၿပီး ျပဳတ္လိုက္တယ္။ ၿပီးေတာ့ ပန္းကန္ခပ္ႀကီးႀကီးထဲ ထည့္ၿပီး ေရွ႕ကို ယူသြားလိုက္ပါတယ္။ သုံးေယာက္လုံး စားျဖစ္ၾကတယ္။ ၾကက္ဥမပါေပမယ့္ ေကာင္းပါတယ္။
“အာႀကီးကို လြမ္းသားကြာ။” လို႔ ေခါက္ဆြဲျပဳတ္တစ္ဇြန္း ခပ္စားရင္း ေဝယံက ေျပာတယ္။ “ဒီေကာင့္လို အနစ္နာခံသူေတြပဲ တကယ္နစ္နာ ေနၾကရတယ္။ ေလာကႀကီးကလည္း မတရားလိုက္တာ။” လို႔ သူဝသီအတိုင္း ထပ္ေျပာျပန္တယ္။
“မတရားတာက စခ ေတြပါကြာ။ ဒီေကာင္ေတြက လက္နက္အားကိုးနဲ႔ ႏွစ္ေျခာက္ဆယ္ ဗိုလ္က်လာတာ။ ခုက် မ်က္ႏွာဖုံးေတြ အကုန္ကြာက်ၿပီး ဘီလူးအကကို ရွယ္ကေတာ့တာ။ အဲ့တာကို ကိုယ္နဲ႔မဆိုင္သလို ေနေနႏိုင္သူေတြက ရွိေသးတယ္။ လုံးဝ နားမလည္ဘူး။ သူတို႔ၾကည့္လိုက္ရင္ လုပ္ျပပါလိမ့္မယ္ … ပညာမပါတဲ့ အလႉအတန္းေတြ။ ညဘက္ လမ္းေဘးမွာ ရပ္ေနတဲ့ အေပါစား မိတ္ကပ္ဖို႔ထားတဲ့ မိန္းမႀကီးေတြပဲ ေျပးျမင္တယ္။ ႏွလုံးသားက ပုပ္ေနၿပီ။ ဘာသာေရးဗန္းျပၿပီး သူေတာ္ေကာင္းက ျဖစ္ခ်င္ၾကေသး။” လို႔ ရဲႀကီးကပါ ေဒါသတႀကီး ဝင္ေျပာတယ္။
“တခ်ိဳ႕က အသက္ႀကီးၿပီေလကြာ။ သူတို႔မွာ အနာဂတ္မွ မရွိေတာ့တာ။ တခ်ိဳ႕က်လည္း လွေနၿပီးသား အနာဂတ္ေလး ေပ်ာက္သြားမွာ ေၾကာက္ၾကတာ ေနမွာေပါ့။”
“အနာဂတ္ေတြ ဘာေတြ ေတြးေနစရာကို မလိုတာေလကြာ။ အနာဂတ္ ဆိုတာ ေနာက္မွ။ မတရားတာက မတရားတာပဲ။ မတရားတာႀကီးကို ကိုယ္ကစ မတြန္းလွန္ႏိုင္ေတာင္ မတရားတာကို မတရားဘူးလို႔ လက္မခံရဲတာ၊ လက္မခံႏိုင္တာ၊ တြန္းလွန္ေနသူေတြကို အားမေပးရဲတာ … အဲ့ဒီႏွလုံးသားေတြကို အံ့ၾသတာ။”
ရဲႀကီးက ဒီည မေသာက္ဘဲ မူးေနသလိုပါ။ စကားေတြ မ်ားေနတယ္။ မ်က္ႏွာကလည္း နီလို႔။ အရင္က ဒိုင္ခံအျပစ္ေျပာေနက် ေဝယံေတာင္ ရဲႀကီးေျပာတာေတြကို ၿငိမ္ၿပီးနားေထာင္ ေနရပါတယ္။
“ခုခ်ိန္မွာ ေတာ္လွန္ေရးက် ဘာမွမကူဘဲ ေစာက္ဂ႐ုမစိုက္သလိုလို၊ အပန္းေျဖသလိုလို၊ တက္လမ္းရွာသလိုလိုနဲ႔ ဆိုရွယ္မီဒီယာေပၚ တက္ႂကြားတဲ့သူ အားလုံးကိုလည္း ေဘာပဲ ဟေရာင္ေရ။ ငါလည္း ေပ်ာ္ေနတာ မဟုတ္ဘူး။ သူတို႔ေပ်ာ္ေနရင္လည္း မနာလိုဘူးကြာ။ မေပ်ာ္သင့္တဲ့အခ်ိန္မွာ ေပ်ာ္ကိုမေပ်ာ္သင့္ဘူး။ ဒီေလာက္ အေျခခံ စည္းမ်ဥ္းေလးကိုေတာင္ နားမလည္ၾကဘူး။ ႏွလုံးသားကြ၊ အဓိကက ႏွလုံးသား။ လူသားဆန္တဲ့ ႏွလုံးသား လိုေနတာ။ ေစာက္တလြဲႏိုင္ငံ။”
ရဲႀကီးက တစ္ႏိုင္ငံလုံးကို ပတ္ဆဲၿပီးမွ ရပ္သြားတယ္။ ရဲႀကီးေျပာတာ နားေထာင္ေနၾကတာနဲ႔ ေခါက္ဆြဲျပဳတ္ပန္းကန္က နည္းနည္း က်န္ေနေသးတယ္။ သူ အေျပာရပ္သြားမွ ေဝယံက တစ္ဇြန္းခပ္စားတယ္။ ရဲႀကီးက ေရထေသာက္တယ္။
“ေအးကြာ။ ဒါကေတာ့ ျဖစ္ေနပ်က္ေနတာေတြေပါ့။ ငါတို႔ေငြပိုရွာၿပီး ပိုကူၾကတာေပါ့ကြာ။ ကလစ္တာလည္း တကယ္ ထိေရာက္တာပဲေလ။ သူတို႔ေတြ တစ္လတစ္လ သိန္းေထာင္ခ်ီ ကူႏိုင္ေနတာ။” လို႔ ကြၽန္ေတာ္ ေျပာလိုက္ေတာ့
“ေအး၊ အဲ့ဒီ ကလစ္တာကိုပဲ မလုပ္ၾကတာေဟ့။ ဘာမွမေၾကာက္ရတဲ့ အဲ့ကလစ္တာကိုပဲ မလုပ္ၾကတာဟ။” လို႔ ရဲႀကီးက ေပါက္ကြဲျပန္ပါတယ္။ သူ႔ပုံစံက ေခ်ာ္ရည္ဝေနတဲ့ မီးေတာင္ တစ္လုံးနဲ႔ေတာင္ တူေနပါတယ္။
ေဝယံက ေခါက္ဆြဲျပဳတ္ ပန္းကန္ကို လက္စျဖတ္ၿပီး မီးဖိုေခ်ာင္ထဲမွာ သြားေဆးေနတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ သုံးေယာက္ ခ်ဲဆီးပြဲ ဆက္ၾကည့္ျဖစ္ၾကပါတယ္။
……………..
ရက္သတၱပတ္ေတြ၊ လေတြ ကုန္လြန္သြားတယ္။ သတင္းေကာင္းနဲ႔ သတင္းဆိုးေတြၾကားမွာ ဘဝက ေျခာက္ကပ္ကပ္။ စိတ္ကိုေျဖၿပီး အေကာင္းဘက္က ေတြးၾကည့္သလို မျဖစ္မေန လက္ခံလိုက္ရတဲ့ မေကာင္းတာ ေတြလည္း ရွိတာပါပဲ။ ဘယ္သူေတြ အဖမ္းခံရၿပီ၊ ဘယ္သူေတြ ဘဝပ်က္သြားၿပီ၊ ဘယ္ေနရာေတြ ထိုးစစ္ စစ္ခံေနရၿပီ စသျဖင့္ေပ့ါ။ ႏိုင္ငံတကာ ဖိအားဆိုတာလည္း ဒီေလာက္ လူမဆန္တဲ့ ရက္စက္မႈေတြ၊ ဖ်က္ဆီးမႈေတြ၊ ယုတ္မာမႈေတြကို မွတ္တမ္းမွတ္ရာနဲ႔ တင္ျပတိုင္တန္း ေနပါရဲ႕နဲ႔ ဝမ္းနည္း၊ ရႈံ႕ခ်၊ ပိတ္ပင္တာေလာက္ ရွိတာမလား။ တစ္ဖက္မွာ pdf ေတြ အင္အားေကာင္းလာမႈနဲ႔ ရံပုံေငြ ရွာေဖြႏိုင္စြမ္းကလည္း ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ေပးပါတယ္။ တခ်ိဳ႕ စိတ္ပ်က္စရာ လူေတြကိုေတာ့ ဘဝထဲက ထုတ္ထားလိုက္တယ္။ အေမွာင္ေခတ္မွာ အေမွာင္လူေတြကို ေတြ႕ရမွာပဲေလ။ ဆင္းရဲနိမ့္က်ၿပီး ပညာေရး အားနည္းတဲ့အျပင္ မႈိင္းမ်ိဳးစုံ မိထားတဲ့ သည္ႏိုင္ငံမွာ အတၱသမားေတြ မ်ားတာလည္း မဆန္းပါဘူး။ သူတို႔က စိတ္ထားကို ထားခ်င္သလိုထား၊ ပတ္ဝန္းက်င္ကို လုပ္ခ်င္ရာလုပ္ၿပီး ဘာသာေရးဘက္မွာ လာဘ္ထိုးသလို လႉလိုက္ရင္ နတ္ျပည္လက္မွတ္ ရၿပီလို႔ ထင္ေနၾကတာ။
အလုပ္ကိုယ္စီ လုပ္လိုက္ၾကၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔ သိပ္မဆုံျဖစ္ၾကေတာ့ဘူး။ ယုယုနဲ႔လည္း မေတြ႕ျဖစ္။ သီရိလည္း သူ႔အစ္ကိုႀကီးနဲ႔ အဆင္ေျပေနလို႔ ထင္တယ္၊ ကြၽန္ေတာ့္ဆီ ဆက္သြယ္ မလာ။ ကြၽန္ေတာ္လည္း မအားဘူးေလ။ ကလစ္ဖို႔ေတာင္ သတ္သတ္မွတ္မွတ္ အခ်ိန္တစ္ခု ယူထားလို႔သာပဲ။ အိမ္မွာလည္း မီတာလာမျဖဳတ္ေသးေပမယ့္ မီးေတြ ခပ္စိတ္စိတ္ပ်က္လာတယ္။ ဟုတ္ကဲ့ ... ကြၽန္ေတာ္ ေန႔စဥ္ ကလစ္ႏွိပ္ၿပီး လစဥ္ ကူျဖစ္ပါတယ္။
............
ကုမၸဏီက ေပးထားတဲ့ ကားကို ေမာင္းၿပီး ကြၽန္ေတာ္ ၿမိဳ႕ထဲ ထြက္ခဲ့တယ္။ တနဂၤေႏြေန႔ခင္း ဆိုေပမယ့္ ကားသိပ္မရွင္းဘူး။ ဒါေပမယ့္လည္း လြန္ခဲ့တဲ့ ႏွစ္ေတြက ႁပႊတ္သိပ္က်ပ္ေနတဲ့ ကားေတြနဲ႔ ယွဥ္ရင္ေတာ့ ဘာမွ မဟုတ္ဘူးေပါ့။ ဒီလမ္းေတြမွာ လူပင္လယ္ႀကီးနဲ႔ စည္ကားခဲ့တာကိုလည္း ျပန္ျမင္ေယာင္မိတယ္။ ခုေတာ့ လူစုစုပဲ ေတြ႕ရတယ္။ ေဟးလားဝါးလား ရယ္ေမာေနၾကတဲ့ လူငယ္အဖြဲ႕၊ လွည္းနဲ႔ေရာင္းတဲ့ ပင္လယ္စာ အကင္ဆိုင္မွာ ေ႐ြးေနၾကတဲ့ စုံတြဲႏွစ္ေယာက္၊ စူပါမားကတ္ အဝမွာ ဆယ္ဖီဆြဲေနတဲ့ ေကာင္မေလးေတြ၊ ျဖတ္သြားတဲ့ ဘတ္စ္ကားေပၚမွာ ေတာင္ၾကည့္ေျမာက္ၾကည့္နဲ႔ ပါသြားၾကတဲ့ လူေတြ။ ဖက္ရွင္ဆိုင္မွာေတာ့ လူရွင္းေနတယ္။ အေရာင္းစာေရးမေလးက ဆိုင္ေရွ႕မွာ မတ္တပ္ရပ္ၿပီး သူ႔ကိုၾကည့္မိတဲ့ သူတိုင္းကို မဂၤလာပါရွင္လို႔ ေအာ္ေနတယ္။ ဒီတိုင္းၾကည့္ရင္ေတာ့ ၿမိဳ႕က ဘာမွ ျဖစ္ပ်က္ မေနတဲ့ပုံ။ ရန္ကုန္ကေတာ့ ရန္ကုန္ပါပဲ လို႔ ေတြးေနတုန္း မီးပြိဳင့္လြတ္သြားလို႔ ကြၽန္ေတာ္ ေမာင္းထြက္ခဲ့တယ္။ ‘ကြၽန္ေတာ္ ဘာလို႔ ၿမိဳ႕ထဲထြက္လာမိတာလဲ’ ဆိုတာကို ႐ုတ္တရက္ ေမ့သြားလို႔ ျပန္စဥ္းစား လိုက္ရေသးတယ္။ ကြန္ပ်ဴတာကို ပိုျမန္ေအာင္ ssd စိုက္တာ တစ္ခါတည္း မရခဲ့လို႔ ဒီေန႔မွ သြားျပန္ယူ ရတာပဲ။
ပါကင္ထိုးၿပီး ေနာက္ၾကည့္မွန္မွာ ျမင္လိုက္ရတဲ့ ပုံရိပ္ေၾကာင့္ ကြၽန္ေတာ္ ကားေပၚက ခ်က္ခ်င္း မဆင္းျဖစ္ဘူး။ သီရိေလ … ေဘးက သူနဲ႔ တြဲေနတဲ့ အစ္ကိုႀကီး ဆိုတဲ့သူ ျဖစ္မယ္။ တကၠစီငွားဖို႔ ေစာင့္ေနၾကတာ ထင္တယ္။ ေဆးလိပ္တစ္လိပ္ကို မွ်ေသာက္ရင္း သူတို႔ ရယ္ရယ္ေမာေမာ စကားေျပာေနၾကတယ္။ ဟုတ္တယ္။ တကၠစီ တစ္စီး သူတို႔ေရွ႕ကို ရပ္တယ္။ သူတို႔တက္သြားတယ္။ တကၠစီထြက္သြားမွ ကြၽန္ေတာ္ ကားထဲက ထြက္လာခဲ့တယ္။ သူတို႔ရပ္သြားတဲ့ ေနရာအေရာက္မွာ သီရိပစ္ခ်သြားပုံရတဲ့ စီးကရက္တိုက မီးခိုးေငြ႕ေတြ ထြက္ေနဆဲ။ ကြၽန္ေတာ္ ဖိနပ္နဲ႔ နင္းေခ်ၿပီး မီးေသေအာင္ သတ္လိုက္တယ္။ ဖုန္းကိုထုတ္ၿပီး သီရိနံပါတ္ကို ၾကည့္မိတယ္။ ကြၽန္ေတာ္ ေတြေနတယ္။ ေနာက္ေတာ့ ဆိုင္ထဲကိုပဲ ဝင္ျဖစ္တယ္။ လက္ပ္ေတာ့ကို ယူတယ္။ က်သင့္ေငြရွင္းၿပီး ျပန္လာခဲ့ပါတယ္။
အျပန္လမ္းမွာ ကားနည္းနည္းပိုမ်ားလာတယ္။ ႐ုံးေတြ၊ ရဲစခန္းေတြေရွ႕မွာ ခ်ထားတဲ့ အကာေတြကို ေရွာင္ေမာင္းရတာ စိတ္ပ်က္စရာပဲ။ ကားမွာ ဖုန္းနဲ႔သြယ္ၿပီး သီခ်င္းဖြင့္လို႔ ရေအာင္ လုပ္ထားတာမို႔ ကြၽန္ေတာ္ သီခ်င္းေတြကို RANDOM ဖြင့္ထားလိုက္တယ္။ ‘34,35’ လာတယ္။ ေက်ာ္လိုက္တယ္။ ၿပီးေတာ့ ‘2002’, ‘Apocalypse’, ‘Norwegian Wood’, ‘Attentions’, ‘New Rules’, ‘Comfortably Numb’, ‘Cigarettes after Sex’. Cigarettes after Sex မၿပီးခင္မွာ အိမ္ျပန္ေရာက္တယ္။ ကားေပၚက မဆင္းေသးဘဲ ေနာက္ၾကည့္မွန္ကေန တစ္ခုခုကို အထပ္ထပ္ ျပန္ရွာေနမိတယ္။ လမ္းထဲက ျဖတ္သြားျဖတ္လာနဲ႔ ေဈးသည္ေတြကိုပဲ ေဝေဝဝါးဝါး ေတြ႕ရတယ္။ ေနာက္ၾကည့္မွန္ကို ေခါက္လိုက္ၿပီး ကြၽန္ေတာ္ ငိုင္ေနမိျပန္တယ္။ ဒီလိုတစ္ေယာက္တည္း အလုံပိတ္ ေနရတာမ်ိဳးကို ကြၽန္ေတာ္ သေဘာက်တယ္။ အနည္းဆုံးေတာ့ ခုလိုအခ်ိန္မွာေပါ့။
………
ႏိုင္ငံေရးနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္ စသတိထားမိတာက ေ႐ႊဝါေရာင္ ေတာ္လွန္ေရးပါ။ ဘုန္းႀကီးေတြ လမ္းထဲထိ တန္းစီၿပီး ေမတၱသုတ္ ႐ြတ္ၾကတာကို ထြက္ၾကည့္ဖူးတယ္။ အဲ့ဒီ အခ်ိန္က သိပ္နားမလည္ေသးေတာ့ ဘာမွန္းေတာ့ မသိခဲ့ဘူး။ ေျပာရရင္ ကြၽန္ေတာ္ကိုယ္တိုင္ မႈိင္းမိေနေသးတဲ့ အခ်ိန္ေတြေပါ့။ ႏိုင္ငံေရးေၾကာင္း မေျပာရဲတာေတြ၊ ျပည္ပကို အထင္ႀကီးတာ မေကာင္းတာေတြ၊ စစ္ဗိုလ္နဲ႔ ခ်မ္းသာတာ တြဲျမင္ရတာေတြ၊ စစ္တပ္ရဲ႕ ေက်းဇူးႀကီးမားပုံေတြ၊ ေနာက္ၿပီး ဘာသာေရးမုန္းတီးမႈေတြ … တကယ္ကို စနစ္တက် သူတို႔ မႈိင္းတိုက္ခဲ့ ၾကတာပါ။ အလင္းေတြကို သူတို႔ပဲ ကြက္ယူထားၿပီး ျပည္သူေတြကို အေမွာင္ထုထဲ ပိတ္ေလွာင္ထားခဲ့ ၾကတာ။ အေမွာင္ထုက နက္ရႈိင္းလြန္းလို႔၊ အခ်ိန္ၾကာလြန္းလို႔ အလင္းဆိုတာကို လူေတြ ေမ့သြားခဲ့ၾကတယ္။ အဓိပၸာယ္ မဖြင့္တတ္ ၾကေတာ့ဘူး ျဖစ္ကုန္တယ္။ သင့္တင့္မွ်တတဲ့ ပတ္ဝန္းက်င္ တစ္ခုမွာ သင့္တင့္မွ်တတဲ့ ေတြးေခၚေမွ်ာ္ျမင္မႈ ရွိတဲ့ လူသားတိုင္းဟာ ကိုယ့္ဘဝကိုယ္ ဖန္တီးႏိုင္ ၾကတယ္။ ဖန္တီးႏိုင္ခြင့္လည္း ရွိရမယ္ေပါ့ေလ။ ဒါေပမယ့္ အဲ့ဒီလို မဟုတ္တဲ့အခါ ျမန္မာႏိုင္ငံမွာ ဘာသာေရးကို အလြန္အမင္း အားကိုးလိုမႈနဲ႔ ကယ္တင္ရွင္အစားထိုး နတ္ကႏၷား၊ ေဗဒင္၊ ယၾတာ စတာေတြ အားေကာင္းလာခဲ့တယ္။ ဗုဒၶဘာသာရဲ႕ အႏွစ္ျဖစ္တဲ့ သံသရာမွ လြတ္ေျမာက္ေရး ေနရာမွာ ကိုယ့္တစ္ဘို႔စာ ေလာကီေကာင္းစားေရးကို ရည္မွန္းၿပီး လႉတာတန္းတာေတြ ေပါလာတယ္။ ဘာသာေရးဆိုတာ ရင္းႏွီးျမဳပ္ႏွံမႈႀကီးသား က်လို႔။ လႉဒါန္းေပးကမ္းတယ္ ဆိုတာ စြန႔္လႊတ္စိတ္ရယ္၊ တစ္ဖက္လူ အဆင္ေျပသြားေစခ်င္တဲ့စိတ္ရယ္၊ ေလာကႀကီးပိုလွ၊ ပိုၿငိမ္းခ်မ္းသြား ေစခ်င္တဲ့ စိတ္ေတြရယ္ ေပၚမွာ အေျခခံ သင့္တာ မဟုတ္ဘူးလား။ အပါယ္ပိတ္တယ္ဆိုတဲ့ ဂ်င္းမိထားတာနဲ႔ပဲ ကေလးေတြကို ဝတ္ခ်င္မွန္းမသိ၊ မဝတ္ခ်င္မွန္းမသိ သကၤန္းစီးေပးတာတို႔၊ ပိုလွ်ံေနတဲ့ ဘုန္းႀကီးေက်ာင္းမွာ အလႉသြားလုပ္တာတို႔၊ အခါႀကီးရက္ႀကီးမွာ ဘာဝိနည္းမွ မလိုက္နာၾကဘဲ ဘုန္းႀကီးသြားဝတ္ၿပီး ကုသိုလ္ရမယ္ ထင္တာတို႔။ ဒီကလူေတြ မလႉတတ္ၾကလို႔လည္း အလႉအတန္းမွာ နံပါတ္တစ္၊ ဆင္းရဲတြင္းမွာလည္း နံပါတ္တစ္ပဲ ျဖစ္ေနတာ။
ဒါေၾကာင့္ လူေတြ ပူေဆြးေသာက ေရာက္ေနၾကတဲ့ ဒီလိုအခ်ိန္မွာ ကိုယ့္ေနာက္ဘဝ ေကာင္းစားဖို႔ ရည္႐ြယ္တဲ့ (ေသခ်ာစဥ္းစားၾကည့္ရင္ တကယ္မလိုအပ္တဲ့) အလႉမ်ိဳး လႉၿပီး မ႑ပ္တိုင္ တက္ျပေနသူေတြကို ျမင္ရင္ မရယ္ရတဲ့ ဟာသတစ္ပုဒ္ရဲ႕ ေၾကာင္ေတာင္ေတာင္ ႏိုင္မႈကို ေတြးၿပီး ရယ္မိသလိုမ်ိဳး ကြၽန္ေတာ္ ဟက္ဟက္ပက္ပက္ ရယ္မိတာေပါ့။ ခုေနာက္ပိုင္းဆို အက်င့္လိုကို ျဖစ္ေနၿပီ။ သူတို႔ကို လိုက္ၾကည့္ၿပီးမွ ကြၽန္ေတာ္ ရယ္ႏိုင္ေတာ့တာေလ။
………..
ဟိုတစ္ရက္က သူငယ္ခ်င္းတစ္ေယာက္ ဖုန္းဆက္လာတယ္။ “ငါ ဘယ္သူလဲ၊ မွတ္မိလား။” လို႔ သူက ေၾကာင္ေတာင္ေတာင္ စေျပာတယ္။ ဖုန္းနံပါတ္က အစိမ္း၊ အသံကလည္း ဒီဘက္ႏွစ္ေတြမွာ မၾကားမိတဲ့ အသံ။ “မသိဘူးဟ။ ဘယ္သူမ်ားလဲ။” လို႔ ကြၽန္ေတာ္ ျပန္ေမးလိုက္ရတယ္။
“သိန္းေဇာ္ဝင္းေလကြာ။ မင္းတို႔ ေစာ္ၾကည္ဘဲ လို႔ ေခၚခဲ့တဲ့ေကာင္။”
သူေျပာလိုက္မွ ေခါင္းထဲမွာ သူ႔အသံကို နည္းနည္းမွတ္မိသလို ျဖစ္လာတယ္။
“ေအာ္ … ေအး။ မေတြ႕တာေတာင္ ၾကာၿပီ။ ခုမွ ဘယ္လိုျဖစ္။” လို႔ ကြၽန္ေတာ္ ေပါ့ေပါ့ပါးပါး ျပန္ေျပာလိုက္တယ္။
“မင္းကို ငါအေကာင့္ Add ထားေသးတယ္။ မင္းလက္မခံလို႔။ ဖုန္းနံပါတ္က ငါ ေဝၿဖိဳးဆီက ရတာ။”
“ခုကာလ မသိတဲ့သူေတြဆို သိပ္လက္မခံရဲလို႔ပါကြာ။ မင္းက နာမည္အတုနဲ႔ လာ Add တာမလား။ ဘာနာမည္လဲ။”
“ေအး၊ Hero King ဆိုတဲ့နာမည္နဲ႔။ ငါ့သားပုံ တင္ထားတယ္။”
‘ခ်ီးတဲ့မွပဲ၊ မင့္သားပုံ ငါက ဘယ္လိုလုပ္ သိမလဲ’ လို႔ စိတ္ထဲကေန ဆဲမိတယ္။
“ေျပာ ဘာကိစၥ …”
“သတိရလို႔ပါကြာ။ ငါတို႔ လုံးဝကို အဆက္အသြယ္ ျပတ္သြားၾကတာပဲ။ မင္း ရန္ကုန္မွာပဲလား။ ဘာေတြလုပ္ေနလဲ။” လို႔ သူေျပာတယ္။ ဒါ စကားပလႅင္ ခံေနတာပါ။
“ေအး၊ ဒီလိုပါပဲကြာ။ မင္းေရာ အဆင္ေျပရဲ႕လား။” လို႔ ကြၽန္ေတာ္ စကားလမ္းေၾကာင္း ဖြင့္ေပးလိုက္တယ္။
“မေျပပါဘူးကြာ။ ဒီေခတ္ႀကီး ကေလးႏွစ္ေယာက္နဲ႔ ႐ုန္းကန္ေနရတယ္။ မင္းအဆင္ေျပတယ္လို႔ ေဝၿဖိဳးက ေျပာတယ္။ အဆင္ေျပရင္ ငါ့ကို နည္းနည္းေလာက္ ကူညီပါကြာ။ ငါတကယ္ အေရးေပၚ လိုေနလို႔ပါ။” လို႔ ေနာက္ဆုံးမွာ ကိစၥအမွန္ကို သူေျပာတယ္။ ကြၽန္ေတာ္ ၿပဳံးလိုက္မိတယ္။
“ငါအဲ့ေလာက္ အဆင္မေျပပါဘူးကြာ။ မင္းက ဘယ္ေလာက္ လိုတာလဲ။”
“မမ်ားပါဘူး။ ငါးသိန္း။” လို႔ သူေျပာတယ္။
“ငါးသိန္းက မမ်ားဘူးတဲ့လားကြာ။ မင္းကို ငါ ငါးေသာင္းလႊဲလိုက္မယ္။ ျပန္မဆပ္လည္း ငါေဗြမယူမယ့္ ပိုက္ဆံပဲ။ ငါလည္း ဟိုကူရ သည္ကူရနဲ႔။ ဒီကာလႀကီးမယ္ ေငြပိုမရွိဘူးဟ။” လို႔ ကြၽန္ေတာ္ ျပတ္ျပတ္သားသား ေျပာလိုက္ ပါတယ္။
“မင္း Pdf ေတြ ကူေနတာလား။ ဂ႐ုစိုက္ကြာ။ ငါတို႔ေတာ့ ကူခ်င္ေပမယ့္ ကိုယ္တိုင္က ဒုကၡေရာက္ေနတယ္။” လို႔ သူေျပာတယ္။
သူ႔အေကာင့္ကို ေတာင္းၿပီး ကြၽန္ေတာ္ ဖုန္းခ်လိုက္တယ္။ ဖုန္းနံပါတ္ကို ‘ex-friend 8’ ဆိုၿပီး နာမည္မပါဘဲ ကြၽန္ေတာ္ မွတ္လိုက္တယ္။ ၿပီးေတာ့ ငါးေသာင္းလႊဲေပးလိုက္ပါတယ္။
…………
ပိုက္ဆံအေခ်းအငွား ကိစၥက ဒီရက္ပိုင္း ခပ္စိပ္စိပ္ ႀကဳံရတယ္။ အဆင္မေျပသူေတြ မ်ားတာကိုး။ ဒါေပမယ့္ ကြၽန္ေတာ့္ သူငယ္ခ်င္း CDM ဝန္ထမ္းေတြ လုံးဝ မပါဘူး။ သူတို႔နည္းသူတို႔ဟန္နဲ႔ ေျဖရွင္းၾကတယ္။ ဒီလိုဆိုေတာ့ ေငြေခ်းေနတဲ့ CDM ေတြကို မေကာင္းဘူး ေျပာတာ မဟုတ္ဘူးေနာ္။ ကြၽန္ေတာ္တို႔ေတြ ေတာ္လွန္တယ္ ဆိုတာ ပုဆိုးၿခဳံထဲက လက္သီးျပတဲ့ အဆင့္ထက္ နည္းနည္းပဲ ပိုတာ။ သူတို႔က ရပိုင္ခြင့္ေရာ၊ အနာဂတ္ကိုပါ ပစ္ခ်ၿပီး ေတာ္လွန္ ေနၾကတာ။ အခ်ိန္မေ႐ြး အဖမ္းခံရႏိုင္တဲ့ အႏၲရာယ္ကလည္း ရွိေနေသး။ တစ္ခါတေလ CDM ဝင္ထားတဲ့ ကြၽန္ေတာ့္ သူငယ္ခ်င္းေတြ စာရင္းကို ခ်ေရးၾကည့္တယ္။ အသိေတြလည္း ပါတယ္။ ၁ ေယာက္၊ ၂ ေယာက္၊ ၃ ေယာက္ … စုစုေပါင္း ၂၁ ေယာက္ရွိတယ္။
“မင္းမင္းထြန္းလား … ငါတိုးေအာင္ပါ။”
“ေအး … တိုးေအာင္။ ထူးထူးဆန္းဆန္း ဖုန္းေတြဆက္လို႔ပါလား။” လို႔ တစ္ဖက္က ေျဖတယ္။
“သတိရလို႔ပါကြာ။ ဘယ္လိုလဲ။ ဘာေတြလုပ္ေနလဲ။”
“ဘာလုပ္ရမလဲကြာ။ အလုပ္ကထြက္ထားေတာ့။ ေဆးလိုက္ထိုးတယ္။ အိမ္လာျပေတာ့လည္း ၾကည့္ေပးလိုက္တယ္၊ ဒီေလာက္ပါပဲ။ ေဆးထိုးတာလည္း ဒီဘက္က ငါ့နယ္မဟုတ္ေတာ့ သိပ္မထိုးရပါဘူးကြာ။” တစ္ဖက္က ဆိုင္ကယ္သံေတြ ၾကားရတယ္။ မဂၤလာေဆာင္ သီခ်င္းတစ္ပုဒ္ အက်ယ္ႀကီး ဖြင့္ထားတာလည္း ၾကားရတယ္။
“အဲ့ဒီဘက္က ခုထိ မဂၤလာေဆာင္ေတြ မၿပီးေသးဘူးလားဟ။” လို႔ ကြၽန္ေတာ္ ေမးလိုက္တယ္။
“ေအးကြာ။ မင္းေရာ မယူေသးဘူးလား။ ဖိတ္ဦးေနာ္။” လို႔ သူ ျပန္ေျပာတယ္။
“ေတာ္ပါကြာ။ တစ္ေယာက္တည္း ေနရတာေတာင္ စိတ္ရႈပ္စရာ မ်ားလြန္းလို႔။ ဒါနဲ႔ မင္းမိန္းမေရာ။”
“ေအး။ သူလည္း အလုပ္ထြက္ထားေတာ့ ငါ့ေဆးစာရင္းေတြ လုပ္ေပးေနတာေပါ့ကြာ။”
“ဟ … ဟ။ ခုမွ ေဆးမႉးကေတာ္ ျဖစ္ေတာ့တာေပါ့။ အရင္ကေတာ့ သူက ဆရာမႀကီးပဲ မလားကြ။”
“ခုလည္း ဆရာမႀကီးပါပဲကြာ။ ဘာဟင္းခ်က္လဲ ေမးမိတိုင္း သူ႔ရဲ႕ ကုန္ေဈးႏႈန္းလက္ခ်ာေတြ နားေထာင္ရတုန္းဟ။ ဟား … ဟား။”
မင္းမင္းထြန္းက ရယ္ပါတယ္။ သူ႔ရယ္သံက စိုစိုျပည္ျပည္ေတာ့ မရွိလွဘူး။
“ဒီလို သူငယ္ခ်င္းေရ။ ငါတို႔အလုပ္မွာ စိတ္တူကိုယ္တူေတြ စုၿပီးကြာ … နီးစပ္ရာထဲက CDM ေတြကို ကူဖို႔ေပါ့ … ေငြစုၾကတယ္။ ၿပီးရင္ အလွည့္က် နာမည္စာရင္းတင္ၿပီး တကယ္ CDM လုပ္ေနသူေတြကို ပို႔ေပးတယ္ေပါ့။ ဘယ္အဖြဲ႕အစည္းကမွ မဟုတ္ဘူးကြာ။ အဲ့တာ ဒီလ ငါေ႐ြးရတဲ့အလွည့္မွာ မင္းတို႔လင္မယားကို ငါစာရင္း တင္လိုက္တယ္။ အဲ့တာ အခု …”
“ဒုကၡသည္စာရင္းေပါ့ေလ။ ဟ … ဟ။” လို႔ မင္းမင္းထြန္းက ေစာနကထက္ ပိုေျခာက္ကပ္တဲ့ ရယ္သံနဲ႔ ရယ္ျပန္တယ္။
“မဟုတ္ပါဘူးကြာ။ ႀကီးႀကီးက်ယ္က်ယ္ ေျပာရရင္ သူရဲေကာင္း စာရင္းေပါ့။ အဓိက ကေတာ့ ငါတို႔လည္း ကိုယ့္စိတ္ကိုယ္ ေျဖတာပဲ ဟေရာင္။ ကိုယ္တိုင္ တရားအားမထုတ္ႏိုင္လို႔ ေယာဂီေတြကို ဆြမ္းတစ္နပ္စာ လႉသလိုမ်ိဳး ကုသိုလ္ ပါဝင္ခ်င္တာပဲ။” လို႔ ကြၽန္ေတာ္ ေတြးေတြးဆဆ ေျပာလိုက္တယ္။
“ဟုတ္ပါၿပီကြာ။ ငါတို႔လည္း ခက္ခဲတာေတာ့ အမွန္ပဲ။ ႏွစ္ဖက္မိဘကို ျပန္ေထာက္ရတာနဲ႔။ ခေလးစရိတ္နဲ႔။ ထားပါကြာ။ ဒါေတြက။ ငါတို႔ထက္ ပိုဆိုးေနသူေတြလည္း အမ်ားႀကီးပဲကို။”
“ေအး … သူငယ္ခ်င္း။ မင္း အဆင္ေျပတဲ့ ဘဏ္အေကာင့္တစ္ခုခု ငါ့ဆီ မက္ေဆ့ ပို႔လိုက္ေလ။”
“ေအး … ေအး။ တိုးေအာင္ … ငါတို႔ကို သတိရတာ ေက်းဇူးပါကြာ။” လို႔ ဖုန္းမခ်ခင္ သူေျပာသြားတယ္။
“မင္းတို႔က ေက်းဇူးပိုတင္ထိုက္သူေတြပါကြာ။’ လို႔ ကြၽန္ေတာ္ ျပန္ေျပာလိုက္ပါတယ္။
ၿပီးေတာ့ သူ႔အေကာင့္နံပါတ္ ေရာက္လာတာနဲ႔ ကြၽန္ေတာ္ေငြလႊဲေပးလိုက္တယ္။ သူတို႔လင္မယား ႏွစ္ေယာက္ အလုပ္ဝင္ေနရင္ ရမယ့္ လခရဲ႕ ေလးပုံတစ္ပုံ ေလာက္ပါပဲ။ ကြၽန္ေတာ္လည္း CDM သူငယ္ခ်င္းေတြဆီ ဒီလိုဖုန္းဆက္ႏိုင္ဖို႔ကို တစ္လတစ္ခါ နပ္မမွန္ပါဘူး။ ယုယုေျပာဖူးတာေတာင္ သတိရသြားတယ္။ ပိုကူႏိုင္ေအာင္ ႏိုင္ငံျခားထြက္ပါလား တဲ့။
…………….
ဆိုင္အျပင္ေထာင့္မွာ သီရိ မတ္တပ္ရပ္ေနတယ္။ သူ႔မ်က္လုံးက ကားေတြကို လိုက္ၾကည့္ေနတယ္။ ပလက္ေဖာင္း ေပၚက လမ္းေလွ်ာက္လာေနတဲ့ ကြၽန္ေတာ့္ကို သူသတိမထားမိဘူး။ ကြၽန္ေတာ္မကြၽမ္းတဲ့ အလုပ္ကို လုပ္ၾကည့္ဦးမယ္။ အဝတ္အစားအေၾကာင္း ေရးၾကည့္တာေလ။ သူက ေတာက္ေလွ်ာက္ဂါဝန္လိုမ်ိဳး ပုခုံးမွာ ႀကိဳးပါတဲ့ ဟာကိုမွ အေပၚကေန ခ်ည္ကာဒီဂန္ တစ္ထည္ ထပ္ဝတ္ထားတယ္။ ဂါဝန္က ဒူးေအာက္ေလာက္ထိ ဆိုေတာ့ ေျခသလုံးေတြကို ရွင္းရွင္းလင္းလင္း ျမင္ရတယ္။ ဖိနပ္ကေတာ့ ေနာက္ခုံနည္းနည္းျမင့္တဲ့ ႀကိဳးႏွစ္ေခ်ာင္းတပ္ မိန္းမစီးဖိနပ္ ဆိုတာေလာက္ပဲ ကြၽန္ေတာ္ ေျပာတတ္တယ္။ ေနက်ေနၿပီ ဆိုေပမယ့္ ရာသီဥတုက ပူေနေသးတယ္။ သူအျပင္မွာ ေစာင့္ေနတာ မၾကာေလာက္ ေသးဘူး။ မဟုတ္ရင္ ပူလို႔ သူခုလို ၿငိမ္ၿငိမ္ေလး ရပ္ေနႏိုင္မွာ မဟုတ္ဘူးေလ။
“ေဟ့ … ဘာေတြေတြးေနတာလဲ။ ငါေရာက္ၿပီ။” လို႔ ကြၽန္ေတာ္ ႏႈတ္ဆက္လိုက္တယ္။
သူက ကြၽန္ေတာ့္ကို လွည့္ၾကည့္ၿပီး ၿပဳံးျပတယ္။ ႐ႊင္႐ႊင္ျပျပေတာ့ မဟုတ္ဘူးေပါ့။
“တကၠစီေတြ ေတာ္ေတာ္မ်ားတာပဲ။ သုံးစီးမွာ တစ္စီးႏႈန္းေလာက္ ရွိမယ္။” လို႔ သူေျပာတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္အရင္ ဆိုင္ထဲကို ဝင္သြားတာနဲ႔ ကြၽန္ေတာ္ သူ႔ေနာက္က လိုက္ဝင္လိုက္တယ္။
ျပတင္းေပါက္ပါတဲ့ အခန္းက မလြတ္လို႔ အလယ္ခန္းတစ္ခန္းကိုပဲ ကြၽန္ေတာ္တို႔ ယူလိုက္ရတယ္။ သူက ဒိန္ခ်ဥ္မွာတယ္။ ကြၽန္ေတာ္ကေတာ့ သံပုရာရည္ပဲ။
အခန္းထဲေရာက္ေတာ့ ေဘးခ်င္းကပ္ခုံမွာ ထိုင္လိုက္ၾကတယ္။
“သံပုရာရည္ကို သိပ္ႀကိဳက္တာလား။” လို႔ သူက ေမးတယ္။
“မဟုတ္ပါဘူး။ အနက္ေရာင္ စပို႔ရွပ္တစ္ထည္ တည္းကို ေန႔တိုင္းဝတ္တဲ့ ဆရာတစ္ေယာက္နဲ႔ ႀကဳံဖူးတယ္။ ေမးၾကည့္ေတာ့ အက်ႌဝတ္ရင္ အေရာင္နဲ႔ ဒီဇိုင္း စဥ္းစားစရာ မလိုေအာင္ တံဆိပ္တူ အေရာင္တူ တစ္ဒါဇင္ ဝယ္ထားတာတဲ့။ သူ႔ကိုအားက်လို႔။ ၿပီးေတာ့ ရန္ကုန္ရာသီဥတုနဲ႔ ဘယ္ခ်ိန္ေသာက္ေသာက္ သံပုရာရည္က အဆင္ေျပတယ္။ ဗိုက္ျပည့္ေနလား၊ ဗိုက္ဆာေနလား၊ ၿငီးစီစီ ျဖစ္ေနလား၊ လန္းဆန္းေနလား၊ ေပ်ာ္ေနလား၊ ဝမ္းနည္းေနလား ..”
“ေတာ္ပါဟယ္” လို႔ေျပာၿပီး သီရိ ၿပဳံးပါတယ္။
“ကဲ … ေျပာ။ ဘာကိစၥ။” လို႔ ကြၽန္ေတာ္ သူ႔ကို ေဘးတိုက္ၾကည့္ၿပီး ေမးလိုက္တယ္။
“ေျပာမွာေပါ့။ အေအးလာတာ ေစာင့္လိုက္ဦးမယ္။” လို႔ သူေျပာတယ္။ ၿပီးေတာ့ ဖုန္းပြတ္ေနတာနဲ႔ ကြၽန္ေတာ္လည္း ဖုန္းကို ထုတ္ၿပီး ကလစ္ေနလိုက္တယ္။ ဒီေန႔ လစ္မစ္မထိေသးဘူးေလ။
ခဏေနေတာ့ စားပြဲထိုးက ကြၽန္ေတာ္တို႔ မွာထားတာေတြ လာခ်တယ္။ ၿပီးေတာ့ ျပန္ထြက္သြားၿပီး တံခါးကို ေစ့ထားခဲ့တယ္။
သီရိက တံခါးကို လွမ္းၾကည့္တယ္။ ၿပီးမွ ဖုန္းကိုခ်ၿပီး စကားစတယ္။
“ငါ ဟိုအစ္ကိုနဲ႔ ျပတ္သြားၿပီ။”
“ေအာ္ … ေအး။ ဘယ္လိုျဖစ္ …” လို႔ ကြၽန္ေတာ္ ေရ႐ႊတ္မိတယ္။
“သူနဲ႔ငါ တည္းခိုခန္း ေရာက္ခဲ့ၾကတယ္။” လို႔ သူေျပာတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကို ေစာင္းၾကည့္တယ္။ ကြၽန္ေတာ္ အၾကည့္လႊဲလိုက္ၿပီး ေခါင္းငုံ႔ရင္း သံပုရာရည္ကို ပိုက္ကတဆင့္ စုပ္ေနလိုက္တယ္။
“သြားတာေတာ့ ဟိုကိစၥပါပဲ။ ဒါေပမယ့္ မလုပ္ျဖစ္ခဲ့ၾကဘူး။”
ကြၽန္ေတာ္ သံပုရာရည္ကိုပဲ ဆက္ေသာက္ေနတယ္။ သူက ဆက္ေျပာတယ္။
“သူ႔ကို ငါခ်စ္တယ္ ထင္တာပဲ။ သူနဲ႔ဆိုရင္ ေပ်ာ္လည္းေပ်ာ္တယ္။ ငါက သီရိမဟုတ္ေတာ့တဲ့ တျခားတစ္ေယာက္ ျဖစ္သြားသလိုမ်ိဳး ခံစားရတယ္။ ဒါေပမယ့္ဟာ သူငါ့ကို နမ္းေနတဲ့အထိ အေကာင္း။ သူ႔လက္ေတြက ငါ့ေနာက္ေက်ာကို ပြတ္လိုက္ခ်ိန္မွာ ငါ့ေနာက္ေက်ာက ထိုးေအာင့္လာတယ္။ နင့္ကို ေျပာဖူးတယ္ေလ။ ငါ ကားတိုက္ခံရၿပီး ကတည္းက တစ္ခါတေလ ေပၚလာတတ္တယ္ ဆိုတဲ့ဟာ။”
ကြၽန္ေတာ္ သူ႔ကို မၾကည့္ဘဲ ေခါင္းညိတ္ျပလိုက္ပါတယ္။
“ငါဘယ္လိုမွ မရေတာ့တာနဲ႔ သူ႔ကို ဗိုက္ေအာင့္တယ္လို႔ ေျပာၿပီး ငါတို႔ရပ္လိုက္ၾကတယ္။ သူက ေဆးခန္း လိုက္ပို႔တယ္။ လမ္းမွာတင္ ငါ့ခါးက သက္သာသြားၿပီ။ ဆရာဝန္က ဟိုစမ္းသည္စမ္း လုပ္ၿပီး ငါ့ကို အစားပုံမွန္စားဖို႔ ေျပာတယ္။ ေဆးေတြလည္း ေပးလိုက္တယ္။ ၿပီးေတာ့ ငါအိမ္ျပန္တယ္။ ခါးက မနာေတာ့ေပမယ့္ စူးစူးေလး က်န္ေနတယ္။”
သူက ခဏရပ္ၿပီး ဒိန္ခ်ဥ္ေသာက္တယ္။ ကြၽန္ေတာ္လည္း ပုံမွန္ျပန္ျဖစ္ေနပါၿပီ။
“ေနာက္ေန႔က် ငါဖုန္းဆက္ၿပီး သူ႔ကို ျဖတ္လိုက္တယ္။”
“သူက အသာတၾကည္ လက္ခံတာပဲလား။” လို႔ ကြၽန္ေတာ္ ေမးလိုက္တယ္။
“ဘာလို႔လဲေတာ့ ေမးတာေပါ့ဟာ။ ဒီလိုပဲ … အဆင္မေျပေတာ့လို႔ ေျပာလိုက္တယ္။ တည္းခိုခန္းမွာ သူမွားတာ ဘာမွ မရွိဘူးလို႔လည္း ငါေျပာလိုက္တယ္။ သူက လူႀကီးလူေကာင္းပဲ။ ငါစိတ္ေျပာင္းရင္ သူ႔ကို ဆက္သြယ္ဖို႔ ေျပာၿပီး ငါ့ကို မဆက္သြယ္ေတာ့ဘူး။ ငါလည္း မဆက္သြယ္ေတာ့ဘူးေလ။”
“နင္ သူ႔ကို ခ်စ္ခဲ့တယ္ဆို။ သတိမရဘူးလား”
“ခ်စ္တယ္ ထင္တာေလ။ သတိေတာ့ ရပါတယ္။ ဒါေပမယ့္ ၿပီးခဲ့ၿပီပဲ။”
“နင့္ေနာက္ေက်ာကေရာ ေအာင့္ေသးလား။ ပုံမွန္ပဲလား။”
“မေအာင့္ေတာ့ဘူး။ ဒါေပမယ့္ ငါစမ္းၾကည့္ေတာ့ ပုံမွန္မဟုတ္ဘူး။ အဲ့ဒီေနရာေလးက မာေနသလိုပဲ။ နင္စမ္းၾကည့္ပါလား။” လို႔ ေျပာရင္း သူက အေပၚကာဒီဂန္ကို ခြၽတ္လိုက္တယ္။ ေနာက္ေက်ာကို ကြၽန္ေတာ့္ဘက္ လွည့္ေပးတယ္။
ပုခုံး႐ိုးေတြက ထင္းေနၿပီး သူ႔ေနာက္ေက်ာက ရွင္းေနတယ္။ ဘာမွဲ႔မွ မရွိ၊ ဘာအမာ႐ြတ္မွ မရွိ။ သူလက္ေထာက္ျပတဲ့ ေနရာကို ကြၽန္ေတာ္စမ္းၾကည့္တယ္။ တျခားေနရာေတြနဲ႔ ယွဥ္ၾကည့္တယ္။ ဘာမွ မသိသာသလိုပဲ။
“ငါေတာ့ ထူးၿပီး မာတယ္လို႔ မခံစားရဘူး။” လို႔ ကြၽန္ေတာ္ ေျပာလိုက္တယ္။
“ေသခ်ာစမ္းၾကည့္ပါဟ။ ဒီနားဆို ေပ်ာ့တယ္ေလ။ ဒီနားက နည္းနည္းမာတယ္။” လို႔ သူက ေနရာႏွစ္ေနရာကို ေနာက္ျပန္စမ္းျပတယ္။ သူေျပာသလို လိုက္စမ္းၾကည့္ၿပီး “ေအး နည္းနည္းပါ။ အ႐ိုးနားကပ္ေနလို႔ မာတာလားပဲ။” လို႔ ကြၽန္ေတာ္ ေျပာလိုက္တယ္။
“မဆိုင္ပါဘူး။ နင့္ေနာက္ေက်ာကို စမ္းျပမယ္။ ဟိုဘက္လွည့္။” လို႔ စိတ္မရွည္သလို ေျပာၿပီး ကြၽန္ေတာ့္ဘက္ကို လွည့္လာတယ္။ ကြၽန္ေတာ္လည္း တီရွပ္ကို ဆြဲခြၽတ္လိုက္ၿပီး ဟိုဘက္လွည့္ေပးလိုက္ရတယ္။ ခုခ်ိန္ စားပြဲထိုး ဝင္လာရင္ တစ္မ်ိဳးထင္ဦးမယ္။
“ေတြ႕လား။ နင္ဆို အဲ့ဒီေနရာက မမာဘူး။ ငါက မာေနတာ။” လို႔ သူေျပာတယ္။
“ထားပါေတာ့။” လို႔ ေျပာၿပီး ကြၽန္ေတာ္ တီရွပ္ကို ျပန္စြပ္လိုက္တယ္။ ကြၽန္ေတာ့္ကို ၾကည့္ၿပီး သူ ရယ္ပါတယ္။
“ျဖစ္ပ်က္ေနလိုက္တာဟယ္။ အက်ႌခြၽတ္ရတာမ်ား လာရွက္ေနတယ္။” လို႔လည္း ေျပာေသးတယ္။
“မရွက္ပါဘူး။ မေနတတ္တာပါ။” လို႔ ကြၽန္ေတာ္ ေျပာလိုက္ရတယ္။
“နင္က ရွစ္တန္းေက်ာင္းသားလား။” လို႔ေျပာၿပီး သူ သေဘာက်ေနပါတယ္။ ခဏေနမွ
“ငါ့ဇာတ္လမ္းကို မွတ္ခ်က္ေပးဦးေလ။” လို႔ သူေျပာတယ္။
“ဘာေပးရမွာလဲဟ။ ငါမေျပာတတ္ဘူး။”
“ဘဲနဲ႔ တည္းခိုခန္းေရာက္ဖူးတယ္ဆိုတဲ့ ေကာင္မေလးေတြကို နင္တို႔ေတြက ကဲ့ရဲ႕ၾကတယ္မလား။ ခုင့ါကိုေရာ ဘယ္လိုျမင္လဲ သိခ်င္တာ။” လို႔ ခပ္ေအးေအး သူေျပာတယ္။
“ငါက မကဲ့ရဲ႕ပါဘူး။ ဘယ္လိုမွလည္း မျမင္ဘူး။ ဒီဘက္ေခတ္ လူငယ္ေတြလည္း ေတာ္ေတာ္မ်ားမ်ား လက္ခံၾကပါတယ္။ ငါလည္း ေရာက္ဖူးတာပဲကို။”
“တကယ္လား၊ ေျပာျပ။” လို႔ သူ ခပ္႐ႊင္႐ႊင္ ေျပာတယ္။
ပထမဆုံး အေတြ႕အႀကဳံကို သူ႔ကို ေျပာျပလိုက္တယ္။ တစ္ဖက္ ေကာင္မေလးရဲ႕ ညည္းသံေၾကာင့္ ကြၽန္ေတာ္ မၿပီးလိုက္ေၾကာင္းေရာေပါ့။
“နင္က ငါ့ထက္ အဆင့္ပိုေရာက္ခဲ့တာပဲ။” လို႔ သူေျပာတယ္။ “ထပ္ရွိေသးတယ္မလား။ ေျပာျပဦး။” လို႔ ပူဆာသလို သူထပ္ေျပာတယ္။
“မရွိပါဘူး။” လို႔ ကြၽန္ေတာ္ေျဖလိုက္တယ္။ ၿပီးေတာ့ “ေစာန နင္ေမးတာ ေသခ်ာေျပာရရင္ ငါက အပ်ိဳစင္ကို တန္ဖိုးထားတဲ့ သူထဲမွာ မပါဘူး။ လူတိုင္းက ကိုယ့္ခႏၶာကိုယ္ ကို စိတ္ႀကိဳက္အသုံးခ်ခြင့္ ရွိတယ္လို႔ ျမင္တယ္။ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို ႀကိဳေတြးၿပီး ခံႏိုင္မယ္ ဆိုရင္ေပါ့။” လို႔ စကားလမ္းေၾကာင္း လႊဲလိုက္တယ္။
“နင့္ကို ေျပာျပရရင္ ငါက ခုထိ Virgin” လို႔ သူေျပာတယ္။ ကြၽန္ေတာ္ မအံ့ၾသပါဘူး။ ဒါေပမယ့္ ေမးခ်င္တာ တစ္ခုေတာ့ ရွိတယ္။
“ဒါဆို နင္က နင့္အပ်ိဳစင္ဘဝကို ဟိုအစ္ကို႔ကို ေပးဖို႔ ဆုံးျဖတ္ခဲ့တာပဲ။ သူက တကယ္ထိုက္တန္တယ္လို႔ ခံစားရတယ္ေပါ့။” လို႔ ေမးလိုက္တယ္။
“ေသခ်ာ မေျပာတတ္ဘူး။ သူက ဘယ္သူမွ မရွိဘူးလို႔ ခံစားေနရတဲ့ ငါ့အတြက္ ေကာက္႐ိုးတစ္မွ်င္လို ျဖစ္သြားတာ။ ေပ်ာ္စရာေပ်ာက္ေနတဲ့ ငါ့ကို ေပ်ာ္စရာေတြ သူေျပာျပႏိုင္တယ္။ ငါ့ကို ရယ္ေအာင္ လုပ္ေပးႏိုင္တယ္။ အေတြ႕အႀကဳံ အသစ္ေတြလည္း အမ်ားႀကီးရတယ္။ ငါ ခုဆို အရက္ေသာက္ဖူးၿပီ၊ ေဆးလိပ္လည္းေသာက္ဖူးၿပီ၊ Sex ေတာင္ နည္းနည္းပဲ လိုသြားတာ။” လို႔ သူေျဖတယ္။ ၿပီးေတာ့ ဒိန္ခ်ဥ္ကို ဇြန္းနဲ႔ေမႊရင္း ဆက္ေျပာတယ္။
“ငါလြတ္လပ္သလို ခံစားရတယ္။ စိတ္လည္းသိပ္မညစ္ေတာ့ဘူး။ Facebook လည္း D ထားလိုက္တယ္။ သတင္းေတြလည္း ဘာမွ မဖတ္ခ်င္ေတာ့ဘူး။ အဲ့ဒီလိုျဖစ္ခဲ့တာ။ ဒါေကာင္းတယ္လို႔ နင္ထင္လား။”
“နင္အဆင္ေျပတယ္ဆိုရင္ ေကာင္းတာေပါ့။ ဘယ္သူ႔ကိုမွလည္း မထိခိုက္ဘူးေလ။” လို႔ ကြၽန္ေတာ္ ေျပာလိုက္တယ္။
“ဒါေပမယ့္ တည္းခိုခန္းက ျပန္လာၿပီးတဲ့ ညမွာ ေသခ်ာျပန္စဥ္းစားလိုက္ေတာ့ ငါက အရွိတရားကို ရင္မဆိုင္ႏိုင္လို႔ ေရွာင္ပုန္းဖို႔ ႀကိဳးစားေနတဲ့ သူရဲေဘာေၾကာင္သူ တစ္ေယာက္လို ျဖစ္ခဲ့တာပဲ။ ဒါနဲ႔ ငါသူ႔ကို ျဖတ္ၿပီး လက္ရွိကမာၻကို ျပန္လာခဲ့တာ။” လို႔ သူေျပာပါတယ္။
“လက္ရွိကမာၻကေန ႀကိဳဆိုပါတယ္ဗ်ာ။” လို႔ ေျပာၿပီး ကြၽန္ေတာ္ သံပုရာရည္ခြက္ကို ေျမႇာက္လိုက္တယ္။ သူက ဒိန္ခ်ဥ္ခြက္ကို ေျမႇာက္ၿပီး ကြၽန္ေတာ္တို႔ ခြက္ခ်င္းတိုက္လိုက္ၾကပါတယ္။
………..
မေျပာေတာ့ဘူး ေနတာ။ မစၥတာျမအေၾကာင္း ေျပာဦးမယ္။ သူနဲ႔ ခရီးတစ္ေခါက္ထြက္ၿပီးတည္းက သူ ကြၽန္ေတာ္တို႔နဲ႔ သိပ္မေရာေတာ့ဘူး။ သူ႔ေကာင္မေလး စနက္ပဲ ေနမွာေပါ့။ ေမးထူးေခၚေျပာေတာ့ ရွိပါတယ္။ ဒါေပမယ့္ အာဏာသိမ္း အၿပီးမွာ သူ႔တုံ႔ျပန္ပုံကို မႀကိဳက္လို႔ ကြၽန္ေတာ္တို႔ သူ႔ကို တစ္ခါတည္း အဆက္ျဖတ္ ပစ္လိုက္ၾကတာ။ Facebook မွာေရာ အျပင္မွာပါ ဘေလာ့လိုက္တာေပါ့။ သူ႔အေဖက ဗိုလ္မႉးထင္တယ္။ တကယ္ေတာ့ သူက အာဏာသိမ္းတာကို ဝမ္းသာတယ္ ဘာညာ မေရးပါဘူး။ လက္သုံးေခ်ာင္းေထာင္တာတို႔၊ profile ပုံခ်ိန္းတာတို႔၊ ဆႏၵျပတာတို႔မွာ သူက ဆိတ္ဆိတ္ေနခဲ့႐ုံပါ။ ေဖေဖာ္ဝါရီနဲ႔ မတ္လအစမွာက မစၥတာျမလိုလူေတြအေပၚ အားလုံးရဲ႕ ေဒါသေတြ ပုံက်ေန ခ်ိန္ေလ။ ေနာက္ပိုင္း ဟိုဖက္က တကယ္ပစ္၊ တကယ္ဖမ္း၊ တကယ္ၾကမ္းလာေတာ့လည္း ေတာ္ေတာ္မ်ားမ်ားက မစၥတာျမေတြ ျဖစ္ကုန္တာပါပဲ။ မစၥတာျမ ထက္ဆိုးၿပီး ကိုယ္အဆင္ေျပတဲ့ပုံေတြနဲ႔ ေပ်ာ္ေနပါးေန၊ စားေနေသာက္ေန၊ လွေနပေနတဲ့ ပုံေတြပါ တင္လိုက္ ၾကေသး။
ယုယုက သူ႔ေမြးေန႔ဖိတ္ထားတာ အခ်ိန္နည္းနည္း လိုေနေသးတာနဲ႔ facebook ပြတ္ရင္း မစၥတာျမအေၾကာင္း ေတြးမိတာပါ။ ယုယုကိုေတာ့ ေျပာထားတယ္။ နင့္ေမြးေန႔ပုံေတြ တက္လာရင္ ဆဲၿပီပဲလို႔။ သူကလည္း ေမြးေန႔မွာ ကိတ္ေတာင္ မခြဲပါဘူးတဲ့။ ကုသိုလ္ေလးလည္း ရေအာင္ အိမ္မွာ ၾကက္ဆီထမင္း ဆြမ္းကပ္ၿပီး သူငယ္ခ်င္းေတြကို ေခၚေကြၽး႐ုံပါတဲ့။ သူကိုယ္တိုင္ ခ်က္ထားတာလို႔လည္း ေျပာတယ္။
ေရခ်ိဳးၿပီး တီရွပ္တစ္ထည္ကို စြပ္လိုက္တယ္။ မေန႔က အျပင္ကအျပန္ ေနျပထားတဲ့ ဂ်င္းေဘာင္းဘီကို ႐ုတ္ၿပီး ဝတ္လိုက္တယ္။ ထီးတစ္ေခ်ာင္းဆြဲၿပီး ထြက္လာခဲ့ပါတယ္။ ရန္ကုန္ေနက ဘယ္ခ်ိန္ၾကည့္ၾကည့္ ပူေနတာေလ။ ကြၽန္ေတာ္ေရာက္သြားေတာ့ ယုယုတို႔အိမ္မွာ လူေတာင္ ရွင္းေနၿပီ။
“လာ လာ၊ သား … ထိုင္” လို႔ အန္တီက ခုံကိုသုတ္ရင္း ေျပာတယ္။ ယုယုအေဖကေတာ့ လူတစ္ေယာက္နဲ႔ စကားေျပာေနရာက ကြၽန္ေတာ့္ကို ၿပဳံးျပတယ္။ ယုယုက သူ႔သူငယ္ခ်င္းတစ္ေယာက္ စားတာကို ေဘးကထိုင္ၿပီး စကားေျပာေပးေနတယ္။ ကြၽန္ေတာ့္ကို ျမင္ေတာ့ သူလည္း ၿပဳံးျပၿပီး
“နင္ မႏိုးမွန္း သိလို႔ ငါဒီခ်ိန္ ခ်ိန္းလိုက္တာ။ ကြက္တိပဲမလား။” လို႔ ေျပာတယ္။ သူ႔သူငယ္ခ်င္းက ကြၽန္ေတာ့္ကို တစ္ခ်က္လွမ္းၾကည့္ၿပီး ၾကက္ဆီထမင္းကို လက္စသပ္တယ္။
အန္တီခ်ေပးတဲ့ ၾကက္ဆီထမင္းကို ကြၽန္ေတာ္ စ စားလိုက္တယ္။ ၾကက္ဆီထမင္းေတြ သိပ္မစားဖူးလို႔ ေသခ်ာ မေျပာတတ္ေပမယ့္ စားလို႔ေတာ့ ေကာင္းပါတယ္။ ခ်ဥ္ေပါင္႐ြက္ ခ်ဥ္ရည္ဟင္းေလးလည္း ေသာက္လို႔ ေကာင္းတယ္။
“ဘယ္လိုလဲ။ စားလို႔ေကာင္းလား။” လို႔ ယုယုက ကြၽန္ေတာ့္ကို လွမ္းေမးတယ္။
“လုပ္ပါ။ နင့္သူငယ္ခ်င္းနဲ႔ပဲ စကားေျပာေန။ ငါစားတာ မေႏွာင့္ယွက္နဲ႔ဦး။” လို႔ ကြၽန္ေတာ္ လွမ္းေျပာလိုက္တယ္။ ေျပာမွပဲ သူ႔သူငယ္ခ်င္းက “စားလို႔ေကာင္းတယ္။ ငါ ျပန္ဦးမယ္။” လို႔ ေျပာပါတယ္။ ၿပီးေတာ့ သူတို႔ စကားနည္းနည္း ဆက္ေျပာၿပီး အျပင္ထြက္သြားၾကတယ္။ ခဏေနေတာ့ ယုယု ျပန္ေရာက္လာတယ္။ ကြၽန္ေတာ္က စားေနတုန္း။
“ထပ္ထည့္ဦးေလ။” လို႔ ယုယုက အိမ္ထဲ ျပန္ဝင္ဝင္ခ်င္း ေျပာတယ္။
“နင္မသိလိုက္လို႔ေနာ္။ ငါ ထည့္တာ သုံးခါရွိၿပီ။” လို႔ ေျပာေတာ့ သူက ရယ္ပါတယ္။
“ငါ့လက္ရာ မဆိုးဘူးမလား။” လို႔လည္း ၿပဳံးၿပီး ေမးတယ္။
“နင္ စင္ကာပူမွာ အင္ဂ်င္နီယာ လုပ္မေနနဲ႔ေတာ့။ ၾကက္ဆီထမင္းေရာင္း။ ပိုေအာင္ျမင္မွာ။” လို႔ ကြၽန္ေတ
Done 🍀
ReplyDelete10/10 👌
Delete
ReplyDeleteဥာဏ်ပညာရယ်
ချစ်ခြင်းတရားရယ်
တော်လှန်ရေးကို
ရှင်သန်စေမယ်...❣️
🌟🌟🌟
ReplyDeleteClicked 🌸
ReplyDeleteWait a minutes.
ReplyDeleteThank you.
DeleteDone 💪
ReplyDeleteDone
ReplyDeleteDone
ReplyDelete