ပျော်ရွှင်ဖွယ်ရာ လွတ်လပ်ရေးနေ့ ဖြစ်ပါစေ
ပျော်ရွှင်ဖွယ်ရာ လွတ်လပ်ရေးနေ့ ဖြစ်ပါစေ
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်မာပြည်သည် ဗြိတိသျှ ဓနသဟာယ နိုင်ငံပြင်ပ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့ အစိုးရအိမ်တော်ရှိ ယူနီယံဂျက်အလံကို ဖြုတ်ချပြီး နောက်ဆုံး ဘုရင်ခံ ဆာဟူးဘက်ရန့်စ် (Sir Hubert Rance)က ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော သမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်အား အာဏာလွှဲပြောင်းပေးသည်။ (ထိုမနက်က အစိုးရအိမ်တော်တွင် ဦးသန့်လည်း ရှိနေခဲ့သည်။ ဦးသန့်က အသက်အရွယ်အိုမင်းနေပြီဖြစ်သော ဂျေအက်ဖာနီဗယ်လ် (J.S Furnivall)ကို အဖော်ပြုပေးနေခဲ့သည်။)
လွတ်လပ်ရေး ရသည့်အခါ မြန်မာပြည်သည် စည်ပင်သာယာဝပြောသော နိုင်ငံတစ်ခု၏ ရုပ်လက္ခဏာများကို ပိုင်ဆိုင်ထားခဲ့သည် ဟူသော ဒဏ္ဍာရီတစ်ခု ရှိနေပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် တိုင်းပြည်သည် မဟာမိတ်နှင့် ဂျပန်အင်ပါယာအကြား ငါးနှစ်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ပျက်စီးယိုယွင်းနေခဲ့သည်။ ဆိပ်ကမ်းတိုင်း၊ လေယာဉ်ကွင်းတိုင်း၊ ရေနံတွင်းတိုင်း၊ ရထားလမ်း၊ ရထားဘူတာရုံတိုင်း၊ တံတားတိုင်း၊ စက်ရုံတိုင်း ဖျက်ဆီးခံရ သို့မဟုတ် ရစရာမရှိအောင် ပျက်စီးနေပြီ ဖြစ်သည်။ မန္တလေး အပါအဝင် မြို့များ မီးလောင်ပြာကျသည်။ ကလေးငယ်များမှာ စစ်ဒဏ်ခံရပြီး နှစ်ပေါင်းများစွာကြာ ကျောင်းမတက်ကြရ။ ရွှေ့ပြောင်းဒုက္ခသည်များမှာ သိန်းနှင့်ချီပြီး ယာယီတဲများထိုးကာ နေထိုင်ကြရသည်။ နယ်ဘက်တွင်လည်း လက်နက်များကို အလွယ်တကူ ပေါချင်းသောချင်း ရနိုင်သည်။
လပိုင်းအတွင်း လက်နက်ကိုင် တော်လှန်ရေးသမားများ တစ်စတစ်စ ထွက်ပေါ်လာကြတော့သည်။ များမကြာမီ မူဂျာဟစ်ဒန်တို့က ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထိန်းချုပ်ထားတော့မည် ဖြစ်ပြီး မြန်မာတစ်ပြည်လုံးရှိ မြို့ပြနေရာများတွင် ကွန်မြူနစ်တို့ အုံကြွတော့မည် ဖြစ်သည်။
တစ်နှစ်အတွင်း ဗမာ့တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ အကြား တိုက်ပွဲသည် ရန်ကုန်မြို့ အစွန်နား အထိပင် ရောက်လာခဲ့သည်။ အစိုးရအဖွဲ့တွင် ပါဝင်သူများမှာ အသက်ငယ်သည်။ (ပျမ်းမျှအသက်ပိုင်းခြား သုံးဆယ်ကျော် ဝန်းကျင်သာ ဖြစ်သည်။) စေတနာကောင်းသည်။ တက်ကြွသည်။ သို့သော် အုပ်ချုပ်ရေးပိုင်းတွင် အတွေ့အကြုံ မရှိကြ။ အောင်မြင်ကျော်ကြားသော ပြည်သူ့ဝန်ထမ်းများ၊ ဝတ်လုံတော်ရများ၊ တရားသူကြီးများ၊ ပညာရှင်များ၊ စစ်မှုထမ်းများ အချို့ ရှိသော်လည်း မြန်မာပြည် အရွယ်အစား၊ ရှိသည့် လူဦးရေနှင့် တွက်လျှင် အလွန်နည်းနေသည်။ မြန်မာနိုင်ငံတွင် နောက်ထပ် ၅ နှစ် ၁၀ နှစ် နေဖို့တော့ ဗြိတိသျှတို့ဘက် မျှော်လင့်ထားခဲ့သည်။ သို့သော် စနစ်တကျ ကူးပြောင်းရေးကိုတော့ ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် (များမကြာမီ ပြည်တွင်းစစ်မီးများ တောက်လောင်မည့်) စပ်ကူးမတ်ကူးကာလကို ကောင်းမွန်စွာ နားလည်သဘောပေါက်ရန် ထိုစဉ်က ကမ္ဘာတစ်ဝန်းရှိ အဖြစ်အပျက်များကို အသိအမှတ်ပြုဖို့ အရေးကြီးပါသည်။ ၁၉၄၈ ခုနှစ် အစောပိုင်းကာလတွင် ကမ္ဘာကြီးတစ်ခုလုံး ဂယက်ထနေခဲ့သည်။
- အရှေ့ဆိုဗီယက်ကို ဆန့်ကျင်ရန် မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ကို အသစ်ဖွဲ့စည်းရန် ပြင်ဆင်နေကြချိန်ဖြစ်ကာ စစ်အေးတိုက်ပွဲ စတင်ရန် အရှိန်ယူနေသည့်အချိန် ဖြစ်သည်။
- ဆိုဗီယက်က ဘာလင်ကို ပိတ်ဆို့လိုက်ရာ အသစ်ပေါ်ပေါက်လာသည့် စစ်အေးတိုက်ပွဲ ဆူပွက်တော့မည့် အခြေအနေတွင် ရှိနေသည်။
- စစ်ဒဏ်ကြောင့် ဖြူခါပြာခါကျနေသော ဥရောပကို ပြန်လည်တည်ဆောက်မည့် မာရှယ်အစီအစဉ် “Marshall Plan” ကို အမေရိကန်က အတည်ပြုတော့မည့်ဆဲဆဲ အချိန်ဖြစ်သည်။
- ကုလသမဂ္ဂ၏ ပါလက်စတိုင်းပြဌာန်းချက်မှာ အဆုံးသတ်တော့မည်ဖြစ်သည်။ ရလဒ်မှာ ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံကို တည်ထောင်လိုက်အပြီး ပထမဆုံး အာရပ်-အစ္စရေး စစ်ပွဲ စတင်ဖြစ်ပွားတော့သည်။
- အသစ်တည်ထောင်လိုက်သည့် မလေးရှားပြည်ထောင်စုကို ကန့်ကွက်သည့် ကွန်မြူနစ်တို့၏ တော်လှန်ရေးကြီးမှာ ပေါက်ကွဲလုမတတ် ဖြစ်နေသည်။ ထို့နောက်တွင် မာလာယု အရေးပေါ် “Malayan Emergency” စတင်ကာ နောက် ၁၂ နှစ်ကြာ ပြောက်ကျားစစ်ပွဲများ ဖြစ်ပွားလေတော့သည်။
- ပြင်သစ်နှင့် ဗီယက်မင်း (Viet Minh) တို့ အကြား ဖြစ်ပွားနေသော ပထမအင်ဒိုချိုင်းနားစစ်ပွဲမှာ အရှိန်ကောင်းနေဆဲ။
- လေးနှစ်ကြာ ဖြစ်ပွားခဲ့သော ဒတ်ချ်စစ်တပ်များနှင့် အသစ်ထူထောင်လိုက်သည့် အင်ဒိုနီးရှားပြည်သူ့သမ္မတနိုင်ငံအကြား စစ်ပွဲမှာ တိုးလို့တန်းလန်း ဖြစ်နေသည့် အချိန်ဖြစ်သည်။
- မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်ခြမ်းကွဲတော့မည့် ဆဲဆဲ။
မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးလှသည်မှာ
- ဗြိတိသျှအိန္ဒိယသည် နှစ်ခြမ်းကွဲသွားပြီး ဓနသဟာယနိုင်ငံများအဖြစ် အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ အသစ်ပေါက်ပေါက်လာသည်။ ထိုကဲ့သို့ ဖြစ်ခြင်းကြောင့် လူပေါင်း သိန်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ကက်ရှမီးယား ပိုင်နက်ကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ စတင်ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဗြိတိသျှပိုင်နက်နှင့် နယ်နိမိတ် ဆက်စပ်ခြင်း မရှိတော့ချေ။
- တရုတ်ပြည်တွင်းစစ်က အဆုံးသတ်တော့မည်။ ၁၉၄၉ ခုနှစ်ကုန်ပိုင်းတွင် ကွန်မြူနစ်တို့ ပီကင်းကို အပိုင်သိမ်းပြီး ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ကြေငြာလိုက်သည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းစစ် ရှုံးပြီးနောက် လက်ကျန် တရုတ်အမျိုးသားလှုပ်ရှားသူတစ်စုက ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာပြီး အကြမ်းဖက် ပဋိပက္ခမီး မွှေးတော့သည်။ စစ်အေးတိုက်ပွဲဝင် အမေရိကန်တို့၏ အထောက်အပံကို နှစ်ပေါင်းများစွာ ရယူနေသော တရုတ်အမျိုးသားရေးဝါဒီများသည် မြန်မာပြည်တွင်းမှနေကာ ယူနန်ရှိ ကွန်မြူနစ်များကို တိုက်လိုခဲ့သည်။ မြန်မာပြည် တောင်ပေါ်ဒေသသည် ထိုအချိန်တည်းက မငြိမ်းချမ်းခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
ထို့ပြင် ကလီမန့် အက်တလီ၏ ပြုပြင်ပြောင်လဲရေး အလုပ်သမားအစိုးရသည် ဝင်စတန်ချာချီ၏ ရှေးရိုးစွဲကြီးများကို အနိုင်ရခဲ့ရာ လွှတ်တော်တွင်း ပြောင်းလဲမှုများအတွက် ကတိကဝတ်ပြုသည် သာမက အာရှရှိ ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးရန် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ ၁၉၄၆ ခုနှစ် ရောက်သောအခါ မြန်မာနိုင်ငံသည် ဗြိတိသျှတို့ အတွက် အသုံးမလိုတော့ချေ။ မြန်မာသည် ဗြိတိသျှအိန္ဒိယအတွက် နည်းဗျူဟာကျသော အရှေ့ဘက်ရှိ ကြားခံနယ်မြေတစ်ခု မဟုတ်တော့ချေ။ ချွတ်ချုံကျနေသော မြန်မာ့စီးပွားရေးကို ပြန်လည်ထူထောင်ရန် အနည်းဆုံးတော့ ဆယ်စုနှစ်နှင့်ချီ ကြာဦးမည် (ငွေကြေးအမြောက်အမြားလည်း ကုန်ကျမည်)မှာ သိသာနေသည်။ ဗြိတိသျှကုမ္ပဏီများ အမြတ်ငွေရရှိရန် အဓိကကျသည့် နေရာများမှာ မလေးရှား၊ စင်ကာပူနှင့် ဟောင်ကောင်တို့ ဖြစ်ပြီး မြန်မာပြည် မဟုတ်ချေ။ ၁၉၄၇ ခုနှစ် အစောပိုင်းတွင် ဗြိတိသျှအစိုးရသည် မြန်မာကို စွန့်ခွာရန် ထွက်ပေါက်ရှာနေခဲ့သည်။ မြန်မာ့ (ဗမာ့) လွတ်မြောက်ရေး လှုပ်ရှားမှုသည် လွတ်လပ်ရေးရမည့် အချိန်နှင့် မည်သည့်ပုံစံဖြင့် လွတ်လပ်ရေးရရှိသည့် အချက်တို့ကို တစ်နည်းအားဖြင့် အဆုံးအဖြတ် ပေးနိုင်ခဲ့သည်။ သိုသော်ငြား ဗြိတိသျှတို့ မြန်မာမှ အနှေးနှင့်အမြန် ထွက်ခွာမည်မှာ ယုံမှားဖွယ်ရာ မရှိခဲ့ပေ။ သို့နှင့် ကမ္ဘာတစ်ဝှမ်းတွင် ဂယက်မျိုးစုံနေပြီး တရုတ်ပြည်၏ တော်လှန်ရေးသည်လည်း တံခါးခေါက်လာတော့မည့်ကာလ၊ ၁၉၄၈ ခုနစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံမှ စွန့်ခွာကာ မရေရာမှုများ အကြား အရဲစွန့်တိုးရန် ချန်ထားရစ်ခဲ့လေသည်။
တစ်ခေတ်တစ်ခါက ရွှေရောင်တောက်ခဲ့သည့် ထိုဒဏ္ဍာရီပုံပြင်ကို လက်လွှတ်ပြီး အမြဲတမ်း ပြောင်းလဲနေသည့် နိုင်ငံတကာ နောက်ခံအခြေအနေများကို အသိအမှတ်ပြုရန် အရေးကြီးလှပေသည်။ သို့မှသာ ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာကို ရှင်းရှင်းလင်းလင်း မြင်နိုင်၊ ဖြေရှင်းနိုင်ပေမည်။
lostfoodsteps.org မှကူးယူဖော်ပြသည်။
.png)
Done 🍀
ReplyDeleteဥာဏ်ပညာရယ်
ReplyDeleteချစ်ခြင်းတရားရယ်
တော်လှန်ရေးကို
ရှင်သန်စေမယ်...❣️
Clicked🌸
ReplyDeleteThanks
ReplyDeletedone
ReplyDeleteDone2UK
Deleteကျေးဇူးပါ
ReplyDelete👍👍
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteDone
ReplyDelete