လူတစ်ယောက်၏ ကျောက်ဖြစ်ရုပ်ကြွင်း
(၁)
နေဝန်းက ပေါ်ထွက်အံ့မူးမူး ဖြစ်၏။ တမှိုင်းမှိုင်းဝေခဲ့သော နှင်းတို့သည်လည်း ပြယ်လွင့်စ ပြုပြီ။ မြို့စွန်မှ အကြော်တဲလေးသည် မီးခိုးမျှင်များ လွင့်အူလျက် အသက်ဝင်လာ၏။ အမယ်အိုက ဆီအိုးထဲမှ အကြော်များကို ဆယ်ယူပြီး ဗန်းထဲသို့ ထည့်သည်။
ကျိုက်ကျိုက်ဆူသော ရေနွေးအိုးကြီးနံဘေးမှာ နှုတ်ခမ်းပဲ့ပန်းကန်လုံးများကို စီရီချလျက် ပင့်သက်တစ်ချက်ကို ရှိုက်ပြီး ညည်းသည်။
“ဩော်…ဟိုအဘိုးကြီးနှယ်…မမြင်မကန်းနဲ့ ဘယ်တွေလျှောက်သွားနေပြန်ပြီလဲ မသိဘူး…”
(၂)
ထိုအချိန်မှာ အဘိုးအိုက ဝါးလုံးတိုတစ်ချောင်းကို ထောက်၍ ထောက်၍ လျှောက်ရင်း မြို့ကလေး၏ လမ်းကြိုလမ်းကြားများဆီ ရောက်နေပြီ ဖြစ်၏။
မှုန်ရီဖျော့အိုင်သော မျက်လုံးများနှင့် ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကို ဒရွတ်ဆွဲလျှောက်ရခြင်း ဖြစ်၍ ထင်သလောက် ခရီးမတွင်ပါ။ လမ်းကွေ့တစ်နေရာအရောက်…
“ဟာ…ဒီအဘိုးကြီးက လူကိုတောင် မမြင်ဘူးလား”
“စိတ်မရှိပါနဲ့ကွယ် မျက်စိကောင်းကောင်း မမြင်လို့ပါ အချိန်လည်း မရှိလို့ပါ…”
“အဲဒါဆိုရင်လည်း သတိထားသွား…ကျုပ်ကို ဝင်တိုးတာ အကြောင်းမဟုတ်ဘူး၊ စက်ဘီးကို တိုးမိမှ ခက်နေမယ်”
“နှင်း…နှင်းဆီပန်းကို ဘယ်နားမှာ ရနိုင်မလဲ”
“ဒီနားမှာ ဘယ်လိုလုပ်ရမလဲ…ဈေးထဲကို သွားပေါ့…”
(၃)
ဈေးထိပ်သို့ ရောက်သောအခါ ဓာတ်တိုင်တစ်တိုင်မှာ မှီတွယ်အားယူရင်း အသက်ကို ပြင်းပြင်းရှုနေမိ၏။ ထို့နောက်မှာမှ ဈေးထဲသို့ တဖြည်းဖြည်း တိုးဝင် လှမ်းလျှောက်သွားရသည်။ ပန်းသည်နှင့် သူမ၏ဗန်းထဲမှ နှင်းဆီပွင့်ငယ်ကို ဝမ်းသားအားရ မြင်တွေ့လိုက်ရ၏။
“နှင်းဆီပန်း တစ်ပွင့်လောက်”
ပန်းသည်က ကမ်းပေးမည့်ဟန် ပြုပြီးမှ နုံချာစုတ်ပြတ်သော သူ့အသွင်အပြင်ကို ကြည့်ကာ…
“ဝယ်တာ ဟုတ်ပါတယ်နော်”
“ဟို…ပိုက်…ပိုက်ဆံတော့မပါဘူး”
“အို…သွား…သွား…မပေးနိုင်ဘူး…ဘယ်နှယ့် စောစောစီးစီး…”
“နှင်းဆီတစ်ပွင့်တည်းပါကွယ်…အချိန်မမီမှာ စိုးလို့ပါ…”
“မရဘူး…သွား…”
(၄)
အားအင်ချည့်နဲ့စွာ လှည့်ပြန်လာရသော အဘိုးအိုသည် လမ်းကြိုလမ်းကြားများဆီသို့ ရောက်လာရပြန်လေသည်။ တစ်နေရာအရောက်တွင် သင်းမြစူးရီသည့် နှင်းဆီရနံ့ကို တဝေ့ဝေ့ သူရှုရှိုက်လိုက်ရ၏။ စိတ်လှုပ်ရှားစွာဖြင့် ငဲ့ကြည့်မိတော့ လမ်းနံဘေး ခြံဝင်းတစ်ခုထဲမှာ နှင်းဆီပန်းများကို ဝိုးတဝါး သူမြင်လိုက်ရသည်။ အိပ်မက်မက်ရင်း လမ်းလျှောက်သူတစ်ယောက်ပမာပင် ထိုနှင်းဆီရုံရှေ့သို့ သူရောက်သွားသည်။
တုန်ယင်သောလက်များကို နှင်းဆီပန်းဆီအလှမ်း…
“ဟာ…ဟို အဘိုးကြီး ဘာလာလုပ်တာလဲ သွားစမ်း…အာ…ကဲဟာ…”
“ဝုန်း…”
“အား…ကျွတ်…ကျွတ် နှင်းဆီ တစ်…တစ်ပွင့်လောက် ပါ…”
“ဒီအရွယ်ကြီး ရောက်နေပြီ၊ သူများခြံထဲကို ဝင်ခိုးရသလား၊ တော်သေးတာပေါ့ အချိန်မီလို့…”
“မဟုတ်ဘူး…အချိန်…အချိန်မမီမှာ စိုးရတယ်”
“သွားစမ်းပါဗျာ…”
(၅)
သစ်ပင်အိုကြီး တစ်ပင်အောက်မှာ နာကျင်ကိုက်ခဲစွာဖြင့် အဘိုးအိုထိုင်နေမိသည်။ စိတ်ပျက် အားလျော့နေသော သူ့မျက်နှာသည် အရေးအကြောင်းတို့ဖြင့် လိပ်ဖွာလျက်။ သက်ပြင်းတစ်ချက်ကို ချသည်။ ပခုံးပေါ်မှ တဘက်အနွမ်းကလေးကို သူ့ရှေ့မြေပြင်မှာ ဖြန့်ခင်းရင်း ဆို့နင့်အက်ကွဲသော အသံဖြင့် (ဝိုင်းအုံ့ကြည့်လာသော မျက်လုံးများကို အားခဲ ရင်ဆိုင်လျက်…)
“နှင်းဆီပန်းလေး တစ်ပွင့်လောက် ပါရင် စွန့်ကြဲသွားကြပါခင်ဗျာ”
ခေါင်းကို စိုက်ငုံ့ကာ ထိုသို့တွင်တွင် အော်ရင်း မျက်ရည်ပေါက်ကြီးများက တပေါက်ပေါက်ကျ၏။ အတော်ကြီးကြာပြီးမှ တဘက်အနွမ်းလေးပေါ်သို့ နှင်းဆီပန်းလေးတစ်ပွင့် လွင့်ကျလာသည်။
“အို…နှင်းဆီပွင့်”
ဝမ်းသာအားရဖြင့် လှမ်းယူဆုပ်ကိုင်လိုက်မိ၏။ ရိုးတံမှ ဆူးများက သူ့လက်ဖဝါးထဲသို့ နစ်မြုပ်သည်ကို ဂရုမပြုအား။ သုန်မှိုင်းသော မျက်ဝန်းများမှာ အရောင်ဖျော့ဖျော့တို့ တောက်ပလာသည်။
(၆)
အကြော်တဲလေးဆီသို့ အဘိုးအို ပြန်ရောက်လာသောအခါ အမယ်အိုက ဗျစ်တောက်ဗျစ်တောက် ဆို၏။
“အဘိုးကြီး ဘယ်တွေလျှောက်သွားနေတာလဲတော်၊ ကျုပ်မှာဖြင့် စိတ်ပူလို့…”
“အမယ်ကြီးရေ…အဲဒါတွေထားလိုက်ဦး၊ တို့အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ…”
“မှတ်မိပေါင်တော်…နှစ်ပေါင်း လေးဆယ်ကျော်ရောပေါ့…ဘာလုပ်မလို့တုန်း…”
“ဒီနေ့ မင်းနဲ့ငါ လက်ထပ်တယ်လို့ သဘောထားကွာ၊ ရော့…မင်းအတွက် နှင်းဆီပန်းလေး…”
ရ)
တစ်ခေါင်းလုံး ဖြူဖွေးနေသော အမယ်အိုက တခစ်ခစ်ရယ်လျက်…
“ဒီအဘိုးကြီးက ဘာအရူးထတာလဲ မသိဘူး”
ဟုဆိုကာ နှင်းဆီပန်းလေးကို လှမ်းယူ၏။ အဘိုးကြီးက ပြုံးကြည့်နေပြီး…
“ငါ ခဏ လှဲလိုက်ဦးမယ်ကွာ…”
စောင်စုတ်ကလေးကို ခြုံလွှမ်းကာ အဘိုးအို လဲလျောင်းလိုက်၏။ “အချိန်မီလို့ တော်ပါသေးရဲ့” ဟု စိတ်ထဲမှ ရေရွတ်မိသည်။ တစ်ကိုယ်လုံးကို လျှော့ချလိုက်၏။
အသက်ရှုသံက တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံးမှာ ငြိမ်သက်ရပ်တန့်သွားသည်။ သူ့မျက်နှာပေါ်မှာတော့ အပြုံးတစ်စ ခိုတွယ် ကျန်ရစ်ခဲ့လေသည်။
တာရာမင်းဝေ
🌷
ReplyDeleteသြော်....အဘွားကို အဲ့လောက်တောင် ချစ်တဲ့အဘိုး...
ReplyDeleteDone
ReplyDeleteစစ်မှန်သောချစ်ခြင်းတရားတဲ့ ဒီဘက်ခေတ်မှာတော့ရှားပါးပါတယ်ကွယ်🌸💜
ReplyDeleteDone 🍀
ReplyDelete👵♡👴
ReplyDelete"အဘွားကြီးမင်းက
အဘိုးကြီးငါ့ကို
မောင်တွေဘာတွေခေါ်ပါဦး...."
Yoy myay kya
Delete
ReplyDeleteဥာဏ်ပညာရယ်
ချစ်ခြင်းတရားရယ်
တော်လှန်ရေးကို
ရှင်သန်စေမယ်...❣️
Done 💪
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDelete