သေနတ်ပြောင်း ဘယ်ကိုလှည့်မလဲ

Unicode


တလောက သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ပခုက္ကူခရိုင်မှာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ဘယ်သူသတ်မှန်းမသိတဲ့ နိုင်ငံသား ၂၀၀ဝန်းကျင် သေဆုံးခဲ့တယ်တဲ့။ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်တဲ့ပြည်သူ့ခုခံစစ် အားကောင်းလာချိန်ကစလို့ စစ်ရဲ့‌ဘေးထွက်ဆိုးကျိုးအနေနဲ့ ပိုင်ရှင်မဲ့သတ်ဖြတ်မှုတွေက နေရာအနှံ့ ပေါ်ပေါက်လာနေတာ တွေ့ရပါတယ်။ ပြည်သူ့တော်လှန်ရေးဘက်သားများအနေနဲ့ တော်လှန်ခုခံစစ်ကနေ လမ်းကြောင်း ချော်ထွက်မသွားစေဖို့ စစ်ရေးဆိုင်ရာကိုးကားပြုစရာ ဂိုက်လိုင်းများကို စုစည်းတင်ပြလိုက်ပါတယ်။
စစ်ရေးပစ်မှတ်များ
တော်လှန်ရေးအတွက် လက်နက်ကိုင်လိုက်ပြီဆိုတာနဲ့ စစ်ရေးရည်ရွယ်ချက်ရှိရပါတော့မယ်၊ မည်းမည်းမြင် ထင်ရာပစ်နေလို့မရတော့ပေ။ လက်နက်နဲ့တိုက်ခိုက်ချေမှုန်းရမယ့် စစ်ရေးဆိုင်ရာပစ်မှတ်တွေ သေချာရှိထားဖို့လိုအပ်ပြီး လက်နက်ကိုအသုံးပြုတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်စီတိုင်းကလည်း ဒါတွေကို သိရှိနားလည်ပြီးသား ဖြစ်ရပါမယ်။ နုကြည်၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးဘက်သားတွေ တိုက်ခိုက်ချေမှုန်းရမယ့် စစ်ရေးပစ်မှတ်ဆိုင်ရာ အချက် ၄ချက်ကို ထုတ်ပြန်ပေးထားတာတွေ ရှိတယ်။ ယင်းထုတ်ပြန်ချက်အရ‌ဆိုရင်
စစ်ရေးဆိုင်ရာပစ်မှတ်ဆိုတာကတော့ စစ်အာဏာရှင်စနစ်ရဲ့ယန္တရားများကို ဆိုလိုပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းတွေ မပြုလုပ်ရလို့လည်းဆိုတယ်။ နေရာဌာနများအနေနဲ့ စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံ၊ ယဉ်ကျေးမှုဆိုင်ရာအထိမ်းအမှတ်​နေရာများ၊အရပ်သားပြည်သူများစုဝေးသွားလာလှုပ်ရှားသောနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရလို့ တားမြစ်ထားတယ်။ ကျန်းမာရေးဆိုင်ရာများအနေနဲ့ လူနာတင်ယာဉ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရာနေရာများ၊ ရှေးဦးသူနာပြုများနဲ့ ကျန်းမာရေးစောင့်ရှောက်ကုသပေးသူများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ရဘူးလို့ ထုတ်ပြန်ထားတယ်။
နုကြည်၊ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ စစ်ရေးဆိုင်ရာပစ်မှတ်ဆိုတာက စစ်အာဏာရှင်စနစ်ရဲ့ယန္တရားများကို ဆိုလိုတယ်ဆိုတာက အရမ်းကြီးယေဘုယျဆန်နေတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားဆိုတာကဘယ်အထိ
အကျုံးဝင်ပါသလဲ၊၊ အဲဒီဖွင့်ဆိုချက်မှာ ဘယ်လိုလူတွေ၊ ဘယ်လိုဌာနတွေ၊ ဘယ်လိုနေရာတွေ ပါဝင်သလဲဆိုတာ ဒီထက်တိတိကျကျ ထုတ်ပြန်လမ်းညွှန်သင့်တယ်။ အပေါ်တားမြစ်ချက်များကို ထောက်ရင်တော့ ပညာ၊ကျန်းမာ၊ ဘာသာ၊ယဉ်ကျေးမှုဆိုင်ရာများကို မတိုက်ခိုက်ဖို့ တားမြစ်ထားတဲ့အတွက် ယင်းဌာနများမှအပ ကျန်အစိုးရဌာနများကို စစ်အာဏာရှင်စနစ်ရဲ့ယန္တရားများလို့ အဓိပ္ပါယ်ကောက်နိုင်ပါမည်လား တွေးစရာရှိပါတယ်။ ဒါ့အပြင်စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနဲ့ စစ်တပ်နဲ့အကျိုးတူပူးပေါင်းလုပ်ကိုင်နေကြတဲ့ ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များကိုလည်း စစ်အာဏာရှင်စနစ်ရဲ့ယန္တရားများထဲမှာ ထည့်သွင်းနိုင်မလား မေးစရာရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်များအနေနဲ့ နုကြည်ထုတ်ပြန်ချက်မရှင်းမလင်းဖြစ်နေပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ယန္တရားများဆိုတာကို အခြေခံလို့ စစ်ရေးပစ်မှတ်များ မိမိတပ်ဖွဲ့အလိုက်အသေးစိတ် သဘောတူသတ်မှတ်ပြီးမှ ရဲဘော်များကို တိုက်ခိုက်တိုက်ပွဲဝင်စေသင့်တယ်လို့ မြင်တယ်။ သို့မှသာ မိမိတပ်ဖွဲ့ဝင်များဟာ တော်လှန်ရေးကနေအံချော်ပြီး လမ်းကြောင်းလွဲတိုက်ခိုက်သတ်ဖြတ်မှုများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ တပ်ရှိရင် ပစ်မှတ်တိတိကျကျ ရှိရမယ်။
စစ်သည်တော်ကျင့်ဝတ်များ(Soldier’s Rule)
နုကြည်၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်သည်တော်များလိုက်နာရန် ကျင့်ဝတ်စည်းမျဉ်း(၁၁)ချက်ကိုလည်း ထုတ်ပြန်ထားတာ တွေ့တယ်။ အလျဉ်းသင့်လို့ဖော်ပြရရင်-
၁။စစ်ရေးရည်မှန်းချက်ဖြစ့်သာ တိုက်ပွဲဖော်ဆောင်ရမည်။
၂။စစ်ဆင်ရေးဆောင်ရွက်ရာတွင် လိုအပ်သောအင်အားကိုသာ
အသုံးပြု၍ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်ရန် စီမံဆောင်ရွက်ရမည်။
၃။အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည် ၊အများပြည်သူပိုင်
ဥစ္စာ ပစ္စည်း များကို ထိပါးခြင်းမပြုရ။
၄။ဘာသာရေးအဆောက်အအုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လေးစာတန်ဖိုး ထားရမည်။
၅။လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုရ။
၆။ခေါင်းဆောင်များသည် စံနမူနာပြခေါင်းဆောင်မှုကိုပြသ၍ လက်အောက်ငယ်သားများအပေါ် ကျောသားရင်သားမခွဲခြားဘဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ရမည်။
၇။အထက်ကွပ်ကဲမှု အဆင့်ဆင့်က ပေးအပ်သော အမိန့်နှင့်တာဝန်များကို လေးစားလိုက်နာရမည်။
၈။တပ်ဖွဲ့ဝင်အချင်းချင်း ရဲဘော်ရဲဘက်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်။
၉။လူမျိုး၊ဘာသာ၊ကျား-မ လိင်စိတ်ခံယူချက် ကွဲပြားမှု အပေါ် မူတည်၍ ခွဲခြားဆက်ဆံခြင်း မပြုရ။
၁၀။မူးယစ်ဆေးဝါးသုံးစွဲခြင်း မပြုရ။
၁၁။လူမှုရေးရှုပ်ထွေးခြင်း မပြုရတို့ ဖြစ်ပါတယ်။
အဲဒီထဲမှာ နံပါတ်(၁) အချက်​ဖြစ်တဲ့ စစ်ရေးရည်မှန်းချက်ဖြင့်သာတိုက်ပွဲဖော်ဆောင်ရမည် ဆိုတဲ့အချက်က အရေးကြီးတယ်။ ဆိုလိုတာက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများဟာ လက်နက်ကိုင်ပြီးတာနဲ့ စစ်တိုက်ဖို့အတွက်သာ လက်နက်ကိုသုံးကြတော့လို့ လမ်းညွှန်လိုက်တာဖြစ်တယ်။ အုပ်ချုပ်ရေးအလို့ငှာ လက်နက်ကိုသုံးတာ( ဖဲဝိုင်း၊ကြက်ဝိုင်း ဝင်ဖမ်းတာမျိုး) တရားစီရင်ရေးအလို့ငှာ လက်နက်ကိုသုံးစွဲတာ(အရက်ပုန်း၊ အပေါင်ဆိုင်တွေကို ဒဏ်တပ်တာမျိုး)ကို ဆောင်ရွက်ဖို့ ခွင့်ပြုမထားပါဘူး။ စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်ယန္တရားများကို တိုက်ရိုက်ဖြိုဖျက်ဖို့ရာအတွက်သာ တိုက်ပွဲဝင်ကြဖို့ ဖြစ်ပါတယ်။ ကျန်အချက်များကတော့ထွေထူးရှင်းလင်းစရာ လိုအံ့မထင်။
ဒါ့အပြင် နုကြည်ရဲ့ အခြားလမ်းညွှန်ချက်တွေထဲက အဓိကအချက်များကို ကောက်နုတ်ဖော်ပြရရင် တော်လှန်တပ်သားများအနေနဲ့ အမျိုးသမီးများနဲ့က‌လေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အကြမ်းဖက်ခြင်း မပြုရပါဘူး၊ တိုက်ပွဲမှာ သုံ့ပန်းများဖမ်းဆီးရမိပါကလည်း ညှဉ်းပန်း၊နှိပ်စက်၊သတ်ဖြတ်ခြင်း မပြုရပါဘူး၊ အရေးပေါ်လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းများကို သုံးစွဲရတဲ့အခါမယ် တန်ရာတန်ကြေးပေးရပါမယ်။ ရန်သူ့ထံမှ သိမ်းဆည်းရမိတဲ့ ငွေ၊လက်နက်၊ပစ္စည်းများကိုလည်း မိမိတပ်မှူးထံ စာရင်းနဲ့တကွ အပ်နှံရပါမယ်။ ပြည်သူ့အကျိုးစီးပွားနဲ့ အသက်လုံခြုံမှုကိုထိပါးစေမယ့် စစ်ရေးလှုပ်ရှားမှုများကိုလည်း ရှောင်ကြဉ်ရပါမယ်။ ကာကွယ်ရေးရန်ပုံငွေအလို့ငှာ ဆက်ကြေးကောက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများကိုလည်း လုံးဝမပြုလုပ်ရပါဘူး။ အရပ်သားပြည်သူများအပေါ် မောက်မာရိုင်းပျခြင်း၊ စော်ကားခြင်း၊ အနိုင်ကျင့်နှိပ်စက်ခြင်း၊ မူးယစ်ရမ်းကားခြင်းတွေ လုံးဝမပြုလုပ်ရပါဘူး။ ဒါ့အပြင် သယံဇာတများ ထုတ်ယူသုံးစွဲခြင်း၊ သိမ်းဆည်းရမိသော သယံဇာတများကို စီမံခန့်ခွဲခြင်းများဆောင်ရွက်ရာတွင်လည်း နုကြည်သို့တင်ပြပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနဲ့အညီသာ ဆောင်ရွက်ဖို့ လမ်းညွှန်ထားပါတယ်။ တော်လှန်စစ်သည်များအနေနဲ့ ကျင့်ဝတ်စည်းမျဉ်းများနဲ့အညီ ကျင့်ကြံတော်လှန်ပါမှ တော်လှန်လုပ်ရပ်လို့ ခေါ်ဆိုနိုင်မှာဖြစ်တယ် ဆိုတာကို အထူးသတိချပ်သင့်လှပါတယ်။
ပြူစောထီးနဲ့ နန်း(Nan)များအရေး
နုကြည်၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဖက်ဆစ်ကောင်စီရဲ့ ပြည်သူ့စစ်များဖြစ်တဲ့ ပြူစောထီးများနဲ့ Non CDMများ အပေါ် သဘောထားကို ကြေညာချက်(၂/၂၀၂၂)ထုတ်ပြန်ပြီး အများပြည်သူသို့တင်ပြထားတာကို တွေ့ရတယ်။ ယင်းထုတ်ပြန်ချက်ရဲ့ အပိုဒ်(၃)မှာ ဆိုရင် ‘’အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဒီမိုကရေစီကိုသက်ဝင်ယုံကြည်သူမှန်လျှင် နိုင်ငံရေးအမြင်မတူကွဲပြားသူများ၊ ဘဝပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့်မရသူများအား စစ်ရေးဆိုင်ရာပစ်မှတ် သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းဝင်များအဖြစ် သတ်မှတ်အရေးယူ ဆောင်ရွက်သွားမည်မဟုတ်ပါ။ သို့သော်စစ်ကောင်စီနှင့်ပူးပေါင်းလျက် အကြမ်းဖက်မှုကိုကိုယ်တိုင်ကျူးလွန်ခြင်း၊အားပေးပါဝင်ကူညီခြင်းများ ပြုလုပ်ဆောင်ရွက်ပါက ကင်းလွတ်ခွင့်ပြုသွားမည်မဟုတ်ဘဲ တရားဥပဒေအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်’’ လို့ ထုတ်ပြန်ထားပါတယ်။
ယင်းထုတ်ပြန်ချက်အရဆိုရင် Non CDM ဆိုတိုင်း တိုက်ခိုက်သတ်ဖြတ်တာမျိုးကို နုကြည်ကလက်မခံဘူးဆိုတာ သိရတယ်။ နုကြည်ကိုမထောက်ခံပေမယ့် ဒီမိုကရေစီဘက်သား နိုင်ငံရေးဝေဖန်သူများကိုလည်း အကြမ်းဖက်အဖွဲ့ဝင်များလို့ မသတ်မှတ်ပါဘူး။ အဓိကက ဖက်ဆစ်ကောင်စီကို အားပေးကူညီသူတွေ၊ ပူးပေါင်းဆောင်ရွက်သူတွေကိုသာ စစ်ရေးပစ်မှတ်အဖြစ် ထားရှိ အရေးယူဖို့ ထုတ်ပြန်ထားတာ ဖြစ်လေရာ တော်လှန်တပ်သားများအနေနဲ့ အောက်ခြေမှာ သူလျှို၊ ဒလန်များ၊ ပြူများနဲ့ ပတ်သက်လို့ ကိုင်တွယ်ဆောင်ရွက်ရာမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အားပေးကူညီနေကြောင်း ခိုင်လုံတဲ့သက်သေအထောက်အထား ရယူပြီးမှ ဆောင်ရွက်ဖို့ လိုပါတယ်။ သို့မှသာ နုကြည်ညွှန်ကြားချက်နဲ့ ကိုက်ညီတဲ့ တော်လှန်လုပ်ရပ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ဂျီနီဗာကွန်ဗန်းရှင်း
ဂျီနီဗာကွန်ဗန်းရှင်းများနဲ့ နောက်ဆက်တွဲ ပရိုတိုကောလ်များဆိုတာကတော့ စစ်ပွဲမှာတိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အရပ်သားပြည်သူတွေ၊ ကြက်ခြေနီအဖွဲ့၊ ကျန်းမာရေးလုပ်သားတွေ၊ လူသားချင်းဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေ၊ စစ်ပွဲမှာပါဝင်ခဲ့ပေမယ့် စစ်မတိုက်နိုင်တော့တဲ့ ဒဏ်ရာရစစ်သည်တွေ၊ သင်္ဘောပျက်ပေါ်ကစစ်သည်တွေနဲ့ စစ်သုံ့ပန်းတွေကို အကာအကွယ်ပေးထားတဲ့ သဘောတူညီချက်တွေပဲဖြစ်တယ်။ ဂျီနီဗာကွန်ဗန်းရှင်းများဟာ လူသားဆိုင်ရာဥပဒေ(humanitarian law)ရဲ့ ပင်မကျောရိုးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများမှာ စံညွှန်းပြုကိုးကားရတဲ့ နှုန်းစံတွေလည်းဖြစ်ကာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူလက်မှတ်ထိုးထားတာမို့ ကမ္ဘာပေါ်က လက်နက်ကိုင်တပ်များ လိုက်နာရမယ့် ထုံးနည်းနာများလည်း ဖြစ်ပါတယ်။
ဂျီနီဗာကွန်ဗန်းရှင်းမှာ အစိတ်အပိုင်းကြီး ၄ရပ်နဲ့ နောက်ဆက်တွဲကျင့်ထုံး ၃ခု ပါဝင်ပါတယ်။ ပထမကတော့ စစ်ပွဲအတွင်းမှာ ဒဏ်ရာရ၊မကျန်းမာတဲ့စစ်သားများကို အကာအကွယ်ပေးတဲ့ သဘောတူညီချက်များဖြစ်ပါတယ်။ အဲဒီမှာအပိုဒ် ၆၄ပိုဒ် ပါဝင်တယ်။ ဒုတိယကတော့ နေမကောင်း၊ ဒဏ်ရာရနဲ့ သင်္ဘောပျက်ပေါ်ကအမှုထမ်းတွေကို အကာအကွယ်ပေးတဲ့ သဘောတူညီချက်များဖြစ်ပြီး အပိုဒ်၆၃ပိုဒ် ပါဝင်ပါတယ်။ ၁၄၃ပိုဒ် ပါဝင်တဲ့ တတိယသဘောတူညီချက်များကတော့ စစ်အကျဉ်းသား၊သုံ့ပန်းများနဲ့ ပတ်သက်ပြီး စစ်အကျဉ်းသားများကို ဖမ်းမိတဲ့အခါ ကောင်းမွန်စွာစောင့်ရှောက်ထားဖို့၊ သူတို့ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ထိန်းသိမ်းပေးဖို့၊ အဆောတလျဉ် တရားမစီရင်ဖို့နဲ့ စစ်ပွဲပြီးတဲ့အခါ ပြန်လည်အပ်နှံသွားဖို့တွေ ပါဝင်ပါတယ်။ စတုတ္ထကတော့ စစ်အတွင်းအရပ်သားများကို အကာအကွယ်ပေးရေးဆိုင်ရာသဘောတူညီချက်များဖြစ်ပြီး အပိုဒ် ၁၅၉ပိုဒ်နဲ့ အများဆုံးဖြစ်တယ်။
စတုတ္ထသဘောတူညီချက် အပိုဒ် (၃၂)မှာဆိုရင် အရပ်သားပြည်သူများကို ညှဉ်းပန်းနှိပ်စက်​​​​ခြင်း၊ ​ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်း၊ ထိခိုက်နာကျင်အောင်အပြစ်ပေးခြင်းများ၊ ဆေးဘက် သို့မဟုတ်သိပ္ပံဆိုင်ရာစမ်းသပ်မှုများ ပြုလုပ်ခြင်းများကို တားမြစ်ထားတယ်။ အပိုဒ် (၃၃)မှာဆိုရင် အရပ်သားပြည်သူများထံမှ ဆက်ကြေးကောက်ခြင်း၊ ပစ္စည်းဥစ္စာများလုယူငင်ခြင်း၊ အငြိုးဖြင့်လက်စားချေတုံ့ပြန်ခြင်းများ မပြုလုပ်ဖို့ တားမြစ်ထားတယ်။အပိုဒ်(၅၃)မှာဆိုရင် အများပြည်သူများရဲ့ပိုင်ဆိုင်မှုများ၊ နိုင်ငံပိုင်ပစ္စည်းများ၊ လူမှုရေးအသင်းအဖွဲ့များစတဲ့ စစ်ယန္တရားနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့အရာများကို တိုက်ခိုက်ဖျက်ဆီးခြင်းအား တားမြစ်ထားတယ်။ အပိုဒ် (၅၆)မှာတော့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပိုင်းကိုဖော်ပြထားတယ်။ နယ်မြေထိန်းချုပ်ထားသူများဟာ ကျန်းမာရေးဝန်ထမ်းများက သူတို့အလုပ်သူတို့လုပ်တာကို ခွင့်ပြုရမှာဖြစ်တယ်။ လိုအပ်ပါကဆေးရုံ၊ဆေးခန်းအသစ်များတည်ဆောက်ခြင်းကို လက်ခံပြီး ယာဉ်များဖြင့် လူနာဖြတ်သန်းသယ်ယူမှုများကိုလည်းခွင့်ပြုပေးရမှာဖြစ်ပါတယ်။ ဆိုခဲ့ပါအချက်များကတော့ ဂျီနီဗာကွန်ဗန်းရှင်းပါ အချက်တချို့ကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်တယ်။
လက်နက်ကိုင်တော်လှန်တပ်ဖွဲ့များအနေနဲ့ ပြည်တွင်းနဲ့နိုင်ငံတကာက စစ်ပွဲဆိုင်ရာထုတ်ပြန်ချက်များကို လိုက်နာပြီး တော်လှန်စစ်ကိုဆင်နွှဲပါမှ ရေရှည်မှာ အများယုံကြည်လက်ခံတဲ့ တော်လှန်ရေးအသွင် ဆောင်ပါလိမ့်မယ်။ လက်နက်ကိုင်ပြီး စစ်ရေးပစ်မှတ်တိတိကျကျသတ်မှတ်တိုက်ခိုက်တာမရှိဘဲ ကြုံသလိုပစ်ခတ်နေမယ်ဆိုရင်တော့ တော်လှန်ရေးမဟုတ်၊ စစ်သွေးကြွခြင်းသာဖြစ်တယ်။ လက်နက်ကိုင်များဟာ စစ်သည်တော်ကျင့်ဝတ်များကိုလည်း တိတိကျကျလိုက်နာသင့်ပြီး အများပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်များကို တတ်စွမ်းသမျှ ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။ အချုပ်ဆိုရရင် သေနတ်ကိုင်ပြီဆိုတာနဲ့ သေနတ်ပြောင်း ဘယ်ကိုလှည့်ရမယ်ဆိုတာ လေးလေးနက်နက် စဉ်းစားဆောင်ရွက်သင့်ပါကြောင်း…။
စိုးဝင်းဆွေ(HPD)
ကိုးကား
- NUG,MOD ထုတ်ပြန်ချက်များ
- Geneva Conventions and additional protocols





Zawgyi


တေလာက သတင္းတစ္ပုဒ္ဖတ္လိုက္ရတယ္။ ပခုကၠဴခ႐ိုင္မွာ ၿပီးခဲ့တဲ့တစ္ႏွစ္အတြင္း ဘယ္သူသတ္မွန္းမသိတဲ့ ႏိုင္ငံသား ၂၀၀ဝန္းက်င္ ေသဆုံးခဲ့တယ္တဲ့။ စစ္အာဏာရွင္ကို လက္နက္ကိုင္ဆန႔္က်င္တဲ့ျပည္သူ႔ခုခံစစ္ အားေကာင္းလာခ်ိန္ကစလို႔ စစ္ရဲ႕‌ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ပိုင္ရွင္မဲ့သတ္ျဖတ္မႈေတြက ေနရာအႏွံ႔ ေပၚေပါက္လာေနတာ ေတြ႕ရပါတယ္။ ျပည္သူ႔ေတာ္လွန္ေရးဘက္သားမ်ားအေနနဲ႔ ေတာ္လွန္ခုခံစစ္ကေန လမ္းေၾကာင္း ေခ်ာ္ထြက္မသြားေစဖို႔ စစ္ေရးဆိုင္ရာကိုးကားျပဳစရာ ဂိုက္လိုင္းမ်ားကို စုစည္းတင္ျပလိုက္ပါတယ္။
စစ္ေရးပစ္မွတ္မ်ား
ေတာ္လွန္ေရးအတြက္ လက္နက္ကိုင္လိုက္ၿပီဆိုတာနဲ႔ စစ္ေရးရည္႐ြယ္ခ်က္ရွိရပါေတာ့မယ္၊ မည္းမည္းျမင္ ထင္ရာပစ္ေနလို႔မရေတာ့ေပ။ လက္နက္နဲ႔တိုက္ခိုက္ေခ်မႈန္းရမယ့္ စစ္ေရးဆိုင္ရာပစ္မွတ္ေတြ ေသခ်ာရွိထားဖို႔လိုအပ္ၿပီး လက္နက္ကိုအသုံးျပဳတဲ့ တပ္ဖြဲ႕ဝင္တစ္ေယာက္စီတိုင္းကလည္း ဒါေတြကို သိရွိနားလည္ၿပီးသား ျဖစ္ရပါမယ္။ ႏုၾကည္၊ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ ျပည္သူ႔ကာကြယ္ေရးဘက္သားေတြ တိုက္ခိုက္ေခ်မႈန္းရမယ့္ စစ္ေရးပစ္မွတ္ဆိုင္ရာ အခ်က္ ၄ခ်က္ကို ထုတ္ျပန္ေပးထားတာေတြ ရွိတယ္။ ယင္းထုတ္ျပန္ခ်က္အရ‌ဆိုရင္
စစ္ေရးဆိုင္ရာပစ္မွတ္ဆိုတာကေတာ့ စစ္အာဏာရွင္စနစ္ရဲ႕ယႏၲရားမ်ားကို ဆိုလိုပါတယ္။ ဒါ့အျပင္ အရပ္သားျပည္သူမ်ားအား ပစ္မွတ္ထားတိုက္ခိုက္ျခင္း၊ ၿခိမ္းေျခာက္ျခင္းေတြ မျပဳလုပ္ရလို႔လည္းဆိုတယ္။ ေနရာဌာနမ်ားအေနနဲ႔ စာသင္ေက်ာင္း၊ေဆး႐ုံ၊ဘာသာေရးအေဆာက္အအုံ၊ ယဥ္ေက်းမႈဆိုင္ရာအထိမ္းအမွတ္​ေနရာမ်ား၊အရပ္သားျပည္သူမ်ားစုေဝးသြားလာလႈပ္ရွားေသာေနရာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းမျပဳရလို႔ တားျမစ္ထားတယ္။ က်န္းမာေရးဆိုင္ရာမ်ားအေနနဲ႔ လူနာတင္ယာဥ္မ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈေပးရာေနရာမ်ား၊ ေရွးဦးသူနာျပဳမ်ားနဲ႔ က်န္းမာေရးေစာင့္ေရွာက္ကုသေပးသူမ်ား၊ လူမႈကယ္ဆယ္ေရးအသင္းအဖြဲ႕မ်ားကိုလည္း ပစ္မွတ္ထား တိုက္ခိုက္တာေတြ မလုပ္ရဘူးလို႔ ထုတ္ျပန္ထားတယ္။
ႏုၾကည္၊ကာကြယ္ေရးဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရ စစ္ေရးဆိုင္ရာပစ္မွတ္ဆိုတာက စစ္အာဏာရွင္စနစ္ရဲ႕ယႏၲရားမ်ားကို ဆိုလိုတယ္ဆိုတာက အရမ္းႀကီးေယဘုယ်ဆန္ေနတယ္။ စစ္အာဏာရွင္စနစ္ရဲ႕ ယႏၲရားဆိုတာကဘယ္အထိ
အက်ဳံးဝင္ပါသလဲ၊၊ အဲဒီဖြင့္ဆိုခ်က္မွာ ဘယ္လိုလူေတြ၊ ဘယ္လိုဌာနေတြ၊ ဘယ္လိုေနရာေတြ ပါဝင္သလဲဆိုတာ ဒီထက္တိတိက်က် ထုတ္ျပန္လမ္းၫႊန္သင့္တယ္။ အေပၚတားျမစ္ခ်က္မ်ားကို ေထာက္ရင္ေတာ့ ပညာ၊က်န္းမာ၊ ဘာသာ၊ယဥ္ေက်းမႈဆိုင္ရာမ်ားကို မတိုက္ခိုက္ဖို႔ တားျမစ္ထားတဲ့အတြက္ ယင္းဌာနမ်ားမွအပ က်န္အစိုးရဌာနမ်ားကို စစ္အာဏာရွင္စနစ္ရဲ႕ယႏၲရားမ်ားလို႔ အဓိပၸါယ္ေကာက္ႏိုင္ပါမည္လား ေတြးစရာရွိပါတယ္။ ဒါ့အျပင္စစ္တပ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားနဲ႔ စစ္တပ္နဲ႔အက်ိဳးတူပူးေပါင္းလုပ္ကိုင္ေနၾကတဲ့ ျပည္တြင္း၊ျပည္ပလုပ္ငန္းရွင္မ်ားကိုလည္း စစ္အာဏာရွင္စနစ္ရဲ႕ယႏၲရားမ်ားထဲမွာ ထည့္သြင္းႏိုင္မလား ေမးစရာရွိပါတယ္။
ျပည္သူ႔ကာကြယ္ေရးတပ္မ်ားအေနနဲ႔ ႏုၾကည္ထုတ္ျပန္ခ်က္မရွင္းမလင္းျဖစ္ေနေပမယ့္ စစ္အာဏာရွင္စနစ္ရဲ႕ယႏၲရားမ်ားဆိုတာကို အေျခခံလို႔ စစ္ေရးပစ္မွတ္မ်ား မိမိတပ္ဖြဲ႕အလိုက္အေသးစိတ္ သေဘာတူသတ္မွတ္ၿပီးမွ ရဲေဘာ္မ်ားကို တိုက္ခိုက္တိုက္ပြဲဝင္ေစသင့္တယ္လို႔ ျမင္တယ္။ သို႔မွသာ မိမိတပ္ဖြဲ႕ဝင္မ်ားဟာ ေတာ္လွန္ေရးကေနအံေခ်ာ္ၿပီး လမ္းေၾကာင္းလြဲတိုက္ခိုက္သတ္ျဖတ္မႈမ်ားကို ေရွာင္ရွားႏိုင္မွာ ျဖစ္ပါတယ္။ တပ္ရွိရင္ ပစ္မွတ္တိတိက်က် ရွိရမယ္။
စစ္သည္ေတာ္က်င့္ဝတ္မ်ား(Soldier’s Rule)
ႏုၾကည္၊ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ စစ္သည္ေတာ္မ်ားလိုက္နာရန္ က်င့္ဝတ္စည္းမ်ဥ္း(၁၁)ခ်က္ကိုလည္း ထုတ္ျပန္ထားတာ ေတြ႕တယ္။ အလ်ဥ္းသင့္လို႔ေဖာ္ျပရရင္-
၁။စစ္ေရးရည္မွန္းခ်က္ျဖစ့္သာ တိုက္ပြဲေဖာ္ေဆာင္ရမည္။
၂။စစ္ဆင္ေရးေဆာင္႐ြက္ရာတြင္ လိုအပ္ေသာအင္အားကိုသာ
အသုံးျပဳ၍ ထိခိုက္ပ်က္စီးမႈအနည္းဆုံးျဖစ္ရန္ စီမံေဆာင္႐ြက္ရမည္။
၃။အရပ္သားျပည္သူမ်ားအား ကာကြယ္ေစာင့္ေရွာက္ရမည္ ၊အမ်ားျပည္သူပိုင္
ဥစၥာ ပစၥည္း မ်ားကို ထိပါးျခင္းမျပဳရ။
၄။ဘာသာေရးအေဆာက္အအုံမ်ားႏွင့္ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ေလးစာတန္ဖိုး ထားရမည္။
၅။လက္နက္ကိုင္ပဋိပကၡဆိုင္ရာ ဥပေဒမ်ားကို ေဖာက္ဖ်က္က်ဴးလြန္ျခင္းမျပဳရ။
၆။ေခါင္းေဆာင္မ်ားသည္ စံနမူနာျပေခါင္းေဆာင္မႈကိုျပသ၍ လက္ေအာက္ငယ္သားမ်ားအေပၚ ေက်ာသားရင္သားမခြဲျခားဘဲ တရားမွ်တစြာ ကြပ္ကဲအုပ္ခ်ဳပ္ရမည္။
၇။အထက္ကြပ္ကဲမႈ အဆင့္ဆင့္က ေပးအပ္ေသာ အမိန႔္ႏွင့္တာဝန္မ်ားကို ေလးစားလိုက္နာရမည္။
၈။တပ္ဖြဲ႕ဝင္အခ်င္းခ်င္း ရဲေဘာ္ရဲဘက္စိတ္ျဖင့္ ပူးေပါင္းေဆာင္႐ြက္ရမည္။
၉။လူမ်ိဳး၊ဘာသာ၊က်ား-မ လိင္စိတ္ခံယူခ်က္ ကြဲျပားမႈ အေပၚ မူတည္၍ ခြဲျခားဆက္ဆံျခင္း မျပဳရ။
၁၀။မူးယစ္ေဆးဝါးသုံးစြဲျခင္း မျပဳရ။
၁၁။လူမႈေရးရႈပ္ေထြးျခင္း မျပဳရတို႔ ျဖစ္ပါတယ္။
အဲဒီထဲမွာ နံပါတ္(၁) အခ်က္​ျဖစ္တဲ့ စစ္ေရးရည္မွန္းခ်က္ျဖင့္သာတိုက္ပြဲေဖာ္ေဆာင္ရမည္ ဆိုတဲ့အခ်က္က အေရးႀကီးတယ္။ ဆိုလိုတာက ျပည္သူ႔ကာကြယ္ေရးအဖြဲ႕အစည္းမ်ားဟာ လက္နက္ကိုင္ၿပီးတာနဲ႔ စစ္တိုက္ဖို႔အတြက္သာ လက္နက္ကိုသုံးၾကေတာ့လို႔ လမ္းၫႊန္လိုက္တာျဖစ္တယ္။ အုပ္ခ်ဳပ္ေရးအလို႔ငွာ လက္နက္ကိုသုံးတာ( ဖဲဝိုင္း၊ၾကက္ဝိုင္း ဝင္ဖမ္းတာမ်ိဳး) တရားစီရင္ေရးအလို႔ငွာ လက္နက္ကိုသုံးစြဲတာ(အရက္ပုန္း၊ အေပါင္ဆိုင္ေတြကို ဒဏ္တပ္တာမ်ိဳး)ကို ေဆာင္႐ြက္ဖို႔ ခြင့္ျပဳမထားပါဘူး။ စစ္အာဏာရွင္စနစ္ရဲ႕ ေဒါက္တိုင္ယႏၲရားမ်ားကို တိုက္႐ိုက္ၿဖိဳဖ်က္ဖို႔ရာအတြက္သာ တိုက္ပြဲဝင္ၾကဖို႔ ျဖစ္ပါတယ္။ က်န္အခ်က္မ်ားကေတာ့ေထြထူးရွင္းလင္းစရာ လိုအံ့မထင္။
ဒါ့အျပင္ ႏုၾကည္ရဲ႕ အျခားလမ္းၫႊန္ခ်က္ေတြထဲက အဓိကအခ်က္မ်ားကို ေကာက္ႏုတ္ေဖာ္ျပရရင္ ေတာ္လွန္တပ္သားမ်ားအေနနဲ႔ အမ်ိဳးသမီးမ်ားနဲ႔က‌ေလးသူငယ္မ်ားအေပၚ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္ျခင္း၊ အၾကမ္းဖက္ျခင္း မျပဳရပါဘူး၊ တိုက္ပြဲမွာ သုံ႔ပန္းမ်ားဖမ္းဆီးရမိပါကလည္း ညႇဥ္းပန္း၊ႏွိပ္စက္၊သတ္ျဖတ္ျခင္း မျပဳရပါဘူး၊ အေရးေပၚလိုအပ္ခ်က္အရ အရပ္သားျပည္သူပိုင္ပစၥည္းမ်ားကို သုံးစြဲရတဲ့အခါမယ္ တန္ရာတန္ေၾကးေပးရပါမယ္။ ရန္သူ႔ထံမွ သိမ္းဆည္းရမိတဲ့ ေငြ၊လက္နက္၊ပစၥည္းမ်ားကိုလည္း မိမိတပ္မႉးထံ စာရင္းနဲ႔တကြ အပ္ႏွံရပါမယ္။ ျပည္သူ႔အက်ိဳးစီးပြားနဲ႔ အသက္လုံၿခဳံမႈကိုထိပါးေစမယ့္ စစ္ေရးလႈပ္ရွားမႈမ်ားကိုလည္း ေရွာင္ၾကဥ္ရပါမယ္။ ကာကြယ္ေရးရန္ပုံေငြအလို႔ငွာ ဆက္ေၾကးေကာက္ျခင္း၊ ၿခိမ္းေျခာက္ေငြေတာင္းခံျခင္းမ်ားကိုလည္း လုံးဝမျပဳလုပ္ရပါဘူး။ အရပ္သားျပည္သူမ်ားအေပၚ ေမာက္မာ႐ိုင္းပ်ျခင္း၊ ေစာ္ကားျခင္း၊ အႏိုင္က်င့္ႏွိပ္စက္ျခင္း၊ မူးယစ္ရမ္းကားျခင္းေတြ လုံးဝမျပဳလုပ္ရပါဘူး။ ဒါ့အျပင္ သယံဇာတမ်ား ထုတ္ယူသုံးစြဲျခင္း၊ သိမ္းဆည္းရမိေသာ သယံဇာတမ်ားကို စီမံခန႔္ခြဲျခင္းမ်ားေဆာင္႐ြက္ရာတြင္လည္း ႏုၾကည္သို႔တင္ျပၿပီး သက္ဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားနဲ႔အညီသာ ေဆာင္႐ြက္ဖို႔ လမ္းၫႊန္ထားပါတယ္။ ေတာ္လွန္စစ္သည္မ်ားအေနနဲ႔ က်င့္ဝတ္စည္းမ်ဥ္းမ်ားနဲ႔အညီ က်င့္ႀကံေတာ္လွန္ပါမွ ေတာ္လွန္လုပ္ရပ္လို႔ ေခၚဆိုႏိုင္မွာျဖစ္တယ္ ဆိုတာကို အထူးသတိခ်ပ္သင့္လွပါတယ္။
ျပဴေစာထီးနဲ႔ နန္း(Nan)မ်ားအေရး
ႏုၾကည္၊ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ ဖက္ဆစ္ေကာင္စီရဲ႕ ျပည္သူ႔စစ္မ်ားျဖစ္တဲ့ ျပဴေစာထီးမ်ားနဲ႔ Non CDMမ်ား အေပၚ သေဘာထားကို ေၾကညာခ်က္(၂/၂၀၂၂)ထုတ္ျပန္ၿပီး အမ်ားျပည္သူသို႔တင္ျပထားတာကို ေတြ႕ရတယ္။ ယင္းထုတ္ျပန္ခ်က္ရဲ႕ အပိုဒ္(၃)မွာ ဆိုရင္ ‘’အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ဒီမိုကေရစီကိုသက္ဝင္ယုံၾကည္သူမွန္လွ်င္ ႏိုင္ငံေရးအျမင္မတူကြဲျပားသူမ်ား၊ ဘဝေပးအေျခအေနေၾကာင့္ CDM ျပဳလုပ္ခြင့္မရသူမ်ားအား စစ္ေရးဆိုင္ရာပစ္မွတ္ သို႔မဟုတ္ အၾကမ္းဖက္အဖြဲ႕အစည္းဝင္မ်ားအျဖစ္ သတ္မွတ္အေရးယူ ေဆာင္႐ြက္သြားမည္မဟုတ္ပါ။ သို႔ေသာ္စစ္ေကာင္စီႏွင့္ပူးေပါင္းလ်က္ အၾကမ္းဖက္မႈကိုကိုယ္တိုင္က်ဴးလြန္ျခင္း၊အားေပးပါဝင္ကူညီျခင္းမ်ား ျပဳလုပ္ေဆာင္႐ြက္ပါက ကင္းလြတ္ခြင့္ျပဳသြားမည္မဟုတ္ဘဲ တရားဥပေဒအရလည္းေကာင္း၊ စစ္ေရးအရလည္းေကာင္း အေရးယူေဆာင္႐ြက္သြားမည္ျဖစ္သည္’’ လို႔ ထုတ္ျပန္ထားပါတယ္။
ယင္းထုတ္ျပန္ခ်က္အရဆိုရင္ Non CDM ဆိုတိုင္း တိုက္ခိုက္သတ္ျဖတ္တာမ်ိဳးကို ႏုၾကည္ကလက္မခံဘူးဆိုတာ သိရတယ္။ ႏုၾကည္ကိုမေထာက္ခံေပမယ့္ ဒီမိုကေရစီဘက္သား ႏိုင္ငံေရးေဝဖန္သူမ်ားကိုလည္း အၾကမ္းဖက္အဖြဲ႕ဝင္မ်ားလို႔ မသတ္မွတ္ပါဘူး။ အဓိကက ဖက္ဆစ္ေကာင္စီကို အားေပးကူညီသူေတြ၊ ပူးေပါင္းေဆာင္႐ြက္သူေတြကိုသာ စစ္ေရးပစ္မွတ္အျဖစ္ ထားရွိ အေရးယူဖို႔ ထုတ္ျပန္ထားတာ ျဖစ္ေလရာ ေတာ္လွန္တပ္သားမ်ားအေနနဲ႔ ေအာက္ေျခမွာ သူလွ်ိဳ၊ ဒလန္မ်ား၊ ျပဴမ်ားနဲ႔ ပတ္သက္လို႔ ကိုင္တြယ္ေဆာင္႐ြက္ရာမွာ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း၊ အားေပးကူညီေနေၾကာင္း ခိုင္လုံတဲ့သက္ေသအေထာက္အထား ရယူၿပီးမွ ေဆာင္႐ြက္ဖို႔ လိုပါတယ္။ သို႔မွသာ ႏုၾကည္ၫႊန္ၾကားခ်က္နဲ႔ ကိုက္ညီတဲ့ ေတာ္လွန္လုပ္ရပ္လို႔ သတ္မွတ္ႏိုင္မွာ ျဖစ္ပါတယ္။
ဂ်ီနီဗာကြန္ဗန္းရွင္း
ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားနဲ႔ ေနာက္ဆက္တြဲ ပ႐ိုတိုေကာလ္မ်ားဆိုတာကေတာ့ စစ္ပြဲမွာတိုက္႐ိုက္ပါဝင္ပတ္သက္ျခင္းမရွိတဲ့ အရပ္သားျပည္သူေတြ၊ ၾကက္ေျခနီအဖြဲ႕၊ က်န္းမာေရးလုပ္သားေတြ၊ လူသားခ်င္းဆိုင္ရာအကူအညီေပးေရးအဖြဲ႕ေတြ၊ စစ္ပြဲမွာပါဝင္ခဲ့ေပမယ့္ စစ္မတိုက္ႏိုင္ေတာ့တဲ့ ဒဏ္ရာရစစ္သည္ေတြ၊ သေဘၤာပ်က္ေပၚကစစ္သည္ေတြနဲ႔ စစ္သုံ႔ပန္းေတြကို အကာအကြယ္ေပးထားတဲ့ သေဘာတူညီခ်က္ေတြပဲျဖစ္တယ္။ ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားဟာ လူသားဆိုင္ရာဥပေဒ(humanitarian law)ရဲ႕ ပင္မေက်ာ႐ိုးျဖစ္ၿပီး လက္နက္ကိုင္ပဋိပကၡမ်ားမွာ စံၫႊန္းျပဳကိုးကားရတဲ့ ႏႈန္းစံေတြလည္းျဖစ္ကာ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားအားလုံး သေဘာတူလက္မွတ္ထိုးထားတာမို႔ ကမာၻေပၚက လက္နက္ကိုင္တပ္မ်ား လိုက္နာရမယ့္ ထုံးနည္းနာမ်ားလည္း ျဖစ္ပါတယ္။
ဂ်ီနီဗာကြန္ဗန္းရွင္းမွာ အစိတ္အပိုင္းႀကီး ၄ရပ္နဲ႔ ေနာက္ဆက္တြဲက်င့္ထုံး ၃ခု ပါဝင္ပါတယ္။ ပထမကေတာ့ စစ္ပြဲအတြင္းမွာ ဒဏ္ရာရ၊မက်န္းမာတဲ့စစ္သားမ်ားကို အကာအကြယ္ေပးတဲ့ သေဘာတူညီခ်က္မ်ားျဖစ္ပါတယ္။ အဲဒီမွာအပိုဒ္ ၆၄ပိုဒ္ ပါဝင္တယ္။ ဒုတိယကေတာ့ ေနမေကာင္း၊ ဒဏ္ရာရနဲ႔ သေဘၤာပ်က္ေပၚကအမႈထမ္းေတြကို အကာအကြယ္ေပးတဲ့ သေဘာတူညီခ်က္မ်ားျဖစ္ၿပီး အပိုဒ္၆၃ပိုဒ္ ပါဝင္ပါတယ္။ ၁၄၃ပိုဒ္ ပါဝင္တဲ့ တတိယသေဘာတူညီခ်က္မ်ားကေတာ့ စစ္အက်ဥ္းသား၊သုံ႔ပန္းမ်ားနဲ႔ ပတ္သက္ၿပီး စစ္အက်ဥ္းသားမ်ားကို ဖမ္းမိတဲ့အခါ ေကာင္းမြန္စြာေစာင့္ေရွာက္ထားဖို႔၊ သူတို႔ရဲ႕ပုဂၢလိကပိုင္ဆိုင္မႈမ်ားကို ထိန္းသိမ္းေပးဖို႔၊ အေဆာတလ်ဥ္ တရားမစီရင္ဖို႔နဲ႔ စစ္ပြဲၿပီးတဲ့အခါ ျပန္လည္အပ္ႏွံသြားဖို႔ေတြ ပါဝင္ပါတယ္။ စတုတၳကေတာ့ စစ္အတြင္းအရပ္သားမ်ားကို အကာအကြယ္ေပးေရးဆိုင္ရာသေဘာတူညီခ်က္မ်ားျဖစ္ၿပီး အပိုဒ္ ၁၅၉ပိုဒ္နဲ႔ အမ်ားဆုံးျဖစ္တယ္။
စတုတၳသေဘာတူညီခ်က္ အပိုဒ္ (၃၂)မွာဆိုရင္ အရပ္သားျပည္သူမ်ားကို ညႇဥ္းပန္းႏွိပ္စက္​​​​ျခင္း၊ ​ကိုယ္လက္အဂၤါျဖတ္ေတာက္ျခင္း၊ ထိခိုက္နာက်င္ေအာင္အျပစ္ေပးျခင္းမ်ား၊ ေဆးဘက္ သို႔မဟုတ္သိပၸံဆိုင္ရာစမ္းသပ္မႈမ်ား ျပဳလုပ္ျခင္းမ်ားကို တားျမစ္ထားတယ္။ အပိုဒ္ (၃၃)မွာဆိုရင္ အရပ္သားျပည္သူမ်ားထံမွ ဆက္ေၾကးေကာက္ျခင္း၊ ပစၥည္းဥစၥာမ်ားလုယူငင္ျခင္း၊ အၿငိဳးျဖင့္လက္စားေခ်တုံ႔ျပန္ျခင္းမ်ား မျပဳလုပ္ဖို႔ တားျမစ္ထားတယ္။အပိုဒ္(၅၃)မွာဆိုရင္ အမ်ားျပည္သူမ်ားရဲ႕ပိုင္ဆိုင္မႈမ်ား၊ ႏိုင္ငံပိုင္ပစၥည္းမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားစတဲ့ စစ္ယႏၲရားနဲ႔တိုက္႐ိုက္မသက္ဆိုင္တဲ့အရာမ်ားကို တိုက္ခိုက္ဖ်က္ဆီးျခင္းအား တားျမစ္ထားတယ္။ အပိုဒ္ (၅၆)မွာေတာ့ ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈပိုင္းကိုေဖာ္ျပထားတယ္။ နယ္ေျမထိန္းခ်ဳပ္ထားသူမ်ားဟာ က်န္းမာေရးဝန္ထမ္းမ်ားက သူတို႔အလုပ္သူတို႔လုပ္တာကို ခြင့္ျပဳရမွာျဖစ္တယ္။ လိုအပ္ပါကေဆး႐ုံ၊ေဆးခန္းအသစ္မ်ားတည္ေဆာက္ျခင္းကို လက္ခံၿပီး ယာဥ္မ်ားျဖင့္ လူနာျဖတ္သန္းသယ္ယူမႈမ်ားကိုလည္းခြင့္ျပဳေပးရမွာျဖစ္ပါတယ္။ ဆိုခဲ့ပါအခ်က္မ်ားကေတာ့ ဂ်ီနီဗာကြန္ဗန္းရွင္းပါ အခ်က္တခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္တယ္။
လက္နက္ကိုင္ေတာ္လွန္တပ္ဖြဲ႕မ်ားအေနနဲ႔ ျပည္တြင္းနဲ႔ႏိုင္ငံတကာက စစ္ပြဲဆိုင္ရာထုတ္ျပန္ခ်က္မ်ားကို လိုက္နာၿပီး ေတာ္လွန္စစ္ကိုဆင္ႏႊဲပါမွ ေရရွည္မွာ အမ်ားယုံၾကည္လက္ခံတဲ့ ေတာ္လွန္ေရးအသြင္ ေဆာင္ပါလိမ့္မယ္။ လက္နက္ကိုင္ၿပီး စစ္ေရးပစ္မွတ္တိတိက်က်သတ္မွတ္တိုက္ခိုက္တာမရွိဘဲ ႀကဳံသလိုပစ္ခတ္ေနမယ္ဆိုရင္ေတာ့ ေတာ္လွန္ေရးမဟုတ္၊ စစ္ေသြးႂကြျခင္းသာျဖစ္တယ္။ လက္နက္ကိုင္မ်ားဟာ စစ္သည္ေတာ္က်င့္ဝတ္မ်ားကိုလည္း တိတိက်က်လိုက္နာသင့္ၿပီး အမ်ားျပည္သူရဲ႕အသက္အိုးအိမ္စည္းစိမ္မ်ားကို တတ္စြမ္းသမွ် ကာကြယ္ေစာင့္ေရွာက္ဖို႔လိုပါတယ္။ အခ်ဳပ္ဆိုရရင္ ေသနတ္ကိုင္ၿပီဆိုတာနဲ႔ ေသနတ္ေျပာင္း ဘယ္ကိုလွည့္ရမယ္ဆိုတာ ေလးေလးနက္နက္ စဥ္းစားေဆာင္႐ြက္သင့္ပါေၾကာင္း…။
စိုးဝင္းေဆြ(HPD)
ကိုးကား
- NUG,MOD ထုတ္ျပန္ခ်က္မ်ား
- Geneva Conventions and additional protocols

Comments

Post a Comment