သင်ခန်းစာ (၂၀) - ဘဝအဓိပ္ပာယ် ဘဝက ပုံပြင်မဟုတ်
သင်ခန်းစာ (၂၀) - ဘဝအဓိပ္ပာယ်
ဘဝက ပုံပြင်မဟုတ်
ငါဘယ်သူလဲ။ ငါဘဝမှာ ဘာလုပ်သင့်လဲ။ ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲ။ လူသားများ ယင်းမေးခွန်းများကို မေးလာသည်မှာ အတီတေရှေးသရောအခါကာလများကတည်းကပင်။ (ထိုမေးခွန်းအတွက်) မျိုးဆက်တိုင်း အဖြေသစ် လိုအပ်လေ့ရှိသည်။ အကြောင်းမှာ ကျွန်တော်တို့ သိတာတွေရော၊ မသိတာတွေရောပါ အမြဲတမ်း ပြောင်းလဲနေသောကြောင့် ဖြစ်သည်။ သိပ္ပံ အကြောင်း၊ ဘုရားသခင်အကြောင်း၊ နိုင်ငံရေးအကြောင်း၊ ဘာသာရေးအကြောင်း ကျွန်ုပ်တို့ သိသည်ရော၊ မသိ သည်ရော အားလုံး ထည့်သွင်းစဥ်းစားကြည့်ပါက ယနေ့ခေတ် ကျွန်ုပ်တို့ ပေးနိုင်သော အကောင်းဆုံး အဖြေက ဘာဖြစ်ပါသနည်း။
လူအများအနေနှင့် ဘယ်လိုမျိုးအဖြေကို မျှော်လင့်ပါသနည်း။ လူအများက ဘဝအဓိပ္ပာယ်ကို ရှာကြသည့် အခါတိုင်းနီးပါး သူတို့မျှော်လင့်သည်မှာ ပုံပြင်တပုဒ် ကြားရဖို့ ဖြစ်ပါသည်။ လူသား ဟိုမိုဆေးပီးယန်းများမှာ ပုံပြောသည့် သတ္တဝါ ဖြစ်ပါသည်။ ကိန်းဂဏန်းတွေ၊ ဂရပ်တွေထက် ပုံပြင်တွေ အနေနှင့် စဥ်းစားလေ့ ရှိပြီး၊ လောကကြီးတခုလုံးမှာလည်း ပုံပြင်များကဲ့သို့ သူရဲကောင်းများ နှင့် လူဆိုးဗီလိန်များ၊ ပဋိပက္ခများနှင့် ပြေလည်မှုများ၊ ဇာတ်အထွဋ်အထိပ်များနှင့် ပျော်ရွှင်ဖွယ် ဇာတ်သိမ်းများဖြင့် ပြည့်နှက်နေသည်ဟု ယုံကြည်ကြပါသည်။ ကျွန်ုပ်တို့ ဘဝအဓိပ္ပာယ်ကို ရှာကြသောအခါ လက်တွေ့ အရှိတရားကတော့ ဘယ်လိုဖြစ်သည်၊ လောကကြီး၏ ဘဝဇာတ်ခုံပေါ်မှာ ကိုယ့်အခန်းကဏ္ဍကတော့ ဘယ်လိုဖြစ်သည်ကို ရှင်းပြနိုင်သည့် ပုံပြင်ကို ကြားချင်ကြပါသည်။ ယင်း ကိုယ် ပါဝင်ရမည့် အခန်းက မိမိ ဘယ်သူဖြစ်သည် ဆိုသည်ကို သတ်မှတ်ပေးပြီး မိမိ၏ ရွေးချယ်မှုများနှင့် အတွေ့အကြုံများကို ဘဝ အဓိပ္ပာယ်ရှိစေပါသည်။
သန်းထောင်နှင့်ချီသော အဖြေရှာနေသည့် လူသားများကို နှစ်ထောင်ပေါင်းများစွာ ပြောလာသည့် နာမည်ကျော်ပုံပြင် အလိုအရမူ ကျွန်ုပ်တို့လူသားများသည် သတ္တဝါအားလုံးကို ချိတ်ဆက် လွှမ်းခြုံထားသည့် အမြဲတည်တံ့နေသော စက်ဝန်းကြီး၏ အစိတ်အပိုင်း ဖြစ်သည်ဟု ဆိုပါသည်။ သတ္တဝါတိုင်း ယင်းစက်ဝန်းကြီးထဲတွင် ထမ်းဆောင်ရမည့် သီးခြားတာဝန် ရှိလေသည်။ ဘဝအဓိပ္ပာယ်ကို နားလည်ဖို့ရန်မှာ မိမိ၏ သီးခြားတာဝန်က ဘာဆိုသည်ကို သဘောပေါက်ဖို့ရန် ဖြစ်ပြီး ယင်းတာဝန်ကို ကျေပွန်ပါက မိမိသည် ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနေသည် ဟူ၍ ဖြစ်သည်။
နာမည်ကျော် ဟိန္ဒူဂန္တဝင်ကဗျာရှည်ကြီးဖြစ်သည့် ဘဂဝါဂီတတွင် သူရဲကောင်းစစ်သည် မင်းသား အဇ္ဇုန ရက်စက်ကြမ်းကြုတ်သည့် ပြည်တွင်းစစ်ဖြစ်သည့်အခါ စိတ်မပြတ်မသား၊ သံသယများ ဝင်လာပုံကို ရေးဖွဲ့ထားသည်။ မင်းသားက သူ့မိတ်ဆွေများနှင့် ဆွေမျိုးများကို တဖက် တပ်တွင် တွေ့ရသောအခါ သူ့အနေဖြင့် တိုက်ခိုက်သတ်ဖြတ်ရန် တွန့်ဆုတ်သွားသည်။ သူက အကောင်း၊ အဆိုး ဆိုသည်ကို စဥ်းစားလာပြီး ဘယ်သူက အကောင်း၊ အဆိုးကို ဆုံးဖြတ်သလဲ၊ ဘဝ အဓိပ္ပာယ်ကရော ဘာလဲဆိုသည်ကို စတင် စဥ်းစားလာသည်။ ထိုအခါ ဘုရား ကရိသျှဏ က မင်းသားအဇ္ဇုနကို ဤသို့ ရှင်းပြသည် — လောကသံသရာကြီးထဲတွင် တဦးချင်း တယောက်ချင်း အနေဖြင့် လျှောက်လှမ်းရမည့် “ဓာရ်မ” ဆိုသည့် သီးခြားလမ်းကြောင်းနှင့် ကျေပွန်ရမည့် တာဝန်များ ရှိကြောင်း၊ မိမိ၏ ကိုယ့်ဓာရ်မက ဘာဆိုသည်ကို သိနားလည်သွားသောအခါ ယင်းလမ်းကြောင်းက ဘယ်လောက်ခက်ခဲပါစေ၊ မိမိအနေဖြင့် စိတ်၏ ချမ်းသာခြင်းနှင့် သံသယမှ လွတ်ကင်းခြင်း အကျိုးကျေးဇူးကို ရရှိမည်ဟု နတ်ဘုရားက ဆိုလေသည်။ မိမိ၏ ဓာရ်မလမ်းကြောင်းကို မလျှောက်လှမ်းဘဲ တခြားလူ၏ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကြိုးစားပါက၊ သို့မဟုတ် ဘယ်လမ်းကြောင်းကိုမှ မလျှောက်လှမ်းဘဲ ခြေဦးတည့်ရာ လှည့်လည်နေပါက လောကကြီး၏ မျှချေ ပျက်ယွင်းပြီး မိမိအနေဖြင့် ငြိမ်းအေးမှုရော၊ ချမ်းသာမှုရော ရှာမတွေ့ဘဲ ဖြစ်လိမ့်မည်ဟု ရှင်းပြလေသည်။ မိမိတွင် ဘယ်လိုလမ်းကြောင်းမျိုး ရှိသည်ဆိုသည်က အရေးမကြီးဘဲ မိမိ လမ်းကြောင်းကို လျှောက်လှမ်းနေဖို့ကသာ အဓိကဟု ဆိုလေသည်။ ခဝါသည် အမျိုးသမီးတဦးက မိမိ၏ ခဝါသည် အလုပ်ကို သစ္စာရှိရှိ လုပ်နေပါက မင်းသားအလုပ် မလုပ်ဘဲ လမ်းချော်နေသည့် မင်းသားထက် ပိုမြင့်မြတ်သည်ဟု ဘုရားသခင် ကရိသျှဏ က ရှင်းပြလေသည်။ ထိုအခါကျမှ မင်းသား အဇ္ဇုနလည်း ဘဝ အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး သူလျှောက်လှမ်းရမည့် စစ်သည်တော်ဘဝ၊ မင်းသားဘဝကို တာဝန်ကျေပွန်စွာ ဆက်လျှောက်လှမ်းလေသည်။ သူ့မိတ်ဆွေများနှင့် ဆွေမျိုးများကို သတ်ဖြတ်အနိုင်ယူလိုက်ပြီး သူ့တပ်က အောင်ပွဲရကာ ဟိန္ဒူကမ္ဘာ တွင် အချစ်ခံရဆုံးနှင့် အမြတ်နိုးခံရဆုံး သူရဲကောင်း တဦး ဖြစ်လာသည်။
၁၉၉၄ ဒစ်စနေ နာမည်ကျော်ဇာတ်လမ်း သယ်လိုင်းယန်းကင်း (The Lion King) က အဆိုပါ ရှေးဂန္ဌဝင်ပုံပြင်ကို ခေတ် ပရိသတ်နှင့်ကိုက်အောင် ပြန်ရိုက်ပြသည်။ မင်းသား အဇ္ဇုန နေရာတွင် ခြင်္သေ့လေး ဆင်ဘာ ဖြစ်လာသည်။ ဆင်ဘာက ဘဝအဓိပ္ပာယ်အကြောင်း မေးသောအခါ သူ့အဖေ ခြင်္သေ့မင်း မူဖာဆာက ဘဝစက်ဝန်းကြီးအကြောင်း ရှင်းပြလေသည်။ မူဖာဆာက ရှင်းပြသည်မှာ တောဆိတ်က မြက်ကို စားပြီး၊ ခြင်္သေ့က တောဆိတ်ကို စားသည်၊ ခြင်္သေ့က သေသွားပြီး သူ့ခန္ဓာကိုယ် ဆွေးမြေ့ပျက်စီးသွားသောအခါ မြက်အတွက် မြေသြဇာ ဖြစ်သွားသည်ဟု ရှင်းပြလေသည်။ ယင်းမှာ တိရစ္ဆာန်တိုင်း သူ့ကဏ္ဍနှင့်သူ ပါဝင်ရသည့် ဘဝဇာတ်ခုံ ဖြစ်ပြီး မျိုးဆက်တခုမှ တခု အသက်ရှင်သန်ရပုံ ဖြစ်လေသည်။ အရာရာတိုင်းက ဆက်စပ်နေပြီး တဦးချင်းစီတိုင်းကလည်း အခြားတဦးပေါ်ကို မှီခိုရလေသည်။ သို့ဖြစ်ရာ မြက်တပင်က သူ့တာဝန်သူ မကျေပွန်ပါက သက်ရှိစက်ဝန်းကြီး တခုလုံး ပြိုလဲသွားနိုင်သည့် အဖြစ်ရောက်သွားနိုင်သည်ဟု ရှင်းပြလေသည်။ သို့ဖြစ်ရာ ခြင်္သေ့လေးဆင်ဘာ၏ တာဝန်မှာ မူဖာဆာ ကွယ်လွန်သွားသည့် အချိန်တွင် ခြင်္သေ့မင်း အုပ်ချုပ်သည့် တောကို ဆက်လက်အုပ်စိုးပြီး အခြားတိရိစ္ဆာန်များ ကိုယ့်တာဝန်ကို ကျေပွန်အောင် ထိန်းသိမ်းရမည်ဟု မူဖာဆာက ရှင်းပြလေသည်။
သို့သော် ခြင်္သ့မင်း မူဖာဆာမှာ အချိန်မတိုင်မီ ယုတ်မာကောက်ကျစ်သည့် ညီတော် စကား က လုပ်ကြံတာခံလိုက်ရသည်။ ခြင်္သေ့လေး ဆင်ဘာက ယင်းအဖြစ်ဆိုးမှာ သူ့ကြောင့်ဟု ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး ကိုယ်စိတ်နှလုံး ဆင်းရဲကာ ခြင်္သေ့မင်းပိုင်နက် တောမှ ထွက်သွားလေတော့သည်။ ထီးနန်းဆက်ခံဖို့ကိုလဲ ပယ်စွန့်လိုက်ကာ ခြေဦးတည့်ရာ ထွက်ခွာသွားလေသည်။ လမ်းတွင် အခြားအပယ်ခံ တိရိစ္ဆာန်နှစ်ကောင်ဖြစ်သည့် မြွေပါတကောင်နှင့် တောဝက်တကောင်နှင့် မိတ်ဖွဲ့ကာ အများတကာလိုမဟုတ်ဘဲ သူတို့သုံးကောင်သား လူသူကင်းဆိတ်ရာဝယ် နှစ်အနည်းငယ် အပူအပင်ကင်းကင်း အတူတကွ ဖြတ်သန်းကြလေသည်။ သူတို့က အခြားသူများနှင့် မိတ်ဖွဲ့ဆက်ဆံရမည်ကို ရှောင်ရှားသည့် ဒဿနဖြင့် ကြုံလာသမျှ ပြဿနာတိုင်းကို ဟာကူနာမတ်တာတာ (အေးဆေးပဲ) ဟု ရွတ်ပြီး ဖြေရှင်းကြလေသည်။
သို့သော် ခြင်္သေ့လေး ဆင်ဘာက သူလျှောက်လှမ်းရမည့် ဓာရ်မလမ်းကို မရှောင်ရှားနိုင်ချေ။ အရွယ်ရောက်လာသည်နှင့်အမျှ သူဘယ်သူလဲ၊ ဘဝမှာ ဘာလုပ်သင့်လဲ ဆိုသည့် မေးခွန်းများဖြင့် ပိုပိုပြီး မွန်းကြပ်လာသည်။ ဇာတ်ကား၏ ဇာတ်ရှိန်အမြင့်ဆုံး အခန်းတွင် ကွယ်လွန်ပြီးသော ခြင်္သေ့မင်း မူဖာဆာ ကိုယ်ထင်ပြပြီး ဆင်ဘာကို ဘဝစက်ဝန်းအကြောင်းနှင့် သူ့၏ တော်ဝင် မျိုးရိုးကို မမေ့ဖို့ သတိပေးလေသည်။ ဆင်ဘာက သူမရှိသည့် အချိန်တွင် သူ့ဦးလေး စကား က နန်းတက်ပြီး ခြင်္သေ့မင်းနိုင်ငံတော်ကို တလွဲစီမံခန့်ခွဲထားကြောင်းလည်း သိသွားလေသည်။ ယခုအခါ ပြည်ထဲ မငြိမ်မသက်ဖြစ်နေပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးမှုလည်း ကြုံတွေ့ နေရသည်။ ခြင်္သေ့လေးဆင်ဘာက နောက်ဆုံးတွင် သူဘယ်သူလဲ ဆိုသည်နှင့် သူဘာလုပ်ရမည် ဆိုသည်ကို သဘောပေါက်သွားသည်။ ခြင်္သေ့မင်းနိုင်ငံတော်ကို ပြန်ကာ သူ့ဦးလေးကို သတ်ပြီး ဘုရင်ဖြစ်သွားလေသည်။ နိုင်ငံတော်ကို ငြိမ်သက်အေးချမ်းအောင်၊ ကြွယ်ဝအောင် ပြန်လည် ဆောင်ရွက်လေသည်။ ဇာတ်ကားအဆုံးတွင် ဆင်ဘာက တိရစ္ဆာန်များကို စုဝေးကာ သူ့ကို ဆက်ခံမည့် သူ့သားကို ဂုဏ်ယူဝံ့ကြွားစွာ ပြသပြီး ဘဝစက်ဝန်းကြီး ဆက်လက်လည်ပတ်နေစေပုံနှင့် အဆုံးသတ်လေသည်။
ဘဝစက်ဝန်း အယူအဆက လောကကြီး၏ ဘဝဇာတ်ခုံကို စက်ဝန်းပုံပြင်ဖြင့် တင်ပြခြင်း ဖြစ်သည်။ ဆင်ဘာနှင့် အဇ္ဇုန တို့အဖို့ ခြင်္သေ့က တောဆိတ်ကို စားခြင်းနှင့် သူရဲကောင်းများက စစ်ပွဲ ဆင်နွှဲခြင်းမှာ နှစ်အင်္သေချေ ရှေးပဝေသဏီကတည်းကဖြစ်ပြီး နောက်ထာဝရလဲ ဆက်ဖြစ်နေမည်ဟု သာသိလေသည်။ ယင်းသို့ ထပ်လဲလဲ ထာဝရ ဖြစ်နေခြင်းက ဇာတ်လမ်းကို အားဖြည့်စေပြီး ယင်းသို့ ဖြစ်နေခြင်းသည်ပင် သဘာဝတရားဟု အဓိပ္ပာယ်ပေါက်စေသည်။ သို့ဖြစ်ရာ မင်းသား အဇ္ဇုနက စစ်မတိုက်ဘဲနေပြီး ခြင်္သေ့လေး ဆင်ဘာက ဘုရင်မလုပ်ချင်ဟု ငြင်းဆိုပါက သဘာဝတရားကြီး၏ နိယာမနှင့် ဆန့်ကျင်နေခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ထွက်လေသည်။
စာဖတ်သူက ယင်းကဲ့သို့ ဘဝစက်ဝန်းပုံပြင်တမျိုးမျိုးကို ယုံကြည်သည်ဆိုပါက စာဖတ်သူ၏ ဘဝတွင် မိမိဘယ်သူဆိုသည့် စစ်မှန်တည်မြဲသည့် သရုပ်လက္ခဏာရှိပြီး စာဖတ်သူ ကျေပွန်ရမည့် တာဝန်ဝတ္တရားများကို ယင်းက သတ်မှတ်ထားသည်ဟု အဓိပ္ပာယ်ရလေသည်။ နှစ်ပေါင်းများစွာ စာဖတ်သူအနေဖြင့် ယင်းကို သံသယရှိနေ သို့မဟုတ် မသိကျိုးကျွံ ပြုကောင်းပြုနေနိုင်သော်လည်း တချိန်ချိန် ဇာတ်ရှိန်မြင့်သည့် တနေရာတွင် ယင်းမှာ ပေါ်ပေါက်လာကာ စာဖတ်သူအနေဖြင့် လောကကြီး၏ ဇာတ်ခုံပေါ်တွင် ပါဝင်ကပြရမည့် မိမိအခန်းကဏ္ဍကို သဘောပေါက်သွားမည် ဖြစ်လေသည်။ စာဖတ်သူအနေဖြင့် လောကဓံအမျိုးမျိုးနှင့် ရင်ဆိုင်ရနိုင်သော်လည်း သံသယနှင့် စိတ်ဆင်းရဲခြင်းမှ ကင်းဝေးသွားမည် ဖြစ်လေသည်ဟု ဆိုလိုလေသည်။
အခြားဘာသာရေးများနှင့် အယူဝါဒများမှာလည်း အဖြောင့်အတိုင်း သွားသည့် လောက ဇာတ်ခုံ ပုံပြင်တပုဒ်ပုဒ်ကို ယုံကြည်ကြသည်။ ယင်းပုံပြင်တွင် သေချာတိကျသည့် ပုံပြင်အစရှိပြီး သိပ်ရှည်လှသည် မဟုတ်သည့် ဇာတ်ကြောင်းအလယ်နှင့် အကုန်လုံးကို အပြီးသတ်ပေးသည့် ဇာတ်လမ်းအဆုံးသတ် ရှိလေသည်။ ဥပမာဆိုရလျှင် မွတ်စလင်ပုံပြင်က ဆိုသည်မှာ အရာအားလုံး၏ အစတွင် အလ္လာက စကြဝဠာကြီး တခုလုံးကို ဖန်တီးလိုက်ပြီး လောကဥပဒေများကို ချမှတ်လေသည်။ ယင်းနောက် အလ္လာက လူသားများကို ကုရ်အာန်ကျမ်းမှတဆင့် လောက၏ ဥပဒေများကို ပြသလေသည်။ သို့သော် ကံဆိုးစွာပင် မသိနားမလည်သည့် ငမိုက်သားများနှင့် ရက်စက်ယုတ်မာသည့် လူဆိုးများက အလ္လာကို ဆန့်ကျင်ပုန်ကန်ကာ ယင်းဥပဒေများကို ဖောက်ဖျက်ခြင်းနှင့် ဖျောက်ဖျက်ခြင်းကို လုပ်ကြလေသည်။ သို့ဖြစ်ရာ မွန်မြတ်ပြီး သစ္စာရှိသည့် မွတ်စလင်များ၏ တာဝန်မှာ ယင်းဥပဒေများကို လိုက်နာပြီး ယင်းအသိပညာဗဟုသုတများ ပြန့်ပွားအောင် လုပ်ရန် ဖြစ်လေသည်။ အဆုံးတွင် လောကကို တရားစီရင်သည့်နေ့တွင် အလ္လာက တဦးချင်း တယောက်ချင်းစီ၏ ဆောင်ရွက်ပုံအပေါ် မူတည်ပြီး တရားစီရင်မည် ဖြစ်လေသည်။ အလ္လာက တရားဖြင့်နေသော ပုဂ္ဂိုလ်များကို ကောင်းကင်ဘုံတွင် ထာဝရချမ်းသာစွာ နေစေပြီး ယုတ်မာကောက်ကျစ်သူများကို တောက်လောင်နေသော ငရဲသို့ ပစ်ချမည် ဖြစ်လေသည်။
ယင်းကြီးကျယ်သည့် ဇာတ်လမ်းအလိုအရ ကျွန်တော့်၏ သေးငယ်သော်လည်း အရေးကြီးသည့် ဘဝတာဝန်မှာ အလ္လာ၏ အမိန့်တော်အတိုင်း လိုက်နာရန်ဖြစ်ပြီး သူချမှတ်ထားသော ဥပဒေများကို ပြန့်ပွားစေရန် ဖြစ်ကာ သူ့အလိုတော်အတိုင်း လိုက်နာစေရန် ဖြစ်လေသည်။ ကျွန်တော်က မွတ်စလင်ပုံပြင်ကို ယုံကြည်သည်ဆိုပါက တနေ့ ငါးကြိမ် ဝတ်ပြု ရှိခိုးခြင်း၊ ဗလီ အသစ်ဆောက်ရန် ပိုက်ဆံလှူခြင်း၊ အယူကိုစွန့်သည့်ဖောက်ပြန်ရေးသမားများနှင့် မိစ္ဆာဒိဋ္ဌိများကို တော်လှန်ခြင်းက ကျွန်တော့်အတွက် ဘဝအဓိပ္ပာယ်ရှိစေမည် ဖြစ်သည်။ နေ့စဥ် သာမန်အလုပ်များဖြစ်သည့် လက်ဆေးခြင်း၊ ဝိုင်သောက်ခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ကဲ့သို့သော အလုပ်မျိုးတွင်ပင် လောက အဓိပ္ပာယ်များ ပြည့်နှက်နေမည် ဖြစ်လေသည်။
အမျိုးသားရေးဝါဒကလည်း ဘာပြီးရင် ဘာဖြစ်မည်၊ ဘာလာမည်ဆိုသည့် တဖြောင့်တည်း (linear) ပုံပြင်မျိုး ပြောပါသည်။ ဇီယွန်ဝါဒီ တို့၏ ပုံပြင်က ဂျူးလူမျိုးများ သမ္မာကျမ်းစာလာ စွန့်စားခန်းများနှင့် အောင်မြင်မှုများဖြင့် အစပြု ပါသည်။ ဂျူးလူမျိုးများ နှစ်ပေါင်း ၂၀၀၀ ကြာ နေရပ်မှထွက်ပြေး ဒုက္ခရောက် နှိပ်စက်ကလူပြုခံရပုံကို ပြန်ပြောပါသည်။ ဇာတ်ရှိန်အမြင့်ဆုံးမှာ ဂျူးလူမျိုးတုန်း သတ်ဖြတ်ခံရမှု (ဟိုလိုကော့စ်) ဖြစ်ပြီး အစ္စရေးနိုင်ငံတော် တည်ထောင်နိုင်ခြင်း ဖြစ်ပါသည်။ ယင်းနောက် အစ္စရေးနိုင်ငံသည် တနေ့တချိန်မှာတော့ ငြိမ်းချမ်းသာယာဝပြောပြီး ကိုယ်ကျင့်တရားအရရော၊ စိတ်နှလုံးသားပိုင်းဆိုင်ရာ အရရော တကမ္ဘာလုံး မျှော်ကြည့်ရသည့် မျှော်လင့်ချက်ရောင်ခြည်သဖွယ် ဖြစ်လာမည့်နေ့ကို စောင့်မျှော်နေပုံနှင့် အဆုံးသတ် ပါသည်။ ကျွန်တော်က ဇီယွန်ဝါဒီ ပုံပြင်တွင် ယုံကြည်သူ ဖြစ်ပါက ကျွန်တော့်ဘဝ၏ ပန်းတိုင်မှာ ဂျူးတိုင်းပြည် အကျိုးစီးပွားတိုးတက်ရေး ထမ်းဆောင်ရန် ဖြစ်သည်ဟု ကောက်ချက်ချမည် ဖြစ်ပါသည်။ ယင်းအတွက် ဟီးဘရူးဘာသာစကား၏ သန့်စင်မှုကို ကာကွယ်ခြင်း၊ ဂျူးတို့ ဆုံးရှုံးသွားသော နယ်မြေများ ပြန်လည် ရရှိရန် တိုက်ပွဲဝင်ခြင်း၊ သို့မဟုတ် သစ္စာရှိ အစ္စရေး မျိုးဆက်သစ် ကလေးငယ်များ မွေးထုတ်ခြင်း၊ ပျိုးထောင်ခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ဤသို့ အခြေအနေတွင်လည်း သာမန် ငြီးငွေ့ပျင်းရိဖွယ်ကောင်းသော အလုပ်များပင်လျှင် အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေမည် ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့တွင် အစ္စရေး ကျောင်းသားကျောင်းသူလေးများက နာမည်ကျော်ဟီးဘရူး သီချင်းတပုဒ်ကို သီဆိုပြီး အမိမြေအတွက် ဆောင်ရွက်ခဲ့မှုမှန်သမျှကို ချီးကျူးဂုဏ်ပြုခြင်းမျိုး ပြုလုပ်ကြပါသည်။ ကလေးတဦးက “အစ္စရေးမြေမှာ ကျွန်တော် အိမ်တလုံးဆောက်ပြီးပြီ” ဟု သီဆိုမည် ဖြစ်ပြီး နောက်တဦးက “အစ္စရေးမြေမှာ ကျွန်မ သစ်ပင်တပင်စိုက်ပြီးပြီ”ဟု ဟစ်ကြွေးမည် ဖြစ်ကာ၊ တတိယတဦးက “အစ္စရေးမြေအတွက် ကျွန်တော် ကဗျာတပုဒ် စပ်ပြီးပြီ အစရှိသဖြင့် တဦးပြီး တဦး သီဆိုကြမည် ဖြစ်သည်။ အဆုံးတွင် အတူတူ စုပေါင်းပြီး “ငါတို့တွေအားလုံး အစ္စရေးအမိမြေအတွက် အိမ်ဆောက်ပြီးပြီ၊ သစ်ပင်စိုက်ပြီးပြီ၊ ကဗျာစပ်ပြီးပြီ [ဒီနားမှာ စာဖတ်သူထည့်ချင်တာ ထပ်ထည့်လို့ရတာပေါ့]” ဆိုပြီး သံပြိုင် သီဆိုကြမည် ဖြစ်သည်။
ကွန်မြူနစ်ဝါဒကလည်း ယင်းသို့ ဆင်တူယိုးမှားပုံပြင်မျိုး ဖြစ်သည်။ သူကတော့ လူမျိုးထက် လူတန်းစားအပေါ် အလေးပေးထားသည်။ ကွန်မြူနစ် ကြေညာစာတမ်းတွင် အဖွင့်ချီထားပုံမှာ -
“ယနေ့ထက်တိုင် တည်ရှိနေသော လူ့အဖွဲ့အစည်းအားလုံး၏ သမိုင်းသည် လူထု လူတန်းစားတိုက်ပွဲများ၏ သမိုင်းပင် ဖြစ်ပေသည်။ လွတ်လပ်သူနှင့် ကျေးကျွန်၊ မင်းညီမင်းသားနှင့် လူသာမန်များ၊ အရှင်သခင်နှင့် လယ်ကျွန်၊ လက်မှုပညာသည်နှင့် ကျပန်းအလုပ်သမား၊ တခွန်းတည်းနှင့်ဆိုရလျှင် ဖိနှိပ်သူများနှင့် ဖိနှိပ်ခံများသည် တဦးနှင့်တဦး အစဉ်အမြဲ ဆန့်ကျင်ဘက်ဖြစ်နေကြကာ ပုန်းကွယ်၍တမျိုး၊ အတိအလင်းဖြင့်တဖုံ အဆက်မပြတ်တိုက်ခိုက်ခဲ့ကြသည်။ ဤတိုက်ပွဲတိုင်းသည် လူ့အဖွဲ့အစည်းတခုလုံးကို တော်လှန်သော ပြန်လည်တည်ဆောက်ခြင်း သို့မဟုတ် တိုက်ခိုက်နေသော လူတန်းစားများပါ တပါတည်းဆုံးရှုံးပျက်စီးခြင်းတို့ဖြင့် အဆုံးသတ်လေ့ရှိသည်”
ဟူ၍ ဖြစ်သည်။
ကွန်မြူနစ်ကြေညာစာတမ်းတွင် ဆက်လက်ရှင်းပြထားသည်မှာ ယနေ့ခေတ်သစ်တွင် “လူ့အဖွဲ့အစည်းတရပ်လုံးသည် ကြီးမားသော ရန်ဘက်ဂိုဏ်းကြီးနှစ်ဂိုဏ်းအဖြစ်လည်းကောင်း၊ ဓနရှင်လူတန်းစားနှင့်ပစ္စည်းမဲ့လူတန်းစားတည်းဟူသော တဦးနှင့်တဦး ထိပ်တိုက်ရင်ဆိုင်နေသည့် ကြီးမားသော လူတန်းစားနှစ်ရပ်အဖြစ်လည်းကောင်း ပို၍ ပို၍ ကွဲပြားသွားကြတော့၏” ဟူ၍ ဖြစ်သည်။ အဆုံးသတ်တွင် ယင်းလူတန်းစား နှစ်ရပ်၏ ပဋိပက္ခမှာ ပစ္စည်းမဲ့လူတန်းစားက အနိုင်ရရှိခြင်းဖြင့် အဆုံးသတ်မည် ဖြစ်ကာ ထိုအခါ သမိုင်းလည်း နိဂုံးချုပ်မည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကွန်မြူနစ် လူ့နိဗ္ဗာန်ကို ထူထောင်ပြီး ဘယ်သူကမှလည်း ဘယ်အရာကိုမှ ပိုင်ဆိုင်မှု မရှိတော့ကာ လူတိုင်းကလည်း အပြည့်အဝ လွတ်လပ် ပျော်ရွှင်ကြမည် ဖြစ်သည်။
ကျွန်တော်က ယင်းကွန်မြူနစ်ပုံပြင်တွင် ယုံကြည်သည်ဆိုပါက ကျွန်တော့်ဘဝ၏ ပန်းတိုင်မှာ ရဲရဲတောက် လက်ကမ်းကြော်ငြာများ ရေးသားဖြန့်ဝေခြင်း၊ သပိတ်များ၊ ဆန္ဒပြပွဲများ ဦးဆောင် စီစဥ်ခြင်း၊ သို့မဟုတ် လောဘကြီးသည့် အရင်းရှင်များကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် သူတို့၏ လက်ပါးစေများကို တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့တော်လှန်ရေးကြီး လျင်မြန်စွာ အောင်မြင်ရေး ဆောင်ရွက်ရန် ဖြစ်သည်ဟု မှတ်ချက်ချမည် ဖြစ်သည်။ ယင်းကွန်မြူနစ် ပုံပြင်က ဘင်္ဂလားဒေ့ရှ်ရှိ အထည်ချုပ် အလုပ်သမားများကို ခေါင်းပုံဖြတ်နေသည့် ကုမ္ပဏီဘရန်းတခုကို သပိတ်မှောက်ခြင်း၊ သို့မဟုတ် ခရစ်စမတ်ညစာစားပွဲတွင် ကျွန်တော့်၏ ယောက္ခမအရှင်းရှင် ဂုတ်သွေးစုပ်သမားကြီးနှင့် ငြင်းခုံခြင်းကဲ့သို့မျိုး ဆောင်ရွက်ခြင်းမျိုးကိုပင် ဘဝအဓိပ္ပာယ်များ ရှိစေမည် ဖြစ်သည်။
ကျွန်တော့်ဘဝ၏ အမှတ်အသား သရုပ်သကန် (မိမိဘာဆိုသည်) ကို သတ်မှတ်ပေးပြီး ကျွန်တော့် လုပ်ရပ်မှန်သမျှကို အဓိပ္ပာယ်ရှိစေသည့် ပုံပြင်အားလုံးကို လေ့လာ့ကြည့်မည်ဆိုပါက ယင်းပုံပြင်များ၏ လွှမ်းခြုံ သက်ရောက်မှု အတိုင်းအတာ၊ စကေးမှာ အရေးမကြီးလှဆိုသည့်အချက်ကို ထင်ရှားစွာ တွေ့ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ (ရှေ့တွင် တင်ပြခဲ့သည့်) ခြင်္သေ့လေးဆင်ဘာကဲ့သို့သော ဘဝစက်ဝန်းပုံပြင်လိုမျိုး ပုံပြင် အချို့မှာ ထာဝရသက်ဆိုင်သည်ဟု ထင်ဖွယ်ရာရှိသည့် ပုံပြင်များ ဖြစ်ပါသည်။ လောကကြီး တခုလုံး၊ စကြဝဠာကြီးတခုလုံးကို နောက်ခံထားပြီး ကြည့်မှသာ မိမိဘာဆိုသည်ကို သိနိုင်သော ပုံပြင်မျိုး ဖြစ်ပါသည်။ အမျိုးသားရေးပုံပြင်များနှင့် လူမျိုးရေးပုံပြင်ကဲ့သို့သော ပုံပြင်များမှာမူ ယင်းတို့နှင့် နှိုင်းယှဥ်လိုက်ပါက သေးငယ်သွားပါသည်။ ဇီယွန်ဝါဒက မြင့်မြတ်မွန်မြတ်သည်ဟု သတ်မှတ်ထားသော (ဂျူးလူမျိုးများ၏) စွန့်စားခန်းများမှာ စင်စစ်အားဖြင့် လူသားမျိုးနွယ်တခုလုံး၏ ၀.၂ ရာခိုင်နှုန်းမျှသာ ရှိသည့် လူမျိုးများအကြောင်းသာ ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့မျက်နှာပြင်တခုလုံး၏ ၀.၀၀၅ ရာခိုင်နှုန်းခန့်ကိုသာ လွှမ်းခြုံမည် ဖြစ်ပြီး အချိန်အားဖြင့်လည်း အင်မတန်သေးငယ်သော အစိတ်အပိုင်းတခုသာ ဖြစ်ပါသည်။ ဇီယွန်ပုံပြင်က တရုတ်အင်ပါယာများကို အဓိပ္ပာယ်မပေးစွမ်းနိုင်သလို၊ နယူးဂီနီရှိ မျိုးနွယ်စုများကိုလည်း ဘယ်လိုမျိုး အဓိပ္ပာယ်မှ ပေးစွမ်းနိုင်မည် မဟုတ်ပါ။ အန်ဒရိုမေဒါဂလက်စီကိုလည်း ဘယ်လိုမျိုး အဓိပ္ပာယ်မှ ပေးစွမ်းမည် မဟုတ်ပါ။ ထို့အပြင် မောရှေ၊ အာြဗဟံတို့ မတိုင်မီ နှစ်အသင်္ချေရှိခဲ့သော ကာလများနှင့် မျောက်ဝံများ၏ ဆင့်ကဲဖြစ်စဥ်ကိုလည်း ဘယ်လိုမျိုး အဓိပ္ပာယ်မှ ပေးစွမ်းနိုင်မည် မဟုတ်ပါ။
ထိုကဲ့သို့ အမြင်ကျဥ်းမြောင်းမှုများက ပြင်းထန်သော ဆိုးကျိုးသက်ရောက်မှုများ ပေါ်ပေါက်စေပါသည်။ ဥပမာဆိုရလျှင် အစ္စရေးနှင့် ပါလတ်စတိုင်းအကြား မည်သည့် ငြိမ်းချမ်းရေး စာချုပ်မဆို ချုပ်ဆိုရန် အခက်အခဲ ဖြစ်စေသည့် အဓိက အတားအဆီးတခုမှာ အစ္စရေးတို့က ဂျေရုစလင်မြို့ကို ပိုင်းခြားခွဲခြမ်းရန် ဆန္ဒမရှိခြင်းကြောင့် ဖြစ်ပါသည်။ သူတို့က ဆိုသည်မှာ ၄င်းမြို့သည့် “ဂျူးလူမျိုးများ၏ ထာဝရမြို့တော်ဖြစ်သည်” ဟု ဆိုပါသည်။ သို့ဖြစ်ရာ ထာဝရဟု သတ်မှတ်ထားသည့် အရာတခုအတွက် ဘယ်လိုများ အလျှော့အတင်း လုပ်နိုင်ပါမည်နည်း။ ထာဝရ ဆိုသည့် ကာလနှင့် နှိုင်းယှဥ်ကြည့်လိုက်ပါက လူအနည်းအငယ် သေဆုံးရခြင်းမှာ ဘာမှုစရာ ရှိပါတော့မည်နည်း။ ထာဝရဟုဆိုလျှင် အနည်းဆုံးအားဖြင့် စကြဝဠာ၏ လက်ရှိသက်တမ်းဖြစ်သော ၁၃.၈ ဘီလီယံနှစ် ဖြစ်ပါသည်။ ကမ္ဘာမြေ ပေါ်ပေါက်လာသည်မှာ လွန်ခဲ့သည့် နှစ် ၄.၅ ဘီလီယံ ခန့်က ဖြစ်ပါသည်။ ယင်းကာလများနှင့် နှိုင်းယှဥ်ကြည့်လျှင် ဂျေရုစလင်မြို့ကို တည်ထောင်သည်မှာ လွန်ခဲ့သော နှစ် ၅၀၀၀ ခန့်ကသာ ဖြစ်ပြီး ဂျူးလူမျိုး ပေါ်ပေါက်လာသည်မှာ အလွန်ဆုံးရှိလှ နှစ် ၃၀၀၀ ခန့် ဖြစ်ပါသည်။ ယင်းကာလကို ဘယ်လိုမှ ထာဝရဟု မခေါ်နိုင်ပါ။
အနာဂတ်ကို ကြည့်လျှင်လည်း ရူပဗေဒအလိုအရ ကမ္ဘာမြေကို လာလတ္တံ့သော နှစ်ပေါင်း ၇.၅ ဘီလီယံခန့်တွင် နေက ကြီးမားကျယ်ပြန့်လာပြီး စုပ်ယူဝါးမြိုသွားမည်ဟု ဆိုထားပါသည်။ ကျွန်ုပ်တို့၏ စကြဝဠာ အဖို့မှာ နောက်ထပ်အနည်းဆုံး နှစ်ပေါင်း ၁၃ ဘီလီယံခန့် တည်ရှိဦးမည်ဟု ဆိုထားပါသည်။ နှစ်ပေါင်း ၁၃ ဘီလီယံ ထားဘိဦး၊ နောက်ထပ် နှစ်ပေါင်း ၁၃၀၀၀ ခန့်လောက်တွင်ပင် ဂျေရုစလင်မြို့၊ အစ္စရေးနိုင်ငံနှင့် ဂျူးလူမျိုးများ ရှိလိမ့်ဦးမည်ဟု အမှန်တကယ် ယုံကြည်ကြပါသလား။ အနာဂတ်ကို မျှော်ကြည့်လျှင် ဇီယွန်ဝါဒက နှစ်ရာစု အနည်းငယ် မိုးကုပ်စက်ဝိုင်းထက် ပိုမျှော်ပြီး မကြည့်နိုင်ပါ။ သို့သော်လည်း ယင်းပမာဏလောက်နဲ့ပင် အစ္စရေး နိုင်ငံသား အများစု၏ ဆင်ခြင်တွေးဆနိုင်စွမ်းကို ကုန်ခမ်းသွားစေပြီး “ထာဝရ” ဟု မှတ်ယူစေပါသည်။ ထို့အပြင် လူအများကိုလည်း “ထာဝရမြို့တော်ကြီး” အတွက် အသက်ပင်ပေးရပေးရ စွန့်လွှတ် အနစ်နာခံရဲစေပါသည်။ သူတို့အနေဖြင့် ယင်းထာဝရမြို့တော်ကြီးတွင် ခဏတာပဲခံမည့် အိမ်များ ဆောက်လုပ်ခြင်းကိုလည်း ကန့်ကွက်ငြင်းဆန်ကြမည် ဖြစ်ပါသည်။
အစ္စရေးဆယ်ကျော်သက်တဦးအနေဖြင့် ကျွန်တော်သည်လည်း အစပိုင်းတုန်းက ပုဂ္ဂလိက မိမိဆိုသည်ထက် ပိုကြီးသည့် တစုံတရာ (ဆိုလိုသည်မှာ အမျိုးသားနိုင်ငံ)၏ အစိတ်အပိုင်း ဖြစ်စေမည် ဆိုပြီး ကတိပေးသည့် အမျိုးသားရေးဝါဒ၏ ဆွဲငင် ညှို့ယူဖမ်းစားခြင်းကို ခံခဲ့ရပါသည်။ ကျွန်တော့်ဘဝကို တိုင်းပြည်အတွက် ပေးဆပ်လိုက်ပါက တိုင်းပြည်၏ ဝိညာဥ်တွင် ရှင်သန်နေသော သူရဲကောင်း(လူပင်သေသော်ငြား နာမည်ကား မသေသည်) ဖြစ်လာမည်ဟု ယုံကြည်ချင်ခဲ့ဖူးပါသည်။ သို့သော်လည်း “တိုင်းပြည်၏ ဝိညာဥ်တွင် ရှင်သန်နေသော သူရဲကောင်း” ဆိုတာ ဘာကို ဆိုလိုသလဲဆိုတာကို ကျွန်တော့်အနေဖြင့် နားမလည်နိုင်ပါ။ စာသားက အလွန်လေးနက်ပုံ ပေါက်သော်လည်း အမှန်တကယ်အားဖြင့် ဘာကို ဆိုလိုပါသနည်း။ ကျွန်တော့်အသက် ၁၃ နှစ်၊ ၁၄ နှစ် အရွယ်တုန်းက အညတညသူရဲကောင်းနေ့ အထိမ်းအမှတ် အခမ်းအနားကို အမှတ်ရမိပါသည်။ အမေရိကန်ပြည်ထောင်စုတွင် အညတည သူရဲကောင်းနေ့ကို များသောအားဖြင့် လျှော့စျေးချ၊ စျေးရောင်းပြီး ဆင်နွဲလေ့ရှိသော်လည်း အစ္စရေးတွင်မူ အညတည သူရဲကောင်းနေ့မှာ လွန်စွာ အရေးကြီးပြီး တည်ကြည်ခန့်ညားစွာ ကျင်းပလေ့ရှိသည့် နေ့ဖြစ်ပါသည်။ ထိုနေ့တွင် ကျောင်းများ၌ အခမ်းအနားများ ကျင်းပပြီး အစ္စရေးတိုက်ခဲ့ရသည့် များစွာသော စစ်ပွဲများတွင် ကျဆုံးလေပြီးသော စစ်သားများကို အောက်မေ့ခြင်း အခမ်းအနားကျင်းပပါသည်။ ကလေးများက အဖြူရောင်ဝတ်ပြီး ကဗျာရွတ်ခြင်း၊ သီချင်းဆိုခြင်း၊ လွမ်းသူပန်းခွေချခြင်း၊ အလံဝှေ့ယမ်းခြင်းများ ဆောင်ရွက်ကြပါသည်။ အဆိုပါနေ့က ကျွန်တော်လည်း အဖြူရောင် ဝတ်ထားပြီး ကျောင်းအခမ်းအနားတွင် အလံဝှေ့ခြင်း၊ ကဗျာရွတ်ခြင်းများ လုပ်နေရင်း ကိုယ့်ဖာသာကိုယ် အလိုလိုတွေးမိသည်မှာ ကြီးလာသည့်အခါ ကျွန်တော်လည်း အာဇာနည် စစ်သားတဦး ဖြစ်ချင်သည်ဟု တွေးမိပါသည်။ အကြောင်းမှာ ကျွန်တော်သာ အစ္စရေးပြည်အတွက် အသက်ပေးပြီး သူရဲကောင်းဆန်ဆန် ကျဆုံးခဲ့ပါက ကျွန်တော့်ကို ဂုဏ်ပြုပြီး ကလေးများက ကဗျာရွတ်ခြင်း၊ အလံဝှေ့ယမ်းခြင်းများ တနေ့လုပ်ကြလိမ့် မည်ဟု တွေးမိသောကြောင့် ဖြစ်ပါသည်။
သို့သော် ယင်းနောက် ကျွန်တော်စဥ်းစားမိသည်မှာ “နေပါဦး။ ငါကသေပြီဆိုရင် ဒီကလေးတွေ ငါ့ကို ဂုဏ်ပြုပြီး ကဗျာရွတ်နေတာ ဘယ်လိုလုပ် သိတော့မှာတုန်း” ဟု အတွေးပေါ်လာပါသည်။ ဆိုတော့ ကျွန်တော် ကိုယ့်ဖာသာကိုယ် စိတ်ကူးနှင့် သေကြည့်ပါသည်။ ကျွန်တော့်ကို သပ်သပ်ရပ်ရပ် စစ်သင်္ချိုင်းတခုရှိ အုတ်ဂူဖြူဖြူလေးတွင် မြှုပ်ထားပြီး မြေပေါ်က ကဗျာရွတ်သံကို နားထောင်နေသည် ဆိုပြီး စဥ်းစားကြည့်ပါသည်။ သို့သော် ကျွန်တော်ထပ်စဥ်းစားမိသည်မှာ “ငါက သေပြီဆိုမှတော့ ဘယ်က ကဗျာရွတ်သံကို ကြားရဦးမှာတုန်း။ နားလည်း မရှိတော့၊ ဦးနှောက်လည်း မရှိတော့မှတော့ ဘာကိုကြားပြီး ဘာကို ခံစားရဦးမှာတုန်း။ အဲ့ဒီ့တော့ ဘာအဓိပ္ပာယ်ရှိသေးတုန်း” ဆိုပြီး ဆက်တွေးမိပါသည်။
ပိုဆိုးသည်မှာ ကျွန်တော် အသက် ၁၃ နှစ် တွင် စကြဝဠာကြီးမှာ နှစ်သန်းပေါင်း ထောင်သောင်းနှင့်ချီ သက်တမ်းရှိနေပြီး နောက်ထပ်လည်း နှစ်သန်း ထောင်သောင်းချီကာ တည်တံ့ကောင်း တည်တံ့ဦးမည် ဆိုသည်ကို သိနေပြီ ဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့် တကယ်တမ်း အစ္စရေးနိုင်ငံက အဲ့လောက်ကြာရှည်စွာ တည်တံ့နိုင်မည်ဟု မျှော်လင့်လို့ ရပါသလား။ နောက်ထပ် နှစ်သန်း ၂၀၀ ကြာပြီးသည့်အချိန်အထိ ဟိုမိုဆေးပီးယန်း ကလေးများက အင်္ကျီအဖြူဝတ်ကာ ကျွန်တော့်ကို ဂုဏ်ပြုကဗျာများ ရွတ်ဆိုနေကြဦးပါမည်လား။ ယင်းပုံပြင်ကြီး တခုလုံးက တခုခုတော့ လွဲနေပြီ ဖြစ်ပါသည်။
စာဖတ်သူက ပါလက်စတိုင်းသားဖြစ်ပါကလည်း ကိုယ့်ကိုကိုယ် သိပ်ဟုတ်လှပြီဟု မမှတ် လိုက်ပါနှင့်။ နောက်ထပ် နှစ်သန်း ၂၀၀ ပတ်ဝန်းကျင်လောက်တွင် ပါလက်စတိုင်းသား ဆိုပြီး တော့လည်း မရှိတော့ဖို့ များပါသည်။ အမှန်တကယ်အားဖြင့် ယင်းအချိန်တွင် ဖြစ်တန်ချေမှာ ဘယ်လိုမျိုး နို့တိုက်သတ္တဝါမှ မရှိတော့ဖို့ များပါသည်။ အခြားသော အမျိုးသားရေး လှုပ်ရှားမှုများမှာ လည်း အလားတူ အမြင်ကျဥ်းကြပါသည်။ ဆာဘီးယန်း အမျိုးသားရေးဝါဒက ဂျူရတ်ဆစ်ခေတ် (Jurassic era) တုန်းက ဘာတွေဖြစ်ခဲ့သည်ဆိုတာကို ထည့်ပြီးမစဥ်းစားပါ။ ထိုနည်းတူ ကိုရီးယား အမျိုးသားရေးဝါဒီများကလည်း အရှေ့ဖျားအာရှက ကျွန်းဆွယ်လေးသည်သာလျှင် စကြဝဠာ၏ ဗဟိုချက်၊ တလောကလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် သူသာလျှင် အရေးပါအရာ ရောက်သည်ဟု မှတ်ထင်ကြပါသည်။
ခြင်္သေ့လေး ဆင်ဘာပင်လျှင် အမြဲတမ်းတည်တံ့နေသည်ဆိုသည့် ဘဝစက်ဝန်းကြီးကို နှစ်နှစ်ကာကာ ယုံကြည်သည့်တိုင် ခြင်္သေ့များ၊ တောဆိတ်များ၊ မြက်ပင်များမှာ အမှန်စင်စစ်အားဖြင့် အမြဲထာဝရ တည်နေမည်မဟုတ်ကြောင်း တွေးမိသည် မဟုတ်ပါ။ ဆင်ဘာက နို့တိုက်သတ္တဝါများ မပေါ်မီကာလက စကြဝဠာကြီး ဘယ်လိုရှိကြောင်း မစဥ်းစားသလို သူချစ်လှပါသည် ဆိုသည့် အာဖရိက ဆာဗားနားလွင်ပြင်တွင် လူသားများက ခြင်္သေ့များကို အကုန်သတ်လိုက်ပြီး မြက်ခင်းပြင်များအားလုံးကို ကွန်ကရစ်၊ ဘိလပ်မြေတောကြီးဖြင့် ဖုံးပစ်လိုက်ပါက ဘယ်လို ဖြစ်သွားမည်ဆိုသည်ကိုလည်း မစဥ်းစားပါ။ ဤသို့ဆိုပါက ဆင်ဘာ၏ ဘဝသည် လုံးလုံး အဓိပ္ပာယ် မရှိတော့ရာ ရောက်သွားပါသလား။
ဘယ်ပုံပြင်ကမှ စလယ်ဆုံး ပြီးပြည့်စုံခြင်းမရှိပါ။ သို့သော်လည်း ကျွန်တော့်အတွက် မိမိဘယ်သူဆိုသည့် သရုပ်လက္ခဏာကို တည်ဆောက်ရန်နှင့် ဘဝအဓိပ္ပာယ် ရှိစေရန်အတွက် ရှေ့နောက်မညီညွတ်မှုများ၊ မျက်ကွယ်ပြုထားသည့် အပိုင်းများ ဘာမှမရှိသည့် ပြီးပြည့်စုံသော ပုံပြင်မျိုးဖြစ်နေရန် မလိုအပ်ပါ။ ကျွန်တော့်ကို ဘဝအဓိပ္ပာယ် ပေးစွမ်းရန်အတွက် ပုံပြင်တပုဒ်က အခြေအနေ ၂ ရပ်နှင့် ကိုက်ညီရန် လိုအပ်ပါသည်။ ပထမတခုမှာ ယင်းပုံပြင်တွင် ကျွန်တော် ပါဝင်လို့ရမည့် အခန်းကဏ္ဍတရပ် ဖော်ပြပေးရန် လိုပါသည်။ နယူးဂီနီရှိ ဌာနေတိုင်းရင်းသားတဦးက ဇီယွန်ဝါဒဖြစ်ဖြစ်၊ ဆားဘီးယန်း အမျိုးသားရေးဝါဒဖြစ်ဖြစ် ယုံကြည်ရန် အကြောင်းမရှိပါ။ အကြောင်းမှာ ယင်းပုံပြင်များက နယူးဂီနီနှင့် ယင်းရှိလူများကို လုံးလုံး စိတ်မဝင်စားသောကြောင့် ဖြစ်ပါသည်။ ရုပ်ရှင်မင်းသားမင်းသမီးများလိုပင် လူဆိုသည်ကလည်း သူတို့ကို အရေးကြီး နေရာပေးသည့် ဇာတ်ညွှန်းဇာတ်ကွက်များကိုသာ ကြိုက်နှစ်သက်လေ့ ရှိပါသည်။
ဒုတိယအခြေအနေမှာ ပုံပြင်တပုဒ်သည် အဆုံးအစမဲ့ ချဲ့ထွင်လွှမ်းခြုံစရာ မလိုသော်လည်း ကျွန်တော်မြင်နိုင်သော အတိုင်းအတာထက် ကျော်လွန်လွှမ်းခြုံရန် လိုအပ်ပါသည်။ ပုံပြင်က ကျွန်တော့်ကို မိမိဘယ်သူဆိုသည့် သရုပ်သကန်တခုနှင့် ကျွန်တော့်ကို ဘဝအဓိပ္ပာယ်ပေးသည်မှာ မိမိထက် ပိုကြီးမားသည့် အရာတခုတွင် မြှုပ်နှံထားသည့်နည်းဖြင့် ပေးခြင်း ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်က ယင်း “ပိုကြီးမားသည့် အရာ” ကိုရော ဘာက အဓိပ္ပာယ်ပေးထားသလဲ ဆိုသည်ကို စတင်မေးခွန်းထုတ်လာနိုင်ပါသည်။ ကျွန်တော့်ဘဝကို အဓိပ္ပာယ်ရှိစေသည်မှာ ပစ္စည်းမဲ့ လူတန်းစားကို ကူညီခြင်း သို့မဟုတ် ပိုလန်နိုင်ငံတော်ကို ပေးဆပ်ခြင်း ဆိုပါစို့။ ပစ္စည်းမဲ့ လူတန်းစားနှင့် ပိုလန်နိုင်ငံတော်ကို ဘာက အဓိပ္ပာယ်ရှိစေပါသနည်း။ တခါက ကမ္ဘာကြီးသည် ဆင်ကြီး၏ ကျောကုန်းပေါ်တွင် တည်ရှိနေသည်ဆိုပြီး ကြွေးကြော်သည့် လူတဦးရှိပါသည်။ သူ့ကို ဆင်ကြီးကကျ ဘယ်ပေါ် ရပ်နေသလဲဆိုပြီး တယောက်က မေးသောအခါ ပြန်ဖြေသည်မှာ ဆင်ကြီးက လိပ်ကြီး အကြီးကြီးတကောင်ပေါ်တွင် ရပ်နေသည်ဆိုပြီး ပြန်ဖြေပါသည်။ အဲ့လိုဆိုလျှင် အဆိုပါ လိပ်ကြီးကရောဆိုတော့။ လိပ်ကြီးကကျ သူ့ထက်ပိုကြီးသည့် လိပ်ကြီးပေါ်တွင် ရပ်နေပါသည်ဆိုပြီး ဖြေပါသည်။ အဲ့ဒီ့ပိုကြီးသည့် လိပ်ကြီးကကျ ဘာကြီးပေါ် ရပ်နေသလဲ ထပ်မေးတော့ သူက စိတ်ဆိုးသွားပြီး “အဲ့တာ စဥ်းစားစရာ မလိုတော့ဘူး။ အဲ့ဒီ့ကစပြီး လိပ်တွေချည်းပဲ” ဆိုပြီး ပြောပါသည်။
အောင်မြင်သည့် ဇာတ်ကွက်ပုံပြင်အများစုက အဆုံးသတ်ကို ဖွင့်ထားပေးပါသည်။ သူတို့အနေဖြင့် ဘယ်အရာက အဆုံးတွင် အဓိပ္ပာယ်ရှိစေသည်ဆိုသည်ကို ရှင်းပြရန် မလိုတတ်ပါ။ အကြောင်းမှာ သူတို့က လူအများစု၏ စိတ်ပါဝင်စားမှုကို ဖမ်းစားထားနိုင်စွမ်းရှိပြီး လုံခြုံသည့်ဘောင် အတွင်း ဇာတ်ကွက်ကို ခင်းပြရာတွင် အလွန်တော်သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကမ္ဘာကြီးက ဆင်ကြီး၏ ကျောကုန်းပေါ်တွင် တည်ရှိသည်ဆိုပြီး ရှင်းပြသောအခါ ခက်ခက်ခဲခဲ မေးခွန်းများကို ကြိုကာထားပုံမှာ အသေးစိတ်ကျကျ ဇာတ်လမ်းကို ခင်းပြထားသောနည်းဖြင့် ဖြစ်ပါသည်။ ဆင်ကြီးက သူ့၏ နားရွက်ကြီးများ ခတ်လိုက်သောအခါ ဟာရီကိန်းမုန်တိုင်းများ တိုက်စေပြီး၊ ဆင်ကြီးက ဒေါသထွက်ပြီး တဆတ်ဆတ် တုန်နေသည့်အခါ ကမ္ဘာပေါ်တွင် ငလျင်လှုပ်စေသည် အစရှိသဖြင့် အသေးစိတ်ရှင်းပြပါသည်။ စာဖတ်သူက အမယ်ဘုတ်၏ သူ့ချည်ခင်ကဲ့သို့ ကောင်းကောင်းရှုပ်အောင် လုပ်နိုင်ပါက ဘယ်သူကမှ ဆင်ကြီးကကျ ဘာကြီးပေါ် ရပ်နေသလဲ ဆိုပြီး မေးမည်မဟုတ်ပါ။ အမျိုးသားရေးဝါဒကိုပဲကြည့်ပါ၊ သူရဲကောင်းများ၏ ပုံပြင်များဖြင့် ညှို့ငင်ဖမ်းစားပြီး အတိတ်က ကံဆိုးမိုးမှောင်ဖြစ်ရပ်များကို ပြန်ပြောခြင်းဖြင့် ကျွန်ုပ်တို့ကို မျက်ရည်တောက်တောက် ကျစေပါသည်။ ကျွန်ုပ်တို့၏ တိုင်းပြည်က အတိတ်က ဘယ်လိုမျိုး မတရားမှုများ ကြုံတွေ့ရသည် အစရှိသဖြင့် ပြောပြီး ကျွန်ုပ်တို့ကို မခံမရပ်နိုင် ဒေါသထွက် တောက်ခေါက် ဖြစ်စေပါသည်။ ကျွန်ုပ်တို့က အမျိုးသားရေးဒဏ္ဍာရီတွင် မျောသွားပြီး ကမ္ဘာပေါ်တွင် ဖြစ်ဖြစ်သမျှသော ဖြစ်ရပ်တိုင်းကို အမိတိုင်းပြည်ကို ဘယ်လိုသက်ရောက်သလဲဆိုတာက စစဥ်းစားပါတော့သည်။ အရင်းစစ်လိုက်လျှင် ဘာလို့များ အမိတိုင်းပြည်ဆိုသည့် အယူအဆက အရေးကြီးရသလဲဆိုသည့် မေးခွန်းကို စဥ်းစားဖို့ အချိန်မရှိသလောက် ဖြစ်သွားပါတော့သည်။
စာဖတ်သူက ဇာတ်ကွက်ပုံပြင်တခုတွင် ယုံကြည်သည်ဆိုပါက ယင်းက စာဖတ်သူကို ပုံပြင်၏ အင်မတန် အသေးစိတ်သည့် ကိစ္စလေးများတွင်ပါ အလွန်စိတ်ပါဝင်စားစေပါသည်။ တချိန်တည်း မှာပင် ပုံပြင်က လွှမ်းခြုံသက်ရောက်မှုမရှိသော ကိစ္စမှန်သမျှကို လျစ်လျူရှုထားစေပါသည်။ ရဲရဲတောက် ကွန်မြူနစ်များက တော်လှန်ရေး၏ အစောပိုင်းကာလများတွင် ဆိုရှယ်ဒီမိုကရက်များနှင့် မဟာမိတ်ဖွဲ့သင့် မဖွဲ့သင့်ကို မရေမတွက်နိုင်သော နာရီပေါင်းများစွာ ဆွေးနွေးငြင်းခုံ ကြပါသည်။ သို့သော် သူတို့က စကြဝဠာအတွင်း အော်ဂဲနစ်သက်ရှိများ ဘယ်လိုပျံ့နှံ့တည်ရှိသလဲ၊ ဂြိုဟ်ကမ္ဘာရှိ နို့တိုက်သတ္တဝါများ ဆင့်ကဲဖြစ်စဥ်တွင် ပစ္စည်းမဲ့ လူတန်းစားက ဘယ်နေရာ ကပါဝင်သလဲ ဆိုသည့်ကိစ္စများကို မတွေးဆ မဆင်ခြင်သလောက် ဖြစ်ပါသည်။ ယင်းသို့ အရေမရ အဖတ်မရ မေးခွန်းများက တော်လှန်ရေးကြီးပျက်ရာပျက်ကြောင်း သက်သက်မဲ့ အချိန်ဖြုန်းတာဟု ယူဆကြပါသည်။
အချို့ပုံပြင်ဇာတ်ကွက်များက တလောကလုံးနှင့် အချိန်ကာလအားလုံးကို လွှမ်းခြုံနိုင်ရေး ကြိုးစားကြပါသည်။ သို့သော် အောင်မြင်သည့် ပုံပြင်ဇာတ်ကွက် အများအပြားက အာရုံကို ဖမ်းစားထားနိုင်စွမ်းရှိသည်ဖြစ်ရာ သူတို့၏ လွှမ်းခြုံမှု အတိုင်းအတာမှာ အတော်အသင့်သာ ဖြစ်ပါသည်။ ပုံပြင်ပြောခြင်း အနုပညာ၏ အဓိကအရေးကြီးသော ဥပဒေသတခုမှာ ပရိသတ် မြင်နိုင်သော အတိုင်းအတာကို ကျော်လွန်နိုင်ပြီဆိုပါက ယင်းပုံပြင်၏ နောက်ဆုံးအတိုင်းအတာမှာ ဘယ်လောက်ရှိသလဲဆိုသည့် အချက်မှာ အရေးမကြီးတော့ခြင်း ဖြစ်ပါသည်။ လူများက သက်တမ်းထောင်ချီသာရှိသော အမျိုးသားနိုင်ငံတော်အတွက် ဖြစ်စေ၊ သက်တမ်း ဘီလီယံနှင့်ချီ ရှိသည်ဟုဆိုသော ဘုရားသခင်အတွက်ဖြစ်စေ သတ်ရဲဖြတ်ရဲမှု၊ ရူးသွပ်မှုမှာ အတူတူသာ ဖြစ်ကောင်းဖြစ်မည်ကို တွေ့ရမည် ဖြစ်ပါသည်။ လူအများက ကြီးမားသော ကိန်းဂဏန်းများကို နားလည်မှုတွင် အားနည်းကြခြင်း ဖြစ်ပါသည်။ များသောအားဖြင့်လည်း ကျွန်ုပ်တို့၏ စိတ်ကူး ကောင်းကောင်းဖြင့် စဥ်းစားတွေးဆနိုင်စွမ်းမှာ အလွယ်လေးနှင့်ပင် ပျောက်ဆုံးသွားတတ်ပါသည်။
စကြဝဠာကြီးအကြောင်း ကျွန်ုပ်တို့ သိထားသမျှအားလုံးအပေါ် မူတည်စဥ်းစားကြည့်ပါက စကြဝဠာနှင့် လူသားတို့၏ ဖြစ်တည်မှုဆိုင်ရာ အဆုံးစွန်သော အမှန်တရားမှာ အစ္စရေး၊ ဂျာမနီ၊ ရုရှား သို့မဟုတ် ယေဘုယျအားဖြင့် ဘယ်အမျိုးသားရေးဝါဒကမဆိုပြောသော ပုံပြင်သာဖြစ်ရန်မှာ စိတ်မှန်သူတဦးအတွက် ဘယ်လိုမှ ဖြစ်နိုင်မည် မဟုတ်ပါ။ အချိန်အားလုံး၊ အာကာသတခုလုံး၊ မဟာပေါက်ကွဲမှုကြီး (Big Bang)၊ ကွမ်တမ်ရူပဗေဒနှင့် သက်ရှိတို့၏ ဆင့်ကဲဖြစ်စဥ် အားလုံးနီးပါးကို လျစ်လျူရှုသည့် ပုံပြင်ဇာတ်ကွက်တပုဒ်မှာ အလွန်ဆုံးရှိလှ အမှန်တရား၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း လူအများမှာ ယင်းကို တနည်းတဖုံအားဖြင့် ကျော်ပြီး မမြင်နိုင်ကြပါ။
အမှန်အားဖြင့်ဆိုရလျှင် သမိုင်းတလျှောက် သန်းထောင်နှင့်ချီသော လူသားများမှာ သူတို့၏ ဘဝ အဓိပ္ပာယ်ရှိဖို့ဆိုလျှင် သူတို့အနေဖြင့် တိုင်းပြည်အတွက် ဘဝကို မြှုပ်နှံဖို့ မလိုသလို၊ အယူဝါဒရေးရာ လှုပ်ရှားမှုတခုတွင်လည်း ပါဝင်စရာပင် မလိုပါ၊ သူတို့အနေဖြင့် သေပြီးနောက် သူတို့၏ ပုဂ္ဂလိကဘဝဇာတ်လမ်း ဆက်ပြီးရှိနေစေရန်အတွက် “တခုခု ချန်ထားခဲ့နိုင်လျှင်” လုံလောက်ပြီ ဖြစ်သည်ဟု ယုံကြည်ကြပါသည်။ ချန်ထားခဲ့ချင်သည့် ယင်း “တခုခု” မှာ စံအားဖြင့် မိမိ၏ ဝိညာဥ် သို့မဟုတ် မိမိ၏ အနှစ်အသား ဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် လက်ရှိ ဘဝတွင် သေပြီးနောက် နောက်ထပ် ခန္ဓာအသစ်ထပ်ရသည်ဆိုပါက သေခြင်းတရားမှာ ကျွန်တော့်အတွက် အဆုံးသတ် မဟုတ်တော့ပါ။ ယင်းမှာ အကန့် တကန့်နှင့်တကန့်အကြား အကြားအလပ် ကာလသာ ဖြစ်ပါတော့သည်။ ဟိုဘက်အကန့်တွင် စခဲ့သည့် ဇာတ်လမ်းဇာတ်ကွက်မှာ ဒီဘက်အကန့်တွင် ဆက်လက်ပြီး ဖြစ်သွားမည် ဖြစ်ပါသည်။ လူအများစုက ဘယ်ဘာသာ အယူဝါဒတခုခုဆိုပြီး အမည်တပ်စရာ မလိုဘဲ၊ ဖော်ပြပါ သီအိုရီတွင် အနည်းဆုံးအားဖြင့် ဝေဝေဝါးဝါး ယုံကြည်ကြပါသည်။ သူတို့အနေဖြင့် အကျယ်ချဲ့ထားသည့် တရားသေဝါဒ တခုခုစွဲကိုင်ထားစရာ မလိုဘဲ သေခြင်းတရား၏ အလွန်တွင် သူတို့၏ ဇာတ်လမ်းပုံပြင်မှာ ဆက်နေဦးမည်ဆိုသည့် စိတ်သက်သာရာ ရစေသည့် ခံစားချက်သာ လိုအပ်ပါသည်။
ယင်းကဲ့သို့ ဘဝ တခုမှတခု ကူးပြောင်းသွားသည် ဆိုသည့် မပြီးနိုင်သော ဇာတ်လမ်းရှည်ကြီး အဖြစ်ဖွင့်ဆိုသည့် ဘဝသီအိုရီမှာ လွန်စွာ ဆွဲဆောင်မှုရှိသလို၊ အလွန်လည်း တွေ့ရများပါသည်။ သို့သော် ယင်းတွင် အဓိက ပြဿနာနှစ်ခုရှိပါသည်။ ပထမတခုမှာ ကျွန်တော့်၏ ပုဂ္ဂလိကပုံပြင်ကို ရှည်အောင် ဆွဲဆန့်လိုက်ခြင်းဖြင့် ဘဝက ပိုပြီး အဓိပ္ပာယ် ရှိမသွားပါ။ ရှည်သွားရုံ သပ်သပ်သာ ဖြစ်ပါသည်။ အမှန်ပင်လည်း မွေးဖွားခြင်း၊ သေဆုံးခြင်း သံသရာစက်ဝန်းလည်နေသည် ဆိုသည့် အယူအဆကို လက်ကိုင်ထားသည့် ကြီးကျယ်သော ဘာသာကြီးနှစ်ခု ဖြစ်သည့် ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာက သင်ပြသည်မှာလည်း ယင်းသံသရာကြီး၏ အချည်းနှီးဖြစ်ပြီး အဓိပ္ပာယ်ကင်းမဲ့မှုကို ထိတ်လန့်တုန်လှုပ်ခြင်း ကြီးစွာဖြစ်ကြပါသည်။ သန်းပေါင်း ကုဋေကုဋာနှင့်ချီပြီး ကျွန်တော်သည် လမ်းလျှောက်သင်လိုက်၊ ကြီးပြင်းလာလိုက်၊ ယောက္ခမနှင့် ရန်ဖြစ်လိုက်၊ နေမကောင်းဖြစ်လိုက်၊ သေဆုံးလိုက်နှင့် ထပ်တလဲလဲ ကြုံတွေ့ရပါသည်။ ယင်းသို့ ထပ်တလဲလဲဖြစ်နေရမှုတွင် ဘာအဓိပ္ပာယ်ရှိပါဦး မည်နည်း။ သံသရာတလျှောက် အတိတ်ဘဝများတွင် ကျွန်တော်ငိုကြွေးခဲ့သော မျက်ရည်များကို စုလိုက်ပါက ပစိဖိတ်သမုဒ္ဒရာကြီးပင် ပြည့်သွားမည် ဖြစ်ပါသည်။ ကျွန်တော် ကိုယ်မှာြဖစ်ပေါ်လာသော ဆံပင်များ၊ သွားများကို စုစည်းလိုက်ပါက ဟိမဝန္တာတောင်တန်းကြီးထက်ပင် မြင့်ပါဦးမည်။ သို့ရာတွင် ယင်းတို့အတွက် ကျွန်တော့်တွင် ဘာများပြစရာ ကျန်ပါမည်နည်း။ သို့ဖြစ်ရာ ဟိန္ဒူဝါဒီ၊ ဗုဒ္ဓဝါဒီ သမဏပုဂ္ဂိုလ်များ သံသရာရှည်ရေးထက် ဤသံသရာချားရဟတ်မှ လွတ်မြောက်ရာ ရှာဖွေခြင်းတွင် အဓိက အလေးထား အာရုံစိုက် ကြိုးစားကြခြင်း ဖြစ်ပါသည်။
ဤသီအိုရီ၏ ဒုတိယပြဿနာမှာ နောက်ဘဝရှိသည်ဆိုသည့် သက်သေမှာ ရှာမရသလောက် ဖြစ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် အတိတ်ဘဝတုန်းက အလယ်ခေတ်လယ်သမားတဦး၊ နီရန်ဒါသယ်မုဆိုးတဦး၊ သို့မဟုတ် တီရပ်စ်ဒိုင်နိုဆော တကောင်၊ ဒါမှမဟုတ် အမီးဘားတကောင် ဖြစ်ခဲ့သည် ဆိုသည့် သက်သေ ဘယ်မှာရှာရနိုင်ပါမည်နည်း (ကျွန်တော့်တွင် သန်းနှင့်ချီသော အတိတ်ဘဝများ ရှိခဲ့သည်ဆိုပါက တချိန်ချိန်တွင် ဒိုင်နိုဆောတကောင်၊ သို့မဟုတ် အမီးဘားတကောင် ဖြစ်ဖို့က ပိုများပါသည်။ အကြောင်းမှာ လူသားဆိုသည်မှာ လွန်ခဲ့သည့် နှစ်သန်း ၂.၅ သန်းကမှ စတင် တည်ရှိပေါ်ပေါက်လာခြင်းကြောင့် ဖြစ်ပါသည်) ။ အနာဂတ်တွင်လည်း ကျွန်တော့်အနေဖြင့် ဆိုင်ဘော့ဘ်စက်ရုပ် လူသား၊ သို့မဟုတ် ဂလက်စီ ခရီးသွားတဦး သို့မဟုတ် ဖားတကောင်အဖြစ် ပြန်မွေးလာပါမည်ဟု ဘယ်သူကများ အတပ်ပြောနိုင်ပါမည်နည်း။ ကျွန်တော့်၏ ဘဝကို ယင်းသို့ နောက်ဘဝဆိုသည့် ကတိကဝတ်တွင် အခြေခံရမည်ဆိုပါက ယင်းမှာ တိမ်ပေါ်ဆောက်ထားသည့် ဘဏ်ကနေ နောင်တချိန်တွင် ထုတ်လို့ရမည်ဆိုသည့် ချက်လက်မှတ်ဖြင့် မိမိအိမ်ကို ရောင်းလိုက်သကဲ့သို့ ဖြစ်မည် ဖြစ်ပါသည်။
သို့ဖြစ်ရာ သေဆုံးပြီးနောက် မိမိသည် ဝိညာဥ် ဒါမှမဟုတ် တခုခုအနေဖြင့် ဆက်ရှိပါသည်ဆိုသည်ကို မယုံသူများက သေလွန်သွားပြီးနောက် လက်ဆုပ်လက်ကိုင် ပြလို့ရမည့် တခုခု ချန်ရစ်ထားခဲ့ရန် ကြိုးပမ်းကြပါသည်။ ယင်း “လက်ဆုပ်လက်ကိုင် ပြလို့ရသည့်အရာ တခုခု” မှာ ဇီဝဗေဒ သို့မဟုတ် ယဥ်ကျေးမှုဆိုသည့် ပုံစံ ၂ မျိုးထဲက တမျိုးမျိုး ဖြစ်နိုင်ပါသည်။ ဆိုပါတော့ ကျွန်တော့်အနေဖြင့် ကဗျာတပုဒ်ပုဒ်၊ သို့မဟုတ် ကျွန်တော့်၏ တန်ဖိုးရှိလှသည့် မျိုးဗီဇ တချို့ကို ချန်ရစ်ထားခဲ့သည် ဆိုတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ နောက်နှစ်ပေါင်းရာနှင့်ချီ ကြာပြီးနောက် လူများက ကျွန်တော့်ကဗျာကို ဆက်ဖတ်နေဦးမည်၊ သို့မဟုတ် ကျွန်တော့်၏ သားသမီးမြေးမြစ်များ ဆက်လက်ရှိနေဦးမည် ဆိုသည်က ကျွန်တော့်ဘဝကို အဓိပ္ပာယ်ရှိစေမည် ဖြစ်ပါသည်။ ဤသို့ဆိုလျှင် သူတို့အတွက်ကျတော့ကော ဘဝအဓိပ္ပာယ်က ဘယ်လိုဖြစ်ပါမည်နည်း။ အဲ့ဒါကတော့ ပြောရလျှင် သူတို့ ပူရမည့် ကိစ္စ ဖြစ်ပါသည်၊ ကျွန်တော် ပူစရာ မလိုတော့ပါ။ သို့ဖြစ်ရာ ဘဝအဓိပ္ပာယ်ဆိုသည့် ကိစ္စမှာ လက်ပစ်ဗုံးတလုံးနှင့် ဆော့ကစားသလို ဖြစ်ပါသည်။ စာဖတ်သူက နောက်တယောက်ကို လက်ဆင့်ကမ်းပြီးပါက လုံခြုံစိတ်ချရပြီ ဖြစ်ပါသည်။
သို့သော်လည်း ကံဆိုးလှသည်မှာ ယင်းကဲ့သို့ “တခုခု ချန်ထားခဲ့လိုသည်” ဆိုသည့် မျှော်လင့်ချက်လေးမှာလည်း အများအားဖြင့် မပြည့်ဝသလောက် ဖြစ်ပါသည်။ အသက်ရှင် နေထိုင်ခဲ့သည့် သတ္တဝါအများစုမှာ ဘယ်လိုမျိုး မျိုးဗီဇကိုမှ မချန်ထားနိုင်ခဲ့ဘဲ မျိုးတုန်းသွားတာ များပါသည်။ ဥပမာ ပြောရလျှင် ဒိုင်နိုဆော အားလုံးနီးပါး ဖြစ်ပါသည်။ နောက်ထပ် ဥပမာပေးရလျှင် ဆေးပီးယန်း လူသားမျိုးနွယ်စုက ကမ္ဘာကို ကြီးစိုးလာသည့်အခါ မျိုးတုံး ပျောက်ကွယ်သွားသည့် နီယန်ဒါသယ် (Neanderthal) လူသားမျိုးစု ဖြစ်ပါသည်။ ဒါမှမဟုတ်ရင်လည်း ကျွန်တော့် အဘွားဖက်က ပိုလန် မိသားစု၊ သူတို့လည်း ယင်းသို့ပင် ဖြစ်ပါသည်။ ၁၉၃၄ ခုနှစ်တွင် ကျွန်တော့်အဖွား ဖန်နီက ဂျေရုစလင်သို့ သူ့မိဘများ၊ ညီအမများနှင့် ပြောင်းရွှေ့လာပါသည်။ သို့သော် ဆွေမျိုးအများစုက ရှမယ်နိခ်မြို့နှင့် ချက်စတိုကိုဗာမြို့တို့တွင် နေရစ်ခဲ့ကြပါသည်။ နောက်နှစ်အနည်းငယ်အကြာ နာဇီများ ရောက်လာသောအခါ သူတို့ကို ကလေးတယောက်မချန် အကုန်ရှင်းလင်းသုတ်သင်ပစ်ပါသည်။
ယဥ်ကျေးမှုအမွေအနှစ်တခုခု ချန်ရစ်ခဲ့ဖို့ ကြိုးစားရန်ကလည်း အောင်မြင်သည်က ရှားပါသည်။ ကျွန်တော့်အဘွား၏ ပိုလန်အမျိုးတွေက မိသားစုဓါတ်ပုံအယ်လ်ဘမ်ထဲ မှိန်ဖျော့ဖျော့ ကျန်ခဲ့သည့် ပုံတချို့ကလွဲလို့ ဘာမှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ပါ။ ကျွန်တော့်အဘွား အသက် ၉၆ နှစ် အရွယ်ကြီးကလည်း သူတို့ဘယ်သူဆိုတာကို နာမည်နှင့်တွဲပြီး မမှတ်မိတော့ပါ။ ကျွန်တော် သိသလောက်တော့ သူတို့အနေဖြင့် ဘယ်လိုမျိုး ယဥ်ကျေးမှု အမွေအနှစ်မှ ချန်ရစ်ထားခဲ့နိုင်ခြင်း မရှိပါ။ ကဗျာတပုဒ်၊ ဒိုင်ယာရီတပုဒ် သို့မဟုတ် ဈေးစာရင်း ဆိုတာမျိုးပင် ချန်ရစ်မထားခဲ့နိုင်ပါ။ စာဖတ်သူက သူတို့အနေဖြင့် ဂျူးလူမျိုးများ၊ သို့မဟုတ် ဇီယွန် လှုပ်ရှားမှု အမွေအနှစ်ဆိုတာမျိုး စုပေါင်း ချန်ရစ်ထားခဲ့တာမျိုး ဆိုရင်ရောဟု ငြင်းချက်ထုတ်ကောင်း ထုတ်နိုင်ပါသည်။ သို့သော် ယင်းအမွေအနှစ်မှာ သူတို့၏ တဦးချင်းဘဝအတွက် ဘယ်လိုမျိုး ဘဝ အဓိပ္ပာယ်မှ ပေးစွမ်းနိုင်ခြင်း မရှိသလောက် ဖြစ်ပါသည်။ ထို့အပြင် စာဖတ်သူအနေဖြင့်လည်း သူတို့သည် ဂျူးလူမျိုး ဖြစ်ရတာ အမှန်တကယ် ဂုဏ်ယူသည်၊ ဇီယွန်လှုပ်ရှားမှုကို ထောက်ခံသည်ဟု ဘယ်လိုမှ အတပ်မပြောနိုင်ပါ။ သူတို့ထဲက တယောက်ယောက်က ရဲရဲတောက် ကွန်မြူနစ်၊ သို့မဟုတ် ဆိုဗီယက်တို့အတွက် သူလျှိုလုပ်ရင်း အသက်ပေးခဲ့ရသည် ဆိုတာမျိုး ဖြစ်နေနိုင်ပါသည်။ သို့မဟုတ်လည်း ပိုလန်လူ့အဖွဲ့အစည်းထဲ ပေါင်းစည်းနိုင်ဖို့ကသာ သူတို့လိုလားသည့်အရာ ဖြစ်ပြီး ပိုလန် စစ်တပ်တွင် အမှုထမ်းရင်း ဆိုဗီယက်များ၏ ကားတင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် သတ်တာ ခံခဲ့ရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ သို့မဟုတ်လည်း နောက်တယောက်က ရဲရဲတောက် ဣတ္ထိယဝါဒီဖြစ်နေပြီး ရှေးရိုးစဥ်လာ ဘာသာရေး ယုံကြည်မှုများ၊ အမျိုးသားရေး သရုပ်သကန်များကို လက်မခံသည့်သူတဦးဦး ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ သူတို့က ဘာကိုမှ ချန်ရစ်ထားခဲ့နိုင်ခြင်း မရှိရာ သူတို့ကို သေပြီးမှ ဘယ်ဟာကိုတော့ ထောက်ခံသည်ဆိုပြီး လုပ်ဖို့က အလွန် လွယ်ပါသည်။ သူတို့အနေဖြင့်လည်း ဘယ်လိုမှ ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပါ။
ကျွနုပ်တို့အနေဖြင့် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် မျိုးဗီဇတခုခု သို့မဟုတ် ကဗျာ တပုဒ်ပုဒ် မချန်ထားခဲ့နိုင်ဆိုလျှင် ကမ္ဘာကြီးကို နည်းနည်းလောက် ဖြစ်ဖြစ် ပိုကောင်းအောင် လုပ်နိုင်ခဲ့လျှင်ရော ကျွန်ုပ်တို့ဘဝအတွက် လုံလောက်ပါသလား။ စာဖတ်သူအနေဖြင့် တဦးဦးကို ကူညီလို့ ရပါသည်။ သူတို့က တခြားသူ တဦးဦးကို လက်ဆင့်ကမ်း ကူညီမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဤနည်းဖြင့် စာဖတ်သူက ကမ္ဘာကြီး တခုလုံး တိုးတက်ကောင်းမွန်လာဖို့ ကူညီထည့်ဝင်ပြီးသား ဖြစ်စေမည် ဖြစ်ပါသည်။ ကြီးကျယ်သော ကရုဏာကွင်းဆက်ကြီး၏ သေးငယ်သော အချိတ်အဆက် တခုအဖြစ် ရှိနေမည် ဖြစ်ပါသည်။ စာဖတ်သူက သင်ရခက်သော်လည်း အလွန်ထက်မြက်သည့် ကလေးတဦးကို လမ်းညွှန်ပြသခဲ့ပြီး ယင်းကလေးက ဆရာဝန်ကြီး ဖြစ်လာကာ လူ့အသက်ရာပေါင်းများစွာကို ကယ်တင်သည် ဆိုတာမျိုး ဖြစ်နိုင်ပါသည်။ သို့မဟုတ် စာဖတ်သူက အဘွားအိုတဦး လမ်းကူးဖို့ ကူညီပေးလိုက်ပြီး သူ့ဘဝ၏ အချိန် တနာရီစာလောက် စိတ်ချမ်းသာစရာ ဖြစ်သွားစေသည် ဆိုတာမျိုး ဖြစ်နိုင်ပါသည်။ ယင်းသို့ စဥ်းစားချက်ကလည်း ထိုက်သင့်သော အကျိုးကျေးဇူးများ ရှိသည် မှန်သည့်တိုင် ဤကရုဏာကွင်းဆက်ကြီးသည်လည်း လိပ်ကြီးများ အထပ်ထပ်ဆင့်ထားသည် ဆိုသည့် ပုံပြင်နှင့် မခြားလှပါ။ ယင်းလုပ်ရပ်များက ဘယ်ကဘယ်လို ဘဝအဓိပ္ပာယ်ပေးစွမ်းနိုင်သည် ဆိုတာ ရှင်းလင်းပြတ်သားမှု မရှိလှပါ။ တခါက ပညာရှိအဖိုးအိုကြီးတဦးကို ဘဝ အဓိပ္ပာယ်နှင့် ဆိုတာကို သူဘယ်လို သိမြင်ယူဆထားပါသလဲဟု မေးပါသည်။ သူက ဖြေသည်မှာ “အိမ်း။ ငါသိမြင်လာတာကတော့ ငါကမ္ဘာပေါ်ကို ရောက်လာတာက တခြားလူသားတွေကို ကူညီဖို့ အတွက် ဆိုတာပဲ။ ဒါပေမယ့် အခုထိ ငါနားမလည်နိုင်တာကတော့ ဘာလို့ တခြားလူတွေ ကမ္ဘာပေါ်မှာ ရှိနေရသလဲ ဆိုတာပဲ” ဟု ပြန်ဖြေပါသတတ်။
ဘယ်လိုမျိုး ကြီးကျယ်သည့် ကွင်းဆက်များ၊ အနာဂတ် အမွေအနှစ်များ၊ သို့မဟုတ် စုပေါင်း ဂန္တဝင် ပုံပြင်များကိုမှ အယုံအကြည်မရှိသည့်သူများအတွက် စိတ်အချရဆုံးနှင့် အရိုးရှင်းဆုံး (ဘဝ အဓိပ္ပာယ်ပေးနိုင်သည့်) ပုံပြင်မှာ အချစ်မေတ္တာ ဖြစ်နိုင်ပါသည်။ အချစ်ဇာတ်လမ်းက လက်ငင်းပစ္စုပ္ပန်အချိန်နှင့် နေရာကို ကျော်လွန်ဖို့ ကြိုးစားလေ့မရှိပါ။ မရေမတွက်နိုင်သော အချစ်ကဗျာများက ဖော်ကျူးသလို စာဖတ်သူက တဦးဦးကို ချစ်မိနေပြီဆိုပါက သူ့၏ မျက်တောင်လေးတမွေး၊ နို့လေးတလုံးကအစ ကိုယ့်အတွက် စကြဝဠာကြီးတခုလုံး ဖြစ်လာပါသည်။ ဂျူလီယက်တယောက် လက်ပေါ် မေးလေးထောက်ပြီး ငေးနေသည့်အခါ ရိုမီယိုက ဆိုပုံမှာ “အိုကွယ်။ အဲဒီလက်ကလေးမှာ ဝတ်ထားတဲ့ လက်အိပ်လေးသာ ဖြစ်စမ်းချင်တော့၊ မင်းရဲ့ ပါးကလေးကို ထိခွင့်ရစမ်းချင်တော့” ဟုဆိုပါသည်။ စာဖတ်သူက ယခုလက်ငင်းကို နောက်ထပ်လူသားတဦးနှင့် ပေါင်းစည်း ချိတ်ဆက်ခြင်းဖြင့် စကြဝဠာကြီး တခုလုံးနှင့် ပေါင်းစည်း ချိတ်ဆက်မိသကဲ့သို့ ခံစားရမည် ဖြစ်ပါသည်။
အမှန်အားဖြင့်တော့ ကိုယ်ချစ်ရသူကလည်း နောက်ထပ် လူသားတဦးသာ ဖြစ်ပါသည်။ သူက နေ့စဥ် ရထားပေါ်မှာနှင့် စူပါမားကတ်မှာ စာဖတ်သူ မသိကျိုးကျွံထားသည့် အခြားသော လူသားများစွာနှင့် အနှစ်အသားအားဖြင့် ဘာမှ ခြားနားခြင်း မရှိပါ။ သို့သော်လည်း စာဖတ်သူ အတွက်တော့ သူက အဆုံးအစမဲ့သည့်အရာဟု ထင်ရသူ ဖြစ်ပါသည်။ စာဖတ်သူအနေဖြင့်လည်း ယင်းအဆုံးအစမဲ့သည့်အရာတွင် ပျော်ပျော်ကြီး နစ်မျောစီးဆင်းသွားမည် ဖြစ်ပါသည်။ ဘာသာလူမျိုး ပေါင်းစုံက လောကအကြောင်း၊ စကြဝဠာအကြောင်းများ ရေးဖွဲ့သည့် ကဗျာဆရာများက အချစ်ကို စကြဝဠာကြီး၏ ပေါင်းစည်းခြင်းအဖြစ် တင်စားရေးဖွဲ့ပြီး ဘုရားသခင်ကို အချစ်ဟု ရေးဖွဲ့ကြပါသည်။ ရောမန္တိက ကဗျာဆရာများကလည်း သူတို့၏ ချစ်သူများကို နတ်ဘုရားများအဖြစ် ပြန်လည်တင်စား ရေးဖွဲ့ပြခြင်းဖြင့် ကျေးဇူးတုံ့ပြန်ကြပါသည်။ စာဖတ်သူက တဦးဦးကို အမှန်တကယ် ချစ်မိနေပြီ ဆိုပါက ဘဝအဓိပ္ပာယ်သော ဘာသော ဘာမှ ပူပန်နေမည် မဟုတ်ပါ။
ယင်းသို့ဆိုလျှင် စာဖတ်သူက ဘယ်သူ့ကိုမှ ချစ်မိမနေဘူးဆိုလျှင် ဘယ်လိုလုပ်ရပါမည်နည်း။ ပြောရလျှင်တော့ စာဖတ်သူက ချစ်ခြင်းဆိုသည့် ပုံပြင်တွင် ယုံကြည်သူ ဖြစ်ပြီး ချစ်ရမည့်သူ မရှိသေးဆိုပါက အနည်းဆုံးတော့ မိမိဘဝ ပန်းတိုင်မှာ ဘာလုပ်ရမည်ဆိုသည်ကို သိမည် ဖြစ်ပါသည်။ အချစ်စစ်ကို ရှာဖွေခြင်း ဖြစ်ပါသည်။ ယင်းကို မရေမတွက်နိုင်သော ရုပ်ရှင်များတွင် ကြည့်ဖူး၊ စာအုပ်များတွင် ဖတ်ဖူးပြီး ဖြစ်ပါသည်။ တနေ့တွင်တော့ မိမိအတွက် ထူးကဲသည့်သူ တဦးဦးကို တွေ့မည် ဖြစ်ပါသည်။ ဖိတ်ဖိတ်လဲ့နေသည့် သူ့၏ မျက်လုံးများတွင် အဆုံးအစမဲ့ စကြဝဠာကြီးကို မြင်ရမည် ဖြစ်ပြီး စာဖတ်သူ၏ ဘဝတခုလုံးကလည်း ရုတ်တရက်ဆိုသလို အဓိပ္ပာယ်တွေ ရှိလာမည် ဖြစ်ပါသည်။ စာဖတ်သူတွင် ရှိခဲ့သမျှ မေးခွန်းအားလုံးတွေ၏ အဖြေမှာလည်း အနောက်ရပ်ကွက်ပုံပြင် ဇာတ်ကားထဲက တိုနီလို၊ ဒါမှမဟုတ် လေသာဆောင်ကနေ လှမ်းကြည့်နေသည့် ဂျူးလီယက်ကို တွေ့လိုက်ရသည့် ရိုမီယိုလို နာမည်တခုထဲကိုပဲ ထပ်တလဲလဲ ရေရွတ်ရင်း အဖြေတွေ ရလာမည် ဖြစ်ပါသည်။
21 ရာစုအတွက် သင်ခန်းစာ ၂၁ ခုစာအုပ်မှ "ဘဝမှာပုံပြင်မဟုတ်"ဆိုသည့် အပိုင်းမှာထုတ်နှုတ်ဖော်ပြထားခြင်းဖြစ်သည်။
.png)
Done 🍀
ReplyDeleteClicked 💫
ReplyDelete"သို့သော်လည်း ကျွန်တော့်အတွက် မိမိဘယ်သူဆိုသည့် သရုပ်လက္ခဏာကို တည်ဆောက်ရန်နှင့် ဘဝအဓိပ္ပာယ် ရှိစေရန်အတွက် ရှေ့နောက်မညီညွတ်မှုများ၊ မျက်ကွယ်ပြုထားသည့် အပိုင်းများ ဘာမှမရှိသည့် ပြီးပြည့်စုံသော ပုံပြင်မျိုးဖြစ်နေရန် မလိုအပ်ပါ" ဒီစာကြောင်းလေးသဘောကျမိတယ်။
ReplyDeleteဒီလိုစာမျိုးက တဖြည်းဖြည်းအရသာခံဖတ်ရတာမျိုး။ ဖတ်ရင်း တွေးစရာတွေလည်း အများကြီးပဲ။
Done
ReplyDelete
ReplyDelete😍😍😍ဘာဘာညာညာClickerပဲ
🌃
ReplyDeleteDone 💪
ReplyDelete