စင်ရော်ကလေး ဂျိုနသန် (၁၉၇၀)

 စင်ရော်ကလေး ဂျိုနသန် (၁၉၇၀)

ရစ်ချတ် တဲ့ (၁၉၃၆- )



တစ်ခေတ် တစ်ခေတ်တွင် ကမ္ဘာ့စာပေလောက၌ ထူးခြားသော စာအုပ်များ ထွက်ပေါ်လေ့ရှိသည်။ ယခု နှစ်ဆယ်ရာစု၌ ဒုတိယ ရာစုဝက်ပိုင်းတွင် ထူးခြား သော စာအုပ်တစ်အုပ် ထွက်လာ၏။ ထူးခြားသည် ဆိုရစေကာမူ စာအုပ်၏ ပမာဏမှာ ပြောပလောက်သည် မဟုတ်ပေ။ စာမျက်နှာအားဖြင့် သုံးဆယ်ကျော် ကျော် လေးဆယ်နီးပါး(မြန်မာပြန် စာလုံးရေ နှစ်သောင်းနီးပါး) မျှသာ ပမာဏ ရှိပေသည်။

သို့သော် ဤစာအုပ်ကို စာရေးသူသည် ရှစ်နှစ်နီးပါးမျှ ရေးသားခဲ့ရသည် ဆို၏။

စာအုပ်မှာ ပါးပါးလှပ်လှပ်ကလေးလည်း ဖြစ်သည်။ စာရေးသူမှာလည်း အလွန်ထင်ရှားကျော်ကြားပြီး စာရေးဆရာ မဟုတ်။ လေယာဉ်မောင်းသမား ဖြစ်၍ လေယာဉ်အတတ်ပညာ စာအုပ်သုံးအုပ်သာ ပြုစုခဲ့ဖူးသေးသည်။ အခြား ပုံပြင် ဝတ္ထု၊ ဆောင်းပါး တစ်ရာကျော် ရေးခဲ့ဖူးသည်အထိ စာရေးခြင်းဖြင့် စီးပွား ဖြစ်ခဲ့သူလည်း မဟုတ်ပေ။ ထို့ကြောင့် သူ့စာအုပ်ကို ပထမတွင် ထုတ်ဝေသူ များက အစ စိတ်မဝင်စားခဲ့ကြပေ။ သို့သော် စာအုပ်အဖြစ် ထုတ်ဝေလိုက်သော အခါ သူ့စာအုပ်၏သတင်.သည် ထူးထူးကဲကဲ ကြော်ငြာရသည် မဟုတ်ဘဲ စာဖတ်ပရိသတ်အတွင်းသို့ ပြန်ဝင်လာခဲ့သည်။

ထိုစာအုပ်သည် အဘယ်သို့သော စာအုပ်နည်း။ ဝတ္ထုစာအုပ်လား၊ ဒဿန စာအုပ်လား၊ ကလေးစာအုပ်လား၊ သတ္တဗေဒစာအုပ်လား၊ ဘာသာရေးစာအုပ် လား။ စာအုပ်ရောင်းသူများကိုယ်တိုင် ပြဿနာဖြစ်ကြရ၏။

စာရေးသူကမူ ပုံပြင်ဟု ဆို၏။

သို့စေကာမူ ထိုစာအုပ်ကလေးသည် အရောင်းရဆုံးစာအုပ် ဖြစ်လာသည်။ သုံးနှစ်အတွင်း စောင်ရေတစ်သန်းကျော် ပုံနှိပ်ခဲ့ရ၏။ ရုပ်ရှင်ရိုက်ရန် အဝယ်ယူ ခံရ၏။ ထိုသုံးနှစ်အတွင်း စာရေးသူသည် သူ့စာအုပ်ပါးပါးကလေးအတွက် စာမူခ ဒေါ်လာ ခုနစ်သန်းခွဲနီးပါး ရရှိပြီး အမေရိကတွင် သန်းကျော်သူဌေး တစ်ယောက် ဖြစ်လာ၏။

ကောင်းပြီ။ ဤစာအုပ်သည် မည်သည့်အကြောင်းအရာနည်း။ ဇာတ်လမ်း က မည်သို့နည်း။ ကြည့်ပါ။


ဂျိုနသန် လစ်ဗင်စတုန် အမည်ရှိ စင်ရော်ကလေး တစ်ကောင်သည် စင်ရော်အဖြစ် အပျံအသန်း လေ့ကျင့်သည်။ အခြားစင်ရော်တွေနှင့် မတူ။ အပျံအသန်း အတတ်ပညာ တိုးတက်ရေးကို ရှာဖွေရာ၌ ဇွဲသန်သည်။ မိမိနှင့် ဘဝတူ စင်ရော်အများသည် “ဘဝဟူသည် အစာရှာဖွေရေးအတွက်သာ ဖြစ်သည်။ အစာအတွက် ပျံတတ်ရုံမျှဖြင့် ဘဝသည် ပြီးပြည့်စုံသည်”ဟု ယူဆနေကြ၏။ သို့ဖြင့် ဂျိုနသန် အစာအတွက် အချင်းချင်း လုယက်နေကြသည်၊ အမျက်ဒေါသ ပွားများနေကြသည်ဟု မြင်လာသည်။ ဂျိုနသန်ကမူ စင်စစ် ဘဝဟူသည် အစာ ရှာဖွေရေးအတွက်သာ မဟုတ်။ ပညာ၏ အဆုံးစွန်ကို ရှာဖွေလေ့လာရေးသာ ဖြစ်သည်ဟု ယူဆ၏။ သို့ဖြင့် ဂျိုနသန်သည် ပျံမှုဆိုင်ရာ အတတ်ပညာ အမျိုးမျိုးကို အစားမေ့ အနေမေ့ လေ့လာဆည်းပူး၏။ အမိ အဖများက အစာရှာဖို့ သတိပေး၏။ နားဖို့ သတိပေး၏။ မရ။ အတတ်ပညာကိုသာ ဆည်းပူးသည်။

လေ့ကျင့်သည်။

ဤသို့ဖြင့် ဂျိုနသန်သည် စင်ရော်အုပ်အလယ်တွင် အပြစ်မြင်စရာ ဖြစ်လာ၏။ တစ်နေ့တွင် စင်ရော်များ အစည်းအဝေး၌ စင်ရော် အကြီးအကဲ များက ဂျိုနသန်ကို သိက္ခာချကြ၏။ ပြစ်တင် ရှုတ်ချ၏။ ကြဉ်ကြ၏။ ဂျိုနသန်မှာ စင်ရော်အုပ်ကြားမှ တခြားသို့ သွားနေရ၏။

ဂျိုနသန်သည် စိတ်မပျက်ပါ။ ပျံမှုပညာကို လေ့ကျင့်ရင်း ဆည်းပူးရင်း ထူးကဲတတ်မြောက်ထားသော စင်ရော်အုပ်စုနှင့် သွားတွေ့၏။ ထိုစင်ရော် အုပ်စုနေရာကို ဂျိုနသန်က သုခဘုံဟု ထင်သည်။ ထိုနေရာ၌ စင်ရော်တို့သည် ပညာကို အဓိကထား လေ့လာသည်။ ထို့ကြောင့် ဂျိုနသန်သည် ဆရာကောင်းကို   တွေ့၏။“စင်စစ် သုခဘုံဟူသည် မရှိ။ ပညာအရာတွင် အချိန်၊ ပမာဏ အတိုင်း အဆ၏ အကန့်သတ်မဲ့သော တတ်မြောက်ခြင်းသည်သာလျှင် သုခဘုံ ဖြစ်သည်” ဟူသော အဆုံးအမကို စင်ရော်အဘိုးကြီးထံမှ ကြားနာရ၏။ ထိုနေရာတွင် ဂျိုနသန်သည် ပျံဝဲခြင်းအတတ်ကို ဆက်လက်လေ့လာ၏။ လွတ်လပ်ခြင်း အရသာကို ရ၏။ အစာအတွက် ရမ္မက်ဒေါသမှ ကင်း၏။ ထိုအခါ မေတ္တာ၏ အတိမ်အနက်ကို ရှာတွေ့၏။ များမကြာမီမှာပင် ဂျိုနသန်သည်လည်း အသင်အပြ ဆရာ ဖြစ်လာသည်။ နောက် ရောက်လာသော စင်ရော်များကို ဂျိုနသန်က သင်ပြပေး၏။ သို့တိုင်အောင် ဂျိုနသန်၏ ဆည်းပူး လေ့ကျင့်မှုသည် ဆုံးခန်းသို့ မတိုင်ပေ။

တစ်နေ့တွင် ဂျိုနသန်သည် မိမိတို့ စင်ရော်များရှိရာ မူလနေရာသို့ ပြန်ခဲ့၏။ ထိုအခါ “လင်း”အမည်ရှိ စင်ရော်ကလေးကဲ့သို့ ပညာရှာလိုသူများကို တွေ့၏။ ထိုသူများကို ဂျိုနသန်က ပျံမှုပညာကို သင်ပေး၏။ ဂျိုနသန်သည်' အတတ်ပညာဖြင့် ထူးကဲသူ ဖြစ်လာသည်။ ထိုအခါ စင်ရော်အများက ဂျိုနသန် အား ဘုရားတစ်ဆူဟု ပြောသူက ပြော၏။ မကောင်းဆိုးရွားကောင် တစ်ကောင် ဟု ယူဆသူက ယူဆ၏။

သို့သော် ဂျိုနသန်သည် မိမိကိုယ်ကို ဘုရားတစ်ဆူ အဖြစ်လည်း မယူဆ၊ မကောင်းဆိုးရွားဟုလည်း မမှတ်။ လင်းတို့ စင်ရော်တစ်စုကိုသာ သူ၏ ပညာကို ဖြန့်ဝေ၏။ လင်းက ဂျိုနသန်၏ ပညာ၊ အယူအဆ၊ သဘောထားတို့ကို ဆက်ခံ သည်။

ဇာတ်လမ်းသဘောမှာ ဤမျှသာ ဖြစ်သည်။

သို့သော် ဝတ္ထု၌ ဘဝနှင့် ပတ်သက်သော အနှစ်သာရကို ဖော်ပြထား၏။ ဘဝဖြစ်ပေါ်လာခြင်း၏ ရည်ရွယ်ချက်၊ မေတ္တာ၊ အတတ်ပညာ၊ လွတ်လပ်မှုဆိုင်ရာ အယူအဆများကို ဖော်ပြထားလေသည်။ ဤသည်တို့ကိုပင် ဝေဖန်ရေးသမား အမျိုးမျိုး၊ စာဖတ်ပရိသတ် အမျိုးမျိုးက အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူခဲ့ကြ၏။

မြန်မာစာဖတ် ပရိသတ်အတွက် ဘသန်း(ဓမ္မိက)က ယောနသံစင်ရော် (၁၉၇၃)အမည်ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့ပြီး ခင်မျိုးချစ်က ၁၉၇၄ ထုတ် လင်းရောင်ခြည် အတွဲ ၁၅၊ အမှတ် ၁ မှ အမှတ် ၃ စာစောင်အထိ အခန်းဆက် ဝတ္ထုအဖြစ် ငွေစင်ရော် အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ ထင်လင်းကလည်း ပင်လယ်ပျော် စင်ရော် အမည်ဖြင့် ၁၉၉၄ တွင် ပြန်ဆိုထုတ်ဝေခဲ့သည်။  

Comments

  1. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  2. "ဒုက္ခ"နှယ်ကြွယ်
    လောကနယ်အတွင်းမှာလှ
    "ဆင်းရဲသူ"ချည်း။ ။

    သူချင်းတူပေမဲ့
    အယူကင်း လူလင်းမူ
    ရွှင်ပျော်လျက်သာပ
    ရင်တော်ဝယ်
    နိဗ္ဗူပိုက်ပါလို့
    ဟိုက်တယ်လို့ မငြီး။ ။

    ဘသန်း(ဓမ္မိက)

    ReplyDelete
  3. ထူးခြားတဲ့ စာအုပ်လေးအကြောင်း မျှဝေပေးလို့ ကျေးဇူးပါ။ တိုတိုလေးပေမယ့် ဖတ်လို့တကယ်ကောင်းတယ်။

    ReplyDelete
  4. 😍😍😍ဘာဘာညာညာClickerပဲ

    ReplyDelete

Post a Comment