The Guys From Mandalay, 1950s အခန်း(၃၁)



The Guys From Mandalay, 1950s

အခန်း(၃၁)
.................................................
၁၉၅၅ ဧပြီလ။

နိုင်ငံတော်သမ္မတ ဒေါက်တာဘဦး က မြန်မာနိုင်ငံတဝန်းလုံး ဒုတိယအကြိမ်မြောက် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ၁၉၅၆ ဧပြီ ၂ ရက်နေ့တွင်ကျင်းပရန် အမိန့်ပြန်တမ်းကို ထုတ်ပြန်ခဲ့သည်။
ဖဆပလနှင့် အတိုက်အခံပါတီတို့အကြား မဲရရရေးကြိုးပမ်းမှုများမှာ တရားဝင်တစ်မျိုး၊ တရားမဝင်တမျိုး အပြိုင်အဆိုင်ဖြစ်လာကြသည်။

အာဏာရဖဆပအဖွဲ့ချုပ်သည် တစ်ပြည်လုံးရှိ ပါတီခွဲများအား ဗဟိုချုပ်ကိုင်မှုအားနည်းသဖြင့် ဖဆပလအဖွဲ့ဝင် တို့သည် သက်ဆိုင်ရာဒေသအလိုက် တစ်ဗိုလ်တစ်မင်းကြီးစိုးခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်းများ ဖြစ်ပေါ်လာကြသည်။

အတိုက်အခံများထဲ အင်အားအကြီးဆုံးဖြစ်သည့် ပမညတအဖွဲ့သည်လည်း တောတွင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အချို့ဒေသများတွင် မဲရရှိရေးအတွက် နည်းမျိုးစုံကြိုးပမ်းလာသည်။
ထိုသို့နိုင်ငံရေးသမားများအားပြိုင်နေချိန်တွင် စစ်တပ်ကလည်း နိုင်ငံရပ်ခြားသို့ ပညာတော်သင်များစေလွှတ်နေသည်။

ဗိုလ်မှူးကြီးမောင်မောင်၊ ဗိုလ်မှူးကြီးလွင် (နှုတ်ခမ်းမွှေး) တို့ဦးဆောင်ကာ တပ်မတော်ထောက်လှမ်းရေး ကို ဖွဲ့စည်းပြီး ထောက်လှမ်း‌ရေးကွန်ယက်ဖြင့် အာဏာတည်ဆောက်ရန် စနစ်တကျကြိုးပမ်းလာနေသည်။
ဖဆပလ၏ ကိုယ်ပိုင်တပ်ဖွဲ့အဖြစ်ရှိနေ‌သော ပျူစောထီးအဖွဲ့သည်လည်း မြန်မာပြည်အနှံ့ လှုပ်ရှားလာသည်။
ဂန္ဓမာသောင်းရီမှာ ပျူစောထီးအဖွဲ့အတွင်းမှ သခင်နုဘက်တော်သားများကို လူစုခြင်း၊ စည်းရုံးခြင်းနှင့် ဆိုရှယ်လစ်လူများအန္တရာယ်မှ ကာကွယ်ခြင်းများလုပ်ရသကဲ့သို့ ဖဆပလအမတ်များ မဲဆွယ်ခရီးတွင် လုံခြုံရေးလိုက်ပါရန်အတွက် ထွန်းရင်က ဦးဆောင်ရသည်။

၁၉၅၆ ရွေးကောက်ပွဲတွင် ဖဆပလအနိုင်ရရေးအတွက် ဂန္ဓမာသောင်းရီရော၊ ထွန်းရင်ပါ ခရီးများ တဆက်တည်း ထွက်နေရသည်။

ထိုအချိန်တွင် ချောရင် ပြန်လည်ရောက်ရှိလာခဲ့သည်။
ချောရင် မှာ ရွာမှပြန်ရောက်ပြီးနောက် ပိုမိုတည်ငြိမ်လာဟန်ရှိခဲ့သည်။
စံဘအမှုကိစ္စများကို တစ်ကိုယ်တည်း လိုက်ပါဆောင်ရွက်သည်။

မသောင်းကား သောင်းဘားတွင် နောက်ထပ် အလုပ်သမလေးများငှားကာ ဦးစီးလျက်ရှိသဖြင့် တစ်ခါတစ်ရံ ဗိုလ်မောင်မောင် က အဖော်အဖြစ် လိုက်ပါပေးသည်။
စိန်ဓါးမြှောင် သည် ဆိုရှယ်လစ်ဗိုလ်မှူးကြီးများနှင့် တွေ့ဆုံပြီးသည့်အခါ ဆိုရှယ်လစ်များမှသူ့အား မူလပေးထားသည့် တာဝန်ကို လျော့ပေါ့ပေးလိုက်ပြီး တရုတ်ဖြူစပိုင်ကိစ္စအတွက် အရေးစိုက်ရန် ဖြစ်လာခဲ့သည်။
ဂန္ဓမာ‌သောင်းရီတို့နှင့် အဓိကဆက်သွယ်နေသည့် တရုတ်ဖြူစပိုင်သည် မည်သူဖြစ်သည်ကို စိန်ဓါးမြှောင်၏ အဖွဲ့များက ခြေရာခံကြသည်။

သို့သော် ဂန္ဓမာသောင်းရီမှ ပျူစောထီးအဖွဲ့နှင့်အတူ ခရီးဆက်တိုက်ထွက်နေသဖြင့် မည်သည့်အချိန်တွင် တရုတ်ဖြူစပိုင်နှင့်တွေ့ဆုံသည်ကို မလိုက်နိုင်သည့်အခြေအနေဖြစ်နေ၏။

အလိန် သည် လည်း သူ၏ လုပ်ငန်းကို ပိပိရိရိနှင့် ပုံမှန်လှုပ်ရှားလျက်ပြီး ဂန္ဓမာသောင်းရီတို့နှင့်လည်း သောင်းဘားတွင် တွေ့ဆုံလေ့မရှိပဲ ပျူစောထီးအဖွဲ့ရုံးချုပ်နှင့် နယ်များတွင်သာလာရောက်တွေ့ဆုံလေ့ရှိသည်။
ဒုတိယအကြိမ် စင်္ကာပူမှ ပြန်လာပြီးနောက် ဂန္ဓမာသောင်းရီတို့အား နောက်ထပ် ဒေါ်လာတစ်သောင်း ထပ်မံပေးအပ်ခဲ့သည်။
.......................................................

၁၉၅၅ ဇွန်လ ၂၇ ရက်၊ ပထမဝါဆိုလဆန်း ၈ ရက်နေ့။ နေ့လည်(၁)နာရီ။
ကောင်းကင်တစ်ခွင် အမ္ဗုန်မောင်က မရွာဘဲနှင့် ညို့မဲကာနေသည်။

ပုဇွန်တောင် ညောင်တန်းလမ်းရှိ စိန်ဓါးမြှောင်၏ အိမ်ရှေ့သို့ ဂျစ်ကားတစ်စီး ထိုးဆိုက်လာသည်။
ကားနောက်ခန်းမှ ရိုင်ဖယ်သေနတ်လွယ်ထားသည့် လူသုံးဦးဆင်းလာသည်။

“မင်းတို့ ဒီကပဲစောင့်”

ကားရှေ့ခန်းမှ ဆင်းလာသူက အမိန့်ပေးလိုက်သည်။
သူက ပုခုံးတစ်ဖက်တွင် စတင်းဂန်းတစ်လက်ကို လွယ်လျက်။

လက်တစ်ဖက်တွင်သော စိမ်းမြသောဖက်ရွက်ကလေးဖြင့် လိပ်ထားသည့် သစ်ခွအခက်ကလေး သုံးခက်။
ထွန်းရင်။ ပျူစောထီးဗိုလ်ထွန်းရင်။

အိမ်ထဲသို့ သူလှမ်းဝင်လိုက်သည်။

ချစ်ရပါသောအနှင်း။
ရေချိုးဆိပ်တွင် ကျောပေးကာ မတ်တပ်ရပ်လျက်။

အနက်ရောာင်ထမီစကိုပေါင်နှစ်ချောင်းကြားညှပ်ထားသဖြင့် ပေါ်လွင်နေသော အနှင်း၏ ပြိုးပျက်သောခြေသလုံးဝင်းဝင်းလေးသည် မိုးသားမှောင်မှောင်ထဲ လက်နေသည့် လျှပ်စီးကြောင်းလေးများသဖွယ်။

“မနှင်း”

အနှင်းက ထွန်းရင်ကို လှည့်ကြည်လိုက်သည်။

အနှင်းရှေ့တွင် ငုတ်တုပ်ထိုင်လျက် ခေါင်းငုံ့ပေးထားသော သူတစ်ဦးကို ထွန်းရင်တွေ့လိုက်ရသည်။

ထိုသူ၏ ခေါင်းပေါ်တွင် အနှင်း၏ ညာဘက်လက်။ ဘယ်ဘက်လက်က ရေခွက်ကိုကိုင်ထား၏။

“ဪ..ကိုထွန်းရင်...ဘယ်ကလှည့်လာတာလဲ”

အနှင်းက ထိုသို့ပြောပြီး တဖက်ပြန်လှည့်သွားသည်။

“မေမြို့ဘက်မှာ သုံးရက်လောက်ကြာသွားတယ်..အဲ့ဒါအနှင်းအတွက် သစ်ခွတွေယူလာပေးတာ”

“ဪ.အ‌တော်ပဲ..ကိုထွန်းရင်ရယ်..ကျေးဇူးတင်လိုက်တာ..မနက်ဖြန် ကျွန်မ တို့ မင်္ဂလာဆွမ်းကပ်ကြမလို့...ကိုထွန်းရင်ရဲ့ သစ်ခွလေးပန်ရမယ်..ပေးပေး..ရေစိမ်ထားရအောင်”

အနှင်းက ထွန်းရင်၏ လက်ထဲမှ သစ်ခွပန်းကို လှမ်းယူရန် ပြင်လိုက်သည်။
သို့သော် ထွန်းရင်က နောက်သို့ တစ်လှမ်းဆုတ်သွား၏။

“ဘာ..ခုန ဘာပြောတာလဲ..မနှင်း”

“ဪ..ကိုထွန်းရင်ရယ်..ဒီမှာလေ..ခါလေး ဒီမနက်ပဲ လွတ်တယ်...အခုတောင် သူ့ကို တရော်ကင်ပွန်းနဲ့ ခေါင်းလျှောက်ပေးနေတာ....ဝါကလည်းဝင်တော့မှာဆိုတော့ သူနဲ့ ကျွန်မ မနက်ဖြန်ပဲ ဘုန်းကြီးဆွမ်းလေးကပ်ပြီး ယူကြတော့မလို့...ရှင့်ကိုလည်း ဖိတ်ပါတယ်နော်”

အနှင်းက ထွန်းရင်လက်ထဲမှ သစ်ခွကို လှမ်းယူသည်။ထို့နောက် သစ်ခွပန်းများကို စဥ့်အိုးထဲ သွားစိမ်လိုက်သည်။

“ကိုထွန်းရင်..မနက်ဖန်လာရမယ်နော်..စံဘကြီးကတော့ အထဲမှာ ကျန်ခဲ့တယ်ဗျာ”

ခါလေးက ခေါင်းလျှော်ပေးနေသဖြင့် ခေါင်းငုံ့လျက် လှမ်းပြောသည်။

ထွန်းရင် က စတင်းဂန်းသေနတ်ပေါ်လက်ရောက်သွားသည်။

ထို့နောက် သေနတ်ကို နောက်ပို့လိုက်ပြီး အနီးရှိ ရေပုံးကို လက်တစ်ဖက်ဖြင့် ယူကာ ခါလေး၏ ခေါင်းပေါ်သို့ လောင်းချလိုက်သည်။

“ဗွမ်း”

“ဖလူး..ဖလူး”

ထို့နောက် ချက်ချင်းနောက်သို့ ပြန်လှည့်ထွက်သွား၏။
ခါလေးမှာ ရေမွန်းလျက်ကျန်ရစ်သည်။
အနှင်းက ထွန်းရင်ကို တအံတဩဖြင့် ကြည့်ကာ ကျန်ရစ်တော့သည်။
....................................................................................

“ခါလေး..စံဘဆီက မင်း ဘာသတင်းတွေများနှိုက်လို့ရသေးလဲ”

“သူနဲ့ကျွန်တော်က ထောင်ထဲအတူတူဝင်ကြတာဆိုတော့ တခြားဘာမှ မရပါဘူး..ဒါပေမယ့် စံဘပြောတာ တစ်ခုရှိတယ်”

“ဘာများလဲ”

“ချောရင်က သူသေဒဏ်ကျပြီးနောက်ပိုင်း အရင်လိုမဟုတ်တော့ဘူးတဲ့..စကားလည်းသိပ်မပြောဘူး..ပြီးတော့ ထောင်ဝင်စာလာရင်လည်း တစ်ယောက်တည်းလာတယ်...ဂန္ဓမာသောင်းရီတို့ အကြောင်းလည်း သိပ်မပြောဘူးတဲ့. မေးရင်လည်း အဆင်ပြေပါတယ်ပဲပြောတယ်တဲ့..သူ့အကိုထွန်းရင်အကြောင်းတောင် မပြောဘူးတဲ့”

“သူတို့ကြားမှာ ကိုစံဘကိစ္စအတွက် ပြဿနာတစ်ခုခုရှိနေပြီဖြစ်မယ်...သေချာတာတော့ ချောရင်မရှိပဲ..ဟိုအလုပ်ကိစ္စ ဘာမှ ဖြစ်မလာဘူးထင်တယ်ဆရာကြီး”

အနှင်းက ဝင်ပြောသည်။

စိန်ဓါးမြှောင်က ဖွာလက်စ နဂါးဆေးပေါ့လိပ်ကို မီးသတ်လိုက်သည်။

“အင်း..ဂန္ဓမာသောင်းရီကိုလည်း လျော့တော့တွက်ထားလို့မဖြစ်ဘူး... အခုဆို ပျူစောထီးတွေနဲ့အတူ ပါဝါက ကြီးလာနေပြီ..ဒါပေမယ့် ငါ့ အစီအစဥ်ပြီးရင်တော့ ဒီလူလည်း သေဒဏ်ကျမှာပါပဲ...သခင်သိန်းတို့က ငါတို့ကိုလည်း ဒီတိုင်းတော့ ထားမှာမဟုတ်ဘူး.တနည်းနည်းနဲ့ ရှင်းဖို့အစီအစဥ်ရှိမှာပဲ..ဘယ်သူကိုမှ ငါမယုံဘူးကွ....ငါကြံစည်ထားတာတစ်ခုရှိတယ်..အခု မင်းနဲ့ အနှင်းနဲ့ လက်ထပ်ဖို့ အစီအစဥ်ကို ခဏရွှေ့ထားပါလား”

“ဟင်..ဘာဖြစ်လို့လဲ..ဆရာကြီး”

“နေ့လည်က ထွန်းရင်လာတယ်..မဟုတ်လား”

“ဟုတ်ကဲ့”

“မင်းတို့လည်း အကဲခတ်မိမှာပါ..ဒီကောင်ကြီး အနှင်းကို ကြိုက်နေတာ”

“ဟုတ်..ကျွန်မသိပါတယ်”

“အေးလေ..နင်အသိဆုံးပဲနေမှာပေါ့”

စိန်ဓါးမြှောင်စကားကြောင့် ခါလေးက အနှင်းကို ကြည့်လိုက်သည်။

“အနှင်းကို မကြည့်နဲ့..ခါလေး....အနှင်းသာ အဲ့ဒီကောင်ကို စိတ်ပါရင်...မင်းတောင် ထောင်ကမထွက်သေးဘူး..ယူပြီးလောက်ပြီ..ဟိုက ချောင်းပေါက်မတတ်ငါ့အိမ်ကို လာနေတာ”

“ဟုတ်ကဲ့ပါ..ဆရာကြီး”

“ဂန္ဓမာသောင်းရီကို တရုတ်ဖြူစပိုင်ကိစ္စနဲ့ ဖမ်းမိပြီဆိုတာနဲ့...သခင်သိန်းတို့အကွက်ဆိုက်ပြီပဲ...သူတို့အတွက်တော့ သခင်နုကိုရော ဂန္ဓမာကိုပါ အပြုတ်ဖြုတ်ပြီးသားဖြစ်သွားမယ်...အဲ့ဒီကျ ဒီကိစ္စတွေသိနေတဲ့ ငါ့ကို လည်း စစ်တပ်ကိုသုံးပြီး တနည်းနည်းနဲ့ရှင်းမှာပဲ...အနည်းဆုံးတော့ မရရအောင်ဖမ်းပြီး ထောင်ထဲ ပြန်ထည့်ထားလိမ့်မယ်.ဒီတော့ ပစ္စည်းတွေသာရပြီး ဂန္ဓမာကို လွတ်သွားအောင် တစ်ဖက်လှည့်နဲ့ ငါတို့ လုပ်ရမယ်...ဂန္ဓမာဝရမ်းပြေးဖြစ်နေသမျှ ဂန္ဓမာဟာ ဦးနုလူပါဆိုတဲ့ သက်သေကို ဆိုရှယ်လစ်တွေရမှာမဟုတ်ဘူး..သူတို့ ဂန္ဓမာဖမ်းမိရေးပဲ အသည်းအသန်လုပ်နေရလိမ့်မယ်.အဲ့ဒီအခါကျ..ဂန္ဓမာဘယ်မှာလဲဆိုတဲ့ အချက်ကို ငါက သိထားဖို့လိုတယ်..ဒီတော့ သူတို့ ငါ့ကို မဖြစ်မနေလိုအပ်နေဦးမှာပဲ...သူတို့ငါ့ကိုလိုအပ်နေသမျှ ငါ့အတွက် ဘေးကင်းနေမှာပဲ..အဲ့ဒီအ‌တောအတွင်း ဆိုရှယ်လစ်တွေဟာ ဒီပစ္စည်းတွေကို အစိုးရသိအောင် ဖော်ထုတ်ဦးမယ်မထင်ဘူး..အဲ့ဒီကျမှ တခါ သခင်နုအုပ်စုနဲ့ ငါပြန်ချိတ်ဆက်ပြီး ဆိုရှယ်လစ်တွေကို သူတို့အကွက်နဲ့သူတို့ ချောက်ထဲပြုတ်ကျအောင်လုပ်ဖို့ ငါစဥ်းစားထားတယ်..ဆိုရှယ်လစ်လူညစ်တွေထက်စာရင် သခင်နုတို့နဲ့က အလုပ်လုပ်ရတာ ပိုကောင်းလိမ့်မယ်၊ ပြီးတော့ ဂန္ဓမာသောင်းရီ ဘယ်မှာပုန်းနေတယ် ဆိုတာ ငါသိထားရင် သခင်နုအုပ်စုကို နိုင်ကွက်ပဲမဟုတ်လားလို့ ....ဒီတော့ ဂန္ဓမာသောင်းရီတို့ကို သူတို့ဖမ်းမမိအောင် လမ်းကြောင်းလွှဲဖို့အဓိကပဲ..အဲ့ဒီအတွက် ထွန်းရင်ကို အနှင်းက ချုပ်ကိုင်ထားဖို့လိုလိမ့်မယ်”

“ကျွန်မ ဘာလုပ်ပေးရမလဲ..ဆရာကြီး”

“အနှင်းက ထွန်းရင်ဆီ ပြန်သွားရမယ်....ခါလေးကို ငါက ပေးစားလို့ မယူချင်ပဲ ယူရတာပါလို့ပြော..အခု ခါလေးကို မချစ်နိုင်မှန်းသေချာလို့ ငြင်းလိုက်ပြီ..စိန်ဓါးမြှောင်က ခါလေးဆရာရင်းဆိုတော့ သူတို့တစ်ခုခုလုပ်ရင် ကိုထွန်းရင်က ကူညီပေးပါလို့ပြောပြီး..သူတို့လူဖြစ်အောင်လုပ်...ပြီးရင် ရသလောက်သတင်းတွေနှိုက်ထား... ပြီးတော့ ညည်းပေးတဲ့အကြံအစည်တွေ ထွန်းရင်နားထဲ ရောက်ဖို့လည်းလိုတယ်....နောက်ဆုံး ဂန္ဓမာနဲ့အတူ ထွန်းရင်တို့ ပုန်းနေခဲ့ရင်တောင် ထွန်းရင်ဟာ အနှင်းကို သူဘယ်မှာဆိုတာ အမြဲဆက်သွယ်နေရမယ်....ယောက်ျားတစ်ယောက်ရဲ့ အပျော့ညံ့ဆုံးအချိန်က သူချစ်တဲ့မိန်းမနဲ့ပတ်သက်လာတဲ့အခါပဲ...သဘောပေါက်လား..အနှင်း”

“သဘောပေါက်တယ်..ဆရာကြီး”

“ခါလေး..မင်းလည်း ပူမနေနဲ့..ဝါမဝင်ခွင် မင်းနဲ့အနှင်းကို တရားရုံးမှာ တိတ်တိတ်လေးငါလက်ထပ်ပေးထားမယ်.. လောလောဆယ် ဒီစောက်အာဏာလုပွဲထဲ ငါတို့ အားလုံးမသေဖို့ပဲအရေးကြီးတယ်..ခါလေးက အနှင်းနဲ့ လက်ထပ်ပြီးတာနဲ့ လူမြင်ကွင်းကနေ အသာလေးဖျောက်ထား...ပခုက္ကူဘက်တက်တယ်ပဲသတင်းလွှင့်ထား...မင်းတို့ နှစ်ယောက်နေဖို့ကိုလည်း အဂ္ဂိရိတ်ခြံထဲမှာ ငါအိမ်တစ်လုံးဆောက်ပေးထားမယ်..ဟုတ်ပြီလား”

နောက်တစ်နေ့။
အနှင်း သောင်းဘား သို့ ရောက်လာသည်။
မသောင်းက မေးငေါ့ပြသဖြင့် ထွန်းရင်ရှိရာ အပေါ်ထပ်အခန်းသို့ အနှင်းတက်သွားသည်။

ရေဒီယိုကို အကျယ်ကြီးဖွင့်ထားပြီး ရိုင်ဖယ်သေနတ်ကြီးတစ်လက်ကို ဖက်ကာ ထွန်းရင်က ခွေခွေကလေး။

“ကိုထွန်းရင်”

ထွန်းရင်မကြား။

“ကိုထွန်းရင်..ဒီသေနတ်ကြီးက အန္တရာယ်များလိုက်တာရှင်..ဖယ်ထားပါဦး”

အနှင်းက ထွန်းရင် ပေါင်ကြားမှ ထွက်နေသော ရိုင်ဖယ်သေနတ်ဒင်ကို ဆွဲထုတ်လိုက်မှ ထွန်းရင် သတိဝင်လာသည်။

ပြေလျော့သွားသော ပုဆိုးကို ကမန်းကတန်းပြင်ဝင်လိုက်ပြီး သေချာကြည့်လိုက်၏။

“ဟာ..မနှင်း”

“ဟုတ်တယ်..ကျွန်မ လက္မထပ်ဖြစ်တော့ဘူး..ကိုထွန်းရင်”
.....................................................................................
၁၉၅၆ ခုနှစ်ရွေးကောက်ပွဲကြီးစတင်ပြီဖြစ်သည်။
နိုင်ငံရေးပါတီပေါင်း (၃၀)ခန့်ဝင်ရောက်ယှဥ်ပြိုင်ကြသည်။

အဓိကပြိုင်ဘက်ပါတီနှစ်ခုမှာ ဖဆပလအဖွဲ့ချုပ်နှင့် ပမညတတို့ဖြစ်၏။

မဲပေးသည့်နေ့တွင် ဆိုက်ကားဂိတ်၊ မြင်လှည်းဂိတ်များတွင် ဖဆပလ၏ အလံနီနှင့် ပမညတ၏ အလံပြာ ကို အပြိုင်အဆိုင်ထိုးကြသည်။

တချို့မြင်းလှည်းများတွင် မြင်းက ပါးချိတ်ကြိုးတွင် အနီရောင်အလံဖြစ်နေပြီး လှည်းတွင် အလံပြာဖြစ်နေသည်။
အိမ်ထဲတွင်လဲနေသော နာတာရှည်ရောဂါသည်များ၊ သက်ကြီးရွယ်အိုများ၊ မျက်မမြင်များ ကို ပါတီဝင်များက အလုအယက်လာရောက်တွဲခေါ်ကာ မဲရုံဆီ ပို့ကြသည်။

မဲရုံအနီးတဝိုက်တွင် သက်ဆိုင်ရာအမတ်လောင်းများက မဏ္ဏပ်များထိုးကာ အအေးတိုက်ခြင်း၊ ထမင်းထုတ်ဝေခြင်းများ ပြုလုပ်ကြသည်။

ဖဆပလက အနီရောင်အလံစိုက်ထားသော ကားကြီးများဖြင့် မဲပေးမည့်သူများကို ကြိုပို့လုပ်ပေးကြသည်။
ရွေးကောက်ပွဲအပြီးတွင် ဖဆပလ က ၁၇၄၃၈၁၆ မဲရရှိပြီး ပမညတက ၁၁၃၉၂၈၆ မဲ ရရှိခဲ့သည်။
အမတ်နေရာတွင် ဖဆပလက ၁၄၄နေရာ၊ ပမညတက ၄၆ နေရာရရှိပြီး ဖဆပလက အစိုးရဖွဲ့နိုင်ခဲ့သည်။
သို့သော် နယ်အချို့တွင် ရွေးကောက်ခံအမတ်များကို အပြန်အလှန် လုပ်ကြံသတ်ဖြတ်ကြခြင်းဖြင့် နေရာအပြောင်းအလဲများ ရှိလာခဲ့သည်။

၁၉၅၆ ဇွန်လ ၁၂ ရက်နေ့တွင် ဦးဗဆွေဦးဆောင်သည့် ဖဆပလအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးဗဆွေခေါင်းဆောင်သော အစိုးရအဖွဲ့သစ်ဝန်ကြီးများက နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး ရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုကြသည်။
အစိုးရအဖွဲ့သစ်တွင် သခင်နု ပါမလာတော့။

သခင်နုသည် ဖဆပလအဖွဲ့ပြင်ဆင်ဖွဲ့စည်းရန် နှင့် လုပ်ဖော်ကိုင်ဖက်များဝန်ကြီးချုပ်အဖြစ် အလှည့်ကျ ဆောင်ရွက်နိုင်ရန်ဟု ဆိုကာ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့သည်။

တစ်နှစ်အတွင်း ဖဆပလကို ပြင်ဆင်ဖွဲ့စည်းပြီးနောက်မှ ဝန်ကြီးချုပ်ရာထူးပြန်လည်ရယူရန် ရည်ရွယ်ခဲ့သည်။
ဦးဗဆွေဝန်ကြီးချုပ်ဖြစ်လာပြီး ဒုတိယဝန်ကြီးချုပ်များအဖြစ် ဦးကျော်ငြိမ်း၊သခင်တင်နှင့် စဝ်ခွန်ချို တို့ တာဝန်ယူခဲ့ကြသည်။

ဦးနုသည် ဖဆပလအဖွဲ့ ဥက္ကဌအဖြစ် ဆက်လက်တည်ရှိနေပြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ထားစဥ်တွင် အဖွဲ့အတွင်း စည်းရုံးရေးကို လုပ်ဆောင်ခဲ့သည်။
အထူးသဖြင့် ဦးကျော်ငြိမ်းနှင့် အဆင်မပြေဖြစ်နေသော ဆိုရှယ်လစ်ခေါင်းဆောင်သခင်တင်နှင့် ဆိုရှယ်လစ်ပါတီ၏ ဒုတိယတန်းခေါင်းဆောင်များဖြစ်သောသခင်ကျော်ထွန်းတို့ကို စည်းရုံးနိုင်ခဲ့သည်။

ရွေးကောက်ပွဲတွင် အတိုက်အခံ ပမညတက မဲအရေအတွက်များလာခြင်းမှာ ကွန်မြူနစ်များက လက်နက်ဖြင့် အဓမ္မခြိမ်းခြောက်မဲပေးခိုင်းခြင်းကြောင့်ဖြစ်သည်ဟု ဖဆပလအတွင်းရှိ ဦးကျော်ငြိမ်းဦးဆောင်သည့် ဆိုရှယ်လစ်များ က ယူဆသည်။

သခင်နုကမူ ဖဆပလမဲလျော့နည်းသွားခြင်းမှာ ကွန်မြူနစ်များထက် နယ်များရှိ ဖဆပလအဖွဲ့များ၏ လူထုစည်းရုံးရေး ကျဆင်းမှု၊ အာဏာအလွဲသုံးစားမှု၊ ခြစားမှု၊လူထုအပေါ်ဗိုလ်ကျမှု၊ ခေါင်းပုံဖြတ်မှုတို့ကြောင့် ဖြစ်ရသည်ဟု ယူဆသည်။

ထို့ကြောင့် ဖဆပလသန့်ရှင်းရေးလုပ်ရမည်ဟု ကြွေးကြော်ကာ ဖဆပလထဲမှာ အကျင့်ပျက်သူများ၊ အာဏာယစ်မူးသူများကို တိုက်ဖျက်ရမည့်မူဝါဒချမှတ်သည်။

နယ်များတွင် ရှိသည့် ဖဆပလအာဏာပိုင်များမှာ ဆိုရှယ်လစ်များဖြစ်သည့်အတွက် ဆိုရှယ်လစ်များကို ဦးတည် တိုက်ရန်ဖြစ်ကြောင်းကို ဦးကျော်ငြိမ်းတို့ကလည်း နားလည်သည်။

၁၉၅၆ ဒီဇင်ဘာ ၁၅ တွင် သခင်နုသည် သီရိလင်္ကာတွင်ကျင်းပမည့် ဗုဒ္ဓဇယန္တိပွဲတော်သို့တက်ရောက်ရန် ထွက်ခွာသွားခဲ့သည်။

ထိုသို့သွားရောက်နေစဥ်အတွင်း အောင်မာဃစစ်ဆင်ရေးမှ ဖမ်းဆီးရမိသည့် စာရွက်စာတမ်းများအရ ဗိုလ်မှူးချုပ်ကျော်ဇော သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရှိကြောင်း သိခဲ့ရသည်။

ထို့ကြောင့် ဗိုလ်မှူးချုပ်ကျော်ဇော အားတပ်မတော်မှ အနားပေးရေးကိစ္စနှင့်ပတ်သက်၍ ဦးကျော်ငြိမ်း၊ ဗိုလ်ချုပ်နေဝင်း၊သခင်ကျော်ထွန်းနှင့် တရုတ်ပြည်ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးလှေမောင်တို့သည် ဝန်ကြီးချုပ်နှင့် ကာကွယ်‌ရေးဝန်ကြီးချုပ်ဖြစ်သူ ဦးဗဆွေ အိမ်တွင် ဆွေး‌နွေးကြသည်။

ထိုဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီးအောင်ကြီး၊ဗိုလ်မှူကြီးမောင်မောင် ၊ ဗိုလ်မှူးကြီးကြည်ဝင်းနှင့် ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်တို့လည်း ရှိနေခဲ့သည်။

သခင်တင်မှာမူ ဆေးရုံတက်နေသဖြင့် အစည်းအဝေးတွင် မပါဝင်ခဲ့။

အစည်းအ‌ဝေးတွင် ဦးလှမောင်က ဖဆပလဥက္ကဌကြီး သခင်နုအား တရုတ်ပြည်မှ ဥက္ကဌကြီးမော်စီတုန်းကဲ့သို့ ပါတီဥက္ကဌ၊နိုင်ငံဥသျှောင်နေရာတွင်ထားပြီး အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်ရန် အကြံပေးသင့်ကြောင်း၊ ထိုအခါမှသာ ဖဆပလကို ပိုမိုကြပ်မတ်ပြီး အင်အားကောင်းအောင်ဆောင်ရွက်နိုင်မည်ဟု အကြံပြုသည်။

ထိုအချက်ကို အားလုံးက သဘောတူကြသော်လည်း ဝန်ကြီးချုပ် ဦးဗဆွေကမူ သခင်နု၏ ဆုံးဖြတ်ချက်ကို မေးပြီးမှသာ ဖြစ်သင့်သည်ဟု အကြံပေးခဲ့သည်။

ထိုကိစ္စကို ဆေးရုံတက်နေသော သခင်တင်ကို သွားရောက်အသိပေးခဲ့ကြသည်။

၁၉၅၆ ဒီဇင်ဘာ ၂၄ တွင် သခင်နုသည် မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်။
သခင်နု လေယာဥ်ပျံပေါ်မှ မဆင်မီတွင်ပင် သခင်ကျော်ထွန်းသည် ဆေးရုံပေါ်မှ သခင်တင်က အရေးကြီးသတင်းပါးခိုင်းသဖြင့်ဟုဆိုကာ လေယာဥ်ပေါ်တက်လာခဲ့သည်။

ထို့နောက် သခင်နုအား အစိုးရအဖွဲ့မှ ပထုတ်ရန် အစည်းအဝေးတွင် ပြောခဲ့ကြကြောင်း သတင်းပေးခဲ့သည်။

ထိုအခြေအနေတွင် သခင်နုက ဦးဗဆွေ၊ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်အုပ်စုသည် မိမိအား အစိုးရအဖွဲ့မှ အပြီးထုတ်ရန် ခြေလှမ်းနေသည်မှာ သေချာပြီဟုဆိုကာ ဖဆပလအဖွဲ့အလုပ်အမှုဆောင်အစည်းအဝေးကို ချက်ချင်းခေါ်ရန် ဆုံးဖြတ်ခဲ့သည်။
..................................................................................
၁၉၅၆၊ ဒီဇင်ဘာ ၂၈။

“မင်းတို့ သစ္စာတည်ဖို့ အချိန်ရောက်ပြီ”

ပျူစောထီးရုံးချုပ်တွင် ထိုင်နေသော ဂန္ဓမာသောင်းရီက သူ့လက်ထဲမှ စာတိုလေးကို ဖတ်လိုက်သည်။

“ကျုပ်တို့နာမည်တွေကိုတော့မသိချင်ပါနဲ့..သခင်နုရဲ့လူယုံများလို့ပဲ..မှတ်ပါ”

အနောက်တိုင်းဝတ်စုံကို ကျနသပ်ရပ်စွာဝတ်ဆင်ထားသည့် လူငယ်က ဂန္ဓမာသောင်းရီ ကို ပြောပြီး..စာတိုလေးကို ပြန်ယူလိုက်သည်။

ဂန္ဓမာသောင်းရီရှေ့တွင် လူသုံးယောက်ထိုင်နေကြ၏။

“မကြာခင် ဖဆပလက ကွဲဖို့ပဲရှိတော့တယ်။ အဲ့ဒီအခါ အစိုးရလည်းနှစ်ခြမ်းကွဲသွားနိုင်တယ်။ ပျူစောထီးလည်း နှစ်ခြမ်းကွဲနိုင်တယ်။ အခန့်မသင်ရင် လုပ်ကြံမှုတွေဖြစ်လာနိုင်တယ်... ဒီတော့...ခင်ဗျားတို့ရဲ့ သစ္စာတရား လိုအပ်နေပြီ..ကျွန်တော်တို့လူကြီးတွေနားမှာ ခင်ဗျားတို့ ရှိနေဖို့လိုပြီ”

“ကျွန်‌တော် သစ္စာရှိပါတယ်..တတ်နိုင်သမျှ ကူညီဖို့အသင့်ပါပဲ”

“ကောင်းပြီ..ခင်ဗျားကို ယုံပါတယ်.အခု ဒီဇင်ဘာ ဖဆပလအစည်းအဝေးမှာ သခင်နုက ဝန်ကြီးချုပ်ရာထူးကို ပြန်ယူလိမ့်မယ်..အဲ့ဒီကျ ခင်ဗျားနဲ့ ခင်ဗျားလူတွေအတွက် အလုပ်တွေအများကြီးရှိနေသေးတယ်”

“ကျွန်တော် သခင်နုကို တိုက်ရိုက်တွေ့ခွင့်ရမလား”

“ခင်ဗျားမှာ ပြောစရာရှိရင်..ကျုပ်တို့နဲ့ ပြောပါ...ကျွန်တော်တို့ ပြန်ပြောပေးနိုင်ပါတယ်”

“ကျွန်တော့်မှာ သခင်နုကို စကားပါးစရာရှိလိုပါ..အရမ်းအရေးကြီးတယ်”

“ကျုပ်တို့ကို ယုံကြည်လို့ရပါတယ်..ချက်ချင်းပြန်တင်ပြပေးပါ့မယ်”

“ထွန်းရင်..အပြင်မှာ ဘယ်သူရှိလဲ..တချက်သွားစောင့်ကြည့်ပေးထား”

ဘေးနားတွင်ရပ်နေသော ထွန်းရင်က အပြင်ဘက်သို့ထွက်သွားသည်။

“ဒီလိုပါ..တရုတ်ဖြူတွေအတွက် အရေးပါတဲ့ ကုန်ပစ္စည်းတွေကို ပခုက္ကူဘက်ကနေ တဆင့် မိုင်းဆတ်ကို ပို့မယ့် အစီအစဥ်တစ်ခုရှိနေပါတယ်”

“ဟင်..ဘယ်လို”

“ဟုတ်တယ်..အဓိက လုပ်မှာက ဓါးပြဗိုလ်စိန်ဓါးမြှောင်ပဲ... အဲ့ဒီပစ္စည်းတွေလမ်းတဝက် ရောက်မယ့်အချိန်နဲ့ စိန်ဓါးမြှောင် ဘယ်မှာရှိနေမလဲဆိုတာ ကျွန်တော်ပြောပြနိုင်တယ်”

“ခင်ဗျား တကယ်ပြောတာလား”

“ဒီကိစ္စမှာ ကျွန်တော်လည်း ပါဝင်ပတ်သက်နေပါတယ်..ဒါပေမယ့်..ကျွန်တော်က ခင်ဗျားတို့လူမဟုတ်လား..ခင်ဗျားတို့ကို ပေးသိဖို့တာဝန်ရှိတယ်လေ”

“အင်း..ဟုတ်တာပေါ့”

“စိန်ဓါးမြှောင်ကိုရော၊ အဲ့ဒီပစ္စည်းတွေကိုရော ခင်ဗျားတို့ မိအောင် ကျွန်တော်ကူညီမယ်လို့ သခင်နုကို ပြောပေးပါ..ပြီးတော့ သခင်နုဆီကနေ ကျွန်တော်တောင်းဆိုချင်တာကိုလည်း ပြောပြပေးပါ”

“ဘာများလဲ”

“ဒီကိစ္စပြီးသွားရင်တော့ ကျွန်တော်နဲ့ အစိုးရလုပ်ထားသမျှ အပေးအယူအားလုံးပြီးပြီ....ကျွန်တော် အသက်ကြီးပြီ..ဒီအရှုပ်အထွေးတွေထဲ တစ်သက်လုံးနေလာရတာ ပင်ပန်းလှပြီ..ကျွန်တော့် ကျန်တဲ့သက်တမ်းမှာ...ကျွန်တော်ဇနီးနဲ့ ကျွန်တော် ခပ်အေးအေးပဲနေချင်တော့တယ်...သူ့ကိုလည်း ကျွန်တော်သနားတယ်.ဒီကိစ္စ ပြီးရင် ခင်ဗျားတို့ ကျွန်တော့်ကို ဆွဲမထည့်ရဘူး... ကျွန်တော်တို့ တခြားနိုင်ငံတစ်ခုခုမှာ ဇာတ်မြုပ်သွားနေတော့မယ်.. အစိုးရက ကျွန်တော်တို့လင်မယား ဒီနိုင်ငံက အေးအေးဆေးဆေးထွက်သွားဖို့စီစဥ်ပေးရုံပါပဲ..ငွေကြေးကိစ္စက မလိုပါဘူး”

“အင်း..သခင်နုကို ကျုပ်တို့ သေချာပြန်ပြောပြီး အကြောင်းပြန်ပါ့မယ်..ခင်ဗျားသတင်းသာ မှန်ကန်ပါစေ”

သခင်နုလွှတ်လိုက်သောလူများ ထပြန်သွားကြသည်။ ထွန်းရင်က အခန်းထဲ ပြန်ဝင်လာသည်။

“ဘာတွေပြောကြတာလဲ..ကိုဂန္ဓမာ”

“ဘာမှမဟုတ်ဘူး...ငါတို့ဒီပြဿနာတွေပြီးရင် နိုင်ငံခြားကို အပြီးအပိုင်ထွက်ဖို့ သူတို့ စီစဥ်ပေးဖို့ရယ် ညှိနှိုင်းတာ”
“ကိုဂန္ဓမာ..တကယ်ပဲ..သွားတော့မှာလား”

“မင်းရော..ငါနဲ့လိုက္မှာမဟုတ်လား”

“စံဘ ကိစ္စရှိသေးတယ်လေဗျာ”

“စံဘ အယူခံနိုင်တဲ့အထိ ငါတို့စောင့်မယ်.ပြီးရင် သူတို့လင်မယားကိုပါ ခေါ်သွားတာပေါ့.အခုတောင် ဝန်ကြီးချုပ်ကို ငါပြောလို့ရနေပြီမဟုတ်လားကွ”

ထွန်းရင်က ဂန္ဓမာကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေသည်။

“ခင်ဗျား ဘယ်လိုတွေဖြစ်ကုန်တာလဲ..ကိုဂန္ဓမာ..ခင်ဗျား ကျွန်တော်သိတဲ့ ကိုဂန္ဓမာမဟုတ်တော့ဘူး..ဘာတွေ ဖြစ်နေတာလဲ”

“အကောင်းဆုံးအတွက် ငါလုပ်နေတာ..ထွန်းရင်...ငါလုပ်နိုင်တာငါလုပ်နေတာ..ဒီတိုင်းဆက်သွားရင် တကွေ့မဟုတ် တကွေ့ ငါတို့ သေမယ့်အလှည့် ရောက်လာမှာ..ငါရှိနေသမျှတော့ ငါ့လူတွေ သေတာမမြင်ချင်ဘူး..ငါသေတာကိုလည်း သူတို့မမြင်စေချင်ဘူး”

“ဘာလဲဗျာ”

“မင်းက မလိုက်ချင်ဘူးလား”

“ကျွန်တော့်မှာလည်း...မနှင်း..မနှင်း ရှိသေးတယ်ဗျ”

“မင်းက စိန်ဓါးမြှောင် ကို ယုံသေးတာပဲနော်”

“အခုက စိန်ဓါးမြှောင်မဟုတ်ဘူးဗျ..မနှင်း..မနှင်း..ကျွန်တော် မနှင်းကို ယုံတယ်”

“ဪ”

ဂန္ဓမာသောင်းရီက ထွန်းရင်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ခက်ဇော်

အခန်း ၃၂ ၊ တနင်္ဂနွေ။

Comments

Post a Comment