The Guys From Mandalay, 1950s အခန်း(၃၄)
.....................
“ကာရင်လာလာ”
မဂျစ်ခန်းက တအံတဩရေရွတ်လိုက်သည်။
“အေး.....မွန်ဘိုင်းက မင်းလုပ်ငန်းတွေနဲ့မင်းမိသားစုရော အခြေအနေကောင်းတယ်မဟုတ်လား”
မဂျစ်ခန်း မျက်စိမျက်နှာပျက်နေသည်။
“ဟုတ်ကဲ့..လာလာတို့ စောင့်ရှောက်ပေးလို့ အဆင်ပြေပါတယ်ခင်ဗျ...ကျွန်တော့်ကို ခွင့်ပြုပါဦး..လာလာ”
မဂျစ်က ဆလံပေးပြီး ကားပေါ်သို့ တက်ရန်ပြင်လိုက်သည်။
“ဟေ့..နေဦး”
မဂျစ် တုန့်ခနဲရပ်သွား၏။
“ဒါ ငါနဲ့ဟာဂျီမာစတန် ရဲ့ ရန်ကုန်က စီပွားဖက်တွေနော်...မင်း ရန်ကုန်မှာ ရှိနေမယ်ဆို ငါ့စီးပွားဘက်တွေကို စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်မိစေနဲ့...သူတို့ကို စိတ်အနှောက်အယှက်ပေးတာဟာ ငါနဲ့ ဟာဂျီမာစတန်ကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တာနဲ့ အတူတူပဲဆိုတာ မင်းမှတ်သွားဦး”
“ဟုတ်ကဲ့ပါ...မဖြစ်စေရပါဘူး.လာလာ”
မဂျစ်ခန်း က ကားကို အမြန်မောင်းထွက်သွားသည်။
ပထန်ခေါင်းပေါင်းနှင့် ပုဂ္ဂိုလ်က ချောရင် ရှေ့တွင် ရပ်ပြီး ပထန်စကားဖြင့် ပြောလိုက်သည်။
ဘေးနားတွင်ပါသည့် သူက မြန်မာဘာသာဖြင့် ပြန်ပြောပေး၏။
“လာလာက ပစ္စည်းတွေကြည့်ချင်တယ်တဲ့”
“ကိုထွန်းရင်..ကားပေါ်က တစ်သေတ္တာ မချခဲ့ပါ”
ထွန်းရင်က ကားပေါ်ခုန်တက်သွားသည်။
ကားအောက္မှ ထွန်းရင်နှင့် ဇော်မိုက်က ထွန်းရင် မပေးသော သေတ္တာကို ထမ်းပြီး ချောရင်နှင့် ကာရင်လာလာ ဆိုသည့် ပထန်ကြီး၏ ကြားတွင် ချလိုက်သည်။
ထွန်းရင်က ဓါးမြှောင်ဖြင့် သေတ္တာကို ကလန့်ဖွင့်လိုက်သည်။
သေတ္တာအတွင်း စက္ကူများဖြင့် ပတ်ထားသည့် အမဲရောင်ဆပ်ပြာတောင့်သဏ္ဏန်အချောင်းများ။
ကာရင်လာလာ က ထိုအချောင်းတစ်ချောင်းကို ယူကာ နမ်းရှုံ့ကြည့်သည်။
ချောရင်ကလည်း တစ်ခုကို ယူက ဂန္ဓမာသောင်းရီ ထံ ပစ်ပေးလိုက်သည်။
“အကိုကြီး..ဒါဘာတွေလို့ ထင်လဲ”
“ဘာတွေလဲ..ချောရင်”
“အဲ့ဒါ C4 လို့ခေါ်တဲ့ ဓာတုပေါက်ကွဲရေးပစ္စည်းတွေပဲ..အကိုကြီး..ဒီပမာဏဆို ဗမာပြည်တစ်ဝက်လောက်ကို ပြာကျအောင် ဖောက်ခွဲလို့ရတယ်..အဲ့ဒါတွေကို ဗမာပြည်ထဲက တရုတ်ဖြူတွေဆီ ပို့ပြီး ဘာလုပ်ဖို့လို့ အကိုကြီးထင်လဲ...”
ဂန္ဓမာသောင်းရီ က သူ့လက်ထဲမှ ဆပ်ပြာတောင့်သဏ္ဏာန်ပစ္စည်းကို သေချာကြည့်နေသည်။
ချောရင်က ကာရင်လာလာ၏ စကားပြန်ဘက်သို့ လှည့်လိုက်သည်။
“ဗမာပြည်ရေပိုင်နက်ထဲကနေ သင်္ဘောမထွက်သွားခင်မှာ သူတို့ကိုပေးထားတဲ့ ဆွစ်ဘဏ်အကောင့်ထဲကို ငွေလွှဲပေးပါလို့ မေဂျာဂလက်စ်ကမှာလိုက်တယ်”
စကားပြန်က ကာရင်လာလာတို့ အပြန်အလှန်စကားပြောကြသည်။
“လာလာက ခဏနေတာနဲ့ မွန်ဘိုင်းကို ကြေးနန်းရိုက်ပြီး လွှဲခိုင်းလိုက်ပါမယ်တဲ့”
“ကဲ..ဒါဆိုသယ်လို့ရပြီ”
ကာရင်လာလာ က ပြုံးရွှင်စွာဖြင့် ချောရင်ကို လက်ဆွဲနှုတ်ဆက်သည်။
ထို့နောက် သင်္ဘောရှိရာသို့ ပြန်ထွက်သွားလေသည်။
ခဏအကြာ အမှောင်ရိပ်ထဲမှ လူများထွက်လာကာ ကားကို သင်္ဘောနားဆီသို့ မောင်းယူသွားပြီး ပစ္စည်းများ တင်နေကြလေသည်။
“အကိုကြီး ညီမကို ခွင့်လွှတ်ပါ..ဒါတွေအားလုံး.ကိုစံဘအတွက် ညီမလုပ်ခဲ့ရတာတွေပါပဲ”
“ငါဘာမှ နားမလည်ဘူး..ချောရင်..နင် ငါတို့အားလုံးကို သစ္စာဖောက်လိုက်တာလား..ငါ့အစီအစဥ်တွေ အားလုံးသွားပြီ...စိန်ဓါးမြှောင်ကို ရှင်းမယ့်ကိစ္စပါ ပျက်ပြီပေ့ါ”
“မပျက်ပါဘူး.အကိုကြီး..မနက်ဖြန်မနက်ဆို ရန်ကုန်ရဲတွေ ပခုက္ကူမှာစိန်ဓါးမြှောင်ကို ဖမ်းပြီးလောက်ရောပေါ့..နောက်ပြီးတော့ အကိုကြီးသာ အဲ့ဒီခရီးမှာ ပါလာရင် အကိုကြီးကို ဆိုရှယ်လစ်စစ်ဗိုလ်တွေက တန်းပစ်သတ်ဖို့လုပ်ပြီးသား”
“ဘာ..”
“ဟုတ်တယ်..မစိန်ညွန့်ဓါးပြမှုမှာပါတဲ့ သန်းအောင် ဟာ ညီမလူပဲ...သူ့ကို ညီမတို့ရတဲ့ဝေစုထဲက ဒေါ်လာတစ်သောင်း ပေးဖို့ ညှိထားတယ်...သူရှိတဲ့နေရာကို ရဲမင်းကြီးဆီ ညီမစာလှမ်းရေးထားလို့ မနက်ကပဲ စိန်ဓါးမြှောင်လူတွေအကုန်လုံးကို ဖမ်းလိုက်ကြပြီ...တရားရုံးရောက်ရင်လည်း သန်းအောင်ကပဲ ဓါးပြမှုကို ဖော်ကောင်လုပ်လိမ့်မယ်..စိန်ဓါးမြှောင်တော့ ထောင်ထဲပြန်ဝင်ဖို့သေချာသွားပါပြီ..အကိုကြီး”
“အလိန် ကရော..အလိန်ကို ငါတို့ ဘယ်လိုရှင်းမလဲ”
“အလိန်ကို မနက်ကတည်းက စစ်ထောက်လှမ်းရေးက လေဆိပ်မှာ ဖမ်းလိုက်ပြီအကိုကြီး..အခုလောက်ဆို အမှောင်ခန်းထဲမှာ စစ်ဆေးရေးလုပ်ခံနေရပြီပေါ့”
“နင်ဘာတွေလုပ်ခဲ့တာလဲ..ခုန ကရော ဘယ်သူလဲ..ချောရင်”
“ညီမ က စစ်ထောက်လှမ်းရေးကိုယ်စားအလုပ်လုပ်ပေးလိုက်တာပါ....မကြာခင်မှာ စစ်တပ်က ဖဆပလဆီက အာဏာယူဖို့သေချာသလောက်ဖြစ်နေပြီ..အကိုကြီး..ဒီအပေးအယူအတွက် စစ်တပ်အာဏာရလာတဲ့အခါ ကိုစံဘကို သူတို့ ထောင်ကနေ ကွင်းလုံးကျွတ်လွှတ်ပေးလိမ့်မယ်..ခုန လူတွေက မွန်ဘိုင်းရဲ့ ပထန်ဂိုဏ်းခေါင်းဆောင် ကာရင်လာလာပဲ.”
“ဘာ”
“ကဲ..အကိုကြီးနဲ့ မသောင်း အတွက် စက်လှေစီစဥ်ထားပါတယ်..စက်လှေပေါ်မှာ ဗိုလ်မောင်မောင်စောင့်နေတယ်..သူသေချာရှင်းပြပါလိမ့်မယ်”
“ဪ.မောင်မောင်လည်း ပါတာကိုး..ထွန်းရင်..မင်းတို့လည်း ငါ့အပေါ် သစ္စာမရှိကြဘူး”
ချောရင်က ရယ်လိုက်သည်။
“အကိုကြီး....ကိုစံဘနဲ့ ညီမ ဟာ မမသောင်းကို အကိုကြီးထောင်ကျနေတဲ့ တစ်လျှောက်လုံးစောင့်ရှောက်ပေးခဲ့ကြတာပါ။ ဒါပေမယ့် အကိုကြီးတို့ထောင်ကထွက်လာပြီးကတည်းက ညီမတို့ ဘဝတွေ လူးခါနေခဲ့တာသတိထားမိလား။ အခု.. ညီမယောက်ျား လည်ပင်းတောင် ကြိုးကွင်းစွပ်ခံရခါနီးနေပြီမဟုတ်လား..အဲ့ဒါ..တရားလား..အကိုကြီး...ညီမတို့ လင်မယားအတွက် ပြန်ရလိုက်တာက ဒါလားအကိုကြီး”
“ငါစံဘကို စောင့်ပြီးမှ သွားမယ်လို့ ပြောပြီးပြီလေ”
“ညီမ မယုံဘူးအကိုကြီး..တကယ်လို့ မတော်တဆ ကိုစံဘ သေဒဏ်ကျသွားခဲ့ရင် ဘယ်လိုလုပ်မလဲ..မဂျစ်ခန်းတို့ နာဂျစ်တို့လိုလူတွေရဲ့ ရန်ညိုးတွေကိုရော အကိုကြီးဘယ်လိုရင်ဆိုင်မှာလဲ..ပြူစောထီးတွေကို ဖျက်သိမ်းဖို့လည်း လွှတ်တော်မှာ ဝန်ကြီးချုပ်က ဝန်ခံလိုက်ပြီဆိုတာ အကိုကြီးသိတယ်မဟုတ်လား..ဒီတော့...နိုင်မှာ သေချာတဲ့ ကစားပွဲကိုပဲ ညီမ ကစားခဲ့ဖို့ ဆုံးဖြတ်လိုက်တာ...အခုဆို နာဂျစ်အာရတ်ကိုရှင်းပြီးပြီ..မဂျစ်ခန်းလည်း ညီမတို့ကို ဘယ်တော့မှ ထိရဲမှာ မဟုတ်တော့ဘူး”
ဂန္ဓမာ က အံကိုကြိတ်ကာ လက်သီးကို ဆုပ်ထား၏။
ချောရင်က ဒေါ်လာငါးသောင်းကို မသောင်း၏ လက်ထဲသို့ထည့်ပေးလိုက်သည်။
“ကဲ..ကိုထွန်းရင်..အကိုကြီးတို့လင်မယားကို စက်လှေဆီ ခေါ်သွားပေးလိုက်ပါဦး”
..................................................................................
ချောရင်။
ဂန္ဓမာသောင်းရီ နှင့် စံဘတို့ ဦးမြကျင်အား သွားမသတ်မီ အချိန်ပိုင်းကလေးတွင် ဖြစ်သည်။
“သောင်း”ဘားတွင် ထိုင်နေကြသော ခါလေး၊ အနှင်း နှင့် သန်းအောင်တို့ ကို ချောရင်က ဘီယာလာချပေးသည်။
ခါလေးနှင့် အနှင်းကို သန်းအောင်က ငွေနှစ်သောင်းကိစ္စ၊ စိန်ဓါးမြှောင်ဆိုသည့်နာမည်များပြောနေသည်ကို ချောရင် သတိထားမိသည်။
ထိုအချိန်တွင် အပေါ်ထပ်မှ ဆင်းလာသော ဂန္ဓမာသောင်းရီကို မြင်သည်နှင့် သန်းအောင်က မျက်စိမျက်နှာပျက်ဖြင့် ထထွက်သွားသည်ကို ချောရင် သတိထားမိသွားသည်။
သန်းအောင် အနောက်မှ လိုက်သွားပြီး ငွေကြေးကိစ္စအခက်အခဲရှိလျှင် ကူညီမည်ဟုပြောကာစည်းရုံးသည်။
သန်းအောင်လိုအပ်နေသည့် ငွေနှစ်သောင်းကိုလည်း သခင်နုထံမှ ရထားသောငွေဖြင့် ချက်ချင်းထုတ်ပေးလိုက်သည်။
အလိန်၏ ကိစ္စကို လက်ခံကြပြီးနောက် သန်းအောင်သည် ချောရင်၏ လူဖြစ်သွားသည်။
စိန်ဓါးမြှောင်အကြောင်း၊ စိန်ဓါးမြှောင်၏ အကွက်
်များအားလုံးကို သန်းအောင်ထံမှ ချောရင် ကြိုတင်သိနေရသည်။
ထို့အတွက်လည်း ချောရင်က သန်းအောင်ကို ဒေါ်လာတစ်သောင်းပေးမည်ဟုကမ်းလှမ်းခဲ့သည်။
စံဘ သေဒဏ်ကျပြီးနောက်ပိုင်းတွင် ချောရင်၏ စိတ်များ ပြောင်းလဲသွားသည်။
သူချစ်သော ကိုစံဘ လွတ်မြောက်ရေးအတွက်သာ အရာရာကို ဦးတည်ခဲ့သည်။
ချောရင်ကို နာဂျစ်အာရတ်တို့က ရန်ကုန်ထောင်ရှေ့တွင် ဖမ်းခေါ်သွားခဲ့သည်။
မဂျစ်ခန်း က ချောရင်ကို သတ်ပြီး အလောင်းဖျောက်ရန် မှော်ဘီဘက်တွင် ကျင်းတူးထားပြီးဖြစ်သည်။
သို့သော် အသတ်ခံရနီးဆဲဆဲတွင် ချောရင်က အလိန်နှင့် လုပ်ထားသည့် ကိစ္စကို ရှင်းပြပြီး အသက်အားလွှတ်ပေးလျှင် ဒေါ်လာတစ်သိန်းအား တစ်ယောက်တစ်ဝက်ယူကြမည်ဖြစ်ပြီး ဂန္ဓမာသောင်းရီကိုပါ ရှင်းပေးမည်ဟု အပေးအယူလုပ်ခဲ့သည်။
ထိုနည်းဖြင့် ချောရင်သည် မဂျစ်ခန်းတို့အုပ်စု၏ ရန် ခေတ္တအေးအောင် စီမံခဲ့သည်။
ဂျပန်မှ ပြန်လာသော ဗိုလ်မောင်မောင်နှင့် ချောရင် စကားပြောဖြစ်ခဲ့သည်။
တရုတ်ဖြူတို့၏ မိုင်းဆတ်လေယာဥ်ကွင်းမှာ တည်ဆောက်ပြီးဖြစ်ကြောင်း တပ်ဘက်မှ သတင်းများသေချာနေသဖြင့် အလိန်ပို့မည့်အရာများမှာ လေယာဥ်ကွင်းဖောက်မည့် ယန္တယားများ မဟုတ်နိုင်ကြောင်း ချောရင်က သံသယဖြစ်ခဲ့သည်။
ဗိုလ်မောင်မောင်သည် ဂျပန်သွားစဥ်က ရင်းနှီးခဲ့သော စစ်ထောက်လှမ်းရေးစစ်ဗိုလ် နှင့် ချောရင်ကို တွေ့ဆုံပေးခဲ့သည်။
ထိုအချိန်တွင် ဗီယက်နမ်စစ်ပွဲအတွက် CIA မှ တင်ပို့ပေးသည့် ၁၉၅၆ ထုတ် နောက်ဆုံးပေါ် C4 TDX ဓာတုဖောက်ခွဲရေးပစ္စည်းသင်္ဘောတစ်စီးစာသည် ရန်ကုန်ဆိပ်ကမ်းသို့ လမ်းကြောင်းပြောင်း ဝင်လာကြောင်း စစ်ထောက်လှမ်းရေးမှ သတင်းရရှိထားသည်။
သို့သော် မည်သို့ဝင်လာသည်ကို ထောက်လှမ်းရေးမှ ခြေရာခံမရဖြစ်နေချိန်ဖြစ်သည်။
ချောရင်ထံမှ လာသော သတင်းအရ အလိန်ပို့ခိုင်းသောအရာများမှာ C4 များဖြစ်ကြောင်း သေချာသွားခဲ့ပြီဖြစ်သည်။
ဗိုလ်မောင်မောင်၏ မိတ်ဆွေ ထောက်လှမ်းရေးစစ်ဗိုလ်သည် ချောရင် အား သူ၏ဆရာဖြစ်သူ ဗိုလ်မှူးမျက်မှန်ကြီး ဆိုသောသူနှင့် တွေ့ဆုံပေးခဲ့သည်။
ဗိုလ်မှူးမျက္မှန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်း၏ အထူးယုံကြည်ခြင်းခံရသူဖြစ်သည်။
စံဘအား သေဒဏ်အပြင် ထောင်မှကွင်းလုံးကျွတ်လွတ်ရေး ချောရင်၏ တောင်းဆိုချက်ကို ဗိုလ်မှူးမျက်မှန်ကြီးက သဘောတူသည်။
ထို့ပြင် အစိုးရနှင့် ကျန်သည့်စစ်ဘက်အရာရှိများမသိစေပဲ.တပ်မတော်အာဏာသိမ်းပြီးပါက ဘတ်ဂျတ်ငွေများရှိစေရန် အဆိုပါဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းပြီး အခြားနိုင်ငံသို့ ရောင်းရန် ဗိုလ်မှူးမျက်မှန်ကြီးဆီ အမိန့်ကျလာ၏။
လက်နက်နိုင်ငံထူထောင်ရန်ကြိုးစားနေသော ပါကစ္စတန်ထောက်လှမ်းရေးနှင့် ဗိုလ်မှူးမျက္မှန်ကြီးတို့ ချိတ်ဆက်မိခဲ့ကြသည်။
သို့သော် နှစ်ဖက်ထောက်လှမ်းရေးများက တိုက်ရိုက်မဆက်သွယ်ပဲ ကြားခံလူများအသုံးပြုရန် စီမံခဲ့ကြသည်။
မြန်မာဘက်မှ ချောရင်နှင့်ဗိုလ်မောင်မောင်တို့ကို ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခဲ့သည်။
ပါကစ္စတန်အနေဖြင့် ရန်ကုန်မှ ကရာချိဆိပ်ကမ်းသို့ သယ်ယူရာတွင် အိန္ဒိယရေပိုင်နက်ကို ဖြတ်ကျော်ရမည်ဖြစ်သဖြင့် အိန္ဒိယမွန်ဘိုင်းမြို့၏ အကြီးဆုံးဒုစရိုက်ဂိုဏ်းဖြစ်သည့် ပထန်ဂိုဏ်းခေါင်းဆောင် ကာရင်လာလာ နှင့် မိတ်ဖက်ဂိုဏ်းခေါင်းဆောင် ဟာဂျီမာစတန် တို့ကို ရွေးချယ်ခဲ့သည်။
ချောရင်သည် ရွာသို့ တစ်လပြန်မည်ဟု အကြောင်းပြကာ ဗိုလ်မောင်မောင်နှင့်အတူ မွန်ဘိုင်းသို့ ထွက်ခွာသွားခဲ့သည်။
.........................
ကာရင်လာလာ(KarimLa La) ခေါ် Abdul Karim Sher Khan
အိန္ဒိယ၏ ဆယ်စုနှစ်များစွာကို သိမ်းပိုက်နိုင်ခဲ့သူ အအောင်မြင်ဆုံးသော ဒုစရိုက်ဘုရင်။
ကာရင်လာလာ သည် အာဖဂန်နစ္စတန်မှ မွန်ဘိုင်းမြို့ တောင်ပိုင်းသို့ ပြောင်းရွှေ့လာသည့်မိသားစုတစ်စုမှဖြစ်သည်။
မွန်ဘိုင်းဆိပ်ကမ်းရှိ သာမန်အလုပ်သမားလူငယ်လေးဘဝမှ ပထန်အလုပ်သမားများ၏ခေါင်းဆောင်ဖြစ်လာပြီး ပထန်ဂိုဏ်းကို ထူထောင်သူဖြစ်လာသည်။
မာဝါရီ၊ ဂူဂျာရတီ စီးပွားရေးလုပ်ငန်းရှင်များ၏ တရားမဝင်လုပ်ငန်းများကို အကာအကွယ်ပေးကာ ဆက်ကြေးတောင်းရာမှ ကိုယ်ပိုင်ဒုစရိုက်လုပ်ငန်းများပိုင်ဆိုင်လာခဲ့သည်။
မွန်ဘိုင်း၏ တရားမဝင်လောင်းကစားနှင့် အရက်စျေးကွက်ကို ချုပ်ကိုင်လာသည်။
ဒုတိယကမ္ဘာစစ်အပြီးကာလတွင် ကာရင်လာလာ သည် မွန်ဘိုင်း၏ အဓိကဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်လာပြီး ဆိပ်ကမ်းမှောင်ခိုပစ္စည်းများသယ်ယူခြင်း၊ တရားမဝင်မြေယာကိစ္စများတွင်ခေါင်းပုံဖြတ်ခြင်း၊ ငွေကြေးခဝါချမှု နှင့် မူးယစ်ဆေးဝါးစျေးကွက်ကို ချုပ်ကိုင်ထားသူ ပြိုင်ဘက်ဂိုဏ်းခေါင်းဆောင် ဟာဂျီမူစတန် နှင့် မဟာမိတ်ပြုခဲ့သည်။
မကြာမီပင် မွန်ဘိုင်း၏ နောက်ထပ်အင်အားကြီး တမီလ်ဂိုဏ်းခေါင်းဆောင် ဗာရာဒရာဂျန် Varadrajan Mudaliar နှင့် မဟာမိတ်ပြုကာ မွန်ဘိုင်းမြို့ ဒုစရိုက်လောကကို သုံးပိုင်းခွဲကာ အုပ်ချုပ်ခဲ့ကြသည်။
ကာရင်လာလာခေါင်းဆောင်သော မွန်ဘိုင်း၏ ဘုရင်ကြီးသုံးဦးသည် အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်လောက နှင့် နိုင်ငံရေးလောကအတွင်း ဩဇာအာဏာများထူထောင်နိုင်ခဲ့ကြသည်။
အိန္ဒိယ၏ အာဏာရကွန်ဂရက်ပါတီ၏ အကြီးအကဲဖြစ်သော အင်ဒီရာဂန္ဒီ ပင် ကာရင်လာလာနှင့် တွေ့ဆုံခဲ့ရသည်။
၁၉၅၇ ခုနှစ်တွင် ကာရင်လာလာအား ပါကစ္စတန်ထောက်လှမ်းရေးမှ လျှို့ဝှက်ဆက်သွယ်လာခဲ့သည်။
ပါကစ္စတန်သည် C4 TDX များကို ရန်ကုန်ဆိပ်ကမ်းမှ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာတို့ကိုဖြတ်ကျော်ကာ အိန္ဒိယရေပိုင်နက်နှင့် ပါကစ္စတန်ရေပိုက်နက် အာရေဗျပင်လယ်ရှိ ကရာချိဆိပ်ကမ်းအထိ ပို့ပေးရမည်ဖြစ်သည်။
ထို့အတွက် အရောင်းအဝယ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ရမည်ဟုကမ်းလှမ်းလာသည်။
ကာရင်လာလာသည် ထိုကိစ္စအတွက် အိန္ဒိယဆိပ်ကမ်းများနှင့်ပင်လယ်ပြင်မှောင်ခိုလုပ်ငန်းကို ပိုင်ဆိုင်သူ ဟာဂျီမာစတန်ကို ထပ်မံညှိနှိုင်းခဲ့ပြီး ပူးတွဲလုပ်ကိုင်ခဲ့ကြသည်။
ဗိုလ်မောင်မောင်နှင့် ချောရင် သည် မွန်ဘိုင်းသို့ ရောက်ပြီးနောက် ကာရင်လာလာ၊ ဟာဂျီမာစတန်တို့နှင့် တွေ့ဆုံကြသည်။
ထို့နောက် အိန္ဒိယမှ ရန်ကုန်ဆိပ်ကမ်းတွင် ဆန်လာတင်သည့် သင်္ဘောများအနက္မှ ဟာဂျီမာစတန်၏ သင်္ဘောကြီးများလည်းပါဝင်သည်။
ပစ္စည်းများသယ်ယူရေးတွင် ထိုသင်္ဘောကြီးများကို အသုံးချမည်ဖြစ်သည်။
ဒေါ်လာငါးသန်းတန်အရောင်းအဝယ်ကြီးတွင် ပါကစ္စတန်ဘက်မှ ကာရင်လာလာအား ဝယ်ယူသည့်စျေး၏ ဆယ်ရာခိုင်နှုန်းပေးရမည်ဖြစ်သည်။
မြန်မာစစ်ထောက်လှမ်းရေးဘက်မှလည်း ချောရင်နှင့် ဗိုလ်မောင်မောင် အား ငါးရာခိုင်နှုန်းပေးမည်ဟု အာမခံထားသည်။
မွန်ဘိုင်းတွင် ဆယ့်ငါးရက်တာ နေထိုင်သည့်ကာလအတွင်း ချောရင်သည် ကာရင်လာလာ၊ ဟာဂျီမာစတန်တို့နှင့် ရန်ကုန်တွင် ဖြစ်နိုင်ချေရှိသည့် စီးပွားရေးလုပ်ငန်းကိစ္စများ ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်တွင် အခြေချနေသည့် မဂျစ်ခန်းသည် မိမိတို့ စီးပွားရေးလုပ်ငန်းများကို နှောင့်ယှက်လာနိုင်ချေရှိကြောင်း ပြောကြားခဲ့သည်။
မဂျစ်ခန်းသည် မွန်ဘိုင်းမြို့တွင် အိမ်ထောင်ကျပြီး စီးပွားရေးအချို့ထူထောင်ထားသည်။ထို့ကြောင့် မဂျစ်ခန်းမှာ ကာရင်လာလာအား အလွန်အမင်းကြောက်ရွံ့နေခဲ့ခြင်းဖြစ်သည်။
အလိန်သည် ဟန်ပြဂိုထောင်ထဲတွင် ဆပ်ပြာတောင့်များသာထည့်ထားပြီး C4 များထားသောနေရာကို အထူးလျှို့ဝှက်ထားခဲ့သဖြင့် စိန်ဓါးမြှောင်လူများ၊ ချောရင်လူများနှင့် စစ်ထောက်လှမ်းရေးများပင် ခြေရာမခံနိုင်ခဲ့။
ယခုညတွင်မူ ဆိပ်ကမ်းသို့ ပစ္စည်းများရောက်လာခဲ့သည်။
အလိန်သည်လည်း စစ်ထောက်လှမ်းရေး၏လျှို့ဝှက်ဖမ်းဆီးခြင်းခံခဲ့ရသည်။
C4 များသယ်ဆောင်လာသည့် ကာရင်လာလာတို့ သင်္ဘောကြီးသည် ကရာချိဆိပ်ကမ်းသို့ အောင်မြင်စွာရောက်ရှိခဲ့သည်။
၁၉၇၀ ပြည့်နှစ်တွင် ကရင်လာလာ၏ အရိုက်အရာကိုတူဖြစ်သူ ဆာမက်ခန်းက ဆက်ခံခဲ့သည်။
၁၉၈၀ ကျော်နှင်းများအတွင်းအင်အားကြီးလာသော ရှာဘာအီဘရာဟမ်၊ ဒါဝတ်အီဘရာဟမ် ညီနောင်၏ D Company နှင့် စျေးကွက်လုမှုများဖြစ်ပေါ်ပြီး ဆာမက်ခန်းက ရှာဘာအီဘရာဟမ်အား လုပ်ကြံသတ်ဖြတ်ခဲ့သည်။
၁၉၈၄ အောက်တိုဘာ ၃၁ တွင် ဆာမက်ခန်းအား ဒါဝတ်အီဘရာဟမ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံပြီးနောက် မွန်ဘိုင်းတွင် ဒါဝတ်အီဘရာဟမ်သည် ဘုရင်ဘွဲ့ကို ခံယူခဲ့သည်။
အဓိကမိတ်ဆွေကြီးနှစ်ဦးဖြစ်သော ဟာဂျီမာစတန်နှင့် ဗာရာဒရာဂျန်လည်း ကွယ်လွန်သွားပြီဖြစ်သည့်အတွက် ကရင်လာလာသည် မွန်ဘိုင်း၏ ဒုစရိုက်လောကတွင်း ဝင်မပါတော့ပဲ မီလျံနာသူဌေးကြီးအဖြစ်သာ နေထိုင်နေတာ့သည်။
၁၉၉၇ ဘုံဘေဗုံးပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့သည်။ထိုပေါက်ကွဲမှုတွင် သုံးခဲ့သည့် C4 RDX ပေါက်ကွဲရေးပစ္စည်းအများအပြားမှာ ပါကစ္စတန်ဘက်မှ ဝင်လာသည်ဟု ယူဆခဲ့ကြသည်။
ယင်းကိစ္စတွင် ဒါဝတ်အီဘရာဟင်ပါဝင်နေသည်ဟု အိန္ဒိယထောက်လှမ်းရေးကဖော်ထုတ်နိုင်ခဲ့ပြီး နောက် ဒါဝတ်အီဘရာဟင်မှာ ယခုအချိန်အထိ ဒူဘိုင်းတွင် ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။
ထို ဖောက်ခွဲရေးပစ္စည်းအများအပြား ပါကစ္စတန်သို့ မည်သို့ရောက်လာသည် မည်သည့်အချိန်ကတည်းက ရှိနေသည်ဆိုသည့် မေးခွန်းကိုတော့ မည်သူမျှ မခန့်မှန်းတတ်ခဲ့ကြ။
....................................................................................
၁၉၅၇ ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်ရဲတပ်ဖွဲ့မှ ရဲမင်းကြီးဦးဘိုက သယ်ယူပို့ဆောင်ရေးဝန်ကြီးဗိုလ်မင်းခေါင်ထံသို့ ပခုက္ကူနှင့် အနီးတဝိုက်သို့ ထွက်ခွာမည့်လေယာဥ်များအားလုံးပေါ်မှ သတင်းစာထုတ်များအားလုံးကို ဆွဲချပေးထားရန် မေတ္တာရပ်ခံသည်။
စိန်ဓါးမြှောင် ထံသို့ သတင်းရောက်သွားပါက ထွက်ပြေးလွတ်မြောက်သွားမည်စိုးသဖြင့် ထိုသို့ စီမံခြင်းပင်။
ထို့နောက် ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန် - မန္တလေး - ဟဲဟိုးလေယာဥ်ခရီးစဥ်ကို ဖျက်သိမ်းပြီး ရဲတပ်ဖွဲ့ဝင်များကို တင်ဆောင်ကာ ပခုက္ကူသို့ ထွက်လာခဲ့ကြသည်။
ပခုက္ကူမြို့၊ ပေါင်းလောင်းရပ်၊ ဒေါ်ရွှေသန်း၏ အလှူတော်မင်္ဂလာ။
အလှူဗျောအဖွဲ့က အဖွင့်သီချင်းကို တီးမှုတ်သီဆိုနေကြသည်။
မဏ္ဏပ်၏ ရှေ့ဆုံးတန်းတွင် အလှူ့ရှင်များနှင့်အတူ ရန်ကုန်မှ ဗမာနိုင်ငံတိုင်းရင်းဆေးဆရာများဆိုင်ရာအသင်း၏ အတွင်းရေးမှူး ဆရာသိန်း၊ ဆရာတင် တို့သည် ပက်လက်ကုလားထိုင်ကိုယ်စီဖြင့် ပွဲကို အားပေးနေကြသည်။
ထိုအချိန်တွင် စိန်ဓါးမြှောင်၏ နဘေးသို့ အလှူရှင်၏ တူဖြစ်သူက ရောက်လာပြီး တစ်စုံတစ်ခုပြောသည်။
စိန်ဓါးမြှောင်နှင့် ဆရာတင်တို့ တစ်စုံတစ်ခုပြောဆိုပြီး ပြိုင်တူထလိုက်ကြသည်။
မဏ္ဏပ်ရှေ့သို့ ရောက်သောအခါ ကုပ်အင်္ကျီအနက်နှင့် ဦးထုပ်ဆောင်းထားသော လူနှစ်ဦးကို တွေ့လိုက်ရသည်။
“စိန်ဓါးမြှောင်...လုံးဝမလှုပ်ပါနဲ့..ငါ ပခုက္ကူရဲစခန်းက မစ္စတာအာချတ်ပဲ..ရန်ကုန်က ရဲတွေလည်းပါလာတယ်..မင်းကို ဖမ်းလိုက်ပြီ”
ထို့နောက် ရဲတပ်ဖွဲ့က စိန်ဓါးမြှောင်၏ ကိုယ်ပေါ်သို့ ရှာဖွေလိုက်ကြသည်။
စိန်ဓါးမြှောင်ထံမှ ရာတန်အသစ်စက်စက် ၁၈ ရွက်ကို သိမ်းဆည်းမိကြ၏။
ထို့နောက် စိန်ဓါးမြှောင်အား ပခုက္ကူရဲစခန်းသို့ ခေါ်လာခဲ့ကြသည်။
....................................................................................
၁၉၅၇ ဇွန်လ ၁၂ ရက်နေ့။
မစိန်ညွန့်ဆေးလိပ်ခုံဓါးပြမှုတွင် ပါဝင်သော တရားခံ နာမည်ကျော် စိန်ဓါးမြှောင်ကို ဖမ်းဆီးခေါ်ဆောင်လာပြီဆိုသည့် သတင်းကြောင့် သတင်းထောက်များလေဆိပ်တွင် ဝိုင်းအုံနေကြသည်။
မြို့မစုံထောက်အဖွဲ့ရဲမှူး ဦးတင်ညွန့်နှင့်စုံထောက်များ၊ ရဲများနှင့် အချုပ်ကားတစ်စီးကလည်း အသင့်စောင့်ဆိုင်းနေသည်။
ညနေ ၄ နာရီထိုးသည့်အချိန်တွင် ယူဘီေအလေယာဥ်ပျံသည် မင်္ဂလာဒုံလေဆိပ်သို့ ဆိုက်ရောက်လာသည်။
သတင်းထောက်များကလည်း ဓာတ်ပုံရိုက်ရန် ကင်မရာများဖြင့် အသင့်ပြင်ကြသကဲ့သို့ ရဲများကလည်း တရားခံဆင်းလာသည်နှင့် ဆွဲချပြီး အချုပ်ကားပေါ်တင်ရန် စောင့်နေကြသည်။
ထိုအချိန်တွင် မိုးကာအမဲကို ခြုံလျက် လက်ထိပ်ခတ်ခံထားရသော လူတစ်ဦး ဆင်းလာသည်။
မိုးကာအမဲကြီးခြုံထားသဖြင့် မျက်နှာကို မမြင်ကြရ။
ရဲများက စိန်ဓါးမြှောင်ကို အချုပ်ကားပေါ်တင်ပြီးနောက် မောင်းထွက်သွားကြသည်။
ရဲအချုပ်ကားများနောက်မှ ဗမာ့ခေတ်၊ကြေးမုံ၊ အထောက်တော်၊ မိုးကြိုး စသော သတင်းထောက်ကားများ၊ မော်တော်ဆိုင်ကယ်များက တသီကြီးလိုက်ပါလာကြသည်။
စိန်ဓါးမြှောင်ကို တင်ဆောင်လာသည့် အချုပ်ကားသည် ရှေးဦးစွာ မင်္ဂလာဒုံရဲဌာနသို့ ဝင်သည်။
သတင်းထောက္များ စခန်းတွင်းဝင်ခွင့်မပေး။
မကြာမီ မင်္ဂလာဒုံစခန်းမှ ပုံစံတူ အချုပ်ကားနှစ်စီး ပြန်ထွက်လာသည်။ ထို့နောက် ရန်ကုန်မြို့တွင်းရှိ ရဲစခန်းခြောက်ခုဆီသို့ လှည့်ပတ်သွားပြီးနောက် အချုပ်ကားလေးစီးအထိဖြစ်သွားပြီး ဗိုလ်တစ်ထောင်ရဲစခန်းတွင် အဆုံးသတ်သွား၏။
စိန်ဓါမြှောင်ကား မည်သည့် အချုပ်ကားတွင်ပါလာပြီး မည်သည့်စခန်းတွင် ကျန်ခဲ့မှန်း သတင်းထောက်များ မသိရတော့။
ရဲတပ်ဖွဲ့သည် သတင်းထောက္များအား လှည့်စားထားခဲ့ခြင်းဖြစ်သည်။
သာမန်ဓါးပြမှုတစ်ခု၏ တရားခံကို ခေါ်ဆောင်ရာတွင် အဘယ့်ကြောင့်ထိုသို့ အဆင့်ဆင့်လှည့်စားခဲ့ကြသနည်းဆိုသည်ကို သတင်းထောက္များလည်း မဝေခွဲနိုင်ခဲ့ကြ။
....................................................................................
ထိုည။
မိုးတဖွဲဖွဲ မြစ်ပြင်မှောင်မှောင်တွင် စက်ရပ်ထားသော ရဲမော်တော်တစ်စီးရှိနေသည်။
ထိုရဲမော်တော်ပေါ်ရှိ မီးမှိန်မှိန်လင်းနေသည့် အခန်းအတွင်းဝယ် တရားခံစိန်ဓါးမြှောင် ထိုင်နေသည်။
သူ့မျက်နှာအား အဝတ်မဲတစ်ခု အုပ်ထား၏။
မကြာမီ ရဲမော်တော်ရှိရာသို့ မော်တော်ဘုတ်တစ်စင်း ဆိုက်လာသည်။
မော်တော်ဘုတ်ပေါ်မှ ဆင်းလာသူများကား သခင်သိန်း၊ ဆိုရှယ်လစ်စစ်ဗိုလ်တစ်ဦး နှင့် အသားညိုညို ပိန်ပိန်ပါးပါး မျက်မှန်ထူထူ ခေါင်းဆောင်တစ်ဦး။
“ဘယ်မလဲဟေ့”
“အထဲမှာပါ..ဗိုလ်မှူးကြီး”
လက်ထောက်ရဲမင်းကြီးက စိန်ဓါးမြှောင်အား ချုပ်ထားသည့် အခန်းသို့ ခေါ်သွားသည်။
စိန်ဓါးမြှောင်ကို လက်ထိပ်နောက်ပြန်ခတ်ထားပြီး ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ခိုင်းထားသည်။
“ခေါင်းစွပ်ချွတ်လိုက်ပါလား”
အရပ်ပုပု ဆိုရှယ်လစ်ဗိုလ်မှူးကြီးက ပြောသဖြင့် ရဲတပ်သားတစ်ဦးက ခေါင်းစွပ်ကို ချွတ်ပေးလိုက်သည်။
ဆိုရှယ်လစ်ဗိုလ်မှူးကြီး နှစ်ဦးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
သခင်သိန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းဆောင်လူကြီးဘက်သို့ လှည့်ပြောလိုက်သည်။
“ဒါ စိန်ဓါးမြှောင်မဟုတ်ဘူး”
ခက်ဇော်
အပိုင်း ၃၅
သောကြာနေ့
ReplyDeleteဥာဏ်ပညာရယ်
ချစ်ခြင်းတရားရယ်
တော်လှန်ရေးကို
ရှင်သန်စေမယ်...❣️
Clicked 💫
ReplyDeleteDone 💪
ReplyDeleteDone 🍀
ReplyDelete🌃
ReplyDeleteဆုံးအောင်ဖတ်မိသွားတော့ အဆက်မျှော်ရပြီ
ReplyDeleteDone
ReplyDelete