The Guys From Mandalay, 1950s အခန်း(၃၅)

The Guys From Mandalay, 1950s

အခန်း(၃၅)

.....................


“ကျွန်တော် စိန်ဓါးမြှောင်ပါ”


ရဲမင်းကြီးဦးဘို က သခင်သိန်းကို မေးဆတ်ပြသည်။


“ဘယ့်နှယ့်တုန်း..သခင်သိန်း..သူက သူ့ကိုယ်သူ စိန်ဓါးမြှောင်ပါလို့ ပြောနေတာ”


“ဒုက္ခပါပဲဗျာ..ရန်ကုန်ထောင်ထဲကလူတွေခေါ်ခဲ့ရမလိုဖြစ်နေပြီ..ဒါစိန်ဓါးမြှောင်မဟုတ်ဘူးဗျ..ခင်ဗျား ဘယ်သူလဲ ..အဘိုးကြီး”


ဆိုရှယ်လစ်ဗိုလ်မှူးကြီးတစ်ဦးက စိန်ဓါးမြှောင်ဆိုသူအား ကုပ်ပိုးမှ ဆွဲကာ မော်တော်ကုန်းပတ်သို့ခေါ်သွားသည်။


“ခင်ဗျား ရေကူးတတ်လား”


“ကူးတတ်တယ်”


“လက်ထိပ်ခတ်လျက်နဲ့ရေကူးဖူးလား”


“ဟင်အင်း”


“အခု ကူးကြည့်မလား...ကန်ချပေးမယ်”


“ဟာ..မလုပ်ပါနဲ့ဗျာ”


“ဒါဆို ခင်‌ဗျားဘယ်သူလဲ..စိန်ဓါးမြှောင် ရော ဘယ်မှာလဲ”


“ကျွန်တော် ဆရာတင်ပါ..စိန်ဓါးမြှောင်က ရန်ကုန်ကို ပြန်ဆင်းလာပါပြီ”


ဗိုလ်မှူးကြီးက ရဲမင်းကြီး ဦးဘိုဘက်သို့ လှည့်လိုက်သည်။


“ခင်ဗျားတို့ကို စိန်ဓါးမြှောင်က တပတ်ရိုက်သွားပြီဗျ..ဘယ်နှယ့်လုပ်ကြမလဲ”


ရဲမင်းကြီးက ခေါင်းကုပ်လိုက်ရင်း


“ဒုက္ခပါပဲဗျာ..သတင်းစာတွေမှာပါ စိန်ဓါးမြှောင်ကိုမိလာပြီဆိုပြီး ပါပြီးနေပြီ..မတတ်နိုင်ဘူး...စိန်ဓါးမြှောင်အစစ်ကို မမိမချင်း ဒီလူကို စိန်ဓါးမြှောင် ခဏလုပ်ခိုင်းထားရမှာပဲ”


“ခင်ဗျားတို့ ဇာတ် ခင်ဗျားတို့နိုင်အောင်က ကြတော့ဗျာ..စိန်ဓါးမြှောင်က ရန်ကုန်ကို ပြန်ဝင်လာပြီတဲ့”


“စိတ်ချပါ..သူ့မယားကို ကျွန်တော်တို့ ဖမ်းထားတာပဲ..သူထွက်လာမှာပါ”

....................................................................................

ဇွန်လ ၂၃ ရက်နေ့။

မစိန်ညွန့်ဆေးလိပ်ခုံ လုယက္မှုနှင့်ပတ်သက်ပြီး တရားခံစိန်ဓါးမြှောင် (ခ) ဆရာသိန်း၊ ယူနွတ်(ခ)သန်းအောင်၊ စိန်ဓါးမြှောင်ဇနီးမမြကြည်၊ တရားခံပြေးဝင်းမောင် ၏ ဇနီး မစိန်ရီ၊ မနှင်း တို့ကို ဗိုလ်တစ်ထောင်ရဲဌာနမှ ပုဒ်မ ၃၉၂-၁၂ (ခ)၄၁၁ တို့ဖြင့် အမှုဖွင့်ကာ တရားရုံးစွဲတင်ခဲ့သည်။


ထိုရုံးချိန်းတွင် ထူးထူးခြားခြားစိန်ဓါးမြှောင်(ခေါ်)ဆရာသိန်းသည် ပင်နီအင်္ကျီမရမ်းစေ့ရောင်၊ ဘန်ကောက်လုံချည်ဝတ်ဆင်လာပြီး ခေါင်းနှင့်မျက်နှာတစ်ခုလုံးကို မျက်နှာသုတ်ပုဝါအုပ်ကာ မျက်လုံးသာဖော်ထားပြီး ရဲတို့အကြားမှ လိုက်လာသည်။


ရုံးတော်တွင် မျက်နှာသုတ်ပုဝါခြုံပြီး အစစ်ခံခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ကြုံရသည့် ထူးခြားသည့် အဖြစ်အပျက်ဖြစ်ကြောင်း သတင်းစာများက ဖော်ပြကြသည်။


မြကြည်နှင့် အနှင်းမှာ မျက်နှာသုတ်ပုဝါအုပ်လာသည့် စိန်ဓါးမြှောင်ကို ကြည့်ကာ ပြုံးနေကြသည်။

ရုံးထုတ်ရာတွင် ခါလေး မပါဝင်လာခဲ့။


ခါလေးကို အချုပ်ကားတစ်စီးဖြင့် တင်ကာ ရဲရုံးချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။


ရဲမင်းကြီးဦးဘို၏ လက်ထောက်အရာရှိရုံးခန်းတွင် ထိုင်ခိုင်းထား၏။

မကြာမီ ရဲမင်းကြီးဦးဘို ဝင်လာသည်။


“ခါလေး (ခေါ်)မောင်လှ..ထောင်ကလွတ်တာမကြာသေးတဲ့ တစ်ယောက်ပဲ”


ခါလေးက ခေါင်းညိမ့်ပြလိုက်သည်။


“လမ်းမတော်ဖိုးတုတ်ရဲ့ တပည့်တွေနဲ့ ပတ်သက်တဲ့အမှု၊ လူမိုက်မြကျင်ကို သတ်တဲ့အမှု..အင်း..မင်းလည်း ခေတဲ့သူတော့မဟုတ်ဘူးပဲ”


ဦးဘိုက ခါလေးရှေ့ စာပွဲပေါ်တွင် တက်ထိုင်ပြီး စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိ့လိုက်သည်။


“ကဲ..ပြောစမ်းပါဦး..ကိုယ့်လူ...မင်းဆရာ စိန်ဓါးမြှောင် ဘယ်မှာလဲ”


ခါလေးက ဦးဘိုကို မော့ကြည်လိုက်သည်။


“ဆရာတို့ပဲ ဖမ်းထားတယ်လေ”


“အဟက်..အဲ့ဒါ စိန်ဓါးမြှောင်မဟုတ်တာ..မင်းလည်းသိပါတယ်”


“ကျွန်တော်မသိဘူး..စိန်ဓါးမြှောင်ဆိုတာ ဘယ်သူလဲ...ကျွန်တော်ကဆရာသိန်းပဲ သိတာ”


“အောင်မယ်..ဆရာတပည့်တွေတယ်လဲလိုက်ကြပါလားဟ...ကဲ..ငါရှင်းရှင်းပဲပြောတော့မယ်.မင်းကို အမှုနဲ့မသက်ဆိုင်ပါဘူးဆိုပြီး.အခု ငါတို့ ပြန်လွှတ်လိုက်မယ်..နောက်တစ်ပတ်ထဲမှာ မန္တလေးတောင်ခြေက ဦးကျော်သိန်းအိမ်ဓါးပြမှုကိုပါ ပြန်စွဲထုတ်ပြီး ရုံးတင်မယ်..အဲ့ဒီအခါကျ စိန်ဓါးမြှောင်မယား မြကြည်ရော၊ မင်းမယားမနှင်းကိုပါ ထောင်ထဲကနေ နှစ်ရှည် ထွက်မရအောင်လုပ်လို့ရတယ်...သူတို့ဆီမှာ တိုက်ရာပါလက်ခံထားကြောင်း အထောက်အထားတွေလည်းရှိနေပြီ”

ခါလေး အလန့်တကြားဖြစ်သွားသည်။


“မင်းတို့ကွာ....မင်းတို့ဆရာ ယောက်ျားကြီးဖြစ်ပြီး ရှောင်နေရလား..မိန်းမခမြာတော့..အချုပ်ထဲမှာ ဒုက္ခများနေချိန်မှာ..ထွီ”


“ခင်ဗျား အဲ့ဒီလိုမပြောနဲ့”


“အေး..အဲ့ဒီလိုအပြောမခံချင်ရင်...မင်းတို့ဆရာကို သုံးရက်အတွင်း ငါ့ဆီ အလာအဖမ်းခံပါလို့ ပြောလိုက်...မင်းတို့မယားတွေကိုလည်း ထောင်မကျအောင် ငါလုပ်ပေးလို့ရတယ်...မန္တလေးတောင်အမှုလည်း ပြန်မတင်စေရဘူးလို့ ငါအာမခံတယ်..ကဲ..ဒီကောင့်ကိုလွှတ်လိုက်တော့ဟေ့”

ရဲအရာရှိနှစ်ဦးဝင်လာကာ ခါလေးအား လက်ထိပ်ဖြုတ်ပေးလိုက်သည်။


ထို့နောက် အောက်ထပ်ရှိ ရဲကားရှိရာသို့ ခေါ်သွားကြလေတော့သည်။


ဇွန်လ ၂၃ ရက်နေ့ည ၁၁ နာရီ။

အလုံ ဆင်းမင်းရပ်ကွက်၊ သိပ္ပံလမ်းနှင့် ကွင်းကျောင်းလမ်းထောင့် မှောင်ရိပ်ထဲတွင်ဖြစ်သည်။


“ခါလေး....မင်း ဘယ်လိုလွတ်လာတာလဲ”


“အမှုနဲ့ မသက်ဆိုင်ဘူး ဆိုပြီး လွှတ်လိုက်တာပဲ..ဝင်းမောင်..ဒါနဲ့ ဆရာကြီးရော”


“ရှိပါတယ်..မင်းကို ဆရာကြီးက အခုလောလောဆယ်တော့ လာမတွေ့နိုင်ဘူးပြောလိုက်တယ်”


“ရဲမင်းကြီးက အရေးကြီးတဲ့ စကားတစ်ခု ငါ့ကို ပြောခိုင်းလိုက်တယ်..ဝင်းမောင်..ဆရာကြီးနဲ့ ငါတွေ့မှ ဖြစ်မယ်”


“ငါ့ကို ပြောလိုက်လို့ရပါတယ်”


“မမမြကြည်နဲ့ အနှင်းတို့အားလုံးကို ဒီအမှုအပြင်၊ မန္တလေးတောင်အမှုပါစွဲတင်ပြီး ထောင်နှစ်ရှည်ကျအောင် လုပ်ပစ်မယ်တဲ့...မလုပ်စေချင်ရင် ဆရာကြီးကိုယ်တိုင် လာအဖမ်းခံပေးပါတဲ့”


“ငါ့မိန်းမ .မစိန်ရီ‌ရောလား”


“အေး..ဟုတ်တယ်”


“ငါပြောလိုက်မယ်..ခါလေး...မင်းပြန်တော့”


“ဟေ့..နှစ်ယောက်လုံး လက္မြှောက်ထားစမ်း..ငါတို့ရဲတွေပဲ”


အမှောင်ထဲမှ အသံကြားသည်နှင့် ဝင်းမောင်က ခြောက်လုံးပြူးကို ဆွဲထုတ်ကာ ပစ်ချလိုက်သည်။


“ဒိုင်း”ခနဲ အသံက ညဥ့်နက်နက်ထဲ ဟိန်းထွက်သွား၏။

အမှောင်ထဲမှ သေနတ်ပစ်သံများ ဆက်တိုက်ကြားရသည်။


ခါလေး ကျောပူခနဲဖြစ်သွားပြီး မှောက်လျက်လဲကျသွား၏။


ဝင်းမောင် ပုခုံးသို့လည်း ကျည်ဆံက ရှပ်မှန်သွားသည်။


ဝင်မောင်က ခြောက်လုံးပြူးကို သုံးချက်ဆင့် ပစ်ပြီး အမှောင်ထဲသို့ ထွက်ပြေးသွားသည်။


သွေအိုင်ထဲတွင် ခါလေး ညည်းညူနေသည်။

ခါလေးလွတ်သည်နှင့် စိန်ဓါးမြှောင်နှင့် သွားရောက်တွေ့ဆုံမည်ဟု ယူဆကာ ရဲမင်းကြီးဦးဘိုက ခါလေးနောက်သို့ ရဲများကို နောက်ယောင်ခံလိုက်ခိုင်းထားခြင်းဖြစ်သည်။


ခါလေးနှင့်တွေ့ဆုံသူမှာ စိန်ဓါးမြှောင်ဖြစ်ရမည်ဟု တထစ်ချတွက်ကာ ဝင်ဖမ်းခဲ့သော်လည်း သေနတ်ဖြင့် စတင်ပစ်ခတ်သဖြင့် ရဲများက ပြန်ပစ်ခဲ့ရသည်။


ထိုဖြစ်စဥ်တွင် ခါလေးနှင့် အတူရှိနေသူကို မမိပဲ ခါလေးကိုသာ ကျည်ဆံထိမှန်ခဲ့သည်။

ရဲတစ်ဦးက ရေအိုင်နဘေးမှောက်ခုံဖြစ်နေသော ခါလေးကို ဆွဲလှန်လိုက်သည်။


ခါလေး၏ သွေးတို့က ရေအိုင်ထဲမှ ရေများဖြင့် ရောကာ အနီရောင်ဖြစ်ကုန်ကြသည်။

ခါလေး၏ မျက်လုံးတို့ကား ညအမှောင်ကမ္ဘာကြီးကို ငေးကြည့်လျက် အသက်မဲ့နေကြသည်။


သူချစ်သော မမနှင်း ၏ အမည်ကို နောက်ဆုံးထွက်သက်တွင် ရေရွတ်ခဲ့သည့်အလား ခါလေး၏ ပါးစပ်မှာ ပွင့်ဟလျက်။

....................................................................................

စိန်ဓါးမြှောင်အမှုတွင် သခင်နု၏ ဖဆပလအစိုးရမှာ အကြပ်အတည်းတစ်ခု ထပ်မံကြုံတွေ့ရပြန်သည်။


၁၉၄၈ ခုနှစ်တွင် မန္တလေးတောင်ခြေတွင် ဓါးပြတိုက်ခံခဲ့ရသည့် ဦးကျော်သိန်း၊ ဒေါ်ခြုံတို့ကစိန်ဓါးမြှောင်အမှုကို ပြန်လည်စစ်ဆေးပေးရန် လျှောက်လွှာတင်လာသည်။

ထိုအမှုတွင်စိန်ဓါးမြှောင်သည် ၁၉၄၉ ခုနှစ်တွင် စိန်ဓါးမြှောင်အား ထောင်ပြောင်းပြီးနောက် အစိုးရမှ တစ်ခါမှ မစစ်ဆေးခဲ့ကြောင်း သတင်းစာများမှ ဖော်ထုတ်တွေ့ရှိကာ ရေးသားလာကြသည်။


ဝန်ကြီးချုပ်သခင်နုသည် စိန်ဓါးမြှောင်အမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ရသည်အထိ ဖြစ်လာခဲ့သည်။

ရဲတပ်ဖွဲ့မှာလည်း ဖမ်းဆီးထားသူမှာ စိန်ဓါးမြှောင်အစစ်မဟုတ်သဖြင့် စိန်ဓါးမြှောင်အား လျှို့ဝှက်ကာလိုက်လံ ဖမ်းဆီးနေကြသည်။


စိန်ဓါးမြှောင်၏ တပည့်ရင်း ဝင်းမောင် လွတ်မြောက်သွားပြီးနောက် ကြည်မြင့်တိုင် ဦးကြွယ်ဟိုးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ တရုတ်သူဌေးမစ္စတာစွန်မုတ်၏ တိုက်နောက်ဖေးဘက် ဘိန်းခန်းတွင် စိန်ဓါးမြှောင် ခိုအောင်းနေသည်ဟု သတင်းရပြီး ဝင်ရောက်စီးနင်းခဲ့သည်။

ထိုအခါတွင်လည်း စိန်ဓါးမြှောင်၏ တပည့် မောင်တင် သာ တွေ့ရှိရပြီး မောင်တင်က ပစ်ခတ်ကာ ရဲလက်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြန်သည်။


စိန်ဓါးမြှောင်ကား ပျောက်ဆုံးလျက်ပင်။

....................................................................................

ဇွန်လ ၂၅ ရက်နေ့၊ နေ့လည် ၁ နာရီ။

မင်္ဂလာဒုံရှိ ခြံကျယ်ကြီးတစ်ခုအတွင်းသို့ ကားတစ်စီး ထိုးဆိုက်လာသည်။


ကားပေါ်မှ ဆင်းလာသူက ဗိုလ်မောင်မောင်။နဘေးနားတွင်ပါလာသူက ချောရင်။

တပ်ကြပ်ကြီးတစ်ဦးက ဗိုလ်မောင်မောင် ၏ ကားကို တံခါးဖွင့်ပေးသည်။


“အထဲမှာ ဗိုလ်မှူးရောက်ပြီလား”


“ရောက်ပါပြီ”


ဗိုလ်မောင်မောင် နောက်မှ‌ ချောရင်က လိုက်ဆင်းလာသည်။

အခန်းကျယ်ကြီးထဲတွင် စားပွဲတစ်လုံး ချထား၏။

စားပွဲနောက်တွင် မေဂျာဂလက်စ်ဟုလည်းကောင်း၊ လန်ဘားကြီးဟုလည်းကောင်း၊ မျက္မှန်ကြီးဟု လည်းကောင်း သုံးမည်ရသည့် ဗိုလ်မှူးအဆင့်တံဆိပ်တပ် အရာရှိတစ်ဦး ထိုင်နေသည်။


“ထိုင်ကြပါ...ထိုင်ကြပါ”


ဗိုလ်မောင်မောင်နှင့် ချောရင်တို့ က ဝင်ထိုင်လိုက်သည်။

ဗိုလ်မှူးမျက်မှန်က စာလိပ်တစ်လိပ်ကို ချောရင်ရှေ့သို့ ပစ်ချပေးလိုက်၏။


“စံဘ ရဲ့ အယူခံအမှု အနိုင်ဒီဂရီပေးပြီး ကွင်းလုံးကျွတ်လွှတ်လိုက်တယ်ဆိုတဲ့ အမိန့်ပါ။ တရားသူကြီးချုပ် လက်မှတ်ထိုးပြီးသား..ဖတ်ကြည့်ပါဦး”


ချောရင်က စာလိပ်ကို ဖြန့်ကာ ဖတ်ကြည့်ပြီး မျက်လုံးများ ဝင်းလဲ့လာသည်။


“ဗိုလ်ချုပ်ကြီးကိုယ်တိုင် တရားသူကြီးချုပ်ကို လက်မှတ်ထိုးခိုင်းခဲ့တာပဲ... ရက်စွဲနေရာမှာ အလွတ်ထားထားတယ်...၁၉၅၈ စက်တင်ဘာလထဲမှာ ဖဆပလဟာ ဗိုလ်ချုပ်ကြီးကို အာဏာမဖြစ်မနေ လွှဲရလိမ့်မယ်...အဲဒီအခါကျ ဗိုလ်ချုပ်ကြီးအစိုးရ ပထမဆုံး ထောင်ကလွှတ်ပေးမယ့်သူဟာ စံဘပဲ...ဘယ့်နှယ့်လဲ ကျုပ်တာဝန်ကျေပါတယ်နော်..အမိ”


ချောရင်က ပြုံးလိုက်သည်။


“နောက်ထပ် တစ်ခုကျန်သေးတယ်ထင်တယ်..ဗိုလ်မှူး”


ချောရင် စကားကို ဗိုလ်မှူးမျက္မှန်က ပြုံးလိုက်သည်။


“ဪ..ငါးရာခိုင်နှုန်းကိစ္စလား”


“ဟုတ်ပါတယ်..ဗိုလ်မှူးကတိပေးထားတယ်လေ”


“C4 တွေကိစ္စက အတော်ကြီးတဲ့ ပြဿနာပဲ....ကျုပ်တို့ လူကြီးတွေက စဥ်းစားတယ်.အမေရိကန်အနေနဲ့ တရုတ်ဖြူတွေဆီ ဒီပစ္စည်းတွေပို့မယ်ဆို ထိုင်းကနေပို့လို့ရနေတယ်..လေယာဥ်ကွင်းတွေလည်း သူတို့မှာ ရှိနေပြီပဲ..ဘာလို့ ရန်ကုန်ဆိပ်ကမ်းကို သုံးတာလဲဆိုတာ ဘယ်လိုမှမဖြေမတွေ့ဘူး...နောက်တော့ မင်းကျေးဇူးနဲ့ အလိန်ကို ကျုပ်တို့ ဖမ်းမိလိုက်တယ်...ပြဿနာကရှင်းရှင်းလေးပဲ..တရုတ်ဖြူက ဒီပစ္စည်းတွေကို တရုတ်ပြည်မထဲမှာ ဖောက်ခွဲရေးအတွက်သုံးမယ်...ဒီပစ္စည်းတွေ ဟာ မြန်မာပြည်ကို ဖြတ်ပြီးသယ်ယူခဲ့တာပါဆိုတဲ့ အထောက်အထားတွေချန်ထားမယ်..အဲ့ဒီအတွက် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ နဲဆက်ဆံရေးတည်ဆောက်နေတဲ့ မြန်မာအစိုးရအကြား ပြဿနာတက်ကြမယ်..မြန်မာနဲ့ တရုတ် ဆက်ဆံရေးအဆင်မပြေရင် စီအိုင်အေက ဒီမှာ လွယ်လွယ်ဝင်ကစားမယ်...ဒါပဲ..သိပ်လှတဲ့ ကစားကွက်လေးပေါ့....ဒါပေမယ့်..အခု အဲ့ဒီ ပစ္စည်းတွေက လမ်းကြောင်းပြောင်းသွားပြီ.... အိန္ဒိယနဲ့ စစ်ဖြစ်ဖို့ အမြဲပြင်နေတဲ့နိုင်ငံတစ်ခုဆီ ရောက်သွားပြီ..ပါကစ္စတန်ဟာ.ဒီပစ္စည်းတွေနဲ့ အိန္ဒိယကို တိုက်ခဲ့မယ်ဆို 

.ဒီပစ္စည်းတွေ ကျုပ်တို့ဆီကို မတော်တဆရောက်လာပြီး ကျုပ်တို့ဆီကနေ ကရာချိကို ရောက်သွားတယ်ဆိုတာ ဘယ်သူမှ သိလို့မဖြစ်ဘူး....ဒီ‌ေတာ့...မင်းတို့ ဝေစုရပြီးရင် နှုတ်လုံဖို့တော့လိုတယ်...မင်းတို့ကို ငါဘယ်လောက်ယုံရမလဲ”


“ကျွန်မတို့ကို စိတ်ချပါ”


“ဗိုလ်မောင်မောင်ကရော..စစ်တပ်က ထွက်စာတင်ထားတယ်ဆို”


“ဟုတ်ပါတယ်...ဗိုလ်မှူး..ကျွန်တော်ဆက္မလုပ်ချင်တော့လို့ပါ”


“ကောင်းပါတယ်ဗျာ...ကောင်းပါတယ်..ကဲ..ဆရာကြီးရေ...သူတို့နှစ်ယောက်ကို ရသင့်တဲ့ ဝေစုလေး ပေးလိုက်ပါဦး”


“ဒိုင်း”


“ဒိုင်း”


ထောက်လှမ်းရေးတပ်ကြပ်ကြီး၏ လက်ထဲမှ သေနတ်သံနှစ်ချက်ဆက်တိုက် ထွက်လာသည်။


မျက္မှန်ကြီးက စစ်ယူနီဖောင်းပေါ်စွန်းထင်လာသော သွေးစများကို လက်ကိုင်ပုဝါဖြင့် သုပ်ပြီး မတ်တပ်ရပ်လိုက်သည်။


“စိတ်မကောင်းပါဘူး..ကောင်မလေး..မင်းယောက်ျားကိုတော့ ငါတို့ကတိအတိုင်း ပြန်လွှတ်ပေးမှာပါ..မင်းကို လွှတ်ပေးဖို့တော့ ငါအမိန့်မရခဲ့ဘူး”


အုတ်ကျွတ်နီနီများမိုးထားသည့် အဆောက်အဦသည် အေးစက်တိတ်ဆိတ်နေ၏။


တချက်တချက် ပြည်လမ်းမဘက်ဆီမှ ကားသံများကို ကြားနေရသည်။


ထိုင်ခုံပေါ်တွင် ဘေးတစ်စောင်းလဲကျနေသော ချောရင်၏ ခေါင်းမှ သွေးများက တစက်စက်ယိုစီးကျကာ

တမံသလင်းကြမ်းပြင်တွင် အိုင်ထွန်းနေတော့သည်။


စားပွဲပေါ်တွင် ခေါင်းငိုက်စိုက်ကျနေသော ဗိုလ်မောင်‌ေမာင် ၏ အလောင်းကို တပ်သားနှစ်ဦးက ဂုန်နီအိတ်ထဲ ထည့်လိုက်သည်။


နောက်ထပ် တပ်သားနှစ်ဦးက ဂုန်နီအိတ်ကို ကိုင်လျက် ချောရင် ၏ အသက္မဲ့နေသော ခန္ဓာကိုယ်ထံသို့ ဦးတည်လိုက်သည်။

....................................................................................


ဇူလိုင်လ ၁၆ ရက်နေ့။ နံနက်စောစော။

ရဲမင်းကြီး ဦးဘို သည် ဗိုလ်ချုပ်စျေးဆံသဆိုင်ထဲမှ ဆံပင်ညှပ်ပြီးနောက် စိန်ဓါးမြှောင်ရုံးချိန်းရှိရာသို့ သွားရန် ကားပေါ်တက်လိုက်သည်။


“မင်းကြီး...ကျွန်တော်စိန်ဓါးမြှောင်ပါ”


ရုတ်တရက် သူ့ကားနောက်ခန်းမှ အသံကြောင့် ဦးဘို အလန့်တကြားဖြစ်သွားသည်။

လက်မောင်းချိုင်းအောက်တွင် ချိတ်ထားသော သေနတ်ကို ထုတ်ရန် ပြင်လိုက်၏။


“စိတ်အေးအေးထားပါဗျာ..ခါလေးနဲ့ ပြောခိုင်းလိုက်တဲ့ သတင်းစကားရပါတယ်..ကျွန်တော် လာအဖမ်းခံတာပါ”


ဦးဘိုက သူ့ကားပေါ် မည်သို့ ရောက်နေမှန်းမသိသော စိန်ဓါးမြှောင်ကို တအံတဩကြည့်နေသည်။


စိန်ဓါးမြှောင်က ခြောက်လုံးပြူးသေနတ်နှင့် ဓါးမြှောင်တစ်ချောင်းကို ဦးဘိုထံ ကမ်းပေးလိုက်သည်။


စိန်ဓါးမြှောင်သည် နေကာမျက္မှန်အမဲကိုတပ်ထားသည်။ ဘယ်ရီကတ်ဦးထုတ်ကိုဆောင်းထား၏။

တိုက်ပုံအနက်ရောင်နှင့် ပုဆိုးအပြာကွက်ကျဲကို ဝတ်ကာ ခါးပတ်ပတ်ထားသည်။


“ကျွန်တော့်လူတွေကို ရဲက လိုက်သတ်နေတာတွေရပ်ပေးပါ။ နောက်ပြီး ဓါးပြမှုတွေအားလုံးဟာ ကျွန်တော် နဲ့ပဲ ဆိုင်ပါတယ်...မြကြည်တို့ အနှင်းတို့ နဲ့ လုံးဝမဆိုင်ပါဘူး...သူတို့ကို လွှတ်ပေးပါ..ကျွန်တော် အဖမ်းခံပါတယ်”


“ခင်ဗျားကို သခင်သိန်း၊ ဗိုလ်မှူးကြီး အောင်ကြီးတို့ကလည်း တွေ့ချင်နေကြသေးတယ်..စိန်ဓါးမြှောင်..ဘယ်ကို အရင်ခေါ်သွားပေးရမလဲ”


“ဒီနေ့ ရုံးချိန်းရှိတယ်မဟုတ်လား...တရားရုံးရှေ့ကိုပဲ ကျွန်တော့်ကို ခေါ်သွားပေးပါ..အဲ့ဒီလူနဲ့ တွေ့ရမှာထက် ကျွန်တော် ထောင်ထဲပဲ ဝင်နေတော့မယ်..မင်းကြီး..ကွျန်‌ေတာ်ဘဝမှာ ဘယ်သူနဲ့မှ အပေးအယူမလုပ်တော့ဘူး..အထူးသဖြင့် နိုင်ငံရေးသမားတွေနဲ့ပေါ့”


ရဲမင်းကြီးဦးဘိုက ပြုံးလိုက်သည်။

ထို့နောက် ကားကို ဗိုလ်တစ်ထောင်အချုပ်ခန်းဘက်သို့ မောင်းထွက်သွားတော့၏။


နောက်တစ်နာရီအကြာ ရုံးချိန်းတွင် မျက်နှာကို အဝတ်မအုပ်တော့ပဲ ဘယ်ရီကပ်ဦးထုတ်၊နေကာမျက်မှန်နှင့် ရုံးထွက်လာသော စိန်ဓါးမြှောင်ကို သတင်းထောက္များ အံသြသင့်စွာ တွေ့လိုက်ရတော့သည်။

....................................................................................

၁၉၅၈ ဧပြီလ ၂၇ နေ့ညတွင် ဝန်ကြီးချုပ်သခင်နုက ဖဆပလအဖွဲ့ကြီးကို နှစ်ဖွဲ့ခွဲရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ဖဆပလကို အတိအလင်းနှစ်ခြမ်းခွဲလိုက်ပြီးနောက် ဦးနုနှင့်သခင်တင် ခေါင်းဆောင်သော အုပ်စုက သန့်ရှင်ဖဆပလဟု အမည်ခံကာ၊ ဦးဗဆွေ၊ဦးကျော်ငြိမ်းဦးဆောင်သော အုပ်စုက တည်မြဲဖဆပလဟု အမည်ခံခဲ့သည်။


အတိုက်အခံပမညတ အဖွဲ့က ဦးနု၏ သန့်ရှင်းဖဆပလဘက်မှ ရပ်တည်ခဲ့ကြသည်။


၁၉၅၈ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ၆လအတွင်းကျင်းပရန်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် အစိုးရကို ဖွဲ့စည်းရန် အာဏာထိုးအပ်ခဲ့သည်။


၁၉၅၈ ဩဂုတ်လ ၁၂ ရက်။

ရန်ကုန်ထောင်ကြီး ဘူးဝတွင် လူတစ်ယောက်ရပ်နေသည်။


မကြာမီ ဂျစ်ကားတစ်စီးထိုးဆိုက်လာ၏။


“စံဘ”


ထွန်းရင်က ဂျစ်ကားပေါ်မှ ဆင်းလာသည်။


“ထွန်းရင်.‌...မင်းတစ်ယောက်တည်းလား..ချောရင်ရော.‌..ချောရင်..ကိုဂန္ဓမာကြီးတို့ရော...”


“လာကွာ..ကားပေါ်တက်....ကိုဘသိန်းနဲ့ မမသင်းမြ တို့၁၄ လမ်းအိမ်မှာ မင်းကိုစောင့်နေကြတယ်”


“ဟင်..သောင်းဘားကို မပြန်ဘူးလား”


“သောင်းဘား မရှိ‌တော့ဘူး...စံဘ”


“ချောရင်ရော..ချောရင်..ဘယ်မှာလဲ”


ထွန်းရင် က တိတ်ဆိတ်နေသည်။ ဂျစ်ကားစက်နှိုးသံသာ ထွက်လာခဲ့သည်။

....................................................................................

၁၉၅၉ မတ်လ ၂၆ ရက်။


မစိန်ညွန့်ဆေးလိပ်ခုံ ဓါးပြမှုအတွက် စိန်ဓါးမြှောင်(ခ)ဆရာသိန်း အား ထောင်ဒဏ် (၃)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။


ဖော်ကောင်ယူနွတ်(ခ)သန်းအောင်အား ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့သည်။

မမြကြည် အား ထောင်ဒဏ်(၉)လချမှတ်ခဲ့ရာ ချုပ်ရက်နှင့် ပြီးပြတ်ခဲ့သည်။


တရားခံ ဆရာတင်(စိန်ဓါးမြှောင်အမှတ်ဖြင့်ပထမဆုံးဖမ်းခံရသူ)၊ မနှင်း၊ မရင်ရင်နှင့် မစိန်ရီတို့အား အမှုမှ တရားသေလွှတ်ပေးခဲ့သည်။


ရုံးတော်မှ အမိန့်ချပြီးသည့်နောက် စိန်ဓါးမြှောင်သည် မြကြည်ရှိရာသို့ လက်ထိပ်တန်းလန်းဖြင့် လမ်းလျှောက်လာသည်။


စိန်ဓါးမြှောင် ပြုံးနေသည်။

မျက်ဝန်းတွင် မျက်ရည်များလည်း ဝေ့ဝဲနေ၏။


“အကို့ကြောင့် မြကြည် ဒုက္ခတွေခံခဲ့ရတာ တောင်းပန်ပါတယ်”


မြကြည်က စိန်ဓါးမြှောင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။


“အကို အထဲမှာ အေးအေးဆေးဆေးနားလိုက်ပါဦး..အပြင်ရောက်တာနဲ့ အလုပ်တွေ ပြန်စဖို့ ညီမ လူ ပြန်စုထားလိုက္မယ်”


မြကြည်နဘေးတွင် ရပ်နေသော အနှင်းသည် ဧရာလေးကို ချီလျက် တရားရုံးဝဆီသို့ .မျှော်ကြည့်ရင်း ငေးရီနေသည်။


သူမ မျှော်နေသော ခါလေးက သူမထံ ဘယ်သောအခါမှ မလာနိုင်တော့မှန်း သိပါလျက်နှင့်..။

....................................................................................


၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်။

ပီနန်းမြို့ကလေးသည် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲရန် အသင့်ဖြစ်နေကြသည်။


ပီနန်းမြို့စွန်ရှိ သစ်သားအိမ်ကလေးရှေ့တွင် မြန်မာပြည်မှ ပြောင်းရွှေ့အခြေချလာကြသော အဘိုးအိုလင်မယားနှင့် အိမ်နီချင်းတသိုက် နှစ်သစ်ကူးပါတီပွဲကျင်းပရန် ပြင်ဆင်နေခဲ့ကြသည်။


အဘိုးအိုသည် ရမ်ပုလင်းထဲမှ ရမ်အရက်ကိုတစ်ပက်ကို ဖန်ခွက်ထဲ ငှဲ့ထည့်ကာ ဇနီးဖြစ်သူနှင့် ကလေးတသိုက် စားစရာများပြင်ဆင်နေသည်ကို ရယ်မောရင်း ကြည့်နေ၏။


ထိုအချိန်တွင် ကလေးငယ်တစ်ဦးက အဘိုးအိုထံ ပြေးလာပြီး စာအိတ်တစ်ခု ကမ်းပေးသည်။


“မနက်က ဘဘတို့မရှိချိန် စာလာသွားလို့”


ကလေးငယ်က မလေးစကားဖြင့် ပြောကာ စာအိတ်ကို ပေးသွားသည်။


စာအိတ်ပေါ်တွင် သို့ မစ္စတာသောင်းရီ ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးထား၏။


အဘိုးအိုက စာအိတ်ကိုအလျင်အမြဲဖြဲကာ အထဲမှ စာရွက်ကို ထုတ်လိုက်သည်။


မိုင်းကိုင်စက္ကူစလေး တစ်ရွက်။


တရုတ်စာများအောက်တွင် ဂန္ဓမာသောင်းရီဟူသော သူ၏လက္မှတ်ကို ထိုးထားသည်။


အဘိုးအိုက ကမန်းကတန်းထကာ အိမ်ထဲသို့ ဝင်သွား၏။


အဘွားအိုက အဘိုးအိုနောက္မှ လိုက်လာသည်။


“ဘာဖြစ်တာလဲ..မောင်”


“14Kတွေ ရောက်လာကြပြီ..အသောင်း”

....................................................................................


The Guys From Mandalay 1950s ပြီးပါပြီ။


ခက်ဇော်


(The Guys From Mandalay,1950 အတွက် မုဒိတာအပြည့်ဖြင့် သမိုင်းဆိုင်ရာ အချက်အလက်များ ကူညီပေးခဲ့သော ဆရာရဲရင့်ရန်နိုင် အား ကျေးဇူးဂါရဝတင်ရှိပါသည်ခင်ဗျား)


နောက်ဆက်တွဲဖြစ်ရပ်များ

............................

- ၁၉၆၂ ဇန်နဝါရီလ နံနက်ခင်းတွင် ဂန္ဓမာသောင်းရီ ကို 14K အဖွဲ့မှ မလေးရှားနိုင်ငံ၊ ပီနန်းကျွန်းပေါ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၃)နှစ်ရှိပြီဖြစ်သည်။

-

- ၁၉၆၀ ခုနှစ်တွင် စိန်ဓါးမြှောင်သည် ထောင်မှ လွတ်မြောက်လာခဲ့သည်။တောင်ဥက္ကလာပမြို့သစ်တွင် တိုင်းရင်းဆေးကုရင်းနေထိုင်ခဲ့သည်။ ရန်ကုန်မြို့တွင်းရှိ အချို့သောဓါးပြမှုများကို ဆက်လက်ကြိုးကိုင်ထားဆဲဟု ရဲတပ်ဖွဲ့က ယူဆခဲ့သော်လည်း မည်သည့်အမှုတွင်မျှ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ပေ။

- ၁၉၈၀ ခုနှစ်တွင် မမြကြည်ကွယ်လွန်ပြီးနောက် စိန်ဓါးမြှောင် သည် ရန်ကုန်မြို့မှ ပျောက်ဆုံးသွားခဲ့သည်။ ၁၉၈၉ခုနှစ် အိန္ဒိယနယ်စပ်တွင် ကွယ်လွန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။


ကျမ်းကိုးများ

- ရင်ကိုထိမှန်လာသောမှုခင်းများ ရဲရင့်ရန်နိုင်

- နှစ်တစ်ရာပြည့်မန္တလေး  ရွှေကိုင်းသား

- မန္တလေးသူ၊မန္တလေးသားများ  လူထုဒေါ်အမာ

- ကျွန်တော်ဂျာနယ်လစ်  သာဂဒိုး၊ စိန်ခင်မောင်ရီ

- ကဖိုးဉာဏ်၏မဂ္ဂဇင်းဝတ္ထုတိုများ  ဖိုးဉာဏ်

-  ဗမာခေတ်မှသည် ကြေးမုံဆီသို့  ကြေးမုံဦးသောင်း

-  ၁၉၅၃ မှ ၁၉၅၇ ထုတ် ဗမာ့ခေတ်၊ကြေးမုံ၊ အထောက်တော်၊ မိုးကြိုးသတင်းစာများ

- အကွဲအပြဲဇာတ်လမ်း  ဂါးဒီးယန်းဦးစိန်ဝင်း

-  လုံးဝလွတ်လပ်ရေးသို့   စစ်ကိုင်းဟန်တင်

- တပ်မတော်မှဆင်နွှဲခဲ့သောစစ်ဆင်ရေးများ(၁၉၅၀-၁၉၆၂) တပ်မတော်မော်ကွန်းတိုက်

- နု-အက်တလီမှ ပြည်တော်သာခရီး  တိုင်းချစ်ပုံနှိပ်တိုက်

- ပြည်တော်သာညွှန်ကြားချက်များ  ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ချုပ်စာစဉ်

- မြန်မာနိုင်ငံတွင်ထုတ်ပြန်ခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်အမိန်များ ဦးစန်းလွင်

- ဦးဘညိမ်၏ဦးဘညိမျ  ဦးဘညိမျ

- Banks,MoneyLenders and Microfinancein Burma Sean Turnell

- Dongri to Dubai  S.Hussain Zaidi

- မြန်မာ့ရက်စဥ်သမိုင်း   ပထမတွဲ၊ စာပေဗိမာန်

- တိုင်းရင်းမြန်မာဆေးနည်းပဒေသာ  ဦးမင်းထက်

Comments


  1. မခက်ခဲတဲ့ ဘဝဆိုတာရှိလို့လား

    ကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?

    အရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့

    ReplyDelete
  2. ခေတ်အဆက်ဆက်မှာ

    လူငယ်တွေဟာ တာဝန်ကျေခဲ့တယ်

    အတိတ်က သွေးစက်တွေမခြောက်သေးဘူး

    အနာဂတ်လမ်းကိုလည်း သွေးနှင့်ခင်းနေရဆဲ

    လိုချင်တာ #တရားမျှတမှု

    မပြီးဆုံးသေးတဲ့လက်ဆင့်ကမ်း
    တာဝန်တွေကို

    နိုင်ရာကူရင်း အာဏာရှင်စနစ်ကို အဆုံးသတ်ကြစို့!!

    တရားတဲ့သူသာနိုင်ကြေး!!

    ပြည်သူ့အရေးတော်ပုံအောင်ကိုအောင်ရမည်!!

    ၈.၈.၈၈
    ၈.၈.၂၂

    ReplyDelete

Post a Comment