အလှ ဘယ်မှာနည်း

 အလှ ဘယ်မှာနည်း


အလှကို ကျွန်တော်သည် ဆရာမဒေါ်ရွှေကြည်၏ ကလေးကင်ပွန်းတပ်ပွဲတွင် တွေ့ရပါသည်။

ကျွန်တော့်ရည်းစား ပျောက်လို့ရှာ…၊

တွေ့ရင် ပြောကြပါ။

သူ့မျက်နှာက ခင်မင်စရာ၊

မှတ်မိတာလဲ သေအချာ။

နှာခေါင်းအောက်မှာလည်း မြင်နိုင်တာ၊

ပါးစပ်မှာလည်း သွားနဲ့ပါ…။

ငွေတစ်ထောင် ပေးပါ့မယ်ဗျာ။

တွေ့ကြရင် လမ်းညွှန်ပါ။

အထက်ပါသီချင်းသွားနှင့် ကျွန်တော် အလှကို စတင်တွေ့မြင်ရပါသည်။

ဂျပန်ခေတ်ကဖြစ်ပါသည်။ စမ်းချောင်း အရပ်တီးဝိုင်းတစ်ခုနှင့် ကပ်ပွန်းတပ်ပွဲကို ဧည့်ခံရာ ဖော်ပြပါသီချင်းတစ်ပုဒ်ကို ကြားရပါသည်။ ထိုသီချင်းမှာ ဟာသ ရသနှင့်ပြည့်စုံပါပေသည်။ ကျွန်တော်မှတ်မိသလောက် တေးသွားမှာ အထက်ပါမျှဖြစ်သော်လည်း တစ်ပုဒ်လုံးခြုံလိုက်ပါမူ သူ့ရည်းစားမှာ မျက်လုံးနှစ်လုံးပါသည်၊ နားရွက်နှစ်ခုပါသည်။ နှာခေါင်းနှစ်ပေါက်ပါသည် စသည့်ပြက်လုံးများဖြင့် ကြားရသူတို့ကို ရွှင်ပြုံးရယ်မောစေပါသည်။ “မှတ်မိတာလည်းသေအချာ ပါးစပ်မှာလည်း သွားနဲ့ပါ”တေးအချ၌ အလှနှင့်ကျွန်တော် မျက်စိချင်းတွေ့ကြရာ အပြုံးချင်းလည်း ဆုံမိသည်။ အထူးသဖြင့်… သူ့သွား ပုလဲလုံးလေးတွေက လှလွန်းပါသည်။ “အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ထွေး”ဟု ဆိုရာ ထိုဧည့်ခံပွဲမှာ အလှနှင့် ကျွန်တော်သည် ကြမ်းတစ်ပြေးမှာ ပန်းတစ်ပေးမျှသာ လှမ်းဝေးသဖြင့် ဖြူစင်ဝင်းဝါသော သူ့အသားမှာ မြကြောစိမ်းစိမ်း မွေးနုရှိန်းပင် မြင်နေရပါသည်။

ခါး၊ တင်၊ ရင် အတိုင်းအတာနှင့် မယ်ဘွဲ့ဝင်တို့နှင့်ယှဉ်သော် ကိုယ်လုံးကိုယ်ထည် အချိုးအစားချင်းတူညီရန် မခဲယဉ်းသော်လည်း အလှ၏အသားရောင်(ဆိုပါတော့ဗျာ) အရေပြားအလှကိုမီဖို့ကား ရှားအံ့ထင်ပါ၏။ ထိုအသားအရောင်ပိုင်ရှင်မျိုးသည် နှုတ်ခမ်းနီ၊ ပါးနီ… မင်ရည်ဆေးတောင့် စသော ‘မိတ်ကပ်’တွေ ကူညီရန်မလို၊ စိမ်းမှောင်သော မျက်ခုံးအောက်တွင် မည်းနက်သောမျက်လုံး၊ ဝါဝင်းသောပါးပြင်၊ နီထွေးသောနှုတ်ခမ်းအသွင်တို့မှာ မပြုမပြင်ဘဲ နဂိုယဉ်ပြီး၊ လှပြီး၊ ချောပြီး ဖြစ်နေပါ၏။

ရေကြည်သောက်ရင်… မြင်ရမလောက်ပင် x x အသားတော် ဝင်းလို့ ဝါဝါရီရွှင်… ဆိုသည့် သီချင်းစကားလုံးများမှာ နန်းတော်ရှေ့ဆရာတင်သည် ကျွန်တော့် ‘အလှ’ကဲ့သို့ အမျိုးသမီးကို မြင်ဖူး၍သာ ဖွဲ့ဆိုနိုင်ခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။

အလှနှင့်ကျွန်တော်သည် တွေ့ကြသောအချိန်မှာ ကျွန်တော့်အသက်သည် ၂၂ နှစ်၊ ပျိုမျစ်နုနယ် ငယ်ရွယ်တုန်းပါ။ အလှအသက်က ၂၀ နှစ်မျှသာ ဖြစ်ပါသည်။

အလှ၏အမည်ကို အလှဟူ၍ မည်သူကမျှမပြောပါဘဲနှ့င် အလှကို မြင်သူတိုင်းက အလှဟု ခေါ်မိကြမည်ဖြစ်သည်မှာ ဤမိန်းကလေး၏ ဝမ်းတွင်းပါနာမည်ဟု ဆိုရပါချေမည်။

ကျွန်တော်သည် ဆရာမဒေါ်ရွှေကြည်၏ကလေး ကင်ပွန်းတပ်ဧည့်ခံပွဲ၌ အလှကို မြင်ပြီးကတည်းက သူ့အမည်ကို မည်သူ့အားမျှ မမေးတော့ဘဲ အလှ ဟုပဲ စိတ်ထဲက ရည်မှတ်ခဲ့ရာ အကယ်ပင် သူ့နာမည် အလှ ဟုဖြစ်နေကြောင်း သီတင်းတစ်ပတ်မျှအကြာတွင် သိရပါတော့သည်။

ထိုနေ့က ဆရာမဒေါ်ရွှေကြည်သည် ရန်ကုန်သွားရန် စမ်းချောင်း မြင်းလှည်းဂိတ်မှ ကျွန်တော့်မြင်းလှည်းပေါ်တက်စီးရင်း…၊

“ဟေ့… မောင်ကြင်ဆွေ၊ မင်း ဟိုနေ့က အလှ နောက်ကလိုက်ပြီး သီချင်းဆိုတယ်ဆို”


ကျွန်တော်သည် အလိုလို စိတ်ထဲကသိပြီးဖြစ်နေလျက်၊ သို့သော် ပိုမိုသေချာအောင်…


“အလှ ဆိုတာ ဘယ်သူလဲ ဆရာမ…”


“ဟေ့… ငါ့ကလေး ကင်ပွန်းတပ်ပွဲတုန်းက မင်း မျက်စိကျနေတဲ့ ကောင်မလေးပေါ့ကွာ…”

မှန်ပါသည်။ သူ့ကင်ပွန်းတပ်ပွဲအပြီး ၃ ရက်မြောက်၌ ကျွန်တော်သည် စမ်းချောင်းမြင်းလှည်းဂိတ်မှ ဗဟန်းသို့သွားရန် ခရီးသည် ၃ ယောက်နှင့် မြင်းလှည်းကို တာစူနေစဉ် ကြည့်မြင်တိုင်ဘက်မှလာခဲ့သော ရထားတစ်စီးတွင် အလှသည် နောက်ပိုင်းမှ ခြေကလေးတွဲလွဲချစီးလာသည်ကို မြင်ရသည်၌ ကျွန်တော်သည် ကိုယ့်လှည်းလူပြည့်အောင် မစောင့်တော့ဘဲ ထိုလှည်းနောက်မှ ကပ်လိုက်ကာ သူကလေးကြားလောက်ရုံလောက်…

ကျွန်တော့်ရည်စား ပျောက်လို့ရှာ၊

တွေ့ရင် ပြောကြပါ။

မှတ်မိတာ သေအချာ၊

ပါးစပ်မှာလည်း သွားနဲ့ပါ…။

သူကလေးသည် ကင်ပွန်းတပ်ပွဲတုန်းက ပြုံးသည့်နည်းတူ ကျွန်တော့်အားကြည့်၍ ပြုံးလိုက်ပါသည်။


သည်အကြောင်း ဆရာမဆီက ကျွန်တော်သိရတော့ လွန်စွာ နှစ်ထောင်းအားရဖြစ်လျက်…

ဆရာမကို ဘယ်သူပြောလဲ… ဟင်…”


“ဘယ်သူပြောရမှာလဲ… အလှက ပြောတာပဲပေါ့ကွ… နောက် မင်းက လမ်းမှာ လူတစ်ယောက်ရပ်တင်တော့ ကျန်ရစ်ခဲ့ရောတဲ့၊ အဲဒီ အလှစီးတဲ့ မြင်းလှည်းသမားက မင်းကို စိတ်ဆိုးသတဲ့၊ ဘာကြောင့်လဲဆို အဲဒီစီးမယ့်လူက ပထမရှေ့လှည်းစီးမလို့ဟာ မင်းကလည်း အလှတို့လှည်းနောက်က ကပ်ရပ်တော့ ခရီးသည်က ‘ဟာ… နောက်လှည်းချောင်တယ်’ဆိုပြီး တက်စီးတော့… ဟိုလူက စိတ်ဆိုးပြီး မင့်မြင်းမမီအောင် သူ့မြင်း ရိုက်မောင်းသွားတာပဲကွ”

“ဟုတ်တယ်… ဆရာမ၊ အဲဒါ ကျွန်တော့်အမှားပဲ။ တကယ်ဆို ရှေ့လှည်းက လူရပ်တင်ရင် ကျွန်တော် ကျော်တက်သွားရမယ်၊ ဒါပေမဲ့… ဆိုပြီး ကျွန်တော့်မှာ ရှေ့စကားမဆက်နိုင်ဘဲရှိနေရာ လူ့သဘောနောကျေနေပြီဖြစ်သော ဆရာမက…”

“ဒါပေမဲ့… မင်းက အလှ နောက်က လျှောက်လိုက်ချင်တာနဲ့ ရပ်လိုက်တယ်ဆိုပါတော့၊ အဲဒါကို အလှကလည်း သိပါတယ်ကွာ၊ ဟေ့… ဒီမှာ မောင်ကြင်ဆွေ၊ အလှကလည်း မင်းကို စိတ်ဝင်စားနေပါတယ်ကွ၊ သူက ငါ့ဘယ်လို စပြောသလဲဆိုရင် ဆရာမအိမ်မှာတွေ့ခဲ့ရတဲ့ ကောင်လေးက မြင်းလှည်းမောင်းနေရပါလား… သနားစရာလေးတဲ့၊ ဒီတော့… ငါက မသနားပါနဲ့ မယ်မင်းကြီးမ၊ သူ့မိဘတွေက တောမှာချမ်းသာပါတယ်… သူ့ဟာသူ ရန်ကုန်မှာပျော်လို့ လုပ်ချင်တာလုပ်နေတာလို့ ပြောလိုက်တယ်၊ မင်းတို့ချင်း နီးစပ်နိုင်ပါတယ်ကွာ…”

စင်စစ် ရန်ကုန်မှာ အိမ်ထောင်ကျ၍ ကျွန်တော် မြင်းလှည်းမောင်းနေရသည်ကို ဆရာမသည် သိဟန်မတူ၊ သူ ခုနက ပြောသကဲ့သို့ပင် ကျွန်တော်က အပျော်သက်သက် လုပ်နေသည်ဟု ထင်နေပုံပေါ်ပါသည်။ ထို့ကြောင့် အလှ၏ နေရပ် အိမ်နံပါတ်ကို ပြောပြပါသည်။ အလှ၏နာမည် အပြည့်အစုံမှာ လှလှကြည်ဖြစ်ကြောင်းလည်း ပြောပြပါသည်။ သို့အတွက် ယင်းသည့်နေ့မှစ၍ ကျွန်တော်မောင်းနေသော ဖောင်းဝတ်မ၏ နာမည်သည် “လှလှကြည်” ဖြစ်သွားပါသတည်း။


* * *

လူ့ဘဝ၌ ကံချင်းနီးစပ်မှုရှိပါက တိုက်ဆိုင်မှုတို့ဖြစ်တတ်သည်မှာ ဓမ္မတာတည်း။


ပြောရဦးမည်။ ဂျပန်ခေတ်တွင် ဗဟန်းသည် ရန်ကုန်မြို့၏ အစည်ကားဆုံးနေရာဖြစ်သည်။ ရွှေတိဂုံစေတီတော်ကြီး၏ ပတ်ဝန်းကျင်ကိုတော့ မဟာမိတ်တို့က ဗုံးမချဟု ယုံကြည်စွာဖြင့် ဘုရားကြီးပတ်လည်မှာ လူများစုရုံးနေထိုင်ကြသည်။ ဈေးဆိုင်ကနားတို့နှင့် လွန်စွာစည်ကားလှ၏။


ကျွန်တော်တို့ စမ်းချောင်းဘက်ကလာပါမူ ဘောင်ဒရီလမ်းမှ လင့်ခ် လမ်းချိုးလိုက်သည်နှင့် ဗဟန်းရွှေမြို့တော်ထဲ ဝင်ရသည်နှင့် တူချေသည်။ ထိုအချိန်က လင့်ခ်လမ်းသည် မြို့တော်လမ်းမကြီးနှင့် တူပေသည်။ အဆောက်အဦ ကြီးကြီးမားမား ခိုင်ခိုင်ခန့်ခန့်နှင့်တော့မဟုတ်။ ဝါး၊ ဓနိ၊ မြေစိုက်အိမ်များ၊ ဆိုင်များဖြင့် လမ်းနှစ်ဘက်တွင် ပြည့်နှက်လျက်…။ လင့်ခ်ဟိုတယ်၊ ဥက္ကလာဟိုတယ်… စသည်ဖြင့် တရုတ်တန်းနေရာကို ယူထားပေသည်။

တစ်နေ့သောညနေခင်း၌ ကျွန်တော်သည် လင့်ခ်ဟိုတယ် မျက်နှာစာရှေ့၌ မြင်းလှည်းကိုရပ်လျက် ဟိုတယ်ကထွက်လာမည့် ခရီးသည်ကို စောင့်နေသည်။ အထူးသဖြင့် အညာသားကုန်သည်များ၊ ထိုစဉ်၌ သူတို့သည် ဂျပန်ငွေစက္ကူထုပ်ကို သင်အူလျှော်ကြိုးဖြင့် ချည်နှောင်သည်ထိ ချမ်းသာကြသည်ဖြစ်၍ ရက်ရောစွာ သုံးဖြုန်းလေ့ရှိကြပေသည်။ သည်လိုအညာသားများ ဟိုတယ်ကထွက်၍ မူးလာကြပြီဆိုပါက ဇိမ်မယ်အိမ်များကို ပို့ခိုင်းတတ်၍ လှည်းခငွေ မြိုးမြို့မြက်မြက် ရတတ်သည်။

ယင်းသို့ အမဲမျိုးစောင့်နေစဉ် ကျွန်တော်မမျှော်လင့်သော အဖြစ်မျိုး ကြုံရသည်။ လင့်ခ်ဟိုတယ်ထဲမှ အမျိုးသမီးတစ်ယောက်က ခပ်သုတ်သုတ်ကလေးထွက်လာလျက်(အလို… အလှပါလား) ကျွန်တော့်မြင်းလှည်းပေါ် အမြန်တက်ကာ…

“ကိုကြင်ဆွေ… ကိုကြင်ဆွေ… မြန်မြန် မောင်းစမ်းပါ၊ မြန်မြန်မောင်းစမ်းပါ…”

သူ့နောက်က တစ်စုံတစ်ယောက် လိုက်လာသည့်နှယ်(ဟာ… ဟုတ်သပေါ့) ဂျပန်စစ်ဗိုလ်တစ်ယောက်၊ ခါးမှာဗြောက်နှင့် ဓားလွယ်ကြီးနှင့်…

“ဟေး… အလ… အလ…”

ဘာရမည်နည်း။ ကျွန်တော်က မြင်းကို ကြိမ်နှက်၍ထွက်သည်။

“ဟေး… ဘိရမာ… မာစတာ လိုက်မယ်ကဲ…”

သူနောက်က ပြေးလိုက်လာသည်။ သူ့မျက်နှာမှာ အရက်မူးနေပုံလည်းပေါ်သည်။ အလှမှာ လွန်စွာစိုးရွံ့နေပုံပေါ်လျက်…

“ကိုကြင်ဆွေ… လွတ်အောင်သာမောင်းစမ်းပါ…”

“စိတ်ချပ…”ဆို၍ ကျွန်တော်မြင်းကို ခြေကုန်သုတ်သည်။ ဂျပန်ကလည်း အလျှော့မပေး၊ အပြေးလိုက်သည်။ သို့ရာတွင် ဘွတ်ဖိနပ်ရှည်ကြီးနှင့်ဖြစ်ရကား မီဖို့ခဲယဉ်းသည်။ သို့သော် လင့်ခ်လမ်းမှ ဘယ်ဘက် ဘောင်ဒရီလမ်းချိုးလိုက်သည်နှင့် မျက်နှာချင်းဆိုင်မှ အပြင်းမောင်းလာသော ဂျပန်စစ်ကားကြောင့် ရှေ့က ခပ်ဖြည်းဖြည်းမောင်းနေသော မြင်းလှည်းကို ကျွန်တော် ကျော်မတတ်နိုင်၊ ယင်း၌ ကိုရွှေပန် မြင်းလှည်းပေါ်ရောက်လာပြီး မြင်းဇက်ကြိုးကိုင်နေသော ကျွန်တော့်လက်ကိုဆွဲကာ မြင်းကိုရပ်စေပြီး ကျွန်တော့်ပါးကို ရိုက်ပါတော့သည်။ ထိုစဉ်၌ ကျွန်တော်တို့ဗမာများသည် ဂျပန်စစ်ဗိုလ်၊ စစ်သားများကို ခုခံရရိုးမရှိပါ။ သူတို့ပြုသမျှ ခံရသည်သာ။

သို့သော် အလှ… အလှ…။

အလှသည် သူ့ဖိနပ်ချွတ်၍ ဂျပန့်ပါးကို ဘယ်ပြန်ညာပြန် တီးတော့သည်။ ယင်းမှ ဂျပန်သည် ကျွန်တော့်ကိုလွှတ်လိုက်ပြီး အလှကို စေ့စေ့ကြည့်သည်။ မိန်းမသားကိုတော့ ဘာမျှမလုပ်။ အလှက ရိုက်ရင်း သူ့အားဆင်းသွားရန် ဂျပန်လိုပြောသည်။ အနီးရှိသူများလည်း ဝိုင်းအုံလာကြသည်။ ယင်း၌ ဂျပန်သည် သူကြမ်း၍မရမှန်းသိပြီး အလှအား ဂျပန်လိုကြိမ်းမောင်းပြောဆိုပြီး မြင်းလှည်းပေါ်မှ ဆင်းသွားတော့သည်။

သည်တော့မှ ကျွန်တော်မြင်းလှည်းကို ဆက်မောင်းသည်။ ကျွန်တော့်ပါးစပ်မှ သွေးများကို ထွေးထုတ်လိုက်သည်။ ကျွန်တော့်နှုတ်ခမ်းထောင့်မှ သွေးများစို့နေသည်။ အလှက သူ့လက်ကိုင်ပဝါလေးနှင့် သုတ်ပေးလျက်…

“ကိုကြင်ဆွေ… တော်တော်နာသွာသလား…”

ကျွန်တော်က သူ့လက်ကလေးကို ဖယ်စေလျက် ပြုံးရယ်ကာ …

“ယောက်ျားပဲ၊ ဒါလောက်တော့ နာတယ်ဘယ်ခေါ်မလဲ…”

“ကျွန်မကြောင့် ဒီလိုဖြစ်ရတာ… စိတ်မကောင်းလိုက်တာရှင်…”

“အောင်မယ်… ဒါလောက်များ ဘာဟုတ်သေးလဲ… ကျွန်တော်က ဂျပန်ဒဏ်တော့ ဒီလောက်မက ခံဖူးသေးတာပဲ”ဟု အစချီကာ သူစိတ်မကောင်းမှုပြယ်ပျောက်စေရန် ပြုံးရယ်ကာဖြင့်… ဂျပန် စရောက်ခါစနှစ်၊ ကျွန်တော် မြင်းလှည်းမောင်းခါစတုန်းကပေါ့… ကိုယ်က မြင်းလှည်းလည်း ကောင်းကောင်းမမောင်းတတ်သေး၊ မောင်းရတာကလည်း မြင်းသိုးကလေး၊ သိပ်ပြီးတော့ အာ မာတယ်၊ တော်ရုံတန်ရုံ ဆွဲရုံနဲ့ သူ မရပ်တတ်ဘူး။ ဒါနဲ့… တစ်နေ့ စကော့ဈေးရှေ့မှာပေါ့၊ ကိုယ်က မြင်းလှည်းမောင်းအသွား၊ ဓားလွယ်ကြီးတွေနဲ့ ဂျပန်စစ်ဗိုလ်ကြီး ၃ ယောက်ကဖြတ်အလာ… သူတို့က ရပ်မပေးဘူး။ မြင်းလှည်းကသာ ရပ်ပေးရမယ်ပေါ့။ ဒါနဲ့ ကျွန်တော်မြင်းကို ဆွဲရပ်တယ်။ ဒါပေမဲ့ မြင်းသိုးလေးက တော်ရုံတန်ရုံ ဆွဲရုံနဲ့ မရပ်တဲ့ကောင်ပေကလား၊ ဂျပန်တစ်ယောက် ဟောဒီမြင်းလှည်း ညာဘက်လက်တံနဲ့ နံစောင်း ပိတ်ထိုးလိုက်တာ တုံးခနဲလဲပါရော….၊ ဒီတော့ သူတို့အားလုံး ခုရား.. ခုရား… ဖြစ်ကြတုန်း လစ်မှပဲဆိုပြီး မြင်းကို တအား ရိုက်မောင်းပါတယ်။ မလွတ်ဘူးဗျို့၊ မလဲတဲ့ ဂျပန်နှစ်ယောက်က မြင်းလှည်းအမိုးကိုင်းကို မိနေတော့ ကျွန်တော်ခံရတာပဲ…။

“ခံရတာမှ မြင်းလှည်းအောက်ကို ဆင်းပေးရတယ်။ လဲသွားတဲ့ဂျပန်ကြီးက ကျွန်တော့်လက်ထဲက မြင်းရိုက်တဲ့ ထားဝယ်ကြိမ်လုံးလေးယူပြီးတော့ ပါးကို ဘယ်ပြန်ညာပြန် ချတော့တာပါပဲ။ ကျွန်တော်က မြင်းကိုဆွဲသော်လည်း ဒီမြင်းက အာ မာနေတာမို့ ဒီလို မတော်တဆ ဖြစ်ရတဲ့အကြောင်း ဒင်းတို့နားလည်မလားလို့ အင်္ဂလိပ်လိုပြောဆိုပြီး တောင်းပန်ပါတယ်။ လား… လား သူတို့က ဘာမှ နားမလည်တာလား၊ ကျွန်တော် စကားပြောလေ ပိုရိုက်လေ… ဒီတော့ နံဘေးကလူတွေက ဘာမှမပြောဘဲ ငြိမ်သာခံနေပါဆိုလို့ သူတို့ရိုက်သမျှ အားရအောင် ခံလိုက်ရပါတယ်ဗျာ။ တကတဲ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီကျန်ခဲ့တာပါပဲ… ဟဲ… ဟဲ…”


ကျွန်တော်ကရယ်၍ အဆုံးသတ်လိုက်တော့ အလှသည် ကျွန်တော့်အား ကရုဏာသက်စွာဖြင့် ကြည့်လျက်…

“ဖြစ်မှဖြစ်ရလေ ကိုကြင်ဆွေရယ်”

“ကိုယ့်ဝဋ်ရှိလို့ ခံရတယ် ယူဆရတာပေါ့၊ မြန်မာပြည်ကြီး တစ်ပြည်လုံးတောင် သူတို့လက်အောက်မှာ ခံနေရတယ် မဟုတ်လား”

အလှသည် သက်ပြင်းချလျက်…


“ဒီဂျပန်ကောင်တွေဟာ သိပ်ပြီးမိုက်ရိုင်းတယ်၊ ဘယ်တော့မှ သူတို့လက်အောက်က လွတ်မယ်မသိဘူး”

“တစ်နေ့လွတ်ရမှာပေါ့လေ၊ ဒါနဲ့ ခုန ဂျပန်ကောင်က…”

“အလှ အလုပ်လုပ်တဲ့စက်ရုံက စစ်ဗိုလ်လေ၊ ဪ.. ကိုကြင်ဆွေ့ ပြောရဦးမယ်၊ အလှက သူတို့ရုံးမှာ စကားပြန်လုပ်တယ်၊ ဒီကောင်က အလှကို ကြံနေတာ သိသားပဲ၊ ဒီနေ့ သူလုပ်ပုံက ကိစ္စတစ်ခုပြောစရာရှိလို့ဆိုပြီး သူ့အထက်အရာရှိကို ခွင့်တောင်းပြီး ခေါ်လာတယ်၊ ဒီဟိုတယ်ရောက်တော့ စာသောက်စရာကျွေးရင်း အလှကို ချစ်စကား ကြိုက်စကားပြောပြီး ခပ်ကြမ်းကြမ်းလုပ်လာတာနဲ့ အလှ ထွက်လာခဲ့တာ ကိုကြင်ဆွေနဲ့ တွေ့နေတာပဲ၊ ကိုကြင်ဆွေ့နာမည် အလှသိနေတာ မအံ့ဩဘူးလားဟင်…”

“မအံဩပါဘူး၊ ကျွန်တော်ကလည်း ဆရာမဒေါ်ရွှေကြည်ပြောလို့ အလှနာမည် လှလှကြည်ဆိုတာရယ်၊ လမ်းနဲ့ အိမ်နံပါတ်ရယ် သိနေတာပဲ၊ ကဲ ရှေ့ကလမ်း ညာဘက်ချိုးရမယ် မဟုတ်လား”


သို့နှင့် အလှတို့အိမ်ရှေ့ မြင်းလှည်းရပ်လိုက်သည်။ အလှက သူတို့အိမ်ပေါ်တက်ပါဦးဆို၍ သူ့အမေနှင့် တွေ့ရသည်။ အလှက ယခု ဖြစ်ပျက်လာခဲ့ပုံကို သူ့အမေအား ပြောပြသည်။ သည်တော့အမေက သူ့သမီးအတွက် ကျွန်တော် ဤကဲ့သို့ခံခဲ့ရသည်ကို အလွန်စိတ်မကောင်းကြောင်း…

“ဟာ ကိစ္စမရှိပါဘူး ဒေါ်ဒေါ်၊ အလှက အဲဒီဂျပန်ကို ဘယ်ပြန်ညာပြန် ဖိနပ်နဲ့ချလိုက်တာပဲ ကျေနပ်လှပါပြီ၊ ကျွန်တော် စိုးရိမ်တာက အလှ အလုပ်အတွက်”


ဤတွင် အလှက…

“ဒီအတွက် မပူပါနဲ့ ကိုကြင်ဆွေရယ်၊ အလှက ဒီဂျပန်ပါးရိုက်ပြီးကတည်းက အလုပ်ထွက်ဖို့ ဆုံးဖြတ်ပြီးသားပါ”

ထို့နောက် ကျွန်တော်ပြန်မည်ဟု နှုတ်ဆက်သောအခါ အလှက ကျွန်တော့်အား မြင်းလှည်းခပေးမည်အပြု၌ ကျွန်တော်က မျက်နှာချင်းစေ့စေ့ကြည့်၍ ခပ်တိုးတိုးအသံနှင့်…

“မလုပ်ပါနဲ့ အလှရယ်၊ တစ်ယောက်တစ်ယောက် အဖိုးအခ မယူတဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်”


* * *


“ကဲ… ကိုကြင်ဆွေရေ… အလှကို အဖိုးအခမယူတဲ့ ကူညီမှုတစ်ခု လုပ်ပေးပါဦး”

နောက်တစ်နေ့ညနေ၌ အလှသည် ကျွန်တော့်အား ဗဟန်းမြင်းလှည်းဂိတ်၌ တွေ့၍ ပြောပါသည်။

“ဘယ်လိုကူညီရမလဲ အလှ”

“နက်ဖြန်ခါမနက် ၁၀ နာရီလောက်လေ အလှတို့ အလုပ်လုပ်တဲ့ရုံးကို လိုက်ခဲ့စမ်းပါ”

“လိုက်နိုင်ပါတယ်၊ ဘာကိစ္စ”

“အလှတို့ ဘော့စ် ဂျပန်ကြီးက ကိုကြင်ဆွေ့ တွေ့ချင်လို့တဲ့၊ ကြည့်ချင်လို့တဲ့လား”

အလှက ရယ်မောပြီး…

“အဲဒီစစ်ဗိုလ်ကို ကိုကြင်ဆွေ့ တောင်းပန်ခိုင်းလိမ့်မယ်”

“အောင်မယ်… ဒါဖြင့် ဒီဂျပန်အရာရှိ လိမ္မာသားပဲ”

“အက်ဂျူကိတ်တက်ပဲ၊ အင်္ဂလိပ်လို ကောင်းကောင်းတတ်တယ် ကိုကြင်ဆွေ၊ ဂျင်းတယ်လ်မဲင်းပဲ”

“ဒါဖြင့် တွေ့ကြရတာပေါ့ဗျာ”

“ဒါပေမဲ့ ကိုကြင်ဆွေ ဒီလိုမြင်းလှည်းသမားစတိုင်ကြီးနဲ့ မလုပ်နဲ့၊ ဆရာမကလေး ကင်ပွန်းတပ်ပွဲတုန်းကလို ပိုးအင်္ကျီအနက်ကလေးနဲ့၊ ကာကီရောင်ဘန်ကောက်လုံချည်လေးနဲ့ စတိုင်ကျကျဝတ်ခဲ့နော်”

“သည်တော့ အလှကလည်း ဟိုနေ့တုန်းကလိုပဲ ဖက်ဖူးရောင် အင်္ကျီလေးနဲ့ ကြိုးကြီးချိတ်ထမီ အစိမ်းနုဝတ်ခဲ့ပေါ့ ဟုတ်လား”

ကျွန်တော်တို့နှစ်ယောက်သား တစ်ယောက် တစ်ယောက် ကြည့်၍ သဘောကျစွာ ရယ်ကြသည်။

နောက်တစ်နေ့နံနက်ဝယ် ဖော်ပြပါ အဝတ်အစားများနှင့် ကျွန်တော်တို့နှစ်ယောက်သည် အလှတို့ရုံးရှိရာ ဂိုးလ်ဒင်းဘယ်လီသို့ သွားကြသည်။ ကျွန်တော်သည် မြင်းလှည်းကို ကိုယ်တိုင်မမောင်းချေ။ ကျွန်တော့်မိတ်ဆွေ ကိုသောင်းအား မောင်းခိုင်းသည်။

ခမ်းနားသော အိမ်ကြီးအလုပ်ခန်းထဲ၌ ကျွန်တော်တို့နှစ်ယောက် ဂျပန်အရာရှိကြီးရှေ့ရောက်တော့ အသက် ၆၀ လောက်ရှိမည့် အဘိုးကြီးသည် စာကြည့်နေသော သူ့မျက်မှန်ချွတ်၍ ကျွန်တော်တို့ကို မော့ကြည့်လိုက်ပြီးနောက် အလှအား ဝမ်းသာသောအသံဖြင့်…


“အိုး ယူဝါ ဖီယန်စီ ဖိုင်းဖိုင်း”

ကျွန်တော့်မှာ ပါးစပ်အဟောင်းသားဖြစ်သွား၍ စိတ်ထဲမှ ဟိုက်ခနဲ မြည်လိုက်မိသည်။ ဂျပန်ကြီးပြောလိုက်သည့် အင်္ဂလိပ်စကားအဓိပ္ပါယ်မှာ “မင်းနဲ့ လက်ထပ်မယ့်လူ ချောပါတယ် လှပါတယ်…” ဟု ဖြစ်နေ၏။

အလှမှာမူ သူ့အကွက် သူဆင်ထားသည်မို့ ဣန္ဒြေမပျက်ဘဲ…

“သိုင်းကျူးဆာ”

“ဆစ်ဒေါင်း-ဆစ်ဒေါင်း”ဟု ဂျပန်ကြီးကဆို၍ ကျွန်တော်တို့ သူ့ရှေ့က ကုလားထိုင်များတွင် ထိုင်ရသည်။

နောက် အဘိုးကြီးက ဂျပန်လိုအော်လိုက်သည်၌ ကျွန်တော့်အား ပါးရိုက်သော ဂျပန်စစ်ဗိုလ် ထွက်လာပြီး ကျွန်တော့်ရှေ့မှာ မတ်တတ်ရပ်ရသည်။


အဘိုးကြီးက အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော့်အား…

“မင်းကို ပါးရိုက်တာ သူဟုတ်လား”

“ဟုတ်ပါတယ်”

“သူ့ကို ပြန်ပြီးတော့ ပါးရိုက်လိုက်ပါ”

ကျွန်တော်က ခေါင်းခါ၍…

“မရိုက်ချင်ပါဘူး”

“ဒါဖြင့် မင်းကိုယ်စား ငါ ရိုက်ပေးရမှာပေါ့”ဆိုပြီး ထိုင်ရာမှထ၍ ထိုဂျပန်အား သူတို့ထုံးစံအတိုင်း ဘယ်ပြန်ညာပြန် ၃ ချက်ရိုက်လိုက်သည်။ ပြီးလျှင် သူတို့ ဂျပန်စကား ဂျပန်အမူအရာဖြင့် အလေးပြုလျက် သူမှားကြောင်း၊ ခွင့်လွှတ်ပါရန် တောင်းပန်သည်။ အလှက ဂျပန်လိုပဲ ပြန်ပြောသည်။


သည်နောက် ထိုဂျပန်ထွက်သွားသောအခါ အဘိုးကြီးက အလှအား “ကောင်းမွန်စွာပဲ အလုပ်ပြန်လုပ်ပါ၊ နောက်ကို ဒီလို မနှောက်ယှက်စေရပါဘူး။ ကျွနု်ပ်တာဝန်ခံပါတယ်”

ထိုကိစ္စပြီး၍ ကျွန်တော်တို့ဂျပန်ရုံးမှ ပြန်လာခဲ့သောအခါ အလှက…

“ကိုကြင်ဆွေ… ဟိုနေ့က အလှပြောခဲ့တဲ့အတိုင်း မနေ့ကထွက်စာတင်တယ်။ အဘိုးကြီးက ဘာ့ကြောင့်လဲမေးလို့ အကျိုးအကြောင်းပြောပြတော့ အောင်မယ်… သူ့စစ်ဗိုလ်လေး ကောင်းသားပဲ၊ လက်ထပ်လိုက်ပါလား လုပ်နေလို့ အလှလည်း ရုတ်တရက် စိတ်ကူးရရာ အလှမှာ စေ့စပ်ထားတဲ့လူ ရှိပြီးသားပါလို့ ပြောမိရာက နောက်ကြောင်းခိုင်မာအောင် ကိုကြင်ဆွေကို ခေါ်ပြလိုက်ရတာပဲ။ စိတ်မရှိပါနဲ့နော်…။ ဒီလို အကူအညီပေးတဲ့အတွက်လည်း ကိုကြင်ဆွေ့ကို သိပ်ပြီး ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်စရာမလိုပါဘူး အလှရယ်၊ ကျွန်တော်က တကယ် ကိုယ့်ကိစ္စအတွက် လိုက်ပြီးဆောင်ရွက်ရတာလို့ ယူဆလိုက်ချင်ပါတယ်”ဟု ကျွန်တော့်စိတ်ထဲက ပြောချင်လှသော်လည်း အလှနှင့် ကျွန်တော်အတွေ့က နောက်ကျခဲ့လေပြီ။


ထိုနေ့က ကျွန်တော်တို့သည် အလှအား ကြည့်မြင်တိုင်ရှိ သူ့အိမ်သို့လိုက်ပို့ပြီး ပြန်လာကြသောအခါ မြင်းလှည်းမောင်းသော ကိုသောင်းကမေး၍ ဇာတ်ကြောင်းပြောပြသောအခါ သူက အားမလိုအားမရနှင့်…

“ဟာဗျာ… ခင်ဗျားတို့နှစ်ယောက် ညားရင် သိပ်ရှေ့သွားနောက်လိုက် ညီမှာပဲ၊ တကယ်ညားဖို့ ကောင်းတယ်ဗျာ”

“မဖြစ်နိုင်တော့တာပဲ ကိုသောင်းရယ်”

“ခင်ဗျားမှာ အိမ်ထောင်ရှိနေမှန်း သူသိပုံမပေါ်သေးဘူးနော်”

“ကျွန်တော့်ကို လူပျိုထင်နေတာဗျ”

“အေးလေ… ခင်ဗျားကလည်း လူငယ်ကျောင်းသား ရုပ်ကလေး ရှိသေးတာပဲ…”

မှန်ပါ၏။ အကယ်တိ စစ်မဖြစ် ခေတ်မပျက်ဘဲသာရှိပါက ထိုအရွယ်မှာ ကျွန်တော်သည် ကျောင်းသားပဲရှိပါဦးမည်။

ကိုသောင်းနှင့် ကျွန်တော်မှာ မြင်းလှည်းသမားဘဝကတည်းက နောင် စာရေးဆရာဖြစ်သည်အထိ အလွန်ခင်မင်ကြသည်။ ညနေတိုင်း အတူစားဘော်သောက်ဘက် ဖြစ်သည်။ ကိုသောင်းသည် ဖိနပ်ထောင်ဆရာဖြစ်၍ သူ့ဖိနပ်မှာ နွားခေါင်းတံဆိပ်ဖြစ်သည်။ သူအားလျှင် ကျွန်တော်မြင်းလှည်းမောင်းရာကို လိုက်တတ်သည်။ အလှ၏ချောမောလှပကြောင်းကို တဖွဖွ ပြောသည်။ အလှနှင့်ကျွန်တော် တွေ့ကြသေးလား ခဏခဏ မေးသည်။

အလှနှင့်ကျွန်တော်မှာ သူ အလုပ်သွား အလုပ်ပြန်ရာ၌ ကျွန်တော့်မြင်းလှည်းနှင့် မကြာခဏ ဆုံတတ်ပါသည်။ နောင်၌ တစ်ဦးနှင့်တစ်ဦး စောင့်သည်၊ ကြိုသည်အထိ ခင်မင်လာကြသည်။

၁၉၄၄ ခုနှစ်၊ နွေရာသီ တစ်နေ့သ၌မူ အလှနှင့်ကျွန်တော်သည် တစ်သက်မမေ့နိုင်သောအဖြစ်ကို ကြုံရသည်။

ထိုနွေမှာ အလှသည် အလုပ်မှခွင့်တစ်လရ၍ ကန်ဘဲ့ရှိ သူ့အဘွားအိမ်သို့ အတော်ကြာ သွားနေရမည်ဖြစ်သောကြောင့် သူ့ပစ္စည်းများကို ကျွန်တော့်မြင်းလှည်းနှင့် တင်ပို့ရသည်။ သူ့မှာ ကြောင်မလေးတစ်ကောင် ပါလာလေသည်။

ကြည့်မြင်တိုင်နှင့် ကန်ဘဲ့ခရီးကို မြင်းလှည်းတစ်ကြိုးတည်းနှင့် မမောင်းနိုင်ပါ။ လမ်းတွင် ခရီးတစ်ထောက် နားရသည်ဖြစ်သောကြောင့် ကုက္ကိုင်းလမ်းမှ ကန်ဘဲ့လမ်း မချိုးမီ တစ်နေရာဝယ် (အတိအကျတော့ မမှတ်မိတော့ပြီ) ကုက္ကိုလ်ပင်ကြီးတစ်ပင်အောက်၌ မြင်းလှည်းကိုရပ်လိုက်သည်။

ကျွန်တော် မြင်းလှည်းပေါ်ကဆင်းပြီး မြင်းဘေးရပ်ကာ ထုံးစံအတိုင်း လေချွန်၍ မြင်းကိုသေးပေါက်အောင် ပြုလုပ်နေစဉ်…

''အောင်မယ်လေ… လုပ်ပါဦး ကိုကြင်ဆွေ၊ ကြောင်လေး ခုန်ချပြေးပြီ” ဆိုသံကြား၍ ကြည့်လိုက်တော့ သူ့ကြောင်လေးသည် လမ်းဘေးရှိခြံဝင်းတစ်ခုထဲသို့ ဝင်ပြေးသည်။ ထိုခြံဝင်းထဲရှိ တိုက်အိမ်ကြီးမှာ ဂျပန်များနေကြသည်။ ထိုအိမ်နံဘေးမှာ ဂိုဒေါင်တန်းလျားကြီး ဆောက်ထားသည်။ စပါးကျီသဖွယ် အဆင့်နှင့်ဖြစ်၍ အမြင့်မှာ လူလေးဖက်ထောက် တွားသွားနိုင်ရုံ ဖြစ်သည်။

ကြောင်လေးသည် တန်းတန်းမတ်မတ်ပင် ထိုဂိုဒေါင်အောက်ဝင်ပြေးသည်ဖြစ်၍ နောက်မှပြေးလိုက်သွားကြသော အလှနှင့်ကျွန်တော်လည်း နှစ်ယောက်ပြိုင်တူ ယင်းဂိုဒေါင်အောက် လေးဖက်ထောက်ဝင်လိုက်ကြရတော့၏။ ဂိုဒေါင်အလယ်လောက်ရောက်လေ မှောင်လေမို့ ကြောင်လေးကို မျက်ခြည်ပြတ်သွားလေပြီ…။

“စီစီမာ… စီစီမာ… လာ-လာ ဘယ်မှာလဲ စီစီမာရယ်”

ဤနေရာမျိုး၌ ကြောင်သည် ခွေးနှင့်မတူချေ။ ကြောင်သည် ပြေးပြီဆိုပါက ကိုယ့်သခင်မှန်း မသိတော့ချေ။ ဘယ်တော့မှ ခေါ်မရတော့ပေ။ လိုက်လေ… ပြေးလေ…။


“စီစီမာ… စီစီမာ”

အလှသည် ကြေကွဲသောအသံလေးနှင့် ဟိုဟိုဒီဒီ လေးဖက်ထောက်လျှောက်ရင်း အကြိမ်ကြိမ်ခေါ်သည်။ သို့သော် ကြောင်လေး၏ ပြန်ထူးသံလည်း မကြားရ၊ တွေ့လည်း မတွေ့ရချေ။

ကျွန်တော်သည် သူ့နံဘေးက လေးဖက်ထောက်၍ နှစ်ယောက်ယှဉ်ကာ လိုက်သွားသည်။ အမှောင်ထုဖြင့် လူချင်းမှာ ဝါးဝါးသာ မြင်ရလျက် သူ့ကိုယ်ရနံ့သာ ကျွန်တော့်နှာခေါင်းမှာ ကြိုင်ထုံနေသည်။

ဂိုဒေါင်အောက် မှောင်ကြီးမည်းမည်း၌ ကြောင်အတွက် စိတ်ဇောဖြင့် ပါးစပ်က တစာစာခေါ်ရင်း လေးဖက်ထောက်လျှောက်၍ တော်တော်မောသွားမှ သူ ကြောက်ရမှန်းသိလာလျက် ကျွန်တော့်ကို အားကိုးသောအသံနှင့်…

“ဟင်… ကိုကြင်ဆွေ… အလှအနားမှာ ရှိရဲ့လား”

“ရှိပါတယ်…”ဟု အသံပြုကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတော့မှ ကျွန်တော်၏အရောင်လက်သော မျက်လုံးနှစ်စုံ ဆုံမိကြသည်။

ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာသည်။ သူလည်း ထို့အတူ နေလိမ့်မည်သာ။

တစ်ဦးကိုတစ်ဦး စေ့စေ့ကြည့်လျက် ခေတ္တမျှ စကားပြတ်နေပြီးမှ…

“ဟင်… မှောင်လိုက်တာ ကိုကြင်ဆွေရယ်…”

“ဟုတ်တယ်…. အလှ…”

“အလှကြောင်လေးတော့ ပြန်ရတော့မှာမဟုတ်ဘူး။ ဘယ့်နှယ်လုပ်မလဲ…”

“ကြောင်ဟာ ဒီလိုပဲ… မတတ်နိုင်ဘူး၊ ဒီမှာ ကျွန်တော်တို့ ကြာကြာနေလို့မကောင်းဘူး၊ ဒါ ဂျပန်တွေနေတာ”

သူကရှေ့မှ၊ ကျွန်တော်ကနောက်မှ ကလေးတွေများ ဆင်လုပ်တမ်း ကစားကြသကဲ့သို့ အမြန်လေးဖက်စိုင်းထွက်ခဲ့ကြသည်။ ဒူးတွေ လက်ဖဝါးတွေကိုနာရော။

အပြင်ရောက်၍ မတ်တတ်ရပ်လိုက်ကြသော် ဂျပန်ကြီးတစ်ယောက် ပက်ပင်းတိုးနေသဖြင့် ကျွန်တော်တို့မှာ မျက်လုံးပြူး၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သို့သော် တော်ပါသေး၏။ ထိုဂျပန်မှာ စစ်သားမဟုတ်၊ ကုန်သည်ပိုင်းမှ ယဉ်ကျေးသူဖြစ်၍ အတော်မြန်မာရည်လည်နေရကား ကျွန်တော်တို့ နှစ်ယောက်အား စေ့စေ့ကြည့်ပြီး ပြုံးကျဲကျဲမျက်နှာနှင့်…

“အား မာစတာ မြင်တယ်က၊ ရည်းစား ဒီမှာ လာတွေ့ကြတယ်… ကောင်းတယ်ကား” ဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့မှာ သူ့ကို မည်သို့မျှ မထုချေတော့ဘဲ ခေါင်းငိုက်စိုက်နှင့် လစ်ခဲ့ကြတော့သည်။

ကျွန်တော်တို့ကိုယ်များမှာ ပင့်ကူမြှေးတွေ၊ ဖုန်တွေ၊ ချွေးတွေနှင့် အဝတ်များလည်း နွမ်းကြေနေကြသည်။ ဂျပန်ကား ကျွန်တော်တို့ကို ကြည့်ကာ ကျယ်လောင်စွာရယ်မော၍ ကျန်ခဲ့ပေ၏။

ကျွန်တော်တို့မြင်းလှည်းပေါ်သို့ ရောက်ကြသော်… တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောနိုင်ကြတော့ဘဲ ကျွန်တော်က မြင်းကိုသာ ခပ်မြန်မြန် မောင်းခဲ့တော့၏။ အလှက သူ့ကိုယ်မှ ပင့်ကူမြှေးတွေ၊ ဖုန်တွေကို သုတ်သင်သည်။ ကျွန်တော်ကိုယ်ကိုလည်း သုတ်သင်ပေးသည်။

ထိုစဉ် သူရှိုက်သံကြားရ၍ ကျွန်တော်လှည့်ကြည့်တော့ သူ့မျက်နှာမှာ မျက်ရည်စတွေနှင့်…

“ဟင်… အလှ ငိုနေတယ်၊ ငိုပါနဲ့ကွယ်…”

“အလှကြောင်လေးတော့ ဒုက္ခရောက်တော့မှာပဲ…”

“သူ့ဟာသူ သွားချင်လို့သွားတာ ဘာလို့ ဒုက္ခရောက်ရမှာတုံး”

“သူ့ဘယ်သူက အစာကျွေးမလဲ”

“အောင်မယ်လေး၊ အဲဒီဂိုဒေါင်ထဲမှာ ကြွက်တွေအပြည့်ဗျာ…”

“အလှ… သူ့ကို သိပ်ချစ်တာ၊ ညဆို အတူတူအိပ်တာ…”

“နားမငြီးဘူးလား၊ ကြောင်များအိပ်ရင် တဂွီးဂွီးနဲ့၊ ရေနွေးအိုးဆူသလို မြည်နေတာ…”

“အလှကြောင်က အဲလို မမြည်ပါဘူး…”

“မညာပါနဲ့၊ ကြောင်မှာ မမြည်တဲ့ကြောင်ရှိမလား၊ ကဲ တိတ်ပါ၊ မျက်ရည်စတွေ သုတ်ပစ်၊ ပေါင်ဒါပြန်ရိုက် ပျောက်သောကြောင် ကြာရင်မေ့ပေါ့…”

သူသည် ကျွန်တော်ပြောသည့်အတိုင်း လက်ပွေ့အိတ်ဖွင့်၍ တို့ဖတ်ရိုက်ရင်း…

“မေ့ပါဘူး… မေ့ပါဘူး… အလှကြောင်တော့ ဘယ်တော့မှ မမေ့ဘူး”

“ကဲ… ဒါဖြင့် ကြောင်အစားယူမလား…”

“အလှကြောင်နဲ့ အမွေးရောင်ချင်း တူတာရှိလို့လား…”

“အလှ လိုချင်တယ်ဆိုရင် မတွေ့တွေ့အောင် ရှာပေးမယ်လေ ယူမလား…”

“ကိုကြင်ဆွေပေးရင် ယူချင်တယ်…”

အဆင်သင့်ပင် ကျွန်တော့်မိတ်ဆွေ မြင်းလှည်းသမား ကိုမြတ်သာအိမ်တွင် ဒီအရောင်မျိုး ကြောင်တစ်ကောင်တွေ့ရသည်နှင့် အရက်တစ်ပုလင်းနှင့်လဲပြီး ယူသွား၍ ပေးလိုက်သည်။ သို့သော် အလှ ပျောက်သွားသော ကြောင်က စီစီမာတဲ့၊ အောင်မလေး။ ကျွန်တော်… ယူသွားတဲ့ကောင်က အထီးဖြစ်နေ၏။ သို့ရာတွင် အလှသည် အထီးလား၊ အမလား မေးမနေဘဲ သူ့ယခင်ကြောင်နှင့် အမွေးရောင်ချင်း တော်တော်တူပါတယ်ဟုဆိုပြီး ဝမ်းသာအားရ ယူထားလိုက်ပါ၏။

ယင်းသည် ၃-၄ လအကြာ တစ်နေ့သ၌ အလှသည် ဗဟန်းမှအပြန် ကျွန်တော့်လှည်းပေါ် ပါလာခဲ့သည်။ အားအားရှိ ကျွန်တော့်လှည်းနှင့် လိုက်လေ့ရှိသော ကိုသောင်းက မြင်းကိုမောင်းသည် ဤမြင်းမနာမည် “လှလှကြည်”ဖြစ်ကြောင်း ကိုသောင်းကသိသည်။ ဘာကြောင့် ဤနာမည်ပေးသည်ကိုလည်း ကျွန်တော်က ပြောထားပါသည်။ သို့ရာတွင် ကိုသောင်းသည် ယခုမြင်းလှည်းပေါ်၌ ၎င်းနာမည်ရှင်ပါလာသည်ကို သတိမေ့လျော့သွားကာ အခြားမြင်းလှည်းတစ်စီးက နောက်မှကျော်တက်မည်ပြုသည်ကို သူက ကျော်တက်မခံဘဲ မြင်းမကျောကို ဇက်ဖျားခတ်လိုက်ကာ…

“လှလှကြည်တဲ့ကွ… ဘာရမလဲ လှလှကြည်… သမီးဆွဲလိုက်စမ်း…”

ယင်း၌ ကျွန်တော့်ကျောနောက် ကပ်ထိုင်လာခဲ့သော အလှသည် ကျွန်တော့်အင်္ကျီလက်မောင်းစကို ဆွဲကာ…

“ဟင်… ကိုကြင်ဆွေ့ မြင်းမနာမည်က…”

အခြားသူများနားမလည်အောင် ကျွန်တော်က အင်္ဂလိပ်ဘာသာဖြင့် ‘မင့်နာမည် ယူမှည့်ထားတာပဲ…’

သူကလည်း (မျက်လုံးလေးများ တောက်ပကာ) အင်္ဂလိပ်လို “ရှင့်နာမည်ကော ဒီလို တိရစ္ဆာန်ယူမှည့်ရင် စိတ်ဆိုးမှာလား…”

“ကိုယ့်ကို သဘောကျလို့ မှည့်တယ်ဆိုရင် ဝမ်းတောင် သိပ်သာပစ်လိုက်မှာပေါ့…”

“ဒါဖြင့် သာပေရော့… အရင် ရှင်လာပေးတဲ့ ကြောင်လေးနာမည်ဟာလေ…”

* * *

ဪ… အလှ၊ အလှ၊ ကျွန်တော်နှင့်အလှ။ ကျွန်တော့်မြင်းမကို သူ့နာမည်မှည့်၊ ကျွန်တော့်နာမည်ကို သူ့ကြောင်…။

သူ့ရုံးက ဂျပန်အရာရှိကြီးကို သူနဲ့ကျွန်တော် လက်ထပ်တော့မယ့် သမီးရည်းစားပါတဲ့။ ကုက္ကိုင်းလမ်းမှာ ဂိုဒေါင်နားတွေ့ခဲ့ရတဲ့ ဂျပန်ကြီးကလည်း ကျွန်တော်တို့ကို ဒီလိုပဲသမုတ်။

တစ်ယောက်တစ်ယောက် ချစ်လိုက်ကြသည်ကလည်း အမှန်။ သို့သော် သူနှင့်ကျွန်တော်သည် ညားရန် ဖူးစာမပါခဲ့ပါ။ သူ့ရုပ်လှသည်နှင့်အမျှ အသက်ကလည်း တိုခဲ့ပါသည်။

၁၉၄၅ ခုနှစ်၊ မဟာမိတ်တို့ နောက်ဆုံးအကြိမ် ရန်ကုန်မြို့ကို ဗုံးကြဲသောအခါတွင်…

အေးဥဩဆွဲသည်နှင့်တစ်ပြိုင်နက် ကြည့်မြင်တိုင်ဘက် အလှတို့နေသောအကွက်ဟု ကြားသည်နှင့် ကျွန်တော်သည် ကိုသောင်းကိုခေါ်ကာ မြင်းလှည်းမောင်း၍ ထွက်ခဲ့သည်။

အလှတို့အတွက် မဟုတ်ပါစေနှင့်၊ ဟုတ်သည့်တိုင်အောင် အလှတော့ လွတ်ကင်းပါစေ။

သိုသော် ကျွန်တော့်ဆုတောင်း တစ်ခုမျှ မပြည့်ခဲ့ပါ။ မီးလောင်ဗုံးဖြစ်သည့်အားလျော်စွာ သေလိုက်ကြသည့်လူတွေ အတုံးအရုံး၊ အိမ်တွေရော သစ်ပင်တွေပါ ငုတ်တိုတွေဖြစ်နေကြသည်။ ဘယ်သူ့အလောင်း ဘယ်မှာမဆိုထားနှင့်၊ ဘယ်သူ့အိမ်ဟာ ဘယ်မှာဆိုတာကိုပင် မခန့်မှန်းနိုင်။ ညှော်နံ့ကလည်း ပြင်းထန်လှပါဘိတောင်း။

မီးသတ်ကားများနှင့် အလောင်းတင်ရအောင်လာသော ဆေးရုံကားများနှင့်၊ ငိုယိုနေကြသော ဆွေမျိုးသားချင်းများနှင့် ယောက်ယက်ခတ်နေကြသည့်အကြား ကျွန်တော်ဆင်းသွားတော့ အလှ၏အမေက…။

“အောင်မယ်လေး မောင်ကြင်ဆွေရဲ့…၊ ဟောဒီမှာ… မင်းအလှအလောင်းကွဲ့…”

အလိုလေး ကြည့်ရက်စရာ မရှိပါလားဗျာ။ ဗုံးဆန်လည်းမှန်ထားတယ်။ မီးလည်းလောင်ထားတယ်။ ညိုမဲတွန့်ခွေလို့ ပါးတစ်ခြမ်းကလည်း ပဲ့နေလေတော့…

“ကျွန်တော့်ရည်းစား ပျောက်လို့ရှာ၊ တွေ့ရင်ပြောကြပါ။ မှတ်မိတာလည်းသေအချာ ပါးစပ်မှာလည်းသွားနဲ့ပါ…”

“မောင်ကြင်ဆွေရဲ့ သူက တနင်္ဂနွေနေ့မို့ အိမ်မှာနေတယ်၊ အမေကတော့ ဈေးသွားနေလို့၊ အောင်မယ်လေး ငါ့သမီးနဲ့အတူ လိုက်မသွားရဘူးကွဲ့… မောင်ကြင်ဆွေရဲ့၊ မင်းကို သူသိပ်ချစ်တယ်ကွဲ့။ မင်းပေးတဲ့ ကြောင်လေးကို ဘယ်လိုခေါ်တယ်မှတ်သလဲ။ ‘ကိုဆွေ’တဲ့၊ မင်းပါးစပ်က သွေးစသုတ်ပေးရတဲ့ လက်ကိုင်ပဝါလေးလည်း သူ တရိုတသေ သိမ်းထားရှာတယ်။ အို… မင်းကို သူ သိပ်ချစ်ရှာတယ်ကွယ်၊ ကိုကြင်ဆွေက အလှကို ဘယ်နေ့ လက်ထပ်ဖို့ပြောမလဲ မသိဘူး၊ တစ်နေ့တော့ ပြောမှာပဲ… ပြောမှာပဲနဲ့၊ အခုတော့ မင်းမပြောတော့ဘူးမဟုတ်လား…”

အမေကြီးသည် ကျွန်တော့်အားဖက်၍ငိုပါတော့သည်။ ကျွန်တော့်မှာ မျက်ရည်တွေတွေ ကျရပါသည်။ ကျွန်တော်နှင့် အဖော်လိုက်ခဲ့သော ကိုသောင်းလည်း မျက်ရည်စို့ရပါသည်။

ကိုသောင်းသည် ၁၉၄၉ ခုနှစ်၌ အဆုတ်အအေးမိသောရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ပါသည်။ အလှအမေကြီးကား သူ့သမီးဆုံးပြီး သိပ်မကြာခဲ့ချေ။ လှလှကြည်ဟု နာမည်ပေးထားသော ကျွန်တော့်မြင်းမလည်း ထိုနှစ်မှာပင် ဂျပန်တွေမြင်းသိမ်းမည်ဆို၍ မှော်ဘီလှပဒါးရွာသို့ပြေးရင်း ဟိုရောက်တော့ အမောလွန်ပြီး သေရှာပါသည်။ ဟိုကြောင် မောင်ကြင်ဆွေမှာမူ အလှနှင့်အတူပဲ ဗုံးချရာမှာ မီးသွေးတုံးဖြစ်သွားပါသည်။

ဪ… သတ္တဝါမှန်သမျှ သင်္ခါရချည်း။ ကျွန်တော်လည်း တစ်နေ့ သူတို့နောက် လိုက်ရချေတော့မည်။

မလိုက်မီ ယခု ဤစာရေးနေချိန်ဝယ် လွန်ခဲ့သော ၂၄ နှစ်ကျော်က အလှ၏ မသေမီ ချောမောသော ရူပါဣဋ္ဌာရုံကိုလည်းကောင်း၊ မီးလောင်ဗုံးထိသေပြီးသော အလောင်းကောင်၏ အနိဋ္ဌာရုံကိုလည်းကောင်း မျက်စိတွင် ထင်မြင်၍ ဆင်ခြင်မိတော့ အလှကို လွမ်းဆွတ်တသသော စိတ်နှင့် ကျွန်တော် အလှကို ရှာဖွေတွေ့မိလေ၏။

ဪ… အလှသည် အရေပြားပေါ်တွင်သာ ရှိ၏တကား။ အရေပြားအောက်၌မူ အဆီ၊ အသွေး၊ အကြော၊ အရိုး၊ အရိ၊ အရွဲ စသည့် ၃၂ ကောဋ္ဌာသ သာတကား။

သော်တာဆွေ

(၁၉၆၉၊ ဧပြီလ စန္ဒာမဂ္ဂဇင်း)

 အလွ ဘယ္မွာနည္း




အလွကို ကြၽန္ေတာ္သည္ ဆရာမေဒၚေ႐ႊၾကည္၏ ကေလးကင္ပြန္းတပ္ပြဲတြင္ ေတြ႕ရပါသည္။


ကြၽန္ေတာ့္ရည္းစား ေပ်ာက္လို႔ရွာ…၊


ေတြ႕ရင္ ေျပာၾကပါ။


သူ႔မ်က္ႏွာက ခင္မင္စရာ၊


မွတ္မိတာလဲ ေသအခ်ာ။


ႏွာေခါင္းေအာက္မွာလည္း ျမင္ႏိုင္တာ၊


ပါးစပ္မွာလည္း သြားနဲ႔ပါ…။


ေငြတစ္ေထာင္ ေပးပါ့မယ္ဗ်ာ။


ေတြ႕ၾကရင္ လမ္းၫႊန္ပါ။


အထက္ပါသီခ်င္းသြားႏွင့္ ကြၽန္ေတာ္ အလွကို စတင္ေတြ႕ျမင္ရပါသည္။


ဂ်ပန္ေခတ္ကျဖစ္ပါသည္။ စမ္းေခ်ာင္း အရပ္တီးဝိုင္းတစ္ခုႏွင့္ ကပ္ပြန္းတပ္ပြဲကို ဧည့္ခံရာ ေဖာ္ျပပါသီခ်င္းတစ္ပုဒ္ကို ၾကားရပါသည္။ ထိုသီခ်င္းမွာ ဟာသ ရသႏွင့္ျပည့္စုံပါေပသည္။ ကြၽန္ေတာ္မွတ္မိသေလာက္ ေတးသြားမွာ အထက္ပါမွ်ျဖစ္ေသာ္လည္း တစ္ပုဒ္လုံးၿခဳံလိုက္ပါမူ သူ႔ရည္းစားမွာ မ်က္လုံးႏွစ္လုံးပါသည္၊ နား႐ြက္ႏွစ္ခုပါသည္။ ႏွာေခါင္းႏွစ္ေပါက္ပါသည္ စသည့္ျပက္လုံးမ်ားျဖင့္ ၾကားရသူတို႔ကို ႐ႊင္ၿပဳံးရယ္ေမာေစပါသည္။ “မွတ္မိတာလည္းေသအခ်ာ ပါးစပ္မွာလည္း သြားနဲ႔ပါ”ေတးအခ်၌ အလွႏွင့္ကြၽန္ေတာ္ မ်က္စိခ်င္းေတြ႕ၾကရာ အၿပဳံးခ်င္းလည္း ဆုံမိသည္။ အထူးသျဖင့္… သူ႔သြား ပုလဲလုံးေလးေတြက လွလြန္းပါသည္။ “အသားျဖဴ ျမင္းတစ္ေျပး၊ အသားညိဳ ကြမ္းတစ္ေထြး”ဟု ဆိုရာ ထိုဧည့္ခံပြဲမွာ အလွႏွင့္ ကြၽန္ေတာ္သည္ ၾကမ္းတစ္ေျပးမွာ ပန္းတစ္ေပးမွ်သာ လွမ္းေဝးသျဖင့္ ျဖဴစင္ဝင္းဝါေသာ သူ႔အသားမွာ ျမေၾကာစိမ္းစိမ္း ေမြးႏုရွိန္းပင္ ျမင္ေနရပါသည္။


ခါး၊ တင္၊ ရင္ အတိုင္းအတာႏွင့္ မယ္ဘြဲ႕ဝင္တို႔ႏွင့္ယွဥ္ေသာ္ ကိုယ္လုံးကိုယ္ထည္ အခ်ိဳးအစားခ်င္းတူညီရန္ မခဲယဥ္းေသာ္လည္း အလွ၏အသားေရာင္(ဆိုပါေတာ့ဗ်ာ) အေရျပားအလွကိုမီဖို႔ကား ရွားအံ့ထင္ပါ၏။ ထိုအသားအေရာင္ပိုင္ရွင္မ်ိဳးသည္ ႏႈတ္ခမ္းနီ၊ ပါးနီ… မင္ရည္ေဆးေတာင့္ စေသာ ‘မိတ္ကပ္’ေတြ ကူညီရန္မလို၊ စိမ္းေမွာင္ေသာ မ်က္ခုံးေအာက္တြင္ မည္းနက္ေသာမ်က္လုံး၊ ဝါဝင္းေသာပါးျပင္၊ နီေထြးေသာႏႈတ္ခမ္းအသြင္တို႔မွာ မျပဳမျပင္ဘဲ နဂိုယဥ္ၿပီး၊ လွၿပီး၊ ေခ်ာၿပီး ျဖစ္ေနပါ၏။


ေရၾကည္ေသာက္ရင္… ျမင္ရမေလာက္ပင္ x x အသားေတာ္ ဝင္းလို႔ ဝါဝါရီ႐ႊင္… ဆိုသည့္ သီခ်င္းစကားလုံးမ်ားမွာ နန္းေတာ္ေရွ႕ဆရာတင္သည္ ကြၽန္ေတာ့္ ‘အလွ’ကဲ့သို႔ အမ်ိဳးသမီးကို ျမင္ဖူး၍သာ ဖြဲ႕ဆိုႏိုင္ျခင္းျဖစ္သည္ဟု ကြၽန္ေတာ္ထင္ပါသည္။


အလွႏွင့္ကြၽန္ေတာ္သည္ ေတြ႕ၾကေသာအခ်ိန္မွာ ကြၽန္ေတာ့္အသက္သည္ ၂၂ ႏွစ္၊ ပ်ိဳမ်စ္ႏုနယ္ ငယ္႐ြယ္တုန္းပါ။ အလွအသက္က ၂၀ ႏွစ္မွ်သာ ျဖစ္ပါသည္။


အလွ၏အမည္ကို အလွဟူ၍ မည္သူကမွ်မေျပာပါဘဲႏွ႔င္ အလွကို ျမင္သူတိုင္းက အလွဟု ေခၚမိၾကမည္ျဖစ္သည္မွာ ဤမိန္းကေလး၏ ဝမ္းတြင္းပါနာမည္ဟု ဆိုရပါေခ်မည္။


ကြၽန္ေတာ္သည္ ဆရာမေဒၚေ႐ႊၾကည္၏ကေလး ကင္ပြန္းတပ္ဧည့္ခံပြဲ၌ အလွကို ျမင္ၿပီးကတည္းက သူ႔အမည္ကို မည္သူ႔အားမွ် မေမးေတာ့ဘဲ အလွ ဟုပဲ စိတ္ထဲက ရည္မွတ္ခဲ့ရာ အကယ္ပင္ သူ႔နာမည္ အလွ ဟုျဖစ္ေနေၾကာင္း သီတင္းတစ္ပတ္မွ်အၾကာတြင္ သိရပါေတာ့သည္။


ထိုေန႔က ဆရာမေဒၚေ႐ႊၾကည္သည္ ရန္ကုန္သြားရန္ စမ္းေခ်ာင္း ျမင္းလွည္းဂိတ္မွ ကြၽန္ေတာ့္ျမင္းလွည္းေပၚတက္စီးရင္း…၊


“ေဟ့… ေမာင္ၾကင္ေဆြ၊ မင္း ဟိုေန႔က အလွ ေနာက္ကလိုက္ၿပီး သီခ်င္းဆိုတယ္ဆို”




ကြၽန္ေတာ္သည္ အလိုလို စိတ္ထဲကသိၿပီးျဖစ္ေနလ်က္၊ သို႔ေသာ္ ပိုမိုေသခ်ာေအာင္…




“အလွ ဆိုတာ ဘယ္သူလဲ ဆရာမ…”




“ေဟ့… ငါ့ကေလး ကင္ပြန္းတပ္ပြဲတုန္းက မင္း မ်က္စိက်ေနတဲ့ ေကာင္မေလးေပါ့ကြာ…”


မွန္ပါသည္။ သူ႔ကင္ပြန္းတပ္ပြဲအၿပီး ၃ ရက္ေျမာက္၌ ကြၽန္ေတာ္သည္ စမ္းေခ်ာင္းျမင္းလွည္းဂိတ္မွ ဗဟန္းသို႔သြားရန္ ခရီးသည္ ၃ ေယာက္ႏွင့္ ျမင္းလွည္းကို တာစူေနစဥ္ ၾကည့္ျမင္တိုင္ဘက္မွလာခဲ့ေသာ ရထားတစ္စီးတြင္ အလွသည္ ေနာက္ပိုင္းမွ ေျခကေလးတြဲလြဲခ်စီးလာသည္ကို ျမင္ရသည္၌ ကြၽန္ေတာ္သည္ ကိုယ့္လွည္းလူျပည့္ေအာင္ မေစာင့္ေတာ့ဘဲ ထိုလွည္းေနာက္မွ ကပ္လိုက္ကာ သူကေလးၾကားေလာက္႐ုံေလာက္…


ကြၽန္ေတာ့္ရည္စား ေပ်ာက္လို႔ရွာ၊


ေတြ႕ရင္ ေျပာၾကပါ။


မွတ္မိတာ ေသအခ်ာ၊


ပါးစပ္မွာလည္း သြားနဲ႔ပါ…။


သူကေလးသည္ ကင္ပြန္းတပ္ပြဲတုန္းက ၿပဳံးသည့္နည္းတူ ကြၽန္ေတာ့္အားၾကည့္၍ ၿပဳံးလိုက္ပါသည္။




သည္အေၾကာင္း ဆရာမဆီက ကြၽန္ေတာ္သိရေတာ့ လြန္စြာ ႏွစ္ေထာင္းအားရျဖစ္လ်က္…


ဆရာမကို ဘယ္သူေျပာလဲ… ဟင္…”




“ဘယ္သူေျပာရမွာလဲ… အလွက ေျပာတာပဲေပါ့ကြ… ေနာက္ မင္းက လမ္းမွာ လူတစ္ေယာက္ရပ္တင္ေတာ့ က်န္ရစ္ခဲ့ေရာတဲ့၊ အဲဒီ အလွစီးတဲ့ ျမင္းလွည္းသမားက မင္းကို စိတ္ဆိုးသတဲ့၊ ဘာေၾကာင့္လဲဆို အဲဒီစီးမယ့္လူက ပထမေရွ႕လွည္းစီးမလို႔ဟာ မင္းကလည္း အလွတို႔လွည္းေနာက္က ကပ္ရပ္ေတာ့ ခရီးသည္က ‘ဟာ… ေနာက္လွည္းေခ်ာင္တယ္’ဆိုၿပီး တက္စီးေတာ့… ဟိုလူက စိတ္ဆိုးၿပီး မင့္ျမင္းမမီေအာင္ သူ႔ျမင္း ႐ိုက္ေမာင္းသြားတာပဲကြ”


“ဟုတ္တယ္… ဆရာမ၊ အဲဒါ ကြၽန္ေတာ့္အမွားပဲ။ တကယ္ဆို ေရွ႕လွည္းက လူရပ္တင္ရင္ ကြၽန္ေတာ္ ေက်ာ္တက္သြားရမယ္၊ ဒါေပမဲ့… ဆိုၿပီး ကြၽန္ေတာ့္မွာ ေရွ႕စကားမဆက္ႏိုင္ဘဲရွိေနရာ လူ႔သေဘာေနာေက်ေနၿပီျဖစ္ေသာ ဆရာမက…”


“ဒါေပမဲ့… မင္းက အလွ ေနာက္က ေလွ်ာက္လိုက္ခ်င္တာနဲ႔ ရပ္လိုက္တယ္ဆိုပါေတာ့၊ အဲဒါကို အလွကလည္း သိပါတယ္ကြာ၊ ေဟ့… ဒီမွာ ေမာင္ၾကင္ေဆြ၊ အလွကလည္း မင္းကို စိတ္ဝင္စားေနပါတယ္ကြ၊ သူက ငါ့ဘယ္လို စေျပာသလဲဆိုရင္ ဆရာမအိမ္မွာေတြ႕ခဲ့ရတဲ့ ေကာင္ေလးက ျမင္းလွည္းေမာင္းေနရပါလား… သနားစရာေလးတဲ့၊ ဒီေတာ့… ငါက မသနားပါနဲ႔ မယ္မင္းႀကီးမ၊ သူ႔မိဘေတြက ေတာမွာခ်မ္းသာပါတယ္… သူ႔ဟာသူ ရန္ကုန္မွာေပ်ာ္လို႔ လုပ္ခ်င္တာလုပ္ေနတာလို႔ ေျပာလိုက္တယ္၊ မင္းတို႔ခ်င္း နီးစပ္ႏိုင္ပါတယ္ကြာ…”


စင္စစ္ ရန္ကုန္မွာ အိမ္ေထာင္က်၍ ကြၽန္ေတာ္ ျမင္းလွည္းေမာင္းေနရသည္ကို ဆရာမသည္ သိဟန္မတူ၊ သူ ခုနက ေျပာသကဲ့သို႔ပင္ ကြၽန္ေတာ္က အေပ်ာ္သက္သက္ လုပ္ေနသည္ဟု ထင္ေနပုံေပၚပါသည္။ ထို႔ေၾကာင့္ အလွ၏ ေနရပ္ အိမ္နံပါတ္ကို ေျပာျပပါသည္။ အလွ၏နာမည္ အျပည့္အစုံမွာ လွလွၾကည္ျဖစ္ေၾကာင္းလည္း ေျပာျပပါသည္။ သို႔အတြက္ ယင္းသည့္ေန႔မွစ၍ ကြၽန္ေတာ္ေမာင္းေနေသာ ေဖာင္းဝတ္မ၏ နာမည္သည္ “လွလွၾကည္” ျဖစ္သြားပါသတည္း။




* * *


လူ႔ဘဝ၌ ကံခ်င္းနီးစပ္မႈရွိပါက တိုက္ဆိုင္မႈတို႔ျဖစ္တတ္သည္မွာ ဓမၼတာတည္း။




ေျပာရဦးမည္။ ဂ်ပန္ေခတ္တြင္ ဗဟန္းသည္ ရန္ကုန္ၿမိဳ႕၏ အစည္ကားဆုံးေနရာျဖစ္သည္။ ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ ပတ္ဝန္းက်င္ကိုေတာ့ မဟာမိတ္တို႔က ဗုံးမခ်ဟု ယုံၾကည္စြာျဖင့္ ဘုရားႀကီးပတ္လည္မွာ လူမ်ားစု႐ုံးေနထိုင္ၾကသည္။ ေဈးဆိုင္ကနားတို႔ႏွင့္ လြန္စြာစည္ကားလွ၏။




ကြၽန္ေတာ္တို႔ စမ္းေခ်ာင္းဘက္ကလာပါမူ ေဘာင္ဒရီလမ္းမွ လင့္ခ္ လမ္းခ်ိဳးလိုက္သည္ႏွင့္ ဗဟန္းေ႐ႊၿမိဳ႕ေတာ္ထဲ ဝင္ရသည္ႏွင့္ တူေခ်သည္။ ထိုအခ်ိန္က လင့္ခ္လမ္းသည္ ၿမိဳ႕ေတာ္လမ္းမႀကီးႏွင့္ တူေပသည္။ အေဆာက္အဦ ႀကီးႀကီးမားမား ခိုင္ခိုင္ခန႔္ခန႔္ႏွင့္ေတာ့မဟုတ္။ ဝါး၊ ဓနိ၊ ေျမစိုက္အိမ္မ်ား၊ ဆိုင္မ်ားျဖင့္ လမ္းႏွစ္ဘက္တြင္ ျပည့္ႏွက္လ်က္…။ လင့္ခ္ဟိုတယ္၊ ဥကၠလာဟိုတယ္… စသည္ျဖင့္ တ႐ုတ္တန္းေနရာကို ယူထားေပသည္။


တစ္ေန႔ေသာညေနခင္း၌ ကြၽန္ေတာ္သည္ လင့္ခ္ဟိုတယ္ မ်က္ႏွာစာေရွ႕၌ ျမင္းလွည္းကိုရပ္လ်က္ ဟိုတယ္ကထြက္လာမည့္ ခရီးသည္ကို ေစာင့္ေနသည္။ အထူးသျဖင့္ အညာသားကုန္သည္မ်ား၊ ထိုစဥ္၌ သူတို႔သည္ ဂ်ပန္ေငြစကၠဴထုပ္ကို သင္အူေလွ်ာ္ႀကိဳးျဖင့္ ခ်ည္ေႏွာင္သည္ထိ ခ်မ္းသာၾကသည္ျဖစ္၍ ရက္ေရာစြာ သုံးျဖဳန္းေလ့ရွိၾကေပသည္။ သည္လိုအညာသားမ်ား ဟိုတယ္ကထြက္၍ မူးလာၾကၿပီဆိုပါက ဇိမ္မယ္အိမ္မ်ားကို ပို႔ခိုင္းတတ္၍ လွည္းခေငြ ၿမိဳးၿမိဳ႕ျမက္ျမက္ ရတတ္သည္။


ယင္းသို႔ အမဲမ်ိဳးေစာင့္ေနစဥ္ ကြၽန္ေတာ္မေမွ်ာ္လင့္ေသာ အျဖစ္မ်ိဳး ႀကဳံရသည္။ လင့္ခ္ဟိုတယ္ထဲမွ အမ်ိဳးသမီးတစ္ေယာက္က ခပ္သုတ္သုတ္ကေလးထြက္လာလ်က္(အလို… အလွပါလား) ကြၽန္ေတာ့္ျမင္းလွည္းေပၚ အျမန္တက္ကာ…


“ကိုၾကင္ေဆြ… ကိုၾကင္ေဆြ… ျမန္ျမန္ ေမာင္းစမ္းပါ၊ ျမန္ျမန္ေမာင္းစမ္းပါ…”


သူ႔ေနာက္က တစ္စုံတစ္ေယာက္ လိုက္လာသည့္ႏွယ္(ဟာ… ဟုတ္သေပါ့) ဂ်ပန္စစ္ဗိုလ္တစ္ေယာက္၊ ခါးမွာေျဗာက္ႏွင့္ ဓားလြယ္ႀကီးႏွင့္…


“ေဟး… အလ… အလ…”


ဘာရမည္နည္း။ ကြၽန္ေတာ္က ျမင္းကို ႀကိမ္ႏွက္၍ထြက္သည္။


“ေဟး… ဘိရမာ… မာစတာ လိုက္မယ္ကဲ…”


သူေနာက္က ေျပးလိုက္လာသည္။ သူ႔မ်က္ႏွာမွာ အရက္မူးေနပုံလည္းေပၚသည္။ အလွမွာ လြန္စြာစိုး႐ြံ႕ေနပုံေပၚလ်က္…


“ကိုၾကင္ေဆြ… လြတ္ေအာင္သာေမာင္းစမ္းပါ…”


“စိတ္ခ်ပ…”ဆို၍ ကြၽန္ေတာ္ျမင္းကို ေျခကုန္သုတ္သည္။ ဂ်ပန္ကလည္း အေလွ်ာ့မေပး၊ အေျပးလိုက္သည္။ သို႔ရာတြင္ ဘြတ္ဖိနပ္ရွည္ႀကီးႏွင့္ျဖစ္ရကား မီဖို႔ခဲယဥ္းသည္။ သို႔ေသာ္ လင့္ခ္လမ္းမွ ဘယ္ဘက္ ေဘာင္ဒရီလမ္းခ်ိဳးလိုက္သည္ႏွင့္ မ်က္ႏွာခ်င္းဆိုင္မွ အျပင္းေမာင္းလာေသာ ဂ်ပန္စစ္ကားေၾကာင့္ ေရွ႕က ခပ္ျဖည္းျဖည္းေမာင္းေနေသာ ျမင္းလွည္းကို ကြၽန္ေတာ္ ေက်ာ္မတတ္ႏိုင္၊ ယင္း၌ ကိုေ႐ႊပန္ ျမင္းလွည္းေပၚေရာက္လာၿပီး ျမင္းဇက္ႀကိဳးကိုင္ေနေသာ ကြၽန္ေတာ့္လက္ကိုဆြဲကာ ျမင္းကိုရပ္ေစၿပီး ကြၽန္ေတာ့္ပါးကို ႐ိုက္ပါေတာ့သည္။ ထိုစဥ္၌ ကြၽန္ေတာ္တို႔ဗမာမ်ားသည္ ဂ်ပန္စစ္ဗိုလ္၊ စစ္သားမ်ားကို ခုခံရ႐ိုးမရွိပါ။ သူတို႔ျပဳသမွ် ခံရသည္သာ။


သို႔ေသာ္ အလွ… အလွ…။


အလွသည္ သူ႔ဖိနပ္ခြၽတ္၍ ဂ်ပန႔္ပါးကို ဘယ္ျပန္ညာျပန္ တီးေတာ့သည္။ ယင္းမွ ဂ်ပန္သည္ ကြၽန္ေတာ့္ကိုလႊတ္လိုက္ၿပီး အလွကို ေစ့ေစ့ၾကည့္သည္။ မိန္းမသားကိုေတာ့ ဘာမွ်မလုပ္။ အလွက ႐ိုက္ရင္း သူ႔အားဆင္းသြားရန္ ဂ်ပန္လိုေျပာသည္။ အနီးရွိသူမ်ားလည္း ဝိုင္းအုံလာၾကသည္။ ယင္း၌ ဂ်ပန္သည္ သူၾကမ္း၍မရမွန္းသိၿပီး အလွအား ဂ်ပန္လိုႀကိမ္းေမာင္းေျပာဆိုၿပီး ျမင္းလွည္းေပၚမွ ဆင္းသြားေတာ့သည္။


သည္ေတာ့မွ ကြၽန္ေတာ္ျမင္းလွည္းကို ဆက္ေမာင္းသည္။ ကြၽန္ေတာ့္ပါးစပ္မွ ေသြးမ်ားကို ေထြးထုတ္လိုက္သည္။ ကြၽန္ေတာ့္ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ားစို႔ေနသည္။ အလွက သူ႔လက္ကိုင္ပဝါေလးႏွင့္ သုတ္ေပးလ်က္…


“ကိုၾကင္ေဆြ… ေတာ္ေတာ္နာသြာသလား…”


ကြၽန္ေတာ္က သူ႔လက္ကေလးကို ဖယ္ေစလ်က္ ၿပဳံးရယ္ကာ …


“ေယာက္်ားပဲ၊ ဒါေလာက္ေတာ့ နာတယ္ဘယ္ေခၚမလဲ…”


“ကြၽန္မေၾကာင့္ ဒီလိုျဖစ္ရတာ… စိတ္မေကာင္းလိုက္တာရွင္…”


“ေအာင္မယ္… ဒါေလာက္မ်ား ဘာဟုတ္ေသးလဲ… ကြၽန္ေတာ္က ဂ်ပန္ဒဏ္ေတာ့ ဒီေလာက္မက ခံဖူးေသးတာပဲ”ဟု အစခ်ီကာ သူစိတ္မေကာင္းမႈျပယ္ေပ်ာက္ေစရန္ ၿပဳံးရယ္ကာျဖင့္… ဂ်ပန္ စေရာက္ခါစႏွစ္၊ ကြၽန္ေတာ္ ျမင္းလွည္းေမာင္းခါစတုန္းကေပါ့… ကိုယ္က ျမင္းလွည္းလည္း ေကာင္းေကာင္းမေမာင္းတတ္ေသး၊ ေမာင္းရတာကလည္း ျမင္းသိုးကေလး၊ သိပ္ၿပီးေတာ့ အာ မာတယ္၊ ေတာ္႐ုံတန္႐ုံ ဆြဲ႐ုံနဲ႔ သူ မရပ္တတ္ဘူး။ ဒါနဲ႔… တစ္ေန႔ စေကာ့ေဈးေရွ႕မွာေပါ့၊ ကိုယ္က ျမင္းလွည္းေမာင္းအသြား၊ ဓားလြယ္ႀကီးေတြနဲ႔ ဂ်ပန္စစ္ဗိုလ္ႀကီး ၃ ေယာက္ကျဖတ္အလာ… သူတို႔က ရပ္မေပးဘူး။ ျမင္းလွည္းကသာ ရပ္ေပးရမယ္ေပါ့။ ဒါနဲ႔ ကြၽန္ေတာ္ျမင္းကို ဆြဲရပ္တယ္။ ဒါေပမဲ့ ျမင္းသိုးေလးက ေတာ္႐ုံတန္႐ုံ ဆြဲ႐ုံနဲ႔ မရပ္တဲ့ေကာင္ေပကလား၊ ဂ်ပန္တစ္ေယာက္ ေဟာဒီျမင္းလွည္း ညာဘက္လက္တံနဲ႔ နံေစာင္း ပိတ္ထိုးလိုက္တာ တုံးခနဲလဲပါေရာ….၊ ဒီေတာ့ သူတို႔အားလုံး ခုရား.. ခုရား… ျဖစ္ၾကတုန္း လစ္မွပဲဆိုၿပီး ျမင္းကို တအား ႐ိုက္ေမာင္းပါတယ္။ မလြတ္ဘူးဗ်ိဳ႕၊ မလဲတဲ့ ဂ်ပန္ႏွစ္ေယာက္က ျမင္းလွည္းအမိုးကိုင္းကို မိေနေတာ့ ကြၽန္ေတာ္ခံရတာပဲ…။


“ခံရတာမွ ျမင္းလွည္းေအာက္ကို ဆင္းေပးရတယ္။ လဲသြားတဲ့ဂ်ပန္ႀကီးက ကြၽန္ေတာ့္လက္ထဲက ျမင္း႐ိုက္တဲ့ ထားဝယ္ႀကိမ္လုံးေလးယူၿပီးေတာ့ ပါးကို ဘယ္ျပန္ညာျပန္ ခ်ေတာ့တာပါပဲ။ ကြၽန္ေတာ္က ျမင္းကိုဆြဲေသာ္လည္း ဒီျမင္းက အာ မာေနတာမို႔ ဒီလို မေတာ္တဆ ျဖစ္ရတဲ့အေၾကာင္း ဒင္းတို႔နားလည္မလားလို႔ အဂၤလိပ္လိုေျပာဆိုၿပီး ေတာင္းပန္ပါတယ္။ လား… လား သူတို႔က ဘာမွ နားမလည္တာလား၊ ကြၽန္ေတာ္ စကားေျပာေလ ပို႐ိုက္ေလ… ဒီေတာ့ နံေဘးကလူေတြက ဘာမွမေျပာဘဲ ၿငိမ္သာခံေနပါဆိုလို႔ သူတို႔႐ိုက္သမွ် အားရေအာင္ ခံလိုက္ရပါတယ္ဗ်ာ။ တကတဲ မ်က္ႏွာတစ္ခုလုံး ေသြးခ်င္းခ်င္းနီက်န္ခဲ့တာပါပဲ… ဟဲ… ဟဲ…”




ကြၽန္ေတာ္ကရယ္၍ အဆုံးသတ္လိုက္ေတာ့ အလွသည္ ကြၽန္ေတာ့္အား က႐ုဏာသက္စြာျဖင့္ ၾကည့္လ်က္…


“ျဖစ္မွျဖစ္ရေလ ကိုၾကင္ေဆြရယ္”


“ကိုယ့္ဝဋ္ရွိလို႔ ခံရတယ္ ယူဆရတာေပါ့၊ ျမန္မာျပည္ႀကီး တစ္ျပည္လုံးေတာင္ သူတို႔လက္ေအာက္မွာ ခံေနရတယ္ မဟုတ္လား”


အလွသည္ သက္ျပင္းခ်လ်က္…




“ဒီဂ်ပန္ေကာင္ေတြဟာ သိပ္ၿပီးမိုက္႐ိုင္းတယ္၊ ဘယ္ေတာ့မွ သူတို႔လက္ေအာက္က လြတ္မယ္မသိဘူး”


“တစ္ေန႔လြတ္ရမွာေပါ့ေလ၊ ဒါနဲ႔ ခုန ဂ်ပန္ေကာင္က…”


“အလွ အလုပ္လုပ္တဲ့စက္႐ုံက စစ္ဗိုလ္ေလ၊ ဪ.. ကိုၾကင္ေဆြ႕ ေျပာရဦးမယ္၊ အလွက သူတို႔႐ုံးမွာ စကားျပန္လုပ္တယ္၊ ဒီေကာင္က အလွကို ႀကံေနတာ သိသားပဲ၊ ဒီေန႔ သူလုပ္ပုံက ကိစၥတစ္ခုေျပာစရာရွိလို႔ဆိုၿပီး သူ႔အထက္အရာရွိကို ခြင့္ေတာင္းၿပီး ေခၚလာတယ္၊ ဒီဟိုတယ္ေရာက္ေတာ့ စာေသာက္စရာေကြၽးရင္း အလွကို ခ်စ္စကား ႀကိဳက္စကားေျပာၿပီး ခပ္ၾကမ္းၾကမ္းလုပ္လာတာနဲ႔ အလွ ထြက္လာခဲ့တာ ကိုၾကင္ေဆြနဲ႔ ေတြ႕ေနတာပဲ၊ ကိုၾကင္ေဆြ႕နာမည္ အလွသိေနတာ မအံ့ဩဘူးလားဟင္…”


“မအံဩပါဘူး၊ ကြၽန္ေတာ္ကလည္း ဆရာမေဒၚေ႐ႊၾကည္ေျပာလို႔ အလွနာမည္ လွလွၾကည္ဆိုတာရယ္၊ လမ္းနဲ႔ အိမ္နံပါတ္ရယ္ သိေနတာပဲ၊ ကဲ ေရွ႕ကလမ္း ညာဘက္ခ်ိဳးရမယ္ မဟုတ္လား”




သို႔ႏွင့္ အလွတို႔အိမ္ေရွ႕ ျမင္းလွည္းရပ္လိုက္သည္။ အလွက သူတို႔အိမ္ေပၚတက္ပါဦးဆို၍ သူ႔အေမႏွင့္ ေတြ႕ရသည္။ အလွက ယခု ျဖစ္ပ်က္လာခဲ့ပုံကို သူ႔အေမအား ေျပာျပသည္။ သည္ေတာ့အေမက သူ႔သမီးအတြက္ ကြၽန္ေတာ္ ဤကဲ့သို႔ခံခဲ့ရသည္ကို အလြန္စိတ္မေကာင္းေၾကာင္း…


“ဟာ ကိစၥမရွိပါဘူး ေဒၚေဒၚ၊ အလွက အဲဒီဂ်ပန္ကို ဘယ္ျပန္ညာျပန္ ဖိနပ္နဲ႔ခ်လိုက္တာပဲ ေက်နပ္လွပါၿပီ၊ ကြၽန္ေတာ္ စိုးရိမ္တာက အလွ အလုပ္အတြက္”




ဤတြင္ အလွက…


“ဒီအတြက္ မပူပါနဲ႔ ကိုၾကင္ေဆြရယ္၊ အလွက ဒီဂ်ပန္ပါး႐ိုက္ၿပီးကတည္းက အလုပ္ထြက္ဖို႔ ဆုံးျဖတ္ၿပီးသားပါ”


ထို႔ေနာက္ ကြၽန္ေတာ္ျပန္မည္ဟု ႏႈတ္ဆက္ေသာအခါ အလွက ကြၽန္ေတာ့္အား ျမင္းလွည္းခေပးမည္အျပဳ၌ ကြၽန္ေတာ္က မ်က္ႏွာခ်င္းေစ့ေစ့ၾကည့္၍ ခပ္တိုးတိုးအသံႏွင့္…


“မလုပ္ပါနဲ႔ အလွရယ္၊ တစ္ေယာက္တစ္ေယာက္ အဖိုးအခ မယူတဲ့ မိတ္ေဆြျဖစ္ခ်င္ပါတယ္”




* * *




“ကဲ… ကိုၾကင္ေဆြေရ… အလွကို အဖိုးအခမယူတဲ့ ကူညီမႈတစ္ခု လုပ္ေပးပါဦး”


ေနာက္တစ္ေန႔ညေန၌ အလွသည္ ကြၽန္ေတာ့္အား ဗဟန္းျမင္းလွည္းဂိတ္၌ ေတြ႕၍ ေျပာပါသည္။


“ဘယ္လိုကူညီရမလဲ အလွ”


“နက္ျဖန္ခါမနက္ ၁၀ နာရီေလာက္ေလ အလွတို႔ အလုပ္လုပ္တဲ့႐ုံးကို လိုက္ခဲ့စမ္းပါ”


“လိုက္ႏိုင္ပါတယ္၊ ဘာကိစၥ”


“အလွတို႔ ေဘာ့စ္ ဂ်ပန္ႀကီးက ကိုၾကင္ေဆြ႕ ေတြ႕ခ်င္လို႔တဲ့၊ ၾကည့္ခ်င္လို႔တဲ့လား”


အလွက ရယ္ေမာၿပီး…


“အဲဒီစစ္ဗိုလ္ကို ကိုၾကင္ေဆြ႕ ေတာင္းပန္ခိုင္းလိမ့္မယ္”


“ေအာင္မယ္… ဒါျဖင့္ ဒီဂ်ပန္အရာရွိ လိမၼာသားပဲ”


“အက္ဂ်ဴကိတ္တက္ပဲ၊ အဂၤလိပ္လို ေကာင္းေကာင္းတတ္တယ္ ကိုၾကင္ေဆြ၊ ဂ်င္းတယ္လ္မဲင္းပဲ”


“ဒါျဖင့္ ေတြ႕ၾကရတာေပါ့ဗ်ာ”


“ဒါေပမဲ့ ကိုၾကင္ေဆြ ဒီလိုျမင္းလွည္းသမားစတိုင္ႀကီးနဲ႔ မလုပ္နဲ႔၊ ဆရာမကေလး ကင္ပြန္းတပ္ပြဲတုန္းကလို ပိုးအက်ႌအနက္ကေလးနဲ႔၊ ကာကီေရာင္ဘန္ေကာက္လုံခ်ည္ေလးနဲ႔ စတိုင္က်က်ဝတ္ခဲ့ေနာ္”


“သည္ေတာ့ အလွကလည္း ဟိုေန႔တုန္းကလိုပဲ ဖက္ဖူးေရာင္ အက်ႌေလးနဲ႔ ႀကိဳးႀကီးခ်ိတ္ထမီ အစိမ္းႏုဝတ္ခဲ့ေပါ့ ဟုတ္လား”


ကြၽန္ေတာ္တို႔ႏွစ္ေယာက္သား တစ္ေယာက္ တစ္ေယာက္ ၾကည့္၍ သေဘာက်စြာ ရယ္ၾကသည္။


ေနာက္တစ္ေန႔နံနက္ဝယ္ ေဖာ္ျပပါ အဝတ္အစားမ်ားႏွင့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္သည္ အလွတို႔႐ုံးရွိရာ ဂိုးလ္ဒင္းဘယ္လီသို႔ သြားၾကသည္။ ကြၽန္ေတာ္သည္ ျမင္းလွည္းကို ကိုယ္တိုင္မေမာင္းေခ်။ ကြၽန္ေတာ့္မိတ္ေဆြ ကိုေသာင္းအား ေမာင္းခိုင္းသည္။


ခမ္းနားေသာ အိမ္ႀကီးအလုပ္ခန္းထဲ၌ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဂ်ပန္အရာရွိႀကီးေရွ႕ေရာက္ေတာ့ အသက္ ၆၀ ေလာက္ရွိမည့္ အဘိုးႀကီးသည္ စာၾကည့္ေနေသာ သူ႔မ်က္မွန္ခြၽတ္၍ ကြၽန္ေတာ္တို႔ကို ေမာ့ၾကည့္လိုက္ၿပီးေနာက္ အလွအား ဝမ္းသာေသာအသံျဖင့္…




“အိုး ယူဝါ ဖီယန္စီ ဖိုင္းဖိုင္း”


ကြၽန္ေတာ့္မွာ ပါးစပ္အေဟာင္းသားျဖစ္သြား၍ စိတ္ထဲမွ ဟိုက္ခနဲ ျမည္လိုက္မိသည္။ ဂ်ပန္ႀကီးေျပာလိုက္သည့္ အဂၤလိပ္စကားအဓိပၸါယ္မွာ “မင္းနဲ႔ လက္ထပ္မယ့္လူ ေခ်ာပါတယ္ လွပါတယ္…” ဟု ျဖစ္ေန၏။


အလွမွာမူ သူ႔အကြက္ သူဆင္ထားသည္မို႔ ဣေျႏၵမပ်က္ဘဲ…


“သိုင္းက်ဴးဆာ”


“ဆစ္ေဒါင္း-ဆစ္ေဒါင္း”ဟု ဂ်ပန္ႀကီးကဆို၍ ကြၽန္ေတာ္တို႔ သူ႔ေရွ႕က ကုလားထိုင္မ်ားတြင္ ထိုင္ရသည္။


ေနာက္ အဘိုးႀကီးက ဂ်ပန္လိုေအာ္လိုက္သည္၌ ကြၽန္ေတာ့္အား ပါး႐ိုက္ေသာ ဂ်ပန္စစ္ဗိုလ္ ထြက္လာၿပီး ကြၽန္ေတာ့္ေရွ႕မွာ မတ္တတ္ရပ္ရသည္။




အဘိုးႀကီးက အဂၤလိပ္ဘာသာျဖင့္ ကြၽန္ေတာ့္အား…


“မင္းကို ပါး႐ိုက္တာ သူဟုတ္လား”


“ဟုတ္ပါတယ္”


“သူ႔ကို ျပန္ၿပီးေတာ့ ပါး႐ိုက္လိုက္ပါ”


ကြၽန္ေတာ္က ေခါင္းခါ၍…


“မ႐ိုက္ခ်င္ပါဘူး”


“ဒါျဖင့္ မင္းကိုယ္စား ငါ ႐ိုက္ေပးရမွာေပါ့”ဆိုၿပီး ထိုင္ရာမွထ၍ ထိုဂ်ပန္အား သူတို႔ထုံးစံအတိုင္း ဘယ္ျပန္ညာျပန္ ၃ ခ်က္႐ိုက္လိုက္သည္။ ၿပီးလွ်င္ သူတို႔ ဂ်ပန္စကား ဂ်ပန္အမူအရာျဖင့္ အေလးျပဳလ်က္ သူမွားေၾကာင္း၊ ခြင့္လႊတ္ပါရန္ ေတာင္းပန္သည္။ အလွက ဂ်ပန္လိုပဲ ျပန္ေျပာသည္။




သည္ေနာက္ ထိုဂ်ပန္ထြက္သြားေသာအခါ အဘိုးႀကီးက အလွအား “ေကာင္းမြန္စြာပဲ အလုပ္ျပန္လုပ္ပါ၊ ေနာက္ကို ဒီလို မေႏွာက္ယွက္ေစရပါဘူး။ ကြၽႏု္ပ္တာဝန္ခံပါတယ္”


ထိုကိစၥၿပီး၍ ကြၽန္ေတာ္တို႔ဂ်ပန္႐ုံးမွ ျပန္လာခဲ့ေသာအခါ အလွက…


“ကိုၾကင္ေဆြ… ဟိုေန႔က အလွေျပာခဲ့တဲ့အတိုင္း မေန႔ကထြက္စာတင္တယ္။ အဘိုးႀကီးက ဘာ့ေၾကာင့္လဲေမးလို႔ အက်ိဳးအေၾကာင္းေျပာျပေတာ့ ေအာင္မယ္… သူ႔စစ္ဗိုလ္ေလး ေကာင္းသားပဲ၊ လက္ထပ္လိုက္ပါလား လုပ္ေနလို႔ အလွလည္း ႐ုတ္တရက္ စိတ္ကူးရရာ အလွမွာ ေစ့စပ္ထားတဲ့လူ ရွိၿပီးသားပါလို႔ ေျပာမိရာက ေနာက္ေၾကာင္းခိုင္မာေအာင္ ကိုၾကင္ေဆြကို ေခၚျပလိုက္ရတာပဲ။ စိတ္မရွိပါနဲ႔ေနာ္…။ ဒီလို အကူအညီေပးတဲ့အတြက္လည္း ကိုၾကင္ေဆြ႕ကို သိပ္ၿပီး ေက်းဇူးတင္ပါတယ္”


“ေက်းဇူးတင္စရာမလိုပါဘူး အလွရယ္၊ ကြၽန္ေတာ္က တကယ္ ကိုယ့္ကိစၥအတြက္ လိုက္ၿပီးေဆာင္႐ြက္ရတာလို႔ ယူဆလိုက္ခ်င္ပါတယ္”ဟု ကြၽန္ေတာ့္စိတ္ထဲက ေျပာခ်င္လွေသာ္လည္း အလွႏွင့္ ကြၽန္ေတာ္အေတြ႕က ေနာက္က်ခဲ့ေလၿပီ။




ထိုေန႔က ကြၽန္ေတာ္တို႔သည္ အလွအား ၾကည့္ျမင္တိုင္ရွိ သူ႔အိမ္သို႔လိုက္ပို႔ၿပီး ျပန္လာၾကေသာအခါ ျမင္းလွည္းေမာင္းေသာ ကိုေသာင္းကေမး၍ ဇာတ္ေၾကာင္းေျပာျပေသာအခါ သူက အားမလိုအားမရႏွင့္…


“ဟာဗ်ာ… ခင္ဗ်ားတို႔ႏွစ္ေယာက္ ညားရင္ သိပ္ေရွ႕သြားေနာက္လိုက္ ညီမွာပဲ၊ တကယ္ညားဖို႔ ေကာင္းတယ္ဗ်ာ”


“မျဖစ္ႏိုင္ေတာ့တာပဲ ကိုေသာင္းရယ္”


“ခင္ဗ်ားမွာ အိမ္ေထာင္ရွိေနမွန္း သူသိပုံမေပၚေသးဘူးေနာ္”


“ကြၽန္ေတာ့္ကို လူပ်ိဳထင္ေနတာဗ်”


“ေအးေလ… ခင္ဗ်ားကလည္း လူငယ္ေက်ာင္းသား ႐ုပ္ကေလး ရွိေသးတာပဲ…”


မွန္ပါ၏။ အကယ္တိ စစ္မျဖစ္ ေခတ္မပ်က္ဘဲသာရွိပါက ထိုအ႐ြယ္မွာ ကြၽန္ေတာ္သည္ ေက်ာင္းသားပဲရွိပါဦးမည္။


ကိုေသာင္းႏွင့္ ကြၽန္ေတာ္မွာ ျမင္းလွည္းသမားဘဝကတည္းက ေနာင္ စာေရးဆရာျဖစ္သည္အထိ အလြန္ခင္မင္ၾကသည္။ ညေနတိုင္း အတူစားေဘာ္ေသာက္ဘက္ ျဖစ္သည္။ ကိုေသာင္းသည္ ဖိနပ္ေထာင္ဆရာျဖစ္၍ သူ႔ဖိနပ္မွာ ႏြားေခါင္းတံဆိပ္ျဖစ္သည္။ သူအားလွ်င္ ကြၽန္ေတာ္ျမင္းလွည္းေမာင္းရာကို လိုက္တတ္သည္။ အလွ၏ေခ်ာေမာလွပေၾကာင္းကို တဖြဖြ ေျပာသည္။ အလွႏွင့္ကြၽန္ေတာ္ ေတြ႕ၾကေသးလား ခဏခဏ ေမးသည္။


အလွႏွင့္ကြၽန္ေတာ္မွာ သူ အလုပ္သြား အလုပ္ျပန္ရာ၌ ကြၽန္ေတာ့္ျမင္းလွည္းႏွင့္ မၾကာခဏ ဆုံတတ္ပါသည္။ ေနာင္၌ တစ္ဦးႏွင့္တစ္ဦး ေစာင့္သည္၊ ႀကိဳသည္အထိ ခင္မင္လာၾကသည္။


၁၉၄၄ ခုႏွစ္၊ ေႏြရာသီ တစ္ေန႔သ၌မူ အလွႏွင့္ကြၽန္ေတာ္သည္ တစ္သက္မေမ့ႏိုင္ေသာအျဖစ္ကို ႀကဳံရသည္။


ထိုေႏြမွာ အလွသည္ အလုပ္မွခြင့္တစ္လရ၍ ကန္ဘဲ့ရွိ သူ႔အဘြားအိမ္သို႔ အေတာ္ၾကာ သြားေနရမည္ျဖစ္ေသာေၾကာင့္ သူ႔ပစၥည္းမ်ားကို ကြၽန္ေတာ့္ျမင္းလွည္းႏွင့္ တင္ပို႔ရသည္။ သူ႔မွာ ေၾကာင္မေလးတစ္ေကာင္ ပါလာေလသည္။


ၾကည့္ျမင္တိုင္ႏွင့္ ကန္ဘဲ့ခရီးကို ျမင္းလွည္းတစ္ႀကိဳးတည္းႏွင့္ မေမာင္းႏိုင္ပါ။ လမ္းတြင္ ခရီးတစ္ေထာက္ နားရသည္ျဖစ္ေသာေၾကာင့္ ကုကၠိဳင္းလမ္းမွ ကန္ဘဲ့လမ္း မခ်ိဳးမီ တစ္ေနရာဝယ္ (အတိအက်ေတာ့ မမွတ္မိေတာ့ၿပီ) ကုကၠိဳလ္ပင္ႀကီးတစ္ပင္ေအာက္၌ ျမင္းလွည္းကိုရပ္လိုက္သည္။


ကြၽန္ေတာ္ ျမင္းလွည္းေပၚကဆင္းၿပီး ျမင္းေဘးရပ္ကာ ထုံးစံအတိုင္း ေလခြၽန္၍ ျမင္းကိုေသးေပါက္ေအာင္ ျပဳလုပ္ေနစဥ္…


''ေအာင္မယ္ေလ… လုပ္ပါဦး ကိုၾကင္ေဆြ၊ ေၾကာင္ေလး ခုန္ခ်ေျပးၿပီ” ဆိုသံၾကား၍ ၾကည့္လိုက္ေတာ့ သူ႔ေၾကာင္ေလးသည္ လမ္းေဘးရွိၿခံဝင္းတစ္ခုထဲသို႔ ဝင္ေျပးသည္။ ထိုၿခံဝင္းထဲရွိ တိုက္အိမ္ႀကီးမွာ ဂ်ပန္မ်ားေနၾကသည္။ ထိုအိမ္နံေဘးမွာ ဂိုေဒါင္တန္းလ်ားႀကီး ေဆာက္ထားသည္။ စပါးက်ီသဖြယ္ အဆင့္ႏွင့္ျဖစ္၍ အျမင့္မွာ လူေလးဖက္ေထာက္ တြားသြားႏိုင္႐ုံ ျဖစ္သည္။


ေၾကာင္ေလးသည္ တန္းတန္းမတ္မတ္ပင္ ထိုဂိုေဒါင္ေအာက္ဝင္ေျပးသည္ျဖစ္၍ ေနာက္မွေျပးလိုက္သြားၾကေသာ အလွႏွင့္ကြၽန္ေတာ္လည္း ႏွစ္ေယာက္ၿပိဳင္တူ ယင္းဂိုေဒါင္ေအာက္ ေလးဖက္ေထာက္ဝင္လိုက္ၾကရေတာ့၏။ ဂိုေဒါင္အလယ္ေလာက္ေရာက္ေလ ေမွာင္ေလမို႔ ေၾကာင္ေလးကို မ်က္ျခည္ျပတ္သြားေလၿပီ…။


“စီစီမာ… စီစီမာ… လာ-လာ ဘယ္မွာလဲ စီစီမာရယ္”


ဤေနရာမ်ိဳး၌ ေၾကာင္သည္ ေခြးႏွင့္မတူေခ်။ ေၾကာင္သည္ ေျပးၿပီဆိုပါက ကိုယ့္သခင္မွန္း မသိေတာ့ေခ်။ ဘယ္ေတာ့မွ ေခၚမရေတာ့ေပ။ လိုက္ေလ… ေျပးေလ…။




“စီစီမာ… စီစီမာ”


အလွသည္ ေၾကကြဲေသာအသံေလးႏွင့္ ဟိုဟိုဒီဒီ ေလးဖက္ေထာက္ေလွ်ာက္ရင္း အႀကိမ္ႀကိမ္ေခၚသည္။ သို႔ေသာ္ ေၾကာင္ေလး၏ ျပန္ထူးသံလည္း မၾကားရ၊ ေတြ႕လည္း မေတြ႕ရေခ်။


ကြၽန္ေတာ္သည္ သူ႔နံေဘးက ေလးဖက္ေထာက္၍ ႏွစ္ေယာက္ယွဥ္ကာ လိုက္သြားသည္။ အေမွာင္ထုျဖင့္ လူခ်င္းမွာ ဝါးဝါးသာ ျမင္ရလ်က္ သူ႔ကိုယ္ရနံ႔သာ ကြၽန္ေတာ့္ႏွာေခါင္းမွာ ႀကိဳင္ထုံေနသည္။


ဂိုေဒါင္ေအာက္ ေမွာင္ႀကီးမည္းမည္း၌ ေၾကာင္အတြက္ စိတ္ေဇာျဖင့္ ပါးစပ္က တစာစာေခၚရင္း ေလးဖက္ေထာက္ေလွ်ာက္၍ ေတာ္ေတာ္ေမာသြားမွ သူ ေၾကာက္ရမွန္းသိလာလ်က္ ကြၽန္ေတာ့္ကို အားကိုးေသာအသံႏွင့္…


“ဟင္… ကိုၾကင္ေဆြ… အလွအနားမွာ ရွိရဲ႕လား”


“ရွိပါတယ္…”ဟု အသံျပဳကာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၾကေတာ့မွ ကြၽန္ေတာ္၏အေရာင္လက္ေသာ မ်က္လုံးႏွစ္စုံ ဆုံမိၾကသည္။


ကြၽန္ေတာ့္ရင္ထဲမွာ တဒိတ္ဒိတ္ခုန္လာသည္။ သူလည္း ထို႔အတူ ေနလိမ့္မည္သာ။


တစ္ဦးကိုတစ္ဦး ေစ့ေစ့ၾကည့္လ်က္ ေခတၱမွ် စကားျပတ္ေနၿပီးမွ…


“ဟင္… ေမွာင္လိုက္တာ ကိုၾကင္ေဆြရယ္…”


“ဟုတ္တယ္…. အလွ…”


“အလွေၾကာင္ေလးေတာ့ ျပန္ရေတာ့မွာမဟုတ္ဘူး။ ဘယ့္ႏွယ္လုပ္မလဲ…”


“ေၾကာင္ဟာ ဒီလိုပဲ… မတတ္ႏိုင္ဘူး၊ ဒီမွာ ကြၽန္ေတာ္တို႔ ၾကာၾကာေနလို႔မေကာင္းဘူး၊ ဒါ ဂ်ပန္ေတြေနတာ”


သူကေရွ႕မွ၊ ကြၽန္ေတာ္ကေနာက္မွ ကေလးေတြမ်ား ဆင္လုပ္တမ္း ကစားၾကသကဲ့သို႔ အျမန္ေလးဖက္စိုင္းထြက္ခဲ့ၾကသည္။ ဒူးေတြ လက္ဖဝါးေတြကိုနာေရာ။


အျပင္ေရာက္၍ မတ္တတ္ရပ္လိုက္ၾကေသာ္ ဂ်ပန္ႀကီးတစ္ေယာက္ ပက္ပင္းတိုးေနသျဖင့္ ကြၽန္ေတာ္တို႔မွာ မ်က္လုံးျပဴး၍ ပါးစပ္အေဟာင္းသား ျဖစ္သြားၾကသည္။


သို႔ေသာ္ ေတာ္ပါေသး၏။ ထိုဂ်ပန္မွာ စစ္သားမဟုတ္၊ ကုန္သည္ပိုင္းမွ ယဥ္ေက်းသူျဖစ္၍ အေတာ္ျမန္မာရည္လည္ေနရကား ကြၽန္ေတာ္တို႔ ႏွစ္ေယာက္အား ေစ့ေစ့ၾကည့္ၿပီး ၿပဳံးက်ဲက်ဲမ်က္ႏွာႏွင့္…


“အား မာစတာ ျမင္တယ္က၊ ရည္းစား ဒီမွာ လာေတြ႕ၾကတယ္… ေကာင္းတယ္ကား” ဟု ဆိုလိုက္သည္ႏွင့္ ကြၽန္ေတာ္တို႔မွာ သူ႔ကို မည္သို႔မွ် မထုေခ်ေတာ့ဘဲ ေခါင္းငိုက္စိုက္ႏွင့္ လစ္ခဲ့ၾကေတာ့သည္။


ကြၽန္ေတာ္တို႔ကိုယ္မ်ားမွာ ပင့္ကူေျမႇးေတြ၊ ဖုန္ေတြ၊ ေခြၽးေတြႏွင့္ အဝတ္မ်ားလည္း ႏြမ္းေၾကေနၾကသည္။ ဂ်ပန္ကား ကြၽန္ေတာ္တို႔ကို ၾကည့္ကာ က်ယ္ေလာင္စြာရယ္ေမာ၍ က်န္ခဲ့ေပ၏။


ကြၽန္ေတာ္တို႔ျမင္းလွည္းေပၚသို႔ ေရာက္ၾကေသာ္… တစ္ေယာက္ကိုတစ္ေယာက္ ဘာမွမေျပာႏိုင္ၾကေတာ့ဘဲ ကြၽန္ေတာ္က ျမင္းကိုသာ ခပ္ျမန္ျမန္ ေမာင္းခဲ့ေတာ့၏။ အလွက သူ႔ကိုယ္မွ ပင့္ကူေျမႇးေတြ၊ ဖုန္ေတြကို သုတ္သင္သည္။ ကြၽန္ေတာ္ကိုယ္ကိုလည္း သုတ္သင္ေပးသည္။


ထိုစဥ္ သူရႈိက္သံၾကားရ၍ ကြၽန္ေတာ္လွည့္ၾကည့္ေတာ့ သူ႔မ်က္ႏွာမွာ မ်က္ရည္စေတြႏွင့္…


“ဟင္… အလွ ငိုေနတယ္၊ ငိုပါနဲ႔ကြယ္…”


“အလွေၾကာင္ေလးေတာ့ ဒုကၡေရာက္ေတာ့မွာပဲ…”


“သူ႔ဟာသူ သြားခ်င္လို႔သြားတာ ဘာလို႔ ဒုကၡေရာက္ရမွာတုံး”


“သူ႔ဘယ္သူက အစာေကြၽးမလဲ”


“ေအာင္မယ္ေလး၊ အဲဒီဂိုေဒါင္ထဲမွာ ႂကြက္ေတြအျပည့္ဗ်ာ…”


“အလွ… သူ႔ကို သိပ္ခ်စ္တာ၊ ညဆို အတူတူအိပ္တာ…”


“နားမၿငီးဘူးလား၊ ေၾကာင္မ်ားအိပ္ရင္ တဂြီးဂြီးနဲ႔၊ ေရေႏြးအိုးဆူသလို ျမည္ေနတာ…”


“အလွေၾကာင္က အဲလို မျမည္ပါဘူး…”


“မညာပါနဲ႔၊ ေၾကာင္မွာ မျမည္တဲ့ေၾကာင္ရွိမလား၊ ကဲ တိတ္ပါ၊ မ်က္ရည္စေတြ သုတ္ပစ္၊ ေပါင္ဒါျပန္႐ိုက္ ေပ်ာက္ေသာေၾကာင္ ၾကာရင္ေမ့ေပါ့…”


သူသည္ ကြၽန္ေတာ္ေျပာသည့္အတိုင္း လက္ေပြ႕အိတ္ဖြင့္၍ တို႔ဖတ္႐ိုက္ရင္း…


“ေမ့ပါဘူး… ေမ့ပါဘူး… အလွေၾကာင္ေတာ့ ဘယ္ေတာ့မွ မေမ့ဘူး”


“ကဲ… ဒါျဖင့္ ေၾကာင္အစားယူမလား…”


“အလွေၾကာင္နဲ႔ အေမြးေရာင္ခ်င္း တူတာရွိလို႔လား…”


“အလွ လိုခ်င္တယ္ဆိုရင္ မေတြ႕ေတြ႕ေအာင္ ရွာေပးမယ္ေလ ယူမလား…”


“ကိုၾကင္ေဆြေပးရင္ ယူခ်င္တယ္…”


အဆင္သင့္ပင္ ကြၽန္ေတာ့္မိတ္ေဆြ ျမင္းလွည္းသမား ကိုျမတ္သာအိမ္တြင္ ဒီအေရာင္မ်ိဳး ေၾကာင္တစ္ေကာင္ေတြ႕ရသည္ႏွင့္ အရက္တစ္ပုလင္းႏွင့္လဲၿပီး ယူသြား၍ ေပးလိုက္သည္။ သို႔ေသာ္ အလွ ေပ်ာက္သြားေသာ ေၾကာင္က စီစီမာတဲ့၊ ေအာင္မေလး။ ကြၽန္ေတာ္… ယူသြားတဲ့ေကာင္က အထီးျဖစ္ေန၏။ သို႔ရာတြင္ အလွသည္ အထီးလား၊ အမလား ေမးမေနဘဲ သူ႔ယခင္ေၾကာင္ႏွင့္ အေမြးေရာင္ခ်င္း ေတာ္ေတာ္တူပါတယ္ဟုဆိုၿပီး ဝမ္းသာအားရ ယူထားလိုက္ပါ၏။


ယင္းသည္ ၃-၄ လအၾကာ တစ္ေန႔သ၌ အလွသည္ ဗဟန္းမွအျပန္ ကြၽန္ေတာ့္လွည္းေပၚ ပါလာခဲ့သည္။ အားအားရွိ ကြၽန္ေတာ့္လွည္းႏွင့္ လိုက္ေလ့ရွိေသာ ကိုေသာင္းက ျမင္းကိုေမာင္းသည္ ဤျမင္းမနာမည္ “လွလွၾကည္”ျဖစ္ေၾကာင္း ကိုေသာင္းကသိသည္။ ဘာေၾကာင့္ ဤနာမည္ေပးသည္ကိုလည္း ကြၽန္ေတာ္က ေျပာထားပါသည္။ သို႔ရာတြင္ ကိုေသာင္းသည္ ယခုျမင္းလွည္းေပၚ၌ ၎နာမည္ရွင္ပါလာသည္ကို သတိေမ့ေလ်ာ့သြားကာ အျခားျမင္းလွည္းတစ္စီးက ေနာက္မွေက်ာ္တက္မည္ျပဳသည္ကို သူက ေက်ာ္တက္မခံဘဲ ျမင္းမေက်ာကို ဇက္ဖ်ားခတ္လိုက္ကာ…


“လွလွၾကည္တဲ့ကြ… ဘာရမလဲ လွလွၾကည္… သမီးဆြဲလိုက္စမ္း…”


ယင္း၌ ကြၽန္ေတာ့္ေက်ာေနာက္ ကပ္ထိုင္လာခဲ့ေသာ အလွသည္ ကြၽန္ေတာ့္အက်ႌလက္ေမာင္းစကို ဆြဲကာ…


“ဟင္… ကိုၾကင္ေဆြ႕ ျမင္းမနာမည္က…”


အျခားသူမ်ားနားမလည္ေအာင္ ကြၽန္ေတာ္က အဂၤလိပ္ဘာသာျဖင့္ ‘မင့္နာမည္ ယူမွည့္ထားတာပဲ…’


သူကလည္း (မ်က္လုံးေလးမ်ား ေတာက္ပကာ) အဂၤလိပ္လို “ရွင့္နာမည္ေကာ ဒီလို တိရစာၦန္ယူမွည့္ရင္ စိတ္ဆိုးမွာလား…”


“ကိုယ့္ကို သေဘာက်လို႔ မွည့္တယ္ဆိုရင္ ဝမ္းေတာင္ သိပ္သာပစ္လိုက္မွာေပါ့…”


“ဒါျဖင့္ သာေပေရာ့… အရင္ ရွင္လာေပးတဲ့ ေၾကာင္ေလးနာမည္ဟာေလ…”


* * *


ဪ… အလွ၊ အလွ၊ ကြၽန္ေတာ္ႏွင့္အလွ။ ကြၽန္ေတာ့္ျမင္းမကို သူ႔နာမည္မွည့္၊ ကြၽန္ေတာ့္နာမည္ကို သူ႔ေၾကာင္…။


သူ႔႐ုံးက ဂ်ပန္အရာရွိႀကီးကို သူနဲ႔ကြၽန္ေတာ္ လက္ထပ္ေတာ့မယ့္ သမီးရည္းစားပါတဲ့။ ကုကၠိဳင္းလမ္းမွာ ဂိုေဒါင္နားေတြ႕ခဲ့ရတဲ့ ဂ်ပန္ႀကီးကလည္း ကြၽန္ေတာ္တို႔ကို ဒီလိုပဲသမုတ္။


တစ္ေယာက္တစ္ေယာက္ ခ်စ္လိုက္ၾကသည္ကလည္း အမွန္။ သို႔ေသာ္ သူႏွင့္ကြၽန္ေတာ္သည္ ညားရန္ ဖူးစာမပါခဲ့ပါ။ သူ႔႐ုပ္လွသည္ႏွင့္အမွ် အသက္ကလည္း တိုခဲ့ပါသည္။


၁၉၄၅ ခုႏွစ္၊ မဟာမိတ္တို႔ ေနာက္ဆုံးအႀကိမ္ ရန္ကုန္ၿမိဳ႕ကို ဗုံးႀကဲေသာအခါတြင္…


ေအးဥဩဆြဲသည္ႏွင့္တစ္ၿပိဳင္နက္ ၾကည့္ျမင္တိုင္ဘက္ အလွတို႔ေနေသာအကြက္ဟု ၾကားသည္ႏွင့္ ကြၽန္ေတာ္သည္ ကိုေသာင္းကိုေခၚကာ ျမင္းလွည္းေမာင္း၍ ထြက္ခဲ့သည္။


အလွတို႔အတြက္ မဟုတ္ပါေစႏွင့္၊ ဟုတ္သည့္တိုင္ေအာင္ အလွေတာ့ လြတ္ကင္းပါေစ။


သိုေသာ္ ကြၽန္ေတာ့္ဆုေတာင္း တစ္ခုမွ် မျပည့္ခဲ့ပါ။ မီးေလာင္ဗုံးျဖစ္သည့္အားေလ်ာ္စြာ ေသလိုက္ၾကသည့္လူေတြ အတုံးအ႐ုံး၊ အိမ္ေတြေရာ သစ္ပင္ေတြပါ ငုတ္တိုေတြျဖစ္ေနၾကသည္။ ဘယ္သူ႔အေလာင္း ဘယ္မွာမဆိုထားႏွင့္၊ ဘယ္သူ႔အိမ္ဟာ ဘယ္မွာဆိုတာကိုပင္ မခန႔္မွန္းႏိုင္။ ေညႇာ္နံ႔ကလည္း ျပင္းထန္လွပါဘိေတာင္း။


မီးသတ္ကားမ်ားႏွင့္ အေလာင္းတင္ရေအာင္လာေသာ ေဆး႐ုံကားမ်ားႏွင့္၊ ငိုယိုေနၾကေသာ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ေယာက္ယက္ခတ္ေနၾကသည့္အၾကား ကြၽန္ေတာ္ဆင္းသြားေတာ့ အလွ၏အေမက…။


“ေအာင္မယ္ေလး ေမာင္ၾကင္ေဆြရဲ႕…၊ ေဟာဒီမွာ… မင္းအလွအေလာင္းကြဲ႕…”


အလိုေလး ၾကည့္ရက္စရာ မရွိပါလားဗ်ာ။ ဗုံးဆန္လည္းမွန္ထားတယ္။ မီးလည္းေလာင္ထားတယ္။ ညိဳမဲတြန႔္ေခြလို႔ ပါးတစ္ျခမ္းကလည္း ပဲ့ေနေလေတာ့…


“ကြၽန္ေတာ့္ရည္းစား ေပ်ာက္လို႔ရွာ၊ ေတြ႕ရင္ေျပာၾကပါ။ မွတ္မိတာလည္းေသအခ်ာ ပါးစပ္မွာလည္းသြားနဲ႔ပါ…”


“ေမာင္ၾကင္ေဆြရဲ႕ သူက တနဂၤေႏြေန႔မို႔ အိမ္မွာေနတယ္၊ အေမကေတာ့ ေဈးသြားေနလို႔၊ ေအာင္မယ္ေလး ငါ့သမီးနဲ႔အတူ လိုက္မသြားရဘူးကြဲ႕… ေမာင္ၾကင္ေဆြရဲ႕၊ မင္းကို သူသိပ္ခ်စ္တယ္ကြဲ႕။ မင္းေပးတဲ့ ေၾကာင္ေလးကို ဘယ္လိုေခၚတယ္မွတ္သလဲ။ ‘ကိုေဆြ’တဲ့၊ မင္းပါးစပ္က ေသြးစသုတ္ေပးရတဲ့ လက္ကိုင္ပဝါေလးလည္း သူ တ႐ိုတေသ သိမ္းထားရွာတယ္။ အို… မင္းကို သူ သိပ္ခ်စ္ရွာတယ္ကြယ္၊ ကိုၾကင္ေဆြက အလွကို ဘယ္ေန႔ လက္ထပ္ဖို႔ေျပာမလဲ မသိဘူး၊ တစ္ေန႔ေတာ့ ေျပာမွာပဲ… ေျပာမွာပဲနဲ႔၊ အခုေတာ့ မင္းမေျပာေတာ့ဘူးမဟုတ္လား…”


အေမႀကီးသည္ ကြၽန္ေတာ့္အားဖက္၍ငိုပါေတာ့သည္။ ကြၽန္ေတာ့္မွာ မ်က္ရည္ေတြေတြ က်ရပါသည္။ ကြၽန္ေတာ္ႏွင့္ အေဖာ္လိုက္ခဲ့ေသာ ကိုေသာင္းလည္း မ်က္ရည္စို႔ရပါသည္။


ကိုေသာင္းသည္ ၁၉၄၉ ခုႏွစ္၌ အဆုတ္အေအးမိေသာေရာဂါျဖင့္ ရန္ကုန္ေဆး႐ုံႀကီးတြင္ ကြယ္လြန္ပါသည္။ အလွအေမႀကီးကား သူ႔သမီးဆုံးၿပီး သိပ္မၾကာခဲ့ေခ်။ လွလွၾကည္ဟု နာမည္ေပးထားေသာ ကြၽန္ေတာ့္ျမင္းမလည္း ထိုႏွစ္မွာပင္ ဂ်ပန္ေတြျမင္းသိမ္းမည္ဆို၍ ေမွာ္ဘီလွပဒါး႐ြာသို႔ေျပးရင္း ဟိုေရာက္ေတာ့ အေမာလြန္ၿပီး ေသရွာပါသည္။ ဟိုေၾကာင္ ေမာင္ၾကင္ေဆြမွာမူ အလွႏွင့္အတူပဲ ဗုံးခ်ရာမွာ မီးေသြးတုံးျဖစ္သြားပါသည္။


ဪ… သတၱဝါမွန္သမွ် သခၤါရခ်ည္း။ ကြၽန္ေတာ္လည္း တစ္ေန႔ သူတို႔ေနာက္ လိုက္ရေခ်ေတာ့မည္။


မလိုက္မီ ယခု ဤစာေရးေနခ်ိန္ဝယ္ လြန္ခဲ့ေသာ ၂၄ ႏွစ္ေက်ာ္က အလွ၏ မေသမီ ေခ်ာေမာေသာ ႐ူပါဣ႒ာ႐ုံကိုလည္းေကာင္း၊ မီးေလာင္ဗုံးထိေသၿပီးေသာ အေလာင္းေကာင္၏ အနိ႒ာ႐ုံကိုလည္းေကာင္း မ်က္စိတြင္ ထင္ျမင္၍ ဆင္ျခင္မိေတာ့ အလွကို လြမ္းဆြတ္တသေသာ စိတ္ႏွင့္ ကြၽန္ေတာ္ အလွကို ရွာေဖြေတြ႕မိေလ၏။


ဪ… အလွသည္ အေရျပားေပၚတြင္သာ ရွိ၏တကား။ အေရျပားေအာက္၌မူ အဆီ၊ အေသြး၊ အေၾကာ၊ အ႐ိုး၊ အရိ၊ အ႐ြဲ စသည့္ ၃၂ ေကာ႒ာသ သာတကား။


ေသာ္တာေဆြ


(၁၉၆၉၊ ဧၿပီလ စႏၵာမဂၢဇင္း)


Comments

Post a Comment