မော့ဆက် (အပိုင်း ၃)

အိုက်ခမန်းကို ပြန်ပေးဆွဲခြင်း ۞

 



၁၉၅၇ ခုနှစ်ဆောင်းဦးရာသီကုန်ခါနီးကာလ၊

အီဆာဟာရယ်သည် စာတမ်းတစ်စောင်ကို တစ်ညလုံး ထိုင်ဖတ်နေသည်။ အလွန်ထူထဲလှသောစာတမ်းကြီးသည် ဒုတိယကမ္ဘာစစ်ကြီးပြီးစကပင် သူစုဆောင်းရှာဖွေထားသော စာတမ်းဖြစ်သည်။ဗြိတိသျှတို့မမြင်အောင် သူအထူးဂရုစိုက်သိမ်းဆည်းခဲ့သော စာတမ်းပင်။

စာတမ်းပါ အကြောင်းအရာသည်ကား

အဒေါ့ဖ်အိုက်ခမန်း (Adolf Eichmann)

အိုက်ခမန်း ကျူးလွန်ခဲ့သော ပြစ်မှုများသည်များပြားကြီးကျယ်လွန်းသဖြင့် အော်ဂလီဆန်အော့နှလုံးနာစရာကောင်းလှပေရာ အီဆာသည်စာတမ်းကြီးကိုချထားလိုက်၊ ပြန်ဖတ်လိုက်လုပ်နေရသည်။

၁၉၃၄ ခုနှစ်တွင်နာဇီတို့၏ (S.S)ထောက်လှမ်းရေးအဖွဲ့ ဂျူးဌာနခွဲတွင် ဇီယွန်ဝါဒကျွမ်းကျင်သူအဖြစ် အိုက်ခမန်းကိုခန့်ထားခဲ့သည်။ ထိုစဉ်ကနာဇီတို့ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့်'ဂျူးပြဿနာကို နောက်ဆုံးဖြေရှင်းနည်း'ဟူသော စီမံကိန်းတွင် အိုက်ခမန်းသည် အဓိကနေရာကပါဝင်ခဲ့သည်။

အိုက်ခမန်းသည် ဂျူးများကိုအတင်းအကြပ်နယ်ပြောင်းစေသော ဝါဒကိုစတင်ခဲ့သူဖြစ်သည်။ ဥရောပရှိဂျူးများကို ချုပ်ကိုင်၍လွယ်သောအစုများအဖြစ်သို့ရောက်သွားစေရန် ကြံစည်ခဲ့သည်။ ထို့နောက်ထိုဂျူးပြဿနာကိုဖြေရှင်းရန် အဖွဲ့အစည်းသပ်သပ်တစ်ခုဖွဲ့စည်းပေးရန် သူအကြံပြုခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း အိုက်ခမန်းသည် ဝါဒရေးဆွဲသူမဟုတ်ဘဲ ဌာနတစ်ခုကိုသာ အုပ်ချုပ်ခဲ့ရသူဖြစ်သည်။ သို့သော် သူသည် အမိန့်များကို သတ်ချင်ဖြတ်ချင်၍ စိတ်အားထက်သန်သောကျွမ်းကျင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့သည်သာဖြစ်သည်။

အိုက်ခမန်းသည် သူလုပ်ကိုင်ရသည့် လုပ်ငန်းများ ချောမောပြေပြစ်ခြင်းကို အလွန်ဂုဏ်ယူတတ်သူဖြစ်သည်။ ဂျူးသန်းပေါင်းများစွာကိုသုတ်သင်ပစ်ခဲ့သည့်စီမံကိန်းတွင် သူမည်သို့ပါဝင်ခဲ့ပုံကို အိုက်ခမန်းကဝင့်ဝါစွာ ပြောကြားခဲ့ကြောင်း နူရင်ဘတ်စစ်ခုံရုံး၌ သက်သေများက ထွက်ဆိုကြသည်။

အော့ရှဝဒ်(ဇ်) အကျဉ်းစခန်းကြီးကိုချဲ့ထွင်ပြီး ဂျူးများ အစုလိုက်အပြုံလိုက် သုတ်သင်ချေမှုန်းရာဌာနကြီးဖြစ်လာအောင် အိုက်ခမန်းကပင် စီစဉ်ခဲ့လေသည်။ အော့ရှဝဒ်(ဇ်) ငရဲခန်းကြီးတွင် ဂျူး(၂)သန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။

၁၉၄၄ ခုနှစ်မတ်လတွင် “နောက်ဆုံးဖြေရှင်းခြင်း” စီမံကိန်းအတွက် အိုက်ခမန်းကိုတာဝန်ယူကြီးကြပ်စေခဲ့လေရာ ဟန်ဂေရီနိုင်ငံ၌ အိုက်ခမန်းပြုလုပ်ခဲ့သောလုပ်ရပ်များသည် သွေးအေးအေးနှင့်အလွန်ပင်ရက်စက်ကြမ်းကြုတ်သောသဘောသဘာဝကိုဖော်ပြကြလေသည်။

အိုက်ခမန်းသည် ဟန်ဂေရီကို ဒေသ(၆)ခုခွဲခြမ်းလိုက်ပြီး ဟန်ဂေရီတွင်နေထိုင်သောဂျူးလူမျိုး(၆)သိန်းခွဲကို ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးခဲ့သည်။လုပ်ငန်းစပြီး (၄)လကြာသော ကာလဖြစ်သည့်ဇူလိုင်လတွင် ဂျူး(၄၃၇,ဝဝဝ)တို့သည် အော့ရှဝဒ်အကျဉ်းစခန်းသို့ရောက်ခဲ့ရလေသည်။ ထို့နောက်ပိုင်း ဂျာမဏီနိုင်ငံစစ်ရေးကျဆင်းချိန်၌ ဂျူးတို့၏အသက်ကို လိုအပ်သော စစ်လက်နက်ပစ္စည်းများနှင့်လဲလှယ်ရန် ကမ်းလှမ်းမှုတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။

ထိုကမ်းလှမ်းချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေချိန်ဝယ် အိုက်ခမန်းသည်ဂျူးလူမျိုးများ နယ်နှင်ခန်းကိုမရပ်ဘဲ ဆက်လက်ဆောင်ရွက်ခဲ့သည်။

စစ်ကြီးပြီးသည့်နောက် နာဇီထိပ်သီးခေါင်းဆောင်အတော်များများကိုဖမ်းဆီးရမိပြီး နူရင်းဘတ်စစ်ခုံရုံးတွင် စစ်ဆေးတရားစွဲဆိုခဲ့လေသည်။ အချို့မှာ ဥပဒေကိုမိမိလက်တွင်းသို့ယူဆောင်လိုသူများ၏ကလဲ့စားချေမှုများကြောင့် ဇီဝိန်ကြွေကြရလေသည်။

စစ်ကြီးမပြီးမီကာလမှာပင် ဗြိတိသျှတပ်မတော်လက်အောက်ရှိ ဂျူးတပ်ဖွဲ့မှတပ်သားအချို့သည်နာဇီတို့ကိုလိုက်လံရှာဖွေ၍ ကလဲ့စားချေရန်စုစည်းမိကြသည်။ ထိုဂျူးအဖွဲ့ကို ဟီဘရူးဘာသာဖြင့် “ဟာနော့ကင်”ဟုခေါ်ပြီး “ကလဲ့စားချေသူများ”ဟု အဓိပ္ပါယ်ရသည်။

အကျဉ်စခန်းများမှ သေရွာပြန်အကျဉ်းသားတို့၏ ထွက်ဆိုချက်များကိုအခြေခံပြီး ဥရောပတိုက်နေရာအနှံ့ ထောက်လှမ်းရေးသများနှင့် သတင်းပေးသူများထံမှသတင်းများကို ထောက်လှမ်းရယူခဲ့သည်

“ဟာနော့ကင်”ကို မဟာမိတ်တပ်များထဲမှ ပြင်သစ်၊ အင်္ဂလိပ်၊ အမေရိကန်နှင့်အခြားစစ်ဘက်အရာရှိများနှင့် စစ်သားများကလည်း ကူညီကြသည်။ ထိ့ုကြောင့်ပင်သူတို့သည်နာဇီစစ်ပုလိပ်အဖွဲ့ဝင်များနှင့် အထူးသဖြင့်အကျဉ်းစခန်းအုပ်ချုပ်သူ (S.S)အရာရှိရာပေါင်းများစွာကိုတွေ့ရှိပြီး ဖမ်းဆီးနိုင်ခဲ့လေသည်။

ပထမပိုင်း၌ သူတို့သည်ဖမ်းဆီးရမိသော နာဇီတို့ကို မဟာမိတ်စစ်ဘက်အာဏာပိုင်တို့ထံလွှဲပြောင်းပေးခဲ့သည်။ သို့သော်စစ်ပြီးခါနီးကာလ ဗရုတ်ဗရက်အချိန်တွင်လွတ်မြောက်ထွက်ပြေးသွားကြသည်။ တခါတရံမဟာမိတ်တို့က လွှတ်ပေးလိုက်ကြလေသည်။

၁၉၄၄ ခုနှစ်လောက်က ဖြစ်သည်။

ဟန်ဂေရီ၌ နာဇီအရာရှိကြီး (၂)ဦးကိုဖမ်းဆီးမိပြီး ရုရှားတပ်များထံပေးအပ်ခဲ့သည်။ ရုရှားစစ်ဗိုလ်ကအကျဉ်းစခန်းထဲမှအကျဉ်းသားများ၏ တဖက်သတ်စကားများကိုယုံကြည်ပြီး ထို(၂)ယောက်ကိုအပြစ်မပေးနိုင်။ ခိုင်လုံသော အထောက်အထား ပြပါဟုဆို၍ လွှတ်လိုက်သည်။

နာဇီ(၂)ယောက်သည် ရယ်မော၍ ထွက်လာကြလေသည်။ သို့သော်လည်း သိပ်ဝေးဝေးမလျှောက်နိုင်ကြပါ။ သူတို့ကိုဖမ်းဆီးပေးသော ဟာနော့ကင်တပ်ဖွဲ့ဝင်များ၏ ဆပ်မရှင်းဂန်းကျည်ဆံများအောက်တွင်ဇီဝိန်ကြွေခဲ့ရလေသည်။

ထိုအချိန်မှစ၍ ဟာနော့ကင်တပ်ဖွဲ့ဝင်များသည် 'နာဇီမှန်သမျှ ဖမ်းမိလျှင်သုတ်သင်ပစ်ရမည်' ဟူသောဝါဒကို ကျင့်သုံးကြလေသည်။

နာဇီတစ်ယောက်ကို အိမ်တစ်အိမ်တွင်တွေ့ပြီဆိုပါစို့။ ထိုသူ၏ အိမ်သို့ အင်္ဂလိပ်စစ်သားတချို့ရောက်လာပြီး သူ့ကိုယဉ်ယဉ်ကျေးကျေး စုံစမ်းမေးမြန်းစရာများ မေးမြန်းကြပေမည်။ ထို့နောက်သူ့ကို အနီးအနား လယ်ကွင်းသို့မဟုတ် သစ်တောထဲခေါ်သွားပြီး သူကျူးလွန်ခဲ့သည့်ပြစ်မှုနှင့်စီရင်ချက်တို့ကိုဖတ်ပြ၍ ဖျောင်ပစ်ကြသည်သာ ဖြစ်သည်။ဒုတိယ ကမ္ဘာစစ်ကြီးပြီးစ တစ်နှစ်တာကာလအတွင်းတွင် ဤနည်းဖြင့်အသတ်ခံရသော နာဇီ(၁ဝဝဝ)ကျော်၏အလောင်းများ တွေ့ရှိရလေသည်။

သို့သော် အိုက်ခမန်းသည် နူရင်းဘတ်စစ်ခုံရုံးကိုကွင်းရှောင်ခဲ့သည်။ ဟာနော့ကင်လက်မရွံ့အဖွဲ့သားတို့၏ သုတ်သင်ခြင်းကိုလည်း ရှောင်တိမ်းသွားခဲ့သည်။

အိုက်ခမန်းသည် ပါးနပ်သူတစ်ဦးဖြစ်ပြီး ရဲလုပ်ငန်းနှင့် ထောက်လှမ်းရေးကပြဿနာများကို နားလည်ထားသူဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ပိပိရိရိခြေရာဖျောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်ခြေရာဖျောက်နိုင်သည့်ကာလမှာ ၁၉၅၇ ခုနှစ်နွေဦးရာသီအထိသာ ဖြစ်သည်။

အီဆာဟာရယ်သည် ဂျာမဏီနိုင်ငံဟက်စ်ပြည်နယ်မှ ပြည်သူ့အကျိုးဆောင်ဒေါက်တာ ဖရစ်ဗောဝါးထံမှယုံကြည်ရသော သတင်းတစ်ခုရှိ၏။

ထိုသတင်းသည်ကားအိုက်ခမန်း အာဂျင်တီးနား နိုင်ငံတွင်အသက်ရှင်နေဆဲဖြစ်သည်။

ထို့ကြောင့် အီဆာသည် တစ်ညလုံးထိုင်ပြီး အိုက်ခမန်းစာတမ်းကြီးကို လေ့လာနေခြင်း ဖြစ်သည်။

မနက်မိုးလင်းလာသောအခါ အိုက်ခမန်းကို တရားဥပဒေအရ အရေးယူရမည်ဟု အီဆာနားလည်သဘောပေါက်ခဲ့လေသည်။

သူဖမ်းဆီးရမည့်ပုဂ္ဂိုလ်မှာ နှယ်နှယ်ရရမဟုတ်။ အိုက်ခမန်းဆိုတဲ့နာမည်တစ်ခုဖြင့်ထင်ပေါ်နေသောစစ်ရာဇဝတ်ကောင်ကြီးတစ်ဦး ဖြစ်သည်။ထို့ပြင်အာဂျင်တီးနားရှိအိုက်ခမန်း၏ မိတ်ဆွေအပေါင်းအသင်းတို့မှာ အစိုးရအဖွဲ့၀င်များလည်းပါသည်။ အစိုးရမဟုတ်သော ပုဂ္ဂိုလ်ကြီးများလည်း ပါသည်။ ထိုလူကိုဖမ်းဆီးရမည့်တာဝန်သည် သူ့အတွက် အလွန်ခက်ခဲသော တာဝန်တစ်ရပ်ဖြစ်သည်။

နောက်ပြဿနာတစ်ခုမှာ အာဂျင်တီးနားတွင်ဖမ်းမိပါက အိုက်ခမန်းကိုဘာလုပ်မည်နည်းဟူသောကိစ္စဖြစ်သည်။ ဟာနော့ကင်အဖွဲ့၏ ကလဲ့စားချေသည့်နည်းကိုသုံးလျက် ဖြောင်ပစ်ခြင်းသည်လွယ်ကူပါသည်။ သို့သော် အီဆာသည် အိုက်ခမန်းကိုသတ်မည်မဟုတ်။ သူသည်အိုက်ခမန်းကိုအစ္စရေးနိုင်ငံသို့ခေါ်ဆောင်လာပြီး သူသုတ်သင်ရန်ကြိုးပမ်းခဲ့သော ဂျူးလူမျိုးတို့၏ မျက်မှောက်ဝယ်ခုံရုံးတင်မည်ဖြစ်သည်။

သူ၏ အစီစဉ်သည် ပို၍ခက်ခဲသော်လည်း အခြားနည်းလမ်းမရှိပါ။ ပထမ အီဆာကြီးနာမည်ပျက်သွားရသည့်ကိန်းကို သိရှိထားသော ဒုတိယ အီဆာလေးသည် ထိုကိစ္စကို တရားဥပဒေဘောင်ဝင်နိုင်သမျှ ဝင်စေချင်သည်။ အိုက်ခမန်းလို အရေးပါသော စစ်ရာဇဝတ်ကောင်တစ်ဦးကို စစ်ခုံရုံးအမြန်ဖွဲ့၊ အမြန်စီရင်ချက်ချပြီး ကွင်းပြင်ထဲ ပစ်သတ်တာမျိုး လုပ်၍မရပါ။

ဤလုပ်ငန်းသည် အလွန်စိတ်ဓာတ်ကျစရာကောင်းသောလုပ်ငန်းဖြစ်ပြီး အောင်မြင်တာမအောင်မြင်တာ ဘေးချိတ်၊ နောက်ဆက်တွဲကွင်းဆက်အကျိုးတရားများမှာ များပြားလှပေသည်။

အီိဆာသည် ထိုပြဿနာကို အပြန်အလှန်သုံးသပ်လေ့လာပြီး နောက်ဆုံးဝန်ကြီးချုပ်နှင့်တွေ့ဆုံအကြံဉာဏ်တောင်းပါက အလားအလာကောင်းနိုင်မည်ဟု သူယူဆမိသည်။

ဘင်ဂူရီယန်နှင့်အီဆာတို့သည် ထိပ်တန်းလျှို့ဝှက်ကိစ္စများကို တယ်လီဖုန်းဖြင့်မပြောဘဲနှစ်ကိုယ်ကြား ဆွေးနွေးစမြဲဖြစ်လေသည်။

အီဆာနှင့်ဘင်ဂူရီယန်တို့ဆွေးနွေးပွဲမှာ အလွန်တိုတောင်းလှသည်။

အီဆာက ဘင်ဂူရီယန်၏ ရုံးခန်းထဲသို့ဝင်လာပြီး အိုက်ခမန်း ရောက်ရှိနေသည့်နေရာကိုတွေ့ထားပြီဖြစ်ကြောင်း ပြောလိုက်သည်။

"သူ့ကိုအစ္စရေးနိုင်ငံကိုပြန်ခေါ်လာဖို့ ၀န်ကြီးချုပ်ရဲ့သဘောတူညီချက် ကျွန်တော်လိုချင်ပါတယ်လုပ်ပါ၊ လုပ်စမ်းပါဗျာ"

ထိုအချိန်မှစ၍ အိုက်ခမန်းကိုဖမ်းဆီးခေါ်ဆောင်ရန်ကိစ္စသည် အီဆာဟာရယ်အဖို့ နံပါတ်တစ် အရေးကြီးသောပြဿနာဖြစ်လာသည်။

အိုက်ခမန်းသတင်း အနံ့စတင်ရလာပုံမှာအာဂျင်တီးနားမြို့တော် ဗွေနိုးဇာရီ (ဗျူနိုအေးရီးစ်)တွင်နေထိုင်သော မျက်မမြင်ဂျူးတစ်ယောက်ရှိသည်။ ထိုဂျူး၏သမီးပျိုကို နီကိုးလတ်စ်အိုက်ခမန်းဆိုသူလူငယ်တစ်ယောက်က ပိုးပန်းနေသည်။ ဤလူငယ်၏အမည်မှာ အိုက်ခမန်းနှင့်သူ၏ဇနီးတို့ ဂျာမဏီတွင်မွေးဖွားခဲ့သော သားတစ်ယောက်၏အမည်ဖြစ်သည်။

သတင်းပေးသူကလည်း အိုက်ခမန်းမိသားစုနေထိုင်သော လိပ်စာကိုပင်ပေးခဲ့သည်။

ဗွေနိုးဇာရီမြို့ အိုလီဗိုရပ်ကွက်၊ ချာတာဗူကိုလမ်း၊ အိမ်အမှတ်(၄၂၆၁)

အိုက်ခမန်းကို ခြေရာခံမိပုံ

အိုက်ခမန်းစစ်ဆင်ရေး အပိုင်း၂ ကို မနက်ဖြန်တင်ပေးသွားပါမယ်

Comments

  1. ဝိုး...အခန်းဆက်က တစ်စပြီးတစ်စ ပိုပိုစိတ်ဝင်စားဖို့ကောင်းလာပြီး။ အီဆာဟာရယ် ဘယ်လိုလုပ်မလဲဆိုတာ သိချင်နေပြီး!

    ReplyDelete
    Replies
    1. အချိန်ပေးဖတ်နိုင်တာဟာ တကယ်ကောင်းတာပါပဲ။

      Delete

Post a Comment