လူနှင့် ဆုံမှတ်များ

 လူနှင့် ဆုံမှတ်များ

(၁)

တစ်ခါက မြို့တစ်မြို့မှာ လူတစ်ယောက် ရှိခဲ့ဖူးလေသည်။ လူအများ နေထိုင်သော လူနေမြို့ပြ၌ လူတစ်ယောက်ရှိခြင်းသည် အဆန်းမဟုတ်ပါ။ သို့သော် ဆန်းရာကြယ်ရာ အကြောင်းက ရှိလာသည်။ ထိုလူက မည်သူမှ မသိသော ဘာသာစကားတစ်မျိုးဖြင့် စကားဆိုတတ်ခြင်းကြောင့် ဖြစ်သည်။

ထိုဘာသာစကားကို ဘာရယ်မဆိုနိုင်ပါ။ သူ့ဘာသာ သူပင် နားလည်ရဲ့လား မသိပါ။ ကာတွန်းဇာတ်ကောင်တစ်ဦးလို ပြောဆိုခြင်းမျိုး ဖြစ်သည်။ သူ့စကားက…

“ဂလု ဂလု ဂလိ ဂလိ” … ဆိုတာမျိုး ဖြစ်သည်။

သူကလည်း လူတွေကို ထိုစကားနှင့် ဆက်ဆံသည်။ လူတွေက သူ့စကားကို နားမလည်။ သူ့ကို စိတ်ပျက်ကြသည်။ ထို့အတူ သူကလည်း လူတွေကို စိတ်ပျက်သည်။ ထိုသို့ဖြင့် တစ်နေ့မှာ…

“အိုး…ဂလု ဂလု…အိုး…ဂလိ ဂလိ”

အားလုံးကို အပြုံးနှင့် နှုတ်ဆက်ပြီး ထိုမြို့မှ သူထွက်ခွာလာတော့သည်။


(၂)

တစ်မြို့ပြီး တစ်မြို့ကို ဖြတ်သန်းပြီး ဦးတည်ရာမဲ့ သူခရီးနှင်ခဲ့သည်။ ပင်လယ်၊ တောင်တန်းနှင့် လွင်ပြင် ထိုနည်းတူ ရှာစဉ် မြို့စဉ်များ တစ်ခုပြီး တစ်ခု သူကျော်လွှားခဲ့၏။ မြို့တစ်မြို့၏ ဗွေလယ်ခေါင်သို့ အရောက်မှာ အံ့ဩစရာမြင်ကွင်းကို သူမြင်တွေ့ရလေသည်။

လူအုပ်ကြီးက လူတစ်ယောက်ကို ဝိုင်းရံကြည့်ရှုနေကြခြင်း ဖြစ်သည်။ အကျိုးအကြောင်း သိလိုသဖြင့် သူသည်လည်း လူအုပ်ကြီးထဲ တိုးဝှေ့ဝင်ကာ ထိုလူ့ကို အကဲခတ်ကြည့်ရှု၏။ သူ့ကို ဝိုင်းအုံကြည့်နေသော လူအုပ်ကို ထိုလူက တုံ့ပြန်ရန်တွေ့နေသည်။ ထိုလူ၏ပုံကို ကြည့်ပြီး ရန်တွေ့မှုကို သူ မင်သက်မိလေသည်။

“ကွိစိ ကွိစိ ကွစိ ကွစိ…”

ထိုလူ၏ စကားကို သူနားမလည်။ မည်သူကမှလည်း နားလည်ပုံ မပေါ်။ ထူးခြားသော သတ္တဝါတစ်ကောင်လို ဝိုင်းအုံကြည့်နေကြဆဲ။ ထိုလူကလည်း ရန်တွေ့မြဲ တွေ့လျက်…

“ကွိစိ ကွိစိ ကွစိ ကွစိ…”

နောက်တော့လည်း အားလုံးက သူ့အပါးမှာ ရယ်မောထွက်ခွာ သွားကြ၏။ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သူက “သူ”…။

(၃)

မည်သူမှ မရှိတော့ချိန်မှာ ထိုလူ့ထံသို့ ချဉ်းကပ်သွားပြီး ဝမ်းသာအားရ သူ လက်ဆွဲ နှုတ်ဆက်လိုက်သည်။ မိတ်ဆက်စကားကိုလည်း ဆိုဖြစ်သည်။

“ဂလု ဂလု ဂလိ ဂလိ”

ထိုလူက သူ့ကိုကြည့်ပြီး မယုံကြည်နို်င်သလို ဖြစ်သွား၏။ ထို့နောက်မှ သဘောပေါက်သွားပြီး ဖက်လှဲတကင်း ပြန်လည်နှုတ်ဆက်လေတော့သည်။

“ကွိစိ ကွိစိ ကွစိ ကွစိ…”

သူတို့နှစ်ယောက်သည် ယခုမှပင် တွေ့ကြသော်လည်း ယခင့် ယခင်ကပင် သိကျွမ်းရင်းနှီးသူများပမာ တစ်ယောက်နှင့်တစ်ယောက် စကားတွေဖောင်ဖွဲ့မဆုံး ဖြစ်နေကြလေသည်။

“ဂလု ဂလု ဂလိ ဂလိ”

“ကွိစိ ကွိစိ ကွစိ ကွစိ…”

ထို့နောက် သူတို့နှစ်ဦးသည် တစ်ယောက်ပခုံး တစ်ယောက်ဖက်လျက် မြို့လယ်ဘက်ဆီသို့ ညီညီညာညာ ထွက်ခဲ့ကြလေသည်။

(၄)

ထို့နောက်ပိုင်းမှာတော့ ဘာစိတ်ကူးပေါက်ပြီး ဘယ်လိုနားလည်မှုတွေ ရသည် မသိ။ မြို့ပတ်လမ်းမှာ သူတို့နှစ်ဦး အပြေးပြိုင်ကြပါသည်။ မည်သည့်နေရာကို ပန်းတိုင်ဟု သတ်မှတ်မှန်းလည်း မသိချေ။ တစ်ယောက်က ဓာတ်တိုင်သုံးတိုင်စာလောက်မှာ ရပ်နေပြီး တစ်ယောက်က ဓာတ်တိုင်ငါးတိုင်စာလောက်အထိ ပြေးသွားသည်။ ပြီး နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် အောင်နိုင်သူလို ကြည့်ကာ…

“ဂလု ဂလု ဂလိ ဂလိ”

“ကွိစိ ကွိစိ ကွစိ ကွစိ…”

နှစ်ယောက်သား စားသောက်ဆိုင်ဆီ ချီတက်ကြလေသည်။ စားသောက်ဆိုင်သို့ ရောက်သောအခါ တွေ့သမျှ အစားအစာကို လက်ညှိုးထိုးပြီး မှာ၏။ ခေါင်းမဖော်စတမ်း မြိန်ရေယှက်ရေ စားသောက်ကြ၏။ ငွေရှင်းရမည်အချိန်မှာ ပြဿနာတက်ပါတော့သည်။ မျက်လုံးပြုး မျက်ဆံပြူးဖြင့် ဆိုင်ရှင်အရှေ့မှာ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးကြသည်။ အကြောက်အကန် ငြင်းဆန်ပြောဆိုကြသည်။

“ဂလု ဂလု ဂလိ ဂလိ”

“ကွိစိ ကွိစိ ကွစိ ကွစိ…”

သူတို့တစ်တွေ ငွေမရှင်းနိုင်ကြပါ။ ထိုသို့ဖြင့် တစ်ယောက်က တစ်ဆိုင်လုံးကို သန့်ရှင်းရေးလုပ်ပြီး တစ်ယောက်က ဆိုင်နောက်ဖေးမှာ ပန်းကန်ဆေးလိုက်ရ၏။ ဆိုင်ရှင်က သက်ညှာခြင်း ဖြစ်သော်လည်း သူတို့မှာတော့ မျော့နေအောင် ခံလိုက်ရလေသည်။

(၅)

စားသောက်ဆိုင်မှ ပြန်ထွက်လာသောအခါ လမ်းပေါ်မှာ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်မရတော့ချေ။ မျက်စောင်းကိုယ်စီခဲရင်း စကားဆိုကြသည်။

“ဂလု ဂလု ဂလိ ဂလိ”

“ကွိစိ ကွိစိ ကွစိ ကွစိ…”

တစ်ယောက်စကားကို တစ်ယောက် မည်သို့ သဘောပေါက်သည် မသိ။ နပန်းဖက်လုံးကြတော့သည်။ အားကစားပြိုင်ပွဲ မဟုတ်ဘဲ ရန်ပွဲဖြစ်၍ ပြင်းထန်ပါသည်။

“ဟေ့…ဟေ့…ရန်မဖြစ်ကြနဲ့လေ…”

သားနားသပ်ရပ်စွာ ဝတ်ဆင်ထားသော လူကြီးလူကောင်းတစ်ယောက်က သူတို့ကို ဖျန်ဖြေ တားမြစ်၏။ ထို့အပြင် ဝိုင်းအုံလာသော လူအချို့က သူတို့ကို ဆွဲခွဲလိုက်ကြသည်။

“မင်းတို့ကွာ…မကြီးမငယ်နဲ့…”

ဆူဆူပူပူ ပြောလာသော ထိုလူကြီးလူကောင်းကိုပင် သူတို့နှစ်ယောက်က သူ့ထက်ငါဦးအောင် တိုင်တမ်းကြပါတော့သည်။

“ဂလု ဂလု ဂလိ ဂလိ”

“ကွိစိ ကွိစိ ကွစိ ကွစိ…”

ဝိုင်းအုံနေသော သူများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသလို ထိုလူကြီးလူကောင်းလည်း အူကြောင်ကြောင် ဖြစ်သွားသည်။

“ဟ…ဘာတွေလဲဟ…”

(၆)

ဝိုင်းအုံကြည့်နေသောသူများက ပြောသည်။

“သူတို့က ခင်ဗျားဆီမှာ တိုင်နေတာဗျ”

“ဟုတ်တယ် ခင်ဗျားရဲ့အဆုံးအဖြတ်ကို တောင်းနေတာ”

လူကြီးလူကောင်းခမျာ ခေါင်းကုတ်ရပါတော့သည်။

“ဟ…သူတို့ ဘာဖြစ်လာမှန်း ကျုပ်မှ မသိတာ”

“ဘာပဲဖြစ်ဖြစ် ကျေလည်အောင် လုပ်ပေးလိုက်ပါဗျာ”

“ဟာ…ဒုက္ခပါပဲ…ဘယ်နှယ့် ဘယ်လိုဆုံးဖြတ်ပေးရမှာလဲ”

“ဉာဏ်ရှိသလို ကြည့်လုပ်ပေးလိုက်ပါဗျာ…”

“ဟုတ်ပါတယ်ဗျို့…ဟုတ်တယ်…”

အားလုံးက ထိုသို့ပင် တောင်းဆိုကြ၏။ သကောင့်သားနှစ်ယောက်ကလည်း မျက်နှာငယ်လေးနှင့် သူ့ကို ကြည့်နေကြသည်။ သူတို့ပြောတာတွေကိုပင် ကိုယ်နားမလည်ပဲ မည်သို့ ဆုံးဖြတ်ပေးရပါ့မလဲ…။ အားလုံးကလည်း သူ့ကိုပဲ ဝိုင်းဝန်းတွန်းအားပေးနေကြသည်။ နားညည်းမခံနိုင်တော့သည့် အဆုံး…

“ကဲ…ကဲ…ကျုပ်ဆုံးဖြတ်ပေးမယ် ဟုတ်လား…”

အားလုံးက အသံမထွက်တော့ပဲ ငြိမ်သွားကြ၏။ လူကြီးလူကောင်းက အဆုံးအဖြတ်စကားကို ဆိုရန် လက်တစ်ဖက်ကို မြှောက်လိုက်သည်။

(ရ)


ထိုသို့ပြုပြီးကာမှ အခက်အခဲနှင့် ကြုံရ၏။ မည်သည့်ဘာသာစကားနှင့် သူတို့ကို အဆုံးအဖြတ် ပြုရပါ့မည်လဲ။ စဉ်းစား၍လည်း မရနိုင်သည့်အဆုံး…

သင်းတို့ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ မျက်စိကို စုံမှိတ်၍ ပင့်သက်ရှိုက်ရင်း ပြတ်သားသော အဆုံးအဖြတ်တစ်ခုကို ပေးလိုက်ရတော့သည်။

“အို…အယ်…အာ…ဗရှုး…ဗရှက်…ဗရွှန်…”

Comments

  1. ပေးလိုက်တဲ့ အဆုံးအဖြတ် နောက်ဆုံးစာသားလေးက ဘာအဓိပ္ပါယ်လဲဆိုတာတော့ သိချင်မိတယ်😁

    ReplyDelete
  2. ငါ စိတ်လေ 😒😒😒

    ReplyDelete
  3. ရယ်ရင်း ကလစ်သွားသည် ပေါ့နော် Clicked🌸

    ReplyDelete
  4. အို အို ဘယ် ဘယ် 😂🤣🤣

    Done 😽

    ReplyDelete

Post a Comment